သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၆ – ဖီးနှစ်တောင်
ဤသက်ရှိများမှာ စွမ်းအားကြီးလှသည်။ သူတို့၏သွေးစွမ်းအင်တစ်ခုတည်းကပင်လျှင် ကြယ်များကို ကြွေကျသွားအောင် လုပ်နိုင်သည်။
ဤချော်ရည်ပင်လယ်ကြီးမှာ ကျယ်ပြန့်လှကာ ရှီဟောင်နှင့် စုန်းမတို့ရှိနေသည့် နေရာတစ်ခုတည်းမှာပင် ကြယ်ပေါင်းများစွာ ကြွေကျနေလေပြီ။ ကြယ်များသည် ချော်ရည်ပင်လယ်ကို ရိုက်ခတ်သွားသောကြောင့် ဆူညံသံများ ထွက်ပေါ်လာပြီး လှိုင်းထသွားစေလေသည်။
သို့သော် ဤနေရာတွင် ဧကရာဇ် အရိုးစုများစွာရှိနေသောကြောင့် ပင်လယ်ကြီးမှာ ပြင်းထန်စွာ လှုပ်ရှားသွားခွင့်မရှိလိုက်ပေ။
ဧကရာဇ်အရိုးတစ်ခုသည် ကြယ်များကို တစ်စစီဖြစ်အောင် လုပ်လိုက်လေသည်။ ကြွေကျလာသည့် ကြယ်များသည် အပိုင်းပိုင်းဖြစ်သွားကာ ချော်ရည်ဖြစ်သွားကြလေ၏။
“ဒါက..” စုန်းမပင်လျှင် ဆွံ့အသွားရသည်။ သူမ၏နီရဲနေသည့်နှုတ်ခမ်းလေးမှာ အဟောင်းသားဖြစ်သွားရပြီး အသက်ရှုသံများလည်း မြန်ဆန်လာကာ သူမရင်ဘတ်လည်း နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။
ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ နတ်စွမ်းရည်လဲ..
ရှီဟောင်သည် ကြယ်ရောင်စုံနေသည့် ကောင်းကင်ကြီးကိုတစ်လှည့် ဧကရာဇ်အရိုးပင်လယ်ကိုတစ်လှည့် ကြည့်လိုက်သည်။ ကျန်နေသည့် သွေးစွမ်းအင်ပင်လျှင် ဤမျှစွမ်းအားကြီးနေသောကြောင့် သူတို့အသက်ရှိနေတုန်းက မည်မျှပင် စွမ်းအားကြီးခဲ့သနည်း..
ကံမကောင်းစွာဖြင့်ပင် သူသည် ဤလူများ၏ ခွန်အားကို ခန့်မှန်းရန်ပင် မတတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလူများ၏ ကျင့်ကြံဆင့်များသည် သူနားလည်နိုင်သည့်အဆင့်ထက် ကျော်နေပြီဖြစ်ပြီး ထိုအဆင့်သို့ရောက်မှသာ သူနားလည်လာနိုင်လိမ့်မည်။
“ဟူး .. သူတို့ကိုယ်သူတို့ ဧကရာဇ်လို့ခေါ်ရဲတဲ့သူတွေက အတိတ်နဲ့ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်နိုင်အောင် လုပ်နိုင်တဲ့သူတွေလို့ ငါအစောကြီးကတည်းက ကြားဖူးပြီးသား .. တကယ်ကို အဲဒီလိုဖြစ်နေတာပဲ” စုန်းမသက်ပြင်းချလိုက်၏။ သူတို့၏ စွမ်းအားကို သူမ ကြောက်မိသလို သူတို့၏အဆုံးသတ်အတွက်လည်း ဝမ်းနည်းမိသည်။
ဤကဲ့သို့သော စွမ်းအားကြီးသည့်သူများပင် တိုက်ပွဲတွင် သေဆုံးသွားရသောကြောင့် ထိုတိုက်ပွဲသည် မည်မျှပင် ပြင်းထန်ခဲ့သနည်း..
“ဒီမှာ ဧကရာဇ်ရတနာတွေ ရှိနေတာလား..” စုန်းမကို ကြည့်ရသည်မှာ တစ်ခုခုမဟုတ်တာ လုပ်ချင်နေသည့်ပုံပင်။
ဧကရာဇ်ရတနာဟုခေါ်သည့်ပစ္စည်းများမှာ သမိုင်းကြောင်းတစ်လျှောက်တွင် နာမည်ထင်ကျန်ခဲ့သည့်ပစ္စည်းများပင်။ ပစ္စည်းတစ်ခုကိုပြုလုပ်ရန်အတွက် ကလန်တစ်ခုလုံး၏ စွမ်းအားကို အသုံးပြုရသည်ပင်။ ထို့ကြောင့် ဤကဲ့သို့သော ပစ္စည်းမျိုးပေါ်လာသည်နှင့် မိုးကောင်းကင်အောက်တွင်ရှိနေသည့်အရာအားလုံး လှုပ်ခတ်သွားမည်သာ။
ရှီဟောင်လည်း သူ၏ကောင်းကင်မျက်လုံးကို ဖွင့်ကာ ရှာဖွေနေသည်ပင်။
“တကယ် တစ်ခုခုရှိနေတယ်..”
ခဏကြာပြီးသည့်နောက်တွင် ပင်လယ်အောက်ခြေတွင် ပျက်စီးနေသည့်လက်နက်တစ်ခုရှိနေသည်ကို ရှီဟောင်တွေ့လိုက်ရသည်။ သူတို့သည် ထိုလက်နက်နှင့် အတော်လေးဝေးသေးသော်လည်း အေးစက်လှသည့်အော်ရာကို ခံစား၍ရနေသည်ပင်။ ထိုပျက်စီးနေသည့်လက်နက်သည် ကောင်းကင်ကြီးကိုပင် ဆုတ်ဖြဲပစ်နိုင်သည့်ပုံပင်။
“ငါတို့ အဲဒီလက်နက်ကို မေ့ထားလိုက်ရင် ပိုကောင်းမယ်လို့ ငါထင်တယ် .. ငါတို့အဲဒါကို ရနိုင်ဖို့ လမ်းမမြင်ဘူး” စုန်းမ သက်ပြင်းချလိုက်ကာ အမှန်တရားကို လက်ခံလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ပျက်စီးနေသည့်အရိုးမှ ထုတ်လွှတ်သည့်သွေးစွမ်းအင်ပင်လျှင် နေ၊ လနှင့် ကြယ်များကို ပစ်ချနိုင်သောကြောင့် သူတို့ပိုင်သည့် လက်နက်များကိုသာ ထိလိုက်ပါက သူတို့ကိုယ့်သေတွင်းကိုယ်တူးလိုက်သလို ဖြစ်သွားလိမ့်မည်။
သူတို့ အတော်လေးကြာသည်အထိ ဤနေရာကို လှည့်ပတ်ကြည့်လိုက်ကြသည်။
“ဒီနေရာက အခုအသုံးဝင်ဦးမှာမဟုတ်ဘူး .. ဒါပေမဲ့ နောင်ကျရင်တော့ စစ်မြေပြင်တစ်ခု ဖြစ်လာနိုင်တယ်” ရှီဟောင်ပြောလိုက်သည်။
“မင်း ဘာပြောချင်တာလဲ” စုန်းမမေးလိုက်၏။
“စစ်ပွဲက အနှေးနဲ့အမြန်စမှာပဲ .. ဒီလူတွေက အရင်တုန်းက စစ်ပွဲထဲမှာ သေသွားတာ .. သူတို့စိတ်ထဲမှာ အမုန်းတရားတွေ ရှိနေတုန်းပဲ … ဧကရာဇ်အရိုးတွေလည်း ဒီမှာ ရှိနေတုန်းပဲ .. အဲဒီတော့ နောင်ကျ တိုက်ပွဲဖြစ်ရင် ရန်သူတွေကို ဒီနေရာကို ခေါ်လာရင် ဘယ်သူပြောနိုင်မလဲ .. ဒီအရိုးစုတွေကငါတို့ကို ကူညီရင် ကူညီနိုင်လောက်တယ်” ရှီဟောင်ပြောလိုက်၏။
သူတို့နှစ်ဦးသည် ဤချော်ရည်ပင်လယ်ကြီးကို ဖြတ်သန်းကာ တားမြစ်နယ်မြေ အတွင်းပိုင်းသို့ တတ်နိုင်သမျှ မြန်မြန်သွားလိုက်သည်။
“ဟမ်..” စုန်းမ ထိတ်လန့်သွားရ၏။
ချော်ရည်ပင်လယ်ထဲတွင် လီပေါင်း သန်းပေါင်းများစွာ သွားပြီးသည့်နောက်တွင် သူတို့ဖိအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
ချော်ရည်ပင်လယ်အနက်ပိုင်းတွင် ကျွန်းတစ်ခုရှိနေသကဲ့သို့ ခပ်မှောင်မှောင်ဖြစ်နေသည်။
“ဒါက ကျွန်းတစ်ခုလား .. ဒါမှမဟုတ် ငါတို့ပင်လယ်အဆုံးကို ရောက်နေပြီလား..” စုန်းမမေးလိုက်၏။
“ငါတို့ ပင်လယ်ထဲမှာ ရှိနေတုန်းပဲ” ရှီဟောင်ပြောလိုက်သည်။
သူတို့နှစ်ဦးလျင်မြန်စွာပင် ဆက်သွားလိုက်ကြသည်။ ထိုမှုန်မှိုင်းနေသည့်မြင်ကွင်းများ တစ်ဖြည်းဖြည်းရှင်းလင်းသွားသည်နှင့် သူတို့နှစ်ဦးလုံး ဆွံ့အသွားရသည်။
ပင်လယ်အဆုံးကို ရောက်နေပြီလား.. ဤသည်မှာ အလွန်ခမ်းနားလှသည့် တောင်ကြီးတစ်လုံးပင်။ တောင်ထိပ်သည် တိမ်များထိပင်ရောက်နေပြီး သူတို့အနားကပ်လာလေလေ ပို၍ ခမ်းနားလာလေလေပင်။
ဤတောင်မှာ ကြီးလွန်းလှသောကြောင့် တောင်နှင့်ပင်မတူတော့ပဲ တောင်ပုံစံရှိသည့် တိုက်တစ်တိုက်နှင့်ပင် တူနေလေပြီ။
ဤနေရာတွင် မြက်တစ်ပင်မှရှိမနေပေ။ ဤသည်မှာ မီးတောင်သေနှင့်ပင် တူနေလေသည်။
သူတို့နှစ်ဦး ကောင်းကင်မျက်လုံးများကို ဖွင့်ကာ ကြည့်လိုက်သည်။ ဒါက .. တကယ်ကို မီးတောင်တစ်ခုပဲ…
ဤတောင်သည် အပြင်ဘက်အာကာသကိုပင် ရောက်တော့မည့်ပုံပင်။
ဤချော်ရည်ပင်လယ်ကြီးမှာ ဤမီးတောင်ကြောင့် ဖြစ်လာသည်လားဟု သူတို့နှစ်ဦးလုံး သံသယဝင်လာသည်အထိပင်။
“ဖီးနှစ်တောင်..”
ရှီဟောင် ထိတ်လန့်သွားရ၏။ တောင်ပေါ်တွင် ရှိနေသည့် ရှေးဟောင်းစာလုံးသုံးလုံးမှာ သူ့အား အံ့အားသင့်သွားစေသည်ပင်။
“အားရားရား .. နာမည်ကြားလိုက်တာနဲ့ကို နေရာကောင်းတစ်ခုဆိုတာ ငါပြောနိုင်တယ် .. ငါတို့သွားကြည့်ရမယ်” စုန်းမ အော်ဟစ်လိုက်သည်။
ဖီးနှစ်အစစ်ဆိုတာ ဘယ်လိုသက်ရှိမျိုးမို့လို့လဲ .. ဤသည်မှာ သားရဲ ၁၀ မျိုးထဲတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် သက်ရှိပင်။
ယခု ဤငှက်နာမည်နှင့် တောင်တစ်လုံး ရှိနေသောကြောင့် လူတစ်ယောက်၏အတွေးများကို အရိုင်းဆန်သွားစေသည်သာ။
အထူးသဖြင့် ဤနေရာတွင်ရှိနေသည့် ချော်ရည်များကြောင့်ပင်။ ဖီးနှစ်သည် မီးတောက်များထဲတွင် ပြန်လည်မွေးဖွားသည်ဟူသော ဒဏ္ဍာရီများရှိနေသည်သာ။ ယခု ဤနေရာတွင်လည်း အနီရောင်အလင်းများ ပြည့်နေသည်သာ။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ တောင်ပေါ်သို့ တက်သွားလိုက်ကြသည်။
တောင်တစ်လုံးဟု ပြောသည်ထက် တိုက်ကြီးတစ်တိုက်ဟုပြောလျှင် ပိုမှန်လိမ့်မည်။ ကောင်းကင်ပေါ်သို့ တက်သွားပြီး အပေါ်စီးမှကြည့်မှသာ ဤနေရာ၏ ခမ်းနားကြီးကျယ်ပုံကို မြင်ရလိမ့်မည်။
“ရှေးဟောင်းမြို့တစ်မြို့..”
တောင်ထိပ်သို့ရောက်သည်နှင့် ထိုနေရာတွင် အလွန်ကြီးသည့်မြို့တစ်မြို့ရှိနေသည်ကို သူတို့တွေ့လိုက်ရသည်။ ဤသည်မှာ ဖီးနှစ်ရှေးဟောင်းမြို့ဖြစ်မည်မှန်း မည်သူမဆို အလွယ်တကူ သိနိုင်သည်သာ။
ယခင်က ထာဝရလောကတွင် နေထိုင်ခဲ့သည့် သွေးသန့်ဖီးနှစ်များ ရှိနေသည်ပင်။
ယခုကဲ့သို့ သမိုင်းအကြွင်းအကျန်များကို ရှာတွေ့ခြင်းမှာလည်း ပုံမှန်မဟုတ်သည့်အရာတစ်ခု မဟုတ်ပေ။
မြို့ထဲတွင် ဖီးနှစ်သစ်ပင်များစွာကို တွေ့လိုက်ရသောကြောင့် စုန်းမ အံ့အားတကြီး ဖြစ်သွားရသည်။ ဤအပင်များမှာ သေဆုံးသွားပြီဖြစ်သော်လည်း ပျက်စီးမသွားပဲ ရွှေဖြင့်ထွင်းထုထားသကဲ့သို့ တောက်ပနေဆဲပင်။
ဖီးနှစ်များသည် ဖီးနှစ်သစ်ပင်ပေါ်တွင်နေကြသည်ဟူသော ဒဏ္ဍာရီများလည်း များစွာရှိနေသည်သာ။
သို့သော်လည်း ဤရှေးဟောင်းမြို့ကြီးမှာ တိတ်ဆိတ်လွန်းလှသည်။
“ဟမ် .. တစ်ခုခုမှားနေပြီ” စုန်းမ စိတ်ထဲတွင် သတိအနေအထားဖြစ်သွားသည်။
တစ်ခုခုမှားနေသည်ကို ရှီဟောင်အစောကြီးကတည်း သတိထားမိပြီးသားပင်။ သူသည် စုန်းမ၏ ဖြူဖွေးနေသည့် လက်ကောက်ဝတ်ကိုဆွဲကာ အနောက်သို့ ခပ်မြန်မြန်ပြန်ဆုတ်လိုက်သည်။
ထို့နောက် မြူထလာကာ အရာအားလုံး မှုန်ဝါးသွားလေသည်။
တစ်ခဏအတွင်းမှာပင် သူတို့သည် မြို့ထဲသို့ ဝင်သွားသည့် လမ်းပေါ်သို့ ရောက်သွားလေပြီ။
“မကောင်းတော့ဘူး .. ငါတို့ ရှေးဟောင်းမြို့ထဲ ရောက်သွားပြီ” စုန်းမ၏အမူအရာ ပြောင်းလဲသွားသည်။
သူတို့သည် အစက မြို့ပြင်တွင်ရှိနေသော်လည်း အပြေးလွန်သွားကာ အစီအရင်တစ်ခုကို အသက်သွင်းမိသွားပြီး ထူးဆန်းစွာပင် မြို့ထဲသို့ ရောက်သွားလေပြီ။
ဤနေရာတွင် အစီအရင်ကြီးများ ရှိနေသည်မှာ သေချာသည်။
သူတို့နှစ်ယောက် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ဤမြို့မှ ထွက်သွား၍မရသည်ကို တွေ့လိုက်ရသည်။ သူတို့မြို့နံရံများကို တွေ့သော်လည်း နံရံပေါ်ကို တက်သွား၍မရပဲ နောက်ပြန်လွင့်ထွက်နေသည်။
သူတို့ကောင်းကင်ပေါ်သို့ တက်သွားလျှင်လည်း စွမ်းအားလှိုင်းတစ်ခုဖြင့် ဖိခံထားရပြီး အောက်ပြန်ရောက်လာလေသည်။
သူတို့ဤကဲ့သို့ ပိတ်မိနေသည်မှာ သုံးရက်ရှိသွားပြီဖြစ်သောကြောင့် သူတို့အမူအရာများ ပြောင်းလဲလာသည်။
ဤဖီးနှစ်ရှေးဟောင်းမြို့မှာ အတော်လေး ထူးဆန်းလှသည်.
ငါးရက်မြောက်နေ့၌ ရုတ်တရက်ပင် မြို့ထဲမှ ကျယ်လောင်လှသည့်အသံတစ်သံကို သူတို့ကြားလိုက်ရသည်။ သူတို့နှစ်ဦးလုံး ထိုအသံရှိရာသို့ တရှိန်ထိုးပြေးသွားလိုက်ကြသည်။
ထိုနေရာတွင် ခြေထောက်တစ်ဖက်တည်းရှိသည့် အလွန်ကြီးမားလှသည့် မကောင်းဆိုးဝါးကြီးတစ်ကောင် လှုပ်ရှားနေလေသည်။ သို့သော်လည်း မြူများမှာ ထူထပ်လှသောကြောင့် သူတို့၏ ကောင်းကင်မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ဤသည်မှာ လူနှင့်တူသော်လည်း လူသားတစ်ယောက်မဟုတ်ပေ။ သူသည် ကျန်းပေါင်း ထောင်ပေါင်းများစွာ ရှည်လျားနေပြီး သူ၏လက်များထဲတွင် ဝံပုလွေသွားတင်းပုတ်ရှိနေလေ၏။
ဒုန်း..
ထိုတင်းပုတ်ကြီးဖြင့် ရိုက်လိုက်သည်နှင့် အိမ်များ၊ ဖီးနှစ်သစ်ပင်များနှင့် ရှေးဟောင်းမြို့ရှိ အခြားအရာများအားလုံး လွင့်စင်သွားလေသည်။
ရှီဟောင်တို့နှစ်ယောက်လုံး သတိအနေအထားဖြစ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်က ဤမြို့ကို ဖောက်ခွဲပစ်ပြီး ထွက်ပြေးရန် ကြိုးစားဖူးသော်လည်း ကျရှုံးခဲ့ရသည်။ ဤမြို့ထဲရှိ အရာအားလုံးကို ကာကွယ်ထားသည့် အစီအရင်များရှိနေသည်ပင်။
ဤခြေတစ်ဖက်နှင့် မကောင်းဆိုးဝါးမှာ စွမ်းအားကြီးလှသည်။ အနည်းဆုံးတော့ သူတို့နှစ်ဦးထက် အဆပေါင်းများစွာ စွမ်းအားကြီးသည်ပင်။
ဝုန်း..
အဆောက်အဦးများ နောက်ထပ်ပြိုကျသွားကာ ကျောက်တုံးများနှင့် အမှိုက်များမှာ နေရာတိုင်းတွင် ပျံ့လွင့်သွားလေသည်။ ဤမကောင်းဆိုးဝါးသည် လမ်းလျှောက်ရင်းဖြင့်ပင် တွေ့သမျှအရာအားလုံးကို ဖျက်ဆီးနေလေသည်။
သို့သော်လည်း ဤဖီးနှစ်မြို့မှာထူးဆန်းလွန်းလှသည်။ ထိုအဆောက်အဦးများသည် ဖျက်ဆီးခံလိုက်ရသော်လည်း ထိုခြေတစ်ဖက်မိစ္ဆာကောင်ထွက်သွားသည်နှင့် ထိုအရာများအားလုံး အကောင်းအတိုင်း ပြန်ဖြစ်သွားလေသည်။
မိစ္ဆာကြီးမှာ သူတို့ရှိနေသည့်ဘက်သို့ တရှိန်ထိုးလာနေသည်ကို တွေ့လိုက်ရသောကြောင့် သူတို့နှစ်ဦးလုံး ပုန်းနေလိုက်ရသည်။
ဝုန်း..
ဝံပုလွေသွားတင်းပုတ်ကြီးသည် သူတို့ဦးခေါင်းပေါ်မှ လွှဲရမ်းသွားကာ အဆောက်အဦးများကို တစ်စစီဖြစ်အောင် လုပ်လိုက်လေသည်။
သူအချိန်အကြာကြီး ဖျက်ဆီးပြီးသည့်နောက်တွင် ဤမိစ္ဆာကြီးသည် လေနှင့်အတူ ပျောက်ကွယ်သွားလေ၏။
ရှီဟောင်နှင့် စုန်းမတို့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်မိကြသည်။ နောက်ဆုံးတော့ အဲဒီမိစ္ဆာကြီးက ဘာမှမဖြစ်ခဲ့သလို ဒီတိုင်းပဲ ပျောက်သွားတာလား..
နောက်ထပ် လဝက်ကြာပြီးသည့်နောက်တွင် သူတို့နှစ်ဦးလုံး မျှော်လင့်ချက်ကင်းမဲ့လာရသည်။ သူတို့ယခုထိ လမ်းကို မတွေ့နိုင်သေးပေ။
ရှီဟောင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ထွက်လာဖို့ပြောချင်သော်လည်း ထိုကောင်သည် သူ့ကိုယ်သူ ကျောက်တုံးပိုးအိမ်များဖြင့် ရစ်ပတ်ထားကာ အရေးကြီးသည့်ပြောင်းလဲမှုများကို ပြုလုပ်နေသောကြောင့် သူ့ကိုနှိုး၍မရပေ။
ဤမြို့ထဲတွင် ၁၀ ရက်ကျော်ပိတ်မိနေခြင်းမှာ သူတို့ကို အလွန်စိတ်ပျက်စေသည်။ သူတို့ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်နိုင်မည့်အခွင့်အရေးနှင့် လွဲချော်သွားမည်ကို သူတို့အလွန်စိုးရိမ်မိသည်။
“တစ်ယောက်ယောက်လာနေတယ်..”
နောက်ဆုံးတွင်တော့ သူတို့ထူးဆန်းသည့်မြင်ကွင်းတစ်ခု မြင်လိုက်ရသည်။ လူတစ်ယောက်ကို မှုန်ဝါးဝါးမြင်လိုက်ရလေပြီ။
သူတို့သည် အမြင့်ဆုံးအဆောက်အဦးတစ်ခုပေါ်သို့ တက်သွားပြီး ထိုဘက်ကို ကြည့်နေလိုက်သည်။
ထိုလူသည် သရဲတစ်ကောင်ကဲ့သို့ပင် သွားလာနေ၏။ သူသည် မည်သည့်နတ်စွမ်းအင်လှိုင်းမှ ထုတ်လွှတ်နေခြင်းမရှိပေ။ သူသည် မြက်တစ်ပင်ကဲ့သို့ပင် မြေပြင်ပေါ်၌ သွားလာနေလေသည်။
ဤသည်မှာ အကြီးအကဲတစ်ယောက်ပင်။
သူသည် အရိုးနှင့်အရေသာရှိပြီး အသားအရေမှာလည်း ကြေးနီနှင့်လုပ်ထားသကဲ့သို့ ဝါဝင်းနေလေ၏။
ဤသည်မှာ မြေကြီးထဲမှ ထွက်လာသည့် ရှေးဟောင်းအရိုးစုတစ်ခုကဲ့သို့ပင်။
“သူက သေပြီးသား.” စုန်းမ တီးတိုးပြောလိုက်သည်။
ဤလူသည် လှုပ်ရှားနေသော်လည်း သူသည် တစ္ဆေသရဲတစ်ကောင်ကဲ့သို့ပင် အေးစက်ကာ ကြောက်စရာကောင်းလှသည်။
“အမ်..” ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်နှင့်စုန်းမတို့ မျက်လုံးပြူးသွားရသည်။
ထိုလူကြီးသည် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် ကြယ်နှစ်လုံးကို လှမ်းခူးယူလိုက်လေ၏။ ထို့နောက် ထိုကြယ်နှစ်လုံးကို သူ၏လက်ထဲတွင် ထည့်လိုက်ကာ ပုလဲလုံးလေးဖြစ်အောင် ပြောင်းလိုက်လေ၏။
ရှီဟောင်နှင့် စုန်းမတို့နှစ်ယောက်လုံး ဆွံ့အသွားရသည်။
လူသေတစ်ယောက်က ဘယ်လိုလုပ် ဒီလိုမျိုး နတ်ခွန်အားတွေ ရှိနေတာလဲ..
ဤလူမှာ တကယ်ကို သေသွားလေပြီ။ သူ၏ မျက်ခုံးကြားတွင် နောက်ထိသို့ ထုတ်ချင်းပေါက်နေသည့် အရာတစ်ခုရှိနေသည်။ ဤသည်မှာ ချွန်ထက်သည့်အရာတစ်ခုခုဖြင့် အထိုးခံထားရသကဲ့သို့ပင်။
ယခု သူသည် မသိစိတ်တစ်မျိုးဖြင့် သွားလာလှုပ်ရှားနေခြင်းသာ..
ရှေးဟောင်းအလောင်းတစ်ခု..
သို့သော် ဤသည်မှာ မြေအောက်လောကမှ အလောင်းများနှင့်မတူပေ။ ဤအလောင်းကိုကြည့်ရသည်မှာ ဝိဉာဉ်ရှိသလိုလို မရှိသလိုလိုပင်။ ဤသည်မှာ သေဆုံးသွားပြီဖြစ်သော်လည်း ရွေ့လျားနေနိုင်ဆဲပင်။
“မသိစိတ်တစ်မျိုးပဲ .. သူ မသေခင်က ကျန်ခဲ့တဲ့စိတ်ဝိညာဉ်က သူ့ရဲ့အသွေးအသားတွေ ပျက်စီးမသွားအောင် ကာကွယ်ထားတာ .. သူက သရဲတစ်ကောင်လို လျှောက်သွားနေပေမယ့် တော်တော်လေး ကြောက်ဖို့ကောင်းတယ် .. နောင်ကျ တိုက်ပွဲဖြစ်လာရင် သူ သူ့ရဲ့မယုံကြည်နိုင်လောက်တဲ့ စွမ်းအားတွေကို ပြလောက်တယ်” ရှီဟောင်ပြောလိုက်သည်။
ကံကောင်းစွာဖြင့်ပင် ဤသက်ရှိသည် သူတို့ကို သတိမထားမိသွားပေ။
“သူက ဘယ်လိုလူမျိုးဖြစ်မယ်လို့ မင်း ထင်လဲ .. သူက အဲဒီဖီးနှစ်လို့တော့ ငါ့ကို မပြောနဲ့နော်” စုန်းမမေးလိုက်၏။
ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။ ဤကဲ့သို့လည်း ဖြစ်နိုင်ပေသည်။
“ငါ ဒီနေ့ သားရဲ ၁၀ မျိုးထဲက တစ်မျိုးကို တကယ်တွေ့ခဲ့တာလား..”
“ပြောဖို့ခက်တယ်”
သူတို့နှစ်ဦးလုံး တီးတိုးပြောလိုက်ကြသည်။
တစ်ခဏအတွင်းမှာပင် တစ်လကုန်သွားလေပြီ။ သူတို့ဤနေရာတွင် ပိတ်မိနေသည်မှာ ရက်သုံးဆယ် ရှိသွားလေပြီ။ ဤနေရာတွင် ပိတ်မိနေခြင်းမှာ သူတို့အချိန်ဖြုန်းသည်နှင့် အတူတူပင်။
“အဲဒီ နှစ်ယောက်လုံး ငါတို့ကို ဘာမှမလုပ်ဘူး .. တော်တော်လေး ထူးဆန်းတယ်” စုန်းမပြောလိုက်၏။
နောက်လဝက်ကြာပြီးသည့်နောက်တွင် နောက်ဆုံးတော့ သူတို့သဲလွန်စအနည်းငယ် တွေ့လိုက်ရသည်။ သူတို့ အဆောက်အဦးအချို့ကို လှည့်ပတ်သွားကြည့်သည့်အချိန်တွင် ဤမြို့မှ ထွက်နိုင်မည့် အစီအရင်အချို့ကို တွေ့ခဲ့ရသည်။
သို့သော်လည်း သူတို့ ထိုအစီအရင်ကို အသက်သွင်းရန် ကြိုးစားလိုက်သည့်အချိန်တွင် သူတို့၏ခန္ဓာကိုယ်များ ရုတ်တရက်မှေးမှိန်သွားကာ ရွှေ့ပြောင်းခံလိုက်ရလေ၏။
ဤသည်မှာဖရိုဖရဲစွမ်းအင်များပြည့်နေသည့် လှိုဏ်ဂူတစ်ခုပင်။ ထာဝရအလင်းများလည်း နေရာတိုင်းတွင် တောက်ပနေလေသည်။
သူတို့က မြို့ထဲမှာ ရှိနေတုန်းလား..
ဒါမှမဟုတ် ဒီနေရာက မြို့နဲ့ ဆက်စပ်နေတဲ့ နေရာတစ်ခုလား..
ပို၍ထိတ်လန့်စရာကောင်းသည်မှာ ဤလှိုဏ်ဂူထဲတွင် ဥတစ်လုံး ရှိနေခြင်းပင်။
ခဏကြာပြီးသည့်နောက်တွင် သူတို့ စွမ်းအားကြီးသည့် အသက်လှိုင်းကို ခံစားလိုက်ရသည်။ ဥထဲတွင် ဝိညာဉ်စွမ်းအင်ပင်လယ်ကြီး ရှိနေလေသည်။
“အမ် .. ဒါက ဖီးနှစ်ဥတော့ မဟုတ်လောက်ဘူးမလား .. ငါတို့ ကံတွေ အရမ်းကောင်းပြီးတော့ ပြိုင်ဘက်ကင်းတဲ့ ဖီးနှစ်အစစ်ကို အပြင်ထုတ်ယူသွားနိုင်တော့မယ်လို့တော့ ငါ့ကို မပြောနဲ့နော်”
ရှီဟောင် ကိစ္စများစွာကို တွေးမိသွားသည်။ သူတို့ဖီးနှစ်ဟုထင်နေသည့် ဤဥမှာ နှစ်ပေါင်းများစွာ ဗိုက်ဟောင်းလောင်းနှင့် နေနေရသည်ဟု ရှီဟောင်ခံစားလာရသည်။
ဤဥသည် လင်းလက်စွာ တောက်ပလာပြီး အတော်လေးလည်း ကြီးမားသည်ပင်။ သို့သော်လည်း ရှီဟောင်သည် ထာဝရရှေးဟောင်းမြေအိပ်မက်ထဲမှ ဖီးနှစ်မိန်းကလေး၏ အော်ရာကို ခံစားမိနေသလိုပင်။
“သူ မဖြစ်နိုင်ပါဘူး .. သူ လဲကျသွားတာကို ငါကိုယ်တိုင်မြင်ခဲ့ရတာ” ရှီဟောင် ခေါင်းခါရမ်းလိုက်သည်။
အပိုင်း ၁၂၄၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၇ – အမတ ဥ
ဥမှ ငါးရောင်စပ်အလင်းများ ထွက်ပေါ်လာကာ ကောင်းကင်ပေါ်သို့ တရှိန်ထိုးတက်သွားလေ၏။
ဤဥမှာ ဖီးနှစ်မိန်းကလေးနှင့် တစ်ခုခုပတ်သတ်နေလိမ့်မည်ဟု ရှီဟောင်ထင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤဥမှ အလွန်ရင်းနှီးသည့်ခံစားချက်များ ရနေသည်။
သို့သော် ထိုအိပ်မက်ထဲတွင် ထိုဖီးနှစ်မိန်းကလေး သေဆုံးသွားသည်ကို သူမြင်ခဲ့ရသည်။
ဥက ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ..
“နင် သိတာလား” စုန်းမ ရှီဟောင်ကို ပြူးကျယ်နေသည့်မျက်လုံးများနှင့်ကြည့်လာလေသည်။ သူမက ဘယ်သူလဲ .. သူမသည် အလွန်ထက်မြက်ကာ စကားလုံးအနည်းငယ်မှပင် အကြောင်းအရာများစွာကို သိနိုင်သည့်သူပင်။
“သူက ငါ့သူငယ်ချင်းပါ” ရှီဟောင် သက်ပြင်းချလိုက်သည်။
“မင်း သူငယ်ချင်းဟုတ်လား .. မင်း ဘယ်တုန်းက ဒီလိုမျိုး သူငယ်ချင်းရသွားတာလဲ” ထက်မြက်လှသည့် စုန်းမပင်လျှင် ဘာဖြစ်ခဲ့သည်ကို မခန့်မှန်းနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ယခင်ခေတ်သို့ စိတ်ဖြင့် အလည်ရောက်သွားခြင်းမှာ ခန့်မှန်းဖို့မပြောနှင့် ယုံကြည်ရန်ပင် ခက်ခဲလှသည်။
“အချိန်အတော်ကြာသွားပြီဆိုပေမယ့် မနေ့တနေ့ကလိုပဲ ခံစားရတယ် .. အဲဒီလူတွေ .. သူတို့တွေက တကယ့် အဆင့်လွန်ကောင်းကင်ပါရမီရှင်အစစ်တွေ .. သူတို့အားလုံးက အလားအလာကောင်းကြတယ် .. သူတို့အားလုံးက အရမ်းငြိမ်းချမ်းကြပြီးတော့ မကောင်းတဲ့အတွေးတွေ နည်းနည်းလေးမှတောင် မရှိဘူး .. သူတို့နဲ့ဆက်ဆံရတာ အရမ်းကို ပျော်စရာကောင်းပြီး အရမ်းသက်တောင့်သက်သာရှိတယ်” ရှီဟောင်ပြောလိုက်သည်။
ဤလူများသည် တာအိုရှာဖွေသူ အစစ်အမှန်ပင် ဖြစ်သည်ဟု ရှီဟောင် ခံစားရသည်။ သို့သော်လည်း ထိုခေတ်တွင် မွေးဖွားခဲ့ခြင်းမှာ သူတို့အတွက် ကံဆိုးမှုဖြစ်သွားလေသည်။
သူတို့၏ နောင်တအရဆုံးကိစ္စဆိုလျှင် နောက်ကျမှမွေးလာခြင်းဖြစ်လိမ့်မည်။ သူတို့ကိုသာ အချိန်ပေးလိုက်လျှင် ထာဝရရှေးဟောင်းမြေမှ စစ်ပွဲမှာ ထိုသို့အဆုံးသတ်မည်မဟုတ်ပေ။
“မင်းက ထူးထူးဆန်းဆန်းတွေ ပြောနေတာပဲ .. ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းငါ့ကို မပြောပြနိုင်ဘူးလို့ မပြောနဲ့နော် .. ဒါက ထာဝရရှေးဟောင်းခေတ်က ကျန်ခဲ့တဲ့ ဂူ .. ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဂူက ဘယ်လိုလုပ် မင်းသူငယ်ချင်းနဲ့ ပတ်သက်နေမှာလဲ” စုန်းမ သူ့အား မျက်လုံးလှန်ကြည့်လိုက်သည်။ သူမ ဥာဏ်ကောင်းသော်လည်း ထိုကဲ့သို့ ရယ်စရာကောင်းသည့်ကိစ္စများကို တွေးမိမည်မဟုတ်ပေ။
“ဟုတ်ရင်လည်း ဟုတ်မှာပေါ့” ရှီဟောင် ထိုအကြောင်းကို မငြင်းပေ။
“အဲဒါဆိုရင် နင်က ဘယ်ခေတ်ကလူလဲ .. အခုလက်ရှိလောကကလူ မဟုတ်ဘူးလား” စုန်းမ သူ့အား အပြုံးမမည်သည့်အပြုံးကို ပြုံးပြပြီး မေးလိုက်သည်။
“ဘယ်သူက အတိအကျပြောနိုင်မလဲ .. နောင်ကျရင် အိပ်မက်တွေ အဆုံးသတ်သွားတဲ့နေ့ကျရင် ငါက ဒီနေရာနဲ့ မသက်ဆိုင်တဲ့သူ ဖြစ်ရင်ဖြစ်နေမှာပေါ့” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။
စုန်းမသည်လည်း သူ့အား ကြည့်ကာ ရယ်မောလာလေ၏။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်သည် သူ၏ခံစားချက်များကို ဘေးဖယ်လိုက်ကာ ထိုဥကို ကြည့်လိုက်သည်။ ထိုဥသည် တောက်ပလှကာ ဝိဉာဉ်စွမ်းအားများလည်း များပြားလှသည်။
“ဖီးနှစ်တွေက ပြန်မွေးဖွားနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီရှိတယ်မလား .. အဲဒီဒဏ္ဍာရီက အမှန်ဟုတ်လောက်တယ်မလား” ရှီဟောင်မေးလိုက်၏။
ထာဝရရှေးဟောင်းမြေသို့ ပြန်ရောက်သွားသည့်ခရီးတွင် ဖီးနှစ်မိန်းကလေးသည် သွေးအိုင်ထဲသို့ လဲကျသွားကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်မျိုးလုံး ပျက်စီးသွားသည်ကို သူကိုယ်တိုင်မြင်လိုက်ရသော်လည်း သူမသည် မသေမျိုးခန္ဓာကိုယ်ရှိသည်ဟု သိထားသည့် ဖီးနှစ်တစ်ကောင်ပင်။ သူမသည် မီးတောက်များကြားမှ ပြန်လည်မွေးဖွားနိုင်သောကြောင့် မျှော်လင့်ချက်ရေးရေးလေး ရှိသေးသည်ပင်။
ရှီဟောင်၏နှလုံးခုန်သံမှာ တဒုန်းဒုန်းမြည်ဟီးနေလေပြီ။ အကြောင်းပြချက်တစ်ချို့ကြောင့် ဤဥထံမှ ဖီးနှစ်မိန်းကလေး၏အော်ရာကို သူ ခံစား၍ရနေသည်။ ထိုအချက်မှလွဲလျှင် မည်သည့်အကြောင်းပြချက်မှ သူ မသိတော့။
“ဟုတ်တယ် .. ဖီးနှစ်တွေက ကြောက်စရာအကောင်းဆုံး သက်ရှိအမျိုးအစားပဲ .. သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း ကြောက်စရာကောင်းတယ် .. သူတို့ဘယ်နေရာပဲ ရောက်နေပါစေ သူတို့က အကောင်းဆုံးလူမျိုးစုပဲ” စုန်းမ ခေါင်းညိမ့်လိုက်သည်။ ဖီးနှစ်များ၏ ပြန်လည်မွေးဖွားခြင်းနှင့် ပတ်သက်သည့် ဒဏ္ဍာရီများကို သူမ သံသယဝင်နေမည် မဟုတ်ပေ။
ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကိုဖွင့်ကာ ဥထဲကို သေချာကြည့်လိုက်သည်။ ဤနတ်ဥထဲတွင် ဝိဉာဉ်ရှိနေသလားကို သူသိချင်သည်။
သူ၏မျက်လုံးများတွင် သင်္ကေတများပေါ်လာပြီး အထူးဆန်းဆုံး သဘာဝဥပဒေသများဖြစ်ပေါ်လာလေ၏။ ထို့နောက်တွင် ထိုဥပဒေသများမှ လှိုင်းများထွက်ပေါ်လာပြီး ဥထဲသို့ ဝင်သွားလေ၏။ သူတစ်ခုခုကို ရှာဖွေနေခြင်းပင်။
ဤလောကတွင် အတိတ်မှလူတစ်ယောက်ကို တွေ့နိုင်မလားဆိုသည်ကို သူသိချင်သည်။
ဤသည်မှာ အရာအားလုံးကို ပြောင်းလဲပစ်နိုင်မည်မဟုတ်သော်လည်း မျှော်လင့်ချက်ရှိနေဆဲပင်။
သို့သော် ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် စိတ်ပျက်သွားရသည်။ ဤဥကြီးသည် နေလုံးတစ်လုံးကဲ့သို့ တောက်ပနေပြီး အထဲဘက်တွင် ထိတ်လန့်စရာကောင်းလောက်သည့် အသက်ဝိဉာဉ်စွမ်းအားများ ရှိနေသည်။
သို့သော် သေချာကြည့်မည်ဆိုလျှင် ဤဥထဲတွင် ဝိဉာဉ်တံဆိပ်မရှိပေ။
သူ့ထံတွင် အသက်တစ်ခုကို အသက်သွင်းနိုင်သည့် ဝိဉာဉ်စွမ်းအားရှိသည်။ ပြောရမည်ဆိုလျှင် ဤသည်မှာ နတ်ဆေးအားလုံးထက်သာလွန်ပြီး အသက်ရှည်ဆေးနှင့်ပင် ယှဉ်၍ရသည်။
သို့သော် ထိုတောက်ပမှုထဲတွင် ဝိဉာဉ်တစ်ခု ရှိမနေပေ။
ဤကဲ့သို့သော အမတဥအတွက် ဤသည်မှာ လုံးဝမဖြစ်နိုင်သည့်အရာပင်။ ဥမှ မွေးဖွားလာသည့်ဖီးနှစ်ဖြစ်စေ၊ ပြန်လည်မွေးဖွားသည့်ကောင်းကင်ဖီးနှစ်ဖြစ်စေ ချွင်းချက်မရှိ ဝိဉာဉ်တံဆိပ်ရှိမည်ပင်။
ရှီဟောင် အလွန်စိတ်ပျက်သွားရသည်။
“ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ..” သူ တီးတိုးပြောလိုက်သည်။
ဒီပစ္စည်းမှာ ဖီးနှစ်မိန်းကလေးရဲ့အော်ရာရှိနေတယ် .. ဒါပေမဲ့ သူမ ဝိဉာဉ်က ဒီမှာရှိမနေဘူး .. ဘာဖြစ်နေတာလဲ..
ခဏကြာပြီးသည့်နောက်တွင် ဤဥတစ်ခုခုမှားနေကြောင်း စုန်းမလည်း သိသွားသည်။ ဤသည်မှာ ဥအခွံသက်သက်သာဖြစ်ပြီး မည်သည့်ဝိဉာဉ်တံဆိပ်မှ ရှိမနေပေ။ ဤဥမှ နတ်ဖီးနှစ်အစစ်ထွက်မလာနိုင်ပေ။
“အာ.. ငါသိပြီ .. တစ်ချို့ဖီးနှစ်တွေက ပြန်မွေးဖွားကြပေမယ့် ရှုံးနိမ့်သွားကြတယ် .. နောက်ဆုံးကျတော့ သူတို့ဝိဉာဉ်ပျောက်သွားပြီး ဥနဲ့ပေါင်းလိုက်တဲ့ နတ်ပစ္စည်းပဲ ကျန်ခဲ့တော့တာ” သူမ ကောက်ချက်ချလိုက်သည်။
ဖီးနှစ်မိန်းကလေးက ရှုံးနိမ့်သွားတာလား..
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤဥကို မြင်လိုက်ရသည့်အချိန်က သူမပြန်မွေးဖွားလာဖို့ အခွင့်အရေးရှိပြီဟု သူထင်ထားခဲ့ခြင်းပင်။
“ဒီဥက တော်တော်လေး အသုံးဝင်တယ် .. ဒါက အသက်ရှည်ဆေးနဲ့အတူတူပဲ .. အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခု” စုန်းမ ပြောလိုက်သည်။
“ဒီဥကို ထိလို့မရဘူး” ရှီဟောင် ပြောလိုက်၏။ သူ၏အသံမှာ အတော်လေးပင်ပြတ်သားလှသည်။ မည်သို့ပင်ဖြစ်စေ ဖီးနှစ်မိန်းကလေး၏ နောက်ဆုံးမျှော်လင့်ချက်ကို သူ မဖျက်ဆီးပစ်ချင်။
စုန်းမသည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ .. ဒီဥက မင်းဟာပဲ”
သူမ ရှီဟောင်နှင့် မတိုက်ခိုက်ချင်။ ထို့အပြင် သူ၏စိတ်ခံစားချက်ကို သူမ ခန့်မှန်းမိသည်သာ။ ထို့ကြောင့် ရက်ရောစွာဖြင့် ဘေးဖယ်ပေးလိုက်ခြင်းပင်။
ထို့အပြင် စုန်းမ သူ့အားအကြံတစ်ချို့ ပေးလိုက်သေးသည်ပင်။ “မင်းတကယ်လို့ မျှော်လင့်ချက်ရှိသေးတယ်ဆိုရင် ဒီဥကို မီးကျင့်ကြံသူကို ပေးလိုက်လေ .. ဒီဥကို သူတို့ဘေးနားထားရင် ဥအတွက်ရော ကျင့်ကြံသူအတွက်ရော အကျိုးရှိမှာ”
စုန်းမပြောသည့်အတိုင်းဆိုလျှင် ဤဥတွင် ဝိဉာဉ်အနည်းငယ်ရှိနေလျှင်ပင် နိုးထလာနိုင်သည်ပင်။ ထို့အပြင် ကျင့်ကြံသူအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိမည်ပင်။ သူတို့၏မီးစွမ်းရည်မှာ တရှိန်ထိုး ခုန်တက်သွားမည်ပင်။
ရှီဟောင်သည် ချက်ချင်းပင် ဟော့လင်းအာအား တွေးမိသွားသည်။ သူမသည် မီးစွမ်းရည်ကျင့်ကြံသည့်သူပင်။ သူမကို ဤဥပေးချင်သော်လည်း သူ့ပြန်သွားဖို့ အချိန်မရှိသေး။ မကြာခင်တွင် ကောင်းကင်နတ်ဘုရားကျောင်းသို့ သွားရတော့မည်ဖြစ်ပြီး ဘယ်အချိန်မှ ပြန်တွေ့နိုင်မည်ကို သူ မသိပေ။
သူနယ်ခြားစပ်တွင် သွားတိုက်ခိုက်လျှင် သို့မဟုတ် တာအိုသုံးထောင်စီရင်စုမှ ထွက်ခွာသွားလျှင် ဤဥမှ ဘာထွက်လာသလဲကို သူသိနိုင်မည် မဟုတ်တော့ပေ။
“ဒီဥက ဟော့လင်းအာနဲ့ လိုက်ဖက်တယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ” ရှီဟောင် တီးတိုးပြောလိုက်သည်။ ရုတ်တရက်ပင် သူသည် တစ်ခုခုကိုသိသွားပြီး အချိန်အပိုင်းအစအချို့ကို ဖမ်းဆုတ်မိလိုက်သလိုပင်။ သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် ထိုအပိုင်းအစ ပြန်ထွက်သွားလေ၏။
“သွားကြစို့… ငါတို့ ဒီနေရာကို သေချာရှာရမယ် .. ဘာလျှို့ဝှက်ရတနာမှမရှိတော့ဘူးဆိုရင်တော့ ငါတို့ဒီကနေ ထွက်သွားကြတာပေါ့” စုန်းမပြောလိုက်၏။
ဤဂူမှာ အတော်လေး ကျယ်ဝန်းလှကာ ဖရိုဖရဲစွမ်းအင်များ များပြားလှပြီး ထာဝရတာအိုစွမ်းအင်များပင် ရှိနေသည်။ သို့သော်လည်း နှမြောစရာကောင်းသည်မှာ ဤအရာများမှလွဲလျှင် မည်သည့်ပစ္စည်းမှ မရှိပေ။
ဤနေရာတွင် ဥတစ်လုံးသာ ရှိနေသည်။
နောက်ဆုံးတွင်တော့ ရှီဟောင်သည် ထိုဥကိုသယ်ကာ စုန်းမနှင့်အတူ ဂူထဲမှ ထွက်လာလိုက်သည်။
သူတို့သည် ထိုမြို့မှ လွတ်ကာ မြို့ပြင်ဘက်တွင်ရပ်နေခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“အဲဒီဂူက မြို့ထဲမှာ ရှိတာ .. ဒါပေမဲ့ ဒီဂူကို မမြင်ရဘူး .. ကံစပ်လို့ဝင်လို့ရတာ” စုန်းမ ရေရွတ်လိုက်သည်။
ရှီဟောင်ကြောင်ငေးနေမိ၏။ တစ်ခြားသူတွေရော သူတို့လာတုန်းက ဒါကို မတွေ့ကြဘူးလား .. သူတို့က ဘာလို့ဒီနေရာကိုတွေ့ပြီး ဒီဥကိုတောင် ယူသွားလို့ရတာလဲ.. သေချာစဉ်းစားကြည့်ပြီးသည့်နောက်တွင် ထူးခြားချက်ဆို၍ သူသည် ထာဝရရှေးဟောင်းမြေသို့ စိတ်ဖြင့်ရောက်သွားသည့်အချိန်တုန်းက ဖီးနှစ်မိန်းကလေးနှင့် လအနည်းငယ် ကုန်ဆုံးခဲ့ခြင်း တစ်ခုသာ။
အဲဒါနဲ့ပတ်သက်နေတာလား..
သူတို့ခွဲခွာခဲ့ရသည့်အချိန်တုန်းက ပုံရိပ်များကို သူပြန်မြင်ယောင်လာမိသည်။ ထိုလူများသည် အလွန်ဝမ်းနည်းနေကြကာ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ခေတ်တစ်ခု၌ ပြန်ပေါ်လာပြီး သူနှင့်တွေ့ချင်ကြောင်း ပြောခဲ့ကြသေးသည်ပင်။
အဲဒီတုန်းက သူတို့ပြောချင်တာ ဒီလိုမျိုးကိစ္စကို ပြောချင်တာလား .. အခု သူတို့ဆန္ဒတွေ ပြည့်ဝသွားပြီလား…
ရှီဟောင်နှင့် စုန်းမတို့ ဤမြို့ကို တစ်ပတ်ပတ်ကြည့်ပြီးနောက် တောင်ပေါ်မှ ပြန်ဆင်းလာလိုက်သည်။ ထို့နောက် ချော်ရည်ပြင်ကြီးကို ဖြတ်သန်းကာ ကမ်းခြေသို့ ဦးတည်သွားလိုက်ကြလေသည်။
ဤပင်လယ်ကြီးမှာ တကယ်ကြီးလှသည်။ နောက်ထပ်လဝက်လောက် အချိန်ပေးပြီးမှသာ သူတို့ကမ်းခြေကို ရောက်လာနိုင်သည်။
သူတို့သည် အလွန်လျင်မြန်ကြသည့်သူများပင်။ သူတို့ပင်လျှင် ဤမျှများပြားလှသည့်အချိန်ကို အသုံးပြုလိုက်ရသောကြောင့် ဤပင်လယ်ကြီးမှာ မည်မျှပင် ကျယ်ဝန်းသည်ကို စဉ်းစားကြည့်နိုင်သည်။
လမ်းတစ်လျှောက်တွင်လည်း သူတို့အန္တရာယ်မျိုးစုံ တွေ့ကြုံခဲ့ရသေးသည်။ ပင်လယ်ထဲတွင် သေဆုံးသွားသည့် ဝိဉာဉ်ကဲ့သို့သော ထူးဆန်းသည့်အရာများစွာ ရှိနေသည်ပင်။ နှစ်ပေါင်းများစွာကုန်ဆုံးသွားပြီဖြစ်သော်လည်း သူတို့သည် ဟစ်ကြွေးနေဆဲဖြစ်ကာ သက်ရှိအားလုံးကို အဆုံးသတ်ချင်နေဆဲပင်။
နောက်ဆုံးတွင်တော့ သူတို့ တစ်ဖက်ကမ်းခြေသို့ ရောက်လာလေပြီ။
“ရှေးဟောင်းမြို့ထဲမှာ အကြာကြီးပိတ်မိသွားတော့ ငါတို့ထက်အရင်ရောက်တဲ့သူတွေ ရှိနေပြီ” စုန်းမ မကျေမနပ်ပြောလိုက်သည်။
သူတို့သည် အစက ရှေ့ဆုံးတွင်ရှိနေသော်လည်း အချိန်အကြာကြီးပိတ်မိခဲ့သောကြောင့် ဤအတောအတွင်း သူတို့ကို ဖြတ်ကျော်သွားသည့်သူများ ရှိနေမည်ပင်။
“သွားကြစို့ .. ငါတို့ အဲဒီတားမြစ်နယ်မြေ အတွင်းပိုင်းကို တတ်နိုင်သမျှ စောစောလေးသွားပြီးတော့ အဲဒီဧကရာဇ်မြို့လို့ခေါ်တဲ့နေရာကို ကြည့်ရအောင် .. ရှေးဟောင်းမဟာမိတ်စာချုပ်ဆိုတဲ့ဟာကို ငါတို့နားလည်အောင် လုပ်ဖို့လိုသေးတယ်” ရှီဟောင်ပြောလိုက်၏။
ထိုကဲ့သို့ပင် သူတို့နောက်ထပ်သုံးလလောက်ထိ ခရီးသွားနေခဲ့ရလေသည်။
“အရင်တုန်းကပြောတော့ ငါတို့အဲဒီကို ရောက်တော့မှာဆို .. ဘာလို့အချိန်တွေ ဒီလောက်တောင် ထပ်ကုန်နေရတာလဲ” စုန်းမ ညည်းညူလိုက်သည်။
“အမ် .. ငါတို့ တကယ်ရောက်ပြီ”
ထိုနေ့တွင် လေထဲတွင် ပျံ့နှံ့နေသည့် လူတစ်ယောက်ကို ကြောက်လန့်စေသည့် ထူးဆန်းသည့်အော်ရာများကို ခံစားမိလိုက်သောကြောင့် ရှီဟောင် ထိတ်လန့်သွားရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် လောကကြီးအသစ်ဖြစ်တည်လာသည့်အချိန်ကို ပြန်ရောက်သွားကာ သက်ရှိများအားလုံး မွေးဖွားသည်ကို တွေ့လိုက်ရသလိုပင်။
ထိုနေရာတွင် သူတို့ကို စောင့်ကြိုနေသည့် ခမ်းနားသည့်မြင်ကွင်းများ ရှိနေသလိုပင်။
“တားမြစ်နယ်မြေ ဧကရာဇ်မြို့က ဒီနေရာမှာပဲ” ရှီဟောင် ခိုင်မာစွာ ပြောလိုက်သည်။
“နောက်ဆုံးတော့ ရောက်ပြီ .. ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ ငါသိချင်လှပြီ .. ငါတို့ဘယ်လိုနေရာမျိုးကို ရောက်လာတာလဲ” စုန်းမ ပျော်ရွှင်စွာ ပြောလိုက်သည်။ သူမတို့ ဤနေရာရောက်ရန် မလွယ်ကူခဲ့ပေ။
သူတို့ ထိုမြို့နားသို့ နီးလာသည်နှင့် ရုတ်တရက်ပင် ရှီဟောင် တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်တွင်ရှိနေသည့် တစ်စုံတစ်ခု အသက်ဝင်လာပြီး ထူးဆန်းသည့်အော်ရာများကို ထုတ်လွှတ်နေသောကြောင့်ပင်။ အတိတ်နှင့်ပစ္စုပ္ပန်ကို ချိတ်ဆက်နိုင်သကဲ့သို့ များပြားလှသည့်အော်ရာများ ထွက်ပေါ်လာလေသည်။
သွေးစက်တစ်စက်..
ထိုသွေးစက်မှာ သူ၏ခန္ဓာကိုယ်မှ ထွက်လာခြင်းပင်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် စုန်းမ ထိုအရာကို မှတ်မိသည်ပင်။ ဤသည်မှာ သူမ မရင်းနှီးသည့်အရာ မဟုတ်ပေ။ ဤသည်မှာ သူမတို့ ထာဝရရှေးဟောင်းမြေထဲမှ ထုတ်ယူခဲ့သည့်အရာပင်။ ယခင်က အလုံးစုံသက်ရှိမြေကြီးထဲတွင် နှစ်မြှုပ်နေခဲ့သည့်သွေးစက်ပင်။
အပိုင်း ၁၂၄၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၈ – တားမြစ်နယ်မြေ ဧကရာဇ်မြို့
သွေးစက်တစ်စက်..
ထို့နောက်တွင် အတိတ်မှ ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။
ဤသွေးစက်မှာ တောက်ပလွန်းလှသည်။
ရှီဟောင် ဤသွေးစက်ကိုသိသည်သာ။ သူ ကောင်းကင်နတ်ဘုရားသစ်ပင်ကို ရှာသည့်အချိန်တုန်းက သန့်စင်သည့်ကုန်းမြေထဲသို့ သွားရောက်ခဲ့ပြီး အလုံးစုံသက်ရှိမြေကြီးအောက်မှ စုန်းမကိုပင် ဆွဲထုတ်ခဲ့သေးသည်။ ထိုအချိန်တုန်းက ဤသွေးစက်ကို ရခဲ့ခြင်းပင်။
ဤသွေးစက်သည် သုံးပေရှည်ပြီး လက်ကိုင်နှစ်ခုပါသည့် အိုးမှ ကျခဲ့သည့်သွေးစက်ပင်။
“ဒီသွေးစက်မှာ ဘယ်လိုထူးဆန်းမှုတွေ ရှိနေတာလဲ .. သူက ဒီမြို့ကို တုံ့ပြန်နေတယ်” ရှီဟောင် ဆွံ့အသွားရ၏။
ဤသွေးစက်ကိုကြည့်နေရင်းဖြင့်ပင် ကောင်းကင်ဧကရာဇ်တစ်ပါး ဤလောကထဲသို့ ဆင်းလာသကဲ့သို့ပင် ခံစားလိုက်ရသည်။
ဤဧကရာဇ်သွေးစက်ထဲမှ တိုက်ပွဲတစ်ခု တိုက်ခိုက်နေသကဲ့သို့သော တိုက်ပွဲကြွေးကြော်သံများ ထွက်ပေါ်လာလေသည်။
စုန်းမ၏ လှပသည့်မျက်လုံးများပင်လျှင် ပြူးကျယ်နေလေပြီ။ သူမ ယနေ့မြင်နေရသည့် အရာအားလုံးမှာ ထူးဆန်းလှသည်။ ဤသည်မှာ သူတို့ ဤသွေးစက်ကို ပထမဆုံးအကြိမ် တွေ့ဖူးတုန်းကထက်ပင် ပို၍ထိတ်လန့်စရာကောင်းနေသည်။ ဒီသွေးက ဘာလို့ ဒီနေရာနဲ့ ဆက်စပ်နေတာလဲ..
ဤသွေးစက်မှ ထွက်လာသည့် တိုက်ပွဲသံများမှာ ကြောက်လန့်စရာကောင်းလွန်းသောကြောင့် သူတို့နှစ်ဦးလုံး ထိတ်လန့်နေရသည်။ အသံများမှာ ထာဝရရှေးဟောင်းခေတ်မှ တိုက်ပွဲ နောက်တစ်ခေါက် ပြန်ပေါ်လာသကဲ့သို့ပင်။
“ငါတို့ ဒီသွေးစက်နဲ့ ဧကရာဇ်မြို့ထဲကို ဒီတိုင်းဝင်သွားရင် မကောင်းလောက်ဘူး .. တစ်ခြားသူတွေ တွေ့သွားရင် မထင်မှတ်ထားတာတွေ ဖြစ်လာနိုင်တယ်” စုန်းမပြောလိုက်သည်။
သူတို့သာ ဤတိုင်းယူသွားလျှင် အခြားသူများအာရုံစိုက်လာပြီး သံသယဝင်လာကြလိမ့်မည်။ ရှီဟောင် စိတ်ငြိမ်အောင် ကြိုးစားလိုက်ကာ သူ၏စိတ်အခြေအနေကို ထိန်းညှိလိုက်၏။ ထို့နောက်တွင် ဤသွေးစက်သည်လည်း တစ်ဖြည်းဖြည်းချင်း ငြိမ်သွားကာ ပုံမှန်မဟုတ်သည့် မြင်ကွင်းများလည်း ပျောက်ကွယ်သွားလေသည်။
ကံကောင်းစွာဖြင့်ပင် သူ ဤသည်ကို ထိန်းချုပ်၍ရလေပြီ။
မည်သို့ပင်ဖြစ်စေ ဤသွေးစက်သည် ဤမြို့နှင့် ထူးခြားသည့် ဆက်စပ်မှုရှိသည်ကို သူတို့သိသွားလေပြီ။
“ဒါက နယ်ခြားစပ်နဲ့တောင် ရင်ဆိုင်နိုင်တယ်” စုန်းမပြောလိုက်၏။
ရှီဟောင်ခေါင်းညိမ့်လိုက်၏။ ဤသည်က လုံးဝဖြစ်နိုင်ပေသည်။ ဤစစ်ပွဲအော်သံများ၊ ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေခြင်းမှာ မည်သည့်နေရာမှ ဖြစ်လာနိုင်သနည်း.. သေချာပေါက် နယ်ခြားစပ်မှပင်။
ခဏကြာပြီးသည့်နောက်တွင် သူတို့ ဤနေရာ၏အလယ်ဗဟိုသို့ရောက်လာကာ မြို့တစ်မြို့ကို တွေ့လိုက်ရသည်။
“ငါအခု မြင်နေရတာက .. မြို့တစ်မြို့လား” ရှီဟောင် မူးဝေလာကာ အတွေးထဲတွင် နှစ်မြှုပ်သွားလေ၏။
သူ ဘာတွေ မြင်နေရတာလဲ … အဲဒါတွေက အဆောက်အဦးတွေလား.. ဤအဆောက်အဦးများမှာ ကြီးလွန်းလှသောကြောင့် အစစ်အမှန်လား ပုံရိပ်ယောင်လားပင် မသိတော့ပေ။
မှုန်ဝါးနေသည့်အရာများသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဆက်စပ်နေပြီး ဤနေရာကို တစ်လက်မမကျန်နေရာယူထားလေသည်။
ဤမြို့မှာ ကြီးမားလွန်းလှပြီး ကောင်းကင်မျက်လုံးကို အသုံးပြုပြီးကြည့်မှသာလျှင် မူရင်းဇစ်မြစ်ကို နားလည်နိုင်လိမ့်မည်။
သာမန်မျက်လုံးဖြင့်ကြည့်ပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဆက်ပေးနေသည့် မှုန်ဝါးဝါးပုံရိပ်များကိုသာ မြင်ရလိမ့်မည်။
ဤနေရာမှာ ကျယ်ပြောလှသောကြောင့် ရောက်လာသည့်သူများကိုပင် သေးသိမ်သွားစေသည်။
မြို့မှာ မျက်စိတစ်ဆုံးပင် ကျယ်ဝန်းလှသည်။ သူတို့သည် ကောင်းကင်ဘုံမပွင့်မီက အချိန်ကို ရောက်လာကြသကဲ့သို့ပင်။ မြို့ပတ်လည်တွင်လည်း ကြယ်များ ဝေ့ဝိုက်နေကြလေ၏။
“ဒါက မြို့တစ်မြို့ရော ဟုတ်သေးရဲ့လား” စုန်းမ တိတ်တဆိတ်ပင် သက်ပြင်းချလိုက်သည်။
မြို့မှာ အဆုံးကိုပင် မမြင်ရပေ။ ဒီမြို့က ဘယ်လောက်တောင်ကြီးတာလဲ..
“မင်းသေချာကြည့်လိုက်ရင် ဒီမြို့ရဲ့အုတ်တွေက..” ရှီဟောင် ဆွံ့အသွားရ၏။
“ကြယ်တွေ .. ဥက္ကာခဲတွေ..” စုန်းမလည်း ဤသည်ကို တွေ့သည်သာ။
ဤမြို့ကြီးမှာ သာမန်အုတ်များဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ ကြယ်များကို ပုံစံပြောင်းထားကာ တစ်ခုပေါ်တစ်ခု ထပ်ထားပြီး ဤကဲ့သို့ ဧကရာဇ်မြို့ကြီး ဖြစ်လာခြင်းပင်။
သာမန်လူက ဘယ်လိုလုပ် ဤကဲ့သို့လုပ်နိုင်မည်နည်း.. သူတို့ စဉ်းပင်စဉ်းစားမိမည်မဟုတ်ပေ။
သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ဆွံ့အစွာသာ ငေးစိုက်ကြည့်မိကြသည်။ ဒါက တားမြစ်နယ်မြေအတွင်းပိုင်းမှာရှိတဲ့ ဧကရာဇ်မြို့လား..
ဤမြို့သည် ဤနေရာတွင် စောင့်ကြပ်နေပြီး နှစ်ပေါင်းများစွာ ကြာသွားသော်လည်း ပြိုလဲကျမသွားပေ။ သူသည် လမ်းကို ဖြတ်ထားသကဲ့သို့ မျက်စိတစ်ဆုံးကို ကျယ်ပြန့်လှလေသည်။
နယ်ခြားစပ်လား..
တစ်ခြားတစ်ဖက်မှာ ရှိနေတာက ကြောက်ဖို့ကောင်းတဲ့ လောကကြီးလား .. ဒီမြို့က ကာကွယ်ပေးနေလို့ စီရင်စုသုံးထောင်က ငြိမ်းချမ်းနေတာလား..
ရှီဟောင်တို့နှစ်ဦးလုံး နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။ အရင်ကတည်းကနေ အခုအချိန်ထိ တိုက်ပွဲတွေအားလုံးက ဒီမြို့ကနေ စလာတာလား.. သူတို့တွေ စီရင်စုသုံးထောင်ထဲဝင်ချင်ရင် ဒီမြို့ကို ဖြတ်ရမှာလား..
ဤနေရာတွင် ရှေးဟောင်းမဟာမိတ်စာချုပ်ရှိနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ထိုအချိန်တွင် သူသည် ကိစ္စများစွာကို ခန့်မှန်းနိုင်သွားလေပြီ။
“ရှေးဟောင်းမဟာမိတ်စာချုပ် .. အဲဒီလူတွေက ဒီနေရာကို ကာကွယ်ဖို့၊ တိုက်ပွဲထဲဝင်ပါဖို့ ရောက်လာကြတာ .. သူတို့တွေက ဘယ်လိုလူမျိုးနဲ့ တိုက်ရမှာလဲ” စုန်းမမေးလိုက်သည်။
သို့သော်လည်း ရှီဟောင်အတွေးများမှ နိုးထလာသည့်အချိန်တွင် သူသည် မျက်မှောင်ကြုတ်ကာ အခြားအရာများကို စဉ်းစားမိသွားသည်။
“ဒါက အဲဒီမြို့မဟုတ်ဘူး” သူ့စိတ်ထဲမှ အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ ‘ထူးဆန်းသည့်အဖြစ်အပျက်များ’ နောက်လိုက်ပြီး သွေးရောင်လွှမ်းနေသည့် ရှေးဟောင်းလှေနက်ကြီးပေါ်သို့ ရောက်သွားသည့်အချိန်တွင် သူ ယဇ်ပုလ္လင်တစ်ခုကို တွေ့ခဲ့သေးသည်။ ထိုယဇ်ပုလ္လင်တွင် နယ်ခြားစပ်မှ မြင်ကွင်းများကို ပြသနေခဲ့သည်။
“ဒါက ဘုရင် ၇ ယောက် ခုခံကာကွယ်ခဲ့တဲ့ ရှေးဟောင်းမြို့ မဟုတ်ဘူး”
သူ တိတ်ဆိတ်စွာပင် ပြောလိုက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း ဤမြို့မှာ ထိုမြို့မဟုတ်ဘူးဆိုသည်ကိုတော့ သူ သိနေသည်။
ဤမြို့မှာ သူသွေးရောင်လွှမ်းနေသည့် လှေနက်ပေါ်တွင် တွေ့ခဲ့ရသည့်မြို့ လုံးဝမဟုတ်ပေ။
ထိုမြို့သည် ဤမျှ မကြီးကျယ်မခမ်းနားပေ။ ထိုမြို့ထဲတွင် အပြစ်သားသွေးမျိုးဆက် အနည်းငယ်သာရှိသည်။ သူတို့သည် ထိုမြို့လေးကို ပြင်းထန်စွာပင် ခုခံကာကွယ်နေခဲ့ကြခြင်းပင်။
ရှီဟောင် သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ ထိုနယ်ခြားစပ်ဆိုသည့်နေရာမှာ သူထင်ထားသည်ထက် ပို၍ထူးဆန်းသည်ထင်သည်။ မြှုပ်ထားသည့်ဇာတ်လမ်းများစွာ ရှိနေသေးသည်။
“အားလုံးက အဲဒီနေရာကို မေ့သွားကြပြီထင်တယ်” ရှီဟောင် တီးတိုးပြောလိုက်သည်။
“မင်း ဘာပြောလိုက်တာ” စုန်းမမေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး .. နောင်ဖြစ်လာမယ့်တိုက်ပွဲက ဘယ်လောက်တောင် ရက်စက်မလဲဆိုတာ ငါ သိချင်သွားလို့ပါ .. ကြည့်ပါလား .. ဒီမြို့ကို ကြယ်အပိုင်းအစတွေနဲ့လုပ်ထားတာ .. အရမ်းကို မာကျောတာ … ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ အစီအရင်တွေလည်း ရှိသေးတယ် .. ဒါတွေကို ကြည့်ခြင်းအားဖြင့် ရန်သူတွေက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းသလဲဆိုတာ ခန့်မှန်းကြည့်လို့ရတယ် .. မဟုတ်ရင် ဘာလို့ ဒီလိုမြို့မျိုး ဆောက်ဖို့ လိုအပ်မှာလဲ..”
သူတို့နှစ်ဦး ထိုမြို့သို့ ဦးတည်သွားလိုက်ကြသည်။ သူတို့ ထိုမြို့နားသို့ နီးလာလေလေ သူတို့ပို၍သေးသိမ်လာလေလေပင်။
သူတို့သည် ကောင်းကင်ကို မျှော်ကြည့်နေသည့် ပုရွက်ဆိတ်လေးများကဲ့သို့ပင်။
ထို့အပြင် သူတို့ဤမြို့နားသို့ ကပ်လာသည်နှင့် ဧကရာဇ်များ မြို့နံရံပေါ်မှ ကြည့်နေသကဲ့သို့ပင် ခုခံရန်ခက်ခဲလှသည့် ဖိအားများကို ခံစားလာရသည်။
“ဒီမြို့က အရမ်းကြီးလွန်းတယ် .. ပြီးတော့ ဖိအားကလည်း တော်တော်လေးများတော့ မနည်းတောင့်ခံနေရတယ်” စုန်းမခေါင်းခါကာ ပြောလိုက်သည်။ သူမကဲ့သို့ သန်မာသောသူပင်လျှင် ဤဖိအားကို မခံနိုင်တော့သဖြင့် သူမ၏ကျောက်ပုတီးလေးကို ထုတ်လိုက်ရလေသည်။
အမှန်တကယ်တွင် ရှီဟောင်လည်း နည်းနည်းလောက်လှမ်းပြီးသည်နှင့် ဆက်မသွားနိုင်တော့ပေ။
ဤနေရာသည် မြို့ပြင်ဘက်မှာပင်လျှင် အစီအရင်များရှိနေသောကြောင့် မည်သူမှ အလွယ်တကူ ချဉ်းကပ်၍မရပေ။
ထို့နောက်တွင် သူတို့ကျောက်တိုင်တစ်ခုတွေ့လိုက်ရသည်။ ရှေးဟောင်းမဟာမိတ်စာချုပ်ကို သဘောတူသူများသာ ဝင်ခွင့်ရမည်ဖြစ်ပြီး သဘောမတူပဲ အတင်းဝင်ရောက်ပါက ခန္ဓာကိုယ်နှင့် ဝိဉာဉ်နှစ်ခုလုံး ရှင်းလင်းခံရမည်ဟု ရေးထားလေသည်။
ဒီမြို့မှာ ဘာသက်ရှိမှ မရှိဘူးလား..
သူတို့သည် တိတ်ဆိတ်စွာဖြင့်ပင် ကောင်းကင်မျက်လုံးများဖြင့် အဝေးကို ကြည့်လိုက်ကြသည်။ ထိုမြို့မှာ တိတ်ဆိတ်လှပြီး မည်သည့်လှုပ်ရှားမှုမှ မရှိပေ။
ဤသည်မှာ မြို့ပျက်ကြီးနှင့်ပင် တူနေလေပြီ။
အာကာသကလန်မှ ခေါင်းဆောင်အိုကြီးလည်း ဤနေရာသို့ ဝင်ခဲ့သည်ပင်။ သူအခု အထဲတွင် ဘာလုပ်နေသနည်း..
ဤနေရာမှာ ထူးဆန်းလွန်းလှပြီး အထဲဘက်သို့ ထိုးဖောက်မမြင်နိုင်ပေ။
“ဟေး ဒီမှာ တစ်ယောက်ယောက်ရှိနေလား .. ကျွန်မတို့ ရောက်နေပြီ” စုန်းမ ချစ်စရာကောင်းသည့်အသံလေးဖြင့် ပြောလိုက်လေသည်။
ရှီဟောင်သည် နှာခေါင်းရှုံ့လိုက်ကာ “မင်းငါ့ကို သွေးဆောင်ဖြားယောင်းချင်ရင်တော့ ဒီအသံက အလုပ်ဖြစ်တယ် .. ဒါပေမဲ့ မင်းလုပ်ချင်ရင် ငါတို့နှစ်ယောက်တည်းရှိတဲ့အချိန် ငါ့ကိုဆွဲဆောင်လို့ရတယ် .. ဒီနည်းလမ်းက မြို့ထဲက လူတွေအတွက် အသုံးဝင်လိမ့်မယ်လို့ ထင်နေတာလား .. ငါထင်တာမမှားရင်တော့ အထဲဘက်မှာ လူအိုကြီးတွေပဲ ရှိလိမ့်မယ် .. ဥပမာအားဖြင့် ကြီးမြတ်တဲ့အာကာသကလန်သား ခြောက်ယောက်ထဲက နောက်ဆုံးတစ်ယောက် ဒါမှမဟုတ် စစ်ကလန်က စစ်ဧကရာဇ်ကြီးတို့ပေါ့ .. ဟား ဟား..”
ရှီဟောင် စုန်းမကို လှောင်ရယ်လိုက်သည်။
“မင်း သေချင်တာလား..” စုန်းမ သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။
ဤမြို့မှာ တိတ်ဆိတ်လွန်းလှသည်။ ဤမြို့မှာ ကျယ်လွန်းသောကြောင့် ခြင်္သေ့ဟိန်းသံများကို အသုံးပြုလျှင်ပင် မြို့ထဲသို့ အသံပို့လွှတ်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း ဤမြို့မှာ အသက်မဲ့လွန်းလှသည်ဟု ရှီဟောင်ခံစားရသည်။
မဟာမိတ်စာချုပ်ချုပ်သည့်သူများ တကယ်ပဲ ဤမြို့ကို ရောက်လာသလားဆိုသည်ကို သူ မသိပေ။
ထိုအကြောင်းများကို စဉ်းစားမိသည်နှင့် ရှီဟောင်က ယဲ့ချင်းရှန်ကို စဉ်းစားမိသွားသည်။ ထိုမိန်းမပျိုလေးသည် အလွန်ထူးဆန်းလှသည်ပင်။ သူမ မြို့ထဲသို့ ဝင်နိုင်သည်ဆိုလျှင် သူမထံတွင် မည်ကဲ့သို့သော အရည်အချင်းရှိနေမည်နည်း.. ‘ထာဝရတာအိုနတ်ပုံရိပ်ယောင်’ ကြောင့်လား..
ထိုအဖြူရောင် အဝတ်အစားနှင့် အမျိုးသမီးမှာ ထူးခြားလှသည်။
သူမထံတွင် ဇာတ်လမ်းများရှိနေမည်ကို သူ သိသည်။ သူမသည် သူ့အသက်အရွယ်နှင့် တားမြစ်နယ်မြေတွင် လျှောက်သွားနိုင်သည့်သူပင်။
“ငါတို့ဒီနေရာကို ရောက်လာတာတောင်မှ ငါတို့ကို လာကြိုမယ့်သူမရှိဘူး .. ငါတို့မြို့ထဲကို မဝင်နိုင်တော့ဘူး .. ဘာတွေဖြစ်နေတာလဲ” စုန်းမ မကျေမနပ်ပြောလိုက်သည်။
“ဘာဖြစ်နေတာလဲဆိုတာ မြို့ကို ပတ်ကြည့်ရအောင်” ရှီဟောင်ပြောလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် သူတို့ အခြားအရာများကို တွေ့လိုက်ရသည်။ မြို့အပြင်ဘက် လမ်းတစ်လျှောက်တွင် ကြီးမားလှသည့် ကျောက်တိုင်ကြီးများရှိပြီး ထိုကျောက်တိုင်ကြီးများပေါ်တွင် မှတ်တမ်းတင်ထားသည့်အရာများရှိနေသည်ပင်။ သူတို့ မဟာမိတ်စာချုပ်ကို သဘောတူပြီး လက်မှတ်မထိုးသရွေ့ မြို့ထဲသို့ ဝင်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူတို့အခြားနေရာသို့ သွားနိုင်သေးသည်။
ဤမြို့နှင့် သိပ်မဝေးသည့်နေရာများတွင် မြို့ငယ်အနည်းငယ် ရှိနေသည်ပင်။
ဘယ်နေရာသွားရမည်ကို ဆုံးဖြတ်ပြီးသည့်နောက်တွင် သူတို့ ထိုနေရာသို့ လျင်မြန်စွာ သွားလိုက်ကြသည်။ ဤနေရာသည် မြို့ငယ်လေးများ များစွာရှိနေသည့်နေရာဖြစ်ပြီး လမ်းဘေးဈေးဆိုင်များမှ ဖြစ်လာသည်ဟုလည်း ပြောကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်မြို့ပတ်ဝန်းကျင်တွင် အတော်လေးစည်းကားခဲ့ပြီး ထိုထူးခြားကျွမ်းကျင်သူများ၏ နောင်လာနောက်သားများလည်း ဤမြို့များတွင် နေခဲ့ကြသည်။
ခဏကြာပြီးသည့်နောက်တွင် သူတို့ဦးတည်သည့်နေရာသို့ ရောက်လာလေပြီ။ ဤနေရာရှိ လူဦးရေမှာ မနည်းလှပေ။ ဈေးဆိုင်များစွာလည်း ရှိနေလေ၏။ မြို့ငယ်လေးများမှာ တစ်ခုနှင့်တစ်ခု ဆက်နေလေသည်။
ဤနေရာမှာ ဆူညံနေပြီး အတော်လေးပင် သက်ဝင်လှုပ်ရှားနေသည်။
“နောက်ဆုံးတော့ ငါတို့ တစ်ခြားလူတွေကို တွေ့ရပြီ .. ” စုန်းမ သက်ပြင်းချလိုက်၏။
“သူတို့ရောက်လာပြီ” ရှီဟောင် သရဖူ ၁၀ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် နျင်ချွမ်းတို့၏ အော်ရာများကို အာရုံခံမိသည်သာ။ အခြားသူများလည်း ရောက်လာလေပြီ။ သူတို့အားလုံး ဤအရှေ့ရှိ အကြီးဆုံးမြို့ကြီးသို့ ရောက်နေကြလေပြီ။
ငယ်ရွယ်သည့်ကျင့်ကြံသူအချို့လည်း ရှိနေလေ၏။ သူတို့သည် ကျောက်တုံးကြီးများပေါ်တွင် မျက်လုံးမှိတ်ကာ ထိုင်နေကြလေသည်။
“ဟမ့် .. မုန်းစရာကောင်းလိုက်တာ .. ယွဲ့ချန်က ငါ့ထက်အရင်ရောက်နေပြီ .. သူက စစ်ဆေးမှုတွေကို ဘယ်လိုလုပ် ဖြတ်နိုင်သွားတာလဲ .. သူလမ်းမှာသေသွားလိမ့်မယ်လို့ ငါထင်နေတာ” စုန်းမ အံကြိတ်ကာ ပြောလိုက်သည်။
ဤနေရာသို့ လူအချို့ရောက်နေပြီဖြစ်သော်လည်း လူတစ်သိန်းနှင့်ယှဉ်လျှင် အရေအတွက်မှာ နည်းလွန်းလှသည်။
ရှီဟောင်သက်ပြင်းချလိုက်၏။ အများစုမှာ သေသွားလောက်လေပြီ။
“နောက်ထပ်လူနှစ်ယောက် ရောက်လာပြီ .. သူတို့တွေက သိပ်ပြီးတော့ သာမန်မဟုတ်ဘူး .. ဒါပေမဲ့ ငါတို့ ကောင်းကင်ဘုံကိုးခုအထက်က လူတွေနဲ့ယှဉ်ရင်တော့ သူတို့တွေ နည်းနည်းနိမ့်ကျနေမှာ စိုးရတယ်”
ထိုအချိန်တွင် ရှီဟောင်နှင့်စုန်းမတို့ကိုကြည့်ပြီး တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤသည်မှာ အညိုရောင်ဆံပင်များ ခါးထိဝဲကျနေသည့် အမျိုးသားတစ်ယောက်ပင်။ သူ၏မျက်ဆံများပင်လျှင် ရွှေရောင်ဖြစ်နေပြီး သူ၏အော်ရာမှာလည်း အထင်ကြီးစရာကောင်းလှသည်။
သူ့အပြင် စီရင်စုသုံးထောင်နှင့် မသက်ဆိုင်သည့်သူအနည်းငယ် ရှိနေသေးသည်။
“အခုရောက်လာတဲ့ မိန်းကလေးက သိပ်မဆိုးဘူး .. ကောင်းကင်ဘုံကိုးခုမှာ သိပ်မတွေ့ရဘူး .. သူ့ကိုပြိုင်ဘက်ကင်းတဲ့အလှလေးလို့ ခေါ်ထိုက်ပါတယ်” တစ်စုံတစ်ယောက်မှ စုန်းမ၏ ပုံပန်းသွင်ပြင်ကို အကဲခတ်လိုက်သည်။
စုန်းမသည် အပြုံးပါးပါးလေးပြုံးပြကာ အရှေ့ဘက်သို့ လျှောက်လာလေ၏။
တစ်ချိန်တည်းမှာပင် စီရင်စုသုံးထောင်မှ ကျင့်ကြံသူများလည်း ကြည့်လာလေ၏။ စုန်းမ ရှီဟောင်နှင့်အတူ လျှောက်လာသည်ကိုတွေ့လိုက်ရသည့်အချိန်တွင် ယွဲ့ချန် ထိတ်လန့်သည့်အမူအရာဖြစ်သွားလေ၏။
အပိုင်း ၁၂၄၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၉ – ထိပ်တိုက်ရင်ဆိုင်ခြင်း
“ရင်းနှီးတဲ့မျက်နှာတွေ ရှိသလို မရင်းနှီးတဲ့မျက်နှာတွေလည်း ရှိတယ်..” ရှီဟောင် သူ့အရှေ့ဘက်ရှိ ရှေးဟောင်းမြို့ကိုကြည့်ကာ ပြောလိုက်သည်။
အကြောင်းပြချက်တစ်ချို့ကြောင့် ဤလူများသည် မြို့ထဲသို့ မဝင်ပဲ ကျောက်တုံးများတွင်သာ ထိုင်ပြီး အုပ်စုဖွဲ့နေကြလေသည်။
“ဟားဟား..” ရှီဟောင် ထိုရွှေရောင်ဆံပင်နှင့်လူငယ်လေးကို ကြည့်ပြီးမေးလိုက်သည်။ ထို့နောက်တွင် သူသည် နျင်ချွမ်နှင့် အခြားသူများကို တစ်ယောက်ချင်းစီကြည့်လိုက်သည်။
“အေးဆေးနေနိုင်သေးတာပဲ” ထိုရွှေရောင်ဆံပင်နှင့်အမျိုးသားမှ ပြောလိုက်သည်။ သူ၏မျက်လုံးများမှာ မီးတောက်နှစ်ခုကဲ့သို့ပင်။
သူ၏စကားများအရ သူသည် ကောင်းကင်ဘုံကိုးခု၊ကမ္ဘာမြေဆယ်ခုထဲရှိ ကောင်းကင်ဘုံကိုးခုမှ လာခြင်းပင်။ သို့သော်လည်း သူ မည်သည့်ကောင်းကင်ဘုံမှ လာခြင်းကိုမူ မသိပေ။ သူသည်အတော်လေးပင် စွမ်းအားကြီးလှပေ၏။
မဟုတ်ပါက သူဤကဲ့သို့ လူအားလုံးကို အထင်သေးရှုံ့ချနေမည်မဟုတ်ပေ။
ရှီဟောင် သူကို တစ်ခါမှမမြင်ဖူးပေ။ ဤလူသည် လင်ထျန်းနှင့်အတူ ရောက်လာဖူးသည့်သူများ မဟုတ်ပေ။
ဤအမျိုးသားနောက်တွင် လူအနည်းငယ် ရှိသေးသည်ပင်။ အချို့သူများမှာ လေးနက်လှပြီး တိုင်းတာ၍မရနိုင်လောက်အောင်ပင်။ ရှီဟောင်မျက်လုံးများကို မှေးကျဉ်းကာ ဤလူများကို သေချာကြည့်လိုက်သည်။
ရှီဟောင် သူ့ကို အရေးစိုက်မနေတော့ပေ။ သူတို့ သူ့ရှေ့တည့်တည့်လာပြီး သူ့ကို ရန်မစသရွေ့ သူ သူတို့ကို ထူးမခြားနားသာ ဆက်ဆံမည်ပင်။ သူတို့လွန်လာပါက သေချာပေါက် သူတို့ကို တိုက်ခိုက်ကာ ဖိနှိပ်ပစ်မည်ပင်။
ဤသည်မှာ ယုံကြည်မှုတစ်မျိုးပင်။ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံပြီးသွားသည်နှင့် သူဖြစ်စေ သရဖူ ၁၀ခုဘုရင်တို့ဖြစ်စေ အားလုံးမှာ ဤကဲ့သို့သော ရဲတင်းမှုတို့ရှိမည်ပင်။
“နတ်သမီးကို ဒီဘက်ဖိတ်ခေါ်ပါတယ်” ရွှေရောင်ဆံပင်နှင့်လူငယ်မှ စုန်းမကို ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်သည်။ သူသည် တောက်ပစွာပင် ပြုံးပြနေလေသည်။
“ကောင်းကင်ဘုံကိုးခုက အနန္တကောင်းကင်ရဲ့ ကျင့်ကြံမြေတွေက ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးပဲ .. နတ်သမီးလေးနဲ့ စကားစမြည်ပြောဖို့ ကျွန်တော် လေးလေးစားစားဖိတ်ပါတယ် .. ကောင်းကင်နတ်ဘုရားကျောင်းလည်း အဲဒီမှာပဲ ဆောက်မှာ” အခြားလူတစ်ယောက်မှ အပြုံးဖြင့်ပြောလိုက်သည်။
သူတို့သည် စုန်းမ၏ ပုံပန်းသွင်ပြင်ကို အလွန်ပင် ချီးကျူးနေကြခြင်းပင်။ သူမ ထာဝရစွမ်းအင်ကျင့်ကြံထားသည်ကို တွေ့ရသောကြောင့်လည်း ဤကဲ့သို့ အလေးအနက် ဖိတ်ခေါ်နေခြင်းပင်။
စုန်းမသည်လည်း တကယ်လှပါသည်။ သူမသည် ရှည်လျားသွယ်လျကာ အသားအရေမှာလည်း ကျောက်စိမ်းကဲ့သို့ပင်။ သူမ၏ဆံပင်သည်လည်း နက်မှောင်လှကာ ခါးထိဖြန့်ကျနေလေ၏။ သူမသည် ဘယ်သွားသွား အာရုံစိုက်ခံရမည်သာ။
သူမသည် အပြုံးနုလေးပြုံးလိုက်ကာ “ကောင်းကင်ဘုံကိုးခုက တာအိုမြေအမျိုးမျိုးကို ကျွန်မ တွေ့ချင်ပါတယ် … အခွင့်အရေးရလာရင်တော့ အဲဒီနေရာတွေအားလုံးကို တစ်နေရာပြီးတစ်နေရာ သွားလည်ပါ့မယ် .. အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်”
သူမ ထိုသူတို့ကို မငြင်းလိုက်ပေ။ အခြားသူများနှင့် လိုက်လျောညီထွေ နေတတ်သည်မှာ သူမ၏အားသာချက်ပင်။ သူမ၏အပြုံးတစ်ခုပင်လျှင် ဤရှေးဟောင်းမြေတစ်ခုလုံး တောက်ပရန် လုံလောက်လေပြီ။
ရှီဟောင်သည် သူမကိုကြည့်လိုက်ကာ “ဘာလို့ လူအမျိုးမျိုးကို ပုံစံအမျိုးမျိုးဆက်ဆံနေတာလဲ .. ပြောရမယ်ဆိုရင် ငါလည်း ကျွမ်းကျင်သူပဲလေ .. ဘာလို့ ငါ့ကိုကျတော့ တစ်ယောက်မှ မဖိတ်ကြတာလဲ..”
“မင်းရဲ့ ကိုယ့်ကျင့်တရားမှာ ပြဿနာရှိနေလို့နေမှာပေါ့” စုန်းမ သူ့အား ပြုံးပြပြီး ပြောလိုက်သည်။
တစ်စုံတစ်ယောက်သည် အေးစက်စွာပင် ရယ်မောလိုက်ကာ “မင်းကတော်တော်လေး အားကောင်းပြီးတော့ လင်ထျန်းကိုတောင် ဒဏ်ရာရအောင် လုပ်လိုက်တယ်လို့ ကြားတယ် .. မင်းက ရန်သူတွေအားလုံးကို ဖိနှိပ်ပြီး ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ခုကိုတောင် ရှင်းပစ်မယ်လို့ ပြောသေးတယ် .. အဲဒီတော့ ငါတို့က ဘယ်လိုလုပ် မင်းကို လက်လွတ်စပယ်ဖိတ်ခေါ်ရဲမှာလဲ..”
ရှီဟောင်သည် ထိတ်လန့်သွားကာ “ငါလင်ထျန်းကို အနိုင်ယူခဲ့ပေမယ့် တစ်ခါမှ ဒီလိုမျိုး မပြောဖူးပါဘူး ဟုတ်တယ်မလား”
“ရှင် မပြောလိုက်ဘူးလား .. ယောက်ျားလေးတွေကို ဖိနှိပ်ပစ်ပြီးတော့ နတ်သမီးတွေကိုကျတော့ ဖမ်းခေါ်ပြီးတော့ အိပ်ရာနွေးအောင် လုပ်ခိုင်းမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား .. ညီမလေးလန်လင်းပြောခဲ့တာဆိုတော့ မမှားနိုင်ဘူး” ရွှေရောင်ဆံပင်နှင့်အမျိုးသားဘေးမှ မိန်းမပျိုလေးမှ ပြောလိုက်သည်။
ဘာက ပြဿနာဖြစ်နေသည်ကို ရှီဟောင် သိသွားပြီ။ ဤသည်မှာ သူမျက်လုံးပြာအမျိုးသမီးနှင့် ရေခဲကဲ့သို့အေးစက်သည့် မိန်းမပျိုနှင့်ပြောခဲ့သည့်စကားများပင်။ ဤစကားများမှာ ဤလူနားသို့ ရောက်လာခဲ့ခြင်းပင်။
“ဒါက ထာဝရသက်ရှိအစစ်တွေရဲ့ မျိုးဆက်မဟုတ်ရင် လက်မထပ်ဘူးလို့ပြောတဲ့ နှာဗူးကောင်လား..” အခြားမိန်းမပျိုတစ်ယောက်မှ သူ့အား စိုက်ကြည့်ကာ ပြောလိုက်သည်။
စုန်းမသည် ရယ်မောလိုက်ကာ ရှီဟောင်အား လှောင်ပြုံးပြုံးပြလိုက်လေသည်။
“အဲဒါတွေက ဒီတိုင်း ပေါ့ပေါ့ပါးပါးလေး ပြောလိုက်တဲ့စကားတွေပါ .. အလေးအနက်ထားစရာမလိုပါဘူး” ရှီဟောင် ရှင်းပြလိုက်၏။
“ခင်ဗျား စနောက်လို့မရတဲ့သူတွေရှိတယ် .. ဘာလို့လဲဆိုတော့ စနောက်ရလောက်အောင် ခင်ဗျားက အရည်အချင်းမရှိလို့ပဲ” ရွှေရောင်ဆံပင်နှင့်အမျိုးသားသည် ယဉ်ကျေးမနေတော့ပဲ အေးစက်စွာပင် ပြောလိုက်လေသည်။
ရှီဟောင် မျက်နှာပျက်သွားရသည်။ တစ်ဖက်လူက သူ့ကို ကြင်နာမှုများ မပြသတော့သဖြင့် သူလည်း ယဉ်ကျေးနေမည် မဟုတ်တော့ပေ။
“အာ.. ပြောရမယ်ဆိုရင် မင်းလည်း ငါ့နဲ့စကားလာပြောဖို့ အရည်အချင်းမရှိဘူး .. ဘေးဘက်သွားရပ်နေပြီးတော့ ကိုယ့်ဘာသာကိုယ် အေးတိအေးစက် နေနေလိုက်”
ထိုလူအုပ်ကြီး ထိတ်လန့်သွားရသည်။ သူသည် ဆံပင်ရွှေရောင်နှင့်လူ၏စွမ်းအားကို မကြောက်ပဲ ဤကဲ့သို့ မယဉ်မကျေးပြောလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
“မင်းက အဲဒီလောက်တောင် စိတ်မရှည်တော့ဘူးလား .. ဒီကိုရောက်တာနဲ့ ငါနဲ့တိုက်ချင်နေတာလား” ဆံပင်ရွှေရောင်နှင့်လူ အေးစက်စွာ ပြောလိုက်သည်။
“မင်းက ဘယ်သူမို့လို့လဲ .. မင်းတိုက်ချင်ရင် လာခဲ့.. မဟုတ်ရင် လစ်လိုက်တော့” ရှီဟောင် တစ်ဖက်လူကို မျက်နှာသာပေးမနေတော့ပေ။
အားလုံး ထိတ်လန့်သွားရ၏။ ဤလူမှာ အတော်လေးစိတ်ကြီးလှသည်။ သူသည် ရှင်းပြရန်ပင် မကြိုးစားတော့ပဲ ချက်ချင်းစိန်ခေါ်လိုက်လေပြီ။
စီရင်စုသုံးထောင်မှ လူများလည်း အံ့အားသင့်သွားသည်သာ။
“မင်းက ငါ့ကိုဒီလိုမျိုးပြောရဲတယ် .. မင်းက ငါ့ရဲ့အနန္တကောင်းကင်က သူရဲကောင်းကို ဆန့်ကျင်နေတာလား..” ဆံပင်ရွှေရောင်နှင့်လူသည် အပြာရောင်ကျောက်တုံးပေါ်မှ ခုန်ဆင်းလိုက်ကာ လေထဲမှနေ၍ ရှီဟောင်ကို ငုံ့ကြည့်လိုက်လေသည်။
“မင်းက ဘာမို့လို့လဲ .. မင်းက အနန္တကောင်းကင်ကို ကိုယ်စားပြုတာလား .. မင်းအနောက်ကလူတွေအားလုံးကို ကိုယ်စားပြုတာလား” ရှီဟောင် ထူးမခြားနားပင်မေးလိုက်သည်။ ရှီဟောင် ထိုလူများ .. အထူးသဖြင့် အမျိုးသမီးများကို ကြည့်လိုက်သည်။
ဝုန်း..
ရွှေရောင်အလင်းများထွက်ပေါ်လာလေ၏။ ဤအမျိုးသားသည် ကောင်းကင်သို့ပင် လျှံထွက်လာသည့် သွေးစွမ်းအင်များကို ထုတ်လွှတ်လိုက်ခြင်းပင်။
ဤသည်မှာ ဈေးဖြစ်သောကြောင့် သက်ရှိများစွာ ရှိနေသည်ပင်။ ယခုတော့ လူအနည်းငယ်သည် သူတို့ရှိသည့်ဘက်သို့ လှည့်ကြည့်လာကြလေသည်။
ရှီဟောင်သည် ခေါင်းမော့ပြီးနောက် အလွန်အေးစက်စွာဖြင့်ပင် “ငါ့မှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် .. အဲဒါက ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ပြီးတော့ ငါ့ကျင့်ကြံဆင့်တွေ တိုးအောင်လုပ်ဖို့ပဲ .. မင်းလိုမျိုးလူနဲ့ ငါ ပြိုင်မငြင်းချင်ဘူး .. ဒီနေ့ တစ်ယောက်နှစ်ယောက်လောက်ကို အနိုင်မယူပြရင် ငါကျောင်းကိုရောက်တာနဲ့ ငါ့ခေါင်းပေါ် တက်နင်းကြမယ်ထင်တယ် .. မင်းက ပထမဆုံးလူဖြစ်ချင်တယ်ဆိုရင်လည်း ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးပါမယ်”
သူ အလွန် ‘ပွင့်လင်းစွာ’ပင် ပြောလိုက်လေသည်။
တစ်ဖက်အဖွဲ့ထဲတွင် ယခုအချိန်ကတည်းက သူ့ကို အနည်းငယ် မုန်းတီးသည့်သူများ ရှိနေပြီပင်။ ထို့ကြောင့် ရှီဟောင် ကိုယ့်ကိုကိုယ်နှိမ့်ချလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။ လူများသူ့ကို အထင်သေးမည်ကို ခံမည့်အစား ဤကဲ့သို့ ဖိနှိပ်ခြင်းက ပို၍အလုပ်ဖြစ်လိမ့်မည်ပင်။
တစ်ဖက်မှလူများမပြောနှင့် စီရင်စုသုံးထောင်မှ ကျင့်ကြံသူများပင်လျှင် မျက်လုံးများတောက်ပလာကာ တိုက်ပွဲကို ကြည့်လိုက်ကြသည်။ မည်သူမှ ဟွမ်ကို အထင်မသေးရဲပေ။
“ငါ့လက်ဝါးစာ စားလိုက်” ဆံပင်ရွှေရောင်နှင့် လူမှ တိုက်ခိုက်တော့မည်။
“ရဲတင်းလိုက်တာ .. ရှေးဟောင်းမြို့ရှေ့မှာ လာပြီးတော့ ငြင်းခုံရဲကြတယ်ပေါ့” မြို့ထဲမှ အသက်ကြီးသည့်အသံတစ်သံထွက်ပေါ်လာပြီး အားလုံးကို ထိတ်လန့်သွားစေလေသည်။
ဤသည်မှာ ဧကရာဇ်မြို့မဟုတ်သော်လည်း မြို့အရွယ်အစားမှာ အတော်လေး ကြီးသည်ပင်။
ဤမြို့ထဲတွင် နေထိုင်သည့် ကျွမ်းကျင်သူများရှိမည်ပင်။ သူတို့သည် ဧကရာဇ်မြို့မှ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ၏ မျိုးဆက်များပင် ဖြစ်နိုင်သည်။
ထိုဆံပင်ရွှေရောင်နှင့်လူသည် တံဆိပ်တစ်ခုကို ထုတ်ပြီးသွားပြီဖြစ်သည်။ ထိုစကားကို ကြားလိုက်ရသည်နှင့် သူ၏အမူအရာများ ထပ်ခါထပ်ခါပြောင်းလဲသွားကာ နောက်ဆုံးတွင်တော့ သူ၏လက်သီးကို ကောင်းကင်ပေါ်သို့ ဦးတည်လိုက်တော့သည်။ ထို့နောက်တွင် ရွှေရောင်အလင်းထွက်ပေါ်လာပြီး လေဟာနယ်ကြီး ပေါက်ကွဲထွက်သွားလေသည်။
ဒီလူက စွမ်းအားကြီးလိုက်တာ .. အားလုံး၏အမူအရာများ ပြောင်းလဲသွားရသည်။ သာမန်လက်သီးချက်တစ်ချက်ပင်လျှင် ဤကဲ့သို့ ပြုလုပ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ကျင့်ကြံခြင်းမှ မည်မျှပင် ကြောက်စရာကောင်းသည်ကို သိနိုင်သည်။
ရှီဟောင်သည် ဘာမှမပြောပဲ ကောင်းကင်ထက်သို့သာ လက်ညှိုးတစ်ချောင်း ထိုးလိုက်၏။ လေဟာနယ်သည် ချက်ချင်းပြန်ပိတ်သွားကာ မူလအတိုင်းပြန်ဖြစ်သွားလေသည်။
အားလုံး အသက်ရှူသံများပင် ရပ်တန့်သွားမလိုပင်။ ဤသည်မှာ ဖျက်ဆီးခြင်းထက် ပို၍ခက်ခဲသည်ပင်။ ဟွမ်၏စွမ်းအားလည်း သာမန်မဟုတ်သည်မှာ သိသာသည်။
“ဘာလို့ ငြင်းခုန်နေကြမှာလဲ .. ဒီတစ်ခေါက် ဒီကိုရောက်လာကြတဲ့ရည်ရွယ်ချက်က တိုက်ခိုက်ပြီး သတ်ဖြတ်ကြဖို့မဟုတ်ဘူး .. စီရင်စုသုံးထောင်နဲ့ အနန္တကောင်းကင်က တာအိုသူငယ်ချင်းတို့ မင်းတို့ရဲ့ဒေါသတွေကို ဖြေဖျောက်လိုက်ပါ” မြို့ဂိတ်တံခါးမှ အကြီးအကဲတစ်ယောက် ထွက်လာသည်။
ဤသည်မှာ ဂိုဏ်းခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်ဖြစ်သောကြောင့် သူ့ရှေ့တွင် မည်သူမှ လက်လွတ်စပယ် မလုပ်ရဲကြတော့ပေ။
“လူ ဘယ်နှစ်ယောက်ရောက်လာလဲဆိုတာ ကြည့်ပေးဖို့အတွက် ဒီလူအိုကြီး အမိန့်ရလာလို့ပါ .. အားလုံးပဲ တစ်ယောက်ကိုတစ်ယောက် အေးအေးချမ်းချမ်းပဲ ဆက်ဆံကြဖို့ တောင်းဆိုချင်ပါတယ်” ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် အဖြူရောင်မုတ်ဆိတ်မွေးနှင့် လူအိုကြီးမှ ပြောလိုက်သည်။
ထိုလူမှ ထိုသို့ပြောလိုက်သည်နှင့် မည်သူမှ ငြင်းဆန်ရဲမည် မဟုတ်ပေ။ မည်သူက ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ခုခံရဲမည်နည်း.. မည်သို့ပင်ဖြစ်စေ သူတို့ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ရဦးမည်။ ဤမှာပဲ မရှုံးနိမ့်သွားချင်ပေ။
ရှီဟောင်သည် ယခုအချိန်မှပင် သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ပြန်ရုတ်သိမ်းလိုက်လေ၏။
အနည်းငယ်တည်ငြိမ်သွားသည့်အချိန်တွင် အခြားတစ်ဖက်မှ မိန်းမပျိုလေးသည် ပြုံးလိုက်ကာ စုန်းမအား နှုတ်ဆက်လိုက်၏။
” ညီမလေးက တကယ်ကို အံ့အားသင့်ဖို့ကောင်းတယ် .. အရမ်းလည်းလှတယ် .. ညီမလေးက ကောင်းကင်ခစားခြင်းဂိုဏ်းကလာတာ ဟုတ်တယ်မလား .. ကျွန်မတို့နဲ့ စကားစမြည်လေးပြောဖို့ တကယ်ဖိတ်ချင်ပါတယ် .. အရင်တုန်းက ညီမလေးရဲ့ဂိုဏ်းနဲ့ အစ်မတို့ အနန္တကောင်းကင်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်”
ထို့အပြင် အချို့လူငယ်လေးများလည်း နူးညံ့စွာ ပြုံးလိုက်ကာ “နတ်သမီး .. ဒီလမ်းပါ”
ဤသည်မှာ သူတို့ကို ခွဲခြားခွဲခြား ဆက်ဆံခြင်းပင်။ စုန်းမကို ဆွဲခေါ်သွားကာ ရှီဟောင်အား ဤနေရာတွင် တစ်ယောက်တည်း ရပ်နေစေလေသည်။
“အဲဒီလိုလား .. ကျွန်မရဲ့ဂိုဏ်းက အနန္တကောင်းကင်နဲ့ အဆက်အသွယ်ရှိတာလား .. ကျွန်မ ဒီအကြောင်းကို တစ်ခါမှ မကြားဖူးဘူး .. အသေးစိတ်ပြောပြဖို့ အစ်မတို့ကို တောင်းဆိုရတော့မှာပဲ” စုန်းမ ပြုံး၍ ပြောလိုက်သည်။
“ညီမလေး .. အစ်မတို့နဲ့ စကားပြောရအောင်လေ .. လာခဲ့” တစ်ဖက်မှလူများသည် သူ့အား ဆက်တိုက်ပင် ဖိတ်ခေါ်နေလေသည်။
ထိုအချိန်တွင် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၏ မျက်လုံးများပွင့်လာသည်။ သူ၏ကောင်းကင်မျက်လုံး၏ သင်္ကေတများသည် ရှုပ်ထွေးကာ နက်နဲလှသည်။ ထိုမျက်လုံးဖြင့် အရာအားလုံးကို ထိုးဖောက်မြင်နိုင်နေသလိုပင်။ သူသည် စုန်းမကို ကြည့်လိုက်ကာ “မင်းက အဲဒီအမွေပစ္စည်း တစ်ပိုင်းကို ရပြီးသွားပြီဆိုတော့ ငါ့ရဲ့ ဂျူနီယာညီမလေးလို့ သတ်မှတ်လို့ရပြီ .. မင်း ဒီကို လာသင့်တယ်”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားရသည်။
အထူးသဖြင့် စီရင်စုသုံးထောင်မှ လူများပင်။ ဤသည်မှာ ဘယ်ကမှန်းမသိရသည့် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိပင်။
ဤလူမှာ သီးသန့်ဆန်လှပြီး ခန့်ညားလှသော်လည်း သူတိုက်ခိုက်လိုက်သည်နှင့် ဂျီးနီးယပ်စ်များကို ကြောက်လန့်သွားစေသည်ပင်။ ဂိုဏ်း၏ မျိုးဆက်အကြောင်းပြောလိုက်သည့်အချိန်တွင် ဤသည်မှာ အခြားသူများကို တကယ်ထိတ်လန့်သွားစေသည်ပင်။
ဤနေရာတွင်ရှိနေသည့်လူများထဲတွင် ရူးအနေသည့်သူ တစ်ယောက်မှ မပါ။ သူပြောနေသည်မှာ ကောင်းကင်ခစားခြင်းဂိုဏ်းမှ မျိုးဆက်ကို ပြောနေခြင်းမဟုတ်မှန်း အားလုံးသိသည်ပင်။
စုန်းမထံတွင် အခြားအမွေရှိနေသော်လည်း သူမ ထိုပညာအသုံးပြုသည်ကို တစ်ခါမှ မတွေ့ဖူးပေ။ ဤသည်မှာ အခြားသူများကို တုန်လှုပ်သွားစေလေ၏။ အထူးသဖြင့် ယွဲ့ချန်ပင်။ သူမ၏မျက်နှာထက်တွင် စိုးရိမ်မှုရှိနေလေသည်။
ယွဲ့ချန်သည် ရှီဟောင်ကို ကြည့်ပြီးနောက် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိကို ကြည့်လိုက်သည်။ ထို့နောက်တွင် သူမ၏မျက်နှာသည် ပြန်လည်တည်ငြိမ်သွားကာ သူမ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာလေ၏။ သူမသည် ဘာမှမပြောတော့ပဲ ပြဇာတ်ကိုသာ ကြည့်နေလိုက်တော့သည်။
စုန်းမသည် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိကို ကြည့်ပြီးနောက် အနန္တကောင်းကင်မှလူများကို ကြည့်လိုက်သည်။ “လက်စသပ်တော့ အဲဒီလူက ရှင်ကိုး..” သူမ တိုးတိတ်စွာ ပြောလိုက်သည်။
ထို့နောက်တွင် သူမသည် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိဘေးနားသို့ သွားရပ်လိုက်လေသည်။
“ဟေး စုန်းမ .. ဒါက အဆင့်နိမ့်နယ်မြေမှာတုန်းက မင်း ငါ့ကို ပြောပြခဲ့တဲ့လူလို့ မပြောနဲ့နော်” ရှီဟောင် အသံပို့လွှတ်လိုက်၏။
“မင်းနဲ့ ဘာမှမဆိုင်ဘူး” စုန်းမ သူ့အား မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။
သူအဆင့်နိမ့်နယ်မြေမှာတုန်းက စုန်းမအား သူ့နောက်လိုက်ဖို့ ရှီဟောင် စနောက်ခဲ့ဖူးသည်။ သို့သော်လည်း သူမသည် ရယ်မောကာ သူမနှလုံးသားကို အခြားတစ်ယောက်အား ပေးပြီးသွားပြီဖြစ်ကြောင်း၊ ပြိုင်ဘက်ကင်းသည့်နတ်ခွန်အားရှိသည့် အမျိုးသားတစ်ယောက်မှ သူမအား စောင့်နေကြောင်း ပြောခဲ့လေသည်။
ယခုအချိန်တွင်တော့ ရှီဟောင်တစ်ယောက်တည်းဖြစ်သွားလေပြီ။
သူ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် ဂျီးနီးယပ်စ်အချို့လည်း ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူများထဲမှာ ကောင်းကင်မိစ္ဆာကျီချန်းကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် ရယ်မောလိုက်ကာ “ရို့ နဂါးချီးထဲက ညီအစ်ကို .. ဘယ်လိုလဲ .. နေကောင်းလား..”
ကျီချန်း သူ၏ကံဆိုးမှုကို သူကျိန်ဆဲလိုက်သည်။ သူသည် ရှီဟောင်ကို တစ်ချိန်လုံးရှောင်ခဲ့သော်လည်း ယခုတော့ ထိပ်တိုက်တွေ့သွားလေပြီ။ သူသည် ချက်ချင်းပင် ဒေါသထွက်သည့်ပုံစံဖြစ်သွားလေ၏။
“ဟားဟား..” ချန်ကုန်းယန်သည် ကျယ်လောင်စွာပင် ရယ်မောလိုက်ကာ ရှီဟောင်ထံသို့ ခြေလှမ်းကျယ်များဖြင့် လျှောက်လာလေသည်။ ထို့နောက်တွင် သူသည် ရှီဟောင်ပုခုံးကိုပုတ်လိုက်လေ၏။
နဂါးမိန်းမပျိုလည်း ရောက်လာလေပြီ။
“ငါလည်း ရှိသေးတယ်” ဖက်တီးလေး ချောင်ယုရှန်း လက်ဝေ့ရမ်းကာ ကဆုန်ပေါက် ပြေးလာလေ၏။
“လူ အတော်များများရောက်လာပြီပဲ .. ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်နိုင်မယ့်သူက အတိအကျဖြစ်သွားပြီထင်တယ်” ထိုအချိန်တွင် နတ်တာအိုသံထွက်ပေါ်လာပြီး လူလတ်ပိုင်းအရွယ်အဆင့်လွန်သက်ရှိ ရောက်လာလေ၏။
အပိုင်း ၁၂၄၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၀ – စစ်ဆေးမှု
လေထဲတွင် မှုန်ဝါးနေသည့်ပုံရိပ်တစ်ခု ပေါ်လာသည်။ ဤသည်မျာ ရှီဟောင် ယခင်က တွေ့ခဲ့သည့် လူလတ်ပိုင်းအရွယ်အမျိုးသားထဲမှ တစ်ယောက်ပင်။ သူသည် ဖရိုဖရဲစွမ်းအင်များဖြင့် ရစ်ပတ်ထားဆဲဖြစ်ကာ အလွန်မှုန်ဝါးနေသည်။
ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်နိုင်မည့်သူများကို ရွေးချယ်ရန်အတွက် သူကိုယ်တိုင် ရောက်လာခြင်းပင်။
“စီနီယာ ကျွန်တော်မေးချင်တာလေး ရှိလို့ပါ .. ဒီတစ်ခေါက်က ကျွန်တော်တို့ စီရင်စုသုံးထောင်က ကျင့်ကြံသူတွေကိုပဲ ရွေးမှာမဟုတ်ဘူးလား .. အနန္တကောင်းကင်အပြင် တစ်ခြားရှေးဟောင်းမြေကလူတွေပါ ဘာလို့ ဒီရောက်နေတာလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤလူများပါပါလာလျှင် စီရင်စုသုံးထောင်မှ ဝေစုကို ဖဲ့ပေးရလိမ့်မည်။
ဤရွှေရောင်ဆံပင်နှင့် အမျိုးသားနှင့် အခြားသူများမှာ အားနည်းသည့်သူများမဟုတ်သည်ကို သူတို့မျက်လုံးနှင့် တွေ့နေရသည်ပင်။
“အာ.. ဒီလူတွေလား .. အကြောင်းပြချက်တစ်ချို့ကြောင့် သူတို့ရဲ့ရှေးဟောင်းမြေက လူရွေးချယ်ပွဲကို လွဲချော်ခဲ့တဲ့သူတွေပါ .. တစ်ချို့တွေက သီးသန့်ကျင့်ကြံနေလို့ .. တစ်ချို့တွေက သမိုင်းဝင်ရှေးဟောင်းမြေဆီကို ရောက်နေကြလို့ .. ဒါပေမဲ့ ဒီလူတွေက သာမန်လူတွေ မဟုတ်ကြဘူး … အဲဒါကြောင့်မို့လို့ သူတို့ကို အခွင့်အရေးတစ်ခု ထပ်ပေးပြီးတော့ ဒီကို ပို့လိုက်တာ” လူလတ်ပိုင်းအရွယ်အမျိုးသားမှ ရှင်းပြလိုက်သည်။
သူ ထိုသို့ပြောလိုက်ည်နှင့် စီရင်စုသုံးထောင်မှ ကျင့်ကြံသူများမှာ ပို၍ပင် မျက်နှာပျက်သွားကြသည်။ ဤလူအုပ်ကြီးမှာ သူတို့ထင်ထားသည်ထက်ပင် စွမ်းအားကြီးသေးသည်။
“အားလုံးပဲ စိတ်မပူပါနဲ့ .. တာအိုသုံးထောင်စီရင်စုက အားနည်းတယ်ဆိုပေမယ့် လူတွေလျှော့ချဖို့အတွက် အရမ်းလုပ်မှာမဟုတ်ပါဘူး .. အခြေအနေတွေနဲ့ကိုက်ညီတဲ့သူအားလုံးကို အအောင်ပေးမှာပါ .. လူအရေအတွက် အကန့်အသတ်မရှိပါဘူး”
ထိုစကားကို ကြားလိုက်ရမှသာ အားလုံး စိတ်သက်သာရာရသွားကြသည်။
“ဝင်ခွင့်က အခု ဆုံးဖြတ်တော့မှာလားဆိုတာ စီနီယာကို မေးပါရစေ” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
“အခုမဟုတ်သေးဘူး .. အခု ငါတို့ ဒီကိုရောက်လာကြပြီဆိုတော့ ငါတို့ ရှေးဟောင်းမဟာမိတ်စာချုပ်ကို နားလည်ဖို့လိုသေးတယ် .. မင်းတို့ သေချာနားလည်သွားဖို့အတွက် မင်းတို့အားလုံး အဲဒီထဲကို ဝင်ပါရမယ်” ထိုလူလတ်ပိုင်းအရွယ်အမျိုးသားမှ ပြောလိုက်သည်။
“ဘာ..”
အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားရသည်။ ဤသည်မှာ နေရာကောင်းတစ်ခု မဟုတ်ပေ။ စွမ်းအားအကြီးဆုံးသူများသာ ဧကရာဇ်မြို့ထဲသို့ ဝင်ရောက်ကာ စစ်ပွဲကြီးတွင် ပါဝင်ပြီး ဤနေရာကို ကာကွယ်နိုင်ခြင်းပင်။ သူတို့က ဒီလိုမျိုးကိစ္စတွေကို တာဝန်ယူရအောင် သူတို့မှာ ဘာအရည်အချင်းရှိနေလို့လဲ..
သူတို့သည် ဂုဏ်သတင်းကြီးကာ သူတို့၏သက်ဆိုင်ရာ နယ်မြေတွင် ဂျီးနီးယပ်စ်များဖြစ်နိုင်သော်လည်း ဧကရာဇ်မြို့ထဲသို့ ဝင်လိုက်သည်နှင့် သူတို့သည် အမြောက်စာလောက်ပင် အသုံးဝင်တော့မည် မဟုတ်ပေ။
“ငါတို့လည်း မင်းတို့အားလုံးကို သေလမ်းမပို့ချင်ပါဘူး … အခုတလော နယ်ခြားစပ်က မတည်မငြိမ်ဖြစ်လာပြီး တစ်ချို့အကောင်ပေါက်လေးတွေက ဒီဘက်ကို ဖြတ်လာဖို့ကြိုးစားနေတယ် .. မင်းတို့သတ်ပေးဖို့လိုတဲ့သူတွေ ရှိတယ်”
လူလတ်ပိုင်းအရွယ်အမျိုးသားမှ လေးနက်စွာပြောလိုက်သည်။ သူ၏အမူအရာမှာ အနည်းငယ် စိတ်ပျက်နေသည့်ပုံပင်။
“ဖြတ်လာတယ် .. တစ်ဖက်က အကောင်တွေ ဖြတ်လာတာလား” အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
“ကျင့်ကြံဆင့်နိမ့်တဲ့ကောင်တွေပဲ ဖြတ်ဖို့ကြိုးစားနေတာပါ” လူလတ်ပိုင်းအရွယ်အမျိုးသားမှ ပြောလိုက်သည်။
ကျင့်ကြံဆင့်မြင့်လေလေ ဖြတ်သန်းရန် ခက်ခဲလေလေပင်။ သူတို့အတော်အားစိုက်ထုတ်မှသာ ကျင့်ကြံဆင့်နိမ့်သည့်သူအချို့ ဖြတ်သန်းနိုင်ကာ ဖျက်ဆီးမှုများကို ပြုလုပ်လိမ့်မည်။
သူတို့သာ အမြဲတမ်းစစ်ဆေးနေပါက ထိုလူများ၏ ကြိုးစားအားထုတ်မှုအားလုံး သဲထဲရေသွန်ဖြစ်သွားမည်ပင်။
ဤသည်ကို ရှီဟောင်စိတ်ထဲမှ သဘောတူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူနှင့်စုန်းမတို့နှစ်ယောက်လုံး ဤသည်ကို ကြုံတွေ့ပြီးသွားလေပြီ။ သူသည် စီရင်စုသုံးထောင်ထဲသို့ ရောက်လာသည့် ပထမဆုံးအဆင့်လွန်လူငယ်ဖြစ်သည်ဟု ထိုလူကိုယ်တိုင် ဝန်ခံသွားခဲ့ခြင်းပင်။
“အမ် .. ငါမင်းတို့ကို လုပ်စေချင်တာက ကူးစက်ခံထားရတဲ့သူတွေကို သတ်ပေးစေချင်တာ .. နယ်ခြားစပ်မှာ ထူးဆန်းတဲ့အော်ရာတစ်ခုရှိနေတယ် .. အဲဒီအော်ရာက တစ်ချို့လူတွေက အမှောင်ထုထဲရောက်သွားစေပြီးတော့ တစ်ဖက်လူဖြစ်သွားအောင် လုပ်လိုက်တာ .. သူက ငါတို့ကြားထဲမှာ၊ ရှေးဟောင်းမြို့တွေမှာ ပုန်းနေတယ် .. စွမ်းအားအကြီးဆုံး နတ်အာရုံကပဲ သူတို့တွေကို အာရုံခံနိုင်လိမ့်မယ်” လူလတ်ပိုင်းအရွယ်အမျိုးသား ပြောလိုက်သည်။
ဤသည်မှာ အလွန်အရေးကြီးသည့်စစ်ဆေးမှုပင်။ သူတို့၏နတ်အာရုံ လုံလောက်အောင် စူးရှသလားစစ်ဆေးခြင်းပင်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ အကြီးအကဲများသည် ဘာပြင်ဆင်မှုမရှိခြင်း မဟုတ်လောက်။ သူတို့သည် အစောကြီးကတည်းက ဤသည်ကို သတိထားမိပြီးသားပင်။
“မထင်ထားတဲ့ အဖြစ်အပျက်တွေကြောင့် နောက်ကျနေတဲ့ တစ်ချို့လူတွေ ရှိသေးတယ် .. ငါ သူတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်” လူလတ်ပိုင်းအရွယ်အမျိုးသား တိုးတိတ်စွာ ပြောလိုက်၏။
ဝူး..
ရုတ်တရက်ပင် စစ်ခရာသံထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေလေသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့် နတ်ဆိုးသားရဲမှ ဟစ်ကြွေးနေသကဲ့သို့ပင်။
သို့သော်လည်း ဤဧကရာဇ်မြို့တွင် မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
ဤသည်မှာ အခြားသူများကို ဒါက မြို့ခွံကြီးလားဟူသည့်အချက်ကို ပို၍သံသယဝင်သွားစေသည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားမှာ အမူအရာပျက်ယွင်းသွားလေသည်။ သူကဲ့သို့စွမ်းအားကြီးသည့်သူပင်လျှင် မတည်ငြိမ်နိုင်တော့ပေ။ “အဲဒီနေ့က ထပ်ရောက်လာတော့မှာလား .. ထာဝရရှေးဟောင်းခေတ်ရဲ့ အဖြစ်အပျက်ဆိုးကြီးက နောက်တစ်ခေါက် ပြန်လာတော့မှာလား..”
အခြားလူငယ်ဂျီးနီးယပ်စ်များ၏ အမူအရာများမှာ ပို၍ပင် ရုပ်ဆိုးနေလေပြီ။
“စစ်ခရာသံပဲ ထွက်သေးတာ .. စစ်ပွဲဟစ်ကြွေးသံတွေ မဟုတ်ဘူး .. အဲဒီတော့ အန္တရာယ်အများဆုံးအဆင့် မရောက်သေးဘူး” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
“စစ်ပွဲဟစ်ကြွေးသံတွေ ကြားရတဲ့အချိန်ကျရင် အရမ်းနောက်ကျသွားလိမ့်မယ် .. အဲဒီကောင်တွေ တကယ်ဖြတ်လာတော့မယ်..” လူလတ်ပိုင်းအရွယ်အမျိုးသားမှ သက်ပြင်းချကာ ပြောလိုက်သည်။ သူသည် ကောင်းကင်ကို စိတ်ပျက်စွာ၊ စိတ်ရှုပ်ထွေးစွာဖြင့်ပင် ကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေ့ရောက်ရန် သိပ်မလိုတော့သည်ကို သူသိသည်။ သို့သော် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခု၏ ပြင်ဆင်မှုများကရော ပြီးသွားပြီလား..
“အဲဒီဘက်က သက်ရှိတွေက အဲဒီလောက်တောင် စွမ်းအားကြီးတာလား .. ဘာလို့ ကျွန်တော်တို့ဘက်က အမြဲတမ်းရှုံးနေရတာလဲ.. ကျွန်တော်တို့ သူတို့ကို တားဆီးလို့ မရဘူးလား” အခြားဂျီးနီးယပ်စ်များ အံကြိတ်ကာ ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ်အမျိုးသားသည် တစ်ခဏခန့်မျှတိတ်ဆိတ်သွားလေ၏။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင်ရှိနေသည့် ဖရိုဖရဲစွမ်းအင်များ အနည်းငယ်လှုပ်ရှားသွားလေသည်။ သူသည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ပင် “ဧကရာဇ်မြို့ကြီး ပျက်စီးသွားတဲ့နေ့ရောက်လာရင် မင်းတို့အားလုံး တိုက်ပွဲထဲမှာ သူရဲကောင်းဆန်ဆန် ဝင်တိုက်ဖို့ မျှော်လင့်တယ် .. ဒါမှမဟုတ်ရင်လည်း တစ်ခြားနယ်မြေတွေကို ကာကွယ်ဖို့အတွက် နောက်ပြန်ဆုတ်ကြ .. မင်းတို့ အရင်တုန်းကလိုမျိုး ကိုယ့်အိမ်ထဲကို ဝံပုလွေတွေ ခေါ်လာတဲ့သူတော့ မဖြစ်ပါစေနဲ့”
“တစ်ဖက်ကကောင်တွေကို ဖြတ်လာနိုင်အောင်လို့ ကူညီပေးတဲ့သူ ရှိခဲ့တာလား .. ရှက်စရာကောင်းလိုက်တာ .. ကျွန်တော်တို့ အဲဒီလိုမျိုးလုပ်မှာ မဟုတ်ဘူး”
“အဲဒီလိုလူမျိုး တကယ်ရှိခဲ့တာလား..”
လူငယ်လေးများမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
“ခေတ်တစ်ခုရဲ့ နောက်ဆုံးနေ့ကို ရောက်လာရင် လူတွေတွေးကြတာက ဘယ်လိုမျိုး အသက်ဆက်ရှင်ရမလဲဆိုတာပဲ .. အဲဒီတော့ ဒီလိုမျိုးအဖြစ်အပျက်တွေက ထူးဆန်းတာတော့မဟုတ်ဘူး .. မင်းတို့ရဲ့နှလုံးသားကို ကာကွယ်ဖို့ ငါက ကြိုသတိပေးရုံပဲ .. အပြစ်သားတွေ မဖြစ်သွားစေနဲ့”
အားလုံး တိတ်ဆိတ်သွားကြလေသည်။
သူတို့ရန်သူကို တိုက်ရင်းသေသွားလျှင် သူတို့ သူရဲကောင်းဖြစ်နိုင်သေးသည်။
သို့သော် ကိုယ့်လူလက်ထဲ ကိုယ်ပြန်သေရလျှင်တော့ မည်မျှပင် ဝမ်းနည်းဖို့ကောင်းမည်နည်း..
“အချိန်အများကြီးကုန်သွားပြီဆိုတော့ သူတို့ပြင်ဆင်မှုတွေက ပြီးပြည့်စုံလုနီးပါးဖြစ်နေပြီလို့ ငါပြောရဲတယ် .. သူတို့တကယ် ရောက်လာတော့မယ်” ရှီဟောင်နှင့် ဆံပင်ရွှေရောင်လူငယ်ကို ဖြန်ဖြေပေးခဲ့သည့် လူအိုကြီးမှ ပြောလိုက်သည်။
“သူတို့ငြိမ်နေတာ တော်တော်ကြာနေပြီ .. သူတို့ပေါက်ကွဲထွက်လာတာနဲ့ လောကကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားမှာပဲ စိုးတာ … သူတို့တွေက သာမန်နည်းလမ်းအတိုင်း မတိုက်ပဲနဲ့ တိတ်တိတ်လေးကြံစည်နေလောက်တယ်” လူလတ်ပိုင်းအရွယ်အမျိုးသားမှ သက်ပြင်းချကာ ပြောလိုက်သည်။
ရှီဟောင် သူကြုံခဲ့ရသည့် မျက်လုံးကြီးကို ပြန်တွေးမိသွားသည်။ နယ်ခြားစပ်မှလူများ ဒုတိယအစီအစဉ်ကို အသုံးပြုလိမ့်မည်ဟု ထိုမျက်လုံးပြောခဲ့သည်ပင်။
သူက ဤအကြောင်းကို လူလတ်ပိုင်းအရွယ်အမျိုးသားအား ပြောပြသင့်သည်ဟု ရှီဟောင် ခံစားမိသည်။
ရှီဟောင်သည် တွေဝေမနေပဲ အသံပို့လွှတ်ကာ ပြောပြလိုက်သည်။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကတည်းက ရှိခဲ့သည့် မျက်လုံးကြီးအပြင် နယ်မြေနှစ်ခုကို ချိတ်ဆက်ထားသည့် ယဇ်ပုလ္လင်ကို ဖျက်ဆီးခဲ့သည့်အကြောင်းကိုပါ ပြောပြလိုက်သည်။
ထင်ထားသည့်အတိုင်းပင် လူလတ်ပိုင်းအရွယ်အမျိုးသားသည် တုန်လှုပ်သွားကာ အချိန်အတော်ကြာ တိတ်ဆိတ်သွားလေ၏။
ထို့နောက်တွင် သူသည် အခြားသူများ လန့်မသွားစေရန်အတွက် ဤသတင်းများကို လျှို့ဝှက်ချက်အနေဖြင့်ထားရန် ရှီဟောင်အား ပြောလိုက်သည်။
“ဟုတ်ပြီ .. မင်းတို့ စထွက်လို့ရပြီ”
လူလတ်ပိုင်းအရွယ်အမျိုးသား ပြောလိုက်၏။ ဤသည်မှာ လိုအပ်ချက်များမှာ သိပ်မတင်းကြပ်ကြောင်း ဆိုလိုခြင်းပင်။ ပြဿနာများကို ကိုယ့်နည်းကိုယ်ဟန်နှင့် ဖြေရှင်းနိုင်သည်ပင်။
“အုပ်စုဖွဲ့လို့ရတယ် .. ဒါပေမဲ့ တစ်ဖွဲ့မှာ ငါးယောက်ထက်မပိုရဘူး” သူထပ်ပြောလိုက်၏။
ဒါက ဘာကိုဆိုလိုတာလဲ .. ဒါလည်း စစ်ဆေးမှုတစ်မျိုးပဲလား .. အားလုံး တွေးသွားရသည်။
ဤသည်မှာ သူတို့၏ အခြားသူများနှင့် ပူးပေါင်းနိုင်စွမ်းကို စစ်ဆေးခြင်းလား .. သို့မဟုတ် သူတို့ ငါးယောက်တစ်ယောက် တိုက်နိုင်လားဆိုသည်ကို စစ်ဆေးခြင်းလား..
တဖုန်းဖုန်းအသံဖြင့်ပင် ဖက်တီးလေးချောင်ယုရှန်း ရှီဟောင်ထံသို့ ပြေးလာလေသည်။
အခြေအနေကို နားလည်သည့်သူများအားလုံး မနာလိုဖြစ်သွားကြသည်။ ဟွမ်၏ဂုဏ်သတင်းမှာ သေချာပေါက်ပင် အာမခံတစ်မျိုးပင်။
ခဏကြာပြီးသည့်နောက်တွင် ချောင်ယုရှန်းနှင့် နဂါးမိန်းကလေးတို့လည်း ရောက်လာသည်။
ရှီဟောင် စုန်းမကို ကြည့်လိုက်သော်လည်း သူမသည် လက်ဝေ့ရမ်းပြလိုက်ကာ ပြုံးပြနေလေ၏။ ဤသည်မှာ သူမ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့်သာ နေသွားမည်ဖြစ်ကြောင်း ဆိုလိုခြင်းပင်။
” ဟိတ် .. မင်းက ဒီလိုပဲ ထွက်သွားတော့မှာလား .. ငါတို့ လမ်းမှာတုန်းက သေဘေးတွေကို အတူတူရင်ဆိုင်ခဲ့ပြီးတော့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို အတူတူဝေမျှခဲ့ကြတာ မဟုတ်ဘူးလား” ရှီဟောင် အရှက်မရှိပင် ပြောလိုက်၏။
“မင်း စိတ်ပျက်စရာကောင်းတာတွေ မပြောလို့ ရမလား” စုန်းမ သူ့အား မျက်လုံးလှန်ကြည့်လိုက်သည်။
နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိမှာ တည်ငြိမ်နေဆဲပင်။ ထို့နောက် သူနှင့်စုန်းမတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားလေ၏။
ချောင်ယုရှန်းသည် သက်ပြင်းချလိုက်ကာ ရှီဟောင်အား လှောင်ပြောင်လိုက်လေ၏။
“မင်း ဘာနားလည်လို့လဲ..” ရှီဟောင် သူ့ကို ကြည့်ပြီးပြောလိုက်၏။
“ငါ နားလည်တာပေါ့ .. အဲဒီမိန်းကလေးက အဲဒီလောက် မရိုးရှင်းဘူး” ချောင်ယုရှန်း ပြောလိုက်သည်။
“ဟက် .. ခွေးချီးညီအစ်ကိုလည်း ဒီကိုလာမလား” ရှီဟောင် ခေါ်လိုက်သည်။
ရလဒ်အနေဖြင့် ကောင်းကင်မိစ္ဆာကျီချန်းသည် တချိုးတည်းပြေးသွားလေ၏။ သူသည် အစက အဖော်ရှာချင်သော်လည်း ရှီဟောင်ကဲ့သို့ ထိုလျှို့ဝှက်ချက်ကို အမြဲတမ်းဖော်နေသည့်သူနှင့် မျက်နှာချင်းမဆိုင်ချင်ပေ။
“ချန်ချန် .. မင်း ငါတို့နဲ့ လိုက်ခဲ့ချင်လား” ရှီဟောင် ယွဲ့ချန်ကို ကြည့်ကာ ပြောလိုက်သည်။
ဘေးနားတွင်ရှိနေသည့်သူအားလုံး၏ အမူအရာများ ပြောင်းလဲသွားလေ၏။ ဒီကောင်က လူတိုင်းကို ရန်စနေတာပဲ .. သူက နတ်နန်းဂိုဏ်းက မြင့်မြတ်တဲ့မိန်းမပျိုကိုတောင်မှ ရန်စရဲတယ် .. မဟုတ်မှ ကောလဟာလတွေက မှန်နေတာလား..
ယွဲ့ချန်၏ အမူအရာမှာ တည်ငြိမ်လှသည်။ သို့သော်လည်း သူမသည် ရှီဟောင်ကို အဖက်လုပ်၍ပင် ပြန်မကြည့်ပေ။
” ဟေး .. ချန်အာလား .. ငါ့မိသားစုက ချင်းရိ ဘယ်ရောက်သွားပြီလဲ .. မင်းသူ့ကို တိုက်ခိုက်လိုက်တာတော့ မဟုတ်ဘူးမလား..” ရှီဟောင်သည် အရှက်မရှိစွာဖြင့် သူမအား ဆက်ခေါ်နေဆဲပင်။
ယွဲ့ချန်သည် သူ့အား လျစ်လျူရှုထားဆဲပင်။
“ငါတို့မိသားစုက ကလေး ဘယ်မှာလဲ .. သူတို့တွေ မွေးပြီးတော့ ဘယ်ရောက်သွားပြီလဲ” ဤစကားများမှာ ယွဲ့ချန်၏ပုံရိပ်ကို ယိမ်းယိုင်သွားစေလေသည်။ သူမသည် ထပ်ပြီးတည်ငြိမ်၍မရတော့ပဲ သူမ၏အသားအရေလည်း နီရဲလာသည်။
ကံကောင်းစွာဖြင့် ဤကောင်သည် အသံပို့လွှတ်ခြင်းသာဖြစ်ကြောင်း သူ သိလိုက်ရသည်။ သူ လူသိရှင်ကြားလိုက်စနေခြင်း မဟုတ်ပေ။
လူစုကွဲတော့မည့်အချိန်တွင် အခြားအဆင့်လွန်ကျွမ်းကျင်သူနှစ်ယောက်ရောက်လာပြီး အားလုံးကြားနိုင်အောင် အသံပို့လွှတ်လိုက်သည်။
ရှေးဟောင်းမြို့တစ်ခုတွင် အဖြူရောင်ချီလင်းပေါ်လာကြောင်း အားလုံးကို ပြောပြလိုက်သည်။ ထိုချီလင်းကို ယူလာနိုင်သည့်သူအား ကောင်းကင်နတ်ဘုရားကျောင်းမှ တောင်းဆိုသမျှအားလုံးပေးမည်ဖြစ်ကြောင်း ထိုလူများ ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ မည်သူမှ ငြိမ်ငြိမ် မထိုင်နိုင်တော့ပေ။
အမှန်တကယ်တွင် သူတို့ရောက်လာကတည်းက ဤကောလဟာလများကို ကြားနေရခြင်းပင်။ သို့သော်လည်း သူတို့သည် ထိုအကောင်ကို ရှာရန်စိတ်မရှည်သောကြောင့် အားလုံး ဒီတိုင်းဖြတ်လာလိုက်ကြသည်သာ။
အားလုံး လူစုကွဲသွားသည့်အချိန်တွင် ထိုအဆင့်လွန်ကျွမ်းကျင်သူသုံးယောက် သူတို့အချင်းချင်း ဆွေးနွေးလိုက်ကြသည်။
“ငါတို့တောင်မှ အဲဒီချီလင်းလေးကို အာရုံခံလို့မရဘူး .. သူ့မှာ ထာဝရ ရတနာတစ်ခုရှိနေတယ်”
“မင်းတို့အားလုံး ဘာပြောတာ .. အဲဒီအကောင်လေးက အတိတ်တုန်းက အဲဒီမိန်းမပျိုလေး ပြန်ပေါ်လာမှာကို တကယ်စောင့်နေတာလား .. ဒါမှ ပြန်ဝင်စားတာကို သက်သေပြဖို့ ကြိုးစားနေတာပဲ”
“ဒီအဖြူရောင်ချီလင်း အခုထိ အသက်ရှင်နေနိုင်တာက အဲဒီတုန်းက ပြန်လည်ဝင်စားခြင်းထာဝရဘုရင်ကြောင့်လို့ ငါထင်တယ် .. အားလုံးက သူ့ရဲ့အတွေးတွေကို သက်သေပြဖို့အတွက်ပဲ”
အပိုင်း ၁၂၅၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၁ – ချီလင် ပေါ်လာခြင်း
သူတို့နောက်တစ်ကြိမ် ခရီးထွက်ခဲ့လိုက်သည်။ သူတို့သည် တောတောင်များကို ဖြတ်မသွားပဲ အစီအရင်များကို အသုံးပြုလိုက်သည်။
ဤသည်ကို အဆင့်လွန်ကျွမ်းကျင်သူများလည်း ခွင့်ပြုခဲ့သည်ပင်။ မဟုတ်ပါက သူတို့ခရီးသွားရင်း နောက်ထပ်အချိန်ကုန်သွားလိမ့်မည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်တို့ ချီလင်းလေးပေါ်လာဖူးသည်ဆိုသော မြို့သို့ ရောက်ရှိလာသည်။
သူတို့ ထိုချီလင်းလေးကို တွေ့နိုင်လိမ့်မည်ဟု ရှီဟောင် မထင်။ ဤကောင်သည် ခေါင်းမာလှပြီး ထိုမိန်းမပျိုလေး ပြန်မလာသရွေ့ သူ ထွက်လာချင်မည်မဟုတ်ပေ။
ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ပြန်ဝင်စားတာတော့ ရှိတာပေါ့..
အခြားဖြစ်နိုင်ချေတစ်ခုလည်းရှိသေးသည်။ ဤသည်မှာ ထိုမိန်းကလေးနှင့်အလွန်တူသည့် တစ်ယောက်ယောက်မှ သူ့အားဖျောင်းဖျကာ ခေါ်ထုတ်ရန်ပင်။
“ဒီမှာ အမှောင်ထု ကူးစက်ခံထားရတဲ့သူတွေရှိတယ် .. ရှီဟောင် .. မင်းအရင်တုန်းက ကောင်းကင်နတ်ဘုရားတစ်အုပ်စုကို သတ်ပြီးတော့ ယဇ်ပုလ္လင်ကိုလည်း ဖျက်ဆီးခဲ့တယ်မလား .. ငါတို့ အဲဒီလိုလူတွေ ထပ်တွေ့ပါ့မလားမသိဘူး” ချောင်ယုရှန်း ပြောလိုက်သည်။
“ငါ အခါအခွင့်ကြုံလို့တွေ့ခဲ့တာ .. ငါတို့မြို့ထဲဝင်ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် စစ်မယ်ဆိုရင် အရမ်းခက်ခဲလွန်းတယ်” ရှီဟောင်ပြောလိုက်၏။
ဤလူများသာ သတ်ဖြတ်လိုသည့်အငွေ့အသက်များထုတ်လွှတ်ပြီး အရင်ဆုံးတိုက်ခိုက်ခြင်းမဟုတ်ပါက သဲလွန်စတွေ့နိုင်ရန်ပင် အလွန်ခက်ခဲလိမ့်မည်။
ရှီဟောင် ရုတ်တရက်ပင် ကျောချမ်းလာသလို ခံစားလိုက်ရသည်။ ဤသည်မှာ ထိုအနန္တကောင်းကင်မှ ဆံပင်ရွှေရောင်နှင့်အမျိုးသားမှ သူ့အား အေးစက်စွာ စိုက်ကြည့်နေသောကြောင့်ပင်။
“ဒီလူက အားမနည်းဘူး .. မင်းသူ့ကို သတိထားဦး” ချောင်ကုန်းယန် ပြောလိုက်သည်။
အမှန်တကယ်တွင် အခြားနေရာမှလာသည့် ဧည့်သည်များထဲတွင် သာမန်မဟုတ်သည့်သူ ဘယ်သူရှိသနည်း.. သူတို့သာ သာမန်ဆိုပါက ဤနေရာပင် ရောက်လာနိုင်မည်မဟုတ်ပေ။
“ငါတို့လမ်းမှာ ဝင်မပါနဲ့ .. မဟုတ်ရင် ဘာဖြစ်သွားမလဲဆိုတာ မင်းသိသွားစေရမယ်” ထိုဆံပင်ရွှေရောင်နှင့်အမျိုးသားသည် သူ၏ရန်လိုမှုများကို ဖုံးကွယ်မထားပဲ ခပ်ဝေးဝေးမှပင် ပြောလိုက်သည်။
“မင်းသေချင်ရင် လာခဲ့လေ” ရှီဟောင်ပြောလိုက်၏။
ယခုမှ စတင်ခြင်းဖြစ်သော်လည်း သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ရန်လိုနေကြကာ တိုက်ခိုက်ချင်နေကြလေပြီ။ သို့သော်လည်း ယခုအချိန်မှာ သူတို့တိုက်ခိုက်ရန်အတွက် အချိန်ကောင်းမဟုတ်ပေ။ အခွင့်သာသည်နှင့် သူတို့နှစ်ဦးကြားတွင် တိုက်ခိုက်မှု ဖြစ်လာမည်ပင်။
“ခဏထားလိုက်ဦး … ကျွမ်းကျင်သူသုံးယောက်က ငါတို့ကို အချင်းချင်းမတိုက်စေချင်ကြဘူး .. ငါတို့သာ ဒီလိုမျိုး တိုက်ခိုက်နေတယ်ဆိုရင် သူ ငါတို့ကို အမြင်ကြည်တော့မှာမဟုတ်ဘူး” တစ်ယောက်ယောက်မှ ဆံပင်ရွှေရောင်နှင့်အမျိုးသားအား အကြံပေးလိုက်သည်။
မြို့ကြီးမှာ ယခင်ကအတိုင်းပင် လူများဝင်ထွက်သွားလာနေဆဲပင်။
ဤလအနည်းငယ်အတွင်းတွင် အဖြူရောင်ချီလင်းသည် တစ်ခါတစ်ရံထွက်ပေါ်လာသော်လည်း မည်သူမှ သူ့ကို မဖမ်းနိုင်သေးပေ။
ခဏကြာပြီးသည့်နောက်တွင် သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
“အစ်ကိုနျင် .. ဒါက အစ်ကို့ရဲ့ကံကောင်းမှုပဲ .. ဒါတွေအားလုံးက အစ်ကို့အတွက် ပြင်ဆင်ပေးထားတာလို့တောင် ခံစားရတယ်” ဂုကျန်းယွမ်ပြောလိုက်၏။ သူသည် ရှေးဟောင်းလူထူးဆန်းတစ်ယောက်ဖြစ်သော်လည်း နျင်ချွမ်းကို အမြဲတမ်းလေးစားနေသည့်သူပင်။
နျင်ချွမ်း၏ ငွေရောင်ဆံပင်များမှာ ခါးထိဝဲကျနေပြီး သူ၏အဝတ်အစားများလည်း အဖြူရောင်တောက်ပနေသည်။ သူသည် တည်ငြိမ်စွာဖြင့်ပင် ဤမြို့ကို အကဲခတ်လေ့လာနေလေ၏။
အမှန်တကယ်တွင် သူ့အကြောင်းသိသည့်သူအားလုံးမှာ ဤသည်မှာ သူ့အတွက်အခွင့်အရေးကောင်းကြီးဖြစ်သည်ကို သိကြသည်ပင်။
အဘယ်ကြောင့်ဆိုသော် သူတို့ နဂါးပုံဟုထင်နေသည့် သူ၏နဖူးထက်မှ သင်္ကေတမှာ ချီလင်းဖြစ်နေသည်ပင်။
ထို့အပြင် သူမွေးဖွားသည့်နေရာတွင်လည်း အဖြူရောင်ချီလင်းရှိနေသည်ဟူသော ဒဏ္ဍာရီများလည်း ရှိနေသည်သာ။ ဤသည်မှာ ဤအဖြူရောင်ချီလင်းသည် သူ့အတွက်ဟု ကြိုပြောထားသလိုပင်။
ရှီဟောင်လည်း နျင်ချွမ်းကို မြင်သည်သာ။ ဤသည်မှာ သူ အတားဆီးချင်ဆုံးပင်။ အဘယ်ကြောင့်ဆိုသော် ထာဝရရှေးဟောင်းခေတ်သို့ စိတ်ဖြင့်သွားခဲ့ရသည့်အချိန်က ဤချီလင်း၏ ပိုင်ရှင်ကို သူတွေ့ခဲ့သည်သာ။ ဤသည်မှာ နျင်ချွမ်းမဟုတ်ပဲ မိန်းကလေးတစ်ဦးပင်။
“ဟမ် .. အဲဒီမှာ တစ်ခုခုရှိနေတယ်”
ဤမြို့ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ချောင်ယုရှန်းသည် သူ၏စွမ်းရည်ကို အသုံးပြုကာ အခြေအနေအားလုံးကို တိတ်တဆိတ်လေ့လာနေခြင်းပင်။
“အဲဒီချီလင်းပုံရိပ်ယောင်က နည်းနည်းလေး ထူးဆန်းနေတယ် .. တစ်ယောက်ယောက် တမင်သက်သက်ဖုံးကွယ်ထားတာ .. ဒီမှာရှိတဲ့လူအများစုက အဲဒါကို မမြင်ရဘူး”
သူတို့သည် ဤသတင်းကို အလေးအနက်ထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤလျှို့ဝှက်ချက်ဟုခေါ်သည့်အရာမှာ လျှို့ဝှက်ချက်မဟုတ်တော့ပေ။
လဝက်ကြာပြီးသည့်နောက်တွင် ဤကိစ္စကို လူအများစု သိသွားလေပြီ။ ချီလင်းလေး နောက်တစ်ခေါက် ပြန်ပေါ်လာသည့်အချိန်တွင် ယခင်ကနှင့်သိပ်မတူတော့ပဲ ပို၍အသက်ဝင်လာလေသည်။
သားရဲလေးမှာ အတွေ့အကြုံမရှိသောကြောင့် သူ၏ခံစားချက်များအားလုံးမှာ သူ၏မျက်နှာထက်တွင် ပေါ်နေလေသည်။
ဤသည်မှာ ပုံရိပ်ယောင်ဖြစ်သော်လည်း သူ၏ခံစားချက်များကို ပြသရန် လုံလောက်ပေသည်။
“တစ်ယောက်ယောက်က သူ့နားကို ကပ်သွားနေပြီ .. ပြီးတော့ အဲဒီလူကို သူ တဖြည်းဖြည်းနဲ့ အသိအမှတ်ပြုလာပြီ”
တစ်စုံတစ်ယောက်မှ မှတ်ချက်ချလိုက်၏။
ဤသတင်းမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် အားလုံးကို ထိတ်လန့်သွားစေလေ၏။
ချီလင်းလေးက သူ့ပိုင်ရှင်ကို မှတ်မိတော့မှာလား .. ဤသတင်းကြောင့် မြို့တစ်ခုလုံးအုတ်အော်သောင်းတင်းဖြစ်သွားလေသည်။
အထူးသဖြင့် အတွင်းသတင်းသိထားသည့်သူများမှာ ပို၍ပင် ထိတ်လန့်လာကြသည်။
“ဒီလောကကြီးမှာ ပြန်ဝင်စားတာတွေ ရှိတယ်လို့ သက်သေပြချင်တာလား”
“အဲဒီချီလင်းလေးက တစ်ယောက်ယောက်ကို စောင့်နေတာ .. အခု အဲဒီလူပေါ်လာပြီဆိုတော့ ဒါက ဘာပြောချင်တာလဲ .. တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းထာဝရဘုရင်ရဲ့ ယူဆချက်တွေ မှန်တယ်လို့ ပြောချင်တာလား..”
ဤသတင်းမှာ အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။
ချီလင်းလေးကို အာရုံဆွဲဆောင်လိုက်နိုင်တဲ့သူက ဘယ်သူလဲ ..
ရှီဟောင်လည်း အလွန်စိတ်လှုပ်ရှားနေရ၏။ ထိုလူသာ တကယ်ပေါ်လာသည်ဆိုပါက သူ၏သူငယ်ချင်းဟောင်းကို ပြန်တွေ့ရတော့မည်။
ထိုသူငယ်ချင်းမှာ သူ၏အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့်သူဖြစ်သော်လည်း အပြင်လောကအစစ်မှ လူကဲ့သို့ပင် သူခံစားနေရသည်။ ထိုအတွေ့အကြုံများမှာ စစ်မှန်လွန်းလှသည်။
“နျင်ချွမ်းပျောက်နေတယ် .. နှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိနဲ့ သရဖူ ၁၀ခုဘုရင်လည်း လိုက်နေကြတယ်” နဂါးမိန်းကလေး ပြောလိုက်သည်။ သူမထံတွင် မြင်ကွင်းအချို့ကို ပြသနေသည့် ရှေးဟောင်းဦးချိုတစ်စုံရှိနေသည်ပင်။
“ငါတို့လည်း သွားကြမယ်” ရှီဟောင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ တကယ် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။
အမှန်တကယ်တွင် ဤသည်မှာ သူတို့သာမဟုတ်။ အနန္တကောင်းကင်မှ ရွှေရောင်ဆံပင်နှင့်လူအုပ်စုလည်း အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ တရှိန်ထိုး ထွက်ခွာသွားလေ၏။
အားလုံး ဆွံ့အနေကြလေသည်။ ချီလင်းလေး စောင့်နေတဲ့သူက နျင်ချွမ်းများလား .. သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်မှုတွေ ရှိလာပြီးတော့ နီးစပ်သွားကြတာလား..
“အစ်ကိုနျင် .. အစ်ကို့ရဲ့ တုံ့ပြန်မှုက မမှားလောက်ပါဘူး ဟုတ်တယ်မလား” ဂုကျန်းယွမ် မေးလိုက်သည်။ သူသည်လည်း နျင်ချွမ်းနှင့်အတူ တရှိန်ထိုး သွားနေခြင်းပင်။
“မမှားဘူး .. အဲဒါက ချီလင်းအစစ်ပဲ .. သူ ဒီလောကကြီးမှာ ပေါ်လာတော့မယ်ဆိုတာကို ငါ့ရဲ့နဖူးက နတ်သင်္ကေတတွေက အာရုံခံလို့ရနေတယ်” နျင်ချွမ်းပြောလိုက်သည်။
ပုံမှန်အတိုင်းဆိုလျှင် သူသည် ခေါင်းအေးအေးထားကာ စဉ်းစားတတ်သည့်သူပင်။ သို့သော် ယနေ့တော့ သူ စိတ်တည်ငြိမ်နိုင်ရန် ခက်ခဲနေသည်။
အကွာအဝေးမှာ ဝေးကွာလွန်းလှသည်။ သူတို့လမ်းတစ်လျှောက် မရပ်မနားလာခဲ့သည်မှာပင် ရက်ပေါင်းများစွာ ကြာမြင့်နေလေပြီ။ သူတို့သည် နယ်မြေရိုင်းထဲသို့ပင် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
သူတို့ စီရင်စုသုံးထောင်မှ လာသည့်အချိန်တွင် ရှေးဟောင်းလမ်းတစ်ခုအတိုင်း လာခဲ့သောကြောင့် သူတို့အတော်လေး လုံခြုံခဲ့သော်လည်း လူများစွာ သေဆုံးခဲ့သေးသည်ပင်။
ယခု သူတို့ ထိုရှေးဟောင်းလမ်းမှ ထွက်လာပြီး ပို၍ကြောက်စရာကောင်းသည့်နယ်မြေထဲသို့ ရောက်လာခဲ့လေပြီ။
တစ်ချက်မှားလိုက်သည်နှင့် သူတို့၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်များ ရှင်းလင်းပစ်ခံလိုက်ရမည်သာ။
သူတို့အပြင် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ သရဖူ ၁၀ ခုဘုရင်၊ ရှီဟောင်နှင့် ဧည့်သည်များလည်း လှုပ်ရှားနေကြသည်ပင်။
“အစ်ကိုနျင် သူတို့ ကျွန်တော်တို့နောက် လိုက်လာပြီ .. သူတို့မှာ ကျွန်တော်တို့ခြေရာကောက်ဖို့ လျှို့ဝှက်ရတနာတွေ ရှိနေတယ် .. ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သူတို့တွေ အစ်ကို့ရဲ့ချီလင်းလေးကို လာလုနိုင်တယ် .. အဲဒီလိုလုသွားရင် ကျွန်တော်တို့ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်သွားဦးမယ်” ဂုကျန်းယွမ် သတိပေးလိုက်သည်။
“အဲဒီလိုကိစ္စမျိုး ဖြစ်လာမှာမဟုတ်ဘူး” နျင်ချွမ်း အလွန်ပင် ယုံကြည်ချက်ရှိနေသည်။ “ငါ ချီလင်းလေးကို အရင်တွေ့ရတာနဲ့ ဘာမှပြောင်းလဲလို့ရမှာ မဟုတ်တော့ဘူး”
သူ ချီလင်းလေး၏ ထောက်ခံမှုကို ရရှိသွားသည်နှင့် နောက်ဖြစ်လာမည့်ကိစ္စများကို သူ မစိုးရိမ်တော့ပေ။ မည်သူမျှ သူ့ထံက ချီလင်းကို လုယူနိုင်မည်မဟုတ်တော့ပေ။
ဝူး..
အရှေ့ဘက်တွင် အနက်ရောင်လေဆင်နှာမောင်းကြီးတစ်ခု ရှိနေပြီး အူသံများလည်း ထွက်ပေါ်နေလေသည်။ ဤသည်မှာ ဂုကျန်းယွမ်ကို တုန်လှုပ်သွားစေကာ သူ၏ဦးရေပြာများပင် ထုံကျဉ်လာလေသည်။
“အဲဒါက ဘာကြီးလဲ..” ထိုတောင်ကြောမှ အနက်ရောင်အရိပ်တစ်ချို့ ထွက်လာသည်ကို သူမြင်နေရသည်ပင်။
“စစ်ပွဲထဲမှာ သေသွားတဲ့ သူရဲကောင်းဝိဉာဉ်တွေ…” နျင်ချွမ်း ပြောလိုက်၏။ သူသည်လည်း ကြောက်ရွံ့နေသည်သာ။ အဘယ်ကြောင့်ဆိုသော် ဤအရိပ်များမှာ အားကောင်းလွန်းလှကာ ဂိုဏ်းခေါင်းဆောင်အဆင့်ထက်ပင် ကျော်လွန်နေလေပြီ။ သူတို့ဤနေရာမှ ဖြတ်သွားသည့်အချိန်တွင် တောတောင်နှင့် လျှိုမြောင်များပင် ပျက်စီးသွားလေသည်။
ဤလေဆင်နှာမောင်းမှာလည်း သူတို့ပြေးသွားသည့်အချိန် ဖြစ်ပေါ်လာသည့် လေပြင်းများပင်။
“မလှုပ်နဲ့ .. သူတို့ကို လျစ်လျူရှုလိုက် .. သူတို့ကို တစ်ခါမှ မမြင်ဖူးသလို ဟန်ဆောင်လိုက်” နျင်ချွမ်း သတိပေးလိုက်သည်။
ဒုန်း..
ရုတ်တရက်ပင် အရှေ့ဘက် တောင်တန်းမှ ကျယ်လောင်လှသည့်အသံတစ်သံ ထွက်ပေါ်လာကာ ကျောဘက်တွင် အနက်ရောင်အတောင်ပံများပါရှိသည့် အလောင်းတစ်လောင်း လျှောက်လာလေသည်။ သူ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေပြီး သူ၏ခြေထောက်အောက်တွင် တောင်များပိပြားသွားလေသည်။
“အဆင့်လွန်အလောင်းလား” နျင်ချွမ်း၏အမူအရာပင် ပြောင်းလဲသွားလေသည်။
သူတို့ ဘယ်နေရာကို ရောက်လာတာလဲ .. ဘာလို့ နေရာတိုင်းမှာ ဒီလိုမျိုးတွေ ရှိနေတာလဲ.. ဤအလောင်းမှာ သူအသက်ရှင်နေစဉ်တွင် အလွန်ပင်စွမ်းအားကြီးမှာ သေချာသည်။
ယခုပင်လျှင် မည်သူမှ သူ့ကိုရန်မစရဲပေ။ သူ၏ခန္ဓာကိုယ်တွင် ကြောက်စရာကောင်းသည့်အော်ရာရှိနေဆဲပင်။
“ငါတို့ရောက်ပြီ .. ဒီနေရာပဲ” နျင်ချွမ်း ရုတ်တရက်ပင် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူသည် အရှေ့ဘက်ရှိ တောင်တန်းများကိုကြည့်ပြီး ရှေ့ဆက်မသွားတော့ပေ။
ထိုနေရာသည် အလွန်ငြိမ်းချမ်းသော်လည်း အလွန်ထူးဆန်းနေသည်။ ထိုနေရာတွင် လေပင်မတိုက်ပဲ ဘာအသံမှလည်း မကြားရပေ။
မြေပြင်ထက်တွင် ဗွက်အိုင်များစွာ ရှိနေလေ၏။ သေချာကြည့်မည်ဆိုလျှင် ဤသည်မှာ နီရဲနေသည့် သွေးအိုင်များပင်။ နှစ်ပေါင်း မည်မျှကြာသွားပြီမှန်း မသိသော်လည်း ဤသွေးများမှာ ယခုထိ မခြောက်သေးပေ။
ထို့အပြင် ဤနေရာ၌ အလောင်းအနည်းငယ်လည်း ရှိနေသေးသည်။ အချို့မှာ မြေပြင်ထက်တွင်ရှိနေပြီး အချို့မှာ မြေအောက်တွင်ရှိနေပြီး တစ်ချို့အစိတ်အပိုင်းများသာ ပေါ်နေသည်။
ဒီနေရာမှာ တိုက်ပွဲဖြစ်ခဲ့တာလား .. သူတို့မသိပေ။
“ဒီနေရာလား .. ငါ ကိုယ်တိုင်သွားကြည့်လိုက်မယ်” ဧည့်သည်ကျင့်ကြံသူများ၏ နတ်အာရုံများလည်း အလွန်စူးရှသည်မှာ သိသာသည်။ ချီလင်းလေး ဤအနားတွင်သာ ရှိနေသည်ကို သူတို့လည်း အာရုံခံစားမိသည်ပင်။ သူတို့ ထိုအကောင်ကို အရင်ဆုံးလိုချင်သောကြောင့် ထိုတောအုပ်အတွင်းသို့ ပြေးသွားလိုက်လေ၏။
ရုတ်တရက်ပင် မြေပြင်ပေါ်တွင်ရှိနေသည့် သွေးအိုင်များ တောက်ပလာကာ အလွန်ကြောက်စရာကောင်းသည့် စုပ်အားတစ်ခု ဖြစ်ပေါ်လာလေ၏။ ထို့နောက် လေထဲတွင်ရှိနေသည့်ထိုသူကို ချက်ချင်းပင် အောက်ဆွဲချပစ်လိုက်လေသည်။
ဖူး..
ထာဝရစွမ်းအင်ကျင့်ကြံထားသည့် ကျင့်ကြံသူသည် အလွန်သေးငယ်သည့်သွေးအိုင်ထဲသို့ကျသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် အရည်ပျော်သွားလေည်။
“ဘာ..” ဤမြင်ကွင်းကို မြင်လိုက်ရသည့်သူအားလုံး ထိတ်လန့်တကြား ဖြစ်သွားကြရသည်။
စွမ်းအားကြီးတဲ့ ဂျီးနီးယပ်စ်တစ်ယောက်က ဒီတိုင်းပဲ သေသွားတာလား..
အားလုံး တိတ်ဆိတ်သွားကြပြီး အသံတစ်သံမှပင် ထွက်မလာတော့ပေ။
ထိုအချိန်တွင် နျင်ချွမ်းမှာမူ တည်ငြိမ်နေဆဲပင်။ သူ၏နဖူးတောက်ပလာကာ တဖြည်းဖြည်း ပို၍ပူလာလေသည်။ ချီလင်းသင်္ကေတသည် သူ့ဘာသာသူပင် အသက်ဝင်လာပြီး နေလုံးကြီးကဲ့သို့ တောက်ပလာလေ၏။
“ချီလင်း..” သူကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ၏နဖူးထက်ရှိ သင်္ကေတကို ဤနေရာတွင်ရှိနေသည့် တောတောင်၊ လျှို့မြောင်များနှင့် တုံ့ပြန်စေလိုက်သည်။
ရလဒ်အနေဖြင့် ဤနေရာသည် ချက်ချင်းပင် ပြောင်းလဲသွားလေသည်။ ဖရိုဖရဲစွမ်းအင်များထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများလည်း ကောင်းကင်ထက်သို့ တက်သွားကြလေသည်။
ထို့အပြင် သူတို့အရှေ့တွင်ရှိနေသည့် တောင်ကြီးမှလည်း မြင့်မြတ်သည့်အော်ရာများ ထွက်ပေါ်လာလေ၏။
အဖြူရောင်ချီလင်းလေး ပြေးထွက်လာသည်ကို သူတို့အားလုံး တွေ့လိုက်ရသည်။
ထို့အပြင် ပို၍ထိတ်လန့်စရာကောင်းသည်မှာ ထိုချီလင်းဘေးတွင် ထာဝရတာအိုအော်ရာရှိသည့် မိန်းမပျိုလေးလည်း ရှိနေလေသည်။
ရှီဟောင် ထိတ်လန့်သွားရသည်။ ချီလင်းလေးက တကယ်ပဲ အရင်ခေတ်က မိန်းကလေးပေါ်လာတာကို စောင့်နိုင်ခဲ့တာလား .. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..
ဤကိစ္စသာ အမှန်ဆိုပါက ဤသည်မှာ ဤလောကတွင် ပြန်လည်ဝင်စားခြင်းရှိကြောင်း သက်သေပြလိုက်ခြင်းပင်။
ဤမိန်းကလေး ဘယ်သူလဲ.. သူမြင်ဖူးခဲ့သလားဆိုသည်ကို သိရန်အတွက် ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်သည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ပင် ငြိမ်သက်သွားလေ၏။
အချိန်အတော်ကြာမှသာလျှင် သူသည် တုန်ယင်နေသည့်အသံဖြင့်ပင် ” သူပဲ .. တကယ်ကိုသူပဲ.. သေမျိုးလောကမှာ သူ တကယ်ပဲ ပြန်ဝင်စားတာလား..”
အပိုင်း ၁၂၅၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၂ – ယှဉ်ပြိုင်ပွဲ
တောင်များပြိုကျလာကာ ဖရိုဖရဲစွမ်းအင်များထွက်ပေါ်လာသည်။
ထိုမိန်းမပျိုလေးသည် ချီလင်းနောက်မှပင် သူအိပ်စက်သည့်နေရာမှ ထွက်လာခဲ့လိုက်လေသည်။
ဤနေရာတွင် ထာဝရတာအိုစွမ်းအင်များ အလွန်အမင်းထူထဲလှပြီး အဖြူရောင်မြူများလည်း ထွက်ပေါ်နေသောကြောင့် ဤသည်မှာ အဖိုးတန်မြေပင်။
ဤမိန်းမပျိုလေးကို မှတ်မိသည့်သူမှာ ရှီဟောင်တစ်ယောက်တည်း မဟုတ်ပေ။ အားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် အံ့အားတကြီး အော်ဟစ်လာကြလေ၏။
“ဒီမိန်းကလေးက ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ချောင်ယုရှင်းသည် သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင် မျက်လုံးများ ပြူးကျယ်နေလေသည်။
“သူက အရင်ကတည်းက ဒီချိတ်ပိတ်ထားတဲ့မြေမှာ ရှိနေခဲ့တာလား” နဂါးမိန်းမပျို မျက်မှောင်ကြုတ်လိုက်သည်။
အခြားသူများမှာမူ ဤမိန်းမပျိုလေးကို တစ်ခါမှ မတွေ့ဖူးသောကြောင့် သူမနှင့် ချီလင်းကိုသာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်နေကြလေ၏။
“ထာဝရဘုရင် .. ဒီမိန်းကလေးက ထာဝရရှေးဟောင်းခေတ်ကတည်းက ချိတ်ပိတ်ခံထားရပြီးတော့ အခုမှ ချီလင်းနဲ့အတူတူ ပြန်ပေါ်လာတာလား..”
“ဘုရားရေ .. အသက်ရှည်တဲ့သက်ရှိ .. သူက ဒီတစ်လျှောက်လုံး တစ်ခါမှ မသေသွားဘဲနဲ့ ဒီလောကမှာ ပြန်အသက်ဝင်လာတာလား…”
အားလုံးမှာ ဤရလဒ်ကို လက်ခံနိုင်ရန် ခက်ခဲနေကြလေသည်။
သူမသည် အသက် သိပ်မကြီးသေးပေ။ သုံးဆယ်ကျော် လေးဆယ်လောက်သာရှိသေးသည်။ သူမသည် အရပ်ရှည်ကာ သူမ၏ငွေရောင်ဆံပင်သည်လည်း ပိုးသားကဲ့သို့ပင် သူမ ခါးထိ ဝဲကျနေသည်။ သူမ၏မျက်လုံးများမှာ ပတ္တမြားကဲ့သို့ပင် တောက်ပနေလေ၏။
ဤမိန်းကလေးသည် အလွန်ပင် တက်ကြွလှပြီး အနည်းငယ်ကလေးဆန်သည့်ပုံလည်း ပေါ်နေသည်။ သူမသည် ဤနေရာမှ ဘယ်လိုထွက်သွားရမလဲဟု ချီလင်းလေးနှင့် ငြင်းခုံနေလေသည်။
ခဏကြာပြီးသည့်နောက်တွင် သူမသည် ဆွံ့အနေသည့် ရှီဟောင်ကို တွေ့သွားပြီး သူမ၏မျက်လုံးများ တောက်ပလာလေသည်။
“ဟေး ဟေး ဟေး … ရှင် ဘာလို့ကျွန်မကို မြန်မြန်လာမကယ်တာလဲ .. ကျွန်မဒီမှာ..” သူမ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူမသည် ယုန်လေးဖြစ်သော်လည်း အကြောင်းတစ်ချို့ကြောင့် ချီလင်းသားရဲလေးနှင့် တွေ့ခဲ့ရခြင်းပင်။
ထိုအချိန်မှသာ သူမအခြေအနေများကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရခြင်းပင်။ ရန်သူများ၏ မျက်လုံးများမှာ နီရဲနေသောကြောင့် သူမ ရှီဟောင်းအား အကူအညီတောင်းလိုက်ခြင်းးပင်။
ထိုအချိန်တွင် အားလုံး ရှီဟောင်ကို ကြည့်လာကြလေ၏။
“သူ့မှာ အကူရှိတယ် .. အဲဒါကြောင့်မိုလို့ ငါ ပြောတာပေါ့ .. မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် အဖြူရောင်ချီလင်းကို ရနိုင်မှာလဲ”
ဧည်သည့်ကျင့်ကြံသူမှ တိုးတိတ်စွာ ပြောလိုက်သည်။ သူသည် ဤမိန်းကလေးကို မကြောက်သော်လည်း ရှီဟောင်ကိုတော့ အထင်မသေးရဲပေ။
“ဒီမိန်းကလေးက ဘယ်လိုလုပ် ချီလင်းရဲ့ အသိအမှတ်ပြုတာ ခံလိုက်ရတာဲ .. ဒါက နဂါးအစစ်တို့ ကောင်းကင်ဖီးနှစ်တို့နဲ့အဆင့်တူတဲ့ အကောင်လေ” ချောင်ယုရှန်း နားမလည်နိုင်ဖြစ်နေလေသည်။
ဤယုန်လေးမှာ သူမသည် သက်သက်လွတ်သမားဖြစ်ကြောင်း အမြဲတမ်းဟစ်ကြွေးနေသော်လည်း သူမ အရက်မူးလာသည့်အခါတိုင်း အသားများကို စားနေသည်သာ။ သို့သော်လည်း ပြောရမည်ဆိုလျှင် သူမသည် သိပ်မဆိုးပေ။ အတော်လေးလည်း ချစ်စရာကောင်းသည်ပင်။
ယခု သူမ၏အောင်မြင်မှုမှာ အခြားသူများလက်ခံနိုင်ရန် အနည်းငယ် ခက်ခဲနေလေ၏။
အမှန်တကယ်တွင် ရှီဟောင်သည် သူ့ထက်ပင် ပို၍ထိတ်လန့်နေသေးသည်။ ယုန်လေးက ဘယ်လိုလုပ် အောင်မြင်သွားတာလဲ .. သူက ထာဝရရှေးဟောင်းခေတ်က အဲဒီမိန်းကလေး ပြန်ဝင်စားတာလား..
သို့သော်လည်း သူမည်သို့ပင်ကြည့်ကြည့် ယုန်လေးမှာ ထိုအမျိုးသမီးနှင့် မတူပေ။ သူတို့၏ပုံပန်းသွင်ပြင်၊ သူတို့၏ ဝိဉာဉ်စွမ်းအားလှိုင်း .. အားလုံးမှာ မတူညီသည့်လူနှစ်ယောက်ပင်။
တူသည့်အချက်ကို လက်ညှိုးထိုးပြပါဆိုလျှင်တော့ သူတို့၏ စိတ်သဘောထားပင်ဖြစ်လိမ့်မည်။ သူတို့နှစ်ဦးလုံးသည် ငယ်ရွယ်ကာ အတော်လေး တက်ကြွသည့်သူများပင်။ သို့သော်လည်း သူတို့ဝိဉာဉ်မှာ မတူပေ။
ချီလင်းလေး အမှတ်မှားနေတာလား.. ရှီဟောင် သံသယဝင်လာမိသည်။ ဒီသားရဲလေးက စိတ်ရှုပ်သွားပြီးတော့ ယုန်ဖြူလေးကို အမှတ်မှားနေတာလား..
“ဟေး .. ဦးလေးကြီးရှီဟောင် .. ကျွန်မရှင့်ကို ခေါ်နေတာ မကြားဘူးလား” ယုန်ဖြူလေး မကျေမနပ်ဖြင့်ပင် ပြောလိုက်သည်။
ရှီဟောင်၏နဖူးထက်တွင် အနက်ရောင်လှိုင်းများ ထွက်ပေါ်လာရသည်။ သူက အသက်ဘယ်လောက်လဲ .. အသက် ၂၀ ကျော်လေးကို ဦးလေးလို့ ခေါ်ခံနေရတာလား ..
ယုန်ဖြူလေးသည် စနောက်တတ်သော်လည်း သူ့အား တစ်ခါမှ ဤကဲ့သို့ မခေါ်ဖူးပေ။ ထို့ကြောင့် သူဒေါသထွက်အောင် တမင်သက်သက်လုပ်လိုက်ခြင်းပင်။
နဂါးမိန်းမပျိုသည် အင်္ကျီလက်ဖြင့် ဖုံးကွယ်ကာ ရယ်မောလိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် ကြာပန်းကဲ့သို့ပင် လွှဲရမ်းနေလေသည်။
“ဦးလေး ချန်ကုန်းယန်ရှိသေးတာပဲ .. ကျွန်မကို မြန်မြန်လာကယ် .. ဟုတ်သားပဲ အဲဒီမှာ ဖက်တီးစုတ်လည်း ရှိသေးတာပဲ .. နင်လည်း ငါ့ကို မြန်မြန်လာကယ်” ယုန်ဖြူလေးသည် ခုန်ပေါက်၍ အော်ဟစ်နေလေ၏။
ချောင်ကုန်းယန် ဆွံ့အသွားကာ ချောင်ယုရှန်း ဒေါသတကြီး အံကြိတ်လိုက်လေ၏။
နျင်ချွမ်းသည် အလယ်တွင်ရှိနေပြီး သူ၏မျက်နှာမှာ တည်တင်းနေလေသည်။ သူသည် သူမကို သွားခွင့်ပြုမည်မဟုတ်ပေ။
ဧည့်သည်များမှာမူ စီရင်စုသုံးထောင်မှ ကျင့်ကြံသူများ၏ ပြောစကားအရ ဤမိန်းကလေးမှာ ယခင်ခေတ်မှလူမဟုတ်ပဲ ယခုခေတ်မှ လကျောက်စိမ်းယုန်မှန်း သိသွားသည့်အချိန်တွင် သူတို့လည်း အရှေ့တိုးလာကြသည်။
ယခုအချိန်တွင် လူအများကြီး ရောက်နေလေပြီ။ သူတို့သာမက နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ စုန်းမ၊ သရဖူ ၁၀ခုဘုရင်၊ ယွဲ့ချန်၊ ရှီယိ၊ ကျောက်တုံးသုံးခုကောင်းကင်ဘုရင်နှင့် အခြားသူများလည်း ရောက်လာကြလေပြီ။
ထူးချွန်သည့်သူရဲကောင်းများအားလုံး စုဝေးနေသည်ဟုပင် ပြော၍ရသည်။
“ငါ့ကို ကယ်ဦး .. ငါ့ကောင်လေးကို လုယူဖို့ မကြိုးစားနဲ့” ယုန်ဖြူလေး အော်ဟစ်လိုက်ကာ သူမ ဖြူဖျော့လာလေ၏။ သူမသည် ရှီဟောင်နှင့် ချောင်ယုရှန်းတို့ကို အကူအညီတောင်းရန်အတွက် တရှိန်ထိုး ပြေးထွက်သွားလေသည်။
စုန်းမ တခစ်ခစ်ရယ်မောလိုက်သည်။ အဆင့်နိမ့်နယ်မြေတွင် ရှီဟောင်ကို ကောင်လေးဟု ခေါ်သည်ကို သူမနှင့် ယွဲ့ချန်တို့နှစ်ယောက်လုံး သိကြသည်ပင်။ ယခု ယုန်ဖြူလေးသည် ချီလင်းလေးကို ဤနာမည်ခေါ်လိုက်သောကြောင့် ဤသည်မှာ အလွန်ရယ်စရာကောင်းလှသည်ပင်။
“ယုန်ဖြူလေး ..မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ .. ငါတို့မင်းကို မကယ်တော့ဘူး … ငါတို့ ပြန်သွားတော့မယ်” ရှီဟောင် သူမကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ငါ အဓိပ္ပာယ်မရှိတာ ပြောမိလို့လား ..” ယုန်ဖြူလေးသည် မပျော်မရွှင်ဖြစ်သွားရကာ သူတို့အား စိုက်ကြည့်နေလေသည်။
“လှုပ်ရှားမယ်” ချီလင်းလေးကို ဖမ်းဆီးရန်အတွက် တစ်စုံတစ်ယောက်မှ တရှိန်ထိုး ပြေးလာလေသည်။
တောင်ကြီးများပြိုကျသွားပြီဖြစ်ပြီး ထာဝရမြူများလည်း လေထဲတွင် ပျံ့လွင့်နေသည်။ ဤသည်မှာ အလွန်ငြိမ်းချမ်းနေပုံပေါ်သော်လည်း မည်သူမှ လက်လွတ်စပယ် မလုပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သွေးကွက်များ ရှိနေသေးသည်။
ကောင်းကင်ဝံပုလွေသည် အစိမ်းရောင်အလင်းများ ဝန်းရံလိုက်ကာ လေဟာနယ်ကိုစုတ်ဖြဲလိုက်၏။ ချီလင်းလေးကို ဖမ်းရန်အတွက် ချီလင်းလေးထံသို့ ခုန်ထွက်သွားလိုက်လေသည်။
ဤသည်မှာ ဧည့်သည်ကျွမ်းကျင်သူပင်။ သူသည် ချီလင်းကို ဖမ်းရန်အတွက် သူ၏မူလပုံစံသို့ ပြောင်းလဲလိုက်ခြင်းပင်။
ရှီဟောင် လှုပ်ရှားလိုက်၏။ နဂါးမိန်းမပျိုနှင့် ချောင်ယုရှန်းတို့လည်း တိုက်ခိုက်လာလေသည်။ ချန်ကုန်းယန်သည် သူ၏လေးကို အသင့်ပြင်ထားပြီး တစ်ဖက်လူကို ချက်ချင်းပစ်ချရန် ပြင်ထားလိုက်လေသည်။
သို့သော်လည်း မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်ခဲ့လေသည်။ သူတို့ထက်ပင် စိုးရိမ်နေသည့်သူ ရှိနေလေ၏။ နျင်ချွမ်း၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လာလှုပ်ရှားလာလေ၏။
ချီလင်းသင်္ကေတများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားလေသည်။
သူသည် ချီလင်းတံဆိပ်ကို ပြုလုပ်လိုက်ပြီး တရှိန်ထိုး ပြေးသွားလိုက်လေသည်။ သူ၏လက်သီးချက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် ပြိုကျစေမတတ်ပင်။
“မင်း ရဲရဲတင်းတင်းလုပ်ရဲတယ်ပေါ့” ကောင်းကင်ဝံပုလွေကို လာကူသည့်သူတစ်ဦးရောက်လာလေသည်။
သို့သော်လည်း ချီလင်းတံဆိပ်ရှေ့တွင် ထိုသူမှာ ဘာမှ မဟုတ်တော့ပေ။ အနီရောင်သွေးကောင်းကင်လှံတံမှာ ပေါက်ကွဲသွားကာ တစ်စစီဖြစ်သွားလေ၏။
လှံတံ၏ အသွားများပင်လျှင် နောက်ပြန်လွင့်စင်သွားကာ ထိုလူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။
ဤအဆင့်ရောက်အောင် ကျင့်ကြံပြီးသွားသည်နှင့် ဘယ်လိုလုပ် ကိုယ့်လက်နက်နှင့်ကိုယ် ပြန်ပြီး ဒဏ်ရာရနိုင်မည်နည်း..
ဤသည်မှာ နျင်ချွမ်းသည် အလွန်စွမ်းအားကြီးကြောင်း ပြသနေခြင်းပင်။ သူ၏သဘာဝဥပဒေသများဖြင့် တစ်ဖက်လူမလှုပ်နိုင်အောင် ချုပ်ထားပြီး သူ့လက်နက်ဖြင့် ပြန်၍ဒဏ်ရရစေခြင်းပင်။ ထို့ကြောင့်ပင် ထိုလူ သေမလိုဖြစ်သွားလေ၏။
“နျင်ချွမ်း .. မင်းက ငါ့ရဲ့အနန္တကောင်းကင်ကို သွားရမှာ .. ဒါတောင်မှ မင်းက အခု ငါတို့ကို ဆန့်ကျင်နေတာလား” ထိုကောင်းကင်ဝံပုလွေအော်ဟစ်လိုက်၏။ ဤသည်မှာ သတိပေးခြင်းဖြစ်သလို ခြိမ်းခြောက်ခြင်းလည်း မည်ပေသည်။
ဝုန်း..
နျင်ချွမ်းသည် ဘာမှမပြောပဲ ချီလင်းတံဆိပ်ပါသည့် လက်သီးချက်ကိုသာ ပစ်လွှတ်လိုက်သည်။ သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏လက်သီးချက်မှ ကြီးမားလှသည့်အဖြူရောင်ချီလင်းကြီး ပေါ်လာကာ ကောင်းကင်ဝံပုလွေထံသို့ ဦးတည်သွားနေလေသည်။
ဝူး..
ထိုကောင်းကင်ဝံပုလွေ၏ ဟစ်ကြွေးသံမှာ ပြင်းထန်လှပြီး ဤသည်မှာ သူ့ကလန်ကို တိုက်ပွဲတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားသည့်အတိုင်းပင်။
လေဟာနယ်တွင် ပုံမှန်မဟုတ်သည့် မြင်ကွင်းများ ထွက်ပေါ်လာလေ၏။ အဆုံးမရှိသည့် မြက်ခင်းပြင်ကြီး ပေါ်လာကာ ကြီးမားလှသည့် ကောင်းကင်ဝံပုလွေသည်လည်း လဘက်သို့ မျက်နှာမူကာ ဟစ်ကြွေးနေလေသည်။
နျင်ချွမ်း၏လက်သီးချက်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပေါက်ကွဲထွက်သွားစေကာ သူ့ဘေးနားရှိလေထုမှာပြင်းထန်စွာ တုန်ခါသွားလေသည်။
လက်သီးတံဆိပ်မှ ထွက်ပေါ်လာသည့် အဖြူရောင်ချီလင်းသည် မြက်ခင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး နတ်လကိုလည်း တစ်စစီဖြစ်အောင် လုပ်လိုက်သည်။ ထိုကြီးမားလှသည့် ကောင်းကင်ဝံပုလွေသည်လည်း ဖိနှိပ်ခံလိုက်ရလေသည်။
ဝုန်း..
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ အရာအားလုံး တုန်ခါသွားလေ၏။ နျင်ချွမ်းသည် ထိုနေရာတွင် တစ်ယောက်တည်းရပ်နေပြီး ကောင်းကင်ဝံပုလွေကြီးကို တစ်စစီဖြစ်အောင် လုပ်လိုက်သည်။ နေရာအနှံ့မှာ ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်လာလေသည်။ သူသည် ပြိုင်ဘက်ကင်းသည့် အဆင့်လွန်သက်ရှိကဲ့သို့ပင် အလွန်မြင့်မြတ်လှသည်။
သူ၏အဖြူရောင်အဝတ်အစားများ လေထဲတွင် လွင့်နေလေသည်။ သူ၏ခန္ဓာကိုယ်တွင် သွေးတစ်စက်မှ မစွန်းစေပဲ စွမ်းအားကြီးသည့် ဧည့်သည်ဂျီးနီးယပ်စ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်လေသည်။
ယခုအချိန်တွင် အားလုံးမှာ သူ၏တိုက်ခိုက်နိုင်စွမ်းကြောင့် ထိတ်လန့်သွားကြရသည်။ သူအသုံးပြုသည့် အဖိုးတန်ပညာကြောင့် ပို၍ပင် စိတ်လှုပ်ရှားသွားကြလေ၏။ ဤသည်မှာ ချီလင်းပညာဖြစ်နေသောကြောင့်ပင်။
ချီလင်းလေး၏ စိတ်ရှုပ်နေသည့်ပုံစံကြောင့် လူများစွာ၏အမူအရာ ပြောင်းလဲသွားကြသည်။ သူသည် နျင်ချွမ်းကိုကြည့်ကာ သူ၏မျက်လုံးထဲတွင် စိတ်အားတက်ကြွမှုများ ရှိနေလေ၏။
ဤသည်မှာ ကောင်းသည့်အရာမဟုတ်သည်ကို အားလုံးသိထားသည်ပင်။ ချီလင်းလေးသာ နျင်ချွမ်းကို ရင်းနှီးသည်ဟု ခံစားလိုက်ရပါက သူသည် နျင်ချွမ်းဘက်သို့ ပြေးသွားမည်သာ။
နျင်ချွမ်းသည် ထိုမိန်းမလှလေးထက်ပင် ပို၍ အန္တရာယ်များသည်ကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် နျင်ချွမ်းသည် ချီလင်းကလန်နှင့် ဆက်ဆံရေးကောင်းများ ရှိနေသည်ပင်။
နျင်ချွမ်းသည် နှုတ်ခမ်းလှုပ်ကာ ထိုချီလင်းလေးထံသို့ အသံပို့လွှတ်လိုက်သည်။
“အဖြူလေး ဒီကိုလာခဲ့..” ယခုတစ်ခေါက်တွင်တော့ လကျောက်စိမ်းယုန်သည် အနည်းငယ်စိုးရိမ်လာကာ သူ့အားကောင်လေးဟုမခေါ်တော့ပဲ အဖြူလေးဟုသာ ခေါ်တော့သည်။ သူသည် ချီလင်းလေးကို ပွေ့ခေါ်သွားမလိုပင်။
သားရဲဖြူလေးသည် တစ်ပေပင်မပြည့်ပေ။ သူ၏အကြေးခွံများ တောက်ပနေပြီး သူ၏ဦးချိုပင်လျှင် အဖြူရောင်ဖြစ်နေသည်။ သူသည် နူးညံ့ကာ အပြစ်ကင်းပုံပေါ်ပြီး သူ၏မျက်လုံးများမှာ ပေကလပ်ပေကလပ်ဖြစ်နေလေ၏။
ယခုအချိန်တွင်တော့ သူအနည်းငယ် တွေဝေနေလေ၏။ သူသည် နျင်ချွမ်းကိုကြည့်လိုက် ထိုမိန်းမပျိုလေးကိုကြည့်လိုက် လုပ်နေလေသည်။
“ဒီကိုလာခဲ့…”
ဧည့်သည်တစ်ဦးမှ အော်ဟစ်လိုက်သည်။ တစ်စုံတစ်ယောက်မှ လှုပ်ရှားလာသည်။ သူ၏လက်ဝါးနှင့်လက်ချောင်းများသည် တောင်တစ်လုံးကဲ့သို့ ကြီးမားလာပြီး ထိုချီလင်းလေးကို ဖမ်းဆုတ်လိုက်လေ၏။ ဤသည်မှာ အနန္တကောင်းကင်မှ ရွှေရောင်ဆံပင်နှင့်လူငယ်ပင်။
နျင်ချွမ်းက ဘယ်လိုလုပ် ဤသည်ကို ခွင့်ပြုနိုင်မည်နည်း.. သူသည် ချီလင်းလေးနှင့် ဆက်သွယ်ရန် မကြိုးစားတော့ပဲ ထိုအကောင်ပေါက်လေးကိုသာ ဆွဲယူလိုက်သည်။
လူနှစ်ယောက်မှ သူ့ကို ဖမ်းဆုတ်လာသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ချီလင်းလေး ဆုံးဖြတ်ချက်ချလိုက်လေ၏။ သူသည် တစ်ဖက်သို့ လှည့်ပြေးကာ လကျောက်စိမ်းယုန်၏ လက်မောင်းထဲသို့ ပြေးဝင်သွားလေသည်။
ယုန်ဖြူလေးသည် ပျော်ရွှင်စွာပင် ပြုံးလိုက်လေ၏။ သူမသည် ထိုသားရဲလေးကို အားကုန်ပွေ့ဖက်ထားလိုက်လေ၏။
“သွားကြစို့”
နျင်ချွမ်းနှင့် ရွှေရောင်ဆံပင်လူငယ်လေးတို့နှစ်ယောက်လုံး အော်ဟစ်လိုက်ကာ တစ်ချိန်တည်း ဖိနှိပ်လာလေ၏။
“သွားကြစမ်း..”
ရှီဟောင် ဟစ်ကြွေးလိုက်၏။ သူသည် အလွန်လျင်မြန်လှသည့် အရှိန်ဖြင့်ပင် ယုန်ဖြူလေး ဘေးဘက်သို့ ရောက်သွားပြီး နတ်ဆိုးတောင်ကြီးတစ်လုံးကဲ့သို့ပင် ရပ်နေလေ၏။
ထို့နောက်တွင် သူ၏ဘယ်ဘက်လက်မှ ပြန်လည်ဝင်စားခြင်းလက်သီး ဖြစ်ပေါ်လာပြီး ညာလက်မှ မိုးမခနတ်ဘုရား၏ပညာထွက်ပေါ်လာလေသည်။
ဒုန်း..
ဤသည်မှာ ကောင်းကင်ဗုံကြီးကို တီးလိုက်သကဲ့သို့ပင်။
ဤနေရာသည် ချက်ချင်းပင် ပျက်စီးသွားလေ၏။ တောတောင်နှင့်လျှိုမြောင်များ ပျက်စီးသွားကာ လေဟာနယ်ထဲတွင်လည်း အက်ကွဲကြောင်းများ ထွက်ပေါ်လာလေ၏။ မြင်ကွင်းအားလုံးလည်း ဝေဝါးသွားလေသည်။
ဖုန်မှုန့်နှင့် မီးခိုးမှုန်များ လွင့်စင်သွားသည့်အချိန်တွင် ရှီဟောင်သည် ထိုနေရာတွင်ပင် မလှုပ်မယှက်ရှိနေဆဲပင်။
နျင်ချွမ်းနှင့် ရွှေရောင်ဆံပင်နှင့်လူငယ်နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤရန်သူမှာ အလွန်စွမ်းအားကြီးသည်ကို သူတို့သိသည်။ သူတို့သာ တိုက်ခိုက်မည်ဆိုလျှင် သေချာပေါက် အသက်လုပွဲဖြစ်သွားမည်ပင်။
အပိုင်း ၁၂၅၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၃ – ဧည်သည့်ရန်သူများကို ဖိနှိပ်ခြင်း
လူတစ်စုသည် ချီလင်းလေးအတွက် တိုက်ခိုက်နေကြလေ၏။
ရှီဟောင်သည် လမ်းတွင် ပိတ်ရပ်ကာ နျင်ချွမ်း၊ ရွှေရောင်ဆံပင်နှင့်လူငယ်အပါအဝင် အခြားသူများအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နေလေသည်။
“ငါဆုံးဖြတ်ပြီးသွားပြီ .. ဒီချီလင်းက ငါ့ဟာပဲ” ရွှေရောင်ဆံပင်နှင့်လူငယ်မှ ပြောလိုက်သည်။ သူသည် ချီလင်းကို ရအောင်ယူပြီး အနန္တကောင်းကင်သို့ပြန်ယူသွားမည်ဟု ကြေငြာလိုက်သည်။ ချီလင်းသွေးသည် သူ့ကလန်မှ ဘိုးဘေးအတွက် အလွန်အသုံးဝင်သည်ပင်။ ထို့အပြင် သူသာ ချီလင်း၏သခင်ဖြစ်လာမည် သူ၏အနာဂတ်မှာ တောက်ပနေမည်ပင်။
“ခင်ဗျားလိုချင်တိုင်း ရရအောင် ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ” ရှီဟောင် ခနဲ့လိုက်၏။ စွမ်းအားကြီးသည့်ပြိုင်ဘက်များနှင့် ရင်ဆိုင်နေရသော်လည်း သူသည် အလွန်ပင် တည်ငြိမ်နေလေသည်။
“ခင်ဗျားရဲ့ အနန္တကောင်းကင်ကိုပဲ ပြန်သွားလိုက်တော့ .. ဒီချီလင်းနဲ့ကျုပ်နဲ့က ရေစက်တွေရှိတယ်” နျင်ချွမ်းသည် ရွှေရောင်ဆံပင်နှင့်လူငယ်ကို ကြည့်ကာ တည့်တိုးပင် ပြောလိုက်သည်။
“ဟား ဟား..” ရွှေရောင်ဆံပင်နှင့်လူငယ်သည် စိတ်မတိုပဲ ရယ်မောနေလေသည်။
“ကောင်းကင်နတ်ဘုရားကျောင်းက အနန္တကောင်းကင်မှာ တည်ဆောက်မှာဆိုတာ ခင်ဗျားတို့ သိသင့်တယ်… ငါ တကယ်ပဲ မင်းတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်တယ်”
“ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်နေတာလား” ရှီဟောင်ပြောလိုက်၏။ သူ၏အမူအရာမှာ တည်ငြိမ်ကာ ဒေါသထွက်သည့်ပုံမပြသော်လည်း ဖိအားတစ်မျိုး စတင်ပျံ့လွင့်လာလေပြီ။
အခြားသူများမှ ခြိမ်းခြောက်သည်ကို သူ အမုန်းဆုံးပင်။ တစ်ဖက်လူမှာ အနန္တကောင်းကင်တွင် အလွန်စွမ်းအားကြီးမှာ သေချာသည်။ သူတို့နှင့် မကောင်းသည့်ဆက်ဆံရေးသာ ရှိထားပါက ‘မတော်တဆ’ အဖြစ်အပျက်များစွာ ဖြစ်လာနိုင်သည်ပင်။
“အားရားရား.. မုန်းစရာကောင်းလိုက်တာ .. အရှက်မရှိလိုက်တာ .. ငါ့ရဲ့အဖြူလေးကိုခိုးပြီးတော့ ငါ့တို့ကို ခြိမ်းခြောက်နေတယ် .. သွားသေလိုက်လေ..”
ယုန်ဖြူလေးသည် အနောက်မှနေ၍ လက်သီးလက်မောင်းတန်းနေလေသည်။ သူမသည် ရွှေရောင်ဆံပင်နှင့်လူငယ်ကို ခေါင်းမော့ရင်ကော့ကာ အော်ဟစ်နေလေ၏။
ဤနေရာတွင်ရှိနေသည့်လေထုမှာ အလွန်တင်းမာနေလေပြီ။ ဧည့်သည့်ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် အရှေ့တက်လာကာ ရွှေရောင်ဆံပင်နှင့်လူငယ်နှင့်အတူ ပူးပေါင်းပါဝင်လာလေပြီ။
အချို့သူများသည်လည်း လှုပ်ရှားခြင်းမရှိပဲ ခပ်ဝေးဝေးမှသာ ကြည့်နေကြလေသည်။
နျင်ချွမ်းနှင့် ဂုကျန်းယွမ်တို့ ရှီဟောင်ဘေးနားသို့ ရောက်လာလေသည်။ အခြားသူများလည်း ရောက်လာကာ သူနှင့်အတူ လာရောက်ပူးပေါင်းလေ၏။
ချန်ကုန်းယန်၊ နဂါးမိန်းကလေးနှင့် ချောင်ယုရှန်းတို့လည်း ရှီဟောင်အနားသို့ လျှောက်လာကာ ထိုလူများကို ရင်ဆိုင်လိုက်သည်။
သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ရှီယီ၊ စုန်းမ၊ ယွဲ့ချန်နှင့် အခြားသူများသည် ခပ်ဝေးဝေးမှသာ ရပ်နေပြီး တိုက်ပွဲကိုစောင့်ကြည့်ရန် ပြင်ဆင်နေကြလေသည်။
“ယုန်လေး .. မင်းက ပြဿနာတော်တော်ရှာတာပဲ.. မင်းက ဘယ်လိုလုပ် ဒီကိုရောက်လာပြီးတော့ ဒီသားရဲလေးကို ဖမ်းထားတာလဲ..” ချောင်ယုရှန်း မေးလိုက်သည်။ “ဒါက ချီလင်းလား .. ငါတို့ပြန်ရောက်ရင် သူ့ကို ပေါင်းစားမလား .. ကင်စားမလား” ဖက်တီးလေး ပြောလိုက်သည်။
အား..
ချီလင်းလေးသည် သည်းထန်စွာ ငိုကြွေးပြီး အသက်လုပြေးမတတ်ဖြစ်သွားလေသည်။ သူသည် လကျောက်စိမ်းယုန်၏လက်မောင်းများကို ပြင်းထန်စွာပင် ရိုက်နေလေ၏။
ဘေးပတ်လည်တွင်ရှိနေသည့် သူအားလုံးမှာ ဆွံ့အသွားရသည်။ ဒီဖက်တီးလေး မပြောရဲတာ မရှိဘူးပဲ .. ဒီဟာသကတော့ လွန်လွန်းသွားပြီ..
ဘေးပတ်လည်ရှိ လေထုသည်လည်း ဤစကားကြောင့် အနည်းငယ်ပေါ့ပါးသွားလေပြီ။
“ဖက်တီးစုတ် .. နင်ဘာတွေ လျှောက်ပြောနေတာလဲ .. ငါတို့မိသားစုက အဖြူလေးကို နင်မခြောက်နဲ့” လကျောက်စိမ်းယုန် မကျေမနပ်ပြောလိုက်သည်။
“မင်းဒါကိုလည်း ထည့်စဉ်းစားသင့်တယ် .. ဒါက ထာဝရသားရဲလေ .. ဒါကိုစားလိုက်ရင် ဆေးစွမ်းတွေ အများကြီး ရမှာပဲ … ဒါက သက်ရှည်ဆေးတွေနဲ့တောင် ယှဉ်လို့ရတယ်” ချောင်ယုရှန်း ရယ်မောကာ ပြောလိုက်သည်။
“ဟူး..” ရှီဟောင် သက်ပြင်းချလိုက်၏။ သူလည်း အစားသရဲတစ်ယောက်ဖြစ်သော်လည်း သူ ဤချီလင်းလေးနှင့် ရင်းနှီးနေသည်။ သူသာ ဤချီလင်းကို မသိဘူးဆိုပါက ထိုအကြံကို ထောက်ခံမိမည်ပင်။
“ဖက်တီးလေး .. ငါကြီးလာရင် မင်းကို ကောင်းကင်ဦးချိုပုရွက်ဆိတ် အစာကျွေးပစ်မှာ” ယခုတစ်ခေါက်တော့ ချီလင်းလေး ပြောလိုက်ခြင်းပင်။ သူ၏အသံမှာ အလွန်ပင် နူးညံ့နေလေ၏။
သူပြောသည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်ဆိုသည်မှာ သားရဲကြီး ၁၀ မျိုးထဲမှ အလွန်စွမ်းအားကြီးသည့်အကောင်ပင်။ သူ၏ကိုယ်ကာယခွန်အားကို ယှဉ်နိုင်သည့်လူမျိုးစု မရှိသေးပေ။
“မင်း ဘာလို့ ထွက်လာတာလဲ .. ဒီယုန်လေးက အရင်လောကက အဲဒီမိန်းကလေးလို့ မင်းထင်နေတာလား” ရှီဟောင် ချီလင်းလေးကို မေးလိုက်သည်။
“ငါ…” ချီလင်းလေးမှာ တစ်ပေပင် မရှိပေ။ သူမသည် လကျောက်စိမ်းယုန်ကို ကြည့်ပြီးနောက် နျင်ချွမ်းကို ကြည့်လိုက်လေသည်။ သူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းကာ ရှုပ်ထွေးနေလေ၏။
အဖြေပြန်မကြားရသေးခင်မှာပင် ရှီဟောင် တိုက်ခိုက်လိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်အဖွဲ့မှ လူနှစ်ယောက် လှုပ်ရှားလာသောကြောင့်ပင်။
ချွမ်း..
ရွှေရောင်ဆံပင်နှင့်လူငယ်မှ စတင်တိုက်ခိုက်လိုက်သည်။ သူ၏လက်ထဲရှိ ရွှေရောင်လှံတံမှ ကြီးမြတ်လှသည့် အော်ရာများ ထွက်ပေါ်နေသည်။ ထိုလှံတံကို ပြင်းထန်စွာ လှုပ်ခါလိုက်သည်နှင့် လှံထိပ်သည် လေဟာနယ်ကို ထိုးဖောက်သွားလေသည်။
လှံတံထိပ်မှာ တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ ဓားအလင်းတန်းများထက်ပင် ကြောက်ဖို့ကောင်းနေသေးသည်။ ထိုလှံတံထိပ်သည် ရှီဟောင်ထံသို့ တရှိန်ထိုးပင် ဦးတည်လာနေလေ၏။
သို့သော်လည်း ရှီဟောင်သည် လက်ဗလာဖြင့်သာ ဤတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ သူသည် ထိုရွှေရောင်လှံတံအဖျားကို ရှောင်လိုက်ပြီး လက်ဝါးဖြင့် ထိုနတ်လက်နက်ကို ရိုက်ချလိုက်သည်။
ထို့နောက် တာအိုအသံများ ထွက်ပေါ်လာကာ မီးပွားများလည်း လွင့်စင်လာလေ၏။
ခပ်ဝေးဝေးမှကြည့်မည်ဆိုလျှင် ဤနေရာတစ်ခုလုံးကို လျှပ်စီးများဖြင့် လွှမ်းခြုံထားသကဲ့သို့ပင်။
မီးပွားများသည် ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်ကြောပေါ်သို့ လွင့်စင်သွားသည်နှင့် ထိုတောင်များ ပေါက်ကွဲသွားကာ ပြာမှုန့်များဖြစ်သွားလေသည်။
ဤသည်မှာ အံ့အားသင့်စရာကောင်းလှပြီး အားလုံး၏အမူအရာ ပြောင်းလဲသွားလေ၏။
လက်ဝါးနှင့် စစ်လှံတံတို့ ရိုက်ခတ်မှုမှ ဖြစ်လာသည့် မီးပွားများပင်လျှင် ဤမျှစွမ်းအားကြီးသည်လား …
ဤတိုက်ခိုက်မှုပြီးသည့်နောက်တွင် နှစ်ဘက်လုံး အံ့အားသင့်သွားရသည်။ ရွှေရောင်ဆံပင်နှင့်လူငယ်သည် အတော်လေးပင် ထိတ်လန့်သွားလေ၏။ တစ်ဖက်လူသည် သူ၏ထူးခြားသည့်နတ်လက်နက်ကို လက်ဗလာဖြင့် တိုက်ခိုက်လိုက်ခြင်းပင်။
သူက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား..
ရှီဟောင် ထိတ်လန့်သွားရသည်မှာ ဤနတ်လှံတံသည် ထူးခြားလှသောကြောင့်ပင်။ ဤသည်ကို ထာဝရရွှေဖြင့် ရောနှောထားခြင်းပင်။
ချွမ်း..
ရှီဟောင် ထာဝရဓားကို ထုတ်လိုက်သည်။ သူဓားကို ထုတ်ရခြင်းမှာ သူ ဤရွှေရောင်ဆံပင်နှင့်လူငယ်ကို လက်ဗလာဖြင့် မယှဉ်နိုင်သောကြောင့် မဟုတ်ပဲ ဤသည်မှာ သူ၏ဓားကို အဆင့်မြင့်တင်ရန် အချိန်ကောင်းဖြစ်သည်ဟု ခံစားလိုက်ရသောကြောင့်ပင်။
ဤဓားသည် ထာဝရရွှေများကို အလွန်မက်မောပြီး ထာဝရရွှေများစွာကိုလည်း စုတ်ယူပြီးသွားလေပြီ။ ဥပမာအားဖြင့် အလင်းတန်းထာဝရရွှေ၊ ၇ရောင်စပ်ထာဝရရွှေတို့ပင်။
ချွမ်း..
မှုန်မှိုင်းနေသည့် ဓားသွားသည် ချက်ချင်းပင် တောက်ပလာကာ ရှီဟောင် ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် လူသားပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ယခုအချိန်၌ ကောင်းကင်နှင့်မြေကြီးပင် ချိတ်ဆက်သွားသလိုပင်။ ထိုပုံရိပ်သည် အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ တက်သွားလေလ၏။
အရာအားလုံးမှာ ထိုဓားပေါ်ရှိသင်္ကေတမှ ပြုလုပ်နေခြင်းပင်။
ဒုန်း..
လက်နက်နှစ်ခု ထိပ်တိုက်တွေ့သွားသည့်အချိန်တွင် နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာလေသည်။ နတ်ဥပဒေသများသည်လည်း ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် ရောယှက်သွားကာ လီပေါင်း မည်မျှဝေးကွာမှန်းမသိရသည့်နေရာထိ တရှိန်ထိုးပြေးထွက်သွားလေသည်။
လေဟာနယ်ထဲတွင် ဥပဒေသများပို၍သိပ်သည်းစွာ ရှိနေပြီး တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြလေသည်။
နျင်ချွမ်း၊ ယုန်ဖြူလေးနှင့် ဧည့်သည်များအပါအဝင် အားလုံး နောက်ဆုတ်လိုက်ကြသည်။
ခွပ်..
“မဟုတ်ဘူး..” ရွှေရောင်ဆံပင်နှင့်လူငယ်အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ၏လက်နက်အက်ကွဲသွားသည့် အသံကို ကြားလိုက်ရသောကြောင့်ပင်။
ထာဝရရွှေပါသည့် လက်နက်များမှာ အလွန်မာကျောလှသည်ပင်။ ဒီလက်နက်တွေက ဘယ်လိုလုပ် တစ်ခြားလက်နက်ကြောင့် ပျက်စီးနိုင်မှာလဲ..
သို့သော်လည်း ဤသည်မှာ အမှန်တရားပင်။ ထိုဓားသည် လှံတံကို ထိုးဖောက်လိုက်ကာ လှံတံ၏စွမ်းရည်ဖြစ်သည့် နေထာဝရရွှေကို စုတ်ယူနေလေပြီ။
“အား..” ရွှေရောင်ဆံပင်နှင့်လူငယ် ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။ သူ၏လှံတံကို ပြန်ရယူရန်အတွက် သူ၏အဖိုးတန်ပညာများကို အသက်သွင်းကာ တိုက်ခိုက်လိုက်သည်။ ဤသည်မှာ သူ အဆုံးရှုံးမခံနိုင်သည့် ရှားပါးသည့်လျှို့ဝှက်ရတနာတစ်ခုပင်။
သို့သော်လည်း အရာအားလုံးမှာ နောက်ကျသွားလေပြီ။ ထိုဓားသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လှံတံ၏ စွမ်းအင်များအားလုံးကို စုတ်ယူသွားကာ ဘာမှအသုံးမဝင်သည့်အခွံသာ ချန်ရစ်ထားလေသည်။
ခွပ်..
လှံတံသည် သတ္တုအစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ကျသွားလေ၏။
ထိုဓားသည် ထာဝရရွှေစွမ်းအင်များကို စုတ်ယူပြီးသည့်နောက်တွင် ပို၍ပင် တောက်ပလာလေသည်။ ရွှေရောင်လျှပ်စီးများလည်း ထွက်ပေါ်လာပြီး လေဟာနယ်ကို စုတ်ပြဲအောင် လုပ်နေလေ၏။
ဤသည်မှာ လျှပ်စီးအတိဒုက္ခပင်။ ဤသည်မှာ နေထာဝရရွှေကို စုတ်ယူပြီးသည့်နောက်တွင် ပေါ်လာသည့် မြင်ကွင်းပင်။
ယခုတော့ ဤဓားထဲတွင် နောက်ထပ်ထာဝရရွှေတစ်မျိုး ပါသွားလေပြီ။ သို့မဟုတ် ဤရွှေမျိုးရှိပြီးသားဖြစ်ပြီး ထပ်တိုးသွားတာလည်း ဖြစ်နိုင်သည်ပင်။ အတိဒုက္ခမြင်ကွင်းမှာ ပို၍ပို၍ပင် အစစ်အမှန်ဆန်လာလေ၏။
ဤဓား၏ ပြောင်းလဲမှုများမှာ လျင်မြန်လွန်းလှသောကြောင့် အားလုံးဆွံ့အသွားရသည်။
အခြားဧည့်သည်ကျွမ်းကျင်သူများသည် ရွှေရောင်ဆံပင်နှင့်လူငယ်ကို သူ၏လှံတံပြန်ယူရာတွင် ကူညီရန် ရောက်လာကြသော်လည်း သူတို့ခြေတစ်လှမ်းနောက်ကျသွားလေပြီ။ ထို့ကြောင့် သူတို့သည် ရှီဟောင့်ကိုသာ ပေါင်း၍ တိုက်ခိုက်ကြလေသည်။
ရှီဟောင်သည် ထာဝရဓားကို ပြန်သိမ်းလိုက်ကာ ဤစွမ်းအားကြီးသည့်သူများကို လက်ဗလာဖြင့်သာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ ဤသည်မှာ သူတို့မည်မျှစွမ်းအားကြီးသည်ကို သိနိုင်မည့်အခွင့်အရေးပင်။ သူ၏လက်သီးတောက်ပလာကာ လျှပ်စီးအလင်းတန်းတစ်သောင်း ထွက်ပေါ်လာလေ၏။ သူသည် လျှပ်စီးဧကရာဇ်ပညာကို အသုံးပြုလိုက်ခြင်းပင်။
ဒုန်း..
ရှီဟောင် လက်သီးကို လွှဲရမ်းလိုက်သည်နှင့် ဗုံတစ်လုံး တီးလိုက်သကဲ့သို့ပင် ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေလေ၏။
သူသည် ဤလူများကို တစ်ယောက်တည်း ရင်ဆိုင်နေလေသည်။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ့အနားတွင် သင်္ကေတများ သိပ်သည်းစွာ ဝန်းရံနေလေ၏။
ဖုန်း..
သူတို့ထဲမှ တစ်ယောက်သည် ရှီဟောင်၏လက်သီးချက်မိသွားပြီး ရလဒ်အနေဖြင့် သူ၏ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားလေသည်။ သူသည် အဖိုးတန်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ခန္ဓာကိုယ်ကို ကာကွယ်သည့်အရိုးစာသားများကို အသုံးပြုထားသော်လည်း သူသည် ထိုနေရာတွင်ပင် ပေါက်ကွဲသွားတော့မတတ် ရိုက်ချခံလိုက်ရဆဲပင်။
ဤသည်မှာလည်း ရှီအောင် အားလျှော့လိုက်သောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် ဤကျင့်ကြံသူများကို သူသတ်လိုက်လျှင် အဆင့်လွန်သက်ရှိသုံးယောက်မှ သူ့အား ဘယ်လိုတုံ့ပြန်လာမလဲဆိုသည်ကို သူ မသိသောကြောင့်ပင်။ အချင်းချင်းအငြင်းမပွားရန် သူတို့ မှာထားဖူးသည်ပင်။
ထိုဧည့်သည်ကျွမ်းကျင်သူများ၏ အမူအရာများ ပျက်ယွင်းသွားရသည်။ ရှီဟောင်သည် တစ်ယောက်တည်းသာဖြစ်သော်လည်း သူတို့အားလုံးကို ဖိနှိပ်နိုင်နေသည်။
ခပ်ဝေးဝေးမှကြည့်နေသည့် စွမ်းအားကြီးသည့် ဧည့်သည့်ကျင့်ကြံသူများပင်လျှင် ထိတ်လန့်သွားရသည်။ ဤအရှက်ရမှုကြီး အဆုံးသတ်သွားစေရန်အတွက် သူတို့ပင် ဝင်တိုက်ချင်လာသည်။
ရှီဟောင်သည် အဖိုးတန်ပညာများကို တစ်ခုပြီးတစ်ခုပင် အသုံးပြုနေလေသည်။ ခွန်ပန်အတောင်ပံများကို ဖြန့်ကျက်၍ လူတစ်ယောက်ကို ခါးမှ ထက်ပိုင်းပိုင်းချလိုက်သောကြောင့် သွေးများပန်းထွက်လာလေသည်။
ရှီဟောင်သည် သူ၏မူလဝိဉာဉ်ကို အလွတ်ပေးလိုက်သောကြောင့် ဤသည်မှာ သူ၏သက်ညှာမှုပင်။
“သူက ဘာလို့ဒီလောက်တောင်စွမ်းအားကြီးနေရတာလဲ..” ဧည့်သည်အမျိုးသမီးများ၏ အမူအရာများ ပြောင်းလဲသွားလေသည်။ သူတို့သည် ထိုလူများကို ကူညီရန်အတွက် အပြေးအလွှားပင် ရောက်လာလေသည်။ ယခင်က သူတို့ကို အလေးမထားခဲ့သော်လည်း ယခုတော့ သူတို့၏အမူအရာများ မည်းမှောင်နေလေပြီ။
ရွှေရောင်ဆံပင်နှင့်အမျိုးသား ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်မှ အသွေးအသားများသည် သတ္တုအဖြစ်သို့ ပြောင်းလဲသွားကာ ရွှေရောင်ခန္ဓာကိုယ်ဖြစ်လာလေ၏။
ဤသည်မှာ ရွှေရောင်ကလန်၏ လျှို့ဝှက်ပညာပင်။ သူတို့၏ဘိုးဘေးမှာ နေထာဝရရွှေမှ လူသားအဖြစ်သို့ ပြောင်းလဲသွားသည့်သူပင်။ ထို့ကြောင့် သူ၏မျိုးဆက်တွင်လည်း ဤစွမ်းရည်ရှိနေသည်ပင်။
ဒုန်း..
သူရွှေရောင်ခန္ဓာကိုယ်ဖြစ်သွားသော်လည်း ရှီဟောင်ကို မဖိနှိပ်နိုင်သေးပေ။ သူတို့နှစ်ဦးကြားမှ တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်လာသည်။
ထိုအချိန်တွင် နျင်ချွမ်းသည် ယုန်လေးထံသို့ ပြေးသွားလိုက်လေ၏။ ရှီဟောင်သာ ဧည့်သည်များကို ဖိနှိပ်ပြီးသွားပါက သူ ချီလင်းလေးကို ရယူရန် အလွန်ခက်ခဲသွားမည်ကို သူ စိုးရိမ်နေခြင်းပင်။
“ဒီလိုဆိုမှတော့ မင်းတို့အားလုံး အတူတူလာခဲ့လိုက်ကြ”
ရှီဟောင်သည် ဧည့်သည်များကို လက်လျော့လိုက်ကာ နျင်ချွမ်းကို ရပ်တန့်ရန်အတွက် ယုန်ဖြူလေး ဘေးနားသို့ ပြန်ဆုတ်သွားလိုက်သည်။
“သတ်..”
ရွှေရောင်ဆံပင်နှင့်အမျိုးသားသည် နျင်ချွမ်းမှလွဲလျှင် ကျန်သည့်သူများအားလုံးကို ဦးဆောင်ကာ တစ်ရှိန်ထိုး ပြေးလာလေ၏။
ချန်ကုန်းယန်နှင့် အခြားသူများသည် တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း ရှီဟောင်၏တားဆီးခြင်းကို ခံလိုက်ရလေ၏။
ဖုန်း.
ရှီဟောင်သည် အားနည်းသည့်သူများကိုသာ အရင်ရွေးတိုက်လိုက်သည်။
သူသည် ဧည့်သည်ကျင့်ကြံသူတစ်ယောက်ကို ဖုန်းခနဲ ကန်ပစ်လိုက်လေ၏။ ထိုလူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ပေါက်ကွဲထွက်သွားလေသည်။
ဖူး..
ထို့နောက်တွင် ရှီဟောင်၏လက်သီးချက်ကြောင့် အခြားနှစ်ယောက် သွေးအန်သွားလေ၏။
ဒုန်း..
ရွှေရောင်ဆံပင်နှင့်အမျိုးသားမှာ သူ၏နောက်ကျောဘက်သို့ ရှီဟောင်၏လက်သီးချက် ရောက်သွားသည်နှင့် သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။
ဤအမျိုးသားသည် သူ့ဘိုးဘေး၏ ထာဝရရွှေစွမ်းရည်အချို့ရှိနေသော်လည်း သူ၏နောက်ကျောတစ်ခုလုံး ပွင့်ထွက်သွားလေ၏။
သူ လွင့်ထွက်သွားကာ သူ၏ ဒွါရ ၇ ပေါက် ( မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် ) မှ သွေးများစီးကျလာလေသည်။
ဧည့်သည်ကျင့်ကြံသူများအားလုံး စိတ်ထဲတုန်လှုပ်သွားရသည်။ ရှီဟောင်က ဒီလိုမျိုးကျွမ်းကျင်သူကိုတောင် ဒီလိုမျိုးအနိုင်ယူလိုက်တာလား .. ဤသည်မှာ ရှီဟောင် အနည်းငယ် အားလျော့ထားသည်ပင်။
ဧည့်သည်အမျိုးသမီးကျင့်ကြံသူများသည် ဝင်မတိုက်သော်လည်း သူတို့၏မျက်နှာများ ဖြူဖျော့နေလေပြီ။ ဤလူသာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ရောက်သွားပြီး ထာဝရအစစ်များ၏ မျိုးဆက်များနှင့်သာ တိုက်ခိုက်ပါက မည်ကဲ့သို့သော ရလဒ်မျိုး ထွက်လာမည်နည်း။
ဝုန်း..
ရှီဟောင်သည် နျင်ချွမ်းကို တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။
“နျင်ချွမ် .. ထာဝရရှေးဟောင်းမြေမှာတုန်းက မင်းအသက်လုပြေးခဲ့ရတာ .. မင်းက အခု အဲဒီလိုထပ်လုပ်ချင်လို့လား” ရှီဟောင် အော်မေးလိုက်သည်။
ထိုစကားသံများကို ကြားလိုက်ရသည်နှင့် စီရင်စုသုံးထောင်အပါအဝင် ဧည့်သည်ကျင့်ကြံသူများအားလုံး၏ အမူအရာများ ပြောင်းလဲသွားလေသည်။
အပိုင်း ၁၂၅၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၄ – လူ ရွေးချယ်ခြင်း
ရှီဟောင်နှင့် နျင်ချွမ်းနှစ်ယောက်လုံးမှာ ထာဝရစွမ်းအင်သုံးကြောင်းစီရှိနေသည့် လူငယ်အရှင်သခင်များပင်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုစလုံးတွင် လိုက်ရှာလျှင်ပင် ဤလူနှစ်ယောက်မှာ ရင်သပ်ရှုမောလောက်သည့်လူများပင်။
သူတို့နှစ်ဦးသည် အကြိမ်များစွာ တိုက်ခိုက်ခဲ့ကြသောကြောင့် သူတို့ကို ရန်သူဟောင်းဟု သတ်မှတ်၍ပင် ရသည်။
“ဟွမ် .. အရင်တစ်ခေါက်တိုက်ပွဲက အရှက်ရမှုကို ငါဒီတစ်ပွဲနဲ့ချေပစ်မှာ .. အရင်တစ်ခေါက်က မင်း ငါ့ရဲ့အတိဒုက္ခကို လာနှောက်ယှက်ခဲ့တာ .. အဲဒီတော့ ဒီနေ့ မင်း ငါ့ကို ဖြေရှင်းချက်ပေး…” နျင်ချွမ်း အော်ဟစ်လိုက်သည်။ သူသည် သီးသန့်နေတတ်သည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်နေလေ၏။
အားလုံးအမြင်တွင် နျင်ချွမ်းသည် ကျောက်စိမ်းတုံးကဲ့သို့ပင်။ သူ၏အဝတ်အစားများမှာ ဖြူဆွတ်နေပြီး သူ၏ဆံပင်များပင် ငွေရောင်ဖြစ်နေသည်။ သူ၏မိန်းကလေးများပင် ချောမောလှပလှသည့် ပုံပန်းသွင်ပြင်နှင့်ပေါင်းလိုက်သည့်အချိန်တွင် သူသည် အတော်လေးပင် ထူးခြားလှသည်ပင်။
ဝုန်း..
သူ၏မျက်လုံးထဲတွင် သင်္ကေတများ ဖြစ်ပေါ်လာလေ၏။ သူသည် ချီလင်းတံဆိပ်ကို ပြုလုပ်လိုက်ပြီးနောက် သူ ရှီဟောင်ထံသို့ ပြေးသွားသည့်လမ်းတွင် သူ၏ကျောထက်မှာ ကောင်းကင်သင်္ကေတထွက်ပေါ်လာလေ၏။ သူသည် ရှီဟောင်နှင့် ပြင်းထန်စွာပင် တိုက်ခိုက်နေပြီး သူတို့နှစ်ဦးကြားတွင် အရိုးစာသားများလည်း ထွက်ပေါ်လာလေ၏။
လူဘယ်နှစ်ယောက်လောက်ကများ ရှီဟောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရဲသနည်း .. အခြားအရာများမပြောနှင့် သူ၏ခန္ဓာကိုယ်အင်အားဖြင့်ပင်လျှင် ဖိနှိပ်ခံရလိမ့်မည်။
သူနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ သံမဏိကို ဝင်တိုက်ခြင်းနှင့်သာ တူလိမ့်မည်။ သူနှင့်အဆင့်တူသည့်သူများထဲတွင်ပင်လျှင် ရှီဟောင်နှင့် ယှဉ်နိုင်သည့်သူသိပ်မရှိပေ။ သို့သော် နျင်ချွမ်းကတော့ ထိုသို့လုပ်ရဲလေသည်။
ယခုအချိန်မှာ နတ်ဘုရင်များ ဒေါသထွက်နေသည့်အချိန်ဖြစ်သောကြောင့် လေများလည်း တိုက်ခတ်လာမည်ပင်။
ရွှီး..
အရိုးစာသားများ တစ်တန်းပြီးတစ်တန်းထွက်ပေါ်လာကာ သက်တံ့ကြီးကဲ့သို့ပင် လောကတစ်ခုလုံးကို ထိန်လင်းနေစေလေသည်။
ခွပ်..
တောက်ပသည့်နေမင်းကြီး ပေါက်ကွဲသွားကာ အလွန်တောက်ပလာလေ၏။ ဤသည်မှာ အဖိုးတန်ပညာကို ထုတ်လွှတ်လိုက်သောကြောင့်ပင်။
အားလုံးသည် အသက်ရှူရပ်မတတ်ပင် ဤတိုက်ပွဲအားကြည့်နေကြလေ၏။ ဤကဲ့သို့သော စွမ်းအားကြီးသည့်သူနှစ်ယောက်၏ တိုက်ခိုက်မှုမှာ သူတို့၏နိမ့်ကျမှုများကို မြင်လာစေလေသည်။
သူတို့တက်သွားလျှင်ပင် ဤနှစ်ယောက်ကို မည်ကဲ့သို့ ရပ်တန့်နိုင်မည်နည်း.. ရှီဟောင်ဖြစ်စေ နျင်ချွမ်းဖြစ်စေ နှစ်ယောက်လုံးမှာ ပြိုင်ဘက်ကင်းသည့် ခွန်အားကိုပိုင်ဆိုင်ထားသည့်သူများပင်။
ရုတ်တရက်ပင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်ကို ချိတ်ပိတ်လိုက်လေ၏။ ဤနေရာရှိ အချိန်များရပ်တန့်သွားသကဲ့သို့ပင်။
ရှီဟောင်နှင့် နျင်ချွမ်း လူကွဲသွားပြီး ထပ်မတိုက်ခိုက်နိုင်တော့ပေ။
လူလတ်ပိုင်းကျွမ်းကျင်သူသုံးယောက်လုံး ရောက်လာကာ လေဟာနယ်ထဲတွင် ထိုင်နေကြလေ၏။ သူတို့ထဲမှတစ်ယောက် လက်ညှိုးထိုးကာ ရှီဟောင်နှင့် နျင်ချွမ်းကို ခွဲထားလိုက်ခြင်းပင်။
“အရင်ခေတ်မှာတောင်မှ မင်းတို့နှစ်ယောက်လိုလူမျိုး ရှားတယ် .. စစ်ပွဲက အဆင်သင့်စောင့်နေတဲ့အချိန်မှာ ငါတို့က ဘယ်လိုလုပ် မင်းတို့ကို ဒီလိုမျိုး တိုက်ခိုက်ခွင့်ပေးနိုင်မှာလဲ..” သူတို့ထဲမှ တစ်ယောက်မှ ပြောလိုက်သည်။
“စစ်ပွဲဟုတ်လား .. သူ့မျက်လုံးထဲမှာ ကျွန်တော်က အပြစ်သားသွေးမျိုးဆက်တစ်ယောက်ပဲ .. အဲဒီတော့ အဲဒါက ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်တော်သူ့ကို တကယ်မေးချင်နေတာ” ရှီဟောင်ပြောလိုက်၏။
သူ ဤကဲ့သို့ပြောလိုက်ခြင်းမှာ အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်၏ အမြင်ကို သိချင်သောကြောင့်ပင်။ သူတို့ နယ်ခြားစပ်အကြောင်းနားလည်လား .. သူတို့ အပြစ်သားသွေးမျိုးဆက်အကြောင်းကို သိလား..
“အဲဒါက အရင်က ကိစ္စတွေပါ .. ဘယ်သူက ဘာဆိုတာကို ပြန်ပြောမနေနဲ့တော့” သူတို့သုံးယောက်ထဲမှ တစ်ယောက်ပြောလိုက်သည်။
“ဘာလို့လဲ..” ရှီဟောင် ဤကိစ္စကို အသေးစိတ် သိချင်မိသည်။
“အဲဒီကိစ္စထဲမှာပါတဲ့ စွမ်းအားကြီးတဲ့သူတစ်ချို့ အသက်ရှင်နေတုန်းပဲ .. အဲဒီကိစ္စတွေကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာ .. ငါတို့ ဒီအကြောင်းကို နောက်မှဆွေးနွေးကြမယ်” ကျွမ်းကျင်သူတစ်ယောက်ပြောလိုက်၏။ သူသည် ဤအကြောင်းကို ထပ်မပြောချင်တော့သည့်ပုံပင်။
ထိုအချိန်တွင် ရှီဟောင်စိတ်ထဲ လှိုင်းထလာရသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျွမ်းကျင်သူသည် ဤကိစ္စကို အလွန်အလေးထားပြီး ကြောက်ရွံ့နေသလို ခံစားနေရသည်ကို သူ ခံစား၍ရနေသောကြောင့်ပင်။
“အသက်ရှင်နေသေးတဲ့သူတွေကြောင့်လား .. ဒါမှမဟုတ် အဲဒီဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကပဲ သူ့ကို ဒီလိုမျိုးကြောက်စေတာလား..” ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။
အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်လုံး တိတ်ဆိတ်နေသောကြောင့် ရှီဟောင် ဆက်မေး၍ မရတော့ပေ။
“ကောင်းပြီ .. ဧကရာဇ်မြို့ကို သွားကြမယ်”
ဤသည်မှာ သူတို့အားလုံး စစ်ဆေးမှုကို အောင်မြင်သွားပြီဟု ဆိုလိုခြင်းပင်။ သူတို့သည် နတ်ဆိုးဖြစ်သွားသည့်သူအချို့ကို ရှာတွေ့ခဲ့ရုံသာမက ချီလင်းလေးကိုပါ ရှာတွေ့ခဲ့သောကြောင့် အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်မှ အလွန်ပင် ကျေနပ်နေလေပြီ။
သူတို့ပြောစရာရှိသေးသော်လည်း ဤနေရာမှာ နေရာကောင်းမဟုတ်သည်မှာ သေချာသည်။ သူတို့ ဧကရာဇ်မြို့ကို ပြန်သွားရတော့မည်။
ဤကျွမ်းကျင်သူသုံးယောက်မှာ တကယ်ပင် သန်မာလွန်းလှသည်။ သူတို့ထဲမှတစ်ယောက် လက်ဝေ့ရမ်းလိုက်သည်နှင့် နျင်ချွမ်ဖြစ်စေ၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိဖြစ်စေ အားလုံး ဝန်းရံခံလိုက်ရလေ၏။
ထို့နောက် သူတို့အားလုံး ဤနေရာမှာ ပျောက်ကွယ်သွားလေသည်။
ဧကရာဇ်မြို့သည် အလွန်ခမ်းနားလှပြီး မြို့ရိုးများကိုလည်း ကြယ်များဖြင့် ပြုလုပ်ထားခြင်းပင်။ ထို့အပြင် ဤနေရာ၌ စွမ်းအားအကြီးဆုံး သဘာဝဥပဒေသများလည်း တောက်ပနေလေ၏။
ရှီဟောင်နှင့်အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြလေ၏။ သို့သော်လည်း သူတို့ ထိုမြို့ထဲသို့ ယခုထက်ထိ ဝင်၍မရသေးပေ။
ရှေးဟောင်းမဟာမိတ်စာချုပ် ချုပ်ဆိုသည့် ဧကရာဇ်များ၊ ပါရမီရှင်များသာ ဤနေရာသို့ ဝင်ခွင့်ရခြင်းပင်။
သို့သော်လည်း ထိုလူများမှာ ဝင်သွားသည်နှင့် ဘယ်တော့မှ ပြန်ထွက်မလာကြတော့ပေ။ အထဲဘက်တွင် ဘာဖြစ်သွားသည်ကိုတော့ မည်သူမှ မသိကြပေ။
ထူးဆန်းတယ် .. ကျယ်ဝန်းတယ် .. မသိခြင်းတွေများတယ် .. ဤသည်မှာ ဤမြို့ကို ရှင်းပြနိုင်သည့် စကားလုံးသုံးလုံးပင်။
သူတို့အားလုံး ဈေးသို့ ပြန်ရောက်လာလေ၏။
“မင်းတို့အားလုံး ဒီမှာ လွတ်လွတ်လပ်လပ်နေလို့ရတယ် .. ဒီမှာနေတဲ့သူတွေဆီကနေ သတင်းတွေ မေးလို့ရတယ် .. ငါတို့မှာ ဆွေးနွေးစရာကိစ္စလေးတွေ ရှိသေးတယ်” အဆင့်လွန်ကျွမ်းကျင်သူသုံးယောက် ပြောလိုက်သည်။
သူတို့သည် ဘယ်သူ့ကိုမှ ဘာမှပြောခွင့်မပေးပဲ လကျောက်စိမ်းယုန်နှင့် ချီလင်းလေးကို ခေါ်သွားလေ၏။
ရှီဟောင်ပင်လျှင် ယုန်ဖြူလေးနှင့်စကားသေချာ မပြောလိုက်ရပေ။
ဂျီးနီးယပ်စ်များအားလုံး မြို့ထဲသို့ ဝင်လာလိုက်ကြသည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် သူရင်းနှီးသည့်သူများနှင့် တွေ့လိုက်ရသည်။ ကျန်းဂု၊ ထျန်ယိ၊ ဖုန်းဝူ၊ ကျိုးရှောင်တိနှင့်အခြားသူများလည်း ပေါ်လာလေသည်။ ဤလူများအားလုံးသည်လည်း ဤနေရာသို့ အလောတကြီး ရောက်လာကြလေသည်။
ကျန်းဂုတွင် ဝိဉာဉ်လူမျိုးစု၏ ရွှေရောင်သွေးမျိုးဆက်ရှိနေသည်ပင်။ သူထံတွင် စစ်လှံတံအဖြစ်ပြောင်းလဲနိုင်သည့် သွေးရှိသည်။ ထိုလက်နက်သည် သူနှင့်အဆင့်တူသည့်သူနှင့် တိုက်ခိုက်ပါက ဤလောကတွင် မထိုးဖောက်နိုင်သည့် အရာမရှိပေ။
ထျန်းယိသည် ရွှေမီးကလန်မှ စွမ်းအားအကြီးဆုံး လူငယ်ကျွမ်းကျင်သူပင်။ သူ၏ကလန်သည် သားရဲ ၁၀မျိုးထဲမှ တစ်ခုဖြစ်ပြီး ယခင်ခေတ်က ဧကရာဇ်ကလန်တစ်ခုပင်။
ကျိုးရှောင်တိနှင့် မုကျီရှောင်တို့မူ နတ်ချောက်ကမ်းပါးကျောင်းမှ လူများပင်။ သူတို့သည် နတ်ဘုရားမကျောင်းနားတွင်ရှိနေသည့် မီးတောက်စီရင်စုမှ ရောက်လာခြင်းပင်။
သူတို့အပြင် သူတွေ့ဖူးသည့်အခြားသူများလည်း ရှိသေးသည်။ ရှီဟောင်သည် ထိုသူများထံသို့ လျှောက်သွားကာ နှုတ်ဆက်လိုက်သည်။
ထို့နောက်တွင် ရှီဟောင် ချင်းရီကိုလည်း တွေ့လိုက်ရသည်။
ချင်းရီလည်း လုပ်နိုင်စွမ်း ရှိသည့်သူပင်။ သူမသည် ကိုယ်ပွားဖြစ်သော်လည်း ထာဝရစွမ်းအင်တစ်ကြောင်း ကျင့်ကြံနိုင်ပြီဖြစ်ပြီး လကျောက်စိမ်းမီးတောက်မှလည်း အကျိုးကျေးဇူးများစွာ ရရှိနေလေပြီ။ သူမ၏ခွန်အားမှာ တိုင်းတာရန်ပင် ခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် ထိုမီးတောက်မှာ သူမထံမှ ထွက်ခွာသွားခြင်းမရှိပဲ သူမနှင့် ပေါင်းစပ်နေဆဲပင်။
“ချင်းရီ .. နောက်ဆုံးတော့ ငါတို့ပြန်တွေ့ရပြီ”
ရှီဟောင် သူမထံသို့ လျှောက်သွားကာ ပြုံး၍ပြောလိုက်သည်။
ထာဝရရှေးဟောင်းမြေတွင် သူတို့နှစ်ဦးကြား အလွန်ရင်းနှီးသည့် အရာများဖြစ်ပျက်ခဲ့ကြသည်။ ထိုကတည်းက သူတို့လူချင်းကွဲသွားကာ တစ်ခါမှ ပြန်မတွေ့ဖြစ်ကြသေးပေ။
အမှန်တကယ်တွင် ချင်းရီသည် ရှီဟောင်အား ရှက်နေသောကြောင့် သူ့အား တမင်သက်သက်ရှောင်နေခြင်းပင်။ ထိုဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကို သူမလက်ခံနိုင်ရန် ခက်ခဲနေလေသည်။
ဤတွေ့ဆုံခြင်းမှာ ရှီဟောင်အတွက် အလွန်ဝမ်းသာစရာကောင်းသော်လည်း ချင်းရီအတွက်မူ ကောင်းလား မကောင်းလားပင် မသိတော့ပေ။
“အားရားရား .. ညီမလေး .. မင်းတို့က အမွှာတွေပဲ .. ငါ မင်းကိုအခုမှပဲ တွေ့တော့တယ်” ဧည့်သည့်မိန်းမပျိုတစ်ယောက် ရယ်မောကာ ယွဲ့ချန်ကိုကြည့်ပြီးနောက် ချင်းရီကို ကြည့်လိုက်လေသည်။
ယွဲ့ချန် ဘာမှမပြောသော်လည်း ချင်းရီကို ကြည့်လိုက်သည်။ ဤဧည့်သည်များကို သူ ဘာမှမရှင်းပြချင်ပေ။
သူမ စိတ်ထဲတွင် အတော်လေး လှုပ်ခတ်နေသည်။ သူမသည် ချက်ချင်းပင် ကိုယ်ပွားနှင့်ပေါင်းစည်းလိုက်ပြီး တစ်ကိုယ်တည်း ဖြစ်လိုက်ချင်မိသည်။
သို့သော်လည်း ဤသည်မှာ ခက်ခဲလွန်းမည်ကို သူမသိသည်။ ချင်းရီကို အနိုင်ယူရန်ပင် အလွန်ခက်ခဲနေလေပြီ။ ဤနေရာတွင် ရှီဟောင်နှင့် အခြားသူများလည်း ရှိနေသောကြောင့် မျှော်လင့်ချက် သိပ်မရှိပေ။
“ချင်းရီ .. နေကောင်းလား .. မင်း ဘယ်တွေ ရောက်နေတာလဲ” ရှီဟောင် သူမ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်၏။ သူ၏အပြုအမူကြောင့် အခြားသူများ မည်သို့တွေးမည်ကို သူ ဂရုမစိုက်ပေ။
“ကျွန်မ အဆင်ပြေပါတယ်” ချင်းရီ ပြောလိုက်၏။
ရှီဟောင်၏ရင်ထဲတွင် လှိုင်းထလာသည်။ သူတို့သည် ရန်သူအဖြစ်မှ ဘေးချင်းယှဉ်ရပ်သည့်သူများဖြစ်လာကာ ထာဝရရှေးဟောင်းမြေထဲတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်ပင်။
“ရှင်က ကျွန်မကို ဘာလို့ ဒီလိုမျိုးကြည့်နေတာလဲ..” သူ၏အကြည့်များကြောင့် ချင်းရီ မသက်မသာခံစားလိုက်ရသည်။
သူတို့နှစ်ဦးသည် လမ်းပေါ်တွင် မတ်တပ်ရပ်ပြောနေကြခြင်းပင်။ သူတို့နှစ်ဦး အလွန်နီးကပ်နေသလို ဘေးနားတွင် အခြားဂျီးနီးယပ်စ်များလည်း ရှိနေသေးသည်။
“မင်း အရင်က ငါ့ကို ဘာပြောခဲ့တာလဲဆိုတာ မေ့သွားပြီလား .. ငါတို့သဘောတူညီချက် လုပ်ထားတယ်လေ” ရှီဟောင်ပြုံး၍ ပြောလိုက်သည်။
‘ဘာ သဘောတူညီချက်လဲ..” ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ချင်းရီ၏မျက်နှာမှာ ချက်ချင်းပင် နီရဲသွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူမပြောခဲ့သည်ကို သူ မမေ့သေးသောကြောင့်ပင်။ သို့သော်လည်း ယခု ရှီဟောင် ထိုအကြောင်းကို ပြောလာသည့်အချိန်တွင် သူမ အလွန်ရှက်ကာ သူ့ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိတော့ပေ။ ထို့ကြောင့် သူမ မသိချင်ယောင်ဆောင်လိုက်ခြင်းပင်။
“အဲဒါဆိုရင်လည်း ငါ မင်းကို ပြန်အစဖော်ပေးမယ်လေ .. မင်းပြောခဲ့တာက ငါသာ ထာဝရရှေးဟောင်းမြေထဲဝင်ပြီးတော့ နံပါတ်တစ်နဲ့ ထွက်လာနိုင်ရင် မင်း ဘာထပ်လုပ်မယ်ဆိုလား..” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။
ချင်းရီမျက်နှာမှာ သိသိသာသာပင် နီရဲလာလေသည်။ သူမ ဤအခြေအနေကို ရင်မဆိုင်ချင်။ အထူးသဖြင့် ယွဲ့ချန် ရှေ့မှာပင်။
အမှန်တကယ်တွင် ယွဲ့ချန်သည် သူမထက်ပင် ပို၍ မသက်မသာ ခံစားနေရသည်ပင်။ သူတို့နှစ်ယောက်ကြားတွင် မူလခန္ဓာကိုယ်နှင့်ကိုယ်ပွား ဆက်သွယ်ချက်ရှိနေသောကြောင့် တစ်ဖက်လူ၏အတွေးများ၊ ခံစားချက်များကို သူမသိနေသည်။ ရှီဟောင်ကို ရင်ဆိုင်လိုက်ရသည့်အချိန် ချင်းရီ ခံစားလိုက်ရသည့်ခံစားချက်များမှာ သူမကိုယ်တိုင် ထိုကဲ့သို့ ခံစားနေရသကဲ့သို့ပင်။
သို့သော် သူမ ရှီဟောင်ကို ခါးခါးသီးသီးမုန်းနေသောကြောင့် သူတို့နှစ်ယောက် ရန်သူဖြစ်သင့်သည်။
ယခု ချင်းရီ ဤကောင်ရှေ့တွင် ရပ်နေသောကြောင့် သူ၏ခံစားချက်များရှုပ်ထွေးလာကာ သူမ၏ခံစားချက်ကို သူမပြန်တိုက်နေရလေသည်။
“ကျွန်မနား ကပ်မလာနဲ့” ချင်းရိပြောကာ ရှီဟောင်၏ပုခုံးကို တွန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကောင်၏ထွက်လေပင်လျှင် သူမမျက်နှာကို လာရိုက်ခတ်လုနီးပါး ဖြစ်နေသောကြောင့်ပင်။
“ငါ မင်းအဖြေကို စောင့်နေတာလေ” ရှီဟောင်ပြောလိုက်၏။
“ဘာအဖြေလဲ .. အရင်ကဖြစ်ခဲ့တာတွေကို ငါမေ့သွားပြီ” ချင်းရီ အရှက်တရားကင်းမဲ့စွာပင် ငြင်းဆန်လိုက်၏။ ယခုအချိန်တွင် သူမသည် အေးစက်ကာ ခမ်းနားလှသည့်ပုံစံမဟုတ်တော့ပဲ နတ်ဘုရားငယ်နှင့်တူနေလေပြီ။
“ငါ တစ်မိုးအောက်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရင် မင်းဘဝကို ငါ့ကိုပေးမယ်လို့ မင်းပြောခဲ့တာလေ” ရှီဟောင် ပြုံးရယ်ပြီး ပြောလိုက်သည်။
“ငါ မပြောခဲ့ဘူး” ချင်းရီ သူ့အား စိုက်ကြည့်ကာ ပြောလိုက်သည်။
ရှီဟောင် – “ဟေး .. မင်း အဲဒီလိုမျိုး ကိုယ်ပြောတဲ့စကားကိုကိုယ် ပြန်ရုတ်သိမ်းလို့မရဘူးလေ”
“အဲဒီတုန်းက မကောင်းတဲ့ကောင်လို လုပ်ခဲ့တာ ရှင်လေ” ချင်းရီ ပြန်ငြင်းလိုက်သည်။
“ဘာမကောင်းတဲ့ကောင်လို လုပ်တာလဲ .. မင်းကိုယ်တိုင် အဲဒီလိုမျိုး ပြောခဲ့တာလေ” ချင်းရီ ထွက်ပြေးရန် ကြံနေသောကြောင့် ရှီဟောင် သူမ၏လက်မောင်းကို ဆွဲဖမ်းလိုက်လေသည်။
“သွားကြစို့” ချင်းရီ ဘာမှ ထပ်မပြောရခင်မှာပင် ယွဲ့ချန်ပြောလာလေ၏။
အဘယ်ကြောင့်ဆိုသော သူတို့နှစ်ယောက် အလွန်ပူးကပ်နေသောကြောင့်ပင်။ ဤသည်မှာ သူမကိုယ်တိုင် ရှီဟောင်နှင့်စကားပြောနေသကဲ့သို့ပင် သူမ ခံစားနေရသည်။
“မင်းနဲ့ဘာဆိုင်လို့လဲ .. မင်း ငါတို့နဲ့အတူတူ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ချင်တာ သေချာလား..” ရှီဟောင်ပြောလိုက်၏။ ထို့အပြင် သူသည် ချင်းရီ၏ ခါးသိမ်သိမ်လေးကိုဖက်ကာ ယွဲ့ချန်ကို ကြည့်လိုက်လေသည်။
ဒါက .. တကယ်ကို ညှင်းပန်းနှိပ်စက်မှုကြီးပဲ .. သူမသည်းခံနိုင်ရန် ခက်ခဲလှသည်။ တစ်ချိန်တည်းမှာပင် သူမသာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ရောက်ခဲ့လျှင် ဤနှစ်ယောက် ဤကဲ့သို့ပူးကပ်နေသည်ကို မြင်ရမည်မှာ သူမအတွက် ငရဲခန်းကြီးပင် ဖြစ်လိမ့်မည်ပင်။
အပိုင်း ၁၂၅၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၅ – မြို့ထဲသို့ ဝင်ရောက်ခြင်း
ယွဲ့ချန်၏အမူအရာမှာ မသာမယာဖြစ်နေလေ၏။ သူမဤအကြောင်းကိုစဉ်းစားမိလေလေ ကြောက်လေလေပင်။ ချင်းရီ၊ ရှီဟောင်နှင့် သူမတို့သာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်သွားပါက ရလဒ်မှာ အလွန်ကြောက်စရာကောင်းလိမ့်မည်။
“ချင်းရီ .. နောက်ဆုံးတစ်ခေါက်တုန်းက မင်းမပြောမဆိုနဲ့ ပျောက်သွားတာ .. မဟုတ်မှလွဲရော .. မင်းမှာ..” ရှီဟောင် ပြောလိုက်၏။ သူသည် ဧကရာဇ်မြို့၏နံရံများကဲ့သို့ပင် အရေထူလှလေသည်။ ဤကဲ့သို့သော မေးခွန်းမျိုးကိုတောင် သူမေးရဲသေးသည်။
ချင်းရီ ဘာမှပြန်မဖြေခင်မှာပင် ယွဲ့ချန်သည် ဒေါသထွက်လွန်းသောကြောင့် တုန်ပင်တုန်နေလေပြီ။
ထိုအချိန်တွင် ယွဲ့ချန်သည် ကြောက်စရာကောင်းသည့်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသလိုပင်။ သူတို့သုံးယောက် ကောင်းကင်နတ်ဘုရားကျောင်းကို အတူတူရောက်သွားပြီး ဤအရေထူသည့်ကောင်ပြောသလိုမျိုး တကယ်ဖြစ်လာခဲ့လျှင် သူမနှင့် ချင်းရီတို့နှစ်ယောက်ကြားတွင် မူလကိုယ်နှင့် ကိုယ်ပွားဟူသော ဆက်သွယ်ချက်ကြီး ရှိနေသောကြောင့် ဤသည်မှာ သူမကိုယ်တိုင်ကြုံတွေ့လိုက်ရသလိုပင် ခံစားရလိမ့်မည်။
ယွဲ့ချန်မှာ ထိုနေရာတွင်ပင် မေ့လဲလုနီးပါးဖြစ်သွားသည်။
မဖြစ်သေးဘူး .. သူဒီကိစ္စကို တားရမယ် .. ဒီလိုမျိုးအခြေအနေရောက်အောင်ထိ အဖြစ်ခံလို့မရဘူး .. မဟုတ်ရင် ဒါက သေတာထက်ဆိုးသွားလိမ့်မယ်..
“ရှင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့တော့” ချင်းရီ ဆူပူလိုက်သည်။
“ကောင်းပြီလေ .. ငါတို့ ဒီအကြောင်းကို နောက်မှ သီးသန့်ပြောကြတာပေါ့” ရှီဟောင် ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။
သေချာပါသည်။ သူတို့အသံပို့လွှတ်ပြီး ပြောနေခြင်းသာ။ ဤကောင်ပါးစပ်မှ အဓိပ္ပာယ်မရှိတာ ထပ်ထွက်နေမည်စိုးသောကြောင့်ပင်။
ထိုအခါမှသာ အနီးအနားတွင်ရှိနေသည့် ယွဲ့ချန်လည်း သက်မချနိုင်တော့သည်။
“ချင်းရီ .. မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ .. ယွဲ့ချန် မင်းက ဘာလို့ ရှီဟောင်နဲ့အတူတူ လျှောက်လာတာလဲ..” ချောင်ယုရှန်း ရယ်မောကာ ပြောလိုက်သည်။ သူသည် တမင်သက်သက်ပင် ချင်းရီ၊ ယွဲ့ချန်ချင်းထပ်နေအောင် ပြောလိုက်လေ၏။
ချောင်ကုန်းယန်နှင့် နဂါးမိန်းမပျိုတို့သည် ခပ်ဝေးဝေးမှသာ ကြည့်နေကြလေသည်။
“ဟေး .. ညီမလေးတို့နှစ်ယောက်က တကယ်အမွှာတွေလား .. ညီမလေး ယွဲ့ချန် … ညီမလေး ဒီတစ်ယောက်ကို ကယ်ရမယ်နော် .. ဒီကောင်နဲ့ အတူတူနေရင် နာကျင်ခံစားရလိမ့်မယ်” ဧည့်သည်မိန်းမပျိုမှ ပြောလိုက်သည်။ ရှီဟောင်သည် အနန္တကောင်းကင်မှ လူများကို အနိုင်ယူထားသောကြောင့် သူမ ရှီဟောင်ကို သိပ်မကြည်ပေ။
ထိုအချိန်တွင် အားလုံး သူတို့ကို ကြည့်လာကြလေသည်။
“ငါတို့အားလုံး ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ခွင့်ရရင် ငါတို့သေချာပေါက် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရမယ် .. ဘာပဲဖြစ်ဖြစ် ငါတို့က တစ်နေရာတည်းက လာကြတာပဲလေ” ရှီဟောင် လောင်စာထပ်ထည့်လိုက်လေသည််။
“ငါတို့ ဒီလိုပဲ လုပ်သင့်တာပေါ့” အခြားသူများလည်း ခေါင်းညိမ့်လိုက်လေသည်။
“ညီမလေးချင်းရီ” ဖုန်းဝူသည် ချင်းရီနှင့် အလွန်ရင်းနှီးသောကြောင့် သူတို့ဤနေရာတွင် ပြန်ဆုံကြသည့်အချိန်၌ ရင်းနှီးစွာပင် စကားပြောကြလေသည်။
ဤနေရာမှာ ချက်ချင်းပင် အုပ်စုငယ်များအဖြစ် ကွဲသွားလေသည်။
“အစ်ကိုကြီး..” ရုတ်တရက်ပင် အသံတစ်သံ ထွက်လာပြီး ငွေရောင်ဝတ်စုံနှင့်လူငယ်လေးတစ်ယောက် လမ်းလျှောက်လာလေသည်။
ချင်းဟောင် ..သူလည်း လာတယ်…
“မင်းလည်းလာတာလား .. အဖေနဲ့အမေရော ဘယ်လိုလဲ နေကောင်းလား .. သူတို့သဘောတူရဲ့လား” ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ သူ၏ညီလေး ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူသည် ကလေးတစ်ယောက်ကို မိဘများအနားတွင် တကယ်ကိုနေစေချင်ခဲ့သည်။
သို့သော်လည်း သူ သက်ပြင်းချရုံသာ တတ်နိုင်သည်။ သူပင် လျှောက်ပြေးလွှားနေသောကြောင့် သူက ဘယ်လိုလုပ် ချင်းဟောင်ကို တောင်းဆိုနိုင်မည်နည်း.. သို့သော်လည်း သူ၏မိဘများအကြောင်း တွေးမိသွားသည့်အချိန်တွင် သူအနည်းငယ် အရှက်ရမိသည်။
အဘယ်ကြောင့်ဆိုသော် ဤခွဲခွာခြင်းမှာ မည်သည့်အချိန်မှ ပြန်တွေ့နိုင်မည်ကို မသိနိုင်။
ချင်းဟောင် လျှောက်လာသည့်အချိန်တွင် ဧည့်သည်ကျင့်ကြံသူများသည် သူတို့ဘာသာသူတို့ ဆွေးနွေးနေကြလေ၏။ သူတို့နှစ်ဦး ညီအစ်ကို ဖြစ်မှန်း သိသွားသည့်အချိန်တွင် လူအချို့၏ အမူအရာများပြောင်းလဲသွားလေ၏။
ရှီဟောင်သည် သူတို့ကို ကြည့်လိုက်ကာ “ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ပြီးတဲ့အချိန် တစ်ယောက်ယောက်က ပြဿနာရှာချင်ရင်တော့ အဲဒီလူတွေအားလုံးကို ငါတစ်ယောက်ပြီးတစ်ယောက် အဖော်လုပ်ပေးမယ်”
ရွှီး..
လေဟာနယ်ထဲတွင် ပုံရိပ်များစွာ ပေါ်လာလေ၏။ ဤသည်မှာ အဆင့်လွန်ကျွမ်းကျင်သူသုံးယောက် ပြန်ရောက်လာခြင်းပင်။ သူတို့ဘေးတွင် လကျောက်စိမ်းယုန်နှင့် ချီလင်းလေးတို့ရှိနေသည်။
ဤချီလင်းလေးကို မည်သို့လုပ်မည်ကို သူတို့ဆွေးနွေးခဲ့ကြသည်မှာ သေချာသည်။
“အချိန်ကျပြီ .. ငါတို့ လူရွေးဖို့အချိန်ကျပြီ .. ပြီးရင် ငါတို့ ထွက်သွားတော့မယ်” လူလတ်ပိုင်းအရွယ်အမျိုးသားမှ ပြောလိုက်သည်။
“အားလုံးကိုခေါ်သွားချင်ပါတယ် .. စီနီယာတို့က ဧည့်သည်ကျင့်ကြံသူတွေကို အလေးပေးပြီးတော့ သူတို့အားလုံးကို ဒီနေရာကိုခေါ်လာပြီး အခွင့်အရေးထပ်ပေးခဲ့တယ် .. ကျွန်မတို့ စီရင်စုသုံးထောင်က ကျင့်ကြံသူတွေလည်း ဒီနေရာကို အလောတကြီး ရောက်လာရတာဆိုတော့ ကျွန်မတို့ကိုလည်း အအောင်ပေးသင့်တယ်” ယုန်ဖြူလေး ရေရွတ်လိုက်သည်။
သူမထံတွင် ချီလင်းလေးရှိနေသောကြောင့် သူတို့သည် သူမအား အလွန်အလေးပေးလေသည်။
“အဓိပ္ပာယ်ရှိတယ် .. ဒီနေရာကို ရောက်လာနိုင်တဲ့ စီရင်စုသုံးထောင်က ကျင့်ကြံသူတွေလည်း သိပ်မရှိဘူး .. ငါတို့ မင်းတို့အားလုံးကို အအောင်ပေးလိုက်မယ် … စထွက်ကြစို့..” မထင်မှတ်စွာဖြင့်ပင် အဆင့်လွန်ကျင့်ကြံသူတစ်ယောက်မှ သဘောတူလိုက်လေသည်။
သူတို့အားလုံး အောင်သွားပြီ .. သူတို့ရဲ့ခရီးလမ်းစတော့မယ်..
အားလုံး ထိတ်လန့်ကာ ပျော်ရွှင်သွားရသည်။ သူတို့ဤနေရာသို့ လာသည့်လမ်းတွင် သေမလိုဖြစ်ခဲ့သည်မှ အလဟဿမဖြစ်တော့ပေ။ သူတို့အားလုံးမှာ ကံကောင်းသည့်သူများပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ ထွက်ခွာလာသည့် လူပေါင်း တစ်သိန်းကျော်တွင် ဤလူအနည်းငယ်သာ အောင်မြင်ခဲ့ခြင်းပင်။
“မင်းတို့အားလုံး ဒီလောကမှာ နောက်ဆုံးအနေနဲ့ နည်းနည်းလောက် ထပ်လည်လိုက်ဦး ..ငါတို့ စီရင်စုသုံးထောင်ကနေ ထွက်သွားတော့မှာ” အဆင့်လွန်ကျင့်ကြံသူတစ်ယောက်မှ ပြောလိုက်သ်ည။
ထိုစကားကို ကြားလိုက်ရသည်နှင့် သူတို့အားလုံး ငြိမ်သက်သွားကြသည်။ သူတို့ဤလောကကြီးမှ ထွက်ခွာကာ အခြားလောကများသို့ ဝင်သွားရတော့မည်။
ဤခရီး မည်မျှကြာမည်ကို မသိနိုင်သလို သူတို့ဘယ်အချိန်မှ ပြန်ဆုံတွေ့နိုင်မည်ကို မသိပေ။
မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာ ဤနေရာတွင် မွေးဖွားကြီးပြင်းလာကြသည့်သူများပင်။
“ကျွန်တော်တို့ ဘယ်လိုထွက်သွားရမှာလဲ..” အားလုံး မထွက်သွားချင်နေခြင်းမဟုတ်ပဲ အချို့သူများမှာ ထွက်သွားဖို့ကို မစောင့်နိုင်တော့ပေ။ အသက်ရှည်သည့်သက်ရှိများကို မြင်ချင်နေလေပြီ။
“လမ်းတစ်ခုရှိတယ် .. မင်းတို့အားလုံး ရှေးဟောင်းမဟာမိတ်စာချုပ်ကို အရင်နားလည်အောင် လုပ်ရမှာ .. ငါတို့မကြာခင်ထွက်မယ်” အဆင့်လွန်သက်ရှိတစ်ယောက်မှ ပြောလိုက်သည်။
ယခုတစ်ခေါက်တွင်တော့ ဤစွမ်းအားရှင်သုံးယောက်၏ ဦးဆောင်မှုနှင့်အတူ သူတို့ ဧကရာဇ်မြို့သို့ ဦးတည်သွားလိုက်သည်။ သူတို့ အထဲဝင်တော့မည်ထင်သည်။
လူငယ်ဂျီးနီးယပ်စ်များအားလုံး စိတ်လှုပ်ရှားလာကြ၏။ သူတို့ ဤနေရာသို့ ရောက်နေသည်မှာ ကြာလှပြီဖြစ်ပြီး ထိုကြယ်များဖြင့် ဆောက်လုပ်ထားသည့် အုတ်တံတိုင်းအထဲဘက်သို့ အရမ်းဝင်ချင်ခဲ့သည်ပင်။
မြို့ထဲဝင်ဖို့မပြောနှင့် မြို့ပြင်တွင်ပင် သာမန်လူများမကပ်နိုင်သည့် ရှေးဟောင်းအစီအရင်များစွာ ရှိနေသည်ပင်။
သို့သော် ယခုတစ်ခေါက်တွင်တော့ အဆင့်လွန်ကျင့်ကြံသူသုံးယောက်၏ ဦးဆောင်မှုနှင့်အတူ သူတို့မြို့ဂိတ်တံခါးရှေ့သို့ ရောက်လာလေပြီ။
“စီနီယာ .. ကျွန်တော်တို့ မြို့ထဲကို ဝင်ရတော့မှာလား” တစ်စုံတစ်ယောက်မှ တုန်ယင်နေသည့်အသံဖြင့် မေးလိုက်သည်။
“ဟုတ်တယ်” လူလတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ယောက်မှ ပြန်ဖြေလိုက်၏။
မြို့ဂိတ်တံခါးမှာ မြင့်မားလှပြီးထူထဲလှသည်။ ဘယ်သူက ဒီတံခါးကို တွန်းဖွင့်နိုင်မှာလဲ…
အဆင့်လွန်ကျင့်ကြံသူတစ်ယောက်သည် ပျက်စီးနေသည့် အရိုးအပိုင်းအစတစ်ခုကို ထုတ်ကာ လက်ထဲတွင် ကိုင်ထားလိုက်သည်။ အခြားနှစ်ယောက်လည်း ထိုကဲ့သို့ပင် အရိုးအပိုင်းအစများကို ကိုင်ထားကြလေ၏။
ပျက်စီးနေသည့် အရိုးအားလုံးမှာ ကျောက်စိမ်းကဲ့သို့ သန့်စင်နေသည့်အရောင်ပင်။
သူတို့သုံးယောက်ပေါင်းလိုက်သည်နှင့် ထိုအရိုးများသည် အလွန်သေးငယ်ကာ ရိုးရှင်းလှသည့် ယဇ်ပုလ္လင်တစ်ခု ဖြစ်သွားလေသည်။
ဤယဇ်ပုလ္လင်မှာ သူတို့သုံးယောက်လုံးပေါင်းပြီး အသက်သွင်းရသောကြောင့် ဤသည်မှာ မည်မျှအရေးကြီးမှန်း သိနိုင်သည်။
ဝုန်း..
ဤယဇ်ပုလ္လင်သည် ရှေ့နောက်လွဲရမ်းကာ ထူးဆန်းသည့်အော်ရာကို ထုတ်လွှတ်နေလေသည်။ သူသည် လက်သီးအရွယ်အစားခန့်သာ ရှိပြီး လေထဲတွင် ပေါလောပေါ်နေလေ၏။ ယခုတော့ ထိုယဇ်ပုလ္လင်သည် အားလုံးကို သူ့ပေါ်တင်လိုက်လေသည်။
သူတို့အားလုံး ကျုံ့သွားကာ ယဇ်ပုလ္လင်ပေါ်တွင် ရပ်နေခြင်းဖြစ်ကြောင်း အားလုံး ထိတ်လန့်စွာ တွေ့လိုက်ရသည်။
ရွှီး..
ကောင်းကင်ထက်သို့ အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ သူတို့အားလုံးသည် ထိုယဇ်ပုလ္လင်လေးနှင့်အတူ ဤနေရာမှ ပျောက်ကွယ်သွားကာ မြို့ထဲသို့ဝင်ရောက်လာကြလေသည်။
သူတို့ပြန်ပေါ်လာသည့်အချိန်တွင် လောကကြီးက မှုန်မှိုင်းနေလေသည်။
ဤနေရာသည် အလွန်ငြိမ်သက်တိတ်ဆိတ်နေကာ သူတို့မှလွဲလျှင် မည်သည့်သက်ရှိမှ မရှိသည့်ပုံပင်။
မြေပြင်ထက်တွင် အရောင်မှိန်နေပြီဖြစ်သည့် အရိုးများစွာရှိနေသည်။ ထိုအရိုးများအားလုံး ခြောက်ကပ်နေလေပြီ။
ဒါက ဘာနေရာကြီးလဲ..
သူတို့မျက်စိတစ်ဆုံး မှုန်ဝါးဝါးမြင်ကွင်းများကိုသာ မြင်နေရသည်။ ဤနေရာသည် လျှပ်စီးအတိဒုက္ခခံထားရသလို၊ မီးလောင်တိုက်သွင်းခံထားရသလို ပူကျစ်နေသည်။
ဒါက ရှေးဟောင်းစစ်မြေပြင်လား..
မည်သူမှ မသိနိုင်ပေ။ အဆင့်လွန်ကျင့်ကြံသူသုံးယောက်သာ ရှင်းပြနိုင်လိမ့်မည်။ သို့သော်လည်း သူတို့ စကားတစ်လုံးမှ ဟမလာပေ။
နေရာတိုင်းတွင် အရိုးခြောက်များရှိနေပြီး သူတို့ထိုပေါ်မှ ဖြတ်နင်းလိုက်တိုင်း တခွပ်ခွပ်အသံများ ထွက်ပေါ်လာလေသည်။ သူတို့ ဘယ်ကို သွားနေကြတာလဲ..
“စီနီယာ .. ဒါက ဧကရာဇ်မြို့ထဲမှာလား…” တစ်စုံတစ်ယောက်မှ မေးလိုက်၏။ ဤနေရာမှာ ခေါင်လွန်းလှပြီး မည်သည့်ကာကွယ်သူကိုမှ မတွေ့ရပေ။
ဤမြင်ကွင်းကို မြင်ရလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ ဒီနေရာက တကယ်ပဲ ဧကရာဇ်မြို့ထဲလား..
“ဟုတ်တယ် .. ဒါပေမဲ့ မဟုတ်သေးဘူး” အဆင့်လွန်ကျင့်ကြံသူတစ်ယောက် ပြောလိုက်သည်။
ထို့နောက်တွင် သူသည် အရိုးကြေးမုံတစ်ခုကို ထုတ်လိုက်ပြီး ခပ်ဝေးဝေးမှ မြင်ကွင်းကို ပြလိုက်လေ၏။ ထိုမြင်ကွင်းကို ကြည့်ပြီးနောက် အားလုံ၏မျက်လုံးများ ပြူးကျယ်သွားလေ၏။
“မြို့ရိုးတွေ ထပ်ရှိသေးတာလား”
“ဟုတ်တယ်..”
အရှေ့ဘက်တွင် အပြင်လောကနှင့် ဖြတ်တောက်ထားသည့် မြို့ရိုးများ ရှိနေသေးသည်။
“ဒီမှာ ကျောက်မှတ်တိုင်တွေ နည်းနည်းရှိတယ် .. မင်းတို့အဲဒီကျောက်တိုင်တွေကို ရှာပြီးတော့ ရှေးဟောင်းမဟာမိတ်စာချုပ်အကြောင်း လေ့လာကြည့်လိုက်ကြ” အဆင့်လွန်ကျင့်ကြံသူတစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။
သို့သော်လည်း ဤနေရာမှာ ကျယ်လွန်းလှပြီး အဆုံးကိုပင် မမြင်ရပေ။ အဲဒီကျောက်တိုင်တွေကို ဘယ်မှာသွားရှာရမှာလဲ..
ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်လာရသည်။
အရင်တုန်းကလူတွေ ပြန်မလာနိုင်တာက သူတို့ ရှေးဟောင်းမဟာမိတ်စာချုပ် ချုပ်ခဲ့ကြလို့လား..
အာကာသကလန်က ခြောက်ယောက်၊ စစ်ကလန်က ဘိုးဘေး .. ဒီလူတွေ အားလုံး ဒီရောက်နေကြတာ … မဟုတ်မှ သူတို့အားလုံး သေသွားတာများလား..
အားလုံးသည် ကျောက်တိုင်များကို ရှာရန်အတွက် ခွဲထွက်လိုက်ကြသည်။
သို့သော်လည်း ဤနေရာမှာ ကျယ်ဝန်းလှသောကြောင့် ကောက်ရိုးပုံထဲ အပ်ရှာသလို ဖြစ်နေလေသည်။
“မင်းတို့အားလုံး သတိထားကြ .. ဒီရှေးဟောင်းစစ်မြေပြင်မှာ လျှောက်မသွားကြနဲ့ .. မင်းတို့တစ်ချက်လေးမှားသွားပြီး ထူးဆန်းတဲ့အက်ကွဲကြောင်းကြီးထဲ ကျသွားတာနဲ့ တစ်ဖက် ရန်သူလောကထဲကို တန်းရောက်သွားလိမ့်မယ်” အဆင့်လွန်ကျင့်ကြံသူတစ်ယောက်မှ သတိပေးလိုက်သည်။
အားလုံးသည် အစကတည်းက ရှေးဟောင်းမဟာမိတ်စာချုပ်ကို သံသယဝင်နေခြင်းပင်။ ဤသို့ရှာရခြင်းမှာ သူတို့သံသယကို အတည်ပြုရန်၊ ထိုစာချုပ်ထဲတွင် ပါဝင်သည့် လျှို့ဝှက်ချက်များကို သိရန်ပင်။
ကံမကောင်းစွာဖြင့်ပင် သူတို့ဘာမှ ရှာမတွေ့ခဲ့ကြပေ။ ထို့အပြင် သူတို့ဆက်သွားလေလေ လူများတဖြည်းဖြည်းလျော့နည်းလာလေ ဖြစ်လာသည်။
“ဟမ် မကောင်းတော့ဘူး .. လူတွေ ပျောက်နေတယ်…”
အဆင့်လွန်ကျင့်ကြံသူသုံးယောက်၏ အမူအရာများ ပြောင်းလဲသွားသည်။ သူတို့၏ နတ်အာရုံများမှာ အလွန်ကြောက်စရာကောင်းလှအောင် စူးရှလှပြီး အမြဲတမ်းအာရုံစိုက်ထားကာ ဤနေရာကို ချိတ်ပိတ်ထားခြင်းပင်။
ပြောရမည်ဆိုလျှင် သူတို့ရှိနေသောကြောင့် မကောင်းသည့်ကိစ္စများဖြစ်မလာသင့်ပေ။ သို့သော်လည်း ယခုတော့ တစ်ယောက်ယောက်ပျောက်သွားလေပြီ။
“ဘယ်သူပျောက်သွားတာလဲ..”
သူတို့မတ်တပ်ရပ်လိုက်ကာ မှောင်မဲနေသည့် လောကကြီးထဲသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ရှီဟောင် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူသည် လမ်းလျှောက်နေသော်လည်း သူ့အနားရှိ အရာအားလုံးမှာ အချိန်များ ရပ်တန့်သွားသလို ရပ်တန့်ကုန်လေသည်။
ထို့နောက်တွင် သူသည် ရှေးဟောင်းစစ်မြေပြင်တွင် မဟုတ်ပဲ အနက်ရောင်လမ်းကြောင်းတစ်ခုထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။
“ဒီနေရာက ဘယ်နေရာလဲ” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။
ဤနေရာမှာ မှုန်မှိုင်းနေဆဲဖြစ်ပြီး သိပ်မမြင်ရသေးပေ။ တောင်များနှင့် လျှိုမြောင်များကြားတွင် မြက်တစ်ပင်၊ သစ်ပင်တစ်ပင်မှမရှိပဲ အဆုံးမရှိသည့် အရိုးဖြူများနှင့် အခြားအရာများသာ ရှိလေသည်။
ရှီဟောင် သူ့ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးသည့်နောက် သူထိတ်လန့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ခြေထောက်သုံးချောင်း၊ လက်ကိုင်နှစ်ဘက်နှင့်အိုးကို တွေ့လိုက်ရသောကြောင့်ပင်။
သူ ဤအိုးကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ယခင်က လေဟာနယ်ပုံရိပ်များကိုသာ မြင်ဖူးခြင်းဖြစ်ပြီး ယခုမှ ပစ္စည်းအစစ်ကို မြင်ဖူးခြင်းပင်။
ဤအိုးတွင် သွေးများ စီးကပ်နေပြီး အံ့အားသင့်စရာကောင်းလောက်သည့် အော်ရာကိုလည်း ထုတ်လွှတ်နေလေသည်။ သူသည် ဤနေရာတွင် ပေါလောပေါ်နေပြီး ရွေ့လျားခြင်းမရှိပေ။
“နယ်ခြားစပ် .. ဒီအိုးက ဘာလို့ ဒီကို ရောက်နေတာလဲ .. ဒါက တကယ်ပဲ နယ်ခြားစပ်လား..” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။
သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာလေပြီ။ ယခု သူပစ္စည်းအစစ်ကို မြင်လိုက်ရလေပြီ။ ဒီအိုးက သူ့ကို ဘာသတင်းတွေ ပေးမှာလဲ…
ပြီးတော့ ဒီအိုးထဲမှာ တကယ်ပဲ ဘာရှိနေတာလဲ..
အပိုင်း ၁၂၅၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၆ – နောင် အနာဂတ်မှ
ဤအိုးကို ရှီဟောင်အတော်လေး စွဲထင်နေသည်ပင်။ ဤသည်ကို ထာဝရရှေးဟောင်းမြေရှိ အနက်ရောင်ချောက်နက်ကြီးထဲတွင် ပထမဆုံးတွေ့ကတည်းက ရှီဟောင် မေ့မရခဲ့ခြင်းပင်။ သို့သော်လည်း သူ ထိုစဥ်က မြင်ခဲ့ရသည်မှာ လေဟာနယ်ပုံရိပ်တစ်ခုသာ။
သူ ဤအိုးကို နောက်တစ်ကြိမ်ပြန်တွေ့ရလေပြီ။ ယခုတစ်ခေါက်တွင်တော့ ပစ္စည်းအစစ်ပင်။
ဤသည်မှာ မှုန်မှိုင်းနေသည့် စစ်မြေပြင်တစ်ခုပင်။ မြေကြီးများမှာ မည်းတူးနေပြီး အရိုးခြောက်များလည်း နေရာတိုင်းတွင် ရှိနေသည်။
ခြေထောက်သုံးချောင်းနှင့် လက်ကိုင်နှစ်ခုပါသည့် အိုးမှ ထာဝရရွှေမျိုးစုံ၏ အလင်းတန်းများလည်း ထွက်ပေါ်နေသည်။ ထို့အပြင် ထိုအိုးကို လှည့်ပတ်နေသည့် ကောင်းကင်နှင့်မြေကြီး အရင်းအမြစ်စွမ်းအင်များပင် ရှိနေသေးသည်။ အိုးထဲတွင်မူ အာကာသကြီးတစ်ခု ရှိနေသကဲ့သို့ပင် မမြင်ရပေ။
ဤအိုးတွင် နီရဲတောက်ပနေသည့်သွေးများ စီးကျနေသည်။ သွေးစက်တစ်စက်စီတိုင်းမှာ ထူးခြားလှပြီး မည်သူ့သွေးဖြစ်မှန်း မသိနိုင်ပေ။
ဤသည်မှာ သူ့ထံတွင်ရှိနေသည့် သွေးနှင့်အတူတူပဲဟု ရှီဟောင်ထင်မိသည်။
တစ်ချိန်တည်းမှာပင် သူသေချာလေ့လောကြည့်လိုက်သည့်အချိန်တွင် ဤသွေးများမှာ လူတစ်ယောက်တည်း၏ သွေးများမဟုတ်ပဲ လူနည်းစု၏သွေးများဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဤသွေးအားလုံးမှာ စွမ်းအားအကြီးဆုံး သက်ရှိများ၏ သွေးစွမ်းအင်များပင်။
ဤအိုးမှာ အလွန်ရှေးကျလှပြီး အိုးပေါ်တွင်ရှိနေသည့် ပုံသဏ္ဌာန်များပင် မှုန်ဝါးနေပြီဖြစ်သော်လည်း သူတစ်ချို့တစ်လေကိုတော့ ခန့်မှန်းနိုင်ဆဲပင်။ လျှပ်စီးများ၊ ကြယ်များ၊ နတ်ငှက်များ၊ သားရဲများနှင့် အဆိပ်ရှိသည့်သွေးများအားလုံး ထိုနေရာတွင် ရှိနေလေ၏။
သို့သော် အချို့သက်ရှိများကိုမူ သူတစ်ခါမှ မမြင်ဖူးပေ။
ရှီဟောင် ထိုအိုးထံသို့ လျှောက်လာလိုက်သည်။
ဝုန်း..
ဤအိုးကြီး လှုပ်ရှားလိုက်သောကြောင့် လောကကြီးတစ်ခုလုံး ပေါက်ကွဲမလိုပင် ဖြစ်သွားလေသည်။
ရှီဟောင်သည် အပိုင်းပိုင်းဖြစ်အောင်ပင် ပေါက်ကွဲသွားတော့မည်ဟု ခံစားလိုက်ရသည်။ သူသည် လောကကြီးနှင့်အတူ အဆုံးသတ်သွားတော့မလိုပင်။
သူ ထိတ်လန့်သွား၇၏။ ဒီအိုးက တကယ်ပဲ ဘယ်လိုမျိုးအိုးလဲ .. သူ နည်းနည်းလေး လှုပ်လိုက်တာနဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးတောင် ပျက်စီးသွားတော့မလို ဖြစ်သွားတယ်…
ဤသည်မှာ သူ အမြင်မှားနေခြင်းမဟုတ်ပဲ တကယ်ခံစားနေရခြင်းသာ။
ကံကောင်းစွာဖြင့်ပင် ဤအိုးသည် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသောကြောင့် သူမသေတော့ပေ။
ဒီအိုးက တကယ်ပဲ ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. ဒီအိုးကို ဘယ်သူလုပ်ခဲ့တာလဲ..
ရှီဟောင် ဘာစကားမှ မပြောပဲ ထိုအိုးကိုသာ စိုက်ကြည့်နေမိသည်။
တကယ်ပဲ ဘယ်လိုလူက သူ့ကိုရှာနေတာလဲ .. ဒီအိုးထဲမှာ ထူးခြားတဲ့ကျွမ်းကျင်သူတစ်ယောက် အိပ်နေတာများလား..
ကံမကောင်းစွာဖြင့်ပင် ဤအိုးတွင် ကောင်းကင်နှင့်မြေကြီး အရင်းအမြစ်စွမ်းအင်များပါဝင်ပြီး ဖရိုဖရဲစွမ်းအင်များပါရှိနေသောကြောင့် သူ အတွင်းပိုင်းကို မမြင်ရပေ။
“ခင်ဗျား ဘာလို့ ကျုပ်ကို ရှာနေတာလဲ..” ရှီဟောင် မေးလိုက်၏။ အံ့အားသင့်စရာကောင်းစွာပင် သူသည် အလွန်တည်ငြိမ်နေလေသည်။ ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့်အဖိုးတန်အိုးနှင့် ရင်ဆိုင်ရသော်လည်း သူ၏ခံစားချက်များမှာ လွန်ကဲနေခြင်းမရှိပေ။
ဤပြောင်းလဲမှုမှာ သူ့ကိုပင် အနည်းငယ် ဝေခွဲမရဖြစ်စေသည်။
ဤအိုးကြီး တောက်ပလာကာ ရောင်စုံအလင်းများလည်း ထွက်ပေါ်လာလေ၏။ ဤအလင်းများမှာ ထာဝရရွှေကိုးမျိုးမှ ထွက်ပေါ်လာခြင်းပင်။
အိုးထဲမှ သက်ရှိတစ်ယောက် ရုန်းထွက်လာသော်လည်း နောက်ဆုံးတွင် ပြန်လည်ပျောက်ကွယ်သွားလေသည်။
ဤသွေးစက်များမှာ ပတ္တမြားကဲ့သို့ပင် တောက်ပနေကာ ယခုအချိန်တွင် အသံတစ်သံကိုလည်း ထုတ်လွှတ်လိုက်လေ၏။
“ငါ.. စောစောလာခဲ့မိတာပဲ …။ ” ဤစကားလုံးများတွင် အထီးကျန်မှုနှင့် ကူကယ်ရာမဲ့မှုများပင် ပါဝင်လေသည်။ ထို့အတူ ရိုက်နှက်ခံနေရသည့်ခံစားချက်လည်း ပါဝင်နေလေ၏။
ဤသည်မှာ မိန်းကလေးလား ယောက်ျားလေးလား သူ မသိပေ။ ဤသည်ကို အသံတစ်သံဆိုသည်ထက် နတ်စိတ်ဆန္ဒတစ်ခုဆိုလျှင် ပိုမှန်လိမ့်မည်။
“ခင်ဗျား ဘယ်သူလဲ” ရှီဟောင်မေးလိုက်၏။
သို့သော်လည်း ဤအိုးမှာ ဘာသံမှ ထွက်မလာတော့ပဲ ပြန်လည်တိတ်ဆိတ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ယခု စကားအနည်းငယ် ပြောလိုက်သည့်အချိန်မှာပင် အဆုံးမရှိသည့် လျှပ်စီးများသည် ဖိနှိပ်၍မရနိုင်သည့် အော်ရာနှင့်အတူ ထွက်ပေါ်လာလေသည်။
ရှီဟောင် တုန်လှုပ်သွားရသည်။ ဒါက ဘယ်လိုလျှပ်စီးအတိဒုက္ခမျိုးလဲ .. သူက ကောင်းကင်တာအိုအားလုံးကို ဖိနှိပ်ပြီးတော့ ဒီလောကကြီးကို ရှင်းပစ်တော့မှာလား..
ဤသည်မှာ သူတို့ပြောလိုက်သည့်စကားလုံးများကြောင့်ပင်။
ကောင်းကင်ထက်တွင် လျှပ်စီးအလင်းတန်းများ ကျရောက်လာလေ၏။ ဤကဲ့သို့သော အတိဒုက္ခမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။ ဤသည်မှာ ထာဝရသက်ရှိဖြစ်ချင်သည့်သူများ ကြုံရသည့် အတိဒုက္ခထက်ပင် ပိုကြောက်စရာကောင်းနေသေးသည်။
အိုးကြီး လှုပ်ရှားလာကာ ကောင်းကင်ကို မျက်နှာချင်းဆိုင်လိုက်လေသည်။ ထို့နောက်တွင် ဤအိုးကြီး တောက်ပလာကာ လျှပ်စီးအားလုံးကို စုတ်ယူသွားလေ၏။
ပြင်းထန်လှသည့်အသံတစ်သံ ထွက်ပေါ်လာပြီးနောက် လျှပ်စီးများအားလုံးသည် အိုးကြီး၏ ချေဖျက်ခြင်းကို ခံလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် လေဟာနယ်ထဲသို့ အရင်းအမြစ်စွမ်းအင်အနည်းငယ် ထွက်လာပြီး လေဟာနယ်ထဲရှိ အက်ကွဲကြောင်းများအားလုံးကို တိုက်စားသွားလေသည်။
ရှီဟောင်သည် ဤသည်ကိုကြည့်ရင်း ထိတ်လန့်လာမိသည်။ ဒါက ဘာကိုဆိုလိုချင်တာလဲ..
စကြာဝဠာကြီးတွင် မယုံကြည်နိုင်လောက်သည့် ပြောင်းလဲမှုများဖြစ်လာတော့မည်ဆိုမှသာ ပြိုင်ဘက်ကင်းသည့် လျှပ်စီးအတိဒုက္ခကျရောက်လာလိမ့်မည်ဟု အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည်။
ယခု သူဤအိုးနှင့်စကားပြောဖို့ ကြိုးစားရုံသာရှိပြီး တစ်ဖက်လူသည်လည်း စကားလုံးအနည်းငယ်သာ ပြောရသေးသော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးဖြစ်လာလေပြီ။ ဤသည်မှာ ကြောက်စရာကောင်းလှပြီး သူ နားမလည်နိုင်တော့ပေ။
သူ ဒီအိုးနဲ့ ဆက်သွယ်ဖို့ကြိုးစားရင် ဒီကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဟန်ချက်ကို ပျက်သွားစေနိုင်မလား..
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..
လူတစ်ယောက်က သူ့ကိုစကားပြောဖို့ကြိုးစားသောကြောင့် ဤကဲ့သို့သော မြင်ကွင်းမျိုးဖြစ်လာသည်ဆိုလျှင် ရှီဟောင်တကယ်ကို မတွေးတတ်တော့ပေ။
“ခင်ဗျား ဘယ်ကနေ ရောက်လာတာလဲ” ရှီဟောင်မေးလိုက်၏။
“ငါက အတိတ်ကလူ မဟုတ်သလို လက်ရှိပစ္စုပ္ပန်နဲ့လည်း မသက်ဆိုင်ဘူး” အိုးထဲမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
သို့သော်လည်း ဤစကားများကြောင့်ပင် ဤလောကကြီးမှာ ပို၍ကြောက်စရာကောင်းလာလေ၏။ လျှပ်စီးများသည် ရေတံခွန်ကဲ့သို့ပင် ကျရောက်လာလေသည်။
ဝုန်း..
အိုးကြီး တောက်ပလာကာ အိုးမျက်နှာပြင်တွင်ရှိနေသည့် မရေမတွက်နိုင်သည့်သင်္ကေတများ ပေါ်လာလေသည်။ ထိုသင်္ကေတများအားလုံးသည် အစီအရင်များကဲ့သို့ပင် ဤနေရာရှိ ကောင်းကင်ကို ချိတ်ပိတ်လိုက်ကာ ပြိုင်ဘက်ကင်းသည့်လျှပ်စီးအတိဒုက္ခကို ပြုပြင်လိုက်လေသည်။
ရှီဟောင် အံ့အားတကြီးပင် ဖြစ်သွားရ၏။ ဒီလိုနည်းလမ်းမျိုးကို ဘယ်သူက ယှဉ်နိုင်မှာလဲ..
ထာဝရတာအိုအော်ရာများနှင့်အတူ ရောက်လာသည့် လျှပ်စီးများအားလုံး ပျောက်ကွယ်သွားလေပြီ။ ဒီအိုးက ထာဝရဘုရင်တစ်ယောက်နဲ့တောင် ယှဉ်နိုင်တာလား..
အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် ရှီဟောင် စဉ်းစားကြည့်လိုက်သည်။
ဤအိုးမှ အသံအရ သူက .. အနာဂတ်က ရောက်လာတာလား..
သူ ထိတ်လန့်သွားရသည်။ သူ ယခင်ကတည်းက ဤကဲ့သို့ဖြစ်လိမ့်မည်ဟု သံသယရှိခဲ့သော်လည်း တကယ်ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူကြောက်လန့်သွားဆဲပင်။
“ခင်ဗျားက အတိတ်နဲ့ပစ္စုပ္ပန်က မဟုတ်ဘူးဆိုတော့ အနာဂတ်လောကကနေ လာတာလား” ရှီဟောင် သူတည်ငြိမ်သွားအောင် အတတ်နိုင်ဆုံးကြိုးစားနေရလေသည်။
သူစကားပြောပြီးသော်လည်း ထိုအိုးမှာ ဘာသံမှ ထွက်မလာပဲ တိတ်ဆိတ်နေဆဲပင်။
သို့သော်လည်း လေဟာနယ်ထဲတွင်ရှိနေသည့် လျှပ်စီးအတိဒုက္ခမှာမူ ယခင်ကထက် အဆပေါင်းများစွာ ပို၍ပြင်းထန်လာလေသည်။
ဒီစကားရဲ့ အကျိုးသက်ရောက်မှုက အဲဒီလောက်တောင် ကြီးတာလား..
တိုင်းတာ၍မရလောက်သည့် ကပ်ဆိုးများကို ရှောင်ရှားရန်အတွက် ဤအိုးပင် ဘာမှပြန်မပြောတော့ပေ။
ရှီဟောင် တကယ်ပင် ထိတ်လန့်သွားရသည်။ တစ်ဖက်လူဘာမှ ပြန်မပြောသောကြောင့် ဤသည်မှာ အသိအမှတ်ပြုသည်ဟု သတ်မှတ်၍ရသည်မလား..
ဘုရားရေ .. သူ ရူးတော့မယ် .. ဒါက တကယ်ပဲ အနာဂတ်ကနေလာတဲ့သက်ရှိလား..
အနာဂတ်မှာ ဘာတွေဖြစ်ခဲ့လို့ ဒီလိုမျိုး သူ့ဆီကို လူလွတ်ပြီး လာပြောခိုင်းရတာလဲ..
ဤအိုးကြီးကို ချောက်နက်ကြီးထဲတွင် ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို သူ မှတ်မိနေဆဲပင်။ ဤအိုးသည် သူ့အား အကူအညီလာတောင်းခြင်းပင်။
ဒီလိုမျိုးကိစ္စဖြစ်လာရလောက်အောင် အနာဂတ်မှာ ဘာတွေ ဖြစ်လာမှာလဲ..
ရှီဟောင်သည် တွေးလေလေ ပို၍ကြောက်လာလေလေပင်။ အနာဂတ်မှာ အမှောင်ထုတွေပဲ ရှိမှာလား ..သူ ဘာမှမမြင်ရပေ။ အားလုံးကို မြူများ လွှမ်းခြုံထားသည်။
ဝုန်း ..
ရှီဟောင်၏မေးခွန်းကြောင့် ထိုလျှပ်စီးများ ကျရောက်လာလေသည်။
ထို့ကြောင့် အိုးကြီးလည်း နောက်တစ်ကြိမ် လှုပ်ရှားလာလေ၏။ ယခုတစ်ကြိမ်တွင်တော့ ထိုအိုး အတော်လေး တုန်ခါသွားလေသည်။ မျက်နှာပြင်ပေါ်ရှိ အနီရင့်ရောင်သွေးများ တောက်ပလာကာ အန္တရာယ်များသည့် အခြေအနေကို ချေဖျက်လိုက်လေ၏။
ရှီဟောင်သည် မလှုပ်ရှားနိုင်ပဲ မျက်လုံးပြူးဖြင့်သာ ကြည့်နေမိသည်။ သူ၏နောက်ကျောဘက်တွင်ပင် ချွေးပြန်လာရ၏။
သူတစ်ခုခု ပြောလိုက်လျှင် ကပ်ဆိုးကြီးကို ရန်စသလို ဖြစ်သွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအိုးပင်လျှင် တိတ်ဆိတ်သွားပြီး စကားတစ်လုံးမှ မပြောတော့ပေ။
ထို့ကြောင့် ရှီဟောင်လည်း သူ့ဘာသာသူ စဉ်းစားကြည့်ရုံသာ တတ်နိုင်တော့သည်။ အနာဂတ်တွင် ဘာဖြစ်နိုင်သည်ကို ခန့်မှန်းလိုက်သည်။
ထိုအချိန်တွင် သူ့အတွေးများလွင့်ပျံသွားကာ အနာဂတ်အကြောင်းသာမက ယခင်ခေတ်ကအကြောင်းများကိုပါ စဉ်းစားမိသွားသည်။
“ငါက အနာဂတ်ကနေ အတိတ်ကို ပြန်ကြည့်နေတဲ့သူဆိုရင် ငါ ဘာလုပ်ချင်မလဲ” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။
ဖြစ်ပြီးသမျှကို ပြန်ပြောင်းလို့မရတော့ဘူး .. အဲဒီတော့ အနာဂတ်ကနေ အတိတ်ကို ပြန်လာတာက ဒီအိုးက ဘာလုပ်ချင်နေလို့လဲ…
ရှီဟောင်သည် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင် “ငါသာ အတိတ်ကို ပြန်သွားနိုင်ရင် ငါ့ရန်သူတွေအကြောင်း ပိုသိအောင်ပဲ လုပ်ချင်မှာ .. ထာဝရရှေးဟောင်းခေတ်ကြီး ဘာလို့အဆုံးသတ်သွားတာလဲဆိုတာ သိအောင်လုပ်မယ် .. ရန်သူတွေကို ဘယ်လိုမျိုး ဖိနှိပ်နိုင်မလဲဆိုတာ သိအောင်လုပ်မယ်”
ရှီဟောင်သည် ဤနည်းလမ်းဖြင့်ပင် အနာဂတ်မှ ရောက်လာသည့်သူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းလိုက်သည်။
“ငါတို့ခေတ်ကြီးက ပျက်စီးသွားပြီး အဆုံးသတ်သွားတာလား .. သက်ရှိအားလုံး ပျက်စီးသွားတာလား.. နောင်မှာ ခေတ်တစ်ခု ပေါ်လာပြီးတော့ သူတို့တွေက ဒီကအခြေအနေတွေကို သိချင်တာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ထိုသို့စဉ်းစားရင်းဖြင့် ရှီဟောင် စိတ်ပျက်ပြီး ဒေါသထွက်လာရသည်။ သူတို့လည်း ထာဝရရှေးဟောင်းမြေခေတ်နောက် လိုက်ရဦးမှာလား .. ဒီလောကကြီးလည်း ရှုံးနိမ့်သွားပြီး သက်ရှိအားလုံးလည်း အဆုံးသတ်တော့မှာလား..
အပြင်ဘက်လောကတွင် အဆင့်လွန်ကျင့်ကြံသူ သုံးယောက်သည် နေရာတိုင်းတွင် ရှာဖွေနေလေသည်။ ဤအခြေအနေမှာ ထူးဆန်းလှသည်။ ဂျီးနီးယပ်စ်တစ်ယောက် သူတို့မျက်စိရှေ့တွင်ပင် ပျောက်သွားခဲ့ခြင်းပင်။
သူတို့၏ နတ်အာရုံများမှာ ထူးခြားလှပြီး စီရင်စုသုံးထောင်ကို ချိတ်ပိတ်ထားနိုင်သော်လည်း ယခုတော့ သူတို့အနည်းငယ် ရှက်မိသလို အနည်းငယ်လည်း ကြောက်ရွံ့မိသည်။
ထူးဆန်းသည့် စွမ်းအားလှိုင်းတစ်ခု ပေါ်လာကာ ထိုလူငယ်ကို ခေါ်သွားခဲ့ခြင်းပင်။ ထိုစွမ်းအားလှိုင်းမှာ သူတို့သုံးယောက်လုံးထက် စွမ်းအားကြီးနေသည်။ မဟုတ်ပါက သူတို့အာရုံထဲမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
“ဧကရာဇ်မြို့ထဲက အဲဒီသက်ရှိကြီး တိုက်ခိုက်တာများလား..”
“အဲဒီလူတွေ အသက်ရှင်နေတုန်းပဲလား..”
သူတို့အချင်းချင်း တီးတိုးပြောလိုက်သည်။ သူတို့သည် ခမ်းနားလှသည့် ဒုတိယမြောက်ဂိတ်တံခါးကိုကြည့်ပြီး နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။ ဤအရာကြောင့်သာမဟုတ်ပါက ဒီကိစ္စကြီးကို ဘယ်လိုရှင်းပြရမှာလဲ..
“ဘာပဲဖြစ်ဖြစ် ဒီစွမ်းအားမျိုးက ငါတို့အားလုံးထက် သာတယ် .. တစ်ယောက်ယောက်က တမင်သက်သက််နှောက်ယှက်တာဆိုရင် ငါတို့ သွားမစမ်းတာ အကောင်းဆုံးပဲ…”
ဤကိစ္စကို ဆွေးနွေးပြီးနောက် သူတို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။
“သွားကြစို့ .. ငါတို့ ပြန်သွားပြီးတော့ စီရင်စုသုံးထောင်ကနေ ထွက်သွားသင့်နေပြီ .. ငါတို့ ဒီဧကရာဇ်မြို့ကနေ ထွက်ရအောင်”
ထို့နောက်တွင် သူတို့သည် ထိုဂျီးနီးယပ်စ်များကို အသံပို့လွတ်လိုက်ပြီးနောက် သူတို့ လောကများကို ဖြတ်သန်းသွားတော့မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
သို့သော်လည်း လူတစ်ယောက်ပျောက်နေသောကြောင့် သူတို့သုံးယောက်လုံး အရှက်ရနေဆဲပင်။
နောက်ဆုံးတော့ .. သူတို့ထွက်ခွာသွားလေပြီ…
ထိုမှုန်မှိုင်းသည့် လောကထဲတွင်တော့ ရှီဟောင်သည် သူ့ကိုယ်သူ စကားပြောနေဆဲဖြစ်ပြီး ထိုအိုးနှင့်ဆက်သွယ်ဖို့ကြိုးစားကာ အရာအားလုံးကို နားလည်ရန် ကြိုးစားနေဆဲပင်။
ရှီဟောင် ကြောက်ရွံ့နေကာ ဤကိစ္စကို အလုံးစုံ နားမလည်သေးနိုင်သော်လည်း ထိုအိုးမှ ဘာသံမှ ထွက်မလာတော့ပေ။
သူစိတ်တည်ငြိမ်သွားသည့်နောက်တွင် ဤအိုးသည် အနာဂတ်မှ ရောက်လာသည့်ဆိုသည့်အချက်ကို သူလက်ခံလိုက်သည်။ ဤလောကတွင် အချိန်စီးဆင်းမှုကို နှောက်ယှက်နိုင်သည့် နတ်စွမ်းရည်ရှိသည့်သူများ ရှိသည်သာ။
ဥပမာအားဖြင့် အဆုံးမရှိခြင်းနှင့် ပြန်လည်ဝင်စားခြင်းထာဝရဘုရင်တို့ ပူးပေါင်းလိုက်သည့်အချိန်တွင် သူတို့သည် ရှီဟောင်အား အတိတ်သို့စိတ်ဖြင့် အလည်သွားနိုင်အောင် လုပ်ပေးခဲ့သည်ပင်။
အတိတ်တုန်းကပင်လျှင် ဖြစ်နိုင်သောကြောင့် ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူမှာ အနာဂတ်တွင်လည်း ရှိနိုင်သည်သာ။
ရှီဟောင်သည် သက်ပြင်းချလိုက်ကာ “အနာဂတ်မှာ ငါ ဘယ်ရောက်နေမလဲ .. ဒီခေတ်ကြီးအဆုံးမှာ ငါလည်း ပျက်စီးသွားမှာများလား..”
သူသည် ထိုအိုးကို ကြည့်ပြီး ခပ်ဝေးဝေးသို့ ကြည့်လိုက်သည်။ ဤလောကကြီးမှာ မှုန်မှိုင်းနေပြီး အရိုးဖြူများသည်လည်း နှင်းများကဲ့သို့ပင် နေရာတိုင်းတွင် သိပ်သည်းစွာ ရှိနေလေသည်။
ဒါက သူ့အနာဂတ်ကို ပြောပြနေတာလား .. အထီးကျန်ပြီး မျှော်လင့်ချက်မရှိဘူး..
“ငါ မယုံဘူး..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။ “ငါ မသေနိုင်ဘူး .. ငါက မသေမျိုးဖြစ်သွားပြီးတော့ အတိတ်နဲ့ပစ္စုပ္ပန်က ရန်သူတွေအားလုံးကို သတ်ပစ်မှာ”
ထိုစကားထွက်လာပြီးသည့်နောက်တွင် ထိုအိုးကြီး တုန်ခါလာကာ အလွန်တောက်ပလာလေ၏။ ဤသည်မှာ သူ့ကို ထောက်ခံသကဲ့သို့ ဖြစ်နေသောကြောင့် သူ အလွန်ပျော်ရွှင်သွားရသည်။
“ခင်ဗျားက တကယ်ပဲ ကျုပ်ကို ဘာပြောချင်နေတာလဲ” ရှီဟောင် မေးလိုက်၏။
ဤအိုးမှ သူ့ကို အကူအညီတောင်းချင်တာပဲဖြစ်ဖြစ် သူ့ကို ဆက်သွယ်ဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ် ဤအိုးထံတွင် သူ့ကို ပြောစရာတစ်ခုခုရှိနေသည်သာ။
“အဲဒီတိုက်ပွဲကို ငါ မင်းကို ကြည့်စေချင်တယ်” ရုတ်တရက်ပင် ထိုအိုးမှ အသံတစ်သံ ထွက်လာလေသည်။ ယခုတစ်ခေါက်တွင်သူသည် အားအများကြီးကို အသုံးပြုထားသည်ပင်။
ဝုန်း…
ရှီဟောင် တစ်ကိုယ်လုံး တုန်ခါသွားရ၏။ ထူးဆန်းသည့်မြင်ကွင်းတစ်ခုကို သူမြင်ရတော့မည်။
ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ များပြားလှသော သဘာဝဥပဒေသများ ရောယှက်သွားလေသည်။ ထာဝရစွမ်းအင်ပါဝင်သည့် လျှပ်စီးများလည်း တရစပ် ကျရောက်လာလေ၏။
အပိုင်း ၁၂၅၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၇ – လောကကြီး၏ အခြားတစ်ဖက်
လျှပ်စီးများ ချက်ချင်းပစ်ချလာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် ပေါက်ကွဲသွားလေသည်။ အဆုံးမရှိသည့် စစ်မြေပြင်ကြီးပင်လျှင် ပျက်စီးသွားတော့မလိုပင်။ ဤလျှပ်စီးများမှာ ကြောက်စရာကောင်းလွန်းလှပြီး လျှပ်စီးတန်းတစ်ခုမှာ စီရင်စုတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ ဤသည်သာ စီရင်စုသုံးထောင်တွင် ဖြစ်ပျက်ခဲ့သည်ဆိုပါက ရလဒ်မှာ မတွေးရဲစရာပင်။
အိုးကြီးသည် နောက်တစ်ကြိမ် တရှိန်ထိုး ပြေးလာကာ လျှပ်စီးအားလုံးကို အဆုံးသတ်ပစ်လိုက်လေသည်။
နောက်ဆုံးတွင်တော့ ကြောက်စရာအလွန်ကောင်းပြီး သူပင် တစ်ခါမှ မမြင်ဖူးသည့် လျှပ်စီးတာအိုသည် အလင်းမိုးအဖြစ် ပျောက်ကွယ်သွားလေ၏။
သို့သော်လည်း ဤအိုးသည် အနည်းငယ် အရောင်မှိန်သွားကာ သွေးများလည်း ထူးဆန်းစွာပင် တောက်ပလာလေ၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ ထိုသွေးများ ပြန်လည်မဲမှောင်သွားလေသည်။
ဤအိုးမှာ စွမ်းအားကြီးလွန်းလှပြီး လျှပ်စီးများကိုပင် ဖယ်ရှားပစ်နိုင်သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရန်အတွက် သူ အများကြီး ပေးဆပ်လိုက်ရသည်သာ။
ဤကဲ့သို့သော လျှပ်စီးများပေါ်လာခြင်းမှာ သူနှင့် အိုးတို့ကြားမှ စကားများကြောင့်ဖြစ်သည်ကို ရှီဟောင်သိသည်။
သူ မသက်မသာခံစားလိုက်ရ၏။ အနာဂတ်က ဘယ်လိုဖြစ်လာမှာလဲ .. ဒီအိုးက အနာဂတ်ကနေလာပြီးတော့ သူ့လိုမျိုး ‘ရှေးဟောင်းလူသား’ ကို လာရှာနေတာက အနာဂတ်မှာ အခြေအနေတွေ အရမ်းဆိုးဝါးနေလို့လား ..
ယခု သူတို့စကားအနည်းငယ်သာ ပြောရသေးသည်။ အဓိကအကြောင်းအရင်းကိုပင် မပြောရသေး။ ထိုသို့တောင်မှ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေလေပြီ။
သူ ဤအိုးနှင့် တကယ်စကားပြော၍မရသည်ကို ရှီဟောင်သိသည်။ ဤကဲ့သို့ သေးသေးမွှားမွှားလေး ပြောနေသည်ပင် ဤကဲ့သို့ဖြစ်နေလေပြီ။
သူတို့ပြောချင်သည့် အကြောင်းအရာများကိုသာ ပြောလိုက်ပါက အကျိုးသက်ရောက်မှု များသွားလိမ့်မည်။
ဤသည်မှာ သမိုင်းကိုပင် ပြောင်းလဲသွားလိမ့်မည်။
နောက်ပိုင်းမျိုးဆက်များအတွက်မူ အရာအားလုံးမှာ ဖြစ်ပျက်ပြီးသွားပြီဖြစ်သောကြောင့် ဘာမှပြန်ပြင်၍မရတော့ပေ။ သူတို့ပြန်ကြည့်ရုံသာ တတ်နိုင်လိမ့်မည်။
အနာဂတ်မှ လူများ၏ မှော်စွမ်းအင်များ ကောင်းသည်ဆိုလျှင်ပင် သူတို့ ဘာမှမပြောင်းလဲနိုင်။ သူတို့ဤအိုးကို ပို့ပြီး ပြောင်းလဲချင်သည်ဆိုလျှင် ဤအိုးသည် နံပါတ်တစ် မှော်ပစ္စည်းဖြစ်စေကာမူ ပျက်စီးသွားမည်ပင်။
“သူတို့က မျှော်လင့်ချက် အကြီးကြီးထားနေပေမယ့် ငါ့ကို ဘာမှ ပြောပြလို့မရဘူး .. ငါ့ဘာသာငါပဲ တဖြည်းဖြည်းချင်း ခန့်မှန်းရတော့မယ်” ရှီဟောင် အိုးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
ဤအိုးမှ သူ့အား ထိုတိုက်ပွဲတွင် တွေ့ချင်သည်ဟု ပြောလိုက်သော်လည်း ဤသတင်းမှာ မလုံလောက်ပေ။
ထို့အပြင် ဤအိုးသည် ဘာစကားမှ ပြော၍မရတော့ပဲ သူ့ကို လမ်းညွှန်ရုံသာ တတ်နိုင်တော့သည်ဟု ရှီဟောင်ခံစားနေရသည်။
“ငါ အနာဂတ်က တစ်ပိုင်းတစ်စကို မြင်ပြီသား .. နေရာတိုင်းက ပျက်စီးယိုယွင်းနေတာ .. ဘာသက်ရှိမှလည်း မရှိတော့ဘူး .. မိုးမခနတ်ဘုရားတောင်မှ သေသွားပြီးတော့ မည်းတူးနေတဲ့ သစ်တုံးဖြစ်သွားတာ .. ငါက အဲဒီသစ်တုံးကြီးကို ကျောပေးပြီးတော့ ထိုင်နေခဲ့တာ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ ဤသည်မှာ သူမြင်ခဲ့ရသည့်မြင်ကွင်းပင်။
“အဲဒါက အဆုံးသတ်လား .. မင်းက နောက်လောက,ကလာတာဆိုရင် ဒီအကြောင်းတွေကို သိသင့်တယ်လေ ဟုတ်တယ်မလား” ရှီဟောင်မေးလိုက်၏။
သို့သော်လည်း ယခုတစ်ခေါက်တွင်တော့ ထိုအိုးမှာ ဘာမှပြန်မပြောတော့ပေ။
သူသည် တစ်ခုခုကို ဆန်းစစ်နေသလိုပင်။
အဘယ်ကြောင့်ဆိုသော် အိုးကိုယ်ထည်ပေါ်တွင်ရှိနေသည့် ဧကရာဇ်သွေးများ စည်းချက်ကျကျတောက်ပလာသောကြောင့်ပင်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ဖြစ်ရန် သူ မလိုလားသော်လည်း သူ စိတ်ဓာတ်မကျမိပေ။
သို့သော်လည်း ဤအိုးကြီးကြောင့် သူ မတည်ငြိမ်နိုင်တော့ပေ။
နောင်မျိုးဆက်တွေတောင်မှ ဒီခေတ်ကြီးအကြောင်းကို မသိတာများလား..
ဒီခေတ်ကြီး အဆုံးသတ်သွားရင် သူက ဘယ်ရောက်နေမှာလဲ..
သူသေသွားမှာလား .. ဒါမှမဟုတ် ခန့်မှန်းလို့မရတဲ့အဖြစ်အပျက်တွေ ဖြစ်လာနိုင်တာလား..
“ကြည့်ရတာ ငါ့ကို ပြောစရာတစ်ခုခုရှိနေတယ်ထင်တယ် .. မဟုတ်ရင် မင်းဒီလောက် အဝေးကြီးလာမှာမဟုတ်ဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူမြင်ခဲ့ရတဲ့ အနာဂတ်အပိုင်းအစလေးက အဆုံးသတ်ရလာဒ်လား …
အရာအားလုံးသာ တိတ်ဆိတ်သွားပြီး၊ လောကကြီးတစ်ခုလုံးလည်း ပျက်စီးသွားလျှင် သူအသက်ရှင်ကျန်ခဲ့လည်း ဘာလုပ်ရမည်နည်း.. သူ၏သူငယ်ချင်းများ၊ သူချစ်ရသည့်သူများ၊ ရန်သူများပင် သေဆုံးသွားလိမ့်မည်။
“ငါ အားလုံးကို ပြောင်းလဲပစ်နိုင်တယ် .. အဲဒါက အနာဂတ်မဟုတ်ဘူး .. အဆုံးသတ်မဟုတ်ဘူး” ရှီဟောင်ပြောလိုက်၏။
အိုးကြီးသည် ထောက်ခံသကဲ့သို့ လှုပ်ရမ်းလာလေ၏။ သို့သော်လည်း ဤသည်မှာ တစ်ခုခုကို ခံစားနေရသည့်ပုံလည်းပေါ်နေသည်။
ရွှီး..
ရုတ်တရက်ပင် ဤအိုးသည် လေဟာနယ်ကို ဖြတ်သွားကာ သူ့မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားလေသည်။
သူသည် ဤအိုးထွက်သွားသည်ကို ငေးကြည့်ရုံသာ တတ်နိုင်လိုက်သည်။ ထိုအိုးသည် တွေဝေခြင်းမရှိပဲ ထွက်သွားလေပြီ။
ရှီဟောင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ သူ လုံလောက်အောင် မသန်မာသေးပေ။ သူသာ လုံလောက်အောင်သန်မာလျှင် အရာအားလုံးကို နားလည်နိုင်ပြီး ဤအိုးကိုလည်း ဤနေရာတွင် နေခဲ့အောင် လုပ်နိုင်လိမ့်မည်။
“ဟုတ်သားပဲ … သူ လာတာ စောလွန်းသွားတယ်လို့ပြောခဲ့သေးတယ် .. သူတွေ့ချင်တာက လက်ရှိငါ့ကိုမဟုတ်ပဲ ဒီထက်ပိုစွမ်းအားကြီးတဲ့ ငါ့ကိုပဲ ..” ရှီဟောင် နားလည်သွားလေပြီ။
ဒါပေမဲ့ သူက အခု ဘယ်လိုပြန်သွားရတော့မှာလဲ .. ဤနေရာမှာ သူ ယခင်က ရှိနေခဲ့သည့်နေရာ မဟုတ်လောက်တော့ပေ။
သူ ဤနေရာသို့ ရောက်လာခဲ့သည့်လမ်းကြောင်းမှာ ဧကရာဇ်မြို့ထဲတွင်သာ ရှိသည်ကို သူသိသည်။ သို့သော်လည်း ယခု သူ အဆင့်လွန်ကျင့်ကြံသူသုံးယောက်နှင့် အတော်ဝေးဝေးတွင် ရောက်နေလေပြီ။
“သူထွက်သွားပေမယ့် အက်ကွဲကြောင်းက ပိတ်မသွားသေးဘူး”
အရှေ့ဘက်တွင် အလင်းတန်းများကို သူတွေ့လိုက်ရသည်။ ဤသည်မှာ ထိုအိုးထွက်သွားပြီးနောက် ကျန်ခဲ့သည့်အလင်းတန်းများပင်။ ထိုနေရာရှိ လေဟာနယ်တွင် အက်ကွဲကြောင်းရှိနေဆဲဖြစ်ပြီး တုန်ခါနေဆဲပင်။
ဤအိုးမှာ သူ့ကို မထိခိုက်နိုင်သည်ကို သူသိသည်။
ထိုနေရာတွင် အန္တရာယ်ရှိနေပါက သူ ထိုလမ်းကို ချန်ထားခဲ့မည် မဟုတ်ပေ။ သူ့ကို လမ်းပြချင်နေတာလား..
ဒါက သူလုပ်နိုင်တာ အကုန်ပဲ ဖြစ်လောက်တယ် .. သူသာ ထပ်နှောက်ယှက်နေရင် ကံကြမ္မာဆိုးကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်တယ်..
ဤနေရာမှာ မှုန်မှိုင်းနေပြီး မြက်တစ်ပင်မှပင် မရှိပေ။ ထိုအလင်းရောင်သည် တစ်ခုတည်းသော အလင်းရောင်ပင်။
ရွှီးဟူသည့်အသံနှင့်အတူ ရှီဟောင် ထိုနေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ထို့နောက်တွင် သူသည် ချက်ချင်းပင် ပန်း၏မွှေးရနံ့ကို ရလိုက်ပြီး ငှက်အော်သံများလည်း ကြားလိုက်ရသည်။ သစ်ပင်နှင့်မြက်ပင်များမှာ စိမ်းလန်းလှပြီး ရေများလည်းကြည်လင်နေလေသည်။
ရှီဟောင် ဆွံ့အသွားရ၏။ ဤမြင်ကွင်းမှာ သူထင်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ပင်။ ဤနေရာတွင် မည်သည့်အလောင်းမှ မရှိတော့ပဲ အသက်ဓာတ်များသာ ရှိတော့သည်။
“ငါ ဘယ်လိုနေရာကို ရောက်လာတာလဲ..” ရှီဟောင် စိတ်ပျံ့လွင့်သွားရ၏။ ယခင်နေရာနှင့် ယခုနေရာမှာ ကွာခြားလွန်းလှသည်။
သူ့နောက်တွင်ရှိနေသည့် အလင်းရောင်ကြီး ပျောက်ကွယ်သွားကာ အက်ကွဲကြောင်းလည်း ပြန်ပိတ်သွားသည်။
ရှီဟောင် အနောက်ဘက်လှည့်ကြည့်ကာ ဤနေရာကို မှတ်ထားလိုက်သည်။ သူပြန်လျှင် ဤနေရာကို အသုံးပြုရနိုင်သည်။
သူ ဘယ်လိုနေရာမျိုးကို ရောက်လာသလဲဆိုတာ သူသိချင်သေးသည်။ သူ့ကို ထူးဆန်းသည့်ဥပဒေသများမှ ဖိနှိပ်လာမည်စိုးသောကြောင့် ရှီဟောင် လက်လွတ်စပယ် မပျံသန်းရဲပေ။ ဤလောကမှာ သာမန်မဟုတ်သည်မှာ သိသာလှသည်။
ရွှီး..
ရုတ်တရက်ပင် အော်ဟစ်နေသည့် ငှက်တစ်ကောင်သည် အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ပျံသန်းလာလေ၏။ ဤအလင်း၏အရှိန်မှာ လျင်မြန်လွန်းလှသည်။
ဒုန်း..
ရှီဟောင် ထိုအလင်းတန်းကို သူ၏လက်မောင်းဖြင့် ကာလိုက်သည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများကြားမှ မီးပွားများလွင့်စင်လာပြီး သတ္တုအချင်းချင်း တိုက်မိသကဲ့သို့ တချွမ်းချွမ်းအသံများလည်း ထွက်ပေါ်လာလေသည်။
ဤသည်မှာ သူ့ကို ထိတ်လန့်သွားစေ၏။ ဒီငှက်လေးက လက်ဝါးသာသာပဲရှိတာ ဘယ်လိုလုပ် ဒီလောက် အားကောင်းနေတာလဲ .. ပြီးတော့ ခန္ဓာကိုယ်ကလည်း အရမ်းမာတယ်…
ငှက်လေးသည် အစိမ်းရောင်အလင်းတန်းနှင့်အတူ ပြန်ဆုတ်သွားပြီး သိပ်မဝေးသည့်တောင်ထိပ်ပေါ်တွင် နားနေကာ သူ့အား စိုက်ကြည့်နေလေသည်။
ရှီဟောင်မျက်မှောင်ကြုတ်ကာ သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။
ဤငှက်၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် ရှီဟောင် ဘာကိုမှ သတိမပြုမိလိုက်ပေ။ ယခု သူအားလုံးကို မြင်လိုက်ရလေပြီ။ ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် အသက်ရှူသံများ အေးခဲသွားရသည်။ ဤသည်မှာ စီရင်စုသုံးထောင်တွင် မရှိသည့်မျိုးစိတ်ပင်။
ဤငှက်သည် သိပ်မကြီးသော်လည်း သူ၏သွင်ပြင်မှာ ထူးဆန်းသည်။ ငှက်နှုတ်သီးသည် နဂါးအစစ်ကဲ့သို့ပင် ကွေးကောက်နေလေ၏။
ထို့အပြင် သူ၏အစိမ်းရောင်အတောင်ပံများပေါ်တွင် ဦးခေါင်းပုံများရှိနေလေသည်။ ဤပုံများမှာ လုပ်ထားခြင်းမဟုတ်ပဲ သူ့ဘာသာသူရှိနေခြင်းပင်။
“နဂါးနှုတ်သီးသေမင်းငှက်လား..”
ရှီဟောင်မှာ သူမြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။ သူ ဤငှက်ကိုသိသော်လည်း ဤငှက်သည် လက်ရှိလောကတွင် မရှိတော့ပဲ မျိုးတုန်းသွားသည်မှာ ကြာလှလေပြီ။ ဤသည်မှာ အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် နတ်ဆိုးငှက်ပင်။
ဤသည်မှာ ရှေးကျလှပြီး ဤခေတ်၏အစပိုင်းတွင်သာ ရှိသည်။ နောက်ပိုင်းတွင်တော့ သူတို့မျိုးတုန်းသွားလေသည်။
သို့သော်လည်း ဤသည်မှာ ယခင်ခေတ်က စွမ်းအားကြီးသည့် လူမျိုးစုတစ်ခုဖြစ်သည်ဟု ပြောကြသည်ပင်။ သူတို့အရွယ်အစားသိပ်မကြီးသော်လည်း ခွန်အားကောင်းကြသည်ပင်။
“ငါ ဘယ်လိုနေရာကို ရောက်လာတာလဲ … ငါ ဘာလို့ ဒီလိုအကောင်မျိုးကို မြင်နေရတာလဲ” ရှီဟောင် စိတ်ရှုပ်ထွေးသွားရသည်။
သူနားလည်သလောက်ဆိုလျှင် ဤလောကကြီးတွင် ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပြီး သဘာဝဥပဒေသများလည်း ကွဲပြားသွားသည်ပင်။ သက်ရှိများစွာမှာ ဤလောက၏ သဘာဝဥပဒေသများနှင့် လိုက်လျောညီထွေမရှိသောကြောင့် ပျောက်ကွယ်သွားတာ ကြာလှလေပြီ။
တာအိုသုံးထောင်ပန်းပွင့်ဖတ်များနှင့် ထာဝရရှေးဟောင်းမြေကို ချိတ်ဆက်နိုင်တုန်းကပင်လျှင် ဤကဲ့သို့သော နတ်ဆိုးငှက်မျိုး ပျောက်ကွယ်နေဆဲပင်။
ဤငှက်မှာ ဤလောကတွင် မရှိသင့်တော့ပေ။
သို့သော်လည်း သူမျက်စိရှေ့တွင် ဤငှက်ကို မြင်နေရသည်။
ဤနဂါးနှုတ်သီးသေမင်းငှက်မှာ အလွန်ပင် စွမ်းအားကြီးလှသည်။
သို့သော်လည်း သူ၏မျက်လုံးများမှာ နီရဲနေပြီး မှတ်တမ်းတင်ထားသည့် မြစိမ်းရောင်နှင့်မတူသည်ကို သူ သတိထားမိသည်။ ဤငှက်မှ ထူးဆန်းကာ ကြောက်စရာကောင်းသည့် အလင်းတန်းများ တောက်ပနေလေသည်။
ရှီဟောင် နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ သူသည် ဤငှက်ကို ထာဝရရှေးဟောင်းခေတ်မှ စစ်ပွဲနှင့် မဆက်စပ်မိပဲ မနေနိုင်။
ထိုအချိန်တုန်းက ကျူးကျော်ခဲ့သူများ၏မျက်လုံးများသည်လည်း ဤကဲ့သို့ နီရဲနေသည်သာ။
“ငါရောက်လာတဲ့နေရာက အဲဒီလောကလို့တော့ မပြောနဲ့နော်…”
ဤသည်သာ အမှန်ဆိုပါက ဤသည်မှာ လန့်စရာကောင်းလွန်းလှသည်ပင်။
သို့သော် သူခေါင်းကို အားကုန်ခါလိုက်သည်။ နယ်ခြားစပ်မှာ ဖောက်ဝင်နိုင်ရန် ခက်ခဲလှပြီး ဖြတ်သန်းရန် မလွယ်ကူပေ။
ဒါပေမဲ့ အဲဒီအိုး .. သူ့မှာ ဒီလိုမျိုးစွမ်းအားမျိုးရှိနေတာလား..
ရွှီး..
အစိမ်းရောင်အလင်းများ တောက်ပလာပြီး ထိုငှက်နောက်တစ်ကြိမ် ပျံသန်းလာလေသည်။ ထို့အပြင် ယခုတစ်ခေါက်တွင် သူသည် တာအိုပညာကိုလည်း အသုံးပြုလိုက်လေ၏။ ငှက်နှုတ်သီးတောက်ပလာကာ နဂါးပုံစံဓားသွားများ ထုတ်လွှတ်လာလေသည်။
သာမန်ကောင်းကင်နတ်ဘုရားများသာဆိုပါက ဤသည်ကို ထိမိသည်နှင့် သေသွားမည်ပင်။ ရှီဟောင် သက်ပြင်းချလိုက်သည်။
ထို့နောက် သူသည် ခွန်ပန်ပညာကို အသုံးပြုကာ ဤငှက်ကို ဖိနှိပ်လိုက်သည်။ သူဘယ်နေရာတွင် ရောက်နေသလဲဆိုသည်ကို ဤငှက်ကို စစ်မေးရမည်။
သို့သော် ထိတ်လန့်စရာကောင်းသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့လေသည်။ ဤငှက်ကို ဖိနှိပ်လိုက်သည့်အချိန်တွင် သူ၏အနီရောင်မျက်လုံးများ အရောင်မှိန်သွားကာ သူ၏ခန္ဓာကိုယ်လည်း စတင်ပုပ်သိုးလာလေ၏။ ထို့နောက်တွင် သူ၏အတောင်ပံများမှာ ပြာမှုန့်များဖြစ်သွားလေသ်ည။
ထို့နောက်တွင် တစ်ကောင်လုံးပြာမှုန့်ဖြစ်သွားလေ၏။
သူ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်မှာ ချက်ချင်းပင် ရှင်းခံလိုက်ရလေ၏။
ရှီဟောင် ဤနေရာကို လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် ဤနတ်ဆိုးငှက်သည် ဤနေရာအား အုပ်ချုပ်နေခြင်းဖြစ်သည်ကို သူတွေ့လိုက်ရသည်။ သက်ရှိများအားလုံး သူ့လက်အောက်တွင် အသက်ရှင်နေကြရသည်သာ။
သို့သော် ဤနေရာမှာ ထူးဆန်းလွန်းလှသည်။ ငှက်များ၊ သားရဲများအားလုံးသည် အနီရောင်မျက်လုံးများဖြစ်ပြီး သူတို့ကို ယဉ်ကျေးအောင် သင်၍မရပေ။ သူတို့ဒဏ်ရာရသွားသည်နှင့် ပြာမှုန့်များဖြစ်သွားလေသည်။
“ငါ ရန်သူနယ်မြေထဲ ရောက်သွားတာလား .. ငါ ဒီကိစ္စကို အသေးစိတ်သိရအောင် လုပ်ရမယ်…”
ရှီဟောင် အသက်ရှူသံများ မြန်ဆန်နေလေ၏။ ဤမမျှော်လင့်ထားသည့် ခရီးစဉ်မှာ သူ့ကို တည်ငြိမ်အောင် လုပ်ရန် ခက်ခဲစေလေ၏။ ရန်သူများမှာ မည်သို့ပုံရှိပြီး မည်ကဲ့သို့သော နောက်ခံမျိုး ရှိလိမ့်မလဲဟု သူ အမြဲတမ်းသိချင်နေခဲ့ခြင်းပင်။ ယခုတော့ သူ သိနိုင်ရန် အခွင့်အရေးရလာလေပြီ။
အပိုင်း ၁၂၅၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၅၈ – နယ်ခြားစပ်မှ သက်ရှိများ
ရှီဟောင် ထိုနေရာမှ ထွက်လာခဲ့လိုက်၏။ သူအနည်းငယ် စိတ်လှုပ်ရှားနေဆဲပင်။ သူ တကယ်ပဲ လောကရဲ့တစ်ခြားတစ်ဖက်ကို ရောက်လာတာလား…
ဤနေရာတွင် အပင်များပေါများလှပြီး ဝိဉာဉ်စမ်းချောင်းများလည်း ရှိနေသည်။ တောင်များလည်း မတ်စောက်လှပြီ။
ရှီဟောင် လေထဲသို့ တက်သွားသည်နှင့် ဤနေရာရှိ သဘာဝဥပဒေသများ မတူညီသည်ကို သူတွေ့လိုက်ရသည်။ ဥပဒေသများမှ သူ့အားဖိနှိပ်နေသော်လည်း ဤသည်မှာ ပြဿနာကြီးတစ်ခု မဟုတ်ပေ။
“ဒီလောကက မတူဘူး .. ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဥပဒေသလည်း မတူဘူး .. ငါ .. တကယ်ပဲ နယ်ခြားစပ်ကို ဖြတ်လာတာလား..” ရှီဟောင် မယုံကြည်နိုင် ဖြစ်နေမိသည်။
သူ့ရှေ့တွင် ခရမ်းရောင်တောင်များပေါ်လာလေ၏။ ဤနေရာတွင် ဝိဉာဉ်စွမ်းအင်များ များပြားလှပြီး ဝိဉာဉ်ရေများဖြင့် ဖန်တီးထားသည့် ရေပူစမ်းများ၊ ရေကန်များပင် ရှိနေလေသည်။
သူ၏နှာခေါင်းဝကို မွှေးရနံ့များ လာရောက်ကျီစယ်နေပြီး သူတစ်ခါမှ မမြင်ဖူးသည့်ဆေးပင်များကို တွေ့လိုက်ရသည်။
“ငါ တစ်ယောက်ယောက်ရဲ့ ဆေးခင်းထဲ ရောက်လာတာလို့တော့ ငါ့ကို မပြောနဲ့နော်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ အဘယ်ကြောင့်ဆိုသော် မြင့်မြတ်ဆေးပင်များ၏ အော်ရာကို သူရနေသောကြောင့်ပင်။ ဤနေရာတွင် နတ်ဆေးပင်များပင် ရှိနိုင်သည်။
သေချာပါသည်။ ထိုခရမ်းရောင်တောင်ဘက်သို့ လျှောက်လာလိုက်သည်နှင့် ရွှေရောင်ဂျင်ဆင်းပင်ကြီးကို သူတွေ့လိုက်ရသည်။ ဂျင်ဆင်းပင်ကြီးမှာ လက်မောင်းအရွယ်အစားခန့်ပင် ရှိနေပြီး မြင့်မြတ်အလင်းများ တောက်ပနေလေသည်။
“တကယ်ကို မုန်လာဥအတိုင်းပဲ .. ယုန်ဖြူလေးသာ ဒါကိုတွေ့သွားလို့ကတော့ အော်ဟစ်နေမှာသေချာတယ်” ရှီဟောင် မြင့်မြတ်ဂျင်ဆင်းများကို ဝါးစားရသည်ကို ကြိုက်သည့် လကျောက်စိမ်းယုန်လေးကို သတိရမိသွားသည်။
သူမကို စဉ်းစားမိသွားသည်နှင့် ထိုချီလင်းလေးအကြောင်းကို မစဉ်းစားပဲ မနေနိုင်တော့ပေ။ ဘာဖြစ်ခဲ့တာလဲ .. သူမကို မေးချိန်တောင် မရခဲ့လိုက်…
ရှီဟောင် ရွှေရောင်ဂျင်ဆင်းပင်ကို ငြင်ငြင်သာသာလေး နှုတ်ယူလိုက်သည်။ အမြစ်များကို နှုတ်ယူခြင်းမဟုတ်ပဲ နှစ်ပေခန့်ရှည်သည့် အဓိကကိုယ်ထည်ကိုသာ နှုတ်လိုက်ခြင်းပင်။
မွှေးရနံ့များ ချက်ချင်းပင် သင်းပျံ့လာလေ၏။ ထိုအနံ့များကို ရှူလိုက်သည်နှင့် ရှီဟောင် အလွန်ပင် သက်တောင်သက်သာ ခံစားလိုက်ရသည်။
“အမ်…”
ခဏကြာပြီးသည့်နောက်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူခံစားလိုက်ရသည်။ သူ အသိစိတ်အရ သူမြေကြီးများကို တူးထုတ်လိုက်သည်။
“အား…” ရှီဟောင် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ သူ့အတွက်တော့ ဤသည်မှာ အလွန်ရှားပါးသည့်အရာပင်။
သူသည် ရွှေရောင်ဂျင်ဆင်းကြီးကို ဘေးဘက်သို့ပစ်လိုက်ပြီး အလွန်မသက်မသာခံစားလိုက်ရသည်။ သူသည်ချက်ချင်းပင် ရေပူစမ်းသို့ ပြေးသွားပြီး သူ၏လက်များကို ဆေးကြောလိုက်သည်။ သူ၏လုပ်ရပ်အတွက်လည်း သူအလွန်နောင်တရမိသည်။
မြေကြီးအောက်တွင် အလောင်းတစ်လောင်းရှိနေသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း အရိုးမှာ ပျက်စီးမသွားသေးပေ။ အသွေးအသားများ ခြောက်ကပ်သွားပြီး အရိုးပေါ်အရေတင်ဖြစ်နေလေသည်။
ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်မည်မှာ သေချာသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤသည်မှာ ရှေးခေတ်မှ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု ရှီဟောင် သေချာပေါက် ပြောရဲသည်။ နှစ်ပေါင်းများစွာ ကြာသွားသော်လည်း အလောင်းမှာ အကောင်းအတိုင်းဖြစ်နေသေးသောကြောင့် ဤအလောင်းမှာ မရိုးရှင်းလောက်ပေ။
ဤဂျင်ဆင်းသည် ဤအလောင်းကို အမြစ်တွယ်ကာ ပေါက်နေခြင်းပင်။
ထူးဆန်းသလို ရွံရှာသလိုလည်း ခံစားမိသွားသည်။ မြင့်မြတ်ဆေးပင်သည် များသောအားဖြင့် ဝိဉာဉ်မြေများ၊ သန့်စင်သည့်မြေများတွင် ရှင်သန်ခြင်းပင်။ ယခုက ဘယ်လိုလုပ် အလောင်းတစ်လောင်းပေါ်တွင် အမြစ်တွယ်နေသနည်း..
ကံကောင်းသွားသည်မှာ သူလျှောက်မစားလိုက်ခြင်းပင်။ သူသာ စားလိုက်ပါက သူ တကယ်နောင်တရနေလောက်လေပြီ။
ရှီဟောင် ဤဂျင်ဆင်းပင်ကို လေ့လာကြည့်လိုက်၏။ ဂျင်ဆင်းမြစ်မှာ စီရင်စုသုံးထောင်မှ ဂျင်ဆင်းမြစ်နှင့် သိပ်မကွာပေ။ သူ့အမြင်အရ သူ၏ဆေးစွမ်းသည်လည်း မနိမ့်ကျလောက်ပေ။
ရှီဟောင် ထိုတောင်ထဲဘက်သို့ ဆက်လျှောက်လာလိုက်သည်။ ထို့နောက် သူချက်ချင်းပင် ဆွံ့အသွားရသည်။ မြင့်မြတ်ဆေးပင်များစွာကို သူတွေ့လိုက်ရသောကြောင့်ပ်င။
ဤမြင့်မြတ်ဆေးပင်များမှာ အနည်းငယ် ရင်းနှီးသော်လည်း သူတစ်ခါမှ မမြင်ဖူးပေ။ ဤအပင်များသည် စီရင်စုသုံးထောင်တွင် မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သည်။
ရှီဟောင် ဤဆေးပင်များကို သေချာကြည့်လိုက်၏။ ဤအပင်အားလုံးမှာ ရှားပါးသည့်မျိုးစိတ်များပင်။
ရှားပါးကာ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သည့်အရာအားလုံး ဤနေရာတွင်ရှိနေသောကြောင့် သူသည် လောက၏ အခြားတစ်ဖက်ခြမ်းသို့ ရောက်နေသည်မှာ ပို၍ပင် သေချာလာလေပြီ။
ဖူး..
ရှီဟောင် ခြေထောက်ကို အနည်းငယ် စောင့်ချလိုက်ပြီး မြေကြီးနှင့်ကျောက်တုံးများကို မြှောက်တက်သွားစေလိုက်သည်။ မြင့်မြတ်ဆေးပင်တစ်ပင်အောက်တွင် အလောင်းတစ်လောင်းရှိနေသည်ကို ရှီဟောင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
သူ၏လက်ဝါးကိ လွှဲရမ်းပြီး တောင်တစ်ခုလုံးကို ဖွင့်လိုက်သည့်အချိန်တွင် သူဆွံ့အသွားရသည်။ မြေကြီးအောက် နေရာတိုင်းတွင် အရိုးစုများရှိနေသည်။ အထူးသဖြင့် မြင့်မြတ်ဆေးပင်များရှိနေသည့်နေရာပင်။
မြင့်မြတ်ဆေးပင်အားလုံးသည် ထိုအလောင်းများမှ ဝိဉာဉ်စွမ်းအင်များကို စုတ်ယူကာ ရှင်သန်နေခြင်းပင်။
အမှန်တကယ်တွင် ဤအရိုးစုများသည် အပင်တစ်ပင်တည်းကိုသာ စိုက်ပျိုးနေရခြင်း မဟုတ်ပေ။ အမြဲတမ်းဤကဲ့သို့ အသုံးပြုခံနေရခြင်းပင်။
ဤရှေးဟောင်းအလောင်းများကို သေချာလေ့လာလိုက်သည့်အချိန်တွင် သူထိတ်ကနဲဖြစ်သွားရ၏။ ဤသက်ရှိများမှာ သူတို့ အသက်ရှင်နေစဉ်တွင် အလွန်စွမ်းအားကြီးလှသည်ပင်။ သူတို့သေဆုံးသွားသည်မှာ နှစ်ပေါင်းဘယ်လောက်ကြာသွားပြီမှန်း မသိသော်လည်း သူတို့ထံတွင် နတ်စွမ်းအားလှိုင်းများ ထွက်ပေါ်နေဆဲပင်။
“ရက်စက်လိုက်တာ .. သေသွားတာတောင်မှ အေးအေးချမ်းချမ်း မနေရဘူး .. ဒီလိုမျိုး အသုံးချခံနေရသေးတယ်..”
ရှီဟောင် အံကြိတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလောင်းများသည် အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် လူမျိုးစုများနှင့်အတူတူပင်။ တာအိုစီရင်စုသုံးထောင်မှလာသည့် လူများပင်။
သူတို့အဖမ်းခံလာရသည်လား၊ ဤလောကထဲတွင် သေဆုံးသွားခြင်းလား ဆိုသည်ကိုတော့ မသိနိုင်ပေ။
ဒါက ဘယ်လောက်တောင် ရက်စက်တဲ့လုပ်ရပ်လဲ … သူတို့သည် စွမ်းအားအကြီးဆုံးလူများဖြစ်သော်လည်း ဤကဲ့သို့ အဆုံးသတ်သွားရသည်။
ရှီဟောင် ဤခရမ်းရောင်တောင်ကြောမှာ ထွက်လာကာ ပို၍ကျယ်ပြန့်သည့် တောင်ကြောဘက်သို့ ဝင်လာလိုက်သည်။ ဤတောင်ကြောတွင် နေရာတိုင်း၌ ရှေးဟောင်းသစ်ပင်များရှိနေပြီး ရှေးဟောင်းနွယ်ပင်များလည်း ရစ်ပတ်နေလေသည်။
ဝုန်း..
ရှီဟောင် လက်ဝါးချက်နှင့်အတူ တောင်များကို ကွဲအောင်လုပ်လိုက်ပြီး ကျောက်တုံးများကိုလည်း မြေပေါ်မြှောက်ပစ်လိုက်သည်။ ထို့နောက်တွင် သူ၏မျက်လုံးများ မှေးကျဉ်းသွားကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
သူထင်တာ မှန်သည်ပင်။ သာမန်ရိုးရိုးတောင်အောက်မှာပင် အရိုးဖြူများ နေရာတိုင်းတွင် ရှိနေသည်။ ကျန်းပေါင်းများစွာ ရှည်သည့်ပုဂ္ဂိုလ်များ၊ တစ်ပေခန့်ရှည်သည့် ခရမ်းရောင်ကြွက်များ .. သို့သော်လည်း ထိုအရာများအားလုံးမှာ အရိုးခြောက်များ ဖြစ်နေလေပြီ။
ဒီနေရာက ဘယ်လိုနေရာမျိုးမို့လဲ နေရာတိုင်းမှာ အရိုးစုတွေ ရှိနေတာလဲ ..
ဒါက အရင်တုန်းက စစ်မြေပြင်လား..
ရှီဟောင် မျက်နှာပျက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤသက်ရှိများမှာ ထာဝရရှေးဟောင်းမြေခေတ်မှသူများပင်။
ကံကောင်းစွာဖြင့်ပင် ဤတောင်ကြောကြီးကို အုပ်ချုပ်သည့် နဂါးနှုတ်သီးသေမင်းငှက်မှလွဲလျှင် ဤနေရာတွင် စွမ်းအားကြီးသည့် သက်ရှိများ သိပ်ရှိမနေပေ။
ရှီဟောင် ဤနေရာကို ဆက်တိုက်လေ့လာနေလိုက်ပြီး ဤတောင်မှာ အရိုးဖြူများ ပြည့်နေသည့်တောင်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ထို့နောက်တွင် သူ ဆက်ထွက်လာလိုက်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ တရှိန်ထိုး ပြေးလာလိုက်သည်။
သူမြို့တစ်ခုကိုရှာပြီး ဤနေရာတွင် မည်ကဲ့သို့သောလူများ နေထိုင်နေသည်ကို သူသိချင်သည်။
နောက်ဆုံးတွင်တော့ သူတောအုပ်ထဲမှ ထွက်လာပြီး လှုပ်ရှားမှုများ ရှိနေသည့်နေရာသို့ ရောက်လာလေပြီ။ ဤနေရာတွင် ရွေ့လျားသွားလာနေသည့် သက်ရှိများ ရှိနေသည်ပင်။
ရှီဟောင် ချက်ချင်းလှုပ်ရှားလိုက်၏။ သူ့လောကကို ကျူးကျော်ချင်နေသည့် ရန်သူများမှာ မည်သည့်ပုံစံရှိနေမည်ကို သူသိချင်မိသည်။ ဤမျက်လုံးနီရဲနေသည့် သက်ရှိများသာ သူတို့ရန်သူဖြစ်လိမ့်မည်ဟု သူ မထင်ပေ။
စွမ်းအားအကြီးဆုံး ရန်သူများကို သူသိချင်သည်။
“အမ်…” ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် လူသားပုံစံ ပြန်ပြောင်းလိုက်၏။
သူသည် လူတစ်ယောက်ကို ဖမ်းကာ သေချာလေ့လာချင်သော်လည်း ခပ်ဝေးဝေးမှ လေဟာနယ်အက်ကွဲသည့်အသံ ထွက်ပေါ်လာလေသည်။ ကျန်းတစ်ရာရှည်သည့် ကင်းခြေများရှစ်ကောင်ဆွဲလာသည့် စစ်ရထားလုံး လေထဲသို့ မြှင့်တက်သွားသည်ကို သူတွေ့လိုက်ရ၏။ ရထားလုံးမှာ ခမ်းနားလှသည်ပင်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ထိုကင်းခြေများရှစ်ကောင်မှာ သာမန်မဟုတ်ပေ။ သူတို့၏ ကျန်းတစ်ရာရှည်သည့်ခန္ဓာကိုယ်မှ အဆိပ်မြူများထုတ်လွှတ်နေပြီး ငွေရောင်အခွံများလည်း အံ့အားသင့်စရာ ကောင်းလွန်းလှသည်။ ဤအကောင်များအားလုံးမှာ ကောင်းကင်နတ်ဘုရားများပင်။
“စွမ်းအားကြီးလိုက်တာ…”
ရှီဟောင် တကယ်တုန်လှုပ်သွားခြင်းပင်။ ကောင်းကင်နတ်ဘုရားတွေကို ရထားလုံးဆွဲခိုင်းတာက နည်းနည်းတော့ ပိုလွန်သွားပြီမလား .. စီရင်စုသုံးထောင်မှာပင်လျှင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ မတွေ့ဖူးပေ။
ထို့ကြောင့် သူလက်လွတ်စပယ်မလုပ်ရဲပဲ သူတို့ ခပ်ဝေးဝေးသို့ ရောက်သွားသည်အထိ စောင့်နေလိုက်သည်။
“ခစ်ခစ်…” ရထားလုံးမှ မိန်းကလေးတစ်ယောက်၏ ရယ်သံထွက်ပေါ်လာသောကြောင့် ရှီဟောင် ဆွံ့အသွားရသည်။
အဲဒီ ကောင်းကင်နတ်ဘုရားရှစ်ယောက်ကို အစေခံအနေနဲ့ ပိုင်ဆိုင်ထားတာက မိန်းမပျိုလေးလား..
“ဒါမှမဟုတ် သူက အစေခံမိန်းကလေးလား .. နောက်ထပ် စွမ်းအားကြီးတဲ့သူ ရှိသေးတာလား” ရှီဟောင် မသေချာပေ။
သို့သော်လည်း သူ၏မသိစိတ်အရ ဤမိန်းမပျိုလေးမှာ ဤရထားလုံးပိုင်ရှင်ဖြစ်လိမ့်မည်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုရယ်သံမှာ ဖားနေသည့်ရယ်သံမျိုးမဟုတ်ပဲ ကိုယ့်ကိုကိုယ်ယုံကြည်ချက်မျိုးရှိနေလေသည်။
“ဒီနေရာမှာ စွမ်းအားကြီးတဲ့သူတွေ ရှိနေတာပဲ.. သေချာပေါက်ကို ထူးခြားတဲ့နေရာပဲ…”
ရှီဟောင် ဤနေရာတွင် ဆက်မနေတော့ပေ။ ထိုရထားလုံး ခပ်ဝေးဝေးသို့ ထွက်သွားသည်နှင့် သူလည်း ထွက်လာလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် အလွန်ကြီးမားသည့် မြို့တစ်မြို့ကို သူတွေ့လိုက်ရသည်။
ဤသည်မှာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး မြို့၏ပုံစံမှာ အနည်းငယ် မွန်းကြပ်စရာ ကောင်းလှသည်။
ဤမြို့ကြီးတစ်ခုလုံးကို ထူးဆန်းသည့်သတ္တုတစ်မျိုးဖြင့် ဆောက်ထားပြီး တစ်မြို့လုံး အနက်ရောင်ဖြစ်နေသည်။ ဤသည်မှာ အနက်ရောင်သားရဲကြီး လဲအိပ်နေသကဲ့သို့ပင်။
“အမ် .. ဒါက ဘယ်လိုလူမျိုးစုမျိုးလဲ..” ရှီဟောင် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူဤလူမျိုးစုများကို စီရင်စုသုံးထောင်တွင် တစ်ခါမှ မမြင်ဖူးပေ။
ဤလူများသည် လူသားပုံစံမဟုတ်ပဲ တွားသွားသတ္တဝါနှင့် ပိုတူနေသည်။ သူတို့ခန္ဓာကိုယ်အောက်ပိုင်းမှာ ရေမြွေကဲ့သို့ပင်။ တောက်ပသည့် အကြေးခွံများရှိပြီး လက်သည်းများလည်း ထက်ရှလှသည်။ သူတို့၏အပေါ်ပိုင်းမှာမူ လူသားပုံစံပင်။ သူတို့ကျောနောက်တွင် အနက်ရောင်အတောင်ပံတစ်စုံလည်း ရှိလေသည်။
ဤကဲ့သို့သော သတ္တဝါများ မြို့တံခါးကို စောင့်ကြပ်နေခြင်းပင်။ ထို့ပြင် ရှီဟောင် မြို့ထဲသို့ ကြည့်လိုက်သည့်အချိန်တွင် ဤကဲ့သို့သော သက်ရှိအနည်းငယ်ကို တွေ့လိုက်ရ၏။
ဤသည်မှာ လူမျိုးစုတစ်စုတည်း သီးသန့်နေသည့် နေရာပင်။ ကံဆိုးစွာဖြင့်ပင် ရှီဟောင် ဤသက်ရှိများကို မသိပေ။ အရိုးစာအုပ်များထဲတွင်ပင် မမြင်ဖူးပေ။
“ဒါတွေက ငါတို့ကို ဆန့်ကျင်နေတဲ့ ကြောက်စရာကောင်းတဲ့သက်ရှိတွေလား.. သူတို့တွေက ပိုပြီးတော့ ကြမ်းတမ်းသလိုပဲ..” ရှီဟောင် တီးတိုးပြောလိုက်ပြီး ရှေ့တစ်လှမ်းတိုးသွားလိုက်သည်။
ဤသက်ရှိများပြောသည့်စကားများမှာ သူနားမလည်နိုင်သည့် အတော်လေး ရှုပ်ထွေးသည့် ရှေးဟောင်းဘာသာစကားတစ်ခုပင်။
ရှီဟောင် မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာသည်အထိ စဉ်းစားကြည့်လိုက်၏။ ထို့နောက်တွင် သူထိုမြို့ထဲသို့ မဝင်ပဲ လှည့်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ပုံစံမှာ ဤသတ္တဝါများနှင့် ကွဲပြားလှသည်။ ပြောင်းလဲခြင်း ၇၂ မျိုးဖြင့်ပင်လျှင် သူသာ အလောတကြီးဝင်သွားပါက သူတို့သိသွားမည်ပင်။
အဘယ်ကြောင့်ဆိုသော် အချို့မျိုးစိတ်များသည် အခြားမျိုးစိတ်များကို အာရုံခံနိုင်စွမ်း အားကောင်းလှသည်ပင်။
ထို့နောက် ရှီဟောင် ဤနေရာမှ ထွက်ခွာလိုက်ကာ ခရီးဆက်ခဲ့လိုက်သည်။ သူပိုကြီးကာ ပို၍ခမ်းနားသည့်မြို့ကြီးတစ်မြို့ကို ထပ်တွေ့လိုက်ရသည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် မျက်လုံးများ ပြူးကျယ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ဤမြို့ထဲတွင် နေထိုင်သည့်သက်ရှိများကို သူ အလွန်ရင်းနှီးနေသည်ပင်။ ဤသည်မှာ သူကဲ့သို့ လူသားမျိုးနွယ်ပင်။
မှားစရာအကြောင်း မရှိပေ။ သူသည် ကောင်းကင်မျက်လုံးဖြင့် ထိုသူ၏ အသွေးအသား၊ သွေးနှင့် အရိုးများကိုပင် မြင်နိုင်သည်ပင်။ လူသားနှင့် နည်းနည်းလေးမှ ကွဲပြားမှုမရှိပေ။
“ရန်သူလို့ခေါ်တဲ့သူတွေက ငါတို့နဲ့ မျိုးစိတ်တစ်ခုတည်းလား…”
ဤမြို့ထဲတွင်လည်း ကျွမ်းကျင်သူအနည်းငယ် ရှိနေသည်။ ပြောရမည်ဆိုလျှင် သူခုနက တွေ့ခဲ့သည့်မြို့ထက် ပိုစွမ်းအားကြီးသည့်မြို့ပင်။
ရှီဟောင် တစ်ခဏခန့် စိတ်လွတ်သွားရ၏။ ခဏကြာပြီးသည့်နောက်တွင် သူဤနေရာမှ ပျောက်ကွယ်သွားလေ၏။ သူသည် ဤလွင်ပြင်တွင် လှည့်ပတ်သွားလိုက်၏။ အခြေအနေများကို သူ ပိုနားလည်ချင်သည်။
ခဏကြာပြီးသည့်နောက်တွင် သူ ရှေးဟောင်းမြို့ပေါင်း ၁၀ မြို့ကျော်ကို တွေ့လိုက်ရသည်။ ထိုမြို့အားလုံးကို စောင့်ရှောက်နေသည့် စွမ်းအားကြီးသည့်သူများရှိနေသည်ပင်။ ၇မြို့ ၈ မြို့လောက်မှာ လူသားပုံစံများပင်။
ဤမြို့များကြားမှ ဆက်ဆံရေးမှာ အတော်လေး ငြိမ်းချမ်းလှသည်။ သူတို့အားလုံးသည် ဘာသာစကားတစ်မျိုးတည်းကိုသာ ပြောကြခြင်းပင်။
ရှီဟောင် မျက်ခုံးများ ဖြောင့်တန်းသွားရသည်။ ဤသည်မှာ သူထင်ထားသည်နှင့် နည်းနည်းလေး ကွဲပြားနေသည်။ ဒါက ရန်သူတွေလား .. သူအနည်းငယ် မယုံကြည်နိုင်ဖြစ်နေပြီး တစ်ခုခုမှားယွင်းနေပြီဟု သူခံစားနေရသည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်လှုပ်ရှားလိုက်၏။ မြို့ပြင်မှ လူတစ်ယောက်၊ နှစ်ယောက်လောက်ကို သူ ဖမ်းလိုက်သည်။
ဤနှစ်ယောက်မှာ အားသိပ်မကောင်းသည့် သာမန်လူများပင်။ စွမ်းအားကြီးသည့်သူများကို ရှီဟောင် မတိုက်ခိုက်ချင်။ ဤသည်မှာ ပြဿနာဖြစ်နိုင်သောကြောင့်ပင်။
ဤလူများမှာမူ သူတို့ပျောက်သွားလျှင်ပင် မည်သူမှ သိပ်သတိထားမိမည်မဟုတ်ပေ။
ထို့နောက် သူမျက်မှောင်ကြုတ်လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ဤလူများမှာ ဤလောက၏အခြေခံလေးကိုပင် နားမလည်သည့်သူများပင်။ ရှီဟောင်အား မည်သည့်အဖိုးတန်သတင်းမှ မပေးနိုင်ပေ။
သို့သော် သူ ပြန်ရလိုက်သည်မှာလည်း မဆိုးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နတ်အာရုံများကို ဖတ်ကြည့်ပြီးသည့်နောက်တွင် သူတို့၏ ဘာသာစကားအနည်းငယ်ကို သိသွားသလို ဤလောက၏ နေထိုင်မှုအကြောင်းကိုလည်း အနည်းငယ်နားလည်သွားရသည်။
ရှီဟောင်သည် ဤလောကမှ အဝတ်အစားများကို လဲလိုက်ပြီး လူသားမျိုးနွယ်စုပိုင်ဆိုင်သည့် မြို့ကြီးထံသို့ ဦးတည်သွားလိုက်သည်။
သူသည် မည်သူမှ အာရုံစိုက်ခြင်းမခံရပဲ မြို့ထဲသို့ အောင်အောင်မြင်မြင်ဝင်နိုင်ခဲ့သည်။
ရှီဟောင်သည် ချက်ချင်း လှည့်ပတ်မသွားသေးပဲ ခဏနေလိုက်သည်။
ရက်အနည်းငယ်ကြာပြီး ကိစ္စအချို့ကို ရင်းနှီးသွားမှာသာ သူစလှုပ်ရှားလိုက်သည်။
သာမန် စကားလိုက်ပြောရုံဖြင့်ပင် ရှီဟောင်သည် သူ့ကို ထိတ်လန့်စေသည့် အလွန်အဖိုးတန်သည့်သတင်းများ ရနေလေပြီ။
“ငါတို့အနှေးနဲ့အမြန် ပြန်တိုက်ရမယ် .. ငါတို့ရဲ့ ဝိဉာဉ်ကုန်းမြေ အများစုကို ဆုံးရှုံးခဲ့ရတာ .. ငါတို့ဂုဏ်သိက္ခာကို ပြန်ကယ်တင်ရမယ် … အဲဒီမြေတွေကို ပြန်ယူရမယ်..”
“အဲဒီနေရာတွေက အခု တော်တော်လေးကို ဆိုးရွားနေပြီး ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုလို့ခေါ်နေတာလို့ ငါကြားတယ်”
ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်စိတ်ထဲ အေးခဲသွားရသည်။
“ဟေး … ငါတို့က မိစ္ဆာတွေ ဟုတ်လား .. သောက်ရေးမပါတာ .. သူတို့တွေကမှ မကောင်းဆိုးဝါးအစစ်တွေ … အဲဒီလောကကြီးက အစကတည်းက ငါ့တို့ပိုင်တာ .. သူတို့တွေက ကျူးကျော်ပြီး ယူထားကြတာ” အကြီးအကဲမှ ဝမ်းနည်းစွာ ပြောလိုက်လေသည်။
ရှီဟောင် ဆွံ့အသွားရ၏။ ဒီစကားတွေက ဘာတွေလဲ .. ဤသည်မှာ သူထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်သာ။
အပိုင်း ၁၂၅၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၉ – အမှန်တရားအား ရှာဖွေခြင်း
ဘာကြောင့် ဤသို့ပြောသလဲဟု ထိုအကြီးအကဲအား ရှီဟောင်မေးလိုက်ချင်သည်။ ဤသည်မှာ သူနားလည်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ကြီးပင် ဖြစ်နေသည်။
မြို့ကြီးမှာ အလွန်ကြီးမားလှပြီး သတ္တုကဲ့သို့ပင် အေးစက်သည့်အလင်းတန်းများ ထုတ်လွှတ်နေသည့် ကြီးမားလှသော ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်းပင်။
သို့သော် မြို့မှာ အတော်လေး စည်ကားလှသည်။ လူများ ဝင်ထွက်သွားလာနေပြီး မြင်းများ ကုန်သည်များသည်လည်း ဝင်ထွက်နေပြီး အလွန်စည်ကားနေလေသည်။
ထိုအကြောင်းပြောသည်နှင့် လူများစွာသည် အော်ဟစ်လာကြကာ မကျေမနပ်ဖြစ်လာကြလေ၏။ သူတို့ပြောသည့်အတိုင်းဆိုလျှင် သူတို့သည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ၁၀ခု၏ ပိုင်ရှင်အစစ်အမှန်ဖြစ်ပြီး သူတို့သည် နတ်ဆိုးများကြောင့် သူတို့အိမ်မှ ထွက်ပြေးလာခဲ့ရခြင်းပင်။
သေချာလေ့လာပြီးသည့်နောက်တွင် ဤလူများလည်း လူသားများနှင့် ဘာမှမကွာသည်ကို သူတွေ့လိုက်ရသည်။
လူမျိုးစုချင်းအတူတူပဲကို သူတို့က ဘာလို့ နယ်ခြားစပ်အပြင်ဘက်က လူတွေကို နတ်ဆိုးလို့ခေါ်တာလဲ…
ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ ဂျီးနီးယပ်စ်များသာ ဤနေရာရှိ လူများကို ထိုအခေါ်အဝေါ် ခေါ်သင့်သည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤလူများ နယ်ခြားစပ်ကို ဖြတ်လာသည်နှင့် ခေတ်တစ်ခေတ်အဆုံးသတ်ခြင်းကို ကိုယ်စားပြုနေသောကြောင့်ပင်။
သူတို့ ထာဝရရှေးဟောင်းခေတ်ကို သိကြသော်လည်း ထိုခေတ်မတိုင်မီတွင် ခေတ်ပေါင်းမည်မျှပင် ရှိခဲ့သနည်း .. ထိုခေတ်များအားလုံးလည်း ဖျက်ဆီးခံခဲ့လိုက်ရခြင်းပင်။
ဤသည်မှာ ပြန်လည်ဝင်စားခြင်းနှင့်ပင် တူနေသလို ဖြစ်ပျက်သဘောတရားနှင့်လည်း တူနေသည်။ ယခု ဤခေတ်အလှည့်ရောက်လာလေပြီ။ အရာအားလုံးမှာ ပျက်စီးရန် ကံပါလာပြီးသားပင်။
ဤအခြေအနေများကို စဉ်းစားမိသွားသည်နှင့် ရှီဟောင် အနည်းငယ် ဒေါသထွက်သွားရသည်။ စီရင်စုသုံးထောင်ကို ဖျက်ဆီးချင်နေသည့်သူများမှာ ဤလူများဖြစ်သော်လည်း သူတို့က ဘာကြောင့် မတရားခံရသလို ပြောနေသနည်း..
အနည်းဆုံးတော့ သူသိရသလောက်ဆိုလျှင် စီရင်စုသုံးထောင်သည် အမြဲတမ်းခုခံသည့်ဘက်မှဖြစ်ပြီး ဘယ်တုန်းကမှ အခြားတစ်ဖက်ကို မတိုက်ဖူးပေ။
ထို့ကြောင့် ရှီဟောင်သည် တိတ်တိတ်လေး လှုပ်ရှားလိုက်ကာ လူအချို့ကို ဖမ်းပြီး သူတို့၏ အသိစိတ်ထဲသို့ ရှာဖွေကြည့်လိုက်သည်။ သူတို့အားလုံး ဤကဲ့သို့အတိုင်းသာ ယုံကြည်ထားကြသည်ကို သူတွေ့လိုက်ရသည်။
“ဘယ်ဘက်က ပြဿနာရှိနေတာလဲ .. ဘယ်လောကက ညာနေတာလဲ..”
စီရင်စုသုံးထောင်မှ မတရားခံရခြင်းဖြစ်ကြောင်း သူလုံးဝယုံကြည်ထားသည်။ သူတို့သည် ယခုထက်ထိပင် သေခြင်းတရားနှင့် ရင်ဆိုင်နေရဆဲပင်။
ဤရက်များအတွင်းတွင် ရှီဟောင်သည် မြို့ခံများနှင့် ရောနှောကာ ဆက်လက်စုံစမ်းနေခဲ့သည်။
“တစ်ချို့သူတွေ စွမ်းအားကြီးပေမယ့် တစ်ချို့သူတွေက အားနည်းတယ် .. ပြောရမယ်ဆိုရင် ငါ့ရဲ့ စီရင်စုသုံးထောင်က လူတွေထက် ပိုစွမ်းအားကြီးတဲ့သူတွေ သိပ်မရှိပါဘူး .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခုကို တိုက်ဖို့က သူတို့က ဘာအားကိုးနဲ့ ပြောနေကြတာလဲ..” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် မြို့ကြီးပေါင်းများစွာကို သွားရောက်ကာ စွမ်းအားကြီးသည့်ကလန်မျိုးစုံနှင့် ထိတွေ့ဆက်ဆံပြီးသွားလေပြီ။
အချို့ကလန်များမှာ တကယ်ကိုပင် အလွန်စွမ်းအားကြီးကြောင်း သူ ဝန်ခံသည်။ သို့သော်လည်း ဤသည်မှာ လောက၏ အခြားတစ်ဖက်ကို သိမ်းဖို့လောက်ထိ မလုံလောက်သေးပေ။
အချို့ကလန်များမှာ ထာဝရရှေးဟောင်းခေတ်ကတည်းက ရှိနေခဲ့သည့်ကလန်ကြီးများပင်။ ယခုတော့ ထိုကလန်များမှာ စီရင်စုသုံးထောင်မှ ပျောက်ကွယ်သွားသည်မှာ ကြာလှလေပြီ။ ဤကလန်ကြီးများပြန်ပေါ်လာသည်နှင့် အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားမည်ပင်။
ဤသည်မှာ သူသိထားသမျှအားလုံးကို ပြောင်းပြန်လှန်ပစ်နေခြင်းပင်။ မရှိတော့ဘူးဆိုသည့် အချက်အလက်များမှာ အတုအယောင်များသာ။ သူတို့သည် ယခုထိတိုင် ရှိနေဆဲပင်။
ရှီဟောင် ထူးဆန်းသည့်ခံစားချက်များ ရနေသည်။ သူတို့က ဘယ်သူနဲ့ တိုက်ခဲ့ကြတာလဲ .. သူတို့ရန်သူက ဘယ်သူလဲ..
ယခင်ခေတ်က ဤလူများသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုတွင် ရှိနေခဲ့ပြီး ရန်သူ့ဘက်တွင် မြှုပ်နှံခံလိုက်ရခြင်းပင်။
သို့သော်လည်း သူ ရန်သူများကို မတွေ့ပေ။ ပျောက်ကွယ်သွားပြီဖြစ်သည့် သက်ရှိများကိုသာ တွေ့နေရသည်။
ဤသည်မှာ သူ့ကို တုန်လှုပ်သွားစေသည်ပင်။ ထာဝရရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားသည့်အချိန်ကို စဉ်းစားကြည့်လိုက်လျှင် ဤသက်ရှိများမှာ ပစ်မှတ်ထားခံရသည့်သူများပင်။ ရန်သူများမှာ မြူများဖြင့် ဖုံးလွှမ်းနေသော်လည်း တစ်ချို့မှာ ကြီးမားပြီး တစ်ချို့မှာ လူသားပုံစံဖြစ်သည်ကို သူ မှတ်မိသေးသည်။ ထိုသူများအားလုံးတွင် ထူးခြားသည့် ပုံပန်းသဏ္ဍာန်များ ရှိသည်ပင်။
အဲဒီရန်သူတွေ ဘယ်မှာလဲ..။
နယ်ခြားစပ်၏ ဤဘက်သို့ ရောက်ပြီးကတည်းက သူမည်သည့်ရန်သူကိုမှ မတွေ့ရသေးပေ။ အစက ပျောက်ကွယ်သွားပြီဖြစ်သည့် ရှေးဟောင်းလူများကိုသာ တွေ့နေရသည်။
“ငါ ဒီကိစ္စကို အသေးစိတ်သိအောင် လုပ်ရမယ်..” ရှီဟောင်ပြောလိုက်သည်။
ထို့နောက်တွင် သူသည် ရှေးဟောင်းမြေများစွာကို သွားရောက်လည်ပတ်ခဲ့သည်။ ပြည်သူပိုင်စာကြည့်တိုက်များအားလုံးလည်း သူ၏လှန်လှောရှာဖွေခြင်းကို ခံလိုက်ရလေသည်။
ဤတစ်လလုံးတွင် ရှီဟောင်သည် အမှန်တရားကို ရှာဖွေနေခဲ့သည်။
သူ၏ကြိုးစားမှုမှာ အလဟဿတော့ မဖြစ်ခဲ့ပေ။ နောက်ဆုံးတွင်တော့ မတ်စောက်သည့် တောင်ထိပ်တစ်ခုတွင် စာတန်းတစ်တန်းကို သူ တွေ့လိုက်ရသည်။
ဤလောကမှ လူများအတွက်တော့ ဤသည်မှာ ဘာမှအရေးမပါပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တိုင်တန်းထားသည့်စာကြောင်းတစ်ကြောင်းသာ။ ဤသည်မှာ ယခင်က မကျေနပ်သည့် ကျွမ်းကျင်သူများ သူတို့၏ဆုံးဖြတ်ချက်များတွင် ခံစားချက်များ ရောပြွန်းခဲ့ကြခြင်းဖြစ်သည်ဟု ယူဆနေကြလေသည်။
သို့သော် ရှီဟောင်အတွက်မူ ဤသည်မှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
“ငါ ဒီကိစ္စကို ထပ်စုံစမ်းရမယ် .. ငါ အသေးစိတ်ထိ သိရအောင် လုပ်ရမယ်” ရှီဟောင် နေရာအနှံ့သို့ လှည့်ပတ်သွားလာလိုက်သည်။
ဤလောကလည်း အတော်လေး ကျယ်ဝန်းလှသည်ကို သူတွေ့လိုက်ရသည်။ စီရင်စုသုံးထောင်ထက် သေချာပေါက် ကျဉ်းမည်မဟုတ်ပေ။ ကျယ်ဝန်းလှသောကြောင့် သူ့စိတ်ကြိုက် လှည့်ပတ်သွားလာ၍ ရလေသည်။
ထို့အပြင် ဤလောကတွင် ကျင့်ကြံသူလည်း မြောက်များစွာ ရှိနေသည်ပင်။ ဤလောကမှာ စီရင်စုသုံးထောင်ထက်တော့ အနည်းငယ် ပိုကောင်းသည်ပင်။
ရှီဟောင်သည် အမှန်တရားကို သိရရန်အတွက် ရှေးဟောင်းလူမျိုးစုပေါင်းများစွာထံသို့ သွားရောက်ခဲ့သည်။ လပေါင်းများစွာ ကြာပြီးသည့်နောက်တွင်တော့ သူသဲလွန်စအချို့ သိလာရလေပြီ။
ဤလောက၏ သမိုင်းကြောင်းမှာ အနည်းငယ် မရှင်းလင်းပေ။ သမိုင်း မတင်မှီခေတ်က မှတ်တမ်းများမှာ သိပ်မရှင်းပေ။
ထို့အပြင် သူသွားခဲ့သည့် ရှေးဟောင်းလူမျိုးစုနယ်မြေအချို့တွင် သူ့အာရုံကို ဆွဲဆောင်နိုင်သည့် လက်နက်အချို့နှင့် ပစ္စည်းအချို့ရှိနေသည်။
အထူးသဖြင့် ကျောက်စာများ၊ သင်္ကေတများထွင်းထားသည့် ကြေးအိုးအချို့တို့ပင်။ ထိုပစ္စည်းများပေါ်တွင် ရေးထိုးထာသည့် ပုံရိပ်များမှာ အလွန်ထူးဆန်းလှသည်။
ရှီဟောင် ဤကိစ္စကို ပို၍အာရုံစိုက်လိုက်သည်။
သူ ဤကဲ့သို့ ရှာနေရင်းဖြင့်ပင် သူကဲ့သို့ အဖြေရှာနေသည့်သူအချို့လည်းရှိကြောင်းကို သူ သိလိုက်ရသည်။ ဤလူများကို ‘အတိတ်အားရှာဖွေသူ’ ဟုခေါ်ကြလေသည်။
ထိုလူများမှာ အဓိကအားဖြင့် ကဗျာစာဆိုများ၊ လှည့်လှည်သွားလာနေကြသည့်သူများပင်။
ဤလူများသည် အတိတ်နှင့် ပစ္စုပ္ပန်၏ ထူးခြားဆန်းကြယ်မှုများကို ရှာဖွေခြင်းမဟုတ်ပဲ ရှေးခေတ်မှ မေးခွန်အချို့အတွက် အဖြေများကို ရှာဖွေခြင်းပင်။
သို့သော်လည်း ဤသည်မှာ ရှီဟောင်အတွက် သတင်းကောင်းပင်။ သူနှင့် သတင်းချင်းဖလှယ်နိုင်မည့်သူကို သူ လိုအပ်သည်။
ဤကဲ့သို့သော လူအချို့ကို သူတွေ့ခဲ့ရပြီး သူတို့နှင့် မိတ်ဖွဲပြီးနောက် သူတို့၏အကျင့်စရိုက်များကို လေ့လာခဲ့သည်။ သူသည် တူညီသည့်လူအချို့ကိုသာ ထပ်ခါတလဲလဲ ဆက်သွယ်ခဲ့သောကြောင့် ရလဒ်မှာ မဆိုးပေ။
လူတစ်ယောက် မည်မျှပင် ကြိုးစားပါစေ အကန့်အသတ်ရှိနေမည်သာ။ ထို့အပြင် သူသည် ဤလောကမှ လူမဟုတ်ပဲ ယခုမှ လှည့်ပတ်သွားလာနေခြင်းဖြစ်သောကြောင့် ဤလူများကို သူ မယှဉ်နိုင်ပေ။
“တစ်ချို့လူတွေ ပြောကြတာတော့ ရှေးခေတ်မှာတုန်းက သွေးတွေနဲ့ ပြည့်နေတဲ့ အမှောင်ဆုံးအချိန်ရှိခဲ့တယ်တဲ့ .. နောက်ဆုံးတော့ ဘာကြောင့်မှန်းမသိပေမယ့် အဲဒီသမိုင်းက နောက်ထပ်စာမျက်နှာတစ်မျက်နှာလှန်လိုက်သလိုမျိုး ဖျက်ဆီးခံလိုက်ရတယ်..”
ကဗျာဆရာတစ်ယောက် သူ့အား ပြောပြနေခြင်းပင်။
“အရင်တုန်းက ငါတို့လောကကြီးမှာ တစ်ခြားသက်ရှိတွေ ရှိခဲ့သေးတယ်တဲ့ .. သူတို့တွေက အရမ်းစွမ်းအားကြီးတော့ အားလုံးအထက်မှာ ရှိနေတာ .. ဒါပေမဲ့ ဘာကြောင့်လဲမသိပေမယ့် နောက်ပိုင်းကျတော့ သူတို့တွေ ပျောက်သွားကြတာ..”
ဤသည်မှာ အခြားအကြီးအကဲတစ်ယောက် ပြောလိုက်ခြင်းပင်။
ရှီဟောင် တဒုန်းဒုန်းဖြင့်ပင် ရင်ခုန်နေလေပြီ။ လပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူအရေးကြီးသည့် အခြေအနေတစ်ချို့ကို သိလိုက်ရလေပြီ။
“သူတို့က ကယ်တင်ရှင်တွေ .. သူတို့တွေက အဓိကပြိုင်ဘက်ကင်းတဲ့ သက်ရှိတွေပဲ” အခြားတစ်ယောက်မှ ထပ်ပြောလိုက်သည်။
ဤသည်မှာလည်း လက်ဆင့်ကမ်းလာသည့် ဒဏ္ဍာရီများသာ။ သာမန်လူများသည် ဤအကြောင်းများပင် မသိရပေ။ ဤသည်မှာ ကျောက်တောင်များမှာ ပျက်စီးနေသည့်သင်္ကေတများမှ ကောက်ချက်ချထားသည့် အရာများပင်။
ရှီဟောင် အနည်းငယ် စိတ်လေးလံနေမိသည်။ ဤတစ်စစီပြန့်ကျဲနေသည့် အတိတ်မှ အကြောင်းအရာများကို ပြန်စုလိုက်နိုင်သည်နှင့် အလွန်ရက်စက်သည့်အကြောင်းအရာတစ်ခု ထွက်လာလိမ့်မည်ဟု သူ ခံစားနေရသည်။
“ငါ အမှန်တရားကို သိချင်တယ်”
ထို့နောက်တွင် သူသည် ဤလူများနှင့်အတူ သမိုင်းဝင်နယ်မြေများသို့ သွားကာ သဲလွန်စများကို မကြာခဏရှာဖွေနေလိုက်သည်။
နောက်ဆုံးတွင်တော့ သူအကြောင်းအရာအသစ်ကို ရှာတွေ့ခဲ့ပြီး စကားလုံးအသစ်ကို ရှာတွေ့ခဲ့သည်.. မသေမျိုးသက်ရှိ..
ဤသက်ရှိများသည် အလွန်စွမ်းအားကြီးကြသည်ပင်။ သဲလွန်စအပိုင်းအစများကို ဆက်စပ်ကြည့်ပြီးသည့်နောက်တွင် ဤသည်မှာ တိုက်ခိုက်ခဲ့သည့်သူများဖြစ်လိမ့်မည်ဟု ရှီဟောင် ယုံကြည်သွားသည်။
သို့သော် သူတို့ပျောက်သွားပြီးသည့်နောက်တွင် ဘယ်နေရာမှာမှ သူတို့ကို မတွေ့ရတော့ပေ။
“လူငယ်လေး .. ဒီလောကကြီးမှာ ငါတို့နားမလည်နိုင်တဲ့ အမှန်တရားတွေ ရှိလိမ့်မယ် .. ထူးခြားဆန်းကြယ်မှုတွေလည်း အများကြီးပဲ .. ဒါပေမဲ့ အဲဒီအမှန်တရားတွေက အနှေးနဲ့အမြန်ပေါ်လာတော့မှာ .. လျှို့ဝှက်ချက်အဖြစ် ဆက်ရှိမနေနိုင်တော့ဘူး..”
ဤသည်မှာ အကြီးအကဲတစ်ယောက်မှ သူ့အား ပြောလိုက်ခြင်းပင်။ သူသည် ရှီဟောင်ကို အရေးကြီးသည့် သဲလွန်စတစ်ခုကိုလည်း ထပ်ပေးသေးသည်။ အတိတ်မှအဖြစ်အပျက်များကို လူအားလုံးမေ့သွားခြင်းမဟုတ်ပဲ ဤလောကရှိစွမ်းအားအကြီးဆုံး မျိုးဆက်များတွင် အတိတ်မှအကြောင်းအရာများကို သိသည့်သူများရှိသေးသည်။ သို့သော်လည်း သူတို့သည် ထိုကိစ္စများကို မပြောချင်သောကြောင့် လျှို့ဝှက်ထားကြလေသည်။
“အဲဒီရှေးအကျဆုံးမျိုးဆက်တွေက သမိုင်းနဲ့အမှန်တရားတွေကို သိတယ်ဟုတ်လား” ရှီဟောင်၏မျက်လုံးများ အရောင်တောက်လာလေသည်။
“အဲဒီလိုထင်တာပဲ .. မြင့်မြတ်မြေတစ်ခုက အကြီးအကဲတစ်ယောက် ငါ့ကို ပြောပြဖူးတယ် .. ဒီလောကကြီးကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ မသေမျိုးသက်ရှိတွေ ရှိတယ်တဲ့” အကြီးအကဲမှ ပြောလိုက်သည်။
ဒုတိယစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။
မသေမျိုးသက်ရှိတွေက သူတို့ကို ကာကွယ်ပေးနေတာလား..
ရှီဟောင် ကြက်သီးများပင် ထလာရသည်။ စီရင်စုသုံးထောင်မှ အမြင်အရ ဤနေရာတွင် ရန်သူများရှိသည်။
သို့သော် ဤလောကမှ လူများ ပါးစပ်ဖျားတွင်မူ သူတို့က အဘယ်ကြောင့် ကယ်တင်ရှင်ဖြစ်နေရသနည်း..
ထာဝရရှေးဟောင်းခေတ်မှ လူများမှာ ပစ်မှတ်ထားကာ ဖျက်ဆီးခံရသည်ကို ရှီဟောင် ရှင်းရှင်းလင်းလင်းသိသည်။ ထိုတိုက်ပွဲကို သူလည်း မြင်ပြီးသွားလေပြီ။
ထာဝရရှေးဟောင်းခေတ်ကို ဖျက်ဆီးခဲ့သည့်သူများ၏ မျိုးဆက်များမှာ အသက်ရှင်နေဆဲပင်။ သို့သော် ဖြစ်ပျက်ခဲ့သမျှကိုတော့ သူတို့မေ့သွားလေပြီ။
ထို့နောက်တွင် ရှီဟောင် နောက်ထပ်အချက်အလက်တစ်ခုကို ထပ်သိလိုက်ရသည်။ ရှေးဟောင်းဂိုဏ်းများသည် တိုက်ပွဲကြီး တိုက်ရန်အတွက် အင်အားများစုဆောင်းနေလေပြီ။
သို့သော် ဤလောကတွင်လည်း အချင်းချင်းပြန်တိုက်ကြသည်များ ရှိသောကြောင့် ဤသည်မှာ သာမန်လောကနှင့် ဘာမှတော့ သိပ်မကွာပေ။
သို့သော်လည်း ယခုတစ်ခေါက် ပြိုင်ပွဲမှာ ခန့်မှန်း၍မရကြောင်း ဂိုဏ်းအချို့မှ ကြေငြာထားသည်။ သူတို့သာ အောင်မြင်သွားလျှင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို ပြောင်းပြန်လှန်ပစ်ပြီး ဤနေရာမှ ထွက်ခွာကြမည်ဟု ပြောထားလေသည်။
ရှီဟောင် တုန်လှုပ်သွားရ၏။ ဤလောကမှ သက်ရှိများသည်လည်း စစ်ပွဲအတွက် ပြင်ဆင်နေလေပြီ။
“မသေမျိုးတောင်က ပြန်ပြီးအသက်ဝင်လာပြီ .. အခွင့်အရေးကောင်းကြီးတွေ ရောက်လာပြီ..”
ထိုအချိန်တွင် တစ်ယောက်ယောက်မှ ဤသတင်းကို ဖြန့်လိုက်သည်။
ရှီဟောင် အတော်လေး အံ့အားသင့်သွားရသည်။ ဤတောင်အကြောင်းကို ကဗျာဆရာအချို့ထံမှ သူသိထားသည်ပင်။
ထိုတောင်သည် သာမန်အချိန်များတွင် အလွန်အေးချမ်းတိတ်ဆိတ်ကာ အထူးအချိန်အခါများမှသာ အသက်ဝင်လာခြင်းပင်။
ယခု ဤတောင်အသက်ဝင်လာပြီဆိုတော့ သူသွားကြည့်၍ရလေပြီ။ ထိုနေရာတွင် ‘အမှန်တရား’ အနည်းငယ် ရှိလောက်သည်။
အခြားသူများပြောကြသည်မှာ ဤတောင်အသက်ဝင်လာသည်နှင့် ရှေးခေတ်မှ အမှန်တရားများဖြစ်လောက်မည်ထင်ရသည့် ထွင်းစာများကို ပြသလာသည်ဟုပင်။
ရှီဟောင်သည် ရက်ပေါင်းများစွာ အလောတကြီး သွားပြီးသည့်နောက်တွင် ထိုနေရာသို့ ရောက်သွားလေသည်။
ဤသည်မှာ သွေးများရွှဲနစ်နေသကဲ့သို့ပင် နီညိုရောင်ဖြစ်နေသည့် တောင်ကြီးတစ်တောင်ပင်။
သူ ဤနေရာသို့ ရောက်လာသည်နှင့် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ ကြီးမားလှသည့် တူကြီးတစ်ခုဖြင့် သူ၏အစာအိမ်ကို ထုနေသကဲ့သို့ အသက်မရှူနိုင်အောင်ပင် ဖြစ်စေသည်။
ဤတောင်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
ဤတောင်သည် တိမ်တိုက်များကိုပင် ထိနေသည်အထိ အလွန်ကြီးမားလှသည်။ သူ သက်ပြင်းမချပဲ မနေနိုင်တော့ပေ။ ဤတောင်မှာ တစ်ကမ္ဘာလုံးတွင် အမြင့်ဆုံးတောင်ပင် ဖြစ်လိမ့်မည်။
ရှီဟောင်သည် တောင်ခြေသို့ရောက်လာသည်နှင့်ပင် အလွန်ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်နံရံများတွင် ပျက်စီးနေသည့်ပုံများရှိနေသည်။ ဤသည်မှာ ရှေးမှလူများ ချန်ထားခဲ့သည့်အရာများပင်။
“မသေမျိုးသက်ရှိ…”
အချို့ပုံများကို တွေ့လိုက်ရသည်နှင့် ရှီဟောင်၏အမူအရာ ချက်ချင်း ပြောင်းလဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုပုံများအရ။
အပိုင်း ၁၂၅၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၆၀ – မသေမျိုးတောင်
တောင်များမှာ နီညိုရောင်ဖြစ်နေသောကြောင့် ရက်စက်သည့်ခံစားချက်များကို ခံစားနေရသည်ပင်။ ဤနေရာတွင် မြက်တစ်ပင်မှ မပေါက်သလို လှေကားထစ်များပင်လျှင် နီညိုရောင်ဖြစ်နေလေ၏။
ရှီဟောင်သည် တောင်ပေါ်သို့တက်ကာ အမှန်တရားကို ရှာဖွေရန်အတွက် ကျောက်နံရံများထက်တွင် ရေးထိုးထားသည်များကို ရှာဖွေလိုက်သည်။
ရှီဟောင်သည် ၁၀ ခုလောက်လေ့လာပြီးသွားပြီဖြစ်သည်။ ထိုကျောက်နံရံအားလုံးတွင် ဤလူများပြောကြသည့် မသေမျိုး ကယ်တင်ရှင်များအကြောင်းသာ။ ထိုသက်ရှိများသည် အနည်းငယ် မှုန်ဝါးနေပြီး ထိတ်လန့်ကောင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေလေသည်။
ရှီဟောင်၏ အမူအရာလည်း လေးနက်သွားရသည်။ သူ မြင်လိုက်ရလေလေ ကြောက်လေလေပင်။ ဤပုံများမှာ သာမန်လူများချန်ရစ်ထားခဲ့သည့်ပုံများမဟုတ်ပဲ ဝိဉာဉ်ရှိနေသည်။ မဟုတ်ပါက နှစ်ပေါင်းများစွာကြာနေပြီကို အဘယ်ကြောင့် ဤမျှ ထင်ထင်ရှားရှားရှိနေမည်နည်း..
ဤတောင်မှာ မတ်စောက်လှပြီး သူအပေါ်တက်သွားလေလေ ဖိအားများလာလေပင်။ သူကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် တောင်တစ်ဝက်ရောက်သည်နှင့် အသက်ရှူကြပ်လာရသည်ပင်။ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ..
ထို့အပြင် ထိုသို့တက်နေသည့် အတောအတွင်း ရှီဟောင် အခြားပုံများကိုလည်း မြင်ခဲ့ရသေးသည်။ သူ၏အမူအရာများလည်း ပို၍မဲမှောင်လာလေ၏။
အဘယ်ကြောင့်ဆိုသော် ဤမှတ်တမ်းများအရ ဤမသေမျိုးသက်ရှိများမှာ အခြားကမ္ဘာမှ မိစ္ဆာဟုခေါ်သည့်သူများကိုသတ်ကာ ဤလောကမှ သက်ရှိအားလုံးကို ကယ်တင်ခဲ့သည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများပင်။
ဤသည်မှာ ရှီဟောင်သိထားသည်နှင့် ဆန့်ကျင်ဘက်ပင်။
သူအမြင့်ရောက်လာလေလေ ထိုပုံများကို အနီးကပ်ကြည့်လာလေလေပင်။ ဤပုံများကြောင့် ရှီဟောင်၏ခန္ဓာကိုယ်ပင်လျှင် အေးခဲလာရသည်။ သူတို့တွေက ဘယ်လောက်တောင် စွမ်းအားကြီးလို့ သမိုင်းကိုတောင် ပြောင်းပြန်လှန်နိုင်တာလဲ..
ဤမသေမျိုးသက်ရှိဟု ခေါ်သည့်သူများမှာ ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ ခုကို ကျူးကျော်ခဲ့သည့်သူများနှင့် ဆက်စပ်နေလိမ့်မည်ဟု သူတစ်ချိန်လုံး ထင်နေခဲ့ခြင်းပင်။
ယခုတော့ .. ဤလူများမှာ ကယ်တင်ရှင်အဖြစ် သတ်မှတ်ခံနေရသည်။
သူ တဖြည်းဖြည်းချင်းဖြင့် တောင်ထိပ်နားသို့ နီးလာလေပြီ။ သို့သော်လည်း အနည်းငယ်ဝေးနေသေးသည့်နေရာအရောက်တွင်တော့ သူ ရပ်တန့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူအချို့ကို တွေ့လိုက်ရပြီး အားလုံးမှာ ချွေးများစိုရွှဲလျက် ကြမ်းပြင်ပေါ်တွင် ထိုင်နေကြလေသည်။
သူမောနေသော်လည်း သူရှေ့ဆက်သွားနိုင်သေးသည်။ သို့သော် သူမသွားတော့ပဲ ဤနေရာတွင် ရပ်လိုက်သည်။
ဤလူများမှာ ငယ်ရွယ်သည့်သူများဖြစ်နေသောကြောင့် ရှီဟောင် ထိတ်လန့်သွားရသည်။ အားလုံးပေါင်း ၁၀ ယောက်ကျော်ပင် ရှိနေသည်။ သူတို့အားလုံးသည် ထာဝရစွမ်းအင်ကို ကျင့်ကြံထားကြကာ ထိုစွမ်းအင်ကို အားထားပြီး ဤနေရာသို့ ရောက်လာကြခြင်းပင်။
ထို့နောက် ရှီဟောင် ကောလဟာလများကို ပြန်စဉ်းစားမိသွားသည်။ ဤနေရာတွင် ကံကောင်းမှုများရှိနေပြီး ဤတောင်အသက်ပြန်ဝင်လာသည့်အချိန်တိုင်း ထူးချွန်သည့် လူငယ်ဂျီးနီးယပ်စ်အများစု ဤနေရာသို့ ရောက်လာကြကာ ကံကောင်းမှုများကို လာယူကြသည်ပင်။
ရှီဟောင် အံ့အားသင့်သည့်ပုံဖြစ်သွားလေ၏။ သူလည်း ဒီနေရာကနေ တစ်ခုခု ရတော့မှာလား..
ထိုလူများအားလုံးသည် ရှီဟောင်ကို ကြည့်လာကြပြီး သူ့ပုံစံကို တွေ့သည်နှင့် သူတို့အားလုံး အံ့အားသင့်သွားကြလေသည်။ အချို့လူများမှာ မျက်လုံးများ မှေးကျဉ်းသွားကြလေ၏။
“မင်းက ထာဝရစွမ်းအင်ကိုမသုံးပဲနဲ့ တက်လာတာလား..” နောက်ဆုံးတွင်တော့ သူတို့ထဲမှ တစ်ယောက်မှ မနေနိုင်ပဲ မေးလိုက်လေသည်။
ဤတောင်ကို တက်ရန် ဘာကြောင့်ခက်ခဲနေသည်ကို ရှီဟောင် နောက်ဆုံးတော့ နားလည်သွားလေပြီ။ ဤတောင်ကို ထာဝရစွမ်းအင်ရှိသည့်သူမှ တက်နိုင်ခြင်းပင်။
သေချာပါသည်။ သူ ထာဝရစွမ်းအင်တစ်ကြောင်းကို ထုတ်လိုက်သည်နှင့် သူ ခံစားနေရသည့် ဖိအားမှာ အတော်လေး လျော့နည်းသွားလေသည်။
“မင်း ဘယ်သူလဲ .. မင်းက ထာဝရစွမ်းအင်မသုံးပဲနဲ့ ဒီထိရောက်အောင် တကယ်တက်လာနိုင်တာပေါ့..” သူတို့ထဲက တစ်ယောက်မှ ခါးသီးစွာ ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် သက်ပြင်းချကာ “သွားကြစို့ .. ငါတို့ ထိပ်ထိရောက်သွားရင်တောင် မျှော်လင့်ချက်မရှိဘူး .. ဒီနှစ် ကျွမ်းကျင်သူတွေ အရမ်းများတယ် .. ငါတို့ မသေမျိုးဖြစ်နိုင်မယ့် မျှော်လင့်ချက်ကို လက်လျော့လိုက်သင့်ပြီ…”
ထိုသို့ပြောပြီးသည့်နောက် ထိုလူက မတ်တပ်ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ထာဝရစွမ်းအင်တစ်ကြောင်း လည်ပတ်နေပြီး သူ၏ဦးခေါင်းထက်တွင်လည်း ချွေးများ ရွှဲစိုနေလေ၏။ သူသည် အလွန်စိတ်ပျက်စွာဖြင့်ပင် ခေါင်းငိုက်စိုက်ချလျက် ပြန်ဆင်းသွားလေ၏။
“ကျွန်တော်က လူတွေနဲ့ဝေးတဲ့ တောအုပ်ထဲက စွန့်ပစ်နယ်မြေက လာတာပါ .. ကျွန်တော် ဒီတောင်အကြောင်းကို သိပ်မသိသေးလို့ တာအိုရောင်းရင်းတို့ရှင်းပြပေးလို့ရမလား..” ရှီဟောင် နှိမ့်ချစွာ ပြောလိုက်သည်။
ဤနေရာအကြောင်းကို သူသိချင်သည်။ ဤနေရာတွင် မည်သည့် ကံကောင်းမှုရှိနေသနည်း .. သူတို့က ဘာကြောင့် လာကြသနည်း…
“ဒီတောင်ကို မသေမျိုးတောင်လို့ခေါ်တယ် .. ဒီမှာက ရှေးဟောင်းစာတွေထဲမှာ ရေးထားတဲ့ ကယ်တင်ရှင်တွေ ပေါ်လာတဲ့နေရာပါ .. မသေမျိုးကို တွေ့ပြီး သူ့နောက်လိုက်လုပ်လို့ရနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာကြတာပါ” မိန်းမငယ်လေးတစ်ယောက်မှ ပြောလိုက်သည်။
သူမသည်လည်း ထာဝရစွမ်းအင်ကျင့်ကြံထားသည့်သူပင်။ သူမသည် ငယ်ရွယ်သေးသောကြောင့် ထိုလူလတ်ပိုင်းအမျိုးသားထက် အလားအလာများရှိသေးသည်သာ။ ထို့ကြောင့် သူမ ဆင်းမသွားခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းမြင့်မြတ်မြေများ၏ မှတ်တမ်းများအရ မသေမျိုးသက်ရှိသည် လူငယ်သူရဲကောင်းများကို ကြိုက်နှစ်သက်သည်ပင်။ လူငယ်များမှာ ပို၍ထိန်းသိမ်းရလွယ်ကူပြီး ပို၍ပုံသွင်းရလွယ်ကူသည်ပင်။
ရှီဟောင်မှာ သူ့စိတ်ထဲ လေဆင်နှာမောင်း ဝင်မွှေသွားသလိုပင်။ ဒီနေရာမှာ .. မသေမျိုးသက်ရှိ ပေါ်လာမှာလား..
ဒီသတင်းက အမှန်ပဲလား .. အမှန်သာဆိုလျှင်တော့ အလွန်ထိတ်လန့်စရာကောင်းလိမ့်မည်။
ယခုထိတိုင်အောင် တဖြည်းဖြည်းချင်း စုလာသည့် သတင်းများမှာ အမှန်ပင်ဖြစ်နေသည်ကို သူသိလိုက်ရသည်။ ဤသည်မှာ တကယ်ကိုပင် ရက်စက်ကာ ကြောက်စရာကောင်းလှသည်။
သို့သော်လည်း ဤကဲ့သို့သော အေးစက်မှုမျိုးမှာ ရှီဟောင်တစ်ယောက်တည်း ခံစားနေရခြင်းပင်။ ဤလောကမှ လူများမှာမူ ဤကဲ့သို့ ခံစားရမည်မဟုတ်ပေ။
“ငါက ဘယ်လိုနေရာမျိုးကို ရောက်လာတာလဲ .. မသေနိုင်တဲ့ရန်သူတွေက ကယ်တင်ရှင်တွေ ဖြစ်နေတယ်..” ရှီဟောင် သက်ပြင်းချလိုက်၏။
သူ၏ဆုံးဖြတ်ချက် မှားသွားပါစေဟု သူ ဆုတောင်းနေမိသည်။ မဟုတ်ပါက ဤသည်မှာ အလွန်ဆိုးရွားလိမ့်မည်။
ဤနေရာသို့ ရောက်လာသည့်သူများမှာ အံ့အားသင့်စရာကောင်းသည့်သူများပင်။ အားလုံးသည် အံ့အားသင့်စရာကောင်းလောက်သည့် နောက်ခံများရှိပြီး အားလုံးမှာ မြင့်မြတ်မြေအမျိုးမျိုးမှ ထိပ်တန်းပုဂ္ဂိုလ်များပင်။ တစ်ကိုယ်တော်ကျင့်ကြံသူအချို့လည်း ရှိသည်ပင်။
အားလုံးသည် စကားသိပ်မပြောကြပေ။ ရှီဟောင် သန်မာသည်ကို သူတို့အားလုံး အာရုံခံမိသောကြောင့် စိတ်ထဲတွင် သက်ပြင်းချနေကြလေသည်။
“စွမ်းအားကြီးတဲ့သူတွေအားလုံး အပေါ်တက်သွားပြီ .. မင်းလည်း မြန်မြန်လှုပ်ရှားသင့်တယ်” တစ်စုံတစ်ယောက်မှ သူ့အား သဘောကောင်းစွာပင် သတိပေးလာလေသည်။ ဤသည်မှာ ရင်းနှီးမြှုပ်နှံမှုတစ်မျိုးလည်း ဖြစ်နိုင်သည်ပင်။
အဘယ်ကြောင့်ဆိုသော် မသေမျိုးသက်ရှိ ခေါ်သွားခံရသည်နှင့် သူတို့အနာဂတ်သည် အဆုံးမရှိလောက်အောင် တောက်ပနေမည်ပင်။
ရှီဟောင်သည် ကျေးဇူးတင်ကြောင်းပြောကာ တောင်ပေါ်သို့ နောက်တစ်ကြိမ် ထပ်တက်လိုက်သည်။ သူသည် ထာဝရစွမ်းအင်ကို အသက်သွင်းကာ တက်သွားခြင်းပင်။
ဖိအားမှာ တစ်ဖြည်းဖြည်း ပိုများလာလေ၏။ ထိပ်နားသို့ ရောက်ခါနီးသည့်အချိန်တွင် သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းကို အသုံးပြုနေသော်လည်း သူ့ကိုယ်သူပင် မထိန်းနိုင်အောင်ဖြစ်နေလေပြီ။
ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။ ဤတောင်ထိပ်သို့ ရောက်လာနိုင်သည့်သူများထဲတွင် အားနည်းသည့်သူတစ်ယောက်မှ မပါပေ။ အားလုံးမှာ အလွန်စွမ်းအားကြီးသည့် သူများပင်။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူများအတွက် ပြင်ဆင်ထားသည့်လမ်းပင်။
သို့သော်လည်း ထိုကဲ့သို့သောလူမျိုး ဘယ်နှစ်ယောက်ရှိနိုင်မည်နည်း…
တောင်ထိပ်ပေါ်တွင် လူ ရှိနေသောကြောင့် ရှီဟောင်မျက်လုံးများ မှေးကျဉ်းသွားရသည်။ သေချာပါသည်။ စွမ်းအားကြီးသည့်သူများမှာ ဤနေရာသို့ ကြိုရောက်နေလေပြီ။
“အမ်…”
လမ်းဘေးတစ်ဖက်ရှိ ကျောက်နံရံမှ ပုံတစ်ပုံကို သူ ရုတ်တရက်ပင် တွေ့လိုက်ရသည်။ ဤတစ်ကြိမ်တွင်တော့ မသေမျိုးသက်ရှိတစ်ယောက်တည်းမဟုတ်တော့ပဲ ခွန်ပန်နှင့် မိုးမခနတ်ဘုရားကိုလည်း တွေ့လိုက်ရသည်။
“သူတို့တွေက မသေမျိုးသက်ရှိနဲ့ တိုက်ကြမှာလား..” ရှီဟောင် ထိုပုံထဲမှ ကျွမ်းကျင်သူများကို ကြည့်လိုက်သည်။
ရှီဟောင်သည် ထိုပုံကို အကြာကြီးကြည့်ပြီးသည့်နောက်တွင် လှေကားထစ်များအတိုင်း ဆက်တက်သွားလိုက်သည်။ နောက်ဆုံးတွင်တော့ သူတောင်ထိပ်သို့ ရောက်လာလေပြီ။
ထိုအချိန်တွင် တစ်ကိုယ်လုံးတောက်ပနေသည့် လူငယ်လေးတစ်ယောက် ကျောက်နံရံတစ်ခုထံသို့ လျှောက်သွားသည်ကို သူ တွေ့လိုက်ရသည်။ ထို့နောက် ရွှေရောင်အလင်းလမ်းကြောင်းတစ်ခု ပေါ်လာလေ၏။
ထိုလူငယ်လေးသည် ထိုလမ်းကြောင်းထဲသို့ ဝင်သွားလိုက်သည်နှင့် ရုတ်တရက်ပင် ပျောက်ကွယ်သွားလေသ်ည။
ထိုလူပျောက်သွားသည်မှာ လျင်မြန်လွန်းလှသောကြောင့် ရှီဟောင် ဆွံ့အသွားရသည်။ အဲဒီလူ မသေမျိုးသက်ရှိကို သွားတွေ့တာလား..
တစ်ချိန်တည်းမှာပင် သူ တုန်လည်းတုန်လှုပ်သွားရသည်။ ထိုလူ့ထံတွင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည်ကို သူသေသေချာချာကြီးကို တွေ့လိုက်ရသည်။ သူသည် သေချာပေါက်ပင် စွမ်းအားကြီးသည့်သူ ဖြစ်လိမ့်မည်။ ကံမကောင်းစွာဖြင့်ပင် ထိုလူထွက်သွားသည့်ပုံရိပ်ကိုသာ သူမြင်လိုက်ရသည်။
သူသက်ပြင်းမချပဲ မနေနိုင်တော့ပေ။ ဤလောက၏ သဘာဝဥပဒေသနှင့် အခြားအရာများမှာ သာမန်မဟုတ်ပဲ ထင်ထားသည့်အတိုင်းပင် ကြောက်စရာကောင်းလှသည်။ ဤလောကရှိ ကျင့်ကြံသူများမှာ စီရင်စုသုံးထောင်မှ ကျင့်ကြံသူများထက် တစ်ဆင့်သာသည်ပင်။
“ရှင်က တော်တော်လေးကို အထင်ကြီးဖို့ကောင်းတာပဲ .. ထာဝရစွမ်းအင်နှစ်ကြောင်းတည်းနဲ့ ဒီနေရာကို ရောက်အောင် လာနိုင်တာလား .. ဘာလို့ တတိယမြောက်ထာဝရစွမ်းအင်ကို မသုံးတာလဲ..” အလွန်သာယာလှသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။
ဤအသံကို သူအနည်းငယ် ရင်းနှီးနေသောကြောင့် ရှီဟောင် အံ့အားသင့်သည့်ပုံစံ ဖြစ်သွားလေ၏။
ဤသည်မှာ တောင်ထိပ်တွင်ထိုင်ကာ ကျောက်တိုင်ကို လေ့လာနေသည့် မိန်းမငယ်လေးပင်။ သူမသည် လှည့်မကြည့်သော်လည်း ရှီဟောင်နှင့်စကားပြောနေသည်မှာ သေချာသည်။
အဘယ်ကြောင့်ဆိုသော် ယခု သူတို့နှစ်ယောက်သာ ကျန်တော့သည်ပင်။
ရှီဟောင် ရယ်မောာလိုက်ကာ သူ့ခန္ဓာကိုယ်နားတွင် ထာဝရစွမ်းအင်သုံးကြောင်းကို လည်ပတ်စေလိုက်ကာ သူခံစားနေရသည့် ဖိအားကို အတော်လေး လျော့ချပစ်လိုက်လေသည်။
ခဏကြာပြီးသည့်နောက်တွင် ဤမိန်းကလေး မည်သူဖြစ်သည်ကို သူ သိသွားလေပြီ။ ဤအော်ရာ၊ ဤအသံမှာ သူ ယခင်တုန်းက ခံစားခဲ့ဖူးသည့် အရာများပင်။
လွန်ခဲ့သည့် လပေါင်းများစွာက သူ ဤလောကသို့ စရောက်သည့်အချိန်တုန်းက ငွေရောင်ကင်းမြှီးကောက် ရှစ်ကောင်ဆွဲသည့် ရထားလုံးကို မြင်ခဲ့ဖူးသည်။ ထိုရထားလုံးပိုင်ရှင်မှာ ဤမိန်းကလေးပင်။
ထိုမိန်းကလေး ထရပ်လိုက်သည်နှင့် သူမအနားတွင် ထာဝရစွမ်းအင် သုံးကြောင်း ရစ်ဆိုင်းနေလေ၏။ သူမသည် နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိ၊ သရဖူ ၁၀ခုဘုရင်၊ နျင်ချွမ်းတို့နှင့် ယှဉ်နိုင်သည့်သူပင်။
သူမကို ပထမဆုံးအကြိမ်ကြည့်လိုက်လျှင် လှပသည်ဟုသာ ခံစားမိလိမ့်မည်။ အံ့အားသင့်စရာကောင်းသည်ဟု ခံစားမိမည် မဟုတ်ပေ။ သို့သော် သူမကို ကြည့်လေလေ သူမထံတွင် ထာဝရတာအိုအော်ရာရှိသည်ဟု ခံစားရလေလေပင်။ သူမ၏ မျက်လုံးများမှာ အသက်ဝင်လှပြီး အော်ရာလည်း ထူးခြားလှသည်။
“ဟမ် .. ရှင်ပဲ .. ကျွန်မတို့ ဆုံဖူးတယ်လေ” သူမ ထိတ်လန့်သွားကာ သူမ၏ ချစ်စရာကောင်းသည့် မျက်နှာထက်တွင် အံ့အားသင့်သည့်ပုံစံ ဖြစ်ပေါ်လာလေသည်။
ရှီဟောင်လည်း ထိတ်လန့်သွားရသည်။ ထိုတုန်းက သူတို့ဒီတိုင်း မတော်တဆ လမ်းမှာတွေ့ကြရုံသာ။ ထို့ပြင် သူသည် ဘေးဘက်သို့ ပုန်းနေခဲ့ခြင်းပင်။ သို့သော်လည်း ဤအမျိုးသမီးမှာ သူ့အား အာရုံခံနိုင်ဆဲဖြစ်သောကြောင့် တစ်ဖက်လူမှာ အထင်ကြီးစရာကောင်းသည်သာ။
“ဒီလောကက ကျဉ်းကျဉ်းလေးပါပဲ..” ရှီဟောင် စိတ်ငြိမ်သွားကာ လူ ဘယ်နှစ်ယောက် ဝင်ပြီးသွားပြီလဲဟု သူမကို မေးလိုက်သည်။
“လောလောဆယ်တော့ နှစ်ယောက်ပဲ ဝင်ရသေးတာ .. ဘယ်သူတွေ ထပ်လာဦးမလဲတော့ မသိဘူး” မိန်းမပျိုလေး ပြန်ပြောလိုက်သည်။
ဤနေရာတွင် ကျောက်တိုင်အချို့ရှိနေပြီး စာများလည်း ထွင်းထားသည်ပင်။ လုံလောက်အောင် စွမ်းအားကြီးပါက ထာဝရစွမ်းအင်ဖြင့် ကျောက်တိုင်များကို အသက်သွင်းပြီး ထိုအောက်တွင် မည်သူ့အား မြှုပ်နံထားသည်ကို ကြည့်၍ရသည်ပင်။
“မင်းက ဘာလို့ အခုထိမသွားသေးတာလဲ” ရှီဟောင်မေးလိုက်၏။
“ဒီလောကကနေ ထွက်သွားရမှာ နည်းနည်းတွန့်ဆုတ်နေလို့..” မိန်းမပျိုလေး ပြန်ပြောလိုက်သည်။ သူမသည် ဝမ်းနည်းစွာဖြင့်ပင် တောင်အောက်မှ မြင်ကွင်းကို ကြည့်နေလေ၏။ ထို့နောက် သူမလက်ထဲတွင် ရထားလုံးတစ်လုံး ပေါ်လာလေသည်။ ထိုလက်ဝါးပေါ်တွင် ကင်းမြှီးကောက်ရှစ်ကောင်လည်း ရှိနေလေသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။
“မသေမျိုးသက်ရှိကို သွားတွေ့ပြီးတာနဲ့ ဘယ်လောက်ကြာမှ ပြန်လာနိုင်တာလဲ..” ရှီဟောင်မေးလိုက်သည်။
မိန်းမပျိုလေး – “အကြာကြီးနေမှ ပြန်လာနိုင်တာ .. ကျင့်ကြံခြင်းမအောင်မြင်မချင်း ပြန်လာလို့မရဘူး”
သူသည် လူသူနှင့်ဝေးကွာသောနေရာမှ လာသောသူဖြစ်ကြောင်းပြောကာ သူမထံမှ လမ်းညွှန်မှုများကို တောင်းခံလိုက်လေသည်။
သူမထံမှ အလွန်အဖိုးတန်သည့်သတင်းများကို သူရရှိလိုက်သည်ပင်။ မသေမျိုးတောင်အသက်ဝင်လာသည်နှင့် ဤတောင်မှ အခြားလောကတစ်ခုနှင့် ဆက်သွားနိုင်သည့် လမ်းကြောင်းတစ်ခု ပေါ်လာလိမ့်မည်။ ထာဝရစွမ်းအင်ရှိသူများသာ ထိုနေရာသို့ ဝင်နိုင်ခြင်းပင်။
ထိုနေရာမှာ မသေမျိုးသက်ရှိများနေထိုင်သည့် သန့်စင်သည့်နယ်မြေပင်။
ထိုနေရာကို ဝင်နိုင်ပြီး မသေမျိုးသက်ရှိများ၏ သင်ကြားမှုခံရခြင်းမှာ သေချာပေါက် ကံကောင်းလှသည့်အရာတစ်ခုပင်။
ရှီဟောင် စိတ်ထဲ အေးခဲသွားရ၏။ သူသာ လက်လွတ်စပယ်ဝင်သွားလျှင် ဘာဖြစ်မလဲ မသိနိုင်ပေ.
“ရှင်နဲ့စကားပြောနေတာလည်း တော်တော်ကြာပြီ .. ကျွန်မ မသွားချင်ပေမယ့်လည်း သွားရဦးမှာပဲ..”
မိန်းမပျိုလေးသည် ခပ်ဝေးဝေးတောင်မှ တောင်တန်းများကို ကြည့်ပြီးနောက် တစ်ဖက်သို့လှည့်ကာ လမ်းကြောင်းတစ်ခုကို ဖွင့်၍ ထွက်သွားရန် ပြင်လိုက်သည်။ သူမသည်ရှီဟောင်ကို ကြည့်လိုက်ကာ “ရှင် မသွားဘူးလား .. အတူတူသွားမယ်လေ..”
ရှီဟောင် စိတ်ရှုပ်ထွေးသွားရ၏။ ဤမိန်းမပျိုလေးသာ ထိုလောကထဲသို့ ဝင်သွားလိုက်ပါက သူတို့ပြန်တွေ့သည့်အချိန်တွင် သူတို့သည် သူသေကိုယ်သေ တိုက်ရမည့်ရန်သူများဖြစ်သွားလိမ့်မည်။
ဤမိန်းမပျိုလေး၏ ပါရမီများမှာ ထူးခြားလှပြီး နောင်ကျလျှင် သူမသည် မည်မျှကြောက်ဖို့ကောင်းသည့်သူဖြစ်လာနိုင်သည်ကို မသိနိုင်ပေ။
သို့သော်လည်း သူမသည် လူသားမျိုးနွယ်စုတစ်ဦးဖြစ်ပြီး ရန်သူဖြစ်သင့်သည့်သူ မဟုတ်ပေ။
“တာအို ရောင်းရင်း။ ဂရုစိုက်ပါ” ရှီဟောင် သူမကို တားဆီးလိုက်သည်။
“ရှင့်မှာ ဂရုစိုက်ရမယ့်တစ်ခုခုရှိလို့လား..” မိန်းမပျိုသူ့အားမေးလိုက်သည်။
“တစ်ခြားလောကက သက်ရှိတွေက နတ်ဆိုးတွေဖြစ်တယ်ဆိုတာကို တာအိုရောင်းရင်း ယုံလား .. ငါတို့ရဲ့ မြေက သူတို့ကျူးကျော်တာကို ခံလိုက်ရတယ်ဆိုတာကိုရော ယုံလား” ရှီဟောင်မေးလိုက်၏။
“ဒါက အမှန်တရားပဲ မဟုတ်ဘူးလား” မိန်းမပျိုလေး ပြောလိုက်သည်။
ရှီဟောင် – “ရှေးဟောင်းစာတွေ၊ ကျောက်စာတွေကနေ ငါနားလည်ထားတဲ့အရာတစ်ချို့ရှိတယ် … လောကရဲ့ အခြားတစ်ဖက်က လူတွေကလည်း ငါတို့လိုမျိုး သက်ရှိတွေပဲ .. ပြီးတော့ လူမျိုးစုလည်း အတူတူပဲ”
မိန်းမပျိုလေး – “သူတို့ရဲ့ခန္ဓာကိုယ်ကပဲ ကျွန်မတို့နဲ့တူတာလေ .. ဒါပေမဲ့ သူတို့ရဲ့နှလုံးသားတွေက မကောင်းဆိုးဝါးတွေ ဖြစ်နေပြီ”
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူ ဤမိန်းမပျိုလေးကို ထို မသေမျိုးသက်ရှိများနှင့် တွေ့ဆုံမည်အား တကယ်တားမြစ်ချင်သည်။ သို့သော်လည်း ကြည့်ရသည်မှာ မဖြစ်နိုင်သည့်ပုံပင်။
အဘယ်ကြောင့်ဆိုသော် အချို့အမြင်များမှာ သူတို့နှလုံးသားထဲတွင် စွဲမြဲနေလေပြီ။
ရှီဟောင် စိတ်ထဲ သက်ပြင်းချလိုက်သည်။ သူ ခန့်မှန်းတာမမှားလျှင် ဤမသေမျိုးသက်ရှိများသည် လူမျိုးစုတူသူများကို တိုက်ခိုက်ရန်အတွက် ထူးခြားသည့်သူရဲကောင်းများကို မွေးမြူနေခြင်းပင်။ ဤသည်မှာ တကယ်ကို ဒေါသထွက်စရာကောင်းလှသည်။
အပိုင်း ၁၂၆၀ ပြီး၏။