ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၂၉ – အရေးအခင်းကြီး
ရှီလာခေါင်း ခန္ဓာကိုယ်နှင့် ကွာသွားသည်နှင့် သွေးများ လွင့်စင်ထွက်လာသည်။ ရှီလာ ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ အလွန်ထိတ်လန့်နေသော်လည်း ရှုပ်လည်းရှုပ်ထွေးနေမိသည်။
ရှီလာ အော်ဟစ်ကျိန်ဆဲပစ်လိုက်ချင်မိသည်။ ဒီလိုလက်နက်ကြီးက ဘယ်လိုလုပ် အလုပ်မဖြစ်တာလဲ..
နောက်ဆုံးအခိုက်အတန့်တွင် သူ့စိတ်ထဲ ကျိန်ဆဲလိုက်သည်။ သူ့လက်ထဲရှိ ဓားကျိုးမှာ ထူးခြားသည့်အလင်းရောင်ထုတ်လွှတ်နေသောကြောင့် သေချာပေါက် ထူးခြားသည့်ပစ္စည်းပင်။
သုံးပေခန့်သာ ရှိတော့သော်လည်း ဒဏ္ဍာရီလာခွန်အားများ ပိုင်ဆိုင်ထားသည့် လက်နက်တစ်ခုပင် ဖြစ်လိမ့်မည်။
ရိုမန်ကက်သလစ်အစိုးရအဖွဲ့၏ စစ်သူရဲတစ်ဦးဖြစ်သောကြောင့် ဤလက်နက်များ မည်မျှစွမ်းအားကြီးပြီး ကြောက်စရာကောင်းသည်ကို သူသိသည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က ပြုလုပ်ခဲ့သည့်လက်နက်များပင်။ သူတို့သည် လောကကို တုန်လှုပ်စေနိုင်သည့် လက်နက်များပင်။
ဤလက်နက်များဖြင့် ဘုရင်အဆင့်သက်ရှိတစ်ဦးကိုနှစ်ပိုင်းဖြတ်ရန် မခက်ခဲ။ တောင်များကို လောင်ကျွမ်းစေနိုင်ကာ ပင်လယ်များကိုလည်း ဆူပွဥ်စေနိုင်သည်။
“အား..”
သူ့ခန္ဓာကိုယ်မှ အသံထွက်ပေါ်လာသည်။ သူ့ခေါင်းနှင့်ကိုယ် ကွဲသွားပြီဖြစ်သောကြောင့် ဤအသံမှာ သူ့ခေါင်းမှ ထွက်လာခြင်းမဟုတ်။ သူ့စိတ်ထဲမှ ထွက်ပေါ်လာခြင်းပင်။
ချူဖုန်းလည်း အံ့အားသင့်သွားရသည်။ ရှီလာ၏ ခုခံမှုမှာ အလွန်စွမ်းအားကြီးလိမ့်မည်ဟု သူထင်ထားခဲ့သည်ပင်။ သူက ဘယ်လိုလုပ် ဓားချက်တစ်ချက်တည်းဖြင့် ရန်သူကို ခေါင်းဖြတ်နိုင်ခဲ့သနည်း..
“အမ်..”
ရုတ်တရက် ချူဖုန်းမျက်လုံးများ မှေးကျဉ်းသွားရသည်။ ထိုဓားကျိုး၏လက်ကိုင်မှ အလင်းရောင်စတင်ပြောင်းလဲလာပြီး ဓားမှ ထွက်ပေါ်လာသည့် ငွေရောင်အလင်းလည်း မီးတောက်များကဲ့သို့ ပြင်းထန်လာသည်။
ချူဖုန်း ချက်ချင်း အားကုန်သုံးကာ တိုက်ခိုက်လိုက်ရသည်။
ပို၍ကြောက်စရာကောင်းသည်မှာ ထိုပြောင်းလဲမှုများမှာ ရှီလာ၏အော်သံနှင့်အတူ ဖြစ်ပေါ်လာခြင်းပင်။
ဝုန်း..
ချူဖုန်း၏ဘယ်လက်တောက်ပလာကာ လျှပ်စီးသင်္ကေတတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက်တွင်တော့ စွမ်းအားကြီးသည့် မိုးကြိုးတစ်ခု ထွက်ပေါ်လာပြီး ထိုဓားကျိုး၏လက်ကိုင်ရိုးပေါ်သို့ ရောက်ရှိသွားလေသည်။ ရှီလာ၏ ခန္ဓာကိုယ်အကြွင်းအကျန်လည်း ထိုပေါက်ကွဲမှုထဲ ပါသွားတော့သည်။
ထို့အပြင် သူ့ဓားပျံလည်း လွင့်ပျံထွက်လာကာ ခုတ်ချလိုက်သည်။ တောက်ပနေသည့် ရေနဂါးတစ်ကောင် ပျံသန်းနေသကဲ့သို့ အလင်းတန်းတစ်ခု ဖန်တီးလာသည်။
ထို့နောက် သူ အရှိန်ကုန် နောက်ပြန်ဆုတ်လိုက်သည်။ သူ့လက်ထဲ၌ ချာကရမ်ရှိနေပြီး တိုက်ခိုက်ရန် အသင့်ပင်။
လျှပ်စီးများ၊ မိုးခြိမ်းသံများကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါနေသောကြောင့် ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။
ရုတ်တရက် အချိန်ရပ်တန့်သွားပြီးနောက် နောက်ပြန်ရစ်သွားကာ ကြောက်စရာကောင်းသည့် မြင်ကွင်းများ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာသည်။
ဒါတွေက ဗာတီကန်က မြင့်မြတ်စစ်သူရဲတွေလား.. ဘာကြောင့်မှန်း မသိသော်လည်း ရှေးဟောင်းချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် စွမ်းအားကြီး စစ်တပ်တစ်တပ် လုံဟူတောင်ကို လာတိုက်ခိုက်ခဲ့သည်။
နောက်ဆုံးတွင် နတ်ဘုရားအချို့ ပေါ်လာကာ မြေပြင်များ ပြောင်းပြန်လှန်သွားသည်အထိ အရှေ့တိုင်းကျူးကျော်တပ်နှင့် တိုက်ခိုက်ခဲ့သည်။
အတိတ်တွင် လုံဟူတောင်ကို တိုက်ခိုက်သော်လည်း ရှုံးနိမ့်ခဲ့သည့် အရှေ့တိုင်းကျူးကျော်တပ်တစ်တပ်ရှိခဲ့ကြောင်း ချူဖုန်း ချက်ချင်း နားလည်သွားရသည်။
ဤသည်မှာ ယုံချင်စရာ မကောင်းလှ။ ဒီစစ်ပွဲက ဘယ်ခေတ်တုန်းက ဖြစ်ခဲ့တာလဲ .. ဘာလို့ ဒီတိုက်ပွဲနဲ့ပတ်သက်တဲ့မှတ်တမ်းတွေ တစ်ခုမှမရှိတာလဲ.. ဤတိုက်ပွဲမှာ သမိုင်း၌ နှစ်မြှုပ်ပျောက်ကွယ်သွားသည့်ပုံပင်။
လုံဟူတောင်မှာ တာအိုဘာသာ၏ရှေးကျောင်းတော်ပင်ဖြစ်သောကြောင့် ဤနေရာမှာ ထူးခြားလှသည်ပင်။
မြင်ကွင်းများသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။ ဓားကျိုးမှာ ဤမြင်ကွင်းအား မှတ်တမ်းတင်ထားသည့် ပစ္စည်းတစ်ခု ဖြစ်နေသည်ပင်။
ဝုန်း..
ကျယ်လောင်လှသည့်အသံနှင့်အတူ ချူဖုန်း လက်ဝါးမှ ကြီးမားလှသည့် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ လုံဟူတောင်၏ နတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာပင်။
ခွပ်..
အလင်းတန်းနှစ်ခု ဆုံသွားသည်နှင့် အံ့အားသင့်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပေါ်လာ၏၊ အမြဲတမ်းမာကျောခိုင်ခံ့နေခဲ့သည့် ဓားနီ ပျက်စီးသွားခြင်းပင်။ ဓားပျံသည် ဓားကျိုး၏လက်ကိုင်ကို မခုခံနိုင်ခဲ့။
ဓားရိုးတစ်ခုလုံး တောက်ပလာကာ ထိုဓားမှ ထွက်လာသည့် စွမ်းအင်များမှာ ပြင်းထန်လှသည်။ ဤသည်မှာ မူလရှေးဟောင်းခေတ်မှ သားရဲကြီး အသက်ဝင်လာသကဲ့သို့ပင်။
ချူဖုန်း သူ့ချာကရမ်ကို အသက်သွင်းလိုက်ပြီး ရှိသမျှစွမ်းအင် အကုန်ထည့်သွင်းလိုက်သည်။
ဒုန်း..
ဤသည်မှာ ဥက္ကာခဲကြီး ကမ္ဘာမြေပေါ်သို့ ထိမှန်သွားသကဲ့သို့ပင်။ ချာကရမ်နှင့် ဓားရိုးထိတွေ့သွားသည်နှင့် ကောင်းကင်ပြိုကျပြီး ကမ္ဘာမြေ အက်ကွဲသွားစေနိုင်သည့် စွမ်းအင်များ ထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသလို ရေလှိုင်းများ တိုက်ခတ်သကဲသို့သော အသံများကိုလည်း ကြားလိုက်ရသည်။
ချူဖုန်း မြန်မြန် နောက်ဆုတ်သွားလိုက်သည်။ ဤဓား၏ ဇစ်မြစ်ကို သိလိုက်ရပြီဖြစ်သောကြောင့် မမျှော်လင့်ထားသည့်အရာများ ဖြစ်လာမည်ကို သူ စိုးရိမ်သည်။
နောက်ဆုံးတွင် အလင်းများ မှေးမှိန်ပျောက်ကွယ်သွားကာ ရှုခင်းမြင်ကွင်းများကို ပြန်မြင်လာရသည်။
ဓားရိုး.. ထိုဓားရိုးမရှိတော့သည်ကို သူတွေလိုက်ရသည်။
ချာကရမ်ကို ပြန်ရှာယူလိုက်သည်။ ကံကောင်းစွဖြင့် ချာကရမ် ဘာမှမဖဖြစ်သွား။
ချူဖုန်း သူ့ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်ပြီး ချာကရမ်ကို သူ့လက်ထဲ ပြန်ဆွဲယူလိုက်သည်။ သေချာစစ်ဆေးကြည့်ပြီးနောက် ချာကရမ်တွင် ခြစ်ရာတစ်ခုမှပင် ထင်မနေကြောင်း တွေ့လိုက်ရသည်။
ချူဖုန်း စိတ်အေးသွားရ၏။ သိထားရမည်မှာ အစောပိုင်းက တိုက်ခိုက်ခဲ့သည့်လက်နက်မှာ ဒဏ္ဍာရီလာ လက်နက်တစ်ခုပင်။
ချူဖုန်း ယခုမှ နွားဝါလေးစကားကို ယုံကြည်တော့သည်။ ဤလက်နက်မှာ ကြောက်စရာကောင်းလှသည်။
“ရှီလာ .. ခင်ဗျားလည်း ပြေးမလွတ်ပါဘူး” ချူဖုန်း ရှီလာ၏ အကြွင်းအကျန်များကို ငုံ့ကြည့်လိုက်သည်။ သူ နည်းနည်းမှပင် မသနားမိ။
“ဒါက ဆေးဆိုးတဲ့အလုပ်ရုံလား..” နောက်ဆုံး နွားနက်နှင့် အခြားသူများ ရောက်လာကြလေပြီ. သူတို့အားလုံး ရင်ဘတ်များ တင်းကြပ်နေကြပြီး အသက်ရှူရ ခက်ခဲနေကြသည်ပင်။
မည်သူမှ ဤကဲ့သို့ ပြင်းထန်လှသည့် ဖိနှိပ်မှုကို မခံစားဖူးခဲ့ကြ။ လုံဟူတောင်သည် မျိုးမတူသည့် မျိုးနွယ်များအား ဖိနှိပ်ထားခဲ့သည်။ ဆိုက်ဘေးရီးယားကျားနှင့် မသေမျိုးဖီးနှစ်ကဲ့သို့ စွမ်းအားကြီးသည့်သူများပင် ချွင်းချက်မရှိ ဖိနှိပ်ခံနေကြရသည်။ သူတို့အားလုံး ဤနေရာမှ မြန်မြန် ထွက်သွားချင်နေကြပြီဖြစ်သည်။
ရှီလာကိုသတ်ပြီး နတ်သစ်သီးများ ခူးရန်အတွက်မဟုတ်လျှင် သူတို့ ဤတောင်ပေါ်သို့ တက်မည်မဟုတ်။
“မင်း ရှီလာကို အဆုံးသတ်လိုက်ပြီလား..” ဆိုက်ဘေးရီးယားကျားမှာ အနည်းငယ် ဆွံ့အနေသည်။ သူသည် သင်္ကန်းခြုံထားဆဲဖြစ်သောကြောင့် အနည်းငယ် ရယ်ချင်စရာကောင်းနေသည်။ နွားနက်ကြီးနား ရပ်လိုက်သည့်အချိန်တွင်တော့ ပိုဆိုးသွားသည်။
“ငါ သေတော့မလိုပဲ .. ဒီနေရာက အန္တရာယ်များတယ်..” ချူဖုန်း ရှင်းပြလိုက်သည်။
အစောပိုင်းက လျှပ်စီးများကြောင့် သူ့ထံမှ လောင်ကျွမ်းနေသည့်အနံ့ ရနေဆဲပင်။ သူ ရထားသည့် ဒဏ်ရာများလည်း မနည်းလှ။
ဓားကို ရှာမတွေ့တော့သဖြင့် ချူဖုန်း အနည်းငယ် နှမြောမိသွားသည်။ ချာကရမ်နဲ့ ထိသွားပြီးတော့ အဲဒီဓားက ဘယ်ရောက်သွားတာလဲ..
“နောက်ဆုံးတော့ ရှီလာ သေသွားပြီ .. ငါတို့ အသက်ဖြောင့်ဖြောင့် ရှူလို့ရပြီ..” မန်ချူးကျား ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရှီလာ သူ့နောက်လိုက်လာမည်ကို သူ အမြဲတမ်း ကြောက်ရွံ့နေခဲ့ရခြင်းပင်။
မသေမျိုးဖီးနှစ်လည်း သက်ပြင်းချလိုက်၏။ သူမလည်း လက်စားချေပြီးပြီဟု ပြော၍ရသည်။ သို့သော် သူမ မှတ်ဉာဏ်များ အပြည့်အဝပြန်ကောင်းမလာသေးသောကြောင့် သူမ စိတ်ရှုပ်နေရဆဲပင်။
“မင်းတို့ကြည့်ကြည့် .. ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ မင်းတို့သိလား..” ချူဖုန်း အက်ကွဲကြောင်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။
ထိုနေရာတွင် နတ်ဆိုးအရိုးစုများ, မြင့်မြတ်စစ်သူရဲများနှင့် သူတို့၏ပျက်စီးနေသည့် လက်နက်များ ရှိနေသည်ပင်။
ထိုနေရာ၌ အနောက်တိုင်းနဂါးအရိုးစုပင် ရှိနေသောကြောင့် ချူဖုန်း အံ့အားသင့်သွားခဲ့ရသည်။ နဂါးပင် ပါနေသောကြောင့် ထိုတိုက်ပွဲ မည်မျှပြင်းထန်မည်ကို စဉ်းစားကြည့်နိုင်သည်။
“သူတို့က ဘာလို့ ဒီကိုလာတာလဲ..”
ချူဖုန်း ပြန်ပြောပြသည့် အဖြစ်အပျက်များနှင့် လက်ရှိမြင်ကွင်းများအား မြင်လိုက်ရသည့်အချိန် အားလုံး ဆွံ့အသွားကာ နောက်ကွယ်မှ ဇာတ်ကြောင်းကို စဉ်းစားလာကြသည်။
သူတို့ ဤနေရာတစ်ခုလုံးကို ရှာကြည့်လိုက်သည့်အချိန်တွင်တော့ မနည်းလှသည့် လက်နက်အပျက်အစီးများကို တွေ့လိုက်ရသည်။ ယခင်ကဆိုလျှင်တော့ ဤလက်နက်များမှာ အလွန်စွမ်းအားကြီးသည့် လက်နက်များ ဖြစ်လိမ့်မည်ပင်။
မည်သို့ပင်ဖြစ်စေ ရှီလာ သေဆုံးသွားပြီဖြစ်သောကြောင့် သူတို့အားလုံး အတော်လေး စိတ်အေးကာ ပျော်ရွှင်သွားကြရသည်။
ဤစစ်မြေပြင်အကြောင်းကိုတော့ သူတို့ ယခုချက်ချင်း အဖြေရှာရန်မလို။ အဘယ်ကြောင့်ဆိုသော် ဤစစ်မြေပြင်မှာ သူတို့ဘဝကို ဘာမှမထိခိုက်နိုင်။
“ဒီလုံဟူတောင်အောက်မှာ ဒဏ္ဍာရီလာလက်နက်တစ်ခု ရှိနေတယ်ဆိုတာက တကယ်များလား..” ချူဖုန်း ရေရွတ်လိုက်သည်။
ပရီချင်းသုတေသနကျောင်းမှ သူ့အား ပြောခဲ့သည့် သတင်းကို သူ အမှတ်ရမိသွားသည်။
ထို့နောက်တွင်တော့ သူတို့ တောင်ပေါ်သို့ ဆက်တက်မတက်ကို စတင်ဆွေးနွေးလိုက်ကြသည်။
ဆိုက်ဘေးရီးယားကျားနှင့် မသေမျိုးဖီးနှစ်တို့သည် စွမ်းအားကြီးသော်လည်း ဖိနှိပ်ခံထားရသောကြောင့် သူတို့ စွမ်းအားကို အကုန်မသုံးနိုင်။
“ဆက်တိုက်ကြစို့..”
ဤနေရာထိပင် ရောက်နေပြီဖြစ်သောကြောင့် သူတို့ ဤအတိုင်း လှည့်မပြန်ချင်။
ဤကဲ့သို့ဖြင့် သူတို့ တောင်ပေါ်သို့ ဆက်တက်သွားလိုက်ကြသည်။ သို့သော် တောင်တစ်ဝက်သို့ မရောက်မီမှာပင် နွားဝါလေး၏ အမူအရာ ပြောင်းလဲလာသည်။ ထူးခြားသည့်ဘူမိသံလိုက်လှိုင်းကို ခံစားလိုက်ရသောကြောင့် ဤနေရာ၌ ထူးခြားသည့် စွမ်းအင်စက်ကွင်းရှိနေလိမ့်ဟု သူ စဉ်းစားမိသွားသည်။
“အစီအရင်တွေနဲ့ စက်ကွင်းတွေက အတူတူပဲ .. သူတို့တွေက စွမ်းအားကြီးတဲ့ကျွမ်းကျင်သူတွေကို သတ်ဖို့အတွက် နယ်မြေအနေအထားပေါ်မူတည်ပြီး ထူးခြားတဲ့ဇုန်တွေ ဖန်တီးလိုက်ကြတာ” နွားဝါလေး ရှင်းပြလာသည်။
ဤနေရာ၌ ထူးခြားသည့် စွမ်းအင်စက်ကွင်းတစ်ခု ရှိနေသည်ကို သူ ခံစားနေရသည်ပင်။
“ဒီနေရာက စွမ်းအင်စက်ကွင်းက ကြောက်ဖို့ကောင်းတယ် .. လွယ်လွယ်လေးနဲ့ ဖြတ်နိုင်မှာမဟုတ်ဘူး..” နွားဝါလေး လေးနက်စွာ ပြောလာသည်။
သေချာပါသည်။ မန်ချူးကျား ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး မသေမျိုးဖီးနှစ်လည်း သွေးအန်သွားရသည်။
တောင်အလယ်ရှိ အက်ကွဲကြောင်းမှ နေစွမ်းအင်မီးတောက်များ ထွက်ပေါ်လာကာ မန်ချူးကျားအား ဝါးမြိုသွားခဲ့သည်ပင်။ သူ့အား သင်္ကန်းမှ ကာကွယ်ပေးထားသောကြောင့်သာမဟုတ်လျှင် သူ သေသွားလောက်လေပြီ။
မသေမျိုးဖီးနှစ်မှာမူ သူမသည် မီးကိုထိန်းချုပ်ရာ၌ ကျွမ်းကျင်သောကြောင့် သူမ ဖြတ်သန်းသွားနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် မထင်မှတ်စွာဖြင့် သူမသည် မိုးကြိုးပစ်ချခံလိုက်ရကာ အဝေးသို့ လွင့်ထွက်သွားလေသည်။ သူမ အရိုးများပင် ကျိုးလုမတတ် ဖြစ်သွားသည်။
သူတို့ထဲမှ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူနှစ်ဦး ဒဏ်ရာရရှိသွားသောကြောင့် သူတို့ နောက်ပြန်လှည့်ရုံသာ တတ်နိုင်တော့သည်။
“ရှီလာ သေပြီလား..”
ရှုန်းခွန်နှင့် အခြားသူများ ဆွံ့အသွားကြရသည်။
ချူဖုန်းတို့အုပ်စုမှာတော့ သူတို့၏တောင်တက်ခရီးစဉ် ရှုံးနိမ့်ခဲ့ရသောကြောင့် စိတ်လွတ်နေကြလေ၏။
ကျားဖြူနှင့် လုရှီယွင်တို့လည်း အံ့အားသင့်သွားကြရသည်။ ဤမျှစွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူသည် လုံဟူတောင်ပေါ်သို့ တက်သွားပြီးနောက် ချူဖုန်း လက်ထဲ၌ သေဆုံးသွားခဲ့သည်။ ဤသည်မှာ တကယ်ကို ထိတ်လန့်စရာကောင်းလှသည့် သတင်းပင်။
လင်းနွိုင် တိတ်တဆိတ်လျှောက်လာပြီး ချူဖုန်း အဝတ်အစားများကို ပြန်ပြင်ပေးလိုက်ကာ ဒဏ်ရာများကို ပတ်တီးစီးပေးလိုက်သည်။ ရှီလာ သေဆုံးသွားသည့်သတင်းအတွက် သူမလည်း အတော်လေး စိတ်လှုပ်ရှားနေသည်ပင်။
အဝေး၌ ရှိနေသည့် ယာ့မန်ကတော့ ဝမ်းနည်းပက်လက်ဖြစ်သွားလေပြီ။ ရှီလာ သေဆုံးသွားပြီဆိုလျှင် မည်သူကများ သူ့ကို ကယ်တော့မည်နည်း.. နတ်ဘုရားလာကယ်ဖို့ ဆုတောင်းရုံသာ ရှိတော့သည်။
သို့သော် သူသိထားသည့်အတိုင်းဆိုလျှင် နတ်ဘုရားသည် ဖြတ်မလာနိုင်သေး။ သူ ပြင်ဆင်ရန် အချိန်လိုအပ်သေးသည်။
“ကဲ မင်းရဲ့နတ်ဘုရားလို့ခေါ်တဲ့သူအကြောင်း သိထားသမျှ အကုန်ပြောတော့..” နွားဝါလေးကိုယ်တိုင် စစ်မေးလိုက်သည်။ ဤလူ မည်သည့်လောကမှ လာသည်ကို သူ သိချင်နေသည်ပင်။
ယာ့မန်သည် အစောကြီးကတည်းက စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီဖြစ်သောကြောင့် သူသိထားသမျှအားလုံးကို ပြောပြတော့သည်။ ကံမကောင်းစွာဖြင့် သူသည် ထိုနတ်ဘုရားကို ခစားသည့် နယ်ရုပ်လေးသာ ဖြစ်သောကြောင့် သိပ်မသိ။
ဖူး..
ထို့နောက် နွားနက်ကြီး သူ၏ခရမ်းရောင်ဓားရှည်ကြီးကို လွှဲရမ်းကာ သူ့အား အဆုံးသတ်ပေးလိုက်တော့သည်။
နှစ်ရက်ကြာပြီးနောက်တွင် ဒိမ်ဒီမှ လူများ အရေးတကြီး ဆင့်ခေါ်လာသောကြောင့် လင်းနွိုင် ပြန်သွားလိုက်ရသည်။
တတိယမြောက်နေ့တွင်တော့ မသေမျိုးဖီးနှစ် သူတို့ကို နှုတ်ဆက်ကာ သူ့မှတ်ဉာဏ်များ ရှာဖွေရန်အတွက် အနောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ သူမ လက်စားချေပြီးသွားပြီဖြစ်သောကြောင့် ဤနေရာ၌ ရှိနေစရာအကြောင်းမရှိတော့။
သူမ တောင်ပေါ်သို့တက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းရှုံးနိမ့်ခဲ့သည်။ သူမ ဆက်ကြိုးစားနေလည်း အကျိုးမရှိတော့။
ငါးရက်ကြာပြီးသည့်နောက်တွင် မန်ချူးကျား ထပ်မံ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ သူသည် သူ့အသက်ကို အလွန်တန်ဖိုးထားသည့်သူဖြစ်သည့်အတွက် ဒဏ်ရာများ ပျောက်ကင်းသွားသည်နှင့် ချက်ချင်း ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ အနောက်ဘက်သို့သွားသည့် လေယာဉ်လက်မှတ်ဖြတ်လိုက်သည်။ သူ လားမားဘုန်းတော်ကြီးကို သင်္ကန်းပြန်ပေးပြီး တောင်းပန်ရဦးမည်။
“ညီအစ်ကိုတို့ .. ခွန်လွန်တောင်ကအုပ်စုနဲ့အတူ ဟိမဝန္တာက မိုးကြိုးဘုန်းကြီးကျောင်းကို သွားလည်ရအောင် .. ဒီမှာ အချိန်အကြာကြီး ဖြုန်းမနေနဲ့တော့” မန်ချူးကျား ချူဖုန်းနှင့် နွားနှစ်ကောင်ကို ဆော်ဩသွားခဲ့သည်။
ထိုအချိန်တွင် အကြားအမြင်နှစ်ယောက်, ယဲ့ချင်းရုန်နှင့် ချန်လော့ယန်တို့လည်း ရောက်လာကြလေပြီ။ လုံဟူတောင်၏ အန္တရာယ်များသည့် အခြေအနေအား တွေ့မြင်ပြီးနောက် သူတို့ သက်ပြင်းချရုံသာ တတ်နိုင်ကြသည်။ နောက်ဆုံးတွင်တော့ သူတို့သည် ရှုန်းခွန်, ကျားဖြူတို့မောင်နှမနှစ်ယောက်နှင့်အတူ ပြန်လိုက်သွားကြလေသည်။
ချူဖုန်းနှင့် နွားနှစ်ကောင်သာ ကျန်တော့သည်။
ထိုအချိန်အတောအတွင်း ချူဖုန်း နွားနှစ်ကောင်အား လျှပ်စီးအဆောင် လွှဲပြောင်းပေးကာ သူတို့ကို ဤပညာ လေ့လာစေလိုက်သည်။ သူတို့ စွမ်းအားကို အသုံးပြုကာ အဆင့်တက်ချင် တက်နိုင်လိမ့်မည်။
ထိုအချိန်တွင် ထိတ်လန့်စရာကောင်းသည့် သတင်းတစ်ခု ပျံ့နှံ့လာကာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားစေခဲ့သည်။
ထိုသတင်းမှာ ချူဖုန်းထံတွင် ထူးခြားသည့် အသက်ရှူစည်းချက်ပညာတစ်ခုရှိနေပြီး ထိုပညာကြောင့် သူ့ပြိုင်ဘက်အားလုံးကို ဖိနှိပ်နိုင်ခြင်းဖြစ်သည်ဟူသည့်သတင်းပင်။
ယခုမှ သတင်းပြန့်ခါစဖြစ်သော်လည်း ချူဖုန်းအမူအရာ လေးနက်နေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်ယောက် သူ့ကို ပြဿနာရှာချင်နေပြီဖြစ်ကြောင်း သူသိသည်။
အပိုင်း ၂၂၉ ပြီး၏။