ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၂ – တောင်ပိုင်းပင်လယ်၏ နဂါးနက်အိမ်ရှေ့စံမင်းသား
ချူဖုန်းနှင့် နွားနှစ်ကောင် တောင်အောက်သို့ တဟုန်ထိုး ပြေးဆင်းလာခဲ့လိုက်ကြ၏။ သူတို့စိတ်ထဲ ထွက်ပြေးလွတ်မြောက်ရန်သာ ရှိတော့သည်။ အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့။
သူတို့လမ်းကြောင်း၌ ရှိနေသည့် ရှေးဟောင်းသစ်ပင်များကို ချိုးပစ်ပြီး ကျောက်တုံးကြီးများကိုလည်း လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
နောက်ဆုံးတွင်တော့ သူတို့ တောင်ခြေသို့ ရောက်လာလေပြီ.
ထိုနေရာ၌ ရှိနေသည့်သူများမှာ လုံဟူတောင်ကို ကြည့်ပြီး အံ့အားသင့်နေကြရသည်။
တောင်ပေါ်ရှိ မြက်ပင်များနှင့် ကျောက်တုံးလေးများကအစ တောက်ပလာကာ တောင်တစ်ခုလုံး လင်းထိန်တောက်ပလာသည့်အပင် တစ်တောင်လုံး၌ မြူများလည်း အုံ့ဆိုင်းနေသည်။
နဂါးနှင့်ကျားသည် တောင်ထိပ်ကို ရစ်ပတ်ထားပြီး အားလုံးကို တုန်လှုပ်သွားစေနိုင်သည့် အသံများဖြင့် ဟစ်ကြွေးလာကြသည်။
ဖူး..
ချူဖုန်း နောက်တစ်ကြိမ် သွေးအန်သွားရသည်။ သူတို့ အန္တရာယ်မှ လွတ်မြောက်လာကြလေပြီ။ တောင်၏စွမ်းအင်ကြောင့် သူတို့ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့သည်ပင်။
အနီးအနား၌ ရှိနေသည့်လူအချို့မှာ ထူးဆန်းသည့်အမူအရာများ ရှိနေကြသည်။ လူအများစုမှာ နတ်ဆိုးဘုရင်ချူ ဒဏ်ရာမည်မျှဆိုးဆိုးရွားရွား ရရှိသွားပြီး သူ့ထံမှ တိုက်ခိုက်နိုင်စွမ်း မည်မျှကျန်သည်ကို တွက်ချက်နေကြလေသည်။
နွားနှစ်ကောင်နှင့်ယှဉ်လျှင်တော့ သူ့ဒဏ်ရာများမှာ သိပ်မဆိုးသေး။ နွားနှစ်ကောင်သည် တောင်ကြီး၏ ဖိနှိပ်မှုကို ခံစားခဲ့ရသောကြောင့် သူတို့မျက်ခုံးကြားမှ သွေးစီးကျနေပြီး မျက်နှာလည်း ဖြူဖျော့နေသည်။
ဤနေရာမှာ ထူးဆန်းလှ၏။ လုံဟူတောင်တစ်ခုလုံးမှာ မတူညီသည့်မျိုးနွယ်စုများကို သတ်ဖြတ်ရန် ပြုလုပ်ထားသည့် အဆောင်တစ်ခုနှင့် တူနေသည်။
“ညီအစ်ကိုချူ .. ခင်ဗျား အဆင်ပြေလား..” ထော်ဂုအဖွဲ့အစည်းမှ အကြီးအကဲတစ်ဦး ထွက်လာကာ နွားနှစ်ကောင်ကိုကြည့်ပြီးနောက် ချူဖုန်းကို မေးမြန်းလာသည်။
အခြားသူများလည်း အသေးစိတ်သိရရန်အတွက် ချဉ်းကပ်လာကြသည်။
“အားလုံးရဲ့ စေတနာတွေအတွက် ကျေးဇူးတင်ပါတယ် .. ဒါတွေက အာရုံစိုက်ဖို့မလိုတဲ့ ဒဏ်ရာသေးသေးမွှားမွှားလေးတွေပါ” ချူဖုန်း ပြန်ဖြေလိုက်သည်။
“ဒါက ဘယ်လိုလုပ် ဒဏ်ရာသေးသေးမွှားမွှားဖြစ်မှာလဲ .. ကျွန်တော် ညီအစ်ကိုချူကို စမ်းသပ်ပေးပါရစေ”
“ခင်ဗျားရဲ့ ညီအစ်ကိုနှစ်ယောက်က အခြေအနေဆိုးနေတဲ့ပုံပဲ .. သူတို့ ချက်ချင်းကုသမှု ခံယူဖို့လိုအပ်နေတယ်”
ဤလူများသည် ချူဖုန်းနှင့် နွားနှစ်ကောင် သူတို့ဒဏ်ရာများ ကုသနိုင်ရန်အတွက် အဆင့်အမြင့်ဆုံးဆေးဝါးများ ကမ်းလှမ်းလာကြသည်။
နွားနက်ကြီးသည် စိုးရိမ်နေသောကြောင့် ဤလူများအား သူ့ကိုစမ်းသပ်ခွင့်မပေး။
သူ့ခွန်အားအမှန်ကို သိချင်နေကြသည့် အဖွဲ့အစည်းမှ အေးဂျင့်များကို သူသတိထားရမည်ပင်။
အပြင်လောကတွင် ချူဖုန်း ထူးခြားသည့်အသက်ရှူပညာပိုင်ဆိုင်ထားသည်ဟု ပျံ့နေသောကြောင့် ဤသည်မှာ အချို့လူများကို မနာလိုစိတ် ဖြစ်ပေါ်လာစေပြီး အခါအခွင့်သင့်သည်နှင့် သူ့ပညာကို မျက်စိကျလာကြမည်ပင်။
ချူဖုန်း ပေးလာသည့်ဆေးအားလုံးကို လက်ခံလိုက်သည်။ “အားလုံးကို ကျေးဇူးတင်ပါတယ်..”
ချူဖုန်း အရမ်းမစိုးရိမ်။ ဤအဖွဲ့အစည်းများသည် သူ့ကို အပြတ်ရှင်းနိုင်သည်ဟု ယုံကြည်ချက်မရှိလျှင် ဘာကိုမှ စွန့်စားမည်မဟုတ်။ လူထု ဆူပူအုံကြွလာမည်ကို သူတို့ ကြောက်ကြသည်ပင်။
ထိုအချိန်တွင် တောင်ကြီးလှုပ်ခါလာကာ အန္တရာယ်များသည့် စွမ်းအင်လှိုင်းများ ထုတ်လွှတ်လာလေ၏။
“လုံဟူတောင်က တကယ်ကို နာမည်ကြီးနေတဲ့အတိုင်း ကြောက်ဖို့ကောင်းတာပဲ .. ဒီတောင်ကို သိမ်းပိုက်နိုင်ဖို့က အန္တရာယ်များလွန်းတယ်”
အချို့လူများ သက်ပြင်းချလိုက်ကြသည်။ သူတို့ တောင်ပေါ်သို့ တက်နိုင်သည့် နည်းလမ်းမရှိတော့။
နောက်ဆုံးတွင်တော့ တောင်ကို ရစ်ပတ်ထားသည့် ကျားနှင့်နဂါးပုံရိပ်သည် တောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကာ ယခင်ကကဲ့သို့ လှပသည့်ရှုခင်းများ ပြန်ပေါ်လာတော့သည်။
ထိုပန်းကန်ပြားပျံသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီးနောက် လုံဟူတောင်ထဲသို့ ပြုတ်ကျသွားလေပြီ။
“ရေအောက်မျိုးနွယ်စုတွေလား..”
ချူဖုန်း၏ မျက်လုံးများ ရက်စက်ကာ အေးစက်လာသည်။ အတော်လေး ဝေးနေသော်လည်း ပန်းကန်ပြားပျံထဲမှ ထွက်ကျလာသည့် သက်ရှိများကို သူ မြင်လိုက်ရသေးသည်။ ပင်လယ်မြင်းတစ်ကောင်၊ ရေမြွေတစ်ကောင်နှင့် ငါးမန်းတစ်ကောင်တို့ သူတို့ပုံစံအမှန် ပြန်ပေါ်လာသည်။
သူတို့နဖူးထက်၌ အပေါက်များရှိနေပြီး သူတို့အသက်ဓာတ်လည်း ကုန်ဆုံးခါနီးနေလေပြီ။ နောက်ဆုံးတွင်တော့ တောင်ထဲမှ နဂါးနှင့်ကျားကြောင့် သူတို့ အသက်ထွက်သွားကြတော့သည်။
ဤအကောင်များကို မြင်လိုက်ရသည့် အခြားသူများအားလုံးလည်း ထိတ်လန့်သွားကြရ၏။ ဒါတွေက ဂြိုလ်သားတွေ မဟုတ်ပဲနဲ့ ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူတွေလား..
“ညီအစ်ကိုချူ .. ခင်ဗျား သတိထားမှ ရတော့မယ် .. ရေအောက်မျိုးနွယ်စုက ခင်ဗျားကို ပစ်မှတ်ထားနေပြီ” အာကာသယဉ်ကျေးမှုသုတေသနကျောင်းမှ တစ်စုံတစ်ဦး သူ့ကို သတိပေးလာသည်။
“ရေအောက်မျိုးနွယ်စုက အရမ်းစွမ်းအားကြီးကြတာပဲ .. ပြောကြတာတော့ အရှေ့ပင်လယ်က တစ်ချို့နဂါးတွေက ကုန်းမြေကို သိမ်းပိုက်ဖို့အတွက် ကျွမ်းကျင်သူတစ်ချို့ကို ဦးဆောင်ပြီး လာနေပြီတဲ့ .. သူတို့တွေကို တွေ့လိုက်ရတဲ့သူတွေကတော့ သူတို့တွေက ကောင်းကင်ပေါ်လည်း ပျံသန်းနိုင်တယ်လို့ ပြောကြတယ် .. သူတို့တွေက အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတွေထက်တော့ အားနည်းမှာမဟုတ်ဘူး”
“လှိုင်းတွေကြားကနေ ကမ်းခြေပေါ်ရောက်လာတဲ့ အနက်ရောင်ရေနဂါးတစ်ကောင်လည်း တွေ့လိုက်တယ်လို့ ပြောကြတယ်”
အဖွဲ့အစည်းမှ အေးဂျင့်များ စတင်ဆွေးနွေး ပြောဆိုလာကြသည်။
ချူဖုန်း ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။
ရေအောက်မျိုးနွယ်စုမှ ပန်းကန်ပြားပျံတစ်ခု ပိုင်ဆိုင်နေခြင်းမှာ သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ ဤသည်မှာ သူ့ကို အတ္တလန်တိတ်နှင့် ပတ်သက်သည့် ဒဏ္ဍာရီအချို့ကို အမှတ်ရသွားစေခဲ့သည်။ ထိုကျွန်း ရေအောက်သို့ နှစ်မြှုပ်သွားပြီဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူ ရှိခဲ့သည်ထင်သည်။
“အားလုံးပဲ ကျွန်တော်တို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့..” ချူဖုန်း စတင်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
တောင်ပေါ်သို့ မတက်နိုင်သောကြောင့် သူ ဤနေရာ၌ ဆက်နေစရာ အကြောင်းမရှိတော့။
တစ်ချိန်တည်းမှာပင် သူ သတိကြီးကြီးလည်း ထားနေရသည်။ သူတို့ ပန်းကန်ပြားပျံဖြင့် တိုက်ခိုက်ခံရခြင်းမှာ ကောင်းမွန်သည့်ကိစ္စမဟုတ်။ ယခု သူတို့နောက်ပြန်ဆုတ်ပြီး အနာဂတ်အစီအစဉ်များ ချမှတ်ဖို့ လိုအပ်သည်။
လူစုကြီးမှာ ဖော်ရွေစွာဖြင့်ပင် သူတို့သုံးယောက်ကို လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
လုံဟူတောင်အောက်၌ ရှိနေသည့် ဒဏ္ဍာရီလာ လက်နက်ကို မရလိုက်သောကြောင့် နွားဝါလေး ဝမ်းနည်းနေမိသည်။
သူ့မျက်နှာလေးထက်၌ မကျေနပ်သည့်အမူအရာများ ပြည့်နှက်နေသော်လည်း သူ့မျက်ခုံးကြားတွင် သွေးစီးကျနေဆဲပင်။
“မင်းတို့နှစ်ယောက် ဘယ်လိုနေလဲ..” လုံဟူတောင်မှ ထွက်လာပြီးနောက် ချူဖုန်း မေးလိုက်သည်။
“ငါတို့ ခဏတော့ အနားယူဖို့လိုတယ် .. ငါတို့ မလှုပ်မရှားနေရင် အကောင်းဆုံးပဲ .. ဒါပေမဲ့ တိုက်ခိုက်ဖို့ လိုလာရင်တော့ တိုက်ခိုက်နိုင်ပါသေးတယ်” နွားနက်ကြီး ပြန်ဖြေလိုက်သည်။
သူတို့မျက်ခုံးကြားမှ စီးကျလာသည့် သွေးများမှာ ဦးခေါင်းခွံအက်ကွဲကြောင်းမှ စီးကျလာခြင်းပင်။ သူတို့သာ နည်းနည်းလေး နောက်ကျသွားလျှင် အန္တရာယ်များလှသည်။
နောက်ဆုံး သူတို့ အနီးဆုံးမြို့သို့ ရောက်ရှိလာသည်။ ချူဖုန်း နွားနှစ်ကောင်ကို လေယာဉ်ဖြင့် တင်ပေးလိုက်ပြီး လေယာဉ်ထွက်သွားသည်အထိ ကြည့်နေလိုက်သည်။
ခွန်းလွန်တောင်သို့ ပြန်မသွားမီ ချူဖုန်း အိမ်အရင်ပြန်ပြီး သူ့မိဘများကို အဖော်လုပ်ပေးလိုက်ဦးမည်။
…
ထိုအချိန်တွင် တစ်နေရာရာမှ ဗီလာတွင်တော့ အိမ်မှအသုံးအဆောင်ပစ္စည်းအားလုံးသည် ပင်လယ်ရေထဲမျောနေသကဲ့သို့ လေပါ်ဝဲပျံနေသည်။
ဤသည်မှာ အခန်းထဲ၌ ရှိနေသည့် လူတစ်ယောက်ထုတ်လွှတ်နေသည့် အလွန်စွမ်းအားကြီးသည့် စွမ်းအင်များကြောင့်ပင်။
သူ၏မျက်ခုံးကြားမှ တတိယမျက်လုံးသည် လျှပ်စီးအမြန်နှုန်းဖြင့် ပွင့်လိုက်ပိတ်လိုက်ဖြစ်သည်။ ဤချောမောခန့်ညားသည့်သူသည် ယခုအချိန်တွင် နတ်ဆိုးအော်ရာများ ထုတ်လွှတ်နေသောကြောင့် သူ စိတ်လွတ်နေပြီဖြစ်ကြောင်း သိသာလှသည်။
“ချူဖုန်း .. အချုပ်အနှောင်လေးခု ဖြတ်တောက်ထားတဲ့လူသားတစ်ယောက်ကများ ငါ့ ပန်းကန်ပြားပျံကို ဖျက်ဆီးပစ်တယ်ပေါ့ .. မုန်းစရာ ကောင်းလိုက်တာ…” သူ ဟစ်ကြွေးလိုက်သည်။
လေပေါ်ပျံဝဲနေသည့်ပစ္စည်းအားလုံး ချက်ချင်းပင် ပေါက်ကွဲထွက်သွားကြလေသည်။
“ဒါက တကယ်ကို ကံဆိုးသွားတဲ့ မတော်တဆမှုပဲ .. လုံဟူတောင်က ငါထင်ထားတာထက်ကို ပိုထူးဆန်းနေတယ် .. ချူဖုန်းကတော့ မင်း သူ့ကို သတိလစ်အောင်လုပ်ပြီး သူ့ကို အသက်ရှူပညာပေးအောင် ဖိအားပေးလို့ရတယ် .. ပြီးမှာ သူ့ကို သတ်ပစ်လိုက်ပေါ့..” အဖြူရောင်ဝတ်စုံဝတ်ထားသည့် လူငယ်လေးမှ ပြောလာသည်။
မျက်လုံးသုံးလုံးနှင့် လူငယ်၏ ဆံပင်များ လေထဲ၌ လွင့်မျောနေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူ့တတိယမျက်လုံးမှ အနီရောင်လေး တောက်ပလာနေပြီဖြစ်သည်။ အချိန်အတော်ကြာသွားမှ သူ တည်ငြိမ်သွားကာ “ငါ ထပ်မစောင့်နိုင်တော့ဘူး .. တစ်ယောက်ယောက် သွားဖမ်းခိုင်းလိုက်..”
“တောင်ပိုင်းပင်လယ်က အနက်ရောင်နဂါးအိမ်ရှေ့စံမင်းသားက လုံဟူတောင်နားမှာမလား..” အဖြူရောင်ဝတ်စုံနှင့်လူငယ် အကြံပေးလိုက်သည်။
“ဟိန်းထုန် .. မင်း လုံဟူတောင်နားမှာ ရှိနေသေးလား .. င့ါကိုကူပြီး လူတစ်ယောက်ကိုဖမ်းပေးပါဦး” မျက်လုံးသုံးလုံးနှင့်လူ ဖုန်းဖြင့် ဆက်သွယ်လိုက်သည်။
လုံဟူတောင်နှင့် ကီလိုမီတာ ၁၀၀ ဝေးသည့်နေရာ၌ လူငယ်တစ်ဦး တင်ပုလ္လင်ခွေ ထိုင်နေသည်။ သူ့သည် ကြေးညိုရောင်အသားအရေနှင့် ထူထဲနက်မှောင်သည့် ဆံပင်များ ပိုင်ဆိုင်ထားပြီး မျက်လုံးများမှာ အေးစက်နေသည်။ ယခုအချိန်တွင်တော့ သူ့ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာအောင် ကုသနေခြင်းပင်။ သူ့မျက်ခုံးမှ သွေးများစီးကျနေပြီး သူ့ခါးတွင်တော့ နှစ်ပိုင်းပြတ်လုနီးပါးဖြစ်နေသည့် ဒဏ်ရာတစ်ခု ရှိနေသည်။
သူသည် တောင်ပိုင်းပင်လယ်မှ အနက်ရောင်နဂါးအိမ်ရှေ့စံမင်းသားပင်။ လက်ရှိတွင် သူသည် အထူးဖုန်းတစ်လုံးကိုင်ထားပြီ ဖုန်းပြောနေသည့်ပုံပင်။
“မျက်လုံးသုံးလုံး .. မင်းက င့ါကိုရှားရှားပါးပါး အကူအညီတောင်းလာတာပဲ .. ဒါပေမဲ့ ငါအခု ဒဏ်ရာအပြင်းအထန်ရထားတယ် .. လုံဟူတောင်ကနေ မသေရုံတမယ် ထွက်လာရပြီးတော့ ငါ အားနည်းနေသေးတယ်” သူ ပြန်ဖြေလိုက်သည်။
“အချုပ်အနှောင်လေးခု ဖြတ်တောက်ထားတဲ့လူတစ်ယောက်ကို ဖမ်းရတာက မင်းအတွက် မခက်ခဲလောက်ပါဘူး .. မင်း နဂါးအသီးကိုရှာဖို့အတွက် င့ါကို အကူအညီတောင်းထားတာမလား .. မင်း ငါ့ကို ဒီကိစ္စကူညီပေးရင် ငါလည်း မင်းကို ကူညီပေးမယ်..”
“ငါ ပိုပြောနေတာမဟုတ်ဘူး .. ငါတကယ်ကို ဆိုးဆိုးရွားရွားကို ဒဏ်ရာရထားတာ .. ဒါပေမဲ့ ဒါက အချုပ်အနှောင်လေးခု ဖြတ်တောက်ထားတဲ့လူသားတစ်ယောက်ပဲ ဖြစ်နေတဲ့အပြင် မင်းကိုယ်တိုင်က တောင်းဆိုတာဆိုတော့ ငါ ကူညီပေးရမှာပေါ့..” နဂါးနက်အိမ်ရှေ့စံမင်းအသား သဘောတူလိုက်သည်။
ထို့နောက်တွင်တော့ မျက်လုံးသုံးလုံးနှင့်လူငယ် သူအား အခြေအနေကို ရှင်းပြလိုက်ပြီး သူတို့ ဝေးဝေးမပြေးခင် ချက်ချင်းလှုပ်ရှားရန်လည်း သတိပေးလိုက်သည်။
“မင်းရဲ့ ပန်းကန်ပြားပျံက ပျက်စီးသွားပြီလား .. နှမြောစရာပဲ .. ဒီပန်းကန်ပြားပျံကို လိုချင်နေတဲ့ မျိုးနွယ်စုတွေ အများကြီး ရှိနေတာတောင်မှ မင်းက ဒါက လုံဟူတောင်မှာ ဖျက်ဆီးပစ်လိုက်တယ်” ဟိန်းထုန် အတော်လေး နှမြောမိသွားသည်။ သူ ဤပန်းကန်ပြားပျံကို လိုချင်နေခြင်းပင်။ ဤကဲ့သို့သော ရှေးဟောင်းနည်းပညာမျိုးကို ရေအောက်၌သာ တွေ့နိုင်သော်လည်း ရှားပါးလှသည်။ ကျွမ်းကျင်သူအချို့သာ ဤပညာများနှင့် ထိတွေ့ခွင့် ရခဲ့သည်ပင်။
ခဏကြာပြီးနောက် သူ့မူလပုံစံကို ပြောင်းလဲလိုက်သည်။ သူသည် မီတာပေါင်းရာပေါင်းများစွာ ရှည်ပြီး အချင်းဝက်နှစ်မီတာခန့်ရှိသည့် မြွေနက်ကြီးတစ်ကောင်ပင်။ သူသည် ကောင်းကင်ထက်သို့ ဆန်တက်သွားတော့မည့် ကောင်းကင်နဂါးတစ်ကောင်နှင့်လည်း တူနေသည်။
ဝုန်း..
သူသည် တောင်ထိပ်များ၌သာ ခဏနားလိုက်ပြီး ထိုတောင်ထိပ်များကို ကန်၍ ထပ်မံခုန်ထွက်လိုက်သောကြောင့် ပျံသန်းသည်နှင့်ပင် တူနေသည်။ သူထိုသို့ ကန်လိုက်သည်နှင့် လေပွေများပင် ဖြစ်ပေါ်လာလေ၏။
ကီလိုမီတာ ၁၀၀ အကွာအဝေးမှာ သူ့အတွက် ဘာမှမဟုတ်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့် သူ အသံနှုန်းထက် လေးဆမြန်အောင်သွားနိုင်သည်။
“အမ် .. အဲဒီအနက်ရောင်လျှပ်စီးကြောင်းက ဘာကြီးလဲ..”
အဖွဲ့အစည်းများမှ အေးဂျင့်များမှာ မပြန်ရသေး။ တောင်ပေါ်သို့ တက်နိုင်မည့်အခွင့်အရေးကို စောင့်ဆိုင်းနေကြလေ၏။ ထိုအချိန်တွင် အဝေးမှ ဤမြင်ကွင်းအား မြင်လိုက်ရသည်ပင်။
ကောင်းကင်ထက်တွင် ကြောက်စရာကောင်းသည့်ဖိအားများ ထုတ်လွှတ်နေသည့် လျှပ်စီးတန်းတစ်တန်း ရှိနေသည်။
“မြွေကြီး..”
ခဏကြာပြီးသည့်နောက်တွင်တော့ ဤသည်မှာ ဧရာမမြွေနက်ကြီးတစ်ကောင်ဖြစ်ကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။ မြွေကြီးသည် လုံဟူတောင်ခြေသို့ ရောက်ရှိလာပြီး တောင်ငယ်လေးတစ်လုံးကို ပတ်ခွေလိုက်သည်။ သူ့ခေါင်းပင်လျှင် မြေပြင်ထက်၌ မီတာပေါင်းများစွာ မြင့်နေသည်။
“မင်းတို့ထဲမှာ ဘယ်သူက ချူဖုန်းလဲ..” ဟိန်းထုန် မေးလိုက်သည်။
သူ့မျက်လုံးများမှာ အေးစက်နေလေ၏။ သူ့ဦးခေါင်းထက်မှ တစ်ခုတည်းသော ဦးချိုမှာ သူ့ကိုပို၍ ရက်စက်ပုံ ပေါ်ေစသည်။ သူက ရေနဂါးတစ်ကောင်လား .. သူ သာမန်မြွေတစ်ကောင် မဟုတ်တော့သည်မှာတော့ သေချာသည်။
ရုတ်တရက် ရောက်လာသည့် အန္တရာယ်ကြီးကြောင့် အားလုံး ဖိအားများသွားရသည်။ ဤမြွေနက်ကြီးမှာ စွမ်းအားကြီးလှသောကြောင့် ဤနေရာ၌ ရှိနေသည့်ဘုရင်အဆင့်သက်ရှိအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဤမြွေမှာ တောင်ပိုင်းပင်လယ်မှ နဂါးနက်အိမ်ရှေ့စံမင်းသားဖြစ်ကြောင်း သိရန် အချိန်သိပ်မယူလိုက်ရ။
ဤအဖွဲ့အစည်းကြီးများအားလုံးသည် သတင်းအချက်အလက်ပြည့်စုံသည့်သူများဖြစ်ကြပြီး အိမ်ရှေ့စံမင်းသား ကမ်းခြေပေါ်သို့ တက်လာမည်ကို အစောကြီးကတည်းက သိပြီးသားပင်။
“ချူဖုန်းက ခုနလေးတင်ကမှ ထွက်သွားတာ..” တစ်စုံတစ်ယောက် ပြန်ဖြေလိုက်သည်။
“ကောင်းတယ်..” ဟိန်းထုန် ပြောလိုက်သည်။ ထို့နောက် သူသည် လေဟာနယ်ကို ထိုးဖောက်ကာ မီတာပေါင်း ထောင်ချီသို့ ရောက်သွားလေ၏။
“တစ်ခုခု ဖြစ်တော့မယ် .. တောင်ပင်လယ်က နဂါးနက်အိမ်ရှေ့စံမင်းသားက ချူဖုန်းကို ရှာနေတယ်..”
ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်သည့် အဖြစ်အပျက်ကြီး ဖြစ်လာတော့မည်ဟု အားလုံး ခံစားလိုက်ရသည်။ ရေအောက်မျိုးနွယ်စုမှ ကြမ်းတမ်းသည့်သားရဲများ နတ်ဆိုးဘုရင်ချူနှင့် တိုက်ခိုက်တော့မည်။ ဤတိုက်ခိုက်မှုမှာ ရေရှည်အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ပင်။
ဤသည်မှာ ပင်လယ်နှင့် ကုန်းမြေတို့၏ ပဋိပက္ခများ စတင်ရာ တိုက်ပွဲဖြစ်လာနိုင်သည်။
လူများစွာသည် မင်းသားနောက် စိတ်ဝင်တစား လိုက်သွားကြသော်လည်း သူတို့အရှိန်မှာ မင်းသားကို မမှီနိုင်။
နွားနှစ်ကောင်ကို ပို့ပြီးသည်နှင့် ချူဖုန်း သူ့လေယာဉ်ကို စိတ်မရှည်လက်မရှည်ပင် စောင့်လိုက်သည်။ သူသည် ခန်းမထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေ၏။
တစ်နေရာနှင့်တစ်နေရာ ဝေးကွာလွန်းလှသောကြောင့် လူများသည် မလိုအပ်လျှင် ခရီးမသွားချင်ကြတော့သဖြင့် လေဆိပ်ထဲ၌ လူသိပ်မရှိ။ အဓိကအကြောင်းရင်းမှာ ကောင်းကင်ထက်၌ ပျံဝဲနေသည့် ငှက်ကြီးများ ရှိနေသောကြောင့်ပင်။
“ချူဖုန်း .. ငါနဲ့ထွက်လာတိုက်..”
ထိုအချိန်တွင် အဝေးမှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံကြားလိုက်သည်နှင့် လေဆိပ်ထဲမှလူများ စတင်တုန်လှုပ်လာကြသည်။
ချူဖုန်းသည် အစောကြီးကတည်းက သူ့ထံသို့ ချဉ်းကပ်လာနေသည့် ရန်သူကို အာရုံရနေခြင်းပင်။ သူ့မျက်လုံးမှ ဝိညာဉ်အလင်းများ တောက်ပလာကာ ကြီးမားလှသည့် မြွေကြီးတစ်ကောင် လေဆိပ်ထံသို့ ဦးတည်လာရင်း လေယာဉ်တစ်စင်းအား ဖျက်ဆီးပစ်လိုက်သည်ကို သူတွေ့လိုက်ရသည်။
ဤသည်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းပင်လျှင် ဆယ်မီတာကျော် ရှည်လျားသည့် အနက်ရောင်မြွေနဂါးကြီးတစ်ကောင်ပင်။ သူ၏မည်းနက်နေသည့် ခန္ဓာကိုယ်မှာ နတ်ဆိုးကြီးနှင့် မခြားနား။
သာမန်ပြည်သူများ ထိခိုက်မည်စိုးသောကြောင့် ချူဖုန်း လေဆိပ်ထဲမှ ထွက်လာလိုက်သည်။
“အဝေးက တောင်တွေမှာ တိုက်ကြစို့..” ချူဖုန်း တိုက်ရိုက်ပင် ပြောလိုက်သည်။ တစ်ဖက်လူ၏ သတ်ဖြတ်လိုသည့်အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် အပိုစကား ပြောမနေတော့ပဲ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ခွပ်..
နဂါးနက်ကြီး သူ့အမြှီးကိုမြှောက်ကာ ချူဖုန်းကို ရိုက်ချလာသည်။ ချူဖုန်း ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်နှင့် လေဆိပ်အမိုး ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။
“ငါ မင်းကိုဖမ်းဖို့လာတာ .. မင်းနဲ့တိုက်ဖို့မဟုတ်ဘူး..” ဟိန်းထုန် အေးစက်စွာ ပြန်ပြောလာသည်။
အပိုင်း ၂၃၂ ပြီး၏။