ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၂ – တိုးတက်မှု
အနောက်ဘက်သို့ ဝင်သွားပြီဖြစ်သည့် နေလုံးကြီးမှာ ဝိုင်းစက်နေပြီး အနီရောင်တိမ်တိုက်များသည်လည်း ရွှေရောင်အနားကွပ်နှင့် လှပနေသည်။ တောင်တစ်ခုလုံးတွင် အနီရောင်အလင်းများ လွှမ်းခြုံနေလေ၏။
နေဝင်ချိန်ကိုကြည့်ပြီး ချူဖုန်း စိတ်အခြေအနေကောင်းမွန်နေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကလို သူသည် သွေးများစိုရွှဲမနေတော့။ ထိုအစား အရောင်အဆင်းကင်းမဲ့နေသည့် သူ့မျက်နှာသည် အရောင်တောက်ပနေပြီး အတော်လေးလည်း စိတ်အားတက်ကြွနေသည်။
သူ့ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်သွားလေပြီ။ သူ့နှလုံးရှိ ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီဖြစ်သလို သူ့အရိုးများလည်း ကောင်းတော့မည်။ ယခုအချိန်တွင် ကျွမ်းကျင်သူများနှင့် တိုက်ရမည်ဆိုလျှင်ပင် သူ တိုက်နိုင်လေပြီ။
“နောက်ဆုံးလက်ကျန် နေရောင်ခြည်က ခန္ဓာကိုယ်အတွက် ပိုပြီးအကျိုးရှိတယ်” ချူဖုန်း တောအုပ်ထဲ ပေါ့ပါးစွာ လျှောက်သွားလိုက်သည်။
ဟူပိန်၌ ရောက်နေမှန်းသိသော်လည်း မည်သည့်နေရာ၌ ရောက်နေသည်ကို အတိအကျမသိ။ ကမ္ဘာကြီး ပြောင်းလဲလာပြီးနောက် တောတောင်နှင့်မြစ်များမှာ ယခင်ကနှင့် မတူတော့။
သူ ညနေခင်းနေရောင်ကို ခံယူလိုက်ကာ အနီရောင်အလင်းများကို ရှူသွင်းရှူထုတ်လုပ်လိုက်သည်။ သူ့ပါးစပ်နှင့်နှာခေါင်းတွင် ရွှေရောင်အလင်းများ ရောယှက်လာပြီးနောက် ထိုအလင်းများသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေ၏။
သူ အလွန်စိတ်အေးလက်အေးရှိနေသည်။ နွေးထွေးသည့်နေရောင်ခြည်များကို ခံယူရင်း သူ စိတ်အေးသက်သာစွာ လမ်းလျှောက်နေခဲ့သည်။
ယခုအချိန်တွင် သူ့ကြွက်သားတစ်လက်မစီတိုင်းကို စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီးသွားပြီဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်လည်း ရှူသွင်းရှူထုတ်လုပ်နေသည်ပင်။
“တာအိုသီအိုရီအရဆိုရင်တော့ စိတ်ဝိညာဉ်စွမ်းအင်က ယင်၊ သွေးစွမ်းအင်က ယန် .. အခု ငါ့စိတ်ဝိညာဉ်စွမ်းအင်ကို ယန်စွမ်းအင်နဲ့အားဖြည့်ထားတာဆိုတော့ ဝိညာဉ်စွမ်းအင်က ပိုပြီးသိပ်သည်းလာပြီး ယန်အော်ရာတွေ ရှိနေပြီ”
သူ့စိတ်ဝိညာဉ်စွမ်းအင် ပို၍အားကောင်းလာသောကြောင့် ချူဖုန်း စိတ်ရောကိုယ်ပါ အေးချမ်းနေသည်။ သူ့တိုးတက်မှုမှာ ဒဏ္ဍာရီများထဲမှ တိုးတက်မှုများနှင့် ယှဉ်နိုင်လိမ့်မည်ဟု သူထင်သည်။
သို့သော် ထိုဒဏ္ဍာရီများတွင် အကုန်လုံးကို မပြောပြထားလောက်။ ဥပမာအားဖြင့် အင်ပါယာဓားပညာမှာ ဓားများကို ရွှေ့လျားနိုင်သည်ဟုသာ ပြောထားသည်။ ကိုယ့်ကိုကိုယ်ကိုလည်း စိတ်ဝိညာဉ်စွမ်းအားဖြင့် ရွှေ့နိုင်သည်ဟု ပြောမထား။
ထိုအင်ပါယာဓားပညာမှာ စိတ်ဝိညာဉ်ပညာများစွာထဲမှ တစ်ခုသာ။
“ဟူး..”
ချူဖုန်း မြူများကို မှုတ်ထုတ်လိုက်သည်။ မြူများသည် ထက်ရှသည့် ဓားတစ်လက်ကဲ့သို့ သူ့ပါးစပ်နှင့်နှာခေါင်းမှ ထွက်သွားကာ လေဟာနယ်ကိုပင် ပေါက်ကွဲထွက်သွားစေခဲ့သည်။
သူ ရှုထုတ်လိုက်သည့်လေကြောင့် သူ့ရှေ့မှ ကျောက်တုံးကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
“ဟမ် .. ငါ ရှူထုတ်လိုက်တဲ့လေတောင် ဒီလောက်စွမ်းအားရှိနေတာလား..” ချူဖုန်း ကျေနပ်သွားရ၏။
ပြန်လည်ကုသနေသည့်အချိန်မှာပင် သူ စိတ်ဝိညာဉ်စွမ်းအားနှင့် ကိုယ်စွမ်းအား ပေါင်းစည်းကာ အင်အားကြီးအောင် လုပ်နိုင်ခဲ့သည်။
လုံဟူတောင်မှ လေယာဉ်ကွင်း ထို့နောက် ကျန်းရှီထိ အသက်လုတိုက်ခဲ့ရသည်။ သူ့ရန်သူများမှာ ရှီလာ၊ နဂါးနက်အိမ်ရှေ့စံမင်းသားမှ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်စု။ သူသည် တိုက်ပွဲတစ်ခုသို့တစ်ခုသို့ ကူးပြောင်းနေရကာ အနားမယူခဲ့ကြရ။
ယခုတော့မတူတော့။ သူ့စိတ်မှာ ရှင်းလင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အားအင်ပြည့်ဝသည့် အော်ရာ ထွက်ပေါ်နေကာ တောအုပ်ထဲ အေးဆေးလမ်းလျှောက်နေရသည်။
ဤအဆုံးစွန်အခြေအနေနှစ်ခုမှာ သူ့အား မတူညီသည့် အတွေ့အကြုံများ ပေးနေသည်ပင်။
တာအိုခရီးလမ်းမှာ တစ်ခါတရံတွင် တင်းမာပြီး တစ်ခါတရံ အေးဆေးသည်။ တစ်ခါတရံတွင် ငြိမ်းချမ်းပြီး တစ်ခါတရံတွင် အသက်ရှင်ရန်အတွက် ရုန်းကန်ရသည်။ ခရီးလမ်းတစ်လျှောက်တွင် မြင်ကွင်းများ အမြဲတမ်း ပြောင်းလဲနေပြီး ခံစားချက်များလည်း တက်လိုက်ကျလိုက် ဖြစ်နေမည်ပင်။
ယခုအချိန်မှာ သူ့အတွက်တော့ အကောင်းဆုံး အခြေအနေပင်။ သူ့အရိုးများ အလွန်လျင်မြန်သည့်အရှိန်ဖြင့် ပြန်ဆက်နေပြီး အားလုံးကောင်းလုနီးပါး ဖြစ်နေလေပြီ။
တိုက်ပွဲပြီးနောက် သူ စိတ်အေးနေသောကြောင့်လား သို့မဟုတ် စိတ်နှင့်ကိုယ်စွမ်းအင် ပေါင်းစပ်လိုက်သောကြောင့်လား သူ မသိသော်လည်း သူ့တစ်ကိုယ်လုံး အလင်းတန်းများ လွှမ်းခြုံနေသည်။
“ဒါက င့ါရဲ့ သေခါနီးအတွေ့အကြုံနဲ့ ဆိုင်မယ်ထင်တယ်”
ထိုတိုက်ပွဲတွင် သူ့စွမ်းအင်များ ကုန်ဆုံးလုနီးပါးဖြစ်ခဲ့ကာ စိတ်နှင့်ကိုယ်နှစ်ခုလုံး အဆုံးစွန်သို့ တွန်းပို့ခံခဲ့ရသည်။ ထို့ကြောင့်လည်း သူ၏ကိုယ်နှင့်စိတ်စွမ်းအင်များ နှိုးထလာပြီး ဤကဲ့သို့ ပို၍စွမ်းအားကြီးလာခြင်းဖြစ်လိမ့်မည်။
ယခုအချိန်တွင် သူ့ထံ၌ ပြင်ပရန်သူများ မရှိတော့။
ချူဖုန်း တောင်ကုန်းလေးတစ်ခုရှေ့၌ ရပ်နေခဲ့သည်။ ထိုတောင်ထိပ်ပေါ်တွင် ပျက်စီးနေသည့် ဘုရားကျောင်းတစ်ခုရှိပြီး ညနေခင်းနေရောင်အောက်တွင် ရွှေရောင်အလင်းဖျော့လေး ထုတ်လွှတ်နေသည်။
ချူဖုန်း တောင်ပေါ်သို့ တက်လိုက်ပြီး ထိုဘုရားကျောင်းရှေ့သို့ ရောက်လာသည်။
ထိုနေရာသည် လူသူကင်းမဲ့နေပြီး စွန့်ပစ်ခံရသည်မှာ နှစ်ပေါင်းအတော်ကြာနေပြီထင်သည်။ ကမ္ဘာမြေကြီး ပြောင်းလဲပြီးနောက် တောတောင်များကို လူများ သွားမလည်ကြတော့။
သို့သော် ပျက်စီးနေသည့် ဘုန်းကြီးကျောင်းထဲတွင် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော် ရှိနေသည်။ ထိုရုပ်ပွားတော်သည် ပင့်ကူမျှင်များ၊ ဖုံများ ဖုံးလွှမ်းနေသော်လည်း ရွှေရောင်တောက်ပနေဆဲပင်။
ယခင်ကဆိုလျှင် ဤကဲ့သို့သော ရုပ်ပွားတော်များ မြင်လျှင်ပင် ချူဖုန်း ဘာကိုမှ မခံစားရ။ သို့သော် ယနေ့တော့ ထိုရုပ်ပွားတော်ကို စိုက်ကြည့်ပြီး အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် ပုံမှန်မဟုတ်သည့် ခံစားချက်များ ခံစားလာရသည်။
ပျက်စီးနေသည့် ဘုရားကျောင်းနှင့် ဗုဒ္ဓရုပ်ပွားတော်ကို စိုက်ကြည့်ပြီး သူ့စိတ် ရှင်းလင်းအေးချမ်းတည်ငြိမ်လာသည်။
“ဒီနတ်ဘုရားက တစ်ချိန်တုန်းက ချစ်ခံရ၊ လေးစားခံရ၊ ပူဇော်ခံခဲ့ရပြီးတော့ ဗဟုသုတလည်း ကြွယ်ဝတယ်” ချူဖုန်း ရေရွတ်လိုက်သည်။ ပြောင်းလဲမှုရှုထောင့်မှဆိုလျှင် ဤသည်မှာ ရှေးဟောင်းနတ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လောက်သည်။ နောက်ပိုင်းတွင်မှ သူ့ကို နတ်ဘုရားအဖြစ် ပြောင်းလဲလိုက်ပြီး ပူဇော်လာခဲ့ကြသည်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း သူ၏စွမ်းအားကြီးသည့် ဝိညာဉ်စွမ်းအားကို သူ ခံစားမိနေဆဲပင်။
“ဒီလိုအဆင့်မျိုးရှိတဲ့ ရုပ်ပွားတော်တွေ များများစားစား မရှိလောက်ဘူး”
ချူဖုန်း ရုတ်တရက် ဘုရား ဆင်အား မောင်းထုတ်သည့်အခန်းကဲ့သို့သော ဘာသာရေးစာပေများ၊ ဒဏ္ဍာရီများကို အမှတ်ရမိသွားသည်။
မသိလိုက်မသိဘာသာဖြင့်ပင် ချူဖုန်း မိုးကြိုးအသက်ရှူပညာကို ပြောင်းမိသွားလေ၏။ ဤပညာသည် မပြည့်စုံသော်လည်း ဤရွှေရောင်ဗုဒ္ဓရုပ်ပွားတော်နှင့် တုံ့ပြန်မှုများ ရှိနေသည်။
သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များကို လက်ခံလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ချူဖုန်း ဤအသက်ရှူပညာကို အသုံးပြုရန် စိတ်ကူးမရှိခဲ့။ အဘယ်ကြောင့်ဆိုသော် ဤပညာမှာ ပြင်းထန်လွန်းလှသောကြောင့် ဒဏ်ရာရနေသည့် သူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်သည်ပင်။
သို့သော် စိတ်ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစည်းပြီးသည့်နောက်တွင်တော့ မကောင်းသည့် အကျိုးသက်ရောက်မှုများ မရှိတော့သည်ကို သူတွေ့လိုက်ရသည်။ ထိုအစား သူ့ဘေးပတ်လည်၌ ခေါင်းလောင်းသံကဲ့သို့ ကြည်လင်လှသည့် ရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး ထိုအသံမှာ သူ့စိတ်ကို ငြိမ်းချမ်းအောင် ပြုလုပ်ပေးနေသည်ပင်။
“အပြင်ပိုင်းက နတ်ဆိုးဆန်ပေမယ့် အတွင်းပိုင်းက အံ့ဩစရာကောင်းနေတာလား..” ချူဖုန်း ရေရွတ်လိုက်သည်။ ဤပညာသည် အပြင်ပိုင်းတွင် ကြမ်းတမ်းသော်လည်း အတွင်းပိုင်းမှာတော့ သိမ်းမွေ့နူးညံ့လှသည်။
“ငါတို့ ဗုဒ္ဓဘာသာရှုထောင့်ကနေ ရှင်းပြလို့ရလောက်တယ်”ချူဖုန်း ပြောလိုက်သည်။
ဗုဒ္ဓဘာသာသည် သနားညှာတာမှု၊ ငြိမ်းချမ်းမှု၊ တိတ်ဆိတ်ငြိမ်သက်မှုတို့ကို အလေးပေးသော်လည်း လိုအပ်လာလျှင် နတ်ဆိုးများကို နှိမ်နှင်းနိုင်သည်ပင်။
“ကြည့်ရတာ မိုးကြိုးအသက်ရှူပညာကို ကျင့်ကြံဖို့က စိတ်အေးချမ်းနေဖို့ လိုတယ်ထင်တယ်..”
ရုတ်တရက် ချူဖုန်း အသိတရားရလာသည်။
လူများစွာသည် မပြည့်စုံသည့် မိုးကြိုးအသက်ရှူပညာကို လေ့ကျင့်ပြီး သူတို့ကိုယ်သူတို့ ထိခိုက်အောင် လုပ်မိခဲ့ကြသည်ဟု နွားဝါလေး သူ့ကို ပြောပြခဲ့ဖူးသည်။
ချူဖုန်း ယခုတော့ နားလည်သွားလေပြီ။ ဤပညာကို ကျင့်ကြံရန် အထူးလိုအပ်ချက်များ လိုအပ်နေသည်။
အချိန်တိုအတွင်းမှာပင် အသက်ရှူပညာနှစ်ခုကို သူ လျင်မြန်စွာ နားလည်လာခဲ့သည်။ ဤအသက်ရှူစည်းချက်များကြား၌ ကွယ်ဝှက်နေသည့် ထူးခြားနက်နဲမှုများနှင့် ကန့်သတ်ချက်များကိုလည်း သူ မြင်နိုင်ခဲ့သည်။
နွားဝါလေး ပြောပုံအရဆိုလျှင် ဤအသက်ရှူပညာတွင် မည်သူမှမသိသေးသည့် လျှို့ဝှက်ချက်များစွာ ရှိနေသေးသည်ပင်။ ကျင့်ကြံရင်း တိုးတက်လာမှသာ တစ်ဖြည်းဖြည်းချင်း သိလာလိမ့်မည်ပင်။
ဝုန်းးး
ချူဖုန်း ခန္ဓာကိုယ်ထဲ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးနောက် သူ့အတွင်းအင်္ဂါများ လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်ထဲ၌ လျှပ်စီးများ စီးဆင်းနေသကဲ့သို့ပင်။
သူ နာကျင်မှုကို မခံစားရ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့စိတ်ဝိညာဉ်နှင့် ကိုယ်စွမ်းအင်များ သန့်စင်သွားသောကြောင့် သက်တောင့်သက်သာပင်ဖြစ်နေသည်။ သူ့စိတ်လည်း ကြည်လင်နေသည်။
ချူဖုန်း လေ့ကျင့်ခြင်းအား ရပ်လိုက်သည့်အချိန် နေရောင်ပင် မရှိတော့။
သူ၏ကျိုးနေသည့် အရိုးများ ပြန်ကောင်းမွန်သွားပြီး မည်သည့်ဒဏ်ရာမှ မရှိတော့သည်ကို သူ အံ့အားသင့်စွာ တွေ့လိုက်ရသည်။ သူ့နှလုံး၌ ရှိနေသည့် အမာရွတ်လည်း ပျောက်ကွယ်သွားလေပြီ။ သူ့နှလုံးမှာ တစ်ခါမှ ဒဏ်ရာမရဖူးသကဲ့သို့ပင်။
သူ့ရင်ဘတ်ရှိ အပေါက်ဒဏ်ရာမှာ အစကတည်းက အသားအသစ်များ ပြန်ထွက်လာပြီဖြစ်သော်လည်း ယခုတော့ ထိုနေရာသည် နီရဲနေကာ ဒဏ်ရာလည်း အပြည့်အဝ ကောင်းမွန်သွားလေပြီ။
“မြန်လိုက်တာ..” ဤကောင်းမွန်သည့်နှုန်းမှာ သူ့ကို အံ့အားသင့်စေခဲ့သည်။
အဓိက အကြောင်းရင်းမှာ နွားဝါလေး သူ့ကို သင်ပေးသည့် အသက်ရှူပညာ၏ ကုသနိုင်စွမ်းကြောင့်ပင်။ သင့်တော်သည့် စိတ်အခြေအနေ၌ မိုးကြိုးအသက်ရှူပညာကို အသက်သွင်းလိုက်သောကြောင့် ပိုမိုကောင်းမွန်သွားခဲ့သည်။
ယခုတော့ မိုးကြိုးအသက်ရှူပညာ၏ ထူးခြားဆန်းကြယ်မှုကို သူသိသွားလေပြီ။ သူသာ ဤပညာကို အပြည့်အစုံရလိုက်လျှင် ဤပညာမှာ နွားဝါလေး၏ အသက်ရှူပညာကိုပင် ယှဉ်နိုင်လိမ့်မည်။
ဤကဲ့သို့ ယှဉ်နိုင်နိုင်ခြေရှိသည်ဟုလည်း နွားဝါလေး သူ့ကို ပြောခဲ့သည်။ အသက်ရှူပညာနှစ်ခုလုံးတွင် ထူးခြားသည့်နောက်ခံများ ရှိပြီး အပြင်လူများ ရယူနိုင်ရန် အလွန်ခက်ခဲလှသည်။
အပြင်လူများ သူတို့ပညာကို သင်ယူနေကြောင်း သိသည်နှင့် ထိုကျောင်းများ သူတို့ပညာကို “သိမ်းဆည်း”သွားကြလိမ့်မည်။
“သုံးရက်ရှိသွားပြီထင်တယ် .. ကျန်းရှီမှာ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး..” ချူဖုန်း အဝေးသို့ ငေး၍ ပြောလိုက်သည်။
“အခု င့ါခန္ဓာကိုယ် ပြန်ကောင်းသွားပြီဆိုတော့ ငါ ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ဖို့ ကြိုးစားလို့ရပြီ..”
ချူဖုန်း၏မျက်လုံးများ တောက်ပနေသည်။ သူ အလောတကြီးမလုပ်။ အဆင့်တက်ရန် လိုအပ်သည့် အတွင်းစွမ်းအားများကို အရင်စုစည်းလိုက်သည်။
ထိုညတွင် ချူဖုန်း တောတောင်ထဲမှ ထွက်လာကာ မြို့ငယ်တစ်မြို့၌ ဖုန်းတစ်လုံး ဝယ်လိုက်ပြီး သူ့မိဘများကို ဆက်သွယ်လိုက်သည်။
ယခု သူ အပြည့်အဝ ကောင်းမွန်သွားပြီဖြစ်သောကြောင့် သူ့ကို ရှာတွေ့မည်ကို မကြောက်တော့။
“အမေ ကျွန်တော် အဆင်ပြေပါတယ် .. အခုတလောကတော့ ဘယ်ဘုရင်ကို စားရင်ကောင်းမလဲလို့ ကျွန်တော် စဉ်းစားနေတာ .. ကျွန်တော့်ဖုန်း ပျက်သွားလို့ အမေတို့ကို မဆက်သွယ်နိုင်တာ .. ကျွန်တော် အရမ်းကို ကျန်းမာနေတာ တွေ့လား.. အစကတည်းက ဘာမှကို မဖြစ်တာ .. အမေတို့ ဘာစားချင်လဲ .. ကျွန်တော် အမဲလိုက်ပြီး ယူလာခဲ့ပေးမယ် .. ကာကွယ်ထားတဲ့မျိုးစိတ်တွေဘာတွေကို စိတ်ပူမနေနဲ့.. အခုခေတ်မှာ အဲဒီလိုမျိုး ကာကွယ်တာတွေ ဘာတွေ မရှိတော့ဘူး”
ချူဖုန်း သတင်းကောင်းကိုသာ ပြောပြလိုက်သည်။ သူ သေခါနီးဖြစ်ခဲ့သည်ကို မပြောပြရဲ။ မဟုတ်လျှင် သူ့မိဘနှစ်ပါး စိုးရိမ်နေရလိမ့်မည်။
ထို့နောက် သူ လုထုန်ကို ဆက်သွယ်လိုက်သည်။ လုထုန်ထံမှ သူ့အား အတော်လေး ထိတ်လန့်သွားစေနိုင်သည့်သတင်းကို ရခဲ့သည်။
ရေအောက်မျိုးနွယ်စု၏ နတ်ဆိုးအိုများနှင့် ရှားပါးမျိုးစိတ်များ ကမ်းပေါ်သို့ တက်လာကာ အများစုမှာ ကျန်းရှီ၌ စုဝေးနေသည်ကို သူသိလိုက်ရသည်။
“ဟိန်းထုန်အတွက် လက်စားချေပေးဖို့ မျက်လုံးသုံးလုံးမျိုးနွယ်စုတစ်ယောက် ကျွန်တော့်ကို လိုက်ရှာနေတယ်ဟုတ်လား .. သူက အသက်ရှင်ရတာ ပင်ပန်းနေလို့လား .. သူ့ပုံစံအမှန်ကဘာလဲ .. စားလို့ရလား..”
ချူဖုန်း၏ စကားလုံးများအား ကြားလိုက်ရသည့်အချိန် လုထုန် ဆွံ့အသွားရသည်။
“ဘာ .. သူက လူသားဖြစ်နိုင်တယ်ဟုတ်လား .. အဲဒါဆိုရင် သူ့ကို ထွက်သွားဖို့ပြောလိုက် .. မဟုတ်ရင်တော့ သူ့ကို တွေ့တာနဲ့ သတ်ပစ်မှာ .. ကျွန်တော် ဒီလူကို စိတ်မဝင်စားဘူး .. ဟိန်းထုန် ခေါင်းဖော်လာပြီလား .. ကျွန်တော် သူ့ကို စားချင်နေတာ .. နောက်ဆုံးတစ်ခေါက်က အသား ၄၀ ကီလိုဂရမ်ပဲ ရလိုက်တာ .. အဲဒါက အစာပြေလောက်ပဲရှိပေမယ့် အရသာကတော့ တကယ့်ကိုဂွတ်ရှယ်ပဲ..”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုထုန် အော်ဆဲမိလုနီးပါးဖြစ်သွားသည်။ ကျန်းရှီ၌ ကျွမ်းကျင်သူအားလုံးစုဝေးနေပြီး မုန်တိုင်းကြီးစတင်ရန် အဆင်သင့်ဖြစ်နေသော်လည်း ဤကောင်ကတော့ အစားအသောက်အကြောင်းသာ တွေးနေသည်။
“စိတ်မပူပါနဲ့ .. နောက်ရက်နည်းနည်းလောက်ကြာရင် ကျွန်တော်ပြန်လာမှာ .. ကျွန်တော့်ကို ချုံခိုတိုက်ခဲ့တဲ့ကောင်တွေအကုန်လုံးကို သတ်ပစ်ပြီးတော့ သူတို့အသိုက်တွေကိုပါ တူးထုတ်ပစ်မှာ .. ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးပါဦး .. သူတို့ကို မသတ်ဖို့ ကျောက်စိမ်းဂူကျောင်းဆရာကို ပြောပေးပါ .. ကျွန်တော်ပြန်လာပြီး သူတို့တွေကို တစ်ယောက်ပြီးတစ်ယောက် ကင်စားပစ်မယ်.. သူတို့ သေခြင်းတရားကို ရှောင်လွဲလို့မရဘူး..” အစားအသောက်အကြောင်း ပြောလိုက်သည်နှင့် ချူဖုန်း၏မျက်လုံးများ တောက်ပလာလေ၏။
အပိုင်း ၂၄၂ ပြီး၏။