ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၆ – အခြေအနေများ ဖြစ်ပေါ်လာခြင်း
ချူဖုန်း နဂါးနက်အိမ်ရှေ့စံမင်းသားအား အနိုင်ယူလိုက်သည့်သတင်းမှာ တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဤသည်မှာ ကုန်းမြေနှင့် ရေပြင်မှ ကျွမ်းကျင်သူများကြားမှ ပထမဆုံး တိုက်ပွဲကြီးပင်။
ကမ္ဘာမြေကြီး စတင်ပြောင်းလဲလာကတည်းက ပင်လယ်ဆိုသည်မှာ ခြေချရန် ခက်ခဲသည့်နေရာဖြစ်ပြီး ပင်လယ်အောက်၌ မည်ကဲ့သို့သော ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများ ရှိနေမည်ကို မသိနိုင်။
ထို့ကြောင့် ဤတိုက်ပွဲမှာ အင်အားကြီးအဖွဲ့အစည်းများစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ အားလုံးမှာ ဤတိုက်ပွဲကို ချက်ချင်းပင် အသေးစိတ် လေ့လာခဲ့ကြသည်။
သာမန်ပြည်သူများကတော့ ချူဖုန်း အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူအား တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည့်အချိန် အလွန်တုန်လှုပ်သွားခဲ့ကြသည်ပင်။
“ထာဝရချူ ပီသပါပေတယ် .. သူက ဒဏ္ဍာရီကို ချိုးဖောက်ချင်နေတာလား .. သူ အစောပိုင်းကမှ ရှီလာကို သတ်လိုက်တာမဟုတ်ဘူးလား .. အခု သူ ရေနဂါးတစ်ကောင်ကို ထပ်သတ်ပြန်ပြီ..”
ချူဖုန်းအား နှစ်သက်သည့်သူများမှာ ဤသတင်းကြားသည်နှင့် စိတ်လှုပ်ရှားလာကြသည်။
“ချီးပဲ .. ဒါက တကယ့်နဂါးကြီးကွ .. သူ့မှာ ချိုတစ်ချောင်းတောင်ပါတယ် .. ချူဖုန်းက ဒဏ္ဍာရီလာသတ္တဝါကြီးကို အနိုင်ယူခဲ့တာပဲ .. မိုက်လိုက်တာ..”
တောင်ထိပ်တစ်လုံးကို ကြီးမားသည့်ခန္ဓာကိုယ်ကြီးဖြင့် ရစ်ပတ်ထားသည့် ဟိန်းထုန်၏ပုံကို လူအများ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်ပင်။
ချူဖုန်း ရှီလာကို သတ်သည့်သတင်းထွက်ပေါ်လာခဲ့သော်လည်း ဤသည်မှာ မန်ချူးကျားနှင့် မသေမျိုးဖီးနှစ်တို့ကဲ့သို့သော လူများ၏ ပူးပေါင်းတိုက်ခိုက်မှုဖြစ်ကြောင်း လုထုန် သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ယခုတော့ ချူဖုန်း တစ်ယောက်တည်းဖြင့် ရေနဂါးကြီးအား အနိုင်ယူလိုက်လေပြီ။
ဟိန်းထုန်သည် ချူဖုန်းနှင့် မတိုက်ခင်ကတည်းက ဒဏ်ရာရပြီးသားဖြစ်သည်ဟု ပြောပြသည့်လူများ ရှိနေသော်လည်း သူတို့အသံမှာ ထွက်မလာနိုင်ပဲ မြှုပ်သွားလေ၏။
“ဘော့စ် .. ဘော့စ်က အရမ်းကို စွမ်းအားကြီးတာပဲ..” သတင်းကြားပြီးနောက် ယုယန်ချင်း၊ တိဟွိုင်ကျင်းနှင့် ယဲ့ချင်းရုန်တို့အားလုံး ဆွံ့အသွားရသည်။
“ဒီဘိုးဘိုးကြီးက ထာဝရဆေးတွေများ စားထားတာလား .. သူက ပင်လယ်ပြင်က စွမ်းအားရှင်ကိုတောင် သတ်မလိုလုပ်ခဲ့တာ..” ရှုန်းခွန်နှင့် ဟူရှန်းတို့အုပ်စုလည်း ထိတ်လန့်သွားကြရသည်။
ကျားဖြူနှင့် လုရှီယွင်တို့လည်း ဆွံအသွားခဲ့ကြရသည်ပင်။ သူတို့ လူစုခွဲပြီး သိပ်မကြာခင်အချိန်လေးမှာပင် ချူဖုန်း ဤကဲ့သို့ မွှေနှောက်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့။
“ညီမလေး .. ဒီယောက်ဖက ကိုယ့်ကျင့်တရားမရှိသလို သစ္စာလည်း မရှိဘူးဆိုပေမယ့် သူ ခွန်အားကြီးတာကိုတော့ ငြင်းမရဘူး..” ကျားဖြူ မှတ်ချက်ပေးလိုက်သည်။
“အစ်ကို .. အစ်ကို ရိုက်ခံချင်နေတာလား .. အခြေအနေကို နားမလည်ပဲနဲ့ လျှောက်ပြောမနေနဲ့..” လုရှီယွမ် သူ့အစ်ကိုကိုရိုက်ရန် အဆင်သင့်ပင်။
ထိုသတင်းကြားပြီးနောက် ကျန်းလော့ရှန်းလည်း ဆွံ့အသွားခဲ့ရသည်။ ပင်လယ်အကြောင်းကို အခြားသူများထက် သူတို့ဘောဓိမျိုးရိုးဗီဇအဖွဲ့မှ ပိုသိပြီး ရေအောက်မှ ကျွမ်းကျင်သူများနှင့်လည်း ရင်းနှီးနေသည်ပင်။
ချူဖုန်ုး တိုက်ခိုက်သည့်သတင်းအား ကြားလိုက်ရသည့်အချိန်တွင် နွားနှစ်ကောင်မှာ ချက်ချင်းပင် လေယာဉ်ပျံအား ပြန်လှည့်ချင်စိတ် ပေါက်သွားသည်။ သို့သော် ချူဖုန်း အနိုင်ရကြောင်း သတင်းကြားလိုက်ရသည့်အချိန်တွင်တော့ သူတို့ စိတ်အေးသွားရသည်။
ယခုအချိန်တွင် လူသားများမပြောနှင့် သားရဲမျိုးနွယ်စုများပင် သက်ပြင်းချနေကြရသည်။ ချူဖုန်းနှင့် ရန်ငြိုးရန်စ ရှိခဲ့သည့်သူများလည်း ထုတ်ဖော်ပြောလာကြသည်။
“ရက်စက်တဲ့ နတ်ဆိုးဘုရင်ချူက ပင်လယ်ဘက်ကို လက်လှမ်းနေပြီ .. သူ့လက်ထဲမှာ သေကြေတော့မယ့် ရေအောက်မျိုးနွယ်စုတွေအတွက် ခဏလောက် ငြိမ်သက်ပေးလိုက်ကြရအောင်..”
“နတ်ဆိုးဘုရင်ချူရဲ့ အထိန်းအကွပ်မဲ့ ရက်စက်မှုတွေကို တစ်လောကလုံးသိတယ် .. ငါတို့တွေ နဂါးနက်အိမ်ရှေ့စံမင်းသားကို ကိုယ်ချင်းစာပြီးတော့ နတ်ဆိုးဘုရင်ချူရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်..”
ဤစကားများသည် သိပ်မရိုက်ခတ်လိုက်သော်လည်း ဤစာများကို တွေ့ပြီးနောက် လူများစွာမှာ တိတ်တဆိတ် စိတ်အေးသွားကြရသည်။
အင်တာနက်ပေါ်၌ နာမည်အကြီးဆုံးပုံမှာ ချူဖုန်း ထွက်သွားသည့်ပုံပင်။ သူသည် ပြင်းထန်သည့်ဒဏ်ရာများ ရရှိထားသော်လည်း ကီလိုဂရမ်တစ်ရာလေးသည့် နဂါးအသားကို သယ်သွားရန်လည်း မမေ့။
အစားမက်တဲ့သူ…
ထိုပုံမြင်လိုက်သည့်အချိန်တွင် သူ့အား စိုးရိမ်သည့်သူများစွာလည်း ရှိနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသည်ပင်။ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သည်မှာ သေချာသည်။ သူ သေစေနိုင်လောက်သည့် မတော်တဆမှုများ ထပ်မကြုံစေရဖို့ အားလုံး မျှော်လင့်နေကြသည်။
အင်အားကြီး အဖွဲ့အစည်းများ၏ လေ့လာသုံးသပ်ချက်အရ သူသည် ဤတိုက်ပွဲတွင် အသက်ရှင်သည်ဆိုရုံလေး ရှင်ခဲ့ခြင်းပင်။ နောင်လာမည့်ရက်များတွင် သူ အလွန်အားနည်းနေလိမ့်မည်။
ချူဖုန်း တကယ်ကို အန္တရာယ်များသည့် အခြေအနေ၌ ရောက်နေသည်ပင်။ သူ ယခင်က တစ်ခါမှ ဤမျှလောက် အားမနည်းဖူး။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အကုန်လုံးကို တစ်စက်မကျန် သုံးခဲ့လိုက်ရသလိုပင်။
ကြောက်စရာအကောင်းဆုံးမှာ သူပခုံးထက်ရှိ ဒဏ်ရာပင်။ ဒဏ်ရာမှာ ထုတ်ချင်းဖောက်ပင် မြင်နေရသောကြောင့် သူ့အသက်ဓာတ်များ တစ်ဖြည်းဖြည်းချင်း ယုတ်လျော့သွားသလို ခံစားနေရသည်။ ပြင်းထန်လှသည့် နာကျင်မှုနှင့်အတူ သွေးများလည်း တရစပ် စီးကျနေသည်ပင်။
ချူဖုန်း ဤနေရာ၌ မရပ်တန့်ရဲ။ အဘယ်ကြောင့်ဆိုသော် သူ့နောက်လိုက်လာသည့် ကျွမ်းကျင်သူများ အနည်းဆုံး ၁၀ ယောက်ခန့် ရှိနေမည်ကို သူသိသည်။
ဤလူများသည် ကိုယ်ယောင်ဖျောက်ကာ သူ့နောက်မှ လိုက်လာနေခြင်းပင်။
သူ့ခန္ဓာကိုယ် အခြေအနေကို လူအများစု ခန့်မှန်းနိုင်ကြလိမ့်မည်။ ထို့ကြောင့်လည်း သူတို့ထံ၌ အကြံတစ်ချို့ ထွက်လာကြခြင်းပင်။ သူတို့သည် ချူဖုန်းထံမှ အသက်ရှူပညာလိုချင်နေကြခြင်းဖြစ်သောကြောင့် ယခုအချိန်မှာ အကောင်းဆုံးအချိန်ပင်။
ချူဖုန်း မရပ်မနား ဆက်သွားနေခဲ့သည်။ ဤလူများသာ သူ့ဒဏ်ရာများကို အနီးကပ်တွေ့သွားပါက ပို၍ ရဲတင်းလာလိမ့်မည်။
သူ နောက်တစ်ပွဲ မတိုက်နိုင်တော့။
“သူတို့ထဲမှာ သားရဲဘုရင်တွေနဲ့ လူသားတွေလည်း ပါနေတယ်..”
ချူဖုန်း ကျောချမ်းလာရသည်။ သူ့နောက်လိုက်နေသည့်သူများထဲတွင် သားရဲဘုရင်များသာမက လူသားဘုရင်များလည်း ပါဝင်နေသည်။
ပြိုင်ဘက်ကင်း အသက်ရှူပညာ..
ဤကောလဟာလကြောင့် ဖြစ်လာသည့် အကျိုးဆက်မှာ ဆိုးရွားလှသည်။
လူ့အဖွဲ့အစည်းအချို့ပင် ဤပညာ၏ ဆွဲဆောင်မှုကို ခံလိုက်ရလေပြီ။
“ဒီလူတွေက အစောပိုင်းလေးကမှ ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ကြသေးတယ် .. ဒါပေမဲ့ ငါ့မှာ စွမ်းအားကြီးတဲ့ အသက်ရှူစည်းချက်ပညာ ရှိတယ်ဆိုတာလည်းသိရော ငါ့ကို အခွင့်ကောင်းယူဖို့အတွက် ရောက်လာကြတယ်”
ချူဖုန်း၏ မျက်လုံးများ အေးစက်လာသည်။ ဤအဖွဲ့အစည်းများ၏ သဘောထား ပြောင်းလဲမှုမှာ စာရွက်လှန်လိုက်သည်ထက်ပင် ပိုမြန်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိတ်ဆွေများမှာ ရန်သူများ ဖြစ်သွားကြလေပြီ။
သို့သော် ဤလူများ ပေါ်ပေါ်ထင်ထင် ထွက်လာရဲမည်မဟုတ်။ အမှောင်ထဲမှသာ တိုက်ခိုက်လိမ့်မည်။ သူမည်မျှတိုက်နိုင်သေးသည်ကို သိရန်အတွက် စမ်းသပ်ကြလိမ့်မည်။
ချူဖုန်း မျက်မှောင်ကြုတ်လိုက်၏။ သူ့လက်ရှိအခြေအနေမှာ တကယ်ကို ဆိုးရွားနေသည်။ သူ့ပေါင်ရိုးကျိုးထားသောကြောင့် သူ့အရှိန်မှာ သိပ်မမြန်တော့။
“လူအိုကြီး .. ကျွန်တော် ဒုက္ခရောက်နေပြီ.. ကျောက်စိမ်းဂူကျောင်းနာမည်က အလုပ်မဖြစ်တော့ဘူး .. ကျွန်တော့်နောက် လိုက်နေတဲ့လူတွေ ရှိနေတယ်.. ” သူ လုထုန်ကို ဆက်သွယ်လိုက်ကာ သူ့လက်ရှိအခြေအနေကို ပြောပြလိုက်သည်။
အခြေအနေကို ကြားပြီးနောက် လုထုန်အမူအရာ လေးနက်လာသည်။ “ဒီလူတွေကို သိုးရေခြုံထားတဲ့ ဝံပုလွေတွေပဲ .. သူတို့ ပွင့်ပွင့်လင်းလင်း တိုက်ရဲမှာ မဟုတ်ဘူးဆိုပေမယ့် တကယ်ကို ယုတ်မာကြတယ် .. မင်းနေရာကို အေးဂျင့်တွေ လွှတ်လိုက်ပြီးတော့ နန်းတော်သခင်ကိုလည်း ချက်ချင်း အကြောင်းကြားလိုက်မယ် .. မင်း သတိထားဦးနော်..”
“ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်..”
ချူဖုန်း အံကြိတ်လိုက်၏။ အဝေးမှ ရေမှာ ရေငတ်မပြေစေနိုင်။ ဤနေရာမှ မြန်မြန်ထွက်သွားနိုင်ရန် သူ့ကိုယ်သူသာ အားကိုးရလိမ့်မည်။ သူတို့လိုက်မှီလာလျှင် သူ ဒုက္ခပိုများသွားလိမ့်မည်ပင်။
သူ အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် သူ့နှာခေါင်းနှင့် ပါးစပ်တွင် အဖြူရောင်မြူများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်လည်း ပြောင်းလဲလာသည်။ အန္တရာယ်များသည့် အခြေအနေမျိုးတွင် အသုံးပြုရန်အတွက် စွမ်းအင်များကို စုဆောင်းလိုက်သည်။
သူ့ထံ၌ ကျန်နေသည့် လက်ကျန်စွမ်းအားလေးကို အသုံးပြုကာ အရှိန်မြင့်လိုက်သည်။
ချူဖုန်း အသံနှုန်းထက် လေးဆမြန်သည့်နှုန်းဖြင့် သွားလိုက်သည်နှင့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သူ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း မီတာပေါင်းတစ်ရာကျော် ရောက်ရှိသွားသည်ပင်။
သူ ဖြတ်သွားသည့် လမ်းတစ်လျှောက်ရှိ သစ်ကိုင်းများ ကျိုးကျသွားကာ သစ်ရွက်ကြွေများလည်း လွင့်ပျံလာသည်။ သူသည် လူသားကျည်ဆံတစ်တောင့်ကဲ့သို့ပင်။ မည်သည့်အရာမှ သူ့ကို မတားဆီးနိုင်။
သူ့ရင်ဘတ်ရှိ ဒဏ်ရာများမှ သွေးများတစ်စက်စက် စီးကျနေသောကြောင့် သူ့လက်ဖြင့် ဖိထားရသည်။ သူ့သွေးများ ခမ်းခြောက်လုနီးပါး ဖြစ်နေသောကြောင့် သူ့မျက်နှာလည်း လူသေကဲ့သို့ ဖြူဖျော့နေလေပြီ။
တစ်ချိန်တည်းမှာပင် ကျိုးနေသည့် ခြေထောက်ဖြင့် ပြေးနေရခြင်းဖြစ်သောကြောင့် သူ အလွန်နာကျင်နေပြီဖြစ်သည်။ သူ့ကိုယ်တွင်းအင်္ဂါများကို အသက်သွင်းကာ သက်သာအောင် လုပ်လိုက်သော်လည်း နာကျင်မှုမှာ မပြေပျောက်နိုင်သေး။
သူ ဤအရှိန်ဖြင့် လမ်းတစ်လျှောက်လုံး မပြေးနိုင်။ ပြေးရင်းနားရင်းဖြင့်ပင် သူ ကီလိုမီတာ ၄၀၀ ကျော်သို့ ရောက်လာသည်။
သူ့တစ်ကိုယ်လုံး ချွေးအေးများ စီးကျနေသည်။ နောက်ဆုံးတော့ သူ့နောက်လိုက်လာသည့်သူများကို မျက်ခြေဖြတ်နိုင်ခဲ့လေပြီ။ သူ တစ်ဖြည်းဖြည်းချင်း အရှိန်လျှော့လိုက်ပြီး အသက်ဝဝရှူလိုက်ကာ ပုန်းနေနိုင်မည့်နေရာကို ရှာဖွေလိုက်သည်။
အဖြူရောင်မြူလွှာတစ်လွှာ သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းနေသည်။ သူ့ပါးစပ်နှင့် နှာခေါင်းဖြင့်သာမက မွေးညှင်းပေါက်အားလုံးဖြင့် စွမ်းအင်များ ပြန်လည်ဖြည့်တင်းနေခြင်းပင်။
ဤအသက်ရှူပညာမှာ တကယ်ကို ထူးခြားလှသည်။ သူသည် ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့်အပြင် ဝတ်မှုန်များ ဓာတ်ကူးရာတွင်လည်း ကူညီပေးနိုင်သည်။ ဤအသက်ရှူပညာရှိနေသောကြောင့်သာ။ မဟုတ်ပါက သူ အစောကြီးကတည်းက သေသွားလောက်လေပြီ။
အချိန်အတော်ကြာပြီးနောက် ချူဖုန်း မျက်လုံးများ ပွင့်လာသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေဆဲဖြစ်ပြီး မျက်မှောင်များ ကြုတ်ထားလေသည်။ သူ စိတ်ပူနေသည်မှာ သူ့နောက်လိုက်လာသည့်သူများကိုမဟုတ်။ ဤလူများကို သူ ရှင်းနိုင်သ်ည။ သူ စိုးရိမ်နေသည်မှာ သူ့ဒဏ်ရာများပင်။ ဒဏ်ရာများမှာ သူ ထင်ထားသည်ထက် ပြင်းထန်နေသည်။ ရင်ဘတ်ရှိ အပေါက်ကြီးမှာ သူ့နှလုံးအား ထိသွားသည်ပင်။
နဂါးနက်အိမ်ရှေ့စံမင်းသား၏ နောက်ဆုတ် မီးကုန်ယမ်းကုန် တိုက်ခိုက်မှုတွင် စွမ်းအင်များစွာ ပါဝင်နေသည်ပင်။ သူ့ဦးချိုမှ ထွက်လာသည့် အလင်းတန်းကြောင့် သူ့နှလုံး ဒဏ်ရာရသွားခြင်းပင်။
သူ့အသက်ဓာတ်ဖြင့် ထိုဒဏ်ရာကို ပိတ်လိုက်နိုင်သော်လည်း နှလုံးထဲတွင် ဟိန်းထုန်၏ စွမ်းအင်များ ရှိနေဆဲပင်။
ချူဖုန်း အသက်ရှူစည်းချက်ကို အကြိမ်ပေါင်းများစွာအသက်သွင်းကာ ကျန်နေသည့် စွမ်းအင်များကို ဖယ်ရှားပစ်လိုက်သည်။ သူ အချိန်အတော်ကြာသည်အထိ ဤကဲ့သို့လုပ်ရန် လိုအပ်နေလိမ့်မည်။
နောက်ငါးရက်အတွင်း သူ အားကုန်သုံး၍ တိုက်ခိုက်နိုင်မည်မဟုတ်။ မဟုတ်ပါက နှလုံးမှ ဟက်တက်ကွဲဒဏ်ရာ ပို၍ကြီးမားသွားလိမ့်မည်။
“ဟိန်းထုန် .. ငါ ငါးခုမြောက် အချုပ်အနှောင် ဖြတ်တောက်ပြီးသွားတဲ့နေ့ထိ စောင့်နေလိုက် .. ငါ မင်းကို ကင်စားပစ်မယ် ..” ချူဖုန်း တစ်ခါမှ ဤကဲ့သို့ မရှုံးနိမ့်ဖူး။
ရေတွေ့လိုက်သောကြောင့် ထိုနဂါးအသားကို သန့်စင်လိုက်ကာ မီးပုံပေါ် ကင်လိုက်သည်။ သူ့အသက်ဓာတ်ကို ဖြည့်တင်းရန် လိုအပ်နေပြီး ဤနဂါးအသားမှာ စွမ်းအားအများဆုံးရှိသည့် အကောင်းဆုံးအသားဖြစ်ကြောင်း သံသယဝင်စရာပင်မလို။
အသားကျက်သည်နှင့် ချူဖုန်း အငမ်းမရ စားတော့သည်။ သူ့ဗိုက်မှတစ်ဆင့် အရိုးများနှင့် ကြွက်သားများထံသို့ ဖြန့်ကျက်သွားနေသည့် နွေးထွေးမှုတစ်မျိုးကို သူ ခံစားနေရသည်ပင်။
သူ၏ မောပန်းနွမ်းနယ်မှုများလည်း အတော်လေး ပြေပျောက်သွားပြီး အားလည်းအနည်းငယ် ပြည့်လာသည်။ သူ့ဒဏ်ရာများပင် တစ်ဖြည်းဖြည်း ပျောက်ကင်းလာနေသည်။
သူ့နံရိုး၊ ရင်ဘတ်၊ ပခုံးနှင့် ပေါင်တို့မှ အသံများ ထွက်ပေါ်လာကာ အရိုးများ သူ့အလိုလို ကောင်းလာလေ၏။ အကုန်လုံး ကောင်းမွန်သွားခြင်းမဟုတ်သော်လည်း သာမန်လူတစ်ယောက်ထက်တော့ မြန်နေသည်ပင်။
“အရိုးဒဏ်ရာပျောက်ကင်းရန် ရက်တစ်ကြာသည်” ဟူသည့်စကားမှာ ဘုရင်အဆင့်သက်ရှိများအတွက် မဟုတ်။
နောက်ရက်အနည်းငယ်အတွင်း သူ လုံးဝပြန်ကောင်းသွားလိမ့်မည်ဟု သူ ခံစားနေရသည်။
သူ ပြန်လည်ကောင်းမွန်ရန် အချိန်ယူလိုက်သည်။ နေထွက်မှ နေဝင်သည်အထိ မထခဲ့။ ရေဆာလျှင် စမ်းချောင်းမှ ရေသောက်ပြီး ဗိုက်ဆာလျှင် နဂါးသားစားသည်။
“ငါ ပိုသန်မာလာအောင် လုပ်ရမယ်..”
သူ့လက်ရှိခွန်အားနှင့်ဆိုလျှင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်။
အထူးသဖြင့် ရောက်လာတော့မည့် ပြောင်းလဲမှုကြီးတွင် ကျွမ်းကျင်သူများသည် တောတောင်များ၊ မြစ်များမှ နတ်အသီးများ ရရှိရန်အတွက် လှုပ်ရှားလာကြတော့မည်။ အင်အားကြီးသည့်သူများ ရိတ်သိမ်းရမည့်အချိန်သို့ ရောက်လာတော့မည်။
အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမှသာ သူ စွမ်းအားအကြီးဆုံးသူများ၏ပွဲ၌ ယှဉ်ပြိုင်နိုင်လိမ့်မည်။
“ဒါပေမဲ့ ငါ အဆင့်တက်အောင် လုပ်ပေးနိုင်မယ့် နတ်ပန်းပွင့်အဖူးတွေကို ဘယ်မှာသွားရှာရမှာလဲ .. ဒီမျိုးစေ့တွေကို စိုက်ဖို့အတွက် သင့်တော်တဲ့သန္ဓေပြောင်းမြေ မရှိသေးဘူး” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
သူ အစက လုံဟူတောင်ကို သိမ်းပိုက်ပြီး အဆင့်တက်ရန် စဉ်းစားထားသော်လည်း ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။
“ဝတ်မှုန်တွေ မရှိပဲ ငါ အဆင့်မတက်နိုင်ဘူးလား .. ငါးခုမြောက် အချုပ်အနှောင်ကို ကိုယ့်ဘာသာကိုယ် ဖြတ်တောက်လို့ မရဘူးလား..” ချူဖုန်း ရေရွတ်လိုက်သည်။
ဤပြဿနာကို သူ ယခင်က နွားဝါလေးအား မေးဖူးသေးသည်။ ဤသည်မှာ မဖြစ်နိုင်သည်မဟုတ်သော်လည်း အလွန်ခက်ခဲလှသည်ဟု သူ ပြောခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လောကကြီးမှာ အကောင်းဆုံးအနေအထားသို့ မရောက်သေးသလို ထူးခြားသည့်စွမ်းအင်များလည်း များများစားစား မရှိသေး။ ဤသည်မှာ ကောင်းကင်ပေါ်သို့ တက်သည်လောက် မခက်သေးသော်လည်း အတော်လေး ခဲယဉ်းလှသည့် အကြံတစ်ခုပင်။
“ငါ မယုံဘူး .. ငါ သေချာပေါက် စမ်းကြည့်ရမယ် .. ငါ ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်နိုင်တာနဲ့ ဘယ်သူ့ကိုမှ ကြောက်ဖို့မလိုတော့ဘူး” ချူဖုန်း အင်အားကြီးလာပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေနိုင်သည့်ဘဝကို လိုချင်လာသည်။
ထိုညတွင် လုထုန် သူ့ကို ဆက်သွယ်လာကာ ဒေါင်းဘုရင်ကိုယ်တိုင် သူ့ကို အမဲလိုက်ရန် ထွက်လာပြီဖြစ်ကြောင်း အလောတကြီး ပြောလာသည်။
“သူ နောက်ဆုံးတော့ လှုပ်ရှားလာချင်ပြီပေါ့..” ချူဖုန်း ထိတ်လန့်သွားရသော်လည်း ဤသည်မှာ မဖြစ်နိုင်သည့်ကိစ္စတော့မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ဒေါင်းမျိုးနွယ်စုကြားတွင် နက်နဲလှသည့်အမုန်းတရားများ ရှိနေသည်ပင်။
“မင်းက သူတို့ထင်ထားတာထက် ပိုနေလို့ မင်းကို တစ်ယောက်တည်း လွှတ်ထားရင် သူတို့အတွက် အန္တရာယ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာ .. မင်း ရှီလာကိုသတ်ပြီး နဂါးနက်အိမ်ရှေ့စံမင်းသားကို အနိုင်ယူလိုက်တဲ့အချိန်မှာ အခြေအနေတွေက ရှုပ်ထွေးသွားတယ်” လုထုန် သူ့ကို ပြောလာသည်။
ထိုညတွင် ဒေါင်းဘုရင်သည် တောင်ပိုင်းရှိ ငှက်ဘုရင်အားလုံးကို ချူဖုန်းအား အမဲလိုက်ရန် လျှို့ဝှက်အမိန့်တစ်ခု ပေးလိုက်သည်။ ချူဖုန်း၏သဲလွန်စကို တွေ့သည်နှင့် ချက်ချင်း အကြောင်းကြားရန်လည်း ပြောထားလေသည်။
ဤအမိန့်သည် လျှို့ဝှက်အမိန့်ဖြစ်သင့်သော်လည်း ခဏကြာပြီးနောက် လူထုထံသို့ ပေါက်ကြားသွားကာ အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။
ချူဖုန်းကို ထိခိုက်အောင်လုပ်သည့်သူများအားလုံး ကျောက်စိမ်းဂူကျောင်း၏ ရန်သူဖြစ်လာပြီး ကျောင်းမှ ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဖြစ်ကြောင်း ချက်ချင်းပင် ကြေညာလိုက်သည်။
ဒေါင်းဘုရင်ကို တားဆီးရန်အတွက် ကျောက်စိမ်းဂူကျောင်းဆရာကို တောင်ပိုင်းသို့ သွားရန် ပြောပြီးဖြစ်ကြောင်း လုထုန် သူ့ကို ပြောလာသည်။
ဤပြောင်းလဲမှုများမှာ ရုတ်တရက် ဆန်လွန်းလှသည်။
အချို့ အဖွဲ့အစည်းများသည် ကျောက်စိမ်းဂူကျောင်းနှင့် ရပ်တည်ကာ ချူဖုန်းကို ကာကွယ်ရန်အတွက် သူတို့ အေးဂျင့်များကို လွှတ်လိုက်မည်ဖြစ်ကြောင်း ပြောလာသည်။
သို့သော် ဤစကားကြားလိုက်ရသော်လည်း ချူဖုန်း စိတ်မအေးနိုင်။ ဆန့်ကျင်ဘက်အားဖြင့် ပို၍ပင် စိတ်ဖိစီးလာရသည်။ အဘယ်ကြောင့်ဆိုသော် တောင်ဘက်ပိုင်း၌ ဤမျှများပြားလှသည့် ဘုရင်အဆင့်ကျွမ်းကျင်သူများ စုဝေးလာလျှင် ဘာမဆို ဖြစ်လာနိုင်သည်ပင်။
သူ့ဒဏ်ရာမပျောက်မချင်း ထိုအဖွဲ့အစည်းများမှ လူမျးနှင့်မတွေ့ချင်။ အဘယ်ကြောင့်ဆိုသော် ဤအဖွဲ့အစည်းများမှာ ယုံကြည်ရသည့်လူများမဟုတ်ကြောင်း သူသိသည်ပင်။
“ငါ အင်အားပိုကြီးလာအောင် လုပ်ရမယ်..”
ချူဖုန်း ပို၍ အင်အားကြီးချင်လာသည်။ ဤသည်မှာ ဤအန္တရာယ်များသည့် အခြေအနေကို ကျော်လွှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။
အပိုင်း ၂၃၆ ပြီး၏။