Switch Mode

Chapter – 238

သွေးလွှမ်းသည့် သတ်ဖြတ်မှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၈ – သွေးလွှမ်းသည့် သတ်ဖြတ်မှု

ညကောင်းကင်ယံထက်၌ လမင်းကြီး ထိန်လင်းစွာ တောက်ပနေသည်။

လရောင်မှာ ရေတံခွန်ကဲ့သို့ တစ်တောလုံးကို ဖြန့်ကျက်ထားပြီး ဤနေရာတစ်ခုလုံးမှာ မြူဆိုင်းနေသည်။

ဤနေရာ၏ မြေမျက်နှာသွင်ပြင်မှာ မညီမညာနှင့်ပင်။ ဧရာမသစ်ပင်ကြီးများ ရှိနေသည့် တောအုပ်ကြီးတွင် တိတ်ဆိတ်မှုသာ မင်းမူနေသည်။ လူဝံနှင့်ကျားများပင် တိတ်ဆိတ်နေကြလေ၏။

ချူဖုန်း လက်ထဲ၌ ချာကရမ်ကိုင်ထားပြီး တစ်ကိုယ်လုံးလည်း သွေးစွန်းနေသည်။ လရောင်အောက်တွင် သူ့ခန္ဓာကိုယ် တောက်ပနေပြီး သူ့မျက်လုံးများမှလည်း လျှပ်စီးတန်းများ ထွက်ပေါ်နေသည်။

ဒဏ်ရာရနေသည့် သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ရန် အချိန်မရှိတော့။ သူ့မျက်လုံးထဲမှ နတ်အလင်းများကို ထင်ထင်ရှားရှား မြင်နေရသည်ပင်။

အားလုံး ကိုယ့်အသက်ကိုကိုယ် တန်ဖိုးထားကြသည်။ ဘုရင်အဆင့်သက်ရှိများပင် ချွင်းချက်မရှိကြ။ ယခု မည်သူမှ မလှုပ်ရှားကြပေ။ မည်သူမှ ပထမဆုံး တိုက်ခိုက်သည့်သူ မဖြစ်ချင်ကြ။

သူတို့အားလုံး ချူဖုန်း၏ ချာကရမ်နှင့် အတော်လေး ရင်းနှီးနေကြပြီဖြစ်သည်။ နဂါးနက်အိမ်ရှေ့စံမင်းသားပင် ထိုချာကရမ်ကို မတားဆီးနိုင်ခဲ့သောကြောင့် လွင့်ထွက်ကာ အရိုးများစွာ ကျိုးသွားခဲ့ရသည်။

ယခုအချိန်တွင် ညငှက်များပင် တေးမဆိုတော့ပဲ တောအုပ်တစ်ခုလုံးကို ကြောက်စရာကောင်းသည့် အော်ရာတစ်ခုသာ လွှမ်းခြုံထားတော့သည်။

ဤနေရာ၌ ဘုရင်အဆင့်သက်ရှိများစွာ ရှိနေသော်လည်း မည်သူမှ မလှုပ်ရှားကြသေး။ သို့သော် လေထဲ၌ ရှိနေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်ကတော့ အလွန်ထူထဲလှပြီဖြစ်သည်။

တိတ်ဆိတ်နေခြင်းမှာ ကြောက်ရွံ့နေခြင်းနှင့်မတူ။ သူတို့အားလုံး ရန်သူကို တစ်ချက်တည်း ရှင်းပစ်နိုင်မည့် အခွင့်ကောင်းကို စောင့်ဆိုင်းနေကြခြင်းပင်။ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး တစ်ချိန်တည်း စတင်တိုက်ခိုက်လာကြတော့သည်။

မီတာရှစ်ဆယ်မြင့်သည့် အမွေးထူထူနှင့် လူဝံကြီးသည် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ သူ့လက်ကို လွှဲရမ်းလာသည်။ တောက်ပသည့်ဓားရှည်ကိုင်ထားသည့် ရွှေရောင်ဆံပင်နှင့် အမျိုးသားသည် သိပ်သည်းလှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်ကို ထုတ်လွှတ်နေပြီး သူ့ဘေးတွင်တော့ ဆံပင်ထိုးထိုးထောင်ထောင်နှင့် မျက်လုံးစိမ်းလူတစ်ယောက် ရှိနေသည်။ သူတို့သည် အချိန်မရွေး တိုက်ခိုက်ရန် အဆင့်သင့်ပင်။ ဘုရင်အဆင့်သက်ရှိများသည် အရပ်မျက်နှာအနှံ့ကို ပိတ်ထားပြီဖြစ်သည်။

“သတ်..”

ဘုရင်အားလုံး ကျယ်လောင်စွာ ဟစ်ကြွေးကာ တစ်ချိန်တည်း တိုက်ခိုက်လာကြသည်။ တစ်ခဏအတွင်းမှာပင် ဤနေရာတစ်ခုလုံး ဓားအလင်းများ၊ လျှပ်စီးတန်းများ၊ ချော်ရည်များဖြင့် ပြည့်နှက်သွားလေ၏။ ဤသည်မှာ ဒဏ္ဍာရီလာ မြင်ကွင်းတစ်ခုအား ပြန်မြင်လိုက်ရသကဲ့သို့ပင်။

မီတာရှစ်ဆယ်မြင့်သည့် လူဝံနက်ကြီးသည် ၁၂ မီတာကျော်ရှည်သည့် ကျောက်တုံးကြီးကောက်မကာ ချူဖုန်းထံ ပစ်လွှတ်လိုက်သည်။

ဝုန်း..

အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် လူဝံကြီး ပစ်လွှတ်လိုက်သည့် ကျောက်တုံးကြီးကြောင့် လေဟာနယ်ပင် ပေါက်ကွဲသွားရသည်။ ကျောက်တုံးကြီးမှာ ချူဖုန်း တည့်တည့်ပင် ကျလာလေ၏၊

ရွှီး..

လူသားပုံစံပြောင်းထားသည့် ရွှေရောင်လင်းတဘုရင်သည် အရပ် ၁၉၀ စင်တီမီတာကျော်ရှိပြီး အတော်လေး ချောမောလှသည်။ သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ တရှိန်ထိုး ပြေးထွက်လာကာ ချူဖုန်းရှေ့သို့ ရောက်လာသည်။ သူ၏တောက်ပနေသည့် ဓားရှည်မှ ၁၀ မီတာကျော်အချင်းရှိသည့် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချူဖုန်းထံသို့ ဦးတည်လာလေသည်။

“မြောင်…”

မီတာသုံးဆယ်ကျော် ရှည်လျားသည့် လင့်ကြောင်မြီးတိုအမွေးများ တောက်ပနေကာ ဘယ်ဘက်မှနေ၍ လက်ဝှေ့ရမ်းလိုက်ပြီး ချူဖုန်း ပြေးပေါက်ကို ပိတ်ထားလိုက်သည်။

ခွပ်..

တစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာဖြင့် ဖုံးထားပြီး မျက်လုံးသာ ပေါ်တော့သည့် လူသားဘုရင်၏ လက်ထဲရှိ ခရမ်းရောင်တူမှ ကြီးမားလှသည့် လျှပ်စီးတန်းများ ထွက်ပေါ်လာကာ ချူဖုန်း၏ ညာဘက်ကို ကာဆီးလိုက်သည်။

မြေခွေးမှ နားစူးလှသည့် အော်သံများ ထုတ်လွှတ်ကာ သူ့နဖူးလည်း တောက်ပလာသည်။ သူသည် ချူဖုန်း၏စိတ်စွမ်းအားကို တိုက်ခိုက်ရန်ပြီး သူ၏တိုက်ခိုက်မှုများကို နှောင့်နှေးအောင် ပြုလုပ်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအင်များစွာကို အသုံးပြုနေခြင်းပင်။

ဤသတ္တဝါမှာ မြွေပါနှင့် အတော်လေးဆင်တူသည်။ သူတို့သည် မကောင်းမှုလုပ်ရသည်ကို ပျော်မွေ့သည်သာမက စိတ်ဝိညာဉ်စွမ်းအင်များ အသုံးပြုပုံချင်းလည်း တူသည်ပင်။

“သတ်..”

စာကလေးသိမ်းငှက်တစ်ကောင် ကောင်းကင်ထက်မှ ရုတ်တရက် ထိုးဆင်းလာလေ၏။

ဤနေရာ၌ ရှိနေသည့် ဘုရင်အားလုံး တစ်ပြိုင်တည်း လှုပ်ရှားလာကြကာ ချူဖုန်းကို သတ်ရန်အတွက် သူတို့၏ စွမ်းအားအကြီးဆုံးပညာများကို အသုံးပြုလာကြလေသည်။

သူတို့တွေ ချူဖုန်းကို ပြန်လည်တိုက်ခိုက်ခွင့် ပေးမည်မဟုတ်။ ချူဖုန်း ပြန်တိုက်လာလျှင် သူတို့ အနိုင်ယူနိုင်မည်မဟုတ်တော့။

လူများစွာ သူ့ကို ဝိုင်းတိုက်နေကြခြင်းဖြစ်သောကြောင့် သူသာ ထိပ်တိုက်ရင်ဆိုင်လိုက်လျှင် သူ့ကိုယ်သူ သတ်သေသည်နှင့် မခြားတော့။ သူ့ထံ၌ ချာကရမ်တစ်ခုသာရှိသည်။ သူ မည်သူ့ကို ပစ်ရမည်နည်း.. သူ့ထံ၌ ဤလက်နက်သာ မရှိတော့လျှင် သေချာပေါက် သေမည်ပင်။

လူတစ်ယောက်တည်းကို ဝိုင်းတိုက်နေသည့်သူ များပြားလွန်းလှသောကြောင့် သူတို့ လွတ်လွတ်လပ်လပ်ပင် မလှုပ်ရှားနိုင်တော့။ အချို့မှာ နောက်၌ နေရာယူထားကြပြီး ဒုတိယအကြိမ်၌ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

ခွပ်..

ထိုအခိုက်အတန့်တွင် ချူဖုန်း ဂျင်တစ်လုံးကဲ့သို့ လည်လိုက်သည်။ သူ့ခြေထောက်မှ မြေကြီးများအား ထိုးခွဲနေသည့်အချိန် ဓားပျံလည်း မြေကြီးထဲသို့ တူးဝင်သွားသည်။ ဤသို့ဖြင့် မြေပြင်ပေါ်မှ တိုက်ခိုက်မှုများကို ချူဖုန်း လျှပ်စီးအရှိန်ဖြင့် ရှောင်ရှားနိုင်ခဲ့သည်။

ဖူး..

သွေးများ လွင့်စင်လာကာ မြေအောက်မှ နာကျင်စွာ အော်ဟစ်သည့်အသံ ထွက်ပေါ်လာသည်။

ရှစ်မီတာရှည်ကြီး ဆင်ကြီးတစ်ကောင်ကဲ့သို့ တုတ်ခိုင်သည့် ကြွက်ကြီးတစ်ကောင်သည် ချူဖုန်းအား မြေအောက်မှ ကိုက်ဆွဲရန် ပြင်ဆင်ထားသော်လည်း သူ့ဦးခေါင်းသာ ဓားပျံဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည်။

ဝုန်း..

ချူဖုန်း မြေအောက်လမ်းကြောင်းတစ်ခု ပြုလုပ်ကာ ဤအန္တရာယ်မှ လွတ်မြောက်နိုင်ရန် မျှော်လင့်မိသည်။

မည်သို့ပင်ဖြစ်စေ ယခုတော့ သူ အဆိုးဆုံးတိုက်ခိုက်မှုမှ လွတ်မြောက်လာခဲ့လေပြီ။

လူဝံကြီး ပစ်လွှတ်လိုက်သည့် ကျောက်တုံးမှာ တွင်းထဲသို့ ပြုတ်ကျလာပြီး ကြွက်ကြီးပေါ်သို့ ကျရောက်သွားလေ၏။

ရွှေရောင်လင်းတဘုရင်ထံမှ ထွက်ပေါ်လာသည့် ဓားအလင်းတန်းသည် ချူဖုန်း၏အရိပ်ကိုသာ ထိမိသွားသည်။

အခြား တိုက်ခိုက်မှုများအားလုံးလည်း သူတို့ ပစ်မှတ်ကို မထိလိုက်။

“ချူဖုန်း မင်း မလွတ်နိုင်ဘူး..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။

ဝုန်း..

မြေအောက်မှ ကျယ်လောင်လှသည့် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်သည် ချူဖုန်းကို သတ်ရန်အတွက်နှင့် လေဆာလက်နက်ကြီးသယ်ကာ မြေအောက်ထဲသို့ ဝင်သွားခဲ့သည်ပင်။

ချူဖုန်း မြေအောက်မှ ထိုးထွက်ကာ မြေပြင်ထက်သို့ ပြန်ထွက်လာသည်။

ခွပ်..

လျှပ်စီးများကို ခုခံရန် အခက်ဆုံးပင်။ ချပ်ဝတ်တန်ဆဝတ်ဆင်ထားသည့် လူသားဘုရင်ထံမှ လျှပ်စီးတန်း ထပ်ထွက်လာပြီး သူ့ပခုံးကို ထိမှန်သွားသောကြောင့် သူ နောက်ယိုင်သွားကာ သူ့ပခုံးလည်း မည်းတူးသွားပြီး သွေးများ စီးကျလာသည်။

“နတ်ဆိုးဘုရင်ချူ .. မင်း သေရမယ့်အချိန်ပဲ..” လူဝံကြီး၏ လက်သည်းတွင် အနက်ရောင်မီးတောက်များ ဝန်းရံနေပြီး ချူဖုန်းထံသို့ ဦးတည်လာနေသည်။

“သတ်..”

ချူဖုန်း သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ကာ အပေါ်ဘက်သို့ ခုန်တက်လိုက်သည်။ သူ့ညာလက်ထဲမှ ချာကရမ်ကို အသက်သွင်းလိုက်ကာ သူ့ထံသို့ ဦးတည်လာနေသည့် လူဝံကြီး၏လက်ဝါးထံသို့ ပစ်လွှတ်လိုက်သည်။

ထိုအခိုက်အတန့် အားလုံးသတိအပြည့်ဖြစ်သွားပြီး ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ဘုရင်မှာ ချာကရမ်ကိုသာ စိုက်ကြည့်နေသည်။ အားလုံးမှာ ထိုလက်နက်ကို လုယူရန် အသင့်ပင်။

လူဝံနက်ကြီးသာ ထိတ်ပျာသွားရသည်။ သူ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ချင်သော်လည်း အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။ သူ့လက်ကို သူ ပြန်မသိမ်းနိုင်တော့။

ချူဖုန်းသည် လေပေါ်သို့ ခုန်တက်ပြီးမှသာ ချာကရမ်ကို အသက်သွင်းလိုက်ခြင်းပင်။ လူဝံလက်ကြီး သူ့နားရောက်ခါနီးသည့်အချိန်တွင်မှ အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် ပစ်လွှတ်လိုက်ခြင်းပင်။

ချာကရမ်မှာ နေလုံးထက်ပင် တောက်ပလာသည်။ ထို့အပြင် တိုက်ခိုက်မှုမှာ အဝေးသို့ ပစ်လွှတ်ခြင်းမဟုတ်ပဲ အပေါ်မှအောက်သို့ ပစ်လွှတ်လိုက်ခြင်းပင်။

ဖူး..

ချာကရမ် လူဝံကြီးလက်ကို စုတ်ပြဲသွားအောင် လုပ်လိုက်သည်နှင့် သွေးများ နေရာအနှံ့ လွင့်စင်လာသည်။ သူ့လက်မောင်းတစ်ဝက်မှာ အရိုးနှင့်အသားစအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးများမှာလည်း ရေတံခွန်များကဲ့သို့ စီးကျလာကာ တောအုပ်တစ်ခုလုံးကို နီရဲသွားစေခဲ့သည်။

“အား..” လူဝံကြီး နာကျင်စွာ အော်ဟစ်လိုက်ကာ အနောက်သို့ ခြေလှမ်းများစွာ နောက်ယိုင်ကျသွားသည်။ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် လူဝံဘုရင်ကြီးမှာ တစ်ချက်တည်းဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလေပြီ။

ဝုန်း..

လူဝံကြီးလက်နှင့် တိုက်သွားပြီးနောက် ချာကရမ် အရှိန်နည်းသွားသည်။ နောက်ထပ် မီတာ တစ်ရာကျော်ခန့်သွားပြီးနောက် ရပ်တန့်သွားလေ၏။

ချူဖုန်း သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး သူ့လက်နက်ကို သူ့လက်ထဲ ပြန်ရောက်လာအောင် လုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချူဖုန်း ဘေးဘက်သို့ ရွှေ့လိုက်ပြီး ရွှေရောင်လင်းတဘုရင်၏ ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ ထို့အပြင် သူ့ဓားပျံလည်း ကောင်းကင်ထက်သို့ တက်သွားပြီး စာကလေးသိမ်းငှက်ထံသို့ ဦးတည်သွားလေ၏။

စာကလေးသိမ်းငှက်သည် ချူဖုန်း၏ဦးခေါင်းကို ကုတ်ချီရန် ကောင်းကင်ထက်မှ ထိုးဆင်းလာသော်လည်း ရုတ်တရက် အမွေးများထောင်ထလာပြီး ကြောက်ရွံ့သွားရသည်။

သူသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းလိုက်ပြီး ချူဖုန်း၏ ဓားပျံကို ရှောင်ရှားရန် ကြိုးစားလိုက်သည်။

ဖူး..

သို့သော် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ ဓားပျံသည် သူ့ရင်ဘတ်ကို ထိုးဖောက်သွားပြီး သူ့နှလုံးကို တစ်စစီဖြစ်အောင် ပြုလုပ်သွားလေ၏။

စာကလေးသိမ်းငှက်ဘုရင်သည် ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး အလောင်းတစ်လောင်းဖြစ်သွားသည်။

ဝုန်း..

ချူဖုန်း တာအိုရတနာပုလင်းမျိုးစေ့ကို အသက်သွင်းလိုက်သည်နှင့် တောက်ပသည့် ဓားအလင်းတန်း ရာပေါင်းများစွာ ထွက်ပေါ်လာပြီး ရုတ်တရက် လင်းတဘုရင်ကို လွှမ်းခြုံသွားသည်။

ချွမ်း ချွမ်း ချွမ်း..

ရွှေရောင်လင်းတဘုရင် သူ့ဓားရှည်ကို ဝှေ့ရမ်းလိုက်သောကြောင့် နေရာအနှံ့ မီးပွားများ လွင့်စင်လာသည်။

ဤအရာအားလုံးမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သောကြောင့် ကြည့်နေသည့်သူအားလုံး မူးနောက်သွားရသည်။

ချူဖုန်းသည် တိုက်ပွဲပေါင်းများစွာကို တွေ့ကြုံဖူးသောကြောင့် သူ၏တုံ့ပြန်မှုများမှာ မြန်ဆန်လှကာ အခွင့်အရေးများကို အမိအရ ဆုတ်ကိုင်နိုင်သည်။ ထို့ကြောင့်လည်း သူ့ရန်သူများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် လုပ်လိုက်နိုင်ခြင်းပင်။

သို့သော် သူ့ကို ဝန်းရံထားသည့် ရန်သူများစွာ ရှိနေသောကြောင့် သူ တစ်ခဏသာ အသာစီးရလိုက်သည်။ လူသားဘုရင်ထံမှ ထုတ်လွှတ်လိုက်သည့် လျှပ်စီးတန်းကြောင့် သူ နောက်တစ်ကြိမ် ဒဏ်ရာရသွားသည်။

ခွပ်..

ချုံကြားထဲ၌ ပုန်းနေသည့် သင်းခွေချပ်သည် ရုတ်တရက် ထွက်လာကာ ချူဖုန်းကို ဝင်တိုက်လိုက်သောကြောင့် ချူဖုန်း လွင့်ထွက်သွားကာ ပါးစပ်ထဲမှ သွေးများ စီးကျလာသည်။

“မြောင်..”

အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် လင့်ကြောင်မြီးတိုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ဓားသွားကဲ့သို့ ထက်ရှလှသည့် သူ့လက်သည်းများဖြင့် ချူဖုန်းကို ရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကြောင့် ချူဖုန်း တစ်စစီ ဖြစ်လုနီးပါးပင်။

ချူဖုန်း ဘယ်လက်ကို မြှောက်လိုက်ပြီး လျှပ်စီးအဆောင်ကို အသက်သွင်းလိုက်သည်။ နတ်ဆိုးဖိနှိပ်ခြင်းပညာကြောင့် ကြောင်၏လက်သည်းများ တစ်စစီဖြစ်သွားကာ လက်လည်း မည်းတူးသွားပြီး အသားကင်နံ့များ ထွက်လာသည်။

လင့်ကြောင်မြီးတို နာကျင်စွာ အော်ဟစ်ကာ အဝေးသို့ ခုန်ထွက်သွားလေ၏။ သူ ခုန်လိုက်သည်နှင့် မြေပြင်ပင် နိမ့်ဆင်းသွားရသည်။

တစ်ချိန်တည်းမှာပင် ချူဖုန်း သူ့အာရုံကို ခရမ်းရောင်တူကိုင်ထားသည့် လူသားဘုရင်ထံသို့ ပို့လွှတ်လိုက်သည်။ ဤလူသားရန်သူကြောင့် သူ အကြိမ်ပေါင်းများစွာ ဒဏ်ရာရနေလေပြီ။

ဝုန်း..

ချူဖုန်း ဘယ်လက်ကို မြှောက်လိုက်ပြီး လျှပ်စီးတန်းများစွာ ပစ်လွှတ်လိုက်သည်။

ခွပ်..

ချပ်ဝတ်တန်ဆာနှင့် အမျိုးသားသည် ထိုလျှပ်စီးများကို အချိန်မှီ မရှောင်တိမ်းလိုက်နိုင်သောကြောင့် လျှပ်စီးထိမှန်ကာ လွင့်ထွက်သွားသည့်အပြင် သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာသည်။

သို့သော် သူ့လက်ထဲမှ ခရမ်းရောင်တူမှာ အတော်လေး ထူးခြားသည့်လက်နက်ပင်။ ထိုတူကြီးသည့် သူ့ခန္ဓာကိုယ်ထဲမှ လျှပ်စီးတန်းများကို စုတ်ယူလိုက်ပြီး သူ၏နာကျင်မှုများကို ဖယ်ရှားပေးလိုက်သည်။

“ရှက်စရာကောင်းလိုက်တာ .. ငါတို့ လူအုပ်ကြီးက လူတစ်ယောက်တည်းရဲ့ ခြိမ်းခြောက်တာကို ခံနေရတယ် .. သူ့ကို အတူတူ သတ်ကြစို့..” လူဝံနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

လက်ဝါးတစ်ဖက်ဆုံးရှုံးလိုက်ရသောကြောင့် သူ အလွန်ဒေါသထွက်နေပြီဖြစ်သည်။

“ဟုတ်တယ် .. ကျုပ်တို့တွေက လူသားမျိုးနွယ်စုတစ်ခုတည်းက ဆိုပေမယ့် သူ့ကို အရှင်ထားလို့မရတော့ဘူး .. သူ့ကို အတူတူ သတ်ကြမယ်..” ခရမ်းရောင်တူကိုင်ထားသည့်လူလည်း ဝင်ပြောလာသည်။

“သတ်..”

ရွှေရောင်လင်းတဘုရင် ဟစ်ကြွေးလာကာ ချူဖုန်းထံသို့ ပြေးဝင်လာလေ၏။

ရုတ်တရက် ဘုရင်အားလုံး ချူဖုန်းကို အဆုံးသတ်ရန် ပြေးဝင်လာကြလေသည်။

ချူဖုန်း ဒေါသထွက်လာသည်။ သားရဲမျိုးနွယ်စုများ ပူးပေါင်းသွားသည်မှာ ပုံမှန်ပင်ဖြစ်သော်လည်း ယခုတော့ လူသားများပင် သူ့ကို ဝန်းရံသတ်ဖြတ်ချင်နေကြသည်။ ဤလူများ မည်သူမှန်း သူမသိသော်လည်း သေချာပေါက် အဖွဲ့အစည်းကြီးများနှင့် ဆက်စပ်နေလိမ့်မည်။

သူ ခေါင်းမော့ကာ ဟစ်ကြွေးလိုက်သည်။ သူ့မျက်လုံးများမှာ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ တောက်ပလာပြီး သူ့မျက်လုံးမှ ထွက်လာသည့် အလင်းတန်းကြောင့် တောအုပ်တစ်ခုလုံးပင် လင်းထိန်သွားသလိုပင်။

“မင်းတို့အားလုံးက သေချင်နေမှတော့ ငါ မင်းတို့ဆန္ဒတွေကို ဖြည့်ဆည်းပေးရတာပေါ့..”

ယခုအချိန်တွင် သူ အားကုန်ထုတ်သုံးသည်မှလွဲ၍ တစ်ခြားရွေးချယ်စရာ မရှိတော့။ တစ်ချက်တည်းနှင့် သူ့ခန္ဓာကိုယ်မှ ဒဏ်ရာအားလုံး ပြန်ပွင့်လာသည်။

အထူးသဖြင့် သူ့နှလုံးမှ ဒဏ်ရာပင်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ့မျက်နှာပင် ဖြူဖျော့လာသည်။

ထို့နောက် သူ့အရှိန်မှာ အဆပေါင်းများစွာ မြှင့်တက်သွားသည်။

“အရူးလို လာပြောနေတယ် .. သေလိုက်တော့..” လူဝံနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ချူဖုန်းမှာ မီးစာကုန်တော့မည့် မီးအိမ်တစ်လုံးကဲ့သို့ ထွန်းလင်းနေခြင်းဖြစ်မည်ဟု သူ ယုံကြည်သည်။ သူ့လက်ထဲမှ ချာကရမ်တစ်ခုတည်းသာ ကြောက်စရာရှိသည်။ ထိုချာကရမ်ကြောင့်သာမဟုတ်ပါက သူ အစောကြီးကတည်းက ချူဖုန်းကို သတ်လိုက်နိုင်လေပြီ။

သို့သော် ချက်ချင်းပင် ကြောက်ရွံ့မှုကြောင့် သူ့မျက်ဆံများ ကျုံ့သွားရသည်။ ချူဖုန်းသည် ခြေလှမ်းတစ်လှမ်း ဆယ်မီတာနှုန်းဖြင့် သူ့ထံသို့ ပြေးလာနေပြီး လက်ဝါးချင်း ယှဉ်တိုက်လာသည်။

ယခုအချိန်တွင် ချူဖုန်းသည် နွားနတ်ဆိုးလက်သီးနှင့် ရေနဂါးနတ်ဆိုးလက်သီးကို ပေါင်းစည်းထားခြင်းပင်။

ထို့အပြင် သူ ဘာကိုမှ ဂရုမစိုက်တော့ပဲ အားကုန်သုံးကာ တိုက်ခိုက်လိုက်သည်။ ဘာတွေပဲ ပေးဆပ်ရပါစေ ဤနေရာရှိ လူအားလုံးကို သူ သတ်ပစ်မည်။

ဖူး..

ချူဖုန်း လူဝံနက်ကြီး၏ လက်ကို ထိုးဖောက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လိုက်ကာ သူ့ဦးခေါင်းကို ထိုးချလိုက်သည်။

“အား..”

လူဝံနက်ကြီး ရှောင်ရှားလိုက်ကာ ချူဖုန်းလောင်ကျွမ်းသွားအောင် အနက်ရောင်မီးတောက်များ မှုတ်ထုတ်လာသည်။

ရွှီး..

ချူဖုန်း စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သူ့ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီးနောက် လေထဲမှာပင် ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ကာ ရန်သူထံသို့ ပြေးဝင်သွားလိုက်သည်။

ခွပ်..

သူ့လက်သီး လူဝံနက်ကြီး၏ ဦးခေါင်းထက်သို့ ရောက်သွားကာ သွေးများ ဖြာထွက်လာသည်။

တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်မှ နာကျင်မှုကြောင့် သူ သွေးအန်သွားကာ မြေပြင်ထက်သို့ အားနည်းစွာ ကျသွားသည်။

“မြောင်..”

အခွင့်အရေးရသည်နှင့် လင့်ကြောင်မြီးတိုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ချူဖုန်းကို ခုန်အုပ်လိုက်လေသည်။

ဟမ့်..

ချူဖုန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးများ တောက်ပလာလေ၏။ ဓားပျံသည် လင့်ကြောင်မြီးတို၏ပါးစပ်ထဲသို့ တန်းဝင်သွားကာ သူ့ဦးခေါင်း၌ ထိုးစိုက်သွားသည်။

ကြောင်ကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ကာ ခေါင်းကို ခါရမ်းနေလေသည်။

ချူဖုန်း နတ်ခြေထောက်ကို အသက်သွင်းကာ သူ့ခေါင်းကို နင်းချလိုက်သည်။ သူ့ခြေထောက်မှာ ကြောင်တစ်ကောင်မပြောနှင့် တောင်တစ်တောင်ကိုပင် ပြားချပ်သွားအောင် လုပ်နိုင်သည်ပင်။

ဤနေရာ၌ ရှိနေသည့် ဘုရင်အားလုံး ဆံပင်မွေးများ ထောင်ထသွားရသည်။ ချူဖုန်းသည် သေခါနီးလူကဲ့သို့ ဖြစ်နေသော်လည်း စွမ်းအားကြီးသည့် ဘုရင်နှစ်ဦးကို ထပ်သတ်လိုက်လေပြီ။

ဝှစ်..

အုပ်စုလိုက် ဝိုင်းတိုက်လာသည်နှင့် ချူဖုန်း မြေပြင်နား၌ ကပ်နေလိုက်ပြီး လိန်ကျန်းကျီမှ လာသည်ဟု ထင်ရသည့်လူထံသို့ ဦးတည်သွားလိုက်သည်။

ခွပ် ခွပ် ခွပ်..

ဘုရင်အားလုံး လှုပ်ရှားလာကြသောကြောင့် သူ့ခန္ဓာကိုယ်ကို အလင်းတန်းများစွာ ထိမှန်လာသည်။ နာကျင်လှသောကြောင့် ချူဖုန်းထံမှ ညည်းတွားသံများပင် ထွက်ပေါ်လာသည်။

သို့သော် ချူဖုန်း ထိုချပ်ဝတ်တန်ဆာနှင့်လူကိုသာ အာရုံစိုက်ထားပြီး မကြာခင်မှာပင် သူ့ရှေ့သို့ ရောက်သွားသည်။ သူသည် နောက်ဘက်မှ မျောက်၏ထိုးနှက်မှုနှင့် ဘေးဘက်မှ မြေခွေး၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ ထိုလူကိုသာ အားကုန်တိုက်ခိုက်လိုက်သည်။

ထိုလူ သူ၏ခရမ်းရောင်တူကို အသက်သွင်းလိုက်သည်နှင့် လျှပ်စီးများ ပေါက်ကွဲထွက်လာကာ ဝင်လာသည့် တိုက်ခိုက်မှုများ ပျက်ပြယ်သွားအောင် လုပ်လိုက်သည်။

ချူဖုန်းလည်း လျှပ်စီးတန်းများ ပစ်လွှတ်လိုက်သောကြောင့် သူတို့နှစ်ဦးကြားတွင် ကြီးမားလှသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။

ခွပ်..

နောက်ဆုံးတွင် ချူဖုန်း၏ခန္ဓာကိုယ်၌ လျှပ်စစ်ဓာတ်များ ပျံ့နှံ့လာသည်။ သို့သော် သူ ထိုလူကို ထိုးလိုက်နိုင်ပြီး လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့သည်။

ဖူး..

တစ်ချိန်တည်းမှာပင် ချူဖုန်း၏ဓားပျံ ထိုလူ လက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်၏။ ကံမကောင်းစွာဖြင့် သူ ခေါင်းကို မဖြတ်လိုက်နိုင်။

ဝှစ်…

ထိုလူ၏ တုံ့ပြန်မှုများမှာ လျင်မြန်လှသည်။ သူသည် ချက်ချင်းပင် ချူဖုန်းနှင့်ဝေးရာသို့ ခုန်ထွက်သွားလေ၏။

ထိုအချိန်တွင် အနီးအနားမှ ကျွမ်းကျင်သူအားလုံး တိုက်ခိုက်လာကြသည်။ သူတို့ထဲမှ တစ်ဦးသည် လေဆာအမြောက်ကိုပင် ယူလာလေ၏။

“သူ့အသက်ဓာတ်ကုန်လာနေပြီ.. သူ့ကို အခုသတ်လိုက်တော့..” လူအုပ်ကြီး အော်ဟစ်လာကြသည်။

သားရဲများနှင့် လူသားဘုရင်များ မီးကုန်ယမ်းကုန်ပင် တိုက်ခိုက်လာကြလေ၏။

အပိုင်း ၂၃၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset