Switch Mode

Chapter – 1231 & 1245

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၁ – သေဆုံးနိုင်သော လမ်းကြောင်း

“အဲဒီမြို့က ဘယ်မှာလဲ” ရှီဟောင်မေးလိုက်သည်။

“စီရင်စုသုံးထောင်အပြင်ဘက်က အဆုံးမရှိတဲ့ တားမြစ်နယ်မြေထဲမှာ” လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်မှ ပြောလိုက်သည်။ သူသည် တောင်ထိပ်ပေါ်တွင်ထိုင်နေပြီး သူ၏မီးခိုးရောင်တာအိုဝတ်စုံမှာ သံမဏိကဲ့သို့ပင် လေတိုက်သော်လည်း လှုပ်ရှားခြင်းမရှိပေ။

ရှီဟောင်သည် ဤအကြောင်းကို အစောကြီးကတည်းက သိထားပြီးသားဖြစ်သော်လည်း သက်ပြင်းချမိသွားသည်သာ။

နယ်ခြားစပ်.. ရှေးဟောင်းမိတ်ဖက်စာချုပ် .. ယခင်ခေတ်မှ သက်ရှိများအားလုံး သေဆုံးကာ ပျက်စီးသွားသည့်နေရာ … အာကာသကလန်မှ ခေါင်းဆောင်ကြီး တိုက်ပွဲဝင်ရန် သွားသည့်နေရာ ..

“ဒါက မဖြစ်မနေ လျှောက်ရမယ့်လမ်းကြောင်းလား..” နျင်ချွမ်း ပြောလိုက်သည်။ သူ၏အဖြူရောင်အဝတ်အစားများမှာ ပြည့်စုံလှပြီး မျက်နှာသည်လည်း မိန်းကလေးများ မနာလိုဖြစ်ရလောက်အောင်ပင် လှပလှလေသည်။

အမှန်တကယ်တွင် အပြာရောင်မျက်လုံးအမျိုးသမီးနှင့် အေးစက်နေသည့်အမျိုးသမီးပင်လျှင် လမ်းတစ်လျှောက်တွင် သူ့အား အကြိမ်အနည်းငယ်ခန့် ခိုးခိုးကြည့်နေကြသည်သာ။

ယောက်ျားလေးတစ်ယောက် ဤကဲ့သို့ အသွင်အပြင်ရှိခြင်းမှာ ရှားပါးလှသည်။ သူ၏ထူးခြားလှသည့် စွမ်းရည်နှင့် သာမန်မဟုတ်သည့် ကျင့်ကြံခြင်းတို့ ပေါင်းစည်းလိုက်သည့်အချိန်တွင် သူသည် အာရုံမစိုက်ခံရချင်လျှင်ပင် ခက်ခဲလိမ့်မည်ပင်။

ထာဝရတာအိုမျိုးဆက်များတွင်ပင် ဤကဲ့သို့သောသူမျိုး အများကြီး မရှိနိုင်ပေ။

“ဒီလမ်းက လိုအပ်တယ် .. ဒါက စစ်ဆေးမှုတစ်မျိုးဖြစ်သလို အတွေ့အကြုံတစ်မျိုးလည်းဖြစ်တယ် .. မင်းတို့အားလုံးရင်ဆိုင်ရမယ့်အရာကို ပိုပြီးတော့ နားလည်လာမယ် .. အဲဒီအရာက ဘယ်လောက်တောင် ရက်စက်သလဲဆိုတာကို သိလာလိမ်မ့်မယ်” ကျောက်ကမ်းပါးပေါ်တွင် ဖရိုဖရဲမြူများထွက်ပေါ်လာလေ၏။ ထိုအသံမှာ အေးစက်ကာ ခံစားချက်ကင်းမဲ့နေလေသည်။

နျင်ချွမ်းသည် ဘာမှမပြောတော့ပဲ သူ့ဘာသာသူ စဉ်းစားနေလေသည်။

တားမြစ်နယ်မြေမှာ ကျယ်ပြောလှပြီး အဆုံးသတ်ကိုပင် မတွေ့နိုင်ပေ။

စီရင်စုသုံးထောင်မှာ ကျယ်ပြောလွန်းလှသော်လည်း ဤသည်မှာ တားမြစ်နယ်မြေ၏ ဆယ်ပုံတစ်ပုံပင် မရှိဘူးဟု ပြောကြလေသည်။

အမှန်တကယ်တွင် ထိုနေရာ မည်မျှကြောက်စရာကောင်းသည်ကို အားလုံးသိကြသည်ပင်။

ယခင်ကတည်းက ယခုအချိန်ထိ ထိုထဲသို့ ဝင်သွားသည့် ကျွမ်းကျင်သူများမှာ တစ်ယောက်မှ ပြန်ပေါ်မလာခဲ့ပေ။ ထိုသူများထဲတွင် ဂိုဏ်းခေါင်းဆောင်အိုကြီးများပါဝင်သည်ပင်။

“စီနီယာ .. ဒါက နည်းနည်းမပြင်းထန်လွန်းဘူးလား .. အဲဒီမှာ အရမ်းအန္တရာယ်များတယ် .. ကျွန်တော်တို့က ကောင်းကင်နတ်ဘုရားနယ်ပယ်ကိုတောင် မရောက်သေးဘူး .. အဲဒီကိုသွားတာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ တူမနေဘူးလား” နျင်ချွမ်းပြောလိုက်သည်။

“ကျွမ်းကျင်သူတစ်ချို့ သေသွားတယ်ဆိုပေမယ့် အသက်ရှင်လျက်ပြန်ထွက်လာတဲ့သူတစ်ချို့လည်း ရှိပါတယ် .. မင်းတို့အားလုံး ဒီအကြောင်းကို သိသင့်တယ်” လူလတ်ပိုင်းအရွယ် အမျိုးသားမှ ပြောလိုက်သည်။

ထိုတားမြစ်နယ်မြေထဲတွင် ကြောက်စရာကောင်းသည်မှာ သက်ရှိများမဟုတ်ပေ။ ထူးဆန်းသည့်ပစ္စည်းများသာ။ ဥပမာအားဖြင့် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုပင် ချက်ချင်းအရည်ပျော်ကျသွားစေနိုင်သည့် အဝါရောင်ရွှံ့၊ အလွန်စွမ်းအားကြီးသည့် ကျွမ်းကျင်သူတစ်ယောက်ကို အသက်နှုတ်ယူနိုင်သည့် ထူးဆန်းသည့်နှင်းစက်၊ ထူးခြားလွန်းသည့်ဓားစွမ်းအင်များကို ထုတ်လွှတ်နေသည့် သာမန်မြက်ပင်များ…

ဝင်သွားသည့် ဂိုဏ်းခေါင်းဆောင် ၉၀ ရာခိုင်နှုန်းမှာ ထိုအရာများကြောင့် သေဆုံးသွားရခြင်းပင်။

“လူတစ်ယောက် အသက်ရှင်မရှင်က အဲဒီလူ ဘယ်လောက်စွမ်းအားကြီးသလဲဆိုတဲ့အချက်ပေါ်ပဲ မူတည်တာမဟုတ်ဘူး .. ဂိုဏ်းခေါင်းဆောင်တွေတောင်မှ မတော်တဆတွေပြီးတော့ ရင်ဆိုင်ဖို့ ခွန်အားမဲ့သွားကြတာပဲ”

သူ၏ရည်ရွယ်ချက်မှာ ရှင်းသည်။ လူတစ်ယောက်၏ ကျင့်ကြံဆင့်သည် နောက်ဆုံးအဆုံးအဖြတ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အန္တရာယ်များသည့် ပစ္စည်း အများအပြားရှိနေသောကြောင့်ပင်။

ပြောရမည်ဆိုလျှင် ယခုခေတ် အဆင့်လွန်လူငယ်ကျွမ်းကျင်သူများကို ယခင်မျိုးဆက်မှ ဂိုဏ်းခေါင်းဆောင်များနှင့်စမှတ်တစ်ခုတည်း စထွက်စေလိုက်ခြင်းပင်။

“စီနီယာ .. ဒါကနည်းနည်းမများလွန်းဘူလား .. ဒါက ကျွန်တော်တို့ကို သွားသေခိုင်းတာနဲ့ အတူတူပဲကို .. ဒီလောကကြီးက စစ်ပွဲမီးတောက်တွေ ထွက်ပေါ်လာပြီးတော့ အားလုံး ဖရိုဖရဲတွေဖြစ်ကုန်မှာ ကျွန်တော်သိတယ် .. ဒါပေမဲ့ ဒီလိုလုပ်တာက ကျွမ်းကျင်သူတွေကို လေ့ကျင့်ပေးတာမဟုတ်ပဲနဲ့ သူရဲကောင်းတွေကို ဖြန်းတီးရာကျသွားပြီ” ရှီဟောင်ပြောလိုက်သည်။

တောင်ထပ်ပေါ်တွင် ထိုင်နေသည့် တတိယမြောက်လူသည် အေးစက်စက်ရယ်မောလိုက်ပြီး အမူအရာကင်းမဲ့နေသည့် သူ၏မျက်နှာထက်တွင် ရှားပါးသည့်ခံစားချက်တစ်ချို့ ထွက်ပေါ်လာလေသည်။

“မင်းကိုကြည့်ရတာ နည်းနည်းပါးပါးသိနေလိုပဲ .. ဟုတ်တယ် .. လောကကြီးကို စစ်ပွဲရဲ့မီးတောက်တွေက ဖုံးလွှမ်းသွားပြီးတော့ အားလုံး ဖရိုဖရဲဖြစ်သွားမှာ .. မမျှော်လင့်ထားတဲ့ကပ်ဆိုးကြီးတွေပါ ဖြစ်လာမှာ”

ထို့နောက်တွင် သူ သက်ပြင်းခပ်ဖွဖွချလိုက်လေသည်။ သူတို့သုံးယောက်လုံးမှာ စိတ်ပျက်နေသည့်ပုံပင်။

“တိုက်ပွဲတွေ ဖြစ်လာရင် ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာ မင်းတို့မသိဘူး .. ဒီလောကမပြောနဲ့ အရင်ခေတ်က စွမ်းအားကြီးတဲ့သူတွေအကုန်လုံးတောင်မှ ရှင်းပစ်ခံလိုက်ရတယ်”

သူတို့သည် ဘာကိုမှ ဖုံးကွယ်မထားတော့ပဲ မျှော်လင့်ချက်ကင်းမဲ့လှသည့် အမှန်တရားအကြောင်း ပြောလိုက်လေသည်။

“ငါ့တို့အတွက်တော့ ပိုးကောင်တွေ တစ်သောင်းလောက် မွေးမြူတာထက် နဂါးတစ်ကောင်ကို ဖန်တီးလိုက်တာက ပိုကောင်းတယ်”

ဤသည်မှာ သူတို့လိုချင်သည်မှာ ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူများဖြစ်ပြီး ထိုဂျီးနီးယပ်စ်ဟုခေါ်သည့် အုပ်စုမဟုတ်ကြောင်း အတိအလင်းပြောလိုက်ခြင်းပင်။

ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ရောက်ခြင်းမှာ သေချာပေါက်ပင် သွေးသံရဲရဲနှင့်ဖြစ်မည်ပင်။ သူတို့သည် တစ်ချက်တိုက်ခိုက်လိုက်ရုံနှင့် တိုက်ပွဲအခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မည့်သူကို အလိုရှိခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ယခင်ခေတ်မှ ထာဝရသက်ရှိများစွာပင် အသတ်ခံခဲ့ရသောကြောင့် သူတို့အား စိတ်ပျက်လက်ပျက်ဖြစ်စေလေသည်။ သာမန်စွမ်းအားကြီးသည့် ဂျီးနီးယပ်စ်များသည် ရန်သူအများကြီးကို ခုခံနိုင်မည်မဟုတ်ပေ။ အတိတ်နှင့် လက်ရှိလောကနှစ်ခုလုံးကို ကျော်လွန်နေသည့် စွမ်းအားအကြီးဆုံးသူများသာလျှင် ထိုနေရာတွင် တိုက်ခိုက်နိုင်လိမ့်မည်။

ရှီဟောင်နှင့် နျင်ချွမ်းသည် သာမန်မဟုတ်ကြသောကြောင့် သူတို့အများကြီးနားလည်သွားစေရန် အသေးစိတ်အချက်များကို ပြောပြရမည်ပင်။

“တစ်ခြားရှေးဟောင်းမြေက လူရွေးချယ်ပွဲလည်း ဒီလိုမျိုးပဲလား” နှင်ချွမ်းမေးလိုက်၏။ သူ၏မွေးဖွားမှုမှာ သာမန်မဟုတ်သောကြောင့် အလကားနေရင်း သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်မည်မဟုတ်ပေ။ သူသာပုံမှန်အတိုင်း ကြီးပြင်းလာနိုင်လျှင် မိုးကောင်းကင်အောက်တွင်ရှိနေသည့် အရာအားလုံးကို စိုးမိုးနိုင်မည်ပင်။

“ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခုက ရှေးဟောင်းမြေတွေက သူရဲကောင်းရွေးချယ်ပွဲလည်း အရမ်းတင်းကြပ်တယ် .. တစ်ချို့နေရာတွေဆိုရင် ပိုလို့တောင် ရက်စက်သေးတယ်” တောင်ထိပ်ပေါ်တွင်ရှိနေသည့်သူမှ ဖြေပေးလိုက်သည်။

ဤသည်မှာ စီရင်စုတာအိုသုံးထောင်ကို အနည်းငယ် အလျော့ပေးထားသည်ဟု ပြောလိုက်ခြင်းပင်။

“ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ တိုက်ပွဲအကြွင်းအကျန်တွေ၊ သာမန်မဟုတ်တဲ့ ချိတ်ပိတ်ထားတဲ့ရှေးဟောင်းလမ်းကြောင်းတွေ ရှိနေတယ် .. ဒီအခြေအနေတွေက သူရဲကောင်းတွေကို မွေးထုတ်တဲ့နေရာမှာ အရမ်းအကျိုးသက်ရောက်မှုရှိနေတယ် .. အဲဒါကြောင့်မို့လို့ စံချိန်ကို နည်းနည်းလျော့ပေးထားတာ” အခြားတစ်ယောက်မှ ပြောလိုက်သည်။

“ဒါပေမဲ့ တစ်ခုခုမှားနေတယ်လို့ ကျွန်တော်ထင်နေတုန်းပဲ .. တားမြစ်နယ်မြေကို သွားတာက ကိုယ့်ရဲ့ခွန်အားပေါ်မူတည်တာမဟုတ်ဘူး .. ကံပေါ်မူတည်တာ .. တကယ်လို့ အဲဒီနေရာကြောင့် ဂျီးနီးယပ်စ်တစ်ချို့ သေသွားရမယ်ဆိုရင် မတန်ဘူး” နျင်ချွမ်း ပြောလိုက်သည်။

“ငါတို့လည်း မင်းတို့နှစ်ယောက်ကို သေတွင်းမပို့ပါဘူး .. တားမြစ်နယ်မြေ အတွင်းပိုင်းမှာရှိတဲ့ မြို့ထဲကို ဦးတည်သွားတဲ့ အရမ်းကို ရှေးကျတဲ့လမ်းတစ်ခုရှိတယ် .. အဲဒီလမ်းက အတော်လေး တည်ငြိမ်လာပြီ .. မင်းတို့နှစ်ယောက် အဲဒီလမ်းကို သုံးပြီးတော့ အဲဒီမြို့ထဲကို သွားလို့ရတယ်” တောင်ထိပ်ပေါ်တွင်ရှိနေသည့်လူမှ ပြောလိုက်သည်။

“ကျွန်တော်တို့က ဘာလို့ အဲဒီလမ်းကို စမ်းသပ်မှုတစ်ခုအဖြစ် သုံးရမှာလဲ” နျင်ချွမ်း နောက်တစ်ဆင့် ထပ်မေးလိုက်သည်။

“နောင်ကျရင် ဘာဒုက္ခတွေ၊ ဘယ်လိုမျိုးကြောက်စရာကောင်းတာတွေ ကြုံတွေ့ရမလဲဆိုတာ မင်းတို့နှစ်ယောက်ကို နားလည်စေချင်လို့ .. ဒီလောကကြီး မီးတောက်တွေနဲ့ ဖုံးသွားတဲ့အချိန်ကျရင် တားမြစ်နယ်မြေက ကိစ္စတွေက နောက်တစ်ခေါက် ပြန်ဖြစ်လာလိမ့်မယ်” တောင်ထိပ်ပေါ်မှ လူမှ ပြောလိုက်သည်။

ဘာ…

ဤစကားများမှာ နျင်ချွမ်းနှင့် ရှီဟောင်နှစ်ယောက်ကို အလွန်တုန်လှုပ်သွားစေသည်ပင်။

“ကောင်းပြီ .. မင်းတို့အဲဒီလမ်းကို သွားမလား မသွားဘူးလားဆိုတာကတော့ မင်းတို့နှစ်ယောက်ဆုံးဖြတ်ချက်ပဲ .. ဒီ ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခုမှာ ဂျီးနီးယပ်စ်တွေ မရှားဘူး .. စစ်ဆေးမှုကို အောင်မြင်ထားတဲ့ အဆင့်လွန်လူငယ်ကျွမ်းကျင်သူတွေလည်း ရှိတယ်”

“ကောင်းပြီလေ .. အဲဒီတားမြစ်နယ်မြေဆိုတဲ့နေရာကို ကျွန်တော် တစ်ချက်သွားကြည့်လိုက်မယ် .. အဲဒီထဲမှာ ဘာရှိလဲဆိုတာ ကြည့်ကြတာပေါ့” ရှီဟောင် ခေါင်းငြိမ့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသည်။ ဥပမာအားဖြင့် မိုးမခနတ်ဘုရားအကြောင်း၊ နယ်ခြားစပ်၊ ရှေးဟောင်းမိတ်ဖက်စာချုပ်တို့ပင် .. ဤသည်တို့မှာ သူကိုယ်တိုင် အဖြေရှာရမည့်အရာများပင်။

သူ၏အရှေ့မှ ဤလူသုံးယောက်ကို မေးသေးသော်လည်း သူတို့သည် သူကိုယ်တိုင်အဖြေရှာရန်သာ ပြောလိုက်လေသည်။

“ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ခွင့်ရသွားရင် ဘာတွေသင်ရမှာလဲ” နျင်ချွမ်းမေးလိုက်သည်။

“ရှေးဟောင်းစာသားမျိုးစုံ၊ အဆင့်လွန်အဖိုးတန်ပညာတွေ၊ ပြီးတော့ အသက်ရှည်တဲ့ပုဂ္ဂိုလ်တွေရဲ့ စာတွေတောင်ပါသေးတယ် .. သီးသန့်ကျင့်ကြံဖို့အတွက် ထာဝရလှိုဏ်ဂူတွေရှိတယ် .. ပြီးတော့ ဒီခေတ်နဲ့ မသက်ဆိုင်တဲ့ ကျင့်ကြံနည်းတွေလည်းရှိသေးတယ် .. မင်းတို့နဲ့ ပညာဖလှယ်မယ့် ထာဝရသက်ရှိအစစ်တွေရဲ့ မျိုးဆက်တွေတောင် ရှိနိုင်တယ်”

သူသည် ကောင်းကျိုးများစွာကို တရစပ်ပြောသွားလေ၏။ ထိုထဲမှ အကြောင်းအရာတစ်ခုပင်လျှင် သူတို့ကို စိတ်လှုပ်ရှားစေနိုင်သည်သာ။ အားလုံးမှာ ထူးခြားလှသည့်အခွင့်အရေးများပင်။

ခပ်ဝေးဝေးတွင်ရှိနေသည့် မျက်လုံးပြာနှင့် အမျိုးသမီးသည် ရှီဟောင်ကို မျက်လုံးမှိတ်ပြလိုက်ကာ “အဲဒီမှာ နတ်သမီးအစစ်တွေရှိတယ် ရှင်သိလား .. ရှင့် သူတို့ကို ဖမ်းပြီး ရှင့်အိပ်ရာကို နွေးအောင်လုပ်လို့ရတယ်”

ရှီဟောင် အလွန်ရှက်သွားကာ ဟော့လင်းအာလည်း သူ့ကို နောက်တစ်ခေါက် ထပ်ဆိတ်လာလေသည်။

“ကျွန်မရှင့်ကို အကြံပေးလိုက်မယ် .. ရှင် ခေါင်းမဖော်ရဲလောက်အောင် အရိုက်ခံရပြီး ထွက်မပြေးချင်ရင် ကောင်းကင်နတ်ဘုရားကျောင်းရောက်တာနဲ့ ဆင်ဆင်ခြင်ခြင်နေ” ထိုအေးစက်နေသည့် မိန်းမပျိုမှပြောလိုက်သည်။

ရှီဟောင်သည် သူမကို ကြည့်လိုက်ကာ “ငါတို့ အခု နည်းနည်းလောက် ပညာဖလှယ်ကြရင်ရော .. ငါ မင်းတိုနှစ်ယောက်ကို ဖမ်းပြီးတော့ အိပ်ရာထဲ ရေလောင်းချလို့ရမရ ကြည့်ကြတာပေါ့”

တောင်ထိပ်ပေါ်တွင်ရှိနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသုံးယောက်မှာမှူ မလှုပ်ရှားပေ။ အလွန်တည်ငြိမ်နေလေ၏။

ခရမ်းရောင်စစ်သင်္ဘောပေါ်တွင်ရှိနေသည့် လူငယ်သုံးယောက်သည် ထူးဆန်းသည့်အမူအရာများ ဖြစ်လာလေသည်။ ကျန်သည့်အမျိုးသမီးနှစ်ယောက်မှာမူ ရှီဟောင်အား မတူညီသည့် အမူအရာများဖြင့် ကြည့်နေကြလေသည်။ မျက်လုံးပြာနှင့် အမျိုးသမီးသည် မိုးမခသစ်ရွက်များကို ဆောင်းဦးလေပွေလေးများ နူးညံ့စွာ တိုက်ခတ်သွားသကဲ့သို့ ရယ်မောနေလေ၏။ အေးစက်သည့် မိန်းမပျိုလေးမှာမူ ဆောင်းရာသီအလယ်မှ ဇီးပွင့်ကဲ့သို့ အေးစက်မှုများကို ထုတ်လွှတ်နေလေသည်။

“မင်းတို့နှစ်ယောက် ပြင်စရာရှိတာ ပြင်လို့ရပြီ” လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်မှ ပြောလိုက်သည်။

“ငါတို့ မင်းတို့နှစ်ယောက်ကို ပြန်ပို့ပေးမယ်” စစ်သင်္ဘောပေါ်မှ လူငါးယောက်သည် နှစ်စုကွဲသွားကာ အမျိုးသားသုံးယောက်က နျင်ချွမ်းကို လိုက်ပို့ပြီး အမျိုးသမီးနှစ်ယောက်က ရှီဟောင်ကို လိုက်ပို့လေသည်။

သရဖူခြောက်ခုဘုရင်နှင့် ဟွမ်တို့ကြားတွင် အမုန်းတရားများရှိနေသည်ကို သူတို့သိနေသည်မှာ သေချာသည်။

ထိုအမျိုးသမီးနှစ်ယောက်သည် ရှီဟောင်အားကြည့်ကာ ငွေရောင်စစ်သင်္ဘောပေါ်သို့ တက်သွားကြလေသည်။

“ဘာလို့ မင်းတို့နှစ်ယောက်က ငါ့ကို လိုက်ပို့တာလဲ .. မင်းတို့နှစ်ယောက်က တကယ်ပဲ ငါနဲ့ပညာဖလှယ်ချင်လို့လား .. တည့်တည့်ပဲပြောလိုက်ပါ .. မင်းတို့နှစ်ယောက် လက်ဖက်ရည်လေးငဲ့ပေးပြီး ငါ့ဘေးမှာနေပြီး ငါ့အိပ်ရာကို နွေးအောင်လုပ်ပေးချင်နေရင်လည်း ကွေ့ဝိုက်နေဖို့မလိုပါဘူး .. ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက် အနိုင်ရနိုင်ချေမှ မရှိတာကြီးကို” ရှီဟောင်ပြောလိုက်သည်။

ဤအမျိုးသမီးနှစ်ယောက်သည် လမ်းတွင် သူ့အား တိုက်ခိုက်ချင်နေသည်ကို သူမြင်ပြီးသားပင်။ ထို့ကြောင့် သူလည်း စောင့်ထိန်းမနေတော့ပေ။

“ရှင်က ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားလို့ ကိုယ့်ကိုကိုယ်ဟုတ်လှပြီ ထင်နေတာလား .. ထာဝရပညာနဲ့ဆိုရင် အားလုံးကို ဖျက်ဆီးပစ်လို့ရတယ်” အေးစက်သည့်မိန်းမပျိုမှ ပြောလိုက်သည်။

“တကယ်ကို ထာဝရသက်ရှိရဲ့ မျိုးဆက်လား .. နတ်သမီးအစစ်လား..” ရှီဟောင် သူမအားကြည့်လိုက်၏။ ထို့နောက်တွင် သူသည် ဝမ်းသာစွာဖြင့်ပင် “ငါ ဒီလိုမျိုးဖက်တီးကို တစ်ခါမှ မဖမ်းဖူးသေးဘူး .. ငါ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိ့ ကျေးဇူးအများကြီးတင်ပါတယ်”

ထိုမိန်းမပျိုလေး၏ မျက်ခုံးများ တန်းသွားကာ ထာဝရတာအိုအော်ရာများလည်း ထွက်ပေါ်လာလေသည်။ လေထဲတွင် အဖြူရောင်မြူများ ရစ်ဆိုင်းလာပြီး ပို၍ပို၍ပင်‌ အေးစက်လာလေသည်။ ဤသည်မှာ လနတ်ဘုရားမ ဆင်းလာသကဲ့သို့ပင်။

ထိုမျက်လုံးပြာနှင့် အမျိုးသမီးသည် သူမ၏ပုံရိပ်ကိုပင် ဂရုမပြုတော့ပဲ ခန္ဓာကိုယ်ယိမ်းထိုးသည်အထိ ရယ်မောနေလေသည် “ရှင်က နည်းနည်းလေးမှကို အရှက်မရှိဘူးပဲ .. ပြီးတော့ နတ်သမီးကိုတောင် ဖက်တီးလို့ခေါ်သေးတယ်”

“မင်းတို့အားလုံးကို တိုက်ခိုက်ခွင့်မပြုဘူး” ခပ်ဝေးဝေးမှ အဆင့်လွန်သုံးယောက်၏ အသံများ ထွက်ပေါ်လာလေသည်။

“ဟားဟား .. ရှင် ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ခွင့်မရရင်တော့ ကိစ္စမရှိဘူး .. ဒါပေမဲ့ ရှင် ကျောင်းထဲကို ဝင်လိုက်တာနဲ့ ရှင်ကြည့်ဖို့ ဇာတ်လမ်းလေးတွေ ရှိမှာ .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေဆယ်ခုမှာ မရေမတွက်နိုင်တဲ့ ဂျီးနီးယပ်စ်တွေ ရှိတယ် .. ရှင်နဲ့ဆော့ဖို့ လူတွေ လုံလောက်တာထက်ကိုပိုသေးတယ် .. အားလုံးရှင့်ကို စောင့်နေကြတယ်” မျက်လုံးပြာနှင့် အမျိုးသမီးမှ ပြောလိုက်သည်။

တောင်ထိပ်ပေါ်တွင်ရှိနေသည့် အမျိုးသားသုံးယောက်မှ သက်ပြင်းချလိုက်ကြသည်။

“ကြည့်ရတာ ငါတို့ ကန့်သတ်ချက်တွေကို နည်းနည်းလောက် လျှော့ပေးရမယ်ထင်တယ် .. ထာဝရစွမ်းအင်ရှိတဲ့သူတွေကိုပဲ ခွင့်ပြုပေးလို့မရတော့ဘူး .. အရင်တုန်းကတည်းက တိုးတက်ဖို့အတွက် အချိန်နည်းနည်းယူနေရတဲ့ အဆင့်လွန်တွေလဲရှိတယ် .. သူတို့က နှစ်ပေါင်းတစ်ထောင်ကျော်လောက်မှ တောက်ပလာမှာ”

“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း လူငယ်ကျွမ်းကျင်သူအားလုံးကို ခွင့်ပြုပေးလိုက်မယ် .. ကန့်သတ်ချက်တွေ မထားတော့ဘူး .. သူတို့ အဲဒီရှေးဟောင်းမြို့ကို ဝင်နိုင်ရင် သူတို့ကို ကောင်းကင်နတ်ဘုရားကျောင်း ဝင်ဖို့အတွက် အရည်အချင်းပြည့်မှီတယ်လို့ သတ်မှတ်လိုက်မယ်”

သူတို့သုံးယောက် ဤကဲ့သို့သာ ဆုံးဖြတ်ချက် ချလိုက်သည်။

ငွေရောင်စစ်သင်္ဘောပေါ်တွင်ရှိနေသည့် ဟော့လင်းအာသည် ရှီဟောင်အား စိုးရိမ်နေကာ သူ့ကို ထွက်မသွားစေချင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလမ်းကြောင်းမှာ အန္တရာယ်များလှပြီး အသက်ရှင်နိုင်ရန် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ထို့အပြင် သူမလည်း သူ့ဘေးနား ရှိမနေနိုင်ပေ။

သူမသည် နီရဲနေသည့်မျက်လုံးများဖြင့် ရှီဟောင်အား ကြည့်လိုက်ကာ “ရှင်အခု ဘယ်သွားမှာလဲ .. ဘယ်လိုပြင်ဆင်မှုတွေ လုပ်မှာလဲ”

“လက်ထပ်ဖို့အတွက် ပြင်ဆင်မယ်…”

အပိုင်း ၁၂၃၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၂ – လက်ထပ်ခြင်း

လက်ထပ်ခြင်းဆိုသည့် စကားလုံးသည် ရှီဟောင်နှုတ်ဖျားမှ ပေါ့ပေါ့ပါးပါးပင် ထွက်ပေါ်လာလေသည်။ ထိုစကားကို ကြားလိုက်ရသည်နှင့် ဟော့လင်းအာ၏မျက်နှာတစ်ခုလုံး နီရဲသွားလေသည်။ သူသည် ရှီဟောင်ကို စိုက်ကြည့်ကာ ဒီကောင် အခုတလော ပိုပြီးအတင့်ရဲလာသည်ဟု သူမခံစားလာရသည်။

သို့သော်လည်း သူမတို့နောက်တစ်ကြိမ် ပြန်လည်ခွဲခွာရတော့မည်ဟု စဉ်းစားမိသွားသည့်အချိန်တွင် သူမ သက်ပြင်းချလိုက်သည်။ သူမ၏မျက်လုံးများတွင် ရေခိုးရေငွေ့များ ထွက်ပေါ်လာပြီး မြင်ကွင်းများလည်း မှုန်ဝါးလာလေသည်။

သူတို့နောက်တစ်ကြိမ် ထပ်ခွဲရတော့မည်။ ထို့အပြင် ယခုတစ်ကြိမ်တွင် ရှီဟောင်သည် ပို၍အန္တရာယ်များသည့် တားမြစ်နယ်မြေအတွင်းပိုင်းထဲသို့ သွားရမည်ပင်။

သူအသက်ရှင်လျက် ပြန်ရောက်လာလျှင်ပင် ရှီဟောင်သည် ဤလောကအပြင်ကို ထပ်ထွက်သွားဦးမည်ပင်။

ထိုအကြောင်းများကို စဉ်းစားမိသွားသည့်အချိန်တွင် ဟော့လင်းအာ အလွန်ဝမ်းနည်းလာရသည်။ ဤတစ်ကြိမ် ခွဲခွာပြီးလျှင် ဘယ်အချိန်မှ ပြန်တွေ့နိုင်မည်ကို သူမ မသိပေ။

“ရှင်သတိထားရမယ်နော်” သူမသည် နူးညံ့သော်လည်း ပြတ်သားစွာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တားမြစ်နယ်မြေမှာ အန္တရာယ်များလှပြီး ရှီဟောင်မပြောနှင့် ဂိုဏ်းခေါင်းဆောင်များပင်လျှင် အခန့်မသင့်လျှင် သေဆုံးနိုင်သည်ပင်။ ဤသည်မှာ နောက်ပြန်လှည့်၍မရသည့် လမ်းကြောင်းပင်။

“စိတ်မပူပါနဲ့ .. ဘယ်သူမှ ငါ့ကို မသတ်နိုင်ပါဘူး .. ပြောရမယ်ဆိုရင် ငါလည်း တားမြစ်နယ်မြေကို အတော်လေး စိတ်ဝင်စားနေတာ .. ဘယ်သူပြောနိုင်မလဲ .. ငါ ထာဝရငှက်တွေ သားရဲတွေကိုတွေ့ပြီးတော့ မင်းစီးဖို့အတွက် တစ်ကောင်ယူရင်လည်း ယူလာပေးနိုင်မှာပေါ့” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။

သူသည် အမြဲတမ်း တက်ကြွကာ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသည့်သူပင်။ သူသည် တွေးပူနေတတ်သည့်လူစားမျိုုးမဟုတ်။

ထိုစကားကိုကြားသည်နှင့် မျက်လုံးပြာနှင့်အမျိုးသမီးသည်လည်း ပြုံးလိုက်သည်။ ယခုအချိန်တွင်တော့ သူမအရေထူသွားလေပြီ။ သူမသည် ရယ်မောလိုက်ကာ “ရှင်ကျွန်မကို တစ်ကောင်လောက် လက်ဆောင်ပေးရင်ရော..”

“အဲဒါက ငါ့မိန်းမအတွက်လက်ဆောင်လေ .. မင်းက ငါ့မိန်းမလား” ရှီဟောင် ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။

“လူငယ်လေးရှီ .. မင်း အစ်မကြီးတစ်ယောက်ကို ဒီလိုမျိုး အာခံနေတာ မင်း ကောင်းကင်နတ်ဘုရားကျောင်းထဲရောက်လာရင် ဒီအစ်မကြီးက လူတွေကိုခေါ်ပြီး မင်းကိုကြိုးတုပ်ပစ်မှာကို မင်းမကြောက်ဘူးလား” မျက်လုံးပြာနှင့် မိန်းမပျိုမှ ပြောလိုက်သည်။

“မင်းရဲ့လူတွေကို လွှတ်လိုက်လေ .. ငါသူတို့ကို တစ်ယောက်ပြီးတစ်ယောက် သိမ်းပစ်လိုက်မယ်” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

“ကောင်းပြီလေ .. ရှင်လေကြီးမိုးကြီး ပြောနိုင်တုန်း ပြောထားပေါ့ .. အချိန်ကျလာရင် ကျွန်မ ညီအစ်မတစ်ချို့ကို ရှာပြီးတော့ ရှင့်ကို ကောင်းကောင်းပြုစုပေးမယ်” မျက်လုံးပြာနှင့် အမျိုးသမီးမှ ပြုံး၍ပြောလိုက်သည်။ သို့သော် မည်သို့ပင်ကြည့်ကြည့် သူမ၏အပြုံးမှာ အနည်းငယ် ရက်စက်လှသည်သာ။

“ကျုပ် စောင့်နေပါ့မယ် .. အဲဒီညီအစ်မတွေက ဘယ်လိုမျိုးနောက်ခံတွေ ရှိလဲ” ရှီဟောင် သရုပ်ပျက်စွာပင် ရယ်လိုက်လေ၏။

“ဧကရာဇ်သမီးတွေ၊ အသက်ရှည်တဲ့သက်ရှိရဲ့ မျိုးဆက်တွေနဲ့ နတ်သမီးအစစ်တွေ .. အဲဒီအချိန်ကျရင် ရှင်သူတို့နဲ့ မဆော့နိုင်ပဲ ထွက်ပြေးသွားမှာပဲ စိုးရတယ်” မျက်လုံးပြာနှင့်အမျိုးသမီးမှ ရယ်မော၍ ပြောလိုက်သည်။

“သူထွက်ပြေးနိုင်မှာမဟုတ်ဘူး .. သေချာပေါက်ကို ချက်ချင်းဖိခံထားရမှာ” ထိုအေးစက်နေသည့် အမျိုးသမီးမှ ပြောလိုက်သည်။

“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း မင်းတို့အားလုံး ဒီရှင်ဘုရင်ကြီးကို စောင့်နေလိုက်ကြ .. ငါသေချာပေါက် ကောင်းကင်နတ်ဘုရားကျောင်း ဝင်ပြီးတော့ မင်းတို့ငါ့ကို လာစောင့်ရှောက်မှာကို စောင့်နေမယ်” ရှီဟောင်ရယ်မော၍ ပြောလိုက်လေသည်။

ထိုအေးစက်နေသည့် အမျိုးသမီးမှ သူ့အား စိုက်ကြည့်လိုက်သည်။ မျက်လုံးပြာနှင့် အမျိုးသမီးမှာမူ ရယ်မောနေဆဲပင်။ “ကောင်းပြီလေ .. အဲဒီအချိန်ကျရင် မငိုနဲ့နော် .. ကြည့်ကြသေးတာပေါ့”

ခဏကြာပြီးသည့်နောက်တွင် သင်္ဘောကြီးသည် ဗဟိုစီရင်စုမှ ထွက်လာကြသည်။ သူတို့သည် ရှီဟောင်လိုအပ်ချက်အရ စီရင်စုပေါင်းများစွာသို့ သွားရောက်ခဲ့ကြလေသည်။

“ငါတို့ ကောင်းကင်နတ်ဘုရားကျောင်းမှာ ပြန်တွေ့ကြတာပေါ့” ရှီဟောင် လက်ဝေ့ရမ်းကာ ပြောလိုက်သည်။ ထို့နောက် ဟော့လင်းအာကို ခေါ်ကာ စစ်သင်္ဘောကြီးမှ ဆင်းသွားလိုက်ကြသည်။

“ရှင် ဘယ်သွားမလို့လဲ” ဟော့လင်းအာ မေးလိုက်သည်။ ရှီဟောင်နှင့် ထိုမိန်းကလေးနှစ်ယောက် စကားအခြေအတင်ပြောနေသည့်အချိန်တွင် သူမဘာမှ ဝင်မပြောပဲ ပြုံး၍သာ နေခဲ့သည်။

“ငါ့အဖိုးကို တွေ့ဖို့ နတ်ဆိုးစီရင်စုကို သွားမယ်”

ဤသည်မှာ ရှီဟောင် သူ၏အဖိုးနှင့်တွေ့ရန် ပထမဆုံးအကြိမ် လူတစ်ယောက်ကို ခေါ်သွားခြင်းဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ခေါ်သွားသည်မှာလည်း ပထမဆုံးအကြိမ်ပင်။

အဖိုး ၁၅ သည် အစောကြီးကတည်းက ရှီဟောင်ကို အာရုံခံမိနေသည်ပင်။ သူသည် မီးတောင်တစ်ခုထဲမှ ပျံထွက်လာလေ၏။ သူ၏မည်းနက်နေသည့်ဆံပင်များသည် ပုခုံးထက်တွင် ပျံ့ကြဲနေပြီး ယခုအချိန်တွင် သူ၏ကြေးနီရောင်အသားအရေသည် အဖိုးတန်အလင်းများ တောက်ပနေသည်။ သူ၏ပုံပန်းသွင်ပြင်မှာ သုံးဆယ် လေးဆယ်ခန့်သာ ရှိသေးသည်။

“ဟောင်အာ…”

“အဖိုး…”

သူတို့နောက်ဆုံးတွေ့ခဲ့ကြသည်မှာ သိပ်မကြာသေးသော်လည်း နောက်တစ်ကြိမ် ပြန်တွေ့ရသည့်အချိန်တွင် မြေးအဖိုးနှစ်ယောက်မှာ ပျော်ရွှင်နေသည်ပင်။

“ဒီမိန်းကလေးက ဘယ်သူများလဲ..” နတ်ဆိုးနတ်ဘုရားသည် ဟော့လင်းအာကို ပြုံးပြလိုက်လေသည်။

“အဖိုး .. ဒါက ကျွန်တော့်ဇနီး .. ကျွန်တော် အဖိုးကို ခေါ်လာပြတာ” ရှီဟောင်သည် အလွန်အရေထူနေပြီဖြစ်ပြီး မျက်နှာပင် မနီတော့ပေ။ သူသည် မျက်တောင်တစ်ချက်မခတ်ပဲ ဤစကားကို ပြောလိုက်ခြင်းပင်။

ဟော့လင်းအာ သည်းမခံနိုင်တော့ပေ။ ဒီလိုမျိုး မိတ်ဆက်တာ ရှိလို့လား .. ဤသည်မှာ အဖိုး ၁၅ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း သူမမျက်နှာ နီရဲနေလေပြီ။

“ဒီမိန်းကလေးက တော်တော်လေး တော်တာပဲ .. မြေးလေး သူ့ကိုကြိုက်ရင် အဖိုးထောက်ခံပေးမယ်” အဖိုး ၁၅၏ မျက်နှာတစ်ခုလုံးတွင် အပြုံးများ ပြည့်နှက်နေလေသည်။

“ကျွန်မ အရင်တုန်းက အဖိုး ၁၅ အကြောင်းတွေကို ကြားဖူးပါတယ်” ဟော့လင်းအာ လေးလေးနက်နက်ပင် နှုတ်ဆက်လိုက်သည်။ သူမသည် ယခင်က အဆင့်နိမ့်နယ်မြေတွင် အဖိုး၁၅၏ ဂုဏ်သတင်းများကို ကြားဖူးပြီးသားဖြစ်ပြီး သူသည် သူ၏မြေးအတွက်နှင့် အင်ပါယာမြို့တော်တစ်ခုလုံးကို ဖရိုဖရဲဖြစ်အောင် လုပ်လိုက်ကြောင်းလည်း သူမသိပြီးသားပင်။

သူမ ဤအကြီးအကဲကို အလွန်လေးစားသည်ပင်။

“မီးဧကရာဇ်ရဲ့ သမီးမလား” သူမ၏ မူလဇစ်မြစ်ကို သိလိုက်ရသည့်အချိန်တွင် သူသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ မီးဧကရာဇ်ဆိုသည်မှာ သူတို့မျိုးဆက်တွင် အဆင့်နိမ့်နယ်မြေမှ သူရဲကောင်းပင်။

အဖိုး၁၅သည် ယခင်က မီးဧကရာဇ်နှင့်တွေ့ဖူးသည်သာ။ ယခု သူ၏သမီးကို မြင်လိုက်ရသည့်အချိန်တွင် သူ အလွန်ကျေနပ်သွားရသည်။ သူ၏ မီးဧကရာဇ်ပေါ်ထားသည့် လေးစားမှုများအပြင် သူတို့နှစ်ယောက်လုံးသည် အဆင့်နိမ့်နယ်မြေမှ လာခြင်းဖြစ်သောကြောင့် သူတို့နှစ်ယောက်လုံးကို အပြစ်သားသွေးမျိုးဆက်ဟု သတ်မှတ်၍ရသည်။

“အများကြီး ပြောနေစရာမလိုပါဘူး .. ငါတို့က အခု မိသားစုတွေ ဖြစ်နေပြီပဲ” အဖိုး၁၅ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

အဖိုး၁၅ သည် အပျော်လွန်နေကာ ရှီဟောင်ပုခုံးကို ဆက်တိုက်ပင် ပုတ်နေလေ၏။ သူ့ကို ကောင်းကင်နတ်ဘုရားအသားအချို့နှင့် ဝိုင်များကို ပြင်ခိုင်းလိုက်လေသည်။ ယနေ့ သူတို့ဗိုက်မပြည့်မချင်း စားကြမည်။

ရှီဟောင် နောက်ဆုံးတစ်ခေါက် ထွက်မသွားမှီတွင် အဖိုး ၁၅ အား ရေနဂါး၊ နဂါးစာကလေး၊ ရွှေရောင်ကြိုးကြာ စသည့် ကောင်းကင်နတ်ဘုရားအသားများကို ပေးခဲ့သေးသည်ပင်။

ခဏကြာပြီးသည့်နောက်တွင် အိုးထဲတွင်ရှိနေသည့် ရွှေရောင်ကြိုးကြာ ကျက်သွားပြီဖြစ်ပြီး နဂါးစာကလေးအတောင်ပံလည်း ကင်ပြီးသွားလေပြီ။ မြင့်မြတ်ဆေးဝိုင်များ၏ မွှေးရနံ့များလည်း သင်းပျံ့နေလေပြီ။

“ငါမင်းတို့နှစ်ယောက်ကို ဒီနေ့ မင်္ဂလာဆောင်ပေးလိုက်ရင်ရော” သူနည်းနည်းလေး ထွေလာသည့်အချိန်တွင် အဖိုး၁၅ ထပြောလိုက်သည်။

ဟော့လင်းအာမှာ ချက်ချင်းပင် ခေါင်းငုံ့သွားလေ၏။ ဤသည်မှာ အလောကြီးလွန်းလှသည်။ သူတို့နောက်တစ်ကြိမ် ပြန်ခွဲခွာရမည်ဆိုသော်လည်း ဤအကြောင်းကို ဤကဲ့သို့ ပြောနေခြင်းမှာ ရုတ်တရက်ဆန်လွန်းလှသည်။

“အဖိုး .. ကျွန်တော်အဖိုးကို မပြောရသေးတာ တစ်ခုရှိသေးတယ် .. ကျွန်တော် အထူးကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုကို ကျင့်ကြံမှာမို့လို့ အချိန်တော်တော်လေးကြာအောင် ထွက်သွားရဦးမယ် .. အနာဂတ်က မသေချာဘူးဆိုတော့ ဒီလိုမျိုးကိစ္စတွေကိုပြောဖို့ အချိန်ကောင်းမဟုတ်သေးဘူး” ရှီဟောင် ပြောလိုက်သည်။

ဤသည်မှာ အလွန်ခက်ခဲသည့် လမ်းကြောင်းဖြစ်ပြီး သေမလားရှင်မလား ပြော၍မရကြောင်း တိတ်တဆိတ်ပြောပြလိုက်သည်။ သူ ဟော့လင်းအာကို အမှားမလုပ်ချင်။ သူပြန်မလာနိုင်ရင်ရော…

ဟော့လင်းအာသည် သူမ၏ ရှက်စိတ်များပျောက်ကွယ်သွားသည့်အချိန်တွင် သူမသည် စိတ်ရှုပ်ထွေးကာ စိတ်ပျက်လာသည်။ သူတို့က ဒီလိုပုံစံနဲ့ပဲ ဝေးသွားကြရတော့မှာလား..

အဖိုး၁၅သည်လည်း ထက်မြက်သည့်သူပင်။ သူ၏မြေးကို တား၍မရမည်မှန်း သူသိသည်။ ဤသည်မှာ သူ၏လမ်းကြောင်းဖြစ်နေသောကြောင့် သူလက်ထပ်ပွဲကို လျှောက်လုပ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် သူ့မြေးသာ တစ်ခုခုဖြစ်သွားလျှင် သူ၏အရှေ့တွင်ရှိနေသည့် မိန်းမပျိုလေးအား အပြစ်လုပ်မိသလိုဖြစ်သွားလိမ့်မည်မလား..

ရှီဟောင်သည် သူ၏အဖိုးနှင့် ၂ ရက်နေပြီးသည့်နောက် ပြန်ထွက်သွားလေ၏။

“မင်းဘယ်သွားချင်လဲ .. ငါမင်းကို ခေါ်သွားပေးမယ်” ရှီဟောင် ပြောလိုက်သည်။

“ရှင်က ထပ်ထွက်သွားတော့မယ် .. ဒီအဆင့်မြင့်နယ်မြေမှာ ကျွန်မမှာ အားကိုးစရာလူဆိုလို့ ရှင်နဲ့အဖေပဲရှိတာ .. အခု ရှင်က ထပ်ထွက်သွားတော့မယ်” ဟော့လင်းအာ စိတ်ပျက်မိသည်။

သူမသည် အဆင့်နိမ့်နယ်မြေမှ ထွက်လာကတည်းက မင်းသမီးတစ်ယောက် မဟုတ်တော့ပေ။ ဤနှစ်အနည်းငယ် အတွင်းတွင် သူမသည် မီးပိုးစာပင်တောထဲတွင်နေကာ အဝတ်ကြမ်းများကို ဝတ်ပြီး လူတစ်ယောက်ပြန်လာမည်ကို တိတ်တိတ်လေး စောင့်နေခဲ့သည်။

ယခုတော့ ထိုအလွန်အရေးကြီးသည့်လူမှာ ထပ်ထွက်သွားတော့မည်။

“တကယ်လို့ ငါအသက်ရှင်လျက်ပြန်ရောက်လာရင် မင်းကို လာရှာမယ်” ရှီဟောင်ပြောလိုက်သည်။

“သူတို့ပြောတာ နောင်ကျရင် ဖရိုဖရဲတွေဖြစ်လာမှာဆို ဟုတ်လား” ဟော့လင်းအာ သူ့ကိုကြည့်ကာ မေးလိုက်သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပျက်စီးသွားလျှင် သူတို့ပြန်တွေ့နိုင်ပါဦးမလား .. အဲဒီအချိန်ကျရင် သူတို့နှစ်ယောက် ဘယ်ရောက်နေကြမှာလဲ..

“အဲဒီလိုနေ့မျိုး တကယ်ရောက်လာရင် ငါဘယ်နေရာပဲရောက်နေရောက်နေ မင်းကို ကာကွယ်ဖို့အတွက် ပြန်လာခဲ့မယ်” ရှီ‌ဟောင် ကျိန်ဆိုလိုက်သည်။

“ကျွန်မက ရှင် ဘေးကင်းဖို့ကိုပဲ မျှော်လင့်တာပါ…” ဟော့လင်းအာ မျက်ရည်များဖြင့် ပြောလိုက်သည်။ ဤအဆင့်မြင့်နယ်မြေတွင် သူမအလွန် အထီးကျန်ရသောကြောင့် ဤလူကို မလွတ်ချင်။

“ငါ ပြန်လာမှာ .. ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး” ရှီဟောင်ပြောလိုက်၏။

သူသွားတော့မည်ဖြစ်သဖြင့် သူမအား ဘယ်နေရာသွားချင်သေးလဲဟု မေးလိုက်သည်။

ဟော့လင်းအာသည် တိတ်ဆိတ်နေကာ သူမ၏အမူအရာများမှာလည်း ဗလာသက်သက်ပင်။ သူမက ဘယ်ကိုသွားရမှာလဲ .. သူမအိမ်က ဘယ်မှာလဲ..

ရှီဟောင်သည် သူမအား အပြစ်သားစီရင်စုသို့ ခေါ်သွားလိုက်ပြီး မီးဧကရာဇ်၏ သီးသန့်ကျင့်ကြံသည့်နေရာသို့ ခေါ်သွားလိုက်သည်။ ဤနေရာတွင် နေထိုင်ကာ မီးဧကရာဇ်ပြန်လာမည်ကို စောင့်ဆိုင်းစေလိုက်သည်။

သို့သော် ဟော့လင်းအာ ခေါင်းခါလိုက်သည်။ သူမ၏မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံနေလေပြီ။ သူမသည် ရှီဟောင်အား လိုက်ပို့ပြီး သူတားမြစ်နယ်မြေထဲသို့ ဝင်သွားသည်ကို ကြည့်ချင်ကြောင်း ပြောခဲ့သည်။

“အဲဒါက အန္တရာယ်များလွန်းတယ် .. မင်းကိုယ့်ဘာသာကိုယ်ပြန်လာရင် ငါစိတ်ချမှာ မဟုတ်ဘူး” ရှီဟောင် သဘောမတူပေ။

“ဒီမှာပဲနေမှာ .. မီးဧကရာဇ်က ပြန်လာတော့မှာပါ .. သူနဲ့ပဲနေ” ထို့နောက်တွင် ရှီဟောင်သည် ဝံပုလွေလေးကို ကြည့်လိုက်ကာ “အလုပ်ကြိုးစား၊ ကြိုးကြိုးစားစားနဲ့ကျင့်ကြံ .. ပြီးတော့ လင်းအာကိုလည်း စောင့်ရှောက်ပေး”

ရှီဟောင် ဤနေရာတွင် နှစ်ရက်နေပြီးနောက် သူထွက်ခွာရတော့မည်အချိန် ရောက်လာလေပြီ။

“ကျွန်မကို မီးပိုးစာပင်တောပဲ လိုက်ပို့ပေးလိုက် .. ကျွန်မ အဲဒီမှာ သီးသန့်နေချင်တယ်” ဟော့လင်းအာ ရုတ်တရက်ပြောလိုက်သည်။

ရှီဟောင်သည် တုန်လှုပ်သွားရကာ ပြောရခက်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

မီးပိုးစာပန်းများ ပွင့်နေပြီဖြစ်ပြီး နေရာတိုင်းတွင် ရဲရဲနီနေလေပြီ။

သူတို့ဤနေရာသို့ နောက်တစ်ကြိမ် ရောက်လာပြန်လေပြီ။ မီးပိုးစာပင်များကို မျက်စိတစ်ဆုံးမြင်နေရပြီး ပန်းပွင့်များမှာလည်း အနီရောင်ကျောက်စိမ်းများကဲ့သို့ပင်။

“ကျွန်မ ဒီနေရာကို တကယ်ကြိုက်တယ်” ဟော့လင်းအာသည် ရှေးဟောင်းမီးပိုးစာပင်များနှင့် ပိုးစာရွက်ခူးနေသည့်မိန်းကလေးများကို ကြည့်ပြီး ပြောလိုက်သည်။ သူမ စိတ်ငြိမ်သွားပြီ ထင်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သူမအမှတ်တရများရှိသည်။ သူမ ယခင်က ဤနေရာတွင် လူတစ်ယောက်ကို စောင့်ခဲ့ဖူးသည်။

သူ ဤနေရာမှ ထွက်သွားတာ မကြာသေးပဲ နောက်တစ်ကြိမ် ပြန်ရောက်လာရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုတစ်ခေါက်တွင်တော့ ရှီဟောင် သေမလားရှင်မလား မသိနိုင်တော့ပေ။ သူ အသက်ရှင်ခဲ့လျှင်ပင် သူဤလောကကြီးမှ ထွက်ခွာသွားရဦးမည်ပင်။

ဤတွေ့ဆုံမှုအတွက် သူမ ပျော်ရွှင်မိသော်လည်း နောက်တစ်ကြိမ်အတွက်မှာမူ ဝေးကွာလွန်းလှသည်။

သူတို့ ခွဲခွာရတော့မည်။ ရှီဟောင်သည် သူမကို တိတ်တဆိတ်ကြည့်နေပြီး ဘာပြောရမှန်း မသိတော့ပေ။

“မီးပိုးစာပန်းတွေ ပွင့်နေပြီ .. တစ်နှစ်ပြီးတစ်နှစ် ရှင်ပြန်လာမှာကို ကျွန်မ ဒီက စောင့်နေမယ်” ဟော့လင်းအာ ပြောလိုက်သည်။

ယခု ခွဲခွာပြီးလျှင် ထာဝရဝေးကြရတော့မည်ဟု သူမ ခံစားနေရသည်။

အပိုင်း ၁၂၃၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၃ – လက်ထပ်ခြင်း(၂)

“ငါတို့သေချာပေါက် နောက်တစ်ကြိမ် ပြန်တွေ့ကြမှာပါ” ရှီဟောင်သည် ဝမ်းနည်းနေသော်လည်း သူ၏အသံမှာ တည်ငြိမ်နေဆဲပင်။

ဟော့လင်းအာသည် ရှီဟောင်ကို ခေါင်းမော့ကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ ကြွေကျနေသည့် ပန်းပွင့်ဖတ်များကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသော်လည်း သူမသည် ပြုံးလိုက်ကာ “ရှင်သွားသင့်ပြီ” ဟု ပြောလိုက်သည်။

သူမသည် ဝမ်းပန်းတနည်း ငိုကြွေးနေခြင်းမပြုတော့ပဲ သူ့အားတည်ငြိမ်စွာပင် လိုက်ပို့လိုက်သည်။ သူမပြုံးနေသော်လည်း သူမမျက်ဝန်းမှ မျက်ရည်များ စီးကျနေဆဲပင်။

ရှီဟောင်လည်း စိတ်ပျက်မိသည်ပင်။ သူသည် ခြေလှမ်းအနည်းငယ်လျှောက်လိုက် နောက်ပြန်ကြည့်လိုက် လုပ်နေသည်ပင်။ သူ၏ခြေလှမ်းများကို ရွေ့လျားရန် ခက်ခဲလှသည်။

သူ၏စိတ်ထဲတွင် မေးခွန်းများလည်း ပေါ်လာသည်။ ဒါတွေက ဘာအတွက်လဲ .. သူ့တစ်ဘဝလုံး ကျင့်ကြံနေရတော့မှာလား..

ဤလမ်းအတိုင်းဆက်သွားလျှင် တစ်နေ့တွင်တော့ သူထိပ်ဆုံးသို့ ရောက်လိမ့်မည်ပင်။ သို့သော် သူနောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူလူဘယ်နှယောက်၊ အဖြစ်အပျက် ဘယ်နှခုလောက်ကိုများ လွဲချော်သွားမလဲ..

ဒီလိုလုပ်ဖို့က ထိုက်တန်ရဲ့လား..

သူမသိတော့..

“ရှင်သွားသင့်တယ် .. ကျွန်မ ဒီကနေ ရှင်ဘေးကင်းလုံခြံဖို့၊ အသက်ရှည်ဖို့အတွက် ဆုတောင်းပေးနေပါ့မယ် .. ဒီလောကကြီးက မကြာခင်မှာ ဖရိုဖရဲဖြစ်တော့မှာ .. တောတောင်တွေမြစ်တွေ ပျက်စီးသွားပြီးတော့ သွေးချောင်းစီးနေမှာ .. ရှင်တုံ့ဆိုင်းနေဖို့မလိုဘူး .. ရှင်ဒီလမ်းကြောင်းကို ရွေးလိုက်ပြီဆိုမှတော့ ရှင် ပြတ်ပြတ်သားသားလုပ်ရမယ် … ဒီလောကကြီး မရှိတော့ရင် ရှင်နဲ့ကျွန်မက ဘာတွေပြောကြမှာလဲ .. ရှင်ဘယ်သွားသွား .. ရှင် ဒီလောကကြီးက ထွက်သွားပြီးတော့ ကောင်းကင်ဘုံကိုးခုထဲကို ရောက်သွားပြီး နယ်ခြားစပ်မှာ သွေးသံရွှဲရွှဲနဲ့ တိုက်ခိုက်ရမယ်ဆိုရင်တောင်မှ လောကကြီးက ဒီထောင့်လေးမှာ ဒီမီးပိုးစာတောထဲမှာ ရှင့်ကို တိတ်တိတ်လေး ဆုတောင်းပေးပြီးတော့ ရှင့်ကို အမြဲတမ်း စောင့်နေမယ်”

ဟော့လင်းအာသည် အသံပို့လွှတ်လိုက်ကာ သူမ၏မျက်ရည်များကို သုတ်၍ ကြိုးစားပြုံးပြလိုက်သည်။

ရှီဟောင်သည် ခြေလှမ်းများကို ရွေ့လျားရန် တကယ်ပင် ခက်ခဲနေခဲ့သည်။ ဤခရီးလမ်းမှာ ရှည်လျားလှသည်။ တစ်ခေါက်ခွဲခွာလျှင် မည်သည့်အချိန်မှ ပြန်တွေ့ရမည်မှန်း သူမသိပေ။

“အဲဒါဆို ငါမင်းကို ငါနဲ့အတူတူ ခေါ်သွားမယ်လေ” ရှီဟောင်ပြောလိုက်၏။

“မရဘူး” ဟော့လင်းအာ ခေါင်းခါရမ်းလိုက်သည်။

“ဘာလို့လဲ”

“ကျွန်မ ရှင့်အတွက် အနှောက်အယှက်မဖြစ်ချင်ဘူး … ကျွန်မရှင့်ဘေးနားမှာနေပြီးတော့ ရှင့်ရဲ့ကာကွယ်မှုအောက်မှာ ရှိနေမယ်ဆိုရင်တောင် အရေးကြီးတဲ့အချိန်ရောက်လာရင် ကျွန်မက ရှင့်အတွက် အနှောက်အယှက်တစ်ခု ဖြစ်နေမှာ” ဟော့လင်းအာ ငြင်းလိုက်သည်။

ရှီဟောင် သူမကို ကာကွယ်ပေးရန်အတွက် ခက်ခဲမည်ကို သူမသိသည်။ ဤလမ်းမှာ အလွန်ပင်ခက်ခဲလှပြီး ရှီဟောင်သူ့အတွက် စိုးရိမ်နေရမည်ဆိုလျှင် ပို၍ ခက်ခဲလိမ့်မည်။

“ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ .. ငါပြန်လာခဲ့မယ်” ရှီဟောင်ပြောလိုက်သည်။ သူသည် ကောင်းကင်ထက်သို့ တစ်လှမ်းချင်းတက်သွားပြီး သူမကို လက်ဝေ့ရမ်းပြလိုက်သည်။ ထို့နောက်တွင် သူ၏ပုံရိပ်သည် နေရောင်အောက်တွင် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ဟော့လင်းအာသည် သူမကိုယ်သူမ မထိန်းနိုင်တော့ပဲ မီးပိုးစာပင်တောအောက်တွင် ရပ်ကာ ကျယ်လောင်စွာ ငိုကြွေးနေတော့သည်။ သူမသည် မမြင်ရတော့သည့် ရှီဟောင်အား အတင်းပင် လက်ဝေ့ရမ်းပြနေလေသည်။

ဟော့လင်းအာ သူ့အားမမြင်ရသော်လည်း သူသည် ကောင်းကင်မျက်လုံးကို ကျင့်ကြံထားသောသူဖြစ်သောကြောင့် သူသည် ဟော့လင်းအာကို မြင်နေရဆဲပင်။ သူမ၏ ထိုအထီးကျန်သည့် ပုံရိပ်မှာ သူ့အားရင်နာစေသည်ပင်။

သူရပ်တန့်ချင်သော်လည်း ရပ်တန့်၍မရပေ။ ဤသည်မှာ သူလျှောက်ရမည့်လမ်းပင်။

“မင်း ဒီတိုင်းပဲ ထွက်သွားတော့မှာလား” ကောင်းကင်ထက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရောက်လာပြီး သူ့အား စိုက်ကြည့်လာလေသည်။

မီးဧကရာဇ်..

ရှီဟောင် သူ့ကို မှတ်မိသည်။ အဆင့်နိမ့်နယ်မြေတွင် သူတို့နှစ်ဦးတွေ့ခဲ့ဖူးပြီး ဤလူထံမှပင် လမ်းညွှန်မှုများကို ရရှိခဲ့သေးသည်။

ရှီဟောင် – “စီနီယာ”

မီးဧကရာဇ်မှာ ယခင်ကကဲ့သို့ပင်။ သူသည် လူသားဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိတော့ပဲ သာမန်ဝတ်စုံသာ ဝတ်ဆင်ထားလေသည်။ သူသည်ပို၍ပင် တည်ငြိမ်လာပြီး သူ၏ခန္ဓာကိုယ်မှာ တာအိုအော်ရာများရှိနေလေသည်။

ယခုအချိန်တွင် သူ၏ခံစားချက်များရှုပ်ထွေးနေပြီး တည်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။ သူသည် ရှီဟောင်ကို ကြည့်လိုက်ပြီးနောက် ခပ်ဝေးဝေးရှိ မီးပိုးစာတောကို ကြည့်လိုက်သည်။

“မင်းကဘာလို့ သူ့ကို ဘာမျှော်လင့်ချက်မှ မပေးခဲ့တာလဲ” မီးဧကရာဇ်သည် မီးတောက်ကဲ့သို့ တောက်ပနေသည့်မျက်လုံးများဖြင့် ရှီဟောင်ကို ကြည့်ကာ မေးလိုက်သည်။

ရှီဟောင်မှာ သူဘာကိုဆိုလိုချင်မှန်း နားမလည်နိုင်။

“ကျွန်တော် အသက်ရှင်နေသရွေ့ ကျွန်တော်ပြန်လာမှာပါ .. ကျွန်‌တော် သေချာပေါက်ပြန်လာပါ့မယ်” ရှီဟောင်ကတိပေးလိုက်သည်။

“အဲဒါဆိုရင် မင်းတို့က ဘာလို့အခုချိန်မှာ အတူတူရှိမနေနိုင်ရမှာလဲ .. တစ်ရက်၊နှစ််ရက်ပဲဖြစ်ဖြစ် .. တစ်နာရီ၊ နှစ်နာရီလောက်ပဲဖြစ်ဖြစ်” မီးဧကရာဇ်ပြောလိုက်သည်။

ရှီဟောင်သည် အဝေးသို့ ကြည့်လိုက်ကာ “ကျွန်တော်တစ်ခုခုဖြစ်သွားမှာကို ကျွန်တော်ကြောက်တာပါ .. ဘယ်အချိန်မှ ပြန်လာနိုင်မလဲ ကျွန်တော်မသိဘူး .. ကျွန်တော် ရန်သူတွေကို မကြောက်ပါဘူး .. ကျွန်တော်အကြောက်ဆုံးက ပြောင်းလဲသွားမယ့်အချိန်တွေကိုပါပဲ .. ကျွန်တော် သူမကို အမှားလုပ်မိမှာစိုးတယ်”

“သူမကို ဘာအမှားလုပ်မိမှာလဲ .. မင်းဒီလိုမျိုးထွက်သွားရင် ဟော့လင်းအာက မင်းကို လက်လွတ်ပြီးတော့ ဘဝသစ်စနိုင်မယ်လို့ ထင်နေတာလား” မီးဧကရာဇ် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် အနည်းငယ် ရှက်ရွံ့သွားကာ “ကျွန်တော် အဲဒီလိုမျိုး ပြောချင်တာ မဟုတ်ပါဘူး”

“ဒါပေမဲ့ ဆိုလိုရင်းက အတူတူပဲမဟုတ်ဘူးလား .. မင်းဒီလိုမျိုးထွက်သွားရင်တောင်မှ လင်းအာက မင်းကို မေ့နိုင်မှာမဟုတ်ဘူး .. သူ့တစ်ဘဝလုံး ဒီလိုမျိုး ဝမ်းနည်းနေရမှာ .. အဲဒီအစား မင်းဒီမှာ တစ်ရက်လောက်ပဲဖြစ်ဖြစ်နေပြီးတော့ သူမကို မျှော်လင့်ချက်ပေးလိုက်ရင်ရော .. သူ့ကို နားလည်အောင်လုပ်ပေးလိုက် … သူ့ကို အမှတ်တရတွေ ပေးခဲ့ရင်ရော..” မီးဧကရာဇ်ဆူပူလိုက်သည်။

“ကျွန်တော်..” သူတစ်ခုခုပြောချင်သော်လည်း ဘာပြောရမှန်းမသိတော့ပေ။

သူနယ်ခြားစပ်မှာသေသွားရင် .. တစ်ခြားလောကမှာ ကျရှုံးသွားရင် .. အဲဒီအချိန်ကျရင် ဟော့လင်းအာကို ဝမ်းနည်းစရာတွေပဲ ထားခဲ့သလိုဖြစ်သွားမှာမဟုတ်ဘူးလားဟု သူပြောချင်မိသည်။

သို့သော် သူပြန်လှည့်မလာခဲ့လျှင်လည်း ရလဒ်မှာ အတူတူပင်။ သူသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဤမီးပိုးစာတောထဲတွင် သူ့အားစောင့်ဆိုင်းနေမည့် မိန်းကလေးတစ်ယောက် ရှိနေမည်ပင်။

“ကောင်းပါပြီ .. ကျွန်တော်ပြန်သွားပါ့မယ်” ရှီဟောင်ပြောလိုက်၏။

ထို့နောက်တွင် သူသည် ရွှေရောင်သက်တံ့အဖြစ်သို့ ပြောင်းလဲသွားကာ မီးပိုးစာတောထံသို့ တရှိန်ထိုးပြေးသွားလိုက်သည်။

ထိုတောအုပ်ထဲတွင် အထီးကျန်နေသည့် ပုံရိပ်လေးသည် မီးပိုးစာပင်ကိုမှီကာ ရပ်နေရလေသည်။

ရှီဟောင် မျက်လုံးများပင် နာကျင်လာရသည်။ သူသည် ထိုပုံရိပ်လေးထံသို့ တရှိန်ထိုးပင် ပြေးသွားလိုက်သည်။

ဟော့လင်းအာသည် မျက်ရည်များအဆက်မပြတ်ကျဆင်းနေကာ သူမ၏အမြင်အာရုံလည်း မှုန်ဝါးနေလေပြီ။

သို့သော် ထိုအချိန်တွင် သူမကို ခေါ်နေသည့်အသံတစ်သံကြားလိုက်ရပြီး သူမ၏အရှေ့တွင်လည်း ပုံရိပ်တစ်ခု ပေါ်လာသည်။ သူမသည် မျက်ရည်များကြားမှပင် ရှီဟောင်၏ မှုန်ဝါးဝါးပုံရိပ်လေးကို မြင်လိုက်ရသည်။

သူထွက်သွားပြီမဟုတ်ဘူးလား .. သူပြန်လာတာလား .. ဒါက ပုံရိပ်ယောင်လား..

“ရှင် ဘေးကင်းလုံခြုံဖို့ ကျွန်မဆုတောင်းတယ်” သူမ ထိုပုံရိပ်လေးကို ကြည့်ကာ ပြောလိုက်သည်။

“ငါအခုထိ မသွားရသေးဘူး” ရှီဟောင်သည် သူမပုခုံးကို ဆုတ်ကိုင်ကာ လှုပ်ရမ်းလိုက်ပြီး သူပုံရိပ်ယောင်မဟုတ်ကြောင်း ပြောပြလိုက်သည်။

“ရှင်မသွားသေးဘူးလား” ဟော့လင်းအာ၏အသံမှာ တုန်ယင်နေလေသည်။ သူမသည် မျက်ရည်များကို ချက်ချင်းပင် သုတ်ပစ်လိုက်သည်။ ထို့နောက်တွင် သူမပြုံးလိုက်ကာ သူမလောကကြီးလည်း ပြန်လည်တောက်ပလာသည်ဟု ခံစားလိုက်ရသည်။

ရှီဟောင်သည် ရှက်ရွံ့သွားရကာ သူမကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ပေ။

မီးဧကရာဇ်သည် ခပ်ဝေးဝေးတွင်ပင်ရပ်ကာ တည်ငြိမ်စွာ စောင့်ကြည့်နေလေသည်။

“မီးဧကရာဇ်..” ဟော့လင်းအာ နောက်ဆုံးတော့ သူ့ကို တွေ့သွားလေပြီ။

ယနေ့မှာ ပျော်ရွှင်မှုရော ဝမ်းနည်းမှုရော စုံသည့်နေ့ပင်။ သူမ အလေးအထားဆုံးလူနှစ်ယောက် တစ်ပြိုင်နက်တည်း ပေါ်လာသောကြောင့် သူမရင်ထဲမှ ဝမ်းနည်းမှု အနည်းငယ် လျော့နည်းသွားလေပြီ။

“ကလေး .. မင်းတို့နှစ်ယောက်က ကံစပ်နေမှတော့ ဘာမှ နောင်တရမနေနဲ့တော့ .. ဒီနေ့ ငါမင်းတို့ လက်ထပ်ပွဲကို ဦးဆောင်ပေးမယ်” မီးဧကရာဇ် ခိုင်မာစွာ ပြောလိုက်သည်။

“အဖေ..” ဟော့လင်းအာ၏ မျက်နှာအနည်းငယ် နီရဲသွားသည်။

“ငါတို့အားလုံးက ကျင့်ကြံသူတွေပဲ .. အဲဒီတော့ ငါတို့ ပွဲအခမ်းအနားအရှည်ကြီးတွေ မလိုတော့ဘူး .. အားလုံးကို ရိုးရိုးရှင်းရှင်းပဲ လုပ်ကြတာပေါ့ .. ငါဒီလက်ထပ်ပွဲကို တာဝန်ယူပေးမယ်” မီးဧကရာဇ် ပြတ်သားစွာ ပြောလိုက်သည်။

နေဝင်ရီသရော နေရောင်အောက်တွင် မီးဧကရာဇ်သည် အပြာရောင်ကျောက်တုံးကြီးပေါ်တွင် ထိုင်နေပြီး သူတို့နှစ်ဦးအား ပထမဆုံး မိုးမြေအား ကန်တော့စေလိုက်သည်။ မျက်မြင်သက်သေအဖြစ် မီးဧကရာဇ်တစ်ယောက်တည်းနှင့် သူတို့နှစ်ဦး ဇနီးမောင်နှံဖြစ်သွားလေပြီ။

ရှီဟောင် စိတ်ထဲတွင် ရှက်နေမိသည်။ သူထွက်သွားခါနီး ဤကဲ့သို့လုပ်ခြင်းမှာ မှန်လားမှားလား သူမသိပေ။

“မင်း စီရင်စုသုံးထောင်ကနေ ထွက်သွားပြီးတော့ တစ်ခြားရှေးဟောင်းမြေတွေကို ရောက်ရင် မိန်းကလေးပေါင်းစုံနဲ့တွေ့ရလိမ့်မယ် .. ထာဝရသက်ရှိအစစ်တွေရဲ့မျိုးဆက်တွေနဲ့တောင် တွေ့ရင်တွေ့လိမ့်မယ် .. ငါ မင်းကို အများကြီး မတောင်းဆိုပါဘူး .. ဒီနေရာမှာ မင်းကို စောင့်နေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်ဆိုတာကိုသာ မမေ့ပါနဲ့” မီးဧကရာဇ် ပြောလိုက်သည်။

“ဒီနေရာကနေ ထွက်သွားတာနဲ့ မင်းရှုပ်ထွေးတဲ့အခြေအနေမျိုးစုံကို ကြုံတွေ့နိုင်တယ်ဆိုတာ ငါသိတယ်.. ဒါပေမဲ့ ငါတစ်ခုတည်းကိုပဲ ထပ်ပြောမယ် … ငါမင်းဆီက ဘာမှမတောင်းဆိုပါဘူး .. မင်းက ယောက်ျားလေးမို့လို့ ငါမင်းကိုနားလည်တယ် .. ငါ့မှာလည်း အရင်က ကိုယ်လုပ်တော်တွေ အများကြီးရှိခဲ့တယ် .. ဒါပေမဲ့ မင်းဘယ်နေရာကိုသွားသွား မင်းလင်းအာကို မေ့လို့မရဘူး”

ထိုသို့ပြောပြီးနောက် မီးဧကရာဇ် အံကြိတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် မီးဧကရာဇ်တစ်ယောက်ဖြစ်ရုံသာမက အဖေတစ်ယောက်လည်းဖြစ်သည်။ ဤသည်မှာ သူ၏သမီးကို ကာကွယ်ခြင်းဖြစ်သလို သူ၏စိုးရိမ်မှုကို ပြသခြင်းလည်းဖြစ်သည်။

“ကျွန်တော်မမေ့ပါဘူး” ရှီဟောင် လေးနက်စွာ ပြောလိုက်သည်။

“ကောင်းတယ် .. မင်းပြန်မလာနိုင်ရင်တောင်မှ .. မင်းဒီဘဝမှာ ထပ်မတွေ့ရတော့ဘူးဆိုရင်တောင်မှ မင်းသူ့ကို မေ့လို့မရဘူး” မီးဧကရာဇ် သူ့အား သတိပေးလိုက်သည်။

ရှီဟောင်သည် စိတ်မတိုပဲ စိတ်လှုပ်ရှားလာရသည်။ ဤကဲ့သို့သော အဖေမျိုးမှာ လေးစားထိုက်ပေသည်။

ရှီဟောင်သည် အသက်ပြင်းပြင်းရှူလိုက်ကာ “မီးဧကရာဇ် စိတ်မပူပါနဲ့ .. ကျွန်တော်ပြန်လာမှာပါ”

ဟော့လင်းအာ ငိုကြွေးနေလေပြီ။ စီရင်စုသုံးထောင်တောင်မှ အရမ်းကျယ်နေပြီကို ဒီထက်ပိုကျယ်တဲ့ ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခုဆိုတာကြီးရှိသလို နယ်ခြားစပ်လည်းရှိသေးတယ် .. အဲဒီနေရာတွေမှာသာ တိုက်ပွဲတွေဖြစ်လာရင် တောတောင်တွေ မြစ်တွေက သွေးရောင်လွှမ်းသွားမှာ .. သူတို့က ဘယ်လိုပြန်တွေ့ကြရမှာလဲ …

ရှီဟောင် သူမခံစားချက်များကို နားလည်သည်။ သူသည် တစ်ခဏခန့် စဉ်းစားပြီးသည့်နောက်တွင် ဤနေရာ၌ပင် ကျိန်ဆိုလိုက်လေ၏။ “တကယ်လို့ မမျှော်လင့်ထားတာ တစ်ခုခုဖြစ်သွားပြီး ဒီဘဝမှာ မင်းကို နောက်တစ်ခေါက် ပြန်မတွေ့နိုင်တော့ဘူးဆိုရင် ငါနည်းလမ်းရှာပြီးတော့ မင်းကိုလာရှာဦးမှာပဲ”

သူက ဘယ်လိုလာရှာမှာလဲ .. မီးဧကရာဇ် သက်ပြင်းချလိုက်သည်။

“လောကကြီးက ပြောင်းလဲသွားပြီး ငါတို့ပြန်မတွေ့နိုင်တော့ဘူး .. တွေ့ဖို့တကယ်ခက်ခဲတယ်ဆိုရင်…” ရှီဟောင်၏အသံမှာ တုန်ယင်နေလေပြီ။ ထို့နောက်တွင် သူသည် ရုတ်တရက်ပင် ခေါင်းမော့လိုက်ကာ “ငါ အားလုံးကို ပြောင်းလဲမယ် .. နေရာတိုင်းမှာ ရှာဖွေမယ် .. ပြီးရင် ငါ ပြန်ဝင်စားပြီးတော့ ပြန်ထွက်လာမယ်..”

သူ၏အသံမှာ သိပ်မကျယ်သော်လည်း ပုံမှန်မဟုတ်သည့် မြင်ကွင်းများဖြစ်ပေါ်လာလေသည်။ လေဟာနယ်ထဲမှ ကြောက်စရာကောင်းသည့် လျှပ်စီးများ ထွက်ပေါ်လာလေသည်။

သို့သော်လည်း ရှီဟောင်သည် ကောင်းကင်ထက်သို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်ကာ လျှပ်စီးအားလုံးကို ချေဖျက်လိုက်သည်။

အချို့စကားလုံး၊ အချို့အပြုအမူများမှာ ကောင်းကင်လျှပ်စီးများကို ဖြစ်ပေါ်စေမည်ကို မီးဧကရာဇ်သိသည်ပင်။

“မင်းက ပြန်ဝင်စားတာကို ယုံတာလား” မီးဧကရာဇ်မေးလိုက်သည်။

ရှီဟောင် – “မယုံဘူး”

မီးဧကရာဇ် – “အဲဒါဆိုရင် မင်းကဘာလို့ ဒီလိုမျိုးပြောတာလဲ”

ရှီဟောင် – ” တကယ်လို့ ပြန်ဝင်စားတာမရှိဘူးဆိုရင် ကျွန်‌တော် နည်းလမ်းပေါင်းစုံရှာပြီးတော့ ဖြစ်အောင်လုပ်မှာ”

မီးဧကရာဇ် လက်ဝေ့ရမ်းလိုက်ကာ ဤအကြောင်းကို အဆုံးသတ်လိုက်သည်။

ထိုညတွင် ရှီဟောင် ဟော့လင်းအာကို အဖော်ပြုပေးခဲ့သည်။ သူတို့ထံတွင် တံခါးပိတ်ထားသည့် မင်္ဂလာဦးခန်းမရှိ၊ အိမ်မရှိ၊ စားပွဲမရှိ၊ ထိုင်ခုံမရှိပေ။ သူတို့သည် မြေပြင်ပေါ်တွင်သာ ကျောချင်းကပ်ထိုင်ပြီး ကြယ်ရောင်စုံနေသည့် ကောင်းကင်ကြီးကိုသာ ငေးကြည့်ခဲ့ကြသည်။

သူတို့နှစ်ယောက်လုံးသည် တစ်ဘဝလုံးစာအကြောင်းများကို ပြောနေကြသကဲ့သို့ ကောင်းကင်ကြီး အလင်းတောက်လာသည်အထိ တစ်ညလုံး မရပ်မနားပြောခဲ့ကြသည်။

သူတို့သည် ခွဲခွာရန် တုံ့ဆိုင်းနေဆဲဖြစ်သော်လည်း ဟော့လင်းအာမှာ ပို၍တည်ငြိမ်လာလေပြီ။

“သွားတော့ ကျွန်မရှင့်ကို စောင့်နေမယ်” သူမ၏မျက်နှာသည် တည်ငြိမ်နေကာ အပြုံးမှာလည်း အလွန်သန့်စင်လှသည်။

“ငါသွားတော့မယ်” ရှီဟောင် မတ်တပ်ရပ်လိုက်ကာ မီးဧကရာဇ်အား အရိုအသေပေးပြီးနောက် ဟော့လင်းအာအား နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင် သူသည် ကောင်းကင်ထက်သို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

သူသည် အပြစ်သားစီရင်စုနှင့် ဝေးသွားသည့်အခါမှသာ အော်ဟစ်ပစ်လိုက်သည်။

ရှီဟောင် ခွန်ပန်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူ၏ရွှေရောင်ခန္ဓာကိုယ်ထက်တွင် အနက်ရောင်အစင်းကြားများပါသည့် အတောင်ပံသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

ထိုနေ့တွင် ခွန်ပန်ကို လူများစွာ တွေ့လိုက်ရကာ သူတို့အားလုံး တုန်လှုပ်သွားကြလေ၏။

အပိုင်း ၁၂၃၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၄ – တားမြစ်နယ်မြေ

စီရင်စုသုံးထောင်သည် ကျယ်ဝန်းလှကာ လူတစ်ယောက်၏စွမ်းအားမှာမူ အကန့်အသတ်ရှိသည်။ သူတို့မည်မျှပင် စွမ်းအားကြီးနေပါစေ ဤစီရင်စုများကို ဖြတ်သန်းသွားလာရန် ခက်ခဲလိမ့်မည်ပင်။

ရှီဟောင်သည် ခွန်ပန်အဖြစ်ပြောင်းလဲကာ ဖိနှိပ်ရန်ခက်ခဲလှသည့် ခံစားချက်များနှင့်အတူ အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ထက်တွင် ပျံသန်းသွားလိုက်သည်။

အချိန်မည်မျှကြာသွားမှန်း မသိရသည့်အချိန်မှသာလျှင် စွမ်းအားကြီးသည့်သူများ သူ့အား စိုက်ကြည့်နေသည်ကို ခံစားမိလိုက်သောကြောင့် လေဟာနယ်ကို ထိုးဖောက်ကာ ကောင်းကင်ထက်မှ ပျောက်ကွယ်သွားလေသည်။

သူ၏အစီအစဉ်မှာ စွန့်ပစ်နယ်မြေသို့ ဦးတည်သွားပြီး ထိုနယ်မြေထဲသို့ ဝင်ရောက်သွားရန်ပင်။

လမ်းတစ်လျှောက်တွင်တော့ သူသည် ရွှေ့ပြောင်းခြင်းအစီအရင်များကို အသုံးပြုကာ စီရင်စုတစ်ခုမှတစ်ခု ကူးလူးသွားလာခဲ့သည်။

လမ်းတစ်လျှောက်တွင် ရှီဟောင် မထင်မှတ်ထားသည့်သတင်းတစ်ခုကို ရရှိခဲ့သည်။ ဧည့်သည်များသည် သူတို့၏ အရည်အချင်းကန့်သတ်ချက်ကို လျော့ချလိုက်ပြီး အားလုံးကို ထိုရှေးဟောင်းမြို့ထံသို့ ဦးတည်သွားခိုင်းလိုက်သည်။ ထိုမြို့ကို ရှာတွေ့နိုင်သည့်သူအား အနိုင်ရရှိသူအဖြစ် သတ်မှတ်ကာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ခွင့်ရမည်ပင်။

အဆင့်မြင့်နယ်မြေမှာ ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ ထိုသူများ ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို သိသွားကြပြီဖြစ်သောကြောင့် ဂျီးနီးယပ်စ်များစွာ စိတ်လှုပ်ရှားသွားကြကာ ချက်ချင်းပင် ထိုတားမြစ်နယ်မြေသို့ ပြေးသွားချင်နေကြလေသည်။

သို့သော်လည်း အဆင့်မြင့်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်အချို့မှာမူ မျက်မှောင်ကြုတ်နေကြလေ၏။ ထိုလူငယ်သူရဲကောင်းများအားလုံးသာ ထိုနေရာကို အကြောက်အလန့်သွားလိုက်ကြလျှင် အဆင့်မြင့်နယ်မြေ၏ ဆုံးရှုံးမှု ကြီးမားသွားရလိမ့်မည်။

“သဘာဝကံကောင်းမှုကျောင်းက ဂိုဏ်းခေါင်းဆောင်တောင်မှ အဲဒီတားမြစ်နယ်မြေထဲမှာ သေသွားတာ .. မင်းတို့အားလုံး အဲဒီထဲကို ဝင်ချင်ရင်လည်း သေချာစဉ်းစားကြ”

“အရင်တုန်းကတည်းက အဲဒီနေရာကနေ အသက်ရှင်လျက်ထွက်လာနိုင်တဲ့သူ နည်းနည်းပဲရှိတယ် .. မင်းတို့မလုပ်ခင် သုံးခါစဉ်းစား..”

ပုဂ္ဂိုလ်ကြီးအချို့ ထွက်လာပြောကြသည်။ သူတို့ပြောသည့်စကားများမှာ မများသော်လည်း ဤသည်မှာ သူတို့ခေါင်းပေါ် ရေပုံးလိုက်ကြီး လောင်းချလိုက်သကဲ့သို့ပင် လူငယ်လေးများ၏ စိတ်ထဲမှ မီးတောက်များကို ငြိမ်းသတ်သွားလေသည်။

ဤသည်မှာ အမှန်တရားပင်။ စီရင်စုသုံးထောင်မှာ အလွန်ကြီးမားနေပြီဖြစ်သော်လည်း ထိုကြောက်စရာကောင်းသည့် တားမြစ်နယ်မြေမှာ ပို၍ပင် ကျယ်ပြောပြီး အန္တရာယ်များနှင့် ပြည့်နေသည်ပင်။

သူတို့သွားရမလား .. မသွားရဘူးလား..

ဤရက်အနည်းငယ်အတွင်းတွင် စီရင်စုသုံးထောင်မှာ အုံးအုံးကြွတ်ကြွတ်ဖြစ်နေလေသည်။

“မင်းက မင်းကိုယ်မင်း သရဖူ‌ဆယ်ခုဘုရင်လို့ ထင်နေတာလား .. သူ့မှာ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့အရည်အချင်းရှိတယ် .. အဲဒါကြောင့်မို့လို့ အဲဒီလမ်းကိုလျှောက်တာက သူ့အတွက်ပြဿနာကြီးမဟုတ်ဘူး..”

“ဟုတ်တယ် .. ငါတို့နှိုးထသင့်ပြီ .. ငါတို့က ဘယ်တုန်းကမှထာဝရစွမ်းအင်ကို လေ့ကျင့်ဖူးတာမဟုတ်ဘူး .. နှယ်နှင်ဒဏ်ခံရတဲ့ ထာဝရသက်ရှိနဲ့လည်း အဝေးကြီးပဲ .. ကံကောင်းပြီးတော့ ပါသွားချင်တယ်ဆိုရင်တော့ သိပ်ပြီးတော့ လက်တွေ့မဆန်တော့ဘူး..”

အချို့သူများမှာလည်း သူတို့ကိုယ်သူတို့ မဖော်ထုတ်ရသေးသည့် စွမ်းရည်များရှိနေသေးသည်ဟု ထင်နေကြဆဲပင်။

“အရင်တုန်းကတည်းက ထူးချွန်တဲ့အဆင့်လွန်သက်ရှိဆိုတာက နောက်မှ ထွက်လာကြတဲ့သူတွေ .. နှစ်ပေါင်းရာပေါင်းများစွာကြာမှ သူတို့က တစ်ဖြည်းဖြည်းစွမ်းအားကြီးလာပြီးတော့ ထူးချွန်လာကြတာ .. ငါသာ ကောင်းကင်နတ်ဘုရားကျောင်းထဲ ဝင်ခွင့်ရမယ်ဆိုရင် ငါက သေချာပေါက်ကို ဘယ်သူ့ထက်မှ နိမ့်ကျမနေတော့ပဲ ချက်ချင်းကို ခုန်ပေါက်ပြီးတော့ စွမ်းအားကြီးသွားမှာ”

အချို့လူငယ်များမှာ အရိုင်းဆန်သည့်အိပ်မက်များရှိနေသည်ပင်။ သူတို့သည် သာမန်အတိုင်းမနေချင်ပဲ တိုးတက်နိုင်သည်ဟု ခံစားနေကြရလေသည်။

သူတို့၏စီနီယာများ သက်ပြင်းချလိုက်ကြကာ သူတို့မလုပ်မီသေချာစဉ်းစားရန် ပြောလိုက်ကြသည်။ အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့်သူများမှာ အလွန့်အလွန်ရှားပါးသည့်ပုဂ္ဂိုလ်များပင်။ အယောက်သန်းပေါင်းများစွာထဲမှ တစ်ယောက်ပင်။

ဧည့်သည်များသည် အခြေအနေများကို လျော့ချပေးရုံသာမက တစ်စုံတစ်ခုလည်းပြောခဲ့သေးသည်။ ထာဝရစွမ်းအင်မှာ အရေးမကြီးကြောင်း၊ အားလုံး တိုးတက်နိုင်သည့်အခွင့်အရေးရှိကြောင်းလည်း‌ ပြောခဲ့သေးသည်။ ကောင်းကင်နတ်ဘုရားနယ်ပယ်အလွန်တွင် လူတစ်ယောက်က မီးတောက်များကြားမှ ပြန်လည်မွေးဖွားနိုင်သည့် ကျင့်ကြံခြင်းနယ်ပယ်များရှိသေးကြောင်းလည်း ပြောခဲ့သေးသည်။

ဤသည်မှာ လူများစွာကို စိတ်အားတက်ကြွသွားစေမည်ပင်။

အဆင့်မြင့်နယ်မြေမှာ ပို၍ပင် ဆူညံလာလေပြီ။

ရှီဟောင်သည် တားမြစ်နယ်မြေအပြင်ဘက်သို့ ရောက်နေလေပြီ။ သို့သော်လည်း ဤနေရာမှာ သူထာဝရရှေးဟောင်းမြေထဲသို့ ဝင်ခဲ့သည့်နေရာနှင့်မတူပေ။

ထာဝရရှေးဟောင်းမြေထဲသို့ ဝင်သည့်နေရာမှာ အတော်လေး လေ့လာထားပြီးသားဖြစ်ပြီး လုံခြုံသည်ပင်။

အပြင်ဘက်အကျဆုံးနယ်မြေ .. ရှန်းစီရင်စု .. တောင်တန်းကြီးများမှာ တစ်ခုနှင့်တစ်ခု ဆက်နေသည်။

ရှီဟောင် ထိုနေရာတွင်ရပ်ကာ အရှေ့ဘက်ကိုကြည့်လိုက်သည်။ ဤတောင်ထိပ်များမှာ မြင့်မားလွန်းလှပြီး ဤနေရာတွင် ကောင်းကင်ဧကရာဇ်နန်းတော်များရှိနေသကဲ့သို့ ခန့်ညားထည်ဝါသည့်အော်ရာများကို ထုတ်လွှတ်နေသည်။

တောင်တစ်တက်တွင် မြူများဖုံးလွှမ်းနေသောကြောင့် တောင်တစ်ခုလုံးကို မမြင်ရပဲ တောင်ပြတ်ကြီးတစ်ခုနှင့် တူနေလေသည်။

“မင်း ဆုံးဖြတ်ပြီးသွားပြီလား” သိပ်မဝေးသည့်တောင်ပုတစ်ခုတွင် အဆင့်လွန်သုံးယောက် ရောက်လာလေပြီ။ သူတို့သည် အောက်ဘက်တွင်ရှိနေသည့် ရှီဟောင်အား ကြည့်ပြီးမေးလိုက်သည်။

သူတို့အပြင် လင်ထျန်း၊ မျက်လုံးပြာနှင့် အမျိုးသမီးနှင့် အခြားသူများလည်း‌ ရောက်နေလေပြီ။ သူတို့အားလုံးသည် ထိုသူသုံးယောက်ကို လေးလေးစားစားပင် ပြောနေကြကာ သူတို့၏ညွှန်ကြားချက်များကို နားထောင်နေကြသည်။

“ကျွန်တော် ဆုံးဖြတ်ပြီးပြီ” သူ၏ပြင်ဆင်မှုများ ပြုလုပ်ပြီးသွားပြီဖြစ်ပြီး ခရီးထွက်ရန် အဆင်သင့်ပင်။

“မင်း ဘေးဘက်မှာ ခဏနားလိုက်ဦး” တောင်ပြတ်ပေါ်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်မှ လက်ညှိုးထိုးလိုက်သည်နှင့် လေဟာနယ်ထဲတွင် ဆုတောင်းဖျာတစ်ခု ပေါ်လာလေ၏။ ထိုဖျာသည် အဖြူရောင်အလင်းတန်းများ တောက်ပနေပြီး တရားစာရွတ်နေသည့်အသံများပင် ကြားနေရလေသည်။

ဘေးဘက်တွင်ရှိနေသည့် အပြာရောင်မျက်ဝန်းနှင့် အခြားလူငါးယောက်တို့မှာ အလွန်ပင် ထိတ်လန့်သွားရသည်။ အထူးသဖြင့် လင်ထျန်းပင်။ သူသည် မနာလိုဖြစ်နေသည့်အကြည့်များဖြင့် ကြည့်နေလေသည်။

ရှီဟောင် ဘာမှမပြောတော့ပဲ ထိုဖျာပေါ်သို့ ထိုင်ချလိုက်ကာ အနားယူရန်အတွက် မျက်စိမှိတ်လိုက်သည်။

သူ ချက်ချင်းပင် တုန်လှုပ်သွားရသည်။ ဤဆုတောင်းဖျာမှာ ထူးဆန်းလှသည်။ သူထိုင်ချလိုက်သည်နှင့် သူ၏စိတ်ထဲတွင် ခံစားနေရသည့် နာကျင်မှုများ ပူဆွေးမှုများမှာ ပျောက်ကွယ်သွားလေသည်။

ခဏကြာပြီးသည့်နောက်တွင် သူသည်စိတ်ကြည်လင်သွားကာ သူ၏တာအိုကို လေ့လာနေလိုက်တော့သည်။

ဒါက ဘာဖျာကြီးလဲ.. သူ၏စိတ်ထဲမှ ခန့်မှန်းနေမိသည်။

သူတွေးနေသည်ကို သိသည့်အလား အပြာရောင်မျက်ဝန်းများနှင့် အမျိုးသမီးမှ ပြောလိုက်သည်။ “ဒါက သာမန်နတ်မြက်တွေနဲ့လုပ်ထားတဲ့ ဆုတောင်းဖျာမဟုတ်ဘူး .. ထာဝရလှိုဏ်ဂူက နတ်မြက်တွေနဲ့လုပ်ထားတဲ့ဖျာ..”

ရှီဟောင် ထိတ်လန့်သွားရသည်ပင်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုတွင် သဘာဝကံကောင်းမှုများနှင့် အခွင့်အရေးများမရှားသည်ကို သူသိသော်လည်း ယခု သူကိုယ်တိုင် ဤကဲ့သို့သော ဆုတောင်းဖျာပေါ် ထိုင်လိုက်ရသည့်အချိန်တွင် သူအတော်လေး ထိတ်လန့်သွားရသည်။

ခဏကြာပြီးသည့်နောက်တွင် သူပြန်လည်တည်ငြိမ်သွားသည်။ သူယခင်က ဤကဲ့သို့သော ပစ္စည်းမျိုးကို မတွေ့ဖူးသည်မဟုတ်ပေ။ သူယခင်က ခွန်ပန်အသိုက်မှ ဆုတောင်းဖျာတစ်ချပ်ယူခဲ့သော်လည်း ထိုဆုတောင်းဖျာကို လိပ်ပြာဧကရာဇ်မှ စားပစ်လိုက်သည်ပင်။

ဤလအနည်းငယ်အတွင်းတွင် နျင်ချွမ်းရောက်လာသလို နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိလည်း ပေါ်လာသည်။ သရဖူဆယ်ခုဘုရင်ပင် ပေါ်လာလေ၏။

သူတို့အပြင် အခြားသူများလည်း ရောက်လာကြသေးသည်ဖြစ်ရာ အရေအတွက်မှာ တစ်ရာထက်မနည်းနိုင်ပေ။

အရေအတွက်မှာ မနည်းလှသော်လည်း ထာဝရရှေးဟောင်းမြေထဲသို့ ဝင်သည့်အရေအတွက်နှင့်ယှဉ်လျှင် အလွန့်အလွန်နည်းသည်ပင်။ မည်သို့ပင်ဖြစ်စေ ယခုတစ်ခေါက်မှာ ပို၍အန္တရာယ်များသည်ပင်။

“ဟေး ဒီမှာ” ရှီဟောင်သည် လူအုပ်ထဲမှ ဖက်တီးလေးကို တွေ့လိုက်ရသောကြောင့် လက်ဝေ့ရမ်းပြလိုက်သည်။

ရင်းနှီးသည့်အခြားသူများကိုလည်းရှီဟောင် တွေ့လိုက်ရသေးသည်။ ဥပမာအားဖြင့် နတ်ဘုရားမကျောင်းမှ ဖုန်းဝူ၊ နတ်နန်းဂိုဏ်းမှ ယွဲ့ချန်၊ ကောင်းကင်ခစားခြင်းဂိုဏ်းမှ စုန်းမ .. သူတို့လည်း လာကြလေသည်။

ဤလူများအပြင် ရန်သူအနည်းငယ်လည်း ရောက်လာသည်သာ။ ဥပမာအားဖြင့် ဓားတောင်ကြားမှ ဂုကျန်းယွမ်ပင်။

သေချာကြည့်မည်ဆိုလျှင် ဤလူများထဲတွင် သာမန်မဟုတ်ပဲ ထူးခြားသည့်သူများလည်း ရှိနေသည်ပင်။

“ငါ နောက်တစ်ခေါက် ထပ်ပြောမယ် .. မင်းတို့အချိန်မရွေးသေသွားနိုင်တယ် .. မင်းတို့အားလုံး သေချာစဉ်းစား .. မင်းတို့နောက်ပြန်လှည့်ချင်ရင် အချိန်မှီသေးတယ်နော်” တောင်ပေါ်တွင်ရှိနေသည့် အဆင့်လွန်ကျွမ်းကျင်သူမှ ပြောလိုက်သည်။

အသံများထွက်လာသော်လည်း နောက်ဆုတ်သွားသည့်သူ မရှိပေ။

“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း စကြတာပေါ့..”

တောင်ပုလေးပေါ်တွင်ရှိနေသည့် အမျိုးသားမှ မတ်တပ်ရပ်လိုက်သည်။ သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် လေများတိုက်ခတ်လာကာ ရွှေရောင်အလင်းရောင်နှင့် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။

“ဒီလမ်းပဲ .. မင်းတို့အားလုံး ဒီလမ်းကနေ ဆက်သွားရမှာ .. မင်းတို့တွေ ဇွဲရှိရင်တော့ ရှေးဟောင်းမြို့ကို ရောက်လိမ့်မယ်..”

သူ၏အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် တားမြစ်နယ်မြေတွင် သင်္ကေတများစွာ ထွက်ပေါ်လာလေသည်။ ဤသင်္ကေတများ အသက်ဝင်သွားသည်နှင့် ဖုန်များဖုံးလွှမ်းနေသည့် ရှေးဟောင်းလမ်းကြီး ပွင့်လာကာ ဤစစ်ဆေးမှုကို ဖြတ်သန်းမည့်သူများအား မီးတောက်များဖြင့် ကြိုဆိုလေသည်။

“စီနီယာ .. စီနီယာ အရင်က ဒီလမ်းကို လျှောက်ဖူးလား” နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ မေးလိုက်သည်။

“ငါ ဒီလမ်းက မသွားဖူးပေမယ့် တစ်ခြားနည်းလမ်းနဲ့ အဲဒီရှေးဟောင်းမြို့ထဲကို ရောက်ဖူးတယ်” တောင်ထိပ်ပေါ်တွင်ရှိနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားမှ ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည်နှင့် လူအတော်များများမှာ ဖြူဖျော့သွားကြလေသည်။ ဒီအဆင့်လွန်သက်ရှိတွေတောင်မှ မသွားဖူးတာ သူတို့က ဘယ်လိုသွားရမှာလဲ..

“ကျွန်တော် ထွက်ပါမယ်..”

အစောပိုင်းလေးတင် နောက်ပြန်ဆုတ်မည့်သူများမရှိသော်လည်း ယခုတော့ ထွက်သွားမည့်သူများမှာ ချက်ချင်းပင် အယောက်တစ်ထောင်ကျော်သွားလေပြီ။

“ထွက်မယ့်သူတွေ ရှိသေးလား” အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်လုံး မတ်တပ်ရပ်လိုက်ကာ အားလုံးအားကြည့်ပြီး မေးလိုက်သည်။

“ကောင်းပြီလေ .. ထွက်မယ့်သူမရှိတော့ဘူးဆိုတော့ သွားကြတော့” သူတို့သုံးယောက်လုံး ပူးပေါင်းလိုက်ကာ ရောင်စုံမြူများကို ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားစေလိုက်သည်။ အရိုးစာသားများလည်း ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာပြီး ကျန်နေခဲ့သည့်သူများကို ထိုလမ်းကြောင်းပေါ်သို့ တင်ပေးလိုက်လေသည်။

“ရှီဟောင် .. ဒီဘက်..” ဖက်တီးလေး ချောင်ယုရှန်း အော်ပြောလိုက်သည်။

သို့သော်လည်း သူ စိတ်ပျက်သွားရသည်။ အဆင့်လွန်ကျွမ်းကျင်သူသုံးယောက် လှုပ်ရှားလိုက်သည်နှင့် သူတို့အားလုံးသည် အလင်းမှုန်လေးအဖြစ်သို့ ပြောင်းလဲသွားကာ ထိုတားမြစ်နယ်မြေထဲသို့ ဝင်သွားကြရလေသည်။

လူ အားလုံးကွဲသွားလေပြီ။

ဤလမ်း၏အကျယ်ပင်လျှင် လီပေါင်းရှစ်ထောင်ရှိပြီး မယုံကြည်နိုင်လောက်အောင်ပင် ရှည်လျားလှလေ၏။

အခြားသူများမှာ လီပေါင်း တစ်သန်းခန့်ရောက်နေပြီဖြစ်သော်လည်း အချို့သူများမှာမူ ယခုမှ စတင်သွားနေခြင်းပင်။ ဤသည်မှာ အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်မှ သူတို့ကို ခွဲထားသောကြောင့်ပင်။

ရှီဟောင် ဤရှေးဟောင်းမြေထဲသို့ ဝင်လာခဲ့လိုက်သည်။ ဤသည်မှာ တောအုပ်တစ်ခုဟု မခံစားရပဲ ကန္တာတစ်ခုနှင့်ပင် ပိုတူနေသည်။ အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်လွန်းနေသောကြောင့်ပင်။

ရှေးဟောင်းသစ်ပင်များ မိုးထိုးနေပြီး သစ်ပင်ပန်းပင်များလည်း ပေါများသော်လည်း ဘာလှုပ်ရှားမှုမှ မရှိပေ။ ငှက်များကို မမြင်ရသလို သားရဲဟိန်းသံများကိုလည်း မကြားရပေ။

ဤသည်မှာ ထူးဆန်းလွန်းလှသည်။

ယခုထိ မည်သည့်ကျင့်ကြံသူကိုမှ သူမတွေ့ရသေး။

ရှီဟောင် ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ကာ သူ၏ဘေးနားမှ မြင်ကွင်းများကို စစ်ဆေးကြည့်လိုက်သည်။ မည်သည့်ထူးဆန်းမှုကိုမှ သူလွတ်သွား၍မရပေ။ အဘယ်ကြောင့်ဆိုသော် အဝါရောင်ရွှံ့နှင့် ရေစက်များပင်လျှင် ဂိုဏ်းခေါင်းဆောင်များကို သတ်နိုင်သောကြောင့်ပင်။

အား..

ရုတ်တရက်ပင် ဆူးဆူးဝါးဝါးအော်သံတစ်ခုကို သူကြားလိုက်ရသည်။ သူနှင့် လီပေါင်း ဒါဇင်ပေါင်းများစွာဝေးသည့်နေရာမှ ကျင့်ကြံသူတစ်ယောက် ထိတ်လန့်တကြားအော်ဟစ်လိုက်ခြင်းပင်။

ရှီဟောင်မျက်မှောင်ကြုတ်လိုက်၏။ ရှီဟောင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ကာ မြေပြင်နှင့် နီးကပ်စွာပင် ပြေးသွားလိုက်သည်။ သို့သော် သူအံ့အားသင့်သွားရသည်မှာ အသံသည် ဒါဇင်အနည်းငယ်ခန့်ဝေးသည့်နေရာမှ လာသည်ဟု ထင်ရသော်လည်း လီပေါင်း ရာပေါင်းများစွာ သွားပြီးမှသာ သူတစ်ခုခုကို တွေ့သွားခြင်းပင်။

သူ၏မျက်စိရှေ့တွင် မြင်လိုက်ရသည့်မြင်ကွင်းမှာ သူ့ကို ထိတ်လန့်သွားစေသည်။ အလောင်းဆယ်ခုကျော်မှာ သစ်ပင်ထက်မှ တွဲလောင်းဖြစ်နေလေသည်။

ရှုံ့တွနေသည့် လူသားအရေခွံ ဆယ်ခုရှိနေသည်ဟုပြောလျှင် ပိုမှန်လိမ့်မည်။

အရေခွံများကို ခွာထားခြင်းမဟုတ်ပဲ တစ်ခုခုမှ သူတို့၏သွေးအားလုံးကို စုတ်ယူသွားကာ ရိုးတွင်းခြင်စီများနှင့် ကိုယ်တွင်းအင်္ဂါများကို စားသုံးပြီး အပြင်ဘက်အရေခွံသာ ကျန်ရစ်ခဲ့ခြင်းပင်။

ရှီဟောင်၏မျက်လုံးများ‌ အေးခဲသွားရသည်။ ဤသည်မှာ ထူးဆန်းလွန်းလှသည်။ သူ၏နတ်အာရုံဖြင့် ဘာကိုမှမမြင်ရသလို သူအပြေးလေး ရောက်လာခဲ့သော်လည်း ဘာကိုမှ မမြင်လိုက်ရပေ။

ရွှီး..

ရုတ်တရက်ပင် ညှိုးခြောက်နေသည့်မြက်ပင်တစ်ပင် သူ့ထံသို့ ပျံသန်းလာလေသည်။

ရှီဟောင် ထိုမြက်ပင်ကို ရှောင်လိုက်သည်နှင့် ထိုမြက်ပင်သည် အနက်ရောင်တောင်ကြီးနှင့်ထိမိသွားကာ ဝုန်းဟူသည့်အသံနှင့်အတူ ထိုတောင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။

ရှီဟောင်ထိုဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် သူ၏ထာဝရဓားကို ထုတ်လိုက်သည်။

အေးစက်သည့်ရယ်သံတစ်ခု ထွက်ပေါ်လာကာ သူကြက်သီးထသွားရသည်။

ထို့နောက်တွင် သူတစ်ခါမှမကြားဖူးသည့် ရှေးဟောင်းဘာသာစကားသံတစ်သံထွက်ပေါ်လာလေသည်။

ရှီဟောင်ထိုစကားကို နားမလည်သော်လည်း ထိုအရာ၏နတ်အာရုံကို အာရုံခံနိုင်နေဆဲပင်။

“နယ်ခြားစပ်ကို ကျော်လာနိုင်တာနဲ့ အစားအသောက်တွေ အများကြီးစောင့်နေတာပဲ .. ကောင်းလိုက်တာ..”

ဤစကားလုံးများမှာ ရှီဟောင်ကို တုန်လှုပ်သွားစေသည်။

ဆိုးရွားသည့် တစ်ခုခုဖြစ်နေပြီကို သူသိသည်။

အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်ပင်လျှင် ဤလမ်းတွင် တစ်ခုခုဖြစ်နေပြီမှန်း သိမည်မဟုတ်ပေ။ နယ်ခြားစပ်၏အခြားတစ်ဖက်မှ သက်ရှိများ ဤနေရာသို့ ရောက်လာလေပြီ။

အဲဒါက ဘယ်လိုမျိုးသက်ရှိလဲ..

အပိုင်း ၁၂၃၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၅ – နယ်ခြားစပ် အခြားတစ်ဖက်မှသက်ရှိ

နေရာတိုင်းတွင် ရှေးဟောင်းသစ်ပင်များရှိနေပြီး သစ်ပင်အားလုံးမှာ ကျန်းပေါင်း ရာပေါင်းများစွာ ရှည်လျားသည်ပင်။ သစ်ရွက်များမှာ တောက်ပလှပြီး ရေကရားလုံးပတ်ခန့်ရှိသည့် နွယ်များလည်း သစ်ပင်များကို ရစ်ပတ်ထားလေသည်။

ဤနေရာမှာ အလွန်တိတ်ဆိတ်နေခြင်းတစ်ခုသာ။

ရုတ်တရက်ပင် ခပ်ဝေးဝေးမှ ပြေးလွှားနေသည့်အသံများကို ကြားလိုက်ရလေသည်။ တစ်ယောက်ယောက်လာနေပြီ .. စီရင်စုသုံးထောင်က ကျွမ်းကျင်သူတစ်ယောက်ယောက် ဒီဘက်ကို ပြေးလာနေပြီ..

“သတိထား…” ရှီဟောင် ကျယ်လောင်စွာပင် သတိပေးလိုက်သည်။

နယ်ခြားစပ်ကို ဖြတ်သန်းလာသည့်သက်ရှိသည် သူ့အားတိုက်ခိုက်ခြင်းမရှိပဲ ထူးဆန်းသည့်စွမ်းအင်လှိုင်းများကိုသာ ထုတ်လွှတ်လေသည်။ ထို့နောက်တွင် အသစ်ရောက်လာသည့်သူထံသို့ တရှိန်ထိုး ပြေးသွားလေသည်။

“အား..”

နာကျင်စွာ အော်ဟစ်သံကြီးထွက်ပေါ်လာလေသည်။ ဤသည်မှာ လျင်မြန်လွန်းလှသည်။ ထိုလူသေသွားလေပြီ။ ဤသည်မှာ ရှီဟောင်ကိုပင် အနည်းငယ် ထိတ်လန့်သွားစေသည်။

သို့သော်လည်း သူသည် လှည့်ထွက်မသွားပဲ ထိုနေရာသို့ တရှိန်ထိုးပြေးသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ဤလူနှင့်ရှောင်၍မရသည်ကို သူသိသည်။ သူ ထိပ်တိုက်ရင်ဆိုင်ရမည်သာ။

ဤနေရာတွင် ဆင်ခေါင်းနှင့်လူခန္ဓာကိုယ်တစ်ယောက် အသတ်ခံထားရလေသည်။ ဤသည်မှာလည်း ယခင်ကအတိုင်းပင်။ သူတို့၏ ရိုးတွင်ချဥ်ဆီ၊ အတွင်းအင်္ဂါနှင့် အသွေးအသားအားလုံးမှာ အကုန်လုံး အစုတ်ခံထားရပြီး အပြင်အရေခွံသာ ကျန်တော့သည်။

သူသည် နွယ်ပင်မှ တွဲလောင်းကျနေပြီး လေနှင့်အတူ လွှဲရမ်းနေလေသည်။

အခြားကျင့်ကြံသူတစ်ယောက် ထပ်သေသွားလေပြီ။ ထိုကြောက်စရာကောင်းသည့်သက်ရှိသည် ရှီဟောင်ကို ချက်ချင်းမတိုက်ခိုက်ပဲ တိတ်ဆိတ်နေလေသည်။

သို့သော်လည်း သူ့ကို တစ်ခုခု စောင့်ကြည့်နေသလို ခံစားနေရသည်ပင်။

ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားကာ သူ၏ဆံပင်မွေးများလည်း ထောင်ထသွားရသည်။ သူသည် သားရဲအချို့ထံမှ ပစ်မှတ်ထားခံရသလို ခံစားနေရသည်။ သူသည် ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။

သူ သတိကြီးကြီးထားနေသော်လည်း အလွန်စိုးရိမ်နေဆဲပင်။ သို့သော်လည်း သူအနည်းငယ်စိတ်သက်သာရသည်မှာ ဤအကောင်ကြီးသည် ချက်ချင်းထွက်မလာသည်ပင်။ သူသာ စွမ်းအားကြီးသည်ဆိုပါက ထွက်လာပြီး ရှီဟောင်အား ချက်ချင်းစားပစ်မည်ပင်။

ဒါက ဘာကြီးလဲ..

ဤအကောင်သည် လေဟာနယ်ထဲတွင် ပုန်းနေပြီး သူ၏ကောင်းကင်မျက်လုံးဖြင့်ပင် မမြင်နိုင်ပေ။

တွေ့ပြီ..

သူ၏မျက်လုံးများ အရောင်တောက်သွားရသည်။ သူ၏ကောင်းကင်မျက်လုံးမှတစ်ဆင့် လေဟာနယ်ထဲရှိ အမဲစက်လေးကို မြင်လိုက်ရသည်။

သို့သော်လည်း ချက်ချင်းပင် သူ၏မျက်လုံးများ နာကျင်လာရသည်။ နီရဲနေသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏မျက်လုံးများကို သံချောင်းများကဲ့သို့ပင် ထိုးနှက်နေလေသည်။

အနီရောင်အလင်းများ ထွက်ပေါ်လာပြီးသည်နှင့် ထိုသက်ရှိ ပျောက်ကွယ်သွားလေသည်။

ရွှီး..

ရှီဟောင်သည် ဓားကို သူ၏နောက်ကျောဘက်သို့ လွှဲရမ်းလိုက်၏။ ဤသည်မှာ သူ၏ မသိစိတ်ပင်။ သူ၏ကျောဘက်ရှိ ဆံပင်များ ထောင်ထလာပြီး ကြက်သီးထလာသောကြောင့် ဤသည်မှာ အနောက်ဘက်မှ အန္တရာယ်တစ်ခု ချဉ်းကပ်လာသောကြောင့်ပင်။

ချွမ်း..

နေရာတိုင်းတွင် မီးပွားများ လွင့်စင်သွားကာ အရိုးစာသားများစွာလည်း ပျက်ပြယ်သွားသည်။ ထိုသက်ရှိမှ ထုတ်လွှတ်လိုက်သည့်အလင်းတန်းသည် ရှီဟောင်၏ဓားချက်ကို ရပ်တန့်စေလိုက်ခြင်းပင်။ ထို့နောက်တွင် ရှီဟောင် တစ်ကိုယ်လုံးပူတက်သွားသလို ခံစားလိုက်ရသည်။

ဤသည်မှာ ရှားပါးသည့်ဖြစ်ရပ်ပင်။ ရှီဟောင်သည် ထာဝရဓားဖြင့် အားအင်အပြည့်နှင့် တိုက်ခိုက်ခဲ့ခြင်းပင်။ ဤဓားချက်သည် ကောင်းကင်ကိုပင် ထိုးဖောက်နိုင်ပြီး ကောင်းကင်ရတနာများကိုလည်း ခွဲနိုင်သည်ပင်။ သို့သော်လည်း ယခုတော့ ထိုဓားချက်သည် ဤကဲ့သို့ တားဆီးခံလိုက်ရသောကြောင့် ဤသည်မှာ ရှီဟောင်ပြန်တိုက်ခံလိုက်ရသည်ဟု ဆိုလိုခြင်းပင်။

သူ၏ခြေထောက်အောက်တွင် သင်္ကေတများ ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးသည် လက်မများအဖြစ်သို့‌ ပြောင်းလဲသွားကာ လျင်မြန်စွာ လှုပ်ရှားလာလေသည်။ သူ၏ရှေ့တွင်ရှိနေသည့် ရှေးဟောင်းသစ်ပင်များသည် ပြာမှုန့်များဖြစ်သွားကာ တောင်များသည်လည်း ချော်ရည်များအဖြစ် အရည်ပျော်ကျသွားလေသည်။

ထိုအနက်ရောင်အစက်လေးမှာ ပုန်းနေဆဲပင်။

ရှီဟောင်၏မျက်ခုံးများ တစ်တန်းတည်းဖြစ်သွားရသည်။ သူဟစ်ကြွေးလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးတွင် ရွှေရောင်သင်္ကေတများ ပေါ်လာလေ၏။ ထိုသင်္ကေတများမှာ ခွန်ပန်အမွေးအတောင်များအဖြစ်သို့ ပြောင်းလဲသွားကာ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

ထိုအမွေးအတောင်များသည် ကောင်းကင်ဓားသွားများအဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာနယ်ကို ထိုးဖောက်သွားလေ၏။

နောက်ဆုံးတွင်တော့ ထိုသက်ရှိကြီး တရှိန်ထိုးပြေးလာကာ သူ၏မူလခန္ဓာကိုယ်လည်း ပေါ်လာလေပြီ။ သူသည် အနည်းဆုံးအချင်း တစ်မီတာခန့်ရှိပြီး ဘောလုံးကဲ့သို့ လုံးဝိုင်းနေသည့်အရာကြီးပင်။ သူ့ထံတွင် မီးလောင်ရာများရှိနေပြီး သွေးစီးကြောင်းများလည်း ရှိနေလေသည်။

ဤသည်မှာ မျက်လုံးတစ်လုံးပင်။

မျက်လုံးကိုပိတ်ထားလျှင် ဤမျက်လုံးသည် လေဟာနယ်ထဲတွင် ပုန်းနေပြီး မြင်နိုင်ရန် ခက်ခဲလှသည်။

ဤမျက်လုံးကို ဖွင့်လိုက်သည်နှင့် မီးကဲ့သို့သော အနီရောင်အလင်းများအပြင် လျှပ်စီးများလည်း ထွက်ပေါ်လာသည်။ ဤအရာများမှာ သူ၏အရှေ့တွင်ရှိနေသည့် အရာဝတ္ထုအားလုံးကို တားဆီးနိုင်ရန် လုံလောက်လေသည်။

ယခုအချိန်တွင် ဤမျက်လုံးသည် ရုတ်တရက်ပင် ပြူးကျယ်နေအောင် ဖွင့်လိုက်သောကြောင့် ဤနေရာတစ်ခုလုံး အနီရောင်အလင်းတန်းများ လွှမ်းခြုံသွားလေသည်။ နက်ရှိုင်းလှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်နေလေသည်။

ရှီဟောင် လက်မြှောက်လိုက်သည်နှင့် သူ၏လက်ဖဝါးမှ လျှပ်စီးတန်းတစ်ခုထွက်ပေါ်လာလေသည်။ ရွှေရောင်နတ်အလင်းတန်းများလည်း စမ်းချောင်းတစ်ခုအဖြစ် စီးဆင်းလာလေသည်။

“လျှပ်စီးဧကရာဇ်ရဲ့လျှို့ဝှက်ပညာ..”

ထိုမျက်လုံးမှ အလွန်ထူးဆန်းသည့်ဘာသာစကားဖြင့် ပြောလိုက်သည်။ ရှီဟောင် ထိုစကားကို နားမလည်သော်လည်း သူ၏နတ်အာရုံများမှတစ်ဆင့် ထိုစကား၏အဓိပ္ပာယ်ကို နားလည်နေခြင်းပင်။

“မင်းက ဒါကိုတောင် သိတာလား..”

“နတ်ဆိုးလေး .. ငါက အများကြီးသိတယ်” ထိုမျက်လုံးမှ ပြောလိုက်သည်။

ဝုန်း…

ထိုမျက်လုံး တောက်ပလာကာ သွေးရောင်မြူများလည်း ထွက်ပေါ်လာကာ ထိုလျှပ်စီးကို တားဆီးလိုက်လေ၏။ ထို့အပြင် ထူးဆန်းစွာဖြင့်ပင် လေဟာနယ်ထဲမှ သွေးများစီးကျလာလေသည်။ ရှီဟောင်၏ဘေးနားပတ်လည် ပျက်စီးသွားသကဲ့သို့ပင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ထိုအက်ကွဲကြောင်းမှ သွေးများလည်း စီးကျလာလေသည်။

ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရ၏။ ထိုသွေးများသည် သက်ရှိအားလုံးကို တိုက်စားနိုင်လေ၏။ ထိုသွေးများမှာ သူ့ကိုဝန်းရံထားပြီး လွင့်စင်လာသည့်သွေးများကို ထိကြည့်လိုက်သည့်အချိန်တွင် သူအပူလောင်သွားရသည်။

“သွေးကန် ပြန်ပေါ်လာပြီ .. အဆုံးသတ်မယ်..”

ထိုမျက်လုံး၏အော်သံအဆုံးသတ်သွားသည်နှင့် ထိုသွေးများပြည့်နေသည့် သွေးကန်တစ်ကန်ပေါ်လာကာ ထူးဆန်းသည့်စွမ်းအားများမှာ ရှီဟောင်ကို ဝါးမြိုတော့မတတ်ပင်။

ဤလူများ အဘယ်ကြောင့် အရေခွံများသာ ကျန်ရှိတော့သည်ကို ရှီဟောင် နောက်ဆုံးတော့ သိသွားလေပြီ။ သူတို့သည် ဤကဲ့သို့ ဝါးမြိုခံလိုက်ရခြင်းပင်။

“လျှပ်စီးအဆုံးအဖြတ်…”

ရှီဟောင်၏လက်မှ တံဆိပ်များထွက်ပေါ်လာကာ အဖိုးတန်အလင်းပေါင်းစုံလည်း ထွက်ပေါ်လာ၏။ ထို့နောက်တွင် လျှပ်စီးများသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြားကို ဖုံးလွှမ်းသွားလေ၏။

ထို့နောက် သူ့အရှေ့တွင် လျှပ်စီးအလင်းတန်းမျိုးစုံပါဝင်သည့် လျှပ်စီးကန်တစ်ကန် ဖြစ်ပေါ်လာလေသည်။ ထိုထဲတွင် ယင်လျှပ်စီးကြောင်း၊ ငါးရောင်စပ်နတ်လျှပ်စီးနှင့် မူလဖရိုဖရဲလျှပ်စီးအလင်းတန်းများ ပါဝင်သည်။

ဤသည်မှာ အတိဒုက္ခကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ပြီးနောက် သူ နားလည်လာခဲ့သည့် လျှပ်စီးတာအိုပင်။

အဆုံးမရှိသည့် လျှပ်စီးများထွက်ပေါ်လာကာ ထိုသွေးကန်ကို ပြန်လည်ခုခံထားလေသည်။

နောက်ဆုံးတွင်တော့ ကန်နှစ်ကန်သည် တရှိန်ထိုးတိုက်ခိုက်လာကြပြီး ထိတ်လန့်စရာကောင်းလောက်သည့်အလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။

ယခုချိန်တွင် လျှပ်စီးနှင့်သွေးမှလွဲလျှင် ဘာကိုမှ မမြင်ရတော့ပေ။ ထိုအရာအားလုံး ပျောက်ကွယ်သွားသည့်အချိန်မှသာ ရှီဟောင်ပြန်ပေါ်လာသည်။ သို့သော် သူ၏ အဝတ်အစားများအားလုံး တစ်စစီဖြစ်နေပြီး သူ၏ခန္ဓာကိုယ်လည်း ဒဏ်ရာများ ပြည့်နှက်နေသည်။ သူသည် တောင်ပေါင်းများစွာကို ဖြတ်တိုက်သွားပြီး တောအုပ်တစ်ခုလုံးမှာလည်း မမှတ်မိနိုင်လောက်အောင်ပင် ပျက်စီးသွားလေပြီ။

ဤသည်မှာ ထိုကန်နှစ်ခု တိုက်ခိုက်ခြင်းမှ လွင့်စင်လာသည့်စွမ်းအားလှိုင်းများကြောင့်ပင်။

လျှပ်စီးကန်ပျောက်ကွယ်သွားသလို သွေးကန်လည်း ပျောက်ဆုံးသွားလေပြီ။

ကောင်းကင်ထက်တွင် မျက်လုံးတစ်လုံးရှိနေပြီး သူ၏မျက်နှာပြင်ထက်တွင် သွေးစီးကြောင်းများ ပို၍များပြားလာသည်။ ထိုမျက်လုံးသည် ထိုနေရာတွင် လှည့်ပတ်နေပြီး အေးစက်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။

“နှမြောစရာပဲ .. ငါ့မျက်လုံးပဲ ဒီကိုဖြတ်လာနိုင်တာ .. မဟုတ်ရင် မင်းလိုမျိုး ပုရွက်ဆိတ်တွေ အကောင်ပေါင်းများစွာကို ငါလွယ်လွယ်လေး သတ်နိုင်တယ်..”

ရှေးဟောင်းဘာသာစကားမှာ နားလည်ရန်ခက်ခဲသော်လည်း သူသည် ကောင်းကင်နတ်ဘုရားအဆင့်သက်ရှိတစ်ယောက်ကိုပင် မသတ်နိုင်သောကြောင့် အလွန်အရှက်ရနေကြောင်း ခံစား၍ရသည်။

ရှီဟောင် အတော်လေး တုန်လှုပ်သွားရ၏။ အဲဒါဆိုရင် သူ့ရဲ့မူလပုံစံက ဘယ်လိုမျိုးလဲ .. သူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. မျက်လုံးတစ်လုံးတောင်မှ ဒီလောက်တောင် ကြောက်စရာကောင်းနေပြီ..

ဂိုဏ်းခေါင်းဆောင်များ ရောက်လာလျှင်ပင် ဤအရာ၏မူလခန္ဓာကိုယ်ထက် နိမ့်ကျဦးမည်ဟု သူခံစားနေရသည်။

ထို့နောက်တွင် ရှီဟောင် ပို၍ ထိတ်လန့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် မျက်လုံးထဲတွင် ပျက်စီးနေသည့် ကြေးလှံတံတစ်ခုကို တွေ့လိုက်ရသောကြောင့်ပင်။ ထိုလှံတံမှာ သံကြေးပင် တက်နေလေပြီ။

“ဒါက…”

ဤပျက်စီးနေသည့် လှံတံကြောင့်သာမဟုတ်ပါက သူသည် ဤမျက်လုံး၏တိုက်ခိုက်မှုကို တစ်ချက်လေးပင် ခုခံနိုင်မည်မဟုတ်ပေ။

“ဒီဒဏ်ရာကြောင့်သာမဟုတ်ရင် မင်းငါ့ရှေ့မှာ ဒီလိုမျိုး ရဲရဲတင်းတင်းလုပ်ရဲမယ်လို့ ထင်နေတာလား” ထိုမျက်လုံးမှ အေးစက်စွာ ပြောလိုက်သည်။

“နယ်ခြားစပ်ကို ကာကွယ်နေတဲ့ ဘုရင်ကြီး ၇ ယောက်က ပြိုင်ဘက်ကင်းတယ် .. သူတို့သာ တိုက်ခိုက်ရင် ခင်ဗျား နယ်ခြားစပ်ကနေ ထွက်လာနိုင်မှာမဟုတ်ဘူး .. သူတို့ရဲ့လက်အောက်ငယ်သားတွေနဲ့ တိုက်ခိုက်လို့ ခင်ဗျားကံကောင်းပြီး ဒီလိုမျိုး ထွက်လာနိုင်တာမလား” ရှီဟောင် သတင်းနှိုက်ရန် ကြိုးစားလိုက်သည်။

“ဘုရင် ၇ ယောက်ဟုတ်လား .. အဲဒီလူတွေက ဘယ်လောက်တောင်မှ ခေတ်နောက်ကျနေပြီလဲ .. အခုထိ သူတို့အကြောင်းပြောတဲ့သူတွေ ရှိနေသေးတာလား… ဟား ဟား..” ထိုမျက်လုံးသည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပို၍များပြားလာလေသည်။

ရှီဟောင် ချက်ချင်းပင် စိတ်လေးသွားရသည်။ ဘုရင်ကြီး ၇ ယောက်က အစောကြီးကတည်းက မရှိတော့တာများလား…

ရှီဟောင်သည် ဖိအားတစ်မျိုးအပြင် ဝမ်းနည်းမှုကိုပါ ခံစားလိုက်ရသည်။

“အဲဒီနယ်ခြားစပ်လို့ခေါ်တဲ့နေရာက ရှိတော့မှာမဟုတ်ဘူး .. ငါတို့ဒီနေရာကို ဖြတ်လာတော့မှာ .. အဲဒီအချိန်ကျရင် မိုးကောင်းကင်အောက်က အရာအားလုံးက ဆက်စပ်သွားလိမ့်မယ်” ထိုမျက်လုံး‌ အေးစက်စွာ ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ .. ခင်ဗျားလိုမျိုးစွမ်းအားကြီးတဲ့သူတောင်မှ မျက်လုံးတစ်လုံးပဲ လွှတ်နိုင်တာ .. ပြီးတော့ အဲဒါတောင်မှ စစ်လှံတံနဲ့ ထိုးခံထားရပြီးတော့ ပျက်စီးလုနီးပါးဖြစ်နေပြီ .. အဲဒါကိုခင်ဗျားက တစ်ကိုယ်လုံး ဖြတ်ချင်နေသေးတာလား” ရှီဟောင် သတင်းပိုရရန် ကြိုးစားလိုက်သည်။

“နယ်ခြားစပ်က ပျက်စီးတော့မှာ” ထိုမျက်လုံးနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်တွင် သူသည် တားမြစ်နယ်မြေအတွင်းပိုင်းဘက်သို့ ကြည့်လိုက်ကာ “ငါ့ဒဏ်ရာက နယ်ခြားစပ်ကနေ ရခဲ့တာမဟုတ်ဘူး .. ဒီတားမြစ်နယ်မြေက ထူးဆန်းလွန်းတယ် .. မသေမျိုးလှံတစ်ချောင်းက ငါ့ကိုလာစိုက်နေတယ်”

ဒီလိုမျိုးလည်း ရှိသေးတာလား.. ရှီဟောင် ထိတ်လန့်သွားရသည်။ တားမြစ်နယ်မြေက သံချေးတက်နေတဲ့လှံတံက ဒီမျက်လုံးကို ဒဏ်ရာရအောင် လုပ်နိုင်တာလား..

မျက်လုံးသည် စကားမပြောတော့ပဲ တစ်ခုခုကို လေးလေးနက်နက်စဉ်းစားနေလေသည်။ ထို့နောက်တွင် သူ၏မျက်လုံးများ ရုတ်တရက်ပွင့်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ပို၍ပင် များပြားလာသည်။

“ဒီလှံတံနဲ့ ထိုးခံလိုက်ရပြီးတော့ ငါ ခဏနားခဲ့သေးတယ် .. ဒီဒဏ်ရာက နာရီနည်းနည်းလောက်ပဲကြာမယ်လို့ထင်ထားတာ .. ဒါက နှစ်ပေါင်းတစ်သောင်းလောက်ကြာသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..

နှစ်တစ်သောင်း..

ဒီမျက်လုံးက ဒဏ်ရာရပြီးတော့ အိပ်နေတာ နှစ်တစ်သောင်းတောင် ကျော်သွားတာလား..

ရှီဟောင် သက်ပြင်းချလိုက်သည်။ ဤသက်ရှိမှာ ကြောက်စရာကောင်းလှသည်။ သို့သော်လည်း ကံကောင်းစွာဖြင့်ပင် သူ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ မဟုတ်ပါက သေချာပေါက် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာမည်ပင်။

“ဟက် .. ကြည့်ရတာ ခင်ဗျားပြောတဲ့ နယ်ခြားစပ်မရှိတော့ဘူးဆိုတာက မမှန်ဘူးထင်တယ် .. ခင်ဗျားတောင်မှ ရှုံးပြီးတော့ ထွက်မလာနိုင်ဘူးလေ” ရှီဟောင် လှောင်ရယ်လိုက်ကာ တစ်ဖက်လူကို ရန်စလိုက်သည်။

ဤမျက်လုံးသည် ပျက်စီးနေသော်လည်း ရှေးဟောင်းသက်ရှိပင်ဖြစ်သောကြောင့် သူဆိုလိုသည်ကို နားလည်သည်သာ။

သို့သော်လည်း သူ့ထံတွင် ယုံကြည်ချက်ရှိနေသောကြောင့် သူဂရုမစိုက်ပေ။ သူသည် နယ်ခြားစပ်မှ ကိစ္စများကို သိပ်စိတ်မပူပေ။ “ကြည့်ရတာ သူတို့ဒုတိယအစီအစဉ်ကို စနေပြီထင်တယ် ..”

“ဟားဟား..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“လူငယ်လေး .. မင်းကျေနပ်နေတာလား..” မျက်လုံးသည် သူ့အားတစ်ချက်ကြည့်လိုက်ပြီးနောက် ပို၍အေးစက်နေသည့်လေသံဖြင့်ပြောလိုက်လေသည်။ “မင်းအခု ဝမ်းနည်းနေသင့်တယ် .. ဘာလို့လဲဆိုတော့ ဒုတိယအစီအစဉ်က စနေပြီ .. သူတို့ဖြတ်လာနိုင်တာနဲ့ တာအိုစီရင်စုသုံးထောင်လို့ခေါ်တဲ့ နေရာက ရှိတော့မှာမဟုတ်ဘူး..”

“ခင်ဗျားဘာတွေပြောနေတာလဲ” ရှီဟောင် အခြေအနေမှန်ကို တကယ်သိချင်လှသည်။

“မင်းသေသွားရင် မင်းရဲ့ပျက်စီးနေတဲ့ဝိဉာဉ်ကို ငါပြောပြမယ်” ထိုမျက်လုံး နောက်တစ်ကြိမ် ပြေးဝင်လာလေသည်။

ရှီဟောင်သည်လည်း သူ၏အဖိုးတန်ပညာအားလုံးကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။

ဤနှစ်များအတွင်းတွင် ရှီဟောင်သည် အလွန်တိုးတက်လာကာ သူ့ကို အလွန်စွမ်းအားကြီးသည့်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်၍ရလေပြီ။ သို့သော်လည်း ယခုတွင်တော့ သူသေမလိုဖြစ်နေလေပြီ။ ဤမျက်လုံးသည် ဆိုးရွားစွာ ထိခိုက်နေသော်လည်း အလွန်စွမ်းအားကြီးနေဆဲပင်။

“ကျုပ် ခင်ဗျားကို မသတ်နိုင်ဘူးဆိုတာ ကျုပ်မယုံဘူး” ရှီဟောင် ဟစ်ကြွေးလိုက်သည်။

မျက်လုံးမှာမူ မျက်လုံးတစ်လုံးလုံး နီရဲနေပြီဖြစ်သည်။

သူ အလွန်လည်း ဒေါသထွက်လာသည်။ သူက ဒီလိုမျိုး လူငယ်လေးတစ်ယောက်ကိုတောင် မသတ်နိုင်ရလောက်အောင် အားနည်းနေပြီလား..

ချွမ်..

ထိုအချိန်တွင် မျက်လုံးကို စိုက်နေသည့် လှံတံတောက်ပလာကာ သူ၏သံချေးများကို ခါချလိုက်လေသည်။ လှံတံမျက်နှာပြင်တွင် ရှေးဟောင်းစာသားတစ်ကြောင်း ပေါ်လာပြီး တောက်ပလာလေ၏။

“အား..” ထိုမျက်လုံးအော်ဟစ်လိုက်ကာ သွေးများလည်း ဆက်တိုက်ထွက်လာလေသည်။ ထိုမျက်လုံးတစ်ခုလုံး အနက်ရောင်အဖြစ် မည်းတူးသွားလေပြီ။

“ဒီပျက်စီးနေတဲ့လှံတံက ထာဝရလက်နက်တစ်ခုဖြစ်ပြီးတော့ ထာဝရတာအိုစိတ်ဝိဉာဉ်ရှိနေတယ်ဆိုတာ ငါ အခုမှသိတယ်” သူ ဒေါသတကြီး ပြောလိုက်သည်။

ထို့ကြောင့်ပင်လျှင် ဤလှံတံကို သူဆွဲမနှုတ်နိုင်ခြင်းပင်။

“သတ်..” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုလှံတံလည်း လှုပ်ရှားလာကာ ထိုမျက်လုံးမှ သွေးများစီးကျလာလေ၏။ ထိုမျက်လုံးမှာ ထက်ခြမ်းကွဲတော့မည်။

အပိုင်း ၁၂၃၅ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၆ – မသေမျိုးလမ်းကြောင်း

ထိုမျက်လုံး အက်ကွဲလာပြီး သွေးများလည်း စီးကျလာလေသည်။

လှံတံလည်း ဆက်တိုက်ပင် လှုပ်ရှားနေလေသည်။

ရှီဟောင်သည်လည်း အဖိုးတန်ပညာမျိုးစုံကို ပစ်လွှတ်လိုက်သည်။ ဤမျက်လုံးမှာ အန္တရာယ်များလှပြီး စောစောရှင်းနိုင်လေ ကောင်းလေဟု ရှီဟောင်ခံစားမိသည်။

ရွှီး..

တိုက်စားသည့်သွေးများ များစွာပင် လွင့်စင်ထွက်လာလေသည်။ နောက်ဆုံးတွင် ဤမျက်လုံးသည် အဆုံးမရှိသည့်တွင်းနက်ကြီးကဲ့သို့ ဆက်တိုက်ပင် သွေးများကိုထုတ်လွှတ်နေလေသည်။

“အမ်..”

ရှီဟောင်ထိတ်လန့်သွားရသည်။ လေဟာနယ်ထဲတွင် တွင်းနက်ကြီးတစ်ခုပေါ်လာကာ ဘေးပတ်လည်တွင်ရှိနေသည့်အရာအားလုံးကို စုတ်ယူနေသည်။ ဤသည်မှာ ထိုမျက်လုံးမှ ဖြစ်ပေါ်လာခြင်းပင်။

ရှီဟောင်သည်လည်း ဤသည်ကို ခုခံရန်အတွက် သူတတ်နိုင်သမျှ လုပ်သည်သာ။ မိုးမခနတ်ဘုရား၏ အဖိုးတန်ပညာထွက်ပေါ်လာကာ ရွှေရောင်သစ်ကိုင်းများစွာ လေဟာနယ်ကို ထိုးဖောက်သွားကာ ထိုတွင်းနက်ကြီးကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

“မင်းက ဒီအဖိုးတန်ပညာကိုတောင် သိတာလား” ထိုမျက်လုံး ထိတ်လန့်သွားသည်မှာ သိသာသည်။

သူ၏အမူအရာမှာ ပို၍ပင် အေးစက်လာလေသည်။ သူသည် ရှီဟောင်ကိုကြည့်ကာ အေးစက်စွာပင် ပြောလိုက်သည်။
” အဲဒီမိုးမခသစ်ပင်က မသေသေးဘူးလား..”

ဝုန်း..

ထိုအချိန်တွင် မျက်လုံးအတွင်းပိုင်းတွင် တံခါးတစ်ချပ်ပွင့်လာကာ သွေးရောင်လမ်းကြောင်းတစ်ခု ပေါ်လာလေ၏။ ထိုတံခါးမှာ ရှီဟောင်ကို ဝါးမြိုတော့မည်။

သူသည် ရှီဟောင်ကိုဖိနှိပ်ကာ ခေါ်သွားလိုခြင်းပင်။

“သတ်..”

ရှီဟောင် သူ၏ထာဝရဓားကို လွှဲရမ်းလိုက်သည်နှင့် ဓားသွားတောက်ပလာကာ တံဆိပ်အားလုံး ပေါ်လာလေ၏။ တစ်ယောက်ယောက် မသေမျိုးဖြစ်တော့မည်။ အဖြူရောင်မြူများထွက်ပေါ်လာကာ အလင်းပျောက်လေးများလည်း ကျဆင်းလာသည်။

“ဟမ် .. ဘာဖြစ်တာလဲ..” ထိုမျက်လုံး ထိတ်လန့်သွားရသည်။ သူ၏ခန္ဓာကိုယ်တွင် စိုက်နေသည့် လှံတံမှာ အလွန်ပင် လှုပ်ခါနေသည်ကို သူခံစားလိုက်ရသည်။

“ဒီလှံတံက အဲဒီဓားနဲ့ ဆက်စပ်နေတာလား” သူ၏စိတ်ထဲတွင် တုန်လှုပ်သွားရသည်။

ရှီဟောင်ပင်လျှင် အနည်းငယ်အံ့အားသင့်သွားသည်ပင်။ သူထိုဓားကို လွှဲရမ်းလိုက်သည်နှင့် ထိုလှံတံမှာ အသက်ဝင်လာသလိုပင်။ ထိုလှံတံမျက်နှာပြင်တွင်ရှိနေသည့် ရှေးဟောင်းစကားလုံးမှာ ပို၍ပင် တောက်ပလာသည်။

“မလုပ်နဲ့” ထိုမျက်လုံး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဝုန်း..

ထိုလှံတံထဲတွင်ရှိနေသည့် ထာဝရတာအိုတံဆိပ် ပေါက်ကွဲသွားလေသည်။ ဤပျက်စီးနေသည့် ပစ္စည်းသည် သူ့ကိုယ်သူ ဖျက်ဆီးလိုက်ကာ သူနှင့်အတူ ထိုမျက်လုံးကိုပါ ဆွဲခေါ်သွားလေသည်။

ထိုမျက်လုံးမှာ ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။ ထိုပွင့်နေသည့်တံခါးလည်း အလိုအလျောက်ပင် ပျက်စီးသွားပြီး သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းသောကြောင့် ရှီဟောင်ပင် အံ့အားသင့်သွားရသည်။

အား..

လေထဲတွင် အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး ဤနေရာမှာ လူသတ်ကွင်းဖြစ်သွားလေသည်။

ထိုမျက်လုံးမှ ပျက်စီးနေသည့်ဝိဉာဉ်တစ်ခု ပျံသန်းလာကာ ဓားနှင့် တိုက်မိသွားလေသည်။ ရလဒ်အနေဖြင့် သူသည် ချက်ချင်းပင် ဖုံမှုန့်အဖြစ် ပျောက်ကွယ်သွားလေသည်။

အလင်းတန်းများ ပျောက်ကွယ်သွားပြီး တောအုပ်ကြီးလည်း ပြန်လည်ငြိမ်းချမ်းသွားလေပြီ။

သွေးများနှင့် ကြေးနီသံချေးများကြောင့်သာမဟုတ်ပါက ဤနေရာတွင် ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်ကို ယုံကြည်နိုင်ရန် ခက်ခဲလိမ့်မည်။

ရှီဟောင် သူ၏လက်ထဲတွင်ရှိနေသည့်ဓားကို အံ့အားသင့်စွာ ငေးကြောင်ကြည့်လိုက်သည်။ ဤသည်မှာ အနည်းငယ်ထူးဆန်းလှသည်။ ဤသည်မှာ မြင်ရသလောက် မရိုးရှင်းသည်မှာ သိသာသည်။

ဤသည်မှာ ထာဝရရှေးဟောင်းမြေမှ ထုတ်ယူခဲ့သည့် သရဖူငါးခုဘုရင်နှင့်အတူတူ ပျောက်သွားခဲ့သည့် ဓားပင်။

“ဒါက…” ရှီဟောင်သည် တစ်ခဏခန့်စဉ်းစားပြီးသည့်နောက်တွင် ထိုဓားကို ပြန်သိမ်းလိုက်သည်။

ထိုမျက်လုံးအကြောင်း ပြန်စဉ်းစားမိသွားသည်။ နယ်ခြားစပ်မှာ ထင်ထားသည့်အတိုင်းပင် မတည်ငြိမ်တော့ပဲ ဖရိုဖရဲဖြစ်လာတော့မည်။ ဤလောကကြီးကို စစ်ပွဲမီးတောက်များ ဖုံးလွှမ်းတော့မည်။

“ဒီလမ်းကြောင်းက ငါလျှောက်ကိုလျှောက်ရမယ့် လမ်းကြောင်းပဲ”

ရှီဟောင် သက်ပြင်းချလိုက်၏။ စဉ်းစားလေ သူပိုစိုးရိမ်ရလေသာ ဖြစ်လိမ့်မည်။ ယခု သူလုပ်နိုင်သည်မှာ တတ်နိုင်သမျှ ခွန်အားကြီးအောင် လုပ်ရန်ပင်။ မဟုတ်ပါက ကပ်ဆိုးများ တကယ်ကျရောက်လာပါက သူ၏မွေးရာပါ ပါရမီများမည်မျှပင် ရင့်သန်နေပါစေ အသုံးဝင်မည်မဟုတ်ပေ။ နဂါးအစစ်သားတော်ပင်လျှင် အချိန်အလုံအလောက် မရရှိပါက အခြားသူများ၏အစာဖြစ်သွားမည်သာ။

သူ လျင်မြန်စွာပင် အရှေ့ဆက်တိုးသွားလိုက်သည်။

ဤတားမြစ်နယ်မြေမှာ ထူးဆန်းလှပြီး အချို့နေရာများတွင် တိုက်ခိုက်ခွင့်ပြုထားသည်။ အချို့နေရာများတွင် ကောင်းကင်ထက်မှနေ၍ လူများအား တိုက်ခိုက်လာသည့် သဘာဝဥပဒေသများလည်း ရှိနေလေသည်။

လမ်းတစ်လျှောက်တွင် သူကျင့်ကြံသူအချို့နှင့် တွေ့ရသေးသည်။ ဤလူများ အလွန်မြန်သောကြောင့် သူ့အား အမှီလိုက်လာနိုင်ခြင်းမဟုတ်ပေ။ အဆင့်လွန်ကျွမ်းကျင်သူသုံးယောက် နေရာချပေးသည့်အချိန်တွင် အချို့လူများမှာ လီသန်းပေါင်းများစွာသို့ ရောက်နေပြီးသားပင်။

အဘယ်ကြောင့်သေဆုံးသွားရမှန်း မသိရသည့် အလောင်းများစွာကိုလည်း သူတွေ့ခဲ့ရသေးသည်။ သူတို့ထံတွင် မည်သည့်ဒဏ်ရာမှ ရှိမနေကြပေ။

ဤကိစ္စများကို သူအသေးစိတ်လိုက်မကြည့်ချင်။ သူအချိန်ဖြုန်းနေ၍မရ။

ရုတ်တရက်ပင် သွေးမြူများထွက်ပေါ်လာပြီး ဘယ်နှလောင်းမှန်းမသိရသည့် အလောင်းများ မြေပြင်ပေါ်တွင် ပေါ်လာလေသည်။

ဤနေရာသို့ အလောတကြီးရောက်လာပြီးနောက် ရှီဟောင် ရပ်တန့်လိုက်ရသည်။ သူသည် စီရင်စုသုံးထောင်မှ လီသန်းပေါင်းအနည်းငယ်သာ ရောက်သေးသော်လည်း ဤကဲ့သို့သော အန္တရာယ်များကို ဆက်တိုက်ကြုံတွေ့နေရလေပြီ။ ဤသည်မှာ သူ့ကို တုန်လှုပ်သွားစေသည်ပင်။

သူသည် ခြေလှမ်းများကို အရှိန်လျော့ကာ တစ်လှမ်းစီပင်သွားလိုက်သည်။ ဤလမ်းကိုရှောင်၍မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် အလွန်ကြီးမားသည့် အပြာရောင်ကြယ်ကြီးများကို သူမြင်လိုက်ရသောကြောင့်ပင်။ ကြယ်များမှာ ကမ္ဘာမြေမှကျန်းတစ်ရာအကွာတွင် ရှိနေလေသည်။ လမ်း၏ဘေးနှစ်ဖက်လုံးတွင်လည်း ကြယ်များကြွေကျနေလေသည်။

ကြယ်များသည် တောင်တစ်လုံးပမာဏရှိပြီး အပြာရင့်ရောင်တောက်ပနေသည်။

ကြယ်တစ်ခုစီတိုင်းမှလည်း သင်္ကေတများကို ထုတ်လွှတ်နေသည်။

“ကြယ်တွေက စွမ်းအားကြီးတဲ့သူတွေ ကျုံ့ထားတာ .. ဒီမှာ ကြယ်တွေ အများကြီးပဲ .. ဒါက အစီအရင်တစ်ခုခုလား..”

ဤနေရာသို့ ရောက်လာသည့်သူတိုင်းမှာ သတိကြီးကြီးထားကြမည်ပင်။ ဤကြယ်များမှာ ခမ်းနားလှသည်။

ရှီဟောင်သည် အရှေ့ဘက်ကို ဆက်လျှောက်လာလေလေ အလောင်းများကို‌ တွေ့ရလေလေပင်။ နောက်ဆုံးတွင်တော့ အရေးကြီးသည့် နေရာကို ရောက်လာလေပြီ။ ထိုနေရာတွင် မိန်းကလေးတစ်ဦး ပိတ်မိနေသည်ကို သူတွေ့လိုက်ရသည်။

ကောင်းကင်ထက်မှ အလင်းတန်းများတစ်ခုပြီးတစ်ခု ကျဆင်းလာကာ ပုံစံမရှိသည့်ဓားစွမ်းအင်များလည်း ထွက်ပေါ်လာလေသည်။

“ဟမ်..”

ဤဓားစွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်ကို မတိုက်ခိုက်ပဲ သူ၏မူလဝိဉာဉ်ကို တိုက်ခိုက်နေသောကြောင့် သူထိတ်လန့်သွားရသည်။ အဲဒါကြောင့်မို့လို့ ဘာမှ မထိခိုက်ပဲနဲ့သေနေတဲ့ အလောင်းတွေ အများကြီး ရှိနေတာကိုး.

ဤသည်မှာ ပျက်စီးနေသည့် ရှေးဟောင်းအစီအရင်တစ်ခုပင်။ ဤအစီအရင်သည် အလွန်ပျက်စီးနေသော်လည်း အံ့အားသင့်စရာကောင်းနေဆဲပင်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်သက်ရှိတစ်ယောက်မှ ကြယ်များစွာကို အသုံးပြုပြီး ပြုလုပ်ထားသည့် အစီအရင်ပင်။

“သူမပဲ..”

ရှီဟောင် သူမကို သိသည်။ သူမသည် အစိမ်းရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ပုံရိပ်မှာ ကြော့ရှင်းလှသည်။ သူမသည် နတ်ကြာပန်းကဲ့သို့ ယိမ်းနွဲ့နေပြီး အရောင်များလည်း ထုတ်လွှတ်နေလေသည်။

ဤသည်မှာ စီရင်စုသုံးထောင်တွင် အထင်ကြီးစရာကောင်းလောက်သည့် လူငယ်ကျွမ်းကျင်သူဟု ခေါ်၍ရသည့် ချင်းရှန်ပင်။ ယခင်က ရှီဟောင် လေဟာနယ်နတ်ဘုရားနယ်မြေသို့ သွားကာ စာကလေးကြေးနီယဇ်ပုလ္လင်ပေါ်သို့ တက်သွားသည့်အချိန်တွင်ပင် သူ၏အစ်ကိုနှင့်တွေ့ခဲ့ပြီး တိုက်ခိုက်ခဲ့သေးသည်။

ချင်းရှန်သည် ကြာပန်းမျိုးနွယ်စုမှ ထူးခြားပါရမီရှင်ဖြစ်ပြီး လျှပ်စီးသားတော်၊ မြေအောက်သားတော်တို့ထက်ပင် စွမ်းအားကြီးသေးသည်။ သူမသည် နာမည်ကျော်ကြားသည့် အမျိုးသမီးထူးခြားပါရမီရှင်ပင်။

သို့သော်လည်း ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ်မှာ မလှုပ်ရှားတော့ပဲ သူမ၏မျက်ခုံးကြားမှ သွေးများစီးကျနေလေသည်။ သူမ၏အမူအရာမှာ ဝမ်းနည်းမှုအပြည့်ဖြင့်ပင်။ သူမ၏မျက်လုံးများလည်း အရောင်မှိန်နေလေပြီ။

ရှီဟောင် သူမကို ကူညီပေးချင်သော်လည်း နောက်ကျသွားလေပြီ။

ချင်းရှန် သူ့ကို တွေ့လိုက်ရသည့်အချိန်တွင် သူမ၏မျက်လုံးများ တောက်ပသွားသော်လည်း နောက်ဆုံးတွင် သူမ ကျရှုံးသွားဆဲပင်။

“တကယ်ကို ရက်စက်တာပဲ” ရှီဟောင်၏မျက်နှာမှာ အမူအရာကင်းမဲ့သွားသည်။ စီရင်စုသုံးထောင်မှ နာမည်ကြီးသည့်သူတစ်ယောက်မှာ ဤနေရာတွင်ပင် သေဆုံးသွားလေပြီ။

သို့သော်လည်း သူ ဤလမ်းကို ဆက်လျှောက်ရမည်ပင်။ သူသည် အဖိုးတန်ပညာများအားလုံးကို အသက်သွင်းလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ဖူး..

သူ၏မျက်ခုံးကြားတွင် သွေးများစီးကျလာလေပြီ။ အဘယ်ကြောင့်ဆိုသော် သူအရေးအကြီးဆုံးနေရာသို့ ရောက်လာလေပြီ။ ထိုဓားစွမ်းအင်များမှာ သူ၏ဝိဉာဉ်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလေပြီ။

သူ၏နှုတ်ခမ်းမှ မူလမှတ်တမ်းကိုလည်း ရေရွတ်နေကာ သူတတ်နိုင်သမျှ ခုခံနေခဲ့သည်။ နောက်ဆုံးတော့ သူဖြတ်ကျော်လာနိုင်လေပြီ။

ခွပ်..

ကောင်းကင်ထက်တွင်ရှိနေသည့် အပြာရောင်ကြယ်ကြီးတစ်လုံး ပေါက်ကွဲသွားလေပြီ။

ထိုဓားစွမ်းအင်မှာ အားနည်းလာပြီး စွမ်းအားသိပ်မကြီးတော့ပေ။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင်ရှိနေသည့် ချင်းရှန်သည် လျင်မြန်စွာပင် ကျုံ့သွားကာ အစေ့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ပြန်မွေးဖွားတာလား..” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤအမျိုးသမီးမှာ ထင်ထားသည့်အတိုင်းပင် သာမန်မဟုတ်ပေ။ သူသည် အစိမ်းရင့်ရောင်ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားလေ၏။

“ကျေးဇူးပြုပြီး ကျွန်မကို တစ်နေရာရာမှာ မြှုပ်ပေးပါ” အားနည်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်းကိုထုတ်လိုက်ရင် သိပ်မကောင်းလောက်ဘူး” ရှီဟောင်ပြောလိုက်သည်။

“မဟုတ်ဘူး .. ဒါက ကျွန်မရဲ့ကပ်ဆိုးဖြစ်သလို ကျွန်မအတွက် အခွင့်ကောင်းလည်းဖြစ်တယ် .. ကျွန်မ အစိမ်းရောင်ကြာပန်းရဲ့အော်ရာတွေ အာရုံခံလို့ရတယ် .. အဲဒါက သူချန်ထားခဲ့တဲ့ သဲလွန်စတွေပဲ .. ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ” ချင်းရှန် အသံပို့လွှတ်လိုက်သည်။

“အစိမ်းရောင်ကြာပန်းဟုတ်လား..” ရှီဟောင်နားမလည်နိုင်ဖြစ်နေသည်။

“သူက ဒီခေတ်ကမဟုတ်ဘူး .. ဒါပေမဲ့ သူက အရင်က အထွဋ်အထိပ်ကို ရောက်ခဲ့တယ် .. သူ့ကို အဆုံးမရှိတဲ့ကောင်းကင်ကြာပန်းလို့လည်းခေါ်တယ် .. ကျွန်မကို ကူညီပေးပါ .. နောင်ကျရင် ကျွန်မရှင့်ကို ပြန်ကူညီပေးမှာပါ” ချင်းရှန် ပြောလိုက်သည်။

“ကောင်းပြီလေ..” သူတွေဝေမနေတော့ပေ။ ဘာပဲဖြစ်ဖြစ်သူအများကြီး အားစိုက်ထုတ်ရမည်မဟုတ်ပေ။ ဤအစိမ်းရောင်အစေ့လေးကို သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် မြေကြီးထဲသို့ စိုက်ပေးလိုက်ရုံသာ။

ထို့နောက် သူလမ်းသူ ဆက်သွားခဲ့သည်။

ငါးရက်ကြာပြီးသည့်နောက်တွင် ခရမ်းရောင်ဝါးရုံတောရှေ့သို့ သူ ရောက်လာသည်။ မြူခိုးဖြူများ ရစ်ဆိုင်းနေပြီး သူသည် မသေမျိုးနယ်ပယ်ထဲသို့ ရောက်သွားသလိုပင်။

လမ်းတစ်လျှောက်တွင် ရှီဟောင် ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပေ။ ဤဝါးရုံတောကို မြင်လိုက်ရသည့်အချိန်တွင် သူအတော်လေး ထိတ်လန့်သွားရသည်။ ထာဝရတာအိုစွမ်းအင်ကိုလည်း သူအာရုံခံ၍ရသည်။

“ဒီတားမြစ်နယ်မြေက ထင်ထားတဲ့အတိုင်း အရမ်းရက်စက်တာပဲ .. ငါဘာလို့ မသေမျိုးတစ်ယောက်ရဲ့အိမ်လိုမျိုး လေထုကို အာရုံခံမိနေတာလဲ..”

ရှီဟောင် သတိကြီးကြီးထားကာ ဆက်လျှောက်သွားလိုက်သည်။

ခရမ်းရောင်ဝါးရုံတောထဲသို့ ဝင်သွားလိုက်သည်နှင့် မြင်ကွင်းများမှာ လုံးဝပြောင်းလဲသွားသည်။ ရောင်စုံအလင်းမျိုးစုံ ထွက်ပေါ်နေပြီး မူလစွမ်းအင်များလည်း ထွက်ပေါ်နေသည်။

ဤသည်မှာ သီးသန့်ကမ္ဘာလောကတစ်ခုပင်။

တောတောင်များမှာ ခမ်းနားထည်ဝါလှပြီး ထာဝရငှက်များလည်း ပျံသန်းနေကာ သားရဲများလည်း လှည့်လည်သွားလာ နေကြသည်။

ယခင်ခေတ်ကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည့် သက်ရှိအချိုု့ကိုလည်း သူတွေ့လိုက်ရသည်။

အဖြူရောင်ချီလင်းတစ်ကောင်ကို ရင်ခွင်ပိုက်ပွေ့ထားသည့် အမျိုးသမီးငယ်တစ်ဦးကို သူတွေ့လိုက်ရသည်။ ထိုအမျိုးသမီးငယ်သည် ချီလင်းလေးကို ပြုံး၍စနောက်နေသည်။

ငါးရောင်စပ်အဖိုးတန်ဝတ်စုံများကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးအဖြစ်သို့ ပြောင်းလဲသွားသည့် ထာဝရဖီးနှစ်တစ်ကောင်ကို သူ တွေ့လိုက်ရသည်။ သူမသည် တောက်ပနေသည့် ဝိဉာည်တောင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။

ထို့နောက်တွင် ထာဝရစွမ်းအင်ရှိနေသည့် အမျိုးသားငယ်တစ်ယောက်ကိုလည်း သူတွေ့လိုက်ရသည်။ သူ၏ကျောထက်တွင် အလင်းတန်းထာဝရရွှေဖြင့် ပြုလုပ်ထားသည့်အဖိုးတန်ဓားတစ်လက်ရှိနေပြီး သူသည် လွတ်လပ်ပေါ့ပါးစွာပင် လျှောက်သွားနေလေသည်။

“ငါ ဘယ်လိုနေရာမျိုးကို ရောက်လာတာလဲ” ရှီဟောင် အံ့အားသင့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူပုံရိပ်ယောင်လောကသို့ ရောက်လာသည်ဟု ခံစားနေရသော်လည်း ဤသည်မှာ ကျွမ်းကျင်သူအစစ်ဖြစ်ကြောင်း သူ၏နတ်အာရုံများက သူ့ကို ပြောနေသည်။

ဘာဖြစ်နေတာလဲ..

ထာဝရရှေးဟောင်းခေတ်တုန်းက မပျက်စီးပဲ ကျန်နေတဲ့ ကမ္ဘာငယ်လေးတွေရှိနေသေးတာလား .. သူက ဝင်ပေါက်ကို တွေ့ပြီးတော့ ဝင်ခဲ့မိတာလား ..

လေထဲတွင် အဖြူရောင်ထာဝရမြူများ ရစ်ဆိုင်းနေပြီး တောင်များလည်း တစ်ခုနှင့်တစ်ခု ထပ်နေသည်။ ဆေးပင်များသည်လည်း နှစ်ပေါင်းထောင်ပေါင်းများစွာ သက်တမ်းရှိနေပြီဖြစ်ပြီး အမွှေးနံ့များလည်း သင်းပျံ့နေသည်။

ရှီဟောင် အနည်းငယ် ဆွံ့အနေမိသည်။ ဘာဖြစ်နေသလဲဆိုသည်ကို သူနားမလည်နိုင်တော့ပေ။

သူအရှေ့ဘက်ဆက်လျှောက်လာသည့်အချိန်တွင် တစ်ယောက်ယောက်မှ သူ့အားခေါ်လိုက်သည်။

ထာဝရဖီးနှစ်မှ ပုံစံပြောင်းထားသည့် အမျိုးသမီးသည် လှပစွာ ပြုံးပြပြီး ပြောလိုက်သည်။
“ညီအစ်ကိုက ဘယ်က ရောက်လာတာလဲ..”

“တာအိုသုံးထောင်စီရင်စုကပါ” ရှီဟောင်ပြန်ဖြေလိုက်၏။

“တစ်ခါမှ မကြားဖူးဘူး .. ကြည့်ရတာ ထာဝရလှိုဏ်ဂူအစစ်တစ်ခု ဖြစ်မယ်ထင်တယ်” သူမ နူးညံ့စွာ ပြုံးလိုက်သည်။

“ဒီနေရာက ဘာနေရာလဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား” ရှီဟောင်မေးလိုက်၏။

“ဒါက ထာဝရတွေနေတဲ့နေရာလေ .. ညီအစ်ကိုလည်း တွေ့ဆုံပွဲကို လာတာမလား.. ဂျီးနီးယပ်စ်တွေ အများကြီးလည်း ရောက်နေကြပြီ .. ကလန်အားလုံးက ထူးချွန်တဲ့သူတွေ ရောက်လာကြတာ .. ကျွန်မတို့အားလုံးက ဒီတွေ့ဆုံပွဲကနေ အကျိုးကျေးဇူးတွေ ရကြမှာ” မိန်းမပျိုလေးအဖြစ်ပြောင်းထားသည့်ဖီးနှစ်မှ ပြောလိုက်သည်။

ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။ သူတကယ်ပဲ ဘယ်လိုနေရာမျိုးကို ရောက်လာတာလဲ..

ထို့နောက်တွင် လူငယ်လေးတစ်စု အလောတကြီး ရောက်လာကြလေ၏။ သူတို့အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ရန်လိုခြင်းမရှိပဲ အလွန်ငြိမ်းချမ်းစွာဖြင့်ပင် နှုတ်ဆက်နေကြလေ၏။ ဤလူများသည် လောကီရေးရာကိစ္စများနှင့် ကင်းဝေးနေသည့်ပုံပင်။

ရှီဟောင် မယုံကြည်နိုင်ဖြစ်နေလေသည်။ သူသည် မိန်းမပျိုလေးပိုက်ထားသည့် ချီလင်းကို ဆိတ်ကြည့်လိုက်ပြီးနောက် ဤသည်မှာ အစစ်အမှန်ဖြစ်ကြောင်း သူသိလိုက်ရသည်။

ထိုအဖြူရောင်ချီလင်းသည် သူ့အား မျက်လုံးလှန်ကာ မကျေမနပ်ကြည့်လာလေသည်။

“ငါ ထာဝရရှေးဟောင်းမြေထဲကို အိပ်မက်ယောင်ပြီး ရောက်လာတာလား .. ဒါမှမဟုတ် ထာဝရရှေးဟောင်းက ပြန်ပေါ်လာတာလား” ရှီဟောင် ဆွံ့အနေမိသည်။

အပိုင်း ၁၂၃၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၇ – တောင်ဘက်ပင်လယ် ခရမ်းရောင်ဝါးရုံတော

သူက ဘယ်လိုလုပ် သံသယမဝင်ပဲနေမည်နည်း.. သူက ဒီခေတ်မှာ ဘယ်လိုလုပ် ဒီလိုမျိုး သက်ရှိတွေကို တွေ့နေရတာလဲ..

“ဘာဖြစ်လို့လဲ .. ဒီကညီအစ်ကိုက” ထိုဖီးနှစ်မိန်းကလေးမှ မေးလိုက်သည်။

“ကျွန်တော် နည်းနည်းခေါင်းမူးနေလို့ပါ” ရှီဟောင် ခေါင်းကို ထိန်းကိုင်ကာ ပြောလိုက်သည်။ သူအလွန်စိတ်ရှုပ်ထွေးနေလေပြီ။

ဖူးဟူသည့်အသံနှင့်အတူ ဖီးနှစ်မိန်းကလေး၏ ရယ်သံ ထွက်ပေါ်လာသည်။ အခြားသူများလည်း အံ့အားသင့်နေကြကာ ချီလင်းလေးသည်း မျက်လုံးပေကလပ်ပေကလပ်လုပ်ကာ တီးတိုးရေရွတ်လိုက်သည်။ “ရူးနေတာပဲ..”

ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ခေါင်းမူးနိုင်မည်နည်း.. သူတို့ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသောကြောင့်သာမဟုတ်ပါက သူတို့သည် ခွန်အားပြည့်ဝနေပြီး နေ၊လ ကဲ့သို့ပင် တောက်ပနေမည်သာ။

ဖီးနှစ်အမွေးများဖြင့် ပြုလုပ်ထားသည့် ငါးရောင်စပ်အဝတ်အစားများမှာ တောက်ပလှသည်။ သူမ၏ဆံပင်များပင်လျှင် အရောင်ငါးမျိုးတောက်ပသည်ပင်။ သူမ၏ဖြူဖွေးသည့်အသားအရေသည်လည်း အနာအဆာကင်းသည့် ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ပင်။ သူမ၏မျက်လုံးများမှာလည်း အသက်ဝင်လှပေသည်။

“တာအိုညီအစ်ကို .. ရှင်က ရှင့်ရဲ့တာအိုကို ပိတ်လိုက်လို့လား .. အဲဒါကြောင့်မို့လို့ ရှင်မူးနေတာလား” သူမစနောက်လိုက်သည်။

အခြားသူများလည်း ရယ်မောလာကြလေသည်။

ရှီဟောင် ရှက်မိသွားရသည်။ တာအိုကို ပိတ်လိုက်တယ် .. သူ ဤသည်ကို တစ်ခါမှ မကြားဖူးပေ။ သူ၏ကျင့်ကြံသည့်နည်းလမ်းများမှာ ဤနေရာတွင်ရှိနေသည့်သူများနှင့် ကွာခြားမည်ပင်။

“ညီအစ်ကို .. မင်းရဲ့အော်ရာက ငါတို့နဲ့ သိပ်မတူဘူး .. မင်းရဲ့ကျင့်ကြံတဲ့နည်းလမ်းက ငါတို့နဲ့ ကွာတယ် .. မင်းဘယ်လို ထာဝရမျိုးစေ့ကို ရထားတာလဲ .. မင်းအဲဒီမျိုးစေ့ကို မင်းရဲ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းလိုက်ပြီလား..” အလင်းတန်းထာဝရရွှေဓားကိုကိုင်ထားသည့်လူငယ်မှ နူးညံ့စွာ မေးလိုက်သည်။

“ရှေးဟောင်းမီးတောက်တစ်မျိုးပါ..” ရှီဟောင် သူ့ကိုယ်သူအားတင်းလိုက်သည်။ ထာဝရရှေးဟောင်းခေတ်တွင် မည်ကဲ့သို့သော ပညာမျိုးကျင့်ကြံသည်ကို သူမသိသောကြောင့် ဤကဲ့သို့သာ ပြန်ဖြေနိုင်သည်။

“အဲဒါက အရင်မျိုးဆက်တွေ ချန်ထားခဲ့တဲ့ မီးတောက်ဖြစ်လောက်မယ် .. မင်း အဲဒီမီးတောက်နဲ့ပေါင်းလိုက်တာနဲ့ ဒီလောကမှာ စွမ်းအားကြီးတဲ့ကျွမ်းကျင်သူ နောက်ထပ်တစ်ယောက် ပေါ်လာမယ်ထင်တယ်” ထိုလူငယ် ထပ်ပြောလိုက်သည်။

“ဟမ် .. ရှင့်ရဲ့ကျောမှာ ဓားတစ်ချောင်းရှိသေးတယ် .. အဲဒီဓားက တော်တော်လေး ထူးခြားနေသလိုပဲ” အဖြူရောင်ချီလင်းကို ပွေ့ထားသည့်အမျိုးသမီးမှ ပြောလိုက်သည်။

ခရမ်းရောင်ဝါးရုံတောထဲသို့ မဝင်မှီတွင် ရှီဟောင်သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ထာဝရဓားကို ထုတ်ထားခြင်းပင်။ ထို့နောက်တွင် သူ၏ကျောထက်တွင် သယ်ထားခဲ့သောကြောင့် ဤလူများ သတိပြုမိသွားခြင်းပင်။

“ဒါက ထူးဆန်းတယ် .. ဘာလို့ရင်းနှီးနေသလို ခံစားနေရတာလဲ” တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။

“ဒီဓားလား .. ဒီဓားက အရောင်အဆင်းလည်း မရှိဘူး .. သာမန်ဓားနဲ့တူတယ်” ဖီးနှစ်မိန်းမပျိုမှ ပြောလိုက်သည်။

ဤနေရာတွင်ရှိနေသည့် လူငယ်များအားလုံး ဓားကို ကြည့်လာကြသည်။ အချို့သူများမှာ ထူးဆန်းသည်ဟု ခံစားနေရလေသည်။ “ဒါက ဘိုးဘေးဆရာတွေ ပြောတဲ့ ဒဏ္ဍာရီလာဓားနဲ့ တော်တော်လေး တူတယ် .. ဒါက သေချာပေါက်ကို အတုပဲ..”

အခြားသူများလည်း ရယ်မောလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လက်နက်အများစုမှာ ယခင်မျိုးဆက်မှ လက်နက်များကို ပုံတူကူးထားခြင်းပင်။

“ကျွန်တော့်ဓားလည်း အတုပဲ .. ဒီဓားထဲမှာ အလင်းတန်းထာဝရရွှေ ၃၀၀ ဂရမ်ပါတယ် .. ဒါက မဆိုးဘူးဆိုပေမယ့် အဲဒီထာဝရဘုရင်ရဲ့လက်နက်နဲ့ယှဉ်ရင်‌ တော်တော်လေး နိမ့်ကျသေးတယ်” သူ၏ကျောထက်တွင် အဖိုးတန်ဓားလွယ်ထားသည့် လူငယ်လေးမှ ခေါင်းခါကာ ပြောလိုက်သည်။

အားလုံးလည်း သူတို့လက်နက်အကြောင်း ပြောလာကြလေသည်။

ရှီဟောင်စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဒီလူတွေက ထာဝရကျင့်ကြံသူအစစ်တွေ ဟုတ်တယ်မလား .. ဤလူများသည် ပြဿနာရှာခြင်းလည်းမရှိပဲ သူယခင်က တွေ့ဖူးခဲ့သည့် ကျင့်ကြံသူများနှင့် မတူပေ။

တစ်ချိန်တည်းမှာပင် သူစိတ်လှုပ်ရှားသွားရသည်။ သူကျောပေါ်တွင်ရှိနေသည့်ဓားမှာ ထူးခြားသည့်နောက်ခံရှိနေသည်လား..

“ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး .. တွေ့ဆုံပွဲကျင်းပမယ့်နေရာကို သွားရအောင်..”

ဤသည်မှာ ဂုဏ်သရေရှိတွေ့ဆုံပွဲကြီးပင်။ သူတို့ပြောသည့်အတိုင်းဆိုလျှင် ကလန်ပေါင်းစုံမှ လူများစွာ ရောက်လာလိမ့်မည်။ ထိုလူများအားလုံးမှာ စွမ်းအားကြီးသည့်သူများပင်။ ဤလူငယ်များအပြင် ပုဂ္ဂိုလ်ကြီးအချို့လည်း ရောက်လာကာ တာအိုများကို ဆွေးနွေးကြမည်ပင်။

ဤသည်ကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် စိတ်ထဲ ပျော်ရွှင်သွားရသည်။ မည်သို့ပင်ဖြစ်စေ သူသွားကြည့်ရမည်သာ။ ဘာဖြစ်မှန်းနားမလည်ခင် သူအတွေ့အကြုံအချို့ ယူထားရမည်။

အဘယ်ကြောင့်ဆိုသော် ဤလူများပြောနေကြသည့် မျိုးဆက်များ၊ တာအိုပညာများနှင့် အခြားအရာများမှာ အတုအယောင်မဟုတ်ဘူးဟု သူခံစားနေရသည်။

သူသာ ဤကျွမ်းကျင်သူများနှင့် ဆွေးနွေးကာ မတူညီသည့် ကျင့်ကြံရေးနည်းလမ်းများကို သင်ယူနိုင်ပါက သူ့အတွက် အလွန်အကျိုးရှိမည်ပင်။

လမ်းတစ်လျှောက်တွင် လူငယ်လေးများသည် နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုဖြင့် လွတ်လပ်စွာပင် စကားပြောနေကြလေသည်။

“ငါတို့ရောက်ပြီ .. ဒါက စီနီယာတစ်ယောက်ရဲ့ တောင်ပင်လယ်ခရမ်းရောင်ဝါးရုံတောပဲ .. တွေ့ဆုံပွဲကို ဒီမှာ လုပ်ထားတာ”

ခေါင်းကိုးလုံးနှင့်မြွေတစ်ကောင် ပြေးထွက်လာလေသည်။ သူ၏ခေါင်းတစ်လုံးစီမှာ တောင်ငယ်တစ်လုံးခန့် ပမာဏရှိပြီး သူ၏အနောက်ဘက်တွင် တောက်ပနေသည့် ကျောက်စိမ်းနန်းတော်ကြီးရှိနေလေ၏။

“ထာဝရအစစ်လာပြီ” အားလုံး ထိတ်လန့်သွားကြလေသည်။ သူတို့ကြည့်နေတုန်းမှာပင် ထိုပုံရိပ် ပျောက်ကွယ်သွားလေ၏။

ဒုန်း..

ရှည်လျားလှသည့် ခေါင်းလောင်းသံကြီး ထွက်ပေါ်လာကာ ခေါင်းလောင်းတစ်ခု တောင်ပင်လယ်ခရမ်းရောင်ဝါးရုံတောထဲသို့ ဝင်ရောက်သွားလေ၏။ ခေါင်းလောင်းသံမှာ အေးချမ်းလှကာ သူတို့ တာအိုလေ့လာရန် အဆင်သင့်ဖြစ်နေသကဲ့သို့ပင် စိတ်ကို ကြည်လင်သွားစေလေသည်။

“ဒီလိုမျိုး ပုဂ္ဂိုလ်တောင်လာတာလား .. တကယ် လန့်စရာကောင်းတာပဲ..”

“ဘုရားရေ ဒီ ‘အဆုံးမရှိခြင်း’ ပုဂ္ဂိုလ်တောင်လာတာလား .. ဒါက ဘယ်လိုပွဲမျိုးမို့လဲ .. သူ့ရဲ့တာအိုကို နားလည်နိုင်စွမ်းက ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတယ် .. ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်မှာ ပြဿနာရှိနေလို့ သူခေတ်ပေါင်းများစွာကို သီးသန့်နေနေရတာတဲ့ .. သူဒီနေ့မှာ နောက်တစ်ခေါက် ပြန်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…”

ဖီးနှစ်မိန်းကလေးပင်လျှင် အော်ဟစ်ခုန်ပေါက်နေပြီး မိန်းမပျိုလေးတစ်ယောက်ရှိသင့်သည့် တက်ကြွမှုများကို ပြသနေလေသည်။ သူမ၏မျက်ဝန်းမှ ငါးရောင်စပ်အလင်းတန်းများ ထွက်ပေါ်လာပြီး ယခင်က ဂုဏ်သရေကြီးမားသည့်အော်ရာလည်း ပျောက်ကွယ်သွားလေပြီ။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် တုန်လှုပ်သွားရသည်။ အဆုံးမရှိခြင်း .. ဤစကားလုံးမှာ သူနှင့်စိမ်းသည့်စကားလုံးမဟုတ်ပေ။ စီရင်စုသုံးထောင်တွင် သူ၏ပျက်စီးနေသည့် ခေါင်းလောင်းရှိနေသည်ပင်။ သူ၏အတွေးများမှာ ချက်ချင်းပင် ဖရိုဖရဲဖြစ်သွားရသည်။

ဒီလူက မသေသေးဘူးလား .. သူက ထာဝရနယ်မြေမှာ အခုထိ ပုန်းနေတာလား .. အခုက သူ့ရဲ့ခန္ဓာကိုယ်အစစ် ထွက်လာမှာလား..

သူ ပို၍သိချင်လာပြီ။ ဤတောင်ပင်လယ်ခရမ်းရောင်ဝါးရုံတောသို့ ဝင်လာနိုင်ခြင်းမှာ သူကံကောင်းနေသောကြောင့်ပင်။ မည်သို့ပင်ဖြစ်စေ လျှို့ဝှက်ချက်အနည်းငယ်ကို သိသွားအောင် လုပ်ရမည်။

ကျောက်စိမ်းရောင်ပင်လယ်ကြီးမှာ မျက်စိတစ်ဆုံးကျယ်ပြန့်လှသည်။ မျက်နှာပြင်ထက်တွင်လည်း အဖြူရောင်မြူများ ရစ်ဆိုင်းနေပြီး ထာဝရတာအိုစွမ်းအင်များလည်း လေထဲတွင် ပျံ့နှံ့နေသည်။

“နေရာကောင်းပဲ…” ရှီဟောင်စိတ်ထဲ လေးစားသွားရသည်။ ဤသည်မှာ ကျင့်ကြံရန်သင့်တော်သည့် မြင့်မြတ်သည့်မြေနေရာတစ်ခုပင်။ စီရင်စုသုံးထောင်ရှိ မည်သည့်နေရာတွင်မဆို ကျင့်ကြံခြင်းထက် ပိုကောင်းသည်ပင်။

သူတို့သည် အရှေ့ဘက်သို့ ဆက်လက်ပျံသန်းခဲ့ပြီးနောက် ကျောက်စိမ်းရောင်ပင်လယ်ထဲတွင် အမြစ်တွယ်နေသည့် ခရမ်းရောင်ဝါးပင်များကို တွေ့လိုက်ရသည်။ တစ်ပင်စီတိုင်းမှာ ထူထဲလှပြီး အရောင်တောက်ပနေလေသည်။

ရှီဟောင်မှာ ပြောစရာစကားများပင် ပျောက်ရှသွားရသည်။ ဒါက ဝါးပင်ရော ဟုတ်ရဲ့လား..

ဝါးပင်များမှာကြီးလွန်းလှပြီး တောင်ထိပ်များနှင့်ပင် တူနေလေပြီ။

ပို၍အရေးကြီးသည်မှာ ဤအပင်များအားလုံးသည် ပင်လယ်ထဲတွင် အမြစ်တွယ်နေခြင်းဖြစ်ပြီး သူတို့၏ကိုယ်ထည်သာ ပင်လယ်မျက်နှာပြင်ပေါ်တွင် ပေါ်နေခြင်းပင်။

ဒါက တောင်ပင်လယ်ခရမ်းရောင်ဝါးရုံတောလား .. ရှီဟောင် ဤကဲ့သို့သောဝါးပင်များကို တစ်ခါမှ မမြင်ဖူးပေ။

ခရမ်းရောင်အလင်းတန်းမှာလည်း မျက်စိတစ်ဆုံးမြင်နေရသည်။ အပင်တစ်ပင်စီတိုင်းမှာ ခရမ်းရောင်ရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ပင်။ အရွက်များလည်း ခရမ်းရောင်တောက်ပနေသည်ပင်။

“တကယ်ကို နေရာကောင်းတစ်ခုပဲ..” ရှီဟောင် မအံ့ဩပဲ မနေနိုင်တော့ပေ။

“ဟမ် .. အဲဒါက နဂါးလား..” ရှီဟောင်သည် ပင်လယ်မျက်နှာပြင်ကို လက်ညှိုးထိုးပြလိုက်ပြီး သူ၏မျက်လုံးများလည်း ပြူးကျယ်လာသည်။

ရေလှိုင်းများထွက်ပေါ်လာကာ ဘေးနှစ်ဘက်လုံးတွင် မြင့်တက်လာလေ၏။ ထို့နောက် ရေထဲတွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

လှိုင်းလေကြားမှ နဂါးဖြူတစ်ကောင် တရှိန်ထိုး လာနေသည်။ သူသည် အလွန်စွမ်းအားကြီးလှပြီး သူ၏ဦးချိုများမှာလည်း သစ်ပင်များကဲ့သို့ပင်။ ကောင်းကင်ကြီးကိုပင် တုန်လှုပ်စေနိုင်သည့်နဂါးအော်ရာများလည်း ရောက်လာလေပြီ။

“အဲဒါက နဂါးမဟုတ်ဘူး .. အဲဒါက ရေနဂါးဖြူဘုရင် .. လုံးဝပြောင်းလဲသွားဖို့ တစ်ဆင့်လိုသေးတယ် .. ဒါပေမဲ့ အခုတောင်မှ သူအရမ်းစွမ်းအားကြီးနေပြီ” အလင်းတန်းထာဝရရွှေဓားကို ကိုင်ဆောင်ထားသည့်လူငယ်မှ ရှင်းပြလိုက်သည်။

“တကယ်ကို နေရာကောင်းပဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ နဂါးဖြစ်ခါနီးသက်ရှိကိုပင် တွေ့နေရသောကြောင့် နဂါးအစစ်များလည်း ရှားမည်မဟုတ်ပေ။

သူနောက်ပြန်လှည့်လိုက်သည့်အချိန်တွင် သူထပ်မံဆွံ့အသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့အနားတွင် ဖီးနှစ်မိန်းကလေးနှင့်အတူ ဖြူဖွေးနေသည့်ချီလင်းလေးလည်းရှိနေသည်။

ရှီဟောင်တို့ ခရမ်းရောင်ဝါးရုံတောကို ဖြတ်ပြီးသည့်နောက်တွင် တောင်ပင်လယ်၏အတွင်းပိုင်းသို့ ရောက်လာကာ ကုန်းမြေကို မြင်ရလေပြီ။ ဤသည်မှာ ငှက်များ၊ ပန်းပွင့်များနှင့် လှပနေသည့် တာအိုလောကတစ်ခုပင်။

ကျောက်စိမ်းပင်လယ်နှင့် ကြီးမားလှသည့် ဝါးရုံတောအလယ်တွင် လေထဲပေါလောပေါ်နေသည့် ထာဝရကျွန်းတစ်ခုပင်။ လေထဲတွင် အဖြူရောင်မြူများရစ်ဆိုင်းနေပြီး အလွန်ပင် သန့်စင်မြင့်မြတ်လှလေသည်။

ဤသည်မှာ ထာဝရအစစ်များ နေထိုင်သည့်နေရာပင် ဖြစ်လိမ့်မည်။ ရှီဟောင်သည် ဤအရာအားလုံးကို အံ့အားတကြီးကြည့်နေရုံသာ တတ်နိုင်တော့သည်။

အခြားသူများလည်း အံ့အားသင့်ကာ စိတ်ရှုပ်ထွေးသည့်အမူအရာများဖြစ်နေလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အတွက်မူ ဤသည်မှာ ထာဝရသက်ရှိတစ်ယောက် သီးသန့်ကျင့်ကြံသည့်နေရာသာ။ ဤနေရာတွင် ဘာများထူးခြားနေသနည်း..

ရှီဟောင် ကို့ယိုးကားယားပင် ရယ်မောလိုက်ကာ သူ၏စိတ်ထဲတွင် ကိုယ့်ကိုကိုယ်လှောင်ရယ်မိသည်။ သူသည် တာအိုသုံးထောင်စီရင်စုမှ လာသောကြောင့် အသက်ရှည်သည့်သူများကို မမြင်ဖူးပေ။ ထာဝရဆိုသည်မှာ သူနှင့်ဝေးကွာလွန်းလှသည်။

ဤကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူအံ့အားသင့်သွားသည်သာ။

ဤကျွန်းပေါ်သို့ လူများစွာ ရောက်နေလေပြီ။ အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီး အားလုံးရောနေသည်သာ။ သူတို့အားလုံးသည် ငြိမ်းချမ်းလှကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ခြင်းလည်းမရှိပေ။ သူတို့အားလုံးသည် တပြုံးပြုံးဖြင့်ပင် တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြလေသည်။

ကျွန်းပေါ်တွင် ကျောက်စိမ်းစားပွဲများ၊ ကုလားထိုင်များရှိနေပြီး အသီးမျိုးစုံနှင့် ဝိုင်များရှိနေလေ၏။ အားလုံးမှာ မြင်တွေ့နိုင်ရန် ခက်ခဲလှသည့် အရာများပင်။

အဖြူရောင်မြူများမှာ သူတို့ဒူးတစ်ဝက်ဖုံးနေလေပြီ။ ကြာပန်းများလည်း ပွင့်အာနေကြသည်။ ကြာပန်းနှင့် အရွက်များအားလုံးမှာ ရွှေရောင်ပင်။

ငါးရောင်စပ်နတ်သမင်သည် သူ၏ဦးခေါင်းပေါ်တွင် ကျောက်စိမ်းပန်းကန်တစ်ချပ်တင်ကာ အားလုံးကို အသီးလိုက်ပေးနေလေသည်။ အဖြူရောင်လူဝံကြီးလည်း အားလုံးအတွက် ဝိုင်များကို လိုက်ငှဲ့ပေးနေလေသည်။

“ထာဝရကျင့်ကြံသူတွေဆိုတာ ဒီလိုမျိုးတွေပဲ..” ရှီဟောင်စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူသည် ရုတ်တရက်ပင် ဤလူများကို မနာလိုဖြစ်လာသည်။ သူဤနေရာမှ ထွက်မသွားပဲ အချိန်အကြာကြီး နေချင်မိသည်။

ရုတ်တရက်ပင် ထာဝရအလင်းတန်းများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။

တောင်ပင်လယ်အပြင်ဘက်မှ ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာကာ ကျွန်းပေါ်ထိသို့ ရောက်လာလေသည်။ ထိုအလင်းတန်းပေါ်မှ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး လျှောက်လာလေသည်။ ထိုလူ၏ပုံစံအမှန်ကို မမြင်ရသော်လည်း သူ၏အော်ရာမှာ လေးစားဖွယ်ကောင်းလှသည်။

လူများစွာသည် သူ့ကို သွားရောက်နှုတ်ဆက်ကြလေ၏။

“တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းထာဝရဘုရင်လာပြီ” ချီလင်းလေးကို ကိုင်ထားသည့်အမျိုးသမီးမှ ထိတ်လန့်တကြားပြောလိုက်သည်။ ဤလူလာမည်ဟု သူမ မထင်ထားသည့်ပုံပင်။

“သူက နာမည်ကြီးတာလား..”

“မင်းက ကျင့်ကြံသူမဟုတ်ဘူးလား .. မင်းက ဒီထာဝရဘုရင်အကြောင်းကိုတောင် မသိဘူးလား..” မိန်းမပျိုလေးမှ သူ့အား မျက်လုံးပင့်ပြီး မေးလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ သူ တကယ်မသိပေ။

သို့သော် ခဏကြာပြီးသည့်နောက်တွင် သူ၏မျက်လုံးများပြူးကျယ်သွားရသည်။ ထာဝရဘုရင်၏ဦးခေါင်းထက်တွင် မှော်ပစ္စည်းတစ်ခု၏ အစိတ်အပိုင်းများစွာရှိနေသည်။

“ပြန်လည်ဝင်စားခြင်းစက်ဝန်း…” သူ တုန်လှုပ်သွားရသည်။

အဆင့်နိမ့်နယ်မြေတွင် သူဤသည်ကို မြင်ဖူးပြီးသားပင်။ ဤသည်ကို ထူးဆန်းသည့်မီးတောက်များဝန်းရံထားသည့် အမျိုးသားမှ အသက်သွင်းခဲ့ခြင်းပင်။ သို့သော်လည်း ထိုလူသုံးလိုက်သည်မှာ ပြန်လည်ဝင်စားခြင်းစက်ဝန်း၏ တစ်စိတ်တစ်ပိုင်းသာ။

ဤလူ၏ဦးခေါင်းထက်တွင်မူ အစိတ်အပိုင်းများစွာရှိနေသည်။

အပိုင်း ၁၂၃၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၈ – ထာဝရရှေးဟောင်းမြေသို့ ပြန်ရောက်ခြင်း

ပြန်လည်ဝင်စားခြင်းစက်ဝန်း…

ဒါကို ဒီလူ လုပ်ထားတာလား..

ရှီဟောင် ဆွံ့အစွာဖြင့်ပင် ထိုလူကို ငေးကြောင်ကြည့်နေမိသည်။ အဆင့်မြင့်နယ်မြေရှိ အဆင့်လွန်ရတနာများ၏ပိုင်ရှင်မှာ ဤနေရာတွင်ရှိနေသောကြောင့် သူအနည်းငယ်ပင် မူးနောက်လာရသည်။

ထိုအဆင့်လွန်ရတနာများထဲတွင် ဘယ်တစ်ခုက မထူးခြားသနည်း.. ထိုပစ္စည်းအားလုံးသည် အတိတ်ကို တုန်လှုပ်စေနိုင်သည်သာ။ အားလုံးမှာ အစားထိုး၍မရနိုင်သည့် ဒဏ္ဍာရီများပင်။

ယနေ့တော့ ထိုပစ္စည်းများ၏ ပိုင်ရှင်ကို သူတွေ့လိုက်ရလေပြီ။

“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းထာဝရဘုရင်က သူ့ရဲ့ကိုယ်ပိုင်တာအိုကို ရှာဖွေနေတုန်းပဲ .. သူဘယ်အချိန်မှ တကယ်လုပ်နိုင်မယ်ဆိုတာ မသိနိုင်ဘူး..” ဖီးနှစ်မိန်းကလေးမှ နူးညံ့စွာ ပြောလိုက်သည်။

“သူသေချာပေါက် လုပ်နိုင်မှာ .. တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းထာဝရဘုရင်က ထူးခြားတဲ့သူ .. သူကအရမ်းကိုရဲရင့်တယ် .. သူက ပြန်ဝင်စားမယ်လို့ပြောတော့ သူက သေချာပေါက်ကို အောင်မြင်မှာ” အဖြူရောင်ချီလင်းကို သယ်ထားသည့်အမျိုးသမီးမှ ပြောလိုက်သည်။ သူမ၏မျက်နှာထက်တွင် လေးစားမှုများ ပြည့်နေလေသည်။

သူမ၏လက်ထဲတွင်ရှိနေသည့် ချီလင်းလေးပင်လျှင် ထိုလူကို ဦးညွှတ်နေသည့်ပုံစံဖြင့် ခြေလက်များကို လှုပ်ရှားနေလေသည်။

“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းထာဝရဘုရင်ရဲ့ ပါရမီတွေက ရေတွက်လို့ကိုမရနိုင်ဘူး .. ‘အဆုံးမရှိခြင်း’ အရှင်ထက်ကို နိမ့်ကျမှာ မဟုတ်ဘူး … သူတစ်နေ့တော့အောင်မြင်မှာပဲ” အလင်းတန်းထာဝရရွှေဓားကိုင်ထားသည့်လူငယ်မှ ပြောလိုက်သည်။

“သူကိုယ်တိုင်လုပ်ထားတဲ့ ပြန်လည်ဝင်စားခြင်းစက်ဝန်းတောင်မှ သူလေ့လာလို့ တစ်စစီဖြစ်နေပြီ… သူနမော်နမဲ့လုပ်ပြီးတော့ သူ့အသက်ဆုံးသွားမှာကိုပဲ စိတ်ပူမိတယ်” သူ့ဘေးမှ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

သူတို့၏စကားသံများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ဤလောကတွင် မည်သူမှမရသေးသည့် ပြန်လည်ဝင်စားခြင်းကို ရှာနေသည့်သူတစ်ယောက်ယောက်ရှိခဲ့သည်။

ယနေ့ သူ ဘာမှမရလိုက်လျှင်ပင် ဤသတင်းများကို သိလိုက်ရသည့်အတွက် သူ့အတွက်တန်နေလေပြီ။

မီးတောက်များ ထွက်ပေါ်လာကာ နေလုံးကြီးတစ်လုံးသည် ကျယ်လောင်သည့်အသံများနှင့်အတူ တောင်ပင်လယ်ခရမ်းရောင်ဝါးတောထံသို့ ပျံသန်းလာလေသည်။ အလင်းတန်းများမှာ တောက်ပလွန်းသောကြောင့် ပင်လယ်ရေများပင် ရေငွေ့ပြန်ကာ ခမ်းခြောက်တော့မည်။

“လူအိုကြီး .. ဒီလောက်အသက်ကြီးနေတာတောင်မှ ကလေးလိုမျိုး လာဆော့နေသေးတယ်” ခရမ်းရောင်ဝါးတောထဲမှ တစ်စုံတစ်ယောက်မှ ပြုံး၍ပြောလိုက်သည်။

အပေါ်ဘက်မှ ရယ်သံကြီး ထွက်ပေါ်လာလေသည်။ ထိုနေလုံးကြီးသည် ရွှေရောင်ကျီးကန်းအဖြစ်သို့ ပြောင်းလဲသွားကာ အပူအားလုံးကိုလည်း ပြန်ရုတ်သိမ်းလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် ရွှေရောင်ဝတ်စုံနှင့်အကြီးအကဲအဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ကြည့်လိုက် .. မင်းရောက်လာတော့ ကောင်းကင်ကို စောင့်ကြည့်မယ့်သူ မရှိတော့ဘူး .. လောကကြီးက အမှောင်ဖုံးပြီးတော့ ညဖြစ်သွားပြီ” တစ်စုံတစ်ယောက်မှ အတွန့်တက်လိုက်သည်။

“ကိစ္စမရှိပါဘူး..” ဤကျီးကန်အိုကြီး လက်ညှိုးညွှန်လိုက်သည်နှင့် ကောင်းကင်ထက်သို့ ရွှေရောင်အလင်းတစ်ခု ပျံသန်းသွားကာ တောက်ပသည့်နေလုံးကြီး ဖြစ်သွားလေ၏။

ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်စွမ်းရည်ပင်။ လက်ညှိုးတစ်ချောင်းညွှတ်လိုက်သည်နှင့် နေလုံးကြီးတစ်လုံးကို ဖန်တီးနိုင်နေလေပြီ။ ဤသည်မှာ ရှီဟောင်ကို ပြောစရာစကားများပင် ကင်းမဲ့သွားစေသည်။

လူငယ်ကျွမ်းကျင်သူများသည် အုပ်စုဖွဲ့ကာ သဘာဝတာအိုဥပဒေသများကို ဆွေးနွေးနေကြလေသည်။ သူသည် ဘာမှအသုံးမကျသည့် ကျင့်ကြံသူတစ်ယောက်နှင့်တူနေကြောင်း ရှီဟောင်သိလိုက်ရသည်။ သူတို့ပြောနေသည်များကို သူဘာမှနားမလည်ပေ။

နည်းလမ်းများမှာ ကွာခြားလှသည်။ သူတို့ပုံမှန်အတိုင်းသာပြောနေသည့် လျှို့ဝှက်ပညာများမှာ သူ့ကို အံ့အားသင့်သွားစေသည်။

ဤလူများ၏ ကျင့်ကြံခြင်းတွင် ထာဝရမျိုးစေ့များလိုအပ်ပြီး ထိုမျိုးစေ့များကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး ကျင့်ကြံခြင်းစတင်ခြင်းပင်။

“တာအိုညီအစ်ကို .. မင်းကဘာလို့ ဘာမှမပြောတာလဲ..” ထာဝရအလင်းတန်းဓား လွယ်ထားသည့်လူငယ်မှ ပြောလိုက်သည်။

ရှီဟောင်သည် ခါးသက်စွာပင် ရယ်မောလိုက်ကာ “ကျွန်တော့်ရဲ့ခွန်အားက မလုံလောက်တော့ ဒီမှာ နားထောင်နေတာပဲ ကောင်းပါတယ်”

မိုးမခနတ်ဘုရားနှင့် သားရဲ၁၀မျိုးတို့၏ ပညာများမှာ အဘယ်ကြောင့်အဖိုးတန်ပညာဖြစ်နေသည်ကို သူသိသွားလေပြီ။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်နေနေသည့်လောကမှ ကျင့်ကြံခြင်းမှာ ခြားနားလွန်းလှသောကြောင့်ပင်။

“မိုးမခနတ်ဘုရားက သိပ်မဆိုးဘူး .. ခေတ်နှစ်ခေတ်ကို ကြုံတွေ့ခဲ့ရပြီးတော့ အလယ်လမ်းစဉ်ကို လိုက်ခဲ့ကြတာ .. ငါတို့နေနေတဲ့လောကကြီးမှာ သူတို့ပညာတွေကို လက်ခံနိုင်အောင် လုပ်ခဲ့တယ် .. ဒီလူတွေရဲ့ပညာတွေကတော့ရှုပ်ထွေးပြီးတော့ နားလည်ဖို့တော်တော်ခက်တယ်”

ရှီဟောင် သက်ပြင်းချလိုက်သည်။ ဤလူများ၏ စကားဝိုင်းထဲသို့ ဝင်ပါရန်မပြောနှင့် သူတို့၏ပညာများကို သေချာမသိပဲ သူဝင်ရောနိုင်မည်မဟုတ်ပေ။

“တာအိုညီအစ်ကိုက နှိမ့်ချလွန်းနေပါပြီ .. မင်းမှာ ထာဝရတာအိုစွမ်းအင်တွေရှိနေတာ ငါမြင်ပါတယ် .. မင်းက ကျင့်ကြံခြင်းမှာ တော်တော်လေးကို ခရီးရောက်နေပါပြီ .. မင်းကဘာလို့ ဒီလိုမျိုးပြောတာလဲ” အလင်းတန်းထာဝရရွှေဓားလွယ်ထားသည့် လူငယ်မှ မေးလိုက်သည်။ ထို့အပြင် သူသည် လေးစားစွာဖြင့် မေးလိုက်ခြင်းပင်။

ဤလူများသည် ကလန်ပေါင်းစုံမှ စွမ်းအားကြီးသည့် ကျွမ်းကျင်သူများဖြစ်သော်လည်း သူတို့သည် အခြားသူများကို အထင်သေးဖို့မပြောနှင့် စိတ်ကြီးဝင်ခြင်းပင် မရှိပေ။

လေထုပေါင်းစုံကို ရှီဟောင်အာရုံခံမိသည်သာ။ ဤတွေ့ဆုံပွဲမှာ တစ်ယောက်နှင့်တစ်ယောက် သတင်းဖလှယ်ရန်အတွက်ပင်။

“ကျွန်တော့်လမ်းက နည်းနည်းထူးခြားလို့ပါ” ရှီဟောင်ပြောလိုက်သည်။

“နည်းနည်းလောက် ပြိုင်ကြည့်ရအောင်လေ .. ဘယ်သူက ပိုပြီးခွန်အားကြီးသလဲဆိုတာ ကြည့်ရအောင်” အဖြူရောင်ချီလင်းကို သယ်ထားသည့်အမျိုးသမီးမှ ပြောလိုက်သည်။

“ကောင်းတယ် .. ဒီတိုက်ခိုက်တာကို ကြည့်ပြီးတော့ သင်ယူကြတာပေါ့”

“ဟုတ်တယ် .. ခဏနေကျရင် ပုဂ္ဂိုလ်ကြီးတွေက တာအိုတွေ ဆွေးနွေးကြတော့မှာ .. အဲဒီတော့ သူတို့မစခင် ငါတို့ ပညာတွေ ဖလှယ်လို့ရတယ် .. မင်းတို့နှစ်ယောက် လွန်လွန်ကြူးကြူးမလုပ်မိဖို့ သတိထားကြ .. ဒါပေမဲ့ မင်းတို့နှစ်ယောက်အချိန်မဖြုန်းရင်လည်း အကောင်းဆုံးပဲပေါ့..”

လူများ တောင်းဆိုလာကြသည်။

“ကောင်းပြီလေ အဲဒါဆိုလည်း..” ထိုမိန်းမပျိုလေးမှ ပျော်ရွှင်စွာပင် သဘောတူလိုက်သည်။

ရှီဟောင်သည် တစ်ခဏခန့်စဉ်းစားပြီးနောက် သူလည်းတုံ့ဆိုင်းမနေတော့ပေ။ အရှေ့ဘက်သို့လျှောက်လာကာ သူမနှင့် ပညာဖလှယ်လိုက်သည်။

မိန်းမပျိုလေးသည် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် သူမ၏လက်ချောင်းမှ တောက်ပလာကာ အစေ့တစ်စေ့ ထွက်လာပြီး လေဟာနယ်ထဲတွင် အညှောင့်ပေါက်သွားလေသည်။ ထိုအစေ့မှ ရှေးကျကာ ထူးဆန်းသည့်အော်ရာလည်း ထွက်ပေါ်လာလေ၏။

“ဟမ်..”

ရှီဟောင် ထိတ်လန့်သွားရ၏။ တစ်ဖက်လူ၏တာအိုမှာ အနည်းငယ်ထူးခြားလှသည်။ ဤသည်မှာ အစေ့အစစ်မဟုတ်ပဲ တာအိုမျိုးစေ့ပင်။ ထိုအစေ့သည် လေဟာနယ်မှ စွမ်းအားများကို စုတ်ယူပြီး တာအိုစွမ်းအင်ကို ထုတ်လွှတ်နေခြင်းပင်။

ရွှီး..

သူလျှပ်စီးတစ်ခုကို ပစ်လွှတ်လိုက်၏။

သို့သော်လည်း ထိုမိန်းမပျိုလေး၏ တာအိုမျိုးစေ့မှာ အတော်လေး ထူးခြားလှသည်။ ထိုအစေ့မှ ပန်းပွင့်နှင့် အသီးများ ဖြစ်ပေါ်လာပြီးနောက် စေတီကိုယ်ထည်ဖြစ်သွားလေသည်။ ထိုကိုယ်ထည်မှ အသံများထုတ်လွှတ်လာပြီး လျှပ်စီးကို ပျက်ပြယ်စေလိုက်လေသည်။

“နောက်တစ်ခေါက်…” ပထမတစ်ခေါက် သူအားသိပ်မသုံးလိုက်သောကြောင့် ရှီဟောင် အားပိုထည့်လိုက်သည်။

သူနောက်တစ်ခေါက် တိုက်ခိုက်လိုက်သည့်အချိန်တွင် လျှပ်စစ်တန်းများ လွင့်ပျံထွက်လာပြီး ကြယ်များတစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာလေ၏။

“ရှင်ကဘာလို့ တာအိုရဲ့စွမ်းအင်တွေကို လျစ်လျူရှုပြီးတော့ ပညာရပ်တွေကိုပဲ အဲဒီလောက် အလေးထားနေတာလဲ” ထိုမိန်းမပျိုလေး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

သူမ နောက်တစ်ကြိမ် လက်ညှိုးထိုးလိုက်သည်နှင့် အလင်းတန်းတစ်ခု ထွက်လာပြီး ထာဝရမျိုးစေ့တစ်ခု ဖြစ်သွားလေသည်။ ထို့နောက်တွင် ထိုမျိုးစေ့မှ နောက်တစ်ကြိမ်ဖူးပွင့်လာပြီး အသီးများ ထွက်ပေါ်လာလေသည်။ ဤအစေ့သည် အပင်တစ်ပင်ကဲ့သို့ပင် ခေါင်းလောာင်းပုံစံအသီးတစ်လုံးကို ပြုလုပ်လိုက်လေ၏။

ဒုန်း..

ထိုခေါင်းလောင်းမှ ရှည်လျားလှသည့်အသံကျယ်ကြီး ထွက်ပေါ်လာသည်နှင့် အချိန်များပင် မတည်မငြိမ်ဖြစ်လာပြီး လျှပ်စီးများကို နှောက်ယှက်လိုက်လေ၏။

ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ နောက်ဆုံးတွင်တော့ ထိုမိန်းကလေးပြောလိုက်သည့်စကား၏အဓိပ္ပာကိုယ်ကို သူနားလည်သွားလေပြီ။ တစ်ဖက်လူသည် ပညာရှု့ထောင့်မှ တိုက်ခိုက်ခြင်းမဟုတ်ပဲ တာအိုများဖြင့် တိုက်ရိုက်တိုက်ခိုက်ခြင်းပင်။

ဒါက ထာဝရရှေးဟောင်းမြေရဲ့စနစ်လား..

ဤခေတ်တွင် အရာအားလုံး ပညာများမှစတင်ကာ နောက်ဆုံး အရင်းအမြစ်ထိ အဆုံးထိလိုက်ခြင်းပင်။

အဖိုးတန်ပညာများဆိုသည်မှာ တာအိုများကို ကိုယ့်အတွက် ပြောင်းလဲထားခြင်းပင်။

ဤထာဝရရှေးဟောင်းမြေတွင် တာအိုများဖြင့် တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြောင်းလဲမှုအနည်းငယ်ပင် မရှိပေ။

ဤသည်မှာလည်း သူသည် ကွဲပြားမှုများကို နှိုင်းယှဉ်ပြီး သိလာရသည့်အရာပင်။

အမှန်တကယ်တွင် ဤသည်မှာ မတူညီသည့်စနစ်နှစ်ခုပင်။ ဤကွာခြားချက်ကို ရှီဟောင်အချိန်တိုအတွင်း သိစရာအကြောင်းမရှိပေ။

“စိတ်ဝင်စားစရာပဲ .. တာအိုညီအစ်ကို .. မင်းသုံးတဲ့ တာအိုပညာတွေက ဒီထူးဆန်းတဲ့သင်္ကေတကနေ လာတာလား .. ငါတို့သုံးတဲ့ တာအိုသင်္ကေတတွေနဲ့ မတူဘူးပဲ .. တော်တော်လေး အသိပညာတိုးရပါတယ် .. နောက်ထပ်လမ်းညွှန်ပေးလို့ရမလား” အလင်းတန်းထာဝရရွှေဓားကို ကျောလွယ်ထားသည့် လူငယ်လေးသည် ရှီဟောင်နှင့် ပညာဖလှယ်ရန် မစောင့်နိုင်တော့ပေ။

“ခင်ဗျားတို့ သင်္ကေတတွေက တော်တော်လေး ထူးခြားတယ် .. ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကနေ ရလာတဲ့ အခြေခံသင်္ကေတတွေမလား .. အပြင်ကို ထုတ်လို့မရတဲ့ ဘာလျှို့ဝှက်ပညာမှ မရှိဘူး ဟုတ်တယ်မလား” ရှီဟောင်မေးလိုက်သည်။

“အမ် .. ဟုတ်တယ် .. လူတစ်ယောက်က ထာဝရမျိုးစေ့ကိုလိုတယ် .. ကြည့်ရတာ တာအိုညီအစ်ကိုရဲ့ သဘာဝဥပဒေသတွေက မတူဘူးထင်တယ်”

ထို့နောက်တွင် အလင်းတန်းထာဝရရွှေဓားကိုင်ထားသည့် လူငယ်သည် ရှီဟောင်နှင့် ပညာဖလှယ်လာကြလေ၏။ ဤသည်မှာ အသက်အန္တရာယ်မရှိပဲ ငြိမ်းငြိမ်းချမ်းချမ်း တိုက်ခိုက်ကြခြင်းပင်။

“ရှင် .. ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားတာလား” ဖီးနှစ်မိန်းကလေး ထိတ်လန့်သွားရသည်။

ထာဝရစွမ်းအင်သုံးကြောင်း .. ဤသည်မှာ ဤနေရာတွင်ရှိနေသည့် လူအားလုံး၏အာရုံကို ရယူသွားသည်ပင်။ သူတို့အရွယ်တွင် ဤကဲ့သို့သော အောင်မြင်မှုရထားသည့်သူများမှာ အလွန်ရှားပါးသည်ပင်။

သို့သော် ရှီဟောင် ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားသော်လည်း သိပ်ပြီး ဆူဆူပူပူမဖြစ်လိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ဤကဲ့သို့ရှိနေသည့်အခြားသူများလည်း ရှိသေးသည်သာ။

ဤလူများသည် ထူးခြားကာ စွမ်းအားကြီးလှသည်ဟု ရှီဟောင်ပထမဆုံးအကြိမ် ခံစားမိခြင်းပင်။

ထို့အပြင် ဤဖီးနှစ်မိန်းကလေးလည်း သာမန်မဟုတ်ပေ။ သူမသည်လည်း ထာဝရစွမ်းအင်သုံးကြောင်း ရှိသည်ထင်သည်။

သူတို့နှစ်ဦးဆက်လက်တိုက်ခိုက်လိုက်ကြသည်။ ရှီဟောင်သည် ကောင်းကင်ဖီးနှစ်အဖိုးတန်ပညာ၏ ရိုးရှင်းကာ ရှေးကျသည့်တာအိုသင်္ကေတများကို လေ့လာကြည့်လိုက်သည့်အချိန်တွင် ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။

ထို့နောက်တွင် ဤဖီးနှစ်မိန်းကလေးသည်လည်း ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားကြောင်း သူအတည်ပြုလိုက်နိုင်သည်။ သူ့အမြင် မမှားပေ။

“မင်းမှာလည်း ထာဝရစွမ်းအင်သုံးကြောင်း ရှိနေတာလား” ရှီဟောင်မေးလိုက်၏။

“အရင်တုန်းက ကျွန်မ အခြေတည်စ စကြာဝဠာတစ်ခုရဲ့ အပိုင်းလေးတစ်ပိုင်းကို တွေ့လိုက်ရတယ် .. အဲဒါကို ကျွန်မခန္ဓာကိုယ်ထဲမှာ ပြုပြင်လိုက်ပြီး ကျွန်မရဲ့ထာဝရမျိုးစေ့ဖြစ်အောင် လုပ်လိုက်တာ .. အဲဒီတော့ ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံနိုင်တာက ကိစ္စကြီးမဟုတ်ဘူး ..ဒါပေမယ့် ရှင်က တော်တော်လေး ထူးဆန်းတယ် .. ကျွန်မရှင့်ကို ဖောက်ထွင်းမမြင်နိုင်ဘူးဖြစ်နေတယ်” ဖီးနှစ်မိန်းကလေး ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်အတော်လေး ထိတ်လန့်သွားရသည်။ ထာဝရရှေးဟောင်းမြေမှ အဖြစ်အပျက်တစ်ချို့ကို သူပြန်တွေးမိသွားသည်။ ထာဝရဆေးခင်းထဲတွင် ထာဝရသက်ရှိကို သယ်ဆောင်ထားသည့်လိပ်ဖြူပြောသည့်စကားကို သူပြန်အမှတ်ရမိသွားသည်။

အမှန်တကယ်တွင် ရှီဟောင် ထိုနေရာတွင် သီးသန့်ကျင့်ကြံနေသည့်အချိန်တုန်းက ထာဝရဘုရင်လေး၏ ကျင့်ကြံသည့်နည်းလမ်းကိုလည်း တွေ့ဖူးပြီးသားပင်။

ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံပြီးသည်နှင့် တတိယမြောက်ထာဝရစွမ်းအင်မှာ လျှပ်စီးအတိဒုက္ခမှ ရရှိမည်ပင်။

ထိုထာဝရဘုရင်လေး လျှောက်သည့်လမ်းမှာ ရှီဟောင်နှင့်အတူတူပင်။

ထိုသို့ကျင့်ကြံသည့်အချိန်တုန်းက အချို့လူများသည် လောကသစ်ပင်ကို ထာဝရမျိုးစေ့အဖြစ်သုံးပြီး၊ အချို့မှာ အခြေတည်စ စကြာဝဠာကို ထာဝရမျိုးစေ့အဖြစ်သုံးသည်ဟု ထာဝရဘုရင်လေး ပြောဖူးသည်။ ထိုသူတို့အားလုံးတွင် ထာဝရစွမ်းအင်သုံးကြောင်း ရှိနေသည်သာ။

ယခုတော့ ရှီဟောင်ထိုလူများကို မျက်ဝါးထင်ထင်မြင်လိုက်ရလေပြီ။ ဤမိန်းကလေးမှာ အခြေတည်စ စကြာဝဠာကို သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းထားခြင်းပင်။

“ဒါက ထာဝရဘုရင်လေး ပြောတဲ့တစ်ယောက်လား .. ဒါမှမဟုတ် သူက အဲဒီဘုရင်လေးပြောတဲ့သူနဲ့ လမ်းကြောင်းအတူတူလျှောက်နေတဲ့သူလား” ရှီဟောင် ရှုပ်ထွေးသွားရသည်။

ထို့နောက်တွင် ရှီဟောင်သည် ဤလူများနှင့် ပညာဖလှယ်ကာ ခေါင်းစဉ်အမျိုးမျိုးကိုလည်း ဆွေးနွေးခဲ့သည်။ သို့သော်လည်း သူတို့၏စနစ်များမှာ သူ၏စနစ်နှင့် ကွဲပြားလှပြီး တစ်ဖက်လူ၏ နက်နဲသည့်ပညာများကို သူအလုံးစုံနားမလည်နိုင်ပေ။

သို့သော်လည်း ဤကဲ့သို့ပြောနေရသည်နှင့်ပင် သူမျက်စိပွင့်နားပွင့်ဖြစ်သွားလေပြီ။

ဤသည်မှာ ပျော်စရာအကောင်းဆုံးအချိန်ပင်။ ဤနေရာတွင် ကျွမ်းကျင်သူများစွာရှိနေသော်လည်း ရန်လိုနေခြင်းများမရှိပဲ ဆွေးနွေးနေသည့်အသံများသာရှိသည်။

“ဟမ် .. ပုဂ္ဂိုလ်ကြီးတွေက ဘာလို့သင်ခန်းစာ မပေးသေးတာလဲ” ရုတ်တရက်ပင် တစ်ယောက်ယောက်မှ ပြောလိုက်သည်။

“ဟား ဟား .. မင်းတို့အားလုံးက တက်တက်ကြွကြွနဲ့ ဆွေးနွေးနေကြတော့ မင်းတို့တွေကို နည်းနည်းလေး အချိန်ပိုပေးလိုက်တာပါ .. မင်းတို့အားလုံး လွတ်လွတ်လပ်လပ် ပညာဖလှယ်လို့ရတယ်” ခပ်ဝေးဝေးတွင်ရှိနေသည့် အကြီးအကဲမှ ရယ်မောကာ ပြောလိုက်သည်။

ထို့နောက်တွင် သူတို့ တာအိုများကို ကြိုက်သလောက် ဆွေးနွေး၍ရကြောင်း၊ အချိန်ကို စိတ်ပူနေစရာမလိုကြောင်း အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ပုဂ္ဂိုလ်ကြီးအချို့သည်လည်း နက်နဲသည့်ပညာများကို စိတ်ဝင်စားနေကြပြီး သူတို့၏ဆွေးနွေးမှုများတွင် အတော်လေး စိတ်ပါနေသောကြောင့်ပင်။

ရှီဟောင်သည် ထိုကဲ့သို့နေရင်းဖြင့်ပင် တောင်ပင်လယ်ခရမ်းရောင်ဝါးရုံတောတွင် လဝက်ကုန်လွန်သွားလေသည်။

ဤအတောအတွင်းတွင် သူသည် လူပေါင်းများစွာနှင့် သူငယ်ချင်းဖြစ်သွားကာ ကိစ္စများစွာကို ဆွေးနွေးခဲ့ရသည်။

“သခင်ကြီးတွေက ဘာလို့ရောက်မလာသေးတာပါလိမ့်” တစ်ယောက်ယောက်မှ မေးလိုက်သည်။

“ဟမ် .. သခင်ကြီးတွေက အချိန်နဲ့ ပြန်လည်ဝင်စားခြင်းပြဿာနာကို ဆွေးနွေးနေကြတာ .. ‘အဆုံးမရှိခြင်း’ သခင်က အချိန်မြစ်ကို ရောက်သွားပြီးတော့ အနာဂတ်ကို နည်းနည်းလေး သိခဲ့ရတယ် .. သူ့ရဲ့လမ်းကြောင်းက မပြည့်စုံသေးဘူး .. ‘အဆုံး’က သူ့ရဲ့ပြီးပြည့်စုံတဲ့တာအိုမဟုတ်ဘူး .. ‘စတင်ခြင်း’ လိုသေးတယ် .. ပြီးတော့ တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း ထာဝရဘုရင်ကလည်း ဒီလောကမှာ ပြန်လည်ဝင်စားခြင်းပညာသုံးလို့ရအောင် လုပ်နေတယ်”

ဤသတင်းမှာ သေချာပေါက်ပင် ထိတ်လန့်စရာကောင်းသည့်သတင်းပင်။

“အမ် .. ပြီးပြည့်စုံတဲ့တာအိုမဟုတ်ဘူး .. ‘စတင်ခြင်း’ လိုအပ်သေးတယ်ဟုတ်လား .. ‘အဆုံးမရှိခြင်း’ အရှင်က နာမည်ပြောင်းတော့မှာလား.. ဟား ဟား ..” လေထုမှာ အတော်လေးပင် ကောင်းမွန်နေသည်သာ။ လူငယ်မျိုးဆက်များပင်လျှင် ဤပုဂ္ဂိုလ်ကြီးများနှင့် စနောက်ရဲသည်ပင်။

တစ်ခဏအတွင်းမှာပင် လပေါင်းများစွာကုန်လွန်သွားလေပြီ။

ရှီဟောင်သည် ဖီးနှစ်မိန်းမပျို၊ ထာဝရဓားလွယ်ထားသည့်လူငယ်၊ ချီလင်းလေးကိုချီထားသည့် မိန်းမပျိုတို့နှင့် သူငယ်ချင်းကောင်းများ ဖြစ်သွားလေပြီ။ သူသည် ထွက်သွားရမည်ကိုပင် တွန့်ဆုတ်နေလေပြီ။

“တာအိုညီအစ်ကို .. ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကွဲသွားရင်ရော တာအိုညီအစ်ကို ကျုပ်တို့ကို မှတ်မိဦးမှာလား” ထာဝရဓားလွယ်ထားသည့် လူငယ်မှပြောလိုက်သည်။

“ဒါက ကျွန်မတို့ နောက်ဆုံးတွေ့တာ ဖြစ်နိုင်တယ် .. ကျွန်မတို့ ဘယ်တော့မှ ပြန်တွေ့တော့မှာမဟုတ်ဘူး .. ဒါက နည်းနည်းတော့ ဝမ်းနည်းစရာကောင်းတယ်” ဖီးနှစ်မိန်းကလေး ရေရွတ်လိုက်သည်။ သူမအနားတွင် ထာဝရစွမ်းအင်သုံးကြောင်း ဝေ့ဝဲနေလေ၏။

“ဟင့် .. ဒီလိုမျိုး ခွဲရမှာ အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ” ချီလင်းလေးကို ချီထားသည့် မိန်းမပျိုလေးမှ ငိုရှိုက်လိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရသည်။ ဘာဖြစ်နေတာလဲ..

“ကျွန်တော်က ဒီနေရာက မဟုတ်ဘူးဆိုတာ ခင်ဗျားတို့အားလုံး သိနေကြတာလား .. ဒါမှမဟုတ် ခင်ဗျားတို့ကလည်း ဒီကမဟုတ်ဘူးလား” ရှီဟောင် ဘာမှကို ဖုံးကွယ်မနေတော့ပေ။

ဤလူများမှာ သူရဲကောင်းများဖြစ်ကြပြီး အဆင့်လွန်ကောင်းကင်ပါရမီရှင်များဖြစ်ကြသော်လည်း ဤလူများသည် အချိန်မရွေးပျောက်ကွယ်သွားတော့မည်ဟု ရှီဟောင်ခံစားနေရသည်။

“ခင်ဗျားတို့အားလုံး..” ရှီဟောင် အော်ဟစ်မိသွားသည်။

“ဒါက တကယ်ကို ဝမ်းနည်းဖို့ကောင်းတာပဲ..” ဖီးနှစ်မိန်းကလေး၊ လူငယ်လေးနှင့် မိန်းမပျိုလေးတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ အခြားသူများလည်း လျှောက်လာကာ ရှီဟောင်ပုခုံးကို လာပုတ်ကြလေသည်။

“တကယ်ပဲ ဘာဖြစ်နေတာလဲ .. ခင်ဗျားတို့ ကျုပ်ကို ပြောပြလို့ရမလား” ရှီဟောင် ကျယ်လောင်စွာ ပြောလိုက်သည်။

အပိုင်း ၁၂၃၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၉ – ထိုခေတ်သို့ အိပ်မက်ထဲရောက်သွားခြင်း

သူ၏အရှေ့တွင်ရှိနေသည့် သူများသည် သူနှင့်နီးနီးကပ်ကပ်ဖြစ်နေသော်လည်း တကယ်တမ်းတွင် ဝေးကွာလွန်းလှသည်။ ယခု သူတို့အတူရှိနေကြသည်မှာ လပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် တစ်ယောက်ကိုတစ်ယောက် စွန့်ခွာရန် ခက်ခဲလှသည်။

ရှီဟောင် မသက်မသာခံစားနေရသည်။

သူတို့ ထာဝရခွဲခွာရတော့မည်ဟု ရှီဟောင် ခံစားနေရသည်။ ထို့အပြင် ဤသည်မှာ သူတို့ထာဝရခွဲခွာခြင်းဖြစ်ပြီး ဒီဘဝ၊ ဒီလောကတွင် သူတို့ကို နောက်တစ်ကြိမ် တွေ့နိုင်တော့မည်မဟုတ်ပေ။

ဘာဖြစ်နေတာလဲ .. သူ ဘာဖြစ်နေမှန်း သူ မသိတော့ .. ဒီလူတွေက အစစ်လား ဒါမှမဟုတ် သူထာဝရရှေးဟောင်းမြေကို အိပ်မက်မက်နေတာလား..

“နှုတ်ဆက်ပါတယ် .. တစ်နေ့ကျရင်တော့ ငါတို့ထဲက တစ်ယောက်က မင်းနဲ့ပြန်တွေ့နိုင်ဦးမှာပါ .. ဒီအတွေးက အတော်လေး ရယ်စရာကောင်းတယ်ဆိုပေမယ့် ငါတို့အမြဲတမ်း မျှော်လင့်ချက်တွေ ရှိနေမှာပါ .. ဘယ်သူက တိတိကျကျကြီး ပြောနိုင်မှာလဲ” ထာဝရဓားလွယ်ထားသည့် လူငယ်လေးမှ ပြောလိုက်၏။ ထို့နောက်တွင် သူသည် ရှီဟောင်ကို လေးနက်စွာကြည့်လိုက်ပြီးနောက် ကျွန်းအတွင်းပိုင်းသို့ လမ်းလျှောက်ဝင်သွားလေသည်။ သူ၏ပုံရိပ်မှာ တစ်ဖြည်းဖြည်း မှုန်ဝါးသွားလေ၏။

“ငါတို့တွေလည်း အဆင့်လွန်လူငယ်တွေပဲ .. ဘယ်သူ့ထက်မှ အားမနည်းဘူး .. ငါတို့နောက်တစ်ခေါက် ပြန်မလာနိုင်တာ တကယ်ဝမ်းနည်းစရာကောင်းတယ် .. ငါတို့က လေနဲ့အတူ လွင့်ပြယ်သွားတော့မှာ .. ဒီလောကရဲ့ ဖုန်မှုန့်လေးအဖြစ်နဲ့ မင်းရဲ့တိုက်ပွဲတွေကို စောင့်ကြည့်နေမယ်” အခြားတစ်ယောက်လျှောက်လာကာ ရှီဟောင်အား နှုတ်ဆက်လိုက်လေသည်။

“ကောင်းကောင်းနေ .. အလုပ်ကြိုးစား .. တိုက်ပွဲမှာ အစောကြီး သေမသွားအောင်ကြိုးစား” ဖီးနှစ်မိန်းကလေးလည်း လျှောက်လာလေသည်။ သူမသည် ပြုံးနေသော်လည်း သူမမျက်ဝန်းတွင် မျက်ရည်များစီးကျနေလေပြီ။

“ငါ တကယ်ဝမ်းနည်းတယ် .. ငါတို့တကယ်သွားရတော့မယ် .. ငါတို့နောက်တစ်ခေါက် ထပ်မတွေ့နိုင်တော့ဘူး” အဖြူရောင်ချီလင်းကို သယ်ထားသည့်မိန်းမပျိုလေးမှ ပြောလိုက်သည်။

ရှီဟောင် ဆွံ့အနေမိသည်။

ဘာဖြစ်နေတာလဲ.. သူ နားမလည်နိုင်တော့..

“ကျွန်တော့်ကို ပြောပြပေးပါ .. ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ..” ရှီဟောင် ဖီးနှစ်မိန်းကလေး လက်မောင်းကိုကိုင်ကာ သူမနောက် ပြေးလိုက်သွားလိုက်သည်။

“ကြည့်လိုက် .. သူတို့ရောက်နေပြီ” ထာဝရရွှေဓားလွယ်ထားသည့် လူငယ်လေး ကောင်းကင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ ထိုနေရာတွင် တောင်တစ်လုံးထက်ပင်ကြီးသည့် မျက်လုံးကြီးတစ်လုံးရှိနေသည်။ ထိုနေရာတွင် အရိုးခြောက်ခန္ဓာကိုယ်ကြီး ပေါ်လာကာ မီးခိုးရောင်မြူများလည်း ထွက်ပေါ်လာလေ၏။

ထိုအချိန်တွင် ဤငြိမ်းချမ်းသည့် မြေမှာ မီးခိုးရောင်မြူများဖုံးလွှမ်းသွားပြီးနောက် ကောင်းကင်ထက်တွင် ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

သွေးရောင်အကြေးခွံများ ကျလာကာ အဆင့်လွန်လူငယ်များစွာကို ရိုက်ခတ်သွားလေ၏။ ထိုလူငယ်လေးများ၏ မှော်စွမ်းအားများ ထွက်ပေါ်လာသော်လည်း သူတို့သည် ရိုက်ချက်တစ်ချက်ပင် မခုခံနိုင်ပေ။

လေဟာနယ်မှ အနက်ရောင်နွယ်ပင်ကြီး ထွက်ပေါ်လာကာ တောတောင်များနှင့်မြစ်များကို တိုက်စားသွားလေ၏။ တောင်ပင်လယ်ခရမ်းရောင်ဝါးရုံတောကြီး ပျက်စီးသွားကာ ကျောက်စိမ်းပင်လယ်လည်း ကြွတက်လာလေ၏။ အဆင့်လွန်လူငယ်ပေါင်းများစွာသည် တတ်နိုင်သမျှခုခံကြသော်လည်း သူတို့အားလုံး ပျက်စီးသွားကြသည်သာ။

ရှီဟောင်သည် ဤလအနည်းငယ်အတွင်းတွင် သူတို့နှင့် နီးနီးကပ်ကပ်နေခဲ့ရပြီး ပညာများကို ဖလှယ်ခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူတို့ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီ။

အား..

ရှီဟောင် ကျယ်လောင်စွာ‌ အော်ဟစ်လိုက်ကာ ကောင်းကင်ထက်သို့ တရှိန်ထိုး တိုက်ခိုက်လိုက်သည်။ အရာအားလုံးကို ရပ်တန့်စေကာ

“မြန်မြန်တိုက်ကြ .. အဲဒါကြီးကို မြန်မြန်တားကြ” ရှီဟောင် ဒေါတသကြီး ဟစ်ကြွေးလိုက်သည်။ ထို့နောက်သူ ထာဝရခန်းဆောင်ထဲတွင်ရှိနေသည့် ပုဂ္ဂိုလ်ကြီးများကို ကြည့်လိုက်သည်။

သို့သော် ချက်ချင်းပင် ရှီဟောင်၏နှလုံးသား အေးခဲသွားရသည်။ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းထာဝရဘုရင်သည် ထိုထူးဆန်းသည့်ကျွမ်းကျင်သူနှင့် ပြင်းထန်စွာပင် တိုက်ခိုက်နေလေပြီ။

ထို့အပြင် ‘အဆုံးမရှိခြင်း’ အရှင်လည်း တိုက်ခိုက်နေလေပြီ။ ရှည်လျားကျယ်လောင်လှသည့် ခေါင်းလောင်းသံသည် အချိန်မြစ်ကို ထိုးဖောက်ကာ အချိန်စီးဆင်းမှုကို နှောက်ယှက်နေလေသည်။

ထိုခေါင်းလောင်းအသံလှိုင်းဖြတ်သန်းသွားသည့်နေရာတွင်ရှိနေသည့် သူများအားလုံး အသတ်ခံလိုက်ရလေသည်။

သို့သော်လည်း ကြောက်စရာကောင်းသည့်ရန်သူများမှာ တရှိန်ထိုး ပြေးလာနေဆဲပင်။ ရန်သူများမှာ တစ်ယောက်၊ နှစ်ယောက်မကပင်။ ရန်သူများသည် သူနှင့်တိုက်ခိုက်ကာ သူ၏ခေါင်းလောင်းကြီးကို ပေါက်ကွဲသွားအောင် လုပ်လိုက်လေသည်။

ဘာဖြစ်နေတာလဲ .. ရုတ်တရက်ကြီး ဘာလို့ ဒီလိုမျိုးတိုက်ပွဲကြီး ဖြစ်လာတာလဲ..

သူ၏တိုက်ခိုက်မှုများမှာ ဘာမှအရာမထင်သလို၊ ဘာကိုမှလည်း မပြောင်းလဲနိုင်သည်ကို သူတွေ့လိုက်ရသည်။ သူသည် အပြင်လူတစ်ယောက်လိုပင်။

ဤမြင်ကွင်းမှာ အစစ်အမှန်ဆန်လွန်းလှသည်။ ဒေါသတကြီးအော်ဟစ်နေသည့်အသံများမှာ သူ့နားများကိုပင် နာကျင်စေလေသည်။ သူသည်လည်း ဆက်တိုက်ပင် အော်ဟစ်နေမိသည်သာ။

ဖူး..

သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ချီလင်းလေးကို ချီထားသည့်မိန်းကလေးကို မီးခိုးရောင်မြူများဝန်းရံသွားလေ၏။ အထဲဘက်တွင် နီရဲနေသည့်မျက်လုံးတစ်စုံပွင့်လာကာ သူမအား ပြင်းထန်စွာ တိုက်ခိုက်လာပြီး သွေးများလွင့်စင်လာလေသည်။

ရှီဟောင်၏မျက်လုံးများ နီရဲနေလေသည်။ ဤမိန်းကလေးသည် အနည်းငယ် ကျီဆယ်ကာ တက်တက်ကြွကြွနေသော်လည်း အလွန်ရိုးသားသည့်မိန်းကလေးပင်။ သူမက ဒီလိုမျိုးကပ်ဆိုးကြီး ခံရမှာလား..

သူဒေါသတကြီး တိုက်ခိုက်နေသော်လည်း ဘာမှပြောင်းလဲမသွားပေ။

“ရှင်.. တွေ့လား .. ဒါက ကျွန်မတို့ရဲ့အဆုံးသတ်ပဲ .. နှုတ်ဆက်ပါတယ် .. ကျွန်မတို့နောက်တစ်ကြိမ် မတွေ့နိုင်တော့ဘူး” မီးခိုးရောင်မြူများ လွင့်ပြယ်သွားသည့်အချိန်တွင် ထိုမိန်းကလေး၏မျက်လုံးများ အသက်မဲ့သွားကာ သူမ၏လက်များလည်း ပြေလျော့ကျသွားသည်။ သူမချီထားသည့် ချီလင်းလေးသည် တအိအိအော်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

“ဘာလို့လဲ .. ဘာလို့လဲ ငါ့ကိုပြော” ရှီဟောင် မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။

“ကျွန်မတို့ အခြေအနေကို ရှင်မြင်ပြီးပြီပဲ .. ထာဝရရှေးဟောင်းမြေရဲ့ ရက်စက်မှုတွေကို ရှင်မြင်ပြီးပြီပဲ .. ရှင့်ကိုယ်ရှင် ပြင်ဆင်ထားလိုက် .. နောင်ကျရင် ရှင်သူတို့နဲ့ တိုက်ခိုက်ရမှာ” ထိုမိန်းကလေး ပါးစပ်မှ သွေးအန်သွားလေသည်။

“မင်းတို့အားလုံး .. မင်းတို့အားလုံး ..” ရှီဟောင်၏ တိုက်ပွဲအငွေ့အသက်များ ထွက်ပေါ်လာလေသည်။ ဤသန့်စင်ကာ မြင့်မြတ်သည့်ထာဝရကျွန်းမှာ ချက်ချင်းပင် သွေးရောင်များလွှမ်းမိုးသွားလေပြီ။

“ငါတို့ ဒီလိုမျိုး ထွက်မသွားချင်ဘူး..” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့် အဆင့်လွန်လူငယ်လေးတစ်ယောက်ထံမှ ထွက်လာသည့်စကားသံပင်။ သို့သော်လည်း နောက်ဆုံးတွင် သူသေဆုံးသွားဆဲပင်။

“ဟားဟား .. ဟား ဟား ဟား.. ဟားဟား” အလင်းတန်းထာဝရဓားကိုင်ထားသည့်လူငယ်မှ ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏မျက်လုံးတွင် မျက်ရည်များ စီးကျနေလေပြီ။ သူသည် ဓားကိုကိုင်ထားကာ ပြင်းထန်စွာပင် တိုက်ခိုက်နေလေ၏။ “ထာဝရရှေးဟောင်းခေတ်က အဆုံးသတ်တော့မယ် .. ငါတို့ဒါကို တကယ်လက်မခံနိုင်ဘူး .. ငါတို့တွေ အရွယ်တောင်မရောက်သေးဘူး .. ငါတို့စီနီယာတွေနဲ့အတူတူ မတိုက်ခိုက်နိုင်သေးဘူး”

“ရှင်ကိုယ်တိုင် မြင်နေရတာတောင်မှ အခုထိ မယုံသေးဘူးလား” ဖီးနှစ်မိန်းကလေး ပြောလိုက်သည်။ သူမ၏ငါးရောင်စပ် စစ်ဝတ်စုံမှာ တောက်ပနေသည်။ သူမ၏ ထာဝရစွမ်းအင်သုံးကြောင်းလည်း လှည့်ပတ်နေကာ ကျူးကျော်လာသူများကို သူမ တတ်နိုင်သမျှ ခုခံတိုက်ခိုက်နေလေသည်။

“ကျွန်တော်မြင်ရပြီ .. ဒါတွေက စီနီယာ လုပ်ပေးလို့ ကျွန်တော်မြင်ရတာမလား” ရှီဟောင် တာအိုခြောက်ခုပြန်လည်မွေးဖွားခြင်းထာဝရဘုရင်နှင့် အဆုံးမရှိခြင်းအရှင်ကို ကြည့်လိုက်ပြီး အနည်းငယ် နားလည်သွားလေပြီ။

“ဟုတ်တယ်..” ဖီးနှစ်မိန်းမပျိုမှ ခေါင်းညိမ့်လိုက်သည်။

“တစ်ယောက်က ပြန်လည်ဝင်စားခြင်းကိုသိတယ် .. တစ်ခြားတစ်ယောက်က အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်တယ် .. ဒီလိုမျိုးအဆုံးသတ်ကို သူတို့လည်း လက်မခံနိုင်ဘူး .. ဘာပဲဖြစ်ဖြစ် နောင်လာမယ့်မျိုးဆက်တွေကိုတော့ သဲလွန်စတွေ ချန်ထားပေးခဲ့ရမှာပဲ” ထိုမိန်းမပျိုသည် ချီလင်းလေးကို လွှတ်ချလိုက်ပြီး နောက်ဆုံးစကားများကို ဖျော့တော့စွာ ပြောလိုက်သည်။ ထို့နောက်တွင် လဲကျသွားကာ မည်သည့်အသက်အော်ရာမှာ မရှိတော့ပေ။

ဤသည်မှာ ထာဝရရှေးဟောင်းမြေတွင် အလွန်နာမည်ကြီးသည့် စစ်မြေပြင်ပင်။

အဆုံးမရှိခြင်းအရှင်နှင့် တာအိုခြောက်ခုပြန်လည်မွေးဖွားခြင်းထာဝရဘုရင်တို့သည် သူတို့၏ခွန်အားကို အသုံးပြုကာ ထာဝရရှေးဟောင်းမြေ၏အတိတ်ကို ပြန်ပြနေခြင်းပင်။

“အတိတ်ကို ပြန်ပြတာဆိုပေမယ့် ကျွန်တော်က ခင်ဗျားတို့အားလုံးနဲ့ စကားပြောနိုင်နေတယ်..” ရှီဟောင်‌ ကြေကွဲနေရသည်။ သူ၏အရှေ့တွင် တစ်ယောက်ပြီးတစ်ယောက်သေနေသည်ကို သူကြည့်နေရသည်။

“မှော်စွမ်းအားတွေ အရမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ချို့ပေါင်းပြီးတော့ မင်းဒါကို ကိုယ်တိုင်မြင်ရအောင်လို့ ဆွဲခေါ်လိုက်ကြတာ..”

“ဘာ…” ရှီဟောင် ထိတ်လန့်သွားရသည်။

ဤပညာများမှာ စဉ်းစား၍ပင် မရနိုင်ပေ။ အတိတ်ကလူက လက်ရှိလောကကလူကို ထာဝရရှေးဟောင်းခေတ်ထဲ ဆွဲခေါ်လိုက်တာလား..

“ဒါက အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် ဘာမှပြောင်းလဲလို့မရဘူး .. မင်းက ဒီအပျက်အစီးတွေထဲကို ရောက်လာတဲ့ မျက်မြင်သက်သေတစ်ယောက်ပဲ .. မင်း တံဆိပ်တွေ အများကြီးကို မြင်ရင်မြင်ရမယ် .. မင်းငါတို့လောကထဲကို တကယ်ရောက်လာတာလဲဖြစ်နိုင်တယ် .. ဒါမှမဟုတ် မင်း အချိန်ကာလရဲ့ အရမ်းဝေးကွာတဲ့နေရာကနေ ငါတို့ကို စကားပြောနေတာလဲ ဖြစ်နိုင်တယ် .. ဒါတွေအားလုံးက အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ ပညာတွေကြောင့် ဖြစ်လာတာ”

ဖီးနှစ်မိန်းကလေး ဝမ်းနည်းစွာ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အပေါင်းအဖော်များမှာ တစ်ယောက်ပြီးတစ်ယောက် ကျရှုံးနေလေပြီ။

ရှီဟောင် ဆွံ့အသွားရ၏။ ဒါက ဘာနည်းလမ်းလဲ .. သူက ဝိဉာဉ်နယ်မြေထဲကို ရောက်သွားပြီးတော့ ကျန်နေသေးတဲ့ ဝိဉာဉ်တွေနဲ့ စကားပြောခဲ့ရတာလား .. ဒါမှမဟုတ် သူက မှော်စွမ်းအားကြောင့် ထာဝရရှေးဟောင်းခေတ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို ရောက်သွားပြီးတော့ ဘေးလူအနေနဲ့ ကြည့်နေခဲ့ရတာလား..

ဤသည်မှာ အတုအယောင်လား .. အစစ်အမှန်လား သူမသိတော့… အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က ဤလူများနှင့် ဤနေရာတွင် ပညာချင်းဖလှယ်ခဲ့ကြသည်။ ဤသည်မှာ အတော်လေးစစ်မှန်သည်ကို သူခံစား၍ရသည်။ သူ၏ကောင်းကင်မျက်လုံးပင်လျှင် ပုံမှန်မဟုတ်သည့်မည်သည့်အရာကိုမှ မတွေ့ခဲ့ရပေ။

လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က တစ်ဆင့်တစ်ခုကိုရောက်သွားတာနဲ့ တကယ်ပဲ အနာဂတ်ကို ထိရောက်မှုရှိတာလား..

ရှီဟောင် မသိတော့..

တစ်ချိန်တည်းမှာပင် ဤလအနည်းငယ်အတွင်း သူနှင့်ရင်းနှီးခဲ့သည့်သူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကို ကြည့်နေရသောကြောင့် သူ အလွန်နာကျင်နေလေပြီ။

ဤလူများသည် ထာဝရရှေးဟောင်းခေတ် နောက်ဆုံးနေ့ရက်များတွင် ကျဆုံးသွားပြီဖြစ်ကြောင်း သူသိသွားသော်လည်း သူဝမ်းနည်းနေရဆဲပင်။

တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲသို့ လဲကျသွားသည်ကို ကြည့်ပြီး သူ၏မျက်လုံးများ နီရဲလာကာ မျက်ရည်များဝဲလာရသည်။

သူဘာမှ မပြောင်းလဲနိုင်ဘူး ..

ဒါက သူ့ကို ဒီလောကနဲ့ ရက်စက်မှုတွေကို စောစောပြချင်တာလား .. နောင်ကျရင် သူ့ရဲ့လက်ရှိလောကက သူငယ်ချင်းတွေလည်း ဒီလိုမျိုး အဆုံးသတ်ရမှာလို့ ပြောချင်တာလား .. ဒီလိုမျိုး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရမှာလား..

ဤလူများသေဆုံးနေသည်ကို ကြည့်နေရသည်မှာ သူ၏လက်ရှိသူငယ်ချင်းများ အသတ်ခံနေရသည်ကို ကြည့်နေရသကဲ့သို့ပင်။

“ငါတို့ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့ .. နှုတ်ဆက်ပါတယ် .. ထာဝရရှေးဟောင်းမြေရေ .. ငါ့သူငယ်ချင်းရေ..” ဤလူများသေဆုံးနေသည်ကို ကြည့်ပြီး သူ၏မျက်ရည်မိုးများ ရွာသွန်းလာရသည်ပင်။

သူတို့သည် နှစ်ပေါင်းများစွာ ဝေးကွာနေသော်လည်း သူသည် သူ၏ဝိဉာဉ်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ပင်။

“ကျွန်တော်က ခင်ဗျားတို့အားလုံးနဲ့တွေ့ဖို့အတွက် ဒီနေရာကို ခေါ်ခံခဲ့ရတယ် .. တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတယ် .. ငါ့ရဲ့စိတ် တစ်စိတ်တစ်ပိုင်းက ဒီမှာရှိနေမှာပါ .. ထာဝရရှေးဟောင်းမြေကို ပြန်ရောက်လာတဲ့ ဒီအိပ်မက်ကို ငါအမြဲတမ်းအမှတ်ရနေမှာပါ” ရှီဟောင် ရေရွတ်လိုက်၏။ သူ၏မျက်ရည်ပူများလည်း ပါးပေါ်သို့ ကျဆင်းလာလေပြီ။

“ငါတို့တွေက ငါတို့ဖြစ်ချင်သလို လုံလောက်အောင် ခွန်အားမကြီးခဲ့ဘူး” တစ်စုံတစ်ယောက်မှ စိတ်ပျက်စွာ ပြောခဲ့သည်။ ခပ်ဝေးဝေးတွင်ရှိနေသည့် ခေါင်းလောင်းကြီး အရောင်မှိန်လာကာ ပြန်လည်ဝင်စားခြင်းစက်ဝန်းလည်း တစ်စစီဖြစ်သွားလေပြီ။

“ခင်ဗျားတို့က ကျွန်တော့်တစ်ယောက်တည်းကိုပဲ ဒီကိုခေါ်လာတာလား” ရှီဟောင်မေးလိုက်၏။

ဖီးနှစ်မိန်းကလေးသည် သွေးရောင်အမွေးအတောင်ဖြင့် ထိုးဖောက်ခံထားရပြီး မြေပြင်ပေါ်သို့ လဲကျနေလေသည်။ သူမသည် ဖျော့တော့စွာဖြင့်ပင် “တစ်ခြားသူတွေလည်း ရှိပါတယ် .. အရှင်တို့က မျှော်လင့်ချက်ကို ရှာဖွေနေတာ .. ဒီလောကကို အိပ်မက်အနေနဲ့ ရောက်လာတဲ့သူတွေက မရေမတွက်နိုင်အောင် ရှိခဲ့တယ်..”

“ဒါပေမဲ့ အရှင်တို့က ပျောက်ကွယ်သွားတော့မယ် .. ငါတို့ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး..” အလင်းတန်းထာဝရဓားကိုင်ထားသည့် လူငယ်မှ စိတ်ပျက်စွာ ပြောလိုက်သည်။ ထို့နောက်တွင် သူသည် လုံးဝပင် ကွဲကြေသွားကာ သူ၏သွေးများမှာ ၁၀ ပေကျော်ထိ လွင့်စင်သွားလေသည်။

“ကျင့်ကြံခြင်းက လုံလောက်အောင် စွမ်းအားကြီးပြီဆိုရင် အနာဂတ်ကို အကျိုးသက်ရောက်မှုရှိနိုင်တာလား .. အဲဒါဆိုရင် ငါက လုံလောက်အောင်စွမ်းအားကြီးနေပြီ .. အတိတ်ကို အကျိုးသက်ရောက်နိုင်တဲ့ ပြန်လည်ဝင်စားခြင်းကို ငါလုပ်လို့ရမလား..” ရှီဟောင် ကောင်းကင်ထက်သို့ မော့ကာ ဟစ်ကြွေးလိုက်သည်။

“အတိတ်နဲ့မသက်ဆိုင်သလို ပစ္စုပ္ပန်နဲ့လည်း မသက်ဆိုင်ပဲနဲ့ ထာဝရရှေးဟောင်းခေတ်ကို ပြန်ရောက်ခဲ့တယ် .. ထာဝရရှေးဟောင်းသူငယ်ချင်းတွေ .. တစ်နေ့ကျရင်တော့ ငါတို့ပြန်တွေ့နိုင်ဖို့ မျှော်လင့်တယ်” သူ ဝမ်းနည်းစွာ ဟစ်ကြွေးလိုက်သည်။

အပိုင်း ၁၂၃၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၀ – အန္တရာယ်များသော တားမြစ်နယ်မြေ

လေများတိုက်ခတ်လာကာ ခရမ်းရောင်ဝါးပင်များလည်း ယိမ်းနွဲ့လာသည်။

ဤနေရာတွင် အပျက်အစီးများရှိနေပြီး မြေကြီးသည်လည်း မိုးကြိုးပစ်ခံရပြီး မီးလောင်ထားသကဲ့သို့ပင် မည်းတူးနေကာ သွေးများစိုရွှဲနေလေ၏။

ရှီဟောင်သည် ထိုနေရာတွင်သာ မလှုပ်မယှက်ရပ်သော်လည်း မျက်ရည်များ စီးကျနေဆဲပင်။

“ငါတကယ် ငိုနေခဲ့တာပဲ” သူ ပြောလိုက်ကာ သူ၏မျက်နှာမှ မျက်ရည်များကို သုတ်လိုက်သည်။ မျက်ရည်များမှာ ပူနွေးနေဆဲပင်။

သူတွေ့ခဲ့သည့် ထိုခေတ်မှလူများအားလုံး ပျောက်ကွယ်သွားလေပြီ။ ဝါးရုံတောရှိနေသေးသော်လည်း ကျောက်စိမ်းပင်လယ်မှာ ခမ်းခြောက်သွားလေပြီ။ ဒါက အရင်တုန်းက တောင်ပင်လယ်ခရမ်းရောင်ဝါးရုံတောလား .. ယခုတော့ သာမန်ခရမ်းရောင်ဝါးရုံတော ဖြစ်နေလေပြီ။

ဤဝါးပင်များမှာ မရှည်သလို လုံးပတ်လည်း မကြီးပေ။ ရှီဟောင်တွေ့ခဲ့သည့် ထာဝရရှေးဟောင်းခေတ်မှ ဝါးပင်များနှင့် လုံးဝကွဲပြားသည်သာ။

အဲဒါက အိပ်မက်လား ..

ဒါပေမဲ့ .. အဲဒါက အစစ်ဆန်လွန်းတယ် .. မြင်ကွင်းများကို သူမြင်ယောင်နေဆဲပင်။

ဤသွေးမြင်ကွင်းများသည် အိပ်မက်ဆိုပါက သူအဘယ်ကြောင့် ဤမျှနာကျင်နေရသနည်း.. သူလပေါင်းများစွာ စကားပြောခဲ့သည့် သူငယ်ချင်းများ သေဆုံးသွားသည်ကို ကြည့်ရသည်မှာ သူ့အတွက် နာကျင်လွန်းလှသည်။

ရှီဟောင်သည် ကျယ်လောင်စွာ ဟစ်ကြွေးပြီးနောက် သူ၏မျက်နှာထက်မှ မျက်ရည်များကို သုတ်ပစ်လိုက်သည်။

သူဆက်လျှောက်ရမယ့်လမ်းတွေ ရှိနေသေးတယ် .. သူပိုပြီး သန်မာလာဖို့လိုတယ် ..

ရှီဟောင် တည်ငြိမ်စွာ တွေးတောလိုက်ပြီးနောက် ဤနေရာကို နောက်တစ်ခေါက် ပတ်ကြည့်လိုက်ကာ ဤနေရာကို နောက်ဆုံးအကြိမ် အရိုအသေပေးလိုက်သည်။

ဒုန်း..

သူသသည် ကောင်းကင်မျက်လုံးများကို အသုံးပြုလိုက်သည့်အချိန်တွင် ပျက်စီးနေသည့် စတီးအပိုင်းအစတစ်ခုကို တွေ့လိုက်ရသည်။ အချိန်များစွာ ကြာနေပြီဖြစ်သော်လည်း ဤပစ္စည်းမှာ လုံးဝပျက်စီးမသွားသေးပဲ အဖြူရောင်အလင်းတန်းများ တောက်ပနေဆဲပင်။

ရှီဟောင်၏မျက်လုံးများ အရောင်တောက်ပသွားရသည်။

အလင်းတန်းထာဝရရွှေ…

ယခုတော့ ဤဓားမှာ သုံးလက်မပင်မရှိတော့ပေ။ သို့သော်လည်း ထိုဓားထဲတွင်ရှိနေသည့် ထာဝရရွှေမှာမူ အရောင်တောက်ပနေဆဲပင်။

ရှီဟောင်၏နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ သူသည် ဤကျိုးပဲ့နေသည့်ဓားကို ပွတ်သပ်လိုက်ကာ ဝမ်းနည်းမှုများ လှိုက်တက်လာရသည်။ သူသည် ကောင်းကင်ဘုံကိုးခုရှိ တိမ်များ ပျံ့ကြဲသွားသည်အထိ အော်ဟစ်ချင်မိသည်။

ဤသည်မှာ အိပ်မက်မဟုတ်ပေ။ ဤနေရာတွင် တောင်ပင်လယ်ခရမ်းရောင်ဝါးရုံတော တကယ်ရှိခဲ့ပြီး ထိုလောကတွင်ရှိသည့် အဆင့်လွန်လူငယ်များလည်း ဤနေရာတွင်စုဝေးခဲ့သည်။

သူ၏ကောင်းကင်အိပ်မက်ကို အသုံးပြုလိုက်သည်နှင့် ပျက်စီးနေသည့် အရိုးအချို့ကို သူထပ်တွေ့လိုက်ရသည်။ ထိုအရိုးများကို တွေ့သည်နှင့် ချက်ချင်းပင် သွေးဆူလာကာ သူ့တစ်ကိုယ်လုံး လှုပ်ခါလာရသည်။

ဤသည်မှာ ငါးရောင်စပ်အလင်းများ တောက်ပနေသည့် ထူးခြားသည့်အရိုးပင်။ ဤအရိုးသည် အရောင်မှိန်နေပြီဖြစ်သော်လည်း ရင်းနှီးသည့်အော်ရာ ရှိနေဆဲပင်။ ဤသည်မှာ ဖီးနှစ်မိန်းကလေး၏အရိုးပင်။

သူယခင်က ဤမိန်းကလေးနှင့် စကားပြောပြီး ပညာဖလှယ်ဖူးသောကြောင့် ဤခံစားချက်မှာ မမှားနိုင်ပေ။

ဤနေရာတွင် မြေပုံနှစ်ခုတူးလိုက်ကာ တစ်ခုတွင် ပျက်စီးနေသည့်ဓားကို မြှုပ်လိုက်ပြီး အခြားတစ်ခုတွင် ဖီးနှစ်မိန်းကလေး၏ အရိုးကို မြှုပ်လိုက်သည်။ ထို့နောက် သူ၏ဆုတောင်းစကားများကို တီးတိုးရေရွတ်ကာ တစ်ဖက်သို့ ခြေလှမ်းကျယ်များဖြင့် ထွက်သွားလိုက်သည်။

“ထာဝရရှေးဟောင်းခေတ်ကို အိပ်မက်မက်တာ..” သူရယ်မောချင်သော်လည်း မျက်ရည်များ စီးကျလာလေသည်။

စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းမှု၊ ယူကြုံးမရဖြစ်မှု .. ရှီဟောင်သည် လမ်းတစ်လျှောက်တွင် တိတ်ဆတ်နေလေသည်။ သူသည် ထိုနေရာမှ လီပေါင်းထောင်ပေါင်းများစွာ ဝေးကွာနေပြီဖြစ်သော်လည်း သူ မသက်မသာခံစားနေရဆဲပင်။

သူက ဘာလို့ဒီလိုမျိုးကြုံရတာလဲ.. သူတို့တွေက ခေတ်တစ်ခုခြားထားပြီး အချိန်တွေလည်း အများကြီးကွာတယ် .. ဒါပေမဲ့ သူက သူငယ်ချင်းတစ်စုရခဲ့တယ် .. ဒါပေမဲ့ သူတို့တွေ သေသွားတာကို သူကြည့်နေခဲ့ရတယ်..

ရှီဟောင်၏ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ အပြင်ဘက်လောကတွင် အချိန်သိပ်မကုန်ဆုံးသေးသော်လည်း သူသည် ထိုလောကတွင် အချိန်အတော်ကြာ နေခဲ့ရသည်ပင်။

“သွားမယ် .. လမ်းက အရှည်ကြီးကျန်သေးတယ် .. အဲဒီရန်သူမှာ ဘယ်လိုနောက်ခံမျိုးတွေရှိနေတာလဲ .. သူတို့က ဘာတွေ ထူးခြားနေတာလဲဆိုတာ ငါသိချင်တယ်” ရှီဟောင်ပြောလိုက်သည်။

အိပ်မက်ထဲတွင် ထာဝရရှေးဟောင်းခေတ်သို့ ပြန်ရောက်ခဲ့ပြီး ဆိုးရွားလှသည့် စစ်ပွဲကြီးကို မြင်ခဲ့ရသော်လည်း သူရန်သူများကို မတိုက်ခိုက်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မီးခိုးရောင်မြူများသည် အာကာသအပြင်ဘက် စကြာဝဠာမှ ကျဆင်းလာခြင်းဖြစ်ပြီး အရာအားလုံးကို ကာဆီးထားသည်ပင်။

ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ရှီဟောင်ထိုနေရာနှင့် အတော်လေး ဝေးနေပြီဖြစ်သော်လည်း သူ့စိတ်မှာ မတည်ငြိမ်နိုင်သေးပေ။ ထိုအကြောင်းကို စဉ်းစားလိုက်တိုင်း သူ အမြဲနာကျင်နေရဆဲပင်။

သို့သော်လည်း သူသည် စိတ်မပိုင်းဖြတ်နိုင်သည့်သူ မဟုတ်ပေ။ ခဏကြာပြီးသည့်နောက်တွင် သူ၏ခံစားချက်များကို ထိန်းညှိလိုက်နိုင်သည်။

ဤကိစ္စတွင် နှစ်မြှုပ်နေလျှင်လည်း သူဘာမှ ကောင်းကျိုးရလာမည်မဟုတ်ပေ။ သူဘာကိုမှ မပြောင်းလဲနိုင်။ သူလုပ်ရမည်မှာ မြန်မြန်စွမ်းအားကြီးလာအောင် လုပ်ရန်ပင်။

တစ်နေ့ကျလျှင် ဤရန်သူများနှင့် သူရင်ဆိုင်ရနိုင်သ်ည။ ထိုအချိန်ကျလျှင် သူတိုက်ရမည့်အလှည့်ပင်။

ထိုအချိန်ကျလျှင် သူ့သူငယ်ချင်းများအတွက် လက်စားချေရမည်။

ရွှီး..

ထိုနေ့.. ရှီဟောင် ကျောက်တောင်တစ်ခုကို ဖြတ်သန်းသွားသည်အချိန်တွင် စုတ်ပြတ်နေသည့် သားရဲအရေခွံတောက်ပလာပြီး ရွှေရောင်အပ်များစွာ ထွက်လာလေသည်။ ဤအပ်များမှာ သူထင်ထားသည်ထက်ပင် လျင်မြန်လှသည်။

ဖူး…

ဘေးပတ်လည်တွင်ရှိနေသည့် တောင်များသည် အပေါက်များဖြစ်သွားကာ ပြိုကျသွားလေ၏။

ဤရွှေရောင်အပ်များမှာ သားရဲအရေခွံပေါ်မှ အမွေးများဖြစ်နေသောကြောင့် ရှီဟောင်ချွေးစေးများပင်ပြန်သွားရသည်။ ဤသည်မှာ လျှို့ဝှက်ရတနာများထက် ပို၍ အထင်ကြီးစရာကောင်းလွန်းလှသည်ပင်။

ဒါက ဘယ်လိုလက်နက်မျိုုးလဲ..

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။ သူသာ ခြေတစ်လှမ်းနောက်ကျသွားပါက သူအပေါက်အပေါက် ဖြစ်သွားလောက်လေပြီ။ ကောင်းကင်နတ်ဘုရားများပင်လျှင် ဤတိုက်ခိုက်မှုကို တားဆီးနိုင်မည်မဟုတ်မှန်း သူပြောရဲသည်။

ဂိုဏ်းခေါင်းဆောင်များပင်လျှင် ရင်မဆိုင်နိုင်လောက်ပေ။

ဤအန္တရာယ်များ၏ အရင်းအမြစ်မှာ ကျောက်တုံးပဲ့ပေါ်တွင်ရှိနေသည့် သားရဲအရေခွံဖြစ်နေသည်။ ဤအရေခွံမှာ လေဒဏ်မိုးဒဏ်ကြောင့် အရောင်လွင့်နေပြီဖြစ်ပြီး အမွေးများလည်း ကျွတ်နေလေပြီ။ ယခု သူ၏အမွေးများထပ်ကျွတ်သည့်အချိန်တွင် သူကြုံလိုက်ရခြင်းပင်။

ဤသားရဲအရေခွံမှာ သာမန်ပင်ဖြစ်ပြီး မည်သည့်ထူးခြားမှုမှလည်း ရှိမနေပေ။

လေတိုက်လိုက်သည့်အချိန်တွင် ထိုအရေခွံ လွင့်ထွက်သွားပြန်လေ၏။ ဒီအရေခွံက ဒီနေရာကို လေတိုက်ပြီးတော့ ရောက်လာတာလား .. တိုက်ဆိုင်လိုက်တာ..

ဤသည်မှာ သူ့အား ဆွံ့အသွားစေသည်။ ထိုသားရဲအရေခွံ လွင့်ထွက်သွားသည်နှင့် အမွေးများသည် ရွှေရောင်အပ်များအဖြစ်သို့ ပြောင်းလဲသွားကာ အရာအားလုံးကို ဖောက်ထွက်သွားလေသည်။

မြေကြီး၊ တောင်၊ လေဟာနယ်အားလုံးမှာ ဤအမွေးများကြောင့် အက်ကွဲသွားလေသည်။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ရှီဟောင် လျင်မြန်စွာ ရှောင်ထွက်သွားလိုက်ရသည်။ ဤအရေခွံကို ထိဖို့မပြောနှင့် ထိုအမွေးများကြောင့် မထိခိုက်စေရန်ပင် သူရှောင်တိမ်းနေရသည်။

ဤကျယ်ပြန့်လှသည့် တားမြစ်နယ်မြေတွင် နားမလည်နိုင်သည့်အရာများစွာရှိနေသည်ကို နောက်ဆုံးတော့ သူနားလည်သွားလေပြီ။

ဒီအရေခွံက ဘယ်သက်ရှိဆီကနေ ကွာလာတာလဲ .. ဒါကိုသာ လက်နက်အနေနဲ့သုံးလိုက်ရင် တကယ်ကို ကြောက်စရာကောင်းလိမ့်မယ်..

ခဏကြာပြီးသည့်နောက်တွင် ဤသည်မှာ ပြိုင်ဘက်ကင်းသည့်ပုဂ္ဂိုလ်တစ်ယောက်ထံမှ လာခဲ့သည့်အရေခွံဖြစ်လိမ့်မည်ဟု သူစဉ်းစားမိသွားသည်။ သေချာစဉ်းစားကြည့်မည်ဆိုလျှင် ထာဝရရှေးဟောင်းခေတ်တွင် ဤနေရာ၌ တိုက်ပွဲကြီးဖြစ်ခဲ့သောကြောင့် ဤသည်မှာ အတိတ်မှ ရှေးဟောင်းပစ္စည်းပင် ဖြစ်နိုင်သည်။

ရှီဟောင် ဤသားရဲအရေခွံကိုယူရန် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း မရနိုင်ပေ။ ဤလေရူးသည် အရေခွံကို တောအုပ်အတွင်းဘက်သို့ သယ်သွားလေသည်။

တကယ်တမ်းတွင် ဤလေရူးသည်လည်း ဤသားရဲအရေခွံ၏ နတ်ခွန်အားကြောင့်ဖြစ်လိမ့်မည်ဟု သူသံသယဝင်လာရသည်။

ရှီဟောင် ထိုအရေခွံနားသို့ ကပ်သွားလိုက်သည်နှင့် ဤသည်မှာ သာမန်လေကြောင့်မဟုတ်ပဲ ဤအရေခွံကိုယ်တိုင်မှ ပြုလုပ်လိုက်သည့်လေဖြစ်ကြောင်း သေချာလာရသည်။

အခြေအနေကို နားလည်သွားပြီးနောက် သူထိုအရေခွံနောက်သို့ ဆက်မလိုက်တော့ပေ။ သူ့တစ်ကိုယ်လုံးလည်း ချွေးများရွှဲနေလေပြီ။ အန္တရာယ်များလိုက်တာ .. သူသာ ဤအရေခွံနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရပါက သူသေချာပေါက် သေသွားမည်ပင်။

ထိုဂိုဏ်းခေါင်းဆောင်အိုကြီးများ အဘယ်ကြောင့် ဤနယ်မြေတွင် သေဆုံးသွားခဲ့ရသည်ကို သူနားလည်သွားလေပြီ။ ဤကဲ့သို့သော ပစ္စည်းများနောက်ကို လိုက်သွားပါက သေချာပေါက် သေဆုံးသွားမည်သာ။

ဤအရေခွံပင် ဤမျှစွမ်းအားကြီးနေလျှင် ဤအရေခွံပိုင်ရှင်သည် မည်မျှပင် စွမ်းအားကြီးမည်နည်း.. ထိုလူသည် ထာဝရဘုရင်လည်းဖြစ်နိုင်ပေသည်။

ရှီဟောင် စိုးရိမ်စိတ်အပြည့်ဖြင့်ပင် အရှေ့ဘက်သို့ ဆက်လျှောက်လာလိုက်သည်။ တောင်ကုန်းထူထပ်သည့်နေရာသို့ ရောက်လာသည့်အချိန်တွင် သူရပ်တန့်လိုက်၏။ ဤနေရာမှာ အတော်လေး ထူးခြားလှသည်။ ထို့နောက်တွင် သူ၏ဆံပင်မွေးများထောင်ထလာကာ သူအရှိန်တင်ပြေးရတော့သည်။

အဘယ်ကြောင့်ဆိုသော် ဤတောင်များမှာ အမှန်တကယ်တွင် အနီရင့်ရောင်သွေးများ စီးကျနေသည့် ရှေးဟောင်းအုတ်ဂူများပင်ဖြစ်ပြီးး လှုပ်ရှားနိုင်ကြသည်။

ထို့အပြင် ဤအုတ်ဂူများသည် သူ့ကို ဖိနှိပ်ကာ စားသုံးလိုကြလေသည်။

သူနောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် မြေပြင်ပေါ်၌ အရိုးစုများထောင်ပေါင်းများစွာ ရှိနေလေသည်။ ဤအုတ်ဂူများ ရွေ့သွားသောကြောင့် ကျန်နေခဲ့သည့်အလောင်းများပေါ်လာခြင်းပင်။ ဤအလောင်းများသည်လည်း စီရင်စုသုံးထောင်မှ လူငယ်ပါရမီရှင်များ၏ အလောင်းများပင်။

ဤသည်မှာ ဤနေရာတွင် လူပေါင်းများစွာ သေဆုံးခဲ့ရသည်ကို ပြသနေခြင်းပင်။

ဤတားမြစ်နယ်မြေမှာ အန္တရာယ်များစွာရှိနေသည်ဟု သူပို၍ပင် ခံစားလာရသည်။ သူတစ်ချိန်လုံး နိုးနိုးကြားကြားရှိနေမှဖြစ်မည်။ သူနည်းနည်းလေး သတိလွတ်သွားသည်နှင့် သူအဆုံးသတ်သွားနိုင်သည်။

သူ ရှန်းစီရင်စုမှ ထွက်လာသည်မှာ တစ်လရှိနေပြီဖြစ်သော်လည်း ထိုရှေးဟောင်းမြို့ကို ယခုထိမတွေ့သေးပေ။

လျှပ်စီးတစ်ခု နတ်သစ်ပင်တစ်ပင်ကို ပစ်ချသွားလေသည်။

ရှီဟောင် ထိတ်လန့်သွားရသည်။ ဤနတ်သစ်ပင်သည် မိုးကြိုးပစ်ခံလိုက်ရပြီး တစ်ပင်လုံး မည်းတူးသွားသော်လည်း လဲကျမသွားပေ။

ထို့အပြင် သစ်ပင်ပင်စည်တွင် အလင်းများတောက်ပနေသည်။ ဤသည်မှာ လျှပ်စီးတာအိုအဖိုးတန်ပစ္စည်းများ ပြုလုပ်ရန်အတွက် ထူးခြားသည့်ပစ္စည်းပင်။

သို့သော် ရှီဟောင် ထိုသစ်ပင်နားကပ်လိုက်သည်နှင့် သူရုတ်တရက်ပင် ထိတ်လန့်သွားရသည်။ သူလျင်မြန်စွာ ထွက်ပြေးသွားလိုက်ရသည်။ ခဏကြာပြီးသည့်နောက်တွင် သူသည် မှော်ပစ္စည်းတစ်ခုကို အသက်သွင်းကာ ထိုရှေးဟောင်းသစ်ပင်ကို ထိရန် ကြိုးစားကြည့်လိုက်သည်။

ဝုန်း..

လေဟာနယ်တွင် လီတစ်ရာပတ်လည်ပေါက်ကွဲသွားပြီး ထိုနေရာတွင်ရှိနေသည့် မြေကြီးဆိုလျှင် ပြောစရာကိုမလိုတော့ပေ။ ထိုနေရာသည် ချောက်နက်ကြီးဖြစ်သွားလေသည်။

“ဒါက ဘယ်လိုသစ်ပင်မျိုးလဲ .. သူ့မှာဘယ်လိုမျိုး လျှပ်စီးတွေ ရှိနေတာလဲ..” ရှီဟောင် ဆွံ့အသွားရသည်။ တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။ ဤစွမ်းအားမှာ ဂိုဏ်းခေါင်းဆောင်ကိုပင် တိုက်ခိုက်နိုင်သည်။

ရှီဟောင် ဤနေရာမှ လျင်မြန်စွာပင် ထွက်ခွာသွားလိုက်သည်။

နှစ်လကြာပြီးသည့်နောက်တွင် သူတပ်သားတစ်စုနှင့် တွေ့လိုက်ရသည်။ သူတို့အားလုံးသည် သတ္တုဝတ်စုံများကို ဝတ်ဆင်ထားကြကာ သူတို့၏ပုံစံမှာ သီးသန့်ဆန်လှသည်။ သူတို့သည် ဝါရင့်ကျွမ်းကျင်သူများပင်။

ဤလူများသည် သားရဲများ၊ နတ်ငှက်များကို စီးနင်းထားကြပြီး အားလုံးမှာ ရဲစွမ်းသတ္တိရှိသော အော်ရာများကို ထုတ်လွှတ်နေလေသည်။ သူတို့ထဲတွင် ကောင်းကင်နတ်ဘုရားများပါဝင်ပြီး အဆင့်အနိမ့်ဆုံးပင်လျှင် နတ်ဘုရားအစစ်နယ်ပယ်တွင်ရှိသည်။

“မင်း ဘယ်သူလဲ..” တစ်ခြားတစ်ဖက်မှ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“ကျွန်တော်က တာအိုရှာဖွေတဲ့သူပါ .. ပြီးတော့ တားမြစ်နယ်မြေရဲ့ ရှေးဟောင်းမြို့ကိုရှာနေတဲ့သူလည်း ဟုတ်ပါတယ်” ရှီဟောင်ပြန်ဖြေလိုက်သည်။

ဤလူများ ဘယ်ကလာသည်ကိုလည်း သူအတော်လေး သိချင်မိသည်။ သူက ရှေးဟောင်းမြို့နဲ့ သိပ်မဝေးတော့တာများလား..

“မင်းက ရှေးဟောင်းမြို့ကို ရှာနေတာဟုတ်လား .. မင်းက စီရင်စုသုံးထောင်ကနေ ဒီနေရာကို တစ်ယောက်တည်းရောက်လာတာလား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား မေးလိုက်သည်။

“ဟုတ်ပါတယ် .. ကျွန်တော်က တာအိုကို ရှာဖွေနေတာပါ .. ဒီလမ်းကြောင်းက ကျွန်တော့်ကိုယ်ကျွန်တော် တိုးတက်အောင်လုပ်တဲ့ လမ်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းထဲမှာ ပါပါတယ်” ရှီဟောင် ပြုံး၍ပြန်ဖြေလိုက်သည်။

“မင်းပြောတဲ့ ရှေးဟောင်းမြို့ဆိုတာက သိပ်မဝေးတော့ဘူး .. ငါတို့က အဲဒီမြို့ကလာတာ .. ငါတို့ဘေးပတ်ဝန်းကျင်ကို လာစစ်နေတာ” သူတို့ထဲမှာ တစ်ယောက်ပြောလိုက်သည်။ ထို့နောက်တွင် ဤသူတို့စီးထားသည့်သားရဲကောင်များ လှုပ်ရှားလာလေသည်။

ရွှီး..

ရုတ်တရက်ပင် အရှေ့မှ ဦးဆောင်လာသည့်သူသည် လျှို့ဝှက်ရတနာတစ်ခုကို အသက်သွင်းကာ ရှီဟောင်ကို ဖိနှိပ်လာလေသည်။

တစ်ချိန်တည်းမှာပင် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်သည် အကူအညီတောင်းခံသည့်အချက်ပြမှုကို အသုံးပြုလိုက်လေ၏။

“သတ်…”

အခြားတစ်ဖက်မှ သူ့ကိုသတ်ချင်နေသောကြောင့် ရှီဟောင်လည်း ယဉ်ကျေးနေမည်မဟုတ်တော့ပေ။ သူ၏လက်ကိုမြှောက်လိုက်သည်နှင့် ဓားလင်းတန်းသည် သက်တံ့များကဲ့သို့ ထွက်ပေါ်လာပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။ ရလဒ်အနေဖြင့် ထိုလူအတော်များများ အသက်ဆုံးရှုံးသွားလေသည်။

သို့သော်လည်း အသေခံတပ်သားများ သေရမည်ကို မကြောက်သကဲ့သို့ အသက်ရှင်ကျန်နေသည့်သူများ တရှိန်ထိုးတိုက်ခိုက်လာပြန်လေသည်။

“မင်းတို့အားလုံးမှာ တကယ်ပဲ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ” ထူးဆန်းသည့်အော်ရာတစ်ခုကို အာရုံခံမိလိုက်သောကြောင့် ရှီဟောင်မေးလိုက်သည်။

ဖူး..

ရှီဟောင်သည် တွေဝေမနေပဲ ကျန်သည့်သူများကို သတ်လိုက်လေ၏။ တစ်ချိန်တည်းမှာပင် ရေလှိုင်းကြီးကဲ့သို့ ချီတက်လာသည့် အနက်ရောင်ရှေးဟောင်းသားရဲများကို စီးနင်းထားသည့် အနက်ရောင်ဝတ်စုံနှင့်လူတစ်စုကို သူရင်ဆိုင်လိုက်ရသည်။

ထိုလူများအားလုံးမှာ ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်နေလေပြီ။

“သူ့ကိုသတ်..” တစ်စုံတစ်ယောက်မှ ရှီဟောင်အား လက်ညှိုးထိုးလာသည်။

ရှီဟောင် နားမလည်နိုင်တော့ပေ။ ဒီနေရာက ရှေးဟောင်းမြို့နဲ့သိပ်မဝေးတော့ဘူးမဟုတ်ဘူးလား .. ဒီလူတွေက ဘာလို့သူ့ကို လာတိုက်ခိုက်နေတာလဲ .. သူတို့၏ခွန်အားများကောင်းမွန်လှကာ အော်ရာများလည်း အေးစက်လှသည်။ သူတို့သည် သွေးပင်လယ်၊ အလောင်းပုံကြီးထဲမှ တွားသွားတက်လာသည့်သူများပင်။

အပိုင်း ၁၂၄၀ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၁ – ရန်သူ

ဤလူအုပ်ကြီးမှာ သာမန်လူများမဟုတ်ကြပေ။ သူတို့သည် ကျင့်ကြံခြင်းမှ ခွန်အားကြီးလာကြသူများမဟုတ်ပဲ စစ်မြေပြင်နှင့် အလောင်းပုံများကြားမှ ထိုးထွက်လာကာ စွမ်းအားကြီးလာသည့်သူများပင်။

ဤကဲ့သို့သော လူများ ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်သွားသည့်အချိန်တွင် ရလဒ်မှာ အလွန်ကြောက်စရာကောင်းသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏အတွေ့အကြုံများမှာ သာမန်လူများထက်ပိုများကာ သူတို့၏ တိုက်ခိုက်နိုင်စွမ်းလည်း ကြောက်စရာကောင်းလှသည်။ သူတို့သည် သေဆုံးခြင်းဖြင့် ကိုယ့်ကိုကိုယ် ကိုယ်ရည်သွေးကြသည့်သူများပင်။

သာမန်ကောင်းကင်နတ်ဘုရားများပင်လျှင် အားလုံးထက် အဆင့်မြင့်နေပြီဖြစ်သည်။ ဤအုပ်စုသည် ကောင်းကင်နတ်ဘုရားများကြားမှ သေမင်းများကဲ့သို့ပင်။

သို့သော် ရှီဟောင်လည်း သာမန်လူ မဟုတ်ပေ။ သူရင်ဆိုင်ခဲ့ရသည့်ရန်သူများမှာ မရေမတွက်နိုင်အောင်ပင်။ သူသတ်ခဲ့သည့် ကောင်းကင်နတ်ဘုရားများသည်လည်း နည်းနည်းနောနောပမာဏမဟုတ်ပေ။

သူတွေဝေမနေပေ။ သူ့နောက်မှ မိုးမခသစ်ကိုင်းတစ်ရာကျော် တရှိန်ထိုးပြေးထွက်လာကြသည်။ ထို့အပြင် သူ၏ညာလက်တွင် ထာဝရဓားလည်းရှိနေလေသည်။

“ဝူး…” ထိုလူများသည် သူ၏လုပ်ရပ်များကို တွေ့သော်လည်း ရပ်တန့်သွားခြင်းမရှိပဲ တရှိန်ထိုး ပြေးဝင်လာကြလေသည်။

ဆံပင်များရှုပ်ပွနေပြီး သွေးရောင်ဦးချိုရှိသည့်သားရဲကိုစီးထားသည့် လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်လုံးများမှာ အနီရောင်အလင်းတန်းများ တောက်ပနေလေ၏။ သူ၏လက်ထဲတွင်လည်း သွေးရောင်ရဲဒင်းတစ်ခုရှိနေလေသည်။ သူသည် ဤအုပ်စု၏ ခေါင်းဆောင်ပင်။

သူ့ဘေးတွင် အခြားသူအနည်းငယ်လည်းရှိသေးသည်။ သူတို့၏ စီးနင်းထားသည့်သားရဲများမှာ တောင်ငယ်လေးများကဲ့သို့ပင်။ သူတို့အားလုံးသည် ရှီဟောင်ကို သတ်ရန်အတွက် လျှို့ဝှက်ပညာများကို ထုတ်သုံးနေကြလေသည်။

ဝုန်း..

မိုးမခသစ်ကိုင်းတစ်ရာကျော် ထွက်လာကာ တောက်ပသည့် ရွှေရောင်အလင်းများ ထုတ်လွှတ်ကာ ဤလူစုကို တားဆီးလိုက်သည်။ ထို့နောက်တွင် အံ့အားသင့်စရာကောင်းလောက်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။

ဤအဆင့်တိုက်ပွဲများမှာ ကမ္ဘာမြေကြီးတစ်ခုလုံးကို ချိုင့်ဝင်သွားကာ ပျက်စီးသွားစေရန် လုံလောက်သည်။

သို့သော်လည်း ဤနေရာသည် သမိုင်းဝင်နေရာဖြစ်ကာ ရှေးဟောင်းအစီအရင်များလည်း ရှိနေသေးသောကြောင့် ဖျက်ဆီးပစ်ရန် ထိုမျှ လွယ်ကူမနေပေ။

သေချာပါသည်။ ထူးဆန်းသည့်အစီအရင်များထွက်ပေါ်လာကာ ပျက်စီးသွားသည့်နေရာများကို ချက်ချင်း ပြန်ပြင်ဆင်လိုက်ကာ ဤနေရာကို ကာကွယ်ပေးထားလေသည်။

ဤသည်မှာ ယခုခေတ်၏ အရိုးစာသားမဟုတ်ပဲ ယခင်ခေတ်မှ ထူးဆန်းသည့်တာအိုသင်္ကေတများဖြစ်နေသောကြောင့် ရှီဟောင့် ထိတ်လန့်သွားရသည်။

လျှပ်စီးများ၊ အဖိုးတန်ပညာများ တိုက်ခိုက်မှုအောက်တွင် ရွှေရောင်သစ်ကိုင်းတစ်ရာကျော်သည် ရှီဟောင်ကို တိုက်ခိုက်လာသည့် လျှို့ဝှက်ရတနာများကို ရစ်ပတ်လိုက်လေသည်။

ရှီဟောင်သည် ကျားတစ်ကောင်ကဲ့သို့ပင် သူ့တစ်ကိုယ်လုံး၌ ရွှေရောင်သင်္ကေတများ ဖုံးလွှမ်းသွားလေသည်။ သူသည် ထာဝရဓားကိုကိုင်ကာ ခေါင်းဆောင်ကို တစ်ယောက်တည်း ရင်ဆိုင်လိုက်သည်။

ချွမ်း..

လက်နက်နှစ်ခု ထိခတ်သွားသည်နှင့် နေရာအနှံ့တွင် မီးပွားများ လွင့်စင်သွားလေ၏။ ထိုသွေးရောင်ရဲဒင်းကြီးသည် ထာဝရဓားနှင့် ရိုက်ခတ်ခံလိုက်ရပြီး ပြန်ကန်ထွက်သွားလေသည်။ ထိုကောင်းကင်နတ်ဘုရား၏ လက်ချောင်းကြားတွင်လည်း အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ သွေးများစီးကျလာလေ၏။

သူတို့နှစ်ဖက်လုံး ထိတ်လန့်သွားရသည်။

ရှီဟောင် ထိုရဲဒင်းကြီးကို ကြည့်ကာ ထိုရဲဒင်းမပျက်စီးသွားသည့်အတွက် အတော်လေး အံ့အားသင့်သွားရသည်။ သူ၏လက်ထဲတွင် ရှိနေသည့်ဓားမှာ ထာဝရရွှေပေါင်းစုံဖြင့် လုပ်ထားသည့်ဓားပင်။

ခဏကြာပြီးသည့်နောက် သူ နားလည်သွားရသည်။ တစ်ဖက်လူ၏လက်နက်တွင် ဂိုဏ်းခေါင်းဆောင်အဆင့်သင်္ကေတများပါဝင်နေသည်။ ဤသည်ကို စွမ်းအားကြီးသည့်ပုဂ္ဂိုလ်တစ်ယောက်ယောက်က ပြုလုပ်ခဲ့ခြင်းပင်။ ဤသည်မှာ ဂိုဏ်းခေါင်းဆောင်တစ်ဝက်အဆင့် လက်နက်ပင်။

ရွှီး..

ထိုခေါင်းဆောင်သည် ရှီဟောင်ထက်ပင် ပိုထိတ်လန့်သွားသည်သာ။ သို့သော်လည်း သူအချိန်ဖြုန်းမနေပေ။ သူ၏တိုက်ပွဲအတွေ့အကြုံမှာ များပြားလှသည်။ ရဲဒင်းကြီး နောက်ပြန်ကန်ထွက်သွားသည်နှင့် ထိုရဲဒင်းကို သူနောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်။ ထိုသို့လွှဲရမ်းလိုက်သည်နှင့် အရိုးစာသားများ တစ်လွှာပြီး တစ်လွှာပေါ်လာကာ ရှီဟောင်ကို ဖုံးလွှမ်းပစ်လိုက်လေသည်။

ရှီဟောင် ဓားကိုလှုပ်ရှားလိုက်ကာ ပြန်လည်ဝင်စားခြင်းသင်္ကေတများကို အသက်သွင်းလိုက်သည်။ ဤသည်မှာ သူ၏ကိုယ်ပိုင်အဆင့်လွန်အဖိုးတန်ပညာပင်။

ဒုန်း..

ထာဝရဓားသည် သွေးရောင်ရဲဒင်းကြီးကို နောက်တစ်ကြိမ် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာအောင် လုပ်လိုက်သည်။

သို့သော် ထိုရဲဒင်းသည် တကယ်ကို သာမန်မဟုတ်ပေ။ ဂိုဏ်းခေါင်းဆောင်သင်္ကေတများ ထွက်ပေါ်လာကာ ပြန်လည်ဝင်စားခြင်းခွန်အားကို အားလျော့အောင် လုပ်လိုက်သည်။။

ထိုသို့ဆိုသော်လည်း ထိုအမျိုးသား၏ဆံပင်များဖြူလာပြီး အတော်လေး အသက်ကြီးသွားဆဲပင်။

ရွှီး..

ရှီဟောင် ဓားကို မြှောက်လိုက်ကာ နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်နှင့် ပြန်လည်ဝင်စားခြင်းသင်္ကေတများ ထွက်ပေါ်လာလေသည်။

ဒုန်း..

ထိုလူသည် ပါးစပ်ဟလိုက်ကာ မီးခိုးရောင်အဆောင်တစ်ခုကို အသက်သွင်းလိုက်သည်။ ထိုအဆောင်မှာ သိပ်မထူးခြားသော်လည်း ထိုဓားချက်ရောက်လာသည်နှင့် အနက်ရောင်နေလုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားကာ ဤနေရာကို ဖျက်ဆီးပစ်လိုက်လေသည်။

ရှီဟောင်၏ ချီနှင့်သွေးစွမ်းအင်များ ထွက်လာရသည်။ နျင်ချွမ်းနှင့် အချို့သူများမှလွဲလျှင် ကောင်းကင်နတ်ဘုရားအဆင့်စွမ်းအားကြောင့် ရှီဟောင် နောက်ပြန်ဆုတ်သွားရသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင်။

ချွမ်း..

ရှီဟောင်သည် ထိုပေါက်ကွဲမှုကို အံတုကာ ဓားမှ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ ထိုလူ၏မျက်ခုံးကြားကို ဦးတည်လိုက်သည်။

ဒုန်း..

ရဲဒင်းကို သူ၏မျက်နှာရှေ့တွင် ကာလိုက်ကာ ထိုအလင်းတန်းကို တားဆီးလိုက်လေသည်။ သို့သော်လည်း ထိုရဲဒင်းသည် တောင့်မခံနိုင်တော့ပဲ တစ်ဝက် ကွဲထွက်သွားလေသည်။

ထို့နောက်တွင် ရှီဟောင် ဓားရှည်ကို လွှဲရမ်းလိုက်သည်နှင့် အရိုးစာသားများ ထွက်ပေါ်လာပြီး တောက်ပသည့်အလင်းတန်းများမှာ ကောင်းကင်ထက်တွင် ပျံသန်းသွားသည့် ကြယ်တံခွန်များကဲ့သို့ပင် မျက်စိမပွင့်နိုင်လောက်အောင် တောက်ပနေလေသည်။

ဘေးဘက်တွင်ရှိနေသည့် အခြားသူများလည်း အော်ဟစ်ကာ တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြလေ၏။ သို့သော်လည်း မိုးမခသစ်ကိုင်းတစ်ရာကျော်သည် ပိုက်ကွန်ပုံစံဖြစ်သွားကာ ဤနေရာကို ဝိုင်းထားလိုက်လေသည်။

ဒုန်း..

ထိုလူသည် သူ၏ပျက်စီးနေသည့် ရဲဒင်းကို ပစ်လိုက်သည့်အပြင် မျက်စိဆူးစေသည့် အလင်းတန်းတစ်ခုကိုလည်း ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ သူ၏ကျင့်ကြံခြင်းမှ စုစည်းထားသည့် သူ၏မွေးရာပါ ဝိဉာဉ်စွမ်းအင်ပင်။

သူ၏ဓားမှာ မမြင်ရသည့် စွမ်းအားလှိုင်းတစ်ခုကြောင့် ရပ်တန့်သွားလေ၏။

ထိုလူ နောက်ပြန်ဆုတ်သွားလေသည်။ သူသည် တိုက်ပွဲများတွင် ကြီးပြင်းလာရသည့် စစ်ပြန်တစ်ယောက်ဖြစ်သော်လည်း သူ၏အသက်ကို အလွယ်တကူ အဆုံးရှုံးခံမည် မဟုတ်ပေ။ သူအသက်ရှင်နေနိုင်မှတော့ သူနောက်ပြန်ဆုတ်ချင်သည်။

ရွှီး..

သို့သော်လည်း ရှီဟောင်သည် တရှိန်ထိုးပင် တိုက်ခိုက်လာကာ ထိုလူကို အလွတ်မပေးပေ။ သူသည် ထိုအလင်းတန်းကို ထိုးဖောက်လိုက်ကာ သူ၏ဓားကို ပြင်းထန်စွာပင် လွှဲရမ်းလိုက်သည်။

ဖူး..

ထိုခေါင်းဆောင်ပါးစပ်မှ သွေးကြောင်းတစ်ခု ပန်းထွက်လာကာ သူ၏ မူလဝိဉာဉ်ကို ကာကွယ်ရန်အတွက် သူ၏ခန္ဓာကိုယ်မှ မီးတောက်များထွက်ပေါ်လာလေသည်။

ရွှီး..

ကံမကောင်းစွာဖြင့်ပင် ဓားစွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ့ခေါင်း ပြတ်ထွက်သွားလေသည်။ ထို့နောက် လေဟာနယ်ပေါက်ကွဲသွားကာ သူ၏မူလဝိဉာဉ်လည်း မလွတ်မြောက်နိုင်တော့ပေ။

ဘေးဘက်တွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားကြရသည်။ ဤလူငယ်လေးမှာ ဤမျှအထင်ကြီးစရာကောင်းလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ သူတို့ထံတွင် သူ၏အသက်၊ ကျင့်ကြံခြင်းနယ်ပယ်နှင့် အခြားအရာများကို သိနိုင်သည့် လျှို့ဝှက်ရတနာများ ရှိနေသည်ပင်။

ဤလူငယ်လေးသည် အသက် ၂၀ ဝန်းကျင်သာရှိသေးပြီး ကောင်းကင်နတ်ဘုရားနယ်ပယ်ပင် မရောက်သေးပေ။ သို့သော်လည်း သူ့ထံတွင် ကြောက်စရာကောင်းသည့်ခွန်အားများ ရှိနေပြီး သူတို့၏ခေါင်းဆောင်ကိုပင် သတ်ပစ်လိုက်နိုင်သည်။

ဤပြောင်းလဲမှုများမှာ မြန်ဆန်လွန်းလှသည်။

အမှန်တကယ်တွင် ရှီဟောင်လည်း ထိတ်လန့်သွားသည်သာ။ မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်သို့ ရောက်သည်နှင့် သူ၏ခွန်အားမှာ ကောင်းကင်နတ်ဘုရားတစ်ယောက်နှင့် ယှဉ်၍ရလေပြီ။ သူ လျှပ်စီးအတိဒုက္ခကို ဖြတ်သန်းခဲ့ခြင်း၊ ထာဝရစွမ်းအင်သုံးကြောင်းရှိခြင်းတို့နှင့် ပေါင်းလိုက်လျှင် သူ၏စွမ်းအားမှာ ဤကျင့်ကြံခြင်းနယ်ပယ်ထက် မြင့်သင့်သည်။

ဤလူသည် ဤမျှသန်မာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ၏တိုက်ခိုက်မှုများကို ဆက်တိုက်ပင် တားဆီးနိုင်ခဲ့သည်။

“တော်တော်လေး သန်မာတာပဲ” ရှီဟောင် လေးနက်စွာ ပြောလိုက်သည်။

သို့သော် အခြားသူနားထဲတွင်မူ ဤသည်မှာ လှောင်ပြောင်သလိုဖြစ်သွားလေသည်။ အသက် ၂၀ ကျော်လူငယ်လေးက သူတို့ခေါင်းဆောင်ကို လျင်မြန်စွာ သတ်လိုက်သောကြောင့် သူတို့အားလုံး ဆွံ့အသွားရသည်သာ။

“သတ်…”

သူတို့ထဲမှ တစ်ယောက် ဟစ်ကြွေးလိုက်သည်။ သူတို့သည် တောက်ပနေသည့် ကျောက်တုံးတစ်တုံးကို အတူတကွ အသက်သွင်းလိုက်ကာ အစီအရင်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။ သူတို့သည် ရှီဟောင်ကို ဤနေရာတွင် သတ်ပစ်ချင်နေခြင်းပင်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားအုပ်စုကြီးဖြစ်သောကြောင့် သူတို့ပြုလုပ်သည့်အစီအရင်မှာလည်း နိမ့်ကျမည်မဟုတ်ပေ။

သို့သော်လည်း ရှီဟောင်က ဘယ်လိုလုပ်‌ သေမည်ကို ထိုင်စောင့်နေရမည်နည်း.. သူ၏ခွန်ပန်အတောင်ပံများ ပေါ်လာပြီးနောက် သူသည် အဖိုးတန်ပညာမျိုးစုံကို အသုံးပြုလိုက်လေသည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ .. ကျုပ်က စီရင်စုသုံးထောင်ကလာတဲ့လူဆိုတာ သိတာနဲ့ ဘာလို့ ကျုပ်ကို သတ်ချင်နေတာလဲ..”

“ကျုပ်တို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူး .. ကျုပ်က တကယ်ကို အဲဒီရှေးဟောင်းမြို့ကို ရှာချင်ရုံလေးပါ .. ခင်ဗျားတို့ကို ဘယ်တုန်းကမှ ရန်မစဖူးတာကို ခင်ဗျားတို့က ဘာလို့ ကျုပ်ကို ထိခိုက်ချင်တာလဲ..”

ရှီဟောင် မေးခွန်းများကို ဆက်တိုက်ပင် မေးလိုက်သည်။

သို့သော်လည်း ဤလူများသည် စကားတစ်ခွန်းမှ မပြောပဲ တိုက်ပဲတိုက်ခိုက်နေသည်။

ဖူး..

လူတစ်ယောက် နှစ်ပိုင်းပြတ်သွားကာ သွေးများလွင့်စင်လာလေသည်။ သူစီးနင်းသည့် သတ္တဝါကြီးသည်လည်း သူနှင့်အတူတူ အသတ်ခံလိုက်ရလေသည်။

ဖူး..

အခြားတစ်ယောက်၏ ခေါင်းလွင့်ထွက်သွားလေ၏။

ရှီဟောင် အားလုံးကို သတ်ဖြတ်ပစ်နေလေသည်။ တစ်ဖက်လူမှ သူ့အား သတ်ချင်နေသောကြောင့် သူလည်း ညှာတာနေမည်မဟုတ်ပေ။

ဤလူများသည် ရက်စက်လှသော်လည်း တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည်ကို မြင်လိုက်ရသည့်အချိန်တွင် သွေးပျက်သွားကာ စတင်ထွက်ပြေးကြလေသည်။

သို့သော် ရှီဟောင် ဤလူများကို အလွတ်မပေးရန် ဆုံးဖြတ်ပြီးသားပင်။ သူသည် ကိုယ်ပွား ၆ခု၊ ၇ခု ခန့်ခွဲလိုက်ကာ ထိုလူများနောက်ကို ပြေးလိုက်သွားလိုက်သည်။

နောက်ဆုံးတွင်တော့ လူတစ်ယောက်ပင် လွတ်မသွားနိုင်ပေ။

“ဘာလို့လဲ..” ရှီဟောင်မေးလိုက်၏။

သို့သော်လည်း ဤလူများတွင် ပုံမှန်မဟုတ်သည့်အရာများ ဖြစ်ပေါ်လာသည်။ သူတို့၏မျက်လုံးများသည် သွေးကဲ့သို့နီရဲလာပြီး သူတို့သည် သေရမှာမကြောက်ကြောင်းကိုသာ ထပ်ခါတလဲလဲ ဟစ်ကြွေးနေကြလေသည်။

ဤလူ၏မျက်လုံးများမှာ ထူးဆန်းလှပြီး ထာဝရရှေးဟောင်းမြေအိပ်မက်ထဲတွင် မြင်ခဲ့ရသည့် မြူများကြားမှ မျက်လုံးများနှင့် တူနေသည်။

ရှီဟောင် ချက်ချင်းပင် ဒေါသထွက်သွားရ၏။ သိပ်မကြာသေးခင်က ကြုံတွေ့လိုက်ရသည့် သူ့သူငယ်ချင်းများ၏ ကျရှုံးမှု၊ ဝမ်းနည်းမှုများမှာ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထွက်ပေါ်လာစေသည်။

ရှီဟောင်သည် သူ၏ဒေါသများကို ဖိနှိပ်လိုက်ကာ ထိုလူများထဲမှ တစ်ယောက်ကို ဖမ်းလိုက်ကာ သူ၏မူလဝိဉာဉ်ကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။ ထိုလူသည် သူ၏မူလဝိဉာဉ်ကို ပေါက်ကွဲစေလိုက်သောကြောင့် သူပင်ဒဏ်ရာရမလိုဖြစ်သွားခဲ့သည်။

ရှီဟောင်သည် သနားညှာတာမှုပြမနေပဲ သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ဤလူများသည် မျက်လုံးများနီရဲကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသော်လည်း သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရလေသည်။

“ငါသူတို့နဲ့ သိပ်မဝေးတော့ဘူး” ရှီဟောင် အံကြိတ်ကာ ပြောလိုက်သည်။ ဤရန်သူများနှင့် သိပ်မဝေးတော့ဘူးဟု သူခံစားနေရသည်။

“ငါ နယ်ခြားစပ်နဲ့နီးနေပြီလား .. ရန်သူတွေက အောင်မြင်သွားပြီလား..”

ရှီဟောင် သူ့ကိုယ်သူပြောရင်း ချွေးစေးများပင် ထွက်လာရသည်။

နယ်ခြားစပ်ပေါက်သွားပြီးတော့ ဒီလူတွေ ဒီထဲကို ဖြတ်လာနိုင်တာများလား..

မျက်လုံးကြီးနှင့် တိုက်ခဲ့ရသည့် သိပ်မကြာသေးမီက တိုက်ပွဲကို သူ ပြန်စဉ်းစားမိသွားသည်။ သူတို့၏စစ်တပ်သည် နေရာကို ဖြတ်လာမည်ဖြစ်ကြောင်း ထိုမျက်လုံးပြောခဲ့သည်။

နယ်ခြားစပ်ကျိုးပျက်သွားပြီလား .. စစ်ပွဲမီးတောက်တွေက ဒီနေရာကနေ စလာမှာလား..

ရှီဟောင်သည် သူ့အတွေးကြောင့် ထိတ်လန့်သွားရသည်။

သူ ဘာမှ မပြင်ဆင်ရသေးပေ။ ယခုထိ ထိပ်ဆုံးမရောက်သေး။ သူသာ ဤအကောင်များနှင့် တွေ့ရလျှင် သူသည် ဖီးနှစ်မိန်းကလေးကဲ့သို့ပင် မကျေမနပ်သေသွားရမည်လား..

သူ ဤသည်ကို လက်မခံနိုင်။ ထာဝရရှေးဟောင်းမြေသို့ ပြန်ရောက်သွားသည့် အိပ်မက်မှာ သူ၏မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင်။ သူ၏သူငယ်ချင်းများအတွက် လက်စားချေရမည်။

ရှီဟောင် ထိုနေရာတွင် အတော်လေးကြာသည်အထိ စဉ်းစားနေခဲ့မိသည်။ သူသည် နောက်ပြန်လှည့်မသွားပဲ မီးခိုးတန်းအဖြစ်သို့ ပြောင်းလဲကာ အရှိန်တင်လိုက်သည်။ တားမြစ်နယ်မြေအတွင်းပိုင်းတွင် ဘာဖြစ်နေသလဲဆိုသည်ကို သူသွားကြည့်ရမည်။

ရက်ပေါင်းများစွာ ကြာပြီးနောက်၊ မရေမတွက်နိုင်သည့် တောတောင်များ၊ မြစ်များကို ဖြတ်သန်းပြီးသည့်နောက်တွင် နောက်ဆုံးတော့ သူထူးဆန်းသည့်နေရာတစ်ခုသို့ ရောက်လာသည်။

အဝေးကြီးမှနေပင်လျှင် သူ ကြီးမားလှသည့်နန်းတော်ကြီးကို မြင်နေရသည်။ ဤသည်မှာ ခမ်းနားလှကာ နန်းဆန်လွန်းလှသည်။

“ငါရောက်ပြီ .. နောက်ဆုံးတော့ ငါတွေ့ပြီ” ထိုနေရာတွင် မည်သည့်အဖြစ်အပျက်များဖြစ်ပျက်ခဲ့သည်ကို သူသိချင်သည်။

အပိုင်း ၁၂၄၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၂ – မြို့တစ်မြို့

မြို့တစ်မြို့..

ဤသည်မှာ ကွင်းပြင်တစ်ခုပင်။ ရှေးသစ်ပင်ကြီးများရှိသော်လည်း ကျိုးတိုးကျဲတဲပင်။ မြေကြီးမှာ ခြောက်သွေ့အက်ကွဲနေပြီး တောတောင်များလည်း မရှိပေ။ ထို့ကြောင့် ဤနေရာတွင် မြို့တည်ထားခြင်းဖြစ်ဟန်တူသည်။

သူက မြို့ကြီးကို ဒီလိုနဲ့ပဲ တွေ့သွားတာလား..

ဒီနေရာက သမိုင်းဝင်ခေတ်မဟာမိတ်စာချုပ်နေရာလား .. ဤနေရာသည် လေးစားစရာကောင်းကာ ပြိုင်ဘက်ကင်းသည့်အော်ရာကို ထုတ်လွှတ်နေလေသည်။

ဒီနေရာကို ရောက်လာတာက သူနယ်ခြားစပ်နဲ့ နီးနေပြီလို့ ပြောချင်တာလား .. ဒါမှမဟုတ် ဒါက အပြင်ဘက်ဆုံးနယ်မြေပဲလား..

သမိုင်းကြောင်းတစ်လျှောက်တွင် ဤနေရာသို့ ရောက်လာခဲ့သည့် ထူးခြားသည့်သူရဲကောင်းများစွာ ရှိခဲ့ပြီး အချို့မှာ ဤနေရာတွင် မြှုပ်နှံခံခဲ့ရသည်။

ဤသည်မှာ ဟိုးလွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့်ကိစ္စဖြစ်သော်လည်း ယခုခေတ်ထိ ဆက်စပ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ထိုရန်သူများ ထိုနေရာတွင် ရှိနေဆဲဖြစ်သောကြောင့်ပင်။ အတိအကျပြောရမည်ဆိုလျှင် သူတို့၏မျိုးဆက်များ ဤလောကတွင် ရှိနေသေးသည်။

မူလရန်သူများပင် အသက်ရှင်နေသေးသည်အထိပင်။

သူတို့ဘယ်လိုလူမျိုးဖြစ်မလဲ ရှီဟောင်သိချင်မိသည်။ ပြောရမည်ဆိုလျှင် သူတို့ဘယ်လိုသက်ရှိမျိုးဖြစ်သလဲဆိုသည်ကို သူသိချင်သည်။ အဘယ်ကြောင့်ဆိုသော် အများစုမှာ လူသားပုံစံဖြစ်နေသော်လည်း သူတို့လူဖြစ်လိမ့်မည်ဟု ရှီဟောင်မထင်မိပေ။

ထာဝရရှေးဟောင်းမြေကို အိပ်မက်မက်ခဲ့သော်လည်း သူမြင်ခဲ့ရသည်မှာ အနည်းငယ်သာ။ မီးခိုးရောင်မြူများဖုံးလွှမ်းနေသောကြောင့် အကြေးခွံများ၊ လက်သည်းများကိုသာ ရံဖန်ရံခါမြင်လိုက်ရသည်။

“ဒီကိစ္စကို အဆုံးထိသိဖို့အတွက် ငါမြို့နားကို ထပ်သွားမှဖြစ်မယ်..”

သူအနီးကပ်လာသည့်အချိန်တွင် ဤမြို့မှာ အတော်လေး လူဦးရေထူထပ်သည်ကို သူတွေ့လိုက်ရသည်။ ပျာပန်းခတ်မျှ စည်ကားသည်ဟု ပြော၍ရလောက်အောင်ပင် လှုပ်ရှားသက်ဝင်နေသည်။

“အမ်..”

ခဏကြာပြီးသည့်နောက်တွင် မြို့ထဲမှ လူတစ်စု သူ့ဘက်သို့ ပြေးလာနေသည်ကို သူတွေ့လိုက်ရသည်။

သူ့ကို တွေ့သွားပြီလား..

ကံကောင်းစွာဖြင့်ပင် ထိုလူများသည် အခြားနေရာသို့ ဦးတည်သွားလိုက်ကြလေသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားတစ်ယောက် ဦးဆောင်ထားသည့် သားရဲများကိုစီးနင်းထားသည့် လူအုပ်ကြီးပင်။ ဤသည်မှာ အတော်လေး ထိတ်လန့်စရာကောင်းသည်သာ။ ဤနေရာတွင် ကျွမ်းကျင်သူများမှာ နေရာတိုင်းတွင် ရှိနေသည်။

သူ့ကို စိတ်သက်သာရာရစေသည်မှာ သူမြို့ထဲသို့ ကြည့်လိုက်သည့်အချိန်တွင် အချို့သူများမှာ ကျင့်ကြံဆင့်သိပ်မမြင့်သည်ကို သူတွေ့လိုက်ရသည်။ အချို့သူများမှာ အဆင့်လွန်ကျွမ်းကျင်သူအဆင့်သာရှိသည်။

ဤကဲ့သို့သော ထူးဆန်းသည့်မြို့တွင် အားနည်းသည့်သူမှာ အနည်းငယ်သာ ရှိလိမ့်မည်။

ထို့နောက်တွင် လူတစ်ယောက်ကို သူတွေ့လိုက်ရသည်.. စုန်းမ..

သူမသည် မြို့ထဲတွင်ရှိနေပြီး အံ့အားသင့်စရာကောင်းလောက်အောင် လှပနေဆဲပင်။ သို့သော် သူမသည် မည်သည့်စိုးရိမ်မှုမှမရှိပဲ လွတ်လပ်စွာပင် လျှောက်သွားနေသည်။

ရှီဟောင် ဆွံ့အသွားရ၏။

သူမက ဘာလို့ သူ့ထက်အရင်ရောက်နေရတာလဲ..

သူရောက်နေသည့်နေရာမှာ မြို့ဂိတ်တံခါးနှင့် သိပ်မဝေးသောကြောင့် ရှီဟောင်အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်သာ။ ဤနေရာတွင်ရှိနေသည့်လူများမှာ မနည်းလှပေ။ လူမျိုးစုများစွာလည်းရှိနေသည်။

သို့သော်လည်း စုန်းမသည် သူ့ထံသို့ အသံပို့လွှတ်လာလေ၏။ “ကောင်စုတ်လေး .. ပုန်းမနေနဲ့တော့ … ငါမင်းကို အစောကြီးကတည်းက သတိပြုမိပြီးသား”

ရှီဟောင် ထိတ်လန့်သွားရ၏။ ထို့နောက်တွင် မြို့ဂိတ်တံခါးမှ ထွက်ကာ သူ့ထံသို့ ဦးတည်လာနေသည့် စုန်းမကို ကြည့်လိုက်သည်။ သူ့ထံတွင် မေးခွန်းပေါင်းစုံ ရှိနေလေပြီ။

“ဟေး ဟေး ဟေး .. ငါ့ကို တစ်ခါမှမမြင်ဖူးတဲ့သူကို ငေးကြည့်နေတာ တော်လိုက်တော့ .. ကျောက်တုံးကြီးတစ်တုံးကို မျက်နှာချင်းဆိုင်နေရသလိုမျိုး ငါ့ကို မျက်နှာသေကြီးနဲ့လာကြည့်မနေနဲ့” စုန်းမသည် လှပလွန်းလှသော်လည်း သူမ၏ပါးစပ်မှာမူ ယခင်ကကဲ့သို့ ထက်မြက်နေဆဲပင်။

“ခင်ဗျား ဘက်ပြောင်းသွားတာလား” ရှီဟောင်မေးလိုက်၏။ သို့သော်လည်း သူမှားသွားမှန်း သူသိလိုက်ရသည်။ ဤမြို့မှာ သူထင်ထားသည်နှင့်မတူပေ။

“မင်းဘာတွေ လျှောက်ပြောနေတာလဲ .. ” စုန်းမ သူ့အားလှောင်ရယ်လိုက်လေသည်။

ရှီဟောင် နားလည်သွားလေပြီ။ ဤမြို့မှာ အသိမ်းမခံရသေးပေ။

“ခင်ဗျားကဘာလို့ ကျုပ်ထက်အရင်ရောက်နေတာလဲ” ရှီဟောင် ဆက်မေးလိုက်သည်။

“လူငယ်လေး .. မင်းဘာပြောချင်နေတာလဲ” စုန်းမ သူ့အားစောင်းကြည့်လိုက်သည်။ ထို့နောက်တွင် သူမသည် ရန်စသလိုနှင့် ပြုံးလာကာ “မင်းက တော်တော်လေးကို အားနည်းနေလို့များလား .. ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံပြီးတာတောင်မှ ငါ့နောက်မှ ရောက်လာတယ် .. အရမ်းကို မကျေမနပ်ဖြစ်နေတာလား .. ဒါပေမဲ့ ဒါက အမှန်တရားပဲ .. ကောင်စုတ်လေး .. မင်းတော်တော်လိုပါသေးတယ်..”

ရှီဟောင် ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူ တကယ်လည်း ထိုကဲ့သို့ တွေးနေခြင်းပင်။ သူသည် အတော်လေး စွမ်းအားကြီးကာ မြန်မြန်ရောက်လာသည်ဟု ထင်လိုက်သော်လည်း သူ့ထက်အရင်ရောက်သည့်သူ ရှိနေလေပြီ။

“ဟမ် .. မင်းကဘာလို့ အရင်လိုမျိုး ပြန်မပက်တော့တာလဲ .. ငါတို့နှစ်ယောက်ရဲ့ ကွာခြားချက်ကို မင်းတွေးမိသွားလို့လား .. အဲဒါဆိုရင်လည်း ကြိုးကြိုးစားစားလုပ် ကောင်လေး..” စုန်းမသည် မာနကြီးကာ အတွေ့အကြုံများသည့်ပုံစံဖြင့် ပြောလိုက်လေ၏။ ထို့နောက်တွင် သူမ မရယ်ပဲ မနေနိုင်တော့ပေ။

“ခင်ဗျားမှာ ဘယ်လိုနည်းလမ်းတွေ ရှိနေတာလဲ .. ခင်ဗျား တကယ်ပဲ ဘယ်လိုလုပ် ကျုပ်ထက်အရင် ရောက်နေတာလဲ” ရှီဟောင် ဤသည်ကို လက်မခံနိုင်။

“အဆင့်လွန်သုံးယောက်က ငါ့တို့ကို တစ်နေရာစီပို့ပေးတာကို မင်းမေ့နေတာလား .. ငါက အရှေ့ဆုံးကို ပို့ခံလိုက်ရတာဆိုတော့ ငါနည်းနည်းလေး ပိုမြန်နေတာပေါ့” စုန်းမပြောလိုက်သည်။

ရှီဟောင် ဤသည်ကို မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သုံးယောက်သည် ပို့မည်ဆိုလျှင်ပင် လီပေါင်းတစ်သန်းလောက်သာ ပို့လိမ့်မည်။ ဤလအနည်းငယ်အတွင်း သူလျှောက်ခဲ့သည့်လမ်းများမှာ လီဘယ်လောက်ရှိပြီလဲတောင် သူမသိတော့ပေ။

“ကံကောင်းသွားတာက ငါရောက်သွားတဲ့နေရာမှာ ရှေးဟောင်းအစီအရင်တစ်ခု ရှိနေတယ်လေ .. အဲဒါကြောင့်မို့လို့ ငါဒီမြို့ကို တန်းရောက်လာတာ” စုန်းမထပ်ရှင်းပြလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ ဒါက မတရားလွန်းရာကျသွားပြီလေ မဟုတ်ဘူးလား .. သူက အသက်လုနေရပြီး အန္တရာယ်မျိုးစုံကြုံနေရတာကို စုန်းမက ဒီကိုခြေတစ်လှမ်းတည်းနဲ့ ရောက်လာတယ် ..

“ခင်ဗျားက ကျုပ်ကို ဘယ်လိုလုပ် သတိထားမိသွားတာလဲ” ရှီဟောင်မေးလိုက်၏။ သူ၏ပုန်းကွယ်သည့်ပညာကို သူအတော်လေး ယုံကြည်မှုရှိသော်လည်း စုန်းမသည် မြို့ပြင်တွင်ရှိနေသည့် သူ့ကို တွေ့သွားဆဲပင်။

“မင်းက အားနည်းလွန်းလို့ပေါ့ .. မင်းကိုရှာချင်ရင် ငါ့လက်တစ်ဖက်လှည့်လိုက်တာနဲ့ မင်းကိုရှာလို့ရပြီ”

ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် သွားများပင် နာကျင်လာရသည်။ စုန်းမသည် သူ့အား တမင်သက်သက် ပြောနေခြင်းပင်။

“ပြော .. ခင်ဗျားဘယ်လိုသိတာလဲ..” ရှီဟောင်သည် တိုက်ခိုက်တော့မည့်ပုံစံဖြင့် ပြောလိုက်လေသည်။

“မင်းမှာ ပျက်စီးနေတဲ့စေတီလေး ရှိတယ် .. ငါ့မှာ ကျောက်ပုတီးလေး ရှိတယ်လေ .. ဒီနှစ်ကောင်က တစ်ယောက်နဲ့တစ်ယောက်သိတာ မင်းမေ့နေတာလား” စုန်းမပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်စိတ်ပျက်သွားရသလို ဒေါသထွက်သွားရသည်။ ထိုစေတီလေးသည် မိုးမခနတ်ဘုရားနှင့်အတူ မူလဂိတ်တံခါးထဲသို့ ဝင်သွားခဲ့ခြင်းပင်။ သူ အခု ဘယ်ရောက်နေပြီးတော့ ဘယ်တွေသွားနေတာလဲ .. သူက စစ်မြေပြင်ရဲ့ရှေ့တန်းကို ရောက်နေပြီလား..

ဒါမှမဟုတ် သူတို့ ထွက်လာနိုင်ပြီးတော့ အမြင့်မြတ်ဆုံးနေရာကို ရောက်သွားတာလား..

ရှီဟောင် သူတို့ကို ပြန်တွေ့ချင်သော်လည်း မတွေ့နိုင်သေးပေ။ သူ့ထံတွင် ထိုသို့တွေ့နိုင်မည့်အရည်အချင်း မရှိသေး။

စုန်းမကိုယ်ပေါ်တွင်ရှိနေသည့် ပုတီးစေ့မှ ရှီဟောင်ကို တွေ့သွားသောကြောင့် သူမလည်း သူရောက်လာသည်ကို ချက်ချင်း သိသွားခြင်းပင်။

“နင်က ဘာလို့ မြို့ထဲမဝင်ပဲနဲ့ အပြင်မှာ ခိုးကြောင်းခိုးဝှက်လုပ်နေတာလဲ” စုန်းမ မေးလိုက်သည်။

“ခင်ဗျား တစ်ခြားပိုကောင်းတဲ့ စကားလုံးလေးတွေ သုံးလို့မရဘူးလား .. ခင်ဗျားက ဘာလို့ကျုပ်လိုလူကို ခိုးကြောင်ခိုးဝှက်လုပ်တယ်လို့ လာပြောနေတာလဲ .. ခင်ဗျားက ကျုပ်လိုသူရဲကောင်းကို ဒီလိုမျိုးလာပြောရဲတယ်ပေါ့” ရှီဟောင် သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“အစားသရဲ .. သူခိုးလေး..” စုန်းမ ရေရွတ်လိုက်သည်။

ထို့နောက် သူမထံမှ အမှန်တရားအချို့ကို သူသိလိုက်ရသည်။ ဤမြို့မှာ အတော်လေး ထူးခြားသော်လည်း သူတို့ရှာနေသည့်မြို့ကြီးမဟုတ်သေးပေ။

ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်သာ။ ဒီလိုမျိုးမြို့ကြီးကတောင်မှ သူ့ရဲ့ပန်းတိုင်မဟုတ်ဘူးလား..

“တားမြစ်နယ်မြေမှာ ဒီလိုမျိုး မြို့တွေ အများကြီး ရှိနေတာလား” ရှီဟောင် နားမလည်နိုင်တော့ပေ။ ဤသည်မှာ စွန့်ပစ်နယ်မြေဖြစ်သောကြောင့် ဘယ်လိုလုပ် မြို့တွေ အများကြီး ရှိနိုင်မည်နည်း..

“အများကြီးတော့ မရှိပါဘူး” စုန်းမပြောလိုက်၏။

တကယ့်ရှေးဟောင်းမြို့မှာ ဤမြို့ထက် အဆတစ်ရာပိုကြီးကာ ကောင်းကင်ဧကရာဇ်မြို့ကဲ့သို့ အလွန်ခမ်းနားကြောင်း ပြောလိုက်လေသည်။

“အရင်ကတည်းကနေ အခုထိ ရှေးဟောင်းမိတ်ဖက်သဘောတူစာချုပ်ကို ဖြည့်ဆည်းဖို့အတွက် ဒီကိုရောက်လာကြတဲ့ ထူးခြားတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ် .. သူတို့တွေမှာ တပည့်တွေလည်းရှိတယ် .. နောက်ပိုင်းကျတော့ သူတို့မျိုးဆက်တွေက ဒီနေရာမှာပဲ အခြေချလိုက်ကြတော့တာ”

“ခင်ဗျားပြောချင်တာက ကျုပ်တို့ရှေ့ကမြို့က အဲဒီထူးခြားတဲ့ပုဂ္ဂိုလ်တွေရဲ့ မျိုးဆက်တွေ နေနေတဲ့နေရာလား”

“ဟုတ်တယ် .. လူဦးရေ တစ်ဖြည်းဖြည်းများလာတော့ မြို့ကြီးဖြစ်လာတာ..”

သူတို့ဤမြို့ကို တွေ့သွားပြီဖြစ်သောကြောင့် သူတို့ တကယ့်မြို့ကြီးနှင့်လည်း ဝေးတော့မည်မဟုတ်ပေ။

“အဲဒါဆိုရင် ခင်ဗျားက ဘာလို့ ထွက်မသွားသေးတာလဲ” စုန်းမသည် ဤနေရာသို့ ရောက်ပြီးသွားပြီဖြစ်သောကြောင့် ဆက်သွားသင့်နေလေပြီ။

ခဏကြာပြီးသည့်နောက်တွင် သူလန့်စရာကောင်းသည့်သတင်းတစ်ခုကို သိလိုက်ရသည်။ ဤနေရာတွင် ချီလင်းဥရှိနေသည်ဟူသော ကောလဟာလရှိနေခြင်းပင်။

“သန့်စင်တဲ့ချီလင်းလား” ရှီဟောင် ထိတ်လန့်စွာ မေးလိုက်သည်။

“ဟုတ်တယ် .. အခုတလော ပုံမှန်မဟုတ်တဲ့မြင်ကွင်းတွေ ခဏခဏဖြစ်နေတာ .. တစ်ခါတစ်လေကျရင် တောင်တွေ လျှိုမြောင်တွေဘက်မှာ .. တစ်ခါတစ်လေကျရင် မြေအောက်ထဲမှာ .. လေဟာနယ်ထဲမှာ အဖြူရောင်ချီလင်းလေးပေါ်လာတာကို လူတော်တော်များများတွေ့ပြီးသွားပြီ”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် မတည်ငြိမ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အိပ်မက်ထဲမှ အဖြူရောင်ချီလင်းကို ချီထားသည့် မိန်းကလေးကို ပြန်စဉ်းစားမိသွားသောကြောင့်ပင်။

ရှီဟောင်သည် စုန်းမနှင့်အတူ မြို့ထဲသို့ ဝင်ခဲ့လိုက်ကာ လမ်းတွင်သူကြုံတွေ့ခဲ့ရသည့် ကျွမ်းကျင်သူအုပ်စုအကြောင်း ပြောပြလိုက်သည်။

“အဲဒီလိုမျိုးလူတွေလည်း ရှိသေးတာလား” စုန်းမ ထိတ်လန့်သွားရသည်။

ဤနေရာတွင် သူမကိစ္စများစွာ သိခဲ့ရသည်။ ယခုအစောပိုင်းနှစ်များတွင် နယ်ခြားစပ်မှ ကြောက်စရာကောင်းသည့်အော်ရာ စိမ့်ထွက်လာပြီး လူများစွာကို ရူးသွပ်သွားအောင် လုပ်ခဲ့သည်။ တိတိကျကျပြောရမည်ဆိုလျှင် သူတို့စိတ်ထဲကို ကျူးကျော်လိုက်ကာ သူတို့စိတ်ရှုပ်ထွေးသွားအောင် လုပ်လိုက်ခြင်းပင်။

သို့သော်လည်း ဤလူများမှာ အပုန်းကောင်းလွန်းသောကြောင့် ရှာတွေ့နိုင်ရန် ခက်ခဲလှသည်။

ရှီဟောင် တွေ့ခဲ့ရသည်မှာ ဤမြို့မှ ကျွမ်းကျင်သူများဖြစ်သောကြောင့် အခြေအနေများမှာ အလွန်ပြင်းထန်နေလေပြီ။

“နယ်ခြားစပ်က ဖရိုဖရဲဖြစ်တော့မယ် .. ထင်ထားတဲ့အတိုင်းပဲ သူတို့ နယ်ခြားစပ်ကို ကျော်လာတော့မယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

စုန်းမ၏အမူအရာလည်း မည်းမှောင်သွားရသည်။

ရှီဟောင်သည် ထိုမြို့မှ ချက်ချင်း ထွက်မသွားပဲ ခဏနေနေလိုက်သည်။ သူလည်း ချီလင်းဥကို ရှာချင်နေသောကြောင့်ပင်။

အမှန်တကယ်တွင် မြို့ထဲတွင်ရှိနေသည့် လူများစွာလည်း လိုက်ရှာနေကြသည်သာ။

“သရဖူခြောက်ခုဘုရင် ရသွားလို့မဖြစ်ဘူး” ရှီဟောင် ပြောလိုက်၏။ နျင်ချွမ်းသည်‌ မွေးလာကတည်းက ချီလင်းသင်္ကေတရှိနေပြီးသားဖြစ်သောကြောင့် သူသာ ချီလင်းဥရသွားလျှင် ခန့်မှန်း၍မရနိုင်သည့်ကိစ္စများဖြစ်ပျက်သွားလိမ့်မည်။

နှစ်ရက်ကြာပြီးသည့်‌နောက်တွင် ရှီဟောင်လည်း ပုံမှန်မဟုတ်သည့်မြင်ကွင်းကို မြင်လိုက်ရသည်။ ခပ်ဝေးဝေးရှိတောင်ကြောတွင် အံ့အားသင့်စရာကောင်းသည့်အလင်းများထွက်ပေါ်လာကာ အဖြူရောင်ချီလင်းလေး ပေါ်လာလေသည်။

ကျင့်ကြံသူများအားလုံး ထိုနေရာသို့ အရူးတစ်ပိုင်း ပြေးသွားကြလေ၏။ ထိုထဲတွင် ရှီဟောင်လည်း ပါဝင်သည်ပင်။

ထို့နောက်တွင် သူ ချက်ချင်းပင် ဆွံ့အသွားရ၏။ ဤအဖြူရောင်ချီလင်းမှာ သူထာဝရရှေးဟောင်းမြေအိပ်မက်တွင် တွေခဲ့ရသည့် အဖြူရောင်ချီလင်းပင်။ လုံးဝမမှားနိုင်။

သူပို၍ ထိတ်လန့်သွားရသည်မှာ သူ၏စိတ်ထဲတွင် အရွယ်မရောက်သေးသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။ “ခင်ဗျားကို ဘာလို့ ရင်းနှီးနေတာလဲ..”

“ငါတို့ သိပ်မကြာသေးခင်တုန်းက တွေ့ခဲ့သေးတယ်လေ .. မင်း မသေသေးဘူး .. မင်းအသက်ရှင်နေသေးတာလား” ရှီဟောင်၏အသံမှာ ပို၍ပင် တုန်လှုပ်နေသည်။

“အဓိပ္ပာယ်မရှိတာ .. ငါနှစ်ပေါင်းများစွာ အိပ်ပျော်နေတာ .. ကျုပ်က ဘယ်လိုလုပ် ခင်ဗျားကို တွေ့ဖူးမှာလဲ” ချီလင်းလေး ပြောလိုက်သည်။

“ထာဝရရှေးဟောင်းမြေကို အိပ်မက်ပြန်မက်တော့ ငါတို့ တောင်ပင်လယ်ခရမ်းရောင်ဝါးရုံတောထဲမှာ တွေ့ခဲ့ကြတယ်လေ .. မင်းက မိန်းမပျိုလေးတစ်ယောက်ရဲ့ လက်မောင်းထဲမှာ ရှိနေတာ” ရှီဟောင်ပြောလိုက်သည်။

“ဘာ .. အဲဒါခင်ဗျား .. ခင်ဗျား .. ခင်ဗျားက တကယ်ဒီခေတ်ကလား” ချီလင်းလေး အော်ငိုလိုက်လေသည်။
” ကျုပ် .. ကျုပ် သူ့ကို နှစ်ပေါင်းများစွာ စောင့်နေခဲ့တာ .. သူပြန်လာမှာကိုစောင့်နေခဲ့တာ .. ဒါပေမဲ့ သူ သွားပြီ .. သူ ကျုပ်ကို ဘယ်တော့မှ လာမရှာခဲ့ဘူး..”

အပိုင်း ၁၂၄၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၃ – နတ်ဆိုးဝါဒ

အားလုံးမှာ လျှပ်တပြက်အတွင်း ဖြစ်သွားခြင်းပင်။ ထင်မထားသည့်အရာများမှာ နေရာတိုင်းတွင် ဖြစ်ပေါ်လာနိုင်သည်သာ။

ချီလင်းဖြူလေးကို ထပ်တွေ့ရမည်ဟု ရှီဟောင် မထင်ထားခဲ့ပေ။ သူတို့နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ကြသည်မှာ သိပ်မကြာသေးဘူးဟု ရှီဟောင်ခံစားနေရသော်လည်း ချီလင်းအတွက်မူ နှစ်ပေါင်းမရေမတွက်နိုင်‌လောက်အောင် ကြာသွားလေပြီ။

ချီလင်း၏ငိုသံကိုကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်လည်း စိတ်လှုပ်ရှားသွားရသည်။ ဤလအနည်းငယ်အတွင်းတွင် သူတွေ့ကြုံခဲ့ရသည်မှာ အစစ်လားဆိုသည်ကို သူအမြဲတမ်းသိချင်နေခဲ့ခြင်းပင်။

ယခု ချီလင်းကို မြင်လိုက်ရသည့်အချိန်တွင် အရာအားလုံးကို သက်သေပြပြီးသားဖြစ်သွားလေပြီ။ သူကြုံတွေခဲ့ရသည်မှာ အတုအယောင်များမဟုတ်ပေ။

ရှီဟောင်၏မျက်လုံးများ နာကျင်လာရသည်။ သူသည် ထာဝရရှေးဟောင်းခေတ်၏ နောက်ဆုံးနေ့ရက်များကို ရောက်သွားပြီး ထိုလူများနှင့်သူငယ်ချင်းဖြစ်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်မှာ ရက်စက်လွန်းလှသည်။

“ငါစောင့်နေတုန်းပဲ .. သူပြန်လာမှာကို စောင့်နေတုန်းပဲ..” ချီလင်းသည် တဝူးဝူးပင် အော်ဟစ်ငိုနေလေသည်။

ရှီဟောင်သည် ဤလူများနှင့် အချိန်အကြာကြီး မနေခဲ့ရသော်လည်း ဤသည်မှာ သူ့အတွက် မေ့မရသည့် အတွေ့အကြုံပင်။

“မငိုနဲ့တော့ .. ငါနဲ့လိုက်ခဲ့လိုက် .. နယ်ခြားစပ်က ဖရိုဖရဲဖြစ်တော့မှာ .. သူတို့အတွက်လက်စားချေပေးဖို့၊ ရန်သူကို သတ်ဖို့ ငါမင်းကို ခေါ်သွားပေးမယ်” ရှီဟောင် လေဟာနယ်ထဲတွင်ရှိနေသည့် ချီလင်းဖြူလေးကို ကြည့်ကာ‌ ပြောလိုက်သည်။

“ဟင့်အင်း .. ငါသူ့ကို စောင့်ချင်တယ် .. သူပြန်လာမှာကို စောင့်ချင်တယ်” ချီလင်းဖြူလေး ခိုင်မာစွာပင်ပြောလိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်အစစ်ကို မပြပဲ လေဟာနယ်ပုံရိပ်ကို အသုံးပြု၍ သူ့ကို ဆက်သွယ်နေခြင်းပင်။

“ငါလည်း သူ့ကို ပြန်လာစေချင်ပါတယ် .. ဒါပေမဲ့ သူပြန်လာနိုင်တော့မှာမဟုတ်ဘူး” ရှီဟောင် ပြောလိုက်သည်။ သူ၏အသံမှာ တည်ငြိမ်နေသော်လည်း သူ၏စိတ်ထဲတွင်တော့ ထိုသို့မဟုတ်ပေ။

ထိုခေတ်မှာ ဝမ်းနည်းမှုများ၊ သောကပူဆွေးမှုများနှင့် ပြည့်နေသည်ပင်။ အဆင့်လွန်လူငယ်လေးများအားလုံးမှာ အံ့အားသင့်စရာကောင်းကြပြီး ဖီးနှစ်မိန်းကလေးကဲ့သို့ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူများလည်း မရှားပေ။ သူတို့သာ ယခုလောကထိ အသက်ရှင်နိုင်ပါက ရှီဟောင်ဖြစ်စေ သရဖူ ၁၀ခုဘုရင်ဖြစ်စေ မည်သူမှ အမြင့်ဆုံးနေရာကို ရရှိနိုင်မည်မဟုတ်ပေ။

ထိုခေတ်မှာ ပါရမီရှင်များစွာ တစ်စုပြီးတစ်စု ထွက်ပေါ်လာခဲ့သော်လည်း သူတို့အရွယ်မရောက်နိုင်ခင်မှာပင် ထာဝရကြွေလွင့်သွားခဲ့ကြလေပြီ။

“ဟင့်အင်း .. ငါမယုံဘူး .. သူပြန်လာလိမ့်မယ် .. သူသေချာပေါက် ဒီတောင်ကြားကို ပြန်လာပြီးတော့ ငါ့ကိုလာရှာမှာ” ချီလင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူသည် နာကျင်စွာပင် ငိုကြွေးနေလေ၏။

“မင်းကြီးလာရင် နားလည်လာလိမ့်မယ် .. မင်း အမှန်တရားကို စောစောလေးလက်ခံနိုင်ရင် ပိုကောင်းလိမ့်မယ်” ရှီဟောင် ပြောလိုက်သည်။ ဤသည်မှာ ရက်စက်မှန်းသိသော်လည်း ချီလင်းကို ဤအိပ်မက်မှ နိုးထစေချင်မိသည်။

အဘယ်ကြောင့်ဆိုသော် သူသည် သန့်စင်သည့်ချီလင်းဖြစ်သောကြောင့် သူကြီးလာသည်နှင့် သူ၏တိုက်ခိုက်နိုင်စွမ်းမှာ ကောင်းကင်ကိုပင် လွှမ်းခြုံသွားလိမ့်မည်။ သူဤကဲ့သို့ စိတ်ရှုပ်ထွေးနေ၍မရ။

“ငါက ငယ်သေးတယ်ဆိုပေမယ့် ငါသေချာသိတယ် .. သူသေချာပေါက်ပြန်လာမယ်ဆိုတာ ငါသိတယ်” ချီလင်း၏အသံမှာ ပြတ်သားလှသည်။

ရှီဟောင်ထိတ်လန့်သွားရသည်။ သူ မယုံကြည်သော်လည်း “ဘာကြောင့်လဲ” ဟု မေးမိနေဆဲပင်။

“ခင်ဗျားတောင်မှ ထာဝရရှေးဟောင်းမြေကို ပြန်ပြီးတော့ အိပ်မက်မက်နိုင်ရင် သူက ဘာလို့ ဒီလောကမှာ မပေါ်လာနိုင်ရမှာလဲ” ချီလင်း တီးတိုးပြောလိုက်သည်။

ရှီဟောင် တိတ်ဆိတ်သွားရ၏။ သူပြန်သွားနိုင်ခြင်းမှာ ‘အဆုံးမရှိခြင်း’ အရှင်သည် အချိန်ကို နောက်ပြန်စီးဆင်းစေကာ အချိန်ခေါင်းလောင်းကိုအသုံးပြုပြီး သူ့စိတ်ကို အလည်ခေါ်ခဲ့ခြင်းပင်။

တာအိုခြောက်ခုပြန်လည်ဝင်စားခြင်း ထာဝရဘုရင်လည်း ပါဝင်ခဲ့သောကြောင့် မပြောပြနိုင်လောက်သည့် အကျိုးသက်ရောက်မှုများ ရှိခဲ့ခြင်းပင်။

ထိုအချိန်တွင် ရှီဟောင် တစ်ခုခုကို စဉ်းစားမိသွားသည်။

ဟုတ်သားပဲ .. သူက အချိန်အကြောင်းပဲ စဉ်းစားမိပြီးတော့ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းထာဝရဘုရင်ကို မေ့နေတာ .. သူ့ရဲ့ပညာတွေ၊ သူ့ရဲ့တာအိုတွေသာ အဆုံးစွန်ကို ရောက်သွားရင် တစ်ခုခုဖြစ်လာလောက်တယ်..

“မင်း ဘယ်လိုလုပ် အသက်ရှင်နိုင်ခဲ့တာလဲ” ရှီဟောင် ချီလင်းလေးကို မေးလိုက်သည်။

“တစ်ယောက်ယောက်က လေဟာနယ်ကို ဖွင့်ပြီးတော့ ငါ့ကို ပို့လိုက်တာ .. ငါက မသေမျိုးပစ္စည်းပုံတစ်ခုအောက်ရောက်သွားပြီးတော့ နှစ်ပေါင်းများစွာ အိပ်ပျော်သွားခဲ့တာ .. အခုတလောမှ ပြန်နှိုးလာတာ .. အချိန်က ငါ့အသက်ကိုမယူသွားနိုင်ဘူး” ချီလင်းလေး ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်ပင်။ မသေမျိုးပစ္စည်းဆိုသည်မှာ ဤလောကမှ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်များ လိုက်ရှာနေသည့်အရာပင်။ လူတစ်ယောက်သည် အသက်ရှည်ခြင်းကို မရရှိသေးပါက သူတို့၏အသက်ကို ဆွဲဆန့်ရန်အတွက် ဤပစ္စည်းကို လိုအပ်သည်ပင်။

ထို့နောက်တွင် ရှီဟောင် မည်မျှပြောပြော ချီလင်းလေးသည် ထရန်ငြင်းဆန်နေပြီး သူ့ကို ထာဝရရှေးဟောင်းမြေ လျှို့ဝှက်ရတနာတစ်ခု ကာကွယ်ထားသောကြောင့် သူ့ကို အခြားသူများမရှာနိုင်ဘူးဟု ပြောလေသည်။

“ငါ သူ့ကို စောင့်နေမှာ .. သူဒီလောကကြီးမှာ နောက်တစ်ခေါက်ပြန်ပေါ်လာမှာကို စောင့်နေမှာ”

ထိုသို့ပြောပြီးသည့်နောက် သူပြန်လည်ပျောက်ကွယ်သွားလေသည်။

ဤသည်မှာ ရှီဟောင်ကို ရှုပ်ထွေးသွားစေသည်။ ချီလင်းလေးက အဲဒီမိန်းကလေး ပြန်လာတာကို တကယ်စောင့်နိုင်မှာလား .. ဤသည်မှာ မဖြစ်နိုင်ဘူးဟု ရှီဟောင်ခံစားနေရသည်။ ဤလောကတွင် ပြန်လည်ဝင်စားခြင်းမရှိသေးပေ။

သို့သော် သူလည်း မျှော်လင့်နေသည်သာ။ ထိုမိန်းကလေး ပြန်လာနိုင်သည်အထိ ချီလင်းစောင့်နိုင်လျှင် .. သို့မဟုတ် ထိုခေတ်မှ အခြားသက်ရှိများပြန်လာနိုင်လျှင် … ထိုသို့ဆိုလျှင် နယ်ခြားစပ် ဖောက်ခံရလျှင်ပင် စိတ်ပျက်စရာကောင်းတော့မည်မဟုတ်ပေ။

ရှီဟောင် မြို့ထဲသို့ ပြန်လာလိုက်သည်။

အခြားသူများသည်လည်း ချီလင်းကို ရှာမတွေ့ကြပေ။ အချို့သူများသည် မှော်စွမ်းအင်များကို ပေါင်းကာ တောင်များ၊ လျှို့မြှောင်များကို ရွေ့လျားကာ မြေအောက်မြစ်များကိုတူးသော်လည်း အချည်းနှီးသာ။

ထို့ကြောင့် ချီလင်းဥခေါ်သည့်အရာမှာ ဤအနီးအနားတွင် မရှိနိုင်ဘူးဟု အားလုံးယုံကြည်သွားကြသည်။ ထိုဥသည် သူ့ကို ကာကွယ်ပေးထားသည့် ထူးဆန်းသည့်ရတနာတစ်ခုခုရှိမည်သာ။

မြို့ထဲတွင် လူများပိုများလာလေ၏။ ရှီဟောင်နှင့် စုန်းမလေးတို့အပြင် အခြားသူများလည်း ရောက်လာကြလေပြီ။

သူတို့အားလုံးသည် အခြားရှေးဟောင်းမြို့များမှ ရောက်လာကြခြင်းပင်။ ချီလင်းပေါ်လာသည်ဟူသော သတင်းကြားပြီးနောက် ထိုအကောင်လေးကို ဖမ်းရန်အတွက် ရောက်လာကြခြင်းပင်။

“ချီလင်းလေးက ပြန်မွေးဖွားဖို့ ဥပြန်ဖြစ်သွားတယ်လို့ ပြောကြတယ် .. အဲဒီဥကို ရလိုက်တာနဲ့ နတ်သားရဲတစ်ကောင်ကို ရသလိုဖြစ်မှာပဲ”

ဤသည်မှာ ဤလူများ ရထားသည့်သတင်းပင်။

တားမြစ်နယ်မြေထဲတွင် ရှေးဟောင်းမြို့များစွာ မရှိသော်လည်း မြို့အားလုံးမှာ အလွန်ကြီးမားကြကာ ခမ်းနားသည့်အတိတ်များရှိခဲ့သည်သာ။ မြို့အားလုံးကို အတိတ်မှ လောကကြီးကို ကိုင်လှုပ်နိုင်သည့် ကျွမ်းကျင်သူများ တည်ဆောက်ခဲ့ခြင်းပင်။

သို့သော်လည်း ထိုကျွမ်းကျင်သူများတစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်သွားကာ သူတို့မျိုးဆက်များသာ ကျန်ခဲ့တော့သည်။

“မင်းကိုကြည့်ရတာ အဲဒီလောက် အရေးမစိုက်သလိုပဲ … မင်းအဲဒီချီလင်းလေးကို စိတ်မဝင်စားတော့ဘူးလား” စုန်းမ မေးလိုက်သည်။

“ခင်ဗျား ကျုပ်ရဲ့အကြံကိုနားထောင်ပြီးတော့ ကျုပ်နဲ့အတူတူ ထွက်သွားသင့်တယ် .. ကျုပ်တို့ နယ်ခြားစပ်မှာရှိတဲ့ ဧကရာဇ်မြို့ကို မြန်မြန်ရောက်အောင် သွားသင့်တယ် .. ငါတို့ဒီကိုလာရတဲ့ မူလရည်ရွယ်ချက်ကို မမေ့ရင် အကောင်းဆုံးပဲ” ထိုချီလင်းကို ရနိုင်ရန် မျှော်လင့်ချက်မရှိကြောင်း ရှီဟောင် ပြောလိုက်သည်။

ချီလင်းလေးနှင့် သူပြောခဲ့သည့်စကားများကိုတော့ သူပြန်မပြောပြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ ထာဝရရှေးဟောင်းခေတ်မှ လူတစ်စုနှင့် သူငယ်ချင်းဖြစ်ခဲ့သည်ဆိုသည့်ကိစ္စမှာ ဘယ်လိုပဲကြည့်ကြည့် လှောင်ရယ်စရာကောင်းနေမည်သာ။ သူ အခြားသူများကို ပြောပြပါက သူရူးသွားပြီဟု ထင်ကြမည်ပင်။

“အဲဒီချီလင်းလေးကို မရနိုင်ဘူးဆိုတာ သေချာလား” စုန်းမမေးလိုက်၏။

“သေချာတယ်” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

စုန်းမသည် သူ့အားကြည့်ပြီးနောက် လေးနက်စွာဖြင့်ပင် “အဲဒီလိုဆိုမှတော့ ငါတို့သွားကြတာပေါ့ .. ငါတို့ နယ်ခြားစပ်ကို မြန်မြန်သွားပြီးတော့ အဲဒီမြို့ကို ရှာသင့်တယ်”

ချီလင်းသတင်းကို ကြားပြီးသည့်နောက် ကျင့်ကြံသူတော်တော်များများမှာ မတည်ငြိမ်နိုင်တော့ပေ။ အထူးသဖြင့် စုန်းမကဲ့သို့ ထူးဆန်းသည့်ပုတီးစေ့ရှိသည့်သူပင်။ ယခုတော့ သူမပင်လျှင် ဤကဲ့သို့ အရှုံးပေးလိုက်ပြီလား..

ရှီဟောင် သူမကို ကြည့်လိုက်သည်။ သူပြောသည့်အတိုင်း လက်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“အဲဒီအကြည့်က ဘာအကြည့်လဲ .. ဘာလဲ .. ငါ့ကို ဒီမှာ နေခဲ့ခိုင်းစေချင်တာလား” စုန်းမ သူ့အား ဂျိုကြည့်ကြည့်လိုက်သည်။

“မဟုတ်ပါဘူး .. ခင်‌ဗျား ကျုပ်ပြောတာကို ချက်ချင်း လက်ခံလိမ့်မယ်လို့ မထင်ထားလို့”

ယခုတစ်ခေါက်တွင် သူတို့နှစ်ဦး အတူတကွ ထွက်လာခဲ့လိုက်ကြသည်။ မြို့ကြီးကို ချန်ရစ်ကာ တားမြစ်နယ်မြေ၏အတွင်းပိုင်းသို့ ဦးတည်သွားလိုက်သည်။

သူတို့ လီပေါင်းများစွာ ထွက်လာပြီးသည့်နောက်တွင် သူတို့နောက်မှ မြင်းခွာသံများကြားလိုက်ရသည်။ ဤအုပ်စုတွင် အနည်းဆုံး ၁၀ ယောက်ကျော်ရှိနေပြီး မျက်လုံးများမှာ သားရဲများကဲ့သို့ နီရဲနေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာလည်း ကောင်းကင်ထက်သို့ပင် လျှံတက်နေလေပြီ။

“နောက်ထပ် ဒီလိုမျိုး လူတွေပဲလား” ရှီဟောင် ယခင်က ကောင်းကင်နတ်ဘုရား တစ်အုပ်စုကို သတ်ပြီးသားပင်။ သူတို့အားလုံးမှာ မျက်လုံးများနီရဲနေကာ စိတ်လွတ်နေလေပြီ။

“ကြည့်ရတာ တားမြစ်နယ်မြေအတွင်းပိုင်းမှာ တစ်ခုခုမှားနေတယ်ထင်တယ် .. ကျွမ်းကျင်သူတွေအများကြီး ကူးစက်ခံလိုက်ရပြီ … သူတို့အားလုံး ရဲရဲတင်းတင်းတိုက်ခိုက်ရဲနေပြီဆိုတော့ သူတို့တွေ ဘယ်လောက်တောင် လွှမ်းမိုးလာနိုင်သလဲဆိုတာ ပြနေတာပဲ” စုန်းမပြောလိုက်သည်။

ဤလူများတွင် ဖြတ်လမ်းများရှိနေသည်မှာ သေချာသည်။ ထို့ကြောင့်သာ သူတို့ရှီဟောင်နောက် ချက်ချင်းလိုက်လာနိုင်ခြင်းပင်။

မဟုတ်ပါက သူတို့အရှိန်နှင့်ဆိုလျှင် ရှီဟောင်တို့ကို မှီနိုင်စရာအကြောင်းမရှိပေ။

“မင်း လူ ၁၉ ယောက်ပါတဲ့အုပ်စုကို သတ်ခဲ့တာလား” အခြားတစ်ဖက် အုပ်စုခေါင်းဆောင်မှ ရှီဟောင်အား အေးစက်စွာ စိုက်ကြည့်ပြီး မေးလိုက်သည်။

“မင်းတို့တွေက တစ်ယောက်နဲ့တစ်ယောက် အထိမခံနိုင်ကြဘူးလား .. ငါ အုပ်စုတစ်စုကို သတ်လိုက်တာကိုတောင် မင်းတို့သိနေတာလား” ရှီဟောင်မေးလိုက်၏။

ဤသည်မှာ သူ ကူးစက်ခံထားရသည့် ကျွမ်းကျင်သူတစ်အုပ်စုကို သတ်လိုက်သည်ဟု ဝန်ခံခြင်းပင်။

ဤတားမြစ်နယ်မြေထဲတွင် မတ်တပ်ရပ်နေခြင်းမှာ အန္တရာယ်များလှသည်။ နယ်ခြားစပ်မှ ပျံ့လွင့်လာသည့်မြူများသည် လူတစ်ယောက်၏စိတ်ကို ရှုပ်ထွေးသွားစေနိုင်သည်။

“ငါတို့နဲ့ ရန်သူလုပ်လိုက်တာနဲ့ ဒီတားမြစ်နယ်မြေမှာ မင်းအတွက် သွားစရာမြေ မရှိတော့ဘူး” ထိုခေါင်းဆောင်အော်ဟစ်လိုက်သည်နှင့် သူ့နောက်တွင်ရှိနေသည့် လူများ၏လက်နက်များတောက်ပလာသည်။

“တော်တော်ကို ကိန်းကြီးခမ်းကြီးနိုင်တာပဲ .. ကောင်းကင်နတ်ဘုရားတစ်စု .. ဒီတားမြစ်နယ်မြေက တကယ်ကို မယုံကြည်နိုင်လောက်အောင်ပဲ .. အရေအတွက်က အဲဒီလောက် မများဘူးဆိုပေမယ့် ဒီမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်” စုန်းမ အံ့အားတကြီး ပြောလိုက်သည်။

“ငါ လီပေါင်းထောင်ပေါင်းများစွာကိုတောင် လျှောက်လာပြီးပြီ .. သွားစရာမြေမရှိဘူးဆိုတာ ဘာကိုပြောချင်တာလဲ..”

“ငါ့အမြင်အရ မင်းကတော်တော်လေး စွမ်းအားကြီးတယ်ဆိုတာ ငါပြောနိုင်တယ် .. ဒါပေမဲ့ မင်းက ပုဂ္ဂိုလ်ထူးမဟုတ်သေးဘူး .. မင်းက သေချာပေါက်ကို အသက်ရှည်မှာ မဟုတ်ဘူး” ထိုခေါင်းဆောင်ပြောလိုက်၏။

“အဲဒီလိုလား … အဲဒါဆိုရင်လည်း မင်းငါ့ကို စမ်းကြည့်လို့ရတယ်” ရှီဟောင်ပြောလိုက်၏။

“လူ ၁၉ ယောက်အဖွဲ့ကိုတောင် ရှင်းနိုင်တာဆိုတော့ ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ ဆိုလိုတာပဲ … ဒါပေမဲ့ မင်းအသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး” ထို့နောက်တွင် ထိုခေါင်းဆောင်သည် စတေးခြင်းတစ်ခုခုကို ပြုလုပ်နေသကဲ့သို့ ရှေးဟောင်းဘာသာစကားတစ်ခုကို ရွတ်ဆိုနေလေသည်။

“ငါ အရှင်ကို ဆင့်ခေါ်လိုက်ပြီ” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။

ထိုအချိန်တွင် သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ကျောက်တောင်ကြီး အက်ကွဲလာကာ သွေးများစိုရွှဲနေသည့် ယဇ်ပုလ္လင်တစ်ခု ပေါ်လာလေသည်။

“အဲဒါတော့ မဟုတ်လောက်ဘူးမလား” စုန်းမ၏အမူအရာပြောင်းလဲသွားသည်။ နယ်ခြားစပ် မတည်ငြိမ်တော့သည်ကို သူမသိသော်လည်း ဤမျှအထိ ဆိုးရွားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“သူတို့ ဘာလုပ်ချင်နေတာလဲ..” ရှီဟောင်မေးလိုက်၏။

“ဒီလူတွေက အစက စီရင်စုသုံးထောင်ကပဲ .. သူတို့တွေက နတ်ဆိုးတွေ ဖြစ်သွားကြတာ .. ဒါပေမဲ့ အခု သူတို့လုပ်လိုက်တဲ့ သွေးယဇ်ပုလ္လင်ကတော့ နယ်ခြားစပ်တစ်ဖက်က သက်ရှိတွေကိုတော့ တကယ်ဆင့်ခေါ်နိုင်လိမ့်မယ်” စုန်းမ၏အမူအရာမှာ လေးနက်နေလေသည်။

ရှီဟောင် ခေါင်းကိုက်သွားရ၏။ ဤသည်မှာ ပြဿနာကြီးပင်။

ဤလူများသည် ကျမ်းစာများကို ရွတ်ဖတ်ကာ သူတို့၏ ကောင်းကင်နတ်ဘုရားသွေးများကို ယဇ်ပူဇော်သည့်အနေဖြင့် ထိုပလ္လင်ကြီးထံသို့ သွန်းလောင်းနေလေသည်။

“ဘယ်သူ ငါ့ကိုခေါ်လိုက်တာလဲ .. ငါ့ရဲ့ မူလခန္ဓာကိုယ် ဖြတ်လာလို့ရပြီလား” ထိုအချိန်တွင် ယဇ်ပုလ္လင်ထက်မှ ပျင်းရိလေးတွဲ့နေသည်အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံမှာ အတော်လေးငယ်ရွယ်သော်လည်း ဖိအားတစ်မျိုး ရှိနေသည်ပင်။

အပိုင်း ၁၂၄၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၄ – သွေးယဇ်ပူဇော်ခြင်း ယဇ်ပုလ္လင်

ထိုအသံမှာ ဘာကိုမှ အလေးမထားသကဲ့သိုပင်။

“ကျွန်တော်တို့ အရှင့်ကို အရိုအသေပေးပါတယ်” ထိုလူစုမှ တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့မျက်လုံးများသည် ပို၍ပင် နီရဲလာလေသည်။

ဤနေရာတွင် ဤကဲ့သို့သော သွေးယဇ်ပုလ္လင်ကို တွေ့လိုက်ရသောကြောင့် ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။ ဤယဇ်ပုလ္လင်သည် စီရင်စုသုံးထောင်နှင့် ချိတ်ဆက်ထားခြင်းမဟုတ်ပဲ ကြောက်စရာကောင်းသည့် နယ်ခြားစပ်၏ အခြားတစ်ဖက်နှင့် ချိတ်ဆက်ထားခြင်းပင်။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။

စစ်ပွဲကြီးရောက်လာတော့မည်ကို သူ သိသည်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုပင်လျှင်ဤကပ်ဆိုးကြီးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူတကယ်နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရသည့်အချိန်မှသာ ဤသည်မှာ မည်မျှမွန်းကြပ်စရာကောင်းကြောင်း သူနားလည်သွားရသည်။

ထာဝရရှေးဟောင်းမြေမှာ ဤရန်သူများကြောင့် ပျောက်ကွယ်သွားခြင်းပင်။ ယခု ဤလူများ နောက်တစ်ကြိမ်ရောက်လာလေပြီ။ မည်သူကများ သူတို့ကို တားနိုင်မည်နည်း..

ထိုအချိန်တုန်းက သားရဲ၁၀မျိုး၊ မိုးမခနတ်ဘုရား၊ အဆုံးမရှိခြင်းအရှင်နှင့် တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းဘုရင်ရှိသေးသည်။ ယခုတော့ မည်သူကျန်သေးသနည်း.. ထိုပြိုင်ဘက်ကင်းသည့်သူများ မရှိတော့ပေ။

ရန်သူများချိုးဖောက်ဝင်လာသည့် မြင်ကွင်းကို ပြန်စဉ်းစားမိသည့်အချိန်တွင် ရှီဟောင်ပင် တုန်လှုပ်သွားရသည်။ ဤသည်မှာ လျင်မြန်လွန်းလှပြီး သူပြင်ဆင်မှုများပင် မလုပ်ရသေးပေ။

စုန်းမ၏အမူအရာလည်း လေးနက်နေလေပြီ။ သူမ၏နှစ်လိုဖွယ်ကောင်းသည့် ပုံပန်းသွင်ပြင်ပျောက်ကွယ်သွားကာ ယခုအချိန်တွင် သူမသည် အေးစက်သည့် နတ်ဆိုးနတ်ဘုရားနှင့် တူနေလေပြီ။

ဤကဲ့သို့သော နေ့ရက်မျိုး လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ဖူးပေ။ သွေးယဇ်ပုလ္လင်ကို အစောကြီးကတည်းက တည်ဆောက်ပြီးနေပြီဖြစ်ပြီး တစ်ဖက်မှသက်ရှိများသည် ဤယဇ်ပုလ္လင်များကို အသုံးပြုကာ ဤနေရာသို့ ရောက်လာနိုင်နေပြီ။

အခြားတစ်ဖက်သည် နှစ်ပေါင်းများစွာ ပြင်ဆင်ထားသည်မှာ သိသာသည်။ သူတို့တကယ်တိုက်ခိုက်လာမည်ဆိုသည်နှင့် နေရာတိုင်းတွင် ယဇ်ပုလ္လင်များပေါ်လာပြီး အဆုံးမရှိသည့် စစ်တပ်များလည်း ရောက်ရှိလာလိမ့်မည်။ ဤသို့တွေးကြည့်ရုံဖြင့်ပင် အရေပြားများပင် ထုံကျဉ်သွားရသည်။

ရှီဟောင် လက်မြှောက်လိုက်သည်နှင့် ထူထဲလှသည့် မိုးမခသစ်ကိုင်းသည် နတ်ချိန်းကြိုးတစ်ခုကဲ့သို့ တရှိန်ထိုးပြေးထွက်လာလေ၏။ ထိုသစ်ကိုင်းသည် ယဇ်ပုလ္လင်ကို ဖျက်ဆီးရန် ဦးတည်သွားနေလေပြီ။

“ဒီအရှင်ရှိနေတာကို မင်းက ရဲရဲတင်းတင်းပြုမူရဲတယ်ပေါ့”

ထိုသွေးယဇ်ပုလ္လင်ပေါ်မှ အသံမှာ ဤကိစ္စကို အလေးအနက်မထားသည့်ပုံပင်။ ထို့အပြင် ယဇ်ပုလ္လင်ကြီး တောက်ပလာကာ ထိုယဇ်ပုလ္လင်မျက်နှာပြင်ထက်တွင်ရှိနေသည့် ပုံသဏ္ဌာန်များ အသက်ဝင်လာလေသည်။

ဤယဇ်ပုလ္လင်မှ ပြုလုပ်လိုက်သည့်အတားအဆီးသည် ရှီဟောင်၏ရိုက်ချက်ကို တားဆီးလိုက်လေ၏။

စုန်းမလည်း လှုပ်ရှားလိုက်သည်။ သူမလက်ကိုမြှောက်လိုက်သည်နှင့် သူမ၏ရှည်လျားကာ သွယ်လျသည့်ပုံရိပ်တောက်ပလာကာ သက်တံ့ရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်လာလေ၏။ ဤသည်မှာ ကောင်းကင်ခစားခြင်းပညာပင်။

သို့သော်လည်း သူမသည် ယဇ်ပုလ္လင်ကို တိုက်ခိုက်ခြင်းမဟုတ်ပဲ ထိုစစ်သားများကို တိုက်ခိုက်ခြင်းပင်။

ဖူး..

တစ်စုံတစ်ယောက် ချက်ချင်းပင် သေသွားကာ သွေးများပန်းထွက်လာသည်။ စုန်းမသည် အတော်လေးပင် တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မှ ရှိမနေပေ။

ဤသည်မှာ ရှီဟောင်ကို သူမ၏အခြားတစ်ဖက်ခြမ်းအား မြင်ခွင့်ပေးလိုက်ခြင်းပင်။ သူမသည် ပုံမှန်အားဖြင့် ရယ်မောနေတတ်ကာ ထူးဆန်းစွာ ပြုမူလေ့ရှိသည်။ သို့သော်လည်း သူမ တကယ်တိုက်ခိုက်သည့်အချိန်တွင် သူမသည် အမျိုးသမီးအော်ရာအပြင် စုန်းမပုံပန်းသွင်ပြင်လည်း ပေါ်လာလေသည်။

ထို သေသွားသည့် ကောင်းကင်နတ်ဘုရား၏ သွေးအားလုံးသည် ထိုယဇ်ပုလ္လင်ထံသို့ ဦးတည်သွားနေလေ၏။ စုန်းမ မည်သို့ပင် တားဆီးနေပါစေ သွေးမြူများအဖြစ်ပြောင်းလဲသွားကာ ထိုယဇ်ပုလ္လင်ထဲသို့ ဝင်ရောက်သွားလေသည်။

“သူတို့ကိုသတ်…”

စုန်းမ အော်ဟစ်လိုက်၏။ ဤလူများ၏ ဝိဉာဉ်များမှာ မသန့်ရှင်းတော့ပေ။ နတ်ဆိုး၏အယူဝါဒအောက် ရောက်သွားလေပြီ။

ရွှီး..

ရှီဟောင်လည်း လှုပ်ရှားလိုက်သည်။ သူသည် ယဇ်ပုလ္လင်ကို ခဏလက်လျော့ထားလိုက်ပြီး ဤလူများကို အားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။ စုန်းမလည်း လှုပ်ရှားလာကာ ဤကျွမ်းကျင်သူများနှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ဤလူနှစ်ယောက်မှာ အလွန် စွမ်းအားကြီးလှပြီး သူတို့နှစ်ယောက်လုံးသည် ထာဝရစွမ်းအင်ကို ကျင့်ကြံထားသည့်သူများပင်။ ဤလူများသည် အလောင်းပုံထဲမှ ထိုးထွက်လာသည့် စစ်သားများဖြစ်သော်လည်း သူတို့သည် ဤနှစ်ယောက်၏ပြိုင်ဘက်မဟုတ်သေးပေ။

တဖူးဖူး အသံများအောက်တွင် ခေါင်းများ တစ်လုံးပြီးတစ်လုံး ပြုတ်ထွက်လာလေသည်။

သို့သော် ဆိုးသည်မှာ ထိုလူများ၏‌ သွေးများအားလုံးသည် ထိုယဇ်ပုလ္လင်ထံသို့ ဦးတည်သွားနေလေသည်။ ထိုသွေးများကို တစ်စစီလုပ်ပစ်လျှင်ပင် သွေးမြူအဖြစ် ပြောင်းလဲသွားကာ ယဇ်ပုလ္လင်ထံသို့ သွားနေစဲပင်။ ဤသည်မှာ ယဇ်ပူဇော်နေခြင်းနှင့် အတူတူသာ။

ဤသည်မှာ ကောင်းကင်နတ်ဘုရားများဖြစ်သောကြောင့် သူတို့၏ သွေးစွမ်းအင်မှာ သက်ရှိပေါင်း သန်းပေါင်းများစွာနှင့် ညီမျှသည်ပင်။

သို့သော်လည်း ရှီဟောင်နှင့်စုန်းမတို့မှာ သူတို့ဖြစ်ချင်သလို ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။ သူတို့သည် အဖိုးတန်ပညာများကို အသုံးပြုကာ ထိုသွေးများကို သိပ်သည်းအောင်လုပ်လိုက်ပြီး မှော်ပစ္စည်းအချို့ထဲသို့ သိမ်းလိုက်သည်။

ကောင်းကင်နတ်ဘုရားများအားလုံးအသတ်ခံလိုက်ရပြီး ဝိဉာဉ်စွမ်းအင်အားလုံးကို ပြုပြင်သိမ်းဆည်းလိုက်သည်။ ထိုယဇ်ပုလ္လင်သည် ပမာဏအနည်းငယ်ကိုသာ ရရှိလိုက်သည်ပင်။

သို့သော် ရှီဟောင်နှင့် စုန်းမတို့၏ အမူအရာမှာ မည်းမှောင်နေဆဲပင်။

ယဇ်ပုလ္လင်မှာ မခမ်းနားသော်လည်း ဤသည်မှာ တစ်ဖက်မှ စွမ်းအားအကြီးဆုံးနှင့် ကြောက်စရာအကောင်းဆုံးသက်ရှိများ ဝင်လာမည့်လမ်းကြောင်း ဖြစ်လာနိုင်သည်ပင်။

“မဆိုးပါဘူး .. တိုက်ပွဲကို မြန်မြန်ဆန်ဆန်အဆုံးသတ်လိုက်နိုင်တယ်ပေါ့ .. မင်းတို့တွေက ထာဝရရှေးဟောင်းမြေက အဆင့်လွန်ကျွမ်းကျင်သူလို့ခေါ်တဲ့ သူတွေထက် သိပ်မနိမ့်ပါဘူး”

ယဇ်ပုလ္လင်ထက်မှ ဤကဲ့သို့သော အသံ ထွက်ပေါ်လာလေ၏။

“ခင်ဗျားမှာ အစွမ်းအစရှိရင် ထွက်လာလိုက်လေ” ရှီဟောင် ယဇ်ပုလ္လင်ကို စိုက်ကြည့်လိုက်သည်။

“ဟား ဟား…” ထိုလူ၏ လွတ်လပ်ပေါ့ပါးသည့် ရယ်သံ ထွက်ပေါ်လာလေသည်။ “ဘယ်ခွေးလေခွေးလွင့်မှ ငါ့ကို တိုက်ခိုက်လာအောင် မလုပ်နိုင်ဘူး .. ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့ လုပ်နိုင်တယ်” ဟု အနည်းငယ် အေးစက်စွာ ပြောလိုက်လေသည်။

“အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ .. ခင်ဗျားတိုက်ရဲရင် လာတိုက်လိုက် .. မတိုက်ရဲရင် ထွက်သွားလိုက်တော့” ရှီဟောင် ကြိမ်းမောင်းလိုက်သည်။

“အရူးတွေ .. မင်းတို့က သေချင်နေတာလား” အခြားတစ်ဖက်မှလူမှ အေးစက်စွာ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ယဇ်ပုလ္လင်ကြီး တောက်ပလာကာ ဆူညံသံများထွက်ပေါ်လာပြီး နီရဲနေသည့် လျှပ်စီးအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ယဇ်ပုလ္လင်ပေါ်တွင်ရှိနေသည့် ပုံသဏ္ဌာန်များအားလုံး အသက်ဝင်လာလေ၏။ ဤသည်မှာ စီရင်စုသုံးထောင်မှ သက်ရှိပုံများပင်။ ထိုပုံရိပ်များအားလုံးသည် ယဇ်ပုလ္လင်ကြီးကို ပူဇော်နေကြလေသည်။

ချွမ်း..

ယဇ်ပုလ္လင်ပေါ်တွင် သက်ရှိတစ်ယောက်ပေါ်လာလေ၏။ ဤသည်မှာ တစ်ကိုယ်လုံးကို အနက်ရောင်သတ္တုချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့်လူသားပုံစံ ပုံရိပ်ပင်။ လွှမ်းမိုးကာ တိုက်ခိုက်လိုသည့်အော်ရာများလည်း ချက်ချင်းပင် ထွက်ပေါ်လာလေသည်။

“ငါ လောင်မုက နှစ်ပေါင်းများစွာကြာပြီးတော့မှ ဒီကမ္ဘာမြေကြီးကို နောက်တစ်ခေါက်ပြန်အုပ်စိုးရမယ့် ပထမဆုံး စွမ်းအားရှင်လား..” သူ့ကိုယ်သူ ပြောလိုက်သည်။

စကားလုံးများမှာ ကြမ်းတမ်းကာ လွှမ်းမိုးလွန်းလှသောလည်း သတင်းအချက်အလက်များစွာ ပါနေသည်သာ။ မည်သူမှ နယ်ခြားစပ်ကို မဖြတ်ရသေးပဲ ဤသည်မှာ ပထမဆုံးဖြစ်ကြောင်း ရှီဟောင်အား ပြောပြလိုက်ခြင်းပင်။

ဤသည်မှာ အခြေအနေများမှာ အရေးကြီးနေလျှင်ပင် ပြန်ပြင်၍မရသည့်အခြေအနေမရောက်သေးဘူးဟု ဆိုလိုခြင်းပင်။

ဒုန်း..

ယဇ်ပုလ္လင်ကြီး ယိမ်းယိုင်လာကာ သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် ထိုယဇ်ပုလ္လင်ကြီး အက်ကွဲလာကာ ပေါက်ကွဲတော့မည်ပင်။

“မဟုတ်ဘူး..”

ယဇ်ပုလ္လင်ပေါ်တွင်ရှိနေသည့်သူသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ့ပုံရိပ်လည်း မှုန်ဝါးလာလေ၏။

ဤယဇ်ပုလ္လင်တစ်ခုခုမှားနေပြီး ယခုထိ မပြည့်စုံသေးသည်မှာ သေချာသည်။ မဟုတ်ပါက တစ်ဖက်လူမှာ ဤသို့စွမ်းအားများကို တိတ်တဆိတ်လေးစုစည်းမည့်အစား တိုက်ခိုက်နေလောက်လေပြီ။

ခွပ်..

နောက်ဆုံးတွင်တော့ ထိုလူပျောက်ကွယ်သွားလေပြီ။ သူသည် မကျေမနပ်ဖြင့်ပင် ပြောသွားသေးလေသည်။ “ဒီနေ့ အဖြစ်အပျက်က မပြီးသေးဘူး ..ငါပြန်ဖြတ်လာဦးမှာ”

ထို့နောက်တွင် သွေးရောင်မြူများ ပျောက်ကွယ်သွားကာ ချပ်ဝတ်တန်ဆာလည်း သွေးရောင်ဖြစ်သွားလေ၏။

“လာ .. မင်းတို့နှစ်ယောက် ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ရအောင် .. အခု ငါ့မှာ စွမ်းအားနည်းနည်းပဲ ရှိတော့တာ” လောင်မူသည် ကိုယ့်ကိုကိုယ်ယုံကြည်နေကာ ဤကဲ့သို့ စိန်ခေါ်လိုက်လေ၏။

ယဇ်ပုလ္လင်ပေါ်တွင်ရှိနေသည့် တစ်စထက်တစ်စ စုစည်းနေသည့် ပုံရိပ်မှာ လုံးဝပြည့်စုံသွားလေပြီ။

သူသည် တစ်လှမ်းချင်းလျှောက်လာကာ “ငါ့ရဲ့အကောင်းဆုံးအခြေအနေမဟုတ်ပဲနဲ့ ငါဖန်ဆင်းထားတဲ့အယောင်ဆောင်ပဲဆိုပေမယ့် မင်းတို့နှစ်ယောက်ကို ရှင်းပစ်ဖို့တော့ လုံလောက်ပါတယ်”

လောင်မူသည် ယဇ်ပုလ္လင်ထက်မှနေ၍ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာလေသည်။

ဝုန်း..

သူ၏လက်ဝါးသည် ဘေးပတ်လည်မှ အလင်းတန်းများကို စုတ်ယူနေပြီး တောတောင်များ၊ လျှိုမြောင်များ၊ သစ်ပင်များ၊ မြက်ပင်များအားလုံး ထိခိုက်သွားလေသည်။

ဝုန်း..

ရှီဟောင်လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ရွှေရောင်အလင်းများစွာ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားလေသည်။ သူတို့နှစ်ဦး လက်သီးချင်း တိုက်ခိုက်နေကြခြင်းပင်။

တစ်ဖက်လူ၏ လက်သီးသည် ချောက်နက်ကြီးကဲ့သို့ မည်းနက်နေပြီး အခြားတစ်ယောက်မှာမူ နေလုံးကြီးကဲ့သို့ တောက်ပနေလေသည်။

“နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းတာပဲ” လောင်မူ ထိတ်လန့်သွားရသည်။

“စိတ်ဝင်စားစရာကောင်းတယ်ဟုတ်လား..” ရှီဟောင်အေးစက်စွာ ရယ်မောလိုက်သည်။ ဤအရှင်ဟုခေါ်သည့်သူမှာ ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိလိမ့်ဦးမည်ဟု သူမထင်ထားခဲ့ပေ။ သူတွေးထားသလိုလည်း ကြောက်ဖို့ မကောင်းပေ။

ထို့ကြောင့်ပင် သူသည် လူကြီးတစ်ယောက်မှ ကလေးတစ်ယောက်ကို ဆုံးမနေသကဲ့သို့ ရှီဟောင်၏လက်ဝါးမှာ အောက်ဘက်သို့ ရောက်လာလေသည်။

ဖုန်း..

သူတို့နောက်တစ်ကြိမ် ပြန်တိုက်ခိုက်လိုက်ကြသည်။ ဤလူမှာ သူ၏ပုံရိပ်မှေးမှိန်သွားသည်အထိ လွင့်ထွက်သွားလေသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ၏ခန္ဓာကိုယ်အစစ်မဟုတ်ပေ။

“ဒီလောက်လေးပဲ အစွမ်းရှိတာတောင်မှ အရှက်မရှိ လျှောက်ပြောရဲတယ်ပေါ့” ရှီဟောင် ခနဲ့လိုက်သည်။

“သတ်..”

ဤလူအော်ဟစ်လိုက်သည်နှင့် သူ၏မျက်လုံးများသည် ကြယ်နှစ်စင်းကဲ့သို့ပင် တောက်ပလာလေ၏။ မျက်လုံးတစ်ဖက်တွင် ယင်စွမ်းအင်ရှိနေပြီး အခြားတစ်ဖက်တွင် ယန်စွမ်းအင်ရှိနေသည်။ နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံးမှ ထူးဆန်းသည့်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။

ဝုန်း..

များပြားလှသည့် စွမ်းအင်များ နေရာအနှံ့သို့ ပျံ့လွင့်သွားလေသည်။

ဤသည်မှာ ထာဝရမျိုးစေ့နှစ်ခုပင်။ ယင်နှင့်ယန်စွမ်းအင်ပေါင်းသွားသည့်အချိန်တွင် စကြာဝဠာအသေးစားလေးဖြစ်လာကာ အောက်ဘက်သို့ ထိုးဆင်းလာလေသည်။

“အဲဒီလောက်လည်း မဟုတ်ပါဘူး .. ထာဝရရှေးဟောင်းခေတ်က အဲဒီကျွမ်းကျင်သူတွေနဲ့ ကျင့်ကြံတဲ့စနစ်အတူတူပဲ” ရှီဟောင်ပြောလိုက်သည်။

“ဟား ဟား .. မင်း မသိဘူးလား .. ဒါက ငါ အဆင့်လွန်လူငယ်လို့ခေါ်တဲ့သူဆီကနေ ရထားတာ .. ဒါက တော်တော်လေးကို သာမန်ဆန်တာပဲ” လောင်မူ အေးစက်စွာ ရယ်မောလိုက်သည်.

သူတို့နှစ်ဦး ယခုတစ်ကြိမ် တိုက်ခိုက်သည့်အချိန်တွင် မိုးကြိုးအစင်းရေ များစွာ ပစ်ချလိုက်သကဲ့သို့ပင်။

စကြာဝဠာလေး အက်ကွဲသွားကာ ကြယ်များတစ်လုံးပြီးတစ်လုံး မှေးမှိန်ကာ ပျောက်ကွယ်သွားလေသည်။

ဖူး..

လောင်မူ ဒဏ်ရာရသွားသည်။ ဤသည်မှာ စွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ခန္ဓာကိုယ်ဖြစ်ပြီး အသွေးအသားမရှိသော်လည်း သူသည် သွေးအန်သကဲ့သို့ ဖြစ်သွားဆဲပင်။

“ဒီလောက်ပဲလား” ရှီဟောင်ပြောလိုက်သည်။

“ငါက ငါ့စွမ်းအင်နည်းနည်းလောက်ကိုပဲ ပို့ထားတာ .. ငါ့ရဲ့ခန္ဓာကိုယ်အစစ်မဟုတ်ဘူး .. ငါသုံးသွားတဲ့ပညာတွေကလည်း မင်းတို့လောကရဲ့ ပညာတွေထဲက နည်းနည်းလောက်ပဲ .. ငါ့ရဲ့ခန္ဓာကိုယ်အစစ်သာရောက်လာရင် အဲဒီအဆင့်လွန်လူငယ်တွေ ဘာလုပ်နိုင်မှာလဲ .. အားလုံးက ကြက်ကလေး၊ ခွေးကလေးထက် မပိုဘူး”

လောင်မူ အေးစက်စွာ ပြောလိုက်သည်။ သူဒဏ်ရာရသွားသော်လည်း ဤသည်ကို လက်မခံနိုင်ဖြစ်နေမှန်း သိသာသည်။

“အဲဒါဆိုလည်း သွားသေလိုက်တော့” စုန်းမပြောလိုက်သည်။

ရှီဟောင်တရှိန်ထိုး ပြေးလာကာ သူနှင့်နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။ နောက်ဆုံးတွင်တော့ ရှီဟောင်လက်ညှိုးထိုးလိုက်သည်နှင့် သူ၏မျက်ခုံးကြား အက်ကွဲသွားကာ တိုက်ပွဲကို အဆုံးသတ်သွားလေသည်။

ဝုန်း..

ယဇ်ပုလ္လင်ကြီး ယိမ်းယိုင်သွားကာ ထိုအနက်ရောင်ချပ်ဝတ်တန်ဆာမှာ နောက်တစ်ကြိမ် တောက်ပလာလေသည်။ ထိုခန္ဓာကိုယ်အစစ် ထပ်ပေါ်လာလေပြီ။ သို့သော်လည်း ဤခန္ဓာကိုယ်မှာ မတည်ငြိမ်သေးပေ။ သူ၏ခြေထောက်မှာ လေဟာနယ်ထဲတွင်သာ ရှိနေပြီး ဖြတ်မလာနိုင်သေးပေ။

သူ၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ ရှီဟောင်ကို တိုက်ခိုက်လာလေသည်။

“တကယ် တော်တော်လေးကို သန်မာတာပဲ .. မင်းက နယ်ခြားစပ်ဘက်က အဆင့်လွန်လူငယ်လား..” စုန်းမ အလွန်ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤအော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။

ရှီဟောင် မတိုက်ခိုက်မှီမှာပင် စုန်းမသည် သူမ၏ ပုတီးစေ့ကို အသက်သွင်းလိုက်ကာ ယဇ်ပုလ္လင်ဘက်သို့ ပစ်လိုက်သည်။

“မင်း..” ထိုလူ၏အမူအရာ ပြောင်းလဲသွားသည်။ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း သူဘာမှ မပြောင်းလဲနိုင်ပေ။

ခွပ်..

ယဇ်ပုလ္လင်တစ်ခုလုံး ပေါက်ကွဲသွားကာ လောင်မူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးအန်သွားလေ၏။ သူသည် အတော်လေးပင် အားနည်းနေလေပြီ။

“ငါ ဒီလောကထဲကို တကယ်ရောက်လာတဲ့အချိန်ကျရင် မင်းတို့တစ်ယောက်မှ အသက်မရှင်စေရဘူး”

ကံမကောင်းစွာဖြင့်ပင် ဤလူမှာ မြန်လွန်းသောကြောင့် ရှီဟောင် သူ့ကို မဖမ်းလိုက်နိုင်ပေ။

ယဇ်ပုလ္လင်ပျက်စီးသွားသော်လည်း ဤလူ၏ခန္ဓာကိုယ်အစစ်မှာ အသက်ရှင်နေဆဲဖြစ်သောကြောင့် သူနောက်တစ်ခေါက် ပြန်ရောက်လာနိုင်သည်။

“မင်း .. ဘာ မင်းလဲ .. နောက်တစ်ခေါက် အရိုက်ခံချင်လို့လား” စုန်းမ ပြောလိုက်သည်။

ထို့နောက်တွင် ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ ယဇ်ပုလ္လင် ပျက်စီးသွားကာ လမ်းပိတ်သွားလေပြီ။ မဟုတ်ပါက နောင်ကျလျှင် ကပ်ဆိုးကြီး ရောက်လာနိုင်သည်။

“သွားကြစို့..” သူတို့သည် ကောင်းကင်ဧကရာဇ်မြို့ဟုခေါ်သည့် နေရာသို့ ဦးတည်သွားလိုက်ကြသည်။

အပိုင်း ၁၂၄၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၄၅ – ဧကရာဇ်အရိုးပင်လယ်နယ်မြေ

ရှီဟောင်နှင့်စုန်းမတို့ တားမြစ်နယ်မြေမှ ထိုမြို့သို့ ဦးတည်သွားလိုက်ကြသည်။

ဤနေရာတွင် ခမ်းနားကြီးကျယ်လှကာ စီရင်စုသုံးထောင်ငြိမ်းချမ်းစေရန်အတွက် နယ်ခြားစပ်ကို ဖိနှိပ်ပေးထားသည့် ဧကရာဇ်မြို့ရှိသည်ဟု ပြောကြသည်။

သို့သော်လည်း ဤသတင်းသည် စီရင်စုသုံးထောင်သို့ ပျံ့နှံ့ခြင်းမရှိပေ။ ရှီဟောင်နှင့်စုန်းမပင်လျှင် ဤတားမြစ်နယ်မြေအတွင်းပိုင်းသို့ ရောက်လာမှ သိရခြင်းပင်။

ဝူး..

ကျယ်ပြန့်လှသည့် ရေပြင်ရှေ့တွင် ထူးဆန်းသည့်အသံတစ်သံ ထွက်ပေါ်လာကာ သက်ရှိမျိုးစုံသည် ကြောက်လန့်တကြားဖြင့်ပင် ကြမ်းပြင်ထက်သို့ ဒူးထောက်ချလိုက်ကြလေသည်။

ဤသည်မှာ တားမြစ်နယ်မြေ၏အတွင်းပိုင်းဖြစ်သော်လည်း ဤနေရာတွင် ပင်လယ်တစ်စင်းရှိနေသည်.

ပင်လယ်ထဲတွင်ပင်လယ်ခရုတစ်ကောင် ပေါ်လာသည်။ အစောပိုင်းက ကြားလိုက်ရသည့်အသံမှာ ဤခရုအော်လိုက်သည်အသံပင်။

“ဒါက ဘယ်လိုပင်လယ်ခရုကြီးလဲ..” ခပ်ဝေးဝေးမှ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင် ထိတ်လန့်သွားရသည်။ သူပင်လျှင် တစ်ကိုယ်လုံး တုန်ယင်လာကာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

ထို့နောက် သူတို့ ပို၍ထိတ်လန့်သွားရသည်။ ကောင်းကင်ကြီး အက်ကွဲလာကာ ကမ္ဘာမြေကြီးလည်း ချိုင့်ဝင်သွားသည်။ နတ်သားရဲမျိုးစုံနှင့် ငှက်များသည် မုန်တိုင်းဝင်နေသလို အော်ဟစ်နေကြလေ၏။

ဤမြင်ကွင်းကို သူ နားမလည်နိုင်တော့ပေ။

“ဒါက စစ်ခရာပဲ .. ဒါကိုမှုတ်လိုက်တာနဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး အက်ကွဲသွားပြီးတော့ နေနဲ့လကိုတောင် ဖျက်ဆီးပစ်နိုင်တယ်” စုန်းမ ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်မျက်မှောင်ကြုတ်သွားရသည်။ သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် ဤသည်မှာ တံဆိပ်တစ်ခု၏မြင်ကွင်းဖြစ်ပြီး အမှန်တကယ်ဖြစ်ပျက်နေခြင်းမဟုတ်သောကြောင့် သူ စိတ်သက်သာရာရသွားရသည်။

“အရင်ခေတ်တုန်းက စစ်ခရာသံထွက်လာရင် ဒီလိုမြင်ကွင်းများ ဖြစ်လာတာပဲ .. အဲဒီအချိန်တုန်းက တောင်တွေပြိုကျပြီး ပင်လယ်တွေလည်း ရိုက်ခတ်လာကာ” စုန်းမ ပြောလိုက်၏။ ဤသည်မှာ သူမအရိုးစာအုပ်များထဲတွင် မြင်ဖူးခဲ့ခြင်းပင်။

ထို့အပြင် စစ်ခရာမှာ တစ်ခု၊ နှစ်ခုတည်းရှိခြင်းမဟုတ်။ ထို့ကြောင့် ထိုမြင်ကွင်းမှာ မည်မျှကြောက်စရာကောင်းမည်ကို စဉ်းစားကြည့်နိုင်သည်။

ဤသည်မှာလည်း တိုက်ပွဲအစစ်မဟုတ်ပဲ တိုက်ပွဲအစသာရှိသေးသည်။

တိုက်ပွဲအစစ် စတင်သည်နှင့် ထိုမသေမျိုးသက်ရှိများမှာ မည်မျှပင် ကြောက်စရာကောင်းမည်နည်း.. ပြီးပြည့်စုံသည့်လောကကြီး ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုအဖြစ် ကွဲသွားသည်မှာ အံ့ဩစရာမရှိတော့ပေ။

“တကယ့်တိုက်ပွဲကြီး ရောက်လာတော့မယ် .. စစ်ခရာက ကျန်ခဲ့တဲ့ တံဆိပ်က သူ့ဘာသာသူ အသံမြည်လာတာဆိုတော့ အဲဒီနေ့က သိပ်မဝေးတော့ဘူးလို့ ဆိုလိုတာပဲ .. ဒီလောကလည်း ထာဝရရှေးဟောင်းခေတ်က ကပ်ဆိုးအတိုင်း ဖြစ်လာလိမ့်မယ်”

ရွှီး..

ရုတ်တရက်ပင် ပင်လယ်ထဲမှ ဓားစွမ်းအင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။ အလင်းတန်းများမှာ ထူထဲလှလေသည်။

ဤသည်မှာ တံဆိပ်မဟုတ်ပဲ တိုက်ခိုက်မှု အစစ်ပင်။

ရှီဟောင်နှင့်စုန်းမတို့သည် တစ်လှမ်းတည်းဖြင့် တော်တော်ဝေးဝေးထိရောက်အောင် နောက်ဆုတ်လိုက်သည်။ ဓားအလင်းတန်းသည် သူတို့ခန္ဓာကိုယ်ကို ဖြတ်သွားကာ တောင်ထိပ်များကို ဖြတ်ပိုင်းချလိုက်လေသည်။

ကောင်းကင်ထက်တွင် အဆုံးမရှိသည့် ဓားစွမ်းအင်များပေါ်လာကာ ကြယ်များလည်း ကြွေကျလာလေသည်။

ဒါက ဘယ်လိုနေရာကြီးလဲ..

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်စွာ ကြည့်လိုက်ကြပြီး ယခုထိ ကြောက်ရွံ့မှုကို ခံစားနေရဆဲပင်။ သူတို့သာ တစ်လှမ်းနောက်ကျသွားလျှင် သေချာပေါက် ပြာမှုန့်များဖြစ်သွားလေပြီ။

“ပင်လယ်ထဲမှာ ပျက်စီးနေတဲ့ ထာဝရပစ္စည်းရှိနေတယ်ထင်တယ် .. အဲဒါက တစ်ခါတစ်လေ အသက်ဝင်လာပြီးတော့ ဒီလိုမျိုး ဖြစ်လာတာ” သူတို့တွက်ဆလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤနေရာတွင် စစ်ခရာတံဆိပ်ကို တွေ့လိုက်ရသောကြောင့် ဤနေရာတွင် သေချာပေါက် တိုက်ပွဲတစ်ခု ဖြစ်ခဲ့မည်ပင်။ ထိုတိုက်ပွဲမှာ ပျက်စီးနေသည့်လက်နက်များ ကျန်ထားခဲ့မည်ပင်။ ထို့ကြောင့် ဤကဲ့သို့သော မြင်ကွင်းမျိုးဖြစ်လာခြင်းမှာလည်း အံ့အားသင့်စရာမရှိပေ။

ဤပင်လယ်ကြီးကို ဖြတ်သန်းရန် မဖြစ်နိုင်ပေ။ နောက်ပိုင်း သူတို့မြို့တစ်ခုကို ဖြတ်သန်းလိုက်ရသည့်အချိန်တွင်မှ ဤနေရာသည် တကယ်ပင် ရှေးဟောင်းစစ်မြေပြင်တစ်ခုဖြစ်ခဲ့ကြောင်း သိလိုက်ရသည်။

ပင်လယ်ထဲတွင် ထူးဆန်းသည့်အရာများစွာရှိနေပြီး လူအနည်းငယ်သာ လုံလုံခြုံခြုံဖြတ်သန်းနိုင်ခြင်းပင်။ ဂိုဏ်းခေါင်းဆောင်ကဲ့သို့ စွမ်းအားကြီးသည့်သူများပင်လျှင် သေဆုံးနိုင်သည်ပင်။

တားမြစ်နယ်မြေ၏ အတွင်းဘက်တွင် မြို့များစွာ ရှိနေသော်လည်း တစ်မြို့စီတိုင်းမှာ ထူးခြားကာ ထိတ်လန့်စရာကောင်းလှသည်။ ဤမြို့များတွင်လည်း မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများ ရှိနေလေသည်။

ဤပင်လယ်ကြီးပင်လျှင် လီပေါင်းမည်မျှကျယ်ဝန်းသနည်း မသိနိုင်ပေ။ ရှီဟောင်နှင့် စုန်းမတို့သည် ကမ်းခြေတစ်လျှောက် လဝက်ခန့်သွားနေသော်လည်း အဆုံးကို မရောက်နိုင်သေးပေ။ လမ်းတစ်လျှောက်တွင်လည်း သူတို့ အန္တရာယ်များကို အကြိမ်ကြိမ်ကြုံတွေ့လိုက်ရသည်။

အမှန်တကယ်တွင် သူတို့မပြောနှင့် တားမြစ်နယ်မြေအတွင်းပိုင်းတွင် နေထိုင်သည့် စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများ၏ မျိုးဆက်များပင်လျှင် ဤကဲ့သို့‌သော ရှည်လျားကာ ခက်ခဲသည့်ခရီးကို မသွားကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နားလည်လာလေလေ ဤနေရာမှာ မည်မျှအန္တရာယ်များသည်ကို သိလာလေလေပင်။

နောက်ဆုံးတွင်တော့ သူတို့ဤပင်လယ်ကြီးကို ဖြတ်နိုင်သွားလေပြီ။ သူတို့သည် သူတို့၏တစ်ခုတည်းသော ဦးတည်ရာသို့ လျင်မြန်စွာ သွားလိုက်ကြသည်ပင်။

ထိုနေရာသို့ ရောက်မှသာ သူတို့ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်နိုင်ပြီး နောက်ထပ်တစ်ဆင့် ကျင့်ကြံနိုင်လိမ့်မည်။

“အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်က သူတို့ကိုယ်ပိုင်လမ်းတွေ ရှိနေပြီးသား .. သူတို့ရောက်နေလောက်ပြီလို့ မင်း ထင်လား..”

“သူတို့မှာ အဲဒီမြို့ကို ချိတ်ထားတဲ့ ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင်ရှိမှာပဲ .. သူတို့ အဲဒီကို အစောကြီးကတည်းက ရောက်နေလောက်ပြီ”

လမ်းတစ်လျှောက်တွင် သူတို့ တတ်နိုင်သမျှအရာအားလုံးကို အသုံးပြုကာ နေနေညညပြေးလွှားနေသော်လည်း ထိုမြို့ကို ယခုထိ မတွေ့နိုင်သေးပေ။

သူတို့လမ်းများ မှားနေတာလားဟု သံသယဝင်လာမိသည်။

သို့သော်လည်း လမ်းတွင်တွေ့သည့် ရှေးဟောင်းမြို့တစ်ခုထဲသို့ ဝင်ကာ ထိုထဲမှသက်ရှိများကို‌ မေးလိုက်သည့်အချိန်မှသာ သူတို့လမ်းကြောင်း မမှားမှန်းသိလိုက်ရသည်။

“ကျုပ်တို့ အရင်ရောက်လောက်မယ်လို့ ခင်ဗျားထင်လား” ရှီဟောင် မေးလိုက်သည်။

“အဲဒါက ပြောဖို့ခက်တယ် .. ငါတောင်မှ ဘာမှသိပ်မလုပ်ရပဲနဲ့ မင်းထက်အရင်ရှေ့ရောက်နေတာ .. တစ်ခြားသူတွေလည်း ထူးဆန်းတဲ့ ရွှေ့ပြောင်းခြင်းအစီအရင်နဲ့တွေ့ရင်တော့ သူတို့တွေ အရင်ရောက်နေနိုင်တယ်” စုန်းမ ပြောလိုက်သည်။

ရှီဟောင် ခေါင်းညိမ့်လိုက်၏။ တစ်ခါတစ်ရံတွင် ကံကောင်းခြင်းသည်လည်း ခွန်အားတစ်ခုပင်။

ခဏကြာပြီးသည့်နောက်တွင် သူတို့ အနီရောင်လွင်ပြင်ကြီးကို တွေ့လိုက်ရသည်။

ဒါက ဘာကြီးလဲ .. နောက်ထပ်ပင်လယ်တစ်ခုလား..

ရှီဟောင်နှင့်စုန်းမတို့ ဆွံ့အသွားရသည်။ အနီရောင်လွင်ပြင်မှာ မျက်စိတစ်ဆုံးမြင်နေရပြီး လေပူများလည်း သူတို့မျက်နှာများကို ဖြတ်တိုက်နေလေသည်။

ဤနေရာတွင်ရှိနေသည့် အပင်များအားလုံး ပျောက်ကွယ်သွားပြီဖြစ်ပြီး တောင်များလည်း မရှိတော့ပေ။ ဤသည်မှာ ပူပြင်းလှသည့် ရှေးဟောင်းမြေပင်။

ဤသည်မှာ ချော်ရည်ပြင်ကြီးပင်။

သို့သော်လည်း ဤချော်ရည်ပြင်ကြီးသည် ပင်လယ်တစ်စင်းနှင့်ပင် တူနေပြီး အဆုံးကိုမမြင်နိုင်ပေ။

“ငါတို့ ဘယ်နေရာကို ရောက်လာကြတာလဲ” ဒီချော်ရည်တွေက များလွန်းတယ်မဟုတ်ဘူးလား .. ကန်တစ်ခုဖြစ်သွားတာဆိုရင်ထားလိုက်ပါတော့ … ဒါပေမဲ့ ဒါက ပင်လယ်ကြီး ဖြစ်နေတာ

ယခုတစ်ကြိမ်တွင်တော့ သူတို့နှစ်ယောက် ဤချော်ရည်ပင်လယ်ကြီးကို ကွေ့ပတ်မသွားတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤပင်လယ်အနားတွင် ဤနေရာမှာ အန္တရာယ် သိပ်မရှိကြောင်း၊ အခွင့်အရေးကောင်းများ ရှိနိုင်ကြောင်း ရေးသားထားသည့် ကျောက်ပြားကြီးတစ်ချပ် ရှိနေသောကြောင့်ပင်။

သူတို့နှစ်ယောက် ဤချော်ရည်ပြင်ကြီးကို လျင်မြန်စွာ ဖြတ်သန်းသွားလိုက်ကြသည်။

ထိုအချိန်တွင် ကြီးမားလှသည့် သားရဲတစ်ကောင်သည် နောက်ပြန်လှည့်လာကာ ရှီဟေင်အား အနီရောင်အလင်းတန်းများဖြင့် ပစ်လွှတ်လိုက်လေ၏။

ငါးတစ်ကောင်..

ဤသည်မှာ ကြီးမားလှသည့် ရွှေငါးကြီးတစ်ကောင်ပင်။ ဤငါးသည် တောင်တစ်လုံး အရွယ်အစားရှိပြီး ချော်ရည်ထဲတွင် ရွေ့လျားနေခြင်းပင်။

“ငါတို့ချမ်းသာပြီ..”

ရှီဟောင်သည် ထိတ်လန့်မသွားပဲ ပျော်သွားခြင်းပင်။ ဤသည်မှာ နတ်စွမ်းအင်များ ပေါကြွယ်ဝလှသည့် ယန်ငါးတစ်ကောင်မှန်း သူမှတ်မိသည်။

ကံမကောင်းစွာဖြင့်ပင် ဤငါးသည် ကောင်းကင်နတ်ဘုရားဖြစ်နေသည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်ပြီး သူ၏နတ်အာရုံများလည်း စူးရှလှသည်။ သူ့ထံသို့ ဦးတည်လာသည့် လက်တစ်ဖက်ကို အာရုံခံမိသည်နှင့် သူသည် ချက်ချင်းပင် ကျုံ့သွားကာ ချော်ရည်ပင်လယ်ထဲသို့ လျင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ရှီဟောင်၏လက်သည် ချော်ရည်ထဲသို့ ဝင်ရောက်သွားသော်လည်း ဘာကိုမှ မဖမ်းမိခဲ့ပေ။

“နည်းနည်းထူးဆန်းနေတယ် .. ဒီပင်လယ်ကြမ်းပြင်မှာ ငါ့ရဲ့နတ်အာရုံတွေကို တားဆီးနေတဲ့ ပျက်စီးနေတဲ့အစီအရင်တစ်ခု ရှိနေတယ်”

“အဲဒီကျောက်ပြားမှာရေးထားတာက အန္တရာယ်သိပ်မရှိဘူးဆိုတော့ နည်းနည်းတော့ရှိတယ်လို့ဆိုလိုတာပဲ … ဒါပေမဲ့ ဒီစာကိုချန်ခဲ့တဲ့သူက ပြိုင်ဘက်ကင်းတဲ့သက်ရှိဆိုရင်တော့ မတူတော့ဘူး” စုန်းမပြောလိုက်သည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ အခြေအနေ သိပ်မကောင်းဘူးဟု ခံစားလိုက်ရသည်။ သူတို့နည်းနည်း လက်လွတ်စပယ်လုပ်လိုက်မိသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းခေါင်းဆောင်အဆင့် သို့မဟုတ် ထို့ထက်ပိုအဆင့်မြင့်သည့်သူပြောသည့် အန္တရာယ်မရှိဘူးဆိုသည်မှာ သာမန်လူများအတွက်တော့ လွယ်ကူသည့်လမ်းဖြစ်မည် မဟုတ်ပေ။

“ငါတို့ အထဲဘက်ကိုတောင် ရောက်နေပြီပဲ .. ဟိုဟိုဒီဒီလျှောက်သွားနေလို့မရဘူး .. ငါတို့ တတ်နိုင်သမျှ မြန်မြန်သွားရမယ် .. အန္တရာယ်တွေ့တယ်ဆိုရင်တောင်မှ ငါတို့ ရင်ဆိုင်နိုင်မှာပါ .. အဆိုးဆုံးမှ ထွက်ပြေးရုံပဲပေါ့” စုန်းမသည် လေးလေးနက်နက်ပြောနေသော်လည်း နောက်ဆုံးတွင် ရယ်မော၍ ပြောလိုက်သည်။

ရှီဟောင် ခေါင်းညိမ့်လိုက်ကာ သူမနှင့် လျင်မြန်စွာ လှုပ်ရှားသွားလာလိုက်သည်။

ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ကြောက်စရာကောင်းလှသည့် လက်သည်းကြီးတစ်ဖက် သူတို့ကို ဖမ်းဆုတ်လာလေ၏။ ဤသည်မှာ ဖြူဖွေးကာ ကြီးမားလှသည့် လက်ကြီးပင်။

သူတို့နှစ်ဦးသည် အဖိုးတန်ပညာများကို အသက်သွင်းလိုက်ပြီး သူတို့တတ်နိုင်သမျှ လျင်မြန်စွာ ပြေးထွက်သွားလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤအရိုးခေါင်းကြီးသည် လွှမ်းမိုးနိုင်စွမ်းကောင်းလွန်းလှပြီး ဂိုဏ်းခေါင်းဆောင်တစ်ယောက် ရောက်လာလျှင်ပင် သူတို့ ရိုက်ချခံရမည်ပင်။

ဤသည်မှာ အရိုးစုတစ်ခုသာဖြစ်ပြီး ဦးခေါင်းခွံထဲတွင် အလင်းဖျော့ဖျော့လေးသာ တောက်ပနေသောကြောင့် သူ့ထံတွင် အသိစိတ်အပြည့်အဝမရှိသည်ကို ပြသနေခြင်းပင်။ သူ့ထံတွင် ဝိညာဉ်အလင်း အနည်းငယ်သာ ရှိတော့သည်။

ဤအရိုးစု စွမ်းအားကြီးနေခြင်းမှာ ဤအရိုးစုကိုယ်တိုင်ကိုက ကျန်းပေါင်း တစ်သိန်းခန့်ရှိသည်ပင်။ သူသည် ချော်ရည်ပင်လယ်ထဲတွင် မိုးထိုးနေပြီး ရှီဟောင်နှင့် စုန်းမကို လိုက်ဖမ်းရန် ကြိုးစားနေသည်။

ဝုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး အက်ကွဲသွားသည်အထိ ထိုအရိုးစုမှာ စွမ်းအားကြီးလွန်းလှသည်။

“အေးခဲစေ..”

စုန်းမသည် ကျောက်ပုတီးစေ့လေးကို အသက်သွင်းလိုက်ပြီး ထိုလက်ဖြူကြီးကို တားဆီးလိုက်ကာ အရိုးစုကြီးကို ရပ်တန့်စေလိုက်သည်။

“ဒါက ထာဝရှေးဟောင်းခေတ်တုန်းက စစ်ပွဲမှာ သေသွားတဲ့ ကြောက်စရာကောင်းတဲ့ သက်ရှိပဲ .. အရိုးစုတောင်မှ ကောင်းကင်နတ်ဘုရားကို သတ်ဖို့လုံလောက်တယ်ဆိုတော့ သူ့မှာ အသွေးအသားတွေရှိတုန်းက ဘယ်လောက်တောင်မှ စွမ်းအားကြီးခဲ့သလဲ” စုန်းမ ထိတ်လန့်သွားရသည်။

ကံကောင်းစွာဖြင့်ပင် ဝိညာဉ်ဖိနှိပ်သည့် ကျောက်ပုတီးစေ့လေးလည်း သာမန်မဟုတ်ပေ။ ကျန်းပေါင်းတစ်သိန်းရှည်သည့် အရိုးစုကြီးသည့် ထိုပုတီးစေ့ကို ငေးစိုက်ကြည့်နေလေ၏။။ ထို့နောက်တွင် သူသည် တစ်ဖြည်းဖြည်းဖြင့်ပင် ချော်ရည်ပင်လယ်ထဲသို့ နှစ်မြှုပ်ပျောက်ကွယ်သွားလေ၏။

“ဒီလောက် နှစ်တွေ ကြာတာတောင်မှ ဒီအရိုးစုက ပျက်စီးမသွားသေးဘူး .. တကယ်အံ့ဩဖို့ကောင်းတာပဲ” ရှီဟောင်ပင်လျှင် အံ့အားတကြီး ပြောလိုက်ရသည်။

ခဏကြာပြီးသည့်နောက်တွင် နောင်လာနောက်သားများကို သတိပေးသည့် ရှေးဟောင်းစာများ ရေးထားသည့် ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။

“ဧကရာဇ်အရိုးစုပင်လယ်နယ်မြေ..”

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ အရှေ့ဘက်တွင် အန္တရာယ်ရှိနေလေပြီ။ ကျောက်တုံးပေါ်တွင် ရေးထားသည့်စာအရဆိုလျှင် ဤနေရာ၌ ပြိုင်ဘက်ကင်းသည့်သက်ရှိတစ်ယောက်ကို မြှုပ်နှံထားပြီး သူတို့၏အရိုးစုများ ဤနေရာတွင်ရှိနေသည်။

“ဧကရာဇ်တွေ .. ဒါမှမဟုတ် အမတဖြစ်သွားတဲ့သူတွေလား .. ဒါမှမဟုတ် သေမျိုးလောကမှာ ရုန်းကန်နေတုန်း လူတွေလား .. သူတို့နာမည်မှာ ဧကရာဇ်ဆိုတဲ့စကားလုံး သုံးရဲတဲ့သူတွေအားလုံးက ကလန်တစ်ခုက စွမ်းအားအကြီးဆုံးသူတွေပဲ” စုန်းမ ပြောလိုက်၏။ ဤသည်မှာ သူမ ကောင်းကင်ခစားခြင်းဂိုဏ်း၏ ကျမ်းစာများမှာ ဖတ်ခဲ့ရခြင်းပင်။

ဤ ‘ဧကရာဇ်’ ဆိုသည်မှာ လူသားလောက၏ ဘုရင်မင်းမြတ်မဟုတ်ပဲ ကျင့်ကြံခြင်းလောက၏ ဧကရာဇ်ပင်။

“ဧကရာဇ်အရိုးတွေ မြှုပ်ထားတဲ့နေရာဆိုတော့ အဲဒီမှာ ဧကရာဇ်ရဲ့ အကြွင်းအကျန်တွေများ ရှိနေမလား..”

သူတို့နှစ်ဦးလုံး ရပ်တန့်လိုက်ကြသည်။ သူတို့ ထိုနေရာသို့ လက်လွတ်စပယ် မဝင်ရဲကြပေ။

တစ်ခုခု တွေ့လိုတွေ့ငြား ရှီဟောင် သူ၏ကောင်းကင်မျက်လုံးများကို ဖွင့်လိုက်သည်။ သို့သော်လည်း သူသည် နီရဲနေသည့်ချော်ရည်ပင်လယ်ကြီးနှင့် ပင်လယ်ကြမ်းပြင်တွင် မညီမညာပြန့်ကျဲနေသည့် အရိုးစုတစ်ချို့ကိုသာ တွေလိုက်ရသည်။ ထိုအရိုးစုများမှာ ပို၍ပင် ကြောက်စရာကောင်းနေသည်။

သူတို့ထဲမှ တစ်ယောက်မှာ ထိုင်လျက်အနေအထားဖြင့်ပင်။ ထိုအရိုးစုသည် သိပ်မရှည်သော်လည်း သူသည် နေလုံးတစ်လုံးကဲ့သို့ တောက်ပနေလေ၏။

ထိုအရိုးစုသည် ရှီဟောင်နှင့် စုန်းမတို့၏ အော်ရာကို အာရုံခံမိသွားသည်နှင့် ထိုအရိုးစုခန္ဓာကိုယ်မှ စွမ်းအားများ စတင်လှည်ပတ်လာလေသည်။

ရွှီး..

ထို့အပြင် ထိုအရိုးစုဦးခေါင်းမှ သွေးစွမ်းအင်များ ထွက်လာလေ၏။

“ဘုရားရေ..”

စုန်းမ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤသွေးစွမ်းအင်သည် အနီရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကို ထိုးဖောက်သွားသည်နှင့် ကြယ်များ ကြွေကျလာလေသည်။

ဤသည်မှာ သူတို့နှစ်ဦးလုံးကို ထိတ်လန့်သွားစေသည်သာ။

ဒါက ကလန်တစ်ခုက ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားလား .. သူတို့အဝေးကြီးမှာ ရှိနေတာတောင်မှ ဒီလိုမျိုးမြင်ကွင်းမျိုးကို မြင်နေရပြီ .. သိထားရမည်မှာ သူတို့သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်သည်။

“ဧကရာဇ်ကြီးတွေက တိုက်ပွဲမှာတုန်းက အသတ်ခံလိုက်ရတာ” စုန်းမ ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ရှီဟောင်ဆွံ့အသွားရသည်.

အတိတ်ကာလမှ ယခုပစ္စုပ္ပန်အထိ စွမ်းအားအကြီးဆုံးဖြစ်နေသည့် ကျွမ်းကျင်သူများကိုသာ ဧကရာဇ်ဟု ခေါ်ခြင်းပင်။ အချို့သူများသည် ထာဝရအသက်ရှည်ခြင်းကို ရရှိနေပြီဖြစ်ပြီး အချို့သူများမှာ ရရှိနိုင်ရန် ကြိုးစားနေဆဲပင်။ မည်သို့ပင်ဖြစ်စေ သူတို့ကိုယ်သူတို့ ဧကရာဇ်ဟု ခေါ်ရဲသည့်သူအားလုံးမှာ ထိတ်လန့်စရာကောင်းသည့် သက်ရှိများပင်။

ယခု ဤနေရာတွင် ဤကဲ့သို့သော ဧကရာဇ်အရိုးစုများ တစ်ခုမကရှိနေလေသည်။

အပိုင်း ၁၂၄၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset