Switch Mode

Chapter – 9

မနက်နဲ့ ညနေခင်းတွေမှာလည်း ကောင်းကင်က တစ်ခုထဲပါပဲ

Chapter – 9 မနက်နဲ့ ညနေခင်းတွေမှာလည်း ကောင်းကင်က တစ်ခုထဲပါပဲ

နေရာလပ်ဒေသကို ကျောက်ဟိုင် လှည့်ပတ်ကြည့်လိုက်သည်၊ တစ်ခုခုဖြစ်တော့မယ်အ ရိပ်အယောင်တွေတော့ မတွေ့ရသေး။ နေရာလပ်ဒေသကနေ ပြန်ထွက်ခွာပြီး သူ့အိပ်ယာပေါ်မှာကျောက်ဟိုင် လှဲလျောင်းနေရင်း အိပ်ယာနိုးလာတဲ့အချိန်ကစပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်တွေးတောနေဖြစ်သည်။

သူ ၀ိဥာဉ်ကူးပြောင်းလာခဲ့တာလို့ တွေးမိတဲ့အချိန်မှာ တကယ်ကို ထူးထူးခြားခြား ဘာမှမခံစားခဲ့ရလေဘူး။ ဆန့်ကျင်ဘက်အနေနဲ့ နက်ရှိုင်းတဲ့ခံစားချက်တောင် ရခဲ့သေးသည်မဟုတ်လား။ မြေကမ္ဘာပေါ်မှာ သူက စာရေးဆရာတွေ လစဉ်အပိုင်းသစ်တင်တာကိုပဲ စောင့်နေရင်းနဲ့ ဘ၀ကို ဖိအားတွေ၊ စိတ်ညစ်စရာတွေနဲ့ ဖြတ်သန်းခဲ့ရသည်။

ဒီအာ့ဆုကုန်းမြေမှာတော့ သူက မြင့်မြတ်တဲ့အထက်တန်းလွှာတစ်ယောက်ဖြစ်သည်။ သူ့ကို ဘေးဖယ်ထုတ်ထားပေမယ့်လည်း ကံကျွေးခံမြေတစ်ခုလည်းရှိသလို စောင့်ရှောက်ပြုစုပေးမယ့် လူတွေလည်းရှိသည်။ ဒါ့အပြင် ရာကျော်တဲ့အစေခံတွေရဲ့ သေခြင်းရှင်ခြင်းကိုလည်း သူက ဆုံးဖြတ်နိုင်သေးသည်။ အထူးသဖြင့်တော့ သူ့မှာ နေရာလပ်ဒေသတစ်ခုဖြစ်တဲ့ ယာခင်းတွေရှိသည်။

ဒီနေရာလပ်ဒေသက ဘယ်လိုပေါ်ပေါက်ခဲ့တာကို မသိပေမယ့်လည်း ဒီနေရာလပ်ယာတွေရှိနေသမျှတော့ စားစရာအတွက် စိတ်ပူစရာမလိုအပ်ပေ။ ဘ၀ကို လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေး ကုန်ဆုံးနိုင်ပေမည်။

ဒီလိုတွေတွေးမိတော့ အနာဂတ်မှာ ယာခင်းတွေတိုးတက်ချဲ့ကားနိုင်ဖို့ ဘာလုပ်ရမယ်ကို တွေးမိပြန်သည်။ နောက်တော့မှ ဒါတွေကို အခုတွေးတာက အသုံးမ၀င်နိုင်ဘဲ တစ်ဆင့်ချင်းဆီ အဆင့်မြင့်လာဖို့လုပ်သင့်ကြောင်း တွေးထားလိုက်သည်။

ဒီနေရာလပ်ဒေသက မှော်ဆန်တာမို့ ဘယ်အချိန်ပျောက်သွားနိုင်တယ်ဆိုပြီး သူစိုးရိမ်စိတ်ဝင်မိသေးသည်။ ထို့ကြောင့် တတ်နိုင်သမျှတော့ အနက်ရောင်လွင်တီးခေါင်မြေက မြေဆီလွှာတွေကို စိုက်ပျိုးနိုင်တဲ့မြေဖြစ်အောင် လုပ်ရပေတော့မည်။ သို့မှသာ နေရာလပ်ဒေသပျောက်ကွယ်သွားခဲ့ရင်လည်း သူ့မှာကိုယ်ပိုင် ယာခင်းတွေရှိနေမှာမို့ စိတ်ချရပြီပေ။

အတွေးတွေနယ်ချဲ့ရင်း ကျောက်ဟိုင် တဖန်အိပ်မောကျသွားလေသည်။ အိပ်မက်ထဲတွင်တော့ သူက ကြီးမားတဲ့အိမ်ယာတစ်ခုကို တည်ထောင်နိုင်ခဲ့ကာ မြို့အရှင်သခင်ဖြစ်လာ၏။ သူ့ဘ၀တစ်လျှောက်လုံး အေးဆေးစွာနဲ့ကုန်ဆုံးခဲ့ပြီး ဘ၀ကြီးက သာယာလှပေသည်။

အိပ်မက်ထဲ ပျော်ပါးနေစဉ်မှာ အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရပေသည်။

“ မုန်လာဥတွေ ရင့်မှည့်ပါပြီ။ တတ်နိုင်သမျှ မြန်မြန် ရိတ်သိမ်းသင့်ပါတယ်”

ကျောက်ဟိုင် အိပ်ယာပေါ်ကနေ ငေါက်ခနဲထထိုင်လိုက်သည်။ နေရာလပ်ဒေသထဲ ချက်ချင်းဝင်သွားတဲ့အခါ မုန်လာဥဖြူတွေရင့်မှည့်နေတာကိုမြင်ရသည်။ ကြီးမားတဲ့မုန်လာဥဖြူတွေက တစ်ခုနဲ့တစ်ခု ပြွတ်သိပ်ကျပ်ကာ မြေဆီလွှာထဲကနေပင် ထွက်လာတော့မတတ် ရင့်မှည့်နေကြပေပြီ။

ကျောက်ဟိုင် ယာခင်းဘေးကို ချက်ချင်းပြေးသွားလိုက်သည်။ ကုန်းလိုက်ပြီး လက်နဲ့နည်းနည်းတူးဆွကာ မုန်လာဥဖြူတစ်လုံးကို ယူလိုက်သည်။ ပေရေနေတာတွေကို တစ်ချက်သုတ်လိုက်ပြီး ညစ်ပတ်နေမှာကိုတောင် ဂရုမစိုက်တော့ဘဲ ကိုက်စားလိုက်သည်။

ချိုလွန်းတဲ့အရသာက ကျောက်ဟိုင်ပါးစပ်ထဲပြန့်သွားသည်။ ကျောက်ဟိုင် သက်ပြင်းချလိုက်သည်။ မြေကမ္ဘာပေါ်မှာတုန်းကဆိုရင် ကျောက်ဟိုင်က မုန်လာဥဖြူစားရတာကိုသိပ်ကြိုက်ခဲ့သည်။ မုန်လာဥဖြူက အစိမ်းရောင်မုန်လာဥနဲ့မတူပေ။ အစိမ်းရောင်မုန်လာဥက အနဲ့စူးလွန်းလှသည်။ အခုသူ့လက်ထဲက မုန်လာဥဖြူက မြေကမ္ဘာက မုန်လာဥတွေထက်ပိုအရသာရှိလွန်းနေလေသည်။

လက်ထဲကမုန်လာဥဖြူကို ၀ါးစားနေရင်း အလေးချိန်ကိုချိန်ဆကြည့်တော့ အနည်းဆုံးသုံးကတ်တီရှိသည်ကို တွေ့ရသည်။ ကြီးမားပြီး ပြည့်ဝိုင်းကာ စားချင်စဖွယ်လည်းဖြစ်သေးသည်။

ကျောက်ဟိုင် အော်ရယ်ရင်း တဲအိမ်လေးထဲဝင်လိုက်ကာ ခြင်းတောင်းကို ကောက်ကိုင်လိုက်သည်။

အသံကျယ်ကျယ်နဲ့

“ စုဆောင်း” လို့အော်လိုက်တာနဲ့ မုန်လာဥတွေ ပျံတက်လာကာခြင်းတောင်းထဲအလိုလို ၀င်လာကြပေသည်။ သို့သော် မုန်လာဥဖြူတွေ ဘယ်လောက်ဝင်ဝင် ခြင်းတောင်းက မပြည့်သည်ကိုတွေ့ရ၏။ ထို့ကြောင့် ကျောက်ဟိုင် ငုံ့ကြည့်လိုက်တဲ့အခါ အထဲရောက်သွားပြီးတာနဲ့ ပျောက်ကွယ်သွားကြကြောင်း တွေ့ရသည်။

အားလုံးစုဆောင်းပြီးသွားတဲ့အခါ တဲထဲက ပြန်ထွက်လာလိုက်သည်။ ယာခင်းထဲတွင်တော့ တွင်းတွေဖြစ်နေလေပြီ။

ကျောက်ဟိုင် ဒီမုန်လာဥတွေကို မရောင်းသေးဘဲ နောက်ထပ်မျိုးစေ့တွေ ထပ်ဝယ်လိုက်ဖြစ်သည်။ အရင်အတိုင်းပါပဲ စိုက်ပျိုးဖို့အမိန့်ပေးလိုက်တော့ သူ့ဘာသာ အသီးသီးလုပ်ဆောင်ကြတော့သည်။

ထိုအချိန်တွင် ‘ ဒင်’ ဆိုတဲ့အသံထွက်လာကာ စကားပြောသံတစ်ခုက တဆက်တွဲပါလာသည်။

“ ဂုဏ်ယူပါတယ်။ မင်း အဆင့်နှစ်ကို ရောက်သွားပါပြီ။ လက်ဆောင်အနေနဲ့ အဖြူရောင်ဂေါ်ဖီထုပ် နှစ်ထုပ်ရပါတယ်။ တစ်ထုပ်ကို ယာတစ်ကွက်စိုက်ပျိုးဖို့ လုံလောက်ပါတယ်”

ကျောက်ဟိုင် နှုတ်ခမ်းတွေမဲ့လိုက်၏။

“ တစ်ထုပ်ကို တစ်ကွက်ထဲလား၊ တင်းကျပ်လိုက်တာ”

အလုပ်ကိစ္စတွေပြီးသွားတော့ ကျောက်ဟိုင် နေရာလပ်ဒေသက ပြန်ထွက်လာလိုက်သည်။ အပြင်မှာ နေပင်မထွက်သေးဘဲ တအားကို စောလွန်းနေသေးသည်။ သို့ပေမယ့် ကျောက်ဟိုင်ကတော့ ပြန်မအိပ်ချင်တော့။

ဂရင်းတို့တွေပင် မထသေးသလို အစေခံတွေလည်း အိပ်ပျော်လျက်ရှိသေးသည်။ ကျောက်ဟိုင်ကတော့ စိတ်လှုပ်ရှားနေတာမို့ အိပ်မရတော့။ မုန်လာဥဖြူတွေကိုက်စားထားတာမို့လို့ သူ ဗိုက်လည်းပြည့်နေသည်။

သုံးကတ်တီရှိတဲ့ မုန်လာဥဖြူတစ်လုံးလုံးကိုတော့ ကျောက်ဟိုင်စားမကုန်ုနိုင်တာမို့ တစ်ဝက်စားပြီးနောက် ရပ်ထားလိုက်သည်။ ထိုအချိန်တွင်ထူးဆန်းတဲ့ အရာကဖြစ်လာသည်။ သူ့ဝမ်းဗိုက်တွင် တစ်စုံတစ်ရာဖြစ်ပေါ်လာသလိုမျိုး ရုတ်တရက်ပင် အားအင်တွေပြည့်လာသည်။ မောပန်းနွယ်းနယ်မှုတွေလည်း ချက်ချင်း ပျောက်ကွယ်သွား၏။

ကျောက်ဟိုင် ဆွံ့အသွားလေသည်။ ဒါ ရုတ်တရက်ခွန်အားတွေတိုးလာသလိုပဲမဟုတ်လား။ သူစားလိုက်တာက မုန်လာဥမဟုတ်ဘဲ ဂျင်ဆင်းများဖြစ်နေတာလား။

နှာခေါင်းကို တစ်ချက်ပွတ်ကြည့်လိုက်သေးသည်၊ ကျောက်ဟိုင်အထင်တော့ နှာခေါင်းသွေးလျှံနေမှာကို စိုးရိမ်နေတာဖြစ်သည်။ သို့သော်ထိုသို့မဟုတ်ပေ။

ကျောက်ဟိုင်က စိတ်ကူးယဉ်ဆန်တာတွေကို သိပ်သဘောကျတဲ့လူတစ်ယောက်။ သို့ပေမယ့် ဒီနေရာတွင်တော့ မျက်လှည့်ဆန်တာမျိုးတွေ မတွေ့ရပေ။ သူ့ကိုယ်က အမှန်တကယ်ကို ခွန်အားပြည့်နေတာမျိုးဖြစ်ပြီး သူ့မျက်လုံးတွေကပင် အိပ်ချင်စိတ်တစက်မှမရှိတော့ဘဲ တောက်ပနေခဲ့သည်။

ဒီလိုတွေးမိတာနဲ့ မုန်လာဥဖြူအပေါ် သူ့အမြင်တွေ ပိုကောင်းလာခဲ့သည်။ စပါးကျီထဲ အရင်ပြန်ထည့်ထားလိုက်သည်။ နောက် ဂရင်းကိုတွေ့မှ ဒီမုန်လာဥဖြူအကြောင်း မေးကြည့်ရပေမည်။

အပြင်တွင် မိုးစင်စင်မလင်းသေး။ အားလုံးကလည်း အိပ်မောကျနေဆဲမို့ ကျောက်ဟိုင်က သူတို့တွေကို သွားနှိုးရတဲ့အထိတော့ အ၇ှက်မမဲ့ပေ။ အခန်းထဲမှာနေနေရတာကလည်း ပျင်းစရာကောင်းလွန်းတာမို့ အပြင်ထွက်ခဲ့လိုက်သည်။ ရဲတိုက်ကို သူလေ့လာဖို့လိုသည်မဟုတ်လား။

လမ်းနည်းနည်းလျှောက်ပြီး အပြင်ထွက်လာတော့ အပြင်ဘက်ပိုင်းကာ ရိုးရှင်းလွန်းသည်ကို တွေ့ရသည်။ မြို့ရိုးတံခါးကို သံရည်ကြိုထားတဲ့သံရိုင်းနဲ့လုပ်ထားပြီး ဆယ်မီတာမြင့်ကာ လေးမီတာထူသည်။ ကြီးမားသည့်တံခါးမင်တုန်းကြီးလည်းရှိသေး၏။ အပေါ်ဘက်တွင် လှည့်လို့၇တဲ့စက်တစ်ခုရှိကာ ထိုစက်ကိုလှည့်လိုက်မှ မင်တုန်းက ပွင့်သွားမည်ဖြစ်သည်။

စက်မှုပညာသည်တွေက တော်တယ်လို့ပြောရပေမည်။ တံခါးအောက်ပိုင်းကို မင်းဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက်၊ အပေါ်က စက်ကိုသာမလှည့်ခဲ့ရင်တံခါးက ပွင့်လာမည်မဟုတ်ပေ။ ဒီနည်းနဲ့ မြို့ကို ကာကွယ်ထားနိုင်ပေမည်။

ကျောက်ဟိုင် ခေါင်းငြိမ့်လိုက်သည်။ ဒီလောကက အင်ဂျင်နီယာတွေက ဒီအဆင့်ကိုရောက်နေမယ်လို့မထင်ထားမိပေ။

ဘေးတွေကိုလိုက်ကြည့်လိုက်တော့ လေးထောင့်ပုံမြေကွက်လပ်ထဲတွင် စုပြုံထားသည့် စားနပ်ရိက္ခာတွေက လွဲရင်တခြားမည်သည်ကိုမှ မတွေ့ရတော့ပေ။

ထိုစားနပ်ရိက္ခာတွေကိုမြင်တော့ ကျောက်ဟိုင် ကို့ယို့ကားယားပြုံးလိုက်မိသည်။ ဂရင်းက ဒီရိက္ခာတွေရဖို့ ရွှေဒင်္ဂါးတွေ အသုံးပြုခဲ့ရသည်။ သူ သက်ပြင်းချလိုက်မိသည်။

မြို့ရိုးဘေးတွင် ကျောက်တုံး လှေကားတစ်ခုကိုတွေ့ရသည်။ ထိုကျောက်တုံးလှေကားပေါ်ကို တက်လိုက်ရင်း မြို့ရိုးကို သေချာဆန်းစစ်နေဖြစ်သည်။

နောက် တစ်ဖက်တွင် ကြီးမားသည့် ကျုံးကြီးတစ်ခုကိုတွေ့ရသည်။ ကျုံးထဲက ရေတွေမှာကြည်လင်နေပြီး တဝေါဝေါ စီးနေကြသည်။ သံမဏိနဲ့ခိုင်ခိုင်ခံ့ခံ့လုပ်ထားသည့် ကြိုးဆွဲတံတားကြီးတစ်ခုကိုလည်း မြင်ရသည်။

ကမ်းစပ်တွင် လှေငယ်တွေကို မြင်ရသည်။ လှေငယ်တွေတွင် တချို့က ညစ်ပတ်ပေရေနေကာ မြက်ပင်တွေပင် ပေါက်ရောက်လို့နေပြီဖြစ်သည်။ တစ်ခုကတော့ အသစ်ဖြစ်ကာ မကြာသေးခင်ကမှ ဆောက်လုပ်ထားကြောင်းသိနိုင်သည်။

နောက် သူတို့လာခဲ့တိုင်းလမ်းကြီးတစ်ခုလည်း ရှိသည်။ ထိုလမ်းကို လအတော်ကြာ ဘယ်သူမှ မသုံးခဲ့တာမို့လို့ ခြောက်ကပ်လျက်၇ှိသည်။

ထိုလမ်းကလွဲရင် ကျန်တဲ့အပိုင်းတွေအကုန်က အနက်ရောင်မြေဆီလွှာတွေပဲဖြစ်သည်။ မြက်ပင်တွေသာ ပေါက်ရောက်ကာ ထူထဲနေပြီး အပြင်ဘက်နဲ့သီးသန့်ခြားနားထားသလို ထင်ရစေသည်။

သူ လိုက်ကြည့်နေချိန်တွင် နေထွက်လာသည်။ ကျောက်ဟိုင်က လက်ကိုနောက်ပစ်ထားပြီး နေကိုကြည့်နေသည်။ ယခုအချိန်တွင် သူ့ကိုယ်သူ ကြီးမြတ်သည့်ခံစားချက်ကို ရနေသည်။

ကျောက်ဟိုင် ခပ်ကျယ်ကျယ်ရေရွတ်၏။

“ ဟားဟား ဒီနေရာရော ရဲတိုက်ရော ငါအပိုင်ပဲ။ မနက်ခင်းမှာရော ညနေခင်းမှာရော ကောင်းကင်ကတစ်ခုပဲရှိတယ်။ ဟားဟားဟား တစ်ရက်မှာ ဒီနေက တစ်လောကလုံးကို အလင်းပေးနိုင်ရမယ်ကွ”

ကျောက်ဟိုင် မသိတာကတော့ ဂရင်းတို့ နိုးလာပြီး မြို့ရိုးအောက်ကနေသူ့ကို မော့ကြည့်နေကြတာကိုပါပဲ။ ကျောက်ဟိုင်ရဲ့အ၀တ်အစားတွေက ခေါင်းပေါ်က နေရောင်ကြောင့် ရွှေရောင်တောက်နေသည်မှာ မသေမျိုးနတ်ဘုရားမလားထင်ရစေသည်မို့ သူတို့ရဲ့မျက်ဝန်းတွေ တောက်ပလျက်၇ှိတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset