Switch Mode

Chapter – 235

အံ့အားသင့်စရာကောင်းသည့် အောင်မြင်မှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၅ – အံ့အားသင့်စရာကောင်းသည့် အောင်မြင်မှု

နှစ်လက်မသာ ရှိသည့် ပုလင်းထဲမှ ထွက်လာသည့် ဓားစွမ်းအင်များသည် နဂါးနက်မင်းသားကဲ့သို့ စွမ်းအားကြီးသည့်သူကိုပင် တုန်လှုပ်သွားစေခဲ့ပြီး သူ့ကိုယ်ပေါ်၌ ဒဏ်ရာများစွာ ရရှိစေခဲ့သည်။

နဂါးနက်မင်းသားမှာ အလွန်သုန်မှုန်နေသည်။ သူသည် အားအပြည့်ဖြင့် မတိုက်နိုင်သည့်အပြင် ဤအခြေအနေထိရောက်အောင် ရိုက်ခံနေရသေးသည်။

ဝုန်း..

တာအိုရတနာပုလင်းမှ ထွက်လာသည့် အလင်းတန်းများကြောင့် ကျောက်တုံးကြီးများ ဖုန်မှုန့်ဖြစ်သွားကာ သစ်ရွက်ကြွေများလည်း လေထဲလွင့်ပျံနေသည်။

ဟိန်းထုန် မြန်မြန်ပြန်ဆုတ်လိုက်ပြီးနောက် အော်ဟစ်ကာ အနက်ရောင်အကြေးခွံများကို ထပ်ထုတ်လိုက်ပြီး ပစ်လွှတ်လိုက်သည်။

သူသာ ရွေးချယ်ခွင့်ရှိလျှင် ဤအကြေးခွံများကို ထုတ်သုံးမည်မဟုတ်ပေ။

ရေနဂါးတစ်ကောင်အနေဖြင့် အကြေးခွံများ မပါတော့ပဲ ပြန်သွားလျှင် သူ လူရယ်စရာဖြစ်နေလိမ့်မည်။ သူ ခုနှစ်ခုမြောက် အချုပ်အနှောင်အား ဖြတ်တောက်ပြီးမှသာ သူ့အကြေးခွံအားလုံး ပြန်ပေါ်လာတော့မည်ပင်။

ဝူး..

အကြေးခွံများ လေထဲသို့ ဖြတ်သန်းသွားသည်နှင့် လေဟာနယ်ပင် တုန်ခါသွားကာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

လေထဲတွင်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များအစား အနက်ရောင်အကြေးခွံများ နေရာယူလာသည်။

ချူဖုန်းတည်ငြိမ်စွာဖြင့်ပင် သူ့ရတနာမျိုးစေ့ကို အသက်သွင်းလိုက်သည်။

ပုလင်း၏အဖြူရောင်ကိုယ်ထည်ထက်တွင် ရွှေရောင်နှင့် အစိမ်းရောင်အလင်းများ ရောယှက်နေသည်ပင်။

ဝုန်း..

ပုလင်းအဝမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး အနက်ရောင်အကြေးခွံများကို ချေဖျက်လာသည်။ သို့သော် ထိုအလင်းကွန်ယက်ကြားမှ လွတ်မြောက်ပြီး ချူဖုန်းထံသို့ ရောက်လာသည့် အကြေးခွံများလည်း ရှိနေသည်ပင်။

ချူဖုန်း အနီရောင်ဓားမြောင်ကို ပစ်လွှတ်လိုက်ပြီး ဝင်လာသည့် အကြေးခွံများကို ခုခံလိုက်သည်။ ထို့သို့ခုခံနေသော်လည်း သူ့ခန္ဓာကိုယ်ထက်၌ ဒဏ်ရာများစွာ ထင်ကျန်နေဆဲပင်။

သူတို့နှစ်ဦးသည် တစ်ဦးကို တစ်ဦး သတ်ပစ်ရန်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်သောကြောင့် နှစ်ဦးလုံး ဒဏ်ရာရရှိသွားကြသည်ပင်။

အထူးသဖြင့် ဆက်လက်တိုက်ခိုက်လာရင်းဖြင့် ချူဖုန်း မျက်မှောင်ကြုတ်လာသည်။ ဤပုလင်းသည် စွမ်းအားကြီးသော်လည်း စွမ်းအင်ကုန်ဆုံးမှု အတော်လေး များပြားလှသည်။ ဤအတိုင်းသာ ဆက်သွားလျှင် သူ အားအင်ကုန်ခမ်းသွားလိမ့်မည်။

တိုက်ခိုက်မှုကို ခေတ္တရပ်တန့်ကာ အကြေးခွံများကို ရှောင်တိမ်းရင်း နောက်ဆုတ်လိုက်သည်။ သူ့မျက်နှာထက်မှ သွေးများ စီးကျလာနေသည်ကို မြင်တွေ့နိုင်သည်ပင်။

ခပ်ဝေးဝေး၌ ရှိနေသည့် ဟိန်းထုန်လည်း ဒဏ်ရာများစွာ ရရှီသွားခဲ့ပြီး တစ်ကိုယ်လုံး တောက်ပသည့် နဂါးသွေးများဖြင့် စိုရွှဲနေသည်ပင်။

ချူဖုန်း သူ့စွမ်းအင်များ ဆက်မသုံးချင်တော့သကဲ့သို့ ဟိန်းထုန်လည်း အကြေးခွံများ ထပ်သုံးရန် မတတ်နိုင်တော့။

“မြွေနက်ကြီး ကျုပ်တို့တွေ ဒီလိုမျိုး ဆက်တိုက်နေစရာ လိုလို့လား..” ချူဖုန်း ရန်စ၍ မေးလိုက်သည်။ သူ ဤရေနဂါးကို မကြောက်သော်လည်း ဆက်တိုက်နေလျှင် သူ များစွာ ပေးဆပ်ရလိမ့်မည်ကို သူသိသည်။

“ငါ မင်းကို သေအောင် သတ်ပစ်မယ်..” ဟိန်းထုန် အေးစက်စွာ ပြန်ပြောလိုက်သည်။ ဤကဲ့သို့ ဖိနှိပ်ခံရသည့် အရှက်တရားကို သူ မချေဖျက်နိုင်ဖြစ်နေသည်။

ဤသတင်းသာ ပျံ့သွားလျှင် သူ့လက်အောက်ငယ်သားများကို သူ မျက်နှာချင်းဆိုင်နိုင်တော့မည်မဟုတ်။

“ဂီး..” ဟိန်းထုန် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောက်ပလာကာ သူ့ဒဏ်ရာများလည်း စတင်စေ့ပိတ်လာသည်။ သူ့လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီး လက်သင်္ကေတအချို့ကို ပြုလုပ်လာသည်။

တစ်ချိန်တည်းမှာပင် သူ့ခြေထောက်များသည့် နဂါးအမြှီးကဲ့သို့ ချူဖုန်းထံသို့ လွှဲရမ်းလာသည်။

“ငါ မင်းကို ကြောက်မယ်လို့ ထင်နေတာလား .. အဲဒီတော့လည်း ဒီမှာ သေတဲ့အထိ တိုက်ကြတာပေါ့..” ချူဖုန်း အေးစက်စွာ ပြောလိုက်ပြီး ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများမှာ နေလုံးကဲ့သို့ တောက်ပနေပြီး သူ့တစ်ကိုယ်လုံး၌ ထူးခြားသည့်စွမ်းအင်များ ပျံ့နှံ့နေသည်။

ချူဖုန်း သူ့တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအင်များကို အသုံးပြုပြီး သူ၏လက်သီးပညာကို အသက်သွင်းလိုက်သည်။

ခွပ်..

သူတို့နှစ်ဦးသည် အလွန်လျင်မြန်လှသည့် အရှိန်ဖြင့်ပင် တိုက်ခိုက်လာကြသည်။ သူတို့နှစ်ဦးကြားမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး တစ်တောလုံးကို လင်းထိန်သွားခဲ့သည်။ ကြီးမားလှသည့် ကျောက်တုံးများစွာလည်း လေထဲလွင့်ပျံကာ ပေါက်ကွဲထွက်ကုန်သည်။

နဂါးတစ်ကောင် အသက်ဝင်လာသကဲ့သို့သက်ဝင်လာသကဲ့သို့ ဟိန်းထုန် နဂါးသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့နောက်တွင်လည်း ကြောက်စရာကောင်းသည့်အော်ရာများ ထုတ်လွှတ်နေသည့် နဂါးတစ်ကောင် ထွက်ပေါ်လာသည်ပင်။

မူး..

ချူဖုန်း သူ့နွားနတ်ဆိုးလက်သီးကို အသက်သွင်းလိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး၌ နွားအော်သံများ ပဲ့တင်ထပ်သွားသည်နှင့်အတူ နွားနက်ကြီးတစ်ကောင်ပုံထွက်ပေါ်လာသည်။ ထွက်ပေါ်လာသည်။

သူတို့နှစ်ဦးလုံး လက်သီးပညာကို အားအပြည့်ဖြင့် အသက်သွင်းလိုက်ကြခြင်းပင်။ လူနှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေသည့်အချိန်တွင် နွားနတ်ဆိုးနှင့် ရေနဂါးတို့လည်း ကြယ်ကောင်းကင်ထက်၌ တိုက်ခိုက်နေကြသည်။

ယခုအချိန်တွင် ချူဖုန်း၏အကြည့်များမှာ စူးရှလှပြီး သူ့လက်သီးများမှာလည်း နွားဦးချိုကဲ့သို့ပင်။ သူ၏တိုက်ခိုက်မှုများမှာ တောင်ထိပ်တစ်လုံး အလွယ်လေး ပြိုကျသွားနိုင်ရန် လုံလောက်သည်။

ဒုန်း..

ဟိန်းထုန် ဒေါသထွက်နေပြီး ချူဖုန်းနှင့် တိုက်ခိုက်နေသည့် သူ့လက်များမှာ သွေးများစီးကျနေပြီဖြစ်သည်။

ဂီး..

နောက်ဆုံးတွင် ချူဖုန်းသည် နွားနတ်ဆိုးလက်သီးနှင့်အတူ ရေနဂါးလက်သီးကို အသက်သွင်းလိုက်သည်။ ဤလက်သီးပညာနှစ်ခု ပေါင်းစပ်သွားသည်နှင့် ခွန်အားနှင့် အရှိန်များ တိုးမြှင့်လာသည်။

ခွပ်..

ယခုအချိန်တွင် သူသည် ဟိန်းထုန်နှင့် အနီးကပ်တိုက်ခိုက်နေခြင်းဖြစ်သောကြောင့် အန္တရာယ်များလှသည်။ သူ့လက်သီးချက်အားလုံးမှာ ဟိန်းထုန် ကိုယ်ပေါ်သို့ ကျရောက်နေသောကြောင့် ဟိန်းထုန် လွင့်ထွက်ကာ သွေးအန်လာသည်။

ထိုအတောအတွင်းတွင် ဟိန်းထုန်၏ ခြေထောက်များသည်လည်း နဂါးအမြှီးကဲ့သို့ တိုက်ခိုက်နေသောကြောင့် ချူဖုန်း၏နှုတ်ခမ်းထောင့်၌ သွေးများစီးကျလာသည်ကို မြင်ရမည်ပင်။

ချူဖုန်း သူ၏နတ်ခြေထောက်ကို အသက်သွင်းလိုက်ပြီး ရေနဂါးလက်သီးနှင့် ပေါင်းစည်းလိုက်သောကြောင့် သူခြေကန်ချက်တစ်ခုစီတိုင်းမှာ နဂါးတစ်ကောင် အမြှီးဖြင့် တပ်သားတစ်ထောင်ကို ရိုက်ချနေသကဲ့သို့ပင်။

ခွပ်..

ဟိန်းထုန် ကန်ခံလိုက်ရသောကြောင့် လွင့်ထွက်သွားကာ တောင်တစ်ခုနှင့် တိုက်မိသွားသည်။

သူတို့နှစ်ဦးလုံး၏ မျက်လုံးများ နီရဲနေကြလေပြီ။ သူတို့သည် ဘာကိုမှ ဂရုမစိုက်တော့ပဲ တစ်ယောက်ကိုတစ်ယောက် ပြေးတိုက်နေကြလေ၏။

သူတို့သည် တိုက်ခိုက်ရင်း နေရာအနှံ့ ရွေ့နေကာ သူတို့ရောက်သွားသည့် နေရာရှိတောင်တိုင်း ပြိုကျပျက်စီးသွားရသည်။

ဝုန်း…

လျှပ်စီးအဆောင်ရှိနေသည့် ချူဖုန်း၏ ဘယ်လက်ဝါး တောက်ပလာ၏။ ချူဖုန်း နတ်ဆိုးဖိနှီပ်ခြင်းပညာကို အသက်သွင်းလိုက်ပြီး ဟိန်းထုန်၏ခန္ဓာကိုယ်ကို ရိုက်ချလိုက်သောကြောင့် ဟိန်းထုန် တစ်ကိုယ်လုံး လျှပ်စီးဖြင့် လွှမ်းခြုံသွားကာ လူလည်း လွင့်ထွက်သွားသည်။

ချူဖုန်း၏လက်သီးများ တောက်ပနေပြီး သူ့နတ်ခြေထောက်များလည်း အလွန်လျင်မြန်လှသည်။ သူသည် ရန်သူနောက် ဆက်တိုက်လိုက်နေပြီး လက်သီးမိုးများ ရွာသွန်းနေသည်။

ယခုအချိန်တွင် ဤနဂါးနက်မင်းသားကို သတ်ပစ်နိုင်သည်မှလွဲ၍ သူ ဘာမှမလိုချင်။

သူ အနည်းငယ် လောနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူဖြစ်သောကြောင့် သူ့ထံတွင် ကွယ်ဝှက်ထားသည့် အထူးစွမ်းရည်များ ရှိနေနိုင်သည်။

“ဂီး..”

ချူဖုန်း ဒေါသတကြီး အော်ဟစ်လိုက်ကာ ပါးစပ်မှ နဂါးသွေးစွမ်းအင်များကို မှုတ်ထုတ်လိုက်၏၊ ထိုသွေးစွမ်းအင်များသည် အနီရောင်ရေနဂါးအဖြစ်သို့ ပြောင်းလဲသွားကာ ချူဖုန်းထံသို့ ချက်ချင်း ဦးတည်သွားလေသည်။

ခွပ်..

ချူဖုန်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားကာ လွင့်ထွက်သွားခဲ့သည်။

သူတို့နှစ်ဦး နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာကြသည်။ သူတို့ခြေထောက်အောက်ရှိ တောင်များ ပြိုကျပျက်စီးသွားရသည်ကို ကြည့်ခြင်းအားဖြင့် သူတို့အင်အား မည်မျှကြီးမားသည်ကို သိနိုင်သည်။

ဟိန်းထုန်၏ ခံစားချက်မှာ အလွန်ဆိုးရွားနေလေပြီ။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကြောင့် သူ နတ်စွမ်းရည်များအသုံးပြု၍မရ။ သို့သော် ဤအတိုင်းသာဆက်သွားလျှင် သူနှစ်ပိုင်းဖြစ်တော့မည်။

ချူဖုန်းကတော့ အလွန်ကို ကြမ်းတမ်းနေသည်။ နတ်ဆိုးလက်သီးပညာနှစ်ခုကို ပေါင်းစပ်ထားသောကြောင့် သူ့ခွန်အားမှာ ချက်ချင်းပင် တဟုန်ထိုး တိုးတက်လာသည်။

ထူးခြားသည့်အသက်ရှူပညာကိုလည်း ပေါင်းစည်းလိုက်သောကြောင့် သူ့ပါးစပ်နှင့် နှာခေါင်းတွင် အငွေ့ဖြူများ ထွက်နေပြီး သူ့ခွန်အားလည်း အဆမတန် တိုးတက်လာသည်။ ဤသို့ဖြင့် သူ ဟိန်းထုန်ကို ဖိနှိပ်ပြီး ထပ်ခါတလဲလဲ လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့သည်။

“သတ်…” ချူဖုန်း အော်ဟစ်လိုက်သည်။ သူ့ညာလက်သီး ဟိန်းထုန်ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး နံရိုးများစွာ ကျိုးသွားသည်။ နွားနတ်ဆိုးနှင့် ရေနဂါးနတ်ဆိုးပညာ ပေါင်းစပ်ထားသည့် ဘယ်လက်သီးမှာ ဟိန်းထုန်၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားသည်။

နဂါးနက်မင်းသားမှာ ယခုတော့ နောင်တရနေလေပြီ။ အခွင့်အရေးရတုန်း သူ့စွမ်းအားများကို ထုတ်သုံးခဲ့သင့်သည်။ ယခုတော့ သူ ဒုက္ခရောက်နေလေပြီ။

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ဝင်လာသည့်လက်သီးများကို သူ့လက်များဖြင့် ကာလိုက်ကာ သူ့ဝမ်းဗိုက်ကို ကာကွယ်လိုက်သည်။ သို့သော်လည်း သူ နောက်ယိုင်သွားကာ သွေးအန်သွားဆဲပင်။ သူ့လက်မောင်းထဲသို့ မရင်းနှီးသည့် စွမ်းအင်တစ်ခု စီးဝင်လာကာ သူ့အတွင်းအင်္ဂါများအား တိုက်စားသွားသည်ကို ခံစား၍ရနေသည်ပင်။

ခွပ်..

ထိုအချိန်တွင် ချူဖုန်းကြောင့် သူ့လက်တစ်ဖက် ကျိုးသွားလေပြီ။

ဟိန်းထုန်၏မျက်လုံးများ နီရဲလာသည်။ ဤပုံစံအတိုင်းဆိုလျှင် သူ ဤတိုက်ပွဲကို ရှုံးရုံသာမက သူ့အသက်ကိုလည်း ဆုံးရှုံးရလိမ့်မည်္။

သူ အသက်စွန့်ကာ တိုက်ခိုက်ရုံမှလွဲ၍ မတတ်နိုင်တော့။

ထို့နောက် ဟိန်းထုန် သူ၏ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားထုတ်လွှတ်ကာ ချူဖုန်းထံသို့ ဦးတည်သွားလိုက်လေသည်။

ယခုအချိန်တွင် ဟိန်းထုန်သည် အနက်ရောင်နေမင်းကြီးကဲ့သို့ အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်နေလေ၏။

ခွပ်..

တစ်ချက်တည်းဖြင့် ချူဖုန်း၏လက်မောင်းတစ်ဖက် အက်သွားသည်။

“အား…” ဟိန်းထုန် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ခါးရှိ ဒဏ်ရာမှ သွေးများ ပန်းထွက်လာပြီး သူ့အရိုးကျိုးသံများကိုလည်း အတိုင်းသား ကြားနေရသည်ပင်။

ဟိန်းထုန်၏ လက်များမှာ အနက်ရောင်နေလုံးကြီးအား ဆွတ်ခူးထားသကဲ့သို့ မည်းနက်နေပြီး ချူဖုန်းအား ပြင်းထန်စွာ တိုက်ခိုက်လာသည်။

ချူဖုန်း ဆက်တိုက် နောက်ဆုတ်နေခဲ့သော်လည်း ဤတိုက်ခိုက်မှုအားလုံးကို မရှောင်ရှားနိုင်သောကြောင့် မကြာမီတွင် သူ ဒဏ်ရာများစွာ ရတော့သည်။

သူ့နံရိုးများ အက်သွားပြီး သူ့ရင်ဘတ်တွင်လည်း ထုတ်ချင်းဖောက်မြင်ရသည့် အပေါက်ကြီးတစ်ပေါက် ရှိနေသည်။ သူ့လည်ပင်းတွင်လည်း ဟက်တက်ကွဲဒဏ်ရာကြီးတစ်ခု ရှိနေသည်ပင်။

“အား..”

ဟိန်းထုန် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ တစ်စစီဖြစ်လုနီးပါးပင်။ သူ လူသားပုံစံကို မထိန်းသိမ်းနိုင်တော့ပဲ မီတာပေါင်းတစ်ရာကျော် ရှည်လျားသည့် ဧရာမမြွေနက်ကြီးအဖြစ် ပြန်ပြောင်းသွားသည်။

ထို့အပြင် သူ့မျက်ခုံးကြားမှ အက်ကွဲလာပြီး သွေးများစီးကျလာသည်။

ဒဏ်ရာရနေသည့် မြွေပုံစံသို့ ပြန်ပြောင်းသွားသည်နှင့် သူ ချူဖုန်းကို ဖိသတ်ပစ်ရန် ချက်ချင်း ကြိုးစားလိုက်သည်။ သူသည် ဘာကိုမှ ဂရုမစိုက်တော့ပဲ သူ၏စွမ်းအားအကြီးဆုံးပုံစံ ထုတ်သုံးကာ သူ မပြိုလဲခင် ချူဖုန်းကို သတ်ပစ်ရန် ကြိုးစားလိုက်သည်။

“သွားသေလိုက်တော့..” သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဝုန်း..

ချူဖုန်း ချာကရမ်ထဲသို့ သူ့စွမ်းအားများ ထည့်သွင်းကာ ပစ်ပေါက်လိုက်သည်။ ထိုင်နေသည့် ဧရာမပစ်မှတ်ကြီးကိုပင် ထိအောင် မပစ်နိုင်ပါက သူ့အပြစ်ဖြစ်သွားလေပြီ။

ဖူး..

ယခုအချိန်တွင်တော့ ဟိန်းထုန်၏ ခန္ဓာကိုယ်နှစ်ပိုင်းဖြစ်သွားလေပြီ။ သူ့အခြေအနေမှာ ဆိုးသထက် ဆိုးလာနေလေပြီ။

ရန်သူ၏ဦးခေါင်းကို မထိလိုက်သည့်အတွက် ချူဖုန်း အနည်းငယ် နောင်တရမိသွားသည်။

ဂီး..

ဟိန်းထုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ဒေါသထွက်နေသော်လည်း ဒေါသကြောင့် အသိဉာဏ် ဖုံးကွယ်သွားရသည်အထိတော့မဟုတ်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ကောက်ယူပြီးနောက် ချက်ချင်းပင် ပြေးထွက်သွားလေတော့သည်။

“မင်းက ဘယ်သွားချင်နေတာလဲ..” ချူဖုန်း အော်ဟစ်လိုက်ကာ ဓားပျံကို သူ့ရှေ့ထားလျက် ဟိန်းထုန်နောက်မှ ပြေးလိုက်သွားလိုက်သည်။ ဖူး ဟူသည့်အသံနှင့်အတူ နဂါးနက်မင်းသား၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှ ပန်းကန်အရွယ်အစား ဒဏ်ရာဖြစ်ပေါ်လာသည်။

ပြေးလိုက်နေရင်းဖြင့် သူ့စွမ်းအားများ ကုန်ဆုံးလာသလို ချူဖုန်း ခံစားလိုက်ရသည်။ သူ့ဒဏ်ရာများ ပြင်းထန်လှသည့်အပြင် သူ စွမ်းအင်အမြောက်အများ သုံးမိသွားလေပြီ။

သူ ထပ်မလိုက်တော့ရန် ဆုံးဖြတ်လိုက်ပြီး သူ့ဓားကို ပြန်သိမ်းလိုက်သည်။ ဆက်လိုက်လျှင် သူတို့နှစ်ဦးလုံး ပျက်စီးသွားလိမ့်မည်။

“အမ်..” သူ့ ချာကရမ်ရှိနေသည့်ဘက်သို့ တစ်ယောက်ယောက်သွားနေသည်ကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရသည်။

“ခင်ဗျား လှုပ်ရဲရင် လှုပ်ကြည့်..” ချူဖုန်း ထိုလူ၏ဦးခေါင်းထက် ဓားပျံဖြင့် မိုး၍ ပြောလိုက်သည်။ ထို့နောက် သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီး ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထိုလူများသည် ချက်ချင်းပင် တောအုပ်ထဲ ပြေးဝင်သွားပြီး ပုန်းနေလိုက်ကြသည်။ ချူဖုန်းနှင့် နဂါးနက်မင်းသားတို့ တိုက်ကြသည့် တိုက်ပွဲကို မြင်ခဲ့ရသောကြောင့် မည်သူမှ ချူဖုန်းနှင့် မတိုက်ချင်။

ချူဖုန်း စိတ်ဝိညာဉ်စွမ်းအားဖြင့် သူ့ချာကရမ်ကို ပြန်ယူလိုက်ပြီး အစောပိုင်းက ပြုတ်ကျကျန်ခဲ့သည့် နဂါးအသားကိုဆွဲကာ တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။

သူ့ခန္ဓာကိုယ်အခြေအနေမှာ အရေးကြီးနေပြီး ကုသရန် လိုအပ်သည်ဟု သူ ခံစားနေရသည်။

တာအိုလေ့လာပြီးနောက် ဤမျှဆိုးရွားသည့် အခြေအနေ ကြုံရသည်မှာ ပထမဆုံးပင်။ အရိုးများစွာ အက်နေပြီး ရင်ဘတ်၌လည်း အပေါက်ကြီး ရှိနေသောကြောင့် သာမန်လူသာဆိုလျှင် အစောကြီးကတည်းက သေသွားလောက်လေပြီ။ဆိုးရွားသည့် အခြေအနေ ကြုံရသည်မှာ ပထမဆုံးပင်။ အရိုးများစွာ အက်နေပြီး ရင်ဘတ်၌လည်း အပေါက်ကြီး ရှိနေသောကြောင့် သာမန်လူသာဆိုလျှင် အစောကြီးကတည်းက သေသွားလောက်လေပြီ။

ဤသည်မှာ လောကကြီးကို တုန်လှုပ်သွားစေသည့် တိုက်ပွဲတစ်ခုပင်။

ချူဖုန်း တောင်ပင်လယ်မှ နဂါးနက်မင်းသားအား သတ်တော့မလိုထိ ဖြစ်သွားသည်ကို လူများ ထိတ်လန့်သွားကြကာ မယုံကြည်နိုင် ဖြစ်နေကြလေသည်။
အပိုင်း ၂၃၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset