သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၆ – ဖီးနှစ်ကိုးကောင်မီးဖို
ဤလူအုပ် ဆွံ့အသွားရသည်။ ဤမိန်းကလေး၏ စကားလုံးများမှာ ရိုင်းစိုင်းလှသည်။ သူမသည် ကျောက်စိမ်းမှထွင်းထုထားသကဲ့သို့ ချစ်စရာကောင်းသော်လည်း အဖျက်စွမ်းအားမှာ ကြီးမားလှသည်။
သူမပြောသည့်စကားကို ကြားလိုက်ရသည်နှင့် ဤလူအုပ်ကြီးမှာ မျက်နှာများပျက်သွားပြီး ဒေါသထွက်လာကြလေ၏။
သို့သော် ယုန်ဖြူလေးသည် မရပ်တန့်ပဲ ဆက်ပြောလိုက်လေ၏။ “ရှင် .. ရှင်နဲ့ ရှင် .. ရှင်တို့အားလုံးက ကျွဲပြန်ဝင်စားတာလား .. ကျွန်မနဲ့ မျက်လုံးအရွယ်အစားချင်း ယှဉ်ချင်နေတာလား .. ရှင်တို့ရဲ့ ကျွဲမျက်လုံးတွေ ကွဲထွက်တော့မယ်..”
ထို့အပြင် သူမသည် ချီလင်းဖြူလေးကို ချီထားကာ အချိန်မရွေး ကောက်ပေါက်ရန် အဆင်သင့်လုပ်ထားသည့်ပုံ ပေါ်နေသည်။
သနားစရာကောင်းသည့် ချီလင်းလေးသည် အော်ဟစ်ကာ သူမပုခုံးပေါ်သို့ ကုတ်တက်သွားကာ သူမဆံထိုးကို ကိုင်ထားလေ၏။ သူသည် ကျောက်တုံးကဲ့သို့ ပစ်ပေါက်ခံရမည် စိုးနေလေ၏။
အနောက်ဘက်တွင်ရှိနေသည့် အကြီးအကဲနှစ်ယောက်၏ နဖူးထက်တွင် အနက်ရောင်လှိုင်းများ ဖြစ်လာသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းတွင် အရေးပါသည့်အရာအဖြစ် သတ်မှတ်ခံထားရသည့်အရာပင်။ သို့သော်လည်း သူ့ထံတွင် ဤကဲ့သို့သော သခင်ရှိနေသည်။
“သူပြောတာ ယုတ္တိရှိတယ်လို့ ငါ ထင်တယ် .. ခင်ဗျားတို့အားလုံး လက်မခံနိုင်ဖြစ်နေရင်လည်း မူလရှေးဟောင်းမိုင်းတွင်းထဲ ဝင်သွားကြည့်ကြလေ.. ခင်ဗျားတို့ လုပ်ရဲလို့လား..” ချောင်ယုရှန်း ပြောလိုက်သည်။
သူတို့နှစ်ယောက်မွှေလိုက်သောကြောင့် အခြေအနေများမှာ တင်းမာလာလေပြီ။ အခြားရှေးဟောင်းမြေမှ လူအချို့၊ အထူးသဖြင့် ပြောဆိုနေကြသည့်သူများမှာ မျက်နှာပျက်သွားလေ၏။
အချို့သူများသည် ချက်ချင်းပင် ခေါင်းညိမ့်ကာ သူတို့ မိုင်းတွင်းထဲသို့ သွားကြည့်မည်ဟု ပြောကြလေသည်။ သို့သော်လည်း သူတို့သည် စီရင်စုသုံးထောင်မှလူများကို အထင်သေးနေဆဲပင်။
မူလကြယ်မှလူများမှာ ဤမြင်ကွင်းကို ကြည့်ပြီး ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြလေ၏။ ကောင်းကင်နတ်ဘုရားကျောင်းက တပည့်တွေက တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူးလား .. သူတို့ဒီမှာရန်ဖြစ်ကြတော့မှာလား..
“ဘာလို့ ဒီလောက် ဆူညံအောင် လုပ်နေတာလဲ .. စီနီယာအစ်ကို လုထော်ပြောပြီးပြီလေ .. သေသွားတဲ့လူတစ်ယောက်နဲ့ပတ်သက်ပြီးတော့ ငြင်းခုံနေတာ ဘာအကျိုးမှမရှိဘူး .. တကယ်လို့ ဟွမ် အသက်ရှင်လျက်ပြန်လာနိုင်ရင်ရော ဘာလုပ်ရမှာလဲ .. သူ ကောင်းကင်နတ်ဘုရားကျောင်းကို သွားရင်တောင် သူဖိနှိပ်ခံနေရဦးမှာပဲ..” မိန်းကလေးတစ်ယောက်မှ ပြောလိုက်၏။
သူမသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အတော်လေး လှပလှသည်ပင်။ သူမ၏မျက်ခုံးကြားတွင်လည်း အဖြူရောင်ကျောက်စိမ်းဦးချိုလေးတစ်ခုရှိနေလေ၏။ ဤသည်မှာ သူမအလှကို ပို၍ထူးခြားသွားစေလေသည်။
သူမသည် ထာဝရစွမ်းအင်တစ်ကြောင်း ကျင့်ကြံထားသည့် လကြံ့ကလန်မှ အမျိုးသမီးကျင့်ကြံသူပင်။ သူမပြောသည့် စီနီယာလုထော်ဆိုသည်မှာလည်း ကောင်းကင်နတ်ဘုရားကျောင်းမှ မိုးကြိုးကဲ့သို့သောအသံကို ပိုင်ဆိုင်ထားသည့် ဆံပင်အစိမ်းရောင်နှင့်လူပင်။ သူသည် အမြဲတမ်းကျင့်ကြံနေတတ်သည်ပင်။
“အဲဒီလိုမျိုးလူက စီနီယာအစ်ကို လုထော်နဲ့ယှဉ်ဖို့ ထိုက်တန်လို့လား .. သူက အဆင့်နိမ့်နယ်မြေက ကျင့်ကြံသူတစ်ယောက်ပဲ .. အသက်ရှည်တဲ့သွေးမျိုးဆက်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲဆိုတာ သူသိမှာမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ နှုတ်ခမ်းများကို မဲ့ရွဲ့ကာ ပြောလိုက်သည်။
“ဒီလူတွေက ဘာနားလည်မှာပဲ .. အဲဒီ တာအိုစီရင်စုသုံးထောင်လို့ခေါ်တဲ့နေရာမှာ ထာဝရသွေးမျိုးဆက်တွေရှိလို့လား .. တစ်ယောက်မှမရှိဘူး .. ထာဝရသွေးမျိုးဆက်မိသားစုက ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ သိမှာမဟုတ်ဘူး..”
ယုန်ဖြူလေး၏ စကားလုံးများကို ပြန်ပက်လာကြလေ၏။
“ကောင်းပြီ .. တော်တော့ .. မင်းတို့အားလုံး ယှဉ်ပြိုင်ကြလို့ရတယ် .. ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရန်ငြိုးတွေ သတ်ဖြတ်တာတွေကို ခွင့်မပြုဘူး .. ပညာတွေပဲ ဖလှယ်ခွင့်ပြုတာ..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။ သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်း၏ အကြီးအကဲများဖြစ်ပြီး သူတို့၏မှော်စွမ်းအားများမှာလည်း ကောင်းကင်ထိပင် ရောက်နေသောကြောင့် သူတို့ကို မည်သူမှ မဆန့်ကျင်ရဲပေ။
အငြင်းပွားမှုများအဆုံးသတ်သွားသော်လည်း ဂျီးနီးယပ်စ်များမှာ ဆန့်ကျင်နေကြဆဲပင်။
သေတဲ့လူတစ်ယောက်နဲ့ ရန်ဖြစ်နေကြတာ တန်လို့လား .. အနားတွင်ရှိနေသည့် စွမ်းအားရှင်များမှာ အဘယ်ကြောင့်ဤကဲ့သို့ ငြင်းခုံနေကြသည်ကို နားမလည်နိုင်ဖြစ်နေကြလေသည်။
“စီနီယာ .. ဒီလူတွေက တကယ် မိုင်းတွင်းထဲသွားမလို့လား … အဲဒါက နေရာကောင်းတစ်ခု မဟုတ်ပါဘူး .. သူရဲကောင်းတွေအများကြီး သေဆုံးထားတာ .. အဲဒါက အရမ်းအန္တရာယ်များလွန်းတယ်..” စွမ်းအားကြီးသည့်သူတစ်ယောက်မှ မေးလိုက်သည်။
သူတို့သိထားသည့်အတိုင်းဆိုလျှင် ဤဂျီးနီးယပ်စ်များမှာ အလွန်အဖိုးတန်လှသည်။ သူတို့ကို ဆုံးရှုံး၍မရ။ ဤနေရာတွင် လာရောက်လေ့ကျင့်ခြင်းမှာ အန္တရာယ်များလှသည်။ သူတို့သာ သေဆုံးသွားလျှင် ဆုံးရှုံးမှုကြီးဖြစ်သွားလိမ့်မည်။
“ကိုယ့်သဘောနဲ့ကိုယ်ပါ .. သွားလေ့လာချင်တဲ့သူတွေကိုလည်း တားနေမှာမဟုတ်ဘူး .. သူတို့ကို အကူအညီပေးမှာပါ” အကြီးအကဲတစ်ယောက်မှ ရှင်းပြလိုက်၏။
ခဏကြာပြီးသည့်နောက်တွင် ဤနေရာမှာဆူညံသွားလေ၏။ အဘယ်ကြောင့်ဆိုသော် အားလုံး အံ့အားသင့်စရာကောင်းသည့်သတင်းတစ်ခု ရလိုက်သောကြောင့်ပင်။
ထို့အပြင် အချို့အရာများလည်း ထွက်ပေါ်လာလေ၏။ ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများသည် ဖီးနှစ်ကိုးကောင်မီးဖိုကို ထုတ်လာလေသည်။ ဤသည်မှာ အနန္တကောင်းကင်မှ နံပါတ်တစ် အဆင့်လွန်မှော်ပစ္စည်းပင်။
အားလုံးမှာ မယုံကြည်နိုင်ကြပေ။ မူလရှေးဟောင်းမိုင်းတွင်းထဲကို ဝင်ရန်အတွက်နှင့် ကောင်းကင်နတ်ဘုရားကျောင်းသည် ဤကဲ့သို့သော အဆင့်လွန်ရတနာကိုပင် ထုတ်ယူလာသည်။
ဤမီးဖိုမှာ သေမျိုးလောက၏ စွမ်းအားဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။
ဤပစ္စည်း၏ မူလဇစ်မြစ်မှာ အလွန်ထူးဆန်းလှပြီး ဤခေတ်မှ ပစ္စည်းမဟုတ်ဘူးဟုတောင် ပြောကြသည်။ ဤမီးဖိုသည် ပတ္တမြားကဲ့သို့ နီရဲတောက်ပနေပြီး မျက်နှာပြင်တွင်လည်း ဖီးနှစ်ကိုးကောင်ကို ရေးထွင်းထားလေသည်။
အကြီးအကဲတစ်ယောက် ဤမီးဖိုအားထုတ်လာသည့်အချိန်တွင် အားလုံးကြည့်လာကာအုတ်အော်သောင်းတင်းဖြစ်လာလေ၏။
ဤမီးဖိုသည် သုံးပေခန့်သာမြင့်ပြီး တစ်ချက်လှုပ်လိုက်သည်နှင့် ဖီးနှစ်တစ်ကောင်၏အော်သံထွက်ပေါ်လာလေသည်။
“ဒါက ပစ္စည်းအစစ်ပဲ..” အားလုံးတုန်လှုပ်သွားကြလေ၏။
ဤပစ္စည်းကို သက်ရှည်မိသားစုတစ်စုမှ ပိုင်ဆိုင်သော်လည်း ယခုတွင်တော့ ကောင်းကင်နတ်ဘုရားကျောင်း၏ ယာယီပစ္စည်းဖြစ်လာလေပြီ။
“ဒါက ဖီးနှစ်ရဲ့အရိုးအစစ်နဲ့လုပ်ထားတဲ့ ပစ္စည်းလို့ပြောကြတယ်..”
“မဟုတ်ဘူး .. ဖီးနှစ်ကိုးကောင်မီးဖိုက ဖီးနှစ်ရဲ့အရိုးအစစ်ထက် နည်းနည်းလေးပိုကောင်းတယ်လို့ တစ်ယောက်ယောက်ပြောဖူးတယ်..”
လူအချို့သည် သူတို့အချင်းချင်း ဆွေးနွေးနေကြပြီး ထိုမီးဖိုလေးကို တောက်ပနေသည့်မျက်ဝန်းများဖြင့် ကြည့်နေကြလေသည်။ သူတို့သည် ဤမီးဖိုလေးကို လောဘတက်နေကြခြင်းမဟုတ်ပဲ မနာလိုဖြစ်ကာ ကြောက်နေကြခြင်းပင်။
ဤကဲ့သို့သော ဒဏ္ဍာရီလာပစ္စည်းသည် ဘယ်နှစ်ခေတ်ကြာမှ တစ်ခုပေါ်လာသနည်း.. သာမန်လူများမှာ ဘယ်လိုလုပ် ဤကဲ့သို့သောပစ္စည်းကို မြင်နိုင်မည်နည်း.. သူတို့အားလုံးဤမီးဖိုကို အရိုးစာအုပ်များတွင် သာမြင်ဖူးခဲ့ခြင်းပင်။
သေချာကြည့်လိုက်သည့်အချိန်တွင် ဤမီးဖိုလေးသည် တစ်စုံတစ်ခုဖြင့် ထိုးဖောက်ခံထားရသည်။ ကိုယ်ထည်တစ်ခုလုံးကို ဖောက်ထွက်နေသည့် အပေါက်သေးသေးလေးတစ်ခု ရှိနေလေသည်။
ဤသည်မှာ တကယ်ကို နှမြောစရာကောင်းလှသည်။
ဤသည်မှာ လူအားဖြင့် လုပ်နိုင်သည့်အရာမဟုတ်ဘူးဟု ပြောကြသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာ နယ်ခြားစပ်မှတိုက်ပွဲတွင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်မှ ထိုးဖောက်လိုက်ခြင်းပင်။
ရလဒ်အနေဖြင့် ပစ္စည်း၏ဝိညာဉ်မှာ ပေါ်မလာတော့ပေ။ သေဆုံးသွားခြင်းအား အိပ်ပျော်သွားခြင်းလားတော့ မသိပေ။
သို့သော်လည်း ဤသည်မှာ ဤပစ္စည်း၏ နံပါတ်တစ်အဆင့်လွန်ရတနာဟူသည့်နေရာကိုတော့ မထိခိုက်နိုင်ပေ။ လက်ရှိတွင် ဤပစ္စည်းကိုမည်သည့်အရာမှ မယှဉ်နိုင်ပေ။
“အရင်တုန်းက လူတစ်ယောက်က ဒီမှော်ပစ္စည်းကိုယူပြီးတော့ မိုင်းတွင်းထဲဆင်းသွားတာ .. အဲဒါကြောင့်မို့လို့ သူအသက်ရှင်လျက် ပြန်လာနိုင်တာ .. ဒီနေ့ ငါတို့ ဒီပစ္စည်းကိုသုံးပြီးတော့ မင်းတို့ကို ကူညီပေးမယ်..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
မိုင်းတွင်းထဲသို့ သွားချင်သည့်သူများအားလုံး စုပေါင်းသွားကြရမည်။ သူတို့ကိုကာကွယ်ရန်အတွက် ဤမှော်ပစ္စည်းကို အသက်သွင်းရမည်ပင်။
“ဒီပစ္စည်းအထဲမှ ပျောက်သွားမှာ အကြီးအကဲတို့ မကြောက်ဘူးလား..” ဤနေရာရှိ စွမ်းအားရှင်တစ်ယောက်မှ သတိပေးလိုက်သည်။ မှော်ပစ္စည်းမှာ ထူးခြားသော်လည်း မိုင်းတွင်းသည်လည်း သာမန်နေရာမဟုတ်ပေ။
“စိတ်မပူပါနဲ့ ဒီရှေးဟောင်းမိုင်းတွင်းက ဖီးနှစ်ကိုးကောင်မီးဖိုကို မထိခိုက်နိုင်ဘူး” အကြီးအကဲတစ်ယောက် ပြုံး၍ပြောလိုက်သည်။
သူဆိုလိုချင်သည်ကို အားလုံးနားမလည်နိုင်ဖြစ်နေကြသည်။
“ဒီ ဖီးနှစ်ကိုးကောင်မီးဖိုက ဘယ်ကနေလာတာလဲဆိုတာ မင်းတို့အားလုံး သိကြလား..”
အားလုံး ခေါင်းခါလိုက်ကြသည်။ ဤသည်မှာ ရှေးခေတ်မှ လျှို့ဝှက်ချက်များဖြစ်သောကြောင့် သာမန်လူများ ဘယ်လိုလုပ်သိနိုင်မည်နည်း.. ဤသည်ကို သက်ရှည်မိသားစုတစ်စုမှ ပိုင်ဆိုင်သည်ဟုသာ သူတို့ကြားဖူးသည်။
“ဒါက အစက ဒီမှာ မြှုပ်ထားတာ .. ဒါကို ဒီရှေးဟောင်းမိုင်းတွင်းက ရခဲ့တာ…”
အကြီးအကဲပြောလိုက်သည့်စကားသံမှာ အားလုံး၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ပင် မြည်ဟီးနေလေ၏။ ဤသည်မှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။
အနန္တကောင်းကင်က နံပါတ်တစ် အဆင့်လွန်ရတနာတောင်မှ ဒီရှေးဟောင်းမိုင်းတွင်းထဲက ရထားတာလား .. အထဲမှာ ဘာတွေများ မြှုပ်ထားတာလဲ ..
“ဒီမီးဖိုက ထိခိုက်မှာမဟုတ်ဘူး .. သူ့ဘာသာသူ ပျံလာနိုင်တယ် … ဒါပေမဲ့ အားလုံးရဲ့လုံခြုံရေးကိုတော့ အာမခံနိုင်မှာမဟုတ်ဘူး .. မင်းတို့အားလုံး စမ်းရဲကြလား…” အကြီးအကဲတစ်ယောက်မှ မေးလိုက်သည်။
ထိုအချိန်တွင် ဤနေရာကြီးမှာ တိတ်ဆိတ်သွားလေ၏။
ယခင်က ဤမိုင်းတွင်းထဲသို့ သွားမည်ဟု ကြွေးကြော်ထားသည့်သူများသည်လည်း တကယ်ဆုံးဖြတ်ချက် ချရမည့်အချိန်၌ အနည်းငယ် တွေဝေသွားလေပြီ။
“ဟေး .. ရှင်တို့ရဲ့သတ္တိတွေ ဘယ်ရောက်သွားပြီလဲ .. အထဲဝင်ဖို့ အရမ်းကြောက်သွားပြီလား.. ဟွမ်က ရှင်တို့မိဘတောင် မမှတ်မိနိုင်လောက်တဲ့အထိ ရိုက်ပစ်လိုက်မှာကို တကယ်ကြောက်နေတာလား..” ယုန်ဖြူလေးသည် အခွင့်အရေးကို အမိအရယူကာ သူတို့အားလုံးကို ဒေါသတကြီး ကြည့်လိုက်သည်။
“ကောင်းပြီလေ.. ငါသွားမယ်..”
“ငါလည်း သွားကြည့်မယ်..”
သဘောတူသည့်အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာကာ နောက်ဆုံးတွင်တော့ လူ ၁၀ ယောက်ကျော်သွားလေသည်။
သို့သော်လည်း ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများသည် ဤမျှလူအများကြီး တစ်ပြိုင်တည်းဝင်သွားမည်ကို သဘောမတူပေ။ တစ်ခုခုသာ ဖြစ်ခဲ့ပါက သူတို့ဆုံးရှုံးမှု ကြီးမားသွားလိမ့်မည်။
“တစ်ခေါက်ကို လူငါးယောက်ထက် မပိုရဘူး..”
ထို့နောက်တွင် ပထမဆုံးငါးယောက်ကို ရွေးချယ်လိုက်သည်။ ထိုလကြံ့ကလန်မှ ခရမ်းရောင်အဝတ်အစားနှင့်မိန်းကလေးနှင့်အတူ အခြားငါးယောက် အတူ ဝင်သွားလိုက်ကြသည်။
အနီးအနားတွင်ရှိနေသည့် စွမ်းအားကြီးသည်သူများသည် ဤကိစ္စကို ချက်ချင်းအာရုံစိုက်လာကြလေသည်။
ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲများသည် ဖီးနှစ်ကိုးကောင်မီးဖိုကို သူတို့လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူတို့ကို သေချာဂရုစိုက်ရန်နှင့် အရမ်းကြီးမစွန့်စားရန် မှာကြားလိုက်လေသည်။
သူတို့အားလုံး ခေါင်းငြိမ့်လိုက်ကြသည်။ ယခုတစ်ခေါက်မှာ အန္တရာယ်များသော်လည်း ဤသည်မှာ အခွင့်အရေးတစ်ခုပင်။ စွန့်စားမှုနှင့် အကျိုးရလဒ်များမှာ တစ်ခုနှင့်တစ်ခု အချိုးကျနေမည်ပင်။
လကြံ့ကလန်မှ မိန်းကလေး မီးဖိုကိုကိုင်ထားကာ ကျန်သည့်လေးယောက်မှ အသက်သွင်းလိုက်ကြသည်။
ခဏကြာပြီးသည့်နောက်တွင် မီးဖိုကိုယ်ထည်မှာ ဖီးနှစ်ကိုးကောင် ထွက်ပေါ်လာပြီး ဖီးနှစ်အော်သံများ ထွက်ပေါ်လာလေသည်။ ကောင်းကင်ထက်တွင်လည်း အနီရောင်အလင်းများ ပြည့်နှက်သွားလေသည်။
ဤဖီးနှစ်ကိုးကောင်သည် ထိုလူငါးယောက်ကို ဝန်းရံထားကာ ကာကွယ်ပေးထားလေ၏။
ဤအုပ်စုကြီး မိုင်းတွင်းထံသို့ တစ်လှမ်းချင်းသွားနေသည်ကိုကြည့်နေလိုက်ကြ၏။ ထို့နောက် သူတို့ခုန်ဝင်သွားလေပြီ..
“သူတို့ ရှေးဟောင်းမိုင်းတွင်းထဲကို ဝင်သွားပြီ..”
ထူးဆန်းမှုများဖြစ်လာမလာဟု အားလုံး မျှော်လင့်စောင့်စားနေကြလေသည်။
ထိုရှေးဟောင်းဂူမှာ အလွန်တိတ်ဆိတ်နေ၏။ ထိုငါးယောက်ဝင်သွားသည့်အချိန်တွင် သူတို့သည် အမှောင်ထုနှင့်ပေါင်းစပ်သွားကာ ဘယ်တော့မှ ပြန်ပေါ်မလာတော့မည်သူကဲ့သို့ပင်။
သူတို့သည် မကောင်းဆိုးဝါးပါးစပ်ထဲသို့ ခုန်ဝင်သွားသလိုပင်။
စောင့်ဆိုင်းနေရသည့်အလုပ်မှာ ဘယ်တော့မှ မသက်သာပေ။ သို့သော်လည်း သူတို့ဘာမှမတတ်နိုင်ပေ။ သူတို့တိတ်တဆိတ်စောင့်နေရုံသာ တတ်နိုင်သည်။
ဂူထဲတွင် အနီရောင်အလင်းများ တောက်ပနေလေ၏။ ဖီးနှစ်ကိုးကောင်မီးဖိုသည် အနည်းငယ်တုန်ခါသွားကာ ဖီးနှစ်ကိုးကောင်မှ အလင်းတန်းများထုတ်လွှတ်လာလေသည်။
ဤမီးဖိုကြောင့် ဤငါးယောက် အသက်ရှင်နိုင်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူတို့လည်း ရှီဟောင်ကဲ့သို့ ကြုံတွေ့ခဲ့ရသည်ပင်။
သိပ်မကြာသေးခင်က ဆံပင်ဖြူများ ကြမ်းပြင်ထိကျနေသည့် လူအိုကြီးကို တွေ့ခဲ့ရသည်။
အနန္တကောင်းကင်၏ နံပါတ်တစ် အဆင့်လွန်ရတနာမှ သူတို့အား ကာကွယ်ထားသောကြောင့်သာမဟုတ်ပါက သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ချက်ချင်း ဖျက်ဆီးခံရမည်ပင်။
“ဒီအဆင့်လွန်ရတနာက တကယ့်ကို သူ့ရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ .. ဒီဖိအားကိုတောင် ရပ်တန့်နိုင်တယ်..”
“ဒါက ငါတို့အတားအဆီးမရှိပဲနဲ့ ဆက်သွားလို့ရပြီလို့ ဆိုလိုတာပဲ .. ငါတို့ ရှေးဟောင်းဂူကြီးရဲ့ အတွင်းပိုင်းထိသွားပြီးတော့ ထူးဆန်းမှုတွေအားလုံးကို လေ့လာလို့ရပြီ..”
သူတို့ငါးယောက်လုံး ပျော်ရွှင်သွားရသည်။ ဤအဖိုးတန်မီးဖိုကို အသုံးပြုကာ အသက်ကျောက်တုံးနှင့် အခြားကံကောင်းမှုများကို ရှာဖွေချင်သေးသည်။
“မကောင်းတော့ဘူး .. ဒီဖီးနှစ်ကိုးကောင်မီးဖိုက တုန်ခါနေပြီးတော့ ဒီနေရာကို တုံ့ပြန်နေတယ် .. မတော်တဆမှုတစ်ခုခုတော့ ဖြစ်မလာလောက်ဘူးမလား..” ထိုထဲမှတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မီးဖို၏ တုန်ခါမှုမှာ ပို၍ပြင်းထန်လာသောကြောင့်ပင်။
သူတို့အားလုံး မျက်နှာဖြူဖျော့သွားရသည်။ ဤနေရာတွင်သာ တစ်ခုခုဖြစ်သွားပါက သူတို့အားလုံး ဘယ်သူမှ အသက်ရှင်နိုင်မည်မဟုတ်ပေ။
နောက်ဆုံးတွင်တော့ ဤမီးဖိုလေး တည်ငြိမ်သွားကာ ထပ်မလှုပ်တော့ပေ။ နူးညံ့သည့် အနီရောင်အလင်းတန်းလေးများသာ ထုတ်လွှတ်ပြီး သူတို့ကို ကာကွယ်ပေးထားသောကြောင့် သူတို့ရှေ့ဆက်လာကြသည်။
“မင်းတို့ပြောကြည့် .. စီရင်စုသုံးထောင်က ဟွမ်က အခုထိ အသက်ရှင်နေတုန်းပဲလို့ မင်းတို့ထင်လား..” တစ်ယောက်မှ မေးလိုက်၏။
“သူ့လိုမျိုးလူက အသက်ရှင်ချင်နေသေးတာလား..” လကြံ့ကလန်မှ မိန်းကလေးမှ ပြောလိုက်သည်။
“သူက အဆင့်နိမ့်နယ်မြေက လူတစ်ယောက်ထက် ဘာမှမပိုဘူး .. သူအသက်ရှင်နိုင်ရင်တောင် သူ့မှာဘာမျှော်လင့်ချက်ရှိမှာမို့လို့လဲ ..သူက သူ့ရဲ့နေရာသေးသေးလေးမှာပဲ ထူးချွန်နေတဲ့လူတစ်ယောက် .. ကောင်းကင်ဘုံကိုးခုကို လာပြီးရင်တော့ သူက ဘာမှမဟုတ်တော့ဘူး .. သူ အရိုးတစ်ခြား အသားတစ်ခြားဖြစ်သွားလောက်ပြီ .. ဘယ်လိုမှ အသက်ရှင်နိုင်မှာမဟုတ်ဘူး..” အခြားတစ်ယောက်မှ ပြောလိုက်သည်။
“ငါတို့သူ့ရဲ့ အဝတ်စလေးပဲဖြစ်ဖြစ် အရိုးလေးပဲဖြစ်ဖြစ် ယူသွားပြီးတော့ အဲဒီလူတွေကို ပြရမှာ .. အထူးသဖြင့် အဲဒီလကျောက်စိမ်းယုန်ပဲ .. ဟွမ်လို့ခေါ်တဲ့သူက ဒီထက်မပိုဘူးဆိုပြီး သူ့ကို အမှန်တရားကိုသိသွားအောင် ပြရမယ် ..” အခြားတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
သူတို့သည် ဖီးနှစ်ကိုးကောင်မီးဖိုဖြင့်ပင် အန္တရာယ်များစွာကို ကျော်ဖြတ်ကာ ရှေ့ဆက်လျှောက်လာလိုက်သည်။ တစ်နေရာအရောက်တွင်တော့ တစ်စုံတစ်ခုကို အာရုံခံမိသွားကာ သူတို့ခြေလှမ်းများကို ရုတ်တရက်ရပ်တန့်လိုက်သည်။
မည်သည့်အချိန်ကပေါ်လာမှန်း မသိသော်လည်း အဖိုးတန်ရေကန်တစ်ခုမှ ပုံရိပ်တစ်ခု ပေါ်လာလေပြီ။ သူ၏မျက်လုံးများမှာ အလွန်စူးရှလှကာ သူတို့အား စိုက်ကြည့်နေကြလေသည်။
ရှီဟောင်သည် သူတို့ပြောနေသည့်စကားများကို ကြားပြီးသွားပြီဖြစ်သောကြောင့် ဤလူများကို အကောင်းမြင်နေမည်မဟုတ်ပေ။
အပိုင်း ၁၂၇၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၇ – မကောင်းဆိုးဝါး
“ဒီမှာ လူတစ်ယောက်ရှိနေတယ် ..”
“မင်း ဘယ်သူလဲ..”
သူတို့ ငါးယောက်လုံး ရင်ထိတ်သွားရသည်။ ဤနေရာတွင် လူတစ်ယောက်ကို လာတွေ့နေရခြင်းမှာ ထင်မှတ်မထားသည့်ကိစ္စကြီးပင်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်နောက်တွင်ရှိနေသည့် အဖိုးတန်ရေကန်ကို သူတို့သတိပြုမိသွားသည်။ ထိုနေရာတွင် ထာဝရအလင်းများပြည့်နှက်နေပြီး ငါးရောင်စပ်ရေလည်း တောက်ပနေသည်။ အလင်းမိုးလည်း ရွာကျနေပြီး မွှေးပျံ့လှသည့်ရနံ့လည်း သင်းပျံ့နေလေသည်။
အမွှေးနံ့များ အပြင်သို့ ပြန့်မသွားအောင် ရှီဟောင် အစီအရင်များလုပ်ထားသော်လည်း ဤနေရာတွင် သက်ရှည်ဆေးပင် ပျော်ဝင်ခဲ့သောကြောင့် သူတို့အနံ့ရနေသေးလေသည်။
ဤငါးယောက်လုံး၏ မျက်လုံးများတောက်ပလာကာ အသက်ရှူသံများလည်း လျင်မြန်လာလေသည်။ ဤသည်မှာ ထာဝရဆေးကန်ဖြစ်မည်မှန်း သူတို့အားလုံး ချက်ချင်းခန့်မှန်းနိုင်သည်သာ။
မသေမျိုးဆေးပင်များသည် အရေခွံလဲကာ သူ၏အမြစ်အဟောင်းနှင့်အခြားအရာများအားလုံးကို ဝိညာဉ်ကန်ထဲသို့ ပျော်ဝင်စေကာ လောကကြီးကို တုန်လှုပ်စေနိုင်သည့်ဆေးရည်ပြုလုပ်ပေးသည်ဟူသော ကောလဟာလများရှိသည်သာ။
သို့သော်လည်း ဤသည်မှာ ဒဏ္ဍာရီများသာဖြစ်ပြီး သူတို့တစ်ခါမှ မမြင်ဖူးပေ။
ယခု သူတို့မျက်စိရှေ့တွင် မြင်နေရလေပြီ။ သူတို့ ကံကောင်းပြီး သက်ရှည်ဆေးပင်၏အကြွင်းအကျန်များကို မြင်နေရလေပြီ။
သူတို့သည် ချက်ချင်းပင် ထိုကန်ထဲသို့ ပစ်ဝင်ပစ်လိုက်ချင်နေကြလေ၏။ သူတို့မျက်လုံးတွင် လောဘရောင်များလည်း ထွက်လာလေပြီ။
ဤလောကကြီးတွင် သက်ရှည်ဆေးပင် ဘယ်နှစ်မျိုးများရှိသနည်း..
ထာဝရရှေးဟောင်းခေတ်မှ ယခုခေတ်အချိန်ထိ ကြည့်မည်ဆိုလျှင်ပင် လက်ချိုးရေတွက်၍ရသည်။
ဤအဖိုးတန်ရေကန်မှာ လူတစ်ယောက်ကို လုံးဝပြောင်းလဲသွားနိုင်စေသည်ပင်။ သွေးလဲလှယ်ပြီး အရိုးများကို ပြုပြင်ကာ ကိုယ်တွင်းအင်္ဂါများကိုလည်း ပြန်လည်ပြုပြင်ပေးသည်ပင်။
“ဒါက ဖီးနှစ်သွေးကန်ထက်တော့ နိမ့်ကျမှာမဟုတ်ဘူး .. ဒါက လူတစ်ယောက်ကို ပြန်မွေးဖွားလာအောင် လုပ်နိုင်တယ်..”
သူတို့ထဲမှတစ်ယောက်သည် ထိုရေကန်ကို ကြည့်ကာ အရူးအမူးပင် ဖြစ်နေလေပြီ။ သူသည် အလွန်ပျော်ရွှင်နေကာ ရှီဟောင်ကိုပင် လျစ်လျူရှုထားလေ၏။
အမှန်တကယ်တွင် သူတို့ လျစ်လျူရှုထားခြင်းမဟုတ်ပေ။ သူတို့မျက်စိထဲတွင် ရှီဟောင်မှာ သေလူသာဖြစ်သောကြောင့် သူတို့အရေးမစိုက်ခြင်းပင်။
သူတို့ ဒီမှာရှိနေရင် ဒီလူငယ်လေးက ဘယ်လိုလုပ် ဒီထာဝရဆေးကန်ကြီးကို ယူနိုင်တော့မှာလဲ.. သူတို့ သူ့အား သတ်ပစ်မည်ပင်။ သူမည်သူပင်ဖြစ်နေပါစေ သူ့ကို သတ်ဖို့ခက်ခဲမည်မဟုတ်ဟု သူတို့ထင်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ထံတွင် ဖီးနှစ်ကိုးကောင်မီးဖိုရှိနေသောကြောင့်ပင်။
ဒီတစ်ခုထဲနဲ့တောင် လုံလောက်နေပြီ။။ ဒီလူက ကောင်းကင်နတ်ဘုရားအဆင့်ကို မကျော်လောက်သေးဘူး.. အဲဒီတော့ သူပြန်ခုခံနိုင်မှာမဟုတ်ဘူး..
“ဟား ဟား..” သူတို့ထဲမှ တစ်ယောက်သည် ရူးနေသကဲ့သို့ပင် အူလှိုက်သည်းလှိုက်ရယ်မောနေလေ၏။
“ဒီ ရှေးဟောင်းမိုင်းတွင်းထဲမှာ သက်ရှည်ဆေးပင်တစ်ပင်ရှိနေတယ်..” လကြံ့ကလန်မှ မိန်းမလှလေးမှ ပထမဆုံးအသိပြန်ဝင်လာလေသည်။
အခြားသူများသည်လည်း နှလုံးခုန်နှုန်းများ မြန်ဆန်လာလေသည်။ ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး အပျော်လွန်သွားကြလေ၏။
ဤအဖိုးတန်ဆေးကန်အပြင် ဤမိုင်းတွင်းထဲ၌ သက်ရှည်ဆေးပင်ရှိနေသည်ကို သူတို့သိသည်။
သူတို့သာ ထိုဆေးပင်ကို ရလိုက်လျှင် သူတို့ ထာဝရအသက်ရှင်နိုင်တော့မည်။
“မင်းတို့အားလုံး အိပ်မက်ကနေ နိုးလာကြပြီလား..”
ထိုအချိန်တွင် သူတို့ရှေ့တွင်ရှိနေသည့်လူမှ အေးစက်စွာပြောလိုက်ကာ သူတို့စိတ်ကူးများကို နှောက်ယှက်လိုက်လေသည်။
ဤကဲ့သို့သော အေးစက်စက်နှာခေါင်းရှုံ့သံမှာ ဤလူများကို မျက်နှာပျက်သွားစေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာလေသည်။
ဤလူမှာ သေလူတစ်ယောက်ဖြစ်သော်လည်း သူတို့ကို အရင်ရန်လာစရဲနေသေးသည်။
“မင်းက အဆင့်နိမ့်နယ်မြေက အဲဒီလူလား..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်၏။ ရှီဟောင် သာမန်မဟုတ်သည်ကို သူတို့သိကြသော်လည်း သူတို့သည် စိတ်ကြီးဝင်နေဆဲပင်။ တစ်ဖက်လူကို အထင်အမြင်သေးသည့်လေသံဖြင့်သာ ပြောလိုက်လေ၏။
ရှီဟောင် အံ့အားသင့်သွားရ၏။ စီရင်စုသုံးထောင်တောင်မှ ဒီလိုမျိုး အဆင့်နိမ့်နယ်မြေအဖြစ်နဲ့ အထင်သေးခံရတဲ့အချိန်ရှိသေးတာလား .. ရှီဟောင် ဤသည်ကို ကျင့်သားမရနိုင်ဖြစ်နေသည်။
“ကောင်းကင်ဘုံကိုးခုကို ရောက်လာပြီဆိုမှတော့ ကွဲပြားမှုတွေကို မင်းသိမှာပဲ .. မင်းရဲ့လူရိုင်းနယ်မြေမှတော့ မင်းက တစ်ယောက်ယောက်ဖြစ်ရင်ဖြစ်လိမ့်မယ် .. ဒါပေမဲ့ အနန္တကောင်းကင်မှာ မင်းက ငါတို့ကို ဒီလိုမျိုးလာရန်စရဲတယ်ပေါ့..” အခြားလူတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
သူတို့သည် အနန္တကောင်းကင်မှ လူများဖြစ်ပြီး စီရင်စုသုံးထောင်ကို အထင်သေးနေသည့်သူများပင်။
“အနန္တကောင်းကင်က သူရဲကောင်းတွေက နာမည်ကြီးတယ် .. တကယ်ကို စီရင်စုသုံးထောင်ထက် သာတယ် .. ဒါပေမဲ့ အဲဒီသူရဲကောင်းတွေအားလုံးက မင်းလိုပဲဆိုရင်တော့ အဲဒီလောက်လည်း သိပ်မဟုတ်ပါဘူး..”ရှီဟောင် အေးစက်စွာပင်ပြန်ပြောလိုက်သည်။
ထို့အပြင် သူသည် သားကောင်ကို ချောင်းနေသည့် ကျားသစ်ကဲ့သို့ပင်။ ဤလူတစ်ယောက်ချင်းစီကို ဝေ့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်နေလေသည်။
“မင်းက ဟွမ်ဆိုတာ ငါသေချာပေါက် ပြောရဲတယ်..”
“သူ့ကိုဖမ်းလိုက် .. သူ့ကို ဘာမှပြောနေစရာမလိုဘူး .. အဲဒီအံ့အားသင့်ဖို့ကောင်းတယ်ဆိုတဲ့ခွန်အားက အနန္တကောင်းကင်မှာ ဟာသတစ်ခုထက်မပိုဘူးဆိုတာ သူနားလည်အောင် လုပ်ပေးလိုက်..”
ဤလူများ အေးစက်စွာ ပြောလိုက်ပြီး လှုပ်ရှားရန်ပြင်ဆင်လိုက်သည်။
အမှန်တကယ်တွင် ရှီဟောင်မှာ တစ်လှမ်းစောနေသည်ပင်။
အဘယ်ကြောင့်ဆိုသော် သူ၏နတ်အာရုံများမှာ အလွန်စွမ်းအားကြီးလှသောကြောင့် ဤအနီရောင်မီးဖိုမှာအလွန်ကြောက်စရာကောင်းသည်ကို သူအစောကြီးကတည်းက သိပြီးသားပင်။ ထို့ကြောင့်ပင် သူသည် အသာစီးရရန်အတွက် အရင်ဆုံးတိုက်ခိုက်လိုခြင်းပင်။
ရှီဟောင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့ထံသို့တရှိန်ထိုးပြေးလာလေသည်။ သူသည်လျှပ်စီးကဲ့သို့ပင် လျင်မြန်လွန်းလှသည်။
“မကောင်းတော့ဘူး..”
ဤလူများမှာ ဆံပင်မွေးများပင် ထောင်ထသွားရ၏။ ဤသည်မှာ မြန်လွန်လှသည်။
သိထားရမည်မှာ သူတို့အားလုံးတွင် ထာဝရစွမ်းအင်ရှိနေပြီး အားလုံးမှာ အလွန်စွမ်းအားကြီးသည့် သူများပင်။ သူတို့၏လျင်မြန်မှုဖြစ်စေ၊ ခွန်အားဖြစ်စေ၊ တုံ့ပြန်မှုဖြစ်စေ သူတို့မျိုးဆက်တွင် သူတို့ကို ယှဉ်နိုင်သည့်သူ ရှားပါးသည်ပင်။
သို့သော်လည်း ယခုသူတို့ရှေ့မှ ဤလူ၏အရှိန်ကို သူတို့လိုက်မမှီနိုင်တော့ပေ။
ဖုန်း..
ရှီဟောင်၏ခြေထောက်သည် နဂါးအစစ်တစ်ကောင် ပင်လယ်ထဲမှထိုးထွက်လာသကဲ့သို့ပင် နဂါးအရိပ်အဖြစ်ပြောင်းလဲသွားလေသည်။
သူတို့ထဲမှ တစ်ယောက်မှာ ကံဆိုးသွားလေပြီ။ သူသည်ဤတိုက်ခိုက်မှုကို ခုခံနိုင်ရန်အတွက် တတ်နိုင်သမျှကြိုးစားသော်လည်း သူနောက်ကျလွန်းသွားလေပြီ။ ထိုခြေထောက် သူ့ပေါ်သို့ရောက်လာပြီးနောက် ကျယ်လောင်လှသည့်အော်သံကြီး ထွက်ပေါ်လာကာ သူ့ပါးစပ်မှ သွေးများလွင့်စင်ထွက်လာလေ၏။
“ဒါက…” အခြားလေးယောက်မှာ တကယ်ကို ထိတ်လန့်သွားရသည်။
သူတို့ကျေးဇူးတင်ရမည်မှာ ဤကဲ့သို့အရေးကြီးသည့်အချိန်တွင် ဖီးနှစ်ကိုးကောင်မီးဖိုတောက်ပလာကာ နီရဲနေသည့်ဖီးနှစ်ကိုးကောင် ကခုန်လာလေသည်။ ထိုဖီးနှစ်များမှ အလင်းများထွက်ပေါ်လာကာ ရှီဟောင်တိုက်ခိုက်မှု၏ အားတစ်ဝက်ကို လျော့ချလိုက်လေသည်။
မဟုတ်ပါက ရှီဟောင်၏ကန်ချက်ဖြင့်ပင် ထိုလူသေသွားလောက်သည်။
ရှီဟောင်၏ခြေထောက်သည် ထိုလူကို ထိမိသည်နှင့် သူသည် နူးညံ့သည့်အားတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။ သူ၏ခွန်အားများ ပျော်ဝင်သွားကာ သူ၏အရိုးစာသားများလည်း မှေးမှိန်လာလေသည်။
ရှီဟောင် ဘာမှစွန့်စားမနေပဲ နောက်ပြန်ဆုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသုံးပေသာရှိသည့်မီးဖိုကို သူကြောက်မိသည်။ ဤမီးဖိုကြီး ရုတ်တရက်အသက်ဝင်လာပြီး စွမ်းအားများထွက်လာမည်ကို သူကြောက်မိခြင်းပင်။
သူသည် အတော်လေးစွမ်းအားကြီးနေပြီဖြစ်သော်လည်း လက်လွတ်စပယ်မလုပ်ရဲပေ။
ရွှီး..
ရှီဟောင်ဘေးဘက်သို့ ရှောင်လိုက်သည်နှင့် ပုံရိပ်ယောင်များတစ်တန်းကြီး ပေါ်လာလေသည်။ သူ၏ခန္ဓာကိုယ်တည်ငြိမ်သွားသည့်အချိန်တွင် သူသည် ထိုနေရာမှ မရွေ့ဖူးသကဲ့သို့ အဖိုးတန်ရေကန်ရှေ့သို့ ပြန်ရောက်သွားလေပြီ။
ထိုလူများ၏ အမူအရာများပြောင်းလဲသွားကြသည်။ အဆင့်နိမ့်နယ်မြေမှ ဤဟွမ်မှာ သူတို့အားအတော်လေးဖိအားပေးနေသည်။ သူတို့ထံတွင် ဖီးနှစ်ကိုးကောင်မီးဖိုသာ မရှိပါက သူတို့ဒုက္ခတွေ့သွားလောက်လေပြီ။
“မင်းက တော်တော်လေး သန်မာပြီးတော့ စွမ်းရည်တွေကလည်း အထင်ကြီးစရာကောင်းတာကိုတော့ ငါ ဝန်ခံပါတယ် .. ဒါပေမဲ့ တစ်ခါတစ်လေကျရင် လူတစ်ယောက်က ဘယ်လောက်ပဲစွမ်းအားကြီးနေပါစေ ဘာကိုမှ မပြောင်းလဲနိုင်ဘူး..”
ထိုသို့ပြောနေရင်းဖြင့်ပင် ဤလူများသည် စိတ်ကြီးဝင်သည့်ပုံစံ ပြသနေဆဲပင်။ သို့သော်လည်း သူတို့စိတ်ထဲတွင်တော့ အတော်လေးခါးသီးနေလေပြီ။ သူတို့အားလုံးသည် ကလန်တစ်ခုမှ စွမ်းအားအကြီးဆုံးအမွေဆက်ခံသူများဖြစ်ကြသော်လည်း ယခု ဤလူထက် အဆင့်နိမ့်နေသည်ကိုတော့ ဝန်ခံရမည်ပင်။
သို့သော်လည်း သူတို့၏မာနတရားသည် သူတို့၏အရှုံးကို ဝန်ခံရန် တားဆီးနေလေသည်။ ထိုအစား သူတို့သည် ဖီးနှစ်ကိုးကောင်မီးဖိုကိုအသုံးပြုကာ ဤလူငယ်လေးကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
ရှီဟောင်၏အမူအရာမှာ လေးနက်နေလေသည်။ ထိုအချိန်တွင် သူသည် လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာကို ထုတ်ဝတ်လိုက်ပြီး ဘယ်လက်တွင်နဂါးအကြေးခွံကို ကိုင်ထားပြီး ညာလက်တွင် ဝိညာဉ်တစ်သောင်းသင်္ကေတကို ကိုင်ထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကို လေ့လာကြည့်လေလေ ဤအနီရောင်နတ်မီးဖိုကြီးမှာ မရိုးရှင်းဘူးဟု ခံစားရလေလေပင်။ ဤသည်မှာ စေတီလေးကဲ့သို့ လူသတ်လက်နက်ပင်ဖြစ်လိမ့်မည်။
ရွှီး..
ဤလူများသည် ထာဝရမီးဖိုကို အသက်သွင်းလိုက်ကာ ရှီဟောင်ထံသို့ ဦးတည်လာနေကြလေသည်။
ဖီးနှစ်ကိုးကောင် အပေါ်ဘက်သို့ တရှိန်ထိုးတက်သွားကာ အနီရောင်အလင်းများကို ထုတ်လွှတ်နေလေသည်။ ထို့အပြင် သူတို့သည် ချော်ရည်ကဲ့သို့သော အရာများကိုလည်း ရှီဟောင်ထံသို့ ပစ်လွှတ်နေသေးသည်။
ထို့အပြင် အနီရောင်အလင်းထဲတွင် ဖရိုဖရဲစွမ်းအင်များပါဝင်နေပြီး အလွန်ကြောက်စရာကောင်းလှသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ရှီဟောင်အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။ ထိုအရာမှ ဖော်ပြ၍မရနိုင်သည့် ဖိအားတစ်မျိုးရှိနေလေသည်။
သူသည် ဝိညာဉ်တစ်သောင်းသင်္ကေတကို အသက်သွင်းကာ ထိုဖီးနှစ်ကိုးကောင်ထံသို့ ပစ်လွှတ်လိုက်သည်။
ဝိညာဉ်တစ်သောင်းသင်္ကေတမှာ ဘာဖြင့်လုပ်ထားသည်ကို ပြောနိုင်ရန် ခက်ခဲလှသည်။ ဤသည်ကို မှတ်တမ်းအစစ်ဟု ပြောရမည်လား၊ ကျမ်းစာဟု ပြောရမည်လား .. သို့သော်လည်း ဤသည်ကို အဖိုးတန်ပစ္စည်းဟုခေါ်လျှင်လည်း မဆိုးပေ။
ထိုဖြူဖွေးနေသည့် ကျောက်စိမ်းနှင့်တူသည့်အရာလေးသည် နူးညံ့သည့်အလင်းတန်းများ ထုတ်လွှတ်ကာ ဖီးနှစ်ကိုးကောင်ထံသို့ တရှိန်ထိုး ပြေးသွားလေသည်။
ထိုအချိန်တွင် မရေမတွက်နိုင်သည့် ထာဝရငှက်များ၊ နတ်သားရဲများ အပါအဝင် သက်ရှိမျိုးစုံများပေါ်လာလေ၏။
ထိုဖီးနှစ်ကိုးကောင်သည် ထိုသက်ရှိများကို မဖျက်ဆီးနိုင်ပေ။ ထိုအချိန်၌ ဝိညာဉ်တစ်သောင်းသင်္ကေတသည် ဖီးနှစ်ကိုးကောင်မီးဖိုနှင့် တိုက်မိသွားလေသည်။
ဒုန်း..
ထိုအသံမှာ စူးရှကာ ကြည်လင်နေသည်။ ဤသည်မှာ ကျောက်စိမ်းပိုင်းလေးနှစ်ခုထိခတ်သွားသကဲ့သို့ နားထောင်၍ကောင်းလှသည်။
ထိုငါးယောက်၏အမူအရာပြောင်းလဲသွားလေ၏။ ဤသည်မှာ ဖီးနှစ်ကိုးကောင်မီးဖိုပင်။ ဤမီးဖိုသည် ပစ္စည်းတစ်ခုနှင့် တိုက်မိသော်လည်း ထိုပစ္စည်းမှာတစ်စစီ ဖြစ်မသွားပေ။
ဒါက ဘယ်လိုတောင် ထင်မထားတဲ့ကိစ္စကြီးလဲ.. သူတို့ငါးယောက်လုံး ကျောချမ်းသွားရသည်။
သူတို့ လူထူးဆန်းတစ်ယောက်နှင့် တွေ့နေရသည်ကို သူတို့အားလုံး သိလိုက်ရသည်။ ဤလူသည် စွမ်းအားကြီးရုံသာမက သူ့ထံ၌ ဖီးနှစ်ကိုးကောင်မီးဖိုကို ယာယီရပ်တန့်စေနိုင်သည့် ထူးဆန်းသည့်မှော်ပစ္စည်းလည်း ရှိနေသည်။
“မကောင်းတော့ဘူး..” လကြံ့ကလန်မှ မိန်းကလေးမှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရိုးဖြူလေးသည် ဖီးနှစ်ကိုးကောင်မီးဖို၏ အားအနည်းဆုံးနေရာကို ရိုက်ခတ်လိုက်သည်ကို သူမတွေ့သွားသောကြောင့်ပင်။
ဤမီးဖိုတွင် နယ်ခြားစပ်မှ တိုက်ပွဲကြောင့်ရလာသည့် ထုတ်ချင်းဖောက်ဒဏ်ရာရှိနေသည်။
ယခု ဤအရိုးဖြူလေးသည် ထိုနေရာသို့ ရိုက်ချလိုက်ခြင်းပင်။
သေချာပါသည်။ ဖီးနှစ်ကိုးကောင်မီးဖို၏အလင်းတန်းမှာ ချက်ချင်းပင် မှိန်ဖျော့သွားကာ အရှေ့အနောက် လွှဲရမ်းနေလေသည်။ ဖီးနှစ်ကိုးကောင်သည် ချက်ချင်းပင် အသိုက်ထဲသို့ ပြန်သွားသကဲ့သို့ အဖိုးတန်မီးဖိုထဲသို့ ပြန်ဝင်လာလေသည်။
“ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားတာလဲ…” ထိုလူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ ဒါက တိုက်ဆိုင်လွန်းသွားပြီမလား .. သူတို့တွေကပဲ ကံမကောင်းလွန်းနေတာလား..
တစ်ချိန်တည်းမှာပင် ဝိညာဉ်တစ်သောင်းသင်္ကေတလည်း အရောင်မှိန်သွားကာ သက်ရှိမျိုးစုံလည်း ပျောက်ကွယ်သွားလေသည်။
ရှီဟောင်သည် ဤအခွင့်အရေးကို လက်လွတ်မခံပဲ ဝိညာဉ်တစ်သောင်းသင်္ကေတကို ဆုတ်ကိုင်ကာ ဤလူများကို သဲကြီးမဲကြီး တိုက်ခိုက်လိုက်လေ၏။
သူ ယခု ယုံကြည်ချက်အချို့ ရှိလာလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤနတ်မီးဖိုသည် ကြောက်စရာကောင်းသော်လည်း သူ့ထံတွင် ဝိညာဉ်မရှိပေ။ ဤသည်မှာ သူ့ကို စိတ်သက်သာရာရစေသည်သာ။
ဝုန်း..
ရှီဟောင်သည် နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ ချက်ချင်း တိုက်ခိုက်လာလေသည်။ သူ၏လက်ဝါးသည် ကောင်းကင်နှင့်မြေကြီးကိုပင် လှန်ပစ်တော့မလိုပင်။
ဖူး..
ဤလက်ဝါးတွင် ခွန်ပန်စွမ်းအားများပါဝင်နေသည်။ သေချာကြည့်မည်ဆိုလျှင် ဤသည်မှာ ခွန်ပန်သည် အတောင်ပံများဖြန့်ကျက်ကာ သူတို့ကို ဖုံးအုပ်လိုက်သကဲ့သို့ပင်။ သူတို့ငါးယောက်လုံး ထာဝရစွမ်းအင်များကို အသက်သွင်း၍ ဤလက်ဝါးကို ခုခံလိုက်သော်လည်း သူတို့ သွေးများအန်ထွက်လာဆဲပင်။
ဤကဲ့သို့သော ပြိုင်ဘက်မှာ သူတို့အား ထိတ်လန့်သွားစေသည်သာ။ ဒါက ဘယ်လိုမကောင်းဆိုးဝါးကြီးလဲ..
အပိုင်း ၁၂၇၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၈ – လွှမ်းမိုးနိုင်သော စွမ်းအား
“လကိုထိန်းချုပ်နိုင်တဲ့ ကြံ့ဦးချို..” လကြံ့ကလန်မိန်းမပျိုလေးမှ အော်ဟစ်လိုက်သည်နှင့် သူမမျက်ခုံးကြားတွင်ရှိနေသည့် တစ်လက်မခန့်ရှည်သည့် ဦးချိုကြီးတောက်ပလာကာ နတ်လတစ်စင်း ချက်ချင်းပေါ်လာလေ၏။
ဤရှေးဟောင်းမိုင်းတွင်းကြီးတစ်ခုလုံးမှာ ရုတ်တရက်ပင် လင်းထိန်သွားလေသည်။
ရှီဟောင်၏နှုတ်ခမ်းထက်တွင် အေးစက်စက်အပြုံးတစ်ခု ရှိနေလေ၏။ သင်္ကေတများဖြင့် ဖန်တီးထားသည့် နတ်လတစ်စင်းမပြောနှင့် ကြယ်တစ်လုံး ကြွေကျလာလျှင်ပင် သူ ကြောက်မည် မဟုတ်ပေ။
ရွှီး..
ရှီဟောင်၏ညာဘက်လက်ဝါး ကျရာက်လာသည်။ ဤသည်မှာလည်း ခွန်ပန်အားများ ပါဝင်နေဆဲပင်။ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ ပြိုင်ဘက်ကင်းလှပြီး မှော်စွမ်းအားများလည်း ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာလေသည်။
ဝုန်း..
ဤနေရာရှိ လေဟာနယ်ကြီး တုန်ခါသွားလေ၏။ ဤတိုက်ခိုက်မှုကို ရင်ဆိုင်သည့် လကြံ့ကလန်မှ မိန်းမပျိုလေးမပြောနှင့် ကျန်သည့်လေးယောက်ပင်လျှင် တုန်ယင်သွားကာ သွေးများဆက်တိုက်အန်လာလေသည်။
“ပေါက်ကွဲမယ်..” လကြံ့ကလန်မိန်းမပျိုလေးမှ ရုတ်တရက်အော်ဟစ်လိုက်သည်။ သူမလက်ထဲတွင် တံဆိပ်တစ်ခု ဖြစ်ပေါ်လာသည်နှင့် သူမ၏ခရမ်းရောင်အင်္ကျီလက်က ပေါက်ကွဲသွားလေ၏။ တစ်ချိန်တည်းမှာပင် သူမရှေ့တွင်ရှိနေသည့် နတ်လလည်း ပျက်ပြယ်သွားလေသည်။
“အမ်..” တစ်ခုခုမှားယွင်းနေသည်ကို ရှီဟောင်ခံစားမိလိုက်သည်။ နတ်လကြီး ပေါက်ကွဲသွားသည့်အချိန်တွင် အဆုံးမရှိသည့်အလင်းမိုးအဖြစ်ပြောင်းလဲသွားပြီး ဤနေရာတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သောကြောင့် သူ၏မျက်ခုံးကြားတွင် နာကျင်လာရသည်။
သူဒီမိန်းကလေးကို လျှော့တွက်မိသွားပြီ.. ဤသည်မှာ မှော်ခွန်အားတစ်ခုတည်းအသုံးပြုခြင်းမဟုတ်ပဲ နတ်ဝိညာဉ်ပါဝင်သည့် အဖိုးတန်ပညာတစ်ခုပင်။ ဤသည်မှာ သူ၏မူလဝိညာဉ်ကို ဦးတည်လာခြင်းပင်။
သာမန်လူသာဆိုပါက ဤတိုက်ခိုက်မှု အောင်မြင်သွားလောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် ဤစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းကို ထာဝရစွမ်းအင်တစ်ကြောင်းဖြင့် ရစ်ပတ်ထားခြင်းကြောင့် အဆပေါင်းများစွာ စွမ်းအားကြီးသွားသည်ပင်။
ဤသည်မှာ လျှို့ဝှက်တိုက်ခိုက်ခြင်းဖြစ်သကဲ့သို့ မမျှော်လင့်ထားသည့်တိုက်ခိုက်မှုဖြစ်သောကြောင့် ခုခံကာကွယ်နိုင်ရန် မဖြစ်နိုင်ပေ။
ရှီဟောင်က ဘာလို့ သူမ အောင်မြင်သွားတာကို ခွင့်ပြုပေးရမှာလဲ.. သူ၏ဦးခေါင်းထက်တွင် တာအိုပန်းပွင့်တစ်ပွင့်ပေါ်လာပြီး ရှေ့နောက်လွှဲရမ်းနေလေသည်။ ထိုပန်းပွင့်မှာ အလင်းမိုးပေါ်လာပြီး တစ်ဖက်လူ၏ ထာဝရစွမ်းအင်ကို လုံးဝဖယ်ရှားပစ်လိုက်ကာအဖိုးတန်ပညာကို ပျက်ပြယ်စေလိုက်လေ၏။
“မင်းမှာ ထာဝရစွမ်းအင်သုံးကြောင်းရှိနေပြီးတော့ တစ်ကြောင်းက တာအိုပန်းပွင့်ဖြစ်သွားပြီလား..”
ဤလူများ စိတ်ပျက်သွားရသည်။ ဟွမ် မည်မျှစွမ်းအားကြီးသည်ကို သူတို့ကြားဖူးပြီးသားဖြစ်သော်လည်း သူ့ကို မလေးစားကြပေ။ ယခု သူတို့တွေ့ကြသည့်အချိန်မှသာ သူတို့တကယ်နားလည်သွားလေပြီ။
ဒီလိုလူမျိုးနဲ့ဆိုရင် ဘယ်လိုမှ နိုင်နိုင်မှာ မဟုတ်ဘူး..
သို့သော် လကြံ့၏တိုက်ခိုက်မှုကြောင့် သူတို့အချိန်အနည်းငယ် ရသွားသည်သာ။ ထိုတိုက်ခိုက်မှုမှာ ရှီဟောင့်ကို တစ်ခဏမျှ အေးခဲသွားစေပြီး သူ၏လှုပ်ရှားမှုများလည်း ရပ်တန့်သွားလေသည်။
သူတို့ငါးယောက်လုံး လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်ကြကာ ရှီဟောင်၏အခြားတစ်ဖက်တွင် ရပ်လိုက်ကြလေသည်။
သူတို့သည် ဖီးနှစ်ကိုးကောင်မီးဖိုကို ဆင့်ခေါ်ရန် ကြိုးစားသော်လည်း ဝိညာဉ်တစ်သောင်းသင်္ကေတ၏ ရိုက်ချက်ကြောင့် ထိုမီးဖိုတစ်ခုခုဖြစ်သွားကာ လှုပ်မလာတော့ပေ။
ဤအချက်ကြောင့်လည်း ရှီဟောင် ဤအနီရောင်နတ်မီးဖိုကို သေချာလေ့လာခွင့်ရသွားသည်။ ဤမီးဖိုလေးတွင် အပေါက်ရှိနေသောကြောင့် ဤမီးဖို၏ ဝိညာဉ်စွမ်းအင်မှာ စိမ့်ထွက်သွားပြီဟု ဆိုလိုခြင်းပင်။
“ဒီအဆင့်လွန်ရတနာက တကယ်နှမြောဖို့ကောင်းတာပဲ..” ရှီဟောင် သက်ပြင်းချလိုက်၏။ ဤမီးဖို မပျက်စီးမှီအချိန်က မည်မျှပင် စွမ်းအားကြီးမည်ကို သူစဉ်းစားကြည့်နိုင်သည်ပင်။
“ဟွမ် .. ငါကြားတာတော့ မင်းက ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ချင်တာဆို .. ငါတို့က အဲဒီကျောင်းက တပည့်တွေပဲ..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။ သူသည် ယခုအလွန်ထိတ်လန့်နေသောကြောင့် ရှီဟောင်နှင့် ဆက်ဆံရေးကောင်းတစ်ခု ဖန်တီးချင်နေလေသည်။
ရှီဟောင်၏ အေးစက်စက်အပြုံးတွင် မနှစ်မြို့မှုများ ပြည့်နှက်နေလေသည်။ ဤလူမှာ ယခုတော့ အရှုံးကို ဝန်ခံနေလေပြီ။ သို့သော် အစောပိုင်းက သူတို့ဘယ်လောက်တောင် စိတ်ကြီးဝင်နေခဲ့သလဲ.. ဤနတ်မီးဖိုဖြင့် သူ့ကို ဖိနှိပ်နိုင်ပြီဟု သူတို့ထင်နေကြခြင်းပင်။
ဝုန်း..
ယခုတစ်ခေါက်တွင်တော့ ရှီဟောင်သည် ဘာမှမပြောပဲ ခြေထောက်ဖြင့်ကန်လိုက်လေသည်။ ခြေထောက်သည် မြွေနဂါးတစ်ကောင်ကဲ့သို့ ထွက်လာကာ တောက်ပသည့်အရိုးစာသားများနှင့် မိုးခြိမ်းသံများလည်း ဆူညံလာလေသည်။
ဤခြေထောက်၏စွမ်းအားကို မည်သူမှ သံသယမရှိပေ။ ဤခြေထောက်သည် တောင်များကို ဖျက်ဆီးနိုင်ကာ ကြယ်များကိုလည်း ဖျက်ဆီးပစ်နိုင်သည်ပင်။
“မဟုတ်ဘူး..” ထိုလူကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် လျှို့ဝှက်ရတနာပေါင်းစုံကို အသက်သွင်းလိုက်လေ၏။ ထာဝရစွမ်းအင်တစ်ကြောင်းလည်း ထွက်ပေါ်လာကာ ရှီဟောင်၏ခြေထောက်ကို ရစ်ပတ်လာလေသည်။
သူသည် သူ့ကလန်မှ ချီးမြောက်ခြင်းခံရသူဖြစ်သောကြောင့် သူ့အတွက် လုပ်ပေးထားသည့် မှော်ပစ္စည်းများလည်း များပြားကာ စွမ်းအားကြီးလှသည်ပင်။
ခွပ်..
ထိုအချိန်တွင် မှော်ပစ္စည်းပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မီးရှူးမီးပန်းဖောက်နေသကဲ့သို့ပင်။ အားလုံးမှာ ရှားပါးသည့် ရတနာများဖြစ်သော်လည်း အားလုံး ဖျက်ဆီးခံလိုက်ရလေပြီ။
ဖုန်း..
ရှီဟောင့်ခြေထောက် သူ့ကိုယ်ပေါ်သို့ ရောက်လာသည်နှင့် အဖိုးတန်ချပ်ဝတ်တန်ဆာမှာ ယိုယွင်းသွားကာ သူကိုယ်တိုင်လည်း လွင့်ထွက်သွားလေ၏။
သူ၏ ထိုလျှို့ဝှက်ရတနာများနှင့် အရေးကြီးသည့်အချိန်တွင် ထုတ်လွှတ်လိုက်သည့် ထာဝရစွမ်းအင်ကြောင့်သာမဟုတ်ပါက သူသေချာပေါက် သေသွားလောက်လေပြီ။
ထိုထာဝရစွမ်းအင်ကြောင်းမှာ ရှီဟောင့်ခြေထောက်ကို တားဆီးလိုက်သောကြောင့်သာ။ မဟုတ်ပါက သူ၏ခန္ဓာကိုယ်မှာ ဘယ်လိုလုပ် ဤတိုက်ခိုက်မှုကို ခုခံနိုင်မည်နည်း.. ကြယ်များပင် ထိုကန်ချက်ကြောင့် ကြေမွသွားနိုင်သည်။
ဤလူ၏ တိုက်ခိုက်နိုင်စွမ်းအားလုံး ဆုံးရှုံးသွားသည်မှာ သေချာသည်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းစုတ်ပြတ်သွားပြီး သူ့တစ်ကိုယ်လုံးလည်း စွမ်းအားကြီးသည့် အရိုးစာသားလှိုင်းဖြင့် လွှမ်းခြုံနေလေ၏။ သူသည် သေလုမျောပါးဖြစ်နေလေပြီ။
ထိုထာဝရစွမ်းအင်မှာမူ ပျက်စီးသွားမလိုပင် ဖြစ်သွားသောကြောင့် အားလုံးထိတ်လန့်သွားရသည်။
ဤတိုက်ခိုက်မှုအတွင်းတွင် ရှီဟောင်သည် သူ၏တာအိုပန်းပွင့်ကိုပင် မသုံးခဲ့ပေ။
သူတို့ထဲမှ တစ်ယောက်ကို ဤကဲ့သို့ လျင်လျင်မြန်မြန် သက်တောင့်သက်သာဖြစ်ပင် အနိုင်ယူလိုက်သောကြောင့် ကျန်သည့်လေးယောက်လုံးမျက်နှာဖြူဖျော့သွားရသည်။ အဆင့်နိမ့်နယ်မြေမှ ဤကျင့်ကြံသူမှာ စွမ်းအားကြီးလွန်းလှသည်။
ချောင်ယုရှန်း၊ ချန်ကုန်းယန်နှင့် အခြားသူများ သူ့အားဘာကြောင့် အထင်ကြီးနေသည်ကို သူတို့ ယခုမှပင် နားလည်တော့သည်။
လကျောက်စိမ်းယုန်၏ စကားကို ကြားမိသွားသည့်အချိန်တွင် သူတို့အလွန်အရှက်ရမိသွားသည်။ သူတို့သည် ဟွမ်နှင့်တကယ် တွေ့ခဲ့ရုံသာမက အသတ်ခံရလုနီးပါးပင် ဖြစ်နေလေပြီ။ ဤသည်မှာ သူတို့မိဘ မမှတ်မိနိုင်လောက်သည်အထိ အရိုက်ခံရခြင်းထက်ပင် ပိုဆိုးနေလေပြီ။
ရှီဟောင် အရှေ့တိုးလာသည်နှင့် ထိုလေးယောက် နောက်ဆုတ်နေလေသည်။
ဤသည်မှာ သူတို့ကို မျက်နှာမဖော်နိုင်လောက်အောင် အရှက်ရစေသည်သာ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် သာမန်ကျင့်ကြံသူများမဟုတ်ပေ။ သူတို့သည် ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသွားပြီဖြစ်ပြီး သူတို့နှင့် ရွယ်တူများထဲတွင် သူတို့အမြင့်ဆုံးပင်။
ယခု သူတို့သည် လူတစ်ယောက်ကြောင့် ယခုကဲ့သို့ နောက်ဆုတ်နေရခြင်းမှာ ဝမ်းနည်းစရာကောင်းလှသလို ရှက်စရာလည်းကောင်းလှသည်။
“အားလုံးကို စွန့်စားမယ်..”
လကြံ့မိန်းမပျိုလေး အော်ဟစ်လိုက်သည်။ သူမ၏လက်ထဲတွင် တံဆိပ်များဖြစ်လာပြီးနောက် ရှီဟောင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ယခုတစ်ခေါက်တွင်တော့ သူမ၏ကြံ့ချိုနတ်စွမ်းရည်မှာ လုံးဝအသုံးမဝင်တော့ပေ။ ရှီဟောင်၏မူလဝိညာဉ်ကို ဘာမှမလုပ်နိုင်တော့ပေ။
ထို့အပြင် ရှီဟောင် လက်ညှိုးထိုးလိုက်လေ၏။ ဤသည်မှာ သူ ယခုတလောလေးတင်မှ လျှပ်စီးတာအိုကို နောက်တစ်ဆင့်လေ့လာကာ ရရှိထားသည့် လျှပ်စီးဧကရာဇ်လက်ချောင်းပင်။
ဝုန်း..
ကောင်းကင်နှင့်မြေကြီးကြားတွင် တောင်ထိပ်များကိုပင် ပေါက်ကွဲစေနိုင်သည့် လျှပ်စီးများ ထွက်ပေါ်လာလေ၏။
ထိုလက်ညှိုးထိုးလိုက်သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အရောင်အဆင်းကင်းမဲ့သွားကာ ရှေးဟောင်းမိုင်းတွင်းလည်း လှုပ်ရမ်းသွားလေ၏။
ရှေးဟောင်းမိုင်းတွင်း၏ အစီအရင်များကြောင့်သာမဟုတ်ပါက အစောကြီးတကည်းက ပြိုကျသွားလောက်လေပြီ။
ထိုသို့ဆိုသော်လည်း သူတို့ပတ်လည်တွင်ရှိနေသည့် လေဟာနယ်မှာ ပင့်ကူအိမ်ကဲ့သို့ပင် အက်ကွဲကြောင်းများ ထွက်ပေါ်လာလေသည်။
လကြံ့ကလန်မှ မိန်းမပျိုလေးသည် သည်းခံရန် ခက်ခဲလှသည့် နာကျင်မှုကို ခံစားလိုက်ရကာ သူမ၏မျက်ခုံးကြားကို ပွတ်လိုက်သည်။ ထို့နောက် သူမသည် စူးရှစွာ ငိုကြွေးလိုက်ပြီး သူမ၏မျက်နှာလည်း အရောင်အဆင်းကင်းမဲ့သွားလေ၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ ဦးချို ကျိုးသွားလေပြီ။
သူမ နောက်ပြန်ဆုတ်လိုက်ပြီး သူမခန္ဓာကိုယ်လည်း အားနည်းလာလေသည်။ သူမ၏မျက်ဝန်းများတွင် အမုန်းတရားနှင့်ခါးသီးမှုများ ပြည့်နှက်လာလေ၏။ ဤလူမှာ ရက်စက်လွန်းလှသည်။ သူမ၏အလှအပကို နည်းနည်းလေးမှပင် ဂရုမစိုက်..
ဖုန်း..
ရှီဟောင် နောက်ထပ်တစ်ကြိမ် လက်ညှိုးထိုးလိုက်လေသည်။ နေရာအနှံ့တွင် မိုးခြိမ်းသံများထွက်ပေါ်လာလေ၏။ လကြံ့ကလန်မှ အလှလေးသည် လေထဲသို့ ခုန်တက်သွားကာ ဆံပင်မွေးများပင် ထောင်ထလာလေ၏။ ထို့နောက်တွင် သူမသည် သနားစရာကောင်းလှသည့်အသံနှင့်အတူ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရလေသည်။
လကြံ့ကလန်မှ မိန်းမပျိုလေး၏ တစ်ကိုယ်လုံး မည်းတူးနေလေပြီ။ သူမ မြေပြင်ပေါ်သို့ ပြန်ကျသည့်အချိန်တွင် သူမ၏ အဖိုးတန်ပညာဖြစ်စေ၊ ချပ်ဝတ်တန်ဆာဖြစ်စေ အားလုံးမှာ ပျက်စီးသွားလေပြီ။
ဒုတိယတစ်ယောက်လည်း ပျက်စီးသွားပြီဖြစ်သောကြောင့် ကျန်နေသည့်လူများမှာ ပို၍ပင် ကြောက်ရွံ့လာလေ၏။
ရှီဟောင်သည် ဘာမှမပြောပဲ အရှေ့ဘက်သို့သာ ဆက်တိုက်လှမ်းလာလေသည်။ သူ၏ခြေထောက်မြေပြင်ပေါ်သို့ ကျသည့်အချိန် ထွက်ပေါ်လာသည့်အသံသည်ပင် အားပြင်းလှလေ၏။
“မင်း အသက်ကို လက်လွတ်လိုက်တော့..” တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လာပြီး သူနှင့်ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖန်တီးရန် ပြေးလာလေသည်။
ဝုန်း..
ပြန်လည်ဝင်စားခြင်းလက်သီးတစ်ချက်တည်းဖြင့်ပင် သူ၏ကိုယ့်ကိုကိုယ်ယုံကြည်မှုကို သက်သေပြသလိုဖြစ်သွားပြီး အခြားသူများကို ဥပမာပေးရာလည်း ရောက်သွားလေပြီ။
ထိုတတိယလူမှာ လက်သီးဖြင့် အထိုးခံလိုက်ရသည်နှင့် သူ၏ခန္ဓာကိုယ်သည် အသက်ကြီးလာကာ အရေပြားများလည်း တွန့်လာလေသည်။
ထို့နာက်တွင် ရှီဟောင်နောက်တစ်ကြိမ်ထပ်တိုက်ခိုက်လိုက်သောကြောင့် ထိုလူသည် ကျောက်နံရံများထံသို့ လွင့်ထွက်သွားကာ မလှုပ်နိုင်တော့ပေ။
ဖုန်း..
ရှီဟောင်သည် လေထဲသို့ ခုန်တိုက်လိုက်ပြီး လေဟာနယ်ကို ပိတ်ထားလိုက်ကာ ကျန်သည့်နှစ်ယောက်ထံသို့ ဦးတည်သွားလိုက်သည်။
ဖူး.. ထိုလူနှစ်ယောက်မှာ သွေးအန်လာလေသည်။
ဤတိုက်ပွဲမှာ တစ်ခဏအတွင်းမှာပင် အဆုံးသတ်သွားလေ၏။ ရှီဟောင် ဤလူများကို အေးစက်စွာပင် ကြည့်လိုက်သည်။
သို့သော်လည်း ရှီဟောင့်စိတ်ထဲတွင် ပျော်ရွှင်မှု မခံစားရသလို ဤလူများကိုလည်း အမုန်းကြီးမမုန်းပေ။
“ဒါက အနန္တကောင်းကင်က ကျွမ်းကျင်သူတွေလား .. ဒီလောက်ပဲပေါ့..” ရှီဟောင်ပြောလိုက်၏။
ထို့နောက်တွင် သူသည် လျှပ်စီးအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ဤလူများထဲတွင် မိန်းမလှလေးတစ်ယောက်ပါနေသည်ကိုပင် ဂရုမစိုက်ပဲ သူတို့အား ဆက်တိုက်ပင် ရိုက်နှက်နေလေ၏။
သူတို့ငါးယောက်မှာ အလွန်အရှက်ရနေလေပြီ။ ယခုအချိန်တွင် သူတို့မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖူးယောင်နေလေပြီ။
“တကယ်ကို ဘာမှမထူးခြားဘူးပဲ .. ဒါက အနန္တကောင်းကင်က ကျွမ်းကျင်သူတွေလား .. အဲဒီ ကောင်းကင်နတ်ဘုရားကျောင်းလို့ခေါ်တဲ့နေရာက တကယ်ရော သတင်းတွေထဲကအတိုင်း ဖြစ်ပါ့မလားဆိုတာ သိချင်လာပြီ..”
ရှီဟောင်သည် ဤလူများ၏ အခြေအနေများပို၍ ဆိုးရွားလာအောင်ပင် လုပ်နေလေ၏။ ယခုအချိန်တွင် အားလုံးသည် နှာခေါင်းသွေးယိုနေပြီး မျက်နှာလည်း ဖူးယောင်နေလေ၏။
“မင်းက ငါ့တို့ကို နိုင်သွားတာနဲ့ပဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား… စီနီယာအစ်ကို လုထော်ရောက်လာရင် သူ့လက်တစ်ဖက်လေး မြှောက်လိုက်ရုံနဲ့ မင်းကို ဖိနှိပ်ပစ်နိုင်တယ်..” သူတို့ထဲမှ တစ်ယောက် အော်ဟစ်လိုက်သည်။
လကျောက်စိမ်းယုန်၏ စကားများကို ပြန်ကြားယောင်မိသွားသည့်အချိန်တွင် သူတို့အလွန်အရှက်ရမိသွားသည်ပင်။
ရွှီး..
ထိုအချိန်တွင် ဖီးနှစ်ကိုးကောင်မီးဖိုသည် နောက်ဆုံးတော့ အသက်ဝင်သွားလေပြီ။ ထိုမီးဖိုသည် သူတို့ငါးယောက်ကို မကာကွယ်ပေးပဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝင်ပေါက်သို့ ဦးတည်သွားနေလေသည်။
ထိုငါးယောက်လုံး၏မျက်နှာမှာ ပြာမှုန့်များကဲ့သို့ဖြစ်နေလေပြီ။ ယနေ့တိုက်ပွဲမှာ သူတို့အတွက်တော့ အိပ်မက်ဆိုးကြီးဖြစ်နေမည်ပင်။
ရှီဟောင် တုံ့ဆိုင်းနေမိ၏။ သူဒီလူတွေကို သတ်ရမလား .. မသတ်ရဘူးလား..
သူတို့ငါးယောက်ကို သတ်လိုက်ရင် သူကောင်းကင်နတ်ဘုရားကျောင်းကို ဝင်လို့မရတော့ဘူးထင်တယ်..
ဝုန်း..
မူလရှေးဟောင်းမိုင်းတွင် ဝင်ပေါက်တွင် ထိုဖီးနှစ်ကိုးကောင်မီးဖိုသည် အပြင်သို့ထွက်တော့မည့်အချိန်၌ ရုတ်တရက်ပင် တုန်ခါလာလေ၏။ ဤသည်မှာ ဤမီးဖိုသည် ရှေးဟောင်းမိုင်းတွင်းနှင့် စကားပြောနေသကဲ့သို့ပင်။
ထိုသို့တုန်ခါပြီးမှသာ အပြင်ဘက်သို့ ထွက်လာလေသည်။
ထိုအချိန်တွင် ရှီဟောင် နတ်တာအိုအသံတစ်သံကို ကြားလိုက်ရသည်။ ဤသည်မှာ နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားခဲ့သည့် ရှေးဟောင်းကျမ်းစာတစ်ခုကို ယခုမှ စတင်ရွတ်ဖတ်နေသကဲ့သို့ပင်။
ဘာဖြစ်နေတာလဲ.. ရှီဟောင် ဖြူဖျော့သွားရသည်။
ဂူအနက်ပိုင်းထဲတွင် ထူးဆန်းသည့် စွမ်းအားတစ်ခု ပျံ့နှံ့လာလေသည်။
“ဟမ် .. ဘာဖြစ်တာလဲ..” အားလုံးမျက်မှောင်ကြုတ်သွားရသည်။ ဤသည်မှာ ရှီဟောင် သူတို့ကို မျက်နှာသာမပေးခြင်းမဟုတ်ပဲ ထူးဆန်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်နေခြင်းပင်။
ရှီဟောင် ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်နှင့် ကျမ်းစာနာမည်ကို ကြားလိုက်ရသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး တုန်ယင်လာလေသည်။ သို့သော်လည်း ဤသည်မှာ ကြောက်ရွံ့သောကြောင့်မဟုတ်ပဲ စိတ်လှုပ်ရှားသောကြောင့်ပင်။
“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းပညာ၊ အဆင့်လွန်ခန်းမရဲ့ပညာ .. ဒါတွေက ဘာလို့ ဒီမှာရှိနေတာလဲ..”
သူ ထိုအသံများကို နားထောင်လိုက်သည်။ ကျမ်းစာသံတွင် အရာအားလုံးပါဝင်နေလေသည်။
ရှီဟောင် စိတ်လှုပ်ရှားလာသလို စိုးလည်းစိုးရိမ်လာသည်။ သူ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းပြိုင်ဘက်ကင်းကောင်းကင်ပညာကို ရနိုင်ပါ့မလား..
တစ်ချိန်တည်းမှာပင် သူ့ထံ၌ မရေမတွက်နိုင်သည့်မေးခွန်းများ ရှိလာသည်။ ဒီမိုင်းတွင်းက ဘာလို့ဒီလောက်တောင် ထူးဆန်းနေတာလဲ .. သူက ဘာလို့ ဒီလိုမျိုး ကောင်းကင်ပညာတောင်ရှိနေတာလဲ .. ဒီမှာ တကယ်ပဲ ဘယ်သူ့ကို မြှုပ်ထားခဲ့တာလဲ..
အပိုင်း ၁၂၇၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၉ – သုံ့ပန်းတစ်စု
ဤမိုင်းတွင်းမှာ အလွန်ရှေးကျလှပြီး ထာဝရရှေးဟောင်းခေတ်ထက်ပင် ပို၍ရှေးကျသည်ဟု ပြောကြသည်ပင်။
ဒီ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းပညာကို ဘယ်သူချန်ထားခဲ့တာလဲ.. ဆန်းကြယ်မှုများပေါ်တွင် ဆန်းကြယ်မှုများထပ်နေလေသည်။
အပြင်ဘက်တွင်ရှိနေသည့်သူအားလုံးလည်း ထိတ်လန့်နေသည်ပင်။
အဘယ်ကြောင့်ဆိုသော် ဖီးနှစ်ကိုးကောင်မီးဖိုသည် သူတစ်ခုတည်း ရုန်းထွက်လာသောကြောင့်ပင်။
ယခုအချိန်တွင် ထိုမီးဖိုသည် လောင်ကျွမ်းနေကာ ကျယ်လောင်လှသည့် ဖီးနှစ်အော်သံများလည်း ထွက်ပေါ်လာလေသည်။ ဖီးနှစ်အစစ်ကိုးကောင်သည် ကောင်းကင်ကြီးကိုပင် လောင်ကျွမ်းသွားစေလောက်သည့် မီးတောက်များနှင့် အတောင်ပံများကို ဖြန့်ကျက်နေကြလေသည်။
မီးဖိုကြီး၏ ဝိညာဉ်ပြန်ရောက်လာသကဲ့သို့ပင်။
“မိုင်းတွင်းထဲမှာ ကျမ်းစာတစ်မျိုးမျိုးရဲ့ အသံကြားနေရတယ် .. ခင်ဗျားတို့အားလုံး ကြားကြလား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်စွာ ပြောလိုက်သည်။
“ဟုတ်တယ် .. အထဲဘက်ကနေ ပျံ့လာတဲ့ ကျမ်းစာသံတိုးတိုးလေးကို ကြားနေရတယ်..”
မည်သူမှ မတည်ငြိမ်နိုင်တော့ပေ။ ဤနေရာမှာ မည်မျှထူးဆန်းသည်ကို သူတို့သိကြသည်ပင်။
ထိုအချိန်တွင် မြူများတစ်လွှာပြီးတစ်လွှာပေါ်လာလေသည်။ ဘာဖြစ်နေမှန်းမသိသောကြောင့် သူတို့အတွေးများ အရိုင်းဆန်လာကြသည်။
ရှေးဟောင်းကျမ်းစာသံ ထွက်ပေါ်လာသောကြောင့် မည်သူက မထိတ်လန့်ပဲနေမည်နည်း.. အများစုသာ သူတို့က မိုင်းတွင်ထဲသို့ ဝင်ကာ ယူချင်စိတ်များဖြစ်နေကြလေသည်။
“အဲဒီဂျီးနီးယပ်စ်တွေကရော .. သူတို့ဘာလို့ ပြန်မလာသေးပဲနဲ့ ဖီးနှစ်ကိုးကောင်မီးဖိုပဲ ပြန်ရောက်လာတာလဲ .. ” နောက်ဆုံးတွင်တော့ တည်ငြိမ်သွားသည့်လူတစ်ယောက်မှ မေးလိုက်သည်။
အခြားသူများတစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာကြည့်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ရှေးဟောင်းမိုင်းတွင်းကြီးပင်။ ဖီးနှစ်ကိုးကောင်မီးဖိုပင်လျှင် သူတို့ကို မကာကွယ်နိုင်လျှင် သူတို့အသက်ကို ထိုနေရာတွင်ပင် ဆုံးရှုံးခံလိုက်ရမည်လား..
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲနှစ်ယောက်၏အမူအရာလည်း မသာမယာပင်။
“သူတို့ မသေသေးဘူး..”
အကြီးအကဲတစ်ယောက်မှ ရုတ်တရက်ပင် ထပြောလိုက်သည်။ သူ၏အင်္ကျီလက်ထဲတွင် ကြေးမီးအိမ်ငါးခုရှိနေပြီး ထိုမီးအိမ်မှာ လင်းနေဆဲပင်။ ဤသည်မှာ ဝိညာဉ်မီးတောက်များဖြစ်ပြီး ယခုအချိန်ထိ မငြိမ်းသတ်သေးပေ။
“ဟမ် … ဘာဖြစ်နေတာလဲ .. သူတို့မသေသေးဘူး .. ဒါပေမဲ့ ဖီးနှစ်ကိုးကောင်မီးဖိုတစ်ခုတည်း ပြန်ထွက်လာတယ် .. သူတို့ကတော့ အစအနရှာမရအောင် ပျောက်သွားတာ .. သူတို့ တစ်ခုခုထဲ ပိတ်မိနေတာလား..”
ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး ထိတ်လန့်တကြားဖြစ်သွားကြလေသည်။
ဒီလူတွေက မသေသေးဘူးလား .. သူတို့စိတ်ထဲတွင် မြင်ကွင်းပေါင်းစုံ ဖြစ်သွားလေသည်။
“ဒီကျမ်းစာသံက သူတို့ကြောင့်ဖြစ်လာတာတော့ မဟုတ်လောက်ဘူးမလား..” တစ်စုံတစ်ယောက်မှ ထိုကဲ့သို့မေးလိုက်သည်။
အချို့လူများ သံသယဝင်သွားကြ၏။ ဤကဲ့သို့လည်း ဖြစ်နိုင်သေးသည်ဟု တွေးမိသွားသည့်အချိန်တွင် မျက်လုံးအများစုမှ ရှေးဟောင်းမိုင်းတွင်းဝင်ပေါက်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြလေသည်။
အထူးသဖြင့် ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များပင်။ အားလုံးမှာ စမ်းကြည့်ချင်နေကြလေ၏။
မူလရှေးဟောင်းမိုင်းတွင်းမှ ရလာသည့်ပစ္စည်းများအားလုံးမှာ ဤလောကတွင် ထူးဆန်းသည့်ရတနာများပင်။
ဥပမာအားဖြင့် အသက်ကယ်ကျောက်တုံး ..
ဤသည်မှာ လူတစ်ယောက်၏အသက်ကို ဆွဲဆန့်နိုင်ပြီး ကံတရားကို ပြောင်းလဲစေနိုင်သည့် ပစ္စည်းပင်။
ဥပမာအားဖြင့် ဖီးနှစ်ကိုးကောင်မီးဖို .. ဤသည်မှာ အနန္တကောင်းကင်တွင် နံပါတ်တစ် မှော်ပစ္စည်းပင်။
ဤနေရာမှရလာသည့် အခြားနတ်ပစ္စည်းများသည်လည်း ပြိုင်ဘက်ကင်းများပင်။
ယခုအချိန်တွင် ရှေးဟောင်းကျမ်းစာများပြန်ပေါ်လာသောကြောင့် မည်သူက စိတ်မလှုပ်ရှားပဲနေမည်နည်း..
“အကြီးအကဲတို့ .. ကျွန်တော်တို့လည်း အထဲကို သွားချင်ပါတယ် .. ပထမအချက်က ကျွန်တော်တို့အဖော်တွေကို သွားကယ်ဖို့ပါ .. နောက်တစ်ချက်က အခွင့်အရေးကောင်းတွေ၊ သဘာဝကံကောင်းမှုတွေကို လိုချင်လို့ပါ” တစ်စုံတစ်ယောက်မှ တိုက်ရိုက်ပင် ပြောလာလေသည်။
တစ်ယောက်ယောက်သာ အထဲဝင်ချင်ပါက ဖီးနှစ်ကိုးကောင်မီးဖိုကို လိုအပ်မည်ပင်။ မဟုတ်ပါက ဝင်စရာပင်မလို အပေါက်ဝမှာတင် သူတို့သေသွားလိမ့်မည်။
ယခု တစ်ယောက်ယောက်က ဤကဲ့သို့ စပြောလာသောကြောင့် အခြားသူများလည်း စိတ်လှုပ်ရှားလာလေ၏။ ထိုကျမ်းစာများမှာ ဖီးနှစ်ကိုးကောင်မီးဖိုနှင့် တန်ဖိုးအတူတူပင် ဖြစ်လိမ့်မည်ကို အားလုံးသိနေသောကြောင့်ပင်။
ဘေးဘက်တွင်ရှိနေသော အခြားအင်အားကြီးသည့်သူများ၏မျက်လုံးများလည်း နီရဲနေလေပြီ။ ကောင်းကင်နတ်ဘုရားကျောင်းကို ကြောက်နေသောကြောင့်သာမဟုတ်ပါက သူတို့ ဖီးနှစ်ကိုးကောင်မီးဖိုကို လုပြီးသွားလေပြီ။
“ကောင်းပြီလေ .. ဝိညာဉ်မီးတောက်ရှိနေတုန်းပဲဆိုတော့ သူတို့အသက်ရှင်နေတုန်းပဲလို့ ဆိုလိုတာပဲ .. အဲဒီတော့ ဘာပဲဖြစ်ဖြစ် ငါတို့သူတို့ကို ကယ်ရမယ် .. ရှေးဟောင်းကျမ်းစာရှိနေရင်တော့ မင်းတို့ကံကောင်းတာပေါ့ .. သတိထားပြီးသွားကြ..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
“ငါးယောက်ထက် မပိုရဘူး” အခြားအကြီးအကဲတစ်ယောက်မှ ထပ်ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤဂျီးနီးယပ်စ်များမှာ အဖိုးတန်လှသည်။ မည်သည့်အကြောင်းနှင့်မှ အဆုံးရှုံးမခံနိုင်။ ဤလူများသာ ဖြစ်ထွန်းလာကာ နောင်အနာဂတ်တွင် အလွန်အသုံးဝင်လာမည်ပင်။
ဖီးနှစ်ကိုးကောင်မီးဖိုသည် အချိန်အတော်ကြာမှသာ တည်ငြိမ်သွားလေသည်။
အကြီးအကဲတစ်ယောက်သည် လက်ဝေ့ရမ်းလိုက်ပြီး ထိုမီးဖိုကို ဆင့်ခေါ်လိုက်ကာ ထိုငါးယောက်ထံသို့ ပေးလိုက်သည်။ သူတို့ကို သတိထားရန်လည်း မှာလိုက်သည်သာ။
ရှီဟောင်သည် စိတ်တည်ငြိမ်သွားပြီဖြစ်ပြီး ထိုအသံကိုနားထောင်ကာ သင်ယူနေလိုက်သည်။
သို့သော်လည်း အသံမှာ ဝါးလွန်းလှပြီး သူအားလုံးကို သေချာမကြားရပေ။ ဘာကြောင့်မှန်းမသိသော်လည်း သူသည် အသံလာရာသို့ တစ်လှမ်းစီလျှောက်နေမိလေသည်။
ရုတ်တရက်ပင် သူ၏စိတ်ထဲမှ အလွန်ကြောက်လန့်သည့်ခံစားချက်ကို ခံစားလိုက်ရသည်။ ဤသည်မှာ သူယခင်က ကြုံတွေခဲ့ဖူးသည့် အန္တရာယ်များသည့်အခြေအနေအားလုံးထက် ကျော်လွန်နေသည်ပင်။
ရှီဟောင် ချွေးစေးများထွက်လာပြီး ချက်ချင်း အသိပြန်ဝင်လာသည်။ သူအရှေ့ဘက်သို့ကြည့်လိုက်သည့်အချိန်တွင် မှောင်မည်းနေသည့် နေရာကြီးကို တွေ့လိုက်ရသည်။
သူ ရပ်တန့်လိုက်သည်။ ကျမ်းစာကိုလိုချင်သော်လည်း ဤသည်မှာ အလွန်အန္တရာယ်များလိမ့်မည်ဟု သူ့အသိစိတ်မှ ပြောနေသည်။ တစ်ချက်လေးမှားသွားသည်နှင့် ခန္ဓာကိုယ်နှင့်ဝိညာဉ်နှစ်ခုလုံး ရှင်းလင်းခံရလိမ့်မည်။
ခဏ..
သက်ရှည်ဆေးရည်များကိုသာ ကုန်အောင် သုံးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သူ၏အသွေးအသားနှင့် ဝိညာဉ်ကိုအားကောင်းအောင်လုပ်ပြီးမှ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကို ရှာဖွနိုင်မည့်အခွင့်အရေးကို စောင့်ဆိုင်းတော့မည်။
သို့သော် ထိုအချိန်တွင် ခြေသံများကို ကြားလိုက်ရပြီး ဖီးနှစ်ကိုးကောင်မီးဖို၏အော်ရာကိုလည်း ထပ်ရလိုက်သည်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များကိုထပ်ပို့လိုက်လေပြီ။ ဤသည်မှာ သူ၏ကျင့်ကြံခြင်းကို ထိခိုက်တော့မည်။
“ဒါက လကြံ့ကလန်က မိန်းကလေးမဟုတ်ဘူးလား .. သူက ဘာလို့ ဒီမှာ ရှိနေတာလဲ..”
ထိုလူများ လျှောက်လာပြီးနောက် မြေကြီးပေါ်တွင် ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့အလွန်ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမ နဖူးထက်ရှိ အရိုးမှာကျိုးကြေနေလေပြီ။
“ဟား ဟား .. အစ်မကြီးနဲ့ တစ်ခြားသူတွေ ဘယ်လိုဒုက္ခမျိုး၊ ဘယ်လိုအန္တရာယ်မျိုးကြုံခဲ့ရတာလဲ .. ရှင်တို့တွေ အဆင့်နိမ့်နယ်မြေက ဟွမ်နဲ့တွေ့ခဲ့ပြီး ဒီလိုမျိုး ဆိုးဆိုးဝါးဝါးအရိုက်ခံလိုက်ရတာလို့တော့ မပြောနဲ့နော် .. ” မိန်းမပျိုလေးတစ်ယောက်မှ လှောင်ပြောင်လိုက်သည်။
ဤနေရာတွင် အန္တရာယ်ရှိသည်ဟု ခံစားရသောကြောင့် အခြေအနေ နည်းနည်းလောက်ကို နားလည်နိုင်ရန် လကြံ့ကလန်မှ မိန်းမပျိုလေးကို မေးလိုခြင်းပင်။ ဤသည်မှာ ဟွမ်လုပ်ထားခြင်းဖြစ်သည်ဟု သူမ မထင်ခဲ့ပေ။ ထို့ကြောင့် ထိုမိန်းကလေး ဒေါသထွက်အောင် ထိုကဲ့သို့ ပြောလိုက်ခြင်းပင်။
“တစ်ခုခုမှားနေတယ် .. တစ်ခြားသူတွေလည်း ဒီမှာပဲ..” ထိုငါးယောက်ထဲမှ ဆံပင်ဖြူနှင့်တစ်ယောက်၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ပင် အေးစက်နေလေသည်။ ထောင့်နားတွင် သွေးများစိုရွှဲနေသည့် အခြားဂျီးနီးယပ်စ်များလည်း ရှိနေသည်ကို သူတွေ့လိုက်ရသည်။
“ဘယ်သူလုပ်တာလဲ..” ခုနက စကားပြောလိုက်သည့် မိန်းမပျိုမှ မေးလိုက်သည်။
“ဟွမ်..” ထိုလူပြန်ဖြေလိုက်လေ၏။
ဤလူများတစ်ယောက်မှ မလှုပ်နိုင်တော့ပေ။ သူတို့သည် ပြင်းထန်စွာ ဒဏ်ရာရသွားသည့်အပြင် ထာဝရစွမ်းအင်များပင် ပြန့်ကျဲသွားပြီး ယာယီအားဖြင့် ပြန်မစုနိုင်တော့ပေ။ သူတို့အလွန်ပင် အားနည်းနေလေပြီ။
“ကျစ် .. ရှင်တို့က ဘယ်သူ့ကို အရူးလုပ်ချင်နေတာလဲ .. ဒီလိုမျိုးဖြစ်နေတာတောင်မှ ကျွန်မတို့ကို အကောက်ကြံချင်နေသေးတာလား..”
ထိုမိန်းကလေးမှာ မယုံကြည်ပဲ တစ်ဖက်လူမှ သူတို့ကို တမင်သက်သက် ဒေါသထွက်အောင်လုပ်နေခြင်းဖြစ်သည်ဟု ထင်လိုက်လေသည်။
” ကြည့်ရတာ ဟွမ်တစ်ယောက်တည်းနဲ့ ကောင်းကင်ဘုံကိုးခုလုံးမှာ ပြဿနာရှာနိုင်တယ်ထင်တယ်..”
“ပြော .. ဘာဖြစ်ခဲ့တာလဲ .. ခင်ဗျားတို့အားလုံး ဘယ်လိုလုပ် ဒဏ်ရာရခဲ့တာလဲ .. ခုနလေးကတင် ကျမ်းစာသံကို ကြားလိုက်ရတာ ခင်ဗျားတို့အားလုံးက ဘာလို့ ဒီလိုမျိုးအားနည်းတဲ့ပုံ ပေါက်နေတာလဲ..” ထိုဆံပင်ဖြူနှင့်လူငယ်လေးမှ ပြောလိုက်သည်။
ဤသည်မှာ ဟွမ်လုပ်ခဲ့သည်ကို သူတို့လုံးဝမယုံကြည်ကြပေ။ သူတို့၏မျက်နှာထက်တွင်လည်း မောက်မာသည့်ဟန်ပန်များအပြည့်ပင်။
ထိုလူများမှာ ခါးသီးစွာပင် ရယ်မောလိုက်ကြသည်။ အမှန်တရားကို အခြားသူများပင် မယုံကြည်ကြသောကြောင့် ဤသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။
သို့သော် ဤသည်မှာ သူတို့ရှင်းပြနိုင်သည့်အရာမဟုတ်ဟု သူတို့ခံစားလိုက်ရသည်။ ဤလူများလည်း ဖမ်းခံရမည့်အချိန်ကိုသာစောင့်နေလိုက်တော့မည်။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးမှာ ပြိုင်ဘက်များပင်။
“ဟေး .. ခင်ဗျားတို့ဘာလို့ စကားမပြောတာလဲ .. ဘာဖြစ်နေတာလဲ .. ဟွမ် တစ်ယောက်တည်းက ဒီလောက်ထိ အသက်ရှင်နိုင်ပြီးတော့ ပြဿနာတွေရှာနိုင်တာလား..”
“ငါ့အမြင်တော့ သူအစောကြီးကတည်းက သေသွားလောက်ပြီ..”
ဒုတိယအုပ်စုမှာ ဟွမ်လုပ်သည်ဆိုသည်ကို မယုံကြည်ကြပေ။ သူတို့အသံမှာ ယဉ်ကျေးနေသည်မဟုတ်။
ရုတ်တရက်ပင် တည်ငြိမ်ကာ ခွန်အားပြည့်ဝသည့် ခြေသံများ ထွက်ပေါ်လာသောကြောင့် သူတို့အားလုံး ထိတ်လန့်သွားရသည်။ သူတို့လှည့်ကြည့်လိုက်သည့်အချိန်တွင် ချောမောခန့်ညားသော်လည်း အေးစက်သည့်အမူအရာများရှိနေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
“မင်း ဘယ်သူလဲ..”
“ဟွမ်..”
“ဘုရားရေ .. တကယ်ပဲမင်းလား .. မင်း မသေသေးဘူးလား..” ထိုမိန်းမပျိုလေးကို နဖူးကိုကိုင်ကာ ထိတ်လန့်တကြား ပြောလိုက်လေ၏။
“ငါ အချိန်မဖြုန်းချင်ဘူး.. ငါ သီးသန့်ကျင့်ကြံတော့မယ် .. အဲဒီတော့ မင်းတို့ကိုယ့်ဘာသာကိုယ်နေကြ .. အဲဒါဆိုရင် ငါတို့ဒီမှာ အတူတူနေလို့ရလိမ့်မယ်” ရှီဟောင်အထက်စီးမှပင် ပြောလိုက်သည်။
ဖီးနှစ်ကိုးကောင်မီးဖိုသည် မိုင်းတွင်း၏အနက်ပိုင်းသို့ ရောက်သည်နှင့် သူ့ဘာသာသူပင် အရောင်မှိန်သွားလေ၏။ ဤသည်မှာ ထူးဆန်းလှသည်။
“မင်းက ငါတို့ကို ခပ်လွယ်လွယ်လူတွေလို့ ထင်နေတာလား .. မင်းက ငါတို့ကို ကိုယ့်ဘာသာကိုယ်နေဆိုတာနဲ့ ငါတို့က နေနေရမှာလား..” ထိုဆံပင်ဖြူနှင့်လူငယ်လေးမှ အေးစက်စွာပင်ပြောလိုက်သည်။
“မင်းတို့ ငါ့ကိုအရင်တုန်းက ရိုင်းရိုင်းစိုင်းစိုင်းပြောထားတာတွေကို ငါခွင့်လွတ်ပေးထားတာ .. ဒါပေမဲ့ မင်းတို့က တိုက်ခိုက်ချင်နေတာဆိုတော့လည်း မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးတာပေါ့”
ရှီဟောင် ပြောလိုက်သည်။
ရှီဟောင်နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သူ့နောက်မှ မိုးမခသစ်ကိုင်းတစ်ရာထွက်လာပြီးနောက် ရွှေရောင်ချိန်းကြိုးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
တိုက်ခိုက်နေစဉ်အတောအတွင်းတွင် ထိုဆံပင်ဖြူနှင့်လူငယ်လေးသည် အဆက်မပြတ်ပင်ဟစ်ကြွေးနေလေ၏။ သူသည် စွမ်းအားအကြီးဆုံးပညာများ၊ အဖိုးတန်ပညာများကို အသက်သွင်းသော်လည်း နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခြမ်း စုတ်ပြတ်သတ်သွားသည်အထိ ရှီဟောင်၏ထိုးနှက်ခြင်းကို ခံလိုက်ရဆဲပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေလေပြီ။
ထိုမိန်းကလေးကိုမူ ရှီဟောင်ညှာတာလိုက်သည်။ သို့သော်လည်း သူလက်ညှိုးဖြင့်ထိုးလိုက်သည်နှင့် ထိုမိန်းကလေး၏လက်တွင် အပေါက်ကြီးဖြစ်သွားလေသည်။
တိုက်ပွဲမှာ သိပ်မကြာလိုက်ပေ။ သူတို့ထဲမှ တစ်ယောက်သည် ထာဝရစွမ်းအင် ၂ ကြောင်းကို ကျင့်ကြံထားသော်လည်း သူသည်လည်း အခြားသူများကဲ့သို့ပင် ဖိနှိပ်ခံလိုက်ရလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်၌ လဲကျနေသည့်သူ ၁၀ ယောက်ရှိသွားလေပြီ။
ရှီဟောင် သူတို့ကို ဘယ်လိုရှင်းရမလဲမသိဖြစ်နေသည်။ သူတို့ကို သတ်လိုက်လျှင်လည်း သိပ်မဟုတ်သေး။ မသတ်ဘူးဆိုလျှင်လည်း သူတို့၏ နမော်နမဲ့နိုင်သည့်ပါးစပ်များကို ဘာမှလုပ်၍မရတော့။
သူသည် ထိုငါးယောက်ကိုလည်း မြေပြင်ပေါ်တွင်ထားခဲ့လိုက်ကာ စတင်ကျင့်ကြံရန်အတွက် အသက်ရှည်ရေကန်ထံသို့ လျှောက်သွားလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် ဖီးနှစ်ကိုးကောင်မီးဖိုသည် မီးများတောက်လောင်လာကာ မျက်နှာပြင်ပေါ်သို့ ပြန်တက်သွားလေသည်။
ဤသည်မှာ နောက်တစ်ကြိမ် အုတ်အော်သောင်းတင်းဖြစ်သွားစေလေသည်။ ရှေးဟောင်းမိုင်းတွင်းထဲမှာ တကယ်ပဲ ဘာဖြစ်နေတာလဲ..
ပို့လိုက်သည့်နှစ်ဖွဲ့လုံး ပျောက်သွားသော်လည်း သူတို့၏ ဝိညာဉ်မီးတောက်များမှာ ပျောက်မသွားပေ။
ထိုသူများမသေကြောင်း သိရသည်နှင့် ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များမှာ ငြိမ်ငြိမ်မနေနိုင်တော့ပေ။ အချို့သူများသည်လည်း ဝင်သွားသည့်သူများမှာ ရှေးဟောင်းကျမ်းစာကို လေ့လာနေပြီဟု ထင်နေကြလေသည်။
“မရတော့ဘူး .. ငါတို့ ဘယ်သူကိုမှ မစွန့်စားခိုင်းတော့ဘူး .. နှစ်ဖွဲ့တောင် ပျောက်သွားပြီ..” အကြီးအကဲတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“သူတို့ ပိုပြီးဂရုစိုက်ရင် ကိစ္စမရှိပါဘူး..” အခြားအကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ထို့ကြောင့် တတိယအဖွဲ့လည်း ထွက်သွားလိုက်လေသည်။
ကံမကောင်းစွာဖြင့်ပင် ရလဒ်မှာ အတူတူဖြစ်နေဆဲပင်။ ထိုသူများလည်း ပျောက်သွားသည်။
ယခုတစ်ခေါက်တွင်တော့ ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များမပြောနှင့် ဘေးပတ်လည်မှလူများပင်လျှင် အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလာရလေသည်။ ရှေးဟောင်းမိုင်းတွင်းကြီးမှာ ချောက်နက်ကြီးကဲ့သို့ ဝင်သွားသည့်သူမှန်သမျှကို ဝါးမြိုနေသည်။ ဂျီးနီးယပ်စ် ၁၀ ယောက်ကျော်မှာ ထိုကဲ့သို့ပင် ပျောက်သွားလေပြီ။
“မကောင်းတော့ဘူး … ငါတို့လူတွေ ထပ်လွှတ်လို့မရတော့ဘူး .. အထဲမှာ အရမ်းကြောက်ဖို့ကောင်းတာတစ်ခုခုရှိနေတယ်..” ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲတစ်ယောက်မှ ပြောလိုက်၏။ သူ၏အမူအရာမှာ ခက်ထန်နေလေသည်။
သူတို့ဒီလောက်နှင့် ရပ်တန့်ရမည်။ မဟုတ်ပါက အထဲဘက်တွင် လူပိုပြီးပျောက်သွားပါက သူရူးသွားလိမ့်မည်။
ရှေးဟောင်းမိုင်းတွင်းထဲတွင် ရှီဟောင်ထိုလူများကို ကြည့်လိုက်သည်။ သူ ထိုသူတို့အား မသတ်ထားပေ။ ရိုက်ထားနှက်ထားခြင်းပင်။
ထိုလူများမှာ ထိတ်လန့်ကာ ဒေါသထွက်နေကြလေ၏။ သူတို့ ၁၅ ယောက်ထဲတွင် တစ်ယောက်မှ ဤလူငယ်လေးကို မတိုက်နိုင်ပေ။
“ကောင်းကင်နတ်ဘုရားကျောင်းက လူတွေက တကယ်ကိုစိတ်ရှုပ်ဖို့ကောင်းတာပဲ .. ငါ ကိုယ့်ဘာသာကိုယ် ပုန်းနေလို့တောင် မရဘူးလား..” ရှီဟောင်ညည်းညူလိုက်၏။ ထို့နောက်တွင် သူဤလူများကို ထပ်ရိုက်လိုက်ပြန်လေသည်။ ယောက်ျားလေးနေနေ၊ မိန်းကလေးနေနေ အားလုံးမှာပါးစပ်များ ရွဲ့၊ မျက်လုံးများလည်း စွေစောင်းနေလေပြီ။
ထို့နောက် သူသည် သက်ရှည်ဆေးရည်ကို မှော်ပစ္စည်းတစ်ခုထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် ထွက်သွားလိုက်သည်။
“ပြန်လည်ဝင်စားခြင်းတာအိုခြောက်ခု .. ငါ မင်းတို့ကိုလာရှာပြီ..” မည်သို့ပင်ဖြစ်စေ ရှီဟောင်တစ်ချက်တော့သွားကြည့်ရမည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့..
ထိုဂျီးနီးယပ်စ် ၁၅ ယောက်မှာ အလွန်ပင် စိတ်ဓာတ်ကျနေကြလေသည်။ သူတို့ဤကဲ့သို့ ရိုက်ခံရသည်မှာ ရှက်စရာကောင်းလှသည်။
သို့သော်လည်း သူတို့ အပေါ်ပြန်တက်နိုင်ရန်အတွက် ဤလူငယ်လေးကို အားကိုးရဦးမည်ပင်။
အပိုင်း ၁၂၇၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၀ – ကောင်းကင်ပညာ
ဒုန်း..
ခပ်ဝေးဝေးမှ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာကာ တစ်ကျန်းခန့်အရှည်ရှိသည့် အနက်ရောင်ပင့်ကူကြီးသည် ဘေးဘက်မှ လာနေလေပြီ။
“မြန်မြန် .. မြန်မြန်ပြန်လာခဲ့ … ငါတို့ကို လွတ်ပေးဦး..”
ဤမြင်ကွင်းမှာ လူတစ်ယောက်ကို သွေးပျက်သွားစေရန် လုံလောက်သည်။ ဤပင့်ကူသည် အလောင်းတစ်ခုသာဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မပျက်စီးသေးသည့်အပြင် အသိစိတ်အနည်းငယ်ရှိနေသေးသောကြောင့် ဤနေရာတွင် လျှောက်သွားနေလေသည်။
ဂျီးနီးယပ်စ် ၁၅ ယောက်လုံးမှာ ဖြူဖျော့နေလေပြီ။ သူတို့ ဤအတိုင်းသာသေသွားရပါက သူတို့အလွန်နောင်တရလိမ့်မည်။
“စိတ်လျော့ … သူ့ကိုရန်မစသရွေ့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး..” ရှီဟောင် သတိပေးလိုက်သည်။
ထိုပင့်ကူနက်ကြီး၏ ခြေထောက်ရှစ်ချောင်းမှာ လှံတံများကဲ့သို့ပင်။ သူ၏ခြေထောက်ရွေ့လျားလိုက်သည့်အချိန်တိုင်း သတ္တုနှစ်ခု ပွတ်တိုက်သကဲ့သို့ မီးပွားများထွက်လာလေသည်။
ပင့်ကူခြေထောက်တစ်ဖက်မှာ မိန်းကလေးတစ်ယောက်၏မျက်နှာကို ထိမိမလိုဖြစ်သွားသောကြောင့် ထိုမိန်းကလေးမျက်နှာမှာ သွေးမရှိတော့ပေ။ သူမမျက်နှာသာပျက်စီးသွားမည်မဟုတ် သူ၏ခေါင်းတစ်ခုလုံး ပြတ်သွားလိမ့်မည်ပင်။
ရှီဟောင်မျက်မှောင်ကြုတ်ကာ နောက်ပြန်လှည့်ပြီး မိုးမခနတ်ဘုရားပညာကို အသုံးပြုကာ သူတို့ကို ရစ်ပတ်လိုက်၏။ ထို့နောက် သူတို့ကိုကာကွယ်ပေးမည့် အစီအရင်တစ်ခုကို စီစဉ်ပေးလိုက်သည်။
ထိုအချိန်တွင် ပင့်ကူနက်ကြီးသည် အသက်ဝင်လာသကဲ့သို့ သူ၏ ရွှေရောင်မျက်လုံးများပွင့်လာလေသည်။ ထို့နောက် ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာလေတော့သည်။ သူ၏အရှိန်မှာ ကြောက်စရာကောင်းလှသည်။
ရှီဟောင် ဤပင့်ကူကြီးကို မကြောက်။ အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းတွင်းကြီးထဲတွင် ဤပင့်ကူထက် ကြောက်စရာကောင်းသည့်အလောင်းများရှိနေသေးသည်ပင်။
ပင့်ကူကြီးသည် ကျွဲနက်ကြီးတစ်ကောင်ကဲ့သို့ ဒေါသတကြီး ခုန်အုပ်လာလေသည်။ နေရာတိုင်းတွင် မီးပွားများလွင့်စင်ထွက်လာပြီး မြေပြင်ကြီးလည်း တုန်ခါသွားလေသည်။
သို့သော် ရှီဟောင်သည် ပုံရိပ်ယောင်များကိုသာ ချန်ရစ်ထားခဲ့ပြီး ထိုမှောင်မဲနေသည့်နေရာသို့ ဝင်သွားလေပြီ။ ဤသည်မှာ ဤရှေးဟောင်းမိုင်းတွင်းထဲတွင် တိတ်ဆိတ်ကာ မှောင်မည်းအေးစက်နေသည့်နေရာပင်။
ဤသည်မှာ ကျမ်းစာသံထွက်လာသည့်နေရာပင်ဖြစ်သောကြောင့် ရှီဟောင်၏နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။
သူဤနေရာသို့ ရောက်လာသည်နှင့် ထိုခံစားချက်ကို နောက်တစ်ကြိမ်ပြန်ခံစားလိုက်ရသည်။ ဤသည်မှာ ဓားတစ်ခုကို သူ့လည်ပင်းပေါ် တင်ထားသကဲ့သို့ပင်။ အားနည်းနည်းလေး ထည့်လိုက်သည်နှင့် သူ့လည်ပင်းပြတ်သွားလိမ့်မည်။
ဤကဲ့သို့သောခံစားချက်မှာ သေဖို့အတွက် တည်းတည်းလေးသာ လိုတော့သည့်ခံစားချက်ပင်။
ထို့ကြောင့် သူ့တစ်ကိုယ်လုံး မသက်မသာခံစားလာရသည်။ ဤနေရာသို့ ရောက်ပြီးသည့်နောက်တွင် သူ့ဝိညာဉ်ခမ်းခြောက်ကာ သေတော့မလိုခံစားနေရသည်။
သူ့နောက်မှလိုက်လာသည့်ပင့်ကူကြီးသည် ချက်ချင်းပင် ရပ်သွားလေသည်။ သူသည် သေဆုံးသွားသည်မှာ ကြာပြီဖြစ်ပြီး အသိစိတ်လေးအနည်းငယ်သာ ရှိတော့သော်လည်း သူအလွန်ကြောက်ရွံ့နေဆဲပင်။
သူသည် အရှေ့သို့ဆက်မလိုက်ရဲတော့ပေ။ သူ၏ခန္ဓာကိုယ်ပင် တုန်ယင်လာသည်အထိပင်။ နောက်ဆုံးတွင်တော့ သူသည် အားနည်းစွာဖြင့်ပင် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ရှီဟောင် နောက်လှည့်ကြည့်လိုက်ပြီး ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင် ထိတ်လန့်သွားခဲ့ရသည်။
သူသွားနေသည့်နေရာမှာ မည်မျှပင် အထင်ကြီးစရာကောင်းသည်ကို နောက်ဆုံးတော့ သူနားလည်သွားလေပြီ။ ထိုနေရာသည် အလွန်အန္တရာယ်များလိမ့်မည်။ ရှေးခေတ်မှသားရဲပင် ကြောက်နေရသည့်နေရာသည် ဘယ်လိုလုပ် နေရာကောင်းဖြစ်မည်နည်း..
သို့သော် သူနောက်ပြန်လှည့်၍မရတော့။ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကို ရရန်အတွက် သူရှေ့ဆက်တိုးသွားရမည်။
ထိုပင့်ကူကြီးသည် တုန်ယင်စွာဖြင့်ပင် တစ်လှမ်းချင်း နောက်ပြန်ဆုတ်သွားလေသည်။
လမ်းတစ်လျှောက်တွင် ဤရှေးဟောင်းမိုင်းတွင်းကြီးမှာ အလွန်မည်းမှောင်လှသည်။ သူသည် ဝိညာဉ်တစ်သောင်းသင်္ကေတကိုကိုင်ထားပြီး လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလေသည်။ သူသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးသားပင်။
သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူအားလုံးကို အသုံးပြုရမည်ပင်။
ချီသော်လင်း အဆင့်လွန်တာအိုရိုးရာသို့ ပြန်ရောက်လာသည့်အချိန်တွင် မည်မျှဝမ်းနည်းနေသည်ကို သူ မှတ်မိနေဆဲပင်။ သူသည် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကို လိုချင်ခဲ့သော်လည်း မရခဲ့ပေ။ သူသည် ကလန်ပေါင်းစုံမှ ခိုးယူကာ ဆင်တူသည့်နည်းလမ်းတစ်ခုကို ပြန်လုပ်ချင်ခဲ့သော်လည်း သူသာ မကောင်းသတင်းဖြင့် နာမည်ကြီးသွားခဲ့သည်။
ဤသည်မှာ အဆင့်လွန်ခန်းမ၏အမွေဖြစ်သော်လည်း အကြောင်းတစ်ချို့ကြောင့် ဤနေရာတွင် ပုန်းနေသည်။ သူရှုပ်ထွေးနေသည့် အရာများစွာ ရှိနေသေးသည်။ သူ ဤအရာကို ရအောင်ယူရမည်။
“ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အရင်ခေတ်မှာတုန်းကတောင်မှ ဒီလိုပညာမျိုးရှိတာလား.. ” ရှီဟောင် တီးတိုးပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အဆင့်လွန်ခန်းမ၏ဘိုးဘေးမှာ အလွန်ရှေးကျလှပြီး ထာဝရရှေးဟောင်းမြေနှင့်ပင်ဆက်စပ်မှုရှိသည်ဟု သူကြားဖူးသည်။
အမှောင်ထုထဲတွင် အရိုးများထိပင် ထိုးဖောက်နေသည့် နာကျင်မှုကို သူခံစားနေရသည်။ ဤနေရာမှာ မည်သည့်နေရာမှန်း သူ မသိပေ။ သို့သော် သူလမ်းလျှောက်လိုက်တိုင်း မမြင်နိုင်သည့်ဓားပေါင်းများစွာမှ သူ့အားလာဖြတ်တောက်နေသကဲ့သို့ပင်။
ထိုအချိန်တွင် သူ၏အရေပြားမှ သွေးများစီးကျလာပြီး နေရာအတော်များများလည်း နီရဲလာလေသည်။
ဤရှေးဟောင်းမိုင်းတွင်းကြီးသည် ပို၍ပင် မှောင်မဲလာပြီး သူသည် မြေအောက်လောကသို့ လျှောက်သွားနေသကဲ့သို့ပင်။
သူလျှောက်လာသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ယခုထိ အဆုံးကို မရောက်နိုင်သေးပေ။ ထို့အပြင် သူခံစားနေရသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပို၍ပင် ပြင်းထန်လာသည်။
အချိန်ကြာလာသည်နှင့် လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာတောက်ပလာကာ သူ့အား ကာကွယ်ပေးလာလေသည်။ မဟုတ်ပါက သူ့ခန္ဓာကိုယ် ပျက်စီးသွားတော့မည်။
ရုတ်တရက်ပင် အစိမ်းရောင်မျက်လုံးတစ်စုံမှ သူ့အား ကြည့်လာလေသည်။
ဤသည်မှာ ကျန်းတစ်ရာရှည်သည့် ရှေးဟောင်းခြင်္သေ့ကြီးကိုတွေ့ခဲ့ရသေးသည်။ ထိုအကောင်သည် ထိုနေရာတွင်ပင် သိက္ခာကြီးစွာ ထိုင်နေလေ၏။ သူ့ကို ကြည့်နေသည့် မျက်လုံးစိမ်းများမှာလည်း ကြောက်စရာကောင်းလှသည်။ ထိုခြင်္သေ့ကြီး ဟိန်းလိုက်သည်နှင့် ကောင်းကင်ကိုပင် ပျက်စီးစေနိုင်သည့်ပုံပင်။
ဤသည်မှာ အလောင်းတစ်လောင်းဖြစ်သော်လည်း အနည်းငယ် အသိဉာဏ်ရှိပုံပေါ်ပြီး ရှီဟောင်ပြောသည်ကို နားလည်နေသည့်ပုံပင်။
ဝေါင်း…
ထိုအချိန်တွင် ရှေးဟောင်းမိုင်းတွင်းတစ်ခုလုံးကို တုန်ခါသွားစေအောင် ဟိန်းလိုက်လေသည်။
ထိုခြင်္သေ့ကြီး ဟိန်းလိုက်သည်နှင့် ရှီဟောင်သွေးအန်သွားကာ လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာလည်း တောက်ပလာသည်။ ဝိညာဉ်တစ်သောင်းသင်္ကေတမှလည်း သက်ရှိပေါင်းစုံထွက်ပေါ်လာကာ ထိုခြင်္သေ့နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ကြလေသည်။
ရှေးဟောင်းမိုင်းတွင် အပြင်ဘက်တွင်ရှိနေသည့်သူများအားလုံး စိတ်ရောကိုယ်ပါ တုန်လှုပ်သွားကြသည်။ မိုင်းတွင်းထဲမှ တိရစ္ဆာန်ဟိန်းသံ ထွက်ပေါ်လာပြီး အပြင်ဘက်ရှိ တောင်များနှင့်မြေပြင်ကိုပင် တုန်လှုပ်သွားစေသည်။ အထဲဘက်တွင် ဘာဖြစ်နေမှန်းမသိရသောကြောင့် သူတို့အလွန်ထိတ်လန့်နေလေပြီ။
“ဘုရားရေ … ဘာဖြစ်တာလဲ .. ဒီမိုင်းတွင်းကြီးက အသိုက်ကြီးလား .. ကြောက်စရာကောင်းတဲ့ တစ်ခုခုက အနှေးနဲ့အမြန်ထွက်လာမှာလား..”
“အဲဒီမှာ တကယ်ပဲ ဘာဖြစ်နေတာလဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲနှစ်ယောက်၏ အမူအရာလည်း ပြောင်းလဲနေလေသည်။ သူတို့နှစ်ဦးလုံးသည် ဂိုဏ်းခေါင်းဆောင်အဆင့်ထက် မြင့်သော်လည်း ယခုအချိန်တွင် နှလုံးခုန်နှုန်းများ မြန်ဆန်နေလေသည်။
“မူလရှေးဟောင်းမိုင်းတွင်းထဲမှာ ထူးဆန်းတာတွေ အများကြီးရှိတယ် … မဟုတ်မှလွဲရော .. အဲဒါတွေက ပြန်ပြီးအသက်ဝင်လာတာလား..” သူတို့တီးတိုးပြောလိုက်ပြီး စိုးရိမ်သည့်အမူအရာများ ဖြစ်လာကြလေသည်။
ဖီးနှစ်ကိုးကောင်မီးဖိုပင်လျှင် ဤအတိုင်းအထဲ၌ မြှုပ်နှံထားခြင်းပင်ဖြစ်သောကြောင့် ဤနေရာမှာ မည်မျှကြောက်ဖို့ကောင်းသည်ကို သိနိုင်သည်။
အပြင်ဘက်တွင်ရှိနေသည့်လူအားလုံးမှာ စိုးရိမ်နေပြီး စိတ်မတည်ငြိမ်နိုင်တော့ပေ။
ရှေးဟောင်းမိုင်းတွင်းအတွင်းတွင်ရှိနေသည့် ရှီဟောင်၏နှုတ်ခမ်းနှင့် နှာခေါင်းများ နီရဲနေပြီး သွေးများစီးကျနေလေသည်။ သူ၏ ဒွါရ ၇ ပေါက်လုံးမှ သွေးများစီးကျနေလေပြီ။ ဤသည်မှာ ခြင်္သေ့ဟိန်းသံကြောင့်ဖြစ်သွားခြင်းပင်။ သူ မပြောနှင့် ပို၍စွမ်းအားကြီးသည့် သက်ရှိများပင်လျှင် ထိုစွမ်းအားကြောင့် ပေါက်ကွဲသွားလိမ့်မည်။
သူသည် လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာနှင့် ဝိညာဉ်တစ်သောင်းသင်္ကေတကို ကိုင်ဆောင်ထားသောကြောင့်သာ ဤကပ်ဆိုးကြီးကို ဖြတ်ကျော်လိုက်နိုင်ခြင်းပင်။
ထိုကျန်းတစ်ထောင်ရှည်သည့် ခြင်္သေ့ကြီးက ရှီဟောင်ကိုစိုက်ကြည့်ပြီးနောက် ဝိညာဉ်တစ်သောင်းသင်္ကေတကို စိုက်ကြည့်လေသည်။ ထို့နောက် အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
“သူက အများကြီး မတွေးနိုင်တော့ဘူး .. အသိစိတ်က ခဏလောက်ပဲရတာ .. ဒါပေမဲ့ ဒါကိုသာ အပြင်လောကထဲ လွှတ်လိုက်ရင် ပြဿနာတွေ တက်ကုန်မှာ”
ရှီဟောင်သည် သူ့နှုတ်ခမ်းထောင့်တွင်ပေနေသည့် သွေးကို သုတ်လိုက်ပြီးနောက် မြေကြီးပေါ်တွင်ကျနေသည့် ခြင်္သေ့မွေးအနည်းငယ်ကို ကောက်ယူလိုက်သည်။ ဤအမွေးများမှာ စတီးချောင်းထက်ပင် မာကျောသည်ကို တွေ့လိုက်ရသည်။ သူအားနည်းနည်းထည့်လိုက်သည်နှင့် တချွမ်ချွမ်အသံများထွက်ပြီး တောက်ပလာလေ၏။
ထို့နောက် သူအရှေ့သို့ တက်သွားလိုက်သည်။ ဤအရေးကြီးသည့်နေရာကို ဖြတ်ပြီးသည်နှင့် သူသည် အသံထွက်လာသည့်နေရာနှင့် နီးသထက်နီးလာလေပြီ။ သူ့ခန္ဓာကိုယ်သည်လည်း ဓားများဖြင့် ပိုင်းဖြတ်ခံနေရသကဲ့သို့ မသက်မသာဖြစ်လာရသည်။
ဒီနေရာက ဘယ်လိုနေရာမျိုးကြီးလဲ.. ရှီဟောင်အနည်းငယ် လမ်းပျောက်နေမိသည်။ သူဆက်သွားလေလေ လမ်းမှာပို၍ကျယ်လာလေလေပင်။ သူမြေအောက်ထဲသို့ တကယ်ဝင်နေရသလိုပင်။ ဤနေရာမှာ အလွန်ကြီးမားသည့် ချောက်နက်ကြီးပင်။
ခပ်ဝေးဝေးတွင် သက်ရှိအချို့ကို သူဖြတ်ခဲ့ရသေးသည်။ ထိုသက်ရှိများအားလုံးသည် အစိမ်းရောင်မျက်လုံးများရှိကြပြီး အလွန်လည်း စွမ်းအားကြီးကြသည်။
ရှီဟောင် အနည်းငယ် ထိတ်လန့်မိသွားသည်။ ဒါက ဘယ်လိုမျိုးသက်ရှိတွေလဲ .. တစ်ကောင်မှာ နဂါးနှင့်တူပြီး အခြားတစ်ကောင်မှာ ဇာမဏီနှင့်တူသည်။ သို့သော်လည်း ဤအကောင်များမှာ အသက်အော်ရာမရှိတော့သည့်အလောင်းများသာ။
ကံကောင်းစွာဖြင့် ဤလမ်းမှာ ပို၍ကြောက်စရာကောင်းရုံသာရှိသည်။ ပို၍အန္တရာယ်မများ။ ရှီဟောင်သည် ချပ်ဝတ်တန်ဆာကို ဝတ်ထားရုံသာမက ဘယ်လက်တွင် ဝိညာဉ်တစ်သောင်းသင်္ကေတကို ကိုင်ထားပြီး ညာလက်တွင် နဂါးအကြေးခွံကို ကိုင်ထားသည်ပင်။ သူ၏ပြင်ဆင်မှုမှာ လုံလောက်လေပြီ။
သူ ဤရှေးဟောင်းဂူထဲသို့ ဆက်လျှောက်လာသည်မှာ အတော်ကြာနေလေပြီ။ သူ ပြန်ထွက်လို့ရပါ့မလား … သူ့ကိုယ်သူမေးကြည့်လိုက်၏။ သို့သော်လည်း ဘယ်လိုဖြစ်ဖြစ် သူရှေ့ဆက်သွားရမည်ပင်။
သဘာဝဥပဒေသအချို့သည် ချွန်ထက်လှသည့် ဓားသွားများကဲ့သို့ပင် သူ့အား ထိုးနှက်လာလေ၏။ ရှီဟောင်၏ခန္ဓာကိုယ်မှ မီးပွားများလွင့်ထွက်လာပြီး သူလည်း အတော်လေး တုန်လှုပ်သွားရသည်။
ဤသည်မှာ လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ဝိညာဉ်တစ်သောင်းသင်္ကေတလည်း ကာကွယ်ပေးထားသောကြောင့်ပင်။ သူ ဤပစ္စည်းများသာမရှိပါက မည်မျှပင်ကြောက်စရာကောင်းနေလိမ့်မည်နည်း…
နောက်ဆုံးတော့ သူ ရောက်သွားပြီ..
သူမြင်လိုက်ရသည့်အရာကြောင့် ရှီဟောင် ဆွံ့အမိသွားသည်။ သူသည် အလွန်တောက်ပသည့် ရှေးဟောင်းကျမ်းစာအတန်းလိုက်ရှိနေမည်ဟု ထင်ထားခြင်းပင်။ သို့သော် မြင်ကွင်းမှာ လုံးဝကွဲပြားနေသည်။
ဤသည်မှာ မိုင်းတွင်းမဟုတ်သလို သန့်စင်သည့်မြေလည်းမဟုတ်ပေ။ သို့သော် ကြီးမားကာ နက်မှောင်နေသည့် အဆောက်အဦးကြီးတစ်ခုပင်။
မည်းနက်နေတဲ့ ရှေးဟောင်းအဆောက်အဦးတစ်ခု .. ဒါက ဘာကိုဆိုလိုချင်တာလဲ..
ဒါကို ဘယ်ခေတ်တုန်းက ဆောက်ထားတာလဲ .. ဒီရှေးဟောင်းမိုင်းတွင်းထဲမှာ ဘယ်လိုအရာမျိုးတွေ ရှိနေတာလဲ..
အထဲမှာ ကြောက်ဖို့ကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား .. ရှီဟောင် ရှုပ်ထွေးနေလေသည်။ ခဏစဉ်းစားပြီးသည့်နောက်တွင် သူ အတွေးလွန်နေသည်ဟု ခံစားလိုက်ရသောကြောင့် သူ့စိတ်ကိုပြန်စုစည်းကာ ထိုအဆောက်အဦးထဲသို့ ဝင်သွားရန် ရှေ့ဆက်သွားလိုက်သည်။
ရှီဟောင် တံခါးမကြီးကို ဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်နှင့် သူ သေမင်းနန်းတော်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ကြောက်စရာကောင်းသည့်အော်ရာတစ်ခုလည်း သူ့ကို ပြင်းထန်စွာ ရိုက်ခတ်လာလေသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်လွင့်ထွက်သွားကာ ကျောက်နံရံနှင့်တိုက်မိပြီး သူ့ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံး ကျိုးသွားလေသည်။
ဒါက ဘယ်လိုနေရာမျိုးကြီးလဲ .. ဒါကို ဘယ်သက်ရှိက တည်ဆောက်ခဲ့တာလဲ .. ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ..
ရှီဟောင် ခက်ခက်ခဲခဲ ထရပ်လိုက်သည်။ သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျလာနေလေပြီ။
မမြင်ရသည့်စွမ်းအင်တစ်ခု ချဉ်းကပ်လာနေပြီး ကြယ်တစ်လုံးလွင့်ထွက်လာသကဲ့သို့ပင် ဖိအားများ များပြားလာလေ၏။
ရှီဟောင်သည် အံကြိတ်လိုက်ကာ အရှေ့ဘက်သို့ဆက်လျှောက်သွားလိုက်ပြီး နောက်ဆုံး ထိုနန်းတော်ထဲကို ဝင်လိုက်နိုင်လေသည်။ ဤနေရာမှာ မှုန်ဝါးကာ မထင်မရှားဖြစ်နေလေ၏။
သို့သော် ဤနေရာမှာ အထီးကျန်ဆန်လွန်းလှပြီး ကြောက်ရွံ့မှုကြောင့် နှလုံးခုန်နှုန်းများပင် မြန်ဆန်လာစေသည်။ ဤနေရာရှိ သတ်ဖြတ်လိုသည့်စွမ်းအင်များလည်း များပြားလှဿည်။
ရှီဟောင်ရင်ဆိုင်နေရသည့် ဖိအားများမှာ များပြားလွန်းလှသောကြောင့် သူ့ခန္ဓာကိုယ်မှာ ယိုင်ထိုးနေလေသည်။
သူသည် ခြေလှမ်းများကို ခက်ခက်ခဲခဲဖြင့်ပင် ရွေ့နေရသည်။ သူ့ခန္ဓာကိုယ်လည်း ပေါက်ကွဲထွက်တော့မတတ်ပင်။ သူသည် ဤနေရာတွင် ဒူးထောက်အောင်ဖိအားပေးခံနေရပြီး သူ့အား အဆုံးမရှိသည့် အနားယူခြင်းသို့ အရောက်ပို့နေသလိုပင်။
ထိုနေရာတွင် မတ်တပ်ရပ်နေသည့် ပုံရိပ်ခြောက်ခုကို သူမြင်လိုက်ရသည်။ တစ်ခုစီတိုင်းမှာ မတူညီသည့်ပုံစံများဖြင့်ပင်။ သူတို့သည် ကျင့်ကြံသည့်ပုံစံဖြစ်နေသကဲ့သို့ တံဆိပ်များပြုလုပ်နေသည့်ပုံသဏ္ဌာန်လည်းဖြစ်နေသည်။
ဒါက ဘယ်လိုလူတွေလဲ..
သူတို့တစ်ယောက်စီတိုင်းမှာ အလွန်ပင်ကြောက်စရာကောင်းလှသည်။ ဤနေရာအပြင် ဤနေရာသို့လာသည့်လမ်းတစ်လျှောက်တွင် လူတစ်ယောက်ကို အသက်ရှူကြပ်စေလောက်သည့် စွမ်းအင်များရှိနေသည်မှာ ဤရုပ်တုများကြောင့်ပင်။
“ခြောက်ယောက် .. တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းလား..” ရှီဟောင်သည် စကားပြောရင်းဖြင့်ပင် ဤနေရာ၌ မတ်တပ်ရပ်နေနိုင်ရန် ပို၍ပို၍ ခက်ခဲလာသည်။ သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်တော့မည်။
အပိုင်း ၁၂၈၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၁ – မဟာကျွမ်းကျင်သူ ၆ ယောက်
အနက်ရောင်နန်းတော်ထဲတွင် အလွန်မြင့်မားလှသည့် ပုံရိပ် ၆ ခု ရှိနေသည်။ သူတို့သည် တောင်ထိပ်များကဲ့သို့ပင်။ သူတို့ထံမှ ထွက်လာသည့်ဖိအားများလည်း များလွန်းလှသည်။
ရှီဟောင် ထိုပုံရိပ်များကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ သူသည် မုန်တိုင်းထန်နေသည့်ပင်လယ်ထဲမှ လှေငယ်လေးကဲ့သို့ပင် များပြားလှသည့်ဖိအားများကို ရင်ဆိုင်နေရသည်။
“တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာလား..” သူ ဤခြောက်ယောက်၏ ပုံစံများကိုကြည့်ပြီး သူတို့အော်ရာများကို လေ့လာလိုက်သည်။ ဒါတွေကို ဘယ်လိုမျိုး ပြိုင်ဘက်ကင်းတဲ့သက်ရှိတွေလဲ..
ဤနေရာမှာ အလွန်ကျယ်ဝန်းလှသော်လည်း ဤပုံရိပ်ခြောက်ခုသာရှိပြီး ဘာမှမရှိပေ။
ဤပုံများကို သေချာကြည့်မည်ဆိုပါက ဤပုံရိပ်များထံတွင် ဖော်ပြနိုင်ရန် ခက်ခဲသည့် အားတစ်မျိုးရှိနေသည်။ ဤသည်မှာ တာအိုခန္ဓာကိုယ်ကြီးပင်။ သူသည် ဤလောကကြီးရှိ အရာအားလုံးကို ရှင်းပစ်နိုင်သည့် သဘာဝဥပဒေသများကိုလည်း ထုတ်လွှတ်နေသေးသည်။
ကျင့်ကြံသူများအတွက်တော့ ဤပုံများမှာ ရတနာများ၊ ကောင်းကင်စာအုပ်များပင်။
ရှီဟောင် ဤရှေးဟောင်းနန်းတော်ထဲသို့ ဝင်ကတည်းက အခြားအရာများအားလုံးကို မေ့လျော့သွားကာ သူ့အာရုံအားလုံးကို ဤရုပ်တုများထံတွင်သာ ပို့ထားလိုက်သည်။ သူသည် ထိုရုပ်တုများကို သေချာကြည့်ပြီး လေ့လာနေလေသည်။
သို့သော် ဤကောင်းကင်ပညာများမှာ နားလည်ရန် ခက်ခဲလှသည်။ ရှီဟောင်၏မူလဝိညာဉ်ပင် အရောင်မှိန်လုနီးပါးဖြစ်နေလေပြီ။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်တွင် ကျောချမ်းစာရာကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုကို သူအာရုံခံမိသွားကာ သူစိတ်လွင့်နေရာမှ အသိပြန်ဝင်လာလေသည်။ ထိုအချိန်တွင် သူဆက်တိုက်ပင် သွေးအန်နေခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။
ရှီဟောင်ခေါင်းပြန်ကြည်သွားပြီး သူ့အမူအရာများလည်း လေးနက်သွားရသည်။ သူသည် ယခုလေးတင် ဤကောင်းကင်ပညာများကို လေ့လာပြီး သေမလိုဖြစ်သွားခြင်းပင်။
“ဟုတ်တယ် .. ငါ ကျမ်းစာတွေမပါပဲနဲ့ သူတို့ရဲ့ပုံစံတွေနဲ့ပဲ လက်လွတ်စပယ်ကျင့်ကြံနေရင် ငါ့အသက်ကို လွင့်ပစ်လိုက်တာနဲ့ အတူတူပဲဖြစ်သွားမှာ..”
ရှီဟောင်ခေါင်းရှင်းသွားပြီး မျက်လုံးများလည်း ပြန်လည်တောက်ပလာသည်။ သူ ထိတ်လန့်မနေတော့။ လုံးဝစိတ်ငြိမ်သွားလေပြီ။
ယခုအချိန်တွင် မည်သည့်ကျမ်းစာသံမှ မရှိတော့ပေ။ သူဤပုံစံ ၆ မျိုးကိုသာ အားကိုးနေပါက သူအပြည့်အစုံနားလည်နိုင်ရန် ခက်ခဲလိမ့်မည်။
သူစိတ်တည်ငြိမ်သွားသည့်အချိန်တွင် သူလိုအပ်မည့်အရာများကို စိတ်ရှင်းရှင်းဖြင့်ပင် လိုက်ရှာလိုက်သည်။
ရုပ်တုခြောက်ခုမှာ လူငယ်လေးမှ လူကြီး၊ ထို့နောက် နောက်ပိုင်းအသက်အရွယ်များလည်း ပါဝင်သည်ပင်။ ရုပ်တုများအားလုံးတွင် တူညီသည့်အချက်မှာ အားလုံးတွင် ပြိုင်ဘက်ကင်းသည့် သူရဲကောင်းဝိညာဉ်များရှိနေခြင်းပင်။
ဤသည်များမှာ ရုပ်တုများမဟုတ်ပဲ ပုဂ္ဂိုလ်ခြောက်ယောက်ပင်။ အချိန်များစွာကုန်လွန်သွားပြီဖြစ်သော်လည်း သူတို့ခန္ဓာကိုယ်မှာ မပုပ်သိုးသေးပဲ စွမ်းအင်လှိုင်းများလည်း ထုတ်လွှတ်နေဆဲပင်။
ဤအော်ရာများမှာ စွမ်းအားကြီးလွန်းလှသည်။ သူတို့ခန္ဓာကိုယ်ထဲတွင် အဆုံးမရှိသည့်သွေးစွမ်းအင်များ ရှိနေလိမ့်မည်ဟုပင် သူသံသယဝင်လာမိသည်။ မဟုတ်ပါက သူတို့ ဤအော်ရာများကို ဘယ်လိုလုပ် ထုတ်လွှတ်နိုင်မည်နည်း..
သူတို့ခြောက်ယောက်မှ အသက်ရှင်နေသေးသလိုပင်။ သူတို့ထုတ်လွှတ်သည့် အော်ရာမှာ ကောင်းကင်နတ်ဘုရားကိုပင် ပေါက်ကွဲသွားစေနိုင်သည်။ ဂိုဏ်းခေါင်းဆောင်များပင်လျှင် ဤနေရာတွင်ရှိနေသည့်စွမ်းအားကို ခုခံနိုင်မည်မဟုတ်ပေ။
သူ့လက်ထဲတွင်ရှိနေသည့် ဝိညာဉ်တစ်သောင်းသင်္ကေတကြောင့်သာမဟုတ်ပါက သူအထဲဝင်နိုင်မည်မဟုတ်ပေ။ တံခါးကို တွန်းဖွင့်လိုက်ကတည်းက သူပေါက်ကွဲသွားလောက်လေပြီ။
ဒီခြောက်ယောက်က ဘယ်လိုသက်ရှိမျိုးလဲ..
သူတို့သာအသက်ရှိနေပါက သူတို့ ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများဖြစ်ကြမည်ပင်။
ယခုအချိန်တွင် ဤခြောက်ယောက်လုံး ပေါ်လာခဲ့သည်ပင်။
ရှီဟောင် သေချာလှည့်ပတ်ကြည့်လိုက်၏။ သူတို့၏အဝတ်အစားများအရ သူတို့သည် မတူညီသည့်ခေတ်များမှ ရောက်လာသည့်ပုံပင်။ မဟုတ်ပါက သူတို့တစ်ကမ္ဘာထဲတွင် ပေါ်လာနိုင်စရာအကြောင်းမရှိပေ။
ဤကျွမ်းကျင်သူများသည် သူတို့မျိုးဆက်တွင် ခေါင်းဆောင်ဖြစ်ကြမည်မှာ မလွဲပေ။ သူတို့ခွန်အားမှာ ခေတ်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်မည်ပင်။
သူတို့ သေဆုံးသွားပြီဖြစ်သော်လည်း သူတို့၏မျက်လုံးများမှာ နတ်ကျောက်တုံးများ တောက်ပနေသကဲ့သို့ နက်ရှိုင်းလှလေသည်။
ရှီဟောင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူတို့၏ပုံပန်းသွင်ပြင်တစ်ခုတည်းပင်လျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်ပြီး လောကကြီးကို ဖရိုဖရဲဖြစ်စေနိုင်သည်ပင်။
သူ ဤသက်ရှိများကို တစ်ယောက်ပြီးတစ်ယောက် သေချာကြည့်လိုက်သည်။ လူငယ်လေး၏ မျက်လုံးများမှာ စူးရှလှသည့်အလင်းများ ထုတ်လွှတ်နေသည်။ သူသည် နဂါးအစစ်တစ်ကောင် ပြန်လည်ဝင်စားနေသကဲ့သို့ပင်။ ဤကဲ့သို့သော ခွန်အားမှာ ကောင်းကင်ဘုံကိုးခုကို ကွဲထွက်သွားစေနိုင်သည်ပင်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်မှာ ရှည်လျားတုတ်ခိုင်ကာ ဆံပင်များလည်း မင်ကဲ့သို့ပင် မည်းနက်နေလေ၏။ ထိုလူထံတွင် တောင်များ၊မြစ်များကိုပင် ဝါးမြိုပစ်နိုင်သည့်အော်ရာရှိနေပြီး လောကတစ်ခုလုံးမှာ သူ့လက်ထဲတွင် ရှိနေသကဲ့သို့ပင်။
ဆံပင်များဖြူဖွေးနေသော်လည်း မတ်မတ်ရပ်နေနိုင်သည့် အကြီးအကဲတစ်ယောက် .. သူ၏မျက်လုံးများမှာ ဉာဏ်ပညာကြီးမှုကို ဖော်ပြနေသည်။ သူသည် ဤလောကတွင်ရှိသည့်အရာအားလုံးကို သိသည်ဟု ခံစားနေရသည်။ သူသည် သေခြင်းနှင့်ရှင်ခြင်းကိုပင် မြင်နိုင်နေသလိုပင်။
ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ခြောက်ယောက်၊ ကောင်းကင်ပါရမီရှင် ခြောက်ယောက် .. သူတို့တစ်ယောက်တည်းဖြင့်ပင်လျှင် လောကကြီးကို ထိတ်လန့်တကြားဖြစ်သွားစေရန် လုံလောက်သည်ပင်။
အချိန်များ ရေစီးဆင်းနေသကဲ့သို့ ကုန်ဆုံးသွားပြီး အရာအားလုံးလည်း ပျောက်ကွယ်သွားလေပြီ။ သူတို့ခေတ်တွင် ထိပ်ဆုံး၌ရှိနေခဲ့သည့် ဤကျွမ်းကျင်သူခြောက်ယောက်လည်း သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး သူတို့ဝိညာဉ်များလည်းမရှိတော့ပေ။
သို့သော်လည်း သူတို့ချန်ထားခဲ့သည့် ခန္ဓာကိုယ်ပင်လျှင် လောကကြီးကို ထိတ်လန့်သွားစေရန် လုံလောက်လေသည်။
အချိန်အတော်ကြာကြည့်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ ဝမ်းနည်းလာရသည်။ ဤကဲ့သို့ စွမ်းအားကြီးသည့်သူများပင် သေဆုံးသွားသောကြောင့် ဤလောကကြီးတွင် မည်သူကများ မသေနိုင်ဘူးဟု ပြောနိုင်မည်နည်း… သူ သက်ပြင်းချလိုက်သည်။
“သူတို့တွေက အသက်ရှည်သက်ရှိတွေလား .. သူတို့က ထာဝရတာအိုရဲ့ ပြိုင်စံရှားပုဂ္ဂိုလ်တွေလား..” ရှီဟောင် သူ့ကိုယ်သူ မေးကြည့်လိုက်သည်။
“ဒါမှမဟုတ် သူတို့တွေက ဧကရာဇ်ခြောက်ယောက်များလား..” ထိုအတွေးတစ်ခု ရုတ်တရက် သူ့ခေါင်းထဲ ပေါ်လာလေသည်။
ကလန်တစ်ခု၏ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်များတွင် ဧကရာဇ်ဟု ခေါ်ရလောက်သည့် အရည်အချင်းများ ပိုင်ဆိုင်ထားသည်ပင်။ ဤခြောက်ယောက်တွင် ထိုကဲ့သို့သော ရဲရင့်မှုများရှိနေသည်။ သို့သော်လည်း သူတို့၏မူလဇစ်မြစ်ကို မသိနိုင်သလို သူတို့ကလန်များကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။
“ကောင်းကင်ပညာကို ပြသဖို့အတွက် ဧကရာဇ်ခြောက်ယောက်ရဲ့ခန္ဓာကိုယ်ကို သုံးတာလား …” ရှီဟောင် အသက်ရှုသံများပင် အေးခဲသွားရသည်။ တကယ်သာဤသို့ ပြုလုပ်ထားသည်ဆိုပါက ဤသည်မှာ လက်မခံနိုင်ချင်စရာပင်။
ဒီလိုမျိုး ကျွမ်းကျင်သူခြောက်ယောက်ကိုရှာဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ .. တစ်ယောက်ကိုရှာတွေ့ဖို့တောင် နှစ်ပေါင်းများစွာ ရှာရမှာ..
“ဘာလို့ကျမ်းစာအသံ မကြားရတော့တာလဲ..”
သူ ဖီးနှစ်ကိုးကောင်မီးဖိုနှင့် တိုက်ခိုက်သည့်အချိန်တုန်းက ဤဘက်မှ ကျမ်းစာသံကို ကြားလိုက်ရသည်။ ထိုအချိန်တုန်းက သူ တစ်ခုခုကို အာရုံခံမိလိုက်သည်ပင်။
သို့သော် ယခုတော့ ဘာသံမှမကြားရတော့ပေ။ သူ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းပညာကို လေ့လာချင်သော်လည်း သူ့ရှေ့တွင် အခက်အခဲများမှာ အလွှာများစွာရှိနေသလိုပင်။
ဤနေရာတွင် မည်သည့်ကျမ်းစာမှမရှိပေ။ သူသာ အလောတကြီးဖြင့်လေ့လာလိုက်မည်ဆိုလျှင် တစ်ချက်လေး မှားသွားလိုက်သည်နှင့် သူ့အသက်ဆုံးရှုံးလိုက်ရမည်ပင်။
“ဒီခြောက်ယောက် ဘယ်လိုသေခဲ့ရတာလဲ..”
သူ့ထံတွင် မေးခွန်းများရှိနေဆဲပင်။ သူသည် များပြားလှသည့် ဖိအားကို ခုခံကာ ခက်ခက်ခဲခဲဆက်လျှောက်နေဆဲပင်။ အရိုးများပင် တဂွပ်ဂွပ်အသံများထွက်ပေါ်လာပြီး ပြင်းထန်လှသည့် နာကျင်မှုကို သူတောင့်ခံနေရသည်။
လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာတောက်ပလာပြီး ဝိညာဉ်တစ်သောင်းသင်္ကေတထံမှ ထူးဆန်းသည့်အရိုးစာသားများ တောက်ပလာသည့်အချိန်တွင် သူခံစားနေရသည်မှာ အတော်လေး သက်သာသွားရသည်။
သူတို့ထဲမှ တစ်ယောက်မှာ ဒဏ်ရာရနေသည်ကို သူတွေ့လိုက်ရသည်။ လူငယ်လေး၏ ဦးခေါင်းနောက်တွင် မြှားပေါက်တစ်ခုရှိနေသည်။ ထိုဒဏ်ရာတွင် မြှားတစ်ဝက်ပင်ရှိနေသေးသည်။ ထိုမြှားမှာ မြေအောက်လောကမှ မြှားကဲ့သို့ မည်းနက်နေသည်။
ရှီဟောင် ထိုမြှားကို ကြည့်လိုက်သည်နှင့် သူ့ခန္ဓာကိုယ် အေးခဲသွားသလို ခံစားလိုက်ရသည်။ ထိုမြှားကျိုးလေးကို ကြည့်လိုက်ရုံဖြင့်ပင် ဝိညာဉ်တစ်ခုလုံး စုတ်ယူခံလိုက်ရသကဲ့သိုပင်။ ဤသည်မှာ ထူးဆန်းကာ ကြောက်စရာကောင်းလှသည်။
“သူက ဒီလိုမျိုးသေသွားတာကိုး .. သူ့ခေါင်းနောက်ကို မြှားပစ်ခံလိုက်ရပြီးတော့ သူ့ရဲ့ မူလဝိညာဉ်လည်း ထိုးဖောက်ခံလိုက်ရတာ..”
ထို့နောက် ဒုတိယတစ်ယောက်ကို သူ့ကြည့်လိုက်သည်။ ထိုလူ၏မျက်ခုံးကြားတွင် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများရှိနေသည်ကို သူတွေ့လိုက်ရသည်။ သူ၏အသွေးအသားများ ကပ်နေသော်လည်း ထိုနေရာလည်း ဖောက်ထွင်းခံရသည်ကို သူသိသည်။
သူ၏နဖူးရိုးပင် ကွဲသွားပြီး နောက်ပိုင်းမှ ပြန်ကောင်းသွားသည့်ပုံပင်။
“ဘယ်လောက်တောင် ဆိုးဝါးတဲ့တိုက်ပွဲမို့လို့ ဒီလိုမျိုး စွမ်းအားကြီးတဲ့ သက်ရှိတွေတောင် တိုက်ခိုက်ရင်း သေသွားရတာလဲ .. ဒါက ရက်စက်လွန်းတယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ဤကဲ့သို့သောပြိုင်ဘက်ကင်းသည့် သက်ရှိများပင် သေဆုံးခဲ့ရသောကြောင့် ထိုလောကမှာ မည်မျှပင် ဖရိုဖရဲဖြစ်ခဲ့သနည်း..
“သူတို့က ဘယ်ခေတ်က လူတွေလဲ..” ရှီဟောင် သူတို့အဝတ်အစားများကိုကြည့်ပြီး ခွဲနိုင်ရန် ကြိုးစားလိုက်သော်လည်း သူ ဘာမှမသိရသောကြောင့် စိတ်ပျက်သွားရသည်။
ထာဝရရှေးဟောင်းခေတ်မှ ဝတ်စုံတစ်စုံကိုသာ သူသိသည်။ ဤသည်မှာလည်း သူထာဝရရှေးဟောင်းခေတ်သို့ ပြန်သွားသည့်အိပ်မက်ထဲတွင် မြင်ခဲ့ရခြင်းပင်။
ကျန်သည့်သူများကိုတော့ သူ မသိပေ။
တစ်ယောက်ဆိုလျှင် ထူးဆန်းသည့်ကျောက်တုံးများကို ထာဝရရွှေကြိုးဖြင့် ချပ်ဝတ်တန်ဆာပုံစံ ချည်ထားသည့် ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားလေသည်။ ဤသည်မှာ အလွန်ရှေးကျလှသည်။
သိလိုစိတ်များဖြင့် ရှီဟောင်၏မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ချပ်ဝတ်တန်ဆာပင်။ သူသာ ဤချပ်ဝတ်တန်ဆာကို ဝတ်လိုက်လျှင် သူ၏ခုခံနိုင်စွမ်းမှာ အံ့အားသင့်စရာကောင်းသွားမည်ပင်။
အခြားအရာများမပြောနှင့် ထာဝရရွှေဖြင့်ပြုလုပ်ထားသည့်ကြိုးတစ်ခုတည်းပင်လျှင် လုံလောက်လေပြီ။
“အရင့်အရင်ခေတ်တွေမှာတောင်မှ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ရှိခဲ့တာလား..”
ဖြစ်နိုင်ချေနောက်တစ်ခုလည်းရှိသေးသည်။ ဤသည်မှာ ဤခြောက်ယောက်သည် ရှေးခေတ်မှလူများပင်။ နောက်ပိုင်းမျိုးဆက်များမှ ဤလူများကို ရှာတွေ့သွားကာ ပြိုင်ဘက်ကင်းသည့်ပညာကို ဖန်တီးရန်အတွက် ပုံံ ၆ မျိုးပြုလုပ်လိုက်ခြင်းပင်။
“ဒီလူက..” ခြောက်ယောက်မြောက်လူ၏နဖူးမှာ အနည်းငယ် ထူးခြားနေသည်ကို သူတွေ့လိုက်ရသည်။ ထိုသူသေဆုံးသွားသည်မှာ ခေတ်တစ်ခေတ်ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူ့မျက်ခုံးကြားတွင် အလင်းတစ်ခု တောက်ပနေဆဲပင်။
“အပြစ်သားသွေးတံဆိပ်လား..” ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ အပြစ်သားသွေးမျိုးဆက်၏ ဘိုးဘေးပင်။ သူ့မျက်ခုံးကြားတွင် ထိုကဲ့သို့သော သင်္ကေတရှိနေလေသည်။
အပိုင်း ၁၂၈၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၂ – တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း
ထိုသင်္ကေတမှာ ထူးဆန်းကာ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားရလောက်သည်အထိ တောက်ပနေလေသည်။
သို့သော် ဤလူ၏ မျက်ခုံးကြားတွင်တော့ ထိုမျှတောက်ပနေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလူသည် သေဆုံးပြီးသားဖြစ်သောကြောင့် ရံဖန်ရံခါမှသာ တောက်ပနေခြင်းပင်။
“ငါ့ဘိုးဘေးလား..” ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူ့ကို အတော်လေး ထိတ်လန့်သွားစေသည်သာ။ ကြီးမြတ်သည့်ကျွမ်းကျင်သူ ၆ ယောက်ထဲတွင် အပြစ်သားသွေးမျိုးဆက်တစ်ယောက်လည်း ပါဝင်နေသည်။
သူသည် ဤအပြစ်သားသွေးမျိုးဆက်ဟုခေါ်သည့်အရာကြီးကို အသိအမှတ်ပြုထားခြင်း မဟုတ်ပေ။ သို့သော်လည်း စီရင်စုသုံးထောင်မှ လူများမှာ ဤကဲ့သို့ သတ်မှတ်ထားကြသည်ပင်။ ဤစာလုံးမှာ ကြီးကျယ်ခမ်းနားမှုတစ်ခုဖြစ်လိမ့်မည်ဟု ရှီဟောင် ယုံကြည်သည်။
“သူက ဘယ်လိုသေခဲ့တာလဲ..” ရှီဟောင် သိချင်မိသွားသည်။
သူဤလူကို လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် ဤလူ၏ခန္ဓာကိုယ်၌ မည်သည့်ဒဏ်ရာမှမရှိပေ။ လုံးဝမထိခိုက်ထားသည့်ပုံပင်။
သို့သော် သူ ကောင်းကင်မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်တွင် အရေပြားအောက်မှ ဒဏ်ရာများစွာကို သူတွေ့လိုက်ရသည်။ အရိုးများကျိုးကာ ကြွက်သားများလည်း စုတ်ပြတ်နေသည်။ ဒဏ်ရာများမှာ ဆိုးရွားလွန်းလှသည်။
သူ၏ဦးခေါင်းခွံပင်လျှင် အက်ကွဲရာများစွာရှိနေသည်ပင်။
ရှီဟောင် အသက်ရှူသံများ ရပ်တန့်သွားရသည်။ ဒီလူက တိုက်ပွဲတွေ ဘယ်လောက်တောင်ကြုံခဲ့ရတာလဲ .. သူက ဘာလို့ ဒီလိုမျိုးဆိုးရွားလှတဲ့အဆုံးသတ်နဲ့ ကြုံရတာလဲ..
ထို့နောက် သူ၏ကောင်းကင်မျက်လုံးဖြင့် ထပ်မံလေ့လာကြည့်လိုက်သည့်အချိန်တွင် ဤလူ၏ ခန္ဓာကိုယ်ထဲ၌ ကျိုးနေသည့်မြှားများ၊ လှံတံထိပ်များ၊ ဓားထိပ်များနှင့် အခြားအရာများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
ရှီဟောင် ဆွံ့အသွားသလို ဝမ်းနည်းသွားရသည်။
ထိုအချိန်တွင် သူသည် ကောင်းကင်ကိုပင် လှုပ်ခတ်သွားစေနိုင်သည့် စစ်ပွဲကြွေးကြော်သံများကို ကြားလိုက်ရသလိုပင်။ သူသည် ထိုရှေးဟောင်းစစ်မြေပြင်ကို ကြည့်နေရသကဲ့သို့ပင်။ ကောင်းကင်ထက်မှ ကြယ်များ အဆက်မပြတ်ကြွေကျနေပြီး တိုက်ပွဲမှာလည်း အရှိန်အမြင့်ဆုံးသို့ ရောက်နေလေပြီ။
ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများသည် အဘက်ဘက်မှ ဝိုင်းတိုက်ခံနေရလေသည်။ သူသည် အရှေ့ဘက်သို့ ဆက်သွားနေသော်လည်း တောက်ပသည့်အလင်းများနှင့် ထာဝရစွမ်းအင်များကြားတွင် သူတားဆီးခံနေရသည်။
သူ့ခန္ဓာကိုယ်နေရာအနှံ့ကို လာထိုးစိုက်နေသည့် လက်နက်များရှိနေသော်လည်း သူ ဘာမှမလုပ်နိုင်ပေ။ သူ့သွေးများအားလုံးကုန်ဆုံးသွားသည်အထိ တိုက်ပွဲကို ဆက်တိုက်ခဲ့ကာ တိုက်ပွဲထဲတွင်ပင် သေဆုံးသွားလေသည်။
သူ့နောက်တွင် အချိန်မရွေး ဖျက်ဆီးခံရနိုင်သည့် ရှေးဟောင်းမြို့တစ်မြို့ရှိနေလေသည်။
သို့သော်လည်း သူ၏နောက်ဆုံးသွေးတစ်စက်ကျန်သည်အထိ တိုက်ခိုက်ခဲ့မှုကြောင့် ထိုမြို့ကို ကာကွယ်နိုင်ခဲ့လေသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ နယ်ခြားစပ်ဖြစ်ကြောင်း သူ ချက်ချင်းမှတ်မိသွားသည်။
ဤမြို့မှာ သူ သင်္ဘောနက်ကြီးပေါ်ရှိ ယဇ်ပုလ္လင်တွင် မြင်တွေ့ခဲ့ရသည့်မြို့နှင့် တစ်ထပ်တည်းပင်။
“ဒီလူက နယ်ခြားစပ်ကို ကာကွယ်ခဲ့တဲ့ ဘုရင် ၇ ယောက်ထဲက တစ်ယောက်များလား..”
ရှီဟောင် ထိတ်လန့်သွားရသည်။ ထိုခန္ဓာကိုယ်ကို စိုက်ကြည့်ပြီး သူ့ခံစားချက်များ ထွက်ပေါ်လာရသည်။
ထိုခံစားချက်မှာ ဝမ်းနည်းမှုလား ပျော်ရွှင်မှုလားပင် သူ မသိတော့.. သူသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရသော်လည်း ဤသည်မှာ အလောင်းတစ်လောင်းသာ။
ထိုတိုက်ပွဲမှာ အလွန်ခါးသီးခဲ့မည်ဆိုမှာ အများကြီးစဉ်းစားစရာမလိုပဲနှင့် သိနိုင်သည်။ ကောင်းကင်ထက်မှ နေ၊ လနှင့် ကြယ်များကြွေကျခဲ့သော်လည်း သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ရန်သူများကို ခုခံနိုင်ခဲ့ရုံသာမက တိုက်ထုတ်နိုင်ခဲ့သည်။
သို့သော် ဤလူသည် နောက်ဆုံးတွင် သေဆုံးသွားရဆဲပင်။ တစ်ဖက်အဖွဲ့မှ ထာဝရစွမ်းအင်များ သိပ်သည်းလှကာ အဆင့်လွန်ရတနာများစွာလည်း ရှိနေသည်။ ထို့အပြင် ကျွမ်းကျင်သူများစွာလည်း ရှိနေသည်ပင်။
အချိန်အတော်ကြာကြည့်ပြီးသည့်နောက် ရှီဟောင် ဤရှေးဟောင်းအလောင်းကို လေးလေးနက်နက်အရိုသေပေးလိုက်သည်။
နယ်ခြားစပ်ကို ကာကွယ်ခဲ့သည့် ဘုရင် ၇ ယောက်မှာ မည်သည့်ခေတ်မှ ဖြစ်မည်ကို သူအတည်ပြုရန် ကြိုးစားလိုက်သည်။ သူတို့ထဲက ဘယ်နှယောက် အသက်ရှင်နေသေးလဲ..
ဒီလူက ဘယ်လိုလုပ် ဒီမူလရှေးဟောင်းမိုင်းတွင်းကို ရောက်လာတာလဲ .. သူ့ကိုတစ်ယောက်ယောက်ခေါ်လာခဲ့တာလား..
အားလုံးမှာ မသိသည့်အရာများပြည့်နေသောကြောင့် ခန့်မှန်းနိုင်ရန် ခက်ခဲလှသည်။
ရှီဟောင်သည် သူ့စိတ်ကိုပြန်ပြင်ဆင်လိုက်ပြီးနောက် စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ ထိုအကြောင်းများကို မတွေးတော့ပဲ ဤတာအိုကို ဘယ်လိုနားလည်အောင်လုပ်ရမလဲဆိုသည်ကို တွေးလိုက်သည်။ သူ ဤတာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာကို မည်ကဲ့သို့ ယူရမည်နည်း..
ဤသည်မှာ အဆင့်လွန်ခန်းမ၏အမွေဖြစ်သောကြောင့် သူ ရအောင်ယူရမည်။
သို့သော် သူ အရိုးစာသားများကို မည်မျှပင် အသက်သွင်းနေပါစေ၊ အကြိမ်မည်မျှပင် ကြိုးစားနေပါစေ ဤနေရာမှာ တိတ်ဆိတ်နေဆဲပင်။ မည်သည့်ကျမ်းစာသံကိုမှ မကြားရပေ။
“အဲဒါက လှုံ့ဆော်နိုင်တာများလား”
သားရဲအရေခွံရှေးဟောင်းစာလိပ်ကို သူ တွေးမိသွားသည်။ ဤသည်မှာ ကိုင်တွယ်၍ရသည့်ပစ္စည်း မဟုတ်ပဲ ဝိညာဉ်စွမ်းအားတံဆိပ်မှ ဖန်တီးထားခြင်းပင်။
ယခင်က လေဟာနယ်နတ်ဘုရားနယ်ပယ်တွင် တိုက်ခိုက်ခဲ့စဉ်က သူဤသည်ကို ရခဲ့ခြင်းပင်။ ထိုစာလိပ်မျက်နှာပြင်တွင် မြက်ပင်တစ်ပင်၏ ဓားစွမ်းအင်ရှိနေပြီး အထဲဘက်တွင် ‘တာအိုခြောက်ခု’ နှင့် အခြားစကားလုံးအနည်းငယ် ရှိနေလေသည်။
နောက်ပိုင်း သူ့ကျင့်ကြံဆင့်မြင့်လာသည့်အချိန်တွင် ထိုစာလိပ်ထဲတွင်ရေးထားသည့်အရာများကို လေ့လာရန်အတွက် သူနောက်တစ်ကြိမ်ဖွင့်ခဲ့သေးသည်။
သို့သော် သူ့မျှော်လင့်ချက်များ ပျက်ပြယ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုသားရဲအရေခွံတွင် ပျက်စီးနေသည့် စာလုံးအနည်းငယ်သာ ရှိလေသည်။
ဤသည်မှာ ပျက်စီးနေသည့် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာ၏ အပိုင်းအစပင်ဖြစ်လိမ့်မည်ဟု သူထင်ခဲ့သည်။
သို့သော် ထိုအပိုင်းအစမှာ အလွန်ပျက်စီးနေသောကြောင့် ကျင့်ကြံ၍မရနိုင်ပေ။ ထို့ကြောင့် သူ ထိုစာလိပ်ကို လျစ်လျူရှူထားလိုက်သည်။
ယခု ထိုစာလိပ်ကို ပြန်တွေးမိပြီးသွားပြီးနောက် ရှီဟောင် လေဟာနယ်ထဲတွင် ထိုစာလုံးများကို တစ်လုံးပြီးတစ်လုံး ထွင်းလိုက်ကာ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာ ပြန်ပေါ်လာအောင် ကြိုးစားလိုက်သည်။
သေချာပေါက် ပြောင်းလဲမှုနှင့် တုံ့ပြန်မှုများရှိလာသည်။ သူ ထိုပျက်စီးနေသည့် စာလုံးများကို ရေးလိုက်သည်နှင့် အနက်ရောင်ရှေးဟောင်းနန်းတော်ကြီး တုန်ခါလာကာ ပြင်းထန်သည့်တုန်ခါမှုများဖြစ်လာလေသည်။
ထိုအသံမှာ ရှီဟောင်၏သွေးကို တုန်ခါသွားစေပြီး သူ့ခန္ဓာကိုယ်လည်း ပေါက်ကွဲတော့မတတ်ပင်။
နန်းတော်ကြီးတစ်ခုလုံး တုံ့ပြန်လာခြင်းပင်။ ထို့နောက် ကျွမ်းကျင်သူခြောက်ယောက်၏ ခန္ဓာကိုယ်များတောက်ပလာကာ အလင်းလှိုင်းများ ထွက်ပေါ်လာပြီး ကျမ်းစာအသံများလည်း ထွက်ပေါ်လာလေသည်။
” .. ဒါက တကယ်အသုံးဝင်တာပဲ..”
ရှီဟောင် အံ့အားသင့်သွားရသည်။ ရှေးဟောင်းပညာတစ်ခု သူ့ရှေ့တွင် ပေါ်လာတော့မည်ဖြစ်သောကြောင့် ရှီဟောင် စိတ်လှုပ်ရှားနေရသည်။
သို့သော် ခဏကြာပြီးသည့်နောက်တွင် သူမျက်မှောင်ကြုတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာသံများမှာ အနည်းငယ်ဝါးနေပြီး နားလည်နိုင်ရန် ခက်ခဲလှသည်။
ဤသည်မှာ ရှီဟောင်ကို ဝမ်းနည်းသွားစေသည်ပင်။ ဘာလို့ ဒီလိုမျိုးဖြစ်နေရတာလဲ.. သူ ကျမ်းစာသံများကြားနေရသော်လည်း အားလုံးမှာ မရှင်းမလင်းပင်။ လူတစ်ယောက်၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ကွဲသွားစေနိုင်လောက်သည့် တာအိုအသံများကိုသာ ကြားနေရလေသည်။
သူသုံးလိုက်သည့် ပျက်စီးနေသော သင်္ကေတများမှာ ပြီးပြည့်စုံသည် ရှေးဟောင်းကျမ်းစာများကို မယူဆောင်လာနိုင်ပေ။
ရှီဟောင် သက်ပြင်းချလိုက်၏။ သူ အတော်လေး မကျေမနပ်ခံစားလိုက်ရသည်။ ဤနေရာကို ရောက်လာရန်မှာ မလွယ်ကူလှပေ။ ဝိညာဉ်တစ်သောင်းသင်္ကေတကြောင့်သာမဟုတ်ပါက သူ သေသွားလောက်လေပြီ။
ကျမ်းစာသံများကို နောက်တစ်ကြိမ်ကြားလိုက်ရသောကြောင့် ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များ မနာလိုဖြစ်သွားကြသည်။ သူတို့အထင်တွင် ထူးခြားလှသည့် ကောင်းကင်စာအုပ်များမှာ သေချာပေါက် ပေါ်လာတော့မည်ပင်။
သို့သော် ထိုစာအုပ်များမှာ သူနှင့်ဘာမှမဆိုင်တော့ပေ။
ထို့အပြင် အခြားစွမ်းအားရှင်များ၏မျက်လုံးများလည်း လိုချင်တပ်မက်စိတ်များဖြစ်ပေါ်လာလေ၏။ သို့သော်လည်း သူတို့ ရှေးဟောင်းမိုင်းတွင်းထဲသို့ မဝင်ရဲပေ။
“ဒါက ဘာများထူးခြားနေလို့လဲ.. စီနီယာအစ်ကိုလုထော်နဲ့ တစ်ခြားသူတွေထဲမှာ ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်ပညာ မရထားတဲ့သူ ဘယ်သူရှိလို့လဲ.. အဲဒါတွေအားလုံးက ပြိုင်ဘက်ကင်းတဲ့ပညာတွေပဲ .. ဒီမူလရှေးဟောင်းမိုင်းတွင်းထဲက ကျမ်းစာတွေက အဲဒါတွေကို ယှဉ်နိုင်မှာမဟုတ်ဘူး..”
“ဟုတ်တယ် .. ဒီလောကမှာ ကျမ်းစာတွေမရှားဘူး .. အဲဒီရှေးဟောင်းကျမ်းစာလို့ခေါ်တဲ့ဟာက အဲဒီကြောက်စရာအကောင်းဆုံးပညာတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး..”
“မင်းပြောတာမှန်တယ် .. ဒီလောကမှာ မပျောက်သွားသေးတဲ့ ကောင်းကင်ပညာတွေအများကြီးရှိတယ် .. အဲဒီမှာ ရှေးဟောင်းကျမ်းစာတစ်ခု ပေါ်လာတယ်ဆိုပေမယ့် အဲဒါက ဒီပညာတွေကို ယှဉ်နိုင်မှာမဟုတ်ဘူး..”
အပြင်ဘက်လောကတွင်ရှိနေသည့် ဂျီးနီးယပ်စ်များ တီးတိုးပြောနေကြလေ၏။ သူတို့၏အဆင့်အတန်းများမှာ သာမန်မဟုတ်သောကြောင့် လျှို့ဝှက်ချက်များစွာကို သိထားကြသည်ပင်။ အထူးသဖြင့် ထိုပညာများနှင့်ပတ်သက်၍ပင်။
သူတို့ကြားထားသည့်အတိုင်းဆိုလျှင် ထိုပြိုင်စံရှားပါရမီရှင်များမှာ ရှေးဟောင်းကောင်းကင်ပညာများကို ရရှိထားသည်။
ရှေးဟောင်းမိုင်းတွင်းထဲတွင်ရှိနေသည့် ရှီဟောင်မှာမူ ခေါင်းကိုက်နေရလေသည်။
နောက်ဆုံးတွင်တော့ သူသည် မှောင်မည်းနေသည့်အမူအရာဖြင့်ပင် ထို ‘အပြစ်သားသွေးမျိုးဆက်ဘိုးဘေး’ ကိုစိုက်ကြည့်လိုက်သည်။
“စွန့်စားရုံပဲ ရှိတော့တာပေါ့” ရှီဟောင် အံကြိတ်ကာ ပြောလိုက်သည်။
ထို့နောက် သူသည် အပြစ်သားသွေးမျိုးဆက်ကို အသက်သွင်းလိုက်ကာ စွမ်းအားကြီးဆုံး သွေးစွမ်းအင်ကို အသုံးပြုလိုက်သောကြောင့် သူ၏နဖူးက တောက်ပလာလေ၏။ ထိုသင်္ကေတသည် သူ၏မျက်ခုံးကြားတွင် ပေါ်လာပြီးနောက် လေဟာနယ်ထဲတွင် ထွင်းထုထားလေတော့သည်။
ထိုအချိန်တွင် အဆုံးမရှိသည့် နတ်အလင်းတန်းများ ကောင်းကင်ကို ထိုးဖောက်သွားကာ ဤနေရာတစ်ခုလုံး လင်းထိန်သွားလေ၏။
ဝုန်း..
ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူသည် သေဆုံးသွားပြီဖြစ်သော်လည်း သူ့နဖူးတွင်ရှိနေသည့် တံဆိပ်မှာမူ ပျောက်ကွယ်မသွားသေးပေ။ ယခုအချိန်တွင် ပြန်လည်အသက်ဝင်လာပြီးနောက် တုံ့ပြန်နေလေသည်။
တောင်များရွေ့လျားနေပြီး ပင်လယ်များ နေရာရွှေ့နေသကဲ့သို့ စွမ်းအင်လှိုင်းလုံးကြီးများ ထွက်ပေါ်လာလေသည်။ ထိုစွမ်းအင်များသည် ရှေးဟောင်းနန်းတော်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားလေ၏။
လူတစ်ယောက်နှင့် အလောင်းတစ်လောင်း .. သူတို့နှစ်ယောက်၏ သင်္ကေတများသည် ရင်းနှီးသည့်သူများကို ယခုမှ ပြန်တွေ့နေရသကဲ့သို့ တုံ့ပြန်နေကြကာ ဆူညံသံများထွက်ပေါ်လာလေသည်။
ရွှီး..
ထိုပြိုင်စံရှားကျွမ်းကျင်သူနဖူးမှ ထွက်လာသည့်သင်္ကေတသည် ရေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဤနေရာတစ်ခုလုံးကို ဝန်းရံသွားလေသည်။
ထို့နောက် ထိုသင်္ကေတသည် ထပ်ခါထပ်ခါကွဲသွားကာ နောက်ဆုံးအလင်းမိုးကဲ့သို့ ဖြစ်သွားကာ အလောင်းကို ဝန်းရံသွားလေသည်။ ထိုစာလုံးမှာ အလွန်ထူးခြားလှသည်။
ထိုသင်္ကေတများ နေရာတိုင်းတွင် ပျံ့နှံ့သွားသည်။
ရှီဟောင့်မျက်ခုံးကြားမှ သင်္ကေတလည်း ထိုကဲ့သို့ပင်။ သူသည် ထူးဆန်းသည့်စွမ်းအားတစ်ခုနှင့် ဆွဲငင်ခံနေရပြီး တစ်ဖက်လူနှင့်ပေါင်းစည်းတော့မလိုပင် ဖြစ်နေသည်။
ဝုန်း..
တောင်များပြိုကျပြီး ပင်လယ်များ ကြွတက်လာသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသေးသည်။
တစ်ဖက်လူ၏ သင်္ကေတနှင့် ချိတ်ဆက်တော့မည့်ပုံစံဖြင့် ရှီဟောင့်မျက်ခုံးကြားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။
ထိုအချိန်တွင် ကမ္ဘာပေါင်းများစွာ ဖြစ်တည်မှုကို ကျော်ဖြတ်လာပြီး မိုးသောက်ရောက်လာသလိုပင် ခမ်းနားလှသည့် တိမ်တိုက်များထွက်ပေါ်လာပြီး နတ်သံများလည်း ထွက်ပေါ်လာလေသည်။
ရှီဟောင်၏နားထဲတွင် ဆူညံသံများကြားလာရသည်။ ဤအသံမှာ ခေါင်းလောင်းသံကဲ့သို့ ကြည်လင်လှသည်ပင်။ တာအိုပညာတစ်ခုသည် သူ့အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာလေပြီ။ ဤသည်မှာ ပြိုင်ဘက်ကင်းကာ လျှို့ဝှက်နက်နဲသည့်ပညာများပင်။
ထိုတစ်ခဏတွင် အရာအားလုံးပြောင်းလဲသွားခဲ့သည်။ ရှီဟောင်သည် ထိုထူးခြားသည့်ကျွမ်းကျင်သူနှင့် ခံစားချက်ချင်း ဖလှယ်ကြသည်။ ထို့နောက် သူ ကျမ်းစာသံများ ကြားလာရလေသည်။
ယခုတစ်ခေါက်တွင်တော့ ကျမ်းစာသံများမှာ သူ့နားထဲတွင် အလွန်ကြည်လင်နေသည်။ သူသည် အကုန်လုံးကို ကြားနေရသောကြောင့် မူးပင် မူးဝေလာရသည်။
တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာ …
ယခုတော့ ဤပညာကို လူငယ်လေးတစ်ယောက်တည်းသာ ကြားနိုင်ပြီး သူ့အားလက်ဆင့်ကမ်းပေးနေလေပြီ။
အပိုင်း ၁၂၈၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၃ – ပညာလေ့လာခြင်း
ကျမ်းစာသံများမှာ သီချင်းသံကဲ့သို့ပင် ငြိမ့်ငြောင်းလှသည်။ မီးပွားများလည်း စီးဆင်းနေကြလေသည်။
ရှီဟောင်၏ဆန္ဒပြည့်ဝသွားလေပြီ။ သူသည် တာအိုခြောက်ခုပြန်လည်မွေးဖွားခြင်းကောင်းကင်ပညာကိုကြားနေရလေပြီ။
သူ၏အာရုံအားလုံးကို ဤပညာလေ့လာခြင်းတွင်သာစူးစိုက်ထားလိုက်သည်။ သူသည် စာကြောင်းတိုင်းကို သေချာနားထောင်ပြီး စာပိုဒ်တိုင်းကိုလည်း အချိန်ယူကာ စဉ်းစားသည်။
သူ၏နဖူးတောက်ပလာပြီး ထူးဆန်းသည့်တံဆိပ်တစ်ခုသည်လည်း ရောင်စုံအလင်းများနှင့်အတူ တောက်ပနေကာ ထိုကျွမ်းကျင်သူနှင့် တုံ့ပြန်မှုများရှိနေလေသည်။ နှစ်ဘက်လုံး၏မျက်လုံးမှ အဆုံးမရှိသည့်နတ်အလင်းများထွက်ပေါ်လာလေ၏။
သွေးမျိုးဆက်တူသည့်နှစ်ယောက်၏ အပြန်အလှန်ဖလှယ်မှုကြောင့် များပြားလှသည့် စွမ်းအင်လှိုင်းများလည်း လေထဲတွင် ပျံ့လွင့်လာသည်။
ကံမကောင်းစွာဖြင့်ပင် ဤပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူ သေဆုံးသွားသည်မှာ ကြာလှပြီဖြစ်သောကြောင့် ရှီဟောင် မည်မျှပင်ကြိုးစားနေပါစေ ထိုသူ၏ဝိညာဉ်စွမ်းအားနှင့် အခြားအရာများကို သူအာရုံခံ၍မရပေ။
သို့သော်လည်း သူထိုအတွေးများကို ဘေးဖယ်ထားလိုက်ကာ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကိုသာ အာရုံစိုက်ထားလိုက်တော့သည်။
ဤရှေးဟောင်းကောင်းကင်ပညာမှာ အလွန်လျှို့ဝှက်ပြီးလေးနက်လှသည်။ ရှီဟောင်ကဲ့သို့ ဂျီးနီးယပ်စ်ပင်လျှင် အကြိမ်ပေါင်းများစွာ မျက်မှောင်ကြုတ်နေရပြီး ကိစ္စများစွာကို စဉ်းစားနေရသည်။
သူသည် ဤကျမ်းစာများကို အလွတ်ကျက်ထားရုံသာ တတ်နိုင်တော့သည်။ အချို့နေရာများမှာ အချိန်တိုအတွင်း နားလည်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် နောက်ကျလျှင် လေ့လာဖို့သာ ချန်ထားခဲ့လိုက်သည်။
သူလေ့လာလေလေ နားလည်ရန် ပို၍ရှုပ်ထွေးကာ ခက်ခဲလာလေလေပင်။ ဤပညာကို နားလည်နိုင်သည်နှင့် ကောင်းကင်မှကြယ်များကို ရွေ့လျားပြီး၊ ဤလောကကြီးတွင်ရှိနေသည့် သက်ရှိအားလုံးကို ဆုတ်ကိုင်နိုင်လိမ့်မည်ဟုပင် ခံစားနေရသည်။
ကျမ်းစာအသံ၏ နောက်ဆုံးပိုင်းသို့ရောက်သည်နှင့် သူသည် သက်ရှိအားလုံးပျက်စီးသွားပုံ၊ စကြာဝဠာကြီး၏ ပြောင်းလဲမှု၊ ခေတ်များတစ်ခုပြီးတစ်ခု ပြောင်းလဲသွားမှုကိုပင် သူ မြင်လိုက်ရသလိုပင်။
ဤကဲ့သို့သောမြင်ကွင်းမှာ သူ့အား ထိတ်လန့်သွားစေသည်။ ဒါက ဘယ်လို စွမ်းအားမျိုးလဲ .. ကောင်းကင်ကြီးနဲ့ကမ္ဘာကြီးတောင် ပျက်စီးသွားတာ.. ဤသည်မှာ သူ၏သွေးများကိုပင် အေးခဲသွားစေလေ၏။
ဤလောကကြီးတွင် မည်သည့်အရာမှ မတည်မြဲနိုင်ပေ။ အားလုံးတွင် အဆုံးသတ်ရှိနေမည်ပင်။
အဲဒါဆိုရင် သူက ဒါကို ဘယ်လိုရှောင်ရှားရမလဲ .. ပြန်လည်ဝင်စားခြင်းပဲရှိတာလား..
ဤအဆင့်သို့ရောက်သည်နှင့် ရှီဟောင်ကျောချမ်းသွားရပြီး သူ၏ဝိညာဉ်လည်းအေးခဲသွားရသည်။ ဤသည်မှာ သူ ယခင်က သိထားသည်နှင့် မတူညီပေ။
ပြန်လည်ဝင်စားခြင်းက တကယ်ရှိတာလား .. သူ မယုံကြည်ပေ။ လူတစ်ယောက်မှာ မသေပဲနဲ့သာ ဆက်လက်ရှင်သန်နိုင်သည်ဟု သူ ယုံကြည်ထားခြင်းပင်။
ယခု ဤကဲ့သို့သော ဒဏ္ဍာရီလာ ကောင်းကင်ပညာနှင့် ထိတွေ့လိုက်ရသည့်အချိန်တွင် သူ ယခင်က ယုံကြည်ထားသည်နှင့် မတိုက်ဆိုင်တော့ပေ။ သူ ဒါကို ကျင့်ကြံလို့ရော ရပါ့မလား..
သူ ဤသည်ကို ဆက်ကျင့်ကြံသင့်သလား မသိတော့..
ရှီဟောင် အနည်းငယ် လမ်းပျောက်နေမိသည်။ ဤအတိုင်းသာဆက်သွားနေပါက မဖြစ်သေး… သူသာ ဤအခွင့်အရေးကို လွဲချော်သွားလျှင် နောက်တစ်ကြိမ်မှာ ဘယ်တော့မှလဲမသိနိုင်ပေ။
“ငါဒါကို ကျင့်ကြံရမယ် .. မတူတော့ရော ဘာဖြစ်လဲ …. ဘာထူးဆန်းမှုတွေရှိလဲဆိုတာ ငါကိုယ်တိုင်သိအောင်လုပ်ရမယ် .. ဘာက ငါ့ရဲ့ယုံကြည်မှုနဲ့မတူတာလဲ .. ငါ အဓိပ္ပာယ်အစစ်ကို သိချင်သေးတယ်..”
ရှီဟောင် ဆုံးဖြတ်ချက်ချလိုက်သည်နှင့် သူ၏မျက်လုံးများလည်း နောက်တစ်ကြိမ် ပြန်လည်တောက်ပလာလေသည်။ ဤလေ့လာမှုကို စစ်ပွဲတစ်ခု၏ သူသတ်မှတ်ထားသည်။ ဤပညာကို သူ၏ကိုယ်ပိုင်ယုံကြည်မှုနှင့် နှိုင်းယှဉ်ရမည်။ သူ အပိုင်းများစွာကို နားလည်ချင်သည်။
နားလည်မှသာ သူ နှိုင်းယှဉ်နိုင်လိမ့်မည်။
ကျမ်းစာသံမှာ ဆက်လက်ထွက်လာနေဆဲပင်။ ရှီဟောင်သည် ထိုနေရာတွင် ရပ်နေရင်းဖြင့်ပင် ဤပြိုင်ဘက်ကင်းသည့်ပညာကို လေ့လာနေလိုက်သည်။
ယခုအချိန်တွင် အရာအားလုံးအေးခဲသွားပြီး အချိန်စီးဆင်းမှုလည်း ရပ်တန့်သွားသလိုပင်။
သူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ဖြစ်နေလေသည်။ သူသည် ဤသေမျိုးလောကတွင် ခေတ်ပေါင်းထောင်ပေါင်းများစွာရှိနေခဲ့သကဲ့သို့ပင်။
နောက်ဆုံးတွင်တော့ အချိန်မှာ ဖရိုဖရဲဖြစ်လာသလိုပင်။ ထိုအချိန်တွင် ရှီဟောင် ထူးဆန်းသည့်ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ သူသည် တာအိုကို နားလည်လိုက်သကဲ့သို့ပင်။ ထိုအချိန်တွင် သူသည် နှစ်ပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီး လောကကြီး၏ ကောင်းမွန်မှုနှင့်ကျရှုံးမှုကိုလည်း တွေ့ခဲ့လိုက်ရသည်။ သူသည် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာကို ယခုမှ စနားလည်သည်ဟု ခံစားလိုက်ရသည်။
ဤသည်မှာ ထူးဆန်းသည့်ခံစားချက်တစ်ခုပင်။
သူသည် အတိတ်မှရောက်လာကာ အရာအားလုံးကိုမေ့သွားသလို ခံစားလိုက်ရသည်။ ခဏကြာပြီးသည့်နောက်တွင် သူသည် အနာဂတ်ကိုရောက်နေသလို ခံစားလိုက်ရပြန်သည်။
သူသည် လမ်းပျောက်သလိုဖြစ်နေပြီး သူ့ကိုယ်သူပင် မေ့သွားသလိုပင်။
အချိန်အတော်ကြာမှသာ ရှီဟောင် ရုတ်တရက် တုန်ယင်လာလေသည်။ သူပါးစပ်ဟလိုက်သည်နှင့် ပါးစပ်အပြည့်သွေးများ အန်ထွက်လာလေသည်။ ထိုအချိန်မှသာ သူ ထူးဆန်းသည့်အခြေအနေမှ ရုန်းထွက်သွားနိုင်လေသည်။
“အထင်ကြီးစရာကောင်းလိုက်တာ..”
ရှီဟောင် သက်ပြင်းချလိုက်၏။ ဒါက တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်လား..
ဤသည်မှာ အဆုံးသတ်မဟုတ်ပဲ အစသာရှိသေးသည်။ သူလေ့လာလေလေ ဤပညာမှာ ပို၍ကျယ်ပြန့်လာလေလေဟု ရှီဟောင် ခံစားလိုက်ရသည်။ ဤပညာကို ‘ကောင်းကင်ပညာ’ ဟု သတ်မှထ်ထားခြင်းမှာ မထူးဆန်းတော့ပေ။
ရှေးယခင်ကတည်းက ကောင်းကင်ပညာဟုခေါ်သည့်အရာများမှာ အများကြီး မရှိပေ။ အချို့မျိုးဆက်များမှာ သူတို့ကိုယ်သူတို့ ကောင်းကင်ပညာဟု ခေါင်းစဉ်တပ်ထားသော်လည်း အမှန်တကယ်တွင် သူတို့ ဤခေါင်းစဉ်နှင့် မထိုက်တန်ပေ။
ရှီဟောင်သည် သူအရာအားလုံးကို နားလည်သွားသည်အထိ ဤရှေးဟောင်းမိုင်းတွင်းတွင်သာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
ရှီဟောင်သည် ကျွမ်းကျင်သူခြောက်ယောက်၏ပုံစံအတိုင်း လိုက်လုပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ပုံစံများမှာ မတူညီသလို ပုံစံများမှာလည်း အလွန်ထူးခြားသည်သာ။
ယခင် သူကျမ်းစာမရခင်က ဤပုံစံများကို လေ့လာခဲ့သေးသည်။ ထိုအချိန်က သူ့ခေါင်းမှာ ပေါက်ကွဲမတတ်ကို နာကျင်ခဲ့ရသည်။ အရာအားလုံး မှုန်ဝါးသွားပြီး သူဘာကိုမှ နားမလည်နိုင်တော့ပေ။
ယခုတော့ သူနားလည်သွားလေပြီ။ သူ ဤကျွမ်းကျင်သူခြောက်ယောက်၏ ခန္ဓာကိုယ်များကို သေချာလေ့လာလိုက်သည်။ သူတို့ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ပြိုင်ဘက်ကင်းသည့် လျှို့ဝှက်နက်နဲမှုများကို လေ့လာလိုက်သည်။
“ဒါတွေက လက်ပုံစံတွေပဲရှိသေးတယ်…”
ရှီဟောင် သက်ပြင်းချလိုက်၏။ သူတို့၏လက်ပုံစံများပင်လျှင် အလွန်အထင်ကြီးစရာကောင်းနေလေပြီ။ သူလေ့လာလေလေ ပို၍သိချင်လာလေလေပင်။
ဝုန်း..
ရှီဟောင် ပထမဆုံးလက်ပုံစံကို ရသွားလေပြီ။ ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် အက်ကွဲသွားလေသည်။ မရေမတွက်နိုင်သည့် ဝိညာဉ်လောကများပေါ်လာပြီး သူ့မျက်နှာကို ရိုက်ခတ်သွားလေ၏။
ဤသည်မှာ အတော်ထူးဆန်းလှသောကြောင့် ရှီဟောင်ပင် ထခုန်မိတော့မတတ်ပင်။ ထိုလက်ပုံစံ ပျောက်သွားသည်နှင့် ထိုမြင်ကွင်းလည်း ပျောက်ကွယ်သွားလေသည်။
“ဒါက အဖိုးတန်ပညာကို ပံ့ပိုးပေးတဲ့ ပညာတစ်ခုမဟုတ်ဘူးလား .. ဘာလို့ဒီလိုမျိုး မွေးဖွားခြင်းတွေရှိနေတာလဲ..” ရှီဟောင် သံသယဝင်လာမိသည်။
ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်သွားအောင်လုပ်လိုက်သည်။ ထို့နောက် ပထမပုံစံကို သူနောက်တစ်ကြိမ် ထပ်လုပ်လိုက်သည်။
ဝုန်း..
သေချာပါသည်။ လောကကြီးတစ်ခု ထွက်ပေါ်လာသကဲ့သို့ လေထုကြီး နောက်တစ်ကြိမ်ပေါက်ကွဲသွားလေသည်။
တောတောင်များတောက်ပလာပြီး လေထဲတွင်လည်း ထာဝရမြူများ ရစ်ဆိုင်းလာလေသည်။ အရာအားလုံးမှာ သန့်စင်ကာ မြင့်မြတ်လှသည်ပင်။
“ဒီလက်ပုံစံက တော်တော်လေး ထူးခြားတယ် .. ကောင်းကင်တာအိုအော်ရာနဲ့ပြည့်နေတာပဲ .. တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းဆိုတာက ဒါကိုပြောတာလား..” ရှီဟောင် တစ်ခုခုကို စဉ်းစားမိသွားသည်။
ထို့နောက် သူထိုပုံစံကို လက်လျော့လိုက်ကာ အခြားလူတစ်ယောက်၏ မှော်တံဆိပ်ထံသို့ ကူးသွားလိုက်သည်။
ထို့နောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ ချက်ချင်းပင် တုန်ခါလာလေသည်။
ထို့အပြင် လေပြင်းများလည်း တိုက်ခတ်လာပြီး အနက်ရောင်မြူများလည်း ထွက်ပေါ်လာကာ ကြောက်စရာကောင်းသည့်စွမ်းအင်များကို ထုတ်လွှတ်နေလေ၏။ ဤသည်မှာ သေမျိုးလောကသို့ အဆုံးမရှိသည့်ငရဲများ ရောက်လာသကဲ့သို့ပင်။
ဒီတစ်ခေါက်လည်း ရှီဟောင် နားလည်သွားလေပြီ။ ဤသည်မှာ ဂမ္ဘီရတာအိုပင်။
ရှီဟောင် ရယ်မောလိုက်၏။ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာဆိုတာ ဒီလိုမျိုးတာအိုခြောက်ခုကို ပြောတာလား..
ထို့နောက် သူသည် အဖိုးတန်ပညာများကို အသုံးပြုကာ နတ်စွမ်းရည်ခြောက်ခုကို အသုံးပြုရန် ကြိုးစားလိုက်သည်။ သို့သော်လည်း တစ်ခုခုလိုနေသည်ဟု သူခံစားလိုက်ရသည်။
“အမ် .. ငါနားလည်တာက မှားနေတာလား ..” ရှီဟောင်သံသယဝင်မိသည်။ တာအိုခြောက်ခုဆိုတာက ကောင်းကင်တာအို၊ ဂမ္ဘီရတာအိုနှင့် တစ်ခြားတာအိုတွေကို ပြောတာမဟုတ်ဘူးလား…
သူ၏အမူအရာလေးနက်လာသည်။ သူလက်ပုံစံများကို နောက်တစ်ကြိမ် ပြန်လေ့လာလိုက်သည်။ ယခုတော့ သူသည် အစမှအဆုံးထိတိုင် အလွန်လေးလေးနက်နက်ဖြင့်ပင် လက်ပုံစံခြောက်ခုလုံးကို လေ့လာလိုက်သည်။
“ကံကောင်းလို့ .. ဒါက လက်ပုံစံပဲဆိုတော့ မြန်မြန်နားလည်လွယ်တယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ကျမ်းစာသံကိုကြားလိုက်ရကတည်းက သူ နှစ်ခုကို နားလည်ပြီးသွားလေပြီ။
ကျွမ်းကျင်သူခြောက်ယောက်၏ လက်ပုံစံများမှာ ထူးဆန်းကာနက်နဲလှသည်။ အလွန်ရှုပ်ထွေးနေသော်လည်း ရှီဟောင် လိုက်လုပ်နိုင်လေပြီ။
“ဟမ် .. နောက်တစ်မျိုးရှိနေသေးတယ်..”
ရှီဟောင် ရုတ်တရက်ပင် ထိတ်လန့်သွားရသည်။ သူအနည်းငယ်ပြောင်းလဲလိုက်သည့်အချိန်တွင် ထိုလက်ပုံစံခြောက်ခုမှာ မတူညီသည့် စွမ်းအားများ ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် ရေ၊ မီး၊ လေ၊ ရေ .. မြင်ကွင်းခြောက်မျိုးထွက်ပေါ်လာလေသည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ..” တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာမှာ တာအိုခြောက်ခုကို ဆိုလိုခြင်းမဟုတ်ပေ။ ဤသည်မှာ သူယခင်ကသိထားသည်နှင့် နည်းနည်းလေး လွဲနေသည်။
ဒါက တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းတစ်မျိုးလား..
ထို့နောက် ရှီဟောင် ထိုလက်ပုံစံ ခြောက်ခုကို လေ့လာကာ တစ်ခုချင်းစီ လိုက်လုပ်လိုက်သည်။ သူ အတွေ့အကြုံအသစ်များနှင့် ရလဒ်အသစ်များကို ရလိုက်လေပြီ။
ယခုတစ်ခေါက်ကတော့ လုံးဝမတူတော့ပေ။ ကောင်းကင်နှင့် ကမ္ဘာမြေကြားရှိ အဆင့်လွန်သက်ရှိများသေဆုံးသွားပြီးနောက် မြေဩဇာဖြစ်သွားကြသည်။ စွမ်းအားအကြီးဆုံးသူပင်လျှင် အဆုံးသတ်ကို ရောက်သွားသည်သာ။
သို့သော် ထိုမြေဩဇာကို သစ်ပင်တစ်ပင်မှ စုတ်ယူလိုက်ပြီးနောက် အစိမ်းရောင်အရွက်များအဖြစ် ပြောင်းလဲသွားကြသည်။
ထို့နောက် ထိုအရွက်များကို သက်ရှိတစ်ယောက်မှ စားလိုက်ပြီး နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ပြိုင်ဘက်ကင်းအဆင့်လွန်သက်ရှိတစ်ယောက် ပြန်ဖြစ်လာလေသည်။
ရှီဟောင် တိတ်ဆိတ်သွားရ၏။ ဒါက တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းလို့ ပြောလို့ရတာလား..
ထို့နောက် သူသည် ဤပညာများကို ခွဲခြမ်းလေ့လာပြီးနောက် အတွေ့အကြုံအသစ်များ၊ ရှာဖွေတွေ့ရှိမှုအသစ်များ ရရှိလာသည်။ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းသည် ပုံစံတစ်ခုတည်းမဟုတ်ပဲ ပုံစံကွဲပေါင်းများစွာ ရှိနေသည်ပင်။
ယခင်မျိုးဆက်မှ မှတ်တမ်းများမှာ ဘာကြောင့်အရေးကြီးသည်ကို ရှီဟောင် ယခုမှ နားလည်သွားခြင်းပင်။
တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းမှာ သူယုံကြည်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်မနေပေ။ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းတွင် မွေးဖွားခြင်းမျိုးစုံပါဝင်ပြီး တစ်ခုစီတိုင်းမှာ အံ့အားသင့်စရာကောင်းသည်ပင်။
ထို့နောက် ရှီဟောင် ဤသည်ကို စိတ်နှစ်ကာ ယုံကြည်လိုက်သည်။
ဤပညာများကို ပြသရန်အတွက် ကြီးမြတ်သည့်ကျွမ်းကျင်သူ ၆ ယောက်၏ အလောင်းများကို သုံးထားသည်မှာ မထူးဆန်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤလောကကြီးတွင် သူတို့ထက် သင့်တော်သည့်သူ မရှိတော့။ ဤကဲ့သို့သော ပညာမှာ လျှို့ဝှက်နက်နဲလှပြီး သာမန်လူများ မပြသနိုင်ကြပေ။
သာမန်ကျင့်ကြံသူသာ ဤပုံစံများကို ကျင့်ကြံရန်ကြိုးစားလိုက်ပါက ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည်ပင်။
ထို့နောက် ရှီဟောင် လက်ပုံစံ ၆ ခုကို ကျင့်ကြံလိုက်သည်။ အရာအားလုံးမှာ ချောချောမွေ့မွေ့ပင်။
ဝုန်း..
လေထဲတွင် ပေါက်ကွဲသံကြီး ပေါ်လာပြီးနောက် ပုံမှန်မဟုတ်သည့် စွမ်းအင်တစ်မျိုးပေါ်လာလေသည်။
ရှီဟောင်သည် ထိုကဲ့သို့ပင် လက်ပုံစံ ၆ မျိုးကို ကျင့်ကြံလိုက်သည်။ သူ၏ခွန်အားသည်လည်း ယခင်ကထက် အဆပေါင်းများစွာ ပိုကောင်းလာလေပြီ။
နောက်ဆုံးတော့ သူအောင်မြင်စွာ ကျင့်ကြံနိုင်သွားလေပြီ။
အပိုင်း ၁၂၈၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၄ – နိဗ္ဗာန်ဘုံ
ရှီဟောင်၏ခန္ဓာကိုယ်သည် သူ၏စိတ်ဝိညာဉ်နှင့်အတူ နဂါးတစ်ကောင်ကဲ့သို့ပင် ထိုရှေးဟောင်းနန်းတော်ထဲ လှည့်ပတ်သွားနေလိုက်သည်။
လက်ပုံစံ ၆ ခုမှာ လျင်မြန်စွာပင် ပြီးဆုံးသွားလေသည်။
ထိုအချိန်တွင် လေ၊ မိုးနှင့် လျှပ်စီးများပေါ်လာပြီး အပြင်ဘက်အာကာသတွင်ရှိနေသည့် ကြယ်များပင် အားလုံးကြွေကျလာတော့မလိုပင်။ ထို့အပြင် ရှေးဟောင်းသားရဲမျိုးစုံအပြင်၊ တောင်များ၊ မြစ်များနှင့် အခြားအရာအားလုံး ထွက်ပေါ်လာလေ၏။ အရာအားလုံးမှာ မှုန်ဝါးဝါးသာ။
ဤသည်မှာ ကောင်းကင်ပညာ၏ ပထမအဆင့်ဖြစ်ပြီး သူလက်ပုံစံများကိုပြုလုပ်ပြီးနောက် ထွက်ပေါ်လာသည့် ပုံမှန်မဟုတ်သည့်ဖြစ်စဉ်များပင်။
ဤကောင်းကင်ပညာမှာ အထင်ကြီးစရာကောင်းလှပြီး သူထင်ထားသည်ထက်ပင် ပိုမှန်း သူ သိနေသည်။ သူရှာဖွေရမည့် ထူးဆန်းမှုများ ရှိနေဆဲပင်။
သို့သော် ယခုတော့ ဤလောက်ဆိုလျှင် လုံလောက်လေပြီ။ သူသည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်တွင်သာ ရှိသေးသောကြောင့် လက်ပုံစံ ၆ ခုကို အသက်သွင်းနိုင်လျှင် လုံလောက်လေပြီ။
ယခု သူ့ကျင့်ကြံဆင့် တိုးလာအောင် လုပ်ဖို့သာ လိုတော့သည်။ သူသာ အဆင့်တိုးလာလျှင် ကောင်းကင်ပညာနှင့် သူ၏စွမ်းအားလည်း တိုးလာမည်ပင်။
ရှီဟောင် အနက်ရောင်တံခါးကြီးကို တွန်းဖွင့်ပြီးနောက် ကြီးမြတ်သည့်ကျွမ်းကျင်သူခြောက်ယောက်ကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်ပြီး ထွက်လာလိုက်သည်။
ကျမ်းစာများအားလုံးကို သူ မှတ်မိသွားပြီဖြစ်သည်။ ဤကျမ်းစာများမှာ အကုန်ဟုတ်မဟုတ် သူ မသိသော်လည်း ဤနေရာတွင်ကြားခဲ့ရသည့် ကျမ်းစာများအားလုံးကတော့ သူ့စိတ်ထဲ စွဲထင်နေပြီဖြစ်သည်။ ကျမ်းစာအကုန်လုံးဖြစ်ဖို့တော့ သူမျှော်လင့်မိသည်ပင်။
၁၀ ကျန်းရှည်သည့်ကင်းမြှီးကောက်တစ်ကောင် တွားသွားတက်လာနေပြီး သူ့နားတစ်ဝိုက်တွင် သေစေလောက်သည့်အော်ရာများလည်း ရှိနေလေသည်။ ထိုကင်းမြှီးကောက်အမြှီးသည် အေးစက်သည့်အလင်းဖြင့် တောက်ပနေလေသည်။
ထိုကင်းမြှီးကောက် သူ့အမြှီးကို လွှဲရမ်းလိုက်သည်နှင့် ဘေးပတ်လည်ရှိ လေဟာနယ် ပုံပျက်ကာ ချိုင့်ဝင်သွားလေသည်။
ဤကင်းမြှီးကောက်သည်လည်း ပြိုင်ဘက်ကင်းအဆင့်ပင်။ ဤနေရာမှာ အလွန်ပင် အန္တရာယ်များလှသည်။
ဝေါင်း..
သားရဲတစ်ကောင် ဟစ်ကြွေးသံထွက်ပေါ်လာသည်နှင့် ကမ္ဘာမြေကြီးလှုပ်ခါသွားကာ တောင်များလည်း တုန်ခါသွားလေသည်။ ရှေးဟောင်းမိုင်းတွင်းမှာ ပြိုကျလုမတတ်ပင်။
ကျန်းတစ်ရာရှည်သည့် ခြင်္သေ့ကြီးတစ်ကောင်ထွက်လာကာ အခြားဘက်သို့ ထွက်သွားလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများစိုရွှဲနေလေသည်။
ဤခြင်္သေ့ကြီးရှိနေသည်မှာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီမှန်း မည်သူမှ မသိနိုင်ပေ။ သမိုင်းဝင်ခေတ်မှလာခြင်းမဟုတ်လျှင် ယခင်ခေတ်ကလာခြင်းဖြစ်လိမ့်မည်။ သို့သော်လည်း သူ၏အသွေးအသားများမှာ အလွန်ကြောက်စရာကောင်းနေဆဲပင်။
သူ ဤရှေးဟောင်းခြင်္သေ့ကြီးကို ယခင်က တွေ့ဖူးသေးသည်။ သူတွေ့တုန်းက သူ့ခန္ဓာကိုယ်ပေါ်၌ သွေးများမရှိပေ။ သူ ယခုလေးတင်မှ အခြားသက်ရှိနှင့် တိုက်ခိုက်လာသည်မှာ သေချာသည်။
သူ့နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။ မူလရှေးဟောင်းမိုင်းတွင်းမှာ တိတ်ဆိတ်နေသည့်နေရာမဟုတ်ပေ။ မြေအောက်တွင် တိုက်ပွဲများရှိနေသည်။ ရှီဟောင် စိတ်တည်ငြိမ်နိုင်ရန် ခက်ခဲနေပြီး အနည်းငယ် မသက်မသာဖြစ်နေလေသည်။
ဤနေရာမှာ သူ ထင်ထားသည်နှင့် ကွဲပြားနေသည်။ ဒီမှာ ပြိုင်ဘက်ကင်းတဲ့သက်ရှိတစ်ယောက် မွေးခဲ့တာတော့ မဟုတ်လောက်ဘူးမလား..
ဤနေရာတွင်ရှိနေသည့် အလောင်းများမှာ သူတို့မသေခင်က စွမ်းအားကြီးသည့်သူများပင်။ ကမ္ဘာကြီးကို တုန်လှုပ်စေသည့်ကျွမ်းကျင်သူများလည်း မနည်းလှပေ။ သူတို့က ဘယ်လိုလုပ် အကုန်သေသွားတာလဲ .. သူတို့ရဲ့အလောင်းကို တစ်ယောက်ယောက်က ဒီကိုယူလာခဲ့တာလား .. ဒါမှမဟုတ် သူတို့ကိုကပဲ ဒီမှာသေသွားတာလား..
ရှီဟောင် သူ့ကိုယ်သူ ပြန်စဉ်းစားနေလိုက်သည်။ ဒီမှာ အလုံးစုံသက်ရှိမြေကြီးထဲမှာ အိပ်နေပြီးတော့ ပြန်မွေးဖွားဖို့စောင့်နေတဲ့ ထာဝရဘုရင်တစ်ယောက် တကယ်ရှိနေတာလား..
ဤနေရာမှာ အလွန်ထူးခြားပြီး ထူးဆန်းသည်မှာ သိသာသည်။ ဖီးနှစ်ကိုးကောင်မီးဖိုကဲ့သို့သော အဆင့်လွန်ရတနာကိုပင် မြေကြီးအောက်တွင် ဤအတိုင်းတွေ့ခဲ့ရခြင်းပင်။
ဝူး..
ခရာသံတစ်ခုကို ရှီဟောင် ရုတ်တရက်ကြားလိုက်ရသည်။ ထိုအသံသည် လေးလံကာ အေးစက်လှသည်။ လူတစ်ယောက်ကို အလွန်မသက်မသာဖြစ်သွားစေလေသည်။
ထို့နောက် အနက်ရောင်ရွှေချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ရှေးဟောင်းအလောင်းအချို့ကို သူတွေ့လိုက်ရသည်။ သူတို့အားလုံးသည် နေရာတစ်ခုထံသို့ အလောတကြီး ဦးတည်နေလေသည်။
လေဟာနယ်မှာ မှုန်ဝါးနေပြီး ချိုင့်ဝင်သွားကာ ထူးဆန်းသည့်လမ်းကြောင်းတစ်ခု ပေါ်လာလေ၏။ ထိုရှေးဟောင်းအလောင်းများသည် ထိုနေရာသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားနေလေသည်။
“အတိတ်ကမြင်ကွင်းတွေကို ပြန်ဖန်တီးနေတာလား..”
ရှီဟောင် အနည်းငယ် ဆွံ့အနေမိသည်။ ဤသည်မှာ ယခု ဖြစ်ပျက်နေသည့်အရာဟုတော့ သူ မထင်ပေ။
သူကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ဝုန်းဟူသည့်အသံနှင့်အတူ လျှပ်စီးတစ်ခု သူ့ထံသို့ ကျရောက်လာလေသည်။ ဒီလျှပ်စီးက သူ မနှောက်ယှက်အောင်လို့ တားဆီးလိုက်တာလား..
မူလရှေးဟောင်းမိုင်းတွင်းမှာ တိတ်ဆိတ်ငြိမ်းချမ်းသည်ဟုထင်ရသော်လည်း မြေအောက်တွင် ဤကဲ့သို့ မတည်မငြိမ်ဖြစ်နေကာ ထူးဆန်းသည့်ကိစ္စများစွာ ဖြစ်ပျက်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
ဟိုးအတွင်းပိုင်းတွင် မီးခိုးရောင်မြူများပျံ့လွင့်နေပြီး ထိုနေရာတွင် ထိုင်နေသည့် ရှေးဟောင်းပုံရိပ်များလည်း ရှိနေလေ၏။ သို့သော်လည်း ထိုနေရာကို သေချာမမြင်ရပေ။
ထိုနေရာတွင် အလွန်စွမ်းအားကြီးသည့်ပုဂ္ဂိုလ်များ ထိုင်နေသည်ဟု သူ ခံစားလိုက်ရသည်။
သူသည် ခြေထောက်သုံးချောင်းနှင့် လက်ကိုင်နှစ်ဘက်ပါသည့် အိုးနှင့် မျက်နှာချင်းဆိုင်နေသည်ဟုပင် ခံစားလိုက်ရသည်။ ဤသည်မှာ အနည်းငယ်ရင်းနှီးကာ အနည်းငယ်ထူးဆန်းနေသည်။
“အထဲဘက်မှာ အိုးရဲ့ပိုင်ရှင် ဒါမှမဟုတ် သူနဲ့ဆက်စပ်တဲ့သူတစ်ယောက်ယောက် ရှိနေတာလား…” အလွန်ထူးဆန်းနေသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။
သို့သော် သူအထဲသို့မသွားတော့။ ခွန်အားချင်းမှာ ကွာခြားလှသည်။ ဝိညာဉ်တစ်သောင်းသင်္ကေတရှိနေလျှင်ပင် သူ လက်လွတ်စပယ်မလုပ်ရဲပေ။
သူရှေးဟောင်းမိုင်းတွင်းထဲသို့ ဝင်လာကတည်းက ဝိညာဉ်တစ်သောင်းသင်္ကေတနှင့် ရင်ဆိုင်နိုင်သည့် ထူးခြားသည့်စွမ်းအင်ရှိသည်ကို သူသိပြီးသားပင်။
“အရမ်းကြီး မလုပ်တော့ပါဘူး..” ထို့နောက် သူငြိမ်းချမ်းသည့်နေရာတစ်ခုကို ရှာကာ နောက်တစ်ကြိမ် သီးသန့်ကျင့်ကြံလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် သူ့အားအာရုံစိုက်နေသည့် လူများစွာရှိနေသည်။ ဤနေရာမှ စွမ်းအားရှင်များအပြင် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲနှစ်ယောက်ရောက်နေသည်ကို သူသိသည်။ သူ ယခုထွက်သွားလျှင် သိပ်သင့်တော်မည်မဟုတ်ပေ။
ထိုအစား သူ ဤနေရာတွင် တာအိုကျင့်ကြံတာက ပိုကောင်းလိမ့်မည်။
ပထမဆုံး တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာကို ပို၍ခိုင်မာအောင်လုပ်လိုက်သည်။ လက်ပုံစံ ၆ ခုကို ကျမ်းစာများနှင့် ပေါင်းလိုက်သည့်အချိန်တွင် ထိုပညာမှာ အတော်လေး ပြည့်စုံသွားလေပြီ။
ထို့နောက် သူသည် ကောင်းကင်ပညာကို အသုံးပြုကာ အဖိုးတန်ပညာများစွာကို အားဖြည့်လိုက်သည်။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ရှီဟောင်သည် ကျင့်ကြံခြင်းကို ရပ်နားလိုက်ကာ အဖိုးတန်ရေကန်မှရေကို ထုတ်လိုက်သည်။ ဤအရည်ထဲတွင် သက်ရှည်ပင်၏ အမြစ်များနှင့် သစ်ရွက်များရှိနေသေးသည်။
ဤအဖိုးတန်ရေကန်မှာ တန်ဖိုးမဖြတ်နိုင်ပေ။
ကောင်းကင်နတ်ဘုရားကျောင်းမှ စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်များ ဖီးနှစ်သွေးကန်ထဲသို့ ဝင်ရသည်ကို သိလိုက်ရသည့်အချိန်က သူ သက်ပြင်းချမိသည်ပင်။ သူအခွင့်အရေးကောင်းကြီးကို လွဲချော်သွားပြီဟု ထင်လိုက်ခြင်းပင်။ သို့သော်လည်း သူ ယခုတော့ အစားပြန်ရလိုက်လေပြီ။
ဤနေရာမှာ ငြိမ်းချမ်းလှသည်။
ထောင့်တစ်ခုတွင် တစ်စုံတစ်ခုရေးထွင်းထားသည်ကို သူ ရုတ်တရက်တွေ့လိုက်ရသည်။ ဤသည်မှာ ရှေးဟောင်းသမိုင်းမှ မြင်ကွင်းများကို မှတ်တမ်းတင်ထားသကဲ့သို့ပင်။
ပထမဆုံးမြင်ကွင်းတွင် လူတစ်ယောက်သည် နေရာတစ်ခုကို ရွေးချယ်ကာ ထာဝရရွှေများကို တူးဖော်နေသည်။
ဤသည်မှာ ထူးဆန်းလှသည့် ရှေးဟောင်းမိုင်းတွင်းတစ်ခုဖြစ်ကာ ထိုလူသည် လျင်မြန်စွာပင် ရွှေများကို ရှာတွေ့သွားလေသည်။ သိထားရမည်မှာ ထာဝရရွှေဆိုသည်မှာ ထာဝရသက်ရှိအစစ်များ၊ အသက်ရှည်သည့်ပုဂ္ဂိုလ်များပင် လောဘတက်ကာလိုချင်သည့် အရာဖြစ်ကြီး ဤလောကကြီးတွင် ရှာတွေ့နိုင်ရန် ခက်ခဲလှသည်ပင်။
ထို့နောက် ဒုတိယမြင်ကွင်းတွင် ထူးဆန်းသည့်အရာအချို့ကို မှတ်တမ်းတင်ထားလေသည်။ ဤမိုင်းတွင်းထဲတွင် ထူးဆန်းစွာ သေဆုံးသွားသည့်ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် များလာသည်။
ထိုလူများမှာ ဖျားနာခြင်း၊ ဒဏ်ရာရခြင်းကြောင့်သေဆုံးသွားခြင်းမဟုတ်ပဲ .. သူတို့မသေမှီတွင် တစ်စုံတစ်ယောက်ကို ခုခံနေရသည့်ပုံစံဖြစ်နေကြသော်လည်း သူတို့တွင် ဒဏ်ရာတစ်ခုမှ ရှိမနေပေ။
တတိယမြင်ကွင်းတွင်တော့ အားလုံးမှာ ဆက်လက်တူးဖော်နေဆဲပင်။ သို့သော် နောက်ပိုင်းတွင် သူတို့သည် တစ်ခုခုကို တူးမိသွားပုံပေါ်ကာ အလွန်ကြောက်လန့်သွားကြသည်။ ကလန်မျိုးစုံမှ စွမ်းအားအကြီးဆုံးသူများပင်လျှင် နောက်ပြန်ဆုတ်သွားကြလေ၏။
ကံမကောင်းစွာဖြင့်ပင် မြင်ကွင်းများမှာ ဤနေရာတွင် အဆုံးသတ်သွားလေ၏။ သူတို့ ဘာတူးမိသည်ကို မသိလိုက်ရ။
ထိုနောက်တွင် ဆက်လာသည့်ပုံများမှာ ပို၍ပင်ကြောက်စရာကောင်းသည်ပင်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှ စွမ်းအားအကြီးဆုံးသူများ၊ အသက်ရှည်သည့်သက်ရှိများပင်လျှင် ထူးဆန်းစွာ သေဆုံးသွားကြရသည်။
နောက်ဆုံးတစ်ခုတွင်တော့ တစ်စုံတစ်ယောက်မှ ဤမူလရှေးဟောင်းမိုင်းတွင်းကြီးကို ချိတ်ပိတ်ကာ စွန့်ပစ်လိုက်လေသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။
“ဒီမူလရှေးဟောင်းမိုင်းတွင်းက ထာဝရရှေးဟောင်းခေတ်ထက်တောင် ပိုပြီးတော့ နောက်ကျတယ်လို့ ပြောကြတယ် .. ကြည့်ရတာ တကယ်မှန်တယ်ထင်တယ်..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။
“တကယ်ကို ကြောက်ဖို့ကောင်းတာပဲ..”
ရှီဟောင် ခေါင်းကိုက်လာသောကြောင့် မျက်ရိုးများကို နှိပ်နှယ်လိုက်သည်။ ဤမှုန်မှိုင်းနေသည့် မိုင်းတွင်းကြီးကိုကြည့်ပြီး သူအနည်းငယ် တုန်လှုပ်လာမိသည်။ ထာဝရရှေးဟောင်းခေတ်မှ ပုဂ္ဂိုလ်ကြီးများပင်လျှင် ဤနေရာမှ ဝေးဝေးနေကြသောကြောင့် ဤနေရာမှာ မည်မျှကြောက်စရာကောင်းကြောင်း သက်သေပြနေလေပြီ။
ရှီဟောင် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင် ဤအကြောင်းကို ခေါင်းထဲမှထုတ်ကာ သူ့ကိုယ်သူ ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုသည်ကိုသာ အာရုံစိုက်လိုက်တော့သည်။
ဤဆေးရည်၏ ဆေးစွမ်းများမှာ အံ့အားသင့်စရာကောင်းလှသည်။
ရှီဟောင် ဤမိုင်းတွင်းထဲသို့ ဝင်ပြီးသည်နှင့် အနက်ရောင်နန်းတော်ထဲသို့ ဝင်သွားခဲ့သည်။ သူသည် ထိုနေရာတွင် အကြိမ်ပေါင်းများစွာ သွေးအန်ခဲ့ပြီး အတွင်းဒဏ်ရာများလည်း ရရှိခဲ့သည်။ ထိုဒဏ်ရာများမှာ ပြိုင်ဘက်ကင်းသည့်စွမ်းအားများမှ ရလာခြင်းဖြစ်သောကြောင့် သာမန်ဝိညာဉ်ဆေးပင်များနှင့် မကုသနိုင်ပေ။ သူပြန်ကောင်းလာရန်အတွက် အချိန်ယူရမည်ပင်။
သို့သော်လည်း ယခုတော့ သူ၏အတွင်းဒဏ်ရာများမှာ လျင်မြန်စွာ ပျောက်သွားလေပြီ။
သူအရိုးစာသားများကို အသက်သွင်းလိုက်သည်။ မူလရှေးဟောင်းမှတ်တမ်းကိုအသုံးပြုကာ ထိုရေကန်မှရေများဖြင့် သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို ပြုပြင်လိုက်သည်။
ထိုအချိန်တွင် အဖြူရောင်မြူများထွက်ပေါ်လာလေ၏။ ဤသည်မှာ ဤသက်ရှည်ဆေးရည်နှင့်အတူရှိနေသည့် ထာဝရတာအိုစွမ်းအင်များပင်။ ထိုမြူများသည် ရှီဟောင်ကို ဝန်းရံလိုက်သောကြောင့် သူ မထင်မရှားဖြစ်လာလေသည်။
ဖုန်း..
သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများပေါက်ကွဲသွားကာ ပြာဖြစ်သွားလေသည်။
ထို့နောက်တွင် ရှီဟောင်၏အသားအရေကို အလွန်တောက်ပစေသည့် အလင်းတန်များ မရပ်မနားထွက်ပေါ်လာလေသည်။
“မလုံလောက်သေးဘူး .. ငါ့သွေးနဲ့ချီစွမ်းအားကို နှိုးဆွဖို့လိုသေးတယ် .. အဲဒါမှ ငါ တကယ်ပြောင်းလဲနိုင်မှာ..”
ရှီဟောင် သူ့ကိုယ်သူပြောလိုက်သည်။ ထို့နောက် သူ၏မှော်စွမ်းအားကို အသုံးပြုလိုက်ကာ သူ့တာအိုကိုမောပန်းသွားအောင် လုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးများကိုလည်း လုံးဝခမ်းခြောက်သွားသည်အထိ အသုံးပြုလိုက်လေသည်။
ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် ထိုသက်ရှည်ဆေးရည်သည် အငွေ့အဖြစ်သို့ ပြောင်းလဲသွားကာ ဤနေရာကို ဖုံးလွှမ်းသွားလေသည်။
ထို့နောက် ရှီဟောင့်အရေပြားပေါ်တွင် မရေတွက်နိုင်သည့် ရွှေရောင်လေပွေလေးများပေါ်လာပြီး ဘေးပတ်လည်မှ ထာဝရတာအိုစွမ်းအင်များကို စုတ်ယူနေတော့သည်။
ဤအဖိုးတန်ဆေးရည်မှ စွမ်းအင်များအားလုံး စုတ်ယူခံလိုက်ရလေပြီ။
တစ်ချိန်တည်းမှာပင် ရှီဟောင်၏ခန္ဓာကိုယ်တစ်လုံး အက်ကွဲကြောင်းများပြည့်လာပြီး အရိုးများလည်း ကျိုးလာကာ အတွင်းအင်္ဂါများလည်း အရောင်မှိန်လာလေသည်။
ပြန်လည်မွေးဖွားချင်ပါက အရင်ဆုံးသေဆုံးရမည်ပင်။
ဝုန်း..
ကောင်းကင်ထက်တွင် လျှပ်စီးလက်သွားသကဲ့သို့ လင်းထိန်သွားလေသည်။ ရှီဟောင်၏အရေပြားပေါ်ရှိ အက်ကွဲကြောင်းများမှ နတ်အလင်းများ ထွက်ပေါ်လာလေသည်။
သူ၏ပြောင်းလဲမှုများ စတင်နေပြီး ပြန်လည်မွေးဖွားခြင်းကို ရရှိနေပြီကို သူ သိလိုက်သည်။
အပိုင်း ၁၂၈၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၅ – ပြန်လည်မွေးဖွားခြင်း
ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်မြင်ကွင်းတစ်ခုပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်တုံးကြီးမှ အပိုင်းပိုင်းဖြစ်သွားသကဲ့သို့ပင်။ သို့သော်လည်း သူလဲကျမသွားသေး။
သို့သော် အက်ကွဲကြောင်းမှ ရောင်စုံနတ်အလင်းများ အဆက်မပြတ်ပင် ထွက်ပေါ်လာလေသည်။
ပြောင်းလဲမှုမှာ အလွန်ပြင်းထန်လှသည်။ ဤသည်မှာ အစီအစဉ်တကျဖြစ်နေခြင်းမဟုတ်ပဲ ပြောင်းလဲမှုများမှာ အချိန်တိုအတွင်း ဖြစ်သွားခြင်းပင်။ ဤသည်မှာ ပြန်လည်မွေးဖွားခြင်းအစစ်ပင်။
ပြောင်းလဲမှုကြာရှည်သွားလျှင် ဤသည်မှာ ပြန်လည်မွေးဖွားခြင်းမဟုတ်ပဲ နှေးကွေးသည့်ကျင့်ကြံခြင်း ဖြစ်သွားလိမ့်မည်။
ခွပ်..
ရှီဟောင်၏အရိုးကျိုးသံမှာ မီးရှူးမီးပန်းသံကဲ့သို့ပင် ပြတ်သားစွာ ထွက်ပေါ်လာလေသည်။ အသံကိုနားထောင်ကြည့်ရုံဖြင့်ပင် သူ မည်ကဲ့သို့ခံစားနေရမည်ကို စဉ်းစားကြည့်နိုင်ပေသည်။
ဤသည်မှာ ငရဲကျနေသလိုပင်။ သာမန်လူများသာဆိုပါက ချက်ချင်းသတိလစ်လဲကျသွားလောက်သည်။ နာကျင်မှုမှာ ပြင်းထန်လှပြီး သည်းခံနိုင်ရန် ခက်ခဲလှသည်ပင်။
သို့သော် ရှီဟောင် အံကြိတ်ကာ တောင့်ခံထားလိုက်သည်။ ပြောင်းလဲမှုအားလုံးကို သူ ရှင်းရှင်းလင်းလင်းခံစားချင်သည်။ ပြန်လည်မွေးဖွားခြင်းဟုခေါ်သည့် ဤအတွေ့အကြုံကို သူခံစားရမည်။ ဤသည်မှာ သူ့ကျင့်ကြံခြင်းအတွက် အလွန်အသုံးဝင်သည်ပင်။
သူငယ်ရွယ်စဉ်ကလည်း ပြောင်းလဲမှုကို ကြုံတွေ့ခဲ့သော်လည်း သူ၏ကျင့်ကြံဆင့်မြင့်လာသည်နှင့်အမျှ ပို၍ပို၍ ခက်ခဲလာလေသည်။ ပြန်လည်မွေးဖွားသည့်လမ်းစဉ်မှာလည်း မတူတော့ပေ။
ယခု သူ့ခန္ဓာကိုယ်မှ အလားအလာများကို ဖွင့်ပေးနိုင်မည့်နည်းလမ်းမှာ ပြောင်းလဲသွားလေပြီ။ ရှီဟောင် ထိုနည်းလမ်းကို ရှာဖွေရမည်ပင်။
ဖူး..
သူ၏အတွင်းအင်္ဂါများ အက်ကွဲလာကာ အတွင်းဝိညာဉ်စွမ်းအားငါးလှိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဒြပ်စင်ငါးခုအဖြစ် ပြောင်းလဲသွားလေသည်။
ဤသည်မှာ ပြန်လည်မွေးဖွားခြင်းလုပ်ငန်းစဉ်ပင်။ နာကျင်မှုကို သူသည်းခံရမည်။
သူတို့အတွင်းအင်္ဂါများ တစ်စစီဖြစ်သွားသည်ကို မည်သူက ကြည့်နိုင်မည်နည်း..
ရှီဟောင်တစ်ကိုယ်လုံးတွင် ချွေးစေးများပြန်နေပြီး သူ၏ခန္ဓာကိုယ်လည်း အနည်းငယ် ယိုင်ထိုးနေလေသည်။ သို့သော်လည်း ဝိညာဉ်စွမ်းအင်ငါးမျိုးအဖြစ်ပြောင်းလဲသွားသည့် သူ့အတွင်းအင်္ဂါများကိုကြည့်ပြီး သူအနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။
နောင်တွင် သူသာ ပညာတစ်ခုကို ဖန်တီးချင်လျှင် ယခင်ကထက်သာလွန်သည့် ကျင့်ကြံခြင်းစနစ်တစ်ခုကို ဖွဲ့စည်းချင်လျှင် သူယခုမြင်နေရသည်က သူ၏လမ်းကြောင်းလား..
ခွပ်..
သူ၏ခြေလက်လေးဖက်မှ အရိုးများလည်း ကျိုးသွားလေပြီ။
ဝုန်း..
သူ ဟစ်ကြွေးလိုက်၏။ သူသည် ကျောမတ်ထားတာ အတတ်နိုင်ဆုံးခေါင်းမော့ထားလေ၏။ သူ့အနောက်ဘက်မှ နဂါးအစစ်တစ်ကောင်ထွက်လာသကဲ့သို့ပင် သူ့တစ်ကိုယ်လုံး တောက်ပနေလေသည်။ သို့သော်လည်း အရိုးကျိုးသံများမှာ ဆက်လက်ထွက်ပေါ်လာဆဲပင်။
ရှီဟောင် တစ်ကိုယ်လုံး ချွေးများရွှဲစိုနေလေပြီ။ သူ့အရိုးတစ်ရာကျိုးသွားပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ကြီးမားသည့်ပြောင်းလဲမှုကြီးဖြစ်နေလေပြီ။
သူ့အရိုးများအားလုံး ကျိုးသွားပြီးနောက် ပြန်ဆက်သွားလေသည်။
ဤသည်မှာ နာကျင်သော်လည်း ထိုက်တန်ပေသည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်တစ်ကိုယ်လုံး မည်းနက်သွားပြီး သူ့အရေပြားများလည်း ခြောက်သွေ့သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သွေးနှင့်အရေပြားများကို လဲလှယ်နေခြင်းပင်။
သူ၏ခန္ဓာကိုယ် မွေးညှင်းပေါက်များမှ သွေးမည်းများနှင့်အတူ အရိုးအပိုင်းအစများပါလာလေသည်။ ဤသည်မှာ ယုံကြည်နိုင်ရန်ပင် ခက်ခဲလွန်းလှသည်။
ဤသည်မှာ ပုဆိန်နှင့်ထုချပြီး ခန္ဓာကိုယ်အသစ်ကို ပြန်ဆောက်နေသကဲ့သို့ပင်။ သာမန်လူများအတွက် ဤထိခိုက်မှုများမှာ ပြင်းထန်မည်ပင်။
သို့သော်လည်း ရှီဟောင်၏ခန္ဓာကိုယ်မှာ မာကျောလှသည်။ သူသည် အလွန်နာကျင်နေသော်လည်း တောင့်ခံထားနိုင်ဆဲပင်။ သူ့ခန္ဓာကိုယ်ပြောင်းလဲပုံကို မြင်ရခြင်းမှာ သူ့အတွက် အလွန်အကျိုးကျေးဇူးများလှသည်ပင်။
သူ၏သွေးစက်များမှာ တောက်ပသည့်အလွှာတစ်ခုနှင့်အတူ နီရဲတောက်ပနေသည်။ သွေးစက်များတွင် ဝိညာဉ်စွမ်းအားများပိုင်ဆိုင်နေပြီး သွေးစက်တစ်စက်မှာ အဖိုးတန်ဆေးပင်တစ်ပင်ကဲ့သို့ပင်။
အတွင်းအင်္ဂါများပြန့်ကျဲသွားပြီးနောက် သူ၏ဝိညာဉ်စွမ်းအားများ စုစည်းသွားလေ၏။ ထို့နောက် သူ့အသွေးအသားကိုလည်း ပြန်လည်တည်ဆောက်နေလေပြီ။
အရိုးများမှာမူ ကျိုးပြီးသွားသည်နှင့် ရိုးတွင်းချဉ်ဆီများမှာ နေလုံးတစ်လုံးကဲ့သို့ပင် တောက်ပလာကာ အရိုးအသစ်များပြန်ဖြစ်လာလေသည်။
ဤဖြစ်စဉ်မှာ ရှီဟောင် အသစ်ကို ပြန်လည်တည်ဆောက်ခြင်းပင်။ ပြန်လည်မွေးဖွားခြင်းဆိုသည်မှာ နာမည်ခံသက်သက်မဟုတ်ပေ။
သို့သော်လည်း ဤသည်မှာ အကုန်မဟုတ်သေး။ ပို၍အန္တရာယ်များသည့် ပြောင်းလဲမှုကြီး ရောက်လာလေပြီ။ သူ၏ဦးခေါင်းခွံ အက်ကွဲနေလေပြီ။
သူ၏ဆံပင်များမှာမူ အစောကြီးကတည်းက ကျွတ်သွားပြီး ပြန်ပေါက်နေလေပြီ။ ဤသည်မှာ အံ့အားသင့်ဖွယ် မြင်ကွင်းကြီးပင်။
ဝုန်း..
နောက်ဆုံးတွင်တော့ သူ့ဦးခေါင်းနာကျင်လာပြီး သူ့ငယ်ထိပ်တွင်ရှိနေသည့် လက်သီးအရွယ်အစားရွှေရောင်ပုံရိပ်လေးသည်လည်း နာကျင်စွာအော်ဟစ်ကာ ရုန်းကန်နေလေသည်။ ဤသည်မှာ ရှီဟောင်၏ မူလဝိညာဉ်ပင်။
သူလည်း ပြောင်းလဲမှုများကို ကြုံနေရခြင်းပင်။ သူ၏မူလဝိညာဉ်သည် အက်ကွဲလာပြီး အပိုင်းအစလေးများဖြစ်လာလေသည်။ ထို့နောက် တစ်ဖြည်းဖြည်းချင်း ပို၍ပို၍ တောက်ပလာလေ၏။
ဤအတောအတွင်းတွင် သူသည် တစ်ခါတစ်ရံ ရွှံ့အိုးများကွဲသွားသကဲ့သို့ အက်ကွဲသွားပြီး တစ်ခါတစ်ရံကျလျှင်လည်း နတ်ဥတစ်လုံး ကွဲသွားသကဲ့သို့ပင်။ သူဥခွံကွဲထွက်သွားသည်နှင့် အထဲဘက်မှ ပို၍စွမ်းအားကြီးသည့် သက်ရှိထွက်လာလေသည်။
ထို့နောက် သူ့မူလဝိညာဉ်၏အပြင်ခွံ အက်ကွဲသွားပြီးနောက် နတ်အလင်းတန်းထွက်လာလေသည်။
သူ၏ခန္ဓာကိုယ် ပြန်လည်မွေးဖွားရုံသာမက သူ၏မူလဝိညာဉ်လည်း ပြန်လည်မွေးဖွားလာကာ အရာအားလုံး ပို၍စွမ်းအားကြီးလာလေပြီ။
သူ၏ခန္ဓာကိုယ်မှ တခွပ်ခွပ်အသံများထွက်ပေါ်နေပြီး အရိုးများကျိုးနေဆဲပင်။ သွေးများလည်း များစွာ စီးဆင်းနေသည်။ အတွင်းအင်္ဂါငါးခုလည်း ပြောင်းလဲနေကာ မူလဝိညာဉ်လည်းပြောင်းလဲနေလေ၏။ ဤအရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်နေခြင်းပင်။
သူအသက်ရှူလိုက်သည်နှင့် သူ၏မွေးရာပါဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာလေသည်။ သူသည် ယခင်ကထက် ပို၍စွမ်းအားကြီးလာသည်ကို သူ့ကိုယ်သူခံစား၍ရသည်ပင်။
ယခင်က သူ့ခန္ဓာကိုယ်မှာ ဤလောကကြီးတွင် ရှာတွေ့နိုင်ရန်ရှားပါးလှပြီး ယခုဆိုလျှင်တော့ ပိုပြီး ထူးခြားလာလေပြီ။ အနည်းဆုံးတော့ သူ၏ကျင့်ကြံဆင့်တွင် ရှေးခေတ်မှလူများထဲတွင်ပင် သူနှင့်ယှဉ်နိုင်သည့်သူ အများကြီးရှိမည်မဟုတ်ပေ။
ပိုပြီးစွမ်းအားကြီးသည့် ရှီဟောင် ရောက်လာလေပြီ။
သူ၏နတ်အာရုံလည်း အလွန်ထူးခြားနေလေပြီ။
ယခုအချိန်တွင်တော့ သူ၏မူလဝိညာဉ် ပြန်လည်မွေးဖွားခြင်းသည်လည်း အဆုံးထိရောက်နေလေပြီ။
ရုတ်တရက်ပင် ရှီဟောင်ခြေသံများကို ကြားလိုက်ရသည်။ တစ်ယောက်ယောက်လာနေလေပြီ။
ဤနေရာမှာ အလွန်သီးသန့်ဆန်လှသော်လည်း ရောက်လာသည့်သူရှိနေဆဲပင်။ ဤသည်မှာ ကောင်းသည့်အရာမဟုတ်ပေ။
“ဟမ် ဒီမှာလူတစ်ယောက်ရှိနေတယ် .. သူ့တစ်ကိုယ်လုံး သွေးမည်းတွေဖုံးပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်” လူငယ်လေးတစ်ယောက်မှ ပြောလိုက်သည်။
အခြားမိန်းမပျိုလေးတစ်ယောက်သည် မျက်မှောင်ကြုတ်လိုက်လေ၏။ ထို့နောက် သူ့မျက်လုံးမှ နတ်အလင်းတန်းများထွက်လာပြီးသည့်နောက်တွင် သူမအမူအရာများ လေးနက်လာလေ၏။ “မဟုတ်ဘူး .. သူကခန္ဓာကိုယ်အသစ်လဲနေတာ .. သူ့ရဲ့အရိုးတွေကိုလဲပြီးတော့ ပြန်မွေးဖွားနေတာ..”
“ဘာ..” ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး တုန်လှုပ်သွားရသည်။
ဤသည်မှာ ၁၀ ယောက်ကျော်ပါသည့် လူငယ်အုပ်စုပင်။ ယောက်ျားလေးရော မိန်းကလေးရောပါကာ အဓိကအချက်မှာ သူတို့အားလုံး အလွန်လှပနေကြသည်ပင်။
အားလုံးတွင် ထာဝရစွမ်းအင်များရှိနေကြသည်။ သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်ပါက ဤသည်မှာ မည်သည့်စွမ်းအားရှင်ကိုမဆိုတုန်လှုပ်သွားမည်ပင်။
သူတို့သည် အနာဂတ်ကိုကိုယ်စားပြုပြီး သူတို့၏ အလားအလာများမှာလည်း အကန့်အသတ်မရှိလောက်အောင်ပင်။
သူတို့ကိုသာ အချိန်ပေးလိုက်ပါက သူတို့သည် တစ်နေ့ကျလျှင် လောကကြီးကို အုပ်စိုးသည့်သူများပင်ဖြစ်နိုင်သည်ကို အားလုံးသိကြသည်ပင်။ သူတို့သည် ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ ခုတွင် စွမ်းအားအကြီးဆုံးလူများဖြစ်လာလိမ့်မည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤလူများမှာ ကောင်းကင်နတ်ဘုရားကျောင်းမှ ရောက်လာခြင်းဖြစ်ကြောင်း သိနိုင်သည်။ ထိုကဲ့သို့သောနေရာမျိုးတွင်သာ ဤကဲ့သို့ အံ့အားသင့်စရာကောင်းသည့် ဂျီးနီးယပ်စ်များ စုဝေးနေလိမ့်မည်ပင်။
ဤလူများမှာ တကယ်လည်း ကောင်းကင်နတ်ဘုရားကျောင်းမှ လူများပင်။
ဤရက်များအတွင်း ရှီဟောင် သီးသန့်ကျင့်ကြံနေသည့်အချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်ငါးယောက်သည် ဖီးနှစ်ကိုးကောင်မီးဖိုနှင့်အတူ ဆင်းလာခဲ့သည်။ သူတို့သည် ရှီဟောင်ကို မတွေ့လိုက်ရသောကြောင့် အေးအေးချမ်းချမ်းပင် ပြန်တက်သွားကြရလေသည်။
ထို့နောက် အခြားဂျီးနီးယပ်စ်များလည်း ရှေးဟောင်းမိုင်းတွင်းကို ဝင်ချင်လာကြသောကြောင့် လူများတစ်ဖြည်းဖြည်း ပိုများလာခြင်းပင်။
အမှန်တကယ် ဤရက်များအတွင်းတွင် အလွန်ငြိမ်းချမ်းခဲ့သည်သာ။ သူတို့ဆင်းလာပြီးသည့်နောက် လုံခြုံသောနေရာတွင် သူတို့၏ပျောက်ဆုံးသွားသည့် အတန်းသားများကို ရှာခဲ့သော်လည်း မတွေ့ခဲ့ပေ။
ရှေးဟောင်းမိုင်းအနက်ပိုင်းမှာမူ ထူးဆန်းသည့်အော်ရာတစ်ခုရှိနေသောကြောင့် သူတို့မဝင်ရဲခဲ့။
“သူ့ ပြန်မွေးဖွားတာက ဒီဆေးရည်ကြောင့်ပဲ .. ဒီဆေးရည်က ဖီးနှစ်သွေးကန်အစစ်ထက်တော့ မနိမ့်ဘူး..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။ နောက်ဆုံးတော့ ဤနေရာ၏ လျှို့ဝှက်ချက်ကို သူသိသွားလေပြီ။
သို့သော် ဤရေကန်မှာ ခမ်းခြောက်လုနီးပါးဖြစ်နေလေပြီ။ ဤကိုယ်လုံးတီးနှင့်လူငယ်လေးမှာ ဤဆေးရည်အားလုံးကို သုံးပြီးသွားလေပြီ။
“သူက ဒီမှာ ဒီလိုမျိုးကံကောင်းမှုကြီး ရလိုက်ပြီးတော့ ပြန်မွေးဖွားနေတာ .. နှမြောစရာပဲ .. ငါတို့ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီ” တစ်ယောက်မှ ဒေါသတကြီး ပြောလိုက်လေသည်။
“ငါတို့ အတန်းသားတွေ တွေ့သေးလားဆိုတာ သူ့ကို သွားမေးလိုက် .. ဒီလူက တော်တော်လေးထူးဆန်းတယ်လို့ ငါခံစားနေရတယ်.. သူပြောင်းလဲနေတဲ့အချိန်မှာ ငါတို့သူ့ကို အရင်ဖမ်းထားသင့်တယ်” ထိုလူမှ အေးစက်စွာ ပြောလိုက်သည်။
ပြန်လည်မွေးဖွားခြင်းကိုသာ လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်ရပါက ဤသည်မှာ ပြဿနာကြီးများဖြစ်လာရန် လုံလောက်ပေသည်။ သေလျှင်သေ၊ မသေလျှင်လည်း ရူးသွားမည်ပင်။
ရွှီး..
အလင်းတန်းအချို့ထွက်လာပြီး လူအချို့သည် ရှီဟောင်ကိုဖမ်းရန် လှုပ်ရှားလိုက်ကြလေ၏။
သူတို့သည် ယခင်လူများလုပ်ခဲ့သည့်အမှားအတိုင်းသာ ထပ်လုပ်နေပြန်သည်။ ဖီးနှစ်ကိုးကောင်မီးဖိုနှင့်ဆိုလျှင် သူတို့အားလုံးကိုဖိနှိပ်နိုင်မည်ဟု ထင်နေကြသည်။
သို့သော် သူတို့လုံးဝမှားယွင်းသွားလေပြီ။
ရှီဟောင်၏ပြန်လည်မွေးဖွားခြင်းမှာ ပြီးခါးနီးအဆုံးသတ်ကို ရောက်နေလေပြီ။ သူမတ်တပ်ရပ်လိုက်ကာ သူ့လက်ထဲရှိ ဝိညာဉ်တစ်သောင်းသင်္ကေကိုလည်း လှုပ်ရှားလိုက်သည်။
ဝုန်း..
ရှီဟောင် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာကို အသုံးပြုလိုက်သည်။ ပညာခြောက်ခု တစ်ပြိုင်တည်းပေါ်လာပြီး ရှေးဟောင်းမိုင်းတွင်းတစ်ခုလုံးလည်း ထိန်လင်းသွားလေသည်။
“မကောင်းတော့ဘူး .. ဒီကောင်ကစွမ်းအားကြီးလွန်းတယ် .. သူလျှို့ဝှက်ပညာတစ်ချို့ကို သုံးနေပြီ .. သူ့ကို မြန်မြန်ဖိနှိပ်လိုက်..”
“ဟမ်.. ဖီးနှစ်ကိုးကောင်မီးဖိုက ဘာလို့အလုပ်မလုပ်တော့တာလဲ..”
ဤနေရာမှာဆူညံကာ ဖရိုဖရဲဖြစ်သွားလေ၏။
ဤလူများမှာ သာမန်မဟုတ်သော်လည်း သူတို့အားလုံး လွင့်ထွက်သွားကြကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြသည်ပင်။ သူတို့နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျလာလေ၏။
“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း .. ဒီရှေးဟောင်းကောင်းကင်ပညာက ဒီလောကမှာ ပြန်ပေါ်လာတာလား..” မိန်းမလှလေးတစ်ယောက်သည် နှုတ်ခမ်းထောင့်မှသွေးကိုသုတ်လိုက်ကာ ထိတ်လန့်စွာ ပြောလိုက်လေ၏။
“တကယ်ကို .. တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းပဲ .. အဆင့်လွန်ခန်းမပြန်ပြီးတော့ အသက်ဝင်လာတာလား .. ဒီလောကကြီးကို ရောက်လာပြီလား..” အခြားတစ်ယောက်လည်း တုန်ယင်စွာ ပြောလိုက်သည်။
အပိုင်း ၁၂၈၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၆ – ဂျီးနီးယပ်စ်များအား ဓားပြတိုက်ခြင်း
သူသည် တစ်ယောက်တည်းဖြစ်သော်လည်း အားလုံးကို အနိုင်ယူလိုက်နိုင်သည်။ ဤအားပြင်းလှသည့်ရိုက်ချက်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကဲ့သို့ လေးလံလှသည်။
အားလုံးမှာ ခါးခါးသီးသီးခံစားနေရသော်လည်း အလွန်လည်း ထိတ်လန့်နေကြသည်ပင်။ သူတို့နဲ့ရွယ်တူထဲမှာ ဒီလိုမျိုးလူလည်း ရှိနေသေးတာလား..
ကောင်းကင်ပညာတစ်ခုတည်းဖြင့် သူတို့အားလုံးကို ရိုက်ချလိုက်သောကြောင့် ဤကောင်းကင်ပါရမီရှင်များ၏ မျက်နှာမှာ အရောင်အဆင်းမရှိတော့ပေ။ သူတို့သည် ကူကယ်ရာမဲ့နေသလို ခံစားနေရသည်။
ဒီလူက ဘယ်လိုလူမျိုးလဲ..
ဤသည်မှာ ရှေးဟောင်းကောင်းကင်ပညာဖြစ်လိမ့်မည်ဟု သူတို့သိကြသော်လည်း ဤသည်မှာ ထူးခြားနေဆဲပင်။ အနည်းဆုံးတော့ သူ့အသက်အရွယ်နဲ့ဆိုရင် ဒါကိုရှာဖို့က ခက်လောက်တယ်လေ ဟုတ်တယ်မလား…
ယခု ရှိနေသည့်သူအားလုံးမှာ သာမန်မဟုတ်ကြပေ။ သူတို့အားလုံးထံတွင် ထာဝရစွမ်းအင်တစ်ကြောင်းစီရှိနေပြီး အားလုံးမှာ ကောင်းကင်နတ်ဘုရားကျောင်းမှလူများပင်။
ဤသတင်းသာ အပြင်ကိုပေါက်ကြားသွားပါက အုတ်အော်သောင်းတင်းဖြစ်သွားမည်ပင်။
ဤလူမှာ အလွန်အထင်ကြီးစရာကောင်းလှသည်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုလုံး၌ လိုက်ရှာလျှင်ပင် သူသည် ပြိုင်ဘက်ကင်းသည့်သူရဲကောင်းဖြစ်နိုင်သည်ပင်။
“လုထော်နဲ့ ယှဉ်နိုင်လောက်တယ်..” မိန်းမပျိုလေးတစ်ယောက်မှာ အလွန်ခါးသီးနေလေ၏။ သူမမျက်လုံးထဲတွင် လုထော်မှာ အသန်မာဆုံးစစ်နတ်ဘုရားပင်။ ယခု သူမ အရှက်ခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရသော်လည်း ဤကဲ့သို့ တွေးမိနေဆဲပင်။
“လုထော်စွမ်းအားကြီးတာက ရှေးဟောင်းကောင်းကင်ပညာတစ်ခုကို ရလိုက်နိုင်လို့ .. ငါတို့အသက်အရွယ်အတွက်တော့ ဒါက တော်တော်လေးကို ကြီးမားတဲ့အောင်မြင်မှုဖြစ်နေပြီ..” အဖြူရောင်ဝတ်စုံနှင့် အခြားလူငယ်တစ်ယောက် သက်ပြင်းချပြီး ပြောလိုက်သည်။ သူသည် စိတ်တိုကာ စိတ်ပျက်နေရသည်ပင်။
သူသည်လည်း ကျွမ်းကျင်သူဟုပြော၍ရသည်။ သူ၏ရှေးဟောင်းမြေတွင် အကောင်းဆုံးမဟုတ်သော်လည်း အသန်မာဆုံးထဲမှ တစ်ယောက်ဟု သတ်မှတ်၍ရသည်။ သို့သော် ယနေ့တော့ သူအရိုက်ခံလိုက်ရသည်။
“စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်တွေနဲ့ ယှဉ်လို့ရတယ်..” အခြားသူများလည်း သက်ပြင်းချကာ ပြောလိုက်ကြလေ၏။
သူက ဘယ်သူလဲ .. ဤသည်မှာအားလုံးရှုပ်ထွေးနေကြသည့် မေးခွန်းပင်။ သူက ဒီလောက်တောင် စွမ်းအားကြီးနေတာ ဘာလို့ ကောင်းကင်နတ်ဘုရားကျောင်းကို မသွားတာလဲ..
“ဟုတ်ပြီ ..သူက ဟွမ်ဖြစ်ရမယ် .. သူက ဒီကို နှင်ထုတ်ခံရပြီးတော့ ရှေးဟောင်းမိုင်းတွင်းထဲကို ဝင်သွားတာတောင်မှ မသေသေးတာ..”
“သူပဲ .. သူက ယွမ်ချင်းဖမ်းတာကိုခံလိုက်ရပြီးတော့ ၁၀ နှစ်ဖိနှိပ်ခံခဲ့ရတာ.. ပြီးတော့ ဒီနေရာ ပို့ခံလိုက်ရတာ..”
လူအချို့နားလည်သွားလေပြီ။ ဤလူမှာ တာအိုစီရင်သုံးထောင်မှ လူငယ်လေး ဟွမ်ပင်။ အဲဒီနေရာက ပျက်စ်ီးနေပြီမဟုတ်ဘူးလား…
သူအသက်ရှင်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူပျောက်သွားသည်မှာ အတော်လေးကြာနေပြီဖြစ်သောကြောင့် မည်သူက သူအသက်ရှင်နေသေးသည်ဟု ထင်လိမ့်မည်နည်း..
ရှီဟောင် ဤလူများကို ကြည့်လိုက်သော်လည်း မသတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသတ်လိုက်သည်ကိုသာ သိသွားပါက နောက်ဆက်တွဲကိစ္စများစွာ ရှိလာလိမ့်မည်။ ဤလူများ၏နောက်တွင် စွမ်းအားကြီးသည့်ကလန်များ ရှိနေသည်ပင်။
အဓိကအကြောင်းရင်းမှာ သူသည် သတ်ဖြတ်ခြင်းကို ခုံမင်သည့်သူမဟုတ်သောကြောင့်ပင်။ ထို့အပြင် နယ်ခြားစပ်မှာ ဖရိုဖရဲဖြစ်နေပြီး စစ်ပွဲကြီးတစ်ခုလည်း စတင်တော့မည်ဖြစ်သောကြောင့် အလားအလာကောင်းသည့်သူများကို ဤနေရာတွင် မမြှုပ်နှံပစ်ချင်။
ရှီဟောင် သူတို့ကို မသတ်ဘူးဆိုသည်မှာ သူတို့ကို အလွတ်ပေးလိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သူသည် ဤလူများ တစ်ယောက်ပြီးတစ်ယောက်ကို ဓားပြတိုက်လိုက်ပြီး သူတို့ပိုင်ဆိုင်သည့် ရှားပါးရတနာများမှာ သူ့အပိုင်ဖြစ်လာလေပြီ။
“ဟမ် .. ဒါက ဘာလေးလဲ .. နတ်သွေးပါတဲ့ပုလင်းလေးလား..” လူငယ်တစ်ယောက်ထံမှ နီရဲတောက်နေသည့် သွေးများကိုသိမ်းဆည်းထားသည့် ပုလင်းလေးကို သူတွေ့လိုက်ရသောကြောင့် ရှီဟောင် ဆွံ့အသွားရသည်။
ဖီးနှစ်သွေး..
ဤလူများသည် လုထော်နှင့်အခြားသူများလောက် မထူးချွန်သည်မှာ သိသာသည်။ သူသည် ဖီးနှစ်သွေးကန်ထဲသို့ ဝင်ခွင့်မရခဲ့ပေ။ သို့သော်လည်း သွေးစက်တစ်စက်တော့ သူရလိုက်သည်ပင်။
“အကောင်းဆုံးပဲ .. ကျေးဇူးပဲ..” ရှီဟောင်ရယ်မောလိုက်ကာ ထိုလူကို ကျေးဇူးတင်ကြောင်း ပြသလိုက်လေ၏။
“မဟုတ်ဘူး ..မင်းအဲဒါကို ယူလို့မရဘူး..” ထိုလူမှာ နှလုံးသားတစ်ခုလုံး စုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏မျက်လုံးများလည်း နီရဲလာလေ၏။
“ခင်ဗျား ကျုပ်ကို တိုက်လိုက်ကတည်းက ဒီသွေးပုလင်းလေးက ကျုပ်ဟာဖြစ်သွားပြီ .. ခင်ဗျားကိုတောင်မှ ကျုပ်ပိုင်တယ်..” ရှီဟောင် စိတ်ထဲမထားပဲ သာမန်အတိုင်းပင် ပြောလိုက်လေ၏။
ဤလူ ၁၀ ယောက်ကျော်ထဲတွင် တစ်ဝက်ခန့်မှာ မိန်းကလေးများပင်။ ထိုစကားကိုကြားလိုက်ရသည်နှင့် သူတို့အားလုံး ဖြူဖျော့သွားကြလေသည်။ ဒီကောင်က လူကိုတောင် အလွတ်မပေးဘူးလား..
ထို့နောက်တွင် ရှီဟောင်သည် ထိုလူကို ဘေးကပ်လိုက်လေ၏။ သွေးပုလင်းလေးကို သူ့အင်္ကျီလက်ထဲသို့ ထည့်သိမ်းလိုက်လေသည််။ ထိုလူမှာ ဤနေရာတွင်ပင် သတိလစ်မတတ် ဖြစ်သွားလေသည်။
“အလှလေး .. မင်းဆီမှာဘာရှိလဲ .. ဒါမှမဟုတ် ငါကိုယ်တိုင်ရှာရမှာလား..” ရှီဟောင် ဆံပင်နီနှင့် မိန်းမလှလေးကို ပြောလိုက်သည်။
“ကျွန်မမှာ ဘာမှမရှိဘူး..” ထိုမိန်းကလေးသည် သူမ၏လှပလှသည့်မျက်ဝန်းများဖြင့် သူ့အားစိုက်ကြည့်ကာ ပြောလာလေသည်။
“အဲဒါဆိုရင်လည်း ငါ့ဘာသာငါ ရှာကြည့်မယ်..” ရှီဟောင်ပြောလိုက်၏။ ထို့နောက်တွင် သူသည် အပေါ်အောက်စုန်ချည်ဆန်ချည်ရှာနေသောကြောင့် ထိုမိန်းကလေး၏ အော်သံခပ်စူးစူးများထွက်ပေါ်လာလေ၏။ ထို့နောက် သေတ္တာအပုံလိုက်ကြီး အသိမ်းခံလိုက်ရလေသည်။
“မဆိုးပါဘူး .. နတ်တစ်ဝက်သစ်သီးတွေ တော်တော်များတာပဲ..” ရှီဟောင် အတော်လေးကျေနပ်သွားကာ နောက်တစ်ယောက်ထံသို့သွားလိုက်သည်။
“လူငယ်လေး ငါသတိပေးလိုက်မယ်နော် .. ငါ့ကိုမထိနဲ့..” လူငယ်လေးတစ်ယောက်သည် ရှီဟောင်အား မုန်းတီးစွာ စိုက်ကြည့်ပြီး ပြောလိုက်လေ၏။
ဤကဲ့သို့သောလူများကို ရှီဟောင်သည် ထိုသူများ၏ခေါင်းများ ဝက်ခေါင်းကဲ့သို့ဖောယောင်လာသည်အထိ ရိုက်နှက်ပစ်လိုက်လေသည်။ ထို့နောက် ထိုသူ့ထံမှလည်း အားလုံးရှင်းလင်းလိုက်လေ၏။
ထိုကဲ့သို့ပင် ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ သူ တစ်ယောက်မှ အလွတ်မပေးခဲ့ပေ။
အချို့သူများမှာ ရှီဟောင်နှင့်ပူးပေါင်းပေးသောကြောင့် ဘာမှမခက်ခဲခဲ့သော်လည်း အချို့သူများမှာမူ နှာခေါင်းသွေးယိုကာ မျက်နှာတစ်ခုလုံး ဖောယောင်နေလေပြီ။
ထိုကဲ့သို့ အရိုက်ခံရသည့်သူများထဲတွင် မိန်းမလှလေးနှစ်ယောက်လည်း ပါဝင်လေသည်။ ထိုမိန်းမလှလေးများသည် အံကြိတ်ကာ သူ့အား မုန်းတီးစွာပင် စိုက်ကြည့်နေကြလေ၏။
“ကျုပ်ကို ဒီလိုမျိုးလာကြည့်ရဲသေးတာလား .. ခင်ဗျားတို့တင်ပါး ရှစ်စိတ်ကွဲသွားအောင် ရိုက်လိုက်ရမလား..” ရှီဟောင် ခြိမ်းခြောက်လိုက်၏။
“ရှက်စရာကောင်းလိုက်တာ..”
“မုန်းစရာကောင်းလိုက်တာ..”
ထိုမိန်းမလှလေးနှစ်ယောက်မှာ ဒေါသထွက်လွန်းသောကြောင့် မျက်နှာများပင် နီရဲနေလေပြီ။ ဤကောင်မှာ ယုတ်မာလွန်းလှပြီး မိန်းကလေးများကို ငြင်ငြင်သာသာဆက်ဆံရမည်ကိုလည်း မသိပေ။
သူတို့နှစ်ယောက်ကို ရှီဟောင်ကို ကိုက်သတ်ပစ်ချင်လာသည်အထိပင်။
သူတို့နှစ်ယောက်လုံး၏ နောက်ခံများမှာ မသေးကြပေ။ ထာဝရစွမ်းအင်တစ်ကြောင်း ကျင့်ကြံနိုင်သည့်သူများမှာ ရှားပါးလှပြီး ရှေးဟောင်းမြေတစ်ခုတွင် သိပ်များများစားစားမရှိပေ။ သူတို့နှစ်ယောက်လုံးမှာ ထာဝရစွမ်းအင်နှစ်ကြောင်းရှိသောကြောင့် စွမ်းအားအကြီးဆုံးအုပ်စုထဲတွင် ပါဝင်နေလေပြီ။ သူတို့မည်သည့်နေရာသို့သွားသွား ကြယ်များဝန်းရံခံနေရသည့် လကဲ့သို့ပင် သူတို့အား အခြားသူများ ဝန်းရံနေခဲ့၏။
သို့သော် ယနေ့တော့ သူတို့ဓားပြတိုက်ခံလိုက်ရပြီး ပစ္စည်းအသိမ်းမခံရခင်တွင် အရင်ဆုံးရိုက်ခံလိုက်ရသေးသည်။
“ရှင်က လူရောဟုတ်ရဲ့လား” မိန်းမပျိုလေးတစ်ယောက်မှ ဒေါသတကြီးမေးလိုက်သည်။
သူတို့တင်ပါးကိုပင် ရိုက်မည်ဟု ခြိမ်းခြောက်ခံလိုက်ရသဖြင့် သူတို့မူးမေ့လဲကျမတတ်ဖြစ်နေလေပြီ။
ဖက်…
ခြိမ်းခြောက်မှုမှာ တကယ်ဖြစ်လာလေပြီ။ သူတို့တင်ပါးအရိုက်ခံလိုက်ရလေ၏။
အဘယ်ကြောင့်ဆိုသော် သူတို့ပစ္စည်းများဖွက်ထားသည်ကို ရှီဟောင် မကျေနပ်သောကြောင့် ရိုက်လိုက်ခြင်းပင်။ ထို့နောက် သူတို့ထံမှ အဖိုးတန်ပစ္စည်းများကို ယူလိုက်လေ၏။
နောက်ဆုံးတွင်တော့ လူ ၁၀ ယောက်ကျော်မှာ ဆိုးဆိုးဝါးဝါးဆက်ဆံခံလိုက်ရပြီး သူတို့ကိုယ်ပေါ်တွင်ရှိနေသည့် ပစ္စည်းများလည်း ပြောင်သွားလေပြီ။
“ဟွမ် …မင်း ဒီလိုမျိုးလုပ်တာ နည်းနည်းလွန်တယ်လို့ မထင်ဘူးလား .. မင်းလည်း ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်မှာပဲ .. အဲဒီအချိန်ကျရင် ငါတို့ပြန်တွေ့ရမှာလဲ .. အခုမင်းက .. ဘာတွေလုပ်နေတာလဲ..”
အချို့လူများသည် မထိန်းနိုင်တော့ပဲ သူ့အား ကျယ်လောင်စွာပင် သတိပေးလိုက်ကြလေသည်။ သူကြောက်သွားမည်ထင်၍ ပြောလိုက်ကြခြင်းပင်။
ရှီဟောင် သူတို့အား မသတ်ရဲသည်ကို သူတို့သိနေသည်ပင်။ မဟုတ်ပါက ဤသည်မှာ လှိုင်းလုံးကြီးများဖြစ်သွားမည်ပင်။
“ငါလည်း သွားသင့်ပြီ” ရှီဟောင်ပြောလိုက်၏။ သူ ဤရှေးဟောင်းမိုင်းတွင်းထဲတွင် နေနေသည်မှာ အတော်လေး ကြာနေလေပြီ။
ဤရှေးဟောင်းမိုင်းတွင်းထဲတွင် ထူးဆန်းမှုများ ပြည့်နှက်နေဆဲဖြစ်သော်လည်း သူဤနေရာ၌ ကြာကြာမနေချင်။ အဘယ်ကြောင့်ဆိုသော် သူ ဘာမှမရနိုင်တော့သလို ဤနေရာသည် အန္တရာယ်များပြည့်နှက်နေသည့် နေရာတစ်ခုပင်။
“ငါလည်း မကြာခင် ကောင်းကင်နတ်ဘုရားကျောင်းကို သွားမှာ .. ဒါပေမဲ့ မင်းတို့အားလုံးက ငါ့ကို မှတ်မိနေတော့ ငါဘယ်လိုလုပ် မရှက်မကြောက်သွားနိုင်တော့မှာလဲ..” ရှီဟောင် ပြောလိုက်၏။
“မင်း ဘာလုပ်ချင်တာလဲ..” လူငယ်လေးတစ်ယောက် သတိအနေအထားဖြင့် မေးလိုက်လေသည်။
မိန်းမပျိုလေးများမှာ ပို၍ပင် ထိတ်လန့်လာကြကာ မျက်နှာများလည်း ဖြူဖျော့လာလေသည်။
“စိတ်လျှော့ပါ … ငါက ရက်စက်ပြီးတော့ အကြင်နာတရားမရှိတဲ့သူ မဟုတ်ပါဘူး .. ငါမင်းတို့အသက်တွေကို မတောင်းပါဘူး..” ရှီဟောင်သည် အန္တရာယ်မရှိသည့်ပုံစံဖြင့်ပင် ပြောလိုက်လေ၏။
ဤလူများမှာ သူ့ကိုကြည့်လိုက်ကြပြီး ဤကောင်မှ ရန်စ၍ကောင်းသည့်သူမဟုတ်သည်ကို သူတို့သေချာနားလည်သွားရသည်။ ထို့ကြောင့် သူတို့တစ်ယောက်မှ လက်လွတ်စပယ် မပြောရဲကြတော့ပေ။
“ကျုပ်တို့အချင်းချင်း နည်းနည်းလောက်ဆွေးနွေးလိုက်ကြရင်ရော .. ခင်ဗျားတို့အားလုံး ဒီရှေးဟောင်းမိုင်းတွင်းနဲ့ပတ်သတ်တဲ့ မှတ်ဉာဏ်တွေ ဖယ်လိုက်ရင်ရော..” ရှီဟောင်မေးလိုက်၏။
“ငါငြင်းတယ် .. မင်း ငါတို့ကို အရမ်းအနိုင်မကျင့်ရင်ကောင်းမယ်..” သူတို့ထဲမှတစ်ယောက် ဒေါသတကြီး အော်ပြောလိုက်သည်။
ဒုန်း..
ထိုအချိန်တွင် ရှီဟောင်သည် အရိုးဖြူတုတ်ချောင်းဖြင့် ထိုလူ၏ခေါင်းနောက်ကို ရိုက်လိုက်လေသည်။ ထိုတုတ်တွင် အရိုးစာသားများလည်း ပါဝင်နေလေ၏။
ထိုလူသည် အကြိမ်အနည်းငယ်ခန့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် လုံးဝသတိလစ်သွားလေသည်။
ရှီဟောင်သည် ယဉ်ကျေးမနေတော့ပဲ ထိုလူ့စိတ်၀ိညာဥ်၏ မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်းကို ဖယ်ထုတ်ပစ်လိုက်လေ၏။
အခြားသူများ၏ အမူအရာများပြောင်းလဲသွားလေသည်။ ဤသို့ပြုလုပ်သည်မှာ အန္တရာယ်များလွန်းလှသည်။ တစ်ချက်မှားသွားသည်နှင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ဖယ်ရှားခံရနိုင်သည်။
“ငါတို့ ကိုယ့်ဘာသာကိုယ်မေ့အောင် လုပ်လိုက်မယ်” တစ်စုံတစ်ယောက်မှ ထအော်လိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် ဤနေရာမှာ ဆူညံသွားလေသည်။
သူတို့ပူးပေါင်းပါဝင်သည်ဖြစ်စေ သူကိုယ်တိုင်လုပ်ရသည်ဖြစ်စေ နောက်ဆုံးတွင်တော့ ဤနေရာမှာ ရှင်းလင်းသွားလေပြီ။ ပြဿနာရှာရန်ကြိုးစားနေသည့်သူများမှာလည်း မြေပြင်ပေါ်တွင် သတိလစ်လဲကျနေလေပြီ။
“ငါ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်တဲ့အချိန်ကျရင် ငါတို့တစ်ယောက်ကိုတစ်ယောက် မမှတ်မိဖို့ မျှော်လင့်တယ်” ရှီဟောင်ပြောလိုက်၏။
သို့သော်လည်း ဤသည်မှာ မဖြစ်နိုင်ပေ။ ယနေ့ ဖြစ်ပျက်ခဲ့သည်များမှာ မေ့နိုင်ရန် ခက်ခဲလှသည်။
ထို့အပြင် ဤလူများမှာ သာမန်မဟုတ်ကြ။ သူတို့၏ယာယီမှတ်ဉာဏ်များမှုန်ဝါးနေပြီး ဤရှေးဟောင်းမိုင်းတွင်းကို ဝင်ခဲ့သည့်မှတ်ဉာဏ် ဖျက်ခံရသော်လည်း နောက်ပိုင်းတွင် သူတို့တစ်ဖြည်းဖြည်းချင်း ပြန်မှတ်မိလာဦးမည်ပင်။
အပိုင်း ၁၂၈၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၇ – ကြောက်စရာကောင်းသောပုဂ္ဂိုလ်
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် သူအစီအရင်လုပ်ထားသည့်နေရာသို့ ပြန်ရောက်လာသည်။ ထိုနေရာတွင်လည်း ကျွမ်းကျင်သူ ၁၅ ယောက်ရှိနေသည်။
ပြောရမည်ဆိုလျှင် ရှီဟောင် ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များကို အတော်လေး ပုန်ကန်ခဲ့ပြီးလေပြီ။ ယခုဆိုလျှင် အယောက် ၃၀ ပင်ရှိနေလေပြီ။
“ချင်းယွမ်က ငါ့ကိုဘာလို့ ၁၀ နှစ်တောင် ဖိနှိပ်ထားချင်တာလဲ..”
ရှီဟောင် ယခင်က ဤလူများကို ယခင်က စစ်မေးခဲ့ဖူးသည်။ ယခု နောက်ရောက်လာသည့်လူများထံမှ သူအတည်ပြုချက်ရသွားလေပြီ။
ဤလူများသည်လည်း သူ့အားအတူတူပြောခဲ့သည်ပင်။
“ပြောကြတာတော့ အသက်ရှည်မိသားစုဖြစ်တဲ့ လေကလန်က ဖိနှိပ်ပေးဖို့တောင်းဆိုခဲ့တာတဲ့..” တစ်စုံတစ်ယောက်မှ ပြန်ပြောခဲ့သည်။
သို့သော်လည်း ဤသည်မှာ ယခုတလောလေးတွင် ပျံ့လာသည့် ကောလဟာလများသာဖြစ်ပြီး အစစ်လားအတုလား မည်သူမှ မသိနိုင်ပေ။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူ ယခင်က ဤကလန်ကို ဆန့်ကျင်ဖူးသည်ဟု မထင်။ ဤကလန်ကဘာကြောင့် သူ့အား ၁၀ နှစ်ဖိနှိပ်ထားဖို့ ယွဲ့ချင်းအား ပြောခဲ့သနည်း..
“အဲဒီကလန်က ကောင်းကင်နတ်ဘုရားကျောင်းမှာ တပည့်တွေရှိတယ်မလား..” သူ နောက်မေးခွန်းတစ်ခု ဆက်မေးလိုက်သည်။
“ရှိတယ် .. ဖုန်ရှင်းထျန် .. သူက ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့သူ .. သူ့ရဲ့ကျင့်ကြံခြင်းက ငါတို့အသက်အရွယ်ထဲမှာ အတိတ်ရော လက်ရှိအချိန်ထိပါ တုန်လှုပ်စေနိုင်တယ် .. ပြီးတော့ ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ ခုထဲက စွမ်းအားအကြီးဆုံးသူတွေထဲက တစ်ယောက်ပဲ..” သူတို့ထဲမှ တစ်ယောက်မှ ပြန်ဖြေလိုက်သည်။
“ဖုန်ရှင်းထျန်..” ရှီဟောင် ဤစကားလုံးသုံးလုံးကို သူ့မှတ်ဉာဏ်ထဲသိမ်းထားလိုက်သည်။
“အားလုံးပဲ ဆပ်ကြေးပေးဖို့ အချိန်ရောက်ပြီ…” ထို့နောက် ဤလူများကိုကြည့်ကာ သူပြောလိုက်လေ၏။
ထို့နောက် ဤလူများထံတွင်ရှိနေသည့် ပစ္စည်းကောင်းများအားလုံး ရှင်းခံလိုက်ရကာ သူတို့၏မှတ်ဉာဏ်များလည်း ဖယ်ရှားခံလိုက်ရလေသည်။
နောက်ဆုံးတွင်တော့ သူကျေနပ်သွားကာ ရှေးဟောင်းမိုင်းတွင်းအတွင်းထဲတွင် သွားပုန်းနေလိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများကို နောက်တစ်ကြိမ် ဘယ်လိုတွေ့ရမလဲဟု သူစဉ်းစားနေမိသည်။ သူဒီတိုင်းပဲ ထွက်သွားလိုက်ရမလား .. ဒါမှမဟုတ် သူတို့ဝင်လာတာကို စောင့်ရမလား..
သူစဉ်းစားနေသည့်အချိန်မှာပင် မမြင်နိုင်သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာလေသည်။
အမှောင်ထုထဲတွင် အစိမ်းရောင်မျက်လုံးများ တစ်လုံးပြီးတစ်လုံးတောက်ပလာလေသည်။ ဤမျက်လုံးများမှာ ဗိုက်ဆာနေသည့် ဝံပုလွေမျက်လုံးများကဲ့သို့ပင်။ ဤသည်မှာ လူတစ်ယောက်၏ဝိညာဉ်ကို တုန်ယင်သွားစေလေသည်။
ရှီဟောင် ဆံပင်မွေးများထောင်ထလာပြီး ချက်ချင်းလှည့်ပြေးလိုက်သည်။
သို့သော်လည်း ဝင်ပေါက်နားတွင် မျက်လုံးစိမ်းများပိုများနေသည်ကို တွေ့လိုက်ရသည်။ သူလမ်းပိတ်နေပြီး အခြေအနေမှာ အလွန်ဆိုးရွားနေလေပြီ။
ရှီဟောင်သည် အထဲဘက်သို့ ပြေးသွားရုံသာ ရှိတော့သည်။
အူး..
သားရဲများ ဟစ်ကြွေးလိုက်သည့်အသံကြောင့် ရှေးဟောင်းမိုင်းတွင်းတစ်ခုလုံး တုန်ခါသွားလေသည်။
အပြင်ဘက်တွင်ရှိနေသည့် လူအုပ်ကြီးလည်း မျက်နှာပျက်သွားရသည်။ ထူးဆန်းသည့်သားရဲဟစ်ကြွေးသံကို ကြားလိုက်ရပြီး မကောင်းသည့်အဖြစ်အပျက်များဖြစ်ပျက်နေပြီဟု သူတို့ခံစားလိုက်ရသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲနှစ်ယောက်၏မျက်နှာများမှာ ပျက်ယွင်းနေလေပြီ။ ဖီးနှစ်ကိုးကောင်မီးဖို ပြန်ထွက်လာပြီဖြစ်သော်လည်း သူတို့တပည့်များ ပြန်ရောက်မလာသေးပေ။
“ဘာဖြစ်နေတာလဲ.. သူတို့ရဲ့ ဝိညာဉ်မီးအိမ်က အရောင်တောက်နေသေးတယ် .. တစ်ယောက်မှမသေသေးဘူး .. အဲဒါကို သူတို့က ဘာလို့ ဝင်သွားပြီးတော့ ပြန်မထွက်လာတာလဲ..”
ယခင်ရက်များတုန်းက ဝင်သွားသည့် ဂျီးနီးယပ်စ်များ အန္တရာယ်ကင်းကင်းပြန်ထွက်လာနိုင်သောကြောင့် သူတို့စိတ်အေးသွားခဲ့ရသည်။ လူ ၁၀ ယောက်ကျော်ကို တစ်ပြိုင်နက်တည်း ဆုံးရှုံးရလိမ့်မည်ဟု သူတို့တစ်ခါမှ မထင်ထားခဲ့ပေ။
“မဖြစ်တော့ဘူး .. ငါအထဲဘက်ကို သွားကြည့်လိုက်ဦးမယ်..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သားရဲသံများထွက်လာသောကြောင့် မိုင်းတွင်းကြီးမှာ တစ်ခုခုမှားယွင်းနေလေပြီ။ သူတို့သာ ဆက်စောင့်နေပါက ထိုဂျီးနီးယပ်စ်များ တကယ်တစ်ခုခုဖြစ်သွားလိမ့်မည်။
“ငါသွားမယ်..” အခြားတစ်ယောက်မှ ပြောလိုက်၏။ ထို့အပြင် ထိုသူသည် ဖီးနှစ်ကိုးကောင်မီးဖိုကို ဆွဲကာ မိုင်းတွင်းထံသို့ တရှိန်ထိုး ပြေးသွားလိုက်လေ၏။
သူတို့နှစ်ယောက် အတူတူသွား၍ မရ။ တစ်ယောက်ကတော့ ဤနေရာတွင် စောင့်ရှောက်ပေးထားရဦးမည်။ ဤသည်မှာ သူတို့နှစ်ဦးလုံး ပျောက်ကွယ်သွားမည်ကို တားဆီးခြင်းလည်းပါသည်ပင်။
သူတို့သည် အစက အတွေ့အကြုံရရန် လာခဲ့ခြင်းဖြစ်သော်လည်း ဤကဲ့သို့ဖြစ်လာသောကြောင့် သူတို့ခေါင်းကိုက်လာကာ ကိုယ့်ကိုကိုယ်အပြစ်တင်လာမိသည်။ ဤမိုင်းတွင်းသို့လာမိသည့်အတွက် နောင်တရလာကြလေသည်။
ထိုအကြီးအကဲသည် လေဟာနယ်ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားကာ ဖီးနှစ်ကိုးကောင်မီးဖိုမှ အနီရောင်အလင်းတန်းနှင့်အတူ မိုင်းတွင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။
အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းများမှာ အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။ ကောင်းကင်နတ်ဘုရားကျောင်းက ပုဂ္ဂိုလ်တစ်ယောက် မိုင်းတွင်းထဲကို ဝင်သွားပြီ .. ဤသည်မှာ သေးငယ်သည့် ကိစ္စမဟုတ်ပေ။ သူ အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလား..
ဖီးနှစ်ကိုးကောင်မီးဖိုမှာ ထူးခြားသည့်ပစ္စည်းပင်။ ဤကဲ့သို့သော ပုဂ္ဂိုလ်လက်ထဲတွင် သူ၏နတ်စွမ်းအားပိုကြီးလာပြီး လမ်းတွင်ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်လေသည်။ ဤသည်မှာ ထိုတပည့်များလက်ထဲတွင်ထက် ပို၍သာနေသည်ပင်။
“ဒါက ဘာကြီးလဲ..” သူဝင်သွားလိုက်သည်နှင့် တစ်ခုခုနောက်သို့ လိုက်နေပုံပေါ်သည့် မျက်လုံးစိမ်းများစွာကို သူတွေ့လိုက်ရသည်။
ဤသည်မှာ သူ ယခင်က မမြင်ဖူးသည့် ရှေးဟောင်းသားရဲများပင်။ သို့သော်လည်း သူတို့သည် အလွန်စွမ်းအားကြီးသည့်အလောင်းများပင်။
ကောင်းကင်နတ်ဘုရားကျောင်း၏ အကြီးအကဲအမူအရာက မည်းမှောင်သွားကာ မသက်မသာခံစားလိုက်ရသည်။ ထို့နောက်တွင် သူ့တပည့်အချို့၏အော်ရာများကို အာရုံခံလိုက်ရသောကြောင့် ထိုမီးဖိုကိုင်ကာ အပြင်ဘက်သို့ လှည့်ထွက်သွားလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် အစီအရင်တစ်ခုထဲတွင်ရှိနေသည့် လူအချို့ကိုတွေ့လိုက်ရသည်။ သူတို့တစ်ယောက်မှ မလှုပ်ကြတော့ပေ။
“တော်သေးတာပေါ့ .. သူတို့အသက်အန္တရာယ်မရှိဘူး..”
ဤတပည့်များမှာ အခြေအနေအလွန်ဆိုးရွားနေကြသည်။ မျက်လုံးများမှာ ကြောင်တောင်တောင်ဖြစ်နေပြီး သူတို့ယခင်က ဘာဖြစ်ခဲ့သည်ကို မမှတ်မိတော့ပေ။
ခဏကြာပြီးသည့်နောက်တွင် အခြားအစီအရင်တစ်ခုထဲ၌ နောက်ထပ်တပည့်များကို ထပ်တွေ့လိုက်ရသည်။ တပည့်များအားလုံး တစ်ယောက်မှ မသေသောကြောင့် သူစိတ်သက်သာရာရသွားသည်ပင်။
သို့သော် ထိုရှေးဟောင်းသားရဲများကို မြင်လိုက်ရသည့်အချိန်တွင် သူစိတ်လေးသွားပြန်သည်။
ထိုသားရဲများထံတွင် ပုပ်သိုးနေသည့်အော်ရာရှိနေသော်လည်း သူတို့သည် အလွန်စွမ်းအားကြီးကြသည်ပင်။
“သူတို့က ဘာနောက်ကိုလိုက်နေတာလဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲသိချင်သွားသည်။ သူ ထိုနောက်သို့ လိုက်သွားချင်မိလေသည်။
ရွှီး..
ဤအကြီးအကဲ၏အသက်သည် မငယ်တော့သော်လည်း သူသည် ယုန်တစ်ကောင်ကဲ့သို့ ဖြတ်လတ်နေပြီး ပန်တစ်ကောင်ကဲ့သို့ ရဲဝံ့နေဆဲပင်။
သို့သော် သူအထဲလိုက်ဝင်သွားသည့်အချိန်တွင် နောက်တစ်ကြိမ် အေးစက်သွားရပြန်သည်။ သူမြင်လိုက်ရသည့်မြင်ကွင်းမှာ သူ့အား ထိန်းမထားနိုင်လောက်အောင် တုန်လှုပ်သွားစေလေသည်။
ဤကဲ့သို့သော ခံစားမှုမျိုး သူ ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ သူတာအိုကို ရရှိပြီးနောက် သူ့ဘဝတွင် အမြင့်ဆုံးကျင့်ကြံဆင့်သို့ ရောက်ခဲ့သည့်တိုင် ဤကဲ့သို့သော အခြေအနေမျိုးကို သူတစ်ခါမှ မကြုံဖူးခဲ့ပေ။ သူ၏ဝိညာဉ်ပင်လျှင် တုန်လှုပ်နေပြီး ဒူးထောက်ဦးညွှတ်ချင်စိတ်များ ဖြစ်ပေါ်လာလေသည်။
သူ၏ခွန်အားမှာ မိုးကောင်းကင်အောက်မှ ဂိုဏ်းအားလုံးကို လွှမ်းမိုးနိုင်ရန် မလုံလောက်သော်လည်း အလွန်ကြောက်စရာကောင်းနေဆဲပင်။ သူ ဤကဲ့သို့ ကြောက်ရွံ့မှုကြောင့် တုန်ယင် မနေသင့်။
နောက်ဆုံးတွင်တော့ ထိုပုဂ္ဂိုလ်ကို သူတွေ့လိုက်ရလေပြီ။ ထိုလူသည် တစ်ဖက်လှည့်လာကာ သူ့ပုံစံအစစ်ကို ပြသလာလေသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲမှ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံးတောင့်တင်းသွားကာ သူ၏ဆံပင်ဖြူများလည်း ထောင်တက်သွားလေ၏။
ထိုလူမှာ အသက်မရှိသည့်မျက်နှာရှိနေပြီး မျက်လုံးများမှာလည်း ခံစားချက်ကင်းမဲ့နေသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲမှ ဤလူကို ယခင်ကတွေ့ဖူးသည်..
“တကယ်ပဲ သူလား..” သူ၏အသံမှာ ကြောက်ရွံ့မှုကြောင့် တုန်ခါနေလေ၏။
ဤသည်မှာ ယခုလက်ရှိခေတ်မှ လူတစ်ယောက်မဟုတ်ပေ။ သူနှင့် စွမ်းအားကြီးသည့်သူအချို့အတွက် ဤသည်မှာ မရင်းနှီးသည့်မျက်နှာ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းဘုရားကျောင်းအချို့တွင် ဤလူ၏ ရွှေရောင်ရုပ်ထုကြီး ထုလုပ်ထားပြီး ကိုးကွယ်နေကြသည်ပင်။
ဤလူမှာ စွမ်းအားမကြီးပါက ရှေးဟောင်းဘုရားကျောင်းများတွင် ဘယ်လိုလုပ် သူ့ပုံကို ထုလုပ်ကိုးကွယ်ကြမည်နည်း..
ထိုအသက်မဲ့သည့် မျက်လုံးများဖြင့် ကြည့်ခံလိုက်ရသည်နှင့် ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲသည် ခေါင်းမှခြေထိ ကြက်သီးထသွားလေသည်။ ထိုတစ်ခဏတွင် သူသည် အသက်ရှူရပ်တန့်တော့မလိုပင်။
ဤခံစားချက်မှာ အလွန်ဆိုးရွားလှသည်။ သူ၏ဝိညာဉ်ပင်လျှင် သူ့ခန္ဓာကိုယ်မှ ထွက်သွားတော့မည်။
ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲသည် အများကြီးစဉ်းစားမနေတော့ပဲ ပြေးထွက်ခဲ့လိုက်သည်။ ဖီးနှစ်ကိုးကောင်မီးဖိုလက်ထဲ ရှိနေလျှင်ပင် သူဤနေရာတွင် မနေရဲ။ သူ မစွန့်စားချင်..
ထိုပုဂ္ဂိုလ်သည် သူထွက်သွားသည့်ဘက်ကို ရပ်ကြည့်နေပြီး ခဏကြာမှသာ စတင်လမ်းလျှောက်လာလေသည်။
ရှီဟောင်လည်း အန္တရာယ်ကြီးကို အာရုံခံမိသည်။ သူ မယှဉ်နိုင်သည့် သက်ရှိတစ်ယောက် သူ့ထံသို့ ဦးတည်လာနေသည်ကို သူသိနေသည်။
နောက်ဆုံးတွင်တော့ ရှီဟောင်သည် အနက်ရောင်နန်းတော်ထဲသို့ ဝင်လိုက်ကာ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကျွမ်းကျင်သူများနှင့်အတူတူ ရပ်လိုက်သည်။ ဝိညာဉ်တစ်သောင်းသင်္ကေတကို လက်ထဲတွင် ကိုင်ထားပြီး တိတ်တဆိတ်သာ ရပ်စောင့်နေလိုက်သည်။
အပြင်ဘက်မှ သားရဲဟိန်းသံများကို ကြားနေရဆဲပင်။
တစ်ချိန်တည်းမှာပင် ရှီဟောင် သေစေနိုင်သည့်စွမ်းအင်များကို အာရုံခံမိလိုက်သည်။ ဤသည်မှာ သူတွေ့သည့်သူမှန်သမျှ၏ အသက်ကို နှုတ်ယူသွားမည့် သေမင်းနတ်ဘုရား ရောက်လာသကဲ့သို့ပင်။
ရှီဟောင်သည် ထိုလူများနှင့် သားရဲများ ထွက်သွားမည့်အချိန်ကိုသာ မလှုပ်မယှက်စောင့်နေလိုက်သည်။
သူထွက်သွားသည်နှင့် ထိုသက်ရှိသည် လက်တစ်ဖက်လှန်လိုက်ရုံဖြင့် သူ့အားသတ်နိုင်သည်ဟု ရှီဟောင်ခံစားနေရသည်။
ဤသည်မှာ အတော်လေးတော့ ထူးဆန်းနေသည်ပင်။ ထိုသက်ရှိကြီးသည် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲကို အကြည့်တစ်ချက်ဖြင့် ထွက်ပြေးသွားအောင် လုပ်လိုက်သော်လည်း နန်းတော်တံခါးများကို တွန်းဖွင့်ကာ ဝင်သွားရမည်ကိုတော့ အတော်လေး တွန့်ဆုတ်နေလေသည်။
သူသည် အနက်ရောင်နန်းတော်ထဲသို့ ဝင်ရမလား မဝင်ရဘူးလား စဉ်းစားနေသည့်ပုံပင်။
ရှီဟောင်လည်း စိတ်လှုပ်ရှားနေရ၏။ ဒီလူက ဘယ်သူလဲ .. ဒီလူက ပြန်မွေးဖွားလာတာလို့ သူ ဘာလို့ ခံစားနေရတာလဲ..
အချိန်တစ်ခုကြာသွားသည့်ပြီးသည့်နောက်တွင် သူခံစားနေရသည့် ဖိအားပျောက်ကွယ်သွားပြီး သားရဲဟိန်းသံများလည်း မရှိတော့ပေ။ ရှီဟောင် တံခါးကြီးကို တွန်းဖွင့်ကြည့်လိုက်သည့်အချိန်တွင် ထိုလူမရှိတော့သည်ကို တွေ့လိုက်ရသည်။
“သူက ဒီရှေးဟောင်းနန်းတော်ကြီးကို ကြောက်တာလား..” ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။
အဲဒီလိုလူမျိုးတောင် လက်လွတ်စပယ်မဝင်ရဲတာဆိုတော့ ဒီအနက်ရောင်နန်းတော်ကြီးကို ဘယ်သူတွေဆောက်ခဲ့တာလဲ..
ပြီးတော့ အဲဒါက အသိဉာဏ်ရလာတဲ့ အလောင်းလား .. သူက ပြိုင်ဘက်ကင်းတဲ့ ထာဝရဘုရင်တော့ မဟုတ်လောက်ဘူးမလား…
ထိုသို့စဉ်းစားမိသည်နှင့်ပင် ရှီဟောင်ကျောချမ်းသွားရသည်။
“ငါရဲ့ခွန်အားတွေတိုးဖို့ ကောင်းကင်နတ်ဘုရားကျောင်းကို အရင်သွားရမယ်..”
သူ ဆုံးဖြတ်ချက်ချလိုက်၏။ သူ စီရင်စုသုံးထောင်မှ ထွက်လာပြီးသည့်နောက်တွင် ယွမ်ချင်းနှင့် အခြားသူများ၏ခွန်အားများကို ရင်ဆိုင်ကြုံတွေ့လိုက်ရပြီး ရှေးဟောင်းမိုင်းတွင်းထဲတွင်လည်း အန္တရာယ်ကြုံတွေ့လိုက်ရသည်။ ကောင်းကင်နတ်ဘုရားကျောင်းသာလျှင် တစ်ခုတည်းသော နေရာဟု သူ ခံစားလိုက်ရသည်။
အပိုင်း ၁၂၈၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၈ – ခိုးလိုက်သွားခြင်း
ရှီဟောင် ထွက်လာခဲ့လိုက်သည်။ သူသည် မှောင်မည်းနေသည့် မိုင်းတွင်းတွင် နေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သောကြောင့် နေရောင်များ၊ တောတောင်များကို မြင်လိုက်ရသည့်အချိန်တွင် သူသည် အိပ်မက်မက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။
မြေအောက်လောကမှာ ထူးဆန်းသည့်အရာများဖြင့် ပြည့်နှက်နေသည်။
ဤနေရာတွင် ထာဝရဘုရင်တစ်ယောက်၏အလောင်းပင်ရှိနေနိုင်သည်။ ပုန်းကွယ်နေသည့်အရာများစွာလည်း ရှိနေသည်ပင်။
ရှီဟောင် စဉ်းစားလေလေ ဤနေရာမှာ ထူးခြားသည်ဟု ထင်လာလေလေပင်။ ဖီးနှစ်ကိုးကောင်မီးဖိုပင်ရှိနေသောကြောင့် အတွင်းပိုင်းတွင် မည်သည့်အရာများမြှုပ်နှံထားသည်ကို ဘုရားသာ သိလိမ့်မည်။
ကံမကောင်းစွာဖြင့်ပင် အသက်ကျောက်တုံးများကိုတော့ သူ မတွေ့ခဲ့ရပေ။
ရှီဟောင် အလောတကြီးဝင်ကာ ပြန်ထွက်လာသောကြောင့် ထိုကျောက်တုံးများကို မမြင်လိုက်ရပေ။ လမ်းတွင်ရှိသော်လည်း သူမမြင်ပဲ ကျော်သွားလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ဤနေရာမှ အန္တရာယ်များလှသည်။ အသိဉာဏ်ရလာသည့် အလောင်းတစ်လောင်းရှိနေပြီး သူ့ အနက်ရောင်နန်းတော်ထဲတွင် ပိတ်မိမလိုပင်ဖြစ်သွားခဲ့သောကြောင့် ဘာကိစ္စပဲဖြစ်ဖြစ် သူ ဤအထဲတွင် မနေခဲ့နိုင်။
အပြင်ဘက်တွင်ရှိနေသည့် လေထုမှာလည်း ထိုမျှသန့်ရှင်းနေသည်မဟုတ်ပေ။ ညစ်ပတ်သည်ဟုပင် ပြော၍ရသည်။ ဤနေရာတွင် အပင်မရှိသောကြောင့် မြေပြင်ပေါ်သို့ နေရောင်များတိုက်ရိုက်ကျလာသည့်အချိန်တွင် သဘာဝတရားကြီးလည်း ယိုယွင်းလာသည်ပင်။
ရှီဟောင်ထွက်လာသည်နှင့် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းကို အသုံးပြုကာ မြေကြီးထဲသို့ ဝင်သွား၏။ ဤနေရာမှ သူ လျင်မြန်စွာ ထွက်သွားလိုက်သည်။
ဤနေရာတွင်ပြောင်းလဲမှုကြီးဖြစ်ခဲ့သောကြောင့် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများပင် ထိတ်လန့်တကြား ပြန်ဆုတ်သွားလေပြီ။ အခြားစွမ်းအားကြီးသည့်သူများလည်း ဤနေရာတွင် မနေရဲတော့ပေ။
သို့သော်လည်း ခပ်ဝေးဝေးတွင်တော့ လူအတော်များများရှိနေသေးသည်ပင်။
အရေးကြီးသည့်လူများမှာတော့ အန္တရာယ်များမှ ရှောင်ရှားနိုင်ရန်အတွက် အာကာသသို့ ယာယီထွက်သွားလေပြီ။
ဤကြယ်မှာ အလွန်ကြီးမားလှသည်ပင်။ ရှီဟောင်သည် သူ့ကိုအခြားသူများအာရုံစိုက်လာမည်ကို မလိုလားသောကြောင့် ဤနေရာမှ တိတ်တဆိတ်သာ ထွက်သွားလိုက်သည်။
အနန္တကောင်းကင်သို့ တိုက်ရိုက်ပျံသန်းသွားရန်မှာ ခက်ခဲလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတို့အာကာသအပြင်ဘက်သို့ ရောက်နေပြီး ဤကြယ်နှင့် ထိုရှေးဟောင်းမြေမှာ အတော်လေး ဝေးကွာလှသည်။ သူသာ တကယ်ဖြတ်သွားမည်ဆိုလျှင် ဘယ်နှစ်လ၊ ဘယ်နှစ်နှစ်ကြာမှ ရောက်နိုင်မလဲ မသိနိုင်ပေ။
ထို့အပြင် လမ်းတစ်လျှောက်တွင် အန္တရာယ်ရှိသည့်အရာများရှိနေသေးသည်။ ဤဟင်းလင်ပြင်သည် ရှေးဟောင်းစစ်မြေပြင်ဖြစ်ဖူးသောကြောင့် စစ်လက်နက်အကြွင်းအကျန်များပြည့်နေပြီး ဖြတ်သန်းသွားလာရန် ခက်ခဲလှသည်။
“စောင့်နေရုံပဲပေါ့ ..” ရှီဟောင် အံကြိတ်၍ပြောလိုက်သည်။ သူ ဤနေရာသို့ ရောက်နေသည်မှာအချိန်အတော်ကြာနေပြီဖြစ်သောကြောင့် နောက်ထပ် ၂ ရက်လောက်စောင့်လိုက်ရလည်း ဘာမှထူးခြားမည်မဟုတ်။
ရှီဟောင် ယခု ရှေးဟောင်းမိုင်းတွင်းသို့ လာရသည်မှာ နာကျင်မှုထက် ကြောက်လန့်မှုက ပိုများခဲ့သည်။ ရှေးဟောင်းကောင်းကင်ပညာကို ရခဲ့သည်ကတော့ သူ၏အကောင်းဆုံး ဆုလာဘ်ပင်။ သူသည် ကောင်းကင်နတ်ဘုရားကျောင်းတွင် ဤသည်ကို အမှီပြုကာ နေရမည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင်ရှိနေသည့် စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်များမှာ ရှေးဟောင်းကောင်းကင်ပညာများကို ပိုင်ဆိုင်ထားကြသည်။
ယခု သူသည် ပြန်လည်မွေးဖွားခြင်းကို ဖြတ်သန်းခဲ့သောကြောင့် လက်ရှိတွင် သူ၏ခန္ဓာကိုယ်ဖြစ်စေ ဝိညာဉ်ဖြစ်စေ အတော်လေး အားကောင်းလာသည်။
ယခုတော့ သူလည်း ထိုသူများနှင့် စမှတ်ခြင်းတူသွားပြီဟု ပြော၍ရသည်။
“ကောင်းကင်နတ်ဘုရားကျောင်းက အတော်လေးကောင်းတဲ့နေရာတစ်ခုပဲ .. ဖီးနှစ်သွေးရေကန်တောင်ရှိတာဆိုတော့ နောက်ခံတောင့်တင်းတယ် .. အဲဒီကျောင်းကို ဝင်ဖို့ မစောင့်နိုင်တော့ဘူး..” ရှီဟောင်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ သက်ပြင်းချမိသွားသည်။ ရှေးဟောင်းမိုင်းတွင်းထဲတွင် သက်ရှည်ဆေးပင်ကိုတွေ့ခဲ့သော်လည်း သူ မဖမ်းနိုင်ခဲ့။ ထိုသက်ရှိမှာ မြန်လွန်းလှသည်။
ဤသည်မှာ သူ့အား အတော်လေးနောင်တရသွားစေသည်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုလုံးတွင် သွားရှာလျှင်ပင် အများကြီးရှိမည် မဟုတ်ပေ။
“ငါ ဆေးပုံစံတောင် သေချာမမြင်လိုက်ရဘူး .. သူက ရှေးဟောင်းမှတ်တမ်းထဲက ဘယ်ဆေးပင်များဖြစ်မလဲ..”
ဤဆေးပင်မှာ ထာဝရဘုရင်သေဆုံးပြီးနောက် ဖြစ်လာသည့်ဆေးပင်ဖြစ်လိမ့်မည်ဟုလည်း သူသံသယဝင်မိသည်။
အဘယ်ကြောင့်ဆိုသော် အရိုးစာအုပ်များတွင် ဤကဲ့သို့ မှတ်တမ်းတင်ထားသည်။ သေဆုံးပြီးနောက် မသေမျိုးဆေးပင်အဖြစ်ပြောင်းလဲသွားကာ ထာဝရနေသွားသည့် ပြိုင်ဘက်ကင်းထာဝရဘုရင်များရှိနေသည်ပင်။
“တကယ်ကိုထူးဆန်းတယ် ..ထာဝရဆေးပင်၊ အနက်ရောင်ရှေးနန်းတော်၊ ဖီးနှစ်ကိုးကောင်မီးဖို.. ဒီနေရာမှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိနေတာပဲ..”
ရှီဟောင်သည် ထိုနေရာတွင် ရက်ပေါင်းများစွာ လှည့်လှည်သွားလာခဲ့ပြီး ထိုဂိုဏ်းကြီးများကို လေ့လာခဲ့သည်။ သို့သော်လည်း ထွက်ခွာမည့် စစ်သင်္ဘောများမရှိသေးသလို မည်သူမှလည်း ထွက်မသွားသေးပေ။
သူထွက်သွားနိုင်ရန် ထိုလူများ၏ စစ်သင်္ဘောများ ထွက်ရန် လိုအပ်သည်။
သူစောင့်နေရုံသာ။ ဤသည်မှာ စိတ်ရှည်ရန်အတော်လေး လိုအပ်သည်။ အချိန်များမှာ ယခုမှ ကုန်တာနှေးလွန်းတယ်ဟု ရှီဟောင် ခံစားနေရသည်။
သူ ဤနေရာတွင် အချိန် မဖြုန်းချင်ပေ။ အဘယ်ကြောင့်ဆိုသော် စက္ကန့်တိုင်းမှာ သူ့အတွက် အရေးကြီးနေသည်။ မဟုတ်ပါက တစ်ဖက်လူက အဘယ်ကြောင့် သူ့အား ၁၀ နှစ်ပင် ဖိနှိပ်ထားချင်မည်နည်း..
သူ့အမြင်အရဆိုလျှင် ကောင်းကင်နတ်ဘုရားကျောင်း၌ လူအချို့သာ ရရှိလိမ့်မည့် အကျိုးကျေးဇူးကြီးများရှိနေလောက်သည်။ မဟုတ်ပါက သူ့ပြိုင်ဘက်များ သူ့အား ဤလောက်ထိ လုပ်မည် မဟုတ်ပေ။
သူ့အား ဤကဲ့သို့ ဖိနှိပ်ထားခြင်းမှာ သူ့အား ဒေါသထွက်စေသည်။
သို့သော်လည်း ကောလဟာလများမှာ အစစ်လား အတုလား သူ မသိပေ။ ဒါက တကယ်ပဲ လေကလန်က လုပ်တာလား..
သူ ကောင်းကင်နတ်ဘုရားကျောင်းကို မဝင်ရသေးသော်လည်း သူသတိထားရမည့် စွမ်းအားကြီးသည့်ပြိုင်ဘက်များရှိနေပြီထင်သည်။ ဥပမာအားဖြင့် လုထော်နှင့် လေကလန်မှ ဖုန်းရှင်းထျန် .. ထို့အပြင် သက်ရှည်မိသားစုမှ မမလေးသည်လည်း အနီးကပ်ပြိုင်ဘက်ပင်။
ဝမ်မိသားစုအကြောင်း စဉ်းစားမိသွားသည့်အချိန်တွင် သူ့ခေါင်းပေါ်တွင်ရှိနေသည့် စိန်ခေါင်းပတ်ကြီးကို သူပွတ်မိသွားသည်။ ဤအရာကြီးမှာ မာကျောလှပြီး သူ့ခေါင်းနှင့် ဆက်နေသောကြောင့် ဖယ်ပစ်၍ မရပေ။
သူ၏လက်ရှိအင်အားနှင့်ဆိုလျှင် ဤခေါင်းပတ်မှာ သူ့အား ကန့်သတ်ထားနိုင်မည်မဟုတ်ပေ။
သို့သော် ဤအရာကို ဖယ်ရှားရန်အတွက်လည်း အနည်းငယ် အခက်တွေ့နေသည်။ သူအောင်မြင်နိုင်လိမ့်မည်ဟု သိပ့်ယုံကြည်ချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က ထာဝရဓားဖြင့် ဤခေါင်းပတ်ကြီးကို ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း ဤခေါင်းပတ်တွင် အရိုးစာသားများရှိနေသည်ကို တွေ့လိုက်ရသည်။ ဤခေါင်းပတ်ကြီးမှာ ပေါက်ကွဲမလိုပင် ဖြစ်သွားသေးသည်။
ရှီဟောင် လက်လွတ်စပယ် မလုပ်ရဲတော့။ ဤအရာမှာ သူ၏မူလဝိညာဉ်နှင့် နီးကပ်နေသောကြောင့် တစ်ချက်မှားသွားသည်နှင့် သူ့ခေါင်းကြီး ပေါက်ကွဲသွားကာ သူ့မူလဝိညာဉ်လည်း ဒဏ်ရာရသွားလိမ့်မည်။
သို့သော်လည်း ဤအရာကြောင့် ဖိနှိပ်မခံရနိုင်ရန် သူလုပ်နိုင်သည်ပင်။ သူ၏တည်ရှိမှုကို လျစ်လျူရှုထား၍ရသည်။
စိန်ခေါင်းပတ်မှာ ငွေရောင်အလင်းများ တောက်ပနေလေသည်။ ရှီဟောင် ဤသည်ကို ဝတ်ထားသောကြောင့် သူသည် ထူးခြားသည့်ပုံစံဖြစ်နေ၏။
သူခေါင်းငုံ့လိုက်ကာ ဤသည်ကို ဖုံးကွယ်ရန် ကြိုးစားလိုက်သော်လည်း သူသည် ဘုန်းကြီးတစ်ပါးနှင့်ပင် တူသွားလေသည်။
“ထားလိုက်တော့ .. နောက်မှ ဝမ်မိသားစုကို ပြန်ဖယ်ခိုင်းလိုက်တော့မယ် .. အဲဒီအချိန်ကျရင် ကောင်းကင်နတ်ဘုရားကျောင်းမှာ သူတို့မမလေးကို ဖမ်းလိုက်လို့လည်းရတယ်..” ရှီဟောင် ရေရွတ်လိုက်သည်။
ရက်ပေါင်းများစွာ စောင့်ပြီးသည့်နောက်တွင် မူလကြယ်၌ လှုပ်ရှားမှုတစ်ချို့ ရှိလာလေပြီ။ အပြာရောင်သင်္ဘောကြီး ထိုးစိုက်လာပြီးနောက် လူများစွာမှာ ထိုသင်္ဘောကြီး ပွင့်လာရန် စောင့်ဆိုင်းနေကြလေသည်။
ရှီဟောင်လည်း ထိုနေရာသို့ တရှိန်ထိုးပြေးသွားလိုက်ကာ လူအုပ်ထဲတွင် ရောနေလိုက်သည်။
ဤသည်မှာ ကျင့်ကြံသူပေါင်း ၈ထောင်၊ ၉ ထောင်ခန့်ကို လာရောက်ပို့ဆောင်ပေးသည့် ကျွန်သင်္ဘောကြီးပင်။
ကျွန်များတစ်စုပြီးတစ်စုဆင်းလာသည်ကို လူအုပ်ထဲတွင် ပုန်းပြီးကြည့်နေလိုက်သည်။
သူသည် စူးရှသည့်မျက်လုံးများဖြင့်ပင် အထဲသို့ ခိုးဝင်နိုင်မည့် အခွင့်အရေးကို ရှာဖွေလိုက်သည်။
သင်္ဘောကြီးသည် ဤနေရာတွင် ၂ ရက်ရပ်တန့်မည်။ ဤအတောအတွင်းတွင် ဤနေရာမှာ ဆူညံလှုပ်ရှားနေပြီး အချို့စွမ်းအားကြီးသည့်သူများမှာ ဤသင်္ဘောကြီးကို ငှားရမ်းကာ ဤနေရာမှ ထွက်သွားကြသည်ပင်။
ဤနေရာသို့ မကြာခဏရောက်လာသည့် သင်္ဘောများသည်လည်း ထိုသူများကို မျက်နှာသာပေးသည့်အနေဖြင့် ဤနေရာရှိလူများကို ပြန်ခေါ်ပေးသွားကြသည်။
ဤနေရာတွင် လူများရှုပ်ထွေးနေပြီး ဆူညံပွက်လောရိုက်နေလေသည်။
ရှီဟောင်သည် ဤသည်ကို အခွင့်အရေးယူကာ သင်္ဘောပေါ်သို့ တက်သွားလိုက်သည်။ အဆင့်နိမ့်သည့်သူများမှာ သင်္ဘောပေါ်သို့ တက်ချင်ပါက အခကြေးငွေများစွာ ပေးရသည်။ ကံကောင်းစွာဖြင့်ပင် သူ ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များထံမှ ဓားပြတိုက်ထားသည်များရှိနေသေးသည်။
သူသင်္ဘောပေါ်သို့တက်သွားလိုက်သည်နှင့် ရှားပါးသည့် ကောင်းကင်ရတနာတစ်ချို့ကို ပေးခဲ့လိုက်ရလေသည်။
ဤကဲ့သို့သော ကိစ္စများတွင် ဤကျွန်သင်္ဘောကြီးများမှာ မျက်လုံးပိတ်ထားပေးသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကိစ္စများစွာကို သူတို့မြင်ဖူးသည်။ အမှားလုပ်မိသည့် တပည့်များကို သူတို့မိသားစုမှ ဤနေရာသို့လာပို့ထားတတ်ကြသည်။ ပြန်သွားရန်အတွက်မူ သူတို့ဘာသာသူတို့ နည်းလမ်းရှာရသည်။
ထို့ကြောင့်ပင် ဤကိစ္စများမှာ ရှီဟောင်အတွက် အတော်လေး ချောမွေ့နေခြင်းပင်။
သို့သော် မမြင်နိုင်သည့်အန္တရာယ်များကို ရှောင်ရှားရန်အတွက် သူ ပြောင်းလဲခြင်း ၇၂ မျိုးဖြင့် ရုပ်ဖျက်ခဲ့ရသေးသည်။
သင်္ဘောကြီးသည် တဝူဝူအသံဖြင့် စတင်ထွက်ခွာနေလေပြီ။ သင်္ဘောကြီးသည် အပြာရောင်အလင်းတန်းအဖြစ်ပြောင်းကာ အနက်ရောင်ကြယ်ကောင်းကင်ကြီးထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။
“အမ် .. တစ်ခုခုတော့မှားနေတယ် .. အခုလေးတင် စိန်ခေါင်းပတ်ကနေ တုံ့ပြန်မှုရလိုက်သလိုပဲ .. သူ ရှေးသင်္ဘောကြီးထဲကို ဝင်သွားပြီ..” ဝမ်မိသားစုမှ လူလတ်ပိုင်းအမျိုးသားတစ်ယောက် ပေါ်လာလေသည်။ သူသည် ထွက်သွားသည့် စစ်သင်္ဘောကြီးကို ခေါင်းမော့ကာ ကြည့်နေလေ၏။
ထို့နောက် အကြီးအကဲတစ်ယောက်လည်း အလောတကြီးရောက်လာကာ ထိုမှောင်မည်းနေသည့် ကောင်းကင်ကြီးကို စိုက်ကြည့်လိုက်လေသည်။
“မဖြစ်နိုင်ဘူးမလား .. အဲဒီလူငယ်လေး ရှေးဟောင်းမိုင်းတွင်းထဲမှာ သေသွားလောက်ပါပြီ .. သူ ပြန်ပေါ်လာနိုင်တယ်လို့တော့ မပြောနဲ့နော်..” လူလတ်ပိုင်းအမျိုးသားမှ ပြောလိုက်သည်။ သူ့အမြင်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များပြန်ဆုတ်ရပြီး အကြီးအကဲနှစ်ယောက်ပင် ပြန်ပြေးသွားရသောကြောင့် ရှေးဟောင်းမိုင်းတွင်းထဲသို့ ရက်ပေါင်းများစွာ ရောက်နေသည့် ရှီဟောင်လည်း အသက်မရှင်နိုင်တော့ပေ။
“နှမြောစရာပဲ .. သူ့ကိုသာ မမလေးနားပို့လိုက်ရင် သူက သေချာပေါက်ကို စွမ်းအားကြီးတဲ့အစေခံဖြစ်မှာ .. ဘာပဲဖြစ်ဖြစ် သူက ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံပြီးသွားပြီလေ .. သူ ဒီလိုမျိုးသေသွားရတာက အရမ်းနှမြောဖို့ကောင်းတာပဲ..”
အကြီးအကဲတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။
သင်္ဘောကြီးမှာ အရှိန်ဖြင့် ဆက်သွားနေဆဲပင်။
ကျင့်ကြံသူများသာ ကိုယ့်ဘာသာကိုယ် ပျံသန်းသွားမည်ဆိုပါက ဤမှောင်မည်းအေးစက်နေသည့် အာကာသဟင်းလင်းပြင်ထဲတွင် အလွယ်တကူ လမ်းပျောက်သွားနိုင်၏။
နောက်ဆုံးတော့ သူတို့ အနန္တကောင်းကင်သို့ ပြန်လည်ရောက်ရှိလာလေပြီ။
“ဒီတစ်ခေါက်တော့ ငါ ကောင်းကင်နတ်ဘုရားကျောင်းထဲကို ဝင်ရမယ် .. ငါတိုးတက်ဖို့ အချိန်ရောက်ပြီ..” ရှီဟောင် သူ့ကိုယ်သူပြောလိုက်ပြီး မျက်လုံးများလည်း တောက်ပနေလေသည်။
အပိုင်း ၁၂၈၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၈၉ – ကောင်းကင်နတ်ဘုရားကျောင်း
ဤရှေးဟောင်းတိုက်ကြီးမှာ ကျယ်ပြောလှသည်။ ဤနေရာမှာ အနန္တကောင်းကင်ပင်။
ကောင်းကင်ပေါင်း ကိုးခုရှိပြီး ဤနေရာသည် ထိုထဲမှ တစ်ခုပင်။
မိုးကုပ်စက်ဝန်းအဆုံးကိုပင် မမြင်ရပေ။ ဘေးချင်းကပ်ရပ်ရှိနေကြသည့် ကြယ်များသည်လည်း ဤရှေးဟောင်းမြေနှင့်ယှဉ်လျှင် သဲပွင့်များကဲ့သို့ပင်။
ကောင်းကင်နေလုံးကြီး တစ်ခုထက်ပိုရှိနေမည်မှာ သေချာသည်။
နယ်မြေတိုင်းတွင် နေတစ်လုံးစီရှိနေပြီး မနက်လင်းလျှင်ထွက်လာကာ ညနေတွင် ဝင်သွားမည်ပင်။
“အားလုံးက ရှေးဟောင်းရွှေကျီးကန်းတွေကနေ ဖြစ်လာတာ..” ရှီဟောင်သက်ပြင်းချ၍ ပြောလိုက်သည်။
အချို့ ရှေးဟောင်းကျီးကန်းများမှာ သေမျိုးလောက၏ကန့်သတ်ချက်ပင် ကျော်လွန်၍ စွမ်းအားကြီးကြသည်ကို သူသိသည်။ ကံမကောင်းစွာဖြင့်ပင် ထိုကျီးကန်းများလည်းသေဆုံးသွားကြကာ သူတို့၏အလောင်းများမှာ နေအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရှီဟောင် စစ်သင်္ဘောမှ ထွက်သွားသည်မှာ သိပ်မကြာသေးခင်မှာပင် လေဟာနယ်ထဲမှ ခရမ်းရောင်စစ်သင်္ဘောကြီးရောက်လာကာ အပြာရောင်စစ်သင်္ဘောကြီးကို မှီသွားလေသည်။
“တာအိုရောင်ရင်း .. ခဏလောက်စောင့်ပါဦး..”
ဤသည်မှာလည်း ကျွန်သင်္ဘောကြီးပင်။ သူသည် ဤအပြာရောင်သင်္ဘောကြီးကို မှီရန်အတွက် မူလကြယ်မှ အလောတကြီး ရောက်လာခြင်းပင်။
“ဘာလဲ..” အပြာရောင်သင်္ဘောကြီး ရပ်တန့်သွားကာ ခေါင်းဆောင်မှ မေးလိုက်သည်။
“ကျွန်တော်တို့က မူလရှေးဟောင်းမိုင်းတွင်းကလာတာပါ .. ကျွန်တော်တို့ကလန်က အရေးကြီးတဲ့ ကျွန်တစ်ယောက် လွတ်သွားလို့..” ဝမ်မိသားစုမှ အကြီးအကဲတစ်ယောက် အပြေးလေး ရောက်လာလေ၏။
ကံမကောင်းစွာဖြင့်ပင် သူ ဤနေရာသို့ ရောက်လာသည့်အချိန်တွင် အပြာရောင်စစ်သင်္ဘောကြီးပေါ်မှ လူတစ်စု ထွက်သွားလေပြီ။ သူ စစ်သင်္ဘောပေါ်သို့တက်ရှာလိုက်သော်လည်း စိတ်ပျက်ခြင်းဖြင့်သာ အဆုံးသတ်သွားလေသည်။
ရှီဟောင် ဤအကြောင်းများကို မသိပေ။ သူသည် ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုကို အသုံးပြုကာ ဤနေရာမှ ထွက်သွားလေပြီ။
“ကောင်းကင်နတ်ဘုရားကျောင်း..”
သူ့ထံတွင် ဦးတည်ချက်တစ်ခုသာရှိသည်။
သူစီရင်စုသုံးထောင်က ထွက်လာကတည်းက သူ၏ခရီးလမ်းမှာ နှောင့်နှေးမှုများစွာဖြင့် မချောမွေ့ခဲ့ပေ။ ထို့ကြောင့် သူ အချိန်တိုအတွင်း ထိုကျောင်းသို့ မြန်မြန်ရောက်သွားရန်လိုသည်။
သူ ယခင်က နယ်ခြားစပ်ကို ရောက်ဖူးသည်။ တစ်ဖက်လောကမှ မသေမျိုးတောင်ကို တက်ဖူးသည်။ ထိုဘက်မှ သက်ရှိများမှာ စစ်ပွဲအတွက် ပြင်ဆင်နေပြီကို သူတွေ့ခဲ့ပြီးသွားလေပြီ..
သူသာ ထိပ်ဆုံးရောက်အောင် မြန်မြန်မလုပ်ထားပါက စစ်ပွဲဖြစ်လာသည့်အချိန်တွင် အထူးခြားဆုံး ပါရမီရှင်များနှင့်ပင်လျှင် လုံလောက်မည် မဟုတ်ပေ။ လူတစ်ယောက်မှာ အမြင့်ဆုံးကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်ရန်လိုအပ်သည်။
“အဝေးကြီးလိုသေးတယ်..”
ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။ ဤတိုက်ကြီးမှာ ဤမျှကျယ်လိမ့်မည်ဟု သူ မထင်ထားခဲ့။ အနန္တကောင်းကင်ဟုခေါ်သည့် နေရာကြီးမှာ စီရင်စုသုံးထောင်ထက် အဆပေါင်းများစွာ ကြီးမားလှသည်။
ရှီဟောင် အနည်းငယ် ခေါင်းကိုက်လာရသည်။ သူသည် မြို့ကြီးများထံသို့သွားကာ ရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုနိုင်ရန်အတွက် ဈေးကြီးပေးနေရသည်။
သူသည် မြို့ကြီးတစ်ခုပြီးတစ်ခုသို့သွားကာ ရှေးဟောင်းအစီအရင်များကို တစ်ခုပြီးတစ်ခု သုံးခဲ့ရသည်။
လဝက်ကြာပြီး သူ၏ရှားပါးသည့်ရတနာ အတော်များများသုံးပြီးသွားသည့်အချိန်တွင်တော့ သူ၏နောက်ဆုံးပန်းတိုင်ဖြစ်သည့် ကောင်းကင်နတ်ဘုရားကျောင်းရှိနေသည့် နေရာသို့ ရောက်လာလေပြီ။
ဒဏ္ဍာရီလာ နေရာတစ်ခု ကြယ်ပင်လယ် ..
ဤနေရာနှင့် ပတ်သက်သည့်ဒဏ္ဍာရီများစွာ ရှိနေသည်ပင်။
ပြောကြသည်မှာ ယခင်က ဤနေရာတွင်စစ်ပွဲကြီးဖြစ်ခဲ့ပြီး ကြယ်များစွာလည်း ကြွေကျခဲ့သည်။ ထိုတိုက်ပွဲတွင် စွမ်းအားကြီးသည့်သက်ရှိတစ်ယောက်သည် ကောင်းကင်ကြီးကိုရိုက်ချခဲ့သောကြောင့် မရေမတွက်နိုင်သည့်ကြယ်များကြွေကျလာပြီး ဤနေရာကို ဖုံးလွှမ်းသွားခဲ့သည်။ အဝေးမှကြည့်မည်ဆိုလျှင် ဤသည်မှာ ကြယ်ပင်လယ်ကို မြင်တွေ့နေရသကဲ့သို့ပင်။
နောက်ပိုင်းတွင်တော့ ဤနေရာမှာ စွန့်ပစ်နယ်မြေဖြစ်လာလေသည်။ အဘယ်ကြောင့်ဆိုသော် ကြယ်များစွာ ကြွေကျခဲ့သောကြောင့် ဤနေရာမှာ ပျက်စီးသွားလေပြီ။
ဤနေရာမှာ လုံလောက်အောင်ကျယ်ပြောပြီး မရေမတွက်နိုင်သည့် အစီအရင်များကြောင့်သာမဟုတ်ပါက ဤနေရာမှာ လုံးဝပျက်စီးသွားလောက်လေပြီ။
ထိုသို့ဆိုသော်လည်း ဤနေရာမှာ အတော်လေး ပြောင်းလဲသွားသေးသည်ပင်။ ကြွေကျလာသည့် ကြယ်များကြောင့် ကွင်းပြင်များသည် တောင်ကြောများအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဤတောင်ကြောများမှာ အလွန်မြင့်မားလှပြီး ခမ်းနားလှပေသည်။
ဤကဲ့သို့ ရှိနေခြင်းမှာလည်း အစီအရင်များရှိနေသောကြောင့်ပင်။ မဟုတ်ပါက ကြယ်များမှာ ဘယ်လိုလုပ်ပြီး ဤမျှထိ ကျန်နေမည်နည်း..
နောက်ပိုင်းတွင်တော့ စွမ်းအားကြီးသည့် အခြားပုဂ္ဂိုလ်တစ်ယောက်ရောက်လာပြီး ဤကြယ်များကို တောင်တန်းများအဖြစ် ပြောင်းလဲလိုက်သောကြောင့် အပင်များလည်း ပြန်ပေါက်လာလေပြီ။
ထို့ကြောင့်ပင် ဤနေရာကို ကြယ်ပင်လယ်ဟု ခေါ်ခြင်းပင်။
ကြယ်များအပြင် အဆင့်လွန်ရတနာအစိတ်အပိုင်းအချို့လည်း ဤနေရာတွင်ရှိနေလေသည်။ ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူများ၏ သွေးများနှင့် အရိုးများမှာ ဤနေရာကို ပို၍ခမ်းနားအောင် လုပ်ပေးနေလေသည်။
ထို့အပြင် ထိုကြယ်များကြောင့် မြေအောက်တွင် မြှုပ်နှံခံလိုက်ရသည့် ထာဝရဂူအချို့လည်း ရှိနေသေးသည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ကြယ်ပင်လယ်မှာ ပြန်၍အသက်ဝင်လာသည်။ နေရာအတော်များများတွင် ထာဝရတာအိုစွမ်းအင်များ ထွက်ပေါ်လာလေသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှာ ဤနေရာအနီးတွင်ရှိနေသည်။
ထိုကျောင်းရှိနေသည့် တောင်ကြောကြီးအောက်တွင် မတူးဖော်ရသေးသည့် ထာဝရဂူကြီးတစ်ခု ရှိနေသည်ဟု ပြောကြလေသည်။ ထို့ကြောင့် ကျောင်းတစ်ဝိုက်တွင် ထာဝရစွမ်းအင်အနည်းငယ် ပျံ့နှံ့နေ၏။။
ဤသည်မှာ ကျင့်ကြံခြင်းအတွက် အကောင်းဆုံးမြေဖြစ်သောကြောင့် ရှေးဟောင်းဂိုဏ်းများမှာ ဤမြေအတွက် တိုက်ခိုက်ခဲ့ကြသေးသည်ပင်။
ဤမြေတွင် ကောင်းကင်နတ်ဘုရားကျောင်းဆောက်လိုက်မှသာ အခြားဂိုဏ်းများငြိမ်သွားပြီး မလုကြတော့ခြင်းပင်။
ကြယ်ပင်လယ်မှာ စီရင်စုသုံးထောင်မှ စီရင်စု ၁၀ ခုနှင့်ညီမျှလေသည်။
ရှီဟောင် ဤနေရာသို့ ရောက်လာပြီးနောက် အနည်းငယ်မျှ လှည့်ပတ်မေးကြည့်လိုက်ရုံဖြင့်ပင် ကောင်းကင်နတ်ဘုရားကျောင်း မည်သည့်နေရာတွင်ရှိနေသည်ကို သိလိုက်ရလေပြီ။ အားလုံးမှာ ထိုကျောင်းအား သိနေသည့်အတွက် သူလမ်းပျောက်မည်ကိုစိုးရိမ်စရာ မလိုတော့။
အဘယ်ကြောင့်ဆိုသော် ဤရက်များအတွင်းတွင် ထိုကျောင်းသို့ အလောတကြီး ဦးတည်သွားနေသည့်သူများစွာ ရှိနေသောကြောင့်ပင်။ သူတို့လည်း ကျောင်းမှရွေးချယ်ခြင်းခံရပြီး ကျောင်းထဲဝင်ချင်ကြသည်။
လမ်းတစ်လျှောက်တွင် လူငယ်ပါရမီရှင်အချို့ကို တွေ့ခဲ့ရပြီး သူမေးကြည့်လိုက်သည့်အချိန်တွင် သူတို့သည်လည်း ကောင်းကင်နတ်ဘုရားကျောင်းသို့ သွားနေကြောင်း သိလိုက်ရ၏။
လူရွေးပွဲက ပြီးသွားပြီမဟုတ်ဘူးလား .. ဘာလို့ လူတွေ အများကြီး ရောက်လာနေသေးတာလဲ.. ဤသည်မှာ သူ့အား ထိတ်လန့်သွားစေသည်။
ကောင်းကင်နတ်ဘုရားကျောင်းနှင့် နီးလာလေလေ လူများပိုများလာလေလေပင်။ အချို့သူများသည် အဖြူရောင်ရှေးဆင်ကြီးကို စီးလာကာ အချို့သူများမှာမူ နဂါးအမှတ်အသားပါသည့်စာကလေးကို စီးလာကြလေ၏။ သူတို့အားလုံးမှာ အင်အားကြီးသည့် ကလန်မှ တပည့်များပင်။
နောက်ဆုံးတော့ သူရောက်လာပြီ…
အရှေ့ဘက်တွင် ခမ်းနားလှသည့် တောင်တန်းကြီးများရှိနေပြီး ခရမ်းရောင် စွမ်းအင်များလည်းစီးဆင်းနေလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤသည်မှာ ရှားပါးသန့်စင်သည့်မြေဖြစ်မှန်း သိနိုင်သည်ပင်။
တောင်များမှာလည်း နဂါးအစစ် တစ်သောင်းကျော် လဲလျောင်းနေသကဲ့သို့ပင်။
“ဒီတောင်ကြောတွေက ကြယ်တွေကို စီပြီးလုပ်ထားတာ .. သူက ဝိညာဉ်စွမ်းအားတွေ ပြည့်နေတာ..” တစ်ယောက်ယောက်မှ ပြောလိုက်၏။
သူ ဂိတ်တံခါးဝသို့ ရောက်လာသည့်အချိန်တွင် ရှီဟောင် ဆွံ့အသွားရသည်။ ဒီမှာ လူတွေအရမ်းများလွန်းနေတယ်မလား..
ကောင်းကင်ထက်တွင်လည်း နတ်ငှက်မျိုးစုံရှိနေလေသည်။ သူတို့သည် မင်းသမီးများ၊ မမလေးများကို တင်ဆောင်လာကြခြင်းပင်။
သူတို့အားလုံးမှာ ကျွမ်းကျင်သူများဖြစ်ကြပြီး သာမန်လူတစ်ယောက်မှ မပါပေ။
မြေပြင်ထက်တွင်လည်း ရှေးဟောင်းစစ်ရထားလုံးများကို ဆွဲနေသည့် သားရဲများလည်းရှိနေသည်။ သူတို့သည်လည်း ကလန်ပေါင်းစုံမှ ထူးချွန်သည့်ပါရမီရှင်များကို သယ်ဆောင်လာခြင်းပင်။ ထိုသူများထဲတွင် နယ်မြေတစ်ခု၏ အမွေဆက်ခံသူများ၊ မင်းသမီးများပါဝင်သည်။
လူများမှာ များပြားလွန်းလှပြီး မျက်စိတစ်ဆုံးပင် မြင်နေရသည်။
ရှီဟောင် အနည်းငယ်ပင် မူးနောက်လာရ၏။ ဒါက ရက်စက်လွန်းတယ်မဟုတ်ဘူးလား .. ဒီမှာလူတွေအများကြီးရှိနေလဲ တစ်ယောက်လောက်ပဲ ရွေးမယ်ထင်တယ်..
ကျောက်စိမ်းနန်းတော်များမှာ ကြီးမားလှသည့်တောင်များပေါ်တွင် တစ်ခုပြီးတစ်ခုရှိနေပြီး ထာဝရအလင်းများလည်း ထွက်ပေါ်နေလေသည်။
ဤတောင်များတွင် မြင့်မြတ်ဆေးပင်များ ရှိနေပြီး ဆေးနံ့လည်းမွှေးပျံ့လှသည်။
နတ်ဆေးပင်များကိုပင် မြင်နေရလေ၏။
ကန်ကြီးများလည်းရှိကာ ထိုကန်ကြီးထဲတွင် ရှေးဟောင်းရေနဂါးများကို ငါးပြတိုက်ထဲမှ ငါးများကဲ့သို့ မွေးမြူထားလေသည်။ အချိန်နှင့်အမျှ အပြင်ဘက်သို့ရေများစင်ထွက်လာပြီး လျှပ်စစ်အလင်းတန်းများလည်း ထွက်ပေါ်နေလေသည်။
ရှီဟောင် ဤနေရာကို အဆောတလျှင်သာကြည့်လိုက်သော်လည်း သူအံ့အားသင့်သွားရဆဲပင်။
တောင်ဂိတ်တံခါးမှာ ကျယ်ပြန့်လှပြီး အဆုံးထိကို မမြင်ရပေ။ အပြင်ဘက်အကျဆုံးမြင်ကွင်းများကိုသာ မြင်နေရလေ၏။
“ဘာလို့လူတွေအများကြီး ရောက်နေတာလဲ.. တပည့်ရွေးချယ်ပွဲက အစောကြီးကတည်းက ပြီးသွားပြီမဟုတ်ဘူးလား” ရှီဟောင် မနေနိုင်တော့သဖြင့် သူ့ဘေးမှ လူများကို မေးလိုက်သည်။
ထိုလူများသည် သူ့အား ချက်ချင်းလှည့်ကြည့်လာကြသော်လည်း မျက်လုံးလှန်ပြကာ သူ့အား အာရုံမစိုက်ကြပေ။
လူတစ်ယောက်သာ သူ့ကို အံ့အားသင့်စွာ မေးလိုက်လေသည်။ “မင်းက နောက်လိုက်မဖြစ်ချင်တာများလား..”
ဤစကားလုံးများမှာ ရှီဟောင်အား ထိတ်လန့်သွားစေသည်ပင်။
ဘေးပတ်လည်ကို လှည့်ပတ်မေးပြီးတော့မှသာ ရှီဟောင် အခြေအနေမှန်ကို သိသွားပြီး ဆွံ့အသွားရတော့သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်ရွေးချယ်ပွဲမှာ အစောကြီးကတည်းက ပြီးသွားလေပြီ။ ဂိုဏ်းမျိုးစုံမှ ထူးချွန်သည့်ပါရမီရှင်များနှင့် ထူးခြားသည့်ပါရမီရှင်များ ရောက်လာကြခြင်း တပည့်ဖြစ်ရန်အတွက် မဟုတ်ပဲ အဓိကတပည့်များ၏ နောက်လိုက်များဖြစ်ရန်ပင်။
ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်အချို့သည် အချိန်တိုင်းလိုလိုပင် အစေခံ၊ နောက်လိုက်များကို ခေါ်လေ့ရှိသည်ပင်။
ဤလူများမှာ ကောင်းကင်နတ်ဘုရားကျောင်းကိုဝင်၍ရနိုင်သည့်အခွင့်အရေးအတွက်ရောက်လာကြခြင်းပင်။ မည်သည့်အဆင့်အတန်းနှင့်ဝင်သွားပါစေ ကိစ္စမရှိ။
ရှီဟောင် ထိတ်လန့်သွားကာ နားလည်နိုင်ရန် အနည်းငယ်ခက်ခဲနေသည်။ ဤနေရာတွင်ရှိနေသည့်လူများထဲတွင် အဆင့်လွန်လူငယ်များ၊ စွမ်းအားကြီးသည့်ဂိုဏ်းများ၏ဆက်ခံသူများ၊ ရှေးဟောင်းအင်ပါယာတိုင်းပြည်မှ မင်းသမီးများပါဝင်သည်ပင်။
သူတို့ရဲ့ ကျင့်ကြံခြင်းတွေက ဒီလောက်ထူးခြားနေတာကို ဒီလောက်ထိ လုပ်ဖို့လိုလို့လား..
“ကြည့်ရတာ မင်း နားမလည်သေးဘူးထင်တယ် .. ကောင်းကင်နတ်ဘုရားကျောင်းထဲကိုဝင်ပြီးတော့ အဲဒီလူတွေရဲ့ နောက်လိုက်ဖြစ်သွားတာနဲ့ ငါတို့သာတော်နေရင် တပည့်အစစ်ဖြစ်သွားနိုင်တယ်..” တစ်စုံတစ်ယောက်မှ ရှင်းပြလိုက်သည်။
“အဲဒီအခွင့်အရေးလေးအတွက်နဲ့ ကလန်တစ်ခုက ပုလဲလုံးလေးက အစေခံအရင်လုပ်ပြီး အဆင့်လွန်လူငယ်လေးကလည်း အစေခံဖြစ်ချင်တာလား”
ရှီဟောင်မေးလိုက်၏။
“သမိုင်းကြောင်းက စွမ်းအားအကြီးဆုံးမျိုးဆက်က လူတွေပဲ ဝင်နိုင်တဲ့ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့မပြောနဲ့ အားလုံးမှာတောင် တန်ရာတန်ကြေးရှိတာပဲ..” မိန်းမလှလေးတစ်ယောက်မှ သက်ပြင်းချပြီး ပြောလိုက်သည်။
“သမိုင်းကြောင်းက စွမ်းအားအကြီးဆုံးမျိုးဆက်ဟုတ်လား..” ရှီဟောင် အံ့အားသင့်သွားရည်။
သူသည် ဘာမှမသိသည့် စိတ်ကြီးဝင်နေသည့်လူမှန်း သိလိုက်ရသောကြောင့် သူ့အနားတွင်ရှိနေသည့်သူများမှာ အရေးမလုပ်တော့ပေ။
အပိုင်း ၁၂၈၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၀ – စွန့်ပစ်ခံရသည့် တပည့်
ရှီဟောင် အရှက်ပြေသူ့နှာခေါင်းကို ပွတ်နေလိုက်သည်။
ကြယ်များမှ ဖြစ်လာသည့် တောင်များမှာ ခမ်းနားလှသည်။ ထိုတောင်များမှ ဝိညာဉ်စွမ်းအားများလည်း တစ်ချိန်လုံး ထွက်ပေါ်နေလေသည်။
ကောင်းကင်နတ်ဘုရားကျောင်းတွင် တောင်ထိပ်များစွာရှိပြီး ကျောင်းသားတိုင်းမှာ သူတို့ကိုယ်ပိုင်မြေများ ရရှိကြသည်ဟု ပြောကြလေသည်။
“သူတို့က အခုထိ ဘာလို့ထွက်မလာသေးတာလဲ .. ငါတို့စောင့်နေတာ အရမ်းကြာနေပြီ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤနေရာရှိလူအများစုမှာ သူတို့ကလန်၏ စွမ်းအားအကြီးဆုံး သူရဲကောင်းများ၊ တိုင်းပြည်များမှ မင်းသမီးများပင်။ သူတို့၏တာအိုများ နက်နဲရုံသာမက သူတို့၏အဆင့်အတန်းလည်း မြင့်မားလှသည်။
သူတို့သည် အစက ရှီဟောင်ကဲ့သို့ပင်။ နောက်လိုက်လုပ်ရန်မှာ သူတို့အဆင့်အတန်းနှင့် မကိုက်ညီဘူးဟု ထင်ခဲ့ကြသည်။ သူတို့စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးခဲ့ကြသည်ပင်။
သို့သော်လည်း ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်းမှ လူရွေးမည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။
“ဟူး .. ငါ့လိုမျိုးကလန်တစ်ခုရဲ့ ဆက်ခံသူက အခြားလူတစ်ယောက်ရဲ့နောက်လိုက်ဖြစ်ရဖို့ မျှော်လင့်နေတယ် .. ဒါက တကယ်ကို လက်ခံနိုင်ဖို့ နည်းနည်းခက်ခဲတယ်..” ဝတ်ရုံရှည်ဝတ်ဆင်ထားသည့်တစ်ယောက်မှ ပြောလိုက်သည်။ သူသည် အလွန်မြင့်မြတ်သည့်ပုံပင်။
“ခင်ဗျားအသံလျှော့ဦး .. ခင်ဗျား မလုပ်ချင်ရင်လည်း ထွက်သွားလိုက် .. ဒီလိုမျိုးပြောနေတာက ပြဿနာဖြစ်တာပဲရှိမှာ..” တစ်စုံတစ်ယောက်မှ အကြံပေးလိုက်သည်။
“အဲဒီရှေးဟောင်းအင်ပါယာက ကောင်းကင်မိန်းမပျိုလေးတွေအကြောင်းကို စဉ်းစားကြည့်လိုက် .. သူတို့သာရွေးခံလိုက်ရရင် သူတို့တွေလည်း နောက်လိုက်တွေဖြစ်မှာပဲ .. အစေခံတွေတောင်ဖြစ်နိုင်တယ် .. သူတို့ရဲ့ အဆင့်အတန်းကရော..”
အချို့သူများ ဤနေရာသို့ရောက်လာခြင်းမှာ သူတို့ဂိုဏ်းခေါင်းဆောင်များ ဖိအားပေးသောကြောင့်ပင်။
သို့သော် ဤနေရာတွင်ရှိနေသည့်လူအများစုမှာ တကယ်ပင် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ၏နောက်လိုက်များဖြစ်ချင်ကြသည်။ သူတို့သည် ဤအခွင့်အရေးကို အသုံးချကာ ကောင်းကင်ထက်သို့ တက်လိုခြင်းပင်။
ပြောရမည်ဆိုလျှင် ကျောင်းမှ တပည့်များအားလုံးမှာလည်း ထူးခြားသည့်သူဖြစ်ပြီး အားလုံးလိုလိုမှာ ထာဝရစွမ်းအင်ကျင့်ကြံထားကြသည်။
ထို့အပြင် သူတို့အဆင့်အတန်းလည်း ထူးခြားကြသည်။ အားလုံးမှာ သူတို့ကလန်မှ အရင်းအမြစ်များစွာကို အသုံးပြုကာ ပျိုးထောင်ထားသည့်သူများပင်။ သူတို့၏အနာဂတ်အောင်မြင်မှုမှာ မမှန်းဆနိုင်လောက်အောင်ပင်။
ထို့ကြောင့်ပင် ဤထူးချွန်သည့်ပါရမီရှင်များ၊ ရှေးဟောင်းတိုင်းပြည်မှ ပုလဲလုံးလေးများမှာ စိတ်ထဲတွင် မကျေနပ်ကြသော်လည်း ဤနေရာသို့ ရောက်လာဆဲပင်။
“သက်ရှည်မိသားစုတစ်ခုက မျိုးဆက်တစ်ယောက်လောက် ငါ့ကိုရွေးရင်ကောင်းမယ်” လူငယ်လေးတစ်ယောက် လက်သီးဆုတ်ကာ ပြောလိုက်သည်။ ဤလူသည် အတော်လေးငယ်ရွယ်ကာ နူးညံ့လှသည်။ သူသည် မျှော်လင့်တကြီးဖြင့်ပင် ပြောလိုက်လေ၏။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ရယ်မောလိုက်ကာ “သက်ရှည်မိသားစုက ပုလဲလေးက မင်းလိုမျိုးကောင်စုတ်ကို မျက်စိကျဖို့မျှော်လင့်နေတာလို့တော့ ငါ့ကိုမပြောနဲ့နော်..”
ထိုစကားကို ကြားလိုက်သည်နှင့် ထိုလူငယ်လေး၏ မျက်နှာနီရဲသွားလေသည်။
သက်ရှည်မိသားစုဆိုသည်မှာ သူတို့ဘိုးဘေးများအဖြစ် ထာဝရသက်ရှိများရှိသည့်မိသားစုပင်။ သူတို့၏ခွန်အားမှာ နှစ်ပေါင်းများစွာကြာသွားလျှင်ပင် ကြောက်စရာကောင်းကာ ထိတ်လန့်စရာကောင်းနေဆဲပင်။
ထိုလူများကို ရှေးဟောင်းတိုင်းပြည်များ၊ မြင့်မြတ်မြေများနှင့် စွမ်းအားကြီးသည့်ကလန်များပင် လေးလေးစားစားဆက်ဆံရသည်ပင်။
ထိုသက်ရှည်ဘိုးဘေးများ ဘာချန်ခဲ့သည်ကို မည်သူမှ မသိကြ။ ထိုအရာများကိုသာ အသုံးပြုလိုက်ပါက အဆင့်လွန်သက်ရှိများကို သတ်နိုင်ပြီး နိုင်ငံများကို ရှင်းပစ်နိုင်ကာ ဂိုဏ်းများကိုပင် ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည်။
“သက်ရှည်မိသားစုဆိုမှ တစ်ချို့ပုလဲလုံးလေးတွေက တော်တော်လေးကိုလှတယ် .. သူတို့ထဲက တစ်ယောက်လောက် ငါ့ကို ရွေးရင်ကောင်းမှာပဲ .. အစေခံဖြစ်ရမယ်ဆိုရင်တောင်မှ ငါပျော်နေမှာ..”
ဤလူသည် ခရမ်းရောင်ဆံပင်ရှိပြီး မျက်လုံးတွင် အလင်းတန်းများ ပြည့်နှက်နေလေသည်။ သူ၏ခွန်အားသည်လည်း အတော်လေး ထူးခြားသည်ပင်။
အခြားသူများမှာမူ နှာခေါင်းရှုံ့ကာ ခေါင်းခါလိုက်ကြလေ၏။ သူတို့ကို ကျွန်အနေနဲ့ရွေးလိုက်တော့ရော ဘာဖြစ်မှာလဲ .. သက်ရှည်မိသားစုက မမလေးတွေဆိုတာက သူတို့နဲ့ မတူတဲ့ကမ္ဘာကလူတွေ..
“မင်းအမှန်တရားကို လက်ခံလိုက်ရင် ပိုကောင်းလိမ့်မယ် ..အိပ်မက်မက်မနေနဲ့တော့..” တစ်စုံတစ်ယောက်မှ ရယ်မောကာ သတိပေးလိုက်သည်။
“ပြောကြည့် .. ဝမ်မိသားစုက ပုလဲလုံးလေးက ထူးခြားမလား .. ဒါမှမဟုတ် နျင်မိသားစုက ပုလဲလုံးလေးက ပိုပြီးအထင်ကြီးဖို့ကောင်းမလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
သက်ရှည်မိသားစုများအကြောင်းကို ဤကဲ့သို့ ပြောနေကြသည်မှာ မကောင်းမှန်း သူတို့သိသည်ပင်။ ဤသည်မှာ အန္တရာယ်ပင်များသေးသည်။
“မင်းက သူတို့ရဲ့ ပုံပန်းသွင်ပြင်ကိုပြောတာလား ကျင့်ကြံတာကို ပြောတာလား..”
“နှစ်ခုလုံး..”
“ဝမ်မိသားစုက မမလေးက ပိုပြီး အံ့ဩဖို့ကောင်းတယ် .. ငါကြားတာတော့ သူ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံပြီးသွားပြီတဲ့ .. ဒီလိုမျိုးပါရမီမျိုးက ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုကို လွှမ်းမိုးနိုင်ဖို့ လုံလောက်တယ်..”
“အဲဒီလိုမျိုး လွယ်လွယ်လေးပြောလို့တော့မရဘူး .. အဲဒီသက်ရှည်မိသားစုမျိုးဆက်တွေအားလုံးက အရမ်းကိုထူးဆန်းကြတယ် .. ငါတို့ဘယ်သူမှ သူတို့ကို ကောင်းကောင်းနားမလည်နိုင်ပါဘူး..”
တောင်ဂိတ်တံခါးအပြင်ဘက်တွင် လူများတဖြည်းဖြည်း များလာပြီး အလွန်ဆူညံလာလေပြီ။
မြေပြင်ထက်တွင် သားရဲမျိုးစုံ အော်ဟစ်နေကာ ငှက်မွေးများသည်လည်း လေထဲတွင် တောက်ပနေကြလေသည်။ နတ်ငှက်များသည်လည်း သူတို့အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ထက်တွင် ပြည့်နှက်နေလေသည်။
အခြားတစ်ယောက်၏ နောက်လိုက်ဖြစ်ရန်အတွက် ဂျီးနီးယပ်စ်များ မည်မျှပင် ရောက်လာကြမှန်း မသိပေ။ ယှဉ်ပြိုင်မှုမှာ အတော်လေး ပြင်းထန်သည်ဟု ပြော၍ရသည်။
ရုတ်တရက်ပင် မြေပြင်ပေါ်တွင်ရှိနေသည့် သားရဲများသည် ခေါင်းမော့ကာ ဟစ်ကြွေး၍ ရုန်းကန်နေကြလေသည်။
ထို့အပြင် ကောင်းကင်ထက်တွင်ရှိနေသည့် ငှက်များသည်လည်း အတောင်ပံများကို လှုပ်ခါလာပြီး အလွန်ဆူညံလာသည်။ သူတို့အားလုံးသည် နေရာတစ်ခုတည်းကိုသာ ကြည့်နေကြပြီး အားလုံး ထွက်ပြေးချင်နေကြလေသည်။
ထိုအချိန်တွင် အတောင်ပံခြောက်ခုပါသည့် ရှေးဟောင်းသားရဲကြီးတစ်ကောင် ပျံသန်းလာသည်။ ထိုအကောင်သည် ကျန်းအနည်းငယ်ခန့်သာရှိပြီး သိပ်မကြီးပေ။ သို့သော်လည်း သူထုတ်လွှတ်သည့်အော်ရာမှာ အားလုံးကို အသက်ရှူရပင်ခက်ခဲစေလေသည်။
ဤရှေးဟောင်းသားရဲကြီးသည် မြင်းကိုယ်နှင့် ရေနဂါးခေါင်းရှိလေသည်။ သူ၏ခန္ဓာကိုယ်သည် ချီလင်နှင့်တူသော်လည်း ချီလင် မဟုတ်ပေ။ သူ့တစ်ကိုယ်လုံး ခရမ်းရောင်အလင်းများတောက်ပနေလေ၏။ ထို့အပြင် သူ့ထံ၌ နီရဲနေသည့် ဇာမဏီအတောင်ပံ ခြောက်ခုရှိနေလေသည်။
ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ယောက်၏ စီးတော်ယာဉ်ဖြစ်လိမ့်မည်။ ဤသားရဲသည် နတ်ငှက်နှင့်သားရဲများအားလုံးကို ကြောက်ရွံ့သွားစေလေသည်။
“အတောင်ပံခြောက်ခုနဲ့သားရဲ .. တကယ်ကို ထူးခြားတာပဲ .. တစ်ခြားသားရဲတွေအားလုံးကို ဖိနှိပ်ပစ်လိုက်နိုင်တယ်..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
“နှမြောစရာကောင်းတာက သူ့ခန္ဓာကိုယ်က ချီလင်အစစ်အဖြစ် မပြောင်းလဲလိုက်နိုင်ဘူး .. သူ့အတောင်ပံတွေလည်း ပြီးပြည့်စုံတဲ့ ဇာမဏီငှက်အဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး .. မဟုတ်ရင် သူက အဆင့်လွန်စီးတော်ယာဉ်ဖြစ်လာမှာ..” အခြားလူတစ်ယောက်မှ တိုးတိတ်စွာ ပြောလိုက်သည်။
ထိုသားရဲပေါ်တွင် သွေးနီရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ထိုင်နေလေသည်။
သူသည် သေချာပေါက်ပင် သာမန်လူမဟုတ်ပေ။ ထို့အပြင် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင်ရှိနေသည့် ထာဝရစွမ်းအင်သည် သူ၏ထူးခြားမှုကို သက်သေပြနေသည်ပင်။
“သူပဲ .. သူထပ်လာပြန်ပြီ..”
“သူက ဒီကို တစ်လတစ်ခါလာတယ် .. ဒါပေမဲ့ နှမြောစရာကောင်းတာက သူ့ကို ဘယ်သူမှ မရွေးသေးဘူး..”
သူတို့ပြောနေသည်များကို နားထောင်ပြီး ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ ဤလူသည် ကောင်းကင်နတ်ဘုရားကျောင်းသို့ဝင်ချင်နေသော်လည်း ငြင်းခံနေရခြင်းပင်။
“ဘာပဲဖြစ်ဖြစ် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပဲ … ကောင်းကင်နတ်ဘုရားကျောင်းက သူ့ကိုတောင် ရွေးပြီးသွားပြီကို သူက နောက်ကျမှရောက်လာတယ် .. ရက်တော်တော်လေးကြာမှ ရောက်လာတော့ ကျောင်းက သူ့ကိုထုတ်ပစ်လိုက်တယ်..”
ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူက ဤထက်ပင် ဆိုးနေသေးသည်။ လပေါင်းများစွာကြာမှ ရောက်လာခြင်းပင်။
ထိုဆံပင်နီနှင့်ကောင်လေးသည် ခေါင်းမာစွာဖြင့်ပင် အသံပို့လွှတ်လိုက်လေ၏။ သူသည် ဤနေရာတွင် စိန်ခေါ်နေခြင်းပင်။
“တကယ်ကို နှမြောစရာပဲ .. အဓိကတပည့်တွေ နောက်လိုက်တွေ၊ အစေခံတွေလာရှာတဲ့အချိန်တိုင်း သူက ဒီကိုလာပြီးတော့ တစ်ခြားသူတွေကို စိန်ခေါ်လေ့ရှိတယ်..”
ဤလူသည် အစေခံအနေဖြင့်ဝင်လိုခြင်းမဟုတ်ပဲ ကျောင်းမှ ကျောင်းသားများကိုစိန်ခေါ်ပြီး အဓိကတပည့်အဖြစ် အရွေးခံလိုခြင်းပင်။
သို့သော် ကောင်းကင်နတ်ဘုရားကျောင်းသည်လည်း သူ့အားဥပမာအဖြစ်ထားဖို့ ဆုံးဖြတ်လိုက်ကြကာ သူ့ကို ပြန်မခေါ်တော့ပေ။
“သူ့ကို ဒီလိုမျိုးငြင်းလိုက်ဖို့ လိုအပ်လို့လား .. သူက မျိုးစေ့ကောင်းလေးပဲ ..သူက ဒီလိုပုံစံမျိုးနဲ့ပဲ စွန့်ပစ်ခံလိုက်ရတော့မှာလား..” ရှီဟောင်ပင်လျှင် ဤလူကို အနည်းငယ် ကိုယ်ချင်းစာလာမိသည်။
သူ့အတွက်သူလည်း စိတ်ပူနေရသည်သာ။ သူ့ကိုလည်း လက်မခံပါက သူ့အတွက် ပြဿနာကြီးဖြစ်သွားမည်ပင်။
အချို့လူများပြောကြသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းသည် ဤသို့တမင်သက်သက်လုပ်ခြင်းမဟုတ်ပဲ ကျောင်းသားမျိုးစုံကို ထိန်းသိမ်းနေရသောကြောင့် လုပ်လိုက်ခြင်းပင်။ သူသည် ကျောင်းထဲသို့ မဝင်ရသော်လည်း သူရရှိလိုက်သည့် အရင်းအမြစ်များလည်း မနည်းလှပေ။
ဝူး..
အတောင်ပံခြောက်ခုနှင့် သားရဲကြီး ဟစ်ကြွေးလိုက်ကာ သူ့ဘေးပတ်လည်မှ လေဟာနယ်ကို တုန်ခါသွားစေလေသည်။ ဤသားရဲပင်လျှင် ဤမျှအင်အားကြီးသောကြောင့် သူ့သခင်မည်မျှပင် အင်အားကြီးမည်ကို မှန်းဆကြည့်နိုင်သည်ပင်။
“ဘယ်သူက ဆူဆူညံညံလာလုပ်နေတာလဲ..” ထိုအချိန်တွင် တောင်ဂိတ်တံခါးမှ လူအချို့ရောက်လာကြလေသည်။
သူတို့သည် အေးစက်စွာပင် ရယ်မောလိုက်ကြလေ၏။ “ကျောင်းဂန်း .. မင်းရောက်လာပြန်ပြီလား .. မင်းက အခွင့်အရေးကိုမှ တန်ဖိုးမထားတာ .. အခုတော့ မင်းအရမ်းနောက်ကျသွားပြီ .. မင်းထွက်သွားသင့်ပြီ..”
ဤလူများမှာ ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များဖြစ်မည်ပင်။ သူတို့သည် အတောင်ပံခြောက်ခုပါသည့် သားရဲကိုစီးနင်းထားသည့် ကျောင်းဂန်းကို တားဆီးလိုက်ကြလေသည်။
ဤတိုက်ပွဲမှာ မလွဲမသွေဖြစ်လာမည်ပင်။ ကျောင်းဂန်းသည် အလွန်သန်မာသော်လည်း ဤလူများရှေ့တွင်မူ သူရှုံးနိမ့်သွားဆဲပင်။ အဘယ်ကြောင့်ဆိုသော် ထိုလူများအားလုံးပေါင်းကာ သူ့အားတိုက်ခိုက်နေသောကြောင့်ပင်။
“ဟူး .. ထင်ထားတဲ့အတိုင်းပဲ သူ ရှုံးပြန်ပြီ .. ကျောင်းဂန်းက ဘာလို့ဒီလိုမျိုးလုပ်နေတာလဲ .. ဒီကိုလာပြီးတော့ လတိုင်းလာတိုက်ပေမယ့် ကျောင်းထဲကို မဝင်နိုင်သေးဘူး..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ပြောလိုက်သည်။
အတောင်ပံခြောက်ခုပါသည့်သားရဲကြီးသည် ဒဏ်ရာရသွားသည်နှင့် ကျောင်းဂန်းကိုခေါ်ကာ ပျံထွက်သွားလေသည်။
ထိုအချိန်တွင် လေဟာနယ်ကြီးတုန်ခါလာကာ အစိမ်းရောင်အဝတ်အစား ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ပေါ်လာလေသည်။ သူမလက်ထဲတွင် ကျောက်စိမ်းဓားတစ်လက်ကို ကိုင်ထားပြီး ဓားအလင်းတန်းများမှာလည်း သက်တံ့များကဲ့သို့ပင်။ သူသည် ထိုကျောင်းသားများနှင့်တစ်ယောက်တည်း တိုက်ခိုက်နေလေ၏။
ရှီဟောင်အတော်လေး ထိတ်လန့်သွားရသည်။ ဤမိန်းကလေးသည် ထာဝရစွမ်းအင် ၂ ကြောင်းကို ကျင့်ကြံထားပြီး အတော်လေး အားကောင်းသည်ပင်။ ပြင်းထန်သည့်တိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် ထိုကျောင်းသားများအားလုံး ရှုံးနိမ့်သွားလေ၏။
“မုန့်ယွင် .. မုန့်ယွင် ပြန်ကောင်းသွားပြီ .. အကြောင်းတစ်ချို့ကြောင့် သူလည်း ကောင်းကင်နတ်ဘုရားကျောင်းကို အချိန်မှီမလာနိုင်လိုက်တာ .. အဲဒါကြောင့်မို့လို့ သူလည်း အပြင်ထုတ်ခံလိုက်ရတာ .. သူက ဒါကို တော်တော်လေး မကျေမနပ်ဖြစ်ပြီးတော့ ဒီကကျောင်းသားတွေကို လာစိန်ခေါ်တာ..”
ထိုစကားကိုကြားလိုက်သည်နှင့် ရှီဟောင်၏အမူအရာမှာ အလွန်ရုပ်ဆိုးသွားလေသည်။ သူပြဿနာတက်ပြီဟု ခံစားလိုက်ရလေသည်။
ဒီလိုမျိုးမိန်းကလေးကိုတောင် လက်မခံဘူးဆိုတော့ နည်းနည်းလွန်လွန်းသွားပြီမလား … သူသာ ဝင်ချင်လျှင် သူလည်းသေချာပေါက် ပြဿနာတက်မည်ပင်။
“ဒီလိုမျိုးလူ အများကြီး ရှိတာလား..” ရှီဟောင်မေးလိုက်၏။
“မရှိပါဘူး … အကြောင်းပြချက်အမျိုးမျိုးကြောင့် နောက်ကျပြီးမှ ရောက်လာတဲ့သူတွေကို သတ်မှတ်ရက်ကျော်တာနဲ့ ကျောင်းက လက်မခံတော့ဘူး .. စွန့်ပစ်ခံတပည့်တွေက သုံးလေးယောက်ပဲရှိတာ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“စွန့်ပစ်ခံတပည့်လား..” ရှီဟောင်၏အမူအရာ မည်းမှောင်သွားလေ၏။ သူက ဒီထဲက တစ်ယောက်ဖြစ်နေပြီလား..
“တစ်ချို့သူတွေပြောတာတော့ ဒါက ဒီလူတွေကို တမင်သက်သက်ပညာပေးနေတာတဲ့ .. သူတို့ကို တကယ်လက်မခံတော့တာ မဟုတ်ဘူး..” အခြားတစ်ယောက်မှ ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ ဒါက စိတ်ဒုက္ခပေးလွန်းတယ်လေ မဟုတ်ဘူးလား .. စွန့်ပစ်ခံတပည့်လို့ခေါ်ခံရတာက သိပ်ကြားလို့မကောင်းဘူးလေ .. ပြီးတော့ ကျောင်းရဲ့ အရင်းအမြစ်အမျိုးမျိုးကို လွဲချော်သွားတာနဲ့ သူတို့ရဲ့ကျင့်ကြံခြင်းက နှောင့်နှေးသွားနိုင်တယ်လေ..” အချို့သူများသည်လည်း ထိုစကားကို မယုံကြည်ကြပေ။
အပိုင်း ၁၂၉၀ ပြီး၏။