Switch Mode

Chapter – 237

လှောင်ပြောင်သည့် အကြည့်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၇ – လှောင်ပြောင်သည့်အကြည့်

ချူဖုန်း ထိုညကို အေးချမ်းစွာ ဖြတ်သန်းခဲ့သည်။ နဂါးအသားမှာ သူလိုအပ်သည့် အာဟာရများကို ဖြည့်တင်းပေးနိုင်ခဲ့သည်ပင်။ မွေးညှင်းပေါက်များထိ သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်နေသည်။ သူ အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် အဖြူရောင်မြူများ ရစ်သိုင်းလာသည်။ သူ့ခန္ဓာကိုယ်သာမက သူ့စိတ်ဝိညာဉ်ပင် အသက်ရှူစည်းချက်နှင့်အညီ လှုပ်ရှားနေသည်ပင်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်ထပ်တည်းကျနေပြီး ရွှေရောင်ဗုဒ္ဓတစ်ပါးကဲ့သို့ သူ့ခန္ဓာကိုယ်၌ အလင်းများ စီးဆင်းနေသည်။

သူ့ရင်ဘတ်ရှိ အပေါက်မှာ အစောကြီးကတည်းက တည်ငြိမ်သွားပြီဖြစ်ပြီး အမြှေးပါးအသစ် ဖုံးအုပ်သွားပြီဖြစ်သည်။ အသားအသစ်များ ထွက်လာသောကြောင့် သူ့ဒဏ်ရာမှာ ယားယံနေသည်။

ထို့အပြင် သူ့အတွင်းအင်္ဂါများမှ ဒဏ်ရာများလည်း တောက်ပနေကာ အသက်စွမ်းအင်များ ထုတ်လွှတ်နေသည်။ ထိုဒဏ်ရာများလည်း တစ်ဖြည်းဖြည်း သက်သာပျောက်ကင်းလာလေပြီ။

ဤမြင်ကွင်းသာ အပြင်လောကသို့ ပေါက်ကြားသွားလျှင် အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အခြားကျင့်ကြံသူများလည်း သူတို့အတွင်းအင်္ဂါများ ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်သော်လည်း အလွန်နှေးကွေးလှသည်ပင်။

ချူဖုန်း စိတ်ရော ခန္ဓာကိုယ်ရောဖြင့် အသက်ရှူနေသည်။ သူ့အဆုတ်မှ ဒဏ်ရာများမှာ မြင်နိုင်လောက်သည့် အရှိန်နှုန်းဖြင့် ပျောက်ကင်းနေသောကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ ထိုဒဏ်ရာများ ပျောက်ကင်းသွားလျှင်တောင် သူ တစ်ခုခု ဖြစ်ကျန်ခဲ့လိမ့်မည်ဟု ထင်ထားခြင်းပင်။ သူ့အတွင်းအင်္ဂါးအားလုံး ဤကဲ့သို့ ပြန်လည်ကုသနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့။

ယခုမှသာ သူ ဤအသက်ရှူစည်းချက်ပညာ မည်မျှအံ့အားသင့်စရာကောင်းကြောင်း သူ ချီးကျူးမိတော့သည်။

ဟိန်းထုန်ထံမှ ကျန်ရစ်ခဲ့သည့် အမှောင်စွမ်းအင်များကို ဖယ်ရှားနိုင်သည်နှင့် သူ့ဒဏ်ရာများမှာ သူ့ကို ဒုက္ခပေးနိုင်တော့မည်မဟုတ်တော့။

ယခုအချိန်တွင် သူ့အရိုးများလည်း ပြန်လည်ကောင်းမွန်သွားကာ အရိုးအသစ်များ ထွက်ပေါ်လာပြီဖြစ်သည်။ သူ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းမှာ တကယ်ကို အံ့အားသင့်စရာ ကောင်းလှသည်။

ထူးဆန်းမှု တစ်ခုကို ခံစားလိုက်ရပြီး သူ စောင့်ကြည့်ခံနေရကြောင်း ချက်ချင်းသတိထားမိသွားသည်။

၂ ကီလိုမီတာအကွာ၌ ရှိနေသည့် ငှက်တစ်ကောင်ကို သူ ချက်ချင်းပင် ရှာတွေ့သွားသည်။ ငှက်သည် သိမ်းငှက်နှုတ်သီးနှင့် ကြောင်မျက်နှာရှိနေသည်။ သူ၏ အေးစက်နေသည့် မျက်လုံးမှ အလင်းထွက်မလာစေရန်အတွက် မျက်စိစွေစောင်း၍ ကြည့်နေသည်ပင်။

၂.၅ ကီလိုမီတာအဝေး၌ ရှိနေသည့် ဤဘုရင်အဆင့်ဇီးကွက်ကို ချူဖုန်း အာရုံခံမိသွားခဲ့သည်။

ဤကဲ့သို့သော သားရဲမျိုးသည် ညအမြင်အာရုံကောင်းသောကြောင့် အစောကြီးကတည်းက ချူဖုန်းကို သတိထားမိသွားခဲ့ပြီဖြစ်သည်။

သူ့ဘေးပတ်ပတ်လည်ကို အဖြူရောင်မြူများ ဝန်းရံနေသော်လည်း ဤငှက် သူ့ကို ရှာတွေ့သွားသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။

ထို့နောက် ချူဖုန်း တစ်ခုခုကို ချက်ချင်း သတိထားမိသွား၏။ ငှက်လည်ပင်း၌ ဖုန်းတစ်လုံး ရှိနေသည်။

ကမ္ဘာကြီး မပြောင်းလဲခင်ကဆိုလျှင်တော့ ဤမြင်ကွင်းမှာ အတော်လေး ရယ်စရာကောင်းနေလိမ့်မည်။ သို့သော် ယခုခေတ်တွင်တော့ ဇီးကွက်တစ်ကောင် ဖုန်းသုံးနေခြင်းမှာ မထူးဆန်းတော့။

ထိုဇီးကွက် ခေါင်းငုံ့ကာ အကြည့်လွဲသွားသည်နှင့် ချူဖုန်းထိုကျိုင်းပင်အိုကြီးထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ရန်သူ သူ့အသံ ကြားသွားမည်ကို သူ မစိုးရိမ်။ ၂ ကီလိုမီတာကို နှစ်စက္ကန့်သာ ကြာလိုက်သည်။

ရုတ်တရက် ပြောင်းလဲမှုကို သတိထားမိသွားသည်နှင့် ဇီးကွက်၏အမွေးများ ထောင်ထလာကာ သူ့အတောင်ပံများကို ဖြန့်ကျက်ကာ ချက်ချင်း ပျံသန်းလိုက်သည်။

သို့သော်လည်း ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ ချူဖုန်း ခုန်လိုက်သည်နှင့် မီတာပေါင်းတစ်ရာကျော် ရောက်သွားပြီး ဇီးကွက်ကို တစ်ချက်တည်းဖြင့် ဖမ်းပစ်လိုက်သည်။

ငှက်ဘုရင်၏ စူးရှသည့် အော်သံနှင့်အတူ သွေးနှင့်အမွေးအတောင်များ ရွာကျလာသည်။

ခွပ်..

သူ မြေပြင်ထက်သို့ ပြန်ရောက်သွားသည်နှင့် သူ့ဒဏ်ရာအချို့ သွေးပြန်ထွက်လာပြီး သူ့နှလုံးလည်း နာကျင်လာသည်ကို ခံစားလိုက်ရသည်။ သို့သော် ထိခိုက်မှုမှာ သည်းခံ၍ရသေးသည်။ သူ့နှလုံးလည်း ပြန်ပြဲမသွား။

ဤဇီးကွက်မှာ ၂ မီတာသာ ရှိသောကြောင့် ငှက်ဘုရင်များကြားတွင် သေးသည်ဟု သတ်မှတ်၍ရသည်။

သို့သော် ဘုရင်တစ်ဦး၏ ခွန်အားကို အရွယ်အစားဖြင့် သတ်မှတ်၍မရ။ ဤဇီးကွက်မှာ အချုပ်အနှောင်နှစ်ခု ဖြတ်တောက်ထားပြီးသား ဖြစ်သောကြောင့် အားနည်းသည်ဟု သတ်မှတ်၍မရ။

“ပြော..” ချူဖုန်း သူ့ကို စိုက်ကြည့်လိုက်ပြီး စကားပြောခွင့်ပေးလိုက်သည်။

ငှက်ဘုရင်မှာ တုန်လှုပ်နေလေပြီ။

ချူဖုန်း သူ့မျက်လုံးမှတစ်ဆင့် သူ့စွမ်းအားများကို ပြသလိုက်သည်။ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်နှင့် ငှက်ဘုရင် အလွန်ကြောက်ရွံ့သွားရသည်။ နတ်ဆိုးဘုရင်ချူ မည်မျှကြောက်စရာကောင်းသည်ကို သူသိသည်ပင်။

“ဘာ .. ခင်ဗျားက ဒေါင်းဘုရင်ရဲ့ တပ်သားတွေကို ဆက်သွယ်ပြီးသွားပြီလား..”

စစ်မေးပြီးနောက် ချူဖုန်း ဒေါသထွက်သွားရသည်။ ဤကဲ့သို့ ဖြစ်မည်ကို သိသော်လည်း ချူဖုန်း ဤငှက်ကို တစ်စစီဖြစ်အောင် လုပ်ပစ်ချင်မိဆဲပင်။

“ဒေါင်းဘုရင်ရဲ့ အမိန့်ရတော့ တောင်ပိုင်းက ငှက်ဘုရင်တွေအားလုံး သူ့အမိန့်ကို လိုက်နာရတာ .. ကျုပ်လည်း ဖိအားပေးခံရတာပဲ..”

“လျှောက်ပြောမနေနဲ့ .. ခင်ဗျား ဒါကို ပေါ့ပေါ့လျော့လျော့ လုပ်လို့ရတယ် .. ဒါပေမဲ့ ခင်ဗျားက ဒေါင်းဘုရင်ဆီက ဆုလာဘ်တွေ လိုချင်လို့ ကျုပ်ရှိတဲ့နေရာကို တက်တက်ကြွကြွနဲ့ သတင်းပို့လိုက်သေးတယ်..” ချူဖုန်း အော်ဟစ်လိုက်သည်။

“သက်ညှာပေးပါ..” ဇီးကွက်မှာ ထိုမျှသတ္တိမရှိ။ နည်းနည်းလေး ခြိမ်းခြောက်လိုက်သည်နှင့် ချက်ချင်းပင် အရှုံးပေးတော့သည်။

“ခင်ဗျားက တကယ်ပဲ ဆုလာဘ်အတွက် လုပ်ခဲ့တာလား..” ချူဖုန်း သူ့ကို ကန်လိုက်ပြီးနောက် သူ့ကျောကုန်းပေါ် တက်ထိုင်လိုက်ကာ “ခင်ဗျား ဒီအပြစ်ကို ခင်ဗျားလုပ်အားနဲ့ ပြန်ပေးဆပ်ရမယ် .. ကျုပ်ကို အနောက်ဘက်ကို ကီလိုမီတာ ၁၅၀၀ သယ်သွားပေး..”

“ကျုပ် ဒဏ်ရာရနေတယ် .. ပျံလို့မရတော့ဘူး..” ဇီးကွက် တီးတိုး ပြောလိုက်သည်။

“ခင်ဗျား မပျံနိုင်ရင် ကျုပ်ခင်ဗျားကို ချက်ချင်း သတ်ပစ်မယ် .. ဒီလိုအခြေအနေမှာတောင် ခင်ဗျားက ကျုပ်နဲ့ မပူးပေါင်းပေးဘူးလား..” ချူဖုန်း ခြိမ်းခြောက်လိုက်သည်။

နောက်ဆုံးတွင်တော့ ငှက်ဘုရင်မှာ အလျော့ပေးရန်သာ တတ်နိုင်တော့သည်။ သူသည် ချူဖုန်းကိုသယ်ကာ ညကောင်းကင်ယံ၌ ပျံသန်းလိုက်သည်။

ဒေါင်းဘုရင်သည် တောင်ဘက်သို့ လာနေသော်လည်း ကျန်းရှီးနှင့် အတော်လေး ဝေးနေသေးကြောင့် ဤဇီးကွက်ထံမှ သိလိုက်ရသည်။

ဒေါင်းဘုရင် ဤနေရာသို့ ရောက်လာရန်အတွက် တစ်ရက်ကျောက်ခန့် လိုလိမ့်ဦးမည်။

သို့သော် ကျန်းရှီတစ်ဝိုက်ရှိ ငှက်ဘုရင်အားလုံး ချူဖုန်းကို ရှာဖွေပြီး ဖျက်ဆီးပစ်ရန် အမိန့်ရထားပြီးသားပင်။ ငှက်သားရဲအားလုံး လှုပ်ရှားနေကြပြီဟု ပြော၍ရသည်။

“သူတို့အားလုံး သေချင်နေတာလား..” ချူဖုန်း အေးစက်စွာ ရေရွတ်လိုက်သည်။

“မင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတော့ မင်းမှာ ပြိုင်ဘက်ကင်းအသက်ရှူပညာရှိတယ်လို့ အပြင်လောကမှာ သတင်းတွေ ပြန့်နေတာ .. ပြီးတော့ ဒေါင်းဘုရင်ရဲ့ ဆုလာဘ်တွေပါ ထည့်တွက်လိုက်ရင် ငှက်ဘုရင်တွေ တော်တော်များများ စိတ်လှုပ်ရှားသွားကြမှာပဲ”

ဤသည်မှာ ဆိုးရွားလှသည့် သတင်းပင်။

ချူဖုန်း မျက်မှောင်ကြုတ်လိုက်၏။ သူ ဟိန်းထုန်နှင့်တိုက်ခိုက်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ကို အားလုံးသိနေလောက်လေပြီ။

သူ ဤဇီးကွက်နှင့် တွေ့သွားသည်မှာ ကံကောင်းသည်ဟု ပြော၍ရသည်။ ရွှေရောင်ခြင်္သေ့ဘုရင်ကဲ့သို့သော စွမ်းအားကြီးသည့်သူမျိုးနှင့်သာ တွေ့ရပါက သူ တကယ်ကို အန္တရာယ်များလိမ့်မည်။

ယခုအချိန်တွင် သူ အားကုန်မတိုက်နိုင်သေး။ မဟုတ်လျှင် သူ့နှလုံးမှ ဒဏ်ရာပြန်ပွင့်လာလိမ့်မည်။ ယခုမှ သူ ဟိန်းထုန်၏အခြေအနေ မည်မျှဆိုးရွားခဲ့မည်ကို စဉ်းစားမိတော့သည်။

“ကျန်းရှီမှာ ဘုရင်အဆင့်သက်ရှိတွေ အများဆုံး ရှိနေတာလို့ ပြောလို့ရတယ်” ငှက်ဘုရင် ရှင်းပြလာသည်။

“ကျန်းရှီ..” ချူဖုန်း ယခုမှ ဤနယ်မြေ၌ ရှိနေသည့် နာမည်ကြီးတောင်များနှင့် ထိုတောင်များတွင် နေထိုင်သည့် ကျွမ်းကျင်သူများကို စဉ်းစားမိကာ ထိတ်လန့်သွားရသည်။

ဤနယ်မြေတွင် လုံဟူတောင်နှင့် လုတောင်ရှိသည်။ လုံဟူတောင်တွင် တာအိုဘိုးဘေးကျောင်းတော် ရှိနေပြီး လုတောင်မှာ နာမည်ကြီးတောင်ဆယ်တောင်ထဲမှ တစ်တောင်ပင်။

လုတောင်မှာ တာအိုပညာ၏ တောင်သုံးတောင်နှင့် တောင်ထိပ်ငါးခုထဲ၌ ပါဝင်သည်ဟု ပြောကြသည်။ သို့သော် ထိုတောင်သုံးတောင်မှာ ဖုန်းလိုင်၊ ဖန်းကျန်းနှင့် ယင်းကျိုးတို့ဖြစ်သည်ဟု ပြောကြသည်။

ဤတောင်များတွင် ကျွမ်းကျင်သူများ မည်မျှစုဝေးနေမည်ကို စဉ်းစားကြည့်နိုင်သည်။

အသေးစိတ်စဉ်းစားပြီးနောက် ချူဖုန်း၏အမူအရာ ထပ်ပြောင်းလဲသွားသည်။ ကျန်းရှီစီရင်စုတွင် နာမည်ကြီးတောင်နှင့် မြစ်ချောင်းများစွာ ရှိနေသည်ပင်။

လုံဟူတောင်နှင့် လုတောင်အပြင် စန်းချင်းတောင်လည်း ရှိသေးသည်။ ထိုတောင်လည်း ထူးခြားကာ နာမည်ကြီးသည့်တောင်တစ်တောင်ပင်။

“ကျင်ဂန်းတောင်၊ ဝူကုန်းတောင်၊ မင်ယွဲ့တောင်၊ လင်းတောင်၊ မိန်တောင်ကြော၊ ဖန်ဂုတောင်နဲ့ ချွေ့ဝိန်တောင်ထိပ်..” ချူဖုန်း ထပ်ပင်မစဉ်းစားချင်တော့။

ဤနေရာ၌ နေထိုင်သည့် ကျွမ်းကျင်သူများအကြောင်းကိုလည်း ငှက်ဘုရင်ကို မေးလိုက်သည်။

“ဖူကျန်းက ဝူယိတောင်မှာ နေတဲ့ အနီရောင်ဝတ်စုံမိခင်သစ်ပင်က ပြိုင်ဘက်ကင်းကျွမ်းကျင်သူလို့ သတ်မှတ်လို့ရတယ် .. သူ အခုတလောမှ ကျန်းရှီကို ရောက်လာတာ” ဇီးကွက်ဘုရင် သူ့ကို ပြောလာသည်။

ချူဖုန်း အံ့အားသင့်သွားရသည်။ နာမည်အကြီးဆုံး လက်ဖက်ပင်က ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတာလား.. ပြီးတော့ သူက ခရီးတောင် သွားနေသေးတယ် .. ဤသည်မှာ လူကို တကယ်ဆွံ့အသွားစေသည်ပင်။

ထို့နောက်တွင်တော့ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် အခြားကျွမ်းကျင်သူအချို့အကြောင်းလည်း သူ့ကို ပြောပြလာသဖြင့် ချူဖုန်း တိတ်ဆိတ်သွားရသည်။ နာမည်ကြီးတောင်များမှာ ကျွမ်းကျင်သူများကို ပို၍မွေးထုတ်ပေးနိုင်သည့်ပုံပင်။

ရုတ်တရက် ချူဖုန်း ဆံပင်မွေးများ ထောင်ထလာသည်။ စူးရှသည့်အလင်းတန်းတစ်ခု ဇီးကွက်ကို ဖြတ်သွားသည်နှင့် သူ ဇီးကွက်ပေါ်မှ ခုန်ဆင်းလိုက်သည်။

ချူဖုန်း၏ကြွက်သားများ တင်းမာသွားကာ အဝေးမှ စွမ်းအားကြီးသည့်သူကို စိတ်ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်လိုက်သည်။ ထိုရန်သူမှာ အဆင့်မြင့်စွမ်းအင်တန်းအသုံးပြုကာ သူ့အား တိုက်ခိုက်လိုက်ခြင်းပင်။

နောက်ဆုံးစက္ကန့်တွင် အန္တရာယ်ကို အာရုံခံနိုင်ပြီး လွတ်မြောက်အောင် ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကံမကောင်းသည့် ဇီးကွက်ကတော့ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေသွားလေပြီ။

ချူဖုန်း သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအားဖြင့် ထိန်းလိုက်ကာ ဝင်လာသည့် အလင်းတန်းများကို ရှောင်ရှားလိုက်သည်။

အလင်းတန်းများ ဆက်တိုက်ထွက်ပေါ်လာသောကြောင့် ညကောင်းကင်ယံမှာ လင်းထိန်နေတော့သည်။

“ချီးပဲ..”

ချူဖုန်း ဆံပင်မွေးများ ထောင်ထလာပြီး အလင်းတန်းများကို ရှောင်ရှားလိုက်သည်။

ဤကဲ့သို့သော လက်နက်မျိုးမှာ ကန့်သတ်ချက်များစွာ ရှိနေမည်ပင်။ ထင်ထားသည့်အတိုင်းပင် အလင်းတန်းအချို့ ပစ်လွှတ်ပြီးသည်နှင့် နောက်ဆုံး ရပ်တန့်သွားလေသည်။ ချူဖုန်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အရှေ့ဘက်သို့ ပြေးသွားလိုက်သည့်အချိန်တွင် ဘုရင်အဆင့်သက်ရှိများသာ သယ်နိုင်မည့် လေဆာလက်နက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

ဤအဖွဲ့အစည်းများ မစောင့်နိုင်တော့ဘူးထင်သည်။

ဤလူများ သူ့အား အသက်ရှင်လျက် ထားလိုသည်မှာ သိသာလှသည်။ အဘယ်ကြောင့်ဆိုသော် အလင်းတန်းများမှာ သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုသာ ချိန်ရွယ်ထားခြင်းပင်။ သူသာ ထိုအလင်းတန်းများနှင့် ထိမိသွားပါက အသက်ရှင်နိုင်သော်လည်း ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်တော့။

ဤအနီးအနားတွင် ဇီးကွက်သာမက အခြားအဖွဲ့အစည်းများမှ အေးဂျင့်များလည်း ရောက်နေလေပြီ။

“နတ်ဆိုးဘုရင်ချူ .. ခင်ဗျားက ဘယ်သွားချင်နေတာလဲ..” ကျယ်လောင်သည့်အသံတစ်သံ အဝေးမှ ထွက်ပေါ်လာသည်။

အံ့အားသင့်စရာကောင်းစွာဖြင့် ဤသည်မှာ လူသားကျွမ်းကျင်သူမဟုတ်။ မီတာရှစ်ဆယ်မြင့်မားသည့် အနက်ရောင်လူဝံကြီးတစ်ကောင်ပင်။ သူသည် ချူဖုန်းထံသို့ ဝုန်းကနဲ ပြေးဝင်လာလေ၏။

ဝုန်း..

ရှည်လျားလှသည့် အနက်ရောင်အမွေးများ၊ လျှပ်စီးကဲ့သို့ တောက်ပနေသည့် မျက်လုံးများနှင့် လူဝံကြီးသည် အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် ချူဖုန်းကို ရိုက်ချလာသည်။

ဖြန်း..

ချူဖုန်း ရှောင်လိုက်သည်နှင့် ထိုတောင်ထိပ် ပြိုကျသွားလေသည်။

ဤလူဝံနက်ကြီးမှာ ဤကျန်းရှီနယ်မြေတွင် နတ်ဆိုးနတ်ဘုရားဟု နာမည်ကြီးသည့်သူပင်။ ဤလူဝံကြီးသည့် အချုပ်အနှောင်ငါးခု ဖြတ်တောက်ပြီးသွားပြီဖြစ်ပြီး စွမ်းအားကြီးကာ ရက်စက်လှသည်။

လေဟာနယ်တုန်ခါလာကာ ချူဖုန်းထံသို့ ရွှေရောင်အလင်းတန်းများ ဆက်တိုက်ရောက်ရှိလာသည်။ ထိုအလင်းတန်း လမ်းကြောင်း၌ ရှိနေသည့် ကျောက်တုံးများနှင့် သစ်တောများ တစ်စစီဖြစ်သွားလေသည်။

ဤသည်မှာ မီတာပေါင်းတစ်ရာ ရှည်သည့် ရွှေရောင်လင်းတငှက်ကြီးပင်။ သူသည် နှုတ်သီးများကို ဖွင့်ဟကာ အောက်သို့ ဆင်းသက်လာသည်။

ခွပ်..

ချူဖုန်း လူဝံနက်ကြီး၏လက်ကြီးအား ရှောင်လိုက်ပြီးသည့်အချိန် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ထပ်ရောက်လာသည်။

ဤရွှေရောင်လင်းတကြီးသည်လည်း အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ဤနယ်မြေရှိ စွမ်းအားအကြီးဆုံးလူတစ်ဦးပင်။

ရွှေရောင်လင်းတ လူသားပုံစံ ပြောင်းလိုက်သည်။ သူ၏ရွှေရောင်ဆံပင်များမှာ သူ့နောက်ကျောဘက်၌ ဝေ့ဝဲနေပြီး တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လာသည်။ ထို့နောက် သူ့လက်ထဲရှိ ဓားရှည်ကို လွှဲရမ်းလိုက်ကာ ပြောလာသည်။ “နတ်ဆိုးဘုရင်ချူ .. ဒီနေ့တော့ ခင်ဗျားလွတ်ဖို့ မစဉ်းစားနဲ့တော့..”

“မြောင်..”

ကြောင်အော်သံမျာ ဤနေရာ၌ ရှိနေသည့်သူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဝုန်း..

မီတာသုံးဆယ်ရှည်လျားသည့် လင့်ကြောင်မြီးတိုတစ်ကောင် ပေါ်လာသည်။ ထိုကြောင်သည် နတ်ကျားတစ်ကောင်ကဲ့သို့ အရောင်တောက်ပနေပြီး သူ တစ်လှမ်းလှမ်းလိုက်တိုင်း မီတာတစ်ရာကျော် ရောက်သွားသည်။

ထို့နောက်တွင်တော့ နှင်းဖြူမြေခွေးတစ်ကောင် ပေါ်လာသည်။ ထိုမြေခွေးလည်း မီတာပေါင်းများစွာ ရှည်လျားကာ မျက်လုံးများလည်း တောက်ပနေသည်။

လင့်ကြောင်မြီးတိုနှင့် မြေခွေးတို့နှစ်ဦးလုံးမှာ အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများပင်။

ဝှစ် ဝှစ် ဝှစ်…

လှုပ်ရှားသံများ ဆက်တိုက်ထွက်ပေါ်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ လွှမ်းခြုံနေသည့် သားရဲဘုရင် ၁၀ ဦး သူ့ဘေးပတ်လည်၌ ပေါ်လာသည်။

သူ အားဖြည့်သည့် နာရီအနည်းငယ်အတွင်း ဤမျှများပြားလှသည့်လူများ သူ့ကို ရှာတွေ့သွားသောကြောင့် ချူဖုန်း မျက်မှောင်ကြုတ်သွားရသည်။

သူ အန္တရာယ်ရောက်နေပြီဖြစ်ကြောင်း သိနေသောကြောင့် သူ အလျင်စလို မလှုပ်ရှား။ အမှောင်ထဲ၌ ပုန်းနေသည့် လူသားကျွမ်းကျင်သူများလည်း ရှိနေသေးသည်ပင်။

ချူဖုန်း နေရာတစ်ခုသို့ စိုက်ကြည့်လိုက်သည်။ ထို့နောက် ပေါက်ကွဲသံနှင့်အတူ ထိုတောအုပ်ထဲမှ လူနှစ်ဦး ထွက်လာသည်။ သူတို့သည် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့်အပြင် မျက်နှာများကိုလည်း ဖုံးအုပ်ထားသောကြောင့် သူတို့ မည်သူဖြစ်သည်ကို မသိရ။

သူတို့ထဲမှ တစ်ယောက်သည် ရွှေရောင်တူကြီးကို ကိုင်ထားပြီး ချူဖုန်းထံသို့ လွှဲရမ်းလာသည်။ ထို့နောက် အက်ကွဲသံနှင့်အတူ သူ့ထံသို့ ကြီးမားလှသည့်လျှပ်စီးတန်းတစ်ခု ဦးတည်လာလေသည်။

ချူဖုန်း ဘေးဘက်သို့ ရှောင်တိမ်းရင်း ထိုမှော်လက်နက်၏ ခွန်အားကို အံ့အားသင့်သွားရသည်။

သူတို့တွေက ဒိမ်ဒီအဖွဲ့က လိန်ကျန်းကျီအဖွဲ့ဝင်များလား..

ဘောဓိတွင် ဗုဒ္ဓတပည့်များရှိပြီး ဒိမ်ဒီတွင်တော့ လိန်ကျန်းကျီ ရှိသည်။ လိန်ကျန်းကျီမှာ ပို၍ပင် ထူးခြားကာ လူရှေ့ ထွက်မလာဖူး။

ဒိမ်ဒီမျိုးရိုးဗီဇအဖွဲ့သည် သူတို့၏ လိန်ကျန်းကျီအဖွဲ့သားများကို ဤပုံစံဖြင့် စေလွှတ်လိမ့်မည်ဟု သူ၊မထင်။

သူ ဒဏ်ရာရထားသည်ကို အဖွဲ့အစည်းအတော်များများ သိထားကြပြီး သူ့အသက်ရှူပညာကို ရဖို့ဆိုလျှင် အမှောင်ထဲမှသာ လှုပ်ရှားကြလိမ့်မည်။ ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ကြမည်မဟုတ်။

ဤလူများမှာ လိန်ကျန်းကျီအစစ် ဟုတ်မဟုတ်ကို ချူဖုန်း သံသယဝင်လာသည်။

ဝှစ် ဝှစ် ဝှစ်..

အခြားနေရာများမှ လူအရိပ် ၇ ခု ထပ်ထွက်လာသည်။ သူတို့အော်ရာများမှာ ပို၍ ပြင်းထန်နေသည်ပင်။

“ခင်ဗျားတို့တွေက ကျုပ်ကို လူတွေအများကြီးသတ်အောင် ဖိအားပေးနေတာလား..” ချူဖုန်း အေးစက်စွာ မေးလိုက်သည်။

“သန်မာချင်ယောင်ဆောင်မနေနဲ့တော့..” တစ်စုံတစ်ယောက်မှ ရယ်မော၍ ပြောလိုက်သည်။

ချွမ်း..

ချူဖုန်း ချာကရမ်ကို ဆုတ်ကိုင်လိုက်သည်နှင့် သူ့လက်ထဲ တောက်ပလာသည်။

“ဘယ်သူ အရင်ဆုံး သေချင်လဲ..” ချူဖုန်း သူတို့ကို လှောင်ပြောင်၍ ကြည့်လိုက်သည်။
အပိုင်း ၂၃၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset