Switch Mode

Chapter – 228

တတ်မြောက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၂၈ – တတ်မြောက်ခြင်း

ပဉ္စမမြောက်စိုက်ခင်း၏ မြေကြီးမှာ တောက်ပနေပြီး အပင်များလည်း စိမ်းစိုနေသည်။ ဤအပင်များကို မြင်လိုက်သည်နှင့် ချူဖုန်း စိတ်ထဲ ကြောက်ရွံ့လာရတော့သည်။

ထင်ထားသည့်အတိုင်းပင် မြေပြင်အောက်မှ အာလူးသီးများ ထွက်လာပြီး လျှပ်စီးတန်းတစ်ခုလည်း ထွက်ပေါ်လာလေသည်။ ထို့နောက် အာလူးသီးများသည် လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားကာ ဤနေရာတစ်ခုလုံးကို တိုက်ခိုက်လာတော့သည်။

သူ့ဆံပင်မွေးများ ထောင်ထသွားရပြီး သူ့ခန္ဓာကိုယ်အရေပြား အတော်များများ အက်ကွဲလာသည်။ လျှပ်စီးများကြောင့် သူ့တစ်ကိုယ်လုံးလည်း မည်းသည်းနေပြီဖြစ်၏။

ဘုရင်ဖြစ်လာပြီးနောက် သူ့ကိုယ်ထဲမှ အကာအကွယ်စွမ်းအင်များစွာ ထုတ်ယူလိုက်နိုင်သောကြောင့်သာ။ မဟုတ်ပါက ယခုလောက်ဆို သူ ပြာဖြစ်သွားလောက်လေပြီ။

“ကံဆိုးလိုက်တာ..”

အာလူးသီးများ နေရာအနှံ့ လွင့်ပျံလာသည်နှင့် ကောင်းကင်ထက်၌ ငွေရောင်လျှပ်စီးတန်းများ ထွက်ပေါ်လာသည်။ ချူဖုန်းမှာ တောင့်ခံနိုင်ရုံလေးသာ ရှိတော့သည်။

သူ တကယ်ကို အော်ဆဲပစ်ချင်နေလေပြီ။ ဒီနေရာက ဘာဖြစ်နေတာလဲ.. ဒီ ခရမ်းသီးတွေ၊ သခွားသီးတွေ၊ ခရမ်းချဉ်သီးတွေ၊ အာလူးသီးတွေက ဝိညာဉ်စွမ်းအင် ရနေကြတာလား..

သူသာ ဤဖြစ်ရပ်ဆိုးကြီးမှ လွတ်မြောက်သွားပြီး အခြားသူများအား ဤအကြောင်း ပြောပြလျှင် သေချာပေါက် အဟားခံရလိမ့်မည်။

ချူဖုန်း နာကျင်မှုကို သည်းခံကာ ဝိညာဉ်စွမ်းအင်များကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ကာ လျှပ်စီးခင်းကြီးထဲမှ ရုန်းထွက်လိုက်သည်။

သူ ရုန်းထွက်နေစဉ်အတွင်း မြေကြီးထဲမှ အာလူးသီးများ ခုန်ထွက်လာကာ သူ့ကို ထိမှန်လာသည်။ သူ အချက်ခံရတော့မလိုပင် ခံစားလာရသည်။

သူ အသားလောင်နေသည့်အနံ့ပင် ရနေလေပြီ။ ဤအနံ့မှာ ရှီလာထံမှ အနံ့မဟုတ်။

သူရုတ်တရက် တုန်လှုပ်သွားရ၏။ ဒါ ဝဋ်လည်တာလား .. သူ ဘုရင်အဆင့်သက်ရှိတွေကို ကင်စားခဲ့လို့ ပြန်ခံနေရတာလား..

ဝှစ်..

နောက်ဆုံး သူ ပဉ္စမမြောက်စိုက်ခင်းထဲမှ ထွက်လာပြီး တောင်တစ်ခုပေါ်သို့ ရောက်ရှိလာသည်။ သူ တောင်ပေါ်သို့ လဲကျသွားကာ ပြန်ထနိုင်ရန် အားအင်မရှိတော့။

“ငါ လွတ်သွားပြီလား..” လတ်ဆတ်သည့်လေများကို ရှုရှိုက်လိုက်ပြီး ချူဖုန်း ပျော်ရွှင်သွားရသည်။ သူ နည်းနည်းလေးမှပင် မလှုပ်ချင်တော့။

ထိုအချိန်တွင် မြေသင်းနံ့နှင့် မြက်ပင်ရနံ့များ သူ့နှာဖျားဝသို့ ရောက်ရှိလာကာ သူ အလွန်သက်တောင့်သက်သာ ဖြစ်သွားရသည်။

ချူဖုန်း ချက်ချင်းပင် သူ့အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာပြီး ကျန်ရှိနေသေးသည့် လျှပ်စီးအားလုံး သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

သူ့ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများမှာ ထုံကျဉ်နေလေပြီ။

ကံကောင်းစွာဖြင့် အသက်ရှူစည်းချက်မှာ ဒဏ်ရာများအတွက် အံ့အားသင့်စရာကောင်းသည့် အကျိုးရလဒ်များ ရှိနေသည်။ ပျက်စီးမှုများကို လျင်မြန်စွာ ထိန်းချုပ်လိုက်နိုင်ပြီး နာကျင်မှုများလည်း သက်သာပျောက်ကငး်လာပြီး စွမ်းအင်များဖြင့် အစားထိုးခံလိုက်ရသည်။

ခဏကြာပြီးနောက် သူ ထထိုင်လိုက်ပြီး အောက်ဘက်မှ မြင်ကွင်းကို ကြည့်လိုကသ်ည်။ ခရမ်းရောင်တောက်ပနေသည့် ခရမ်းသီးများ၊ ကျောက်စိမ်းရောင် သခွားသီးများ၊ နီရဲနေသည့် ခရမ်းချဉ်သီးများ၊ ရွှေဝါရောင်သန်းနေသည့် ဖရုံသီးများနှင့် ငွေရောင်အားလူးသီးများ လျှပ်စီးများကြား၌ ပျော်ရွှင်စွာ ခုန်ပေါက်နေသည်ကို တွေ့လိုက်ရသည့်အချိန် သူ မျက်မှောင်ကြုတ်သွားရသည်။

ဤရှားပါးကာ ထူးဆန်းသည့် သီးနှံများကို သူ လေ့လာလိုက်သည်။ ဤအပင်များမှ အပင်အစစ်နှင့်တူသော်လည်း လျှပ်စီးများမှ ဖြစ်ပေါ်လာခြင်းပင်။

သူတို့မျိုးဆက်များကို အပြစ်ပေးရန်အတွက် သီးနှံများကို အသုံးပြုသည့် ရှေးခတ်လူများ၏ အကြံအစည်ကို သူ ကျယ်လောင်စွာ ကျိန်ဆဲပစ်ချင်လာသည်။

ဤအပင်များမှ ထူးခြားလှသည်။ သူတို့သည် လျှပ်စီးများကို စုဆောင်းကာ အသီးများဖန်တီးနိုင်ကြသည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဤသည်မှာ သူတို့၏ အကောင်းဆုံးအနေအထားဖြစ်လိမ့်ဦးမည်မဟုတ်ဟု သူ ခံစားလိုက်ရသည်။ ဤအပင်များသည် ဤထက်ကြီးထွားလာကာ မိုင်းခင်းငါးခု ဖြစ်လာလောက်သည်။

“အမွေအနှစ်လား..” နွားဝါလေး၏ စိတ်ထဲမှ ဆက်သွယ်မှုကို ချူဖုန်း ကြားလိုက်ရသည်။ ဤလုံခြုံသည့်နေရာတွင် ဤအကြောင်းရေးထားသည့် ကျောက်ပြားတစ်ချပ် တကယ်ရှိနေသည်ပင်။

“လျှို့ဝှက်လျှပ်စီးပညာလား..”

ထိုကျောက်ပြားထက်တွင် နောင်လာနောက်သားများအား သတိပေးထားသည့် စာတစ်ချို့ရှိနေသည်။ လျှပ်စီးများအား ခုခံနိုင်သည့်သူများမှာ နတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာကို လက်ခံရန် ထိုက်တန်သည်ဟု ရေးထားခြင်းပင်။

“ရှေးက ကောင်းကင်ဆရာသခင်က လျှပ်စီးစွမ်းအားတွေကိုသုံးပြီး နတ်ဆိုးတွေကို နှိမ်နှင်းခဲ့တာ .. ဒီလျှပ်စီးတွေက နတ်ဆိုးဖိနှိပ်ခြင်းပညာတွေများလား..”

ထိုစာလုံးများကို စိုက်ကြည့်ပြီး ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ အမွေအနှစ်တွေကို ရဖို့အတွက် သူက အဲဒီစိုက်ခင်းတွေထဲကို သွားပြီးတော့ လျှပ်စီးစွမ်းအားကို နားလည်အောင် လုပ်ရမှာလား..

သူယခုမှ ငရဲထဲမှ ပြန်ထွက်လာနိုင်ဖြစ်သော်လည်း ထိုနေရာသို့ ပြန်သွားရတော့မည်။

ချူဖုန်း ထိုနေရာ၌ တင်ပုလ္လင်ခွေထိုင်လိုက်ကာ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကုသရန်အတွက် အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ အောက်ဘက်မှ စိုက်ခင်းများကို ကြည့်လိုက်ပြီး ရှီလာကို ရှာလိုက်သည်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ဤကောင်ကို သူ့လက်နှင့် အဆုံးသတ်ဖို့ပင်။

သူ့ရန်သူက ဒီနေရာကို တက်မလာသေးဘူးလား .. သူ လျှပ်စီးထဲ သေသွားပြီလား..

ရှီလာ၏ အလောင်းကို မမြင်ရသေးပဲ သူ စိတ်အေးမည်မဟုတ်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့်လူကြီး လွယ်လွယ်ကူကူသေသွားမည်ဆိုသည်မှာ ယုံချင်စရာ မကောင်းလှ။

“အဲဒီအရူးကြီးက လျှို့ဝှက်ချက်ကို နားလည်သွားပြီးတော့ နတ်ဆိုးဖိနှိပ်ခြင်းပညာကို နားလည်အောင် ကြိုးစားနေတာလို့တော့ ငါ့ကို မပြောနဲ့နော်..” ချူဖုန်း ကြောက်ရွံ့လာမိသည်။

သူ ဝိညာဉ်စွမ်းအင်ဖြင့် လေထဲပျံသန်းသွားလိုက်ပြီး အောက်ဘက်မှ ရှီလာကို ရှာဖွေ့လိုက်၏။ သူ ထင်ထားသည့်အတိုင်းပင် ထူးဆန်းသည့်အရာတစ်ခုကို မြင်လိုက်ရသည်။

ရှီလာသည် ဖရုံသီးခင်းထဲ၌ ထိုင်နေပြီး သူ့တစ်ကိုယ်ုလံးကို အလင်းမှုန်လေး ဝန်းရံထားသည်။ သူသည် မီးသွေးခဲဖြစ်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း အသက်ရှင်နေဆဲပင်။

ယခုတစ်ခေါက်တွင်တော့ လျှပ်စီးများသည် သူ့ကို တိုက်ခိုက်ခြင်းမရှိတော့ပဲ အလင်းပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ကာကွယ်ပေးလာသည်။

“ဒီနတ်ဆိုးအိုကြီးက ထူးခြားဆန်းကြယ်မှုတွေ လုပ်ချင်နေသေးတာလား..” ချူဖုန်း ထိတ်လန့်သွားသလို စိုးလည်း စိုးရိမ်မိသွားသည်။ ရှီလာ မသေပဲ နတ်ဆိုးဖိနှိပ်ခြင်းပညာကို ရရှိသွားပါက သူတို့အုပ်စုအတွက် ကောင်းမည်မဟုတ်။

သူ အားတင်းကာ လျှပ်စီးခင်းထဲ ခုန်ဆင်းသွားလိုက်သည်။ ရင်းနှီးနေသည့် နာကျင်မှုကို သည်းခံကာ ရှီလာရှိနေသည့်နေရာသို့ သွားလိုက်ပြီး သူ့အနီရောင်ဓားပျံဖြင့် ရှီလာကို တိုက်ခိုက်လိုက်သည်။

ခွပ်…

အလင်းပြင်မှာ သတ္တုကဲ့သို့ မာကျောလှသည်။ ဓားပျံဖြင့် ထိမိသွားသည်နှင့် အလင်းမှုန်များ နေရာအနှံ့ လွင့်စင်လာသည်။ ထိုအလင်းပြင်မှာမူ ဘာမှပင် ထိခိုက်မသွား။

တစ်ချိန်တည်းမှာပင် ရှီလာ၏ပုံစံကို သူ သတိပြုမိသွားသည်။ သူ့ညာဘက်လက် မရှိတော့သော်လည်း ဘယ်ဘက်လက်ကို ဖရုံသီးပေါ်သို့ တင်ထားပြီး တစ်ခုခုကို နားလည်ရန် ကြိုးစားနေသည်။ သူ့တစ်ကိုယ်လုံး မည်းတူးနေသော်လည်း မျက်နှာထက်၌ ကျေနပ်သည့်အမူအရာများ ဖြစ်ပေါ်နေသည်ပင်။

ချူဖုန်း အကြိမ်များစွာ ကြိုးစားသော်လည်း ထိုအလင်းပြင်ကို မဖောက်ထွက်နိုင်။ ထို့နောက် သူ ဤနေရာမှ ထွက်လာလိုက်ပြီး ခရမ်းသီးခင်းသို့ ပြန်သွားလိုက်ကာ ထိုင်ချလိုက်သည်။

ဤသည်မှာ နှိပ်စက်မှုတစ်မျိုးပင်။ သူ့ကို ခရမ်းရောင်လျှပ်စီးတန်းများ ဝန်းရံနေကာ သူ့တစ်ကိုယ်လုံး နာကျင်နေပြီဖြစ်သည်။

ရှီလာ လျှပ်စီးများကို မည်ကဲ့သို့ ထိန်းချုပ်ပြီး အလင်းပြင်ဖြစ်အောင် လုပ်နိုင်သည်ကို သူမသိ။ သူ ကံကောင်းသွားခြင်းများလား သို့မဟုတ် သူ အတတ်မြန်ခြင်းလား .. မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ့ကို ဖိအားကြီး ဖြစ်စေသည်ပင်။

သူ ခရမ်းသီးကို ဘယ်လက်ဖြင့် ကိုင်လိုက်သည်နှင့် သူ့ကို လျှပ်စီးဖြင့် ပြုပြင်နေသကဲ့သို့ျှပ်စီးဖြင့် ပြုပြင်နေသကဲ့သို့ လျှပ်စီးတန်း သူ့အရိုးစုထဲထိသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ တကယ်ကို အကျိုးသက်ရောက်မှုအချို့ ရှိနေသည်ပင်။

စတုတ္ထမြောက် အချုပ်အနှောင်ကို ချိုးဖျက်ပြီးနောက် ရရှိခဲ့သည့် လျှပ်စီးစွမ်းအင်သည် သူ၏လေ့လာမှုအား အားဖြည့်ပေးနေသည်။

ခရမ်းသီးခင်းထဲ၌ သင်္ကေတမျိုးစုံ ဖြစ်ပေါ်လာပြီး သူ့ဘယ်လက်ဝါးတွင် စုစည်းလာသည်။

“အဲဒီတော့ ဒါက နတ်ဆိုးဖိနှိပ်ခြင်းပညာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။

“ဒါက အဆောင်များလား..” ချူဖုန်း ရေရွတ်လိုက်သည်။

သို့သော် ဤသည်မှာ ဒဏ္ဍာရီများတွင် ဖော်ပြထားသည်နှင့် သိပ်မတူ။ သင်္ကေတများကို ဆွဲထားခြင်းမဟုတ်ပဲ သူ့လက်ဝါး၌ သူ့အလိုလို အဆောင်တစ်ခု ဖြစ်ပေါ်လာခြင်းပင်။

ဝုန်း..

သူ လက်မြှောက်လိုက်သည်နှင့် လက်ဝါးမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး အဝေးမှ ကျောက်တုံးကြီးများကို ထိမှန်သွားသည်။ ထိုကျောက်တုံးများမှာ ချက်ချင်းပင် တစ်စစီဖြစ်သွားလေ၏။

ထို့နောက် လျှပ်စီးများမှာ ပို၍ နူးညံ့လာပြီး သူ့အား ထိခိုက်မှုမရှိတော့သည်ကို သူ အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။

“အဲဒီလောက်တောင် လွယ်တာလား..” ချူဖုန်း အံ့အားသင့်သွားရ၏။

သူ ခရမ်းသီးတစ်လုံးကို ကိုင်လိုက်သည်နှင့် သူ့လက်ဝါး၌ တံဆိပ်များ ပေါ်လာသည်။

အဲဒီတော့ ဒါက လေ့လာတယ်လို့ ခေါ်တာလား.. သူ နားမလည်နိုင်သေး။

သို့သော် ယခုအချိန်တွင် သူ ဤကိစ္စကို မတွေးနိုင်သေး။ သူ တစ်ခြား ခရမ်းသီးတစ်လုံးကို ကိုင်လိုက်ပြီး အခြား သင်္ကေတရှိမရှိကို စစ်ဆေးကြည့်လိုက်သည်။

နောက်ဆုံးတွင်တော့ ခရမ်းသီးများအားလုံးတွင် တူညီသည့် သင်္ကေတများသာ ရှိနေကြောင်း သူ တွေ့လိုက်ရသည်။

ထို့နောက် ချူဖုန်း ဒုတိယစိုက်ခင်းထဲသို့ ပြေးဝင်သွားလိုက်ကာ သခွားသီးများထက်မှ သင်္ကေတများကို ယူလိုက်သည်။ သူ့လက်ဝါးထက်မှ သင်္ကေတမှာ ပို၍ ရှုပ်ထွေးလာလေပြီ။

“ဒီလောက်တောင် မြန်တာလား..”

နွားဝါလေး ရှိနေသောကြောင့် သူ ဤသည်ကို အတည်ပြုလိုက်နိုင်သည်ပင်။ သူ၏လျင်မြန်လှသည့် တတ်ကျွမ်းမှုမှာ သူ စတုတ္ထမြောက် အချုပ်အနှောင်ကို ချိုးဖျက်စဉ်က ရခဲ့သည့် စွမ်းရည်နှင့် သက်ဆိုင်နေသည်ပင်။

ထို့နောက် အရာအားလုံး ချောချောမွေ့မွေ့ပင်။ သင်္ကေတအားလုံးကို စုစည်းပြီးနောက် သူ ဘယ်ဘက်လက်ဝါးတွင် ထူးခြားသည့်သင်္ကေတတစ်ခု ဖြစ်ပေါ်လာသည်။

ပုံမှန်အတိုင်းနေလျှင် ထိုသင်္ကေတကို မမြင်ရသော်လည်း သူ လျှပ်စီးကို အသက်သွင်းလိုက်သည်နှင့် ထိုသင်္ကေတ တောက်ပလာသည်ပင်။

“ငါ့ရဲ့ လျှပ်စီးကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်က အဆပေါင်းများစွာ တိုးတက်လာပြီ..” ချူဖုန်း အံ့အားသင့်သွားရ၏။

သူ့ဘယ်ဘက်လက်ဝါးမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤလျှပ်စီးတန်းမှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍ စွမ်းအားကြီးသည်။ ဤလျှပ်စီးချက်တစ်ချက်တည်းဖြင့် ဘုရင်အဆင့်သက်ရှိတစ်ယောက်ကို သတ်နိုင်လောက်သည်။

“ဒါက အစပဲရှိသေးတာတောင်မှ လျှပ်စီးက နှစ်ဆလောက် အစွမ်းထက်နေပြီ..” ဤနတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာမှာ တကယ်ကို ထူးခြားလှသည်ပင်။

မျိုးနွယ်စုအားလုံးသည် ရှေးခတ်ကတည်းက လျှပ်စီးများကို ကြောက်ကြသောကြောင့် ဤပညာကို နတ်ဆိုးဖိနှိပ်ခြင်းပညာဟု ခေါ်သည်မှာမမှား။

အဝေးမှ ရှီလာ ထိတ်လန့်သွားရသည်။ သူ ခရုံသီးခင်းမှ သင်္ကေတများ လေ့လာပြီးသည့်အချိန်တွင် လျှပ်စီးအားလုံး ပျောက်ကွယ်သွားခဲ့သည်ပင်။

အခြားလေးခင်းတွင် လျှပ်စီးများမရှိတော့။ ပကတိပတည်ငြိမ်နေလေပြီ။

“မင်း အမွေအနှစ် အပြည်အစုံကို ရသွားတာလား..” သူ ချုဖုန်းကို စိုက်ကြည့်လိုက်ည်။

“ခင်ဗျားသေဖို့ အချိန်ရောက်ပြီ..” ချူဖုန်း အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံး မည်းတူးနေပြီး ဒဏ်ရာများ ရရှိထားသော်လည်း ရှီလာထက်တော့ အခြေအနေကောင်းနေသေးသည်။

ဝုန်း..

သူ့ဘယ်လက်ဝါး တောက်ပလာပြီး လျှပ်စီးသင်္ကေတတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဓားပျံထက်ပင် လျင်မြန်လှသည့် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့အား ထိမှန်လာလေ၏။

ရှီလာ ထိတ်လန့်သွားရ၏။ တစ်ဖက်လူ နတ်ဆိုးဖိနှိပ်ခြင်းပညာအား အပြည့်အဝ ရရှိသွားပြီကို သူသိလိုက်ရသည်။ ဤသည်မှာ သူ့အတွက်တော့ အတော်လေး ဆိုးရွားလှသည့် ရလဒ်ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤနတ်ဆိုးဖိနှိပ်ခြင်းပညာမှာ စမ်းသပ်မှုတစ်ခုဖြစ်သည်ကို သူခန့်မှန်းမိသည်။ ဤစစ်ဆေးမှုကို ကျော်ဖြတ်ပြီး လျှို့ဝှက်အမွေအနှစ်တစ်ခုလုံးကို ရရှိနိုင်မှသာ လုံဟူတောင်ကို သိမ်းပိုက်နိုင်လိမ့်မည်။

ဝုန်း..

ရှီလာ ပြန်လည်တိုက်ခိုက်လိုက်သည်။ သူ ဤအတိုင်း ငြိမ်ခံနေမည်မဟုတ်ပေ။ သူသည် တစ်စစီဖြစ်လုနီးပါးဖြစ်နေသော်လည်း ရှင်သန်ခွင့်ရရန် ကြိုးစားနေဆဲပင်။

သူတို့ စတင်တိုက်ခိုက်သည်နှင့် ဤနေရာတစ်ခုလုံး ပျက်စီးသွားသည်။ စိုက်ခင်းငါးခု ချိုင့်ဝင်သွားပြီး အပင်များလည်း ချက်ချင်း ညှိုးလျော်သွားသည်။

ဝုန်း..

မြေပြင်ထက်၌ အပေါက်ကြီးတစ်ပေါက်ဖြစ်သွားသည်နှင့် အောက်ဘက်မှ လက်နက်များနှင့် အရိုးစုများ ထွက်ပေါ်လာသည်။ အားလုံးမှာ ရှေးခတ်မှ အရိုးများနှင့် လက်နက်များ ဖြစ်မည့်ပုံပင်။

ဤစိုက်ခင်းအောက်တွင် သားရဲမျိုးနွယ်စု အရိုးစုအတော်များများကိုလည်း တွေ့လိုက်ရသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ အချို့အရိုးစုများမှာ အလွန်ကြီးမားလှသည်။ ယခင်ကဆိုလျှင် ဤသားရဲများကို နတ်ဆိုးများဟု သတ်မှတ်ကြမည်ပင်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”

လူသားအကြွင်းအကျန်များအား တွေ့လိုက်ရသည့်အချိန် ရှီလာ အတော်လေး ထိတ်လန့်သွားရသည်။ ထိုအရိုးစုများပေါ်တွင် မြင့်မြတ်စစ်သူရဲများပိုင်ဆိုင်သည့် အနောက်တိုင်းချပ်ဝတ်တန်ဆာများအား တွေ့လိုက်ရသောကြောင့်ပင်။

ဒီရှေးဟောင်းအကြွင်းအကျန်တွေက ဘယ်ခေတ်ကတည်းက အကြွင်းအကျန်တွေလဲ..

“အမ်..” ရုတ်တရက် အရိုးစုတစ်ခုမှ အရောင်မှိန်လေး တောက်ပနေသည်ကို သူ သတိထားမိသွားသည်။ ဤအရိုးစုမှာ ဤနေရာ၌ရှိနေသည့်သူများထက် ပို၍စွမ်းအားကြီးသည့် သူတစ်ဦး၏ အရိုးစုပင်။

ရှီလာ၏မျက်လုံးများမှာ ပြုတ်ထွက်တော့မတတ် ပြူးကျယ်လာသည်။

ဤစွမ်းအားကြီးသည့် စစ်သူရဲ၏ ချပ်ဝတ်တန်ဆာမှာ ဘုရားကျောင်းမှ သူတော်စင်တစ်ဦး စတင်မွေးထုတ်ခဲ့သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀မှ ချပ်ဝတ်တန်ဆာပင်။

ဘုရားကျောင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကတည်းက အရှေ့တိုင်းကို ကျူးကျော်နိုင်ခဲ့တာလား..

“သေလိုက်တော့..”

ချူဖုန်း၏ တိုက်ခိုက်မှုများ ထပ်မံရောက်ရှိလာသည်။

ရှီလာ ချူဖုန်းကို တိုက်ခိုက်မခုခံရဲ။ ထိုတိုက်ခိုက်မှုဖြင့် ထိမိသည်နှင့် သူ သေသွားမည်ဖြစ်ကြောင်း သူသိသည်။

ထိုစွမ်းအားကြီးသည့် စစ်သူရဲအကြွင်းအကျန်ရှိနေသည့်နားသို့ ပြေးသွားလိုက်သည်။ ထိုနေရာ၌ ငွေရောင်တောက်ပနေပြီး သုံးပေခန့်ရှိသည့် ဓားကျိုးတစ်လက်ရှိနေသည်။

ဤသည်မှာ စွမ်းအားကြီးလက်နက်တစ်ခု ဖြစ်လိမ့်မည်ဟု သူ ထင်သည်။

သူ အလောင်းအစားလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ဤစွမ်းအားကြီးရှေးဟောင်းလက်နက်မှ သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်လောက်သည်။

ရှီလာ ဓားရိုးကိုကိုင်လိုက်ပြီး နောက်လှည့်ကာ ချူဖုန်းကို ရင်ဆိုင်လိုက်သည်။

ဝုန်း..

သူ့ကို လျှပ်စီးထိမှန်လာသောကြောင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပေါက်ကွဲသွားသည်။

ဖူး..

တစ်ချိန်တည်းမှာပင် ဓားပျံရောက်ရှိလာပြီး သူ့ခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။ ကောင်းကင်တစ်ခုလုံး သွေးများ နီရဲသွားလေ၏။
အပိုင်း ၂၂၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset