သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၁ – မတူညီသည့်လမ်းကြောင်း
”ရှင့်ရဲ့မျက်လုံးထဲမှာ အနှောက်အယှက်ဖြစ်နေတဲ့ အရိပ်အယောင်တွေ မြင်နေရတယ် .. ပြီးတော့ ဝမ်းနည်မှုရော နောင်တရနေတာတွေရော .. ဘာလို့လဲ..” မိန်းမပျိုလေးမှ အံ့အားသင့်စွာ မေးလိုက်သည်။
“သေချာရှင်းပြလို့မရဘူး .. နားမလည်နိုင်ဘူး .. ဆက်သွယ်လို့မရဘူး .. သူတို့ရဲ့အတိတ်တွေကိုလည်း မသိဘူး .. ဒါတွေ အားလုံးကို ပေါင်းလိုက်ရင် ဘယ်လိုလုပ် စိတ်မရှုပ်ထွေးပဲ နေနိုင်မှာလဲ” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။
ဤကျင့်ကြံဆင့်သို့ ရောက်သည်နှင့် သူတို့သည် ကိစ္စများစွာကို ထိုးဖောက်မြင်ရသည်ပင်။ သူမသည်လည်းရှီဟောင်၏ ကူကယ်ရာမဲ့မှုကို ခံစားနေရသည်ပင်။
“ရှင်က တစ်ခြားလောက နတ်ဆိုးတွေအကြောင်းကို ပြောနေတာလား”
ရှီဟောင် ဘာမှမပြောတော့။ ဤသည်မှာ ရှင်းပြနိုင်ရန် ခက်ခဲလှသည်ကို သူသိသည်။ အရိုးစွဲနေသည့်အတွေးများကို သူ၏တစ်ဖက်သတ်ပုံပြင်များဖြင့် ဘယ်လိုလုပ် ပြောင်းလဲနိုင်မည်နည်း..
သူ ဘာပြောနိုင်မှာလဲ .. သူ အကောင်းဆုံးကြိုးစားရင်တောင် အသုံးဝင်ချင်မှ ဝင်လိမ့်မယ် .. သူက ဤမိန်းမပျိုလေးကို ပြန်မဆွဲထားနိုင်။
သူ၏နတ်အာရုံများကို ဖွင့်လိုက်ပြီး ဤမိန်းမပျိုလေးကို လေ့လာခွင့်ပေးမည်ဆိုလျှင်တောင် ခက်ခဲနေလိမ့်ဦးမည်ကို သူ ခံစားနေရသည်။
ဤသည်မှာ သူမ အပြစ် မဟုတ်ပေ။ ဤတစ်လောကလုံးက ဤကဲ့သို့ပင်။
ဤလောကမှလူများမြင်နိုင်ရန်အတွက် သက်သေတစ်ခုခုထုတ်ပြလျှင်ပင် သူ့ကို အရူးအဖြစ် သတ်မှတ်ကြလိမ့်မည်။
“ရှင့်စိတ်တွေက အတွေးတွေနဲ့ဖုံးနေတယ် .. တွေဝေနေသလိုပဲ .. အဲဒါက တစ်ခြားတစ်ဖက်က မိစ္ဆာတွေကြောင့်လို့တော့ ကျွန်မကို မပြောနဲ့နော်..” သူမ၏အမြင်မှာ အတော်လေးပင် စူးရှလှသည်။
သူမသည်လည်း နားမလည်နိုင်ဖြစ်နေလေ၏။ ဤသည်မှာ ဤလောကမှလူများရင်းနှီးနေသည့်အရာပင်။ ဘာကိုသံသယဝင်နေသနည်း..
“ကျွန်မတို့ အဆင့်ထိရောက်အောင်ကျင့်ကြံပြီး ထာဝရစွမ်းအင်သုံးကြောင်းကို ပိုင်ဆိုင်သွားတဲ့သူက စိတ်တည်ငြိမ်သွားတာနဲ့ သေမျိုးလောကက အရာအားလုံးကို နားလည်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်တယ် .. ရှင် စိတ်ညစ်နေစရာ မလိုဘူး..” ထိုမိန်းမပျိုလေးမှ အကြံပေးလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် ရှီဟောင် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
“ငါ မင်းကို ပုံပြင်တစ်ပုဒ်ပြောပြချင်တယ်” နောက်ဆုံးတော့ ရှီဟောင် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ သူမကို အမှန်တရားပြောပြချင်သည်။ သူမ ယုံကြည်သည် မယုံကြည်သည်ကို သူ တွေးပူမနေတော့ပေ။
ဤမိန်းကလေးသည် သူကဲ့သို့ပင် သန်မာပြီး သရဖူ ၁၀ ခုဘုရင်နှင့် ရင်ဆိုင်နိုင်သည့်သူပင်။ သူသာ တစ်ခြားတစ်ဖက်ကို ရောက်သွားပါက သူတို့အချင်းချင်းတိုက်ရသည့်အချိန်တွင် အလွန်နှမြောစရာကောင်းလိမ့်မည်။
“အိုး .. ဘာပုံပြင်လဲ.. ရှင် ရှေးဟောင်းစာတွေထဲမှာ မြင်ခဲ့ရတဲ့ တစ်ခုခုလား..” မိန်းမပျိုလေး မေးလိုက်သည်။ သူမသည် သူ စကားဆက်ပြောနိုင်အောင် လမ်းခင်းပေးနေခြင်းပင်။
“ဟုတ်တယ် .. ငါ ရှေးဟောင်းစာတစ်ခုထဲမှ တွေ့ခဲ့ရတာ..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူသည် တစ်ဖက်လောက၏ အတိတ်မှ အဖြစ်အပျက်များကို ပြောပြလိုက်သည်။
“အဲဒီမှာ ဘာမိစ္ဆာမှ မရှိဘူး .. ပျက်စီးသွားတဲ့ လောကကြီးပဲရှိတာ .. ခေတ်တစ်ခုလုံး အဆုံးသတ်သွားပြီး သက်ရှိတွေအားလုံးလည်း သေဆုံးသွားခဲ့ကြတယ်..” ရှီဟောင်ပြောလိုက်၏။
တစ်ယောက်ယောက်ကြုံဖူးသည့်ပုံစံဖြင့် သူ ပြော၍မရပေ။ ထို့ကြောင့်ရှေးဟောင်းစာများတွင် မြင်ဖူးသည့်ပုံစံဖြင့်သာ ပြောပြနေခြင်းပင်။ ထာဝရရှေးဟောင်းခေတ် ပျက်စီးသွားသည်မှစကာ ယခုခေတ်အထိ အကုန်လုံးကို ပြောပြလိုက်၏။
“တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ… ဒါပေမဲ့ ရှင်ကျွန်မကို လာပြီးတော့ အယုံသွင်းနေတယ်လို့ ကျွန်မခံစားနေရတုန်းပဲ .. ရှင်က ဒီလောကကြီးကို ရန်လိုနေတာလား .. ရှင် အဲဒီရှေးဟောင်းစာတွေကို ယုံစရာမလိုဘူး .. အဲဒီစာတွေကို အမှန်လို့ယူလို့ မရဘူး” မိန်းမပျိုလေး ပြောလိုက်သည်။
သူမသည် တစ်ခဏခန့် စဉ်းစားပြီးသည့်နောက်တွင် “အဲဒီလောကက တစ်ယောက်ယောက်များ ဒီဘက်ကို ရောက်လာပြီးတော့ အဲဒီရှေးဟောင်းစာတွေကို ချန်ထားခဲ့တာများလား..” ထိုမိန်းမပျိုလေး ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏နှလုံးခုန်သံများ အဆမတန် မြန်ဆန်သွားရသည်။ ဒီတစ်ယောက်က အရမ်းကို အမြင်အာရုံစူးရှလွန်းနေတယ်မလား .. သူမက သူ့ကို သံသယဝင်နေတာများလား..
“အဲဒီလောကက သက်ရှိတွေက တော်တော်တော့ သနားစရာကောင်းတယ် .. သူတို့တွေက နတ်ဆိုးရဲ့အစေခံတွေ ဖြစ်ပေမယ့်လည်း လက်လွတ်စပယ်နေနေကြတယ် .. သူတို့နိုးထလာတဲ့အချိန်ကျရင် သူတို့သေချာပေါက် ဝမ်းနည်းနေရလိမ့်မယ်” မိန်းမပျိုလေး သက်ပြင်းချကာ ပြောလိုက်သည်။
ရှီဟောင့်အမြင်တွင် ဤစကားများကို ဤလောကအတွက် သုံးပါက အဓိပ္ပာယ်ရှိသေးသည်။
ရှီဟောင် အခြားရှုထောင့်မှ ပြန်တွေးကြည့်မိသွားသည့်အချိန်တွင် သူ ဆွံ့အသွားရ၏။
အဘယ်ကြောင့်ဆိုသော် ပြောင်းပြန်တွေးကြည့်ပါကလည်း အဓိပ္ပာယ်ရှိသည်ပင်။
ဤလောကသည် အယုံသွင်းခံထားရပြီး သမိုင်းများလည်း ပျောက်ကွယ်နေသည်။
ထာဝရရှေးဟောင်းခေတ် ပျက်စီးသွားတာက အတုအယောင်တွေမို့လို့လား..
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် ခေါင်းခါလိုက်သည်။ ဤရှုပ်ထွေးနေသည့် အရာများကို သူ ထပ်မစဉ်းစားချင်တော့.. ဒီမိန်းကလေးက ဘာမှပြောစရာမရှိတော့ဘူးဆိုတော့ သူတို့ဒီမှာ လမ်းခွဲလိုက်တာ အကောင်းဆုံးပဲ..
အခြားနည်းလမ်းများလည်း ရှိသေးသည်သာ။ ဤမိန်းကလေးကို သတ်မလား .. ချိတ်ပိတ်ထားမလား ဆိုသည်ပင်။ ထိုသို့သာ လုပ်လိုက်ပါက သူမကို စစ်မြေပြင်၌ မတွေ့ရမည်ပင်။
သို့သော်လည်း သူ့ကိုယ်ထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်အနည်းငယ်ကိုထုတ်လွှတ်ရုံသာရှိသေးသည် အပြင်ဘက်ကိုပင် ထုတ်မပြရသေးသော်လည်း ထိုမိန်းကလေးမှ သူ့အား မျက်မှောင်ကြုတ်ကာ ကြည့်လာလေသည်။
“မင်းက ဘာလို့ ငါ့ကို အဲဒီလိုမျိုးလာကြည့်နေတာလဲ..” ရှီဟောင် မေးလိုက်၏။
“အခု ရှင့်ခံစားချက်တွေက အရမ်းရှုပ်ထွေးနေတယ် .. ဒါပေမဲ့ အဲဒီရှုပ်ထွေးတာက ရိုးရှင်းတယ် .. အခုလေးတင် နင်သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေ ထုတ်လိုက်တယ် .. ရှင် ကျွန်မကို တိုက်ခိုက်ချင်နေတာလား..” ဤမိန်းမပျိုလေးသည် အလွန်တည်ငြိမ်နေကာ ကြောက်သည့်ပုံ နည်းနည်းမှ မပေါ်ပေ။
သူမက အရမ်းကို အမြင်စူးရှလွန်းနေတယ်မလား .. သူမက သူ့ရင်ထဲက အကြောင်းအရာတွေကိုတောင်မှ မြင်နိုင်နေတာလား..
“မင်း နားလည်မှုလွဲနေပါပြီ..” ရှီဟောင်ပြောလိုက်၏။ သူက ဘယ်လိုလုပ် ဤသည်ကို ဝန်ခံရမည်နည်း..
“ငါက စိတ်ချင်းဆက်သွယ်မှုကို ကျင့်ကြံထားတာ” မိန်းမပျိုလေးပြောလိုက်သည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ စိတ်ချင်းဆက်သွယ်မှု .. ဒီလိုမျိုးစွမ်းရည်တောင်ရှိနေတာလား..
စိတ်ချင်းဆက်သွယ်မှု ကျင့်ကြံထားသည့်သူအား ဒုတိယအကြိမ်မြောက် သူတွေ့ဖူးခြင်းပင်။ ဤပညာကျင့်ကြံထားသူများသည် ပြိုင်ဘက်ကင်းသည့် သူရဲကောင်းများဖြစ်ကြပြီး အလွန်ရှားပါးလှသည်ပင်။
ယခင်က အဆင့်နိမ့်နယ်မြေတွင် မီးခိုးရောင်အဝတ်အစားဝတ်ဆင်ထားပြီး နှစ်ထပ်မျက်လုံးရှိသည့် အမျိုးသမီးသည်လည်း စိတ်ဆက်သွယ်ခြင်းကိုကျင့်ကြံထားသည်ပင်။
ရှီဟောင်သည် သူ ဘာတွေးနေသည်ကိုလည်းသိလားဟု မေးလိုက်သည်။ ထိုသို့သာဆိုပါက သူစကားပြောပြီး ရှင်းပြနေစရာမလိုတော့ပေ။
သို့သော်လည်း မိန်းမပျိုလေး၏ စကားမှာ သူ့အားစိတ်ပျက်သွားစေလေ၏။
“ကျွန်မတို့က အဆင့်အတူတူပဲ .. နှစ်ယောက်လုံးက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတာဆိုတော့ ကျွန်မမှာ စိတ်ဆက်သွယ်နိုင်တဲ့စွမ်းရည်ရှိရင်တောင်မှ ရှင့်မှတ်ဉာဏ်တွေထဲ ဝင်လို့မရဘူး” မိန်းမပျိုလေးပြောလိုက်၏။
စိတ်ချင်းဆက်သွယ်မှုမှာ ထူးဆန်းသလိုထင်ရသော်လည်း သူ့အကန့်အသတ်လည်းရှိသည်သာ။ သူတို့နှစ်ယောက်လုံး အဆင့်တူသည့်အပြင် နှစ်ယောက်လုံး သူတို့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် ထာဝရစွမ်းအင်ရှိနေသောကြောင့် ထိုပညာကို အသုံးပြုရန် ခက်ခဲလိမ့်မည်ပင်။
သို့သော်လည်း တစ်ဖက်လူ၏ ခံစားချက်များကို သိနိုင်နေဆဲပင်။ တစ်ဖက်လူ ဝမ်းနည်းနေလား၊ ပျော်နေလား၊ စိတ်တိုနေလားကို သိနိုင်သည်ပင်။
ထို့ကြောင့်ပင် ရှီဟောင့်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်ထွက်လာသည်ကို သူမ သိနေခြင်းပင်။ သို့သော် ဘာကြောင့်ထွက်လာမှန်းတော့ သူမ မသိပေ။
ဝုန်း…
ဝုန်း..
ထိုအချိန်တွင် တောင်ထိပ်ကြီးတုန်ခါသွားကာ အလင်းတန်းများ ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် အပြာရောင်ချပ်ဝတ်တန်ဆာဝင်ဆင်ထားသည့် လူငယ်လေးတစ်ယောက်ပေါ်လာလေသည်။ ထိုလူငယ်လေးမှာ အသက် ၂၀ ထက် မကျော်လောက်သေးပေ။ သို့သော်လည်း သူသည် အလွန်စွမ်းအားကြီးလှသည်။
သူလည်း ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည်မှာ သေချာသည်။
တောင်ထိပ်ပေါ်တွင် အခြားနှစ်ယောက်ကို တွေ့လိုက်ရသည်နှင့် သူ၏မျက်လုံးများ တောက်ပလာလေသည်။ ထို့နောက် သူမိန်းမပျိုလေးကို နှုတ်ဆက်လိုက်လေ၏။ သူတို့သည် ယခင်က သိဖူးခဲ့သည့်သူများပင်။
“အတူတူသွားကြစို့..” သူသည် ထိုမိန်းမပျိုလေးကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မ အခုမသွားချင်သေးဘူး .. စိတ်ဝင်စားဖို့ကိစ္စတစ်ခုကို ဆွေးနွေးချင်သေးတယ်” မိန်းမပျိုလေးပြောလိုက်၏။
“အိုး .. အဲဒီလိုလား..” ထိုကောင်လေးပြုံးလိုက်သည်။ သူသည် ရှီဟောင်ကိုကြည့်လိုက်ကာ “ကျွန်တော်လည်း နားထောင်လို့ရလား..”
“ကျွန်မတို့က နတ်ဆိုးအကြောင်းတွေကို ပြောနေကြတာ .. ပြီးတော့ တစ်ခြားလောကအကြောင်းကိုလည်း ပြောနေကြတာ .. အဲဒါက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာ .. ဒီတာအိုရောင်းရင်းက ရှေးဟောင်းစာတစ်ခုကို ရှာတွေ့ခဲ့တယ် .. အဲဒီထဲမှာ မှတ်တမ်းတင်ထားတာတွေက ကျွန်မတို့သိထားသမျှအရာအားလုံးနဲ့ ပြောင်းပြန်ပဲ .. ကျွန်မတို့သိထားတဲ့သမိုင်းကြောင်းနဲ့ လုံးဝဆန့်ကျင်ဘက်ကို ဖြစ်နေတာ..” မိန်းမပျိုလေး ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ .. ကျွန်တော် တော်တော်လေး စိတ်ဝင်စားနေပြီ..” ဤလူငယ်လေး ပြောလိုက်သည်။ သူသည် အလွန်ထူးချွန်သည့် အဆင့်လွန်လူငယ်လေးဖြစ်သောကြောင့် ရှီဟောင့်အမြင်တွင် ထူးခြားသည့်ပြိုင်ဘက်တစ်ယောက်ပင်။
ရှီဟောင်သည် ထိုစာအုပ်အကြောင်း၊ ပုံပြင်အကြောင်းကို ထပ်ပြောပြလိုက်သည်။ ဤလူငယ်လေးကိုလည်း ဤအကြောင်းအရာများကို နားလည်စေချင်သည်။
ဤလောကမှ လူများသည် ရှီဟောင်ပြောသမျှကို စိတ်ထဲမှ ငြင်းဆန်နေမည်သာ။
“တာအိုရောင်းရင်းက ဒီစာအုပ်ကို တော်တော်လေး အထင်ကြီးနေတာပဲ .. ညီအစ်ကိုက မိစ္ဆာတွေရဲ့ အပြစ်တွေကို ဖြေလျော့ဖို့ကြိုးစားနေတယ်လို့ ကျွန်တော်ခံစားနေရတယ် .. ဒါမှမဟုတ် သူတို့အတွက် ချီးကျူးတဲ့သီချင်းတွေ ဆိုပေးချင်နေတာလား..” ထိုလူငယ်လေး၏ မျက်လုံးများမှာ ချက်ချင်းပင် အလင်းတန်းများ ထွက်ပေါ်လာလေ၏။
“ကျွန်တော်က ပုံပြင်တစ်ပုဒ်ကိုပဲ ပြောပြတာပါ .. အရမ်းကြီး ဝေဖန်နေစရာမလိုပါဘူး” ရှီဟောင်ပြောလိုက်၏။
” ရောင်းရင်းက ဘယ်သူလဲ.. အရင်တုန်းက ဘာလို့ မမြင်ဖူးတာလဲ” သူ အတော်လေး ဆတ်ဆိတ်ထိမခံဖြစ်နေလေ၏။
ဤနေရာသည် အတော်လေးကျယ်ဝန်းသော်လည်း ဂိုဏ်းကြီးများကြားမှ ဆက်ဆံရေးမှာ အတော်လေး နီးစပ်သည်ပင်။
“ကျွန်တော် ခင်ဗျားကို နည်းနည်းစမ်းကြည့်မယ်”
ထိုလူငယ်လေး လှုပ်ရှားလာလေသည်။
” ခင်ဗျားကဘာလို့ တစ်ခြားလောကကကိစ္စတွေကို အရမ်းကြီး အလေးထားနေတာလဲ … ခင်ဗျားက မိစ္ဆာတွေရဲ့မျိုးဆက်တွေလို့ ယုံကြည့်လို့ရတဲ့ အကြောင်းပြချက်တွေ အများကြီးရှိတယ်”
ရွှီး..
ထိုလူငယ်လေး သူ၏လက်ညှိုးကို လှုပ်ရှားလိုက်သည်နှင့် အစိမ်းေရာင်နတ်အလင်းတန်းတစ်ခုသည် လှံတံတစ်ခုကဲ့သို့ ရှီဟောင်ထံသို့ တရှိန်ထိုးထွက်လာလေသည်။
ထိုလူငယ်လေးသည် ကောင်မလေးကို အဝေးသို့ ထွက်သွားစေပြီး လွတ်လွတ်လပ်လပ်ပင် တိုက်ခိုက်နေလေသည်။
ရှီဟောင် နားလည်လိုက်လေပြီ။ ဤလူသည် ဤမိန်းမပျိုလေးကို စိတ်ဝင်စားခြင်းပင်။ သူမနှင့် ရှီဟောင် ထိုင်စကားပြောနေသည်ကို မြင်လိုက်ရသောကြောင့် သူတိုက်ခိုက်လာရခြင်းပင်။
ရှီဟောင် လက်မြှောက်လိုက်သည်နှင့် အလင်းတစ်ခု ထွက်ပေါ်လာပြီး လေထဲသို့ မြူများလည်း ပျံ့လွင့်လာလေသည်။
ဤတိုက်ပွဲသည် အလွန်ပြင်းထန်လှသော်လည်း မကြာပေ။ ၁၀ ချက်လောက်တိုက်ပြီးသည့်နောက်တွင် သူတို့နှစ်ယောက်လုံး လူပြန်ကွဲသွားကြသည်။
အဘယ်ကြောင့်ဆိုသော် တောင်ကြီး အသက်ဝင်လာသောကြောင့်ပင်။ ဤတောင်ကြီးသည် အခြားလောကတစ်ခုနှင့် ဆက်စပ်နေသောကြောင့် သာမန်မဟုတ်ပေ။ ယခုလည်း ဖိအားများ ထုတ်လွှတ်နေလေပြီ။
“မင်းက အဲဒီလောကလာတဲ့ နတ်ဆိုးလို့တော့ ငါ့ကိုမပြောနဲ့နော်” ထိုအဆင့်လွန်လူငယ်ပြောလိုက်၏။ သူ၏မျက်လုံးများ အေးစက်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထုတ်လွှတ်နေလေသည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ရှီဟောင် ဒေါသထွက်လာရသည်။ တစ်ဖက်လူသည် သူ့စကားကို တကယ်မယုံကြည်ပေ။ သူ့ဘေးနားတွင်ရှိနေသည့်မိန်းမပျိုလေးကြောင့် ဤကဲ့သို့ ပြောနေခြင်းပင်။
“မတိုက်နဲ့တော့ .. ကျွန်မတို့ သွားသင့်ပြီ..” ထိုမိန်းမပျိုလေး၏ အသံမှာ သာယာနာပျော်ဖွယ်ကောင်းလှသည်။
“ငါတို့ နောက်တစ်ခေါက်ထပ်တိုက်ကြမယ် .. အဲဒီအချိန်ကျရင် ငါတို့ကို လာတားတဲ့သူ ရှိမှာ မဟုတ်ဘူး .. အဲဒါဆိုရင် ငါတို့လည်း ဘယ်သူက ဘယ်သူ့ထက်ပိုပြီးတော့ စွမ်းအားကြီးလဲဆိုတာ ဆုံးဖြတ်လို့ရပြီ..” ထိုလူငယ်လေး ပြောလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိမြင်ကွင်းများအားလုံး မှုန်ဝါးသွားလေသည်။
သူသည် ရွှေရောင်လမ်းကြောင်းထဲသို့ ဝင်သွားကာ ဤနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။
“တာအိုရောင်းရင်း .. ရှင်ရော မသွားသေးဘူးလား” မိန်းမပျိုလေးမေးလိုက်၏။
“ငါနားလည်အောင်လုပ်ချင်တဲ့ တစ်ချို့ကိစ္စတွေ ရှိသေးတယ် .. သူတို့အကြောင်းကို ထပ်စဉ်းစားဖို့လိုသေးတယ်” ရှီဟောင် ခေါင်းခါကာ ပြောလိုက်သည်။ သူသည် ချက်ချင်းဆင်းမသွားချင်သေးသောကြောင့် ထိုတောင်ထိပ်တွင် ထိုင်လိုက်သည်။
“ကောင်းပြီလေ အဲဒါဆိုရင်လည်း … ကံပါရင်တော့ ပြန်တွေ့ကြတာပေါ့ .. အဲဒီအချိန်ကျရင် ရန်သူမဖြစ်စေဖို့ပဲ ဆုတောင်းပါတယ်..” ထို့နောက်တွင် မိန်းမပျိုလေးသည် တစ်ဖက်လှည့်ကာ ရွှေရောင်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ အစမှအဆုံးထိတိုင် ဤမိန်းမပျိုလေးသည် တစ်ခုခုကို နားလည်နေသကဲ့သို့ သူမ၏နတ်အာရုံများမှာ အလွန်စူးရှလှသည်။
သို့သော်လည်း သူမသည် ဘာမှသိပ်မပြောပဲ ထွက်သွားလေပြီ။
ရှီဟောင် ခဏခန့်နားပြီးနောက် တောင်အောက်သို့ မြန်မြန်ပြန်ဆင်းလာလိုက်သည်။
လမ်းတစ်လျှောက်တွင် အခြားသူများသည် သူ့အားကြည့်ကာ ထိတ်လန့်နေကြလေ၏။ အရမ်းကို စွမ်းအားကြီးတဲ့ ဒီကောင်က ဘာလို့ပြန်လာတာလဲ.. လမ်းမှာဒဏ်ရာရပြီးတော့ တောင်ထိပ်ကို မရောက်ခဲ့တာများလား .. ဒါက မဖြစ်နိုင်တာကြီးကို…
“အဲဒီနှစ်ယောက်ဝင်ပြီးသွားရင် မသေမျိုးသက်ရှိတွေက အခြေအနေတွေကိုသိသွားပြီးတော့ ငါ့ကိုများ လာသတ်လောက်မလား..”
ရှီဟောင် စိတ်လေးနေသောကြောင့် မြန်မြန်ဆန်ဆန်ပင် ဆင်းခဲ့လိုက်လေသည်။
တောင်အောက်သို့ ရောက်သည်နှင့် သူသည် လေဟာနယ်ကိုဖွင့်လိုက်ကာ ဤနေရာမှ ထွက်ခွာသွားလိုက်လေ၏။
“ငါ့ကမ္ဘာကို ပြန်သွားရမယ် .. ငါ ဒီကမ္ဘာမှာ အများကြီး သင်ယူခဲ့ရပြီးပြီ ..”
ဝုန်း..
သူ မသေမျိုးတောင်မှ ထွက်ခွာလိုက်သည်နှင့် ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာလေသည်။
ထို့အပြင် ကြောက်စရာကောင်းလှသည့် ဟစ်ကြွေးသံကြီးလည်း ထွက်ပေါ်လာလေ၏။
“မသေမျိုး ပေါ်လာပြီလား..” ရှီဟောင် မျက်နှာဖြူဖျော့သွားရသည်။
အပိုင်း ၁၂၆၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၂- ပြန်လာခြင်း
မသေမျိုးဟုခေါ်သည့်သက်ရှိ ဘယ်လောက်စွမ်းအားကြီးမှန်း သူ မသိသော်လည်း ဤလူသာ သူ့ကို သတ်ချင်လျှင် အလွန်လွယ်ကူသည်ကိုတော့ သူသိသည်။
သူ လီပေါင်းမည်မျှ ပြေးပြီနေပြီလဲဆိုတာပင် မသိတော့။ သို့သော်လည်း သူ ယခုထိ ကျောချမ်းနေဆဲပင်။ သူ၏ခန္ဓာကိုယ် ပြိုလဲကျမတတ်ဖြစ်နေလေပြီ။
“မသေမျိုးသက်ရှိက တကယ်ကြောက်ဖို့ကောင်းတာလား..” ရှီဟောင် သတိကြီးကြီးဖြစ်သွားလေ၏။
ဤနယ်မြေတွင်ရှိနေသည့် သက်ရှိအားလုံး မလန့်သွားသည့်သူ မရှိပေ။ မတုန်လှုပ်သွားသည့် မြင့်မြတ်မြေလည်းတစ်ခုမှ မရှိပေ။ ဂိုဏ်းအားလုံးမှ စွမ်းအားကြီးသူများသည် ဤနေရာသို့ အပြေးအလွှားရောက်လာကြလေ၏။
“ဘယ်သူမှ ဖြတ်မလာဘူး … နတ်ဝိဉာဉ်တစ်ခုပဲ ထွက်လာပြီးတော့ အမိန့်စာထုတ်ပြန်တာ..” ရှေးဟောင်းမြေတစ်ခု၏ ဂိုဏ်းခေါင်းဆောင်မှ ပြောလိုက်သည်။
“ဘာ .. ဒါက နတ်ဝိဉာဉ်ပဲလား..” လူများစွာ တုန်လှုပ်သွားကြလေ၏။ လောကကိုဖြတ်လာတဲ့ နတ်ဝိဉာဉ်လေးတစ်ခုကတောင်မှ ဒီလောကလူတွေအားလုံး လန့်သွားလောက်အောင် စွမ်းအားကြီးတာလား..
အမှန်တကယ်လည်း ထိုလူပြောသကဲ့သို့ပင်။ စွမ်းအားကြီးသည့်အော်ရာ ပျောက်ကွယ်သွားသည်နှင့် ရွှေရောင်မှော်အမိန့်ပြန်တမ်းတစ်ခု အားလုံးမျက်စိရှေ့တွင် ပေါ်လာလေသည်။
“ထာဝရစစ်ပွဲကြီး စတင်တော့မယ်…”
တစ်စုံတစ်ယောက်သည် ပြောနေရင်းဖြင့်ပင် မျက်နှာဖြူဖျော့သွားလေ၏။
သူတို့သည် အစောကြီးကတည်းက သတင်းရထားပြီးသားဖြစ်သော်လည်း ယခုတစ်ခေါက်ကတော့ တိုက်ရိုက်ပင် ရောက်လာလေပြီ။ မသေမျိုးသက်ရှိတစ်ယောက်သည် ပြိုင်ဘက်ကင်းအမိန့်ပြန်တမ်းတစ်ခုကို ထုတ်ပြန်ပြီး ဤခေတ်တစ်ခုလုံး၏ ငြိမ်းချမ်းရေး ပျက်စီးတော့မည်ဖြစ်ကြောင်း ဤနယ်မြေမှ ကျင့်ကြံသူများကို အသိပေးခဲ့သည်။
ထို ထာဝရစစ်ပွဲဟုခေါ်သည့်အရာမှာ ရေရှည်အကျိုးသက်ရောက်မှုများ ရှိလာမည်ပင်။
“အဲဒီ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုဆိုတဲ့ဟာကို ကြောက်နေစရာမလိုဘူး .. ပြိုင်ဘက်ကင်းတဲ့အရှင်က သူတို့ကို အနိုင်ယူနိုင်တယ် .. ဒါပေမဲ့ အဲဒီသက်ရှိတွေက ပြဿနာလာရှာလောက်တယ်..” အမျိုးသမီးဂိုဏ်းခေါင်းဆောင်တစ်ဦးမှ ပြောလိုက်သည်။
“မုန်တိုင်းက စတော့မယ် .. နောက်တစ်ခေတ်ရောက်လာတော့မှာဆိုတော့ ငါတို့ ကောင်းကင်ဘုံကိုးခုကို ပြန်တိုက်ဖို့ ပြင်ဆင်ရမယ်..”
“ဟုတ်တယ် .. ငါတို့ပိုင်တဲ့အရာအားလုံးကို ပြန်သိမ်းယူရမယ် … မိစ္ဆာတွေရဲ့ အသိုက်တွေကို သွေးနဲ့ဆေးပစ်မယ်..”
“ဒါက ဒီခေတ်က သူရဲကောင်းတွေအတွက်ပဲ .. အဲဒီထူးချွန်တဲ့ ကျွမ်းကျင်သူတွေက သက်ရှိပေါင်း သန်းပေါင်းများစွာထဲကနေ သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ကြတော့မယ်..”
ဤနယ်မြေမှာ အုတ်အော်သောင်းတင်းဖြစ်နေလေပြီ။
မြက်ခင်းပြင်ပေါ်တွင်ရှိနေသည့် ရှီဟောင်ထိတ်လန့်နေလေ၏။ သူမျှော်လင့်ထားသည့် တိုက်ခိုက်မှု ရောက်မလာခဲ့ပေ။ ဤသည်မှာ သူ့တစ်ယောက်တည်းကို ရည်ရွယ်ထားခြင်းမဟုတ်သည့် နတ်ဝိဉာဉ်တစ်ခု ကူးပြောင်းလာမှုပင်။
ခဏကြာသည့်နောက်တွင် ရှီဟောင် သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။ မသေမျိုးသက်ရှိများ၏ မျက်လုံးထဲတွင် သူသည် အားနည်းသည့်အင်းဆက်ပိုးကောင်တစ်ကောင်သာသာ, သာရှိလိမ့်မည်။ သူတို့ သူ့ကိုလာရှာပြီး သတ်ရန် မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် မသေမျိုးသက်ရှိအာရုံစိုက်လောက်အောင် အရေးမကြီးသောကြောင့်ပင်။
ထိုသို့ဆိုသော်လည်း သူသည် မြန်မြန်ဆန်ဆန်ပင် နောက်ပြန်လှည့်လာလိုက်သည်။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူလာခဲ့သည့်တောင်ကြောကို ရှီဟောင် ရှာတွေ့သွားသည်။ လာခဲ့သည့်နေရာကိုလည်း သူတွေ့သွားခဲ့သည်။
“ဒီဝင်ပေါက်က သုံးလို့ရသေးဖို့ မျှော်လင့်ရတာပဲ..”
ဒါပေမဲ့လည်း ဒါက လျှို့ဝှက်လမ်းကြောင်းမဟုတ်ဘူးလား .. ဘယ်သူ့ဘက်ကပဲဖြစ်ဖြစ် ဒီလမ်းကြောင်းကို တွေ့သွားရင် အကျိုးဆက်က ဆိုးရွားသွားနိုင်တယ် ..
ရှီဟောင်သည် လေဟာနယ်ကို ဖောက်ခွဲကာ ထိုဝင်ပေါက်မှ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူစိတ်ပျက်သွားရသည်။ သူသည် ဤနေရာကို ဖောက်ခွဲ၍မရပေ။
“ငါက မပြန်နိုင်ပဲနဲ့ ဒီလောကကြီးမှာပဲ နေရတော့မှာများလား..” ရှီဟောင် ထိတ်လန့်လာရသည်။ သူဒီမှာ မနေချင်။ သူ ပြန်ချင်သည်။
ရှီဟောင်၏မျက်နှာ မသာမယာဖြစ်နေသည့်အချိန်တွင် အလင်းတန်းများ ထွက်လာကာ လမ်းကြောင်းတစ်ခု ပေါ်လာလေ၏။
ရှီဟောင်သည် နောက်တစ်ခေါက်ပင် ပြန်မစဉ်းစားတော့ပဲ ထိုထဲသို့ ပြေးဝင်သွားလိုက်လေ၏။ သူပြန်သွားရန်အတွက် အိုးကြီးက စောင့်ပေးနေသည်ကို သူတွေ့လိုက်ရသည်။
အိုးကြီးသည် ရှီဟောင်အား ထိုထူးဆန်းကာ စွမ်းအားကြီးသည့်လောကမှ ပြန်ခေါ်လာလေပြီ။
ဤသည်မှာ ဧကရာဇ်မြို့မဟုတ်သေးပေ။ သူနှင့် ထူးဆန်းသည့်အိုး တွေ့ခဲ့ကြသည့် ထူးဆန်းသည့်နေရာပင်။
“စီနီယာ .. အဲဒီဝင်ပေါက်…” ရှီဟောင် တစ်ဖက်လှည့်ကာ မေးလိုက်သည်။
“မရှိတော့ဘူး..” ထိုအိုးပြောလိုက်၏။ နောက်ဘက်ရှိ လေဟာနယ်မှာ ပျောက်ကွယ်သွားလေပြီ။
ဤကဲ့သို့သော ပညာမျိုးမှာ ကြောက်စရာကောင်းလှသည်။ သူသည် သဲလွန်စအားလုံးကို ဖျက်ဆီးပစ်ခဲ့လေသည်။
ဤဖြစ်စဉ်အတွင်း သူ၏မှတ်ဉာဏ်များပင်လျှင် ဝေဝါးလာသည်ကို ရှီဟောင် သတိပြုမိလိုက်သည်။ သူကြုံတွေ့ခဲ့ရသည့်အရာများလည်း မှုန်ဝါးလာပြီး ပျောက်ကွယ်တော့မည်။
သူသည် ချွေးစေးပင်ပြန်လာသည်အထိ ထိတ်လန့်သွားရသည်။ ဒါက ဘယ်လိုပညာမျိုးကြီးလဲ…
ဤအိုးသည် သူ့ကို ဘာမှမလုပ်ပေ။ သူ့နောက်မှ ဝင်ပေါက်ကိုသာ တစ်ခုခုလုပ်နေခြင်းပင်။ သို့သော်လည်း ဤသည်မှာ သူ့ကို ဤကဲ့သို့ ဖြစ်နေစေလေသည်။
” ငါ့ဘဝကိုတောင် ငါ သံသယဝင်လာပြီ..” အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရှီဟောင် သက်ပြင်းချလိုက်သည်။
ဘဝကို ပြန်ပြင်ဆင်၍ရလား သူ သိချင်လာသည်။ မသိလိုက်တဲ့အချိန်မှာ တစ်ယောက်ယောက်က လက်ရှိကမ္ဘာက လူတွေရဲ့စိတ်ထဲက မှတ်ဉာဏ်တွေကို ဖျက်ပစ်ထားတာလား..
အဲ့လိုသာဆိုရင် အခုလောကက လူတွေက အသိဉာဏ်မရှိပဲ နေနေရတာလား .. တစ်ခြားလူတစ်ယောက် ထိန်းချုပ်ထားတဲ့လောကကြီးမှာ နေနေရတာလား..
သူခေါင်းပင် ကိုက်လာရသည်။
ဤသည်မှာ အခြေအမြစ်မရှိသည့်ခန့်မှန်းချက်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုလောကထဲသို့ ဝင်ရောက်ကာ မသေမျိုးတောင်သို့လည်း ရောက်ခဲ့ပြီးလေပြီ။
ထိုလောကထဲရှိ လူတိုင်းသည် ထာဝရရှေးဟောင်းခေတ် ပျက်စီးသွားရခြင်းကို မယုံကြည်ကြပဲ ဤလောကမှ လူများကို သူတို့အမိမြေကို လာရောက်ကျူးကျော်သည့် နတ်ဆိုးများဟုသာ သတ်မှတ်ထားကြလေသည်။
ဒီထက်ပိုကြောက်စရာကောင်းတာ ရှိပါဦးမလား..
တစ်လောကလုံးမှ လူများ ထိုကဲ့သို့ ဖြစ်နေခြင်းပင်။
ဤကဲ့သို့သော ဘဝမျိုးမှာ ကြောက်စရာကောင်းလှသည်။
“နှုတ်ဆက်ပါတယ်..”
ထိုအိုးကြီး တုန်ခါလာကာ လေဟာနယ်လည်း ပေါက်ကွဲလာလေ၏။ ထို့နောက်တွင် ရှီဟောင်သည် ထိုနေရာမှ လွင့်ထွက်လာကာ အပြင်ဘက်လောကသို့ ပြန်ရောက်လာလေ၏။
သူတို့နောက်တစ်ကြိမ် ပြန်တွေ့နိုင်ရန် အလွန်ကြာလိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။ နှစ်ပေါင်း တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းပင် ကြာသွားနိုင်သည်။
“နှုတ်ဆက်ပါတယ်..” ရှီဟောင် တီးတိုးလေး ပြောလိုက်သည်။ သူပြန်ရောက်လာပြီးသည့်နောက်တွင် စိတ်ပျံ့လွင့်နေဆဲပင်။ သူကြုံတွေ့ခဲ့ရသမျှအရာအားလုံးမှာ အစစ်အမှန်မဟုတ်သကဲ့သို့ပင်။
မည်သူမှ တားဆီး၍မရနိုင်သည့် ပြောင်းလဲမှုကြီး ဖြစ်လာတော့မည်ကို သူ သိသည်။
အဲဒီမသေမျိုးသက်ရှိတွေက ဘယ်လောက်တောင် သန်မာတာလဲ .. သူတို့တွေ ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ .. သူတို့ကို ဘယ်လိုခုခံရမှာလဲ..
အရင်တုန်းက ထာဝရရှေးဟောင်းခေတ်ကလူတွေအကုန်လုံးတောင် သေဆုံးသွားကြတာ အခု ဘယ်သူက သူတို့ကို ယှဉ်နိုင်မှာလဲ..
“အဲဒီမသေမျိုးသက်ရှိတွေက အရင်တုန်းကသူတွေရဲ့မျိုးဆက်တွေဖြစ်ဖို့ မျှော်လင့်တယ် .. ” ရှီဟောင်ပြောလိုက်၏။
အရင်ခေတ်မှ ရန်သူပဲဆိုပါက .. အတွေးနှင့်ပင်လျှင် အသက်ရှူရပ်တန့်သွားလောက်သည်။ အချိန်များစွာ ကုန်လွန်ခဲ့ပြီဖြစ်သောကြောင့် သူတို့၏ကျင့်ကြံဆင့်လည်း သေချာပေါက် တိုးတက်နေလောက်လေပြီ။ သူတို့ ဘယ်လောက်တောင်စွမ်းအားကြီးနေပြီလဲ..
မှုန်မှိုင်းသည့် ကမ္ဘာမြေကြီးတွင် အရိုးများစုပုံနေပြီး အလွန်ကို တိတ်ဆိတ်နေလေသည်။ သူသည် ဧကရာဇ်မြို့၏ တစ်နေရာရာတွင်သာ ရှိနေလောက်သည်။
သို့သော်လည်း လပေါင်းများစွာ ကြာသွားပြီဖြစ်သောကြောင့် ထိုအဆင့်လွန်ကျွမ်းကျင်သူသုံးယောက် ထိုဂျီးနီးယပ်စ်များကိုခေါ်ကာ ထွက်သွားလောက်လေပြီ။
ရှီဟောင်အနည်းငယ် နောင်တရမိသည်။ သူ ဤအခွင့်အရေးကို လွဲချော်သွားလောက်လေပြီ။
လနည်းနည်းလောက် ထူးထူးဆန်းဆန်းပျောက်သွားတဲ့သူကို ဘယ်သူက စောင့်နေမှာလဲ..
ရှီဟောင် ရှေ့ဆက်သွားလိုက်သည်။ သူ ဤနေရာက ထွက်သွားနိုင်မည့်နည်းလမ်းကို ရှာရမည်။ မဟုတ်ပါက ဤနေရာတွင်သာ ပိတ်မိပြီးသေသွားလိမ့်မည်။
ရုတ်တရက်ပင် စွမ်းအားကြီးလှသည့် နတ်စိတ်ဝိဉာဉ်တစ်ခုသည် ထက်ရှလှသည့် ဓားတစ်လက်ကဲ့သို့ ထွက်ပေါ်လာလေ၏။ ရှီဟောင်၏အမူအရာ ဖြူဖျော့သွားကာ သူသည် ဝုန်းကနဲပင် လွင့်ထွက်သွားလေ၏။
တောင်ကြီးတစ်လုံးမှ သူ့ခန္ဓာကိုယ်အား လာရိုက်ခတ်သကဲ့သို့ပင် သူ ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ် နာကျင်သည်က သည်းခံ၍ရသေးသည်။ သူသည်းခံ၍မရသည်မှာ သူ၏ဝိဉာဉ်ပင် တုန်လှုပ်သွားခြင်းဖြစ်၏။ ဤလူမှာ သူ၏မူလဝိဉာဉ်ကိုပင် ဖျက်ဆီးပစ်တော့မလိုပင်။
ရှီဟောင်သည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ကို ကျင့်ကြံပြီးသွားပြီဖြစ်သောကြောင့် သူ၏ခွန်အားမှာ ကောင်းကင်နတ်ဘုရားများနှင့် ယှဉ်နိုင်သည်ပင်။ သူသည် ယခု စွမ်းအားကြီးသည့်သူဟု သတ်မှတ်၍ရလေပြီ။ သို့သော်လည်း ဤလူရှေ့တွင်တော့ အလွန်နိမ့်ကျနေဆဲပင်။
သူနားလည်လာလေလေ သူ၏ကျင့်ကြံဆင့်မှာ လုံလောက်ရန် လိုသေးသည်ဟု သိလာလေလေပင်။ ယခုမှ သူ၏ခရီးအစဟုပင် ပြော၍ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အနာဂတ်ရန်သူများမှာ စွမ်းအားကြီးလွန်းလှသည်။
မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်ပုံရိပ်တစ်ခု ပျံသန်းလာလေသည်။ သူသည် အလွန်ငယ်သေးသည့်ပုံပေါ်သည်။ အနည်းဆုံးတော့ သူ၏ပုံပန်းသွင်ပြင်မှာ ငယ်သေးသည်ပင်။ သူ၏မျက်နှာသည် နေရောင်မထိတွေ့ရသည့်သူကဲ့သို့ ဖြူဖျော့နေလေ၏။ သူ၏မျက်လုံးများသည်လည်း ညကောင်းကင်ယံကဲ့သို့ နက်မှောင်နေသည်။
ဤလူမှာ ငယ်ရွယ်သည့်ပုံပေါ်သော်လည်း နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်လာခဲ့ပြီးပြီဖြစ်သည့် စွမ်းအားကြီးသောဘိုးဘေးမျိုးဆက်ဖြစ်သည်ကို သူသိသည်။
အဘယ်ကြောင့်ဆိုသော် သူနှင့်ရွယ်တူများထဲတွင် သူ့ကို လွင့်ထွက်အောင် လုပ်နိုင်သည့်သူမရှိဘူးဟု သူယုံကြည်သည်။
“မင်း .. ဒီလတွေမှာ ဘယ်ကို ရောက်နေတာလဲ..”
ထိုလူသည် သူ့နာမည်မမေးသလို သူ ဘယ်ကလာသလဲမမေးပေ။ ဤကဲ့သို့သာ တိုက်ရိုက်မေးလိုက်သောကြောင့် သူမည်သူဖြစ်သည်ကို သိနေပြီးသားဟု ဆိုလိုခြင်းပင်။
“ကျွန်တော် အနက်ရောင်အာကာသထဲကို ရောက်သွားတာ” ရှီဟောင်ပြောလိုက်၏။
“အဓိပ္ပာယ်မရှိတာ .. ဒါက ဧကရာဇ်မြို့.. ဒါက မြို့လည််ခေါင်မဟုတ်ပဲနဲ့ မြို့စွန်မြို့ဖျားပဲဆိုပေမယ့် မင်းမှာ လေဟာနယ်ကို ဖွင့်နိုင်လောက်အောင် ခွန်အားမရှိဘူး” ရောက်လာသည့်သူမှ အေးစက်စွာ ပြောလိုက်သည်။
“အဲဒါဆိုရင် ကျွန်တော် ဘယ်ရောက်နေတာလို့ စီနီယာထင်လဲ..” ရှီဟောင် မေးလိုက်သည်။ သူ နည်းနည်းဒေါသထွက်လာရ၏။ သူ ယခုမှ ပြန်လာခြင်းဖြစ်သော်လည်း ရောက်ရောက်ချင်းပင် အခြားလူအနိုင်ကျင့်တာ ခံလိုက်ရလေပြီ။
ထို့နောက် ဤလူ တိတ်ဆိတ်သွားလေ၏။ ရှီဟောင် အခြားနေရာတစ်ခုသို့ ရောက်သွားသည်မှာ သေချာသည်။ မဟုတ်ပါက သူဘယ်လိုလုပ် လပေါင်းများစွာ ပျောက်သွားမည်နည်း..
အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်သည် သူ့အား ရှာသေးသော်လည်း ဘယ်လိုလုပ်လုပ် ရှာမတွေ့ခဲ့ပေ။
“မင်းက ဘာလို့ အခုမှ ပြန်ပေါ်လာတာလဲ..” ထိုလူငယ်လေး မေးလိုက်သည်။
ဤသည်မှာ ဤလောက၏ အရေးအကြီးဆုံးနေရာများထဲမှ တစ်ခုဖြစ်သည့် ဧကရာဇ်မြို့ပင်။ ဤမြို့သည် နယ်ခြားစပ်ကို ခုခံနေရသောကြောင့်တစ်ယောက်ယောက်ပျောက်သွားခြင်းကို သူသည်းခံနေမည် မဟုတ်ပေ။
“ကျွန်တော် ထွက်လာလို့ မရလို့ .. လေဟာနယ်က ထူးထူးဆန်းဆန်းပွင့်လာတဲ့အချိန်ကျမှ ကျွန်တော်ပြန်လာလို့ရတာ..” သူတည်ငြိမ်စွာပင် ပြောလိုက်သည်။
“အဲဒီလိုလား .. ငါ မင်းကို သိပ်မယုံဘူး .. မင်းရဲ့ မူလဝိဉာဉ်ထဲကို ရှာခွင့်ပေး..”
ရှီဟောင် ချက်ချင်းပင် အမူအရာပြောင်းလဲသွားရသည်။ သာမန်လူတွေက ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်မှာလဲ..
ကျင့်ကြံသူတစ်ယောက်အတွက် ရန်သူကြီးတစ်ယောက်သာမဟုတ်ပါက ဤကဲ့သို့သော မူလဝိဉာဉ်ကိုရှာဖွေမည်ဟူသည့်စကားကို ပြောမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ့အားစွပ်စွဲလိုက်ခြင်းဖြစ်သလို သူ့အားအရှက်ခွဲနေခြင်းလည်းဖြစ်သည်။
“စီနီယာ .. ကျွန်တော်တို့က ရန်သူတွေမှ မဟုတ်တာ .. အဲဒီတော့ ဒီလိုမျိုးလုပ်တာက ကျွန်တော့်ကို အရှက်ခွဲနေတာနဲ့ အတူတူပဲ..” ရှီဟောင်ပြောလိုက်သည်။
“အရှက်ခွဲတယ် ဟုတ်လား…” ထိုလူရယ်မောလိုက်လေသည်။ သူ၏ငယ်ရွယ်ကာ ဖြူဖျော့သည့်မျက်နှာထက်တွင် အေးစက်လှသည့် အငွေ့အသက်များ ထွက်ပေါ်လာလေ၏။ သူသည် ရှီဟောင်၏စကားများကို အလေးမထားသည်မှာ သိသာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးကြားမှ ခွန်အားကွာခြားမှုမှာ ကြီးမားလွန်းလှသည်ပင်။
အပိုင်း ၁၂၆၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၃ – အရှက်ရခြင်း
“မင်းကို အနိုင်ကျင့်ရအောင် မင်းမှာ ဘာတွေရှိနေလို့လဲ..” သူသည် ရှီဟောင်ကို ထူးမခြားနားပင် ကြည့်ကာ ပြောလိုက်သည်။
ရှီဟောင် ဘာမှမပြောတော့။ ဒီထိတောင်ရောက်လာပြီဆိုမှတော့ သူက ဘာပြောရတော့မှာလဲ.. ဤလူ ရည်ရွယ်ချက်ကောင်းမရှိသည်မှာ သေချာသည်။
တစ်ချိန်တည်းမှာပင် သူ သက်ပြင်းချလိုက်မိသည်။ သူ့ကို ဒီလိုမျိုးစောင့်ကြိုနေတဲ့သူ ရှိနေတာပဲ..
ဤနေရာသို့ ရောက်လာနိုင်သည့်သူများမှာ သာမန်ကျွမ်းကျင်သူများမဟုတ်သည်ကို သိထားရန် လိုအပ်သည်ပင်။ သို့သော်လည်း တစ်ယောက်ယောက်ကတော့ သူ့ကို ဤကဲ့သို့ စောင့်ကြိုနေလေပြီ။
အမှန်တကယ်တွင် ရှီဟောင် ဤနေရာတွင် အသေခံမည်ဟု သံဓိဌာန်ချထားပြီးသားပင်။ သို့သော်လည်း နည်းနည်းတော့ တွန့်ဆုတ်နေဆဲပင်။
“မင်း ငါ့ကို မင်းရန်သူလို့ထင်နေတာလား.. ငါ့ကိုအဲဒီလိုမျိုးလာကြည့်နေတယ်..” ထိုလူမှ အေးစက်စွာ ပြောလိုက်သည်။
“ဖရိုဖရဲတွေဖြစ်လာတော့မယ် … ကျွန်တော်တို့နှစ်ယောက်လုံးက ဒီမိုးကောင်းကင်အောက်က လူတွေ .. သူသေကိုယ်သေတိုက်ရမယ့် ရန်သူတွေ မဟုတ်ဘူး … ဒါပေမဲ့ စီနီယာ့အပြုအမူတွေက ကျွန်တော့်ကို အရှက်ရစေတယ်..” ရှီဟောင်ပြောလိုက်၏။
သူ၏မူလဝိဉာဉ်ကို ရှာဖွေသည်ဆိုသည်မှာ သူ့ထံတွင် မည်သည့်လျှို့ဝှက်ချက်မှ မကျန်တော့ဘူးဟု ဆိုလိုခြင်းပင်။ သူ၏ဂုဏ်သိက္ခာဆိုလျှင် ပြောမနေနှင့်တော့..
“မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်က အစုတ်အပြတ်လေးက ဘယ်ကမဟုတ်တာတွေကို လာပြောနေတာလဲ.. ငါ့ရှေ့မှာ ကောင်းကင်နတ်ဘုရားရောက်လာရင်တောင်မှ သူတို့တွေ ငါ့အမိန့်ကို လေးလေးစားစားနာခံရမှာ .. ငါက မင်းရဲ့ မူလဝိဉာဉ်လေးကို ရှာတော့ရော ဘာဖြစ်လဲ..” ထိုသို့ပြောပြီးသည့်နောက် ထိုမီးခိုးရောင်ဝတ်စုံနှင့်လူသည် ရှီဟောင်၏မျက်ခုံးနှစ်ခုကြားကို လက်ညှိုးထိုးလာလေ၏။
ထိုအချိန်တွင် ရှီဟောင်သည် သူ၏ကြွက်သားနှင့်အရိုးများ ကျိုးကြေတော့မတတ်ပင် ခံစားလိုက်ရသည်။ သူ၏နတ်အာရုံများလည်း ပေါက်ကွဲထွက်တော့မည်။
သူသေရမည်ဆိုလျှင်တောင် သူတတ်နိုင်သမျှ ခုခံနေမည်သာ။
ရန်သူအစစ်က သူ့ကို ဤကဲ့သို့ဆက်ဆံလျှင် သူ ဘာမှပြောစရာ မရှိ။ သို့သော်လည်း ဤသည်မှာ တစ်ဖက်တည်းမှလူ ဖြစ်နေသည်။
သို့သော်လည်း သူသည် ဤကျွမ်းကျင်သူအား သူ့ရန်သူအဖြစ် သတ်မှတ်လိုက်လေပြီ။ လာမည့်ဖရိုဖရဲကိစ္စများတွင် ဤလူသည် ဧကရာဇ်မြို့၏ အရေးပါသည့် အစောင့်အရှောက်တစ်ယောက်ဖြစ်သော်လည်း သူဤသည်ကို အသိအမှတ်ပြုမည်မဟုတ်ပေ။
သူ၏မျက်လုံးထဲ၊ သူ၏နှလုံးသားထဲတွင်တော့ ဤလူမှာ ရန်သူတစ်ယောက်ပင်။
ဝုန်း..
ရှီဟောင်သည် နာကျင်မှုကို သည်းခံကာ တတ်နိုင်သမျှ ခုခံလိုက်သည်။ သူသည် လျှပ်စီးဧကရာဇ်နှင့် သက်ဆိုင်သည့် ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး သူ၏လက်ထဲတွင်လည်း ဝိဉာဉ်တစ်သောင်းသင်္ကေတကို ကိုင်ထားလေသည်။
ထို့အပြင် အခြားလက်တစ်ဖက်တွင်လည်း နဂါးအကြေးခွံကို ကိုင်ထားသေးသည်။ သူသည် ခက်ခက်ခဲခဲဖြင့်ပင် ထိုအကြေးခွံဖြင့် တစ်ဖက်လူအား တိုက်ခိုက်သေးသည်ပင်။
သို့သော်လည်း ယခုတစ်ခေါက်တွင် အသက်ဝင်လာသည်မှာ ဝိဉာဉ်တစ်သောင်းသင်္ကေတမဟုတ်သလို နဂါးအကြေးခွံလည်း မဟုတ်ပဲ လျှပ်စီးဧကရာဇ်နှင့်သက်ဆိုင်သည့် ချပ်ဝတ်တန်ဆာဖြစ်နေသည်။ ထိုဝတ်စုံသည် တချွမ်ချွမ်အသံများထွက်လာပြီး နတ်အလင်းများလည်း မရပ်မနားထွက်ပေါ်လာလေ၏။
ချပ်ဝတ်တန်ဆာသည် ငါးအကြေးခွံလှုပ်ရှားသွားသကဲ့သို့ လှုပ်ခါသွားလေ၏။
ဤချပ်ဝတ်တန်ဆာသည် အစက သံချေးတက်နေသော်လည်း ယခုတော့ အလွန်တောက်ပနေလေပြီ။
သို့သော်လည်း ဤချပ်ဝတ်တန်ဆာမှာ အပေါက်များရှိနေဆဲပင်။
“အမ် .. လျှပ်စီးဧကရာဇ်ရဲ့ ချပ်ဝတ်တန်ဆာလား..” ထိုမီးခိုးရောင်ဝတ်စုံနှင့်လူ၏ အမူအရာပြောင်းလဲသွားကာ သူ၏လက်သည် ရပ်တန့်သွားလေ၏။
“ငါ့ကို တစ်ခြားသူတွေ လာကန့်သတ်တာကို အမုန်းဆုံးပဲ .. ဒါပေမဲ့ ဒီစစ်ဝတ်ဆုံတွေကတော့ တကယ်ကို ထူးခြားတယ် .. ခမ်းနားမှုတွေ ဒဏ္ဍာရီတွေ ရှိနေတယ် .. ဒါပေမဲ့ ဒါကို သုံးပြီး ငါ့ကိုရင်ဆိုင်တာက မင်းမှားတာပဲ.. ငါ နောက်ဆုတ်မှာ မဟုတ်ဘူး..”
ထို မီးခိုးရောင်ဝတ်စုံနှင့်လူ၏အမူအရာမှာ အေးစက်လာလေ၏။ သူသည် အံ့အားသင့်ကာ ထိတ်လန့်သွားသော်လည်း အရောင်အဆင်းကင်းမဲသည့် သူ၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်ပေါ်လာလေသည်။
သူ၏လက်ဝါးနှင့် လက်ချောင်းများမှ နေ၊ လ၊ တောတောင်နှင့် မြစ်များကိုပင် ပျက်စီးသွားစေနိုင်လောက်သည့် ဖိအားများ ထွက်ပေါ်လာလေသည်။
ချပ်ဝတ်တန်ဆာသည် အလင်းရောင်များတောက်ပလာပြီး ထိုလက်ကို တားဆီးလိုက်လေ၏။
ရှီဟောင်၏မျက်လုံးများသည် ဓားသွားများကဲ့သို့ပင် စူးရှနေပြီး သူ၏ဒေါသများလည်း မိုးထိုးနေလေပြီ။ ခံရသည့်သူမှာ သူဖြစ်သော်လည်း တစ်ဖက်လူသည် ရှီဟောင်က မွေးကတည်းက နှိပ်စက်နေသကဲ့သို့ လာပြောနေသည်။
စစ်ဝတ်စုံမှ သတ္တုအပိုင်းအစများ တုန်ခါနေသောကြောင့် တချွမ်ချွမ်အသံများ ထွက်လာပြီး ထိုလက်ကို တားဆီးနေလေသည်။
သို့သော်လည်း ဤသည်မှာ ပျက်စီးနေသည့် ချပ်ဝတ်တန်ဆာပင်ဖြစ်ပြီး မျက်နှာပြင်ထက်တွင် လည်း အပေါက်များစွာ ရှိနေသည်။
ထိုမီးခိုးရောင်ဝတ်စုံနှင့်လူ၏လက် အောက်ဘက်သို့ ရောက်လာပြီး ထိုအပေါက်ထဲသို့ ဝင်သွားလိုက်လေသည်။ သူ ရှီဟောင်၏မှတ်ဉာဏ်များကို ယူတော့မည်။
သို့သော်လည်း ထိုအချိန်တွင် ထင်မှတ်မထားသည့်အရာ ထပ်ဖြစ်လာပြန်သည်။ ဤဝတ်စုံသည် သူ့ထံတွင်ရှိနေသည့် အပေါက်များကြောင့် ထူးခြားနေခြင်းပင်။ အပေါက်မှ ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာကာ လေပွေတစ်ခုဖြစ်လာပြီး ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။
ထိုအချိန်တွင် ချပ်ဝတ်တန်ဆာ၏အရောင်သည်လည်း တဖြည်းဖြည်းပင် အလွန်အေးစက်သည့်အနက်ရောင်အဖြစ်သို့ ပြောင်းသွားလေ၏။ ထူးခြားသည့်အော်ရာတစ်ခုလည်း ထွက်ပေါ်လာလေ၏။
ထိုလက်ညှိုးသည် ရှီဟောင်၏မျက်ခုံးကြားကို မထိုးဖောက်နိုင်ပဲ အနက်ရောင်ချပ်ဝတ်တန်ဆာ၏ စွမ်းအားကြီးသည့်အော်ရာဖြင့် တားဆီးခြင်းခံလိုက်ရလေသည်။
ပြင်းထန်လှသည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး နေရာအနှံ့သို့ ပျံ့လွင့်သွားလေ၏။
“လျှပ်စီးဧကရာဇ်ရဲ့ စစ်ဝတ်စုံတောင်မှ အနက်ရောင်ပြောင်းသွားပြီ .. ဒီထိအောင် ဖိအားပေးနေတာလား..”
ခပ်ဝေးဝေးရှိ တစ်စုံတစ်ယောက်မှ ပြောလာသည်။ သူ့အသံသည် ဒေါသထွက်နေသကဲ့သို့ သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်မျိုးလည်း ပါဝင်နေလေသည်။
ဝုန်း…
တစ်ယောက်ယောက်ရောက်လာပြီး လက်သီးချက်တစ်ခု ကျရောက်လာလေ၏။ ဤသည်မှာ လျင်မြန်လွန်းလှသောကြောင့် မည်သည့်ပုံရိပ်ကိုမှပင် မမြင်လိုက်ရပေ။
ဖုန်း..
နောက်ဆုံးတွင်တော့ ထိုမီးခိုးရောင်ဝတ်စုံနှင့်လူသည် တစ်ခဏခန့် တွန့်ဆုတ်နေပြီးသည့်နောက်တွင် ထိုရုတ်တရက်ကျရောက်လာသည့် လက်သီးချက်ကို ကာကွယ်ရန်အတွက် သူ၏လက်ကို ပြန်ထုတ်သွားလေသည်။ သူတို့နှစ်ဦးကြားတွင် မီးပွားများလည်း လွင့်စင်ထွက်လာလေသည်။
လျှပ်စီးဧကရာဇ်၏ တိုက်ပွဲချပ်ဝတ်တန်ဆာကြောင့်သာမဟုတ်ပါက သူသည် ထိုစွမ်းအားလှိုင်းကြောင့် အမှုန့်ဖြစ်သွားလောက်လေပြီ။
ထိုသို့ဆိုသော်လည်း ကြောက်လန့်စရာကောင်းလွန်းလှသည့် စွမ်းအင်လှိုင်းကို သူ ခံစားနေရဆဲပင်။
ဒုန်း..
သူတို့နှစ်ဦး၏ လက်သီးချက်များမှာ နေလုံးကြီးပေါက်ကွဲသွားသကဲ့သို့ပင် ဤနေရာကို နေ့အလင်းရောင်ထက်ပင် ထိန်လင်းသွားစေလေ၏။
မြေပြင်ထက်တွင်ရှိနေသည့် အရိုးပုံများသည် လေပေါ်သို့ မြှောက်တက်လာပြီးနောက် အမှုန့်များဖြစ်သွားကာ သဲပွင့်များကဲ့သို့ လွင့်စင်သွားလေသည်။
တစ်ချိန်တည်းမှာပင် မြေပြင်ထက်မှ အစီအရင်သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်လာကာ လေဟာနယ်ကို ဖိနှိပ်ထားလေသည်။ ဤနေရာကြီး ပျက်စီးမသွားအောင် အရာအားလုံးကို ပိတ်သိမ်းပစ်လိုက်လေသည်။
ရောက်လာသည့်သူသည် အင်္ကျီလက်ကို လွဲရမ်းလိုက်ကာ ရှီဟောင့်ကို အန္တရာယ်မကျရောက်အောင် ကူညီပေးလိုက်လေသည်။
“သူ လျှပ်စီးဧကရာဇ်ရဲ့ ချပ်ဝတ်တန်ဆာကို အသက်သွင်းလိုက်ပြီ .. မင်း အခု ဘာမှစိတ်ပူစရာမလိုတော့ဘူး … သူ မသေနိုင်တော့ဘူး” မီးခိုးရောင်ဝတ်စုံနှင့်လူမှ ပြောလိုက်သည်။ သူ၏မျက်နှာထက်ရှိ အမူအရာများမှာ အလွန်ပင် ရှုပ်ထွေးနေလေသည်။
“လျှပ်စီးဧကရာဇ်ရဲ့ ချပ်ဝတ်တန်ဆာလို့ မင်းပြောရဲသေးတယ်ပေါ့ .. မင်း မမြင်ဘူးလား .. သူက မင်းလိုမျိုး မည်းနက်နေပြီ .. အရင်တုန်းက ဧကရာဇ်မြို့ထဲမှာ သူက အမှောင်ထုထဲကို ရောက်သွားတော့မလို ဖြစ်ခဲ့တာကွ..” ရောက်လာသည့်သူမှ ဆူပူလိုက်သည်။
ဤဧကရာဇ်မြို့တွင် လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာမှာ အတော်လေး အရေးပါခဲ့သည့်ပုံပင်။ ဤဝတ်စုံသည် နတ်ခွန်အားများ ထုတ်လွှတ်ကာ ရှီဟောင်ကို ကာကွယ်ပေးနေလေ၏။ သို့သော် တစ်ချိန်တည်းမှာပင် သူ့အား တိုက်စားချင်နေသည့် အနက်ရောင်အော်ရာတစ်မျိုးလည်း ထွက်ပေါ်နေလေသည်။
အား..
နောက်ဆုံးတွင်တော့ ထိုလူသည် မနေနိုင်တော့သဖြင့် ဟစ်ကြွေးလိုက်ပြီးနောက် ထိုမီးခိုးရောင်ဝတ်စုံနှင့်လူကို စတင်တိုက်ခိုက်လေတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ ဒေါသထွက်နေသလို ထိုစစ်ဝတ်စုံသည် တုန်ခါနေသောကြောင့် ထိုထဲမှ စိတ်ဝိဉာဉ်တစ်ခုက သူနှင့်ပေါင်းစည်းချင်နေသလို ခံစားနေရသည်။
“မင်းကငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့..” ထိုမီးခိုးရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများ အေးစက်လာကာ လက်ကိုလွှဲရိုက်လိုက်လေ၏။
“ခင်ဗျားက လျှပ်စီးဧကရာဇ်ရဲ့ ချပ်ဝတ်တန်ဆာကို အမှောင်ထုထဲ ကျသွားစေချင်လို့လား..” အခြားတစ်ယောက်မှ ကျယ်လောင်စွာပင် အော်ပြောလိုက်သည်။
“မင်းမမြင်ဘူးလား .. သူ့လိုမျိုး ဧကရာဇ်မြို့ကိုတောင် ဝင်ခွင့်မရှိတဲ့ ကျင့်ကြံသူလေးက ငါ့ကိုလာပြီးတော့ အာခံနေတာလေ .. သူ့ကို အပြစ်မပေးနဲ့ပဲ ဘယ်လိုလုပ်လွတ်ပေးနိုင်မှာလဲ..” ထိုမီးခိုးရောင်ဝတ်စုံနှင့်လူမှ ပြောလိုက်သည်။
သူ၏လက်သီးရပ်တန့်သွားပြီဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် တောက်ပနေဆဲဖြစ်ကာ အရိုးစာသားများထွက်ပေါ်လာပြီး ရှီဟောင်ထံသို့ တရှိန်ထိုးပြေးဝင်သွားလေသည်။
ဖုန်း..
ထိုစွမ်းအင်လှိုင်းများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည့်အချိန်တွင် စွမ်းအင်များသည် လှိုင်းတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာပြီး ကျယ်လောင်လှသည့်အသံများလည်း ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် တစ်ကိုယ်လုံး သွေးရွှဲရွှဲစိုသည်အထိ တိုက်ခိုက်နေခဲ့သည်။ လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာမှာ မင်ကဲ့သို့ မည်းနက်နေလေပြီ။
သို့သော် ဤကဲ့သို့ စွမ်းအားကြီးလှသည့်တိုက်ခိုက်မှု ပြီးဆုံးသွားသည့်နောက်တွင်ပင် ရှီဟောင် မသေသေးပေ။ တစ်ဖက်လူ၏ အရိုးစာသားများကို ရှီဟောင် ရပ်တန့်လိုက်နိုင်သည််။
“တော်တော့..” နောက်ရောက်လာသည့်သူမှ အော်ဟစ်လိုက်ကာ မီးခိုးရောင်ဝတ်စုံနှင့်လူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာလေသည်။
” အရင်တုန်းက ဧကရာဇ်မြို့မှာ မတရားမှုတွေ များလို့ပဲ လျှပ်စီးဧကရာဇ်ရဲ့ ချပ်ဝတ်တန်ဆာက စိတ်ဝိဉာဉ်ကို အထင်လွဲခဲ့တာ .. သူ့ကို အတင်းဖိအားပေးပြီးတော့ အမှောင်ထုထဲ ရောက်တော့မလိုဖြစ်အောင် လုပ်ခဲ့တာ .. အခု မင်းရဲ့ခေါင်းမာမှုကြောင့် အဖိုးတန်ချပ်ဝတ်တန်ဆာကို အနက်ရောင်နတ်ချပ်ဝတ်တန်ဆာဖြစ်အောင်လုပ်ပြီး ဂျီးနီးယပ်စ်တစ်ယောက်ကို ခေါ်ပြီးထွက်သွားအောင် လုပ်နေတာလား .. နောင်မှာတစ်ခုခုဖြစ်လာရင် မင်းတာဝန်ယူမှာလား..”
ဒုန်း..
ဒေါသတကြီး အော်ဟစ်နေရင်းဖြင့်ပင် ထိုလူနှင့် မီးခိုးရောင်ဝတ်စုံနှင့်လူတို့ ထပ်မံတိုက်ခိုက်ကြပြန်လေသည်။ ဤတိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လှသည်ပင်။
ရှီဟောင်သည် အမှောင်ထု၏ဝါးမြိုခြင်းခံနေရသော်လည်း သူ သိပ်မထိခိုက်သေးပေ။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြားနိုင်သေးသည်။ အရင်တုန်းက ဒီလိုမျိုး မမျှတတဲ့အခြေအနေ ဖြစ်ခဲ့သေးတာလား.. သူ၏စိတ်ထဲ လှိုင်းထန်လာရသည်။
ထိုတုန်းက ယခုအခြေအနေထက်ပို၍ ပြင်းထန်လောက်သည်။ လူအချို့ကို မှားယွင်းစွပ်စွဲခဲ့ပြီး လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာကို အနက်ရောင်ဖြစ်အောင်လုပ်ကာ ထွက်သွားခိုင်းခဲ့သည်ပင်။
“ကျင့်ကြံသူလေးပဲ … သူ့ကိုဖမ်းပြီးသွားရင် ငါတို့ ဒီချပ်ဝတ်တန်ဆာကို အတူတူပြင်လို့ရတယ် … အဲဒီအချိန်ကျရင် ပြဿနာအားလုံး ရှင်းသွားလိမ့်မယ်..” မီးခိုးရောင်ဝတ်စုံနှင့်လူမှ ပြောလိုက်သည်။
“ကျားဒီ .. တော်လိုက်တော့ .. မင်း ခေါင်းမာမနေနဲ့တော့ .. ပြဿနာဖြစ်လာရင် မင်းတာဝန်ယူနိုင်မှာမဟုတ်ဘူး..” တစ်ဖက်လူမှ အော်လိုက်သည်။
ယခုအချိန်တွင် ရှီဟောင်သည် ဘေးလူဖြစ်နေသောကြောင့် ဘာမှဝင်မပြောပဲ သူတို့နှစ်ယောက်တိုက်ခိုက်နေသည်ကို သိပ်မဝေးသည့်နေရာမှသာ ကြည့်နေလိုက်သည်။
“ငါက ဘာလို့တာဝန်မယူနိုင်ရမှာလဲ .. ဒါက မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်က ကျင့်ကြံသူလေးပဲ … သူ့ကို ဘာအရေးလုပ်ရမှာလဲ … သူ ဧကရာဇ်ဖြစ်နေတယ်ဆိုရင်တောင် ငါသူ့ကို အသိအမှတ်မပြုဘူး” မီးခိုးရောင်ဝတ်စုံနှင့် ကျားဒီက ပြောလိုက်သည်။
“ကျားဒီ .. မင်းရဲ့တာအိုနှလုံးသားက တစ်ခုခုမှားနေတယ် .. အပြင်ဘက်ကိစ္စတွေကြောင့်နဲ့ မင်းက ဘယ်သူလဲဆိုတာကို မေ့လိုက်မှာလား .. မင်းက စာရိတ္တပျက်ပြားတဲ့ လက္ခဏာတွေ ပြနေပြီ..” ထိုလူမှ အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားသည်နှင့် ကျားဒီသည် အေးစက်စွာပင် ရယ်မောလိုက်ပြီး သူ၏လှုပ်ရှားမှုများလည်း လျင်မြန်လာလေသည်။
“ကျားဒီ .. မင်းက အနန္တကောင်းကင်ကလာတာ .. အဲဒီလူငယ်လေးတစ်ချို့ကို ဒီလူငယ်လေး ဖိနှိပ်လိုက်တာကို မြင်လိုက်ရလို့ မင်း မကျေမနပ်ဖြစ်ပြီးတော့ အခု သူ့ကို တိုက်ခိုက်နေတာလား..” ထိုလူထပ်အော်ပြောလိုက်သည်။
“မင်း အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ .. ငါက ငါ့အလုပ် ငါ လုပ်နေတာ .. ဘာပဲဖြစ်ဖြစ် သူက လပေါင်းများစွာ ပျောက်သွားတာလေ .. ငါသူ့ကို စစ်မေးရမှာပဲ” မီးခိုးရောင်ဝတ်စုံနှင့်လူမှ အေးစက်စွာ ပြောလိုက်သည်။
ဝုန်း..
သူတို့နှစ်ဦးသည် ဆက်တိုက်ပင် တိုက်ခိုက်နေကြပြီး အရိုးစာသားများလည်း ရောယှက်လာကြလေသည်။ နတ်အလင်းများသည် မရပ်မနားထွက်ပေါ်လာသောကြောင့် ဤနေရာမှာ လင်းထိန်နေလေ၏။
“မင်းတို့နှစ်ယောက် ဒီလိုမျိုး တိုက်ခိုက်နေကြတာ မရှက်ဘူးလား .. ရန်သူတွေတောင်မလာသေးပဲနဲ့ ကိုယ့်အချင်းချင်း ပြန်တိုက်နေကြတာလား..” ထိုအချိန်တွင် ခပ်ဝေးဝေးမှ ကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။
ဤရောက်လာသည့်သူမှာ အလွန်အဆင့်မြင့်မည်မှာ သေချာ၏။ မီးခိုးရောင်ဝတ်စုံနှင့်လူပင်လျှင် ကြောက်ရွံ့သွားကာ နောက်ဆုတ်သွားလေသည်။
“မြို့ကိုပြန်မယ်..” ထိုလူ၏အသံမှာ အနည်းငယ် အသက်ကြီးနေသော်လည်း ဂုဏ်သိက္ခာကြီးမားသည့်အသံပင်။
ကျားဒီသည် ဘာမှမပြောပဲ ရှီဟောင်ကိုကြည့်ကာ ဧကရာဇ်မြို့ထဲသို့ ပြန်လှည့်ထွက်သွားလေ၏။
“သွားမယ်..”
အခြားတစ်ယောက်သည် ရှီဟောင့်ပုခုံးကို ပုတ်ကာ သူ့အားခေါ်လာလေသည်။
ဤနေရာမှာ အလွန်ကျယ်ဝန်းလှပြီး လီပေါင်းမည်မျှရှိမှန်းပင် မသိနိုင်ပေ။ သာမန်ကျွမ်းကျင်သူဆိုပါက ဤသည်မှာ စကြာဝဠာကြီးကို ဖြတ်ရသည်နှင့် တူလိမ့်မည်ပင်။
အမှန်တကယ်တွင်လည်း စကြာဝဠာကြီးကို ဖြတ်ရသည်နှင့် သိပ်မကွာပေ။ လမ်းတစ်လျှောက်တွင် ရှီဟောင်သည် မြေပြင်ထက်တွင် ပေါ်လာသည့် ကြယ်များကို တစ်လုံးပြီးတစ်လုံး တွေ့ခဲ့ရသေးသည်။
သူတို့ရောက်လာပြီ..
ဤသည်မှာ အလယ်ဗဟိုမြို့ဖြစ်သကဲ့သို့ ဧကရာဇ်မြို့၏ အဓိကနေရာလည်းဖြစ်သည်။
အပိုင်း ၁၂၆၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၄ – ဧကရာဇ်မြို့တွင်း
ဤမြို့မှာကျယ်ဝန်းလှပြီး မြို့အပြင်ဘက်ကဲ့သို့ ကြယ်များဖြင့် ပြုလုပ်ထားခြင်းပင်။ ကောင်းကင်ထက်တွင် ကြယ်နှင့်လရှိနေပြီး ကြယ်များလည်း ရှိနေလေသည်။
ဤသည်မှာ ကမ္ဘာပေါ်တွင် အကျယ်ဆုံးမြို့ပင်။
အနည်းဆုံးတော့ ဤမြို့မှာ ရှီဟောင်မြင်ဖူးသမျှမြို့ထဲတွင် အကြီးဆုံးမြို့ပင်။
သို့သော်လည်း လက်ရှိအချိန်တွင် သူသည် ဤမြို့၏ခမ်းနားမှုကို ချီးကျူးချင်သည့်စိတ်အခြေအနေမဟုတ်။ ထိုကျားဒီဟုခေါ်သည့်တစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသောကြောင့် ရှီဟောင်ရင်ထဲ ဒေါသမီးတောက်လောင်နေလေသည်။
တစ်ဖက်လူသည် သူ့အား တမင်သက်သက် အရှက်ခွဲခဲ့ခြင်းပင်။
သူဝတ်ဆင်ထားသည့် လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာသည် တောက်ပနေဆဲဖြစ်သော်လည်း အနက်ရောင်အလင်းဖြစ်နေလေပြီ။ သူ၏နှလုံးပင်လျှင် ထိခိုက်ခံလိုက်ရသကဲ့သို့ အေးစက်မှုကို ခံစားနေရလေ၏။
မြို့ထဲသို့ ဝင်သည်မှာလည်း အားအနည်းငယ် သုံးရသည်ပင်။ တစ်ယောက်တည်းဆိုလျှင် ဝင်၍ရမည်မဟုတ်ပေ။ ကျားဒီနှင့် ရှီဟောင်နံဘေးတွင်ရှိနေသည့် သူတစ်ယောက်သည် အရိုးတစ်ခုကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် မြို့ထဲမှ တစ်စုံတစ်ယောက်လည်း အရိုးတစ်ခုကို အသက်သွင်းလိုက်လေ၏။
ရှီဟောင် ယခုမှ စဉ်းစားမိသည်။ သူသည် ဧကရာဇ်မြို့၏ အရေးအကြီးဆုံးနေရာသို့ ရောက်လာလေပြီ။
ဤသည်မှာ မြို့ပြင်မဟုတ်ပေ။ ရှေးဟောင်းသဘောတူစာချုပ် ရေးထိုးထားသည့်သူများသာ ဝင်လာနိုင်သည့် နေရာတစ်ခုပင်။ ဒီထဲက လူတွေ … သူ့ကို လက်ခံလိုက်တာလား..
အမှန်တကယ်တွင် ဤမြို့ထဲတွင် ကျွမ်းကျင်သူ ဘယ်နှစ်ယောက်ရှိသေးသလဲဟု အပြင်ဘက်မှလူများ အမြဲတမ်း သိချင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤမြို့မှာ တိတ်ဆိတ်နေလွန်းသောကြောင့်ပင်။ သူတို့သည် ဘာကိုမှ အာရုံခံ၍မရ။
ယနေ့တော့ ရှီဟောင် ကံကောင်း၍ ဤမြို့ထဲသို့ ခြေချခွင့်ရခဲ့လေပြီ။
မြို့ကြီးမှာ ကြီးမားလွန်းလှသည်။ ရှီဟောင်သည် ဧကရာဇ်နန်းတော်ထဲသို့ ဝင်လာသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ခံစားလိုက်ရသည်။ သူသည် မြို့ကြီး၏ခမ်းနားမှုအားလုံးကို မမြင်နိုင်သေးပေ။
သူ၏ကောင်းကင်မျက်လုံးကို အသက်သွင်းလိုက်သည့် အချိန်မှသာလျှင် ဤနေရာ၏ တစ်စိတ်တစ်ပိုင်းကို ခိုးကြည့်၍ရလိုက်သည်။
လေဟာနယ်ထဲတွင် ကြယ်အလင်းတန်းများ တစ်ခုပြီးတစ်ခု မြို့ထဲသို့ စီးဆင်းသွားလေ၏။ ဧကရာဇ်ကြယ်များလည်း ရှိနေပြီး ကြောက်စရာကောင်းလှသည့် ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်နေလေသည်။
ထိုသို့ဆိုသော်လည်း ဤသည်မှာ ကောင်းကင်တစ်ခုလုံး ထိန်လင်းနေအောင်တော့ မလုပ်နိုင်သေးပေ။ နေရာအတော်များများမှာ အမှောင်ဖုံးနေဆဲပင်။
ဤနေရာမှာ တိတ်ဆိတ်နေဆဲပင်။ ရှီဟောင်သည် ကျွမ်းကျင်သူများကို တွေ့လိုတွေ့ငြားလိုက်ရှာနေဆဲပင်။
အာကာသကလန်က နောက်ဆုံးတစ်ယောက်ကရော ဘယ်မှာလဲ .. သူ ရောက်နေသင့်ပြီ..
ရီချန်းရှန်ရော .. သူမ ဘယ်မှာလဲ .. ဤအမျိုးသမီးသည် ရှီဟောင့်စိတ်ထဲတွင် အတော်လေး စွဲထင်ကျန်ရစ်နေလေသည်။
သို့သော်လည်း ဤမြို့မှာ မြို့ပျက်ကြီးကဲ့သို့ တိတ်ဆိတ်နေဆဲပင်။
ရှီဟောင် သူတို့နောက်လိုက်လာပြီး အတော်လေး ထိတ်လန့်နေမိသည်။ မြေပြင်တွင်လည်း ကြယ်များကို တွေ့လိုက်ရသည်။ ဤသည်များမှာ လူမှပြုလုပ်ထားခြင်းမဟုတ်ပဲ လီပေါင်း ထောင်ပေါင်းများစွာ ကြီးမားသည့် ကြယ်များပင်။
ဤကြယ်များသည် အာကာသမှ ကျလာခြင်းဖြစ်သော်လည်း ဤနေရာတွင် အစီအစဉ်များရှိနေသောကြောင့် နှစ်ဘက်လုံး ပျက်စီးမသွားပေ။
ကြယ်များမပျက်စီးသလို ဤမြေပြင်လည်း မပျက်စီးပေ။
ရှီဟောင်သည် ကြယ်များပေါ်မှ ဖြတ်လျှောက်လာရင်း ဆွံ့အနေမိသည်။
ခဏကြာပြီးသည့်နောက်တွင် သူအဆောက်အဦးအချို့ကို တွေ့လိုက်ရသည်။ ထိုအဆောက်အဦးများသည် လေထဲတွင်ပေါလာပေါ်နေလေ၏။ မြို့များနှင့်အတူ ကြယ်အပိုင်းအစများ၊ ပျက်စီးနေသည့် ကြယ်မြစ်များလည်း ရှိနေလေ၏။
ဤအဆောက်အဦးများမှာ အလွန်ကြီးမားလှပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ ရှိနေသည်မှာ သေချာသည်။
မြို့ထဲမှာ လူဘယ်နှယောက်ကျန်သေးလဲ..
ဤသည်မှာ ရှီဟောင်သိချင်နေသည့် မေးခွန်းပင်။ သူနောက်ဆုံးတော့ အရေးအကြီးဆုံးနေရာသို့ ရောက်လာလေပြီ။ သို့သော်လည်း သူထင်ထားသလို ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများကို မတွေ့ရပေ။
“သူတို့လာပြီ..” ရုတ်တရက်ပင် ဘေးဘက်ရှိ တစ်ယောက်ယောက်မှ ပြောလိုက်သည်။
မှုန်မှိုင်းသည့်နယ်မြေ၏ ကြီးမားသည့်ကျောက်တုံးကြီးပေါ်တွင် အကြီးအကဲတစ်ယောက် ထိုင်နေသည်။
ခပ်ဝေးဝေးသို့ကြည့်လိုက်သည့်အချိန်တွင် အခြားသူများကိုလည်း တွေ့လိုက်ရသည်။ အချို့သူများသည် ကြယ်များပေါ်တွင် ထိုင်နေကြပြီး အချို့မှာ ထုံးကျောက်များပေါ်တွင် ထိုင်နေကြလေသည်။ အားလုံးမှာ ပျောက်ကွယ်နေသကဲ့သို့ အသံတစ်သံမှ ထွက်မလာကြပေ။
ဤလူ၏အဝတ်အစားများမှာ ရှေးကျလှပြီး လူမျိုးစုများလည်း မတူကြပေ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြသလို တစ်ယောက်နှင့်တစ်ယောက်ကြားလည်း အလွန်ဝေးကွာလှသည်။
အချို့လူများ၏ ခန္ဓာကိုယ်ပေါ်တွင် ဖုန်တောင်တက်နေလေပြီ။ သူတို့နောက်ဆုံးလှုပ်ရှားခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာသွားပြီမှန်း မသိနိုင်ပေ။ သူတို့သည် ကျောက်တုံးများ၊ ကြမ်းပြင်များနှင့် တစ်သားတည်းပင် ဖြစ်နေလေပြီ။
အချို့ဘီလူးကြီးများ၏ ဦးခေါင်းထက်တွင် ငှက်သိုက်များပင် ရှိနေလေသည်။
ဤမြင်ကွင်းများကို ကြည့်ပြီးနောက် ရှီဟောင်သည် ရှေးဟောင်းပန်းချီကားတစ်ခုကို ဖွင့်လိုက်သလိုပင် ခံစားနေရသည်။
“လျှပ်စီးဧကရာဇ်ရဲ့ ချပ်ဝတ်တန်ဆာ နောက်တစ်ခေါက် ပြန်ရောက်လာပြီ .. ဒါပေမဲ့ သူက အမှောင်ထုထဲ ရောက်ခါနီးနေပြီ..” သူ ပထမဆုံးမြင်လိုက်ရသည့် အကြီးအကဲမှ မျက်လုံးများပွင့်လာကာ ဤကဲ့သို့ ပြောလာလေသည်။
သူ၏အသံမှာ အလွန်ထူးဆန်းလှပြီး ရှေးဟောင်းဘာသာစကားတစ်ခု ဖြစ်ဟန်တူသည်။ အမှန်တကယ်တွင် ရှီဟောင် ထိုစကားကို နားမလည်နိုင်သော်လည်း သူ၏နတ်စိတ်ဝိဉာဉ်လည်း အသံတစ်ခု ပို့လွှတ်နေသောကြောင့် ထိုစကား၏အဓိပ္ပာယ်ကို သူနားလည်နေခြင်းပင်။
ဤသည်မှာ စီရင်စုသုံးထောင်မှ ကျင့်ကြံသူတစ်ယောက်မဟုတ်ပဲ အခြားနေရာမှလူပင်။
ဤဧကရာဇ်မြို့ မည်မျှအရေးကြီးကြောင်းကို ရှီဟောင်နားလည်သွားရသည်။ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ခုမှ ရှေးဟောင်းမြေများပင် ဤနေရာကို စောင့်ကြပ်ရန်အတွက် သူတို့လူများကိုလွှတ်ကြရသည်ပင်။
“ကျားဒီ .. မင်းရဲ့ကျင့်ကြံခြင်းမှာ ပြဿနာရှိနေတယ် .. မင်းရဲ့ကျင့်ကြံဆင့်မှာ လူတစ်ယောက်က အပြင်ကကိစ္စတွေကြောင့် စိတ်မလှုပ်ရှားသင့်ဘူး .. သတိထားဦး .. မင်း စာရိတ္တပျက်ပြားသွားလိမ့်မယ်..”
ထိုအကြီးအကဲ၏ ဆံပင်ဖြူများသည် ပုခုံးထိပင်ကျနေသည်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အဝတ်အစား မပါပေ။ သူ၏ဘေးတွင် ဝံပုလွေသွားတင်းပုတ်ရှိနေလေသည်။
“ကျွန်တော်က ဘယ်လိုလုပ် စာရိတ္တပျက်ပြားရမှာလဲ .. ကျွန်တော်က အခုမှ အရွယ်ကောင်းမှာပဲရှိသေးတာ .. ကျွန်တော် ဒီကလေးရဲ့ မူလဝိဉာဉ်ထဲကို ရှာပြီးတော့ ဘာဖြစ်ခဲ့တာလဲဆိုတာ သိချင်ရုံလောက်ပါပဲ” ကျားဒီ ပြန်ပြောလိုက်သည်။
“လူငယ်လေး .. မင်းတကယ်ပဲ ဘယ်တွေရောက်နေခဲ့တာလဲ” ထိုအကြီးအကဲမှ ရှီဟောင်အား မေးလိုက်သည်။
ရှီဟောင် မပြောချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူပြောလိုက်လျှင် ထိုအိုးပါ ပါသွားလိမ့်မည်။ သို့သော်လည်း တစ်ဖက်လောကမှ အကြောင်းအရာများကိုလည်း သူ ကွယ်ဝှက်မထားချင်ပေ။
သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
” ကျွန်တော် တကယ်တော့ တစ်ခြားနေရာတစ်ခုကို ရောက်သွားခဲ့တာပါ .. အဲဒီမှာ ကျောက်စာတွေအများကြီးတွေခဲ့ပြီးတော့ အဲဒီမှာ ထူးဆန်းတဲ့လောကအကြောင်းကိုလည်း မှတ်တမ်းတင်ထားတယ် .. အဲဒီမှာ မသေမျိုးတောင်တစ်လုံးလည်း ရှိနေတယ်..”
သူမြင်ခဲ့ရသမျှကို ခပ်ဖြေးဖြေးပင် ပြောပြလိုက်သည်။ သို့သော်လည်း ဤအရာများအားလုံးကို ကျောက်စာများမှ မြင်ခဲ့ရသည့်ပုံစံဖြင့် ပြောလိုက်သည်။
“မင်းအရင်တုန်းက ဘာလို့ မပြောပြတာလဲ” ကျားဒီ အော်ပြောလိုက်၏။
“ခင်ဗျားက ကျွန်တော့်ကို ရန်လိုနေတဲ့ဟာကို ကျွန်တော်က ဘာလို့ ပြောပြရမှာလဲ..” ရှီဟောင်ပြောလိုက်သည်။
“မင်း .. မင်းအကုန်လုံး မပြောရသေးတာ သေချာတယ် .. မင်းဖုံးကွယ်ထားတဲ့အရာတွေ ရှိဦးမှာပဲ .. စောင့်နေလိုက် .. မင်း ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ငါ ရှာပြမယ်” ကျားဒီသည် ကြောက်စရာကောင်းသည့် အော်ရာများ ထုတ်လွှတ်ကာ သူ၏လက်ကို ဆန့်တန်းလျက် နောက်တစ်ကြိမ်ပြေးလာလေသည်။
“လူတွေအများကြီးရှေ့မှာ .. ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူတစ်ချို့ရဲ့မျက်စိရှေ့မှာ ခင်ဗျားက ဒီလိုမျိုးလုပ်ပြီးတော့ ကျုပ်ကို အရှက်ခွဲချင်နေတာလား..” ရှီဟောင်အော်ဟစ်လိုက်၏။
“မင်းလိုမျိုး မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်က ကျင့်ကြံသူအစုတ်အပြတ်လေးက အရှက်ကွဲတဲ့အကြောင်းကို ပြောရဲသေးတယ်ပေါ့ .. မင်းရဲ့ အသိစိတ်ပင်လယ်ထဲကို ရှာတာက စစ်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ဖို့ပဲ .. မဟုတ်ရင် မင်းလိုမျိုးလူက ငါတိုက်ခိုက်ရလောက်အောင် အရည်အချင်းမရှိသေးဘူး..” ကျားဒီ ပြောလိုက်၏။
ရှီဟောင် ဒေါသထွက်လာရ၏။ တစ်ဖက်လူသည် သူ့ထက် စွမ်းအားကြီးပြီး ထိုသူပြောသည့်စကားများပင်လျှင် လွှမ်းမိုးလိုခြင်းများ ပါဝင်နေသည်ပင်။
“ကျားဒီ .. မင်းလွန်လွန်းနေပြီ .. မင်းက လျှပ်စီးဧကရာဇ်ရဲ့ ချပ်ဝတ်တန်ဆာကို အမှောင်ထုထဲ ရောက်စေချင်နေတာလား .. မင်းက ဒီဂျီးနီးယပ်စ်ကို ရန်သူ့ဘက် ရောက်သွားအောင် လုပ်ချင်နေတာလား” အကြီးအကဲတစ်ဦးမှ ပြောလိုက်သည်။
“လျှပ်စီးဧကရာဇ်ရဲ့ ချပ်ဝတ်တန်ဆာတွေကို ကျွန်တော်တို့ အတူတူပြင်လိုက်လို့ရတယ် .. ဒီ မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်က ကျင့်ကြံသူ အစုတ်အပြတ်လေးက ကျွန်တော့်လေးစားမှုနဲ့ မထိုက်တန်ဘူး .. ကျွန်တော် သူ့ကို ဖမ်းပြီးတော့ အသိစိတ်ထဲကို အတင်းရှာတော့ရော ဘာဖြစ်လဲ..” ကျားဒီ ပြောလိုက်၏။
ထိုအချိန်တွင် မြေပြင်ထက်တွင်ရှိနေသည့် ကျောက်တောင်များ၊ ကြယ်များ မညီမညာဖြစ်လာပြီး ကျင့်ကြံသူအချို့ မျက်လုံးပွင့်လာကြလေသည်။
“ရဲတင်းလွန်းလိုက်တာ .. မင်းက စာရိတ္တပျက်ပြားသွားပြီပဲ” ထိုအကြီးအကဲမှ မတ်တပ်ရပ်လိုက်သည်။
ထိုအချိန်တွင် သူသည် ကျားဒီထံသို့ လက်ဝါးဖြင့် လွှဲရိုက်လိုက်လေသည်။
ကျားဒီ အမူအရာ ပြောင်းလဲသွားလေ၏။ သူသည်လည်း အလွန်စွမ်းအားကြီးသည့်သူဖြစ်ပြီး ဤနေရာသို့ဝင်နိုင်သည့်သူဖြစ်သောကြောင့် သူသည် ခေတ်တစ်ခေတ်တွင် စွမ်းအားအကြီးဆုံး ဖြစ်ခဲ့သည့်သူပင်။ သူသည် ထိုနေရာမှ လျင်မြန်စွာပင်ရှောင်တိမ်းလိုက်လေ၏။
သို့သော်လည်း ဖူးဟူသည့်အသံနှင့်အတူ သူ ရိုက်ခံလိုက်ရဆဲပင်။
အကြီးအကဲသည် သူ၏ပါးကို ရိုက်လိုက်ခြင်းပင်။ ကျားဒီကဲ့သို့ စွမ်းအားကြီးသည့်သူပင် ထိုရိုက်ချက်ကို မရှောင်နိုင်ပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားကာ သွေးများလည်း လွင့်စင်လာလေသည်။
ဤအကြီးအကဲ ဤမျှ တည့်တိုးဆန်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ .. စွမ်းအားကြီးတဲ့လူတစ်ယောက်ကိုတောင် လွင့်ထွက်သွားအောင် လုပ်နိုင်တယ် .. သို့သော်လည်း သူသည် စိုးရိမ်မနေပေ။
“ခင်ဗျား..” ကျားဒီသည် လေဟာနယ်ထဲတွင် တည်ငြိမ်အောင် လုပ်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
သူကဲ့သို့ စွမ်းအားကြီးသည့်သူတစ်ယောက် ဤကဲ့သို့ မကြုံတွေ့ရသည်မှာ နှစ်ပေါင်းမည်မျှပင် ရှိနေပြီဖြစ်သနည်း.. ဤသည်မှာ အရှက်ခွဲခံလိုက်ရခြင်းပင်။
“ကျင့်ကြံသူ အစုတ်အပြတ်လေးအတွက် ဒီလိုမျိုးတိုက်ခိုက်တာက တန်လို့လား..” ကျားဒီ၏ ဒေါသတကြီး ဟစ်ကြွေးသံကြောင့် ဤနေရာရှိလူများမျက်လုံးပွင့်လာကြလေသည်။
“မင်းတောင်မှ အခု ဒေါသထွက်နေတာမလား .. မင်း ကျင့်ကြံသူလေးတစ်ယောက်ကို ဖိနှိပ်ပြီးတော့ အနိုင်ကျင့်တဲ့အချိန်တုန်းက သူလည်း ဒီလိုမျိုး ခံစားခဲ့ရတာပဲ” ထိုအကြီးအကဲ ပြောလိုက်သည်။
“သူက ကျွန်တော်နဲ့ ဘယ်နေရာမှာများ ယှဉ်နိုင်လို့လဲ..” ကျားဒီ ဒေါသတကြီး ဟစ်ကြွေးလိုက်၏။
“အဲဒါဆိုရင် မင်းလည်း ဘယ်နေရာမှာများ ငါနဲ့ ယှဉ်နိုင်လို့လဲ..” ထိုအကြီးအကဲသည် လက်မြှောက်လိုက်ကာ နောက်တစ်ကြိမ် ဖြန်းကနဲ ရိုက်လိုက်လေ၏။ ကျားဒီသည် လွင့်ထွက်သွားကာ ကြယ်တစ်လုံးနှင့် တိုက်မိသွားလေသည်။
“အခုတလော မင်းရဲ့နားလည်မှုတွေက မိစ္ဆာဆန်လာပြီ .. မင်းရဲ့စိတ်မှာ ပြဿနာကြီးတစ်ခု ရှိနေပြီ .. မင်းအသိတရားမရနိုင်သေးဘူးလား .. မဟုတ်ရင် မင်း ပျက်စီးသွားလိမ့်မယ်” ထိုအကြီးအကဲမှ အော်ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ .. ကျွန်တော့်စိတ်က ဘာမှမဖြစ်ဘူး .. ကျင့်ကြံသူလေးတစ်ယောက်ရဲ့ မူလဝိဉာဉ်ကို လေ့လာတာက သေချာပေါက် မှားယွင်းတဲ့အလုပ်မဟုတ်ဘူး..” သူ လက်မခံနိုင်စွာ ပြောလိုက်သည်။
“သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေကလည်း မင်းထက်မနိမ့်ကျနိုင်ဘူးဆိုတာ မင်းသိထားဖို့လိုတယ် .. ဒါပေမဲ့ မင်းရဲ့လုပ်ရပ်တွေက မသေမျိုးသွေးမျိုးဆက်တွေကို ကိုယ်စားပြုနေတယ်..” ထိုသို့ပြောပြီးသည့်နောက်တွင် အကြီးအကဲသည် လက်ဝါးကို မလွှဲတော့ပဲ သူ့ဘေးနားတွင်ရှိနေသည့် တင်းပုတ်ကို ကောက်ကိုင်လိုက်လေသည်။
ကျားဒီသည် ခုခံနိုင်ရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးပင်။ အကြီးအကဲ၏လက်နက်ကို မတားဆီးနိုင်ပေ။
ဝံပုလွေသွားတင်းပုတ်သည် သူ၏အဖိုးတန်ပညာများကို ပျက်ပြယ်သွားအောင် လုပ်လိုက်ပြီး သူ၏အရိုးစာသားများကိုလည်း ချေမွပစ်လိုက်လေသည်။ သမိုင်းမတင်မှီခေတ်မှ ထာဝရတောင်တစ်လုံးကျလာသကဲ့သို့ပင် နေရာအနှံ့မှ ရန်သူများကို ဖိနှိပ်ပစ်လေ၏။
ဖုန်း..
တင်းပုတ်သည် ကျားဒီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ့ထံမှ နာကျင်စွာ ညည်းညူသည့်အသံ ထွက်ပေါ်လာလေ၏။ သူ၏ခန္ဓာကိုယ်တစ်ပိုင်းမှာ စုတ်ပြတ်သတ်သွားပြီး ချက်ချင်းပင် လွင့်ထွက်သွားကာ ခပ်ဝေးဝေးသို့ ကျသွားလေ၏။ သွေးများလည်း နေရာတိုင်းတွင် လွင့်စင်သွားလေသည်။
ဤကဲ့သို့ စွမ်းအားကြီးသည့်သူပင် ဤအကြီးအကဲထံမှ ရိုက်ချက်တစ်ချက်ကိုပင် မခံနိုင်ပေ။ တစ်ချက်တည်းဖြင့် သေမလိုပင် ဖြစ်သွားလေ၏။
ဤအဖြစ်အပျက်များအားလုံးမှာ အလွန်ရုတ်တရက်ဆန်လှသောကြောင့် ရှီဟောင် ဆွံ့အနေရသည်။
ကျားဒီသည် အလွန်စွမ်းအားကြီးသည့်သူဖြစ်ပြီး သူသာ အပြင်လောကသို့ ပြန်ထွက်ပါက မိုးကောင်းကင်အောက်ရှိ လူအားလုံးကို သူ အထင်သေးနိုင်သည်ပင်။
သို့သော်လည်း မထင်မှတ်ပဲ ယခုတော့ သူ ဖိနှိပ်ခံလိုက်ရလေပြီ။
“မင်း သီးသန့်ကျင့်ကြံသင့်တယ်.. ပြီးတော့ သေချာစဉ်းစားကြည့်..” အကြီးအကဲမှ ပြောလိုက်သည်။ သူလက်ညှိုးထိုးလိုက်သည်နှင့် ကျားဒီပတ်လည်တွင် အလင်းလုံးတစ်ခု ပေါ်လာပြီး သူ့အား ခပ်ဝေးဝေးရှိ အမှောင်ထုထဲသို့ ပို့လွှတ်လိုက်လေသည်။
ရှီဟောင်သည် သူ၏လေးစားမှုကို ပြသသည့်အနေဖြင့် ဦးညွှတ်လိုက်သည်။
အကြီးအကဲသည် သက်ပြင်းချလိုက်ကာ ရှီဟောင်၏ ချပ်ဝတ်တန်ဆာကို ရှင်းလင်းရန်အတွက် လူအချို့ကို ခေါ်လိုက်လေသည်။
ဤချပ်ဝတ်တန်ဆာတွင် သမိုင်းကြောင်းရှိနေသည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဤချပ်ဝတ်တန်ဆာကို မြင်လိုက်ရသည်နှင့် လူများစွာ၏ ခံစားချက်များ ပေါ်လာကြလေ၏။ သူတို့အားလုံးသည် နောင်တတရားများခံစားရကာ စိတ်ညှိုးနွမ်းနေကြလေသည်။
“အရင်တုန်းက ဒီချပ်ဝတ်တန်ဆာကို ဝတ်ပြီးထွက်သွားတဲ့ ပြိုင်ဘက်ကင်းဂျီးနီးယပ်စ်တစ်ယောက်ရှိခဲ့ဖူးတယ် ..သူဘယ်တော့မှ ပြန်မလာခဲ့တော့ဘူး .. သူက အမှောင်ထုထဲကို ထာဝရကျရောက်သွားခဲ့တာ..” အကြီးအကဲ သက်ပြင်းချပြီး ပြောလိုက်သည်။
“ကောင်းပြီ … မင်းကို အနန္တကောင်းကင်ကို ပို့ပေးမယ် .. မင်းအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် .. နောင် မင်းဧကရာဇ်မြို့ကို ပြန်ရောက်လာတဲ့အချိန်ကျရင် မင်းရန်သူတွေအားလုံးကို ဖိနှိပ်နိုင်လိမ့်မယ်..”
အပိုင်း ၁၂၆၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၅ – ဖြတ်သန်းရန်
ကျားဒီသည် ထိုကဲ့သို့ပင် အထိန်းသိမ်းခံလိုက်ရလေသည်။
ရှီဟောင်သည် နတ်ကျောက်တုံးငါးမျိုးဖြင့် ပြုလုပ်ထားသည့် ယဇ်ပုလ္လင်တစ်ခုရှေ့သို့ ခေါ်သွားခံလိုက်ရသည်။ ဤယဇ်ပုလ္လင်ကြီးသည် အလွန်ကြီးမားလှပြီး တောင်တစ်လုံးနှင့်ပင် တူနေသည်။
သူသည် ယခုလေးတင်မှ ဧကရာဇ်မြို့အတွင်းပိုင်းသို့ ရောက်ခဲ့ခြင်းဖြစ်သော်လည်း ယခု ပြန်ပို့ခံရတော့မည်။ ရှီဟောင်သည် အိပ်မက်မက်နေသကဲ့သိုပင် ခံစားနေရ၏။
သူ ဤကဲ့သို့ ထွက်မသွားချင်သေး။ အတိတ်နှင့်ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်ခဲ့သည့် ဤထူးဆန်းသည့်မြို့ကြီးကို သူလှည့်ပတ်သွားလာကြည့်ချင်သေးသည်။ သို့သော်လည်း သူသည် ဤနေရာတွင် လွတ်လွတ်လပ်လပ်နေ၍မရသလို အကြာကြီးနေ၍လည်းမရပေ။
ရီချင်းရှန် ဘယ်မှာလဲ .. ရှီဟောင် သူမအား တကယ်တွေ့ချင်မိသည်။ ထိုထူးခြားသည့် အမျိုးသမီးသည် ယခင်က သူ့အား ကယ်တင်ခဲ့ဖူးပြီး သူမသည် တားမြစ်နယ်မြေအတွင်းပိုင်းမှ လာသည်ဟုလည်း ပြောကြလေသည်။
သူမ ရှေးဟောင်းမဟာမိတ်စာချုပ်အကြောင်းပြောကာ အာကာသကလန်နှင့် စစ်ကလန်တို့မှဘိုးဘေးကို ခေါ်လာခဲ့ပုံများကို ပြန်စဉ်းစားကြည့်လျှင် သူမသည် ဤနေရာနှင့် အကျွမ်းတဝင်ဖြစ်သည်မှာ သေချာသည်။
ရှီဟောင် သူ့ဘေးနားမှလူနှင့် တင်းပုတ်ကိုင်သည့် အကြီးအကဲတို့ကို မေးလိုက်ပြီး ရီချန်းရှန်နှင့်တွေ့နိုင်ရန် အကူအညီတောင်းလိုက်သည်။
သို့သော် သူသည် ဖြေရှင်းချက်ပင်မရပဲ ငြင်းခံလိုက်ရသည်။ ဤလူများ၏ အပြုအမူများမှာ ရှင်းလင်းပြတ်သားလှသည်ပင်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဒီရီချင်းရှန်က သာမန်မဟုတ်တဲ့ပုံပဲ .. မြို့မှာရှိတဲ့ကျွမ်းကျင်သူတွေကိုတောင်မှ သူ့အကြောင်း မပြောပြဘူးထင်တယ် .. တကယ်ပဲ ဘာလို့လဲ..
မြို့များကိုပင် စစ်ဖြစ်စေနိုင်သည့် အပြုံးကို ပိုင်ဆိုင်ထားသည့် ထိုဝတ်စုံဖြူနှင့် အမျိုးသမီးကို ပြန်စဉ်းစားမိလိုက်သည့်အချိန်တွင် ရှီဟောင်သက်ပြင်းချလိုက်မိသည်။ သူမ ရှိတဲ့နေရာကို ရောက်လာတာတောင်မှ သူမကို မတွေ့နိုင်ဘူး..
နောက်ဆုံးတွင်တော့ သူ ထွက်ခွာသွားရတော့မည်။
ရှီဟောင် ယဇ်ပုလ္လင်အပြင်ဘက်တွင် ရပ်လိုက်သည်။ ဤငါးရောင်စပ်ရွှေ့ပြောင်းခြင်းအစီအရင်မှာ တကယ်ကိုပင် ကျယ်လှသည်။ ဤယဇ်ပုလ္လင်ဖြင့် ခေတ်ပေါင်းများစွာကို ဖြတ်ကျော်သွားနိုင်ပြီး စကြာဝဠာတွင်လည်း ပြန်လည်မွေးဖွားခြင်းကို အကြိမ်ကြိမ်ပြုလုပ်နိုင်သလိုပင်။
ရှီဟောင် ဤယဇ်ပုလ္လင်ကို သေချာကြည့်လိုက်၏။ ဤယဇ်ပုလ္လင်မှာ ထာဝရရှေးဟောင်းမြေရှိ ချောက်နက်ကြီးထဲတွင် တွေ့ခဲ့ရသည့် ယဇ်ပုလ္လင်ကြီးနှင့် အတော်လေးတူနေသည်။ လုပ်ထားသည့် ပစ္စည်းချင်းပင် တူနေခြင်းပင်။
သို့သော်လည်း တစ်ခုမှာ တစ်ဝက်ဖျက်ဆီးခံထားရပြီး တစ်ခုမှာ အကောင်းအတိုင်းရှိနေသေးသည်ပင်။
ဤသည်မှာလည်း ယခင်ခေတ်က ချန်ထားခဲ့သည့်ပစ္စည်းဖြစ်သည်မှာ သေချာသည်။
ထိုသို့စဉ်းစားမိသည်နှင့် ရှီဟောင်မျက်လုံးများ တောက်ပလာပြီး ဤယဇ်ပုလ္လင်ကို ပို၍သေသေချာချာလေ့လာလိုက်သည်။ ဤကြီးမားလှသည့် ဧကရာဇ်မြို့ပင်လျှင် ယခင်ခေတ်မှ အဆောက်အဦးကြီး ဖြစ်နေသည်ပင်။
“ထူးဆန်းလိုက်တဲ့ ရှေးဟောင်းမြို့..”
ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။
“နယ်ခြားစပ်..”
ရှီဟောင် ဤစကားလုံးများကို ပြောလိုက်သော်လည်း တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ အနက်ရောင်ရှေးဟောင်းသင်္ဘောကြီးပေါ်တွင် ဘုရင် ၇ ယောက်ကာကွယ်နေသည့် မြို့တစ်မြို့ကို သူသေချာမြင်ခဲ့ရသည်။ သူတို့သည် မရေမတွက်နိုင်သည့် သက်ရှိများနှင့် ဆက်တိုက် တိုက်ခိုက်နေခဲ့သည်ပင်။
ဒါက အဲဒီနေရာမဟုတ်ဘူး .. အဲဒါဆို နယ်ခြားစပ်က ဘယ်မှာလဲ…
သူမြင်ခဲ့ရသည့် စစ်မြေပြင်မှာ ဤနေရာထက်ပို၍ ပြင်းထန်သည်။ ထိုနေရာသည်လည်း ဤနေရာကဲ့သို့ အသက်မဲ့ကာ ကုန်းမြေ၏ ၉၀ ရာခိုင်နှုန်းမှာ မှုန်မှိုင်းနေသည်ပင်။
“စီနီယာ .. အဲဒီလူတွေက ဘယ်သူတွေလဲ..” ထွက်မသွားခင် ရှီဟောင် ထိုအကြီးအကဲအား မေးလိုက်သည်။ အဲဒီနေရာက ဘယ်လိုနေရာလဲ .. ရှီဟောင်နဲ့ဘာဆိုင်နေတာလဲ .. ဤအကြီးအကဲသိနေသည်ဟု ရှီဟောင်ခံစားနေရသည်။
သို့သော်လည်း ဤအကြီးအကဲသည် သူ့အား ဘာမှပြန်မပြောပေ။ ယဇ်ပုလ္လင်ကြီး အသက်ဝင်လာပြီး စတင်ပို့ဆောင်နေလေပြီ။
အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ရှီဟောင်သည် အချိန်ဥမင်တစ်ခုထဲသို့ ခြေချမိသလို ခံစားလိုက်ရသည်။
ဤသည်မှာ အလွန်အဆင့်မြင့်သည့် ရွှေ့ပြောင်းခြင်းအစီအရင်ပင်။ လူတစ်ယောက်ကို စကြာဝဠာအဆုံးထိ ပို့ဆောင်နိုင်သည်သာ။
သူသည် အဆင့်မြင့်နယ်မြေမှ ထွက်ခွာလာခဲ့ကာ စီရင်စုသုံးထောင်လည်း သူ့နောက်တွင် ကျန်ခဲ့လေပြီ။
ရှီဟောင်သည် ထူးဆန်းသည့်အလင်းတန်းများနှင့်အတူ ရွေ့လျားနေသည်။ သူသည် မယုံကြည်နိုင်လောက်သည့် အာကာသကိုလည်း ဖြတ်ကျော်ခဲ့ရသည်။
“ဧကရာဇ်မြို့က တော်တော်လေး ကြီးတာပဲ .. ငါက တစ်စိတ်တစ်ပိုင်းပဲ တွေ့ရသေးတာ .. ကျွမ်းကျင်သူတွေကိုလည်း နည်းနည်းပဲ တွေ့ရသေးတာ .. အဲဒီမှာ ဘယ်လိုပုဂ္ဂိုလ်တွေ ရှိနေတာလဲ တကယ်ပဲ သိချင်မိတယ်..”
သူမြင်လိုက်ရသည်မှာ ထိုနေရာ၏ ထောင့်လေးတစ်နေရာသာဖြစ်မှန်း ရှီဟောင်သိသည်။
သူအများကြီး မစဉ်းစားရသေးခင်မှာပင် အချိန်အပိုင်းအစများ ရွေ့လျားလာပြီး ကြယ်များလည်း တစ်ခုပြီးတစ်ခု လွင့်ထွက်လာကြလေသည်။
သူသည် နယ်မြေများကို ဖြတ်ကျော်နေသောကြောင့် အချိန်နှင့်လေဟာနယ်များပင် မတည်ငြိမ်တော့ပေ။
နောက်ဆုံးတွင်တော့ ကျယ်လောင်လှသည့် အသံကျယ်ကြီး ထွက်ပေါ်လာပြီး မြူခိုးဖြူများလည်း ထွက်ပေါ်လာလေ၏။ ရှီဟောင် ထိုနေရာမှ တရှိန်ထိုး ပြေးထွက်လာလိုက်သည်။
သူသည် ဘေးပတ်လည်ကို တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် လက်ရှိတွင် တာအိုစင်္ကြံတစ်ခုပေါ်တွင် ရပ်နေခြင်းပင်။ ဤစင်္ကြံသည် သားရဲအရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်ဖြူဖွေးနေလေ၏။
“ငါ အနန္တကောင်းကင်ကို ရောက်လာပြီလား..” ရှီဟောင် အံ့အားတကြီး သက်ပြင်းချလိုက်၏။ သူနယ်မြေများကို ဖြတ်ကျော်ခဲ့ခြင်းပင်။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ဝေးကွာလှသော်လည်း သူတစ်ခဏအတွင်း ရောက်လာလေပြီ။
နယ်မြေများကို ဆက်ထားသည့်လမ်းများသာ ရှိမနေပါက အလွန်စွမ်းအားကြီးသည့်သူပင်လျှင် နယ်မြေများကို ဖြတ်သန်းရန် ခေတ်ပေါင်း တစ်ရာ သွားနေရလိမ့်မည်။
သူသည် ကမ္ဘာမြေ ၁၀ခုထဲရှိ တာအိုသုံးထောင်စီရင်စုမှ ကောင်းကင်ဘုံကိုးခုထဲရှိ အနန္တကောင်းကင်သို့ ရောက်လာခြင်းဖြစ်သောကြောင့် ဤသည်မှာ အလွန်ရှည်လျားလှသည့် ခရီးပင်။
“ငါက လနည်းနည်းလောက်တောင် နောက်ကျနေပြီဆိုတော့ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်လို့ရော ရပါဦးမလား” ရှီဟောင်ပြောလိုက်၏။
သူအရိုးတာအိုစင်္ကြံမှ ထွက်လာသည်နှင့် ဝိညာဉ်စွမ်းအင်များ ချက်ချင်းပင် ထွက်ပေါ်လာလေသည်။
“စီရင်စုသုံးထောင်ထက်ကို ပိုများတာပဲ..” ဤသည်မှာ ရှီဟောင် ပထမဆုံးသတိပြုမိသည့်အရာပင်။
ပြောရမည်ဆိုလျှင် ဝိညာဉ်စွမ်းအင်၏ သိပ်သည်းမှုသည် ထိုနေရာမှာ ကျင့်ကြံခြင်းအတွက် မည်မျှသင့်တော်သည်ကို ကိုယ်စားပြုခြင်းပင်။ ဤကဲ့သို့သောနေရာမှ ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများစွာ ထွက်ပေါ်လာနိုင်သည်။
တကယ်ကို စွမ်းအားကြီးတဲ့ လောကကြီးပဲ..
“ကျယ်လိုက်တာ..”
ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ များပြားကာ အဖြူရောင်မြူများ ထွက်ပေါ်နေသော်လည်း ဤနေရာမှာ တိတ်ဆိတ်လွန်းလှသည်။ တောတောင်မရှိပဲ အပင်များကိုလည်း မမြင်ရပေ။
မျက်စိတစ်ဆုံး မြူများဖြင့် ဖုံးလွှမ်းထားလေ၏။
“သူတို့ကိုယ်တိုင် ငါ့ကို အနန္တကောင်းကင်ကို ပို့ပေးလိုက်တာဆိုတော့ တစ်ထောက်နားရမယ့်နေရာ ရှိကိုရှိသင့်တယ် .. ဒါမှမဟုတ် ငါက ကောင်းကင်နတ်ဘုရားကျောင်းဝင်ပေါက်ကို တန်းရောက်လာတာလား..” ရှီဟောင် တွက်ဆလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ ရောက်မလာခင်က ရွှေ့ပြောင်းခြင်းအစီအရင်ဖြင့် သွားပြီးသည့်နောက် ကောင်းကင်နတ်ဘုရားကျောင်းသို့ရောက်ရန် မည်သို့ကျင့်ကြံရမလဲဟု သူ မေးခဲ့ဖူးသည်။
အမ်..
ခဏကြာပြီးသည့်နောက်တွင် တစ်ခုခုလှုပ်ရှားသွားသည်ကို သူ အာရုံခံမိလိုက်သည်။ တစ်ဖက်လူမှာ နတ်ကျောက်တုံးများစွာကို ဆက်ထားသကဲ့သို့ အလွန်တည်ငြိမ်လှပေသည်။
သူ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်နှင့် သူ၏မျက်ဆံတွင် သင်္ကေတများ ထွက်ပေါ်လာပြီး ဘေးပတ်လည်ကို အာရုံခံသည့် အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေသည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် ဆွံ့အသွားရလေ၏။ ဤသည်မှာ နန်းတော်တစ်ခုအတွင်းမှာပင်။ ထိုကြီးမားလှသည့် စင်္ကြံကြီးသည် နန်းတော်ဟောခန်းမထဲ၌ ရှိနေခြင်းပင်။
သို့သော်လည်း ဤနန်းတော်မှာ ကျယ်ဝန်းလှပြီး လီပေါင်း တစ်သောင်းကျော်နေရာယူထားလေသည်။
သူသည် ကျယ်ပြောလှသည့် မြေပြင်ပေါ်တွင်ရှိနေသည်ဟု ထင်လိုက်သော်လည်း တကယ်တမ်းတွင် အဆောက်အဦးတစ်ခုထဲ၌ ရှိနေခြင်းပင်။
ရှီဟောင် သေချာစဉ်းစားပြီးသည့်နောက် ထိုထဲတွင် ပျံသန်းသွားလာလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် သူ ထွက်ပေါ်သို့ ရောက်လာလေပြီ။ ထိုနေရာတွင် ကြီးမားလှသည့် ကြေးတံခါးများရှိနေပြီး အနည်းငယ်ဟနေလေ၏။
ရှီဟောင် ထိုနေရာတွင်ရပ်လိုက်ပြီး ထိုတံခါးကို တွန်းဖွင့်ရန် ပြင်လိုက်သည်။
ဤတံခါးများမှာ လီပေါင်း တစ်ထောင်ကျော်မြင့်ပြီး ကြီးမားလွန်းလှသည်။
ရှီဟောင် ထိုတံခါးများကို တွန်းလိုက်သည်နှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာလေသည်။
ရှီဟောင် ထိုတံခါးမှ လျင်မြန်စွာ ထွက်လိုက်သော်လည်း ခဏကြာပြီးသည့်နောက်တွင် ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခုကြောင့် ရပ်တန့်သွားရသည်။
ကြီးမားလှသည့် တံခါးအပြင်ဘက်တွင် အဖြူရောင်မြူများ ရှိနေဆဲပင်။ ထိုနေရာတွင် အပြာရောင်ကျောက်တုံးများရှိနေပြီး ဆုတောင်းဖျာများလည်း ရှိနေသည်။ ထိုအချိန်တွင် အကြီးအကဲတစ်ယောက် မျက်လုံးပွင့်လာလေ၏။
ထိုအကြီးအကဲ မျက်လုံးပွင့်လာသည်နှင့် ကောင်းကင်ထက်မှ လျှပ်စီးနှစ်တန်းကျရောက်လာသကဲ့သို့ပင်။
ထိုဖျာပေါ်တွင် ထိုင်နေသည့်အကြီးအကဲ၏ ဆံပင်များမှာ မရှိသလောက်ပင်ဖြစ်နေသော်လည်း သူ၏မျက်ခုံးမွေးများမှာမူ ဆွတ်ဆွတ်ဖြူကာ ပေတစ်ဝက်ခန့် ရှည်လေသည်။ သူ၏ပုံစံမှာ လူများကို သူ့အား ချစ်ကြောက်ရိုသေစေလေ၏။
ဤသည်မှာ သေချာပေါက် စွမ်းအားကြီးသည့်သူပင်။ သူ၏အကြည့်များမှာ စူးရှလှပြီး ဝိညာဉ်ကိုပင် ထိုးဖောက်မြင်နေနိုင်သကဲ့သို့ပင်။
ရှီဟောင် ဦးရေပြားများပင် ထုံကျဉ်လာရသည်။ ဧကရာဇ်မြို့မှ အနန္တကောင်းကင်၏အဆောက်အဦးအထိ လမ်းတစ်လျှောက်တွင် သူစွမ်းအားကြီးသည့် ပုဂ္ဂိုလ်များစွာကို တွေ့ခဲ့ရပြီး ထိုလူများထဲတွင် သူအာခံ၍ရသည့်သူတစ်ယောက်မှ မပါပေ။
သူအတတ်နိုင်ဆုံး မြန်မြန်စွမ်းအားကြီးလာအောင် လုပ်ရမည်။ မဟုတ်ပါက ဤလောကကြီးမှာ အလွန်အန္တရာယ်များလိမ့်မည်။
“စီနီယာကို နှုတ်ဆက်ပါတယ်..” ရှီဟောင်မှစ၍ တစ်ဖက်လူကို နှုတ်ဆက်လိုက်သည်။
“နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ .. ထာဝရစွမ်းအင်သုံးကြောင်း .. စွမ်းရည်တွေက ကောင်းကင်ကို တွန်းလှန်နိုင်တယ် .. ဒါပေမဲ့ မင်း အရင်တုန်းက လူတွေလိုမျိုး ညမှာပွင့်တဲ့ကြာပန်းလား ဒါမှမဟုတ် ဒီလမ်းကြောင်းကို ဆက်သွားနိုင်တဲ့သူလားဆိုတာ ငါသိချင်မိသား..” ထိုအကြီးအကဲမှ ပြောလိုက်သည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤလူမှာ သူ့ခန္ဓာကိုယ်အခြေအနေကိုပင် အာရုံခံနိုင်သောကြောင့် သေချာပေါက် စွမ်းအားကြီးသည့်သူပင်။
“မင်းက ဒီကို ပို့ခံလိုက်ရတယ်ဆိုတော့ မင်းဘယ်လောက်ကြီးကျယ်ခမ်းနားလဲဆိုတာ ငါ ဂရုမစိုက်သလို မင်းအရင်က ဘာလုပ်ခဲ့သလဲဆိုတာကိုလည်း ငါမေးမှာမဟုတ်ဘူး .. ငါမင်းကို သင့်တော်တဲ့ လေ့ကျင့်မှုပဲပေးမှာ” မျက်ခုံးဖြူနှင့် အကြီးအကဲမှ ပြောလိုက်သည်။
“စီနီယာ .. ဒါက ဘာကိုဆိုလိုတာလဲ..” တစ်ခုခုမှားယွင်းနေသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ အကြီးအကဲပြောလိုက်သည့်လေ့ကျင့်မှုဆိုသည်မှာ သူ့အားကျောချမ်းစေသည်ပင်။
“ဒီနေရာကို ပို့ခံလိုက်ရတဲ့ ကျင့်ကြံသူတွေအားလုံးက အမှားလုပ်ထားတဲ့သူတွေပဲ .. အပြစ်ပေးခံရမယ့်သူတွေပဲ..” ထိုမျက်ခုံးဖြူနှင့် အကြီးအကဲမှ ပြောလိုက်သည်။
ဧကရာဇ်မြို့မှာ ရွှေ့ပြောင်းခြင်းအစီအရင်သည် အလွန်ကြီးမားလှပြီး သွားမည့်နေရာကို ရွေးချယ်ပြီးသည်နှင့် ထိုလူအား ထိုနေရာသို့ ရောက်အောင် ပို့မည်သာ။
ဧကရာဇ်မြို့မှ လူအချို့သည် သူတို့အချင်းချင်းဆွေးနွေးပြီးသည့်နောက်တွင် သူ့အား ဤနေရာသို့ ပို့ရန် ဆုံးဖြတ်လိုက်သည်မှာ သေချာသည်။
“ကျွန်တော်က အမှားလုပ်ထားတယ် ဟုတ်လား..” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်ပြီး အနည်းငယ် မကျေမနပ်ခံစားလိုက်ရသည်။ သူ့ကိုပြဿနာရှာခဲ့သူမှာ ကျားဒီဖြစ်သောကြောင့် သူ ဓားစာခံ မလုပ်ချင်။
“ဟုတ်တယ် .. မဟုတ်ရင် မင်းက ဘာလို့ ဒီနေရာကို ရောက်လာမှာလဲ..” မျက်ခုံးဖြူနှင့် အကြီးအကဲမှ ပြောလိုက်သည်။
ရှီဟောင် မျက်နှာပျက်သွားရသည်။ သူ့ရဲ့ အသိစိတ်ပင်လယ်ထဲကို အတင်းဝင်ရှာချင်ပြီးတော့ ရန်စခဲ့တာ ကျားဒီလေ .. သူက ဘာလို့ အပြစ်ပေးခံနေရတာလဲ..
“ဒါပေမဲ့ အရမ်းစိတ်ပူစရာမလိုပါဘူး .. ဒီရှေးဟောင်းနန်းတော်ကို ပို့ခံလိုက်ရတဲ့သူတွေအားလုံးက နည်းနည်းပါးပါးပဲ အပြစ်ပေးခံရမှာ .. အပြစ်ကြီးကြီးလုပ်ထားလို့ ရောက်လာတာမဟုတ်ဘူး..”
ရှီဟောင် ထိုအခါမှသာ သက်မချနိုင်တော့သည်။ အဆိုးဆုံးတော့ မဟုတ်သေး။
အကြီးအကဲ လက်ဝေ့ရမ်းလိုက်သည်နှင့် ရှီဟောင်သည် ကြီးမားလှသည့် အဆောက်အဦးအပြင်ဘက်သို့ ရောက်သွားလေသည်။
“ဒါက ဘယ်လိုအပြစ်ပေးတာမျိုးလဲ..” ရှီဟောင် အနည်းငယ် ဆွံ့အနေသည်။
သူ၏အောက်တွင် အပြာရောင်ရေကန်တစ်ခု ရှိနေလေသည်။
“ဒီနေရာကနေ တစ်ယောက်တည်း ထွက်သွားလိုက် .. အဲဒါဆိုရင် အပြစ်ပေးတာ ပြီးသွားပြီ” ထိုအကြီးအကဲအသံ ထွက်လာသည်။
ဤသည်မှာ ထူးဆန်းသည့်နေရာဖြစ်သည်မှာ သေချာသည်။
သို့သော်လည်း ဤနေရာသည် ကမ္ဘာတစ်ခုနှင့်တူနေပြီး အထဲတွင် ဘာရှိနေသလဲကို ခန့်မှန်းရန် ခက်ခဲလှသည်။
ရှီဟောင် အရှေ့ဘက်သို့သာ ဆက်ပြေးခဲ့လိုက်သည်။ သူသည် တူညီသည့်လူအချို့ကို တွေခဲ့ရပြီး ထိုလူများအားလုံးမှာ မှိုင်တွေနေကြပြီး မလှုပ်မယှက်နေနေကြလေ၏။ သူတို့အားလုံး ဒဏ်ရာရထားသည်မှာ သေချာသည်။
သူကြောက်လန့်တကြား ထခုန်မိသွားသည်။ ဤလူအားလုံးမှာ ဂျီးနီးယပ်စ်များပင်ဖြစ်သည်ကို သူသိလိုက်ရသည်။ မထူးချွန်သည့်သူများမှာ ဤနေရာသို့ အပို့ခံရမည် မဟုတ်ပေ။
အချို့သူများ၏ အဝတ်အစားများမှာ စုတ်ပြတ်နေလေပြီ။ သူတို့ကိုမေးကြည့်ပြီးသည့်နောက်တွင် သူတို့ဤနေရာသို့ ရောက်လာသည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
အနည်းဆုံးသူပင်လျှင် နှစ်ပေါင်းများစွာ ရှိနေလေပြီ။
“သောက်ခွေး..” ရှီဟောင် မဆဲပဲ မနေနိုင်တော့ပေ။ သူဘာအမှားမှမလုပ်ဘူးဟု ထင်လိုက်သော်လည်း ဤနေရာသို့ ပို့ခံလိုက်ရသည်။
သူက ဘယ်နားကအချိန်တွေ သွားဖြုန်းရမှာလဲ.. နှစ်ပေါင်းများစွာ၊ နှစ်ပေါင်းတစ်ရာ .. သူ ဤသည်ကို သည်းမခံနိုင်။ သူ ဤနေရာမှ ချက်ချင်းထွက်သွားရမည်။
အပိုင်း ၁၂၆၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၆ – အဆင့်တက်ခြင်း စင်မြင့်
ဤလူများအားလုံး မကျေမနပ်ဖြစ်နေကြပြီး အချို့မှာ အဆဲမိုးရွာသွန်းနေလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်ကလုပ်ခဲ့သည့် အမှားသေးသေးလေးကြောင့် ဤနေရာတွင် နှစ်ပေါင်းများစွာ ပိတ်မိနေသည်။
“ဒီ ‘လေ့ကျင့်ပေးတယ်’ ဆိုတာက ကြားလို့သာကောင်းတာ .. ငါတို့ကို ဒီမှာတာအိုတွေ လေ့လာခိုင်းမယ် ဘာညာပြောနေတာ .. ဒါပေမဲ့ အချိန်က အဖိုးအတန်ဆုံးပဲဆိုတာ သူ မသိဘူးလား .. ဘယ်သူက ဒီမှာ အချိန်ဖြုန်းချင်နေလို့လဲ..”
ဤလူများ မကျေမနပ်ဖြစ်နေကြလေသည်။
“ဖြတ်လမ်းမရှိဘူးလား..” ရှီဟောင်မေးလိုက်သည်။ သူဤနေရာတွင် အချိန်အများကြီး မဖြုန်းချင်။
ဤလူများသည် အလွန်ဒေါသထွက်နေသောကြောင့် သူတို့အတွေ့အကြုံများကို ပြောပြလာကြလေသည်။
သူတို့အမြင်တွင် ဤသည်မှာ အဆုံးကိုမရောက်နိုင်သည့် ထူးဆန်းသည့်နယ်မြေတစ်ခုပင်။
“ကြည့်ရတာ ဒီနေရာရဲ့ အလယ်မှာရှိတဲ့ အဆင့်တက်တဲ့စင်က စမ်းကြည့်သင့်တဲ့ တစ်ခုတည်းသော နေရာထင်တယ် .. အဲဒီနေရာက တာအိုတွေကို လေ့လာနိုင်ရင် ဒီကနေ ထွက်သွားနိုင်တဲ့အခွင့်အရေးရှိတယ်လို့ ပြောကြတယ်..”
အချိန်အတော်ကြာမှသာ တစ်စုံတစ်ယောက်မှ ပြောလိုက်ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာမှ ထွက်သွားနိုင်သည့်သူရှိခဲ့သည်ဟု သူတို့ကြားဖူးသောကြောင့်ပင်။
“ခင်ဗျားတို့အားလုံး ဘာလို့ မကြိုးစားကြည့်ကြတာလဲ” ရှီဟောင်မေးလိုက်သည်။
“အဲဒီနေရာကြီးမှာ ဘာမှမရှိဘူး .. ပျက်နေတဲ့ကျောက်တုံးစင်္ကြံတစ်ခုပဲရှိတာ .. ဘာကိုလေ့လာရမှာလဲ..”
“ကျောက်တုံးအပြင် ကျောက်တုံးတွေပဲရှိတယ် .. သူတို့တွေက ငါတို့ကို စကားလုံးတွေမပါတဲ့ ကောင်းကင်စာအုပ်ကို လေ့လာခိုင်းနေတာလို့တော့ ငါ့ကိုမပြောနဲ့နော်..”
ဤလူထဲမှ လူအများစုမှာ ထိုနေရာသို့ သွားဖူးကြသော်လည်း ဘာမှမရပဲ ပြန်လာခဲ့ကြရသည်သာ။
အဆင့်တက်ခြင်းစင်မြင့်ဆိုသည်မှာလည်း ရှေးဟောင်းစင်္ကြံတစ်ခုဖြစ်ပြီး ထာဝရဖြစ်ရန် အရည်အချင်းရှိသည့်သူများသာ တက်နိုင်သည့် နေရာပင်။
ဤနေရာတွင်ရှိနေသည့် ကျောက်တုံးစင်္ကြံအတုဆိုသည်ကိုတော့ ဘာဖြင့်လုပ်ထားမှန်း မသိပေ။ မည်သို့ပြုလုပ်ထားသည်ကိုလည်း မသိပေ။
ရှီဟောင် ဤနေရာသို့ ရောက်လာလေပြီ။ သူ့နောက်တွင် လူများစွာလည်း လိုက်လာပါလာလေ၏။ သူတို့အားလုံးသည် ဤနေရာမှ ထွက်သွားနိုင်မည့်နည်းလမ်းကို သိလိုခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ဤနှစ်များအတွင်းတွင် ဤနေရာသို့ ရောက်လာကြသည့်သူအားလုံးမှာ မျှော်လင့်ချက်မဲ့နေလေပြီ။ တစ်ယောက်ယောက် ဤနေရာမှ ထွက်သွားသည်ကို သူတို့တကယ် ကြည့်ချင်မိသည်။
ဤနေရာမှာ ခေါင်လွန်းလှပြီး ထိုကျောက်တုံးစင်္ကြံတစ်ခုတည်းသာရှိသည်။ ဤစင်္ကြံသည် တောင်တစ်လုံးကဲ့သို့ပင် အလွန်မြင့်မားနေသည်။ သို့သော်လည်း ဤသည်မှာ ကြီးမားလှသည့် ကျောက်တုံးကြီးများကို တစ်ခုနှင့်တစ်ခု ထပ်ထားခြင်းပင်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျောက်တုံးကြီးများသည် ပေါင်းသွားသည့်ပုံစံဖြစ်သွားကာ ကျောက်စင်္ကြံတစ်ခုတည်း ဖြစ်သွားလေသည်။
လူများသည် ယခင်က ဤကျောက်တုံးပေါ်တွင် ထိုင်ကာ သူတို့စိတ်ရောကိုယ်ပါ မောပန်းနေအောင် ဤနေရာရှိတာအိုကို လေ့လာခဲ့ကြသော်လည်း နောက်ဆုံးတွင် လက်ဗလာဖြင့်သာ ပြန်လာရစမြဲပင်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကျောက်တုံးစင်္ကြံနားသို့ လျှောက်သွားလိုက်ပြီး သူ၏နတ်အာရုံများကို ဖွင့်လိုက်သည်။
သို့သော်လည်း ဘာမှထူးခြားမလာပေ။
ထို့နောက် သူ ထာဝရစွမ်းအင်ကို ထုတ်လိုက်သည်။ ပထမတစ်ကြောင်းတွင် အရာအားလုံး တိတ်ဆိတ်နေဆဲပင်။ နှစ်ကြောင်းထုတ်လိုက်သည့်အချိန်တွင်လည်း ဘာမှထူးခြားမလာသေးပေ။ တတိယမြောက်တစ်ကြောင်း ပေါ်လာသည့်အချိန်တွင်တော့ ဤနေရာတွင် လျှပ်စီးများထွက်ပေါ်လာပြီး ပုံမှန်မဟုတ်သည့် မြင်ကွင်းများ ထွက်ပေါ်လာလေသည်။
အခြားသူများအားလုံး ထိတ်လန့်သွားရသည်။ အသစ်ရောက်လာသည့်သူမှ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
ရှီဟောင် နားလည်သွားလေပြီ။ သေချာပါသည်။ ဤနေရာမှာ ထာဝရစွမ်းအင်နှင့် ဆက်စပ်နေခြင်းပင်။ ထို့ကြောင့် အဆင့်တက်ခြင်းစင်မြင့်ဟု ခေါ်ခြင်းပင်။
သူသည် ကျင့်ကြံခြင်းလမ်းကြောင်းတွင် ထာဝရစွမ်းအင်၏အရေးပါပုံကို အစကတည်းက စဉ်းစားမိပြီးသားပင်။
ရှီဟောင်သည် ကျောက်တုံးစင်္ကြံပေါ်သို့ တက်သွားလိုက်ပြီး ဤနေရာတွင်ရှိနေသည့် တာအိုကို လေ့လာနေလိုက်သည်။
သူ၏ဘေးပတ်လည်တွင် မိုးခြိမ်းသံများ ဆူညံနေပြီး လျှပ်စီးတန်းများလည်း လင်းလက်နေလေ၏။
ထို့အပြင် ရွှေရောင်ကြာပန်းများလည်း လေဟာနယ်ထဲတွင် အမြစ်တွယ်ကာ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်လာလေသည်။ သူ၏ဘေးပတ်လည်တွင် မွှေးရနံ့ထုံလွှမ်းသွားလေ၏။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် အံ့အားသင့်စရာကောင်းသည့် အခြေအနေသို့ ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်နှင့်စိတ်မှာ ကြည်လင်သန့်ရှင်းနေသည်။ ထာဝရစွမ်းအင်သုံးကြောင်းသည် ကျောက်တုံးစင်္ကြံနှင့်ပေါင်းသွားလေ၏။
ခပ်ဝေးဝေးတွင်ရှိနေသည့်လူများသည်လည်း အံ့အားတကြီး သက်ပြင်းချနေကြလေ၏။
“တကယ်ကို အံ့ဩဖို့ကောင်းတာပဲ … သူက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့သူပဲ .. အဆင့်တက်ခြင်းစင်မြင့်က သူ့လိုလူအတွက် ပြင်ဆင်ပေးထားတာပဲ.. ဟူး ..”
ရှီဟောင်သည် အပြင်ဘက်မှ ဆူညံနေသည်များကို အာရုံမစိုက်ပဲ သူ၏ကျင့်ကြံခြင်းတွင်သာ စိတ်နှစ်ထားလိုက်သည်။ သူသည် မလှုပ်မယှက်ဖြင့်ပင် တိတ်တဆိတ်လေ့လာနေလိုက်သည်။
ကျောက်တုံးစင်္ကြံမှ အလင်းနှင့်အတူ ကျမ်းစာသံများလည်း ထွက်ပေါ်လာလေသည်။
သူသေချာမကြားရသော်လည်း ဤသည်မှာ သူ၏ ထာဝရစွမ်းအင်သုံးကြောင်းကို ထောက်ပံ့ပေးသည့် စွမ်းအားတစ်မျိုးဖြစ်သည်ကိုတော့ သူခံစား၍ရသည်။
ဤသည်မှာ သူ၏ထာဝရစွမ်းအင်သုံးကြောင်းကို ပို၍အားကောင်းလာစေသည်အထိပင်။
ရှီဟောင် ထိတ်လန့်သွားရသည်မှာ သူသည် ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံပြီး သူတို့စွမ်းအင်များကို အမြင့်ဆုံးထိရောက်အောင် လုပ်ပြီးကတည်းက သူတို့မည်သည့်ပြောင်းလဲမှုကိုမှ သိပ်မပြတော့ပေ။ ထို့ကြောင့် ဤနေရာတွင် လှုပ်ရှားမှုအချို့ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
တစ်လနီးပါးခန့် ကြာပြီးသည့်နောက်တွင် ရှီဟောင့်ခန္ဓာကိုယ်ပတ်လည်တွင်ရှိနေသည့် ထာဝရစွမ်းအင်တစ်ကြောင်းသည် တာအိုပန်းပွင့်အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ဦးခေါင်းထက်တွင် ပွင့်လာလေသည်။
ပွင့်ဖတ်များ ထွက်ပေါ်လာပြီး အဖြူရောင်ထာဝရမြူများလည်း ရစ်ဆိုင်းလာလေသည်။ ပွင့်ဖတ်များ ပွင့်အာလာသည်နှင့် ရှီဟောင်ကို ထာဝရမြူများ ဝန်းရံသွားလေသည်။
“ဒီကောင်က တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ..”
ခပ်ဝေးဝေးတွင်ရှိနေသည့် ထိုသူများအားလုံး မျက်လုံးများ ပြူးကျယ်ကုန်ကြလေသည်။
ထို့နောက်တွင် ထာဝရစွမ်းအင်မှဖြစ်လာသည့် ပန်းပွင့်ဖတ်များ ဆက်တိုက်ပင် ပေါက်ကွဲသွားကာ ပျံ့ကြဲသွားလေ၏။
နောက်ဆုံးတွင်တော့ ပန်းပွင့်ဖတ် တည်ငြိမ်သွားပြီး တာအိုအသီးတစ်လုံးကဲ့သို့ ရှီဟောင်၏ဦးခေါင်းထက်တွင် ရှိနေလေသည်။
ထိုကျောက်တုံးစင်္ကြံသည် ထိခိုက်သွားသကဲ့သို့ပင် အရောင်မှိန်သွားလေသည်။ သူ၏စွမ်းအင်များအားလုံး စုတ်ယူခံလိုက်ရသကဲ့သို့ပင်။
“အဆင့်တက်ခြင်းစင်မြင့်က လူငယ်လေးကို တာအိုပွင့်ဖတ်တွေ ရအောင် လုပ်ပေးလိုက်တာ .. တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…”
“သူက မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်မှာပဲရှိသေးတယ် .. ဒါပေမဲ့ အခု တာအိုပွင့်ဖတ်တွေတောင် ရနေပြီ … သူက သေချာပေါက်ကို နှိုင်းယှဉ်လို့မရတဲ့ ဂျီးနီးယပ်စ်ဖြစ်မှာပဲ…”
အချို့သူများသည် အံ့အားတကြီးပင် ခေါင်းညိမ့်လိုက်ကြလေ၏။
ရှီဟောင်သည် မျက်လုံးဖွင့်လိုက်ကာ သူ့ဘေးပတ်လည်မှလူများကို ကြည့်ပြီး ပြောလိုက်သည်။ “အားလုံး ဒီနေရာက ထွက်သွားချင်လား..”
ထိုစကားကို ကြားလိုက်ရသည်နှင့် သူတို့အားလုံး ဆွံ့အသွားကြရ၏။ ထို့နောက် သူတို့ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြ၏။ ထွက်မသွားချင်သည့်သူ မည်သူရှိမည်နည်း.. သူတို့ ဤနေရာအစုတ်အပြတ်ကြီးတွင် ပိတ်မိနေသည်မှာ ကြာလှပြီဖြစ်ပြီး သူတို့ရူးမတတ်ဖြစ်နေလေပြီ။
“အဆင့်တက်ခြင်းစင်မြင့်ပေါ်ကို တက်လာပေးကြပါ” ရှီဟောင်ပြောလိုက်သည်။
သူ ထိုစကားပြောလိုက်သည့်အချိန်တွင် လူအုပ်ကြီးမှာ အစက ငေးကြောင်နေသော်လည်း နောက်တော့ စင်မြင့်ပေါ်သို့ တရှိန်ထိုး တက်လာကြလေသည်။
“ညီလေး မင်းက တော်တော်လေး လုပ်နိုင်တာပဲ .. ငါတို့ကို ဒီကနေ မြန်မြန်ခေါ်သွားလိုက်တော့..”
“ငါတို့ ဒီမှာ ပိတ်မိနေတာ ဆယ်စုနှစ်တစ်ချို့ရှိနေပြီ .. ငါရူးတော့မယ် .. ညီလေး ငါတို့ ဒီက လွတ်မြောက်နိုင်အောင် ကူညီပေးပါ..”
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားနေကြလေပြီ။
ရှီဟောင် ထိုနေရာတွင် ထိုင်လိုက်ကာ တံဆိပ်များကို ဆက်တိုက်ပင် ပြုလုပ်လိုက်သည်။ ထိုတာအိုပွင့်ဖတ်လည်း လှုပ်ရှားနေပြီး အားတစ်မျိုးကိုထုတ်လွှတ်နေလေ၏။
ထို့နောက် ကျောက်တုံးစင်္ကြံကြီး တောက်ပလာကာ ဆူညံသံများထွက်ပေါ်လာလေ၏။
ထို့နောက်တွင် လေဟာနယ်ထဲ၌ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ထားသည့် ငွေရောင်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။
“အား.. အသက်ရှင်မယ့်လမ်းကြောင်း ပေါ်လာပြီ .. မြန်မြန်သွားမယ်..”
“ဘုရားရေ .. နောက်ဆုံးတော့ ငါ လွတ်လပ်ပြီ..”
လူအချို့သည် ကျယ်လောင်စွာ အော်ဟစ်နေကြကာ မျက်ရည်များပင်ကျတော့မည်။
ရှီဟောင်လည်း ငွေရောင်လမ်းကြောင်းမှ ထွက်လာလိုက်သည်။ သူသည် တစ်ဖက်သို့လှည့်ကာ ဤနေရာကို နောက်ဆုံးအနေဖြင့် ကြည့်လိုက်သည်။ ကြီးမားလှသည့်နန်းတော်ကြီးနှင့် မုတ်ဆိတ်ဖြူအဖိုးကြီးကို သူရေးရေးလေ မြင်နေရသည်ပင်။
သူ ထိုလူရှိနေသည့်ဘက်သို့ ဦးညွှတ်ကာ သူ၏ကျေးဇူးတင်မှုကို ပြလိုက်သည်။
ဤသည်မှာ အပြစ်ပေးခြင်းမဟုတ်ပဲ လေ့ကျင့်ခြင်းဖြစ်ကြောင်း ထိုအဘိုးအိုမှ ပြောခဲ့သည်ပင်။
သူ ကောင်းကင်နတ်ဘုရားကျောင်းကို နောက်ကျမှရောက်သွားပြီး အခွင့်အရေးအချို့ကို လက်လွတ်လိုက်ရလျှင်ပင် ယခု သူရခဲ့သည့်အရာဖြင့် အစားထိုးနိုင်သည်ပင်။
ကောင်းကင်နတ်ဘုရားမဟုတ်သေးပဲ မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ဖြင့် တာအိုပန်းပွင့်ရအောင် လုပ်နိုင်ခြင်းမှာ အလွန်ရှားပါးလှသည်ပင်။ ဤသည်မှာ နောင်အနာဂတ်တွင် သေချာပေါက် အသုံးဝင်လိမ့်မည်ပင်။
“ငါ အဆင့်တက်ခြင်းစင်မြင့်အစစ်ကိုမြင်ရင် ဘယ်လိုဖြစ်မလဲ..” ရှီဟောင် ဤသည်ကို မျှော်လင့်မိသည်။
ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု.. အထူးသဖြင့် အနန္တကောင်းကင်တွင် အသက်ရှည်သည့်မိသားစုများ၊ ထာဝရအစစ်မျိုးဆက်များရှိသည်ပင်။ ဤလူများတွင် အဆင့်တက်ခြင်းစင်မြင့်နှင့်တူသည့် ပြိုင်ဘက်ကင်းလျှို့ဝှက်ရတနာများရှိမည်ပင်။
“အနန္တကောင်းကင်မှာ ထာဝရအစစ်မိသားစုတွေရှိတယ်လို့ ပြောကြတယ် .. ရှားပါးတဲ့ အဆင့်လွန်ပစ္စည်းတစ်ချို့ကို ရဖို့မျှော်လင့်ရတာပါပဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ငွေရောင်လမ်းကြောင်းလည်း ပိတ်သွားလေပြီ။
“ညီလေး .. ငါတို့က ချန်မိသားစုကပါ .. နောင်မှာ မင်းတစ်ခုခုလိုအပ်ရင် ငါ့ကို လာရှာလိုက်ပါ..”
“တာအိုရောင်းရောင် .. ငါက နဂါးနီကလန်ကပါ .. အနန္တကောင်းကင်မှာ မင်းပြဿနာတစ်ခုခုကြုံရင် ငါ့ကလန်ကို လာခဲ့လို့ရတယ်..”
သူတို့ လွတ်လာသည်နှင့် ဤလူများသည် သူတို့ကိုယ်သူတို့မိတ်ဆက်ကြလေသည်။
“ခဏလောက်ပါ .. ခင်ဗျားတို့ ကောင်းကင်နတ်ဘုရားကျောင်းကို ကြားဖူးလား” မခွဲခွာခင် ရှီဟောင်မေးလိုက်သည်။
“ငါတို့ မကြားဖူးဘူး..” တစ်စုံတစ်ယောက်မှ ခေါင်းခါကာ ပြောလိုက်သည်။
“ငါကြားဖူးသလိုပဲ .. အရင်နှစ်တွေတုန်းက ကြားဖူးတာ .. တစ်ယောက်ယောက်က အနန္တကောင်းကင်မှာ ဆောက်မှာလို့ ပြောကြတယ်..”
ကောင်းကင်နတ်ဘုရားကျောင်းမှာ ယခင်ကတည်းက ရှိခဲ့သည့်ကျောင်းမဟုတ်ပဲ ယခုတလောတွင်မှ တည်ဆောက်လိုက်ခြင်းဖြစ်ကြောင်း သူ အမှတ်ရမိလိုက်သည်။ ဤလူများသည် ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သောကြောင့် သူတို့ကိုမေး၍ အသုံးဝင်မည်မဟုတ်ပေ။
“တာအိုရောင်းရင်းမှာ ထာဝရစွမ်းအင်သုံးကြောင်းရှိနေတယ် .. ရောင်းရင်းက ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်မှာလား .. ကြည့်ရတာ ငါတို့ပိတ်မိနေတဲ့အချိန်အတောအတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်ထင်တယ် .. ပြန်ရောက်သွားရင်တော့ ငါတို့လည်း တစ်ချက်ကြည့်ရမယ်..”
ဤလူများအားလုံးမှာ ဂျီးနီးယပ်စ်များပင်။ မဟုတ်ပါက အဘယ်ကြောင့် ဤနေရာတွင် ပိတ်မိနေသည့်အရည်အချင်းရှိမည်နည်း.. ဤလူများထဲတွင် ထာဝရစွမ်းအင်ကျင့်ကြံသူများလည်းရှိသည်ပင်။
“တာအိုရောင်းရင်း .. ကောင်းကင်နတ်ဘုရားကျောင်းမှာ ပြန်တွေ့ကြတာပေါ့ .. ငါတို့ သေချာပေါက် အဲဒီကို သွားကြမှာ .. အဲဒီအချိန်ကျရင် .. မင်းအဲဒီမှာ ခေါင်းဆောင်လေးဖြစ်နေရင် ငါတို့မင်းကို ထာဝရအစစ်တွေရဲ့မျိုးဆက်တွေ၊ နတ်သမီးအစစ်တွေနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်..”
“ဟား ဟား ဟုတ်တယ် .. နတ်သမီးတစ်ပါးကို မင်းဇနီးအဖြစ်ယူလိုက် .. သူမမှာ ထာဝရသွေးအစစ်တွေ စီးဆင်းနေမှာပဲ.. အဲဒီလူတွေက ဘယ်သူတွေလဲဆိုတာ ငါတို့သိတယ် .. အဲဒီတော့ ငါတို့မင်းကို ခေါ်သွားပေးလို့ရတယ် .. မင်းသူတို့ အာရုံကို ဆွဲဆောင်နိုင်မလားဆိုတာတော့ မင်းပေါ်ပဲ မူတည်တယ်..”
ဤလူများသည် ကျယ်လောင်စွာ ရယ်မောကာ ဤနေရာမှာပင် လမ်းခွဲလိုက်ကြလေသည်။
ရုတ်တရက်ပင် ခပ်ဝေးဝေးရှိ တစ်စုံတစ်ယောက်မှ စကားပြောလာလေ၏။ သူ၏မျက်လုံးများကို ဖွင့်လိုက်သည်နှင့် အလင်းတန်းနှစ်ခု ထွက်လာသကဲ့သို့ပင်။
ဤရှေးဟောင်းမြေကို စောင့်ရှောက်နေသည့်သူများရှိသည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အလွန်ကြီးမားသည့် ထူးဆန်းသည့်နယ်မြေတစ်ခုပင်။ နေရာတိုင်းတွင် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုနှင့် ချိတ်ဆက်နိုင်သည့် ယဇ်ပုလ္လင်များရှိနေသည်။
အထူးသဖြင့် ယခုအချိန်တွင် ဖရိုဖရဲဖြစ်လာတော့မည်ဖြစ်သောကြောင့် ရန်သူများ တိတ်တဆိတ်ရောက်မလာနိုင်အောင် ဤနေရာများကို ကာကွယ်နေသည့် စွမ်းအားကြီးသည့်ပုဂ္ဂိုလ်များ ရှိနေသည်ပင်။
“ခင်ဗျား ဘယ်သူလဲ..”
ရှီဟောင်မေးလိုက်၏။ ထိုနေရာတွင် ကျောက်တုံးကြီးတစ်တုံးရှိနေပြီး ထိုကျောက်တုံးပေါ်တွင် လူတစ်ယောက် ထိုင်နေလေသည်။ ထိုလူ့ထံမှ မည်သည့်ကောင်းသည့်ရည်ရွယ်ချက်ကိုမှ အာရုံခံ၍မရပေ။
“မင်းက ဧကရာဇ်မြို့က ရှေးစစ်မြေပြင်မှာ ပျောက်သွားတဲ့တစ်ယောက်မလား … အဲဒီသုံးယောက် မင်းကို ရက်ပေါင်းများစွာ ရှာတာတောင်မှ မင်းကို ရှာမတွေ့ခဲ့ဘူးမလား .. လပေါင်းများစွာကြာမှ မင်းက အနန္တကောင်းကင်မှာ ပေါ်လာတယ် .. တကယ်ကို မရိုးဘူးပဲ” ထိုလူမှ ပြောလိုက်သည်။
ရှီဟောင် ချက်ချင်းနားလည်သွားလေပြီ။ သူပြောသည့်သုံးယောက်ဆိုသည်မှာ ဂျီးနီးယပ်စ်များကို ကောင်းကင်နတ်ဘုရားကျောင်းသို့ ဦးဆောင်ခေါ်လာပေးသည့် ထိုကျွမ်းကျင်သူသုံးယောက် ဖြစ်ရမည်။ ဤလူများသည် အခြေအနေအရပ်ရပ်ကို သိထားသောကြောင့် ရှီဟောင်အား ရင်းရင်းနှီးနှီး မဆက်ဆံခြင်းပင်။
ရှီဟောင် ဘာမှမပြောပေ။ ဤလူသည် အနန္တကောင်းကင်မှ လူများရှုံးသွားသောကြောင့် ဤသို့ပြုလုပ်နေခြင်းပင်။
“မင်း ဘာလို့ ဘာမှမပြောတာလဲ..” ထိုလူပြောလိုက်သည်။
“ခင်ဗျားက ကျင့်ကြံခြင်းလမ်းကြောင်းမှာ ကျွန်တော့်ရဲ့ စီနီယာပါ .. ကျွန်တော်က စီနီယာနဲ့တာအိုအသံကို သေချာနားထောင်နေတာပါ..” ရှီဟောင်ပြောလိုက်၏။ သူတည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားနေရသည်။
“ဟား ဟား..” ထိုလူကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ၏အမူအရာမှာ လျင်မြန်စွာပင် အေးခဲသွားလေ၏။ “မင်းက အနန္တကောင်းကင်ကိုတောင် မင်းဘာသာမင်း ရောက်လာနိုင်တာဆိုတော့ ထူးခြားတယ်လို့ သတ်မှတ်လို့ရတယ် .. ဒီလိုဆိုရင်ရော .. မင်း မူလရှေးဟောင်းမိုင်းတွင်းကိုသွားပြီးတော့ ငါ့အတွက် အသက်ကျောက်တုံးနည်းနည်းလောက် ယူလာနိုင်ရင် ငါမင်းကို ခက်ခဲအောင် မလုပ်တော့ဘူး..”
ယခုမှ လွတ်မြောက်လာသည့် ဂျီးနီးယပ်စ်များသည် သိပ်မဝေးသည့်နေရာတွင် ရှိနေဆဲဖြစ်ပြီး ထွက်မသွားရသေးပေ။ ဤစကား ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး၏အမူအရာ ပြောင်းလဲသွားရသည်။
မူလရှေးဟောင်းမိုင်းတွင်းဆိုတာက ဘယ်လိုနေရာမျိုးလို့လဲ .. ထိုနေရာကို နတ်ဆိုးမိုင်းတွင်း၊ မိစ္ဆာမိုင်းတွင်းဟုခေါ်ကြပြီး သွားသင့်သည့်နေရာမဟုတ်ပေ။ ထိုနေရာတွင် အခွင့်အရေးကောင်းများစွာ ရှိသော်လည်း အထဲဘက်တွင် အလွန်အန္တရာယ်များလေသည်။
ထာဝရဘုရင်၏ အုတ်ဂူရှိသည်ဟုပင် ပြောကြလေ၏။
အပိုင်း ၁၂၆၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၇ – အပြစ်တင်ခြင်း
ရှီဟောင် ဘာမှမပြောပဲ သူ့ကို အေးစက်စက်ပင် ကြည့်လိုက်သည်။ ဤလူသည် သူ့အား တကယ်ကို မနှစ်မသက်ဖြစ်နေလေသည်။
“မင်း ဘာလို့ ဘာမှမပြောတာလဲ..” ထိုလူသည် အေးဆေးစွာဖြင့်ပင် သူ့ထံသို့ လျှောက်လာလေ၏။
ထင်ထားသည့်အတိုင်းပင် အချိန်၏တိုက်စားမှုမှာ သူ့မျက်နှာပေါ်၌ မကျန်ရစ်ပေ။ သူသည် ငယ်သေးသည့်ပုံပေါ်သော်လည်း သူမျက်တောင်ခတ်လိုက်တိုင်း ရှေးကျသည့်ခံစားချက်များရနေသည်သာ။
ဤသည်မှာ ဘိုးဘေးမျိုးဆက်ကျွမ်းကျင်သူတစ်ယောက်ပင်။
“ကျွန်တော်က ဘာပြောရမှာလဲ.. စီနီယာနဲ့ကျွန်တော့်ကြားမှာ ရန်ငြိုးရန်စလည်းမရှိဘူး .. အဲဒါတောင်မှ စီနီယာက ကျွန်တော့်ကို အန္တရာယ်များတဲ့နေရာ ပို့ချင်တာဆိုတော့ စီနီယာ့သဘောထားတွေက ရှင်းလင်းမနေဘူးလား” ရှီဟောင် မယဉ်ကျေးစွာပင်ပြောလိုက်သည်။
ယခုအချိန်တွင် သူကောင်းကောင်းမွန်မွန်ပြောဆိုပြီး ဦးညွှတ်နေမည်ဆိုလျှင်ပင် ဘာမှထူးခြားမည်မဟုတ်ပေ။ တစ်ဖက်လူသာ သူ့အားလှောင်ရယ်နေလိမ့်မည်။
ထွက်မသွားသေးသည့် ဂျီးနီးယပ်စ်များအားလုံး ရှီဟောင်အတွက် ဝမ်းနည်းသွားရသည်။ ဤကျွမ်းကျင်သူမှာ တစ်ဖက်လူကို နှိပ်စက်လွန်းလှသည်။ ဤလူငယ်လေးကို မူလရှေးဟောင်းမိုင်းတွင်းသို့ သွားခိုင်းနေခြင်းမှာ ဤလူငယ်လေးအား သွားသေခိုင်းသည်နှင့်အတူတူပင်။
သူမပြောနှင့် စွမ်းအားကြီးသည့် စီနီယာများဝင်သွားလျှင်ပင် သေချာပေါက် သေဆုံးသွားလိမ့်မည်။
ရှေးယခင်ကတည်းက သတ်မှတ်ထားသည့်အချိန်တွင် ပြင်ဆင်မှုများ ပြုလုပ်ပြီးဝင်မှသာ အသက်ကျောက်တုံးများကို ရနိုင်လိမ့်မည်။ မဟုတ်ပါက သေချာပေါက် သေဆုံးသွားလိမ့်မည်။
“ဟား ဟား .. မင်း ဒေါသလည်းမသေးဘူးပဲ .. ပြော .. မင်း ငါ ရိုက်တာခံမလား ဒါမှမဟုတ် မူလရှေးဟောင်းမိုင်းတွင်းကို သွားမလား..” ထိုလူပြုံး၍ပြောလိုက်သော်လည်း သူ့လေသံမှာ အနည်းငယ်အေးစက်နေသည်။
ဤသည်မှာ အားလုံးကို ရင်တုန်သွားစေသည်။ ဤလူသည် သူ၏ရန်လိုမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူသည် ရှီဟောင်ကို အန္တရာယ်များသည့်မြေသို့ပို့ရန်ပင် မစောင့်နိုင်တော့ပဲ ဤနေရာတွင် တိုက်ခိုက်တော့မည်လား..
“စီနီယာ ဒီလိုမျိုးလုပ်တာက နည်းနည်းလေး အပြစ်ဖြစ်မနေဘူးလား..” ဘေးဘက်မှလူများပြောလိုက်သည်။
“အိုး .. အဲဒါဆို ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ .. မင်းက ချန်မိသားစုက လူငယ်လေးမလား .. မင်းက ဂျီးနီးယပ်စ်လို့ ပြောလို့ရပါတယ် .. ဒါပေမဲ့ မင်းဒီကိစ္စထဲဝင်ပါဖို့ မသင့်တော်သေးဘူး..” ဤလူသည် သူ၏နောက်ခံကို အတော်လေး ယုံကြည်မှုရှိလေ၏။
“စီနီယာ ..စီနီယာက ဒီအရေးကြီးတဲ့နယ်မြေကို ကာကွယ်ဖို့ တာဝန်ယူထားရတာပါ .. သူက ဘာအမှားမှမလုပ်ထားတော့ စီနီယာ သူ့ကို တိုက်ခိုက်ဖို့အကြောင်းမရှိပါဘူး..” နောက်တစ်ယောက် ထပ်ပြောလာသည်။
ရှီဟောင် ဤလူများ ထွက်နိုင်ခဲ့သောကြောင့် သူတို့သည် ရှီဟောင်အား ကျေးဇူးတင်နေကြသည်ပင်။ အထူးသဖြင့် အချို့ဂျီးနီးယပ်စ်များသည် မိသားစုကြီးများမှ လာသောကြောင့် သူတို့နောက်ခံသည် ဤနေရာတွင် ဝင်ပြောနိုင်ရန် လုံလောက်လေသည်။
“မင်းတို့အားလုံးပြောတာ အဓိပ္ပာယ်ရှိတယ် .. အရာအားလုံးက စည်းမျဉ်းစည်းကမ်းအတိုင်းပဲ သွားသင့်တာပေါ့” ထိုလူရယ်မောကာ ပြောလိုက်သည်။ ထို့နောက် သူ၏ချောမောလှသည့်မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး “သူက ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့ ရွေးချယ်ခံထားရတာ ဒါပေမဲ့ သူ ဒီရောက်လာတာ နောက်ကျတယ် .. နောက်ကျနေတော့ သူ့တစ်ယောက်တည်းအတွက် ရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းလိုက်ရတယ် .. ဒါကိုဘယ်လိုလုပ် အပြစ်မပေးလို့ဖြစ်မလဲ..”
“ဒီလိုနောက်ကျရတဲ့ အကြောင်းရင်းလည်း ရှိနေတယ်လေ ဟုတ်တယ်မလား..” တစ်စုံတစ်ယောက်မှ ရှီဟောင်အတွက် ငြင်းပေးလိုက်သည်။
“နယ်မြေရွှေ့ပြောင်းတဲ့အစီအရင်ကို အသက်သွင်းဖို့အတွက် ကောင်းကင်ပစ္စည်းတွေ ဘယ်လောက်တောင် ကုန်သလဲဆိုတာ မင်းတို့သိလား ..ကောင်းကင်ပစ္စည်းတွေက သိပ်မရှိတော့ဘူး .. အဲဒါကို မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်က ကျင့်ကြံသူလေးအတွက်နဲ့ တစ်ခုကို အသက်သွင်းလိုက်တာလား .. ဒါက ဖြုန်းတီးတာပဲ .. သူ့ကို သတ်ပစ်သင့်တယ် .. နောင်ကျရင် ရွှေ့ပြောင်းခြင်းအစီအရင်က ဘယ်လောက်တောင် အသုံးဝင်မလဲဆိုတာ မင်းတို့မသိဘူး .. အဲဒါကို တစ်ခါဖြုန်းလိုက်တာက ငါးရောင်စပ်ယဇ်ပုလ္လင်ကို ဖိအားပေးလိုက်တာနဲ့အတူတူပဲဆိုတော့ ဒါက ရာဇဝတ်မှုပဲ..”
ထိုလူ၏အသံမှာ ကျယ်လောင်လွန်းလှသည်ပင်။
အားလုံးနားလည်သွားလေပြီ။ သူသည် ရှီဟောင့်ကို လူသိရှင်ကြားရှုတ်ချချင်၍ ကိစ္စများကို ပုံကြီးချဲ့နေခြင်းပင်။
“အဲဒါကြောင့်မို့လို့ စည်းမျဉ်းတွေအတိုင်း ငါသူ့ကို မသတ်ပါဘူး .. ဒါပေမဲ့ သူ မူလရှေးဟောင်းမိုင်းတွင်းကိုသွားပြီးတော့ အချိန်တစ်ခုအထိတော့ ပစ္စည်းတွေသွားရှာရမယ်..” သူအေးစက်စွာပင် ပြောလိုက်သည်။
ရှီဟောင် ထိုထဲသို့ ဝင်သွားသည်နှင့် သေချာပေါက် သေသွားမည်ကို သိနေကြသောကြောင့် အားလုံးအေးစက်သွားရသည်။
မူလရှေးဟောင်းမိုင်းတွင်းတွင်ရှိနေသည့် အလောင်းများမှာ အလွန်ရှေးကျလှပြီး မည်သည့်အချိန်ကတည်းက ရှိခဲ့မှန်း မသိရပေ။
အချို့ အလောင်းများမှာ ရှေးအကျဆုံးခေတ်ထက်ပင် ပို၍ရှေးကျနေသည်ဟု ပြောကြလေသည်။
ဂိုဏ်းခေါင်းဆောင်များ စုပေါင်းကာ ဝင်သွားဖူးသော်လည်း နောက်ဆုံးတွင်တော့ ရှေးဟောင်းတာအိုဝတ်စုံဝတ်ဆင်ထားသည့် အလောင်းတစ်ခုကြောင့် သူတို့အားလုံး အသက်ရှူကြပ်ကာ သေဆုံးသွားကြရလေသည်။
ဤသည်မှာ ဤလောကတွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့သေးသည်သာ။ ထိုလူများမှာ စွမ်းအားကြီးသည့်သူဖြစ်သည်ကို သိရန်လိုအပ်သည်။ သို့သော်လည်း သူတို့သည် အဖိုးတန်ပညာ သို့မဟုတ် ပြိုင်ဘက်ကင်းသည့်ပညာကြောင့် သေဆုံးသွားရခြင်းမဟုတ်ပဲ ရှေးဟောင်းအလောင်းတစ်ခုကြောင့် သေဆုံးသွားရခြင်းပင်။
မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်မှ ကျင့်ကြံသူလေးသာ ဝင်သွားပါက အသက်ရှင်စရာအကြောင်းမရှိပေ။
“စီနီယာ ဒီလိုမျိုးလုပ်လို့မရဘူး … ဒါက အပြစ်ပေးတာမဟုတ်ဘူး .. အန္တရာယ်ပေးတာပဲ.. အဲဒီကိုဝင်သွားတဲ့သူတွေအားလုံး သေသွားခဲ့ကြတာချည်းပဲ .. ဒီလောကမှာ အသက်ရှည်တဲ့သက်ရှိတွေ ပေါ်လာရင်တောင်မှ သူတို့တွေလည်း ကြောက်ကြမှာပဲ..”
တစ်စုံတစ်ယောက်မှ အမှန်တရားအတွက် ငြင်းဆိုလိုက်သည်။ မဟုတ်ပါက ရှီဟောင် သေတွင်းထဲဝင်သွားသည်ကို သူတို့ကြည့်နေရလိမ့်မည်။
“ကောင်းကင်နတ်ဘုရားကျောင်းကလူတွေသိသွားရင် စီနီယာကို သေချာပေါက် တားကြမှာပဲ .. ဒီလိုမျိုး ဂျီးနီးယပ်စ်တစ်ယောက်ကို အန္တရာယ်ပေးတာက စီနီယာ လွန်သွားပြီ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ပြောလိုက်သည်။
ဤလူများ၏ မိသားစုများနှင့် ကလန်များမှာ သာမန်မဟုတ်သည်မှာ သေချာ၏။
“မင်းတို့တွေအားလုံး ဒီလောက်ခေါင်းမာလိမ့်မယ်လို့ မထင်ထားဘူး..” ထိုလူ ထူးမခြားနားစွာပင် ရယ်မောလိုက်သည်။ ထို့နောက် ခေါင်းညိမ့်လိုက်ကာ “ငါဆိုတဲ့ ယွမ်ချင်းက ဘာပဲလုပ်လုပ် ဘယ်တုန်းကမှ မကြောက်ဖူးဘူး .. ငါ သူ့ကို မူလရှေးဟောင်းမိုင်းတွင်းကို ဝင်စေချင်တော့ရော ဘာဖြစ်လဲ .. ဘယ်သူ ငါ့ကို လာတားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့..”
သူ့နာမည်ကိုကြားသည်နှင့် သူတို့အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ အတော်လေး ရက်စက်သည့်သူပင်။ သူသည် အချိန်မရေမတွက်နိုင်အောင် အသက်ရှည်နေသော်လည်း သူ့ကို ဘိုးဘေးဟု သတ်မှတ်၍မရသေးပေ။
သမိုင်းမတင်မီခေတ်မှ ယခုအချိန်ထိကို ဝင်ရိုးတစ်ခုနှင့် ဖော်ပြမည်ဆိုလျှင် ဤလူသည် ‘ငယ်ရွယ်ကာကြံ့ခိုင်သည်’ ဟူသည့်နေရာတွင်သာ ရှိနေဦးမည်ပင်။
ယွမ်ချင်းသည် နာမည်ဆိုးဖြင့် သတင်းကျော်ကြားသည့် ကျွမ်းကျင်သူပင်။ သူငယ်ရွယ်စဉ်က ထာဝရစွမ်းအင်ကို ကျင့်ကြံခဲ့ပြီး နှစ်ပေါင်းများစွာ ကြာသွားသည့်အချိန်တွင် သူ၏ခွန်အားများမှာ အလွန်ပင် ကြောက်စရာကောင်းနေလေပြီ။
ဤနေရာတွင်ရှိနေသည့် လူများမှာ ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤလူသည် လူငယ်မျိုးဆက်လေးများကြောင့် စိတ်ပြောင်းသွားနိုင်မည့်သူ မဟုတ်ပေ။
“သူက မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်က လူတစ်ယောက်ထက် မပိုဘူး .. အဲဒီလောက်လည်း အရေးကြီးတဲ့သူ မဟုတ်ဘူး .. သူက ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင်ကို တစ်ခါသုံးခဲ့တယ် .. ဒါက စည်းကမ်းကိုချိုးဖောက်တာပဲ .. သူ့က အပြစ်ပေးခံရဖို့ ထိုက်တန်တယ်..”
ယွမ်ချင်းသည် အင်္ကျီလက်ကို ဝေ့ရမ်းလိုက်ပြီး ထိုဂျီးနီးယပ်စ်များ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
လေပြင်းများ တိုက်ခတ်လာပြီးနောက် သဲများကျောက်တုံးများ လွင့်စင်ထွက်လာပြီး ဤလူများလည်း လီပေါင်း ထောင်ပေါင်းများစွာ လွင့်ပျံသွားလေသည်။
ဤလူများမှာ ဒေါသထွက်နေကြသော်လည်း သူတို့ ဘာမှ မပြောင်းလဲနိုင်ပေ။
“သွားမယ် .. ငါ့တို့မိသားစုတွေ၊ ကလန်တွေဆီပြန်သွားကြမယ် .. ငါတို့ကူညီနိုင်တာရှိရင် ဘာမှတုံ့ဆိုင်းမနေပဲနဲ့ ကူညီကြမယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤအဓိပ္ပာယ်မှာရှင်းသည်။ သူတို့ကလန်သို့ပြန်သွားပြီး အကြီးအကဲများနှင့်ဆွေးနွေးကာ တတ်နိုင်သမျှ တပ်ကူများ ပြန်ခေါ်လာမည်။
ဤသည်မှာ မျှော်လင့်ချက်သိပ်မရှိသည်ကိုလည်း သူတို့သိသည်ပင်။ မည်သို့ပင်ဖြစ်စေ ယွမ်ချင်းသည် သာမန်လူမဟုတ်သောကြောင့် သူ့ကိုဆန့်ကျင်ချင်သည့်သူ သိပ်မရှိပေ။ ဧည့်သည့်ကျင့်ကြံသူလေးအတွက်နှင့် မျက်နှာပျက်ရမည်မှာ မတန်ပေ။
“ဒီတာအိုရောင်းရင်းမှာ ထာဝရစွမ်းအင်သုံးခု ရှိနေတယ်ဆိုတော့ သူ့ရဲ့ပါရမီတွေကလည်း ထူးခြားမှာပဲ .. ငါတို့ ကောင်းကင်နတ်ဘုရားကျောင်းကို မြန်မြန်ဆက်သွယ်သင့်တယ် .. ဘယ်သူပြောနိုင်မလဲ .. သူ့ကို ကာကွယ်နိုင်တဲ့တစ်ယောက်ယောက် ရောက်လာပြီးတော့ အခြေအနေတွေလည်း ပြောင်းလဲသွားနိုင်တယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ထို့နောက် သူတို့အားလုံး ထွက်သွားကြလေ၏။
ဤနေရာမှာ တိတ်ဆိတ်သွားလေပြီ။ ယွမ်ချင်းသည် ရှီဟောင်ကိုကြည့်လိုက်ကာ “ငါက ပြောတဲ့အတိုင်း လုပ်တဲ့သူပဲ .. မင်း မူလရှေးဟောင်းမိုင်းတွင်းကို သွားလည်ကြည့်သင့်တယ်..”
သူလက်ခုပ်တီးလိုက်သည်နှင့် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသည့် သက်ရှိကြီးတစ်ကောင် ဤနေရာသို့ ချက်ချင်းလျှောက်လာလေသည်။
“သူ့ကိုခေါ်သွားလိုက် .. သူ့ကို ရှေးဟောင်းမိုင်းတွင်းထဲ ဝင်ခိုင်းလိုက်”
ရှီဟောင် ဘာမှမပြောတော့ပေ။ ယခုအချိန်တွင် သူသည် ဤလူထက်အားနည်းသောကြောင့် ဤလူကို ဆက်ငြင်းခုံနေပါက သူ ပို၍အားနည်းပုံ ပေါ်လာရုံသာ။
ရှီဟောင် ထိုခေါင်းသုံးလုံး၊ လက်ခြောက်ဖက်သက်ရှိနောက် လိုက်သွားလိုက်သည်။
“ငါ့ကို ဒီကိစ္စအပ်ထားတာဆိုတော့ မင်းကို ၁၀ နှစ်လုံး ဖိနှိပ်ရလိမ့်မယ်” ရှီဟောင်၏ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ယွမ်ချင်း အေးစက်စွာ ပြောလိုက်သည်။
“ဒီ ၁၀ နှစ်အတွင်းမှာ မင်းအသက်ရှင်နိုင်ခဲ့ရင်လည်း လိုက်မှီဖို့ ကြိုးစားပေါ့..” သူ ထပ်ပြောလိုက်သည်။
၁၀ နှစ်ဆိုသည်မှာ တိုးတက်နေသည့် ဂျီးနီးယပ်စ်အတွက်တော့ အလွန်အရေးကြီးသည်သာ။ ခြေတစ်လှမ်းနောက်ကျသွားသည်နှင့် သူနှင့်သူ၏ပြိုင်ဘက်ကြားတွင် များစွာကွာဟသွားမည်ပင်။
အခြားနေရာတွင် သိပ်မသိသာသော်လည်း ကောင်းကင်နတ်ဘုရားကျောင်းတွင်တော့ ဤသည်မှာ လုံးဝအရေးကြီးသည်ပင်။
တာအိုစာအုပ်များနှင့် ထာဝရဆေးများမှာ လုယူရသည်ပင်။ အထူးသဖြင့် ထာဝရလှိုဏ်ဂူများပင်။ ထိုဂူများပွင့်လာသည့်အချိန်တိုင်းတွင် ဝင်၍ရသည့်အရေအတွက်မှာ အကန့်အသတ်ဖြင့်သာ။
ထိုကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံပါက အကျိုးကျေးဇူးများစွာ ရရှိမည်ကို နားလည်ထားရန်လိုအပ်သည်။ ထာဝရစွမ်းအင်များကို အားဖြည့်ကာ အသွေးအသားနှင့်သွေးများလည်း ပြန်လည်တည်ဆောက်နိုင်ပြီး ဆက်တိုက် ပြောင်းလဲနေနိုင်မည်ပင်။
သို့သော်လည်း ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှသည်။
ကောင်းကင်နတ်ဘုရားကျောင်းသို့ ရောက်ပြီးသည့်နောက် အကောင်းဆုံးပတ်ဝန်းကျင်တွင် ကျင့်ကြံလိုပါက အရာအားလုံးကို တိုက်ခိုက်ယူရမည်ပင်။
အဆင့်မြင့်သည့်သူများမှာ ပစ္စည်းများပို၍ရရှိမည်ဖြစ်သောကြောင့် ပို၍လည်း စွမ်းအားကြီးလာမည်ပင်။ အစပိုင်းတွင် နောက်ကောက်ကျန်ခဲ့ပါက နောက်ပိုင်းတွင် ပို၍ဆိုးလာမည်ပင်။
“ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ခွင့်ရတဲ့ အဲဒီဂျီးနီးယပ်စ်တွေ ဖီးနှစ်သွေးကန်ထဲ စိမ်ခွင့်ရပြီးသွားကြပြီ .. မင်းက နည်းနည်းလေး နောက်ကျသွားတယ် .. အခု မင်းကို နောက်ထပ် ၁၀ နှစ်ဖိနှိပ်ထားရင် မင်းဘယ်လိုဖြစ်လာမလဲ ကြည့်ကြသေးတာပေါ့..”
ယွမ်ချင်း မစာမနာပင် ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းသည် အားလုံးကို ညီတူညီမျှဆက်ဆံမည်မဟုတ်ပဲ အချို့လူများကိုသာ ရွေးချယ်လိမ့်မည်ကို သူသိသည်။
“ကောင်းကင်နဲ့ကမ္ဘာမြေကြီးလည်း ပြောင်းလဲသွားပြီ .. တစ်ချို့နတ်စွမ်းရည်တွေက မင်းမှာပါရမီရှိရုံနဲ့ ကျင့်ကြံလို့မရဘူး .. ထာဝရတာအိုအရင်းအမြစ်တွေ အများကြီး လိုအပ်တယ်..”
ဤစကားလုံးများသည် အေးစက်သည့် လေပြေထဲတွင် ပျောက်ကွယ်သွားလေသည်။
..
အနန္တကောင်းကင်.. အဖိုးတန်အလင်းတန်းများ ကောင်းကင်ထက်သို့ ပြေးတက်နေလေသည်။
ခပ်ဝေးဝေးတွင် နဂါးစွမ်းအင်များပြည့်နှက်နေပြီး ထာဝရမြူများလည်း လေထဲတွင် အုံ့ဆိုင်းနေလေသည်။ ထိုမြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းလွန်းလှသည်။ ဤသည်မှာ သေချာပေါက် ထာဝရသက်ရှိ နေထိုင်သည့်နေရာပင်။
ယခုနှစ်များတွင် ကောင်းကင်နတ်ဘုရားကျောင်းကို အနန္တကောင်းကင်တွင် တည်ဆောက်မည်မှန်း အားလုံးသိထားကြသည်ပင်။
ဤသည်မှာ အဘက်ဘက်မှ ပူးပေါင်းမှုကြောင့် ဖြစ်လာခြင်းပင်။ သူတို့သည် ပြိုင်ဘက်ကင်းသည့် အဆင့်လွန်သက်ရှိများကို ဖန်တီးချင်သောကြောင့် သူတို့အား အများကြီး စိုက်ထုတ်ရသည်သာ။ ကျမ်းစာများစုဆောင်းခြင်းအပါအဝင် ဖီးနှစ်သွေးကန်ဆောက်လုပ်ခြင်းနှင့် သက်ရှည်သက်ရှိလှိုဏ်ဂူများလည်း ပါဝင်သည်ပင်။
ဤနေရာတွင် သင်ကြားပို့ချပေးရန်အတွက် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ခုမှ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်များလည်း မရှားပါးပေ။
ဤအရာအားလုံးကို ပြင်ဆင်ထားပြီသားပင်။ ကောင်းကင်နတ်ဘုရားကျောင်းတည်ဆောက်ရမည့်နေရာကိုသာ မဆုံးဖြတ်ရသေးခြင်းပင်။
ယခု ဤကျောင်းကို အနန္တကောင်းကင်တွင် တည်ဆောက်ရန် ဆုံးဖြတ်လိုက်သောကြောင့် ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေသည်ပင်။
ယခုတလော ကောင်းကင်နတ်ဘုရားကျောင်းရှိနေသည့် နေရာတွင် ကျွမ်းကျင်သူများ ဝင်ထွက်သွားလာနေပြီး ပျာပန်းခပ်မျှ စည်ကားနေလေသည်။
အနန္တကောင်းကင်မှ စွမ်းအားကြီးသည့်သူများ၊ ရှေးဟောင်းမိသားစုများနှင့် အခြားသူများသည် သူတို့၏ ဆွေမျိုးနီးစပ်များကို အားကိုးကာ သူတို့ကလန်မှ တပည့်များကို ကျောင်းထဲသို့ ပို့နိုင်မည့်နည်းလမ်းများကို ရှာဖွေနေကြလေသည်။
ကံမကောင်းစွာဖြင့်ပင် ကောင်းကင်နတ်ဘုရားကျောင်း၏ ဝင်ခွင့်မှာ တင်းကြပ်လှပြီး ကျောင်းသားစာရင်းမှာ အတိအကျရှိနေပြီဖြစ်ပြီး အပြင်မှ လာဘ်ထိုးသည်များကို လက်မခံပေ။
“ဟမ် .. သူတို့ထွက်လာပြီ .. စွမ်းအားကြီးလိုက်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေ…”
ကောင်းကင်နတ်ဘုရားကျောင်းထဲတွင် အချို့သူများသည် ခပ်ဝေးဝေးမှ ဝိညာဉ်တောင်ကို မနာလိုစွာ ကြည့်နေကြလေသည်။
ဖီးနှစ်သွေးကန်ထဲသို့ ဝင်ခွင့်ရသည့်သူများမှာ အကျိုးကျေးဇူးများစွာ ရရှိသွားမည်ကို သူတို့သိကြသည်ပင်။ ထိုလူများ ထွက်လာလေပြီ။
“နှမြောစရာပဲ .. အစက ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ခွင့်ရပေမယ့် ကျောင်းကို ရောက်မလာတဲ့ လူတစ်ယောက်ရှိတယ် .. အဲဒီလူ ပျောက်သွားတာတဲ့..”
သူတို့ ရှီဟောင်အကြောင်း ပြောနေကြသည်ကို သိသောကြောင့် လူအချို့ခေါင်းညိမ့်လိုက်ကြသည်။ သူ၏အရည်အချင်းနှင့်ဆိုလျှင် ဤနေရာတွင် သေချာပေါက် အရေးကြီးသည့်နေရာတစ်ခုကို ရမည်ပင်။
အပိုင်း ၁၂၆၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၈ – ရှေးဟောင်းမိုင်းတွင်း
ရှီဟောင်သည် သူ၏ကျင့်ကြံဆင့်ကို ချိတ်ပိတ်ထားသောကြောင့် ဤအကောင်ကြီးနှင့် တိုက်ခိုက်မနေတော့ပေ။
ထို့အပြင် ဤခေါင်းသုံးလုံး လက်ခြောက်ဘက်အကောင်ကြီးမှာ တကယ်ကို စွမ်းအားကြီးလှပြီး သူအနိုင်ယူနိုင်မည့်သူ မဟုတ်ပေ။
မျက်နှာအပါအဝင် ဤစွမ်းအားကြီးသည့် သက်ရှိတစ်ကိုယ်လုံးတွင် ငွေရောင်အကြေးခွံများဖုံးအုပ်နေလေ၏။ ဤသည်မှာ နတ်ဆိုးနတ်ဘုရားရုပ်တုနှင့်ပင် တူနေသည်။
ထို့နောက် သိပ်မကြာမီမှာပင် သူတို့လေဟာနယ်တစ်စိတ်တစ်ပိုင်းသို့ ရောက်လာလေသည်။ ဤနေရာတွင် ကောင်းကင်ကို ဖြတ်ကူးနိုင်မည့် နီရဲနေသည့်လှေကြီးရှိနေလေ၏။
ဤလှေကိုကြည့်ခြင်းအားဖြင့် ဤခရီးမည်မျှပင် ရှည်လျားမည်ကို သိနိုင်သည်ပင်။
သို့သော်လည်း တစ်ခုခုမှားယွင်းနေသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ ဤနေရာသို့ ရောက်သည်နှင့် ထိုခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်သက်ရှိသည် သူ့အားလှေပေါ်သို့ တင်လိုက်ပြီးနောက် ကျွမ်းကျင်သူတစ်ယောက်ထံမှ ကောင်းကင်ရတနာအချို့ကိုယူကာ လှည့်ထွက်သွားလေသည်။
ထိုသက်ရှိမှ သူ့အား ရှေးဟောင်းမိုင်းတွင်းသို့ လိုက်ပို့မည်မဟုတ်ပေ။ သူ.. ရောင်းစားခံလိုက်ရတာလား..
ထိုသို့စဉ်းစားမိသည်နှင့် ရှီဟောင်မျက်လုံးမှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ သူက ဒီလောက်ဈေးနည်းနည်းနဲ့ ရောင်းစားခံလိုက်ရတာလား..
ဤသည်မှာ တကယ်ကို ရှက်စရာကောင်းကာ မုန်းစရာကောင်းလှသည်။ သူသည် အနန္တကောင်းကင်သို့ ယခုလေးတင်မှ ရောက်လာခြင်းဖြစ်သော်လည်း ဤကဲ့သို့ ကြုံတွေ့နေရလေပြီ။
ဤလှေကြီးလည်း တစ်ခုခုမှားယွင်းနေသည်။
လှေကြီးသည် ကျန်းပေါင်း ထောင်ပေါင်းများစွာ ရှည်ကာ အလွန်ကြီးမားလှသည်။ လှေတစ်စီးလုံးသည်လည်း သွေးများရွှဲနစ်နေသကဲ့သို့ နီရဲနေသည်။ ဤသည်မှာ အနည်းငယ် ညှီနံ့နံနေပြီး သွေးအော်ရာလည်း ရနေသည်ပင်။
ပြောရမည်ဆိုလျှင် လှေပေါ်တွင်ရှိနေသည့် မှော်ပစ္စည်းများမှ ပိုင်ရှင်၏ပုံစံကို ခန့်မှန်းနိုင်သည်သာ။ ဤလှေကြီးမှာ သွေးကဲ့သို့နီရဲနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထူထဲလှသောကြောင့် လှေပိုင်ရှင်မှာ ကြင်နာတတ်မည့်သူ မဟုတ်ပေ။
ခဏကြာပြီးသည့်နောက်တွင် ဤသည်မှာ ဓားပြသင်္ဘောဖြစ်ကြောင်း သူသိလိုက်ရသည်။ ဤသင်္ဘောကြီးသည် ကြယ်ကောင်းကင်တွင် လှည့်ပတ်သွားနေပြီး သူ၏ဂုဏ်သတင်းမှာလည်း ဆိုးရွားလှသည်။
ရှီဟောင် ဒေါသထွက်လာရ၏။ သူသည် ဤနေရာသို့ ရောက်လာသည်မှာ မကြာသေးသော်လည်း ဤနေရာသို့ ရောင်းစားခံလိုက်ရလေပြီ။
ဤပင်လယ်ဓားပြသင်္ဘောကြီးမှာ အနန္တကောင်းကင်တွင် နာမည်ကြီးသည့်သင်္ဘောကြီးပင်။ သင်္ဘောကပ္ပတိန်မှာ အလွန်ခွန်အားကြီးသည့် ကျွမ်းကျင်သူတစ်ယောက်ပင်။ သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် ရဲတင်းစွာ သွားလာလှုပ်ရှားနေသည့်သူပင်။ သို့သော်လည်း သူသည် ယခုအချိန်ထိ အေးအေးချမ်းချမ်းနေနိုင်ပြီး မည်သူ့မှာ သူ့အား လာမရှင်းကြပေ။
ဤပင်လယ်ဓားပြသင်္ဘောကြီး အေးအေးချမ်းချမ်းနေနိုင်ခြင်းမှာ ဤသင်္ဘောသည် စွမ်းအားကြီးသည့်သူများစွာနှင့် အလုပ်လုပ်နေသောကြောင့်ပင်။
ဥပမာအားဖြင့် သူတို့သည် မူလရှေးဟောင်းမိုင်းတွင်းသို့ ကျွန်များကိုပို့ပေးကာ ထိုကျွန်များကို ပစ္စည်းများရှာဖွေရန်အတွက် စွမ်းအားကြီးသည့်သူများထံသို့ ရောင်းပေးလေသည်။
ဤသင်္ဘောကြီးပေါ်တွင် လူစည်ကားနေပြီး အများစုမှ ကျွန်များပင်။ သူတို့အားလုံးကို တစ်နေရာတည်းတွင် ဖမ်းထားကြလေ၏။
ကံမကောင်းစွာဖြင့်ပင် ရှီဟောင်သည် သူတို့ထဲမှ တစ်ယောက်ဖြစ်လာလေပြီ။ သူသည် ဤသက်ရှိများ၏ အသက်မဲ့နေသည့်ပုံစံများကို ကြည့်ပြီးနောက် သူအတော်လေးကံကောင်းသည်ဟု ခံစားမိလာသည်။ သူသည် အလွန်အမင်းတက်ကြွနေဆဲဖြစ်ပြီး ဤအဆင့်ရောက်သည်အထိ နှိပ်စက်မခံရသေးပေ။
သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် အကြီးအကဲတစ်ယောက် ရောက်လာပြီး သူ့အားစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်သွားလေသည်။
“လူငယ်လေး .. မင်း အေးအေးဆေးဆေးနေလို့ရတုန်းမှာ အေးအေးဆေးဆေးလေးနေလိုက် .. မင်းမိုင်းတွင်းထဲကို ဝင်လိုက်တာနဲ့ မင်းအချိန်မရွေး သေသွားနိုင်တယ်..”
ထို့နောက် သင်္ဘောကြီးမှ စတင်ထွက်ခွာသွားလေပြီ။
မူလရှေးဟောင်းမိုင်းတွင်ဆိုသည်မှာ ကောင်းကင်ထက်တွင် ပေါလောပေါ်နေခြင်းဖြစ်ပြီး အချို့ကြယ်ကြီးများနှင့်ပင် ကပ်နေသည်။
လမ်းတစ်လျှောက်တွင် အစီအရင်များလည်း ရှိနေလေသည်။ ထို့ကြောင့် ဤနီရဲနေသည့် သင်္ဘောကြီးမြန်မြန်မသွားခြင်းပင်။
အပြင်ဘက်အာကာသတွင် မှောင်မည်းအေးစက်နေပြီး ကြယ်အလင်းများရှိနေသည့်နေရာတွင်ပင် အတော်လေး ခြောက်ကပ်နေသည်။
ဤနေရာမှာ အလွန်ကြောက်စရာကောင်းသည်ဟု ပြော၍ရသည်။ အရိုးစုမျိုးစုံရှိနေပြီး တစ်ခါတစ်ရံတွင် ဥက္ကာခဲများလည်း သူတို့ဘေးနားမှ ဖြတ်သွားသေးသည်။
အန္တရာယ်အများဆုံးမှာ ပျက်စီးနေသည့်လက်နက်များ၊ အဆောင်များနှင့် အခြားအရာများပင်။ ဤသည်မှာ ရှေးခေတ် စစ်ပွဲများမှ ကျန်ခဲ့သည့်အရာများပင်။
ယခင်က ဤနေရာကို ဖြတ်သန်းခဲ့သည့် သင်္ဘောကြီးများတွင် အချို့သင်္ဘောကြီးများမှာ ပေါက်ကွဲသွားပြီး အချို့မှာ စကြာဝဠာအတွင်းပိုင်းသို့ ပို့ခံလိုက်ရပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့ပေ။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင်တော့ ရှီဟောင်အတော်လေး ထိတ်လန့်လာရသည်။ ဤအနီရောင်သင်္ဘောကြီးသည် အရှိန်လျော့သွားကာ ပျက်စီးနေသည့် အစီအရင်များကြား ဂရုတစိုက်သွားနေလေ၏။
ဝူး..
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် အဆောင်လေးသည် ရှေ့နောက်လွှဲရမ်းနေလေ၏။ သူသည် စွမ်းအင်လှိုင်းများထုတ်လွှတ်ကာ သူ့ကိုလာထိသည့် ဥက္ကာခဲလေးကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်လေသည်။
ဤနေရာတွင် ပျက်စီးနေသည့် ပစ္စည်းများရှိနေသော်လည်း ဤနေရာသည် ရန်စ၍ကောင်းသည့်အရာမဟုတ်ပေ။ ဤပစ္စည်းများအားလုံး လူသတ်လက်နက်ဖြစ်သွားနိုင်သည်။
သင်္ဘောပေါ်မှလူများသည် ဤသည်ကို လောဘမတက်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အသက်များပေးဆပ်ကာ သင်ယူပြီးသွားကြလေပြီ။ ယခင်က ဤပစ္စည်းများကို ရယူရန်ကြိုးစားသည့်သူများရှိခဲ့သော်လည်း သူတို့ ထိုပစ္စည်းနားသို့ကပ်သွားသည်နှင့် အစီအရင်တစ်ခု အသက်ဝင်လာကာ ထိုလူများ အရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားလေ၏။
ဤပစ္စည်းများသည် အာကာသထဲတွင် လွင့်မြောနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း သူတို့သည် အန္တရာယ်များနေဆဲပင်။
“ဒါက အစတုန်းက ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်လုပ်ထားခဲ့တဲ့ သတ်ဖြတ်ခြင်းအစီအရင်ပဲ .. ဒါက နတ်ဘုရားတွေ၊ ထာဝရသက်ရှိတွေကိုတောင် သတ်နိုင်တယ်လို့ ပြောကြတယ် .. ဒါတွေက အဲဒီအစီအရင်လုပ်တုန်းက ကျန်ခဲ့တဲ့ ပစ္စည်းတွေပဲ…”
ထိုစကားသံနှင့်အတူ ခပ်ဝေးဝေးမှ လှေတစ်စင်းရောက်လာလေ၏။ ထိုလှေပေါ်မှ လူများသည် တောက်ပနေသည့် ပုလဲလုံးလေးတစ်လုံးကို တွေ့လိုက်ရသည့်အချိန်တွင် မနေနိုင်တော့ပဲ ယူလိုက်ကြလေသည်။
ဝုန်း..
ရလဒ်အနေဖြင့် ထိုလှေသည် အပိုင်းပိုင်းဖြစ်အောင် ပေါက်ကွဲသွားပြီး ထိုလှေပေါ်မှလူများအားလုံးလည်း သေဆုံးသွားလေသည်။
“ဒါက ကျိန်စာသင့်နေတဲ့မြေပဲ .. ဒီမှာရှိနေတဲ့ ပျက်စီးနေတဲ့ပစ္စည်းတွေကို ဘယ်သူမှ လောဘတက်လို့မရဘူး .. မဟုတ်ရင် ကပ်ဆိုးကြီး ရောက်လာလိမ့်မယ်” လှေနီကြီးပေါ်ရှိ တစ်ယောက်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။
နောက်ဆုံးတော့ သူတို့ဦးတည်နေသည့်နေရာသို့ ရောက်လာလေပြီ။
ဤသည်မှာ အလွန်ကြီးမားသော်လည်း အလွန်ခြောက်ကပ်လှသည့် ကြယ်တစ်လုံးပင်။ ဤနေရာတွင် မည်သည့်အပင်မှမရှိပဲ မည်းတူးနေသည့်မြေကြီးသာရှိသည်။
အပေါ်စီးမှကြည့်လိုက်မည်ဆိုလျှင် ဤကြယ်မှာ ရုပ်ဆိုးလှသည်။
မူလရှေးဟောင်းမိုင်းတွင်းမှာ ဤကြယ်ပေါ်တွင်ရှိနေခြင်းပင်။
ဤမိုင်းတွင်းသည် အစက အနန္တကောင်းကင်တွင်ရှိသည်ဟု ပြောကြသည်။ သို့သော်လည်း ဤမိုင်းတွင်းကြောင့် ကလန်ပေါင်းစုံမှ သူရဲကောင်းများအပါအဝင် လူများစွာ သေဆုံးနေရသောကြောင့် ကလန်ပေါင်းစုံသည် သူတို့အချင်းချင်းဆွေးနွေးလိုက်ကြသည်။ ထို့နောက် ဤနေရာကို ကြယ်တစ်ခုထဲသို့ ပြောင်းရွေ့ပြီးနောက် အာကာသအပြင်ရောက်အောင် ပို့လိုက်ကြခြင်းပင်။
ထိုသို့ရွေ့သည့်အတောအတွင်းတွင်လည်း သူတို့ ရှေးဟောင်းမိုင်းတွင်းကို နည်းနည်းလေးမှ မထိရဲပေ။ လီပေါင်းတစ်သိန်းပတ်ပတ်လည်ကို ကြယ်တစ်ခုထဲသို့ ပြောင်းရွေ့ခဲ့ကြခြင်းပင်။
နောက်ဆုံးတော့ သူတို့ရောက်လာလေပြီ။
သို့သော် ရုတ်တရက်ပင် လေဟာနယ်ကြီး တုန်ခါလာကာ ငလျင်လှုပ်လာပြီး တောင်များလည်း လှုပ်ခါလာသည်။ ကြယ်များသည်လည်း ဤအဖြစ်အပျက်ကို တုံ့ပြန်လာကြလေ၏။
“မကောင်းတော့ဘူး..”
သင်္ဘောနီကြီးပေါ်မှ လူများစွာအော်ဟစ်လိုက်ကြပြီး သင်္ဘောကပ္ပတိန်ပင်လျှင် ပထမဆုံးအကြိမ် ပေါ်လာလေသည်။ သူ့တစ်ကိုယ်လုံးတွင် ရောင်စုံနတ်အလင်းမြူများ ဝန်းရံနေပြီး သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေလေသည်။ သူသည် အဖိုးတန်သင်္ဘောကြီးကို ရွေ့နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားနေလေ၏။
ယနေ့တွင် ထင်မထားသည့်အဖြစ်အပျက်တစ်ခု ဖြစ်လာပြီး ကြောက်စရာကောင်းသည့်အော်ရာတစ်ခု သူတို့ထံသို့ တရှိန်ထိုး ဦးတည်လာနေလေပြီ။
သင်္ဘောနီကြီးပေါ်တွင်ရှိနေသည့်လူအားလုံးမှာ ငရဲကိုရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်နေကြလေ၏။
ထိုအချိန်တွင် ရှီဟောင်အပါအဝင် လူများစွာသည် သူတို့တစ်ဘဝလုံး မေ့နိုင်ရန် ခက်ခဲမည့်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ သူတို့အားလုံးသည် သစ်သားရုပ်များကဲ့သို့ ငြိမ်နေကာ ဆွံ့အနေကြလေသည်။
ကြယ်မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းမိုင်းတွင်းတစ်ခု ရှိနေလေ၏။ သူသည် ကောင်းကင်ထက်ရှိ ကြယ်များကိုပင် ထိခိုက်နိုင်သည့် ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်နေလေသည်။
ထိုမိုင်းတွင်းမှာ အသက်ရှူနေသကဲ့သို့ မြင့်လိုက်နိမ့်လိုက်ဖြစ်နေပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေလေသည်။
“ဒါက .. မူလရှေးဟောင်းမိုင်းတွင်းလား..” လူများစွာ၏ အသံမှာ တုန်ယင်နေလေသည်။
“ရှေးဟောင်းမိုင်းကြီး အသက်ပြန်ဝင်လာပြီ .. ငါတို့တော်တော်ကံကောင်းတာပဲ .. သူ ကောင်းကင်နဲ့ကမ္ဘာမြေကြီးစွမ်းအင်တွေ စုတ်ယူနေတဲ့အချိန် ငါတို့ရောက်လာတာ” သင်္ဘောနီကြီးကပ္ပတိန်မှ ပြောလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင်တော့ ဘာဖြစ်နေသည်ကို အားလုံးနားလည်သွားကြလေသည်။
ဤရှေးဟောင်းမိုင်းတွင်းကြီးသည် ဆက်တိုက်ပြောင်းလဲနေပြီး ထာဝရအလင်းများလည်း ထိန်လင်းစွာ တောက်ပနေသည်။ ခဏကြာပြီးသည့်နောက်တွင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ တွင်းနက်ကြီးများ ပေါ်လာလေ၏။
“ဘုရားရေ … ကြယ်တွေကြွေနေပြီ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မူလရှေးဟောင်းမိုင်းတွင်းကြီးသည် တွင်းနက်ကြီးဖြစ်လာကာ နေရာအနှံ့မှ ကြယ်များကို စုတ်ယူနေလေသည်။
လေဟာနယ်မှာ ချက်ချင်းပင် အလွန်အမင်းတောက်ပလာပြီး ကြယ်များသည် ထိုလှိုဏ်ဂူဝင်ပေါက်ထဲသို့ ဝင်သွားကြလေ၏။
ဤသည်မှာ .. ယုံကြည်နိုင်ရန်ပင် ခက်ခဲလွန်းလှသည်။
အားလုံးမှာ ဆွံ့အနေကြလေ၏။
သင်္ဘောနီကြီး၏ ကပ္ပတိန်သာ အတော်လေး တည်ငြိမ်နေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းမိုင်းတွင်းကြီး အသက်ဝင်ကာ သူ၏ဝိဉာဉ်စွမ်းအားကိုပြန်ဖြည့်နိုင်ရန်အတွက် ကြယ်များကို စုတ်ယူကြောင်း သူကြားဖူးပြီးသားပင်။
“ဒါက .. တော်တော်လေးကို လွန်လွန်းတာပဲ..” ကြောက်ရွံ့နေကြသော်လည်း အားလုံး အံ့အားတကြီးပင် သက်ပြင်းချလိုက်ကသည်။
ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် ဤရှေးဟောင်းမိုင်းတွင်းကြီး အသက်ရှူနေသည့်ပုံကို နားလည်သွားရသည်။ သူအသက်ရှူသွင်းရှုထုတ်လုပ်သည့်အချိန်တိုင်း ကြယ်များတစ်လုံးပြီးတစ်လုံး စုတ်ယူခံနေရလေသည်။
နောက်ဆုံးတွင်တော့ သင်္ဘောကြီးမှာ လုံခြုံသည့်နေရာသို့ ရောက်သွားလေပြီ။ ကပ္ပတိန်မှာ အလွန်စွမ်းအားကြီးသောကြောင့် သင်္ဘောကြီးကို ခပ်ဝေးဝေးသို့ ပို့နိုင်ခြင်းပင်။
“မူလရှေးဟောင်းမိုင်းတွင် လှုပ်ရှားလာတဲ့အချိန်တိုင်း သူပြန်ငြိမ်သွားဖို့ တော်တော်ကြာတယ် .. တကယ်ကံကောင်းနေတာပဲ .. ခင်ဗျားတို့ အသက်ကျောက်တုံးနည်းနည်းလောက် ကောက်နိုင်လိမ့်မယ်” သင်္ဘောနီကြီးကပ္ပတိန် ဤလူများကို ကြည့်ပြီး ပြောလိုက်သည်။
အချိန်မည်မျှကြာသွားမှန်း မသိရသည့်အချိန်မှသာလျှင် ရှေးဟောင်းမိုင်းတွင်းကြီး ပြန်ငြိမ်သွားလေသည်။
“ဟုတ်ပြီ … ငါတို့အခုသွားလို့ရပြီ” သင်္ဘောနီကြီးကပ္ပတိန်မှ ပြောလိုက်၏။
သင်္ဘောကြီးစတင်ရွေ့လျားလာကာ ထိုကြယ်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။
ထိုအချိန်တွင် အခြားလှေကြီးအချို့လည်း ရောက်လာကြလေ၏။
အချို့သူများမှာ စွမ်းအားကြီးသည့်သူများဖြစ်ပြီး ရှေးဟောင်းမိုင်းတွင်းတစ်ဝိုက် အဆင့်လွန်ရတနာများနှင့် အခြားအရာများကို တူးဖော်ရန်အတွက် ရောက်လာကြခြင်းပင်။
“မင်းတို့အားလုံး မြင်လိုက်ကြလား .. ရှေးဟောင်းမိုင်းတွင်းကြီး အသက်မဝင်ခင်တုန်းက အထဲမှ လူတွေအများကြီးပဲ .. သူတို့အားလုံးက မူလမှတ်တမ်းတွေကိုကိုင်ထားကြတာ .. အားလုံးက အရမ်းကို စွမ်းအားကြီးတော့ ကြောက်စရာကောင်းတဲ့သူတွေပဲ…”
အထဲမှာ ဘာလို့လူတွေရှိနေတာလဲ.. ဤနေရာသို့ အရင်ဆုံးရောက်လာသည့် သင်္ဘောနီကြီးပေါ်မှလူများမှာ ရှုပ်ထွေးကာ ထိတ်လန့်သွားရသည်။
“အဲဒါက အရိုးစုတွေ .. သူတို့တွေက တစ်နှစ်တစ်ခါ ဝိညာဉ်စွမ်းအင်တွေ ရကြတော့ အသိဉာဏ်ရှိလာကြတာ..”
“မဟုတ်ဘူး .. ဒီမှာမြှုပ်ထားတဲ့ ထာဝရဘုရင်တွေ အများကြီးရှိတယ် .. ဒီမှာ အလုံးစုံသက်ရှိမြေကြီး ရှိရင်ရှိနေလောက်တယ်.. အချိန်အများကြီးကြာတော့ သူတို့ပြန်ရှင်လာတာလည်း ဖြစ်နိုင်တာပဲလေ..”
အားလုံးသည် အချင်းချင်းဆွေးနွေးနေကြလေ၏။
“ထာဝရဘုရင်ဟုတ်လား.. “သင်္ဘောနီကြီးကပ္ပတိန်သည် အေးစက်စွာ ရယ်မောပြီးနောက် ခေါင်းခါလိုက်ကာ “ဒီရှေးဟောင်းမိုင်းတွင်းက မယုံကြည်နိုင်လောက်အောင်ကို ရှေးကျတယ် .. ထာဝရရှေးဟောင်းခေတ်မှာ ပြည့်ပြီးသားဖြစ်ပေမယ့် အခုခေတ်မှာ နောက်တစ်ခေါက် ပြန်ပေါ်လာတယ်..”
ထိုစကားကိုကြားလိုက်ရသည်နှင့် အားလုံး၏အမူအရာများပြောင်းလဲသွားလေသည်။ အထူးသဖြင့် အချို့ဂိုဏ်းကြီးများမှ ကျွမ်းကျင်သူများပင်။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် လျှို့ဝှက်ချက်အချို့ကို အနည်းနှင့်အများသိကြသောကြောင့်ပင်။ ဤရှေးဟောင်းမိုင်းတွင်းမှာ အလွန်ရှေးကျလှပြီး ထာဝရရှေးဟောင်းမြေခေတ်ထက်ပင် ပို၍ရှေးကျသည့် အလောင်းများရှိနေလိမ့်မည်ဟု သံသယဝင်ကြသည်ပင်။
“ထာဝရစွမ်းအင်..”
ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ရှေးဟောင်းမိုင်းတွင်းဝင်ပေါက်တွင် ထာဝရမြူများ တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်နေလေသည်။ ထိုကဲ့သို့သောစွမ်းအင်မှာ အလွန်မြင့်မြတ်ကာ အေးချမ်းလှသည်။
အားလုံး၏မျက်လုံးများ နီရဲလာလေသည်။ ဤနေရာမှာ ထူးဆန်းလှသည်။ ဤနေရာ၌ကာ ကျင့်ကြံနိုင်သည်ဆိုပါက … ဤသည်မှာ ကံကောင်းမှုကြီးပင် ဖြစ်လိမ့်မည်။
အပိုင်း ၁၂၆၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၉ – ကျွန်
ထာဝရမြူများ ထွက်ပေါ်လာပြီး ဂူဝင်ပေါက်ကို ရေးရေးလေး မြင်ရလေပြီ။
“ဟမ် .. ဘာလို့ သီချင်းဆိုသံ ကြားနေရတာလဲ..”
ကျွမ်းကျင်သူတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ဦးရေပြားများပင် ထုံကျဉ်သွားရ၏။ သူသည် မယုံကြည်နိုင်ဖြစ်နေလေသည်။
ထို့နောက် အခြားသူများလည်း ကြားလာရလေသည်။ သီချင်းဆိုသံမှာ အေးချမ်းနေသည့် ရှေးဟောင်းဂူမှ ထွက်လာခြင်းပင်။ အသံမှာ သိပ်မကြည်လင်သော်လည်း အသံအစစ်ပင်။
ဤသည်မှာ အမျိုးသမီးတစ်ယောက်၏အသံပင်။ သူမအသံသည် သာယာနာပျော်ဖွယ်ကောင်းသော်လည်း ဝမ်းနည်းသည့်ခံစားချက်လည်း ပါဝင်နေလေသည်။
တစ်ခဏအတွင်းမှာပင် သူတို့အားလုံးမျက်စိရှေ့၌ အလွန်လှပသည့် မိန်းမပျိုလေး ပေါ်လာလေသည်။ သူမသည် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမအနားတွင် ဓားအလင်းတန်းများ၊ ဓားအရိပ်များကို မြင်နေရပြီး သူရဲကောင်းများမှာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြလေသည်။ ပြိုင်ဘက်ကင်းသည့် သူရဲကောင်းများမှာ သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အားလုံးသည် သူမအတွက် တိုက်ခိုက်နေကြခြင်းပင်။
“ဒါက ပုံရိပ်ယောင်လား..”
အခြားသူများမပြောနှင့် သင်္ဘောနီကြီးကပ္ပတိန်ပင်လျှင် ထိတ်လန့်သွားရလေ၏။ သူသည် ခေါင်းကိုအတင်းခါကာ ထိုသီချင်းသံမှ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်သည်။
ထိုအချိန်မှသာ သူ့တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီးနေသည်ကို သတိထားမိသွားသည်။
ဤသည်မှာ တကယ်ကို ကြောက်ဖို့ကောင်းလှသည်။ သူကဲ့သို့ အနန္တကောင်းကင်တွင် လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး ရန်သူရှားပါးသည့်သူပင်လျှင် ဤနေရာတွင် လမ်းပျောက်နေသည့်လူငယ်ကဲ့သို့ ဖြစ်သွားသည်။ သူသည် တစ်စုံတစ်ယောက်၏ အသံကြောင့် ခံစားချက်များ ဗြောင်းဆန်နေလေပြီ။
“လန့်စရာကောင်းလိုက်တာ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချလိုက်သည်။
ဤသည်မှာ သီချင်းတစ်ခုသာဖြစ်ပြီး ထိုမူလရှေးဟောင်းမိုင်းတွင်းမှ မည်သူမျှထွက်လာခြင်းမရှိပေ။
“အဲဒီ အဖြူရောင်အဝတ်အစားနဲ့ မှုန်ဝါးဝါးအမျိုးသမီးက ပုံရိပ်ယောင်လို့ မထင်ဘူး .. အခု အားလုံးသူ့ကို တွေ့လိုက်ရတာပဲလေ ဟုတ်တယ်မလား” ကျွမ်းကျင်သူတစ်ယောက်မှ ပြောလိုက်သည်။
အမှန်တကယ်တွင် ရှေးဟောင်းမိုင်းတွင်းသည် ထာဝရစွမ်းအင်များ ဝေ့ဝဲကာ ငြိမ်းချမ်းနေသည်ပင်။ မည်သည့်အမျိုးသမီးမှ ထွက်လာခြင်းမရှိပေ။
“ဟုတ်တယ် .. အရမ်းလှတဲ့မိန်းကလေးတစ်ယောက်ကို တွေ့လိုက်တယ် .. သူ့ကို သေချာမမြင်လိုက်ရဘူးဆိုပေမယ့် သူက သေချာပေါက် အလှဆုံးမိန်းကလေး ဖြစ်မှာပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
“ဟုတ်တယ် .. ငါလည်းသူ့ကိုမြင်လိုက်တယ် .. သူက လရောင်အောက်မှာ ပေါ်လာပြီးတော့ သူရဲကောင်းတွေအများကြီးက သူ့အတွက်နဲ့တိုက်ခိုက်နေကြတာ..” တစ်စုံတစ်ယောက်မှ ထပ်ပေါင်းပြောလိုက်သည်။
ဤနေရာတွင်ရှိနေသည့် ကျွမ်းကျင်သူများအားလုံး တိတ်ဆိတ်နေကြလေသည်။ ဤနေရာတွင် ရှေးဟောင်းအလောင်းရှိသည်ဆိုသော်လည်း အဘယ်ကြောင့် အသက်ရှင်နေသည့်သူလည်း ပေါ်လာသနည်း..
အလွန်စွမ်းအားကြီးသည့်သူများမှာ ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်ပဲ ပြန်ပိတ်သွားလေ၏။ ဤနေရာမှာ ပို၍ပို၍ပင် ထူးဆန်းလာလေပြီ။
ရှီဟောင်သည်လည်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။ သို့သော်လည်း ဤသည်မှာ ထိုသီချင်းသံမှ ဖန်တီးလိုက်သည့် တံဆိပ်တစ်ခုသာဖြစ်သည်။
ဤမူလရှေးဟောင်းမိုင်းတွင်းမှာ အန္တရာယ်များသည့်နေရာတစ်ခုဖြစ်သည်ကို အားလုံးသိကြသည်။ ဝင်သွားသည့်လူတိုင်းလိုလို သေဆုံးသွားကြသည်သာ။ အလွန်ကံကောင်းသည့်သူများသာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်းပင်။
သို့သော်လည်း အထဲသို့ဝင်သွားသည့်သူအားလုံးမှာ အသက်ရှင်နေသည့်သူကို မတွေ့ဖူးကြပေ။ အားလုံးမှာ ရှေးဟောင်းအလောင်းများသာ။ အဲဒါဆို ဒီမြင်ကွင်းတွေက ဘာတွေလဲ..
“ဒီမှာငါတို့မသိသေးတဲ့ နေရာတွေရှိသေးတယ်လို့ မပြောနဲ့နော်..” တစ်စုံတစ်ယောက်မှ တိုးတိတ်စွာ ပြောလိုက်၏။
ဤသည်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့အပြင် အထဲဝင်သွားပြီး အသက်ရှင်လျက်ပြန်ထွက်လာနိုင်သည့် သူများမှာလည်း ဤနေရာကို သာမန်ကာလျှံကာမျှသာကြည့်နိုင်ပြီး ဤမိုင်းတွင်းတွင် ထူးဆန်းမှုများ ဘယ်လောက်များများရှိသည်ကို မရှာဖွေနိုင်ပေ။
“ကြည့်ရတာ တစ်ယောက်ယောက် အသက်ပြန်ရှင်လာပြီထင်တယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
သူတို့မြင်လိုက်ရသည့် မြင်ကွင်းမှာ အသိဉာဏ်ရလာသည့် ရှေးဟောင်းအလောင်းတစ်ခု မဟုတ်ပေ။ ထိုပုံရိပ်တွင် သေဆုံးခြင်းစွမ်းအင်များကို မတွေ့ရပေ။ ဤသည်မှာ အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည်နှင့် သိပ်မတူပေ။
“အထဲမှာ ထာဝရဘုရင်တစ်ယောက် တကယ်ရှိနေပြီးတော့ အလုံးစုံသက်ရှိမြေကြီးကြောင့် ပြန်ရှင်လာတာများလား..”
နောက်ဆုံးတွင်တော့ အရာအားလုံး ပြန်လည်တည်ငြိမ်သွားလေပြီ။ သီချင်းဆိုသံ ပျောက်ကွယ်သွားပြီဖြစ်ပြီး ရှေးဟောင်းဂူမှ ထုတ်လွှတ်နေသည့် ထာဝရစွမ်းအင်သည်ပင် ပျောက်ကွယ်သွားလေပြီ။ ခပ်ဝေးဝေးသို့ ကြည့်လိုက်လျှင် အမှောင်ထုကြီးကိုသာ မြင်နေရလေသည်။
ရှေးဟောင်းဂူနားသို့ မည်သူမှ မကပ်ရဲကြတော့ပေ။
ကျွမ်းကျင်သူများအားလုံး အနည်းငယ်တော့ ကြောက်နေကြသည်ပင်။ အသိဉာဏ်ရှိသည့် သက်ရှိတစ်ယောက်သာ ဂူထဲမှ ထွက်လာပါက ဤသည်မှာ အသိဉာဏ်လေးသာရှိသည့် ရှေးဟောင်းအလောင်းတစ်ခု ဖြစ်မည်မဟုတ်တော့ပဲ အလွန်ကြောက်စရာကောင်းသည့်သူဖြစ်မည်ပင်။
ဤနေရာတွင် ဆက်နေနေပါက ပြဿနာတစ်ခုခု ဖြစ်လာမည်စိုးသောကြောင့် ကျွမ်းကျင်သူတစ်စုမှ ချက်ချင်းပြန်သွားကြလေပြီ။
ကံကောင်းစွာဖြင့်ပင် ဤနေရာတွင်ရှိနေသည့် စွမ်းအားကြီးသည့်သူများသည် အတော်လေး တည်ငြိမ်ကြပြီး အခြေအနေများကို လေ့လာနေကြလေ၏။
ရက်ပေါင်းများစွာ လေ့လာပြီးသည့်နောက်တွင် ဤနေရာသည် ယခင်ကအတိုင်းပြန်ဖြစ်နေပြီကို တွေ့လိုက်ရသည်။ ဤအဖြစ်အပျက်ကြောင့် မကောင်းသည့်ပြောင်းလဲမှုများ ဖြစ်မသွားပေ။ ထိုအချိန်မှသာ သူတို့သက်မချနိုင်တော့သည်။
သင်္ဘောနီကြီးမှာမူ အစောပိုင်းရက်ကတည်းက ပြန်သွားလေပြီ။
ဤနေရာတွင် ရှီဟောင်အပါအဝင် လူပေါင်း ၈ သောင်း၊ ၉ သောင်းခန့်ရှိသည်။ သူတို့အားလုံးမှာ ဤနေရာရှိ စွမ်းအားရှင်များထံသို့ ရောင်းချခံလိုက်ရသည့် ကျွန်များသာ။ မမျှော်လင့်ထားသည့် အဖြစ်အပျက်များသာ မဖြစ်ပါက သူတို့အားလုံး နတ်ပစ္စည်းများ တူးဖော်ရင်းဖြင့် သေဆုံးသွားကြမည်ပင်။
ရှီဟောင်၏မျက်နှာမှာ မည်သည့်ခံစားချက်မှမရှိပဲ တည်ငြိမ်နေလေ၏။ သူ၏စိတ်ထဲတွင်မူ ယွမ်ချင်းကို သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေလေ၏။ ဤလူ သူ့ကို ဒီလိုမျိုးလုပ်ခဲ့သည်။
ရက်ပေါင်းများစွာကြာပြီးနောက် ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ယွမ်ချင်း၏အမူအရာမှာ တည်ငြိမ်နေဆဲပင်။
“မင်းကို ၁၀ နှစ်လောက် ဖိနှိပ်ထားဖို့ .. ကြည့်ရတာ ငါအစိုးရိမ်လွန်သွားတယ်ထင်တယ် .. ရှေးဟောင်းမိုင်းတွင်းမှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာတယ်ဆိုတော့ အဲဒီက စွမ်းအားကြီးတဲ့သူတွေက သေချာကို ရှာကြတော့မှာ .. မင်း ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို မင်းအရင်ဆုံး စဉ်းစားသင့်တယ်..” ယွမ်ချင်း သူ့ကိုယ်သူ ပြောလိုက်၏။
ရှီဟောင်ကို ၁၀ နှစ်ခန့်ဖိနှိပ်ထားရန် သူ့ကိုယ်သူ ဆုံးဖြတ်ခဲ့သော်လည်း ယခုတော့ ထိုသို့ဖိနှိပ်မည့်အစား တစ်ခါတည်း သတ်ခဲ့သင့်သည်ဟု ခံစားနေရသည်။
သို့သော်လည်း တစ်ယောက်ယောက်စုံစမ်းလာမည်ကိုလည်း သူ ကြောက်ရသေးသည်။ သူသာ တဇွတ်ထိုးလုပ်လိုက်ပါက သူ့အတွက် အတော်လေး ခက်ခဲသွားနိုင်သည်။
လဝက်ကြာသွားလေပြီ။ ရှီဟောင်တို့သည် တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံနေရလေသည်။
ဤနေရာသို့ အစေခံများစွာ ရောင်းချခံလိုက်ရသော်လည်း သူတို့သပ်သပ်စီရောင်းချခံလိုက်ရသည်သာ။ သူသည် ရှေးဟောင်းမိသားစုတစ်ခုထံသို့ ရောင်းချခံလိုက်ရသည်ပင်။
သူတို့ကို အစကတည်းက ကန့်သတ်ချက်များ ထားထားသော်လည်း ဤရှေးဟောင်းမိသားစုများမှာ သူတို့ကို ကန့်သတ်ချက်များထပ်မထားရလျှင် စိတ်အေးရမည်မဟုတ်ပေ။
သူတို့အားလုံးကို တစ်ယောက်ချင်းစီ လိုက်ကန့်သတ်နေခြင်းမဟုတ်ပဲ ဤကျွန်များကို ထိန်းချုပ်ရန်အတွက် အထူးမှော်ပစ္စည်းများကို အသုံးပြုနေခြင်းပင်။
ဥပမာအားဖြင့် ရှီဟောင့်အလှည့်သို့ရောက်သည်နှင့် ပထမဆုံး သူ့အား ခြေထိပ်လက်ထိပ်များခတ်လိုက်သည်။ ထို့နောက် ထူးဆန်းသည့်ကျောက်တုံးလေးဖြင့် သူ၏တိုက်ခိုက်နိုင်စွမ်းကို စစ်ဆေးသည်။ ထိုကျောက်တုံးလေးသည် ချက်ချင်းပင် အရောင်များတောက်လာလေသည်။
“ဟမ် .. ငါတို့ရတနာတစ်ခု ကောက်ရပြီ .. ဒီကျွန်က တော်တော်လေး အထင်ကြီးဖို့ကောင်းတယ် .. သာမန်မဟုတ်ဘူး” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သောကြောင့် ဤရှေးဟောင်းမိသားစု၏အာရုံမှာ သူ့ထံသို့ ရောက်လာလေသည်။
ဤကျောက်တုံးသည် လုံးဝတိကျမှန်ကန်သည်မဟုတ်သော်လည်း သူ့အလုပ်သူလုပ်သေးသည်သာ။
ထိုကျောက်တုံး တောက်ပလာကာ လူတစ်စု ထိတ်လန့်တကြားဖြစ်သွားလေ၏။ ဤကဲ့သို့သော ကျွန်မျိုးမပြောနှင့် ဤကျောက်တုံး ဤကဲ့သို့ မတောက်ပသည်ပင် နှစ်ပေါင်းများစွာ ကြာနေလေပြီ။
“တကယ်ကို မထင်ထားမိဘူး .. ကျွန်တစ်ယောက်ကို ဝယ်ပြီး ဆက်ခံသူကောင်းကိုတောင် ရှာတွေ့နိုင်တယ်..”
ခွပ်..
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင့်ကိုယ်မှ ထွက်လာသည့် ရောင်စုံအလင်းများကြောင့် တစ်စစီဖြစ်သွားလေသည်။
ဤသည်မှာ လူများကိုပို၍ပင် ထိတ်လန့်သွားစေလေသည်။ ဤရှေးဟောင်းမိသားစုမှလူများ ချက်ချင်းရောက်လာကြကာ ဤနေရာကို ချိတ်ပိတ်ထားရန် အမိန့်ပေးလိုက်လေ၏။ မည်သူမှ ဤအနားသို့ မကပ်ရတော့။
“အထင်ကြီးစရာပဲ .. စမ်းသပ်တဲ့ကျောက်တုံးတောင် ပျက်စီးသွားပြီဆိုတော့ ဒီကောင်က အတော်လေး ထူးဆန်းတာပဲ..”
“၇ ရောင်စပ် အံ့ဩဖွယ်ကျောက်တုံးကို ယူလာခဲ့ .. သူ့မှာ အလားအလာတွေ ဘယ်လောက်ရှိလဲ ကြည့်ကြတာပေါ့..” တစ်စုံတစ်ယောက်မှ တောက်ပနေသည့်မျက်လုံးများဖြင့် ပြောလိုက်လေ၏။
“မကျန်တော့ပါဘူး .. ၇ ရောင်စပ် အံ့ဩဖွယ်ကျောက်တုံး ကုန်သွားပါပြီ .. အချိန်တစ်ခုထိတော့ ကျွန်တော်တို့ရနိုင်ဦးမှာမဟုတ်ပါဘူး” တစ်ယောက်ယောက်မှ ပြန်ပြောလိုက်သည်။
သူတို့ပြောနေသည့်စကားများကို ကြားနေရသော်လည်း ရှီဟောင်ဘာမှပြန်မပြောပဲ တိတ်တဆိတ်သာ နေနေလိုက်သည်။
“လူငယ်လေး .. မင်းနာမည်ဘယ်လိုခေါ်လဲ..”
“တိ..” ရှီဟောင်ပြန်ဖြေလိုက်သည်။
(တိ – ဧကရာဇ်)
ဤလူအုပ်ကြီး တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ တစ်ယောက်ယောက်က ဒီလိုမျိုးနာမည်ကို တကယ်သုံးရဲတယ်ပေါ့..
“ဒီလိုမျိုးနာမည်ကိုသုံးရဲတာပဲ .. တိတစ်လုံးထဲပေါ့ .. ဟက်..” သူတို့သည် သူ့အားကြည့်လိုက်ကာ “နာမည်က အတုပဲဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် အခုတော့မင်းကိုခေါ်ဖို့ ဒီနာမည်ပဲ သုံးကြတာပေါ့ .. ပြီးမှ ငါတို့စုံစမ်းလိုက်လို့ရတယ် .. ငါသိချင်တာက မင်းက ဘယ်မျိုးဆက်ကလဲ ..မင်းမှာ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ..”
“ကျုပ်က ငယ်ငယ်ကတည်းက စွန့်ပစ်နယ်မြေမှာ ကြီးလာတာ .. အခုမှ လောကကြီးထဲကို ဝင်လာတာ .. ဒါပေမဲ့ မကောင်းတဲ့ကောင် လိမ်ဖမ်းတာကိုခံလိုက်ရတယ်” ရှီဟောင် အမူအရာကင်းမဲ့စွာပင်ပြောလိုက်သည်။
“လိမ်နေတယ် .. မင်းနောက်ခံကိုပြော” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ထို့အပြင် အကြီးအကဲတစ်ယောက်သည် သူ၏အသိစိတ်ပင်လယ်ကို စူးစမ်းလေ့လာရန်အတွက် သူ့လက်ကို ရှီဟောင်နဖူးပေါ်သို့ တင်ထားလိုက်လေသည်။
ရှီဟောင် သူ့အားစိုက်ကြည့်လိုက်၏။ သူ မည်သူဖြစ်သည်ကို စုံစမ်းတော့မည်။ သူထံတွင် မည်သည့်လျှို့ဝှက်ချက်မှရှိတော့မည်မဟုတ်ပေ။ သူ၏စွမ်းအားကြီးသည့် အဖိုးတန်အဆင့်လွန်ပညာများပင် လုယူခံရတော့မည်။
“ဟမ်..” ထို့နောက်တွင် ထိုအကြီးအကဲသည် ထိတ်လန့်တကြားဖြင့်ပင် ချက်ချင်း နောက်ပြန်ဆုတ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူအရိုးစာသားများကို အသက်သွင်းရုံသာရှိသေးသည် ရှီဟောင်၏မျက်ခုံးကြားမှ အက်ကွဲလာကာသွေးများစီးကျလာသောကြောင့်ပင်။
“အချုပ်အနှောင်တွေရှိနေတယ် .. လေ့လာလိုက်တာနဲ့ သူ့ရဲ့မူလဝိညာဉ်ပျက်စီးသွားလိမ့်မယ်” အခြားသူများ မျက်နှာပျက်သွားရသည်။
ဤသည်မှာ ယခင်က ရှီဟောင် သူ့ကိုယ်သူ ပြန်လုပ်ထားသည့် အရံအတားပင်။ မိုးမခနတ်ဘုရားပညာ၊ လျှပ်စီးဧကရာဇ်သင်္ကေတ၊ ခွန်ပန်တံဆိပ်တို့အားလုံးကို ကာကွယ်ထားသည်။ သူ၏မူလဝိညာဉ်ကို ကန့်သတ်ထားသောကြောင့် သူသုံ့ပန်းဖြစ်သွားလျှင်ပင် စိုးရိမ်စရာမလိုတော့ပေ။
ဤလူများသည် ဆက်မလုပ်တော့ပဲ ရပ်တန့်လိုက်ကြသည်။
“လူငယ်လေး .. ငါတို့ကို မင်းက ဘယ်လိုမျိုးကွဲပြားကြောင်း၊ မင်းရဲ့တန်ဖိုးကို ပြဖို့လိုတယ် .. မဟုတ်ရင် မင်း သာမန်ကျွန်တွေလိုမျိုး မိုင်းတွင်းတွေထဲမှာပဲ သေသွားရလိမ့်မယ်..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။
“ချုပ်ထားတာတွေ ဖြည်ပေး..” ရှီဟောင်တည်ငြိမ်စွာ ပြောလိုက်သည်။
ဤနေရာတွင် ဂိုဏ်းခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်များလည်းရှိနေသောကြောင့် သူတစ်ခုခုလုပ်လိုက်မည်ကို မစိုးရိမ်ကြပေ။
ရှီဟောင်သည် အချုပ်အနှောင်မှ လွတ်မြောက်သွားသည်နှင့် ထာဝရစွမ်းအင်တစ်ကြောင်းကို ထုတ်လွှတ်လိုက်သည်။
ဤလူများအားလုံး ဆွံ့အသွားရ၏။ ဤလူငယ်လေးမှာ တကယ်ကို စွမ်းအားကြီးလှသည်ပင်။
“ထာဝရစွမ်းအင်ကိုကျင့်ကြံထားတယ် .. ဒီလိုအရည်အချင်းမျိုးက သာမန်မဟုတ်ဘူး .. သူကောင်းကင်နတ်ဘုရားကျောင်းကို သွားသင့်တယ်..” အကြီးအကဲတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။
“ထာဝရစွမ်းအင်တစ်ကြောင်းထဲနဲ့ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့က အရမ်းခက်ခဲလိမ့်မယ်” အခြားတစ်ယောက်မှ ခေါင်းခါကာပြောလိုက်သည်။ ဤလူသည် ဤရှေးဟောင်းမိုင်းတွင်းရှိ သူ၏ကလန်တွင် နံပါတ်တစ် ကျွမ်းကျင်သူဖြစ်ပုံရသည်။
ရှီဟောင်တုံ့ဆိုင်းမနေတော့ပေ။ ယခုအချိန်တွင် သူ၏ခွန်အားကို ပြသရန်လိုအပ်သည်။ သို့မှသာ ဤလူများ၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်။ သူ့အားအရေးကြီးသည့်သူဟု သတ်မှတ်ထားမှသာ သူပြန်လွတ်နိုင်ချေ များလိမ့်မည်။
ထို့နောက် ဒုတိယမြောက် ထာဝရစွမ်းအင်ကြောင်း ပေါ်လာလေ၏။ ဤသည်မှာ အနည်းငယ်မှုန်ဝါးနေပြီး သိပ်မထင်ရှားပေ။ ဤသည်မှာလည်း သူတမင်သက်သက်လုပ်လိုက်ခြင်းပင်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်..” ဤလူများ အံ့အားသင့်သွားလေ၏။
ဤမျှ ထူးချွန်သည့်သူကို ဝယ်မိလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
ဤလူများသည် တစ်ယောက်ကိုတစ်ယောက် ထူးဆန်းသည့်အမူအရာများဖြင့် ကြည့်နေကြလေသည်။
ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့်သူမှာ အနန္တကောင်းကင်မှ ဂျီးနီးယပ်စ်များကြားတွင်ပင် ရှားပါးလှသည်။ ဤကဲ့သို့သောလူမျိုးကို ဂိုဏ်းအားလုံးမှ လိုက်ရှာကာ ကာကွယ်ကြမည်ပင်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သောလူမျိုး အရွယ်ရောက်လာသည်နှင့် သူတို့သည် သေချာပေါက်ပင် စွမ်းအားကြီးသည့် ကျွမ်းကျင်သူတစ်ယောက် မလွဲမသွေဖြစ်လာမည်ပင်။
“လူငယ်လေးတိ မင်းကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ချင်လား..” အကြီးအကဲတစ်ယောက်မှ မေးလိုက်သည်။
“ကျွန်တော်လည်း အဲဒီအကြောင်းကို ကြားဖူးပါတယ် .. အဲဒီကိုသွားကြည့်ရင်လည်း မဆိုးပါဘူး” ရှီဟောင်လည်း ပုံမှန်အတိုင်းပင် ပြောလိုက်သည်။
“ငါ့ကလန်က မမလေးက အဲဒီမှာ .. မင်းသူ့နောက်က လိုက်ချင်ရင်တော့ ငါတို့မင်းကို အဲဒီကိုပို့ပေးလို့ရတယ်” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
“မိန်းကလေးတစ်ယောက်နောက်ကို လိုက်ရမယ်..” ရှီဟောင်ခေါင်းမော့လိုက်ကာ တမင်သက်သက်ပင် မကျေနပ်သည့်ပုံ ပြလိုက်သည်။
“ဟား ဟား..”
တစ်စုံတစ်ယောက်သည် ရယ်မောလိုက်ကာ “လူငယ်လေး .. မင်း ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံနိုင်တာနဲ့ပဲ မင်းကိုယ်မင်း မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား .. ငါ့ကလန်က မမလေးက လက်တစ်ဖက်တည်းမြှောက်လိုက်ရုံနဲ့ မင်းကို ဖိနှိပ်နိုင်တယ် .. သူက အနန္တကောင်းကင်မှာ နံပါတ်တစ် နတ်သမီးဖြစ်ချင်တာ .. သူ့ရဲ့ကျင့်ကြံမှုက မင်း စိတ်ကူးကြည့်လို့မရလောက်အောင်ကို အရမ်းနက်နဲတယ်..”
“သူက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံပြီးသွားပြီလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်…” ရှီဟောင်ပြောလိုက်၏။
“မင်းထင်ထားတာထက်ကိုပိုပြီးတော့ အထင်ကြီးဖို့ကောင်းတယ် .. မမလေးမှာ ပြိုင်ဘက်ကင်းတဲ့ထာဝရသွေးရှိတယ် .. သူက ငါ့ကလန်က မဟုတ်ပေမယ့် အနန္တကောင်းကင်တစ်ခုလုံးမှာ အတောက်ပဆုံး ပုလဲလုံးလေးပဲ..” အကြီးအကဲမှ ပြောလိုက်၏။
အပိုင်း ၁၂၆၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၀ – အခြေအနေများ
“အသက်ရှည်တဲ့မိသားစုလား” ရှီဟောင် သူတို့ကို ကြည့်လိုက်သည်။ ဤကလန်တွင် စွမ်းအားကြီးသည့်သူ အတော်များသည်ဟု သူ ခံစားနေရသည်။ ဤနေရာသည် မိုင်းတွင်းတစ်ခုသာဖြစ်သော်လည်း ဤနေရာကို စောင့်ကြပ်နေသည့် ထူးခြားသည့်ပုဂ္ဂိုလ်များစွာရှိနေသည်။
အကြီးအကဲသည် ရယ်မောလိုက်ကာ “ငါ့ကလန်မှာ အရင်တုန်းကတော့ အသက်ရှည်တဲ့သက်ရှိရှိတယ် .. ဒါပေမဲ့ ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပါ .. အဲဒီတည်ထောင်သူက စစ်ပွဲထဲမှာ သေသွားပါပြီ..”
သူ ဝမ်းနည်းမနေပေ။ သူတို့သည် နှမြောကာ လက်မခံလိုကြသော်လည်း အချိန်က အရာအားလုံးကို ကုစားသွားနိုင်သည်ပင်။ အတိတ်မှ တောက်ပမှုမှာလည်း အတိတ်တွင်သာ ကျန်ခဲ့လေပြီ။
“အဲဒါဆိုရင် အကြီးအကဲတို့ကလန်က မမလေးက ထာဝရမျိုးဆက်လို့ ပြောလို့ရတာပေါ့ .. ဒီတိုင်း နာမည်က နတ်သမီး ဖြစ်နေတာမဟုတ်ပဲနဲ့ တကယ်နတ်သမီးအစစ်ပေါ့..” ရှီဟောင် ထူးဆန်းသည့်အမူအရာဖြင့် မေးလိုက်သည်။
ယခင်က သူသည် လင်ထျန်းတို့နှင့်ရန်ဖြစ်ခဲ့ပြီး ဤကဲ့သို့သော မိသားစုမျိုးအကြောင်းကိုပင် ပြောခဲ့သေးသည်။
ထိုအချိန်တုန်းက မျက်ဝန်းပြာနှင့်အမျိုးသမီး လန်လင်သည် သူသာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်နိုင်ပါက သူသည် နတ်သမီးအစစ်များနှင့် မိတ်ဖွဲ့နိုင်ပြီး သူတို့အား ဇနီးအဖြစ်တောင် ယူ၍ရသည်ဟု သူ့အား လှောင်ပြောင်ခဲ့သေးသည်ပင်။
ဤကဲ့သို့သော မိသားစုမျိုးတကယ်ရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သို့သော်လည်း သူ၏အခြေအနေမှာ အနည်းငယ်ရှက်စရာကောင်းနေသည်။ သူသည် ကျွန်တစ်ယောက်ဖြစ်နေသည်ပင်။
“လူငယ်လေး .. ကြည့်ရတာ မင်းရည်မှန်းချက်တွေက သိပ်မသေးဘူးထင်တယ် .. ဟက်.. မင်းက အကျဉ်းသားဖြစ်နေတာတောင်မှ မင်းမျက်လုံးတွေက နတ်အလင်းတွေ တောက်ပနေသေးတယ် … မင်းက တကယ်ပဲ ငါ့ကလန်က မိန်းမပျိုလေးကို မျက်စိကျနေတာလား .. မင်းကိုယ်မင်း အထင်မကြီးနဲ့..” လူလတ်ပိုင်းတစ်ယောက်မှ လှောင်ရယ်လိုက်သည်။
“ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက်မျိုး မရှိပါဘူး” ရှီဟောင်ခေါင်းခါ၍ ပြောလိုက်၏။
“ဟား ဟား .. မရှိရင် အကောင်းဆုံးပေါ့.” တစ်စုံတစ်ယောက်မှ ခေါင်းညိမ့်၍ပြောလိုက်သည်။ ထို့နောက် သူသည် ရှီဟောင်အား ကြည့်ကာ “ငါတို့မင်းကို ကောင်းကင်နတ်ဘုရားကျောင်းကို ပို့ပေးနိုင်ပါတယ် .. ဒါပေမဲ့ သူတို့ရဲ့ ကျောင်းသားရွေးချယ်ပွဲက ပြီးသွားပြီ .. အဲဒီတော့ ငါတို့တစ်ခြားနည်းကို သုံးရမယ်..”
သူတို့ပြောသည့်ပုံစံအတိုင်းဆိုလျှင် ရှီဟောင်ကို ကျောင်းထဲသို့ ပို့ပေးနိုင်သည်။ သို့သော်လည်း သူသည် သူတို့မမလေး၏ အစေခံအနေဖြင့် ဝင်သွားရမည်။
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏ မျက်ခုံးများ တစ်တန်းတည်းဖြစ်သွားရသည်။ အစေခံအနေဖြင့်ဝင်ရမည်ကို သူ ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း..
သူ ထာဝရစွမ်းအင်နှစ်ကြောင်းကို ထုတ်ပြခဲ့ခြင်းမှာ သူ၏အလားအလာကိုထုတ်ပြချင်ပြီး ဤနေရာတွင်ရှိနေသည့်လူများ သူ့အားအရေးကြီးသည့်လူဟု သတ်မှတ်စေလိုသောကြောင့်ပင်။
သို့သော်လည်း နောက်ဆုံးတော့ သူသည် အစေခံအနေဖြင့် ဆက်သွားရတော့မည်။ ဤသည်မှာ အရှက်ကွဲခြင်းပင်။
ရှီဟောင် သူ့ဘာသာသူ စဉ်းစားကြည့်လိုက်သည်။ သူအနန္တကောင်းကင်ကိုရောက်လာကတည်းက အမြဲတမ်း နောက်ပြန်သွားနေရသည်။ သူသည် ဖမ်းခံလိုက်ရပြီး အကျဉ်းသားဖြစ်ကာ ကျွန်ပင်ဖြစ်လာသည်။ ဤသည်မှာ သူ့ကိုတကယ် ဒေါသထွက်စေသည်ပင်။
သို့သော်လည်း သူ ယခုတော့ မဟစ်ကြွေးနိုင်သေး။ အခွင့်အရေးကို စောင့်ဆိုင်းရမည်။
“မင်း မလုပ်ချင်ဘူးလား .. စည်းမျဉ်းတွေ ချိုးဖောက်ဖို့မလိုပါဘူး..” အကြီးအကဲတစ်ယောက်မှ ဆက်ရှင်းပြလိုက်သည်။
ဤသည်မှာ အဆင်ပြေသည့် အစီအစဉ်တစ်ခုပင်။ သူတို့ပြောသည့်အတိုင်းဆိုလျှင် ကောင်းကင်နတ်ဘုရားကျောင်းသားတိုင်းသည် အစေခံအချို့ကို ခေါ်ယူခွင့်ရှိသည်။
ရှီဟောင် အစေခံအနေနှင့်ဝင်လိုက်သော်လည်း တစ်နေ့ကျလျှင်တော့ သူ ကောင်းကင်နတ်ဘုရားကျောင်းကို တကယ်ဝင်နိုင်မည့်နေ့ ရောက်လာနိုင်သည်ပင်။
သို့သော် ဤသည်မှာလည်း သူ မမလေးနောက်လိုက်မည်ဟု ကတိပေးမှသာလျှင်။ သူ ကျွန်နေရာမှ လွတ်သွားသော်လည်း သူတို့လက်အောက်မှ မလွတ်မြောက်နိုင်သေး။ သူ သူတို့ကို သစ္စာဖောက်၍မရ။ သူတို့ကလန်နှင့်အတူ လှုပ်ရှားရမည်ပင်။
အမှန်တကယ်တွင် လူငယ်ကျွမ်းကျင်သူများစွာလည်း လှုပ်ရှားနေကြသည်ပင်။ ကောင်းကင်နတ်ဘုရားကျောင်းတွင် အခွင့်အလမ်းကောင်းများစွာ ရှိနေသောကြောင့် သူတို့သည် အစေခံအနေဖြင့်ဝင်ရလျှင်တောင် ဝင်လိုကြသည်ပင်။
ထိုလူများထဲတွင် ကလန်မှ စွမ်းအားအကြီးဆုံးလူငယ်ကျွမ်းကျင်သူလည်းပါဝင်သည်။ စွမ်းအားကြီးသည့် ပါရမီရှင်များမှာ ယာယီအစေခံဖြစ်လိုကြသည်ပင်။
ကလန်မှ လူများမှာ ထိုနေရာသို့သွားပြီး အခြားသူများနှင့် သဘောတူညီမှုများ ပြုလုပ်လိုသည်အထိပင်။
“ကောင်းကင်နတ်ဘုရားကျောင်းကို မသွားခင်တော့ မင်းလုပ်စရာတစ်ခုရှိတယ် .. ကြည့်ရတာ .. မင်းအခုလုပ်မှရမယ်ထင်တယ်..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်၏။
ရှီဟောင် ဘာမှမပြောပေ။ ဤလူများသည် အလကားနေရင်း သူ့အား သဘောကောင်းပြမည်မဟုတ်သည်ကိုသူသိသည်။ ဤလူများသည် သူ့အလားအလာကို တန်ဖိုးထားသော်လည်း သူ့အား အလကားကူညီပေးမည်မဟုတ်ပေ။
နောက်ဆုံးတွင်တော့ သူ၏ခွန်အားမှာ သူတို့ကလန်မှ မမလေးကိုကာကွယ်ကာ ထိုမမလေးနောက်လိုက်ရန် ဖြစ်လာလေ၏။ သူတို့သည် သူ့အား ထိုမမလေး၏ သန်မာသည့် ‘နောက်လိုက်’ တစ်ယောက်အဖြစ် မြင်နေကြခြင်းသာ။
“ကောင်းကင်နတ်ဘုရားကျောင်းမှာ ပြိုင်ဆိုင်မှုတွေက တော်တော်လေးပြင်းထန်တယ် .. ငါတို့ကလန်က ပုလဲလုံးလေးတောင်မှ ဖိအားတွေ ရင်ဆိုင်နေရတယ် .. အကူအညီတွေလိုတယ် .. အခွင့်အရေးတွေ လိုအပ်တယ်” ကလန်မှ လူမှ ပြောလိုက်သည်။
သူတို့ထံမှ ကောင်းကင်နတ်ဘုရားကျောင်းအကြောင်း အနည်းငယ်ကို သိလိုက်ရပြီး သူအံ့အားသင့်သွားရသည်။
ယခုတွင် ကောင်းကင်နတ်ဘုရားကျောင်းသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ သူရဲကောင်းများကို စုစည်းနေခြင်းပင်။ ထိုသူများအားလုံး မတူညီသည့်လောကများမှ ထူးချွန်သည့် ပါရမီရှင်များပင်။ သူတို့ထဲတွင် အားနည်းသည့်သူ မည်သူမှ မပါပေ။
ဤကဲ့သို့သော် ပါရမီရှင်များ စုစည်းနေသောကြောင့် သူတို့သည် ထာဝရဧကရာဇ်များ၏ မျိုးဆက်များဖြစ်လျှင်ပင် သူတို့အားလုံး ကြီးမားသည့်ဖိအားများကို ခံစားနေရမည်ပင်။ အဘယ်ကြောင့်ဆိုသော် အမှားသေးသေးလေး မှားမိသွားသည်နှင့် သူတို့၏အခွင့်အရေးကို အခြားသူများ ယူသွားလိမ့်မည်။
ဤနေရာတွင် နောက်ကျသွားသည်ဆိုသည်မှာ ထာဝရတာအိုအရင်းအမြစ်များ ဆုံးရှုံးခြင်းပင်။
ဖီးနှစ်သွေးကန်၊ ထာဝရလှိုဏ်ဂူ၊ သက်ရှည်ဆေးပင်၊ တာအိုလေ့လာသည့်စင်္ကြံ စသည့်အရာများအားလုံးမှာ စွမ်းအားအကြီးဆုံးသူများကို အရင်ဆုံးပေးခြင်းပင်။
ရှီဟောင် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးမှ အေးစက်သည့်အလင်းများ ထွက်ပေါ်လာလေ၏။ သူ ယခုမှ ယွမ်ချင်း၏ ရည်ရွယ်ချက်ကို နားလည်တော့သည်။ ဤလူသည် သူ့အဆင့်ကို လျော့ချရန်အတွက် သူ့အားတမင်သက်သက်ဖိနှိပ်ထားခြင်းပင်။
လက်ရှိတွင် ဂျီးနီးယပ်စ်များသည် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေကြသောကြောင့် ယခုအချိန်မှာ တိုးတက်ဖို့အချိန်ကောင်းပင်။ သို့သော်လည်း သူသည် သေမင်းနယ်မြေသို့ ပို့ခံလိုက်ရပြီး သူ့အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးနေရသည်။
“ခင်ဗျားတို့အားလုံး ဘာလိုချင်လို့လဲ..” ရှီဟောင်မေးလိုက်၏။
ဤကလန်မှ မမလေးတစ်ခုခုလိုအပ်နေခြင်းဖြစ်ပြီး သူလည်း ထိုအတွက် သင့်တော်လိမ့်မည်ပင်။ သူတို့ဘာဖြစ်ချင်သည်ကို နားထောင်လိုက်တာ ပိုကောင်းလိမ့်မည်ပင်။
“ကောင်းကင်နတ်ဘုရားကျောင်းမှာ ကောင်းကင်ပါရမီရှင်တွေ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေကြတာ .. အခုက သူတို့ရဲ့အရည်အချင်းကို ပြရုံတင်မကဘူး မိသားစုနောက်ခံတွေလည်း လိုအပ်သေးတယ်..”
သူတို့သည် ဤနေရာတွင် အသက်ကျောက်တုံးကိုရှာကာ ထာဝရသွေးရှိသည့် သူတို့မမလေးထံသို့ ပို့ပေးစေလိုခြင်းပင်။
“အသက်ကျောက်တုံးလား..” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။ သူ ဤကျောက်တုံးအကြောင်းကို ယခင်က ကြားဖူးသော်လည်း သူ့အသုံးဝင်ပုံကို မသိသေးပေ။
ဤအရာသည် ဂိုဏ်းခေါင်းဆောင်အဆင့်ပုဂ္ဂိုလ်များကို ပို၍အသက်ရှည်အောင် လုပ်နိုင်သည်ဟုသာ သူသိသည်။ ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုပင်။
“မင်းအများကြီးသိစရာမလိုဘူး .. မင်း ကျောက်တုံး တစ်ခု၊နှစ်ခုလောက် ပြန်ယူလာနိုင်ရင် ရပြီ .. အဲဒါပြီးရင် မင်း ဒီကနေ ချက်ချင်း ထွက်သွားလို့ရပြီ .. ငါတို့မင်းကို ကောင်းကင်နတ်ဘုရားကျောင်းကို ပို့ပေးမယ်..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ဤသည်မှာ သူတို့လိုချင်သည့် အခြေအနေပင်။ သူကျွန်ဘဝမှ လွတ်ချင်လျှင် သူ၏ရိုးသားမှုကို ပြသကာ အသက်ကျောက်တုံး ယူလာပေးရမည်။
အခြားသူများသာ ဤအခြေအနေကို ကြားလိုက်ပါက သူတို့အမူအရာ ပြောင်းလဲသွားမည်ပင်။ ဤနေရာတွင် အသက်ကျောက်တုံးများရှိသော်လည်း အလွန်ရှားပါးလှသည်။ ထို့အပြင် မည်သူက မူလရှေးဟောင်းမိုင်းတွင်းထဲသို့ ဝင်ရဲမည်နည်း..
ရှီဟောင် စဉ်းစားနေသည်မှာ ဤကောင်းကင်ရတနာသည် သူနှင့် မမလေး နှစ်ယောက်လုံးအတွက် သေချာပေါက် အသုံးဝင်မည်ဖြစ်သောကြောင့် ရှာဖို့တန်သည်ပင်။
သူသည် ပထမဆုံးအခွင့်အရေးကို လွဲချော်သွားခဲ့ပြီဖြစ်သောကြောင့် အခြားနည်းလမ်းဖြင့် ကွာဟချက်ကို ဖြည့်ကာ အခြားသူများကို ကျော်တက်ရမည်ပင်။
မူလရှေးဟောင်းမိုင်းတွင်းသည် အန္တရာယ်များသာမရှိပါက ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သည့်နေရာပင်။ ထိုနေရာတွင် ထာဝရစွမ်းအင်ရှိနေပြီး ဤသည်မှာ အခြားသန့်စင်သည့်မြေများပင် မယှဉ်နိုင်သည့်အရာပင်။
အခြားသူများသာ သူတွေးနေသည်ကို သိသွားပါက သူ့အား ကျိန်ဆဲနေလောက်သည်။ လူ ဘယ်နှစ်ယောက်လောက်ကများ ဒီရှေးဟောင်းမိုင်းတွင်းကြီးကို မျက်စိကျရဲလို့လဲ .. ဘယ်သူကများ ဒီနေရာကိုလာပြီးကျင့်ကြံရဲမှာလဲ.. သို့သော်လည်း သူ့အသက်ကို တန်ဖိုးမထားသည့် အရူးတစ်ယောက်ကတော့ ရှိနေသည်ပင်။
“မင်း အသက်ကျောက်တုံး ရှာမှာလား..” ကလန်မှလူများ ထိတ်လန့်သွားရသည်။ သူတို့သည် အစက သူ့ကို သိမ်းသွင်းရန်အတွက် စကားနည်းနည်းပြောပြီး ခြိမ်းခြောက်ကာ ကတိတွေ ထပ်ပေးရလိမ့်ဦးမည်ဟု ထင်ထားခဲ့ခြင်းပင်။
“မင်းမှာ ဒီက ထာဝရမြူတွေနဲ့ အရင်းအမြစ်တူတဲ့ ထာဝရစွမ်းအင် ၂ ကြောင်းရှိနေတယ် .. အဲဒီတော့ မင်းက တစ်ခြားသူတွေထက်ပိုပြီးတော့ လုံခြုံလောက်တယ် .. အဲဒီတော့ မင်းအများကြီး စိတ်ပူစရာမလိုဘူး .. အခုက အသက်ကျောက်တုံးကိုရှာဖို့ အချိန်ကောင်းပဲ..” လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးမှ အားပေးလိုက်သည်။
“ကျွန်တော့်ကို ဒီလိုမျိုးနှစ်သိမ့်တဲ့စကားတွေ ပြောနေဖို့မလိုပါဘူး .. ကျွန်တော့်ကို အသက်ရှင်အောင် လုပ်ပေးနိုင်မယ့် လျှို့ဝှက်ရတနာနဲ့ လိုအပ်တာတွေသာ ပေးလိုက်ပါ” ရှီဟောင်ပြောလိုက်၏။
ယွမ်ချင်း သူ့ကို ဤနေရာသို့ ပို့လိုက်သောကြောင့် ဤလူများလည်း သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။ သူစွန့်စားလိုက်တာ ပိုကောင်းလိမ့်မည်ပင်။
“လူငယ်လေး မင်းက တော်တော်လေးသတ္တိရှိတာပဲ .. မင်းရဲ့အနာဂတ်ကို ငါတော်တော်လေး သိချင်မိတယ် .. မင်းသာ ဒီမှာ လုံလောက်အောင် ထူးချွန်ရင် နောင်ကျရင် မင်းငါ့ကလန်က ပုလဲလုံးလေးနှင့် ဘေးချင်းယှဉ်လျှောက်နိုင်မယ် .. အဲဒီအချိန်ကျရင်..”
ဤအကြီးအကဲသည် ရှီဟောင်အား အားပေးဖို့ ကြိုးစားကာ စကားချိုချိုလေး ပြောနေခြင်းပင်။
သို့သော်လည်း သူ လူမှားသွားလေပြီ။ ရှီဟောင်သည် သူ့စကားကို ဖြတ်ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အဖိုးတန်ပစ္စည်းနဲ့ တစ်ခြားဟာတွေ ပြင်ဆင်ပေးပါ..”
ကျွမ်းကျင်သူများ၏ အမူအရာများမှာ အနည်းငယ် ရှက်သည့်ပုံစံဖြစ်သွားလေ၏။ သို့သော်လည်း သူတို့သည် ခဏအတွင်းမှာပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားလေ၏။
“မင်း သဘောတူလို့ ငါတို့ တကယ်ကို ဝမ်းသာမိပါတယ် .. လူငယ်လေးက တောက်ပပြီးတော့ ပွင့်လင်းတဲ့လူပါ .. ငါတို့စကားတွေ အများကြီး ပြောမနေတော့ပါဘူး .. မင်းအတွက် မြန်မြန်ပြင်ဆင်ပေးပါ့မယ်..”
သူတို့သည် ရှီဟောင်၏အချုပ်အနှောင်အားလုံးကို ဖယ်ရှားပေးကာ သူ့ကို ကန့်သတ်ထားသည်များလည်း ဖယ်ရှားပေးလိုက်သည်။ သို့သော်လည်း အကြီးအကဲတစ်ယောက်သည် သူ့ခေါင်းပေါ်သို့ စိန်ကွင်းတစ်ခုကို ဆောင်းပေးလိုက်လေသည်။
ဤသည်မှာ သူတို့ကလန်၏ လျှို့ဝှက်ရတနာပင်။ ဤခေါင်းပတ်ကို ဝတ်ထားသည်နှင့် ဖယ်ရှားရန် ခက်ခဲလှပြီး တစ်စထက်တစ်စ ပို၍တင်းကြပ်လာမည်ပင်။
ဤစိန်ခေါင်းပတ်သည် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်းမသိသော်လည်း ငွေဖြူရောင်တောက်ပနေလေသည်။ ထူးဆန်းသည့်အရိုးစာသားမျိုးစုံလည်း စီးဆင်းနေလေ၏။
ဤသည်မှာ လက်ကောက်နှင့်တူသော်လည်း တဖြည်းဖြည်းကြီးလာကာ ရှီဟောင်ခေါင်းကို ရစ်ပတ်သွားခြင်းပင်.
မူလကြယ်သည် အပင်တစ်ပင်မှမရှိပဲ ခြောက်သွေ့နေသည့်နေရာပင်။
သို့သော်လည်း ဤနေရာကိုပင် စွမ်းအားကြီးသည့်သူများသည် အပိုင်းပိုင်းခွဲကာ ကိုယ့်နယ်မြေကိုယ် အုပ်စိုးကြလေသည်။
ဤရက်များအတွင်းတွင် စွမ်းအားကြီးသူများအားလုံးသည် ကျွန်များကို စေလွှတ်ကာ ရှေးဟောင်းမိုင်းတွင်းဝင်ပေါက်တစ်ဝိုက်ကို စစ်ဆေးစေလေသည်။
အနီးတဝိုက်ဟုဆိုသော်လည်း တကယ်တမ်းမှာ လီပေါင်းရာပေါင်းများစွာ ဝေးသေးသည်ပင်။ သူတို့အရမ်းနီးသွားပါက အလွန်အန္တရာယ်များလိမ့်မည်။ ပြောလို့မရ .. သူတို့ ထိုဂူကြီး စုတ်ယူခြင်းကို ခံလျှင်ခံရနိုင်သည်။
သို့သော်လည်း မူလရှေးဟောင်းမိုင်းတွင် ပြန်တည်ငြိမ်သွားသည့်အချိန်တိုင်း အတော်လေး ငြိမ်းချမ်းသွားပြီး သွေးလွှမ်းသည့်အဖြစ်အပျက်များလည်း သိပ်မဖြစ်တော့ပေ။
ထို့ကြောင့်ပင် ဤရက်ပိုင်းအတွင်း ရှာဖွေမှုများရှိနေခြင်းပင်။
ရှီဟောင်လည်း သူ၏ပြင်ဆင်မှုများကို ပြုလုပ်နေလိုက်သည်။ သူသည် ထိုခေါင်းပတ်ကြီး ဝတ်ထားရသောကြောင့် ဒေါသထွက်နေရသော်လည်း သူ သည်းခံထားလိုက်သည်။
သူ အနန္တကောင်းကင်သို့ ရောက်လာပြီးနောက်ပိုင်း ကိစ္စများစွာ အလွန်ဆိုးရွားနေသည်။ သူအဆီးအတားအားလုံးကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးကို သူစောင့်ဆိုင်းနေခြင်းပင်။
ဤရက်များအတွင်းတွင် ဤကလန်မည်မျှစွမ်းအားကြီးသည်ကိုလည်း သူသိလာရသည်။ ဤကလန်၏မျိုးရိုးနာမည်မှာ ဝမ်ဖြစ်ပြီး ထာဝရရှေးဟောင်းခေတ်ကတည်းက ရှိခဲ့သည့်ကလန်ဟု ပြောကြသည်။
သူတို့ဘိုးဘေးမှာ ခွန်အားကြီးလှပြီး ထာဝရတာအိုပုဂ္ဂိုလ်တစ်ယောက်ပင်။ သူသည် အသက်ရှည်ကာ မသေမျိုးဖြစ်သော်လည်း ထာဝရရှေးဟောင်းခေတ် တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့ရသည်။
ရှီဟောင် စတင်ထွက်ခွာလေပြီ။ ကလန်သည် သူ့အတွက် လျှို့ဝှက်ရတနာမျိုးစုံကိုပြင်ဆင်ပေးထားပြီး ယခု သူ မူလရှေးဟောင်းမိုင်းတွင်းထဲသို့ ဝင်တော့မည်။
အပိုင်း ၁၂၇၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၁ – မိုင်းတွင်းသို့ ဝင်ခြင်း
တောင်ကြောကြီးမှာ ခြောက်ကပ်မည်းတူးနေလေ၏။ တောင်များမှာလည်းသွေးရောင်ဖြစ်နေသည်။
ဤသည်မှာ မူလကြယ်ပင်။ ရှီဟောင် တစ်လှမ်းစီလျှောက်ရင်းဖြင့်ပင် ထိုရှေးဟောင်းမိုင်းတွင်းထံသို့ ဦးတည်သွားလိုက်သည်။
ဤမိုင်းတွင်းမှာ သမိုင်းတွင် နာမည်ကျော်ကြားလှပြီး စွမ်းအားကြီးသည့်သူ အသက်ပေါင်းများစွာကို ယူပြီးသွားလေပြီ။ ယခုခေတ်တွင်တော့ မည်သူမှ မစွန့်စားရဲတော့ပဲ ကျွန်များကိုသာ လွှတ်တော့သည်။
ကျွန်များ၏အသက်သည်လည်း အသက်ပင်ဖြစ်သောကြောင့် မည်သူမှ မဖြုန်းတီးပစ်ချင်ကြပေ။ ပြောမည်ဆိုလျှင် ကျွန်များကိုပင် ရှေးဟောင်းမိုင်းတွင်းထဲသို မဝင်စေပဲ အနီးအနားတွင်သာ တူးဖော်ခိုင်းခြင်းပင်။
ဤနေရာတွင် လူများစွာ ရှိနေလေ၏။ အားလုံးမှာ ကျွန်များပင်။ သူတို့အဝတ်အစားများမှာ စုတ်ပြဲနေပြီး အသက်ဆက်ရှင်နိုင်ရန်အတွက် ဤနေရာတွင် နေ့တိုင်းအလုပ်ကြိုးစားနေရလေ၏။
ရှီဟောင်လည်း သူတို့ထဲမှ တစ်ယောက်ပင်။ သို့သော်လည်း သူသည် ရပ်တန့်မသွားပဲ၊ အခြားသူများကဲ့သို့ တောင်ကြောကို ဖောက်မသွားပဲ ထိုနေရာ၏အလယ်ကိုသာ ဦးတည်သွားလိုက်သည်။
ဤတောင်မှာ အလွန်ပင်မာကျောလှကာ ကောင်းကင်နတ်ဘုရားများပင်လျှင် တူးဖို့ခက်လှသည်။ ထို့ကြောင့်ပင် သာမန်ကျင့်ကြံသူများမှာ အလွန်ခက်ခက်ခဲခဲပင် လုပ်နေရလေ၏။
သူလာသည့်လမ်းတစ်လျှောက်တွင် မြေပြင်၌ အပေါက်များစွာရှိနေပြီး နေရာတိုင်းတွင်လည်း လူများရှိနေလေသည်။
အချိ့လူများမှာ ဤနေရာရှိ ကျောက်များထူးခြားလှပြီး ပစ္စည်းများပင်ပြုလုပ်၍ရလောက်သည်ဟု စဉ်းစားကာ အပြင်ဘက်လောကရောက်လျှင် ပြန်ရောင်းနိုင်ရန်အတွက် ဤကျောက်များကို ယူသွားကြလေ၏။ သို့သော်လည်း သူတို့ဤနေရာမှ ထွက်သွားသည်နှင့် အရာအားလုံး ပြောင်းလဲသွားလေသည်။ ကျောက်များမှာ အလွယ်တကူပင် မွစာကြဲသွားလေ၏။
ဤသည်မှာ မူလရှေးဟောင်းမိုင်းတွင်းရှိနေသောကြောင့် ဤအနီးအနားတွင်ရှိနေသည့် အရာအားလုံး ထိခိုက်သွားခြင်းဖြစ်ကြောင်း နောက်မှအားလုံး နားလည်သွားရသည်။
ရှီဟောင်ဆက်လျှောက်လာသည်နှင့် လူများတဖြည်းဖြည်း နည်းပါးလာလေသည်။
ဝူး..
အနက်ရောင်လေပွေတစ်ခု တိုက်ခတ်သွားကာ ကျောက်တောင်တစ်ခုမှာ ဖုန်မှုန့်လေးဖြစ်သွားလေ၏။
ကံကောင်းစွာဖြင့်ပင် ဤလေပွေကြီးသည် ခဏလေးနှင့်ပျောက်ကွယ်သွားလေသည်။
ရှီဟောင်သည် မျက်လုံးများပြူးကျယ်လာကာ အနည်းငယ်ဆွံ့အနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ကောင်းကင်မျက်လုံးများဖြင့် သူရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ထိုအနက်ရောင်လေပွေကြီးသည် လေထဲမှ ပေါ်လာခြင်းဖြစ်ပြီး လေဟာနယ်နှင့်ရစ်ပတ်လိုက်မှသာ ထွက်သွားခြင်းပင်။
“ဒါက ဒီနေရာရဲ့ စွမ်းအားပဲ .. မူလရှေးဟောင်းမိုင်းတွင်း ပတ်ဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်ဆိုတာ ထူးဆန်းတဲ့အရာမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ သတိပေးလိုက်၏။
ဤသည်မှာ မိုင်းတွင်းအပြင်ဘက်တွင်သာရှိသေးသည်။ သူသာ အထဲဝင်သွားလျှင် ဘယ်လိုဖြစ်နေမည်နည်း..
သူ့အသက်အတွက် သူ စိုးရိမ်လာမိသည်။ သို့သော်လည်း သူ ဘာများရွေးချယ်စရာရှိနေလို့လဲ..
ဝမ်မိသားစုသည် အနောက်ဘက်မှနေ၍ သူ့အားဖိအားပေးနေသည်ပင်။ သူနောက်ပြန်လှည့်သွားလျှင် သူတို့သဘောတူမည်မဟုတ်ပေ။
“တာအိုရောင်းရင်း ခဏလောက်စောင့်ပါဦး..”
တစ်စုံတစ်ယောက်မှ အသံပို့လွှတ်ကာ သူ့အား အမှီလိုက်လာလေသည်။
အခြားမိသားစုများမှ လွှတ်လိုက်သည့် ကျွမ်းကျင်သူများလည်း ရှိနေသည်သာ။ ဤသည်မှာ စုစုပေါင်း ဒါဇင်အနည်းငယ်ရှိနေသည်ပင်။
သူတို့လည်း မူလရှေးဟောင်းမြေကို လေ့လာကြမည်ပင်။ အင်အားကြီးသည့်မိသားစုများနှင့် ရှေးဟောင်းဂိုဏ်းများပူးပေါင်းကာ ဤနေရာသို့ ဦးတည်လာခဲ့ကြခြင်းပင်။
ဤလူများမှာ ကလန်မှ အရင်းအမြစ်များစွာ အသုံးပြုကာ မွေးမြူထားခဲ့သည့် အသေခံလူများပင်။
မည်သို့ပင်ဖြစ်စေ မူလရှေးဟောင်းမိုင်းတွင်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားသောကြောင့် သူတို့အားလုံးသည် သေရမည်ကို မကြောက်ကြသော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ ထို့ကြောင့် သူတို့အားလုံး အတူတကွ သွားနေကြခြင်းပင်။
နောက်ဆုံးတွင်တော့ သူတို့သည် မိုင်းတွင်းဝင်ပေါက်နှင့် လီအနည်းငယ်သာ ဝေးတော့သည်။
သူတို့အားလုံး ရပ်တန့်လိုက်ကြလေ၏။ ထို နက်မှောင်နေသည့်ဝင်ပေါက်ကိုကြည့်ကာ သူတို့နှလုံးသည် လည်ပင်းထိသို့ပင် ရောက်လာလေပြီ။
ဤနေရာကို လူအချို့သာ ရောက်နိုင်သောကြောင့် မြေပြင်ပေါ်တွင် တူးထားသည့်အရာများသိပ်မရှိပေ။
ဤနေရာတွင် အသက်ကျောက်တုံးနှင့်အတူ အခြားကောင်းကင်ရတနာများကိုလည်း ရံဖန်ရံခါတွေ့နိုင်လေသည်။ တစ်ခါတစ်ရံတွင် ထာဝရရွှေကိုပါ တွေ့နိုင်လေ၏။ ဤသည်မှာ ဂိုဏ်းအားလုံးမှ လိုချင်နေသည့်အရာပင်။
သို့သော်လည်း ယခုတော့ ထိုအရာများမှာ ရှာဖွေရန် ခက်ခဲသွားလေပြီ.
အား..
ရုတ်တရက်ပင် စူးရှသည့်အော်သံတစ်ခု ထွက်ပေါ်လာလေ၏။ ခပ်ဝေးဝေးမှ သက်တံ့ရောင်အလင်းတန်းတစ်ခ ဖြတ်ပြေးသွားကာ ကျွန်များစွာမှာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထို့နောက်တွင် ဘာမှမရှိတော့အောင် အငွေ့ပြန်သွားလေသည်။
ဤသည်မှာ မူလရှေးဟောင်းမိုင်းတွင်းမှ ထွက်လာသည်မှာ သေချာသည်။ ဤနေရာသည် အလွန်ပင် မတည်မငြိမ်ဖြစ်နေပြီး ရံဖန်ရံခါ ထူးဆန်းသည့် စွမ်းအင်များကို ထုတ်လွှတ်နေတတ်သည်ပင်။
ဤသည်မှာ အားလုံးကို မစွန့်စားဖို့ သတိပေးနေသလိုပင်။
သူတို့သည် ဂူကြီးနှင့် လီပေါင်းတစ်ထောင်ဝေးသေးသော်လည်း ဂူကြီးကို ရှင်းရှင်းလင်းမြင်နေရလေပြီ။ ဤသည်မှာ မင်ကဲ့သို့ မည်းမှောင်နေပြီး ချောက်နက်ကြီးကဲ့သို့ပင်။
ပို၍ထိတ်လန့်စရာကောင်းသည်မှာ ဤနေရာထိ ကျွန်များ ရှိနေသေးလေသည်။ သူတို့အားလုံးသည် ဤနေရာတွင် ကြိုးကြိုးစားစားရှာနေကြဆဲပင်။
ရှီဟောင် သက်ပြင်းချလိုက်၏။ သူတို့အားလုံးသည် ကျွန်ဆိုသော်လည်း တကယ်တမ်းတော့ စွမ်းအားကြီးသည့်သူများပင်။ သူတို့သည် ပစ္စည်းကောင်းကောင်းလေးရှာတွေ့မျှသာ အသက်ရှင်နိုင်မည်ဖြစ်သောကြောင့် ပင်ပင်ပန်းပန်း ကြိုးစားနေကြခြင်းပင်။
အား..
ကြောက်လန့်တကြားအော်သံများ ထွက်ပေါ်လာလေသည်။ ထိုဂူမှ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအရင်းအမြစ်စွမ်းအင်များ ထွက်ပေါ်လာကာ ထိုအနားရှိလူများ ပေါက်ကွဲသွားလေ၏။
သူတို့အားလုံး ပြင်ဆင်လာကြသော်လည်း ဤသည်မှာ သူတို့စိတ်ကို ရိုက်ခတ်သွားနိုင်သည်ပင်။
အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသည့်သူများမှာ ကျွန်များဖြစ်သော်လည်း သူတို့အားလုံးသည် စွမ်းအားကြီးသည့် သူများပင်။ သူတို့သည် ဤနေရာတွင် တစ်ချက်လေးမှတောင် မခုခံနိုင်ကြပေ။
ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ ရှီဟောင်နှင့်သူ့နောက်၌ရှိနေသည့် လူပေါင်းဒါဇင်ပေါင်းများစွာသာ ကျန်တော့သည်။ သူတို့အားလုံး လီတစ်ထောင်တွင်ရှိနေသည့် ဂူအား ကြည့်လိုက်ကြသည်။
ဂူကြီးထံမှ အသက်ရှူသံတစ်ခုကို ကြားလိုက်ရသောကြောင့် ဤလူများအားလုံး မျက်နှာအမူအရာ ပြောင်းလဲသွားရသည်။
ရှီဟောင် အရှေ့ဆက်သွားလိုက်သည်။ အခြားသူများသည်လည်း သူနှင့်အတူ တစ်လှမ်းချင်းလိုက်လာလေသည်။
“ငါတို့အားလုံး တကယ်ဝင်ရမှာလား .. မူလရှေးဟောင်းမိုင်းတွင်းထဲကို ဝင်သွားပြီးတော့ အသက်ရှင်လျက် ပြန်ထွက်လာတဲ့သူ သိပ်မရှိဘူး..”
အချို့လူများသည် တံတွေးကိုပင် ခက်ခက်ခဲခဲမြိုချနေရလေ၏။ သို့သော်လည်း သူတို့ထံတွင် ရွေးချယ်စရာမရှိပေ။ အနောက်မှနေ၍ စောင့်ကြည့်နေသည့်သူများရှိနေသောကြောင့် သူတို့ရှေ့ဆက်မသွားလျှင် သူတို့အပြစ်ပေးခံရနိုင်သည်။
“ဘာကိုကြောက်နေရာမှာလဲ .. ငါအရင်သွားမယ်..” အတော်လေးရဲတင်းသည့်သူတစ်ယောက်သည် တရှိန်ထိုးပင် ပြေးသွားလိုက်လေ၏။ သူသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထိုရှေးဟောင်းမိုင်းတွင်းထဲသို့ ဝင်သွားလိုက်လေ၏။
ဤသည်မှာ ထိတ်လန့်တကြားအော်သံများကို ဖြစ်ပေါ်စေလေသည်။ ဤနေရာတွင်ရှိနေသည့်သူများသာမက အနောက်ဘက်မှ စောင့်ကြည့်နေသည့်သူများပင်လျှင် အလွန်စိုးရိမ်သွားကြလေသည်။
ထိုအချိန်တွင် သွေးရောင်အလင်းတန်းထွက်ပေါ်လာပြီး သွေးများလည်းလွင့်စင်ထွက်လာလေသည်။ ထိုသူသည် ချက်ချင်းပင် အသတ်ခံလိုက်ရလေပြီ။
ရှီဟောင် အနည်းငယ် ထူးဆန်းသလို ခံစားနေရသည်။ ဤရှေးဟောင်းမိုင်းတွင်းကြီးမှာ သက်ရှိများဝင်လာရန် ပါးစပ်ဟကာ စောင့်နေသည့် သားရဲကြီးတစ်ကောင်နှင့်တူနေသည်။
တစ်ချိန်တည်းမှာပင် သူသည်ငြိမ်းချမ်းလှသည့်အော်ရာကို ခံစား၍ရနေသည်။ ဤသည်မှာ ထာဝရစွမ်းအင်ပင်။
ကြည့်ရသည်မှာ ဝမ်ကလန်မှ လူများပြောသည့်အတိုင်းဖြစ်နေသည် ထင်သည်။ ထာဝရစွမ်းအင်ရှိသည့်လူများသာ အသက်ရှင်လျက်ပြန်လာနိုင်လိမ့်မည်။
“ငါတို့ ထွက်ပြေးနိုင်မယ့်လမ်းမရှိတော့ဘူး .. ဒီရှေးဟောင်းမိုင်းတွင်းက ထူးဆန်းတဲ့စွမ်းအင်က ငါတို့ကို မှတ်ထားလိုက်ပြီ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ .. ဒါက သာမန်နယ်မြေတစ်ခုပဲ .. ငါတို့တွေက သူ့ရဲ့နယ်မြေထဲကို ရောက်နေတာ .. ဒါက လွတ်လာတဲ့ သက်ရှိတစ်မျိုးမျိုးမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ ပြင်ဆင်ပေးလိုက်သည်။
ဝုန်း..
ရုတ်တရက်ပင် အလင်းတန်းများထွက်ပေါ်လာပြီး အနီးတစ်ဝိုက်ကို လွှမ်းခြုံသွားလေ၏။
အား…
ထိတ်လန့်တကြား အော်ဟစ်သံများထွက်လာပြီးနောက် လူ ၂၀ ကျော်ပေါက်ကွဲသွားလေသည်။ သူတို့မျက်ခုံးကြား အပါအဝင် သူတို့ခန္ဓာကိုယ်အနှံ့တွင် အပေါက်များဖြစ်သွားလေ၏။ သူတို့သည် မျက်လုံးများပွင့်လျက်ပင် သေဆုံးသွားကြလေသည်။
သူတို့ပုန်းချင်လျှင်ပင် ပုန်းချိန်မရလိုက်ကြပေ။ သူတို့ခန္ဓာကိုယ်မှာ ချုပ်ခံထားရပြီး အလင်းမိုးများရွာသွန်းကျလာကာ သူတို့၏အသွေးအသားနှင့် မူလဝိညာဉ်ကို တိုက်စားသွားလေ၏။
သူတို့ထဲက တစ်ဝက်ခန့် သေသွားလေပြီ။
ရှီဟောင် သတိအနေအထားဖြစ်သွားသည်။ ထိုအလင်းပျောက်လေးများ သူ့ထံသို့ ရောက်လာသေးသော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ ထာဝရစွမ်းအင်မှ ထိုအလင်းပျောက်ကို တားဆီးလိုက်ခြင်းပင်။
ထို့နောက်တွင် သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းကို ထုတ်လွှတ်ကာ အရှေ့ဘက်သို့ ဆက်လျှောက်သွားလိုက်သည်။ သူဤနေရာကို ရောက်လာပြီးမှတော့ ထွက်သွားစရာလမ်းမရှိတော့ပေ။
အခြားသူများလည်း အံကြိတ်ကာ လိုက်လာကြလေသည်။
လိုက်လာကြသည့်သူများတွင် ထာဝရစွမ်းအင်မရှိသော်လည်း သူတို့သည် အတော်လေးကံကောင်းနေသည်။ အလင်းစက်ကွင်းထဲ မပါသွားပေ။
တစ်လှမ်း.. နှစ်လှမ်း..
နောက်ဆုံးတွင်တော့ ရှီဟောင် ဂူပေါက်ဝသို့ ရောက်လာလေပြီ။ သူသည် နောက်ထပ်ခြေတစ်လှမ်းဖြင့် ဂူထဲသို့ ဝင်သွားလိုက်လေ၏။
“သူ.. ဝင်သွားပြီ..”
အခြားသူများ၏အမူအရာများပြောင်းလဲသွားလေသည်။ သူတို့အားလုံး တွေဝေနေကြသည်ပင်။
“လုပ်ကြတာပေါ့ .. ဘာပဲဖြစ်ဖြစ် ငါတို့ပြန်သွားရင်လည်း ငါတို့သေရမှာပဲ .. အသေခံတပ်သားတစ်ယောက်အနေနဲ့ ငါတို့ဒါကို လုပ်ရမှာပဲ..”
ဤအုပ်စုသည်လည်း ရှီဟောင်နောက် ခုန်ချလိုက်ကြလေ၏။ သို့သော်လည်း လမ်းတစ်ဝက်တွင် ကြောက်လန့်တကြား အော်ဟစ်သံများထွက်ပေါ်လာလေသည်။
ခပ်ဝေးဝေးတွင် လူများစွာသည် ကောင်းကင်ထက်မှ ကြည့်နေလေ၏။ သူတို့လူများ ဆိုးရွားစွာ ပေါက်ကွဲသွားသည်ကိုကြည့်ပြီး ထိုပုဂ္ဂိုလ်များ၏ အမူအရာ ပြောင်းလဲသွားလေ၏။
ရှီဟောင် မိုင်းတွင်းထဲသို့ ဝင်ခဲ့ပြီးနောက် အချိန်အတော်ကြာမှ ရပ်တန့်သွားလေသည်။ ထို့နောက် သွေးမိုးများရွာကျလာပြီး အရိုးဖြူအပိုင်းအစများလည်း ပြုတ်ကျလာလေသည်။ သူ့နောက်မှ လိုက်လာသည့်သူများအားလုံး သေဆုံးသွားလောက်ပြီကို သူသိသည်။
ဤနေရာတွင် များပြားလှသော သတ်ဖြတ်လိုသည့်အငွေ့အသက်များရှိနေသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင်ရှိနေသည့် ထာဝရစွမ်းအင်ကြောင့်သာမဟုတ်လျှင် သူလည်းသေသွားလောက်လေပြီ။
ရှေးဟောင်းမိုင်းတွင်းအတွင်ရှိ အချို့နေရာများတွင် မဲမှောင်နေကာ အချို့နေရာများမှာ လင်းထိန်နေလေ၏။ အချို့နေရာများတွင် ထာဝရမြူများရစ်ဆိုင်းနေပြီး မြင်ကွင်းများဝေဝါးနေလေသည်။
ရှီဟောင်နှင့်သိပ်မဝေးသည့်နေရာတွင် လူသားပုံစံသက်ရှိတစ်ယောက်ကို မြင်နေရသည်။ သူသည် အလွန်အသက်ကြီးနေပြီဖြစ်ပြီး တာအိုဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ၏ဆံပင်ဖြူများသည်လည်း ကြမ်းပြင်ကို ထိနေသည်အထိ ရှည်လျားလှသည်။
ရှီဟောင် ချွေးစေးများပင် ပြန်သွားရသည်။ သူအခုမှ ဒီထဲရောက်တာကို သက်ရှိတစ်ယောက်ကို တွေ့နေရပြီလား..
ထို့နောက်တွင် ဝိညာဉ်တစ်သောင်းသင်္ကေတသည် သူ့အလိုလိုအသက်ဝင်လာကာ တောက်ပသည့်အလင်းများထုတ်လွှတ်ပြီး သူ့အား ကာကွယ်ပေးနေသည်ကို သူအံ့အားသင့်စွာ တွေ့လိုက်ရသည်။ ထိုအလင်းသည် ဤလူအိုကြီး၏ အော်ရာမှ ကာကွယ်ပေးထားခြင်းပင်။
ဝိညာဉ်တစ်သောင်းသင်္ကေတမှ သူ့အော်ရာကို တားဆီးပေးနေသောကြောင့်သာမဟုတ်ပါက သူသည် ဤလူအိုကြီးရှေ့တွင် ချက်ချင်းပင် ပေါက်ကွဲသွားလိမ့်မည်ဖြစ်ကြောင်း သူသိလိုက်ရသည်။
“အလောင်းလား..” ဤလူအိုကြီး၏ မျက်လုံးများမှာ ရွှေရောင်မီးအိမ်ကဲ့သို့ တောက်ပနေပြီး သူ့ကိုကြည့်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့သည့် အလောင်းတစ်လောင်းဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
ဤသည်မှာ သူ့အား ပို၍ပင် ထိတ်လန့်သွားစေသည်။ ဒီပုဂ္ဂိုလ်က ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ .. သေပြီးတာတောင်မှ ဒီလိုမျိုးဖြစ်နေတုန်းပဲ .. ထို့အပြင် ဤအလောင်းမှ ထုတ်လွှတ်လိုက်သည့်အော်ရာမှာ ကောင်းကင်နတ်ဘုရားများကိုပင် သေစေနိုင်သည်။
ဒီလူသာ အသက်ရှင်နေရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ..
ရှီဟောင် စိတ်ထဲ တုန်ယင်သွားရသည်။
ဤသည်မှာ အဝင်ပေါက်ဝသာ ရှိသေးသည်။ ဂူကြီးသည် အလွန်နက်လှပြီး အလွန်လည်းကျယ်လှသည်။ အထဲတွင် ဘာရှိမလဲဆိုသည်ကိုတော့ ဘုရားသာ သိနိုင်လိမ့်မည်။
“ဒါက ဘယ်ခေတ်က လူလဲ..” ဤလူအိုကြီး၏ တာအိုဝတ်စုံမှာ ရှေးကျလှပြီး ဒဏ္ဍာရီလာ ကောင်းကင်ပုစဉ်းရင်ကွဲအခွံဖြင့် ပြုလုပ်ထားခြင်းပင်။
အရမ်းအဖိုးတန်တဲ့ အဝတ်အစားပဲ..
ဤကဲ့သို့သော ကောင်းကင်ပုစဉ်းရင်ကွဲအဝတ်အစား၏ တန်ဖိုးမှာ တိုင်းတာ၍ မရနိုင်လောက်အောင်ပင်။ တစ်ပိုင်းတစ်စကို ရနိုင်ရန်ပင် ခက်ခဲလှသည်။
သူရော ဒီလိုမျိုး ကောင်းကင်ပုစဉ်းရင်ကွဲအဝတ်အစားကို ရနိုင်ပါ့မလား..
စဉ်းစားကြည့်ပြီးနောက် ရှီဟောင်လက်လျော့လိုက်သည်။
တစ်ချိန်တည်းမှာပင် ဂူအတွင်းပိုင်းမှ သာယာနာပျော်ဖွယ်ကောင်းသည့် သီချင်းသံကို ကြားလိုက်ရသည်။ ဤသည်မှာ နတ်သမီးတစ်ယောက် ဒေါသထွက်ပြီး စိတ်ပျက်ကာ သီဆိုနေသည့်အသံနှင့်တူသည်။
“သီချင်းသံက သက်ရှိလူက လာတဲ့အသံနဲ့တူတယ် .. ဒါက တံဆိပ်မဟုတ်သလို ရှေးဟောင်းအလောင်းလည်းမဟုတ်ဘူး .. အသံမှာ အေးချမ်းတဲ့အော်ရာကပ်ပါလာတယ် .. သူမက ဘယ်သူလဲ..” ရှီဟောင် မတည်ငြိမ်နိုင်တော့ပေ။
အပိုင်း ၁၂၇၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၂ – မသိသည်ကို စူးစမ်းလေ့လာခြင်း
သီချင်းသံမှာ အတော်လေးသာယာလှသည်။
ဤသီချင်းသံကြောင့် ရှေးဟောင်းမိုင်းတွင်းမှာပို၍ပင် ထူးဆန်းလာသည်။
ရှီဟောင် သူ့စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ပြီး ခေါင်းရှင်းအောင် လုပ်လိုက်သည်။ သူ ဘေးပတ်ဝန်းကျင်ကို သေချာကြည့်လိုက်ပြီး အသက်ကျောက်တုံးနှင့်အခြားအရာများကို ရှာဖွေလိုက်၏။
သို့သော်လည်း သူမည်မျှပင် စိတ်အေးအောင် ထားပါစေ လုံးဝတည်ငြိမ်အောင်တော့ထားနိုင်မည်မဟုတ်ပေ။ ဤအတွက် အကြောင်းပြချက်လည်း မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မူလရှေးဟောင်းမိုင်းတွင်း ဖြစ်နေသောကြောင့်ပင်။
အတိတ်မှ လက်ရှိအချိန်ထိ လျှို့ဝှက်လွန်းလှသည့် ကိစ္စများ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်။ သူရဲကောင်းများပင်လျှင် ဤနေရာသို့ ဝင်ပြီးသည်နှင့် သေဆုံးသွားရသည်ပင်။
ရှီဟောင်သည် သတိကြီးကြီးဖြင့်ပင် လျှောက်လာခဲ့လိုက်၏။ သူသည် ဤရှေးဟောင်းအလောင်းကို ရှောင်လိုက်ပြီး သူ၏ကောင်းကင်မျက်လုံးကို ဖွင့်ကာ ထိုအသက်ကျောက်တုံးဟုခေါ်သည့် အရာကို လိုက်ရှာလိုက်သည်။
နည်းနည်းလေး လျှောက်လာလိုက်သည်နှင့် ဝင်္ကပါကဲ့သို့ ရှုပ်ထွေးနေသည့် လမ်းကြောင်းများစွာကို သူတွေ့လိုက်ရသည်။ လူများဝင်လာပြီး ဘာကြောင့် ပြန်မထွက်နိုင်သည်ကို သူသိလိုက်ရလေပြီ။
ဤကဲ့သို့သော ဝင်္ကပါတစ်ခုတည်းဖြင့်ပင်လျှင် ဝင်လာသည့်လူ ၉၀ ရာခိုင်နှုန်းခန့် လမ်းပျောက်သွားမည်သာ။
ရှီဟောင်တစ်ခဏခန့် စဉ်းစားပြီးသည့်နောက်တွင် အတော်လေးကျယ်ဝန်းသည့်လမ်းကို ရွေးခဲ့လိုက်သည်။ လမ်းတစ်လျှောက်တွင် ပုံရိပ်များစွာကို တွေ့ခဲ့ရသည်။ အချို့ရှေးဟောင်းအလောင်းများကိုလည်း တွေ့ခဲ့ရပြီး အလောင်းများမှာတစ်ခုမှ မပုပ်သိုးသေးပေ။
ဤအတောအတွင်းတွင် သူသည် လမ်းလျှောက်နေသည့် အလောင်းအချို့ကိုပင် တွေ့ခဲ့ရသေးသည်။ သူတို့၏မျက်နှာများမှာ ဖြူဖျော့နေပြီး မျက်လုံးများလည်းစိမ်းနေလေသည်။
ရှီဟောင်သည် ဦးရေပြားများပင် ထုံကျဉ်လာပြီး ဤအလောင်းများနှင့် တွေ့မည်စိုးသောကြောင့် အလောတကြီးပင် ရှောင်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤဂူထဲတွင်ရှိနေသည့် ရှေ့ဟောင်းအလောင်းများမှာ ယခုထိ ပုပ်သိုးခြင်းမရှိသောကြောင့် သူတို့၏မူလလူများမှာ သေချာပေါက် ကြောက်စရာကောင်းမည်ပင်။ ဤကဲ့သို့သော ကျွမ်းကျင်သူမှာ အသိဉာဏ်ရှိနေဆဲဖြစ်သောကြောင့် သေချာပေါက် ကြောက်စရာကောင်းပေမည်။
ခဏကြာပြီးသည့်နောက် ဤလမ်းကျယ်ကြီးကို ရွေးချယ်ခဲ့ခြင်းမှာ မှားသွားပြီဖြစ်ကြောင်း သူသိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အန္တရာယ်များလွန်းလှသည်။
သို့သော်လည်း ဤသည်မှာ အဓိကလမ်းဖြစ်လိမ့်မည်ကိုလည်း သူ သိနေသည်။
အနက်ရောင်ပင့်ကူကြီးတစ်ကောင် ဖြေးညှင်းစွာ လျှောက်လာနေသည်။ သူသည် တစ်ကျန်းခန့်မြင့်ပြီး များပြားလှသည့် သေဆုံးခြင်းစွမ်းရည်ကိုလည်း ထုတ်လွှတ်နေသည်။ ပင့်ကူခြေချောင်းရှစ်ချောင်းမှာ အနက်ရောင်လှံတံများကဲ့သို့ပင်။
မြေပြင်မှာ အလွန်မာကျောလှပြီး ထူးဆန်းသည့်သင်္ကေတများ၏ စွမ်းအားများဖြင့် ကာကွယ်ထားသောကြောင့် ပင့်ကူကြီး ခြေချသည့်အချိန်တိုင်း မီးပွားများလွင့်စင်လာလေသ်ည။
ထိုအချိန်တွင် ပင့်ကူကြီး၏ခြေထောက်သည် ရှီဟောင်ထံသို့ လွှဲရမ်းလာလေ၏။ ပင့်ကူကြီးသည် အသိစိတ်မဲ့စွာဖြင့် အရှေ့ဘက်သို့ တိုးလာပြီး သေဆုံးနိုင်သည့်စွမ်းအင်များကို ထုတ်လွှတ်ကာ ရှီဟောင်ကို ပွတ်တိုက်သွားလေသည်။
ဤပင့်ကူ၏ ခွန်အားမှာ ဂိုဏ်းခေါင်းဆောင်များကိုပင် ကျော်လွန်နေသောကြောင့် ရှီဟောင်စိတ်ထဲ တုန်ယင်လာရသည်။
ခဏကြာပြီးသည့်နောက်တွင် ပိုကြီးသည့် ရွှေရောင်ပင့်ကူကြီးကို သူတွေ့လိုက်ရသည်။ ဤပင့်ကူကြီး၏အရှည်မှာ ၁၀ ကျန်းခန့်ပင် ရှိသည်။ သူသည် မိုင်းတွင်းထဲတွင် ရွှေရောင်ပိုးချည်မျှင်ဖြင့် ပင့်ကူအိမ်တစ်ခုလုပ်ထားပြီး အပေါက်ကို ပိတ်ထားလေသည်။
ဤသည်မှာလည်း သေဆုံးနေသည့်ပင့်ကူတစ်ကောင်ပင်။ သူ၏ခန္ဓာကိုယ်မှာ ရွှေရောင်ဖြစ်နေသော်လည်း သူ၏တောင့်တင်းလှသည့် လှုပ်ရှားမှုများကြောင့် ဤသည်မှာ သူသေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာလှပြီဖြစ်ကြောင်း သက်သေပြနေသည်။
သို့သော်လည်း ဤပင့်ကူကြီးမှာ စွမ်းအားကြီးလှပြီး သူဝင်ပေါက်တွင် တွေ့ခဲ့သည့် လူအိုကြီးထက် မနိမ့်ကျနိုင်ပေ။
ဝိညာဉ်တစ်သောင်းသင်္ကေတမှ သူ့အားကာကွယ်ပေးနေသောကြောင့်သာမဟုတ်ပါက သူဤနေရာတွင်ပင် ရပ်နေနိုင်မည်မဟုတ်သည်ကို သူသိသည်။ သူ ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းတစ်ခုကို မြေပြင်ပေါ်သို့ စမ်းပစ်ကြည့်လိုက်သည်။
ခွပ်..
ထိုဓားမြောင်လေးသည် ချက်ချင်းပင် တစ်စစီဖြစ်သွားပြီး ထိုပင့်ကူကြီး၏ စွမ်းအားအောက်တွင် အမှုန့်ဖြစ်သွားလေသည်။
ကောင်းကင်နတ်ဘုရားတစ်ယောက် ဤနေရာတွင် ရပ်နေလျှင်လည်း ရလဒ်မှာ အတူတူပင်ဖြစ်နိုင်သည်။
ဒီနေရာက တကယ်ကို အန္တရာယ်များတာပဲ..
ရှီဟောင်၏အမူအရာများ မဲမှောင်လာရသည်။ ဤရွှေရောင်ပင့်ကူအိမ်နှင့် ပင့်ကူကြီးကို ကြည့်ကာသူ့နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။ ကံကောင်းစွာဖြင့်ပင် ဤသည်မှာ သေဆုံးနေသည့်အကောင်ဖြစ်ပြီး အသိစိတ်အနည်းငယ်သာ ရှိနေခြင်းပင်။
ဤနေရာမှာ အလွန်ထူးခြားလှသည်။ သေဆုံးသွားသည့်သူအားလုံးမှာ အလွန်စွမ်းအားကြီးလှသော်လည်း သေဆုံးပြီးနောက် ပြန်လည်အသက်ရှင်ရန်မှာ ခက်ခဲလွန်းလှသည်။ အသက်ရှင်လျှင်လည်း မြေအောက်လောကမှ သက်ရှိများကဲ့သို့ပင် ဖြစ်နိုင်လိမ့်မည်။
သို့သော်လည်း ဤဂူကြီးသည် ထူးဆန်းလှပြီး ပြောင်းလဲမှုများပင် ပြုလုပ်နိုင်နေသည်။
ဤရွှေရောင်ပင့်ကူအိမ်ကြီးကို တွေ့ပြီးသည့်နောက် ရှီဟောင်အတော်လေး တုန်လှုပ်သွားရသည်။ ဤပင့်ကူမျှင်များအားလုံးမှ ဤရွှေရောင်ပင့်ကူကြီး မသေဆုံးမီက ပြုလုပ်ထားခဲ့သည့် ပင့်ကူမျှင်များပင်။ သေဆုံးပြီးနောက် လုပ်ထားခဲ့သည့်အရာများမဟုတ်ပေ။
ဒီ မူလရှေးဟောင်းမိုင်းတွင်းမှာ နေခဲ့တဲ့သက်ရှိတွေ ရှိခဲ့တာလား..
ဤရှေးဟောင်းမိုင်းတွင်းမှာ အလွန်ရှေးကျလှပြီး ထာဝရရှေးဟောင်းခေတ်ထက်ပင် ပို၍ရှေးကျသည်ဟု ဝမ်မိသားစု သူ့အားပြောခဲ့သည်ကို သူအမှတ်ရမိလိုက်သည်။
ဤနေရာမှာ အလွန်ရက်စက်လွန်းလှသည်။ အတိတ်မှာပင်လျှင် အလွန်ကြောက်စရာကောင်းလိမ့်မည်ပင်။ ဤနေရာတွင် နေထိုင်ခဲ့သည့် ပင့်ကူတစ်ကောင်ပင်လျှင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေသည်။
သမိုင်းပင် မတင်ရသေးမီ အလွန့်အလွန်ကြာခဲ့သောအချိန်က ဤနေရာတွင် အလွန်ထူးခြားဆန်းကြယ်သည့်နယ်မြေတစ်ခု ရှိလိမ့်မည်ဟု သူထင်သည်။ ဤနေရာတွင် နေထိုင်ခဲ့သည့် ပင့်ကူလေးတစ်ကောင်ပင်လျှင် နောင်လာမည့်မျိုးဆက်များမျက်လုံးထဲတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဤနေရာမှာ သေဆုံးခြင်းနယ်မြေ ဖြစ်လာလေပြီ။ နောင်မျိုးဆက်များ တူးဖော်သည့်အချိန်၌ ဤနေရာမှာ ရှေးဟောင်းမိုင်းတွင်း ဖြစ်သွားလေပြီ။
သူက ဘာလို့ ရုတ်တရက်ကြီး ဒီလိုမျိုး တွေးနေတာလဲ .. သူခေါင်းခါလိုက်ကာ ရှေ့ဆက်သွားလိုက်၏။
“အမ်..”
ရုတ်တရက်ပင် သူပင့်ကူအိမ်ကြီးကို ကြည့်လိုက်သည်။ ဤသည်မှာ ကောင်းကင်ရတနာများထဲတွင်ပင်လျှင် အလွန်ရှားပါးလှသည့် ပစ္စည်းပင်။ သူသာ နည်းနည်းလောက် ယူသွားနိုင်လျှင် အလွန်အသုံးဝင်လာနိုင်သည်။
သို့သော်လည်း ဤပင့်ကူအိမ်ကြီးမှာ အမြင့်ကြီးတွင်ရှိနေသည်။
ရှီဟောင် စမ်းသပ်ကြည့်သော်လည်း ဤပင့်ကူအိမ်မှာ အလွန်မာကျောသည်ကို သူတွေ့လိုက်ရသည်။ သူဘယ်လောက်ပဲကြိုးစားနေပါစေ နည်းနည်းလေးမျှကို မဖြတ်နိုင်ပေ။
ထို့အပြင် သူသည် ဤတစ္ဆေပင့်ကူကြီးကို ရန်စမိသလိုဖြစ်သွားသောကြောင့် ဤပင့်ကူကြီးသည် ခေါင်းလှည့်လာကာ တောင့်တင်းစွာ လှုပ်ရှားလာလေ၏။ သူသည် ချက်ချင်းပင် ပင့်ကူအိမ်ကို ကျော်ကာ ပြေးသွားလိုက်ရသည်။
ဒုန်း..
ထိုအချိန်တွင် ရွှေရောင်ပင့်ကူကြီး၏ လှုပ်ရှားမှုမှာ ရှီဟောင်ထင်ထားသည်ထက်ပင် ပို၍ကြောက်စရာကောင်းနေသည်။ ဤသည်မှာ အသိစိတ်လေးအနည်းငယ်သာရှိသည့် အလောင်းတစ်လောင်းဖြစ်သော်လည်း သူ၏စွမ်းအားမှာ နှိုင်းယှဉ်၍မရလောက်အောင် ကြောက်စရာကောင်းနေဆဲပင်။
ဤပင့်ကူကြီး၏ သာမန်တိုက်ခိုက်မှုတစ်ခုပင်လျှင် လေဟာနယ်ကို ပျက်စီးသွားအောင် ပြုလုပ်နိုင်နေသည်။
သူ့ကို ဝိညာဉ်တစ်သောင်းသင်္ကေတမှ ကာကွယ်ပေးထားသော်လည်း၊ သူအတော်ဝေးဝေးရောက်အောင်ထိ ပြေးလာပြီဖြစ်သော်လည်း ရှေးဟောင်းနွားရိုင်းကြီး သူ့နောက်သို့ ပြေးလိုက်လာသည်ဟု သူခံစားနေရဆဲပင်။
ဝုန်းဟူသည့်အသံနှင့်အတူ သူလွင့်ထွက်သွားလေသည်။
သူသည် ဂူနံရံများနှင့် ရိုက်မိသွားပြီး အရိုးများ ကျိုးကြေမတတ်ဖြစ်သွားသည်။ ဤနံရံများမှာ မာကျောလွန်းလှပြီး ထူးဆန်းသည့်စွမ်းအားတစ်မျိုးဖြင့်လည်း ဖုံးအုပ်ထားသေးသည်။
ရှီဟောင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေသည်။
ယခုအခိုက်အတန့်လေးတွင် ရှေးဟောင်းမိုင်းတွင်းထဲမှ ထူးဆန်းသည့် စွမ်းအားသည် သူ၏ဝိညာဉ်တစ်သောင်းသင်္ကေတကို ခုခံနိုင်ပြီး သူ၏ခုခံမှုအားကို အားနည်းစေသည်ကို သူခံစားမိလိုက်သည်။
တစ်ခါမှ ဤကဲ့သို့ မဖြစ်ဖူးပေ။ ဝိညာဉ်တစ်သောင်းသင်္ကေတသည် မတိုက်ခိုက်နိုင်သော်လည်း သူ၏ခုခံနိုင်စွမ်းမှာမူ အလွန်ကောင်းမွန်လှပြီး မည်သည့်အရာကမှ မချိုးဖောက်နိုင်ပေ။
သို့သော် ယခု ဤကဲသို့ ဖြစ်သွားသောကြောင့် ရှီဟောင်တုန်လှုပ်သွားရသည်။
သူ ကျောက်နံရံမှ ချက်ချင်းဖယ်လိုက်သည်နှင့် အလင်းအချို့ မှေးမှိန်ပျောက်ကွယ်သွားသည်ကို သူတွေ့လိုက်ရသည်။
ရှီဟောင်တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် ရွှေရောင်ပင့်ကူကြီးမှာ သူရှိနေသည့်ဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။ သူ အသည်းအသန်ပင် ပြေးခဲ့လိုက်ရလေ၏။
“အရိုး ၁၀ ချောင်းကျော်ကျိုးသွားပြီးတော့ အတွင်းအင်္ဂါတွေလည်း ဒဏ်ရာရသွားတယ်..” ရှီဟောင် သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပြီး ပြောလိုက်သည်။ ကျောက်နံရံကို ရိုက်မိလိုက်ခြင်းမှာ သူ့အား ဤကဲ့သို့ပြင်းထန်သည့် ဒဏ်ရာများဖြစ်ပေါ်လာစေသည်ပင်။
ဒါတွေအားလုံးက သေပြီးသားတွေရော ဟုတ်ရဲ့လား..
ထိုအချိန်တွင် ထာဝရမြူများ ဝေ့ဝဲလာသောကြောင့် သူတရှိန်ထိုးပြေးသွားလိုက်သည်။ သူအသက်ကျောက်တုံးများကို မရနိုင်လျှင်ပင် ထာဝရစွမ်းအင်ရှိနေသည့် အရင်းအမြစ်ကို သိအောင်လုပ်ရမည်။ သူထိုနေရာတွင် အချိန်တစ်ခုအထိ ကျင့်ကြံရမည်။
“အသက်စွမ်းအင်ရှိနေတာလား..”
ရှီဟောင် ထိတ်လန့်သွားရ၏။ အလောင်းများသာရှိနေသည့် ဤအသက်မဲ့နေသည့် နေရာကြီးတွင် အသက်လှိုင်းတစ်ခုကို သူခံစားမိလိုက်သည်။
ဤစွမ်းအားသည် အခြားသူများကို အလွန်အေးချမ်းစေပြီး သူတို့သည် ချက်ချင်းပင် အမတဖြစ်သွားတော့မည်ဟု ခံစားရစေသည်။
သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ချက်ချင်းသက်သာသွားသလိုပင်။
ရှီဟောင် အံ့အားသင့်သွားရသည်။ ထို့နောက် သူခြေလှမ်းများကို နှေးလိုက်ကာ သူ၏စွမ်းအားကြီးသည့် နတ်အာရုံများကို အသုံးပြုပြီး ထိုစွမ်းအားလှိုင်းကို အာရုံခံလိုက်သည်။ ထို့နောက် သူသည် လျှိုတစ်ခုအတိုင်း လိုက်သွားလိုက်လေ၏။
သူ ဒီမိုင်းတွင်းထဲကို ဝင်လာတုန်းက မိန်းကလေးတစ်ယောက် သီချင်းဆိုနေတဲ့အသံကို ကြားလိုက်ရတယ် .. ဒီအသက်စွမ်းအင်က သူမက ထုတ်လွှတ်လိုက်တာများလား..
ထိုကဲ့သို့ပင် သူရှေ့ဆက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် အန္တရာယ်များစွာလည်း ကြုံတွေ့ခဲ့ရသည်ပင်။ ဝိညာဉ်တစ်သောင်းသင်္ကေတသာ မရှိပါက သူဤနေရာတွင် တစ်လက်မမျှပင် သွားနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ရှီဟောင် စိတ်အေးလက်အေး မနေနိုင်။ သူ့ထံတွင် ဝိညာဉ်တစ်သောင်းသင်္ကေတရှိနေသော်လည်း အလွန်ကြောက်စရာကောင်းသည့်အရာများ သူ့ကို စောင့်ကြိုနေသေးသည်။
အမှားသေးသေးလေးလုပ်မိသွားသည်နှင့် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ဖျက်ဆီးခံရလိမ့်မည်။
နေရာတိုင်းတွင် အန္တရာယ်များရှိနေပြီး ပုံမှန်မဟုတ်သည့်အရာများလည်း အများအပြားပင်။ ဥပမာအားဖြင့် လမ်းလျှောက်နေသည့် ကောင်းကင်တပ်သားများစွာကို သူတွေ့ခဲ့ရသေးသည်။
သူ ထိုအလောင်းအနားသို့ သွားနိုင်ရန် ကြိုးစားခဲ့သော်လည်း ဤသည်မှာ မဖြစ်နိုင်သည်ကို သူတွေ့လိုက်ရသည်။
ထိုလမ်းကြောင်းမှာ လေဟာနယ်နှင့် ချိတ်ဆက်နေလေ၏။ ဤသည်မှာ မူလစွမ်းအင်များရှိနေသည့် ပျက်စီးနေသည့် လမ်းကြောင်းတစ်ခုပင်။ ထိုရှေးဟောင်းစစ်သားများသည် အေးစက်နေသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ထိုပျက်စီးနေသည့်လမ်းများထက်တွင် လျှောက်နေရင်းဖြင့်ပင် ပျောက်ကွယ်သွားလေသည်။
“ဒါက ဘယ်လိုနေရာမျိုးကြီးလဲ..” ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။
ကံကောင်းစွာဖြင့်ပင် အသက်စွမ်းအင်မှာ ပို၍အားကောင်းလာပြီး ဆေးနံ့များလည်း ရလာလေ၏။ ဒါက နတ်ဆေးပင်များလား..
ဤရှေးဟောင်းဂူကြီးမှာ အလွန်ရှည်လျားလှသည်။ သူ ဘယ်နှလီတောင် လျှောက်ပြီးသွားပြီလဲ မသိပေ။ နောက်ဆုံးတွင်တော့ မွှေးကြိုင်လှသည့် ဆေးနံ့ကို ရလိုက်သည်။
ဤသည်မှာ လောကကြီးကိုတုန်လှုပ်စေနိုင်မည့် နတ်ဆေးပင်ဖြစ်မည်ကို သူသိသည်။ ဤအမွှေးနံ့မှာ ထူးခြားလှပြီး တစ်ရှိုက်မျှ ရှူသွင်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှာ လေပေါ်တွင် ဝဲတော့မလို ခံစားနေရသည်။
ထို့အပြင် ဤနေရာသို့ ရောက်လာသည်နှင့် အလောင်းများသိပ်မရှိတော့ပေ။
လီအနည်းငယ် ထပ်သွားလိုက်သည်နှင့် ရှီဟောင် ပို၍သက်တောင့်သက်သာ ခံစားလာရသည်။ အရှေ့ဘက်တွင် အလင်းမိုးတစ်ခုရှိနေပြီး အားလုံးမှာ မှုန်ဝါးဝါးဖြစ်နေသည်။
ဤမြင်ကွင်းမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။ ဤရှေးဟောင်းဂူတစ်ခုလုံး ရေငွေ့များ ထွက်လာပြီး နေဝင်တော့မည့် တိမ်များသည်လည်း နေရာတိုင်းတွင် ရှိနေသည်။
ဤနေရာတွင် ထူးခြားသည့် ကျွမ်းကျင်သူများစွာ မြှုပ်နှံခံခဲ့ရသည်ကို သူသိသော်လည်း ဤနေရာတွင် မသေမျိုးထာဝရဆေးပင်လည်း ရှိနေသည်ပင်။
အပိုင်း ၁၂၇၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၃ – အသက်ရှည်ရည်
ရှီဟောင် ထိုနေရာသို့ တရှိန်ထိုးပြေးသွားလိုက်၏။
ထို့နောက် ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို သူမြင်လိုက်ရ၏။ ထိုနေရာတွင် သိပ်မကြီးသည့် ရေကန်လေးတစ်ကန်ရှိနေပြီး မွှေးပျံ့လှသည့် ရနံ့များသင်းပျံ့နေလေသည်။
ထို့အပြင် ဆေးပင်တစ်ပင်ကိုလည်း သူ ခပ်ရေးရေး တွေ့လိုက်ရသည်။
ဤနေရာတွင် မူလစွမ်းအားများကြောင့် မှုန်ဝါးနေသော်လည်း သူမြင်နေရသေးသည်။ ထိုတောက်ပသည့်အပင်လေးသည် ရုတ်တရက်ပင် သားရဲကောင်းလေးအဖြစ်သို့ ပြောင်းလဲသွားကာ လျင်မြန်စွာ ထွက်ပြေးသွားလေ၏။
ရှီဟောင် နတ်စွမ်းရည်များကို အသုံးပြုကာ ထိုအပင်လေး မထွက်ပြေးနိုင်အောင် တားဆီးလိုက်သည်။
ကံမကောင်းစွာဖြင့်ပင် ထိုသားရဲကောင်လေးမှာ လျင်မြန်လွန်းလှသည်။ သူသည် အလင်းတန်းတစ်ခုကဲ့သို့ပင် ဂူအတွင်းပိုင်းသို့ ပြေးဝင်သွားလေ၏။
ရှီဟောင် စိတ်ပျက်သွားရ၏။ ဤသည်မှာ သက်ရှည်ဆေးပင်ပင်။ သူ ဤအပင်ကို ကံကောင်းပြီးတွေ့ခဲ့ရသော်လည်း လက်လွတ်လိုက်ရလေပြီ။
သက်ရှည်ပင်များမှာ နှောက်ယှက်ခံလိုက်ရသည်နှင့် နောက်တစ်ကြိမ်ဖမ်းမိရန်မှာ အတော်လေး ခက်ခဲသည်ကို သူသိသည်။ ဤကဲ့သို့သော အပင်များသည် အလွန်ထက်မြက်လှပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ကာ ပျံသန်းနိုင်သည်ပင်။
သမိုင်းတစ်လျှောက်ကိုကြည့်မည်ဆိုလျှင်ပင် သက်ရှည်ဆေးပင် ဘယ်နှစ်ပင်များရှိခဲ့သနည်း..
ဤအရာများမှာ ယခုခေတ်မပြောနှင့် ခေတ်ပေါင်း ရာပေါင်းများစွာကို ပြန်ရှာကြည့်လျှင်ပင် ခူးဖို့မပြောနှင့် ရှာတွေ့နိုင်ရန်ပင် ခက်ခဲလှသည်။
ရှီဟောင်သိသလောက်ဆိုလျှင် စီရင်စုသုံးထောင်တွင် တစ်ပင်ရှိသည်။ ထိုအပင်သည် အဆင့်နိမ့်နယ်မြေတွင်ရှိနေခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှ အဆင့်မြင့်နယ်မြေသို့ ယူလာခဲ့ခြင်းပင်။
ထာဝရရှေးဟောင်းမြေရှိ ‘ထာဝရသက်ရှိကို သယ်ဆောင်ထားသည့်လိပ်ဖြူလေး’ ကိုထည့်တွက်မည်ဆိုလျှင် နှစ်ပင်ပင်။
ရှီဟောင်သည် အရှုံးမပေးချင်သောကြောင့် ထိုအပင်နောက်လိုက်သွားခဲ့သော်လည်း သူထင်ထားသည့်အတိုင်း အချည်းနှီးပင်။ ထိုအပင်များသည် တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း ပြေးနိုင်သည့်စွမ်းရည်ဆိုလျှင်တော့ သူတို့သည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ပင်။
“နှမြောစရာကောင်းလိုက်တာ .. သူက ဘယ်လိုသားရဲမျိုးလဲ..” သူသည် ထိုသားရဲလေး၏ ခန္ဓာကိုယ်အစစ်ကိုပင် မမြင်လိုက်ရပေ။
နောက်ဆုံးတော့ ဤရှေးဟောင်းမိုင်းတွင်း၌ သက်ရှိတစ်ယောက်ကိုတွေ့ခဲ့ရပြီး ဤသည်မှာ ထာဝရဆေးပင်တစ်ပင်ပင်။ သို့သော်လည်း ထိုဆေးပင် ပျောက်ကွယ်သွားလေပြီ။
ဟူး..
ရှီဟောင် ရှားရှားပါးပါး သက်ပြင်းချလိုက်၏။
“ဘာလို့ မွှေးနေသေးတာလဲ..” ရှီဟောင် ထိတ်လန့်သွားရ၏။ သူနောက်ပြန်လှည့်လာသည့်အချိန်တွင် ထိုရေကန်ကို တွေ့လိုက်ရသည်။
ဤရေကန်မှာ သိပ်မကြီးပေ။ ငါးပေပတ်လည်ခန့်သာရှိသည်။ ဤကန်ထဲရှိ ရေမှာ တောက်ပနေပြီး မူလမြူများလည်း ထွက်ပေါ်နေလေသည်။ ထို့အပြင် တောက်ပသည့်အလင်းများလည်း ရံဖန်ရံခါ ထွက်ပေါ်လာပြီး အလင်းမိုးဖြစ်သွားလေ၏။ မွှေးပျံ့လှသည့် ရနံ့မှာ သူ့နှာသီးဖျားသို့ ဝင်ရောက်လာလေသည်။
“အမ်.. ဒီရေကန်က တော်တော်လေးကို ထူးခြားတာပဲ..” ရှီဟောင် လန့်လည်းလန့်သွားသလို အံ့အားလည်းသင့်သွားရသည်။ ထို့နောက် တစ်ခုခုကို စဉ်းစားမိသွားသည်။
နတ်ဘုရားကျောင်းမှ မြင့်မြတ်သားတော်သည် ထာဝရရှေးဟောင်းမြေတွင် ကန်တစ်ခုကို ရှာတွေ့ခဲ့သည်ဟု သူကြားလိုက်ရသေးသည်။ ထိုကန်ထဲတွင် သူ၏အသွေးအသားများကို ပြောင်းလဲစေနိုင်သည့် ထူးဆန်းသည့်အရည်များရှိနေသည်ပင်။
ထိုအဖိုးတန်အရည်များမှာ ထာဝရဆေးပင်တစ်ပင် အရည်ပျော်ခဲ့ခြင်းဖြစ်လိမ့်မည်ဟု သံသယဝင်ခဲ့သည့်သူများရှိခဲ့သည်ပင်။
ရှီဟောင်သည် တစ်ခုခုကို စဉ်းစားမိသွားကာ စိတ်လှုပ်ရှားလာသည်။
သူသည် လက်ခုပ်ဖြင့် ရေခပ်လိုက်ပြီး သေချာလေး အရသာခံ သောက်ကြည့်လိုက်၏။ မွှေးရနံ့မှာ ဆေး၏မွှေးရနံ့ဖြစ်ပြီး သူ၏ပြင်းထန်စွာ ဒဏ်ရာရထားသည့် ခန္ဓာကိုယ်မှာ တစ်ဖြည်းဖြည်းချင်း သက်သာလာသည်ကို သူတွေ့လိုက်ရသည်။
သေချာကြည့်လိုက်လျှင် ကန်အောက်ခြေ၌ ပျက်စီးနေသည့်အရွက်များ၊ ပင်စည်များနှင့် အမြစ်များကိုပင် တွေ့နေရသည်။ သို့သော် ထိုအရာများမှာ အရည်ပျော်နေပြီဖြစ်ပြီး ကန်ရေနှင့်တစ်သားတည်းဖြစ်နေလေပြီ။
“ဒါပဲ..”
ရှီဟောင် အံ့အားတကြီး အော်ဟစ်လိုက်၏။ ဤသည်မှာ ထိုသက်ရှည်ဆေးပင်နှင့် ဆက်စပ်နေသည်ကို သူနားလည်သွားလေပြီ။
“ဒါပဲဖြစ်ရမယ် .. ဒီသက်ရှည်ဆေးပင်က အရေပြားဟောင်းကိုခွာပြီးတော့ ခန္ဓာကိုယ်အသစ်ယူထားတာ .. အဲဒါကြောင့်မို့လို့ သူ ထွက်ပြေးသွားနိုင်တာ..”
ဤလောကတွင် မသေဆုံးနိုင်သည့် သက်ရှိများကို ရှာတွေ့နိုင်ရန် ခက်ခဲလှမည်။ သို့သော်လည်း သက်ရှည်ဆေးပင်များ ထိုထဲမှ တစ်ခုပင်။ သူတို့အသက်ကုန်ဆုံးတော့မည့်အချိန်တိုင်း ပြန်လည်မွေးဖွားကြပြီး ဘဝတစ်ခု ပြန်လည်ရရှိကြသည်ပင်။
ထာဝရဆေးပင်မှ ပြောင်းသွားသည့် ထိုသားရဲလေးသည်လည်း ထိုကဲ့သို့ပင်။
သူ၏ အရေခွံအဟောင်းများသည် နတ်ရေကန်နှင့် တစ်သားတည်းဖြစ်လာကာ ဤသည်လည်း အဖိုးတန်ရေအဖြစ် ပြောင်းလဲလာခြင်းပင်။
ဤဝိညာဉ်စွမ်းအားများစိမ့်ထွက်မသွားနိုင်အောင် ရှီဟောင် အစီအရင်တစ်ခုကို ပြုလုပ်လိုက်သောကြောင့် ဤနေရာမှာ ချက်ချင်းပင် မြူခိုးများ ဝေလာလေသည်။
ဂလု..
ရှီဟောင် ထိုတောက်ပနေသည့် အရည်များကို ပါးစပ်အပြည့် သောက်ချလိုက်သည်။ သူ၏ကျိုးနေသည့် အရိုးများနှင့် အတွင်းအင်္ဂါများမှာ လျင်မြန်စွာပင် ပြန်ကောင်းသွားလေသည်။
ဤသည်မှာ အသက်ကျောက်တုံးထက်ပင် ပို၍ရှားပါးမည်ကို သူယုံကြည်သည်။ ဤကဲ့သို့သော အဖိုးတန်ရေကန်မျိုးကိုရသည်မှာ အရာအားလုံးထက် ပို၍တန်ဖိုးကြီးသည်ပင်။
သို့သော်လည်း ဤသည်မှာ ထာဝရဆေးပင်များကိုတော့ မမှီနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ အပြင်ခွံသာ။
“ဒီနေရာက မဆိုးဘူး .. ဒီမှာ သက်ရှည်ရေကန်တစ်ခုရှိနေတယ် .. ငါဒီမှာ ကျင့်ကြံလို့ရတယ် .. အလောတကြီးထွက်သွားစရာမှ မလိုတာ..” ရှီဟောင် အလွန်ကျေနပ်စွာ ပြောလိုက်၏။
မူလရှေးဟောင်းမိုင်းတွင်းသည် အန္တရာယ်များသော်လည်း ယခု သူ့အတွက်တော့ ဤသည်မှာ မြင့်မြတ်မြေတစ်ခုပင်။
….
အနန္တကောင်းကင်ရှိ ကောင်းကင်နတ်ဘုရားကျောင်း
ဤနေရာတွင် ခရမ်းရောင်စွမ်းအင်များထွက်ပေါ်နေပြီး တောင်တန်းများမှာလည်း နဂါးသွေးကြောများကဲ့သို့ပင်။ နတ်ငှက်များလည်း သူတို့အတောင်ပံများကို ဖြန့်ကာပျံသန်းနေပြီး သားရဲများလည်း သွားလာနေကြသည်။ ဤနေရာသည် လောကီရေးရာ ကိစ္စများနှင့် ကင်းကွာနေသည့် ထာဝရလှိုဏ်ဂူတစ်ခုကဲ့သို့ပင်။
ဤနေရာမှာ အလွန်ကျယ်ဝန်းလှပြီး အဆုံးကိုပင် မမြင်ရပေ။
အပြင်ပန်းမှကြည့်မည်ဆိုလျှင် ဤနေရာသည် အလွန်ငြိမ်းချမ်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်တော့ ယှဉ်ပြိုင်မှုများဖြင့် ပြည့်နှက်နေပြီး လွယ်ကူကာ သက်သောင့်သက်သာဖြစ်သည့်နေရာတစ်ခု မဟုတ်ပေ။
ယနေ့တွင် လူငယ်လေးအချို့ လာလည်ကြပြီး အတော်လေး လှုပ်ခတ်သွားစေမည့်သတင်းများကို သယ်လာကြလေ၏။
“ဟွမ်က အသက်ရှင်နေတုန်းပဲ .. မသေသေးဘူး .. သူက စီရင်စုသုံးထောင်ကနေ အနန္တကောင်းကင်ကို တစ်ယောက်တည်း ရောက်လာတာ..”
သတင်းသည် လျင်မြန်စွာပင် ပျံ့နှံ့သွားကာ လူအတော်များများ ဤသည်ကိုအာရုံစိုက်လာလေသည်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသောကြောင့် သူဤနေရာသို့ မရောက်သေးသော်လည်း သူ့နာမည်ကတော့ ရောက်နေပြီဖြစ်သည်။
“သူက စီရင်စုသုံးထောင်က စွန့်ပစ်နယ်မြေအတွင်းပိုင်းက ဧကရာဇ်မြို့စစ်မြေပြင်မှာ ပျောက်သွားတာ မဟုတ်ဘူးလား..”
အချို့လူများမှာ ထိုစစ်ဆေးမှုကို ကိုယ်တိုင်ကြုံတွေ့လိုက်ရသောကြောင့် ဇဝေဇဝါဖြစ်နေကြလေသည်။
ထိုတုန်းက ကျွမ်းကျင်သူသုံးယောက်သည် သုံးရက်လုံး နေရာအနှံ့ ရှာခဲ့ကြသော်လည်း သူ့ကို ရှာမတွေ့ခဲ့သောကြောင့် သူတစ်ခုခုဖြစ်သွားပြီး ဤလောကကြီးတွင် မရှိတော့ဘူးဟု ယူဆလိုက်ကြခြင်းပင်။
သူ အနန္တကောင်းကင်တွင် အသက်ရှင်လျက် ပြန်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဤသတင်းကို ယူလာခဲ့သူများမှာ အဆင့်တက်ခြင်းစင်္ကြံပေါ်သို့ တက်ခဲ့သည့် ဂျီးနီးယပ်စ်များပင်။ သူတို့သည် မိသားစုကြီးမှ လာခဲ့ခြင်းဖြစ်ပြီး ရှီဟောင့်သတင်းကိုပေးရန်အတွက် ကောင်းကင်နတ်ဘုရားကျောင်းသို့ အလောတကြီး ရောက်လာကြခြင်းပင်။ ယွမ်ချင်းသည် သူ့အား မမျှမတဆက်ဆံပြီး မူလရှေးဟောင်းမိုင်းတွင်းသို့ ပို့လိုက်ကြောင်း သတင်းလာပေးခြင်းပင်။
“ယွမ်ချင်း .. အဲဒီဘက်ကလူပဲ..” ရာထူးကြီးသည့် အချို့သူများသည် နူးညံ့စွာ ပြောလိုက်ကာ မျက်လုံးများ အရောင်တောက်လာကြလေသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ ကျွမ်းကျင်သူများသည် ချက်ချင်းပင် မူလရှေးဟောင်းမိုင်းတွင်းသို့ သွားလိုက်ကြလေသည်။
ခဏကြာပြီးသည့်နောက်တွင် ဂျီးနီးယပ်စ်များအားလုံး ထိုသတင်းကိုသိသွားကာ ရောက်လာကြလေသည်။
ချောင်ယုရှန်း၊ ယုန်ဖြူလေး၊ ချန်ကုန်းယန်နှင့် အခြားသူများမှာ ရှီဟောင်တစ်ခုခုဖြစ်သွားပြီး အသက်ရှင်လျက် ပြန်မရောက်လာမည်ကို စိုးရိမ်နေကြလေသည်။
“ဟက် .. ကောင်းကင်ကြီးက သူရဲကောင်းဂျီးနီးယပ်စ်တွေကို မနာလိုဖြစ်နေတာပဲ .. ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့သူကိုတောင်မှ မူလရှေးဟောင်းမိုင်းတွင်းကို ပို့လိုက်တယ်..” သူ၏ကံဆိုးမှုကို ပျော်ရွှင်နေသည့်သူများလည်း ရှိနေသည်ပင်။
“ဒီလူက အားနည်းတဲ့ တာအိုစီရင်စုသုံးထောင်ကနေ လာတယ်လို့ပြောတယ် .. ဒါပေမဲ့ သူကတော့ အဲဒီလောက်မရိုးရှင်းဘူး .. နှမြောစရာပဲ .. သူတိုးတက်ဖို့အတွက် ခက်ခဲလိမ့်မယ် .. သူအသက်ရှင်လျက် ပြန်ရောက်လာနိုင်ရင်တောင် သူဘာလုပ်နိုင်တော့မှာလဲ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ရယ်မောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် လအနည်းငယ် နောက်ကျနေပြီဖြစ်သည်။ သူ့ကို ကယ်ရန်အတွက်လည်း အချိန်တစ်ခု ကြာမည်ပင်။
ကောင်းကင်နတ်ဘုရားကျောင်းတွင် အစပိုင်း၌ ကောင်းကောင်းမလုပ်နိုင်ပါက နောက်ပိုင်းတွင်လည်း မျှော်လင့်ချက်မဲ့နေမည်ဟု ဆိုလိုခြင်းပင်။ အဘယ်ကြောင့်ဆိုသော် အကောင်းဆုံးထာဝရတာအိုအရင်းအမြစ်များကို အတော်ဆုံးသူများမှ ယူပြီးသွားလေပြီ။
သိပ်မဝေးသည့်နေရာတွင် ဧကရာဇ်ကလန်မှ မြင့်မြတ်သည့်မိန်းမပျိုလေးများ ရောက်လာကြသည်။ သူတို့အားလုံးမှာ သူတို့မျိုးဆက်၏ အဆင့်လွန်ကျွမ်းကျင်သူများဖြစ်ပြီး အောင်မြင်မှုများမှာလည်း တိုင်းတာ၍ မရနိုင်လောက်အောင်ပင်။
“ဝမ်ကလန်က မမလေး .. မမလေးက ထာဝရမျိုးဆက်ဆိုတော့ နတ်အာရုံက အရမ်းစူးရှမှာပဲ .. မမလေးဘယ်လိုထင်လဲ .. ဟွမ်က အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလား” တစ်စုံတစ်ယောက်မှ မေးလိုက်၏။
လေထုမှာ ချက်ချင်းကြီးပင် ငြိမ်သက်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သက်ရှည်မိသားစုမှ မမလေးသည် နိုးထခြင်းလမ်းကြောင်းသို့ ရောက်ရှိလာလေပြီ။ သူသည် ယခုလေးတင် သီးသန့်ကျင့်ကြံရာမှ ထွက်လာခြင်းပင်။
“သူက အခွင့်အရေးကောင်းကြီးကို လွဲချော်သွားခဲ့ရတယ် .. နှမြောစရာပဲ..” ထိုမိန်းမလှလေးသည် ငြင်သာစွာခေါင်းခါ၍ ပြောလိုက်သည်။
အားလုံးနားလည်ကြသည်ပင်။ သူမပြောသည့် ထိုအခွင့်အရေးကောင်းကြီးဆိုသည်မှာ ရှီဟောင်သည် လအနည်းငယ် နောက်ကျသွားသောကြောင့် ရှားပါးသည့် အဖိုးတန်ဆေးပင်များ၊ ဖီးနှစ်သွေးကန်များနှင့် အခြားအရာများအတွက် မတိုက်ခိုက်နိုင်တော့ဘူးဟု ဆိုလိုခြင်းပင်။
“ဟုတ်တယ် … ဟွမ်က သူ့ရဲ့အခွင့်အရေးကောင်းကြီးကို လွဲချော်သွားပြီ .. ဖီးနှစ်သွေးကန်က ခြောက်နေပြီ .. သူပြောင်းလဲဖို့အတွက် သုံးလို့မရတော့ဘူး..”
အဆင့်လွန်သက်ရှိလူငယ်လေးတစ်ယောက် လျှောက်လာကာ ပြောလိုက်လေ၏။
“သူလိုက်မှီနိုင်ဖို့ ဖြည်းဖြည်းချင်း ကြိုးစားလို့ရပါတယ် .. ဒါပေမဲ့ ကောင်းကင်နတ်ဘုရားကျောင်းက အခွင့်အရေးတွေကတော့ သူနဲ့မသက်ဆိုင်တော့ဘူး .. သူဒီကို အမြန်ဆုံးရောက်လာရင်တောင်မှ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့ တစ်ခြားသူတွေကို မယှဉ်နိုင်တော့ဘူး..”
အခြားသူများမှာ ရှီဟောင်အပေါ် အလွန်အဆိုးမြင်နေခြင်း မဟုတ်ပေ။ ကံတရားမှ သူ့အား ကစားသွားသည်ဟုသာ သူတို့ခံစားလိုက်ရသည်။ သူသည် ကောင်းကင်နတ်ဘုရားကျောင်းမှ အကောင်းဆုံးအခွင့်အရေးများနှင့် လွဲချော်သွားလေပြီ။
“သူသာ သက်ရှည်ဆေးပင်ကို ရှာနိုင်ရင်တော့ ဖီးနှစ်သွေးကန်၊ ထာဝရလှိုဏ်ဂူတွေနဲ့ တစ်ခြားဟာတွေကို ယှဉ်နိုင်မှာ .. မဟုတ်ရင်တော့ သူ ဘာမှလုပ်လို့မရတော့ဘူး..”
…
မူလကြယ်တွင် ကျွမ်းကျင်သူများစွာ ရောက်ရှိလာလေပြီ။
သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်းမှ ကျွမ်းကျင်သူများပင်။ သတင်းရပြီးသည်နှင့် ရှီဟောင်ကို ကယ်ရန်အတွက် သူတို့ချက်ချင်းအလျင်စလို ရောက်လာကြခြင်းပင်။
“ယွမ်ချင်းက လွန်လွန်းသွားပြီ .. သူ ဖိနှိပ်ခံရမှာကို မကြောက်ဘူးလား..”
“သူက အဲဒီဘက်ကလူ .. အဲဒါကြောင့်မို့လို့ ဒီလိုမျိုးရဲရဲတင်းတင်းလုပ်ရဲတာ .. အဲဒီမှာ သူ့ကို မြှောက်ပေးနေတဲ့သူ တစ်ယောက်ယောက် ရှိကိုရှိရမယ်..”
သူတို့ဘာသာ ပြောနေရင်းဖြင့်ပင် သူတို့ ရှေးဟောင်းမိုင်းတွင်းနားသို့ ရောက်လာကြလေ၏။
သူတို့သည် သူတို့ကိုယ်သူတို့ မပေါ်လွင်စေပဲ ရှီဟောင်ရှိနေမည့်နေရာကို တိတ်တဆိတ်ရှာဖွေနေကြခြင်းပင်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်သည် ကျွန်တစ်ယောက်အဖြစ် ရောင်းစားခံလိုက်ရပြီး မူလရှေးဟောင်းမိုင်းတွင်းထဲသိသို့ ပို့ခံလိုက်ရသည်ကို သူတို့သိလိုက်ရသည်။
“အားရား.. ဘာလို့ဒီလိုမျိုးဖြစ်သွားရတာလဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ ကျွမ်းကျင်သူတစ်ယောက် အော်ဟစ်လိုက်ကာ သူ့မျက်နှာလည်းဖြူဖျော့လာလေ၏။ ဒီတစ်ခေါက်တော့ .. သူတို့နောက်ကျသွားလေပြီ။
“ဒါက တကယ်ကိုတော်တဲ့ဂျီးနီးယပ်စ်တစ်ယောက် .. ဒါပေမဲ့ သူက ဒီလိုမျိုးအဆုံးသတ်သွားပြီ .. ဒါက အရမ်းနှမြောဖို့ ကောင်းတာပဲ .. သူက ဒီလောကကြီးကိုတောင် လွှမ်းမိုးဖို့ အချိန်တောင် မရလိုက်ဘူး…”
ကောင်းကင်နတ်ဘုရားကျောင်းမှ ရောက်လာသည့် ကျွမ်းကျင်သူများအားလုံး မျက်နှာဖြူဖျော့နေလေပြီ။ သူတို့စိတ်ထဲတွင် ဒေါသထွက်နေလေပြီ။ သူတို့သည် ဤနေရာတွင်ရှိနေသည့် လူများကို အေးစက်စွာပင် ကြည့်လိုက်ကြလေ၏။
သူတို့ ဤနေရာတွင်ရှိနေသည့် သက်ရှိအားလုံးကို ဖိနှိပ်ပစ်လိုက်ချင်သည်။
သို့သော်လည်း သူတို့ဤသို့သတ်ဖြတ်လိုက်လျှင်ပင် ရှီဟောင်၏ကံတရားကို ပြောင်းလဲနိုင်မည်မဟုတ်သောကြောင့် သူတို့သည်းခံထားလိုက်ရသည်။
သို့သော်လည်း သူတို့ချက်ချင်း ပြန်မသွားပဲ မိုင်းတွင်းအပြင်ဘက်၌ စောင့်နေလိုက်ကြသည်။ ဆန်းကြယ်မှုများဖြစ်လာပြီး ရှီဟောင်ပြန်ထွက်လာမည်ကို စောင့်နေလိုက်ကြသည်။
သို့သော်လည်း တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားကာ လကူးနေပြီဖြစ်သော်လည်း ရှီဟောင် ပေါ်မလာခဲ့ပေ။
ဂျီးနီးယပ်စ်တစ်ယောက် ဤကဲ့သို့ပင် ကြွေလွင့်သွားခဲ့ရသောကြောင့် သူတို့အားလုံး မျက်နှာမသာမယာဖြစ်နေကြလေသည်။ ဤသည်မှာ ကြီးမားလှသည့် ဆုံးရှုံးမှုကြီးပင်။
“သွားမယ်..”
နောက်ဆုံးတွင်တော့ သူတို့ ကောင်းကင်နတ်ဘုရားကျောင်းကို ပြန်သွားကြပြီး ရာထူးကြီးသည့်သူများကို တင်ပြကြလေသည်။ ဖြစ်ပျက်ခဲ့သမျှကို ပြောပြပြီး ဘာလုပ်ရမည်ကို ညွှန်ကြားချက် တောင်းခံလိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းသို့ သတင်းပျံ့သွားသည့်အချိန်တွင် အဆင့်မြင့်သည့်သူများမပြောနှင့် ကလန်ပေါင်းစုံမှ ဂျီးနီးယပ်စ်များပင် ဤအကြောင်းကို စိတ်ဝင်တစား ပြောနေကြလေသည်။
“ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ဂျီးနီးယပ်စ်တစ်ယောက်က ဒီလိုမျိုးနဲ့ပဲ ကျရှုံးသွားတာလား..”
“သူ အသက်ရှင်လျက်ပြန်လာနိုင်လိမ့်မယ်လို့ ငါထင်ထားခဲ့တာ .. သူတိုးတက်လာဖို့အတွက် ခက်ခဲမယ်ဆိုရင်တောင်မှ ဒီလိုမျိုး အသက်ဆုံးရှုံးသွားရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာပဲ..”
“ဟွမ်ရဲ့ ဒဏ္ဍာရီက ဒီမှာပဲ အဆုံးသတ်တော့မှာလား..” ယွဲ့ချန်၏ အမူအရာသည် ရှုပ်ထွေးနေလေ၏။
အပိုင်း ၁၂၇၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၄ – ကျောင်းမှ ဖရိုဖရဲကိစ္စများ
ကောင်းကင်နတ်ဘုရားကျောင်းမှာ မငြိမ်းချမ်းနိုင်တော့ပေ။
ဂျီးနီးယပ်စ်များမပြောနှင့် စီရင်စုသုံးထောင်မှလာသည့်သူများပင် ဟွမ် မူလရှေးဟောင်းမိုင်းတွင်းတွင် သေဆုံးသွားသည်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။
အဖြူရောင်အဝတ်အစားများ လှုပ်ခတ်နေပြီး အနက်ရောင်ဆံနွယ်များထက်တွင် အစိမ်းရောင်လတစ်လုံးရှိနေသော ချင်းရီသည် စိတ်လွတ်နေပြီး မျက်ရည်များလည်းစီးကျနေလေသည်။
သူမသည် ရုတ်တရက်ပင် ယွဲ့ချန်ဘက်သို့ လှည့်လိုက်ကာ “ငါသဘောတူတယ် .. ငါတို့ပေါင်းကြမယ် .. ဒါပေမဲ့ နောင်ကျရင် နင် ယွမ်ချင်းကိုသတ်ပေးပါ့မယ်လို့ ငါ့ကို ကတိပေး..”
ယွဲ့ချန်သည် သူမကိုကြည့်လိုက်ကာ “နင်တကယ် ဆုံးဖြတ်လိုက်ပြီလား..”
သူတို့နှစ်ယောက်သည် မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြသော်လည်း မပေါင်းစည်းနိုင်ခဲ့ပေ။ သို့သော် ယခု ရှီဟောင့်သတင်းကြားလိုက်ရသည့်အချိန်တွင် ချင်းရီ ပေါင်းစည်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။
“ငါသေချာတယ်..” ချင်းရီပြောလိုက်၏။
ထိုစကားကိုကြားသည်နှင့် ယွဲ့ချန်သည် ခေါင်းခါလိုက်ကာ “ဒီကိုရောက်လာပြီးတော့ ငါရှေးဟောင်းစာအုပ်တွေအများကြီးကို ဖတ်ဖူးတယ် .. အခုက ငါတို့ပေါင်းစည်းဖို့အတွက် အကောင်းဆုံးအချိန်မဟုတ်သေးဘူး .. ပိုပြီးသန်မာလာဖို့အတွက် ငါတို့ ကျင့်ကြံဆင့်မြင့်ဖို့လိုသေးတယ် .. ငါတို့နှစ်ယောက်လုံး ကျင့်ကြံဆင့်မြင့်တဲ့အချိန်မှာ ပေါင်းလိုက်ရင် ဘယ်သူက ငါတို့ကို ရင်ဆိုင်နိုင်မှာလဲ..”
“နင် ဒီအခွင့်အရေးကို လက်လွတ်နိုင်ပြီဆိုတာ သေချာလား.” ချင်းရီ သူမကို မေးလိုက်၏။
ယွဲ့ချန်သည် ရှားပါးလှသည့် ခံစားချက်များဖုံလွှမ်းနေသည့်ပုံစံဖြင့် ပြောလိုက်လေ၏။
” နင်က မသန့်ရှင်းတော့ဘူး .. ငါ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် နင့်ကိုသတ်ပစ်လိုက်ချင်တာ .. ဒါပေမဲ့ နောင်ဖြစ်လာမယ့် ခန့်မှန်းလို့မရတဲ့ ပြောင်းလဲမှုတွေကြောင့် ငါ ဒါကို လက်ခံနေရတာ .. ငါ့ရှေ့မှာ ဟွမ်အကြောင်း ခဏခဏမပြောဖို့ မျှော်လင့်တယ် .. နောက်ပိုင်း ငါတို့ပေါင်းပြီးသွားရင်တောင်မှ သူနဲ့သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေကို ငါဖျက်ပစ်မှာ..”
ချင်းရီသည် မျက်ရည်များ ရစ်ဝိုင်းနေသော်လည်း ပြန်မပြောပဲ မနေနိုင်ပေ။ “ငါက နင် မဟုတ်ဘူးလား .. ငါက မသန့်ရှင်းဘူးဆိုရင် နင့်ကိုယ်နင်ရော ဖြူစင်မြင့်မြတ်တယ်လို့ ပြောလို့ရမှာလား .. အဲဒီနေ့က..”
“တော်တော့…”
နတ်သမီးနှစ်ယောက်သည် ရုတ်တရက်ပင် စကားများလာကြသောကြောင့် လူအများ အာရုံစိုက်လာကြလေသည်။
“သူက ဘယ်လိုလုပ် ဒီလိုမျိုးသေနိုင်မှာလဲ .. ငါမယုံဘူး .. အဲဒီမူလရှေးဟောင်းမိုင်းတွင်းက ဘယ်လိုနေရာမျိုးမို့လဲ .. သူအဲဒီထဲမှာ ပိတ်မိနေရုံနဲ့ သူသေသွားပြီလို့ ပြောလို့မရဘူးလေ..” ချောင်ယုရှန်း ရေရွတ်လိုက်သည်။
တစ်စုံတစ်ယောက်သည် နှာခေါင်းရှုံ့လိုက်ကာ ” တာအိုရောင်းရင်း မင်းက မူလရှေးဟောင်းမိုင်းတွင်းအကြောင်းကို နားမလည်သေးပါဘူး .. အဲဒီထဲကို ဝင်သွားတဲ့သူတွေအားလုံး ဘယ်သူမှ အသက်ရှင်လျက်ပြန်ထွက်မလာနိုင်သေးဘူး .. မထင်ထားတာတွေ ဖြစ်ပြီးတော့ ကံကောင်းတဲ့လူတစ်ချို့သာ ပြန်ထွက်လာနိုင်တာ .. ဒါပေမဲ့ အခု ဘယ်နှရက်တောင် ရှိနေပြီလဲ .. သူပေါ်မလာသေးဘူးဆိုမှတော့ သူသေသွားပြီမို့လို့ပေါ့..”
အခြားတစ်ဖက်တွင်ရှိနေသည့် ယုန်ဖြူလေးသည် ခေါင်းငိုက်စိုက်ကျနေလေ၏။ လက်ရှိတွင် သူမသည် ရွှေရောင်ဂျင်ဆင်းတစ်ခုကို ပွေ့ထားကာ စိတ်ပျက်စွာဖြင့်ပင် ထိုဂျင်ဆင်းကို မုန်လာဥကဲ့သို့ စားနေလေ၏။
ထိုလူ၏ခနဲ့သံကိုကြားသည်နှင့် သူမ၏မျက်လုံးများပြူးကျယ်လာကာ ချီလင်းလေးကို သယ်ထားရင်းဖြင့်ပင် ထိုလူကို ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။
ဒုန်း..
“အားရိုး..” ထိုလူမှာ ဘာကြောင့် ရုတ်တရက်တိုက်ခိုက်ခံလိုက်ရမှန်းမသိသော်လည်း သူ့ခန္ဓာကိုယ်မှာ အလွန်နာကျင်သွားရသည်။
တစ်ချိန်တည်းမှာပင် နာကျင်စွာ အော်ငိုနေသည့်အသံ ထွက်ပေါ်လာလေ၏။ ချီလင်းလေးသည် သူ၏လှပသည့်အိပ်မက်ပျက်စီးသွားသည့်အပြင် ကျောက်တုံးတစ်တုံးကဲ့သို့ ပစ်လွှတ်ခံလိုက်ရသောကြောင့် လကျောက်စိမ်းယုန်လေးကို အလွန်သနားစရာကောင်းသည့် အကြည့်ဖြင့်ကြည့်နေလေသည်။
အားလုံး ဆွံ့အသွားရ၏။ ချီလင်းကိုပင် လက်နက်တစ်ခုကဲ့သို့ ပစ်လွှတ်လိုက်သောကြောင့် အားလုံး ပြောစရာစကားမဲ့သွားရသည်။
ကောင်းကင်နတ်ဘုရားကျောင်းတွင် ရောက်နေသောကြောင့်သာမဟုတ်ပါက အခြားသူများမှာ ဤအဖြူရောင်ချီလင်းလေးအတွက် တိုက်ခိုက်နေကြမည်ပင်။
“ငါ့အစ်ကို မသေဘူး..” ချင်းဟောင်သည်လည်း လက်သီးလက်မောင်းတန်းကာ သူ့အမြင်ကို ပြောလာသောကြောင့် စီရင်စုသုံးထောင်မှ ကျင့်ကြံသူများ အံ့အားသင့်သွားရသည်။
ဤညီအစ်ကိုနှစ်ယောက်ကြားတွင် ကသိကအောက်ဖြစ်စေသည့် ကိစ္စအချို့ရှိပြီး ချင်းဟောင်သည် တစ်စုံတစ်ခုကို သက်သေပြရန်အတွက် သူ့အစ်ကိုကြီးကို အမြဲတမ်းဖိနှိပ်ချင်နေသည်ကို အတော်များများသိထားကြသည်ပင်။
သို့သော်လည်း သူဤကဲ့သို့ ထုတ်ဖော်ပြောလာသောကြောင့် အချို့လူများကို ထိတ်လန့်သွားစေသည်သာ။
“ရှီဟောင် သေသွားလိမ့်မယ်လို့ ငါတို့လည်း မယုံဘူး..” ချန်ကုန်းယန်နှင့် နဂါးမိန်းမပျိုလည်း သက်ပြင်းချ၍ ပြောလိုက်သည်။
“ဟား ဟား..” တစ်စုံတစ်ယောက်မှ ရယ်မောလိုက်၏။ ဤသည်မှာ စီရင်စုသုံးထောင်မှလူ မဟုတ်သည်မှာ သေချာသည်။
” မူလရှေးဟောင်းမိုင်းတွင်းထဲကိုတောင် ဝင်သွားနေပြီကို မင်းတို့က အသက်ရှင်လျက် ပြန်လာခိုင်းစေချင်နေတာလား .. ဘာလဲ .. မင်းတို့က နောက်နေ့ကျရင် နေကို အနောက်ဘက်ကနေ ထွက်ခိုင်းစေချင်နေတာလား..”
“ငါကြားတာတော့ ဟွမ်မှာ ထူးခြားတဲ့နည်းလမ်းတွေရှိပြီးတော့ ခွန်အားကလည်း သာမန်မဟုတ်ဘူးတဲ့ .. ငါသူနဲ့ တိုက်ခိုက်ပြီးတော့ မဖိနှိပ်လိုက်ရတာ နှမြောစရာပဲ..” အခြားတစ်ယောက်မှ ပြောလိုက်၏။
“နင်တို့အားလုံး ဘာတွေ ပြောနေကြတာလဲ..” ယုန်ဖြူလေးသည် ချီလင်းလေးကို ပွေ့ထားကာ ပြောလိုက်၏။ သူမကိုကြည့်ရသည်မှာ နောက်တစ်ခေါက် ထပ်ပစ်တော့မည့်ပုံပင်။
အခြားသူများမှာ ဆွံ့အသွားကြလေ၏။ ဒီမိန်းကလေးက တော်တော်လေးကို ဒေါသကြီးတာပဲ .. ကောင်းကင်နတ်ဘုရားကျောင်းက တန်ဖိုးထားတဲ့ချီလင်းကိုတောင်မှ ကျောက်တုံးတစ်တုံးလို သုံးရဲတယ်..
“အဲဒီဟွမ်က ဘာများထူးခြားနေလို့လဲ .. သူကံကောင်းပြီးတော့ မူလရှေးဟောင်းမိုင်းတွင်းက ပြန်ထွက်လာပြီးတော့ ကောင်းကင်နတ်ဘုရားကျောင်းကို ရောက်လာရင်တောင်မှ သူ့ကို ချက်ချင်း ရိုက်ချပေးမယ်လို့ ကတိပေးတယ်..”
တစ်စုံတစ်ယောက်မှ ခနဲ့၍ပြောလိုက်သည်။
“ဘယ်သူကလဲ..” ထိုအချိန်တွင် လူငယ်လေးတစ်ယောက် မျက်လုံးများပွင့်လာပြီး အေးစက်စွာ ပြောလိုက်လေသည်။ ဤသည်မှာ နှစ်ထပ်မျက်လုံးရှိသည့် ရှီယိပင်။
သူသည် ရှီဟောင်နှင့်မတည့်သော်လည်း၊ သူတို့နှစ်ယောက်သည် သူသေကိုယ်သေ တိုက်ခိုက်ဖူးသော်လည်း တစ်စုံတစ်ယောက်မှ ရှီဟောင်ကို အထင်သေးလာသည့်အချိန်တွင် သူ ငြိမ်မနေနိုင်ပေ။
“ဟက် .. လူသေတစ်ယောက်ပဲကို ဘာတွေများဆွေးနွေးနေစရာရှိလို့လဲ..” အခြားတစ်ယောက်မှ ခနဲ့လိုက်သည်။
“ငါ့ဆီကိုသာ လာခဲ့လိုက် .. ငါ မင်းနဲ့တိုက်ပေးမယ်..” ချင်းဟောင် အော်ပြောလိုက်သည်။
“ခွေးကောင် .. မင်း ငယ်ပါသေးတယ် .. မင်း ကောင်းကင်နတ်ဘုရားအဆင့်ရောက်မှ လာခဲ့လိုက် .. မဟုတ်ရင် မင်းဘယ်လိုသေသွားရသလဲဆိုတာကိုတောင် မသိပဲနေလိမ့်မယ်” တစ်စုံတစ်ယောက်သည် တည့်တိုးပင် ပြောလိုက်လေ၏။
ဤနေရာသည် ဆူညံလာကာ လူများသည် သူတို့သေပြီဟု ထင်နေသည့်လူတစ်ယောက်အတွက် ငြင်းခုံနေကြလေသည်။
“ဘာတွေများငြင်းခုံနေကြတာလဲ .. သူက သေလူတစ်ယောက်ပဲ ဆွေးနွေးနေဖို့အတွက် မထိုက်တန်ဘူး .. မကျေနပ်တဲ့သူရှိရင် ငါ့ကို စိန်ခေါ်လို့ရတယ် .. တကယ်လို့ ဟွမ် အသက်ရှင်လျက် ပြန်ရောက်လာရင်လည်း သူယုံကြည်မှုရှိရင် ငါနဲ့လာတိုက်လို့ရတယ်..
ဤသည်မှာ အစိမ်းရောင်ဆံပင်ရှိသည့်သူပင်။ သူသည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေပြီး သူ၏ဘေးပတ်လည်မှာ ဖရိုဖရဲမြူများကြောင့် မှုန်ဝါးနေလေ၏။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ပင်။ သူ၏အသံကြောင့် လူများစွာမှာ ခန္ဓာကိုယ်ကို မထိန်းနိုင်ပဲ တုန်ယင်လာကြလေသည်။
“သူပဲ…”
လူအတော်များများမှာ ဤလူကို ကြောက်ကြပြီး ရင်မဆိုင်လိုကြပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အသက်ရှည်ကလန်မှလာသည့် ရှေးဟောင်းထာဝရမျိုးဆက် နာမည်ကြီးတစ်ယောက်ပင်။
သူသည် ဤနေရာတွင်ရှိနေသည့် အရပ်ပေါင်းစုံမှ ကျွမ်းကျင်သူများကို အနိုင်ယူပြီးသွားလေပြီ။ သူသည် ကောင်းကင်နတ်ဘုရားရှိ စွမ်းအားအကြီးဆုံးတပည့်များထဲမှ တစ်ယောက်ပင်။
“ကျုပ် ခင်ဗျားနဲ့တိုက်မယ်…”
စီရင်စုသုံးထောင်ဘက်ရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် အသက်ကြီးနေသည့်အသံတစ်သံ ရုတ်တရက်ပင် ထွက်ပေါ်လာလေသည်။
” ဒါက ကောင်းကင်နတ်ဘုရား .. ကျင့်ကြံဖို့အတွက် မြင့်မြတ်တဲ့နေရာတစ်ခု .. မင်းတို့ ဒုစရိုက်လုပ်ငန်းတွေ လုပ်ရတဲ့နေရာမဟုတ်ဘူး..”
“ပညာဖလှယ်တာက ခွင့်ပြုတယ် .. ဒါပေမဲ့ စကားများပြီးတော့ ရန်သူတွေဖြစ်တာကိုတော့ ခွင့်မပြုဘူး..” အခြားတစ်ယောက်မှ ပြင်းထန်စွာ ပြောလိုက်သည်။
“မင်းတို့မကျေနပ်ဘူး လက်မခံနိုင်ဘူးဆိုရင် မင်းတို့ မူလရှေးဟောင်းမိုင်းတွင်းကိုသွားလို့ရတယ် .. လက်ရှိမှာ ငါတို့က လေ့ကျင့်ဖို့အတွက် တပည့်တွေကို အပြင်ထွက်ခွင့်ပေးထားတယ် .. အဲဒီ မူလရှေးဟောင်းမိုင်းတွင်းက တော်တော်လေး ထူးဆန်းတယ် .. မင်းတို့အားလုံး မကြောက်ကြရင် မင်းတို့လေ့ကျင့်ဖို့အတွက် အဲဒီကို သွားလို့ရတယ်..”
ကောင်းကင်နတ်ဘုရားရှိ အကြီးအကဲတစ်ယောက်မှ ဤသို့ ဆုံးဖြတ်ချက်ချပေးလိုက်သည်။
ဤသည်မှာ ကျောင်းသားများကို ဖိအားပေးခြင်းမဟုတ်ပဲ အကြံပေးခြင်းပင်။ စိန်ခေါ်ချင်သည့် ကျောင်းသားများရှိပါက သူတို့သည် လိုအပ်သည့် ပစ္စည်းများကိုထည့်ပေးလိုက်မည်ပင်။
“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း မူလရှေးဟောင်းမိုင်းတွင်းက ဘယ်လိုမျိုးလဲဆိုတာ ကြည့်ကြတာပေါ့ .. အခွင့်အရေးရှိရင်တော့၊ ကျောင်းက လျှို့ဝှက်ရတနာတွေ ပေးမယ်ဆိုရင်တော့ အဲဒီရှေးဟောင်းမိုင်းတွင်းထဲကို လှည့်ပတ်သွားလာချင်မိတယ်..”
အချို့သူများ အလွန်စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ဤသက်ရှိများမှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ လာခြင်းဖြစ်ပြီး သူတို့၏ သက်ဆိုင်ရာကလန်တွင် စွမ်းအားအကြီးဆုံး လူငယ်ထူးချွန်သူများပင်။ ယခုတော့ သူတို့ အငြိမ်မနေနိုင်တော့။ ထိုနေရာသို့ သွားကာ သူတို့ကိုယ်သူတို့ သက်သေပြချင်နေကြသည်။
“မူလရှေးဟောင်းမိုင်းတွင်းကို တကယ်သွားမှာလား..” သရဖူ ၁၀ ခုဘုရင်မှ ပြောလိုက်သည်။
သူသည် ဤကျောင်းတွင် သိပ်မထင်ပေါ်သောကြောင့် သူ့ကို ရန်စရဲသည့်သူများရှိနေလေသည်။ သူသည် ကျင့်ကြံခြင်းတွင် အမြဲတမ်း အရှေ့မှ ပြေးနေသည့်သူပင်။
ခဏကြာပြီးသည့်နောက်တွင် သူ့ထံ၌ လောကသစ်ပင် အပင်ပေါက်လေးရှိနေသည်ကို အားလုံးအာရုံခံမိလိုက်သည်။ ဤသစ်ပင်သည် ထိုထူးဆန်းသည့်မိုင်းတွင်းထဲတွင် သူ့အား ကာကွယ်ပေးနိုင်လောက်သည်။
“ငါ့မှာ အသက်ကျောက်တုံး မရှိဘူး .. ငါအဲဒီကို သွားဖို့လိုတယ် .. အခွင့်အရေးရရင်တော့ ဘယ်သူပြောနိုင်မလဲ ငါကျောက်တုံးနည်းနည်းလောက် ရရင်ရနိုင်တယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အချို့လူများသည်လည်း မူလရှေးဟောင်းမိုင်းတွင်းထဲသို့ ဝင်မသွားပဲ အပြင်ဘက်တွင်သာ ကောင်းကင်ရတနာများရှာဖွေလိုကြသည်ပင်။
…….
မူလရှေးဟောင်းမိုင်းတွင်း၊ ဂူအတွင်းပိုင်းတွင်
ဤနေရာတွင် အလင်းများနှင့်အရောင်များ စီးဆင်းနေပြီးကန်ရေများလည်း ဘောင်ဘင်ခတ်နေသည်။ ရှီဟောင်သည် ထိုရေကန်ထဲတွင် ထိုင်နေခြင်းဖြစ်ပြီး သူ၏ဒဏ်ရာများလည်း သက်သာပျောက်ကင်းသွားလေပြီ။
ဤသည်မှာ အသွေးအသားများကိုပြုပြင်ကာ မူလဝိညာဉ်ကို အားဖြည့်ပေးနိုင်သည့် အသက်ရှည်ရည်ပင်။ ဤရေထဲသို့ စိမ်လိုက်သည်နှင့် စွမ်းအား၊ ကျင့်ကြံခြင်းနှင့်ဆိုင်သည့် လိုအင်ဆန္ဒများ လွင့်ပြယ်သွားပြီး သူ၏စိတ်မှာ လုံးဝကြည်လင်နေလေပြီ။
အမွှေးရနံ့များရှိနေဆဲဖြစ်သော်လည်း သူ ထိုအနံ့များကို ထပ်မခံစားနိုင်တော့ပေ။
ရှီဟောင် ဤရေထဲတွင်ရှိနေသည်မှာ ၁၀ ရက်ကျော်ပင် ရှိနေလေပြီ။ သူ၏အခြေခံစွမ်းအင်မှာ အလွန်စွမ်းအားကြီးနေလေပြီ။
ရှီဟောင် ဤနေရာတွင် ကျင့်ကြံနေခဲ့သည်။ ပထမဆုံးရက်ကတည်းက သူ့ဒဏ်ရာများအားလုံး သက်သာပျောက်ကင်းသွားပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ ဆက်တိုက်ပင် ပြောင်းလဲနေပြီး အကျိုးကျေးဇူးများစွာလည်း ရရှိခဲ့သည်။
လဝက်ကြာပြီးသည့်နောက်တွင် ကန်ထဲရှိ ရေများ စတင်ဆူပွက်လာလေသည်။
ရှီဟောင်သည် အရိုးစာသားတစ်မျိုးကို အသက်သွင်းလိုက်ပြီး သူ၏အသွေးအသားများကို လေ့ကျင့်နေခြင်းပင်။
နောက်ပိုင်းတွင် ထာဝရစွမ်းအင်သုံးကြောင်းလုံး ပေါ်လာကာ သူ့ခေါင်းပေါ်သို့ တရှိန်ထိုးပြေးသွားကြလေသည်။ ထို့နောက် ထိုစွမ်းအင်များသည် သက်ရှိမျိုးစုံအဖြစ်သို့ ပြောင်းလဲသွားလေ၏။ ဤသည်မှာ နဂါးပေါင်း တစ်သောင်းမှ ပြိုင်ဆိုင်နေကြသကဲ့သို့ပင်။
ထို့အပြင် ဤအတောအတွင်း အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုဖြစ်သွားခဲ့သည်။ ရှီဟောင်၏ ထာဝရစွမ်းအင်တစ်ကြောင်းသည် တာအိုပန်းပွင့်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အနားတွင် ပေါ်နေလေသည်။
ဝုန်း..
တာအိုမိုးကြိုးတစ်ခု ပစ်ချလိုက်သကဲ့သို့ပင်။
ရှီဟောင်သည် ရေထဲတွင် မလှုပ်မယှက်ထိုင်နေသော်လည်း သူ့ဦးခေါင်းထက်တွင် ထူးဆန်းသည့်မြင်ကွင်းများ ပေါ်လာလေသည်။ တာအိုပန်းပွင့်အဖြစ်ပြောင်းလဲသွားသည့် ထာဝရစွမ်းအင်ကြောင်းထဲတွင် သက်ရှိများလည်း ပါဝင်နေလေသည်။
ဝုန်း..
ရက်ပေါင်းများစွာကြာပြီးနောက် တာအိုပန်းပွင့် ပွင့်လာသည့်အချိန်တွင် ပွင့်ဖတ်ပေါ်၌ ပုံရိပ်လေးတစ်ခု ပေါ်လာလေ၏။ ထိုပုံရိပ်လေးမှာ အသက်ဝင်လှပြီး ခန့်ညားလှသည်။
အပိုင်း ၁၂၇၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၇၅ – မကောင်းဆိုးဝါးတစ်ကောင် ကျင့်ကြံခြင်း
အမှန်တကယ်တွင် ဤတာအိုပန်းပွင့်သည် သူ အဆင့်တက်ခြင်းစင်မြင့်ပေါ်တွင် တစ်ခါရပြီးသားပင်.
သို့သော် ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် အရာအားလုံးမှာ မတူတော့ပေ။ သက်ရှည်ဆေးရည်ကို ရရှိပြီးသည့်နောက်တွင် ဤပန်းသည် ပွင့်လိုက်၊ ညှိုးနွမ်းသွားလိုက်ဖြင့် ပြောင်းလဲမှုများ ထပ်ခါတလဲလဲဖြစ်ခဲ့သည်ပင်။
နောက်ဆုံးအကြိမ် ပန်းပွင့်လာသည့်အချိန်တွင် ဤသက်ရှိပေါ်လာလေသည်။
ဤသည်မှာ လူသားပုံစံပင်။ သူမျက်လုံးဖွင့်လိုက်သည်နှင့် စွမ်းအင်များထွက်ပေါ်လာပြီး အဆုံးမရှိသည့် နတ်အလင်းတန်းများလည်း ထုတ်လွှတ်လာလေသည်။ ဤသည်မှာ ကောင်းကင်ကြီးကို လီမီးတောက်လောင်ကျွမ်းနေသကဲ့သို့ဖြစ်နေပြီး ကောင်းကင်ဘုံကိုးခု ရိုက်ချခံရတော့မလိုပင်။
အလင်းတန်းများမှာ မူလရှေးဟောင်းမိုင်းတွင်းအပြင်ဘက်သို့ပင် ရောက်ရှိသွားလေ၏။
အပြင်ဘက်မှ လူများလည်း ထိတ်လန့်သွားရ၏။ ဘာတွေဖြစ်နေတာလဲ..
အားလုံးသည် ဤမြင်ကွင်းကို အဝေးမှသာကြည့်နေလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့အားလုံး သက်ပြင်းချမိလိုက်ကြ၏။ ဝင်သွားသည့်သူများအားလုံး သေဆုံးသွားလောက်လေပြီ။ မထင်မှတ်ထားသည့်အရာတစ်ခုခုဖြစ်လာလျှင် ထိုထဲတွင် သေချာပေါက် အန္တရာယ်များမည်ဖြစ်ပြီး မည်သူမှ လွတ်နိုင်မည်မဟုတ်ပေ။
“နှမြောစရာပဲ .. ထာဝရစွမ်းအင်နှစ်ကြောင်းရှိတဲ့ ထူးချွန်တဲ့ပါရမီရှင်က ဒီလိုပုံစံနဲ့ ပျောက်ကွယ်သွားပြီ .. သူ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ချေက နည်းနည်းလေးမှကို မရှိဘူး ..” ဝမ်မိသားစုမှ သက်ပြင်းချကာ ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင် သူတို့အရမ်းလောသွားသည်ဟု ခံစားလိုက်ရသည်။ ဤကဲ့သို့သောစွမ်းအားကြီးသည့် သူရဲကောင်းကို ဆုံးရှုံးလိုက်ရခြင်းမှာ ဆုံးရှုံးမှုကြီးပင်။ သူတို့သာ သူတို့လောဘကို ချုပ်တီးပြီး သူ့ကို မမလေးနားသို့ ပို့လိုက်ပါက သူသည် အလွန်စွမ်းအားကြီးသည့် အကူအညီတစ်ခု ဖြစ်လာမည်ပင်။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ ရှီဟောင်မျက်လုံးဖွင့်လိုက်သည်။ တစ်ခုခုကို ခံစားမိလိုက်သောကြောင့် လေဟာနယ်ထဲတွင်ရှိနေသည့် တာအိုပန်းပွင့်ကို သူခေါင်းမော့ကြည့်လိုက်သည်။ ထိုပန်းပွင့်ပေါ်၌ ထိုင်နေသည့် သက်ရှိ၏မျက်လုံးများမှာ ရွှေရောင်မီးအိမ်ကဲ့သို့ တောက်ပလှသည်။ နေမင်းကြီးကဲ့သို့ပင် တောက်ပနေသောကြောင့် သူ့မျက်လုံးများပင် နာကျင်လာရသည်။ ထိုသက်ရှိသည် သူ့အား ကြည့်နေခြင်းပင်။
ဤခံစားချက်မှာ အတော်လေး ထူးဆန်းလှသည်။ ဤသည်မှာ သူကိုယ်တိုင်ဖြစ်သည်ဟု ခံစားမိသော်လည်း အဘယ်ကြောင့် အလှမ်းကွာလွန်းသည်ဟုလည်း ခံစားနေရသနည်း..
ထိုသက်ရှိသည် ဖရိုဖရဲမြူများ လွှမ်းခြုံထားကာ အလွန်မှုန်ဝါးနေလေသည်။ သူထိုင်နေသည့် ထာဝရစွမ်းအင်သည် တာအိုပန်းပွင့်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထိုပန်းပွင့်ပေါ်တွင် တည်တည်ငြိမ်ငြိမ်ပင် ထိုင်နေပြီး သူ့ထက်ပင် ပို၍တည်ကြည်နေသေးသည်။ ဤသည်မှာ တာအိုကို ရရှိသွားသည့် ရှေးခေတ်မှဘုန်းကြီးတစ်ပါးကဲ့သို့ပင်။
ရှီဟောင် အနည်းငယ် ဆွံ့အနေရသည်။ ဒါက ဘာအခြေအနေကြီးလဲ .. သူဘယ်လို မကောင်းဆိုးဝါးမျိုးကို ကျင့်ကြံလိုက်တာလဲ..
သူကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ဤသက်ရှိမှာ တကယ်ပင် သူနှင့်အလွန်တူသည်။ သို့သော်လည်း ဤသည်မှာ လက်သီးအရွယ်အစားခန့်သာရှိပြီး ခန့်ညားတည်ကြည်လှလေသည်။
သူတို့နှစ်ဦးကြားတွင် ဆက်သွယ်မှုတစ်ချို့ရှိနေသော်လည်း ရှီဟောင် အရိုးစာသားများကို အသုံးပြုကာ သူ့အားထိန်းချုပ်ရန် ကြိုးစားလိုက်သည့်အချိန်တွင် တားဆီးမှုအနည်းငယ် ရှိနေလေ၏။
ပန်းပွင့်သည့် သူထိန်းချုပ်သည့်အတိုင်းလှုပ်ရှားနေသည်။ လေထဲတွင်လည်း တာအိုစွမ်းအင်များ လွင့်ပျံ့နေပြီး ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့်လည်း ဆက်သွယ်နိုင်သည်ပင်။ ဤပန်းပွင့်သည် အလွန်စွမ်းအားကြီးလှကာ သူ့အတွက် တိုက်ခိုက်နိုင်သည်ပင်။
ဤတာအိုပန်းပွင့်မှာ သာမန်လူများ စိတ်ကူးနိုင်သည်ထက် ပို၍စွမ်းအားကြီးသည်ပင်။
သို့သော်လည်း ထိုပန်းပွင့်ပေါ်တွင် ထိုင်နေသည့်သက်ရှိမှာမူ သူ၏ထိန်းချုပ်မှုကို လက်မခံပေ။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဒါက သူကျင့်ကြံထားတဲ့ဟာလေ .. အဲဒါကို သူက ဘာလို့ ထိန်းချုပ်လို့မရတာလဲ..
သေချာကြည့်လိုက်သည့်အချိန်တွင် ဤသက်ရှိပတ်လည်တွင် အချိန်အပိုင်းအစများရှိနေသည်ကို တွေ့လိုက်ရသည်။
မြင်ကွင်းများမှာ သိပ်မရှင်းလင်းသော်လည်း သူ့ထံတွင် ကောင်းကင်မျက်လုံးများရှိနေသောကြောင့် သူဤအရာများကို ရှင်းရှင်းလင်းခံစား၍ရသည်။ ထို့အပြင် ဤသည်မှာ သူကျင့်ကြံထားသည့်အရာဖြစ်သောကြောင့် သူခံစားနိုင်သည်ပင်။
သူ ပို၍ပို၍ စိတ်ရှုပ်ထွေးလာရသည်။ ဤခံစားချက်မှာ ထူးဆန်းလှသည်။ သူ၏ အတိတ်ဘဝတစ်ခုကို ကြည့်နေရသကဲ့သို့ပင်။ အလွန်နီးကပ်သော်လည်း အလွန်ဝေးနေသည်ဟု ခံစားနေရသည်။
သို့သော် အချိန်ကြာလာသည်နှင့် ထိုအချိန်အပိုင်းအစများ ပျောက်ကွယ်သွားလေ၏။
“သူက အတိတ်မှာနေတာလား..”
ရှီဟောင်သည် ထိတ်လန့်သွားသောကြောင့် မျက်နှာပင် အနည်းငယ် ဖြူဖျော့လာသည်။ ဒါက ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ..
သူ နားမလည်နိုင်တော့..
ဤခံစားချက်များမှာ အစစ်အမှန်မဟုတ်တော့သလိုပင်။
သူသည် အတိတ်၊ အနာဂတ်နှင့် မသက်ဆိုင်သည့် မကောင်းဆိုးဝါးတစ်ကောင်ကို ကျင့်ကြံမိသွားသည်။
သူ ဤသက်ရှိကို မထိန်းချုပ်နိုင်ခြင်းမှာ သူတို့ကြားတွင် အချိန်ကွာခြားချက်ရှိနေသောကြောင့်ပင်။ အချိန်အပိုင်းအစများသည် အလင်းမိုးအဖြစ် ပြောင်းလဲသွားကာ ထိုနေရာကို ဝန်းရံနေလေသည်။
ရှီဟောင် စိတ်ပျံ့လွင့်လာရသည်။ သူဘာလုပ်လိုက်လို့ ဒီလိုရလဒ် ရလာတာလဲ..
သူတစ်လလုံး သီးသန့်ကျင့်ကြံလိုက်လို့ ဒီလိုမျိုးရလာတာလား..
ရှီဟောင် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း အကြိမ်တိုင်းတွင် ထိုမူလမြူထဲ၌ အချိန်အပိုင်းအစများလင်းလက်လာသည်ကိုသာ တွေ့လိုက်ရသည်။ အချိန်အော်ရာလည်းပို၍ပင် များပြားလာသည်။ ဤခံစားချက်မှာ တကယ်ကို ထူးဆန်းလှသည်။
သို့သော်လည်း ဤသက်ရှိမှာ သူ့အတွက် အလွန်အရေးကြီးပြီး နောင်ကျလျှင် သူ့အတွက် အလွန်အသုံးဝင်လိမ့်မည်ဟု သူခံစားနေရသည်။
ထို့နောက် အခြားထာဝရစွမ်းအင်နှစ်ကြောင်းကို သူစဉ်းစားမိသွားသည်။ သူတို့ကိုလည်း တာအိုပန်းပွင့်အဖြစ်ပြောင်းလိုက်ရင် ဒီလိုမျိုး တာအိုအသီးအပွင့်တွေ ရလာမှာလား.. ဒီလိုမျိုးသက်ရှိ ပေါ်လာမှာလား..
ရှီဟောင် ဤသည်ကို အချိန်အတော်ကြာ စဉ်းစားလိုက်သည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို မည်သည့်အရိုးစာအုပ်များတွင်မှ မှတ်တမ်းမတင်ထားဖူးပေ။ တာအိုပန်းပွင့်ကို ကျင့်ကြံခြင်းမှာ မထူးဆန်းသော်လည်း ယခုမှ အသီးသီးသည့် အပင်ကဲ့သို့ဖြစ်နေသည်။
ရှီဟောင် မတ်တပ်ရပ်လိုက်ကာ ဤအဖိုးတန်ကန်ကိုတစ်ချက်ကြည့်လိုက်သည်။ ဒီကန်ထဲက ရေတွေကြောင့် ဒီလိုမျိုးဖြစ်လာတာလား..
သို့သော် ဤရေကြောင့်မဟုတ်သည်ကို သူအသေအချာသိနေသည်။ ဤကန်ထဲတွင် သက်ရှည်ဆေးပင်၏ အကြွင်းအကျန်များရှိနေသော်လည်း သူ၏တာအိုကို အကျိုးသက်ရောက်မှု မရှိနိုင်ပေ။
ဤရေသည် ပြောင်းလဲမှုသာ ပြုလုပ်ပေးနိုင်ပြီး သူ၏ကျင့်ကြံခြင်းလမ်းကြောင်းကို မဆုံးဖြတ်ပေးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလမ်းမှာ သူကိုယ်တိုင် ထွင်းခဲ့သည့်လမ်းပင်။
“အဲဒါဆိုရင် ငါ့တာအိုက အစကတည်းက ဒီလိုမျိုးဖြစ်လာမှာလို့ ဆိုလိုချင်တာလား .. ပထမဆုံး ထာဝရစွမ်းအင်ကြောင်းက အခြေခံစွမ်းအားဖြစ်လာပြီးတော့ သက်ရှိတစ်ကောင်ဖြစ်လာတာလား..”
“ဝိုး.. တကယ်လို့ ဒုတိယမြောက် ထာဝရစွမ်းအင်ကလည်း တာအိုပန်းပွင့်ဖြစ်လာပြီးတော့ ဒီလိုမျိုး သက်ရှိတစ်ယောက်ပေါ်လာမယ်ဆိုရင် အဲဒီသက်ရှိက လက်ရှိပစ္စုပ္ပန်နဲ့ ဆက်စပ်နေနိုင်မလား..”
ရှီဟောင် လျှောက်တွေးနေပြီးနောက် သူ့စိတ်မတည်ငြိမ်နိုင်တော့ပေ။
သူမတ်တပ်ထလိုက်ကာ ဤနေရာတွင် လမ်းပတ်လျှောက်လိုက်၏။ တစ်လလုံးနီးပါး ထိုင်နေရသောကြောင့် သူ့ခန္ဓာကိုယ်ကို အညောင်းအညာဖြေရဦးမည်။
သို့သော်လည်း သူ ဝေးဝေးမသွားရဲ။ ဤရှေးဟောင်းမိုင်းတွင်းသည် အန္တရာယ်များလှပြီး ဤနေရာမှာ ရှားရှားပါးပါးလေး အန္တရာယ်မရှိသည့်နေရာပင်။။
“ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ .. ကန်ရေက တစ်ဝက်လောက်ကျန်သေးတယ် .. ငါ ဆက်ကျင့်ကြံသင့်တယ် .. ငါသာ ဒုတိယမြောက်တာအိုပန်းပွင့်ပေါ်လာအောင် လုပ်နိုင်ရင် ငါ့သီအိုရီကို အတည်ပြုလို့ရပြီ..”
ထို့နောက် ရှီဟောင် နောက်တစ်ကြိမ် ကျင့်ကြံလိုက်သည်။ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်သွားသည့်အခြားသူများကို သူ အမှီလိုက်ချင်သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားကျောင်းတွင် အပြင်လောက၌ မရနိုင်သည့် အခွင့်အရေးကောင်းများစွာရှိသည်ကို သူသိသည်။ ထိုအရာများမှာ သူတောင်းဆို၍ ရလာမည့်အရာများမဟုတ်ပေ။
သူသည် အစကတည်းက နောက်ကောက်ကျနေလေပြီ။ ယခု ဤကဲ့သို့ ထာဝရဆေးကန်ကြီးကို တွေ့လိုက်ရသည့်အချိန်တွင် သူဘယ်လိုလုပ် ဤအခွင့်အရေးကို လက်လွတ်နိုင်မည်နည်း..
…
အေးစက်လှသည့် ကြယ်ရောင်ကောင်းကင်ကြီးတွင် အမှောင်ထုကို ဖြတ်သန်းကာ ကြီးမားလှသည့် အရိုးသင်္ဘောကြီးတစ်စီး ရွက်လွင့်နေလေသည်။
ထိုသင်္ဘောကြီးမှာ ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ ဖြူဖွေးနေလေသည်။ ထိုသင်္ဘောကြီးသည် ဤနေရာတွင်ရှိနေသည့် အစီအရင်များကို ဖြတ်သန်းကာ မူလကြယ်ထံသို့ ဦးတည်သွားနေလေ၏။
ခဏကြာပြီးသည့်နောက်တွင် သူတို့ ထိုကြယ်ပေါ်သို့ ရောက်သွားလေပြီ။
“ကောင်းကင်နတ်ဘုရားကျောင်းက လူတွေလာတာလား.. သူတို့ မကြာသေးခင်ကပဲ ပြန်သွားကြတာ မဟုတ်ဘူးလား … ဘာလို့ နောက်ထပ်တစ်ဖွဲ့ ရောက်လာတာလဲ..”
ဤသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ဤနေရာတွင်ရှိနေသည့် စွမ်းအားကြီးသည်သူများ အံ့အားသင့်သွားရသည်။ မည်သူမှ ဤကျောင်းအသစ်ကို အထင်မသေးရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ဤကျောင်းမှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုရှိ ပုန်းကွယ်နေသည့် စွမ်းအားရှင်များမှာ တည်ထောင်ထားခြင်းဖြစ်သောကြောင့်ပင်။
သင်္ဘောပေါ်မှ လူငယ်လေးများတစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြလေ၏။ မတူညီသည့်ကလန်များမှာဖြစ်သော်လည်း အားလုံးမှာ လူသားပုံစံများပင်။
ဤလူများသည် ရုပ်ဆိုးသည်ဖြစ်စေ ချောမောသည်ဖြစ်စေ အားလုံးတွင် ကိုယ့်ကိုကိုယ်ယုံကြည်မှုနှင့် စွမ်းအားများရှိနေသည်သာ။ သူတို့အားလုံးသည် သူ့နည်းသူ့ဟန်ဖြင့် ထူးခြားနေကြသည်ပင်။
ယောက်ျားလေးများမှာ သူရဲကောင်းသွင်ပြင်များပင်။
မိန်းကလေးများသည်လည်း သန့်စင်ကာ မြင့်မြတ်သည့်ထာဝရသက်ရှိများကဲ့သို့ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည် သာမန်ကျင့်ကြံသူများမဟုတ်သည်ကို သိနိုင်သည်ပင်။ သူတို့၏ ပုံပန်းသွင်ပြင်မပြောနှင့် သူတို့၏ စိတ်နေစိတ်ထားပင်လျှင် ထူးခြားနေသည်ပင်။
“ကောင်းကင်နတ်ဘုရားကျောင်းက သူရဲကောင်းပါရမီရှင်တွေ လာပြီ .. သူတို့အားလုံးက ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုက ထူးချွန်တဲ့ပါရမီရှင်တွေပဲ..”
တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်လေသည်။
မူလကြယ်မှာ မတည်ငြိမ်နိုင်တော့ပေ။ အားနည်းသည့်သူဖြစ်စေ အားကြီးသည့်သူဖြစ်စေ အားလုံးထိတ်လန့်သွားကြသည်ပင်။
ဤလူများမှာ အနာဂတ်တွင် မိုးကောင်းကင်အောက်၌ စွမ်းအားအကြီးဆုံးဖြစ်လာမည့်သူများပင်။ နောင်အနာဂတ်မှလူများမှာ သူတို့အား နတ်ဘုရားအဖြစ် ဆက်ဆံကြမည်ပင်။ သူတို့ဤနေရာ၌ ပေါ်လာလေပြီ။
သူတို့က ဒီကိုဘာလာလုပ်တာလဲ..
ဤနေရာမှာ လေ့ကျင့်ရန်ကောင်းမွန်သည့်နေရာတစ်ခုပင်။
“ဒီကိုဘာလာလုပ်ကြတာလဲဆိုတာ စီနီယာတို့ကို မေးလို့ရမလား..”
နောက်ဆုံးတော့ တစ်စုံတစ်ယောက်သည် သင်္ဘောပေါ်မှ နောက်ဆုံးဆင်းလာသည့်နှစ်ယောက်ကိုကြည့်ကာ သတိကြီးကြီးဖြင့်မေးလိုက်သည်။
ဤသည်မှာ လူကြီးနှစ်ယောက်ပင်။ ဤနှစ်ဦးသည် သာမန်လူကြီးများကဲ့သို့ သာမန်သာဖြစ်သော်လည်း သူတို့သည် အလွန်စွမ်းအားကြီးသည့်သူများဖြစ်သည်ကို အားလုံးသိကြသည်ပင်။ သူတို့သည် ဤဂျီးနီးယပ်စ်အုပ်စုကို ကာကွယ်ရန် တာဝန်ရှိသူများပင်။
“တစ်ချို့လူငယ်လေးတွေက သူတို့ကိုယ်သူတို့ ထက်မြက်လာအောင် ဒီမှာလာလေ့ကျင့်ချင်နေလို့ပါ” ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှ ပြောလိုက်သည်။ သူ၏စကားလုံးများမှာ ကြည်လင်ပြတ်သားလှပေသည်။
အားလုံးဆွံ့အသွားကြကာ ဤဂျီးနီးယပ်စ်များကိုတစ်လှည့် ဤအကြီးအကဲနှစ်ယောက်ကိုတစ်လှည့် ကြည့်နေကြလေသည်။ သူတို့က ရှေးဟောင်းမိုင်းတွင်းထဲ ဝင်မလို့လား .. ဒါက ကိုယ့်သေတွင်းကိုယ်တူးတာပဲ မဟုတ်ဘူးလား..
“စီနီယာကို ကျွန်တော်မေးပါရစေ .. ဒီလူက တကယ် ရှေးဟောင်းမိုင်းတွင်းထဲဝင်သွားပြီး ပြန်မထွက်လာသေးဘူးလား..”
ချောင်ယုရှန်းသည် ရှီဟောင်၏ပုံကို ထုတ်ပြလိုက်ကာ အားလုံးကို ကြည့်စေလိုက်သည်။
လူအုပ်ကြီးမှာ မျက်မှောင်ကြုတ်သွားသော်လည်း ဝမ်မိသားစုမှ လူများမှာမူ ထိတ်လန့်သွားရသည်။ နောက်ထပ် ထပ်မေးသည့်သူ ရှိလာလေပြီ။ ထိုလူငယ်လေးမှာ သေချာပေါက်ပင် သာမန်မဟုတ်လောက်။
ဝမ်မိသားစုသည် အသက်ရှည်မိသားစုဖြစ်သောကြောင့် အခြားသူများ ပြစ်တင်ဝေဖန်နေမည်ကို သူတို့စိုးရိမ်မနေပေ။ လူတစ်ယောက်သည် ခေါင်းညိမ့်လိုက်ကာ ဖြစ်သမျှအားလုံးကို ဖြေးဖြေးချင်းပြောပြလိုက်သည်။
“သူ တကယ် အထဲမှာ သေသွားတာများလား..” နဂါးမိန်းကလေး သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
“ဟက် .. မင်းတို့တာအိုစီရင်စုသုံးထောင်ကလူတွေက အခုထိ အရှုံးမပေးသေးဘူးလား .. အဲဒီလိုလူမျိုးက ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ရောက်လာနိုင်မှာလဲ .. သူအရိုးတစ်ခြား အသားတစ်ခြား ဖြစ်နေလောက်ပြီ..”
“အဲဒီဟွမ်လို့ခေါ်တဲ့လူ .. အဲဒီစီရင်စုသုံးထောင်လို့ခေါ်တဲ့နေရာက ဂျီးနီးယပ်စ်တွေ .. မင်းတို့စီရင်စုသုံးထောင်မှာပဲ မင်းတို့ လွတ်လွတ်လပ်လပ်သွားလို့ရလိမ့်မယ် … မင်းတို့ ကောင်းကင်ဘုံကိုးခုကို ရောက်လာတာနဲ့ မင်းတို့က ဘာမှမဟုတ်တော့ဘူး .. သူကအစောကြီးကတည်းက သေသွားလောက်ပြီ” တစ်စုံတစ်ယောက်သည် ဤကံဆိုးမှုကြီးကိုပင် ပျော်ရွှင်နေလေ၏။
“အဲဒီလူက ဘယ်လိုခေါ်တာ … ဟွမ် ဟုတ်လား … သူက မူလရှေးဟောင်းမိုင်းတွင်းမှာတောင်မှ ပြဿနာရှာချင်သေးတာလား .. ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ..” တစ်စုံတစ်ယောက်မှ ခနဲ့လိုက်၏။ “အဆင့်နိမ့်နယ်မြေမှာသာ သူ ပြဿနာနည်းနည်းလောက် ရှာရင်ရှာနိုင်လိမ့်မယ်..”
သူ၏အဆင့်နိမ့်နယ်မြေဆိုသည်မှာ ကောင်းကင်ဘုံကိုးခုအောက်မှ ကမ္ဘာမြေ ၁၀ ခုကို ဆိုလိုခြင်းပင်။
“ဒါက ရှင်တို့အားလုံး ပြောရမယ့်ကိစ္စလား..”
လကျောက်စိမ်းယုန်လေး၏ ငွေရောင်ဆံပင်များ လင်းလက်လာလေသည်။ “ရှင်တို့အားလုံး ရှင်တို့ကိုယ်ရှင်တို့ ဘယ်လောက်စွမ်းအားကြီးကြောင်း ပြောနေကြတာမလား .. ဘယ်သူ မူလရှေးဟောင်းမိုင်းတွင်းထဲကို ဝင်ရဲလဲ .. ရှင်တို့အဲဒီထဲကို ဝင်သွားတာနဲ့ ဟွမ်နဲ့သေချာပေါက် တွေ့ရမယ်လို့ ကျွန်မလောင်းရဲတယ် .. အဲဒီအချိန်ကျရင် သူက ရှင်တို့ မိဘတွေ ရှင်တို့ကို မမှတ်မိလောက်အောင် ရိုက်ပေးလိမ့်မယ်လို့ ကျွန်မအာမခံတယ်..”
အပိုင်း ၁၂၇၅ ပြီး၏။