သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၁၆ – စီရင်စုသုံးထောင်အား လှုပ်ခတ်သွားစေသည့် နာမည်
ဤလောကမှာ အထီးကျန်ဆန်လွန်းလှသည်။
သူက ဘယ်လိုလုပ် ဤရလဒ်ကို လက်ခံနိုင်မည်နည်း..
လောကကြီးတစ်ခုလုံး ပျက်စီးသွားပြီး သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ တကယ်ကို ဘာမှမရှိတော့ပေ။
“ငါဒီလို အဖြစ်မခံနိုင်ဘူး” ရှီဟောင် ကျိန်ဆိုလိုက်သည်။ သူ၏မျက်လုံးများလည်း နီရဲနေလေပြီ။
သူအားလုံးကို ပြောင်းလဲပစ်မည်။ ဤကဲ့သို့ အဖြစ်အပျက်မျိုးဖြစ်ခွင့် မပြုနိုင်။ ထိုနေ့သာတကယ်ရောက်လာလျှင်၊ သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့လျှင် ဘာအဓိပ္ပာယ်ရှိဦးမည်နည်း..
“မင်းဘာမြင်လိုက်တာလဲ” မိုးမခနတ်ဘုရား မေးလိုက်၏။
သူသည် ယခင်က ဤပညာကို အသုံးပြုခဲ့ဖူးသော်လည်း မတူသည့်လူများသည် မတူသည့်မြင်ကွင်းများကို မြင်မည်ပင်။ ရှီဟောင် မြင်လိုက်ရသည့် အနာဂတ်ကို သူကိုယ်တိုင်ပင်လျှင် မသိနိုင်ပေ။
သို့သော်လည်း သူနည်းနည်းတော့ ခန့်မှန်းနိုင်သည်။ “မင်းရဲ့လောကမှာ ငါမရှိတော့ဘူး ဟုတ်တယ်မလား .. ဘာမှကို မရှိတော့ဘူးမလား”
မသေမျိုးသက်ရှိလည်း ရောက်လာပြီး မှုန်ဝါးနေသည့် မြင်ကွင်းအနည်းငယ်ကို မြင်လိုက်ရသည်။ သို့သော်လည်း အစစ်အမှန်ကို မြင်လိုက်ရခြင်းမဟုတ်။ မိုးမခနတ်ဘုရားသည် ဤပညာကို ရှီဟောင်အတွက် အသက်သွင်းခြင်းပင်။ သူ့အတွက်မဟုတ်သလို ချီသော်လင်းအတွက်လည်း မဟုတ်ပေ။
“အနာဂတ်မှာ ဘာဖြစ်မှာလဲ” ချီသော်လင်း မေးလိုက်သည်။
ရှီဟောင်သည် နီရဲနေသည့် မျက်လုံးများဖြင့် သူတို့အား ကြည့်လိုက်လေ၏။ သူ သူတို့ကို နောက်တစ်ခေါက် ပြန်မတွေ့နိုင်တော့မည်ကို ကြောက်မိသည်။ ထိုလောကတွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့ခြင်းပင်။
“ဘာမှမဟုတ်ပါဘူး .. အရမ်းကို ခမ်းနားတဲ့လောကတစ်ခု ပေါ်လာလိမ့်မယ် .. ကျွန်တော်နဲ့သိတဲ့သူတွေအားလုံးလည်း အဲဒီမှာ ရှိနေတယ် .. ရွှေရောင်လူဝံကြီးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်လောကလုံးကို လျှောက်သွားနေတာ” ရှီဟောင် ပြောလိုက်၏။
မိုးမခနတ်ဘုရား သက်ပြင်းချလိုက်သည်။ သူကဘယ်လိုလုပ် ရှီဟောင်ကို နားမလည်ပဲနေမှာလဲ .. ရှီဟောင် အရွယ်ရောက်လာတာကို သူ စောင့်ကြည့်ရသောကြောင့် ရှီဟောင်ဖော်ပြနေသည့် စိတ်ရှုပ်မှု၊ စိတ်ပျက်မှုများမှာ အရာအားလုံးကို ရှင်းပြပြီးသားဖြစ်နေသည်။
“အနာဂတ်က အရမ်းကျယ်ပြောတယ်ဆိုပေမယ့် အဲဒီမှာ အရမ်းလည်း ငြိမ်းချမ်းနေပြီ ဟုတ်တယ်မလား .. လူတွေအများကြီး မရှိတော့ဘူး .. အဲဒါကြောင့်မို့လို့ အရင်တုန်းကတည်းက ဒီလောကကြီးတစ်ခုလုံး ညှိုးခြောက်သွားပြီးတော့ နှစ်တွေအတော်အကြာကြီး ဝမ်းနည်းတိတ်ဆိတ်နေမယ်လို့ ဟောတမ်းတွေ ရှိခဲ့တာကိုး..”
သူရင်ဆိုင်ရမည့် ဖိအားမှာ အလွန်ပင် ကြီးမားလှသည်ဟု ရှီဟောင် ရုတ်တရက်ခံစားလိုက်ရသည်။ သူ အရာအားလုံးကို ပြောင်းလဲချင်သော်လည်း သူပြောင်းလဲနိုင်ပါ့မလား သူမသိပေ။
“အနာဂတ်ဆိုတာ တသမတ်တည်း ဖြစ်နေတာမဟုတ်ဘူး .. ပြောင်းလဲနိုင်တဲ့အရာတွေ အများကြီးရှိတယ် .. မင်းမြင်လိုက်ရတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်လာမှာ .. မျှော်လင့်ချက်ဆိုတာ အမြဲတမ်း ရှိပါတယ်” မိုးမခနတ်ဘုရား ပြောလိုက်၏။
“တကယ်လား..” ရှီဟောင်သည် မုန်တိုင်းထန်သည့်ပင်လယ်ထဲတွင် မီးပြတိုက်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။
“ဟုတ်တယ် .. အရာအားလုံး ပြောင်းလဲနိုင်တယ်” မိုးမခနတ်ဘုရား နှစ်သိမ့်လိုက်၏။
သို့သော်လည်း သူ၏စိတ်ထဲတွင်မူ သက်ပြင်းချနေလေသည်။ အဲဒါက ဘယ်လိုလုပ် အဲဒီလောက် လွယ်ကူနိုင်မှာလဲ..
“ကျွန်တော်က အဲဒီလိုမျိုး ပြောင်းလဲနိုင်တဲ့သူပဲ .. ကျွန်တော် အားလုံးကို ပြောင်းလဲပစ်မယ်” ရှီဟောင် ဟစ်ကြွေးလိုက်သည်။
ယခုအချိန်တွင် ထိုအချိန်မြစ် ပျောက်ကွယ်သွားပြီး အခြားတစ်ဖက်မှသူလည်း မရှိတော့ပေ။ သို့သော်လည်း သူမျက်လုံးမှိတ်လိုက်သည်နှင့် ထိုမည်းနက်နေသည့် လောကကြီးကို ပြန်မြင်လာရသလိုပင်။
သူက အဲဒီလိုမျိုး အထီးကျန်မှုမျိုးကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ..
“ငါသွားရတော့မယ်” မိုးမခနတ်ဘုရားဘာမှ သိပ်မပြောနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ တောင်များနှင့်မြစ်များကြားသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
“အဖိုးတန်ပညာတွေ အများကြီးရှိနေရင်လည်း စွမ်းအားအကြီးဆုံးသူဖြစ်ချင်မှဖြစ်လိမ့်မယ် .. နယ်ခြားစပ်ဘက်မှာ သူတို့တွေက ဒီလောကရဲ့ မှော်ပညာနဲ့တာအိုတွေကို နားလည်ပြီးသားပဲ .. ကိုယ့်လမ်းကိုယ်ဖောက်တာက အကောင်းဆုံးနည်းလမ်းပဲ” ဤသည်မှာ မိုးမခနတ်ဘုရား မပျောက်ကွယ်သွားခင် နောက်ဆုံးပြောခဲ့သည့် စကားများပင်။
သူ့ထံတွင် အဖိုးတန်ပညာများရှိသော်လည်း သူရှီဟောင်ကို မပေးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် သူ့ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်နိုင်လိမ့်မည်ဟု သူခံစားနေရသောကြောင့်ပင်။ ယခုအချိန်တွင် ပညာအများကြီးကို သင်ယူရန်မှာ ကောင်းသည့်အရာတစ်ခုမဟုတ်ပေ။ သူ၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်းသာ သူဖြေးဖြေးမှန်မှန် လေ့လာသွားနိုင်လိမ့်မည်။
“လူငယ်လေး .. ခရီးလမ်းက အရှည်ကြီး ရှိပါသေးတယ် .. မင်းစိတ်ပျက်စရာမလိုဘူး” ခွန်ဂိတ်မှ အကြီးအကဲသည် ရှီဟောင်၏ပုခုံးကိုပုတ်ကာ ထွက်သွားလေ၏။ သူသည် မသေမျိုးသက်ရှိကို တစ်ချက်လေးပင် ကြည့်မသွားပေ။
ချီသော်လင်းသည်လည်း ရှီဟောင်အား အကြောင်းကိစ္စများစွာကို ပြောပြခဲ့သည်။ သူသည် စွန့်ပစ်နယ်မြေအတွင်းပိုင်းသို့ ဝင်ရောက်ကာ အဆင့်လွန်ခန်းမကို သွားရှာရဦးမည်ဖြစ်ကြောင်း ရှီဟောင်အား ပြောလိုက်သည်။
ဤသည်မှာ သူ ရှီဟောင်အတွက် ရှာဖွေနေမှန်း သိသာလှသည်။
မသေမျိုးသက်ရှိသည်လည်း ရှီဟောင်၏ပုခုံးကိုပုတ်ကာ ထွက်သွားလေ၏။
ကျွမ်းကျင်သူများအားလုံး ထွက်သွားပြီး ဤနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေပြီ။
ရှီဟောင်သည် ထိုနေရာတွင်သာ အချိန်အတော်အကြာကြီး မလှုပ်မယှက် ရပ်နေခဲ့သည်။ ယနေ့တွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး ပြောင်းလဲမှုများစွာ ဖြစ်ခဲ့သည်။
ရှီဟောင် လေးလံနေသည့်စိတ်ဖြင့်ပင် နောက်ပြန်လှည့်ခဲ့လိုက်သည်။ သို့သော်လည်း ခပ်ဝေးဝေးသို့ လျှောက်ပြီးသည့်နောက်တွင် ရုတ်တရက်ပင် ခေါင်းပြန်လှည့်လာလေသည်။ ဤသည်မှာ အကန့်အသတ်မရှိသည့် စွန့်ပစ်နယ်မြေ၏ အစွန်အဖျားပင်။
သူအလွန်တိတ်ဆိတ်နေသည်။ သူအစောပိုင်းက မြင်ခဲ့ရသည့်မြင်ကွင်းများမှာ သူ့အား တကယ်ကို ထိတ်လန့်စေသည်။
ရှီဟောင် ဦးတည်ချက်မဲ့စွာပင် လျှောက်သွားနေလိုက်သည်။ သူစိတ်ပျက်နေသော်လည်း သူဆက်လျှောက်ရဦးမည်ပင်။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ရှီဟောင်ပြန်ကောင်းသွားလေပြီ။ သူအခု စိုးရိမ်နေလည်း ဘာမှမထူးပေ။ စိုးရိမ်နေမည့်အစား သူလုပ်စရာရှိတာကို လုပ်တာက ပိုကောင်းလိမ့်မည်။
သူသည် အကောင်းမြင်ဝါဒရှိသည့်သူပင်။ သူ၏စိတ်များ ရှုပ်ထွေးနောက်ကျနေသော်လည်း သူ၏ခံစားချက်များကို ထိန်းညှိလိုက်နိုင်လေပြီ။
“မနက်ဖြန်ကျရင်လည်း နေထွက်လာဦးမှာပဲ .. ဒီကမ္ဘာကြီးက အခုချက်ချင်း ပျက်စီးသွားမှာမှ မဟုတ်တာ” ရှီဟောင် ပြောလိုက်၏။
ထိုညတွင် သူသည် တောင်စောင်းတစ်ခုထဲသို့ ဝင်သွားပြီး သားရဲငှက်များကို မောင်းထုတ်လိုက်ကာ သူတို့အသိုက်ထဲတွင် အိပ်လိုက်သည်။ သူသည်တစ်ညလုံး အိပ်နေပြီး မနက်ခင်း ရွှေရောင်အလင်းများ ဖြန့်ကျက်လာသည့်အချိန်မှသာ နိုးလာတော့သည်။ ယခုတော့ သူစွမ်းအင်များ ပြည့်ဝနေလေပြီ။
“ဆက်သွားမယ်”
ရှီဟောင် ထိုအတွေးများမှ ရုန်းထွက်လိုက်နိုင်ပြီဖြစ်သည်။
လမ်းတစ်လျှောက်တွင် သူကောလဟာလများစွာကို ကြားခဲ့ရသည်။
“ဟွမ်ရဲ့ ခွန်အားက ထာဝရရှေးဟောင်းမြေကို တုန်လှုပ်စေခဲ့တာ .. သူကသူရဲကောင်းတွေအားလုံးကို အနိုင်ယူပြီးတော့ အဲဒီနယ်မြေမှာ နံပါတ်တစ် ဖြစ်ခဲ့တာ..”
“မဟုတ်ဘူး မင်းမှားနေပြီ .. သူက သရဖူဆ၁၀ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရတဲ့ ထာဝရသက်ရှိတို့နဲ့အတူတူ နံပါတ်တစ်ဖြစ်ခဲ့တာ” တစ်စုံတစ်ယောက်မှ ပြင်ဆင်ပေးလိုက်သည်။
“မဟုတ်ဘူး မင်းကမှ မှားနေတာ .. သူတို့တွေရဲ့ ခွန်အားက တူရင်တူလိမ့်မယ် .. ဒါပေမဲ့ စင်မြင့်ပေါ်မှာ အရင်ဆုံးအနိုင်ရသွားတဲ့သူက ပွဲဆက်တွေအများကြီး အနိုင်ရခဲ့တဲ့ ဟွမ်ပဲ”
ထာဝရရှေးဟောင်းမြေရှိ တိုက်ပွဲ ပြီးဆုံးသွားပြီးသည့်နောက်တွင် အထဲဘက်တွင်ဖြစ်ခဲ့သည့် အရာအားလုံးမှာ အပြင်ဘက်လောကသို့ ပျံ့နေလေပြီ။
ရှီဟောင် ပေါ်မလာသေးသော်လည်း သူ၏နာမည်မှာ စီရင်စုသုံးထောင်ကို လှုပ်ခတ်နေလေပြီ။
သူ့အပြင် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ချန်ကုန်းယန်၊ နဂါးမိန်းမပျိုနှင့် အခြားသူများအကြောင်းလည်း ပါဝင်သည်သာ။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် မရှုံးနိမ့်သရွေ့ အဆင့်မြင့်နယ်မြေကို အုပ်စိုးသည့်သူများ ဖြစ်လာနိုင်သောကြောင့်ပင်။
ထာဝရရှေးဟောင်းမြေထဲတွင် လူများစွာသည် အခွင့်အရေးကောင်းများစွာကို ရရှိခဲ့သောကြောင့် ယခု သူတို့ပြန်လာသည့်အချိန်တွင် သူတို့အားလုံးသည် အလိုအလျောက်ပင် ပြောစမှတ်တွင်သည့် သူရဲကောင်းများ ဖြစ်သွားလေပြီ။
ဤရက်ပိုင်းအတွင်းတွင် အဆင့်မြင့်နယ်မြေမှာ မငြိမ်မသက်ဖြစ်နေလေ၏။
ထာဝရရှေးဟောင်းမြေ ပွင့်လာပြီးနောက် မိုးမခနတ်ဘုရား ရောက်လာပြီး ရှီဟောင်ကိုလာကယ်သည့် သတင်းမှာလည်း လောကကြီးတစ်ခုလုံးကို ပျံ့နှံ့သွားသည်သာ။
ရှီဟောင်သည် ရွှေ့ပြောင်းခြင်းအစီအရင်များကို အသုံးပြုကာ သူ့အဖိုးရှိနေသည့် နတ်ဆိုးစီရင်စုသို့ တိတ်တဆိတ်ပင် ရောက်လာလေသည်။
မီးတောင်များမှာ ယခင်ကအတိုင်း ဆူပွက်နေဆဲပင်။
ဝုန်း..
မီးတောင်တစ်ခု ပေါက်ကွဲလာပြီး နတ်ဆိုးနတ်ဘုရားသည် ချော်ရည်ထဲမှ လမ်းလျှောက်ထွက်လာလေသည်။ သူ၏ဆံပင်များမှာ မည်းနက်နေပြီး အသားအရေများလည်း ပိုကောင်းလာလေပြီ။
“ဟောင် … မင်းပြန်လာပြီပေါ့..”
အဖိုး ၁၅ မှာ အလွန်ပင် ပျော်ရွှင်သွားရသည်။ သူရှီဟောင်၏အော်ရာကို အာရံခံမိသော်လည်း သူတကယ်ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အဖိုး ကျွန်တော်ပါ .. ကျွန်တော် ပြန်ရောက်လာပြီ” ရှီဟောင် တရှိန်ထိုး ပြေးသွားလိုက်ပြီး သူ၏နှာခေါင်းများလည်း စူးတက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတွေ့လိုက်ရသည့်အနာဂတ်တွင် သူ၏အဖိုးမရှိတော့ပေ။
“ဟားဟား ..ငါ့ရဲ့မြေလေး .. မင်း ထာဝရရှေးဟောင်းမြေကနေ ပြန်လာပြီ .. အဲဒီတိုက်ပွဲမှာ မင်းအဆင့်ဘယ်လောက်ရခဲ့လဲ” နတ်ဆိုးနတ်ဘုရားသည် ကျယ်လောင်စွာပင် ရယ်မောလိုက်ပြီး လေထုကို ပေါ့ပါးသွားအောင် ဖန်တီးလိုက်သည်။
ဤနှစ်များအတွင်းတွင် သူသည် ဤနေရာတွင်သာ တစ်ချိန်လုံး သီးသန့်ကျင့်ကြံနေခြင်းဖြစ်သောကြောင့် အပြင်လောကမှ ကိစ္စများကို ဘာမှမသိပေ။
“နံပါတ်တစ်..” ရှီဟောင် ပြောလိုက်၏။
“ဘာ … ငါ့မြေးလေးက နံပါတ်တစ်ရတာလား” ယခုတစ်ကြိမ်တွင်တော့ နတ်ဆိုးနတ်ဘုရားကြီး တုန်လှုပ်သွားကာ အနည်းငယ်လည်း မယုံကြည်နိုင်ဖြစ်နေလေသည်။
သူတို့မြေးအဖိုးနှစ်ဦး တစ်ယောက်နှင့်တစ်ယောက် ဖက်လိုက်ကြလေသည်။
အဖိုး၁၅ သည် ရယ်မောနေသော်လည်း သူ၏မျက်လုံးများမှာ မျက်ရည်များဖြင့် နီရဲနေလေသည်။ အဘယ်ကြောင့်ဆိုသော် ဤနှစ်များတွင် သူ၏မြေး ထာဝရရှေးဟောင်းမြေထဲတွင် တစ်ခုခုဖြစ်သွားမည်ကို သူအလွန်စိတ်ပူခဲ့ရသည်။
ယနေ့တော့ သူ၏မြေး ပြန်ရောက်လာရုံသာမက ဤကဲ့သို့သော ခမ်းနားလှသည့် အောင်မြင်မှုကြီးကိုပါ ကြားလိုက်ရသောကြောင့် သူဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲနေမည်နည်း..
“အဖိုး .. ကျွန်တော်အဖိုးအတွက် ပစ္စည်းကောင်းတွေ ယူလာတယ်” ပျော်စရာသတင်းကို ဝေမျှပြီးသည့်နောက်တွင် ရှီဟောင် မြင့်မြတ်ဆေးပင်များ၊ နတ်တစ်ဝက်သစ်သီးများနှင့် အခြားနတ်ပစ္စည်းများကို ထုတ်လိုက်လေ၏။
“အဖိုးက ဘယ်လိုလုပ် ဒီပစ္စည်းတွေကို ယူရက်မှာလဲ .. အားလုံးသိမ်းထားလိုက်ပါ .. အဖိုးက အခု သန်မာနေပြီ .. အဖိုးရဲ့လက်လည်း ပြန်ထွက်လာပြီ .. ဖိန်းကျွန်းကနတ်ဆိုးဘုရင်ရဲ့ သွေးနဲ့ အဖိုးရဲ့အခြေအနေက တစ်နေ့ထက်တစ်နေ့ တိုးတက်လာနေတာ .. အဖိုးရဲ့ခန္ဓာကိုယ်က နဂါးတစ်ကောင်လောက်တောင် သန်မာနေပြီ .. ဒီလိုမျိုးပစ္စည်းတွေ မလိုတော့ဘူး” နတ်ဆိုးနတ်ဘုရား ငြင်းလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းများမှာ သူ၏မြေး အသက်လုပြီးရလာသည့်အရာများဖြစ်သည်ကို သူသိသည်။ လူကြီးတစ်ယောက်အနေနှင့် သူက ဘယ်လိုလုပ် ဤပစ္စည်းများကို ယူရက်မည်နည်း..
“အဖိုးကသာ မြေးလေးကို လက်ဆောင်ပေးသင့်တာပါ”
“အဖိုးက ကျွန်တော့်ကို အပြင်လူလို ဆက်ဆံတော့မှာလား” ရှီဟောင် အရိုးအခေါင်းတစ်ခုကို ထုတ်လိုက်သည်။ ထိုထဲတွင် အလုံးစုံသက်ရှိမြေကြီးနှင့်အတူ ကောင်းကင်နတ်ဘုရားပင်တစ်ပင်လည်းရှိနေလေသည်။
သူသည် ကောင်းကင်နတ်ဘုရားအသီးတစ်လုံးခူးလိုက်ပြီး သူ့အဖိုးလက်ထဲသို့ ထည့်လိုက်သည်။
“ဒါက .. ကောင်းကင်နတ်ဘုရားအသီးလား” ဘာအသီးမှန်း သိလိုက်ရသည့်အချိန်တွင် သူ၏မျက်နှာမှာ ချက်ချင်းပင် ထိတ်လန့်မှုများ ပြည့်နှက်သွားလေ၏။ ဤကဲ့သို့သော ဒဏ္ဍာရီလာပစ္စည်းမျိုးကိုတောင် သူ့မြေး ရလာတာလား..
“အဖိုး .. အဖိုး ဒီအသီးကို အခုပဲစားစား နောက်မှပဲစားစား .. အဖိုးဒါကို ယူကိုယူရမယ်”
အပြင်ဘက်လောကမှာ ပို၍ပင် ဖရိုဖရဲဖြစ်နေလေသည်။
“အဲဒီလိုလား .. နောက်ဆုံးတော့ ပြိုင်ဘက်တစ်ယောက် ပေါ်လာပြီပေါ့ … သူငါနဲ့တစ်ချက်လောက်တိုက်နိုင်မလားဆိုတာကြည့်ရအောင် သူ့ကို လာတိုက်ခိုင်းလိုက် .. မဟုတ်ရင်လည်း ချဲ့ကားပြီး ပြောနေကြတာလားဆိုတာ သိရတာပေါ့” ဧည်သည့်လူငယ်လေးတစ်ယောက်မှ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။
ကောင်းကင်ဘုံကိုးခု ကမ္ဘာလောက ၁၀ ခုပူးပေါင်းကာ မြင့်မြတ်ကျောင်းများ၊ ကောင်းကင်နတ်ဘုရားကျောင်းများကို တည်ဆောက်တော့မည်။ ထိုနေရာများသို့ စွမ်းအားအကြီးဆုံးသူများသာ ဝင်ရောက်နိုင်လိမ့်မည်ပင်။
ဤစီရင်စုသုံးထောင်မှ စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်များမှာ ထိုကျောင်းများသို့ ဝင်ရန် အရည်အချင်းရှိရဲ့လားဆိုသည်ကို သူတို့ဆန်းစစ်လိုခြင်းပင်။
ရှီဟောင်သည် သူ၏အဖိုးနှင့် ရက်အတော်ကြာနေပြီးသည့်နောက်တွင် သူ၏ခရီးကို ဆက်ခဲ့သည်။ သူသည် ပို၍သန်မာလာအောင် လုပ်ချင်သောကြောင့် သူတစ်နေရာတည်းတွင် နေနေမည်မဟုတ်ပေ။ သူလောကကြီးတစ်ခွင်ကို လျှောက်သွားရမည်။
ထို့နောက်တွင် သူသည် မီးရင်စုသို့ သွားလိုက်ပြီး မိုးပိုးစာပင်များ ပြည့်နေသည့်နေရာသို့ ဆက်သွားလိုက်သည်။
မီးပိုးစာပင်များမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်သော်လည်း သူ၏သူငယ်ချင်းဟောင်း ရှိမရှိတော့ သူ မသိပေ။
အပိုင်း ၁၂၁၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၁၇ – မီးပိုးစာပင်များမှာ ယခင်အတိုင်းသာ
မီးပိုးစာပင်များမှာ ယခင်အတိုင်းပင် နံနက်ခင်းနေရောင်ခြည်တိမ်တိုက်ကဲ့သို့ နီရဲနေဆဲပင်။
အဝေးမှကြည့်လိုက်လျှင် သစ်ပင်များတွင် အနီရောင်အလင်းများ ရှိနေလေ၏။ ထိုအနီရောင်အလင်းများမှာ တောက်ပလှပြီး မျက်စိဖမ်းစားနိုင်လွန်းလှသည်။
သူဤနေရာနားသို့ ရောက်လာသည်နှင့် အပူများမှာ ချက်ချင်းပင် သူမျက်နှာကိုလာဟပ်လေသည်။ မီးပိုးစာပင်များ၏ မီးတောက်များမှာ အပူချိန်မနည်းလှပေ။
ယခင်ကကဲ့သို့ပင် မိန်းကလေးများမှာ ဤပိုးစားပင်များအနီးတွင် အလုပ်ရှုပ်နေကြသည်။ သူတို့အားလုံးသည် ကျင့်ကြံဆင့်အချို့ရှိသော်လည်း သိပ်မမြင့်ပေ။ သူတို့အားလုံးနောက်တွ၍် ကြိမ်ခြင်းတစ်လုံးရှိနေပြီး သူတို့သည် ဖျင်ကြမ်းထည်ကိုသာ ဝတ်ဆင်ထားပြီး သူတို့၏ပုံပန်းသွင်ပြင်မှာလည်း ရိုးရှင်းလှသည်။
ဤနေရာတွင် လူအများကြီး မရှိသော်လည်း သူတို့အားလုံး ပျော်ပျော်ရွှင်ရွှင်ပင် နေထိုင်ကြသည်။ သူတို့၏နဖူးထက်တွင်လည်း ချွေးသီးများ တွဲလဲခိုနေလေ၏။
ပိုးစာပင်ပေါ်တွင် အနီရောင်စိန်ကဲ့သို့သော ပိုးကောင်များရှိနေ၏။ ဤသည်မှာ ရှားပါးသည်ပိုးကောင်များဖြစ်ပြီး သူတို့ထံမှထွက်သည့် ပိုးချည်များဖြင့် အဖိုးတန်အဝတ်အစားများ ပြုလုပ်၍ရသည်။
သစ်တောထဲသို့ ရှီဟောင်တစ်ယောက်တည်း လျှောက်လာလိုက်သည်။ သူ၏ဘေးပတ်လည်တွင် မီးတောက်ပိုးကောင်များ သစ်ရွက်ဝါးစားနေသည့်အသံသာကြားနေရသည်။ အနီရောင်အလင်းမျှင်လည်း အချိန်နှင့်အမျှ ထွက်နေသောကြောင့် ဤနေရာမှာ အတော်လေး လှပနေသည်။
ယခင်က ရှီဟောင်ဤနေရာသို့ လာသည့်အချိန်တွင် ဘာမှမတွေ့ခဲ့ပဲ သူနောက်ပြန်လှည့်ကြည့်လိုက်မှသာ သူ၏သူငယ်ချင်းဟောင်းကို တွေ့ခဲ့ရခြင်းပင်။
ယခု သူသည် ဘေးပတ်လည်ကို သေချာကြည့်ပြီး ထိုမိန်းကလေးများ အလုပ်လုပ်နေသည့် ပိုးစာပင်များတစ်ဝိုက်ကို သေချာကြည့်လိုက်သည်။ သို့သော်လည်း သူဘာမှ မတွေ့ရပေ။
ရှီဟောင်သည် သူ၏မှတ်ဉာဏ်များအတိုင်း တောအုပ်ကို ဖြတ်ပြီးနောက် အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။ ထိုနေရာမှာ သိပ်မဝေးတော့သည်ကို သူသိသည်။
တစ်ခဏတာ ခွဲခွာခြင်းသည်နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီး ယခုတွင် သူမဘယ်လိုရှိနေမလဲဆိုသည်ကို သူမသိတော့ပေ။
ရှီဟောင်သည် တည်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် မီးပိုးစာပင်များ ဤနေရာတွင်ရှိသေးသော်လည်း သူအနည်းငယ် စိုးထိတ်နေလေပြီ။
တစ်ဖြည်းဖြည်းနှင့် သူရင်းနှီးနေသည့်နေရာသို့ နီးကပ်လာလေပြီ။
ဤနေရာတွင် ကြည်လင်သန့်ရှင်းသည့်ရေများသည် လမ်းခင်ကျောက်လုံးလေးများကို ဖြတ်သန်းကာ စီးဆင်းနေသည်။ တစ်ခါတစ်ရံတွင် ငါးများလည်း ခုန်ပေါက်နေတတ်သေးသည်ပင်။
မီးပိုးစာပင်တောအုပ်အတွင်းပိုင်းမှာ အတော်လေးပင် ငြိမ်းချမ်းလှသည်။ ဤနေရာတွင် ဝါးရုံတောတစ်ခုရှိနေပြီး အပူဒဏ်ကို ဖယ်ရှားပေးနိုင်သည့် စမ်းချောင်းလေးတစ်ခုလည်းရှိနေသည်။
ရှီဟောင် တောထဲသို့ အမြန်ပြေးသွားကြည့်လိုက်သည်။
ထိုတစ်ခဏတွင် သူ၏အမူအရမှာ အေးခဲသွားလေသည်။
ထိုနေရာတွင် သက်ကယ်အမိုးနှင့်အိမ်လေးတစ်လုံး၊ ခြံလေးတစ်ခု၊ သစ်သားတုံးအချို့နှင့် ပန်းပင်အချို့ ရှိနေသင့်သော်လည်း ယခုမူ ထိုအရာအားလုံး ပျောက်ကွယ်သွားလေပြီ။
ထိုနေရာတွင် မည်းတူနေသည့်မြေကြီးနှင့် မီးလောင်ရာများသာ ကျန်ခဲ့တော့သည်။
ဤနေရာတွင် ဘာအပင်မှ မရှိတော့ပဲ ပြာမှုန့်များသာ ရှိတော့သည်။
ဘာလို့လဲ .. ရှီဟောင် ထိုနေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
သူသည် ဤနေရာ၏တောင့်တစ်တောင့်စီတိုင်းကို ဓားသွားကဲ့သို့ ထက်ရှလှသည့် မျက်ဝန်းများဖြင့် သေချာကြည့်လိုက်သည်။
ဤနှစ်အနည်းငယ်အတွင်းအတွင် အားလုံး ပျက်စီးပျောက်ကွယ်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ဟော့လင်းအာ .. သူမ ဘယ်ရောက်သွားပြီလဲ..
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ အရိပ်မည်းကြီးတစ်ခုပေါ်လာပြီး ချက်ချင်းပင် မကောင်းသည့်ခံစားချက်များ ခံစားလိုက်ရသည်။
ဤနေရာတွင် တစ်ခုခုဖြစ်ပျက်ခဲ့သည်မှာ သေချာသည်။
ဤကဲ့သို့ ပြုလုပ်လိုက်သည့်သူမှာ ဟော့လင်းအာမဟုတ်သည်မှာ သေချာသည်။ သူမထွက်သွားရမည်ဆိုလျှင်ပင် သူမမြတ်နိုးရသသည့်ခြံလေးကို မီးရှို့သွားစရာအကြောင်းမရှိ။
“ဘယ်သူလဲ” ရှီဟောင် ဒေါသထွက်သွားရသလို တစ်ချိန်တည်းမှာပင် အလွန်စိုးရိမ်လာရသည်။
ဟော့လင်းအာက ဘာဖြစ်ခဲ့တာလဲ .. သူမဘယ်မှာလဲ .. ဘာတွေ ဖြစ်ခဲ့တာလဲ..
ရှီဟောင် စိတ်ရှုပ်ထွေးနေရသည်။ သူသည် ပြန်လည်ပေါင်းစည်းရန်အတွက် အပြေးလေး လာခဲ့သော်လည်း ဤကဲ့သို့သော မြင်ကွင်းများက သူ့ကို စီးကြိုနေသည်။
သူသည် ကောင်းကင်မျက်လုံးကို ဖွင့်ကာ သဲလွန်စအချို့ကို ရှာဖွေလိုက်သည်။
“အမ်..”
ရှီဟောင် ထိတ်လန့်သွားရ၏။ သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် ပြာမှုန့်ထဲမှ ပျက်စီးနေသည့်စာစောင်အချို့ကို တွေ့လိုက်ရသည်။
သူ၏လက်ကို လှုပ်ရှားလိုက်ပြီး အနက်ရောင်မြေကြီးများနှင့် ကျောက်တုံးများကို လွင့်ပျံစေလိုက်သည်နှင့် အရိုးဒိုင်းကာတစ်ခု ပေါ်လာလေ၏။ သို့သော်လည်း ထိုအရိုးဒိုင်းကာသည် အပိုင်းပိုင်းဖြစ်နေပြီပင်။ ထိုပေါ်တွင် အနက်ရောင်တစ်ခုခုလည်း ရှိနေသေးသည်။
ဤသည်မှာ ခြောက်ကပ်သွားသည့် သွေးများပင်။
ရှီဟောင် တုန်လှုပ်သွားရသလို ဒေါသလည်း ထွက်လာရသည်။ အလွန်ဆိုးရွားသည့် တစ်ခုခုဖြစ်ပျက်ခဲ့မည်ကို သူတကယ်ပင် စိုးရိမ်ရသည်။
“ဘာလို့ဒီလိုမျိုး ဖြစ်နေတာလဲ … ဘယ်သူက ဒီနေရာကို ရောက်လာပြီးတော့ အကူအညီကင်းမဲ့တဲ့ မိန်းမပျိုလေးကို တိုက်ခိုက်ခဲ့တာလဲ” ရှီဟောင် အံကြိတ်ပြီး ပြောလိုက်သည်။
ဟော့လင်းအာတွင် ရန်သူမရှိပေ။ သူမသည်အပြင်လောကနှင့်ပင် အဆက်အသွယ်မရှိပေ။ သူမ ဤနေရာသို့ လာရောက်ပုန်းခိုနေခြင်းမှာလည်း ပြင်ပကမ္ဘာမှ အဆက်ဖြတ်လိုသောကြောင့်ပင်။ အဲဒါဆိုရင် ဘာလို့ဒီလိုမျိုးဖြစ်လာရတာလဲ..
သူ့ကြောင့်လား .. ထိုသို့သာဆိုလျှင်တော့ တစ်ဖက်လူ၏ နည်းလမ်းများမှာ ရက်စက်လွန်းလှသည်။ ဤနေရာကိုတောင် ရှာတွေ့နိုင်သောကြောင့် သူတို့နှာခေါင်းအတော်ကောင်းပေလိမ့်မည်။
ရှီဟောင် ထပ်ခါတလဲလဲ စဉ်းစားလိုက်သည်။ ဟော့လင်းအာကတော့ မည်သူ့ကိုမှ ရန်စထားမည်မဟုတ်ပေ။ မထင်မှတ်ထားသည့်တစ်ခုခုဖြစ်လာလျှင်လည်း ဤသည်မှာ သူ့ကြောင့်သာ ဖြစ်လိမ့်မည်။
ထိုခဏတွင် ရှီဟောင်၏စိတ်အေးခဲသွားရသည်။ ဟော့လင်းအာသာ တစ်ခုခု ဖြစ်သွားပါက သူ့တစ်ဘဝလုံး နောင်တရနေလိမ့်မည်။
“အန္တရာယ်မရှိအောင်လို့ ဒီမှာမနေပဲနဲ့ ထွက်သွားပါလို့ ငါမပြောခဲ့ဘူးလား” ရှီဟောင်၏အသံမှာ တုန်ယင်နေလေပြီ။
ပင့်ကူအမျှင်တန်း လိုက်လာမည်စိုးသောကြောင့် သူမအား အခြားနေရာသို့ ပြောင်းနေရန် အကြံပေးခဲ့သေးသည်။
ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံပင်။
ရှီဟောင် နေရာတိုင်းကို အသေးစိတ်လိုက်ရှာကြည့်သော်လည်း ဘာမှမတွေ့ခဲ့ရပေ။ ဤနေရာတွင် ဘာဖြစ်ခဲ့မှန်းလည်း မသိရ။
ရှီဟောင်သည် သက်တံ့အလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ဤနေရာကို လျှောက်လှည့်ပတ်သွားလိုက်သည်။ သူ၏ကောင်းကင်မျက်လုံးကိုလည်း ဖွင့်ထားတာ သဲလွန်စတစ်ချို့တွေ့လိုတွေ့ငြားဖြင့် တစ်လက်မမကျန် ပိုက်စိတ်တိုက်ရှာနေလေသည်။
သို့သော်လည်း သူစိတ်ပျက်ရသည်သာ အဖတ်တင်သည်။ ဤနေရာတွင် ဘာသဲလွန်စမှ မရှိပေ။
“မဟုတ်ဘူး” ရှီဟောင်၏ နှလုံသား နာကျင်လာရသည်။
ရှီဟောင်သည် ဤနေရာတွင် တစ်ရက်နှင့်တစ်ည ရှာဖွေခဲ့သော်လည်း ဘာမှမရခဲ့ပေ။
ခြံရှေ့တွင် မီးပိုးစာပင်လေး နှစ်ပင်ရှိနေသည်။ ဤနှစ်ပင်လည်း မီးတောက်များမှ ဘေးသင့်ခဲ့သော်လည်း သူတို့သည် မီးစွမ်းရည်ဖြစ်သောကြောင့် မီးမကြောက်ပေ။
ဤနှစ်ပင်မှာ ရှီဟောင် ထွက်မသွားမီ ဟော့လင်းအာနှင့်အတူ စိုက်ခဲ့သည့်အပင်များပင်။
နှစ်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက်တွင် ဤအပင်နှစ်ပင်ပင် သူ့အရပ်ထက်ကျော်နေပြီဖြစ်သည်။ သို့သော်လည်း သူနှင့်အတူတူ စိုက်ခဲ့သည့်သူကိုမူ မတွေ့ရတော့ပေ။
သူသည် ဤနေရာမှ ထွက်ခွာလိုက်ကာ အနီးဆုံးမြို့သို့ ဦးတည်လိုက်သည်။
မီးပိုးစာပင်များစွာ ဝန်းရံနေသည့် လီမီးမြို့ .. နှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်သည့် မီးပိုးစာပင်များမှ မီးတောက်များ ထွက်ပေါ်နေလေသည်။
မီးတောက်များကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုသည့် မီးကလန်သည် ဤမြို့တွင် အခြေတည်ထားခြင်းပင်။
ဤနေရာမှာ အဆင့်မြင့်နယ်မြေမှ မီးကလန်ပိုင်ဆိုင်သည့်နေရာပင်။
ရှီဟောင်သည် မြို့ထဲသို့ တရှိန်ထိုး ပြေးသွားပြီး သူ၏နတ်အာရုံများကို ဖြန့်ကျက်ကာ စွမ်းအားကြီးသည့် ကျင့်ကြံသူများကို ရှာဖွေလိုက်သည်။ သူတို့ပါးစပ်မှထွက်လာသည့် အခြေအနေများကို နားထောင်ချင်သည်။
ခဏကြာပြီးသည့်နောက်တွင် သူကိစ္စအချို့ကို သိသွားလေပြီ။
အဘယ်ကြောင့်ဆိုသော် သူသည် သတင်းရရန်အတွက် မြို့အရှင်များစွာကို ဖမ်းချုပ်ပြီး သူတို့၏ အသိစိတ်ပင်လယ်ထဲသို့ ရှာဖွေခဲ့သောကြောင့်ပင်။
သေချာပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဤနေရာကို လူအနည်းငယ်ရောက်လာခဲ့ပြီး တစ်စုံတစ်ခုကို ရှာဖွေခဲ့ကြသည်။ သူတို့သည် မြို့ပြင်တွင်ရှိနေသည့် မီးပိုးစာတောကိုလည်း ဖြတ်သွားကြလေသည်။ ထို့အပြင် ထိုလူများထဲတွင် မပြန်သေးပဲ ဤနေရာတွင် လှည့်လည်သွားလာနေသည့် သူများလည်း ရှိသေးသည်။
“သည်းမခံနိုင်ဘူး” ရှီဟောင်၏မျက်နှာထက်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်လာလေသည်။
အကျဉ်းချုပ်အားဖြင့် ပြောရလျှင် ဤနေရာတွင် သတင်းနှောင့်နှေးနေပြီး အားလုံးမှာ အကြမ်းဖျဉ်းမျှသာ သိကြခြင်းပင်။
ရှီဟောင် ဒေါသတကြီး မြို့ပြင်ပြေးထွက်သွားလိုက်ပြီး မီးပိုးစာတောအုပ်ထံသို့ နောက်တစ်ကြိမ် ဦးတည်သွားလိုက်သည်။ ယခုတစ်ခေါက်တွင်တော့ သူ ထိုသံသယဝင်သည့်သူနှင့် ထိပ်တိုက်ပင် တွေ့ခဲ့သည်။
“နှစ်တွေ အများကြီး ကုန်သွားပြီကို မင်းက ဘာကိုစောင့်နေတာလဲ”
“ထာဝရရှေးဟောင်းမြေက တိုက်ပွဲပြီးသွားပြီလို့ ကြားတယ် .. အဲဒီလူငယ် အသက်ရှင်လျက်ထွက်လာလား .. ဒါမှမဟုတ် အဲဒီထဲမှာ သေသွားပြီလား .. ဘာလို့ ငါတို့ကို သတင်းလာပေးတဲ့သူ မရှိတာလဲ..”
“ဒီအပြစ်သားသွေးမျိုးဆက်နယ်မြေမှာ ငါတို့ကို မေ့သွားကြပြီ .. ဘယ်သူမှလည်း ငါတို့ကိုပြန်လာဖို့ လာမခေါ်ကြဘူး … ငါတို့ဒီကို ရောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ”
ရှီဟောင်သည် တစ်လှမ်းချင်းလျှောက်လာရင်းဖြင့်ပင် သူ၏မျက်နှာ မည်းမှောင်လာလေ၏။
ထိုလူများမှာမူ ပုံမှန်အတိုင်းပင် ထိုမီးလောင်ထားသည့် အိမ်အကြွင်းအကျန်များထံသို့ လမ်းလျှောက်သွားနေကြလေသည်။
“အဲဒီတုန်းက အဲဒီကောင်မလေးက တကယ်ကောင်းတယ် .. သူက အပြစ်သားသွေးမျိုးဆက်ဆိုပေမယ့် တော်တော်လေးကို လန်းတာ” သူတို့ထဲမှ တစ်ယောက် ပြောင်ချော်ချော်ပင် ပြောလိုက်သည်။
“သူအခု သေပြီလားမသိဘူး .. သူငါတို့လက်ထဲမရောက်တာ နှမြောစရာပဲ” တစ်ယောက်သည် ရယ်မောနေရင်းဖြင့်ပင် နောင်တရသလို ပြောလိုက်လေ၏။
ဖူး..
ထိုနှစ်ဦးမှာ ချက်ချင်းပင် သူတို့ခြေထောက် အလွန်အမင်းနာကျင်သွားသလို ခံစားလိုက်ရကာ သူတို့တစ်ကိုယ်လုံး ပစ်လဲကျသွားလေ၏။ သူတို့ခြေထောက်မှ ပေါက်ကွဲသွားလေပြီ။
“ဘယ်သူလဲ..” ထိုလူများ ထိတ်လန့်တကြားအော်ဟစ်ကာ နောက်လှည့်ကြည့်လိုက်ကြလေ၏။
လူငယ်လေးတစ်ယောက် လမ်းလျှောက်လာသည်ကိုသာ သူတို့မြင်လိုက်ရသည်။ ဤလူ၏ ပုံပန်းသွင်ပြင်ကို မှတ်မိသောကြောင့် သူတို့အမူအရာများ ချက်ချင်း ပြောင်းလဲသွားလေသည်။
“မင်းပဲ .. ဟွမ်..”
ဖူး..
ရှီဟောင် လက်ညှိုးထိုးလိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုသူ၏ခန္ဓာကိုယ်အောက်ပိုင်း ပေါက်ကွဲသွားကာ အပေါ်ပိုင်းမှာလည်း လွင့်ထွက်သွားလေသည်။
“ပြော .. အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ” ရှီဟောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကျွန်တော်တို့ကို မသတ်ပါနဲ့ .. ကျွန်တော်တို့ အားလုံး ပြောပြပါ့မယ်” သူတို့ထဲမှတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ကျွန်တော်တို့က အရေးမပါတဲ့သူတွေပါ .. ခင်ဗျား ပြန်လာမှန်းတောင် ကျွန်တော်တို့မသိရပါဘူး .. အထက်က ဘယ်သူမှ ကျွန်တော်တို့ကို သတင်းမပို့ပေးခဲ့ပါဘူး .. ကျွန်တော်တို့ကို လုံးဝမေ့နေကြတာပါ .. ကျွန်တော်တို့ကို မသတ်ပါနဲ့”
သူတို့သည် ချက်ချင်းပင် ဖြစ်ခဲ့သမျှအားလုံးကို ပြောပြလိုက်လေ၏။
ထိုတုန်းက သူတို့သည် ဟော့လင်းအာကို ဖမ်းရန် အမိန့်ရခဲ့သည်။ သို့သော်လည်း သူတို့ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။
ဟော့လင်းအာ၏အဖေသည် သူ့သမီးရှီဟောင်နှင့်တွေ့ခဲ့သည်ကို သိသည်နှင့် ချက်ချင်းပင် သူမအား ခေါ်သွားခဲ့ခြင်းပင်။
“ခင်ဗျားတို့တွေ သူတို့ကို မရှာဘူးလား” ရှီဟောင် အနည်းငယ် စိတ်အေးသွားလေပြီ။
“နောက်ပိုင်းမှာ သဲလွန်စနည်းနည်းလေး ရခဲ့ပေမယ့် ကျွန်တော်တို့ ဘာသတင်းမှ ထပ်မရတော့ဘူး” သူတို့ရိုးရိုးသားသားပင် ပြောလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤနေရာကို လာရောက်ရှင်းလင်းခဲ့သူမှာ မီးဧကရာဇ်ပင်။
ခဏကြာပြီးသည့်နောက်တွင် ဤလူများ မည်သည့်နေရာမှ လာသည်ကို သူသိသွားလေပြီ။ ဤလူများမှာ ဓားတောင်ကြား၊ မီးတိမ်လှိုဏ်ဂူ၊ လော့ဖူတောင်ကြားနှင့် သူတို့ကိုယ်သူတို့ အပြစ်သားသွေးမျိုးဆက်ကို ဖိနှိပ်သည့်သူများဟု သတ်မှတ်ထားကြသည့် အခြားနေရာများမှ သူများပင်။
သူ့ကို ပို၍အေးစက်သွားစေသည်မှာ ထိုလူများထဲတွင် အာကာသကလန်မှ ကျင့်ကြံသူနှစ်ယောက်လည်း ပါဝင်ခဲ့သည့်ဟူသည့်ကိစ္စပင်။
“မီးတိမ်လှိုဏ်ဂူ၊ လော့ဖူးတောင်ကြားနဲ့ အာကာသကလန် .. ခင်ဗျားတို့ တစ်ခြားသူတွေကို အနိုင်ကျင့်တာ လွန်လွန်းသွားပြီ” ရှီဟောင် ဒေါသတကြီး ပြောလိုက်သည်။
သူသိချင်သည့် အကြောင်းအရာကို ဤလူများထံမှ သိရပြီးသည့်နောက်တွင် သူ၏လက်ကို ဝေ့ရမ်းလိုက်ပြီး ဤလူများကို အညှာအတာမဲ့စွာပင် အဆုံးသတ်ပစ်လိုက်လေ၏။
ရှီဟောင် သက်ပြင်းချလိုက်သည်။ လောကကြီးက ဒီလောက်ကျယ်တာ သူ လော့ပင်းအာကို ဘယ်မှာသွားရှာရမှာလဲ .. သူမ အဆင်ပြေနေဖို့ မျှော်လင့်ရတာပဲ..
နောက်ပိုင်းရက်များတွင်လည်း သူဤနေရာတွင်သာ လှည့်လှည်သွားလာခဲ့လေသည်။
ဤမီးပိုးစာတောမှာ အတော်လေးကျယ်လှသော်လည်း ဤရက်များအတွင်း ရှီဟောင် နေရာအနှံ့ ကြည့်ပြီးသွားလေပြီ။ ဟော့လင်းအား အလုပ်လုပ်ခဲ့သည့်နေရာိကု သိချင်သောကြောင့် သူအရာအားလုံးကို သေချာလေ့လာခဲ့သည်။
“အမ်..”
လေးရက်မြောက်နေ့တွင် ရှီဟောင် တုန်လှုပ်သွားရသည်။
ဤနေရာမှာ သက်ကယ်မိုးအိမ်လေးနှင့် အတော်လေးပင် ဝေးနေပြီး မီးပိုးစာတောအုပ်၏ အစွန်နားသို့ ရောက်နေလေပြီ။
ထိုနေရာတွင် ပိုးစာပင်များကို ခူးနေသည့် မိန်းကလေးတစ်ယောက်ရှိနေသည်။ သူသည် ဖျင်ကြမ်းထည်ကို ဝတ်ဆင်ထားပြီး ဆံပင်များကိုလည်း ဖြန့်ချထားသည်။ သူမ၏နဖူးထက်တွင်လည်း ချွေးများ စိုရွှဲနေလေသည်။
သူမသည် အလွန်ကြည့်ကောင်းသော်လည်း သူမ၏ပုံပန်းသွင်ပြင်မှာ ရိုးရှင်းလှသည်။ သူမကျောနောက်တွင် ကြိမ်ခြင်းရှိနေပြီး ထိုထဲတွင် ပိုးစာရွက်များ ခူးထည့်ထားလေသည်။
ရှီဟောင် ယခင်က သူမ၏ပုံပန်းသွင်ပြင်ကို မမြင်ဖူးသော်လည်း သူမမျက်လုံးကို ကြည့်ပြီးသည့်နောက်တွင် သူစိတ်လှုပ်ရှားသွားရသည်။ သူမြင်နေရသည့်မြင်ကွင်းကိုပင် သူမယုံကြည်နိုင်တော့ပေ။ ထိုမျက်လုံးများကို အလွန်ရင်းနှီးလှသည်။
ရှီဟောင် ထိုနေရာသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။ ထိုမိန်းမပျိုလေး သူ့ဘက်သို့ လှည့်လာသည့်အချိန်တွင် သူမလက်ထဲမှ ကြိမ်ခြင်းလေး ပြုတ်ကျသွားပြီး သူမ၏မျက်ဝန်းများတွင်လည်း ချက်ချင်းပင် ငွေ့ရည်ဖွဲ့လာလေသည်။
“ရှင်ပဲ..” သူမအသံမှာ တုန်ယင်နေလေသည်။
သူမ၏ပုံပန်းသွင်ပြင်ပြောင်းလဲသွားသော်လည်း ဤသည်မှာ ဟော့လင်းအာဖြစ်ကြောင်း ရှီဟောင် မှတ်မိနေဆဲပင်။ သူမသည် ဘယ်မှမသွားပဲ ဤမီးပိုးစာတောထဲတွင် အမြဲတမ်း စောင့်နေခဲ့သည်သာ။
အပိုင်း ၁၂၁၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၁၈ – မတော်တဆ တွေ့ဆုံခြင်း
သူမသည် ဟော့လင်းအာပင်။
မီးပိုးစာပင်များမှာ နေရာတိုင်းတွင်ရှိနေပြီး အနီရောင်အလင်းများလည်း တောက်ပနေသည်။ အပူချိန်မှာလည်း မြင့်မားလှပေ၏။
ထိုအမျိုးသမီး အလွန်ပင် ရိုးရှင်းလှပြီး အင်္ကျီကြမ်းများကိုသာ ဝတ်ဆင်ထားလေသည်။ ယခုအချိန်တွင် သူမ၏ ပုံစံအစစ်အမှန်ကို ပြန်ပြောင်းပြီးသွားလေပြီ။
ဟော့လင်းအာသည် သာမန်မိန်းကလေးများထက် ခေါင်းတစ်လုံးပိုမြင့်ပြီး သူမထံတွင် အလွန်ပြီးပြည့်စုံသည့် ခန္ဓာကိုယ်လည်းရှိသည်။ ကောက်ကြောင်းများမှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး အသားအရေမှာလည်း ဆင်စွယ်ရောင်ပင်။
သူမ၏ မူလပုံစံ ပြန်ဖြစ်သွားသည်နှင့် သူမ၏တစ်ကိုယ်လုံးတွင် ဝိဉာဉ်စွမ်းအားများ ထွက်ပေါ်လာလေသည်။ သူမသည် သူမအရှေ့မှ လူငယ်လေးကို ကြည့်ကာ တစ်လှမ်းချင်း လျှောက်လာနေလေသည်။
“မင်း အဆင်ပြေရဲ့လား” ရှီဟောင် မေးလိုက်၏။ ဟော့လင်းအာနှင့် ပြန်တွေ့လိုက်ရသောကြောင့် သူ့စိတ်ထဲ အနွေးလှိုင်းတစ်ခု ဖြတ်ပြေးသွားလေပြီ။
တစ်စုံတစ်ယောက်သည် ဟော့လင်းအာအား အန္တရာယ်ပြုချင်ခဲ့သော်လည်း သူမ ဤနေရာကို ခုခံနေဆဲဖြစ်ပြီး မီးပိုးစာရွက်များခူးကာ သူပြန်လာမည်ကို စောင့်နေဆဲပင်။ ဤသည်မှာ ရှီဟောင်၏ ခံစားချက်များကို နက်ရှိုင်းသွားစေလေသည်။ သူသည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
“ကျွန်မ အဆင်ပြေပါတယ် .. အရင်နေရာက ထွက်လာတော့ ရှင်ပြန်လာရင် ကျွန်မကို ရှာမတွေ့မှာစိုးနေတာ” သူမ တိုးတိတ်စွာ ပြောလိုက်သည်။
“ဒီနေရာက အရမ်းအန္တရာယ်များတယ် .. မင်းကဘယ်လိုလုပ် ဒီမှာ တစ်ယောက်တည်း နေနိုင်တာလဲ .. သူတို့တွေက မင်းရဲ့ သက်ကယ်မိုးအိမ်လေးနဲ့ ခြံလေးကိုတောင် မီးရှို့သွားပြီ” ရှီဟောင် အရှေ့ဘက်သို့ လျှောက်လာပြီး သူမအား ကြည့်လိုက်သည်။
“ဟိုအပင်နှစ်ပင်ကတော့ အဲဒီမှာ ရှိနေတုန်းပဲဆိုတော့ အကုန်လုံး လောင်သွားတာတော့ မဟုတ်ပါဘူး” ဟော့လင်းအာ ရယ်မောကာ ပြောလိုက်သည်။ သူမ၏မျက်လုံးများ စိုစွတ်နေသော်လည်း သူမ၏ အပြုံးများမှာ အလွန်ပင် တောက်ပလှသည်။
“နောက်ထပ် မစွန့်စားနဲ့တော့” ရှီဟောင် ပြောလိုက်၏။
“ရှင်ပြန်လာတဲ့အချိန်ကျရင် ကျွန်မဒီလောကမှာ မရှိတော့ဘူးလို့ ရှင်ထင်နေမှာစိုးလို့ ကျွန်မ ဒီမှာ နေနေတာ ..” ဟော့လင်းအာ ပြောလိုက်သည်။
ရှီဟောင်သည် သူမ၏ ချွေးစလေးများကို သုတ်ပေးလိုက်သည်။ ဤနေရာသည် အလွန်ပူပြင်းလှသော်လည်း သူမသည် တစ်နေ့လုံး မီးပိုးစာရွက်များကို ခူးနေဆဲပင်။
ပြန်လည်တွေ့ဆုံမှုမှာ ရိုးရှင်းလှပြီး ဝမ်းနည်းမှု၊ ပျော်ရွှင်မှုများလည်း မရှိပေ။ နွေးထွေးမှုတစ်မျိုးသာရှိလေသည်။ သူတို့နှစ်ဦးလုံးသည် တစ်ယောက်ကိုတစ်ယောက် စိတ်ပူနေခဲ့ကြခြင်းပင်။
ဟော့လင်းအာ – “ထာဝရရှေးဟောင်းမြေမှာ ဘာတွေကြုံတွေ့ခဲ့ရလဲ .. အန္တရာယ်များလား .. ရှင်ဒီလောက်မြန်မြန်ပြန်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဤနှစ်များအတွင်းတွင် သူမ တကယ်ကို စိုးရိမ်နေခဲ့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ မည်ကဲ့သို့သော နေရာမျိုးဖြစ်သည်ကို သူမသိသည်။ ရှီဟောင် မည်ကဲ့သိုသော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရမည်ကိုလည်း သူမသိသည်။
သူမအမြင်တွင် ရှီဟောင်သည် အဆင့်နိမ့်နယ်မြေတွင် အင်အားကြီးသော်လည်း ထာဝရရှေးဟောင်းမြေထဲတွင် လွတ်လွတ်လပ်လပ်သွားလာ လှုပ်ရှားနိုင်မည်မဟုတ်ပေ။
“စိတ်မပူပါနဲ့ .. ငါပြန်တောင်ရောက်လာပြီပဲ .. အဲဒီတော့ အဲဒီရန်သူတွေအားလုံး ရှုံးသွားပြီပေါ့ .. ဘာအန္တရာယ်မှ သိပ်မရှိပါဘူး” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။
ဟော့လင်းအာ – ” ကျွန်မ မယုံပါဘူး .. ထာဝရရှေးဟောင်းမြေက အကျယ်ကြီး .. အဲဒီတော့ ပြိုင်ဘက်တွေလည်း အများကြီးရှိပြီး ရှင်သေချာပေါက် အများကြီး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရမှာပဲ .. ဒါပေမဲ့ ကိစ္စမရှိပါဘူး .. ရှင်အခု အသက်ရှင်လျက် ပြန်လာရင်ကို လုံလောက်ပါပြီ”
ရှီဟောင် ဘာကြုံတွေ့ခဲ့ရမှန်း သူမမသိသော်လည်း သူစွမ်းအားကြီးသည့် ပြိုင်ဘက်များစွာနှင့် တွေ့ခဲ့မည်ကိုတော့ သူမခန့်မှန်းနိုင်သည်ပင်။ ဤနှစ်များအတွင်းတွင် သူအသက်ရှင်လျက်ပြန်လာနိုင်ရန်အတွက် သူမတစ်ချိန်လုံး ဆုတောင်းနေခဲ့ခြင်းပင်။
ယခု သူ့ကို အသက်ရှင်လျက် တွေ့လိုက်ရသောကြောင့် သူမစိုးရိမ်မှုများကို လွတ်ချ၍ ရလေပြီ။
“သွားမယ် … ငါမင်းကို ထာဝရရှေးဟောင်းမြေရဲ့ အထူးအဆန်းတွေ ကျွေးမယ် .. အဲဒီမှာ အရသာရှိတာတွေ အများကြီးပဲ” ရှီဟောင်သည် ဟော့လင်းအာလက်ကိုဆွဲကာ ထွက်သွားလေ၏။ စမ်းချောင်းငယ်လေးတစ်ခုရှိနေသည့် အေးချမ်းသည့်နေရာတစ်ခုကို သူတွေ့ထားသည်။
ဟော့လင်းအာသည် ပြုံးလိုက်ကာ သူမသည် အဆင့်နိမ့်နယ်မြေရှိ ပျက်စီးခြင်းတောင်တန်းတစ်ရာသို့ ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ ဒီကောင်က အရင်တုန်းကတည်းက ဘာမဆို စားရဲနေတာ..
“ဒါက .. အစိမ်းရောင်ရေနဂါးရဲ့အသားလား” ဟော့လင်းအာ ထိတ်လန့်သွားရသည်။ “ဒါက ကောင်းကင်နတ်ဘုရားလား..”
သူမချက်ချင်းပင် ဆွံ့အသွားရသည်။ ရေနဂါးသည် သေဆုံးသွားပြီဖြစ်သော်လည်း ကြောက်စရာကောင်းသည့်အော်ရာများ လေထဲတွင် ထွက်ပေါ်နေဆဲပင်။
“စိတ်မပူပါနဲ့ သူ့ကို သတ်ထားတာ ကြာလှပြီ .. ငါ ဒီစွမ်းအင်တွေကို ဖယ်လိုက်ဦးမယ် .. ခဏနေရင် ဒါက အရမ်းကို အရသာရှိတဲ့အသားဖြစ်သွားမှာ” ရှီဟောင် ပြောလိုက်၏။ မြွေနဂါးကို သယ်လာပြီး မြွေတစ်ကောင်ကို ဆေးသကဲ့သို့ပင် စမ်းချောင်းငယ်လေးအတွင်းတွင် ဆေးကြောလိုက်လေ၏။
ဤမြင်ကွင်းမှာ ဟော့လင်းအာအား လုံးဝဆွံ့အသွားစေသည်။ ဒါကကောင်းကင်နတ်ဘုရားကြီလေ .. ဒီကောင်က ဒါကို ချက်စားတော့မလို့လား..
“ထာဝရရှေးဟောင်းမြေမှာ ရှင်တကယ်ပဲ ဘာတွေ တွေ့ကြုံခဲ့ရတာလဲ” ဟော့လင်းအာသည် စမ်းချောင်းလေးဘေးတွင်ထိုင်ကာ တုန်ယင်နေသည့်အသံဖြင့် မေးလိုက်သည်။
“ကျင့်ကြံတာကလွဲရင် ချလိုက်သတ်လိုက်ပါပဲ .. တကယ်ကို ခြောက်ခြောက်ကပ်ကပ်နဲ့ ပျင်းဖို့ကောင်းတယ်” ရှီဟောင်သည် အားလုံးကို အကြမ်းဖျင်းရှင်းပြလိုက်လေသည်။
“ရှင် ပြိုင်ဘက်တွေအားလုံးကို သတ်လိုက်တာလား .. ထာဝရနန်းတော်အမွေဆက်ခံတဲ့သူ၊ နျင်ချွမ်းနဲ့ တစ်ခြားထူးခြားတဲ့သူတွေအားလုံး ရှင့်ကို ကောင်းကောင်းမွန်မွန်မဆက်ဆံတာ ကျွန်မသိတယ်” ဟော့လင်းအာ ပြောလိုက်သည်။
“အဲဒီလူတွေကလား.. တစ်ချို့လူတွေက ရှုံးသွားပြီးတော့ တစ်ချို့လူတွေက အသတ်ခံလိုက်ရတယ် .. ပြီးတော့ တစ်ချို့လူတွေကို ငါစားလိုက်တယ်” ရှီဟောင်၏အပြုံးမှာ အလွန်ပင် တောက်ပနေလေ၏။ “ငါပြောခဲ့သားပဲ .. ထာဝရရှေးဟောင်းမြေထဲမှာ ဘယ်သူမှ ငါ့ကို ဘယ်သူမှ မတားနိုင်ပါဘူးလို့ … ငါက နိုင်ပွဲတွေ ဆက်တိုက်ယူပြီး အားလုံးအထက်မှာ ရှိနေခဲ့တာ .. တစ်ယောက်မှ ငါ့ပြိုင်ဘက်မဟုတ်ဘူး..”
“ရှင်က .. နံပါတ်တစ်လား..” ဟော့လင်းအာ အလွန်ထိတ်လန့်သွားရသည်။
ရှီဟောင် အဆင့်နိမ့်နယ်မြေတွင် စွမ်းအားကြီးခဲ့သည်မှန်သော်လည်း အဆင့်မြင့်နယ်မြေသို့ ရောက်လာပြီးသည့်နောက်တွင် အရာအားလုံး ပြောင်းလဲသွားလေပြီ။ ဤနေရာတွင် လူမျိုးစုများစွာရှိနေပြီး စွမ်းအားကြီးသည့် ဂျီးနီးယပ်စ်များမှာလည်း ဒုနှင့်ဒေးပင်။
သူက စွမ်းအားအကြီးဆုံးသူများကြားထဲတွင် နံပါတ်တစ်ဖြစ်လာလိမ့်မည်ဟု သူမက ဘယ်လိုလုပ် ထင်ထားမည်နည်း..
ရှီဟောင်သည် သူတာအိုသုံးထောင်ကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သည့်အချိန်မှစကာ ရှေးဟောင်းလူထူးဆန်းများနှင့် တိုက်ခိုက်သည့် တိုက်ပွဲများ၊ ထို့နောက်တွင် ကောင်းကင်နတ်ဘုရားများ လိုက်ဖမ်းသည်ကို ခံရပုံ၊ သူနှင့်ဂိုဏ်းခေါင်းဆောင်များကြားမှ ဆက်ဆံရေးနှင့် ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပုံတို့အား အသေးစိတ်ပင် ပြောပြလိုက်လေ၏။
ဟော့လင်းအာသည် သူပြောပြသည်ကို နားထောင်ရင်း စိုးရိမ်လိုက်၊ ဝမ်းသာလိုက်ဖြစ်နေပြီး တစ်ခါတစ်ရံတွင်လည်း မျက်မှောင်ကြုတ်နေလေသည်။
သူ မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ကို အောင်မြင်သွားပြီး ကောင်းကင်နတ်ဘုရားများအား သတ်လိုက်သည့်အကြောင်း ကြားလိုက်ရသည့်အချိန်တွင် သူမျက်လုံးများ ပြူးကျယ်သွားရသည်။
ရှီဟောင်က အသက်ဘယ်လောက်ပဲ ရှိသေးလို့လဲ .. သူက အသက် ၂၀ ကျော်လေးပဲ ရှိသေးတာတောင်မှ အဆင့်မြင့်နယ်မြေက ကောင်းကင်နတ်ဘုရားတွေကို သတ်နိုင်ပြီလား .. သူက ဘယ်လောက်တောင်မှ အားကြီးတာလဲ..
သူသည် စီရင်စုသုံးထောင်ကို လွှမ်းမိုးကာ အဆင့်မြင့်နယ်မြေ၏ စွမ်းအားအကြီးဆုံး လူတစ်ယောက် ဖြစ်လာတော့မည်မှာ ပြောစရာပင်မလိုတော့ပေ။
ဟော့လင်းအာ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ဇာမဏီငှက်သွေးများ ပြန်လည်အသက်ဝင်လာပြီဖြစ်သော်လည်း ဤသည်မှာ အဆင့်နိမ့်နယ်မြေမှ တောက်ပမှုသာဖြစ်ပြီး အဆင့်မြင့်နယ်မြေ၏ စီရင်စုသုံးထောင်ကို မလွှမ်းမိုးနိုင်ပေ။
ပြီးတော့ ဇာမဏီငှက်အစစ်သာ ပြန်မွေးဖွားလာရင် သူလည်း ဒီလူငယ်လေးနဲ့ အဆင့်အတူတူလောက်ပဲမလား .. သူ့ရဲ့ပါရမီတွေက ထူးခြားတယ် .. သေချာပေါက်ကို ကောင်းကင်ဖီးနှစ်၊ ခွန်ပန်တို့နဲ့ ယှဉ်လို့ရတယ်..
တစ်ခြားအရာများမပြောနှင့် သူမ၏ကျင့်ကြံဆင့်ပင်လျှင် ရှီဟောင်ထက် အတော်လေး နိမ့်နေလေပြီ။
အတိတ်နှင့် အနာဂတ်အကြောင်း တွေးမိသွားသည့်အချိန်တွင် သူမ အနည်းငယ် ဝမ်းနည်းသွားရသည်။ သူမသည် ရှီဟောင်နှင့် တစ်ဖြည်းဖြည်းချင်း ဝေးကွာသွားသည်ဟု ခံစားနေရသည်။
“ရှင်က ကောင်းကင်နတ်ဘုရားကိုတောင် သတ်နိုင်တဲ့အချိန်မှာ ကျွန်မကတော့..” ဟော့လင်းအာ ခေါင်းငုံ့လိုက်သည်။ သူမ၏မျက်လုံးတွင် မျက်ရည်များ ဝေ့သီလာသည်။ တစ်နေ့ကျ ရှီဟောင် ကိုးခုမြောက်ကောင်းကင်ဘုံသို့ တက်သွားသည့်အချိန်တွင် သူမ အစွမ်းကုန်ပြေးလိုက်လျှင်ပင် မှီနိုင်တော့မည်မဟုတ်ပေ။
အနာဂတ်မှာ ဘာတွေဖြစ်လာမှာလဲ..
သူမသည် အချိန်အကြာကြီးစောင့်ခဲ့ရပြီးနောက် ရှီဟောင် ဘေးကင်းကင်းနှင့် ပြန်လာသည်ကို မြင်ရပြီးသည့်နောက်တွင် သူမပျော်ရွှင်ခဲ့သော်လည်း ယခုတော့ သူမစိတ်ပျက်အားလျော့လာသည်။
“မင်းဘာတွေ တွေးနေတာလဲ .. ငါတို့နှစ်ယောက်လုံးက အဆင့်နိမ့်နယ်မြေကလာတာလေ .. ငါတို့ဒီထိတောင် ရောက်လာပြီ .. မင်းရဲ့ကျင့်ကြံဆင့်နိမ့်တာကို ငါက ဂရုစိုက်မယ်လို့ ထင်နေတာလား” ရှီဟောင် သူမ၏နူးညံ့လှသည့် လက်ကလေးများကို ဆွဲယူလိုက်သည်။
“ရှင်က ခွန်ပန်လေးနဲ့တူတယ် .. အနှေးနဲ့အမြန် အတောင်ပံတွေကို ဖြန့်ကျက်ပြီးတော့ ကောင်းကင်ထက်ကို ပျံသန်းသွားတော့မှာ .. ကျွန်မကတော့ လှပပြီး အားနည်းတဲ့ မီးပိုးစာပန်းလိုမျိုး ဒီကမ္ဘာကြီးက ထွက်မသွားနိုင်ဖြစ်နေတာ” ဟော့လင်းအာ မျက်ရည်များ ကျဆင်းလျက် ပြောလာသည်။
“ငါမင်းကို ငါနဲ့အတူ ကောင်းကင်ဘုံကိုးခုကို ခေါ်သွားနိုင်ပါတယ်” ရှီဟောင် သူမမျက်လုံးများကို ကြည့်ပြီး ပြောလိုက်သည်။
အပိုင်း ၁၂၁၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၁၉ – အတူတကွ ခရီးသွားခြင်း
ဟော့လင်းအာ အတော်လေး တုန်လှုပ်သွားရပြီး သူမ၏မျက်လုံးများတွင်လည်း မြူများ ရစ်ဆိုင်းလာသည်။ သူမပါးစပ်ဟကာ တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
အချိန်အတော်ကြီး ကြာပြီးမှသာ သူမအသိပြန်ဝင်လာလေသည်။ သူမသည် ရှီဟောင်ကို ကြည့်ကာ အကြောင်းအရာများစွာကို စဉ်းစားမိသွားသည်။
ရှီဟောင်သည် အသက် ၂၀ လေးနှင့် ကောင်းကင်နတ်ဘုရားများကို သတ်နိုင်လေပြီ။ ဤသည်မှာ တွေ့နိုင်ရန် ရှားပါးလွန်းသည့် ပါရမီမျိုးပင်။
နောင်နှစ်နည်းနည်းကြာလျှင် ရှီဟောင်သည် ဒီထက်ပင် အဆင့်မြင့်သွားတော့မည်။ သူမ ဆံပင်တွေ ဖြူလာသည့်အချိန်ဆိုလျှင်ပင် ရှီဟောင်သည် ဘဝကို အနည်းငယ်မျှသာ ဖြတ်သန်းပြီးလိမ့်မည်။
ကျင့်ကြံဆင့်မြင့်လေ အသက်ပိုရှည်လေပင်။ ဟော့လင်းအာမှာ သူမ၏ခွန်အားသည် အလွန်နိမ့်ကျနေသည်ဟု ခံစားလိုက်ရသည်။ သူမတတ်နိုင်သမျှအားလုံး ကြိုးစားလျှင်ပင် သူမ သူ့ခြေလှမ်းများကို လိုက်နိုင်မည်မဟုတ်ပေ။
“အဲဒီစကားတွေ ကြားရတာနဲ့ကို ကျွန်မအရမ်းပျော်နေပါပြီ” ဟော့လင်းအာ ပြောလိုက်သည်။
သူမ ဒီအကြောင်းကို ထပ်စဉ်းစားတော့မည်မဟုတ်ပေ။ အတူတူခရီးသွားပြီး တစ်ယောက်ဘေးတစ်ယောက် ရှိနေရသည်နှင့် လုံလောက်လေပြီ။ သူမသည် ညနေခင်းနေဝင်ချိန်ကိုကြည့်ကာ တစ်ခုခုပြောချင်သော်လည်း ပြောနိုင်ရန် ခက်ခဲနေသည်။
“ဘာတွေစဉ်းစားနေတာလဲ .. ကျင့်ကြံဆင့် မြင့်လား နိမ့်လားဆိုတာက ကိစ္စသိပ်မရှိပါဘူး … ငါတစ်ယောက်လုံးရှိနေတာကို မင်းက တိုက်ခိုက်ဖို့ လိုမှာမို့လို့လား” ရှီဟောင်သည် အတတ်နိုင်ဆုံး ခပ်ပေါ့ပေါ့ပုံစံဖြင့် ပြောလိုက်သည်။
“ရှင့်အိပ်မက်က ဘာလဲ” ဟော့လင်းအာ မေးလိုက်၏။
“မင်းဘာတွေ ပြောနေတာလဲ .. အိပ်မက်လား .. အဲဒီလောကကြီးက လေးလံလွန်းတယ်” ရှီဟောင် ရယ်မောကာ ပြောလိုက်၏။
“အဲဒါဆိုရင် စကားပြောင်းမေးမယ် … နောင်ကျရင် ရှင်ဘာလုပ်ချင်တာလဲ” ဟော့လင်းအာ မေးလိုက်၏။
သူမ ဘာပြောချင်နေသလဲဆိုသည်ကို ရှီဟောင်သိသည်။ သူသည် အနောက်ဘက်မှ အနီရင့်ရောင်တိမ်တိုက်များကို ကြည့်ပြီး သူ၏အတွေးများကိုလည်း လွတ်လပ်စွာ ဖြန့်ကျက်စေလိုက်သည်။
သူသည် နယ်ခြားစပ်ကို စိန်ခေါ်ကာ ထိုမှတစ်ဆင့် မိုးမခနတ်ဘုရားထံမှ မြင်ခဲ့ရသည့် လောကကြီးထဲသို့ ဝင်သွားမည်။ ထိုနေရာတွင် တိုက်ခိုက်ကာ လောကကြီးကို ပြောင်းလဲပစ်မည်။
ယခုအချိန်တွင် ထိုအိပ်မက်မှာ အလှမ်းဝေးသေးသော်လည်း သူအနှေးနှင့်အမြန် ရင်ဆိုင်ရမည်သာ။ ထို့ကြောင့် သူပြင်ဆင်ထားရုံသာ တတ်နိုင်တော့သသည်။
သူ့ထံတွင် ရယူနိုင်ရန် ခက်ခဲလှပြီး အလှမ်းဝေးလှသည့် ပန်းတိုင်တစ်ခုရှိနေသည်ကို ဟော့လင်းအာသိသည်။ သူမ သူ့နောက် လိုက်သွားလျှင် သူ့အတွက် အတားအဆီးသာ ဖြစ်သွားလိမ့်မည်ဟု သူမခံစားလိုက်ရသောကြောင့် သူမ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
“ရှင်လုပ်ချင်တာ ဘာမဆို လုပ်လိုက်သင့်တယ်” သူမ နူးညံ့စွာ ပြောလိုက်သည်။
“ငါတို့ အတွေးလွန်နေပြီ .. အခုက စောပါသေးတယ် .. ငါက နယ်ခြားစပ်မှာ တိုက်ခိုက်ပြီးတော့ လျှောက်သွားချင်သေးတယ် .. ထာဝရရှေးဟောင်းခေတ်ကြီး ဘာလို့ ပျက်စီးခဲ့တာလဲဆိုတာကို ငါသိချင်သေးတယ် .. ထာဝရသက်ရှိတွေ ဘာကြောင့်ကျရှုံးသွားတာလဲ .. ပြီးတော့ ဒီခေတ်မှာ ဘာလို့ အသက်ရှည်တဲ့သူတွေ မရှိတော့တာလဲဆိုတာကိုလည်း ငါသိချင်သေးတယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ဟော့လင်းအာ အတော်လေး တုန်လှုပ်သွားရသည်။ ရှီဟောင် ရွေးချယ်သည့်လမ်းမှာ ဤမျှ ခမ်းနားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“ဟုတ်ပါပြီ .. ရေနဂါးအသားကျက်သွားပြီ .. နဂါးစာကလေးအသားလည်း ကင်ပြီးသွားပြီ .. မြန်မြန်စားကြစို့” ရှီဟောင် ဟော့လင်းအာကို ခေါ်လိုက်သည်။
ဟော့လင်းအာ၏မျက်လုံးများသည် အစောပိုင်းက မြူဆိုင်းနေကာ အနည်းငယ်ဝမ်းနည်းနေသော်လည်း ယခုတော့ သူမ ရယ်မောလိုက်လေသည်။ ဒီကောင်လေး၏ ပင်ကိုယ်စရိုက်ကို ပြောင်းလဲနိုင်ရန် တကယ်ခက်ခဲလှသည်။ သူသည် ယခင်က အတိုင်းသာ။
သူ ထာဝရရှေးဟောင်းမြေထဲမှ ယူခဲ့သည့် အထူးအဆန်းများမှာ ကောင်းကင်နတ်ဘုရားအသားများ ဖြစ်နေသည်။
အခြားသူများသာ သိသွားပါက သေလောက်အောင် ကြောက်လန့်သွားလိမ့်မည်ပင်။
ထို့အပြင် ဤအသားများသည် ဟော့လင်းအာကို ရှီဟောင်၏ ထူးခြားလှသည့်ကျင့်ကြံခြင်းကိုလည်း ပြသခဲ့သည်ပင်။
“ဒီမှာ .. မင်းအတွက် လက်ဆောင်”
သူတို့စားသောက်ပြီးသည့်နောက် ရှီဟောင် ထိုကဲ့သို့ ပြောလိုက်သည်။
လက်ရှိတွင် ဟော့လင်းအာသည် ထိုင်ကာ သူ၏ဝိဉာဉ်စွမ်းအင်များကို ပြုပြင်နေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားအသားများကို စားလိုက်သောကြောင့် သူမကို စွမ်းအားကြီးသည့် အကျိုးသက်ရောက်မှုများ ရှိလာစေသည်သာ။ ထိုစွမ်းအင်များကို ချေဖျက်ရန်အတွက် သူမ အရိုးစာသားများကို အသက်သွင်းရသည်ပင်။
ဟော့လင်းအာ – “ဘာလက်ဆောင်လဲ”
စားစရာ တစ်ခုခုပဲလား ..
ရွှီးဟူသည့်အသံနှင့်အတူ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး များပြားလှသည့် ဝိဉာဉ်စွမ်းအားများလည်း လေထဲတွင် ထွက်ပေါ်လာသည်။ ရှေးဟောင်းအိုးတစ်လုံး ပေါ်လာပြီး ထိုအိုးထဲတွင် သဲများရှိနေသည်။ ထိုသဲများမှာ အလုံးစုံသက်ရှိမြေကြီးပင်။
အိုးထဲတွင် ပန်းပွင့်များပြည့်နေသည့် အပင်လေးတစ်ပင်လည်း ရှိနေသေးသည်။ မမှည့်သေးသည့်အသီးများလည်း အနည်းငယ် ရှိနေလေသည်။
“ကျွန်တော့်ကို အသီးတစ်လုံးလောက် ပေးဖို့ စီနီယာကို တောင်းဆိုပါရစေ” ရှီဟောင် နှုတ်ဆက်လိုက်ကာ လက်တစ်ဖက်ဖြင့် နှိုက်လိုက်သည်။
သစ်ပင်လေးသည် လှုပ်ခါရမ်းသွားကာ သစ်ပင်ထိပ်မှ အသီးတစ်လုံး ပြုတ်ကျလာလေ၏။ ထိုအသီးကျလာသည်နှင့် ရွှေရောင်အလင်းတန်းနှင့်အတူ မြင့်မြတ်အလင်းတန်းများ ထွက်ပေါ်လာလေ၏။
ရှီဟောင်သည် ထိုအသီးကို ယူလိုက်ကာ ဟော့လင်းအာကို ပေးလိုက်လေ၏။ “ယူလိုက်..”
“ဒါက ဘာကြီးလဲ” ဟော့လင်းအာ ထိတ်လန့်သွားရသည်။ ဒါက နတ်အသီးများလား ..
“မင်းခန့်မှန်းတာ မှန်တယ် .. ဒါက နတ်ဆေး .. မြန်မြန်စားလိုက် .. ငါမင်းကို ကာကွယ်ပေးထားမယ်” ရှီဟောင် ပြောလိုက်သည်။
ဟော့လင်းအာသည် ခေါင်းခါလိုက်ကာ “ကျွန်မ မစားရင် ပိုကောင်းလိမ့်မယ်လို့ ထင်တယ် .. အခု ကျွန်မ နေမကောင်းမဖြစ်နေသလို ဘာကပ်ဘေးမှလည်း မခံစားရဘူး.. အခုစားလိုက်ရင် ဖြုန်းတီးရာကျသွားမှာပေါ့ .. ရှင်သိမ်းထားလိုက် .. ရှင်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတဲ့အချိန်ကျရင် ရှင့်ဒဏ်ရာတွေကို မြန်မြန်ပြန်သက်သာအောင် လုပ်လို့ရတာပေါ့”
“မလိုပါဘူး .. မြန်မြန်စားလိုက်တော့” ရှီဟောင် အလောတကြီး ပြောလိုက်သည်။
ရှီဟောင်၏ လောဆော်မှုကြောင့် ဟော့လင်းအာလည်း ရွေးချယ်စရာမရှိတော့ပဲ ထိုရွှေရောင်အသီးကို စားလိုက်တော့သည်။ ထိုအသီး သူ၏ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် မွှေးရနံ့များ ထွက်ပေါ်လာပြီး သူမခန္ဓာကိုယ်ထဲသို့ အပူလှိုင်းတစ်ခု ဝင်ရောက်သွားလေသည်။
ထို့နောက်တွင် အဆုံးမရှိသည့် သင်္ကေတများ ထွက်ပေါ်လာပြီး သူမ၏သွေးနှင့် အရိုးများထဲသို့ ဝင်ရောက်သွားကာ သူမ၏ အသွေးအသားများကို သန့်ရှင်းစေပြီး သူမ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နေလေသည်။ ချက်ချင်းပင် သူမခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်လာလေ၏။
“ဒါက ဘာကြီးလဲ … ငါဘာလို့ပြန်မွေးဖွားသလို ခံစားလိုက်ရတာလဲ .. ငါ့ရဲ့ကျင့်ကြံဆင့်က မြန်မြန်တိုးလာတာ .. ပြီးတော့ ငါ့မှော်စွမ်းအားတွေလည်း တိုးလာတယ်” ဟော့လင်းအာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဘာဖြစ်နေမှန်း သူမ မသိပေ။
ဒါက ဘာကြီးလဲ .. သူမ ရှီဟောင်ကို မေးလိုက်သည်။
“ကောင်းကင်နတ်ဘုရားအသီး .. ဒါနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံဆင့်က ငါ့ထက်တောင် ကျော်သွားမှာ” ရှီဟောင် ပြုံး၍ပြောလိုက်သည်။
“ဒီလောကမှာ .. ကောင်းကင်နတ်ဘုရားအသီး တကယ်ရှိသေးတာလား” ဟော့လင်းအာ အသံမှာ တုန်ယင်နေလေပြီ။
ဤအသီးမှာ အဖိုးတန်လွန်းလှသည်။ ကျင့်ကြံခြင်းမရှိသည့်လူတစ်ယောက်ပင်လျှင် ဤအသီးကို စားလိုက်သည်နှင့် သူတို့ချက်ချင်း ကောင်းကင်နတ်ဘုရားဖြစ်သွားလိမ့်မည်။
ဟော့လင်းအာသည် ပြောင်းလဲမှုများကို ကြုံတွေ့နေရသည်။ သူမ၏ ဇာမဏီငှက်သွေးများသည် အခြားအဆင့်တစ်ခုသို့ ရောက်သွားပြီး သူမ၏ အသွေးအသားသည်လည်း ပြည့်စုံသွားလေပြီ။
သူမခန္ဓာကိုယ်မှ ရောင်စုံအလင်းများ ထွက်ပေါ်ကာ ဆက်တိုက်ပင် ပြောင်းလဲနေလေ၏။
“ငါ တကယ်အောင်မြင်တော့မှာလား” ဟော့လင်းအာ စိတ်လှုပ်ရှားသွားရသည်။ သူမ၏ ကျင့်ကြံဆင့်မှာ ချက်ချင်းပင် အဆပေါင်းများစွာ ပိုကောင်းသွားသည်ဟု ခံစားလိုက်ရသည်။
ဤလောကတွင် ကောင်းကင်နတ်ဘုရားသစ်ပင်မှာ အဖိုးမဖြတ်နိုင်သည်ကို အားလုံးသိသည်။
အသီးကို စားလိုက်ရုံဖြင့် ကောင်းကင်နတ်ဘုရားတစ်ယောက် ဖြစ်နိုင်သောကြောင့် ဤအတိုင်းသာ ဆက်သွားလျှင် မည်သူက ဤဂိုဏ်းကို ယှဉ်နိုင်မည်နည်း..
“အားရား .. ငါတကယ် ကောင်းကင်နတ်ဘုရားဖြစ်သွားပြီလား” ပြောင်းလဲမှုများ ပြီးဆုံးသွားသည့်နောက်တွင် သူမအလွန်စိတ်လှုပ်ရှားနေလေ၏။
သူမ မတ်တပ်ရပ်လိုက်ကာ သူမစွမ်းအားများကို သေချာထိန်းချုပ်လိုက်သည်။ သူမ ကောင်းကင်နတ်ဘုရားဖြစ်သွားမှန်း သေချာသွားလေပြီ။ သူမ ယခုတော့ သူမနှင့် သက်တူရွယ်တူများကို အထင်သေး၍ရလေပြီ။
ဤသည်မှာ သူမအရှေ့မှ လူငယ်လေးကြောင့်ပင်။
“အခု မင်း မင်းရဲ့ကျင့်ကြံဆင့်ကို စိုးရိမ်စရာမလိုတော့ဘူး ဟုတ်တယ်မလား” ရှီဟောင် ရယ်မောကာ ပြောလိုက်သည်။
ဟော့လင်းအာ နှလုံးခုန်နှုန်းများ မြန်နေသည်။ ချက်ချင်းကြီး ကောင်းကင်နတ်ဘုရားတစ်ယောက်ဖြစ်သွားသောကြောင့် သူမ မယုံကြည်နိုင်ဖြစ်နေသည်။
“ကျေးဇူးတင်ပါတယ်” ဟော့လင်းအာ ပြောလိုက်၏။
သူမ ကောင်းကင်နတ်ဘုရားဖြစ်သော်လည်း နောင်ကျလျှင် ရှီဟောင် သူမထက် ကျော်သွားမည်ကို သူမသိသော်လည်း သူမ မပျော်ပဲမနေနိုင်ပေ။
“သွားကြစို့ .. ငါတို့ဒီနေရာကနေ ထွက်သွားကြမယ်” ရှီဟောင် ပြောလိုက်သည်။
“ကျွန်မတို့ ဘယ်သွားမှာလဲ” ဟော့လင်းအာ မေးလိုက်၏။ ကောင်းကင်နတ်ဘုရားဖြစ်သွားပြီးသည့်နောက်တွင် သူမ၏စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားကာ ယခုအချိန်တွင် သူမ အလွန်တက်ကြွနေလေ၏။
သို့သော် ဤသည်မှာလည်း အပေါ်ယံသာ။ သူမသည် ရှီဟောင်နှင့် အချိန်အနည်းငယ်သာ အတူရှိနိုင်မည်ကို သူမသိသည်။
သူမတို့ ယခု အတူတူရှိနေရလျှင်ပင် လုံလောက်လေပြီ။ ဟော့လင်းအာ သူမကိုယ်သူမ တိတ်တိတ်လေး ပြောလိုက်သည်။
“မိုးကောင်းကင်အောက် ဘယ်နေရာမဆို သွားကြတာပေါ့” ရှီဟောင် ပြန်ပြောလိုက်၏။
ရှီဟောင်သည် ဟော့လင်းအာအား ကောင်းကင်ထက်သို့ ခေါ်သွားလိုက်သည်။ သူတို့သည် ခမ်းနားလှသည့် တောတောင်များ၊ မြစ်များအားလုံးထံသို့ သွားလည်ကြသည်။
ရှီဟောင်နှင့် ဟော့လင်းအာ အတူခရီးသွားနေသည့်အချိန်တွင် အပြင်ဘက်လောက၌ ကိစ္စများစွာ ဖြစ်ပျက်နေလေပြီ။
ထာဝရရှေးဟောင်းမြေမှ အဖြစ်အပျက်များအားလုံး သတင်းပျံ့သွားပြီး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ အချို့ဂျီးနီးယပ်စ်များမှာ လောကကြီးကို လှုပ်ခါပစ်ပြီး အချို့သူများသည်လည်း အခြားသူများ၏ တောက်ပမှုအောက်တွင် ပျောက်ကွယ်သွားလေသည်။
ထိုကိစ္စများနှင့်ထပ်တူ ထိတ်လန့်စေသည့်ကိစ္စမှာ အခြားနေရာမှ ဧည့်သည်များသည် မပြန်သေးပဲ ထာဝရရှေးဟောင်းမြေမှ ဂျီးနီးယပ်စ်များအားလုံး ထွက်လာသည်ကို စောင့်နေလေသည်။
“ထာဝရရှေးဟောင်းမြေက ပြန်ထွက်လာတဲ့ ကောင်းကင်ကိုတွန်းလှန်နိုင်တဲ့အရည်အချင်းရှိပါတယ်ဆိုတဲ့သူတွေက ဒီလောက်ပဲလား .. ပျော့လိုက်တာ” လူငယ်ဧည့်သည် လင်းထျန် ပြောလိုက်သည်။
ဤရက်များအတွင်းတွင် သူသည် ဓားတစ်ချောင်းကိုင်ကာ ပြန်ရောက်လာသည့် စွမ်းအားကြီးသည့် ဂျီးနီးယပ်စ်များနောက်သို့ လိုက်နေခဲ့ခြင်းပင်။ သို့သော်လည်း နောက်ဆုံးတွင် ဤလူများလည်း အားနည်းလှသည်ကို သူတွေ့လိုက်ရသည်။
“စီရင်စုသုံးထောင်က တကယ်ကို ပျက်စီးနေပြီပဲ .. တဖြည်းဖြည်းနဲ့ ပိုပြီးတော့ အားနည်းလာပြီ” အခြားဧည့်သည်တစ်ယောက်လည်း ပြောလိုက်သည်။
“စီရင်စုသုံးထောင်ကတော့သွားပြီ .. အရင်တုန်းက ကျွမ်းကျင်သူတွေက အားနည်းတဲ့မျိုးဆက်တွေကိုပဲ ထားခဲ့ကြတာပဲ” ဤသည်မှာ လှောင်ရယ်နေကြခြင်းမဟုတ်ပဲ စိတ်ပျက်နေကြခြင်းပင်။
“နှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိနဲ့ ဟွမ်ဆိုတာက ဘယ်မှာလဲ .. သူတို့ကို ထွက်လာပြီး တိုက်ခိုက်လိုက် .. သူတို့ကို နည်းနည်းလောက် စမ်းသပ်ကြတာပေါ့” သူတို့က ဤအကြောင်းများကိုပင် သိနေကြလေသည်။
သို့သော် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ မည်သည့်နေရာတွင် ရှိနေမှန်း မသိကြသလို ရှီဟောင်လည်း တစ်ခါမှ ပေါ်မလာတော့ပေ။
“ဟား ဟား…” ထိုလူမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ စီရင်စုသုံးထောင်တွင် စွမ်းအားကြီးသည့် ဂျီးနီးယပ်စ်များ မရှိပါက သူတို့အချိန်ကုန်ခံတော့မည်မဟုတ်ပေ။
ယခုအချိန်တွင် အားလုံးသည် ဟွမ်ကို စဉ်းစားမိလိုက်ကြလေ၏။
ဟွမ်က ပေါ်လာမှာလား .. သူ ထွက်တိုက်မှာလား..
ယခုအချိန်တွင် လူအချို့သည် ဤစွမ်းအားကြီးသည့်လူအကြောင်းကိုသာ တွေးမိလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတိုက်ခိုက်လိုက်သည်နှင့် ဤအကောင်များကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့ခံစားနေရသောကြောင့်ပင်။
“ဒီလူတွေက တကယ်ကို အားနည်းလွန်းတယ် .. တစ်ချက်လေးတောင် မခံနိုင်ဘူး .. မင်းတို့အားလုံးမှာ ဒီလိုမျိုး အရည်အချင်းလောက်ပဲရှိတာတောင်မှ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ချင်နေသေးတာလား .. မဖြစ်နိုင်တဲ့ကိစ္စပဲ” ဧည့်သည်များမှ ပြောလိုက်သည်။
အပြင်ဘက်လောကတွင် လေမုန်တိုင်းများ ပြင်းထန်နေလေ၏။
ရှီဟောင်နှင့် ဟော့လင်းအာသည် တောတောင်များ၊ မြစ်များထံသို့ လှည့်ပတ်သွားလာကာ လွတ်လွတ်လပ်လပ်ပင် ဖြတ်သန်းနေလေသည်။
“ရှင် ဘာတွေးနေတာလဲ” ဟော့လင်းအာ မေးလိုက်သည်။
“မုန်းစရာကောင်းတဲ့ အာကာသကလန်အကြာင်းကို တွေးနေတာပါ … ငါနဲ့တိုက်တာက ကိစ္စမရှိပေမယ့် သူတို့က မင်းကိုတောင်မှ ဖမ်းချင်နေသေးတယ်” ရှီဟောင်ပြောလိုက်သည်။
မီးပိုးစာတောထဲတွင် တွေ့ခဲ့သည့်လူများအကြောင်း သူပြန်တွေးမိသွားသည်။ ဓားတောင်ကြား၊ မီးတိမ်လှိုဏ်ဂူနှင့် အခြားဂိုဏ်းကြီးများမှ တပည့်များအပြင် ထိုလူများထဲတွင် အာကာသကလန်မှ ကျင့်ကြံသူများလည်း ပါဝင်လေသည်။
ထို့အပြင် ဤနေရာအကြောင်း အရင်သိသည့်သူမှာ အာကာသကလန်ပင်။ သူတို့မှ ထပ်ပြီး သတင်းဖြန့်လိုက်ခြင်းပင်။
“ရှင် ဘာလုပ်မှာလဲ” ဟော့လင်းအာ မေးလိုက်သည်။ သူသည် သေချာပေါက်ပင် တစ်ခုခုကို လုပ်လိမ့်မည်ပင်။
“ကောင်းကင်စီရင်စုကိုသွားမယ် .. ငါတစ်နေ့ကျရင် သူတို့ဆီကို လာလည်မယ့်အကြောင်း ပြောပြီးသား .. ဒီတစ်ခေါက်တော့ သူတို့ဆီက ဖြေရှင်းချက် တောင်းရမယ်” ရှီဟောင် ပြောလိုက်သည်။
ထို့နောက်တွင် သူတို့သည် ရွှေ့ပြောင်းခြင်းအစီအရင်ဖြင့် အာကာသကလန်ရှိနေသည့် ကောင်းကင်စီရင်စုသို့ ရောက်လာလေသည်။
“ဒါက အန္တရာယ်မများလွန်းဘူးလား” ဟော့လင်းအာ ပြောလိုက်သည်။
“အန္တရာယ်မရှိဘူး .. အာကာသကလန်ရဲ့ ဂါးဒီးယန်းဝိဉာဉ်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သေခါနီးဖြစ်နေပြီ .. နောက်ဆုံးတစ်ခေါက်တုန်းက သူထွက်ပြေးသွားရတာ .. သူ မတိုက်နိုင်တော့ဘူး” ရှီဟောင် ပြောလိုက်၏။
ထို့နောက်တွင် သူတို့သည် နဂါးသွေးကြောများကဲ့သို့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည့် တောင်များထံသို့ ရောက်လာလေ၏။ ရှီဟောင်သည် ခပ်ဝေးဝေးတွင် ရပ်လိုက်ကာ “အာကာသကလန် ငါပြန်လာပြီ” ဟု ပြောလိုက်လေသည်။
အပိုင်း ၁၂၁၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၀ – အာကာသကလန်၏ ဘိုးဘေးမြေ
ရှီဟောင်နှင့် အာကာသကလန်ကြားရှိ အမုန်းတရားမှာ အလွန်နက်ရှိုင်းနေလေပြီ။ သူသည် ယခင်က ဤနေရာတွင် အနိုင်ကျင့်ခံခဲ့ရပြီး တစ်ဖက်လူသည် သူတို့ကို ကျွေးသည့်လက်ကို ပြန်ကိုက်ခဲ့ကြသည်။ သူသည် အနက်ရောင်အကျဉ်းထောင်ထဲတွင် သေမလိုဖြစ်ခဲ့သေးသည်။ ဤသည်မှာ သူ ဘယ်တော့မှ မမေ့နိုင်သည့် မှတ်ဉာဏ်တစ်ခုပင်။
တစ်နေ့ကျလျှင် ဤကလန်သို့လာပြီး သူတို့ကြားမှ ရန်ငြိုးများကို ဖြေရှင်းမည်ကို သူဤကလန်ကို ပြောခဲ့ပြီးသားပင်။
“အဲဒီတော့ ဒါက အာကာသကလန် နေတဲ့နေရာပေါ့ .. ခမ်းနားလိုက်တာ” ဟော့လင်းအာ ပြောလိုက်သည်။
အရှေ့ဘက်တွင် တောင်တန်းများ နိမ့်ချည်မြင့်ချည်ရှိနေပြီး ခရမ်းရောင်မြူများလည်း ရစ်ဆိုင်းနေ၏။ ဝိဉာဉ်စွမ်းအင်များမှ ဖြစ်လာသည့် မီးခိုးတိမ်တိုက် အနည်းငယ်လည်း ရှိနေသေးလေသည်။
ထို့အပြင် ဤသည်မှာ အာကာသကလန်၏ အရေးကြီးသည့်နေရာ မဟုတ်သေးပေ။ ဤတောင်အနောက်တွင် မြို့ကြီးများ တစ်မြို့ပြီးတစ်မြို့ရှိနေပြီး ထိုမြို့များတွင် အာကာသကလန်သားများ နေထိုင်ကြလေသည်။
ဤသည်မှာ သူတို့၏ တိုင်းပြည်ကြီးပင်။
အာကာသကလန်တွင် သာမန်လူများဝင်ရောက်နိုင်ရန် ခက်ခဲလှသည့် ဘိုးဘွားမြေတစ်ခု ရှိသေးသည်။ ထိုနေရာသို့ ရောက်ရန်အတွက် ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုကို အသုံးပြုရသည်ပင်။
ရှီဟောင်သည် ဤနေရာသို့ ရောက်လာပြီဖြစ်သောကြောင့် သူပြင်ဆင်မှုများ လုပ်ထားသည်သာ။ သူ့ထံတွင် နယ်မြေပျက်စီးခြင်းသင်္ကေတများရှိရုံသာမက ထာဝရရှေးဟောင်းမြေမှ ဂိုဏ်းခေါင်းဆောင်ကိုးယောက် သူ့အတွက် လုပ်ပေးလိုက်သည့် ရွှေရောင်နတ်အဆောင်လည်းရှိသေးသည်။ ထိုအဆောင်ဖြင့် အစီအရင်များမှတစ်ဆင့် သူသွားလာနိုင်သည်ပင်။
လမ်းတစ်လျှောက်တွင် သူတို့သည် သာမန်အာကာသကလန်သားများ နေထိုင်သည့်နေရာများကို ကျော်ဖြတ်ကာ ဘိုးဘေးမြေသို့ သွားလိုက်သည်။
“ဒီမှာ တောင်ကိုချိတ်ပိတ်ထားတဲ့ အစီအရင်ရှိနေသေးတယ် .. ရှင်သတိထားဦး” ရှီဟောင်သည် လက်စားချေရန်အတွက် လက်လွတ်စပယ်လုပ်မည်ကို ဟော့လင်းအာ စိုးရိမ်နေခြင်းပင်။
မည်သို့ပင်ဖြစ်စေ အာကာသကလန်သည် ယခင်က ဧကရာဇ်ကလန်တစ်ခုဖြစ်သောကြောင့် သူတို့ပညာများမှာ နက်ရှိုင်းလှသည်။ စွမ်းအားကြီးသည့်သူများ ဤနေရာကို မစောင့်ရှောက်နေလျှင်ပင် ဤသည်မှာ သာမန်လူများ အလွယ်တကူ ဝင်နိုင်သည့်နေရာမဟုတ်ပေ။
“အိပ်မနေနဲ့တော့ ထတော့..” ရှီဟောင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို နှိုးလိုက်သည်။
ဤနှစ်အနည်းငယ်အတွင်းတွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် မူလကျောက်တုံး၊ ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးအပြင် ဖီးနှစ်အသိုက်မှလည်း ထူးခြားသည့်ကျောက်တုံးတစ်တုံး ရရှိခဲ့သေးသည်။
သူပြောသလိုပင် သူသည် ထာဝရစွမ်းအင်ကို ကျင့်ကြံနေခြင်းပင်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝိဉာဉ်မြူများ ရစ်သိုင်းနေလေသည်။
ဤနှစ်ဝက်အတွင်းတွင် သူသည် အဆင့်လွန်ရတနာမျိုးစုံကို စားသုံးခဲ့ပြီး သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်အောင် ပြုပြင်ပြောင်းလဲခဲ့သည်။ သူသည် ဆက်တိုက်ပင် ပြောင်းလဲခဲ့ပြီး ယခုဆိုလျှင် သူ၏အော်ရာမှာ အလွန်ထူးခြားနေလေပြီ။
ဤအတောအတွင်းတွင် သူအမြဲတမ်း အိပ်နေခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူထိုကောင်းကင်ရတနာများကို အစားလွန်သွားပြီး ယခုမှသာ ထိုရတနာများမှ စွမ်းအင်များကို စုတ်ယူနေသောကြောင့်ပင်။
“မကောင်းတဲ့အမှတ်တရတွေရှိတဲ့နေရာကို ပြန်လာတာလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် နှိုးလာသည်နှင့် ရှီဟောင်အားကြည့်ကာ ရယ်မောလာလေ၏။
“ဒီတစ်ခေါက် မတူတော့ဘူး” ရှီဟောင်ပြောလိုက်၏။
ယနေ့တော့ သူကအရင်ဦးအောင် ဝင်တိုက်မည်ပင်။
“ဟမ် .. မိန်းကလေး .. မင်းလှလှပပလေး ကြီးပြင်းလာတာပဲ .. မတွေ့တာတောင်ကြာနေပြီ ငါ့ကိုလွမ်းလား..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ဟော့လင်းအာကို ကြည့်ကာ ပြောလိုက်သည်။
ဒုန်း..
သူသည် ရှီဟောင်၏ ထုရိုက်ခြင်းကို ခံလိုက်ရကာ သူ၏ခန္ဓာကိုယ်မှ မီးပွားများ လွင့်ထွက်လာလေသည်။
“ဟေ့ကောင် မင်းအဲဒီလောက်လုပ်ဖို့ လိုလို့လား .. မင်းက မိန်းကလေးတစ်ယောက်ရသွားတာနဲ့ ကိုယ့်ညီအစ်ကိုကို မေ့သွားပြီပေါ့ .. မင်းက သစ္စာကို မရှိဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အော်ဟစ်လိုက်သည်။
ဒုန်း..
ဟော့လင်းအာလည်း သူ့ကို ရိုက်လိုက်လေသည်။ သူမသည် ယခုအချိန်တွင် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်သွားပြီဖြစ်သောကြောင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် သနားစဖွယ် မအော်မချင်း ရိုက်နေလေသည်။ “မင်းတို့နှစ်ယောက်က တော်တော်လေးလည်း လိုက်တယ် ဟက်.. မင်းတို့က ငါ့လိုသူငယ်ချင်းဟောင်းကို မေ့သွားပြီပေါ့ .. အရင်တုန်းက ငါ့တို့ ပျက်စီးခြင်းတောင်တန်းတစ်ရာမှာ တွေ့တုန်းက ငါတို့မှာ သူငယ်ချင်းဟောင်းဆက်ဆံရေးရှိတယ်လို့ ပြောလို့ရတယ်လေ”
“မင်းစကားနည်းနည်းလောက် လျှော့ပြောလိုက်ရင်လည်း ဘယ်သူမှ မင်း အနေတယ်လို့ ထင်မှာမဟုတ်ဘူး” ရှီဟောင် ပြောလိုက်၏။ ဒီကောင်က ဘာမဆိုပြောရဲသောကြောင့် သူ့ပါးစပ်မှ အခြားကိစ္စများပါ ထွက်လာမှာ စိုးရသည်။
“ဝူး..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဝံပုလွေတစ်ကောင်ကဲ့သို့ အူလိုက်ကာ “ငါ တစ်မိုးအောက်က နံပါတ်တစ်ကျောက်တုံး ပြန်လာပြီ .. အာကာသကလန် မင်းတို့ကောင်တွေ အခုကစပြီး ကြောက်လို့ရပြီ .. မင်းတို့ဖင်ဆေးထားပြီးတော့ မင်းတို့အလှည့်ကို စောင့်နေလိုက်”
ရှီဟောင်နှင့် ဟော့လင်းအာတို့၏ နဖူးထက်တွင် အနက်ရောင်လှိုင်းများ ပေါ်လာသည်။ ဒီကောင်က အခြေအနေ အချိန်အခါကို မကြည့်ပဲ ပေါက်ကရတွေ လျှောက်ပြောနေတယ်..
သို့သော်လည်း ယခုအချိန်တွင် သူတို့သည် သူ၏ အစီအရင်ဗဟုသုတများကို လိုအပ်နေသေးသည်။ သူတို့ထံတွင် နယ်မြေပျက်စီးခြင်းသင်္ကေတရှိသော်လည်း အစီအရင်ဆရာတစ်ယောက်ရှိနေလျှင် အကောင်းဆုံးပင်။
ဤနေရာမှာ အာကာသလကန်၏ ကန့်သတ်ထားသည့်နေရာတစ်ခုပင်။ လီတစ်သိန်းပတ်လည်ကို ရှေးဟောင်းအစီအရင်တစ်ခုဖြင့် ဝန်းရံထားခြင်းပင်။
သာမန်လူများ ဝင်၍မရသော်လည်း နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၏ ဦးဆောင်မှုနှင့်အတူ ဂိုဏ်းခေါင်းဆောင်ကိုးယောက်လုပ်ပေးလိုက်သည့် ရွှေရောင်နယ်မြေပျက်စီးခြင်းသင်္ကေတကြောင့် သူတို့လျောလျောလျူလျူပင် ဝင်နိုင်ခဲ့လေသည်။
ဤနေရာတွင် ရှေးဟောင်းသစ်ပင်များ မိုးထိုးနေပြီး ရွှေရောင်ဆင်ကြီးများ၊ သက်တံ့ရောင်လုအန်များလည်း ရှိနေသည်။ ဤသည်မှာ အာကာသကလန်၏ အမဲလိုက်ကွင်းသာမက ဆေးခင်းလည်းဖြစ်သည်။
ဤနေရာသည် လီတစ်သိန်းကျယ်ဝန်းပြီး အဖိုးတန်သည့်အရင်းအမြစ်များလည်း မရေမတွက်နိုင်အောင် ရှိနေသည်သာ။
ဤနေရာသို့ ရောက်လာသည်နှင့် ရှီဟောင်သည် ယဉ်ကျေးမနေတော့ပေ။ သူသည် လိပ်ပြာဧကရာဇ်ကို လွတ်ပေးလိုက်ပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကိုလည်း လွတ်လွတ်လပ်လပ်သွားလာစေလိုက်သည်။ သူသည် ဟော့လင်းအာနှင့်အတူ အဖိုးတန်ဆေးမျိုးစုံကို ခူးနေလိုက်သည်။
နေ့တစ်ဝက်အတွင်းမှာပင် နေရာတော်တော်များများ ပြောင်သလင်းခါသွားလေပြီ။
ဟော့လင်းအာမှာ ရှီဟောင်နှင့်အတူ ဤကဲ့သို့ နတ်မြက်ပင်များကို ခူးနေရသည်မှာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသည်။ သို့သော်လည်း သူမထိုသို့ခူးနေအောင်လည်း ထူးဆန်းသည့်လှုံ့ဆော်မှုတစ်ခုလည်း ရှိနေသည်။
သူမသည် ကလန်တစ်ခု ဧကရာဇ်တစ်ပါး၏ သမီးတော်ဖြစ်သောကြောင့် သူမ ဘယ်တုန်းက ဤကဲ့သို့ လုပ်ဖူးမည်နည်း.. ဤသည်မှာ လုံးဝမတူညီသည့် အတွေ့အကြုံပင်။
“ငါတို့ အခု ဓားပြဖြစ်နေပြီ ဟုတ်တယ်မလား”
“ငါတို့က ဆင်းရဲတဲ့သူတွေကို ကူညီဖို့ ချမ်းသာတဲ့သူတွေကို ဓားပြတိုက်နေတာပါ” ရှီဟောင် သူမအား အမှန်ပြင်ပေးလိုက်သည်။
“တစ်ခုခုတော့မှားနေပြီ .. ဘာဖြစ်တာလဲ .. ငါတို့အဖိုးတန်ဆေးပင်တွေ အများကြီး ဆုံးရှုံးနေပြီ .. တစ်ယောက်ယောက်က ငါတို့ဆေးပင်တွေကို ခိုးနေတယ်” ဤနေရာကို ကာကွယ်သည့် ကျွမ်းကျင်သူများသည် ပုံမှန်မဟုတ်သည့်အရာများကို တွေ့သွားပြီး ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြလေ၏။
ဘယ်သူက အာကာသကလန်ရဲ့ အရေးကြီးတဲ့နေရာကို လာခိုးရဲတာလဲ.. ဤသည်မှာ သူတို့ကို ဒေါသထွက်စေသည်သာ။
ရှီဟောင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တိမ်တိုက်များအထက်တွင် ရှေးဟောင်းမြို့ကြီးကို ကာကွယ်ပေးနေသည့် အစီအရင်ကြီးတစ်ခုရှိနေသည်သာ။
“ငါတို့ အောက်ဘက်ကနေ ဖောက်သွားကြမလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အလွန်စမ်းသပ်ချင်နေလေသည်။ ရှီဟောင်ယခင်က ကိစ္စများကို ပြန်မပြောသော်လည်း သူဒေါသထွက်နေဆဲပင်။
“ငါတို့ ဒီမှာပဲ စောင့်မယ် .. တစ်ယောက်လာရင် အဲဒီတစ်ယောက်ကို သတ်မယ်” ရှီဟောင် ပြောလိုက်သည်။
သူ အလောတကြီးလုပ်ပြီး မစွန့်စားချင်။ သူ့ထံတွင် ရတနာများရှိနေပြီး သူလည်း စွမ်းအားကြီးသော်လည်း မြို့ထဲသို့ အလောတကြီးဝင်သွားပါက သူ့အတွက်ကောင်းမည်မဟုတ်ပေ။ အာကာသကလန်၏ အစီအရင်များကြားတွင် ထောင်ချောက်မိသွားပြီး အသတ်ခံရနိုင်သည်။
“ဘယ်သူခိုးလေးက ငါတို့ အာကာသကလန်ရဲ့ ကန့်သတ်ထားတဲ့မြေမှာ ဆေးပင်တွေကို လာခိုးရဲတာလဲ .. အသက်ရှင်ရတာ ပင်ပန်းနေလို့လား” ကောင်းကင်ထက်မှ အော်သံတစ်ခု ထွက်ပေါ်လာလေသည်။
နတ်ဘုရားအစစ် တစ်အုပ်စုရောက်လာပြီး ထိုလူကို ရှာဖွေရန် ဤနေရာသို့ ရောက်လာကြလေ၏။
ထို့အပြင် ထိပ်မှဦးဆောင်လာသည့်သူမှာ အရိုးကြေးမုံကို ကိုင်လာကာ နေရာအနှံ့သို့ ထိုးကြည့်နေလေ၏။ ဤသည်မှာ ကောင်းကင်မျက်လုံးလောက် အကျိုးသက်ရောက်မှမရှိသော်လည်း ပုန်းနေသည့်လူများကို ရှာဖွေနေနိုင်ဆဲပင်။
“တုံးအတဲ့သူခိုး .. မင်းဘယ်ကနေ သတ္တိတွေရလာလဲတော့ ငါမသိဘူး .. မင်းက ငါ့ကလန်က ဘိုးဘွားမြေထဲကိုတောင် ခိုးဝင်ရဲတယ်ပေါ့ .. သေခြင်းနဲ့ရှင်ခြင်းရဲ့ ကွာခြားချက်ကို မသိတော့ဘူးလား”
ထိုအုပ်စုထဲတွင် ပါဝင်သည့် နတ်ဘုရားအစစ်လူငယ်လေးမှ ခနဲ့လိုက်၏။ အဘယ်ကြောင့်ဆိုသော် အရိုးကြေးမုံမှတစ်ဆင့် ထိုသူခိုးများရှိနေသည့်နေရာကို သူ သဲလွန်စရလိုက်သောကြောင့်ပင်။ သူသည် လူအုပ်ကြီးကို ဦးဆောင်ကာ ထိုနေရာသို့ ခေါ်သွားလိုက်လေသည်။
ငတုံးသူခိုးဟု အော်ဟစ်နေရင်းဖြင့်ပင် သူ၏လက်ထဲတွင်ရှိနေသည့် ရတနာဖြင့် လျှပ်စီးများကို ပစ်လွှတ်ကာ တိုက်ခိုက်လိုက်လေသည်။
“အဲဒီကောင်က ငါတို့ကို ငတုံးသူခိုးတွေလို့ခေါ်ရဲသေးတယ် .. သူအသက်ရှင်ရတာ ပင်ပန်းနေပြီမို့လို့လား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ဒေါသတကြီး ပြောလိုက်သည်။
ဤနှစ်အတွင်းတွင် သူသည် ရှီဟောင်နောက်လိုက်ခဲ့ပြီး မြင်ကွင်းမျိုးစုံကို မြင်ဖူးပြီးသွားလေပြီ။ သူက ဘယ်လိုလုပ် ဤနတ်ဘုရားအစစ် အစုတ်အပြတ်လေးကို ကြောက်မည်နည်း..
ရှီဟောင်သည် ဟော့လင်းအာကို အနားခေါ်လိုက်ကာ လျှပ်စီးပစ်ချလာသည်ကိုခံလိုက်သည်။ ဤလျှပ်စီးမှာ အသုံးမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးအားလုံးမှာ ဝိဉာဉ်စွမ်းအားကဲ့သို့ပင် သူ၏မွေးညှင်းပေါက်များမှ စုတ်ယူသွားခြင်း ခံလိုက်ရလေသည်။
“မင်း..”ထိုလူထိတ်လန့်သွားလေ၏။
ထို့အပြင် ရှီဟောင်ကို မြင်လိုက်ရသည်နှင့် သူသည် ချက်ချင်းပင် ဆွံ့အသွားကာ မျက်နှာလည်းဖြူလျော်သွားလေသည်။
သူသည် အသာစီးရရန်အတွက် အလောတကြီး ပြေးလာခြင်းပင်။ အရိုးကြေးမုံကို အသုံးပြုသော်လည်း သူသိပ်အာရုံမထားခဲ့ပေ။ ယခုမှသာ မည်သူဖြစ်မှန်း သူသိသွားသည်ပင်။
“ဘာဖြစ်လို့လဲ” သူ့နောက်မှ လိုက်လာသည့် လူငယ်ကျွမ်းကျင်သူလေးများ မေးလိုက်သည်။
သို့သော်လည်း ရှီဟောင်ကို မြင်လိုက်ရသည်နှင့် သူတို့လည်း ထိတ်လန့်သွားကြသည်။
ဤလူများသည် ကောင်းကင်မှ ပြုတ်ကျမတတ်ပင် ကြောက်လန့်သွားကြလေ၏။ အာကာသကလန်တွင် ရှီဟောင်ကို မမှတ်မိသည့်သူ မည်သူရှိမည်နည်း..
လူငယ်မျိုးဆက်၏ နံပါတ်တစ်ကျွမ်းကျင်သူ ရုံယုအပါအဝင် စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ် ခြောက်ယောက်မှာ ရှီဟောင်လက်ချက်ဖြင့် သေခဲ့ခြင်းပင်။ ရုံယုသည် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးနှင့် ပေါင်းစည်းပြီးသွားသော်လည်း သူသည် အဆင့်လွန်တာအိုရိုးရာရှေ့တွင် သူ၏ခန္ဓာကိုယ်တစ်ခြမ်း ဖွတ်ဖွတ်ကြေသွားသည်အထိ ရိုက်ခံလိုက်ရခြင်းပင်။
“မင်းက ငါ့ အာကာသကလန်ကို လာရဲသေးတယ်ပေါ့” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ဤသည်မှာ သူတို့၏ ကြောက်ရွံ့နေသည့်စိတ်ကို ဖုံးကွယ်ရန်အတွက် အင်အားပြသလိုက်ခြင်းပင်။
“ရှင်းစရာတွေ ရှိလို့ပါ .. အရင်တုန်းက မင်းတို့ ငါ့အပေါ်လုပ်ခဲ့တဲ့ကိစ္စအတွက် ဖြေရှင်းချက်တစ်ခု လာတောင်းတာ” ရှီဟောင်ပြောလိုက်သည်။
သူသည် လေဟာနယ်ထဲသို့ လက်ညှိုးထိုးလိုက်သည်နှင့် နတ်သက်တံ့များစွာ ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်သွားလေသည်။
အား .. ထိုလူများ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူတို့သည် ခုခံချိန်ပင် မရလိုက်ပေ။ သွေးများ လွင့်စင်လာကာ သူတို့ကောင်းကင်ထက်မှ ပြုတ်ကျလာလေ၏။
သူတို့ မသေသေးသော်လည်း ခန္ဓာကိုယ်တစ်ခြမ်းပျက်စီးသွားလေပြီ။
“ငါ မင်းတို့အားလုံးကို သတ်လိုက်ရင် ငါက သွေးဆာနေတဲ့လူဖြစ်သွားလိမ့်မယ် .. ဒါပေမဲ့ ငါက ဘာလို့ သူတို့ကို မသတ်ရမှာလဲ .. မင်းတို့ရဲ့ ကောင်းကင်နတ်ဘုရားတွေကို ထွက်လာဖို့ ပြောလိုက် .. ဒီမှာ လာအသေခံလိုက်တော့လို့” ရှီဟောင် ရေရွတ်လိုက်သည်။
ဟော့လင်းအာသည် သူ၏လက်တစ်ဖက်ကို ဆုတ်ကိုင်ကာ သူ့အား စိတ်လိုက်မာန်ပါ မလုပ်ဖို့ပြောလိုက်သည်။
“ဟမ် .. မင်းကဘယ်သူလဲ” ကောင်းကင်ထက်တွင်ရှိနေသည့် အခြားကောင်းကင်နတ်ဘုရားများသည် ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် အားလုံး သတိအနေအထားဖြစ်သွားလေ၏။
“ဘုရားရေ … ဟွမ်ပဲ .. ထာဝရရှေးဟောင်းမြေကနေ ပထမဆုံးထွက်လာတဲ့သူပဲ .. သူလက်စားချေဖို့ ပြန်လာပြီ”
နောက်ဆုံးတော့ တစ်ယောက်ယောက်က ရှီဟောင်အား မှတ်မိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သောကြောင့် အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။
ဤနှစ်ပတ်အတောအတွင်းတွင် မည်သူက ဟွမ်ကို မသိပဲနေမည်နည်း .. သူ၏နာမည်သည် နေရာတိုင်းတွင် ပျံ့နေလေပြီ။
ဤရက်များအတွင်းတွင် အာကာသကလန်မှာ နားနားနေနေ မနေရပေ။ တာအိုကာကွယ်သူသည် သေလုနီးပါးအခြေအနေဖြင့် ပြန်လာခဲ့သော်လည်း ထိုလူငယ်လေးမှာမူ မည်သူမှ သူ့အကြောင်း မသိရလောက်အောင်အထိ စွမ်းအားကြီးသွားလေပြီ။
ဟွမ်သည် တစ်နေ့နေ့တော့ သူတို့တံခါးကို လာခေါက်လိမ့်မည်ဟု ထင်ထားပြီးသားပင်။
သို့သော်လည်း ထိုနေ့မှာ ဤမျှမြန်မြန်ဆန်ဆန်ရောက်လာလိမ့်မည်ဟု မထင်ထားခြင်းသာ။
မြို့ရိုးပေါ်တွင် ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် နေဝင်သည်ကို ကြည့်ရှု့ခံစားနေသော်လည်း အောက်ဘက်မှ ဆူညံသံများကြောင့် ထိတ်လန့်သွားရသည်။ သူမအောက်ငုံ့ကြည့်လိုက်ပြီး ဘာဖြစ်နေသလဲဆိုသည်ကို လေ့လာလိုက်သည်။
“သူပဲ…” ယွမ်ရှီး ထိတ်လန့်သွားကာ သူမ၏ခံစားချက်များ မတည်ငြိမ်နိုင်တော့ပေ။ ထို့နောက်တွင် သူမသည် ရှီဟောင်နံဘေးတွင်ရှိနေသည့် အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး မိန်းကလေးကို တွေ့လိုက်ရလေသည်။
အပိုင်း ၁၂၂၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၁ – ကောင်းကင်ဘုံမြို့
ယွမ်ရှီးသည် မြို့ရိုးပေါ်မှနေ၍ ရှီဟောင်တို့ရောက်လာသည်ကို ကြည့်နေလိုက်သည်။ သူမ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာနေသည်။ ဤနေ့သည် ဤမျှလျင်မြန်စွာ ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူမသည်လည်း ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ခဲ့သောကြောင့် ရှီဟောင် မည်မျှထူးခြားသည်ကို သူမသိသည်သာ။ သူသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံနိုင်ခဲ့ပြီး ရန်သူများအားလုံးကိုလည်း ဖိနှိပ်နိုင်ခဲ့သည်။
အထူးသဖြင့် သူ ထာဝရရှေးဟောင်းမြေမှ ထွက်လာသည့်အချိန်တွင်လည်း မိုးမခနတ်ဘုရားနှင့် မသေမျိုးသက်ရှိတို့သည် အားလုံးကို ဆန့်ကျင်တိုက်ခိုက်ခဲ့သောကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားသေးသည်။
“အဲဒီမိန်းကလေးက မီးကလန်က မင်းသမီးမဟုတ်ဘူးလား” ယွမ်ရှီးသည် ဟော့လင်းအာနှင့် အဆင့်နိမ့်နယ်မြေတွင် တွေ့ခဲ့ဖူးသောကြောင့် သူမ ဟော့လင်းအာကို မှတ်မိသွားသည်။
သူမသည် ထိုနှစ်ယောက်ကို စိတ်လွတ်ကိုယ်လွတ်ပင် ငေးမောနေမိလေသည်။ သူတို့နှစ်ယောက် အာကာသကလန်ထဲသို့ အတူတူရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယွမ်ရှီး၏ မျက်နှာထက်တွင် ရှုပ်ထွေးသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာလေ၏။
“ဟွမ် ရောက်လာပြီလို့ မြန်မြန်သတင်းသွားပို့” မြို့ပြင်ဘက်တွင်လည်း အခြားအုပ်စု တစ်အုပ်စုရှိသေးသည်။
သူတို့သည် သတင်းပို့ကာ ကောင်းကင်ဘုံမြို့ကို အသိပေးချင်သော်လည်း ရှီဟောင်၏လက်တစ်ဖက် ရောက်လာကာ လေထဲသို့ ဖမ်းဆုတ်လိုက်လေ၏။
ထိုအချိန်တွင် လေပြင်းများ တိုက်ခတ်လာကာ လျှပ်စီးများလည်း ထွက်ပေါ်လာလေ၏။
ရှီဟောင်၏လက်ကြီးသည် ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းသွားကာ သတင်းပို့မည့်သူများကို လမ်းပိတ်လိုက်ကာ သူတို့၏ ခေါင်းများကို တိုက်ခိုက်လိုက်လေသည်။
ခွပ်
ဤလူများသည် လျှို့ဝှက်ရတနာများနှင့် အခြားအရာများကို အသက်သွင်းကြသော်လည်း သူတို့အားလုံး လေဟာနယ်ထဲတွင် တစ်စစီဖြစ်သွားကြသည်။
ရှီဟောင်၏လက်သီးချက်မှာ ယင်ကောင်များကို ရိုက်နေသကဲ့သို့ပင် အဖိုးတန်ပစ္စည်းများနှင့် အခြားအရာများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်နေလေသည်။ ထို့နောက်တွင် ဤလူများသည်လည်း ဖက်ထုပ်ကြော်ကဲ့သို့ တရွှီးရွှီးအသံများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ ပြုတ်ကျသွားလေ၏။
ခဏကြာပြီးသည့်နောက်တွင် ဤနေရာမှာ တိတ်ဆိတ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူများအားလုံး ရိုက်ချခံလိုက်ရပြီး အချို့မှာ သေဆုံးသွားကာ အချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသောကြောင့်ပင်။
“ဘာဖြစ်တာလဲ .. ဘာလို့ဒီလောက် ဆူညံနေတာလဲ” မြို့ထဲမှ လူများသည်လည်း မြို့ပြင်ဘက်တွင် တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း သတိပြုမိသွားလေပြီ။
“ရန်သူတိုက်ခိုက်မှု ရှိနေတယ် .. ငါ့ရဲ့ အာကာသကလန်ရဲ့ အရေးကြီးတဲ့မြေကို ကျူးကျော်လာတဲ့သူရှိတယ် … ဘာဖြစ်နေတာလဲဆိုတာ မြန်မြန်သွားကြည့်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
အောက်ဘက်တွင်ရှိနေသည့် ရှီဟောင်သည် အရိုးကြေးမုံကို ယူလိုက်ကာ ဟော့လင်းအာအား ပေးလိုက်ကာ “ဒီပစ္စည်းက အသုံးဝင်တယ် .. ဒါက ကောင်းကင်မျက်လုံးအစားသုံးလို့ရတဲ့ ရှေးဟောင်းရတနာတစ်ခု”
ဤနတ်ဘုရားအစစ်များသည် ဤကြေးမုံကို အသုံးပြုကာ ရှီဟောင်တို့အား ရှာဖွေခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင်မူ ဤပစ္စည်းသိမ်းခံလိုက်ရလေပြီ။
ကောင်းကင်ဘုံမြို့မှာ မတည်ငြိမ်နိုင်တော့ပေ။
ကောင်းကင်နတ်ဘုရားတစ်ယောက် ရောက်လာလေ၏။ ရှီဟောင် ရောက်လာမှန်း မသိသေးပဲ သူ၏ပစ်မှတ်ကို ရှာဖွေနေဆဲပင်။
“ဘယ်သူ ပုန်းနေရဲတာလဲ .. မင်းဘာသာမင်း ထွက်လာရင် ပိုကောင်းလိမ့်မယ်နော်” ထိုကောင်းကင်နတ်ဘုရားမှ အော်ဟစ်လိုက်သည်။
ထို့အပြင် သူသည် မြို့ထဲမှ လူတစ်စုကိုခေါ်လာပြီး အောက်ဆင်းလာလေ၏။
“ဘိုးဘေး သတိထားပါ” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ရှီဟောင်၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤကောင်းကင်နတ်ဘုရားသည် အလောတကြီးထွက်လာခြင်းမဟုတ်ပဲ မြို့ဂိတ်တံခါးမှ ထုတ်လွှတ်သည့် ရွှေရောင်လမ်းကြောင်းမှတစ်ဆင့် လာနေခြင်းပင်။ ဤသည်မှာ သူ့ကိုပို၍ပင် သူရဲကောင်းဆန်သွားစေလေသည်။
“မိုလော့..”
ရှီဟောင်၏မျက်လုံးများ အေးခဲသွားရသည်။ ဤလူသည် ယခင်က မီးစီရင်စု၏ မြက်ခင်းပြင်တွင် သူ့ကို လိုက်ဖမ်းခဲ့ပြီး အဆင့်လွန်တာအိုရိုးရာအပြင်ဘက်တွင်လည်း သူ့ကိုသတ်ရန် ကြိုးစားခဲ့သေးသည်။
သို့သော် သူ့ကို ချီသော်လင်း တားဆီးခဲ့သည်။ ချီသော်လင်း တစ်ချက်ရိုက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါက်ကွဲသွားပြီး မူလဝိဉာဉ်သာ လွတ်သွားခြင်းပင်။
ထိုအချိန်တုန်းက ချီသော်လင်း သူ့ကို သတ်၍ရသော်လည်း သူ့တပည့်အတွက် ချန်ထားခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။ ရှီဟောင်စွမ်းအားကြီးလာသည့်အချိန်တွင် ဤလူကို လာသတ်၍ရသည်ပင်။
ထိုအကြောင်းများကို စဉ်းစားလိုက်သည်နှင့် ထိုအဖြစ်အပျက်သည် မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုပင် သူ ပြန်ခံစားမိသွားသည်။
ဤကောင်းကင်နတ်ဘုရားသည် သူ့အား ပြင်းထန်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုထုတ်လွှတ်ခဲ့သည်။ ထိုအချိန်တုန်းက သူသည် ဤလူနှင့် အဆင့်ကွာသောကြောင့် သူ့အား ခုခံနိုင်ရန် မဖြစ်နိုင်ပေ။ ယခုတော့ ထိုကိစ္စများကို ဖြေရှင်းရန် အချိန်ကျလေပြီ။
“ကောင်းကင်ဘုံမြို့က မရိုးရှင်းဘူး .. ကြည့်လိုက် မြို့ဂိတ်တံခါးကနေ ထွက်တဲ့ ရွှေရောင်အလင်းက မိုလော့ကို ကာကွယ်နိုင်တယ် .. သာမန်လူတွေ အဲဒီအလင်းကို ဖောက်ထွက်လို့ရမှာမဟုတ်ဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“မင်းတို့အားလုံး ငြိမ်ငြိမ်နေ .. ငါသူ့ကို သတ်မယ်” ရှီဟောင် ပြောလိုက်သည်။
ရှီဟောင်သည် တစ်ပေခန့်ရှည်ပြီး စွမ်းအားကြီးသည့် နဂါးစွမ်းအင်များကို ထုတ်လွှတ်နေသည့် အရေခွံကို ထုတ်လိုက်သည်။ ဤသည်မှာ နဂါးအရေခွံပင်။
ရွှီး..
ရှီဟောင်သည် ချက်ချင်းပင် ကောင်းကင်ဘုံမြို့ရှေ့သို့ ရောက်သွားလေ၏။
“မင်းပဲ…” ကျူးကျော်လာသည့်သူကို မိုလော့ နောက်ဆုံးတော့ မြင်သွားလေပြီ။ သူ၏မျက်နှာ ချက်ချင်းပင်ပြောင်းလဲသွားလေ၏။ ဟွမ်ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယခင်တုန်းက ဤလူငယ်လေးကို အလွယ်တကူ သတ်ပစ်နိုင်သောကြောင့် သူ ဤလူငယ်လေးကို အထင်သေးနေဆဲသာ။
ချီသော်လင်းကြောင့်သာမဟုတ်ပါက သူ ရှီဟောင်ကို လက်ညှိုးတစ်ချောင်းနှင့် သတ်ပြီးသွားလောက်လေပြီ။
သို့သော် ဤလူငယ်လေးသည် ထာဝရရှေးဟောင်းမြေထဲတွင် ကောင်းကင်နတ်ဘုရားများကို သတ်ကာ အဆင့်တက်ခဲ့ကြောင်း ကောလဟာလများကို သူကြားခဲ့ရသေးသည်။
သူသည် ဤသည်ကို လက်မခံနိုင်ပဲ ခံစားချက်များ ရှုပ်ထွေးနေလေပြီ။
“မိစ္ဆာလေး .. မင်းက ငါ့ရဲ့ အာကာသကလန်ကို ရောက်လာရဲသေးတယ်ပေါ့ .. မင်းသင်ခန်းစာ မရသေးဘူးလား” မိုလော့ ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် မျက်နှာပျက်သွားရသည်။ ယခင်က သူဖမ်းခံလာခဲ့ရခြင်းဖြစ်သော်လည်း တစ်ဖက်လူသည် ဤအကြောင်းကို ပြန်ပြောရဲသေးသည်။
“အာကာသကလန် ခင်ဗျားတို့က တကယ် အရှက်မရှိတာပဲ .. အရင်တုန်းက ကျုပ်ဒီကို ဖမ်းခေါ်လာခံခဲ့ရတာ .. ဒီနေ့တော့ ဖြေရှင်းချက်တောင်းဖို့အတွက် ကျုပ်ကိုယ်တိုင် ဒီကိုလာခဲ့တာ .. လူသတ်ပွဲကြီးကို ခင်ဗျားကနေ စလိုက်ကြတာပေါ့” ရှီဟောင် အော်ဟစ်လိုက်သည်။
ဤအခြေအနေထိပင် ရောက်နေပြီဖြစ်သောကြောင့် သူကောလဟာလများကို ဂရုစိုက်မနေတော့ပေ။ သူ၏နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာကာ “အဲဒီတုန်းက ချီသော်လင်းကြောင့်သာမဟုတ်ရင် ငါလက်တစ်ချက်ရိုက်လိုက်တာနဲ့ မင်းလိုမျိုးလူတွေအကုန်လုံး ယင်ကောင်လိုမျိုးသေနေလောက်ပြီ”
“အဲဒီတုန်းက ခင်ဗျားက ကောင်းကင်နတ်ဘုရားဖြစ်နေပြီ .. ကျုပ်က အဆင့်လွန်ကျွမ်းကျင်သူပဲရှိသေးတာ .. အဲဒါကိုတောင် ခင်ဗျားက အရှက်မရှိ အဲဒီကိစ္စကိုပြန်ပြောရဲသေးတယ်ပေါ့” ရှီဟောင်ပြောလိုက်သည်။
ဝုန်း..
သူ၏လက်ဝါးကို ရိုက်ချလိုက်သည်နှင့် သင်္ကေတများ ထွက်ပေါ်လာ၏။ ခွန်ပန်လေဟာနယ်ပုံရိပ်လည်း ပေါ်လာကာ မိုလော့ကို တိုက်ခိုက်လာလေ၏။
ဝုန်းဟူသည့်အသံနှင့်အတူ ရွှေရောင်လမ်းကြောင်း တောက်ပလာကာ မိုလော့ကို ဝန်းရံပြီး သူ့အား ကာကွယ်ပေးလာလေ၏။
ဤသည်မှာ ကောင်းကင်ဘုံမြို့၏စွမ်းအားပင်။
မြို့ဂိတ်တံခါးများမှ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး မိုလော့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေလေသည်။
“ချိုးဖျက်မယ်”
ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသည့် နဂါးအကြေးခွံကို အသက်သွင်းလိုက်သည်။ ဤပစ္စည်းမှာ အလွန်ထူးဆန်းလှသည်။ သူ အချိန်အတော်ကြာလေ့လာခဲ့သော်လည်း ဤပစ္စည်းကို မသိနိုင်သေးပေ။ သို့သော် သူ၏စွမ်းအားထူးခြားလှသည်ကိုတော့ သူသိသည်။
သူသည် ဤအကြေးခွံကို လက်နက်အဖြစ်သာ အသုံးချလိုက်ပြီး ရွှေရောင်လမ်းကြောင်းကို ဖြတ်တောက်လိုက်သည်။
နဂါးစွမ်းအင်များ ထွက်ပေါ်လာပြီး နဂါးအော်သံများလည်း လွင့်ပျံလာလေသည်။ ဤအကြေးခွံသည် ရောင်စုံအလင်းများ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်နှင့် ပို၍အရောင်တောက်လာကာ ထိုနေရာကို ဖြတ်ပစ်လိုက်လေ၏။
လေဟာနယ်ကြီး ပေါက်ကွဲသွားလေပြီ….
“မကောင်းတော့ဘူး” သူသည် ရွှေရောင်အလင်းနှင့် အဆက်အသွယ်ပြတ်သွားပြီး ကောင်းကင်ဘုံမြို့၏ ကာကွယ်မှုကို မရနိုင်တော့ပေ။
ရွှီး..
ရှီဟောင်၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် နဂါးအကြေးခွံကို သိမ်းလိုက်ပြီး မိုလော့ကို တရှိန်ထိုး တိုက်ခိုက်လိုက်သည်။
သူသည် ကောင်းကင်နတ်ဘုရား မဖြစ်သေးသော်လည်း ကောင်းကင်နတ်ဘုရားအဆင့်ရောက်သည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည့် ကျွမ်းကျင်သူကို ဖိနှိပ်လိုက်လေသည်။
“လူငယ်လေး ..မင်းလုပ်ရဲတယ်ပေါ့” မိုလော့ ဒေါသထွက်သွားလေသည်။
ရွှီး..
ကြယ်ကောင်းကင်ပြင်ကြီးတစ်ခုကဲ့သို့ ပင့်ကူအိမ်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြယ်သဲများကို အသုံးပြု၍ မိုလော့အသစ်လုပ်ထားသည့် အဖိုးတန်ပစ္စည်းပင်။ ဤပိုက်ကွန်ဖြင့် တောတောင်၊ မြစ်များအပါအဝင် သက်ရှိအားလုံးကို ဖမ်းဆီးနိုင်သည်သာ။
သို့သော်လည်း ယခုအချိန်တွင် ဤပင့်ကူအိမ်ကြီးမှာ အသုံးမဝင်တော့ပေ။ ထိုပိုက်ကွယ်ကျလာသည်နှင့် ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးများ ဖုံးလွှမ်းသွားလေသည်။ သူသည် လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာကို အသုံးပြုကာ ထိုပင့်ကူအိမ်၏စွမ်းအားကို ခုခံလိုက်ခြင်းပင်။
ကြယ်သဲများမှာ လုံးဝပေါက်ကွဲသွားပြီး ပိုက်ကွန်ကြီးလည်း စုတ်ပြတ်မဲတူးသွားပြီး အပိုင်းပိုင်းအစစဖြစ်သွားလေ၏။
ရှီဟောင်သည် လျှပ်စီးအမတပြန်ဝင်စားကဲ့သို့ပင် ကောင်းကင်တစ်ခုလုံးကို လျှပ်စီးများဖြင့် ဖုံးလွှမ်းပစ်လေသည်။ သူလက်သီးထိုးလိုက်သည်နှင့် လျှပ်စီးများ စီးဆင်းသွားကာ မြောက်များလှစွာသော ကြယ်များ ပေါ်လာလေသည်။
ဝုန်း..
မိုလော့သည် သူ၏အဖိုးတန်ပညာကို အသုံးပြုကာ ခုခံလိုက်သော်လည်း အသုံးမဝင်ပေ။ ပထမရိုက်ချက်မှာပင် သူလွင့်ထွက်သွားလေ၏။
ရှီဟောင်၏လက်သီးချက်မှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ ကြယ်များ တစ်ခုပြီးတစ်ခုပေါ်လာကာ စွမ်းအင်များသည်လည်း တောင်များ၊ မြစ်များကိုပင် ဝါးမြိုသွားလေ၏။
“မဟုတ်ဘူး..” မိုလော့ အော်ဟစ်လိုက်သည်။ သူတို့မတွေ့ရသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ဤလူငယ်လေးက ဒီလောက်တောင် စွမ်းအားကြီးလာလေပြီ။
သူသည် လျှို့ဝှက်ပညာများ၊ အဖိုးတန်ပညာများအားလုံးကို အသက်သွင်းလိုက်ကာ ရှီဟောင်၏လက်သီးချက်ကို တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် လက်သီးချက်ရောက်လာသည်နှင့် စကြာဝဠာတစ်ခုလုံး ကျဆင်းလာသကဲ့သို့ ကြယ်များမှာ ပို၍ပင် ကြောက်စရာကောင်းလာလေ၏။ အမှန်တကယ်တွင် ဤကြယ်များမှာ လျှပ်စီးမှ ဖြစ်ပေါ်လာခြင်းပင်။
ယခုအချိန်တွင် ကြယ်များအားလုံးပေါက်ကွဲသွားကာ လျှပ်စီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဖူး..
ထိုအချိန်တွင် မိုလော့ သနားစဖွယ် အော်ဟစ်လိုက်လေ၏။ သူ့တစ်ကိုယ်လုံး စုတ်ပြတ်မည်းတူးနေပြီး အချို့နေရာများတွင် အရိုးများပင် မြင်နေရလေပြီ။
“တော်တော့..” သူထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ရှီဟောင်၏အကြည့်များ အေးစက်လာသည်။ သူသည် စကားတစ်ခွန်းမှ မပြောပဲ သူ့နောက်သို့သာ လက်ဝါးဓားချက်ဖြင့် ခုတ်ချလိုက်လေ၏။ ဖူးဟူသည့်အသံနှင့်အတူ သူ့ခေါင်းပြတ်သွားလေပြီ.
မိုလော့၏ မူလဝိဉာဉ်မှာ ထွက်ပြေးချင်နေသော်လည်း ရှီဟောင်လက်ညှိုးထိုးလိုက်သည်နှင့် သူ၏မူလဝိဉာဉ်ပေါက်ကွဲသွားပြီး လုံးဝသေဆုံးသွားလေသည်။
မြို့ရိုးပေါ်မှ ကြည့်နေကြသည့်သူအားလုံး ထိတ်လန့်သွားကာ ဆူပူသွားလေသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားတစ်ယောက်ဖြစ်သော်လည်း လွယ်လွယ်ကူကူပင် အသတ်ခံလိုက်ရလေပြီ။
ဤသည်မှာ လူများစွာကို တုန်ယင်သွားစေသည်အထိပင်။
“ဟွမ်ပဲ.. သူလက်စားချေဖို့ ရောက်လာပြီ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. နှစ်နည်းနည်းလောက်ပဲရှိသေးတာကို .. ထာဝရရှေးဟောင်းမြေက ထွက်လာတော့ သူဒီလောက် စွမ်းအားကြီးသွားတာလား..”
နောက်ဆုံးတော့ ဟွမ်ရောက်လာကြောင်း ကောင်းကင်ဘုံမြို့တွင်ရှိနေသည့်သူအားလုံး သိသွားလေပြီ။ အနက်ရောင်အကျဉ်းထောင်ထဲတွင် သေမလိုဖြစ်သည်အထိ နှိပ်စက်ခံခဲ့ရသည့်လူငယ်လေး သူတို့တံခါးကို လာခေါက်နေလေပြီ။
“အာကာသကလန် .. ကျုပ်ရဲ့ကတိကို တည်ဖို့အတွက် ကျုပ်ပြန်လာပြီ .. ကောင်းကင်နတ်ဘုရားတွေ၊ တာအိုကာကွယ်သူတွေအားလုံး ထွက်လာခဲ့လိုက်တော့” ရှီဟောင် စိန်ခေါ်လိုက်သည်။
ဟော့လင်းအာသည် ကောင်းကင်ထက်သို့ တရှိန်ထိုးတက်လာကာ သူ့ဘေးနားလာရပ်လိုက်သည်။ သူမ၏အနီရောင်ဝတ်စုံမှာ လွင့်မြောနေလေသည်။
မြို့ရိုးပေါ်တွင်ရှိနေသည့် ယွမ်ရှီးသည် ဤနှစ်ယောက်ကို ကြည့်ပြီး ဤနှစ်ယောက်မှာ တာအိုစုံတွဲနှင့်တူသည်ဟုပင် ခံစားလိုက်ရသည်။ သူမသည် တစ်ခုခုကိုပြောရန် အကြိမ်ကြိမ်ပါးစပ်ဟလိုက်သော်လည်း ခါးသီးစွာပင် ပြန်ပိတ်လိုက်ရလေသည်။
ယခင်တုန်းက ရှီဟောင်သည် သူမကို ကယ်တင်ရန်အတွက် လီပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း သူသည် အရှက်ရခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ သူနှင့် အာကာသကလန်ကြားရှိ ရန်ငြိုးမှာ နက်နဲလွန်းလှပြီဖြစ်သောကြောင့် သူမဘာပြောပြော အသုံးဝင်မည်မဟုတ်ပေ။
ယခုအချိန်တွင် ယွမ်ရှီးကဲ့သို့ပင် အဆင့်နိမ့်နယ်မြေမှ လာခဲ့သည့် မိန်းမပျိုတစ်ဦးမှာ သူ၏အဖော်ဖြစ်နေလေပြီ။ သူတို့နှစ်ဦးမှာ လုံးဝပင် ကွာခြားသွားလေပြီ။
အာကာသကလန်မှ အချို့ရာထူးကြီးသည့်သူများပင်လျှင် နောင်တရနေလေပြီ။ သူတို့သာ ထိုတုန်းက ဤလူငယ်လေး၏ အဖိုးတန်ပညာကို လောဘမတက်ခဲ့လျှင် ဘယ်လိုလုပ် ဒီလိုမျိုး အဆုံးသတ်မည်နည်း…
ရှီဟောင် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံပြီးသွားပြီဆိုသည်ကို လူတိုင်းသိသည်သာ။
ဤကဲ့သို့သာ လူမျိုးနှင့် ရန်သူဖြစ်နေသောကြောင့် အာကာသကလန်မှလူများသည် စိတ်ပျက်လွန်းသောကြောင့် သွေးပင်အန်ချင်နေလေပြီ။
ဤလူငယ်လေးသည် ယွမ်ရှီးနှင့် လီပေါင်းများစွာ အတူခရီးသွားခဲ့သောကြောင့် သူတို့ကြားမှ ဆက်ဆံရေးမှာ အလွန်နီးကပ်နေကြလေပြီ။ သူတို့သာ သူ့ကို အတင်းမလုပ်ခဲ့လျှင် ဤကဲ့သို့သော အဆုံးသတ်မျိုး ဖြစ်လာမည်မဟုတ်ပေ။
ဟွမ်ဘေးတွင် ရပ်နေသည့်သူမှာ ယွမ်ရှီး ဖြစ်နေလောက်လေပြီ။
အမှန်တကယ်တွင် အတိတ်မှ ဖြစ်ရပ်များမှာ အပြင်ဘက်လောကတွင် ပျံ့နှံ့နေပြီဖြစ်ပြီး သူတို့သည် ထူးခြားသည့်လူတစ်ယောက်ကို ရန်သူဖြစ်အောင်လုပ်လိုက်သောကြောင့် အခြားမျိုးဆက်များမှာ သူတို့ကို လှောင်ရယ်မြေကြသည်ပင်။
“မုန်းစရာကောင်းလိုက်တာ” တစ်စုံတစ်ယောက်မှ အံကြိတ်ကာ ပြောလိုက်သည်။
သူတို့အခု ဘာလုပ်ရတော့မှာလဲ .. သူတို့ဘာမှ ပြောင်းလဲလို့မရတော့ဘူး..
“အာကာသကလန် .. ခင်ဗျားတို့ရဲ့ ကောင်းကင်နတ်ဘုရားတွေနဲ့ တာအိုကာကွယ်သူက ဘယ်မှာလဲ .. ခင်ဗျားတို့အားလုံး ထွက်လာပြီးတော့ လာအသေခံလိုက်တော့..” ရှီဟောင် မြို့ပြင်မှ ကျယ်လောင်စွာ အော်ဟစ်ကာ စိန်ခေါ်လိုက်သည်။
အပိုင်း ၁၂၂၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၂ – အားသုံးကာ ဖိနှိပ်ခြင်း
အာကာသကလန်မှ ရာထူးကြီးပုဂ္ဂိုလ်များသည် အလွန်စိတ်ရှုပ်ဒေါသထွက်နေကြလေပြီ။
သူတို့သည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့် ဂျီးနီးယပ်စ်ကို လွဲချော်သွားပြီး ယခုအချိန်မှာတော့ နောင်တရရန် နောက်ကျလွန်းသွားလေပြီ။
” ဟေ့ .. ဘယ်သူမှ လာမတိုက်ကြဘူးလား” ရှီဟောင်၏အသံမှာ ကောင်းကင်ဘုံမြို့၏ ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားလေသည်။
ဤနေရာသည် မည်ကဲ့သို့သော နေရာဖြစ်သနည်း .. ဤသည်မှာ ယခင်ဧကရာဇ်ကလန်၏ ဘိုးဘေးမြေပင်။ ဤကလန်သည် ဆုတ်ယုတ်နေပြီဖြစ်သော်လည်း အလွန်တကူ အထင်သေး၍ရသည့်နေရာမဟုတ်ပေ။ သို့သော်လည်း လူငယ်လေးတစ်ယောက်သည် သူတို့ကို မြို့ထဲတွင် ပိတ်ထားကာ အပြင်ဘက်မှ စိန်ခေါ်နေလေပြီ။
အာကာသကလန်မှ ရာထူးကြီးသည့်သူများမှာ မျက်နှာပျက်နေလေပြီ။
အဘယ်ကြောင့်ဆိုသော် ယနေ့တွင် မည်ကဲ့သို့သော ရလဒ်မျိုး ထွက်လာပါစေ အဆင့်မြင့်နယ်မြေတွင် အာကာသကလန်၏ ဂုဏ်သတင်းမှာ အဆင့်တစ်ခုအထိ နိမ့်ကျသွားတော့မည်။
သူတို့ ရှီဟောင်ကို သတ်လိုက်လျှင်ပင် သူတို့ဂုဏ်သတင်းကို အဖက်ဆယ်နိုင်ဖို့ ခက်ခဲသွားလေပြီ။ ထို့အပြင် ရှီဟောင်ကို သတ်နိုင်လိမ့်မည်ဟု သူတို့ယုံကြည်ချက်မရှိပေ။ ဟွမ်၏ အောင်မြင်မှုများမှာ ပျံ့နှံ့နေသောကြောင့် သာမန်ကောင်းကင်နတ်ဘုရားများမှာ ဘယ်လိုလုပ် ဟွမ်၏ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း..
“မုန်းစရာကောင်းလိုက်တာ” အာကာသကလန်မှာ ဒေါသထွက်နေလေပြီ။
အမှန်တကယ်တွင် ရှီဟောင် ဘာမှလုပ်စရာမလိုပေ။ သူသွေးသံတရဲရဲတိုက်ပွဲကို တိုက်ခိုက်စရာမလိုဘူး .. သူဤနေရာတွင် နေ့တစ်ဝက်စောင့်ပြီးသည်နှင့် အာကာသကလန်၏နေရာကို တစ်ချက်တည်း မှုတ်ထုတ်ပစ်မည်ပင်။
ဤသည်မှာ သေချာပေါက်ပင် ကလန်တစ်ခုက လက်ခံနိုင်သည့်အရာမဟုတ်ပေ။
“ငါတို့သူ့ကို သတ်ရမယ် .. တတ်နိုင်သမျှ အချိန်တိုအတွင်းသတ်ရမယ် .. မဟုတ်လို့ သတင်းသာပျံ့သွားရင် ငါတို့ အာကာသကလန်က အရမ်းအားနည်းတဲ့ပုံ ပေါက်သွားပြီးတော့ သွေးဆာနေတဲ့ဝံပုလွေတွေကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
သို့သော်လည်း သူ၏အဆိုပြုချက်မှာ ချက်ချင်းပင် အခြားသူများ၏ မေးခွန်းထုတ်ခြင်း ခံလိုက်ရလေသည်။
“ဒီလူငယ်လေးနောက်မှာ မိုးမခနတ်ဘုရားရှိတယ်ဆိုတာ မမေ့နဲ့.. ဒီစီရင်စုသုံးထောင်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ ရှိလို့လား .. သူ့ကို သတ်လိုက်ရင် ငါတို့ကလန်ထဲကို ကပ်ဆိုးကြီးခေါ်လာတာနဲ့ အတူတူပဲ ဖြစ်သွားမှာ..”
မိုးမခနတ်ဘုရားအကြောင်းပြောလိုက်သည်နှင့် သူတို့စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခု စွဲထင်လာလေသည်။ ထိုနေ့တွင် မိုးခခနတ်ဘုရားသည် ကလန်ပေါင်းစုံမှ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ခဲ့ပြီး စွမ်းအားကြီးသည့် ဂိုဏ်းခေါင်းဆောင်အချို့ကိုပင် သတ်ပစ်ခဲ့သေးသည်။
လူဘယ်နှယောက်ကများ ဒီလိုမျိုးသက်ရှိကို ရန်ရှာရဲမှာလဲ..
“သူက ငါတို့ကို ဒီလောက်တောင်မှ အနိုင်ကျင့်၊ အရှက်ခွဲနေတာ .. ငါတို့က ဘာမှပြန်လုပ်လို့မရတော့ဘူးလား .. ငါတို့ သူ့ကို သတ်လို့မရဘူးဆိုရင်တောင်မှ သူ့ကိုတော့ ဖိနှိပ်ထားရမှာလဲ .. မိုးမခနတ်ဘုရားက ဒီလောက်အတွက်နဲ့တော့ ငါတို့ကို ပြဿနာရှာမယ်လို့ ငါမထင်ဘူး .. ရှာမယ်ဆိုရင်တောင်မှ သူ ငါတို့ဆီကို ရောက်လာတာနဲ့ ရှီဟောင်ကို လွတ်ပေးလိုက်လို့ရတယ်လေ”
တစ်စုံတစ်ယောက်မှ မှုန်မှိုင်းစွာ ပြောလိုက်သည်။ သူတို့သည် ယခင်က ဧကရာဇ်ကလန်တစ်ခုဖြစ်သော်လည်း ယခုတော့ သူတို့သည် ဤကဲ့သို့ ခြိမ်းခြောက်ခံနေရလေပြီ။
သူတို့သာ ရှီဟောင်နှင့် ဆက်ဆံရေးကောင်းမည်ဆိုလျှင် မိုးမခနတ်ဘုရားနှင့် မသေမျိုးသက်ရှိပင်လျှင် အာကာသကလန်နှင့် အတူရပ်တည်ပြီး သူတို့သည် အလွန်ကြောက်စရာကောင်းသည့် မဟာမိတ်ကြီး ဖြစ်သွားမည်ပင်။
သူတို့သည် ယွမ်ရှီးကို ကြည့်လိုက်ကြလေ၏။ သူတို့သာ ကြားမဝင်ခဲ့လျှင် သူတို့နှစ်ဦးကြားတွင် တစ်ခုခုဖြစ်နေလောက်လေပြီ။ ရှီဟောင်သည် အာကာသကလန်၏ သားမက်ပင် ဖြစ်လာလေပြီ။
သို့သော်လည်း ဤသည်မှာ နောက်ကျသွားလေပြီ။ ယွမ်ရှီးပေါ်လာပြီး ရှီဟောင်ကို တားနိုင်ဖို့သာ မျှော်လင့်မိတော့သည်။
ယွမ်ရှီး မျက်မှောင်ကြုတ်သွားရသည်။ သူမ၏ကလန်သားများကိုကြည့်ပြီး သူမမျက်နှာထက်တွင် စိတ်ပျက်သည့်အရိပ်အယောင်၊ ဝမ်းနည်းသည့်အရိပ်အယောင်များ ပေါ်လာလေသည်။
“ဘာမှ အများကြီးပြောနေစရာမလိုတော့ဘူး .. အခု အဲဒီကောင်နဲ့ ညှိနှိုင်းလို့ရမှာမဟုတ်ဘူး .. သူ့ကိုသာ ဖိနှိပ်ပြီး သူ့မိန်းမနဲ့ ပြန်လွတ်လိုက် .. ဒီတစ်နည်းပဲ ရှိတော့တာ”
“ဟုတ်တယ် .. ငါတို့အားနည်းပြနေရင် အပြင်လောကကြီးက ငါတို့ကို ဘယ်လိုထင်သွားမလဲ .. ငါတို့အာကာသကလန်အတွက် ပိုဆိုးလာလိမ့်မယ် .. သူငါတို့ကို အရင်တိုက်တာဆိုတော့ ငါတို့သူကို မဖမ်းရင်တောင်မှ မိုးမခနတ်ဘုရားက ငါတို့ကို လျှောက်သတ်နေမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်” တစ်စုံတစ်ယောက်မှ သဘောတူကြောင်း ပြောလိုက်သည်။
“ကောင်းပြီလေ .. အစီအရင်ကို အသက်သွင်းပြီးတော့ သူ့ကို ဖိနှိပ်လိုက်” သူတို့ ဆုံးဖြတ်ချက် ချလိုက်ကြသည်။
ထို့နောက်တွင် ကောင်းကင်ဘုံမြိုသည် နေလုံးကြီးကဲ့သို့ပင် တောက်ပလာလေ၏။ အရိုးစာသားများလည်း ကောင်းကင်ထက်တွင် တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာကာ အားလုံးကို ဖုံးလွှမ်းသွားလေ၏။
ဝုန်း..
ကောင်းကင်ဘုံမြို့သည် ရုတ်တရက်ပင် လှုပ်ရှားလာလေ၏။ မြို့ကြီးသည် ကြီးမားလှသည့် အဖိုးတန်ပစ္စည်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရှီဟောင်ထံသို့ ဦးတည်ကာ ပျံသန်းလာလေသည်။ အဆုံးမရှိသည့် သင်္ကေတများသည်လည်း ပင်လယ်လှိုင်းများကဲ့သို့ပင် ထွက်ပေါ်လာလေ၏။
ရှီဟောင် ထိတ်လန့်သွားကာ ခပ်ဝေးဝေးသို့ ရှောင်လိုက်သည်။
ဤမှော်ပစ္စည်းမှာ ကြောက်စရာကောင်းလွန်းလှသည်။ သာမန်ကောင်းကင်နတ်ဘုရားများသာ ဤပစ္စည်းနှင့်ထိမိလျှင် သူတို့၏ခန္ဓာကိုယ် တစ်စစီဖြစ်သွားပြီး အရိုးများလည်း ကျိုးကြေသွားမည်ပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သာမန်မှော်ပစ္စည်းမဟုတ်ပေ။ သမိုင်းဝင်ခေတ်မှ အာကာသကလန်သူရဲကောင်းခြောက်ယောက် မရေမတွက်နိုင်သည့် ကောင်းကင်ရတနာများဖြင့် ပြုပြင်ထားသည့် ပစ္စည်းတစ်ခုပင်။
ဤသည်မှာ ကလန်၏ အဆင့်လွန်ရတနာဟုပင် ပြော၍ရသည်။
ဤသည်မှာ အဆင့်မြင့်နယ်မြေတွင် ထိပ်ဆုံးလက်နက် ၁၀ မျိုးထဲ မပါဝင်သော်လည်း နံပါတ် ၁၀ နှင့် သိပ်ဝေးမည်မဟုတ်ပေ။
ရှီဟောင်သည် ဟော့လင်းအာကို သူနှင့်အတူ ခေါ်သွားပြီး ကောင်းကင်ထက်တွင် တစ်နေရာပြီးတစ်နေရာ ပြောင်းနေလေသည်။ သူတို့ ဤပစ္စည်းကို ထိပ်တိုက်ရင်ဆိုင်၍မရပေ။
“မိစ္ဆာလေး .. မင်းက အရမ်းကို စိတ်ကြီးဝင်နေတာပဲ .. ပြိုင်ဘက်ကင်းတဲ့ခွန်အား မရှိပဲတဲ့ မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်ကလူကများ ငါ့ရဲ့ အာကာသကလန်မှာ ရိုင်းရိုင်းစိုင်းစိုင်းပြုမူရဲတယ်ပေါ့ .. မင်းအသက်ကို ဖက်နဲ့ထုပ်ထားလိုက်တော့..”
ကျေနပ်နေသည့်အသံဖြင့် ကောင်းကင်ဘုံမြို့မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်.
ယခုလေးတင် သူတို့၏ ကောင်းကင်နတ်ဘုရားတစ်ယောက် သေဆုံးသွားသောကြောင့် ဤသည်မှာ သူတို့ကလန်အတွက် အရှက်ရစရာပင်။
“သူ့ကို သတ် .. ဒီလူငယ်မျိုးဆက်ကိုသတ်..”
“ငါ့အာကာသကလန်ကို ကျူးကျော်တဲ့သူတွေ သေရမယ်..”
လူများမှာ အော်ဟစ်နေကြလေသည်။ သွေးဆူလွယ်သည့်လူငယ်များမှာ ဘာကိုမှ မကြောက်တော့ပဲ ရှီဟောင်ကို ချက်ချင်းသတ်ပစ်ဖို့ပင် တောင်းဆိုနေကြလေပြီ။
ဟော့လင်းအာသည် အနည်းငယ်စိုးရိမ်နေပြီး ရှီဟောင်အလောကြီးနိုင်လွန်းသည်ဟု ခံစားနေရလေသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဧကရာဇ်ကလန်ဖြစ်ခဲ့သောကြောင့် သူတို့ဆုတ်ယုတ်နေလျှင်ပင် သူတို့ထံတွင် မယုံကြည်နိုင်လောက်သည့် ပညာများရှိသေးသည်ပင်။ ယခု သူတို့ ဤသို့ အတိုက်ခိုက်ခံနေရသည့်အချိန်တွင် ပြေးနေရုံသာ တတ်နိုင်တော့သည်။
သို့သော်လည်း သူမ မကြောက်ရွံ့ပေ။ သူမသည် ရှီဟောင်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူနှင့်အတူ နောက်ပြန်ဆုတ်နေလေသည်။
“စိတ်မပူပါနဲ့ .. ငါ သူတို့ကို မကြောက်လို့ ဒီကို လာရဲတယ်တာ” ရှီဟောင် သူမအား မစိုးရိမ်ရန် ပြောလိုက်သည်။
ထို့နောက်တွင် သူသသည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ထုတ်လိုက်ပြီး ကောင်းကင်ဘုံမြို့ကို ခုခံရန်အတွက် သူ့ရှေ့တွင် ထားလိုက်သည်။
ဝုန်း ဝုန်း ဝုန်း..
ထိုအချိန်တွင် ဝိဉာဉ်တစ်သောင်းသင်္ကေတသည် အလွန်တောက်ပလာပြီး ပုံရိပ်များတစ်ခုပြီး တစ်ခု ပေါ်လာလေသည်။
ရှေးဟောင်းသားရဲနှင့် နတ်ငှက်များ ပေါ်လာပြီး ပို၍စွမ်းအားကြီးသည့် အပင်အမျိုးအစားသက်ရှိများပင် ပေါ်လာလေ၏။
ဝိဉာဉ်တစ်သောင်းသင်္ကေတ တောက်ပလာသည်နှင့် ကောင်းကင်ဘုံမြို့ ရပ်တန့်သွားလေသည်။
ယခင်ကအတိုင်းပင် ဤသင်္ကေတသည် မတိုက်ခိုက်နိုင်သော်လည်း ခုခံနိုင်စွမ်းမှာ အားကောင်းလှသည်။
ကောင်းကင်ဘုံမြို့သည် ဆက်တိုက်ပင် တိုက်ခိုက်နေသော်လည်း အရိုးစာသားများအားလုံး ရပ်တန့်ခံလိုက်ရကာ ထို အမျိုးသားနှင့်အမျိုးသမီးစုံတွဲကို မထိခိုက်နိုင်ပေ။
အာကာသကလန်ထဲရှိ လူများအားလုံး ထိတ်လန့်သွားကြရသည်။ ဤသည်မှာ အဆင့်လွန်ရတနာတစ်ခုဖြစ်သော်လည်း ဤလူငယ်လေးကိုဘာမှမလုပ်နိုင်။
အချို့သူများမှာ ကျောပင်ချမ်းလာရသည်။ ဤရလဒ်မှာ ဆိုးရွားလွန်းလှသည်။
အစောပိုင်းက အော်ဟစ်နေကြသည့်သူများမှာလည်း ငြိမ်သက်သွားလေပြီ။
“ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ .. သူ့ကိုဘာလို့ သတ်လို့မရတာလဲ .. ဘယ်နှနှစ်ပဲရှိသေးလို့လဲ သူက ဒီလောက်တောင်မှ စွမ်းအားကြီးလာတာလား .. သူ့ကို အချိန်ထပ်ပေးလိုက်ရင် ငါတို့ အာကာသကလန်က လုံးဝ ပျက်စီးမသွားနိုင်ဘူးလား”
အချို့သူများမှာ အူထဲအသည်းထဲမှပင် ကြောက်ရွံ့နေကြလေပြီ။
“မရဘူး .. ငါတို့ သူ့ကို ရှင်းပစ်ရမယ်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ဤတိုက်ပွဲသတင်းသာ အပြင်ပေါက်ကြားသွားပါက ဂိုဏ်းအားလုံးမှ အာကာသကလန်အား အထင်သေးလာကြလိမ့်မည်။
သို့သော် သူတို့ ကောင်းကင်ဘုံမြို့ကို မည်မျှပင် အသက်သွင်းနေပါစေ ထိုဝိဉာဉ်တစ်သောင်းသင်္ကေတကို မဖျက်ဆီးနိုင်ပေ။
သူတို့ ထပ်ခါတလဲလဲ ကြိုးစားသော်လည်း ထိုတောက်ပနေသည့် အရိုးဖြူကို ဘာမှမလုပ်နိုင်ပေ။ နူးညံ့လှသည့်အားတစ်ခုက သူတို့ကို တားဆီးနေလေ၏။
အာကာသကလန်၏ အကြီးပိုင်းမှ လူများ မျက်နှာပျက်ယွင်းလာကြပြီး ကိစ္စများမှာ အလွန်ဆိုးရွားလာပြီဟုလည်း ခံစားနေရသည်။
“ငါတို့ မရှုံးသေးဘူးဆိုပေမယ့် ဒါက ငါတို့ကလန်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ် .. ဒီသတင်းသာ အပြင်ပေါက်ကြားသွားရင် အပြင်လောကကလူတွေကို ငါတို့ကို ဘယ်လိုမြင်မှာလဲ..”
“မင်းတို့မှာ သူ့ကို ဖမ်းနိုင်မယ့် နည်းလမ်းရှိလား..”
အားလုံး တိတ်ဆိတ်သွားလေ၏။ အာကာသကလန်ဘိုးဘေးသည် သဘောတူစာချုပ်အရ ထွက်သွားလေပြီ။ တာအိုကာကွယ်သူသည်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိပြီး သေမလိုဖြစ်နေလေပြီ။ ယခုအချိန်တွင် ရှီဟောင်ကို ရပ်တန့်နိုင်သည့်သူ မည်သူမှ မရှိတော့ပေ။
ကောင်းကင်ဘုံမြို့ကို ဆက်တိုက် အသက်သွင်းနေရခြင်းမှာ သူတို့၏ စွမ်းအင်အမြောက်အမြား ကုန်ဆုံးသည်သာ။ ဤအတိုင်းသာဆက်သွားပါက အာကာသကလန်သည် အရင်းအမြစ်များကို တတ်နိုင်တော့မည်မဟုတ်ပေ။
“ထားလိုက်တော့ .. ယွမ်ရှီးကို သူနဲ့စကားသွားပြောခိုင်းလိုက် .. သူပြန်ဆုတ်သွားဖို့အတွက် ငါတို့ဘာလုပ်ပေးရမလဲလို့ မေးလိုက်” သူတို့ထဲမှတစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။
အခြား ကောင်းကင်နတ်ဘုရားတစ်ပါးသည် မျက်နှာပျက်ယွင်းသွားကာ ဘေးနာမှ စားပွဲလေးကို လက်သီးဖြင့် ထိုးလိုက်ကာ သူ၏ဒေါသကို ဖြေလျော့လိုက်လေသည်။ သူသည် ဒေါသထွက်နေသော်လည်း သဘောတူရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပေ။
ယွမ်ရှီး ဆင့်ခေါ်ခံလိုက်ရသည်။ အမိန့်ကို လက်ခံရရှိပြီးသွားသည်နှင့် ကောင်းကင်ဘုံမြို့သည် လူတစ်ကိုယ်စာပွင့်လာပြီး သူမကို အပြင်ထုတ်လိုက်လေသည်။
ကောင်းကင်ဘုံမြို့သည် အနောက်ပြန်ဆုတ်သွားကာ သင်္ကေတများလည်း ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။ မြို့ရိုးပေါ်တွင် လူများပြည့်နှက်နေပြီး အားလုံး အာရုံစိုက်နေကြလေ၏။
ယွမ်ရှီး သက်ပြင်းချလိုက်သည်။ ဤသည်မှာ သူမကို အရှက်ရစေပြီး ခါးသီးစေသည့် တာဝန်တစ်ခုပင်။ အခြေအနေက ဘယ်လိုလုပ် ဒီအထိတောင် ရောက်လာတာလဲ .. သူမ၏စိတ်အခြေအနေမှာ အလွန်ကောင်းမနေပေ။
ယွမ်ရှီး လျှောက်လာပြီး သူမ၏ခရမ်းရောင်အဝတ်အစားများလည်း လွင့်မြောနေသည်။ သူမ၏အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီး အလွန်လှပလှသည်။
“အာကာသကလန်က တကယ်ရဲတင်းတာပဲ .. မင်းကိုဒီလိုမျိုးလွတ်လိုက်ပြီး ငါ့ဆီလာခိုင်းလိုက်တယ်ပေါ့ .. ငါတိုက်ခိုက်မှာကို သူတို့မကြောက်ဘူးလား” ရှီဟောင် သူ၏ သူငယ်ချင်းဟောင်းကို ကြည့်ကာ ပြောလိုက်သည်။
ယွမ်ရှီး၏ လှပသည့်ဘဲဥပုံမျက်နှာလေးထက်တွင် ခါးသီးမှုများနှင့် အရှက်ရမှုများ ပေါ်လာလေသည်။
“နေကောင်းလား” ယွမ်ရှီးသည် ရှီဟောင်အား ချဉ်းကပ်ရန် မကြိုးစားပဲ နှုတ်ပဲနှုတ်ဆက်လိုက်သည်။
“သိပ်မဆိုးပါဘူး” ရှီဟောင် ခေါင်းညိမ့်ပြလိုက်ပြီး ဘာမှ သိပ်မပြောပေ။ သူနှင့် ယွမ်ရှီးကြားတွင် ဘာရန်ငြိုးမှ မရှိပေ။ ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများမှာ သူမနှင့် ဘာမှမဆိုင်ပေ။
ယွမ်ရှီး စိတ်ရှုပ်ထွေးသွားရသည်။ ရှီဟောင်နှင့်ယှဉ်လျှင် သူမသည် ပို၍ခပ်တန်းတန်းဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
“မီးကလန်က မင်းသမီး .. နှစ်ပေါင်းများစွာ ကွဲကွာပြီးတော့ ကျွန်မတို့ ပြန်တွေ့ကြရပြီ” ယွမ်ရှီးသည် ရှီဟောင်နံဘေးတွင်ရှိနေသည့် ဟော့လင်းအာကို ကြည့်ပြီး ပြောလိုက်သည်။
“ဟုတ်တယ် .. မတွေ့တာ တော်တော်ကြာပြီ .. ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. နတ်သမီးယွမ်ရှီးက အရင်ကထက် ပိုကြည့်ကောင်းလာတယ်” ဟော့လင်းအာသည်လည်း သိပ်မအေး သိပ်မစိမ်းသည့်လေသံဖြင့်သာ ပြောလိုက်လေ၏။
အပိုင်း ၁၂၂၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၃ – အာကာသကလန်သားများ၏ သေဆုံးမှု
ယွမ်ရှီးသည် ပါးစပ်ဟကာ တစ်ခုခု ပြောရန်ပြင်လိုက်သော်လည်း ပြောမထွက်နိုင်ဖြစ်နေသည်။
“မင်း ပြန်သွားသင့်တယ်” ရှီဟောင် ပြောလိုက်၏။ သူမ ဘာကြောင့်ထွက်လာသည်ကို သူသိသည်။ ဒါပေမဲ့ သူက ဘာကြောင့် သဘောတူရမှာလဲ..
“ရှီဟောင် ကလန်ဘိုးဘေးတွေက နင်ထွက်သွားပေးပြီးတော့ ဒီကိစ္စကိုကြေအေးဖို့ သူတို့ဘာလုပ်ပေးရမလဲလို့ မေးခိုင်းလိုက်လို့ပါ” နောက်ဆုံးတော့ ယွမ်ရှီး ပြောလိုက်သည်။ သူမ မပြောလျှင် သူမကလန်သားများကို မည်ကဲ့သို့ ရှင်းပြရမည်နည်း..
“အဲဒီဘိုးဘေးဆိုတဲ့သူတွေကို ထွက်လာခိုင်းလိုက် .. ငါဒီကိစ္စကို တစ်ခါတည်းရှင်းပြီးတော့ အာကာသကလန်နဲ့ငါနဲ့ကြားက ရန်ငြိုးကို လျော်ပေးလိုက်မယ်” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
ယွမ်ရှီး၏ မျက်လုံးများ ပြူးကျယ်ကာ ထိတ်လန့်သွားရသည်။ ရှီဟောင်၏လေသံမှာ တည်ငြိမ်နေသော်လည်း သူထုတ်လွတ်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ လေးလံလှသည်။ သူလူများကို သတ်ဖြတ်တော့မည်။
အခြေအနေများမှာ အာကာသကလန်အတွက် အလွန်ဘေးကျပ်နံကြပ်ဖြစ်နေလေပြီ။
ကလန်တစ်ခုတွင် ကောင်းကင်နတ်ဘုရားမည်မျှရှိမည်နည်း.. အာကာသကလန်မှ ရာထူးကြီးသည့်သူများမှာ ကလန်၏ စွမ်းအားအကြီးဆုံး ကောင်းကင်နတ်ဘုရားများပင်။ သူတို့အားလုံး အသတ်ခံရလျှင် သူတို့ကလန်ကြီး ထိုးကျသွားလိမ့်မည်။
သူက အာကာသကလန်က ရာထူးကြီးတဲ့သူတွေအားလုံးကို ဖြုတ်ချပစ်မှာလား..
မြို့ရိုးပေါ်တွင်ရှိနေသည့်သူများမှာ သူတို့ပြောနေသည့်စကားများကို မကြားရသော်လည်း သူတို့နှုတ်ခမ်းလှုပ်ပုံများကို ဖတ်လိုက်သည်နှင့် သူတို့ဘာပြောနေသလဲဆိုသည်ကို ကောက်ချက်ချနိုင်သည်သာ။
ဤသည်မှာ အလွန်မာနကြီးနေခြင်းသာ။ လူတစ်ယောက်တည်းဖြစ်သော်လည်း ကလန်တစ်ခု၏ ရာထူးကြီးသည့်သူများကို သတ်ချင်နေသေးသည်။
သူတို့ သူ့ရဲ့ခွန်အားကို အသိအမှတ်မပြုတဲ့ကိစ္စကို အသားထားလိုက်ဦး .. သူ့ဆီမှာ အဲဒီလိုမျိုးပညာတွေ ရှိနေတယ်ဆိုရင်တောင်မှ အာကာသကလန်က ရာထူးကြီးတဲ့သူတွေက သူတို့အသတ်ခံရမှာကို ထိုင်စောင့်နေရမှာလား..
ကောင်းကင်ဘုံမြို့ထဲတွင် ဖရိုဖရဲဖြစ်နေလေပြီ။
မြို့ပြင်ဘက်တွင် ယွမ်ရှီးသည့် ရှီဟောင်ကို ကြောင်ငေးစွာ စိုက်ကြည့်နေပြီး နောက်ဆုံးအကြိမ် ကြိုးစားကြည့်လိုက်သည်။ “ကလန်က အကြီးအကဲတွေနဲ့ တစ်ခြားသူတွေက နင်စိတ်ပျက်အောင် လုပ်ခဲ့တယ်ဆိုတာ ငါသိပါတယ် .. ဒါပေမဲ့ .. သူတို့ကို နည်းနည်းလောက် သက်ညှာပေးလို့မရဘူးလား..”
ရှီဟောင် အလျော်လိုချင်လားဟု သူမ မေးခဲ့သည်။ အာကာသကလန်သည် ကောင်းကင်ပစ္စည်းမျိုးစုံ၊ ဝိဉာဉ်ဆေးမျိုးစုံနှင့် အဖိုးတန်ဆေးမျိုးစုံကို ပေးနိုင်သည်သာ။
ရှီဟောင်၏အဖြေစကားမှာ ပြတ်သားလှသည်။ အနောက်ကို တစ်လှမ်းမှ ပြန်မဆုတ်နိုင်ကြောင်း ပြောလိုက်လေ၏။ “ယွမ်ရှီး .. မင်းပြန်သွားလိုက်တော့ .. ငါတို့နှစ်ယောက်လုံးက အဆင့်နိမ့်နယ်မြေက လူတွေဆိုတော့ ငါမင်းအတွက် ခက်ခဲအောင် မလုပ်ချင်ဘူး .. ဒါပေမဲ့ တစ်ခြား အာကာသကလန်က ကျွမ်းကျင်သူတွေသာ ငါ့ကို အကြံလာပေးရင် ငါသူတို့ကို ချက်ချင်း သတ်ပစ်လိုက်မှာ”
ယွမ်ရှီးဘာမှမပြောတော့ပဲ နီရဲနေသည့်မျက်လုံးများဖြင့် နောက်ပြန်လှည့်သွားလိုက်သည်။ သူမတာဝန်ပြီးဆုံးသွားလေပြီ။ သို့သော်လည်း သူမရှုံးနိမ့်ခဲ့သည်။ သူမသည် ကလန်နှစ်ခုကြားတွင် ရောက်နေပြီး အလွန်ခက်ခဲသည့်အခြေအနေ ရောက်နေလေပြီ။
“ဟေ့ကောင် .. မင်းကိုယ်မင်း ဘာထင်နေတာလဲ .. မင်းကိုယ်မင်း အသက်ရှည်တဲ့လူလို့ ထင်နေတာလား .. ငါ့ကလန်က အကြီးအကဲတွေရဲ့ခေါင်းကို လွယ်လွယ်ကူကူရ,ရအောင် မင်း တစ်မိုးအောက် တစ်အောက် ပြိုင်ဘက်ကင်းတဲ့သူ မဟုတ်သေးဘူး” တစ်စုံတစ်ယောက်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။
အာကာသကလန်သည် ယခင်က ဧကရာဇ်ကလန်ဖြစ်ခဲ့သောကြောင့် သူတို့၏ မာနကြီးမှုမှာ အရိုးထဲစွဲနေလေပြီ။ သူတို့က ဘယ်လိုလုပ် ဤကဲ့သို့ လူငယ်တစ်ယောက်မှ အထင်သေးနေသည်ကို သည်းခံနိုင်မည်နည်း..
ကောင်းကင်ဘုံမြို့သည် တောက်ပလာကာ ရှီဟောင်ထံသို့ ဦးတည်လာလေသည်။
သို့သော်လည်း ရှီဟောင်လက်ထဲတွင်ရှိနေသည့် ဝိဉာဉ်တစ်သောင်းသင်္ကေတ တောက်ပလာကာ သူ့အား ကာကွယ်လိုက်လေ၏။
အမှန်တကယ်တွင် ရှီဟောင်လည်း မြို့ထဲသို့ မဖောက်ဝင်နိုင်ပေ။ သူ့ထံတွင် စွမ်းအားကြီးသည့်လက်နက်မရှိပေ။ ဝိဉာဉ်တစ်သောင်းသင်္ကေတသည် တိုက်ခိုက်မှုများ မလုပ်နိုင်ပဲ ခုခံရုံသာ တတ်နိုင်လေသည်။
ထိုကဲ့သို့ပင် နှစ်ဖက်လုံးမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေလေပြီ။
ရှီဟောင်သည် ဘာမှမဖြစ်ပေ။ စိုးလည်းမစိုးရိမ်ပေ။ သို့သော် အာကာသကလန်မှာမူ မတူပေ။ သူတို့ဂိတ်ကို တစ်ယောက်ယောက်က ဤသို့ လာတိုက်နေခြင်းမှာ သူတို့အတွက် အရှက်ရမှုပင်။
သူတို့အကြောက်ရဆုံးမှာ သတင်းပျံ့သွားမည်ကိုပင်။ သတင်းသာပြန့်သွားပါက ဂိုဏ်းအားလုံးမှ သူတို့ကို အထင်သေးကာ ရန်စလာလိမ့်မည်။
“ကောင်းကင်ဘုံမြို့က အဆင့်မြင့်နယ်မြေမှာ နာမည်ကြီးတဲ့ ရတနာတစ်ခုပဲ .. ကျွန်မတို့ ဒီထဲကို ဖောက်ဝင်ဖို့ မဖြစ်နိုင်ဘူး .. ဒီလိုမျိုး ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေအတိုင်း ဆက်နေရင်ကောင်းပါ့မလား .. သူတို့မှာ တစ်ခြား အရံပညာတွေ နည်းလမ်းတွေ ရှိနေနိုင်တယ်” ဟော့လင်းအာ ရှီဟောင်အား သတိပေးလိုက်သည်။
“ကိစ္စမရှိဘူး .. ငါသူတို့ကို တစ်ရက်၊ နှစ်ရက်လောက် တားထားဖို့ပဲလိုတာ .. အဲဒီလောက်ဆိုရင် သူတို့ အဆင့်မြင့်နယ်မြေမှာ ခေါင်းမထောင်နိုင်အောင် လုပ်ဖို့ လုံလောက်တယ်” ရှီဟောင် ပြောလိုက်သည်။
သူသည် ကောင်းကင်နတ်ဘုရား တစ်ယောက်နှင့်ယှဉ်၍ရပြီဖြစ်သော်လည်း ဂိုဏ်းကြီးတစ်ခုကို ရှင်းပစ်ရလောက်အောင်ထိ စွမ်းအားမကြီးသေးပေ။ ထို့ကြောင့် သူတတ်နိုင်သည်သာ သူတို့ကို ဖိအားပေးပြီး သူတို့သိက္ခာကျအောင် လုပ်ရုံသာ။
“မကောင်းတော့ဘူး.. ကောင်းကင်နတ်ဘုရား ချီထော်က အပြင်ဘက်မှာ ရောက်နေတာ .. သူထွက်သွားတာ တော်တော်ကြာနေပြီ သူပြန်လာသင့်နေပြီ .. သူ့ကို မိစ္ဆာလေးသာ နှောက်ယှက်လိုက်ရင် ဒုက္ခများတော့မှာ” ကောင်းကင်ဘုံမြို့မှလူများ ရေရွတ်လိုက်သည်.
ကောင်းကင်နတ်ဘုရားချီထော် တိုက်ခိုက်ခံရမည်ကို သူတို့အလွန်စိုးရိမ်နေကြလေသည်။
“ဟမ် .. အဲဒီလူငယ်လေးက ဘယ်ရောက်သွားတာလဲ” အားလုံး ဆွံ့အသွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ရှီဟောင် အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
“အောက်မှာ..”
တစ်စုံတစ်ယောက် သူ့ကို တွေ့သွားလေပြီ။ ရှီဟောင်သည် ရှေးဟောင်းမြေနှင့် လီတစ်သိန်းပတ်လည်အတွင်းတွင်ရှိနေဆဲပင်။ သို့သော်လည်း သူသည် အမဲလိုက်ခြင်းမဟုတ်သလို ဆေးပင်များ ခူးနေခြင်းလည်း မဟုတ်ပေ။ သို့သော်လည်း သူသည် အစောပိုင်းက သူရိုက်ချထားသည့် နတ်ဘုရားအစစ်များကို စစ်မေးနေခြင်းပင်။
ခဏကြာပြီးသည့်နောက်တွင် သူ၏မျက်လုံးများ အရောင်တောက်လာလေ၏။ အပြင်ဘက်မှ ပြန်လာမည့် ကောင်းကင်နတ်ဘုရားတစ်ယောက် တကယ်ရှိနေလေသည်။ ဤသည်မှာ အခွင့်အရေးကောင်းပင်။
အထူးသဖြင့် ကောင်းကင်နတ်ဘုရား၏ နာမည်ကိုကြားပြီးသည့်နောက်တွင် သူ၏မျက်လုံးများ ပို၍ တောက်ပလာလေသည်။
“ချီထော် … ခင်ဗျားပဲ..”
ယခင်တုန်းက သူ့ကို သွေးလွင်ပြင်မှ ကောင်းကင်ဘုံမြို့သို့ ခေါ်လာခဲ့သည့်သူလည်း ဤလူပင်။
“ချီထော် ဘယ်မှာရှိနေတာလဲဆိုတာ တစ်ယောက်ယောက် သိကြလား .. ငါတို့ သူ့ကို မြန်မြန်သတင်းပို့ဖို့ လိုတယ်” ကောင်းကင်ဘုံမြို့မှ လူများမှာ အလွန်စိုးရိမ်နေကြလေပြီ။
ဤသည်မှာ စွမ်းအားကြီးသည့် ကောင်းကင်နတ်ဘုရားတစ်ယောက်ဖြစ်သော်လည်း အားလုံး ချီထော်ကို စိုးရိမ်နေကြလေပြီ။
ကံမကောင်းစွာဖြင့်ပင် ချီထော်ရှိနေသည့်နေရာကို မည်သူမှ မသိပေ။ ကောင်းကင်နတ်ဘုရားတစ်ယောက် ရှိနေသည်နေရာကို သိနိုင်ရန် ခက်ခဲလှသည်။
ရှီဟောင် ဤရှေးဟောင်းမြေကို သေချာကြည့်လိုက်သည်။ သူသည် အခွင့်အရေးကို စိတ်ရှည်စွာပင် စောင့်နေလိုက်သည်။
ထို့အပြင် သူသည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးအား အစီအရင်များ ချခိုင်းပြီးသွားလေပြီ။
“အတင့်ရဲလိုက်တာ .. ငါတို့နယ်မြေမှာ ဒီလိုမျိုး အစီအရင်တွေ လာချနေတယ် .. သူတို့က ဒီနေရာကို ဘာထင်နေတာလဲ” အချို့လူများ ဒေါသတကြီး အော်ဟစ်လိုက်ကာ ကောင်းကင်ဘုံမြို့ကို နောက်တစ်ကြိမ် ပစ်လွှတ်လိုက်လေ၏။
“ဟမ် .. ရောက်လာပြီ” ရှီဟောင်၏မျက်လုံးများ အရောင်တောက်လာသည်။
ရှီဟောင်သည် ကောင်းကင်ဘုံမြို့သို့ ကြည့်နေခြင်းမဟုတ်ပဲ အောက်ဘက်သို့ ကြည့်နေခြင်းပင်။ အပြင်ဘက်မှ တစ်စုံတစ်ယောက်ဝင်လာပြီး လီတစ်သိန်းအမဲလိုက်ကွင်းနှင့် ဆေးခင်းထဲသို့ ခြေချလာလေပြီ။
ရှီဟောင် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့ကို မှတ်မိသည်။ သူသည် ချီထော်ပင်။
“မြန်မြန်ပုန်း..” ကောင်းကင်ဘုံမြို့ထဲမှ လူများသည်လည်း သူ မည်သည့်နေရာတွင်ရှိနေသလဲဆိုသည်ကို တွေ့သွားပြီး သူ့အား ကျယ်လောင်စွာပင် အော်ပြောလိုက်ကြလေသည်။
ချီထော်သည် အရွယ်ကောင်းတွင်သာ ရှိနေသေးသဖြင့် သူ၏တုံ့ပြန်မှုများမှာ မြန်ဆန်လှသည်။ သူသည် ကောင်းကင်ထက်သို့ တရှိန်ထိုးပင် ပြေးတက်သွားလေသည်။
သို့သော် ရှီဟောင်သည် လျှပ်စီးနှင့် သူ၏ကျောဘက်တွင်ရှိနေသည့် ခွန်ပန်အတောင်ပံတို့ကို အသက်သွင်းလိုက်ပြီဖြစ်ပြီး ချီထော်ထံသို့ တရှိန်ထိုး ပြေးသွားလေသည်။
သူတို့နှစ်ဦးလုံးသည် လေဟာနယ်ကို ဖွင့်လိုက်ပြီး အရှိန်အမြင့်ဆုံး တင်လိုက်ကြသည်။
သို့သော်လည်း ချီထော်မှာ အနည်းငယ် နှေးနေဆဲပင်။ သူမည်မျှပင် မြန်ဆန်နေပါစေ ခွန်ပန်နှင့် မယှဉ်နိုင်ပေ။
“မင်းပဲ..” ချီထော်သည်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှီဟောင်အား မှတ်မိသွားလေပြီ။ သူ၏စိတ်ထဲတွင် တုန်လှုပ်သွားရသည်။
ချီထော်သည် သူ၏နတ်စွမ်းအား အားလုံးကို အသုံးပြုလိုက်ကာ ရှီဟောင်ကို ခုခံရန်အတွက် သူ၏ကျင့်ကြံဆင့်အားလုံးကို အသုံးပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် ချီထော်အား ကူညီပေးချင်သောကြောင့် ကောင်းကင်ဘုံမြို့လည်း ကျဆင်းလာလေသည်။
ရှီဟောင်၏မျက်လုံးများမှာ လောင်ကျွမ်းနေပြီး တောက်ပသည့် အလင်းတန်းနှစ်ခုလည်း ထွက်ပေါ်လာလေသည်။ သူသည် ထာဝရဓားကိုလည်းဆွဲထုတ်လိုက်ပြီး အရှေ့ဘက်သို့ လွှဲခုတ်လိုက်သည်။
ရှီဟောင်သည် သူ့ဓားကို ပေါ့ပေါ့တန်တန်မသုံးပေ။ သူဤဓားကို သုံးလိုက်သည်ဆိုကတည်းက သူတကယ်ဒေါသထွက်နေသောကြောင့်ပင်။
ဓားအလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားကာ အရိုးစာသားများသည်လည်း ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ဖူး..
ခေါင်းတစ်လုံး လွင့်ထွက်လာပြီး ချီထော် အသတ်ခံလိုက်ရလေပြီ။ သူ၏မူလဝိဉာဉ်ပင်လျှင် မလွတ်မြောက်နိုင်ပေ။ ရှီဟောင်၏ ရိုက်ချက်တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရခြင်းပင်။
“အား…” ကောင်းကင်မြို့ရိုးပေါ်တွင် ရှိနေသည့် လူများသည် ထိတ်လန့်တကြားပင် အော်ဟစ်လိုက်လေ၏။
ထိုနေ့တွင် အာကာသကလန်သည် ကောင်းကင်နတ်ဘုရားနှစ်ယောက်ကို ဆုံးရှုံးသွားရလေပြီ။ မိုလော့နှင့် ချီထော်မှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရလေပြီ။ ဤသည်မှာ ကြီးမားသည့် ဆုံးရှုံးမှုကြီးပင်။
“ဘာလို့ဒီလိုမျိုးဖြစ်ရတာလဲ .. ဘာလို့ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ” မြို့ရိုးပေါ်တွင် ရှိနေသည့် ကလန်အကြီးအကဲများမှာ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြလေပြီ။
“မုန်းစရာကောင်းလိုက်တာ” ကလန်မှ လူများစွာ အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း မည်သူမှ မြို့ပြင်ထွက်ကာ လက်စားမချေရဲပေ။ ကြီးကျယ်ခမ်းနားလှသည့် ဂိုဏ်းကြီးမှာ ယခုတော့ လူတစ်ယောက်ကြောင့် ပိတ်မိနေလေပြီ။
ရှီဟောင်သည် ထိုကဲ့သို့ပင် တစ်နေ့နှင့်တစ်ညနေခဲ့ပြီး ဤဂိုဏ်းကြီး ရူးမတတ်ဖြစ်သွားအောင် လုပ်လိုက်လေ၏။
မြို့ထဲတွင် အချို့လူများသည် ဟွမ်ကိုပြန်တိုက်ရန်အတွက် လူစုနေကြလေ၏။
ထို့ကြောင့် မြို့တစ်ခုလုံး အလွန်ဆူညံနေလေသည်။
“ဘာဖြစ်တာလဲ .. ဘာလို့အဲဒီလောက်ဆူညံနေတာလဲ” ရေခဲနန်းတော်ထဲမှ အသက်ကြီးနေသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။ ဤသည်မှာ အာကာသကလန်၏ တာအိုကာကွယ်သူပင်။
“အရှင် .. ဟွမ် ရောက်နေပါတယ် .. သူက မြို့ပြင်ဘက်မှာ ရပ်နေပြီးတော့ ကျွန်တော်တို့ကလန်က ကောင်းကင်နတ်ဘုရားနှစ်ယောက်ကို သတ်ပြီးသွားပါပြီ” တာအိုကလေးတစ်ယောက်မှ သတင်းတင်ပို့လိုက်သည်။
“ဘာ .. အဲဒီလူငယ်မျိုးဆက်ဟွမ်က ဒီလိုမျိုးတောင် လုပ်ရဲနေတာလား .. မိုးမခကောင်ရော သူနဲ့ပါလာတာလား..” တာအိုကာကွယ်သူမေးလိုက်သည်။ သူ၏စိတ်ထဲတွင် အနည်းငယ်စိုးရိမ်နေသည်သာ။ မိုးမခသစ်ပင်သာပါလာလျှင် မည်သူက သူ့ကိုရင်ဆိုင်နိုင်မည်နည်း..
“မပါပါဘူး .. ဟွမ်တစ်ယောက်တည်းပါပဲ..”
ဤသည်ကို ကြားသည်နှင့် တာအိုကာကွယ်သူသည် သီးသန့်ကျင့်ကြံသည့်နေရာမှ ချက်ချင်းထွက်ခွာလာလေသည်။
ထို့နောက်တွင် ကောင်းကင်ဘုံမြို့မှ အကြီးအကဲများသည်လည်း သတင်းတင်ပို့ချက်ကို ရလိုက်ကာ ချက်ချင်းပင် ရောက်လာကြလေသည်။
“အရှင် .. အရှင့်ဒဏ်ရာတွေ မပျောက်သေးပါဘူး .. ကျေးဇူးပြုပြီးတော့ အရှင်ဒဏ်ရာတွေကို ပျောက်ကင်းအောင်သာ ကုသလိုက်ပါ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“ငါက အခု ဒဏ်ရာတွေကို ကုနေရမှာလား .. အဲဒီကောင်က ငါတို့ဂိတ်တံခါးကိုတောင် ရောက်နေပြီ .. ငါသူ့ကို ဟန့်တားရမယ်” တာအိုကာကွယ်သူ ပြောလိုက်သည်။
အာကာသကလန်မှ တာအိုကာကွယ်သူသည် အသက်ဘေးမှ လွတ်လာပြီးနောက် ပြန်ကောင်းလာရန်အတွက် တစ်ချိန်လုံး သီးသန့်ကျင့်ကြံနေရခြင်းပင်။
“တာအိုကာကွယ်သူအရှင် .. အရှင် ဟွမ်ကို သတ်ရပါမယ်”
“အရှင် သူ့ကို အရှင်ဖမ်းချင်မယ်လို့ ကျွန်တော်ပြောရဲတယ်..”
ကောင်းကင်ဘုံမြို့မှ လူအားလုံးသည် ဤတိုက်ပွဲကို စောင့်ကြည့်နေလိုက်ကြလေ၏။
“အမ် .. အဲဒီလူအိုကြီး ထွက်လာတာလား” ရှီဟောင် ထိတ်လန့်သွားရသည်။ သူသည် ကောင်းကင်မျက်လုံးကို အသုံးပြုကာ ကောင်းကင်ဘုံမြို့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ခြင်းပင်။
ထို့ကြောင့်ပင် တာအိုကာကွယ်သူ ထွက်လာသည်နှင့် သူချက်ချင်းသိလိုက်ရသည်သာ။
“မြန်မြန်ထွက်သွားရအောင်” ဟော့လင်းအာ အကြံပေးလိုက်သည်။
“လောစရာမလိုပါဘူး” ရှီဟောင် ခေါင်းခါလိုက်၏။
“မိစ္ဆာလေး .. မင်းက ငါ့ရဲ့ အာကာသကလန်ရှေ့မှာ ပေါ်လာရဲသေးတာလား” တာအိုကာကွယ်သူ အော်ဟစ်လိုက်ကာ သူ၏ခြောက်ကပ်နေသည့် လက်ဝါးဖြင့် ရှီဟောင်အား ဟန့်တားလိုက်လေသည်။
“လူအိုကြီး .. အရင်တစ်ခေါက်တုန်းက ထာဝရရှေးဟောင်းမြေအပြင်ဘက်မှာ ခင်ဗျား အသက်တစ်ဝက်လောက် ထွက်သွားတဲ့အထိ အရိုက်ခံလိုက်ရပြီးတော့ အခွင့်အရေးရတာနဲ့ ချက်ချင်း ထွက်ပြေးခဲ့တာလေ .. ခင်ဗျားကအခု ဝင့်ကြွားနေပြန်တာလား” ရှီဟောင် လှောင်ပြောင်လိုက်သည်။
သူသည်လျင်မြန်စွာပင် နောက်ဆုတ်လိုက်ကာ ထိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
တာအိုကာကွယ်သူ၏ အမူအရာမှာ အေးခဲသွားပြီး သူ၏မျက်နှာမှာလည်း အရောင်အဆင်းမရှိတော့ပေ။ သူသည် ကောင်းကင်ဘုံမြို့မှ ချက်ချင်းပင် ခုန်ထွက်လာကာ ရှီဟောင်နောက် ပြေးလိုက်သွားလေသည်။
“လူအိုကြီး .. ကျုပ်ကြားတာတော့ ခင်ဗျားက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး သေတော့မှာဆို .. အခု ခင်ဗျား ခုန်ထွက်လာနိုင်အောင် ကျုပ်ခင်ဗျားကို သတ္တိပေးလိုက်တော့ ဘယ်လိုလဲ” ရှီဟောင် လှောင်ပြောင်လိုက်သည်။
သို့သော်လည်း သူဤနေရာတွင် အချိန်မဆွဲရဲပေ။ သူသည် ထာဝရဓားကို သုံးကာ လေဟာနယ်ကို ထိုးဖောက်ပြီး ထွက်ပြေးသွားလိုက်သည်။ ထို့အပြင် သူသည် လေဟာနယ်ပျက်စီးခြင်းသင်္ကေတကိုလည်း အသင့်ပြင်ထားလိုက်သည်။
သူတာအိုကာကွယ်သူနှင့် ထိပ်တိုက်မတိုက်ခိုက်နိုင်ပေ။
ဝုန်း..
လေဟာနယ် ပေါက်ကွဲသွားသော်လည်း တာအိုကာကွယ်သူ မျက်နှာပျက်သွားသည်။ သူ့အဖိုးတန်ပညာ၏ တိုက်ခိုက်မှုများမှာ ရှီဟောင်ကို မထိခိုက်သောကြောင့် အကျိုးသက်ရောက်မှုမရှိပေ။
တာအိုကာကွယ်သူသည် သူ့နောက်လိုက်နေသော်လည်း သူ့ကို ဖမ်းမမိနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ရှီဟောင့်ထံတွင် သူ့အား လျင်မြန်စွာ ရွေ့လျားသွားစေနိုင်သည့် လျှို့ဝှက်ရတနာတစ်ခု ရှိနေလေသည်။ ဥပမာအားဖြင့် ထာဝရရှေးဟောင်းမြေမှ ဂိုဏ်းခေါင်းဆောင်ကိုးယောက်လုပ်ပေးထားသည့် ရွှေရောင်နယ်မြေပျက်စီးခြင်းသင်္ကေတသည် အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်သည်ပင်။
“ကျွန်မတို့ လွတ်သွားပြီ .. ကျွန်မတို့ ပြန်မသွားကြရအောင်” ဟော့လင်းအာ ပြောလိုက်သည်။
“စိတ်မပူပါနဲ .. သူသာ စွမ်းအားကြီးနေရင် ငါတို့က ဘယ်လိုလုပ် လွတ်နိုင်မှာလဲ” ရှီဟောင်၏ မျက်လုံးများ အရောင်တောက်လာလေ၏။ သူသည် ဤတာအိုကာကွယ်သူကို ဆိုးဆိုးဝါးဝါးကြီး ရှင်းပစ်ချင်နေလေပြီ။
“ဒီလူက အရမ်းစွမ်းအားကြီးတယ် .. ကျွန်မတို့ သူ့ကို ရန်စလို့မရဘူး” ဟော့လင်းအာ အကြံပေးလိုက်သည်။
“သူ့မှာ အစကတည်းက အချိန်သိပ်မရှိတော့ဘူး .. သူ့ကိုရန်စပြီးတော့ တစ်ဖြည်းဖြည်းချင်းသေအောင် နှိပ်စက်လို့ရလောက်တယ်လို့ ငါခံစားနေရတယ်” ရှီဟောင်ပြောလိုက်သည်။
တာအိုကာကွယ်သူသည် အောင်မြင်မှုမရပဲ ပြန်လာရသောကြောင့် အလွန်အရှက်ရနေလေသည်။
သို့သော်လည်း ရှီဟောင် နောက်တစ်ကြိမ်ပြန်ပေါ်လာကာ ကောင်းကင်ဘုံမြို့အပေါ်တွင်ရှိနေသည့် တာအိုကာကွယ်သူကို လက်ညှိုးထိုးကာ စိန်ခေါ်လာလေသည်။
တာအိုကာကွယ်သူ၏အမူအရာမှာ ပို၍ပင် မည်းမှောင်လာပြီး ရှီဟောင်နောက်သို့ နောက်တစ်ကြိမ် ပြေးလိုက်သွားလေ၏။
“ကျွန်မတို့ နောက်တစ်ခေါက် ပြန်သွားဦးမှာလား..” ဟော့လင်းအာ ထိတ်လန့်သွားရသည်။ ရှီဟောင်သည် ထွက်ပြေးပြီးသွားသော်လည်း သူတို့အား ဆက်တိုက်ပင် ပြန်ပြီးရန်စနေလေသည်။
“ဟုတ်တယ် .. အဲဒီလူအိုကြီးကို မောပြီးသေသွားအောင် လုပ်မှာ” ရှီဟောင် ပြောလိုက်သည်။
ငါးကြိမ်မြောက်တွင် တာအိုကာကွယ်သူသည် ရှီဟောင်ရှိနေသည့်နေရာကို ခန့်မှန်းရန်အတွက် ထိုင်ချလိုက်သည်။
“အရှင် .. မလုပ်ပါနဲ့..” ကောင်းကင်မြို့ထဲမှလူအား သူ့အား ဖျောင်းဖျရန် ကြိုးစားကြလေ၏။
“ငါ့မှာ အစကတည်းက အချိန်အများကြီး သိပ်မကျန်တော့ဘူး .. ဒီတစ်ခေါက်က ဒဏ်ရာလည်း ပြင်းပြင်းထန်ထန်ရထားတာ .. အခုက သူ့ကို စုံစမ်းစစ်ဆေးဖို့ အချိန်ကောင်းပဲ” တာအိုကာကွယ်သူ ပြောလိုက်သည်။
ရှီဟောင် အဝေးတွင်ရောက်နေပါက တာအိုကာကွယ်သူ ဤသို့ ပြုလုပ်မည် မဟုတ်ပေ။ သို့သော်လည်း သူသည် အနီးအနားတွင်ရှိနေသောကြောင့် သူလွယ်လွယ်ကူကူအောင်မြင်နိုင်လိမ့်မည်ဟု သူခံစားနေရသည်။
ဖူး..
သို့သော် ခဏကြာပြီးသည့်နောက်တွင် တာအိုကာကွယ်သူ သွေးအန်သွားလေသည်။ သူ၏မျက်နှာလည်း ကြောက်ရွံ့မှုများ ပြည့်နေလေပြီ။
“ဘာလို့လဲ … သူက ဒီနားမှာပဲကို ..ဒီလောက်နီးနီးလေးဆိုရင် ငါ့ကို ပြန်မထိသင့်ဘူးလေ .. သူက ကောင်းကင်ရဲ့ကောင်းချီးပေးခံထားရတာလား” တာအိုကာကွယ်သူ ထိတ်လန့်သွားရသည်။
သို့သော်လည်း သူသည် ဤရလဒ်ကို လက်မခံနိုင်သောကြောင့် သူမသေခင် ရှီဟောင်ကို ဖိနှိပ်ရန် ထပ်ကြိုးစားလိုက်လေသည်။
ယခုတစ်ခေါက်တွင် ပို၍ပြင်းထန်လေသည်။ တာအိုကာကွယ်သူသည် သွေးအန်သွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။
“ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ” ယခင်တုန်းကလည်း သူဤနတ်စွမ်းရည်ကို အသုံးပြုခဲ့ဖူးသည်။ သို့သော် သူတို့အကွာအဝေးမှာ ဝေးကွာလွန်းလှသောကြောင့် သူဒုက္ခများခဲ့ရသည်။
သို့သော်လည်း ယနေ့တော့ ရှီဟောင်သည် သူ့အနားတွင်သာရှိသော်လည်း သူရှုံးနိမ့်နေဆဲပင်။ သူရှိသည့်နေရာကို မသိနိုင်ပဲ သူသာ ဒဏ်ရာရလာလေသည်။
“ငါမသေခင် သူ့ကို ဖမ်းချင်တယ်” တာအိုကာကွယ်သူ၏ စိတ်ဆုံးဖြတ်ချက်မှာ ပြတ်သားလှသည်။
သူနတ်စွမ်းရည်ကို နောက်တစ်ကြိမ်အသုံးပြုလိုက်သော်လည်း သူ၏မျက်ခုံးကြား အက်ကွဲသွားကာ သူ၏ဒွါရ ၇ ပေါက်မှ သွေးများစီးကျလာလေ၏။ “ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ .. ငါအနာဂတ်ကို မြင်လိုက်ရတယ် .. ဒီလူက..” သူရေရွတ်လိုက်သည်။
တာအိုကာကွယ်သူ ရုတ်တရက်ကြီး တုန်ယင်သွားသည်ကို အာကာသကလန်မှ လူတိုင်းမြင်လိုက်ရသည်သာ။
“အရှင် ဘာဖြစ်တာလဲ..”
“ဟွမ်..” သူသည် ထိုစကားလုံး ရေရွတ်လိုက်နိုင်ပြီး သူ၏မျက်ခုံးကြားမှ အက်ကွဲလာလေ၏။ သူသည်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် နောက်ပြန်လဲကျသွားပြီး အသက်ဆုံးရှုံးသွားလေသည်။
“ဘုရားရေ .. တာအိုကာကွယ်သူအရှင် သေဆုံးသွားပြီ…”
ကောင်းကင်ဘုံမြို့တွင် ထိတ်လန့်တကြားအော်သံများ ထွက်ပေါ်လာလေသည်။
“အဲဒီကောင်က တာအိုကာကွယ်သူကို သေအောင် လုပ်လိုက်တာ”
“ငါတို့သွားပြီ..” ရှီဟောင်သည် ဟော့လင်းအာကိုခေါ်ကာ ထွက်သွားလေသည်။
နေ့တွင်းချင်းပင် သတင်းများ ပျံ့နှံ့သွားလေသည်။
ဟွမ်သည် အာကာသကလန်မှ ကောင်းကင်နတ်ဘုရားနှစ်ယောက်ကို သတ်လိုက်ပြီး တာအိုကာကွယ်သူကိုလည်း သေအောင်လုပ်ခဲ့သည်။ ဤသတင်းကြားလိုက်ရသည့်သူတိုင်းမှာ ဆွံ့အသွားကြသည်သာ။
အပိုင်း ၁၂၂၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၄ – မတည်ငြိမ်သော အခြေအနေ
ကောင်းကင်ဘုံမြို့တွင် ငိုသံများ ပျံ့လွင့်နေလေသည်။
သူတို့၏တာအိုကာကွယ်သူ၏ ခန္ဓာကိုယ်နှင့် ဝိဉာဉ်ပျက်စီးကာ သေဆုံးသွားလေပြီ။ ပြန်လည်ဝင်စားခြင်းထာဝရပညာပင် သူ့အား မကယ်တင်နိုင်တော့ပေ။ အချိန်၏တိုက်စားမှုကြောင့် သူ၏မူလဝိဉာဉ်တွင် အမာရွတ်များစွာရှိနေပြီး ယခု ဒဏ်ရာပြင်းထန်စွာ ရရှိလိုက်သည့်အချိန်တွင် သူလုံးဝသေဆုံးသွားလေပြီ။
ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပြန်ပြင်၍ရသလို ခန္ဓာကိုယ်အသစ်နှင့် ပြန်ပြောင်း၍လည်း ရသည်။ သို့သော် မူလဝိဉာဉ်ကို မပြောင်းလဲနိုင်ပေ။ နှစ်ကြာလာသည်နှင့် မလွဲမသွေ ပျက်စီးလာမည်သာ။
အာကာသကလန်၏တာအိုကာကွယ်သူသည် အစကတည်းက အချိန်သိပ်မကျန်တော့ပေ။ ယခင်တစ်ခေါက်က ထာဝရရှေးဟောင်းမြေအပြင်ဘက်တွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ယခုတစ်ခေါက်တွင် သူသည် ရှီဟောင် ရှိနေသည့်နေရာကို သိနိုင်ရန်အတွက် သူ၏နတ်စွမ်းရည်ကိုလည်း အသုံးပြုခဲ့သေးသည်။ သူသည် ကောင်းကင်၏အပြစ်ဒဏ်ကို ခံလိုက်ရခြင်းပင်။
ရှီဟောင် ဤအကြီးအကဲကို အလွန်မုန်းသော်လည်း အာကာသကလန်အတွက်မူ ဤသည်မှာ စွမ်းအားကြီးသည့် ကာကွယ်သူပင်။ ထို့ကြောင့် သူတို့က ဘယ်လိုလုပ် စိတ်မပျက်ပဲနေမည်နည်း..
ရှီဟောင်သည် ဟော့လင်းအာကိုခေါ်ကာ ကောင်းကင်ဘုံမြို့မှ ထွက်သွားလိုက်သည်။ သူအထဲသို့ ဖောက်မဝင်နိုင်သည်ကို သူသိသည်။ ထို့ကြောင့် ဤနေရာတွင်နေပြီး မမျှော်လင့်ထားသည့်အရာများဖြစ်လာမည်ကို စောင့်နေခြင်းထက် သူပြန်သာသွားလိုက်သည်။
သို့သော် ဤကိစ္စ၏ အကျိုးသက်ရောက်မှုမှာ မသေးလှပေ။ သူထွက်သွားသော်လည်း မတည်ငြိမ်သွားပေ။
“မင်းတို့ကြားကြလား .. ဟွမ်က ကောင်းကင်ဘုံမြို့ကို သွားပြီးတော့ ဖြေရှင်းချက် တောင်းခဲ့တယ်တဲ့ .. သူက ကောင်းကင်နတ်ဘုရားနှစ်ယောက်ကို ဆက်တိုက်သတ်ခဲ့ပြီးတော့ သူတို့ရဲ့တာအိုကာကွယ်သူကိုတောင် သေအောင် နှိပ်စက်ခဲ့တာတဲ့..”
“တကယ်လား .. ဒါက မဖြစ်နိုင်တာကြီးကို .. အာကာသကလန်ရဲ့ တာအိုကာကွယ်သူက အရင်တုန်းက အရမ်းစွမ်းအားကြီးတဲ့သူကို .. သူက ဒီလိုမျိုးနဲ့ပဲ သေသွားတာလား..”
ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည့် အဖြစ်အပျက်ကြီး ဖြစ်နေခဲ့လေသည်။
ဧကရာဇ်ကလန်ဟောင်းတစ်ခု ဆုတ်ယုတ်လာတယ်ဆိုရင်တောင်မှ ဒီလောက်ထိတော့ မဖြစ်သင့်ဘူးလေ ဟုတ်တယ်မလား .. လူငယ်လေးတစ်ယောက်က ကောင်းကင်ဘုံမြို့ကို ကျူးကျော်ပြီးတော့ ဒီလိုမျိုးစိန်ခေါ်လိုက်တယ် .. ပြီးတော့ သူက ဒီလိုမျိုး အောင်မြင်မှုတွေတောင် ရလိုက်သေးတယ်..
“အဲဒါက ကောလဟာလပဲမဟုတ်ဘူးလား .. ဟွမ်က ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ ဧကရာဇ်ကလန်ဟောင်းတစ်ခုကိုတော့ ရန်စရဲလောက်မှာမဟုတ်ပါဘူး .. ဟုတ်တယ်မလား..”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ .. ဟွမ်နဲ့ အာကာသကလန်တို့ကြားမှာ ရန်ငြိုးတွေရှိတယ် .. ဒီတစ်ခေါက် သူက ပြတ်ပြတ်သားသားလုပ်သွားတာ .. သူက သူနဲ့အတူတူ အမျိုးသမီးတစ်ယောက်ကိုပါ ခေါ်လာသေးတယ် .. သူတို့တွေက အာကာသကလန်က ဒေါသထပ်မထွက်နိုင်လောက်တဲ့ထိကို လုပ်ခဲ့ကြတာ”
သတင်းများမှာ ဟာရီကိန်းမုန်တိုင်း ဝင်မွှေသကဲ့သို့ပျံသွားလေသည်။
“ဟွမ်က အသက် ၂၀ လေးနဲ့ အောင်မြင်မှုတွေ အများကြီး ရနေပြီ .. နောင်ကျရင် သူ့ကို လိုက်ကြည့်နိုင်တဲ့သူ သိပ်အများကြီး ရှိတော့မှာမဟုတ်ဘူး”
“ဒီလို လူငယ်မျိုးကို ချဉ်းကပ်ရတာ တန်ပါတယ် .. ငါကြားတာတော့ တစ်ချို့ဂိုဏ်းတွေက သူ့ကို ထောင်ဖမ်းဖို့ ကြိုးစားနေကြတာတဲ့ … ဥပမာအားဖြင့် သူတို့တွေရဲ့ ပုလဲလုံးလေးတွေကိုသုံးပြီးတော့ သူ့ကို လက်ထပ်ပြီး ကလန်ထဲ ဆွဲသွင်းချင်နေကြတာ”
“ငါလည်း အဲဒီအကြောင်းကြားတယ် .. ပြောရမယ်ဆိုရင် နတ်နန်းဂိုဏ်းက သန့်စင်မြင့်မြတ်တဲ့ မိန်းမပျိုက ဟွမ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိသလိုပဲ..”
လူများစွာမှာ ဤအကြောင်းများကို ဆွေးနွေးနေကြလေသည်။
သို့သော် ရှီဟောင်သည် ဤသည်ကို အရေးမစိုက်ပဲ ဟော့လင်းအာနှင့်သာ ခရီးသွားနေလိုက်သည်။ သူတို့သည် အလည်သက်သက်သွားခြင်းမဟုတ် .. ဤသည်မှာ တာအိုလေ့လာနည်းတစ်မျိုးပင်။
သူသွားသည့်နေရာအားလုံးမှာ သမိုင်းကြောင်းအရ အရေးပါသည့်နေရာများပင်။ ဥပမာအားဖြင့် နဂါးအစစ်နေခဲ့သည်ဟု ထင်ရသည့် အေးစက်ခြင်းရေကန်၊ ဖီးနှစ် သီးသန့်နေခဲ့သည့်တောင်ကြော စသည်ဖြင့်ပင်။
သူ၏ ကျင့်ကြံဆင့် မတည်ငြိမ်သေးသောကြောင့် သူသည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်တွင်သာ ရှိနေပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်သေးပေ။ ဤကဲ့သို့ နာမည်ကြီးသည့် ရှေးဟောင်းမြေများကို သွားလည်ခြင်းမှာ သူ့အတွက် အကျိုးရှိသည်ပင်။
မြင့်မြတ်သည့်စတေးခြင်းသည် ကြိုးစားကျင့်ကြံရုံဖြင့် ဖြတ်သန်းနိုင်သည့် အဆင့်တစ်ခု မဟုတ်ပေ။ တည်ငြိမ်သည့်စိတ်၊ အားကောင်းသည့်စိတ်စွမ်းအားတို့ လိုအပ်သည်ပင်။
လဝက်အတွင်းတွင် ရှီဟောင်နှင့် ဟော့လင်းအာသည် တောတောင်များ၊ မြစ်များတွင် လှည့်ပတ်သွားလာပြီးနောက် အပြင်လောကသတင်းများကို သိရရန်အတွက် နာမည်ကြီးသည့် မြို့ကြီးအချို့သို့လည်း ဝင်ခဲ့ကြသည်။
တစ်လကြာပြီးမှသာ သူတို့ခရီးစဉ်ပြီးဆုံးခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် မသိလိုက် မသိဘာသာဖြင့်ပင် အပြစ်သားစီရင်စုသို့ ရောက်လာလေပြီ။
ဤတစ်လအတောအတွင်းတွင် သူတို့သည် ရွှေ့ပြောင်းခြင်းအစီအရင်များကို အသုံးပြုကာ တစ်နေရာမှတစ်နေရာ ရွေ့လျားခဲ့သည်။ သူတို့သည် မြေအောက်လောကကိုပင် သွားလည်ခဲ့ကြသည်။
ယခုတော့ သူတို့နှစ်ယောက် အပြစ်သားစီရင်စုတွင် ရပ်တန့်သွားလေပြီ။
“မီးဧကရာဇ်ဆီကိုလည်း သွားလည်ရအောင်” ရှီဟောင်ပြောလိုက်၏။ ဟော့လင်းအာ၏အဖေကို သူတွေ့ချင်သေးသည်။ ဤလူလတ်ပိုင်းအမျိုးသားသည် အဆင့်နိမ့်နယ်မြေတွင် သူ့အား ကူညီပေးခဲ့ဖူးသည်ပင်။
ယခု သူနှင့်ဟော့လင်းအာ၏ ဆက်ဆံရေးမှာ အလွန်ရင်းနှီးနေပြီဖြစ်သောကြောင့် သူ့ထံသို့ ပိုသွားလည်ရန် လိုအပ်သေးသည်။
“ဘာလို့ ရုတ်တရက်ကြီး သွားလည်ဖို့ စဉ်းစားလိုက်တာလဲ” ဟော့လင်းအာ မေးလိုက်သည်။
“ဇနီးလောင်းရဲ့အဖေဆီကို သွားလည်တာက ငါ လုပ်သင့်တာပဲလေ .. ငါက သူ့သမီးနဲ့ အမြန်ဆုံး လက်ထပ်ချင်နေတာကိုး..” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။
ဟော့လင်းအာမှာ ရှက်သွေးဖြာသွားရပြီး သူ့အား ရိုက်ပုတ်လိုက်လေသည်။
မီးဧကရာဇ်မှာ အလွန်ပင် သာမန်မဟုတ်သည့်လူပင်။ ရဲရင့်မှုတွင်ပဲဖြစ်ဖြစ် ကျင့်ကြံမှုတွင်ပဲဖြစ်ဖြစ် သူသည် အလွန်ထူးခြားလှသည်ပင်။
ဝိဉာဉ်တောင်များမှာ မျက်စိတစ်ဆုံးကျယ်ပြန့်လှပြီး ရောင်စုံတိမ်များလည်း လိမ့်တက်နေလေသည်။ ဝိဉာဉ်ဆေးပင်များလည်း ပေါကြယ်ဝလှသည်။
သူတို့ဤအနားသို့ ရောက်လာသည်နှင့် ကြီးမားလှသည့် သားရဲတစ်ကောင် ဟစ်ကြွေးလာကာ ပစ်ဝင်လာလေ၏။ သူလေဟာနယ်ထဲတွင်ရပ်လိုက်သည်နှင့် သူသည် တောင်တစ်လုံးစာပမာဏပင် ရှိနေလေပြီ။
“ဒီကောင်က နေ့တိုင်းဘာတွေစားနေလို့ ဒီလောက်ကြီးနေတာလဲ” ရှီဟောင် ဆွံ့အသွားရသည်။
ဤသည်မှာ ကြီးမားလှသည့် ဝံပုလွေကြီးဖြစ်ပြီး သူ၏ကျောဘက်တွင် အတောင်ပံတစ်စုံလည်း ရှိနေလေသည်။
ဤသည်မှာ ဝံပုလွေလေးပင်။ သူတို့မတွေ့ရသည့် နှစ်အနည်းငယ်အတွင်းတွင် သူဤမျှပင်ကြီးလာလေပြီ။
“လင်းအာ..”
ဤကြီးမားလှသည့် ဝံပုလွေကြီးသည် တစ်ပေခန့် အရွယ်အစားဖြစ်အောင် ကျုံ့လိုက်ပြီးနောက် သူတို့နှစ်ဦးထံသို့ ပြေးလာလေသည်။
ထို့နောက်တွင် ရှီဟောင်အား ကြည့်လိုက်ကာ “ခင်ဗျား ထာဝရရှေးဟောင်းမြေက ပြန်လာပြီလား” သူသည် ရှီဟောင်ကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေလေသည်။
ရှီဟောင် ရယ်မောလိုက်ကာ သူ့ကို ပွေ့ချီလိုက်သည်။ ဤကောင်လေးသည် သူ့ကို အရမ်းကပ်သည်ပင်။ ဟော့လင်းအာ သူ့အား ဝိဉာဉ်ဆေးပင်များကျွေးသော်လည်း သူသည် အမြဲတမ်း ရှီဟောင်ထံသို့သာ ပြေးဝင်သောကြောင့် ဟော့လင်းအာပင် သူ့အား ကျေးဇူးမသိတတ်တဲ့ကောင်ဟု ခေါ်သွားသည်အထိပင်။
“အားရိုး .. မင်းဘာလို့ ဒီလောက်တောင် လေးနေတာလဲ .. မင်းတစ်နေ့တစ်နေ့ ဘယ်လောက်တောင် စားနေတာလဲ .. ငါ့ကို ပိသေသွားအောင် လုပ်နေတာလား” ရှီဟောင် စနောက်ကာ သူ့ခေါင်းကို ပွတ်သပ်လိုက်သည်။
“မဖြစ်နိုင်တာ .. ကျွန်တော့်ပုံစံက အရမ်းလှတာ” ဝံပုလွေသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့်ပင် ပြောလိုက်သည်။
“မင်းက အမလား” ရှီဟောင် ရယ်မောလိုက်သည်။
“သွားသေလိုက်လေ .. ကျုပ်ခင်ဗျားအပေါ်ကို မကောင်းတော့ဘူး” ဝံပုလွေသည် ဒေါသတကြီးပြောကာ ရှီဟောင်လက်ထဲမှ ခုန်ချသွားပြီး ဟော့လင်းအာလက်ထဲသို့ ဝင်သွားလေသည်။
“ငါ့အဖေရော” ဟော့လင်းအာ မေးလိုက်သည်။
“ခရီးထပ်ထွက်သွားတယ် .. ဘယ်အချိန်ပြန်လာမလဲတော့ မသိဘူး” ဝံပုလွေလေး ပြန်ဖြေလိုက်သည်။
မီးဧကရာဇ်သည် လွတ်လွတ်လပ်လပ်နေတတ်သည့်သူပင်။ သူသည် လျှောက်သွားနေကာ သူ၏ကောင်းကင်နှင့်ကမ္ဘာမြေလောကတာအိုကို ကျင့်ကြံနေသည့်သူပင်။
သို့သော်လည်း သူသည် အလွန်စဉ်းစားတွေးခေါ်တတ်သည့်သူပင်။ ထိုအချိန်တုန်းက မီးပိုးစာတောသို့သွားပြီး ဟော့လင်းအာနှင့် ဝံပုလွေလေးတို့ကို ဤနေရာသို့ ခေါ်ခဲ့သူမှာ သူပင်။
သို့သော် ရှီဟောင် ပြန်လာရှာလျှင် သူမကို မတွေ့မည်စိုးသောကြောင့် ဟော့လင်းအာသည် ပုံစံပြောင်းကာ ထိုနေရာတွင်သာ မီးပိုးစာရွက်ခူးသူကဲ့သို့ လှည့်လည်နေခဲ့ခြင်းပင်။
“ဟူး .. နှမြောစရာပဲ .. မီးဧကရာဇ်နဲ့ ထပ်လွဲသွားပြန်ပြီ” ရှီဟောင်သက်ပြင်းချကာ ပြောလိုက်သည်။
“ရှင် နောင်ကျရင် သူ့ကို တွေ့ရမှာပါ” ဟော့လင်းအာ ရယ်မောကာ ပြောလိုက်သည်။
“ငါက အစက ဘယ်အချိန် သတို့သမီးကို လာခေါ်ရမလဲလို့ အဲဒီလူအိုကြီးကို မေးမလို့ပါ .. ဒါပေမဲ့ သူက ဒီမှာမရှိဘူး” ရှီဟောင်ပြုံး၍ ပြောလိုက်သည်။
“ဘာတွေ လျှောက်ပြောနေတာလဲ” ဟော့လင်းအာ၏မျက်နှာနီရဲလာလေပြီ။
ဝံပုလွေလေး၏မျက်လုံးများပြူးကျယ်လာကာ “မင်း မကောင်းတာ တစ်ခုခု လုပ်မလို့လား..”
ရှီဟောင်သည် သူ့အားခေါက်လိုက်ကာ “အရွယ်ရောက်တဲ့သူတွေ စကားပြောနေတာကို မင်းလိုမျိုး ဝံပုလွေလေးက ဘာလို့ဝင်ပါချင်နေတာလဲ..”
“ကျုပ်က ကလေးလေးလို့ ဘယ်သူပြောလဲ..” ဝံပုလွေလေးသည် စိတ်ပျက်သွားကာ ချက်ချင်းပင် သူ၏မူလပုံစံသို့ ပြန်ပြောင်းလိုက်လေ၏။ ဝုန်းဟူသည့်အသံနှင့်အတူ တောင်ကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ကို ဖိချလိုက်လေသည်။
သာမန်လူသာဆိုလျှင် ဤသည်ကို ကိုင်တွယ်နိုင်မည်မဟုတ်သော်လည်း ရှီဟောင်သည် ရွှေရောင်အလင်းလက်ကြီးဖြင့် သူ့အား ချက်ချင်းပင် ကာလိုက်လေသည်။
“ကျုပ်လည်း ခင်ဗျားတို့နဲ့ လိုက်သွားချင်တယ်” သူအညံ့ခံလိုက်ရသည့်အချိန်တွင် ဝံပုလွေလေး ငိုကြွေးနေတော့လေသည်။
ဤနေရာကို စောင့်ကြပ်နေရသည်မှာ ပျင်းစရာကောင်းလွန်းလှသည်။ သူသည် အစောကြီးတကည်းက ထွက်သွားချင်နေခြင်းပင်။
ထိုကဲ့သို့ပင် လူနှစ်ယောက်နှင့် ဝံပုလွေတစ်ကောင်သည် စီရင်စုများကို ဖြတ်သန်းသွားလာနေကြလေသည်။
ယခုတစ်ခေါက်တွင် သူတို့သည် အဆင့်မြင့်နယ်မြေ မငြိမ်းချမ်းတော့ဘူးဟူသည် ကောလဟာလအချို့ကို ကြားခဲ့ရသည်။
“စီရင်စုသုံးထောင်အပြင်ကို ရှေးဟောင်းလောကတွေ ရှိသေးတယ် .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခုက ပူးပေါင်းလိုက်ကြပြီ”
“ရှီဟောင်ရော သွားမှာလား .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခုက မြင့်မြတ်ကျောင်း၊ ထာဝရကျောင်းနဲ့ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းတွေ ဖွဲ့ဖို့အတွက် သူရဲကောင်းတွေကို စုနေကြတာ”
ရှီဟောင်နှင့် ဟော့လင်းအာ နှစ်ယောက်လုံး ထိတ်လန့်သွားရသည်။ သူသည် ထာဝရရှေးဟောင်းမြေမှ ထွက်လာကတည်းက အပြင်လောကအကြောင်းကို လေ့လာရန် အချိန်မရခဲ့ပေ။ ဟော့လင်းအာသည်လည်း မီးပိုးစာတောတွင်သာ တစ်ချိန်လုံးနေခဲ့ပြီး ဤအကြောင်းအရာများကို အာရုံမထားခဲ့ပေ။ သူရဲကောင်းဂျီးနီးယပ်စ် ရွေးချယ်ပွဲ စတင်နေပြီဖြစ်ပြီး အရည်အချင်းများလည်းအလွန်တင်းကြပ်ကြောင်း သူတို့သိခဲ့လိုက်ရသည်။
အထူးသဖြင့် လူငယ်ကျွမ်းကျင်သူဧည့်သည်များသည် ဂိတ်စောင့်အဖြစ်လုပ်နေကြလေသည်။ သူတို့အနိုင်ယူလိုက်သည့်လူ ဘယ်နှယောက်ရှိပြီမှန်းတောင် မသိရပေ။
“ထာဝရစွမ်းအင်ကျင့်ကြံထားတဲ့ ကောင်းကင်နတ်ဘုရားလား .. သူတို့တွေက စီရင်စုသုံးထောင်က ကောင်းကင်နတ်ဘုရားတွေကိုတောင်မှ သူတို့အနိုင်ယူလိုက်တာ .. တိုင်းတစ်ပါးသား ဧည့်သည်တွေက တကယ်ကို အရမ်းစွမ်းအားကြီးကြတယ် .. ပြောစရာစကားမရှိလောက်အောင်ကို စွမ်းအားကြီးကြတာ”
ရှီဟောင်သည် ဤအကြောင်းအနည်းငယ် ကြားဖူးသော်လည်း သတင်းများကို တမင်သက်သက်အချိန်ပေးပြီး မရှာခဲ့ပေ။ ယခုတော့ သူအနည်းငယ် စိတ်ဝင်စားလာလေပြီ။ စီရင်စုသုံးထောင်ထဲကို ရောက်လာတဲ့သူတွေ ရှိတာလား .. သူတို့တွေက ဘယ်လိုလူတွေလဲ .. သူတို့က ဘယ်လောက်စွမ်းအားကြီးတာလဲ..
“သူတို့တွေ ဘယ်လောက် အထင်ကြီးစရာကောင်းလဲဆိုတာ ကြည့်ချင်သား” စိန်ခေါ်ခြင်းကို သူမကြောက်ပေ။
“ရှင်ကြားလား .. အဲဒီတစ်ခြားလောကက သူရဲကောင်းတွေက ရှင်နဲ့ တိုက်ချင်နေတာ .. နှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိနဲ့ သရဖူ၁၀ခုဘုရင်တောင်မှ မလွတ်ဘူး” ဟော့လင်းအာ ပြောလိုက်သည်။
ဤအချိန်ကာလ အတောအတွင်းတွင် ဧည်သည့်များသည် မရပ်မနားဖြင့်ပင် ကျွမ်းကျင်သူများကို အနိုင်ယူခဲ့ကြလေသည်။
ယခုတလောတွင် စီရင်စုသုံးထောင်မှာ မတည်ငြိမ်နိုင်တော့ပေ။ ထာဝရရှေးဟောင်းမြေမှ ထွက်လာသည့် ကျင့်ကြံသူများမှာလည်း ခေါင်းမထောင်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုလူများလက်ထဲတွင် ရှုံးနိမ့်သွားသောကြောင့်ပင်။
ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေလောက ၁၀ ခုမှာ ပူးပေါင်းလိုက်ကြပြီး အဆင့်လွန်သူရဲကောင်းများကို မွေးမြူလိုခြင်းပင်။ နောက်ဆုံး ကောင်းကင်နတ်ဘုရားကျောင်းပင်လျှင် ဤအဆင့်မြင့်နယ်မြေတွင် တည်ဆောက်မည်မဟုတ်ပေ။
ဟော့လင်းအာ စိုးရိမ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့နှစ်ယောက် ထပ်ခွဲရတော့မည်ဟု ဆိုလိုခြင်းပင်။
ဤကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ခွင့်ရရန်မှာ ခက်ခဲလှပြီး ယခုထိ တစ်ယောက်မှ မအောင်မြင်သေးဘူးဟု ပြောကြလေသည်။
“ငါတို့အခုတလော သီးသန့်နေနေတာ များသွားတယ်ထင်တယ် .. ငါတို့ပိုပြီး အသေးစိတ်သိရအောင်လို့ တစ်နေရာရာကို ရှာကြမလား” ရှီဟောင်ပြောလိုက်သည်။
စီရင်စုသုံးထောင်မှာ ကျယ်ပြောလှပြီး ကျင့်ကြံသူများလည်း များပြားလှသည်။ ပုံမှန်အားဖြင့် တွေ့ဆုံပွဲမျိုးစုံလည်း ရှိနေသည်သာ။
ရှီဟောင် လှည့်ပတ်သတင်းထောက်ပြီးသည့်နောက်တွင် အစိမ်းရောင်စီရင်စု၌ စုဝေးပွဲတစ်ခုရှိမည်ဖြစ်ကြောင်း သိလိုက်ရသည်။ ကလန်ပေါင်းစုံမှ ထူးချွန်သည့်သူများတက်ရောက်ကြမည်ဖြစ်ပြီး စီရင်စုအချို့ကို ဖိတ်ကြားစာများလည်း ပို့ထားပြီးသွားလေပြီ။
သူတို့အားလုံးသည် စစ်ဆေးမှုကို ဖြတ်သန်းကာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ချင်နေကြသည့်သူများဖြစ်ကြောင်း ပြောကြသည်။
ထိုစုဝေးပွဲတွင်လည်း ဤအကြောင်းကို ဆွေးနွေးကြမည်ပင်။
အခြားလောကမှ ဧည့်သည်များသည် ယခုတစ်ခါတွင် အစိမ်းရောင်စီရင်စုသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ရှီဟောင်သိလိုက်ရသည်။
ရှီဟောင်သည် မဖိတ်ခေါ်ပဲနှင့် အစိမ်းရောင်စီရင်စုသို့ ရောက်လာလေပြီ။
စွမ်းအားကြီးသည့် ကျင့်ကြံသူများစွာသည် အရွေးခံရရန်အတွက် ကြိုတင်ပြင်ဆင်ထားကြသည်ဟု ကောလဟာလများ ထွက်နေသည်ပင်။
အပိုင်း ၁၂၂၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၅ – စုဝေးပွဲ
အစိမ်းရောင်မြို့ .. ကျောက်တုံးလမ်းများနှင့် လူများဆူညံလှုပ်ရှားနေသည့်မြို့တစ်မြို့ပင်။ လောကရေးရာကိစ္စများ ပေါများလှသည့်နေရာတစ်ခု..
“အသီးတုတ်ထိုးချောင်း .. ချိုချိုမွှေးမွှေးလေး ရမယ်”
“ရေနဂါးအသားပေါင်မုန့် .. အရသာရှိတဲ့ပေါင်မုန့်တွေရမယ်”
..
သူတို့ဤမြို့ထဲသို့ ဝင်လာသည်နှင့် ဈေးသည်များ၏ ဈေးခေါ်သံများကို ကြားလိုက်ရသည်။ လူများလည်း ပြာပန်းခပ်မျှ လှုပ်ရှားနေကြသည်ပင်။
အသီးတုတ်ထိုးများမှာ သာမန်အသီးများမဟုတ်ပေ။ ရှားပါးသည့် ဝိဉာဉ်ဆေးပင်များဖြင့် ပြုလုပ်ထားခြင်းပင်။
ရေနဂါးအသားပေါင်မုန့်မှာလည်း သာမန်လူတစ်ယောက်ရောင်းနိုင်သည့် စားစရာမဟုတ်ပေ။ ရေနဂါးများသည် အလွန်ရက်စက်သည့်သတ္တဝါများဖြစ်ပြီး လူအနည်းငယ်ကသာ သူတို့ကို အမဲလိုက်ရဲသည်ပင်။
ပြောရမည်ဆိုလျှင် ဤသည်မှာ အစိမ်းရောင်မြို့ မည်မျှပင် သာမန်မဟုတ်ကြောင်းကို ပြသနေခြင်းပင်။
ယနေ့တွင် ကျွမ်းကျင်သူများစွာ ရောက်ရှိနေပြီး အားလုံးမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခု မှာ မည်မျှပင် ကျယ်ဝန်းကြောင်း၊ စီရင်စုသုံးထောင်မဟုတ်သည့် ရှေးဟောင်းမြေများတွင် မည်ကဲ့သို့ဖြစ်နေမည်နည်း .. စသဖြင့် ဆွေးနွေးနေကြလေသည်။
စီရင်စုသုံးထောင်မှ ကောင်းကင်နတ်ဘုရားများကို ရှင်းပစ်နေကြသည့် အခြားဧည့်သည်များကြောင့်သာမဟုတ်ပါက ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု တည်ရှိနေမှုကို သူတို့ယုံကြည်ကြမည်မဟုတ်ပေ။
စီရင်စုသုံးထောင်မှ မတည်ငြိမ်နိုင်တော့ပေ။ ထူးခြားပါရမီရှင်များမပြောနှင့် အသက်ကြီးသည့် အချို့သူများပင်လျှင် လေဟာနယ်ကို ဖြတ်ကျော်ကာ သွားကြည့်ချင်ကြသည်ပင်။
သို့သော် စီရင်စုသုံးထောင်မှ ထွက်သွားရန်မှာ ကောင်းကင်ဘုံကိုးခုသို့ သွားရန်မပြောနှင့် အခြား ကမ္ဘာမြေ ၁၀ ခုသို့သွားရန်ပင်လျှင် အလွန်ခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင် ပျက်စီးနေပြီး ထိုအစီအရင်ကို အသက်သွင်းရန်အတွက် ကောင်းကင်ပစ္စည်းများစွာ လိုအပ်သည်။
ထို့အပြင် သူတို့ ကောင်းကင်ရတနာပစ္စည်းများရှိလျှင် ထိုရှေးဟောင်းမြေများမှာ စီရင်စုသုံးထောင်မှလူများကို အသိအမှတ်ပြုချင်မှ ပြုလိမ့်မည်။ ဖြတ်လာသည့်သူမှန်သမျှကို တင်းတင်းကြပ်ကြပ် စစ်ဆေးမည်သာ။
“ဟူး .. ငါတို့ရဲ့ စီရင်စုသုံးထောင်တောင်မှ ကမ္ဘာမြေ ၁၀ ခုထဲက တစ်ခုပဲဆိုတော့ အဲဒီကောင်းကင်ဘုံကိုးခုက ဘယ်လိုမျိုး ရှေးဟောင်းလောကတွေလဲ” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။
ရှီဟောင်တို့ မြို့ထဲသို့ ဝင်လိုက်သည်နှင့် ဆွေးနွေးသံများကို ကြားလိုက်ရသည်။
မြို့လည်ခေါင်တွင် မည်းတူးနေသည့် ကျောက်တောင်တစ်ခု ရှိနေသည်။
ဤတောင်မှာ အလွန်ကြီးမားမြင့်မားလှသည်။ ဤတောင်သည် ပျက်စီးသွားကာ အစိတ်အပိုင်းလေးသာ ကျန်ခဲ့တော့သည်ဆိုသော်လည်း ကြီးမားဆဲဖြစ်ကာ သူ၏အော်ရာလည်း ခမ်းနားလှသည်။
ဤတောင်သည် အစိမ်းရောင်စီရင်စု၏ အမှတ်အသားပင်။
“ဒါက အရင်တုန်းက ဂိုဏ်းခေါင်းဆောင်အဆင့်ထက်ကို ကျော်သွားတဲ့ တောင်နတ်ဘုရားတစ်ယောက်ပဲ .. သူက အတိဒုက္ခကို ဖြတ်သန်းပြီးတာ့ ထာဝရအလင်းကို ရအောင်လုပ်တဲ့အချိန်မှာ လျှပ်စီးတစ်ခုက သူ့မူလခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီးတော့ သူ့မူလဝိဉာဉ်ကိုလည်း ဖျက်ဆီးခဲ့လိုက်တာလို့ ပြောကြတယ် .. သူ့ရဲ့တောင်ခန္ဓာကိုယ်အပိုင်းလေးပဲ ကျန်ခဲ့တော့တာ”
အမှန်တကယ်တွင် ဤနေရာသည် အစိမ်းရောင်စီရင်စု၏ အရေးကြီးသည့်နေရာဖြစ်သောကြောင့် ကျင့်ကြံသူများမှာ ဤနေရာ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်သာ။ အထူးသဖြင့် အပြင်ဘက်မှလာသည့် ကျင့်ကြံသူများမှာ ဤနေရာသည် လေးစားထိုက်ပြီး လာကြည့်သင့်သည်ဟု ခံစားကြရလေသည်။
မြို့ခံများသည်လည်း ဤနေရာကို ရှင်းပြရန် တုံ့ဆိုင်းမနေကြပေ။ ဝိဉာဉ်ဆေးပင်များ၊ လက်နက်များ ရောင်းချနေသည့် အချို့ဆိုင်များသည် အားတက်တရောပင် ရှင်းပြနေလေ၏။
ဤနေရာတွင် ဈေးဆိုင်အများအပြားရှိနေသောကြောင့် ဤနေရာမှာ အလွန်လူစည်နေလေ၏။ လူများသည်လည်း ပုခုံးချင်းတိုက်ကာပင် ဝင်လိုက်ထွက်လိုက်လုပ်နေကြလေသည်။
ရှီဟောင်နှင့် ဟော့လင်းအာတို့ တောင်ပေါ်သို့ ဆင်းလိုက်ကြသည်။ သူတို့အနားတွင်ရှိနေသည့်လူများမှာ မနာလိုသည့်အမူအရာများ ဖြစ်လာကြလေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် လေးလည်းလေးစားနေကြလေသည်။
ဤတောင်သည် ပျက်စီးနေပြီဖြစ်သော်လည်း ကျန်းပေါင်း ထောင်ပေါင်းများစွာ မြင့်ပြီး တောင်ထိပ်သို့ရောက်နိုင်သည့် လမ်းလေးတစ်ခုလည်း ရှိနေသည်။
ဤတောင်မကြီးသည် ပျက်စီးသွားပြီဖြစ်သော်လည်း ဤနေရာတွင် ပျံသန်း၍မရနိုင်အောင် တားဆီးထားသည့် ထူးဆန်းသည့်သဘာဝဥပဒေသများ ရှိနေသည်ပင်။ ဤနေရာတွင် လမ်းလျှောက်၍သာရသည်။
ထို့အပြင် နတ်ဘုရားအစစ်နယ်ပယ် ကျင့်ကြံဆင့်မရောက်သေးလျှင် လမ်းပင်လျှောက်၍မရပေ။
ဤနေရာတွင် ထာဝရမြူများလည်း ဝေ့ဝဲနေသောကြောင့် ဤတောင်ပေါ်တွင် လမ်းလျှောက်ခြင်းမှာ ကျင့်ကြံသူများအတွက် အလွန်အကျိုးရှိသည်။ သို့သော် ဤသည်မှာ လူတိုင်း တက်နိုင်သည့်အရာမဟုတ်ပေ။
“ဒီနေရာက မဆိုးဘူး” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ သူ၏ထာဝရစွမ်းအင်သုံးကြောင်းမှာ ဤနေရာနှင့် တုံ့ပြန်မှုရှိသည်ဟု သူခံစားနေရသည်။
တောင်ထိပ်ပေါ်တွင် ဝိုင်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် တစ်ခု ရှိနေသည်။ ထိုနှစ်ဆိုင်လုံးမှာ အပြင်ဘက်တွင် ထိုင်ရခြင်းဖြစ်ပြီး ဆုတောင်းဖျာပေါ်တွင် ထိုင်နေသည့် ကျွမ်းကျင်သူ အနည်းငယ်လည်း ရှိနေလေသည်။
ထို့အပြင် ဤနေရာ၌ ကောင်းမွန်သည့် အဆောက်အဦးအနည်းငယ်လည်း ရှိနေလေသည်။ အားလုံးမှာ လေထဲတွင် ပေါလောပေါ်နေခြင်းပင်။
ဤနေရာတွင်ရှိနေသည့်လူများ သိပ်မများသော်လည်း မည်သူမှ အားနည်းမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအစစ်မဟုတ်လျှင် ဤတောင်ကို တက်နိုင်မည်မဟုတ်ပေ။
လူအချို့ ဤနေရာတွင် စုဝေးကြမည်မှာ သေချာသည်။ ရှီဟောင် တစ်ချက်ကြည့်လိုက်သည်နှင့် အချို့ထူးခြားပါရမီရှင်များကို သူတွေ့သွားလေပြီ။
ရှီဟောင်နှင့် ဟော့လင်းအာတို့သည် ထိုလူအုပ်ထံသို့ မသွားပဲ ဝိုင်ဆိုင်လေး၏ ထောင့်စွန်းနားတွင် နေရာယူလိုက်ကာ သူတို့ဆွေးနွေးနေကြသည်ကို နားထောင်လိုက်သည်။
“အတိအကျပြောရမယ်ဆိုရင် တိုက်ခိုက်နေတဲ့သူက တစ်ခြားနေရာကလာတဲ့ဧည့်သည်တစ်ယောက်တည်းပဲ … ဒါပေမဲ့ သူတစ်ယောက်တည်းနဲ့ကို ငါတို့စီရင်စုသုံးထောင်က ကျွမ်းကျင်သူတွေ ဘယ်နှယောက်လောက် ရှုံးသွားပြီမှန်းကို မသိဘူး .. တကယ်ရှက်စရာကောင်းလိုက်တာ” တစ်စုံတစ်ယောက် သက်ပြင်းချ၍ပြောလိုက်သည်။
“မင်းတို့အားလုံး ဘယ်လိုထင်လဲ .. ကောင်းကင်ဘုံကိုးခုနဲ့ကမ္ဘာမြေ ၁၀ ခုကို ဘယ်လိုခွဲတာလဲ .. ကမ္ဘာမြေ ၁၀ ခုလို့ခေါ်တဲ့နေရာတွေက ကောင်းကင်ဘုံကိုးခုထက် နိမ့်ကျတာလား .. မဟုတ်ရင် ဘာလို့ သူတို့ဒီတိုင်းရွေးထုတ်လိုက်တဲ့လူက စီရင်စုသုံးထောင်ကို လွယ်လွယ်လေးနဲ့ လွှမ်းမိုးနေနိုင်တာလဲ..”
“အဲဒီလူက ဒီကမ္ဘာမြေက တွေ့နိုင်ဖို့ရှားပါးတဲ့ လူငယ်ကျွမ်းကျင်သူပဲ ဖြစ်ရမယ် .. စီရင်စုသုံးထောင်မှာ သူ့ကို အနိုင်ယူနိုင်တဲ့သူ မရှိတာမဟုတ်ဘူး .. အဲဒီလူတွေ မလှုပ်ရှားသေးတာပဲရှိတာ .. ဥပမာအားဖြင့် နှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိ၊ သရဖူ ၁၀ ခုဘုရင်၊ ဟွမ်၊ နျင်ချွမ်း .. သူတို့တွေထဲမှာ ဘယ်သူက မထူးခြားလို့လဲ .. အားလုံးက စွမ်းအားကြီးတဲ့သူတွေချည်းပဲ”
“ပြောမှပဲ ဟွမ်က တကယ်ကို တစ်ခုခုပဲ .. သူက အာကာသကလန်မှာ မွှေနှောက်သွားပြီးတော့ တာအိုကာကွယ်သူကိုတောင်မှ သေသွားအောင်လုပ်ခဲ့တာ .. တကယ်လန့်ဖို့ကောင်းတယ်”
အချို့လူများသည် လတ်တလောကိစ္စများကို ဆွေးနွေးနေကြလေသည်။
နောက်ပိုင်းတွင် လူများပိုများလာသည်သာ။ သူတို့ကို နယ်မြေများစွာ ခွဲလိုက်လေသည်။
ထိုရတနာစီထားသည့် အဆောက်အဦးပေါ်တွင်ရှိနေသည့်သူများမှာ ပို၍စွမ်းအားကြီးမည်ပင်။
“နတ်သမီးရှောင်ယွဲ့ .. ကျွန်တော်ကြားတာတော့ ထာဝရရှေးဟောင်းမြေထဲက နတ်သမီးရဲ့အောင်မြင်မှုတွေက တောက်ပနေတာဆို .. ထိပ်ဆုံးနားရောက်ခါနီးပဲ .. ကျောက်စိမ်းစာအုပ်ကိုတောင် ရတော့မှာမလား” လူငယ်တစ်ယောက်မှ ပြောလိုက်သည်။
ရတနာစီထားသည့် အဆောက်အဦးထက်တွင် အဖြူရောင်အဝတ်အစားနှင့် အမျိုးသမီးတစ်ယောက်သည် ဆုတောင်းဖျာပေါ်တွင် ထိုင်နေလေ၏။ သူမသည် တည်ငြိမ်စွာဖြင့်ပင် “ဒါပေမဲ့ နောက်ဆုံးအဆင့်မှာ ကျရှုံးသွားတယ်”
အချို့လူများ ထိတ်လန့်သွားရသည်။ ဤသည်မှာ သေချာပေါက် စွမ်းအားကြီးသည့်သူပင်။ ပထမတစ်ဒါဇင်ကျော်မှာ ကျောက်စိမ်းစာအုပ်နှင့် တွေ့ခွင့်ရခဲ့သော်လည်း နောက်ဆုံးတွင် လူဆယ်ယောက်ခန့်သာ ကျောက်စိမ်းစာအုပ်ကို ရခဲ့လေသည်။
ရှီဟောင် ထိုရတနာစီထားသည့် အဆောက်အဦးပေါ်သို့ ကြည့်လိုက်သည်။ ဤအမျိုးသမီးကို သူနည်းနည်းရင်းနှီးနေသလိုပင်။ သူမကို သူထာဝရရှေးဟောင်းမြေထဲတွင် တွေ့ဖူးသည်ထင်သည်။ သို့သော်လည်း သူမသည် ထိုကံကောင်းခြင်းမြေထဲသို့ ပြေးလာသည့် အယောက်တစ်ရာမြောက်လောက်လူ ဖြစ်မည်ထင်သည်။
“နတ်သမီးရှောင်ယွဲ့က တကယ်ကို ထူးခြားတာပဲ .. ထာဝရရှေးဟောင်းမြေထဲက အဲဒီဘုရင်တွေနဲ့တောင်မှ ယှဉ်ပြိုင်ရဲတယ်” တစ်စုံတစ်ယောက်မှ ချီးကျိုးလိုက်သည်။
“အစ်ကိုလီကတော့ နောက်နေပါပြီ .. တစ်ချို့လူတွေက ကျွန်မထက် အရင်ပြေးသွားကြပေမယ့် သူတို့တွေအားလုံးလည်း လက်လွတ်လိုက်ရတယ်” နတ်သမီးရှောင်ယွဲ့ပြောလိုက်သည်။
အားလုံးသည် တောင်ထိပ်ပေါ်သို့ လေးစားစွာ ကြည့်လိုက်ကြလေသည်။
“ရှင် သူတို့ကို မှတ်မိလား” ဟော့လင်းအာ သူမဘေးတွင်ရှိနေသည့် ရှီဟောင်အား မေးလိုက်သည်။
“မမှတ်မိဘူး” ရှီဟောင် ခေါင်းခါလိုက်၏။
သူတို့ဘေးတွင်ရှိနေသည့် အချိုလူများသည် သူတို့စကားပြောသည်ကို ကြားသွားကာ ခနဲ့လာကြလေ၏။ “အဲဒီကောင်းကင်ပါရမီရှင်တွေကို လူတိုင်းသိနိုင်တာမဟုတ်ဘူး..”
ဟော့လင်းအာ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ တစ်စုံတစ်ယောက်သည် သူမကို ဦးတည်ပြောလာပြီး ရှီဟောင်အား လျစ်လျူရှုလိုက်သောကြောင့် သူမ မပျော်တော့ပေ။ သို့သော်လည်း သူမ ဘာမှပြန်မပြောတော့။
“ဟမ် .. ဘယ်ဂိုဏ်းက နတ်သမီးလေးလဲ” ဤလူသည် ဟော့လင်းအာ ဤမျှလှပလိမ့်မည်ဟု သူ မထင်ထားသည်မှာ သေချာသည်။ သူမကို ကြည့်ပြီးသည့်နောက်တွင် သူ၏မျက်လုံးများ တောက်ပလာလေ၏။
“ကျွန်မတို့က ကျင့်ကြံသူလေးပါပဲ .. ကျွန်မတို့ ပြောရင်တောင် ရှင်သိမှာမဟုတ်ဘူး” ဟော့လင်းအာ နှုတ်ခမ်းများကို မဲ့ရွဲ့ကာ ပြောလိုက်သည်။
ဤနေရာတွင် အမျိုးသမီး ကျင့်ကြံသူများလည်း ရှိနေသည်သာ။ သူတို့သည် ဟော့လင်းအာ၏ လှပမှုကို တွေ့လိုက်ရသည့်အချိန်တွင် မနာလိုဖြစ်လာကြလေသည်။
“ရှင်က ရှင့်ကိုယ်ရှင် ကောင်းကောင်းသိတာပဲ” အမျိုးသမီးတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ဟော့လင်းအာသည် ပြဿနာမရှာချင်သောကြောင့် ဤအမျိုးသမီးကို လျစ်လျူရှုလိုက်တော့သည်။ သို့သော်လည်း ရှီဟောင် မကျေနပ်ပေ။
“ဒီလူတွေကို မမှတ်မိတာက အဲဒီလောက်တောင် ဆိုးတာလား .. အဲဒီဂျီးနီးယပ်စ်တွေကို သိနေမှ ထူးခြားတဲ့သူလို့ သတ်မှတ်တာလား” ရှီဟောင် အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။
“သာမန်လူတွေကို ဒီလူတွေကို သိရလောက်အောင် အရည်အချင်းမရှိဘူး .. သူတို့တွေအားလုံးက ထာဝရရှေးဟောင်းမြေမှာ တောက်ပတဲ့ဂုဏ်သတင်းရှိတဲ့သူတွေပဲ” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်သည်။
“ငါတို့လည်း ထာဝရရှေးဟောင်းမြေထဲကို ဝင်ခဲ့ပေမယ့် အဲဒီလူတွေကို ဝေးဝေးကနေ ကြည့်နေရုံပဲ တတ်နိုင်တယ် .. နတ်သမီးရှောင်ယွဲ့နဲ့ တစ်ခြားသူတွေက စွမ်းအားကြီးလွန်းတယ် .. အားနည်းတဲ့သူတွေကတော့ သူတို့တိုက်ပွဲတွေကို ကြည့်ခွင့်တောင်မရှိဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် လှောင်ရယ်လိုက်ကာ “မင်းတို့အားလုံးလည်း ထာဝရရှေးဟောင်းမြေထဲကို ဝင်ခဲ့တာလား .. မင်းတို့ကို မမှတ်မိတဲ့အတွက် တောင်းပန်ပါတယ်”
“အဲဒါဆိုရင် မင်းတို့နှစ်ယောက်က ထာဝရရှေးဟောင်းမြေထဲကိုတောင် မဝင်ခဲ့ဖူးဘူးလို့ ဆိုလိုတာမလား” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။ “ဒီတစ်ခေါက် စုဝေးပွဲက ထာဝရရှေးဟောင်းမြေထဲ ဝင်ခဲ့ဖူးတဲ့ ကျွမ်းကျင်သူတွေအတွက်ပဲဆိုတာ မင်းတို့မသိတာများလား”
“ဒီနတ်သမီးက တော်တော်လေး ထူးခြားတယ် .. သူဒီမှာနေခဲ့လို့ရတယ် .. မင်းလိုမျိုး အပေါက်ဆိုးတဲ့သူကတော့ တောင်အောက်ဆင်းသွားရင် အကောင်းဆုံးပဲ” သူတို့ထဲမှ တစ်ယောက်သည် ရှီဟောင်အား အထင်သေးနိမ့်ချစွာ ကြည့်ပြီး ပြောလိုက်သည်။
ထိုစကားကို ကြားလိုရသည့်အချိန်တွင် ရှီဟောင်သည် ရယ်မောကာ ခေါင်းခါလိုက်သည်။ ထို့နောက်တွင် သူ၏လက်ဖက်ရည်ခွက်ကို သောက်လိုက်လေ၏။
“မင်းအခုထိ တောင်အောက်ပြန်မဆင်းသွားသေးဘူးလား” တစ်စုံတစ်ယောက်မှ ဆူပူလိုက်သည်.
ဤနေရာတွင်ဖြစ်ပျက်နေသည့် အသံများကြောင့် အခြားသူများလည်း အာရုံစိုက်လာကြလေသည်။ ရတနာစီထားသည့် အဆောက်အဦးထက်မှလူများပင်လျှင် လှည့်ကြည့်လာကြလေ၏။
” နင်က..” နတ်သမီးရှောင်ယွဲ့၏မျက်လုံးများ ပြူးကျယ်လာကာ ရှီဟောင်အား ထိတ်လန့်တကြား ကြည့်လာလေသည်။
ခဏကြာပြီးသည့်နောက်တွင် ရတနာစီထားသည့်အဆောက်အဦးထက်တွင်ရှိနေသည့် အခြားသူများလည်း သတိပြုမိသွားကာ အခြားသူများလည်း ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်ကြလေသည်။
“ဟွမ်..”
“သူက တကယ်လာတယ်..”
ရတနာစီခြယ်ထားသည့် အဆောက်အဦးထက်တွင်ရှိနေသည့် စွမ်းအားအကြီးဆုံးသူများအားလုံးသည် ဆွံ့အသွားကြကာ ရှီဟောင်ကို တလေးတစားဖြင့်ပင် အရိုအသေပေးလာလေ၏။
ဒီလူက ဘယ်သူလဲ .. အောက်ဘက်တွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်သွားကြသည်။
နတ်သမီးရှောင်ယွဲ့နှင့်အခြားသူများ ဆင်းလာကြကာ ရှီဟောင်အား လာရောက်နှုတ်ဆက်ကြလေသည်။
“အစ်ကိုရှီ .. ကျွန်တော်တို့ တွေ့ကြပြီ”
“မင်းတို့အားလုံး အရမ်းယဉ်ကျေးနေပါပြီ” ရှီဟောင် ပြန်ဖြေလိုက်သည်။
“ဘာ .. သူကဟွမ်လား.. ထာဝရရှေးဟောင်းမြေထဲက ပထမဆုံးထွက်လာတဲ့ ပြိုင်ဘက်ကင်းဟွမ်လား” အခြားသူများ အားလုံးလည်း ထိတ်လန့်သွားကြသည်။
ရှီဟောင်အား လှောင်ရယ်ခဲ့သည့်သူမှာ ဖြူဖျော့နေလေပြီ။ ဤစုံတွဲ ဤနေရာတွင်ရှိနေသည့်သူများကို မသိရခြင်းမှာ သူတို့အားလုံး စွမ်းအားကြီးလွန်းလှသောကြောင့်ပင်။
ဟွမ်ကို လူတိုင်းမသိနိုင်ပေ။ သူတို့ ထာဝရရှေးဟောင်းမြေထဲ ရှိနေသည့်အချိန်တွင် သူတိုက်ခိုက်သည်ကို လူတိုင်းကြည့်နိုင်သည် မဟုတ်ပေ။ ကံကောင်းသည့်သူများသာ ကြည့်ခွင့်ရရှိခြင်းပင်။
“ဒီလူက ဟွမ်ပဲ .. ထာဝရရှေးဟောင်းမြေထဲမှာ ပြိုင်ဘက်ကင်းတဲ့တစ်ယောက်..”
“သိပ်မကြာသေးခင်တုန်းကပဲ သူ အာကာသကလန် တာအိုကာကွယ်သူကိုတောင် သေအောင်နှိပ်စက်ခဲ့တာ”
ဤနေရာမှာ အုတ်အော်သောင်းတင်း ဖြစ်လာလေ၏။
နတ်သမီးရှောင်ယွဲ့နှင့် အခြားသူများအားလုံးသည် အလောတကြီး ပြေးလာကြကာ သူတို့ဝိုင်ခွက်ကို မြှောက်လိုက်ကြလေ၏။
ရှီဟောင်သည်လည်း သူတို့အတွက် ခက်ခဲအောင် မလုပ်ပေ။ သူလည်း ပြုံးလိုက်ကာ ခွက်မြောက်လိုက်လေသည်။ ထိုသူများထဲတွင် အတော်လေး စွမ်းအားကြီးသည့်သူများလည်း ပါဝင်သည်သာ။ သူတို့သည် ထိပ်တန်း တစ်ရာထဲတွင် ပါဝင်သည်ပင်။
“အားလုံးပဲ တစ်ခြားနေရာကလာတဲ့ ဧည့်သည်တွေအကြောင်းတွေအကြောင်း ကျုပ်သိချင်သေးတယ် .. သူတို့တွေက ဘယ်လောက်တောင် အားကောင်းတာလဲ” နောက်ဆုံးတော့ ရှီဟောင် ဤကဲ့သို့ မေးလိုက်သည်။
“အစ်ကိုရှီ .. သူတို့က အရမ်းစွမ်းအားကြီးတယ် .. လူတစ်ယောက်တည်းနဲ့ အဆင့်မြင့်နယ်မြေက ကျွမ်းကျင်သူတွေ ခေါင်းမထောင်နိုင်အောင် လုပ်ထားတာ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“အစ်ကိုရှီ .. သူတို့က အစ်ကို့နာမည်ကိုတပ်ပြီးတော့ တိုက်ခိုက်ဖို့ခေါ်နေကြတာ” နတ်သမီးရှောင်ယွဲ့ ပြောလိုက်သည်။
“ဘာလဲ .. တွေ့ကရာလူတွေတောင်မှ ငါနဲ့တိုက်ခိုက်ချင်နေတာလား” ရှီဟောင် ပြောလိုက်၏။
ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားကာ အားလုံး ဆွံ့အသွားလေ၏။ အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
ဤကဲ့သို့ပြောရဲသည်မှာ ဟွမ်တစ်ယောက်တည်းသာ ရှိမည်ထင်သည်။
“အစ်ကိုရှီ .. အဲဒီလူတွေ ဒီနေ့ ဒီကိုလာမှာ” နတ်သမီးရှောင်ယွဲ့ပြောလိုက်သည်။ သူတို့ယနေ့ ဤနေရာတွင် စုဝေးပွဲလုပ်မည်ဟူသော သတင်းပျံ့သွားသောကြောင့် ဤလူများလည်း ရောက်လာမည်ပင်။
အဘယ်ကြောင့်ဆိုသော် တွေ့ဆုံပွဲရှိတိုင်း ထိုဧည့်သည်များသည် သူတို့နှင့်မဝေးပါက အမြဲတမ်း ရောက်လာကြသည်သာ။
ထိုလူများမှာ ဤစီရင်စုတွင်ရှိနေသည်ဟု သူတို့သတင်းအတိအကျရထားပြီးသားပင်။
“အဲဒီလိုလား..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။
ရုတ်တရက်ပင် ခပ်ဝေးဝေးမှ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ကြီးကို စုတ်ဖြဲကာ အစိမ်းရောင်မြို့ထံသို့ ဦးတည်လာနေလေသည်။
အဲဒီလူတွေ တကယ်ရောက်လာတာလား .. အားလုံးသည် ထိတ်လန့်သွားကာ အရှေ့ဘက်သို့ ခြေဖျားထောက် ကြည့်လိုက်ကြလေ၏။
အပိုင်း ၁၂၂၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၆ – တုံဘီ နတ်လူဝံ
ကောင်းကင်ထက်တွင် သက်တံ့ပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသကဲ့သို့ပင် အလင်းတန်းများ ကျရောက်လာလေ၏။ စစ်ရထားလုံးတစ်စီးသည် ထိတ်လန့်စရာကောင်းလောက်သည့် အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်ကာ တရှိန်ထိုးရောက်လာလေသည်။
သူတို့ဖြတ်လာသည့်လမ်းတစ်လျှောက်တွင် လေဟာနယ်အက်ကွဲသွားကာ မီးခိုးများနှင့် တိမ်တိုက်များလည်း ထွက်ပေါ်လာလေသည်။
အားလုံး ထိတ်လန့်သွားရ၏။ ဤစစ်ရထားလုံး၏အရှိန်မှာ လျင်မြန်လွန်းလှပြီး ဒီတိုင်းလှုပ်ရှားလိုက်ရုံဖြင့်ပင် လေဟာနယ်ကို ဖောက်ထွင်းနိုင်လေပြီ။
ထိုရထားလုံးသည် တစ်ခဏအတွင်းမှာပင် ရောက်လာလေပြီ။ ထိုစစ်ရထားလုံးမှာ ငါးရောင်စပ်နတ်ကြေးနီဖြင့် ပြုလုပ်ထားပြီး ရှားပါးလှသည့် လျှို့ဝှက်ရတနာတစ်ခုပင်။ သာမန်လူများ ဤပစ္စည်းကို မလုပ်နိုင်ပေ။
သူသည် အစိမ်းရောင်မြို့သို့ တရှိန်ထိုး ရောက်လာပြီး ပျက်စီးနေသည့်တောင်ထိပ်ပေါ်သို့ ရောက်လာလေသည်။
ဘေးပတ်လည်ရှိ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
ဤသည်မှာ ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်ဆင်းလာသကဲ့သို့ပင်။ နတ်သမီးရှောင်ယွဲ့အပါအဝင် ဂျီးနီးယပ်စ်များစွာမှာ စိတ်ထဲတွင် တုန်လှုပ်သွားကြရသည်။
သို့သော် ထိုစစ်ရထားလုံးသည်လည်း အနက်ရောင်တောင်ကြီး၏ ပျံသန်း၍မရသည့် ကန့်သတ်ချက်ဖြင့် နှောက်ယှက်ခံလိုက်ရလေ၏။
သို့သော်လည်း ဤရထားလုံးကြီးမှာ တကယ်ကိုပင် ထူးခြားလှပေသည်။ သူသည် လျင်မြန်စွာပင် ဆင်းသက်လာလေ၏။ ထိုရထားလုံးသည် ဘာမှ မထိခိုက်သွားပဲ မြေကြီးများနှင့်ကျောက်တုံးများသာ လွင့်စင်သွားပြီး မီးခိုးများနှင့်ဖုန်မှုန့်များလည်း လေထဲသို့ လွင့်တက်လာလေသည်။
ဤစစ်ရထားလုံးပေါ်တွင် နတ်ဘုရားများနှင့်နတ်ဆိုးများ နေနှင့်လများ စုတ်ယူခံနေရပုံ၊ လက်များမှ ကြယ်များအား ခူးဆွတ်နေသည့်ပုံနှင့်အတူ သားရဲပေါင်းတစ်သောင်းမှ ယဇ်ပုလ္လင်တစ်ခုအား ပူဇော်နေသည့်ပုံ၊ ဘုရားဖူးနေသည့်ပုံဖော်ထားသည့် ပျံသန်းနေသည့်ငှက်၏ပုံများ စသဖြင့် ရေးထွင်းထားလေသည်။
ဤစစ်ရထားလုံးကို ဆွဲနေသည့်သားရဲများ မရှိပေ။ သူသည် သင်္ကေတများကြောင့် ရွေ့လျားနေခြင်းပင်။
ထိုစစ်ရထားလုံးထဲမှ မည်သူထွက်လာမလဲဆိုသည်ကို အားလုံး စိတ်လှုပ်ရှားနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ရောက်လာသည့်သူများမှာ သေချာပေါက် စွမ်းအားကြီးသည့်သူများပင်။
ရထားလုံးထဲမှ နားလည်ရန်ခက်ခဲသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။
အားလုံးမှာ ထိုအရာ ဘာပြောလိုက်သည်ကို နားမလည်နိုင်ကြပေ။
“ဘာပြောတာလဲ .. သူတို့က ဘာ ဘာသာစကားကို သုံးတာလဲ” လူများစွာမှာ ထိတ်လန့်သည့်အမူအရာ ဖြစ်သွားလေ၏။
“တကယ်ကို တစ်ခြားနေရာကလာတဲ့ဧည့်သည်တွေပဲ .. ဒါက သူတို့တွေသုံးတဲ့ ဘာသာစကား..” နတ်သမီးရှောင်ယွဲ့၏ အမူအရာ ပြောင်းလဲသွားလေသည်။ ဤသည်မှာ ဤရက်များအတွင်းတွင် သူမလေ့လာထားခဲ့သည့် အကြောင်းအရာများပင်။
အခြားကျွမ်းကျင်သူများ၏ အမူအရာများလည်း လေးနက်လာလေ၏။ သူတို့ထင်ထာသည့်အတိုင်းပင် သူတို့၏ တွေ့ဆုံပွဲမှာ ထူးခြားသည့်ကျွမ်းကျင်သူများကို ဆွဲဆောင်သွားနိုင်လေသည်။
အမှန်တကယ်တွင် ဤရက်များအတွင်းတွင် စီရင်စုများစွာမှ သူရဲကောင်းလူငယ်များမှာ ဆက်တိုက်ပင် ရှုံးနိမ့်နေသောကြောင့် သူတို့လွန်စွာ အရှက်ရနေလေပြီ။ အကောင်းဆုံးတိုက်ခိုက်နိုင်သည့်သူပင်လျှင် ၁၀ ချက်ထပ် မပိုပေ။
“#$%..” ထိုယာဉ်အတွင်းမှ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ဒါက သမိုင်းဝင်ခေတ်ဘာသာစကားနဲ့တူတဲ့ စကားပဲ .. ဒါကို နားလည်ဖို့ သေချာနားထောင်ရတယ်”
“ဟက် .. စီရင်စုသုံးထောင်က တကယ်ကို ဆုတ်ယုတ်နေပြီပဲ .. ကိုယ့်ရဲ့ အမိဘာသာစကားကိုတောင်မှ မေ့သွားကြပြီ”
နောက်ဆုံးတွင်တော့ စစ်ရထားလုံးအတွင်းမှ အားလုံးနားလည်နိုင်သည့် စကားသံ ထွက်ပေါ်လာလေသည်။
“စီနီယာ .. စီနီယာတို့ဆီမှာ ဘယ်လိုညွှန်ကြားချက်မျိုး ရှိပါသလဲ” တစ်စုံတစ်ယောက်မှ စစ်ရထားလုံးရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ရိုရိုသေသေ ပြောလိုက်လေသည်။
“ငါအဲဒီလောက် အသက်မကြီးသေးဘူး” စစ်ရထားလုံးထဲမှ အေးစက်သည့်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာလေ၏။
“ဒါက အစိမ်းရောင်စီရင်စုရဲ့ တွေ့ဆုံပွဲကြီးလား .. အဲဒီလိုပုံလည်း မပေါက်ပါဘူး .. စကားပြောလို့ရမယ့် ကျွမ်းကျင်သူတွေ တစ်ယောက်မှကို မရှိဘူး”
ဤနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေ၏။ ရောက်လာသည့်သူမှာ စိတ်ကြီးဝင်လွန်းလှပြီး ယာဉ်ပေါ်မှပင် ဆင်းမလာပေ။
မည်သူမှဘာမှမပြောတော့ပဲ ဘာဖြစ်လာမလဲဆိုသည်ကိုသာ စောင့်နေလိုက်ကြလေသည်။
လူများစွာ မတ်တပ်ရပ်နေပြီဖြစ်သော်လည်း ရှီဟောင်သည် သူတို့ကို အရေးစိုက်မနေပဲ ဟော့လင်းအာနှင့်အတူ ဝိုင်သာ သောက်နေလေသည်။ သူမသည် ရှီဟောင်ကို ဝိုင်ထည့်ပေးနေလေ၏။
ဝံပုလွေဖြူလေးသည် ဝိုင်ပုလင်းအိုးလေးကို ယူကာ တိတ်တဆိတ်ပင် ထိုင်သောက်နေလေသည်။
“အဆင့်နိမ့်လိုက်တာ .. မင်းတို့အားလုံးက ဒီလိုအရည်အချင်းမျိုးနဲ့ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ချင်သေးတာလား .. ဘာအခွင့်အရေးမှ မရှိဘူး” ထိုလူသည် ခေါင်းခါကာ ပြောလိုက်ပုံပင်။
“တာအိုညီအစ်ကို ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ခုက ပေါင်းဖွင့်တဲ့ ကျောင်းကို ဝင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ဘာအခြေအနေတွေ ရှိနေရမှာလဲ” တစ်စုံတစ်ယောက်မှ သတ္တိများစုကာ မေးလိုက်လေသည်။
“ငါ့ကို နိုင်အောင်တိုက်နိုင်ရင် ဝင်နိုင်တာပေါ့” စစ်ရထားလုံးထဲမှလူ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤသည်မှာ ခက်ခဲလွန်းလှသည်ပင်။ ဒါက လင်ထျန်းလို့ခေါ်တဲ့လူငယ်လေးမဟုတ်ဘူးလား .. သူ့နာမည်ကို လူများစွာ ကြားဖူးပြီးသားပင်။ စီရင်စုသုံးထောင်မှ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို အနိုင်ယူခဲ့သည့်သူမှာ ဤလူငယ်ပင်။
” မောင်လေးလင်း .. ဒါက အရမ်းခက်ခဲလွန်းပါတယ် .. မောင်လေးရဲ့တာအိုဥပဒေသတွေက နက်နဲပါတယ် .. အဆင့်မြင့်နယ်မြေမှာ မောင်လေးနဲ့တိုက်ခိုက်နိုင်တဲ့သူ အများကြီးမရှိဘူး” နတ်သမီးရှောင်ယွဲ့မှ ပြောလိုက်သည်။
ထိုအချိန်တွင် ရထားလုံး၏ လိုက်ကာပွင့်လာပြီး ထိုထဲမှ ကျွမ်းကျင်သူ ပေါ်လာလေသည်။
အားလုံး ချက်ချင်း ဆွံ့အသွားရသည်။
ဤသည်မှာ အားလုံးထင်ထားသည့် သူရဲကောင်းလူငယ်လေးမဟုတ်ပဲ သွားခေါနေသည့် သက်ရှိတစ်ကောင်ပင်။
ဤသည်မှာ ရွှေရောင်အမွေးများနှင့် သွားခေါနေသည့် နတ်လူဝံကြီးပင်။ သူ၏မျက်လုံးများမှာ ရွှေရောင်မီးအိမ်များကဲ့သို့ တောက်ပနေလေသည်။
ဤမျောက်သည် တာအိုဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူ၏ပုံစံမှာ ရယ်စရာကောင်းနေသော်လည်း သူထုတ်လွှတ်သည့်အော်ရာမှာမူ စွမ်းအားကြီးလှပြီး သူ၏အကြည့်များမှာလည်း အေးစက်လှသည်။ မည်သူမှ သူ့ကို အထင်မသေးရဲပေ။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ကောင်းကင်နတ်ဘုရားပင်။
“ဒီတာအိုသူငယ်ချင်းရဲ့နာမည်လေး သိလို့ရမလား” တစ်စုံတစ်ယောက်မှ တိတ်တဆိတ်ပြောလိုက်သည်။ ထိုဧည့်သည်များထဲတွင် မည်သည့်မျောက်ကိုမှ မမြင်ဖူးသလိုပင်။
“ငါက တုံဘီနတ်လူဝံမျိုးနွယ်စုက ယွမ်ထျန်းပဲ” ထိုသူ အေးစက်သည့်အသံဖြင့် ပြောလိုက်သည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေလေ၏။ သူက ဧည့်သည့်မဟုတ်ဘူးလား..
“တာအိုသူငယ်ချင်းက ဒီဧည့်သည်တွေနဲ့ ဘယ်လိုပတ်သက်မျိုးရှိတာလဲဆိုတာ မေးလို့ရမလား .. ကောင်းကင်နတ်ဘုရားလင်ထျန်းကိုရော မှတ်မိလား” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
“ငါက ဒီမြေအလွန်ကနေလာတာ .. လင်ထျန်းကို ငါ့ဆရာအဖြစ် သတ်မှတ်ထားတာ” သူပြန်ဖြေလိုက်သည်။
ထိုစကားသံ ကြားလိုက်သည်နှင့် အားလုံး၏ အမူအရာ ပြောင်းလဲသွားရသည်။ ဤမြေအလွန်မှ အစေခံပင်လျှင် ရထားလုံးကို ဤကဲ့သို့ ရဲရဲတင်းတင်းမောင်းလာပြီး လူအုပ်ကြီးကို အထင်သေးရဲသေးသည်။ ဤသည်မှာ သူတို့လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။
“တာအိုညီအစ်ကိုယွမ် .. အခုလို လာလည်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
“ဒီမှာ တွေ့ဆုံပွဲရှိတယ်လို့ကြားလို့ ဒီမှာ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့အတွက် သင့်တော်တဲ့သူရဲကောင်းရှိလားလို့ လာကြည့်တာ” သူ တည့်တိုးပင် ပြောလိုက်လေသည်။
ထိုအချိန်တွင် နတ်သမီးရှောင်ယွဲ့နှင့် မင်းသမီးလုတို့မှာ မျက်နှာပျက်ယွင်းသွားကြသည်။ သူတို့သည် ထာဝရရှေးဟောင်းမြေတွင် ထိပ်တန်းအဆင့်တစ်ရာတွင် ပါခဲ့သော်လည်း ယခုတော့ ဤဧည့်သည်များ၏ အထင်သေးခြင်းကို ခံနေရသည်။
လင်ထျန်းကိုယ်တိုင်တောင် ရောက်မလာပဲနဲ့ အစေခံကိုပဲ လွှတ်လိုက်တယ်..
“လွန်လွန်းသွားပြီ” တစ်စုံတစ်ယောက်မှ အံကြိတ်ပြီး ပြောလိုက်သည်။
ဤသည်မှာ အရှက်ခွဲနေခြင်းပင်။ အဓိကလူရောက်မလာပဲ ထုန်ဘီနတ်လူဝံကိုသာ လွှတ်လိုက်သောကြောင့် ဤသည်မှာ သူတို့အား အလွန်အထင်သေးနေခြင်းပင်။
“ဘာလဲ .. မင်းတို့က ဒါကို လက်မခံနိုင်ဘူးလား” ရွှေရောင်ထုန်ဘီနတ်လူဝံသည် အားလုံးကို အေးစက်စွာ ဝေ့ကြည့်ပြီး ပြောလိုက်သည်။ “ငါ့ဆရာကိုယ်တိုင် စီရင်စုပေါင်းများစွာကို စိန်ခေါ်ခဲ့ပေမယ့် လူတစ်ယောက်မှ ၁၀ ချက်ကျော်တောင် တောင့်မခံနိုင်ဘူး .. ပုံမှန်အားဖြင့် သုံးချက်တောင်မကျော်ဘူး .. တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ် .. သူကဘာလို့ ကိုယ်တိုင်လာရတော့မှာလဲ”
ဤစကားများကို ကြားရသည်မှာ မသက်သာလှပေ။
အားလုံးဒေါသထွက်သွားသော်လည်း သက်ပြင်းချလိုက်ကြသည်။ ပြောရမည်ဆိုလျှင် စီရင်စုသုံးထောင်မှာ တကယ်ကိုပင် အလွန်အားနည်းလာခြင်းပင်။ လွန်ခဲ့သည့် လအနည်းငယ်က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များမှာ ခါးသီးလွန်းလှသည်။
“ဘာလဲ .. ဒါကို လက်မခံနိုင်တဲ့သူရှိလို့လား .. မင်းတို့အားလုံး ငါ့ကို ကြိုက်သလိုစိန်ခေါ်လို့ရတယ် .. ငါ့ကိုဖြတ်နိုင်မှ ငါ့ဆရာကို စိန်ခေါ်ခွင့်ရှိမယ် .. မဟုတ်ရင် မင်းတို့အားလုံး ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်မယ့်ကိစ္စကို မေ့ထားလိုက်တော့” ထိုလူဝံကြီးမှ ကြမ်းတမ်းစွာ ပြောလိုက်သည်။
ဤနေရာတွင်ရှိနေသည့် လူများ အားလုံး၏အမူအရာမှာ ကြမ်းတမ်းလာလေသည်။ မျောက်တစ်ကောင်က ဒီနေရာမှာ လာပြောနေရအောင် ဘာအရည်အချင်းရှိလို့လဲ ..
အချို့လူများသည် ဤသည်ကို လက်မခံနိုင်သောကြောင့် အရှေ့ဘက်သို့ လျှောက်လာကြလေ၏။
“ငါစမ်းကြည့်မယ်” တစ်စုံတစ်ယောက်ပြောလိုက်သည်။
“ရတာပေါ့ .. ယုံကြည်ချက်ရှိတဲ့သူတွေ ငါ့ဆီလာလို့ရတယ်” ထုန်ဘီနတ်လူဝံသည် ရထားလုံးထဲမှ ထွက်လာလေသည်။
ဦးခေါင်းထက်တွင် ဦးချိုရှိပြီး လက်ထဲတွင် ခရာတစ်ခုကိုင်ထားသည့် အမျိုးသားတစ်ဦးမှ ပြေးထွက်လာလေသည်။ အလင်းလှိုင်းတစ်ခုထွက်ပေါ်လာပြီး လေဟာနယ်ကို ဖွင့်ဖောက်လိုက်လေသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားပင်။
ဝုန်း..
ထုန်ဘီနတ်လူဝံကြီးသည် ထူးခြားလှသည့်ခွန်အားကို ပိုင်ဆိုင်ထားသည်ပင်။ သူ၏လက်သီးသည် ထိုအမျိုးသား၏ရင်ဘတ်ကို ရိုက်ချလိုက်သောကြောင့် ထိုအမျိုးသားထံမှ ညည်းတွားသံ ထွက်ပေါ်လာလေသည်။ သူ၏အသံမှာ မိုးကြိုးကဲ့သို့ပင်။
ထို့နောက်တွင် ထိုလူဝံကြီးသည် ရွှေရောင်လျှပ်စီးအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ ထိုလူထံသို့ တရှိန်ထိုး ဦးတည်သွားလေသည်။ ဖုန်းဟူသည့်အသံနှင့်အတူ သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်ကြလေ၏။
ခွပ်..
ထိုခရာကျိုးသွားကာ ထိုလူလည်း လွင့်ထွက်သွားလေ၏။ သူ၏နှလုံးမှာ ထိုထုန်ဘီနတ်လူဝံ၏ နှိုက်ထုတ်ခံရလုနီးပါးဖြစ်သွားလေ၏။ သူ၏ခန္ဓာကိုယ်တွင် အပေါက်ကြီးဖြစ်သွားပြီး သွေးများလည်း တစ်စက်စက်ကျနေလေသည်။
“တစ်ချက်လေးတောင် မခံနိုင်ဘူး” တုန်ဘီနတ်လူဝံခနဲ့လိုက်သည်။
ထိုလူသည် မျက်နှာပျက်ယွင်းသွားကာ နောက်ဆုတ်သွားလေ၏။
အခြားသူများသည်လည်း သူတို့ကိုယ်တိုင် ခံစားလိုက်ရသကဲ့သို့ပင် အားလုံး စိတ်ပျက်သွားကြသည်။ လင်ထျန်းမွေးထားသည့်မျောက်ပင်လျှင် ဤမျှစွမ်းအားကြီးနေသောကြောင့် သူတို့စိတ်အခြေအနေ ဆိုးရွားသွားလေသည်။
ထုန်ဘီနတ်လူဝံသည် အေးစက်စွာပင် ရယ်မောလိုက်ကာ “မင်းတို့အားလုံးကို ဂျီးနီးယပ်စ်တွေ မဟုတ်ဘူးလား .. မင်းတို့ထဲက တစ်ယောက်လေးလောက်တောင်မှ နည်းနည်းလေးလောက် မထူးခြားဘူးလား ..မင်းတို့အားလုံး အရမ်းအားနည်းတာပဲ”
ထုန်ဘီနတ်လူဝံ- “အိုး .. မင်းတို့ထဲမှာ တစ်ချို့လူတွေက ထာဝရရှေးဟောင်းမြေလို့ခေါ်တဲ့နေရာထဲကို ဝင်သွားပြီးတော့ ဂျီးနီးယပ်စ်လို့ခေါ်တာမဟုတ်ဘူးလား .. ဒါပေမဲ့ မင်းတို့တွေက အခုထိ ကောင်းကင်နတ်ဘုရားတောင် မဟုတ်သေးဘူး .. ဒီလိုဆိုရင်ရော .. ငါမင်းတို့အားလုံးကို အခွင့်အရေးပေးလိုက်မယ် .. ဒါက ကောင်းကင်နတ်ဘုရားကျောင်းအတွက် လူရွေးပွဲဆိုတော့ သေချာပေါက် အရည်အချင်းက အရေးကြီးတယ် … ငါ့ရဲ့ကျင့်ကြံဆင့်ကို မင်းတို့နဲ့အဆင့်အတူတူထိရောက်အောင် နိမ့်ပေးမယ် .. အဲဒီလိုဆိုရင်ရော .. ဘယ်သူငါ့ကို စိန်ခေါ်ချင်လဲ..”
“ငါစိန်ခေါ်မယ်”
ထင်ထားသည့်အတိုင်းပင် အချို့လူများသည် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ ထာဝရရှေးဟောင်းမြေတွင် သူ၏အဆင့်မှာ သိပ်မဆိုးပေ။
“ရွှီး..” သူသည် ဒြပ်စင်ငါးခုနတ်အလင်းကို ထုတ်လွှတ်နေသည့် ငါးရောင်စပ်နတ်အလင်းကွင်းကို ထွေးထုတ်လိုက်လေသည်။
နတ်ဘုရားအစစ်နယ်ပယ်တွင် ဤကဲ့သို့သော ကျင့်ကြံခြင်းမျိုးရှိနေခြင်းမှာ တော်သည်ဟု သတ်မှတ်၍ရသည်။
သို့သော် ဤမျောက်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ထိုနတ်အလင်းကွင်းကို ချက်ချင်းရှောင်ရှားလိုက်ကာ လက်ဗလာဖြင့်ပင် ပြန်လည်တိုက်ခိုက်လိုက်လေသည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်ကြား၌ အဖိုးတန်ပညာများထွက်ပေါ်လာကာ အရိုးစာသားများလည်း ရောယှက်လာလေသည်။ ၁၀ချက်ကျော် တိုက်ခိုက်ပြီးသည့်နောက်တွင် ထိုမျောက်သည် သူ၏လက်သည်းများကို ထုတ်လိုက်လေသည်။ ဖူးဟူသည့်အသံနှင့်အတူ ထိုလူ၏ခန္ဓာကိုယ်မှာ တစ်ဝက်နီးပါး စုတ်ပြတ်သွားလေပြီ။
“မင်းရှုံးသွားပြီ..”
ထိုထုန်ဘီနတ်လူဝံကြီးမှ ခနဲ့တဲ့တဲ့ပြောလိုက်သည်။ သူသည် စုတ်ဖြဲပစ်လိုက်သည့်လက်တစ်ဖက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
အားလုံး ဒေါသထွက်သွားကြရသည်။ သူတို့သည် နတ်သမီးရှောင်ယွဲ့ကို ကြည့်ပြီးနောက် ရှီဟောင်ကို ကြည့်လိုက်ကြလေသည်။ သူတို့စကားပြောလာမည်ကို စောင့်နေကြခြင်းပင်။
“အစ်ကိုရှီ .. အစ်ကို ဘယ်လိုထင်လဲ..” နတ်သမီးရှောင်ယွဲ့ စိတ်ရှုပ်ထွေးနေရသည်။ သူမကြိုးစားကြည့်ချင်သော်လည်း သူမအနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
ထုန်ဘီနတ်လူဝံသည် နတ်သမီးရှောင်ယွဲ့နှင့် ရှီဟောင်ကိုကြည့်လိုက်ကာ “မင်းတို့တွေက မယုံသေးတာလား..”
“မျောက်တစ်ကောင်လေးပဲကို .. မင်းက ဘာလို့ ဒီမှာ ဆူဆူညံညံတွေ လာလုပ်နေတာလဲ” ရှီဟောင် ပြောလိုက်၏။ လူများစွာမှာ သူ့ကိုကြည့်ကာ အကူအညီတောင်းနေကြသောကြောင့် သူလည်း မနေသာတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူလည်း ဤမျောက်ကို သဘောမကျပေ။ စိတ်ကြီးဝင်လွန်းလှသည်။
“မင်းက ဘယ်သူလဲ” ဤလူငယ်လေးကို ထိုးဖောက်၍မမြင်နိုင်သောကြောင့် တစ်ခုခုမှားနေပြီဟု ထုန်ဘီနတ်လူဝံခံစားလိုက်ရသည်။
“မင်းရဲ့ ပိုင်ရှင်ကိုခေါ်လိုက်” ရှီဟောင်ပြောလိုက်သည်။
“မင်းက ငါ့ဆရာကို တွေ့ချင်တာလား .. ဒါပေမဲ့ ငါမင်းကို တွေ့ခွင့်ပေးပြီးပြီမို့လို့လား .. မင်းငါ့ကို အရင်ဆုံးဖြတ်ရမယ်” ထုန်ဘီနတ်လူဝံ စိန်ခေါ်လိုက်လေသည်။
အပိုင်း ၁၂၂၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၇ – ကြီးမားသော ကွာဟချက်
ဤနတ်လူဝံသည် အလွန်ပင်ကြီးမားလှပြီး သူ၏တစ်ကိုယ်လုံးလည်း ရွှေရောင်တောက်နေသည်။ သူ၏လက်မောင်းများမှာ ဒူးကိုပင် ကျော်နေလေပြီ။ ထို့အပြင် သူ၏ဦးခေါင်းထက်တွင် အနက်ရောင်ဦးချိုတစ်စုံရှိနေသောကြောင့် ဤသည်မှာ သူ့ကိုပို၍ ရက်စက်သည့်ပုံ ပေါက်သွားစေသည်။
ရွှီး..
ထုန်ဘီနတ်လူဝံသည် အတော်လေး ဒေါသကြီးသည့်သူပင်။ သူသည် စကားပြောပြီးသည်နှင့် သူ၏လက်များကို ဝေ့ရမ်းကာ လေဟာနယ်ကို စုတ်ဖြဲပစ်လိုက်လေသည်။
သူ၏လက်သည်းများမှာလည်း ရွှေရောင်ပင်။ ပေဝက်ခန့်ရှည်လျားပြီး သံချိတ်ကဲ့သို့ပင် ကွေးနေကာ အလွန်ချွန်ထက်လှသည်။
ရှီဟောင်သည် ထိုနေရာတွင် ထိုင်လျက်ပင်။ တစ်ဖက်လူသည် အခြားနေရာမှ ဧည့်သည်ဖြစ်နေသောကြောင့် ဟော့လင်းအာ စိတ်ပူလာသည်။ ရှီဟောင်သည် သူစားနိုင်သည်ထက် ပိုစားလိုက်မည်ကို သူမ စိုးရိမ်မိသောကြောင့် သူမ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်နေပြီပင်။
သို့သော် ရှီဟောင် သူမကို တားဆီးလိုက်ကာ သူ့ဘေးနားတွင် သက်တောင့်သက်သာ နေခိုင်းလိုက်လေ၏။ သူ၏အမူအရာမှာ ပျော်ရွှင်နေခြင်းမရှိသလို စိုးရိမ်နေခြင်းလည်းမရှိပဲ တည်ငြိမ်လှသည်။
ထုန်ဘီနတ်လူဝံ၏ မျက်လုံးများ အေးစက်သွားရသည်။ အခြားသူသည် ဤကဲ့သို့ ရဲတင်းစွာဖြင့်ပင် သူ့အား လျစ်လျူရှုရဲသည်။ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များ ချက်ချင်းပင် ထွက်ပေါ်လာလေသည်။ လက်သည်းများမှာ ပို၍ပင် တောက်ပလာကာ အရိုးစာသားများ အလွှာပေါင်း တစ်ရာ ထွက်လာလေသည်။
သူစီရင်စုသုံးထောင်ကို ရောက်ပြီးကတည်းက ဘယ်သူက သူတို့ကို အထင်သေးရဲလို့လဲ.. သူ၏ဆရာ လင်ထျန်းသည် ပြိုင်ဘက်ကင်းသူဖြစ်ပြီး ကောင်းကင်နတ်ဘုရားတစ်ယောက်မှ သူ့အား အနိုင်မယူနိုင်ပေ။
ယခုတလောတွင် သူသည် လင်ထျန်းအစား တွေ့ဆုံပွဲများသို့ သွားပြီး ဂျီးနီးယပ်စ်များနှင့် တိုက်ခိုက်ခဲ့သည်။
သူသွားလိုက်သည့်နေရာတိုင်းတွင် အားလုံး သူ့ကို လေးလေးစားစား ဆက်ဆံကြသည်သာ။ သူသည် လင်ထျန်း၏ စစ်ပွဲအစေခံဖြစ်သော်လည်း အခြားသူများ သူ့အား ကြောက်ကြရသည်။ ယခု ဤကဲ့သို့ ဆက်ဆံခံလိုက်ရသောကြောင့် သူမကျေမနပ်ဖြစ်သွားသည်သာ။
သူ၏လက်သည်းများမှာ ရှီဟောင်နှင့် သုံးပေသာ ကွာတော့သည်။ လေဟာနယ်အက်ကွဲကြောင်းမှာ ရှီဟောင်၏ခန္ဓာကိုယ်နားသို့ ရောက်လာတော့မည်။
ထုန်ဘီနတ်လူဝံ အေးစက်စွာ ရယ်မောလိုက်လေ၏။
“ငတုံးကောင် သွားသေလိုက်တော့” သူသည် အေးစက်စွာပင် ပြုံးလိုက်လေ၏။ သူသည် ရွှေရောင်လက်သည်းများကို ရှီဟောင်၏မျက်နှာဘက်သို့ ဦးတည်သွားလိုက်လေသည်။ သူသည် ရှီဟောင်၏မျက်နှာ စုတ်ပြတ်သွားအောင် လုပ်လိုခြင်းပင်။
အားလုံး စိတ်ထဲ တုန်လှုပ်သွားရသည်။ ဟွမ်စွမ်းအားကြီးမှန်း သူတို့သိကြသော်လည်း သူကဘာလို့အခုထိ ဘာမှမလုပ်သေးတာလဲ .. သူအချိန်မှီပါ့မလား .. ဟွမ်သာ ဒဏ်ရာရသွားလျှင် ဤအဆင့်မြင့်နယ်မြေ၌ ထိုဧည့်သည်များနှင့် ရင်ဆိုင်နိုင်သည့်သူ သိပ်မရှိတော့ပေ။
ထိုအချိန်တွင် ရွှေရောင်အလင်းများ ရုတ်တရက် မှေးမှိန်သွားပြီး နတ်လူဝံကြီးလည်း နောက်ပြန်လွင့်ထွက်သွားလေသည်။ ကြည်လင်တောက်ပနေသည့် ရေစက်လေးများသည် သွေးစီးကြောင်းများနှင့်အတူ ထွက်လာလေ၏။ ဤသည်မှာ ထူးဆန်းလှသည်။
အားလုံးဆွံ့အသွားကြရသည်။ သေချာကြည့်လိုက်သည့်အချိန်မှသာ ဘာဖြစ်သွားမှန်း အားလုံး နားလည်သွားရသည်။
သူ၏လက်သည်းများကျိုးသွားသောကြောင့် နတ်လူဝံကြီး ဒေါသထွက်သွားရသည်။ သူ၏လက်ချောင်းများမှာ အပ်များဖြင့် အထိုးခံနေရသကဲ့သို့ပင်။ နီရဲနေသည့် သွေးများလည်း စီးကျလာလေ၏။
“မင်း ငါ့ကိုဒီလိုမျိုး အထင်သေးရဲတယ်ပေါ့..” သူဒေါသတကြီး အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ထမလာသလို မည်သည့်လက်နက်ကိုမှလည်း အသုံးမပြုလိုက်ပေ။ သူ၏လက်ချောင်းတစ်ချောင်းဖြင့် ဝိုင်ခွက်ထဲမှ ဝိုင်များကို ထိုလူဝံကြီး၏ ရွှေရောင်လက်သည်းခွံပေါ်သို့ တောက်လိုက်ရုံဖြင့် သူ၏လက်သည်းခွံများပြုတ်ထွက်သွားခြင်းပင်။
ဒါက သူ့ကို အထင်သေးလွန်းသွားပြီ .. တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ဤသည်မှာ ကြောက်စရာကောင်းသည့် ပြိုင်ဘက်တစ်ယောက်ပင်။ ဤလူသည် စီရင်စုသုံးထောင်တွင် သူတွေ့ခဲ့သည့် ဂျီးနီးယပ်စ်အားလုံးထက် စွမ်းအားကြီးသည်ပင်။
“ငါမင်းကို အထင်သေးတော့ရော ဘာဖြစ်လဲ .. မင်းက လူတစ်ယောက်ရဲ့ တိုက်ပွဲက အိမ်မွေးတိရစ္ဆာန်လေးထက် မပိုဘူး .. မင်းက စီရင်စုသုံးထောင်ကို မျက်လုံးထဲ မထည့်ပဲနဲ့ ဒီမှာလာပြီးတော့ တစ်ခြားသူတွေကို အနိုင်ကျင့်နေတာကို ငါက မင်းကို လေးလေးစားစား ဆက်ဆံပေးနေရဦးမှာလား” ရှီဟောင် အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။
ဤနေရာတွင်ရှိနေသည့်လူများအားလုံး ထိတ်လန့်သွားရသည်။ ဟွမ် ဖြစ်ထိုက်ပါပေသည်။ ဝိုင်ခွက်တစ်ခွက်တည်းဖြင့် ဤနတ်လူဝံကြီးကို တားဆီးလိုက်ကာ သူ၏လက်သည်းခွံများ ကွာကျသွားအောင် လုပ်လိုက်နိုင်သည်။
“သတ်..
ထုန်ဘီနတ်လူဝံ၏ဒေါသ မိုးထိုးနေလေပြီ။ သူသည် သူ့ကလန်၏ ပညာဖြစ်သည့် ထုန်ဘီလက်သီးကို ထုတ်သုံးလိုက်သည်။
သူ၏ညာလက်တစ်ခုလုံး ဖောင်းပွလာပြီး ပို၍လည်း ရှည်လာလေသည်။ သူ၏လက်သီးသည်လည်း ရွှေရောင်နေမင်းကြီးကဲ့သို့ပင်။ သူ၏လက်သီးချက်သည် ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။
သို့သော်လည်း ရလဒ်မှာ သနားစရာကောင်းလွန်းလှသည်။ သူ၏လက်သီးကြီးမှာ ဝိုင်ခွက်တစ်ခွက်၏ တားဆီးခြင်းခံလိုက်ရပြီး တစ်လက်မမျှပင် မလှုပ်နိုင်တော့သည်အထိ နာကျင်သွားရလေသည်။
အခြားသူများမပြောနှင့် ရှီဟောင်နံဘေးတွင်ရှိနေသည့် ဟော့လင်းအာပင်လျှင် မျက်လုံးများပြူးကျယ်သွားရသည်။ သူမ၏ ဘေးမှလူမှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို သူမ ယခုမှ တကယ်သိသွားလေပြီ။
ဤသည်မှာ သာမန်ကျောက်စိမ်းဝိုင်ခွက်လေးသာဖြစ်သည်။ လက်နက်မဟုတ်ပေ။ သို့သော်လည်း ရှီဟောင်သည် ဤဝိုင်ခွက်လေးကိုသုံးကာ အလွန်စွမ်းအားကြီးသည့် ကောင်းကင်နတ်ဘုရားလက်သီးကို တားဆီးလိုက်လေသည်။
ဂါး..
ထုန်ဘီနတ်လူဝံ ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လျင်မြန်စွာပင် နောက်ပြန်ဆုတ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော သူအားသုံးလေလေ သူ၏လက်သီးမှာ ပို၍နာကျင်လာလေလေပင်။ သူ၏လက်အရိုးများလည်း ကျိုးသွားလေပြီ။
ထို့နောက်တွင် သူ၏လက်အရိုးများလွဲသွားသည်ကို အားလုံးတွေ့လိုက်ရလေသည်။
ထိုအချိန်မှသာ ဟွမ် မည်မျှပင် ကြောက်ဖို့ကောင်းသည်ကို အားလုံးသိသွားကြလေ၏။ သူ့အကြောင်းကြားဖူးသော်လည်း သူတို့ ကိုယ်တိုင်တွေ့နိုင်မည့်အခွင့်အရေး မရှိခဲ့ပေ။ ယခုတော့ သူတို့ကိုယ်တိုင် တွေ့လိုက်ရလေပြီ။
“ဟွမ် ဖြစ်ထိုက်ပါပေတယ် .. ပြိုင်ဘက်ကင်းတဲ့ ရဲရင့်မှုကို ပိုင်ဆိုင်ထားတာပဲ .. စီရင်စုသုံးထောင်မှာ သူ့ပြိုင်ဘက်ဖြစ်နိုင်တဲ့သူ ရှားတယ်” နတ်သမီးရှောင်ယွဲ့ သက်ပြင်းချကာ ပြောလိုက်သည်။
သူမသည် ယခင်က ရှီဟောင်ကို ထာဝရရှေးဟောင်းမြေတွင် တွေ့ခဲ့ဖူးသည်။ သူ ကောင်းကင်နတ်ဘုရားများကို သတ်လိုက်သည်ကိုလည်း ကြားဖူးသည်။
သို့သော် ထိုအဖြစ်အပျက်များမှာ ယနေ့ သူမမြင်လိုက်ရသည့် မြင်ကွင်းနှင့် မယှဉ်နိုင်ပေ။ ယခု လူကိုယ်တိုင်တွေ့မှသာ သူမည်မျှ အံ့အားသင့်စရာကောင်းကြောင်း သူမသိသွားရသည်။
အဘယ်ကြောင့်ဆိုသော် သူမအစွမ်းကုန်တိုက်ခိုက်လျှင်ပင် သူမ ဤထုန်ဘီနတ်လူဝံကို အနိုင်တိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။ သို့သော် ရှီဟောင်သည် လက်တစ်ဖက်မြှောက်ရုံလေးဖြင့် ဖိနှိပ်ပစ်လိုက်နိုင်သည်။ သူတို့ကြားမှ ကွာခြားချက်မှာ ကြီးမားလှသည်။
အခြားသူများလည်း ဤကဲ့သို့ ခံစားနေရသည်သာ။
“မင်းစောင့်နေ .. ငါ့ဆရာကို ငါသွားခေါ်လာခဲ့မယ်” ထုန်ဘီနတ်လူဝံသည် ဤလူနှင့် သူ့ကြားမှ ကွာခြားချက်ကို ချက်ချင်းပင် သိသွားလေသည်။ သူသည် ဤလူ၏ပြိုင်ဘက်မဟုတ်ပေ။
“ငါ အရင်ကတည်းက မင်းကို သွားခေါ်ခဲ့ဖို့ပြောသားပဲ .. ဒါပေမဲ့ မင်းက ငါ့ကို တိုက်ခိုက်လာတယ် .. မင်း လာချင်တိုင်းလာ သွားချင်တိုင်းထွက်သွားရအောင် ဒီနေရာကို ဘာမှတ်နေတာလဲ” ရှီဟောင် ထိုင်လျက်ပင် ပြောလိုက်သည်။
“မင်းဘာပြောချင်တာလဲ .. ငါက ဤနေရာအလွန်ကနေလာတာ .. ငါလာတာက မင်းတို့အားလုံးမှာ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့အတွက် အရည်အချင်းရှိလားဆိုတာ လာစစ်ဆေးတာ .. မင်းငါ့ကို မကြိုဆိုချင်ဘူးလို့တော့ လာမပြောနဲ့နော်” မျောက်မှ ဆူပူလိုက်သည်။
“မင်းတောင်မှ စစ်ဆေးတဲ့သူ ဖြစ်နေတာလား .. အဲဒီလူက သူကိုယ်တိုင် ရောက်မလာပဲနဲ့ မျောက်တစ်ကောင်ပဲ လွတ်လိုက်ပြီးတော့ ငါတို့ အစိမ်းရောင်စီရင်စုက ကျွမ်းကျင်သူတွေကို အထင်သေးတယ် .. ဒါက အဆင့်မြင့်နယ်မြေက ကျင့်ကြံသူတွေကို အရှက်ခွဲတာပဲ .. မင်းကိုယ်မင်း မှန်တယ်လို့ ထင်နေတာလို့တော့ ငါ့ကို မပြောနဲ့နော်” နတ်သမီးရှောင်ယွဲ့လည်း ပြန်ပြောလိုက်သည်။
အခြားသူများလည်း သူ့အားဒေါသတကြီးစိုက်ကြည့်ကာ ပြောလာကြလေ၏။
“မင်းတို့အားလုံး ကောင်းကင်နတ်ဘုရားကျောင်းကို မဝင်ချင်ကြတော့ဘူးလား .. ငါ့ကို ဒီလိုမျိုး ဆက်ဆံရဲကြတယ်ပေါ့” ထုန်ဘီနတ်လူဝံ ပြောလိုက်သည်။
“ဆူညံလိုက်တာ” ရှီဟောင် ပြောလိုက်သည်။ ထို့နောက်တွင် သူ၏ညာလက်မြှောက်လာကာ ထိုတောက်ပနေသည့်မျောက်ကို ဖမ်းဆုတ်လိုက်လေသည်။
“မင်းလုပ်ရဲတယ်လား..” ထုန်ဘီနတ်လူဝံသည် အော်ဟစ်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ၏ငါးရောင်စပ်နတ်ကြေးစစ်ရထားလုံးထံသို့ ပြန်ပြေးသွားလေ၏။
ကံမကောင်းစွာဖြင့်ပင် ရှီဟောင်သည် ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားသည့်သူဖြစ်ပြီး ကောင်းကင်နတ်ဘုရားများကိုပင် သတ်နိုင်သည့်သူပင်။
သူထွက်မပြေးလိုက်နိုင်ပေ။ ထိုစစ်ရထားလုံးတစ်ခုလုံး ထိုလူ၏ ဆုတ်ကိုင်ခြင်းခံလိုက်ရလေသည်။
“အား .. မဟုတ်ဘူး” ထုန်ဘီနတ်လူဝံအော်ဟစ်လိုက်ကာ ထိုစစ်ရထားလုံးကို အသက်သွင်းလိုက်လေ၏။ ငါးရောင်စပ်နတ်အလင်းထွက်ပေါ်လာကာ စစ်ရထားလုံးပေါ်တွင် နေ၊ လ၊ တောင်များနှင့် မြစ်များပေါ်လာလေ၏။
ငါးရောင်စပ်စစ်ရထားလုံးမှ နတ်ဘုရားများ၏ အသံများ ထွက်ပေါ်လာပြီး နတ်ဆိုးများ၏ လေဟာနယ်ပုံရိပ်များလည်း ထိုနေရာတွင် ဟစ်ကြွေးနေကြလေသည်။
သို့သော် ထိုလက်ကြီးဖြင့် ရိုက်လိုက်သည်နှင့် ထိုပုံမှန်မဟုတ်သည့် မြင်ကွင်းများအားလုံး ပျောက်ကွယ်သွားလေ၏။ ထို့နောက်တွင် ထိုမျောက်သည်လည်း ယာဉ်ပေါ်မှ ပြုတ်ကျသွားကာ မြေပြင်ပေါ်တွင် မလှုပ်မယှက်ပြုတ် လဲလျောင်းနေလေသည်။
သူ ထိတ်လန့်နေလေပြီ။ ဤစစ်ရထားလုံးသည် ကြောက်စရာကောင်းသည့် လျှို့ဝှက်ရတနာတစ်ခုဖြစ်ပြီး လင်ထျန်းပိုင်ဆိုင်သည့် ရတနာပင်။
ဤစစ်ရထားလုံးသည် ကြီးမြတ်လှသည့်ခွန်အားများကို ပိုင်ဆိုင်ထားသော်လည်း ယခုတော့ ရပ်တန့်ခံလိုက်ရလေပြီ။
ထုန်ဘီနတ်လူဝံမှာ ချွေးစေးများ ပြန်လာလေပြီ။
“တာအိုသုံးထောင်စီရင်စုမှာ မင်းလိုမျိုးလူလည်းရှိသေးတာလား” သူ ထိတ်လန့်နေလေပြီ။
သူ၏အရိုးများအားလုံးကျိုးသွားသောကြောင့် သူသည် ထိုနေရာတွင်သာ မလှုပ်မယှက်သာ လဲနေလေသည်။
ထိုအချိန်တွင် အားလုံးအသက်ရှူသံများပင် ရပ်တန့်သွားမတတ်ပင်။
ဤအောင်မြင်မှု၊ ဤနည်းလမ်းများမှာ အားလုံးထက်သာလွန်သည်ပင်။
“ဟမ် .. ဧည့်သည်တွေလည်း ရှိနေသေးတာပဲ .. သူတို့တွေ ဟွမ်ရဲ့ပြိုင်ဘက်ဖြစ်နိုင်လောက်တယ်” တစ်စုံတစ်ယောက်မှ စဉ်းစားလိုက်သည်။
နတ်သမီးရှောင်ယွဲ့၏ မျက်လုံးများတောက်ပနေပြီး သူမသည်တည်ငြိမ်အောင် လုပ်နိုင်ရန် ခက်ခဲနေသည်။ သူမသည် ရှီဟောင်၏သတင်းများကို ကြားဖူးသော်လည်း ယခု သူမကိုယ်တိုင် မြင်လိုက်ရသည့်အချိန်တွင် ပင့်သက်ရှိုက်ရုံသာ တတ်နိုင်တော့သည်။
အခြားသူများလည်း ဤကဲ့သို့ တွေးနေမိသည်သာ။ သူတို့သည် ရှီဟောင်ကို လေးစားသလို ကြောက်လည်းကြောက်ရွံ့လာကြသည်။ အလွန်မာနကြီးနေသည့် ထုန်ဘီနတ်လူဝံပင်လျှင် ရှီဟောင်လက်ထဲတွင်ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားလေပြီ။
“ငါ့ကို ဒီလိုမျိုးဆက်ဆံနေတာ ငါ့ဆရာကို ရန်စသလိုဖြစ်သွားမှာ မကြောက်ဘူးလား .. သူကိုယ်တိုင်လာပြီးတော့ မင်းကို ဖိနှိပ်လိမ့်မယ်” ထုန်ဘီနတ်လူဝံ ပြောလိုက်သည်။
“ငါအရင်ကတည်းက သူကိုယ်တိုင်လာဖို့ ပြောပြီးသား .. မင်းလိုမျိုး လမ်းဘေးကမျောက်က ဘာလို့ဝင်ပါသလဲ” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
သို့သော် အခြားသူများ၏ နားထဲတွင်မူ ဤသည်မှာ လုံးဝမတူညီတော့ပေ။ အားလုံးသည် စွမ်းအားလှိုင်းတစ်ခုကို ခံစားလိုက်ရလေ၏။
သူက ဧည့်သည်တွေနဲ့ ရင်ဆိုင်တော့မယ်..
ရှီဟောင်သည် ထုန်ဘီနတ်လူဝံကို စိုက်ကြည့်လိုက်ကာ “ငါမင်းကို ဘယ်လိုကိုင်တွယ်သင့်သလဲ .. ငါကြားတာတော့ မျောက်ဦးနှောက်က ဆေးကောင်းတစ်ခုပဲတဲ့ … မူလဝိဉာဉ်ကို အားကောင်းအောင်လုပ်နိုင်တယ်ဆိုတော့ မဆိုးပါဘူး..”
ထိုစကားသံကို ကြားလိုက်သည်နှင့် ထုန်ဘီနတ်လူဝံ၏ ဆံပင်မွေးများ ထောင်ထသွားရသည်။ ဒီလူက ဘယ်သူလဲ .. သူက ငါ့ကို စားချင်နေတယ် ..
အခြားသူများလည်း ထူးဆန်းသည့်အမူအရာများဖြစ်သွားကြလေ၏။ ကောလဟာလများမှာ အမှန်ပင်။ ဟွမ်သည် ပြိုင်ဘက်ကင်းသည့်လူငယ်တစ်ယောက်ဖြစ်သကဲ့သို့ အစားသရဲလည်းဖြစ်ပေသည်။
“မင်း .. ရူးနှမ်းတဲ့အတွေးတွေ လျှောက်တွေးမနေနဲ့တော့” မျောက်မှ အော်ဟစ်လိုက်သည်။
“အာ .. ငါ့မှာ ကျူးယန်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် .. ရုတ်တရက်ကြီး ငါသူ့အကြောင်းစဉ်းစားမိသွားတယ် .. ထားလိုက်ပါတော့ .. ငါမင်းကို လွှတ်ပေးလိုက်မယ် .. မြန်မြန်လာမောင်းတော့” ရှီဟောင်သည် ငါးရောင်စပ်ရထားလုံးကို ပြန်လွှတ်လိုက်ပြီး ထုန်ဘီနတ်လူဝံကို သူ၏ယာဉ်မောင်းအဖြစ် အသုံးပြုရန် ပြင်လိုက်သည်။
“ငါ့မှာ ရထားလုံးကိုဆွဲဖို့ သားရဲမရှိဘူးဆိုတော့ မင်းနည်းနည်းလောက် အားစိုက်ရလိမ့်မယ်” သူထပ်ပြောလိုက်သည်။
“မင်း..” ထုန်ဘီနတ်လူဝံ ဒေါသထွက်သွားရသည်။
“ဘာမင်းလဲ .. မင်းမြန်မြန်လာမမောင်းသေးဘူးလား .. ဒီရထားလုံးက သိပ်မဆိုးဘူး .. နောင်ကျရင် မင်းကိုယ်မင်း ဆင်ဆင်ခြင်ခြင်နေတာ ပိုကောင်းလိမ့်မယ်” ရှီဟောင်သည် ထုန်ဘီနတ်လူဝံသည် ရထားလုံးထံသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
“ငါ့ဆရာ မင်းကို လာသတ်မှာကို မကြောက်ဘူးလား” ထုန်ဘီနတ်လူဝံ အော်ဟစ်လိုက်သည်။
“သူတို့တွေက စီရင်စုသုံးထောင်က ပါရမီရှင်တွေကို လိုက်ပြီးတော့စိန်ခေါ်နေတာမဟုတ်ဘူးလား .. ငါသူ့ကို စောင့်နေလိုက်မယ် .. သူမြန်မြန်လေးပေါ်လာရင် ပိုကောင်းလိမ့်မယ် .. ငါ ကောင်းကင်နတ်ဘုရားကျောင်းကို နည်းနည်းစောစောလေးသွားတယ် … တစ်ခြားရှေးဟောင်းနယ်မြေက အဲဒီဂျီးနီးယပ်စ်တွေ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ငါသိချင်လှပြီ..” ရှီဟောင်ပြောလိုက်၏။
“ငါ့ဆရာ လာနေပြီ .. မင်းသတ္တိရှိရင် ဒီမှာနေနေလိုက်” ထုန်ဘီနတ်လူဝံ အော်ဟစ်လိုက်သည်။
အပိုင်း ၁၂၂၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၈ – လင်ထျန်း
ဤအနက်ရောင်တောင်ထိပ်ပေါ်တွင်ရှိနေသည့်သူများအားလုံး တုန်လှုပ်သွားရသည်။
အားလုံးသည် သူ၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ သို့မဟုတ် သရဖူ ၁၀ခုဘုရင် တိုက်ခိုက်လာမည်ကို စောင့်နေခဲ့သည်မှာ အတော်ကြာလေပြီ။
ထာဝရစွမ်းအင်သုံးကြောင်းရှိနေရင်တော့ နိုင်လောက်တယ်မလား..
ထို့အပြင် လူများစွာသည် ဤတိုက်ပွဲကိုကိုယ်တိုင်ကြည့်ရန်အတွက် မျှော်လင့်နေကြလေသည်။
“ငါ့ဆရာက ကောင်းကင်နတ်ဘုရား .. မင်းက အခုထိ ကောင်းကင်နတ်ဘုရားတောင်မဟုတ်သေးဘူး .. မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး .. မင်းငါ့ကို လွှတ်ပေးရင် မင်းအရည်အချင်းနဲ့ဆိုရင် မင်း ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်နိုင်တဲ့အခွင့်အရေးရှိမှာပါ”
ထုန်ဘီနတ်လူဝံသည် အဖမ်းမခံချင်ပဲ ထွက်သွားချင်နေဆဲပင်။
ရှီဟောင်သည် ရယ်မောလိုက်ကာ “ငါ့မှာ အရည်အချင်းရှိလားမရှိဘူးလားဆိုတာကို မင်းပြောနေစရာ လိုလို့လား..”
“မင်းငါ့ကို ဒီလိုမျိုးဖမ်းထားတာက ငါ့ဆရာကို ရန်စတာနဲ့အတူတူပဲ .. သူ့မှာ ပြိုင်ဘက်ကင်းတဲ့နတ်စွမ်းရည်တွေရှိတယ် .. သူက မင်းတို့စီရင်စုသုံးထောင်မှာ ပြိုင်ဘက်ကင်းပဲ .. မင်းသူနဲ့တကယ်တိုက်မယ်ဆိုရင် အကျိုးဆက်တွေက ဆိုးရွားသွားလိမ့်မယ်” ထုန်ဘီနတ်လူဝံ ပြောလိုက်သည်။
“စီရင်စုသုံးထောင်မှာ ပြိုင်ဘက်ကင်းဟုတ်လား .. သူ့ကို ဘယ်သူက အဲဒီလိုနာမည်မျိုးပေးလိုက်တာလဲ” ရှီဟောင်ခနဲ့လိုက်သည်။ သူသည် လူဝံကြီးကို စိုက်ကြည့်ကာ “မင်းပါးစပ်ပိတ်နေတာ ပိုကောင်းလိမ့်မယ် .. ငါ့သည်းခံနိုင်စွမ်းကို လာမစမ်းနဲ့ .. မင်းယာဉ်မောင်းအဖြစ်နဲ့ ကိုယ့်တာတန်ကို ကျေအောင်လုပ် .. မင်းဆက်ပြီးတော့ ဆူညံနေမယ်ဆိုရင် ငါ မင်းရဲ့မျောက်ဦးနှောက်ကို စားပစ်မယ်”
သူပုံမှန်အတိုင်းပြောလိုက်သော်လည်း သူ့စကားတွင် စွမ်းအားကြီးသည့် ဖိအားတစ်မျိုးရှိနေသည်သာ။
ထုန်ဘီနတ်လူဝံသည် မာနကြီးကာ ရိုင်းစိုင်းသော်လည်း သူမသေချင်သေးပေ။ ဤလူမှာ အလွန်စွမ်းအားကြီးပြီး ကြောက်စရာကောင်းသည်ကို သူအာရုံခံမိသည်ပင်။
“ငါ .. ငါက အကောင်းနဲ့ သတိပေးတာပါ .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ၁၀ခုက မင်းထင်ထားတာထက် ပိုကျယ်တယ် .. တာအိုသုံးထောင်စီရင်စုထက်ပိုကျယ်တယ် .. ကျွမ်းကျင်သူတွေလည်း အများကြီးပဲ .. အသက်ရှည်တဲ့သူတွေရဲ့မျိုးဆက်တွေတောင် ရှိတယ်” သူရေရွတ်လိုက်သည်။
သူသည် ရှီဟောင်အား မဆန့်ကျင်ရဲတော့သဖြင့် နည်းလမ်းပြောင်းကာ ရှီဟောင်အား အပြင်လောကမှာ ကြောက်စရာကောင်းကြောင်း ပြောပြလိုက်သည်။ သူနားလည်မှုတစ်ချို့ရသွားပြီး သူ့အား လွတ်ပေးလို လွတ်ပေးငြား မျှော်လင့်နေခြင်းပင်။
အမှန်တကယ်တွင် ဤစကားလုံးများမှာ ဤနေရာတွင်ရှိနေသည့်လူများကို တုန်လှုပ်သွားစေနိုင်သည်သာ။
ကောင်းကင်ဘုံကိုးခုနဲ့ကမ္ဘာမြေ ၁၀ခုကြားမှာ သက်ရှည်တွေနဲ့ သူတို့ရဲ့မျိုးဆက်တွေ ရှိသေးတာလား ..
ရှီဟောင်လည်း ထို့အတူပင်။ သူသည် စီရင်စုသုံးထောင်မှ ထွက်သွားကာ ထိုကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ရောက်ကာ အားလုံးကို သူကိုယ်တိုင် ကြည့်ချင်သည်။
“ငါလည်း သူတို့နဲ့တွေ့ဖို့ကို စောင့်မျှော်နေပါတယ် .. အဲဒီရှေးဟောင်းမြေတွေမှာ တကယ်ပဲ သက်ရှည်တဲ့လူတွေရှိနေသေးရင် ငါသူတို့ဆီ သွားလည်ပြီးတော့ သူတို့ရဲ့မျိုးဆက်နဲ့ ပညာတွေ ဖလှယ်ချင်သေးတယ် .. ဒီတစ်ခေါက် သူတို့ လာလား မလာဘူးလားဆိုတာကိုပဲ ငါသိချင်မိတယ်” ရှီဟောင် ထိုလူဝံကိုကြည့်ပြီး ပြောလိုက်သည်။
“ဒီတစ်ခေါက်က ငါ့ဆရာ လင်ထျန်းတစ်ယောက်တည်းလာတာမဟုတ်ဘူး .. အခုထိ မတိုက်ခိုက်ရသေးတဲ့ တစ်ခြားလူငယ်လေးတွေ အများကြီးလည်းရှိသေးတယ်” ထုန်ဘီနတ်လူဝံ ပြောလိုက်သည်။
“အမ် .. ငါသိပြီ .. မင်းလိမ်လိမ်မာမာနဲ့ ရထားကိုမောင်းသင့်တယ်” ရှီဟောင် ခေါင်းညိမ့်ကာ ပြောလိုက်သည်။
ထုန်ဘီနတ်လူဝံ စိတ်ပျက်သွားရသည်။ ဒီလူကို နိုင်နိုင်မည့်နည်းလမ်းမရှိတော့ပေ။ သူသည် အပြင်ဘက်မှ ကျွမ်းကျင်သူများကို လုံးဝမကြောက်ပေ။
ဤကဲ့သို့ အဆုံးသတ်သွားလေပြီ။ အနက်ရောင်တောင်ပေါ်တွင်ရှိနေသည့် လူအုပ်ကြီးမှာ ရှီဟောင်ကို အလွန်လေးစားစွာ ကြည့်နေလေ၏။ ဘယ်လောက်စွမ်းအားကြီးလိုက်တဲ့လူလဲ .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုက သူရဲကောင်းတွေကိုတောင်မှ မကြောက်ဘူး..
ဟွမ်သည် ဤလောကတွင်ရှိသည့် စွမ်းအားအကြီးဆုံးသူနှင့် တိုက်ခိုက်ချင်နေသည်ကို သူတို့ခံစားမိသည်။ ထိုလူသည် မည်သည့်လောကက လာလာ မည်သည့်အဆင့်တွင်ပဲ ရှိရှိပင်။
နတ်သမီးရှောင်ယွဲ့နှင့် အခြားသူများသည် ရှီဟောင်ထံသို့ လျှောက်လာကာ သူနှင့်ခွက်ချင်းတိုက်ပြီး ဆွေးနွေးနေလေသည်။
“အစ်ကိုရှီ .. အစ်ကိုသတိထားရမယ် .. ကျွန်တော်ကြားတာ လင်ထျန်းက တကယ်ကို စွမ်းအားကြီးတာ .. သူက ကောင်းကင်နတ်ဘုရားအဆင့်ထိ ရောက်ပြီးသွားပြီ .. သူ့ရဲ့ထာဝရစွမ်းအင်တွေက တာအိုပန်းပွင့်ပုံစံတောင် ပြောင်းပြီးသွားပြီ .. အဲဒီပန်းပွင်က သူ့ခေါင်းပေါ်မှာ ရှိနေတာ .. ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ” ရှီဟောင်ခေါင်းညိမ့်ပြလိုက်၏။ သူသည် အခြားသူများနှင့် ခွက်ချင်းတိုက်ကာ ထာဝရရှေးဟောင်းမြေတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ဆွေးနွေးနေလေသည်။
သူတို့ထံမှတစ်ဆင့် ထာဝရရှေးဟောင်းမြေသည် အပြင်လောကနှင့် ချိတ်ဆက်သွားပြီဖြစ်ပြီး စွမ်းအားကြီးသည့်ပုဂ္ဂိုလ်အချို့သည်လည်း အခွင့်အရေးများရှာရန်အတွက် အထဲဘက်သို့ ဝင်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် ကျိန်စာကြောင့် ထိုထဲမှ ထွက်လာနိုင်သည့်သူမှာ အနည်းငယ်သာ ရှိသည်။
“လက်ရှိတော့ ကျိန်စာရဲ့ လွှမ်းမိုးမှုကနေ လွတ်သွားပြီးတော့ လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့သူက အဲဒီဂိုဏ်းခေါင်းဆောင်ကိုးယောက်ပဲ ရှိသေးတာ” နတ်သမီး ရှောင်ယွဲ့ ပြုံး၍ ပြောလိုက်သည်။ သူမ၏နှုတ်ခမ်းများမှာ နီရဲနေပြီး မျက်လုံးများလည်း တောက်ပနေလေသည်။
ရှီဟောင်ခေါင်းညိမ့်လိုက်၏။ ဤသည်မှာ သတင်းကောင်းပင်။ ဂိုဏ်းခေါင်းဆောင်ကိုးယောက်မှာ သူ့ကြောင့် ကျိန်စာမှ လွတ်သွားခြင်းဖြစ်သောကြောင့် သူတို့စွမ်းအားကြီးလေလေ သူ့အတွက် ကောင်းလေလေပင်။
“အစ်ကိုရှီ .. အဲဒီလူတွေ ရောက်လာမှာကို အစ်ကို တကယ်စောင့်မှာလား .. သူတို့တွေက သူတို့ရဲ့စီနီယာတွေကို မှီခိုနေကြတဲ့သူတွေမဟုတ်ဘူး ..ပြီးတော့ သူတို့တွေက တစ်ယောက်မကဘူး .. သူတို့ကို ဒီလိုမျိုးရင်ဆိုင်ရင် အစ်ကို့အတွက် သိပ်မကောင်းဘူးထင်တယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“စောင့်လိုက်ကြရအောင်ပါ .. အဲဒီလိုမျိုး ကျင့်ကြံဆင့်ရှိတဲ့သူတွေက တစ်ခြားသူတွေနဲ့ အတူတူတိုက်မှာမဟုတ်ဘူး .. စီရင်စုသုံးထောင်က ကျွမ်းကျင်သူတွေကို ဝိုင်းတိုက်တာက သူတို့သိက္ခာကျတယ်လို့ သူတို့ခံစားရမှာ” ရှီဟောင်ပြောလိုက်၏။
သူ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသည်။ ဘာကိုမှ မကြောက်ပေ။
ထိုထာဝရစွမ်းအင်ကျင့်ကြံသူများအားလုံး သူ့ကို ဝိုင်းတိုက်လျှင်ပင် သူ သူတို့ကို ပြန်တိုက်နိုင်သည်။ ဝိုင်းတိုက်ခံရမည်ကို သူကြောက်နေမည်မဟုတ်ပေ။
ဤလူများသည် မာနကြီးလွန်းလှသောကြောင့် သူတို့ ပေါင်းပြီးမတိုက်ဘူးဟုလည်း သူယုံကြည်နေသည်။
“ဟမ့် .. ငါတို့ ထာဝရရှေးဟောင်းမြေထဲမှာ ရှိတုန်းကလည်း ဒီလိုမျိုး ဝိုင်းတိုက်တာကို မခံရဖူးတာ ကျနေတာပဲ .. ငါတို့ အဆင်ပြေခဲ့တာပဲ မဟုတ်ဘူးလား .. ငါတို့လမ်းမှာ ပိတ်နေတဲ့သူမှန်သမျှကို ရိုက်ပစ်မယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ကြားဖြတ်ပြောလိုက်သည်။
အားလုံးဆွံ့အသွားရလေ၏။
ထို့နောက်တွင် အနက်ရောင်တောင်ထိပ်ပေါ်တွင်ရှိနေသည့် လေထုအခြေအနေမှာ ပို၍ လှုပ်ရှားသက်ဝင်လာလေသည်။ အားလုံးသည် ခွက်ချင်းတိုက်ကာ သောက်လိုက် စကားပြောလိုက် လုပ်နေသောကြောင့် ဤနေရာမှ ဆူညံလာလေသည်။
အားလုံးမှာ ရှီဟောင်နှင့် ဧည့်သည်ကျွမ်းကျင်သူများမှာ တိုက်ပွဲကို စောင့်ကြည့်နေကြခြင်းပင်။
သို့သော် သူတို့အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသွားသော်လည်း မည်သူမှ ရောက်မလာသေးပေ။
“မင်းရဲ့ဆရာ ဘယ်မှာလဲ .. သူက အခုချိန်ထိ ဘာလို့ရောက်မလာသေးတာလဲ .. ငါသူနဲ့တိုက်ဖို့ စောင့်နေတယ်လေ” ရှီဟောင် ထိုနတ်လူဝံကို ကြည့်ကာ ပြောလိုက်သည်။
ထုန်ဘီနတ်လူဝံမှာ အလွန်ပင် တိတ်ဆိတ်နေလေ၏။
“ငါ့ဆရာက အနက်ရောင်ကျောက်ဆောင်မှာ ရောက်နေတာ .. မင်းကိုယ်တိုင် သူ့ကို သွားရှာလို့ရတယ်” ထုန်ဘီနတ်လူဝံ မျက်လုံးကလယ်ကလယ်ဖြင့် ပြောလိုက်လေသည်။
ဟော့လင်းအာ ရှီဟောင်အနားသို့ တီးတိုးလေး ပြောလိုက်သည်။ “ဒီကောင့်မျက်လုံးတွေက ဂနာမငြိမ်ဘူး .. သူလိမ်ပြောနေတာ .. မစွန့်စားနဲ့”
ရှီဟောင်သည် အကြောက်တရားမရှိသော်လည်း သူ့စကားများကြောင့် မလုပ်ချင်တော့ပေ။ “နားထောင် .. ငါ သူနဲ့တိုက်ဖို့အတွက်ကို အလျင်လိုမနေဘူး .. ငါသူ့ကို ဒီမှာစောင့်နေမယ် .. သူငါ့နဲ့ တိုက်ချင်ရင် ငါ့ကိုလာပြီးစိန်ခေါ်လို့ရတယ်”
ထုန်ဘီနတ်လူဝံသည်ချက်ချင်းပင် မှုန်ကုပ်သွားကာ “အဲဒါဆိုရင်တော့ မင်းအနည်းဆုံး တစ်ရက်တော့ စောင့်ရလိမ့်မယ်”
“ဘာလို့လဲ” ရှီဟောင်မေးလိုက်၏။
“ငါ့ဆရာက တစ်ယောက်ယောက်နဲ့ ကြိုချိန်းထားပြီးတာ .. ဒီနေ့ အရမ်းအရေးကြီးတဲ့ တိုက်ခိုက်ပွဲတစ်ခုရှိတယ်” နတ်လူဝံ ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး၏အတွေးများဗလာဖြစ်သွားရသည်။ ဧည့်သည်များမှာ အလွန်ပင် စိတ်ကြီးဝင်လှသောကြောင့် သူတို့သည် တိုက်ပွဲတစ်ပွဲကို ဤမျှအလေးထားနေလျှင် ဤသည်မှာ သေချာပေါက်ပင် သာမန်မဟုတ်လောက်ပေ။ အဲဒီလူက ဘယ်သူလဲ..
..
အနက်ရောင်ကျောက်ဆောင်ပေါ်တွင် လူငယ်တစ်ယောက်သည် လက်ထဲတွင် အနက်ရောင်လှံတိုကိုကိုင်ထားပြီး တောင်ဘက်သို့ ချိန်ရွယ်ထားလေသည်။ သူ၏ဆံပင်များသည် သူ့နောက်တွင် လွင့်မြောနေကာ သူ၏မျက်လုံးများမှာ ပို၍ပို၍ပင် တောက်ပလာလေသည်။
သူသည် သူ၏အသက်စွမ်းအင်ကို အကောင်းဆုံးအခြေအနေထိရောက်အောင် ချိန်ညှိနေခြင်းပင်။
ဤသည်မှာ လင်ထျန်းပင်။ ယနေ့ ဤနေရာတွင် တိုက်ပွဲတစ်ပွဲရှိသည်။ သူတို့သည် စီရင်စုသုံးထောင်သို့ရောက်ကတည်းက ပေါ့ပေါ့ပါးပါးသာ သွားလာလှုပ်ရှားခဲ့ပြီး ကိစ္စတစ်ခုကို လေးလေးနက်နက်လုပ်ဆောင်သည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
“ငါတို့ အခု ထွက်သွားသင့်ပြီ .. အချိန်သိပ်မကျန်တော့ဘူး” တစ်စုံတစ်ယောက်မှ သတိပေးလိုက်သည်။
ထိုအသံသည် အမျိုးသား၊ အမျိုးသမီးလေးယောက်ပါသည့်အဖွဲ့ထဲမှ ထွက်လာခြင်းပင်။ သူတို့အားလုံးထံတွင် ထာဝရစွမ်းအင်များရှိနေလေသည်။ အမျိုးသားများမှာ ထူးချွန်လှပြီး အမျိုးသမီးများလည်း အတော်လေး လှပကြသည်ပင်။
ဤလေးယောက်၏ ကျင့်ကြံဆင့်မှာ လင်ထျန်း၏ အထက်မှာချည်းသာ။
“ကျွန်တော် စစ်ရထားလုံးကို စောင့်နေတာ” လင်ထျန်း ပြောလိုက်သည်။
“သူပြန်လာသင့်နေပါပြီ .. မျောက်လေးက ပြဿနာတစ်ခုခု တွေ့နေတာလို့တော့ ငါ့ကို မပြောနဲ့နော်” အမျိုးသမီးမှ ပြောလိုက်သည်။ သူမသည် မျက်လုံးသည်ပင်လယ်ကဲ့သို့ပင် အပြာရောင်တောက်ပနေလေသည်။
လင်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ငါးရောင်စပ်ကြေးအပိုင်းလေးကို နတ်ခွန်အားထည့်လိုက်ပြီး တောက်ပစေလိုက်သည်။
“တစ်ခုခုမှားနေပြီ .. ငါးရောင်စပ်စစ်ရထားလုံးနဲ့ အဆက်အသွယ်ပြတ်သွားပြီ .. အဲဒီရထားကို တစ်ယောက်ယောက်ပြင်လိုက်ပြီ” လင်ထျန်းသည် အစိမ်းရောင်စီရင်စုဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
“တစ်ခုခုပဲ .. အဲဒီမျောက်ကို နိုင်အောင်တိုက်နိုင်တယ်ဆိုတော့ သာမန်မဟုတ်လောက်ဘူး .. ထာဝရစွမ်းအင်ကို ကျင့်ကြံထားတဲ့သူမဟုတ်ရင် အဲဒီမျောက်ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး” ခရမ်းရောင်ဆံပင်နှင့် အမျိုးသားမှ ပြောလိုက်သည်။
“ငါတို့ တစ်ချက်သွားကြည့်ကြမလား” အခြားတစ်ယောက်မှ ပြောလိုက်သည်။
“အချိန်သိပ်မရှိတော့ဘူး .. ငါတို့သွားစရာရှိတာ အရင်သွားကြမယ် .. ဒီအကြောင်းကို ပြန်လာမှ ပြန်ပြောကြတာပေါ့”
“မရဘူး .. ကျွန်တော် စစ်ရထားလုံးကို သွားရှာလိုက်ဦးမယ် .. ကျွန်တော့်ရဲ့ပစ္စည်းကို ဘယ်လိုလုပ် တစ်ခြားသူလက်ထဲ ထည့်ရမှာလဲ .. စီရင်စုသုံးထောင်ထဲမှာ ဘယ်ကောင်းကင်နတ်ဘုရားက ကျွန်တော့်ရဲ့ ပစ္စည်းကို ယူရဲလဲဆိုတာ သွားကြည့်ချင်တယ်” လင်ထန်း၏အသံမှာ အေးစက်နေလေသည်။
“ကောင်းပြီလေ … အဲဒါဆိုရင်လည်း ငါတို့အဲဒီနေရာကို လမ်းကြုံဝင်ပြီး ဒီကိစ္စကို ဖြေရှင်းကြတာပေါ့” အပြာရောင်မျက်လုံးနှင့် လှပသည့်အမျိုးသမီးမှ ပြောလိုက်သည်။
ထို့နောက်တွင် သူတို့သည် ကောင်းကင်ထက်သို့ တက်သွားလိုက်ပြီး ခရမ်းရောင်စစ်သင်္ဘောကြီးထဲသို့ ဝင်သွားလိုက်ကြလေ၏။
ဤလူများ၏ နောက်ခံများသည် သာမန်မဟုတ်ကြပေ။ သူတို့အားလုံးထံတွင်စွမ်းအားကြီးသည့် ရွှေ့ပြောင်းခြင်းမှော်ပစ္စည်းများကို ပိုင်ဆိုင်ထားသည်ပင်။
အစိမ်းရောင်စီရင်စုရှိ အနက်ရောင်တောင်ထိပ်တွင် ရှီဟောင်သည် နတ်လူဝံကို စိုက်ကြည့်လိုက်ကာ “လင်ထျန်းက နျင်ချွမ်းနဲ့ တိုက်မှာလို့ မင်းပြောလိုက်တာလား..”
“ဟုတ်တယ် .. သူတို့ အခုတလောလေးတင်မှ ချိန်းလိုက်ကြတာ .. သူက ပွဲကြီးပွဲကောင်းတိုက်တော့မှာ” မျောက်ခေါင်းညိမ့်လိုက်သည်။ သူသည် စီရင်စုသုံးထောင်မှ လူများအကြောင်းကို မသိပေ။ သူ၏ဆရာမှ ဤလူကို အလွန်အလေးထားနေသည်ကိုသာ သူသိသည်။
“သရဖူ ခြောက်ခုဘုရင် .. သူက သရဖူခြောက်ခုဘုရင်နဲ့ တိုက်တော့မှာ” အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားကြလေသည်။
ရှီဟောင်သည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကာ “စိတ်ပျက်စရာကောင်းလိုက်တာ .. သူက ငါနဲ့အရင်မတိုက်ချင်တာများလား”
ဟော့လင်းအာသည် ရယ်မောလိုက်ကာ ရှီဟောင်လက်ကို ဆွဲလိုက်သည်။ “သူတို့ကို တိုက်ခိုင်းလိုက်ပါ .. ကျွန်မတို့က ဘေးကနေ ကြည့်ကြတာပေါ့”
ရှီဟောင်သည် ပြုံးလိုက်ကာ “ငါသွားမနှောက်ယှက်ပါဘူး .. တကယ် တိုက်ပွဲပဲ သွားကြည့်မှာ”
သူသည် အနည်းငယ်မှပင် စိတ်အနှောက်အယှက်မဖြစ်ပေ။ သူသည် ထာဝရရှေးဟောင်းမြေတွင် နျင်ချွမ်းနှင့် တိုက်ဖူးသည်။ ဤနှစ်ယောက်တိုက်မည်ဆိုလျှင်တော့ သူလည်း ဘေးနားကနေ ရပ်ကြည့်ချင်သည်သာ။
“အားလုံးပဲ .. ဘယ်သူ ဒီတိုက်ပွဲကို ကြည့်ချင်လဲ .. အဲဒီကို အတူတူသွားကြရအောင်” ရှီဟောင် ပြုံး၍ပြောလိုက်သည်။
“သွားချင်တာပေါ့” လူများစွာ ခေါင်းညိမ့်လာကြလေသည်။
“သွားမယ်..” ရှီဟောင်သည် ငါးရောင်စပ်စစ်ရထားလုံးထဲသို့ ဝင်လိုက်ပြီး မျောက်ကို မောင်းခိုင်းလိုက်လေ၏။ အားလုံးလည်း ထိုရထားလုံးပေါ်သို့ ဝင်တက်လိုက်ကြလေသည်။
ဤသည်မှာ ဂိုဏ်းခေါင်းဆောင်အဆင့် မှော်ပစ္စည်းဖြစ်သောကြောင့် သူ၏အရွယ်အစားကို ထိန်းညှိနိုင်သည်ပင်။
ထိုတိုက်ပွဲတိုက်မည့်နေရာကို သိပြီးသည့်နောက်တွင် စစ်ရထားတစ်ခုလုံး တောက်ပလာပြီး အရှေ့ဘက်သို့ အရှိန်ဖြင့် ထွက်သွားလိုက်လေသည်။
ခဏကြာပြီးနောက်တွင် ထိုတောင်ထိပ်ပေါ်သို့ ခရမ်းရောင်စစ်သင်္ဘောကြီး ရောက်လာကာ လူငယ်ကျွမ်းကျင်သူငါးယောက် ထွက်လာလေသည်။
လင်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အမူအရာမှာ ရုပ်ဆိုးနေလေပြီ။ စစ်ရထားလုံးမှာ ဤနေရာတွင် မရှိတော့ပေ။ မောင်းထွက်သွားလေပြီ။
“ငါ့ရဲ့ စစ်ရထားလုံးကို သုံးရဲတဲ့သူ တစ်ယောက်ယောက် ရှိနေတာပဲ” သူသည် အဝေးတစ်နေရာကို ကြည့်ကာ ပြောလိုက်လေသည်။
“အချိန်သိပ်မကျန်တော့ဘူး .. မင်း နျင်ချွမ်းနဲ့ အရင်တိုက်ရဦးမယ်” ခရမ်းရောင်ဆံပင်နှင့်လူငယ်မှ သတိပေးလိုက်သည်။
“ကောင်းပြီလေ .. နျင်ချွမ်းကို အနိုင်ယူပြီးရင် ငါ့ရဲ့ စစ်ရထားလုံးကို ထိရဲတဲ့သူနဲ့ ဖြေရှင်းကြတာပေါ့” လင်ထျန်း ခေါင်းညိမ့်လိုက်သည်။
ခရမ်းရောင်စစ်သင်္ဘောကြီးသည် ရှီဟောင်သွားသည့်အရပ်မျက်နှာဘက်သို့ ထွက်သွားလေသည်။
အပိုင်း ၁၂၂၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၂၉ – ရှုံးနိမ့်ခြင်း
ချီလင်တောင်ကြော .. အဆင့်မြင့်နယ်မြေတွင် နာမည်ကြီးသည့် နေရာတစ်ခု … ဒဏ္ဍာရီလာရှေးဟောင်းမြေများ အများအပြားရှိသည့်နေရာတစ်ခု ..
ချီလင်းသည် ယခင်က ဤနေရာတွင် လှည့်လှည်သွားလာဖူးသည်ဟူသော ကောလဟာလများလည်း ရှိနေသည်ပင်။
ခေတ်တစ်ခေတ်ပြီးဆုံးသွားသည့်နောက်တွင် နေရာအတော်များများမှာ မီးခိုးများကဲ့သို့ပင် လေထဲတွင် ပျောက်ကွယ်သွားလေပြီ။ အချို့သက်ရှိများ ရံဖန်ရံခါ ထွက်လာသော်လည်း ထိုကဲ့သို့ထွက်လာတိုင်းတွင် ကိစ္စကြီးများ ဖြစ်လာသည်သာ။
ပြောရမည်ဆိုလျှင် ချီလင်းအစစ်မှာ သေမျိုးလောကတွင် ပေါ်မလာသင့်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သမိုင်းမတင်မှီခေတ်ကတည်းက မြှုပ်နှံခံခဲ့ရပြီးသားဖြစ်သောကြောင့်ပင်။
သို့သော်လည်း နောက်ပိုင်းလောကများတွင် ချီလင်းအကြေးခွံပြုတ်ကျနေသည်ကို ကိုယ်တိုင်တွေ့လိုက်ရသည်ဟု အခိုင်အမာဆိုလာသည့် လူတစ်ယောက်ရှိလာလေသည်။ ထိုအကြေးခွံသည် နှင်းကဲ့သို့ဖြူဖွေးတောက်ပနေသည်ပင်။
ငါးရောင်စပ်စစ်ရထားလုံးသည် တောက်ပနေကာ လေဟာနယ်ထဲမှ တရှိန်ထိုး ပြေးထွက်သွားပြီး ဤတောင်ကြောသို့ ရောက်ရှိလာလေသည်။
“ဒါက နျင်ချွမ်း သီးသန့်ကျင့်ကြံတဲ့နေရာလား” ရှီဟောင်မေးလိုက်၏။
“ဟုတ်ပါတယ် .. ကျွန်မကြားတာတော့ သရဖူခြောက်ခုဘုရင်က အခု အထဲမှာ သီးသန့်ကျင့်ကြံနေတယ်လို့ ပြောပါတယ်” နတ်သမီးရှောင်ယွဲ့ ပြောလိုက်သည်။
စစ်ရထားလုံးထဲမှ လူတစ်စု ထွက်လာလေသည်။ ထိုရထားလုံးသည် ကြည့်ရသည်မှာ သိပ်မကြီးသော်လည်း သူ့ထံတွင် သဘာဝဥပဒေသများရှိနေသောကြောင့် လူပေါင်းတစ်သောင်းလောက် အသာလေး ဆန့်သည်ပင်။
ထုန်ဘီနတ်လူဝံမှာ ဒေါသထွက်နေသည်။ ဤသည်မှာ သူ့ဆရာ၏ စစ်ရထားလုံးပင်။ သူသည် အဖမ်းခံလိုက်ရရုံသာမက ယာဉ်မောင်းတစ်ယောက်အဖြစ်လည်း ဆက်ဆံခံလိုက်ရကာ ဤလူအားလုံးကို တိုက်ပွဲကြည့်ရန် ခေါ်လာရသေးသည်။
နျင်ချွမ်းနှင့် လင်ထျန်းတို့၏ တိုက်ပွဲမှာ ဤနေရာတွင် ဖြစ်ပွားမည်ပင်။
“ကျွန်မတို့စောနေသေးတယ်” ဟော့လင်းအာ ပြောလိုက်၏။ သူမသည်လည်း လက်ရှိတွင် ကောင်းကင်နတ်ဘုရားအဆင့်တွင် ရောက်နေသောကြောင့် သူမ၏ နတ်အာရုံများလည်း စွမ်းအားကြီးသည်သာ။ ဤချီလင်းတောင်ကြောတွင် ပြင်းထန်လှသည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ကို သူမအာရုံခံနိုင်သည်သာ။
“ဒါက နျင်ချွမ်း မွေးတဲ့နေရာလည်း ဟုတ်တယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“ခင်ဗျား ဘာပြောလိုက်တာ” ရှီဟောင် ထိတ်လန့်သွားရ၏။
ချီလင်းတောင်ကြော .. အဖြူရောင်ချီလင်း .. အဖြူရောင်ချီလင်း တစ်ရာခန့် ပျံသန်းလာသည်နှင့်တူသည့် နျင်ချွမ်းယခင်က သုံးခဲ့သည့် အဖိုးတန်ပညာ .. ရှီဟောင်ချက်ချင်းပင် ကိစ္စများစွာကို ဆက်စပ်မိသွားသည်။
“အိုး .. အတိအကျပြောရမယ်ဆိုရင် စီရင်စုလည်း အတူတူပဲ .. ဒီကနေ သိပ်မဝေးဘူး” နတ်သမီးရှောင်ယွဲ့ ထပ်ပြောလိုက်သည်။
နျင်ချွမ်းနေနေသည့်ကလန်မှာ အလွန်ချမ်းသာပြီး စွမ်းအားကြီးလှသည်။ ဤသည်မှာ ရှီဟောင်ကြားထားသည့်အတိုင်းပင်။
နျင်ချွမ်းမွေးဖွားလာသည့်အချိန်တုန်းက ပုံမှန်မဟုတ်သည့် မြင်ကွင်းများစွာ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဂိုဏ်းများစွာကို လှုပ်ခတ်နိုင်ခဲ့သည်။ သူ၏ကျောထက်တွင် ကောင်းကင်သင်္ကေတရှိပြီးသူ၏ခေါင်းထက်တွင် နဂါးသင်္ကေတရှိလေသည်။ သို့သော်လည်း ထိုနဂါးဆိုသည်မှာ ချီလင်းဖြစ်ရမည်။
ထိုညတွင် နေ့အချိန်ကဲ့သို့ပင် ကောင်းကင်တစ်ခုလုံး လင်းထိန်လာခြင်းပင်။
ထိုနေ့က အဖြစ်အပျက်ကို စီရင်စုများစွာမှ မြင်လိုက်သည်သာ။
ဤအချက်ကြောင့်လည်း ရှေးဟောင်းဂိုဏ်းများစွာမှာ နျင်ချွမ်းကို အလေးပေးနေခြင်းပင်။ သူတို့သည် သူ့အပေါ် မျှော်လင့်ချက် ထားထားသည်ပင်။
နောက်ပိုင်းတွင် တစ္ဆေတာအိုဂိတ်၊ မီးတိမ်လှိုဏ်ဂူ၊ လော့ဖူတောင်ကြားနှင့် အခြားဂိုဏ်းများ တစ်ခုပြီးတစ်ခု ရောက်လာကြကာ သူ့အားတပည့်အဖြစ် လက်ခံနိုင်ရန် သိမ်းသွင်းကြလေသည်။
ထို့ကြောင့်ပင် နျင်ချွမ်းသည် ထူးခြားသည့်ပညာများစွာကို ကျွမ်းကျင်နေသည်ပင်။
ရှီဟောင်သူ့ကိုယ်သူ ပြန်စဉ်းစားကြည့်လိုက်ပြီး ဘာမှမပြောတော့ပေ။ သို့သော် တိတ်ဆိတ်မှုမှာ လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် မည်သည့်တိုက်ပွဲမှမရှိသည်ကို အားလုံးတွေ့လိုက်ရဿည်။ သူတို့လာတာ စောနေသေးသည်ထင်၏။
“သူတို့လာပြီ..”
ခဏကြာပြီးသည့်နောက်တွင် တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
အရှေ့ဘက်တွင် လေဟာနယ်ထဲမှ ခရမ်းရောင်စစ်သင်္ဘောတစ်စင်းသည် လွှမ်းမိုးနိုင်သည့်အော်ရာနှင့်အတူ ထွက်ပေါ်လာလေသည်။
စစ်သင်္ဘောပေါ်တွင် လူငယ်ငါးယောက်ရပ်နေ၏။ အမျိုးသားသုံးယောက်၊ အမျိုးသမီး နှစ်ယောက်ပင်။ သူတို့အားလုံး၏ ပုံပန်းသွင်ပြင်မှာ ထူးခြားလှသည်။
တစ်ယောက်မှာ ခရမ်းရောင်ဆံပင်ရှိပြီး အခြားတစ်ယောက်၏နဖူးထက်တွင်လည်း ဒေါင်လိုက်ရွှေရောင်မျက်လုံးတစ်လုံးရှိသည်။ အခြားတစ်ယောက်တွင် နဂါးဦးချိုရှိပြီး နောက်တစ်ယောက်တွင် အေးခဲနေသည့်ကျောက်စိမ်းအရိုးများရှိသည်။
“အဲဒါလင်ထျန်းပဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ လင်ထျန်းသည် ယခုတလောတွင် စီရင်စုပေါင်းများစွာကို သွားရောက်ကာ အားလုံးကို အနိုင်ယူခဲ့သောကြောင့် လူများစွာမှာ သူ့ကိုမြင်သည်နှင့် မှတ်မိသည်ပင်။
အချို့လူများသည်လည်း ထိုသင်္ဘောပေါ်ရှိ လူငါးယောက်ကို ငေးကြည့်နေကြလေသည်။
အားလုံးထိတ်လန့်သွားရသည်မှာ လင်ထျန်းသာ လှုပ်ရှားနေပြီး ကျန်သည့်လေးယောက်မှာ တည်ငြိမ်စွာဖြင့်ပင် ချီလင်တောင်ကြောကို ကြည့်နေလေသည်။
လင်ထျန်း၏မျက်လုံးမှ နတ်အလင်းများထွက်ပေါ်လာပြီး တစ်ဖက်လူကို စိုက်ကြည့်လိုက်လေသည်။ သူဒေါသထွက်လာလေပြီ။ အဲဒါက သူ့ရဲ့ ငါးရောင်စပ်စစ်ရထားလုံးမဟုတ်ဘူးလား .. တစ်ယောက်ယောက်က ဒီကို မောင်းလာခဲ့တာလား..
သူသည် သူ၏လောကတွင်ပင် နာမည်ကြီးသည့်သူတစ်ဦးပင်။ စီရင်စုသုံးထောင်သို့ ရောက်သည့်အချိန်တွင်လည်း အရှုပ်အထွေးအားလုံးကို ရှင်းပစ်ခဲ့သည်သာ။ မည်သူက သူ့ကို တားနိုင်ခဲ့သနည်း..
သို့သော်လည်း သူ့ရှေ့တွင်ပင် တစ်ယောက်ယောက်က သူ၏စစ်ရထားလုံးကို လုယူသွားပြီး ဤနေရာကိုပင် မောင်းလာရဲသေးသည်။ ဤသည်မှာ သူ၏တိုက်ခိုက်မှုကို ကြည့်ရန်အတွက်လား..
“ဘယ်သူ ငါ့စစ်ရထားလုံးကို ထိတာလဲ .. မင်းတို့လက်ကို ကိုယ်တိုင်ချိုးပြီးတော့ ငါ့ဆီမှာ အပြစ်လာဝန်ခံလိုက်” လင်ထျန်းဒေါသတကြီးပင် အော်ဟစ်လိုက်သည်။
ငါးရောင်စပ် စစ်ရထားလုံးဘေးပတ်လည်တွင်ရှိနေသည့်လူများမှာ စိတ်ထဲတွင် တုန်လှုပ်သွားကာ အချို့လူများမှာ လဲကျမလိုပင် ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် လင်ထျန်းခေါင်းပေါ်တွင် တာအိုပန်းပွင့်ပွင့်နေပြီး ထာဝရမြူများလည်း ရစ်ဆိုင်းနေလေ၏။
“ဆရာ” ထုန်ဘီနတ်လူဝံငိုကြွေးလိုက်သည်။ သို့သော်လည်း သူပြေးမသွားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူ့နံဘေးနားတွင် ရှိနေသောကြောင့်ပင်။
လင်ထျန်း ချက်ချင်းပင် မျက်နှာပျက်သွားရသည်။ သူ့စစ်ရထားလုံးကို ယူတယ် .. သူ့ရဲ့ တိုက်ပွဲအိမ်မွေးတိရစ္ဆာန်လေးကို သုံးတယ် .. ဒီကိုဒီလိုမျိုး ရန်လာစနေတာက သည်းမခံနိုင်စရာပဲ..
“မင်း .. စစ်ရထားလုံးကို ယူလာပြီးတော့ မင်းရဲ့အပြစ်ကို ဝန်ခံလိုက် .. ငါ့စိတ်အခြေအနေ သိပ်မဆိုးရင်တော့ ငါ မင်းအသက်ကို လွတ်ပေးမယ်” လင်ထျန်း လက်ညှိုးထိုး၍ ပြောလိုက်သည်။ ရှီဟောင်သည် သေချာပေါက် သာမန်မဟုတ်မှန်း သူသိသော်လည်း သူသည် အထက်စီးမှ ဆက်ဆံနေဆဲပင်။
လေထုမှာ ချက်ချင်းပင် တင်းမာသွားကာ အားလုံး ထိတ်လန့်သွားလေ၏။ လင်ထျန်း၏ အပေါင်းအဖော်များပင် ထိတ်လန့်သွားကြလေသည်။ လင်ထျန်း ဤမျှဒေါသထွက်နေသည်ကို သူတို့ပထမဆုံး မြင်ဖူးခြင်းပင်။
“မင်း အိပ်မက်ယောင်နေတာလား..” ရှီဟောင်မေးလိုက်၏။ သူသည် အခြေအနေကို လျော့ကျသွားအောင် လုပ်လိုက်လေသည်။
ရွှီး..
လင်ထျန်းသည် သူ၏လက်ထဲတွင် အနက်ရောင်လှံတိုကိုကိုင်ထားပြီး အနက်ရောင်လျှပ်စီးအဖြစ်ပြောင်းလဲကာ ရှီဟောင်ထံသို့ သူ၏လက်နက်ကို လွှဲရမ်းလိုက်လေသည်။
သူတို့နှစ်ဦးကြားတွင် ရုတ်တရက်ကြီး တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟု မထင်လိုက်သောကြောင့် အားလုံး ထိတ်လန့်သွားကြရသည်။
ဒုန်း..
ရှီဟောင်သည် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီး ထိုလူကို ကြိုဆိုလိုက်လေသည်။ မီးပွားများလွင့်ထွက်လာကာ နားစည်ကွဲလောက်သည့်အသံများလည်း ထွက်ပေါ်လာလေ၏။ သူတို့နှစ်ဦးလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အံ့အားသင့်နေကြလေ၏။
“မင်း ထာဝရစွမ်းအင်ကို ကျင့်ကြံထားတယ်..” လင်ထျန်း၏မျက်လုံးများ မှေးကျဉ်းသွားလေ၏။ သူသည် အနည်းငယ် မသက်မသာဖြစ်နေသကဲ့သို့ အနည်းငယ်လည်း စိတ်လှုပ်ရှားနေသည်။ ဤသည်မှာ သူ၏ပြိုင်ဘက်ပင်။
“အဲဒီလိုပါပဲ” ရှီဟောင်ပြန်ဖြေလိုက်၏။ သူသည် ဧည့်သည်ကို တောက်ပစွာ ကြည့်နေလေသည်။ ဤလူမှာ သာမန်မဟုတ်သည်ကို သူသိသည်။
“မင်းဘယ်သူဖြစ်ဖြစ် ဘယ်လောက်ပဲစွမ်းအားကြီးကြီး .. မင်းငါ့ရဲ့ စစ်ရထားလုံးကို ထိရဲတယ်ဆိုမှတော့ မင်းပြန်ပေးဆပ်ရမယ်” လင်ထျန်း၏ မျက်လုံးများ တောက်ပလာလေသည်။
ဤသည်မှာ ပြင်းထန်လွန်းလှသည့် လူသတ်လိုသည့်စွမ်းအင်များနှင့်လူပင်။ သူ၏ပညာများမှာ ပြင်းထန်လှပြီး ရှီဟောင်အား ချက်ချင်းပင် တိုက်ခိုက်လာလေ၏။
ဒုန်း..
အနက်ရောင်လှံတိုမှာ ရှီဟောင်၏လက်သီးနှင့် နောက်တစ်ကြိမ် တိုက်ခိုက်လာသောကြောင့် သူ၏အရိုးများပင် ကျိုးသွားမလားဟု စိုးရိမ်ရသည်အထိပင်။
“အတင့်ရဲလိုက်တာ .. မင်းရဲ့အိမ်မွေးတိရစ္ဆာန်က စီရင်စုသုံးထောင်က ကျင့်ကြံသူတွေကို လာပြီးတော့ အနိုင်ကျင့်နေလို့ ငါဖမ်းတာကိုခံလိုက်ရတာ .. အဲဒီတော့ ဘယ်သူကမှားလဲ ဘယ်သူကမှန်လဲဆိုတာ ခင်ဗျားမသိသေးဘူးလား” ရှီဟောင် လှောင်ရယ်လိုက်သည်။
ချွမ်း..
သူတို့နှစ်ဦးကြားတွင် အနက်ရောင်လျှပ်စီးများ ထွက်ပေါ်လာလေသည်။
ဝုန်း..
သူတို့နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြပြီးနောက် လူချင်းကွဲသွားသော်လည်း သူတို့နှစ်ယောက်ကြားရှိ လေဟာနယ်ပေါက်ကွဲသွားလေ၏။
အဓိကအကြောင်းရင်းမှာ ဤတစ်ခေါက် ထိခတ်မှုမှာ အတော်လေးစွမ်းအားကြီးသောကြောင့်ပင်။
“ငါ့ရဲ့ တိုက်ခိုက်မှုတွေကို တကယ်တားနိုင်တယ်ပေါ့” လင်ထျန်း စိတ်ထဲတွင် ထိတ်လန့်သွားရသည်။
ဝုန်း..
သူတို့နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။ လင်ထျန်း၏ ချီနှင့်သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး ထိတ်လန့်သည့်အမူအရာ ဖြစ်ပေါ်လာလေ၏။ ဤပြိုင်ဘက်မှာ စွမ်းအားကြီးလွန်းလှသည်။ ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ မရောက်သေးသော်လည်း သူနှင့် တိုက်ခိုက်နိုင်နေလေပြီ။
သို့သော် ရှီဟောင် မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်သွားရသည်။ သူသည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်တွင်ရောက်နေပြီး ကောင်းကင်နတ်ဘုရားများနှင့် ယှဉ်နိုင်ပြီဖြစ်သော်လည်း ဤပြိုင်ဘက်ကို ချက်ချင်း မသတ်နိုင်သေးပေ။
အမှန်တကယ်တွင် လင်ထျန်းသည် သူ့ထက်ပင် ပို၍ ထိတ်လန့်နေသည်သာ။
“ငါတို့နှစ်ယောက်လုံး ထာဝရစွမ်းအင်ကို ကျင့်ကြံကြတယ်ဆိုပေမယ့် ငါက ငါ့ခေါင်းပေါ်မှာ တာအိုပန်းဖူးကို အောင်အောင်မြင်မြင် လုပ်နိုင်သွားပြီ .. အဲဒါကို ငါကဘာလို့ သူ့ကို မနိုင်သေးတာလဲ” လင်ထျန်း ထိတ်လန့်နေလေသည်။
သူတို့နှစ်ဦးလုံး ထာဝရစွမ်းအင်မကျင့်ကြံထားလျှင်တော့ ရှီဟောင်သည် ကောင်းကင်နတ်ဘုရားများကို ရင်ဆိုင်နိုင်လိမ့်မည်။ သို့သော်လည်း ယခုတော့ ပြဿနာတွေ့နေလေပြီ။
“တစ်ခုခုတော့မှားနေပြီ .. ထာဝရစွမ်းအင် ကျင့်ကြံထားတဲ့သူတွေက ကောင်းကင်နတ်ဘုရားနယ်ပယ်နဲ့ မြင့်မြတ်စတေးခြင်းနယ်ပယ်မှာ ကွဲတယ် .. ကိုယ့်ထက်ကျင့်ကြံဆင့်နိမ့်တဲ့သူတွေအားလုံးကို ဖိနှိပ်နိုင်တယ်” ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။
ထာဝရစွမ်းအင်တာအိုပန်းဖူးကို ရသည်နှင့် သူ့ထက်ကျင့်ကြံဆင့်နိမ့်သည့်သူများသည် မည်မျှပင် စွမ်းအားကြီးနေပါစေ သူတို့မနိုင်နိုင်ပေ။
ဒုန်း..
ရှီဟောင် တကယ်စိတ်တိုနေလေပြီ။ သူသည် သူ၏နတ်ခွန်အားများကို အသက်သွင်းလိုက်ပြီး တရှိန်ထိုး တိုက်ခိုက်လိုက်သည်။
လင်ထျန်းသည် သူ၏လက်မနှင့် လက်ညှိုးကြား အက်ကွဲသွားပြီး သွေးများစီးကျလာပြီဟု ခံစားလိုက်ရသည်။ ဤပြိုင်ဘက်မှာ ရင်ဆိုင်နိုင်ရန် ခက်ခဲလှသည်။
“သူ့မှာ ထာဝရစွမ်းအင်သုံးကြောင်းရှိတယ် .. အဲဒါကြောင့်မို့လို့ မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်မှာရှိနေတာတောင်မှ ငါ့ရဲ့တာအိုပန်းပွင့်ကို ခုခံနိုင်နေတာ” လင်ထျန်း၏စိတ်ထဲတုန်လှုပ်သွားရသည်။
လင်ထျန်း၏လက်ဝါးဒဏ်ရာရသွားပြီး သွေးများစီးကျလာလေပြီ။ သူ၏ဒဏ်ရာကို တွေ့သွားမည်စိုးသောကြောင့် လက်ကို တင်းတင်းဆုပ်လိုက်သည်။
ဒုန်း..
ချီလင်းတောင်ကြောတွင် ခေါင်းလောင်းသံထွက်ပေါ်လာပြီး ကြီးမားလှသည့်တောင်တစ်လုံး ပေါက်ကွဲသွားကာ လူတစ်ယောက် တရှိန်ထိုး ထွက်လာလေသည်။ သူ၏အဖြူရောင်အဝတ်အစားများမှာ နှင်းထက်ပင် ပိုဖွေးနေလေသည်။
“တစ်ခြားနေရာကလာတဲ့ ဧည့်သည်တွေ .. မင်းတို့အားလုံး ဘယ်မှာလဲ” နျင်ချွမ်းပေါ်လာလေပြီ။
“လင်ထျန်း .. ဒီသဘောတူညီမှုကို အရင်ပြီးအောင်လုပ် .. နျင်ချွမ်းနဲ့ အရင်တိုက်” ခရမ်းရောင်စစ်သင်္ဘောထဲမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ကောင်းပြီလေ .. ငါ့ရဲ့ရထားလုံးကို ထိရဲတဲ့သူ ဒီမှာစောင့်နေ .. ငါနျင်ချွမ်းကို အနိုင်ယူပြီးရင် မင်းနဲ့လာရှင်းမယ်” လင်ထျန်း တစ်ဖက်သို့လှည့်လိုက်ကာ ချီလင်းတောင်ကြောဘက်သို့ လှည့်သွားလိုက်သည်။
“သတ်…”
လင်ထျန်းသည် တိုက်ခိုက်ရာ၌ ကျွမ်းကျင်လှသည်။ သူ၏လက်ထဲတွင်ရှိနေသည့် အနက်ရောင်လှံတံကို လွှဲရမ်းလိုက်သည်နှင့် နားကွဲလောက်သည့် တဝူးဝူးအသံများထွက်ပေါ်လာပြီး ဤသည်မျာ နတ်ဘုရားနှင့် နတ်ဆိုးများ ဟစ်ကြွေးနေသကဲ့သို့ပင်။ ထိုအော်သံများမှာ စစ်ပွဲကြီးများမှ ထွက်လာသည့်အသံထက်ပင် ပိုကျယ်သေးသည်။
ရွှီး..
ကောင်းကင်သင်္ကေတလည်း ပေါ်လာလေသည်။ နျင်ချွမ်းသည်လည်း အခြားသူများ ကြည့်နေမည်ကို ခံနေရမည့်အစား ဤတိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်နေသည်သာ။
သူတို့နှစ်ဦးသည် နေနှင့်လတို့ အလင်းရောင်ပျောက်ဆုံးသွားသည်အထိ၊ တိမ်များမဲမှောင်လာသည်အထိ တိုက်ခိုက်ကြလေသည်။
“ငါ့အဖိုးတန်ပညာ၊ ငါ့နတ်စွမ်းရည်တွေဆိုတာက လူတိုင်းတွေ့ခွင့်ရှိတာမဟုတ်ဘူး .. ဒီလူတွေနဲ့ ဝေးအောင်လို့ လေဟာနယ်ထဲသွားကြမယ် .. ဘယ်သူက ပိုသန်မာတာလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့” လင်ထျန်းပြောလိုက်သည်။
အခြားတစ်ဖက်တွင် နင်ချွမ်း၏ ကောင်းကင်သင်္ကေတလည်း ပေါ်လာလေပြီ။ ကြယ်များတစ်လုံးပြီးတစ်လုံး လှည့်လှည်နေပြီး ထိုကြယ်များအားလုံးမှာ အံ့အားသင့်စရာ အကောင်းဆုံး အဖိုးတန်ပညာများပင်။
ဖူး..
ထိတ်လန့်စရာကောင်းသည်မှာ အနက်ရောင်လှံတိုကို ပစ်လွှတ်လိုက်သည်နှင့် ထိုကြယ်များ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားလေသည်။
ရွှီးဟူသည့်အသံနှင့်အတူ သူတို့နှစ်ဦးလုံး ပျောက်ကွယ်သွားကာ ချီလင်တောင်ကြောလည်း တိတ်ဆိတ်သွားလေသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် လေဟာနယ်ကြီး ပေါက်ကွဲသွားကာ သူတို့နှစ်ဦး ပြန်ပေါ်လာလေသည်။ လင်ထျန်းတစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေပြီး သူ၏ဒဏ်ရာများမှာ မသေးလှသည်ကို အားလုံး တွေ့လိုက်ရလေ၏။
နျင်ချွမ်းကိုယ်ပေါ်တွင်လည်း သွေးစများရှိနေသော်လည်း ဤသည်မှာ သူ့သွေး ဟုတ်မဟုတ် မသိနိုင်ပေ။
လင်ထျန်းသည် မျက်နှာပျက်ယွင်းနေလေ၏။ သူသည် စကားတစ်ခွန်းမှမပြောပဲ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလေသည်။ ရှီဟောင်ကို ဖြတ်ပြေးသွားသည့်အချိန်တွင် သူသည် အခွင့်ကောင်းယူကာ ရှီဟောင်ကို တိုက်ခိုက်လိုက်လေ၏။
ဝုန်း..
ရှီဟောင်သည် မိုးမခနတ်ဘုရား၏ပညာနှင့် လျှပ်စီးဧကရာဇ်တံဆိပ်ကို ထုတ်သုံးလိုက်သည်။
လင်ထျန်းသည် ရှီဟောင်ကို ခပ်မြန်မြန်အဆုံးသတ်လိုက်ချင်သော်လည်း သူသာ ပြဿနာတက်သွားလေသည်။ ဤလူငယ်လေးမှာ သူ့ကို လုံးဝမကြောက်ပေ။
သူ၏စစ်ရထားလုံးကို ပြန်ယူချင်သောကြောင့်သူသည် နောက်တစ်ပွဲ ထပ်တိုက်လိုက်ရကာ ဒဏ်ရာပေါ်ဒဏ်ရာ ထပ်သွားလေသည်။
ချွမ်း..
ရှီဟောင်သည် လက်ဝါးကို ဓားသွားအဖြစ်အသုံးပြုပြီး ထိုအနက်ရောင်လှံတို၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်ကျလိုက်လေ၏။ ထို့အပြင် လင်ထျန်းသည် သွေးအန်သွားကာ သူ၏အသားအရေလည်း ဖြူဖျော့လာလေသည်။
ဖုန်း..
ထို့နောက်တွင် ရှီဟောင်သည် သူ၏လက်မောင်းတစ်ဖက်ကို ဖမ်းကိုင်လိုက်လေ၏။ သူသည် ဤလူကို အရှင်ဖမ်းလိုခြင်းပင်။
အပိုင်း ၁၂၂၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၃၀ – ကောင်းကင်နတ်ဘုရားကျောင်း
ရှီဟောင် သူ၏လက်ထဲကို အားထည့်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးတွင် လျှို့ဝှက်ပညာများကို အသုံးပြုနေသောကြောင့် အရိုးကျိုးသံများပင် ကြားနေရလေပြီ။
လင်ထျန်း ရုန်းကန်လိုက်သော်လည်း သူ၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားလေ၏။ တစ်ခြားလူ၏ ခွန်အားမှာ အားကောင်းလှပြီး သူသည် ထာဝရတာအိုချိန်းကြိုးများဖြင့် ဖမ်းခံထားရသကဲ့သို့ပင်။ သူ၏လက်များကို နာကျင်လာစေသည်။
ဝုန်း..
သူတို့နှစ်ဦးကြားတွင် အဖိုးတန်ပညာများနှင့် သင်္ကေတများမှ ထွက်လာသည့်အလင်းတန်းများ ပြည့်နှက်သွားလေသည်။
ဖူးဟူသည့်အသံနှင့်အတူ သွေးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် လင်ထျန်းသည် ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားလေသည်။
အားလုံး ဤနှစ်ယောက်ကို ကြည့်လိုက်ကြသည်။ ဘယ်သူက နိုင်သွားတာလဲ…
“သူ့လက်ဖျံ…” လူအချို့မှ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
“ဟွမ်က စွမ်းအားကြီးလိုက်တာ” လူများစွာမှာ အမှန်တကယ်ကိုပင် ထိတ်လန့်သွားကြသည်။
ရှီဟောင်၏လက်ထဲတွင် သွေးတစ်စက်စက်ကျနေသည့် လက်ဖျံတစ်ခု ရှိနေလေသည်။ သူသည် ထိုလက်ဖျံကို လိမ်ချိုးခဲ့ခြင်းပင်။
ကောင်းကင်ထက်တွင်ရှိနေသည့် လင်ထျန်း၏နဖူးထက်တွင် နာကျင်မှုကြောင့် ချွေးများပြည့်နေလေပြီ။
သူမွေးလာကတည်းက ဤမျှလောက်နာကျင်မှုကို တစ်ခါမှ မခံစားဖူးပေ။ သူ၏ရှေးဟောင်းမြေတွင်လည်း သူသည် အလွန်မာနကြီးသည့်သူပင်။ သူရှုံးနိမ့်ခဲ့ဖူးသော်လည်း သူ၏လက်တစ်ဖက်ကို ဆုံးရှုံးစရာအကြောင်းမရှိပေ။
“လင်ထျန်း ဒဏ်ရာရသွားပြီ .. လက်တစ်ဖက်လည်း ဆုံးရှုံးသွားတယ်” ဤသည်မှာ သေချာပေါက် ပေါက်ကွဲထွက်စေမည့်သတင်း ဖြစ်လာမည်ပင်။ အဘယ်ကြောင့်ဆိုသော် သူသည် စီရင်စုသုံးထောင်တွင် အားလုံးကို အနိုင်ယူခဲ့ပြီး မည်သူမှ သူ့ပြိုင်ဘက်မဟုတ်ခဲ့ပေ။
ယခုတော့ သူသည် ရှုံးနိမ့်သွားကာ သူ၏လက်တစ်ဖက်ကိုလည်း ဆုံးရှုံးလိုက်ရလေပြီ။
အား..
လင်ထျန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အသံမှာ နဂါးအော်သံ၊ မိုးကြိုးပစ်သံကဲ့သို့ပင် ကျယ်လောင်လှသည်။ အားလုံးမှာ သူတို့၏ခန္ဓာကိုယ်ပင် လှုပ်ရမ်းသွားသလို ခံစားလိုက်ရလေသည်။
သူဤကဲ့သို့ ရှံးနိမ့်သွားလေပြီ။ သူသည် နျင်ချွမ်းကြောင့် အတော်လေး ထိခိုက်ခဲ့ပြီး ယခု သူ၏ငါးရောင်စပ်ရထားလုံးကို ယူသွားသည့်သူကြောင့်လည်း သူ၏လက်ကို ဆုံးရှုံးလိုက်ရပြီ။
“မင်းက ဟွမ်လား..” သူ သံသယဝင်နေသော်လည်း ထိုကဲ့သို့ အော်မေးလိုက်လေသည်။
“ဟုတ်တယ် ..ငါပဲ” ရှီဟောင်ပြန်ဖြေလိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် လက်ဖျံကို ကြည့်လိုက်ပြီးနောက် သူ၏မူလပုံစံကို ပြန်ဖြစ်စေနိုင်သည့် ပညာတစ်ခုကို အသက်သွင်းလိုက်သည်။ သို့သော်လည်း ဤသည်မှာ သူ၏ပုံစံအမှန်ဖြစ်သည်ကို သူတွေ့လိုက်ရသည်။
“စိတ်ပျက်စရာကောင်းလိုက်တာ .. လူသားတဲ့ … ရော့ ပြန်ယူသွား” ရှီဟောင် သူ့လက်မောင်းကို ပြန်ပစ်ပေးလိုက်လေသည်။
အားလုံး စိတ်ထဲတွင် တုန်လှုပ်သွားရ၏။ ဒါက ဘယ်လိုမျိုးတောင် ကြောက်ဖို့ကောင်းတဲ့သွေးမျိုးဆက်ကြီးလဲ .. ထာဝရသွေးစွမ်းအင်ပါနေတယ် .. သူစွမ်းအားကြီးနေတာ အံ့ဩစရာမရှိပါဘူး..
သို့သော်လည်း ဤလူသည် ရှီဟောင်လက်အောက်တွင် ရှုံးနိမ့်သွားရသောကြောင့် လူများပို၍ ထိတ်လန့်လာကြသည်။
လင်ထျန်း သူ၏လက်ကို ဖမ်းယူလိုက်ပြီး သူ၏မျက်နှာမှာ ဖြူတစ်လှည့် စိမ်းတစ်လှည့်ဖြစ်နေလေပြီ။ သို့သော်လည်း သူ၏လက်ကို ပြန်ဆက်လိုက်သည်။ နတ်အလင်းများထွက်ပေါ်လာပြီးနောက် သင်္ကေတများ ထွက်ပေါ်လာကာ သူ၏လက်သည် အရင်အတိုင်း ပြန်ဖြစ်သွားလေသည်။
အမှန်တကယ်တွင် ရှီဟောင် သူ့လက်ပြန်မပေးလျှင်ပင် သူ၏လက်ပြန်ပေါက်လာနိုင်သည်သာ။ သူ၏မွေးရာပါသွေးစွမ်းအင်အနည်းငယ်သာ လိုအပ်သည်။
ဤနေရာမှာ ချက်ချင်းပင် တိတ်ကျသွားလေသည်။ ရှီဟောင် ထိုလက်ကို ပြန်ပေးခြင်းမှာ စိတ်ရင်းအမှန်ဖြင့်ပေးခြင်းမဟုတ်ပဲ တစ်ဖက်လူကို ဂရုမစိုက်ကြောင်း ပြသလိုက်ခြင်းသာ။
ငါးရောင်စပ်ရထားလုံးပေါ်တွင် ရှိနေသည့် ထုန်ဘီနတ်လူဝံမှာ ဆွံ့အသွားလေပြီ။ သူ၏မျက်လုံးထဲတွင် သူ၏ဆရာမှာ ပြိုင်ဘက်တိုင်းကို အနိုင်ရပြီး ထူးကဲအောင်မြင်သည့်သူပင်။
“လင်ထျန်း ပြန်လာခဲ့..” ခရမ်းရောင် စစ်သင်္ဘောပေါ်မှ အပြာရောင်မျက်လုံးနှင့် အမျိုးသမီးမှ ပြောလိုက်သည်။
ထိုအမျိုးသမီး၏ ဆံပင်မှာ ပိုးသားကဲ့သို့ပင် တောက်ပနေပြီး သူမ၏မျက်လုံးများမှာလည်း အပြာရောင်ပင်လယ်ကဲ့သို့ပင် တောက်ပနေလေ၏။ သူမသည် ချီလင်တောင်ကြောတွင်ရှိနေသည့် နျင်ချွမ်းကို ကြည့်ပြီးနောက် တည်ငြိမ်နေသည့် ရှီဟောင်ကို ပြန်ကြည့်လိုက်သည်။
“တာအိုစီရင်စုသုံးထောင်မှာ ဒီလိုမျိုးလူတွေ ရှိနေလိမ့်ဦးမယ်လို့ မထင်ထားခဲ့ဘူး .. ဒီရှေးဟောင်းမြေက လုံးဝကို ဆုတ်ယုတ်ပျက်စီးနေပြီလို့ ထင်ထားခဲ့တာ” သူမနူးညံ့စွာ ပြောလိုက်သည်။
လင်ထျန်းသည် ဤသည်ကို လက်မခံနိုင်ဖြစ်နေကာ ဒေါသထွက်နေသော်လည်း တစ်ခဏခန့် တုံ့ဆိုင်းပြီးသည့်နောက်တွင် ထိုခရမ်းရောင်စစ်သင်္ဘောထံသို့ ပြန်သွားလိုက်လေသည်။
ပထမအကြောင်းရင်းမှာ ထိုအမျိုးသမီးသည် သာမန်မဟုတ်ပေ။ သူမ၏စကားလုံးများတွင် ဖိအားတစ်ချို့ရှိနေသည်။ ဒုတိယအကြောင်းရင်းမှာ ဤနှစ်ယောက်သည် သူ၏ပြိုင်ဘက်မဟုတ်သည်ကို သူသိနေသောကြောင့်ပင်။ သူသာ ဆက်တိုက်နေမည်ဆိုလျှင် သူသေချာပေါက် ဒဏ်ရာရသွားလိမ့်မည်။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် နျင်ချွမ်းသည် ရှီဟောင်အား ကြည့်လိုက်လေ၏။ သူ့အတွက်တော့ ဤသည်မှာ သူ၏အကြီးမားဆုံး ရန်သူပင်။
ရှီဟောင်သည်လည်း ထိုအဖြူရောင်အဝတ်အစားနှင့်လူငယ်ကို ကြည့်လိုက်သည်။ သူသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို မထုတ်လွှတ်သော်လည်း သူ၏မျက်လုံးများ တောက်ပနေကာ သူသည် အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ပင်။
အားလုံးမှာ အသက်ရှူကြပ်စေသည့်ဖိအားကို ခံစားလိုက်ကြရသည်။ သူတို့သည် မတတ်သာစွာပဲ ဤကျွမ်းကျင်သူနှစ်ဦး၏ အော်ရာစက်ကွင်းနှင့်ဝေးရာသို့ ပြန်ဆုတ်သွားကြရသည်။
သူတို့ အတော်ဝေးဝေးဆုတ်ပြီးသွားသည့်အချိန်မှသာ ထိုဖိအားကြီး ပျောက်ကွယ်သွားကာ သူတို့သည် သက်မချနိုင်တော့သည်။ ဟွမ်က သရဖူခြောက်ခုဘုရင်နဲ့ သူသေကိုယ်သေ တိုက်တော့မှာလား..
သူတို့နှစ်ဦးမှာ မီးနှင့်ရေကဲ့သို့ပင်ဖြစ်နေသည်ကို လူအချို့ သိထားကြသည်ပင်။ တစ်ယောက်သည် အပြစ်သားသွေးမျိုးဆက်ကို ဖိနှိပ်ရမည်ဟု ခြိမ်းခြောက်ထားပြီး ကျန်သည့်တစ်ယောက်သည်လည်း တစ်ဖက်လူ၏ အတိဒုက္ခကို နှောက်ယှက်ထားသည်ပင်။
အမှန်တကယ်တွင် ရှီဟောင်သည် နျင်ချွမ်း သွေးတစက်စက်နှင့် ထွက်ပြေးသွားသည်အထိ တိုက်ခိုက်ဖူးသည်။ လူများစွာလည်း ထိုအကြောင်းကို ကြားလိုက်ရသည်သာ။
ဤသည်မှာ နျင်ချွမ်းအတွက် ဘဝတစ်သက်ကာ အရှက်ရမှုကြီးပင်။
သို့သော်လည်း သူတို့မည်သူမှ မတိုက်ခိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်သူငါးယောက်ရှိနေသည့် ခရမ်းရောင်စစ်သင်္ဘောကြီး ရှိနေသေးသောကြောင့်ပင်။
“ငါတို့နောက်တစ်ခေါက်မှ ရှင်းကြတာပေါ့” နျင်ချွမ်း ပြောလိုက်သည်။
ရှီဟောင် ရယ်မောလိုက်ကာ ဘမှမပြောတော့ပေ။ ထို့နောက် သူ ထိုခရမ်းရောင်စစ်သင်္ဘောကြီးထံသို့ ဦးတည်သွားလိုက်သည်။
“သူတို့နှစ်ယောက်လုံးက ထူးချွန်တဲ့သူတွေ .. ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့ အရည်အချင်းပြည့်မှီတယ်” ခရမ်းရောင်စစ်သင်္ဘောပေါ်မှ ခရမ်းရောင်ဆံပင်နှင့် လူငယ်မှ ပြောလိုက်သည်။
ဤသည်မှာ အားလုံးထင်ထားသည်ထက် ပိုသည်ပင်။ သူတို့သည် အစက ဧည့်သည်များသည် ရှီဟောင်နှင့် နျင်ချွမ်းကို ဝိုင်းတိုက်ကာ ပြင်းထန်သည့် တိုက်ပွဲဖြစ်လာလိမ့်မည်ဟု ထင်ထားခြင်းပင်။ သို့သော်လည်း ထိုကဲ့သို့ ဖြစ်မလာတော့ပေ။
“ဒီလောက်ပဲလား” တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။
“ဟုတ်တယ် .. မင်းတို့တွေ လင်ထျန်းကိုပဲဖြစ်ဖြစ် ငါတို့ထဲက တစ်ယောက်ကိုပဲဖြစ်ဖြစ် အနိုင်တိုက်နိုင်ရင် မင်းတို့က ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့ အရည်အချင်း ပြည့်မှီတယ် .. တာအိုစီရင်စုသုံးထောင်ကနေ ထွက်လာလို့ရပြီ” အပြာရောင်မျက်လုံးနှင့် အမျိုးသမီးမှ ပြောလိုက်သည်။
သို့သော် သူတို့ထဲက တစ်ယောက်ကို မည်သူက အနိုင်တိုက်နိုင်မည်နည်း.. အဆင့်မြင့်နယ်မြေတစ်ခုလုံး ပတ်ရှာလျှင်ပင် ရှီဟောင်နှင့် လူအနည်းစုသာ ရှိလိမ့်မည်။
အားလုံး စိတ်ပျက်သွားရသည်။ ကြည့်ရတာ သူတို့ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးထင်တယ် ..
“ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ရင် ဘာအကျိုးကျေးဇူးတွေ ရမှာလဲ” ရှီဟောင် တည့်တိုးပင်မေးလိုက်သည်။
“ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခုက မင်းထင်ထားတာထက် ပိုကျယ်တယ် .. လျှို့ဝှက်စာတွေလည်း အများကြီးရှိတယ် .. တစ်ခြားလောကတွေက ကျွမ်းကျင်သူတွေလည်းရှိတယ် .. မင်း ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်လိုက်တာနဲ့ အဲဒီပညာတွေအကုန်လုံးကို မင်းကိုပြပေးမှာ” ထိုအမျိုးသမီးပြောလိုက်သည်။
“အဲဒီမှာ မိန်းမလှလေးတွေရော ရှိလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
စစ်သင်္ဘောပေါ်မှ အပြာရောင်မျက်လုံးနှင့် အမျိုးသမီးမှာ ဆွံ့သွားကာ သူမမျက်နှာလည်း တောင့်တင်းသွားလေ၏။
ရှီဟောင်သည် မည်မျှပင် အရေထူနေပါစေ သူသည် အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသောကြောင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးအား ဆူပူလိုက်လေသည်။ “မင်း ဘာတွေ လျှောက်ပြောနေတာလဲ” ထို့နောက်တွင် သူသည် သူ၏ဘေးနားတွင်ရှိနေသည့် ဟော့လင်းအာအား ဤကျောက်တုံးသည် အမြဲတမ်းပင် လျှောက်ပြောနေကြောင်း ရှင်းပြလေသည်။
သို့သော်လည်း စစ်သင်္ဘောပေါ်မှ ထိုအမျိုးသမီးသည် စိတ်ဆိုးမသွားပဲ ရယ်မောလိုက်ကာ “ရှိတာပေါ့ .. ကျွန်မလည်း မလှလို့လား” သူမ ချိုသာစွာပြုံး၍ ပြောလိုက်လေသည်။
“အနောက်ဘက်က အေးစက်စက်အမျိုးသမီးနဲ့ဆိုတော့ နှစ်ယောက်ပေါ့..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
ဟော့လင်းအာသည် ရှီဟောင်ခါးကို ဆွဲဆိတ်လိုက်ကာ “ဒါတွေအားလုံး ရှင်သင်ပေးထားတာမလား” ဟု တီးတိုးပြောလိုက်လေသည်။
“ဘာလို့ ငါ့ကို အပြစ်လာတင်နေတာလဲ .. ဒီကောင်က အစကတည်းက ဘာမှအသုံးမဝင်တဲ့ကောင် .. သူက ငါနဲ့ဘာမှမဆိုင်ဘူး” ရှီဟောင် သူ၏အပြစ်ကင်းမှုကို ကာကွယ်လိုက်သည်။
“ရှေးဟောင်းလူထူးဆန်းတွေထဲမှာ ယောက်ျားလေးဆိုရင် အားလုံးကို ဖိနှိပ်ပြီး သတ်ပစ်မယ် .. မိန်းကလေးတွေကိုတော့ အိပ်ရာနွေးအောင်လုပ်ပေးဖို့ဖမ်းပစ်မယ်လို့ ရှင် အရင်တုန်းက ပြောတာကို ကျွန်မက မကြားဖူးဘူးဆိုတော့ .. ပြီးတော့ ရှင် အဲဒီလိုလည်း တကယ်လုပ်ခဲ့တာပဲမလား” ဟောလင်းအာ သူ့နားနားကပ်ပြောလိုက်သည်။
“ငါ ရှေးဟောင်းဘုရင်တွေ နည်းနည်းလောက်ကို တကယ်သတ်ခဲ့ပါတယ် .. ဒါပေမဲ ငါ့အိပ်ရာကို နွေးအောင်လုပ်ပေးဖို့ ဘယ်သူ့ကိုမှတော့ မဖမ်းဖူးဘူး” ရှီဟောင် တီးတိုးပြောလိုက်သည်။
” ဒီနေ့ည မင်းငါ့အိပ်ရာကို နွေးအောင်လုပ်ပေးရင်ရော” ရှီဟောင် တီးတိုးပြောလိုက်သည်။
“သွားသေလိုက်လေ” ဟော့လင်းအာ၏ မျက်နှာလေးနီရဲသွားလေ၏။ “ရှင် မဖမ်းတာက ရှေးဟောင်းလူထူးဆန်းတွေထဲမှာ မိန်းကလေးတွေ မရှိလို့လေ ဟုတ်တယ်မလား”
“မဟုတ်တာ .. နဂါးမိန်းမပျိုက မိန်းကလေး မဟုတ်ဘူးလား .. ငါအရင်က သူနဲ့တွေ့ဖူးတယ်” ရှီဟောင် ရေရွတ်လိုက်သည်။
သူတို့ပြောနေသည်ကို အခြားသူများ မကြားရသော်လည်း သင်္ဘောပေါ်တွင်ရှိနေသည့်သူများမှာမူ သူတို့အနားတွင်ရှိနေသည့်သင်္ကေတများကြောင့် ကြားနေရလေ၏။
သူတို့ငါးယောက်လုံးမှာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
“ရှင် နဂါးမိန်းမပျိုနဲ့ပထမဆုံးတွေ့တာ သားရဲအသိုက်ထဲမှာဆို .. အဲဒီအချိန်တုန်းက ရှင် သူ့တင်ပါးကို ပွတ်ခဲ့သေးတယ်လေ” ဟော့လင်းအာ ပြောလိုက်သည်။
ရှီဟောင်သည် ချွေးပြန်လာကာ “ဘယ်သောက်ကောင်က လျှို့ဝှက်ချက်ကို ဖြန့်လိုက်တာလဲ .. အာ .. ငါပြောချင်တာက ဘယ်သူတောင်းစားက အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာလဲ..”
သူသည် ချက်ချင်းပင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ကြည့်လိုက်လေသည်။
“ငါ့ကိုမကြည့်နဲ့ .. လိပ်ပြာဧကရာဇ်ပြောလိုက်တာ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
သင်္ဘောပေါ်တွင်ရှိနေသည့် အပြာရောင်မျက်လုံးနှင့်အမျိုးသမီးသည် ရယ်မောလိုက်ကာ “ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုက အတိုင်းအဆမရှိအောင်ကို ကျယ်ပါတယ် .. အဲဒီမှာ ထာဝရအစစ်တွေရဲ့ မျိုးဆက်တွေလည်းရှိတယ် .. ထာဝရမိသားစုက မိန်းမပျိုလေးတွေလည်း ကျောင်းမှာရှိနိုင်တယ်”
သူမသည် အပြုံးမမည်သည့်အပြုံးတစ်ခုကို ပြုံးပြကာ ရှီဟောင်ကို ကြည့်ပြီး ပြောလိုက်လေသည်။ “မင်း သူတို့ကိုရော ဖမ်းပြီးတော့ .. မင်းအိပ်ရာကို နွေးအောင် လုပ်ရဲလား..”
ရှီဟောင် သူမကို စိုက်ကြည့်လိုက်သည်။ ဤအမျိုးသမီးသည် သူပြဿနာတက်အောင် တမင်သက်သက်လုပ်နေခြင်းပင်။
သေချာပါသည်။ ဟော့လင်းအာ၏ နဂါးလက်သည်းများမှာ သူ့ခါးသို့ ရောက်ရှိလာသည်ပင်။
“ရှင့်ရဲ့ အရည်အချင်းတွေက သိပ်မဆိုးပေမယ့် ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ပြီးသွားရင် ရှင့်ရဲ့ဘောင်အတွင်းမှာ ရှင်မနေရင်တော့ ရှင်သေချာပေါက် နောင်တရသွားလိမ့်မယ်” သင်္ဘောပေါ်မှ အေးစက်နေသည့်အမျိုးသမီးမှ ပြောလိုက်သည်။
“မိတ်ဆက်တာတွေ ထားလိုက်ပါတော့ .. ဒီညီမလေးရဲ့ ဘိုးဘေးတွေထဲမှာ ထာဝရသက်ရှိတစ်ယောက်ရှိတယ်” အပြာရောင်မျက်လုံးနှင့် မိန်းမပျိုမှ ရယ်မောကာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံးမှာ အရည်အချင်းရှိတယ် .. မင်းတို့ဆက်သွားချင်လား” ခရမ်းရောင်ဆံပင်နှင့် လူငယ်မှ သူတို့ကို စကားဖြတ်မေးလိုက်လေသည်။
“ဘယ်ကိုသွားရမှာလဲ” နျင်ချွမ်းမေးလိုက်၏။
“ပုဂ္ဂိုလ်ကြီးတစ်ချို့နဲ့ သွားတွေ့ဖို့ .. သူတို့က မင်းတို့အားလုံးကို ပြောစရာစကားရှိလို့ .. မင်းတို့တွေ သူတို့ကို အရိုအသေပေးပြီးတော့ သူတို့တပည့်တောင် ဖြစ်သွားနိုင်တယ်” လင်ထျန်းမှ အေးစက်စွာ ပြောလိုက်သည်။
သူရှုံးနိမ့်သွားသော်လည်း သူ ဤကိစ္စကို လက်လွတ်စပယ် မလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် အဖွဲ့ဝင်ရွေးချယ်ရမည်ဆိုသည့်အမိန့်ကို သူ နာခံရမည်ပင်။
“ကောင်းပြီလေ .. အဲဒါဆိုလည်း သွားကြည့်ကြတာပေါ့” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။
“သင်္ဘောပေါ်ကို တက်ပေးပါ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ရှီဟောင်သည် လက်ဝေ့ရမ်းလိုက်ကာ ထုန်ဘီနတ်လူဝံကို ပြန်ပို့လိုက်ကာ လင်ထျန်းအား ပြောလိုက်သည်။ “မင်းကို ပြန်ပေးလိုက်မယ်”
သို့သော်လည်း သူသည် ယဉ်ကျေးမနေပဲ ငါးရောင်စပ်ရထားလုံးကို သိမ်းယူထားလိုက်လေသည်။ ထို့နောက်တွင် သူသည် ဟော့လင်းအာ ခါးကိုဖက်ကာ ခရမ်းရောင်သင်္ဘောကြီးပေါ်သို့ တက်သွားလေ၏။
နျင်ချွမ်းလည်း သင်္ဘောပေါ်သို့တက်သွားလေပြီ။
အောက်ဘက်တွင်ရှိနေသည့်လူများမှာ ဆွံ့အကာ မနာလိုဖြစ်နေကြလေသည်။ သူတို့က ဒီလိုနဲ့ပဲ ဆရာကြီးတွေရဲ့ တပည့်တွေဖြစ်သွားပြီးတော့ စီရင်စုသုံးထောင်ကနေ ထွက်သွားကြတော့မှာလား .. ဤသည်မှာ မြန်လွန်းလှပြီး သူတို့ထင်ထားသည်နှင့် တစ်ခြားစီပင်။
စစ်သင်္ဘောကြီးသည် လေဟာနယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
ဤနေရာသည် ဆူညံလာကာ သတင်းများသည်လည်း နေရာအနှံ့သို့ ပျံသန်းသွားလေသည်။
သင်္ဘောပေါ်တွင် ဟော့လင်းအာ မသက်မသာခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးယောက်သည် သူမအားကြည့်ပြီးနောက် ရှီဟောင်ကို ပြန်ကြည့်ကာ သူမအားခေါ်လာသည်ကို မကျေနပ်ကြောင်း ပြသနေကြလေ၏။
သို့သော်လည်း သူတို့ငါးယောက်လုံး ဘာမှမပြောပေ။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်တွင် သူတို့သည် ဗဟိုစီရင်စုသို့ရောက်လာပြီး တောင်ထိပ်တစ်ခုတွင် အခြားသုံးယောက်ကို တွေ့လိုက်ရသည်။
ဤသည်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားသုံးယောက်ပင်။ သူတို့သည် မလှုပ်မယှက်ရပ်နေပြီး သူတို့အနားတွင် ထာဝရတာအိုစွမ်းအင်များလည်း ရှိနေလေ၏။
ရှီဟောင် ချက်ချင်းပင် တုန်လှုပ်သွားရ၏။ ဤလူများမှာ သေချာပေါက်ပင် ကြောက်စရာကောင်းလှသည်။
“မင်း ငါ့ကို မင်းဆရာအဖြစ် သတ်မှတ်ချင်လား..” သူတို့ထဲမှ တစ်ယောက်မေးလိုက်၏။
ရှီဟောင် – “ကျွန်တော့်မှာ ဆရာတစ်ယောက်ရှိပြီးသားပါ”
ထိုလူသည် ခေါင်းညိမ့်လိုက်ကာ “ငါမင်းကို သိတယ် .. မင်းက မိုးမခသစ်ပင်နဲ့ ဆက်စပ်နေတာ .. ငါမင်းကို ဖိအားမပေးပါဘူး .. ဒါက ဖိအားပေးပြီးဆုံးဖြတ်ခိုင်းလို့ရတဲ့အရာမဟုတ်ဘူး”
ဤစကားလုံးများမှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ သူသည် ဤလောက၏ အစွန်းသို့သွားကာ ထိုကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ရမည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထံမှ တစ်ဆင့် မိုးမခနတ်ဘုရားအကြောင်း ပိုနားလည်နိုင်မည်ပင်။
“ကျွန်တော့်ရဲ့မိသားစုကို ကျွန်တော်နဲ့အတူ ခေါ်လာလို့ရလား” ရှီဟောင်သည် အရေထူစွာပင် မေးလိုက်လေ၏။
ထို အဆင့်လွန်ကျွမ်းကျင်သူသုံးယောက်လုံး၏ အမူအရာမှာ ထူးဆန်းသွားလေ၏။ သူတို့သည် ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် သူတို့ကိုတွေ့သည့်သူရဲကောင်းတိုင်းသည် သူတို့ကို လေးလေးစားစားဆက်ဆံပြီး စကားပြောလည်း ဆင်ခြင်ကြသည်သာ။ သို့သော်လည်း ဤကောင်က ဤကဲ့သို့မေးရဲလေသည်။
“မင်း အပျော်ခရီးသွားမယ် ထင်နေတာလား .. မင်းက အရမ်းအန္တရာယ်များတဲ့နေရာမှာ ကျင့်ကြံရမှာ .. စိန်ခေါ်မှုတွေ တစ်ခုပြီးတစ်ခု ရောက်လာမှာ .. မင်းတောင်မှ အသက်ရှင်နိုင်ဖို့ ရုန်းကန်ရမှာ” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။
“ကျွန်တော်တို့ ဘယ်ကို သွားရမှာလဲ” ရှီဟောင်မေးလိုက်၏။
“ပထမဆုံး ရှေးဟောင်းမိတ်ဖက်စာချုပ်ကို နားလည်ဖို့အတွက် ရှေးဟောင်းမြို့တစ်မြို့ကို သွားရမယ် .. ဒါက မင်းတို့နှစ်ယောက်လုံးအတွက် စစ်ဆေးမှုပဲ .. အဲဒါကို အောင်မြင်မှ မင်းတို့ ပြိုင်ဘက်ကင်းတဲ့ကျောင်းကို ဝင်နိုင်မှာ”
“ဘာ..” ရှီဟောင် ထိတ်လန့်သွားရသည်။ တစ်ခဏခန့်စဉ်းစားပြီးသည့်နောက်တွင် သူဆက်သွားရမည်ဟု သူ ခံစားလိုက်ရသည်။ ဤလမ်းကို ဆက်လျှောက်လိုက်သည်နှင့် သူ့စိတ်ထဲတွင် ရှိနေသည့် မေးခွန်းများအတွက် အဖြေများရလာမည်ပင်။
အပိုင်း ၁၂၃၀ ပြီး၏။