ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၃ – နဂါးစီးနင်းသူ
ဟိန်းထုန်သည် သူ၏သွေးလွှမ်းနေသည့် ပါးစပ်ကြီးကို ဟလိုက်ပြီးနောက် ဤနေရာတစ်ခုလုံး ဖုံးလွှမ်းသွားသည့်အထိ အနက်ရောင်မီးတောက်များ မှုတ်ထုတ်လိုက်သည်။
ချူဖုန်း ဝှစ်ခနဲ ရှောင်တိမ်းလိုက်ပြီး မီတာပေါင်း မိုင်ပေါင်းများစွာ ဝေးကွာသည့်နေရာသို့ ရောက်သွားသည်။ သူ ယခင်က ရပ်နေခဲ့သည့်နေရာမှာတော့ မြေကြီးအား ကလော်ထုတ်လိုက်သကဲ့သို့ ချိုင့်နက်ကြီး ဖြစ်သွားခဲ့လေသည်။
ဤမြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသလို ချူဖုန်းလည်း ထိတ်လန့်သွားခဲ့ရသည်။ ဤမြွေနက်ကြီးသည် ဘုရင်အဆင့်သက်ရှိများကိုပင် ခြိမ်းခြောက်နိုင်သည့် အဆိပ်ပြင်းအနက်ရောင်မီးတောက်များကိုပင် မှုတ်ထုတ်နိုင်နေသည်။
မြွေနက်ကြီး လှုပ်ရှားလာသည်နှင့် ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာသည်။ မြွေကြီးသည် လျှပ်စီးကဲ့သို့သော အရှိန်နှုန်းဖြင့် ချူဖုန်းထံသို့ ဦးတည်လာနေခြင်းပင်။
ဝုန်း..
ချူဖုန်း အပေါ်ဘက်သို့ လက်သီးဖြင့် ထိုးလိုက်သည်။
သူ၏လက်သီးစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် အနက်ရောင်နွားကြီးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထိုနွားကြီးသည် မြေပြင်ထက်၌ မြဲမြံစွာ ရပ်လျက် သူ၏ဦးခေါင်းထက်တွင် နေ၊ လနှင့် ကြယ်ရောင်စုံသည့် ကောင်းကင်ကြီး ရှိနေသည်။ ထိုနွားကြီးသည် ကျယ်လောင်စွာ ဟစ်ကြွေးကာ မြွေနက်ကြီးထံသို့ တဟုန်ထိုး ပြေးသွားလေ၏။
ဒုန်း..
ထိုမြွေနဂါးကြီး ခန္ဓာကိုယ် လှုပ်ခါသွားသည်နှင့် ဤနေရာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
နဂါးနက်အိမ်ရှေ့စံမင်းသားမှာ အတော်လေး အံ့အားသင့်သွားရ၏။ ဤလူသားသည် သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကို လက်သီးတစ်ချက်ဖြင့်ပင် ခုခံလိုက်နိုင်သည်။ သူ့ပြိုင်ဘက်လည်း အနောက်ဘက်သို့ လွင့်ထွက်သွားခဲ့ရသော်လည်း ဤသည်မှာ အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် လူသားအတွက် အံ့အားသင့်စရာကောင်းနေဆဲပင်။
ချူဖုန်း တစ်ပတ်လည်လိုက်ပြီး အဝေးသို့ ပြန်ဆင်းသက်လိုက်သည်။
ဤမြွေကြီး ဒဏ်ရာရထားကြောင်း သိလိုက်ရသည့်အတွက် သူ အနည်းငယ်စိတ်အေးသွားရသည်။ သူ့ဗိုက်ရှိဒဏ်ရာမှာ ထူးဆန်းသည့်စွမ်းအင်ဖြင့် တိုက်စားခံနေရဆဲပင်။ ထိုဒဏ်ရာမှာ မပျောက်ကင်းသေးသောကြောင့် တစ်ဖြည်းဖြည်းချင်း သွေးများ စီးကျလာသည်။
ဒဏ်ရာမှာ အလွန်ဆိုးရွားလှပြီး သူ့ခါး နှစ်ပိုင်းပြတ်လုနီးပါးထိ ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
ဤမြွေ မည်ကဲ့သို့ ဒဏ်ရာရရှိခဲ့သည်ကို သူသိသည်။ ဤမြွေကြီး လုံဟူတောင်မှ ထွက်ပြေးသွားခဲ့သည်ကို သူ မြင်ခဲ့သည်ပင်။
သူ အာရုံစိုက်ကြည့်လိုက်သည့်အချိန်တွင် မြွေကြီး၏ ဦးခေါင်းခွံ၌လည်း အက်ကွဲကြောင်းရှိနေသည်ကို သူတွေ့လိုက်ရသည်။
မြွေကြီးလည်း နွားနှစ်ကောင်ကဲ့သို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်ရသည်။
“တောင်ပိုင်းပင်လယ်က နဂါးနက်အိမ်ရှေ့စံမင်းသားလား..” ချူဖုန်း သူ့ပြိုင်ဘက်ကို အတည်ပြုလိုက်သည်။
“မင်းက ဗဟုသုတရှိသားပဲ..” မြွေကြီး အေးစက်စွာပင် ပြန်ဖြေလာသည်။
“ကျုပ် ခင်ဗျားနဲ့ ရန်ငြိုးရန်စတွေ မရှိဘူး .. ခင်ဗျားကဘာလို့ ကျုပ်ကို သတ်ချင်တာလဲ..” ချူဖုန်း အကြောင်းပြချက် တောင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ဤနေရာ၌ နေထိုင်သည့်သူများ ထွက်ပြေးနိုင်အောင် သူ အချိန်ဆွဲနေခြင်းပင်။ အစက ဤမြွေကြီးကို ဤနေရာမှ ခေါ်ထုတ်သွားချင်ခဲ့သော်လည်း မထင်မှတ်စွာဖြင့် ဤမောက်မာလှသည့်မြွေကြီးမှာ သူ့ကို ချက်ချင်းပင် တိုက်ခိုက်လာခဲ့သည်။
“ပြေး .. ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ မြွေကြီး ရှိနေတာလဲ..”
လူများမှာ ထိတ်လန့်တကြား ထွက်ပြေနေကြပြီး အချို့မှာ ဖိနပ်ပင် မပါတော့။ ဤကဲ့သို့သော ကပ်ဆိုးမျိုးကို သူတို့မကြုံဖူးခဲ့ကြ။ ဧရာမကြွေကြီးသည် လေထဲမှ လေယာဉ်တစ်စင်းကို ရိုက်ချခဲ့သည့်အပြင် ပြေးလမ်းကြောင်းကိုလည်း ဖျက်ဆီးခဲ့သေးသည်။
“ဘာလို့လဲဆိုတော့ မင်းကြောင့် ငါ့သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ပန်းကန်ပြားပျံ လုံဟူတောင်မှာ ပျက်စီးသွားခဲ့တယ်လေ .. သူက မင်းနဲ့စာရင်းရှင်းပေးဖို့ င့ါကို အကူအညီတောင်းလိုက်တာ..” မြွေနက်ကြီး ပြောလာသည်။
ချူဖုန်း ဒေါသထွက်သွားရ၏။ ထိုပန်းကန်ပြားပျံမှာ သူတို့ကို တောင်ပေါ်သို့ ထွက်ပြေးအောင် ဖိအားပေးပြီး နွားနှစ်ကောင်ကို ဒဏ်ရာရအောင် လုပ်ခဲ့သည်။ ထိုဒဏ်ရာများကြောင့် နွားနှစ်ကောင် ခွန်းလွန်သို့ စောစီးစွာ ပြန်သွားခဲ့သည်ပင်။
သူ ဤကိစ္စကို မရှင်းရသေးခင်မှာပင် ပန်းကန်ပြားပျံပိုင်ရှင်က ဤအကြွေးကို ရှင်းရန် တစ်ယောက်ယောက်အား လွှတ်လိုက်သည်တဲ့လား.. ဤသည်မှာ မည်ကဲ့သို့သော ကျိုးကြောင်းဆက်စပ်မှုကြီး ဖြစ်သနည်း.. လုံးဝကို အမှိုက်ပင်။
“ခင်ဗျားကို လွှတ်လိုက်တာ ဘယ်သူလဲ .. သူက သေချင်နေတာလား..” ရေအောက်အိမ်ရှေ့မင်းသား ဟုတ်မဟုတ်ကို ချူဖုန်း ဂရုမစိုက်တော့။ ဟိန်းထုန်ကို သတ်ပြီးသည်နှင့် ထိုပန်းကန်ပြားပျံပိုင်ရှင်နှင့် အကြွေးရှင်းရမည်။
“ငါ့ရှေ့မှာ လာပြီးတော့ ဒေါသတကြီး အော်ဟစ်နေရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..” မြွေနက်ကြီး၏ မျက်လုံးများမှာ အေးစက်လှသည်။ သူသည် သူ့အား မည်သူလွှတ်လိုက်သည်ကိုပင် မပြောချင်။
သူ့အတွက်တော့ ဤလူသားကို သတ်လိုက်ခြင်းမှာ မျက်လုံးသုံးလုံးမျိုးနွယ်စုအတွက် အကူအညီလေး ပေးလိုက်ခင်းသာ။ ဤလူကို သတ်ရသည်မှာ ခက်ခဲသည့်ကိစ္စမဟုတ်သောကြောင့် ဤလူ ရိုင်းရိုင်းစိုင်းစိုင်းနေပြောသည်ကို ခွင့်ပြုမည်မဟုတ်။
“ခင်ဗျားက ပင်လယ်မြွေတစ်ကောင်ပဲ မဟုတ်ဘူးလား .. ဘာလို့ ဒီလောက်ထိ ကြီးမြတ်ချင် ယောင်ဆောင်နေတာလဲ..” ချူဖုန်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့။
ဟိန်းထုန် သူ့အား အေးစက်စွာ စိုက်ကြည့်လာလေသည်။ ယခုအချိန်တွင် သူသည် မည်သူမှ မယှဉ်နိုင်လောက်သည့် ရေနဂါးတစ်ကောင်ဖြစ်နေပြီဟု သတ်မှတ်၍ရသည်ပင်။
ဝုန်း..
နောက်တစ်စက္ကန့်တွင် မြွေကြီးသည် သူ၏ခန္ဓာကိုယ်ကြီးဖြင့် အနက်ရောင်တောင်တစ်လုံးကဲ့သို့ ဖိနှိပ်လာသည်။
ချူဖုန်း လျင်မြန်စွာ ရှောင်ရှားလိုက်၏။ ဤကဲ့သို့ ကြီးမားလှသည့်သတ္တဝါနှင့် ရင်ဆိုင်ရသည်မှာ ဖိအားများလှသည်။
ခွပ်ဟူသည့်အသံနှင့်အတူ လေယာဉ်ကွင်းပတ်ပတ်လည်မှ မြေပြင်များ ပေါက်ကွဲသွားကာ ကျောက်တုံးများနှင့် အမှိုက်များ နေရာအနှံ့ လွင့်စင်သွားသည်။ မြေပြင်ထက်၌ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာကာ လေယာဉ်များ လေပေါ် လွင့်တက်သွားသည်။
ဝုန်း..
တစ်ချိန်တည်းမှာပင် မြွေကြီးသည် သူ၏ကြီးမားသည့် ခန္ဓာကိုယ်နှင့် ချူဖုန်းကို ဖိသတ်ရန် စီစဉ်လိုက်လေသည်။
ချူဖုန်း ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ သူ၏နတ်ခြေထောက်ကြောင့် သူ့အရှိန်မှာ အချုပ်အနှောင် ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူထက် အနည်းငယ်သာ နိမ့်ကျပြီး ဤမြွေနဂါးကြီးထက် အလွန်လျင်မြန်လှသည်ပင်။
ဟိန်းထုန်၏ အကြည့်များ ရက်စက်လာသည်။ ဤလူသားကို သတ်ရန် အကြိမ်များစွာ ရှုံးနိမ့်ပြီးနောက် သူ အံ့အားသင့်လာသည်။ ထို့နောက် သူ့ပါးစပ်ဟလိုက်ပြီး အနက်ရောင်မီးတောက်များကို နောက်တစ်ကြိမ် မှုတ်ထုတ်လိုက်သည်။
“တောင်ပိုင်းပင်လယ်က နဂါးနက်အိမ်ရှေ့စံမင်းသား .. ခင်ဗျားမှာ သိက္ခာတွေ မရှိတော့ဘူးလား..” ချူဖုန်း ရှောင်တိမ်းရင်း ရန်စလိုက်သည်။
မြွေကြီး ချူဖုန်းကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ချူဖုန်း အဘယ်ကြောင့် ထိုကဲ့သို့ ပြောသည်ကို သူ မသိ။
“နေရာတကာမှာ တံတွေးမထွေးရဘူးဆိုတာ ခင်ဗျား မိဘတွေ မသင်ထားဘူးလား..” မီတာပေါင်း ရာပေါင်းများစွာအဝေးမှ ချူဖုန်း အော်ဟစ်လိုက်သည်။
ဟိန်းထုန်၏ မျက်လုံးများမှာ ပို၍မှုန်မှိုင်းလာသည်။ သူ့အား ဤကဲ့သို့ ရန်စရဲသည့်သူ သိပ်မရှိ။ ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ သူ့အကြေးခွံများ ပွင့်ဟလာကာ သူ့ခန္ဓာကိုယ်ကြီးလည်း ထောင်မတ်လာလေ၏။
ထို့နောက်တွင်တော့ အလွန်ထူးဆန်းလှသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ မြွေကြီး၏တစ်ကိုယ်လုံးတွင် အနက်ရောင်အလင်းများ စတင်တောက်ပလာပြီးနောက် ထိုအလင်းများသည် သူ၏ဦးချိုထိပ်၌ သွားစုလေသည်။ ထို့နောက် သူသည် သူသည် ထိုဦးချိုမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ပစ်လွှတ်လေတော့သည်။
ထိုဦးချိုမှာ တကယ်ကြောက်စရာကောင်းလှသည်။ ထိုဦးချိုမှ ပစ်လွှတ်နေသည့် အလင်းတန်းများမှာ ဓားအလင်းတန်းများ ကဲ့သို့ပင်။
ချူဖုန်း ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး သူ့ကိုယ်ပိုင်ဓားပျံကို ပစ်လွှတ်လိုက်သည်။
ခွပ် ခွပ် ခွပ်..
ဓားပျံနှင့် မြွေကြီး၏ဦးချို ထိခတ်သွားသည်နှင့် မိုးခြိမ်းသံနှင့်အတူ မီးပွားများ လွင့်စင်လာသည်။
ဤမြွေကြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ပိုသေချာသွားလေပြီ။ မဟုတ်ပါက သူ ဤကဲ့သို့ ထိပ်တိုက် တိုက်ခိုက်နိုင်မည်မဟုတ်။ မည်သို့ပင်ဖြစ်စေ ရန်သူမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူပင်။
အား…
မြွေနက်ကြီး အော်ဟစ်လိုက်သည်။ ဤအချိန်ထိ ဤအဆင့်နိမ့်လူသားအား မဖမ်းဆီးနိုင်သေးသည့်အချိန်တွင် သူ့ဒေါသများ ရေချိန်မြင့်တက်လာသည်။
သူ၏ ပြင်းထန်လှသည့် ဒဏ်ရာများကြောင့် သူ အားကုန်သုံးကာ မတိုက်ခိုက်နိုင် ဖြစ်နေသည်။
ခွပ်..
မြွေနက်ကြီးသည် နတ်နဂါးတစ်ကောင် စစ်သည်တစ်ထောင်အား အနိုင်ယူလိုက်သကဲ့သို့ သူ့အမြှီးကို လှုပ်ရမ်းလိုက်သည်နှင့် လေယာဉ်ကွင်း တစ်စစီဖြစ်သွားပြီး လေယာဉ်နှစ်စင်းလည်း ချက်ချင်းပေါက်ကွဲသွားလေသည်။
ချူဖုန်း လေထဲ ခုန်တက်လိုက်ပြီး ထိုအမြှီးကို ရှောင်ရှားလိုက်သည်။ သူ ချာကရမ် သုံးသင့်မသုံးသင့် တွေဝေနေမိသည်။ သူ ရန်သူကို တစ်ချက်တည်းဖြင့် သတ်လိုက်နိုင်သော်လည်း ရန်သူကိုမထိလျှင် ဘာမှအကျိုးရှိမည်မဟုတ်။
ဤနေရာမှာ အလွန်ကျယ်ပြန့်လှသည်။ နေရာနည်းနည်းကျဉ်းလျှင် ပိုအဆင်ပြေလိမ့်မည်။
အခုက ဒါတွေကို ဂရုစိုက်ရမယ့်အချိန်မဟုတ်ဘူး .. ပစ်လိုက်တော့..
ချူဖုန်း လေထဲမှ နေ၍ ချာကရမ်ကို ပစ်လွှတ်လိုက်သည်။ သူ မြွေကြီး၏ဦးခေါင်းကို ချိန်ရွယ်၍ ပစ်လိုက်ခြင်းပင်။
ချာကရမ်ကာ သူ့ဦးခေါင်းကို ထိသွားလျှင် ဤမြွေကြီး၏ဦးခေါင်း သေချာပေါက် အက်ကွဲသွားမည်ပင်။
ချာကရမ်သည် နေလုံးလေးတစ်လုံးကဲ့သို့ တောက်ပလျက် မြွေကြီးထံသို့ ဦးတည်လာနေသည်။
ဟိန်းထုန် လက်နက်ကို မြင်လိုက်သော်လည်း အကွာအဝေး နီးကပ်လွန်းလှသည့်အပြင် သူ၏ခန္ဓာကိုယ်လည်း ကြီးမားလှသောကြောင့် ရှောင်ရှားရန် ခက်ခဲသွားသည်။
သို့သော်လည်း သူသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေဆဲပင်။
အော်သံနှင့်အတူ သူ့ကိုယ်လုံးမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ခေါင်းကို မြန်မြန်ငုံ့ရှောင်လိုက်သည်။
ခွပ်..
ချာကရမ်မှာ သူ၏တစ်ခုတည်းသော ဦးချိုနှင့် ထိခတ်သွားပြီးနောက် သူတို့ကြား၌ အလင်းနှင့်အမှောင်ရောနေသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။
မြွေကြီး၏ ခန္ဓာကိုယ် ပြင်းထန်စွာ ယမ်းခါသွားပြီးနောက် ခေါင်းဖြင့် မြေပြင်ပေါ်သို့ ကျသွားသည်။ သူ့ဦးခေါင်းမှာ ပြင်းထန်စွာ နာကျင်ပြီး မူးနောက်နေလေပြီ။
ဝုန်း..
နောက်တစ်ခဏတွင် သူ ပြန်ထလာသည်။ ယခုတစ်ခေါက်တော့ သူ လုံးဝဒေါသထွက်နေလေပြီ။
သူ့ဦးချို ဒဏ်ရာရသွားပြီး အချို့နေရာများ၌ အက်ကွဲကြောင်းများ ဖြစ်ေပါ်လာသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အထူးသဖြင့် ဦးချိုနှင့် ဦးခေါင်းဆက်ထားသည့်နေရာပင်။ ထိုနေရာမှ အသားများ ဟက်တက်ကွဲနေပြီး သွေးများစီးကျနေသည်။
ချူဖုန်းသည် ဧရာမဂဠုန်ကြီးတစ်ကောင်ကဲ့သို့ လေထဲ ခုန်တက်လိုက်ပြီး နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် ချာကရမ်ကို ပြန်ယူချိန်ပင် မရခဲ့။
ခွပ်..
သူ၏နတ်ခြေထောက်ကို အသုံးပြုကာ ပြင်းထန်လှသည့် အဖျက်စွမ်းအားဖြင့် စောင့်နင်းလိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းသို့ ပြေးတက်သွားလိုက်သည်။
သာမန်အခြေအနေမျိုး၌ဆိုလျှင် သူ့နတ်ခြေထောက်များမှာ တောင်ကုန်းတစ်ခုကိုပင် ဖြိုချပစ်နိုင်သည်။ သို့သော် ဤမြွေကြီး၏ ခန္ဓာကိုယ်မှာတော့ ဘာမှပင်မဖြစ်လိုက်။ သို့သော်လည်း သူ့အနာဟောင်းပြန်ပွင့်သွားကာ သွေးများ စီးကျလာလေ၏။
ဟိန်းထုန် ဒေါသထွက်လာကာ သူ့ခန္ဓာကိုယ်ကို လှိမ့်လိုက်ပြီး ပါးစပ်မှ အလင်းတန်းများ မှုတ်ထုတ်လာသည်။
ချူဖုန်း နဂါးကိုယ်ပေါ်မှ ခုန်ဆင်းလိုက်ကာ နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။ “ခင်ဗျားက နဂါးမဟုတ်လား … ဒီနေ့ကစပြီးတော့ ကျုပ်က နဂါးစီးနင်းသူပဲ..”
သူ မြွေကြီး၏နောက်ကျောပေါ်သို့ တက်သွားလိုက်ပြီး အားပြင်းပြင်းဖြင့် ထိုးနှက်လိုက်သည်။
ဝုန်း..
ထိုအချိန်တွင် မြွေကြီး၏ အကြေးခွံများ တောက်ပလာပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ပျံ့လွင့်လာသည်။ သူ့ခန္ဓာကိုယ်လည်း လေထဲသို့ မြှောက်တက်သွားလေ၏။
ဖူး…
ချူဖုန်း အဝေးသို့ လွင့်ထွက်သွားပြီး သွေးအန်သွားရသည်။ ထိုအခိုက်အတန့်ကို အသုံးချကာ ချာကရမ်ရှိနေသည့်နေရာသို့ ပျံပြေးသွားလိုက်သည်။
သူ အတော်လေးတော့ ထိတ်လန့်သွားရသည်။ ရန်သူ သူ၏အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်စွမ်းအားကို အသုံးပြုပါက တကယ် ကြောက်စရာကောင်းလှသည်။ ထိုတိုက်ခိုက်မှုတွင် သူ ဒဏ်ရာရသွားခဲ့သည်ပင်။
ဝုန်း..
မြွေကြီး ချူဖုန်းနောက် ပြေးလိုက်လာသည်။ အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် လူသားတစ်ဦးမှ သူ့အား ဤကဲ့သို့ အရေးနိမ့်အောင် ပြုလုပ်ခဲ့သဖြင့် သူ တကယ်ကို ဒေါသထွက်နေလေပြီ.
ချူဖုန်း မြွေကြီးနှင့် အကွာအဝေးတစ်ခု၌ နေနေလိုက်ကာ သူ့စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ချာကရမ်ကို ကောက်ယူလိုက်သည်။ သူ နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင်တော့ မြွေကြီးသည် ယခုအချိန်တွင် အနက်ရောင်အလင်းများ တောက်ပနေပြီး ကြောက်စရာကောင်းလောက်အောင် များပြားသည့်စွမ်းအင်များ စီးဆင်းနေကြောင်း တွေ့လိုက်ရသည်။
ယခုအချိန်တွင် မြွေကြီးအား ချာကရမ်နှင့်ပစ်ခတ်လျှင် ထိမှန်နိုင်ချေသိပ်မရှိကြောင်း သူသိသည်။
ထို့ကြောင့် သူ အရှိန်ကုန်တင်ပြီး ပြေးတော့သည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လေယာဉ်ပြေးလမ်းကြီး ပေါက်ကွဲထွက်လာလေ၏။ ခဏကြာပြီးနောက် သူ့အရှိန်ကို အသံနှုန်းထက် လေးဆခွဲပိုမြန်အောင် အရှီန်တင်လိုက်သည်။
ဟိန်းထုန်၏ဦးချို ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သူ့မျက်လုံးများမှာ ဓားသွားများကဲ့သို့ အေးစက်နေသည်။ သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကြီး ကွန်ကရစ်လမ်းတစ်လျှောက် ပွတ်တိုက်လိုက်သည်နှင့် မြေပြင်ကြီး ပျက်စီးသွားသည်။
သူသည် ဒေါသထွက်နေသောကြောင့် သူ့စွမ်းအားများကို အဆုံးစွန်ထိ ထုတ်လွှတ်ထားခဲ့သည်ပင်။
ဝုန်း…
သူ့လမ်းကြောင်း၌ ရှိနေသည့် လေယာဉ်တစ်စင်း ပေါက်ကွဲသွားသည်။
ထိုအချိန်တွင် လုံဟူတောင်မှ ရောက်လာကြသည့် ကျွမ်းကျင်သူအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရကာ အံ့အားသင့်သွားကြရလေသည်။
“ချူဖုန်းကို နဂါးနက်အိမ်ရှေ့စံမင်းသား လိုက်ဖမ်းနေတယ်..”
ထိုသတင်းသည် ဓာတ်ပုံများနှင့်အတူ ချက်ချင်းပင် ပျံ့လွင့်လာသည်။
အပြင်လောကမှ လူများမှတော့ ထိတ်လန့်နေကြလေ၏။ ချူဖုန်းက တောင်ပိုင်းပင်လယ်က နဂါးနက်အိမ်ရှေ့စံမင်းသားနဲ့ ဘယ်လိုပတ်သက်သွားတာလဲ..
သိပ်မကြာခင်မှာပင် ချူဖုန်း တောင်ကုန်းကြီးတစ်ခု ပေါ်သို့ ရောက်ရှိလာပြီး မြေအနေအထားကို လေ့လာကာ သူ ချာကရမ်အသုံးပြုနိုင်မည့်အခွင့်အရေးကို ရှာဖွေနေလိုက်သည်။ ယခုနေရာမှာ သိပ်မကျယ်သောကြောင့် မြွေကြီး သူ့ရိုက်ချက်အား ရှောင်ရှားနိုင်ရန် ခက်ခဲလိမ့်မည်။
သို့သော် နဂါးနက်အိမ်ရှေ့စံသည် ဤနေရာသို့ ရောက်သည်နှင့် လူသားပုံစံ ပြောင်းလဲလိုက်လေသည်။
သူသည် ချာကရမ်အား အလွန်သတိထားနေသည်မှာ သိသာလှသည်။
သူ၏ကြေးရောင်အသားအရေကို အနက်ရောင်အကြေးခွံဖြင့် ဖုံးအုပ်ထားကာ သူ့တစ်ကိုယ်လုံးကို အနက်ရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။ သူ့မျက်လုံးများမှာ မှုန်မှိုင်းနေပြီး သူ၏ထူထဲနက်မှောင်သည့် ဆံပင်များမှာ သူ့နောက်၌ ဖြာကျနေသည်။
ချူဖုန်း ထိတ်လန့်သွားရ၏။ အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူဟု မပြောရ။ သူသည် ချပ်ဝတ်တန်ဆာနှင့် အဝတ်အစားများကိုပင် ဖန်တီးနိုင်သည်။
ဟိန်းထုန်၏ နဖူးထက်တွင် သွေးများ စီးကျနေပြီး သူ့ဝမ်းဗိုက်နားတွင် ထက်ပိုင်းပြတ်လုနီးပါးဖြစ်နေသည့် ဒဏ်ရာကြီးတစ်ခု ရှိနေ၏။ ဤသည်မှာ သူ လုံဟူတောင်၌ ရခဲ့သည့်ဒဏ်ရာပင်။
“အမ်..” သူ့ပြိုင်ဘက်၏ဒဏ်ရာများအားလုံး ဟက်တက်ကွဲပွင့်နေပြီး ခန္ဓာကိုယ်လည်း ပြိုလဲလုနီးပါးဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
ဤသည်မှာ သူ့စွမ်းအင်များကို အလွန်အကျွံသုံးမိသောကြောင့် ဖြစ်လိမ့်မည်။ သူ့ဒဏ်ရာများမှာ ဖိအားများကို မခံနိုင်တော့။
“ခင်ဗျားက ဒီလိုအခြေအနေမျိုးဖြစ်နေတာတောင် ကျုပ်ကို လိုက်ဖမ်းချင်နေသေးတာလား..” ချူဖုန်း ရယ်မောလိုက်သည်။
“မင်းကိုသတ်လို့ရသေးတယ်..” ဟိန်းထုန် ပြန်ဖြေလိုက်ကာ မီတာပေါင်းရာပေါင်းများစွာဝေးသည့် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းလာလေသည်။ ချူဖုန်း ရှေ့သို့ ရောက်လာသည်နှင့် သူ ဆက်တိုက်ထိုးနှက်လာလေတော့သည်။
“ငါစီးဖို့ သားရဲမရှိတာနဲ့ အံကိုက်ပဲ .. ငါ မင်းကို ရွေးလိုက်ပြီ..” ချူဖုန်း ရန်စလိုက်သည်။
ဝုန်း..
တိုက်ပွဲ စတင်လာလေပြီ။ ဟိန်းထုန် သူ့စွမ်းအားများကို လွယ်လွယ်မသုံးနိုင်လောက်ဟု စဉ်းစားမိသောကြောင့် ချူဖုန်း ပြေးနေခြင်းကို ရပ်တန့်လိုက်သည်။
“ဒါက ဘာအခြေအနေကြီးလဲ .. ချူဖုန်းက ထွက်မပြေးတော့ပဲနဲ့ တိုက်ခိုက်ဖို့အတွက် လှည့်လိုက်တာလား..”
“တောင်ပင်လယ်က နဂါးနက်အိမ်ရှေ့စံက အစောကြီးကတည်းက ခြောက်ခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ခဲ့တာလို့ ပြောကြတယ် .. ဒါပေမဲ့ အခုတော့ ချူဖုန်းနဲ့တိုက်ဖို့အတွက် ရုန်းကန်နေရတယ် .. ချူဖုန်းမှာ တကယ်ပဲ စွမ်းအားကြီးတဲ့အသက်ရှူစည်းချက် ရှိနေတာလား..”
အခြားသားရဲဘုရင်များနှင့် အဖွဲ့အစည်းမှ အေးဂျင့်များ ရောက်လာကာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခိုက်အတန့် အားလုံး ဆွံ့အသွားကြရသည်။
အချို့မှာ ဓာတ်ပုံများနှင့်အတူ အပြင်လောကသို့ သတင်းလွှင့်လိုက်ကြသည်။
အပြင်လောကမှာ ဤသတင်းကြောင့် ပွက်လောရိုက်နေပြီး သတင်းကိုသိသည့်သူ ပို၍ များပြားလာသည်။
…
“မင်းမိတ်ဆွေနဂါးနက်အိမ်ရှေ့စံ မရှုံးလောက်ပါဘူး ဟုတ်တယ်မလား..” အဖြူရောင်ဝတ်စုံနှင့်လူငယ် မေးလိုက်သည်။ အင်တာနက်ပေါ်မှ သတင်းမျး တွေ့လိုက်ရပြီး သူ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
မျက်လုံးသုံးလုံးရှိသည့် လူငယ်လေး၏အမူအရာမှာ မှုန်မှီုင်းနေသည်။ သူ့ပန်းကန်ပြားပျံ ပျက်စီးသွားခဲ့သောကြောင့် သူ့မိတ်ဆွေကောင်းကို အကူအညီတောင်းခဲ့ခြင်းပင်။ ဟိန်းထုန် ဘယ်လိုလုပ် ရှုံးနိုင်မည်နည်း.. သူသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးပင်။