Switch Mode

Chapter – 230

လေဆန်ကို ဆန်တက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၃၀ – လေဆန်ကို ဆန်တက်ခြင်း

အသက်ရှူစည်းချက်နှင့်အတူပါလာသည့် ထူးခြားသည်ဟူသည့်စကားလုံးမှာ ဤအသက်ရှူစည်းချက်၏ အရည်အသွေးကို ပြောပြနေခြင်းပင်။ ယခုတစ်ခေါက်တွင်တော့ ချူဖုန်းကို လူထုပစ်မှတ်ဖြစ်အောင် လုပ်လိုက်လေပြီ။ လူများ ဤပညာကို လိုချင်တပ်မက်လာသည်နှင့် ချူဖုန်း ဒုက္ခရောက်လိမ့်မည်။

ဤသည်ကို အခြားသူများ အလွယ်တကူ ယုံကြည်သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏စွမ်းအားကြီးလာသည့်ခရီးလမ်းတွင် သူ့ထက်စွမ်းအားကြီးသည့်သူများကိုသာ သတ်ဖြတ်ခဲ့သည်ပင်။ ပထမဆုံး မီးခိုးပြာဝံပုလွေကိုသတ်သည်။ ထို့နောက် ပန်တောင်ကို ပြောင်းပြန်လှန်ပြီး အနောက်နိုင်ငံကို မွှေနှောက်ခဲ့သည်။ ထို့နောက် ခွန်းလွန်တိုက်ပွဲ၌ ပါဝင်ခဲ့သည်။

သာမညောင်ညလူတစ်ဦး ဤကဲ့သို့ လျင်မြန်စွာ စွမ်းအားကြီးလာခြင်းမှာ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်ပင်။

သို့သော် မည်သူကများ ဤကဲ့သို့သော သတင်းမျိုး လွှင့်မည်နည်း.. သူ့စိတ်ထဲ မျက်နှာများစွာ ပေါ်လာသော်လည်း အားလုံး ပြန်လည်ပျောက်ကွယ်သွားသည်။ သူ တရားခံကို ရှာတွေ့ရန် ခက်ခဲနေသည်။

ဤကိစ္စလုပ်နိုင်သည့်သူ များစွာရှိသည်။ မည်သည့်သက်သေမှ မလိုအပ်။ လူထုရှေ့ သူ့အမြင်ကို ချပြလိုက်သည်နှင့် ချူဖုန်း လူထုရန်သူဖြစ်သွားပြီဖြစ်သည်။

အနောက်နိုင်ငံက ရန်သူတစ်ယောက်ယောက်များလား .. ဒါမှမဟုတ် သူ့ကို မုန်းနေတဲ့ သားရဲမျိုးနွယ်စုတွေထဲကများလား.. သို့မဟုတ် သူစွမ်းအားကြီးလာသည်ကို မလိုလားသည့် အဖွဲ့အစည်းများထဲမှပင် ဖြစ်နိုင်သည်။

ယခင်တစ်ခေါက် သူ့ထံ၌ ထူးခြားသည့်အသက်ရှူပညာ ရှီလိမ့်မည်ဟု နဂါးဖြူ ခန့်မှန်းခဲ့ပြီး လိုချင်ခဲ့သည်။

ယခု ထိုနေရာ၌ မုထျန်း၊ ချီရှန်းနှင့် ကျန်းလော့ရှန်းတို့ ရှိနေသည်။ သူတို့ သို့မဟုတ် သူတို့နောက်မှလူများ လှုပ်ရှားသည်လည်း ဖြစ်နိုင်သည်။

ချူဖုန်း၏မျက်လုံးများ ကြည်လင်လေးနက်နေသည်။ သူ့ကို ထိခိုက်စေချင်သည့်သူမှန်သမျှ ပြန်ပေးဆပ်ရမည်။

သေချာစဉ်းစားကြည့်ပြီးနောက် သူ ပို၍ တည်ငြိမ်လာသည်။ သူ ဘာကိုမှ ကြောက်စရာမရှိ။

“မကောင်းတဲ့ကောင် .. သူက အားနည်းနည်းမှ စိုက်မထုတ်ပဲနဲ့ ချူဖုန်းကို ပစ်မှတ်တစ်ခုဖြစ်အောင် လုပ်လိုက်တာ .. ဘယ်လိုအဆင်အခြင်မဲ့တဲ့သူမျိုးတွေ ငါတို့ဆီရောက်လာပြီး အသက်ရှူပညာကို ပေးဖို့ ပြောမလဲ မသိနိုင်ဘူးလေ..” နွားနက်ကြီး ကျိန်ဆဲလိုက်၏။

နွားဝါလေးလည်း စိုးရိမ်စွာ ခေါင်းညိမ့်လိုက်သည်။

ဤအသက်ရှူစည်းချက် မည်မျှထူးခြားသည်ကို သူ့ထက် မည်သူမှ ပိုမသိနိုင်။ အပြင်လောက၌သာ ပျံ့သွားပါက စွမ်းအားကြီးသည့် ကျွမ်းကျင်သူများပင် ဤပညာအတွက် တိုက်ခိုက်လာလိမ့်မည်။

ကံကောင်းစွာဖြင့် ထိုပညာနာမည်ကို မည်သူမှ မသိသေးသလို ပညာ၏ဇစ်မြစ်ကိုလည်း မည်သူမှ မသိသေး။ ဤသည်မှာ ချူဖုန်းကို ထိခိုက်စေချင်သည့်လူတစ်ယောက်၏ စကားသပ်သပ်သာ ရှိသေးသည်။

“ဒီလိုဆိုရင်ရော .. ငါတို့ကိုယ်တိုင် သတင်းဖြန့်လိုက်ပြီးတော့ ရေကို ပိုနှောက်သွားအောင် လုပ်ကြတာပေါ့..” ချူဖုန်း ပြောလိုက်သည်။

ချူဖုန်းအကြံအား ကြားလိုက်ရသည့်အချိန် နွားနှစ်ကောင်၏မျက်ဝန်းတွင် ကောက်ကျစ်သည့်အမူအရာများ ဖြစ်ပေါ်လာပြီးနောက် သဘောတူကြောင်း ခေါင်းညိမ့်လာသည်။

“ဒါက မကောင်းဘူးဆိုပေမယ့် ငါတို့ထိခိုက်မှုတွေကို မျှဝေခံစားပေးမယ့် ဓားစာခံတစ်ချို့ကို ရှာတာက ပုံမှန်ပါပဲ.. ဟား ဟား ” နွားနက်ကြီး ရယ်မောလိုက်သည်။

ထို့နောက် ထိတ်လန့်စရာကောင်းသည့် အခြားသတင်းတစ်ခု ထွက်ေပါ်လာတော့သည်။

ဒိမ်ဒီမှ မုထျန်းသည် အသက်ရှူပညာတစ်မျိုး ရထားပုံပေါ်ပြီး ထိုပညာမှာ ရှေးဟောင်း ထာဝရသက်ရှိ ဂွမ်ချန်ကျီ၏အမွေအနှစ်ဖြစ်လိမ့်မည်ထင်သည်။

ဂွမ်ချန်ကျီမှာ သမိုင်းကြောင်းတွင် အစောဆုံးထာဝရသက်ရှိဖြစ်ကြောင်း ပြောထားသည့် ရှေးဟောင်းမှတ်တမ်းများလည်း ရှိသည်ပင်။

ဤသတင်းမှာ အားလုံးကို လှုပ်ခတ်သွားစေခဲ့ပြီး ခဏကြာပြီးနောက် ပိုစိတ်ဝင်စားစရာကောင်းသည့်သတင်း ထွက်ပေါ်လာသည်။

မုထျန်းသည် ငယ်ရွယ်သေးသော်လည်း လွန်ခဲ့သည့် ၂၁ နှစ်ကတည်းက သန္ဓေပြောင်းခဲ့ပြီး ပြိုင်ဘက်ကင်း စွမ်းအား ရှိနေသည်။

ထို့နောက်တွင်တော့ မုထျန်းသည် ငယ်ငယ်ကတည်းက စွမ်းအားကြီးသည့်သူဖြစ်ပြီး လက်သီးပညာများစွာလည်း ကျွမ်းကျင်ကြောင်း သန္ဓေပြောင်းသက်ရှိအချို့ ထုတ်ပြောလာကြသည်။

ဤကဲ့သို့သော ကောလဟာလများမှာ ထောက်ခံသူ အနည်းငယ်သာ လိုအပ်သည်။ သတင်းမှာတစ်ညတည်းဖြင့် ပေါက်သွားလေ၏။

ဂွမ်ချန်ကျီအမွေအနှစ်ဟုတ်လား .. ဤသတင်းမှာ လူများကို ဆူညံပွက်လောရိုက်သွားစေခဲ့သည်။

မုမိသားစုကတော့ အမူအရာများ ရုပ်ဆိုးနေလေပြီ။ ဤကဲ့သို့သော သတင်းမျိုးမှာ သူတို့ရှင်းပြလျှင်လည်း အသုံးဝင်မည်မဟုတ်။

ထို့နောက်တွင်တော့ ပရီချင်းသုတေသနကျောင်းမှာ ရှားပါးသည့်စာကြည့်တိုက်တစ်ခုဖြစ်သည်ဟူသည့် သတင်းများ ထွက်ပေါ်လာသည်။ ဤအဖွဲ့အစည်းတွင် ရှေးဟောင်းအသက်ရှူပညာများအပြင် မရေမတွက်နိုင်သည့် ကျမ်းစာများ၊ ရှေးဟောင်းစာလိပ်များ ရှိနေသည်။

“မဖြစ်နိုင်တာ .. ပရီချင်းသုတေသနကျောင်းက ဒီလောက်တောင် အင်အားကြီးတာလား..”

“ဒါပေါ့ .. ဒီအဖွဲ့အစည်းက အုတ်ဂူတွေ၊ သင်္ချိုင်းတွေကို တူးကြတယ်ဆိုတာ မင်းတို့မသိဘူးလား .. သူတို့တွေက မရေမတွက်နိုင်တဲ့ ဧကရာဇ်အုတ်ဂူတွေ တူးခဲ့တာဆိုတော့ မင်းမထင်ထားလောက်အောင် စုဆောင်းနေမိလောက်ပြီ .. အဲဒီတော့ သူတို့ဆီမှာ အသက်ရှူစည်းချက် နှစ်ခု၊ သုံးခု ရှိနေမှာပဲ”

“ဟုတ်တယ် .. အရင်နှစ်တွေတုန်းက ထွက်ခဲ့တဲ့သတင်းတစ်ခုကို ငါ မှတ်မိသွားပြီ .. အဲဒီတုန်းက ပရီချင်းကျောင်းက ထာဝရသက်ရှီ ချီစုန့်ကျီနဲ့ ကျန်းကျီယတို့ရဲ့ အုတ်ဂူတွေကို သွားတူးမယ်လို့ သတင်းထွက်ခဲ့သေးတယ်”

ဤသတင်းမှာ လူများစွာကို ထိတ်လန့်ကာ မနာလိုဖြစ်စေခဲ့သည်။

“ရှိသေးတယ် .. ပရီချင်းကျောင်းက ပင်လယ်ကြမ်းခင်းကို တူးဖော်ပြီးတော့ ဒဏ္ဍာရီလာနဂါးနန်းတော်ရဲ့ အပိုင်းအစတစ်ချို့ကို ရခဲ့တယ်တဲ့..” တစ်စုံတစ်ယောက်မှ လှိုင်းလုံးကြီး ပိုကြီးမားလာအောင် လုပ်လိုက်သည်။

ပရီချင်းကျောင်းမှ လူများမှာတော့ သွေးပျက်နေကြလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤသတင်းမှာ သူတို့အတွက် ကြောက်စရာကောင်းလှသည်ပင်။

သတင်းများမှာ ဤနေရာ၌ ရပ်တန့်မသွား။ ဘောဓိအဖွဲ့အစည်းလည်း ရေထဲ ဆွဲချခံလိုက်ရသည်။

“ဘောဓိအဖွဲ့မှာ စကြာအသက်ရှူပညာရှိတယ်..”

ဤသတင်းမှာ တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဤအဖွဲ့အစည်းတွင် စကြာမျိုးဆက်ရှိကြောင်း အားလုံး သိထားပြီးသားဖြစ်ပြီး ဘောဓိတွင် စကြာအမွေအနှစ်များ ရှိနေမလားဟု အားလုံး သံသယဝင်နေခဲ့ကြသည်ပင်။ သို့သော် ယခုတော့ အားလုံး အတည်ပြုပြီးသား ဖြစ်သွားလေပြီ။

“ဘယ်သူက ဒီသတင်းတွေ ဖြန့်နေတာလဲ..” ကျန်းလော့ရှန်း၏ လှပသည့်မျက်နှာမှာ အနက်ရောင်လှိုင်းများဖြင့် အလှဆင်ထားလေပြီ။

အင်တာနက်ပေါ်၌ အသက်ရှူပညာအကြောင်း ထွက်ပေါ်လာသည့်အချိန်တွင် အားလုံးသည် မည်သည့်ဘုရင်၌ အသက်ရှူပညာရှိနေမလဲဟု ဆွေးနွေးလာကြသည်။

ရေများကို မွှေနှောက်ပြီးသည်နှင့် ချူဖုန်း သူ့ဖုန်းကို အနားပေးလိုက်သည်။

တစ်ယောက်ယောက်မှ လူထုအာရုံစိုက်မှု ရအောင်လုပ်ပြီး သူ့အသက်ရှူပညာအား ကြေငြာလာမည်ကို သူ စိုးရိမ်နေခဲ့ခြင်းပင်။

သို့သော် ယခုတော့ သူ စိန်ခေါ်လာမည့်သူအားလုံးကို ရင်ဆိုင်ရဲလေပြီ။ သတ္တိရှိတဲ့သူ လာခဲ့..

“ရှီလာကို ချူဖုန်း သတ်လိုက်တာ..”

ဤသတင်းပျံ့သွားသည်နှင့် တစ်လောကလုံး တုန်လှုပ်သွားရသည်။ လူများ၏ အာရုံအားလုံး ချူဖုန်း ပေါ်သို့ ရောက်ရှိလာသည်။

ရှီလာသေဆုံးပြီးနောက် မလိုလားအပ်သည့် အာရုံစိုက်မှုများ ရရှိလာကာ သူတို့၏ လုံဟူတောင်အား တိုက်ခိုက်သည့်အစီအစဉ် ထိခိုက်မည်စိုးသောကြောင့် ချူဖုန်းတို့အုပ်စု ဤသတင်းကို ဖုံးကွယ်ထားခဲ့ကြသည်။

သို့သော် ယခုတော့ တစ်ယောက်ယောက်မှ သတင်းလွှင့်လိုက်လေပြီ။ ချူဖုန်း ရှုန်းခွန်နှင့် ယုယန်ချင်းတို့ကို ချက်ချင်းဆက်သွယ်လိုက်သော်လည်း ဤ လူများသည် သူတို့မဟုတ်ကြောင်း ငြင်းဆိုလာကြသည်။

“ဘုရားရေ နတ်ဘုရားချူက စွမ်းအားကြီးလိုက်တာ .. သူက ရှီလာကိုတောင် သတ်လိုက်နိုင်တယ် .. သူ့မှာ တကယ် ထူးခြားတဲ့အသက်ရှူပညာ ရှိနေတယ်ထင်တယ်..”

“ကြောက်စရာကောင်းလိုက်တာ .. အသက်ရှူစည်းချက်ပညာက ဒီလောက်တောင် စွမ်းအားကြီးတာလား .. သူက အဆင့်တွေကျော်ပြီးတော့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူကိုတောင် ဆန့်ကျင်နိုင်တယ်”

တစ်လောကလုံး ဆူညံပွက်လောရိုက်နေလေပြီ။

ချူဖုန်းအမူအရာ မည်းမှောင်လာသည်။ တစ်ယောက်ယောက် သူ့အား ပစ်မှတ်ထားနေသည်မှာ သေချာသွားလေပြီ။ သူ ယခင်အခြေအနေကို ဖြေရှင်းပြီးသည်နှင့် နောက်တစ်ချက် ထပ်မံထိုးနှက်လာသည်။

ယခုတစ်ခေါက်တော့ သူ အာရုံစိုက်မခံချင်လျှင်ပင် မရတော့။

သူနှင့် ရွှေခြင်္သေ့တို့၏ တိုက်ခိုက်မှု၊ သူ၏ချီလင်းအား သတ်ဖြတ်တို့ကို ရှင်းပြ၍ရသေးသည်။ သို့သော် ယခုတစ်ခေါက်တော့ သူ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးကို သတ်ခဲ့ခြင်းပင်။ ဤသည်မှာ အံ့အားသင့်စရာ ကောင်းလှသည်။

လုထုန် ချက်ချင်းပင် ချူဖုန်းကို ဆက်သွယ်ပြီး အခြေအနေကို မေးမြန်းလာသည်။ ကောလဟာလများကို ဆန်းစစ်ပြီးနောက် ဤကိစ္စနောက်ကွယ်တွင် အဖွဲ့ပေါင်းများစွာ ပါဝင်နေလိမ့်မည်ဟု သူ ကောက်ချက်ချလာသည်။

ရှီလာ သေဆုံးသည့်သတင်းမှာ အနောက်တိုင်းကို တုန်လှုပ်သွားစေခဲ့သည်ပင်။

“အရှေ့တိုင်းက နတ်ဆိုးဘုရင်ချူက ရှီလာကို တကယ်သတ်လိုက်တာလား..”

“အိုး .. အရသာစာရင်းကိုလည်း သူပဲ လုပ်ထားတာ .. သူက တကယ်ကို စွမ်းအားကြီးတာပဲ..”

ယခုအချိန်တွင် သတင်းမျိုးစုံ ပျံ့နှံ့နေပြီး အားလုံးမှာ သူနှင့်သက်ဆိုင်သည့် သတင်းများပင်။

ချူဖုန်းသည် ရုတ်တရက်ကြီး နာမည်ကြီးလာကာ ပိုလွန်းသည့် ချီးကျူးမှုမျိုးစုံလည်း လက်ခံရရှိလာသည်။ သူ့လျှို့ဝှက်ချက်များ တစ်ခုပြီးတစ်ခု ပေါက်ကြားလာကာ နောက်ဆုံးတွင်တော့ ထိုသတင်းအားလုံးသည် သူ ထူးခြားအသက်ရှူစည်းချက်ပညာရှိသည်ဟူသည့်အချက်အား မီးမောင်းထိုးပြနေသည်။

“ချူဖုန်း လုံဟူတောင်ကို သိမ်းပိုက်လိုက်နိုင်ပြီး ရှေးဟောင်းတာအိုကျောင်းကို ယူလိုက်နိုင်ပြီ..”

ဤသတင်းမှာ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

“ဟား ဟား..”

ရွှေနှင့်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့် နန်းတော်တစ်ခုထဲမှ လူတစ်ဦး ယုတ်မာစွာ ရယ်မောလိုက်သည်။ ဤသည်မှာ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အတော်လေး ငယ်ရွယ်သည့် လူငယ်လေးတစ်ဦးပင်။ သူသည် ဆိုဖာပေါ်၌ ထိုင်ကာ သူ့ဝိုင်ခွက်ကို လွှဲရမ်းလိုက်ပြီး ဝိုင်နံ့ကို ခံစားနေသည်။

သူ့အမူအရာမှာ တည်ငြိမ်ကာ ဖော်ရွေသည့်ပုံပေါ် သော်လည်း သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ရှိနေသည်။ “ဒီကောလဟာလတွေ လွှင့်နေတဲ့သူက သေချာပါက် အားနည်းတဲ့သူပဲ .. မဟုတ်ရင် ဘာလို့ ဒီလိုလှည့်ကွက်မျိုးတွေ သုံးနေမှာလဲ.. ဒါပေမဲ့ ဒါက စိတ်ဝင်စားဖို့ကောင်းပါတယ် .. အခုအချိန်မှာ ချူဖုန်း ဖိအားတွေ များနေလောက်ပြီ..တွေ များနေလောက်ပြီ..”

သူ့ရှေ့တွင် မိန်းကလေးများ အရှုံးပေးရလောက်အောင် လှပသည့် လူငယ်တစ်ဦး ရှိနေလေသည်။

ထို့အပြင် သူ့နဖူးထက်၌ တတိယမျက်လုံးတစ်လုံး ရှိနေ၏။ ထိုမျက်လုံးကို ပိတ်ထားသော်လည်း ထိုမျက်လုံးကြောင့် သူ ပို၍ဆွဲဆောင်မှု ရှိနေသည်။ “မင်း ဝင်ပါဖို့ အစီအစဉ်ရှိလား..” သူ ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။

“အင်းဟုတ်တယ် .. သူ့မှာ ထူးခြားတဲ့အသက်ရှူပညာ သေချာပေါက် ရှိနေလိမ့်မယ်လို့ ငါလည်းခံစားနေရတယ် .. ငါတို့တွေ မီးထဲကို လောင်စာထပ်ထည့်လည်း ငါတို့အတွက် ထိခိုက်မှာ မရှိပါဘူး” အဖြူရောင်ဝတ်စုံနှင့်အမျိုးသား လူကြီးလူကောင်းဆန်ဆန်ပြုံးလိုက်သည်။ “နောက်ဆုံးမှာ ခွန်အားကပဲ စကားပြောလိမ့်မယ် .. ငါတို့ အခု သူ့ကို တိုက်ခိုက်ဦးမှာမဟုတ်ဘူး .. သူ့ဘာသာသူ လုံဟူတောင်ကို တိုက်ခိုက်နေပါစေ..” သူ ထပ်ပြောလိုက်သည်။

ချောမောလှသည့် လူငယ်လေး၏ တတိယမြောက်မျက်လုံး ပွင့်လာကာ နတ်အလင်းများ လှည့်ပတ်လာသည်။ “မင်း ရှင်းယီလက်သီး ၁၂ မျိုးက ၁၀ မျိုးကို ကျွမ်းကျင်နေရင်တောင် မင်း သူ့ရဲ့စွမ်းအားကြီးတဲ့ရိုက်ချက်တွေကို ခုခံနိုင်မှာ မဟုတ်ဘူး”

“ရေအောက်မျိုးနွယ်စုက မိတ်ဆွေလေး .. ကျုပ်က ရှင်းယီလက်သီးပုံစံ ၁၂ မျိုးလုံးကို ကျွမ်းကျင်ပြီးသား .. ပြီးတော့ အဲဒီလက်သီးချက်တွေနောက်မှာ ရှိနေတဲ့ အသက်ရှူစည်းချက်ပညာကိုလည်း ရထားပြီးသား” အဖြူရောင်ဝတ်စုံနှင့်လူငယ်လေး ပြောလိုက်သည်။

“အဲဒီလိုဆိုရင်တဲ့ ခင်ဗျားနဲ့ပူးပေါင်းရတဲ့အတွက် ဝမ်းသာပါတယ်” မျက်လုံးသုံးလုံးနှင့်လူ သူ့ခွက်ကို မြှောက်လိုက်သည်။

“ချူဖုန်း ဖိအားတွေများပြီး မြန်မြန်စွမ်းအားကြီးအောင်လို့ လုံဟူတောင်ကို မြန်မြန်တက်ဖို့ မျှော်လင့်ကြတာပေါ့ ..” အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး သူ့ခွက်ကိုမြှောက်၍ ရယ်မောလိုက်သည်။

“တကယ်လို့ သူ အရှုံးပေးပြီးတော့ လုံဟူတောင်က ထွက်သွားရင်ရော ဘယ်လိုလုပ်မှာလဲ..” မျက်လုံးသုံးလုံးနှင့်လူ မေးလိုက်သည်။

“အဲဒါဆိုရင်တော့ သူ့ကို ရှင်းဖို့အတွက် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်” အဖြူရောင်ဝတ်စုံနှင့်လူငယ်လေး ပြန်ဖြေလိုက်သည်။

“ခင်ဗျား သူနဲ့ မတိုက်ချင်ဘူးလား..” မျက်လုံးသုံးလုံးနှင့်လူ မေးလိုက်သည်။

ဝတ်စုံဖြူနှင့်လူငယ်သည် ခေါင်းခါလိုက်ကာ “ကျုပ် သူနဲ့တိုက်ရမှာ ပျင်းတယ် .. ခင်ဗျားမှာ စွမ်းအားကြီးတဲ့ လက်နက်ရှိနေတာဆိုတော့ ကျုပ် သူနဲ့ ခွန်အားချင်း ယှဉ်နေစရာမလိုတော့ဘူးလေ .. နောက်မှ သူ့ကို စစ်မေးပြီး သူ့အသက်ရှူစည်းချက်ပညာကို ယူလိုက်လို့ရတယ်”

နောက်နေ့များတွင် ချူဖုန်းနှင့် နွားနှစ်ကောင်သည် နည်းလမ်းပေါင်းစုံသုံးကာ လုံဟူတောင်ကို တက်နိုင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြ။ သူတို့ ဒဏ်ရာပင် ရခဲ့ကြသေးသည်။

သူ အသက်ရှူစည်းချက်ပညာရပ် ပိုင်ဆိုင်ထားကြောင်း တစ်လောကလုံး သိသွားပြီဖြစ်သောကြောင့် သူ့ခွန်အားတိုးတက်အောင် ပြုလုပ်ရန် ဖိအားများနေသည်။ သူ အားလုံးထက် သာလွန်နေမှသာ လှည့်ကွက်အားလုံးနှင့် ထောင်ချောက်အားလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။

နောက်ဆုံးတွင် လုံဟူတောင်သို့ လူတစ်စု ရောက်လာသည်။ ဤသည်မှာ ချူဖုန်းနှင့် ပူးပေါင်းချင်သည့် သားရဲဘုရင်များနှင့် အဖွဲ့အစည်းမှ အေးဂျင့်များပင်။

“ကောလဟာလတွေက မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ပျံ့နေတာ .. သူတို့တွေက အစ်ကိုချူကို ဆွဲချချင်နေကြတာ..”

“စိတ်မပူပါနဲ့ .. ငါတို့က သုံးနှစ်သားလေးတွေ မဟုတ်ပါဘူး .. ဒီသတင်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို အားလုံး နားလည်ပါတယ်”

အချို့လူများ သူတို့ရပ်တည်ချက်အား ပြသလာကြသည်။ သူတို့သည် တာအိုကျောင်းတော်အတား တိုက်ခိုက်နေစဉ်အတွင်း ချူဖုန်း၏ ပူးပေါင်းမှုကို လိုချင်ကြသည်။

ယခုတလောတွင် နွားဝါလေးနှင့် နွားနက်တို့နှစ်ဦးလုံး နတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာကို လေ့လာနေခဲ့ကြသည်။ သို့သော်လည်း လုံဟူတောင်အား အောင်မြင်စွာ တက်နိုင်ရန်အတွက် ဤပညာအဓိကကျသည်ဟူသည့် ချူဖုန်း၏အဆိုကိုတော့ သူတို့ လက်မခံနိုင်။

အသစ်ရောက်လာသည့်သူများနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း သံလိုက်စက်ကွင်းနှင့် နေစွမ်းအင်မီးတောက်များတွင် အမြဲတမ်း ရပ်တန့်ခဲ့ရသည်။

“ဒီမှာ ရပ်လိုက်ကြစို့..” ချူဖုန်း နွားနှစ်ကောင်ကို အသိပေးလိုက်သည်။ သူတို့ ဤအန္တရာယ်များသည့် တောင်ပေါ်သို့တက်ရန် လုံလောက်သည့်ခွန်အားမရှိသေး။

ချူဖုန်း သူ့ဆုံးဖြတ်ချက်အကြောင်း ပြောလာသည့်အချိန်တွင် အခြားသားရဲဘုရင်များ စိတ်ပျက်သွားကြရသည်။ သို့သော် သူတို့ ဘာများ တတ်နိုင်မည်နည်း..

“အမ် .. အဲဒါက ဘာကြီးလဲ .. ပန်းကန်ပြားပျံလား.. ” အားလုံး ထိတ်လန့်သွားရ၏။ စက်ပစ္စည်းတစ်ခု အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် သူတို့ထံသို့ ပျံသန်းလာနေသည်ကို အားလုံ. တွေ့လိုက်ကြရသည်ပင်။
အပိုင်း ၂၃၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset