Switch Mode

Chapter – 231

ဒဏ္ဍာရီ လက်နက်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၁ – ဒဏ္ဍာရီလာလက်နက်

ပြားချပ်ချပ်ယာဉ်ပျံတစ်စင်းသည် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် သူတို့ထံသို့ တရှိန်ထိုး ဦးတည်လာနေကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာလေ၏။

ချူဖုန်းနှင့် နွားနှစ်ကောင် ထွက်သွားဖို့ ပြင်ဆင်လိုက်သည့်အချိန် ဤပန်းကန်ပြားပျံကြီး ရုတ်တရက် ရောက်ရှိလာခြင်းပင်။

အခြားနှစ်ဦးလည်း ထိတ်လန့်သွားကြရ၏။ ဒါက ဂြိုလ်သားနည်းပညာများလား..

“ဟေး ဒီမှာ အာကာသယဉ်ကျေးမှုသုတေသနကျောင်းကလူတွေရှိလား .. မင်းတို့တွေ ပန်းကန်ပြားပျံ တူးဖော်ရခဲ့တယ်လို့ သတင်းတွေ ထက်နေတာမလား .. အဲဒီပန်းကန်ပြားပျံက အခု လေထဲက ပုံစံမျိုးလား..တွေ ထက်နေတာမလား .. အဲဒီပန်းကန်ပြားပျံက အခု လေထဲက ပုံစံမျိုးလား..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

အာကာကယဉ်ကျေးမှုသုတေသနကျောင်းသည်လည်း ပရီချင်းသုတေသနကျောင်း၊ ထော်ဂုအဖွဲ့အစည်းနှင့် ဒိမ်ဒီကဲ့သို့ အင်အားကြီးသည့် အဖွဲ့အစည်းတစ်ခုပင်။ သူတို့ အဓိကလေ့လာသည့်အရာမှာ ကမ္ဘာမြေပြင်ပမှ ကိစ္စများပင်။

လူများ အံ့အားသင့်နေသည့်အချိန်တွင် ပန်းကန်ပြားပျံသည် တစ်ခုခုကို စူးစမ်းနေသကဲ့သို့ တောင်ကြီးကို ပတ်ပတ်လည်ဝိုင်း၍ ပျံသန်းနေသည်။

“ကမ္ဘာ့ပြင်ပကလူတွေလည်း လုံဟူတောင်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလား..” အချို့လူများ ရှုပ်ထွေးသွားရသည်။

ဤစကားကြားလိုက်ရသည်နှင့် အားလုံး ဆွံ့အသွားရသည်။ ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ.. ပန်းကန်ပြားပျံ ပေါ်လာခြင်းမှာ သေချာပေါက် သတင်းထူးကြီးပင်။ေချာပေါက် သတင်းထူးကြီးပင်။

သို့သော် အားလုံး အံ့အားသင့်နေသည့်အချိန်မှာပင် ပန်းကန်ပြားပျံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချူဖုန်းထံသို့ ဦးတည်သွားလေ၏။ ထိုအလင်းတန်းတွင် ကြောက်စရာကောင်းလှသည့်စွမ်းအင်များ ပါဝင်နေသည်ပင်။

သူ၏နတ်အသိစိတ်ကြောင့် ချူဖုန်း ဆံပင်များ ထောင်ထလာပြီး သူ ဘေးဘက်သို့ မြန်မြန်ရှောင်လိုက်ပြီး သူ လှည့်ကြည့်လိုက်သည့်အချိန်တွင်တော့ သူ ရပ်နေခဲ့သည့်နေရာ၌ တွင်းနက်ကြီး ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

ရွှီး ရွှီး..

အလင်းတန်းများစွာ ဆက်တိုက် ကျရောက်လာပြီး အားလုံးမှာ ချူဖုန်းထံသို့သာ ဦးတည်လာကြသည်။

ဤနေရာ၌ ရှိနေသည့်သူအားလုံး ဆံပင်မွေးများ ထောင်ထသွားကြရသည်။ ဤတိုက်ခိုက်မှုနောက်ကွယ်မှ စွမ်းအားမှာ အလွန်ပြင်းထန်လှသည်။ ဤအလင်းတန်းနှင့် ထိမှန်သွားသည်နှင့် ဘုရင်အဆင့်သက်ရှိများပင် အကောင်းတိုင်း ရှိနေမည်မဟုတ်။

“အဲဒီပန်းကန်ပြားပျံက ဘယ်ကနေ ရောက်လာတာလဲ.. သူတိုပစ်ချက်တွေအားလုံးက တစ်နေရာတည်းကို ပစ်မှတ်ထားနေတာ..” နွားနက်ကြီး အော်ဟစ်လိုက်သည်။ ချူဖုန်းကို အင်အားကြီးအဖွဲ့အစည်းအချို့ ပစ်မှတ်ထားသည်မှာ အံ့ဩစရာမရှိ။ သို့သော် ကမ္ဘာမြေအပြင်ဘက်မှလူများ သူ့အား ရန်ငြိုးထားနေသည်မှာတော့ ပုံမှန်မဟုတ်ပေ။

သူ ကျောက်တုံးကြီးတစ်တုံး ကောက်ယူလိုက်ပြီး ကြောက်စရာကောင်းလောက်သည့်အရှိန်ဖြင့် ပန်းကန်ပြားပျံထံသို့ ပစ်လွှတ်လိုက်သည်။ ကျောက်တုံးကြီးမှာ ဒုံးကျည်တစ်စင်းအလား ပျံထွက်သွား၏။

သို့သော် ဤသည်မှာ အသုံးမဝင်။ ကျောက်တုံးကြီးမှာ ပန်းကန်ပြားပျံနားသို့ ရောက်သွားသည်နှင့် ဖုန်မှုန့်များအဖြစ် တစ်စစီဖြစ်သွားတော့သည်။

ရွှီး..

နွားနက်ကြီးထံသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လာသည်။ သို့သော် ဤသည်ကို အစောကြီးကတည်းက အာရုံခံလိုက်နိုင်သောကြောင့် သူ ရှောင်ရှားနိုင်ခဲ့သည်။ သူ ရပ်နေခဲ့သည့်နေရာတွင်တော့ တွင်းပေါက်ကြီး ဖြစ်သွားလေပြီ။

အား..

အလင်းတန်းသက်ရောက်သည့်နေရာအတွင်း၌ ရှိနေသည့် တစ်စုံတစ်ဦး ဒဏ်ရာရရှိသွားကာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဤအလင်းတန်း၌ ပါဝင်သည့် စွမ်းအင်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

“ချီးပဲ..” ထော်ဂုအဖွဲ့မှ လူတစ်ယောက် အော်ဟစ်လိုက်၏။ သေသွားသည့်သူမှာ သူတို့အဖွဲ့ဝင်တစ်ဦးပင်။

ချူဖုန်းသည် တိုက်ခိုက်မှုတိုင်းကို ကြိုတင်ခံစားနိုင်သောကြောင့် ကြိုရှောင်ထားနိုင်သည်။ နောက်ဆုံးတွင်တော့ သူ မိုးကြိုးလေးကို ထုတ်လိုက်ပြီး လေထဲ ပစ်လွှတ်လိုက်သည်။

ဤသည်မှာ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ ရှေးလက်နက်တစ်ခုက ဘယ်လိုလုပ် ပန်းကန်ပြားပျံတစ်ခုကို တိုက်နိုင်မှာလဲ..

သို့သော် ချူဖုန်းမြှားနောက်ကွယ်မှ ခွန်အားမသေးလှသည်ကိုတော့ အားလုံးဝန်ခံရလိမ့်မည်။ မြှားနှင့်အတူ မိုးခြိမ်းသံများ၊ လျှပ်စီးများ ထွက်ပေါ်လာလေ၏။

ဤမြှားသည့် သူ၏ဓားပျံလောက် စွမ်းအားမကြီးသော်လည်း အဝေးရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည်။

သို့သော် ပန်းကန်ပြားပျံကို မြှားဖြင့် ပစ်ချနေခြင်းမှာ အားလုံးကို ရှုပ်ထွေးသွားစေခဲ့၏။ ဤသည်မှာ ထူးဆန်းလှသည့် ဗျူဟာတစ်ခုပင်။

သို့သော် ကံမကောင်းစွာဖြင့် မြှားသည် အလင်းတန်းတစ်ခုနှင့် တွေ့သွားကာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားလေသည်။

“လုံဟူတောင်ပေါ်သွား..” နွားဝါလေး အသံပို့လွှတ်လိုက်သည်။

ယခုအချိန်တွင် နွားနက်ကြီးနှင့် နွားဝါလေးတို့နှစ်ဦးလုံးလည်း ပစ်ခတ်ခံနေရပြီဖြစ်သည်။ အခြားသူများလည်းပစ်ခတ်ခံနေရသော်လည်း ထိုလူများမှာ အဓိကပစ်မှတ်မဟုတ်။ သူတို့သုံးယောက်ကိုသာ ဦးတည်၍ ပစ်ခတ်နေခြင်းပင်။

ဝှစ် ဝှစ် ဝှစ်..

သူတို့သုံးဦး တောင်ပေါ်သို့ တက်သွားပြီး တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ တောင်ပေါ်မှ စွမ်းအင်စက်ကွင်း မည်မျှကြောက်စရာကောင်းသည်ကို သိသောကြောင့် နွားဝါလေး ထိုစက်ကွင်းကို အသုံးပြုကာ ပန်းကန်ပြားပျံအား ရှင်းပစ်လိုခြင်းပင်။

သူတို့ ဤတောင်ကို လက်လျော့ပြီး လှည့်ပြန်တော့မည့်အချိန်တွင် ရန်သူတစ်ဦး ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. သူတို့သည် အကြောင်းရင်းမရှိပဲ ပစ်ခတ်ခံနေရလေပြီ။

“ချီးပဲ.. မင်းတို့ခံစားမိလား .. သူတို့တွေက တမင်သက်သက် ငါတို့ကို တောင်ပေါ်တက်အောင်လုပ်နေတာ .. ငါတို့ လာခဲ့တဲ့လမ်းကြောင်းအတိုင်း နောက်ကနေ ပစ်နေကြတာ .. ဒါက ငါတို့ ရှီလာကို တောင်ပေါ်တက်အောင် ဖိအားပေးခဲ့တဲ့ပုံစံအတိုင်းပဲ..”

သူတို့တောင်ပေါ်သို့ ရောက်သွားသည်နှင့် ပန်းကန်ပြား အရှိန်လျှော့သွားသည်ကို သူ ခံစားမိလိုက်သည်။

“ဒီပန်းကန်ပြားပျံပိုင်ရှင်က ငါတို့လောကက စွမ်းအားကြီးတစ်ယောက်ယောက်နဲ့ ပူးပေါင်းထားတာ သေချာတယ် .. သူတို့တွေက ငါတို့ကို သိပြီးတော့ ငါတို့ကိုပဲ ပစ်မှတ်ထားနေတာ..” နွားနက်ကြီး ဒေါသတကြီး ပြောလိုက်သည်။

“စိတ်မပူနဲ့ .. ဒီနေရာက စွမ်းအင်စက်ကွင်းက ကြောက်ဖို့ကောင်းတယ် .. ပန်းကန်ပြားပျံတောင် ခုခံနိုင်မှာမဟုတ်ဘူး” နွားဝါလေး တည်ငြိမ်စွာ ပြောလိုက်သည်။

သူ စိတ်ပူနေရသည့် တစ်ခုတည်းသောအရာမှာ ဤတောင်သည် မတူညီသည့်မျိုးနွယ်စုများအား ဖိနှိပ်ထားသည်ပင်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့နှလုံးခုန်သံ မြန်ဆန်လာပြီး ရင်ဘတ်ကြီး တင်းကြပ်လာသည်။ ဤခံစားချက်မှာ ဆိုးရွားလှသည်ပင်။

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ခမ်းနားလှသည့်ဧည့်ခန်းထဲရှိ ဆိုဖာ၌ထိုင်ကာ ရှင်းယီလက်သီးစာအုပ်ကို သက်တောင့်သက်သာပင် ဖတ်နေသည်။ သူ့ရှေ့တွင်တော့ အလွန်ချောမောလှသည့် မျက်လုံးသုံးလုံးနှင့် လူငယ်တစ်ဦး ထိုင်နေသည်။

“ချူဖုန်း ဒီလောက်မြန်မြန်ကြီး ထွက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. သူက ဒီလောက်ပဲ အစွမ်းရှိတာလား .. တကယ် စိတ်ပျက်ဖို့ကောင်းတယ် .. အခုတော့ သူ ငါတို့အတွက် လမ်းရှင်းပေးနိုင်ဖို့ မျှော်လင့်တယ်..” အဖြူရောင်ဝတ်စုံနှင့်လူငယ် သူ့စာအုပ်ကို ချထားလိုက်သည်။ “ခင်ဗျား အတ္တလန်တိတ်ကနေ ရလာတဲ့ ဒီပန်းကန်ပြားပျံက တကယ်ပဲ သူတို့တွေကို ဖမ်းခေါ်လာနိုင်မှာလား..”

“သူ့ရဲ့စနစ်ချို့ယွင်းနေလို့သာ.. မဟုတ်ရင် ချူဖုန်းမပြောနဲ့ ခွန်းလွန်တောင်က လားမားဘုန်းကြီးကိုတောင် သတ်လို့ရတယ် ..” မျက်လုံးသုံးလုံးနှင့်လူငယ် ပြောလိုက်သည်။ သူသည် ယခုမှ ပင်လယ်ထဲမှ တက်လာခြင်းဖြစ်ပြီး ပန်းကန်ပြားပျံမှာ သူ့ပစ္စည်းပင်။

ယခုအချိန်တွင် သူ့လက်အောက်ငယ်သားများ ထိုယာဉ်ကို မောင်းနှင်ပြီး ချူဖုန်းနှင့် နွားနှစ်ကောင်နောက် လိုက်နေလေ၏။

ပန်းကန်ပြားပျံမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ေပါ်လာကာ သူတို့သုံးယောက်ကို တောင်ပေါ်ထိသို့ လိုက်လာသည်။

ဝှသ်ယယ

နွားဝါလေး၏ ညွှန်ကြားချက်နှင့်အတူ သူတို့သုံးဦး နေစွမ်းအင်မီးတောက်အက်ကွဲကြောင်းရှိနေသည့် တောအုပ်ထဲသို့ ဝင်ခဲ့လိုက်ကြသည်။

ပန်းကန်ပြားပျံသည် နှောက်ယှက်မှုအချို့နှင့် ကြုံတွေ့လိုက်ရသောကြောင့် ထိုလူများကို မျက်ခြေပြတ်သွားသည်။ ဘေးပတ်လည်ကိုလည်း စကန်မဖတ်နိုင်တော့သဖြင့် လေထဲ၌ ပျံဝဲနေပြီး ရံဖန်ရံခါ အလင်းတန်းများ ပစ်လွှတ်နေသည်။

ချူဖုန်း နွားဝါလေးကို အံ့အားတကြီး ကြည့်လိုက်သည်။ “မင်းတို့လောကမှာ ပန်းကန်ပြားပျံတွေ ရှိတာလား..” နွားဝါလေးသည် ပန်းကန်ပြားပျံအကြောင်းသိကာ သူတို့ကို ရင်ဆိုင်နိုင်မည့်နည်းလမ်းလည်း သိနေသည်ဟု သူ ခံစားနေရသည်။ ဤသည်မှာ သူတို့အတွက် အများကြီး ပိုလွယ်ကူသွားသည်ပင်။

“မရှိဘူး .. တစ်ချို့ ခေတ်မီနည်းပညာတွေရှိတဲ့ လောကကြီးတွေမှာ ဒီလိုမျိုးတွေရှိတဲ့အကြောင်းပဲ ကြားဖူးတာ .. ဒါပေမဲ့ သူတို့တွေကို စက်ကွင်းတွေနဲ့ ဖိနှိပ်လို့ရတယ်ဆိုတာကိုလည်း ငါသိတယ်” နွားဝါလေး ပြန်ဖြေလာသည်။

စွမ်းအင်စက်ကွင်းနှင့် အစီအရင်များမှာ အလုပ်လုပ်ပုံချင်း အတူတူပင်။ သူ့လောကမှ လူများသည် ခုခံကာကွယ်ရန်အတွက် အစီအရင်များ မည်ကဲ့သို့ချရမည်ကို သိကြသည်ပင်။

ဝုန်း..

ပန်းကန်ပြားပျံသည် ထိုနေရာတစ်ဝိုက်ကို ရမ်းသမ်းပြီး ပစ်ခတ်နေသောကြောင့် နောက်ဆုံးတွင် အလင်းတန်းတစ်ခု အက်ကွဲကြောင်းထဲ ဝင်သွားပြီး နေစွမ်းအင်မီးတောက်များကို တောက်လောင်လာစေလေသည်။

ဝုန်း..

တောက်ပသည့် ရွှေရာင်မီးတောက်တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ကောင်းကင်ကို လှမ်းဟပ်လာတော့သည်။

ဤသည်မှာ ရွှေရောင်မှိုပွင့်တိမ်တိုက်တစ်ခုကဲ့သို့ပင်။

တောင်ခြေ၌ ရှိနေသည့် အင်အားကြီးအဖွဲ့အစည်းမှ အေးဂျင့်များအားလုံး အံ့အားသင့်သွားကြရတော့သည်။ ဒါက လုံဟူတောင်ရဲ့ စွမ်းအင်လား .. ဤသည်မှာ ကြောက်စရာကောင်းလှသည်။

ဝှစ်..

ပန်းကန်ပြားပျံသည် လျင်မြန်စွာ တုံ့ပြန်လာပြီး တရှိန်ထိုး ထွက်ပြေးလာသည်။ သို့သော် ကြောက်စရာကောင်းသည့် မီးတောက်သည် ရွှေရောင်တိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုယာဉ်နောက် လိုက်နေခဲ့သည်။

ဝုန်း..

ပန်းကန်ပြားပျံသည် သူ့နောက်ပြေးလိုက်နေသည့် စွမ်းအင်အား မုန်းတီးရွံရှာနေသကဲ့သို့ ယာဉ်တစ်စီးလုံး တောက်ပလာသည်။ သူသည် တန်ပြန်တိုက်ခိုက်သည့်အနေဖြင့် အလင်းတန်းပေါင်းများစွာ ဆက်တိုက်ပစ်လွှတ်နေသော်လည်း နေစွမ်းအင်မီးတောက်များကို မတားဆီးနိုင်ခဲ့။ နောက်ဆုံးတော့ ပြန်ပြေးလာရုံသာ တတ်နိုင်တော့သည်။

ထိုအချိန်တွင် နေစွမ်းအင်မီးတောက်များလည်း တစ်ဖြည်းဖြည်း လွင့်ပြယ်သွားလေ၏။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ချူဖုန်း ရှင်းရှင်းလင်းလင်း မြင်လိုက်သည်ပင်။ လုံဟူတောင်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူသည် ပန်းကန်ပြားပျံကိုပင် ပြန်ပြေးသွားအောင် လုပ်နိုင်သည်။

“ပန်းကန်ပြားပျံက အစီအရင်ထဲက နေစွမ်းအင်မီးတောက်ကြောကို ထိမိသွားတာ .. အဲဒါကြောင့်မို့လို့ နေစွမ်းအင်တွေ ထွက်လာပြီးတော့ သူတို့ကို လိုက်ဖမ်းတာ” နွားဝါလေး အကြောင်းရင်းကို ရှင်းပြလိုက်သည်။

ခဏကြာပြီးနောက် ပန်းကန်ပြားပျံကြီး ပြန်ရောက်လာသည်။ သူ ဤသုံးယောက်ကို လက်မလျော့သေး။

ဝုန်း..

သူသည် အလင်းတန်းများ ထပ်ံမံပစ်လွှတ်လာသောကြောင့် နေစွမ်းအင်မီးတောက်များ ထပ်မံထွက်ပေါ်လာကာ ရွှေရောင်မှိုတိမ်တိုက်များ ဖြစ်ပေါ်လာသည်။

ယခင်တစ်ခေါက်က အတွေ့အကြုံရှိပြီးသားဖြစ်သောကြောင့် ပန်းကန်ပြားပျံသည် နောက်တစ်ကြိမ် ပြန်ပြေးထွက်သွားသည်။ ထို့နောက်တွင်တော့ နောက်တစ်ကြိမ် ပြန်ရောက်လာပြီး အလင်းတန်းများ လျှောက်ပစ်နေတော့သည်။ ယခုတစ်ခေါက်တွင်တော့ အလင်းတန်းအချို့ တောင်ထိပ်သို့ ရောက်သွားခဲ့လေသည်။

“ဒီဂြိုလ်သားနည်းပညာလို့ခေါ်တဲ့ဟာကြီးက ကမ္ဘာမြေပေါ်ကလူတွေ ထိန်းချုပ်နေတာထင်တယ် .. မဟုတ်ရင် သူတို့ ဒီလိုအခြေခံအမှားမျိုး လုပ်မှာမဟုတ်ဘူး” နွားဝါလေး မှတ်ချက်ပေးလာသည်။

ယခုအချိန်တွင် ပန်ကန်းပြားပျံသည် တောင်တစ်ခုလုံးကို အလင်းတန်းများ ပစ်လွှတ်နေပြီဖြစ်သည်။

“အဲဒီတော့ ဘာဖြစ်မှာလဲ..” ချူဖုန်း မေးလိုက်သည်။

“တောင်အလယ်မှာတောင် ဒီလောက်စွမ်းအားကြီးတဲ့ နေစွမ်းအင်မီးတောက်စက်ကွင်းတစ်ခု ရှိနေတာ .. တောင်ထိပ်ဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ..” နွားဝါလေး ရှင်းပြလာသည်။

သူ ပြောသလိုပင် သူတို့ရှေ့၌ ကြောက်စရာကောင်းသည့်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေ၏။

တောင်အောက်မှ လူများအားလုံးလည်း ဆွံ့အသွားကာ ဦးရေပြားများပင် ထုံကျဉ်လာသည်။

တောင်ထိပ်မှ ရွှေရောင်နှင့် ငွေရောင် မှိုပုံတိမ်တိုက်နှစ်ခု ထွက်ပေါ်လာသည်။ ထိုတိမ်တိုက်များသည့် ဧရာမနဂါးနှင့် ကျားအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်၌ ခုန်ပေါက်လာကြသည်။

“ဘုရားရေ .. အဲဒါဘာကြီးလဲ .. နဂါးတစ်ကောင်နဲ့ ကျားတစ်ကောင်လား..”

သားရဲနှစ်ကောင်မှာ ကြီးမားလွန်းလှသည်။ သူတို့သည် တောင်ထိပ်မှ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ပျံသန်းလာလေ၏။ သူတို့ထုတ်လွှတ်နေသည့်စွမ်းအားမှာ ဘုရင်အဆင့် ကျွမ်းကျင်သူများကိုပင် ထိတ်လန့်သွားစေနိုင်လောက်သည်။

ခွပ်..

ငွေရောင်ပန်းကန်ပြားပျံမှာ လွတ်အောင် မပျံသန်းနိုင်တော့။ သူသည် ထိုနေရာ၌ ပိတ်မိနေကာ နဂါးနှင့်ကျားတို့ သူ့အား ဝန်းရံလာလေ၏။ ခဏကြာပြီးသည့်နောက်တွင်တော့ ပန်းကန်ပြားပျံကြီး နှစ်ပိုင်းကျိုးသွားလေသည်။

ဝုန်း..

တစ်ချိန်တည်းမှာပင် လုံဟူတောင်ပေါ်၌ အလွန်တောက်ပသည့်အလင်းများ ထွက်ပေါ်လာ၏။

ဖူး..

ချူဖုန်း သွေးအန်သွားလိုက်ရပြီး နွားနှစ်ကောင်ကတော့ ပို၍ပင် အခြေအနေဆိုးနေသည်။ သူတို့ဝိညာဉ်များ ထပ်ခါတလဲလဲ ဖိနှိပ်ခံနေရကာ ဒဏ်ရာများလည်း ပြင်းထန်လှသည်။

“မြန်မြန်ပြေး .. မျိုးကွဲတွေကိုဖိနှိပ်တဲ့ အဆောင် အသက်ဝင်သွားပြီ..” နဂါးနှင့် ကျားကို ကြည့်ပြီး နွားဝါလေး အော်ဟစ်လိုက်သည်။

အမှန်တကယ်တွင်တော့ ချူဖုန်းနှင့် နွားနက်ကြီးမှာ သူမပြောခင်ကတည်းက ထွက်ပြေးရန် စဉ်းစားထားပြီးသားပင်။ သူတို့အားလုံး တောင်အောက်သို့ အရှိန်ကုန် ပြေးဆင်းလိုက်ကြသည်။

“အဲဒါ ဘာကြီးလဲ..” ချူဖုန်း စိတ်ဖြင့်မေးလိုက်သည်။

“မြေအောက်မှာ လက်နက်တစ်ခုခု မြှုပ်ထားတာ ဖြစ်နိုင်တယ် .. နဂါးနဲ့ကျားက အဲဒီလက်နက်က ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်တွေပဲ..” နွားဝါလေး ပြန်ဖြေလိုက်သည်။

ဤသည်မှာ အစီအရင်တစ်ခုထက် ပိုရှုပ်ထွေးနိုင်ကြောင်း သူ ရှင်းပြလာသည်။ ဤတောင်များနှင့် မြစ်များအောက်တွင် ကြောက်စရာကောင်းသည့် လက်နက်တစ်ခုခု ရှိနေနိုင်သည်။ လုံဟူတောင် တိုက်ခိုက်ခံလိုက်ရသည်နှင့် ထိုလက်နက် သူ့အလိုလို အသက်ဝင်လာကာ ပန်းကန်ပြားပျံအား နှစ်ပိုင်းပိုင်းပစ်လိုက်သည်ပင်။

ချူဖုန်း ထိတ်လန့်သွားရ၏။ လက်နက်တစ်ခုတည်းက ဤမျှစွမ်းအားကြီးသည့် မှိုတိမ်တိုက်များ ပြုလုပ်နိုင်သည်။ ဤလက်နက်သည် နျူကလီးယားဒုံးချည်တစ်ခုကဲ့သို့ စွမ်းအားကြီးရုံသာမက သူဖန်တီးလိုက်သည့် မှိုတိမ်တိုက်ပင် နဂါးနှင့်ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်။ တကယ်ကို နာမည်ကြီးတောင် ပီသပါပေသည်။

ခမ်းနားလှသည့် ဧည့်ခန်းတစ်ခုထဲတွင်တော့ မျက်လုံးသုံးလုံးနှင့် လူငယ်တစ်ဦး ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သူ့ရှေ့မှ မော်နီတာကို စိုက်ကြည့်လာသည်။

“ငါ့ပန်းကန်ပြားပျံ..” သူ အော်ဟစ်လိုက်သည်။ မြို့ပေါင်းများစွာ တန်ကြေးရှိသည့် ပန်းကန်ပြားပျံသည် ပျက်စီးသွားကာ လုံဟူတောင်ထဲသို့ကျသွားလေပြီ။

သူ့လက်ဆစ်များမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာပြီးနောက် သူ့လက်ထဲမှစခရင်မှ အက်ကွဲသံများ ထွက်ပေါ်လာကာ မီးခိုးများ ထွက်လာလေသည်။

“ငါ မထင်ထားခဲ့ဘူး .. လုံဟူတောင်အောက်မှာ တကယ်ကို ဒဏ္ဍာရီလာလက်နက်တစ်ခု ရှိနေတယ်ထင်တယ်..” အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး သက်ပြင်းချလိုက်၏။ သူ့ကိုကြည့်ရသည်မှာ အတော်လေး စိတ်လှုပ်ရှားနေသည့်ပုံပင်။

အပိုင်း ၂၃၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset