ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၉ – တစ်ညတည်းဖြင့် ဘုရင် ၁၀ ဦးအား သတ်ဖြတ်ခြင်း
သူတို့ပြောသည့် “သတ်” ဆိုသည်မှာ သူ့အသက်ကို နှုတ်ယူခြင်းမဟုတ်ပဲ သူ့အား ကျိုးပဲ့သွားအောင် လုပ်လိုက်ခြင်းသာ။ ဤလူများ သူ့ကို တိုက်ခိုက်လာကြခြင်းမှာ သူ့ထံ၌ ရှိနေသည့် အသက်ရှူစည်းချက်ပညာကို ရလိုခြင်းပင်။
ချူဖုန်း၏ ကြောက်စရာကောင်းသည့် စွမ်းရည်များအား မြင်လိုက်ရသည့်အချိန်တွင် သူတို့ ပို၍ပင် မနာလိုဖြစ်လာကြလေသည်။
ချူဖုန်း၏ ပါးစပ်နှင့် နှာခေါင်းမှ အဖြူရောင်မြူခိုးများ ထွက်လာသည်ကို သူတို့ကိုယ်တိုင် တွေ့ခဲ့ရသောကြောင့် သူ့ထံ၌ ထူးခြားသည့် အသက်ရှူစည်းချက် ရှိနေသည်မှာ သေချာသည်။
ဝုန်း..
သင်းခွေချပ် ခုန်ထလာကာ သူ့အကြေးခွံမှ ရွှေရောင်အလင်း တောက်ပလာပြီး ချူဖုန်းထံသို့ ပြေးဝင်လာသည်။
ခွပ်..
သူ ရင်ဆိုင်ရမည့်ရန်သူများမှာ တကယ်ကို များနေသည်။ ချူဖုန်း နောက်တစ်ကြိမ် လွင့်ထွက်သွားပြီး သွေးအန်သွားသည်။ သူ့မျက်လုံးများမှာ မှုန်မှိုင်းကာ ရက်စက်နေသည်။ ဤသင်းခွေချပ်ကြောင့် သူ လွင့်ထွက်သွားသည်မှာ တစ်ကြိမ်မကတော့။
ဝုန်း..
သူ့ဘယ်လက်ကို မြှောက်လိုက်ကာ လျှပ်စီးတန်း ပစ်လွှတ်လိုက်သည်။ လျှပ်စီးတန်းသည် ၁၂ မီတာရှည်လျားသည့် သင်းခွေချပ်ကို ထိမှန်သွားလေ၏။ သင်းခွေချပ်ကြီး တစ်ကိုယ်လုံး မည်းနက်ကာ လွင့်ထွက်သွားသည့်အပြင် ပါးစပ်မှ သွေးများ စီးကျလာသည်။
ဤကဲ့သို့သော သက်ရှိမျိုးမှာ မာကျောလှသည့် အကြေးခွံနှင့် တုတ်ခိုင်လှသည့်ခန္ဓာကိုယ်များရှိသည့်အပြင် သူတို့အသက်ဓာတ်မှာ အလွန်စွမ်းအားကြီးလှသည်။ ယခုတော့ သူ လွင့်ထွက်သွားကာ မြေပြင်နှင့် ရိုက်မိသွားလေပြီ။
ဖူး..
ချူဖုန်း ခြေတစ်လှမ်း နောက်ကျသွားလေပြီ။ လင်းတဘုရင်၏ ဓားရှည်ကြီး သူ့ထံသို့ ရောက်ရှိလာကာ နောက်ဆုံးတွင် သူ့နံရိုး၌ ဒဏ်ရာရရှိသွားသည်။
ပြင်းထန်လှသည့် နာကျင်မှုနှင့်အတူ သွေးများလွင့်စင်လာသည်။ ပြင်းထန်လှသည့် ဒဏ်ရာကြောင့် သူ နောက်ယိုင်သွားရသည်။
ခွပ်..
အလွန်လျင်မြန်လှသည့် လူသားကျွမ်းကျင်သူတစ်ဦး ချူဖုန်း နောက်ကျောဘက်ကို တိုက်ခိုက်လာသည်။ ချူဖုန်း သွေးအန်သွားကာ ရှေ့ယိုင်ထိုးသွားရကာ မျက်နှာနှင့် ဟပ်ထိုးလဲကျမတတ် ဖြစ်သွားခဲ့ရသည်။ သူ့နားထဲ၌ မိုးခြိမ်းသံများ ပဲ့တင်ထပ်နေပြီး သွေးများလည်း ဆူပွက်နေရသည်။
ယခုအချိန်တွင် သူ အသက်ရှင်နေသည်မှာပင် အတော်လေး ကံကောင်းနေပြီဖြစ်သည်။
ဒဏ်ရာရပြီး မောပန်းနေသည့်သူ့ကို ဘုရင်အဆင့်ကျွမ်းကျင်သူ အယောက် ၂၀ ကျော် ဝိုင်းတိုက်နေကြသည်။ သူ ဘယ်လိုလုပ် ဤလူများကို သတ်နိုင်မည်နည်း..
“ချူဖုန်း .. မင်း အသက်ရှူစည်းချက်ပညာကို ပေးလိုက်တာနဲ့ ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်..” ထိုအချိန်တွင် မြေခွေးဖြူ စကားပြောလာသည်။ သူ့အား တိုက်ခိုက်နေသည့်အုပ်စုထဲ ဤလူမပါဝင်သော်လည်း သူလည်း လူကောင်းမဟုတ်။ သူသည် စွမ်းအားကြီးသည့် စိတ်ဝိညာဉ်စွမ်းအားများ အသုံးပြုကာ သူ့တိုက်ပွဲများကို ထပ်ခါထပ်ခါ နှောက်ယှက်နေခဲ့သည်ပင်။
“အသက်ရှူစည်းချက်ပညာကို ပေးလိုက် .. ငါတို့ မင်းကို လွှတ်ပေးမယ်..” လင်းတဘုရင် ချူဖုန်းအား စိုက်ကြည့်ကာ ပြောလာသည်။
“ကိုယ့်လူတို့ မလောနဲ့ .. သူထွက်မပြေးနိုင်အောင်လို့ သူ့ခြေထောက်တစ်ဖက်ကို အရင်ဖြတ်ပစ်လိုက်ရအောင် .. ကျုပ်တို့တွေ နောက်မှ သူ့ကို အေးဆေးစစ်မေးလို့ရတယ်..” ခရမ်းရောင်တူကိုင်ထားသည့်လူမှ အကြံပေးလာသည်။
ချူဖုန်း၏ဓားပျံကြောင့် သူ့လက်တစ်ဖက် ဆုံးရှုံးထားရသောကြောင့် ချူဖုန်းအား အေးစက်စွာပင် စိုက်ကြည့်နေလေ၏။
“ဟုတ်တယ် .. နတ်ဆိုးဘုရင်ချူက အရမ်း အန္တရာယ်များတယ် .. အသက်ရှူပညာအကြောင်း မဆွေးနွေးခင် ခြေလက်နည်းနည်းလောက်တော့ ဖြတ်ပစ်ထားသင့်တယ်..” ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့်လူတစ်ဦးမှ ပြောလာသည်။
ထိုအခိုက်အတန့်တွင် တိုက်ပွဲမှာ အနည်းငယ် အရှိန်လျော့လာသည်။ ချူဖုန်း ပြင်းထန်သည့်တိုက်ခိုက်မှုအချို့ကို ရှောင်ရှားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။
ဤလူများမှာ တစ်ယောက်ထက်တစ်ယောက် ပိုရက်စက်လှသည်။ ယခုအချိန်တွင် ချူဖုန်း ဤလူအားလုံးကို သတ်ပစ်သည်မှလွဲ၍ ဘာမှမလိုချင်တော့။
“ချူဖုန်း စိတ်မပူပါနဲ့ .. မင်း ငါတို့နဲ့ ပူးပေါင်းပေးရင် ငါတို့ မင်းရဲ့ ခြေလက်တွေကို ပြန်ဆက်ပေးမှာပါ” သူတို့ထဲမှ တစ်ဦး ပြောလာသည်။
“မင်း အရှုံးပေးမှာလား မပေးဘူးလား..” ရွှေရောင်အမွေးနှင့် မျောက်တစ်ကောင် စိတ်မရှည်လက်မရှည် ပြောလာသည်။
“ကျုပ်ပညာကို တွေ့ကရာလူကို မပေးနိုင်ဘူး .. ခင်ဗျားတို့ထဲက အင်အားအကြီးဆုံးလူကို ပေးဖို့တော့ စဉ်းစားပေးမယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။
“ဟေး .. ဒီလိုဂိမ်းမျိုးတွေ လာကစားမနေနဲ့ .. မင်းကို မဖျက်ဆီးရသေးမချင်း ငါတို့ ပူးပေါင်းကြဖို့ သဘောတူထားပြီးသား .. အားလုံးပဲ အချိန်ဖြုန်းမနေနဲ့တော့ .. သူ့ကို အရင်ရှင်းလိုက်ရအောင်..” ခရမ်းရောင်တူကိုင်ထားသည့်လူမှ ရယ်မော၍ ပြောလာသည်။
သူကိုယ်တိုင်ကတော့ ပြုတ်ထွက်သွားသည့် လက်ကို ဆက်ဖို့ကြိုးစားရင်း နောက်ယိုင်သွားလေ၏။ သူ့ထံမှ အသက်ဓာတ်နှင့် စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်။
“သတ်.. တွေဝေမနေနဲ့ .. သူ့ကို မတော်တဆသတ်မိသွားမှာကို စိတ်ပူမနေနဲ့ .. သူ့ရဲ့ ဘုရင်အဆင့်ခန္ဓာကိုယ်က အရမ်းသန်မာတယ် .. အသက်တစ်ရှိုက်ကျန်နေသေးရင်တောင် သူ့ကို စစ်မေးလို့ရတယ်..” ငွေရောင်ချပ်ဝတ်တန်ဆာနှင့်လူ အော်ဟစ်လိုက်သည်။
ဤလူများမှာ သားရဲများထက်ပင် ကြောက်စရာကောင်းသည်ဟု ချူဖုန်း တွေးမိသွားသည်။ သူတို့ကို စိစိညက်ညက်ကြေအောင် လုပ်ပစ်ဖို့ကောင်းသည်။
“အဲဒါဆိုလည်း သတ်ကြတာပေါ့..” ရွှေရောင်လင်းတဘုရင် အော်ဟစ်လိုက်သည်။ သူသည် အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် စွမ်းအားကြီးကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် သူ့စကားမှာ အရေးပါလှသည်။ သူ့ဦးဆောင်မှုအောက်တွင် တိုက်ပွဲကြီး နောက်တစ်ကြိမ် အသက်ဝင်လာလေ၏။
ဝုန်း..
မီးတောက်များနှင့် အဆင့်လွန်စွမ်းအင်များ ထွက်ပေါ်လာသည်နှင့် ဤနေရာတစ်ခုလုံး လင်းထိန်သွားရသည်။
ချူဖုန်း အခြေအနေမှာ အတော်လေးဆိုးရွားနေလေပြီ။ လင့်ကြောင်မြီးတိုနှင့် လူဝံနက်ကြီးကို သတ်ရန်အတွက် အားကုန်ထုတ်သုံးခဲ့ရခြင်းဖြစ်သောကြောင့် သူ့စွမ်းအင်များ အတော်လေး ကုန်ခမ်းသွားခဲ့သည်။
သူ့နှလုံးမှဒဏ်ရာ ပြန်ပွင့်လာပြီး နှလုံးသွေးများကို လျင်မြန်စွာ ဆုံးရှုံးနေရသည်။
သူအလွန် ပင်ပန်းအားနည်းနေပြီး သူ့ခန္ဓာကိုယ်ကြီးကို တရွတ်ဆွဲနေရလေပြီ။
သူသည် အချိန်မရွေး ပစ်လဲကျသွားမည့်ပုံ ပေါက်နေသည်ပင်။ သေးသေးလေးမှားလိုက်သည်နှင့် ဤလူများ သူ့ခြေလက်ကို ဖြတ်ပစ်ကာ သူ ဒုက္ခိတဖြစ်သွားလိမ့်မည်။
“နတ်ဆိုးဘုရင်ချူ .. မင်းအစွမ်းက ဒီလောက်ပဲရှိတာလား .. မင်းက နေမကောင်းတဲ့လူနဲ့ တူနေတယ် .. ငါ မင်းရဲ့ နာမည်ကိုကြားဖူးတာ ကြာလှပြီ .. အခု မင်းကို ဒီလိုပုံစံမျိုးတွေ့လိုက်ရတော့ ငါ အတော်လေး စိတ်ပျက်သွားရတယ်..” တောဝက်ရိုင်းတစ်ကောင်မှ ချူဖုန်းကို ရန်စလာသည်။
ချူဖုန်း သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဤသည်မှာ အားနည်းနေသည့်ကျားတစ်ကောင်ကို ခွေးများမှ အနိုင်ကျင့်နေသည့် အခြေအနေမျိုးပင်။ တောဝက်ရိုင်းပင် သူ့ကို ဤကဲ့သို့ ပြောရဲနေသည်။
တောဝက်ရိုင်းသည် တကယ်လည်း တမင်သက်သက် ပြောလိုက်ခြင်းပင်။ ထို့နောက် သူ့အစွယ်များကို ထုတ်ပြကာ တင့်ကားတစ်စီးကဲ့သို့ ချူဖုန်းထံသို့ ပြေးဝင်လာလေသည်။
ဆင်အရွယ်အစားရှိသည့် တောဝက်ရိုင်းကြီး ပြေးလာသည်နှင့် မြေပြင်ကြီး တုန်ခါသွားရသည်။
ရွှီး..
ချူဖုန်း ဓားပျံဖြင့် ခုတ်ချလိုက်သည်။
ခွပ်..
တောဝက်ဘုရင်သည် ခေါင်းကို လွှဲရမ်းလိုက်ပြီဂ သူ၏အစွယ်ဖြင့် ဓားပျံကို အဝေးသို့ ရိုက်ထုတ်လိုက်သည်။
“နတ်ဆိုးဘုရင်ချူ .. မင်းက တော်တော်လေးကို အသုံးမကျတာပဲ .. အဲဒီဓားလေးနဲ့ ငါ့ကျောကို အယားပြေ ကုတ်ပေးမလို့လား..” တောဝက်ရိုင်းကြီးသည် မရပ်မနားစော်ကားပြောဆိုနေပြီး ချူဖုန်း တုံးအသည့်အပြုအမူတစ်ခုခု ပြုလုပ်လာရန် ရန်စနေလေသည်။
ဝုန်းးး
သူ ချူဖုန်းထံသို့ ဒဲ့တိုးပင် ပြေးဝင်လာသည်။
ချူဖုန်း ထိုတောဝက်ကို ရှောင်ရှားရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အခြေအနေမှာ ပို၍ဆိုးရွားနေလေပြီ။ သူ့စိတ်ဝိညာဉ်စွမ်းအားများပင် ကုန်ခမ်းနေလေပြီ။ ဓားပျံ၏စွမ်းအားလည်း အတော်လေး လျော့နည်းသွားလေပြီ။
ဖူး…
မျောက်ဘုရင် သူ့နောက်ရောက်လာပြီး အရိုးထိနက်သည့် ဒဏ်ရာကြီးရအောင် ပြုလုပ်လိုက်သောကြောင့် သွေးများ ပန်းထွက်လာသည်။
“ဟား ဟား..” မြေခွေးဖြူ ရယ်မောလိုက်သည်။
ချူဖုန်း ထိုမြေခွေးဖြူကို အေးစက်စွာ ကြည့်လိုက်သည်။ သူ ဤမြေခွေးကို အရင်ရှင်းရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမျောက်တိုက်ခိုက်လာသည့်အချိန်တွင် ဤမြေခွေး စိတ်စွမ်းအင်တိုက်ခိုက်မှုဖြင့် သူ့တုံ့ပြန်မှုများ နှေးကွေးအောင် ပြုလုပ်ခဲ့သည်ပင်။
“အားလုံးပဲ ပိုကြိုးစားကြရအောင် .. သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ပြီးမှ အသက်ရှူစည်းချက်ပညာကို ယူကြရအောင်..” ခရမ်းရောင်တူကိုင်ထားသည့်လူမှ အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် သူ့လက်မောင်းလည်း တောက်ပလာသည်။ သူ့လက်မောင်းကို ပြန်ဆက်နိုင်တော့မည်ထင်သည်။
တစ်ခဏခန့် အားနည်းပြီးနောက် ချူဖုန်း မျက်လုံးထဲ နတ်အလင်းတန်းများ တောက်ပလာသည်။ သူ့ဒဏ်ရာများ ပိုဆိုးလာမည်ကို သိသော်လည်း အားအပြည့်ထပ်သုံးရန် ပြင်ဆင်လိုက်သည်။ သူ့ထံ၌ ရွေးချယ်စရာ မရှိတော့။
သူ့နှလုံး တောင့်ခံနိုင်ဖို့ ဆုတောင်းရုံသာ ရှိတော့သည်။
သူသည် စွမ်းအားများကို ချက်ချင်းမသုံးပဲ ရန်သူများကို အထိနာအောင် လုပ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းလိုက်သည်။
ထို့အပြင် ဤရန်သူများထဲမှ ဖောက်ထွက်နိုင်အောင် ပြင်ဆင်လိုက်သည်။ သူသာ ရန်သူများကို လုံလောက်အောင် သတ်နိုင်လျှင် သူတို့ တစ်ခဏခန့်တော့ ရပ်တန့်သွားလိမ့်မည်။
“နတ်ဆိုးဘုရင်ချူ .. မင်းက အရမ်း အားနည်းတာပဲ .. ငါ မင်းဆီကိုလာပြီ..” တောဝက်ရိုင်းကြီး သူ့ကို နောက်တစ်ကြိမ် စိန်ခေါ်လာကာ သူထံသို့ ထပ်ပြေးဝင်လာသည်။ အခြားဘုရင်များလည်း စတင်လှုပ်ရှားလာကြလေ၏။
ချူဖုန်း တောဝက်ကြီး၊ မြေခွေးဖြူနှင့် အဝေးမှ သင်းခွေချပ်ကို စိုက်ကြည့်လိုက်သည်။ ဤသားရဲကောင်သုံးကောင်မှာ တစ်တန်းတည်း ဖြစ်နေသည်ပင်။
ချူဖုန်း အကျိုးဆက်များကို မစဉ်းစားတော့ပဲ ချာကရမ်ကို အားကုန်ပစ်ထည့်လိုက်တော့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” အားနည်းနေသည့် နတ်ဆိုးဘုရင်ချူ ဤမျှစွမ်းအားကြီးနေသည်ကို သူတို့မယုံကြည်နိုင်ဖြစ်နေကြသည်။
ဖူး
ချာကရမ်ကြီး တောဝက်၏နှလုံးကို ဖောက်ထွက်သွားသည်။ ထိုလက်နက်သည် အရှိန်လျော့သွားသော်လည်း အလွန်လျင်မြန်စွာဖြင့် ဆက်သွားနေဆဲပင်။
မြေခွေးသည် ပြုံးပြုံးလေးဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေသည်။ သို့သော် ရုတ်တရက် သူ ထိတ်လန့်သွားကာ သူ့မျက်လုံးများလည်း ပြူးကျယ်လာလေ၏။ ချာကရမ်သည် အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် တောဝက်ကိုဖြတ်ကာ သူ့ထံသို့ ဦးတည်လာနေသည်ပင်။
ဖွတ်..
သူ ရှောင်ချိန်မရတော့။ ချာကရမ် သူ့ဦးခေါင်းကို ဖောက်ထွက်သွားသည့်အချိန်တွင်တော့ သူ့ဦးခေါင်း တစ်စစီဖြစ်သွားသည်။
ချွမ်း..
ချာကရမ်သည် သင်းခွေချပ်အား ဆက်လက်ထိမှန်သွားသည်။
သူ၏ထူထဲလှသည့် အရေခွံများကြောင့် သူ အသက်ဘေးမှ လွတ်မြောက်သွားခြင်းပင်။ ထို့အပြင် အရှေ့မှ သားရဲနှစ်ကောင်ကြောင့် ချာကရမ်လည်း အရှိန်လျော့သွားပြီဖြစ်သည်။
သို့သော် သူသည် ဒဏ်ရာပြင်းထန်စွာ ရသွားပြီး မလှုပ်ရှားနိုင်တော့။
ဖူး..
ဓားပျံ ချက်ချင်း ပျံသန်းလာကာ သူ့ဒဏ်ရာထဲ ထိုးစိုက်ဝင်သွားသည်။
“အား…”
သင်းခွေချပ်ကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သေဆုံးသွားလေတော့သည်။
အားလုံးမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ချူဖုန်း၏ ရုတ်တရက် တိုက်ခိုက်မှုမှာ သားရဲဘုရင်သုံးကောင်ကို သတ်နိုင်ခဲ့သောကြောင့် အခြားဘုရင်များအားလုံး ထိတ်လန့်သွားကြရသည်။
ရုတ်တရက် သူတို့အားလုံး ဆံပင်မွေးများ ထောင်ထသွားရ၏။ နတ်ဆိုးဘုရင်ချူက အချိန်နဲ့အမျှ အားနည်းလာရမှာ မဟုတ်ဘူးလား .. သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ခွန်အားတွေ ပေါက်ကွဲထွက်လာတာလဲ..
သူ အစောပိုင်းက သတ်ခဲ့သည့် မြေကြွက်၊ စာကလေးသိမ်းငှက်၊ လူဝံနက်နှင့် လင့်ကြောင်မြီးတိုတို့အား ထည့်ပေါင်းလိုက်လျှင် သူ သားရဲဘုရင် ၇ ကောင်ကို သတ်ပြီးသွားပြီဖြစ်သည်။
ဤသည်မှာ လုံးဝကို မယုံကြည်နိုင်စရာ ကောင်းလှသည်။
ချူဖုန်း သေခါနီးဖြစ်နေပြီဟု သူတို့ယုံကြည်ထားကြသောကြောင့် သူတို့ကိုယ်သူတို့ အားတင်းကာ ရှေ့ထွက်လာပြီး တိုက်ခိုက်ကြခြင်းပင်။ ချူဖုန်း သူတို့အား ဆွဲချသွားလျှင်ပင် တစ်ယောက်၊ နှစ်ယောက်ခန့်သာ ဆွဲချနိုင်လိမ့်မည်ဟု သူတို့ယုံကြည်ထားကြသည်ပင်။ ဤမျှများပြားလှသည့် သားရဲဘုရင်ကြီးများကို သတ်နိုင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။
ယခု သူ သုံးယောက်ကို တစ်ခါတည်း သတ်ပစ်လိုက်သောကြောင့် သူတို့အားလုံး ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
သို့သော် ချူဖုန်းသည် စွမ်းအင်များစွာ အသုံးပြုလိုက်ရသောကြောင့် မကြာခင် သေဆုံးသွားရတော့မည်ဟု ယုံကြည်ကာ အချို့သူများမှာ မကြောက်ကြ။
ထို့အပြင် သူ့ရင်ဘတ်ရှိ ဒဏ်ရာမှ သွေးများစွာ စီးကျလာသည်ကို အတော်များများ သတိထားမိကြသည်ပင်။
ဝှစ် ဝှစ် ဝှစ်..
ချာကရမ်ကို ယူနိုင်ရန်အတွက် လူသားဘုရင်များစွာ ချက်ချင်း လှုပ်ရှားလာကြသည်။
အမှန်တကယ်တွင် ချူဖုန်း သူတို့ထက်အရင်လှုပ်ရှားနှင့်နေပြီးသားပင်။ သူ့လက်နက်ကို ရန်သူများအား မပေးနိုင်။
ထို့အပြင် ဤသည်မှာ သူစောင့်ဆိုင်းနေသည့် အကောင်းဆုံးအခွင့်အရေးကြီးပင်။ ချာကရမ်မှာ သင်းခွေချပ်ကြီးထံ၌ ရပ်တန့်သွားလိမ့်မည်ဖြစ်ကြောင်း သူ ကြိုတွက်ထားပြီးသားပင်။
ဝှစ်..
ချူဖုန်း ထိုနေရာသို့ ရောက်လာပြီး ချာကရမ်ကို သူ့စိတ်ဝိညာဉ်စွမ်းအားဖြင့် ချက်ချင်း သိမ်းယူလိုက်သည်။ သူသည် အရှေ့ကိုသာ အာရုံစိုက်ကြည့်နေပြီး ဓားပျံဖြင့် ရန်သူများကို ပြင်းထန်စွာပင် ခုတ်ချလိုက်သည်။
ဓားပျံသည် ချာကရမ်ထက် ပို၍ ထိန်းချုပ်ရ လွယ်ကူသည်ပင်။ သူ ဓားပျံကို အားအပြည့်ဖြင့် လွှဲရမ်းချလိုက်သည်။
ချွမ်း..
ခရမ်းရောင်တူကိုင်ထားသည့် လူသားဘုရင်သည် သူ့တူကြီးဖြင့် ဓားပျံကို ရိုက်ထုတ်လိုက်သည်။
“သတ်..” အခြားသူများလည်း အော်ဟစ်ကာ သူ့ထံသို့ ပြေးဝင်လာကြလေ၏။
ဤအခိုက်အတန့်တွင် ချူဖုန်း ထိုးဖောက်ပြီး ထွက်ပြေးရန် ဆုံးဖြတ်ပြီးသားပင်။ ဘာကိုပဲ ပေးဆပ်ရပါစေ သူ့လမ်း၌ ပိတ်ထားသည့်မည်သူ့ကိုမဆို သတ်ပစ်မည်။
ဝုန်း..
သူ့ဘယ်လက်ဝါးရှိ လျှပ်စီးအဆောင်မှ လျှပ်စီးတန်း ထွက်ပေါ်လာပြီး ခရမ်းရောင်တူမှ ထွက်လာသည့် လျှပ်စီးကို ရိုက်ချလိုက်သည်။
ချူဖုန်းသည် သူ့နှလုံး နာကျင်နေသော်လည်း သူ၏အသက်ရှူပညာကို အသက်သွင်းကာ အသက်ပုံမှန်ရှူလိုက်ပြီး ကျန်နေသည့် ခွန်အားတစ်အောင်စတိုင်းကို အသက်သွင်းလိုက်၏။
သူ သားရဲဘုရင်သုံးကောင်ကို ဆက်တိုက်သတ်လိုက်သည့်အတွက် လင်းတဘုရင်နှင့် အခြားသားရဲမျိုးနွယ်စုများ၏ လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားသည်။
ထို့ကြောင့် သူ လူသားဘုရင်များနှင့် တိုက်ခိုက်ရန် အခွင့်အရေး ရလာခဲ့သည်ပင်။
သူသည် ဓားပျံဖြင့် အရှေ့သို့ ဆက်သွားနေရုံသာမက သူ့ရှေ့ရှိလူများကိုလည်း နွားနတ်ဆိုးလက်သီး၊ ရေနဂါးနတ်ဆိုးလက်သီးများဖြင့် ဖောက်ခွဲပစ်လိုက်သေးသည်။
ဒုန်း..
စွမ်းအားကြီးသည့် ရိုက်ချက်ကြောင့် သူတို့ကြားရှိ ဆယ်မီတာပတ်လည်သည် နေ့ခင်းကဲ့သို့ လင်းထိန်သွားသည်။ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် လူသားဘုရင် လွင့်ထွက်သွားကာ လေထဲ၌ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေ၏။
ထိုလူသားဘုရင် အသက်ပျောက်သွားကာ သွေးမိုးရွာသွန်းကျလာသည်။
ခရမ်းရောင်တူကိုင်ထားသည့်လူသည် ဟန်ချက်ပျက်သွားကာ သူ့လက်မောင်းထဲသို့ ထူးခြားသည့်စွမ်းအင်များ စီးဆင်းလာသည်။ ထို့နောက် သူ ပြန်ဆက်ထားသည့်လက်မှာ မြေပြင်ထက်သို့ ပြန်ပြုတ်ကျသွားသည်။
လက်မောင်းကို နောက်တစ်ကြိမ် ပြန်ဆုံးရှုံးလိုက်ရသည်နှင့် သူ့တစ်ကိုယ်လုံး သွေးများ ရွှဲနစ်သွားသည်။ သူ့လက်ကျန်စွမ်းအင်အကုန်လုံး အသုံးပြုကာ ခရမ်းရောင်တူကို အသက်သွင်းလိုက်သော်လည်း အနီရောင်ဓားပျံအား ရိုက်ရုံသာ ရိုက်နိုင်တော့သည်။
သူ့မျက်နှာမှာ ဖြူဖျော့နေလေပြီ။ ထို့နောက်တွင်တော့ ချူဖုန်း သူ့ရှေ့ရောက်လာကာ နွားတစ်ကောင်နှင့် ရေနဂါးတစ်ကောင်ပုံရိပ်ပါသည့် လက်သီးတစ်ချက် သူ့ခန္ဓာကိုယ်ထက်သို့ ရောက်ရှိလာသည်။
ဖူး..
ထိုလူ အပေါ်ဘက်သို့ လွှင့်ထွက်သွားပြီး အပိုင်းပိုင်းအစစဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ချူဖုန်း လေထဲသို့ ခုန်တက်လိုက်ပြီး ထိုခရမ်းရောင်တူကို ယူကာ ကျန်သည့်လူသားဘုရင်ထံသို့ လျှပ်စီးများ ပစ်လွှတ်လိုက်သည်။
ဝုန်း..
လေထဲ၌ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ထိုလူ လွင့်ထွက်သွားသည်။
ဖူး..
ထို့နောက်တွင် ချူဖုန်းသည် ဓားပျံနှင့်အတူ ထိုလူ့နောက်သို့ လိုက်သွားကာ သူ့ခါးကို ဓားဖြင့် ဖြတ်တောက်လိုက်သည်။
သူသည် လူသားကျွမ်းကျင်သူသုံးဦးကို ထပ်သတ်ပြီးနောက် တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ကျန်နေသည့် လူသားကျွမ်းကျင်သူများအားလုံး ချွေးအေးများ စိုရွှဲကာ အခြားသားရဲဘုရင်များကတော့ ကြောက်လန့်တုန်ယင်နေကြလေသည်။ သူတို့ တကယ်ကို ကြောက်ရွံ့နေကြလေပြီ။
ဘယ်လောက်အောင် အထင်ကြီးဖို့ကောင်းလိုက်တဲ့ အောင်မြင်မှုကြီးလဲ .. ဤသတင်းသာ အပြင်လောက၌ ပျံ့သွားလျှင် တစ်လောကလုံး တုန်လှုပ်သွားလိမ့်မည်။
ဤနေရာ၌ ရှိနေသည့်လူအားလုံး တုံ့ဆိုင်းသွားကြရသည်။ အားနည်းနေပုံပေါ်သည့် နတ်ဆိုးဘုရင်ချူသည် သူတို့လူများစွာကို သတ်ဖြတ်ပစ်လိမ့်မည်ဟု သူတို့မထင်ထားခဲ့။ ထိုသို့တုံ့ဆိုင်းနေသည့်အချိန်လေးတွင် ချူဖုန်း သူတို့ကြားမှ ထိုးဖောက်ကာ လွတ်မြောက်လာနိုင်ခဲ့သည်။
“လိုက်ဖမ်း..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ ချူဖုန်း လွတ်သွား၍မဖြစ်။
ဤအသံမှာ အခြားသူများကို အတွေးများထဲမှ နှိုးထလာစေခဲ့သည်။ ယခု ချူဖုန်း ပြိုလဲလုနီးပါးဖြစ်နေမည်မှာ ပိုသေချာသွားလေပြီ. ချူဖုန်းကို ဖမ်းမိသည်နှင့် သူ့ကို မလှုပ်ရှားနိုင်အောင်လုပ်ပြီး အသက်ရှူစည်းချက်ပညာအကြောင်း စစ်မေးရမည်။
မနက်ခင်း နေရောင်ခြည်ရောက်လာသည့်အချိန်ထိ လိုက်ဖမ်းနေကြသော်လည်း သူတို့ ချူဖုန်းကို မမိ။ အားကောင်းလှသည့် နတ်အသိစိတ်များ ဖြန့်ကျက်ကာ ရှာဖွေနေသော်လည်း ချူဖုန်းကို ရှာမတွေ့တော့။
သူတို့ ချူဖုန်းကို မျက်ခြေပြတ်သွားပြီထင်သည်။
အပိုင်း ၂၃၉ ပြီး၏။