Switch Mode

Chapter – 1141 & 1155

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၁ – ပြုပြင်ခြင်း

ကန်အောက်ခြေတွင် ကျောက်စိမ်းဖြူဖြင့် ထွင်းထုထားသည်ဟုထင်ရလောက်အောင် ချောမောလှပသည့်အမျိုးသမီးတစ်ယောက်ရှိနေလေ၏။ သူမ၏ ကောက်ကြောင်းမှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သူမ၏အပြာရောင်ဆံပင်လည်း ခါးထိကျနေလေသည်။

သူမ၏အဝတ်အစားများ ပျက်စီးသွားပြီဖြစ်သော်လည်း အရေးကြီးသည့်နေရာများကို ဖုံးအုပ်ထားသည့် ချပ်ဝတ်တန်ဆာရှိနေဆဲပင်။ ထိုချပ်ဝတ်တန်ဆာများကို အနက်ရောင်ထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး သူမ၏ ကြီးမားသော ယုန်ဖြူလေး နှစ်ကောင်နှင့်အခြားနေရာများအားလုံးကို ဖုံးအုပ်ထားလေသည်။

ထိုထာဝရချပ်ဝတ်တန်ဆာသည် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း မပျက်စီးသေးပဲ အနက်ရောင်အလင်းများတောက်ပနေဆဲပင်။

သို့သော် ချပ်ဝတ်တန်ဆာပေါ်တွင် အချိန်တိုက်စားမှုကြောင့်မဟုတ်ပဲ တိုက်ခိုက်ခံရခြင်းမှ ကျန်ခဲ့သည့် ခြေရာလက်ရာများရှိနေသေးသည်။

ထိုတိုက်ခိုက်မှုမှာ မည်မျှပင် စွမ်းအားကြီးနေမည်ကိုစဉ်းစားကြည့်နိုင်သည်ပင်။

ဤအမျိုးသမီး၏ အရေပြားမှာ နှင်းကဲ့သို့ ဖြူဖွေးနေသော်လည်း ဤအမျိုးသမီးရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဟု ရှီဟောင်ခံစားရသည်။

“ဒါက ထာဝရအမျိုးသမီးများလား..”

ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ သူမသည် အလွန်လှပသော်လည်း သူ့အား သတိအနေအထားဖြစ်နေစေသည်။

အထူးသဖြင့် ဤအမျိုးသမီးနှင့် ကျန်းပေါင်းတစ်ထောင် အကွာတွင် နဂါးအရိုးစုများကို သူတွေ့လိုက်ရသည့်အချိန်ပင်။

အရိုးစုမှာ ၁၀ကျန်းရှည်လျားပြီး အော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။ ရှေးဟောင်းခြင်နှစ်ကောင်မှာ ထိုအရိုးစုပေါ်တွင် နားနေကြလေ၏။

“ဒါက နဂါးအစစ်ပဲ”

ရှီဟောင် ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော အော်ရာမျိုးကို သူ ရင်းနှီးသည်။ သူ ယခင်က ခွန်ပန်အသိုက်နှင့် ထာဝရရှေးဟောင်းမြေမှ သားရဲအသိုက်ထဲသို့ ဝင်သည့်အချိန်တွင် ဤအော်ရာမျိုးကို ခံစားခဲ့ရသည်။

ဤနေရာတွင် ဘာဖြစ်ခဲ့သနည်း..

အလွန်လှပသည့် အမျိုးသမီးတစ်ယောက် ရေကန်အောက်ခြေတွင်ရှိနေပြီး ကြောက်စရာကောင်းသည့်စွမ်းအင်များထုတ်လွှတ်နေသည့် နဂါးအရိုးစုတစ်ခုလည်း ရှိနေသည်။ ဤနှစ်ခုကို ပေါင်းစပ်လိုက်သည့်အချိန်တွင် မြင်ကွင်းမှာ အနည်းငယ် ထူးဆန်းသွားသည်။

ရှီဟောင်သည် ခပ်ဝေးဝေးမှသာ ကြည့်နေပြီး အနားကပ်မသွားပေ။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရန်လည်း ခက်ခဲနေလေသည်။

သေချာကြည့်လိုက်သည့်အချိန်တွင် တွေ့ရှိချက်အသစ်များကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏ မျက်ခုံးကြားတွင် အနီရင့်ရောင်အစက်လေး ရှိနေသည်။ သူမက ဒီအစက်ကြောင့် ကျရှုံးသွားတာလား..

ဒါပေမဲ့ သူမက အသက်ရှိနေသေးသလိုမျိုး အသက်စွမ်းအင်တွေ ရှိနေသေးတာလဲ .. သူမက ပြန်ရှင်လာမှာမို့လို့လား..

မိန်းမလှလေးတစ်ယောက်နှင့် နဂါးအရိုးစု အတူတကွ ရှိနေခြင်းမှာ လူများကို အတွေးများစေသည်။

“သူတို့နှစ်ယောက်က ရန်သူတွေလား .. သူတို့နှစ်ယောက်လုံး တိုက်ရင်းနဲ့ သေသွားကြတာလား … ဒါမှမဟုတ် သူတို့နှစ်ယောက်က ရန်သူတစ်ယောက်ကို ပေါင်းတိုက်ပြီး အဲဒီရန်သူက သတ်သွားတာလား..”

ရှီဟောင်မှာ အတိတ်မှဖြစ်ရပ်များကို ကောက်ချက်မချနိုင်ဖြစ်နေသည်။

သူသက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ထိုရှေးဟောင်းခြင်နှစ်ကောင်ကို စိုက်ကြည့်လိုက်သည့်အချိန်တွင် သူ့မျက်လုံးများ တောက်ပလာလေ၏။ သူတို့ဘာကြောင့် စွမ်းအားကြီးကြသည်ကို သူနားလည်သွားလေပြီ။ သူတို့ဤကန်ထဲ မွေးဖွားလာသည်ပင် ထူးခြားနေပြီဖြစ်သော်လည်း သူတို့သည် နဂါးအစစ်အသားကိုပင် စားကြသေးသည်ထင်သည်။

ဤခြင်နှစ်ကောင်မှ နဂါးအစစ်၏အသွေးအသားများကို စားလိုက်သည်ဟု စဉ်းစားကြည့်ရုံဖြင့်ပင် ရူးနိုင်သည်။

မဟုတ်ပါက သူတို့ အဘယ်ကြောင့် နဂါးအရိုးကို သူတို့အိမ်ကဲ့သို့ နားနေမည်နည်း..

နဂါးအစစ်သေသွားလျှင်ပင် သူတို့အသွေးအသားများမှာ သေချာပေါက် ပျက်စီးသွားမည်မဟုတ်ပဲ အချိန်အတော်ကြာသည်အထိ ရှိနေမည်သာ။ ယခု ထိုအသွေးအသားများမရှိတော့သဖြင့် ကျိုးကြောင်း ဆက်စပ်ကြည့်နိုင်သည်။

ရှီဟောင် ထိုနေရာသို့ စိတ်လွတ်စွာဖြင့်ပင် ငေးကြည့်နေမိသည်။ သူမြင်နေရသည့်အရာများမှာ သူမျှော်မှန်းထားသည်ထက်ပင် ပိုနေသည်။

ထိုလက်ဝါးအရွယ်အစား ခြင်နှစ်ကောင်မှာ ရှီဟောင်ကို သတိပြုမိသည်သာ သေချာသည်။ သို့သော်လည်း သူတို့သည် ရှီဟောင်အား တိုက်ခိုက်ခြင်းမပြုပဲ သူတို့၏အတောင်ပံများကို ခတ်၍သာ ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းများကိုသာ ထုတ်လွှတ်နေလေ၏။

သူတို့နှစ်ဦးတွင် အသိဉာဏ်မရှိတော့ သောကြောင့်သာ။ မဟုတ်ပါက အကျိုးဆက်မှာ အလွန်ပင် ကြောက်စရာကောင်းလိမ့်မည်။

သူတို့သည် ရှီဟောင့်ထံတွင်ရှိနေသည့် ဝိဉာဉ်တစ်သောင်းသင်္ကေတနှင့် ထူးဆန်းသည့်မီးတောက်ကို ကြောက်သောကြောင့် သူ့အနားသို့ ရောက်မလာခြင်းပင်။

ရှီဟောင် နဂါးအရိုးများနှင့် ခပ်ဝေးဝေးနေပြီး မိန်းမလှလေးထံသို့သာ ဦးတည်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ကို သက်သာစေသည့် ဝိဉာဉ်စွမ်းအင်များမှာ ဤနေရာမှ လာနေသောကြောင့်ပင်။

အစပိုင်းတွင် အဆင်ပြေသေးသော်လည်း သူ ၁၀ ကျန်းခန့်လျှောက်သွားသည်နှင့် ထူးဆန်းသည့်အားတစ်ခုကြောင့် ရှီဟောင်လွင့်ထွက်သွားကာ သူ၏ဒွါရ ၇ပေါက်မှ သွေးများထွက်လာကာ သူ၏ဒဏ်ရာများလည်း နောက်တစ်ကြိမ် ပြန်ပွင့်သွားသည်။

စွမ်းအားလှိုင်းတစ်ခုသည် အမျိုးသမီးနားတွင် ဝဲလည်နေပြီး သူမအားကာကွယ်ပေးထားလေသည်။

သူမ၏ခန္ဓာကိုယ်တွင် ထူးဆန်းသည့် စွမ်းအားတစ်မျိုးရှိနေပြီး နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ထိုစွမ်းအားများမှာ ကျန်ရစ်နေဆဲပင်။ သူမသည် အိပ်ပျော်နေသကဲ့သို့ပင်။

ရှီဟောင် သူ၏နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ကာ ထိတ်လန့်သွားရသည်။ ထိုခြင်နှစ်ကောင် သူမကို မစားသည်မှာ အံ့ဩစရာမရှိတော့ပေ။ သူမထံတွင် ဤကဲ့သို့သော စွမ်းအင်မျိုးရှိနေသောကြောင့်ပင်။

ရှီဟောင်သည် ၁၀ ကျန်းအကွာတွင် ထိုင်ချလိုက်ပြီး သူ၏အတွင်းအားများကို ထုတ်ပြီး သူ၏ဒဏ်ရာများကို ကုသလိုက်သည်။ ထိုအမျိုးသမီး၏ခန္ဓာကိုယ်မှ လှိုင်းနှင့်တူသည့် စွမ်းအင်ကြောင်းများ တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်လာကာ ရောင်စုံအလင်းတန်းများအဖြစ် ပြောင်းလဲသွားလေသည်။

ရှီဟောင်သည် ကန္တရကြီးကဲ့သို့ပင် ထိုစွမ်းအင်များကို စုတ်ယူနေလေသည်။ ဤစွမ်းအားမှာ ထူးခြားပြီး အသက်ဓာတ်ပါနေပြီး သူအတွက် အလွန်အကျိုးရှိသည်။

ဤသည်မှာ နတ်ဆေးပင်၊ မြင့်မြတ်ဆေးပင်များလောက် စွမ်းအားမကြီးသော်လည်း သူ့အခြေအနေ ပိုကောင်းလာသည်သာ။

ထိုကဲ့သို့ပင် ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီး ရှီဟောင် ဤကန်ထဲသို့ ဝင်လာသည်မှာ တစ်လပင်ရှိသွားလေပြီ။

အချိန်ကြာလာသည်နှင့်အမျှ သူ၏ဒဏ်ရာများပျောက်ကင်းသွားကာ သူ၏ခန္ဓာကိုယ်လည်း တောက်ပလာသည်။

သို့သော် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများသက်သာသွားသော်လည်း သူ၏တာအိုဒဏ်ရာများရှိနေဆဲပင်။ ထိုဒဏ်ရာများမှာ ပျောက်ကင်းရန် ခက်ခဲလှသည်။

ရှီဟောင်ထံတွင် ထာဝရစွမ်းအင်ကြောင်းနှစ်ခု ရှိနေသော်လည်း သူပြန်ကောင်းလာရန်အတွက် အချိန်အများကြီး လိုမည်သာ။

သူသည် ထိုကဲ့သို့ပင် မလှုပ်မယှက်ထိုင်နေပြီး သူ၏ဒဏ်ရာများကို ကုသနေလေသည်။

နောက်တစ်လကုန်ဆုံးသွားသည့်အချိန်တွင် သူ၏ဒဏ်ရာများမှာ ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့် ပြန်ကောင်းသွားလေပြီ။

“ဒီနတ်သမီးရဲ့ခန္ဓာကိုယ်က ထူးဆန်းတဲ့ စွမ်းအင်ထုတ်နေတာကြောင့်သာမဟုတ်ရင် ငါပြဿနာ တက်နေလောက်ပြီ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ နောက်ဆုံးတွင် သူပြန်ကောင်းသွားမည်ဖြစ်သော်လည်း ယခုထက်ပို၍ အချိန်ကြာမည်သာ။

တတိယမြောက်လကုန်ဆုံးသွားပြီးသည့်နောက်တွင် ရှီဟောင်လုံးဝပြန်ကောင်းသွားလေပြီ။ သူ၏အသက်စွမ်းအင်မှာ အမြင့်ဆုံးသို့ ရောက်နေပြီဖြစ်ပြီး သူ၏ထာဝရစွမ်းအင်နှစ်ကြောင်းလည်း သူ့အနားတွင် ရစ်သိုင်းနေသည်။ သူယခင်က ဤမျှလောက် စွမ်းအားကြီးသည်ဟု မခံစားဖူးပေ။

“နောက်ဆုံးတော့ပြန်ကောင်းသွားပြီ .. အပြင်ဘက်လောကကြီးက ဘယ်လိုဖြစ်နေပြီလဲမသိဘူး” ရှီဟောင် ပြောလိုက်၏။ လူအများစုမှာ သူသေသွားပြီဟု ထင်နေမည်ကို သူသိသည်။

သူဤနေရာမှ ထွက်ခွာမသွားပဲ သူ၏ကျင့်ကြံဆင့်ခိုင်မြဲအောင် လုပ်လိုက်သည်။ ဤသည်မှာ သူရှားရှားပါးပါးရှာတွေ့ထားသည့် သီးသန့်ကျင့်ကြံရန်အတွက် ငြိမ်းချမ်းသည့်နေရာတစ်ခုပင်။

နောက်တစ်လကြာပြီးသည့်နောက်တွင် မိန်းမလှလေးထံမှ စွမ်းအင်ကြောင့် ရှီဟောင်၏ ဒုတိယထာဝရစွမ်းအင်သည်လည်း ပထမထာဝရစွမ်းအင်ကဲ့သို့ အမြင့်ဆုံးသို့ ရောက်သွားလေပြီ။

“ထာဝရစွမ်းအင်က ပြည့်စုံသွားပြီ .. ဒီထက်ပိုပြီး အားကောင်းအောင်လုပ်လို့မရတော့ဘူး .. တတိယမြောက် ထာဝရစွမ်းအင်ကြောင်း ရမှပဲ ရတော့မယ်” ထိုသို့စဉ်းစားမိလိုက်သည့်အချိန်တွင် ရှီဟောင် ခေါင်းခါလိုက်သည်။ ထာဝရစွမ်းအင်နှစ်ကြောင်းရအောင် သူနည်းလမ်းမျိုးစုံ သုံးခဲ့ရခြင်းပင်။ သူ့ထံတွင် အခြားလမ်းကြောင်းမရှိတော့ပေ။

သူသည် သူ၏ခန္ဓာကိုယ်နှင့် စိတ်ကို အမြင့်ဆုံးအခြေအနေသို့ ရောက်အောင် ပြုလုပ်ထားလိုက်ကာ ကောင်းကင်အတိဒုက္ခများကို ရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်သည်။

“တတိယမြောက် ထာဝရစွမ်းအင်က ကောင်းကင်အတိဒုက္ခမှာ ပေါ်လာမှာများလား” အဘယ်ကြောင့်ဆိုသော် ယခင်က လိပ်ဖြူဤအကြောင်း အမှတ်တမဲ့ ပြောလိုက်သည်ကို သူကြားမိသောကြောင်ပင်။

သို့သော်လည်း ဤခေတ်တွင် ကောင်းကင်အတိဒုက္ခမရှိတော့ပေ။ တစ်စုံတစ်ယောက်သာ ထိုအတိဒုက္ခကို အတင်းလုပ်ယူလိုက်မည်ဆိုလျှင် ကျရောက်လာမည့်အတိဒုက္ခသည်လည်း သေချာပေါက် အလွန်ကြောက်စရာကောင်းမည်သာ။ တစ်ချက်လေးမှားသွားသည်နှင့် ခန္ဓာကိုယ်နှင့်ဝိဉာဉ်နှစ်ခုလုံး ပျက်စီးသွားနိုင်သည်။

ထို့ကြောင့်ပင် ရှီဟောင် အလောတကြီး မလုပ်ရဲပေ။ သူသေချာပြင်ဆင်ရန် လိုအပ်သည်။

“ကောင်းကင်အတိဒုက္ခက လူတစ်ယောက်နဲ့တစ်ယောက် မတူဘူး .. ငါက ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံပြီးသွားပြီဆိုတော့ ရောက်လာမယ့် အတိဒုက္ခကလည်း သေချာပေါက်ကို ကြောက်စရာကောင်းမှာပဲ .. စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခတောင် ဖြစ်ရင်ဖြစ်နိုင်တယ်”

ယခင်က ကောင်းကင်အတိဒုက္ခအောက်တွင် သေဆုံးသွားသည့် ဂျီးနီးယပ်စ်များစွာရှိသည်ကို သူကြားဖူးသည်။

ဤသည်မှာ ကစားပွဲတစ်ခု မဟုတ်ပေ။ ကိုယ်လိုချင်သလို အဆင့်တက်၍ရမည်မဟုတ်ပေ။

ရှီဟောင်သည် စုတ်ပြဲနေသည့် ချပ်ဝတ်တန်ဆာကို ဖယ်ရှားလိုက်ပြီး အဆုံးမရှိသည့် သတ်ဖြတ်ခြင်းစွမ်းအင်များပါရှိသည့် အနက်ရောင်ကန်ရေများကို ခုခံလိုက်သည်။

“ဒါက အရင်ခေတ်တုန်းက စွမ်းအားကြီးတဲ့သက်ရှိရဲ့သွေးလို့တော့ ငါ့ကို မပြောနဲ့နော်”

ဤအနက်ရောင်ရေကန်ကြီးမှာ ပြိုင်ဘက်ကင်းသည့် သက်ရှိတစ်ယောက်၏သွေးဖြစ်လိမ့်မည့်ဟု ရှီဟောင်ခံစားနေရသည်။ သူ၏စွမ်းအင်အများစု ပျက်ပြယ်သွားပြီဖြစ်ပြီး အနည်းငယ်သာကျန်ရှိတော့ခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်လကုန်ဆုံးသွားလေပြီ။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်နှစ်ခုလုံး ဤအနက်ရောင်ရေကန်ကြီးနှင့် နေသားကျသွားပြီဖြစ်ပြီး စွမ်းအင်တိုက်စားခြင်းများကို မကြောက်တော့ပေ။

သူမည်မျှပင် တိုးတက်လာသည်ကို သိနိုင်သည်။

သို့သော်လည်း သူသည် အတိဒုက္ခကို ရင်မဆိုင်သေးပဲ ထိုခြင်များကို အရင်ဆုံးရန်စလိုက်သည်။ သို့သော်လည်း သူသည် ရွှေရောင်ကောင်းကင်နတ်ဘုရားနှင့် ရှေးဟောင်းခြင်များကို မထိရဲပေ။

နတ်ဘုရားအဆင့် ငွေရောင်ခြင်များမှာ တစ်မီတာရှည်ပြီး သူတို့၏နှုတ်သီးများမှာ စူးရှလှပြီး သူ၏အဝတ်မဲ့နေသည့်ခန္ဓာကိုယ်ပေါ်သို့ ရောက်လာသည့်အချိန်တွင် တောက်ပလာလေသည်။

များလှစွာသော ပိုးကောင်များအားလုံးသူ့အားတိုက်ခိုက်နေကြခြင်းပင်။

ဤသည်မှာ ဆိုးရွားလွန်းလှသည်။ ရှီဟောင်သည် အတော်လေးစွမ်းအားကြီးနေပြီဖြစ်သော်လည်း သူ၏အသွေးအသားများ ထိုးဖောက်ခံနေရဆဲပင်။

“ငါဒီလိုမျိုးလုပ်ပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေနေတာလား” ရှီဟောင် အံကြိတ်ခံလိုက်သည်။

သူဒဏ်ရာရသွားသည့်အချိန်တိုင်းတွင် သူသည်ကန်အောက်ခြေသို့ နစ်မြှုပ်သွားပြီး ထိုမိန်းမလှလေးနှင့် ၁၀ ကျန်းအကွာတွင် ထိုင်ကာ ကျင့်ကြံလိုက်သည်။

“ကိုယ့်ကိုကိုယ် ပိုပြီးသန်မာလာအောင် လုပ်ရမယ် .. သရဖူ ၁၀ခုဘုရင်မှာ ထာဝရတာအိုသစ်ပင်လေးရှိတယ် .. သားရဲအသိုက်ထဲကလူက ထာဝရမြေတစ်ခုကို ပိုင်ထားတယ် .. သူတို့က နှစ်ပေါင်းများစွာ ကျင့်ကြံလာတာ .. အဲဒီတော့ ငါ့ရဲ့အုတ်မြစ်ကိုလည်းပိုပြီး အားကောင်းလာအောင် လုပ်ရမယ်”

ခြင်များတွင် အဆိပ်များပါပြီး သူတို့၏နှုတ်သီးများမှာ စူးရှလှကာ ရှီဟောင်၏ခန္ဓာကိုယ်တွင် ဒဏ်ရများ ဖြစ်ပေါ်လာလေစေသည်။ သူသည် ဒဏ်ရာရလိုက် ပျောက်ကင်းလိုက်ဖြစ်နေလေသည်။

အပ်ပုံစံ နှုတ်သီးများ တောက်ပလာကာ ရှီဟောင်၏ခန္ဓာကိုယ်ကိုထိုးဖောက်သွားလေသည်။ နတ်အလင်းများထွက်ပေါ်လာကာ သံကို ထိုးဖောက်လိုက်သကဲ့သို့သော အသံများ ထွက်ပေါ်လာလေသည်။

ဤလများတွင် သူသည် နတ်ဘုရားအစစ်အဆင့်ခြင်များကို အသုံးပြုကာ သူ၏ခန္ဓာကိုယ် ပို၍မာကျောအောင် ကျင့်ကြံနေခြင်းပင်။ အစပိုင်းတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာများရရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် ထိုခြင်များနှင့် အသားကျလာပြီး သူ၏ခန္ဓာကိုယ်လည်း ပို၍စွမ်းအားကြီးကာ မာကျောလာသည်။

နောက်ပိုင်းတွင် နတ်ဘုရားအစစ်အဆင့်ခြင်၏နှုတ်သီးများ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် ရောင်စုံအလင်းတန်း ထွက်ပေါ်လာလေသည်။

“ဒီလောက်ဆို လုံလောက်ပြီ .. ငါအတိဒုက္ခကို စမ်းကြည့်လို့ရပြီ .. အပြင်ဘက်လောကက ဘယ်လိုဖြစ်နေပြီလဲမသိဘူး .. အားလုံး ငါ့ကို မေ့သွားပြီလားမသိဘူး”

ရှီဟောင် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာလိုက်ကာ အနက်ရောင်ရေကန်ကြီးမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

အပိုင်း ၁၁၄၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၂ – ဟွမ် ပြန်ရောက်လာခြင်း

နှစ်ဝက်ကုန်ဆုံးသွားသော်လည်း ရှီဟောင်ပေါ်မလာသောကြောင့် အချို့သူများသည် နောင်တသက်ပြင်းချနေကြသော်လည်း အချို့သူများမှာ ပျော်ရွှင်နေကြသည်သာ။

ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့် ဂျီးနီးယပ်စ်တစ်‌ယောက် ကောင်းကင်နတ်ဘုရားတစ်ယောက်ကြောင့် ခြင်ရေကန်ထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားရသည်မှာ သူ၏ ရန်သူ၊ မိတ်ဆွေများအားလုံးကို နှမြောတသဖြစ်စေသည်သာ။

“ရှီဟောင် .. ငါမင်းအတွက် လက်စားချေပေးမယ်” ချောင်ယုရှန်း သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် ဤသတင်းကြားလိုက်ရသည့်အချိန်တွင် ဒေါသတကြီး ပြောလိုက်သည်။

ချင်းရီနှင့် ယုန်ဖြူလေးတို့သည် ကောင်းကင်နတ်ဘုရားများကို ရှီဟောင်အတွက် လက်စားချေပေးရန် တောင်းဆိုခဲ့သော်လည်း မည်သူမျှ သေလူတစ်ယောက်အတွက် ကောင်းကင်နတ်ဘုရားများရှိသည့်လူမျိုးစုများကို အာခံရဲမည်မဟုတ်ပေ။ အသက်ရှင်နေသည့်ဟွမ်သည် အလားအလာများစွာရှိသည့် ဂျီးနီးယပ်စ်တစ်ယောက်ဖြစ်သော်လည်း အလောင်းက ဘာအသုံးဝင်မည်နည်း…

“အစ်ကိုရှီ .. ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါ” ချောင်ကုန်းယန်သည် တစ်ခွက်သောက်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ တစ်ခွက်လောင်းချလိုက်လေသည်။

ထာဝရရှေးဟောင်းမြေတွင် ဂျီးနီးယပ်စ်များ အချိန်နှင့်အမျှ ထွက်ပေါ်နေသောကြောင့် သူ့အား လျင်မြန်စွာပင် မေ့ပျောက်သွားကြလေသည်။

“အဲဒီသားရဲအသိုက်က တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ … ကောင်းကင်နတ်ဘုရားတွေတောင်မှ ဝင်သွားရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ချေမရှိဘူး..”

အားလုံး ထိတ်လန့်သွားရသည်။ သားရဲသိုက်မှ ကျောက်စိမ်းပုလွေနှင့်လူသည်လည်း ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံပြီးသွားပြီဟု သံသယရှိနေကြသောကြောင့် ကောင်းကင်နတ်ဘုရားများ သူ့အား ဝိုင်းတိုက်ခိုက်ခဲ့ကြသေးသည်။

သို့သော်လည်း သူ၏သားရဲအသိုက်ထဲသို့ ဒဏ်ရာများနှင့် ဝင်သွားပြီးသည့်နောက်တွင် သူ့နောက်လိုက်သွားသည့် ကောင်းကင်နတ်ဘုရားတစ်ယောက် သေဆုံးသွားလေသည်။ သူသည် သွေးမိုးအဖြစ်ပြောင်းလဲသွားပြီး ထာဝရရှေးဟောင်းမြေကို ထိတ်လန့်သွားစေခဲ့သည်။

ထိုနေ့တွင် တစ်စုံတစ်ယောက်မှ ကောင်းကင်အတိဒုက္ခကို ဆင့်ခေါ်လိုက်သောကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားသေးသည်။ ဤကဲ့သို့သော ကောင်းကင်အတိဒုက္ခပေါ်မလာသည်မှာ နှစ်ပေါင်းမည်မျှပင် ရှိနေပြီဖြစ်သနည်း..

ထိုနေ့တွင် လူများစွာသည် ခမ်းနားကြီးကျယ်လှသည့် မြင်ကွင်းကို မြင်ခဲ့ကြရလေသည်။

ကံမကောင်းစွာဖြင့်ပင် ထိုရှေးဟောင်းလူထူးဆန်းသည် အတိဒုက္ခကို မဖြတ်သန်းနိုင်ပဲ သေဆုံးသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အတိဒုက္ခကို ဆင့်ခေါ်သည့်သူမှာ သူဖြစ်နေသောကြောင့် သူသည် မီးသွေးခဲဖြစ်သွားသည်အထိ ပေါက်ကွဲသွားလေ၏။

ထိုနေ့တွင် ထာဝရရှေးဟောင်းမြေမှ မြို့ခံများလည်း ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ် အတိဒုက္ခကို ဖြတ်ကျော်ရန် ကြိုးစားသည့်အချိန်တွင် များပြားလှသည့် ကျိန်စာစွမ်းအားများလည်း ကျရောက်လာပြီး ထိုလူအား တိုက်စားသွားလေသည်။

အပြင်လူများအတွက် ကျိန်စာစွမ်းအားဖြင့် ပထမအကြိမ်တိုက်ခိုက်ခံရခြင်းမှာ ဘာမှမပြောပလောက်သော်လည်း သူတို့အတွက်မူ သူတို့၏အနာဟောင်းကို ပြန်ဆွပြီး သူတို့ထံတွင်ရှိနေသည့် ကျိန်စာများကို ပို၍ပြင်းထန်သွားအောင် လုပ်သလို ဖြစ်နေသည်။

“သရဖူ ၁၀ခုဘုရင်ရဲ့ သစ်ပင်လေးက လောကသစ်ပင်ရဲ့အပင်ပေါက်လေးတဲ့”

ဤသတင်းပေါက်ကြားသွားသည့်အချိန်တွင် ထာဝရရှေးဟောင်းမြေ တစ်ခုလုံး တုန်လှုပ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ယခင်ခေတ်မှာပင် လောကသစ်ပင်မှာ အဆင့်လွန်ရတနာတစ်ခုဖြစ်ပြီး ထိုအပင်ပေါက်ကို ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးလိုက်သည်ဆိုသည်မှာ သူသည် သေချာပေါက် ဒုတိယမြောက် ထာဝရစွမ်းအင်ကို ကျင့်ကြံနိုင်သွားပြီဟု ဆိုလိုခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စွမ်းအားအကြီးဆုံး ထာဝရမျိုးစေ့ဖြစ်သည်ဟူသော မှတ်တမ်းရှိလေသည်။

ယခင်ခေတ်က လောကသစ်ပင်ကို ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးပြီး ထာဝရတာအို၏ ထိပ်ဆုံးသို့ တက်လှမ်းခဲ့သူများရှိသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အတိတ်နှင့်အနာဂတ်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်ခဲ့သည်။

မြို့ခံ ကောင်းကင်နတ်ဘုရားများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပဲ ကျိန်စာ၏တိုက်စားမှုကို ခုခံပြီး သရဖူ ၁၀ခုဘုရင်အား ထွက်ရှာကြလေသည်။

ထို့အပြင် အခြား ရှေးဟောင်းလူထူးဆန်းများလည်း တိုက်ခိုက်ခံလိုက်ရလေသည်။

ဤသည်မှာ ထာဝရရှေးဟောင်းမြေ နောက်ဆုံးအကြိမ်ပွင့်ခြင်းဖြစ်သောကြောင့် အားလုံးသည် သူတို့၏ဝှက်ဖဲများကို ထုတ်လာကြလေ၏။ ရလဒ်အနေဖြင့် မမျှော်မှန်းထားနိုင်လောက်သည့် ရှုပ်ထွေးမှုများ ဖြစ်လာကြလေသည်။

ထိုနာမည်ကြီးသည့် ရှေးဟောင်းလူထူးဆန်းများ သေဆုံးသွားပြီး သို့မဟုတ် ပျောက်သွားမှသာ ဤအုတ်အော်သောင်းတင်းဖြစ်မှုကြီး တစ်ဖြည်းဖြည်း ငြိမ်ကျသွားလေသည်။

ဤဖြစ်စဉ်အတွင် နာမည်ကြီးသွားသည့် သူများလည်း ရှိနေသည်။

ဥပမာအားဖြင့် သရဖူ ၁၀ခုဘုရင်၊ သားရဲအသိုက်မှထာဝရသက်ရှိ၊ နျင်ချွမ်းတို့ပင်။ သူတို့အားလုံးသည် နေနှင့်လကိုပင် အရောင်မှိန်သွားစေခဲ့သည်။ သူတို့အသက်ရှင်နေဆဲဖြစ်သော်လည်း ကောင်းကင်နတ်ဘုရားများ သူတို့ကို မရှာနိုင်တော့ပေ။

စီရင်စုသုံးထောင်၏ စွန့်ပစ်နယ်မြေနယ်စပ်တွင်…

ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများ၏ စိတ်ခံစားချက်များမှာ တက်လိုက်ကျလိုက်ဖြစ်နေသည်။ ဤနှစ်ဝက်အတွင်း ထာဝရရှေးဟောင်းမြေထဲတွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို ပန်းပွင့်ဖတ်များမှတစ်ဆင့် သိပြီးသွားပြီဖြစ်သောကြောင့် သူတို့အားလုံး တည်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။

“ကောင်းတယ် ..ငါ့ကလန်က ဂျီးနီးယပ်စ်က နတ်ဆေးပင်တစ်ခုကို တူးနိုင်ပြီးတော့ အောင်မြင်သွားပြီ .. သူ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ မျှော်လင့်တယ်”

“နျင်ချွမ်းက အထင်ကြီးဖို့ကောင်းလိုက်တာ .. ကောင်းကင်နတ်ဘုရားတွေ လိုက်ဖမ်းတာကိုတောင် ရှောင်နိုင်တယ်”

“နှမြောစရာပဲ .. အတိဒုက္ခကို ဖြတ်ဖို့ကြိုးစားတဲ့ဂျီးနီးယပ်စ်က အရမ်းအရည်အချင်းရှိတယ် .. နောက်ဆုံးတော့လည်း သူက မီးသွေးတုံးဖြစ်သွားတာပဲ .. တကယ်သနားဖို့ကောင်းတာပဲ”

နေရာတိုင်းတွင် ဤအကြောင်းများကို ဆွေးနွေးနေကြလေသည်။

အချို့လူများ ပျော်ရွှင်နေကြသော်လည်း အချို့သူများမှာ စိုးရိမ်နေကြလေသည်။ ရှီကျီလင်းတို့ ဇနီးမောင်နှံမှာ စိတ်လွတ်ပြီး အလွန်စိုးရိမ်နေကြလေသည်။

“ဟက် .. နှစ်ဝက်တောင်ကုန်သွားပြီ .. ဒါပေမဲ့ ဟွမ်က ပေါ်ကိုမလာသေးဘူး .. သူသေသွားပြီထင်တယ်”

“သူက စောစောသေဖို့ကံပါလာတာပဲ .. ဆက်ပြီးအသက်ရှင်နေနိုင်ရင် သူက သာမန်မဟုတ်လို့ပဲ”

ရှီဟောင်ကို မကျေနပ်သည့်သူများရှိနေသည်မှာ သေချာသည်။ ဥပမာအားဖြင့် အာကာသကလန်၊ မီးတိမ်လှိုဏ်ဂူ၊ ထာဝရနန်းတော်၊ မြေအောက်ကလန်၊ ကြီးမြတ်သောကောင်းကင်နယ်မြေတို့ပင်။ ဤလူများမှာ ယခုအချိန်မှသာ သက်မချနိုင်ကြလေ၏။

“သူသေသွားတာ နှမြောစရာပဲ .. ငါက သူပြန်လာတာကို စောင့်နေတာ” သွေးရောင်ရထားလုံးထဲမှ ဇီးကွက်ကဲ့သို့သော အေးစက်စက်အသံ ထွက်ပေါ်လာလေ၏။ ဤသည်မှာ ကောင်းကင်နိုင်ငံ၏အရှင်ပင်။

သူရှီဟောင် အသက်ရှင်လျက်ပြန်လာသည်ကို လိုချင်နေခြင်းမှာ သူကိုယ်တိုင် ရှီဟောင်နှင့်စာရင်းရှင်းချင်နေသောကြောင့်ဖြစ်ပြီး ရှီဟောင်အား ငြိမ်းချမ်းစေလိုသောကြောင့်မဟုတ်ပေ။

“သူ့ကိုကံကောင်းတယ်လို့ ပြောလို့ရတယ်မလား .. သူသာ အသက်ရှင်လျက်ပေါ်လာရင် သူအသက်ရှင်နေရတာထက်ကို သေပါရစေလို့ ပြောနေရလိမ့်မယ်” တာအိုဂိတ်မှ လူများ အေးစက်စွာ ရယ်မောလိုက်သည်။

“ဒီလိုမျိုးသေသွားတာက လွတ်လပ်သွားတာလို့ ပြောလို့ရတယ် .. သူက အရမ်းကံကောင်းတာပဲ” နတ်ဆိုးနေကြာဥယျာဉ်မှ လူများ ပြောလိုက်သည်။

ဤရှေးဟောင်းဂိုဏ်းများ၏ တပည့်များမှာ ရှီဟောင်၏ချက်စားခြင်းကို ခံလိုက်ရသောကြောင့် သူတို့ကြားတွင် အမုန်းတရားများ ရှိနေသည်သာ။

မျိုးဆက်များစွာမှာ ရှီဟောင်အား လှောင်ရယ်နေကြသည်ပင်။

မည်သို့ပင်ဖြစ်စေ ရှီဟောင်သည် နှစ်ဝက်ကြီးပင် ထွက်မလာသောကြောင့် သူအသက်ရှင်နေသေးသည်ဟု မည်သူမျှ မယုံကြည်ကြတော့ပေ။

ထာဝရတာအိုပွင့်ဖတ်များမှတစ်ဆင့် သူ့ကို ရှာချင်လျှင်ပင် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော ထာဝရစွမ်းအင်ရှိသည်နှင့် ထိုစွမ်းအင်မှ သူတို့ကို ရစ်သိုင်းလိုက်သောကြောင့် သူတို့ဘာမှ မမြင်ရတော့ပေ.

နောက်တစ်ခုဖြစ်နိုင်သည်မှာ သူသေသွားသောကြောင့်ပင်။

ရှီဟောင်၏ အောင်မြင်မှုများကို သူတို့သိနေရခြင်းမှာ ဘေးမှလူများကို စုံစမ်းကြည့်လိုက်သောကြောင့်ပင်။

ရှီဟောင် ထာဝရစွမ်းအင် နှစ်ကြောင်း ကျင့်ကြံပြီးသွားပြီဟု သိလိုက်ရသည့်အချိန်တွင် အားလုံး ဆွံ့အသွားရသည်။

“ဟား ဟား .. သေသွားရင် ဂျီးနီးယပ်စ်တွေတောင်မှ မြေကြီးပုံထက် မပိုတော့ဘူး”

“တကယ်လို့တစ်နေ့ကျရင် သူမသေပဲနဲ့ ပြန်ပေါ်လာရင်ရော .. သူက တတိယမြောက် ထာဝရစွမ်းအင်ကြောင်းကိုတောင် ကျင့်ကြံထားရင်ရော .. အဲဒါကဆိုရင်တော့ အရမ်းစိတ်ဝင်စားစရာ ကောင်းသွားလိမ့်မယ်”

“တာအိုညီအစ်ကို မင်းဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ .. တတိယမြောက် ထာဝရစွမ်းအင်ကို ကျင့်ကြံဖို့မပြောနဲ့ သေပြီးသားလူက ဘယ်လိုလုပ်ပြန်ရှင်လာနိုင်မှာလဲ”

အပြင်လောကမှနှင့် ထာဝရရှေးဟောင်းမြေမှလူများဆွေးနွေးနေကြသကဲ့သို့ ရှီဟောင် သီးသန့်ကျင့်ကြံခြင်းမှ ပြန်ထွက်လာကာ အနက်ရောင်ကန်ထဲမှ ပြန်ထွက်လာကာ သူ၏ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

“အမ်.. ဒီနေရာကို စောင့်ကြည့်နေတဲ့သူတွေ ရှိနေသေးတာလား .. သူတို့တွေက ငါမသေမှာကို ကြောက်နေကြတာလား” ရှီဟောင် အံ့အားသင့်သည့်အရိပ်အယောင်ဖြစ်သွားပြီးနောက် သူ၏မျက်လုံးများ အေးစက်သွားလေသည်။

ဤနေရာတွင် ရွှေရောင်ဆင်၊ ဦးချိုနဂါးနှင့်အခြားလူပုံစံ သက်ရှိများ ရှိနေလေသည်။

ရှီဟောင် တံတွေးမြိုချလိုက်သည်။ သူဘာမှမစားရသည်မှာ တစ်နှစ်ရှိတော့မည်။ ရွှေရောင်ဆင်နှင့် ဦးချိုနဂါးကို တွေ့လိုက်ရသည့်အချိန်တွင် သူ၏စားသောက်လိုစိတ်များ တိုးများလာရသည်။

“ငါ ချွေတာရမယ်”

ရှီဟောင်စိတ်ထဲမှ ရေရွတ်လိုက်ကာ ထိုအကောင်များကို မထိခင် လူသားပုံစံသက်ရှိတစ်ဦးကို ကန်ထဲသို့ ဆွဲချသွားလိုက်သည်။

ဤသည်မှာ တိခွန်၏မျိုးဆက်ပင်။

ခဏကြာပြီးသည့်နောက်တွင် ဤလူ့ထံမှတစ်ဆင့် ထာဝရရှေးဟောင်းမြေတွင် ဖြစ်ပျက်နေသည်များကို သူသိသွားလေပြီ။ ထို့နောက်တွ၍် သူ၏အမူအရာပျက်ယွင်းသွားလေ၏။ နောက်ဆုံးတွင်ရှီဟောင်သည်ထိုလူကို ခြင်စာကျွေးလိုက်ပြီး ကန်ဘောင်ထက်သို့ လျှောက်လာလိုက်တော့သည်။

“ဘုရားရေ .. တစ်ယောက်ယောက် ကန်ထဲကနေ လမ်းလျှောက်ထွက်လာတယ်” နဂါးစာကလေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“သူပဲ .. ဟွမ် … သူမသေသေးဘူး..” ရွှေရောင်ဆင်ကြီးလည်း နှာမောင်းကို ရမ်းကာ တဝူးဝူး အော်ဟစ်နေလေသည်။

“ဟုတ်တယ် .. ငါ .. ရှီမျိုးရိုးရှိတဲ့တစ်ယောက်ပဲ .. ငါ ငရဲကနေ ပြန်လာပြီ .. မင်းတို့အားလုံး စွမ်းအင်တွေ ဖြုန်းတီးမနေကြနဲ့တော့ .. မင်းတို့တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး” ရှီဟောင် ကန်ဘောင်ထက်သို့ ခြေလှမ်းကျယ်ကြီးဖြင့် ရောက်လာသည်။

ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ သူတို့ကျောရိုးတစ်လျှောက် ကြက်သီးထသွားရသည်။ သူမသေသေးဘူးလား .. သူကဘယ်လိုလုပ် ကန်ထဲကနေ ပြန်ထွက်လာနိုင်တာလဲ..

သူတို့ ဤနေရာတွင် စောင့်နေခြင်းမှာ ကောင်းကင်နတ်ဘုရားများ၏ အမိန့်ကို လေးစားသောကြောင့် ဝတ္တရားအရ လာစောင့်နေခြင်းပင်။ ဟွမ်အသက်ရှင်လျက် ပြန်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

သို့သော်လည်း ယခုတော့ .. သရဲတစ်ကောင် ပေါ်လာလေပြီ။

“သတ်…”

ဤနေရာတွင်ရှိနေသည့် သက်ရှိများအော်ဟစ်လိုက်ကြကာ တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။ အချို့သူများသည် နယ်မြေပျက်စီးခြင်းသင်္ကေတကိုပင် အသုံးပြုလိုက်ကြလေသည်။

“အဖိုးတန်ပစ္စည်းတွေကို မဖြုန်းတီးနဲ့” ရှီဟောင် အော်ဟစ်လိုက်သည်။

ထို့နောက်တွင် ဤနေရာတစ်ခုလုံးအား ပိတ်ထားသည်ကို သူတို့ထိတ်လန့်စွာ တွေ့လိုက်ရသည်။ သူတို့အားလုံးသည် အဖိုးတန်ပညာများ၊ လျှို့ဝှက်ရတနာများကို ထုတ်သုံးလာကြသော်လည်း အားလုံးမှာ တစ်ဖက်လူ၏ ထာဝရစွမ်းအင်ပါသည့် လက်သီးချက်ကြောင့် ပျက်စီးသွားလေသည်။

ဖူး..

ရှီဟောင်သည် သူတို့အားလုံးကို လက်သီးတစ်ချက်စီ ကျွေးလိုက်ပြီးတော့ တိုက်ပွဲအား လျင်မြန်စွာ အဆုံးသတ်လိုက်သည်။ နတ်ဘုရားအစစ်များပင် သူ့တိုက်ခိုက်မှုများကို မခုခံနိုင်ပေ။

တစ်နာရီကြာပြီးသည့်နောက်တွင် အနက်ရောင်ကန်ဘေးမှ မီးခိုးများထွက်လာလေ၏။ ထိုနေရာတွင်အိုးကြီးတစ်အိုးရှိနေပြီး ရေများလည်း ဆူပွက်နေလေသည်။ နဂါးစာကလေး၊ ရွှေရောင်ဆင်နှင့် ဦးချိုနဂါးတို့အားလုံးသည် ထိုအိုးထဲတွင် ရောက်နေလေပြီ။

အမွှေးနံ့များမှာ လီပေါင်းများစွာအထိ ပျံ့လွင့်သွားလေ၏။ ရှီဟောင်သည် အစာမစားရသည်မှာ နှစ်ဝက်ကျော်ပင်ရှိနေပြီဖြစ်သောကြောင့် သူ၏လျှာကိုပင် စားမိတော့မလို ဖြစ်နေလေပြီ။

“အရသာက ကောင်းလိုက်တာ … ကောင်းလိုက်တာ .. ဦးချိုနဂါး၊ ရွှေရောင်ဆင်နဲ့ နဂါးစာကလေး .. သူတို့တွေအားလုံးက အရသာရှိလွန်းတယ် .. ငါဒီလိုမျိုးနေ့တိုင်း စားနိုင်ရင်ကောင်းမှာပဲ”

ယခင်ကဆိုလျှင် ရှီဟောင် ဂျေးဂျွတ်များနေဦးမည်ဖြစ်သော်လည်း ယခုတော့ သူ့ကို ဝက်သားချက်ကျွေးလျှင်ပင် သူအရသာရှိရှိစားလိုက်မည်ပင်။

“ဟွမ် .. ပြန်ပေါ်လာပြီဟုတ်လား…”

ဤသတင်းသည် လေဆင်နှာမောင်းကဲ့သို့ပင် ထာဝရရှေးဟောင်းတစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားလေ၏။

“ငါမယုံဘူး .. အဲဒါက ခြင်ရေကန်လေ .. အဲဒီထဲကို ကျသွားရင် ကောင်းကင်နတ်ဘုရားတောင်မှ အသက်ရှင်နိုင်မှာမဟုတ်ဘူး .. ဟွမ်က ဘယ်လိုလုပ် ဒီလောကကြီးထဲမှာ နောက်တစ်ခေါက် ပေါ်လာရတာလဲ..

လူများစွာမှာ ဤသတင်းကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။

သို့သော်လည်း ခိုင်လုံသည့် သက်သေများရှိနေလေသည်။ ဟွမ်သည် အသက်ပြန်ရှင်လာပြီး ကန်ဘေးတွင် ရွှေရောင်ဆင်နှင့် ဦးချိုနဂါးကို ချက်စားပြီး နဂါးစာကလေးကို ကင်စားနေကြောင်း သက်သေများရှိနေလေသည်။

အားလုံးမှာ ဆွံ့အသွားရ၏။ ဒါက အရမ်းကို အဓိပ္ပာယ်မရှိတာကြီး မဟုတ်ဘူးလား..

ရှီဟောင်သည် ထိုကိစ္စများကို အလေးမထားပေ။ သူသည် တမင်သက်သက်ပင် ဤကဲ့သို့ပြုလုပ်ခဲ့ခြင်းပင်။

“သူ .. သူပြန်လာတာနဲ့ အသားတွေချက်စားနေတယ်ဆိုတော့ သူက အဲဒီကောင်းကင်နတ်ဘုရားကလန်တွေကို ရန်စနေတာလား..”

တစ်ချိန်တည်းမှာပင် စီရင်စုသုံးထောင်တွင်ရှိနေသည့် ကျင့်ကြံသူအချို့လည်း ဤအကြောင်းကို သိသွားသည်။

စွန့်ပစ်နယ်မြေအစွန်တွင် ထာဝရတာအိုပွင့်ဖတ်မှတစ်ဆင့် အားလုံး ဤအကြောင်းကို သိသွားကြသည်။

ဤသည်မှာလည်း သူတို့ရှီဟောင်အား မြင်ရသောကြောင့်မဟုတ်ပေ။ အခြားသူများ၏ ပါးစပ်ကို လိုက်ကြည့်ပြီး အခြေအနေကို နားလည်သွားခြင်းပင်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဟွမ် .. သူက အသက်ရှင်လျက် ပြန်လာတာလား..”

အစောတုန်းက သူ၏ကျရှုံးမှုကို လှောင်ပြောင်နေခဲ့ကြသည့်သူများရှိနေဆဲပင်။ ဥပမာအားဖြင့် ကောင်းကင်နိုင်ငံ၊ မြေအောက်ကလန်တို့ပင်။ ဤအကြောင်းကို သိလိုက်ရသည့်အချိန်တွင် သူတို့သည် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ပင်။

အထူးသဖြင့် ဟွမ်ပြန်ပေါ်လာပြီး တတိယမြောက်ထာဝရစွမ်းအင်ကြောင်းကို ကျင့်ကြံနိုင်လျှင် အလွန်စိတ်ဝင်စားစရာကောင်းလိမ့်မည်ဟု တစ်စုံတစ်ယောက်မှ ပြောခဲ့သည်။ သို့သော်လည်း အားလုံး ထိုလူကို လှောင်ရယ်ခဲ့ကြသည်။

သို့သော်လည်း ယခုတော့ ဤအိပ်မက်ဆိုးကြီး တကယ်ဖြစ်လာလေပြီ။

ဤသည်မှာ သေချာပေါက် မုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မည်။

ထာဝရရှေးဟောင်းမြေရှိ ကန်နံဘေးတွင်ရှိနေသည့် ရှီဟောင့်အနားတွင် အရိုးများပုံနေလေပြီ။ နောက်ဆုံးတွင်တော့ သူကျေနပ်သွားလေပြီ။ သူသည်သက်ပြင်းချလိုက်ကာ “ငါဗိုက်ပြည့်သွားပြီ .. ခဏနေရင်တော့ သူတို့တွေ ရောက်လာလောက်တယ်မလား…”

အပိုင်း ၁၁၄၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၃ – စိတ်ကြီးဝင်မှု

မြေပြင်ပေါ်တွင်ရှိနေသည့် အရိုးပုံများထဲမှာ ကြီးမားလှပြီး ထူးဆန်းသည့်စွမ်းအားတစ်မျိုးလည်း ပါဝင်နေလေသည်။

ရှီဟောင်သည် နဂါးအရိုးတစ်ပုံကို ခေါင်းအုံးအိပ်ပြီး သူ၏ကျောအောက်တွင် အလွန်သက်တောင့်သက်သာရှိသည့် လှပသည့်စာကလေးအမွေးများရှိနေသည်။

သူသည် အရက်ပြင်းတစ်ငုံကိုလည်း သောက်လိုက်ပြီး ဇိမ်ခံနေလေ၏။

ပြီးခဲ့သည့်နှစ်ဝက်အတွင်းတွင် သူသည် အသက်လုပြေးနေရပြီး ကောင်းကင်နတ်ဘုရားများနှင့် နေ့တိုင်း တိုက်ခိုက်ခဲ့ရသည်။ ဤလအနည်းငယ်အတွင်းတွင်လည်း ခြင်များနှင့် နေ့တိုင်းရင်ဆိုင်ခဲ့ရသည်။

ယခုတော့ သူအလွန်ပင် သက်တောင့်သက်သာဖြစ်နေလေပြီ။ ဗိုက်ပြည့်အောင် စားလိုက်ရသောကြောင့် သူအလွန်စိတ်ကျေနပ်နေသည်။ ဤသည်မှာ သူရှားရှားပါးပါးရရှိထားသည့် အားလပ်ရက်ပင်။

“ဘုရားရေ .. တကယ်ဟုတ်တယ် .. အဲဒါနတ်ဆိုးဘုရင်ပဲ .. သူအသက်ရှင်နေသေးတယ်”

သိပ်မဝေးသည့်နေရာတွင် လူများရောက်လာကြပြီး ရှီဟောင်ကို မြင်လိုက်ရသည့်အချိန်တွင် အော်ဟစ်နေကြလေ၏။

“တကယ်ပဲသူလား .. ဒါက နာမည်ကြီးတဲ့ ခြင်ရေကန်လေ .. ဘယ်သူမှ အသက်ရှင်လျက်ပြန်ထွက်မလာနိုင်တာကို သူကဘယ်လိုလုပ် ပြန်ထွက်လာနိုင်တာလဲ”

အားလုံးဆွံ့အသွားရပြီး သူတို့မြင်နေရသည်ကို ယုံကြည်နိုင်ရန် ခက်ခဲနေလေသည်။ သူတို့ကိုယ်တိုင်မြင်လိုက်ရသောကြောင့်သာမဟုတ်ပါက တစ်ယောက်ယောက်က သတင်းတုလွှင့်နေသည်ဟု သူတို့ထင်နေမည်သာ။ “အားရိုး .. ငါအခုမှ စားပြီးတာ .. ထတောင်မထနိုင်တော့ဘူး .. မင်းတို့တွေက ဘာလို့နောက်တစ်ခေါက် ထပ်ပေါ်လာတာလဲ” ရှီဟောင်ထထိုင်လိုက်ပြီး သူ့ဗိုက်ကို ပွတ်လိုက်သည်။ သူသည် တံတွေးမြိုချလိုက်ကာ သူ့ရှေ့မှ ကလန်များကို ကြည့်လိုက်သည်။

ဤသည်မှာ ရွှေရောင်လူဝံ၊ ဦးချိုနဂါးနှင့် အခြားကလန်များပင်။ သူတို့အားလုံးသည် ယခင်က သူ့ကိုလိုက်ဖမ်းခဲ့သည့် ကလန်များပင်။

ရောက်လာသည့်သူများထဲတွင် ကောင်းကင်နတ်ဘုရားမပါပေ။ အမြင့်ဆုံးမှာ နတ်ဘုရားအစစ်ပင်။ ဟွမ်ပေါ်လာသည်ဟု သတင်းကြားသောကြောင့် သူတို့နှင့်နီးနေ၍ သူတို့အလောတကြီး လာကြည့်ကြခြင်းပင်။

စော်ကားလွန်းတယ် .. တစ်စုံတစ်ယောက်သည် အံကြိတ်လိုက်ကာ လျင်မြန်စွာ ပြန်ဆုတ်သွားလေ၏။

“မင်းတို့လာပြီဆိုမှတော့ ပြန်ထွက်လို့မရတော့ဘူး” ရှီဟောင် အေးစက်စွာ ရယ်မောလိုက်၏။ ထို့နောက်တွင် ကောင်းကင်ထက်မှ လက်ကြီးတစ်ဖက် ရောက်လာပြီး ဤနေရာကို ဖုံးအုပ်သွားလေ၏။

“သတ်…”

သက်ရှိပေါင်းများစွာသည် အော်ဟစ်လိုက်ကြကာ တတ်နိုင်သမျှ ခုခံနေကြလေ၏။ တစ်ချိန်တည်းမှာပင် သူတို့နောင်တရမိသည်။ သူတို့သည် သတင်းကို အတည်ပြုရန် အလောတကြီး ပြေးလာကြခြင်းဖြစ်သော်လည်း ဤသည်မှာ ကျားခံတွင်းထဲသို့ ဆင်းသက်လိုက်သည်နှင့် တူမနေဘူးလား…

ထိုအချိန်ခဏတွင် သူတို့အားလုံး ဖိနှိပ်ခံလိုက်ရလေသည်။

သက်ရှိများစွာမှာ ကန်နံဘေးသို့ ဆွဲခေါ်သွားခံလိုက်ရလေသည်။ ရှီဟော်သည် စိတ်ရှည်လက်ရှည်ဖြင့်ပင် ဦးချိုနဂါးအရွတ်များကို ထုတ်ပြီး သူ့ခန္ဓာကိုယ်တွင် ချိတ်ဆွဲထားလိုက်သည်။

ရွှေရောင်ဆင်နှင့် ဖီရှူးတို့သည် ခန္ဓာကိုယ်ကြီးသည့် သတ္တဝါများဖြစ်ကြသော်လည်း ယခုအချိန်တွင် သူတို့အားလုံးသည် လက်သီးအရွယ်အစားဖြစ်အောင် ပြောင်းခံလိုက်ရပြီး သူ့ခန္ဓာကိုယ်တွင် ချိတ်ဆွဲခံထားရလေသည်။ ဤသည်မှာ ထူးဆန်းကာ ကြောက်စရာကောင်းသည့်မြင်ကွင်းပင်။

“ငါ သရဲမြင်နေရတာလား..”

အချိန်ကြာလာသည်နှင့်မျှ ဤကိစ္စကို စုံစမ်းရန်ရောက်လာသည့် ကလန်များတစ်ခုပြီးတစ်ခု ရောက်လာလေသည်။

ထင်ထားသည့်အတိုင်းပင် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ဖမ်းခံလိုက်ရလေ၏။

အချို့ကလန်များသည် ရှီဟောင်အား သေမလိုဖြစ်အောင်ထိ လိုက်ဖမ်းခဲ့သောကြောင့် ရှီဟောင် ဤကလန်များကို ခါးခါးသီးသီးမုန်းတီးနေသည်သာ။ သူတို့တပည့်များ ပေါ်လာသည့်အချိန်တွင် သူသည်လည်း ယဉ်ကျေးမနေတော့ပေ။

နောက်ပိုင်းရောက်လာသည့် သက်ရှိများသည် ပို၍သတိကြီးလာကာ အနားသို့ကပ်မလာတော့ပဲ ခပ်ဝေးဝေးမှသာ ကြည့်ကြတော့သည်။ ရှီဟောင့်အနားတွင်ရှိနေသည့် သားကောင်များကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး ခေါင်းကြိမ်းသွားရသည်။

မဆိုင်သည့်သူများကိုတော့ ရှီဟောင် ဘာမှမလုပ်ပေ။

“ဟေး .. မြေအောက်ကလန် .. ခင်ဗျားတို့က ဘာလာလုပ်ကြတာလဲ .. ခင်ဗျားတို့က ညစ်ပတ်နံစော်နေပြီးတော့ စားလို့လည်းမရဘူး .. ခင်ဗျားတို့အားလုံး ကျုပ်မြင်ကွင်းထဲကနေ မြန်မြန်ထွက်သွားလိုက်တာ ပိုကောင်းလိမ့်မယ်” ရှီဟောင် လက်ညှိုးထိုးလိုက်သည်နှင့် တဖူးဖူးအသံများ ထွက်ပေါ်လာပြီး မြေအောက်ကလန်မှ ကျွမ်းကျင်သူများစွာ မြေပြင်ပေါ်သို့ ပြုတ်ကျလာလေ၏။ သူတို့၏ အနက်ရောင်သွေးများလည်း လွင့်စင်ထွက်လာလေသည်။

အပြင်ဘက်လောကတွင်ရှိနေသည့် ကျင့်ကြံသူများ ဆွံ့အသွားရ၏။

ရှီဟောင်သည် ယခုအချိန်တွင် ထာဝရစွမ်းအင်ကို အသုံးမပြုထားသောကြောင့် သူ့အပြုအမူများကို သူတို့မြင်နေရသည်သာ။

အရိုးဖြူတောင်ပေါ်တွင်ရပ်နေသည့် မြေအောက်အရှင်၏မျက်နှာမှာ မသာမယာဖြစ်နေလေပြီ။ ဤကောင်သည် ထာဝရရှေးဟောင်းမြေထဲတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများကို ရန်စထားသော်လည်း သိုသိုသိပ်သိပ်မနေပဲ ဤကဲ့သို့ လုပ်ရဲနေသေးသည်။

“ကောင်းကင်နိုင်ငံက လုပ်ကြံသူက အသတ်မခံရသေးဘူးလား .. ခင်ဗျားက ပေါ်လာရဲသေးတယ်ပေါ့” ရှီဟောင် ပြောလိုက်၏။ ထို့နောက်တွင် သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ လေဟာနယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ဖူး..

သွေးများလွင့်စင်ထွက်လာကာ လေဟာနယ်ထဲမှ ခန္ဓာကိုယ်တစ်ခြမ်းပျက်စီးနေသည့် လူသားပုံရိပ်တစ်ခု ပေါ်လာလေသည်။

ကောင်းကင်နိုင်ငံမှ လက်ရှိလောက၏ နံပါတ်တစ် လုပ်ကြံသူ…

သူသည်လည်း ရောက်ရှိလာခြင်းပင်။

ယခင်တစ်ခေါက်က ရှီဟောင်ကြောင့် ကောင်းကင်နိုင်ငံ၏ ရှေးဟောင်းလူထူးဆန်း အထိနာသွားသည့်အချိန်မှာပင် သူပေါ်မလာခဲ့ပေ။

ယနေ့တော့ သူမလွတ်နိုင်တော့ဘူးထင်သည်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ ရှီဟောင်ကြောင့် ချက်ချင်းပျက်စီးသွားပြီဖြစ်ပြီး ဖုန်းဟူသည့်အသံနှင့်အတူ အခြားခြေထောက်တစ်ဖက်လည်း သူ့ထံသို့ ကျရောက်လာလေသည်။ ဤကန်ချက်မှာ ကောင်းကင်နိုင်ငံ၏ လက်ရှိလောကမှ နံပါတ်တစ်လုပ်ကြံသူကို ချက်ချင်းပင် ပေါက်ကွဲသွားစေပြီး သွေးမိုးဖြစ်သွားစေလေသည်။

အပြင်လောကတွင်…

အနီရင့်ရောင်တောက်ပနေသည့် စစ်ရထားလုံးမှ သွေးများစီးကျလာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ ပျံတက်လာသည်။ ရှေးဟောင်းစစ်ရထားလုံးမှ အသံများ ထွက်လာလေည်။

ဤသည်မှာ ကောင်းကင်နိုင်ငံအရှင် ပထမဆုံးအကြိမ် ဤမျှဒေါသထွက်ရခြင်းပင်။

အားလုံး၏အမူအရာ ပြောင်းလဲသွားသည်။ ဤသည်မှာ ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံထားသည့်ဟွမ်လား .. သူက တကယ်ကို စွမ်းအားကြီးလွန်းလှသည်။ ကောင်းကင်နိုင်ငံမှ လုပ်ကြံသူမှာ သူနှင့်ရွယ်တူများအတွက် မည်မျှပင် ကြောက်ဖို့ကောင်းသည့်သူဖြစ်သနည်း .. သို့သော်လည်း ဟွမ်နှင့်တွေ့သည့်အချိန်တွင် သူချက်ချင်း အသတ်ခံလိုက်ရလေပြီ။

ဤကိစ္စမှာ မည်မျှလေးနက်သည်ကို အားလုံး သတိထားမိသွားသည်။ သူသာကြီးလာလျှင်…

“ငါအများကြီးစားတော့ရော ဘာဖြစ်မှာလဲ” သူကန်ဘေးသို့ ပြန်လာကာ သူ့ဗိုက်ကို ပွတ်ပြီး ပြောလိုက်သည်။

အမှန်တကယ်တွင် ရှီဟောင်သည် အရပ်ရှည်ကာ ချောမောခန့်ညားသည့်သူဖြစ်ပြီး သူ့ဗိုက်လည်း ပူမနေပေ။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူသည် ထိုကောင်းကင်နတ်ဘုရားကလန်များကို အရှက်ခွဲချင်သောကြောင့် ဤသို့ပြုလုပ်ခြင်းဖြစ်ကြောင်း အားလုံးနားလည်သွားရသည်။

“ငါ့ရဲ့ အစာချေစနစ်ကို ဘယ်လိုကူညီပေးရင် ကောင်းမလဲ..” ရှီဟောင် ရေရွတ်လိုက်၏။ သူသည် ရုတ်တရက်ပင် သူ့ဘေးနားတွင်ရှိနေသည့်သက်ရှိများကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အစားအစာတွေက ဒီမှာရောက်နေပြီပဲ..”

ထိုသက်ရှိများသည် လှည့်ထွက်သွားလိုက်ကြလေသည်။ ဤလူများမှာ နတ်ဆိုးနေကြာဥယျာဉ်မှ ကျွမ်းကျင်သူများပင်။ သူတို့သည် အဆင့်နိမ့်နယ်မြေသို့ သွားခဲ့သည့် နတ်ဘုရား ၇ယောက်ထဲမှ အဓိကအဖွဲ့ဖြစ်သောကြောင့် သူတို့သည် ရှီဟောင်၏ အဓိကရန်သူတော်ကြီးပင်။

ယခုတစ်ခေါက်တွင်တော့ ရှီဟောင် သူတို့ကို မသတ်ပဲ ဖမ်းပဲဖမ်းထားလိုက်သည်။ ထို့နောက်တွင် သူသည် သူတို့၏နေကြာစေ့များကို အငမ်းမရပင် ခူးလိုက်လေတော့သည်။

ဤသည်မှာ သူတို့၏ကျင့်ကြံခြင်းများကို များစွာလျော့ကျစေသည်ပင်။ ဤနေကြာစေ့များမှာ သူတို့ကျင့်ကြံစုဆောင်းထားသည့် စွမ်းအင်များပင်။

တောက် တောက်..

ရှီဟောင်သည် ကန်နံဘေးတွင် ဇိမ်ပြေနပြေ နေကြာစေ့ ထိုင်စားနေလေ၏။ ထိုကလန်မှလူများသည် မျက်နှာအုပ်ကာ ထွက်ပြေးသွားကြလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် စောင့်ကြည့်နေသည့်သူအားလုံးမှာ ဆွံ့အသွားရသည်။ မြို့ခံများဖြစ်စေ၊ စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များဖြစ်စေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဤသည်မှာ တကယ် နတ်ဆိုးဘုရင်ပင်။

..

အပြင်လောကတွင် ..

နတ်ဆိုးနေကြာဥယျာဉ်အရှင်မှာ အလွန်ဒေါသထွက်နေပြီး တောင်ကြီးတစ်လုံးကို ရိုက်ချလိုက်လေ၏။

ဟွမ် တမင်သက်သက်လုပ်လိုက်သည်ကို သိကြသောကြောင့် အားလုံးမှာ အသံပင် မထွက်ရဲကြပေ။

ကန်နံဘေးတွင် နေကြာစေ့ခွံများ ပြန့်ကျဲနေပြီး သူ၏ခန္ဓာကိုယ်မှ ဝိဉာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ နေကြာစေ့တစ်ခုစီတိုင်းတွင် တာအိုနှင့်နတ်စွမ်းရည်တို့ပါဝင်လေသည်။

“ဒီကောင် .. စိတ်ကြီးဝင်လွန်းတယ် .. ရမ်းကားလွန်းတယ် .. သူက ဒီမှာထိုင်ပြီးတော့စားလိုက်သောက်လိုက်လုပ်နေတယ် .. သူက ကောင်းကင်နတ်ဘုရားတွေကို ဒီမှာ ရင်ဆိုင်မလို့လား..”

“ခွင့်မလွှတ်နိုင်ဘူး .. သူသေချာပေါက် အသတ်ခံလိုက်ရလိမ့်မယ် .. သူကကလန်တိုင်းကို ဒီလိုမျိုးလုပ်ပြီး စိန်ခေါ်နေတယ် .. သူ မြေမြှုပ်စရာမလိုအောင်ကို အသတ်ခံရလိမ့်မယ်…”

ထိုလူအုပ်ထဲတွင် ရှီဟောင်အား ရန်လိုသည့်သူများရှိနေပြီး သူတို့သည် ကောင်းကင်နတ်ဘုရားများ ရောက်လာမည်ကို စောင့်နေကြလေ၏။

“ဒီနေကြာစေ့တွေက အရမ်းရေဆာတာပဲ .. အသီးလေးနည်းနည်းလောက်ရှိရင်ကောင်းမယ်” ရှီဟောင် ရေရွတ်လိုက်သည်။

ဖုန်း..

ထို့နောက်တွင် သူသည် မြေကြီးထြမှ နတ်နွယ်ပင်တစ်ပင်ကို ဆွဲနှုတ်လိုက်လေ၏။ ဤသည်မှာ အဆင့်မြင့်နယ်မြေမှ နေနတ်ဘုရားကျောင်းမှလူပင်။ သူသည်လည်း ရှီဟောင်ကိုရန်လိုနေသည့်အုပ်စုထဲမှပင်။ ရှီဟောင်သည် သူ့ကို ကြံချောင်းတစ်ချောင်းကဲ့သို့ပင် ဝါးစားနေလေ၏။

“သူ့ကို အသက်ရှင်ခွင့်မပြုသင့်ဘူး” အပြင်လောကရှိ ရွှေရောင်ရှေးနွယ်ပင်တစ်ပင် ဟစ်ကြွေးလိုက်သည်။ သူသည် နေနတ်ဘုရားကျောင်း၏အရှင်ပင်။ သူသည် အဆင့်နိမ့်နယ်မြေတွင် မိုးမခနတ်ဘုရားကြောင့် ခန္ဓာကိုယ်တစ်ခြမ်းပျက်စီးသွားပြီး ထွက်ပြေးလာခဲ့ရခြင်းပင်။

ဝုန်း…

နောက်ဆုံးတွင်တော့ ကောင်းကင်နတ်ဘုရားတစ်ယောက် ရောက်လာလေပြီ။

ဤကမ္ဘာငယ်လေး တုန်ခါသွားကာ လေဟာနယ်ကြီး အက်ကွဲသွားသည်။ အနက်ရောင်အက်ကွဲကြောင်းကြီးမှ ပုံရိပ်များစွာ ထွက်ပေါ်လာပြီး ထိုအနက်ရောင်ကန်ကို ကြည့်လိုက်ကြသည်။

မြေပြင်ပေါ်တွင်ရှိနေသည့် အရိုးပုံကို မြင်လိုက်ရသည့်အချိန်တွင် ရှေးဟောင်းဆင်ကြီး မျက်နှာပျက်သွားရသည်။ သူသည် တောင်တစ်လုံးကဲ့သို့ပင် ကြီးမားလှပြီး သူ၏အော်ရာမှာလည်းကြောက်စရာကောင်းလှသည်။

“မကောင်းဆိုးဝါးလေး .. မင်း စိတ်ကြီးဝင်နေလွန်းတယ် … မင်းမှာ နောက်ခံရှိနေတာနဲ့ပဲ ကောင်းကင်နတ်ဘုရားတွေကို အာခံနိုင်မယ်လို့ ထင်နေတာလား .. ဒီနေ့တော့ မင်းအသက်ဆက်ရှင်နိုင်မှာမဟုတ်တော့ဘူး”

ရှေးဟောင်းဆင်ကြီးမှ အေးစက်စွာပြောလိုက်၏။ သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူ၏နဖူးထက်တွင် သွေးကြောများထောင်ထလာကာ သူ၏မျက်လုံးမှ အလင်းတန်းထွက်ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် အဲဒီမကောင်းဆိုးဝါးက ဆင်စွယ်ဖြင့် သွားကြားထိုးနေလေသည်။

ရှီဟောင်သည် တည်ငြိမ်စွာဖြင့်ပင် ဖြူဖွေးနေသည့်ဆင်စွယ်ကို သေးသွားအောင်လုပ်လိုက်ပြီး သွားကြားထိုးတံ လုပ်လိုက်သည်။

အားလုံး ကြက်သေသေသွားရသည်။ ဤကောင်က .. ရဲတင်းလွန်းသည်။ ဤသည်မှာ ရွှေရောင်ဆင်ကြီး ဒေါသထွက်ပြီးသေအောင် လုပ်လိုက်ခြင်းနှင့် အတူတူပင်။

“မကောင်းဆိုးဝါးကောင် .. မင်းက ငါ့ကိုဒီလိုမျိုး ရန်စရဲတယ်ပေါ့ .. မင်းသေချင်ရင်တောင် သေရမှာမဟုတ်တော့ဘူး .. အသက်ရှင်ဖို့ထက် သေပါရစေလို့ မင်းဆုတောင်းနေရလိမ့်မယ်” ကောင်းကင်ထက်မှ မိုးခြိမ်းသံထွက်ပေါ်လာပြီး ဦးချိုနဂါးမျိုးနွယ်စုမှ ကောင်းကင်နဂါးပေါ်လာသည်။ သူ၏မျက်လုံးများသည် မီးအိမ်များကဲ့သို့ပင်။

ရှီဟောင်သည် သွားကြားထိုးတံကို ဘေးဘက်သို့ လွှင့်ပစ်လိုက်ပြီး ချပ်ဝတ်တန်ဆာတစ်ခုကို ထုတ်ယူလိုက်သည်။ သေချာကြည့်လိုက်မည်ဆိုလျှင် ဤသည်မှာ ဦးချိုနဂါး၏အကြေးခွံဖြင့် ပြုလုပ်ထားခြင်းပင်။

“မင်းကသေချင်နေတာပဲ” ဦးချိုနဂါးမှ ဟစ်ကြွေးလိုက်သည်။

“လူငယ်လေး .. မင်းအရမ်းလွန်လွန်းသွားပြီ .. မင်းအတွက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး” နဂါးစာကလေးသည် လှပသည့်အတောင်ပံများကို ဖြန့်ကျက်ပြီး ပြောလိုက်သည်။

ရှီဟောင်ဘာမှမပြောပဲ သူ့အမူအရာများဖြင့်သာ တုံ့ပြန်လိုက်သည်။ သူသည် မူလအမွေးအတောင်အစစ်နှင့်တူသည့် အတောက်ပဆုံးနဂါးစာကလေးမွေးကို ကောက်ယူလိုက်ကာ နာဖာချေးကလော်နေလေသည်။

“သွားသေလိုက်တော့…”

လေဟာနယ်ထဲတွင်ရှိနေသည့် နဂါးစာကလေး သူ၏အတောင်ပံများကို လှုပ်ခါလိုက်သည်။

“ကောင်စုတ်လေး .. မင်းမှာ သတ္တိတွေ တော်တော်ရှိနေတာပဲ .. ဒါပေမဲ့ ဒီနေ့တော့ ထာဝရအစစ်ရောက်လာရင်တောင် မင်းကို မကယ်နိုင်တော့ဘူး” မာယွမ်လည်းရောက်လာလေပြီ။ ကောင်းကင်နတ်ဘုရားများ ရှီဟောင်နောက်လိုက်ဖမ်းခဲ့ခြင်းမှာ သူမှ အစပြုလိုက်သောကြောင့်ပင်။

နောက်ဆုံးတွင် ရှီဟောင် တုံ့ပြန်ပြောဆိုလာသည်။ “ခင်ဗျားလိပ်အိုကြီး .. ခဏနေကျရင် ကျုပ်ခင်ဗျားကို အရှင်လတ်လတ်ချက်စားပစ်မှာ .. ပြီးတော့ ရှေးဟောင်းလူဝံ၊ ဖီရှူးနဲ့ တိခွန်လက်အောက်ကကောင်တွေ .. မင်းတို့အားလုံးလည်း ဒီကို လေးဘက်ထောက်လာခဲ့သင့်တယ်”

အပိုင်း ၁၁၄၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၄ – ငါးစာအချို့

“မင်း…” မာယွမ်၏အမူအရာများ တောင့်ခဲသွားရသည်။ ဤကောင်သည် ရိုင်းစိုင်းလွန်းလှပြီး ကောင်းကင်နတ်ဘုရားကိုပင် မျက်လုံးထဲ မထည့်တော့ပေ။

“မင်း ဘာမင်းလဲ .. နောက်ဆုံးတစ်ခေါက်တုန်းက ခင်ဗျားကို ဘယ်လိုရိုက်ခဲ့လဲဆိုတာ မမှတ်မိတော့ဘူးလား .. ခဏနေကျရင် ခဏဖင်ကို နောက်တစ်ခေါက် ထပ်ရိုက်ပြီး ခင်ဗျားကို သတ်ပေးမယ်” ရှီဟောင် ပြောလိုက်သည်။

ရှီဟောင်ပြောသည်ကို ကြားပြီးသည့်နောက်တွင် မအံ့ဩသွားသည့်သူမရှိပေ။

မာယွမ်၏အမူအရာများသည် ပို၍ပင် ရက်စက်လာလေ၏။ ဒီကောင်က ငါ့ကို ဒီလိုလေသံမျိုးနဲ့ ပြောရဲတယ်ပေါ့ .. သူကပဲ ငါ့ထက်အသက်ကြီးနေသလိုလို .. သူကပဲငါ့ထက် အတွေ့အကြုံတွေ များနေသလိုလိုနဲ့..

“လူအိုကြီး .. ခင်ဗျားအရမ်းခေါင်းမမာသင့်ဘူး .. အရင်တစ်ခေါက်တုန်းက ခင်ဗျား စုတ်ပြတ်သတ်သွားအောင် ရိုက်ခံလိုက်ရတာမလား .. တကယ်ကို ဘာမှမသုံးမကျတဲ့လူအိုကြီးပဲ” ရှီဟောင် လှောင်ပြောင်လိုက်သည်။

“ခွေးကောင်…” မာယွမ် ဒေါသထွက်လာ၏။ ယခင်တစ်ခေါက်က ကျိန်စာသင့်ခဲ့ခြင်းမှာလည်း သူသတိလက်လွတ်ဖြစ်ခဲ့သောကြောင့်သာ။

“တကယ်ကို အမြင်မရှိတာပဲ” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ရိုင်းစိုင်းလိုက်တာ .. ဒူးထောက်စမ်း” မာယွမ် အော်ဟစ်လိုက်၏။ ထို့နောက်တွင် သူ၏ကောင်းကင်နတ်ဘုရားလျှို့ဝှက်ပညာကို အသုံးပြုလိုက်ကာ ရှီဟောင်၏ နတ်အာရုံများ အားပျော့သွားအောင် လုပ်လိုက်သည်။

ရှီဟောင်၏မျက်ခုံးကြားမှ တောက်ပလာလေသည်။ သူ၏နတ်အာရုံများမှာ ကောင်းကင်နတ်ဘုရားအဆင့်နားသို့ ရောက်နေပြီဖြစ်သောကြောင့် ဤဖိအားကို သူမကြောက်ပေ။

“လိပ်အိုကြီး .. ခင်ဗျားဘာတွေ လျှောက်အော်နေတာလဲ .. ဘာလဲ ..ခင်ဗျားက တစ်ကိုယ်တော် ဟာသပြပွဲလုပ်မလို့လား .. အဲဒီမှာ တစ်ယောက်တည်းရပ်ပြီးစကားပြောနေရတာ မမောဘူးလား .. ခင်ဗျားက တကယ်ကို တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာပဲ” ရှီဟောင် လက်ပိုက်ကာ ပြောလိုက်သည်။

ယခင်တစ်ခေါက်က မာယွမ် သူ့အားသေမလိုဖြစ်အောင် လုပ်ခဲ့သောကြောင့် ရှီဟောင်၏ပါးစပ်မှာ သူ့အားညှာတာနေမည်မဟုတ်ပေ။

မာယွမ်ဒေါသထွက်သွားသလို တုန်လည်း တုန်လှုပ်သွားရသည်။ ယခင်က ဤလူငယ်လေးသည် တာအိုဒဏ်ရာများ ရရှိထားပြီး ဒဏ်ရာများပြင်းထန်သည်ကို သူသိသည်။ သို့သော်လည်း ယခုကြည့်ရသည်မှာ ထိုဒဏ်ရာများအားလုံး ပြန်ကောင်းသွားသည့်ပုံပင်။

အခြား ကောင်းကင်နတ်ဘုရားများလည်း ဤသည်ကို မြင်ရသောကြောင့် သူတို့အားလုံး ထိတ်လန့်သွားရသည်။

ထိုကဲ့သို့သော ဒဏ်ရာမျိုးမှာ ကောင်းကင်နတ်ဘုရားကိုပင် ပျက်စီးသွားစေနိုင်ပြီး ပြန်ကောင်းလာရန်အတွက် အချိန်အကြာကြီး ယူရမည်ပင်။

သို့သော်လည်း ဤလူသည် အထင်ကြီးစရာကောင်းလောက်ပေသည်။ ‘သူ့ကို ချက်ချင်းသတ်ခဲ့သင့်တာ’ ဤသည်မှာ ကောင်းကင်နတ်ဘုရားများအားလုံး တွေးနေသည့်အတွေးပင်။

“ခင်ဗျားဘာပြောပြောအသုံးမဝင်တော့ဘူး .. သူ့ကိုသာ သတ်လိုက်တော့” ဦးချိုနဂါးမှ အေးစက်စွာ ပြောလိုက်သည်။

“ကောင်းတယ် .. သူ့ရဲ့ မူလဝိဉာဉ်ကိုချက်ချင်းရှင်းလိုက်ပြီးတော့ ခန္ဓာကိုယ်ကို ချန်ထားခဲ့လိုက် .. ပြီးတော့မှ ငါတို့ပြန်ဆုံးဖြတ်ကြမယ်” ရွှေရောင်ဆင်ကြီးမှ ပြောလိုက်ကာ သူ၏တောင်တန်းများနှင့်တူသည့် နှာမောင်းကို လှုပ်ရမ်းလိုက်သည်။

“ငါလုပ်မယ်”

ရုတ်တရက်ပင် ရွှေရောင်လက်ကြီးတစ်ဖက် ရောက်ရှိလာကာ ရှီဟောင်းအား ဖမ်းချုပ်ရန် ကြိုးစားလာလေသည်။ ဤသည်မှာ ရှေးဟောင်းလူဝံကြီးပင်။

သူ၏ခန္ဓာကိုယ်တွင် အကြေးခွံများဖုံးအုပ်နေပြီး အကြေးခွံများကြားတွင် အမွေးများရှိနေသည်။ သူသည်ဓားများ၊ လှံများကို ခုခံနိုင်ပြီး ရှီဟောင်ကို ယခင်က လိုက်ခဲ့သည့်အကောင်ပင်။

“ဟိုကောင် တိခွန်က ဘာလို့မလာတာလဲ .. ခင်ဗျားတို့အားလုံးကို သတ်ဖို့က လွယ်လွန်းတယ်” ရှီဟောင်ဘေးတစ်ဖက်သို့ ရှောင်လိုက်ကာ ကန်တစ်ဖက်ခြမ်းတွင် ပေါ်လာလေသည်။

“မကောင်းတဲ့ကောင်တွေ .. ခင်ဗျားတို့အားလုံး ထွက်သွားဖို့မစဉ်းစားနဲ့တော့ .. ကျုပ် ခင်ဗျားတို့အားလုံးကို သတ်ပစ်မှာ” ရှီဟောင် ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ မည်ကဲ့သို့သော ရူးနှမ်းသည့်စကားလုံးဖြစ်သနည်း .. နတ်မီးတောက်အဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်နတ်ဘုရားတွေကို စိန်ခေါ်နေတယ်…

မာယွမ် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် အရူးမဟုတ်သလို အလည်းမအသည်ကို သူသိသည်။ ရှီဟောင်သည် သူ့သေလမ်းသူဖောက်မည့်သူမဟုတ် .. သူ့ထံတွင် ဝှက်ဖဲရှိနေသည်မှာ သေချာသည်။

မာယွမ် နောက်ဆုတ်သွားသည့် မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ကျင့်ကြံသူများစွာမှာ အံ့အားသင့်သွားရသည်။

“ဟား ဟား…” ရှီဟောင်သည် ဘာမှမပြောပဲ မာယွမ်ကိုသာလက်ညှိုးထိုးပြီး ရယ်မောနေလေ၏။

“လူငယ်လေး .. မင်းဘာတွေကို ရယ်နေတာလဲ” မာယွမ် အော်ဟစ်လိုက်သည်။

“ကြွက်လောက်သတ္တိနဲ့ မာကြီး .. ခင်ဗျား မြန်မြန်ပြန်လှည့်သွားဖို့ ကျုပ်အကြံပေးလိုက်မယ် .. ခင်ဗျားလိုလူမျိုးက ဘယ်လိုလုပ် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်လာတာလဲ .. ကျုပ်ခုနက ပြောလိုက်တဲ့စကားကို ခင်ဗျားသေလောက်အောင် ကြောက်သွားတယ်မလား..” ရှီဟောင်၏ပါးစပ်မှာ အလွန်စက်ဆုပ်ဖွယ်ကောင်းနေလေသည်။

မိုးမေလင်းကောင် .. မာယွမ်အံကြိတ်လိုက်သည်။ မျိုးဆက်တစ်ခု၏ ကြီးကျယ်မြင့်မြတ်သည့် ကောင်းကင်နတ်ဘုရားမှာ ဤလူငယ်လေး၏ ထပ်ခါတလဲလဲ လှောင်ပြောင်ခြင်းကို ခံနေရသည်။ ဤသည်မှာ အလွန်ရှက်စရာကောင်းသည့်ကိစ္စပင်။

“ခင်ဗျားက ဘာလို့သူ့ကို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ .. သူ့ကို သတ်လိုက် … ငါတို့တွေက ကောင်းကင်နတ်ဘုရားတွေ … သူ့ထက်မြင့်တယ် .. ဒီမှာလူတွေအများကြီးပဲ .. အဲဒီတော့ ဘယ်သူပဲလာလာ အသုံးဝင်မှာမဟုတ်ဘူး .. သူ့ကိုသတ်လိုက်တော့” ရှေးဟောင်းလူဝံကြီးမှ ပြောလိုက်၏။ ထို့နောက်တွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာလေ၏။

“ဟုတ်တယ် .. ချကြမယ်” ယခုတစ်ခေါက်တွင်တော့ မာယွမ်အရှေ့မှ ပြေးထွက်လာလေ၏။

အခြားသူများလည်း လှုပ်ရှားလာကာ ဤရေကန်နက်ကို ဝန်းရံထားကာ ရှီဟောင် ထွက်ပြေးသွားမည်စိုးသောကြောင့် ဤနေရာကို ချိတ်ပိတ်ထားလိုက်လေသည်။

ကြည့်နေကြသည့်သူများအားလုံး အနောက်မြန်မြန်ဆုတ်လိုက်ကြသည်။ ကောင်းကင်နတ်ဘုရားများလှုပ်ရှားလာလျှင် အကျိုးဆက်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားလိမ့်မည်။ ဘာအကြောင်းပြချက်မှမရှိပဲ သူတို့မသေချင်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားများ ဒေါသထွက်လာသည်နှင့် သွေးများစီးဆင်းလာပြီး အလောင်းများလည်း တောင်လိုပုံသွားလိမ့်မည်။

ယခုအချိန်တွင်အားလုံး ဤမြင်ကွင်းကို သေချာကြည့်နေကြသည်။ ရှီဟောင် ဘယ်လို အသက်ရှင်နိုင်မလဲ…

အနက်ရောင်ရေကန်ကို ကောင်းကင်နတ်ဘုရားများဝန်းရံထားပြီး သူတို့သည် သဘာဝဥပဒေသများကို တစ်ချိန်တည်း ထုတ်သုံးလာကြလေသည်။ သူတို့အားလုံးသည် ရှီဟောင်ကို ဖမ်းပြီး သူ၏ခန္ဓာကိုယ်ကို လိုချင်နေကြခြင်းပင်။

“ကောင်းပြီလေ .. အားလုံး ဒီနေရာမှာ ရောက်နေပြီဆိုတော့ အခုကစပြီးတော့ အားလုံးကို စသတ်တော့မယ်” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ဝုန်း…

ထို့နောက်တွင် သူသည် ကန်ရေပြင်ကို လက်သီးဖြင့်ထိုးချလိုက်ပြီး ဤနေရာ၏ငြိမ်းချမ်းမှုကို နှောက်ယှက်လိုက်သည်။

ဤသည်မှာ ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ပင်။ မရေမတွက်နိုင်သည့်ခြင်များ ထွက်လာပြီး ကောင်းကင်နတ်ဘုရားများသို့ တရှိန်ထိုးပြေးသွားကာ သူတို့အား တိုက်ခိုက်နေလေသည်။

ရှီဟောင်သည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို လျင်မြန်စွာ ထုတ်လိုက်ပြီး လျှပ်စီးဧကရာဇ်၏ ချပ်ဝတ်တန်ဆာကိုလည်း ဝတ်ဆင်ကာ ကန်ထဲသို့ ဝင်သွားပြီး သေချာစောင့်ကြည့်နေလိုက်သည်။

နတ်မီးတောက်အဆင့်ခြင်များသည် မဟူရာနီကဲ့သို့ပင် နီရဲနေပြီး နတ်ဘုရားအစစ်အဆင့်ခြင်များမှာမူ ငွေရောင်တောက်ပနေလေ၏။ ခြင်များသည် နေနှင့်လကိုပင် ဖုံးကွယ်သွားကာ ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

“ဘုရားရေ…” ကြည့်နေကြသည့်သူများမှာ ထိတ်လန့်တကြားအော်ဟစ်ပြီး ထွက်ပြေးသွားကြလေသည်။

ဤခြင်များအားလုံးသည် နတ်ဘုရားဖြစ်နေပြီဖြစ်ပြီး အသိဉာဏ်မရှိတော့သဖြင့် မဲမဲမြင်ရာ အကုန်တိုက်နေခြင်းပင်။

“ဒီကောင် .. ဒီကန်ထဲမှာ ဒီခြင်တွေကို မကြောက်မလန့်ပဲနဲ့ လပေါင်းများစွာ နေခဲ့တယ်လို့ ငါ့ကို မပြောနဲ့နော်”

ခြင်များ၏ အတောင်ပံခတ်သံများမှာ သတ္တုချင်းကြိတ်နေသည့်အသံကဲ့သို့ နားစူးလှသည်။

သို့သော်လည်း ကောင်းကင်နတ်ဘုရားများ၏ ခွန်အားများမှာ ကြောက်စရာကောင်းလှသည်။ ခြင်များသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျသေဆုံးသွားလေ၏။ သူတို့သည် အလွန်စွမ်းအားကြီးသည့်ခြင်များဖြစ်သောကြောင့် ဂျင်ပေါင်း များစွာလေးလံကာ သူတို့မြေပြင်ပေါ်သို့ တဖုတ်ဖုတ်ပင် ပြုတ်ကျသွားလေသည်။

ဝုန်း..

ရွှေရောင်အလင်းတန်း ထွက်ပေါ်လာကာ ကောင်းကင်နတ်ဘုရားအဆင့်ခြင်များ ကန်ထဲမှ တရှိန်ထိုးပြေးထွက်လာကြသည်။ သူတို့၏မျိုးဆက်များ သတ်ခံနေရသောကြောင့် သူတို့သည် ဒေါသထွက်လာကြသည်။

ရှီဟောင်လည်း အန္တရာယ်ရှိနေသော်လည်း သူ့ရှေ့တွင်ရှိနေသည့် ဝိဉာဉ်တစ်သောင်းသင်္ကေတနှင့် သူ၏ခန္ဓာကိုယ်ထဲမှ မီးတောက်ကြောင့် ခြင်များသည် သူ့အော်ရာကို မှတ်မိနေဆဲဖြစ်သောကြောင့် သူ့နားကပ်မလာကြပေ။

“မြန်မြန်နောက်ဆုတ်ကြ”

ဦးချိုနဂါးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလွန်ကြောက်နေလေပြီ။ ကန်ထဲတွင်ရှိနေသည့် ကြောက်စရာကောင်းသည့်သတ္တဝါများ၏ တုံ့ပြန်မှုမှာ ဤမျှလျင်မြန်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဤသည်မှာ လက်ဝါးအရွယ်ရှေးဟောင်းခြင်နှစ်ကောင်ဖြစ်ပြီး သူတို့ကိုယ်မှ ဖရိုဖရဲစွမ်းအင်များကို ထုတ်လွှတ်နေကာ ကောင်းကင်နတ်ဘုရားများပင် တုန်လှုပ်စေနိုင်သည့် အော်ရာကိုလည်း ထုတ်လွှတ်နေသည်။

ဖူး..

အသံပို့လွှတ်ပြီးသွားသည်နှင့် ဦးချိုနဂါးမှာ ဖမ်းမိသွားလေပြီ။ သွေးတစ်ကြောင်းထွက်သွားပြီးနောက် သူ၏သွေးစွမ်းအင်တစ်ဝက်ဆုံးရှုံးလိုက်ရသည်ကို သူတွေ့လိုက်ရသည်။

ဝုန်း..

သူသည် လေဟာနယ်ကို ထိုးဖောက်လိုက်ကာ ချက်ချင်းလှည့်ထွက်သွားလိုက်သည်။ သူ၏ကံတရားကိုမစမ်းသပ်ရဲတော့ပေ။

အား..

နဂါးစာကလေးမှာ အဆိုးဆုံးပင်။ အဘယ်ကြောင့်ဆိုသော် အခြားကောင်းကင်နတ်ဘုရားများခြင်နှင့်တိုက်ခိုက်နေသည့်အချိန်တွင် သူသည် ရှီဟောင်ကို တိတ်တိတ်လေး ဖမ်းခေါ်သွားရန် ကြိုးစားလိုသောကြောင့် ကန်မျက်နှာပြင်နားသို့ တိတ်တိတ်လေးကပ်သွားခြင်းပင်။ ရှေးဟောင်းခြင်တစ်ကောင် ရောက်လာကာ သူ၏အတောင်ပံများကို ဖောက်ထွက်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဖုန်းဟူသည့်အသံနှင့်အတူ သူ၏ကောင်းကင်နတ်ဘုရားအတောင်ပံတစ်ဖက် ပေါက်ကွဲသွားပြီး သူ၏သွေးစွမ်းအင် ၉၀ ရာခိုင်နှုန်းခန့်ဆုံးရှုံးသွားလေပြီ။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် အခြား ကောင်းကင်နတ်ဘုရားများ တုန်လှုပ်သွားရသည်။ ဤရှေးဟောင်းခြင်နှစ်ကောင်မှာ ကြောက်စရာကောင်းလှပြီး ထိပ်တိုက် တိုက်ခိုက်ရန် မဖြစ်နိုင်။ ထို့ကြောင့် သူတို့နောက်ပြန်လှည့်ပြေးကြလေ၏။

ကံကောင်းသွားသည်မှာ ဤခြင်များသည် အသိစိတ်မရှိတော့သဖြင့် သူတို့နောက်သို့ လိုက်မလာနိုင်ကြပေ။ မဟုတ်ပါက သူတို့အန္တရာယ်များလိမ့်မည်ပင်။

ဖူး..

ထိုသို့ဆိုသော်လည်း တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရနေဆဲပင်။ မာယွမ် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏ခြေသလုံး ထိုးဖောက်ခံလိုက်ရပြီး သူ၏သွေးများမှာ မြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားကာ သူ၏သွေးစွမ်းအင် ၃၀ ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးသွားလေပြီ။

ချွမ်း..

စွမ်းအားကြီးသည့် ရှေးဟောင်းလူဝံကြီး၏ ခန္ဓာကိုယ်မှာ ရွှေရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သော်လည်း ခြင်နှုတ်သီးများဖြင့် ထိုးစိုက်ခံနေရဆဲဖြစ်ကာ သွေးများစီးကျလာလေ၏။ သူ၏မျက်နှာဖြူဖျော့လာကာ သူသည် လေဟာနယ်ကို ဆုတ်ဖြဲပြီး ချက်ချင်းပင် ထွက်ပြေးသွားလိုက်လေ၏။

..

ကောင်းကင်နတ်ဘုရားများအားလုံး ပျံပြေးသွားကြ၏။ သူတို့၏ နေရာပေါင်းစုံမှဝိုင်းတိုက်ခြင်းမှာ ရှုံးနိမ့်သွားလေပြီ။

ခြင်များမှ အသိစိတ်လွတ်နေသောကြောင့်သာမဟုတ်ပါက သူတို့ဒုက္ခကြီး ရောက်နေလေပြီ။

“မုန်းစရာကောင်းလိုက်တာ…”

ဤကမ္ဘာငယ်လေးမှ ထွက်သွားသည့်အချိန်တွင် အချို့ ကောင်းကင်နတ်ဘုရားများ အော်ဟစ်သွားကြကာ ဤသည်ကို လက်မခံနိုင် ဖြစ်နေကြလေသည်။

သူတို့သည် အားလုံးထက်မြင့်သည့် ကောင်းကင်နတ်ဘုရားများ ဖြစ်သော်လည်း ယခုတော့ ရှုံးနိမ့်သွားကာ ထွက်ပြေးလာရသည်။

ပို၍မုန်းစရာကောင်းသည်မှာ ထိုကောင်သည် ကန်ထဲတွင်ရပ်နေပြီး သူတို့ကို လှောင်ရယ်နေသေးသည်။

ရှီဟောင်ဘာကို အားကိုးနေလဲဆိုတာကို သူတို့နောက်ဆုံးတော့ သိသွားလေပြီ။ ခြင်တွေက ဘာလို့သူ့ကို မတိုက်ခိုက်တာလဲ ..

ဤသတင်းပျံ့သွားသည့်အချိန်တွင် ထာဝရရှေးဟောင်းတစ်ဝက်ခန့် တုန်လှုပ်သွားရသည်။

ကောင်းကင်နတ်ဘုရားများ ဝိုင်းတိုက်ကြသော်လည်း နောက်ဆုံးတွင် သူတို့ရှုံးနိမ့်သွားကာ ခွေးပြေးဝက်ပြေး ပြေးရရုံသာမက ဒဏ်ရာမရသည့်သူလည်း မရှိ။ ဤသည်မှာ ယုံကြည်နိုင်ရန် ခက်ခဲလှသည်။

“ငါ နားကြားမမှားဘူးမလား .. ဟွမ်က အဆင်ပြေနေပြီးတော့ အဲဒီကောင်းကင်နတ်ဘုရားတွေက အန္တရာယ်ကြုံလိုက်ရတယ်.. ဟုတ်လား..”

“မုန်းစရာကောင်းလိုက်တာ .. အရမ်းကို အရှက်ကွဲရတာပဲ..”

ကောင်းကင်နတ်ဘုရားများအားလုံး ဟစ်ကြွေးနေကြသော်လည်း မည်သူမျှ မာယွမ်လောက်မကျယ်ပေ။ ဤလူများကို ဦးဆောင်ခဲ့သည့်သူမှာ သူပင်။

တစ်ရက်ကြာပြီးသည့်နောက်တွင် သူတို့နောက်တစ်ခေါက် ထပ်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင် ဖီရှူးနှင့် တိခွန်တို့လည်း ပေါ်လာသည်။

ရှီဟောင်ကို လိုက်ဖမ်းခဲ့သည့် ကောင်းကင်နတ်ဘုရား အတော်များများရောက်နေလေပြီ။ သူတို့အားလုံးသည် အနက်ရောင်ကန်ကြီး၏ တစ်ဖက်ခြမ်းတွင် ပေါ်လာလေသည်။

ဤသည်မှာ ထာဝရရှေးဟောင်းမြေကို လှုပ်ခတ်သွားစေပြီး ဤတိုက်ပွဲမည်သို့အဆုံးသတ်သွားမလဲဆိုသည်ကို သိချင်သောကြောင့် လူများစွာမှာ ခပ်ဝေးဝေးမှ လာကြည့်နေကြလေသည်။ ယခုတစ်ခေါက်တွင်တော့ ကောင်းကင်နတ်ဘုရားများ ပြင်ဆင်လာမည်မှာ သေချာသည်။ အနက်ရောင်ကန်ကြီးလည်း ရှီဟောင်ကို မကာကွယ်နိုင်တော့ဘူးထင်သည်။

“တိခွန် .. မကောင်းတဲ့ဘိုးတော်ကြီး ခင်ဗျားရောက်လာပြီလား .. အရင်တစ်ခေါက် ခင်ဗျားပါးစပ်ကို ဖြတ်ရိုက်လိုက်တာကို မမှတ်သေးဘူးလား .. ဒီနေ့တော့ ခင်ဗျားကို ကျုပ်သတ်ပေးမယ်”

ရှီဟောင်သည် ကန်ထဲမှ ခေါင်းထွက်လာကာ သူတို့အား ကြည့်လိုက်သည်။ သူ့ခေါင်းထွက်လာသည်နှင့် ဤသို့ပြောလိုက်သောကြောင့် ကြည့်နေကြသည့်သူများအားလုံး ဆွံ့အသွားကြရသည်။

“မကောင်းဆိုးဝါးလေး .. မင်းဒီနေ့တော့သေချာပေါက် သေပြီပဲ” မာယွမ်အော်ဟစ်လိုက်သည်။

“မင်းကို ဘာကယ်နိုင်မလဲ ကြည့်ကြသေးတာပေါ့” ရွှေရောင်ဆင်ကြီးလည်း အေးစက်စွာ ပြောလိုက်သည်။

“မင်းဘယ်မှာမှ ပုန်းစရာနေရာမရှိတော့ဘူး” တိခွန်အေးစက်စွာ ပြောလိုက်၏။

“ဟား ဟား …” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ့အမူအရာ အေးစက်သွားကာ “ကျုပ် ခင်ဗျားတို့အားလုံးကို ပို့ပေးလိုက်မယ်”

အပိုင်း ၁၁၄၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၅ – ကောင်းကင်ကိုတွန်းလှန်သည့် သတ်ဖြတ်ခြင်း

ဤနေရာတွင်လူပေါင်း တစ်သိန်းကျော်ရှိနေပြီး လူအုပ်ကြီးမှာ အဆုံးကိုပင် မမြင်ရတော့ပေ။

“မကောင်းတဲ့သူကသက်ဆိုးရှည်တယ် .. သူတကယ်မသေသေးဘူး” လူအုပ်ထဲမှ ယုန်ဖြူလေးသည် လက်သီးလက်မောင်းတန်းကာ အော်ဟစ်ရယ်မောနေလေ၏။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် တောင်အက်ကွဲကြောင်းများကြားတွင် ပုန်းကာ ချောင်းကြည့်နေလေသည်။ “အဲဒီကောင်ရူးသွားတာလား .. ကောင်းကင်နတ်ဘုရားတွေကို စိန်ခေါ်နေတယ် .. သူ့မှာ ဘာနည်းလမ်းတွေ ရှိနေလို့လဲ….”

ချောင်ယုရှန်း၊ ချင်းရီ၊ ချန်ကုန်းယန်နှင့်အခြားသူများလည်း ရောက်လာကြသော်လည်း မည်သူမှ သူတို့၏ခန္ဓာကိုယ်အစစ်ကို အသုံးမပြုကြပေ။ သူတို့သည် သေချာစောင့်ကြည့်နေကာ ထိတ်လန့်နေကြလေ၏။

“ဟွမ် .. မင်းရူးသွားတာလား အ,နေတာလားတော့ ငါမပြောတတ်ဘူး .. ဒီကန်လေးတစ်ခုတည်းနဲ့ ငါတို့ကို တားဆီးနိုင်မယ်လို့ မင်းထင်နေတာလား .. ကောင်းကင်နတ်ဘုရားတစ်ယောက်သာ မင်းကိုသတ်ချင်ရင် ထာဝရအစစ်အမှန် ပြန်ရှင်လာရင်တောင် အသုံးမဝင်ဘူး” တိခွန်ပြောလိုက်သည်။

“ထာဝရအစစ်သာ ကမ္ဘာမြေကြီးပေါ်ရောက်လာရင် သူလက်ညှိုးတစ်ချောင်းလှုပ်လိုက်ရုံနဲ့ ခင်ဗျားတို့အားလုံး သေသွားမှာ .. မဟုတ်သေးဘူး သူ့ဆံပင်တစ်ချောင်းကျွတ်ကျသွားတာနဲ့ ခင်ဗျားတို့အားလုံး ပေါက်ကွဲသွားမှာ” ရှီဟောင် ခနဲ့လိုက်သည်။

“သူနဲ့ဘာမှ ပြောနေစရာမလိုတော့ဘူး … သူ့ကိုရှင်းပစ်လိုက် .. ဒီလိုမျိုး ကောင်းကင်နဲ့မြေကြီးရဲ့အတိမ်အနက်ကို မသိတဲ့လူမျိုးကို ဘာမှပြောမနေနဲ့” မာယွမ် မျက်နှာပုပ်သိုးစွာ ပြောလိုက်သည်။

“မာကြီး .. ခင်ဗျားက အရှက်ရတယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို မသိဘူးလား ..ကျုပ်ခင်ဗျားကို ရိုက်ခဲ့တာကို ခင်ဗျားမေ့သွားပြီလား .. ဒါမှမဟုတ် ခြင်တွေလိုက်လို့ ခင်ဗျား ကြောက်လန့်တကြားနဲ့ ဘောင်းဘီထဲသေးထွက်ကျပြီးတော့ ထွက်ပြေးသွားတာကိုလည်း မေ့သွားတာများလား”

မာယွမ်မှ ဂုဏ်သိက္ခာရှိသည့်ပုံဖမ်းလေလေ ရှီဟောင်မှ သူ့အား သိက္ခာချလေလေဖြစ်နေသည်။ မာကြီးသည် ဒေါသထွက်လွန်းသောကြောင့် တုန်ပင်တုန်နေလေပြီ။

“မဟုတ်တာတွေ လာပြောမနေနဲ့တော့ .. မင်းကို သတ်တော့မှာ” ရွှေရောင်ဆင်ကြီးမှ စတိုက်လိုက်သည်။

ထို့နောက်တွင် ရှေးဟောင်းလူဝံကြီးလှုပ်ရှားလာကာ ဖီရှူးလည်း နတ်အလင်းတန်းများကို ထွေးထုတ်လာသည်။

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားများစွာ လှုပ်ရှားလာပြီး သူတို့၏ ကောင်းကင်နတ်ဘုရားသဘာဝဥပဒေသများကို အသက်သွင်းကာ ရှီဟောင်အား ဖိနှိပ်လာကြလေသည်။

သို့သော်လည်း သူတို့သည် ကောက်ကျစ်လှသည်။ တိုက်ခိုက်ပြီးသည့်နောက်တွင် သူတို့သည် လေဟာနယ်မှတစ်ဆင့် ထွက်သွားကြလေ၏။ သူတို့သည် ကန်ထဲရှိခြင်များကို လှုပ်နှိုးရန်အတွက် ဤကဲ့သို့ ပြုလုပ်ခြင်းပင်။

တစ်ဖက်လူမှာ သူ၏အကွက်ကို သူထံသို့ ပြန်လာသုံးနေသောကြောင့် ရှီဟောင် အမူအရာ ပြောင်းလဲသွားရသည်။ ခြင်များသည် သူ၏ကိုယ်ပေါ်တွင်ရှိနေသည့် ပစ္စည်းများကို ကြောက်သော်လည်း သူတို့စိတ်တိုသွားကာ သူ့ကို တိုက်ခိုက်နေဆဲပင်။

ကောင်းကင်နတ်ဘုရား၏ သဘာဝဥပဒေသများကျရောက်လာပြီးနောက် ခြင်များစွာ သေဆုံးသွားကာ မြစ်ရေပြင်ပင်လျှင် ရေငွေ့ပြန်ကာ အဖြူရောင်ဖြစ်သွားလေသည်။

ရှီဟောင်သည် ကန်အလယ်တွင် ရပ်မနေတော့ပဲ ခပ်ဝေးဝေးသို့ ထွက်သွားလိုက်သည်။ ဤနေရာမှာ ကြောက်စရာကောင်းလွန်းလှသည်။

ဝုန်း..

ကန်၏ရေငွေ့ပြန်ခြင်းမှာ ရပ်တန့်သွားလေပြီ။ ရွှေရောင် ကောင်းကင်နတ်ဘုရားခြင်များနှင့်အတူ ထိုရှေးဟောင်းခြင်နှစ်ကောင်လည်း ထွက်လာလေသည်။

သူတို့သည် ဒေါသတကြီးဖြင့်ပင် သူတို့ရန်သူများကို လိုက်ရှာနေလေ၏။

“ပြေး…”

ကြည့်နေကြသည့်သူများသည် မျက်နှာများဖြူဖျော့သွားသည်အထိ ကြောက်လန့်သွားကြကာ အသက်လုပြေးနေကြရလေသည်။

ရှီဟောင်သည်လည်း ခပ်ဝေးဝေးသို့ ထွက်ပြေးလိုက်၏။ ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားများပေါ်လာကာ အောက်ဘက်ရှိလေဟာနယ်ကို ချိတ်ပိတ်လိုက်လေသည်။ ဤတောင်တစ်ခုလုံးမှာ ချက်ချင်းပင် ချိတ်ပိတ်ခံလိုက်ရသည်။

“လူငယ်လေး .. မင်းကိုရှင်းဖို့ ငါတို့မှာနည်းလမ်းမရှိဘူးလို့ ထင်နေတာလား .. ကောင်းကင်နတ်ဘုရားတစ်ယောက်အတွက်တော့ မင်းလိုပုရွက်ဆိတ်လေးကို သတ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်” ဦးချိုနဂါးမှ အေးစက်စွာ ပြောလိုက်သည်။

“မင်းကဘာလို့ ပြေးနေတာလဲ .. ဒီနေ့ ငါမင်းကို ပိုးကောင်တစ်ကောင် သတ်သလို သတ်ပစ်မှာ” မာယွမ် အေးစက်စွာ ပြောလိုက်သည်။

“ငါ့ရဲ့ဆင်မျိုးနွယ်စုကို မင်းအစာလို့သတ်မှတ်ရအောင် မင်းက ဘာမို့လို့လဲ .. ဒီနေ့ မင်းဝိဉာဉ်ကို ငါတစ်စစီလုပ်ပစ်မယ်” ရွှေရောင်ဆင်ကြီးမှ ဒေါသတကြီး ပြောလိုက်သည်။

တိခွန်သည် ဘာမှမပြောပဲ နတ်ချိန်းကြိုးတစ်ခုကို ရှီဟောင်ထံသို့ ပစ်လွှတ်လိုက်သည်။ “သေခြင်းနဲ့ရှင်ခြင်းကို မသိတဲ့ကောင်…”

ခပ်ဝေးဝေးတွင်ရှိနေသည့်သူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သက်ပြင်းချလိုက်ကြသည်။

ဝုန်း..

လေထဲတွင်ကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာပြီး ရှီဟောင်အနားတွင် အလင်းလုံးတစ်လုံး ပေါ်လာပြီး ရှီဟောင်အား ကာကွယ်ပေးထားလေသည်။

ဤသည်မှာ နတ်ကာကွယ်ခြင်းသင်္ကေတပင်။ ဤသင်္ကေတမှ ကောင်းကင်နတ်ဘုရားများ၏ တိုက်ခိုက်မှုများကို တားဆီးပေးလိုက်ခြင်းပင်။

“ဒီရှေးဟောင်းအဆောင်က တကယ်ကို ထူးခြားတယ် .. ဒါပေမဲ့ ငါတို့တစ်ယောက်စီတိုင်းသာ မင်းကို တိုက်ခိုက်ရင် မင်းရဲ့ဒီအဆောင်က ဘယ်နှချက်ခံနိုင်မှာလဲ .. အနှေးနဲ့အမြန် ပျက်စီးသွားမှာပဲ” နဂါးစာကလေး အေးစက်စွာ ရယ်မောလိုက်သည်။

ဝုန်း..

ရုတ်တရက်ပင် ရှေးဟောင်းခြင်ကြီးသည် ကောင်းကင်နတ်ဘုရားခြင်များကို ခေါ်ဆောင်ကာ တိမ်မဲကြီးကဲ့သို့ပင် ထိုကောင်းကင်နတ်ဘုရားကျင့်ကြံသူများထံသို့ ဦးတည်လာနေလေသည်။

ဤသည်ကို မြင်လိုက်သည်နှင့် ကောင်းကင်နတ်ဘုရားများ၏ အမူအရာများပြောင်းလဲသွားကြသည်။ ဤရှေးဟောင်းခြင်နှစ်ကောင် သူတို့နောက်သို့ လိုက်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

“သွားမယ်..”

သူတို့သည် လေဟာနယ်ကို ဖောက်ထွက်လိုက်ကာ ရှီဟောင်ကိုလည်း သူတို့နှင့်အတူ ခေါ်သွားလိုက်လေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့်အားလုံး ထိတ်လန့်သွားရ၏။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ ကောင်းကင်နတ်ဘုရားများ၏ နည်းလမ်းများကို ခန့်မှန်းရန်မှာ တကယ်ပင် ခက်ခဲလှသည်။ သူတို့ကိုယ်တိုင် လေဟာနယ်ကို ဖောက်ထွက်နိုင်ခြင်းမှာ မထူးဆန်းသော်လည်း သူတို့အတူတကွ ပူးပေါင်းလိုက်သည့်အချိန်တွင် သူတို့သည် လေဟာနယ်တစ်စိတ်တစ်ပိုင်းလုံးကို ယူသွားနိုင်လေသည်။ တောင်များနှင့်မြစ်များပင် သူတို့နှင့်ပါသွားခြင်းပင်။

ဝုန်း..

သူတို့ကို ထိတ်လန့်သွားစေသည်မှာ ထိုရှေးဟောင်းခြင်နှစ်ကောင်လည်း ဤနေရာတစ်ခုလုံးကို ဝန်းရံသွားပြီး သူတို့နှင့်အတူ ဤနယ်မြေထဲမှ ထွက်သွားကြလေ၏။

“ဘုရားရေ .. ဒီခြင်တွေက တော်တော်အငြိုးကြီးတာပဲ .. ကြီးကြီးမားမားတစ်ခုခုတော့ ဖြစ်တော့မယ်” နတ်ဘုရားအစစ်များ ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။

အားလုံးချွေးစေးများ ပြန်သွားရသည်။ ထာဝရရှေးဟောင်းမြေမှာ ဖရိုဖရဲဖြစ်တော့မည်ဟု အာရုံရနေသည်။ ရှေးဟောင်းခြင်နှစ်ကောင်သည် သူတို့အသိုက်ကို စွန့်ခွာပြီး ကောင်းကင်နတ်ဘုရားများနောက်ကို ဤကဲ့သို့ လိုက်နေခြင်းမှာ ကြောက်စရာကောင်းလှသည်။

“သွား .. သူတို့နောက်ကို လိုက်ကြည့်ကြ”

“ခင်ဗျားရူးနေတာလား .. ခင်ဗျားဒီခြင်တွေ စားခံရမှာကို မကြောက်ဘူးလား .. ခင်ဗျား ခြောက်ကပ်နေတဲ့အလောင်း ဖြစ်ချင်လို့လား…”

“စိတ်မပူပါနဲ့ .. ဒီခြင်တွေကို ကောင်းကင်နတ်ဘုရားတွေကိုပဲ ပစ်မှတ်ထားထားတာ .. အဲဒီတော့ ငါတို့သူတို့နောက်က လိုက်လို့ရတယ် .. တကယ်လို့မကောင်းတာတစ်ခုခုဖြစ်ခဲ့ရင်လည်း ငါတို့ချက်ချင်းထွက်ပြေးလို့ရတာပဲ”

သူတို့နောက်သို့ လူအုပ်ကြီး လိုက်သွားကြလေ၏။

ကောင်းကင်နတ်ဘုရားများသည် ရှီဟောင်ကို သူတို့နှင့်အတူ ခေါ်သွားပြီး ကမ္ဘာငယ်လေးပေါင်းများစွာကို ဖြတ်ကျော်သွားကြလေ၏။ သို့သော်လည်း ထိုများမှာ သူတို့နောက်သို့ ဆက်လိုက်နေဆဲပင်။

ဤသည်မှာ ထိုကောင်းကင်နတ်ဘုရားများကို ဒုက္ခများစေလေသည်။ ဤရှေးဟောင်းခြင်များကို ဤမျှရှင်းရခက်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

သူတို့ထဲက လူတစ်ချို့သေရတော့မှာလား…

“မြန်မြန်တိုက်ကြ…” ရှေးဟောင်းလူဝံကြီးမှ ရှီဟောင်၏ နတ်ကာကွယ်ခြင်းသင်္ကေတကို တိုက်ခိုက်လိုက်လေသည်။

ကျန်သည့်သူများအားလုံးသည်လည်း သူတို့၏အဖိုးတန်ပညာများကို သုံးလိုက်ကြလေ၏။ သူတို့သည် ရှီဟောင်၏သင်္ကေတကို ပျက်စီးအောင်လုပ်ပြီး သူ၏ခန္ဓာကိုယ်ကို လိုချင်နေခြင်းပင်။

သူတို့နောက် လိုက်လာကြသည့်သူများမှာလည်း ထိုခြင်များသည် ကောင်းကင်နတ်ဘုရားများကိုသာ တကယ်ဦးတည်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

ကြည့်ရှုသူများ များသထက်များပြားလာသည်။ ထာဝရရှေးဟောင်းမြေတစ်ဝက်ခန့် တုန်လှုပ်သွားကာ လူမျိုးစုတိုင်းမှ ကျင့်ကြံသူများ ရောက်လာကြလေသည်။

“ပြီးပြီ .. ဒီတစ်ခေါက်တော့ ဟွမ် သေချာပေါက် သေတော့မယ်” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

သူကဘယ်လိုလုပ် ပြေးနိုင်နေသေးတာလဲ .. ကောင်းကင်နတ်ဘုရားတွေအများကြီးက သူ့ကိုဖမ်းထားတာ .. သူ့မှာ နတ်ကာကွယ်ခြင်းသင်္ကေတရှိနေရင်တောင်မှ အဲဒီသင်္ကေတက အနှေးနဲ့အမြန် ပျက်စီးသွားမှာပဲ…

“ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ .. ဒီကောင်က အရမ်းအတာပဲ .. သူ့ကိုယ်သူဒီလိုမျိုး အန္တရာယ်များတဲ့အခြေအနေရောက်အောင် လုပ်နေတယ် .. ဒီတစ်ခေါက်တော့ သူတကယ်သေတော့မယ်ထင်တယ်” ယုန်ဖြူလေး ဆွံ့အစွာ ပြောလိုက်သည်။

“ဟူး .. ဘာလို့အဲဒီလောက်တောင် တုံးရတာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးလည်း ရှီဟောင်အား စိတ်ပျက်နေလေသည်။

ချင်းရီ၊ ချောင်ယုရှန်း၊ ရွှယ်လင်း၊ လော့သွမ်နှင့် ချန်ကုန်းယန်တို့လည်း မျက်မှောင်ကြုတ်လိုက်ကြသည်။

..

အပြင်လောက.. စီရင်စုသုံးထောင်တွင်…

ရှီဟောင် သူ့၏ ထာဝရစွမ်းအင်ကို မသုံးထားသောကြောင့် ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများ ဤမြင်ကွင်းကို မြင်နေရသည်။ အခြေအနေများ ပြောင်းလဲသွားသည်မှာ လျင်မြန်လွန်းလှသောကြောင့် သူတို့အားလုံး ထိတ်လန့်နေကြရသည်။

“ဒီတစ်ခေါက်တော့ သူသေချာပေါက် သေပြီပဲ .. ဒီလိုအခြေအနေမျိုးမှာ သူဘယ်လိုလုပ် လွတ်နိုင်မှာလဲ”

“ဟက် .. သူအခုချိန်ထိ အသက်ရှင်နေရတာက သူ့ကံလေး ကောင်းနေလို့ပဲ .. ဒါပေမဲ့ ခွန်အားကြီးတဲ့သူတွေရှေ့မှာ သူ့လိုမျိုး ကျင့်ကြံသူလေးက ဘာလုပ်နိုင်မှာလဲ .. ဒီလိုမျိုး ကောင်းကင်နတ်ဘုရားတွေအများကြီးကို စိန်ခေါ်လိုက်တာက သူ့သေတွင်း သူတူးလိုက်တာပဲ”

အချို့လူများသည် သူတို့အချင်းချင်းပင် ပြောဆိုဆွေးနွေးနေကြလေသည်။ ယခင်က ဒေါသထွက်နေသည့်သူများမှာလည်း ယခုတော့ ထိုမြင်ကွင်းကိုမြင်ကာ ရယ်မောနေကြလေပြီ။

“သူသာ အသက်ရှင်နိုင်ရင် ကိုယ့်ပါးစပ်ကိုကိုယ် အပြစ်ပေးတဲ့အနေနဲ့ ငါ ကိုယ့်ပါးကိုကိုယ်ပြန်ရိုက်လိုက်မယ်” တစ်စုံတစ်ယောက်မှ အေးစက်စွာပြောပြီး ကျယ်လောင်စွာ ရယ်မောနေလေသည်။

“သူသေချာပေါက် သေပြီပဲ” အခြားသူများလည်း ခေါင်းရမ်းကာ ပြောလိုက်သည်။

မြေအောက်ကလန်၊ ကောင်းကင်နိုင်ငံ၊ ထာဝရနန်းတော်၊ မီးတိမ်လှိုဏ်ဂူနှင့် အာကာသကလန်မှ လူများ၏မျက်နှာထက်တွင် အပြုံးများ ပေါ်လာလေသည်။

သို့သော်လည်း ထိုအချိန်တွင် ထိတ်လန့်စရာကောင်းလောက်သည့် အလင်းတန်းကြီးထွက်ပေါ်လာကာ အားလုံး၏မျက်လုံးကိုပင် ကျိန်းစပ်သွားစေခဲ့သည်။

“ဘုရားရေ .. သူဘာလုပ်နေတာလဲ…”

“သူက အခြေအနေတွေကို ပြောင်းပြန်လှန်မလို့လား .. သူက သေမင်းတံခါးဝကနေ ပြန်လာနိုင်တာလား…”

“သူက … ကောင်းကင်ဘုံကို ဆန့်ကျင်နေတာလား”

ကောင်းကင်နတ်ဘုရားများပင်လျှင် ထိတ်လန့်တကြား အော်ဟစ်နေလေ၏။

စီရင်စုသုံးထောင်မှ ကျင့်ကြံသူများအားလုံးမှာ ထာဝရတာအိုပန်းပွင့်ဖတ်မှ မြင်ရသည့်မြင်ကွင်းကို ဆွံ့အစွာ ကြည့်နေကြလေ၏။

တစ်ချိန်တည်းမှာပင် သူတို့မျက်နှာသည် ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ပင် ပူပြင်းလာလေ၏။

..

ထာတရရှေးဟောင်းနယ်မြေအတွင်းရှိ ကမ္ဘာငယ်လေးထဲတွင်…

ရှီဟောင်သည် အလယ်တွင်ရပ်နေခြင်းဖြစ်ပြီး သူ၏နတ်ခွန်အား အားလုံးကို ထုတ်သုံးလိုက်သည်။ သူသည် လျှပ်စီးဧကရာဇ်၏ လျှို့ဝှက်ပညာကို အသုံးပြုကာ လျှပ်စီးအလင်းတန်းများစွာကို ထုတ်လွှတ်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်နှင့်ချိတ်ဆက်နေသည့် လျှပ်စီးတန်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ဤသည်မှာ သာမန်လျှပ်စီးမဟုတ်ပဲ ကောင်းကင်ထက်မှ ကျလာသည့် ကောင်းကင်အတိဒုက္ခပင်။

ဤသည်မှာ အစသာဖြစ်သော်လည်း စွမ်းအားအကြီးဆုံး လျှပ်စီးကျရောက်လာကာ အားလုံးကို ပေါက်ကွဲသွားအောင် လုပ်လိုက်လေပြီ။ ဆူညံသံများမှာ ကြယ်များပေါက်ကွဲသွားသကဲ့သို့ ထွက်ပေါ်လာပြီး အားလုံး နားတွင်းမှ သွေးများ စီးကျလာလေသည်။

ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ရှီဟောင် ဤကဲ့သို့ ပြတ်ပြတ်သားသားလုပ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

အား..

ကောင်းကင်နတ်ဘုရားများ သနားစဖွယ်အော်ဟစ်လိုက်ပြီး သူတို့၏မျက်နှာထက်တွင်လည်း ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုကြောက်စရာကောင်းသည့် လျှပ်စီးအတိဒုက္ခတွင် အလွန်ပြင်းထန်သည့် ကျိန်စာစွမ်းအား ပါဝင်နေသောကြောင့်ပင်။

ရှီဟောင် အတိဒုက္ခကို ဖြတ်ကျော်နေသော်လည်း သူနှင့်အတူ ထိုကောင်းကင်နတ်ဘုရားများလည်း ဒုက္ခခံနေရသည်။

ဤကျိန်စာစွမ်းအားမှာ မယုံကြည်နိုင်လောက်အောင် များပြားလှပြီး အရည်များကဲ့သို့ပင် သူတို့အရိုးထဲသို့ စိမ့်ဝင်လာလေသည်။

သူတို့ ကျိန်စာကို တစ်ခါမှ မကြုံဖူးလျှင် ကိစ္စမရှိပေမယ့် ယခုတော့ သူတို့သည် ကျိန်စာစွမ်းအားကို နှစ်ပေါင်းများစွာဖိနှိပ်ခဲ့ကြခြင်းပင်။ ယခုတော့ ထိုကျိန်စာစွမ်းအင်များ ပေါက်ကွဲထွက်လာလေပြီ။။

“မဟုတ်ဘူး .. မဟုတ်ဘူး..” မာယွမ်အော်ဟစ်လိုက်သည်။ သူ၏ခြေထောက်မှစ၍ သူ၏ခန္ဓာကိုယ်တစ်ဖြည်းဖြည်းချင်း ပျက်စီးလာနေလေပြီ။

“အား .. အား .. ဝေးဝေးသွား…” ရှေးဟောင်းဆင်ကြီး အော်ဟစ်လိုက်သည်။ သူ၏အရေပြားသည် ထူထဲကာ အလွန်မာကျောသော်လည်း ယခုအချိန်တွင် သူ၏အရေပြားများလည်း လျင်မြန်စွာပင် ပျက်စီးနေလေပြီ။

သူသည်ခုခံနိုင်စွမ်းမြင့်မားသည့်သူဖြစ်သော်လည်း ရှီဟောင်နောက်သို့ အနီးကပ်လိုက်လာသောကြောင့် သူသည်ချက်ချင်းပင် ကျိန်စာစွမ်းအားအောက်တွင် ‘မြေမြှုပ်ပြီးသား’ ဖြစ်သွားသည်။

ရွှေရောင်ဆင်ကြီး သနားစဖွယ်အော်ဟစ်လိုက်သည်။ သူ၏အသားများကွာကျလာပြီး ချက်ချင်းပင် အရိုးဖြူများ ပေါ်လာလေသည်။

ထို့အပြင် သူ၏ကောင်းကင်နတ်ဘုရားအရိုးများပင်လျှင် ဆွေးနေသည့်သစ်သားကဲ့သို့ အက်ကွဲကြောင်းများ ထင်လာလေသည်။

ဝုန်း..

လျှပ်စီးတန်းတစ်ခု ကျရောက်လာကာ သူ၏ဆင်စွယ်ပေါ်သို့ တည့်တည့်ကျရောက်သွားကာ ဆင်စွယ်နှစ်ပိုင်းကျိုးသွားလေသည်။ အနက်ရောင်သွေးများနှင့်အတူ ထိုဆင်စွယ်နှစ်ပိုင်း ကောင်းကင်ထက်မှ ပြုတ်ကျသွားလေသည်။

“နှမြောစရာကောင်းလိုက်တာ .. ငါ့ရဲ့ ကောင်းကင်နတ်ဘုရားဆင်သား…” ရှီဟောင်သည် နာကျင်မှုကို သည်းခံနေရသော်လည်း သူ့အစားအသောက်အကြောင်း ပြောဖို့လည်း မမေ့ပေ။ ထိုစကားကို ကြားလိုက်ရသည်နှင့် ရွှေရောင်ဆင်ကြီးသည် အထိန်းအချုပ်ကင်းမဲ့သွားရလောက်အောင် ဒေါသထွက်သွားလေ၏။

“အား..” တိခွန်ဒေါတကြီး အော်ဟစ်လိုက်၏။ သူ၏အသားအရေမှာ အရောင်အဆင်းကင်းမဲ့နေပြီး အသားများလည်း ဆက်တိုက်ပင် အက်ကွဲလာသည်။

ဤသည်မှာ အခြားကောင်းကင်နတ်ဘုရားများအတွက်လည်း အတူတူပင်။ သူတို့အားလုံး ကပ်ဆိုးကြီးကို ခံစားနေရလေ၏။

“ငါ ဒါကို လက်မခံနိုင်ဘူး..” ကောင်းကင်နတ်ဘုရားအားလုံး ဟစ်ကြွေးလိုက်ကြသည်။

“ဘုရားရေ .. ဒါတွေက ဟွမ်လုပ်လိုက်တာလား” ခပ်ဝေးဝေးတွင်ရှိနေသည့်သူအားလုံး တုန်လှုပ်သွားကာ သူတို့မြင်နေရသည်ကိုပင် မယုံကြည်နိုင်ဖြစ်နေကြသည်။

“သူက အတိဒုက္ခကို ဖြတ်သန်းနေပြီ .. သူက ဒီထောင်ချောက်ကိုသုံးပြီးတော့ အဲဒီကြီးမြတ်တဲ့ ကောင်းကင်နတ်ဘုရားတွေကို သတ်လိုက်တာ .. ဒါက ရူးသွပ်လွန်းတယ် … သူဒီလိုမျိုးလုပ်လိုက်တော့ သူအသက်ရှင်နိုင်ပါဦးမလား”

အပိုင်း ၁၁၄၅ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၆ – ကောင်းကင်အတိ ဒုက္ခ

ကောင်းကင်အတိဒုက္ခဆိုသည်မှာ ဤလောက၏ နောက်ဆုံးခေတ်တွင်သာ ပေါ်လာခဲ့သည့်အရာပင်။

ဟွမ် ဤမျှပြတ်သားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ သူ၏အသက်ကိုပင်မငဲ့ပဲ ကောင်းကင်အတိဒုက္ခကို အသုံးပြုလိုက်သည်။

ဝုန်း …။

ဤနေရာတွင် မိုးခြိမ်သံများ ထွက်ပေါ်လာပြီး လျှပ်စီးများလည်း ပို၍ပင် ကြောက်ဖို့ကောင်းလာလေ၏။ တောက်ပသည့်လျှပ်စီးများသည် တောင်များနှင့် မြစ်များကိုပင် ပေါက်ကွဲထွက်သွားစေလေသည်။

ကြည့်နေကြသည့်သူများမှာ ယခင်က ဤမျှကြောက်စရာကောင်းသည့် လျှပ်စီးအတိဒုက္ခကို တစ်ခါမှ မကြုံဖူးသေးပေ။ ဒီထဲကနေ အသက်ရှင်လျက်ထွက်နိုင်တဲ့နည်းလမ်းရော ရှိသေးရဲ့လား.. ဤသည်မှာ အရာအားလုံးကို ဖျက်ဆီးပစ်မည့် ကပ်ဆိုးကြီးပင်။

နတ်မီးတောက်နယ်ပယ်၏ အမြင့်ဆုံးအဆင့်မှလူက ဘယ်လိုလုပ်ဒါကို ခုခံနိုင်မည်နည်း။

အား ..။
မာယွမ် သနားစဖွယ်အော်ဟစ်လိုက်ပြီး သူ၏မျက်နှာလည်း ပျက်ယွင်းနေလေပြီ။ ကြောက်စရာကောင်းသည့်လျှပ်စီးကျရောက်လာပြီး ကျိန်စာစွမ်းအားမှာလည်း မယုံကြည်နိုင်လောက်အောင်ပင်။

ဤထူးဆန်းသည့်စွမ်းအားသည် အရည်ကဲ့သို့ပင် သူ့အားဝန်းရံထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးခိုးရောင်ကဲ့သို့ဖြူဖျော့နေစေလေပြီ။ သူ့ထံမှ ပုပ်နံ့လည်း ထွက်လာနေလေပြီ။

သူ၏အသားများပုပ်သိုးနေပြီဖြစ်ပြီး သူ၏ဒူးအောက်ပိုင်းပင် အဖြူရောင်အရိုးအဖြစ် ပြောင်းနေပြီး သွေးမည်းများလည်း စီးကျလာနေ၏။

ခွပ်..

ကြီးမားလှသည့် လျှပ်စီးတစ်ကြောင်း ကျရောက်လာပြီး သူ၏ဒူးကြီးပေါက်ကွဲသွားလေ၏။

ကျိန်စာသည် သူ၏အသွေးအသား၊ အရိုးနှင့် သွေးများကို လှိုက်စားနေလေပြီ။

“မကောင်းဆိုးဝါးလေး” မာယွမ် အော်ဟစ်လိုက်ပြီး ရှီဟောင်ကို သတ်ရန်အတွက် ပစ်ဝင်လာလေ၏။ အဘယ်ကြောင့်ဆိုသော် သူအန္တရာယ်ရှိနေကြောင်း သိသောကြောင့် သူမသေခင်ရှီဟောင်အား ရှင်းပစ်လိုက်ချင်ခြင်းပင်။

ဝုန်း…

သို့သော်လည်း ရှီဟောင်သည် လျှပ်စီးအတိဒုက္ခ၏အလယ်တွင်ရှိနေသောကြောင့် ကျိန်စာစွမ်းအားများမှာ သူ့နားတွင် မီးတောင်ပေါက်ကွဲသကဲ့သို့ပင် ဖြစ်နေလေ၏။

သူရှီဟောင်နားသို့ ကပ်သွားသည်နှင့် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာကာ သူ့ဦးခေါင်းကို ပစ်ချလိုက်လေ၏။ ချက်ချင်းပင် သွေးများလွင့်စင်ထွက်လာပြီး သူ၏ဦးရေပြားပင် ကွာကျသွားကာ ဆံပင်များ လောင်ကျွမ်းသွားလေ၏။

ဤကျိန်စာမှာ လျှပ်စီးအလင်းတန်းနှင့်အတူတူ ရောနေသောကြောင့် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် နှင်းထဲကျသွားသည့် သံပူကဲ့သို့ပင်။ တချီချီအသံများထွက်သွားပြီး သူ၏အသားများ ပဲ့ကျလာပြီး သူ၏ဦးခေါင်းခွံလည်း မည်းတူးသွားလေသည်။

မာယွမ်သနားစဖွယ်အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းပင် အပြင်ဘက်သို့ လွင့်ထွက်သွားလေသည်။

ကျိန်စာမှာ ပြင်းထန်လွန်းလှသောကြောင့် သူ့အသက်ကိုပင် ခြိမ်းခြောက်နိုင်လေပြီ။

“လူအိုကြီး .. ကျွန်တော်တို့အခုမ စတိုက်တာကို ခင်ဗျားက မတောင့်ခံထားနိုင်တော့ဘူးလား” ရှီဟောင် လှောင်ရယ်လိုက်၏။ အမှန်တကယ်တွင် သူ၏အခြေအနေမှာလည်း ဆိုးရွားနေလေပြီ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းနေပြီဖြစ်ပြီး ပထမရိုက်ချက်အနည်းငယ်မှာပင် သူ၏ဆံပင်များ ဖရိုဖရဲဖြစ်သွားပြီး တစ်ကိုယ်လုံး မည်းတူးနေကာ ဒဏ်ရာများ ပြင်းထန်နေလေပြီ။

ယခုတစ်ခေါက် ကောင်းကင်အတိဒုက္ခမှာ မယုံကြည်နိုင်လောက်အောင်ပင် စွမ်းအားကြီးလွန်းလှသည်။ ယခင်ခေတ် ကောင်းကင်အတိဒုက္ခရှိနေသည့်အချိန်တုန်းကပင်လျှင် ဤအဆင့်နှင့် အတိဒုက္ခကို ခံယူသည်မှာ ရှားပါးသည်။

ဤသည်မှာ အားလုံး ပျက်စီးခြင်းပင်။

ဤကဲ့သို့သော လျှပ်စီးအတိဒုက္ခပေါ်လာခြင်းမှာ ပျက်စီးခြင်းကို ကိုယ်စားပြုခြင်းပင်ဖြစ်ပြီး ထူးခြားပါရမီရှင်များကို သတ်ဖြတ်ခြင်းပင်။

ယခုတစ်ခေါက် ကောင်းကင်အတိဒုက္ခမှာ သိပ်တော့မဟုတ်သေးပေ။ သူ၏အရောင်မှာ အနည်းငယ် ကြောက်စရာကောင်းနေသည်။ အစက ရွှေရောင်၊ ငွေရောင်၊ ခရမ်းရောင်ဖြစ်သော်လည်း နောက်ဆုံးတွင် သွေးရောင်လျှပ်စီးဖြစ်သွားလေသည်။

ဝုန်း..

မိုးကြိုးတစ်ခုပစ်ချလာပြီး မိုးကြိုးခွဲငါးခုအဖြစ် ပြောင်းလဲသွားကာ မာယွမ်ဦးခေါင်းပေါ်သို့ ကျရောက်သွားလေသည်။ ဤသည်မှာ ‘ကောင်းကင်ထက်မှငါးရောင်စပ်မိုးကြိုး’ ပင်။

“အား..” မာယွမ်သနားစဖွယ်အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ကျိန်စာစွမ်းအားမှာ အားပြင်းလွန်းလှသောကြောင့် သူ၏ဦးခေါင်းခွံပင် ပျက်စီးသွားရသည်။

သွေးရောင်လျှပ်စီးတန်းတစ်ခု ကျရောက်လာကာ သူ၏ခေါင်းမှ အနက်ရောင်မီးခိုးများ ထွက်လာပြီး သွေးများလွင့်စင်ထွက်လာလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် စောင့်ကြည့်သူများအားလုံးမှာ ကြက်သီးများ ထသွားရသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားဖြစ်သော်လည်း ဤကဲ့သို့သော နှိပ်စက်မှုကို ခံစားနေရသည်။

“သွားမယ်” မာယွမ် ပျံပြေးရန် ကြိုးစားလိုက်သည်။ ယခုမှ အစပိုင်းသာဖြစ်သော်လည်း ကျိန်စာစွမ်းအားကြောင့် သူအတော်လေး အခြေအနေဆိုးနေလေပြီ။

သို့သော်လည်း သူ့ကို ခေါင်းကျိန်းသွားစေမည့်အဖြစ်အပျက်ကြီး ဖြစ်လာလေ၏။ ခပ်ဝေးဝေးတွင်ရှိနေသည့် ရှေးဟောင်းခြင်နှစ်ကောင်သည် ကောင်းကင်အတိဒုက္ခနားသို့ မလာသော်လည်း ဒေါသတကြီးဖြင့် ဤနေရာကို ကန့်သတ်ထားလိုက်ပြီဖြစ်သည်။

အခြား ကောင်းကင်နတ်ဘုရားများသည် မာယွမ်ထက်ပင် ပို၍စောစီးစွာ ထွက်ပြေးခဲ့သေးသည်။ သို့သော်လည်း သူတို့ချောင်းတိုက်ခံလိုက်ရသည်။ ဦးချိုနဂါးသည် လေဟာနယ်ကို ထိုးဖောက်လိုက်သည်နှင့် သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်တစ်ဝက်ကို ချိုးဖောက်သွားလေသည်။

ဤသည်မှာ ရှေးဟောင်းခြင်တိုက်ခိုက်လိုက်ခြင်းပင်။ ကြောက်စရာကောင်းလှသည့် သူ၏နှုတ်သီးသည် နဂါးအမြှီးကို ဖောက်ဝင်သွားပြီး ခဏလေးနှင့် သူ၏သွေးစွမ်းအင်တစ်ဝက်လောက်ကုန်သွားလေ၏။

မည်မျှပင် စွမ်းအားကြီးသည့် ကောင်းကင်နတ်ဘုရားဖြစ်နေပါစေ ယခင်အတိုင်းပြန်ဖြစ်လာရန်အတွက် အချိန်ယူရမည်သာ။ ထို့အပြင် ယခု ဤကျိန်စာနယ်မြေတွင် အနည်းငယ်မျှ အားနည်းသွားသည်နှင့် ကြောက်စရာကောင်းသည့်အရာများဖြစ်လာလိမ့်မည်။

“မဟုတ်ဘူး .. အား…” ဦးချိုနဂါးဟစ်ကြွေးလိုက်သည်။

သူနောက်ဆုတ်လိုက်သည်နှင့် လျှပ်စီးထဲသို့ ပြန်ရောက်သွားလေသည်။ ကျိန်စာစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ကို လှိုက်စားသွားကာ သစ်ပင်အိုကြီးမှ သစ်ခေါက်ကြီးကွာကျသွားသကဲ့သို့ သူ့အသားများ ပဲ့ကျသွားလေ၏။

ယခုတော့ အရိုးဖြူဖြူ ပေါ်နေလေပြီ။ ဦးချိုနဂါး သနားစဖွယ်ပင် အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းပျက်စီးသွားပြီဖြစ်ပြီး ကျန်သည့်တစ်ခြမ်းမှာလည်း အရိုးဖြူပေါ်နေလေပြီ။

“မဟုတ်ဘူး .. အား .. ငါ့နှလုံးသား သွေးစိမ်းရှင်ရှင်ကျနေပြီ .. အဲဒါက နဂါးအသားလေ .. ကောင်းကင်နတ်ဘုရားအဆင့်အသား .. အခုတော့ သွားပြီ” ရှီဟောင်သည် သွေးများစိုရွှဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများ ပြည့်နှက်နေသော်လည်း အော်ဟစ်နေနိုင်သေးသည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ဦးချိုနဂါးသည် ဒေါသထွက်သွားရသော်လည်း သူဘာမှမလုပ်နိုင်ပေ။ ကောင်းကင်အတိဒုက္ခမှ လျှပ်စီးများကျနေဆဲပင်။

“ဒါက ခွေးကောင်မာယွမ်လိုမျိုး အသုံးမဝင်တဲ့အသားမဟုတ်ဘူး .. ဦးချိုနဂါးအသား…” ရှီဟောင် ညည်းတွားလိုက်သည်။

မာယွမ်သည် ဒေါသထွက်လွန်းသောကြောင့် သူ၏နှာခေါင်းများပင် ကွေးကောက်သွားတော့မည်။ သူ၏ဒွါရကိုးခုမှ သွေးများစီးကျလာလေ၏။

ယခုတော့ သူတို့ အသက်ရှင်ဖို့ထက် သေချင်နေလေပြီ။

“လူငယ်လေး .. မင်းကို လွယ်လွယ်နဲ့သေခွင့်မပေးနိုင်ဘူး” ဦးချိုနဂါး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤလူငယ်မျိုးဆက်လေးသည် ကောင်းကင်အတိဒုက္ခကို ဆင့်ခေါ်ရုံသာမက သူတို့ကိုလည်း ဆွဲသွင်းခဲ့သေးသည်။

“တာအိုသူငယ်ချင်း .. အရင်ဆုံး ဒီနေရာကနေ ထွက်သွားကြရအောင် .. ဒီဟာကြောင့် ငါတို့သေသွားရင် အရမ်းနှမြောဖို့ ကောင်းလိမ့်မယ်” မာယွမ်အကြံပေးလိုက်ကာ သူတို့အတူတူ ထွက်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော်လည်း သိပ်မဝေးသည့်နေရာတွင် ဖြစ်ပျက်သွားသည့်အဖြစ်အပျက်က သူတို့ဆံပင်မွေးများပင် ထောင်ထသွားစေခဲ့သည်။

နဂါးစာကလေးသည် သူ၏ကောင်းကင်နတ်ဘုရားအတောင်ပံများကို အသုံးပြုပြီး ကောင်းကင်ကို ထိုးဖောက်လိုက်၏။ သူထွက်သွားတော့မည့်အချိန်တွင် လက်ဝါးအရွယ်အစား ခြင်တစ်ကောင် ရုတ်တရက်ရောက်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေည်။

အား..

နဂါးစာကလေးသည် သနားစဖွယ်အော်ဟစ်လိုက်ပြီး တစ်ခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ညှိုးလျော်သွားလေပြီ။

သို့သော်လည်း သူသည် ထိုခြင်ကို မောင်းထုတ်လိုက်နိုင်သော်လည်း ကျိန်စာ၏တိုက်စားမှုကို မခံနိုင်တော့ပေ။ သူ့ကို ကောင်းကင်လျှပ်စီးတစ်ခုမှ ရိုက်ခတ်သွားပြီးနောက် သူ့တစ်ကိုယ်လုံး ပြာအရောင်ဖြစ်သွားလေ၏။

သူ၏မျက်ခုံးကြားမှ စတင်အက်ကွဲလာပြီး သူ၏အသွေးအသားများလည်း သွေးများအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သူ၏အရိုးစုသာ ကျန်ခဲ့ပြီး ထိုကောင်းကင်နတ်ဘုရားအရိုးများပင်လျှင် ပုပ်သိုးသွားလေသည်။

သူ၏ဦးခေါင်းခွံထဲမှ မီးခိုးရောင်နတ်ငှက်တစ်ကောင် ထွက်လာလေ၏။ ဤသည်မှာ သူ၏မူလဝိဉာဉ်ပင်။ လက်ရှိတွင် သူ၏မူလဝိဉာဉ်မှာ မည်သည့်တောက်ပမှုမှမရှိတော့ပေ.

ဖူး..

နောက်ဆုံးတွင်တော့ သူ၏မူလဝိဉာဉ်လည်း ပျက်စီးသွားလေပြီ။

ကောင်းကင်နတ်ဘုရားတစ်ယောက် ကျရှုံးသွားလေပြီ…

သူတို့ထဲတွင် နဂါးစာကလေးသည် ကျင့်ကြံဆင့် အနိမ့်ဆုံးပင်ဖြစ်ပြီး သူ၏ကောင်းကင်တာအိုများလည်း မတည်ငြိမ်သေးပေ။ ထို့ကြောင်ပင် သူအရင်ဆုံးသေသွားရခြင်းပင်။

“ဘုရားရေ .. ကောင်းကင်နတ်ဘုရားတစ်ယောက် သေသွားပြီ .. ကျိန်စာစွမ်းအားကြောင့် ပြာဖြစ်သွားပြီ .. ဒါတွေအားလုံးက လူငယ်လေးတစ်ယောက်ကြောင့်ပဲ…”

“ဒါပေမဲ့ ဟွမ်က အသက်ရှင်နေတုန်းပဲလေ .. သူတောင် အတိဒုက္ခကို စိန်ခေါ်နေတုန်းပဲ…”

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် မကြောက်သည့်သူ မရှိပေ။

“အား အား အား.. နာလိုက်တာ” ရှီဟောင် သည်းမခံနိုင်စွာ အော်ဟစ်လိုက်သည်။ “ငါ့ရဲ့နဂါးစာကလေးအသား ငါ့ကိုပြန်ပေး … ဘာလို့အရင်းအမြစ်တွေကို ဖြုန်းတီးပစ်တာလဲ .. ဘာလို့ငါ့ရဲ့အသားကို ဒီလိုမျိုးဖျက်ဆီးပစ်တာလဲ .. ငါ ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့ နတ်ငှက်အသားကို စားချင်တယ်..”

သူ၏ဒဏ်ရာများမှာ ပြင်းထန်လှပြီး နေရာအတော်တော်များများတွင် အရိုးဖြူပင် ပေါ်နေလေပြီ။ သူ၏ခန္ဓာကိုယ် အခြေအနေဆိုးနေသော်လည်း သူ၏ပါးစပ်တော့ ပိတ်မသွားပေ။

“မကောင်းဆိုးဝါးလေး .. မင်းလည်း မိုးကြိုးပစ်ခံရမှာပဲ .. မင်းက အုတ်ဂူမရှိပဲနဲ့ကို သေရလိမ့်မယ်” ကောင်းကင်နတ်ဘုရားတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဖွီး… ဒီလူအိုကြီးက မသေဘူး .. ခင်ဗျားလိပ်အိုကြီးပဲ သေမှာ” ရှီဟောင် နာကျင်မှုများကို အံကြိတ်ခံကာ ပြောလိုက်သည်။

ယခုအချိန်တွင် နှစ်ဘက်လုံး အခြေအနေဆိုးရွားနေပြီဖြစ်ပြီး ရှီဟောင်ပင်လျှင် တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်။ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ချင်နေသည့် ကျိန်စာစွမ်းအားများ ရှိနေလေသည်။

ကံကောင်းစွာဖြင့်ပင် သူသည်မြိုခံမဟုတ်သောကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် ကျိန်စာစွမ်းအားများရှိမနေပေ။ ပထမဆုံးအကြိမ် ကျိန်စာသင့်ခြင်းဖြစ်သောကြောင့် သူချက်ချင်းမသေနိုင်။

လျှပ်စီးအလင်းတန်း ထွက်ပေါ်လာကာ သွေးရောင်လျှပ်စီးတန်းသည် ပင့်ကူအိမ်တစ်ခုကဲ့သို့ ဖြစ်လာကာ ရှီဟောင် မြေပြင်ပေါ်သို့ ကျသွားသည်အထိ ရှီဟောင် လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ပြည့်နေလေပြီ။

ယခုအချိန်တွင် ထိုကောင်းကင်နတ်ဘုရားများလည်း အခြေအနေကောင်းမနေပေ။

“မကောင်းတော့ဘူး .. လူငယ်မျိုးဆက်တစ်ယောက် လက်ထဲမှာ သေရမှာ အရမ်းရှက်ဖို့ကောင်းတယ် .. ဘာပဲဖြစ်ဖြစ်ငါတို့ လွတ်နိုင်အောင် လုပ်ရမယ်” ဦးချိုနဂါး အော်ဟစ်လိုက်သည်။

ဖီရှုးနှင့်အတူ ရွှေရောင်လူဝံလည်း သူ့ဘေးနားသို့ ပေါ်လာလေ၏။ သူတို့နှစ်ဦးလုံးသည် ကောင်းကင်နတ်ဘုရားများကြားထဲတွင် နာမည်ကြီးသည့်သူများပင်။ သူတို့နှစ်ဦးလုံး အပြင်ထွက်သို့ ပြေးထွက်လိုက်ကြသည်။

“မကောင်းတော့ဘူး .. ရှေးဟောင်းခြင်တွေက အသိဉာဏ်ပြန်ရလာတာလို့ ငါကို့လာမပြောနဲ့နော .. သူတို့တွေက ဘာလို့အခုထိ တိုက်နေကြသေးတာလဲ” ရှေးဟောင်းလူဝံကြီး အော်ဟစ်လိုက်သည်။

အခြေအနေမှာ အတော်လေး ဆိုးရွားနေလေပြီ။ သူ၏ခန္ဓာကိုယ်သည် ရွှေရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသော်လည်း ထိုခြင်များ၏ နှုတ်သီးကို မဟန့်တားနိုင်ပေ။ ဝဲကတော့ကဲ့သို့ပင် သူ၏သွေးများ လွင့်စင်ထွက်သွားလေသည်။

“မျောက်စုတ် .. ခင်ဗျားပြေးရဲတယ်ပေါ့ .. ခင်ဗျားရဲ့မျောက်ဦးနှောက်ကို ထားခဲ့လိုက် .. ငါ့အစားအစာတွေကို ယူသွားခွင့်မပြုဘူး” ရှီဟောင် ပြောလိုက်သည်။

“သောက်ခွေးကောင်…” ရှေးဟောင်းလူဝံကြီး ဒေါသထွက်သွားလေ၏။ သူသည်အစကတည်းက ဒေါသကြီးသည့်သူပင်။ ယခုကဲ့သို့ ကြုံလိုက်ရသည့်အချိန်တွင် သူ၏စိတ်အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားလေသည်။

“မကောင်းတော့ဘူး .. တာအိုညီအစ်ကို .. ကျွန်တော့်ကို ကယ်ပါ” မာယွမ်၏ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာလေ၏။

ထို ကောင်းကင်နတ်ဘုရားသုံးယောက် လေဟာနယ်ကို ဖွင့်လိုက်သည့်အချိန်တွင် မာယွမ်လွတ်သွားခြင်းပင်။ သို့သော်လည်း အခြား ရှေးဟောင်းခြင်တစ်ကောင်မှ သူ့ခန္ဓာကိုယ်အား ထိုးဖောက်လာသောကြောင့် သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ လုံးဝပျောက်ဆုံးသွားလေပြီ။

“မာကြီး ကျုပ်ခင်ဗျားနဲ့ သူသေကိုယ်သေတိုက်မှာ” ရှီဟောင် ပြောလိုက်သည်။

“ချီးကိုပဲ သူသေကိုယ်သေတိုက်လိုက်..” မာယွမ်ကျိန်ဆဲလိုက်သည်။ သူရှီဟောင်ကို အရှင်လတ်လတ်အရေခွံနွာချင်မိသည်။

ရှီဟောင် ပြေးလာသည့်အချိန်တွင် ကောင်းကင်အတိဒုက္ခ၏ ဗဟိုချက်လည်းသူနှင့်အတူ လိုက်ရွေ့လာလေ၏။ ဤသည်မှာ မာယွမ်၏ ပျက်စီးခြင်းကို သေချာပေါက် ပို၍လျင်မြန်သွားစေမည်သာ။

“မဟုတ်ဘူး..” မာယွမ်သနားစဖွယ်အော်ဟစ်လိုက်လေ၏။

ခပ်ဝေးဝေးတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများ မလှုပ်ရှားကြပေ။ သူတို့ကိုယ်သူတို့ကာကွယ်ရန် အသင့်ပြင်ထားကြသည်။ မည်သူက မာယွမ်ကို ကူပေးဖို့အချိန်ရမည်နည်း..

ဖူး..

သူသည် အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏မူလဝိဉာဉ်လည်း ပျက်စီးသွားတော့မည်။

“မာကြီး .. ကျုပ်ခင်ဗျားကို ကူညီပေးမယ်” ရှီဟောင် ကောင်းကင်ထက်မှ ရောက်လာပြီး သူနှင့်အတူ မိုးကြိုးများနှင့် ကျိန်စာစွမ်းအင်များ ပါလာလေ၏။

ဖူး..

မာယွမ်၏ဦးခေါင်းခွံအက်ကွဲသွားကာ သူ၏မူလဝိဉာဉ်လည်း လွင့်ပြယ်သွားလေ၏။ သူ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်နှစ်ခုလုံး ဖျက်ဆီးခံလိုက်ရလေပြီ။

အပိုင်း ၁၁၄၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၇ – ကောင်းကင်နတ်ဘုရားကို အမဲလိုက်ခြင်း

ကောင်းကင်နတ်ဘုရားနှစ်ယောက် သေသွားလေပြီ။ ဤသည်မှာ ထာဝရရှေးဟောင်းမြေတစ်ခုလုံးကို ကိုင်လှုပ်သွားပေလိမ့်မည်။

နဂါးစာကလေးနှင့် မာယွမ်တို့သည် ကလန်တစ်ခု၏ ကောင်းကင်နတ်ဘုရားများဖြစ်ကြပြီး ဂုဏ်သတင်းကြီးမားသည့်သူများပင်။ သို့သော်လည်း ယခုတော့ လူငယ်တစ်ယောက်ကြောင့် သူတို့သေသွားလေပြီ။

အနီရောင်လျှပ်စီးများသည် သွေးစီးကြောင်းကဲ့သို့ပင် ကျရောက်လာလေ၏။ လျှပ်စီးကြောင်းများမှာ ပို၍ ပို၍ပင် ကြောက်ဖို့ကောင်းလာလေသည်။

ဖူး..

ရှီဟောင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကာ သွေးအန်သွားရသည်။ သူ၏ခန္ဓာကိုယ်မှ တူးနံ့ပင် ထွက်နေလေပြီ။

“ပြေး .. ဒီနေရာကနေ မြန်မြန်ထွက်သွားလိုက်တော့”

ထို ကောင်းကင်နတ်ဘုရားများ သူတို့ကိုယ်သူတို့ ပြောလိုက်ကြ၏။ သူတို့သည် ရှီဟောင်ထက်ပင် အခြေအနေဆိုးနေလေပြီ။ သူတို့အရိုးများကို မြင်နေရပြီး အသားများလည်း အားလုံးကွာကျတော့မည်။ ကျိန်စာစွမ်းအားများမှာ သူတို့အရိုးထဲထိပင် စိမ့်ဝင်နေလေပြီ။

သို့သော်လည်း ထိုရှေးဟောင်းခြင်နှစ်ကောင်သည် ဤနေရာမှ ထွက်မသွားသေးသောကြောင့် သူတို့ကူကယ်ရာ မဲ့နေလေ၏။

“ဖောက်ထွက်မယ် .. သူတို့က ငါတို့အားလုံးကို တားဆီးနိုင်လိမ့်မယ်လို့ ငါမထင်ဘူး” တိခွန်ပြောလိုက်သည်။ ယခု သူတို့တတ်နိုင်သည်မှာ စွန့်စားရန်သာ။ မဟုတ်ပါက အသက်ရှင်ဖို့ လမ်းမမြင်ပေ။

ထို့အပြင် သူတို့လွတ်သွားနိုင်လျှင်ပင် သူတို့ အသက်ရှင်နိုင်ပါ့မလား .. ကျိန်စာစွမ်းအားမှာ သူတို့ခန္ဓာကိုယ်ထဲသို့ ပျံ့ဝင်နေပြီဖြစ်သောကြောင့် သူတို့တရားထိုင်ရင်း သေသွားမည်သာ။

ဝူး.. ရှေးဟောင်းလူဝံကြီးမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း အတူတူ လုပ်ကြတာပေါ့” ဦးချိုနဂါး သဘောတူလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တစ်ခြမ်းသာ ကျန်တော့လေသည်။

“သတ်…” ရွှေရောင်ဆင်ကြီး အရင်လှုပ်ရှားလိုက်သည်။ သူ၏နှာမောင်းကျိုးသွားပြီဖြစ်သလို သူ၏အရေပြားတွင်လည်း အပေါက်များဖြစ်နေလေပြီ။

ဒုန်း…

သို့သော်လည်း ရှေးဟောင်းဆင်ကြီး လှုပ်ရှားလိုက်သည်နှင့် လျှပ်စီးများကျရောက်လာလေသည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် သူတို့တစ်ယောက်ကိုမှ အလွတ်မပေးချင်သောကြောင့် သူတို့ထံသို့ တရှိန်ထိုး ပြေးလာနေလေ၏။ သူနှင့်အတူ ကျိန်စာပါသည့် လျှပ်စီးများလည်း ရောက်လာလေသည်။

ဤသွေးရောင်လျှပ်စီးများသည် ကောင်းကင်ထက်မှ သွေးမိုးရွာနေသကဲ့သို့ပင်။ ထိုလျှပ်စီးများ ကောင်းကင်နတ်ဘုရားများပေါ်သို့ ကျရောက်သွားသည်နှင့် သူတို့၏ပျက်စီးခြင်းမှာ ပို၍ပင် လျင်မြန်လာလေသည်။ ရှေးဟောင်းဆင်ထံမှ ချက်ချင်းပင် သနားစဖွယ်အော်သံ ထွက်ပေါ်လာလေ၏။

ရှီဟောင်လည်း ညည်းတွားလိုက်ရသည်။ သူရင်ဆိုင်နေရသည့်ဖိအားများ များပြားလွန်းလှသောကြောင့် သူစကားပင် မပြောနိုင်တော့ပေ။

အထူးသဖြင့် ယခုအချိန်တွင် သူလက်လွတ်စပယ်လုပ်လိုက်ပါက သူပို၍ အန္တရာယ်များလာလိမ့်မည်။

ဖူး..

“သွား…”

ထိုအချိန်တွင် အခြားသူများလည်း အရပ်မျက်နှာပေါင်းစုံသို့ ပြေးသွားကြလေ၏။

အား အား အား…

ရှေးဟောင်းလူဝံကြီး၏ ရွှေရောင်အကြေးခွံများ ပေါက်ကွဲသွားပြီဖြစ်ပြီး လက်ဝါးအရွယ်အစားရှိသည့် ရှေးဟောင်းခြင်တစ်ကောင်သည် သူ့သွေးများကို စုတ်ယူနေလေပြီ။ သို့သော်လည်း သူဆက်ပြေးနေဆဲပင်။

သူ လီတစ်ရာကျော်သို့ ရောက်သွားသည့်အချိန်တွင် သူသည် အရိုးစုမျောက်နှင့်ပင် တူနေလေပြီ။

သို့သော်လည်း သူသည် နောက်ဆုံးတော့ လျှပ်စီးအတိဒုက္ခနှင့် ခြင်အန္တရာယ်ထဲမှ လွတ်မြောက်သွားလေ၏။

ရှေးဟောင်းလူဝံကြီး ထွက်ပြေးသွားလိုက်သည်။ သူနောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် လျှပ်စီးအလင်းတန်းများအလယ်တွင်ရှိနေသည့် ရှီဟောင်ကို မြင်လိုက်ရပြီး သူ၏မျက်လုံးများ အေးစက်လာလေသည်။

“ခင်ဗျား အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား” ရှီဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။

ထို့အပြင် သူသည် ထိုလူဝံကြီးနောက်သို့ လိုက်သွားလိုက်လေသည်။

လူဝံကြီးမှာ ဒေါသထွက်လာရသည်။ သူသည် ကြီးကျယ်ခမ်းနားသည့် ကောင်းကင်နတ်ဘုရားတစ်ယောက်ဖြစ်သော်လည်း ပြေးရုံအပြင် ဘာမှမလုပ်နိုင်တော့ပေ။

ခွပ်..

လေထဲတွင် အရိုးကျိုးသွားသည့်အသံ ထွက်ပေါ်လာလေ၏။ လူဝံကြီး ထိတ်လန့်သွားရသည်။ ကျိန်စာစွမ်းအားအောက်တွင် သူ၏ဦးခေါင်းခွံအက်ကွဲလာလေပြီ။ သူ့ထံတွင် မူလဝိဉာဉ်သာ ကျန်တော့သည်။

“မကောင်းတော့ဘူး..”

သူသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီး ခဏလေးမျှပင် မရပ်တန့်ရဲပဲ လျင်မြန်စွာ ထွက်ပြေးသွားလေ၏။

သို့သော်လည်း သူအသက်ရှင်နိုင်ပါ့မလား .. သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီး သူ၏မူလဝိဉာဉ်သာ ကျန်တော့သည်ကို သူက ဘယ်လိုလုပ် ကျိန်စာစွမ်းအားကို ခုခံနိုင်မည်နည်…

သို့သော်လည်း လူဝံကြီးသည် သူနေသည့်နေရာသို့ရောက်အောင် တရှိန်ထိုး ပြေးနေလေ၏။ သူ၏ကလန်သို့ ရောက်အောင်သွားပြီး သီးသန့်ကျင့်ကြံမည်။

“အား…” အနောက်ဘက်မှ ဦးချိုနဂါး၏အော်သံ ထွက်ပေါ်လာသည်။ သူ၏ဖောက်ထွက်မည့်အစီအစဉ်ကျရှုံးသွားလေပြီ။ သူသည် အစကတည်းက ခန္ဓာကိုယ်တစ်ခြမ်းသာ ရှိတော့သဖြင့် အားအနည်းဆုံးဖြစ်နေသည်။ ရှေးဟောင်းခြင်မှ သူ၏ဦးခေါင်းကို ထိုးဖောက်လိုက်သည့်အချိန်တွင် သူထိုနေရာ၌ပင် သေဆုံးသွားလေ၏။

“မကောင်းဆိုးဝါးလေး .. အခုတော့ မင်းပျော်လိုက်ဦးပေါ့ .. ငါပြန်လာတဲ့အချိန်ကျရင် ငါမင်းကို သေချာပေါက် သတ်ပစ်မယ်” တိခွန် ပြောလိုက်သည်။ သူ၏အသွေးအသားလည်း ပျက်စီးသွားပြီဖြစ်ပြီး မူလဝိဉာဉ်နှင့် အရိုးစုသာ ကျန်ရှိတော့သည်။

သို့သော်လည်း သူအောင်မြင်စွာ ထွက်သွားနိုင်ခဲ့လေသည်။

“အား…” ရှေးဟောင်းဆင်ကြီးသည် အော်ဟစ်လိုက်ကာ လျှပ်စီးအတိဒုက္ခမှ လွတ်မြောက်ရန်အတွက် နည်းလမ်းပေါင်းစုံကြိုးစားသော်လည်း ကံမကောင်းစွာဖြင့်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားလေသည်။

ဖူး..

သူ၏ဒဏ်ရာမှာ ပြင်းထန်လွန်းလှသောကြောင့် နောက်ဆုံးတွင် သူ၏အရိုးစုအက်ကွဲသွားကာ တစ်စစီဖြစ်သွားလေသည်။

သူ၏မူလဝိဉာဉ်သည်လည်း ရွှေရောင်မှ မီးခိုးရောင်ပြောင်းသွားလေပြီ။ ဤသည်မှာ ကျိန်စာ၏နောက်ဆုံးအဆင့်ပင်။ ထို့နောက်တွင် ထိုမူလဝိဉာဉ်လည်း လေထဲတွင် ပေါက်ကွဲသွားလေ၏။

ရှေးဟောင်းဆင်ကြီး ကျရှုံးသွားလေပြီ။

နဂါးစာကလေး၊ မာယွမ်၊ ဦးချိုနဂါးနှင့် ရှေးဟောင်းဆင်ကြီး… ကောင်းကင်နတ်ဘုရားလေးယောက် ကျရှုံးသွားလေပြီ။

“အာ…” ခပ်ဝေးဝေးတွင်ရှိနေသည့် ငွေရောင်ဖီးရှူးသည်လည်း ရှေးဟောင်းခြင်တစ်ကောင်ကြောင့် ခန္ဓာကိုယ်တစ်ခြမ်းပျက်စီးသွားပြီး သွေးများ စီးကျလာနေသည်. သို့သော်လည်း သူထွက်ပြေးသွားလိုက်နိုင်လေသည်။

ကောင်းကင်နတ်ဘုရား ၇ ယောက်ထဲတွင် တိခွန်၊ ရှေးဟောင်းလူဝံနှင့် ဖီရှူးတို့သာ ဤနေရာမှ ထွက်သွားလိုက်နိုင်သည်။

ခဏကြာပြီးသည့်နောက်တွင် ရှေးဟောင်းခြင်များလည်း ထွက်သွားလေ၏။

“သတ်…”

ရှီဟောင်မှ ထိုကောင်းကင်နတ်ဘုရားများနောက်သို့ လိုက်ဖမ်းလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

သူသည် နယ်မြေပျက်စီးခြင်းသင်္ကေတများကို အသုံးပြုကာ သူတို့နောက် ပြေးလိုက်သွားလိုက်သည်။

အတိဒုက္ခဖြတ်သန်းရင်း နယ်မြေများကို ဖြတ်သန်းသွားလာခြင်းအား ယခင်က မည်သူမှ မမြင်ဖူးပေ။

ရှီဟောင်သည်လည်း အန္တရာယ်ထဲတွင် ရှိနေသည်သာ။ သူ၏အရိုးထက်တွင် အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာသော်လည်း သူအံကြိတ်ကာ သည်းခံထားဆဲပင်။ နောင်ဖြစ်လာနိုင်မည့်ပြဿနာအားလုံးကို သူရှင်းပစ်ထားရမည်။

နောက်ဆုံးထွက်သွားသည့်သူမှာ ဖီရှူးဖြစ်သောကြောင့် ထိုအကောင်နောက်သို့ သူလိုက်သွားလိုက်သည်။

ဤသည်မှာ အကျိုးအပဲ့များ ရှိနေသည့် ရှေးဟောင်းမြေတစ်ခုပင်။ ဤသည်မှာ ဖီရှူးနေသည့်နေရာဖြစ်သော်လည်း နေထိုင်သူ သိပ်မများပေ။

ပြောရမည်ဆိုလျှင် ဤနေရာတွင် မြို့ခံများမရှိပဲ ဖီးရှူးကလန်၏ ဂျီးနီးယပ်စ်မှ ဤထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ချန်ထားခဲ့သည့် မျိုးဆက်များပင်။

ရှီဟောင် ဤနေရာသို့ လိုက်လာသည့်အချိန်တွင် ဖီရှူး၏ အရိုးများ ပျက်စီးသွားပြီဖြစ်ပြီး မူလဝိဉာဉ်လည်း အင်အားနည်းပါးနေပြီဖြစ်သောကြောင့် ပြင်းထန်သည့်တိုက်ပွဲမဖြစ်ပွားခဲပေ။

“လူငယ်လေး .. ဒါက ငါ့ကလန်ကလူနဲ့ ဘာမှမဆိုင်ဘူး” ဖီရှူး အော်ဟစ်လိုက်သည်။

လျှပ်စီးအတိဒုက္ခထဲတွင်ရှီဟောင်သည် ပေါက်ကွဲထွက်တော့မလို ဖြစ်နေလေပြီ။ သို့သော်လည်း ဤသည်မှာ တာအိုဒဏ်ရာများမဟုတ်သောကြောင့် သူ၏သွေးစွမ်းအင်များကို အသုံးပြုကာ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လိုက်သည်။

ရှီဟောင်သည် ဘာမှမပြောပဲ ဖီရှူးကိုသာ စိုက်ကြည့်လိုက်သည်။

ဖူး..

ကျိန်စာစွမ်းအင်ကို သူ၏မူလဝိဉာဉ်မှ မတောင့်ခံနိုင်တော့ပဲ ပျက်စီးသွားလေ၏။

ရှီဟောင်သည် တောအုပ်ထဲသို့ မသွားလိုက်ပဲ သူ၏ခရီးကို ဆက်လိုက်သည်။ သူ၏ဒေါသကို ဤကလန်ပေါ်သို့ ပုံချမည်မဟုတ်ပေ။

ဝုန်း..

လေဟာနယ်ကြီး ပျက်စီးသွားကာ ရှီဟောင်သည် အတိဒုက္ခကို အမှောင်ထဲတွင် ရင်ဆိုင်နေလေ၏။ သူ၏လမ်းကြောင်းတွင် လျှပ်စီးအလင်းတန်းများ ပြည့်နှက်နေလေသည်။ အတိဒုက္ခကို ဖြတ်ကျော်ရင်း တစ်နေရာပြီးတစ်နေရာ သွားနေသည့်သူကို သူတို့တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

အား..

ရှီဟောင် အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်ကွဲထွက်သွားသော်လည်း ထာဝရစွမ်းအင်နှစ်ကြောင်း သူ့ခန္ဓာကိုယ်အား ရစ်ပတ်သွားသည့်အချိန်တွင် သူ့အခြေအနေ အတော်လေး ကောင်းမွန်လာသည်။

“ကြောက်ဖို့ကောင်းလိုက်တာ .. ဟွမ်က ကောင်းကင်နတ်ဘုရားတွေကို အမဲလိုက်နေတယ် .. သူကဖီရှူး သေသွားအောင်လို့ ဖိအားပေးခဲ့သေးတယ် .. ကျင့်ကြံသူလေးက လုပ်တာဆိုတော့ ဒါက ကောင်းကင်ကိုဆန့်ကျင်တာလို့တောင် ပြောလို့ရနေပြီ…”

သူတို့နောက်သို့ လိုက်လာခဲ့သည့်သူများရှိနေပြီး ဤသည်မှာလည်း တစ်ယောက်နှစ်ယောက်မကပေ။ ဖီရှူးသေသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး ဆွံ့အသွားပြီး လူအနည်းငယ်သာ ပါးစပ်ဟပြီး အော်ဟစ်နိုင်လေသည်။

လူဝံတောင် .. ဤသည်မှာ တောင်များတစ်လုံးပြီးတစ်လုံး မိုးထိုးနေသည့် လူဝံမျိုးနွယ်စုများ နေထိုင်သည့်နေရာပင်။

ရှေးဟောင်းလူဝံကြီးသည် ပြန်ရောက်လာသော်လည်း ကလန်ထဲသို့ မဝင်ပဲ အပြင်ဘက်တွင်သာ ထိုင်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူခန္ဓာကိုယ်မှ ကျိန်စာစွမ်းအားများမှာ ပြင်းထန်လွန်းလှသောကြောင့် သူ၏ကလန်ကို ထိခိုက်နိုင်သည်။

သူသည် ရန်သူများအပေါ် ရက်စက်ပြင်းထန်သော်လည်း သူ၏ကလန်သားများကို အလွန်ဂရုစိုက်သည့်သူပင်။

ဝုန်း..

လေဟာနယ်ကြီး အက်ကွဲသွားကာ လျှပ်စီးအတိဒုက္ခ၊ ကျိန်စာစွမ်းအားနှင့်အတူ ရှီဟောင်ပေါ်လာလေ၏။ သူ့အား အနီရောင်လျှပ်စီးများ ဝေ့ဝဲနေသောကြောင့် သူသည် နတ်ဆိုးနတ်ဘုရားနှင့်ပင် တူနေလေပြီ။

“လူဝံကြီး .. ခင်ဗျားကျုပ်ကို သတ်ချင်နေတာမလား ..လာလေ” ရှီဟောင် ဟစ်ကြွေးလိုက်သည်။

လူဝံကြီး မျက်လုံးပွင့်လာသည်။ သူ၏အရိုးစုထဲတွင် ခန္ဓာကိုယ်အစိတ်အပိုင်းငါးခုသာ အကောင်းအတိုင်းကျန်တော့သည်။ သူသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာလေသည်။ သူ၏လက်ထဲတွင် လှံတံတစ်ခု ပေါ်လာပြီး ရှီဟောင်ကို တိုက်ခိုက်လိုက်သည်။

ဝုန်း..

လျှပ်စီးအလင်းတန်းနှင့်အတူ ကျိန်စာစွမ်းအားများ ရောက်ရှိလာလေ၏။

လူဝံကြီး နောက်ယိုင်သွားပြီး သဘာဝဥပဒေသများလည်း ပျက်စီးသွားလေ၏။ ဤသည်မှာ သူအလွန်အားနည်းနေသည့်လက္ခဏာပင်။

“သေလိုက်တော့”

လူဝံကြီးသည် သူ၏လက်ထဲရှိ လှံတံဖြင့် ရှီဟောင် ပစ်လိုက်သည်။ ထိုလှံတံသည် လေဟာနယ်ကို ဖောက်ထွက်သွားကာ သဘာဝဥပဒေသနှင့်အတူ လျှပ်စီးထံသို့ ရောက်သွားလေသည်။

တဒုန်းဒုန်းအသံများ ထွက်လာပြီး လှံတံမှ မီးပွားများထွက်လာသော်လည်း ထိုလှံတံမှာ ပျက်စီးမသွားပေ။

ရှီဟောင်သက်ပြင်းချလိုက်ကာ ထိုလှံတံကို ရှောင်လိုက်သလို နတ်ကာကွယ်ခြင်းသင်္ကေတကိုလည်း အသုံးပြုလိုက်သည်။ ထိုသင်္ကေတကို အသုံးပြုလိုက်သည်နှင့် ကောင်းကင်အတိဒုက္ခပင် ခေတ္တရပ်တန့်သွားလေသည်။

လှံတံလည်း ရပ်တန့်သွားပြီး သဘာဝဥပဒေသများမှာ သူ့ကို မထိနိုင်တော့ပေ။

သို့သော်လည်း ထိုအချိန်တွင် ကောင်းကင်အတိဒုက္ခမှာ ပို၍ပင် ပြင်းထန်လာသည်။

ရှီဟောင်မျက်နှာဖြူဖျော့သွားကာ နတ်ကာကွယ်ခြင်းသင်္ကေတကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး လျင်မြန်စွာ ထွက်ပြေးသွားလိုက်သည်။ ထိုနေရာတွင်ရှိနေသည့်အရာအားလုံး ပျက်စီးသွားလေသည်။

ထိုနေရာတွင် အနက်ရောင် တွင်းနက်ကြီးဖြစ်သွားလေ၏။

“ဒါက..” လူဝံကြီးလည်း ထိတ်လန့်သွားရသည်။ သူလွင့်ထွက်သွားကာ သွေးအန်သွားလေ၏။ ဤ ကောင်းကင်အတိဒုက္ခမှာ ကြောက်စရာကောင်းလွန်းလှသည်။ ကောင်းကင်နတ်ဘုရား၏ သဘာဝဥပဒေသများဖြင့် နှောက်ယှက်ခံလိုက်ရသည့်အချိန်တွင် ကောင်းကင်အတိဒုက္ခမှာ ချက်ချင်းပင် ပို၍ ကြောက်စရာကောင်းလာသည်။

“ဘာလို့…” လူဝံကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ကောင်းကင်အတိဒုက္ခကြီးမားလာသည့်အချိန်တွင် လျှပ်စီးတစ်ခု သူ့အား ဖြတ်သွားပြီး ကျိန်စာစွမ်းအားမှာ ပို၍ပင် ထူးဆန်းလာသည်။

ဖူး..

ဤသည်ကို ရှောင်နိုင်မည့်နည်းလမ်းမရှိပေ။ လူဝံကြီး၏အရိုးများပုပ်သိုးသွားပြီး သူ၏မူလဝိဉာဉ်သည်လည်း မီးခိုးငွေ့ကဲ့သို့ပင် ပျောက်ကွယ်သွားလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ရှီဟောင်၏မျက်နှာလည်း အရောင်အဆင်းကင်းမဲ့သွားလေသည်။ ဤလျှပ်စီးအလင်းတန်းမှာ ကောင်းကင်နတ်ဘုရားကိုပင် သေစေနိုင်ရန် လုံလောက်သည်။ ကြည့်ရသည်မှာ ဤခေတ်တွင် ကောင်းကင်အတိဒုက္ခမရှိတော့သဖြင့် အားလုံးမှာ ဤအကြောင်းကို သိပ်မသိကြပေ။

ကောင်းကင်အတိဒုက္ခကို တစ်စုံတစ်ခုဖြင့် နှောက်ယှက်လိုက်သည့်အချိန်တွင် ကောင်းကင်အတိဒုက္ခမှာ ပို၍ပင် ကြောက်စရာကောင်းလာမည်ပင်။

ရှီဟောင် ကံကောင်းသွား၍ ထိုကပ်ဆိုးကြီးကို ရှောင်လိုက်နိုင်ခြင်းပင်။

ရှီဟောင်သည် ရပ်တန့်မသွားပဲ ကောင်းကင်အတိဒုက္ခကို သယ်ဆောင်လျက် တိခွန်ထံသို့ ဦးတည်သွားလိုက်သည်။

ဤနေရာမှာ ကြေးရောင်အဆောက်အဦးများ မိုးထိုးနေသည့်နေရာပင်။

တိခွန်၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။ သူသည် ရှေးနန်းတော်ထဲတွင် ထိုင်နေပြီး ကျိန်စာကို ခုခံနေခြင်းပင်။

ရွှီး..

သူထပြီး ရှီဟောင်အား ကြည့်လိုက်သည်။ “အတိဒုက္ခကို ဖြတ်ကျော်နေတာတောင်မှ .. မင်းက ဒီကိုလိုက်လာရဲတယ်ပေါ့”

“ခင်ဗျားရဲ့ကလန်ကလူတွေအားလုံးကို ထွက်သွားခိုင်းသင့်တယ်” ရှီဟောင်၏အသံမှာ အက်ရှနေသည်။ သူသည်ပြင်းထန်လှသည့် နာကျင်မှုကို သည်းခံနေရပြီး ယခုအချိန်တွင် သူ၏အရိုးများ ကျိုးသွားပြီဖြစ်ပြီး သူ၏ကြွက်သားများလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားလေပြီ။

“ငါ့ရဲ့ ကျိန်စာစွမ်းအားက ထိန်းချုပ်ဖို့ခက်တယ် .. ပြီးတော့ ဒါက ထာဝရရှေးဟောင်းမြေ နောက်ဆုံးအကြိမ်ပွင့်တာလေ .. သူတို့တွေ အသက်ဆက်ရှင်နေတော့ရော ဘာလုပ်လို့ရမှာလဲ..” တိခွန် သူ့ကိုယ်သူ ပြောလိုက်၏။

“ခင်ဗျား..” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤ ကောင်းကင်နတ်ဘုရားသည် ရူးသွပ်လွန်းလှသည်။ သူက သူနဲ့အတူတူ သူ့ကလန်ကလူတွေကိုပါ မြေမြှုပ်ပစ်ချင်တာလား..

“ငါက အစတုန်းက ထာဝရနန်းတော်ရဲ့ အမွေဆက်ခံသူတစ်ယောက်ပဲ .. ဒါပေမဲ့ ဘိုးဘေးတွေက ငါ့ကို ထာဝရရှေးဟောင်းမြေမှာ လာနေခိုင်းပြီးတော့ ဒီက ကိစ္စတွေကို ဖြည်းဖြည်းချင်း အခြေကျအောင် လုပ်ခိုင်းတယ် .. ဒါပေမဲ့ နောက်ဆုံးတော့ ငါက ဘာအခွင့်အရေးမှ မရတော့ဘူး” တိခွန် သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။ သူ၏အမူအရာမှာ အမုန်းတရားများ ရှိနေလေ၏။

ရှီဟောင် တုန်လှုပ်သွားရသည်။ သူဤနေရာတွင် နေနေရခြင်းမှာ သူ့ရွေးချယ်မှုကြောင့်မဟုတ်ပဲ အမိန့်ကြောင့်ပင်။

တိခွန်သည် ကျိန်စာကြောင့် နှစ်တိုင်းတွင် ဘယ်ကိုမှ သိပ်မသွားနိုင်ပဲ ခမ်းနားကြီးကျယ်သည့်အရာများကိုလည်း မလုပ်နိုင်ပေ။

“ထာဝရနန်းတော်က တကယ်ကို .. ရည်ရွယ်ချက်ကြီးတာပဲ” ရှီဟောင် ပြောလိုက်၏။

“အဲဒါဆိုရင်လည်း လာတိုက်လေ…” တိခွန်မျက်နှာထက်တွင် ရက်စက်သည့်အပြုံးတစ်ခု ရှိနေလေ၏။ သူသိပ်ကြာကြာမနေရတော့မည်ကို သိသဖြင့် အရှေ့သို့ တရှိန်ထိုး ပြေးလာလေ၏။ အဘယ်ကြောင့်ဆိုသော် သူကျိန်စာများကို ချေဖျက်ရန်ကြိုးစားသော်လည်း အလုပ်မဖြစ်သည်ကို သူတွေ့လိုက်ရသည်။

သူ ရှီဟောင်ကို သူနှင့်အတူတူ ဆွဲချချင်နေသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” သူ၏မျက်နှာထက်တွင် ကြောက်လန့်မှုများနှင့် နောင်တတရားများပြည့်နှက်နေလေ၏။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးတန်းတစ်ခု သူ့ထံသို့ ရောက်ရှိလာကာ ထိုလျှပ်စီးတန်းမှ ကျိန်စာမှာ အဆပေါင်းများစွာ ပိုများလေသည်။

ဖူး..

ထိုအချိန်တွင် သူ၏ဦးခေါင်းခွံ ပျက်စီးလာပြီး သူ၏မူလဝိဉာဉ်လည်း ပြာဖြစ်သွားလေသည်။

“အား..” ရှီဟောင်လည်း ချက်ချင်းပင် အခြားနေရာသို့ ပျံပြေးသွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူလည်း များစွာ ရိုက်ခတ်ခံလိုက်ရပြီး သေမလိုဖြစ်သွားသည်။

ဝုန်း..

နောက်ဆုံးတွင် သူ နတ်ဘုရားအစစ်အဆင့်သို့ ဝင်ရောက်တော့မည်။ လေထဲတွင် စွမ်းအားကြီးသည့်အော်ရာတစ်ခု ပျံ့လွင့်လာပြီး သူ၏သွေးစွမ်းအင်များလည်း ပို၍ အားကောင်းလာသည်။

ဝုန်း..

သူ၏ခန္ဓာကိုယ် တောက်ပလာကာ သူ၏အရိုးများပြန်ဆက်သွားပြီး သူသည် စွမ်းအားအကြီးဆုံးအခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သူအဆင့်တက်တော့မည်…

“လာနေပြီ .. ငါ တတိယမြောက် ထာဝရစွမ်းအင်ကြောင်းကို ကျင့်ကြံနိုင်မှာလား” ရှီဟောင် စိုးရိမ်နေရသည်။

ယခုအချိန်တွင် လျှပ်စီးအတိဒုက္ခသည် ပို၍ပင် ပြင်းထန်လာပြီး လျှပ်စီးများသည် ရှေးဟောင်းသစ်ပင်များ၊ သက်ရှိများနှင့် အခြားအရာများအဖြစ် ပြောင်းလဲနေသည်ကို မြင်တွေ့နိုင်ပေသည်။

အပိုင်း ၁၁၄၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၈ – တာအိုအဆုံးအဖြတ်

“ငါ ပိုပြီးသန်မာလာဖို့လိုတယ်” ရှီဟောင် ဟစ်ကြွေးလိုက်ပြီး လျှပ်စီးပင်လယ်ကြီးကို မျက်နှာချင်းဆိုင်လိုက်၏။ တတိယမြောက်ထာဝရစွမ်းအင်ကို သူလိုချင်သည်။

ဝုန်း…

လျှပ်စီးများ ကျရောက်လာသည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး ဟက်တက်ကွဲသွားကာ သရဲများနှင့် နတ်ဘုရားအော်သံများလည်း ထွက်ပေါ်လာသည်။ မိုးခြိမ်းသံများလည်း နားကွဲမတတ် ထွက်ပေါ်လာသည်။

ဤနေရာတွင် မည်သူ့ကိုမှ မမြင်ရတော့ပဲ ကောင်းကင်အတိဒုက္ခကိုသာ မြင်ရတော့သည်။

“အား…” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူသည် လက်ရှိတွင် နတ်မီးတောက်အဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြီး နတ်ဘုရားအစစ်အဆင့်သို့ တက်လှမ်းတော့မည်။

သူ့ဘဝတွင် တစ်ခါမှ ဤလောက်စွမ်းအားမကြီးဖူးပေ။ သူ၏ခန္ဓာကိုယ်မှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေလေသည်။

ဒုန်း..

ထိုကြီးမားလှသည့် လျှပ်စီးတန်းကြီး သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အချိန်တွင် သတ္တုနှစ်ခု ပွတ်တိုက်မိသကဲ့သို့ မီးပွားများ လွင့်စင်ထွက်လာလေ၏။

ဤသည်မှာ မယုံကြည်နိုင်လောက်သည့်အရာပင်။ ခပ်ဝေးဝေးတွင်ရှိနေသည့်သူများအားလုံး မအံ့ဩသွားသည့်သူ မရှိပေ။

ဒါက လူရော ဟုတ်သေးရဲ့လား.. အခြားသက်ရှိဆိုပါက ပြာဖြစ်သွားလောက်လေပြီ။ မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားလောက်ပြီဖြစ်သည်။

ဒုန်း..

ကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာပြီး လျှပ်စီးများလည်း တစ်ခုပြီးတစ်ခု ကျရောက်လာလေသည်။ လျှပ်စီးများကျရောက်လာသည်နှင့် မီးပွားများလည်း နေရာအနှံ့သို့ လွင့်စင်ထွက်လာလေ၏။

ရှီဟောင်၏ခန္ဓာကိုယ်သည် အကောင်းဆုံးအနေအထားသို့ ရောက်နေသော်လည်း သူသတိလက်လွတ်မနေရဲပေ။ အဘယ်ကြောင့်ဆိုသော် ကြောက်စရာကောင်းသည့်လျှပ်စီးများရှိနေသေးသောကြောင့်ပင်။ သူအမှားသေးသေးလေး လုပ်မိသွားသည်နှင့် သူသေသွားလိမ့်မည်။ ယခုတစ်ခေါက် ကောင်းကင်အတိဒုက္ခမှာ ကြောက်စရာကောင်းလွန်းလှသည်။

“တတိယမြောက် ထာဝရစွမ်းအင်ကြောင်း ပေါ်လာတော့မှာလား” သူစိတ်လှုပ်ရှားလာသည်။ ယခုနောက်ဆုံးအချိန်ထိ မည်သည့်ပြောင်းလဲမှုမှ မဖြစ်လာသေးပေ။

ထာဝရရှေးဟောင်းခေတ်တွင် လူအချို့သည် ကြောက်စရာအကောင်းဆုံး ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပြီး ထာဝရစွမ်းအင်တစ်ကြောင်းရသွားသည်ဟူသော ကောလဟာလများကို သူကြားဖူးသည်။

သူ့ကိုယ်သူ ထပ်ပြီးမဖိနှိပ်နိုင်တော့ပေ။ သူအဆင့်တက်တော့မည်ဖြစ်သော်လည်း ထာဝရစွမ်းအင်၏အရိပ်အယောင်ကို မမြင်ရသေးသောကြောင့် သူအတော်လေး စိတ်ပျက်သွားရသည်။

“ဘာမှမရှိတော့ဘူးလား” ရှီဟောင် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။

အပေါ်ဘက်တွင် လျှပ်စီးပင်လယ်ကြီးတစ်ခုရှိနေလေသည်။

“မကောင်းတော့ဘူး” ရှီဟောင်၏အမူအရာ ပြောင်းလဲသွား၏။ သူအစိုးရိမ်ရဆုံးအရာ ဖြစ်လာလေပြီ။ ဤလျှပ်စီးပင်လယ်ထဲတွင်ရှိနေသည့် သက်ရှိများ အသက်ဝင်လာပြီး သူ့ထံသို့ တရှိန်ထိုး ပြေးလာနေလေပြီ။

တိုတိုင်းတစ်ကောင်သည် သူ၏ခေါင်းနှင့်အမြှီးကို လှုပ်ရမ်း၍ထွက်လာသည်။ သူသည် လျှပ်စီးတိမ်တိုက်များထဲမှ ထွက်လာကာ သူ၏ခန္ဓာကိုယ်မှာ တောင်တစ်လုံးထက်ပင် ကြီးသေးသည်။

ဤတိုတိုင်းမှာ များပြားလှသော လျှပ်စီးများကြောင့် ဖြစ်ပေါ်လာခြင်းပင်။ သူသည် နတ်သန္ဓေသားတစ်ယောက်ကဲ့သို့ ဝိဉာဉ်ရသွားလေပြီ။

ရှီဟောင် ဟစ်ကြွေးလိုက်ကာ ဘာမှချန်မထားပဲ တိုတိုင်းကို အားကုန်တိုက်ခိုက်လိုက်သည်။

ဝုန်း..

လျှပ်စီးများ ထွက်ပေါ်လာပြီး ဤနေရာတစ်ခုလုံး အပိုင်းပိုင်းအစစဖြစ်သွားသည်။

ထို့အပြင် တိုတိုင်းသည် သူ၏ပါးစပ်ကြီးဟကာ အရာအားလုံးကို စားသုံးလိုက်လေသည်။

ဖူး..

ရှီဟောင်၏ အသားများအက်ကွဲလာကာ သွေးများ စီးကျလာလေ၏။ နောက်ဆုံးတွင် ဤလျှပ်စီးအတိဒုက္ခကို သူတောင့်မခံနိုင်တော့

“သို့သော်လည်း သူ၏အကြည့်များမှာ ပို၍ပင် စူးရှလာလေ၏။

“တတိယမြောက် ထာဝရစွမ်းအင်မရှိဘူးဆိုမှတော့ ငါအတင်းမလုပ်တော့ပါဘူး ..” ရှီဟောင်တီးတိုးပြောလိုက်၏။ ထို့နောက်တွင် သူသည် တိုတိုင်းကို မော့ကြည့်လိုက်ကာ စတင်တိုက်ခိုက်လေတော့သည်။

ထို့အပြင် သူသည် ယခုအချိန်တွင် နတ်ဘုရားအစစ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ဝူး…” လျှပ်စီးအတိဒုက္ခထဲမှ ဟစ်ကြွေးသံ ထွက်ပေါ်လာလေသည်။ တိုတိုင်းသည် ရှီဟောင်းအား တရစပ်ပင် တိုက်ခိုက်လာလေ၏။

ဖူး..

ဘာကိုမှ ထိန်းချုပ်မထားသည့် ရှီဟောင်လည်း သားရဲများထက်ပင် ကြမ်းတမ်းနေလေ၏။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် တိုတိုင်း၏မျက်ခုံးကြားထဲသို့ လက်သီးတစ်လုံး ထိုးသွင်းလိုက်လေသည်။

သူသည် နတ်ဘုရားအစစ်နယ်မြေသို့ တစ်ဝက်ရောက်နေပြီဖြစ်သောကြောင့် သူ့တစ်ဘဝလုံးတွင် အင်အားအကြီးဆုံးအချိန်သို့ ရောက်နေလေပြီ။

ထိုအချိန်တွင် သူမျက်လုံးများ ပြူးကျယ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထာဝရစွမ်းအင် မှုန်ဝါးဝါးလေးတစ်ကြောင်း သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ပေါ်လာသည်ကို သူတွေ့လိုက်ရသည်။

သို့သော်လည်း ထိုအချိန်တွင် ကောင်းကင်လျှပ်စီးများ ကျရောက်လာပြီး ရှီဟောင်အား ပစ်ချလိုက်လေ၏။

“မကောင်းတော့ဘူး” ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော ခံစားချက်မှာ ဆိုးရွားလွန်းလှသည်။ သူ၏နောက်ဆုံးနေ့ ရောက်နေသကဲ့သို့ပင်။

သူ၏နှလုံးခုန်နှုန်းများ ရပ်တန့်မတတ်ဖြစ်နေပြီး သူ၏အောက်ဆီဂျင်လည်း ကောင်းကောင်းမလည်ပတ်တော့ပေ။ ဤသည်မှာ ကပ်ဘေးကြီးကျရောက်လာတော့မည်ဖြစ်ကြောင်း သူ့ခန္ဓာကိုယ်မှ အချက်ပြနေခြင်းပင်။ သူဤနေရာတွင် သေလျှင်သေသွားနိုင်သည်။

ဝုန်း…

သက်ရှိများစွာ ဟစ်ကြွေးကာ လိုက်ပါလာသည့် လျှပ်စီးကြောင်းတစ်ခုကို မြင်နေရလေပြီ။

ဤလျှပ်စီးပင်လယ်ကြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။

ရှီဟောင်သွေးအန်သွားရပြီး သူ့တစ်ကိုယ်လုံးရှိအရိုးများလည်း ကျိုးတော့မည်။ သားရဲများနှင့် နတ်ငှက်များသည် အဆက်မပြတ်ပင် သူ့ထံသို့ ရောက်ရှိလာလေ၏။

ဖုန်း..

ကြောက်စရာအကောင်းဆုံးမှာ ရွှေရောင်ကောင်းကင်ကျောက်တိုင်တစ်ခု ပေါ်လာခြင်းပင်။ ထိုကျောက်တိုင် ကျလာသည်နှင့် သူ၏အရိုးများအားလုံး ကျိုးကြေတော့မလို ဖြစ်သွားရသည်။

“အဲဒါက ဘာကြီးလဲ…” ရှီဟောင် ထိတ်လန့်သွားရသ်ည။

ဤသည်မှာ ကောင်းကင်အတိဒုက္ခမရှိသောခေတ်ဖြစ်သဖြင့် ကောင်းကင်အတိဒုက္ခကို အတင်းလုပ်ယူပါက ကြောက်စရာကောင်းသည့် ဘေးထွက်ဆိုးကျိုးများရှိမည်သာ။

ယခုတော့ ရွှေရောင်ကောင်းကင်ကျောက်တိုင်တစ်ခု ပေါ်လာလေပြီ။ ဤကျောက်တိုင်တွင် သင်္ကေတများဖုံးလွှမ်းနေပြီး ကြောက်စရာကောင်းသည့်သက်ရှိများလည်း ဤကျောက်တိုင်နံဘေးတွင် ရှိနေသည်။

ဤအရာအားလုံးမှာ လျှပ်စီးဖြင့် ဖန်တီးထားခြင်းပင်။

လျှပ်စီးပင်လယ်က ကျောက်တိုင်ကို ဘယ်လိုဖန်တီးလိုက်တာလဲ .. ဒီကျောက်တိုင်က သူ့ဘာသာသူ ဖြစ်လာတာလား..

ရှီဟောင်သည် သဘာဝလွန်အရာများကို ယုံကြည်သည့်သူမဟုတ်ပေ။ သူလက်မြှောက်လိုက်ကာ ထိုရွှေရောင်ကောင်းကင်ကျောက်တိုင်ကို ထိုးလိုက်သည်နှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး သူတို့နှစ်ဦးလုံးကို ဖုံးလွှမ်းသွားသည့် လျှပ်စီးအလင်းများထွက်ပေါ်လာလေသည်။

ထို့နောက်တွင် ရှီဟောင်သည် ချက်ချင်းပင် လွင့်ထွက်သွားပြီး အနီရောင်သွေးများလည်း စီးကျလာလေ၏။ လျှပ်စီးအလင်းတန်းကြောင့် သူပြင်းထန်စွာ ဒဏ်ရာရရှိသွားလေပြီ။

ဤရွှေရောင်ကောင်းကင်ကျောက်တိုင်မှာ မရိုးရှင်းပေ။ သက်ရှိများစွာသည် ဤကျောက်တိုင်ကို ဒူးထောက်ကာ အရိုအသေးပေးနေကြသည်။

“ဒါလေးနဲ့ ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သွေးများဖြင့် စေးကပ်နေသည့် သူ့ဆံပင်များ ထောင်ထလာလေသည်။ သူသည် လက်သီးဖြင့် ကောင်းကင်ကို ထိုးလိုက်သည်။

သို့သော်လည်း ထိုကျောက်တိုင်သည် အလွန်ကြောက်စရာကောင်းလှပြီး တစ်ဖြည်းဖြည်းချင်း အောက်ရောက်လာကာ သူ့အား ဖိနှိပ်လာသောကြောင့် သူလည်း တစ်ဖြည်းဖြည်းချင်းအောက်သို့ နှစ်မြှုပ်သွားလေသည်။

“မြှောက်မယ်”

ရှီဟောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဒုန်း ဒုန်း ဒုန်း..

သူ ကျောက်တိုင်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျယ်လောင်လှသည့်အသံများ ထွက်ပေါ်လာပြီး ယခုအချိန်တွင် ထိုကျောက်တိုင်မှာ အနည်းငယ် အက်ကွဲလာလေပြီ။

တစ်ချိန်တည်းမှာပင် ရှီဟောင် နတ်ဘုရားအစစ် ဖြစ်တော့မည်။ ထိုထာဝရစွမ်းအင်ကြောင်းလည်း ပို၍ကြည်လင်လာပြီး ပုံစံပေါ်လာတော့မည်။

ခွပ်..

ရွှေရောင်ကောင်းကင်ကျောက်တိုင်၏ ဘေးနားလေး ပျက်စီးသွားသည့်အချိန်တွင် သူ့ကို ဒူးထောက်နေကြသည့်သက်ရှိများ ထိတ်လန့်တကြားအော်ဟစ်နေကာ တုန်လှုပ်လာလေ၏။

ဤမြင်ကွင်းမှာ လျှပ်စီးများကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း တကယ်ဖြစ်နေသလိုပင်။

ချွမ်း…

အဖြူရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လျှပ်စီးပင်လယ်ကြီးကို ခေတ္တမျှ ပျက်ပြယ်သွားစေလေ၏။

“ဘုရားရေ .. အဲဒါကဘာကြီးလဲ” ခပ်ဝေးဝေးမှ ကြည့်နေကြသည့်သူများအားလုံး မျက်လုံးများပြူးကျယ်သွားရသည်။ သူတို့၏မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်သွားရသည်။

ထို ရွှေရောင်ကောင်းကင်ကျောက်တိုင်ကြီးသည် ထိုနေရာတွင် အမှန်တကယ်ရှိနေပြီး ဓားအလင်းတန်းများကို ထုတ်လွှတ်နေလေသည်။ များပြားလှသည့် အဖြူရောင်အလင်းတန်းသည် အရာအားလုံးကိုပင် ဖုံးကွယ်သွားလေ၏။

ဤသည်မှာ ခေါင်းဖြတ်စက်ပင်။

ကောင်းကင်ကျောက်တိုင်သည် အပေါ်ယံမျှသာဖြစ်ပြီး ယခုအချိန်တွင် ထိုကျောက်တိုင်မျက်နှာပြင်ထက်မှ သင်္ကေတအားလုံး တောက်ပလာကာ အလွန်ထူးဆန်းသည့် ခေါင်းဖြတ်ဓားကြီး ဖြစ်လာလေသည်။

ဖူး..

ထိုအရာသည် ကြောက်စရာကောင်းလွန်းလှကာ ရှီဟောင် မတုံ့ပြန်နိုင်ခင်မှာပင် ရှီဟောင့်ထံသို့ သွေးအလင်းတန်းတစ်ခု ပစ်လွှတ်လာလေ၏။ ထိုအလင်းတန်းမှာ ရှီဟောင်၏ခါးကို ဖြတ်သွားလေသည်။

အား..

ရှီဟောင် အလွန်နာကျင်စွာ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်နာကျင်သွားရုံသာမက သူ၏မူလဝိဉာဉ်ပင်ပြတ်သွားတော့မည်ဟု သူခံစားနေရသည်။

“ကြီးမြတ်တဲ့ခေါင်းဖြတ်ဓားတာအိုပေါ်လာရင် .. အဲဒီဓားအောက်မှာရှိတဲ့သက်ရှိအားလုံး ပျက်စီးသွားရမယ်…”

ဤကဲ့သို့သော ခမ်းနားလှသည့်အသံတစ်ခုကို သူကြားလိုက်ရသည်။ ဤအသံများနှင့် ခေါင်းဖြတ်ဓားများ အရာအားလုံးမှာ သဘာဝဥပဒေသမှ ဖြစ်ပေါ်လာခြင်းပင်။

ဒီလောကကြီးထဲမှာ ဘာပေါ်လာတာလဲ .. ဒီခေါင်းဖြတ်ဓားက အရင်ကတည်းက ရှိနေတာလား..

ထိုဓားကျရောက်လာသည့်အချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်သွားရသည်။ သူ၏မူလဝိဉာဉ်ပင်လျှင် ထိုးဖောက်သွားတော့မလိုပင် ခံစားနေရသည်။

ပြင်းထန်သည့်နာကျင်မှု .. သည်းမခံနိုင်လောက်သည့် နာကျင်မှု..

ပို၍ကြောက်စရာကောင်းသည်မှာ သူ့အနားတွင်ရှိနေသည့် ထာဝရစွမ်းအင်ပင် ထိုဓားအောက်တွင် ပြတ်သွားလေ၏။ ကြီးမြတ်သည့်ခေါင်းဖြတ်ခြင်းတာအိုအောက်တွင် လူသာမက မှော်ပညာနှင့်တာအိုလည်း သေဆုံးနိုင်လေသည်။

ဝူး…

ခေါင်းဖြတ်ခြင်းတာအို၏ ဘေးနှစ်ဘက်လုံးတွင် မရေအတွက်နိုင်သည့်သက်ရှိများရှိနေပြီး သူတို့သည် ရှီဟောင်ကို စတေးကာ ယဇ်ပူဇော်နေသကဲ့သို့ ဤခေါင်းဖြတ်ဓားကြီးကို ကန်တော့ကာ အရိုအသေပေးနေကြလေသည်။

“မဟုတ်ဘူး…”

ရှီဟောင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ ကောင်းကင်ထက်သို့ မော့ကာ အော်ဟစ်လိုက်သည်။ သူ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသော်လည်း ဤကဲ့သို့ အဆုံးသတ်တော့မည်လား..

သဘာဝဥပဒေသများ ရောယှက်သွားကာ လျှပ်စီးအလင်းများလည်း ထိုးဖောက်လာသည်။ ရှီဟောင်၏ခန္ဓာကိုယ်တွင် အပေါက်များဖြင့် ပြည့်နှက်နေလေပြီ။

ထာဝရရှေးဟောင်းမြေတွင် ခေါင်းဖြတ်ခြင်းတာအိုအောက်၌ ဖြတ်လျှောက်ခြင်းမှာ ကြောက်စရာအကောင်းဆုံး ကပ်ဆိုးကြီးတစ်ခုပင်။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံချင်သည့် စွမ်းအားအကြီးဆုံးသူများအတွက် ပြင်ဆင်ထားခြင်းပင်။

ဤသည်ကို မဖြတ်ကျော်နိုင်ပါက ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားမည်သာ။

လိပ်ဖြူပြောသည့် တစ်စုံတစ်ခုကို ရှီဟောင် စဉ်းစားမိသွား၏။ ဤသည်မှာ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမည့်အချိန်ပင်။

ဝုန်း..

သူ့အနားတွင် ထာဝရစွမ်းအင်နှစ်ကြောင်းပေါ်လာကာ သူ၏အသွေးအသားများကို ပြန်လည်စုစည်းလိုက်သည်။

သူ၏အသွေးအသားတစ်ပိုင်းစီတိုင်းတွင် လျှပ်စီးများပါဝင်နေလေသည်။

“အား… ငါသေလို့မရဘူး .. ငါကောင်းကင်ဘုံကိုးခုထဲကို ဝင်ပြီးတော့ လျှပ်စီးအတိဒုက္ခရည်ကို စုရဦးမယ်” ရှီဟောင် ဟစ်ကြွေးလိုက်၏။ သူကဘာလို့ ဒီနေရာမှာ ရပ်နေရမှာလဲ .. သူ ကောင်းကင်ဘုံကိုးခုထဲကို ချိုးဖောက်ပြီးတော့ ရွှေရောင်လျှပ်စီးအတိဒုက္ခရည်ထဲစိမ်ပြီးတော့ သူ့ခန္ဓာကိုယ်နဲ့ အရိုးတွေကို လဲရဦးမယ်…

ရှီဟောင်သည် ပြန်လည်ဝင်စားခြင်းပညာများပါဝင်နေသည့် လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်၏။ သူ၏အနားတွင် အချိန်အပိုင်းအစများပျံဝဲနေလေ၏။

ဝုန်း..

ကြီးမြတ်သည့်ခေါင်းဖြတ်ခြင်းတာအိုသည် ကောင်းကင်ကျောက်တိုင်အဖြစ်သို့ ပြန်ပြောင်းသွားပြီး လေဟာနယ်ထဲတွင် မှုန်ဝါးလာကာ လျှပ်စီးပင်လယ်ထဲတွင် ပျောက်ကွယ်သွားလေ၏။

ရှီဟောင် ဤစစ်ဆေးခြင်းကို အောင်မြင်သွားလေပြီ။ သူ၏သွေးစွမ်းအင်နှင့် နတ်ခွန်အားများ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ပြည့်နှက်နေလေပြီ။ ထို့အပြင် တတိယမြောက်ထာဝရစွမ်းအင်ကြောင်းလည်း ပေါ်လာလေပြီ..

ခလွပ်..

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခု အချုပ်အနှောင်မှလွတ်မြောက်သွားသကဲ့သို့ ကျိုးပဲ့သည့်အသံထွက်ပေါ်လာပြီး သူလည်း အစစ်အမှန်နယ်မြေသို့ တက်လှမ်းသွားကာ နတ်ဘုရားအစစ်တစ်ယောက် ဖြစ်သွားလေပြီ။

အပိုင်း ၁၁၄၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၉ – လျှပ်စီးအတိဒုက္ခပြီးမြောက်ခြင်း

အဆင့်တက်သွားလေပြီ…

တတိယမြောက်ထာဝရစွမ်းအင်သည် သူ့ခန္ဓာကိုယ်အနားတွင် လှည့်ပတ်နေလေ၏။

ဤလောကမပြောနှင့် ယခင်ခေတ်မှာဆိုလျှင်ပင် ဤသည်မှာ စွမ်းအားအကြီးဆုံးသူများ ရရှိနိုင်သည့် အမြင့်ဆုံး အရာတစ်ခုပင်။

နတ်မီးတောက်နယ်မြေတွင် ဤသည်မှာ ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုတစ်ခုပင်။

ထာဝရစွမ်းအင်သုံးခုသည် တစ်ခုနှင့်တစ်ခု ကိုက်ညီနေပြီး တာအိုနှင့်လည်း တုံ့ပြန်နေလေသည်။

ယခုတော့ ရှီဟောင်နားလည်သွားလေပြီ။ ယခင်က တတိယမြောက် ထာဝရစွမ်းအင်ရရှိရန် နည်းလမ်းပေါင်းစုံစဉ်းစားခဲ့သော်လည်း မရခဲ့ပေ။ သို့သော် ယခုတော့ သူရသွားလေပြီ။

“အဆင့်အမြင့်ဆုံးပြောင်းလဲမှုတွေက နောက်ဆုံးအချိန်မှ ပေါ်လာတာ” သူ့ကိုယ်သူ ပြောလိုက်သည်။

ယခုတော့ သူနတ်ဘုရားအစစ်ဖြစ်သွားလေပြီ။

သူအဆင့်တက်သွားသောကြောင့် သူ၏အသက်အခြေခံအုတ်မြစ်အဆင့်များလည်း ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ ရတနာသိုက်လည်း သူ့အလိုလိုပွင့်သွားလေပြီ။

ယခုအချိန်တွင် ရှီဟောင်၏ဒဏ်ရာအားလုံး ပျောက်ကင်းသွားပြီဖြစ်ပြီး ဝိဉာဉ်စွမ်းအင်များလည်း မီးခိုးများကဲ့သို့ပင် ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားကာ လျှပ်စီးပင်လယ်ကို ထိုးဖောက်သွားလေ၏။ ဤမြင်ကွင်းမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။

သူ၏ကျိုးနေသည့်အရိုးများ ပြန်ဆက်သွားပြီး အက်ကွဲကြောင်းများအားလုံးလည်း ပျောက်ကွယ်သွားလေပြီ။

သူ၏အသွေးအသားများမှာမူ ပို၍ပင် ကြည်လင်တောက်ပလာပြီး စွမ်းအားများလည်း စီးဆင်းနေလေပြီ။

သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ စွမ်းအင်များကို စုတ်ယူနေပြီး လျှပ်စီးအတိဒုက္ခှကို ခံယူကာ ထိုအတိဒုက္ခကို သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်နေလေသည်။

ရှီဟောင်သည် ပို၍ပင် သန်မာလာလေ၏။

ဤပြောင်းလဲမှုများမှာ ကြည့်နေကြသည့်သူအားလုံးကို ထိတ်လန့်သွားစေသည်။ သူသည် ယခုလေးတင်မှ အဆင့်တက်သွားခြင်းဖြစ်သော်လည်း သူ၏ခွန်အားတိုးတက်သည့်နှုန်းမှာ သူတို့အားလုံးကို တုန်လှုပ်သွားစေသည်။

ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်၏မျက်လုံးထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူသည်လည်း အစစ်အမှန်နယ်ပယ်၏ အလယ်ဆင့်သို့ ရောက်ရှိလာသည်။

ယခုအချိန်တွင်ရှီဟောင်၏အဝတ်အစားများအားလုံး လောင်ကျွမ်းသွားပြီဖြစ်ပြီး သူ၏အသားအရေများသည် ကျောက်စိမ်းကဲ့သို့ တောက်ပနေကာ သူ၏ဆံပင်ရှည်များလည်း သွေးများစွန်းထင်းနေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။

“သူက ချက်ချင်းကို နတ်ဘုရားအစစ်နယ်မြေရဲ့ အလယ်ဆင့်ကို ရောက်သွားတာလား” အားလုံး ဆွံ့အသွားရသည်။

အမှန်တကယ်တွင် ရှီဟောင်သည် နတ်မီးတောက်နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်နေသည်မှာ ကြာလှပြီဖြစ်ပြီး ထာဝရစွမ်းအင်အတွက် သူ၏အဆင့်ကို ဖိနှိပ်ထားခြင်းပင်။

ယခု အဆင့်တက်သွားသည့်အချိန်တွင် ဒီရေကဲ့သို့ပင် ချက်ချင်း အလယ်ဆင့်သို့ ရောက်သွားခြင်းပင်။

ဤသည်မှာ အလွန်အံ့အားသင့်စရာကောင်းသည့် တိုးတက်မှုပင်။

ဝုန်း…

တစ်ခဏမျှငြိမ်သက်ပြီးသည့်နောက်တွင် ဤနေရာ၌ နောက်တစ်ဖန် ဆူညံလာပြီး ဤကမ္ဘာငယ်လေးပင် ပေါက်ကွဲထွက်မတတ်ဖြစ်သွားသည်။

အခြားသူများနှင့်အတူ လျှပ်စီးပင်လယ်ထဲမှ ထွက်လာသည့် သက်ရှိတစ်ကောင်ပေါ်လာသည်။ အဆောင်များ တလွင့်လွင့်ဖြစ်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ရှီဟောင်ထံသို့ တရှိန်ထိုး ရောက်ရှိလာသည်။

လူများအော်ဟစ်နေပြီး မြင်များလည်း ဟီနေကြကာ ချပ်ဝတ်တန်ဆာများလည်း ပျက်စီးနေပြီး သွေးများလည်း နေရာအနှံ့တွင် လွင့်ပျံနေသည်။ ဤသည်မှာ ကြောက်စရာအကောင်းဆုံးစစ်ပွဲမှ စစ်ပြန်များ ရှီဟောင်ကို လာရောက်ဝန်းရံနေသကဲ့သို့ပင်။

ကျွမ်းကျင်သူများမပြောနှင့် သူတို့စီးသည့်သတ္တဝါများပင်လျှင် ရက်စက်သည့်ရှေးဟောင်းသားရဲများဖြစ်ကြသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် စောင့်ကြည့်နေကြသည့်သူများအားလုံး ဆွံ့အသွားရ၏။ ဒါက ဘယ်လိုအတိဒုက္ခမျိုးလဲ .. ဒီအတိဒုက္ခက ဘာလို့ သက်ရှိတွေကိုတောင် ဖန်တီးနိုင်တာလဲ .. ဒါက ကြောက်စရာကောင်းလိုက်တာ..

ထိုနေရာတွင်ရပ်ကာ တိုက်ခိုက်ဖို့မပြောနှင့် ဘေးမှရပ်ကြည့်နေရလျှင်ပင် ကြောက်စရာကောင်းနေလေပြီ။

ထိုထဲသို့ဝင်သွားသည်နှင့် နတ်ဘုရားအစစ်များပင် သေဆုံးသွားလိမ့်မည်ဟု အားလုံးခံစားနေရသည်။ ထိုကျွမ်းကျင်သူများနှင့် တိုက်ခိုက်ဖို့မပြောနှင့် သူတို့စီးနင်းထားသည့် သတ္တဝါများပင်လျှင် နတ်ဘုရားအစစ်များကို သေဆုံးသွားအောင် လုပ်နိုင်သည်။

ဝူး.. ဖီရှူး ဟစ်ကြွေးပြီး သူ၏လက်သည်းများကို ထုတ်လိုက်သည်နှင့် သဲများနှင့် ကျောက်တုံးများ လွင့်ထွက်လာလေသည်။

ထိုသဲနှင့်ကျောက်တုံးများဆိုသည်မှာလည်း ကြီးမားလှသည့် လျှပ်စီးအလင်းလုံးကြီးပင်။ ထိုလျှပ်စီးအလင်းလုံးတစ်လုံးစီမှ ထွက်လာသည့်လျှပ်စီးကြောင်းပင်လျှင် နတ်ဘုရားအစစ် ပေါက်ကွဲသွားစေရန် လုံလောက်သည်။

ထိုဖီရှူးပေါ်တွင် ထိုင်နေသည့်သူ၏လက်ထဲတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထိုးဖောက်နိုင်သည့် လှံတံတစ်ခုကို ကိုင်ဆောင်ထားလေသည်။

“ကြောက်စရာကောင်းလိုက်တာ .. လူတစ်ယောက် သတ္တဝါတစ်ကောင်နဲ့ဆိုရင်တောင်မှ လူ တစ်သောင်းကို တိုက်နိုင်နေပြီ .. ဘယ်လိုလုပ် ဒီလောက်တောင် အင်အားကြီးနေရတာလဲ…”

“ထာဝရရှေးဟောင်းခေတ်က အရမ်းကြောက်ဖို့ကောင်းတာပဲ .. ဒါက သူတို့ကြုံတွေ့ရတဲ့ ကောင်းကင်အတိဒုက္ခလား .. ဒီလောကမှာ ဒီအတိဒုက္ခကို ဖြတ်နိုင်တဲ့သူရော ရှိသေးရဲ့လား…”

သူတို့သာဆိုလျှင် ပြာကျသွားလောက်လေပြီ။

ဤနေရာတွင် လူတစ်ယောက်နှင့် သတ္တဝါတစ်ကောင်တည်းရှိနေခြင်းမဟုတ်ပဲ အများကြီးရှိနေခြင်းပင်။ သူတို့အားလုံးသည် ရှီဟောင်ကို ဝန်းရံထားခြင်းဖြစ်ပြီး အဖိုးတန်ပညာများဖြင့် စတင်တိုက်ခိုက်လာလေသည်။

“သတ်…”

ရှီဟောင် ဒေါသတကြီး ဟစ်ကြွေးလိုက်ကာ သူ၏ခန္ဓာကိုယ်မှာ ခွန်ပန်ဖြစ်သွားလေ၏။ သူအတောင်ပံများကို ဖြန့်ကျက်ကာ ရန်သူများအားလုံးကို ဒေါသတကြီး တိုက်ခိုက်လိုက်သည်။

ဤသည်မှာ တိုက်ပွဲအစသာရှိသေးသော်လည်း သူ၏ခန္ဓာကိုယ်တွင် သွေးများစိုရွှဲနေပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေလေပြီ။

ဤကြောက်စရာကောင်းသည့် ကျွမ်းကျင်သူအုပ်စုကြီး သူ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသောကြောင့် သူသည် ယခုအချိန်တွင် အန္တရာယ်အရှိဆုံး အခြေအနေသို့ ရောက်နေလေပြီ။

ဖူး..

သွေးတစ်ပွက်အန်သွားပြီး ရှီဟောင် နောက်ဆုတ်လိုက်ရသည်။ သူသည် လူသားပုံစံသို့ ပြန်ပြောင်းနေပြီဖြစ်ပြီး သူ့ကိုယ်တွင် အမွေးအတောင်မြှားများ စိုက်နေသည်။ ထိုမြှားများသည် လျှပ်စီးအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်လည်း ဆိုးရွားစွာ ထိခိုက်သွားရသည်။

ဝုန်း..

ရှီဟောင်သည် သူ၏အတောင်ပံများကို လှုပ်ခတ်လိုက်ကာ ယင်နှင့်ယန်စွမ်းအားများကို ဝေ့ဝဲစေလိုက်သည်။ ရှီဟောင်သည် ခွန်ပန်ပညာကို အဆုံးစွန်ထိရောက်အောင် အသုံးပြုနေခြင်းဖြစ်ပြီး ရွှေရောင်ဝဲကတော့များကို ဖန်တီးလိုက်သည်။ ထိုဝဲကတော့ထဲတွင် မထင်မရှားနတ်သန္ဓေသားတစ်ခုရှိနေပြီး အပြင်ဘက်လောကမှ စွမ်းအားများကို အငမ်းမရ စုတ်ယူနေလေသည်။

“သူ့ကိုသတ်…”

ထိုအုပ်စုသည် ရုတ်တရက်ပင် စစ်ရေးကြွေးကြော်သံများကို အော်ဟစ်လိုက်ပြီး ပို၍ ရက်စက်လာကြလေ၏။

“သတ်…”

ရှီဟောင်လည်း အော်ဟစ်လိုက်ကာ လျှပ်စီးအတိဒုက္ခထဲတွင်ရှိနေသည့် သက်ရှိများကို ရန်သူအစစ်ကဲ့သို့ သဘောထားကာ တိုက်ခိုက်လိုက်သည်။ သူသည် ပညာကုန်ထုတ်သုံးကာ ပြင်းထန်စွာ တိုက်ခိုက်နေလေ၏။

ကောင်းကင်အတိဒုက္ခမရှိသည့်ခေတ်တွင် ရှီဟောင်သည် အတိဒုက္ခကို အတင်းဆင့်ခေါ်လိုက်သောကြောင့် ကောင်းကင်ဘုံမှ ဒေါသထွက်သွားကာ သူ့အား သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခအား ချပေးလိုက်ခြင်းပင်။

အား…

ရှီဟောင်၏ဆံပင်များ ရှုပ်ပွနေပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေလေပြီ။ သူသည် ခွန်ပန်ပညာကို နောက်ဆုံးအဆင့်ထိ အသုံးပြုနေသောကြောင့် ကောင်းကင်တစ်ခုလုံး ဓားများဖြင့်ပြည့်နှက်နေပြီး ရန်သူများထံသို့ နေရာအနှံ့မှ ပစ်ဝင်သွားလေသ်ည။

ခွန်ပန်အတောင်ပံများမှာ ယင်နှင့်ယန်စွမ်းအင်များ ဖြစ်ပေါ်လာကာ မူလဖရိုဖရဲကို ပုံဖော်သည့် နတ်သင်္ကေတဖြစ်ပေါ်လာလေသည်။

ရွှေရောင်ဝဲကတော့ပညာသည် သူ၏ခန္ဓာကိုယ် မျက်နှာပြင်ကို ဖုံးလွှမ်းထားပြီး ဝဲကတော့တစ်ခုစီတိုင်းတွင် ကျမ်းစာများကို ရွတ်ဖတ်နေသည့် လူသားပုံစံနတ်ပုံရိပ်လေး ရှိနေလေသည်။

ဤတိုက်ပွဲ၌ ရှီဟောင်သည် ခွန်ပန်ဘိုးဘေး ပြန်ပေါ်လာသကဲ့သို့ ခွန်ပန်ပညာကို အဆုံးစွန်ထိ အသုံးပြုနေခြင်းပင်။

ဖူး..

ရှီဟောင် လက်မြှောက်လိုက်ကာ ရန်သူတစ်ယောက်၏မျက်ခုံးကြားကို ဖောက်လိုက်သည်။

သူ၏အတောင်ပံများကို လှုပ်ခါ၍ စွမ်းအားကြီးသည့်ရန်သူနှစ်ယောက်ကိုလည်း သူတို့၏သတ္တဝါများနှင့်အတူ စုတ်ဖြဲပစ်လိုက်သည်။

..

နောက်ဆုံးရန်သူ၏ခေါင်း လွင့်ထွက်သွားသည့်အချိန်တွင် ရှီဟောင်သည် ဒူးတစ်ဖက်ထောက်ထားရပြီး ရန်သူထံမှ ရခဲ့သည့် လှံကို အားပြုထားရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းနေပြီဖြစ်ပြီး တစ်လက်မလေးပင် ရွှေ့ဖို့ ခက်ခဲနေလေပြီ။

ဝုန်း..

ထိုလှံတံပေါက်ကွဲသွားကာ လျှပ်စီးပင်လယ်ကြီး ဖြစ်ပေါ်လာလေသည်။ ရှီဟောင်မှာ လွင့်ထွက်သွားရကာ သူ၏ခန္ဓာကိုယ်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

ဤစစ်ဆေးမှုပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သည့်ဒဏ်ရာများဖုံးလွှမ်းနေသော်လည်း သူအသက်ရှင်နေဆဲပင်။ သူသည် ပေါက်ကွဲလုနီးပါးဖြစ်နေသော်လည်း ဤအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။

သို့သော်လည်း ဤသည်မှာ အစသာဖြစ်ပြီး ပို၍ကြောက်စရာကောင်းသည့်ကပ်ဆိုးများ သူ့အား စောင့်ကြိုနေသေးသည်။

သူ အသက်ဝဝရှူရန် ခဏမျှသာ အချိန်ရသည်။ ထာဝရစွမ်းအင်သုံးကြောင်းသည် သူ့အနားတွင် ရစ်ပတ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏စွမ်းအားကို စုတ်ယူပြီး သူ၏ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေလေ၏။

သူ၏ဒဏ်ရာများမှာ သိသာမြင်သာသည့်နှုန်းဖြင့်ပင်ပြန်လည်ကောင်းမွန်လာလေသည်။ သူ၏ခန္ဓာကိုယ် တောက်ပလာပြီး သူသည် ကောင်းကင်အတိဒုက္ခမှပင် စွမ်းအားများကို စုတ်ယူနေလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့်လူများမှာ အားလုံး ဆွံ့အသွားကြရ၏။ ဒါက ကြောက်စရာကောင်းလိုက်တာ .. သူကဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်တာလဲ…

အမှန်တကယ်တွင် ရှီဟောင်ပင်လျှင် သူ့ကိုယ်သူ အံ့အားသင့်သွားရသည်။ ဤကဲ့သို့သော ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်သည့်အချိန်တွင် ထာဝရစွမ်းအင်ရှိနေမှသာ ဖြတ်သန်းနိုင်လိမ့်မည်။ မဟုတ်ပါက မျှော်လင့်ချက်ပင်ရှိမည်မဟုတ်ပေ။

ထာဝရစွမ်းအင်များ ဝန်းရံထားသောကြောင့် သူ၏ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားသည်။

“ဒါက အနည်းဆုံး ထာဝရစွမ်းအင်နှစ်ကြောင်းရှိတဲ့ သူတွေအတွက် ပြင်ဆင်ထားတဲ့ ကောင်းကင်အတိဒုက္ခပဲ” ရှီဟောင် နားလည်သွားရသည်။

ဝုန်း..

ရှီဟောင်သည် ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားလိုက်ပြီး လျှပ်စီးပင်လယ်ကြီးကို စုတ်ဖြဲပစ်လိုက်သည်။

ထိုနေရာတွင် ပန်းရနံ့များ မွှေးကြိုင်နေပြီး ငှက်အော်သံများလည်း ကြားနေရသည်။ ဤနေရာသည် နတ်သမီးကျွန်းကဲ့သို့ပင် လှပလှပြီး အဖြူရောင်ထာဝရစွမ်းအင်များလည်း ရစ်သိုင်းနေလေသည်။ ဤနေရာမှာ အလွန်ပင် အေးချမ်းလှလေသည်။

ထို့နောက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်နှင့် ထိုအရာများအားလုံး ပျောက်ကွယ်သွားကာ တိတ်ဆိတ်သွားလေသည်။

သို့သော်လည်း ရှီဟောင် ဆံပင်မွေးများ ထောင်ထလာပြီး ဦးရေများပင် ကျိန်းလာသည်။ မြက်ပင်တိုင်း၊ သစ်ပင်တိုင်း၊ ရေစက်တိုင်းမှာ လျှပ်စီးအတိဒုက္ခသင်္ကေတဖြင့် ဖန်တီးထားခြင်းပင်။

ဝုန်း…

သူရောက်လာသည်နှင့် စတင်ပစ်ခတ်ကြလေ၏။

ရှေးဟောင်းကြေးနန်းတော်တစ်ခု ပေါ်လာကာ ထိုနန်းတော်သည် ကြောက်စရာအကောင်းဆုံး မှော်ရတနာအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်အား ဖိနှိပ်ရန် ကြိုးစားနေလေသည်။ ထိုနန်းတော်ကြီးသည် သူ့အား သွေးအိုင်အဖြစ်သို့ ပြောင်းလဲချင်နေခြင်းပင်။

ထိုကြေးနန်းတော်ကြီးကို ခက်ခက်ခဲခဲနှင့် ဖယ်ရှားပြီးသည့်နောက်တွင် ကိုးလွှာစေတီတစ်ခု ရောက်ရှိလာလေသည်။ ထိုစေတီနားတွင် ထာဝရစွမ်းအင်များ ရစ်သိုင်းနေပြီး ကြောက်စရာကောင်းလွန်းလှသည်။

ဤတိုက်ပွဲမှာ ပို၍အချိန်ကြာသည်။ ရှီဟောင်သည် ပထမအလွှာမှ စတက်လာသည်မှာ ကိုးလွှာသို့ ရောက်လာလေပြီ။ ထိုအလွှာထဲတွင် နတ်ဆိုးများနှင့် တစ္ဆေသရဲများရှိနေသည်။

ဒုန်း..

ကြီးမားသည့်ခေါင်းလောင်းတစ်ခု လျင်မြန်စွာ ရောက်ရှိလာသည်ကို တွေ့လိုက်ရလေသည်။

ဤခေါင်းလောင်း၏ကိုယ်ထည်ပေါ်တွင် ‘မရှိခြင်း’ ဟူသည့်စကားလုံးကို ရေးထိုးထားလေသည်။ ထိုခေါင်းလောင်းကြီးသည် တောက်ပလှကာ ခေါင်းလောင်းသံသည် သူ၏လမ်းကြောင်းတွင်ရှိသမျှကို တိုက်စားသွားလေသည်။

“မရှိခြင်း .. ဒီခေါင်းလောင်းပဲလား” ရှီဟောင် ထိတ်လန့်သွားရ၏။

ကံမကောင်းစွာဖြင့်ပင် သူသည် ခေါင်းလောင်းပေါ်မှ စာလုံးတစ်လုံးကိုသာ တွေ့လိုက်ရပြီး အခြားရှေးဟောင်းစကားလုံးများကို မမြင်လိုက်ရပေ။

ဒုန်း…

နောက်ဆုံးတွင်တော့ သူခေါင်းလောင်းကို ဖျက်ဆီးပစ်လိုက်နိုင်လေပြီ။

နတ်ဘုရားအစစ်များကို အပိုင်းပိုင်းဖြစ်စေရန် လုံလောက်သည့် အဖိုးတန်ပစ္စည်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ သို့သော်လည်း ရှီဟောင်သည် ထိုပစ္စည်းများအားလုံးကို တောင့်ခံနိုင်ခဲ့သည်။

နောက်ဆုံးတွင် မြေပြင်ပေါ်၌ ပစ္စည်းအပိုင်းအစများ ပျံ့ကြဲသွားကာ လျှပ်စီးအလင်းတန်းထွက်ပေါ်လာပြီး သူ၏အရိုးများ ကျိုးသွားသည်အထိ သူ့အား လွင့်ထွက်သွားစေလေသည်။ သူသေမလိုဖြစ်နေလေပြီ။

“နောက်ထပ် စစ်ဆေးခြင်းတစ်ခု…”

ရှီဟောင် အံကြိတ်ကာ ခက်ခက်ခဲခဲထရပ်လိုက်သည်။ သူ၏ဒဏ်ရာများကို ကုသရန်အတွက် ထာဝရစွမ်းအင်သုံးကြောင်းကို အသုံးပြုလိုက်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားရှိ စွမ်းအင်အားလုံးကို စုတ်ယူလိုက်သည်။

ဝူး..

သူနောက်တစ်ဆင့်ပိုမြင့်သည့် ကောင်းကင်ထက်သို့ ခုန်တက်သွားလိုက်ပြီး နယ်မြေအသစ်သို့ ဝင်ရောက်သွားလိုက်သည်။ ဤနယ်မြေတွင် အရာအားလုံး အမှောင်ထုအောက်တွင် ဝါးမြိုခံထားရပြီး တဝူးဝူးအသံများသာ ကြားနေရသည်။

အချိန်မြစ်နှင့်အတူ အနက်ရောင်လှောင်အိမ်များကို တစ်ခုပြီးတစ်ခု တွေ့နေရသည်။ ထိုလှောင်အိမ်များထဲတွင် စွမ်းအားကြီးသည့် မူလဝိဉာဉ်များ ပိတ်လှောင်ခံထားရလေသည်။

ရှီဟောင် အေးခဲသွားရ၏။ ဤသည်မှာ သူ၏မူလဝိဉာဉ်ယခင်က အကျဉ်းကျခဲ့သည့်နေရာလား..

ဤစစ်ဆေးခြင်းမှာ ပို၍ပင် ကြောက်စရာကောင်းသည်။ သူသည် အန္တရာယ်များစွာ တွေ့ကြုံခဲ့ရပြီး ရူးမလိုပင် ဖြစ်နေလေပြီ။ ဤသည်မှာ မူလဝိဉာဉ်တိုက်ပွဲပင်။

အား အား အား…

အမှောင်ထုထဲတွင် သူ၏မူလဝိဉာဉ်သည် သူ၏ခန္ဓာကိုယ်ကို စွန့်ခွာကာ အချိန်အပိုင်းအစများထဲတွင် လှည့်လှည်နေလေ၏။ ထို့နောက်တွင် အနက်ရောင်လှောင်အိမ်ကြီးထဲ ဖမ်းခံလိုက်ရကာ ကြောက်စရာကောင်းသည့်သက်ရှိများနှင့် တိုက်ခိုက်ခဲ့ရသည်။

သူသည် လေးဘက်လေးလံမှ ရန်သူများကို တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးတွင် လျှပ်စီးများဝန်းရံကာ ထိုလှောင်အိမ်ထဲမှ ပြန်ထွက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာနိုင်ခဲ့သည်။

ဤသည်မှာ ငရဲပြည်ကို သွားခဲ့ရသလိုပင်။ ကြောက်စရာအလွန်ကောင်းသည့် သက်ရှိများစွာပေါ်လာပြီး သူ၏မူလဝိဉာဉ်ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့လေသည်။

လျှပ်စီးအလင်းတန်းများသည် သူ၏ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်ကို နှိပ်စက်နေသလိုပင်။ ရှီဟောင်သည် စစ်ဆေးမှုများကို ဖြတ်သန်းပြီး ကိုးလွှာမြောက်သော ကောင်းကင်ဘုံသို့ ရောက်သွားလေပြီ။

သို့သော်လည်း ဤသည်မှာ အဆုံးမဟုတ်သေးပေ။

“သတ်…”

ရှီဟောင်သည် အလွန်မောပန်းနေပြီဖြစ်သော်လည်း ရှေ့ဆက်သွားနေရသည်။ ၁၀ လွှာမြောက် ကောင်းကင်ဘုံကို ဖြတ်ကျော်ပြီးသည့်နောက်တွင် နောက်ဆုံးတော့ သူအဆုံးသတ်သို့ ရောက်သွားလေပြီ။

“ကောင်းကင်ဘုံ ကိုးခုရဲ့အဆုံးမှာ ၁၀ခုမြောက် နယ်မြေရှိနေတာလား .. ဒါကရော အဆုံးသတ်ဟုတ်ပါ့မလား..”

ဤ ၁၀ လွှာတွင် စွမ်းအားကြီးသည့်ရန်သူများ ပြည့်နှက်နေသည်။ တောင်များမှာ ခမ်းနားလှပြီး ရှေးဟောင်းသစ်ပင်များလည်း နေရာတိုင်းတွင်ရှိနေလေသည်။ ဆေးပင်မွှေးရနံ့များလည်း လေထဲတွင် သင်းပျံ့နေလေသည်။

လျှပ်စီးဖြင့်ပြုလုပ်ထားသည့် ထိုဆေးပင်များကို ခူးယူလိုက်သည့်အချိန်တွင် သူ၏ဒဏ်ရာများကို ပျောက်ကင်းစေနိုင်သည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။

သို့သော်လည်း ဤနေရာတွင်ရှိနေသည့်သက်ရှိများမှာ ကြောက်စရာကောင်းလှပြီး ထာဝရစွမ်းအင်ရှိနေသည့်သူများပင် ရှိနေ၏။ သူသည် မသေမျိုးကောင်းကင်ဖီးနစ်ကိုပင် မြင်နေရသည်။

ကံကောင်းသွားသည်မှာ ထိုသက်ရှိများအားလုံး သူ့ကို တိုက်ခိုက်လာခြင်းမဟုတ်ပဲ သက်ရှိအချို့သာ တိုက်ခိုက်လာခြင်းပင်။

သို့သော် ပို၍ကြောက်စရာကောင်းသည်မှာ ထိုနေရာတွင် ‘ထာဝရသတ်ဖြတ်ခြင်းစင်မြင့်’ ဟု တောက်ပစွာရေးထိုးထားသည့် စင်္ကြံမြင့်တစ်ခု ထိုနေရာတွင်ရှိနေလေသည်။

“ထာဝရသတ်ဖြတ်ခြင်းစင်မြင့်”

ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။

ရှီဟောင်သည် ဤစကားလုံးကို မမှတ်မိသော်လည်း သူ၏အဓိပ္ပာယ်ကိုတော့ ခံစားမိသည်သာ။

ရွှီး..

ထာဝရသက်ရှိများကိုပင် သတ်နိုင်သည့် ထာဝရအလင်းတန်းတစ်ခု ရောက်ရှိလာလေသည်။

ပြင်းထန်စွာ တိုက်ခိုက်ပြီးသည့်နောက်တွင် ထို ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကို သူအနိုင်ယူလိုက်နိုင်သည်။ ဤသည်မှာ သူ့အတွက် ပြင်ဆင်ထားသည့် စင်္ကြံမဟုတ်ပဲ ကြုံရာကျပန်း တစ်ခုသာ။

သို့သော်လည်း ရှီဟောင်သည် အကြိမ်ပေါင်းများစွာ အပိုင်းပိုင်းဖြစ်သွားပြီး ခက်ခက်ခဲခဲနှင့် အသက်ရှင်နိုင်ခဲ့ခြင်းပင်။

“ပြီးသွားပြီလား..” သူ့ထံတွင် အားတစ်စက်မှ မကျန်တော့ပေ။

နောက်ဆုံးတွင်တော့ မီတာဝက်လောက်ရှိသည့် ရွှေရောင်ရေကန်လေးတစ်ခုကို သူတွေ့လိုက်ရသည်။ ထိုကန်ဘေးတွင် ရွှေရောင်နတ်သစ်ပင်တစ်ပင် ရှိနေသည်။ သူသည် ထိုနေရာသို့ ရောက်အောင် ရုန်းကန်သွားလိုက်ပြီး ကန်နံဘေးတွင် ပစ်လဲချလိုက်ပြီး ကန်ထဲမှ လျှပ်စီးအတိဒုက္ခဆေးရည်ကို တစ်ဝကြီး သောက်ပစ်လိုက်လေ၏။

အပိုင်း ၁၁၄၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၀ – အဆင့်တက်ခြင်း

ရွှေရောင်ကန်ကြီးသည် သိပ်မကျယ်သော်လည်း လျှပ်စီးအတိဒုက္ခရည်များဖြင့် ပြည့်နေလေသည်။ ထိုအရည်၏အနံ့ကို တစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့်ပင် ယစ်မူးသွားပေလိမ့်မည်။

ရှီဟောင်သည် ရေဓာတ်ခန်းခြောက်နေသောကြောင့် မြေကြီးပေါ်တွင်လဲချလိုက်ပြီး ရေကို ဝ

သူ၏ဒဏ်ရာများမှာ ပြင်းထန်လှသောကြောင့် ယခုအချိန်တွင် သူသည် သေလူနှင့်မခြားပေ။

ကောင်းကင်ဘုံကိုးခုကို ဖြတ်သန်းကာ ၁၀ ခုမြောက်ထိရောက်အောင် တက်လာခဲ့ရသောကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အကောင်းအတိုင်းကျန်နေသေးသည့်နေရာ မရှိတော့ပေ။ သူ၏နဖူးရိုးပင်လျှင် ၁၀ ပိုင်းကျော်ခန့် ကွဲထွက်သွားပြီး ပြန်ဆက်ထားရခြင်းသာ။

သူ၏ခန္ဓာကိုယ်မှာ မည်းတူးနေပြီး အပေါက်များပြည့်နေလေပြီ။ သူ၏အတွင်းအင်္ဂါများမှာ ညှော်နံ့ပင် ထွက်နေလေပြီ။

သူယခုထိ အသက်ရှင်နိုင်နေခြင်းမှာ ထူးခြားဆန်းကြယ်မှုတစ်ခုပင် ဖြစ်သည်။

ဤမီတာဝက်မျှရှိသည့် ရွှေရောင်ရေကန်လေးသည် ကျောက်တုံးကြီးတစ်ခုကို ဖြတ်ချထားသည်နှင့်တူသည်။ သူထိကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ လျှပ်စီးများဖြင့် ပြုလုပ်ထားခြင်းမဟုတ်သည်ကို တွေ့လိုက်ရပြီး သူအံ့အားသင့်သွားရသည်။

လျှပ်စီးပင်လယ်ထဲမှာ ဘယ်လိုလုပ် ဒီလိုမျိုး ရှေးဟောင်းကျောက်တုံးထာဝရကန်ရှိနေတာလဲ..

ရှီဟောင် ဤကဲ့သို့သော ရေကန်မျိုးကို တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ယခင်တစ်ခေါက် လျှပ်စီးအတိဒုက္ခရည်မှာ ခရမ်းရောင်ဖြစ်ပြီး သူ၏နတ်စွမ်းအားမှာ ယခုတစ်ခေါက်ထက် လျော့နည်းသည်။

လျှပ်စီးအတိဒုက္ခရည်ကို တစ်ငုံသောက်လိုက်သည်နှင့် သူ၏ပျက်စီးနေသည့် ခန္ဓာကိုယ်မှာ အနည်းငယ်ကောင်းမွန်သွားသည်ဟု ခံစားလိုက်ရပြီး သေမင်းခံတွင်းဝမှ လွတ်မြောက်လာလေပြီ။

သူ၏ကျင့်ကြံဆင့်သို့ ရောက်သည်နှင့် ခန္ဓာကိုယ်၊ မှော်စွမ်းအားနှင့် အခြားအရာများအားလုံးမှာ ယခင်ကထက် ပို၍ စွမ်းအားကြီးလာလေပြီ။ ယခင်တစ်ခေါက်က လျှပ်စီးအတိဒုက္ခရည်နှင့်သာဆိုလျှင် ဤမျှစွမ်းအားကြီးမည်မဟုတ်ပေ။

“တကယ်ကို စွမ်းအင်အစစ်အမှန်ပဲ..” ရှီဟောင် အံ့အားတကြီး သက်ပြင်းချလိုက်သည်။

ဤအရည်တစ်စက်သည် ယခင်က အရည်တစ်ခွက်နှင့် ညီမျှလေသည်။

“ဒီတစ်ခေါက် ဒဏ်ရာတွေက တော်တော်ဆိုးရွားတာပဲ” သူ စိတ်ငြိမ်သွားသည့်အချိန်မှသာ ဤအတိဒုက္ခမှာ မည်မျှပင် အန္တရာယ်များသည်ကို သူတွေ့လိုက်ရသည်။

ဒီခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ရော ဟုတ်သေးရဲ့လား .. အရိုးတိုင်းတွင် အနည်းဆုံး ဒါဇင်ပေါင်းများစွာ အက်ကွဲကြောင်းများရှိနေပြီး ထာဝရစွမ်းအင်သုံးကြောင်းကြောင့်သာ တစ်စစီဖြစ်မသွားခြင်းပင်။

သူ့ထံတွင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသောကြောင့်သာ သူတစ်စစီ ပြိုကွဲမသွားခြင်းပင်။

ယခုအချိန်ထိပင် သူ၏ခန္ဓာကိုယ်ထဲမှ လျှပ်စီးအလင်းတန်းများ ထွက်ပေါ်နေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်နေဆဲပင်။

သူ၏မူလဝိဉာဉ်သည်လည်း ထို့အတူပင်။ အစပေါင်းများစွာ ကွဲထွက်နေဆဲပင်။

လျှပ်စီးအတိဒုက္ခကို ကြုံတွေ့လိုက်ရသောကြောင့် သူ၏မူလဝိဉာဉ်နှင့် အသွေးအသားများ သန့်စင်သွားသော်လည်း ယခုအချိန်တွင် သူ၏အခြေအနေမှာ အလွန်ဆိုးရွားလှသည်။

ရှီဟောင် လျှပ်စီးအတိဒုက္ခရည်ကို နောက်တစ်လုပ်သောက်ပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြန်လည်ကောင်းမွန်လာသည်။

ခြောက်သွေ့နေသည့် သူ့အသားများပြန်လည်တောက်ပလာပြီး သူ၏ပျက်စီးသွားသည့်အရိုးများလည်း ပြန်ဆက်သွားလေပြီ။

ခပ်ဝေးဝေးမှ လူများအားလုံးမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။

“ဒါက လျှပ်စီးအတိဒုက္ခရည်ပဲ .. ပြီးတော့ ရွှေရောင်ဖြစ်နေတဲ့အရည် .. ဒီလိုမျိုး ကန်တစ်ကန်လုံးကို ဘယ်သူက မြင်ဖူးမှာလဲ…”

ယခုခေတ်တွင် ကောင်းကင်အတိဒုက္ခမရှိတော့သဖြင့် ရှေးဟောင်းရျွှေရောင်ကန်ကို မြင်နိုင်စရာအကြောင်းမရှိတော့ပေ။

“ဒါက တစ်ခုတည်းသော အခွင့်အရေးပဲ .. ဟွမ်က အခုလေးတင်မှ အတိဒုက္ခကို ဖြတ်ပြီးသွားတာ .. အခုအချိန်မှာ သူက အားအနည်းဆုံးဖြစ်နေမှာ .. သူ့ကိုသတ်လိုက်တာနဲ့ နောင်လာမယ့်ပြဿနာတွေအားလုံး ချုပ်ငြိမ်းသွားမှာ” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ဟွမ်ကို ရန်လိုနေသည့်သူများ အမြဲတမ်း ရှိနေသည်သာ။

“ရွှေရောင်ကျောက်ကန်က ထာဝရရှေးဟောင်းခေတ်က ကျန်ခဲ့တဲ့ကန်လို့ ပြောကြတယ် .. ဒီလိုမျိုး လျှပ်စီးအတိဒုက္ခရည်ကို သောက်လိုက်တာနဲ့ နောင်ကျရင် ကျင့်ကြံရေးမှာ အရမ်းအသုံးဝင်မှာ” အချို့လူများမှာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပေ။

“ဟွမ်က လူအများကြီးကို သတ်ထားတာ … သူအားနည်းနေတဲ့အချိန်ကို ပူးပေါင်းပြီးတော့ သူ့ကိုရှင်းလိုက်ကြရအောင်”

“လျှပ်စီးအတိဒုက္ခရည် တစ်ကန်လုံးကို ငါတို့အညီအမျှခွဲလို့ရပါတယ်..”

လူအချို့မှာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပေ။ သူတို့၏အဓိကရည်ရွယ်ချက်မှာ ရှီဟောင်ကိုသတ်ရန်မဟုတ်ပဲ လျှပ်စီးအတိဒုက္ခရည်ကို ရယူရန်ပင်။ သူတို့သည် ရှီဟောင်ကြိုးစားထားရသည့် အသီးအပွင့်များကို လိုချင်နေကြလေသည်။

“တိုက်ကြမယ်..”

သားရဲသွား ၁၀ခုကျော် တောက်ပလာပြီး ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုဓားများသည် လျှပ်စီးအတိဒုက္ခကန်နံဘေးတွင်ရှိနေသည့် ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။

စေတီတစ်ခု တောက်ပလာကာ ငါးရောင်စပ်အလင်းတန်းတောက်ပလာသည်။ ထိုစေတီသည် တောင်တစ်လုံး အရွယ်ပမာဏသို့ ပြောင်းလဲသွားကာ ရှီဟောင်အား ကာကွယ်ပေးထားလေသည်။

ထိုအချိန်တွင် ထာဝရဓားသည်လည်း လှုပ်ရှားလာကာ အနက်ရောင်စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

..

ထိုအချိန်တွင် လက်နက်ပေါင်းများစွာ ပေါ်လာလေ၏။ ထိုလက်နက်အားလုံးမှာ စွမ်းအားကြီးသည့်လက်နက်များပင်။

ထိုထဲတွင် ဂျီးနီးယပ်စ်များသာမက မြို့ခံများလည်း ပါဝင်လေသည်။ အချို့သူများသည် ရှီဟောင်အား အမှန်တကယ်ရန်လိုနေခြင်းဖြစ်ပြီး အခြားသူများမှာ လျှပ်စီးအတိဒုက္ခရည်ကို လိုချင်နေသောကြောင့်သာ။

“မင်းတို့လုပ်ရဲကြတယ်ပေါ့…”

ကျယ်လောင်စွာ အော်ဟစ်သည့်အသံများ ထွက်ပေါ်လာလေ၏။ ဥပမာအားဖြင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၊ ချောင်ယုရှန်းနှင့်အခြားသူများလည်း ပေါ်လာလေသည်။ သူတို့သည် ထိုဂျီးနီးယပ်စ်များအား တားဆီးရန် ကြိုးစားနေကြသည်။

ဝုန်း…

ထိုအချိန်တွင် ပျောက်ကွယ်သွားတော့မလိုဖြစ်နေသည့် မိုးကြိုးများပြန်ပေါ်လာလေ၏။

သို့သော်လည်း ယခုတစ်ခေါက်တွင်ရှီဟောင်အား တိုက်ခိုက်ခြင်းမဟုတ်ပဲ လက်နက်များကိုင်လာသည့်သူများကို တိုက်ခိုက်ခြင်းပင်။

မိုးကြိုးပင်လယ် ကိုးခုအပေါ်ရှိ ၁၀ ခုမြောက်နယ်မြေမှာ ထာဝရသက်ရှိများ၏ ကောင်းကင်ဘုံများကဲ့သို့ပင်။ အဆောက်အဦးများရှိနေပြီး နတ်ငှက်များလည်း အတောင်ပံများကို ဖြန့်ကျက်ကာ ထာဝရသားရဲများလည်း လှုပ်ရှားလာကြသည်။

ဤအရာအားလုံးမှာ အစက မှုန်ဝါးနေသော်လည်း ယခု တိုက်ခိုက်ခံလိုက်ရသည့်အချိန်တွင် ပြန်ပေါ်လာလေသည်။ ထာဝရစွမ်းအင်များရှိနေသည့် နတ်ငှက်များနှင့် သားရဲအချို့သည် အောက်ဘက်သို့ တရှိန်ထိုး ပြေးဆင်းသွားကြလေသည်။

လျှပ်စီးအလင်းတန်းအောက်တွင် ထိုလက်နက်များအားလုံး အက်ကွဲကာ ပေါက်ကွဲသွားပြီး ထိုသူများ၏တိုက်ခိုက်မှုလည်း အရာမဝင်ပေ။

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေလေ၏။ ကောင်းကင်အတိဒုက္ခက ဘာလို့နောက်တစ်ခေါက် ပြန်ပေါ်လာတာလဲ…

ကောင်းကင်ဘုံက ဟွမ်ကို ကာကွယ်ပေးနေတာများလား…

ပို၍ကြောက်စရာကောင်းသည်မှာ လျှပ်စီးအလင်းတန်းများသည် လက်နက်များတစ်လျှောက်လိုက်လာသေည်။

အား…

သနားစဖွယ်အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာလေ၏။ အချို့သူများမှာ လျှပ်စီးအလင်းတန်းကြောင့် ဒဏ်ရာရသွားပြီး အချို့သူများမှာ နတ်ငှက်များနှင့် အခြားသားရဲများကြောင့် ချက်ချင်းပင် ထိုနေရာ၌ သေဆုံးသွားလေသည်။

“ဘာကြီးလဲ .. ဒါက ဘယ်လိုစွမ်းအားမျိုးလဲ…” အားလုံး ထိတ်လန့်သွားရသည်။

အားလုံးမှာ ဟွမ်ကဲ့သို့ အားကောင်းနေခြင်းမဟုတ်ပဲ.. သူတို့သည် ဂျီးနီးယပ်စ်များဖြစ်သော်လည်း လလျှပ်စီးအတိဒုက္ခကို မတားဆီးနိုင်ပေ။ သူတို့အားလုံး ချက်ချင်းသေဆုံးသွားရသည်။

တိုက်ခိုက်လာသည့်လူတစ်ဝက်ကျော်မှာ သေဆုံးသွားလေပြီ။ သူတို့သည် ကိုယ့်ကိုကိုယ် မထိန်းနိုင်ပဲ အလောတကြီး ပြေးဝင်သွားကြသောကြောင့် စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခနှင့် တွေ့သွားရခြင်းပင်။

ကျန်ခဲ့သည့်သူများမှာလည်း လျှပ်စီးအလင်းတန်း အကြွင်းအကျန်ကြောင့် သူတို့တစ်ကိုယ်လုံး မည်းတူးသွားကာ အနက်ရောင်မီးခိုးများ တစ်လုံးပြီးတစ်လုံး ထွက်လာလေသည်။

“ကောင်းကင်အတိဒုက္ခမရှိတာကြာပြီဆိုတော့ အခုခေတ်လူတွေက ဒီအတိဒုက္ခတွေအကြောင်းကို နားမလည်ကြတော့ဘူး .. တစ်ခြားသူတွေ အတိဒုက္ခကို ဖြတ်သန်းနေတဲ့အချိန်မှာ ဘယ်လိုလုပ် တစ်ခြားသူတစ်ယောက်က ဝင်နှောက်ယှက်လို့ရမှာလဲ .. ဒါက ကိုယ့်သေတွင်းကိုယ်တူးတာပဲ..” အကြီးအကဲတစ်ယောက်ပြောလိုက်၏။ သူသည် ကောင်းကင်နတ်ဘုရားပင်။

သူဆက်မပြောလိုက်သည့် စကားတစ်ခွန်းမှာ သူတောင်မလုပ်ရဲဘူး ဟူ၍ပင်။ နှောက်ယှက်သည့်သူ ခွန်အားကြီးလေလေ လျှပ်စီးအလင်းတန်းမှာ စွမ်းအားကြီးလေလေပင်။

“ကောင်းတယ် .. လျှပ်စီးအတိဒုက္ခ .. ဘယ်သူက မင်းတို့ကို ရှီဟောင် ဒီလိုအခြေအနေမျိုး ရောက်နေတဲ့အချိန် တိုက်ဖို့ပြောလဲ”

“နည်းတောင်နည်းသေးတယ် .. မင်းတို့က သူများဟာကို နှမ်းဖြူးချင်တာကိုး .. ဒီလူတွေက အရှက်ကိုမရှိကြဘူး .. မိုးကြိုးပစ်ခံရပြီး သေသင့်တဲ့သူတွေ”

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် ချောင်ယုရှန်းတို့ ပြောလိုက်သည့်စကားကြောင့် အချို့လူများ မျက်နှာပျက်သွားလေသည်။

“တာအိုသူငယ်ချင်း .. ဟွမ်က အတိဒုက္ခကို ဖြတ်သန်းပြီးတော့ အောင်မြင်တော့မှာ .. မင်းတို့အားလုံး မကြောက်ကြဘူးလား .. သူကြီးကျယ်ခမ်းနားလာမယ့်အချိန်ကို မင်းတို့စောင့်နေကြတာလား ….” တစ်စုံတစ်ယောက်မှ တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်။

“ဟုတ်တယ်မလား .. သူ့လိုပြိုင်ဘက်မျိုးကို ထာဝရရှေးဟောင်းမြေရဲ့ကံကောင်းမှုကြီးကို ယူခွင့်ပေးလိုက်ရင် ဘယ်သူက သူ့ကိုယှဉ်နိုင်တော့မှာလဲ .. ဒီအခွင့်အရေးကိုသုံးပြီးတော့ သူ့ကိုရှင်းလိုက်သင့်တယ် .. သူ့ကို ရှင်းလို့ရမယ့်နည်းလမ်းကို အတူတူစဉ်းစားကြည့်သင့်တယ်”

အချို့သူများသည် ရှီဟောင်းအား ယခုထိ ရန်လိုနေဆဲပင်။

“လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုဘိုးဘိုး .. ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါ” လူအုပ်အပြင်ဘက်မှ ငွေရောင်ဆံပင်နှင့် မိန်းမပျိုမှ ပြောလိုက်သည်။ ဤသည်မှာ ယုန်ဖြူလေးပင်။

“ဒီအုပ်စုက ရွံစရာကောင်းလွန်းတယ် .. သူတို့ကို ကောင်းကင်အတိဒုက္ခထဲ ပို့လိုက်သင့်တယ်” ရွှယ်လင်း ပြောလိုက်၏။ သူမသည်လည်း ငွေရောင်ဆံပင်များပိုင်ဆိုင်ထားပြီး သူမသည် ယုန်ဖြူလေးနှင့်အတူ ရပ်နေခြင်းပင်။

“ကောင်းပြီလေ…” အကြီးအကဲသည် သူ၏အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် လေများတိုက်ခတ်လာကာ လူ၁၀ ယောက်ကျော်မှာ ထိုလျှပ်စီးအလင်းတန်းထဲသို့ ရောက်သွားလေ၏။

ဤသည်မှာ ယုန်ဖြူလေးနှင့် အခြားသူများ ခက်ခက်ခဲခဲခေါ်လာရသည့်တပ်ကူပင်။

အမှန်တကယ်တွင် လွန်ခဲ့သည့် နှစ်ဝက်ကတည်းက လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုကို ဖိတ်ခေါ်ပြီးသားဖြစ်သော်လည်း ရှီဟောင်မှ တစ်ချိန်လုံး သီးသန့်ကျင့်ကြံနေသောကြောင့် လွဲသွားခြင်းပင်။

အား…

ထိုသူများအားလုံး ကြောက်လန့်တကြား အော်ဟစ်နေကြလေ၏။

ကောင်းကင်နတ်ဘုရားရှေ့တွင် သူတို့ကိုယ်သူတို့ သိုဝှက်လွန်းလှသည်ဟု ထင်နေရသည့်အပြုအမူအားလုံးမှာ ဗူးပေါ်သလို ပေါ်နေသည်သာ။

ဤရလဒ်နှင့်နှိုင်းယှဉ်ပြီးသည့်နောက်တွင် ဟွမ်မည်မျှပင် ကြောက်စရာကောင်းသည်ကို အားလုံးနားလည်သွားရသည်။ သူသည် ဤလျှပ်စီးပင်လယ်ကိုရင်ဆိုင်နိုင်သော်လည်း ဤလူများမှာ လျှပ်စီးများနှင့် ထိတွေ့မိသည်နှင့် ချက်ချင်းပေါက်ကွဲသွားလေသည်။

ဤလူများ အားနည်းသောကြောင့်မဟုတ်ပဲ ၁၀ခုမြောက်နယ်မြေမှ လျှပ်စီးက အားကောင်းနေခြင်းပင်။ စွမ်းအားအကြီးဆုံး နတ်ဘုရားအစစ်ဝင်သွားလျှင်ပင် ထိုသူ့ထံ၌ ထာဝရစွမ်းအင်မရှိပါက သေချာပေါက် သေဆုံးသွားမည်သာ။

ဝုန်း..

နောက်ဆုံးလူလည်း ပေါက်ကွဲသွားပြီး အားလုံး ရှင်းလင်းခံလိုက်ရလေ၏။

အမှန်တကယ်တွင် ကောင်းကင်အတိဒုက္ခမှာ ရှီဟောင်အား မတိုက်ခိုက်တော့ပေ။ သူအောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီဖြစ်သောကြောင့် ဤလျှပ်စီးများမှာ ပြန်မဆုတ်ခွာသေးသည့် လျှပ်စီးများပင်။

ရှေးဟောင်းထာဝရကန်ဘေးတွင် ထိုင်နေသည့်ရှီဟောင်၏အခြေအနေမှာ ပိုကောင်းလာသည်။ သူသည် အစောပိုင်းက မီးစာကုန်ခမ်းတော့မည့် မီးအိမ်ကဲ့သို့ ဖြစ်နေသော်လည်း ယခုအချိန်တွင် အရာအားလုံး ပြောင်းပြန်ဖြစ်သွားလေပြီ။

ခဏကြာပြီးသည့်နောက်တွင်ရှီဟောင်၏ ခန္ဓာကိုယ်သည် ၇ရောင်စပ်ဖန်ကဲ့သို့ ကြည်လင်တောက်ပလာလေ၏။

မှေးမှိန်နေသည့် သူ၏မူလဝိဉာဉ်လည်း နေမင်းကြီးကဲ့သို့ပင် တောက်ပလာလေ၏။

သူ၏နဖူးရိုးနောက်တွင် ပုံရိပ်လေးတစ်ခု မတ်တပ်ရပ်နေလေ၏။

မူလဝိဉာဉ်တွင် ကောင်းကင်နတ်ဘုရားအော်ရာရှိနေသည်ကို တွေ့လိုက်ရသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။

ဤပုံရိပ်လေးသည် အလွန်ခမ်းနားလှသည့် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏လက်ထဲတွင် မှော်တံဆိပ်များ ရှိနေလေသည်။

သူသည် ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေသော်လည်း သူ၏တာအိုအော်ရာများမှာ လေထဲတွင်ပျံ့လွင့်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီဟောင်သည် လျှပ်စီးအတိဒုက္ခရည်သုံးငုံသောက်ပြီးသွားလေပြီ။

ခပ်ဝေးဝေးတွင်ရှိနေသည့်လူများအားလုံး မျက်လုံးများပြူးကျယ်သွားကြကာ တံတွေးများ မြိုချနေကြလေသည်။ ဤသည်မှာ ရှေးခေတ်ကတည်းက မြင်တွေ့နိုင်ရန် ရှားပါးလှသည့် လျှပ်စီးအတိဒုက္ခရည်ဖြစ်သောကြောင့် သူတို့ကို မျက်လုံးများနီရဲလာစေလေသည်။

ဤအရည်၏ဆေးစွမ်းကို အားလုံးမြင်နေရသည်။ အချိန်ဘယ်လောက်မှ မကြာသေးသော်လည်း ရှီဟောင်သည် ယခင်ကထက်ပင်ပို၍ သာလွန်နေလေပြီ။

“သူသာ ဒီအတိုင်းဆက်သွားရင် သူက တကယ် ပိုးအိမ်ထဲက ထွက်လာတဲ့လိပ်ပြာဖြစ်သွားမှာ” အားလုံး အထင်ကြီးစွာ သက်ပြင်းချလိုက်ကြသည်။

ရှီဟောင်၏အရေပြား တစ်လွှာပြီးတစ်လွှာ ကွာကျလာကာ ပျက်စီးသွားသည့်အရိုးများလည်း သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာလေသည်။

သွေးများသည် လျှပ်စီးများကဲ့သို့ စီးဆင်းနေပြီး သူ၏ခန္ဓာကိုယ်ကို သန့်စင်နေလေသည်။

အချိန်အတော်ကြီးကြာပြီးမှသာ ကောင်းကင်ကြီးတွင် ပြည့်နှက်နေသည့် လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားလေ၏။ ထိုအချိန်မှသာ ရှီဟောင်၏မျက်လုံးများပွင့်လာလေ၏။ သူ၏မျက်လုံးဖွင့်လိုက်သည်နှင့် အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေ၏။

ထို့နောက်တွင် သူသည် အဖြူရောင်ကျောက်စိမ်းဗူးလေးကို ထုတ်ကာ ကျန်နေသေးသည့် လျှပ်စီးအတိဒုက္ခရည်ကို ထည့်သိမ်းလိုက်သည်။

ထိုအချိန်တွင် အခြားသူများမပြောနှင့် ကောင်းကင်နတ်ဘုရား၏မျက်လုံးများပင်လျှင် အရောင်ထွက်လာလေ၏။

အပိုင်း ၁၁၅၀ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၁ – ဂုဏ်သရေရှိဧည့်သည်တော်

ယခင်တစ်ခေါက် ကောင်းကင်အတိဒုက္ခကဲ့သို့ပင် လျှပ်စီးအတိဒုက္ခရည်အားလုံးကို သူမယူပဲ အနည်းငယ်သာ ယူလိုက်သည်။ လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် ထိုရေကန်လည်းပျောက်ကွယ်သွားလေ၏။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ တိတ်ဆိတ်သွားပြီး လျှပ်စီးအတိဒုက္ခလည်း မရှိတော့ပေ။

ယခုအချိန်တွင် ရှီဟောင်သည် ယခင်ကထက်ပို၍ စွမ်းအားကြီးကာ ထာဝရစွမ်းအင်သုံးကြောင်းသည် သူ့အနားတွင် ဝဲလည်နေလေ၏။ သူသည် ဤလောကသို့ ဆင်းသက်လာသည့် ထာဝရသက်ရှိနှင့်တူနေလေပြီ။ သူသည် လက်ညှိုးတစ်ချောင်းတည်းဖြင့် နတ်မီးတောက်နယ်ပယ်ကျင့်ကြံသူကို သတ်နိုင်ပြီဟု ခံစားနေရသည်။

မျက်လုံးများစွာမှာ သူ့အားကြည့်နေကြပြီး သူ၏လက်ထဲရှိ ဗူးလေးမှာ အလွန်ဆွဲဆောင်မှုရှိနေလေ၏။

“ဟမ်.. ” ရုတ်တရက်ပင် သူထိတ်လန့်သွားရ၏။

ကျိန်စာစွမ်းအားများသည် ဒီရေကဲ့သို့ပင် ရုတ်တရက်ရောက်လာလေ၏။ ဤသည်မှာ သူပထမဆုံး ကျိန်စာစွမ်းအားခံစားရခြင်းဖြစ်သော်လည်း အကျိုးသက်ရောက်မှု သိပ်မရှိပေ။ ထိုကျိန်စာစွမ်းအားများအားလုံးသည် ခဏအတွင်းပင် ပျောက်ကွယ်သွားလေ၏။

ဤသည်မှာ လျှပ်စီးအတိဒုက္ခကြောင့်လား လျှပ်စီးအတိဒုက္ခရည်ကြောင့်လား မသိသော်လည်း ရှီဟောင် အတော်လေး တုန်လှုပ်သွားရသည်။

သူ၏ခန္ဓာကိုယ်မှာ လုံးဝကို ရှင်းလင်းနေပြီး မသက်မသာခံစားနေရခြင်းမရှိပေ။

ရှီဟောင် တောက်ပစွာပင် ပြုံးလိုက်လေ၏။

မာယွမ်၊ ရွှေရောင်ဆင်၊ ဖီးရှူး၊ ဦးချိုနဂါးနှင့် ရှေးဟောင်းလူဝံတို့အားလုံးမှာ ကျိန်စာကြောင့် သေခဲ့ရခြင်းပင်။

ထိုအချိန်တွင် သူ့အနားသို့ ကောင်းကင်နတ်ဘုရားများ ရောက်လာလေ၏။ အချို့လူများ၏ မျက်လုံးများမှာ ကြောက်စရာကောင်းလှပြီး စွမ်းအားကြီးသည့်အော်ရာများ ထုတ်လွှတ်နေသော်လည်း ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့် ရောက်လာသည့်သူများလည်း ရှိသည်သာ။

သူတို့ထဲမှ ထူးခြားသည့် ကောင်းကင်နတ်ဘုရားတစ်ယောက် ထွက်လာသည်။ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုအကြီးအကဲသည် ဖြူဖွေးနေသည့်ဆံပင်များရှိနေသော်လည်း အသားအရေမှာ နပျိုနေဆဲပင်။ သူ့နောက်တွင် ချောင်ယုရှန်း၊ ယုန်ဖြူလေးနှင့် အခြားသူများပါလာလေ၏။

“ဟား ဟား .. လူငယ်တွေကြားထဲက သူရဲကောင်းတစ်ယောက်ပဲ .. လူငယ်လေးက တကယ်အံ့အားသင့်ဖို့ကောင်းတာပဲ .. ရှေးခေတ်တွေမှာတောင် မြင်တွေ့ရဖို့ခက်ခဲတဲ့ စွမ်းရည်တွေ ရှိနေတာပဲ” အကြီးအကဲမှ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အားချီးကျူးလိုက်သည်။

“စီနီယာက အရမ်းကို ကြင်နာလွန်းနေပါပြီ” ရှီဟောင် နှိမ့်ကျစွာ ပြောလိုက်သည်။ သူသည် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်တောက်ပနေကာ အဝတ်အစားများလည်း လေထဲလွန့်နေလေသည်။

သူ၏ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ယနေ့တွင် ဟွမ်သည် အောင်မြင်မှုကြီးတစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်း ဝန်ခံရပေလိမ့်မည်။

သူသည် ကောင်းကင်အတိဒုက္ခကို ဆင့်ခေါ်နိုင်ရုံသာမက ထိုအတိဒုက္ခကို အောင်မြင်စွာလည်း ဖြတ်ကျော်နိုင်ခဲ့သည်။ သူသည် သမိုင်းဝင်သွားလေပြီ။

“ရှီကောင်စုတ် .. မင်းအနေတာလား .. ငါပြောတာကို မကြားဘူးလား .. အဲဒါက သာမန်ကန်မဟုတ်ဘူး ထာဝရကန် .. မင်းငါ့အတွက် ကျောက်တုံးလေး နည်းနည်းတောင် မယူထားပေးဘူးလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အော်ဟစ်နေလေ၏။

“ဟီး ဟီး … နင်အဆင်ပြေလို့တော်သေးတာပေါ့ .. သက်ဆိုးရှည်တယ်ဆိုတာ အလကားနေ ထွက်လာတဲ့စကားပုံတော့ မဟုတ်ဘူးပဲ” ယုန်ဖြူလေး ပြောလိုက်သည်။

“နင်က နှစ်ဝက်လောက်အောင် ပျောက်နေတာဆိုတော့ နင့်အတွက် ဆုတောင်းစာရွက်တွေကိုတောင် မီးရှို့ပေးပြီးသွားပြီ .. နှမြောစရာကောင်းလိုက်တာ” မြင့်မြတ်သည့် ရွှယ်လင်းမှ ထူးမခြားနားစွာပင် ပြောလိုက်သည်။

“မင်းပြန်လာလို့တော်သေးတာပေါ့ … မဟုတ်ရင် ငါမင်းအတွက် လက်စားချေပေးရရင် တော်တော်ဒုက္ခများမှာ .. ငါသေတောင် သေသွားနိုင်တယ်..” ချောင်ယုရှန်း ပြောလိုက်၏။

လော့သွမ်၊ လန်ယိချန်၊ လုယီနှင့်အခြားသူများလည်း ရောက်လာသောကြောင့် ဤနေရာမှာ အတော်လေး အသက်ဝင်သွားသည်။

ချင်းရီသာလျှင် ဤနေရာမှ ဖြတ်ခနဲပျောက်သွားခြင်းပင်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ချောင်ကုန်းယန်နှင့် နဂါးမိန်းမပျိုတို့လည်း ခေါင်းညိမ့်ပြကာ သူအားနှုတ်ဆက်ပြီး သူ့အား ဂုဏ်ပြုပေးကြလေသည်။

“ဟားဟား..” စိတ်ထဲတွင် လှောင်ရယ်နေသည့် သူများလည်းရှိနေသည်သာ။ သူတို့သည် ထာဝရရှေးဟောင်းမြေရှိ စွမ်းအားကြီးသည့်လူမျိုးစုမှလာသည့် အလွန်စွမ်းအားကြီးသည့် ကောင်းကင်နတ်ဘုရားများပင်။

“အပြင်လူတစ်ယောက်ကြောင့် ထာဝရရှေးဟောင်းမြေမှာ နေတဲ့ ကောင်းကင်နတ်ဘုရား ၇ ယောက်သေသွားခဲ့ရတယ် .. လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုက တာအိုညီအစ်ကိုက သူ့ကို ကာကွယ်ပေးနေဦးမှာလား..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်၏။

သူမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရှီဟောင် အတိဒုက္ခကို ဖြတ်သန်းခဲ့သောကြောင့် ကျိန်စာစွမ်းအားများ ကျရောက်လာပြီး ကောင်းကင်နတ်ဘုရား ပျက်စီးသွားခဲ့ရခြင်းပင်။

မြို့ခံများမျက်လုံးထဲတွင် သူသည် မကောင်းဆိုးဝါးတစ်ကောင်ပင်။

ရှီဟောင် မကြောက်မိပေ။ နတ်မီးတောက်နယ်မြေအဆင့်မှာတောင် အသက်ရှင်လျက် ဖြတ်ကျော်နိုင်ခဲ့၏။ ယခုအချိန်တွင် သူသည် ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် နတ်ဘုရားအစစ်နယ်မြေ၏ အလယ်အဆင့်သို့ ရောက်နေလေပြီ။

“စီနီယာ .. တစ်ခွက်လောက်သောက်ဖို့ ကျွန်တော် ဖိတ်ချင်ပါတယ်”

ရှီဟောင်သည် ကျောက်စိမ်းခွက်ကို ထုတ်လိုက်ကာ ကျောက်စိမ်းဗူးထဲမှ ရွှေရောင်အရည်ကို လောင်းထည့်လိုက်လေ၏။ အမွှေးနံ့များပျံ့လွင့်သွားကာ လူများစွာကို မူးဝေသွားစေလေသည်။

နတ်ဘုရားအစစ်များမှာ အသက်ရှူသံများပင် မြန်ဆန်လာလေသည်။

လက်ရှစ်ဘက်လူမျိုးစုမှ အကြီးအကဲသည် ထိုခွက်ကို လက်ခံသောက်လိုက်ကာ အရသာခံလိုက်သည်။ “ကောင်းတယ် .. ကောင်းတယ် .. ကောင်းတယ် .. နှစ်တစ်သောင်းသိုလှောင်ထားတဲ့ ဝိုင်ထက်တောင် မွှေးသေးတယ် .. လျှပ်စီးအတိဒုက္ခရည်တစ်ခွက်လောက်ကို သောက်ရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး”

“အမ် .. မဟုတ်သေးဘူး” ရုတ်တရက်ပင် လက်ရှစ်ဘက်လူမျိုးစုမှ အကြီးအကဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ သူ့အမူအရာများ လေးနက်လာလေသည်။ သူလျင်မြန်စွာ ထိုင်ချလိုက်သည်နှင့် သူ့ဦးခေါင်းမှ အဖြူရောင်မြူများ ထွက်ပေါ်လာလေ၏။

ဘာဖြစ်တာလဲ .. အားလုံး ထိတ်လန့်သွားရသည်။

အထူးသဖြင့် လက်ရှစ်ဘက်လူမျိုးစုမှ လူများပင်။ သူတို့အကြီးအကဲ တစ်ခုခုဖြစ်သွားမည်စိုးသောကြောင့် ရှီဟောင်အား ဝိုင်းထားကြလေသည်။

“အကြီးအကဲ .. မင်းအကြီးအကဲကို ဘာလုပ်လိုက်တာလဲ” တစ်စုံတစ်ယောက်မှ မေးခွန်းထုတ်လိုက်သည်။

ကောင်းကင်နတ်ဘုရားများမှာ လူမျိုးစုတစ်စုအတွက် အလွန်အရေးကြီးလှသည်။

“မင်းသူ့ကို မရိုမသေ ဆက်ဆံလို့မရဘူး … ငါအဆင်ပြေတယ်” လက်ရှစ်ဘက်လူမျိုးစုမှ အကြီးအကဲ အော်ပြောလိုက်ကာ ထိုနေရာတွင် ဆက်ထိုင်နေဆဲပင်။ သူ၏ခန္ဓာကိုယ်မှ မြူများ ပိုထွက်လာလေ၏။

ရှီဟောင် အတော်လေး တုန်လှုပ်သွားရသည်။ ထင်ထားတဲ့အတိုင်းပဲ .. သူထင်ထားတဲ့အတိုင်းပဲ .. ဒီလျှပ်စီးအတိဒုက္ခရည်က ကျိန်စာကို ချေဖျက်ပေးနိုင်တယ်…

“လူငယ်လေး .. ငါနောက်တစ်ခွက်လောက် တောင်းလို့ရမလား” လက်ရှစ်ဘက်လူမျိုးစုမှ ထိပ်ဆုံးအဆင့် ကောင်းကင်နတ်ဘုရားပြောလိုက်သည်။ သူ၏အသံတွင် မျှော်လင့်ချက်များပြည့်နှက်နေလေသည်။

“ရပါတယ်” ရှီဟောင် သူ့အတွက် နောက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။

အကြီးအကဲသည် တစ်ခါတည်းမော့ချပစ်လိုက်ကာ ထပ်၍တရားထိုင်လိုက်သည်။

“ငါလည်းသောက်ချင်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ဆူညံစွာ အော်ဟစ်လာသည်။

အခြားသူများသည်လည်း ရှီဟောင့်လက်ထဲရှိ ကျောက်စိမ်းဗူးလေးကို စိုက်ကြည့်နေကြလေ၏။ ဤသည်မှာ ကောင်းကင်အတိဒုက္ခတွင်သာ ပေါ်လာသည့် အဖိုးဖြတ်၍မရသည့် နတ်ဆေးရည်ပင်။

ဤသည်မှာ သာမန်လူများရရှိနိုင်ရန် ခက်ခဲလွန်းလှသည့် အရာတစ်ခုပင်။

ရှီဟောင်ပြုံးလိုက်ကာ ခွက်များစွာကို ထုတ်လိုက်ပြီး ထိုခွက်များထဲသို့ လျှပ်စီးအတိဒုက္ခရည်များ ဖြည့်လိုက်ကာသူတို့အား ကမ်းပေးလိုက်သည်။ သူသည် ချောင်ကုန်းယန်နှင့် နဂါးမိန်းမပျိုကိုလည်း တစ်ခွက်လောက်လာသောက်ရန် ဖိတ်ခေါ်လိုက်၏။

ဤသည်မှာ အပြင်ဘက်မှလူများ၏ မျက်လုံးများကို ပို၍ပင်နီရဲသွားစေသည်။ သူသည် ရှားပါးသည့်အဖိုးတန်ဆေးရည်ကို ဘာမှမဟုတ်သကဲ့သို့ လက်ဆောင်လိုက်ပေးနေသည်။

“ဟားဟား..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ရယ်မောလိုက်သည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားတစ်ပါးပင်။

“ဒီနေ့ မင်း လက်ရှစ်ဘက်လူမျိုးစုက သူ့ကိုကာကွယ်ပေးချင်ရင်တောင်မှ မရတော့ဘူး .. ဟွမ် သေကိုသေရမယ် .. သူ ငါတို့ထာဝရရှေးဟောင်းမြေရဲ့ လူမျိုးစုတွေကို ဖြေရှင်းချက်ပေးရမယ်” ကောင်းကင်နတ်ဘုရားတစ်ယောက်မှ ဗြောင်ကျကျပင် ပြောလိုက်သည်။

“အပြင်လူတစ်ယောက်က အတိဒုက္ခကို ဖြတ်ကျော်ပြီး သမိုင်းတွင်မယ့် ပြိုင်ဘက်ကင်းအောင်မြင်မှုကို ရခဲ့ပေမယ့် သူ့ကို အသက်ရှင်လျက် မထားနိုင်ဘူး .. သူ့ကိုရှင်းပစ်ရမယ်”

သူတို့အမြင်တွင်ရှီဟောင်သည် ပြည်သူများကို ရန်စထားသည့် အပြင်လူတစ်ယောက်သာ။

သူမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အပြင်လူတစ်ယောက်မှ သူတို့မြို့ခံများကို သတ်သွားသောကြောင့် သူ့ကို ခွင့်မလွှတ်နိုင်‌။

သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ရောက်လာသည့် ကောင်းကင်နတ်ဘုရားများလည်း ရှိလေသည်။

“စွမ်းအားကြီးလိုက်တာ .. ငါ ပြောင်းလဲသွားတော့မယ်လို့တောင် ခံစားနေရတယ်” ချောင်ယုရှန်း၊ ရွှယ်လင်းနှင့် အခြားသူများအားလုံး ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော ရွှေရောင်လျှပ်စီးအတိဒုက္ခရည်မှာ သူတို့ထင်ထားသည်ထက်ပင် ပိုနေသည်။

တစ်ချိန်တည်းမှာပင် လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားသည် ပြင်းထန်စွာပင် တုန်ယင်လာကာ သူ့အနားတွင်ရှိနေသည့် မြူများလည်း အဖြူရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် လောင်ကျွမ်းနေလေသည်။

“ဘာ…” ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားများ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဒါက ကျိန်စာစွမ်းအားပဲ .. ကျိန်စာစွမ်းအားက ဒီလိုမျိုးပဲ လောင်ကျွမ်းပြီးတော့ ပျောက်သွားတာလား..” ရန်လိုနေသည့် ကောင်းကင်နတ်ဘုရားများမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် မြို့ခံများအားလုံး ထိတ်လန့်သွားရသည်။ ကျိန်စာစွမ်းအားက ဒီတိုင်းပဲ ပြယ်သွားတော့မှာလား…

လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ အကြီးအကဲသည် ရုတ်တရက်ပင် မျက်လုံးများပွင့်လာကာ ကောင်းကင်ထက်သို့မော့ကာ ဟစ်ကြွေးလိုက်သည်။ ဤသည်မှာ နဂါးအော်သံ၊ ကျားဟိန်းသံကဲ့သို့ လောကကြီးကို တုန်လှုပ်သွားစေလေ၏။

သူသည် ရှီဟောင်အားကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့်ပင် “လူငယ်လေး .. ဒီကျေးဇူးတရားကို စကားနဲ့တောင် ဖော်ပြလို့မရပါဘူး .. ကျေးဇူးပြုပြီးတော့ .. ငါ့ကလန်သားတွေကိုလည်း ကယ်တင်ပေးပါ”

“ဘုရားရေ … ကျိန်စာက တကယ်ပြယ်သွားပြီလား..”

မည်သည့်မြို့ခံမှ တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။

ဤကျိန်စာမှာ သူတို့တစ်ဘဝလုံးနောက်လိုက်နေပြီး သူတို့အရိပ်ထဲတွင် နေခဲ့ရသည်။ ယခုတော့ ထိုကျိန်စာကို တစ်စုံတစ်ယောက်မှ ချေဖျက်ပေးလိုက်လေပြီ။

ဤသည်မှာ ရှီဟောင် အတိဒုက္ခကို ဖြတ်ကျော်သည့်သတင်းထက် ပို၍ထိတ်လန့်စရာကောင်းသကဲ့သို့ ကောင်းကင်နတ်ဘုရား ၇ ယောက် သူတို့မျက်စိရှေ့တွင် သေသွားရသည်ထက်လည်းပို၍ ထိတ်လန့်စရာကောင်းသည်။

အားလုံးသည် ရှီဟောင်လက်ထဲမှ ပုလင်းဖြူလေးကို ကြည့်လာကြလေသည်။

မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းကျွန်းလူမျိုးစုမှ အကြီးအကဲများလည်း ရောက်လာကြကာ သူတို့အသံများပင် တုန်နေလေသည်။ သူတို့သည် လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၏အကြီးအကဲထံတွင် အတည်ပြုနေကြလေ၏။ ထို့နောက်တွင် သူတို့ ရှီဟောင်အား အတူတကွ ကြည့်လိုက်ကြလေ၏။

“အရင်တုန်းက ကျွန်တော့်ကိုကယ်ဖို့ စီနီယာလည်း လာခဲ့တယ်လို့ ကျွန်တော်ကြားတယ် .. ကျွန်တော်နဲ့အတူတူ သောက်ဖို့ စီနီယာတို့ကို ဖိတ်ခေါ်ပါရစေ” ရှီဟောင် သူတို့အတွက် လျှပ်စီးအတိဒုက္ခရည်များကို ခွက်ထဲသို့ လောင်းချလိုက်သည်။

ထိုနှစ်ယောက်သည် လက်များပင် တုန်နေလေပြီ။ သူတို့သည် ဤသည်ကို လျှပ်စီးအတိဒုက္ခရည်အဖြစ်သာ သတ်မှတ်ထားလျှင် သူတို့ဤမျှစိတ်လှုပ်ရှားနေမည်မဟုတ်သော်လည်း ဤအရည်မှ ကျိန်စာစွမ်းအားကို ချေဖျက်နိုင်သည်ဟု သိလိုက်ရသည့်အချိန်တွင် ဤအရည်များမှာ တောင်တစ်လုံးထက်ပင် လေးလံသွားလေပြီ။

သူတို့နှစ်ယောက်သည် ထိုအရည်များကို တစ်လုပ်တည်း သောက်လိုက်ကြလေ၏။

တစ်ချိန်တည်းမှာပင် အမှောင်ထဲတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြလေသည်။ ဤကောင်းကင်နတ်ဘုရားများသည် အစောပိုင်းလေးကတင် ရှီဟောင်အား ရန်လိုနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထုတ်လွှတ်ခဲ့ကြသောကြောင့် ထိုအရည်ကို ရရှိအတွက် သူတို့သည် ဘယ်လိုလုပ် ချက်ချင်းကြီး ပြောင်းလဲရမည်နည်း…

“တစ်ခုခုက တောက်လောင်နေပြီးတော့ ငါ့ခန္ဓာကိုယ်နွေးထွေးလာတယ်လို့ ခံစားရတယ် .. ကျိန်စာစွမ်းအားက တစ်ဖြည်းဖြည်းနဲ့ အားနည်းလာပြီ .. ကောင်းလိုက်တာ” မနုဿလူမျိုးစု အကြီးအကဲမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ဆံပင်နှင့် မုတ်ဆိတ်မွေးများပင် တုန်ယင်နေကာ မျက်နှာလည်း ထိတ်လန့်မှုအပြည့်ဖြင့်ပင်။

ရှေးဟောင်းဖိန်းလူမျိုးစုမှ အကြီးအကဲလည်း ထိုကဲ့သို့ပင်။

ရှီဟောင်အား ရန်လိုနေသည့် ကောင်းကင်နတ်ဘုရားများ တိတ်ဆိတ်သွားသည်။ သူတို့အခု ဘာလုပ်ရတော့မည်နည်း.. သူတို့ဦးညွှတ်ပြီးတော့ ရှီဟောင်ကို တောင်းပန်သင့်လား..

“ဒီလိုမျိုး ရွှေရောင် လျှပ်စီးအတိဒုက္ခရည်က စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခကို ဖြတ်သန်းပြီးမှရတာလို့ ပြောကြတယ်” ကောင်းကင်နတ်ဘုရားမှ သက်ပြင်းချကာပြောလိုက်သည်။

စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခ .. ဤသည်မှာ ဘာကိုဆိုလိုသနည်း.. သေဆုံးခြင်းနှင့် ပျက်စီးခြင်းပင်..

ယခင်ခေတ်မှ လူများပင်လျှင် ဤသည်ကို ဖြတ်ကျော်နိုင်မည့်လူ များများစားစားရှိမည်မဟုတ်။ ဤသည်မှာ ခက်ခဲလှသည်။

“လူငယ်လေး .. မင်းမှာ ထပ်ရှိသေးလား” မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုသည် နီရဲနေသည့်မျက်နှာများဖြင့် ခွက်ကိုမြှောက်ကာ မေးလိုက်ကြလေသည်။

ရှီဟောင် ထိုကျောက်စိမ်းပုလင်းဖြူလေးကို မြှောက်ကာ စကားပြောရန်ပြင်လိုက်သော်လည်း လေဟာနယ်ထဲတွင် စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းတစ်ခု ရောက်ရှိလာပြီး ထိုပုလင်းကို ခိုးယူရန် ကြိုးစားကြလေသည်။ လှုပ်ရှားလာသည့် ကောင်းကင်နတ်ဘုရားများရှိနေပြီး ဤသည်မှာလည်း တစ်ယောက်တည်းမဟုတ်ပေ။ စွမ်းအားကြီးလှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရှီဟောင်ထံသို့ တရှိန်ထိုး ‌ရောက်ရှိလာလေ၏။

ထိုအချိန်တွင် လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၊ မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရားသုံးယောက် လှုပ်ရှားလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်သည် ပုလင်းဖြူလေးကို အားလုံးအားပြလိုက်ကာ “အားလုံးပဲ .. ခင်ဗျားတို့လာတာ နောက်ကျသွားပါပြီ … လျှပ်စီးအတိဒုက္ခရည်က အားလုံးကုန်သွားပြီ”

ထိုပုလင်းထဲတွင် ခွက်တစ်ဝက်စာပင် မကျန်တော့သည်ကို အားလုံးတွေ့လိုက်ရသည်။

ကောင်းကင်နတ်ဘုရားတစ်ယောက်၏ ကျိန်စာကို ဖယ်ရှားရန်အတွက် ထိုအရည် နှစ်ခွက်လိုအပ်သည်။ နည်းနည်းလေးနှင့် မလောက်ပေ။ အခြားသူများမပြောနှင့် မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရားများပင်လျှင် ဆွံ့အသွားလေ၏။

ထိုအချိန်တွင် တိုက်ခိုက်မှုများအားလုံး ရပ်တန့်သွားကာ ကောင်းကင်နတ်ဘုရားများလည်း နောက်ပြန်ဆုတ်သွားကြလေ၏။

အဘယ်ကြောင့်ဆိုသော် ဆက်တိုက်လည်း အဓိပ္ပာယ်မရှိတော့ပေ။

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာလဲ .. ” စိတ်ထဲတွင်အော်ဟစ်နေသည့် ကောင်းကင်နတ်ဘုရားများ ရှိနေလေသည်။

ထိုအချိန်တွင် အားလုံးသည် ချောင်ယုရှန်း၊ ယုန်ဖြူလေး၊ ရွှယ်လင်း၊ လော့သွမ်နှင့် ချောင်ကုန်းယန်တို့ကို ကြည့်လိုက်ကြ၏။ ဤအပြင်လူများမှာ ကျိန်စာစွမ်းအားလည်းမရှိပဲနှင့် တစ်ခွက်စီ သောက်ခဲ့ကြသေးသည်။ ဤသည်မှာ .. လွန်လွန်းအားကြီးလှသည်။

ဤသည်မှာ ဖြုန်းတီးခြင်းပင်။

သူတို့အခု ဘာလုပ်ရတော့မည်နည်း.. ဆေးစွမ်းအင်များကို ဤလူများမှ စုတ်ယူပြီးသွားလေပြီ…

“လူငယ်လေး .. တကယ်ပဲ မရှိတော့ဘူးလား” မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ အကြီးအကဲများမှာ အသံများပင် တုန်နေလေပြီ။

“မရှိတော့ပါဘူး” ရှီဟောင် ခေါင်းခါကာ ပြောလိုက်၏။ သူသည် ကန်ထဲမှ အနည်းငယ်သာ ယူခဲ့ခြင်းပင်။

တစ်ချိန်တည်းမှာပင် သူသည် ထိုအကြီးအကဲနှစ်ယောက်ကို ကြည့်ကာ “စီနီယာတို့ .. လွန်ခဲ့တဲ့နှစ်ဝက်က ရှေးဟောင်းဖိန်းလူမျိုးစုနဲ့ မနုဿလူမျိုးစုတို့ကို အကူအညီတောင်းဖို့ ကျွန်တော်ကိုယ်တိုင်လာခဲ့တယ် .. ဒါပေမဲ့ လမ်းမှာ ကျွန်တော် စီနီယာတို့လူမျိုးစုက ကောင်းကင်နတ်ဘုရားတွေ တိုက်ခိုက်တာ ခံခဲ့ရတယ်”

“ဘာ…” အကြီးအကဲ ဒေါသထွက်သွားပြီး သူတို့ကလန်သားများကို ကြည့်လိုက်ကြသည်။ ရှီဟောင် သူတို့ကို တစ်ခွက်တည်းပေးခြင်းမှာ သူတို့အား စိတ်ပျက်နေသောကြောင့်ဖြစ်မှန်း သူတို့သိသွားရသည်။

“အား…” ခပ်ဝေးဝေးတွင်ရှိနေသည့် အခြား ကောင်းကင်နတ်ဘုရားများ ဟစ်ကြွေးလိုက်ကြသည်။

“လူငယ်လေး ငါတို့ကို မျှော်လင့်ချက်အမှားတွေ ပေးနေတာလား .. ငါမင်းကို သတ်ပစ်မယ်” ကောင်းကင်နတ်ဘုရားတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာလေသည်။

“လျှပ်စီးအတိဒုက္ခရည်တွေ မရှိတော့ဘူးဆိုပေမယ့် ကျွန်တော် ဒီမှာ ရှိနေသေးတယ်လေ” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်၏။

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေလေသည်။

“ကျွန်တော်သာ မသေပဲနဲ့ အေးအေးချမ်းချမ်း ကြီးပြင်းလာနိုင်ရင် ကျွန်တော် သေချာပေါက် တစ်ခြားအတိဒုက္ခတစ်ခုကို ထပ်ဖြတ်မှာပဲ” ရှီဟောင် သမာရိုးကျပင် ပြောလိုက်၏။

“လူငယ်လေး .. မင်းကငါတို့ကလန်ရဲ့ ဂုဏ်သရေရှိတဲ့ ဧည့်သည်တော်ပဲ .. ငါ့နောက်လိုက်ခဲ့ .. မင်းကို ဘယ်သူထိရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ အကြီးအကဲ ပြောလိုက်သည်။ သူသည် ကျိန်စာပြေသွားသည့် တစ်ဦးတည်းသော ကောင်းကင်နတ်ဘုရားပင်။

“ဟုတ်တယ် .. မင်းက ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည့်ပဲ .. ဘယ်သူမှ မင်းကို ထိလို့မရဘူး” မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရားနှစ်ယောက်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

“ညီလေး ငါတို့ရဲ့ နာကျည်းခြင်းလူမျိုးစုကိုလည်း ဧည့်သည့်အနေနဲ့လာခဲ့ပါဦး”

“တာအိုညီအစ်ကို .. ငါ့ရဲ့ မြင့်မြတ်ဝိဉာဉ်လူမျိုးစုထဲကို လာခဲ့ပါ .. ငါတို့ကလန်က မင်းသမီးလေးနဲ့ လက်ထပ်ထိမ်းမြားပေးပါ့မယ်”

“သူငယ်ချင်း .. ငါ့ရဲ့ လှပခြင်းလူမျိုးစုကို ဧည့်သည်အနေနဲ့လာခဲ့ပါ .. ငါ့တို့ကလန်က ထူးခြားတဲ့ပုလဲလုံးလေးတွေက မင်းကို လက်ထပ်ဖို့ စောင့်နေပါတယ်”

ထိုအချိန်တွင် နာမည်ကြီးသည့် ကောင်းကင်နတ်ဘုရားများစွာ ရှီဟောင်နားသို့ ဝန်းရံလာကြလေ၏။

“ကျွန်တော့်ကို သတ်ချင်တဲ့ မကောင်းတဲ့ကောင်တွေရှိနေတာကို ကျွန်တော် မှတ်မိသေးတယ် .. ကျွန်တော်တို့ အဲဒီလူတွေကို ဘာလုပ်ကြမလဲ” ရှီဟောင် ပြောလိုက်၏။

“ဘယ်သူလုပ်ရဲတာလဲ .. ငါ သူတို့အားလုံးကို ရှင်းပစ်လိုက်မယ်” ကောင်းကင်နတ်ဘုရားတစ်ယောက် ဟစ်ကြွေးလိုက်သည်။

အပိုင်း ၁၁၅၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၂ – တောင်းဆိုမှုမြင့်မားနေခြင်း

လေဟာနယ်များ အက်ကွဲသွားကာ ရှီဟောင်ကို သတ်ချင်နေသည့် ကောင်းကင်နတ်ဘုရားများ ထွက်ပြေးသွားကြလေ၏။

ဤမျှများပြားသော ကောင်းကင်နတ်ဘုရားများ စောင့်ရှောက်နေလျှင် မည်သူက ရန်စရဲတော့မည်နည်း… ရန်လိုနေသည့်သူများအားလုံး ပေါင်းလိုက်လျှင်ပင် သူတို့သည် ဤမျှများပြားလှသည့် စွမ်းအားကြီးသည့်ကလန်များကို ရန်မစရဲပေ။

ထို့အပြင် ယခုအချိန်တွင် ဟွမ်ကို သတ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ဟွမ်သည် သူတို့၏အသက်ကယ်ဆေးပင်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ကျင့်ကြံသူအုပ်စုမှာ ဆွံ့အနေကြလေ၏။ အခြေအနေများ ပြောင်းလဲသွားသည်မှာ လျင်မြန်လွန်းလှသည်။

ယခုလေးတင် ကလန်အားလုံးမှ ရှီဟောင်အား သတ်ချင်နေသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အား အင်အားကြီးသည့် ကောင်းကင်နတ်ဘုရားများ ဝန်းရံသွားလေပြီ။

ကျိန်စာကို ဖြေဖျောက်နိုင်သည့်သူကို မည်သူက အလေးမထားပဲနေရဲမည်နည်း…

ကောင်းကင်နတ်ဘုရားများသည် ရှီဟောင်အား သိမ်းသွင်းရန် ကြိုးစားနေကြလေ၏။ ဤကဲ့သို့သော ရင်းနှီးမှုမျိုးမှာ မြင်ရခဲသည့်အရာတစ်ခုပင်။ ကောင်းကင်နတ်ဘုရားများနှိမ့်ချစွာ ပြုံးကာ အခြားလူတစ်ယောက်ကို ဖိတ်ခေါ်နေသည်အား လူများစွာ မြင်တွေ့လိုက်ရလေပြီ။

အထူးသဖြင့် သူတို့သည် သူတို့၏ကလန်နာမည်များကို ပြောလာပြီး ရှီဟောင်အား ဆွဲဆောင်ရန် ကြိုးစားနေကြလေ၏။

“ဒီလောကကြီးမှာ ရှိတဲ့ကလန်တွေအားလုံးတွေထဲမှာ ငါတို့ လှပခြင်းကလန်ကသာ ဒုတိယဆိုရင် ပထမနေရာမှာ ဘယ်သူမှ မရှိတော့ဘူး .. ငါ့ကလန်က ပုလဲလုံးလေးတွေက တစ်မိုးအောက်မှာ အလှဆုံးသူတွေပဲ…”

ဤအဆိုကို ဆန့်ကျင်သည့်သူများလည်း ရှိသည်သာ။ လှပခြင်းလူမျိုးစုတွင် ‘အနိဌာရုံ’ ဆန်သည့်အလှများသာရှိပြီး ထူးခြားသည့်ပုံစံမျိုးဆိုပါက သူတို့၏ မြင့်မြတ်သည့်ဝိဉာဉ်လူမျိုးစုမှ မင်းသမီးက နံပါတ်တစ်ချိတ်ကြောင်း မြင့်မြတ်သည့်ဝိဉာဉ်လူမျိုးစုမှ ပြောလိုက်သည်။

ထို့နောက်တွင် အပေါ်ယံအလှအပများမှာ ဘာမှလုပ်၍မရကြောင်း၊ နောင်နှစ်ပေါင်းတစ်ထောင်၊ တစ်သောင်း ကြာပြီးလျှင် သူတို့အားလုံးတွင် အရေးကြောင်းများ ရှိလာပြီး နောက်ဆုံးတွင် မြေကြီးသာဖြစ်သွားလိမ့်မည်ဟု အခွံလူမျိုးစုမှ ပြောလိုက်သည်။ သို့သော်လည်း သူတို့ကလန်သည် ထာဝရရှေးဟောင်းမြေ သဲလွန်စများ ကျန်နေသေးသည့် မြင့်မြတ်သည့်နယ်မြေဖြစ်ကြောင်း ပြောလေသည်။

“ငါ့ရဲ့ ရှေးဟောင်းဖိန်းကျွန်းက အသင့်တော်ဆုံးပဲ .. ကျင့်ကြံဖို့အတွက် နေရာကောင်းတွေရှိသလို အလှလေးတွေလည်းရှိတယ် .. ပြီးတော့ ကောင်းကင်ရတနာတွေလည်း အများကြီးရှိတယ်” ရှေးဟောင်းဖိန်းကျွန်းမှ ကောင်းကင်နတ်ဘုရားပြောလိုက်သည်။ ထို့နောက်တွင် သူသည် လက်ဝေ့ရမ်းလိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် “ငါ့ကလန်က ကျက်သရေရှိလှတဲ့ မိန်းမလှလေးလည်း ဒီနားမှာရှိနေတာ .. မင်းဘာလို့ ညီလေးရှီကို လာပြီးတော့ အဖော်မပြုပေးတာလဲ…”

“သောက်ခွေး…” ရှီဟောင် ဘာမှမပြောခင်မှာပင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးထံမှ အရင်အသံထွက်လာသည်။

ဘေးဘက်တွင်ရှိနေသည့် ချောင်ယုရှန်းနှင့် ချန်ကုန်းယန်တို့လည်း ဆွံ့အသွားရသည်။

ရှေးဟောင်းဖိန်းလူမျိုးစုမှ မိန်းမလှလေး ရောက်လာသည့်အချိန်တွင် သူမ၏ အဝတ်အစားများသည် လေထဲတွင် လွင့်မျောနေပြီး အနက်ရောင်မြူများလည်း ထွက်နေလေသည်။ သူမ၏ဆံပင်ရှည်များလည်း လေနှင့်အတူ ယိမ်းနွဲ့နေလေသည်။ ထို့နောက်တွင် သူမသည် ထန်းပင်နှင့်တူသည့်လက်ကြီးဖြင့် ရှီဟောင်အား လက်ယပ်ခေါ်နေလေ၏။

ရှီဟောင် မူးနောက်သွားရ၏။ ရှေးဟောင်းဖိန်းလူမျိုးစုမှ မိန်းမလှလေးမှာ မည်ကဲ့သို့သောပုံစံများဖြစ်နေမလဲဟု သူမျှော်လင့်နေခဲ့သည်။ သို့သော်လည်း သူတို့နှစ်ဦးတွေ့လိုက်ရသည်နှင့် သူအားအင်ကုန်ခမ်းသွားရသည်။ ထိုအလှလေးဆိုသည်မှာ .. သူတို့၏ ကောင်းကင်နတ်ဘုရားပင်။

သူမသည် ၁၀ ကျန်းခန့်ရှည်ပြီး သူမ၏မျက်နှာထက်တွင် နတ်ဆိုးသင်္ကေတများဖြင့် ပြည့်နှက်နေလေ၏။ ရှည်လျားလှသည့် မိစ္ဆာသွားများသည် သူမ၏ဟနေသည့် ပါးစပ်ထဲမှ ထွက်နေလေ၏။ ထိုသွားများသည် ဖြူဖွေးနေကာ အတော်လေး ချွန်ထက်လှသည်။

သူမ၏ခါးပင်လျှင် တောင်တစ်လုံးပမာဏရှိသည်။ သူမ၏ကြေးနီရောင်မျက်လုံးကြီးများမှာ ရှီဟောင်ကို ခေါင်းမွေးပင် ထောင်သွားစေလေ၏။

“ငါက နည်းနည်းလေး ဈေးကျနေတာပဲ” ရှီဟောင် တီးတိုးပြောလိုက်သည်။

ယုန်ဖြူလေးသည် ခွက်ထိုးခွက်လန်ပင် ရယ်မောနေလေ၏။ ရွှယ်လင်းသည်လည်း ပါးစပ်ကို လက်ဖြင့်ကာပြီး ရယ်မောနေလေသည်။

“သူက မဆိုးဘူးလို့ငါထင်တယ် .. ရှီဟောင် .. မင်းသူ့ကို စဉ်းစားလို့ရတယ်” ချောင်ယုရှန်း ပြောလိုက်သည်။

“ရှီဟောင် နင် ရှေးဟောင်းဖိန်းလူမျိုးစုရဲ့ မင်းသမီးကို လိုက်မှီဖို့ဆိုရင် နင်ကြိုးစားဖို့လိုသေးတယ် .. နင်သွားပြီး မနှုတ်ဆက်ဘူးလား…” နဂါးမိန်းကလေးလည်း မီးစာထပ်ထည့်လိုက်သည်။

ရှီဟောင် နဖူးထက်တွင် သွေးကြောများပင် ထောင်ထလာသည်။ ရှေးဟောင်းဖိန်းလူမျိုးစု၏ မင်းသမီးမှာ သူထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်။

“အဟွတ် .. ရပါတယ် .. သူငယ်ချင်းလေးက သူမကို ကြိုက်နေတယ်ဆိုမှတော့ နိမ့်ချနေစရာမလိုပါဘူး .. နောင်ကျ ခန္ဓာကိုယ်နည်းနည်းပြည့်လာရင် မင်းဒီလောက်အားနည်းတော့မှာ မဟုတ်တော့ဘူး .. ငါ့တို့ ရှေးဟောင်းဖိန်းလူမျိုးစုလောက် လှပပြီးတော့ ကျန်းမာလာမှာ” ရှေးဟောင်းဖိန်းကျွန်းမှ ကောင်းကင်နတ်ဘုရား စနောက်လိုက်သည်။

“ကျွန်တော်တို့ ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့” ရှီဟောင် လျင်မြန်စွာပင်ခေါင်းခါလိုက်သည်။

“သူငယ်ချင်းလေး .. မင်းငါတို့ မနုဿလူမျိုးစုဆီလာရင် အကောင်းဆုံးပဲ” မနုဿလူမျိုးစုမှ ကောင်းကင်နတ်ဘုရားပြောလိုက်သည်။

“မနုဿလူမျိုးစုမှာရော မင်းသမီးရှိတာလား” ရှီဟောင် မေးလိုက်၏။

“ရှိတယ် .. ငါးယောက်တောင်ရှိတာ” မနုဿလူမျိုးစုမှ ကောင်းကင်နတ်ဘုရားသည် ကျယ်လောင်စွာပင် ရယ်မောလိုက်ကာ လက်ငါးချောင်း ထောင်ပြလိုက်သည်။

ရှီဟောင်သည် အပေါ်ပိုင်း လူခန္ဓာကိုယ်နှင့် အောက်ပိုင်းမှ မြင်းခန္ဓာကိုယ်တို့ကို ကြည့်ကာ ခေါင်းခါလိုက်၏။ သူ့ကို့ အသေရိုက်သတ်ရင်တောင် သူအဲဒီလူမျိုးစုစီကို မသွားဘူး…

ဟား ဟား..

ကောင်းကင်နတ်ဘုရားများမှာ ဘဝ၏ အနိမ့်အမြင့်ကိစ္စများစွာကို ဖြတ်ကျော်လာခဲ့ရသည့်သူများဖြစ်သောကြောင့် ရှီဟောင် မည်မျှစိတ်ပျက်သွားသည်ကို သူတို့မြင်နိုင်သည်သာ။

“သူငယ်ချင်းလေးရဲ့ အကြိုက်က အလယ်အလတ်လောက်ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ် .. အဲဒါဆိုရင်တော့ လှပခြင်းလူမျိုးစုနဲ့ မြင့်မြတ်သောဝိဉာဉ်လူမျိုးစုဆီကိုပဲ သွားလိုက်ပါ .. သူတို့ဆီမှာ တကယ်ထူးခြားတဲ့အလှတရားတွေရှိတယ်” တစ်စုံတစ်ယောက်မှ ရယ်မောကာ ပြောလိုက်သည်။

သို့သော်လည်း ရှီဟောင် ကြောက်သွားလေပြီ။ ၁၀ ကျန်းရှည်သည့် ရှေးဟောင်းဖိန်းလူမျိုးစုမှ မင်းသမီးသည် သူ့အားစိုက်ကြည့်နေပြီး သူမ၏ ကြီးမားလှသည့်မျက်လုံးများလည်း အနက်ရောင်အလင်းများတောက်ပနေလေ၏။ ဤကလန်များအားလုံးတွင် ‘ထူးခြားသည့်’ အလှလေးများသာရှိနေပါက သူချက်ချင်းထွက်ပြေးလိုက်သည်က အကောင်းဆုံးဖြစ်လိမ့်မည်ဟု ခံစားရသည်။

“မင်းအရင်က ရှေးဟောင်းဘိုးဘေးကို မမြင်ဖူးဘူးမလား .. အဲဒါဆိုရင် ငါတို့ရဲ့ မြင့်မြတ်တဲ့မြေကို လိုက်ခဲ့လိုက် … အဲဒီမှာ သစ်ကိုင်းရှိသေးတယ်” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ အကြီးအကဲ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ..” ရှီဟောင် ပျော်ရွှင်စွာ ပြောလိုက်သည်။

ဤသည်မှာ အကောင်းဆုံးပင်။

ကောင်းကင်နတ်ဘုရား ၇ ယောက်သေသွားပြီး ဟွမ်မှ အတိဒုက္ခကို ဖြတ်သန်းနိုင်ခြင်းမှာ ဒဏ္ဍာရီတွင်မည့်ကိစ္စကြီးပင်။

ပို၍ကြောက်စရာကောင်းသည်မှာ ရှီဟောင်သည်ကျိန်စာစွမ်းအားကို ချေဖျက်နိုင်သေးသည်။

ဤကိစ္စမှာ ကလန်အားလုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေလေ၏။ ဤသတင်း ရပြီးသည့်နောက်တွင် ကျွမ်းကျင်သူများသည် ရှီဟောင်ကိုတွေ့ရန်အတွက် ဂါးဒီးယန်ဝိဉာဉ်ရှိနေသည့် မြင့်မြတ်မြေသို့ ချက်ချင်းလူလွတ်လိုက်ကြလေသည်။

အပြင်ဘက်လောကရှိ စီရင်စုသုံးထောင်တွင်…

ရှီဟောင်၏ခန္ဓာကိုယ်တွင် ထာဝရစွမ်းအင်များ ဖုံးလွှမ်းနေသောကြောင့် သူတို့ရှီဟောင်ကို မမြင်ရသော်လည်း အခြားသူများကို ကြည့်ပြီး သူတို့အခြေအနေ နားလည်သွားလေပြီ။

“အတိဒုက္ခကို ဖြတ်ကျော်တယ် .. ပြီးတော့ အောင်မြင်သွားတယ်ဟုတ်လား…”

“ပြီးတော့ အရင်ခေတ်တုန်းက စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်တွေပဲ ရင်ဆိုင်နိုင်တဲ့ စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခ…”

ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားရသည်။

ယနေ့ခေတ်တွင် အတိဒုက္ခကို ဖြတ်ကျော်ပြီး အောင်မြင်သွားခြင်းမှာ နည်းနည်း လက်တွေ့မဆန်ဖြစ်နေသည်။

“အရင်ရှေးခေတ်တုန်းကလည်း အတိဒုက္ခကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့သူတွေ ရှိခဲ့မှာပဲ .. ငါတို့ပဲမသိတာနေမှာ” အချိန်အတော်ကြာမှ တစ်ယောက်ယောက်ပြောလိုက်သည်။

ဤသည်မှာ သူတို့ကိုယ်သူတို့နှစ်သိမ့်ရန်အတွက်ပင်။

“ဒီလောက်နှစ်တွေအများကြီးအတွင်းမှာ ဂျီးနီးယပ်စ်တွေ ဘယ်လောက်တောင် ပေါ်လာခဲ့သလဲ .. ရေတွက်လို့ကိုမရနိုင်ဘူး .. ငါတို့မသိလိုက်ပဲနဲ့ တစ်ယောက်ယောက်က ထာဝရသက်ရှိဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

သို့သော်လည်း လူများမှာ ဤစကားများကို မယုံကြည်ကြပေ။ အကယ်၍ တစ်ယောက်ယောက်သာ ထာဝရသက်ရှိဖြစ်သွားပါက တစ်လောကလုံးမှ ဤအကြောင်းကို သိမည်ပင်။ သူတို့ဘာမှမသိလိုက်ရတာ မဖြစ်နိုင်ပေ။

ဝုန်း…

ရုတ်တရက်ပင် တောက်ပလှသည့် လျှပ်စစ်အလင်းတန်းတစ်ခု ကောင်းကင်ကို ထိုးဖောက်လာကာ မြေပြင်ထဲသို့ ဝင်ရောက်သွားလေ၏။

ထိုအချိန်တွင် အခြားသူများမပြောနှင့် ဂိုဏ်းခေါင်းဆောင်များနှင့် စွမ်းအားအကြီးဆုံး ရှေးဟောင်းဘိုးဘေးများပင် ကောင်းကင်ထက်သို့ တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

ရှေးဟောင်းမြေများတွင် သီးသန့်ကျင့်ကြံနေကြသည့် သက်ရှိများပင်လျှင် အလွန်ထိတ်လန့်သွားပြီး မျက်လုံးများပြူးကျယ်သွားလေ၏။

ဤအော်ရာမှာ ထာဝရတာအိုစွမ်းအင်များပါဝင်နေသလို စွမ်းအားကြီးလွန်းလှသည်။

ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ချိတ်ဆက်ထားသည့် ငွေရောင်လျှပ်စီးအလင်းတန်းကြီးပင်။

“စီရင်စုသုံးထောင်ရဲ့ အလယ် .. အဲဒီရှေးဟောင်းယဇ်ပုလ္လင်…” ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။

“ဘုရားရေ .. အဲဒီယဇ်ပုလ္လင်ပြန်ပြီးတော့ အသက်ဝင်လာပြီ .. အဲဒီယဇ်ပုလ္လင်က လှုပ်ရှားနိုင်ပြီးတော့ သုံးလို့ရသေးတယ် .. ပျက်စီးနေတဲ့ ထာဝရတာအိုအစီအရင်က စလာပြီ .. ထူးဆန်းတဲ့သက်ရှိတွေ ဆင်းလာတော့မယ်”

ယခုကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည့်သူမှာ ကောင်းကင်နတ်ဘုရားများမဟုတ်ပဲ ဂိုဏ်းခေါင်းဆောင်များပင်။

စီရင်စုသုံးထောင်၏ အလယ်ဗဟိုရှိ ရှေးဟောင်းမြေတစ်ခုတွင် ယဇ်ပုလ္လင်တစ်ခုရှိလေ၏။ ထိုနယ်မြေတွင် ထူးဆန်းသည့်အရာများစွာရှိနေပြီး ဂိုဏ်းအားလုံးမှ ထိုနေရာကို စောင့်ကြည့်နေခဲ့ကြသည်။ ဤနှစ်အတွင်းတွင် ထိုယဇ်ပုလ္လင်ကို အသက်သွင်းရန် ကြိုးစားခဲ့သူများစွာရှိသော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။

ယနေ့တော့ အပြင်ဘက်မှ ကျရောက်လာသည့် အလင်းတန်းတစ်ခုကြောင့် အသက်ဝင်သွားလေပြီ။

ဤယဇ်ပုလ္လင်မှာ ယခင်ခေတ်မှ ကျန်ခဲ့သည့်အရာပင်။

“ဒီခေတ်ကြီးနဲ့ မသက်ဆိုင်တဲ့ သက်ရှိတွေ ပေါ်လာတော့မှာလား…”

ထာဝရရှေးဟောင်းမြေရှိ ဂါးဒီးယန်ဝိဉာဉ်နယ်မြေ…

ဤနေရာသို့ ဝင်သွားလိုက်သည်နှင့် များပြားလှသည့် ဝိဉာဉ်စွမ်းအင်များကို ခံစားမိလေသည်။ ဤနေရာတွင်ရှိနေသည့် မြက်ပင်နှင့်သစ်ပင်တိုင်းမှာ တောက်ပနေပြီး သာမန်မြက်များပင်လျှင် နှစ်ပေါင်းများစွာ ဝိဉာဉ်စွမ်းအင်များကို စုတ်ယူခဲ့သောကြောင့် ဝိဉာဉ်ရှိနေလေပြီ။

အထဲဝင်သွားလေလေ ဝိဉာဉ်စွမ်းအင်များပို၍ များပြားလာလေပင်။ စွမ်းအားကြီးသည့် လူမျိုးစုများလည်း တစ်ခုပြီးတစ်ခု ပေါ်လာလေ၏။

တောင်များမှာကြီးမားလှပြီး ဤနေရာတွင် စုစုပေါင်း လူမျိုးစု ၁၀ စုနေထိုင်နေကြလေ၏။ သူတို့အားလုံးသည် စွမ်းအားကြီးသည့်သူများပင်။

ပုံမှန်ဆိုလျှင် အပြင်လူများမပြောနှင့် ထာဝရရှေးဟောင်းမြေထဲမှ အခြားလူမျိုးစုများပင်လျှင် ဤနေရာကို လာ၍မရပေ။ ဤသည်မှာ ကန့်သတ်ထားသည့်နယ်မြေတစ်ခုပင်။

ယခုတော့ ရှီဟောင်သာမက ချောင်ယုရှန်း၊ နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၊ ယုန်ဖြူလေးနှင့်အခြားသူများလည်း ဤနေရာသို့ ပါလာလေ၏။

တောင်များမှာ မြင့်လိုက်နိမ့်လိုက်နှင့် လှပသည့်အိမ်များလည်း တစ်လုံးပြီးတစ်လုံး ပေါ်လာသည်။ အချို့အိမ်များသည် လေထဲတွင် ပေါ်လောပေါ်နေပြီး အချို့အိမ်များမှာ တောင်ထိပ်ပေါ်တွင်ရှိနေသည်။ အားလုံးမှာ ရောင်စုံအလင်းများ ထုတ်လွှတ်နေလေသည်။

လမ်းတစ်လျှောက်တွင် နတ်ရေပူစမ်းသည် တစ်ဖြည်းဖြည်းချင်း စီးဆင်းနေပြီး လေထဲတွင်လည်း မြူထနေလေ၏။ အချို့နတ်တောင်များသည် လေထဲတွင် မျောနေပြီး ထာဝရစွမ်းအင်များသည် အပေါ်ဘက်သို့ လိပ်တက်နေလေသည်။

ပြောရမည်ဆိုလျှင် ဤနေရာသည် ထူးဆန်းကာ မြင့်မြတ်သည့်နေရာတစ်ခုပင်။

ကလန်အားလုံးမှ လူများသူနှင့်အတူ လိုက်ပေးနေကြသော်လည်း ရှီဟောင်သည် ထိုလူများအားလုံးကို ထားခဲ့ကာ ဤနေရာ၏ အလယ်ဗဟိုသို့ တစ်ယောက်တည်း ပြေးသွားလိုက်သည်။

“မင်းအဲဒီနေရာကို သွားလို့မရဘူး” တစ်စုံတစ်ယောက်မှာ သူ့အား ဟန့်တားရန် ကြိုးစားလိုက်သည်။

သို့သော်လည်း လူမျိုးစုများမှာ ကောင်းကင်နတ်ဘုရားများသည် သူ့အား မတားဆီးရန် လက်ဟန်ပြလိုက်ပြီး ရှီဟောင်အား ဆက်သွားစေလိုက်သည်။

သန့်စင်သည့်နယ်မြေတွင် ဝိဉာဉ်စွမ်းအင်များ များပြားလှကာ ရောင်စုံအလင်းတန်းများလည်း တောက်ပနေလေ၏။ ဝိဉာဉ်စွမ်းအင်သည် အရည်အဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ကျသွားကာ စမ်းချောင်းလေးဖြစ်သွားလေသည်။ ထိုစမ်းချောင်းများမှာ ဝိဉာဉ်စွမ်းအားမြစ်များဖြစ်သွားလေ၏။

တောင်ကြောဘက်တွင်လည်း ရေကန်လေးများပေါင်းကာ မူလမြူများရစ်ဆိုင်းနေသည့် ကန်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ဤကန်ကြီးတွင် ဂုဏ်သိက္ခာကြီးသော အော်ရာများလည်း ရှိနေလေသည်။

ကန်နံဘေးတွင် ရှေးဟောင်းဘုရားကျောင်းအနည်းငယ်ရှိနေသော်လည်း အားလုံးပျက်စီးသွားလေပြီ။ ထိုအပျက်အစီးများကြားတွင် များပြားလှသည့် သက်ရှိများမှ မိုးမခသစ်ပင်အား အရိုအသေပေးနေသည်ကို တွေ့မြင်နေရသည်။

“မိုးမခနတ်ဘုရားရဲ့ နတ်တိုင်းပြည်သုံးထောင် .. ဒါက အဲဒီထဲက တစ်ခုပဲ” ရှီဟောင်၏ရင်ဘတ်ပင် နိမ့်လိုက်မြင့်လိုက်ဖြစ်နေလေပြီ။

လေပြေလေး တိုက်ခတ်သွားသည်နှင့် ရောင်စုံမြူများလွင့်ပြယ်သွားကာ ကန်တစ်ဘက်ခြမ်းတွင်ရှိနေသည့် သစ်ပင်ကြီးကို တွေ့လိုက်ရသည်။

ထိုသစ်ပင်ကြီးတွင် အစိမ်းရောင်နှင့်အတူ ရွှေရောင်အနည်းငယ်လည်းရှိနေသည်။ ဤသည်မှာ သူ၏ကျောက်စိမ်းရောင် သစ်ပင်ကိုယ်ထည်ထဲတွင် ရွှေထည့်မြှုပ်ထားသကဲ့သို့ပင်။

“မိုးမခနတ်ဘုရား..” ရှီဟောင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဘာသစ်ကိုင်းလဲ .. ဤသည်မှာ မိုးထိုးနေသည့် ရှေးဟောင်းသစ်ပင်ကြီးပင်။ အကိုင်းအခက်များမှာ တိမ်များကိုပင် ထိနေပြီဖြစ်သည်။

သူ၏အနောက်တွင်ရှိနေသည့် လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၊ ရှေးဟောင်းဖိန်းလူမျိုးစုနှင့် မနုဿလူမျိုးစုမှ ကောင်းကင်နတ်ဘုရားများ တုန်လှုပ်သွားကာ ထိုသစ်ပင်အား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် သူတို့ဤသစ်ပင်ကြီးကို မမြင်ရပေ။ သူတို့သည် လျှို့ဝှက်နည်းလမ်းများသုံးကာ ကြားနာခွင့်တောင်းခဲ့သော်လည်း သူတို့သည် ပျက်စီးနေသည့် ရှေးဟောင်းဘုရားကျောင်းများပေါ်တွင်ရှိနေသည့် ညှိုးခြောက်နေသည့်သစ်ကိုင်းကိုသာ မြင်တွေ့ခဲ့ရသည်။

“မင်းက ငါ့ကိုနှိုးနိုင်တဲ့ ဒုတိယမြောက်လူပဲ” မိုးမခသစ်ပင်မှ နွေးထွေးသည့်အလင်းတန်းများ ထုတ်လွှတ်ကာ ရှီဟောင်နှင့် စကားပြောနေလေသည်။

“ကျွန်တော့်အပြင် ဘယ်သူရှိသေးလို့လဲ .. မိုးမခနတ်ဘုရား” ရှီဟောင်သည် စိတ်ခံစားချက်များ ပြင်းထန်နေလေ၏။

“သွေးတွေပေနေတဲ့ အိုးတစ်လုံး .. အဲဒီအိုးမှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အရင်းအမြစ်စွမ်းအင်တွေ ရှိနေပြီးတော့ အဲဒီအိုးထဲမှာ တစ်ယောက်ယောက်ပါလာတာ .. သူအရင်က ငါ့ကို လာနှိုးသေးတယ်”

အပိုင်း ၁၁၅၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၃ – ထူးဆန်းသည့် ဧည့်သည်

“ထပ်ပြီးတော့ အဲဒါပဲလား..” ရှီဟောင် တီးတိုးပြောလိုက်သည်။ ထိုအိုးသည် သင်္ချိုင်းနယ်မြေရှိ ချောက်ကမ်းပါးထဲတွင် သူတွေ့ခဲ့သည့်အိုးဖြစ်မည်မှန်း ရှီဟောင် ခန့်မှန်းမိပြီးသားပင်။ သူမြင်လိုက်ရသည့်မြင်ကွင်းများမှ မှတ်တမ်းတင်ထားသည့်မြင်ကွင်းတစ်ခုသာ ဖြစ်လိမ့်မည်။

ထို သွေးစွန်းနေသည့်အိုးကြီးသည် ခြေထောက်သုံးချောင်းရှိကာ လက်ကိုင်နှစ်ဘက်ရှိပြီး အရင်းအမြစ်စွမ်းအင်များ ဝန်းရံနေလေသည်။ ထိုအိုးတွင် မည်ကဲ့သို့သော နောက်ခံမျိုးရှိနေသနည်း..

ထိုအကြောင်းစဉ်းစားလိုက်သည်နှင့် ရှီဟောင်တုန်လှုပ်သွားရသည်။

သို့သော်လည်း ယခုအချိန်တွင် ရှီဟောင်စိတ်အလှုပ်ရှားရဆုံးမှာ မိုးမခနတ်ဘုရားနှင့် တွေ့နေရသောကြောင့်ပင်။ ဤသည်မှာ မိုးမခနတ်ဘုရား၏ ခန္ဓာကိုယ်အစစ်မဟုတ်သော်လည်း သူစိတ်လှုပ်ရှားနေဆဲပင်။

“မင်းလာတာ အရမ်းနောက်ကျသွားပြီ .. ငါက မကြာခင်မှာ လုံးဝပျောက်ကွယ်သွားတော့မယ့် သစ်ကိုင်းလေးတစ်ခုပဲ .. ငါမင်းကို ဘာမှသိပ်ကူညီနိုင်မှာမဟုတ်ဘူး” ရွှေရောင်မိုးမခသစ်ပင်မှ ပြောလိုက်သည်။

ယခုအချိန်တွင် ဤသစ်ကိုင်းသည် ရှီဟောင်၏ လက်မောင်းနှင့်ချိတ်ဆက်နေပြီး သူ့အား အခြားမိုးမခနတ်ဘုရားကို မြင်ခွင့်ပြုထားခြင်းပင်။ အပြင်ဘက်ကမ္ဘာတွင် ဖြစ်ပျက်နေသည်များအား သူဤသစ်ပင်ကြီးအား ပြောပြချင်မိသည်။

“ဘာလို့လဲ” ရှီဟောင် ရှုပ်ထွေးသွားရသည်။

“အစကတည်းက ငါက သစ်ကိုင်းတစ်ကိုင်းပဲလေ .. ငါ့မှတ်ဉာဏ်တွေလည်း အစကတည်းက ပျက်စီးနေတာ .. ပြီးတော့ ငါ့စွမ်းအားတွေကို အစွမ်းကုန်သုံးပြီးသွားပြီဆိုတော့ လေနဲ့ပျောက်သွားဖို့ အချိန်ရောက်ပြီ..” မိုးမခသစ်ပင်မှ ခေါင်းခါကာ ပြောလိုက်သည်။

ဤသည်မှာ သစ်ပင်အစစ်မဟုတ်ပဲ သစ်ကိုင်းတစ်ကိုင်းသာဖြစ်သောကြောင့် သူဤမျှနေနိုင်သည်မှာပင် အံ့အားသင့်စရာဖြစ်နေလေပြီ။

“စွမ်းအားအများကြီးသုံးလိုက်တယ်ဟုတ်လား..” ရှီဟောင်မေးလိုက်၏။

“နောက်ဆုံးတစ်ခေါက်က လူကြောင့်ပဲ” မိုးမခသစ်ပင်ပြောလိုက်သည်။

“အဲဒီလူမှာ ဘယ်လိုနောက်ခံမျိုးတွေရှိနေတာလဲ .. တကယ်ပဲ အဲဒီလူက ဘယ်သူလဲ .. ဘယ်လိုထူးဆန်းမှုတွေ ရှိနေတာလဲ” ရှီဟောင် အလောတကြီးမေးလိုက်သည်။

“သူ့ရဲ့မျိုးရိုးနာမည်က ရီ .. သူက ထာဝရရှေးဟောင်းမြေအပျက်အစီးထဲကို ထွက်သွားပြီ” မိုးမခနတ်ဘုရား ပြောလိုက်သည်။ သူသည် မျိုးရိုးနာမည်ကိုသာ မှတ်မိပြီး ထိုနာမည်ကို ရှီဟောင် မှတ်မိနေအောင် လုပ်ထားရမည်ဟု ပြောလိုက်လေသည်။

“ဘာဖြစ်ခဲ့တာလဲ .. မိုးမခနတ်ဘုရား .. နတ်ဘုရားက တစ်ခြားဘာကိုမှမမှတ်မိပေမယ့် ဘာလို့ကျွန်တော့်ကို သတိပေးနေတာလဲ” ရှီဟောင်ပို၍ပင် သိချင်လာသည်။

“အဲဒီလူက အတိတ်နဲ့ လက်ရှိပစ္စုပ္ပန်.. တစ်ခုနဲ့မှ မသက်ဆိုင်တဲ့သူ .. သူ့ကို အဆုံးစွန်ထိ ကူညီလိုက်ရတာ” မိုးမခနတ်ဘုရား ပြောလိုက်၏။

ထိုကဲ့သို့ သူ၏စွမ်းအားများကို အဆုံးစွန်ထိသုံးလိုက်ရသောကြောင့် သူ၏ မှတ်ဉာဏ်များမရှင်းလင်းတော့ခြင်းပင်။

ရှီဟောင် ထိတ်လန့်သွားရ၏။

“အဲဒီလူက ဘာလို့လာတာလဲ .. မှတ်မိနိုင်မယ့်နည်းလမ်းမရှိဘူးလား” ရှီဟောင်မေးလိုက်၏။

မိုးမခနတ်ဘုရား – “မေ့သွားပြီ .. ဘာမှကို မမှတ်မိတော့တာ”

ရှီဟောင်သက်ပြင်းချလိုက်၏။ မိုးမခနတ်ဘုရားသာ ဤနေရာတွင်ရှိနေပါက မည်မျှကောင်းလိုက်မည်နည်း… အရာအားလုံးမှာ ဤကဲ့သို့ အဆုံးသတ်သွားမည်မဟုတ်ပေ။

သူ၏အနောက်တွင်ရှိနေသည့် လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၊ မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ အကြီးအကဲများမှာ ဆွံ့အနေကြလေသည်။ ရှေးဟောင်းဘိုးဘေး ဂါးဒီးယန်းဝိဉာဉ်ဤသို့ ဖြစ်နေရခြင်းမှာ လူတစ်ယောက်ကြောင့်တဲ့လား..

“သွေးစွန်းနေတဲ့ အိုးတစ်လုံးက မျိုးရိုးနာမည် ရီလို့ခေါ်တဲ့ လူတစ်ယောက်ကို ခေါ်ခဲ့တယ်” ရှီဟောင် ဤသည်ကို သူ့ရင်ထဲစွဲနေအောင် မှတ်ထားလိုက်သည်။

“မင်းက နတ်ဘုရားအစစ်နယ်ပယ်ကျင့်ကြံသူတောင် ဖြစ်သွားပြီပဲ .. မင်းဘာဆက်လုပ်မှာလဲ .. လမ်းကြောင်း သတ်မှတ်ပြီးသွားပြီလား..” မိုးမခနတ်ဘုရား မေးလိုက်၏။

နတ်ဘုရားအစစ် … အစစ်အမှန်နယ်ပယ်မှာပင် ရှင်းလင်းသည့်လမ်းကြောင်းတစ်ခု၊ တာအိုတစ်ခု၊ ရည်ရွယ်ချက်တစ်ခုရှိရမည်သာ။

“စွမ်းအားအကြီးဆုံးဟာ .. ကျော်လွန်ခြင်း..” ရှီဟောင်ရှင်းလင်းစွာပင် ပြောလိုက်လေ၏။

“ကြီးလွန်းတယ်” မိုးမခနတ်ဘုရား ပြောလိုက်၏။

အစစ်အမှန်နယ်ပယ်တွင် အနာဂတ်နှင့် ပတ်သက်သည့် အရေးကြီးသောဆုံးဖြတ်ချက်ကို ချမှတ်ရသည်။

“ကျွန်တော်သိပါတယ် .. အဲဒါက နည်းနည်းမြင့်မှန်း .. တကယ်လို့ ကျွန်တော်သာ စွမ်းအားအကြီးဆုံး ကျော်လွန်ခြင်းဖြစ်ချင်ရင် ဒီအဆင့်ကနေ စပြီးတော့ အသက်ရှည်အောင် လုပ်ရမယ်.. ” ရှီဟောင်ပြောလိုက်၏။

“နည်းနည်းမြင့်နေတုန်းပဲ” မိုးမခနတ်ဘုရား ပြောလိုက်သည်။

သို့သော်လည်း သူသာ အသက်ရှည်ခြင်းကို ရရှိသွားလျှင်ပင် သူ့ထံ၌ ရန်သူများရှိနေဦးမည်ကို သူသိသည်။ မဟုတ်ပါက ရှေးခေတ်မှ ထာဝရသက်ရှိများ အဘယ်ကြောင့် ကျရှုံးသွားမည်နည်း..

ထို့ကြောင့်ပင် သူသည် စွမ်းအားအကြီးဆုံးဖြစ်သည့် ကျော်လွန်ခြင်းကို ရရှိလိုခြင်းပင်။ ဤသည်မှာလည်း ဤအဆင့်တွင် သူအခြေခိုင်အောင် လုပ်ထားမှသာ ရနိုင်လိမ့်မည်။

ထိုကဲ့သို့ စွမ်းအားအကြီးဆုံးဖြစ်သည့် ကျော်လွန်ခြင်းမှာ ယခုအချိန်တွင် မပြောနှင့် သက်ရှည်ခြင်းကို ရရှိပြီးလျှင်ပင် ရရှိနိုင်ရန် ခက်ခဲလေသည်။

“ကျော်လွန်ခြင်းကို လုပ်လို့ရမှာမဟုတ်ဘူး .. စွမ်းအားအကြီးဆုံးလူတွေတောင် မလုပ်နိုင်ဘူး .. အသက်ရှည်ခြင်းကို ရဖို့ကလည်း ဝေးသေးတယ် .. သေခြင်းနဲ့ရှင်ခြင်းကို နားလည်မှပဲရမှာ” ရှီဟောင် ပြောလိုက်သည်။

“အဲဒါဆိုရင် မင်းဘယ်လိုလုပ်မှာလဲ” မိုးမခနတ်ဘုရား မေးလိုက်၏။

“ဘဝကို နားလည်အောင်လုပ်မယ်” သူ၏ဦးတည်ချက်များကို အဆင့်များစွာ သူသတ်မှတ်ပြီးပြီဖြစ်သည်။

“မင်းမှာ အစီအစဉ်တွေ ရှိပြီးသားပဲ” မိုးမခနတ်ဘုရား ခေါင်းညိမ့်လိုက်၏။

“ဟုတ်တယ် .. အစစ်အမှန်နယ်ပယ်မှာ ကျွန်တော် မိုးမခနတ်ဘုရားရဲ့ပညာတွေကို နားလည်အောင်လုပ်မယ်” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

မိုးမခနတ်ဘုရားသည် အဆင့်နိမ့်နယ်မြေမှာကတည်းက သူ့အားပညာများကို လက်ဆင့်ကမ်းခဲ့ပြီးသားပင်။ သူသည်လည်း ထိုပညာများကို စိတ်ထဲနှလုံးထဲ စွဲမြဲနေအောင် လုပ်ခဲ့ပြီးသားပင်။ ယခင်က သူ၏ကျင့်ကြံဆင့် မလုံလောက်သေးသောကြောင့် သူနားလည်အောင် မလုပ်ရသေးခြင်းပင်။

ဤပညာများကို ကျင့်ကြံနိုင်ရန်အတွက် သူ အနည်းဆုံးတော့ နတ်မီးတောက်နယ်ပယ်ရှိရမည်ဟု မိုးမခနတ်ဘုရား သူ့အားပြောခဲ့သည်။ မဟုတ်ပါက သူ့အသက်အန္တရာယ်ရှိနိုင်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိုးမခနတ်ဘုရား၏ ပညာများဖြစ်သောကြောင့် ဤသည်မှာ သဘာဝနှင့်ဆက်စပ်နေသည့် မှော်ပညာများပင်။

သို့သော်လည်း ထာဝရရှေးဟောင်းမြေသို့ရောက်ပြီး နတ်မီးတောက်နယ်ပယ်သို့ ရောက်ပြီးသည့်နောက်တွင် သူ၏ဦးစားပေးမှာ ထာဝရစွမ်းအင်ဖြစ်သောကြောင့် အခြားအရာများကို လှည့်မကြည့်နိုင်ခဲ့ပေ။

ယခု သူ့မှာ အချိန်ရှိပြီဟု ပြော၍ရသည်။

သူသည်စွမ်းအားအကြီးဆုံး ကျော်လွန်ခြင်းကို လိုချင်သောကြောင့် အသက်ရှည်ခြင်းကို ရအောင်လုပ်ရမည်။ အသက်ရှည်ခြင်းကို ရရန်အတွက် ဘဝကိုလေ့လာရမည်။ ထို့ကြောင့်ပင် သူသည် ဤအစစ်အမှန်နယ်ပယ်အတွက် မိုးမခနတ်ဘုရား၏ ပညာများကို လေ့လာရန် ဆုံးဖြတ်လိုက်ခြင်းပင်။

“ငါ့ရဲ့ တစ်ခြားကိုယ်ပွားရဲ့ပညာနဲ့ ဒီရှေးဟောင်းပညာက ကွာခြားလားဆိုတာ ကြည့်ရအောင်” မိုးမခသစ်ကိုင်းတစ်ခု ထွက်လာကာ ရှီဟောင်၏မျက်ခုံးကြားကို ထိလိုက်လေသည်။

ဤသည်မှာ ထာဝရရှေးဟောင်းမြေမှ မိုးမခနတ်ဘုရား၏ ယခင်ကပညာပင်။ ယခု ရှီဟောင်အား လက်ဆင့်ကမ်းနေခြင်းပင်။

ရှီဟောင်၏စိတ်ထဲတွင် ရွှေရောင်မိုးမခသစ်ပင်တစ်ပင် ပေါ်လာပြီး သင်္ကေတမျိုးစုံ ပေါ်လာလေသည်။ သူသည် မျက်လုံးများကို မှိတ်လိုက်ကာ ထိုပညာနှစ်ခုကို နှိုင်းယှဉ်လိုက်သည်နှင့် အကျိုးကျေးဇူးများစွာ ရရှိလာလေ၏။

မည်သည့်အဖိုးတန်ပညာမဆို အရေးကြီးဆုံးအရာမှာ သေချာနားလည်အောင် ပြုလုပ်ခြင်းပင်။

သူသည် ပြင်ဆင်မှုများကို သေချာလုပ်ထားသောကြောင့် ဤကျင့်ကြံဆင့်တွင် အချိန်အကြာကြီးကုန်ဆုံးမည်မဟုတ်ပေ။

….

အပြင်ဘက်လောက စီရင်စုသုံးထောင်တွင်…

ဂိုဏ်းအားလုံးမှာ တုန်လှုပ်နေကြလေ၏။

ယခုအချိန်တွင် စွန့်ပစ်နယ်မြေ နယ်ပစ်၌ လူသိပ်မရှိတော့ပဲ အားလုံးသည် အဆင့်မြင့်နယ်မြေ၏ အလယ်ဗဟိုသို့ ဦးတည်သွားနေကြလေ၏။

ဗဟိုစီရင်စုရှိ ရှေးဟောင်းယဇ်ပုလ္လင်ကြီး၏ အစွန်တွင်…

ယခုအချိန်တွင် ငွေရောင်အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားကာ ဤနေရာတစ်ခုလုံးကို ငွေရောင်အလင်းများအောက် ဖုံးလွှမ်းပစ်နေလေသည်။

အမှန်တကယ်တွင် ဤသည်မှာ ဤယဇ်ပုလ္လင်ကို နိုးထစေပြီး ကျန်ရှိနေသည့် အစီအရင်များကို အသက်ဝင်အောင်လုပ်နေသည့် စွမ်းအားကြီးပင်။

ကောင်းကင်နတ်ဘုရားများမပြောနှင့် ဂိုဏ်းခေါင်းဆောင်ကြီးများပင်လျှင် သေချာစောင့်ကြည့်နေကြလေသည်။

ဤသည်မှာ ယခင်ခေတ်မှ ကျန်ခဲ့သည့် ထာဝရအစီအရင်တစ်ခုပင်။ ဤနေရာကို ဂိုဏ်းများစွာမှ စောင့်ကြည့်ကာ ကာကွယ်ခဲ့ခြင်းပင်။ ဤနေရာသည် နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့သော်လည်း ယနေ့တော့ လှုပ်ရှားမှုများရှိလာလေပြီ။

“အဲဒီသက်ရှိ ရောက်လာတော့မယ်” နတ်နန်းဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ပြောလိုက်၏။

လျှပ်စီးအလင်းတန်းများသည် လေဟာနယ်ထဲမှ ရောက်လာကာ ဤပျက်စီးနေသည့်အစီအရင်ကို အားသုံးကာ အသက်ဝင်အောင်လုပ်နေသောကြောင့် ရောက်လာမည့်သက်ရှိလည်း သာမန်သက်ရှိဖြစ်မည်မဟုတ်ပေ။

ဝုန်း..

နောက်ဆုံးတွင် အသံကျယ်ကြီး ထွက်ပေါ်လာကာ ငွေရောင်လျှပ်စစ်အလင်းတန်းလည်း ပျောက်ကွယ်သွားလေ၏။ ထို့နောက်တွင် ငွေရောင်အလင်းတန်းတောက်ပနေသည့် ဂိတ်တံခါးတစ်ခု ပေါ်လာကာ များပြားလှသည့် ဝိဉာဉ်စွမ်းအားများလည်း တရှိန်ထိုးထွက်လာလေသည်။

“လာပြီ…”

ထိုဂိတ်တံခါးမှ တစ်စုံတစ်ယောက် ထွက်လာသည်။ သူ၏အော်ရာမှာ စွမ်းအားကြီးလွန်းလှကာ လူများကိုပင် အသက်ရှူကြပ်စေလေသည်။

ဝုန်း…

ထိုငွေရောင်လမ်းကြောင်းမှ လူလတ်ပိုင်းအရွယ် ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။ သို့သော် သူတို့မျက်လုံးများကို ကြည့်လိုက်သည်နှင့် သူတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီးဖြစ်ကြောင်း သိနိုင်လေသည်။

သူတို့သုံးယောက်ပေါ်လာသည်နှင့် ပြင်းထန်လှသည့်ဖိအားလှိုင်းတစ်ခု ကျရောက်လာလေသည်။

ခဏကြာပြီးသည့်နောက်တွင် ထိုဖိအားများ ပျောက်ကွယ်သွားလေ၏။

ထို့နောက်တွင် သူတို့နောက်မှ နောက်ထပ် ငါးယောက် ခြောက်ယောက်ခန့် ထွက်လာလေသည်။ သူတို့အားလုံးမှာ ငယ်ရွယ်သည့်သူများဖြစ်ပြီး အံ့အားသင့်စရာကောင်းသည့်အော်ရာများလည်း ရှိနေလေသည်။

ဒီလူတွေက ဘယ်သူတွေလဲ..

အစီအရင်အပြင်ဘက်တွင်ရှိနေသည့် အဆင့်မြင့်နယ်မြေမှ ကျင့်ကြံသူများအားလုံး ဆွံ့အနေကြသည်။ လူလတ်ပိုင်းအရွယ်သုံးယောက်မှာ အကဲခတ်ရန် ခက်ခဲလှသော်လည်း သူတို့နောက်မှ လူများမှာ အလွန်ငယ်ရွယ်လွန်းလှသည်။ သို့သော်လည်း သူတို့သည် ကောင်းကင်နတ်ဘုရားများပင် ဖြစ်နေလေပြီ။

လူလတ်ပိုင်းအရွယ် ယောက်ျားလေး စကားပြောလိုက်သည့်အချိန်တွင် သူ၏စကားသံမှာ ရှေးကျလှကာ နားလည်းနိုင်ရန် ခက်ခဲလှသည်။

“နောက်ဆုံးတော့ ရောက်လာပြီ…”

သေချာနားထောင်ပြီးမှသာ ဂိုဏ်းခေါင်းဆောင်တစ်ဦးမှ သူတို့ပြောသည့်စကားကို နားလည်သွားလေသည်။

“ဒါက ရှေးဟောင်းဘာသာစကားတစ်ခု .. ငါတို့အခုခေတ်နဲ့ နည်းနည်းလေးကွဲတယ် .. သေချာစဉ်းစားမှ နားလည်လိမ့်မယ် .. သူတို့ရဲ့ဘာသာစကားက ငါ့တို့ရဲ့ဘာသာစကားနဲ့ ဇစ်မြစ်တစ်ခုတည်းကလာတာ” အဆင့်မြင့်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်မှ လေးနက်စွာပြောလိုက်၏။

ဤသည်မှာ အခြားသူများကိုပို၍ပင် ထိတ်လန့်သွားစေသည်။ ဒီလူတွေက ဘယ်ကနေ ရောက်လာတာလဲ..

ထို့နောက်တွင် သူတို့ထဲမှ တစ်ယောက်သည် စကားပြောရင်း အရှေ့ဘက်သို့ လျှောက်လာလေ၏။ ဤသည်မှာလည်း နားလည်ရန်ခက်ခဲသည့် ရှေးဟောင်းဘာသာစကားပင်။

“တစ်ယောက်တည်းနဲ့ ဒီလောကက လူငယ်ကျွမ်းကျင်သူတွေ အကုန်လုံးကို ရှင်းပစ်နိုင်လိမ့်မယ်လို့ ငါဘာလို့ ခံစားနေရတာလဲ .. သူတို့အားလုံးက အဲဒီလောက်လည်း မထူးခြားပါဘူး”

ဤစကားကို နားလည်သွားသည့်အချိန်တွင် မျက်နှာအမူအရာ မပျက်သွားသည့်သူမရှိပေ။ ဤလူငယ်လေးသည် စိတ်ကြီးဝင်လွန်းလှပြီး စရောက်ကတည်းက ဤသို့ပြောနေလေပြီ။

သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူတို့အားလုံး ပါးစပ်ပိတ်သွားကြလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူ၏ခန္ဓာကိုယ်ထက်တွင် ထာဝရစွမ်းအင်ကို တွေ့လိုက်ရသောကြောင့်ပင်။

ထာဝရစွမ်းအင်နဲ့ ကောင်းကင်နတ်ဘုရား .. ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ…

အနည်းဆုံးတော့ အဆင့်မြင့်နယ်မြေတွင် ဤကဲ့သို့သော လူမျိုးမရှိပေ။

သေချာကြည့်လိုက်မည်ဆိုလျှင် ရောက်လာကြသည့်သူအားလုံးထံတွင် မြင်တွေ့နိုင်ရန် ရှားပါးသည့်အော်ရာများ ရှိနေသည်သာ။

“တကယ်ကိုစိတ်ပျက်ဖို့ကောင်းတာပဲ .. အားနည်းလွန်းတယ် .. လူငယ်မျိုးဆက်တွေက ပျက်စီးသွားတာလား” ထိုလူငယ်လေးသည် ဤနေရာတွင်ရှိနေသည့်လူများကို ကြည့်ကာ ခေါင်းခါပြီး ပြောလိုက်လေသည်။

အဆင့်မြင့်နယ်မြေမှ လူငယ်အချို့ ဤနေရာတွင် ရောက်နေသော်လည်း ယဇ်ပုလ္လင်ပေါ်မှ လူများနှင့် ယှဉ်လိုက်သည့်အချိန်တွင် ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

ဒေါသကြောင့် သူတို့အားလုံး၏ မျက်နှာနှင့်နားများ နီရဲသွားကြကာ သူတို့ထဲမှ တစ်ယောက်သည် သည်းမခံနိုင်ပဲ ပြောလိုက်လေ၏။ “ငါတို့တွေက အဆင့်နိမ့်တယ် ဂျီးနီးယပ်စ်မဟုတ်ဘူး .. ငါတို့ဆီမှာလည်း မင်းတို့ထက် အဆင့်မနိမ့်တဲ့သူတွေရှိတယ် .. ဒါပေမဲ့ အခုလောလောဆယ် သူတို့အားလုံး ထာဝရရှေးဟောင်းမြေထဲကို ရောက်နေကြတယ်”

“ငါ အဲဒီနေရာကို ကြားဖူးတယ် .. အဲဒီနေရာက နတ်ဘုရားမဖြစ်သေးတဲ့ ဂျီးနီးယပ်စ်တွေပဲ ဝင်လို့ရတာမလား .. အဲဒီတော့ သူတို့တွေလည်း ကျင့်ကြံသူ ငယ်ငယ်လေးတွေပဲ ဖြစ်ရမယ် .. သူတို့တွေက ကောင်းကင်နတ်ဘုရားနဲ့ လာယှဉ်ချင်နေသေးတာလား .. အဝေးကြီးလိုသေးတယ်” ထိုလူငယ်လေး ခေါင်းခါကာ ပြောလိုက်သည်။

သူသည် ကောင်းကင်နတ်ဘုရားဖြစ်ရုံသာမက သူ့ထံတွင် ထာဝရစွမ်းအင်လည်း ရှိနေသည်။ သူသည် လက်နောက်ပစ်ကာ အားလုံးကို ဝေ့ကြည့်နေသောကြောင့် အားလုံး တိတ်ဆိတ်သွားလေသည်။

“တကယ် အားနည်းတာပဲ” သူနောက်တစ်ခေါက် ခေါင်းခါလိုက်၏။ ထို့နောက်တွင် သူသည် အဆင့်မြင့်နယ်မြေမှ ကောင်းကင်နတ်ဘုရားအနည်းငယ်ကို ကြည့်လိုက်ကာ “မင်းတို့ရဲ့လူငယ်တွေက အရမ်းအားနည်းတယ်ဆိုတော့ ငါမင်းတို့အားလုံးနဲ့ တိုက်ကြည့်ချင်တယ်”

“မင်း..” ထိုလူများ၏ အမူအရာများမှာ မပျော်မရွှင်ဖြစ်သွားရသည်။

“အရမ်းကို အားနည်းနေတုန်းပဲ .. ဒီလိုဆိုရင်ရော .. ခင်ဗျားတို့ ကောင်းကင်နတ်ဘုရားတွေအားလုံး ကျုပ်ကို တစ်ခါတည်းတိုက်လိုက် .. ကျုပ်ခင်ဗျားတို့နဲ့ ပညာချင်းဖလှယ်မယ်” သူ တည်ငြိမ်စွာ ပြောလိုက်သည်။

အပိုင်း ၁၁၅၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၄ – ဝိဉာဉ်ကျွန်း

ဝိဉာဉ်ကျွန်း .. ဤနေရာသည် လေထဲတွင် ပေါလောပေါ်နေခြင်းဖြစ်ပြီး စိမ်းပြာရောင် ရောင်စုံအလင်းတန်းများ တောက်ပနေလေသည်။

ဤသည်မှာ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၏ အဖိုးတန်မြေပင်။ ဤနေရာသည် ဂါးဒီးယန်ဝိဉာဉ်ဘိုးဘွားမြေ၏ အပြင်ဘက်တွင်ရှိနေခြင်းပင်။ ယနေ့တွင် လူများစွာရောက်ရှိနေသောကြောင့် ဤနေရာသည် အလွန်ပင် လှုပ်ရှားသက်ဝင်နေလေ၏။

“စီနီယာရဲ့ ဧည့်ခံမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် .. ကျွန်တော် မသေသေးသရွေ့ ကျွန်တော် သေချာပေါက် အတိဒုက္ခကို နောက်တစ်ခေါက် ရင်ဆိုင်မှာပါ .. အဲဒီအချိန်ကျရင် ကျွန်တော် အားလုံးအတွက် လျှပ်စီးအတိဒုက္ခရည်တွေကို ယူလာပေးခဲ့ပါ့မယ်” ရှီဟောင်သည် သူ၏ရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်လေ၏။

“သူငယ်ချင်းလေးက တကယ်ကို ကောင်းကင်ပေါ်ကို ထိုးဖောက်မယ့်သူပဲ .. အဲဒီနေ့ရောက်လာရင် ကျွန်တော်တို့ သေချာပေါက် ပြန်ပြီးတော့ ကျေးဇူးဆပ်မှာပါ” နာကြည်းချက်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားပြောလိုက်သည်။

ဂါးဒီးယန်းဝိဉာဉ်ဘိုးဘွားမြေမှ ထွက်လာသည်နှင့် ဝိဉာဉ်လူမျိုးစု၏ ကန့်သတ်နယ်မြေသို့ ရောက်ရှိလာကာ သူတို့သည် ထိုနေရာတွင် စားသောက်ပွဲကြီး ပြုလုပ်နေကြလေ၏။ ဤသည်မှာ ရှီဟောင်၏အောင်မြင်မှုအတွက် ဂုဏ်ပြုပေးသည့်ပွဲဟုလည်း ပြော၍ရသည်။

ရှီဟောင်သည် ဤစားသောက်ပွဲ၏ အဓိကလူဖြစ်သည်မှာ သိသာလှ၏။ သူ၏စားပွဲဝိုင်းတွင် ကောင်းကင်နတ်ဘုရားများရှိနေပြီး သူ့ကို လေးလေးစားစားဖြင့်ပင် ခွက်ချင်းတိုက်နေကြလေ၏။

လူအနည်းငယ်မှာ စိတ်ထဲမှ သက်ပြင်းချလိုက်ကြ၏။ ဟွမ်မှာ တကယ်ကို မသေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည်အားလုံး၏ နောက်ဆုံးမျှော်လင့်ချက် ကောက်ရိုးမျှင်လေး ဖြစ်နေလေပြီ။

သို့သော် အချို့သူများမှာ စိတ်ထဲမှ ကျိန်ဆဲနေကြလေ၏။ ဤကောင်စုတ်သည် ကောက်ကျစ်လွန်းလှသည်ဟု သူတို့ခံစားနေကြလေသည်။ ဤကောင်သည် လျှပ်စီးအတိဒုက္ခရည်မှာ ကျိန်စာစွမ်းအားကို ချေဖျက်နိုင်မှန်းသိသော်လည်း သူသည် ဤသည်ကို တန်ဖိုးမထားပဲ ချောင်ကုန်းယန်၊ ယုန်ဖြူလေးနှင့် ကျောက်တုံးတစ်တုံးကိုပင် သောက်ခိုင်းခဲ့သေးသည်။ ဤသည်မှာ မုန်းတီးစရာကောင်းလွန်းလှသည်။

ဤသည်မှာ ဖြုန်းတီးယုံသာမဟုတ် အပြစ်လုပ်နေခြင်းပင်။ ထိုအကြောင်းကို စဉ်းစားမိသွားသည်နှင့် သူတို့သည် ကောင်းကင်ထက်သို့ပင် ဟစ်ကြွေးချင်မိသည်။

ရှီဟောင်သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဤကဲ့သို့လုပ်ခဲ့ခြင်းဖြစ်ကြောင်း အားလုံးသိကြလေ၏။

ဝိဉာဉ်ကျွန်းသည် အလွန်ကျယ်ပြောလှပြီး လှပသည့်တောင်ထိပ်များ နတ်စမ်းချောင်းများလည်း ရှိနေလေသည်။

ချောင်ယုရှန်း၊ ရွှယ်လင်း၊ ချန်ကုန်းယန်၊ နဂါးမိန်းမပျိုနှင့် အခြားသူများလည်း ရှီဟောင်ကောင်းမှုကြောင့် ဤနတ်ရှေးဟောင်းကျွန်းသို့ ရောက်ရှိနေလေ၏။

“ဆေးပင်တွေ အများကြီးပဲ” ယုန်ဖြူလေးသည် ခပ်ဝေးဝေးတွင်ရှိနေသည့် ဆေးခင်းကြီးကို ကြည့်လိုက်ပြီး သူမမျက်နှာထက်တွင် စဉ်းလဲသည့်အကြည့်များ ပေါ်လာလေသည်။ သူမသည် စားပွဲပေါ်တွင်ရှိနေသည့် အစားအစာများကို စိတ်မဝင်စားပဲ ဆေးခင်းကြီးကိုသာ ငေးကြည့်နေလေ၏။

“ဟား ဟား.. မိန်းကလေးလိုအပ်ရင် ငါမင်းကို မြင့်မြတ်ဆေးပင်တစ်ချို့ လက်ဆောင်ပေးလို့ရပါတယ်” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု အကြီးအကဲမှ ပြောလိုက်သည်။

ရှီဟောင်ကို မျက်နှာသာပေးရမည်ဖြစ်သောကြောင့် သူ ဤကဲ့သို့ ပြောလိုက်ခြင်းပင်။ ဤမိန်းကလေးနှင့် ရှီဟောင်တို့၏ဆက်ဆံရေး သိပ်မဆိုးသည်ကို အားလုံးတွေ့လိုက်ရသောကြောင့် သူမအား အလိုလိုက်ထားရမည်။

“ကျွန်မ ဆေးပင်တစ်ပင်လုံးမလိုပါဘူး .. အပင်တိုင်းရဲ့ အရွက်တစ်ရွက်ပဲ လိုတာပါ” ယုန်ဖြူလေးသည် ချက်ချင်းပင်ထခုန်လိုက်ကာ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုအကြီးအကဲ၏ လက်မောင်းကိုဆွဲကာ ချက်ချင်းပင် ဖိုးဖိုးဟု ခေါ်လိုက်လေ၏။

“ကိစ္စမရှိပါဘူး” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုအကြီးအကဲသည် လက်ဝေ့ရမ်းလိုက်ကာ တစ်စုံတစ်ယောက်အား သူမကို သွားပို့ခိုင်းလိုက်လေ၏။

သို့သော် ခဏကြာပြီးသည့်နောက်တွင် ဝိဉာဉ်လူမျိုးစု၏ ဆေးခင်းမှ သနားစဖွယ်အော်သံများ ထွက်ပေါ်လာလေသည်။

“ဘာဖြစ်တာလဲ..” အားလုံး လှည့်ကြည့်လိုက်ကြလေသည်။

နတ်ဆေးပင်တစ်ပင်သည် သူ၏ခေါင်းကိုအုပ်ကာ အသက်လုပြေးနေသည်ကိုသာ သူတို့တွေ့လိုက်ရလေ၏။ ထို့နောက်တွင် ထိုဆေးပင်သည် ပျောက်သွားကာ ဆေးခင်းတစ်ဖက်ခြမ်းသို့ ရောက်သွားလေသည်။

နတ်ဆေးပင်…

လူများစွာ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ယုန်ဖြူလေးသည် နတ်ဆေးပင်၏ အရွက်အပိုင်းလေးကို စားလိုက်ခြင်းပင်။

လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုသည် နှလုံးအောင့်သွားသလိုပင် ခံစားလိုက်ရသည်။ သာမန်ဆေးပင်များမှာ ကိစ္စမရှိသော်လည်း ကလန်၏ နတ်ဆေးပင်ကို ဤယုန်ဖြူလေးမှ ရှာတွေ့သွားလေပြီ။ ကြည့်ရသည်မှာ နောင်ကျလျှင် ဘာကိစ္စပဲဖြစ်နေပါစေ ဤယုန်ဖြူလေးကို ဆေးခင်းထဲ ဝင်ခိုင်း၍မရတော့ဘူးထင်သည်။

“အဟမ်း .. ကိစ္စမရှိပါဘူး .. အရွက်တစ်ခြမ်းလောက်ပါပဲ” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုသည် နှလုံးနာနေသော်လည်း ပြုံး၍ပင် ပြောလိုက်ရသည်။

ထို့နောက်တွင် အားလုံးခွက်ချင်း တိုက်လိုက်ကြကာ ထာဝရရှေးဟောင်းမြေအတွင်းမှ လျှို့ဝှက်ချက်မျိုးစုံ၊ အန္တရာယ်များသည့်နေရာများကို ဆွေးနွေးနေကြလေ၏။

ရှီဟောင် ထိုလျှို့ဝှက်ချက်များကို တစ်ခုချင်းစီ မှတ်သားထားလိုက်သည်။ အထူးသဖြင့် နောင်ကျလျှင် သူအသုံးပြုရန် လိုအပ်လာမည့် သူတော်စင်သစ်သားနှင့် အခြားကောင်းကင်ရတနာများပင်။ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုသည် သူ့ကိုဘာမှထိန်ချန်မထားပဲ ထိုပစ္စည်းများရှိနေသည့်နေရာများကိုပင် ပြောပြလိုက်လေသည်။ သို့သော်လည်း ထိုနေရာများသည် အလွန်အန္တရာယ်များပြီး သူမစွန့်စားသင့်ကြောင်းလည်း ထပ်ခါတလဲလဲ သတိပေးနေလေ၏။ သူတကယ်လိုလျှင် သူတို့လူလွတ်ပြီး ရှာခိုင်းနိုင်ကြောင်း ပြောလေ၏။

သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ချောင်ယုရှန်း၊ လော့သွမ်နှင့် အခြားသူများမှာ မနာလိုဖြစ်နေကြလေသည်။ ဤသည်မှာ တကယ်ပင် လှောင်ရယ်စရာကောင်းလှသည်။ သူ့ကို ကိုယ်ရံတော်အဖြစ် စောင့်ရှောက်ပေးချင်နေသည့် ကောင်းကင်နတ်ဘုရားများ ရှိနေလေသည်။

“ဒီကောင်က တမင်သက်သက်ကို လျှပ်စီးအတိဒုက္ခရည်အားလုံးကို သုံးပြီးတော့ ကောင်းကင်နတ်ဘုရားတွေ သူ့ကို ကပ်တွယ်နေအောင် လုပ်ထားတာ” သူတို့တိတ်တဆိတ်ပင် ကျိန်ဆဲလိုက်ကြသည်။

“စီနီယာ .. အရင်တုန်းက ကျွန်တော့်ကို သတ်ချင်နေတာ ဘယ်သူတွေလဲ” ရှီဟောင်သည် မနုဿလူမျိုးစုမှ ကောင်းကင်နတ်ဘုရားနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရားတို့ကို ကြည့်ကာ ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားနှစ်ယောက်မှာ ချက်ချင်းပင် အရှက်ရမိသွားသည်။ ထိုအဖြစ်အပျက်မှာ အနည်းငယ် မမျှမတဖြစ်နေသည်။ ရှီဟောင်သည် သူတို့ထံသို့ ခိုလှုံရန် ရောက်လာခဲ့သော်လည်း သူတို့လူမျိုးစုမှ ကောင်းကင်နတ်ဘုရားများမှ သူ့အား လိုက်ဖမ်းခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

သူတို့ဤကိစ္စကို သေချာစုံစမ်းလိုက်ပါက လုပ်သည့်လူ ထွက်လာမည်သာ။ စွမ်းအားအကြီးဆုံးကလန်ဖြစ်သော်လည်း သူတို့ထံတွင် ကောင်းကင်နတ်ဘုရား ဘယ်နှယောက် ရှိမည်နည်း…

သူတို့နှစ်ဦး သက်ပြင်းချလိုက်၏။ ဤကိစ္စမှာ ဖြေရှင်းရန် ခက်ခဲလှသည်။ ထိုကောင်းကင်နတ်ဘုရားများကို သူတို့ကလန်မှ ထုတ်ပယ်လိုက်ကြောင်း ကြေငြာရမည်လား .. ဤသို့ဆိုလျှင် ဆုံးရှုံးမှုကြီးမှာ ကြီးမားလွန်းလှလိမ့်မည်။ သို့သော်လည်း သူတို့သာ ဤလူငယ်လေးကို ဖြေရှင်းချက်မပေးပါက သူသေချာပေါက် ကျေနပ်မည်မဟုတ်ပေ။

“လူငယ်လေး .. မင်းက အစစ်အမှန်နယ်ပယ်ကိုတောင် ရောက်သွားပြီဆိုတော့ မင်းလိုအပ်တဲ့ ကောင်းကင်ရတနာတွေ မရှိဘူးလား” မနုဿလူမျိုးစု ကောင်းကင်နတ်ဘုရားမှ မေးလိုက်၏။

ခေါင်းစဉ်ပြောင်းလိုက်သည်မှာ သိသာလွန်းလှသော်လည်း ဤသည်မှာ ရှီဟောင်ကို မြင့်မြတ်သည့်ပစ္စည်းများဖြင့် အလျော်ပေးရန် သူကြိုးစားလိုက်ခြင်းပင်။

“ကျွန်တော့်ကို ရန်လိုပြီးတော့ သတ်ချင်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာကိုပဲ သိချင်တာပါ .. မဟုတ်ရင် ကျွန်တော် စိတ်အေးရမှာမဟုတ်ဘူး” ရှီဟောင် ပြောလိုက်၏။

ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရား မျက်မှောင်ကြုတ်လိုက်၏။ ဤလူငယ်လေးသာ လက်မလျော့လျှင် နောက်ဆက်တွဲပြဿနာမှာ ကြီးမားသွားလိမ့်မည်။ သူထံမှ လျှပ်စီးအတိဒုက္ခရည်ကို ရရှိနိုင်မည့် မျှော်လင့်ချက် ရှိနေသေးသည်။

သို့သော်လည်း သူတို့ကလန်မှ ကောင်းကင်နတ်ဘုရားများကို ပြင်းထန်စွာ အပြစ်ပေးဖို့ရာလည်း ခက်ခဲလှသည်။ သူတို့ထိုအပြစ်ပေးမည့်အကြံကို ချက်ချင်းပင် ပယ်လိုက်သည်။

အူဝူး..

ရုတ်တရက်ပင် ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာပြီး ကျွန်းတစ်ခုလုံးကို တုန်ခါသွားစေပြီး ကောင်းကင်နတ်ဘုရားများကိုပင် တုန်လှုပ်သွားစေလေ၏။

“ဘယ်သူလဲ…” ရှီဟောင် ထိတ်လန့်သွားရသည်။

ဤဟိန်းသံကြီးမှာ ကြောက်စရာကောင်းလွန်းလှသည်။ ကျွန်း၏အတွင်းပိုင်းမှ လှိုင်းများထလာသည်ကို အားလုံးမြင်နေရသည်။ ရှေးဟောင်းအစီအရင်တစ်ခုလည်း တောက်ပလာကာ သူ၏ကာကွယ်နိုင်စွမ်းကို ပြသနေလေသည်။

ထိုအစီအရင်သာမရှိပါက ဤကျွန်းတစ်ခုလုံး ပေါက်ကွဲထွက်သွားလိမ့်မည်ပင်။

ဤနေရာတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများအားလုံး ဖြူဖျော့သွားကာ သူတို့၏အမူအရာများလည်း အနည်းငယ်ရုပ်ဆိုးနေသည်။

“အဲဒီလူသာ အပြင်ဘက်လောကကို ရောက်သွားရင် သူက သေချာပေါက် ဂိုဏ်းခေါင်းဆောင်အဆင့်လောက်ရှိတယ် .. ဒါပေမဲ့ သူကဘာလို့ ဒီလောက်တောင် အညှာအတာကင်းနေရတာလဲ .. သူ့ရဲ့ဟိန်းသံက ရှေးဟောင်းသားရဲတွေ ကျနေတာပဲ” ချောင်ယုရှန်း ပြောလိုက်သည်။

ရွှယ်လင်းသည်လည်း ဤလူမည်သူဖြစ်သလဲဟု မေးလိုက်လေ၏။

ထိုကောင်းကင်နတ်ဘုရားများအားလုံး သက်ပြင်းချလိုက်ကြသည်။ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားသည် ရှီဟောင်အားကြည့်ကာ “လူငယ်လေး .. နောင်ကျရင် .. မင်းသေချာပေါက် အောင်မြင်အောင်လုပ်ပြီးတော့ ငါ့ရဲ့ဝိဉာဉ်လူမျိုးစုကို ကယ်တင်ရမယ်..”

ထို့နောက်တွင် သူသည် ဘာကိုမျှ ထိန်ချန်ထားခြင်းမရှိပဲ ဤသည်မှာ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၏ ဘိုးဘေးဖြစ်သကဲ့သို့ သူတို့ကလန်၏ နံပတ်တစ်ကျွမ်းကျင်သူလည်းဖြစ်ကြောင်း ပြောပြလေ၏။ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ကျော်လွန်သွားပြီဖြစ်ပြီး သူ၏အသက်သည်လည်း နှစ်တစ်သန်းနီးပါးရှိပြီဖြစ်ကြောင်း ပြောပြလေသည်။

“ဘာ..” ရွှယ်လင်းနှင့် အခြားသူများအားလုံး ထိတ်လန့်သွားရသည်။

မြို့ခံများမှာ ကောင်းကင်နတ်ဘုရားအဆင့်ထိဆိုလျှင် သူတို့နေထိုင်သည့်နေရာမှ ထွက်ခွာမသွားသရွေ့ ပြဿနာမရှိပေ။

သို့သော်လည်း ကောင်းကင်နတ်ဘုရားအဆင့်ထက် ကျော်လွန်သည်နှင့် ပြဿနာရှိလာလိမ့်မည်။ သူတို့ကလန်ထဲတွင် ပုန်းနေလျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ ကျိန်စာမှာ ပို၍ဆိုးရွားလာလိမ့်မည်။

ထိုအဆင့်ရောက်လျှင် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်လောက်သည့် မှော်စွမ်းအားရှိနေပြီဖြစ်သော်လည်း သူတို့မသေသေးလျှင်ပင် စိတ်နောက်ကာ ကြောက်စရာကောင်းသည့်ပြဿနာများကို ရှာနိုင်သည်သာ။

လက်ရှစ်ဘက်ဝိဉာဉ်မျိုးနွယ်စု၏ နံပါတ်တစ်ကျွမ်းကျင်သူလည်း ဤကဲ့သို့သော အခြေအနေမျိုး ရင်ဆိုင်နေရသည်မှာ သေချာသည်။ သူရူးသွပ်သွားသည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာရှိနေပြီဖြစ်ပြီး ပုံမှန်အားဖြင့် အမြဲတမ်း အိပ်နေသည်သာ။

ယနေ့တွင် နောက်တစ်ကြိမ် ရူးသွပ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

“ကျွန်တော် ကြည့်လို့ရမလား” ရှီဟောင် မေးလိုက်၏။

ကျွန်းအနောက်ဘက်တွင် အနက်ရောင်မြူများရစ်ဆိုင်းနေပြီး ဤနေရာတွင် မြက်တစ်ပင်မျှပင် မရှိပေ။ အရာအားလုံးမှာ သူတို့မြင်ခဲ့ရသည့် ငြိမ်းချမ်းမှုများနှင့် လုံးဝကွဲပြားနေသည်။

ဤအရာအားလုံးမှာ ချိန်းကြိုးထူများဖြင့် ချုပ်နှောင်ခံထားရသည့် လူအိုကြီးတစ်ယောက်ကြောင့်ပင်။ ထိုသူသည် အစီအရင်အလယ်တွင် ချုပ်နှောင်ခံထားရပြီး ဆံပင်များရှုပ်ပွနေကာ အရိုးပေါ်အရေတင်ဖြစ်နေသည်။

သို့သော်လည်း သူသည် အသက်ရှင်နေသည့်အပြင် အံ့အားသင့်စရာကောင်းလောက်သည့် စွမ်းအားကိုလည်း ပိုင်ဆိုင်ထားလေသည်။

တစ်ယောက်ယောက် လမ်းလျှောက်လာသည်ကို အာရုံခံမိသောကြောင့် သူ ရုတ်တရက်ပင်ခေါင်းမော့လာလေ၏။ သူ၏ဆံပင်များမှာ မြက်ရိုင်းများကဲ့သို့ ဝါဝင်းနေပြီး မျက်လုံးတစ်စုံမှ ကြောက်စရာကောင်းသည့်အလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာလေ၏။

စွမ်းအားကြီးလိုက်တာ..

ကောင်းကင်နတ်ဘုရားများပင်လျှင် နှလုံးတုန်သွားကာ အစီအရင်ထဲသို့ ခြေလှမ်းတစ်ဝက်ပင် မဝင်ရဲတော့ပေ။

“သူ့ကို ခဏလောက် ခေါင်းကြည်အောင် လုပ်လို့ရတဲ့နည်းလမ်းမရှိဘူးလား” ရှီဟောင်မေးလိုက်၏။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ဆွံ့အသွားကြရ၏။ အထူးသဖြင့် လက်ရှစ်ဘက်ဝိဉာဉ်မျိုးနွယ်စုမှ လူများပင်။ သူတို့အကြီးအကဲကို နှိုးမည်ဆိုလျှင်ပင် ဘာလုပ်နိုင်မည်နည်း..

“ဒီအိုးထဲမှာ ရွှေရောင်အရည်တွေ နည်းနည်းကျန်သေးတယ်” ရှီဟောင် ပြောလိုက်၏။ ထို့နောက်တွင်သူသည် အဖြူရောင်ကျောက်စိမ်းပုလင်းလေးကို ထုတ်လိုက်၏။ ထိုပုလင်းကို လှုပ်ခါလိုက်သည်နှင့် ပုလင်း၏ကိုယ်ထည် အရောင်တောက်လာကာ ရွှေရောင်အရည်များ တစ်စက်ပြီးတစ်စက် ကျလာကာ မွှေးရနံ့များလည်း သင်းပျံ့လာသည်။

“အာ.. လူငယ်လေး .. မင်းမှာ လျှပ်စီးအတိဒုက္ခရည်တွေ ရှိသေးတာလား” အားလုံးထိတ်လန့်သွားကြကာ မျက်လုံးများ ပြူးကျယ်သွားကြလေ၏။ သူတို့သည် ချက်ချင်းပင် ထိုအရည်အား ဝင်လုချင်သွားကြသည်။

သို့သော်လည်း ဤသည်မှာ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၏ နယ်မြေဖြစ်ပြီးဤနေရာကို အစီအရင်ဖြင့် ပိတ်ထားသောကြောင့် မည်သူမှ အလောတကြီးမလုပ်ရဲကြပေ။ ထို့အတူ သူတို့ ရှီဟောင်ကိုလည်း မလွန်ဆန်ရဲကြပေ။

“လူငယ်လေး .. မင်းက ကောင်းကောင်းဖွက်ထားနိုင်တာပဲ .. ” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရား ပျော်ရွှင်စွာ ပြောလိုက်ပြီး သူ့လက်များပင် တုန်နေလေပြီ။

“နောက်ဆုံးတစ်ခွက်ပဲ ကျန်တော့တာ” ရှီဟောင်သည် ထိုကျောက်စိမ်းဖြူပုလင်းကို သူ့အားပေးလိုက်ပြီး အထဲဘက်သို့ ကြည့်ခိုင်းလိုက်၏။ ပုလင်းထဲတွင် တကယ်ကို တစ်ခွက်ထက် နည်းနည်းလေး ပိုရုံသာရှိသည်။

မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရားများ အလောတကြီး ဖြစ်လာကြကာ သူတို့အသက်ရှူသံများလည်း လျင်မြန်လာသည်။ သူတို့တစ်ခွက်သောက်ပြီးသားဖြစ်သောကြောင့် နောက်တစ်ခွက်သောက်လိုက်လျှင် သူတို့ကျိန်စာကို လုံးဝဖယ်ရှားပစ်နိုင်ပြီဖြစ်သည်။

သူတို့ကလန်မှ ကောင်းကင်နတ်ဘုရားများသည် ယခင်က ဤလူငယ်လေးကို တိုက်ခိုက်ခဲ့သောကြောင့် သူ သူတို့လူမျိုးစုကို မကျေမနပ်ဖြစ်နေကြောင်း သူတို့နားလည်သွားရသည်။

“ဟူး..” သူတို့နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြပြီး သူတို့ကလန်သားများ၏ လုပ်ဆောင်မှုများကို ဒေါသထွက်သလို နောင်တလည်းရမိသည်။

“ငါတို့ဆီမှာ အကြီးအကဲကို ခဏလောက်နှိုးထစေနိုင်မယ့် ဝိဉာဉ်ဖိနှိပ်ခြင်းကျောက်တုံးရှိတယ်” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကျွမ်းကျင်သူမှ ပြောလိုက်သည်။

အားလုံးမနာလိုဖြစ်သွားကြရ၏။ ဝိဉာဉ်ဖိနှိပ်ခြင်းကျောက်တုံးမှာ ထူးဆန်းသည့်ရတနာတစ်ခုဖြစ်ပြီး ဝိဉာဉ်ကျင့်ကြံခြင်းအတွက် အလွန်အသုံးဝင်သည်။ ထိုကျောက်တုံးရှိနေလျှင် ရူးသွားမည်ကို စိတ်မပူရတော့ပေ။

ကျိန်စာမိပြီး လမ်းဆုံးသို့ရောက်နေလျှင်ပင် ခဏခန့် စိတ်ကြည်လင်လာနိုင်သေးသည်။

ရှီဟောင် ခေါင်းညိမ့်ပြလိုက်၏။ သူတို့ဘာလုပ်ရမည်ကို ဝိဉာဉ်လူမျိုးစု သိသည်သာ။

ထူးဆန်သည့်ကျောက်တုံးကို ထုတ်လိုက်သည်နှင့် အားလုံး၏ဝိဉာဉ်ကို ထိရောက်မှု ရှိသွားသည်။ ဤသည်မှာ လက်သီးအရွယ်အစား ငွေဖြူရောင် ကျောက်တုံးလေးဖြစ်သော်လည်း မြေအောက်လောကမှ ဝိဉာဉ်အားလုံးကို ဖိနှိပ်နိုင်လေသည်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် တံတွေးမြိုချနေလေ၏။ ကံမကောင်းစွာဖြင့်ပင် သူဤကျောက်တုံးကို စားနိုင်မည့်အခွင့်အရေးမရှိသောကြောင့် ထိုကျောက်တုံးကို မေ့ထားလိုက်တော့သည်။

ထိုကျောက်တုံးကို ထုတ်လိုက်သည်နှင့် အစီအရင်ထဲတွင်ရှိနေသည့် အကြီးအကဲသည် ငြိမ်ကျသွားကာ သူ၏မျက်လုံးထဲရှိ အလင်းတန်းများလည်း တစ်ဖြည်းဖြည်းချင်း ကြည်လင်လာသည်။

“ဘိုးဘေးကြီး .. မြန်မြန်နှိုးထလာပါတော့ .. အကြီးအကဲရဲ့ကျိန်စာကို ချေဖျက်နိုင်ပါတော့မယ်” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရား အော်ပြောလိုက်သည်။

“ဘယ်သူက… ငါ့ကိုခေါ်နေတာလဲ” နှစ်တစ်သန်းရှိနေပြီဖြစ်သည့် အကြီးအကဲမှ နိုးထလာလေပြီ။

“ကျွန်တော်က ဘိုးဘေးရဲ့ ခြောက်ဆယ့်သုံးဆက်မြောက် မျိုးဆက်ပါ” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု ကောင်းကင်နတ်ဘုရားမှ လေးစားစွာ ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသည်နှင့်အားလုံး ထိတ်လန့်သွားရသည်။ ဤအကြီးအကဲ၏ နောက်ခံမှာ အမှန်တကယ်ပင်ကြီးမားလွန်းလှသည်။ သူသည် ကလန်၏ စွမ်းအားအကြီးဆုံး ကောင်းကင်နတ်ဘုရားထက် မည်မျှပင် အသက်ကြီးသနည်း…

“ကျိန်စာကို ချေဖျက်မယ်ဟုတ်လား..” ထိုဘိုးဘေး၏ မျက်လုံးမှ နတ်အလင်းတန်းများပင် ထွက်လာလေ၏။ သူတို့ကြားတွင် အစီအရင်ခြားထားသော်လည်း ကောင်းကင်နတ်ဘုရားများကို နာကျင်စေဆဲပင်။

လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားသည် အခြေအနေများကို ရှင်းပြလိုက်ပြီး အဖြူရောင်ပုလင်းဖြူလေးကို ချက်ချင်းကမ်းပေးလိုက်လေ၏။

ရွှေရောင်အရည်သည် ဘိုးဘေး၏ ပါးစပ်ထဲတွင် ပျောက်သွားလေ၏။ သူမျက်လုံးမှိတ်လိုက်သည်နှင့် ခဏကြာပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်မျက်နှာပြင်မှ အနက်ရောင်မြူများ ထွက်ပေါ်လာလေ၏။ ထိုမြူများသည် အနက်ရောင်အလင်းအဖြစ်သို့ပင် ပြောင်းလဲသွားလေသည်။

အရေးပါအရာရောက်သည့် အကြီးအကဲတစ်ယောက်ကို ကယ်တင်လိုက်နိုင်သောကြောင့် ရှီဟောင် ကျေနပ်သွားရ၏။

အပြင်ဘက်လောကတွင် သူ့ကို စောင့်နေမည့် လူအိုကြီးများစွာရှိနေမည်ကို သူသိနေသည်။ ထိုသူများအားလုံး သူ့ကို သတ်ဖို့ ပြင်ဆင်နေကြလိမ့်မည်။

သူသာ ထာဝရရှေးဟောင်းမြေတွင် ထူးခြားသည့် ဂိုဏ်းခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို ကယ်တင်လိုက်နိုင်သည်နှင့် သူလမ်းဖြောင့်ဖြူးသွားပေလိမ့်မည်။

အပိုင်း ၁၁၅၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၅ – ကောင်းကင်အတိဒုက္ခ ပြန်ပေါ်လာခြင်း

“အားလုံးပဲ ကျွန်တော့်ရဲ့လျှို့ဝှက်ချက်ကို ကာကွယ်နိုင်မယ်လို့ မျှော်လင့်တယ်” ရှီဟောင် ရှင်းလင်းစွာ ပြောလိုက်၏။

သူ့ထံတွင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသောကြောင့် ဤနေရာတစ်ခုလုံးကို ဝန်းရံထားကာ အပြင်ဘက်မှလူများ ထာဝရတာအိုပွင့်ဖတ်မှ မမြင်နိုင်ပေ။ ထို့ကြောင့် ဤနေရာတွင်ရှိနေသောသူများသာ သတင်းပေါက်ကြားအောင် လုပ်နိုင်သည်။

ဤနေရာတွင်ရှိနေသည့်သူများအားလုံး ခေါင်းညိမ့်လိုက်ကြ၏။ သူတို့၏အနာဂတ်မှာ ဟွမ်အပေါ်တွင် မှီခိုနေရသည်သာ။

ဝုန်း..

စွမ်းအင်လှိုင်းများမှာ တောင်တစ်လုံးကဲ့သို့ပင် ထွက်ပေါ်လာ၏။ အစီအရင်ထဲတွင်ရှိနေသည့် အကြီးအကဲမျက်လုံးပွင့်လာပြီး သူ၏မျက်လုံးများမှာ ယခင်ကထက်ပို၍ ကြည်လင်လာပြီဖြစ်သည်။ “နည်းနည်းလိုသေးတယ်” သူပြောလိုက်၏။

သူသည်ကောင်းကင်နတ်ဘုရားအဆင့်ထက် ကျော်လွန်နေသည့် သူဖြစ်သောကြောင့် သူ၏စွမ်းအားကြီးသကဲ့သို့ ကျိန်စာစွမ်းအင်မှာလည်း ပို၍စွမ်းအားကြီးသည်သာ။ တစ်ခွက်တည်းဖြင့် ကျိန်စာစွမ်းအားကို မချေဖျက်နိုင်သေးပေ။

မည်သို့ပင်ဖြစ်စေ ကောင်းကင်နတ်ဘုရားများပင် နှစ်ခွက်သောက်ရသည်သာ။

“လူငယ်လေး .. ငါတို့ရဲ့ကျေးဇူးစကားကို စကားလုံးနဲ့တောင်မှ ဖော်ပြလို့မရတော့ဘူး .. မင်းရဲ့သတင်းကောင်းကို စောင့်နေပါ့မယ် .. မင်း အတိဒုက္ခကို အောင်မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၏ နံပါတ်တစ်ကျွမ်းကျင်သူမှ ပြောလိုက်သည်။

သူသည် ထိုအစီအရင်ထဲမှ ထွက်မသွားပဲ ထိုနေရာတွင်သာ ထိုင်နေဆဲပင်။ သူ၏စိတ်ကြည်လင်သွားပြီဖြစ်သော်လည်း ဘယ်အချိန်ထဖောက်မလဲ မသိနိုင်ပေ။ ကျိန်စာလုံးဝပြေပျက်သွားမှသာ လုံခြုံလိမ့်မည်။

ရှီဟောင်သည် ဂါးဒီယန်းဝိဉာဉ်ဘိုးဘေးမြေတွင် ‌နေနေသည်မှာ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ သူဤနေရာမှ အချိန်ခဏလောက်ထွက်သွားချင်သော်လည်း ဘေးနားတွင်ရှိနေသည့်ဂိုဏ်းများအားလုံးမှ သူ့အား ဤနေရာတွင်သာ သီးသန့်ကျင့်ကြံဖို့ ပြောနေကြလေသည်။

သူသည် ယခင်က မနုဿလူမျိုးစု၊ ရှေးဟောင်းဖိန်းလူမျိုးစုများကို သွားလည်ခဲ့ပြီး သူ့ကို သတ်ရန်ကြိုးစားခဲ့သည့် ကောင်းကင်နတ်ဘုရားနှစ်ယောက်၏ အော်ရာကိုလည်း အာရုံခံမိခဲ့သည်။ သို့သော်လည်း ထိုလူမျိုးစုနှစ်ခုမှ ဘာမှမပြောပေ။

မမျှော်လင့်ထားသည့်အဖြစ်အပျက်များ မဖြစ်ချင်သောကြောင့် သူလျင်မြန်စွာပင် ပြန်ပြေးထွက်လာခဲ့လိုက်သည်။

“သူက ငါ့ကလန်ကို ရန်ငြိုးထားနေတာ .. ဒါက သေချာပေါက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး … နောင်ကျရင် သူအတိဒုက္ခကို နောက်တစ်ခေါက် ဖြတ်နိုင်တယ်ဆိုရင်တောင်မှ သူ ငါတို့ကို လျှပ်စီးအတိဒုက္ခရည်ကိုပေးပါ့မလား” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

“ဟက် .. ကောင်းကင်အတိဒုက္ခက အဲဒီလောက်လွယ်မယ်လို့ မင်းထင်နေတာလား .. နောက်ပိုင်းကျရင် ဒီထက်တောင်မှ ပိုခက်လာဦးမှာ .. အဲဒီလူက နောက်တစ်ခေါက်ကျရင် အသက်ရှင်ချင်မှ ရှင်နိုင်မှာ” မကျေမနပ်ဖြစ်နေကြသည့် ကောင်းကင်နတ်ဘုရားများလည်း ရှိနေသည်သာ။

ယခင်တစ်ခေါက်က ရှီဟောင်ကို တိုက်ခိုက်ခဲ့သည့် ကောင်းကင်နတ်ဘုရားများသည် ရှီဟောင်၏ ခွင့်လွှတ်မှုကို မတောင်းခံသည့်အပြင် သူ့အား လေ့လာနေသေးလေသည်။

ဝုန်း..

ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့်အသံကြီးတစ်ခု ထွက်ပေါ်လာလေပြီး လျှပ်စီးများလည်း အစင်းပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာလေ၏။

တစ်စုံတစ်ယောက်မှ အတိဒုက္ခကို ရင်ဆိုင်နေလေပြီ။

ဤသတင်းမှာ သေချာပေါက် တုန်လှုပ်စေသည့်သတင်းကြီးပင်။

ရှီဟောင်မှ အတိဒုက္ခကို အောင်မြင်စွာ ဖြတ်သန်းပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်မှ သူ့လမ်းအတိုင်းလိုက်ကာ ကောင်းကင်အတိဒုက္ခကို ဆင့်ခေါ်နေလေပြီ။

ကောင်းကင်ဓားတစ်ချောင်းမှ လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး ကောင်းကင်အောက်တွင် ပုံရိပ်တစ်ခု ရပ်နေကာ ကောင်းကင်အတိဒုက္ခကို စိန်ခေါ်နေလေ၏။ အဆုံးမရှိသည့် လျှပ်စီးများ ကျရောက်လာကာ ကမ္ဘာမြေကြီးပင် ချိုင့်ဝင်သွားလေပြီ။

လူတစ်ယောက်က ဓားတစ်ချောင်းဖြင့် လျှပ်စီးအတိဒုက္ခကို ရင်ဆိုင်နေလေသည်။

ဤသည်မှာ ထာဝရရှေးဟောင်းမြေကို တုန်လှုပ်သွားစေပြီး မြို့ခံများကိုပင် အလောတကြီး ရောက်လာစေလေ၏။ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု၊ လှပခြင်းလူမျိုးစု၊ မြင့်မြတ်ဝိဉာဉ်လူမျိုးစုနှင့် အခြားသူများလည်း ရောက်လာကြသည်သာ။ ရှီဟောင်မှ သူတို့ကို ဂတိပေးထားသော်လည်း သူတို့ဤနေရာသို့ အလောတကြီး ရောက်လာနေဆဲပင်။

“တစ်ယောက်ယောက်က အတိဒုက္ခကို ရင်ဆိုင်နေပြီ .. သူအောင်မြင်ပါစေလို့ ငါဆုတောင်းပေးတယ် .. အဲဒီဟွမ်က သူ့ကိုယ်သူ တစ်မိုးအောက်တစ်ယောက်လို့ ထင်နေတာ .. ငါတို့သူ့ကို မစွန့်ခွာနိုင်ဘူးလို့ ထင်နေကြတာ” မာယွဲ့ပြောလိုက်၏။

“ဒီလူ အောင်မြင်ဖို့ ငါမျှော်လင့်တယ် .. ငါကိုယ်တိုင်သွားကြည့်လိုက်ဦးမယ်” မိုလော့ခေါင်းညိမ့်လိုက်၏။

စကားပြောနေသည့်သူများမှာ မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရားများဖြစ်သကဲ့သို့ ရှီဟောင်ကို တိုက်ခိုက်ခဲ့သည့်သူများလည်း ဖြစ်သည်။

ထို့နောက်တွင် ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်နေသည့်သူမှာ ဂုကျန်းယွမ်ဟုခေါ်သည့် ရှေးဟောင်းလူထူးဆန်းတစ်ယောက်ပင်။

ဤလူသည် ဓားလျှိုမြောင်မှလူဖြစ်ပြီး ထာဝရရှေးဟောင်းမြေထဲသို့ မဝင်မှီတွင် ချန်ကုန်းယန်ကို စိန်ခေါ်ခဲ့သည့်သူပင်။ သူသည် အလွန်စွမ်းအားကြီးလှပြီး ရှေးဟောင်းလူထူးဆန်းများကြားတွင်လည်း ထိပ်တန်းအဆင့်ဝင်သည့်သူပင်။

ဤသည်ကို သိလိုက်ရသည့်အချိန်တွင် ရှီဟောင် မျက်မှောင်ကြုတ်သွားရသည်။ ဓားလျှို့မြောင်၊ တစ္ဆေတာအိုဂိတ်နှင့် မီးတိမ်လှိုဏ်ဂူတို့မှာ အပြစ်သားသွေးမျိုးဆက်ကို မလိုမုန်းထားနေသည့်သူများပင်။ သူတို့သည် အပြစ်သားစီရင်စုကို ပေါင်းပြီး ဖိနှိပ်ခဲ့ကြသည့်သူများပင်။

“ဓားလျှိုမြောင်က တပည့် .. ငါသွားကြည့်ချင်လိုက်တာ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဝုန်း..

ကောင်းကင်ကြီးပြိုကျလာကာ ကမ္ဘာမြေကြီးလည်း အက်ကွဲလာလေ၏။ ဂုကျန်းယွမ်သည် အတိဒုက္ခကို ရင်ဆိုင်နေပြီး ပို၍ပို၍ပင် အင်အားကြီးလာလေပြီ။

“အောင်မြင်သွားပြီ .. နောက်တစ်ယောက် အတိဒုက္ခကို အောင်အောင်မြင်မြင်ဖြတ်နိုင်ပြီးတော့ သမိုင်းဝင်သွားပြီ” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဤသတင်းသည် ဂါးဒီးယန်းဝိဉာဉ်မြေသို့ ပျံ့နှံ့လာလေသည်။

ထိုနေ့တွင် ဂုကျန်းယန်သည် အတိဒုက္ခကို အောင်မြင်စွာ ဖြတ်နိုင်သွားပြီး ထာဝရရှေးဟောင်းမြေကို လှုပ်ခတ်သွားအောင် လုပ်လိုက်လေသည်။

ထိုအချိန်တွင် လူများစွာသည် ထိုနေရာသို့ တရှိန်ထိုးပြေးလာကြလေ၏။

အဘယ်ကြောင့်ဆိုသော် လျှပ်စီးအတိဒုက္ခတိမ်တိုက်ထဲတွင် လျှပ်စီးအတိဒုက္ခရည်များရှိနေသည့် ထာဝရကန်ကို တွေ့လိုက်ရသောကြောင့်ပင်။ ဂုကျန်းယွမ်သည် ကန်နံဘေးတွင်ထိုင်ကာ သူ၏ဒဏ်ရာများကို ကုသနေလေ၏။

“ဟား ဟား..” လူများစွာသည်ကျယ်လောင်စွာပင် ရယ်မောနေကြပြီး ယခင်က ရှီဟောင်အား ရန်လိုနေခဲ့ကြသည့်သူများမှာ ပို၍ပင် လက်ရဲဇက်ရဲဖြစ်လာကြလေ၏။

ယခု သူတို့ဘာကို စိုးရိမ်ရတော့မည်နည်း.. အခြားဂျီးနီးယပ်စ်တစ်ယောက်ပေါ်လာပြီး လျှပ်စီးအတိဒုက္ခကို အောင်မြင်စွာ ဖြတ်သန်းနိုင်ကာ လျှပ်စီးအတိဒုက္ခရည်ကို ရသွားလေပြီ။

“ဟွမ်က သူ့ကိုယ်သူ ဘာထင်နေတာလဲ .. သူ့ကိုယ်သူ အကောင်းဆုံးလူလို့ထင်နေတာလား.. မင်းရဲ့နေရာကို ယူဖို့အတွက် နောက်တစ်ယောက် အောင်မြင်သွားပြီ”

“ဟားဟား .. ငါ့တို့ကျိန်စာကို ရှင်းပစ်နိုင်မယ့် အခွင့်အရေးရှိပြီ .. ငါတို့ ဟွမ်ကို အကူအညီတောင်းစရာမလိုတော့ဘူး .. အဲဒီတော့ ငါတို့သူ့ကို သတ်လိုက်ရင်ရော…”

ခပ်ဝေးဝေးတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများသည် ဤကဲ့သို့ ပြောနေကြပြီး သူတို့၏သွေးစွမ်းအင်များလည်း ကြောက်စရာကောင်းလာလေသည်။

ကောင်းကင်အတိဒုက္ခမှ လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားသော်လည်း ဂုကျန်းယွမ်သည် သူ၏ဒဏ်ရာများကို ကုသနေဆဲပင်။

ကောင်းကင်နတ်ဘုရားအချို့သည် ချက်ချင်းပင် ဤနေရာကို ဝန်းရံလိုက်ကြပြီး သူ့အားကာကွယ်လိုက်ကြ၏။ သူထွက်လာသည်နှင့် သူတို့ကလန်သို့ ဖိတ်ခေါ်သွားရန် စောင့်ဆိုင်းနေကြလေ၏။

မနုဿလူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုမှ မာယွဲ့နှင့် မိုလော့တို့လည်း ဤနေရာသို့ရောက်လာကာ ကျယ်လောင်စွာ ရယ်မောနေသောကြောင့် အားလုံး ဆွံ့အသွားရသည်။

“ဟမ် .. အဲဒီလူမျိုးစုနှစ်ခုကို ဟွမ်ကို အကူအညီတောင်းထားတာ မဟုတ်ဘူးလား .. သူတို့ကဘာလို့ အရင်တုန်းက သူတို့နဲ့တိုက်ခိုက်ခဲ့တဲ့ ကောင်းကင်နတ်ဘုရားတွေနဲ့လာပူးပေါင်းနေတာလဲ…”

“ရှူး တိုးတိုး .. မာယွဲ့နဲ့ မိုလော့က အရင်တုန်းက ဟွမ်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားအောင် တိုက်ခိုက်ခဲ့ကြသေးတယ် .. အခုတော့ သူတို့စိတ်အေးသွားရပြီလေ..”

နောက်ဆုံးတွင်တော့ ဂုကျန်းယွမ်သည် လျှပ်စီးတိမ်တိုက်ထဲမှ လမ်းလျှောက်ထွက်လာကာ လုံးဝအောင်မြင်သွားကာ နတ်ဘုရားအစစ်နယ်ပယ်သို့ ရောက်သွားလေပြီ။

အပြင်ဘက်လောကတွင် ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့သော်လည်း ဂုကျန်းယွမ်၏ အောင်မြင်မှုကို သိလိုက်ရသည့်အချိန်တွင် စီရင်စုသုံးထောင်ကို အုတ်အော်သောင်းတင်းဖြစ်သွားစေဆဲပင်။

“ဒီဂုကျန်းယွမ်က တကယ် တစ်ခုခုပဲ .. သူက လျှပ်စီးအတိဒုက္ခကို ဆင့်ခေါ်နိုင်ပြီးတော့ အောင်မြင်အောင် လုပ်လိုက်နိုင်တယ်”

“အပြစ်သားသွေးမျိုးဆက် .. မင်းက မင်းကိုယ်မင်း အားလုံးကို ဦးဆောင်နိုင်လိမ့်မယ်လို့ ထင်နေတာလား .. ငါတို့လူလည်းလုပ်နိုင်တယ် .. ထာဝရရှေးဟောင်းမြေပွင့်လာတာနဲ့ မင်းအဆုံးသတ်ပြီပဲ” ရှေးဟောင်းဂိုဏ်းတစ်ခုမှ ကောင်းကင်နတ်ဘုရား အေးစက်စွာ ပြောလိုက်သည်။

“လူငယ်လေး .. မင်းငါတို့ကလန်နဲ့ လိုက်ခဲ့ချင်လား..”

ထာဝရရှေးဟောင်းမြေအတွင်းတွင် အချို့ကောင်းကင်နတ်ဘုရားများသည် ဂုကျန်းယွမ်ထံသို့ အသံပို့လွှတ်နေကြလေ၏။

“တာအိုသူငယ်ချင်းလေး .. မင်း လျှပ်စီးအတိဒုက္ခရည်ကို ပေးလို့ရမလား” အချို့ ကောင်းကင်နတ်ဘုရားများသည် တိုက်ရိုက်ပင် ပြောလိုက်လေ၏။

“ငါ့ရဲ့ မနုဿကလန်နဲ့ ရှေးဟောင်းဖိန်းကလန်က မင်းရဲ့ကိုယ်ရံတော်အဖြစ်နဲ့ လိုက်ပေးချင်တယ် .. မင်း ထာဝရရှေးဟောင်းမြေရဲ့ ကံကောင်းမှုတွေကို ယူတဲ့နေရာမှာ ကူညီပေးချင်တယ်” မာယွဲ့နှင့် မိုလော့၏ စကားကြောင့် အားလုံး ဆွံ့အသွားရသည်။

ခဏကြာပြီးသည့်နောက်တွင် အားလုံးသည် လျှပ်စီးအတိဒုက္ခရည်အတွက် ရှားပါးသည့်ပစ္စည်းများနှင့် လဲလှယ်လာကြလေသည်။

“ကျွန်တော် စီနီယာတို့ကို လက်ဆောင်ပေးလိုက်ပါ့မယ်” ဂုကျန်းယွမ် တည်ငြိမ်စွာပင် ပြောလိုက်ပြီး ကျောက်စိမ်းပုလင်းအနည်းငယ်ကို ပေးလိုက်လေ၏။ သို့သော်လည်း သူဘာမှပြန်မယူခဲ့ပေ။

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေသည်သာ။

လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားများပင် အလောတကြီး ပြေးသွားကြသော်လည်း သူတို့ ခြေတစ်လှမ်းနောက်ကျသွားလေပြီ။

“ဘာမှပြန်မယူပဲနဲ့ ဒီလိုမျိုးအဖိုးတန်တဲ့အရည်တွေကို ပေးလိုက်တာ လူငယ်လေးပဲရှိမယ် .. မစိုးရိမ်ပါနဲ့ ငါတို့မင်းကို မမျှမတ မဆက်ဆံပါဘူး” အချို့ ကောင်းကင်နတ်ဘုရားများမှ ကျယ်လောင်စွာပင်ရယ်မောလိုက်ကြလေ၏။

ဤနေရာတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများအားလုံး ဂုကျန်းယွမ်အား ချီးမြှောက်လိုက်ကြသည်။

“ဒါက သူတို့နှစ်ယောက်ကြားက ကွာခြားချက်ပဲ .. သူတို့နှစ်ယောက်လုံး အတိဒုက္ခကို ဖြတ်ကျော်နိုင်ပေမဲ့ တစ်ယောက်က ရှားပါးတဲ့ပစ္စည်းကို သိမ်းထားတဲ့အချိန်မှာ လူငယ်လေးက အားလုံးကို ဝေမျှပေးခဲ့တယ် .. တကယ်အထင်ကြီးစရာကောင်းတယ်” မာယွဲ့ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်၏တန်ဖိုးကို နှိမ့်ချလိုက်ခြင်းပင်။ မာယွဲ့သည် လျှပ်စီးအတိဒုက္ခရည်ပါသည့် ကျောက်စိမ်းပုလင်းကိုကိုင်ထားသောကြောင့် သူဘာကြောက်ရတော့မည်နည်း..

မိုလော့သည်လည်း ထိုကဲ့သို့ပင် အလွန်ပျော်ရွှင်နေလေ၏။ “လူနှစ်ယောက်က တကယ်ကို ကွာခြားတာပဲ .. သူငယ်ချင်းလေးက မြင့်မြတ်ပြီးတော့ မေးစရာမလိုလောက်အောင်ကို ဂုဏ်သိက္ခာကြီးမားတယ် .. နောင်ကျရင် အောင်မြင်မှုတွေ အများကြီးရမှာသေချာတယ် .. အခုချိန်မှာ တစ်ယောက်ယောက်တော့ မနာလိုဖြစ်နေတော့မှာ သေချာတယ် .. ဘာပဲဖြစ်ဖြစ် အတိဒုက္ခကို ဖြတ်နိုင်တဲ့သူက သူတစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတော့ .. ဟား ဟား…”

အခြား ကောင်းကင်နတ်ဘုရားများသည်လည်း ချီးကျူးနေကြပြီး သူတို့အားလုံး ဂုကျန်းယွမ်အား သူတို့ဂိုဏ်းထဲသို့ အပါခေါ်နိုင်ရန် ကြိုးစားနေကြလေ၏။

ဂုကျန်းယွမ်သည် ထူးခြားသည့် စွမ်းအားရှင်များစွာ၏ ချီးမြှောက်မှုကို ရရှိလိုက်သည်ဟု ပြော၍ရသည်။

ယခုအချိန်တွင် သူသည် တည်ငြိမ်စွာပင် ပြုံးပြနေလေ၏။ ယခုတစ်ကြိမ် အတိဒုက္ခကို ဖြတ်ကျော်လိုက်နိုင်ခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ယခုတော့ သူသည် မြို့ခံများ၏ စွမ်းအားများကို အသုံးပြုကာ ကိစ္စများစွာကို ပြုလုပ်၍ ရလေပြီ။

အရာအားလုံး သူစီစဉ်ထားသည့်အတိုင်း ဖြစ်လာတော့မည်ဖြစ်သဖြင့် သူရယ်မောလိုက်သည်။ သူ ဤကဲ့သို့ပြုမူလိုက်ရုံဖြင့် ကောင်းကင်နတ်ဘုရားအနည်းငယ်ကို စည်းရုံးလိုက်နိုင်လေပြီ။

“ငါအခုချက်ချင်း ကျိန်စာစွမ်းအားကို ချေဖျက်တော့မယ်” ကောင်းကင်နတ်ဘုရားတစ်ယောက်မှ ပြောလိုက်၏။

အမှန်တကယ်တွင် မစောင့်နိုင်တော့သည့်သူအချို့မှာ လျှပ်စီးအတိဒုက္ခရည်ကို သောက်ပြီး လေဟာနယ်ထဲတွင် ထိုင်ကာ မျက်လုံးများကို မှိတ်ပြီး ကျိန်စာကို ချေဖျက်နေပြီဖြစ်သည်။

အချိန်တစ်ခုကုန်သွားသည်နှင့် ပထမဆုံးသောက်လိုက်သည့်သူသည် မျက်လုံးပွင့်လာကာ “ဘာလို့ ဘာပြောင်းလဲမှုမှ မရှိတာလဲ…”

“တစ်ခုခုတော့မှားနေပြီ .. ငါ့ကျိန်စာ ရှိနေတုန်းပဲ .. မလျော့သွားဘူး” အခြား ကောင်းကင်နတ်ဘုရားတစ်ယောက်လည်း မျက်လုံးဖွင့်ကာ ပြောလိုက်သည်။

ဂုကျန်းယွမ်၏အပြုံးများမှာ ချက်ချင်းပင် တောင့်ခံသွားလေ၏။

ထို့နောက်တွင် ကောင်းကင်နတ်ဘုရားများအားလုံး မတ်တပ်ရပ်လိုက်ကြကာ သူတို့အားလုံးသည် လက်ထဲတွင်ရှိနေသည့် ကျောက်စိမ်းပုလင်းလေးကို ငုံ့ကြည့်ပြီး တိတ်ဆိတ်နေကြလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ဆွံ့အသွားကြရသည်။

“ဘာလို့အသုံးမဝင်တာလဲ” ဤသည်မှာ တကယ်စိတ်ပျက်စရာကောင်းလွန်းလှ၏။ နှစ်ခုလုံးသည် လျှပ်စီးအတိဒုက္ခရည်ဖြစ်ပြီး အရောင်အဆင်းမှာလည်း ရွှေရောင်ပင်။ သို့သော်လည်း ဘာကြောင့် အလုပ်မလုပ်သနည်း…

သူတို့၏ကျိန်စာ ရှိနေဆဲဖြစ်ပြီး မချေဖျက်နိုင်ကြောင်း သေချာသွားသည့်အချိန်တွင် ဤကောင်းကင်နတ်ဘုရားများသည် ကောင်းကင်ထက်မှ ပြုတ်ကျသွားသကဲ့သို့ပင် ခံစားလိုက်ရကာ သူတို့အပျော်များလည်း ပျောက်ကွယ်သွားလေသည်။

“ဘာဖြစ်နေတာလဲ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

သူတို့၏စွမ်းအားကြီးသည့် နတ်အာရုံများကို ဖြန့်ကျက်ကာ သေချာဆန်းစစ်လိုက်သော်လည်း နောက်ဆုံးတွင် သူတို့သက်ပြင်းသာချလိုက်ကြသည်။

ဤလျှပ်စီးအတိဒုက္ခရည်သည် ရွှေရောင်ဖြစ်သော်လည်း ထိုအရည်ထဲတွင် ခရမ်းရောင်အလင်းများလည်း ရှိနေလေသည်။ သူတို့သေချာမကြည့်ပါက မြင်ရမည်မဟုတ်သော်လည်း သေချာကြည့်လေလေ ခရမ်းရောင်များပိုများလေလေပင်။

တစ်စုံတစ်ယောက်မှ ဤအရည်ကို သန့်စင်လိုက်သည့်အချိန်တွင် ရွှေရောင်အရည်မှာ အနည်းငယ်သာ ကျန်ခဲ့လေတော့သည်။ ရွှေရောင်အရည်လေး တစ်စက်ထည့်လိုက်ရုံဖြင့်ပင် ခရမ်းရောင်အရည်များအားလုံးကို အရောင်ပြောင်းသွားစေလေ၏။

“ဒီလိုမျိုး လျှပ်စီးအတိဒုက္ခရည်က သက်ရောက်မှုမရှိဘူး” ထိုကောင်းကင်နတ်ဘုရားများမှာ ဒေါသတကြီး ပြောလိုက်ကြသည်။

သူတို့သည် ကောင်းကင်နတ်ဘုရားများဖြစ်ကြသော်လည်း ကောင်းကင်အတိဒုက္ခကို တစ်ခါမှ မဖြတ်သန်းဖူးပေ။ သူတို့သိထားသည့်အရာများမှာ အရိုးစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသည်များသာ။

ဂုကျန်းယွမ် အတိဒုက္ခကို ဖြတ်သန်းသည့်အချိန်တွင် သူတို့သည် လျှပ်စီးရေကန်ကို မြင်လိုက်ရပြီး အဆုံးမရှိသည့်လျှပ်စီးပင်လယ်ကြီးကိုလည်း မြင်လိုက်ရသောကြောင့် ဤသည်မှာ စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခဖြစ်လိမ့်မည်ဟု အားလုံး ထင်လိုက်ခြင်းပင်။ ယခုတော့ ကြည့်ရသည်မှာ စွမ်းအားအကြီးဆုံးနှင့် အတော်လေး ဝေးသေးသည်ထင်သည်။

စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခမှ ရသည့် အရည်များသာ အကျိုးသက်ရောက်မှုရှိလိမ့်မည်။

ယခုအချိန်တွင် မနုဿလူမျိုးစုမှ မာယွဲ့၏မျက်နှာပျက်ယွင်းနေလေပြီ။ သူပြောခဲ့သည့်စကားလုံးများကို စဉ်းစားမိသွားသည့်အချိန်တွင် သူလက်သီးများကို တင်းကြပ်စွာ ဆုတ်လိုက်၏။

ရှေးဟောင်းဖိန်းလူမျိုးစုမှ မိုလော့မှာ ပို၍ပင်နောင်တရနေပြီး သူ့ပါးစပ်ကိုသူ ဖြတ်ရိုက်ပစ်ချင်နေလေ၏။ အခုတော့ သူဘာလုပ်ရတော့မှာလဲ…

သူအခုလေးတင်ပြောခဲ့သည့်စကားများသာ ဟွမ်နားသို့ ရောက်သွားပါက ကျိန်စာချေဖျက်မည့်ကိစ္စကို သူမေ့ထား၍ရပြီ။ သူတို့အတွက် မည်သည့်လျှပ်စီးအတိဒုက္ခရည်မှ ကျန်မည်မဟုတ်ပေ။

အခြား ကောင်းကင်နတ်ဘုရားများ၏အမူအရာလည်း ရုပ်ဆိုးနေသည်သာ။ သူတို့ပြောခဲ့သည့်စကားများမှာ ဟွမ်ကို နှိမ့်ချသည့်စကားလုံးများသာ။ ဤသည်မှာ သူတို့ကို ‘အပျော်လွန်ရင် ငိုရတတ်တယ်’ ဟူသည့်ဆိုရိုးကို ပြသလိုက်ခြင်းပင်။

သတင်းများမှာ ဂါးဒီးယန်းဝိဉာဉ်ဘိုးဘေးမြေသို့ ရောက်ရှိသွားလေသည်။ ရှီဟောင်သည် စကားတစ်ခွန်းသာ ပြောလိုက်လေ၏။ “ခရမ်းရောင်လျှပ်စီးအတိဒုက္ခရည်ကို အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်မှာတုန်းက ရပြီးသွားပြီ”

ဤစကားများ အပြင်ဘက်သို့ ပျံ့သွားသည့်အချိန်တွင် အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။

ဟွမ်သည် အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်တုန်းက အတိဒုက္ခကို ဖြတ်ကျော်ခဲ့သည်ကို သူတို့ပထမဆုံး သိလိုက်ရခြင်းပင်။

ဂုကျန်းယွမ်၏ အမူအရာလည်းရုပ်ဆိုးသွားရသည်။ သူခက်ခက်ခဲခဲဖြင့် ဖြတ်သန်းခဲ့ရသည့် နတ်ဘုရားအတိဒုက္ခမှ ရခဲ့သည့် လျှပ်စီးအတိဒုက္ခရည်များမှာ အသုံးမဝင်သည့်အပြင် ဟွမ်သည် အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်ကတည်းက ဤအတိဒုက္ခကို ရင်ဆိုင်ခဲ့ပြီးဖြစ်နေသည်။

ဂုကျန်းယွမ် ဒေါသထွက်သွားရပြီး သူ၏မျက်နှာလည်း ဖြူဖျော့သွားလေသည်။

ဝုန်း..

ကောင်းကင်အတိဒုက္ခသံ နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။ အတိဒုက္ခကို ရင်ဆိုင်သည့်အခြားလူတစ်ယောက် ပေါ်လာလေပြီ။

မာယွမ်၊ မိုလော့နှင့် အခြားကောင်းကင်နတ်ဘုရားများအားလုံး ထိုနေရာသို့ ချက်ချင်းပြေးသွားလိုက်ကြသည်။ ကံမကောင်းစွာဖြင့်ပင် ထိုသူများအားလုံး ကျရှုံးသွားကာ သူတို့၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်များ ဖျက်ဆီးခံလိုက်ရသည်။

“စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းနိုင်ရအောင် အားလုံးက ဟွမ်မဟုတ်ဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ ဤသည်ကို လူများစွာမှ ချက်ချင်း ထောက်ခံလိုက်ကြလေသည်။

အပိုင်း ၁၁၅၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset