Switch Mode

Chapter – 1126 & 1140

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၂၆ – စိတ်မရှည်တော့သည့် နှောက်ယှက်မှုများ

“သူ ထွက်လာပြီ … ဟွမ် ဆေးခင်းထဲက ထွက်လာပြီ..”

ရှီဟောင်ထွက်လာသည်နှင့် အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ သူသည် သက်ရှည်ဆေးပင်သိပ်ကို ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း သူတို့ မကြာသေးခင်ကမှ သိခဲ့ကြရသည်။

ဤကဲ့သို့သော ကောလဟာလများမှာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အုတ်အော်သောင်းတင်းဖြစ်သွားမည်သာ။ ထိုအချိန်တွင် ကျွင်းသောက်နှင့် နတ်ဘုရားကျောင်းမှ လူများသည်လည်း သူရလိုက်သည်ဟု ပြောကြသောကြောင့် သူတို့ဖြစ်နေသည်ပင်။

လေဟာနယ်ထဲတွင် အနက်ရောင်အက်ကွဲကြောင်းများသည် အရာအားလုံးကို သိပ်သည်းစွာ ဖုံးအုပ်နေပြီး ဖရိုဖရဲစီးကြောင်းများလည်း ပေါ်လာလေသည်။

အနားတွင်ပျက်စီးနေသည့်အလောင်းများစွာရှိနေသည်။ ထိုအလောင်းများအားလုံးသည် ဆေးဥယျာဉ်နားသို့ ချဉ်းကပ်လာသောကြောင့်သေဆုံးသွားရသည့် အလောင်းများပင်။

ဟွမ်သည် သူထွက်လာသည်နှင့် အလင်းစက်ဝန်းတစ်ခုကို ပြုလုပ်လိုက်ကာ ရွှယ်လင်းနှင့်အခြားသူများအားလုံးကို လွှမ်းခြုံထားလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ပင် ထိုကြောက်စရာကောင်းသည့်နေရာမှ အောင်မြင်စွာ ထွက်ခွာလာနိုင်ခဲ့လေသည်။

လူများစွာသည် ရှီဟောင်အား စိုက်ကြည့်နေကြလေ၏။

ရွှီး…

ရှီဟောင် အပြင်ဘက်သို့လက်ညှိုးထိုးလိုက်သည်နှင့် ထိတ်လန့်စရာကောင်းသည့် သက်တံ့ရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ဖူးဟူသည့်အသံနှင့်အတူ လူတစ်ယောက်၏နဖူးကို ဖောက်ထွက်သွားလေသည်။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ကျင့်ကြံသူဖြစ်သော်လည်း သူသည် ထိုနေရာတွင်ပင် သေဆုံးသွားလေ၏။ သူ၏မျက်ခုံးနှစ်ခုကြားတွင် သွေးများစီးကျနေသည့် လက်ညှိုးအရွယ်အစား အပေါက်တစ်ပေါက် ရှိနေလေသည်။

ထိုအချိန်တွင် အားလုံးအေးခဲသွားရသည်။ ဟွမ်က ဟွမ်သည်ပင်။ ထိုလူသည် ယခုလေးတင်မှ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက် အနည်းငယ်ကို ပြသလိုက်ခြင်းပင်။ ရလဒ်အနေဖြင့် သူ အသတ်ခံလိုက်ရသည်။

“ဟွမ် .. မင်းအရမ်းလွန်လွန်းသွားပြီ .. မင်းရဲ့စွမ်းအားကြီးတဲ့ ကျင့်ကြံဆင့်ကို အားကိုးပြီးတော့ မင်းက လက်လွတ်စပယ်လုပ်နေတယ် .. ဒီလိုမျိုး အပြစ်မရှိတဲ့လူတွေကို လိုက်သတ်နေတယ် .. မင်းက ဥပဒေတွေကို အလေးမထားတော့ဘူးဆိုတဲ့ သဘောလား” လူအုပ်ထဲမှ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“မင်းသတ်ချင်တဲ့လူတိုင်းကို လျှောက်သတ်နေရအောင် မင်းကိုယ်မင်း တစ်မိုးအောက်တစ်ယောက် ပြိုင်ဘက်ကင်းဖြစ်နေတယ်လို့ ထင်နေတာလား .. မင်းကိုယ်မင်း ပြန်မေးကြည့်လိုက်ဦး … ဒီကတာအိုညီအစ်ကိုတွေ သဘောတူလား” အခြားလူတစ်ယောက်သည်လည်း လူအုပ်ထဲတွင် ပုန်းကာ ထပ်ပြောလိုက်သည်။

“ဟွမ် .. မင်းကို ဘယ်သူမှ မတားဆီးနိုင်ဘူးလို့ ထင်နေတာလား .. မင်းက ပြည်သူလူထုရဲ့ ဒေါသကိုဆွလိုက်တာ .. ဒါက မင်းကို ပြာဖြစ်သွားအောင် လုပ်လိုက်ဖို့ လုံလောက်တယ်” တတိယတစ်ယောက်လည်း စိတ်အားထက်သန်စွာပြောလိုက်သည်။

အချို့လူများသည် မနားမနေပင် ပြောနေကြလေ၏။ ဤနေရာမှာ မတည်ငြိမ်နိုင်တော့ပေ။

မည်သူပင်ဖြစ်စေ သက်ရှည်ဆေးပင်နှင့် ဖီးနှစ်အစစ်အမွေအနှစ်ကို ရလိုက်သည်နှင့် အားလုံး၏အာရုံစိုက်ရာ ဖြစ်သွားမည်ပင်။ သူတို့၏မျက်လုံးများသည် လောဘများကြောင့် နီရဲလာသည်။

ထာဝရဆေးခင်းမှ သူ လမ်းလျှောက်ထွက်လာသည်ကို အားလုံးမြင်လိုက်ရသောကြောင့် ပို၍ပင် ထိတ်လန့်သွားကြသည်ပင်။

ရှီဟောင်သည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်တွင် ချွမ်းဟူသည့်အသံနှင့်အတူ ထာဝရတည်ရှိနေမည့်ထာဝရဓားကို သူဆွဲထုတ်လိုက်သည်။ ယခုအချိန်တွင် သူသိုသိုသိပ်သိပ်နေတော့မည်မဟုတ်ပေ။ တောက်ပသည့်ဓားအလင်းရောင်သည် ကောင်းကင်ကိုပင် ထွန်းလင်သွားစေကာ ဆူညံသံများအားလုံးကို တိတ်ဆိတ်သွားစေ၏။

ရွှီး..

သူ၏လက်ကို မြှောက်လိုက်သည်နှင့် ဓားအလင်းတန်းထွက်ပေါ်လာပြီး လူအုပ်ထဲမှ လူတစ်ယောက်ကို ဖောက်ထွက်သွားလေ၏။ သွေးများသည် နဖူးထက်မှနေ၍ ခြေထောက်တစ်လျှောက် စီးဆင်းသွားလေသည်။

ထိုလူသည် ချက်ချင်းပင် ထိတ်လန့်နေသည့်ပုံစံဖြစ်သွားသည်။ သူ့ကို ရှာတွေ့သွားလိမ့်မည်ဟု သူမထင်ခဲ့ပေ။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် နဖူးမှနေ၍ နှစ်ပိုင်းကွဲသွားလေ၏။

သူသည် အော်ချိန်ပင် မရလိုက်ပေ။

ဘေးပတ်လည်တွင်ရှိနေသည့် အခြားလူများသာ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။ ဤဓားသွားသည် လူများစွာ၏ခန္ဓာကိုယ်ကို အေးခဲသွားစေနိုင်သည်။

ရှီဟောင် ရပ်တန့်မသွားပဲ ဆက်လက်လုပ်ဆောင်နေဆဲပင်။ ချွမ်းဟူသည့်အသံနှင့်အတူ သူ၏ညာလက်ကို အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် လှိုင်းလေးတစ်ခု ထွက်ပေါ်လာသည်။

ထိုလှိုင်းသည် အားလုံးကို ဖြတ်ကျော်သွားကာ လှပသည့်အမျိုးသမီးတစ်ယောက်ထံသို့ ဦးတည်သွားလေသည်။

“မဟုတ်ဘူး…”

သူမသည် ကောင်းကင်ထက်သို့ ပြေးသွားသော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။ ထိုလှိုင်းလေးသည် သူမခန္ဓာကိုယ်ကိုဖြတ်သွားပြီး သူမသည် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် သက်ရှိတစ်ယောက်၏ မျက်နှာလည်း ဖြူဖျော့နေကာ လှည့်ထွက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူ့ကို ကြည့်လိုက်သောကြောင့် သူ့ကိုတွေ့သွားပြီဆိုသည်ကို သူသိလိုက်ပြီ။

“ဒါက ငါနဲ့ဘာမှမဆိုင်ဘူး” ထိုလူ အလောတကြီးပင် ထွက်ပြေးသွားလိုက်သည်။

ရွှီး…

ယခုတစ်ကြိမ်တွင် ရှီဟောင်သည် ဓားကို လွှဲရမ်းလိုက်ပြီး ကြောက်စရာကောင်းသည့်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ည်။ ထိုအလင်းတန်းသည် ကောင်းကင်ကိုထိုးဖောက်သွားပြီး ထိုကျင့်ကြံသူ၏ခါးကို ဖြတ်သွားလေသည်။

ဓားအလင်းတန်းမှာ တောက်ပလွန်းလှပြီး ရှောင်ရန် မဖြစ်နိုင်ပေ။ ထိုအလင်းတန်းသည် ပျက်စီးနေသည့်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏မူလဝိဉာဉ်ကိုလည်း ပေါက်ကွဲစေလိုက်လေသည်။

“မကျေနပ်တာတွေ ပြောပြီး ဆူပူအောင် လုပ်ဦးလေ” ရှီဟောင်၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။

ဆူညံနေသည့်လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။ ဟွမ်၏ဂုဏ်သတင်းမှာ တိုက်ပွဲများမှ ရလာခြင်းပင်။ ဤလူများသည် အမှောင်ထဲမှနေပြီး ပြဿနာရှာချင်သော်လည်း အဆုံးသတ်တွင် သူတို့အားလုံး အသတ်ခံလိုက်ရသည်။

“မကျေနပ်တာတွေကို မပြောခင် ငါ မင်းတို့ကို ရှာမတွေ့နိုင်အောင်လို့ မင်းတို့ရဲ့ကျင့်ကြံဆင့်ကို အရင်မြင့်လိုက်ဦး .. ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့အတွက် ထာဝရစွမ်းအင်တစ်ကြောင်းတော့ အနည်းဆုံးကျင့်ကြံမှရလိမ့်မယ်” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။

လူများမှာ ချွေးစေးပင် ပြန်သွားရသည်။ ဤသည်မှာ ဘာကိုဆိုလိုသနည်း .. သူ၏နတ်အာရုံများမှာ ဤမျှပင် စူးရှသလား .. ထာဝရစွမ်းအင်တစ်ကြောင်းကို ကျင့်ကြံပြီးမှသာ သူ၏အာရုံမှ လွတ်ကင်းနိုင်မည်လား…

“ကောင်းကင်နိုင်ငံ၊ နတ်ဘုရားကျောင်း၊ မြင့်မြတ်တဲ့ကောင်းကင်နယ်မြေ .. ငါဒါကို မှတ်ထားမယ် .. ဒီနေ့ကစပြီးတော့ ဒီဂိုဏ်းတွေနဲ့ သက်ဆိုင်တဲ့သူတွေကို တစ်ယောက်တွေ့ရင် တစ်ယောက်ကိုသတ်မယ် .. နှစ်ယောက်တွေ့ရင် နှစ်ယောက်သတ်မယ်” ရှီဟောင်၏စကားများမှာ အေးစက်လှပြီး ခံစားချက်ကင်းမဲ့လှသည်။

မြင့်မြတ်သည့်ကောင်းကင်နယ်မြေမှာ ကျွင်းသောက်၏ဂိုဏ်းပင်။

ရွီး..

ရှီဟောင်သည် နတ်မြှားတစ်စင်းကဲ့သို့ပင် ကောင်းကင်ထက်သို့ တက်သွားပြီး ဤနေရာမှ ပျောက်ကွယ်သွားသည်။

“ဟွမ်က ထာဝရသက်ရှိကို သယ်ထားတဲ့လိပ်ဖြူ သက်ရှည်ဆေးကို ရသွားပြီတဲ့ .. သိကြလား..”

ထာဝရရှေးဟောင်းမြေ၏ကမ္ဘာငယ်လေးများထဲတွင်ရှိနေသည့်လူများသည် ဤအကြောင်းကို ဆွေးနွေးနေကြလေ၏။ ဤသည်မှာလည်းကျွင်းသောက်နှင့် နတ်ဘုရားကျောင်းမှ လူများကြောင့်ပင်။

ကြောက်စရာအကောင်းဆုံးမှာ မြို့ခံများပင်လျှင် ထိတ်လန့်သွားပြီး ဤကိစ္စကို အာရုံစိုက်လာကြသည်။

သို့သော် တစ်ရက်တည်းမှာပင် ရှီဟောင်သည် ဓားတစ်လက်ကိုင်ကာ နတ်ဘုရားကျောင်း၊ ကောင်းကင်နိုင်ငံနှင့် ကြီးမြတ်သောကောင်းကင်နယ်မြေဂိုဏ်းမှ လူများအားလုံးကို အညှာအတာမရှိ သတ်ပစ်ခဲ့သည်။

ဤသည်မှာ မုန်တိုင်းတစ်ခု ဖြစ်ပျက်စေခဲ့သည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းများသည် ကမ္ဘာငယ်လေးများ၏ ကြီးမားသည့်မြို့များတွင် အခိုင်အမာ ခြေကုပ်ယူထားသောကြောင့် သူတို့ထွက်ပြေးသွားလျှင်ပင် အားလုံး ထွက်မပြေးနိုင်ကြပေ။

ရှီဟောင်သည် သူတို့ကို တမင်သက်သက်ရှာနေခြင်းဖြစ်သောကြောင့် သူတို့ကို တွေ့သွားသည်သာ။

ထိုနေ့တွင် ခေါင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီး သွေးများလည်း စွန်းထင်းသွားကြသည်။

ရှီဟောင်သည် ဆေးခင်းမှ ထွက်လာပြီးသည့်နောက် သီးသန့်ကျင့်ကြံရန် စဉ်းစားထားခြင်းပင်။ သူ့ကို အန္တရာယ်ပေးပြီး လူအားလုံး၏ရန်သူဖြစ်အောင် လုပ်မည့်သူရှိနေလိမ့်မည်ဟု သူမထင်ခဲ့ပေ။ ထို့ကြောင့်ပင် သူသည် သနားညှာတာခြင်းမရှိပဲ ရက်ရက်စက်စက် သတ်ပစ်ခဲ့ခြင်းပင်။

“ကောင်းကင်နိုင်ငံက လုပ်ကြံသူ၊ နတ်ဘုရားကျောင်းက မြင့်မြတ်သားတော်နဲ့ ကျွင်းသောက် မင်းတို့တိုက်ခိုက်ရဲကြလား”

ရှီဟောင်သည် ထိုစကားများကို နယ်မြေအနှံ့သို့ ဖြန့်ကျက်လိုက်သည်။

ရှီဟောင်သည် ဓားဖြင့်သာစကားပြောပြီး သူ၏လုပ်ဆောင်မှုများဖြင့်သာ သက်သေပြသည့်သူပင်။ အခြားမည်သည့်ဖြေရှင်းချက်ကိုမှ ပေးနေမည်မဟုတ်ပေ။

သုံးရက်ကြာပြီးသည့်နောက်မှသာ သူရပ်တန့်သွားပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။

ဤအဖြစ်အပျက်မှာ ထာဝရရှေး‌ဟောင်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ရှေးဟောင်းလူထူးဆန်းအချို့ပင်လျှင် ထိတ်လန့်သွားကြလေသည်။ နဂါးမိန်းမပျို၊ ချန်ကုန်းယန်၊ သွမ့်ဟုန်၊ လီဖန်မင်နှင့်အခြားသူများပင်လျှင်အခြေအနေများကို လေ့လာရန်အတွက် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာကြလေ၏။

မြို့ခံများလည်း လှုပ်ရှားလာကြလေသည်။

“သူက တကယ်သက်ရှည်ဆေးပင်ရသွားတာလား” ရှေးဟောင်းမြေတစ်ခုအတွင်းတွင် အသက်ကြီးကြီးနေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ မျိုးနွယ်စုကြီးတစ်ခုဖြစ်ပြီး သူတို့သည် အလွန်ကြောက်စရာကြောင်းကြသည်။

“မင်းတို့အားလုံးငါ့ကို စိတ်ပူစရာမလိုဘူး .. ငါ တစ်ယောက်တည်း သီးသန့်ကျင့်ကြံဖို့လိုအပ်တယ်”

ရှီဟောင်သီးသန့်ကျင့်ကြံတော့မည်။ သူသေဆုံးနိုင်ချေရှိသော်လည်း သူတို့ကို မပြောပြထားပေ။ ထိုအစား သူတို့အားလုံးကို သူနှင့်အဝေးတွင် နေရန်သာ ပြောလိုက်သည်။

“နင်က ငါတို့ကို မနုဿလူမျိုးစုဆီ သွားစေချင်တာလား” ယုန်ဖြူလေး၏ မျက်လုံးများ ပြူးကျယ်လာသည်။

“အမ် .. ငါအရင်က သူတို့ကို မိုးမခနတ်ဘုရားသစ်ကိုင်းပေးထားတာဆိုတော့ သူတို့နဲ့ ဆက်ဆံရေးကောင်းတယ် .. မင်းတို့အားလုံး သွားသင့်တယ်” ရှီဟောင်ပြောလိုက်၏။

ထို့နောက် သူတို့ ကိုယ့်လမ်းကိုယ် သွားလိုက်ကြလေသည်။

“အေးစက်ခြင်းနယ်မြေက သီးသန့်ကျင့်ကြံဖို့အတွက် မသင့်တော်တော့ဘူး” ရှီဟောင် တီးတိုးပြောလိုက်သည်။ ထိုနေရာတွင် ယင်အဆင့်လွန်ရတနာရှိနိုင်သော်လည်း ထိုနေရာကို ယွဲ့ချန် သိသွားပြီဖြစ်သောကြောင့် သူမ ဤသတင်းကို ဖောက်ချလိုက်နိုင်သည်။

သူသာ ထိုနေရာတွင် ကျင့်ကြံလျှင် သူ့အသက်အတွက် စိုးရိမ်ရသည်။

ယခု သူ့နားတွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် လိပ်ပြာဧကရာဇ်တို့သာ ကျန်ရှိတော့သည်။ သို့သော် သူတို့ကိုလည်း ထွက်သွားခိုင်းရန် သူစဉ်းစားထားသည်။

ယခု သီးသန့်ကျင့်ကြံခြင်းမှာ အလွန်အန္တရာယ်များလှပြီး မည်သည့်ရလဒ်မျိုးဖြစ်လာမည်ကို သူမသိသေးပေ။ ဤအဆင့်ကို ချိုးဖောက်နိုင်ရန်အတွက် သူအားကုန် ထုတ်သုံးရမည်ပင်။

“ဒါက ဘာလဲဆိုတာကို ငါမသိသေးဘူး .. အဲဒီတော့ ငါဒါကို ငါ့နဲ့အတူတူ မယူသွားတော့ဘူး” ရှီဟောင် ပြောလိုက်သည်။ သူသည် အက်ကွဲကြောင်းများ ပြည့်နှက်နေသည့် အိုးလေးတစ်လုံးကို ထုတ်လိုက်သည်။

ဤသည်မှာ အနက်ရောင်နတ်သားတော်ထံမှ ရရှိခဲ့သည့် အိုးလေးပင်။ ဤအိုးသည် အလွန်ထူးဆန်းနက်နဲလှပြီး သမိုင်းဝင်ခေတ်မှ ရလာခဲ့သည့်ပုံပင်။ ဤအိုးကို အနက်ရောင်ထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကုန်ကြမ်းပစ္စည်းတစ်ခုတည်းကပင်လျှင် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်လေပြီ။

ရှီဟောင် ယခင်က ဤပစ္စည်းကို လေ့လာကြည့်သေးသည်။ အိုးအဝသည် တွင်းနက်ကြီးကဲ့သို့ဖြစ်နေပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ခက်ခဲလှသည်။

သူသီးသန့်ကျင့်ကြံသည့်အချိန်တွင် ဤပစ္စည်းကို ယူမသွားချင်သောကြောင့် မီးတောင်ထဲရှိ ချော်ရည်အောက်တွင် မြှုပ်နှံလိုက်ပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ထိုနေရာအားအစီအရင်တစ်ခု လုပ်ခိုင်းထားလိုက်သည်။

ထို့နောက်တွင် သူသီးသန့်ကျင့်ကြံရန်အတွက် ထွက်သွားလိုက်လေ၏။

“ကောင်းပြီ .. မင်းတို့နှစ်ယောက်လည်း ထွက်သွားသင့်ပြီ .. ဒီမှာ မနေနဲ့တော့” ရှီဟောင်ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် သူအတော်လေး လေးနက်နေသည်။

အဘယ်ကြောင့်ဆိုသော် ကျွင်းသောက်နှင့် နတ်ဘုရားကျောင်းမှလူများ ကောလဟာလများဖြန့်ထားသောကြောင့် ဤသည်မှာ မြို့ခံများမှ စွမ်းအားကြီးသည့်သက်ရှိများကို ရန်စသလို ဖြစ်သွားနိုင်သည်။ ထိုမြို့ခံများထဲတွင် ကောင်းကင်နတ်ဘုရားများနှင့် ဂိုဏ်းခေါင်းဆောင်အဆင့်များပင် ပါဝင်နိုင်သည်။

ရှေးကျလှသည့် တောင်ကြောအတွင်းတွင် ကြေးရောင်တောက်ပနေသည့် အဆောက်အဦးများစွာ ရှိနေလေသည်။

ဤလူမျိုးစုမှာ သိပ်မကြီးပေ။ သူတို့သည် ဤနေရာကို စောင့်ကြပ်နေသည့် ကျွမ်းကျင်သူများပင်။

အပြင်လောကတွင်ရှိနေသည့် ဂျီးနီးယပ်စ်များသာ ဤနေရာသို့ ရောက်လာပါက သူတို့သေချာပေါက် ထိတ်လန့်သွားကြမည်သာ။ အဘယ်ကြောင့်ဆိုသော် အပြင်အဆင်များမှာ အပြင်ဘက်လောကမှ ထာဝရနန်းတော်နှင့် တူလွန်းသောကြောင့်ပင်။

ကြီးမားလှသည့် ကြေးနန်းတော်ကြီး၏ အလယ်တွင် ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေအသံနှင့်တူသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။

“တိခွန် .. ငါတို့မတွေ့တာတောင် အတော်ကြာခဲ့ပြီ .. မင်း အိပ်ပြီးတော့ အချိန်ဖြုန်းနေတာလား .. မင်းရဲ့လက်ရှိအခြေအနေက ဘယ်လိုလဲ”

စကားပြောလိုက်သည့်သူမှာ ကောင်းကင်နိုင်ငံမှ ရှေးဟောင်းလူထူးဆန်းပင်။

“ခင်ဗျားက ဘာအတွက်လာတာလဲ” မိုးခြိမ်းသံနှင့်တူသည့် အခြားလူတစ်ယောက်မှ ပြောလိုက်သည်။

“ထာဝရနန်းတော်ရဲ့ သခင်လေး သေသွားပြီ” ကောင်းကင်နိုင်ငံဘုရင် ပြောလိုက်သည်။

“အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ .. ငါက ထာဝရရှေးဟောင်းမြေမှာပဲ အခြေချနေတာ” တိခွန်ဟုခေါ်သည့်လူမှ ပြောလိုက်သည်။

“သေသွားတဲ့တစ်ယောက် နာမည်က တိချုန်း” ကောင်းကင်နိုင်ငံမှ ရှေးဟောင်းလူထူးဆန်း၏အမည်မှာ လန်ဟောင်ပင်။ သူ၏အသံမှာ သိပ်မကျယ်ပဲ နားထောင်၍ကောင်းလေသည်။

“တိရှင်း..”

..

ရှီဟောင်သည် သီးသန့်ကျင့်ကြံနေပြီဖြစ်ပြီး သူရှိနေသည့်နေရာကို မည်သူမှ မသိပေ။ သူကိုယ်တိုင်ပင်လျှင် ဤကမ္ဘာငယ်လေး၏ နာမည်ကို မသိပေ။

သူ၏အနားတွင် အစီအရင်များရှိနေပြီး သူသည် ထိုအစီအရင်များ၏အလယ်တွင် ထိုင်ပြီး တာအိုများကို လေ့လာနေသည်။

သူ၏မျက်စိရှေ့တွင် ထာဝရဘုရင်လေး၏ တာအိုများနှင့် သူ၏ကိုယ်ပိုင်တာအိုများ ထွက်ပေါ်လာသည်။ သူသည် ထိုနှစ်ခုကို နှိုင်းယှဉ်ကာ လေ့လာနေခြင်းပင်။

သူသည် သစ်သားရုပ်ထုကဲ့သို့ပင် ထိုနေရာတွင် ရက်ပေါင်းများစွာ မလှုပ်မယှက်ထိုင်နေလေသည်။

သူ၏လက်ထဲတွင် ထာဝရအစေ့ မကိုင်မချင်း ထိုကဲ့သို့ ထိုင်နေခြင်းပင်။ သူ၏လက်ထဲတွင် ထာဝရအစေ့ကို ကိုင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာပြီး အရင်းအမြစ်စွမ်းအင်များလည်း သူ့အနားတွင် လှည့်ပတ်လာသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး တာအိုများလည်း ဆင်းသက်လာပြီး ဤနေရာ၏ တည်ငြိမ်နေသည့်အနေအထားကို နှောက်ယှက်လိုက်သည်။

တာအိုမီးတောက်များသည် သူ၏ခန္ဓာကိုယ်ကိုသာမက သူ၏မူလဝိဉာဉ်ကိုပင်လျှင် လောင်ကျွမ်းအောင် ပြုလုပ်နေလေသည်။

ဤရက်များအတွင်းတွင် ထာဝရရှေးဟောင်းမြေ၌ ငြိမ်းချမ်းမနေပေ။ လူများစွာသည် ဟွမ်အား လိုက်ရှာနေကြလေ၏။

“သဲလွန်စပေးနိုင်တဲ့သူကို ငါ နတ်အသီးသေတ္တာ ၁၀ ခုပေးမယ်”

“ငါက သုံးလောကလုံးကို တုန်လှုပ်သွားစေနိုင်တဲ့ အဖိုးတန်ပညာပေးနိုင်တယ်”

အချို့လူများသည် ရှီဟောင်သတင်းနှင့်ပတ်သတ်ပြီး ဆုကြေးများ ပေးနေကြလေ၏။ တိကျသည့်သတင်းသာဖြစ်ပါက ထိတ်လန့်စရာကောင်းလောက်သည့် ဆုကြေးများ ရရှိမည်သာ။

“နတ်ဘုရားကျောင်း၊ ကောင်းကင်နိုင်ငံနဲ့ ကြီးမြတ်တဲ့ကောင်းကင်နယ်မြေက လူတွေက ရူးသွားတာလား .. သူတို့တွေက ဘာလို့ ဟွမ်ကို အဲဒီလောက်တောင် အလောတကြီး လိုက်ရှာနေကြတာလဲ .. သူတို့ကြားမှာ ရန်ငြိုးတွေရှိတယ်ဆိုရင်တောင်မှ ဒီလောက်အလောတကြီး လုပ်ဖို့မလိုဘူးလေ ဟုတ်တယ်မလား…”

“ဟွမ်က ဘာကျင့်ကြံနေတာလဲတော့ မသိပေမဲ့ ငါကြားတာတော့ သူက အဆင့်တက်ဖို့ ကြိုးစားနေတာတဲ့ … သူတို့တွေက ဟွမ်ကို နောက်တစ်ဆင့် တက်ခိုင်းမှာ မဟုတ်ဘူး”

ကမ္ဘာငယ်လေးများမှာ မတည်ငြိမ်နိုင်တော့ပဲ နေရာအနှံ့တွင် ရှီဟောင်အား လိုက်ရှာနေကြလေသည်။

အပိုင်း ၁၁၂၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၂၇ – နောက်ဆုံးအကြိမ် ကြိုးစားမှု

တောင်ကြောများသည် အိပ်နေသည့်နဂါးတစ်ကောင်ကဲ့သို့ပင် တက်လိုက်ကျလိုက်ဖြစ်နေပြီး တောင်ထိပ်များမှာလည်း ရှေးဟောင်းဆင်များ လဲလျောင်းနေကဲ့သို့ပင်။

တောင်ကိုယ်ထည်တွင် ကြီးမားလှသည့် လှိုဏ်ဂူတစ်ခုရှိနေပြီး နေရာတိုင်းတွင် မှော်အစီအရင်များ ရှိနေလေ၏။

ဤသည်မှာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြုလုပ်ထားသည့် သတ်ဖြတ်ခြင်းအစီအရင်များပင်။

ရှီဟောင်သည် ထိုအစီအရင်များအလယ်တွင် ထိုင်နေပြီး သူ၏ခန္ဓာကိုယ်ကို တာအိုတစ်သောင်း လောင်ကျွမ်းနေသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ပြုလုပ်ထားသည့် မီးဖိုသည်လည်း ပြင်းထန်စွာ တောက်လောင်နေသည်။ မှော်ချိန်းကြိုးများလည်း တစ်ခုနှင့်တစ်ခု ဆက်သွားကာ ဘေးပတ်လည်ကို ချိတ်ဆက်ထားလေသည်။

ဤသည်မှာ ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ခြင်းမဟုတ်တော့ပဲ သေခြင်းနှင့်ရှင်ခြင်း လွန်ဆဲနေခြင်းပင်။ သူသာ အဆင့်တက်ချင်လျှင် ကြောက်စရာအကောင်းဆုံး အပြစ်ပေးမှုကို ရင်ဆိုင်ရမည်သာ။

လဝက်ကြာပြီးသည့်နောက်တွင် မီးတောက်ထဲမှ ရှီဟောင် ထွက်ပေါ်လာသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး မီးဖိုသည်လောင်ကျွမ်းနေဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို အသုံးပြုကာ ထိုမီးတောက်များကို ခုခံထားရသည်။ သူ၏ခန္ဓာကိုယ်သည် ဖောက်ထွင်းမြင်နိုင်ရလောက်အောင် ကြည်လင်လာပြီး သွေးများလည်း စီးကျနေသည်။

ဤကဲ့သို့ ကြုံတွေ့ရသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်သော်လည်း ဤတစ်ကြိမ်လောက် တစ်ခါမှ အန္တရာယ်မများဖူးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ၁၀ကျန်းပတ်လည် သီးသန့်ခန်းထဲတွင်ရှိနေခြင်းမဟုတ်သောကြောင့် ပြန်ရှင်မလာနိုင်တော့ပေ။

“ငါ ပြန်လည်ရှင်သန်ခြင်းမြက်ကို သုံးသင့်လား” ရှီဟောင်၏မျက်လုံးများ အရောင်မှေးမှိန်လာပြီး သူ၏အသက်များ တစ်ဖြည်းဖြည်းကုန်ဆုံးသွားသည်ဟု သူခံစားနေရသည်။ သူသည် အရှုံးဘက်သို့ ဦးတည်သွားနေသလိုပင်။

ယခင်ကနှင့်ယှဉ်လျှင် သူတောင့်ခံနိုင်သည့်အချိန်မှာ အတော်လေး ကြာနေပြီဖြစ်သည်။ ဤသည်မှာ ရွှေကို မီးဖြင့် အကြိမ်ကြိမ်အပူပေးပြီး ကောင်းအောင်လုပ်နေသကဲ့သို့ပင်။

သူ၏ကြံ့ခိုင်မှုများ ကုန်ဆုံးသွားသည့်အချိန်တွင်မူ သူအလွန်အားနည်းနေပြီဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူသည် အောင်မြင်မှုနှင့် သိပ်မဝေးတောဘူးဟုလည်း ခံစားနေရသည်။ သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းကိုပင် ရေးရေးလေး မြင်နေရသလိုပင်။

“ထာဝရဘုရင်လေးလည်း ဒီလိုမျိုးပုံရိပ်ယောင်တွေ မြင်ခဲ့သေးတာလား .. အဲဒါကြောင့်မို့လို့ သူက ပိုးဖလံမီးတိုးသလိုမျိုး လုပ်ခဲ့တာလား .. နောက်ဆုံးတော့လည်း သူက မီးရှူးမီးပန်းတွေလိုမျိုး အတောက်ပဆုံးအချိန်ပြီးတော့ အမှောင်ထုထဲကို ရောက်သွားရတယ်”

ရှီဟောင် အသိဝင်လာသည်။ သူသည် ခေါင်းမာမနေတော့ပေ။ နတ်ချိန်းကြိုးများအားလုံးပြန်ပျောက်ကွယ်သွားပြီး အရင်းအမြစ်စွမ်းအင်များလည်း ပြန်ဆုတ်သွားသည်။

သူသည် ပြန်လည်ရှင်သန်ခြင်း မြက်အနည်းငယ်နှင့် မြင့်မြတ်ဆေးပင်ကို အသုံးပြုကာ သူ၏ဒဏ်ရာများကို ကုသလိုက်သည်။

ထို့နောက်တွင် သူနောက်တစ်ကြိမ် ပြန်လည်ကျင့်ကြံလိုက်သည်။

ထိုကဲ့သို့ပင် သူအောင်မြင်တော့မည့်အချိန်တိုင်းတွင် သူသည် အလွန်အားနည်းသွားပြီး တစ်လက်မမျှပင် ရှေ့မတိုးနိုင်ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပင်လျှင် ပြိုကွဲတော့မည်။

“ငါသေတော့မယ် .. ဒါပေမဲ့ ငါမသေချင်သေးဘူး”

ဘယ်အချိန်ပဲဖြစ်နေပါစေ ရှီဟောင်သည် အောင်မြင်မှုနားရောက်နေပြီဖြစ်သောကြောင့် ပျော်သွားသည့်အပျော်ထဲ ပျော်ဝင်မသွားပေ။ အဘယ်ကြောင့်ဆိုသော် အနည်းငယ်လိုသေးသည်ကို သူသိသည်။ သူသာ မဆင်မခြင်လုပ်လိုက်လျှင် သူ သေသွားလိမ့်မည်။

ထိုကဲ့သိုပင် သူသည် လမ်းဆုံးနားတွင် တဝဲဝဲလည်လည်ဖြစ်နေလေသည်။

ဘယ်နှကြိမ်ကြိုးစားပြီးမှန်း မသိသော်လည်း သူ၏မြင့်မြတ်ဆေးပင် ခြင်းအနည်းငယ်မှာ ကုန်သွားလေပြီ။

“ငါကပဲ သတိထားလွန်းနေတာလား .. ရှေ့ဆက်မတိုးရဲတော့တာလား” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။

အကြောင်းပြချက်ကို သူရှာဖွေလိုက်သည်။ သူကဘာလို့ သူ့ရဲ့အရိုးတွေ ပျက်စီးသွားတဲ့အထိ လောင်ကျွမ်းခံနေရတာလဲ …

သူတကယ် သတ္တိမရှိ၍လည်း ဖြစ်နိုင်သည်။ သို့သော်လည်း ဤသည်မှာ တာအိုလေ့လာခြင်းဖြစ်သည်။ သူမသေချင်သေး…

“စွန့်စားတော့မယ်”

တာအိုတစ်သောင်းတောက်လောင်လာပြန်သည်။ ရက်ပေါင်းမည်မျှကြာမြင့်သွားမှန်း မသိလိုက်သည့်အချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး မီးဖိုပျက်စီးသွားသည်။ သူကိုယ်တိုင်လည်း ဒဏ်ရာရရှိသွားလေသည်။

သို့သော်လည်း သူသည် ဆက်လက်တောင့်ခံနေဆဲပင်။ သူ၏မျက်စိရှေ့ရှိ အရာအားလုံး မှောင်မဲသွားပြီး ဒုတိယမြောက် ထာဝရစွမ်းအင်ပေါ်လာသည့်အချိန်မှသာ သူအံကြိတ်ကာ နိုးထလိုက်သည်။

သို့သော်လည်း ဝုန်းဟူသည့်အသံနှင့်အတူ သူ၏မူလဝိဉာဉ် တစ်စစီကွဲမတတ်ဖြစ်သွားပြီး သူ၏အသွေးအသားများမှာ တစ်စစီဖြစ်သွားသည်။

ထိုအချိန်တွင် ရှီဟောင်သည် အမှောင်ထုထဲသို့ နစ်မြှုပ်သွားပြီး သတိလစ်တော့မည်။

“ငါသေလို့မရဘူး..”

သူကိုယ်တိုင်ပင်လျှင် အနက်ရောင်အကျဉ်းတောင်ထဲသို့ ရောက်သွားပြီး လောကကြီးနှင့် အဆက်ပြတ်တော့မည်ဟု ခံစားနေရသည်။

ဤသည်မှာ သူသေခြင်းတရာကို ကြုံတွေ့ရသည့် ပထမဆုံးအကြိမ်မဟုတ်သော်လည်း တစ်ခေါက်စီတိုင်းတွင် မတူညီပေ။ အထူးသဖြင့် ယခုတစ်ခေါက်ပင်။ ဤသည်မှာ သူဤတစ်ကြိမ်သေဆုံးပြီးလျှင် နောက်ထပ် ပြန်ရှင်သန်နိုင်ခွင့်မရှိ၍ ဖြစ်နိုင်သည်။

ထိုအချိန်တွင် သူသည် မရေမတွက်နိုင်သည့်ကြယ်များ၊ သက်ရှိများ ရှိနေသည့် လောကကြီးတစ်ခုကို ရောက်သွားသလိုပင်၊။

“ပြန်သွားမယ်”

ရှီဟောင်ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီးနောက် သူချက်ချင်းပင် အသိကပ်သွားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်နေပြီး သူ၏မူလဝိဉာဉ်သည်လည်း ဓားဖြင့် ခုတ်ခံထားရသကဲ့သို့ပင်။ သို့သော်လည်း သူ အသက်ရှင်နေဆဲပင်။

သူသည် နတ်ဆေးပင်ကို လျင်မြန်စွာ စားလိုက်ပြီးနောက် ရတနာရှစ်သွယ်ယူနီကွန်းကို ထုတ်လိုက်သည်။ ဤသည်မှာ ဤကဲ့သို့သော ရှားပါးသည့် ရတနာများဖြင့် သူ၏ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် ကုသခြင်းပင်။

သို့သော်လည်း ရှီဟောင်သည် ပြန်ရှင်လာသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ကို ချက်ချင်းအရေးမစိုက်ပဲ သူမြင်လိုက်ရသည့်အရာကို ပြန်တွေးလိုက်သည်။ “ဒီလောကမှာ ပြန်ဝင်စားတာက တကယ်ရှိတာလား” သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

လူတစ်ယောက် သေပြီးသွားသည်နှင့် အဆုံးမရှိသည့် အမှောင်ထုထဲသို့ ဝင်ရောက်သွားကာ ပြန်လည်ဝင်စားနိုင်သလားဟု သူသံသယဝင်လာသည်။

၁၀ကျန်းပတ်လည်အခန်းထဲတွင် သူ ၁၀ကြိမ်သေခဲ့သည့် အချိန်တွင်လည်း သူသည် လေဟာနယ်၏အမှောင်ထုထဲသို့ ရောက်သွားသည်သာ။ သူပြန်ရှင်လာသည့်အချိန်တွင် သူသည်တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ပင်။ သူ၏မှတ်ဉာဏ်ထဲတွင် ဟာလာဟင်းလင်းဖြစ်နေသည်။’

ယခုတစ်ကြိမ်တွင် သူသည် လုံးဝအသိစိတ်လွတ်သွားခြင်းမဟုတ်ပဲ အမှောင်ထဲမှ ပြန်လာနိုင်ခဲ့သည်။ သူသည် အိပ်မက်မက်နေသကဲ့သိုပင် ခံစားလိုက်ရသည်။

“ပြန်လည်ဝင်စားခြင်းဆိုတာ မရှိဘူး .. ငါမြင်ခဲ့ရတာက အဆုံးမရှိတဲ့ အိပ်စက်ခြင်းဖြစ်သွားတဲ့အချိန်မှာ မြင်ရတဲ့ အချိန်အပိုင်းအစတွေပဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

“နောက်တစ်ခေါက်…”

ထိုကဲ့သို့ ပြန်ရှင်လာပြီးသည့်နောက်တွင် ရှီဟောင်သည် အောင်မြင်မှုနှင့် နီးကပ်လာလေပြီ။ တစ်ခါတစ်ရံတွင် ထာဝရစွမ်းအင်သိပ်သည်းလာသည်ကိုပင် သူမြင်နေရသည်။

ထို့အပြင် သူ၏မူလဝိဉာဉ်ကို ထာဝရအစေ့ထဲထားပြီး တိုးတက်နိုင်ရန်အတွက်လည်း သူစမ်းသပ်ခဲ့သေးသည်။

သို့သော်လည်း ဤထာဝရအစေ့မှာ ထူးခြားလှပြီး မထိုးဖောက်နိုင်ပေ။ ဤအစေ့မှ သူ၏မူလဝိဉာဉ်ကို ပံပိုးပေးနိုင်ခြင်းမရှိပေ။

“ဒီ ကျင့်ကြံဆင့်က မလုံလောက်သေးဘူး .. ဒီထာဝရမျိုးစေ့က နောင်ကျရင် အရမ်းအသုံးဝင်လာနိုင်တယ်”

ရှီဟောင်သည် သေခြင်းနှင့်ရှင်ခြင်းနယ်နမိတ်ကို ခေါက်တုံ့ခေါက်ပြန်သွားနေပြီး သူ၏ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်မှာ ဘယ်နှကြိမ်တောင် လောင်ကျွမ်းပြီးသွားပြီမှန်း သူမသိပေ။ သို့သော်လည်း အကျိုးရလဒ်များမှာ ကောင်းမွန်လှသည်။

သူပို၍သန်မာလာပြီး တာအိုမီးတောက်တစ်သောင်းကို ခုခံနိုင်သည့်အချိန်လည်း ပို၍ကြာမြင့်လာသည်။

ဤသည်မှာ သူသည် မီးတောက်များကြားတွင် ပျော်မွေ့လာသည်။ သူသည် ထိုမီးတောက်များကို ဆန့်ကျင်ရန် မကြိုးစားတော့ပဲ ထိုမီးတောက်များနှင့် အတူတကွရှိနေနိုင်ရန်သာ ကြိုးစားလိုက်သည်။

သို့သော်လည်း ဤသည်မှာ တစ်ခါတစ်ရံသာဖြစ်ပြီး အများစုမှာ သူကြိုးစားရုန်းကန်နေရသည်သာ။

“ငါအောင်မြင်တော့မှာလား”

ရှီဟောင်သည် ဤအခြေအနေသို့ ရောက်လေလေ ပို၍ ဂရုစိုက်လာလေလေပင်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအရေးအကြီးဆုံးအချိန်မှာ အန္တရာယ်အများဆုံးပင်။

သူ၏ခန္ဓာကိုယ်ကို မီးတောက်များ နောက်တစ်ကြိမ် လောင်ကျွမ်းလာသည်။ သို့သော်လည်း ရှီဟောင်မြင်လိုက်ရသည်မှာ ကြောက်စရာကောင်းသည့်သင်္ကေတများ မဟုတ်ပဲ လှပသည့်မြင်ကွင်းများသာ။

အဆုံးမရှိသည့် တောင်များကို မြင်နေရပြီး ထိုတောင်များမှ ဖရိုဖရဲစွမ်းအင်များ ထွက်နေလေသည်။ သူသည် ထိုတောင်များအလယ်တွင် ထိုင်နေခြင်းပင်။

ကြယ်မြစ်များ တောက်ပနေကာ သူ့အနားတွင် ကွေ့ပတ်စီးဆင်းနေလေသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးလည်း ပွင့်လာပြီး ဝိဉာဉ်မျိုးစုံ၏ အသက်ဓာတ်များ သူ့ကို ဝန်းရံနေသည်။

နတ်ဆိုးသားရဲများလည်း မရေမတွက်နိုင်အောင်ရှိနေပြီး ထာဝရငှက်များလည်း ဟစ်ကြွေးနေကြသည်။ သူသည် လွင်ပြင်များထဲတွင် ရှိနေခြင်းပင်။

ကောင်းကင်နှင့် မြေကြီးကြားတွင်ရှိနေသည့် မြက်တစ်ပင်၊ သဲတစ်မှုန်၊ ပင်လယ်တစ်စင်း .. အရာအားလုံးမှာ သူနှင့် ပေါင်းစပ်သွားသည်။

သူသည် ဤနေရာမှ ပြေးထွက်ချင်သော်လည်း မရုန်းနိုင်ဖြစ်နေသည်။

သူသည် နတ်ငှက်အဖြစ်သို့ ပြောင်းလဲသွားကာ ကြယ်ကောင်းကင်ထက်သို့ ပျံသန်းသွားလိုက်သည်။ သူ၏အတောင်ပံများကို လှုပ်ခါလိုက်သည်နှင့် အမွေးအတောင်များသည် ကြယ်များအဖြစ် ကြွေကျသွားလေသည်။

သူသည် မြက်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် လေဒဏ်မိုးဒဏ် ကြံ့ကြံ့ခံရသည်။ အခြားသက်ရှိများ သူ့အားစားသုံးခြင်း၊ အနိုင်ကျင့်ခြင်းကိုလည်း ထပ်ခါထပ်ခါ ခံနေရသည်။ သို့သော်လည်း သူရှင်သန်နိုင်ခဲ့သည်။

သူသည် ညနေခင်းနေရောင်လေးဖြစ်သွားပြန်သည်။ သူသည် မိုးကုပ်စက်ဝန်းအစွန်တွင် နားနေပြီး နွေးထွေးမှုလေး ပေးနေသည်။

ရှီဟောင်သည် ဟာလာဟင်းလင်းပြင်ထဲတွင် စိတ်ခရီးသွားနေပြီး တာအိုမီးတောက်များကို ဖြတ်ကျော်နိုင်အောင် ကြိုးစားနေသည်။ သူ၏အသွေးအသားနှင့် မူလဝိဉာဉ်လည်း လောင်ကျွမ်းနေလေပြီ။ ယခုအချိန်တွင် သူသည် ကမ္ဘာပေါင်းများစွာကို ကြုံတွေ့လိုက်ရသကဲ့သို့ပင်။

ဒုတိယမြောက် ထာဝရစွမ်းအင် ဖြစ်လာတော့မှာလား..

သူတစ်ခဏခန့် နိုးကြားသွားသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်အနားတွင် ဖြစ်တည်လာသည့် အဖြူရောင်စွမ်းအင်မှုန်ဝါးဝါးလေးကို သူတွေ့လိုက်ရသည်။

“ငါ အဆင့်တက်ချင်နေပြီ…”

ရှီဟောင်သည် နာကျင်မှုများကို သည်းခံလိုက်သည်။ ရောင်နီမှာ မဝေးတော့ဘူးဟု သူခံစားနေရသည်။

ဝုန်း..

အချိန်မည်မျှ ကြာသွားမှန်း မသိလိုက်သည့်အချိန်တွင် သူတောင့်ခံထားရသည့် ဖိအား များလွန်းသောကြောင့် သူ၏ခန္ဓာကိုယ် လေးပိုင်းဖြစ်သွားလေ၏။ သူသည် တာအိုတစ်သောင်းနှင့် ယှဉ်တွဲနေနိုင်သော်လည်း ဤမီးတောက်မှာ ကြမ်းတမ်းနေဆဲပင်။

ထိုပေါက်ကွဲသွားသည့်အချိန်တွင် ရှီဟောင် ဒုတိယမြောက် ထာဝရစွမ်းအင်ကို တွေ့လိုက်ရဿည်။ ထိုစွမ်းအင်သည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီး ထူးဆန်းလှသည်။

သို့သော်လည်း သူမတောင့်ခံနိုင်တော့ပေ။

ဝုန်းဟူသည့်အသံနှင့်အတူ သူ၏မူလဝိဉာဉ်သည် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွားကာ အဆုံးမရှိသည့် အမှောင်ထုထဲသို့ ကျရောက်သွားလေသည်။

“ငါ ဒုတိယမြောက် ထာဝရစွမ်းအင်ကြောင်းကိုတောင် အောင်မြင်အောင် ကျင့်ကြံပြီးသွားပြီ .. ငါအခု မသေနိုင်သေးဘူး” ရှီဟောင် စိတ်ထဲမှ အော်ဟစ်လိုက်ကာ ရုန်းကန်လိုက်သည်။ သူသတိမမေ့ချင်သေး..

မဟုတ်ပါက သူသည် ထာဝရအမှောင်ထုထဲသို့ ရောက်သွားပြီး နောက်တစ်ကြိမ် အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

သူအသိစိတ်မပျောက်အောင် တတ်နိုင်သမျှ ကြိုးစားနေရသည်။

ထိုအချိန်တွင် သူသည်နွေးထွေးသည့် ကျောက်တုံးကျေးရွာကို စဉ်းစားမိသွားသည်။ လူဘယ်နှယောက်လောက်တောင်မှ သူပြန်လာတာကို စောင့်နေလိုက်မလဲ .. သူ၏ရွာသူကြီးဖိုးဖိုးကို နှုတ်ဆက်ရဦးမည်။ သူ၏ဦးလေးများနှင့် အရက်သောက်ရဦးမည်။ တဇောင်၊ အဲ့မင်၊ ဖီးဟို၊ မီးဘောလုံးနှင့် အခြားသူများကို တွေ့ရဦးမည်။

သူ၏အဖေနှင့်အမေကိုလည်း တွေးမိသွားသည်။ ဟော့လင်းအာ သူ့ကို လက်ဝေ့ရမ်းပြခဲ့သည့် မီးပိုးစာပင်ကိုလည်း သူစဉ်းစားမိသွားသည်။ ချင်းရိကိုလည်း သူတွေ့လိုက်ရသည်။

“ငါ ပြန်သွားမယ် .. ငါဒီမှာ ကျရှုံးသွားလို့ မဖြစ်ဘူး” ရှီဟောင် ရုန်းကန်လိုက်သည်။ ယခုတစ်ကြိမ်မှာ ယခင်ကထက်ပို၍ အခြေအနေဆိုးသည်။

“ပြန်သွားမယ်…” သူဟစ်ကြွေးလိုက်သည်။

သူလျင်မြန်စွာ လှုပ်ရှားလိုက်သော်လည်း ဤသည်မှာ အဆုံးမရှိသည့် အမှောင်ထုကြီးဖြစ်ပြီး ချိုးဖျက်ရန်ခက်ခဲသည့် အကျဉ်းထောင်တစ်ခုပင်။

ရုတ်တရက်ပင် ယခင်က မြင်ဖူးသည့်အချိန်အပိုင်းအစများအပြင် တူညီသည့် လှောင်အိမ်များကိုလည်း သူတွေ့လိုက်ရသည်။

ထိုလှောင်အိမ်များသည် ဤလောက၏ မြစ်ကြီးထဲသို့ စီးဆင်းသွားပြီး လေဟာနယ်ထဲသို့ ဦးတည်သွားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အလွန်တောက်ပနေသည့် အလင်းမှုန်အနည်းငယ်ကို သူတွေ့လိုက်ရသည်။ ထိုအလင်းမှုန်များသည် ကြီးမားလှသည့်လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရပြီး ကြောက်စရာကောင်းသည့်အော်ရာများလည်း ထွက်ပေါ်နေလေသည်။

“အဲဒါ ဘယ်သူလဲ .. ဘာသက်ရှိအမျိုးအစားလဲ..” ရှီဟောင် အလွန်စိတ်လှုပ်ရှားသွားရသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောကြောင့် သူပိုပြီး ခေါင်းရှင်းသွားရသည်။

ဒါက သူလိုလူမျိုးလား.. မဟုတ်ဘူး .. ဒီလူရဲ့ ကျင့်ကြံဆင့်က အရမ်းမြင့်လွန်းတယ် .. သူသည် အမှောင်ထုထဲတွင် ပိတ်လှောင်ခံထားရသော်လည်း ကြောက်စရာကောင်းနေဆဲပင်။

ဤကဲ့သို့သော သက်ရှိ အဆုံးမရှိသည့် အမှောင်ထုထဲသို့ ရောက်လာရန်မှာ ဖိအားပေးခံရသောကြောင့်လား .. အခြားအကြောင်းပြချက်ကြောင့်လား .. ဘာဖြစ်ခဲ့တာလဲ .. ဘာလို့ဒီလောက်တောင် ကြောက်စရာကောင်းနေတာလဲ..

ဝုန်း..

နောက်ဆုံးတွင် သူ၏မူလဝိဉာဉ်သည် တုန်ခါသွားပြီး လွတ်မြောက်ရန် ခက်ခဲသည့် ဤအမှောင်ထုထဲသို့ လုံးဝပိတ်လှောင်သွားလေသည်။

“ဒါက သေဆုံးခြင်းလား.. မသေခင် နောက်ဆုံးအချိန်လား .. ဒီမှောင်မဲနေတဲ့နေရာမှာ လှောင်ပိတ်ခံရမှာလား..”

ရှီဟောင်သည် ဘယ်တုန်းကမှ ဤကဲ့သို့ ရှင်းရှင်းလင်းလင်း မခံစားဖူးပေ။

“ငါမသေချင်သေးဘူး .. ငါ့မှာစိုးရိမ်စရာတွေ အများကြီး ရှိသေးတယ် .. ငါ့ချစ်တဲ့သူတွေ၊ သူငယ်ချင်းတွေရှိသေးတယ် .. ငါသူတို့ကို တွေ့ချင်သေးတယ် .. ငါ သူတို့တွေကို မစွန့်ပစ်ချင်ဘူး .. ငါ့အတွက်မဟုတ်ရင်တောင်မှ ငါဆက်ပြီးတော့ အသက်ရှင်ရမယ်”

ရှီဟောင် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး သတိမလွတ်သွားစေရန်အတွက် ရုန်းကန်လိုက်သည်။

သို့သော် သူ၏မူလဝိဉာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ဤအမှောင်ထုထဲတွင် ပိတ်လှောင်ခံထားရသော်လည်း သူ၏ဒုတိယမြောက် ထာဝရစွမ်းအင်ကြောင်း ရသွားပြီဟု သူခံစားနေရသည်။

သို့သော် သူသာမပြန်နိုင်ပါက ဘာအသုံးဝင်တော့မည်နည်း..

တစ်ချိန်တည်းမှာပင် သူသီးသန့်ကျင့်ကြံနေသည့် ကမ္ဘာငယ်လေးထံသို့ တစ်စုံတစ်ယောက် ဦးတည်လာနေလေပြီ။

ကျွင်းသောက်၊ ကောင်းကင်နိုင်ငံ၏ရှေးဟောင်းဘုရင်.. သူတို့အားလုံး ပေါ်လာခြင်းပင်။ သူတို့သည် အေးစက်နေသည့် မျက်နှာထားဖြင့်ပင် တစ်လှမ်းချင်းလျှောက်လာလေ၏။

အပိုင်း ၁၁၂၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၂၈ – စိတ်ဓာတ်ခိုင်မာသော ဝိဉာဉ်

အေးစက်ခြင်းနှင့် အဆုံးမရှိသည့် အမှောင်ထုကြီးသာ ကျရောက်လာသည်။ ရှီဟောင်သည် လေဟာနယ်လှောင်အိမ်ထဲ ပိတ်လှောင်ခံထားရပြီး ပြန်ထွက်နိုင်မည့်လမ်းကြောင်းကို သူမမြင်ပေ။ သူ၏မျက်စိတစ်ဆုံး အမှောင်ထုကြီးကိုသာ မြင်နေရသည်။

သူလွတ်မြောက်နိုင်အောင် ဘယ်လိုလုပ်ရမည်နည်း..

ဖူး..

ရှီဟောင် အစွမ်းကုန်တိုက်ခိုက်နေမိသည်။ သို့သော်လည်း ဤနေရာသည် လုံးဝပင် အရာမယွင်းသွားပေ။ ဤနေရာကို ဖျက်ဆီးပစ်ရန် ခက်ခဲလှသည်။

“သတ်…”

ရှီဟောင်သည် သူ၏လက်ကို မြှောက်လိုက်သည်နှင့် မှော်တံဆိပ်များ ထွက်ပေါ်လာသည်။ သူသည် ကောင်းကင်လက်ကို အသုံးပြုကာ ထွက်လမ်းရှာလိုခြင်းပင်။ သို့သော်လည်း သူသည် ရှုံးနိမ့်ရင်းသာ ရှုံးနိမ့်နေလေ၏။

“ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နေတာလဲ” ထို့အပြင် သူ့အနားတွင်ရှိနေသည့် အရာအားလုံးမှာ ပို၍ပင် မည်းမှောင်လာသည်ကို သူတွေ့လိုက်ရသည်။ ဘာမှကို မမြင်ရတော့ပေ။

ထို့အပြင် သူ၏မူလဝိဉာဉ်သည် ပြန်လည်အားမဖြည့်နိုင်သောကြောင့် တစ်ဖြည်းဖြည်း အားနည်းလာလေပြီ။ ဤသို့သာ ဆက်လုပ်နေမည်ဆိုပါက သူ၏မူလဝိဉာဉ် ပျက်စီးသွားပြီး သူသည်လည်း သက်ရှိစာရင်းထဲမှ ထွက်သွားရလိမ့်မည်။

ထိုအချိန်တွင် ရှီဟောင်သည် ဘာမှမလုပ်တော့ပဲ သူ၏မူလဝိဉာဉ် အားပြန်ပြည့်နိုင်မည့်နည်းလမ်းကို စဉ်းစားလိုက်သည်။

ရှီဟောင်သည် ထိုနေရာတွင် ထိုင်နေပြီး အလွန်ပင် အထီးကျန်သလို ခံစားနေရသည်။ အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးနေသလိုပင်။

ဤသည်မှာ သူ့ကို ထိတ်လန့်သွားစေသည်။

‘ဂူထဲမှာ ၁၀ ရက်၊ အပြင်ဘက်ကမ္ဘာမှာ နှစ်တစ်ထောင်’ ဟူသည့်စကားပုံလည်း ရှိနေသောကြောင့် ဤနေရာတွင် ပိတ်မိနေသည့်အချိန်၌ အပြင်ဘက်ကမ္ဘာတွင် အချိန်ဘယ်လောက်တောင် ကုန်သွားပြီနည်း..

ရှီဟောင် ကျောရိုးတစ်လျှောက်ပင် စိမ့်တက်လာသည်။

“အရင်တုန်းက ထာဝရဘုရင်လေးလည်း ဒီလိုမျိုး ဖြစ်ခဲ့တာလား .. သူ့ရဲ့ခန္ဓာကိုယ်ကို စွန့်ခွာခဲ့ပြီးတော့ သူ့ရဲ့ မူလဝိဉာဉ်က ဒီလိုအမှောင်လောကထဲမှာ ပိတ်မိသွားပြီးတော့ ပြန်မထွက်နိုင်တာလား” ရှီဟောင်သူ့ကိုယ်သူ စဉ်းစားကြည့်လိုက်သည်။

သူကျောက်နံရံတွင် မြင်ခဲ့ရသည့် မြင်ကွင်းတွင် ထာဝရဘုရင်လေး၏အလောင်းကိုသာ ဆေးခန်းမထဲသို့ လာပို့ခြင်းဖြစ်ပြီး မူလဝိဉာဉ် ပါမလာတော့ပေ။

ယခုတော့ ဘာဖြစ်ခဲ့သည်ကို သူနားလည်သွားလေပြီ။

“လွတ်နိုင်အောင်လို့ ငါဘာလုပ်ရမလဲ .. ငါသူ့လမ်းကြောင်းအတိုင်း မလိုက်နိုင်ဘူး” ရှီဟောင်၏ မူလဝိဉာဉ်သည် လူလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာတွင်ထိုင်ကာ လက်သီးများကို တင်းကြပ်စွာ ဆုတ်ထားလေ၏။

သူဤနေရာမှ ထွက်ချင်သည်။ သူချစ်သည့်သူများနှင့် သူကာကွယ်ရမည့်အရာများ ရှိနေသေးသည်။ သူတွေ့ချင်သည့်သူများလည်း ရှိသေးသည်။

သို့သော် ဤနေရာသည် အေးစက်မှောင်မဲနေပြီး ဘာကိုမှ မခံစားရသလို မည်သူနှင့်မျှလည်း ဆက်သွယ်၍မရပေ။

ထို့အပြင် ယခုအချိန်တွင် သူ၏မူလဝိဉာဉ်မှာ အားနည်းလာလေပြီ။ အနက်ရောင်လေဟာနယ်သည် သူ၏အသက်ဓာတ်ကို စုတ်ယူနေသောကြောင့် တစ်ဖြည်းဖြည်းချင်း ပျက်စီးသွားတော့မည်။

ရှီဟောင် တစ်ကိုယ်လုံး အေးစက်လာလေပြီ။ သူ ဤနေရာကနေ မည်သို့ ထွက်ရမည်နည်း.. ပြေးဖို့မပြောနှင့် ဤနေရာတွင် ထိုင်နေလျှင်ပင် သူသည် မီးခိုးကဲ့သို့ လွင့်ပြယ်သွားလိမ့်မည်။

ဒီနေရာမှာ သူဘာလုပ်နိုင်မလဲ .. သူ့ရဲ့မူလဝိဉာဉ်က ဆက်တိုက်ကို တိုက်စားခံနေရမှာလား..

ရှီဟောင်သည် အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်နေသည်။ သူအလောတကြီး လုပ်၍မရပေ။ သူအသက်ရှင်ချင်သည်။ သူဤနေရာမှ ထွက်သွားချင်သည်။

အချိန်မြစ်ထဲတွင် မျောနေသည့် လှောင်အိမ်ထဲတွင် အလင်းပျောက်များ ရှိနေသေးသည်ကို သူတွေ့ခဲ့ရသည်။ ဤသည်မှာ စွမ်းအားကြီးသည့်သက်ရှိများ ပိုင်ဆိုင်သည့် အလင်းပျောက်လေးပင်။

သူတို့ အသက်ရှင်နေတုန်းလား .. မူလဝိဉာဉ် တိုက်စားတာကို ခုခံနိုင်မယ့် နည်းလမ်းရှိနေတာလား..

ရှီဟောင် ဤအကြောင်းကို သေချာစဉ်းစားကြည့်လိုက်သည်။ ဤအမှောင်ထုတိုက်စားခြင်းကို ခုခံနိုင်မည့် နည်းလမ်းများ ရှိနေတာလား ..

“ထာဝရတာအို၊ နတ်တာအို .. ဒီခေတ်နှစ်ခုမှာ မတူညီတဲ့ပညာတွေရှိတယ် .. ငါဘာလုပ်သင့်လဲ…”

ယခုလေးတင် သူသည် အဖိုးတန်ပညာများကို သုံးပြီး နတ်တာအိုစွမ်းအားများကို ပြသခဲ့သည်။ သို့သော်လည်း ဤသည်မှာ အသုံးမဝင်ပေ။ သူ၏မူလဝိဉာဉ် စွမ်းအားကုန်ဆုံးနှုန်းက ပို၍ပင် များလာသေးသည်။

သို့သော် ထာဝရတာအိုကို သူ နားမလည်ပေ။ ဤခေတ်တွင် ထိုကဲ့သို့သော ပညာမရှိတော့ပေ။

“ထာဝရစွမ်းအင် .. ငါအရင်တုန်းက ထာဝရစွမ်းအင်တစ်ကြောင်းကို ကျင့်ကြံခဲ့တာပဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူသည် ဒုတိယမြောက် ထာဝရစွမ်းအင်ကိုပင် သူကျင့်ကြံနိုင်နေပြီဖြစ်သည်။ သို့သော် သူ၏မူလဝိဉာဉ်သည် သူ၏ခန္ဓာကိုယ်နှင့် ကွဲသွားကာ သူ၏ခန္ဓာကိုယ်မှာ သတိလစ်နေပြီဖြစ်သည်။

“အမ် .. ဒီမှာ နည်းနည်းရှိသေးတာလား” သူ့ကိုယ်သူ ဆန်းစစ်ပြီးသည့်နောက်တွင် ရှီဟောင် ထိတ်လန့်သွားရသည်။ သူ့နောက်သို့ ထာဝရစွမ်းအင်ကြောင်းနှစ်ခုလုံး လိုက်မလာသော်လည်း အဘယ်ကြောင့် သူ့ထဲတွင် ထာဝရစွမ်းအင်အနည်းငယ် ရှိနေသနည်း..

သူထိုစွမ်းအင်အနည်းငယ်ကို ကူးပြောင်းရန် ကြိုးစားကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ မူလဝိဉာဉ်ကုန်ဆုံးမှုကို ဟန့်တားစေနိုင်သည်ကို သူတွေ့ရှိလိုက်ရသည်။

ဘာဖြစ်နေတာလဲ .. ဤသည်မှာ ဝမ်းသာရမည့်ကိစ္စဖြစ်သော်လည်း သူစိတ်ရှုပ်နေဆဲပင်။

သူသေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် အမှန်တရားကို သူသိရှိသွားရသည်။ အပြာရောင်ကျောက်လမ်းတွင် ကျင့်ကြံသည့်အချိန်၌ တာအိုမီးတောက် ၂၉၀၀ ကို လောင်ကျွမ်းစေပြီးသည့်နောက်တွင် သူ အလွန်အားနည်းသည့် ထာဝရစွမ်းအင်ကြောင်းတစ်ခုကို ကျင့်ကြံခဲ့သေးသည်ကို ပြန်အမှတ်ရမိသွားသည်။ သို့သော်လည်းထိုအချိန်တုန်းက သူ၏ဒဏ်ရာများ ပြင်းထန်လှသောကြောင့် ထိုထာဝရစွမ်းအင်သည် ပုံစံအပြည့်မဖြစ်လိုက်နိုင်ပေ။

ယခင်က ထိုထာဝရစွမ်းအင် ပျောက်ကွယ်သွားပြီဟု သူထင်ခဲ့သော်လည်း အမှန်တကယ်တွင် ထိုထာဝရတာအိုစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲဖြစ်ပြီး ယခုပေါ်လာခြင်းပင်။

“ခန္ဓာကိုယ်အခွံနဲ့ ပေါင်းသွားပြီးတော့ မူလဝိဉာဉ်ထဲ ဝင်သွားတယ် .. ဒါက စွမ်းအားမကြီးဘူးဆိုရင်တောင်မှ ငါ့အသက်ကို ကယ်နိုင်သေးတယ်..” ရှီဟောင် တီးတိုးပြောလိုက်သည်။

ယခု ဤစွမ်းအင်ကြောင်းကို သူ၏ခန္ဓာကိုယ်မှ မငြိမ်းသတ်နိုင်တော့ပေ။ ဤသည်မှာ ထာဝရစွမ်းအင်မဟုတ်တော့ပဲ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းကဲ့သို့ ဖြစ်နေလေပြီ။

“ငါ ဒါကိုသုံးပြီးတော့ ဒီကနေ ထွက်ရမယ်” ရှီဟောင် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ့ကိုယ်သူ စွမ်းအားကြီးလာအောင် လုပ်မည်။

သူ၏ မူလဝိဉာဉ်ကို တိုက်စားနေသည့် စွမ်းအားကို ခုခံကာ အမှောင်ထဲတွင် ရုန်းကန်နေလေ၏။

ဤအချိန်အတောအတွင်းတွင် သူသည် အကြိမ်ပေါင်းများစွာ အန္တရာယ်နှင့် ကြုံခဲ့ရသော်လည်း နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်သွားသည်။ နောက်ဆုံးတွင်တော့ သူ စွမ်းရည်အသစ်တစ်ခုကို ရရှိသွားလေပြီ။ သူသည် အမှောင်ထဲမှ စွမ်းအင်များကို စုတ်ယူနိုင်လေပြီ။

ထာဝရတာအိုစွမ်းအင်ရှိရုံဖြင့်ပင် သူဤအရာကို ပြုလုပ်နိုင်လေပြီ။

ရှီဟောင်သည် အနက်ရောင်လှောင်အိမ်ကြီးကို ဖွင့်နိုင်ရန်အတွက်သာ အာရုံစိုက်ထားလိုက်သည်။

အချိန်သည် ဆက်လက်စီးဆင်းနေဆဲဖြစ်ပြီး မည်မျှကုန်ဆုံးသွားပြီဖြစ်သနည်းဆိုသည်ကိုပင် သိနိုင်ရန် ခက်ခဲသည်။ နှစ်ပေါင်း တစ်ရာခန့် ကုန်ဆုံးသွားပြီဟု ရှီဟောင်ခံစားလိုက်ရသောကြောင့် သူအေးခဲသွားရသည်။ ဤသည်မှာ သူအသိမှားခြင်းပဲလား..

အချိန်အတော်ကြီးကြာမှသာ သူ၏အမြင့်ဆုံးအခြေအနေသို့ သူပြန်ရောက်ရှိလာသည်။ အဘယ်ကြောင့်ဆိုသော် လေဟာနယ်ထဲမှ ဝိဉာဉ်စွမ်းအင်များကို စုတ်ယူရန် ခက်ခဲလှသည်။

ဒီစွမ်းအားက အမှောင်ထုလှောင်အိမ်ကြီးကို ချိုးဖျက်နိုင်ပါ့မလား..

ရှီဟောင်မသိပေ။

သို့သော်လည်း သူတတ်နိုင်သမျှ ကြိုးစားရမည်သာ။

“ငါကျရှုံးသွားရင် ငါနောက်ထပ် နှစ်တစ်ရာ ထပ်စောင့်ရမှာလား” ရှီဟောင် စိတ်ထဲ လေးလံသွားရသည်။ သူသည် အမှောင်ထုထဲမှ စွမ်းအင်များကို ထပ်မံစုတ်ယူလိုက်ပြီး သူ၏မူလဝိဉာဉ် အားကောင်းလာအောင် လုပ်လိုက်သည်။

နောက်ထပ် ဆယ်စုနှစ် နည်းနည်းလောက် ထပ်ကုန်သွားပြီထင်တယ် .. ဟုတ်တယ်မလား .. ရှီဟောင်မသိပေ။ သူ၏မူလဝိဉာဉ် အနည်းငယ် ပို၍အားကောင်းလာသည်ကိုတော့ သူခံစား၍ရသည်။

သူထပ်မစောင့်နိုင်တော့ပေ။ သူကြိုးစားကြည့်ရမည်။

အပြင်ဘက်လောကတွင် တကယ်နှစ်တစ်ရာ ကုန်သွားပြီဆိုပါက သူ၏ခန္ဓာကိုယ်ကရော ထိုနေရာတွင် ရှိနေပါဦးမလား .. ထာဝရရှေးဟောင်းမြေ၏ စွမ်းအားလုပွဲလည်း ပြီးခါနီးနေလောက်ပြီ .. အားလုံး ပြီးရင်လည်း ပြီးသွားလောက်ပြီ…

“ငါ ပြန်သွားရမယ် ..” ရှီဟောင် စိတ်ထဲမှ အော်ဟစ်လိုက်သည်။

“အားလုံးကို စွန့်စားလိုက်တော့မယ်”

လက်ရှိရှီဟောင်သည် ဤနေရာသို့ ဝင်လာသည့်အချိန်တုန်းကထက်တော့ ပို၍ စွမ်းအားကြီးနေပြီဖြစ်သည်။

ရှီဟောင်သည် ထာဝရတာအိုစွမ်းအင်ကို သူ၏ခန္ဓာကိုယ်ရှိ လျှို့ဝှက်ပညာအမျိုးမျိုးနှင့် ပေါင်းစည်းလိုက်ပြီး သူ၏ဘဝတွင် စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။

ဝုန်း..

အနက်ရောင်လှောင်အိမ်ကြီး တုန်ခါသွားပြီး အနည်းငယ်ပျက်ယွင်းသွားသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုလှောင်အိမ်မှာ ပွင့်မလာသေးပေ။

သို့သော်လည်း ထိုတိုက်ခိုက်မှုသည် ရှီဟောင်၏ မူလဝိဉာဉ်ကို တုန်ခါသွားစေပြီး ပြိုကွဲမလိုပင် ဖြစ်သွားခဲ့သည်။

“နောက်ထပ်တစ်ခေါက်…”

ရှီဟောင် အော်ဟစ်လိုက်ကာ သူ၏လက်ကျန်အင်အားကို အကုန်လုံး အသုံးပြုလိုက်သည်။ သူချက်ချင်းပင် လျှို့ဝှက်ပညာများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ထုတ်သုံးလိုက်သည်။ စုစုပေါင်း ကိုးချက် ရိုက်လိုက်လေ၏။

ဖူး..

ရှီဟောင်သည် နောက်ပြန်လဲကျသွားပြီး သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာဖြင့်ပင် အရောင်မှိန်လာပြီး သူ၏မူလဝိဉာဉ်လည်း အားနည်းလာကာ တိုက်စားခံလာရသည်။

လှောင်အိမ်ကြီးသည် ဆက်တိုက်ပင် ပုံပျက်သွားသော်လည်း ပွင့်မသွားပေ။ သူသာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

ရှီဟောင်သည် သူ၏စွမ်းအားကြီးသည့် ဝိဉာဉ်ခွန်အားကို အသက်သွင်းလိုက်ပြီး တိုက်စားခြင်းမှ ကာကွယ်လိုက်သည်။ ထို့နောက်တွင် သူ၏ဝိဉာဉ်ကို နောက်တစ်ကြိမ် အားဖြည့်ရန် လုပ်လိုက်သည်။

တစ်ကြိမ်ကြုံတွေ့ပြီးသွားပြီဖြစ်သောကြောင့် သူ၏မူလဝိဉာဉ်ကို လျင်မြန်စွာပင် တည်ငြိမ်အောင် လုပ်နိုင်သွားသည်။ သို့သော် လေဟာနယ်ထဲမှ စွမ်းအားများကို စုတ်ယူခြင်းမှာ ခက်ခဲနေဆဲပင်။

“ဘယ်နှနှစ်တောင် ကုန်သွားပြီလဲ .. နောက်ထပ် ရာစုနှစ်တစ်ခု ကုန်သွားပြီထင်တယ်” သူ၏မျက်လုံး နောက်တစ်ကြိမ် ပွင့်လာသည့်အချိန်တွင် သူ၏မျက်ဝန်းထဲ၌ ဝမ်းနည်းမှုများ ရှိနေသည်။

သူ့အတွက်သူ ဝမ်းနည်းခြင်းမဟုတ်ပဲ အဆင့်နိမ့်နယ်မြေအကြောင်း ပြန်တွေးမိသွားသောကြောင့်ပင်။ သူချစ်သည့်သူများသည် သူ့ကို နောက်တစ်ကြိမ် ပြန်မမြင်နိုင်တော့ပါက သူတို့ ဘယ်လိုခံစားရမည်နည်း..

ဆယ်စုနှစ် အနည်းငယ်အတွင်း သူတို့ကို ပြန်လာတွေ့မည်ဟု သူကျောက်တုံးကျေးရွာမှ လူများကို ပြောခဲ့သည်။ သို့သော်လည်း ယခု ဘယ်နှနှစ်ပင် ရှိနေပြီဖြစ်သနည်း..

ထို့အပြင် မီးပိုးစာပင်အောက်မှ မိန်းကလေး .. သူမရော ဘယ်ရောက်နေပြီလဲ .. သူမ နေကောင်းရဲ့လား..

ရွာမှ လူများ တစ်ယောက်ပြီးတစ်ယောက် အသက်ကြီးသွားသည်ကို သူမမြင်ချင်၊ မျိုးဆက်များ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကာ ရွာနောက်တွင် မြှုပ်ထားသည့် အုတ်ဂူများကိုသာ သူမကြည့်ချင်ပေ။ သူထွက်သွားချင်သည်။

“ငါ ပြန်သွားရမယ်…” သူကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

အမှောင်ထုထဲတွင် သူသည် ဆက်တိုက်ပင် ကျင့်ကြံပြီးရင်း ကျင့်ကြံနေရာ သူ၏မူလဝိဉာဉ်ကို ယခင်တစ်ခေါက်ကထက် ပို၍စွမ်းအားကြီးအောင် လုပ်လိုက်သည်။

သူသည် ကျင့်ကြံရင်းဖြင့်ပင် သံသယဝင်လာရသည်။ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ .. ဘာလို့ဒီမှာ ဝိဉာဉ်စွမ်းအားတွေ ရှိနေတာလဲ .. ဘာလို့ ဒီမှာ ကျင့်ကြံလို့ရနေတာလဲ .. ဒီအနက်ရောင်လှောင်အိမ်ကြီးထဲမှာ ဘာဖြစ်နေတာလဲ..

ဒါက ပြန်လည်ဝင်စားခြင်းလား .. သူ့ရဲ့အသွေးအသားတွေက သေဆုံးသွားပြီးတော့ ပြန်ဝင်စားဖို့ကို စောင့်နေတာလား…

“ဘာ ပြန်ဝင်စားတာမှ မရှိဘူး .. ငါရအောင် ထွက်မယ်”

အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲဆိုတာကိုတောင် ရှီဟောင်မသိတော့ပေ။ နှစ်တစ်ထောင်လား .. နှစ်တစ်သောင်းလား ..

“ဘာလို့လဲ” သူရေရွတ်လိုက်သည်။

ဤနေရာတွင် သူ၏နှလုံးခုန်နှုန်းကို သူသေချာ ကြားလာရသည်။ အတိတ်မှအဖြစ်အပျက်များအားလုံးသည် သူ၏စိတ်ထဲတွင် ပေါ်လာလေသည်။

သူငယ်စဉ်ကနေ ကြီးလာသည့်အထိ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

သူငယ်ရွယ်စဉ်က သူ၏အဆင့်လွန်အရိုးကို ဆုံးရှုံးလိုက်ရသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများစိုရွှဲနေပြီး တစ်နေ့ထက်တစ်နေ့ အားနည်းလာသည်။ သူ၏မှတ်ဉာဏ်ထဲတွင် လူတစ်ယောက်သာ ရှိတော့ပြီး သူ၏မျက်ရည်များကို သုတ်ကာ သူ့အား အမှတ်ရနေဖို့ ပြောခဲ့သည်။

ထို့နောက်တွင် ကျောက်တုံးကျေးရွာ..

မိုးမခနတ်ဘုရား…

“ငါပြန်သွားပြီးတော့ သူတို့ကို သွားတွေ့ချင်တယ်”

ခေတ်ပေါင်းတစ်ထောင်ကုန်ဆုံးသွားပြီဟု ရှီဟောင်ခံစားနေရသည်။ သူ၏မူလဝိဉာဉ်သည် ကြောက်စရာကောင်းလောက်အောင် သန်မာနေပြီဖြစ်သည်။

ဝုန်း..

သူ၏လက်သီးချက်ထဲတွင် အားအကုန်ထည့်လိုက်သည်။ နောက်ဆုံးတွင်တော့ အကျိုးရှိသွားလေပြီ။ သူသည် အနက်ရောင်လှောင်အိမ်ကြီးကို ဖောက်နိုင်ပြီး အလင်းအနည်းင်ကို မြင်ရလေပြီ။ သူသည် အချိန်မြစ်နှင့် အခြားလှောင်အိမ်များကိုလည်း မြင်နေရသည်။

“ငါဘယ်လိုပြန်ရမှာလဲ .. ငါဘယ်လမ်းကို သွားရမှာလဲ” ရှီဟောင်စိတ်လှုပ်ရှားနေပြီး သူ၏ခန္ဓာကိုယ်ပင် တုန်ယင်နေလေပြီ။ သူလှောင်အိမ်ထဲမှ ထွက်နိုင်သော်လည်း လမ်းအမှန်ပေါ်သို့ သူဘယ်လို ပြန်သွားရမလဲ …

အပြင်ဘက်လောကတွင် …

ကျွင်းသောက်၊ ကောင်းကင်နိုင်ငံမှဘုရင်၊ နတ်ဘုရားကျောင်းမှ မြင့်မြတ်သားတော်တို့သည် လူအနည်းငယ်ကို ခေါ်လာကာ ရှီဟောင်ရှိနေသည့် တောင်သို့ ရောက်ရှိလာလေသည်။ အစီအရင်ဆရာများမှ လှုပ်ရှားလိုက်သည်နှင့် အစီအရင်များပျက်စီးသွားကာ ရှီဟောင်၏ ခန္ဓာကိုယ်ကို သူတို့တွေ့မြင်လိုက်ရလေသည်။

ဤသည်မှာ အလွန်ပင် စွမ်းအားကြီးသည့် အစီအရင်ဆရာဖြစ်သည့် မြို့ခံလူတစ်ယောက်ပင်။

အနက်ရောင်လှောင်အိမ်ထဲတွင် ရှီဟောင်သည် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီဟု ထင်နေသော်လည်း တကယ်တမ်းတော့ ထိုသို့မဟုတ်ပေ။ အမှောင်ထုကြောင့် သူဤကဲ့သို့ ခံစားနေရခြင်းပင်။

ထိုနေရာတွင် ဝိဉာဉ်ခွန်အားများ ပေါများလှပြီး သူ၏မူလဝိဉာဉ်သည် ထပ်ခါတလဲလဲ အဆင့်မြင့်လာသည်။

သူပြန်ရောက်လာသည်နှင့် သူ၏မူလဝိဉာဉ်သည် အခြားသူများ ထိတ်လန့်သွားရလောက်အောင် အလွန်စွမ်းအားကြီးလာလိမ့်မည်။

“ထာဝရစွမ်းအင်နှစ်ကြောင်းလား…” ကျွင်းသောက် စိတ်ထဲ တုန်လှုပ်သွားရသည်။

ကောင်းကင်နိုင်ငံမှ ဘုရင်၏အမူအရာပင်လျှင် ပြောင်းလဲသွားလေ၏။ ထိုလူသည် ထိုနေရာတွင် ထိုင်နေဆဲဖြစ်ပြီး သူ၏အသွေးအသားများမှာ တစ်စစီဖြစ်နေသော်လည်း ထာဝရစွမ်းအင်မှ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားဆဲပင်။

“သူအိပ်ပျော်နေတာ .. ဘာဝိဉာဉ်လှိုင်းမှ မရှိဘူး .. ငါတို့အစီအရင်တွေကို ဖြတ်လာတာတောင်မှ သူက တုံ့ပြန်မှုမရှိဘူးဆိုတော့ ဒါက ငါတို့အတွက် အခွင့်အရေးပဲ .. လှုပ်ရှားကြ…”

သူတို့သည် လျင်မြန်စွာဖြင့်ပင် အရှေ့ဘက်သို့ တရှိန်ထိုး ပြေးလာကြလေ၏။

အပိုင်း ၁၁၂၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၂၉ – ဝိဉာဉ်ဆင့်ခေါ်ခြင်း

တောင်အလယ်တွင် ရှီဟောင် မလှုပ်မယှက်ထိုင်နေပြီး သူ၏ခန္ဓာကိုယ်လည်း အက်ကွဲကြောင်းများ ပြည့်နေသည်။ သူ၏တစ်ကိုယ်လုံး တစ်စစီဖြစ်နေပြီဟုပင် ပြော၍ရသည်။

သူပြိုကွဲမသွားရခြင်းမှာ သူ၏ခန္ဓာကိုယ်တွင် ရစ်ပတ်နေသည့် ထာဝရစွမ်းအင်နှစ်ကြောင်းကြောင့်ပင်။ ထိုစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို အတင်းဖိထားသောကြောင့်သာ ပြိုကွဲမသွားခြင်းပင်။

ကောင်းကင်နိုင်ငံ၏ ရှေးဟောင်းဘုရင်မှာ လျင်မြန်လွန်းလှသည်။ သူ၏ဓားဖြင့် ထိုးလိုက်သောကြောင့် လေဟာနယ်ကြီး အက်ကွဲသွားသည်။

ဤသည်မှာ လျှပ်စီးကဲ့သို့ပင် တောက်ပသည့် သွေးစွန်းနေသည့် သတ်ဖြတ်လိုခြင်းဓားပင်။ သူ၏ခန္ဓာကိုယ်သည် မြေပြင်နှင့်အပြိုင် ရှီဟောင်ထံသို့ ဦးတည်သွားလေ၏။

သူ၏ဓားသည် ရှီဟောင်၏မျက်ခုံးကြားကို ဦးတည်ထားခြင်းပင်။ ရှီဟောင်၏နဖူးတောက်ပလာပြီးနောက် တချွမ်ချွမ်အသံများ ထွက်ပေါ်လာသည်။ မီးပွားများပင် လွင့်ထွက်လာသောကြောင့် ရှီဟောင်၏ခန္ဓာကိုယ်မှာ မည်မျှပင် စွမ်းအားကြီးသည်ကို သိနိုင်သည်။

ဤသည်မှာ လူများစွာ၏ အမူအရာကို ပြောင်းလဲသွားစေသည်။

ဖူး..

ကောင်းကင်နိင်ငံဘုရင် အောင်မြင်သွားလေပြီ။ ဓားသည် ရှီဟောင်၏နဖူးထဲသို့ စိုက်ဝင်သွားပြီး သွေးများ လွင့်စင်လာသည်။

ရှီဟောင်၏ ခန္ဓာကိုယ်မှာ စွမ်းအားကြီးသော်လည်း ပျက်စီးလုနီးပါးဖြစ်နေပြီး ယခုအချိန်တွင် မူလဝိဉာဉ်လည်း မရှိပေ။

ရှီဟောင်က ဒီလိုနဲ့သေတော့မှာလား .. မည်သူက မယုံကြည်နိုင် ဖြစ်နေကြသည်…

ရှေးဟောင်းလူထူးဆန်းများကိုပင် အနိုင်ယူခဲ့သည့် စွမ်းအားကြီးလှပြီး ပြိုင်ဘက်ကင်းသည့် ဟွမ်သည် ဤကဲ့သို့ပင် အသတ်ခံရတော့မည်လား .. ဤသည်မှာ သူတို့ကို မျက်လုံးများပင် ပြူးကျယ်သွားစေသည်။

“သေစမ်း…”

ကျွင်းသောက် လေထဲသို့ တက်သွားလိုက်သည်။ သူ၏ခြေလှမ်းတစ်လှမ်းပင်လျှင် ကျန်းတစ်ထောင် ရှိလေသည်။ သူ၏လက်ထဲတွင် ငွေရောင်လှံတံကို ကိုင်ထားလေသည်။ ထိုလှံတံသည် ဖူးဟူသည့်အသံနှင့်အတူ ရှီဟောင်၏ရင်ဘတ်ကို ထိုးဖောက်သွားလေ၏။

အနီရင့်ရောင်သွေးများ ထွက်ပေါ်လာပြီး ငွေရောင်လှံတံတစ်လျှောက် စီးကျသွားသည်။

“ဟား ဟား ဟား .. ဟွမ် မင်းလည်း ဒီလိုနေ့မျိုး ရှိသေးတာလား…” ကျွင်းသောက် ရယ်မောလိုက်သည်။ သူ၏မျက်နှာမှာ အေးစက်ကာ ရက်စက်သည့်အငွေ့အသက်များ ပြည့်လေသည်။ သူ၏လက်ထဲတွင် ငွေရောင်လှံတံကို ကိုင်ထားပြီး မြေပြင်ထက်တွင် သွေးများအိုင်နေသောကြောင့် သူသည် နတ်ဆိုးနတ်ဘုရားနှင့် တူနေလေသည်။

ဤကဲ့သို့သော မြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။

ဟွမ် .. သေသွားပြီ..

သူ၏မျက်ခုံးကြားမှာ ထိုးဖောက်ခံလိုက်ရခြင်းမှာ သူ၏မူလဝိဉာဉ် ဖျက်ဆီးခံလိုက်ရပြီဟု ဆိုလိုခြင်းပင်။

ထို့အပြင် ကျွင်းသောက်၏ လှံတံသည် သူ၏သွေးနှင့် အရိုးများကို ဖျက်ဆီးလိုက်လေပြီ။ ဤသည်မှာ ရှီဟောင် သေဆုံးသွားပြီဟု သက်သေပြနေခြင်းပင်။ မဟုတ်ရင် သူကဘာလို့ နည်းနည်းလေးလောက်တောင်မှ တုံ့ပြန်မှုမရှိရတာလဲ..

သနားစရာပဲ .. သူက ဒီလိုမျိုး သေတော့မှာလား .. အချို့လူများသည် တိုးတိတ်စွာပင် သက်ပြင်းချလိုက်သည်။

အရှေ့ဆုံးတွင်ရှိနေသည့် သူများမှာ ထိတ်လန့်သွားကြသည်။ ဟွမ်သေဆုံးသွားသော်လည်း သူအသွေးအသားများမှာ စွမ်းအားကြီးလွန်းလှသည်။ အခြားသူများသာဆိုပါက ပထမရိုက်ချက်ကတည်းက ပေါက်ကွဲသွားလောက်လေပြီ။

အထူးသဖြင့် ကျွင်းသောက်၏လှံတံသည် နတ်ဘုရားတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်သွားစေနိုင်သည်။ သို့သော်လည်း ဟွမ်၏ခန္ဓာကိုယ်သည် အပေါက်ဖြစ်သွားသည့် နတ်ရွှေကဲ့သို့ပင်။ မီးပွားများ လွင့်ထွက်လာလေ၏။

“ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံထားတာလား .. ဒါက တော်တော်လန့်ဖို့ ကောင်းတာပဲ .. မယုံနိုင်စရာပဲ…”

အစီအရင်ဆရာဟု ခေါ်သည့်သူတစ်ယောက် လျှောက်လာပြီး သက်ပြင်းချလိုက်သည်။ သူသည် ထာဝရရှေးဟောင်းမြေရှိ လူမျိုးစုကြီးတစ်ခုမှ မြို့ခံပင်။ သူသည် ရှီဟောင်၏ခန္ဓာကိုယ်ကို ကြည့်ကာ ထိတ်လန့်သွားရသည်။

သူသည် ရန်လိုစွာ လာခဲ့ခြင်းဖြစ်သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူနောင်တရမိသွားသည်။ အံ့အားသင့်စရာကောင်းသည့် ဂျီးနီးယပ်စ်မှာ အစောကြီး ကြွေလွင့်သွားလေပြီ။

“ထာဝရရှေးဟောင်းခေတ်မှာတောင်မှ ဒီလိုလူမျိုးက အရမ်းရှားတယ် .. သူသေတာ တကယ်စောလွန်းတယ် .. ဒါပေမဲ့ တစ်ခြားသူတွေကိုလည်း အပြစ်တင်လို့မရဘူလေ .. မင်းက ရှေးဟောင်းဆေးခင်းထဲ ဝင်ဖို့ ဘယ်သူပြောလို့လဲ” သူတီးတိုးပြောလိုက်သည်။

ဤနေရာတွင်ရှိနေသည့်သူများမှာ တည်ငြိမ်အောင် လုပ်နိုင်ရန် ခက်ခဲနေကြလေသည်။

ရှီဟောင်၏ခန္ဓာကိုယ်သည် အက်ကွဲကြောင်းများ ပြည့်နေပြီး ဒဏ်ရာများ မရေမတွက်နိုင်အောင် ရှိနေသော်လည်း ထာဝရစွမ်းအင်နှစ်ကြောင်းမှာ တောက်ပနေဆဲပင်။

တစ်ကြောင်းသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး အခြားတစ်ခုမှာ ယခုမှ ဖြစ်တည်လာသောကြောင့် သိပ်မထင်ရှားသေးပေ။

ထိုစွမ်းအင်ကြောင်းနှစ်ခုသည် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်ဆက်ပေးနေလေသည်။

ဤသည်မှာ မည်မျှပင် ထိတ်လန့်ဖို့ကောင်းသည့် မြင်ကွင်းဖြစ်သနည်း..

လူများစွာမှာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။ သူတို့သည် တံတွေးကိုပင် ခက်ခက်ခဲခဲနှင့် မြိုချလိုက်ရသည်။

ထာဝရစွမ်းအင်တစ်ကြောင်းပင်လျှင် မရေမတွက်နိုင်သည့် ဂျီးနီးယပ်စ်များအတွက် ခက်ခဲနေပြီဖြစ်သော်လည်း သူ့ထံတွင် ထာဝရစွမ်းအင်နှစ်ကြောင်းရှိနေသည်။

“ဟွမ်က တကယ်ကို အတိတ်မှာရော လက်ရှိမှာရော တောက်ပလွန်းတယ်…”

ရန်သူများပင်လျှင် ဤကဲ့သို့ သက်ပြင်းချနေကြရသည်။

“သူက ဘယ်လောက်ပဲ တော်တော် နောက်ဆုံးတော့ သူသေသွားတာပဲမလား..” ကျွင်းသောက် ခေါင်းမော့ကာ ပြောလိုက်သည်။ သူ၏မျက်လုံးများထဲမှ ဓားသွားနှင့်တူသည့် အလင်းတန်းများ ထွက်နေသည်။ သူသည် လှံတံကို ရှီဟောင်ထံသို့ ချိန်ရွယ်ထားလေသည်။

“ဟား ဟား …” ကောင်းကင်နိုင်ငံမှ ရှေးဟောင်းလူထူးဆန်းလည်း ကျယ်လောင်စွာပင် ရယ်မောနေလေသည်။ သူ၏ပုံရိပ်သည် အချိန်မရွေး ပျောက်ကွယ်သွားတော့မလိုပင် မှုန်ဝါးနေသည်။ သူ၏အော်ရာလည်း ကြောက်စရာကောင်းလွန်းလှသည်။ သူ၏ရယ်သံမှာ အခြားသူများကို ဦးရေပြားများပင် ထုံကျဉ်သွားစေ၏။

သူသည် ပထမဆုံး တိုက်ခိုက်သည့်သူဖြစ်ပြီး ရှီဟောင်ကို အောင်မြင်စွာ သတ်နိုင်သည့်သူပင်။

ဤသည်မှာ သူတို့ဘဝ၏ အခမ်းနား အကြီးကျယ်ဆုံး စာမျက်နှာများ ဖြစ်မည်သာ။ ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့် ထူးခြားဂျီးနီးယပ်စ်တစ်ယောက်ကို သတ်နိုင်ခြင်း…

“ငါ့အတွက် ဖျက်ဆီးပစ်…”

ကျွင်းသောက် အော်ဟစ်လိုက်ကာ လက်ထဲတွင်ရှိနေသည့် ငွေရောင်လှံတံကို အသက်သွင်းလိုက်သည်။ အလင်းရောင်များမှာ နေလုံးကြီးကဲ့သို့ပင် တောက်ပလာသည်။

“ရပ်လိုက်..” ထိုအစီအရင်ဆရာမှ အလောတကြီး အော်ပြောလိုက်သည်။ သူ၏မျက်ဝန်းများမှာ အလင်းတန်းများ ဖြာထွက်နေလေသည်။

ဒင်း..

ဓားသံထွက်ပေါ်လာပြီး ကောင်းကင်နိုင်ငံဘုရင်သည် ထိုငွေရောင်လှံတံ၏ သင်္ကေတများကို သူ၏သတ်ဖြတ်ခြင်းဓားဖြင့် တားဆီးလိုက်သည်။

“ဘာလို့လဲ” ကျွင်းသောက် မေးလိုက်၏။

“ဒီခန္ဓာကိုယ်က တန်ဖိုးကြီးတယ် .. သူက ထာဝရစွမ်းအင်ကြောင်းနှစ်ခုကို ကျင့်ကြံပြီးသွားပြီဆိုတော့ ဒါက နတ်ဆေးပင်တွေထက်တောင် ရှားသေးတယ်” ကောင်းကင်နိုင်ငံဘုရင် ပြောလိုက်သည်။

“ဟုတ်တယ် .. ငါတို့ဒီခန္ဓာကိုယ်ကို လိုချင်တယ် ..” အစီအရင်ဆရာမှ ပြောလိုက်သည်။ သူသည် ထိုခန္ဓာကိုယ်သာ စိုက်ကြည့်နေလေ၏။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး၏အမူအရာပြောင်းလဲသွားသည်။ ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့် ခန္ဓာကိုယ်မှာ သေချာပေါက် အဖိုးတန်မည်ပင်။ သို့သော်လည်း နောင်ကျလျှင် ထိုစွမ်းအင်များ ပျက်ပြယ်သွားမလားဆိုတာကိုတော့ မသိနိုင်ပေ။

မြင့်မြတ်သားတော်သည် မျက်မှောင်ကြုတ်လိုက်ကာ “သူ့ရဲ့ မူလဝိဉာဉ်က သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာ မဟုတ်ဘူးဆိုတော့ သူမသေသေးဘူး .. ထူးဆန်းလိုက်တာ”

“ဟမ် .. ဟုတ်တယ် .. သူ့ရဲ့ မူလဝိဉာဉ်ကသူ့ရဲ့ခေါင်းထဲမှာ ရှိနေသင့်တာ မဟုတ်ဘူးလား .. ဘာလို့မရှိတာလဲ” မြို့ခံများထဲမှ လူတစ်ယောက်လည်း ထိတ်လန့်သွားသည်။

အနက်ရောင်လှောင်အိမ်ထဲတွင်ရှိနေသည့် ရှီဟောင်၏ မူလဝိဉာဉ် တုန်လှုပ်သွားရသည်။ သူသည် နာကျင်မှုကို ခံစားလိုက်ရသော်လည်း ဘာကြောင့်ဖြစ်မှန်းမသိပေ။ သူ၏နှလုံးခုန်နှုန်းများလည်း မြန်ဆန်နေသည်။

“ဘာဖြစ်တာလဲ .. ငါ့ရဲ့ မူလဝိဉာဉ်က ထိခိုက်တာလဲမရှိပဲနဲ့ ဘာလို့ဒီလိုမျိုး ဖြစ်နေတာလဲ” သူ၏ခန္ဓာကိုယ်တွင် အဆိုးရွားဆုံးအရာများ ဖြစ်နေသကဲ့သို့ပင် ရှီဟောင်ခံစားနေရသည်။

“နှစ်ပေါင်းများစွာကြာတော့ ငါ့ခန္ဓာကိုယ်က ပျက်စီးတော့တာများလား” ရှီဟောင် တုန်လှုပ်သွားရသည်။ သူသည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ကုန်ဆုံးသွားပြီဟု ထင်နေခြင်းပင်။

အမှောင်ထုကြောင့် သူအထင်မှားနေခြင်းပင်။

“ဖျက်ဆီးမယ်” ရှီဟောင် အနက်ရောင်လှောင်အိမ်ကြီးကို ရိုက်ချလိုက်သည်။ သူအလင်းရောင်ကို မြင်နေရပြီဖြစ်သည်။ ဤနေရာသည် ပျက်စီးနေပြီး လေဟာနယ်လည်း အက်ကွဲနေပြီ။ သူလွတ်မြောက်တော့မည်။

တစ်ခုတည်းသော ပြဿနာမှာ ဘယ်လိုပြန်သွားရမည်ကို သူမသိခြင်းပင်။

လမ်းက ဘယ်မှာလဲ…

အပြင်ဘက်လောကတွင် ..

“တကယ်ထူးဆန်းတယ် .. သူ့ရဲ့ မူလဝိဉာဉ်က ဘယ်ရောက်သွားတာလဲ .. ဘာလို့ဒီမှာ မရှိတာလဲ” အခြေအနေသိသွားသည့်လူများမှာ အလွန်ပင် ထိတ်လန့်သွားရသည်။

“ဒဏ္ဍာရီထဲကလိုမျိုး သူ့ရဲ့ခန္ဓာကိုယ်က ထာဝရစွမ်းအင်ကို ကျင့်ကြံနိုင်သွားပြီးတော့ သူ့ရဲ့ မူလဝိဉာဉ်က နောက်ဆုံးအဆင့်မှာ ရှုံးနိမ့်သွားတာများလား” မြို့ခံထဲမှ လူအချို့ ပြောလိုက်သည်။

“ဟုတ်သားပဲ .. ထာဝရရှေးဟောင်းမြေမှာ အဲဒီလိုလူမျိုးတွေရှိတယ် .. ဒါပေမဲ့ သူတို့အားလုံးက ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ဂျီးနီးယပ်စ်တွေချည်းပဲ .. ဒီလူတွေက ဒီထက်ပိုပြီးတော့ စွမ်းအားကြီးချင်တော့ သီးသန့်ခန်းထဲမှာ လေ့ကျင့်ကြတယ် .. ဒါပေမဲ့ နောက်ဆုံးတော့ သူတို့ခန္ဓာကိုယ်တွေပဲ ကျန်ခဲ့ပြီး သူတို့ရဲ့ မူလဝိဉာဉ်တွေကို မတွေ့ရတော့ဘူး .. ဒီလိုအဖြစ်အပျက်မျိုးက တစ်ယောက်မက ရှိခဲ့တာ” အစီအရင်ဆရာ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး စိတ်လှုပ်ရှားသွားရသည်။ ဤအဖြစ်အပျက်များမှာ အလွန်ထူးဆန်းလှပြီး လက်မခံနိုင်စရာ ကောင်းလှသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့အား အံ့အားတကြီး ဖြစ်စေသည်။ ဟွမ်သည် အလွန်အထင်ကြီးစရာကောင်းလှပြီး ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်း ခံရသည့် နောက်ဆုံးခေတ်မှ ဂျီးနီးယပ်စ်များဖြင့်ပင် ယှဉ်နိုင်လေသည်။

“ငါတကယ်သိချင်တာ .. သီးသန့်ခန်းထဲမှာ ကျင့်ကြံပြီးသွားရင် သူတို့ရဲ့ မူလဝိဉာဉ်တွေက ဘယ်ရောက်သွားတာလဲ .. သူတို့သေသွားတယ်ဆိုရင်တောင်မှ ဝိဉာဉ်အပိုင်းအစလေးလောက်တော့ ကျန်ခဲ့သင့်တာလေ ဟုတ်တယ်မလား” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“အားလုံး .. အနောက်ကို နည်းနည်းလောက် ဆုတ်ပေးကြပါဦး .. ငါစမ်းစရာရှိလို့ .. သူ့ရဲ့မူလဝိဉာဉ်အပိုင်းအစတွေ ကျန်နေသေးလာဆိုတာကို ငါသိချင်တယ်” မြင့်မြတ်သားတော် ပြောလိုက်သည်။

မြင့်မြတ်သားတော်သည် ရှီဟောင်နှင့် သိပ်မဝေးသည့်နေရာတွင် ထိုင်လိုက်ကာ ကျမ်းစာများကို စတင်ရွတ်ဖတ်လိုက်သည်။ သူရွတ်ဖတ်လိုက်သည်နှင့် ထူးဆန်းသည့် သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်လာကာ လောဟာနယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ဤသည်မှာ ဝိဉာဉ်ဆင့်ခေါ်သည့်အသံနှင့် တူသကဲ့သို့ ဝိဉာဉ်ဖိနှိပ်သည့်သီချင်းနှင့်လည်း တူနေသည်။ ဤသင်္ကေတများသည် ကောင်းကင်ဘုံကိုးခုနှင့် မြေအောက်ကိုးလွှာသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ကျမ်းစာများမှာ ရှေးကျကာ ကြောက်စရာကောင်းလောက်သည့် ထိုးဖောက်နိုင်သည့်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။ သူတို့သည် ကောင်းကင်ဘုံဖြစ်စေ မြေအောက်ဖြစ်စေ မည်သည့်နေရာကိုမဆို သွားလာနိုင်လေသည်။

မြင့်မြတ်သားတော်၏ပါးစပ်မှ ထူးဆန်းသည့်သင်္ကေတများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုသင်္ကေတများမှာ ရွှေများဖြင့် ထွင်းထုထားသကဲ့သို့ပင် တောက်ပနေလေ၏။

“ဒါက ဘာအသံကြီးလဲ .. ထူးဆန်းတဲ့သင်္ကေတတွေက ဝိဉာဉ်တစ်ခုကို ဆင့်ခေါ်နေသလိုမျိုး စုစည်းသွားတယ်” ရှီဟောင် ထိတ်လန့်သွားရသည်။

ရှီဟောင်သည် အမှောင်ထုထဲတွင် ရပ်နေပြီး ပြန်ထွက်ရမည့်လမ်းကို ရှာဖွေနေခြင်းပင်။ သူ၏မူလဝိဉာဉ်မှာ အလွန်စွမ်းအားကြီးသွားပြီဖြစ်ပြီး အနက်ရောင်လှောင်အိမ်ကြီးကို ဖောက်ထွက်သွားနိုင်ပြီဖြစ်သည်။ သူသည် ရုတ်တရက်ပင် ထူးဆန်းသည့်အသံများကို ကြားလိုက်ရပြီး သင်္ကေတအချို့ကိုလည်း တွေ့လိုက်ရသည်။

ရှီဟောင်သည် ထိုထူးဆန်းသည့်သင်္ကေတများထံသို့ လျှောက်သွားလိုက်သည်။ ဘာဖြစ်နေသလဲဆိုတာကို သူသွားကြည့်ရမည်။

အပြင်ဘက်တွင်ရှိနေသည့်သူအားလုံးမှာ ငြိမ်သက်နေလေ၏။ သူတို့အားလုံးသည် မြင့်မြတ်သားတော်မှ ကျမ်းစာများရွတ်ဖတ်နေသည်ကို ကြည့်နေလေသည်။

“ဟား ဟား..” ကျွင်းသောက်၏ ရယ်သံထွက်ပေါ်လာသည်။ သို့သော်လည်း ထိုရယ်သံမှာ အေးစက်လှလေသည်။

လက်ရှိတွင် သူသည် လှံတံကို ကိုင်ထားဆဲဖြစ်ပြီး နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေခြင်းပင်။

ယခုအချိန်တွင်ရှီဟောင်၏ ခန္ဓာကိုယ်မှာ နတ်ဆေးပင်များထက်ပင် အဖိုးတန်နေသည်ကို အားလုံးသိကြသည်။ ဤခန္ဓာကိုယ်ကိုသာ ရသွားသည်နှင့် ထာဝရစွမ်းအင်နှစ်ကြောင်းကို ပိုင်ဆိုင်သွားမည်ပင်။

“ပျက်စီးသွားတဲ့ ဝိဉာဉ်ကို ဆင့်ခေါ်လို့ ရလို့လား .. လိုရောလိုအပ်လို့လား” တစ်စုံတစ်ယောက်မှ တိုးတိတ်စွာ ပြောလိုက်သည်။

“လိုအပ်တယ် .. ဒီလိုမျိုးအခွံကြီးကို သတ်တော့ရော ဘာလုပ်ရမှာလဲ .. သူ့ရဲ့ပျက်စီးသွားတဲ့ နတ်ဝိဉာဉ်က ဘယ်လိုမျိုး ဖြစ်နေမလဲဆိုတာကို ငါသိချင်သေးတယ်” ကျွင်းသောက် ရယ်မောကာ ပြောလိုက်သည်။

အမှောင်ထုထဲတွင်ရှိနေသည့် ရှီဟောင်သည် အရှေ့ဘက်သို့ တစ်လှမ်းချင်း လျှောက်လာနေသည်။ မထင်မှတ်စွာဖြင့်ပင် သူအိမ်ပြန်လမ်း တွေ့သွားလေပြီ။

အိမ်ပြန်လမ်းကို ရှာတွေ့နိုင်ရန်အတွက် အချိန်အတော်ယူရလိမ့်မည်ဟု သူထင်ထားခဲ့ခြင်းပင်။

“အမ်..” ရှီဟောင်သည် သူ၏ခန္ဓာကိုယ်နှင့် အလွန်ပင် နီးကပ်နေပြီဟု သူခံစားနေရသည်။ သူသည်အရာအားလုံးကို ခံစားနေနိုင်ပြီဖြစ်သောကြောင့် ဖြစ်ပျက်နေသည့်ကိစ္စများကို နားလည်သွားသည့်အချိန်တွင် သူဒေါသထွက်သွားရသည်။

ဝုန်း..

သူဘာမှ မလုပ်ရသေးသော်လည်း သူအမှောင်ထုထဲမှ ထွက်လိုက်သည်နှင့် သူ၏မူလဝိဉာဉ်သည် သူ၏ဦးခေါင်းခွံထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူသည် မတတ်သာစွာဖြင့်ပင် နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။

သူ၏မျက်လုံးများ ရုတ်တရက်ပွင့်လာကာ သူ၏ရင်ဘတ်ကို ထိုးဖောက်ထားသည့်လှံတံကို ကိုင်လိုက်သည်။

“မင်း..” ကျွင်းသောက် ထိတ်လန့်သွားကာ သူ၏ခန္ဓာကိုယ် တုန်ယင်သွားရသည်။ ဤသည်မှာ ဝိဉာဉ်အပိုင်းအစ မဟုတ်ပေ။

“သတ်…” ရှီဟောင်၏ဆံပင်များ လေထဲတွင် လွင့်မျောနေပြီး သူ၏မျက်လုံးမှ ကြောက်စရာကောင်းသည့်အလင်းတန်းများ ထုတ်လွှတ်နေသည်။ သူသည်ချက်ချင်းပင် ကျွင်းသောက်အား တိုက်ခိုက်လိုက်သည်။

အပိုင်း ၁၁၂၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၀ – ထာဝရစွမ်းအင်နှစ်ကြောင်း၏ စွမ်းအား

“အသက်ရှင်နေတယ် .. သူအသက်ရှင်နေတုန်းပဲ..” ကျွင်းသောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားလုံးကို သတိပေးလိုက်သည်။ ဤသည်မှာ သူ့အတွက် အကူအညီတောင်းခြင်းလည်း ဟုတ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ၏လှံတံသည် ရှီဟောင်၏ရင်ဘတ်တွင် စိုက်နေဆဲဖြစ်သော်လည်း သူထိတ်လန့်နေဆဲပင်။

လက်ရှိအချိန်တွင် ရှီဟောင်၏အော်ရာမှာ ကြောက်စရာကောင်းလှသည်။ ဤသည်မှာ လှောင်အိမ်ထဲမှ လူသားပုံစံ သားရဲကြီးထွက်လာသကဲ့သို့ပင်။ သူ၏အကြည့်များမှာ ကျောချမ်းစရာ ကောင်းလွန်းလှသည်။

ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ၏လျှာမှ လျှပ်စီးများပစ်လွှတ်လာလေသည်။ သူ၏ခန္ဓာကိုယ်မှာ လေထဲတွင် ရှိနေပြီး သူသည် နတ်အသံဖြင့် တိုက်ခိုက်ခြင်းပင်။

အား…

ကျွင်းသောက်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး မျက်နှာလည်း ဖြူဖျော့သွားသည်။

ဝုန်း..

ရေကြီးလာသည့်အသံကဲ့သို့ပင် ရှီဟောင်၏အော်သံသည် ကောင်းကင်ကို လွှမ်းမိုးသွားသည့်လှိုင်းများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကျွင်းသောက်သည် သွေးပမာဏများစွာ အန်သွားလေ၏။ ရန်သူမှာ မည်မျှပင် စွမ်းအားကြီးသည်ကို စဉ်းစားကြည့်ရန်ပင် ခက်ခဲလေသည်။

ကျွင်းသောက်သည် လှံတံကို ကိုင်ထားဆဲဖြစ်ပြီး သူ၏အကြည့်များမှာ အေးစက်နေလေ၏။ အစီအရင်ဆရာ၏ အကြံကို သူလျစ်လျူရှုလိုက်တော့မည်။ ဤခန္ဓာကိုယ်မှာ မည်မျှပင် ကောင်းနေပါစေ သူဤအတိုင်းမထားနိုင်တော့ပေ။

ငွေရောင်လှံတံတောက်ပလာလေသည်။ သူသည် ရှီဟောင်ကို တစ်ခါတည်းပေါက်ကွဲသွားအောင် လုပ်ချင်သောကြောင့် သူ၏စွမ်းအားအကုန်လုံးကို သုံးလိုက်လေသည်။

ထိုအချိန်တွင် ရှီဟောင်သည် လှံတံတစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်လိုက်ပြီး သင်္ကေတများ မထွက်လာနိုင်အောင် ပြုလုပ်လိုက်သည်။

သူ၏အခြားလက်တစ်ဖက်သည် လေထဲသို့ မြှောက်တက်သွားကာ တောက်ပသည့်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။ သူ၏လက်ဝါးသည် ကောင်းကင်ဓားတစ်လက်ကဲ့သို့ပင် ငွေရောင်လှံတံကို ချိုးပစ်လိုက်လေ၏။

ဖုန်းဟူသည့်အသံနှင့်အတူ ရှီဟောင်သည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လာလေသည်။ သူ၏လက်များကို ချက်ချင်းပင် အပြင်ဘက်သို့ ဆန့်တန်းလိုက်လေ၏။

ဤအရာများအားလုံးမှာ ပိုးစုန်းကြူးမီးတစ်ပွင့်စာအတွင်း ဖြစ်သွားခြင်းပင်။ ဟွမ် အသက်ရှင်နေလိမ့်မည်ဟု မည်သူမျှမထင်ထားကြပေ။

ဘာဖြစ်နေတာလဲ .. ဟွမ်က သူ့မျက်ခုံးကြား အထိုးခံရပြီးတော့ သေသွားပြီမဟုတ်ဘူးလား .. သူ့နှလုံးကို လှံနဲ့လည်း ဖောက်သွားတာကို သူကဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလဲ ..

ဟွမ် ပြန်လည်ရှင်သန်လာခြင်းမှာ အားလုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ အားလုံးမှာ စိတ်ထဲတွင် တုန်လှုပ်နေကြသည်။ သူပြသလိုက်သည့်စွမ်းအားမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူ့ကိုသာ အသက်ရှင်ခွင့်ပေးလိုက်လျှင် သူတို့ ဘာလုပ်ကြရတော့မည်နည်း.. သူတို့အတော်များများ သေသွားလောက်သည်။

ကျွင်းသောက် နောက်ပြန်ဆုတ်လိုက်သည်။ သူသည် ရှီဟောင်၏ပြိုင်ဘက်မဟုတ်သည်ကို သူသိသည်။ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော်လည်း သူ့ထံတွင် ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည်။ ဤသည်မှာ သူတို့နှိုင်းယှဉ်၍ရသည့်အရာမဟုတ်ပေ။

သို့သော် ရှီဟောင်မှာ သူ့ထက်ပိုမြန်လေသည်။ သူရပ်နေခဲ့သည့်နေရာတွင် ပုံရိပ်ယောင်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ အခြားသူများလည်း တိုက်ခိုက်လာကြသော်လည်း သူ၏အရှိန်ကို မမှီနိုင်သောကြောင့် လေကိုသာ တိုက်ခိုက်မိလေသည်။

“မင်းက ဘာလို့ ဝိဉာဉ်အကြွင်းအကျန်ကို ဆင့်ခေါ်လိုက်တာလဲ” ယခုအချိန်တွင် ကျွင်းသောက်၏မျက်ဝန်းထဲတွင် ဒေါသတရားများ၊ နောင်တတရားများ ပြည့်နှက်နေပြီး သူသည် မြင့်မြတ်သားတော်အား ဒေါသပုံချနေလေသည်။

သူတို့သည် ကပ်ဆိုးကြီးကို ဖိတ်ခေါ်လိုက်ခြင်းပင်။ သူ့ဘက်မှ လူများကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်လိုက်ချင်မိသည်။

“မင်းက ဘယ်ကို ပြေးချင်နေတာလဲ” ရှီဟောင် အော်ပြောလိုက်ပြီးနောက် ကျွင်းသောက်ဘေးတွင်ပေါ်လာလေသည်။

“သတ်…”

ကျွင်းသောက် အော်ဟစ်လိုက်သည်။ သူ၏စွမ်းအားအကုန်လုံးကို သုံးနေသောကြောင့် သူ၏ခေါင်းစခြေဆုံး သင်္ကေတများ သိပ်သည်းစွာ ဖုံးအုပ်သွားလေသည်။

အခြားသူများထံမှ အကူအညီမရမှီ ရှီဟောင်အား တောင့်ခံထားနိုင်ရန်အတွက် သူအစွမ်းကုန် ကြိုးစားနေခြင်းပင်။ ဤသည်ကို ဖြတ်ကျော်နိုင်မှ သူအသက်ရှင်နိုင်လိမ့်မည်။

ဝုန်း…

အဆုံးမရှိသည့်သင်္ကေတများ ထွက်ပေါ်လာပြီး ထိုသင်္ကေတများမှာ အလွန်ပင် တောက်ပနေလေသည်။ ဤသည်မှာ သူ၏နတ်စွမ်းရည်ဖြစ်သည့် ကြီးမြတ်သော ကောင်းကင်ပညာပင်။ ဤသည်မှာ ကောင်းကင်ကိုပင် ဖြိုချနိုင်သည်ဟု သိထားကြသည့်ပညာပင်။ မိုးခြိမ်းသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး နတ်ခွန်အားများလည်း တိုင်းတာ၍မရလောက်အောင်ပင်။

စွမ်းအားလှိုင်းတစ်ခုသည် ကြောက်စရာကောင်းသည့် အလင်းလုံးလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုစွမ်းအားလှိုင်းကြောင့် လူများစွာမှာ ချက်ချင်းပင် လွင့်ထွက်သွားပြီး သွေးအန်သွားကာ သူတို့၏ခန္ဓာကိုယ်လည်း စုတ်ပြတ်သွားလေသည်။

ဤသည်မှာ အဆင့်အမြင့်ဆုံး နတ်စွမ်းရည်ပင်။ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းနှစ်ခုလုံးပါသည့် စွမ်းရည်တစ်ခုပင်။

အလင်းလုံးသည် ကောင်းကင်နေမင်းကြီးကဲ့သို့ပင် ကျွင်းသောက်အား ဝန်းရံထားလေ၏။

ဖုန်း..

သို့သော် လက်မောင်းတစ်ဖက်သည် မြက်ပင်များ ဆွဲနှုတ်လိုက်သကဲ့သို့ပင် အလင်းအတားအဆီးကို ဖြတ်ကျော်လာလေ၏။ ကြီးမြတ်သောကောင်းကင်ပညာလည်း ရှီဟောင်၏ညာလက်ကို မဟန့်တားနိုင်ပေ။

“ဘာ…” ကျွင်းသောက်သည် မျက်နှာပျက်သွားကာ ချက်ချင်းပင် ချွေးစေးများ ထွက်ပေါ်လာသည်။

“ချိုးဖျက်မယ်” သူကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ပျက်စီးနေသည့်လှံတံဖြင့် ခုခံလိုက်သည်။ ထိုလှံတံသည် နေလုံးလေးတစ်လုံးကဲ့သို့ပင် သင်္ကေတများ ထွက်ပေါ်နေလေသည်။

သို့သော် သူ့ကို ထိတ်လန့်သွားစေသည်မှာ ရှီဟောင်၏ညာလက်မောင်းတွင် ထာဝရစွမ်းအင်များ ဝေ့ဝဲနေပြီး သူ၏ပျက်စီးနေသည့် လှံတံကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်လေသည်။ ထိုလက်တစ်ဖက်သည် သူ့အား လာရောက်ဆွဲနေလေပြီ။

ကျွင်းသောက်ကြောက်ရွံ့သွားရသည်။ သူ၏လက်မောင်းကို သုံးကာ ခုခံကာကွယ်လိုက်သည်။ သူသည် စွမ်းအားအကြီးဆုံး လက်သီးချက်ကိုပင် ထုတ်သုံးလိုက်သည်။

ဖုန်း..

ရှီဟောင်သည် ကျွင်းသောက်၏ လက်သီးကို ဖမ်းလိုက်ပြီး အားထည့်လိုက်သည်နှင့် ခွပ်ခနဲအသံ ထွက်ပေါ်လာသည်။ ဤအသံမှာ သွားများကျိန်းသွားစေပြီး ဆံပင်များပင် ထောင်ထသွားစေသည်။

အားလုံးမှာ မျက်လုံးများပြူးကျယ်သွားပြီး အေးခဲသွားကြလေ၏။ ဤမြင်ကွင်းမှာ လန့်စရာကောင်းလွန်းလှသည်။

ကျွင်းသောက် ကျယ်လောင်စွာ အော်ဟစ်နေပြီး သူ၏မျက်နှာထက်တွင် ဘာအရောင်မှ မရှိတော့ပေ။ သူ၏လက်သီးသည် ရှီဟောင်လက်ထဲတွင် သစ်ကြားသီးကဲ့သို့ ကြေမွနေလေပြီ။

ဤသည်မှာ မည်ကဲ့သို့ ကြောက်စရာကောင်းသည့် စွမ်းအားဖြစ်သနည်း.. ရှေးဟောင်းလူထူးဆန်း၏ စွမ်းအားအကြီးဆုံး လက်သီးချက်သည် ဤကဲ့သို့ပင် ချေဖျက်ခံလိုက်ရပြီး လက်ရိုးများပင် ပျက်စီးသွားလေပြီ။

“အား…” ကျွင်းသောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ၏လက်သီးကို လောင်ကျွမ်းစေလိုက်သည်။ ရှီဟောင်၏လက်ထဲမှ လွတ်ရန်အတွက် သူ၏လက်ကိုပင် ပေါက်ကွဲစေလိုက်ပြီး တစ်ဖက်လူ ဒဏ်ရာရအောင် လုပ်လိုက်သည်။

ရှီဟောင်သည် ထိုလက်ကို လွှတ်လိုက်ပြီး ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။

“မဟုတ်ဘူး..” ကျွင်းသောက် ထိတ်လန့်သွားရသည်။ သူ၏လက်ကိုခါလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ထိန်းနိုင်ရန်အတွက် ပါးစပ်မှကျမ်းစာများကိုလည်း ရွတ်ဖတ်လိုက်သည်။ ထို့အပြင် သင်္ကေတများကိုလည်း ထုတ်လွှတ်ကာ ထိုလက်ဖြင့် ရှီဟောင်ကို ရိုက်ရန်ကြိုးစားလိုက်သည်။

ခွပ်…

ဤအသံမှာ ကြည်လင်ပြတ်သားလှသည်။ ဤသည်မှာ အရိုးကျိုးသွားသည့် အသံပင်။

ထို့နောက်တွင် ပိုကြောက်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့လေသည်။ ရှီဟောင်သည် အားအနည်းငယ်သာ ထည့်လိုက်သော်လည်း ကျွင်းသောက်၏လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားကာ သွေးများ ပန်းထွက်လာသည်။

ထို့နောက်တွင် သူသည် ထိုလက်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်လေသည်။

သူသည် နတ်ဆိုးဘုရင်မှ စာခြောက်ရုပ်လက်ကို ဖြတ်လိုက်သကဲ့သို့ပင်။ သူသည် အားအများကြီးကိုတောင် မသုံးလိုက်ရပေ။

ဖုန်း..

ရှီဟောင်သည် သူ၏လည်ပင်းကို ညှစ်ပြီး မြှောက်တက်သွားအောင် လုပ်လိုက်သည်။ ထိုအချိန်မှသာ သူသည်ရပ်တန့်လိုက်ကာ ဤနေရာတွင်ရှိနေသည့်သူအားလုံးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ကျွင်းသောက် ရုန်းကန်နေသော်လည်း သူလုံးဝစွမ်းအားမရှိသလို ခံစားနေရသည်။ သူသုံးလိုက်သည့်ပညာများလည်း ဘာမှအသုံးမဝင်တော့ပေ။ ထာဝရစွမ်းအင်နှစ်ကြောင်းသည် ရှီဟောင်၏ခန္ဓာကိုယ်ကို ဝေ့ဝဲနေပြီး မည်သည့်ပညာမှ ကျူးကျော်မလာနိုင်အောင် တားဆီးထားလေသည်။

ယခုအချိန်တွင် အားလုံးသည် ကြောက်လန့်တကြားဖြင့်ပင် ထိုမြင်ကွင်းကို ကြည့်နေကြလေသည်။

ဤသည်မှာ ထာဝရစွမ်းအင်နှစ်ကြောင်း၏ စွမ်းအားလား .. မည်သူက ဤသည်ကို ယှဉ်နိုင်မည်နည်း..

“ငါတို့ ဝိဉာဉ်ကို မဆင့်ခေါ်ခဲ့သင့်ဘူး .. ငါတို့ မလုပ်ခဲ့သင့်ဘူး” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။

ဤသည်မှာ မြေအောက်တံခါးကို ဖွင့်လိုက်ပြီး နတ်ဆိုးနတ်ဘုရားကို ထွက်ခိုင်းလိုက်သည်နှင့် အတူတူပင်။

ဤကဲ့သို့ဖြစ်အောင် သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းပင်။ ဟွမ်၏ခန္ဓာကိုယ်မှာ အစက လှုပ်ရှားမှုမရှိတော့ပဲ သူ၏မူလဝိဉာဉ်လည်း ပျောက်ဆုံးနေလေပြီ။ သို့သော် မြင့်မြတ်သားတော်မှ ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ ခုကျမ်းစာကို ရွတ်ဖတ်လိုက်သည့်အချိန်တွင် .. မထင်မှတ်ပဲ သူ့အားပြန်ခေါ်သလို ဖြစ်သွားခဲ့သည်။

“ဘာလို့ ဒီလိုမျိုး ဖြစ်ရတာလဲ .. သူ့ရဲ့ မူလဝိဉာဉ်က ဘယ်ရောက်နေခဲ့တာလဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

မြင့်မြတ်သားတော်သည် ပို၍ပင် ခါးသီးနေပြီး ဘာပြောရမည်မှန်းပင် မသိတော့ပေ။ ကောင်းကင်နိုင်ငံမှ ရှေးဟောင်းလူထူးဆန်းတို့သည်လည်း အတူတူပင်။

သူတို့၏ မူလရည်ရွယ်ချက်မှာ ရှီဟောင်၏ ပျက်စီးသွားသည့်ဝိဉာဉ်၏ တည်နေရာကို သိရအောင်ဖြစ်သည်။

သို့သော်လည်း သူတို့သည် ပျက်စီးနေသည့် နတ်ဝိဉာဉ်ကို ဆင့်ခေါ်မိခြင်းမဟုတ်ပဲ ပြီးပြည့်စုံသည့် မူလဝိဉာဉ်ကို ဆင့်ခေါ်မိသွားသည်။

ဒေါသတကြီး အော်ဟစ်သံနှင့် ဆွေးနွေးသံများကို နားထောင်ပြီးသည့်နောက်တွင် ဘာဖြစ်ခဲ့သည်ကို ရှီဟောင် နားလည်သွားရသည်။ ထို့နောက်တွင် သူသည် ပြုံးလိုက်ကာ “ကျေးဇူးတင်ပါတယ်”

မြင့်မြတ်သားတော်သည် ချက်ချင်းပင် သွေးအန်ချင်သွားသည်။ သူသည် ပေါက်ကွဲလွယ်သည့်စိတ်သဘောထားရှိသူမဟုတ်သော်လည်း ယခုအချိန်တွင် အော်ဟစ်ပစ်လိုက်ချင်သည်။ သူ၏ရန်သူ ပြန်လာနိုင်အောင် သူကူညီပေးမိသွားလေပြီ။

“မင်းမှာ ပြောစရာရှိရင်လည်း ငါတို့ အေးအေးဆေးဆေးပြောလို့ရပါတယ် .. ကျွင်းသောက်ကို လွတ်ပေးလိုက်ပါလား” တစ်စုံတစ်ယောက်မှ တောင်းပန်လိုက်သည်။

“ဒါတွေအကုန်လုံးက .. ကောင်းကင်ဘုံကိုးခုနဲ့ကမ္ဘာမြေ၁၀ခု ကျမ်းစာကြောင့်ပဲ” ကောင်းကင်နိုင်ငံဘုရင် တိုးတိတ်စွာ ပြောလိုက်သည်။

“ခင်ဗျားတို့ အားလုံး ဒီလိုမျိုး ရူးမိုက်တဲ့အလုပ်မလုပ်ခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် မြင့်မြတ်သားတော်နှင့် အခြားသူများအားလုံး သွေးများ ဆူပွက်လာကြသည်။ သူတို့သည် အော်ဟစ်လိုက်ချင်သော်လည်း သူတို့ပါးစပ်မှ ဘာမှထွက်မလာပေ။

“ဟွမ်… ” ကျွင်းသောက် အံကြိတ်ကာ ပြောလိုက်သည်။ သူသည် ရှေးဟောင်းဘုရင်တစ်ပါးဖြစ်သော်လည်း ဤကဲ့သို့ အဆုံးသတ်သွားလေပြီ။

ရှီဟောင်၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်မှာ နာကျင်လွန်းလှသည်။ သူ၏နှလုံးကို လှံတံဖြင့် ထိုးဖောက်ထားသောကြောင့် ဒဏ်ရာမှာ ပြင်းထန်လွန်းလှသည်။ ကံကောင်းစွာဖြင့်ပင် သူ ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံပြီးသွားပြီဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်မှာ အခြားသူများနှင့် မတူတော့ပေ။

“ငါ့ကို လှံနဲ့ထိုးခဲ့တာဆိုတော့ မင်းကို အရင်ဆုံး ပို့ပေးမယ်” ရှီဟောင် နူးညံ့စွာပင် ပြောလိုက်ပြီး ကျွင်းသောက်ကို တိုက်ခိုက်လိုက်သည်။

ကျွင်းသောက် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းနေလေပြီ။ သူမသေချင်သေးဘူး .. သူသည် အားကုန်သုံးကာ ရုန်းကန်နေလေ၏။ နောက်ဆုံးတွင် သူသည် ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်ရန် စဉ်းစားလိုက်သည်။

သို့သော်လည်း သူလုပ်သမျှအရာအားလုံးမှာ အရာမဝင်ပေ။ ရှီဟောင်သည် သူ့အား စက္ကူလှေတစ်စင်းကဲ့သို့ပင် စုတ်ဖြဲလိုက်လေသည်။

ဖူး..

နောက်ဆုံးတွင် ရှီဟောင်သည် သူ၏ရင်ဘတ်တွင် စိုက်နေသည့်လှံတံကို ဆွဲနှုတ်လိုက်ကာ ကျွင်းသောက်၏မျက်ခုံးကြားတွင် ထိုးစိုက်လိုက်သည်။

ကျွင်းသောက်သေဆုံးသွားလေပြီ။ သို့သော် ရှီဟောင်နှင့်အတူသည်မှာ သူ့ကိုပြန်ခေါ်၍မရတော့ပေ။ သူ၏မူလဝိဉာဉ်မှာ ပျက်စီးသွားလေပြီ။

အခြေအနေများ ပြောင်းလဲသွားသည်မှာ လျင်မြန်လွန်းလှသည်။ အစောပိုင်းလေးကတင် ကျွင်းသောက်၏လှံတံသည် ရှီဟောင်၏ရင်ဘတ်ထဲတွင် စိုက်နေခြင်းဖြစ်သော်လည်း ယခုတော့ ကျွင်းသောက်အသတ်ခံလိုက်ရပြီး ဟွမ် အသက်ပြန်ရှင်သွားလေပြီ။

“အမ်..” ရှီဟောင် ထိတ်လန့်သွားရသည်။ ယခုအချိန်တွင် သူ၏မူလဝိဉာဉ်သည် အလွန်စွမ်းအားကြီးနေပြီဖြစ်သောကြောင့် အစီအရင်ဆရာမှ တိတ်တဆိတ်လှုပ်ရှားပြီး အစီအရင်များ ပြုလုပ်နေသည်ကို အာရုံခံမိသွားသည်။

ရွှီး..

အလင်းတန်းတစ်ခု ပေါ်လာပြီး ထိုနေရာတွင် ရှီဟောင်၏ပုံရိပ်ယောင်သာ ကျန်ရစ်ခဲ့လေသည်။

“သူ့ကို တားလို်က…”

ကောင်းကင်နိုင်ငံမှဘုရင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားလုံးကို ရှီဟောင်အား တားဆီးရန် အမိန့်ပေးလိုက်သည်။

မြို့ခံများအပါအဝင် သက်ရှိများ အရှေ့ဘက်သို့ တရှိန်ထိုး တက်လာကြလေသည်။ အစီအရင်ဆရာအတွက် သူတို့အချိန်ဆွဲပေးရမည်။ အဘယ်ကြောင့်ဆိုသော် အစီအရင်များဖြင့် ရှီဟောင်ကို သတ်၍ရနိုင်သည်။

အစီအရင်ဆရာ၏ နည်းလမ်းမှာ အံ့အားသင့်စရာ ကောင်းလှသည်။ အဆောင်များ တောက်ပလာပြီး သတ်ဖြတ်သည့်အလင်းများလည်း လျှံထွက်လာသည်။

သို့သော်လည်း ဖူးဟူသည့်အသံနှင့်အတူ သူ၏ကြိုးစားအားထုတ်မှုများအားလုံး အလဟဿဖြစ်သွားသည်။ ထိုအစီအရင်ဆရာကြီး၏ ခေါင်းသည် ခန္ဓာကိုယ်နှင့် ကွဲကွာသွားပြီး အနီရောင်သွေးများ တောက်ပလာလေသည်။

ရှီဟောင်သည် ထိုနေရာတွင် ရပ်တန့်မနေပဲ ကောင်းကင်နိုင်ငံမှဘုရင်ထံသို့ သွားလိုက်သည်။ သူသည် ဓားအစား သူ၏လက်ညှိုးကို အသုံးပြုကာ ကောင်းကင်နိုင်ငံဘုရင်၏ နဖူးကို ထိုးစိုက်လိုက်သည်။

ကောင်းကင်နိုင်ငံမှ ဘုရင်၏ ဆံပင်မွေးများ ထောင်ထသွားရသည်။ ယခင်က သူသာ အခြားသူများကို လုပ်ကြံခဲ့သော်လည်း ယခုတော့ သူသားကောင်ဖြစ်နေလေပြီ။

ထိုအချိန်တွင် ကောင်းကင်ထက်မှ ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ မြင့်မြတ်သားတော်သည် ရှီဟောင်ကို ဖိနှိပ်နိုင်ရန် ကောင်းကင်ထက်တွင် ထိုင်နေပြီး ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ၁၀ခုကျမ်းစာကို ရွတ်ဖတ်နေခြင်းပင်။ သူသည် ရှီဟောင်၏မူလဝိဉာဉ်ကို ပြန်ခေါ်ပြီး အမှားလုပ်ထားသောကြောင့် သူ၏အမှားကို ပြန်ပြင်လိုခြင်းပင်။

ဟက်…

ရှီဟောင်၏ နတ်အာရုံစွမ်းအားများမှာ ထိုကျမ်းစာများထက်ပင် စွမ်းအားကြီးနေပြီဖြစ်သည်။

မြင့်မြတ်သားတော်၏ ခန္ဓာကိုယ် တုန်ယင်သွားကာ သူ၏မျက်ခုံးကြားမှ ကွဲအက်လာကာ သွေးများစီးကျလာလေ၏။ ဒီမူလဝိဉာဉ်က ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ…

“နှစ်ခုလုံးသုံးမယ်” ရှီဟောင် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် လျှပ်စီးများထွက်လာသကဲ့သို့ပင် လေဟာနယ်ကြီး ပေါက်ကွဲသွားပြီး ဘေးနားပတ်လည်တွင်ရှိနေသည့် လူများစွာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားလေသည်။ ထို့အပြင် စွမ်းအားအကြီးဆုံး နတ်စွမ်းအားလှိုင်းလည်း ထွက်ပေါ်လာပြီး မြင့်မြတ်သားတော်၏ မျက်ခုံးကြားကို ထိုးစိုက်သွားကာ သွေးများ စီးကျသွားစေလေသည်။

ဤသည်မှာ အခြားသူများကို ထိတ်လန့်သွားစေလေသည်။ သူ၏မူလဝိဉာဉ်သည် တစ်ချက်လှည့်လိုက်ရုံဖြင့် ရန်သူများကို သတ်နိုင်သွားလောက်အောင် စွမ်းအားကြီးနေလေပြီ။

ရှီဟောင်သည် လက်နှစ်ဖက်ဖြင့် ကောင်းကင်နိုင်ငံဘုရင်၏ သွေးစွန်းနေသည့်ဓားကို လှုပ်ရအောင် ညှပ်ထားလေ၏။ သူပြင်းထန်စွာ လှုပ်ရမ်းလိုက်သည်နှင့် ဓားမှာ ပျက်စီးတော့မည်။

“သတ်…” ကောင်းကင်နိုင်ငံဘုရင်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူသည် အမှောင်ထဲမှနေ၍ တိုက်ခိုက်သည့် လုပ်ကြံသူဖြစ်သော်လည်း ယခုအချိန်တွင် ဤအခြေအနေထိရောက်အောင် တွန်းပို့ခံလိုက်ရလေပြီ။ ထို့ကြောင့် သူလည်း တိုက်ခိုက်ရုံသာ ရှိတော့သည်ပင်။

ခွပ်…

ကျိုးပဲ့သွားသည့်အသံနှင့်အတူ ထူးခြားသည့်နတ်ပစ္စည်းဖြစ်သည့် သွေးစွန်းနေသည့်နတ်ဓားသည် ရှီဟောင်လက်ထဲတွင် ကျိုးသွားလေသည်။ သူ၏လက်နှစ်ဘက်လုံးတွင် ထာဝရစွမ်းအင်များလည်း ဝေ့ဝိုက်နေလေသည်။

“ဒါက..” အားလုံးတုန်လှုပ်သွားရသည်။ သူတို့ဤလူကို မည်ကဲ့သို့ တိုက်ခိုက်ရတော့မည်နည်း…

ဖုန်း..

ရှီဟောင်သည် ပြင်းထန်သည့်တိုက်ကွက်များကို ဆက်တိုက်ပင် ပြုလုပ်လိုက်သ်ည။ မှော်တံဆိပ်များထွက်ပေါ်လာပြီး သင်္ကေတများလည်း ကောင်းကင်ထက်သို့ လျှံတက်သွားသည်။

ကောင်းကင်နိုင်ငံဘုရင်သည် လုပ်ကြံရေးပညာများအားလုံးကို အသုံးပြုကာ ခုခံနေရသည်။ သူ့အနားတွင် ထာဝရစွမ်းအင်တစ်ကြောင်းလည်း ရစ်ပတ်နေလေသည်။

ဖုန်း..

သို့သော်လည်း သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့်လူကို မတားဆီးနိုင်ပေ။ သူသည် လွင့်ထွက်သွားကာ သူ့တစ်ကိုယ်လုံးသည် ဒဏ်ရာများပြည့်နှက်သွားသည်။ သူသည် ကြွေထည်လေးကဲ့သို့ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သူ၏တစ်ကိုယ်လုံးတွင် အက်ကွဲကြောင်းများ ပြည့်နှက်နေလေပြီ။

ဖူး..

ထို့နောက်တွင် ကောင်းကင်နိုင်ငံဘုရင်သည် ပြင်းထန်လှသည့် ရိုက်ချက်ကို ခံစားလိုက်ရကာ သူ၏ခြေထောက်မှစ၍ တစ်လက်မစီအက်ကွဲလာလေ၏။

အပိုင်း ၁၁၃၀ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၁ – ကြောက်စရာကောင်းသောနဂါး

ကောင်းကင်နိုင်ငံမှ ရှေးဟောင်းလူထူးဆန်းကို အန္တရာယ်အများဆုံးပုဂ္ဂိုလ်ဟု သတ်မှတ်ထားကြခြင်းပင်။ သူသည် အမှောင်ထုထဲတွင် သွားလာနေပြီး သွေးများစီးကျနေသည့်ဓားဖြင့် လုပ်ကြံသတ်ဖြတ်လေသည်။ သူသည် မိုးကောင်းကင်အောက်တွင်ရှိနေသည့် မည်သူကိုမဆို သတ်နိုင်လေသည်။ သို့သော်လည်း ယခုအချိန်တွင် သူအန္တရာယ်ကြုံတွေ့နေရလေပြီ။

သူသည် အော်ဟစ်လိုက်ကာ ကောင်းကင်နိုင်ငံ၏ လျှို့ဝှက်ပညာကို အသက်သွင်းလိုက်သည်။ ဝင်ရောက်လာသည့်အားများကို ရပ်တန့်စေရန်အတွက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနီရောင်အလင်းများဖြင့် လွှမ်းခြုံလိုက်သည်။

သို့သော်လည်း ရှီဟောင်၏ရိုက်ချက်တွင် ထာဝရစွမ်းအင်နှစ်ကြောင်းပါဝင်နေသောကြောင့် လွယ်လွယ်ကူကူ ရပ်တန့်နိုင်မည်မဟုတ်ပေ။

ယခုအချိန်တွင် တစ်လက်မစီပျက်စီးနေသည်မှာ သူ၏ဒူးထိပင် ရောက်နေလေပြီ။

အရာအားလုံးဖြစ်ပျက်သွားသည်မှာ လျင်မြန်လွန်းလှသောကြောင့် ကောင်းကင်နိုင်ငံမှဘုရင်သည် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ယခုအချိန်တွင် ကောင်းကင်နိုင်ငံဘုရင်သည် ခြေထောက်နှစ်ဘက်လုံးကို ဆုံးရှုံးလိုက်ရလေပြီ။ ဤကဲ့သို့သော် မြင်ကွင်းမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။

သွေးမြူထွက်ပေါ်လာပြီး အေးစက်လှသည့် သွေးနံ့လည်း ထွက်ပေါ်လာလေသည်။

အား..

အမှောင်ထဲမှ လုပ်ကြံသည့် အဆင့်လွန်ပုဂ္ဂိုလ်သည် အော်ဟစ်လိုက်ကာ သူ၏ပုံစံအမှန် ထွက်ပေါ်လာလေသည်။ လေဟာနယ်ထဲတွင် မှုန်ဝါးသည့်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာလေ၏။ သူ၏ဆံပင်များမှာ သူ၏သတ်ဖြတ်ခြင်းဓားကဲ့သို့ပင် နီရဲနေလေသည်။

သူသည် ထာဝရစွမ်းအင်ကြောင်းကို အသက်သွင်းလိုက်ကာ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုထာဝရစွမ်းအင်ကြောင်းသည် လျင်မြန်စွာပင် ပျက်ပြယ်သွားကာ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းသို့ ရောက်လာလေသည်။ ဤစွမ်းအင်ကြောင်းသည် ရှီဟောင်၏ ထာဝရစွမ်းအင်နှစ်ကြောင်းကို မတားဆီးနိုင်ပေ။ သူတို့ကြားမှ စွမ်းအင်ကွာခြားမှုမှာ ကြီးမားလွန်းလှသည်။

သူ၏ပေါင်လည်း တစ်စစီ ပျက်စီးလာနေလေပြီ။ အနီရောင်အလင်းတန်းလည်း ထွက်ပေါ်လာလေ၏။ ဤသည်မှာ စွမ်းအားကြီးသည့် နတ်ခွန်အားများပါဝင်သည့် သွေးစွမ်းအင်များပင်။ သို့သော်လည်း ယခုအချိန်တွင် ထိုသွေးစွမ်းအင်များသည် ပျယ်လွင့်သွားရုံသာ တတ်နိုင်လေသည်။

ကောင်းကင်နိုင်ငံမှ ဘုရင်သည် မိစ္ဆာတစ်ကောင်နှင့်တူသည်။ သူ၏မျက်လုံးများမှာ ငွေ‌ရောင်ဖြစ်ပြီး အချိန်နှင့်အမျှ အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေလေသည်။ သူ၏မျက်လုံးထဲတွင် အရိုးများတောင်လိုပုံနေပြီး သွေးမြစ်များလည်း နေရာတိုင်းတွင် စီးဆင်းနေလေသည်။

ယခုအချိန်တွင် သူ၏အကြည့်များမှာ အေးစက်နေလေသည်။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် ရွှီးဟူသည့်အသံကိုကြားလိုက်ရသည်။ ထာဝရစွမ်းအင်တစ်ကြောင်း ဝန်းရံနေသည့် လက်ဝါးဖြင့် သူရိုက်ချလိုက်သည်။

သွေးအလင်းများ ထွက်ပေါ်လာပြီး လေဟာနယ်မှာ နီရဲသွားလေ၏။ ဤနေရာတွင်ဖြစ်ပျက်နေသည့် အဖြစ်အပျက်များမှာ အလွန်ပင်ကြောက်စရာကောင်းလှသည်။

ကောင်းကင်နိုင်ငံဘုရင်သည် ရန်သူများကို ရက်ရက်စက်စက်ဆက်ဆံရုံသာမက သူ့ကိုယ်သူလည်း ကြမ်းတမ်းလှသည်။ သူ၏ ထာဝရစွမ်းအင်ရစ်ပတ်နေသည့် လက်မှာ သတ်ဖြတ်ခြင်းဓားကဲ့သို့ပင် အလွန်ထက်ရှလှသည်။ သူ၏ခြေထောက်ကို သူကိုယ်တိုင် ဖြတ်ပစ်လိုက်လေသည်။

“ခင်ဗျားက တော်တော်လေး ဆုံးဖြတ်ချက် ပြတ်သားတာပဲ” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက်တွင် သူအနောက်ဆုတ်သွားလိုက်သည်။ တောင်များကြားမှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လေများလည်းတိုက်ခတ်လာလေသည်။ သူနောက်တစ်ကြိမ် တိုက်ခိုက်နေလေပြီ။

ကောင်းကင်နိုင်ငံမှဘုရင်သည် လျင်မြန်စွာဖြင့်ပင် နောက်ပြန်ဆုတ်လိုက်သည်။ သူ့ထံတွင် ခန္ဓာကိုယ်တစ်ဝက်သာ ရှိတော့သည်ပင်။

အားလုံးသည် ယခုမှသာ ထိတ်လန့်ခြင်းမှ လန့်နိုးလာကြလေသည်။ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ပြင်းထန်လှသော တိုက်ပွဲမှာ မြန်ဆန်လွန်းလှသည်။

“ဘုရားရေ .. အဆင့်လွန်လုပ်ကြံသူက ဒီအဆင့်ထိတောင် ရောက်သွားပြီလား .. သူ့ရဲ့ခန္ဓာကိုယ်တစ်ပိုင်းက ဖြတ်ခံလိုက်ရပြီး သူ့ရဲ့ အသွေးအသားတွေလည်း ထိခိုက်နေပြီ…”

အားလုံး ဆွံ့အသွားရသည်။ မိုးကောင်းကင်အောက်ရှိ ဂျီးနီးယပ်စ်များအားလုံးကို လုပ်ကြံနိုင်သည်ဟု နာမည်ကြီးသည့် ကောင်းကင်နိုင်ငံဘုရင်မှာ သူ၏ခန္ဓာကိုယ်တစ်ဝက်ကို ဆုံးရှုံးလိုက်ရလေပြီ။ အခြေအနေ သိပ်မကောင်းတော့သည့်ပုံပင်။

“ခင်ဗျားက ဘယ်ကို ဆုတ်သွားမလို့လဲ” ရှီဟောင် ပြောလိုက်သည်။ သူသည် တည်ငြိမ်စွာ လျှောက်လာသည်ဟု ထင်ရသော်လည်း သူ၏အနားတွင် ကြယ်တစ်လုံးရှိနေပြီး အချိန်များလည်းအေးခဲနေလေသည်။ ဤနေရာကို သဘာဝဥပဒေသများ ဝန်းရံသွားကာ သူ၏ခန္ဓာကိုယ်လည်း တောက်ပလာလေသည်။

ရုတ်တရက်ပင် ရှီဟောင့်ထံမှ ညည်းတွားသံ ထွက်လာလေသည်။ သူ၏နှလုံးမှ သွေးများစီးကျလာသလို သူ၏မျက်ခုံးကြားမှလည်း စီးကျလာသည်။

သူ အဆင့်တက်ရန် ကြိုးစားခဲ့သည့်အချိန်ကတည်းက ဒဏ်ရာရခဲ့ခြင်းပင်ဖြစ်ပြီး ယခုအချိန်တွင် သူသည် ကောင်းကင်နိုင်ငံဘုရင်နှင့် ကျွင်းသောက်တို့ထံမှလည်း တိုက်ခိုက်မှုများ ခံထားရခဲ့သေးသည်။

ရှီဟောင်၏ဝိဉာဉ်သည် သူ၏ခန္ဓာကိုယ်ထဲမှ ယခုမှ ပြန်ဝင်လာခြင်းဖြစ်သောကြောင့် သူ့အသက်အတွက် စိတ်ပူစရာမလိုပေ။ သို့သော်လည်း သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရှိနေသေးသည်။

အဆိုးဆုံးမှာ သူ၏နှလုံးပင်။ ထိုနေရာသည် အလွတ်ဖြစ်နေပြီး နှလုံးမရှိတော့ပေ။ အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် နှလုံးအပိုင်းအစများသာ ရှိတော့သည်။

သူ၏ခန္ဓာကိုယ်ကို ရွေ့လျားရန်အတွက် မှော်စွမ်းအားများကို သူအသုံးပြုနေရခြင်းပင်။ သူ၏နှလုံးမရှိတော့သဖြင့် သူ၏သွေးမှ စွမ်းအားများကို ထုတ်ယူရန်အတွက် သဘာဝဥပဒေသများကို အားကိုးနေရခြင်းပင်။

သူ၏မူလဝိဉာဉ် အဆင့်တက်သွားသော်လည်း အသွေးအသားမှာ အခြေခံကျသည့်အချက်ပင်။ မည်မျှပင်စွမ်းအာကြီးသည့်သူ ဖြစ်နေပါစေ အသွေးအသားရှိရန် လိုအပ်သည်။

သူ၏နှလုံးနေရာမှ သွေးတစ်တန်း လွင့်စင်သွားပြီး ကျန်းပေါင်းထောင်သောင်းများစွာ ရောက်ရှိသွားလေသည်။

“အခု အချိန်ကျပြီ .. တိုက်ကြတော့” ကောင်းကင်နိုင်ငံဘုရင် အော်ဟစ်လိုက်သည်။ သူသည် အမြဲတမ်း ခေါင်းအေးအေးထားတတ်သည့်သူပင်။ သူ၏ခြေထောက်များကို ဆုံးရှုံးပြီးသည့်နောက်တွင် သူသည် အခွင့်အရေးတစ်ခု ရလာရန်အတွက် စောင့်ဆိုင်းနေခဲ့ခြင်းပင်။

သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် မြင့်မြတ်သားတော်မှ တုံ့ပြန်လာသည်။ သူသည် ဤတစ်လျှောက်လုံးတွင် ကျမ်းစာများကို မနားတမ်းရွတ်ဖတ်နေခဲ့ခြင်းပင်။ ယခုအချိန်တွင် သူ၏ကျမ်းစာသံများမှာ ပို၍ပင် ကျယ်လာပြီး အလင်းတန်းများကဲ့သို့ပင် ရှီဟောင်ထံသို့ ဦးတည်သွားလေ၏။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ၁၀ခုကျမ်းစာသည် သူ၏ခွန်အားကို ပြသနေလေပြီ။ ရွှေရောင်စာလုံးများသည် လေဟာနယ်ကို ဖုံးလွှမ်းသွားပြီး ရှီဟောင်ရှိနေသည့်နေရာကို ချိတ်ပိတ်ထားလေသည်။

“ဟား ဟား..” ရှီဟောင်အေးစက်စွာပင် ရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ်၏အခြေအနေမှာ အလွန်စိုးရွားနေသော်လည်း သူကြောက်မနေပေ။ သူသည် လက်သီးချက်များဖြင့် ကျမ်းစာများကို ဖြိုခွဲပစ်လိုက်၏။ ထို့နောက်တွင် သူသည် ကောင်းကင်နိုင်ငံ၏ ကြောက်စရာကောင်းသည့် ရှေးဟောင်းလူထူးဆန်းထံသို့ ဦးတည်သွားကြသည်။

“ဖိနှိပ်မယ်”

ကောင်းကင်နိုင်ငံမှဘုရင်သည် လျှို့ဝှက်ရတနာတစ်ခုကို အသက်သွင်းလိုက်သောကြောင့် သတ်ဖြတ်လိုသည့်အလင်းများ ထွက်ပေါ်လာလေသည်။ ဤသည်မှာ ရက်စက်သည့်အော်ရာများကို သယ်ဆောင်ထားသည့် အရိုးဖြူယပ်တောင်ပင်။ အပြင်ဘက်သို့ ဖိနှိပ်နေသည့် အဆုံးမရှိသည့် ဝိဉာဉ်ခွန်အားလည်း ရှိနေလေသည်။

သူ၏ခန္ဓာကိုယ်မှာ တစ်ပိုင်းသာ ကျန်တော့သည်။ ဟွမ်သည် သူ့အရှေ့တွင်ရှိနေသည့်အရာအားလုံးကို အမှိုက်များကဲ့သို့ စုတ်ဖြဲပစ်နေကာ သူ့ကို ဘာမှမတားဆီးနိုင်ပေ။

အရိုးဖြူယပ်တောင်သည် အလွန်စွမ်းအားကြီးသည့် လျှို့ဝှက်ရတနာတစ်ခုပင်။ ဤယပ်တောင်သည် မရေမတွက်နိုင်သည့် သက်ရှိပေါင်းများစွာ၏ သွေးကို သောက်သုံးခဲ့ပြီးဖြစ်ပြီး မရေမတွက်နိုင်သည့် အသက်ဝိဉာဉ်များဖြင့် ပြုပြင်ပြီးထားပြီးသားပင်။ ယခုအချိန်တွင် ဤယပ်တောင်ကို လှုပ်ရမ်းလိုက်သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အက်ကွဲသွားလေသည်။

ဖုန်း..

ဤတောင်ကြီးတွင် ပျက်စီးနေသည့် အစီအရင်များရှိနေသော်လည်း ယခုအချိန်တွင် ထိုအစီအရင်များအားလုံး ပေါက်ကွဲသွားပြီး တောင်ကြီးလည်း ပြိုကျသွားသည်။

ဖုန်မှုန့်များသည် တိမ်တိုက်ထဲသို့ပင် လွင့်စင်သွားပြီး ကျောက်တုံးကြီးများလည်း တုန်ခါသွားကြသည်။ နတ်ငှက်မျိုးစုံနှင့် သားရဲများလည်း ခပ်ဝေးဝေးမှ ကြည့်နေကြလေသည်။

အရိုးဖြူယပ်တောင်တွင် ကောင်းကင်နိုင်ငံ၏ စွမ်းအားအကြီးဆုံး တံဆိပ်ပါဝင်လေသည်။ သင်္ကေတများသည် ရှီဟောင်ထံသို့ ဦးတည်နေလေသည်။

သူ၏အနောက်တွင် အလောင်းများသည် တောင်များကဲ့သို့ပင်ရှိနေပြီး သွေးမြစ်များလည်း အစင်းပေါင်းများစွာ ရှိနေသည်။ ထိုအရာများအားလုံးသည် ရှီဟောင်ကို ဘေးပတ်လည်မှ ဝန်းရံထားကြလေ၏။

“မင်းတို့တွေက မတိုက်ကြသေးဘူးလား .. ဘာကိုစောင့်နေကြတာလဲ” ကောင်းကင်နိုင်ငံဘုရင် အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် လိုက်လာသည့်သူများအားလုံး အသိဝင်သွားကြပြီး အဖိုးတန်ပစ္စည်းမျိုးစုံကို အသက်သွင်းလိုက်ကြလေ၏။ ထို့နောက်တွင် ကောင်းကင်ထက်၌ မရေမတွက်နိုင်သည့် သင်္ကေတများဖြင့် ဖုံးလွှမ်းသွားလေသည်။

ဖုန်း..

ကျယ်လောင်လှသည့် ပေါက်ကွဲသံထွက်ပေါ်လာလေသည်။ ဤသည်မှာ သင်္ကေတများ တိုက်မိခြင်း၊ အဖိုးတန်ပညာများ တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်အသံပင်။

ရှီဟောင်၏ခန္ဓာကိုယ်မှာ အက်ကွဲရာများပြည့်နေပြီး သွေးများစီးကျနေသော်လည်း သူသည် နဂါးတစ်ကောင်ကဲ့သို့ပင် သူ၏အရှေ့တွင်ရှိနေသည့် အရာအားလုံးကို စုတ်ဖြဲပစ်လိုက်လေသည်။ သူသည် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် အဖိုးတန်ပညာတစ်ခုကို ပစ်လွှတ်လိုက်သည်။ ကောင်းကင်အတိဒုက္ခအလင်းပညာနှင့် လျှပ်စီးဧကရာဇ်တို့၏ လျှို့ဝှက်ပညာများ ပေါင်းစည်းသွားကာ တောက်ပသည့်အလင်းတန်းများ ဖြစ်ပေါ်လာပြီး ရန်သူအားလုံးကို ဖြတ်ကျော်သွားလေသည်။

ဖူး…

သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကျွမ်းကျင်သူများ၏အလောင်းများ တစ်ခုပြီးတစ်ခု လဲကျသွားလေသည်။ သူတို့အားလုံး၏မျက်နှာထက်တွင် ကြောက်ရွံ့သည့် အမူအရာများသာရှိနေသည်။ သို့သော်လည်း သူတို့ နောင်တရရန် နောက်ကျသွားလေပြီ။

မျက်တောင်တစ်မှိတ်အတွင်းမှာပင် လူ ၅၀၊ ၆၀ ခန့် အသက်ဆုံးရှုံးသွားလေပြီ။

ထို့နောက်တွင်ရှီဟောင်သည် သူ၏လက်ထဲတွင်ရှိနေသည့် ထာဝရဓားကို လွှဲရမ်းလိုက်ပြီး အရိုးဖြူယပ်တောင်မှ ခေါ်ဆောင်လာသည့် အလောင်းတောင်များကို ဖိနှိပ်လိုက်သည်။

ရွှီး..

ထာဝရတည်ရှိနေမည့်ထာဝရဓားသည် သူ၏လက်ထဲမှ ထွက်သွားကာ အလောင်းတောင်များနှင့် သွေးမြစ်များကို ဖိနှိပ်လိုက်ကာ ထိုနေရာတစ်ခုလုံး ပျက်စီးသွားအောင် ပြုလုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း ထိုနေရာသို့ ရောက်ရှိလာကာ သူ၏လက်ထဲတွင် တံဆိပ်တစ်ခု ဖြစ်ပေါ်လာလေ၏။ သူ၏လက်ချောင်း ၁၀ ချောင်းတွင် ထာဝရစွမ်းအင်နှစ်ကြောင်း ရစ်ပတ်နေလေ၏။ ထိုလက်များဖြင့် ရိုက်ချလိုက်သည်နှင့် စွမ်းအင်များအားလုံးမှာ အရိုးဖြူယပ်တောင်ပေါ်သို့ ကျရောက်သွားလေသည်။

ထိုအချိန်တွင် ဒေါသတကြီးအော်ဟစ်နေသည့် ဝိဉာဉ်အော်သံများ ထွက်ပေါ်လာပြီး ကောင်းကင်ကို လွှမ်းခြုံနေသည့် သွေးစွမ်းအင်များလည်း ပျောက်ကွယ်သွားလေသည်။

ခွပ်..

အရိုးဖြူယပ်တောင်တွင် အက်ကွဲကြောင်းများ ပေါ်လာလေသည်။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့်နတ်ပစ္စည်းတစ်ခုပင်။ ဤပစ္စည်းကို ထာဝရရှေးဟောင်းမြေအတွင်းသို့ ယူလာနိုင်ခြင်းမှာပင် ဤမြေမှ ခွင့်ပြုနိုင်သည့် နောက်ဆုံးကန့်သတ်ချက် ဖြစ်နိုင်သည်။

သို့သော်လည်း ဤပစ္စည်းလည်း ပျက်စီးသွားလေပြီ။ ထာဝရတည်ရှိနေမည့်ထာဝရဓားကြောင့် ပျက်စီးသွားခြင်းမဟုတ်ပဲ ရှီဟောင်၏ မှော်တံဆိပ်နှစ်ခုမှ ထာဝရစွမ်းအင်များကြောင့်ပင်။

“အခုတော့ ခင်ဗျား ဘယ်ကို ပြေးဦးမှာလဲ” ရှီဟောင်သည် လုပ်ကြံရေးခေါင်းဆောင်ကို အေးစက်စွာပင် စိုက်ကြည့်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် သူသည် လက်သီးတစ်ချက်ကို ဖြေးညှင်းစွာ ပစ်လွှတ်လိုက်သည်။ ထိုလက်သီးချက်တွင် အချိန်အပိုင်းအစများကိုလည်း မြင်တွေ့နိုင်သည်။ ဤသည်မှာ ပြန်လည်ဝင်စားခြင်းလက်သီးပင်။ ၁၀ကျန်းပတ်လည် သီးသန့်ခန်းနှင့် အနက်ရောင်လှောင်အိမ်ကို တွေ့ကြုံပြီးသည့်နောက်တွင် ဤပညာသည် လုံးဝအဆင့်တက်သွားလေပြီ။

ပြန်လည်ဝင်စားခြင်းတွင် အသက်ကြီးအောင်လုပ်ခြင်းတစ်မျိုးတည်း မဟုတ်တော့ပဲ အချိန်အပိုင်းအစများလည်း ပါနေလေပြီ။

လုပ်ကြံရေးခေါင်းဆောင်သည် သူ့ကိုယ်သူ လောင်ကျွမ်းစေပြီး ရှီဟောင်၏တိုက်ခိုက်မှုကို ဖိနှိပ်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားနေသည်။

ကံမကောင်းစွာဖြင့်ပင် သူ၏လုပ်ဆောင်မှုများမှ မလုံလောက်သေးပေ။ သူသည် ထိုလက်သီးချက်ဖြင့် ထိုးခံလိုက်ရပြီး သူ၏အဖိုးတန်ပညာများအားလုံး ပျက်စီးသွားသည်။ ထိုအချိန်တွင် ကျန်နေသေးသည့် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းတွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

အမ်..

ရှီဟောင် အံ့အားသင့်သွားရသည်။ မှုန်ဝါးနေသည့်ဂိတ်တံခါးတစ်ခုကို သူတွေ့လိုက်ရသည်။ လုပ်ကြံရေးခေါင်းဆောင်၏ အသွေးအသားအပိုင်းအစနှင့် မူလဝိဉာဉ်သည် ထိုဂိတ်တံခါးထဲသို့ ထွက်ပြေးချင်နေလေသည်။

“မှန်ဘီလူးလေဟာနယ် .. နတ်ဂိတ်တံခါး…” လုပ်ကြံရေးခေါင်းဆောင်၏ မူလဝိဉာဉ်မှ ကျမ်းစာ ရွတ်ဖတ်လိုက်သည်။

သူသည် ဤဘက်တွင် ပျောက်ကွယ်သွားပြီး မှန်၏အခြားတစ်ဖက်တွင် ပေါ်လာတော့မည်ကို အားလုံးမြင်နေရသည်။

“ငါ့ကို ထပ်ခါတလဲလဲ ပစ်မှတ်ထားပြီးတာတောင်မှ မင်းက ထွက်ပြေးချင်နေသေးတယ်ပေါ့ … ဒီနေ့ မင်းဒီမှာပဲ ထာဝရနေရမယ်” ရှီဟောင် ပြောလိုက်သည်။ ထို့နောက်တွင် သူသည် လက်သီးချက်ကို ပစ်လွှတ်နေဆဲပင်။ အချိန်အပိုင်းအစများ ပျံသန်းသွားကာ ဝုန်းဟူသည့်အသံနှင့်အတူ ထိုမှန်မျက်နှာပြင်ပျက်စီးသွားလေသည်။

တစ်ချိန်တည်းမှာပင် လုပ်ကြံရေးခေါင်းဆောင်၏ ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်လည်း လွင့်ပြယ်သွားကာ အလင်းပေါင်း တစ်သောင်းအဖြစ် ပြောင်းလဲပြီး ထွက်ပြေးနိုင်အောင် ကြိုးစားနေလေသည်။

ဝုန်း..

ရှီဟောင်၏လက်နှစ်ဘက်တွင် တံဆိပ်တစ်ခုဖြစ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးမီးဖိုကို ပြုလုပ်လိုက်သည်။ ဤသည်မှာ သူသီးသန့်ကျင့်ကြံသည့်အတောအတွင်း သူ့ကိုယ်သူ တိုးတက်လာအောင် လုပ်သည့်နည်းလမ်းပင်။ သို့သော်လည်း ယခုအချိန်တွင် သူသည် ဤနည်းလမ်းကို ရန်သူခေါင်းဆောင်ထံတွင် အသုံးပြုလိုက်ခြင်းပင်။

“ပြုပြင်မယ်”

ဖုန်း..

သူသည် သွေးအေးသည့်အဆင့်လွန်လူသားကို ပြာမှုန့်အဖြစ်သို့ ပြောင်းလဲရန် စွမ်းအားအကြီးဆုံး မှော်ခွန်အားကို အသုံးပြုလိုက်ခြင်းပင်။

ကမ္ဘာ့မီးဖို ပျောက်ကွယ်သွားသည်နှင့် ရှီဟောင်၏ပါးစပ်မှာ သွေးများ အန်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပို၍ပင် ဆိုးရွားလာပြီး လက်ကဲ့သို့သော အချို့အစိတ်အပိုင်းများမှာ သူ့ခန္ဓာကိုယ်မှ ပြုတ်ထွက်တော့မည်။

ထာဝရစွမ်းအင်နှစ်ကြောင်း တောက်ပလာကာ သူ့အနားကို ရစ်ပတ်နေလေသည်။ သူ၏နှလုံးနှင့် မျက်ခုံးကြားမှ ဟနေသည့်နေရာကို ပြန်ဖြည့်ပြီးသွားပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း ပြန်ဆက်လိုက်လေသည်။

“မင်းရှိနေသေးတာလား..”

သူ၏ဒဏ်ရာများ ဆိုးရွားနေသော်လည်း ရှီဟောင် နောက်မဆုတ်ပဲ မြင့်မြတ်သားတော်ကို မျက်နှာချင်းဆိုင်လိုက်သည်။

မြင့်မြတ်သားတော်လည်း ထွက်မသွားပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဖြစ်သောကြောင့် သူတို့ကြားတွင် ရင်းနှီးမှု မရှိနိုင်တော့သည်ကို သူသိနေသောကြောင့်ပင်။

ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး နတ်မီးတောက်များ တောက်လောင်လာသည်။ မြင့်မြတ်သားတော်သည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုမှ စစ်ဝိဉာဉ်များကို ဆင့်ခေါ်ရန် ကြိုးစားနေခြင်းပင်။

ဝုန်း..

ကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာပြီး မှုန်ဝါးသည့်ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြကာ သူနှင့်တစ်သားတည်းဖြစ်သွားကြလေသည်။ သူ၏အော်ရာသည်လည်း ချက်ချင်းပင် အထွဋ်အထိပ်သို့ ရောက်ရှိသွားလေ၏။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုကျမ်းစာမှာ လျှို့ဝှက်နက်နဲလှသည်။ ဤသည်မှာ အဆင့်တက်ခြင်းတစ်မျိုးဖြစ်သကဲ့သို့ သူအကျွမ်းကျင်ဆုံးတစ်ခုလည်းဖြစ်သည်။

ဖုန်း..

ရှီဟောင် သူနှင့် ထိပ်တိုက်ပင် ရင်ဆိုင်လိုက်ပြီး သူရဲကောင်းဝိဉာဉ်များနှင့် တိုက်ခိုက်လိုက်သည်။

နေရာတိုင်းတွင် မီးပွားများ လွင့်စင်နေပြီး သူရဲဝိဉာဉ်ဟစ်ကြွေးသံများလည်း ထွက်ပေါ်လာသည်။ နေရာတိုင်းတွင် စစ်ပွဲစွမ်းအင်များ၊ သတ်ဖြတ်လိုသည့်အလင်းများရှိနေလေသည်။

ရှီဟောင်သည် ဒဏ်ရာများရှိနေသောကြောင့် သူ၏စွမ်းအားအကုန်လုံးကို အသုံးမပြုနိုင်ပေ။ မဟုတ်ပါက သူ၏အသွေးအသားများ ပျက်စီးသွားလိမ့်မည်။ သူ၏လက်ချောင်းမျာကို လှုပ်ရှားလိုက်သည်နှင့် ဓားအငွေ့အသက်ပါရှိသည့် ‘မြက်ပင်တစ်ပင်’ ပေါ်လာသည်။ နေရာတိုင်းတွင် အလင်းများ စီးဆင်းသွားပြီး မြင့်မြတ်သားတော်ထံသို့ ဦးတည်သွားလေ၏။

ဒုန်း..

ထိုအလင်းတန်းနှင့် မြင့်မြတ်သားတော်၏ လက်သီးချက်တို့ ဆုံသွားသည့်အချိန်တွင် သတ္တုသံ ထွက်ပေါ်လာလေသည်။

ရှီဟောင်၏မျက်လုံးများ အရောင်လက်သွားသည်။ ဤလူသည် ထူးဆန်းသည့် အဖိုးတန်ရေကန်ထဲတွင် စိမ်ခဲ့ခြင်းဖြစ်ကြောင်း သူရုတ်တရက် အမှတ်ရမိသွားသည်။ ထိုရေကန်ထဲတွင် ခန္ဓာကိုယ်ကို သန်မာကာ မပုပ်သိုးနိုင်သည့် ဖရိုဖရဲစွမ်းအင်များရှိနေသည်။

မြင့်မြတ်သားတော်၏ စစ်သတ္တဝါဖြစ်သည့် ရွှေရောင်အစင်းကျား၏လက်သည်းပင်လျှင် အတော်လေး စွမ်းအားကြီးသည်သာ။

ဤမြင့်မြတ်သားတော်သည် တစ်ကိုယ်လုံး စိမ်ထားသောကြောင့် သူက ပို၍ စွမ်းအားကြီးမည်သာ။

“ငါ အချိန်မဖြုန်းချင်တော့ဘူး” ရှီဟောင် တီးတိုးပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်အခြေအနေမှာ ပို၍ပင် ဆိုးရွားလာလေပြီ။

ရွှီး..

ထာဝရစွမ်းအင်နှစ်ကြောင်း ရစ်ပတ်နေသည့် ထာဝရဓားကို ထုတ်ယူလိုက်သည်။ ထိုဓား၏အလင်းတန်းများမှာ တောက်ပလှပြီး အရှေ့ဘက်သို့ ဦးတည်သွားလေသည်။

ဖူး..

သူသည် ထူးဆန်းသည့်အဖိုးတန်ရေကန်ထဲတွင် စိမ်ထားခဲ့သော်လည်း ရှီဟောင်၏ဓားချက်ကိုခုခံနိုင်ရန် ခက်ခဲနေဆဲပင်။ ကြောက်စရာကောင်းသည့် ဟက်ကက်ကွဲဒဏ်ရာတစ်ခု ဖြစ်သွားပြီး သွေးများ စီးကျလာလေသည်။

“သတ်…”

ရှီဟောင် အော်ဟစ်လိုက်ခြင်းပင်။ အဖိုးတန်ပညာမျိုးစုံကို အသက်သွင်းလိုက်သည်နှင့် ဓားအလင်းတန်းတောက်ပလာကာ ပြိုင်ဘက်၏ ခုခံမှုများအားလုံးကို ထိုးဖောက်သွားပြီး သူ၏မျက်ခုံးကြားကို ထိုးဖောက်သွားလေသည်။

အပိုင်း ၁၁၃၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၂ – စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် ထွက်ပေါ်လာခြင်း

အဲဒါက ဒီလောက်တောင် လွယ်တာလား..

အဝေးမှ ကြည့်နေကြသည့်သူအားလုံးမှာ ဦးရေပြားများထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မြင့်မြတ်သားတော်လည်း ကျရှုံးတော့မှာလား .. တစ်ရက်တည်းတွင် မြင့်မြတ်လှသည့်ဘုရင်သုံးယောက် သေဆုံးသွားပါက ဤသည်မှာ ထိတ်လန့်စရာ ကောင်းလွန်းလှသည်။

“အမ်…”

ရှီဟောင် ထိတ်လန့်သွားရသည်။ ဓားသွားသည် သက်တံ့ကဲ့သို့ပင် မြင့်မြတ်သားတော်၏ မျက်ခုံးကြားကို ဖောက်ဝင်သွားလေ၏။ သွေးများလည်း ပန်းထွက်လာလေသည်။ သို့သော်လည်း ဓားသည် သူ၏ဦးခေါင်းနောက်မှ ပြန်ထွက်မလာပေ။

ဘာဖြစ်နေတာလဲ .. အခြားသူများလည်း ထိတ်လန့်သွားရသည်။

မြင့်မြတ်သားတော်၏ မျက်ခုံးကြားတွင် သွေးစီးကျနေသော်လည်း ဤသည်မှာ အလွန်မြင့်မြတ်သည့် ဂိတ်ပေါက်ဝတစ်ခု ဖြစ်နေသည်။ ထိုဂိတ်ပေါက်ဝမှ ဖရိုဖရဲစွမ်းအင်များ တစ်ကြောင်းပြီးတစ်ကြောင်း စီးကျနေကာ သူ၏ဓားကို ဝါးမြိုသွားလေသည်။

ကြည့်နေကြသည့်သူများအားလုံး ထိတ်လန့်သွားကြရသည်။ ဤသည်မှာ မည်ကဲ့သို့သော နတ်စွမ်းရည်မျိုးဖြစ်သနည်း.. မျက်ခုံးကြားတွင် ဂိတ်ပေါက်တစ်ခု ပြုလုပ်နိုင်ပြီး ဓားတစ်ချောင်းလုံးကိုပင် ဝါးမြိုပစ်နိုင်သည်။

ယခုအချိန်တွင် မြင့်မြတ်သားတော်အပေါ်တွင်ထားရှိသည့် အမြင်များ ပြောင်းလဲသွားလေ၏။

ရှေးဟောင်းလူထူးဆန်းများအားလုံးမှာ သူတို့နည်းလမ်းနှင့်သူတို့ ထူးခြားနေကြသောကြောင့်သာ ခေတ်တစ်ခေတ်ကို ကျော်လွန်နိုင်ခဲ့ခြင်းဖြစ်မှန်း အားလုံး အမှတ်ရမိသွားကြလေသည်။

“ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခု .. နတ်ဆိုးနဲ့နတ်ဘုရားတွေ ရောနေတဲ့နေရာ” မြင့်မြတ်သားတော် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူ၏မျက်လုံးများမှာ နီရဲနေလေပြီ။

ကြီးမားလှသည့် ပုံရိပ်များ ထွက်ပေါ်လာကာ သူ၏အသွေးအသားထဲသို့ ပေါင်းစပ်သွားလေသည်။ ဤသည်မှာ ယခင်က စစ်ပွဲထဲတွင် သေဆုံးခဲ့သည့် သူရဲကောင်းဝိဉာဉ်များပင်။

ဝုန်း..

ဤရိုက်ချက်မှာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေသည်။ ပြင်းထန်လှသည့် လေတိုက်ခတ်သွားပြီး ဂျင်ပေါင်းထောင်သောင်းများစွာ လေးသည့် ကျောက်တုံးကြီးများပင်လျှင် သစ်ရွက်များကဲ့သို့ပင် လွင့်မျောသွားလေ၏။

ဖုန်း..

ရှီဟောင် သူနှင့် လက်သီးချက်ချင်း ဖလှယ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ဒဏ်ရာများ ပြည့်နေသောကြောင့် ဤကဲ့သို့သော အားသုံးရသည့် တိုက်ပွဲမှာ သူ့အတွက် မကောင်းပေ။

မြင့်မြတ်သားတော်၏ ခန္ဓာကိုယ် တောက်ပလာကာ သူ၏မွေးညှင်းပေါက်များမှာ ဖရိုဖရဲစွမ်းအင်များ စိမ့်ထွက်လာသည်။ ဤသည်မှာ သူ ထိုထူးဆန်းသည့်ရေကန်ထဲတွင် စိမ်လိုက်ရခြင်း၏ အကျိုးကျေးဇူးပင်။

သူအကြောက်ဆုံးမှာ ထာဝရဓားပင်။ ယခု သူထိုဓားကို ယာယီသိမ်းထားနိုင်သောကြောင့် သူစိတ်အေးသွားရလေပြီ။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် လျှပ်စီးများ ရောယှက်နေကြသည်။ ဤလူနှစ်ယောက်သည် လက်သီးချက်များ ဖလှယ်နေကြလေ၏။ တောင်များမှာ လေထဲတွင် မျောလွင့်လာကြပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားကြလေ၏။

ဤမြင်ကွင်းမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။

ဖုန်း..

ဤသည်မှာ နောက်ထပ် ရိုက်ချက်တစ်ခုပင်။ ရှီဟောင်တစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီဖြစ်ပြီး ဒဏ်ရာဟောင်းများမှ သွေးများ ပြန်ထွက်လာနေလေပြီ။

မြင့်မြတ်သားတော်က ဟွမ်ကို သတ်တော့မှာလား .. ထွက်ပြေးနေကြသည့်သူများအားလုံး ရပ်တန့်သွားကာ တိုက်ပွဲအား စောင့်ကြည့်နေကြလေသည်။

မြင့်မြတ်သားတော်သည် သူ၏နတ်ခွန်အားကို အသက်သွင်းလိုက်ပြီး ရှီဟောင်အား သူ၏ခွန်အားကိုသုံးပြီး တိုက်ခိုက်အောင် ဖိအားပေးနေလေသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ အက်ကွဲရာများဖြင့် ပြည့်နှက်နေသည်ကို သူတွေ့လိုက်ရသည်။ ထို့ကြောင့် ဤသည်မှာ အကောင်းဆုံး အခွင့်အရေးပင်။

သူ၏ခန္ဓာကိုယ် အခြေအနေမှာ အလွန်ဆိုးရွားနေပြီဖြစ်ကြောင်း ရှီဟောင်ဝန်ခံသည်။ သို့သော် ဤလူများ ပေါင်းကာ သူ့အား ချောင်းမြောင်းတိုက်ခိုက်ကြသောကြောင့် သူသာဤလူများကို မရှင်းပစ်ပဲ ထွက်သွားခွင့်ပြုလိုက်လျှင် ဘယ်အချိန်မှ သူတို့ကို သတ်ဖို့အခွင့်အရေးရမည်ကို သူမသိပေ။

“ပြန်လည်ဝင်စားမယ်..”

ရှီဟောင် အော်ဟစ်လိုက်သည်။ ဤအဖိုးတန်ပညာကို အသက်သွင်းလိုက်သည့်အချိန်တွင် မည်သည့်နတ်ခွန်အားလှိုင်းမှမရှိသကဲ့သို့ သင်္ကေတများလည်း မရှိပေ။ ဤအတိုင်း သာမန်လက်သီးတစ်လုံးသာ။

လက်သီးချက်တွင် မည်သည့်ဖျက်ဆီးခြင်းစွမ်းအားမှမပါရှိသကဲ့သို့ အချိန်အပိုင်းအစများပင် ပျောက်ကွယ်သွားလေပြီ။

“အမ်..” မြင့်မြတ်သားတော် ထိတ်လန့်သွားကာ ထိုလက်သီးလမ်းကြောင်းမှ ရှောင်လိုက်သည်။

ဝုန်း..

ရုတ်တရက်ပင် ရှီဟောင်၏လက်သီးတောက်ပလာလေသည်။ ဤသည်မှာ နတ်ခွန်အားကြောင့် တောက်ပလာခြင်းမဟုတ်ပဲ နတ်ချိန်းကြိုးများပင်။ ချိန်းကြိုးများ သူ၏လက်သီးမှ ထွက်လာကြသည်။

ချိန်းကြိုးပေါင်းများစွာသည် မြင့်မြတ်သားတော်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဤချိန်းကြိုးများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်းမဟုတ်ပဲ သူ့အား ရစ်ပတ်နေခြင်းပင်။

“ငါ့အတွက် ချိုးဖျက်ပေး…”

မြင့်မြတ်သားတော်အော်ဟစ်လိုက်သည်။ အခြေအနေများမှာ အလွန်ပင် ဆိုးရွားလာသည်ဟု သူခံစားလိုက်ရသည်။

ဤနတ်ချိန်းကြိုးများသည် ပျက်စီးမသွားပေ။ ချိန်းကြိုးများသည် တစ်စထက်တစ်စ ပို၍ တင်းကြပ်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်တော့မည်။

“မကောင်းတော့ဘူး” မြင့်မြတ်သားတော် အော်ဟစ်လိုက်သည်။ ဤနတ်ချိန်းကြိုးသည် သူ၏ခန္ဓာကိုယ်ကို ဘာမှမလုပ်နိုင်သော်လည်း သူ၏ခန္ဓာကိုယ်တွင်ရှိနေသည့် ထူးဆန်းသည့်သဘာဝဥပဒေသကို တိုက်ခိုက်နေသည်။

သူ၏ခန္ဓာကိုယ်မျက်နှာပြင်မှာ မာကျောသော်လည်း အတွင်းအင်္ဂါများမှာမူ ထိုသို့မဟုတ်ပေ။ သူတို့သည် သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည့် သဘာဝဥပဒေသ၏စွမ်းအားများကို မတားဆီးနိုင်ဖြစ်နေသည်။

“ငါက ဘာလို့ ဒါကို မခုခံနိုင်တာလဲ” မြင့်မြတ်သားတော် ထိတ်လန့်သွားသည်။ ဤနတ်ချိန်းကြိုးများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူဤချိန်းကြိုးများကို မခုခံနိုင် ဖြစ်နေသည်။

ထာဝရစွမ်းအင်…

ခဏကြာပြီးသည့်နောက်တွင် သူအဖြေရှာတွေ့သွားသည်။ ထိုထာဝရစွမ်းအင်နှစ်ကြောင်းသည် ထိုနတ်ချိန်းကြိုးများနှင့် ပေါင်းစည်းသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခြင်းပင်။

“မဟုတ်ဘူး…”

မြင့်မြတ်သားတော်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီးနောက် ထိုစွမ်းအင်များကို ရပ်တန့်စေရန်အတွက် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ၁၀ခု ကျမ်းစာကို ရွတ်လိုက်ပြီး သူ၏ကိုယ်ပိုင် ထာဝရစွမ်းအင်ကြောင်းကိုလည်း အသက်သွင်းလိုက်သည်။

ဝုန်း…

သူ၏ခန္ဓာကိုယ်တုန်ယင်သွားကာ လျင်မြန်စွာပင် အသက်ကြီးလာလေသည်။ ပြန်လည်ဝင်စားခြင်းပညာ၏ အစွမ်းများ ထွက်ပေါ်လာလေပီဲ။

“အသုံးမဝင်တော့ဘူး .. အစောပိုင်းက မင်းက ငါ့ဝိဉာဉ်ကို ဆင့်ခေါ်ပြီး ငါ့ကို အမှောင်လေဟာနယ်ကနေ ပြန်ခေါ်လာခဲ့တာဆိုတော့ မင်းအသွေးအသားတွေက ငါ့အတွက် မီးအိမ်လိုပဲ .. ထာဝရစွမ်းအင်က မင်းကို တုံ့ပြန်နေတာ .. မင်းအဲဒီစွမ်းအင်ကို ရပ်တန့်နိုင်မှာမဟုတ်ဘူး” ရှီဟောင် ပြောလိုက်သည်။

ထိုအချိန်တွင် မြင့်မြတ်သားတော်သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ အိုမင်းသွားပြီး ပြန်လည်ဝင်စားခြင်းနတ်ချိန်းကြိုးများကြောင့် သူ၏လှုပ်ရှားမှုများမှာ အတော်လေး နှေးကွေးသွားသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ သူ၏မျက်ခုံးကြားရှိ ဂိတ်တံခါးပေါက်မှာ မတည်မငြိမ်ဖြစ်လာပြီး တုန်ခါလာလေသည်။

ဖူး..

ထာဝရဓားပြန်ထွက်လာပြီးနောက် မြင့်မြတ်သားတော်ကို လှည့်ပတ်နေလေသည်။ ထို့နောက်တွင် သူ့အား ရက်စက်စွာပင် ခုတ်ချလိုက်လေ၏။

သွေးရောင်အလင်းများ ထွက်ပေါ်လာကာ လူခေါင်းတစ်ခု ဖယ်ရှားခံလိုက်ရလေသည်။ မူလဝိဉာဉ်သည်လည်း အပိုင်းပိုင်းဖြစ်သွားလေသည်။

ကျမ်းစာရွတ်ဖတ်သံများ အားလုံး ပျောက်ကွယ်သွားပြီး ဤနေရာမှာ ချက်ချင်းတိတ်ဆိတ်သွားသည်။

မြင့်မြတ်သားတော်၏ မူလဝိဉာဉ်အပိုင်းအစများသည် ထွက်ပြေးရန် ကြိုးစားနေသော်လည်း ရှီဟောင်သည် သူတို့ကို အလွတ်မပေးပေ။ သူ့လက်ကို မြှောက်လိုက်သည်နှင့် နတ်ချိန်းကြိုးများ ထွက်ပေါ်လာပြီး လေဟာနယ်ကို ပိတ်လှောင်လိုက်သည်။ ထို့နောက်တွင် ထိုအလင်းပျောက်များအားလုံး ပျောက်ကွယ်သွားလေသည်။

မြင့်မြတ်သားတော်ရှိနေခဲ့သည့်နေရာတွင် ထာဝရစွမ်းအင်တစ်ကြောင်းသာ ကျန်ရှိတော့သည်။ သူ၏လက်ကို ဝေ့ရမ်းလိုက်သည်နှင့် အဖြူရောင်စွမ်းအင်ထွက်ပေါ်လာပြီး ထိုထာဝရစွမ်းအင်ကြောင်းမှ စွမ်းအင်များကို စုတ်ယူလိုက်သည်။

“ကောင်းကင်နိုင်ငံက ထာဝရစွမ်းအင်ကရော” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ လောကမီးဖိုက ပြန်ပြောင်းလိုက်တာများလား…

ရလဒ်အနေဖြင့် မြင့်မြတ်သားတော်၊ ကျွင်းသောက်၊ ကောင်းကင်နိုင်ငံမှဘုရင်တို့မှာ ရှင်းလင်းခံလိုက်ရလေပြီ။

ရှီဟောင်သည် ရုတ်တရက်ပင် ထူးဆန်းသည့်တစ်စုံတစ်ခုကို အာရုံခံမိသွားကာ ခပ်ဝေးဝေးရှိ ကောင်းကင်ထက်သို့ စိုက်ကြည့်လိုက်သည်။

ခပ်ဝေးဝေးတွင်ရှိသည့် တောင်များထက်တွင် ရှည်လျားသွယ်လျသည့်ပုံရိပ်တစ်ခု ရှိနေသည်။ သူ့အနားတွင် မြူများလည်း ဝန်းရံနေလေသည်။

ဤသည်မှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည့်အသားအရေရှိသည့် လူငယ်တစ်ယောက်ပင်။ ထိုလူ့ထံတွင် သေမျိုးလောကတွင်ရှိနေသည့် ထာဝရသက်ရှိကဲ့သို့သော အော်ရာမျိုးလည်း ရှိနေသည်။

သူသည် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ပုလွေတစ်ချောင်းကို ကိုင်ထားလေသည်။ သူ၏အဝတ်အစားနှင့် ဆံပင်များ မျောလွင့်နေပြီး သူသည် ထိုနေရာတွင်သာ တိတ်တဆိတ်ရပ်နေလေသည်။

ရှီဟောင်၏မျက်ဝန်းများ မှေးကျုံ့သွားရသည်။ ဤလူကို သူမှတ်မိသည်။ ဤလူသည် သားရဲအသိုက်ထဲတွင် သီးသန့်ကျင့်ကြံနေသည့်သူပင်။ သူသည် ယခင်က ဂျီးနီးယပ်စ်ပေါင်းများစွာကိုပင် ထောင်ချောက်ဆင်ခဲ့သေးသည်။

နဂါးမိန်းကလေး၏ သဲလွန်စများအရဆိုလျှင် ဤလူသည် ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်ခဲ့သည်မှာ ၆ ကြိမ် ၇ ကြိမ်ခန့်ရှိပြီဖြစ်ပြီး အခေါက်တိုင်းတွင်လည်း သားရဲအသိုက်ထဲတွင်သာ သီးသန့်ကျင့်ကြံခဲ့သည်။

သူတို့သိရသလောက်ဆိုလျှင် ဤလူသည် ထာဝရရှေးဟောင်းမြေထဲတွင် နံပါတ် ၁ သို့မဟုတ် နံပါတ် ၂ စွမ်းအားအကြီးဆုံးဖြစ်နိုင်သည်။ သူသည် ထာဝရစွမ်းအင်ကို ရရှိခဲ့သည့် ပထမဆုံးကျွမ်းကျင်သူများထဲမှ တစ်ယောက်ဖြစ်သည်။

ထိုအချိန်တုန်းက နဂါးမိန်းမပျို၏ နဂါးဦးချိုတစ်စုံနှင့် ချန်ကုန်းယန်၏ ထူးဆန်းသည့်လေးကြောင့်သာမဟုတ်ပါက သူတို့ ဘယ်သူမှ သားရဲအသိုက်ထဲမှ အသက်ရှင်လျက် ထွက်လာနိုင်မည်မဟုတ်ပေ။

ဤလူသည် ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသည်မှာကြာလှပြီဖြစ်သော်လည်း တစ်ခါမှ မလှုပ်ရှားခဲ့ပေ။ နောက်ပိုင်းတွင် သူ၏ကျင့်ကြံခြင်းအတွက် ကျင့်ကြံသူပေါင်း နှစ်သောင်းကျော်ကို ထောင်ချောက်ဆင်ကာ သတ်ဖြတ်ခဲ့သည်။

ဤသည်မှာ သူ ဒုတိယမြောက် ထာဝရစွမ်းအင်ကို ရချင်သောကြောင့် လုပ်ခဲ့ခြင်းလားဟု အားလုံး သံသယဝင်ခဲ့သည်။

ဤလူ၏တာအိုမှာ ထူးခြားလှသည်။ သူသည် လူများ၏သွေးနှင့် ကလန်ပေါင်းသုံမှ သက်ရှိများ၏ သင်္ကေတအလင်းများကို အသုံးပြုခြင်းပင်။

“ဒီလူက…”

ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ သူတို့နှစ်ဦးကြားတွင် အတော်လေး ဝေးကွာနေသောကြောင့် ဤလူမှာ မည်မျှစွမ်းအားကြီးလာသည်ကို သူမသိပေ။

ဤ ထာဝရသက်ရှိနှင့်တူသည့် လူငယ်လေး လှုပ်ရှားတော့မည်လား..

“အမ်…”

ရုတ်တရက်ပင် အခြားနေရာတစ်ခုတွင် ပုံရိပ်တစ်ခုကို သူထပ်တွေ့လိုက်ရသည်။ ထိုလူ မည်သည့်အချိန်ကတည်းက ရောက်နေမှန်း သူမသိရပေ။

ဤလူ၏ အနားတွင် ဖရိုဖရဲစွမ်းအင်များ ရစ်သိုင်းနေပြီး သူသည် ဤလောကမှ တက်သွားတော့မလိုပင်။

ဒီလူက ဘယ်သူလဲ .. ရှီဟောင်သာမက မြို့ခံများအပါအဝင် ဤနေရာတွင်ရှိနေသည့် သူအားလုံး ထိတ်လန့်သွားရကာ ထူးဆန်းသည့် ခံစားချက်များ ခံစားလိုက်ရသည်။ ဤလူမှာ အလွန်စွမ်းအားကြီးသည်ကိုတော့ သူတို့ပြောနိုင်သည်။

ထိုအချိန်တွင် ကျောက်စိမ်းပုလွေကိုင်ထားသည့် လူငယ်လေး၏နှုတ်ခမ်း တစ်တန်းတည်းဖြစ်သွားပြီးနောက် ညင်သာလှသည့်သံစဉ်တစ်ခု ထွက်ပေါ်လာလေသည်။

ပုလွေထိပ်မှ ငွေရောင်သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။

ပုလွေသံသည် ရေစီးကဲ့သို့ပင် ခပ်ဝေးဝေးရှိ တောင်ထိပ်တွင်ရှိနေသည့် ဖရိုဖရဲစွမ်းအင်များ လွှမ်းခြုံထားသည့်သူထံသို့ ဦးတည်သွားလေသည်။ ပုလွေသံသည် သာယာလှသည့် ထာဝရသံစဉ်တစ်ခုဖြစ်သွားပြီး လောကကြီးတစ်ခုလုံး တောက်ပသွားအောင် လုပ်လိုက်လေသည်။

ထိုအချိန်တွင် ပန်းများပွင့်လာပြီး သစ်ပင်များမှ အဖူးများ ထွက်ပေါ်လာသည်။ ငှက်များလည်း လှပစွာပင်ကခုန်နေကြလေ၏။ ဤမြင်ကွင်းမှာ အလွန်ပင် အံ့အားသင့်စရာ ကောင်းလှသည်။

ဝုန်း..

လေဟာနယ်ကြီး တုန်ခါသွားကာ ဖရိုဖရဲမြူရှိနေသည့်လူဘက်တွင် သစ်ပင်တစ်ပင် ထွက်လာလေသည်။ ထိုအပင်သည် အနည်းငယ်လှုပ်ခါသွားကာ အသံသင်္ကေတအားလုံးကို တားဆီးလိုက်လေသည်။

သရဖူ ၁၀ ခုဘုရင်..

ယခုအချိန်တွင် ရှီဟောင်သာမက အားလုံး ထိတ်လန့်သွားရသည်။ ဤလူမည်သူဖြစ်သည်ကို သူတို့အားလုံး ချက်ချင်း သိသွားလေပြီ။

အဘယ်ကြောင့်ဆိုသော် သူ ထာဝရတာအိုသစ်ပင်ကိုရရှိသွားသည်ဟု ကောလဟာလများ ရှိခဲ့သောကြောင့်ပင်။ သူသည် ထိုအပင်ကို သူ၏ခန္ဓာကိုယ်ထဲတွင် စိုက်ထားခဲ့သည်။

“ဘုရားရေ .. ဒီလူနှစ်ယောက်တောင် ရောက်လာပြီလား .. ဟွမ် ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံလိုက်နိုင်တာက သူတို့ကို ထိတ်လန့်သွားစေတာလား…”

အားလုံး တုန်လှုပ်သွားရသည်။ ခွန်အားအရာယှဉ်မည်ဆိုလျှင် ဤလူနှစ်ယောက်မှာ ထိပ်ဆုံး ၂ ယောက်တွင် ရှိနေသည်ပင်။

ပုလွေသံ ရပ်တန့်သွားလေပြီ။ အနည်းငယ် ထိတွေ့ပြီးသည့်နောက်တွင် သူတို့နှစ်ဦးလုံး ရပ်တန့်သွားကြလေသည်။

ဤပုလွေကိုင်ထားသည့်လူတွင် မည်ကဲ့သို့သော နောက်ခံမျိုးရှိနေသနည်း.. သရဖူ ၁၀ခုဘုရင်ပင် သူ့အား ကြောက်ရွံ့နေသလိုပင်..

ဝုန်း..

ခပ်ဝေးဝေးတွင် မြင့်မြတ်အလင်းများ ထွက်ပေါ်လာပြီး နဂါးပုံစံတစ်ခုသည် အရာအားလုံးကို ဖုံးလွှမ်းသွားလေ၏။ အခြားလူတစ်ယောက်သည် ရှေးဟောင်းစာလိပ်တစ်ခုပေါ်တွင် မတ်တပ်ရပ်ပြီး ရောက်လာလေသည်။ ထိုပန်းချီကားလိပ်တွင် တောင်များ၊ မြစ်များနှင့် ကြယ်မြစ်များ ပါရှိလေသည်။

သူ၏အဝတ်အစားများသည် နှင်းကဲ့သို့ ဖြူဆွတ်နေပြီး သူ၏ဆံပင်များလည်း ခါးထိရှည်လေသည်။ သူ၏ပုံပန်းသွင်ပြင်မှာ အမျိုးသမီးများထက်တောင် ပိုလှသေးသည်။

သရဖူ ခြောက်ခုဘုရင် – နျင်ချွမ်း..

ရှီဟောင် မျက်ခုံးပင့်မိလိုက်သည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် သူ၏ရန်သူတစ်ယောက်ပင်။

နျင်ချွမ်း၏ ခွန်အားမှာ မယုံကြည်နိုင်လောက်အောင်ပင်။

သူမွေးလာကတည်းက ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ပေါ်လာခဲ့သည်။ သူ၏နဖူးတွင် နဂါးပုံစံတစ်ခုရှိပြီး သူ၏ကျောဘက်တွင် ကောင်းကင်သင်္ကေတတစ်ခုရှိသည်။

သူ၏ဝိဉာဉ်ကိုယ်ပွားတစ်ခု သတ်ခံခဲ့ရသော်လည်း ဤသည်မှာ သူ့ဂုဏ်သတင်းကို မထိခိုက်စေပေ။ အထူးသဖြင့် ဟွမ်မှာ ပို၍ပင် နာမည်ကြီးလာသောကြောင့် ဤသည်မှာ အရှက်ရမှုဟု မည်သူမျှ မမြင်တော့ပေ။

မည်သို့ပင်ဖြစ်စေ သူ၏ဝိဉာဉ်ကိုယ်ပွားတစ်ခုကို ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်ပေါင်းပြီး သတ်ခဲ့ရခြင်းပင်။

“အမ်… တစ်ခြားသူတွေ ရှိသေးတာလား” အားလုံး ထိတ်လန့်သွားရသည်။ ကြီးမြတ်သည့် ကျွမ်းကျင်သူ သုံးယောက်အပြင် အခြားသူများလည်း ပေါ်လာကြလေ၏။

“သူတို့တွေက ရှေးဟောင်းကျွမ်းကျင်သူတွေပဲ .. ဘာဖြစ်နေတာလဲ .. သူတို့အားလုံးက ဒီကို အလောတကြီး လာနေကြတာလား” တစ်စုံတစ်ယောက်မှ ဤလူများအားလုံးကို မှတ်မိသွားပြီး အလွန်ထိတ်လန့်သွားကြသည်။

အပိုင်း ၁၁၃၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၃ – လမ်းညွှန်မှု

တောင်ကြောကြီးမှာ ကျယ်ပြန့်လှပြီး တစ်ခုနှင့်တစ်ခု ထပ်နေသော်လည်း ဤစစ်မြေပြင်ရှိနေသည့်နေရာမှာ စုတ်ပြတ်သတ်နေလေပြီ။

အားလုံးနောက်ဆုတ်လိုက်ကြသည်။ ဤရှေးဟောင်းလူထူးဆန်းများအားလုံး ဘာကြောင့်ပေါ်လာသည်ကို သူတို့မသိကြပေ။ ဟွမ်အတွက် ရောက်လာတာလား…

ရှီဟောင်လည်း ထာဝရဓားကို ကိုင်ထားပြီး အနောက်နည်းနည်းဆုတ်လိုက်ကာ အကောင်းဆုံးအနေအထား ယူထားလိုက်သည်။ လက်ရှိတွင် သူ၏အခြေအနေမှာ အလွန်ဆိုးရွားနေပြီး တိုက်ပွဲတိုက်ရန်အတွက် ကောင်းသည့်အခြေအနေမဟုတ်ပေ။

ထို့အပြင် သူ၏နှလုံးခုန်နှုန်းလည်း အနည်းငယ်မြန်နေသည်။ သူသည် သက်ရှိအချို့၏ ပစ်မှတ်ထားခံနေရသကဲ့သို့ပင် အလွန်အန္တရာယ်များသည့် ခံစားချက်ကို ခံစားနေရဿည်။ သူအလောတကြီး မလုပ်ရဲပေ။

“တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…”

တစ်စုံတစ်ယောက်မှ ဤနေရာတွင်ရှိနေသည့်လူများကို ရေတွက်လိုက်သည်။ ထို့နောက်တွင် သူအေးခဲသွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ရှေးဟောင်းလူထူးဆန်း အနည်းဆုံး ၈ ယောက်၊ ၉ ယောက်ခန့် ရှိနေသောကြောင့်ပင်။

ဤသည်မှာ သေချာပေါက် ကိစ္စကြီးတစ်ခုပင်။

“ဒီကိုအလောတကြီး လာနေတဲ့သူတွေရှိသေးတယ် .. ဘာဖြစ်ခဲ့တာလဲ” အားလုံး အလွန်ထိတ်လန့်သွားရသည်။

ဟွမ် ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံလိုက်နိုင်တာက ထာဝရရှေးဟောင်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တာလား ..

ဒါပေမဲ့ ဒီသတင်းမှ မပျံ့သေးတာ .. အဲဒါကို ဒီလူတွေက ဘယ်လိုလုပ် ကြိုသိနေတာလဲ .. ပြီးတော့ သူတို့က ခဏလေးအတွင်းကို ဒီရောက်လာကြတယ် ..

“ငါတို့နားမလည်တာ တစ်ခုခု ဖြစ်သွားတာ သေချာတယ်” တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။

သားရဲအသိုက်မှလာသည့် ပုလွေကိုင်ထားသည့်လူငယ်လေး၊ ဖရိုဖရဲမြူများ ဝန်းရံနေသည့် သရဖူ၁၀ခုဘုရင်၊ တောင်များနှင့်မြစ်များပါသည့် ပန်းချီကားလိပ်ပေါ်တွင်ရပ်နေသည့် နျင်ချွမ်း .. ဤလူသုံးယောက်သည် အားလုံး၏အာရုံစိုက်ရာ ဖြစ်လာသည်။

ဤလူသုံးယောက်ထဲမှ တစ်ယောက်ပေါ်လာလျှင်ပင် အုတ်အော်သောင်းတင်းဖြစ်သွားမည်သာ။

နျင်ချွမ်း၏ ငွေရောင်ဆံပင်များသည် ကြယ်စမ်းချောင်းများကဲ့သို့ပင် သူ၏ရင်ဘတ်နှင့်ကျောဘက်တွင် ကျနေပြီး သူ၏မျက်လုံးများလည်း ကြည်လင်လှသည်။ သူသည် ရှီဟောင်ရှိနေသည့်ဘက်သို့ ကြည့်နေလေ၏။

သူတို့နှစ်ယောက်ကြားတွင် တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်လာမည်သာ။

ဤသည်မှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် တွေ့ခြင်းပင်။

သို့သော်လည်း ရှီဟောင်၏အခြေအနေမှာ ဆိုးရွားလွန်းလှပြီး အားကုန်တိုက်ခိုက်ရန်အတွက် အချိန်ကောင်းမဟုတ်သေးပေ။

ဝုန်း..

ရုတ်တရက်ပင် လေဟာနယ်ကြီး တုန်ယင်သွားသလိုပင် ရှီဟောင်ခံစားလိုက်ရသည်။ ထူးဆန်းသည့်စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်လာလေ၏။ မြင့်မြတ်သားတော်နှင့် တိုက်ခိုက်သည့်အချိန်တုန်းက ဤစွမ်းအင်လှိုင်းကို ခံစားမိသေးသော်လည်း သူအာရုံမထားခဲ့ပေ။ ယခုမှသာ အံ့အားသင့်သွားရခြင်းပင်။

“အဲဒီဘက်မှာ” တစ်စုံတစ်ယောက်သည် ထိတ်လန့်တကြားဖြင့်ပင် အနောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်လေသည်။

အမှန်တကယ်တွင် တစ်စုံတစ်ယောက်မှ ပြောပြီးသည်နှင့် သရဖူ ၁၀ခုဘုရင်တို့ ပျောက်ကွယ်သွားလေပြီ။

ဝုန်း..

လေဟာနယ်ကြီး အက်ကွဲသွားကာ ကြီးမားလှသည့် နန်းတော်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုနန်းတော်ကြီးတွင် အနက်ရောင်အက်ကွဲကြောင်းကြီးများ ဖုံးလွှမ်းနေလေသည်။

ဤသည်မှာ မြင့်မြတ်သည့်အော်ရာများကို ထုတ်လွှတ်နေသည့် ထူးဆန်းသည့်ရှေးဟောင်းနန်းတော်ကြီးပင်။ ဤနန်းတော်ကြီးနှင့်အတူ ထာဝရမြူများလည်း ရှိနေသောကြောင့် နန်းတော်ကြီးမှာ ပို၍ပင် ခမ်းနားနေသည်။

သို့သော်လည်း နန်းတော်ကြီးသည် အနည်းငယ်မှုန်ဝါးနေပြီး သေချာရုပ်လုံးမပေါ်သေးပေ။ ကြီးမားလှသည့်တိုင်လုံးကြီးများ၊ ကျယ်ပြောလှသည့် နန်းတော်ခန်းမ၊ ရွှေရောင်အမိုး .. ဤအရာများအားလုံးမှာ အလွန်ခမ်းနားလှသည့် တည်ဆောက်ပုံပင်။

ဤသည်မှာ ထာဝရတာအိုစွမ်းအင်ရှိသည့် ထာဝရနန်းတော်ထင်သည်။

လက်ထဲတွင်ပုလွေကိုင်ထားသည့်လူငယ်၊ သရဖူ ၁၀ခုဘုရင်နှင့် အခြားသူများအားလုံး ထိုနန်းတော်ထံသို့ ပြေးသွားကြလေ၏။

“ရွှေရောင်တာအိုနန်းတော်ပေါ်လာပြီ .. ဒါက ထာဝရတာအိုပြိုင်ပွဲက ပေါ်လာတော့မယ်လို့ ဆိုလိုချင်တာလား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ ဘာဖြစ်နေသည်ကို သူတို့နားလည်သွားရပြီ။

ရွှေရောင်တာအိုနန်းတော် .. ပြောရမည်ဆိုလျှင် ပြိုင်ဘက်ကင်းသည့် ပြိုင်ကွင်းပေါ်လာခါနီးလျှင် ဤနန်းတော်အမြဲတမ်း ပေါ်လာသည်သာ။

ရွှေရောင်တာအိုနန်းတော်သည် ထိုပြိုင်ကွင်းနှင့် ချိတ်ဆက်ထားခြင်းပင်။

ယခင်က ဤကြီးမားလှသည့် နန်းတော်ထဲသို့ ဝင်ရောက်သွားပြီး ထူးဆန်းသည့်ကံကောင်းမှုများ ရရှိသွားကာ ထိုကံကောင်းမှုများကို အသုံးပြုပြီး အပြင်ဘက်လောကတွင် ဂိုဏ်းကြီးများ တည်ထောင်သည့်သူများ ရှိခဲ့ဖူးသည်။

“ဒါက အကုန်လုံး ရုပ်လုံးမပေါ်သေးဘူး .. ဒါပေမဲ့ ပြီးတော့မှာ .. အဲဒီတော့ အစောဆုံးက နှစ်ဝက်လောက်ကြာမယ် .. အလွန်ဆုံးက ၁၀ နှစ်လောက် စောင့်ရမယ် .. ဒီနန်းတော်ကြီး ရုပ်လုံးပေါ်သွားတာနဲ့ ထာဝရရှေးဟောင်းမြေရဲ့ တိုက်ခိုက်မှု စတင်တော့မှာ” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲမှာ ထူးဆန်းသည့် ပြိုင်ကွင်းတွင်ဖြစ်မည်ကို အားလုံးသိကြသည်။ နောက်ဆုံးအနိုင်ရသည့်သူသာလျှင် နောက်ဆုံးကံကောင်းမှုကြီးကို ရရှိလိမ့်မည်။

ရှီဟောင် အံ့အားသင့်သွားရသည်။

“ဒီနန်းတော်ကြီးက အရမ်းထူးဆန်းတယ် .. အချိန်နဲ့အမျှ တောက်ပတဲ့အလင်းတွေ ထုတ်လွှတ်နေပြီးတော့ ရှေးဟောင်းရတနာတွေကို ထုတ်နေတာ .. သူ့စွမ်းအားက မယုံကြည်နိုင်လောက်အောင်ပဲ”

ဤနန်းတော်ကြီး အပြည့်အဝရုပ်လုံးမပေါ်သေးသော်လည်း ရှေးဟောင်းရတနာများ ထွက်ကျလာတတ်သည်။ ရှေးဟောင်းလူထူးဆန်းများမှာ ဤနန်းတော်အတွက် ရောက်လာကြခြင်းပင်။

ရုတ်တရက်ပင် ရှည်လျားလှသည့် ပုလွေသံစဉ်ထွက်ပေါ်လာလေ၏။ ပုလွေသံမှာ စိတ်နှလုံးအေးချမ်းစေပြီး ရွှေရောင်တာအိုနန်းတော်နှင့် တုံ့ပြန်မှုများ ရှိနေလေသည်။ သူထိုနန်းတော်ထဲသို့ ဝင်သွားတော့မည်။

ရွှီး..

သရဖူ ၁၀ခုဘုရင်ဘေးတွင် သစ်ပင်လေးတစ်ပင် ထွက်ပေါ်လာသည်။ ထိုအပင်လေးကို လွှဲခါလိုက်သည်နှင့် ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး ရွှေရောင်တာအိုနန်းတော်ထံသို့ ဦးတည်သွားကြလေသည်။

အခြားသူများလည်း လှုပ်ရှားလိုက်ကြသည်။ အားလုံးသည် ဤနန်းတော်ကို စမ်းသပ်နေကြလေ၏။

“သူတို့တွေ စလှုပ်ရှားနေကြပြီ .. ရတနာတွေကို ယူကြတော့မယ်”

ထိုအချိန်တွင် အခြားသူများလည်း အလောတကြီး ရောက်လာကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အလွန်ထိတ်လန့်သွားကြရသည်။

သူတို့သည် ဤရွှေရောင်တာအိုနန်းတော်နောက်လိုက်ခဲ့ကြခြင်းပင်။ ဤနန်းတော်သည် ကမ္ဘာငယ်လေး ၆ခု၊ ၇ ခုခန့်ကို ဖြတ်သန်းခဲ့ပြီး ကမ္ဘာတစ်ခုစီတွင် အနည်းငယ် ရပ်နားခဲ့သောကြောင့် လူများစွာ၏ အာရုံကို ဆွဲဆောင်သွားကြသည်။

“ချောင်ကုန်းယန် မင်းလည်း ရောက်လာတာလား.. ဘာဖြစ်နေကြတာလဲ” ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင် အသံပို့လွှတ်လိုက်သည်။

“ဒါက အရင်ခေတ်က တာအိုနန်းတော်လေ .. ပြီးတော့ ထာဝရရှေးဟောင်းခေတ်ရဲ့ လက်နက်ဆိုလည်းဟုတ်တယ် .. အားလုံးက ဒီနန်းတော်ကို ရနိုင်ဖို့အတွက် ကြိုးစားနေကြတာ” ချောင်ကုန်းယန် ပြောလိုက်သည်။ ရှီဟောင်၏ဒဏ်ရာများကို မြင်လိုက်ရသည့်အချိန်တွင် သူထိတ်လန့်သွားရသည်။

ရွှီး..

ရုတ်တရက်ပင် တောက်ပသည့်အလင်းလုံးတစ်လုံး ပေါ်လာပြီး သက်တံ့တစ်စင်းကဲ့သို့ပင် ရွှေရောင်နန်းတော်ထံသို့ ဦးတည်သွားကြလေ၏။

ထိုအခိုက်အတန့်တွင် သရဖူ ၁၀ခုဘုရင်နှင့် သားရဲအသိုက်မှ လူငယ်နှစ်ယောက်လုံး သူတို့၏ ကောင်းကင်တာအိုမျက်လုံးများကို ဖွင့်လိုက်ကြလေ၏။ ထို့နောက်တွင် သူတို့သည် ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြလေသည်။

ထို့နောက်တွင် သူတို့သည်လည်း ထိုနန်းတော်ထံသို့ တရှိန်ထိုး ပြေးသွားကြလေသည်။

“ဘုရားရေ .. အဲဒါ ဘယ်သူလဲ .. သူကဘာလို့ ရွှေရောင်တာအိုနန်းတော်ဆီကို ဒီလိုမျိုး ပြေးသွားရတာလဲ .. အဲဒီလူ ပေါက်ကွဲပြီး သေသွားလိမ့်မယ် .. ပြောရမယ်ဆိုရင် အရှေ့ဘက်ကို ပြေးသွားတာက ဘာမှအသုံးမဝင်ဘူး”

“မဟုတ်ဘူး .. အဲဒါက ကလေးလေးပဲ .. သူကဘာလို့အဲဒီလောက်တောင်ရဲတင်းနေရတာလဲ .. မဟုတ်ဘူး .. ဒါက မူလဝိဉာဉ် .. ဘုရားရေ .. ဒါက ထာဝရသန္ဓေသားများလား…”

အခြားသူများလည်း ချက်ချင်းလှုပ်ရှားလာကြလေသည်။ သူတို့၏မျက်နှာများမှာ ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။

ထာဝရရှေးဟောင်းမြေတွင် သူတော်စင်သစ်သား၊ ကောင်းကင်နတ်ဘုရားသစ်သီးကဲ့သို့သော ကောင်းကင်ရတနာမျိုးစုံရှိသည်ဟု ပြောကြသည်။ ထာဝရသန္ဓေသားလည်း ရှိကြလေ၏။ သို့သော်လည်း ဤရတနာကို တွေ့နိုင်ရန် ခက်ခဲလှသည်။

ယခုအချိန်တွင် စွမ်းအားအကြီးဆုံး ရှေးဟောင်းဘုရင်များသည် သူတို့၏ ကောင်းကင်မျက်လုံးများကို ဖွင့်ကာ စူးစမ်းလိုက်သောကြောင့် ဤသည်မှာ ထာဝရသန္ဓေသား ဖြစ်လိမ့်မည်ဟု သူတို့ခန့်မှန်းလိုက်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တစ်ပေခန့်သာရှိပြီး မူလဖရိုဖရဲမြူများ ရစ်ဆိုင်းနေသည့် မူလဝိဉာဉ်တစ်ခုသာဖြစ်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှေရောင်တာအိုနန်းတော်ထံသို့ တရှိန်ထိုးပြေးသွားလေ၏။

စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များ လှုပ်ရှားလိုက်ကြသော်လည်း သူတို့နောက်ကျသွားလေပြီ။ သူတို့သည် ပုံရိပ်ယောင်လေးကိုသာ ဖမ်းမိပြီး ထိုသန္ဓေသားလောင်းကို မဖမ်းမိတော့ပေ။

ဒုန်း..

ကောင်းကင်ကြီးပြိုကျကာ ကမ္ဘာမြေကြီး အက်ကွဲသွားလေ၏။ နတ်ဘုရားများ ထွက်ပေါ်လာပြီး နတ်ဆိုးများ အော်ဟစ်နေကြသည်။ ဤမြင်ကွင်းမှာ အလွန့်အလွန်ပင် ကြောက်စရာကောင်းလှသည်။

‘ထာဝရသန္ဓေသားလောင်း’ သည် ရွှေရောင်တာအိုနန်းတော်နှင့် တိုက်မိသွားသည်နှင့် သူသည် မီးထဲတိုးသည့်ပိုးဖလံကဲ့သို့ဖြစ်သွားပြီး မီးဘောလုံးဖြစ်သွားလေသည်။ သို့သော်လည်း သူသည် မရပ်တန့်ပဲ ဆက်လက်သွားနေဆဲပင်။

သူ၏ခန္ဓာကိုယ်တစ်ဝက် လောင်ကျွမ်းပြီးသွားသည့်နောက်တွင် သူ ထိုနန်းတော်ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်လေသည်။

“ဒါက….” အားလုံး ထိတ်လန့်သွားရသည်။ ဤနေရာတွင်ရှိနေသည့်လူများ မပြောနှင့် ကောင်းကင်နတ်ဘုရားများနှင့် ဂိုဏ်းခေါင်းဆောင်များပင်လျှင် ဤကဲ့သို့ အထဲဘက်သို့ အတင်းဝင်ရောက်နိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ယခင်က ဤကဲ့သို့ ဝင်ရန်ကြိုးစားခဲ့သည့်သူများအားလုံး ပြာဖြစ်အောင် လောင်ကျွမ်းသွားသောကြောင့်ပင်။

ဤ’ထာဝရသန္ဓေ’ အောင်မြင်သွားလေပြီ။ သူ့ခန္ဓာကိုယ်၏ ကိုးဆယ်ရာခိုင်နှုန်းကို ဆုံးရှုံးလိုက်ရပြီး မီးဘောလုံးလေးသာ ကျန်တော့သော်လည်း သူအောင်အောင်မြင်မြင်ဝင်သွားနိုင်သည်။

“အဲဒီမှာ ဆိုင်းပုတ်တစ်ခု ရှိနေတယ်”

အမြင်စူးရှသည့်လူတစ်ယောက်သည် ထာဝရသန္ဓေသားလောင်း၏မီးအလင်းရောင်ဖြင့် နန်းတော်ထဲမှ ရွှေရောင်ဆိုင်းပုတ်တစ်ခုကို မြင်လိုက်ရသည်။ ထိုဆိုင်းပုတ်ပေါ်တွင် တောက်ပနေသည့် ရှေးဟောင်းစာလုံးတစ်လုံး ရှိနေလေ၏။

“ငါနားမလည်ဘူး .. အဲဒါ ဘာကိုပြောချင်တာလဲ” လူများစွာမှာ ရှပ်ထွေးသွားကြရသည်။ ယခင်ခေတ်မှ စာလုံးများကို သူတို့နားမလည်နိုင်ကြပေ။

သို့သော် ဤနေရာတွင် မြို့ခံများလည်း ရှိနေသည်သာ။ သူတို့သည် ယခင်ခေတ်မှ မျိုးဆက်များပင်။ သူတို့သည် ထိုနေရာဘက်သို့ စိုက်ကြည့်လိုက်ပြီး သူတို့ထဲမှ တစ်ယောက် တိုးတိတ်စွာ ပြောလိုက်သည်။ “လမ်းညွှန်မှု”

ဤရွှေရောင်တာအိုနန်းတော်ကြီးကို ‘လမ်းညွှန်မှု’ ဟု ခေါ်ခြင်းပင်။ ဤသည်မှာ ဘာအဓိပ္ပာယ်ဖြစ်သနည်း..

ရှီဟောင်သည် အံ့အားသင့်သွားသည့် အမူအရာဖြစ်နေပြီး သူ၏စိတ်လည်း အတော်လေး တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုထာဝရသန္ဓေသားလောင်းကို မြင်လိုက်ရသည့်အချိန်တွင် သူအတော်လေး ရင်းနှီးနေသည်ဟု ခံစားလိုက်ရသောကြောင့်ပင်။

သူ ဤထာဝရသန္ဓေသားလောင်းကို မသိသော်လည်း သူ့အနားတွင် ရစ်ဝဲနေသည့်စွမ်းအင်မှာ သူရင်းနှီးနေသည့် စွမ်းအင်ပင်။ ထိုထာဝရသန္ဓေသားလောင်းတွင် အနက်ရောင်အကျဉ်းထောင်၏အော်ရာများရှိနေလေသည်။

“ဘာဖြစ်တာလဲ..” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။ ခဏကြာပြီးသည့်နောက်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။

ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ၁၀ခု ကျမ်းစာရဲ့ ဆင့်ခေါ်မှုကြောင့် သူရဲ့ဝိဉာဉ်ပြန်လာတဲ့အချိန်တုန်းက ပြန်ရောက်လာတဲ့သူက သူတစ်ယောက်တည်း မဟုတ်ပဲနဲ့ တစ်ခြားတစ်ယောက်ရှိသေးတာလား…

ဤသို့ စဉ်းစားမိသွားသည့်အချိန်တွင် သူကြောက်ရွံ့သွားရသည်။

ဤ’မကောင်းဆိုးဝါး’ကြီးမှာ မည်မျှပင် အသက်ကြီးနေပြီဖြစ်သနည်း.. သူဘယ်နှနှစ်တောင် အသက်ရှင်ပြီးသွားသနည်း..

ရှီဟောင်ပင်လျှင် ထိုနေရာ၌ တစ်ခဏသာ ချိတ်ပိတ်ခံခဲ့ရသော်လည်း နှစ်ပေါင်းထောင်ပေါင်းများစွာရှိနေပြီဟု ခံစားလိုက်ရပြီး သူစိတ်လွတ်လုနီးပါးပင် ဖြစ်ခဲ့သည်။

ဤသက်ရှိသည်လည်း ယခင်ခေတ်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ သူပိတ်မိနေတာ နှစ်ပေါင်း တစ်ထောင်ရှိနေပြီကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်တာလဲ .. သူအသက်ရှင်နေသေးတယ်ဆိုရင်တောင်မှ သူ့ရဲ့စိတ်တွေကတော့ ပြိုလဲသွားလောက်ပြီလေ ဟုတ်တယ်မလား…

“ဒါက .. တကယ်ကို ရှေးဟောင်းမကောင်းဆိုးဝါးကြီးပဲ” ရှီဟောင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ဤရွှေရောင်နန်းတော်ကြီးကို လမ်းညွှန်မှုဟု ခေါ်ခြင်းမှာ ဤသည်နှင့် သက်ဆိုင်နေသည်လား..

ရှီဟောင်သည် အကြောင်းအရာများစွာကို တွေးပြီး ထိတ်လန့်လာရသည်။

အမှောင်ထုလေဟာနယ်တွင် အရောင်မမှိန်သေးသည့် လှောင်အိမ်များစွာကို သူတွေ့ခဲ့ရသည်။ သူသည် အလွန်ကြောက်စရာကောင်းသည့် အလင်းပျောက် နှစ်ခု၊ သုံးခုကိုပင် တွေ့ခဲ့ရသေးသည်။

ဒါက ဘာကိုဆိုလိုသနည်း..

ထိုနေရာမှ လွတ်မြောက်လာသည့် မူလဝိဉာဉ်သည် ဤနန်းတော်ထဲသို့ အဆင်အခြင်မဲ့ ပြေးဝင်သွားသောကြောင့် ဤသည်က ဘာကိုဆိုလိုသနည်း.. ဤသည်မှာ သူ့အား အတွေးများသွားစေသည်။

“ဟမ် .. ရှေးဟောင်းပြိုင်ကွင်းလည်း ပေါ်လာပြီလား” ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ ရွှေရောင်နန်းတော်ဘေးတွင် မှုန်ဝါးနေသည့် ပြိုင်ကွင်းတစ်ခု ပေါ်လာလေသည်။

ဤသည်မှာ ဂျီးနီးယပ်စ်များအားလုံး နောက်ဆုံးယှဉ်ပြိုင်ကြမည့် နောက်ဆုံးစစ်မြေပြင်ပင်။

ရှီဟောင်သည်လည်း ထိတ်လန့်သွားသည်သာ။

ဝုန်း..

နောက်ဆုံးတွင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထို ‘လမ်းညွှန်မှု’ နန်းတော်နှင့် ပြိုင်ကွင်းတို့ ပျောက်ကွယ်သွားလေသည်။

ယခုတစ်ကြိမ်တွင် သူတို့သည် နယ်မြေများကို ဖြတ်သွားခြင်းမဟုတ်ပဲ ဤအတိုင်း ပျောက်ကွယ်သွားခြင်းပင်။

ပုလွေကိုင်ထားသည့်လူငယ်နှင့် သရဖူ ၁၀ ခုဘုရင်ပင်လျှင် ဤနန်းတော်တို့ ဘယ်ရောက်သွားမှန်း မသိကြပေ။

“နန်းတော်က ထာဝရသန္ဓေသားလောင်းအတွက်ပဲ ရောက်လာတာများလား” တစ်စုံတစ်ယောက်မှ စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

ထို့နောက်တွင် ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမျှ ဘာမှမပြောတော့ပေ။ ရှေးဟောင်းလူထူးဆန်းများအားလုံးမှာ နောင်တရနေကြလေသည်။

ရှီဟောင်သည် ထိုနေရာတွင် ထပ်မနေတော့ပဲ လှည့်ထွက်သွားလိုက်သည်။

ရုတ်တရက်ပင် လေဟာနယ်ကြီး ယိုယွင်းလာကာ တစ်စုံတစ်ယောက်သည် နယ်မြေတစ်ခုကို ပြုလုပ်လိုက်ပြီး လေးဘက်လေးလံလုံးကို ပိတ်လိုက်ကာ သူထွက်သွား၍မရအောင် ပြုလုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းလူထူးဆန်းများလည်း သူ့အား ကြည့်လာကြလေသည်။ အချို့သူ၏ အမူအရာများမှာ အေးစက်နေပြီး အချို့မှာ ထူးမခြားနားပင်။

နျင်ချွမ်းကဲ့သို့သော သတ်ဖြတ်လိုသည့် အငွေ့အသက် ထုတ်လွှတ်နေသူများလည်းရှိသည်။

“ဟား ဟား .. သူငယ်ချင်းလေး .. နေပါဦး” ယုံကြည်ချက် ပြည့်နေသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။

ရှီဟောင် သက်ပြင်းချလိုက်သည်။ သူဘာမှမတတ်နိုင်တော့ပေ။ သူအစိုးရိမ်ရဆုံး အရာ ဖြစ်လာလေပြီ။ ကောင်းကင်နတ်ဘုရားများလည်း ရောက်လာလေပြီ။ အမှန်တကယ်တွင် အစောကြီးကတည်းက သူတို့ကို အာရုံခံမိခြင်းပင်။ သူသည် လေဟာနယ်ကို ထိုးဖောက်ကာ ထွက်ပြေးချင်ခဲ့သော်လည်း အခြားသူများသည် အစောကြီးကတည်းက ဤနေရာကို ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်းကို သူခံစားနေရသည်။ ထို့ကြောင့်ပင် သူအလောတကြီး မလုပ်ခြင်းပင်။

အပိုင်း ၁၁၃၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၄ – ကောင်းကင်နတ်ဘုရား မာယွမ်

ရောက်လာသည့်သူမှာ အရပ်သိပ်မရှည်သော်လည်း ခန္ဓာကိုယ်တောင့်တင်းသည်။ သူ၏အသံမှာ ခေါင်းလောင်းသံကဲ့သို့ပင် ကျယ်လောင်ကာ ရှင်းလင်းလှသည်။

သူ၏ဆံပင်နှင့် မုတ်ဆိတ်များမှာ အဖြူရောင်ဖြစ်နေသော်လည်း သူ၏မျက်လုံးများမှာ ရွှေရောင်မီးအိမ်ကဲ့သို့ပင် တောက်ပနေလေသည်။ သူလမ်းလျှောက်လိုက်သည့်အချိန်တွင် သူ၏အနောက်တွင် လေပြင်းများ တိုက်ခတ်နေပြီး သူ့အနားတွင်ရှိနေသည့် တောင်များလည်း ယိမ်းယိုင်သွားသည်။ ဤသည်မှာ သမိုင်းမတင်မှီခေတ်က ဘီလူးကြီး လမ်းလျှောက်လာသကဲ့သို့ပင်။

ရှီဟောင် ဘာမှမပြောပေ။ သူ၏ညာလက်ထဲတွင် ထာဝရတည်ရှိနေမည့်ဓားကို ကိုင်ထားပြီး သူ၏ဦးခေါင်းထက်တွင် ကောင်းကင်မြစ်ရေနှင့် ကျိန်စာစွမ်းအားပါဝင်သည့် ဆေးလုံးမီးဖိုရှိနေပြီး သူ၏ဘယ်ဘက်တွင် ဝိဉာဉ်တစ်သောင်း သင်္ကေတအရိုးဖြူ ရှိလေသည်။

သူသည် ပြင်းထန်သည့် တိုက်ပွဲအတွက် ပြင်ဆင်ထားလေပြီ။ သူသည် ကောင်းကင်နတ်ဘုရားနှင့် ရင်ဆိုင်နေရခြင်းပင်။ သူတို့နှစ်ဦးကြားမှ ကွာခြားချက်မှာ မြင့်မားလွန်းလှသည်။

“သူငယ်ချင်းလေး စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး .. ငါတို့ထိုင်ပြီး စကားပြောကြရအောင်” ဤကောင်းကင်နတ်ဘုရားသည် သူ၏ဆံပင်များ ဖြူဖွေးနေသော်လည်း သူ၏မျက်နှာထက်တွင် အရေးကြောင်းတစ်ခုမှမရှိပဲ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည်။ သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့်ပင် တူနေသည်။ သို့သော်လည်း သူ၏မျက်လုံးများတွင် ပြောင်းလဲမှုများ၏ အော်ရာများ ထုတ်လွှတ်နေသောကြောင့် ဤသည်မှာ နှစ်ပေါင်းများစွာ ရှင်သန်နေသည့် မကောင်းဆိုးဝါးအိုကြီးပင်။

“စီနီယာ .. ဘာလို့ ဒီကိုလာလည်တာလဲဆိုတာ ကျွန်တော် မေးလို့ရမလား” ရှီဟောင်မေးလိုက်၏။ သူနှင့် ရွယ်တူများကို သူအထင်သေးရဲသော်လည်း ဤကဲ့သို့သော မကောင်းဆိုးဝါးအိုကြီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူဖိအားများလှသည်။

ခပ်ဝေးဝေးတွင်ရှိနေကြသည့် ရှေးဟောင်းလူထူးဆန်းများလည်း တည်ငြိမ်စွာပင် စောင့်ကြည့်နေကြလေ၏။ ကောင်းကင်နတ်ဘုရားရောက်လာသောကြောင့် သူတို့လည်း လက်လွတ်စပယ် မလုပ်ရဲကြပေ။

“တစ်ယောက်ယောက် မင်းနဲ့ရှင်းဖို့အတွက် ငါ့ကို အကူအညီတောင်းလိုက်တာ .. ဒါပေမဲ့ ဒီရောက်လာတော့ ငါစိတ်ပြောင်းသွားပြီ .. မင်းက ထာဝရစွမ်းအင်နှစ်ကြောင်းတောင် ကျင့်ကြံထားတာ .. ဒါက အတိတ်နဲ့ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့အရာပဲ .. ဒီလူအိုကြီးက မင်းကို ငါတို့ကလန်ကို လိုက်လည်ဖို့ လေးလေးစားစား ဖိတ်ချင်တာပါ” သူပြောလိုက်သည်။

သူသည် ဤကဲ့သို့ပြောနေသော်လည်း လူတစ်ယောက်ကို တုန်လှုပ်စေနိုင်သည့် ဖိအားများကို ထုတ်လွှတ်နေဆဲပင်။ သက်ရှိများစွာသည် တုန်ယင်သွားကြကာ စွမ်းအားမဲ့စွာပင် ဒူးထောက်သွားကြလေ၏။

ဤသည်မှာ ကောင်းကင်နတ်ဘုရားတစ်ပါး၏ ဖိအားပင်။

ရှီဟောင်အနားတွင် ထာဝရစွမ်းအင်နှစ်ကြောင်း ရစ်ဝဲနေပြီး သူ့အား ကာကွယ်ပေးထားသောကြောင့် ဤဖိအားများမှာ သူ့အပေါ်သို့ မသက်ရောက်ပေ။

“စီနီယာ အခုကျွန်တော်က ဒဏ်ရာအပြင်းအထန်ရထားပါတယ် .. အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းတဲ့ နေရာလေးတစ်ခုရှာပြီးတော့ ဒဏ်ရာတွေ ပြန်ကောင်းအောင် ကုချင်ပါတယ် .. ကျွန်တော့်ဒဏ်ရာတွေ ပျောက်သွားတဲ့အချိန်ကျရင် ကျွန်တော် သေချာပေါက် စီနီယာ့ဂိုဏ်းကို လာလည်ပါ့မယ်” ရှီဟောင် ပြောလိုက်သည်။

တစ်ဖက်လူ၏စကားများကို သူမယုံကြည်ရဲ။ တစ်ဖက်လူ ရောက်လာသည်မှာ ကြာလှပြီဖြစ်ပြီး တစ်ချိန်လုံး သူ့ကို ပစ်မှတ်ထားနေခြင်းပင်။ ထိုလူ့ထံတွင်သာ ကောင်းမွန်သည့်ရည်ရွယ်ချက်များ ရှိနေပါက သူက အဘယ်ကြောင့် ဤမျှသတိထားနေမည်နည်း…

“အဲဒါဆိုရင် မင်း ငါ့ကလန်ကို ဧည့်သည်အနေနဲ့လာဖို့ ပိုလိုသေးတယ် .. မင်းရဲ့ခန္ဓာကိုယ်က အခြေအနေမကောင်းဘူး .. မင်းကိုကာကွယ်ပေးဖို့ လူလိုတယ် .. မင်းကို ဘယ်သူဒုက္ခပေးရဲသလဲဆိုတာ ငါ ကြည့်ချင်သေးတယ်” ထိုလူကြီးမှ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်လေ၏။ ထိုသို့ကြည့်လိုက်သည်နှင့် ဖိအားလှိုင်းကြီးတစ်ခု ကျရောက်လာကာ လူများစွာသည် ထိုဖိအားဒဏ်ကို မခံနိုင်တော့ပဲ ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားကြလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ရှေးဟောင်းလူထူးဆန်းများသည် အေးစက်သည့်အပြုံးများ ပြုံးလိုက်ကြပြီး အတော်ဝေးဝေးသို့ ထပ်ဆုတ်သွားလိုက်ကြသည်။

“သူငယ်ချင်းလေး မင်းအရမ်းကြီး သတိထားနေစရာမလိုပါဘူး .. ဒီလူအိုကြီး မာယွမ်လည်း မင်းလိုမျိုး လူသားမျိုးနွယ်စုကပါပဲ” သူသည်သာမန် မြို့ခံမဟုတ်ကြောင်း အရေးကြီးသည့် သတင်းကို ပြောပြလိုက်လေသည်။

“စီနီယာက စီရင်စုသုံးထောင်က ထာဝရရှေးဟောင်းမြေထဲက ပြန်မထွက်သွားတဲ့ အရင်မျိုးဆက်ကလူလား” ရှီဟောင် မေးလိုက်၏။

“လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက ငါ့ဘိုးဘေးက ထာဝရရှေးဟောင်းမြေမှာ နေခဲ့တာ .. ငါက အဆင့်မြင့်နယ်မြေက လူသားမျိုးနွယ်စုရဲ့ မျိုးဆက်ပါ” မာယွမ် သူ့အား နောက်တစ်ကြိမ် ဖိတ်ခေါ်လိုက်သည်။

ရှီဟောင် စိတ်ထဲ ထိတ်လန့်သွားရသည်။ ဤလောကတွင်ရှိနေသည့် အပြင်ဘက်လောကမှ ကျင့်ကြံသူများမှာ ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်သည်နှင့် သေလျှင်သေ၊ မသေလျှင်ရူးသွားကြသည်သာ။ သို့သော်လည်း ဤကောင်မှ လုံးဝအဆင်ပြေနေသည်။

ရှီဟောင် – “စီနီယာ .. ကျွန်တော် တစ်ခြားရက်ကို ပြောင်းလို့ရမလား .. ကျွန်တော့်သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ကတိပေးထားတာမို့လို့ ကျွန်တော့်စကာကို ပြန်မရုတ်သိမ်းချင်လို့ပါ”

သူတို့နှစ်ဦးလုံး လူသားမျိုးနွယ်စုမှ ဖြစ်သော်လည်း ဤလူနှင့်ပတ်သက်၍ သူ၏ခံစားချက်များ မကောင်းပေ။ အဆိုးဆုံးအတွက်လည်း သူပြင်ဆင်ပြီးသွားပြီဖြစ်သည်။

“အဲဒါဆိုရင် မင်းရဲ့သူငယ်ချင်းတွေအားလုံးကိုလည်း ဖိတ်လိုက်လေ” မာယွမ်ပြောလိုက်သည်။

သူ၏စကားလုံးများမှာ တည်ငြိမ်သော်လည်း လွှမ်းမိုးသည့်အော်ရာရှိနေသောကြောင့် ဤနေရာမှာ ယခင်ကလောက် မငြိမ်းချမ်းတော့ပေ။

“စီနီယာ .. ကျွန်တော့်မှာ တစ်ခြားလုပ်စရာ ကိစ္စတွေရှိသေးတယ်ဆိုတော့ ကျွန်တော့်ကို ဒီလိုမျိုး ဖိအားမပေးသင့်ဘူးလေ ဟုတ်တယ်မလား” ရှီဟောင် ပြောလိုက်သည်။ သူသည်စကားပြောနေရင်းဖြင့်ပင် ရတနာရှစ်သွယ်ယူနီကွန်းနှင့် အခြားနတ်ဆေးပင်များကို စားသုံးလိုက်ကာ သူ၏ဒဏ်ရာများကို ကုသလိုက်သည်။

သို့သော် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသောကြောင့် ဤမျှမြန်မြန်ဆန်ဆန် ကုသနိုင်မည်မဟုတ်ပေ။

“သူငယ်ချင်းလေး .. မင်းကဒီလူအိုကြီးကို တကယ် မျက်နှာသာမပေးဘူးပဲ..” မာယွမ်ပြောလိုက်ပြီး တစ်လှမ်းချင်း လျှောက်လာလေသည်။

ရှီဟောင် အနောက်ဆုတ်လိုက်သည်။ အချိန်ဆွဲနေသည့် တစ်လျှောက်လုံး သူ၏ဒဏ်ရာများကို ကုသလိုက်ပြီး သူ၏ကောင်းကင်မျက်လုံးကို တစ်ချိန်လုံး အသုံးပြုခဲ့ခြင်းပင်။ မာယွမ်၏မျက်လုံးထဲမှ တောက်လောင်နေသည့် လောဘများကို သူမြင်ပြီးသားပင်။

တစ်ဖက်လူသည် သူ၏ နေရာတွင် သူ၏ထာဝရစွမ်းအင်များကို လိုချင်နေကြောင်း သူသိသည်။

ရှီဟောင် – “စီနီယာ .. စီနီယာက ကျွန်တော့်ကို ဖိအားပေးနေတာလား”

“သူငယ်ချင်းလေး .. ငါကမင်းကို စေတနာနဲ့ဖိတ်ခေါ်တာကို မင်းက ငါ့ရဲ့ကြင်နာမှုကို အသိအမှတ်မပြုဘူးပဲ ထွက်သွားဖို့ပဲ ပြောနေတယ် .. မင်းကဒီလူအိုကြီးကို အထင်သေးနေတာလား” မာယွမ် အနည်းငယ် မျက်နှာပျက်သွားလေသည်။

ရှီဟောင် သူ့မျက်နှာကို ဖြတ်ရိုက်ချင်မိသည်။ ဤလူအိုကြီးသည် သူ၏ခန္ဓာကိုယ်ကို လိုချင်နေသည်မှာ သိသာနေသော်လည်း ဂုဏ်သိက္ခာကြီးမားသည့်သူလို လာလုပ်ပြနေသေးသည်။

သူတို့၏ ကျင့်ကြံဆင့်သာ သိပ်မကွာပါက ဤလူအိုကြီးကို တစ်ချက်တည်းနှင့် ကိစ္စချောသွားအောင် သူဖြတ်ရိုက်ပစ်လိုက်မည်သာ။

ရတနာရှစ်သွယ်ရတနာယူနီကွန်းနှင့် နတ်ဆေးပင်၏ အကျိုးအာနိသင်များ ထွက်ပေါ်လာလေပြီ။ သူ၏ခန္ဓာကိုယ် အနည်းငယ် သက်သာသွားသကဲ့သို့ ဆေးနံ့များလည်း သင်းပျံ့လာသည်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။

“သူငယ်ချင်းလေး .. ဒီလူအိုကြီးက မင်းနဲ့ဆွေးနွေးချင်တဲ့ကိစ္စလေးတွေရှိနေလို့ကို မင်းကဘာလို့ငါ့ရဲ့ ကြင်နာမှုကို အသိအမှတ်မပြုတာလဲ” မာယွမ် ရှေ့ဆက်လျှောက်လာသည်။ သူ၏မျက်နှာထက်ရှိ အပြုံးများမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး အေးစက်မှုများသာ ရှိနေတော့သည်။

“ထာဝရရှေးဟောင်းမြေမှာ လူမျိုးစုတွေ အများကြီးရှိပြီးတော့ ယှဉ်ပြိုင်မှုတွေကလည်း ပြင်းထန်တယ်” ရှီဟောင်သည် ဘေးပတ်လည်တွင်ရှိနေသည့် လူမျိုးစုအားလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် မာယွမ်ကို ကြည့်လိုက်ကာ “ကျွန်တော်တို့ နှစ်ယောက်လုံးက လူသားလူမျိုးနွယ်စုတွေလေ .. စီနီယာ ကျွန်တော့်ကို မကူညီတာကထားပါတော့ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုကိုဘာလို့ အလောတကြီး လုပ်နေတာလဲ”

ကိစ္စများမှာ ဤအထိပင် ရောက်နေပြီဖြစ်သောကြောင့် သူအချိန်ထပ်ဆွဲ၍မရတော့သည်ကို သူသိသည်။

“လူငယ်လေး မင်းဘာပြောနေတာလဲ .. စီနီယာတစ်ယောက်အနေနဲ့ ငါမင်းကို ငါ့ကလန်ကို ခေါ်သွားပြီးတော့ လမ်းညွှန်မှုတွေ ပေးချင်ပါတယ် .. မင်းဒီလိုမျိုး ပြောလိုက်တာက ငါ့ရဲ့ ကျေးဇူးတရားကို နားမလည်တာပဲ” မာယွမ် မျက်နှာပျက်သွားရသည်။ ထို့နောက်တွင် “လူသားမျိုးနွယ်စုရဲ့ စီနီယာတစ်ယောက်အနေနဲ့ ငါမင်းကို ဆုံးမပိုင်ခွင့်ရှိတယ် .. မင်း မလေးမစားပြောနေတာတွေကို ခွင့်မပြုနိုင်ဘူး .. လူတစ်ယောက်က သူ့ထက်ကြီးတဲ့ မျိုးဆက်တွေကို နည်းနည်းလောက်တော့ လေးစားသင့်တယ်”

“လူအိုကြီး .. ခင်ဗျားက တကယ်စက်ဆုပ်ဖို့ကောင်းတာပဲ .. ဒီသောက်ရေးမပါတာတွေ တော်လိုက်ပါတော့” ရှီဟောင် ဒေါသထွက်လာသည်။

“မင်း ငါ့ကို ဒီလိုမျိုး ပြောရဲတယ်ပေါ့ .. မင်းက လူသားမျိုးနွယ်စုက စီနီယာကို အရှက်ခွဲနေတာလား .. လူတစ်ယောက်က ဘယ်လိုပြုမူသင့်သလဲဆိုတာ ငါမင်းကို သင်ပေးမယ် .. ငါ့ကလန်ကို လိုက်ခဲ့” မာယွမ်အော်ဟစ်လိုက်သည်။ သူ၏လက်တစ်ဖက်သည်လည်း အရှေ့ဘက်သို့ ရောက်လာလေ၏။

“ခင်ဗျားလိုမျိုး အရှက်မရှိတဲ့လူအိုကြီးကို လူသားမျိုးနွယ်စုကစီနီယာလို့ ခေါ်လို့ရသေးတယ်ပေါ့ .. ခင်ဗျားက ကျုပ်ကို ရှင်းဖို့အတွက် ကလန်အပြင်ဘက်လူတွေငှားထားတဲ့ အမဲလိုက်ခွေးသာသာပဲ .. ပြီးတော့ ခင်ဗျားက ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံထားတဲ့ ကျုပ်ခန္ဓာကိုယ်ကိုတောင် လိုချင်နေသေးတယ်မလား” ရှီဟောင်သည် တစ်ဖက်လူ၏ မျက်နှာဖုံးကို ခွာချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူလှုပ်ရှားလိုက်သည်။

ဤနေရာကို ထူးဆန်းသည့် နယ်မြေမှ ချိတ်ပိတ်ထားခြင်းဖြစ်သောကြောင့် သူ နယ်မြေပျက်စီးခြင်း သင်္ကေတကို အသုံးပြု၍ မရပေ။ သူအသက်စွန့်၍သာ ဖောက်ထွက်ရလိမ့်မည်။

သူ၏ဦးခေါင်းထက်တွင် ရှိနေသည့် ဆေးလုံးမီးဖိုတောက်ပလာပြီး ကောင်းကင်မြစ်ရေကို သွန်ချလိုက်သည်။ နေရာတိုင်းတွင် လျှပ်စီးအလင်းတန်းများနှင့်အတူ ကျိန်စာစွမ်းအင်များ ပျံ့နှံ့သွားလေသည်။

“သူငယ်ချင်းလေး .. မင်းလုပ်မနေနဲ့” မာယွမ် နှာခေါင်းရှုံ့လိုက်သည်။ သူ၏အဆင့်နှင့်ဆိုလျှင် သူသည် တောင်များနှင့် မြစ်များကိုပင် လက်တစ်ဖက် မြှောက်လိုက်ရုံနှင့် ဖျက်ဆီးပစ်နိုင်သည်။ ကောင်းကင်ဘုံကိုးခုမှ ကြယ်များကိုပင် ခူးဆွတ်နိုင်သည်။ သူ၏မှော်ခွန်အားမှာ အကန့်အသတ်မရှိပေ။

ဖုန်းဟူသည့်အသံနှင့်အတူ ထိုလက်ကြီး ရွေ့လျားလာကာ ကောင်းကင်မြစ်ရေနှင့် လျှပ်စီးအလင်းတန်းအားလုံးကို ကန့်သတ်လိုက်လေသည်။ ထိုအရာများမှာ သူ့ခန္ဓာကိုယ်ထံသို့ မရောက်နိုင်တော့ပေ။

“မင်းလိုမျိုး လူငယ်မျိုးဆက်တွေက ဘယ်လိုမျိုးကျေးဇူးတင်ရမလဲဆိုတာ မသိကြဘူးပဲ” မာယွမ်သည် ကောင်းကင်မြစ်ရေများကို အေးခဲစေလိုက်ကာ လက်ညှိုးတစ်ချောင်းထုတ်လိုက်ပြီး ရှီဟောင်အား ဖိနှိပ်လိုက်သည်။

ထိုလက်ညှိုးသည် တစ်ဖြည်းဖြည်းကြီးလာပြီး တိုင်လုံးတစ်လုံးကဲ့သို့ ဖြစ်လာသည်။ သူသည် ရှီဟောင်အား ဤနေရာတွင် ဖိသတ်ချင်နေခြင်းပင်။

ရှီဟောင် ဒေါသထွက်သွားရသည်။ ဤသည်မှာ သူ့အား အနိုင်ကျင့်နေခြင်းပင်။

သူ၏လက်ထဲတွင်ရှိနေသည့် ဓားမှ အသံထွက်လာပြီး သူသည် ဝိဉာဉ်တစ်သောင်းသင်္ကေတကိုလည်း ကိုင်ထားသည်။ တစ်ချိန်တည်းမှာပင် သူသည် နတ်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။ သူဤအတိုင်း အရှုံးမပေးချင်။

ခွပ်..

တိုးတိတ်လှသည့်အသံတစ်ခုနှင့်အတူ ထိုလက်ညှိုးကြီးမှ သူ့အားဖိနှိပ်လာသည့်အချိန်တွင် ရှီဟောင်ရှေ့တွင်ရှိနေသည့် အဖိုးတန်သင်္ကေတတွင် အက်ကွဲကြောင်း ဖြစ်ပေါ်လာကာ တောက်ပသည့်အလင်းများထုတ်လွှတ်လာလေသည်။

တစ်ချိန်တည်းမှာပင် လေထဲတွင် ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာပြီး ထိုအဖိုးတန်သင်္ကေတမှ ထွက်ပေါ်လာသည့် အလင်းတန်းသည် ထိုကြီးမားလှသည့် လက်ချောင်းကြီးကို တိုက်ခိုက်လိုက်လေသည်။

မာယွမ်ထံမှ ညည်းတွားသံ ထွက်ပေါ်လာသည်။ သူ၏မျက်နှာပျက်ယွင်းသွားပြီး မျက်လုံးများလည်း မှေးကျဉ်းသွားရသည်။ သူဒေါသထွက်သွားရသည်။ သူ၏ထိုလက်ညှိုးသည် ခွပ်ခနဲကျိုးသွားလေသည်။

ဤသည်မှာ ယုံကြည်နိုင်ရန် ခက်ခဲလှသည်။

ကြီးကျယ်ခမ်းနားလှသည့် ကောင်းကင်နတ်ဘုရားသည် လူငယ်မျိုးဆက်နှင့် တိုက်ခိုက်နေသည့်အချိန်တွင် သူ၏လက်ညှိုးကျိုးသွားသည်မှာ လက်ခံနိုင်စရာကောင်းလှသည်။

“လူငယ်မျိုးဆက်လေး..” မာယွမ်သည် ထိုအဖိုးတန်သင်္ကေတကို စိုက်ကြည့်နေလေ၏။

ရှီဟောင် ထိတ်လန့်သွားရ၏။ သူ့ထံတွင်ရှိနေသည့် ဤအဖိုးတန်သင်္ကေတနှင့် နယ်မြေပျက်စီးခြင်းသင်္ကေတတို့မှာ သူ မီးစီရင်စုမြက်ခင်းပြင်၏ မြေအောက်အပျက်အစီးများထဲမှ ရခဲ့ခြင်းပင်။

ဤနတ်အဆောင်၏ ခုခံနိုင်စွမ်းမှာ မြင့်မားလှသည်ကို သိသောကြောင့် သူ ကိုယ်နှင့်မကွာ ဆောင်ထားခဲ့ခြင်းပင်။ ယနေ့တော့ အသုံးဝင်သွားလေပြီ။

မာယွမ်သည် တံဆိပ်များကို ဖန်တီးလိုက်ကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးသွားလိုက်လေသည်။ ထို့အပြင် သူ၏မျက်ခုံးကြားမှ တောက်ပလာလေ၏။ သူသည် စွမ်းအားကြီးသည့် နတ်အာရုံဖိအားများကို အသုံးပြုကာ ရှီဟောင်အား ဤနေရာတွင် အကျဉ်းချထားလိုခြင်းပင်။

“လူငယ်လေး .. မင်း အခုထိ မင်းအမှားကို ဒူးထောက်ပြီးတော့လက်မခံသေးဘူးလား” သူအော်ဟစ်လိုက်သည်။

“ငါ့ဖင်ကိုပဲ အပြစ်ဝန်ခံလိုက်လေ” ရှီဟောင် ကျိန်ဆဲလိုက်သည်။ ဤလူမျိုးကို သူအမုန်းဆုံးပင်။ သူတို့နှစ်ဦးလုံးသည် လူသားမျိုးနွယ်စုများ ဖြစ်ကြသော်လည်း ဤလူသည် မျိုးနွယ်စုအချင်းချင်းကို အနိုင်ကျင့်ပြီး သူ၏ခန္ဓာကိုယ်ကိုပင် လိုချင်နေသေးသည်။

နတ်ကာကွယ်ခြင်းသင်္ကေတ နောက်တစ်ကြိမ်တောက်ပလာလေသည်။ ထို့အပြင် ရှီဟောင်၏နဖူးကြားမှ တောက်ပလာပြီး မူလဝိဉာဉ်ခွန်အားလည်း ထွက်ပေါ်လာသည်။ သူ၏နတ်ဝိဉာဉ်ခွန်အားသည် မထင်မှတ်စွာဖြင့်ပင် ကောင်းကင်နတ်ဘုရား၏ ခွန်အားကို ခုခံနိုင်လေသည်။

“ဘာ…” မာယွမ်သာမကာ ရှီဟောင်လည်း သူ့ကိုယ်သူ အံ့အားသင့်သွားရသည်။ ထို့နောက်တွင် သူချက်ချင်း နားလည်သွားရသည်။

ထိုလှောင်အိမ်ထဲမှ ရခဲ့သည့် အကျိုးကျေးဇူးမှာ မနည်းလှပေ။ သူ၏မူလဝိဉာဉ်စွမ်းအားတိုးတက်လာသည်ကို သူသိသော်လည်း ကောင်းကင်နတ်ဘုရားကိုပင် ယှဉ်နိုင်လောက်မည်ဟု သူမထင်ထားခဲ့ပေ။

ဤသည်မှာ သူ၏ကံကောင်းမှုကြီးပင်။

အဲဒီနေရာက တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ ..

ဝုန်း…

ထိုလက်ကြီး နောက်တစ်ကြိမ် ကျရောက်လာသော်လည်း ကာကွယ်ခြင်းသင်္ကေတကြောင့် ရပ်တန့်သွားလေသည်။ သို့သော်လည်း မာယွမ်၏လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှသောကြောင့် ထိုအလင်းကြောင့် ဘာမှမဖြစ်လိုက်ပေ။

“လူအိုကြီး .. ခင်ဗျားရဲ့ခွန်အားက အဲဒီလောက်ကြီးလည်း ထူးခြားမနေဘူး .. ခင်ဗျားက ဒီလောက်လေးနဲ့ကျုပ်ကို ခြိမ်းခြောက်ချင်နေသေးတယ်ပေါ့ .. ကျုပ်ထင်တာတော့ ဒူးထောက်ရမယ့်သူက ခင်ဗျားပဲထင်တယ်” ရှီဟောင် လှောင်ပြောင်လိုက်သည်။ သူသည်စကားပြောနေရင်းဖြင့်ပင် နောက်ဆုတ်လိုက်ပြီး ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။

“မင်းက ဘယ်ကို သွားချင်နေတာလဲ” မာယွမ် အေးစက်စွာ ပြောလိုက်သည်။ သူသည် နတ်စွမ်းရည်တစ်ခုကို အသုံးပြုကာ ရှီဟောင်အား ဤနေရာတွင် ချိတ်ပိတ်ထားရန် ဆုံးဖြတ်လိုက်သည်။ သူ၏မူလဝိဉာဉ်ကို သတ်ပြီး သူ၏ခန္ဓာကိုယ်ကို ယူမည်။

ရှီဟောင်သည် သူ့ကိုတိုက်ခိုက်နေသည်များအား ခွင့်ပြုထားလိုက်ပြီး ကာကွယ်ခြင်းသင်္ကေတနှင့် ဝိဉာဉ်တစ်သောင်းသင်္ကေတကို အသုံးပြုလိုက်သည်။ တစ်ဖက်လူကို ခုခံရန်အတွက် သူ၏မူလဝိဉာဉ်ကိုလည်း အသုံးပြုလိုက်သည်။

ဝုန်း..

ရုတ်တရက်ပင် ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သူတို့အနားတွင်ရှိနေသည့် တောင်များ ပျက်စီးသွားရသည်။ ကျင့်ကြံသူအားလုံးမှာ တုန်ယင်သွားကြပြီး မျက်နှာများလည်း ဖြူဖျော့သွားရသည်။ သူတို့မြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။

ရှီဟောင်သည် ‘ထာဝရမျိုးစေ့’ ကို တိတ်တဆိတ် အသုံးပြုလိုက်ခြင်းပင်။ ထိုမျိုးစေ့တွင် အရင်းအမြစ်စွမ်းအင်များ ဝေ့ဝဲနေကာ မာယွမ်၏ခန္ဓာကိုယ်ကို တိုက်ခိုက်လေသည်။

မာယွမ်သည် တံဆိပ်တစ်ခုကို ပြုလုပ်ရန်အတွက် လက်ဝါးကြီးကို အသုံးပြုကာ ရိုက်ချလိုက်သောကြောင့် ရှီဟောင် ထုတ်ထားသည့် ထာဝရမျိုးစေ့ပေါ် ကွက်တိကျသွားလေသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး အရင်းအမြစ်စွမ်းအင်မှာ ကောင်းကင်နှင့်ကမ္ဘာမြေ၏ အချင်းများကဲ့သို့ပင်။ သူ၏စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင်ပင်။ ထို့ကြောင့် ထိုလက်ဝါးသည် ချက်ချင်းပင် ပေါက်ကွဲသွားကာ တစ်စစီဖြစ်သွားပြီး ကောင်းကင်ကြီးလည်း သွေးရောင်လွှမ်းသွားသည်။

ထို့အပြင် ရှီဟောင်သည် ဆေးလုံးမီးဖိုကိုလည်း အသက်သွင်းလိုက်ကာ ထိုဒဏ်ရာများပေါ်သို့ ကောင်းကင်မြစ်ရေများကို အချိန်ကိုက်သွန်ချလိုက်သည်။

“အား….” မာယွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ တစ်ဝက်မှာ ဒေါသကြောင့်ဖြစ်ပြီး ကျန်တစ်ဝက်မှာ နာကျင်မှုကြောင့်ပင်။

ကြီးကျယ်မြင့်မြတ်သည့် ကောင်းကင်နတ်ဘုရားတစ်ယောက် လူငယ်မျိုးဆက်လက်ထဲတွင် ဤကဲ့သို့ ရှုံးနိမ့်ခြင်းကို သူသည်းခံနိုင်ရန် မဖြစ်နိုင်ပေ။ သူနောက်ပိုင်းကျ ဘယ်လိုမျက်နှာပြရတော့မည်နည်း..

အပိုင်း ၁၁၃၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၅ – ကောင်းကင်နတ်ဘုရား ကံဆိုးသွားခြင်း

နီရဲနေသည့် သွေးများသည် ကြယ်များကဲ့သို့ပင် မြေပြင်ပေါ်သို့ တစ်စက်ပြီးတစ်စက် ကျသွားသည်။ တောင်နယ်နမိတ်ကြီးမှာ ပျက်စီးတော့မည်။

သွေးစက်တစ်စက်စီတိုင်းသည် တောင်ထိပ်တစ်ခုကို ပေါက်ကွဲစေနိုင်သည်။ ဤသည်မှာ အဆုံးမရှိသည့် ခွန်အားများပါရှိသည့် ကောင်းကင်နတ်ဘုရားသွေးပင်။

“အား…” သနားစဖွယ်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

သွေးစက်အချို့သည် ကျောက်တုံးကြီးများပေါ်သို့ကျသွားပြီး ဘေးဘက်သို့ လွင့်စင်သွားသည်။ ထိုကျောက်တုံးအနားတွင်ရှိနေသည့် ကျင့်ကြံသူများထံသို့ ကျသွားသည့်အချိန်တွင် ထိုသူများအားလုံး သေဆုံးသွားရသည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရား၏ စွမ်းအားပင်။

“သူကဘာလို့ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ .. တစ်ချို့သက်ရှိတွေအတွက်တော့ ကောင်းကင်နတ်ဘုရားဆိုတာ နဂါးအစစ်တစ်ကောင် ဒါမှမဟုတ် ကောင်းကင်နေမင်းကြီးလိုမျိုး အားလုံးရဲ့အထက်မှာရှိနေတာ ..” လူများစွာမှာ ဖြူဖျော့သွားရသည်။

အားလုံး နောက်ဆုတ်လိုက်ကြသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရား၏လက်ဝါးမှ သွေးများ စီးကျလာခြင်းသာဖြစ်သော်လည်း ဤမျှဆိုးဝါးလှသည့် အကျိုးဆက်ဖြစ်နေလေပြီ။ အားလုံးမှာ သူတို့မြင်ရသည့်မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။

ရှေးဟောင်းလူထူးဆန်းများပင်လျှင် နောက်ဆုတ်လိုက်ကြလေ၏။

မာယွမ်၏မျက်နှာမှာ ပုပ်သိုးနေလေပြီ။ သူသည် အားလုံးအထက်တွင်ရှိနေသည့် စွမ်းအားကြီးသည့်လူတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင် ပိုးကောင်လေးတစ်ကောင်ကြောင့် သူ၏ညာလက်ကျိုးသွားလေပြီ။

သို့သော်လည်း ‘ထာဝရမျိုးစေ့’ ကို တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများသည် ရက်စက်သည့်အကြည့်မှ တောက်ပသည့်အကြည့်သို့ ပြောင်းလဲသွားလေသည်။ ဤသည်မှာ မည်မျှပင် ရှားပါးသည့် နတ်ပစ္စည်းဖြစ်သနည်း .. သို့သော်လည်း သူဤနေရာတွင် လာတွေ့နေရသည်။

“ထာဝရမျိုးစေ့လား .. ကောင်းလိုက်တာ .. ဒါတွေက အရင်ခေတ်မှာတောင်မှ တွေ့နိုင်ဖို့ ရှားပါးတယ်” မာယွမ်သည် ဤနေရာတွင် မွေးဖွားခဲ့ခြင်းဖြစ်သောကြောင့် သူ လျှို့ဝှက်ချက်များစွာကို သိနေသည်သာ။

“ဒါက ဒီလူအိုကြီးအတွက် ပြင်ဆင်ပေးထားတဲ့ အခွင့်အရေးကြီးလား” သူအော်ဟစ်ရယ်မောလိုက်သည်။ သို့သော် သူ၏လက်မှ နာကျင်မှုကို ခံစားလိုက်ရသည့်အချိန်တွင် ထိုအပြုံးမှာ အနည်းငယ် ရက်စက်သွားလေသည်။

မာယွမ်သည် ရှီဟောင်၏ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်ပြီးနောက် ရှီဟောင်၏လက်ထဲတွင်ရှိနေသည့် ထာဝရမျိုးစေ့ကို ကြည့်လိုက်သည်။

“ဟား ဟား .. ကောင်းကင်ဘုံက ငါ့ကို ပစ်ပယ်မထားဘူးပဲ” ကောင်းကင်နတ်ဘုရားမာယွမ်၏ မျက်နှာထက်ရှိ အပြုံးမှာ ပို၍ပင် တောက်ပလာလေသည်။ သူသည် သတိလက်လွတ်နေနေသော်လည်း သူ့ထံတွင် လွှမ်းမိုးနိုင်သည့်ခွန်အားရှိနေဆဲပင်။ နတ်မီးတောက်နယ်ပယ်မှ ကျင့်ကြံသူ အစုတ်အပြတ်လေးကို သတ်ရသည်မှာ သူ့အတွက် ရိုးရှင်းသည့်ကိစ္စတစ်ခုပင်။

ထို ပျက်စီးသွားသည့်လက်နှင့်သွေးများသည် ပြောင်းပြန်စီးဆင်းသွားကာ သူ၏လက်ကောက်ဝတ်ထံသို့ ပြန်ပေါင်းသွားလေသည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရား၏ စွမ်းရည်ပင်။ သူတို့၏အသွေးအသားများရှိနေသရွေ့ သူတို့၏ မူလခန္ဓာကိုယ်ရအောင် ပြန်လည်ဖွဲ့ဆည်းနိုင်သည်။

“လူသားမျိုးနွယ်စုကစီနီယာတစ်ယောက်အနေနဲ့ လူကြီးတွေကို ဘယ်လိုရိုသေရမလဲဆိုတာ ငါမင်းကို သင်ပေးမယ်” သူအေးစက်စွာပင် ပြောလိုက်သည်။

ရုတ်တရက်ပင် သူ၏အမူအရာများ ပြောင်းလဲသွားပြီး လျင်မြန်စွာပင် နောက်ဆုတ်သွားလေသည်။ သူသည် သရဲတစ်ကောင်နှင့်တွေ့နေရသကဲ့သို့ပင် သူ့လက်အား ဝေ့ရမ်းနေလေ၏။ သူ၏မျက်နှာလည်း ချက်ချင်း ဖြူဖျော့သွားလေသည်။

သူ၏လက်မောင်းတွင် လျှပ်စီးများ စီးဆင်းနေဆဲဖြစ်သည်။ ဤသည်မှာ ကောင်းကင်မြစ်ရေ၏ တိုက်စားမှုကြောင့်ပင်။ အစက သူဤသည်ကို ဂရုမစိုက်ခဲ့ပေ။

သို့သော် ထိုလျှပ်စီးတွင် အေးစက်မှုတစ်မျိုးရှိနေပြီး သူထိန်းချုပ်၍မရနိုင်သည့် ကြောက်စရာကောင်းကာ ရက်စက်သည့်စွမ်းအားတစ်ခုရှိနေသည်ကို သူတွေ့ရှိသွားရသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်သည့် စွမ်းအားပင်။

ကျိန်စာ..

ဤသည်မှာ ထူးဆန်းသည့်ကျိန်စာတစ်မျိုးပင်။ အစက ဤကျိန်စာမှာ မသိသာသော်လည်း သူ၏နတ်စွမ်းရည်ကို အသုံးပြုလိုက်သည့်အချိန်တွင် လုံးဝထွက်ပေါ်လာလေ၏။

“အား…” မာယွမ် ဒေါသထွက်ကာ ထိတ်လန့်လာသည်။

သူမမျှော်လင့်ထားသည့် အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ဖြစ်လာလေသည်။ သူ၏လက်ထဲတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းဖြစ်သည့် လှံတံကို ပစ်လွှတ်တော့မည့်အချိန်တွင် သူ၏ပါးစပ်မှ ရုတ်တရက်ပင် အနက်ရောင်သွေးများ အန်ထွက်လာသည်။ သူ၏လက်မောင်းမှာ ပုပ်သည့်အနံ့ပင် ထွက်နေလေပြီ။

“ဘာ…” မာယွမ်၏ ဆံပင်မွေးများပင် ထောင်ထသွားရသည်။ ယခု သူလုံးဝကြောက်နေပြီဖြစ်သည်။ သူသည် အစက ရှီဟောင်ကို အရင်ဖမ်းပြီးမှ ထိုကျိန်စာကို ရှင်းချင်သော်လည်း ယခုအချိန်တွင် သူ၏နှလုံးပင် အေးစက်တော့မည်ဖြစ်သည်။

ဒါက ဘယ်လိုကျိန်စာမျိုးလဲ .. ကျိန်စာစွမ်းအားမှာ ပြင်းထန်လွန်းလှသည်။ ကြီးကျယ်မြင့်မြတ်သည့် ကောင်းကင်နတ်ဘုရားပင်လျှင် သူ၏ခန္ဓာကိုယ်ထဲတွင် ပုရွက်ဆိတ်များ ထောင်ပေါင်းများစွာ ကိုက်နေသကဲ့သို့ ခံစားနေရသည်။

“အား…”

မာယွမ်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အလွန်နာကျင်နေလေပြီ။ သူ၏အရေပြားများပင် အရောင်ပြောင်းလာပြီး ပုပ်အဲ့နေသည့်အနံ့လည်း နှာဖျားထဲသို့ ဝင်ရောက်လာသည်။

ဤရလဒ်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ ထာဝရအုတ်ဂူမှ ကောင်းကင်မြစ်ရေ၏ ကျိန်စာမှာ အလွန်ကြောက်စရာကောင်းပြီး ကျင့်ကြံဆင့် မြင့်လျှင်မြင့်သလောက် ခံစားရမည်ကိုသူသိသော်လည်း ယခုကဲ့သို့ မြင်လိုက်ရသည့်အချိန်တွင် မတူတော့ပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် အားလုံး ကြောက်ရွံ့သွားရသည်။

“တစ်ခုခုမှားနေပြီ .. သူကကျိန်စာတစ်ခုတည်းကို ခံစားနေရတာ မဟုတ်ဘူး .. ဆေးလုံးမီးဖိုထဲက မြစ်ရေရဲ့ကျိန်စာအပြင်ကို ထာဝရရှေးဟောင်းမြေက ကျိန်စာကလည်း ပေါက်ကွဲထွက်လာပြီ .. ” မြို့ခံတစ်ယောက်မှ တီးတိုးပြောလိုက်ပြီး သူ့တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။

ဖူး..

မာယွမ်သည် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်ပင် နာကျင်မှုကို သည်းခံကာ သူ၏ညာလက်ကို ဖြတ်ပစ်လိုက်သည်။ သူ၏မျက်နှာမှာ အလွန်ဖြူဖျော့နေလေပြီ။ သူသည် နတ်ခွန်အားများကို အသက်သွင်းလိုက်ကာ အနက်ရောင်သွေးများကို တစ်ပွက်ပြီးတစ်ပွက် အန်ထုတ်နေလေသည်။

ဖူး..

ခဏကြာပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတစ်ခုကိုလည်း ဖြတ်ထုတ်လိုက်သည်။ သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျနေဆဲပင်။

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှပြီး အားလုံးဆွံ့အသွားရသည်။

ကြီးကျယ်ခမ်းနားလှသည့် ကောင်းကင်နတ်ဘုရားသည် ကျိန်စာစွမ်းအားကို ဖယ်ရှားရန်အတွက် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု ဖြတ်ထုတ်နေရသည်။

“ကြောက်စရာကောင်းလိုက်တာ .. ကျိန်စာစွမ်းအင်ထွက်လာတာတဲ့ လူက လူမဟုတ်တော့သလို သရဲတောင်မှ သရဲပုံပေါက်တော့မှာမဟုတ်ဘူး .. အသက်ရှင်နေတာထက် သေလိုက်တာကမှ ပိုကောင်းဦးမယ်”

မာယွမ် သနားစဖွယ် အော်ဟစ်နေလေသည်။ သူ၏အသွေးအသားများကို တစ်စထက်တစ်စ ဖယ်ထုတ်နေရသည်။ ကျိန်စာစွမ်းအားကို ဖယ်ရှားရန်အတွက် သူ့ကိုယ်သူ လောင်ကျွမ်းအောင် လုပ်နေရသည်။

“မာကြီး .. မလောနဲ့ အေးဆေးလုပ် … ခင်ဗျားရဲ့ အရိုးတွေကို မဖယ်ပစ်နဲ့ .. အသားနည်းနည်းလောက် ချန်ထားလိုက်ဦး” ရှီဟောင် အတော်လေး လုံခြုံသည့်နေရာတွင် ရပ်နေပြီး လှောင်ပြောင်နေခြင်းပင်။

“နတ်ဆိုးလေး..” မာယွမ် တည်ငြိမ်ရန် ခက်ခဲနေသည်။ သူ၏မျက်လုံးကို ဖွင့်လိုက်သည်နှင့် သူ၏မျက်လုံးများမှာ နီရဲနေလေသည်။ သူအလွန်စိတ်တိုနေလေပြီ။ ယနေ့တွင် သူအသားစီးရရန် ကြိုးစားခဲ့သော်လည်း သူပို၍ အခြေအနေ ဆိုးရွားသွားခဲ့သည်။

သူ၏အသက်ပင်လျှင် အန္တရာယ်ရှိနေလေပြီ။

တစ်ဖက်လူကို တစ်ခါတည်း ဆွဲဆောင့်ပစ်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ချင်မိသည်။

“မင်းထွက်သွားလို့မရဘူး” သူ၏ခန္ဓာကိုယ်တစ်ခုလုံး၏ အရေပြားမှာ ကျိန်စာကြောင့် အရောင်အဆင်းကင်းမဲ့နေသော်လည်း သူ၏မှော်ခွန်အားကိုမူ ပြန်မရုတ်သိမ်းသေးပေ။ သူသည် ဤနေရာကို ချိတ်ပိတ်ထားဆဲပင်။

ရှီဟောင်သည် ပုံစံမရှိသည့် လှောင်အိမ်ထဲတွင် ပိတ်မိနေခြင်းဖြစ်ပြီး သူသည် နယ်မြေပျက်စီးခြင်းသင်္ကေတကိုလည်း သုံး၍မရပေ။

ရွှီး..

မာယွမ်သည် ပါးစပ်ဟလိုက်ကာ အနက်ရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုအနက်ရောင်အလင်းတန်းတွင် သဘာဝဥပဒေသများပါဝင်နေပြီး ရှီဟောင်ထံသို့ ဦးတည်သွားနေလေသည်။

ရှီဟောင်၏ခန္ဓာကိုယ်အပြင်ဘက်တွင် အလင်းများ ထုတ်လွှတ်လာသည်။ ထိုနတ်ကာကွယ်ခြင်းသင်္ကေတသည် အလုပ်လုပ်နေဆဲပင်။

“လူအိုကြီး .. ခင်ဗျားမှာ အမဲရောင်ခွေးသွေးတွေ ဒီလောက်ပဲ ကျန်တော့တာလား .. ခင်ဗျားသွေးတွေက သုံးဂျင်တောင်ကျန်သေးရဲ့လား .. အေးဆေးပေါ့ .. ဒီလိုမျိုးမလုပ်ပါနဲ့ .. ခင်ဗျား ဒီလိုမျိုး မံမီပုံစံလိုမျိုး သေသွားရင် ကြည့်မကောင်းဘူး” ရှီဟောင် လှောင်ရယ်လိုက်သည်။

သူဤသည်ကို တမင်သက်သက်လုပ်ခြင်းပင်။ တစ်ဖက်လူသည် သူသေလျှင်ပင် ဤနယ်မြေကြီးကို ပြန်ရုတ်သိမ်းမည်မဟုတ်မည်ကို သူသိသည်။

ထို့ကြောင့်ပင် သူသည် တစ်ဖက်လူ သူ၏နတ်ခွန်အားကို သုံးပြီး အတားအဆီးကို ဖယ်ရှားပစ်အောင် သူဖိအားပေးနေခြင်းပင်။ အကောင်းဆုံးနည်းလမ်းမှာ ကျိန်စာစွမ်းအား မြန်မြန်အလုပ်လုပ်အောင် ဆွပေးခြင်းပင်။

ထို့ကြောင့်ပင် ရှီဟောင်သည် အကြောက်အလန့်ကင်းမဲ့စွာဖြင့်ပင် ကောင်းကင်နတ်ဘုရားအား ရန်စနေခြင်းပင်။

အားလုံးအနည်းငယ် ဆွံ့အသွားရသည်။ ဤသည်မှာ အစက တစ်ဖက်သတ်တိုက်ပွဲပင်။ တိုက်ပွဲဟုမခေါ်ပဲ ကောင်းကင်နတ်ဘုရားမှ လူငယ်မျိုးဆက်တစ်ယောက်ကို သတ်ခြင်းဟုပင် ခေါ်နိုင်သည်။ သို့သော်လည်း ဤရလဒ်မှာ မမျှော်လင့်ထားသည့် အရာတစ်ခုပင်။

အရင်ဆုံးရှုံးနိမ့်သွားသည့်သူမှာ ကောင်းကင်နတ်ဘုရားဖြစ်သည့် မာယွမ်ဖြစ်နေသည်။

ဖူး..

မာယွမ်သည် အနက်ရောင်သွေးများကို ထပ်မံပစ်လွှတ်လိုက်သည်။ သူ၏ဒဏ်ရာများကို ကုသနေသည့်အချိန်တွင် တစ်ဖက်လူကို ဖမ်းထားချင်နေခြင်းပင်။

သို့သော် ကျိန်စာစွမ်းအားထွက်ပေါ်လာပြီး ဤသည်မှာ သူခန့်မှန်းထားသည်ထက်ပင် ပိုဆိုးနေသည်။ သူထပ်တောင့်မခံနိုင်တော့။ သူသေတော့မည်လား..

သူသည်နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ပြီး ကပ်ဆိုးပေါင်းများစွာကိုလည်း ဖြတ်ကျော်ခဲ့သည်။ သူသာ ဤနေရာတွင် သေသွားလျှင် သူဟာသတစ်ခု ဖြစ်သွားလိမ့်မည်။

မာယွမ်ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူသည် ခရမ်းရောင်ဗူးသီးခြောက်ကို ထုတ်လိုက်ပြီး ထိုထဲမှ အရည်များကို သူ့ပါးစပ်ထဲသို့ လောင်းချလိုက်သည်။ ဤသည်မှာ ထာဝရရှေးဟောင်းမြေမှ ကျိန်စာကို ချေဖျက်ရန်အတွက် သုံးသည့်နတ်ဆေးရည်ပင်။

သို့သော် ယနေ့တွင်တော့ သူအားလုံးကို သုံးလိုက်တော့မည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ မြစ်ရေမှ ကျိန်စာသသည် သူ၏ခန္ဓာကိုယ်ထဲရှိ ကျိန်စာနှင့် ပေါင်းစည်းသွားပြီး ပို၍ရှုပ်ထွေးလာသောကြောင့်ပင်။

မာယွမ်သည် သူ၏ကိုယ်ပိုင်စွမ်းအင်များကို တောက်လောင်စေပြီး အနက်ရောင်စွမ်းအင်များကို ဖယ်ထုတ်ရန်အတွက် သူ၏အသက်ကိုပင် လောင်ကျွမ်းစေလေသည်။

“ဟက် .. လူအိုကြီး .. အဲဒီလောက် လောမနေပါနဲ့ အေးဆေးပေါ့ .. ခင်ဗျားအခု ချက်ချင်းတော့ သေမှာမဟုတ်ဘူး .. ကျုပ်အမြင်တော့ ခင်ဗျား ကိုယ့်အတွက်ကိုယ်ကို အုတ်ဂူတစ်ခု အရင်တူးထားသင့်တယ် .. အဲဒါမှ ခင်ဗျားသေသွားရင် ခင်ဗျားအလောင်းက သဲကန္တရထဲ ထိုင်မနေရမှာ” ရှီဟောင်၏ပါးစပ်မှ စွပ်စွဲချက်များ ထွက်လာလေသည်။

မာယွမ်သည် ရှီဟောင်အား အရေးမလုပ်တော့ပဲ သူ့အား လေလိုပင် သဘောထားလိုက်သည်။

ရှီဟောင်သည် ဆေးလုံးမီဖိုထဲမှ ကောင်းကင်မြစ်ရေကို ထပ်ထုတ်လိုက်ပြီး လောင်စာထပ်ထည့်ရန် ပြင်လိုက်သည်။ သို့သော် မာယွမ်သည် သူ့အားစိုက်ကြည့်လိုက်ကာ သင်္ကေတများကို အသုံးပြုကာ ကောင်းကင်မြစ်ရေများကို လွင့်ထွက်သွားအောင်လုပ်လိုက်သောကြောင့် သူ၏လုပ်ဆောင်ချက် မအောင်မြင်လိုက်ပေ။

ရုတ်တရက်ပင် ရှီဟောင်ထံမှ အဝါရောင်မြေကြီး ပေါ်လာလေသည်။ ဤသည်မှာ ဆေးလုံးမီးဖိုထဲတွင်ရှိနေသည့် မြေကြီးပင်။

မာယွမ်သည် အစက အမူအရာကင်းမဲ့စွာဖြင့်ပင် သူ၏အုတ်မြစ်ကို တောက်လောင်အောင်သာ လုပ်နေခဲ့ခြင်းပင်။ အဝါရောင်မြေကြီးကို တွေ့လိုက်ရသည့်အချိန်တွင် သူသည် မှော်ခွန်အားကို အသုံးပြုကာ ထိုမြေကြီးကို တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိတ်လန့်စရာကောင်းသည်မှာ ထိုအဝါရောင်မြေကြီးသည် သူ၏မှော်စွမ်းအားအဟန့်အတားကို ဖြတ်သန်းပြီး သူ့ထံသို့ ရောက်ရှိလာလေသည်။

“အား..” မာယွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ အဝါရောင်မြေကြီးနှင့် ထိမိသည့်နေရာမှ သူ၏အသားများ ပဲ့ကျသွားပြီး သွေးများစီးကျလာလေ၏။

ဤသည်မှာ မူလကောင်းကင်လျှို့ဝှက်နယ်မြေ၊ နေနတ်ဘုရားနွယ်ပင်လက်မှ ရလာခဲ့သည့် မြေကြီးပင်။ ဤမြေကြီးသည် စွန့်ပစ်နယ်မြေအတွင်းပိုင်းမှ ဖြစ်သည်ဟု ပြောကြသည်။

ရှီဟောင် ယွမ်ရှီးနှင့် သွေးလွင်ပြင်ကို ဖြတ်သန်းသွားသည့်အချိန်တွင် ဤမြေကြီးဖြင့် ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းကို ဖျက်ဆီးခဲ့သည်။

ဤမြေကြီးသည် ကောင်းကင်နတ်ဘုရားအစစ်ကိုလည်း ထိခိုက်စေနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။ ယနေ့တွင်တော့ သူ၏အထင်မှာ မှန်ကန်သွားလေပြီ။ ဒဏ်ရာပြင်းထန်စွာ ရရှိနေသည့် မာယွမ်သည် သတိလက်လွတ်နေလိုက်သောကြောင့် အခြားဒဏ်ရာတစ်ခု ရသွားလေပြီ။

ထို့အပြင် ဤအဝါရောင်မြေကြီးသည် ဆေးလုံးမီးဖိုထဲရှိ ကောင်းကင်မြစ်ရေထဲတွင် စိမ်ထားသောကြောင့် သူ့ထံတွင်လည်း ကျိန်စာစွမ်းအားရှိနေသည်။ ယခုအချိန်တွင်တော့ ထိခိုက်မှုမှာ နှစ်ဆတိုးသွားလေပြီ။

မာယွမ်သည် သူ၏အဆုတ်များပေါက်ကွဲတော့မည်ဟုပင် ခံစားနေရသည်။ ယနေ့ သူကံဆိုးနေသည်လား .. မမျှော်လင့်ထားသည့်အဖြစ်အပျက်များသာ တစ်ခုပြီးတစ်ခု ဖြစ်နေခဲ့သည်။ ဤကောင်ထံတွင်ရှိနေသည့် ပစ္စည်းများမှာ ထူးခြားလှသည်။ သူနည်းနည်းလေး ဂရုမစိုက်မိသည်နှင့် သူ၏အရေပြားတစ်လွှာ ကွာကျသွားလေပြီ…

“ထွက်သွားစမ်း..”

မာယွမ်အော်ဟစ်လိုက်ကာ သူ၏မွေးရာပါတာအိုစွမ်းအင်ကို အသုံးပြုပြီး ထိုအဝါရောင်မြေကြီး လွင့်ထွက်သွားအောင် ပြုလုပ်လိုက်သည်။

“ကျေးဇူးပဲ .. ခင်ဗျားဒါကို မကြိုက်ဘူးဆိုတော့ ကျုပ်ပြန်သိမ်းလိုက်ပါ့မယ် … ကျုပ်လည်း ဒီလိုမျိုး ပစ္စည်းကောင်းကို အပြင်ဘက်မှာ လျှောက်မထားချင်ဘူး” ရှီဟောင်ပြောလိုက်ကာ ထိုအဝါရောင်မြေကြီးကို ဆေးလုံးမီးဖိုထဲသို့ ပြန်သိမ်းလိုက်သည်။

“သေချင်နေတာလား..”

မာယွမ်သည် လေဟာနယ်ထဲတွင် ထိုင်နေရင်းဖြင့်ပင် ရွေ့လျားလာလေ၏။ သူ၏မျက်လုံးများလည်း နီရဲနေလေသည်။ သူ ဒီကောင်ကို သည်းမခံနိုင်တော့ဘူး.. သူ့ကို မရရအောင် သတ်ပစ်ချင်တယ် ..

ဝုန်း..

သုံးကြိမ်ဆက်တိုက် ထုရိုက်လိုက်သည့်အချိန်တွင် ထိုနတ်ကာကွယ်ခြင်းသင်္ကေတတွင် အက်ကွဲကြောင်း သုံးခုပေါ်လာလေသည်။

မာယွမ်ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူ၏နတ်ခွန်အားများကို လက်လွတ်စပယ်သုံးလိုက်သောကြောင့် သူ၏အခြေအနေမှာ ပို၍ပင် ဆိုးရွားလာသည်။

အား..

ယခုအချိန်တွင် သူတကယ် ကြောက်လန့်နေလေပြီ။ သူအချိန်ဖြုန်း၍မရတော့ဘူးဆိုတာ သူသိသည်။ သူသာဤအတိုင်းဆက်လုပ်နေလျှင် သူသေချာပေါက် သေသွားလိမ့်မည်။

သူ၏ခန္ဓာကိုယ်အားနည်းလာသည်နှင့် ချိတ်ပိတ်ထားသည်လည်း ပြန်ပြယ်သွားလေပြီ။

ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ သူနှင့် ကောင်းကင်နတ်ဘုရားကြားမှ ကွာခြားချက်မှာ ကြီးမားသော်လည်း ယနေ့တွင်တော့ မာယွမ်သည် အသီးခါးကြီးကို စားမိသွားလေပြီ။ ရှီဟောင်ထံမှ ယခုကဲ့သို့ ရယ်ခံလိုက်ရသည့်အချိန်တွင် သူ၏မျက်နှာထက်တွင် ရက်စက်သည့် အမူအရာများ ဖြစ်ပေါ်လာလေသည်။

အပိုင်း ၁၁၃၅ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၆ – ကောင်းကင်နတ်ဘုရား အမိန့်

မျိုးဆက်တစ်ခု၏ ကောင်းကင်နတ်ဘုရားသည် ဤကဲ့သို့ လှောင်ရယ်ခံနေရသည်။ မာယွမ်သည် ဒေါသထွက်ကာ သတိအနေအထားဖြစ်သွားသည်။

သူသည် ရှီဟောင်ကို သူ၏လက်ထဲတွင်ရှိနေသည့် လှံတိုလေးဖြင့် တစ်ခါတည်း ပစ်သတ်လိုက်ချင်မိသည်။ သို့သော် သူစိတ်သာရှိပြီး သူ၏ခွန်အားမှာ လိုက်မလုပ်ချင်တော့ပေ။

ဝုန်း..

ထိုသို့ဆိုသော်လည်း သူလှုပ်ရှားလိုက်သည်နှင့် လေပြင်းများ တိုက်ခတ်လာပြီး တောင်များအက်ကွဲသွားကာ သဲများနှင့် ကျောက်တုံးများလည်း လွင့်ပျံလာသည်။ သူ၏လက်ထဲတွင်ရှိနေသည့် ကြေးရောင်လှံတံသည် လျှပ်စီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။

ရှီဟောင်သည် ထိုလှံတံကို ထိပ်တိုက်မခုခံပေ။ ထိန်းချုပ်ထားသည်များ ပျက်ပြယ်သွားပြီဖြစ်သောကြောင့် သူဤနေရာတွင် သူသေကိုယ်သေ ဆက်တိုက်စရာအကြောင်းမရှိတော့ပေ။ သူ့အား စိုက်ကြည့်နေကြသည့် ရှေးဟောင်းလူထူးဆန်းများလည်း ရှိနေသေးသည်။

ရွှီး..

ရုတ်တရက်ပင် သက်တံ့ရောင် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မာယွမ်အား တိုက်ခိုက်လာလေသည်။

ဤသည်မှာ ချောင်ကုန်းယန်ပစ်လိုက်သည့် နတ်မြှားပင်။ ဤမြှားဖြတ်သွားသည့် လေဟာနယ်တစ်လျှောက်တွင် မရေမတွက်နိုင်သည့် နတ်ဘုရားနှင့် နတ်ဆိုးအလောင်းများ ပေါလောပေါ်နေသည့်မြင်ကွင်းများ ထွက်ပေါ်လာလေသည်။

ဤမြှားပစ်လိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ နတ်ဆိုးနှင့်နတ်ဘုရားအားလုံး ပျက်စီးသွားသကဲ့သို့ပင်။

ဖူး..

မာယွမ်ခန္ဓာကိုယ်သည် မီးဘောလုံးတစ်လုံးကဲ့သို့ တောက်ပလာကာ ထိုမြှားကို ချေဖျက်လိုက်လေ၏။ သို့သော်လည်း သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားဆဲပင်။ အားလုံး အလွန်ပင် ထိတ်လန့်သွားရသည်။

လူအချို့သည် ချောင်ကုန်းယန်အား ကြည့်လိုက်ကြသည်။ သူ၏လေးမှာ ကြောက်စရာကောင်းသည့် ပစ္စည်းတစ်ခုဖြစ်ပြီး ဖရိုဖရဲစွမ်းအင်များလည်း ရှိနေသည်ကို တွေ့လိုက်ရဿည်။

တစ်ချိန်တည်းမှာပင် အားလုံး မာယွမ်ကို ကြည့်လိုက်ကြသည်။ စွမ်းအားကြီးသည့် ကောင်းကင်နတ်ဘုရားမှာ ဤအဆင့်ထိရောက်အောင်ပင် အားနည်းသွားပြီလား .. ရှေးဟောင်းလူထူးဆန်းတစ်ယောက်၏ မြှားပင်လျှင် သူ့အား ဤကဲ့သို့ တုန်လှုပ်စေသည်လား..

ရှီဟောင် ရပ်တန့်လိုက်ကာ ချောင်ကုန်းယန်အား ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ သို့သော်လည်း သူဤနေရာတွင် ဆက်မနေချင်တော့ပေ။ သူ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေပြီး သူ၏လက်ရှိအခြေအနေလည်း အလွန်ဆိုးရွားလှသည်။

ရွှီး..

ထိုအချိန်တွင် အားလုံးမထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့လေသည်။ မာယွမ်သည် ထိုနေရာမှ ပျောက်ကွယ်သွားကာ ချက်ချင်းပြန်ဆုတ်သွားလေ၏။

အားလုံး ဆွံ့အသွားရည်။ ကောင်းကင်နတ်ဘုရားက ပြန်ပြေးသွားတာလား .. သူက ရှီဟောင်မပြေးခင်ကို အရင်ပြေးသွားတာလား..

အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားရသည်။

“ဟေး မာကြီး .. မပြေးနဲ့ .. ငါတို့ညီအစ်ကိုနှစ်ယောက် အရင်အချိန်တွေ ပြန်ပြောကြပြီးတော့ ငါတို့အနာဂတ်တွေအကြောင်းကို ဆွေးနွေးကြရင်ရော” ရှီဟောင် အနောက်မှနေ၍ အော်ဟစ်လိုက်သည်။ တစ်ဖက်လူသည် သူ့အားစကားပြောချင်သည်ဟု ပြောခဲ့သောကြောင့် သူထိုအတိုင်း ပြန်ပြောလိုက်ခြင်းပင်။

မာယွမ်သည် ဒေါသထွက်လွန်းသောကြောင့် သူ၏နှာခေါင်းပင် ကောက်ချိတ်သွားတော့မည်ဟု ခံစားနေရသည်။ ရှီဟောင်၏ ပထမဆုံးဘိုးဘေးနှင့်တွေ့လျှင်ပင် သူသည် သူတို့၏စီနီယာဖြစ်ဦးမည်ပင်။ ဤသည်ကို ဤမုန်းစရာကောင်းသည့်ကောင်က သူ့ကို ဤကဲ့သို့ လာပြောနေသည်။

“ထာဝရရှေးဟောင်းမြေမှာရှိတဲ့ ကမ္ဘာငယ်လေးအားလုံးကို ငါ့ရဲ့ ကောင်းကင်နတ်ဘုရားအမိန့်ကို ထုတ်လိုက်မယ် .. ဟွမ်ကို လိုက်သတ်ကြ..” မာယွမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထွက်မသွားခင်တွင် သူ၏ဒေါသများကို ဖော်ပြသည့်အနေဖြင့် အော်ဟစ်သွားလေသည်။

ကောင်းကင်နတ်ဘုရား ထွက်သွားချင်နေသောကြောင့် မည်သူမျှ သူ့အား မတားရဲကြပေ။

ရွှီး..

တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း နယ်မြေပျက်စီးခြင်းသင်္ကေတကို အသုံးပြုလိုက်ပြီး ငွေရောင်လမ်းကြောင်းမှတစ်ဆင့် ဤနေရာမှ ပျောက်ကွယ်သွားလေသည်။

ရှီဟောင် ထွက်သွားသည်နှင့် သတ်ဖြတ်လိုသည့်စွမ်းအင်ပေါင်းများစွာ လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာလေ၏။ သို့သော် ဤစွမ်းအင်များမှာ သူ့အား ဘာမှမလုပ်နိုင်ကြပေ။ သူသည် ချောမွေ့စွာဖြင့်ပင် ထွက်သွားလိုက်နိုင်သည်။

သို့သော်လည်း အတားအဆီးမှာ ဤနေရာတွင် ရပ်တန့်မသွားပေ။

ဤကမ္ဘာငယ်လေးတွင် ဖြစ်ပျက်ခဲ့သည် ကိစ္စများသည် ကျွမ်းကျင်သူများစွာကို ထိတ်လန့်သွားစေခဲ့သည်။ ဤအကြောင်းကို ကြားလိုက်ရသည့်သူအားလုံးမှာ ဤကိစ္စကို အလေးအနက်ထားလာကြလေသည်။

“တစ်ယောက်ယောက်က ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံလိုက်နိုင်ပြီ .. အချိန်တွေက နောက်ပြန်သွားနေတာလား .. ငါတို့ အရင်ခေတ်ကို ပြန်ရောက်သွားတာလား..”

“မဖြစ်နိုင်တာ .. မင်းက ဘယ်ခေတ်မှာ နေနေတယ်လို့ ထင်နေတာလဲ .. ဒီခေတ်မှာ ဘယ်လိုလုပ် အဲဒီလိုမျိုးလူ ရှိနေနိုင်မှာလဲ .. ထာဝရသက်ရှိတွေ အသက်ရှင်ခဲ့တဲ့ ရှေးခေတ်မှာတောင်မှ ဒီလိုမျိုး လုပ်နိုင်တဲ့သူ နည်းနည်းပဲရှိတာ”

ဤသတင်းပျံ့သွားသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားကြရသည်သာ။

တစ်ချိန်တည်းမှာပင် မာယွမ်သည် ကျိန်စာ၏တိုက်စားမှုကြောင့် သူ၏ အရေပြားအရောင်ပြောင်းသွားသည့်သတင်းလည်း လူများစွာကို ထိတ်လန့်စေခဲ့သည်။

ကြီးကျယ်မြင့်မြတ်တဲ့ ကောင်းကင်နတ်ဘုရားတောင်မှ ဒီလိုမျိုးဖြစ်သွားတာလား .. ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံထားတဲ့သူက ဘယ်လောက်တောင်မှ အထင်ကြီးဖို့ကောင်းတာလဲ ..

ကျွင်းသောက်၊ ကောင်းကင်နိုင်ငံမှဘုရင်နှင့် မြင့်မြတ်သားတော်တို့ သေဆုံးသွားသည့်သတင်းမှာလည်း စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်အယောက်စီတိုင်းကို တုန်လှုပ်သွားစေသည်သာ။

ဤဘုရင်ကြီးသုံးယောက်မှာ အတိတ်နှင့်ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်ခဲ့သည့် သူများပင်။ သူတို့သည် ဟွမ် သီးသန့်ကျင့်ကြံနေသည့်နေရာကို ကျုးကျော်တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် သူတို့သာ အသတ်ခံလိုက်ရသည်။

ဟွမ်၏ အောင်မြင်မှုများမှာ ရပ်တန့်၍မရနိုင်တော့သည်ကို အားလုံးခံစားမိကြသည်။ သူမသေသေးသရွေ့ နောင်ကျလျှင် အဆင့်မြင့်နယ်မြေမှာ သူ့ကြောင့် အတော်လေး ပြောင်းလဲသွားလိမ့်မည်ပင်။

“ဘယ်သူ ဟွမ်ကို ပြဿနာရှာရဲသေးလဲ .. သူ့ရဲ့အရည်အချင်းတွေက ရပ်တန့်လို့မရနိုင်လောက်တော့ဘူး .. တကယ်ကို ပြိုင်ဘက်ကင်းတယ် .. သရဖူ ၁၀ခုဘုရင်၊ သားရဲအသိုက်က ထာဝရသက်ရှိ၊ နျင်ချွမ်းနဲ့ တစ်ခြားလူ နည်းနည်းလောက်ပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်”

“သူအဆင့်တက်သွားတာ အရမ်းမြန်တယ် .. သူကသေချာပေါက်ကို ပြိုင်ဘက်ကင်းတဲ့ ခွန်အားတွေ ရှိနေတာပဲ”

“ဟွမ်ကို ဘယ်သူမှ မထိရဲဘူးလို့ ဘယ်သူပြောလဲ .. ကြည့်ကြည့်လိုက်ဦး .. လူတွေအများကြီး သူ့ကိုရှာနေကြတာ .. အားလုံးက သူ့ရဲ့ပြိုင်ဘက်ကင်းတဲ့ခန္ဓာကိုယ်ကို လိုချင်နေကြတာ…”

“ဘာဖြစ်ခဲ့တာလဲ”

“မာယွမ်က ကောင်းကင်နတ်ဘုရားအမိန့်ကို ထုတ်ပြန်ခဲ့တယ် .. သူက ဂိုဏ်းတွေ၊ လူမျိုးစုတွေအားလုံးကို ရှီဟောင်ကို ဖမ်းပြီးသတ်ဖို့ ပြောထားတာ”

“ဘာ .. ဒီလိုကိစ္စမျိုးဖြစ်ခဲ့တာလား”

ထာဝရရှေးဟောင်းမြေမှာ ဖရိုဖရဲဖြစ်နေလေပြီ။ ကောင်းကင်နတ်ဘုရားမာယွမ်သည် ဆုံးရှုံးမှုကြီးကို ခံစားခဲ့ရပြီး ဤသည်မှာ သူ့တစ်ဘဝတစ်လျှောက်လုံး အကြီးမားဆုံး အရှက်ကွဲခြင်းပင်။ သူသေမလိုဖြစ်သွားခဲ့ရပြီး လက်ရှိတွင် သူ၏ကလန်အတွင်းတွင် အတိဒုက္ခကို ဖြတ်ကျော်နေရသည်။ သို့သော်လည်း သူသည် သူ၏သူငယ်ချင်းဟောင်းများကို အကူအညီတောင်းပြီး ရှီဟောင်အား တိုက်ခိုက်ခိုင်းထားလေသည်။

မာယွမ်သည် သူတို့အား ဟွမ်အကြောင်းအားလုံးပြောထားသည်မှာ သိသာလှသည်။ ဟွမ်သည် ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံထားပြီး သူ၏လက်ထဲတွင်လည်း အဆင့်လွန်ရတနာတစ်ခုရှိသည်ကို ပြောထားလေသည်။

အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာများမှာ သူဖုံးကွယ်ထားချင်လျှင်ပင် ဖုံးကွယ်၍မရပေ။ ထို့ကြောင့် အားလုံးသိအောင် ပြောပြထားတာက ပိုကောင်းမည်ပင်။ ထိုလူများအား ဟွမ်၏ နတ်အသိစိတ်ကို ဖျက်ဆီးပြီး သူ၏ခန္ဓာကိုယ်ကို ယူလာရန် ပြောလိုက်သည်။

ဤသည်မှာ အလွန်ကြီးမားသည့် ကိစ္စကြီးပင်။ မြို့ခံများလည်း ပါဝင်လာကြသည်။ လူမျိုးစုကြီးအနည်းငယ်သည် ချက်ချင်းပင် ဟွမ့်ကို ကမ္ဘာငယ်လေးပေါင်းစွာတွင် လိုက်ရှာကြလေ၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်သည်နှင့် ဤရှေးဟောင်းနယ်မြေ၏ ကျိန်စာ အသက်ဝင်လာမည်ဖြစ်သည်။ ရူးလျှင်ရူး မရူးလျှင်လည်း သေသွားနိုင်သည်။ ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့်သူသာလျှင် ဤကျိန်စာကို ခုခံနိုင်သည်ဟု ပြောကြလေသည်။ ဤသည်မှာ သက်သေမရှိသည့်စကားဖြစ်သော်လည်း အချို့ကောင်းကင်နတ်ဘုရားများကို လှုပ်ရှားစေနိုင်ဆဲပင်။

ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်သည်နှင့် သူတို့၏ ကျင့်ကြံခြင်းကို ဆက်လက်တိုးတက်အောင် လုပ်ရန် ခက်ခဲလေသည်။ သူတို့၏ခန္ဓာကိုယ်ကို ပြီးပြည့်စုံသည် အခွံထဲသို့ ပြောင်းရွှေ့နိုင်ပါက သူတို့နောက်တစ်ကြိမ် အဆင့်တက်လာနိုင်ပြီး ထာဝရတာအိုထဲကိုပင် ခြေချနိုင်လိမ့်မည်။

ထို့ကြောင့်ပင် ထာဝရရှေးဟောင်းမြေမှ ကမ္ဘာငယ်လေးများ လှုပ်ရှားသွားကြကာ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများသည် ဟွမ်အား ရှာဖွေလာကြသည်။

ဖူး..

သွေးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်ဆင်ကြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးများ နေရာအနှံ့သို့ စီးဆင်းသွားသည်။

ဤသည်မှာ တောင်ကြောတစ်ခုဖြစ်ပြီး ရှီဟောင်တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေသည်။ သူသည် ထိုနေရာတွင် ထိုင်ပြီး ‌ဤစွမ်းအားကြီးသည့် ရွှေရောင်ဆင်ကြီးကို ကင်စားနေသည်။

ဤနေရာသည် အလွန်တိတ်ဆိတ်လှပြီး သူအသားစားနေသည့်အသံသာ ရှိနေသည်။ ယခင်ကဆိုလျှင် သူသည် အသားကို အရသာခံစားမည်ဖြစ်သော်လည်း ယခုတွင်တော့ သူသည် သားရဲတစ်ကောင်ကဲ့သို့ပင် အငမ်းမရ စားနေရသည်။

သူ ပြေးနေရသည်မှာ ရက်ပေါင်း အတော်ကြာနေလေပြီ။ ဒုတိယမြောက် ထာဝရစွမ်းအင် ကျင့်ကြံနိုင်ခြင်းမှာ ဤမျှကြီးမားသည့် မုန်တိုင်းကြီးကို အစပျိုးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ကျွမ်းကျင်သူများထဲတွင် မြို့ခံများမှာ ကြောက်စရာကောင်းလွန်းလှသည်။ ဤရက်များအတွင်းတွင်ပင် သူသည် ကောင်းကင်နတ်ဘုရားများစွာနှင့် တွေ့ကြုံခဲ့ရပြီး အခေါက်တိုင်း သေမလိုဖြစ်ခဲ့ရသည်။ သူသည် ခက်ခက်ခဲခဲဖြင့် ထွက်ပြေးလာနိုင်ခြင်းပင်။

လမ်းတစ်လျှောက်တွင် သူသည် အားလုံးကို သတ်ဖြတ်ခဲ့ပြီး ကမ္ဘာငယ်လေးပေါင်းများစွာကိုလည်း ဖြတ်ကျော်ခဲ့ရသည်။

“ငါ့ဒဏ်ရာတွေက ပြန်မကောင်းသေးဘူးပဲ..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ လမ်းတစ်လျှောက်လုံး တိုက်ခိုက်ခဲ့ရသောကြောင့် သူ၏ဒဏ်ရာများကို ကုသဖို့အချိန်မရခဲ့ပေ။

ဤသည်မှာ သူ၏သီးသန့်ကျင့်ကြံခြင်းမှရသည့် ‘တာအိုဒဏ်ရာများ’ ဖြစ်သည်ကို သူသိသည်။ ဤဒဏ်ရာများမှာ ကုသရန် အခက်ခဲဆုံး ဒဏ်ရာများပင်။

ဝူး..

ရုတ်တရက်ပင် ဆင်အော်သံများ ထွက်ပေါ်လာပြီး ရှေးသစ်ပင်များ ထောင်ပေါင်းများစွာ ပေါက်ကွဲကုန်သည်။

ဆင်အော်သံထွက်ပေါ်လာပြီးသည့်နောက်တွင် အနက်ရောင်အက်ကွဲကြောင်းများ ထွက်ပေါ်လာလေ၏။

ဤမြင်ကွင်းမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။

တောင်တစ်လုံးထက်ပင် ပိုမြင့်သည် ရှေးဟောင်းဆင်တစ်ကောင် ရောက်လာလေ၏။ သူ၏ခြေတစ်လှမ်းတိုင်းမှာ မြေကြီးများကိုပင် အက်ကွဲသွားစေနိုင်သည်။ အချို့တောင်များမှာ တုန်ပင်တုန်ခါသွားရသည်။

ဤသည်မှာ ရွှေရောင်ဆင်လူမျိုးစုထဲမှ စွမ်းအားအကြီးဆုံး ကောင်းကင်နတ်ဘုရားအဆင့်ရှိသည့်ဆင်ပင်။

ဤသည်မှာ ရှီဟောင်နောက်လိုက်နေသည့် ကောင်းကင်နတ်ဘုရားများထဲမှ တစ်ယောက်ပင်။ သူ၏အရေပြားမှာ မာကျောလှပြီး နှာမောင်းမှာ ကောင်းကင်ကိုပင် ပြိုကွဲအောင် လုပ်နိုင်သည်။

“သူရောက်လာပြန်ပြီ” ရှီဟောင်သက်ပြင်းချလိုက်ကာ လေဟာနယ်ကို ခွဲလိုက်ပြီး မြန်မြန်ပြေးသွားလိုက်သည်။

ဤရွှေရောင်ဆင်ကြီးနှင့် သူထိပ်တိုက်တိုက်ခိုက်၍မရပေ။ ထို့ကြောင့် သူထွက်ပြေးရုံသာ တတ်နိုင်သည်။

“ထော့လန် .. မင်းအသတ်ခံလိုက်ရတာလား” မြေပြင်ပေါ်တွင်ရှိနေသည့် ဆင်ရိုးကို တွေ့လိုက်ရသည့်အချိန်တွင် ရွှေရောင်ဆင်ကြီး ဒေါသထွက်သွားရသည်။ သူကောင်းကင်ထက်ကို မော့ကာ အော်ဟစ်လိုက်သည်နှင့် ဤကမ္ဘာငယ်လေးပင် တုန်ခါသွားလေသည်။

တစ်ရက်ကြာပြီးသည့်နောက်တွင် ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားသည်။ သူသည် နတ်ဘုရားအစစ်အဆင့် ဦးချိုပါသည့်နဂါးများကို ၁၀ ကောင်ထက်မနည်း သတ်ပစ်ခဲ့သည်။ အားလုံးမှာ သူတို့၏အရေပြားများကို နွှာခံလိုက်ရကာ သူတို့၏ အရွတ်များလည်း ဆွဲထုတ်ခံလိုက်ရလေသည်။ ထို့နောက်တွင် နဂါးသားများအားလုံး အိုးထဲသို့ ရောက်သွားလေသည်။

ခဏကြာပြီးသည့်နောက်တွင် လေထဲတွင် မွှေးရနံ့ထွက်ပေါ်လာလေသည်။

ဤသည်မှာ နဂါးအစစ်မဟုတ်သော်လည်း သူတို့ထဲတွင် သာမန်လူများ မမျှော်မှန်းနိုင်လောက်သည့် နဂါးသွေးမျိုးဆက် စွမ်းအင်များ ရှိနေဆဲပင်။ သူတို့ထံတွင် ဆေးစွမ်းများပါရှိလေသည်။

ရှီဟောင်သည် သူ့ကို လိုက်လံသတ်ဖြတ်သည့်သူများကို ငဲ့ညာခြင်းမရှိပဲ အားလုံးကို သတ်ကာ သူ့ဗိုက်ဖြည့်ပြီး သူ၏ဒဏ်ရာများကို သက်သာအောင် လုပ်လိုက်သည်။

သူသည် မြင့်မြတ်ဆေးပင်များ၊ နတ်ဆေးပင်များအားလုံးကို သုံးလိုက်ပြီဖြစ်သောကြောင့် ဤအသားများသာမရှိလျှင် သူအစောကြီးကတည်းက သေသွားလောက်လေပြီ။

ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် ထွက်သွားလိုက်သည်။ ၁၅ မိနစ်ကြာပြီးသည့်နောက်တွင် ဤနေရာ၌ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာပြီး တောင်များပင် အက်ကွဲသွားလေသည်။

ဤသည်မှာ တောင်ကြောတစ်ခုပမာဏခန့် ရှိသည့် ဦးချိုပါသည့်နဂါးကြီးပင်။ သူ၏မျက်လုံးများမှာ ရေကန်လေးကဲ့သို့ပင် စိမ်းလဲပြီး နက်ရှိုင်းလှကာ အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေသည်။ သူ၏မျိုးဆက်များကို အခြားသူမှစားလိုက်ပြီး အရိုးအချို့သာ ကျန်ခဲ့သည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူဒေါသထွက်သွားရသည်ည။

ဤသည်မှာလည်းရှီဟောင်နောက်လိုက်နေသည့် ကောင်းကင်နတ်ဘုရားများထဲမှ တစ်ယောက်ဖြစ်သည်မှာ သေချာသည်။

ဤရက်အနည်းငယ်အတွင်းတွင် ထာဝရရှေးဟောင်းမြေမှာ အတော်လေး တုန်လှုပ်နေရသည်။

အဘယ်ကြောင့်ဆိုသော် ဟွမ်သည် အသက်လုပြေးနေရဆဲဖြစ်သော်လည်း မြို့ခံများဖြစ်စေ အပြင်လူများဖြစ်စေ သူ့နောက်လိုက်သည့်သူများအားလုံး ဆိုးဆိုးရွားရွားဆုံးရှုံးသွားရသည်သာ။

ဟွမ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီး သေတော့မည်ဟုလည်း သတင်းထွက်နေသည်သာ။

“ရွှေရောင်ဆင်လူမျိုးစုက ဂျီးနီးယပ်စ်သေသွားပြီ .. ဦးချိုနဂါးသွေးမျိုးဆက်က နတ်ဘုရားအစစ်တွေလည်း အများကြီး အသတ်ခံလိုက်ရတယ် .. နဂါးစာကလေးလူမျိုးစုက စွမ်းအားအကြီးဆုံးဂျီးနီးယပ်စ်လည်း အသတ်ခံရတယ် ..”

ဤသည်မှာ ဟွမ်၏အောင်မြင်မှုများပင်။

အပြင်ဘက်မှ ဂျီးနီးယပ်စ်များသာမက မြို့ခံများပင်လျှင် ထိတ်လန့်သွားရသည်။ ဤလူငယ်လေးမှာ အထင်ကြီးစရာကောင်းလွန်းလှသည်။ သူသည် လူမျိုးစုများစွာမှ ဂျီးနီးယပ်စ်များကို ဆက်တိုက်ပင် သတ်ပစ်ခဲ့သည်။

“ဟွမ် .. မင်းဘယ်သွားနေတာလဲ .. ငါမင်းကို လိုက်ရှာပြီး သတ်ပစ်မယ်” ရွှေရောင်ဆင်ကြီးမှ ဒေါသတကြီး အော်ပြောလိုက်သည်။

“ဒီ ထာဝရရှေးဟောင်းမြေထဲမှာ မင်းဘယ်မှာမှ ပုန်းနိုင်မှာမဟုတ်ဘူး .. မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး” ဦးချိုနဂါးလူမျိုးစု ကောင်းကင်နတ်ဘုရားမှ ဟစ်ကြွေးလိုက်သည်။

လေထဲတွင် ငှက်အော်သံ ထွက်ပေါ်လာပြီး နဂါးစာကလေးလူမျိုးစုမှ ကောင်းကင်နတ်ဘုရားလည်း ရောက်လာလေသည်။ သူတို့သည် ရှီဟောင်နောက်လိုက်ရန်အတွက် ကမ္ဘာငယ်လေးတစ်ခုထဲသို့ တစ်ချိန်တည်း ရောက်လာခြင်းပင်။

“ဒီတစ်ယောက်လည်း လာပြီ” တစ်ကိုယ်လုံး ငွေရောင်အမွှေးများရှိသည့် ခြင်္သေ့အိုကြီး ရောက်လာလေသည်။ သူဟိန်းလိုက်သည်နှင့် တောင်များ လှုပ်ခါပြီး ပြိုကျသွားလေသည်။ သူသည်လည်း ကောင်းကင်နတ်ဘုရားများကြားတွင် နာမည်ကြီးသည့်သူပင်။

ကောင်းကင်နတ်ဘုရားများ သူ့ကို ဝိုင်းထားသောကြောင့် ရှီဟောင်မှာ အလွန်ပင် အန္တရာယ်များနေလေပြီ။

“ငါ အဆင့်တက်ပြီးသွားတဲ့အချိန်ထိစောင့် .. အဲဒီအချိန်ကျရင် ငါမင်းတို့တစ်ယောက်စီတိုင်းကို စာရင်းရှင်းမယ်” ရှီဟောင် အံကြိတ်ကာ ပြောလိုက်သည်။ ဤလူများသည် သူ၏ခန္ဓာကိုယ်ကို ခိုးယူရန်အတွက် သူ့နောက်လိုက်နေကြခြင်းပင်။

“အားလုံးပဲ နားထောင်ကြ .. မင်းတို့ဟွမ်ကို တွေ့တာနဲ့ ငါတို့ကို ချက်ချင်း သတင်းပို့ကြ”

ကောင်းကင်နတ်ဘုရားများစွာ ပူးပေါင်းလိုက်ကကာ သတင်းတစ်ခုခုရသည်နှင့် သူတို့ကို သတင်းပို့ရန် လူမျိုးစုအားလုံးကို အမိန့်ပေးလိုက်သည်။ ဤလူမျိုးစုများသာ တစ်ခုခုကို ထိန်ချန်ရဲလျှင် သူတို့၏ကလန်ပင်ပါဝင်သွားနိုင်သည့် ကပ်ဆိုးကြီးဖြစ်လာမည်ပင်။

“ငါပိုပြီးသန်မာလာဖို့လိုတယ် .. ငါအဆင့်တက်ဖို့လိုတယ်” ရှီဟောင် တိုးတိတ်စွာ ပြောလိုက်သည်။

“ဟွမ် .. မင်းမထွက်ပြေးနိုင်ပါဘူး” ကောင်းကင်နတ်ဘုရားတစ်ပါး ဟစ်ကြွေးလိုက်သည်။

“ဟက် … မင်းတို့အားလုံးက ကောင်းကင်နတ်ဘုရားအမိန့်တွေထုတ်ပြန်ပြီးတော့ ငါတို့လူမျိုးစုတွေကိုလည်း ပါစေချင်နေတာလား” တစ်နေ့တွင် မနုဿလူမျိုးစု၊ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု၊ ရှေးဟောင်းဖိန်းလူမျိုးစုနှင့် အခြားမျိုးနွယ်စုများ ရုတ်တရက် မေးခွန်းထုတ်လာကြသည်။

မြို့ခံများထဲတွင် စွမ်းအားကြီးသည့် ကလန်များစွာသည် သူတို့ဟွမ်အား ကာကွယ်သွားမည်ဖြစ်ကြောင်း ကြေငြာလာသည်။ အပြင်ထွက်လာသည့် ကောင်းကင်နတ်ဘုရားများပင်ရှိနေသေးသည်။

ဤသည်မှာ ယုန်ဖြူ၊ ရွှယ်လင်း၊ ကောင်းကင်နတ်ဘုရားနှင့် အခြားလူများ အကူအညီတောင်းထားခြင်းပင်။ ရှီဟောင်သည် ယခင်က ဤလူမျိုးစုများကို မိုးမခနတ်ဘုရား၏သစ်ကိုင်းကိုပေးထားသောကြောင့်ပင်။

ယခုတလောတွင် ယုန်ဖြူလေးနှင့် အခြားသူတို့သည် မနုဿလူမျိုးစုနှင့်ပင် ကျင့်ကြံနေသေးသည်။ ရှီဟောင် အမဲလိုက်ခံနေရကြောင်း သိလိုက်ရသည့်အချိန်တွင် သူတို့ချက်ချင်း နေရာတိုင်းကို အကူအညီတောင်းခဲ့ခြင်းပင်။

“မင်းတို့ထဲက ဘယ်သူက ဟွမ်ကို ထိရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့” အကြီးအကဲတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်နှင့် တောင်များပြိုကျွသွားကာ ကောင်းကင်နတ်ဘုရားများစွာကို တုန်လှုပ်သွားစေလေသည်။

အပိုင်း ၁၁၃၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၇ – အသက်အန္တရာယ်

ရောက်လာသည့်သူမှာ ဆံပင်ဖြူများရှိသော်လည်း ငယ်ရွယ်နူးညံ့သည့် အသားအရေရှိသည့်သူပင်။ အဖြူရောင်ဝတ်စုံသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားလေသည်။ သူသည် ကောင်းကင်ထက်မှ ရောက်လာခြင်းဖြစ်ပြီး သူတစ်ချက်အော်လိုက်သည်နှင့် သူ့အောက်တွင်ရှိနေသည့် ကမ္ဘာငယ်လေးပင် တုန်ခါသွားရသည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားဖြစ်ကြောင်း သံသယဝင်စရာပင်မလိုပေ။ မာယွမ်နှင့် အခြားသူများထက် ပို၍စွမ်းအားကြီးသည့်သူပင်။

“ဝိဉာဉ်လူမျိုးစုက စီနီယာ .. စီနီယာက ဘာလို့ဒီလိုမျိုး လုပ်တာလဲ” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။ ထိပ်တန်းအဆင့် ကောင်းကင်နတ်ဘုရားတစ်ယောက်ပေါ်လာပြီး ရှီဟောင်အား ကာကွယ်ပေးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ကောင်းကင်နတ်ဘုရားများ လှုပ်ရှားသွားရသည်။ ရှီဟောင် ဤကမ္ဘာငယ်လေးထဲ ပြေးလာသည်မှာ သေချာသည်။ ထို့ကြောင့် သူတို့ ဤကမ္ဘာငယ်လေးကို မြေလှန်ရှာမလို့ပင်။ သို့သော် ရှီဟောင်ကို ကာကွယ်ရန်အတွက် မနုဿလူမျိုးစု၊ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနှင့် ရှေးဟောင်းဖိန်းလူမျိုးစုတို့ ထွက်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

“သူက ငါ့တို့ဘိုးဘေး ဂါးဒီးယန်ဝိဉာဉ်နဲ့ ဆက်စပ်နေတယ်ဆိုတာ မင်းတို့အားလုံး သိကြတာပဲ .. သူက အရင်တုန်းက ငါ့တို့ကို ရွှေရောင်သစ်ကိုင်း ပေးခဲ့ဖူးတယ်” အကြီးအကဲမှ ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားများမှာ အတော်ဝေးဝေးတွင် ရှိနေကြခြင်းဖြစ်သော်လည်း သူတို့သည် တစ်ယောက်နှင့်တစ်ယောက်အာရုံခံနိုင်နေဆဲပင်။

“ရှေးဟောင်းဘိုးဘေးဂါးဒီးယန် ဝိဉာဉ်ဆိုတာက ကြာလှပြီ .. ဒီလူငယ်လေးက အပြင်လူသက်သက်ပဲ .. အဲဒီတော့ သူ့က ဂါးဒီးယန်းဝိဉာဉ်နဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိနိုင်မှာလဲ .. သူက ချောက်ကမ်းပါးထဲကနေ သစ်ကိုင်းလေး ရခဲ့ရုံပါပဲ .. ဒါလေးရရုံနဲ့ ဘာမှပြောလို့မရဘူးလေ” ကောင်းကင်နတ်ဘုရားတစ်ယောက်မှ ပြန်ပြောလိုက်သည်။

“ငါတို့သူ့ကို သေချာကြည့်ပြီးပြီ .. သူက ဘိုးဘေးနဲ့တကယ် ဆက်သွယ်ချက်ရှိနေတယ် … အပြင်ဘက်ကမ္ဘာမှာ သူက ဂါးဒီးယန်းဝိဉာဉ်နဲ့ တွေ့ခဲ့ဖူးတယ်” အကြီးအကဲမှ ဖြေးညှင်းစွာ ပြောလိုက်သည်။

“သေချာပေါက် အလိမ်အညာတွေပဲ .. ဘိုးဘေးက အရင်ခေတ်ကတည်းက ပျက်စီးသွားတာ .. အဲဒီတော့ သူ့လိုမျိုးအပြင်လူက ဘယ်လိုလုပ် ဘိုးဘေးကို တွေ့နိုင်မှာလဲ .. “ဤစကားကို ချက်ချင်း ငြင်းဆန်ကြသည့် ကောင်းကင်နတ်ဘုရားများ ရှိလေသည်။

“မင်းတို့အားလုံးမှားနေပြီ .. ဂါးဒီးယန်းဝိဉာဉ်က အသက်ရှင်နေတုန်းပဲ” ရှေးဟောင်းဖိန်းလူမျိုးစု၏ အကြီးအကဲမှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တာအိုညီအစ်ကို မင်းတို့ခေါင်းမာလွန်းနေတာပဲ .. တကယ်လို့ ဂါးဒီးယန်ဝိဉာဉ်အရှင် အသက်ရှင်နေသေးတယ်ဆိုရင် သူကဘာလို့ ဒီကိုပြန်မလာတာလဲ .. သူ့ရဲ့နတ်တိုင်းပြည်က ဒီမှာလေ .. ဒါအချက်ကို မမေ့လိုက်နဲ့လေ” ကောင်းကင်နတ်ဘုရား နှာခေါင်းရှုံ့လိုက်သည်။

“တစ်ချို့လူမျိုးစုတွေက အတိတ်ကို စွန့်ပစ်ပြီးတော့ ဂါးဒီးယန်းဝိဉာဉ်ကိုလည်း မေ့လိုက်ကြပြီလို့ ပြောကြတယ် .. အရှင့်ရဲ့နေရာကို ဝန်မခံကြတော့ဘူး .. ကြည့်ရတာ အဲဒီလိုလူမျိုးစုမျိုး တကယ်ရှိတယ်ထင်တယ် … မင်းတို့အားလုံးက အဲဒီလိုလူမျိုးစုတွေပဲ” လက်ရှစ်ဖက်လူမျိုးစုအကြီးအကဲမှ အေးစက်စွာ ပြောလိုက်သည်။

“ကြည့်ရတာ သူက ဂါးဒီးယန်းဝိဉာဉ်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ မင်းတို့အားလုံး သိပြီးသားထင်တယ် … အဲဒါကြောင့် မင်းတို့က သူ့ကိုဖမ်းပြီးတော့ စုံစမ်းစစ်ဆေးခြင်းနေတာမလား …” ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရားလည်း မေးခွန်းပြန်ထုတ်လိုက်သည်။

“ခင်ဗျားတို့အားလုံး ဘာတွေပြောနေတာလဲဆိုတာ ကျုပ်မသိဘူး .. ဂါးဒီးယန်းဝိဉာဉ်အရှင်က အသက်ရှင်နေသေးတယ်ဆိုရင်တောင် သူက ပြန်လည်ဝင်စားခြင်းလုပ်ပြီးတော့ အားလုံးကို မေ့သွားပြီး အစကနေ ပြန်စနေလောက်ပြီ .. ခင်ဗျားတို့နှစ်ယောက်ကပဲ အတိတ်ထဲကနေ ရုန်းမထွက်နိုင်တာ .. တစ်ချို့ကိစ္စနဲ့ အဖြစ်အပျက်တွေက သူတို့ပျောက်သွားတာနဲ့ လက်လွတ်လိုက်သင့်တယ် .. သူတို့နောက်ကို ထပ်လိုက်စရာမလိုတော့ဘူး”

“မင်းတို့အားလုံးက ဂါးဒီးယန်းဝိဉာဉ်အရှင်ကို တကယ် ပစ်ပယ်လိုက်တာပဲ”

“တာအိုညီအစ်ကို အရှေ့ကို ဆက်လျှောက်ပါ .. ကျွန်တော်တို့ စိတ်ရှုပ်ထွေးနေစရာမလိုဘူး”

“ငါတို့ အဲဒီလူငယ်လေးကိုကာကွယ်မယ်ဆိုတာကို မင်းတို့အားလုံး သဘောမတူမှတော့ ငါတို့နည်းနည်းလောက်တော့ ယှဉ်ပြိုင်ရတော့မယ်ထင်တယ်”

“ခင်ဗျား တိုက်ချင်ရင် တိုက်ကြတာပေါ့”

ဝုန်း..

ဤကမ္ဘာငယ်လေး တုန်ယင်သွားရသည်။ စွမ်းအားကြီးသည့် ကျွမ်းကျင်သူများသည် သူတို့၏ နတ်စိတ်စွမ်းအင်များကို ထုတ်လွှတ်ကြကာ လေဟာနယ်ကို စုတ်ဖြဲကြလေသည်။

ရွှေရောင်ဆင်ကြီး ထွက်လာကာ ခေါင်းမော့ပြီး အော်လိုက်သည်နှင့် တောင်များတုန်ခါလာကာ ကျောက်တုံးကြီးများ တုန်ခါလာပြီး ရှေးဟောင်းသစ်ပင်များလည်း အပိုင်းပိုင်းဖြစ်သွားသည်။

“တာအိုညီအစ်ကို .. ခင်ဗျားက ဒီလိုလုပ်ချင်နေမှတော့ ကျုပ်တို့ကို အပြစ်တင်လို့မရဘူးနော် … ခင်ဗျားက ဘာလို့ သေသွားတာကြာပြီဖြစ်တဲ့ မိုးမခသစ်ပင်ကို ကပ်တွယ်နေတာလဲ .. ဒီလူငယ်လေးမှာ ထာဝရစွမ်းအင်နှစ်ကြောင်းရှိတယ် .. သူက ကျုပ်တို့ရဲ့ ကျိန်စာကို ဖြေပေးနိုင်တယ်” ရွှေရောင်ဆင်ကြီး ပြောလိုက်သည်။

ထိုနေရာတွင် သွေးစွမ်းအင်များကြွတက်လာလေ၏။ မိုးခြိမ်းသံများထွက်ပေါ်လာပြီး လျှပ်စီးများလည်း ထွက်ပေါ်လာလေသည်။

“ထင်ထားတဲ့အတိုင်းပဲ မင်းတို့က ဂါးဒီးယန်းဝိဉာဉ်ကို နည်းနည်းလေးတောင်လေးစားမှု မရှိတော့ဘူးပဲ .. မင်းတို့မယုံကြည်တော့ဘူးဆိုရင်တောင်မှ မင်းတို့ဒီလိုမျိုး မဆီလျော်တာတွေ လုပ်စရာမလိုဘူး .. ဘာ သေသွားတဲ့မိုးမခပင်လဲ .. သူ့ကို ဂါးဒီးယန်းဝိဉာဉ်လို့ခေါ်ရင် မင်းတို့အသားပဲ့ပါသွားမှာမို့လို့လား” လက်ရှစ်ဖက်ဝိဉာဉ်အကြီးအကဲမှ အော်ဟစ်လိုက်ကာ လက်တစ်ဖက်ကို လွှဲရမ်းလိုက်သည်။

ဖုန်း…

ထိုလက်ကြီးသည် ရွှေရောင်ဆင်၏ကိုယ်ထည်ကို ရိုက်မိသွားပြီး သူတို့နှစ်ဦးကြားတွင် တောက်ပသည့်နတ်အလင်းများ ထွက်ပေါ်လာလေသည်။ သူတို့အောက်တွင်ရှိနေသည့် တောင်များလည်း ပေါက်ကွဲသွားလေ၏။ နတ်ချိန်းကြိုးများ ထွက်ပေါ်လာကာ ပင့်ကူအိမ်တစ်ခုကဲ့သို့ ရောယှက်သွားလေသည်။

ထိုပင့်ကူအိမ်ထဲတွင် သဘာဝဥပဒေသများ တိုက်ခိုက်နေကြကာ အရာအားလုံး ညှိုးရော်သွားလေသည်။

ရွှေရောင်ဆင်ကြီးသည် နောက်ပြန်ဆုတ်လိုက်သည်။ သူ၏ထူထဲလှသော အရေပြားနှင့် သူ၏အံ့အားသင့်စရာကောင်းသည့် ခုခံနိုင်စွမ်းကြောင့်သာမဟုတ်ပါက ထိုရိုက်ချက်ကြောင့် သူအက်ကွဲသွားလောက်လေပြီ။

ထိုသို့ဆိုသော်လည်း သူ၏ပါးစပ်မှ သွေးများထွက်လာပြီး သူ၏အဖြူရောင်ဆင်စွယ်ကို စွန်းထင်းသွားလေသည်။

သို့သော်လည်း သူသည်ကျယ်လောင်စွာပင် ရယ်မောလိုက်ကာ “စွမ်းအားအကြီးဆုံး ကောင်းကင်နတ်ဘုရား ဖြစ်ထိုက်ပါပေတယ် .. ဒါပေမဲ့ ကျုပ်က အခုမှအရွယ်ကောင်းလေးရှိသေးတာ ဆက်လျှောက်ရမယ့် လမ်းအရှည်ကြီး ရှိသေးတယ်” သူနောက်ဆုတ်လိုက်ကာ ထပ်မတိုက်တော့ပေ။

ရွှီး..

ကောင်းကင်ထက်တွင် ဦးချိုနဂါးတစ်ကောင်၊ နဂါးစာကလေးနှင့် လူပုံစံ ကောင်းကင်နတ်ဘုရားများလည်း ပေါ်လာလေသည်။ သူတို့အားလုံးစုပေါင်းကာ လက်ရှစ်ဖက်လူမျိုးစုမှ အကြီးအကဲကို ရပ်တန့်နိုင်ရန် ဖိနှိပ်လိုက်ကြသည်။

ရွှေရောင်ဆင်ကြီးမှာ စမ်းသပ်မှုတစ်ခုသာဖြစ်ပြီး ဤနေရာတွင် သူ့ထက်စွမ်းအားကြီးသည့် ကောင်းကင်နတ်ဘုရားများစွာ ရှိသည်။

“မင်းတို့အားလုံးက တကယ်တစ်ခုခုပဲ” ထိုအချိန်တွင် ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် ပြောလိုက်၏။ ထို့နောက်တွင် ကောင်းကင်ထက်၌ အသက်ကြီးနေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

“အမ်…”

ရွှေရောင်ဆင်နှင့် အခြားသူများအားလုံး အမူအရာပြောင်းလဲသွားကာ သူတို့အားလုံး တစ်ခဏအတွင်း ဘာစကားမှ မပြောရဲကြတော့ပဲ ဤကမ္ဘာငယ်လေးမှ လျင်မြန်စွာ ပျောက်ကွယ်သွားကြလေသည်။

“ဒီလူအိုကြီးက အသက်ရှင်နေတုန်းပဲလား .. သူက အနည်းဆုံးတော့ ဂိုဏ်းခေါင်းဆောင်အဆင့် ရောက်နေလောက်ပြီမလား .. အဲဒါက သူက ဘယ်လိုလုပ် သူ့လူမျိုးစုကနေ ထွက်လာနိုင်တာလဲ” ထိုကမ္ဘာငယ်လေးမှ ထွက်လာပြီးမှသာ ဦးချိုနဂါးပြောလိုက်သည်။

သူတို့အားလုံးသည် ကောင်းကင်နတ်ဘုရားဖြစ်သောကြောင့် သူတို့လူမျိုးစုမှ အချိန်ကြာကြာထွက်လာသည်နှင့် သူတို့ပြန်ပေးဆပ်ရလိမ့်မည်။ ထို ‘သက်ရှိရုပ်ကြွင်း’ အတွက်ဆိုလျှင် ပို၍ပင် ခက်ခဲလိမ့်မည်။

“အဲဒါက သူ့ရဲ့ခန္ဓာကိုယ် အစစ်မဟုတ်ဘူး .. ပုံတူတစ်ခုပဲ .. သူကငါ့တို့ကို သတိပေးလိုက်တာ” နဂါးစာကလေးမှ ပြောလိုက်သည်။

“လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု၊ မနုဿလူမျိုးစုနဲ့ ရှေးဟောင်းဖိန်းလူမျိုးစုက တကယ်ပဲ စွမ်းအားအကြီးဆုံးဂိုဏ်းကြီးတွေ ဖြစ်ထိုက်ပါတယ် .. ငါတို့တွေ သူတို့နဲ့ ထိပ်တိုက် တိုက်ခိုက်လို့မရဘူး .. အဲဒီတော့ ငါတို့ခဏလောက်တော့ နောက်ဆုတ်လိုက်ရအောင်” ရွှေရောင်ဆင်ကြီး ပြောလိုက်သည်။

အမှန်တကယ်တွင် သူတို့လူမျိုးစုလည်း အားမနည်းပေ။ အလွန်စွမ်းအားကြီးသည်ဟုပင် ပြော၍ရသည်။ သို့သော်လည်း သူတို့ထံတွင် သူတို့ကို ကြီးကြပ်မည့် ဂိုဏ်းခေါင်းဆောင်အဆင့် ကျွမ်းကျင်သူမရှိတော့ပေ။ ထို့ကြောင့် သူတို့လက်လွတ်စပယ် မတိုက်ခိုက်ရဲကြပေ။

သူတို့ ပေါ်ပေါ်ထင်ထင်မလုပ်သရွေ့ သူတို့လျှို့ဝှက်စွာ လုပ်၍ရမည်ပင်။

ထိုနေ့တွင် ရှေးဟောင်းထာဝရမြေမှ လူမျိုးစုအချို့ လက်တွဲကာ ရှီဟောင်အား ကာကွယ်ပေးနေသည်ဟူသော သတင်း ပျံ့သွားလေသည်။

အားလုံး စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ အပြင်လူတစ်ယောက်က ဤကဲ့သို့သော ဂိုဏ်းကြီး၏ ကာကွယ်မှုကိုရရှိနေခြင်းမှာ မည်မျှပင် ကံကောင်းလိုက်သနည်း..

“ဟမ် .. အဲဒီလူငယ်လေးက ဘယ်မှာလဲ .. သူကဘာလို့ ဒီတောင်ထဲမှာ မရှိရတာလဲ”

ရွှေရောင်ဆင်နှင့် အခြားသူတို့ ထွက်သွားသည့်အချိန်တွင် သူတို့သည် ဤကမ္ဘာငယ်လေးတစ်ခုလုံးကို အာရုံဖြန့်ကျက်၍လိုက်ရှာသော်လည်း သူ့ကို အရိပ်အယောင်ပင် မမြင်ရပေ။

“အဲဒီကောင်က တော်တော်မြန်တယ် .. သူအစောကြီးကတည်းက ထွက်သွားတာ .. ငါတို့မလာရင်တောင်မှ သူအဆင်ပြေမှာ” ရှေးဟောင်းဖိန်းကျွန်းမှ ကောင်းကင်နတ်ဘုရား ပြောလိုက်သည်။

ရှီဟောင်သည် အစောကြီးကတည်းက ထွက်ပြေးသွားပြီဖြစ်ပြီး ဤနေရာတွင် ပိတ်မိမနေတော့ပေ။

“အဲဒီကောင်က ဘယ်ကိုပြေးသွားတာလဲ .. သူကဘာလို့ မြန်မြန်ပြန်ပေါ်မလာတာလဲ” ယုန်ဖြူလေး ရွေရွတ်လိုက်သည်။

“သူကဘာလို့ အဲဒီလောက်တောင် အပြေးမြန်နေတာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။

ရွှယ်လင်း၊ လော့သွမ်၊ လန်ယိချန်တို့အားလုံး ရောက်လာကြခြင်းပင်။ သူတို့သည် အစက မနုဿလူမျိုးစုနှင့်အတူ ကျင့်ကြံနေခြင်းဖြစ်ပြီး သတင်းရလိုက်သည့်အချိန်တွင် သူတို့သည် ချက်ချင်းပင် ကျွမ်းကျင်သူများအား အကူအညီတောင်းလိုက်ခြင်းပင်။

“သူ့ကို လိုက်ရှာဖို့ လူလွတ်လိုက်” ကောင်းကင်နတ်ဘုရားတစ်ယောက်မှ အမိန့်ပေးလိုက်သည်။

ဤသတင်းပြန့်သွားသည်နှင့် ရှီဟောင်ကို ဖမ်းချင်နေသည့်သူများအားလုံးမှာ ပြန်စဉ်းစားရတော့မည်။

ရှီဟောင်သည် သူထွက်ပြေးပြီးမကြာခင် ဤသတင်းကို ကြားလိုက်ရခြင်းပင်။ ထို့ကြောင့် သူထိုလူမျိုးစုများထံသို့သာ ဦးတည်သွားလိုက်တော့သည်။

“အမ် .. ငါ့နောက်လိုက်လာတဲ့သူ ရှိနေတာလား” ရှီဟောင် အံ့အားသင့်သွားရသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားတစ်ယောက်ပင်။ အဝေးမှနေလျှင်ပင် ဤလူကို သူအာရုံခံ၍ရနေသည်။ ဤသည်မှာ ရှေးဟောင်းဖိန်းလူမျိုးစုမှ ကျွမ်းကျင်သူပင်။

တောင်ကဲ့သို့ ကြီးမားလှကာ အနက်ရောင်အရေခွံများ ဖုံးလွှမ်းထားသည့် ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာသည်။ သူထွက်လာသည်နှင့် လေဟာနယ်ပင်လျှင် အနည်းငယ် တုန်ခါသွားလေသည်။

ရုတ်တရက်ပင် ရှီဟောင်၏အမူအရာများ ပြောင်းလဲသွားရသည်။ ဤလူထွက်လာသည်နှင့် အေးစက်မှုတစ်မျိုးကို သူခံစားလိုက်ရပြီး အရှေ့တွင်ရှိနေသည့်လမ်းမှာ အလွန်ပင် အန္တရာယ်များသည်ဟုလည်း ခံစားလိုက်ရသည်။

ထပ်စဉ်းစားမနေတော့ပဲ လှည့်ထွက်ရန်သာ သူဆုံးဖြတ်လိုက်သည်။

“လူငယ်လေး .. မင်းကဘာလို့ ပြေးနေတာလဲ .. ငါ့ကလန်က အကြီးအကဲက မင်းကိုလိုက်ရှာပြီး စောင့်ရှောက်ဖို့ အမိန့်ပေးလိုက်တာ .. မင်းစိုးရိမ်နေဖို့ မလိုပါဘူး” ထိုရှေးဟောင်းဖိန်းမှ အသံပို့လွှတ်လိုက်သည်နှင့် ကောင်းကင်ကြီးပင် လှုပ်ခါသွားလေသည်။

အန္တရာယ်အငွေ့အသက်မှာ ပို၍ပင်ပြင်းထန်လာလေပြီ။ ရှီဟောင်သည် လျင်မြန်စွာပင် ပြေးလိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသည့် ထာဝရဓားဖြင့် လေဟာနယ်ကို ထိုးခွဲလိုက်ပြီး တောက်ပသည့်လမ်းကြောင်းတစ်ခုထဲသို့ ဝင်ကာ ဤနေရာမှ ထွက်သွားလိုက်သည်။

ဝုန်း..

သူ၏အနောက်ဘက်မှ လက်သီးတစ်လုံး ရောက်ရှိလာလေသည်။ ထိုအနက်ရောင်လက်သီးကြီးမှာ အိမ်တစ်လုံးပမာဏခန့်ရှိပြီး စတီးထက်ပင် အစပေါင်း ထောင်ပေါင်းများစွာ လေးလံလေသည်။

ရှီဟောင် နယ်မြေပျက်စီးခြင်းသင်္ကေတကို အသုံးပြုလိုက်သောကြောင့်သာမဟုတ်ပါက သူနောက်တစ်ခေါက် ဒဏ်ရာရသွားလောက်လေပြီ။ ရှေးဟောင်းဖိန်းလူမျိုးစုက ဘာလို့သူ့ကိုပစ်မှတ်ထားနေတာလဲ..

ပြောရမည်ဆိုလျှင် ဤသို့မဖြစ်သင့်ပေ။

“ဟုတ်သားပဲ .. ရှေးဟောင်းဖိန်းကျွန်းလူမျိုးစုက လူအများစုက ကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိတယ်ဆိုပေမယ့် ငါ့ရဲ့ခန္ဓာကိုယ်နဲ့တာအိုမျိုးစေ့ကို လိုချင်နေတဲ့ ကောင်းကင်နတ်ဘုရားတွေ ရှိနေမှာပဲ .. အဲဒါကြောင့်မို့လို့ သူတို့က ငါ့ကို သတ်ဖို့ တိတ်တိတ်လေး ကြိုးစားနေကြတာပဲ”

ရှီဟောင်အခြေအနေကို နားလည်သွားရပြီး အခြားကမ္ဘာငယ်လေးများထံသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။

“ဒီ ထာဝရရှေးဟောင်းမြေက အရမ်းထူးဆန်းတာပဲ .. မြက်တစ်ပင်၊ သစ်ပင်တစ်ပင်ကအစ ဝိဉာဉ်စွမ်းအားရှိနေတော့ ငါရှိတဲ့နေရာတွေကို သူတို့သိနေကြတာ.. ငါသာ ဒီအတိုင်းဆက်သွားနေရင် ငါလွတ်နိုင်မှာမဟုတ်ဘူး .. ဒီနည်းလမ်းက မမှန်သေးဘူး”

ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ဤရက်များအတွင်းတွင် သူအသက်လုပြေးနေသော်လည်း မလွတ်နိုင်သေးပေ။ ၇၂မျိုးပြောင်းလဲခြင်းပင် သူ၏ခန္ဓာကိုယ်အစစ်ကို မဖုံးကွယ်ထားနိုင်ပေ။ ကလန်များမှာ ဤရှေးဟောင်းမြေနှင့် ရင်းနှီးလွန်းနေသည်။

ထို့အပြင် ကလန်တိုင်းတွင် ‘နတ်ဆိုးပုံရိပ်ပေါ်မှန်’ နှင့်ဆင်တူသော ပစ္စည်းများရှိနေသည်။ ထိုပစ္စည်းများဖြင့် လူတစ်ယောက်၏ မူလခန္ဓာကိုယ်ကို သိနိုင်ပြီး ထိုလူ၏လမ်းကြောင်းကိုလည်း ရှာဖွေနိုင်သည်။ ဤပစ္စည်းများကို ယခင်ခေတ်မှ ရှေးဟောင်းပညာများဖြင့် ပြုလုပ်ထားခြင်းပင်။

“ငါ အားကောင်းလာပြီးတော့ ငါ့ရဲ့ခြေရာလက်ရာတွေကို မဖျောက်နိုင်သရွှေ့ ဒီကိစ္စက ဆက်ဖြစ်နေဦးမှာပဲ .. ဒါပေမဲ့ ငါ့ရဲ့ဒဏ်ရာတွေက ပြင်းထန်နေတော့ ငါဘာမှလုပ်လို့မရသေးဘူး” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။

နောက်ဆုံးတွင် သူသည် မနုဿလူမျိုးစုများထံသို့ ဦးတည်သွားရန် ဆုံးဖြတ်လိုက်သည်။ ဤလူမျိုးစုများသည် မိုးမခနတ်ဘုရားကို ယုံကြည်နေဆဲဖြစ်သောကြောင့် သူသည် ကလန်ခေါင်းဆောင်နှင့်တွေ့ကာ သူ့ကို ကာကွယ်ပေးရန် တောင်းဆို၍ ရနိုင်သည်။

နှစ်ရက်ကြာပြီးသည့်နောက်တွင် ရှီဟောင်သည် ထိုရှေးဟောင်းမြေကို မကပ်နိုင်ခင် လီပေါင်းများစွာ ဝေးကွာကတည်းကပင် စွမ်းအားကြီးသည့် နတ်အာရုံတစ်ခုကို ခံစားလိုက်ရသည်။

“ဘုရားကယ်လို့ပေါ့ .. သူငယ်ချင်းလေးက လုံခြုံပြီးတော့ အဆင်ပြေနေသေးတယ် .. ငါ့ဆီမြန်မြန်လာခဲ့ .. ငါတို့လူမျိုးစုဆီကို ဦးတည်သွားကြမယ်” စွမ်းအားကြီးသည့် မနုဿလူမျိုးစု ကောင်းကင်နတ်ဘုရားသည် ကောင်းကင်ထက်မှ အုပ်မိုး၍ ပြောလိုက်သည်။

“ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နေတာလဲ” ရှီဟောင်၏စိတ်ထဲတွင် သတိပေးချက်မြည်သွားပြီး အေးစက်သည့်အငွေ့အသက်များကို ခံစားလိုက်ရသည်။ သူသည် နောက်ပြန်လှည့်မကြည့်ပဲ ထာဝရဓားဖြင့် လေဟာနယ်ကို ထိုးခွဲလိုက်သည်။

ဝုန်း..

သူ၏အနောက်မှ မနုဿလူမျိုးစုကျွမ်းကျင်သူသည် အလွန်ကြီးမားသည့် လေးကြီးကို ကိုင်ထားပြီး လေးကြှိုးကို ဆွဲလိုက်ကာ အလွန်ထူထဲလှသည့် မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ ထိုမြှား၏အလင်းတန်းမှာ နေမင်းတစ်စင်းကဲ့သို့ပင် ကြောက်စရာကောင်းလှသည်။

ဖူး..

ရှီဟောင် ထိုမြှားကို ရှောင်လိုက်သောကြောင့် သူ့ကို မထိမိပေ။ သို့သော်လည်း ထိုမြှားသည် လှံတံထက်ပင် ထူနေပြီး ကောင်းကင်နတ်ဘုရား၏ သဘာဝဥပဒေသများ ရှိနေသည်။

ရှီဟောင်သည် ထိုစွမ်းအင်၏ပွတ်တိုက်ခြင်းကို ခံလိုက်ရသောကြောင့် လွင့်ထွက်သွားကာ သွေးအန်သွားရသည်။

ဤရုတ်တရက် တိုက်ခိုက်မှုမှာ ရှီဟောင်အား တုန်လှုပ်သွားစေသည်။ မနုဿလူမျိုးစုမှာ နတ်လေးသမားများ ဖြစ်ထိုက်ပါပေသည်။ သူတို့သည် အလွန်ပင်ကြောက်စရာကောင်းလှပေ၏။

“မနုဿကလန်မှာလည်း ငါ့ရဲ့ ထာဝရစွမ်းအင်နှစ်ခုကို လိုချင်နေတဲ့သူတွေ ရှိနေတာလား” ရှီဟောင် နောက်တစ်ကြိမ် ထပ်ပြေးလိုက်ရသည်။

သူစိတ်ထဲတွင် တုန်လှုပ်သွားရသည်။ မနုဿလူမျိုးစုဖြစ်စေ၊ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုဖြစ်စေ၊ ရှေးဟောင်းဖိန်းလူမျိုးစုဖြစ်စေ .. သူတို့၏ကလန်သားအားလုံးမှာ ထူးချွန်ကြကာ သူ့အား ကာကွယ်ပေးလိုကြသည်။ သို့သော်လည်း ထိုလူမျိုးစုများထဲတွင် သူ့ကို ရန်လူပြီး သူ့ခန္ဓာကိုယ်အား လိုချင်သူများ ရှိနေဆဲပင်။ ထို့ကြောင့် သူထိုလူမျိုးစုများထံသို့ ဦးတည်သွား၍ မရသေးပေ။

မဟုတ်ပါက သူ လူမျိုးစုထဲသို့ ဝင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အခိုးခံလိုက်ရပြီး သူ၏ဝိဉာဉ်လည်း ရှင်းပစ်ခံရနိုင်သည်။

ထာဝရရှေးဟောင်းမြေမှာ ကြီးမားသော်လည်း သူနေစရာနေရာမရှိတော့ဘူးဟု ရှီဟောင်ခံစားနေရသည်။ ကလန်အားလုံးမှာ အန္တရာယ်များသောကြောင့် သူထိုကလန်များနှင့် ဝေးဝေးနေရမည်။

ထိုခဏမှာပင် အားလုံးသည် အတုအယောင်သာဖြစ်ပြီး ကိုယ်ကိုတိုင်အင်အားကြီးနေမှသာဖြစ်မည်ကို ရှီဟောင် သဘောပေါက်သွားရသည်။

သူ့ထံတွင် နယ်မြေပျက်စီးခြင်းသင်္ကေတများ သိပ်မကျန်တော့ပေ။

ထို့အပြင် နတ်ကာကွယ်ခြင်းသင်္ကေတကိုလည်း သူလက်လွတ်စပယ် မသုံးရဲပေ။ သူအသက်အန္တရာယ်ရှိမှသာ သုံးရသည်။

“ငါ့ရဲ့ဒဏ်ရာတွေကို ကုဖို့လိုတယ် .. ဒီခေတ်မှာ မရှိတော့တဲ့ ကောင်းကင်အတိဒုက္ခကို ဖြတ်ပြီးတော့ အဆင့်တက်အောင် လုပ်ရမယ်” ရှီဟောင် အံကြိတ်ကာ ပြောလိုက်သည်။

လက်ရှိတွင် သူသည် အသက်လုပြေးနေရပြီး အချိန်မရွေးသေသွားနိုင်သော်လည်း သူ စိတ်မပျက်မိပေ။ ထိုအစား ဤသည်ကို ကိုယ့်ကိုကိုယ် ထူးချွန်အောင် လုပ်သည့်စစ်ဆေးခြင်းတစ်ခုအဖြစ် မှတ်ယူထားသည်။ သူသာ ဤစစ်ဆေးမှုကို ဖြတ်သန်းနိုင်ပါက သူသည် ပြန်လည်မွေးဖွားလာသည့် ဖီးနှစ်ငှက်ကဲ့သို့ပင် ဖြစ်သွားလိမ့်မည်။

ထိုအချိန်ကျလျှင် သူ၏ကံတရားကို သူကိုယ်တိုင်သာ စီမံမည်။ မည်သူမျှ သူ့ကို လိုက်သတ်ရဲမည်မဟုတ်တော့ပေ။

အပိုင်း ၁၁၃၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၈- အချိန်အတွက် တိုက်ခိုက်ခြင်း

ဤသည်မှာ အပင်များ များပြားလှသည့် တောင်တန်းတစ်ခုပင်။ နှစ်ပေါင်း ထောင်ပေါင်းများစွာသက်တမ်းရှိသည့် အပင်များကို နေရာတိုင်းတွင် တွေ့နိုင်လေသည်။

ဤနေရာတွင် ရှေးဟောင်းနွယ်ပင်များ ရစ်သိုင်းနေသည့် ကျောက်တောင်တစ်ခု ရှိနေ၏။ တောင်ထိပ်တွင် ၁၀ကျန်းခန့်ကျယ်သည့် ငှက်သိုက်တစ်ခုရှိပြီး ထိုငှက်သိုက်ထဲမှ ဆေး၏မွှေးရနံ့များ သင်းပျံ့လာသည်။

ရှီဟောင်သည် ထိုရွှေရောင်သိမ်းငှက်၏ ငှက်သိုက်ကို ‘ယူ’ ထားပြီး လက်ရှိတွင်ဆေးပင်များကို ဝါးစားနေလေ၏။ ထိုငှက်သိုက်ထဲတွင် နဂါးမိကျောင်းသုံးကောင်လည်းရှိနေပြီး ထိုအကောင်များကို အရေခွံဆုတ်ပြီး ဆေးစွပ်ပြုတ်ထဲသို့ ပစ်ထည့်လိုက်သည်။

ဆေးပင်နှင့် အသားနံ့ရောသွားသည့်အချိန်တွင် အနံ့မှာ အနည်းငယ် ထူးဆန်းသွားသော်လည်း ယခုအချိန်တွင် သူချေးများနေ၍မရပေ။ သူ၏ခန္ဓာကိုယ် ပြန်ကောင်းလာရေးသာ အဓိကဖြစ်၍ အရသာ မည်မျှပင် ဆိုးနေပါစေ သူမြိုချရမည်သာ။

ဤသည်မှာ သူ၏ရှားပါးလှသည့် ငြိမ်းချမ်းမှုကြီးပင်။ သူ မနုဿလူမျိုးစုထံမှ ထွက်ပြေးလာသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ ဤတစ်လျှောက်လုံး သူသည် တိုက်ခိုက်မှုများမှ မနားတမ်း ထွက်ပြေးလာရသည်ပင်။

ဤတောင်ကြောသို့ ရောက်သည့်အချိန်တွင် ဆေးပင်များစွာကို သူတွေ့လိုက်ရသည်။ သူသည် နတ်ဘုရားအစစ်အဆင့် နဂါးမိကျောင်းသုံးကောင်ကိုလည်း သတ်ပြီး သူ၏ဒဏ်ရာများကို လျင်မြန်စွာ ကုသလိုက်သည်။

“ကောင်းကင်နတ်ဘုရားတွေ နည်းနည်းနောက်ကျမှ လာရင်ကောင်းမယ်” ရှီဟောင် ပြောလိုက်သည်။ ဆေးပင်နှင့် နဂါးမိကျောင်းသားချက်ပြီးသွားပြီဖြစ်သောကြောင့် သူအလုပ်ကြီးကြီး စားလိုက်သည်။

ထို့နောက်တွင် သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ့အားဖုံးလွှမ်းသွားလေသည်။ သူပြန်ကောင်းလာရန်အတွက် သူအားလုံး လုပ်ရမည်။

သူ၏တောက်ပနေသည့် အဖိုးတန်ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေသည်ကို မြင်ရလိမ့်မည်။ အက်ကွဲကြောင်းများသည် သူ၏အတွင်းအင်္ဂါများထိ ရောက်နေခြင်းပင်။

ရွှေရောင်အရေပြားငွေရောင်အရိုးကို အသက်သွင်းလိုက်သည့်အချိန်တိုင်း ဤသို့ဖြစ်နေခြင်းပင်။

ကံမကောင်းစွာဖြင့်ပင် ရွှေရောင်အရေပြားငွေရောင်အရိုးရှိသော်လည်း သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှာ ပင့်ကူအိမ်ကဲ့သို့ဖြစ်နေသည်။ ယခုတစ်ခေါက်တော့ သူတကယ်ကို ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်းပင်။ ပထမ သီးသန့်ကျင့်ကြံခြင်းမှ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက်တွင် ကျွင်းသောက်နှင့် ကောင်းကင်နတ်ဘုရားဘုရင်၏ တိုက်ခိုက်မှုကြောင့် သူ၏နဖူးရိုးနှင့် နှလုံးဖောက်ထွက်သွားရသည်။ ထို့နောက်တွင်လည်း ကောင်းကင်နတ်ဘုရားများ၏ ဆက်တိုက် တိုက်ခိုက်မှုကို ခံနေရသည်။

အခြားသူများသာဆိုလျှင်တော့ တစ်နာရီလောက်နေနိုင်လျှင်ပင် ထူးခြားအံ့ဩဖွယ် ဖြစ်နေလေပြီ။

အခြေအနေ ပိုကောင်းလာသော်လည်း ချက်ချင်းပျောက်ကင်းရန်မှာ မဖြစ်နိုင်ပေ။ ရက်ပေါင်းများစွာ ကြာပြီးမှသာ ပြန်ကောင်းနိုင်လိမ့်မည်။

သို့သော် အပြင်လောကက သူ့ကို ဤအခွင့်အရေး ပေးပါ့မလား..

သေချာပေါက် မပေးပေ။

ရုတ်တရက်ပင် ရှီဟောင်သည် မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ကြီးကို ဖွင့်လိုက်ကာ ဤနေရာမှ ချက်ချင်း ထွက်သွားလိုက်သည်။

ဂီး ဂီး..

မနှစ်မြို့စရာကောင်းသည့် ရယ်သံကြီးထွက်ပေါ်လာကာ တစ်ကျန်းခန့်ရှည်လျားသည့် ရွှေရောင်သက်ရှိကြီး ပေါ်လာသည်။ သူသည် နတ်လူဝံနှင့်ပုံစံတူသည်။ သူ့တစ်ကိုယ်လုံးကို ရွှေရောင်အကြေးခွံများ ဖုံးအုပ်ထားပြီး မြွေအမြှီးရှိနေလေသည်။ သူ၏လက်များလည်း အလွန်ရှည်လျားလှပြီး ဒူးထိပင်ကျနေသည်။

ဤသည်မှာ နဂါး၊ မြွေနှင့် လူဝံလူမျိုးစုတို့၏ စွမ်းအားများရှိသည့် ရှေးဟောင်းလူဝံကြီးပင်။ သူတို့သည် အလွန်ပင် ကြောက်စရာကောင်းလှပြီး ယခင်ခေတ်မှ ကျန်ခဲ့သည့် သန္ဓေပြောင်း သက်ရှိများပင်။

အထူးသဖြင့် သူသည် ကောင်းကင်နတ်ဘုရားအဆင့်သို့ရောက်အောင် ကျင့်ကြံပြီးသွားပြီဖြစ်သောကြောင့် သူ၏အကြေးခွံများမှာ ဓားတစ်လက်၊ လှံတစ်ချောင်းကဲ့သို့ပင် ထက်ရှလှသည်။

ရှီဟောင်သည် ယခင်က သူ့အား အပျက်အစီးများထဲတွင်ရှိနေသည့် ရှေးဟောင်းအစီအရင်တစ်ခုထဲသို့ မြှားခေါ်သွားခဲ့ဖူးသည်။ ထိုအစီအရင်မှ မရေမတွက်နိုင်သည့် ဓားများထွက်လာကာ ထိုလူဝံ၏ခန္ဓာကိုယ်ကို တိုက်ခိုက်ခဲ့ကြသည်။ လေထဲတွင် တချွမ်ချွမ်အသံများထွက်ပေါ်လာပြီး မီးပွားများ လွင့်ပျံလာသော်လည်း သူ၏အကြေးခွံတစ်ခုမှပင် ကွာကျမလာခဲ့ပေ။

ယခု ဤလူဝံကြီးမှာ သူ့နောက်ထပ်လိုက်လာနေပြီဖြစ်သောကြောင့် အခြေအနေမကောင်းတော့ပေ။

ရှီဟောင် သက်ပြင်းချလိုက်ပြီး နယ်မြေပျက်စီးခြင်းသင်္ကေတ နောက်တစ်ခုကို ထပ်သုံးလိုက်ရသည်။ သူ၏လက်ထဲတွင် ပစ္စည်းများ တစ်စထက်တစ်စ နည်းပါးလာနေပြီဖြစ်သည်။ သို့သော် သူသာ ဤသင်္ကေတကို မသုံးလျှင် စွမ်းအားကြီးသည့် ကောင်းကင်နတ်ဘုရားလက်ထဲမှ မည်ကဲ့သို့ လွတ်နိုင်မည်နည်း..

“သင်္ချိုင်းနယ်မြေကို သွားမယ်..”

ဤသည်မှာ သူအစောကြီးကတည်းက ဆုံးဖြတ်ချက်ချထားသည့်အရာပင်။ ယခု သူ ဤနေရာတွင်ရှိနေသည့်ဆေးပင်များအားလုံးကို စားလိုက်ပြီဖြစ်သောကြောင့် သူ၏အခြေအနေ တိုးတက်လာလေပြီ။ သူစွန့်စားကြည့်သင့်သည်ဟု သူခံစားနေရသည်။

ရွှီး..

နယ်မြေပျက်စီးခြင်းသင်္ကေတကို အသုံးပြုလိုက်သည့်အချိန်တွင် ရှီဟောင် ရှေးဟောင်းနယ်မြေတစ်ခုသို့ ရောက်လာသည်။

ဤနေရာတွင် အခွင့်အရေးများစွာရှိသည်။ ယခင်က ဤနေရာတွင် ထာဝရအရိုး၊ ထာဝရတာအိုအပင်နှင့်အခြားအရာများကို ရခဲ့သည့်သူများရှိသည်။ ရှီဟောင်ပင်လျှင် ထာဝရအလောင်းကို ရှာတွေ့ခဲ့ပြီး အားလုံးကို ထုတ်လန့်စေခဲ့သေးသည်။

ထို့အပြင် ကျန်းပေါင်း တစ်သိန်းနက်သည့် ချောက်ကြီးလည်းရှိသေးသည်။ ထိုချောက်ထဲတွင် ထာဝရတိုက်ပွဲအကြွင်းအကျန်များရှိနေပြီး မိုးမခနတ်ဘုရားချန်ထားခဲ့သည့် သစ်ကိုင်းနှင့် ခွန်ပန်သွေးလည်းရှိနေသည်။

သူ ဤသင်္ချိုင်းနယ်မြေသို့ နောက်တစ်ခေါက် ရောက်လာခြင်းမှာ သူ့ထံတွင် ရွေးချယ်စရာမရှိတော့၍သာ။ ဤသည်မှာ သူ့အားကာကွယ်ပေးနိုင်မည့် တစ်ခုတည်းသော နေရာပင်။ အခြားသူများ ဤချောက်နက်ကြီးထဲသို့ မဝင်နိုင်သည့်အချိန်တွင် သူသည် စုတ်ပြဲနေသည့်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ဝင်နိုင်ခဲ့သည်။

ရှီဟောင်သည် သင်္ချိုင်းမြို့ထဲသို့ ဝင်လိုက်သည်နှင့် သူ၏ဆံပင်မွေးများပင် ထောင်ထသွားရသည်။ ထာဝရစွမ်းအင်နှစ်ကြောင်းသည် သူ့အနားတွင် လည်ပတ်နေသောကြောင့် သူ့အား မသက်မသာဖြစ်စေသည်။

ထိုအဆင့်သို့ ရောက်ပြီးသည်နှင့် ရှီဟောင်၏ အလိုလိုသိစိတ်မှာ အလွန်ပင် စူးရှလာပြီး ဖြစ်လာတော့မည့်အန္တရာယ်များကို သိနိုင်သည်။

ထို့ကြောင့်ပင် သူလျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး ထွက်ပြေးသွားလိုက်သည်။

သူဤနေရာသို့ ရောက်လာမည်ကို သိနေသောကြောင့် တစ်ယောက်ယောက်မှ ဤနေရာတွင် ရပ်စောင့်နေသည်မှာ သိသာသည်။

ကောင်းကင်နတ်ဘုရားအားလုံးမှာ အချိန်အကြာကြီးနေလာခဲ့ပြီဖြစ်ပြီး အတွေ့အကြုံများလည်း များပြားလှသည်။ သူ့အကြောင်း အနည်းငယ် လေ့လာလိုက်သည်နှင့် သူဤနေရာသို့ ရောက်လာမည်ကို သိသွားကြလေသည်။

သူ့ထံတွင် လျှပ်စီးဧကရာဇ်၏ စုတ်ပြဲနေသည့်ချပ်ဝတ်တန်ဆာရှိနေကြောင်းကို မသိကြသော်လည်း သူ ထိုချောက်နက်ကြီးထဲမှ မိုးမခသစ်ကိုင်းကို ယူလာနိုင်သောကြောင့် သူအားကိုးရသည့် တစ်ခုခုရှိနေမှန်းတော့ သူတို့သိကြသည်သာ။

ထို့ကြောင့်ပင် သူ့အား လာစောင့်နေသည့်သူများရှိနေခြင်းပင်။

ဖုန်း..

လက်ကြီးတစ်ဖက် ကျရောက်လာလေ၏။ ရှီဟောင်သည် ထိုလက်ကို မရှောင်နိုင်သောကြောင့် နတ်ကာကွယ်ခြင်းသင်္ကေတကိုသာ အသက်သွင်းလိုက်သည်။

ထိုနတ်အဆောင်တွင် အက်ရာကြီးထင်သွားပြီး အတော်လေး ထိခိုက်သွားသည်။

ရွှီး..

ထို့နောက်တွင် ထိုနေရာဘက်မှ ရွှေရောင်အလင်းတန်းတစ်ခု ကျရောက်လာပြီး လေထဲတွင် ရှေးဟောင်းကြေးမုံတစ်ချပ် ပေါ်လာသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းဖြစ်ပြီး သူ့အားဖမ်းချုပ်ရန် အသုံးပြုလိုက်ခြင်းပင်။

“မကောင်းတော့ဘူး”

ရှီဟောင် ထိတ်လန့်သွားရသည်။ ဤသည်မှာ အလွန်အန္တရာယ်များသည့်အခြေအနေပင်။ တစ်ဖက်လူများသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး သူ့အား စောင့်ကြိုနေခြင်းပင်။

ရွှေရောင်ဆင်၊ နဂါးစာကလေးနှင့် ဦးချိုနဂါးတို့ တစ်ချိန်တည်း ပေါ်လာလေသည်။ ဤသုံးယောက်သည် သူလာမည်ကို စောင့်နေကြခြင်းပင်။

ဝုန်းဟူသည့်အသံနှင့်အတူ ရွှေရောင်ဆင်ကိုယ်လုံးကြီး ရောက်လာလေသည်။ ရှီဟောင်၏ နတ်ကာကွယ်ခြင်းအဆောင်မှ တောက်ပသည့်အလင်းတန်းတစ်ခု ထပ်ထွက်လာလေ၏။

ထိုအချိန်တွင် ထိုဆင်သည် သူ့ကို ဆက်မတိုက်တော့ပဲ နောက်ပြန်ဆုတ်သွားလေသည်။ သူတို့သည် သူ၏အဖိုးတန်သင်္ကေတ ကုန်သွားအောင် လုပ်ချင်နေသည်မှာ သိသာသည်။

ရှီဟောင်၏အမူအရာများ အေးစက်သွားကာ “ကြီးကျယ်မြင့်မြတ်လှတဲ့ ကောင်းကင်နတ်ဘုရားတွေက သုံးယောက်ပေါင်းပြီးတော့ ကျုပ်ကို နေရာပေါင်းစုံကနေ ဝိုင်းတိုက်နေကြတာ ခင်ဗျားတို့ အရှက်မရှိဘူးလား”

“တာအိုသူငယ်ချင်းလေး … မင်းဘာတွေ ပြောနေတာလဲ .. ငါတို့က မင်းကိုဧည့်သည့်အဖြစ် ဖိတ်ခေါ်ပြီးတော့ ထာဝရတာအိုကို ဆွေးနွေးချင်တာပါ” နဂါးစာကလေး ပြောလိုက်သည်။

“ခင်ဗျားလိုလူမျိုးက ထာဝရတာအိုအကြောင်းကို ဆွေးနွေးချင်နေသေးတယ်ပေါ့” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။

ယခုအချိန်တွင် သင်္ချိုင်းမြို့မှ သက်ရှိများအားလုံး သတိထားမိသွားလေပြီ။ အထူးသဖြင့် ရှီဟောင့်စကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ဆွံ့အသွားရသည်။

ကောင်းကင်နတ်ဘုရားတောင်မှ သူ့မျက်လုံးထဲမှာ ဘောင်မဝင်ဘူးလား .. ဟွမ်က တကယ်ကို ယုံကြည်ချက်ပြင်းထန်ပြီးတော့ သတ္တိရှိတာပဲ..

“သူငယ်ချင်းလေး .. မင်းကတော်တော်လေးကို ရဲတင်းတာပဲ .. ငါတို့တောင်မှ ထာဝရတာအိုကိုဆွေးနွေးဖို့ မထိုက်တန်ဘူးပေါ့ .. အဲဒါဆိုရင် ဒီလောကမှာ မင်းကဘယ်သူနဲ့ ဆွေးနွေးချင်တာလဲ” ဦးချိုနဂါးမှ ပြုံး၍ မေးလိုက်သည်။ သို့သော်လည်း အားလုံးမှာ သူ့လက်ခုပ်ထဲတွင်ရှိနေသည်ဟု ယုံကြည့်နေသည့် ဟန်အမူအရာလည်း ရှိနေလေသည်။

“ကျုပ်နဲ့ လာမဆွေးနွေးခင် အရင်ဆုံး ထာဝရစွမ်းအင်နှစ်ကြောင်းရအောင် ကျင့်ကြံလိုက် .. မဟုတ်ရင် ထွက်သွားလိုက်တော့” ရှီဟောင်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ကြားတွင် ရင်းနှီးသည့်ဆက်ဆံရေးဖြစ်လာမည်မဟုတ်သောကြောင့် သူကဘာကိုကြောက်နေရတော့မည်နည်း..

“ဂျူနီယာလေး မင်းကတော်တော်စိတ်ကြီးဝင်နေတာပဲ .. မင်းရဲ့ မူလဝိဉာဉ်ကိုဖျက်ဆီးပစ်ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို ထားခဲ့လိုက်တော့” ရွှေရောင်ဆင်ကြီးမှ နောက်တစ်ကြိမ် တိုက်ခိုက်လာလေသည်။

ရှီဟောင်သည် အရိုးဖြူလေးတစ်ခုကို ထုတ်ထားပြီး သူ့လက်ထဲတွင် တိတ်တဆိတ်ကိုင်ထားလိုက်သည်။ ဤသည်မှာ ဝိဉာဉ်တစ်သောင်းသင်္ကေတပင်။ နတ်ကာကွယ်ခြင်းသင်္ကေတသည် နောက်ထပ် ရိုက်ချက် တစ်ဒါဇင်လောက်ကိုပဲ ခံနိုင်တော့မည်ဟု သူခံစားနေရသည်။

ဤအရိုးသည် ကျောက်စိမ်းကဲ့သို့ပင် ချောမွေ့နေလေ၏။ ဤသည်မှာ မူလရှေးဟောင်းမှတ်တမ်း၏ အစိတ်အပိုင်းပင်။ ယခင်က သူဤသင်္ကေတကို အဆင့်နိမ့်နယ်မြေတွင် အသုံးပြုခဲ့သေးသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် အလုပ် လုပ်မလုပ်ကိုတော့ သူမသိပေ။ အဘယ်ကြောင့်ဆိုသော် သူမည်မျှပင် အသက်သွင်းနေပါစေ ဤအရာမှ နိုးထမလာသောကြောင့်ပင်။ သူ့ကို သွယ်ဝိုက်၍သာ အသုံးပြုနိုင်လိမ့်မည်။

“ဟမ် .. မကောင်းတော့ဘူး” ရုတ်တရက်ပင် ဆင်ကြီးမှ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်လည်း တုံ့ဆိုင်းသွားကာ မျက်နှာလည်းမည်းမှောင်သွားသည်။

တစ်ချိန်တည်းမှာပင် ဦးချိုနဂါးလည်းတုန်ယင်သွားကာ ကောင်းကင်ပေါ်မှ ပြုတ်ကျတော့မတတ်ပင် သူ၏ခန္ဓာကိုယ် ယိမ်းယိုင်နေလေသည်။ နဂါးစာကလေးသည် အော်ဟစ်နေကာ သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ လုပ်ဆောင်နေလေသည်။

“ဒီသင်္ချိုင်းနယ်မြေက နေရာကောင်းမဟုတ်ဘူး .. ငါတို့အလွယ်တကူ ချဉ်းကပ်လို့ရတဲ့နေရာမဟုတ်ဘူး .. ကျိန်စာက အသက်ဝင်နေပြီ .. ငါတို့မြန်မြန်ပြန်သွားရမယ်” သူတို့အားလုံး ဒေါသထွက်သွားကြသော်လည်း အလွန်လည်း ကြောက်ရွံ့နေကြလေသည်။

သူတို့လူမျိုးစုမှ ထွက်မလာမှီတွင် သူတို့ထံတွင် အချိန်အနည်းငယ်သာရသည်။ သူတို့မြန်မြန်ပြန်မသွားပါက သူတို့သေဆုံးသွားလိမ့်မည်။

ယခုတစ်ခေါက်တော့ သူတို့ထင်ထားသည်ထက် ဆိုးနေသည်။ သင်္ချိုင်းနယ်မြေတွင် ထူးဆန်းသည့်အရာများစွာရှိနေပြီး ထာဝရသက်ရှိများလည်း ဤနေရာတွင် သေဆုံးထားသည်။ ကျန်ခဲ့သည့်ကျိန်စာစွမ်းအားများလည်း အလွန်ပင် ပြင်းထန်လှသည်။

ဝုန်း..

သို့သော်လည်း ဤအတိုင်းမထားခဲ့ချင်သောကြောင့် သူတို့ ရှီဟောင်ကို ဝိုင်းဖမ်းလိုက်ကြလေသည်။

ခွပ်..

နတ်ကာကွယ်ခြင်းသင်္ကေတတွင် အက်ကွဲကြောင်းများ ပိုများလာလေ၏။

ဝုန်း..

တစ်ချိန်တည်းမှာပင် သင်္ချိုင်းမြို့ရှိ ချောက်နက်ကြီးမှာ အနက်ရောင်မြူများ ကောင်းကင်ထက်သို့ တက်လာလေသည်။

အား..

နဂါးစာကလေးသည် သနားစဖွယ်အော်ဟစ်လိုက်လေ၏။ သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ အနာများဖြစ်လာပြီး အမွေးများ ကျွတ်ထွက်ကုန်လေသည်။ သူသည် လေဟာနယ်ကို ဖွင့်လိုက်ကာ လျင်မြန်စွာ ထွက်ပြေးသွားလေ၏။

“သင်္ချိုင်းနယ်မြေ .. သောက်သုံးမကျတဲ့နေရာ” ဦးချိုနဂါးလည်း ဒေါသထွက်နေလေသည်။ သူ၏နဂါးအကြေးခွံများမှာ တစ်ခုပြီးတစ်ခု ကွာကျနေသောကြောင့် သူလည်း အသက်လုပြီး ပြေးသွားလေ၏။

ရွှေရောင်ဆင်ကြီးသည် ရှီဟောင်အား ရက်စက်စွာ စိုက်ကြည့်နေသော်လည်း သူ၏ခန္ဓာကိုယ်ကြီးတွင် ဖြစ်ပျက်လာသည့်ပျက်စီးမှုများကို သူမရပ်တန့်နိုင်သောကြောင့် အော်ဟစ်ပြီး ထွက်ပြေးသွားရလေသည်။

ရှီဟောင် အံ့အားသင့်သွားရကာ ဝိဉာဉ်တစ်သောင်းသင်္ကေတကို ပြန်သိမ်းလိုက်သည်။

ချောက်နက်နားသို့ သူရောက်လာသည့်အချိန်တွင် သူ၏အသက်ရှူသံများပင် အေးခဲသွားရသည်။ ထိုချောက်နက်ကြီးထဲမှ အနက်ရောင်မြူများ လိမ့်တက်လာပြီး အနားကပ်၍ပင် မရပေ။

ထို့အပြင် ထိုသုံးယောက်လုပ်ထားသည့် ကောင်းကင်နတ်ဘုရားအဆင့် အစီအရင်တစ်ခုကိုလည်း ဤနေရာတွင် တွေ့လိုက်ရသည်။

“သူတို့တွေ ဒီမှာ အစီအရင်တွေလုပ်လိုက်လို့ ဒီလိုမျိုးဖြစ်သွားတာထင်တယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ယခုအချိန်တွင် တစ်မြို့လုံးမှာ ဖရိုဖရဲဖြစ်နေလေပြီ။ ထာဝရရှေးဟောင်မြေ မြို့ခံများမှာ အသက်လုပြေးနေကြရလေသည်။ ဤအနက်ရောင်မြူများမှာ သူတို့အတွက်အလွန်ဆိုးဝါးလှသည်။ အများစုမှာ သွေးပုံများအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။

ရှီဟောင်သည်လည်း မနေရဲတော့ပဲ ပြေးထွက်လာခဲ့လိုက်သည်။

ထိုနေ့တွင် ထာဝရတောင်ကြားမှာ အတော်လေး တုန်လှုပ်သွားရပြီး သင်္ချိုင်းမြို့လည်း ဖရိုဖရဲဖြစ်သွားရသည်။

ထို့အပြင် လူမျိုးစုမှ ထွက်သွားသည့် ကောင်းကင်နတ်ဘုရားအားလုံးလည်း သူတို့လူမျိုးစုထံသို့ ပြန်သွားကြရကာ အပြင်မထွက်ရဲကြတော့ပေ။

အဘယ်ကြောင့်ဆိုသော အချိန်တွက်ကြည့်လိုက်လျှင် ကျိန်စာအချိန်ကာလ ရောက်လာတော့မည်ဖြစ်သဖြင့် ထိုကျိန်စာကို ချေဖျက်ရန်အတွက် သူတို့လူမျိုးစုထံသို့ ပြန်သွားရန် လိုအပ်သည်။ မဟုတ်ပါက သူတို့အပြင်ဘက်တွင် သေသွားလိမ့်မည်။ သူတို့ချက်ချင်းပြန်လာခဲ့ကြသော်လည်း သူတို့သည် ကျိန်စာကို ခုခံလိုက်ရသည့်အတွက် ပေးဆပ်လိုက်ရသည်သာ။

ဤသည်မှာ ထာဝရရှေးဟောင်းမြေ နောက်ဆုံးအကြိမ်ပွင့်ခြင်းပင်။ ဤခေတ်ကုန်သွားသည်နှင့် ဤရှေးဟောင်းမြေ ဘာဖြစ်သွားမည်ကို မသိနိုင်သောကြောင့် ကောင်းကင်နတ်ဘုရားများ အရူးအမူးဖြစ်နေကြခြင်းပင်။

ရွှေရောင်ဆင်၊ ဦးချိုနဂါးနှင့် အခြားသူများသည် ထာဝရစွမ်းအင်နှစ်ကြောင်းရှိလျှင် ကျိန်စာကို ချေဖျက်ရန် မျှော်လင့်ချက်ရှိသေးသည်ဟု ယုံကြည်ကြသောကြောင့် ရှီဟောင်ကို အမဲလိုက်နေကြခြင်းပင်။

ကမ္ဘာငယ်လေးတစ်ခုအတွင်းတွင် နေရာတိုင်း၌ အဆောက်အဦးများကို မြင်တွေ့နိုင်သည်။

သေချာကြည့်လိုက်မည်ဆိုပါက ဤသည်မှာ ကြေးများဖြင့် ပြုလုပ်ထားခြင်းပင်။ ဤအဆောက်အဦးများအားလုံး ရှေးကျလှပြီး အလယ်တွင်ရှိနေသည့်အဆောက်အဦးမှာ ခမ်းနားလှကာ ပုံစံကလည်း ထူးခြားလှသည်။

အဆင့်မြင့်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်သာ ဤနေရာတွင်ရှိနေပါက သူတို့သေချာပေါက် ထိတ်လန့်သွားမည်ပင်။ ဤသည်မှာ ထာဝရနန်းတော်နှင့် တူလွန်းလှသည်။

“မင်းရဲ့ကျိန်စာကို ရှင်းပြီးသွားပြီ … အခုငါ့အလှည့်ပဲ” ကြေးနန်းတော်ထဲမှ လူငယ်တစ်ယောက် မတ်တပ်ရပ်လိုက်သည်။

ထိတ်လန့်စရာကောင်းသည်မှာ သူထိုရှေးဟောင်းနန်းတော်ထဲမှ လမ်းလျှောက်ထွက်လာသည်နှင့် ခပ်ဝေးဝေးရှိတာအိုစင်္ကြံထက်မှ လူအိုကြီးတစ်ယောက်လည်း မျက်လုံးပွင့်လာလေသည်။ သူ၏အော်ရာမှာ ထိုလူငယ်နှင့် တူလွန်းလှပြီး သူတို့၏ ပုံပန်းသွင်ပြင်ပင် တူလေသည်။

သို့သော်လည်း တစ်ယောက်မှာ အတော်အသက်ကြီးနေပြီဖြစ်သည့် ကောင်းကင်နတ်ဘုရားဖြစ်ပြီး ကျန်သည့်တစ်ယောက်မှာ နတ်မီးတောက်အဆင့်၏ အမြင့်ဆုံးအဆင့်သို့ ရောက်နေသည့် လူငယ်တစ်ယောက်ပင်။

“မူလဝိဉာဉ်ကွဲသွားပြီ .. ငါ ရှေးဟောင်းလူထူးဆန်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူလိုက်တာ .. ဘာပဲဖြစ်ဖြစ် ငါတိခွန်က ငါ့ရဲ့ရည်မှန်းချက်ကို လက်မလျော့နိုင်ဘူး … ထာဝရရှေးဟောင်းမြေမှာ နေခဲ့ပြီးတဲ့နောက်မှာ ငါ့ကိုယ်ငါ သက်သေပြချင်နေတုန်းပဲ .. ငါ ဒီငယ်ရွယ်တဲ့ခန္ဓာကိုယ်လေးကို သုံးပြီးတော့ ထာဝရစွမ်းအင်ကို ကျင့်ကြံမယ်”

လူအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် .. နှစ်ယောက်လုံး ပါးစပ်လှုပ်ရှားလာခြင်းပင်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။

တိခွန်သည် ယခင်က ထာဝရနန်းတော်၏ စွမ်းအားအကြီးဆုံး အမွေဆက်ခံသူဖြစ်ပြီး အဆင့်မြင့်နယ်မြေတွင် သူ့အားယှဉ်နိုင်သည့်သူ မရှိခဲ့ပေ။

အကြောင်းရင်းတစ်ချို့ကြောင့် သူသည် ထာဝရရှေးဟောင်းမြေတွင် နေခဲ့ပြီး ကောင်းကင်နတ်ဘုရားအဆင့်ထိရောက်အောင် ကျင့်ကြံခဲ့ခြင်းပင်။ ထို့အပြင် သူသည် ခေတ်တစ်ခေတ်တွင် နတ်စွမ်းအင်တစ်ကြောင်းကို ပို့လွှတ်ပြီး ရှေးဟောင်းလူထူးဆန်း၏ခန္ဓာကိုယ်တစ်ခုကို ရယူခဲ့သည်။

သူသည် ဤဒုတိယမြောက်ခန္ဓာကိုယ်ကို အဆင့်မတက်အောင် ဖိနှိပ်ထားခြင်းပင်။ အပြင်ဘက်လောကမှ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်လာသည့် ဂျီးနီးယပ်စ်များနှင့် သူယှဉ်ပြိုင်လိုသောကြောင့် ထိုသို့လုပ်နေခြင်းပင်။

“ငါကဘာလို့ ဒီလိုမျိုး အလုပ်ရှုပ်ခံနေရမှာလဲ .. ငါခန္ဓာကိုယ်ပြောင်းပြီးတော့ တိချုန်အတွက် လက်စားချေရမယ်ထင်တယ် .. သူ့ရန်သူရဲ့ခန္ဓာကိုယ်ကို ယူပြီးတော့ ငါ့အတွက် အသုံးချရမယ်” သူ၏ငယ်ရွယ်သည့်ခန္ဓာကိုယ်ပျောက်ကွယ်သွားပြီး ထိုလူအိုကြီး ထရပ်လာလေသည်။

“ဒဏ်ရာတွေကို ကုမယ် .. အဆင့်တက်မယ် .. ငါအဆင့်တက်ဖို့လိုနေတယ်” တစ်ချိန်တည်းမှာပင် ရှီဟောင်သည် သူ၏အရိုးစာသားများကို အသက်သွင်းကာ သူ၏ဒဏ်ရာများကို ကုသနေလေ၏။ သူသည် ဆေးဝါးများကိုလည်း ဆက်တိုက်ရှာဖွေနေပြီး စားနေရသည်။

ဤငြိမ်းချမ်းသည့်အချိန်အတွင်း သူအဆင့်တက်နိုင်အောင် လုပ်ရမည်။ ပြီးလျှင် ထိုစွမ်းအားအသစ်ကို အသုံးပြုပြီး သူ့ကိုယ်သူ ကာကွယ်ရမည်။

အပိုင်း ၁၁၃၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၃၉ – ထာဝရမျိုးဆက်

သူမြန်မြန်ပြန်ကောင်းလာနိုင်ရန်အတွက် ရှီဟောင်သည် အချို့လေလံအိမ်များကိုပင် တိုက်ခိုက်ခဲ့သည်။

ဥပမာအားဖြင့် ရွှေရောင်ဆင်နှင့် ဦးချိုနဂါးတို့ဦးစီးသည့် လေလံအိမ်များကို အားလုံးပြောင်သွားအောင် သူ ဓားပြတိုက်ခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့်ပင် နတ်ဆေးပင်တစ်ပင်မှ မရခဲ့ပေ။

မြင့်မြတ်ဆေးပင်များမှာ စွမ်းအင်ရှိသော်လည်း အကျိုးသက်ရောက်မှု နည်းလှသည်။

ထို့နောက်တွင် သူသည် နောက်တစ်ခေါက်ထပ်ပုန်းလိုက်ပြီး သူ၏ဒဏ်ရာများကို ကုသလိုက်သည်။ ပုန်းရန်အတွက်နှင့် မြို့ခံများပင် မသွားရဲသည့်နေရာများကို သူသွားခဲ့သည်။

သို့သော်လည်း သူ့ကို ရှာတွေ့နေဆဲပင်။ နတ်ငှက်များ၊ နဂါးအမဲလိုက်ခွေးများမှာ ပစ်မှတ်များကို လိုက်သည့်နေရာတွင် ကျွမ်းကျင်သည့်သူများပင်။

အနက်ရောင်နယ်မြေ .. ကျိန်စာအလွန်ပြင်းထန်သည်ဟု နာမည်ကြီးသည့်နေရာတစ်ခု..

ဤကမ္ဘာင‌ယ်လေးသည် အလွန်ကျယ်ပြန့်လှပြီး လူမျိုးစုများစွာလည်းရှိနေသည်။ သို့သော် ထိုလူမျိုးစုများအားလုံးမှာ ရူးသွပ်နေကြပြီဖြစ်သည်။ ကျိန်စာကြောင့် သူတို့၏ အသိဉာဏ်များ ပျောက်ဆုံးသွားပြီဖြစ်ပြီး မူလအသိစိတ်လေးသာ ကျန်တော့သည်။

ကောင်းကင်နတ်ဘုရားများဖြစ်စေ သာမန်သက်ရှိများဖြစ်စေ အားလုံး ရူးသွားလေပြီ။

ရှီဟောင် ဤနေရာကို ရွေးချယ်ခဲ့ခြင်းမှာ ကောင်းကင်နတ်ဘုရားများကို ခုခံနိုင်အောင်ပင်။

သို့သော်လည်း နေ့ဝက်အတွင်းမှာပင် သူ့ကို ‌ရှာတွေ့သွားလေ၏။

ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် .. သူသည် အတော်လေးလည်းချောမောလှသည်။ သူ၏အော်ရာမှာ မြင့်မြတ်ပြီး အလောမကြီးသည့်စိတ်နေဟန်ထားကိုလည်း ဖော်ပြနေသည်။

“မင်းက အဲဒီဟွမ်လား…” သူတည်ငြိမ်စွာ မေးလိုက်သည်။

“ဟုတ်တယ် .. မင်းကရော..” ရှီဟောင် ပြန်ဖြေလိုက်သည်။

“ငါက တိခွန်” ငွေရောင်ဝတ်စုံနှင့်လူငယ်လေးသည် လက်နောက်ပစ်ကာ တည်ငြိမ်စွာ ပြောနေလေ၏။

သူတို့နှစ်ဦးလုံးသည် လူငယ်များဖြစ်သော်လည်း သူသည် ကောင်းကင်နတ်ဘုရားတစ်ယောက်ကဲ့သို့ ရပ်နေပြီး ရှီဟောင်အား အထင်သေးစွာ ကြည့်နေသကဲ့သို့ပင်။

သို့သော် သူ၏ကျင့်ကြံဆင့်မှာ ရှီဟောင်နှင့်အတူတူပင်ဖြစ်သည်။

“ငါ တိချုန်းလို့ခေါ်တဲ့ လူတစ်ယောက်ကို သတ်ခဲ့တယ်” ရှီဟောင်ပြောလိုက်၏။

“အဲဒါက ငါ့ရဲ့မျိုးဆက် .. သူ့ကိုယ်ထဲမှာ ထာဝရသွေးနည်းနည်းလောက် စီးဆင်းနေတယ်” တိခွန် တည်ငြိမ်စွာ ပြောလိုက်သည်။

“ထာဝရသွေးတွေ စီးဆင်းနေတဲ့မျိုးဆက်ဟုတ်လား” ရှီဟောင် ခနဲ့လိုက်သည်။ ထို့နောက်တွင် သူ့ရှေ့မှလူကို သူကြည့်လိုက်သည်။ ဒါက ထာဝရရှေးဟောင်းမြေထဲမှာ နေခဲ့တဲ့ ရှေးဟောင်းလူထူးဆန်းများလား..

“တကယ်တော့ တိချုန်းဆိုတာက ငါ့ကိုယ်ပွားလိုပဲ .. ထာဝရသက်ရှိရဲ့မျိုးဆက်ဖြစ်တဲ့အတွက် သူ့ရဲ့သွေးမျိုးဆက်က အဖိုးတန်တယ် .. ဒါပေမဲ့ မင်းသူ့ကို သတ်လိုက်တယ်” တိခွန် သက်ပြင်းချကာ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏အမူအရာ အေးခဲသွားလေ၏။ သူသည် ရှီဟောင်အား သေချာလေ့လာကြည့်လိုက်သည်။ “မင်းအခု သေလို့ရပြီ .. မင်းရဲ့မူလဝိဉာဉ်ကို ထုတ်ပြီးတော့ ဒီခန္ဓာကိုယ်ကနေ ထွက်သွားလိုက်တော့ .. မင်း ကိုယ့်အသက်ကိုကိုယ် ယူသွားခွင့်ရှိတယ်”

ဤစကားမှာ စော်ကားမောက်မာသည့်စကားဖြစ်သော်လည်း သူတည်ငြိမ်စွာပင် ပြောနေလေ၏။

“ငါ့ကို ဒီလိုမျိုးလာပြောနေရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ .. ” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။ သူသည် သေလုနီးပါးဒဏ်ရာရရှိထားသော်လည်း သူနှင့်ကျင့်ကြံဆင့်တူသည့်သူနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူထိုသူများကို သိပ်ပြီးအလေးထားနေမည်မဟုတ်ပေ။

“ငါပြောလို့ရတယ် .. ဘာလို့လဲဆိုတော့ ငါက တိခွန်မို့လို့ပဲ .. ငါက အရင်တုန်းက ငါ့မျိုးဆက်မှာ ပြိုင်ဘက်ကင်းပဲ” တိခွန် သူ့အား တည်ငြိမ်စွာပင် ကြည့်လိုက်သည်။

“တိခွန်ဟုတ်လား .. တစ်ခါမှ မကြားဖူးဘူး .. ဘယ်မျိုးဆက်က ကြက်သွန်နီဥကြီးလဲ” ရှီဟောင် သူ့အား အလေးထားမနေပေ။

“အဲဒါဆိုရင်လည်း တိုက်ကြတာပေါ့ .. မဟုတ်ရင် ငါဘယ်သူမှန်း မင်းသိမှာမဟုတ်ဘူး” တိခွန်သည် လက်နောက်ပစ်ထားဆဲပင်။

ရှီဟောင်သည်လည်း စကားထပ်ပြောမနေတော့ပဲ သူ၏ထာဝရဓားကို ထုတ်ယူလိုက်သည်။ သူ၏ညာလက်သီးကိုလည်း ဝေ့ရမ်းလိုက်ပြီး ပြန်လည်မွေးဖွားခြင်းပညာကို ပြသလိုက်သည်။

တစ်ဖက်လူမှ သူ့အားရန်စနေသောကြောင့် သူလည်းညှာတာမနေတော့ပေ။ တိုက်ပွဲကို မြန်မြန်အဆုံးသတ်ပြီး ဤနေရာမှ ထွက်သွားမည်။

သို့သော်လည်း ရှီဟောင်အား ထိတ်လန့်စေသည့်တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်။ တိခွန်သည် ခုခံမနေသည့်အပြင် သူ့ထံသို့ တရှိန်ထိုး ပြေးလာကာ သူ၏တိုက်ခိုက်မှုများကို လက်တစ်ဖက်တည်းဖြင့် တားဆီးလိုက်လေသည်။

ဖူး..

ပြန်လည်ဝင်စားခြင်းလက်သီးချက်ကြောင့် တိခွန်၏ လက်မောင်းသည် ချက်ချင်းပင် အသက်ကြီးလာကာ ပျက်စီးသွားပြီး ချက်ချင်းပေါက်ကွဲသွားလေသည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခြမ်းလည်း ထိုကဲ့သို့ဖြစ်သွားသည်။

ထို့အပြင် ထာဝရဓားလည်း သူ၏ခါးကို ဖြတ်လိုက်သောကြောင့် သူ၏ခန္ဓာကိုယ်နှစ်ပိုင်းဖြစ်သွားကာ သွေးများ လွင့်စင်ထွက်လာလေသည်။

အရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။

ရုတ်တရက်ပင် ရှီဟောင်ဆံပင်မွေးများ ထောင်ထသွားရသည်။ ထိုပျက်စီးနေသည့်ခန္ဓာကိုယ်၏ နဖူးရိုးတောက်ပလာကာ မူလဝိဉာဉ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုဝိဉာဉ်၏လက်ထဲတွင် ခရမ်းရောင်ခေါင်းလောင်းလေးကို ကိုင်ထားပြီး ထိုခေါင်းလောင်းလေးကို လွှဲရမ်းလိုက်သည်နှင့် သူ၏ဝိဉာဉ်မငြိမ်မသက်ဖြစ်လာပြီး ပြိုကွဲတော့မလိုပင် ဖြစ်လာသည်။

ဒါကဘာကြီးလဲ .. ရှီဟောင် ထိတ်လန့်သွားရသည်။

ထိုလူမှာ သိပ်မရှည်ပဲ လက်သီးအရွယ်အစားခန့်သာရှိသည်။ ခရမ်းရောင်ခေါင်းလောင်းလေးမှာ ပိုသေးပြီး နှစ်လက်မခန့်သာရှိသည်။

“ဝိဉာဉ်နှစ်မြှုပ်စေခြင်းခေါင်းလောင်း…” ရှီဟောင် ထိတ်လန့်သွားရ၏။ သူ၏မူလဝိဉာဉ်မှာ အတော်လေး နာကျင်နေပြီဖြစ်သည်။ ပြုလုပ်ရန် အလွန်ခက်ခဲသည့် မှော်ပစ္စည်းအချို့ကို သူအမှတ်ရသွားသည်။ လူအချို့သာ ဤကဲ့သို့သော ပစ္စည်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်းပင်။

တိခွန်ထံတွင် ဝိဉာဉ်နှစ်မြှုပ်စေခြင်းခေါင်းလောင်းရှိနေသည်။ ဤသည်မှာ သေချာပေါက် ထူးခြားသည့်ရတနာပင်။

ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းလည်းဖြစ်သည်။

ထို့အပြင် ဤလူလေး ထုတ်လွှတ်သည့်စွမ်းအားမှာ ကြောက်စရာကောင်းလှပြီး ကောင်းကင်နတ်ဘုရားအဆင့်လောက်ရှိသည်။ တိခွန်၏ခန္ဓာကိုယ်သည် ရှီဟောင်နှင့် ကျင့်ကြံဆင့်တူသော်လည်း သူ၏မူလဝိဉာဉ်မှာ အလွန်ကြောက်စရာကောင်းလွန်းလှသည်။

“ဒီအခွံကြီးက သွားလာဖို့အတွက်သုံးတဲ့ အိတ်ကြီးသက်သက်ပဲ .. ဒီနေ့ ခန္ဓာကိုယ်ပြောင်းဖို့အချိန်ရောက်ပြီ .. မင်းကအဲဒီခန္ဓာကိုယ်ကို သတ်လိုက်တာဆိုတော့ မင်းရဲ့အဖိုးတန်တဲ့ ခန္ဓာကိုယ်ကိုပြန်ယူရတာပေါ့” တိခွန်ပြောလိုက်သည်။

ယခုတော့ ရှီဟောင် နားလည်သွားလေပြီ။ တစ်ဖက်လူ ပြာယာမခတ်သွားခြင်းမှာ သူ့ထံတွင် အားကိုးရသည့်အရာရှိနေသောကြောင့်ပင်။ သူ၏မူလဝိဉာဉ်မှာ စွမ်းအားကြီးလှပြီး ဤကဲ့သို့ ရုတ်တရက်တိုက်ခိုက်လိုက်လျှင် မည်သူမဆို အထိနာမည်သာ။

“မင်းက မဆိုးပါဘူး .. ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံနိုင်တယ် .. ဒီခန္ဓာကိုယ်က ပြစ်ချက်မရှိပဲ ပြီးပြည့်စုံတယ် .. အဲဒီတော့ ငါဒီခန္ဓာကိုယ်ကို တာဝန်ယူလိုက်မယ် .. မင်းသွားချင်တဲ့နေရာ သွားလို့ရပြီ” တိခွန်ပြောလိုက်သည်။ သူ၏ဝိဉာဉ်နှစ်မြှုပ်ခြင်းခေါင်းလောင်းလှုပ်ရှားလာပြီး ရှီဟောင်၏မျက်ခုံးကြားတွင် အက်ကွဲကြောင်း ပေါ်လာသည်။ သူ၏မူလဝိဉာဉ် ပျက်စီးတော့မည်။

ဝုန်း..

ရုတ်တရက်ပင် ရှီဟောင်၏ခေါင်းထဲမှ နတ်မီးတောက်များ ထွက်ပေါ်လာသည်။ ထာဝရစွမ်းအင်နှစ်ကြောင်းသည် သူ၏မူလဝိဉာဉ်ကို ရစ်ပတ်ကာ ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် တိခွန်ထက် အားမနည်းသည့် မူလဝိဉာဉ်အားတစ်ခု ထွက်ပေါ်လာသည်။

“ဘာ .. ကောင်းကင်နတ်ဘုရားအဆင့်ရောက်တော့မှာလား” တိခွန်ထိတ်လန့်သွားရသည်။ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူ၏မူလဝိဉာဉ်သည်လည်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်တော့မည်ဖြစ်သောကြောင့် သူဤမျှ ယုံကြည်ချက်ရှိနေခြင်းပင်။

ရှီဟောင်သည် မီးတောက်ထဲတွင် ပြန်လည်မွေးဖွားလာသည့် ဖီးနှစ်ကဲ့သို့ပင်။ သူ၏မူလဝိဉာဉ်သည် အလင်းများကို ထုတ်လွှတ်ကာ ဝိဉာဉ်နှစ်မြှုပ်စေခြင်းခေါင်းလောင်းကို ခုခံနေလေ၏။ ထို့နောက်တွင် ရှီဟောင်၏နဖူးမှ သူ၏မူလဝိဉာဉ်ထွက်လာလေ၏။ ထိုလူလေး၏ လက်ထဲတွင် ဝိဉာဉ်တစ်သောင်းသင်္ကေတဖြစ်သည့် ဖြူဖွေးနေသည့်အရိုးကို ကိုင်ထားလေသည်။

ဒုန်း…

တိခွန်သည် ခေါင်းလောင်းကို နောက်တစ်ကြိမ်လှုပ်ရမ်းလိုက်သော်လည်း အကျိုးသက်ရောက်မှုမရှိတော့ပေ။ တစ်ကြိမ်တိုက်ခိုက်ခံရပြီးသည့်နောက်တွင် ဝိဉာဉ်တစ်သောင်းသင်္ကေတ အသက်ဝင်သွားလေပြီ။ ထိုသင်္ကေတမှ အသက်စွမ်းအင်ထွက်ပေါ်လာပြီး လေဟာနယ်ထဲတွင်လည်း သက်ရှိတစ်သောင်း ပေါ်လာကာ တစ်ချိန်တည်း ဟစ်ကြွေးနေကြလေသည်။

ဝိဉာဉ်တစ်သောင်း .. ဤသည်မှာ စကားလုံးအရဆိုလျှင် ဘာမှမဟုတ်သော်လည်း အမှန်တကယ်တွင် ဤဝိဉာဉ်များအားလုံးသည် အသက်ဝင်နေပြီး ထိုထဲတွင် နေ၊ လနှင့် ကြယ်များပင် ပါနေသည်။ သူတို့သည် ကောင်းကင်ထက်တွင်ရှိနေကြပြီး ဖရိုဖရဲမြူများကိုလည်း ထုတ်လွှတ်နေလေသည်။

ခေါင်းလောင်းသံ ရပ်တန့်သွားသည်။ အသံလှိုင်းများသည် ဝိဉာဉ်တစ်သောင်းသင်္ကေတရှေ့တွင် ရပ်တန့်သွားခြင်းပင်။

သို့သော်လည်း ဤသင်္ကေတသည် ပြန်မတိုက်ပေ။

“တကယ် ကောင်းကင်နတ်ဘုရားအဆင့်နား နီးနေပြီပဲ .. မင်းကိုအသက်ရှင်လျက် ပြန်မလွတ်နိုင်ဘူး” တိခွန်အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကြေးနန်းတော်ထဲမှ အကြီးအကဲ မျက်လုံးများပွင့်လာသည်။ သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို အာရုံခံမိသွားလေ၏။ သူသည် အခြားမူလဝိဉာဉ်တစ်ခုနှင့်လည်း ခံစားချက်များ ဝေမျှနိုင်သည်။

သူသည် ကြေးနန်းတော်ထဲမှ လမ်းလျှောက်ထွက်လာပြီးနောက် လေဟာနယ်ကို ဆုတ်ဖြဲလိုက်ကာ အနက်ရောင်နယ်မြေထံသို့ ဦးတည်သွားလိုက်လေသည်။

အနက်ရောင်နယ်မြေထဲတွင်ရှိနေသည့် ရှီဟောင်မှာ ဤကိစ္စများကို မသိပေ။ သို့သော်လည်း သူသည် အခွင့်အရေးကို လက်လွတ်မခံပဲ သူ၏လက်ထဲတွင်ရှိနေသည့် ဝိဉာဉ်တစ်သောင်းသင်္ကေတဖြင့် ထိုမူလဝိဉာဉ်ကို ရိုက်ချလိုက်သည်။

ဒုန်း..

တိခွန်နှင့် ဝိဉာဉ်နှစ်မြှုပ်စေခြင်းခေါင်းလောင်းတို့သည် ထိုရိုက်ချက်ကို ခုခံရန်ကြိုးစားသော်လည်း မလုံလောက်ခဲ့ပေ။ ဝိဉာဉ်တစ်သောင်းသင်္ကေတကျရောက်လာသည်နှင့် ခေါင်းလောင်းမှာ တုန်ခါသွားပြီး အရောင်မှေးမှိန်သွားလေပြီ။

ဤခေါင်းလောင်းတွင် ဝိဉာဉ်ရှိနေပြီး ယခုအချိန်တွင် ထိုဝိဉာဉ်မှာ အလွန်ကြောက်လန့်နေပြီဖြစ်သည်။

ကံကောင်းသည့်အချက်မှာ ဤဝိဉာဉ်တစ်သောင်းသင်္ကေတသည် သူ၏ခွန်အားကို ပြသခြင်းမရှိပေ။ ရှီဟောင်သည် ဤအရိုးကို အုတ်ခဲကဲ့သို့ အသုံးပြုပြီး တိခွန်အား ပြင်းထန်စွာ ရိုက်နေခြင်းပင်။

ဒုန်း..

နောက်ဆုံးတွင် ဝိဉာဉ်နှစ်မြှုပ်ခြင်းခေါင်းလောင်းသည် သူ၏စွမ်းအားများ ပျောက်ဆုံးသွားကာ လွင့်ထွက်သွားလေ၏။

ရှီဟောင်သည် တိခွန်အား ရိုက်နေရင်းဖြင့်ပင် “အရမ်းတွေလာပြီးတော့ စိတ်ကြီးဝင်ပြနေတယ် .. ဒါပေမဲ့ မင်းက ဒီထက်ဘာမှမပိုဘူး .. မင်းကဘာတွေ လာလုပ်ပြနေတာလဲ”

ဝုန်း….

ဝိဉာဉ်တစ်သောင်းသင်္ကေတ၏ ရိုက်နှက်မှုကြောင့် တိခွန်၏ မူလဝိဉာဉ်မှာ ပျက်ပြယ်လုနီးပါး ဖြစ်နေလေပြီ။

ရှီဟောင်သည် ဒဏ်ရာရှိနေသည့် တိခွန်ကို တစ်ချက်တည်း ကောက်မလိုက်ကာ တစ်ဖက်ပြီးတစ်ဖက် ပါးအား ဆင့်ရိုက်လေသည်။ လေထဲတွင် ရိုက်သံများ ထွက်ပေါ်လာပြီး သူ၏ပါးစပ်မှာ ချက်ချင်းပင် ရွဲ့စောင်းသွားလေသည်။

အား..

ခပ်ဝေးဝေးတွင် ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေသည်။ တိခွန်၏ခန္ဓာကိုယ်အစစ်မှာ ဤမြင်ကွင်းကို မြင်လိုက်ရပြီး ရူးသွားတော့မလိုပင် ဖြစ်သွားရသည်။ သူသည် ဤမူလဝိဉာဉ်လေးကို ဂရုမစိုက်သော်လည်း ပါးရိုက်ခံရသည့်ခံစားချက်ကို သူလည်းခံစားနေရသည်။

ရွှီး..

ရှီဟောင်၏ မူလဝိဉာဉ်သည် လျင်မြန်စွာပင် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာပြီး ထိုမူလဝိဉာဉ်ကို ဆက်ရိုက်နေဆဲပင်။

တိခွန်အစစ်သည် ဒေါသမီးများတောက်လောင်လာပြီး ကြောက်စရာကောင်းသည့် စွမ်းအင်များမှာ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်လာသည်။ သူသည်ရှီဟောင်နောက်သို့ ပြေးလိုက်လာလေ၏။

ရှီဟောင်ပျံပြေးသွားလိုက်သည်။ ဤကမ္ဘာငယ်လေးထဲတွင် လျှို့ဝှက်ချက်များစွာရှိပြီး ကောင်းကင်နတ်ဘုရားများပင် ခြေမချရဲလောက်အောင် စွမ်းအားကြီးသည့် ကျိန်စာစွမ်းအားများရှိနေသည်ကို ရှီဟောင်သိသည်။

“သောက်ချီးကိုပဲ ထာဝရသွေးမျိုးဆက်ပါလား .. မျက်နှာကို ရိုက်ပေးဖို့လိုအပ်နေတဲ့ ကောင်စုတ်တွေပဲ” ရှီဟောင်သည် နောက်ပြန်ဆုတ်ရင်းဖြင့် ထိုမူလဝိဉာဉ်ကို ဆက်တိုက်ပင် ရိုက်နေလေသည်။

“ကောင်စုတ် .. ငါမင်းကို မသတ်ဘူး .. ဒါပေမဲ့ မင်းသေချင်ရင်တောင် မသေနိုင်အောင် ငါလုပ်မှာ .. မင်းနှစ်ပေါင်းများစွာ နာကျင်ခံစားနေရအောင် ငါလုပ်မှာ” တိခွန်၏ခန္ဓာကိုယ်အစစ်မှာ သူ၏ဒေါသတရားကို ပြသနေလေသည်။

သူတို့အရှေ့တွင် မတ်စောက်သည့်ချောက်တစ်ခုရှိနေပြီး ထိုချောက်အနောက်တွင် မည်းနက်နေသည့် ရေကန်တစ်ခုရှိနေလေသည်။ ထိုကန်မှ အေးစက်မှုများမှာ လူတစ်ယောက်၏ ဝိဉာဉ်ကိုပင် ပျက်စီးသွားစေနိုင်သည်။ ကမ်းစပ်တွင်လည်း ပျက်စီးနေသည့်နန်းတော်များစွာ ရှိနေလေ၏။

ဤနေရာသို့ ရောက်သွားသည့်အချိန်တွင် ရှီဟောင်မပြောနှင့် တိခွန်ပင်လျှင် မသက်မသာဖြစ်လာရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဓားများဖြင့် ဖြတ်တောက်ခံနေရသကဲ့သို့ ဖြစ်နေပြီး ကြောက်စရာကောင်းသည့် အမုန်းတရားစွမ်းအင်မှာ သူ၏အရိုးထဲထိပင် စိမ့်ဝင်နေလေသည်။

“ခြင်ရေကန်လား..” တိခွန်လျင်မြန်စွာ ရပ်တန့်လိုက်သည်။

သူဘယ်နေရာကို သွားနေသလဲဆိုသည်ကို ရှီဟောင်သိသည်။ သူယခင်က ဤအကြောင်းကြားဖူးသည်။ သူ၏ဆံပင်မွေးများ ထောင်ထသွားရပြီး သူ၏အရေပြားများလည်း ဓားဖြင့် ဖြတ်တောက်ခံနေသကဲ့သို့ ခံစားနေရသည်။

ဤကန်ထဲတွင် သမိုင်းမတင်မီခေတ်က သားရဲတစ်ကောင်ရှိနေပြီး သူတို့ခုန်ချလာမည်ကို စောင့်နေသကဲ့သို့ပင်။

“လူငယ်လေး .. မင်းဘာလို့ ဆက်မသွားတော့တာလဲ” တိခွန်ခနဲ့လိုက်သည်။

“လူအိုကြီး .. ခင်ဗျားက ဘာတွေများ အဲဒီလောက်စိတ်ကြီးဝင်နေရတာလဲ .. ခင်ဗျားအရိုက်ခံချင်နေတာလား” ရှီဟောင် တိခွန်၏ခန္ဓာကိုယ်အစစ်ကို တွေ့လိုက်ရသည်။ ထိုသို့ပြောပြီးသည်နှင့် သူသည် မူလဝိဉာဉ်လေးကို ကောက်မလိုက်ပြီး ပါးစပ်ကို ဖြတ်ရိုက်လိုက်လေ၏။

ဝုန်း..

တိခွန်သည် အဆုတ်များပွင့်ထွက်မတတ် ဒေါသထွက်နေရသည်။ သူ၏လက်တစ်ဖက်ဖြင့် ရှီဟောင်အား လှမ်းရိုက်လိုက်လေ၏။ သူအသက်ရှင်သန်လာခဲ့သည့်သက်တမ်းတစ်လျှောက်တွင် ဤသည်မှာ တစ်ယောက်ယောက်မှ သူ့ပါးစပ်အား ရိုက်လိုက်သည့်ပထမဆုံးအကြိမ်ပင်။

ဤသည်မှာ သူခွဲထုတ်ထားသည့် မူလဝိဉာဉ်ဖြစ်သော်လည်း ခံစားချက်များမှာ ရှင်းလင်းလှသည်။ သူ၏ခန္ဓာကိုယ်အစစ်မှ ထပ်ခါတလဲလဲ ရိုက်ခံနေရသကဲ့သို့ပင်။

“လူအိုကောင်ကြီး ခင်ဗျားက အခုထိ စကားနားမထောင်သေးဘူးပေါ့” ရှီဟောင်ခေါင်းငုံ့လိုက်သည်နှင့် ရိုက်သံများ ထပ်မံထွက်ပေါ်လာလေသည်။ သူသည် ထိုမူလဝိဉာဉ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ၁၀ခါလောက်ကန်လိုက်ပြီးနောက် ရေကန်ထဲသို့ ကန်ချလိုက်လေသည်။

“အား..” တိခွန်သည် သူ၏မျက်ခုံးကြားကို ကိုင်ပြီး အော်ဟစ်နေလေ၏။ ထိုမူလဝိဉာဉ် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သူလည်း နာကျင်မှုကို ခံစားနေရဿည်။

ရှီဟောင် ထိတ်လန့်သွားရသည်။ တိခွန်၏ မူလဝိဉာဉ်သည် ထိုကန်ထဲသို့ကျသွားသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့်တိုင် ရုန်းကန်နေနိုင်ဆဲပင်။

တိခွန် ပြေးလာနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်သည် နှစ်ခါစဉ်းစားမနေတော့ပဲ ဝိဉာဉ်တစ်သောင်းသင်္ကေတကို ထုတ်ကာ လျှပ်စီးဧကရာဇ်ချန်ထားခဲ့သည့်ဟု ထင်ရသည့် စုတ်ပြဲနေသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ပြီး ကန်ထဲသို့ ခုန်ချလိုက်သည်။ သူသည် တိခွန်၏ မူလဝိဉာဉ်ကိုပါ တစ်ခါတည်း ဆွဲချပြီး ကန်အတွင်းထဲသို့ ခေါ်သွားလိုက်သည်။

“အား…” ကန်ဘောင်ပေါ်တွင်ရှိနေသည့် တိခွန်၏မျက်ခုံးကြားမှ သွေးများ စီးကျလာလေ၏။

“လူငယ်မျိုးဆက်လေး .. မင်းအဲဒီကန်ထဲမှာ ဘယ်လောက်နေနိုင်မှာလဲဆိုတာ ကြည့်ကြသေးတာပေါ့” သူရက်စက်စွာ ပြောလိုက်သည်။

ရုတ်တရက်ပင် ကန်ရေများ ကြွတက်လာကာ ပတ္တမြားကဲ့သို့သော ခြင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်လာလေသည်။ ခြင်များသည် တစ်ပေခန့်ရှိကာ သူတို့အချင်းချင်းတိုက်မိသောကြောင့် ဆူညံသံများထွက်ပေါ်နေသည်။

ဤခြင်များအားလုံး ရူးသွားလေပြီ။ သူတို့၏အသိဉာဏ်များကို ဆုံးရှုံးလိုက်ရသော်လည်း အများစုမှာ နတ်မီးတောက်အဆင့်တွင်သာ ရှိသေးသည်။

သူတို့ပျံသန်းလာသည်နှင့် သူတို့နှင့်အတူ ကျိန်စာစွမ်းအားပါ ပါလာလေသည်။

တိခွန်၏အမူအရာ ပြောင်းလဲသွားကာ ချက်ချင်းပင် နောက်ဆုတ်သွားလေ၏။

ခဏကြာပြီးသည့်နောက်တွင် အတောင်ပံခတ်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ ကန်ထဲမှ ခြင်ပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ ဤခြင်များအားလုံးသည် တစ်မီတာခန့်ရှည်ကာ သူတို့အားလုံး၏ခန္ဓာကိုယ်မှာ တောက်ပနေကြကာ နတ်ဘုရားအစစ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဤအုပ်စုမှာ ပို၍ပင် ကြောက်စရာကောင်းသည်။

ရွှီး…

ရုတ်တရက်ပင် ရွှေရောင်ခြင်များ ပြေးထွက်လာကြလေ၏။ သူတို့အော်ရာမှာ ပို၍ပင် ကြောက်စရာကောင်းသေးသည်။ သူတို့ထံတွင် ကောင်းကင်နတ်ဘုရားစွမ်းအားလှိုင်းများ ရှိနေသည်။ တိခွန်သည် ထိတ်လန့်သွားရကာ လျင်မြန်စွာပင် နောက်ပြန်ဆုတ်သွားကာ သူ၏နဖူးထက်တွင် ချွေးစေးများ ပြန်လာရဿည်။

ဝုန်း..

ခြင်နှစ်ကောင်မှ ဖရိုဖရဲစွမ်းအင်များထွက်နေပြီး သူတို့သည် လက်ဝါးအရွယ်အစားခန့်ရှိလေသည်။ သူတို့သည် အခြားခြင်များထက် စွမ်းအားကြီးလေ၏။

အပိုင်း ၁၁၃၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၄၀ – ခြင်ရေကန်

တိခွန်တုန်လှုပ်သွားရ၏။ ကောလဟာလများမှာ အမှန်ပင်။ ဤခြင်ရေကန်မှာ ရန်မစသင့်သည့် တာဘိုနေရတစ်ခုပင်။

သူ၏နှလုံးတစ်ဝိုက်မှ ပြင်းထန်စွာနာကျင်မှုကို ခံစားနေရသည်။ ထိုနေရာတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်နေ၏။ သူမသိလိုက်ခင်မှာပင် လက်ဝါးအရွယ်အစားမှ သူ့အားသွေးစုတ်နေလေပြီ။

သူလျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ဤခြင်နှစ်ကောင်မှာ ကြောက်စရာကောင်းလှသည်။ သူတို့အတောင်ပံများကို လှုပ်ခတ်လိုက်သည်နှင့် လေဟာနယ်တွင် လီတစ်ထောင်ခန့် အက်ကွဲသွားရသည်။

တိခွန်၏အမူအရာပြောင်းလဲသွားကာ သူသည် နောက်လှည့်မကြည့်စတမ်း ထွက်ပြေးသွားလိုက်သည်။ သို့သော်လည်း သူထွက်ပြေးနေတုန်းမှာပင် သူ၏ခန္ဓာကိုယ်အနှံ့တွင် အပေါက်များဖြစ်နေပြီး သွေးများစီးကျနေလေပြီ။ ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး သွေးများစီးကျနေပြီး သူ၏ ကောင်းကင်နတ်ဘုရားသွေး ကိုးဆယ်ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားလေပြီ။

အား…

တိခွန် ပြေးနေရသည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ပုပ်သိုးနေပြီး သူ၏သွေးစွမ်းအင်များလည်း ခမ်းခြောက်သွားလေပြီ။

ထိုရှေးဟောင်းခြင်နှစ်ကောင်သည် သူတို့၏အသိဉာဏ်များ ပျောက်ကွယ်နေသောကြောင့်သာ မဟုတ်ပါက သူသေဘေးမှလွတ်မြောက်ရန် ခက်ခဲလိမ့်မည်။

ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာပြီး ထိုခြင်နှစ်ကောင်သည် ကန်မျက်နှာပြင်ထက်တွင် ပျံသန်းပြီးနောက် ကန်ကြီးထဲသို့ ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားလေ၏။

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားအော်ရာ ထုတ်လွှတ်နေသည့် ရွှေရောင်ခြင်တစ်ကောင် ထွက်ပေါ်လာလေ၏။ သူကောင်းကင်ထက်သို့ ပျံသန်းသွားလိုက်ပြီး ခရမ်းရောင်ဗျိုင်း ပျံသန်းသွားသည်နှင့်ကြုံသည့်အခါတွင် ထိုဗျိုင်းမှာ ချက်ချင်းပင် သွေးများ ခမ်းခြောက်သွားအောင် စုတ်ခံလိုက်ရပြီး သေဆုံးသွားလေသည်။

တောင်များတွင်လည်း သားရိုင်းကောင်များနောက်သို့လိုက်နေသည့် ရွှေရောင်ခြင်တစ်ကောင်ရှိနေသည်။ သားရဲကြီးများအားလုံးမှာ ချက်ချင်းပင် အရိုးပေါ်အရေတင်ဖြစ်သွားကြလေ၏။

ဤရွှေရောင်ခြင်များသည် တစ်ကျန်းအရွယ်အစားရှိပြီး နတ်ငှက်များထက် အဆပေါင်းများစွာ ပိုကြောက်ဖို့ကောင်းလေသည်။

ဤအရာများအပြင် ပိုကြောက်ဖို့ကောင်းသည့်အဖြစ်အပျက်များလည်း ဖြစ်ပျက်ရန် အဆင်သင့်ဖြစ်နေလေပြီ။ သူတို့အနောက်တွင် ငွေရောင်ခြင်များ၊ အနက်ရောင်ခြင်များ ထောင်ပေါင်းများစွာရှိနေပြီး ကမ္ဘာကြီးကို လွှမ်းခြုံသွားလေသည်။

ဖြတ်သန်းသွားသည့်ငှက်များ၊ သို့မဟုတ် လမ်းလျှောက်သွားသည့် သားရဲများအားလုံးမှာ ထိုခြင်များဝိုင်းခံလိုက်ရသည်နှင့် ချက်ချင်းပင် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

အချိန်အတော်ကြီး ကြာမှသာ ခြင်များအနက်ရောင်ရေကန်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။

ထွက်သွားသည့် တိခွန်ပြန်ရောက်လာလေပြီ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများစီးကျနေသည့်အပေါက်များ ပြည့်နေပြီး သူ၏သွေးစွမ်းအင်ကိုလည်း ဘာမှမဟုတ်ပဲနှင့် ၉၀ ရာခိုင်နှုန်းခန့်ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် သူ၏မူလဝိဉာဉ်ကိုလည်း သူဆုံးရှုံးလိုက်ရသည်။ သူထိုဝိဉာဉ်နှင့် လုံးဝအဆက်အသွယ်ပြတ်သွားလေပြီ။ ထိုဝိဉာဉ်ကို ‘ပိုးမွှား’ တစ်ကောင်မှ ဖြတ်ရိုက်ခဲ့သည်ကို စဉ်းစားမိလိုက်သည့်အချိန်တွင် သူ သွေးအန်ချင်သွားရသည်။ သူ၏နဖူးထက်တွင် သွေးကြောများထောင်ထလာပြီး ဤကန်ကြီးကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ချင်မိသည်။

“ပိုးမွှားကောင် ဟွမ်” ကောင်းကင်နတ်ဘုရားတစ်ယောက်အနေဖြင့် သူဤကဲ့သို့ ဒေါသမထွက်ရသည်မှာ ဘယ်နှနှစ်တောင်ကြာခဲ့ပြီနည်း.. ယခုတော့ ထိုလူငယ်လေး၏အသက်ကို ကယ်ဖို့ သူဘာမဆိုလုပ်ချင်မိသည်။ သူ့ကို မသေခိုင်းသေးပဲ သူ့ဘေးနားတွင်ထားတာ နှိပ်စက်ချင်နေသေးသည်။

“ထူးဆန်းတာတွေဖြစ်ပြီးတော့ မင်းအသက်ရှင်နေဖို့ မျှော်လင့်တယ် .. အဲဒါမှ ငါမင်းကို ‘ဖျော်ဖြေ’ လို့ရမှာ” ရှီဟောင်အသက်ရှင်နိုင်လိမ့်မည်ဟု တိခွန်းမယုံကြည်ပေ။

သို့သော်လည်း သူသည် စေ့စပ်သေချာသောသူဖြစ်သောကြောင့် ချက်ချင်းမထွက်သွားသေးပဲ အကြာကြီးစောင့်ကြည့်ခဲ့သေးသည်။ ထို့နောက်တွင် သူ၏ကလန်မှ တပည့်များကို ခေါ်ပြီး ဤနေရာကို သေချာစောင့်ကြည့်ခိုင်းပြီးမှသာ သူထွက်သွားလေသည်။

ဤခြင်ကန်နှင့်ပတ်သက်ပြီး ကောလဟာလများစွာ ရှိနေသည်သာ။

ဤနေရာတွင် ရက်စက်သည့်လူမျိုးစု ၁၀ခုထဲမှ တစ်ခုသေခဲ့ပြီး ဤကန်အောက်ခြေတွင်မြှုပ်နှံခဲ့ကြသည်။ ခြင်အချို့မှ သူတို့၏ သွေးစွမ်းအင်များကို စုတ်ယူပြီး တာအိုများကို ရသွားသည်ဟု ပြောကြသည်။

ဤနေရာတွင် ယခင်ခေတ်မှ ထာဝရသက်ရှိ၏ရန်သူတစ်ယောက်သေဆုံးခဲ့ပြီး သွေးအဖြစ်သို့ပြောင်းလဲသွားကာ ဤအနက်ရောင်ကန်ကြီး ဖြစ်လာကာ ဤခြင်များသည်လည်း ထိုရန်သူမှ မွေးမြူထားခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။

အခြားသူများပြောကြသည်မှာ ဤနေရာသည် ကမ္ဘာဦးအစကတည်းက ယင်စွမ်းအင်များ စုစည်းသည့်နေရာဖြစ်သည်ဟုပင်။

ဤရေကန်သည် ရေခဲကဲ့သို့ အေးစက်နေပြီး သူ၏ထူးဆန်းသည့် ချပ်ဝတ်တန်ဆာဖြင့်ပင်လျှင် သူ၏အသွေးအသားများမှာ ဓားသွားဖြင့် ထိုးခံနေရသကဲ့သို့ ခံစားနေရဆဲပင်။ ဤသည်မှာ သူ၏အတွင်းအင်္ဂါများကို ဖိနှိပ်နေသည့် ရန်မူနေသည့်စွမ်းအင်များပင်။

ပို၍ခေါင်းကြိမ်းစေသည်မှာ နေရာတိုင်းတွင် ခြင်များရှိနေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် မြဲမြံစွာ ကုပ်တွယ်နေခြင်းပင်။

အသေးဆုံးခြင်ပင် တစ်ပေခန့်ရှိပြီး ကြီးသည့်အကောင်များမှာ တစ်မီတာကျော်သည်။ ဤမျှကြီးမားပြီး မနှစ်မြို့ဖွယ်ကောင်းသည့်ခြင်များကို ရှီဟောင်တစ်ခါမှ မမြင်ဖူးသေးပေ။

စုတ်ပြဲနေသည့် ချပ်ဝတ်တန်ဆာမှ ချွင်းချွမ်းအသံများ ထွက်ပေါ်လာပြီး ခြင်များလည်း သူ့ထံသို့ပျံသန်းလာကြလေသည်။

အား…

တိခွန်၏ မူလဝိဉာဉ်တွင် စုတ်ပြဲနေသည့် ချပ်ဝတ်တန်ဆာ၏ အကာအကွယ်မရှိသောကြောင့် သူသည် သနားစဖွယ် အော်ဟစ်နေရလေသည်။

ဤခြင်များသည် သွေးများကို စုတ်ယူနိုင်ရုံသာမက သူတို့သည် မူလဝိဉာဉ်ကိုလည်း စုတ်ယူနိုင်ကြလေသည်။ ယခု အကောင်ပေါင်း ထောင်ပေါင်းများစွာ ရောက်လာသည့်အချိန်တွင် ကြောက်စရာကောင်းလွန်းလှသည်္

တိခွန်ပါးစပ်ဟကာ အော်လိုက်သည့်အချိန်တွင် ထိုအနက်ရောင်ကန်ရေများ သူ့ပါးစပ်ထဲသို့ ဝင်လာကာ သူ၏နတ်အာရုံများကို ဓားသွားများကဲ့သို့ တိုက်ခိုက်နေလေသည်။ ဤသည်မှာ သူသည်းခံနိုင်ရန် ခက်ခဲလာသည်။

သို့သော်လည်း သူသည် ကောင်းကင်နတ်ဘုရားဖြစ်ခါနီးနေပြီဖြစ်သောကြောင့် သူ၏မူလဝိဉာဉ်မှာ အလွန်စွမ်းအားကြီးလှကာ ပိုးကောင်တစ်အုပ်ကိုပင် ပေါက်ကွဲအောင် လုပ်လိုက်လေသည်။ သို့သော်လည်း ရွှေရောင်အလင်းတစ်ခု သူ့ကို ဖောက်သွားပြီး သူ၏လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားလေသည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားအော်ရာရှိနေသည့် ရွှေရောင်ခြင်တစ်ကောင်ပင်။ သူ၏အပ်ပုံစံရှိသည့်နှုတ်သီးမှာ တိခွန်ကို ထိုးဖောက်သွားခြင်းပင်။

ခဏကြာပြီးသည့်နောက်တွင် တိခွန်သေဆုံးသွားပြီး သူ၏မူလဝိဉာဉ်ကို ခြင်များစွာ ဝိုင်းအုံလာကာ လျင်မြန်စွာပင် စုတ်ယူသွားကြလေ၏။

ရှီဟောင်ဤမြင်ကွင်းကို သေချာမြင်လိုက်ရပြီး သူခေါင်းကြိမ်းသွားရသည်။

ထင်ထားသည့်အတိုင်းပင် အသွေးအသားခန္ဓာကိုယ်မှာ အဓိကပင်။ ခန္ဓာကိုယ်မရှိသည်နှင့် မူလဝိဉာဉ်မှာ မည်မျှပင် စွမ်းအားကြီးနေပါစေ သူတို့ကျရှုံးသွားမည်သာ။

ယခုအချိန်သည် သူတိခွန်ကို သနားနေရမည့်အချိန်မဟုတ်ပေ။ သူသည်လည်း အန္တရာယ်များသည့်အခြေအနေတွင် ရောက်နေသည်။ မရေမတွက်နိုင်သည့်ခြင်များ သူ့အားဝန်းရံနေပြီး ချပ်ဝတ်တန်ဆာမှလည်း မီးပွားများ လွင့်ထွက်နေသည်။

သူ၏ချပ်ဝတ်တန်ဆာမှာ ထူးခြားသော်လည်း အပေါက်များဖြင့် စုတ်ပြတ်နေလေပြီ။

ရှီဟောင် ဤခြင်များကို ခုခံလိုက်သည်။ သူ၏ချပ်ဝတ်တန်ဆာတောက်ပလာကာ အပေါက်များတွင် နတ်ခွန်အားများထွက်လာသောကြောင့် ခြင်နှုတ်သီးအချို့ ပျက်စီးသွားလေသည်။ သို့သော်လည်း သူ့အသွေးအသားကို ထိုးဖောက်လာသည့် နှုတ်သီးများရှိနေဆဲပင်။

သူဤသည်ကို ခုခံနိုင်မည့်နည်းလမ်းတကယ် မရှိတော့ပေ… သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည်။

“ငါဒီမှာ သေတော့မှာလား” ရှီဟောင် စိတ်အေးခဲသွားရသည်။ သူ နတ်ကာကွယ်ခြင်းသင်္ကေတကို မထိရဲပေ။ ထိုကောင်းကင်နတ်ဘုရားအဆင့်ပိုးကောင်များကို ထိတ်လန့်အောင်လုပ်သလိုဖြစ်သွားမည်စိုးရိမ်ပြီး ရှေးဟောင်းခြင်များကို ရန်စသလို ဖြစ်သွားမည်လည်းစိုးသည်။

ဝိဉာဉ်တစ်သောင်း သင်္ကေတရှိနေသော်လည်း ထိုသင်္ကေတသည် မလှုပ်မယှက်ပင်။ ရှီဟောင် သက်ပြင်းချ၍သာ ထိုအရိုးကို ဘေးဖယ်ထားလိုက်ရတော့သည်။

သူသည် ဆေးလုံးမီးဖိုကို ထုတ်လိုက်ပြီး ထိုထဲမှ ကောင်းကင်မြစ်ရေကို ထုတ်လိုက်သည်။ လျှပ်စီးများထွက်ပေါ်လာပြီး ခြင်အတော်များများ သေသွားကြသည်။ ကျိန်စာစွမ်းအင်များသည် အပြင်ဘက်သို ပျံ့နှံ့သွားလေ၏။

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေလေသည်။

ကောင်းကင်နတ်ဘုရားအဆင့် ရွှေရောင်ခြင်များသာမက ရှေးဟောင်းခြင်နှစ်ကောင်ပင်လျှင် ခေါင်းထောင်ကြည့်လာကြသည်။

“မကောင်းတော့ဘူး” ရှီဟောင်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားလေသည်။

တိခွန်၏ ခန္ဓာကိုယ်အစစ်သည် အပြင်ဘက်တွင်ရှိနေဆဲဖြစ်သည်။ သူသည် ဘေးနှစ်ဘက် နံကြားညှပ်နေလေပြီ။

ဝုန်း..

ရုတ်တရက်ပင် ရှေးဟောင်းခြင်နှစ်ကောင် ဤနေရာသို့ တရှိန်ထိုး ပြေးလာကြလေ၏။

ရှီဟောင် သက်ပြင်းချလိုက်ကာ ဆုံးဖြတ်ချက်ခိုင်မာစွာ ချလိုက်သည်။ သူ၏လက်တစ်ဖက်တွင် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ကိုင်ထားလိုက်ပြီး အခြားလက်တစ်ဖက်တွင် ရှေးဟောင်းအဆောင်တစ်ခုကို ကိုင်ထားလိုက်သည်။ ဤအဆောင်သည် သူနဂါးကိုးကောင်ဆွဲသည့်အခေါင်းအပျက်အစီးနားတွင်ရခဲ့သည့်အဆောင်ပင်။ ဤအဆောင်၏အလုပ်လုပ်ပုံကို သူမသိသေးပေ။

ဝုန်း..

သို့သော်လည်း ရှေးဟောင်းခြင်များ၏ လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှပြီး ခဏလေးအတွင်းပင် ရောက်လာလေသည်။ သူတို့၏နှုတ်သီးဖြင့် ရှီဟောင်အား အချက်ပေါင်းများစွာ ထိုးနေပြီဖြစ်သည်။

ကံကောင်းသည့်အချက်မှာ ဤခြင်များသည် အသိဉာဏ်မရှိတော့သဖြင့် ရှီဟောင်၏အသွေးအသားကို မထိနိုင်ကြပေ။ ပထမတစ်ချက်တွင် ချပ်ဝတ်တန်ဆာကို ထိမိသွားပြီး ဒုတိယတစ်ခေါက်တွင် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ထိမိသွားကာ ဤနေရာမှာ နောက်တစ်ကြိမ် ဆူညံသွားပြန်လေသည်။

ဝိဉာဉ်သင်္ကေတ တောက်ပလာကာ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာလေသည်။ သက်ရှိမျိုးစုံထွက်ပေါ်လာပြီး ဤရှေးဟောင်းခြင်များကို ကြောက်လန့်တကြား နောက်ဆုတ်သွားစေလေသည်။

ရှီဟောင်၏ခန္ဓာကိုယ်အတွင်းမှလည်း မီးတောက်တစ်ခု ထွက်ပေါ်လာပြီး အနီးအနားရှိ အနက်ရောင်ကန်ရေများကို လောင်ကျွမ်းသွားစေလေ၏။ ဤမြင်ကွင်းမှာ အလွန်ထူးဆန်းလှသည်ပင်။

အခြားရှေးဟောင်းခြင်များ ရောက်လာကြသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့သည်လည်း ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကာ သူ့အနား မကပ်ရဲကြတော့ပေ။

နောက်ဆုံးတွင် ကောင်းကင်နတ်ဘုရားအဆင့်ခြင်များပင်လျှင် နောက်ဆုတ်သွားကြလေ၏။ သူတို့သည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ကြောက်နေကြခြင်းပင်။

ရှီဟောင် ယခုမှသာ အသက်ရှူနိုင်တော့သည်။ ဤသည်မှာ အန္တရာယ်များလွန်းလှသည်။ ဤပိုးကောင်များ၏ နတ်အသိစိတ်များ မှုန်ဝါးနေပြီး သူတို့၏ နတ်အာရုံများ ပျောက်ဆုံးသွားသောကြောင့်သာ မဟုတ်ပါက သူပို၍ အန္တရာယ်များလိမ့်မည်။ ဤပိုးကောင်များတွင် အလိုလိုသိစိတ်များသာ ကျန်တော့သည်ပင်။

သာမန် ကောင်းကင်နတ်ဘုရားဆိုပါက သူတို့နောက်ပြန်ဆုတ်လိမ့်မည်မဟုတ်ပေ။

ထို့နောက်တွင် ထိပ်တန်းအဆင့်ပိုးကောင်များအားလုံး နောက်ဆုတ်သွားပြီး သူ့အနား ဘာအကောင်မှ မရှိတော့ပေ။

အန္တရာယ်များသည့်အခြေအနေမှာ ယာယီအဆုံးသတ်သွားလေပြီ။ သို့သော်လည်း ရှီဟောင်သည် ဤနေရာမှ ထွက်မသွားပဲ သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို ကုသရန်အတွက် မလှုပ်မယှက်သာ နေနေသည်။ ဤသည်မှာ သူရှားရှားပါးပါးရထားသည့် ငြိမ်းချမ်းမှုကြီးပင်။

သို့သော်လည်း ဤနေရာသည် ကျင့်ကြံရန်အတွက် နေရာကောင်းတစ်ခု မဟုတ်ပေ။ ရန်မူသည့်စွမ်းအင်များမှာ ပြင်းထန်လွန်းလှပြီး ဤယင်စွမ်းအင်ခြင်များမှလွဲလျှင် မည်သည့်သက်ရှိမှ ကြာကြာနေနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ရှီဟောင်သည် ဤနေရာမှ ထွက်မသွားပဲ ထိုစွမ်းအင်များကို ကြံ့ကြံ့ခံကာ သူ၏သွေးစွမ်းအင်များကို လည်ပတ်စေလိုက်သည်။

“အမ်.. ရှေးဟောင်းခြင်နှစ်ကောင်နဲ့ ကောင်းကင်နတ်ဘုရားအဆင့်ခြင်တွေက ဘယ်ရောက်သွားတာလဲ” ရှီဟောင် အံအားသင့်သွားရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏အော်ရာကို ရှီဟောင် အာရုံမခံနိုင်တော့ပေ။

ကန်အောက်ခြေတွင် သူမျှော်မှန်းမထားနိုင်သည့်အရာရှိနေမည်မှာ သေချာသည်။ ဤစွမ်းအားကြီးသည့်ခြင်များမှာ ကန်အောက်ခြေသို့ နှစ်မြှုပ်သွားခြင်းပင်။

ရှီဟောင်သည် ထိုခြင်များကို အာရုံစိုက်မနေတော့ပေ။ ထိုအစား သူစိတ်သက်သာရာရသွားသကဲ့သို့ပင် ခံစားလိုက်ရပြီး သူ၏ဒဏ်ရာများကို စတင်ကုသလိုက်သည်။ ဤသို့ဖြင့် ရက်ပေါင်းများစွာကြာသွားသည်နှင့် သူ၏ဒဏ်ရာများအနည်းငယ်ပြန်ဆက်သွားသော်လည်း ရန်မူသည့်စွမ်းအင်များကြောင့် အချို့နေရာများတွင် ပြန်ပွင့်သွားသောကြောင့် ညီတူညီမျှ ပြန်ဖြစ်သွားလေပြီ။

“ဒီရေကန်က တော်တော်ဆိုးတာပဲ”

တစ်ခဏအတွင်းမှာပင် လဝက်ကုန်သွားလေပြီ။ နောက်ဆုံးတွင်တော့ ရှီဟောင်၏ဒဏ်ရာ အနည်းငယ် ပျောက်ကင်းသွားလေပြီ။ ကန်အောက်ခြေတွင် စွမ်းအင်အနည်းငယ်ကို ထုတ်လွှတ်နေသည့် တစ်စုံတစ်ခုရှိနေသည်ကို ရှီဟောင် မထင်မှတ်ပဲ သိလိုက်ရသည်။ ထိုပစ္စည်းမှာ သူ၏ဒဏ်ရာရနေသည့် ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိနေလေသည်။

ရက်ပေါင်းများစွာ သည်းခံပြီးသည့်နောက်တွင် ရှီဟောင်၏အခြေအနေ အနည်းငယ် တိုးတက်လာလေပြီ။ သူသည် အံကြိတ်ကာ ကန်၏အတွင်းပိုင်းသို့တိုးဝင်သွားလိုက်သည်။

အပြင်ဘက်လောကမှာ အုတ်အော်သောင်းတင်းဖြစ်နေလေပြီ။

ဟွမ် အနက်ရောင်နယ်မြေထဲသို့ ဝင်သွားသည်မှာ ရက်ပေါင်းနှစ်ဆယ် ရှိနေလေပြီ။

ဤသည်မှာ အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာလေ၏။

“နှမြောစရာပဲ .. ဟွမ်က ဒီတိုင်းသေသွားတာလား .. သူက ဒီခေတ်မှာ ထာဝရစွမ်းအင်နှစ်ကြောင်းကိုတောင် ကျင့်ကြံနိုင်ထားတာ .. တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့သူပဲ”

“သူတကယ်သေသွားတာလား .. သူအသက်ရှင်နေသေးတာလဲ ဖြစ်နိုင်တာပဲ”

“ဟာသပဲ.. ခြင်ကန်ကို ဝင်ပြီးသွားရင် ဘယ်သူကများ အသက်ရှင်လျက် ပြန်ထွက်လာဖူးလို့လဲ .. အရင်တုန်းကတည်းက စွမ်းအားကြီးတဲ့သူတွေ ဝင်သွားဖူးတာပဲ .. ဘယ်သူမှ ပြန်ထွက်မလာနိုင်ဘူး .. အဲဒီရှေးဟောင်းခြင်နှစ်ကောင်က ထာဝရအလောင်းကနေ ဖြစ်လာတာဖြစ်နိုင်တယ် .. သူကဘယ်လိုလုပ် အဲဒီခြင်နှစ်ကောင်ကို နိုင်မှာလဲ”

ယခုလက်ရှိတွင် ထာဝရရှေးဟောင်းမြေတွင်ရှိနေသည့်သူများသည် ဟွမ်သေဆုံးသွားပြီဆိုပြီး ယုံကြည်နေကြခြင်းပင်။

“တိခွန် ထာဝရနန်းတော်က ထွက်လာပြီးတဲ့နောက်မှာ လှုပ်ရှားလိုက်တာ .. သူကဘယ်လိုလုပ် ဟွမ်ကို အသက်ရှင်ခွင့်ပေးထားမှာလဲ .. ဒါက လက်စားချေတာပဲ” စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များသည် ရှီဟောင်သေဆုံးသွားပြီဟု ယုံကြည်နေကြသည်။

ဟွမ်နှင့် ထာဝရနန်းတော်မှာ ဆန့်ကျင်ဘက်တွင် ရပ်နေကြခြင်းဖြစ်ကြောင်း အားလုံးသိကြသည်သာ။

“ဟက် .. သူက ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံထားတော့ရော ဘာလုပ်ရမှာလဲ .. သူသေသွားရင် ဘာမှအသုံးမဝင်တော့ဘူး” အားလုံးမှာ ဤဖြစ်ရပ်ဆိုးကြီးကို ပျော်ရွှင်စွာဖြင့်ပင် ပြောနေကြလေ၏။

“နောက်ဆုံးတော့လည်း သူသေသွားရတာပဲ .. ဟား ဟား ဟား…”

အပြင်ဘက်လောကတွင် အုတ်အော်သောင်းတင်းဖြစ်နေလေပြီ။

ဤသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ချင်းရီသည် ဘာမှမပြောပဲ တောင်ထိပ်တစ်ခုပေါ်တွင် အတော်လေးကြာသည်အထိ မတ်တပ်ရပ်နေခဲ့သည်။

ယုန်ဖြူလေး၏မျက်လုံးများ နီရဲလာကာ “အဲဒီကပ်ဆိုးကောင်ကြီး သေသွားပြီ .. ငါထင်တာ ကပ်ဆိုးတွေက နှစ်တစ်ထောင်လောက်ရှိမယ်လို့ ထင်နေတာ…”

“မကောင်းတဲ့ကောင် .. မင်းလမ်းကို ဖြောင့်ဖြောင့်သွား .. ငါမင်းအတွက် လက်စားချေပေးမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ဒေါသတကြီး ပြောလိုက်သည်။

ကန်အောက်ခြေတွင် ကျောက်တုံးတစ်တုံးမှာ တောက်ပနေသည်ကို ရှီဟောင် အံ့အားသင့်စွာ တွေ့ခဲ့ရသည်။

သူ ကျန်းပေါင်း လေးသောင်းအောက်ဆင်းပြီးမှသာ ကန်အောက်ခြေသို့ ရောက်လာခြင်းပင်။ ဤကန်မှာ အတော်လေး နက်လှသည်။

“အဲဒါက .. ဘုရားရေ .. သားရဲ၁၀မျိုး.. နဂါးနဲ့ အဲဒီအမျိုးသမီး…” ရှီဟောင် ထိတ်လန့်နေရသည်။ သူကန်အောက်ခြေသို့ ရောက်လာသည့်အချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားစေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။

အပိုင်း ၁၁၄၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset