ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၀ – တစ်လောကလုံး ပွက်လောရိုက်သွားခြင်း
နံနက်ခင်းမှာ အေးချမ်းတော့မည်မဟုတ်တော့။ အထူးသဖြင့် ကျန်းရှီ၌ ရှိနေသည့် သန္ဓေပြောင်းလူများနှင့် သားရဲမျိုးနွယ်စုများပင်။
နတ်ဆိုးဘုရင်ချူက တစ်ညတည်းနဲ့ ဘုရင် ၁၀ ယောက်ကို သတ်ခဲ့တယ်..
ဤစကားလုံးများမှာ ထိုတောအုပ်အတွင်း၌ ရှိနေသည့် သားရဲမျိုးနွယ်စုအချို့မှ ထုတ်ပြန်လာသည့်သတင်းပင်။ သူတို့သည် ကြောက်စရာကောင်းသည့် တိုက်ပွဲကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရသည်ပင်။
ဤသည်မှာ လောကကြီးကို လုံးဝတုန်လှုပ်သွားစေနိုင်သည့် တိုက်ပွဲကြီးပင်။
“မြန်မြန် .. စစ်မြေပြင်ကို သွားမယ် .. ပစ္စည်းတွေ သွားကောက်မယ်..”
“ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ အောင်မြင်မှုကြီးလဲ .. သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီးတော့ သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေပြီလို့ ပြောကြတယ် .. ဒါပေမဲ့ သူက ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကြီးကို တရွတ်ဆွဲပြီး တစ်ညတည်းနဲ့ ဘုရင်အဆင့် ကျွမ်းကျင်သူ ၁၀ ယောက်ကိုတောင် သတ်နိုင်ခဲ့တယ်..”
အင်အားကြီးအဖွဲ့အစည်းများနှင့် ကျန်းရှီမှ အဖွဲ့အစည်းများအားလုံး လှုပ်ရှားလာကြ၏။ ထိုထဲတွင် သတင်းသမားများလည်း ပါဝင်နေသည်ပင်။ သတင်းများ ရယူရန်အတွက် သူတို့အားလုံး အတောင်ပံပေါက်လာပြီး ထိုနေရာသို့ ပျံသန်းသွားချင်နေမိသည်အထိပင်။
သို့သော် ကံမကောင်းစွာဖြင့် သူတို့ရောက်သွားသည့်အချိန်တွင် တိတ်ဆိတ်နေသည့် စစ်မြေပြင်ကြီးသာ သူတို့ကို ဆီးကြိုနေခဲ့သည်။ အလောင်းများအားလုံးကို ရှင်းလင်းပြီးသွားလေပြီ။
သို့သော် ဤနေရာ၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်ကိုတော့ သူတို့ မြင်နိုင်သေးသည်။
မြေပြင်မှာ သစ်ရွက်ကြွေများဖြင့် ဖုံးလွှမ်းနေပြီး နေရာများစွာ၌ အက်ကွဲကြောင်းများ ဖြစ်နေသည်။ တောအုပ်များလည်း ဖျက်ဆီးခံထားရသလို နေရာတိုင်း၌ သွေးစီးကြောင်းများ တွေ့နေရသည်။
အချို့တောင်ထိပ်များလည်း ပြတ်တောက်နေလေ၏။
ရွှေရောင်အကြေးခွံများ၊ သွေးများစွန်းပေနေသည့်အမွေးများ၊ အရိုးအပိုင်းအစများတော့ ရှိနေသေးသည်။ ဤအရာအားလုံးမှာ ဘုရင်အဆင့်သက်ရှိများ၏ ပစ္စည်းများပင်။
လူများစွာသည် လူထုကို ချပြရန်အတွက် မြင်ကွင်းကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်နေကြသည်။
ဤသတင်းဓာတ်ပုံများကို အင်တာနက်ပေါ်၌ဖြစ်စေ၊ သတင်းများ၌ဖြစ်စေ တွေ့ပြီးသည်နှင့် လူများတို့အားလုံး ဆွံ့အသွားကြရသည်ပင်။
“သေခါနီး ချူဖုန်းက တစ်ညတည်းနဲ့ ဘုရင် ၁၀ ယောက်ကို သတ်သွားတယ်..”
“ပြိုင်ဘက်ကင်း အသက်ရှူပညာ .. ပြိုင်ဘက်ကင်းတုံ့ပြန်မှု..”
မျက်စိဖမ်းစားနိုင်သည့် သတင်းခေါင်းစဉ်များစွာ ထွက်ပေါ်လာသည်။
ဟိုတစ်နေ့ကပင် တောင်ပင်လယ်မှ နဂါးနက်အိမ်ရှေ့စံမင်းသားနှင့် တိုက်ခိုက်ခဲ့ရာမှ ချူဖုန်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားကြောင်း သူတို့ သတင်းထုတ်ပြန်ခဲ့ကြသေးသည်။
သို့သော် တစ်ညတာကုန်ဆုံးသွားသည်နှင့် ချူဖုန်း ဘုရင်အဆင့်ကျွမ်းကျင်သူ ၁၀ ဦးအား သတ်လိုက်သည်ဟူသည့် အောင်မြင်မှုသတင်းကြီး ထွက်ပေါ်လာသည်။
ချူဖုန်းသည် ဒဏ်ရာများ ပြင်းထန်လှသောကြောင့် အချိန်အတော်ကြာသည်အထိ အားနည်းနေလိမ့်မည်ဟု လူအချို့ ထင်ကြေးပေးခဲ့ကြသေးသည်။
ယခုတော့ သတင်းခေါင်းစည်းများနှင့် အရှေ့ဆုံးစာမျက်နှာများတွင် ချူဖုန်း၏ ကြောက်စရာကောင်းသည့် တိုက်ပွဲအကြောင်း ပြောထားသည့်စာများ၊ ဓာတ်ပုံများဖြင့်သာ ပြည့်နေတော့သည်။
တောအုပ်ကိုပင် ထက်ခြမ်းကွဲသွားစေသည့် ရှစ်မီတာရှည်သည့် ခြေရာများ..
တောင်ထိပ်ကိုပင် ဟက်တက်ကွဲသွားစေသည့် ငှက်၏လက်သည်းရာများ..
တောအုပ်ကို ပေါက်ကွဲသွားစေပြီး ကျောက်တောင်များကို အရည်ပျော်ကျသွားစေခဲ့သည့် လျှပ်စီးရာများ..
…
ဤသတင်းများမှာ ကမ္ဘာတစ်ဝှမ်းမှ လူများကို ထိတ်လန့်သွားစေခဲ့သည်။
“မနက်ခင်စောစောစီးစီးမှာ ဒီလိုသတင်းမျိုး တွေ့လိုက်ရတော့ ငါ့ဘဝကိုတောင် သံသယဝင်လာပြီ..” လူအိုကြီးတစ်ဦး ပြောလာသည်။
“ငါ စိတ်ခိုင်လို့ တော်သေးတာပေ့ါ .. မဟုတ်ရင် ငါ စိတ်လွတ်သွားလောက်ပြီ”
“ထာဝရချူက အဲဒီလောက်တောင်လား .. သူက တစ်ညတည်းနဲ့ ဘုရင် ၁၀ ယောက်ကို သတ်လိုက်တယ် .. ငါသာ ဒီလိုအောင်မြင်မှုမျိုးရှိနေရင် တစ်ဘဝလုံး ကြွားလို့ပြီးတော့မှာ မဟုတ်ဘူး .. တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..” သန္ဓေပြောင်းသက်ရှိတစ်ဦး သက်ပြင်းချလိုက်သည်။
“ငါတို့ဘော့စ်က နတ်ဘုရားဖြစ်ဖို့ ကြိုးစားနေတာလား.. သူက ဒဏ်ရာအပြင်းအထန်ရထားတာတောင်မှ ဘုရင် ၁၀ ယောက်ကို သတ်ခဲ့တယ် ..”
အခြားသူများမပြောနှင့် အကြားအမြင်နှစ်ယောက်နှင့် ယဲ့ချင်းရုန်ပင် ထိတ်လန့်ကာ ဆွံ့အသွားကြရသည်။
သူ့လုံခြုံရေးအတွက်လည်း သူတို့ စိုးရိမ်လာကြသည်။
ရှုန်းခွန်နှင့် ဟူရှန်းတို့မှာ ပို၍ အံ့အားသင့်သွားကြသည်ပင်။ ချူဖုန်း မည်မျှကြောက်စရာကောင်းသည်ကို တွေးမိပြီးနောက် သူတို့ ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
သူတို့သည် သားရဲမျိုးနွယ်စုများ ဖြစ်ကြသောကြောင့် ဒေါင်းဘုရင် ကျန်းရှီ၌ ရှိနေသည့်ဘုရင်များကို ချူဖုန်းအား သတ်ပစ်ရန် အမိန့်ပေးသည်ကို သူတို့သိသည်ပင်။ အစကတော့ ချူဖုန်း အန္တရာယ်ထဲ ရောက်သွားမည်ကို သူတို့စိုးရိမ်ကြသေးသည်။ သို့သော် သူသည် ကစားပွဲကို ပြောင်းပြန်လှန်ပြီး ဘုရင် ၁၀ ယောက်ကို တစ်ညတည်း သတ်ပစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့။
“တော်တယ် ကောင်စုတ်လေး .. မင်း ကောင်းကောင်းသတ်နိုင်ခဲ့တယ် .. ပျော်စရာကောင်းလိုက်တာ..” သတင်းရပြီးနောက် အချိန်တစ်ခုကြာသည်အထိ လုထုန် ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။ သို့သော် ခဏကြာပြီးနောက် သူ့အမူအရာ လေးနက်သွားသည်။ လူများစွာ၏ တိုက်ခိုက်ခြင်းခံရသည်မှာ မည်မျှပင် ကြောက်စရာကောင်းမည်ကို သူ စဉ်းစားမိသွားသောကြောင့်ပင်။
ထို့နောက် သူသည် အေးဂျင့်အားလုံးကို ဆက်သွယ်လိုက်ကာ “ချူဖုန်းကို အစွမ်းကုန် ကာကွယ်ကြ .. မင်းတို့ လုပ်နိုင်သမျှ အားလုံးလုပ်ပြီး သူ့ကို ကာကွယ်ကြ..”
အဘယ်ကြောင့်ဆိုသော် ချူဖုန်းသည် ထိုသားရဲဘုရင်များအား သတ်ဖြတ်ရန် ပေးဆပ်ခဲ့ရလိမ့်မည်ကို သူသိနေသည်ပင်။ ယခု သူ့အခြေအနေ အလွန်ဆိုးရွားနေလောက်သည်။
ယခုအချိန်တွင် အင်အားကြီးအဖွဲ့အစည်းအားလုံး ဆွံ့အနေကြသည်။ သူတို့သည် ယခင်က ချူဖုန်း၏အခြေအနေကို ဆန်းစစ်ကာ သူ အသက်ရှင်ရုံလေးသာ ရှိတော့သည်ဟု ကောက်ချက်ချခဲ့ကြသည်ပင်။ သူ လောကကြီးကို တုန်လှုပ်စေနိုင်လောက်အောင် စွမ်းအင်များ ကျန်နေလိမ့်ဦးမည်ဟု မည်သူက ထင်ထားမည်နည်း..
စိတ်အခြေအနေ အဆိုးရွားဆုံး ဖြစ်နေမည့်သူများမှာ ဒေါင်းမျိုးနွယ်စုမှ ကျွမ်းကျင်သူများပင်ဖြစ်ကြောင်း ပြောနေစရာပင်မလိုတော့။ သူတို့ အမိန့်ပေးခဲ့သောကြောင့် ဤတိုက်ပွဲကြီး ဖြစ်ပေါ်လာခြင်းပင်။
အင်အားကြီးမျိုးနွယ်စုများအားလုံး စိတ်ဓာတ်ကျနေကြသည်။ သူတို့သည် ချူဖုန်းကို မဖမ်းနိုင်ခဲ့သည့်အပြင် သူတို့၏စွမ်းအားကြီးသည့်ဘုရင်များပင် အလကားနေ သေသွားခဲ့ရသေးသည်။ ဤသည်မှာ သူတို့အတွက် အတော်လေး ကြီးမားလှသည့် ဆုံးရှုံးမှုကြီးပင်။
“ငါတို့ သူ့ကို အရှင်ဖမ်းပြီးတော့ အသက်ရှူပညာကို ယူဖို့လိုတယ် .. ပြီးရင် ငါတို့သူ့ကို ရှင်းပစ်လိုက်လို့ရပြီ..” အင်အားကြီးအဖွဲ့အစည်းများမှ ဂုဏ်သရေရှိလူအချို့ ပြောလာကြသည်။
နောက်ရက်များတွင် ချူဖုန်း သူတို့တံခါးရှေ့သို့ ရောက်လာပြီး ဟာရီကိန်းမုန်တိုင်းကဲ့သို့ သူတို့အား ဝါးမြိုသွားမည်ကို သူတို့ စိုးထိတ်နေကြလေ၏။ ရူးနေသည့် နတ်ဆိုးဘုရင်ချူသည် သေချာပေါက် လက်စားချေလာမည်ပင်။
“ဒါပေမဲ့ အဆင်တော့ပြေပါတယ် .. ဘာလို့လဲဆိုတော့ သက်သေမှ မရှိတော့တာ .. အဲဒီနေရာတစ်ခုလုံးကို ရှင်းပြီးသွားပြီ .. သက်သေမရှိတော့ဘူးဆိုတော့ ငါတို့နဲ့ မဆိုင်တော့ဘူး..” အချို့ စွမ်းအားကြီးပုဂ္ဂိုလ်များ ပြောလာကြသည်။
“ငါတို့ သေချာပေါက် နတ်ဆိုးဘုရင်ချူကို သတ်ရမယ် .. ဒါက ငါတို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ .. ဒေါင်းဘုရင်နဲ့ ကျီးကန်းဘုရင်တို့လိုမျိုး ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေက ဦးဆောင်နေတာကို အားလုံးက ဘာကို ကြောက်နေကြတာလဲ .. ပိုပြီး အရေးကြီးတာက ငါတို့တွေ အသက်ရှူစည်းချက်ပညာကို ရအောင်ယူရမယ်..”
အချို့သားရဲမျိုးနွယ်စုများမှာ အတော်လေး အစွန်းရောက်နေကြသည်။ အထူးသဖြင့် တိုက်ပွဲထဲ၌ ပါဝင်ခဲ့သည့်သူများပင်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်းနှင့် ဆက်ဆံရေးကောင်းနိုင်တော့မည်မဟုတ်ကြောင်း သူတို့ သိနေသည်ပင်။ ချူဖုန်းကို မဖမ်းနိုင်လျှင် သူတို့ အလွန်အန္တရာယ်များလာလိမ့်မည်။
သားရဲမျိုးနွယ်စုများသည် ယခုအချိန်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း သူတို့ ယုံကြည်ချက်မရှိကြတော့။
“အဲဒီလူသားတွေက တော်တော်လေး ဉာဏ်များတာပဲ .. ငါတို့တွေ ချူဖုန်းကို လွတ်လမ်းမရှိအောင် ပိတ်ပြီးတိုက်နေတောတောင်မှ သူတို့က သူတို့ကိုယ်သူတို့ ပေါ်မသွားအောင် နေနေကြတာ” သားရဲဘုရင်တစ်ဦး ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ မဟုတ်ပါက သူတို့ ထိုလူသားအဖွဲ့အစည်းများကို သူတို့နှင့်အတူ ဆွဲချ၍ရသည်။
“တကယ်ကို ရှက်ဖို့ကောင်းတာပဲ .. ငါတို့ဘက်က လူအင်အားအများကြီးနဲ့ ဝိုင်းတိုက်တာတောင်မှ သူ့ကို မဖမ်းနိုင်တဲ့အပြင် ငါတို့ဘက်က ၁၀ ယောက်တောင် သေသွားသေးတယ်..”
သားရဲဘုရင်အားလုံး စုဝေးနေကြပြီး အားလုံး စိတ်ဓာတ်ကျကာ မှုန်မှိုင်းနေကြလေ၏။
စတင်တိုက်ခိုက်ကြသည့်သူမှာ သူတို့ဖြစ်သော်လည်း သူတို့သည် ကိုယ့်အမှားကိုကိုယ် မဆင်ခြင်ပဲ ချူဖုန်းကိုသာ မုန်းတီးနေကြသည်။
ထိုနေ့ နေ့လည်တွင် ထိတ်လန့်စရာကောင်းသည့် အခြားသတင်းတစ်ခု ထပ်မံထွက်ပေါ်လာ၏။
ဒေါင်းဘုရင်နှင့် ကျောက်စိမ်းဂူကျောင်းမှ ဆရာတို့ ကျန်းရှီနယ်စပ်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး တောင်ကြောတစ်ခုလုံးကို ပြားကပ်သွားအောင် လုပ်လိုက်ကြသည်ဟူသည့် သတင်းပင်။
ထိုတိုက်ပွဲမှာ အန်းဟွေ့စီရင်စုနား၌ ဖြစ်ပွားနေခြင်းပင်။
ဒေါင်းဘုရင်သည် ချူဖုန်းကို သတ်ရန်အတွက် တောင်ဘက်ပိုင်းသို့ အလောတကြီး လာခဲ့သော်လည်း ကျန်းရှီနားသို့ ရောက်လာသည်နှင့် ကျောက်စိမ်းဂူကျောင်းဆရာ၏ တားဆီးခြင်းခံလိုက်ရကာ တိုက်ပွဲဖြစ်ပေါ်လာခြင်းပင်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျောက်စိမ်းဂူကျောင်း ရထားသည့် သတင်းမှာ မည်မျှပင် တိကျနေမည်ကို သိနိုင်သည်ပင်။
သို့သော် ထိုအဆင့်ရှိသည့် ဘုရင်များသာ ဆက်တိုးချင်လျှင် အဆင့်တူသည့်ဘုရင်ပင် တားဆီးနိုင်မည်မဟုတ်ကြောင်း အားလုံး သိနေကြသည်ပင်။
“အခြေအနေမကောင်းတော့ဘူး .. ဒေါင်းဘုရင်က အန်းဟွေ့ စီရင်စုထဲ ဝင်နေပြီ .. ချူဖုန်းရှိနေတဲ့ နေရာနဲ့ နီးနေပြီ..”
“ဆိုးတာပဲ .. ဒေါင်းဘုရင်သာ အဲဒီကို ရောက်သွားရင် ချူဖုန်း ဒုက္ခများလိမ့်မယ်..”
လူအားလုံး ချူဖုန်းအတွက် မစိုးရိမ်ပဲ မနေနိုင်။
ရွှေရောင်ကျီးကန်းလည်း လှုပ်ရှားနေပြီဟူသည့် သတင်းလည်း ထွက်ပေါ်လာလေသည်။ သူသည် တောင်ဘက်ပိုင်းသို့ ပျံသန်းသွားနေပြီဖြစ်သောကြောင့် ချူဖုန်းကို သူ အရင်ရှာတွေ့သွားနိုင်သည်။
သားရဲမျိုးနွယ်စုများစွာလည်း တိတ်တဆိတ်ပင် လှုပ်ရှားလာကြသည်။
ယခင်ည တိုက်ပွဲပြီးဆုံးပြီးနောက် သူတို့ဘာကိုမှ စုံစမ်းစရာမလိုတော့။ ချူဖုန်းထံ၌ ပြိုင်ဘက်ကင်း အသက်ရှူပညာ ပိုင်ဆိုင်နေသည်မှာ သေချာသွားလေပြီ။
မဟုတ်လျှင် သေခါနီးလူတစ်ယောက် ဤမျှသတ်ဖြတ်နိုင်စရာ အကြောင်းမရှိ။
ဤတိုက်ပွဲမှာ ချူဖုန်းကို နာမည်ကျော်ကြားသွားစေခဲ့သော်လည်း သူ့အသက်ရှူပညာကို မျက်စိကျလာသည့် လူများစွာလည်း ထွက်ပေါ်လာသည်။
ကိုယ်ပိုင်တောင်များ၊ ဂိုဏ်းများ တည်ထောင်ထားသည့် သားရဲမျိုးနွယ်စုများပင် တောင်ဘက်ပိုင်းသို့ ဦးတည်သွားနေသည်ဟူသည့် သတင်းများပင် ထွက်ပေါ်လာသည်။
သိထားရမည်မှာ ဤကျွမ်းကျင်သူများအားလုံးမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် သူများပင်။
ဤကဲ့သို့သော သတင်းမျိုးမှာ ဘုရင်အဆင့်သက်ရှိအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ မည်သူက အသက်ရှူပညာကို မလိုချင်ပဲ နေမည်နည်း.. သူတို့သာ အခြားသူများထက်အရင် ချူဖုန်းကို ရှာတွေ့လျှင် သူတို့ အင်အားကြီးလာကြမည်ပင်။
ကမ္ဘာကြီး နောက်တစ်ကြိမ် ပြောင်းလဲလာတော့မည်။ သူတို့သာ အသက်ရှူပညာကို ရယူနိုင်ခဲ့လျှင် သူတို့အတွက် စွမ်းအားကြီးသည့် ဝှက်ဖဲတစ်ခု တိုးလာမည်ပင်။
“ငါ့ ညီအစ်ကိုကို ဒုက္ခပေးရဲတဲ့သူမှန်သမျှကို ငါ လုပ်ပစ်မှာ..”
တိဘက်မှ နွားနက်ကြီး ဟစ်ကြွေးလာသည်။ သူတို့ လေယာဉ်ဆင်းသည့်အချိန်မှ သူတို့ သတင်းရခဲ့ခြင်းပင်။
နောက်ဆုံးတွင် သူတို့လုထုန်ကို ဆက်သွယ်ပြီး သူတို့အတွက် လေယာဉ်တစ်စင်း စီစဉ်ခိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် နွားနှစ်ကောင်သည် ခွန်းလွန်ကို ဆက်သွယ်ကာ သူတို့ကို ကူညီပေးရန် သူတို့မိတ်ဆွေများကို အကူအညီတောင်းလိုက်သည်။
“ချီးပဲ .. ငါ့ညီအစ်ကိုကို အနိုင်ကျင့်ရဲတဲ့သူမှန်သမျှကို ဒီဖိုးဖိုးကြီး ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး..” ဆိုက်ဘေးရီးယားကျား ထွက်လာသည်။ “အဲဒီအသက်ရှူပညာက င့ါညီအစ်ကိုဟာ .. မင်းတို့အားလုံး သေချင်နေကြတာလား..”
ဤအရူးမှာ ဘယ်တုန်းကမှ သစ္စာမရှိခဲ့။ သူ ဤကဲ့သို့ ကြေညာခြင်းမှာ သူ ထိုအသက်ရှူပညာကို သွားရေကျနေသောကြောင့်ပင်။
ခွန်းလွန်မှ နတ်ဆိုးများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ တောင်ဘက်သို့ ထွက်လာကြသည်။ သူတို့အားလုံးသည် ချူဖုန်းမှာ သူတို့ညီအစ်ကိုဖြစ်ကြောင်း ကြေညာလာကာ သူ့အား ထိရဲသည့်သူမှန်သမျှ အသေဆိုးနှင့်သေရမည်ဟု ပြောလာကြသည်။
ခွန်းလွန်မှာ လျစ်လျူရှု၍မရသည့် ကြောက်စရာကောင်းသည့် အင်အားတစ်ခုပင်။ သူတို့၏ကြေညာချက်မှာ အရှေ့တရုတ်ပြည်တစ်ခုလုံဂကို တုန်လှုပ်သွားစေခဲ့သည်။
ခဏကြာပြီးနောက် ဝူတန်းတောင်မှ တာအိုဆရာသည် သူ တောင်ဘက်သို့ ဦးတည်သွားမည်ဖြစ်ပြိး ချူဖုန်းအား အန္တရာယ်ပေးချင်သည့် သားရဲမျိုးနွယ်စုအားလုံးကို ရှင်းပစ်မည်ဟု ကြေညာလာသည်။ သူသည် ရွှေရောင်ကျီးကန်းကဲ့သို့သော မျိုးနွယ်စုများကို ရည်ညွှန်းလိုခြင်းပင်။
အမြင်ရှစ်မျိုးကျောင်းနှင့် ဂျိဒ်ကျောင်းလည်း ထွက်လာကာ ဒေါင်းဘုရင်၊ ရွှေရောင်ကျီးကန်းနှင့် အသက်ကိုးချောင်းကြောင်တို့ကို ရင်ဆိုင်လာသည်။ သူတို့ လှုပ်ရှားလာလျှင် သူတို့အပိုင်ရထားသည့် တောင်များကို မြေလှန်ပစ်မည်ဖြစ်ကြောင်း ပြောလာကြသည်။
ရုတ်တရက် တစ်လောကလုံး ငြိမ်းချမ်းမှုများ ပျောက်ကွယ်သွားကာ ဆူညံပွက်လောရိုက်လာတော့သည်။
“ဟ .. စိတ်ဝင်စားစရာပဲ .. စွမ်းအားကြီးတဲ့သူတွေတောင် ထိုင်မနေနိုင်တော့ဘူး .. မျိုးရိုးနာမည်ချူနဲ့လူမှာ တကယ်ပဲ ပြိုင်ဘက်ကင်းအသက်ရှူပညာ ရှိနေတာလား .. သူက ရှင်းယီလက်သီးပညာ ၁၂ မျိုး ကျွမ်းကျင်တဲ့သူထက်တောင် စွမ်းအားကြီးတာလား..” အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ဦး ပြုံး၍ ပြောလိုက်သည်။
သူ သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ ရှိနေသည့် ရှင်းယီလက်သီးပညာမှာ အပြင်လောက၌ ပျံ့နေသည့်ပညာမဟုတ်ပဲ သားရဲအရေပြားပေါ်၌ ရေးထားသည့် မူရင်းပညာပင်။
ထို့အပြင် ဤပညာတွင် လျှို့ဝှက်အသက်ရှူပညာတစ်ခုလည်း ရှိနေသည်ပင်။
သူ့ဘေးတွင်တော့ အေးစက်စွာ ရယ်မောနေသည့် မျက်လုံးသုံးလုံးလူငယ်ရှိနေသည်ပင်။ “ရေအောက်မျိုးနွယ်စု တော်တော်များများ ကမ်းပေါ်ကို ရောက်လာပြီ .. သူတို့ ချူဖုန်းကို အမဲလိုက်ကြတော့မယ်”
“တကယ်လား .. အဲဒါဆို ငါ သူတို့ဆီသွားလည်ဦးမှထင်တယ်..” အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲတွင် ထူးဆန်းသည့်အလင်းတန်း ထွက်ပေါ်လာ၏။ သူလည်း လှုပ်ရှားတော့မည်။
အပိုင်း ၂၄၀ ပြီး၏။