Switch Mode

Chapter – 241

ပေါင်းစပ်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၁ – ပေါင်းစပ်ခြင်း

တောင်ပိုင်းပင်လယ် နဂါးသံများ ထွက်ပေါ်ပြီး လှိုင်းလုံးများ ရိုက်ခတ်နေသည့်နေရာတွင်..

မီတာတစ်ရာမြင့်သည့် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုလှိုင်းလုံးပေါ်တွင် အဖြူရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အဝေးသို့ ငေးကြည့်နေလေသည်။

ဤသည်မှာ အတော်လေး ချောမောလှသည့် လူငယ်လေးတစ်ဦးပင်။ သူ့ဆံနွယ်ရှည်များ လေထဲယိမ်းနွဲ့နေကာ မျက်လုံးများလည်း တောက်ပနေသည်။ သူနဖူးထက်တွင်တော့ နဂါးသင်္ကေတများ ရှိနေသည်။ “အား.. ကုန်းမြေကြီး ငါလာပြီ … ပြောင်းလဲမှုတွေ နောက်တစ်ကြိမ်ဖြစ်လာတာနဲ့ ငါက ကုန်းမြေပေါ်မှာ နဂါးတစ်ကောင်ဖြစ်အောင် လုပ်မယ်..”

အရှေ့ပင်လယ်တွင် ရေအောက်မှ ထူးဆန်းသည့်ပင်လယ်သားရဲတစ်ကောင် သူ့အတောင်ပံများကို ဖြန့်ကျက်ကာ ထိုးထွက်လာသည်။ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် နတ်ကျားတစ်ကောင်နှင့်တူပြီး ခန္ဓာကိုယ်ကို ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေသည်။

သူ ဟစ်ကြွေးလိုက်ပြီးနောက် ရွှေရောင်ဆံပင်နှင့်လူသားပုံစံအဖြစ်သို့ ပြောင်းလဲလိုက်ကာ ပင်လယ်မျက်နှာပြင်ထက်၌ ရပ်လိုက်သည်။ “နောက်ဆုံးတိုက်ပွဲပြီးသွားတာ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီ .. တော်တော်များများက ငါတို့မျိုးနွယ်စုကို မေ့သွားလောက်ပြီထင်တယ်”

သူသည် ကျားတစ်ကောင်ကဲ့သို့သော မျက်လုံးမျိုးရှိပြီး မျက်ခုံးမွေး ထူထဲမည်းနက်ကာ အရပ်ရှည်သည်။ သူ့ထံမှ သူရဲကောင်းအော်ရာလည်း ထွက်ပေါ်နေသည်ပင်။ သူသည် ခြေလှမ်းကျယ်များဖြင့်ပင် ပင်လယ်မျက်နှာပြင်ကို ဖြတ်သန်းသွားလာနေ၏။

သူ့အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် လေဟာနယ်ပင် ပေါက်ကွဲသွားလေ၏။ ထို့နောက်တွင်တော့ သူသည် အသံထက်ငါးဆမြန်သည့်နှုန်းဖြင့် ပျံသန်းသွားလေတော့သည်။

“ငါတို့မျိုးနွယ်စုက ပြိုင်ဘက်ကင်းတယ် .. နဂါးမျိုးနွယ်စုတောင် ငါတို့ကို မဖိနှိပ်နိုင်ဘူး .. ငါ နာမည်ကြီးတောင်တွေနဲ့မြစ်တွေ သိမ်းမှာကို ဘယ်သူက ငါ့ကို လာတားဆီးနိုင်မှာလဲ..”

ပင်လယ်ပြင်၌ သူ့အသံပဲ့တင်ထပ်နေသည့်အချိန် သူကတော့ အရှေ့မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားလေပြီ.

အဝေးရှိ ပင်လယ်များတွင် ကြမ်းတမ်းသည့်လှိုင်းလုံးများကြားမှ လှပသည့်အရိပ်တစ်ခု ရံဖန်ရံခါ ထွက်ပေါ်လာသည်။ သူမအသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။

နောက်ဆုံးတွင်တော့ သူမ ရေထဲမှ ထိုးထွက်လာကာ ရေလှိုင်းပေါ် မတ်တပ်ရပ်လိုက်သည်။ သူမသည် အရပ်ရှည်ကာ သူမ၏ဖြူဖွေးနေသည့် ရင်အုံကို တောက်ပသည့် ကမာခွံဖြင့် ဖုံးအုပ်ထားသည်။ သူမ၏ ခရမ်းရောင်ဆံနွယ်များမှ ရေများတစ်စက်စက်စီးကျနေသည်။

“ငါက နတ်ဘုရားမျိုးဆက်၊ ငါ့ဘိုးဘေးတွေကလည်း ကုန်းမြေကလာတာ .. ငါ့မူလနေရာကို ပြန်သွားပြီး အဲဒီမှာ ၇ ခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်မယ်..” သူမ၏ သာယာလှသည့်အသံမှာ သာယာနာပျောက်ဖွယ်ကောင်းလှသလို ယုံကြည်ချက်လည်း ပြည့်ဝနေသည်။

ကျွမ်းကျင်သူများစွာ ကုန်းမြေပေါ်သို့ တက်နေကြသည်ပင်။ ငွေရောင်လိပ်တစ်ကောင်သည် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် ဆံပင်ဖြူနှင့်အမျိုးသားအဖြစ် ပြောင်းလဲသွားကာ ကမ်းခြေပေါ်သို့ ဆင်းသက်သွားလိုက်သည်။

အခြားကမ်းခြေတစ်နေရာတွင်တော့ ဧရာမကမာခွံကြီးတစ်ခု တောက်ပလာကာ ထိုအထဲမှ လှပကာ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦး လမ်းလျှောက်ထွက်လာသည်။

ဤရက်အတွင်းတွင် စွမ်းအားကြီး ကျွမ်းကျင်သူများစွာ ကမ်းခြေသို့ ဦးတည်လာနေကြသည်။

ကျုံးနန်တောင်အောက်ခြေတွင် သွယ်လျကာ ကျက်သရေရှိသည့် အမျိုးသမီးရပ်နေပြီး ခရမ်းရောင်တိမ်တိုက်များ လွှမ်းခြုံနေသည့် တောင်ထိပ်ကို ရပ်ကြည့်နေလေသည်။ သူမ၏အပြာရင့်ရောင်ဆံပင်များထဲတွင် နဂါးဦးချိုနှင့်တူသည့် အရာများ ရှိနေသည်။

ရေအောက်မျိုးနွယ်စုမှ ကျွမ်းကျင်သူများ ဆက်တိုက်ရောက်ရှိလာကြပြီး အများစုမှာ ကျန်းရှီသို့ဦးတည်သွားနေကြကြောင်း တစ်စုံတစ်ဦးမှ တင်ပြလာသည်။

“သူတို့အားလုံးက ချူဖုန်းရဲ့ အသက်ရှူပညာကို ရလိုရငြား ကံစမ်းချင်နေကြတာ .. မင်းရောသွားချင်လား..” သူ့နောက်မှ လူတစ်ဦး မေးလာသည်။ သူတို့အုပ်စုထဲတွင် အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်ပြီး အားလုံးမှာ စွမ်းအားကြီးသည့်သူများပင်။

“လောစရာမလိုဘူး .. ကျန်းရှီကို မသွားချင် ကျုံးနန်းတောင်ကို လေ့လာချင်သေးတယ်”

ယနေ့တွင် လောကကြီး မငြိမ်းချမ်းနိုင်တော့။ ရေအောက်မျိုးနွယ်စုမှ ကျွမ်းကျင်သူများ ရောက်လာလေပြီ။ အားလုံးမှာ ထိပ်တန်းအဆင့် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူများပင်။

ထိုလူများထဲတွင် နတ်ဆိုးအိုကြီးများ ပါဝင်သလို ငယ်ရွယ်ကာ မာနကြီးသည့် ဂျီးနီးယပ်စ်လေးများလည်း ပါဝင်သည်။ သူတို့ခွန်အားများမှာ အံ့အားသင့်စရာကောင်းလောက်အောင်ပင်။

“လောကကြီး ဖရိုဖရဲဖြစ်တော့မှာလား.. ရေအောက်မျိုးနွယ်စုတွေက သဘာဝကံကောင်းမှုတွေကို လာလုနေကြပြီ..” မည်သည့်မျိုးနွယ်စုမဆို ထိတ်လန့်သွားကြရသည်ပင်။

ထို့နောက်တွင်တော့ စွမ်းအားကြီးသည့် ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူများ ကျန်းရှီသို့ ဦးတည်သွားသည့်သတင်းအား ကြားလိုက်ရသည်။

“နတ်ဆိုးဘုရင်ချူကတော့ ဒုက္ခများပြီ .. ကုန်းမြေပေါ်က ဘုရင်တွေအပြင်ကို ပင်လယ်က စွမ်းအားရှင်တွေလည်း သူ့ကို လိုက်ရှာနေကြပြီ .. အခြေအနေတွေက သူ့အတွက် အရမ်းအန္တရာယ်များနေပြီ”

ကျန်းရှီ၌ ဆိုင်ကလုန်းမုန်းတိုင်းကြီး ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်း အားလုံး သတိပြုမိကြသည်ပင်။ ထိုနေရာ၌ ကျွမ်းကျင်သူများစွာ စုဝေးနေကြသောကြောင့် တိုက်ပွဲကြီးတစ်ခုက အနှေးနှင့်အမြန် ဖြစ်လာမည်ပင်။

အစောဆုံးဂိုဏ်းတည်ထောင်ခဲ့ကြသည့် ကျွမ်းကျင်သူများ၊ ခွန်းလွန်မှ အင်အားကြီးဘုရင်များ၊ ဒေါင်းဘုရင်၊ ရွှေရောင်ကျီးကန်း၊ ကျောက်စိမ်းဂူကျောင်းမှဆရာအပြင် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူမျိုးစုံလည်း ရှိနေသည်ပင်။

ဤစုဝေးမှုကြီးမှာ လူထုအာရုံစိုက်မှုကို ရရှိခဲ့သည်ပင်။

သို့သော် ချူဖုန်းကတော့ ဤအရာများကို အရေးမစိုက်နိုင်သေး။ သူ သေခြင်းနှင့် ရှင်ခြင်းကြားတွင် ရုန်းကန်နေရသည်။

ထိုညတွင် သူ ဘုရင် ၁၀ ယောက်ကို သတ်ကာ ရန်သူများကြားမှ ထိုးဖောက်နိုင်ခဲ့သော်လည်း သူ အတော်လေး ပေးဆပ်ခဲ့ရသည်ပင်။

သူ့နှလုံး ပြန်ပွင့်လာကာ သူ သေဆုံးရန် ခြေတစ်လှမ်းသာ လိုတော့သည်။

အသံထက် လေးဆမြန်သည့်နှုန်းဖြင့် သွားနေရသောကြောင့် သူ့ဒဏ်ရာအားလုံး ပြန်ပွင့်လာကာ နေရာပေါင်းများစွာမှ သွေးများစီးကျလာသည်။ သူ့နှလုံးမှာ နှစ်ပိုင်းပြတ်လုနီးပါးပင်။

အချိန်တော်တော်များများတွင် ချူဖုန်း သူ့ကိုယ်သူ သေတော့မည်ဟုသာ တွေးလိုက်တော့သည်။ သူ့ထံ၌ မျှော်လင့်ချက်မရှိတော့။

ထိုအချိန်မျိုးဆိုလျှင် သူ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး သူ့နှလုံးမှ ဒဏ်ရာကို စေ့ပိတ်လိုက်သည်။

ထို့အတူ သူ သွေးကြောများ ပြန်ဆက်ပြီး ဒဏ်ရာပြင်းထန်သည့်နေရာသို့ သွေးများလှည့်ပတ်စေရန် သွေးလည်ပတ်မှုကို ထိန်းချုပ်ခဲ့သည်။

သူ တစ်ခါမှ ဤမျှပြင်းထန်သည့် ဒဏ်ရာများကို မခံစားဖူးခဲ့။ သူ့တစ်ကိုယ်လုံး စုတ်ပြဲတော့မလိုပင်။

သို့သော် သူ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သူ့ဒဏ်ရာများအား ကုသလိုက်သည့်အချိန်တွင်တော့ မထင်မှတ်ထားသည့်အရာတစ်ခုကို ရှာတွေ့ခဲ့သည်။

စိတ်ဝိညာဉ်စွမ်းအင်များကို သူ၏ခြေလက်များနှင့် အရိုးများထံသို့ ပို့လွှတ်လိုက်သည်နှင့် ထိုစွမ်းအင်များသည် ဝင်တော့မည့်နေ၏ နောက်ဆုံးလက်ကျန်နေရောင်ကဲ့သို့ ကိုယ်စွမ်းအားအချို့အား ထုတ်ပေးလာသည်ကို သူ မထင်မှတ်ပဲ သိလိုက်ရသည်။ ထိုစွမ်းအင်ကြောင့် သူ့ဒဏ်ရာများ အနည်းငယ် သက်သာလာကာ အသက်ဓာတ်အချို့ ပြန်လည်ရရှိလာသည်။

သို့သော် ခဏကြာပြီးနောက် ဤသည်မှာ စိတ်ဝိညာဉ်စွမ်းအင်နှင့် ကိုယ်စွမ်းအင် ဆုံစည်းသွားခြင်းကြောင့်ဖြစ်မှန်း သူသိလိုက်ရသည်။

ထို့အပြင် ထိုအချိန်၌ သူ့နောက်လိုက်နေကြသည့် ဘုရင်များသည် သူ့ကို မျက်ခြေပြတ်သွားကာ သူတို့၏နတ်အသိစိတ်များဖြင့် သူ့ကိုအာရုံမခံနိုင်ကြတော့။

သို့သော်လည်း ချူဖုန်း အရှိန်မလျော့ရဲသေး။ သူ ဆက်ပြေးနေဆဲပင်။

ချူဖုန်းသည် နာကျင်ရမှန်း၊ မောပန်းရမှန်း မသိလောက်အောင် ပြေးနေခဲ့သည်။ သူ ဘယ်လောက်ဝေးဝေး ပြေးခဲ့မှန်း သူ့ကိုယ်သူပင် မသိတော့။ သူ မောပန်းလွန်း၍ လဲကျခါနီး ဖြစ်သွားမှသာ အရှိန်လျော့လိုက်ပြီး ဂူတစ်လုံးထဲသို့ ချက်ချင်းဝင်သွားကာ ဝင်ပေါက်ကို ကျောက်တုံးများဖြင့် ပိတ်ကာ လဲချလိုက်သည်။

သူ အားတင်းကာ သူ့ကိုယ်သူ နိုးကြားအောင် လုပ်လိုက်ပြီး အသက်ရှူပညာကို လှည့်ပတ်စေလိုက်ပြီး သူစိတ်ဝိညာဉ်စွမ်းအားအကူအညီဖြင့် သူ့ဒဏ်ရာများကို ကုသလိုက်သည်။

သို့သော် ဤသည်မှာ ခဏသာ ခံလိုက်သည်။ ခဏကြာပြီးနောက် သူ သတိလစ်သွားတော့သည်။

သူ စိတ်ရောကိုယ်ပါ အလွန်မောပန်းနေပြီဖြစ်သည်။ သူသည် လေတိုက်သည်နှင့် ငြိမ်းသွားမည့် မီးတောက်လေးကဲ့သို့ ဖြစ်နေလေပြီ။

သူ့အိပ်မက်ထဲတွင် သူ အသက်ရှူပညာကို အသုံးပြုနေကြောင်း ခံစားနေမိသည်။ သူ ထိုကဲ့သို့ မလုပ်လျှင် သေသွားမည်ကို သူ့ခန္ဓာကိုယ်မှ သိနေသောကြောင့် မသိစိတ်မှ သူ့အလိုလို လုပ်နေခြင်းဖြစ်နိုင်သည်။

သူ နိုးလာသည့်အချိန်တွင် တစ်နေ့နှင့်တစ်ည ကုန်လွန်သွားပြီဖြစ်၏။ နောက်တစ်နေ့နံနက်မိုးသောက်ချိန်တွင် သူနိုးထလာခဲ့သည်။

သူ ကျောက်တုံးကြီးများဖြင့် ပိတ်ထားခဲ့သည့် ဝင်ပေါက်ကို ဖွင့်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်အခြေအနေ အလွန်ဆိုးရွားနေကြောင်း သူသိလိုက်ရသည်။ သူ အားထုတ်လိုက်သည်နှင့် တစ်ကိုယ်လုံး နာကျင်လာ၏။ အထူးသဖြင့် သူ့နှလုံးပင်။

လတ်ဆတ်သည့်နံနက်ခင်းလေကို ရှူရှိုက်ပြီး နံနက်ခင်းနေရောင်ခြည်ကို ခံယူလိုက်သည့်အချိန်မှသာ အနည်းငယ် သက်သာလာသည်။

“အနည်းဆုံးတော့ ငါ အသက်ရှင်နေတုန်းပဲ..” သူ သက်ပြင်းချလိုက်သည်။ ဤကပ်ဆိုးကြီးမှ အသက်ရှင်နိုင်ခဲ့သည်မှာ တကယ်ကို အံ့အားသင့်စရာ ကောင်းလှသည်ပင်။

အပြင်လောက၌ ဘာဖြစ်နေသည်ကို သူမသိ။ အဘယ်ကြောင့်ဆိုသော် သူ့ဖုန်းမှာ တိုက်ပွဲ၌ တစ်စစီဖြစ်သွားလေပြီ။

သို့သော် သူ တစ်ညတည်းဖြင့် ဘုရင် ၁၀ ယောက်သတ်လိုက်သည့်သတင်းသာ ပျံ့သွားလျှင် သေချာပေါက် အုတ်အော်သောင်းတင်းဖြစ်သွားမည်ပင်။ လူအချို့ကတော့ ခေါင်းခဲနေလောက်လေပြီ။ ချူဖုန်း ဂူပေါက်ဝ၌ ထိုင်လိုက်ပြီး နေရောင်ကိုခံယူကာ အသက်ရှူပညာကို စတင်လေ့ကျင့်လိုက်သည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှာ စွမ်းအင်ကင်းမဲ့နေပြီး အေးစက်နေသည့်ခန္ဓာကိုယ်လည်း နေရောင်၏ နွေးထွေးမှုကို ဆာလောင်နေသည်။

သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံလာသည်နှင့် သူ့ပါးစပ်နှင့် နှာခေါင်းတွင် အဖြူရောင်မြူများ ထွက်ပေါ်လာသည်။ သူ အလွန်ပင် သက်တောင့်သက်သာ ဖြစ်လာရသည်။

“အခြေအနေမကောင်းဘူး..” သူ့အသက်ရှူလေ့ကျင့်ခန်း ပြီးဆုံးပြီးနောက် ချူဖုန်း မျက်လုံးများဖွင့်လိုက်သည်။ သူ့အတွင်းအသိစိတ်ကြောင့် သူ့ခန္ဓာကိုယ်အတွင်းပိုင်း မည်မျှဆိုးရွားနေသည်ကို သူ သိလိုက်ရသည်။

သူ့နှလုံးမှာ စုတ်ပြတ်နေလေပြီ။ သူ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်ထားသောကြောင့်သာမဟုတ်ပါက သူ အစောကြီးကတည်းက သေသွားလောက်လေပြီ။

“အခုက ငါးခုမြောက်အချုပ်အနှောင် ဖြတ်တောက်ဖို့ စိတ်ပူနေရမယ့်အချိန်မဟုတ်ဘူး .. ငါ ကိုယ့်ကိုကိုယ်ပြန်ကောင်းအောင် လုပ်ရမှာ”

သူ့နှလုံးထဲ၌ ရှိနေသည့် အနက်ရောင်အလင်းများကို သူ စိုက်ကြည့်လိုက်သည်။ ဤသည်မှာ ဟိန်းထုန်ထံမှ ကျန်ခဲ့သည့် စွမ်းအင်များပင်။ ဤစွမ်းအင်များသည် သူ့နှလုံး ပြန်မကောင်းအောင်လုပ်နေသည်။ ပုံမှန်အတိုင်းဆိုလျှင် ထိုစွမ်းအင်များ ပျံ့မလာအောင်လုပ်ရန် ရက်သတ္တပေါင်းများစွာ ကြာမြင့်လိမ့်မည်။

“ငါ စွန့်စားပြီးတော့ အားလုံးကို တစ်ခါတည်း ရှင်းပစ်လိုက်မယ်..” ချူဖုန်း သူ့ကိုယ်သူ ရက်စက်ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ့နှလုံးမှာ ပျက်စီးနေပြီးဖြစ်ပြီး အသက်ဆက်ရှင်နိုင်ရန် သူ့စိတ်ဝိညာဉ်စွမ်းအင်များကိုသာ အားကိုးနေရသည်ပင်။

ဖူး..

သူ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး နှလုံးကို အက်ကွဲစေလိုက်သည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ သတိလစ်မလိုပင် ဖြစ်လာရသည်။

ခွပ်..

ရင်ဘတ်ရှိ အမြှေးပါး နောက်တစ်ကြိမ် ပွင့်ထွက်လာကာ အထဲဘက်မှ အနက်ရောင်အလင်းများ ထွက်လာသည်။

ချူဖုန်း အားကုန်သုံးပြီး ကျန်နေသည့် အနက်ရောင်စွမ်းအင်အားလုံးကို ထုတ်ပစ်လိုက်ကာ နှလုံးကို ပြန်ပိတ်လိုက်သည်။ သူ့မျက်နှာမှာ အရောင်အဆင်းပင်မရှိတော့။ ဂူနံရံကို မှီထားရပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။

“နောက်ဆုံးတော့ ငါ အားလုံးကို တစ်ခါတည်း ထုတ်ပစ်လိုက်နိုင်ပြီ..”

သူ နေရောင်ကို ခံယူလိုက်ကာ အသက်ရှူစည်းချက်ကို နောက်တစ်ကြိမ် လှည့်ပတ်လိုက်သည်။ သူ့နှလုံး ပြန်စေ့ပိတ်သွားကာ အမြှေးပါးလည်း ပြန်လည်ထွက်ပေါ်လာသည်။

“အဲဒီလောက်တောင် မြန်တာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။

တစ်ခဏခန့် စဉ်းစားပြီးနောက် ဤသည်မှာ ဟိန်းထုန်၏ စွမ်းအင်များ မရှိတော့သဖြင့် သူ့နှလုံး အလုပ်ပုံမှန်ပြန်လုပ်နိုင်ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု သူ သိလိုက်ရသည်။ ပို၍အရေးကြီးဆုံးမှာ သူ၏ဝိညာဉ်နှင့် ကိုယ်စွမ်းအင်တို့ ပေါင်းစပ်သွားကာ စည်းချက်ကျကျ လည်ပတ်နေလေပြီ။

ဤကဲ့သို့သော ပေါင်းစပ်မှုမှာ သူ့အသက်ဓာတ်ကို ပို၍တိုးမြှင့်လာစေပြီး သူ့ခန္ဓာကိုယ်ကိုလည်း ပို၍ကြံ့ခိုင်လာစေသည်။

ရုတ်တရက် သူ နွားဝါလေးအား မေးခဲ့ဖူးသည့် မေးခွန်းကို အမှတ်ရမိသွားသည်။ တစ်ဖက်လောကမှ စွမ်းအားအကြီးဆုံး အသက်ရှိများအကြောင်း သူ မေးခဲ့ဖူးသည်ပင်။

ထိုကြောက်စရာကောင်းသည့် သက်ရှိများသည် လက်တစ်ဖက်ရှိနေလျှင်ပင် အသက်ပြန်ရှင်နိုင်သည်ဟု နွားဝါလေး ပြောခဲ့သည်။

ဦးခေါင်းနှင့် အသိစိတ်ကို ဆုံးရှုံးပြီးနောက် မည်ကဲ့သို့ ပြန်ရှင်လာမည်ကို သူနားမလည်နိုင်ဖြစ်ခဲ့သေးသည်။

ယခုတော့ သူ နားလည်သွားလေပြီ။ ဤလူများသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ခြင်းကြောင့် ဖြစ်လိမ့်မည်။ ထိုအချိန်ကျလျှင် ကျန်နေသည့် လက်တစ်ဖက်သည်လည်း အသိစိတ်ရှိနေသကဲ့သို့ ဖြစ်သွားလိမ့်မည်။ ရှားပါးသည့် ဆေးအကူအညီနှင့်ဆိုလျှင် တစ်ဖြည်းဖြည်းချင်း ပြန်လည်ရှင်သန်လာနိုင်လိမ့်မည်ပင်။

“ငါ အရိုးတွေထဲကို စိတ်ဝိညာဉ်စွမ်းအင်ပေါင်းထည့်လိုက်တာက လမ်းကြောင်းမှန်ပေါ် ရောက်သွားတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။

ခဏကြာပြီးနောက် သူ အခြားအရာများလည်း မှတ်မိလာသည်။

“အသက်ရှူပညာက ခန္ဓာကိုယ်အတွက်ပဲမဟုတ်ဘူး၊ စိတ်ဝိညာဉ်စွမ်းအားနဲ့လည်း ဆိုင်တယ်လို့ နွားဝါလေး ခဏခဏ ပြောနေခဲ့တာ”

သူ ယခင်ကကျင့်ကြံခဲ့သည့်နည်းလမ်းမှာ မှားယွင်းနေသည်ပင်။ သူ ယခင်က သူ့စိတ်ဝိညာဉ်နှင့် ကိုယ်စွမ်းအင်ကို စည်းချက်ကျအောင် ကြိုးစားခဲ့ဖူးသည်။

သို့သော် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းလိုက်ခြင်းကသာ နည်းလမ်းမှန် ဖြစ်လိမ့်မည်။

သူ ပေါင်းစည်းရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်မှ တောက်ပသည့်အသက်ဓာတ်များ ထွက်ပေါ်လာခဲ့သည်။

“နွားဝါလေးက အရမ်းငယ်သေးတယ် .. ပြီးတော့ သူက ဒီနည်းလမ်းကို မတော်တဆရလာတာဆိုတော့ သူ့ကို သင်ပေးမယ့်သူ မရှိခဲ့ဘူး .. သူလည်း ဒါကို လေ့လာဖို့ ကြိုးစားနေတာပဲ .. ဒါပေမဲ့ ငါ လမ်းကြောင်းအမှန် ရှာတွေ့သွားပြီထင်တယ်..” ချူဖုန်း ပျော်ရွှင်သွားရသည်။

သူ့ဒဏ်ရာများ အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်နေသည်ကို သူ ခံစား၍ ရနေသည်။

သူ့ကြွက်သားများ၊ အတွင်းအင်္ဂါများနှင့် အရိုးများထံသို့ ဖြန့်ကျက်သွားသောကြောင့် သူ့ခန္ဓာကိုယ်အခြေအနေကို ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။

“ဒီနည်းလမ်းသုံးပြီး င့ါဒဏ်ရာတွေ မြန်မြန်ပျောက်အောင် လုပ်နိုင်ရင် ငါ့ရဲ့ ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ဖို့အတွက်ကလည်း ဒီနည်းလမ်းကို သုံးလို့ရလောက်တယ်..”

သူ့အသက်ရှူပညာမှာ ယခင်ကထက် ပို၍စွမ်းအားကြီးလာလောက်သည်။ အချိန်ကျလာလျှင် သူ အဆင့်တက်နိုင်ရန်အတွက် နတ်ဝတ်မှုန်အကူအညီမလိုလောက်တော့။

“အဲဒီသားရဲမျိုးနွယ်စုနဲ့ အဖွဲ့အစည်းတွေ .. ခင်ဗျားတို့ စောင့်နေကြ..”

သူ့ကို သတ်ရန် ကြိုးစားခဲ့သည့်သူများကို သူမှတ်မိသည်ပင်။ ထိုကိစ္စကို ပြန်စဉ်းစားမိတိုင်း သူ၏သတ်ဖြတ်လိုစိတ်များ မြှင့်တက်လာရသည်။

ဘုရင်တွေအများကြီးက လူတစ်ယောက်တည်းကို ဝိုင်းတိုက်ကြတယ်ပေါ့..

တစ်ချိန်တည်းမှာပင် သူ နှိုးထခြင်းအဆင့်၌ ရောက်နေစဉ်က ဘုရင်ဖြစ်သည့် မီးခိုးပြာဝံပုလွေအား သတ်ရန် ကြိုးစားခဲသည်ကို ပြန်စဉ်းစားမိသွားသည်။ ယခုတော့ သူ ဘုရင်တစ်ယောက် ဖြစ်သွားလေပြီ။

“မီးခိုးပြာဝံပုလွေသာ အသက်ရှင်နေသေးရင် သူ အခုလောက်ဆို အင်အားကြီးနေလောက်ပြီ” ချူဖုန်း ရေရွတ်လိုက်သည်။

“ငါ နောက်ဆုံးကြားတုန်းက ဒေါင်းဘုရင်က တောင်ဘက်ပိုင်းကို လာနေတာ .. သူ အခု ကျန်းရှီမှာ ရောက်နေလောက်ပြီ..” ချူဖုန်း မျက်ဆံများ မှေးကျဉ်းလာသည်။

နေ့တစ်ဝက်ခန့် ကြာပြီးနောက် သူသည် ဆာလောင်နေသည့်အစာအိမ်ကို ဖြည့်တင်းရန်အတွက် သမင်တစ်ကောင်ကို အမဲလိုက်လိုက်သည်။

ထို့နောက်တွင်တော့ ဤနေရာမှ ထွက်ခွာကာ အနောက်ဘက်သို့ ဦးတည်သွားလိုက်သည်။

သူ တစ်နေရာတည်း၌ ကြာကြာနေလျှင် သူ့ကို ရှာတွေ့သွားလိမ့်မည်။

သူ့စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းလိုက်သည်နှင့် သူသည် သူ့အော်ရာကို တမင်သက်သက် ဖုံးကွယ်စရာမလိုပဲ အခြားသူများ သူ့ကို အလွယ်တကူ မရှာဖွေနိုင်တော့သည်ကို သူ အံ့အားသင့်စွာ သိလိုက်ရသည်။

ချူဖုန်း သူ့အသက်ရှူစည်းချက်ကို အသက်သွင်းကာ အမြန်လာခဲ့သည်။ သူ့စွမ်းအင်များကို အကုန်မသုံးသရွေ့ သူ့ခန္ဓာကိုယ် အဆင်ပြေသည်ပင်။

လမ်း၌ အကြိမ်ပေါင်းများစွာ အနားယူခဲ့ပြီး နောက်ဆုံးတွင်တော့ သူ့ပေါ်သို့ လရောင်ဖြာကျလာသည်။ သူ့စွမ်းအင်များ ပြန်လည်ပြည့်တင်းသွားပြိး သူ့နှလုံးမှ ဒဏ်ရာလည်း တစ်ဝက်သက်သာသွားလေပြီ.

ပြန်လည်ကောင်းမွန်သည့်နှုန်းမှာ တကယ်ကို အံ့အားသင့်စရာကောင်းလှသည်။ ဤပုံစံအတိုင်းသာဆိုလျှင် သူ့နှလုံး အပြည့်အဝ ပြန်ကောင်းရန်အတွက် နောက်တစ်ရက်သာ လိုလိမ့်မည်။

သူသည် ည၌ လေလွင့်ဝိညာဉ်တစ်ကောင်ကဲ့သို့ တောအုပ်တစ်ခုကို ဖြတ်သန်းသွားလိုက်သည်။

“အခုဆိုရင် ငါ့ကို ရှာဖို့ တော်တော်လေး ခက်လောက်ပြီ” ချူဖုန်း တွေးလိုက်သည်။ လမ်းတစ်လျှောက်၌ သူ၏တည်ရှိမှုကို သတိပြုမိသွားသည့် သားရဲမျိုးနွယ်စုသာမရှိလျှင် သူ့ကို ရှာနိုင်မည်မဟုတ်တော့။

တစ်ရက်ကြာပြီးနောက် သူ့နှလုံး ကောင်းသလောက်ရှိသွားလေပြီ။ သူ့ရင်ဘတ်မှ ဒဏ်ရာတွင်လည်း တစ်ရှူးအသစ် ထွက်လာလေပြီ.

ကျိုးသွားသည့်အရိုးအားလုံး ပြန်ဆက်သွားပြီဖြစ်သည်။

“ဒီပုံစံအတိုင်းဆို နောက် ၂ ရက်၊ ၃ ရက်လောက်နေတာနဲ့ ငါ လူသစ်တစ်ယောက်လို ပြန်ကောင်းသွားလိမ့်မယ်..”

နောက်တစ်ရက် ကုန်ဆုံးသွားပြီးနောက် သူ ဟူပိန်နယ်စပ်၌ ရောက်နေခြင်းဖြစ်ကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရသည်။

“ကောင်းပါတယ် .. ငါ အန္တရာယ်နယ်မြေကနေ လွတ်လာပြီ .. အချိန်တစ်ခုထိတော့ ငါ့ကို ဘယ်သူမှ ရှာမတွေ့နိုင်လောက်ဘူး .. ဒီအချိန်ကို အခွင့်ကောင်းယူပြီး ငါ ပြန်ကောင်းအောင်လုပ်ပြီး အဆင့်တက်ဖို့ ကြိုးစားရမယ်..” ချူဖုန်း၏ မျက်လုံးများ တောက်ပလာသည်။

သူ တကယ်ကို အဆင့်တက်ချင်သည်။ ပြီးလျှင် သူ့ရန်သူများထံသို့ သွားကာ စာရင်းသွားရှင်းမည်။

အပိုင်း ၂၄၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset