Switch Mode

Chapter – 234

တာအို ရတနာ ပုလင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၄ – တာအိုရတနာပုလင်း

ပုံစံပြောင်းလိုက်သော်လည်း ဟိန်းထုန်၏ခွန်အား ယုတ်လျော့မသွား။ ပို၍ပင် အင်အားကြီးလာသေးသည်။

“အား..”

ကျယ်လောင်စွာ အော်ဟစ်လိုက်သည်န္ငင့် သူ့တစ်ကိုယ်လုံးရှိ မွေးညှင်းပေါက်များမှ အနက်ရောင်အလင်းနှင့်အတူ ကြောက်စရာကောင်းသည့်စွမ်းအင်များ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်မှာ တောင်ကိုပင် တုန်ခါသွားစေခဲ့သည်။

သူ့ဘေးနားပတ်ပတ်လည်ရှိ သစ်ပင်များ တစ်ပင်ပြီးတစ်ပင် အမြစ်မှ ကျွတ်ထွက်လာပြီး ကီလိုကရမ်ပေါင်း ထောင်ပေါင်းများစွာလေးသည့် ကျောက်တုံးများလည်း လေထဲ လွင့်တက်လာသည်။ မြေပြင်ထက်ရှီ ရွှံ့နွံများပင် နေရာအနှံ့ ပျံသန်းလွင့်စင်သွားလေသည်။

သူ၏ထူးခြားသည့်စွမ်းအင်ကို အသက်သွင်းလိုက်သည်နှင့် အံ့အားသင့်စရာကောင်းသည့်ခွန်အားများ ထွက်ပေါ်လာသည်ပင်။

“သတ်…”

ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အနက်ရောင်လျှပ်စီးတန်းတစ်တန်းကဲ့သို့ ချူဖုန်းထံသို့ တရှိန်ထိုး ပြေးဝင်လာသည်။ သူ၏လက်သည်းများနှင့်လက်သည် ချူဖုန်း၏ဦးခေါင်းထံသို့ ဦးတည်ထားနေသည်ပင်။

သူ့လက်အရှိန်ကြောင့် လေဟာနယ်ပင် ပေါက်ကွဲသွားပြီး အမှိုက်နှင့်ဖုန်မှုန့်များ လွင့်စင်လာသည်။

ခွပ်..

လက်သီးနှင့်လက်သည်းတို့ တွေ့ဆုံသွားသည်နှင့် အဖြူနှင့် အနက်ရောင်ကမ္ဘာနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသကဲ့သို့ အဖြူနှင့် အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

သူတို့တိုက်ခိုက်မှုမှ ကြောက်စရာကောင်းလှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသောကြောင့် ဝုန်းဟူသည့်အသံနှင့်အတူ ဤနေရာတစ်ခုလုံးတွင် ပေါက်ကွဲမှုများ ပြည့်နှက်သွားသည်။ မြေပြင်ထက်တွင်လည်း ကြီးမားလှသည့် အက်ကွဲကြောင်းများ ပြည့်နှက်သွားသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ တိုက်ခိုက်မှု မည်မျှအားပြင်းသည်ကို သိနိုင်သည်။

အလင်းများကြားတွင် သူတို့နှစ်ဦး၏အရိပ်များကိုသာ မြင်ရတော့သည်။

ဝှစ်..

အချက်ပေါင်းတစ်ရာကျော် တိုက်ခိုက်ပြီးနောက် သူတို့နှစ်ဦးလုံး နောက်ပြန်ဆုတ်လိုက်ကြသည်။

နဂါးလက်သည်းကြောင့် ချူဖုန်းလက်သီးတွင် ဒဏ်ရာရသွားပြီး သွေးများ စီးကျနေသည်။ သို့သော် ဒဏ်ရာများမှာ ထိုမျှမပြင်းထန်။

ဟိန်းထုန်၏လက်သည်းလည်း သွေးများ စီးကျနေသည်ပင်။ သို့သော် ချူဖုန်းနှင့်မတူသည်မှာ ဤတိုက်ခိုက်မှုများကြောင့် သူ၏ရေနဂါးခန္ဓာကိုယ်ပင် ဒဏ်ရာအချို့ ရရှိသွားခဲ့သည်။

မြေပြင်မှာ ဖရိုဖရဲဖြစ်နေလေပြီ။ ဤနေရာကို ဥက္ကာခဲတစ်ခု ရိုက်ခတ်ထားသကဲ့သို့ ကြီးမားလှသည့် ချိုင့်ကြီးတစ်ခု ရှိနေကာ ထိုဘေးပတ်လည်တွင် အက်ကွဲကြောင်းများစွာ ရှိနေသည်။

ဤတိုက်ပွဲကို ကြည့်နေသည့် အဝေးမှလူများအားလုံး ကြောက်ရွံ့သွားကြရ၏။ တောင်ပင်လယ်မှ နဂါးနက်အိမ်ရှေ့စံမင်းသားနှင့် တိုက်ခိုက်သော်လည်း ချူဖုန်း မရှုံးနိမ့်ခဲ့ပေ။

သိထားရမည်မှာ ရန်သူသည် နဂါးမျိုးနွယ်စုဖြစ်သည့်အပြင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူပင်။

ချူဖုန်းထံ၌ ထူးခြားသည့်အသက်ရှူပညာရှိသည်ဟူသည့် ကောလဟာလအကြောင်း ပြန်စဉ်းစားမိသည့်အချိန်တွင် သူတို့အားလုံး၏မျက်လုံးများ အရောင်တောက်လာကြ၏။ သူတို့ စိတ်လှုပ်ရှားနေကြသလို မနာလိုလည်း ဖြစ်လာကြသည်။

ဟိန်းထုန် ချူဖုန်းအား စိုက်ကြည့်လိုက်သည်နှင့် သူ့မျက်လုံးမှ အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးကို နဂါးစွမ်းအင်များ လွှမ်းခြုံလာပြီးနောက် ရုတ်တရက် သူ့နောက်တွင် ရေနဂါးတစ်ကောင် ပေါ်လာလေသည်။

ယခုအချိန်တွင် ဘုရင်အဆင့်ကျွမ်းကျင်သူများပင် ကြောက်ရွံ့သွားကြကာ အညံ့ခံချင်လာကြလိမ့်မည်။ ဤသည်မှာ သွေးမျိုးဆက်ဖြင့် ဖိနှိပ်လိုက်ခြင်းပင်။

ချူဖုန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူ့ပြိုင်ဘက် အားကုန်ထုတ်မသုံးနိုင်ကြောင်း သူ အတည်ပြုပြီးသားပင်။ သူ့ခန္ဓာကိုယ် တောင့်ခံနိုင်မည်မဟုတ်။

ချူဖုန်း ဤနဂါးနက်နှင့် သူသေကိုယ်သေတိုက်ခိုက်ရန် ဆုံးဖြတ်ထားပြိးသားပင်။

“မင်းရဲ့ ခံနိုင်စွမ်းက ငါထင်ထားတာထက်ကို ကျော်နေတာပဲ..” ဟိန်းထုန် ပြောလိုက်သည်။ သူသည် ချူဖုန်း၏ လျှို့ဝှက်ချက်အား ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု မျှော်လင့်လျက် ချူဖုန်းအား စိုက်ကြည့်နေလေသည်။

ဝုန်း..

နောက်တစ်ခဏတွင် ကျယ်လောင်လှသည့် ပေါက်ကွဲသံနှင့်အတူ လေဟာနယ်ကြီး ပေါက်ကွဲသွားသည်။ ဟိန်းထုန်သည် ပျံသန်းနေသကဲ့သို့ မီတာပေါင်းတစ်ရာကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်လာလေသည်။

တောအုပ်ထဲမှ သစ်ပင်များ ပျက်စီးသွားပြီး ချုံပင်နှင့် မြက်ပင်များမှာ အမှုန့်ပင် ဖြစ်သွားကြသည်။ သူ့လမ်းကြောင်း၌ ရှိနေသည့် ကျောက်တုံးများလည်း ပေါက်ကွဲသွားကြသည်ပင်။

တိုက်ပွဲကို မြန်မြန်အဆုံးသတ်နိုင်ရန်အတွက် ဟိန်းထုန် အရှိန်တင်လိုက်ကာ သူ၏သတ်ဖြတ်ခြင်းပညာများကို အသက်သွင်းလိုက်သည်။

ဝုန်း..

ချူဖုန်း လျှပ်စီးအရှိန်ဖြင့် လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းထားသည့် စွမ်းအင်အားလုံးကို အသုံးပြုလိုက်သောကြောင့် သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ နွားနတ်ဆိုးလက်သီးပညာကို အသက်သွင်းလိုက်သည်။ ဤလက်သီးမှာ ပေါက်ကွဲအား ပြင်းလှပြီး ကောင်းကင်ဘုံကိုးခုမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ မိုးခြိမ်းသံများပင် ထွက်ပေါ်လာသည်။

ခွပ်..

ပုံပျက်နေသည့် တောအုပ်အတွင်း လူနှစ်ဦး ထပ်မံတိုက်ခိုက်လာကြသည်။ တောင်ကြီးသည် ရွှံ့များ ကျောက်တုံးများအဖြစ် ပြိုကျပျက်စီးသွားပြီဖြစ်ပြီး ဧရာမသစ်ပင်ကြီးများလည်း မီတာပေါင်းများစွာ လေထဲ လွင့်တက်သွားသည်။

ဤနေရာမှာ မြေပြင်နှင့်ပင်မတူတော့။ ပင်လယ်ကြီးနှင့် တူနေလေပြီ။

နှစ်ဦးလုံးမှာ ကြုံ့ခိုင်သည့် ကိုယ်ကာယခွန်အားများ ရှိနေကြသည်။ သူတို့သည် ကျောက်တုံးကြီးများကို ထိုးဖောက်သွားပြီး တိုက်ခိုက်ရင်းဖြင့်ပင် လျှပ်စီးကဲ့သို့ လျင်မြန်လှသည့်အရှိန်ဖြင့် တောင်ထိပ်ပေါ်သို့ တက်သွားကြသည်။

သူတို့နှစ်ဦးလုံးသည် တစ်ဖက်လူကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ချင်နေကြသည်ပင်။

ရွှီး..

ချူဖုန်း ဓားပျံကို ပစ်လွှတ်လိုက်သည်။ သူတို့နှစ်ဦး အလွန်နီးကပ်နေသောကြောင့် ဟိန်းထုန်လည်ပင်း၌ ကြောက်စရာကောင်းသည့် ဒဏ်ရာကြီး ဖြစ်ပေါ်လာသည်။

ကံမကောင်းစွာဖြင့် တစ်ဖက်လူ၏ခေါင်းကို မဖြတ်တောက်လိုက်နိုင်။ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ဟိန်းထုန်မှ ရှောင်ရှားလိုက်နိုင်သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်လျှပ်စီးဖြင့် ထိမှန်သွားသောကြောင့် ချူဖုန်း၏ ပါးနှင့် ပုခုံးတွင် ဒဏ်ရာများ ရသွားသည်။

ထိုလျှပ်စီးတန်းများမှာ ဟိန်ုးထုန်၏ ဆံပင်ထဲ၌ ဖုံးကွယ်နေသည့် ဦးချိုမှ ထွက်လာခြင်းဖြစ်ပြီး ချူဖုန်း၏ ဦးခေါင်းအား ပစ်မှတ်ထားခဲ့ခြင်းပင်။

ခွပ် ခွပ် ခွပ်..

ချူဖုန်း၏ ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်နေသည့် ဓားပျံသည် ရေနဂါးတစ်ကောင်ကဲ့သို့ ဟိန်းထုန်၏ အနက်ရောင်ဦးချိုအား ဖိနှိပ်တိုက်ခိုက်နေသည်။

သူတို့နှစ်ဦး ပြင်းထန်စွာပင် တိုက်ခိုက်နေခဲ့သည်။

အကွာအဝေးနီးကပ်နေခြင်းမှာ သူ့အတွက် အခွင့်ကောင်းပင်။ သူ့ဘယ်လက်မှ လျှပ်စီးအဆောင်ကို အသက်သွင်းလိုက်ကာ တောက်ပသည့် လျှပ်စီးတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

ဝုန်း..

ထိုလျှပ်စီးတန်းကြောင့် တောင်တစ်ခုလုံး လင်းထိန်သွားလေသည်။

ချူဖုန်းသည် သင့်တော်သည့်အခွင့်အရေးကို တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ခြင်းပင်။ ယခု အခွင့်အရေးရပြီဖြစ်သောကြောင့် သူ့လက်ဝါးကို ဖြန့်လိုက်ကာ ဟိန်းထုန်ဝမ်းဗိုက်ထံသို့ ခရမ်းရောင်လျှပ်စီးတန်းတစ်ခု ပစ်လွှတ်လိုက်သည်။

လေယာဉ်ကွင်းမှာကတည်းက သူ ဤနတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာကို အသုံးပြုလိုခဲ့ခြင်းပင်။ သို့သော် ထိုစဉ်က သူ မြွေနက်ကြီး၏ ဝမ်းဗိုက်နား ကပ်ရန် အချိန်မရခဲ့။

ရှားပါးသည့် အခွင့်အရေး ရလာသောကြောင့် ချူဖုန်း ထိုတိုက်ခိုက်မှုထဲ အားကုန်ထည့်လိုက်သည်။

ဟိန်းထုန်အမူအရာ ပြောင်းလဲသွားသည်။

ချူဖုန်း၏လျှပ်စီးကိုကာဆီးရန် လက်ဆန့်တန်းလိုက်သော်လည်း ကံမကောင်းစွာဖြင့် လျှပ်စီးမှာ သူ့နားသို့ ရောက်နေလေပြီ။ ထိုရုတ်တရက်တိုက်ခိုက်မှုကို သူ မတားဆီးလိုက်နိုင်။

ဖူး..

လျှပ်စီးများ သူ့ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်နှင့် လတ်ဆတ်သည့်သွေးများ လွင့်စင်လာသည်။ ထိုလျှပ်စီးသည် သူ့ဝမ်းဗိုက်ပေါ်သို့ ကျရောက်လာပြီး သူ့ခါး ပြတ်လုနီးပါးပင် ဖြစ်သွားသည်။

“အား..”

သူ့ဆံပင်များ လေထဲ လွင့်ပျံလာကာ သူ နာကျင်စွာ အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့ထံမှ အနက်ရောင်အလင်းထွက်ပေါ်လာပြီး သူ့အကြေးခွံများစွာ လေပေါ် မြှောက်တက်လာကာ ဓားပျံကဲ့သို့ ပျံဝဲလာကြသည်။

ချူဖုန်း အမူအရာ ပြောင်းလဲသွားကာ ထိုအကြေးခွံများကို ကာကွယ်ရန် သူ၏လက်သီးအမှတ်တံဆိပ်နှင့် လျှပ်စီးကို အသက်သွင်းလိုက်သည်။ သို့သော် အကွာအဝေးမှာ နီးကပ်လွန်းလှသောကြောင့် သူ သေချာ မခုခံနိုင်တော့။

ဖူး ဖူး ဖူး ဖူး…

သူ့ပခုံး၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် သွေးများ ဖြာထွက်လာသည်။ ပြိုင်ဘက်၏ ခန္ဓာကိုယ်မှ ထွက်လာသော အကြေးခွံများမှာ ထက်ရှကာ မာကျောလှသည်။

သူတို့နှစ်ဦးလုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြလေပြီ။

ခွပ်..

ချူဖုန်း ကျောက်နံရံတစ်ခုနှင့် တိုက်မိပြီး ထိုနံရံမှ ပြန်လျောကျလာသည်။ သူ့ခန္ဓာကိုယ်ထက်၌ အပေါက်များစွာ ရှိနေလေပြီ။

ဟိန်းထုန်မှာ ပို၍ပင် အခြေအနေဆိုးနေသေးသည်။ သူ့ခါးမှ သွေးများ အဆက်မပြတ်စီးကျနေကာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်နေသည်ပင်။

ဟိန်းထုန် ချူဖုန်းကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ ဤလူ လျှပ်စီးဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်သောကြောင့် သူ နှစ်ပိုင်းပြတ်လုနီးပါးပင်။

ချူဖုန်းသည် သွေးလွှမ်းနေသော်လည်း မတ်တပ်ရပ်ပြီး ပြုံးနေလေသည်။ ဤလျှပ်စီးဖြင့် ချုံခိုက်တိုက်ခိုက်မှုမှာ အတော်လေး အကျိုးရှိသွားပြီး အားနည်းနေသည့် ဟိန်းထုန်ကို ပို၍ဒဏ်ရာများအောင် လုပ်နိုင်ခဲ့သည်။

သူသည် လက်ထဲ၌ ချာကရမ်ကို ကိုင်ထားပြီး မပစ်မိအောင် ထိန်းနေရသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန် ပစ်လိုက်လျှင် အောင်မြင်နိုင်ရန် ခက်ခဲကြောင်း သူသိနေသည်ပင်။

အဝေးမှ သားရဲဘုရင်များနှင့် အဖွဲ့အစည်းများမှ အေးဂျင့်များမှာ ပါးစပ်အဟောင်းသားဖြစ်နေကြလေ၏။

အပြင်ဘက်တွင် ချူဖုန်း ရှီလာကို သတ်လိုက်ကြောင်း သတင်းပျံ့နေသော်လည်း သူ တစ်ယောက်တည်းသတ်လိုက်ခြင်းမဟုတ်ပဲ ကျွမ်းကျင်သူများ စုပေါင်း၍ သတ်လိုက်ခြင်းဖြစ်ကြောင်း ကျောက်စိမ်းဂူကျောင်းမှ အချိန်မှီ သတင်းထုတ်ပြန်ကာ သူ့အား ကူညီပေးခဲ့သည်။

သာမန်ပြည်သူများမှာ ထပ်မစုံစမ်းကြတော့သကဲ့သို့ ဘုရင်များစွာလည်း လုထုန်၏ရှင်းပြချက်ကို ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးမှ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူအား သတ်နိုင်ရန်မှာ မဖြစ်နိုင်။

သို့သော် ဤနေရာ၌ ရှိနေသည့် လူများကတော့ နဂါးနက် အိမ်ရှေ့စံ ဆက်တိုက်ဖိနှိပ်ခံနေရပြီး ခါးပင် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

“မင်း ထူးခြားတဲ့အသက်ရှူပညာကို သင်ထားတယ်မလား..” ဟိန်းထုန်၏ မျက်လုံးများ အေးစက်နေသည်။

သူ ဒဏ်ရာရထားလျှင်ပင် အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် လူသားမှာ သူ့ပြိုင်ဘက်မဟုတ်ဟု သူ ယုံကြည်သည်။ သူ၏ရေနဂါးသွေးမျိုးဆက်ကို မည်သူကများ ယှဉ်နိုင်မည်နည်း..

သူ ထိုစကား ပြောလိုက်သည်နှင့် ဘေးပတ်လည်မှ ဘုရင်များ၏ မျက်လုံးများ အရောင်တောက်လာလေသည်။

ရွှီး..

သူ့ဘေးပတ်လည်တွင် အနက်ရောင်အကြေးခွံ တစ်ရာကျော် ထွက်ပေါ်လာသည်။

သူသည် ချူဖုန်းကို ပြန်တိုက်ခွင့်မပေးပဲ သတ်ချင်သည်။ အဘယ်ကြောင့်ဆိုသော် သူ ပစ်လွှတ်လိုက်သည့် ဤအကြေးခွံများမှာ သူ့စွမ်းအင်နှင့် ပေါင်းစည်းသွားကာ နောက်ဆုံး ပျောက်ကွယ်သွားမည်ဖြစ်သောကြောင့် သူ ရင်နာနေရပြီဖြစ်သည်။

သူသာ အဆင်အခြင်မရှိ သုံးနေလျှင် သူ အကာအကွယ်မရှိသည့် ကိုယ်လုံးတီး ဖြစ်သွားလိမ့်မည်။

ချူဖုန်း ဘယ်လက်ကို မြှောက်လိုက်သည်နှင့် သူ့ဓားပျံ ထွက်ပေါ်လာသည်။ သူသည် ဓားနှင့် လျှပ်စီးကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်ရန် ပြင်ဆင်ထားခြင်းပင်။ တစ်ချိန်တည်းမှာပင် သူ့လက်ဝါးထက်၌ အစေ့တစ်စေ့ ပေါ်လာ၏။ ဤအစေ့မှာ သူ တိုက်ခိုက်ရာတွင်သုံးမည့် လက်နက်ပင်။

အစေ့မှာ ပုလင်းဖြူလေးကဲ့သို့ တောက်ပနေပြီး ပုလင်းမျက်နှာပြင်ထက်တွင် အစိမ်းရောင်နှင့် ရွှေရောင်သင်္ကေတများ ကြယ်များကဲ့သို့ တောက်ပနေသည်။ ဤပုလင်းမှ ထူးခြားသည့်အော်ရာလည်း ထွက်ပေါ်နေသည်ပင်။

ချူဖုန်း ဤအစေ့အင်အားကို စမ်းသပ်ပြီးသားဖြစ်သော်လည်း ဤသည်မှာ ဤအစေ့ကို သုံးပြီး ရန်သူအား ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းပင်။

“ငါ မင်းကို သတ်ပစ်မယ်..” ဟိန်းထုန် ဟစ်ကြွေးလိုက်ကာ ဝိညာဉ်စွမ်းအင်များ အသုံးပြုပြီး အနက်ရောင်အကြေးခွံကို ထိန်းချုပ်လိုက်သည်။ ထို့နောက် ထိုအကြေးခွံများကို ချူဖုန်းထံသို့ ပစ်လွှတ်လိုက်လေသည်။

နဂါးအကြေးခွံတစ်ခုစီတိုင်းသည် အေးစက်သည့် အလင်းများ တောက်ပကာ လေကို ထိုးဖောက်လာကြသည်။

“သတ်..” ချူဖုန်း တစ်ခွန်းတည်းသာ အော်ဟစ်လိုက်၏။ သူ၏သတ်ဖြတ်လိုသည့်ဆန္ဒမှာ အထွဋ်အထိပ်သို့ ရောက်နေလေပြီ။ ထို့နောက် တာအိုရတနာပုလင်းကို အသက်သွင်းလိုက်ပြီး ရန်သူဘက်သို့ လှည့်ထားလိုက်သည်။

ဝုန်း..

ပုလင်းပုံစံအစေ့ထဲသို့ အားထည့်ပြီး သူ၏ဝိညာဉ်စွမ်းအင်ဖြင့် အသက်သွင်းလိုက်သည်နှင့် ထိတ်လန့်စရာကောင်းသည့် မြင်ကွင်း ဖြစ်ပေါ်လာသည်။ ပုလင်းမှ ဓားချီနှင့်တူသည့် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် မိုးခြိမ်းသံများ ထွက်ပေါ်လာလေသည်။

ဤနေရာတစ်ခုလုံး ဓားချီဖြင့် ဖုံးလွှမ်းသွားသည်။ ဤကြောက်စရာကောင်းသည့် ရတနာသည် ချူဖုန်း၏ ကိုယ်ကာယခွန်အားနှင့် ဝိညာဉ်ခွန်အားကို ပေါင်းစည်းကာ ဤမျှစွမ်းအားကြီးသည့် တိုက်ခိုက်မှုကို ဖန်တီးလိုက်နိုင်သည်။

ဤသည်မှာ အစေ့တစ်စေ့သာဖြစ်ကြောင်း တွေးမိရန် ခက်လှသည်။

ချွမ်း ချွမ်း ချွမ်း..

ပုလင်းမှ ထွက်လာသည့် ဓားချီများသည် အနက်ရောင်အကြေးခွံများကို တွန်းကန်ထုတ်ပစ်လိုက်လေ၏။

ဖူး..

ဟိန်းထုန်သည် ဓားချီနှင့် ရိုက်ချခံလိုက်ရသောကြောင့် သူ့ဒဏ်ရာ ပွင့်လာပြီး တစ်ကိုယ်လုံး အပေါက်များ ဖြစ်လာသည်။ သူသည် ဆက်တိုက်ပင် နောက်ဆုတ်သွားလိုက်ရလေ၏။

ဘေးပတ်လည်မှ ဘုရင်အဆင့်သက်ရှိအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြရသည်။

သူတို့ထဲမှ တစ်ဦးသည် ဓာတ်ပုံများနှင့်အတူ ပြင်ပကမ္ဘာသို့ သတင်းလွှင့်လိုက်သည်။

“ချူဖုန်းက တောင်ပင်လယ်က နဂါးနက်အိမ်ရှေ့စံမင်းသားနဲ့ တိုက်နေတဲ့အပြင် သူ အခုထိ မရှုံးသေးဘူး..”

“နတ်ဆိုးဘုရင်ချူက တောင်ပိုင်းပင်လယ်က ဒီနဂါးမျိုးနွယ်စု ကျွမ်းကျင်သူကို အနိုင်ယူနိုင်လောက်တယ်..”

ဤသတင်းမှာ အင်တာနက်ပေါ်၌ ဂယက်ရိုက်သွားသည်။

ဝတ်စုံဖြူနှင့် လူငယ်သည် တိုက်ပွဲကို အသေးစိတ်လေ့လာပြီးနောက် ရေအောက်မျိုးနွယ်စု လူငယ်ကို တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းရဲ့ မိတ်ဆွေက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတယ် .. သူ အဆင်ပြေမယ်ဆိုတာ သေချာရဲ့လား..”

မျက်လုံးသုံးလုံးနှင့်လူ၏မျက်နှာမှာ မှုန်မှိုင်းနေသည်။ နဂါးနက်အိမ်ရှေ့စံမင်းသားသည် အချုပ်အနှောင်လေးခုသာ ဖြတ်တောက်ထားသည့်လူသားတစ်ဦးကို ရှုံးလိမ့်မည်ဟု သူ မယုံကြည်နိုင်။

Comment

Leave a Reply

Options

not work with dark mode
Reset