ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၂၇ – နတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာ
“ခွေးအိုကြီး ခင်ဗျားက ရှေးဟောင်းတာအိုပညာကျောင်းကို ဝင်ချင်နေသေးတာလား.. လုံဟူတောင်က ခင်ဗျားလိုလူမျိုးကို လက်ခံမှာမို့လို့လား .. ခင်ဗျား လွတ်နိုင်လိမ့်မယ်လို့ စိတ်ကူးယဉ်မနေနဲ့..” နွားနက်ကြီး အနောက်မှနေ၍ အော်ဟစ်လိုက်သည်။
ထို့နောက် သူ၏ခရမ်းရောင်ဓားကြီးကို ရှီလာထံသို့ လွှဲရမ်းလိုက်လေသည်။
အဝေးမှ ကျားဖြူနှင့် လုရှီယွင်တို့မှာ ဆွံ့အနေကြရသည်။ တစ်ချိန်က လောကကြီးကို တုန်လှုပ်စေနိုင်ခဲ့သည့် ရှီလာသည် ယခုတော့ ဤမျှပင် အခြေအနေဆိုးရွားနေလေပြီ။ သူသည် ပြေးစရာမြေမရှိအောင် လိုက်ဖမ်းခံနေရသည်။
ယာ့မန်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်ပင် မြေပြင်ထက်၌ ထိုင်နေသည်။ ရှီလာပင် ရှုံးနိမ့်သွားပြီဖြစ်သောကြောင့် မည်သူက သူ့ကို လာကယ်မည်နည်း.. ယခင်က သူသည် အရှေ့တိုင်းနယ်မြေများတွင် မောက်မာစွာ လှည့်ပတ်သွားနေခဲ့သော်လည်း ယခုတော့ အခြေအနေ မကောင်းတော့။
လုံဟူတောင်နားသို့ ရောက်လာသည်နှင့် ရှီလာ၏ ခြေလှမ်းများ ယိမ်းယိုင်လာသည်။ ဤနေရာမှ အန္တရာယ်အငွေ့အသက်ကို သူ ခံစား၍ ရနေသည်။
ရွှီး..
နွားနက်ကြီး၏ ခရမ်းရောင်ဓားသည် သူ့အား နှစ်ပိုင်းဖြတ်လုနီးပါးဖြစ်သွားကာ အဝေးရှိ ကျောက်တုံး၌ ထိုးစိုက်သွားသည်။
ချူဖုန်းလည်း သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ အနီရောင်ဓားပျံသည် သူ့ဦးခေါင်းထက်၌ ဝဲပျံနေပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပင်။
နွားနက်ကြီးလည်း နောက်မှ ရောက်လာလေပြီ. သိုသော် သူ ထပ်မပြေးတော့။ အဘယ်ကြောင့်ဆိုသော် သူ့နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး ရင်ဘတ်လည်း မသက်မသာဖြစ်လာသည်။
မသေမျိုးဖီးနှစ်နှင့် ဆိုက်ဘေးရီးယားကျားသည်လည်း တူညီသည့် ဖိနှိပ်မှုကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်လာကြသည်။
လူအုပ်ကြီးမှာ အလျင်စလို ပြေးဝင်မသွားရဲပဲ သတိကြီးကြီးဖြင့် ခပ်ဖြည်းဖြည်းသာ ချဥ်းကပ်သွားလိုက်ကြသည်။
“ဒီနေရာက သားရဲမျိုးနွယ်စုတွေကို ဖိနှိပ်ထားတယ်..” နွားဝါလေး တီးတိုးပြောလိုက်သည်။
လုံဟူတောင်ပတ်ဝန်းကျင်မှာ တကယ်ကို ထူးခြားလှသည်။ ရှေးဟောင်းသစ်ပင်များမှာ နဂါးများ ရစ်ခွေနေသကဲ့သို့ပင်။ ဂတုံးပြောင်ဖြစ်နေသည့် တောင်ထိပ်များ၌ပင် အံ့အားသင့်စရာကောင်းသည့် ရှုခင်းများ ရှိနေပြီး တောက်ပသည့်အလင်းများ စီးဆင်းနေသည်။
ထိုအလင်းများကို တောင်အောက်မှ မြင်နေရသည်အထိပင်။
ချူဖုန်း၏မျက်လုံးများမှာ ရှီလာပေါ်၌ မြဲမြံနေပြီး တစ်ဖက်လူ၏ အားနည်းချက်ကို သူ ရှာတွေ့သွားပြီဖြစ်သည်။ ဤသည်မှာ စွမ်းအားကြီးသည့် ရန်သူတစ်ယောက်ကို ရှင်းပစ်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုပင်။ ဒါပေမဲ့ ကျားကြီးနဲ့ ဖီးနှစ်က ဘာလို့ ရောက်မလာသေးတာလဲ..
ထို့နောက်တွင်တော့ နွားဝါလေး ပြောခဲ့သည့်စကားကို သူပြန်အမှတ်ရမိသွားသည်။ လုံဟူတောင်သည် သားရဲမျိုးနွယ်စုများကို ဖိနှိပ်ထားသည်ပင်။ ထို့ကြောင့် သူတို့နှစ်ဦး လျင်လျင်မြန်မြန်တက်လာနိုင်သော်လည်း အခြားသူများကတော့ သတိကြီးကြီးဖြင့် ခပ်နှေးနှေးသာ တက်လာနိုင်သည်။
ရှီလာမှာ ဝေခွဲမရဖြစ်နေသည်။ သူ ဆက်သွားသည်ဖြစ်စေ နောက်ပြန်ဆုတ်လိုက်သည်ဖြစ်စေ နှစ်ခုလုံး အန္တရာယ်များလှသည်။
ရွှီး..
ချူဖုန်း လှုပ်ရှားလိုက်၏။ သူ့အနီရောင်ဓားပျံမှာ ရှီလာထံသို့ ဦးတည်သွားလေသည်။
လက်ဝါးအရွယ်အစားရှိသည့် ဓားပျံသည် ရောင်စုံအလင်းနှင့်အတူ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ ထုတ်လွှတ်ကာ ရှီလာထံသို့ ပြေးဝင်သွားလေ၏။
ဝှစ်..
ရှီလာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အရိုးများကိုပင် ထွင်းဖောက်နိုင်လောက်သည့် အေးစက်သည့်အကြည့်များ ရှိနေသည်။ အချုပ်အနှောင်လေးခုသာ ဖြတ်တောက်ထားသည့် လူငယ်တစ်ဦးထံမှ ထွက်ပြေးနေရခြင်းမှာ သူ့အတွက် ရှက်စရာကောင်းလှသည်ပင်။
သူသည် ဤလူငယ်ကို မုန်းတီးလွန်းလှသောကြောင့် ချက်ချင်း နောက်ပြန်လှည့်ကာ သူ့ကို သတ်ပစ်ချင်မိသည်အထိပင်။ သို့သော် သူ့လက်ရှိအခြေအနေမှာ သူ့ကို ဤကဲ့သို့ လုပ်ခွင့်မပေး။
ချူဖုန်း ဘာမှမပြော။ ရှီလာ၏ အခြေအနေကို မြင်ပြီးသွားပြီဖြစ်သောကြောင့် ဓားပျံကို အစွမ်းကုန် ထိန်းချုပ်ကာ ရှီလာကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းတွင် ဓားချီများ နေရာအနှံ့ ပျံ့လွင့်လာသည်။ ဓားပျံလေးသည် နဂါးတစ်ကောင်ကဲ့သို့ လေထဲ၌ ပျံဝဲနေကာ ရှီလာထွက်ပြေးသည့်လမ်းကြောင်းအားလုံးကို လိုက်လံတိုက်ခိုက်နေသည်။
ရှီလာမှာ တကယ်ကို စွမ်းအားကြီးလှသည်။ သူသည် တိုက်ရိုက်တိုက်ခိုက်ခြင်းမလုပ်ပဲ ဆက်တိုက်ပင် ရှောင်တိမ်းနေလေ၏။ ထိုသို့ရှောင်တိမ်းနေသော်ငြား သူ ဒဏ်ရာများစွာ ရရှိသွားဆဲဖြစ်ပြီး ဘယ်ဘက်လက်မှ သွေးများ စီးကျလာသည်။
ဖူး..
တစ်ချက်တွင် ဓားပျံသည် သူ့လည်ပင်း ဘေးနားမှ ဖြတ်သွားကာ သူ့လည်ချောင်းအား ဖြတ်တောက်လုနီးပါး ဖြစ်သွားသည်။
“မင်း င့ါကို အရမ်းဖိအားမပေးနဲ့ .. ငါ သေအောင်တိုက်တော့မှ င့ါအဆိုးမဆိုနဲ့နော်..” ရှီလာ အေးစက်စွာ ပြောလိုက်သည်။
“ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက် မသေမချင်း ဒီတိုက်ပွဲက အဆုံးသတ်မှာ မဟုတ်ဘူး” ချူဖုန်း ပြန်ပြောလိုက်သည်။
“ငါထွက်ပြေးပြီးတော့ မင်းမိဘတွေကို သွားသတ်ရအောင် င့ါကို ဖိအားလာမပေးနဲ့..” ရှီလာ၏အမူအရာ မှုန်မှိုင်းလာကာ မျက်လုံးထဲတွင်လည်း ခြိမ်းခြောက်သည့်အငွေ့အသက်များ ပြည်နှက်လာသည်။
ချူဖုန်း စိတ်လှိုင်းထန်သွားရသည်။ ဤအရူးကို လွတ်ပေး၍မရတော့။ ဤလူကို ဤနေရာ၌ ရှင်းပစ်ပြီး သူ၏အနာဂတ်အန္တရာယ်ကို ဖြတ်တောက်ပစ်ရမည်။
ရှီလာသည် သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် အပေါ်ဘက်သို့ ပြေးတက်သွားလေ၏။
ဓားပျံသည် ရေနဂါးတစ်ကောင်ကဲ့သို့ သူ့နောက်လိုက်သွားကာ ခဏကြာပြီးနောက် သားကောင်ပုခုံးကို ဖြတ်ဖောက်သွားလေသည်။
ရှီလာ အလွန်စိတ်ရှုပ်လာရသည်။ သူ ကျောက်စိမ်းဂူကျောင်း၊ ဂျိဒ်ကျောင်းနှင့် အမြင်သုံးမျိုးကျောင်းမှ ဆရာများ သူ့နောက်လိုက်ဖမ်းစဉ်က သူ့ရှေးဟောင်းဓားကို မထိန်းသိမ်းနိုင်ခဲ့သည့်အတွက် သူ နောင်တရမိသည်။ ထိုရှေးဟောင်းဓားသာ ရှိနေလျှင် သူ ဤမျှ အခြေအနေ ဆိုးရွားမည်မဟုတ်။
“ကောင်းတယ်..” ချူဖုန်းထံမှ ထူးခြားသည့်အမူအရာ ဖြစ်ပေါ်လာသည်။ လုံဟူတောင်မှာ ထူးခြားသည့်တောင်ပင်။ တစ်ယောက်ယောက် သူ့ရှေ့မှ လမ်းပြနေသည်မှာ မဆိုးလှ။
“ချူဖုန်း ဖမ်းလိုက်..” နွားဝါလေး အနောက်မှ အော်ဟစ်လိုက်ကာ ချာကရမ်ကို ပစ်ပေးလိုက်သည်။ သူ ဤလက်ကောက်ထဲကို စွမ်းအင်ထည့်မထားသောကြောင့် ဤသည်မှာ လူသတ်လက်နက်အဖြစ် ပြောင်းလဲသွားမည်မဟုတ်။
ချူဖုန်း လက်ကောက်ကို ဖမ်းလိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ရှီလာနောက် ဆက်လိုက်သွားလိုက်သည်။
“ချီးပဲ .. ငါ ပိုပိုပြီးတော့ မသက်မသာဖြစ်လာပြီ..” နွားနက်ကြီး ဟစ်ကြွေးလိုက်သည်။
မန်ချူးကျားလည်း အနည်းငယ် မသက်မသာဖြစ်နေသည်။ သူတို့တောင်ပေါ်သို့ တက်ကတည်းက ဖိနှိပ်ခံခဲ့ရခြင်းဖြစ်ပြီး အရှိန်ကုန်ဖြင့် မသွားနိုင်ကြ။
မသေမျိုးဖီးနှစ်ပင်လျှင် နှလုံးခုန်နှုန်း မြန်ဆန်လာသည်ဟု ခံစားလိုက်ရပြီး သူမဘေးပတ်လည်တွင် အနက်ရောင်မီးတောက်များ လွှမ်းခြုံနေသည်။ သူမသည် တိုက်ခိုက်ရန် အသင့်ပင်။
လမ်းတစ်လျှောက်တွင် အရိုးခေါင်းနှင့် ပျက်စီးနေသည့် အရိုးစုများစွာ ရှိနေသည်။ ယခုတလောတွင် တောင်ပေါ်တက်ရန်ကြိုးစားသည့် သားရဲဘုရင်များ မပြတ်မလပ်ရှိနေကြသော်လည်း မည်သူမှ တောင်ပေါ်သို့ မရောက်နိုင်ပဲ လှည့်ပြန်သည့်လမ်းမှာပင် သေဆုံးသွားကြသည်။
ချူဖုန်း အရှိန်မှန်မှန်ဖြင့် ဆက်သွားနေပြီး အနီရောင်ဓားပျံဖြင့် ရှီလာကို ဖိအားပေးလိုက်သည်။ မသိလျှင် အရှေ့မှလူက အနောက်မှလူအတွက် လမ်းရှင်းပေးနေသကဲ့သို့ပင်။
ထို့နောက်တွင်တော့ သူတို့သည် စိုက်ခင်းများနှင့်အတူ ခရမ်းရောင်တိမ်တိုက်များကို မြင်လိုက်ကြရသည်။ ရှီလာပင်လျှင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားလေ၏။ ဒါက နတ်စိုက်ခင်းလား..
ချူဖုန်း သူတို့ကြားမှ အကွာအဝေးကို နီးကပ်စေလိုက်သောကြောင့် သူလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
စိုက်ခင်းအပြင်ဘက်တွင် “နတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာ”ဟု ရေးထားသည့် ကျောက်ပြားတစ်ချပ် ရှိနေသည်။
ကျောက်ပြားပေါ်မှ စကားလုံးမှာ ရိုးရှင်းသော်လည်း မြင်လိုက်ရသည့်သူများကို အံ့အားသင့်စေနိုင်ဆဲပင်။ ဤကျောက်ပြားသည် ကမ္ဘာကြီး ပြောင်းလဲသွားမှ မြေအောက်မှ ထိုးထွက်လာခြင်းပင်။ ယခင်က လုံဟူတောင်တွင် ဤကဲ့သို့သောအရာမျိုးမရှိ။
ရှီလာ၏ မျက်လုံးများ အရောင်တောက်လာသည်။ သူသည် အရှေ့တိုင်းသမိုင်းကို အသေးစိတ်လေ့လာထားသောကြောင့် ဤရှေးစာလုံးများနှင့် ရင်းနှီးနေသည်ပင်။
သူ ဒဏ်ရာများ ရရှိထားသော်လည်း စိတ်လှုပ်ရှားနေဆဲပင်။
သိထားရမည်မှာ လုံဟူတောင်သည် ထူးခြားသည့်တောင်တစ်ခုပင်။ ဤနေရာ၌ တာအိုပညာရှေးကျောင်းတော်ရှိပြီး ဒဏ္ဍာရီအရဆိုလျှင် ဤနေရာကို အမြဲတမ်း စောင့်ကြပ်နေသည့် ကောင်းကင်ဆရာတစ်ဦးရှိသည်။ ဤကဲ့သို့သော ကျောက်ပြားမျိုးကို ဤနေရာ၌ မြင်လိုက်ရလျှင် မည်သူမ စိတ်မလှုပ်ရှားပဲ နေမည်နည်း..
ရွှီး..
ရုတ်တရက် ချူဖုန်း၏ ဓားပျံလှုပ်ရှားလာသည်။ ရှီလာသည် ထိုဓားပျံကို ရှောင်တိမ်းကာ ဆက်လက်ပြေးရတော့သည်။
သူတို့နှစ်ဦးသည် ပြေးရင်းလိုက်ရင်းဖြင့်ပင် အတွင်းနက်ပိုင်းသို့ ရောက်လာကြ၏။ သူတို့စိတ်ထဲတွင်တော့ ဤအပင်များသည် ဘာအပင်များလည်းဟု တွေးနေကြသည်ပင်။
ကျောက်စိမ်းရောင်တောက်ပနေသည့် အရွက်များရှိသည့် ခရမ်းသီးသည် ခရမ်းရောင်ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေပြီး သတ္တုအော်ရာထုတ်လွှတ်နေသည်။
ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ.. ချူဖုန်း ရှုပ်ထွေးလာသည်။
ရှီလာလည်း သံသယဝင်လာလေ၏။ နတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာရှိနေတဲ့ နေရာမှာ ဘယ်လိုလုပ် ဒီလိုခရမ်းသီးခင်းကြီး ပေါ်လာတာလဲ..
ဤအပင်များသည် ယခုတလောမှ ရင့်မှည့်လာသည့်ပုံပင်။ လက်သီးအရွယ်အစားရှိသည့် ခရမ်းရောင် ခရမ်းသီးများမှာ သင်းပျံ့သည့်ရနံ့ထုတ်လွှတ်နေသည်။
ဒါက တကယ်ပဲ နတ်အသီးတွေလား .. ချူဖုန်း စိတ်လှုပ်ရှားလာသည်။
ရှီလာသည် ချူဖုန်းနှင့် ခပ်ဝေးဝေး နေနေသော်လည်း သူ့မျက်လုံးများကတော့ လိုအင်ဆန္ဒများကြောင့် တောက်ပနေသည်။ ဤအသီးများမှာ သန္ဓေပြောင်းအသီးများ ဖြစ်သည်ဆိုလျှင် သူ့ဒဏ်ရာများကို ပျောက်ကင်းအောင် လုပ်နိုင်လောက်သည်။
ရွှီး..
ချူဖုန်း ရုတ်တရက် လှုပ်ရှားလာပြီး ရှီလာကို ဓားဖြင့် ခုတ်ချလိုက်သည်။ ရှီလာ ဤအသီးများကို စားပြီး ဒဏ်ရာများ ပျောက်သွား၍မဖြစ်။
“ဟက် ဟက်..”
ရှီလာ အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ပြီး ခရမ်းသီးများထံသို့ ပြေးသွားလိုက်သည်။ ခရမ်းသီး ၁၀ လုံးခန့်မှာ ရင့်မှည့်နေပြီဖြစ်ပြီး ခူး၍ရနေပြီဖြစ်သည်။
ဖူး..
ဓားပျံကြောင့် ရှီလာ၏ ခန္ဓာကိုယ်ထက်၌ ကြောက်စရာကောင်းလောက်သည့် ဒဏ်ရာရရှိသွားသော်လည်း တစ်ဖက်လူသည် ခရမ်းသီးတစ်လုံးကို ကောက်ကိုင်လိုက်နိုင်ပြီဖြစ်သည်။
သို့သော် ထိုအချိန်တွင် ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ခရမ်းရောင်မြူများနှင့်အတူ လေထဲတွင်ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ခရမ်းသီးသည် ချက်ချင်းပင် မိုးကြိုးအဖြစ် ပြောင်းလဲသွားပြီး ရှီလာ အဝေးသို့ လွင့်ထွက်သွားသည်အထိ ပစ်ချလိုက်သည်။ သူ့တစ်ကိုယ်လုံး လောင်ကျွမ်းသွားကာ သူ့ဒဏ်ရာများမှ မီးခိုးများ ထွက်ပေါ်လာကာ မြေပြင်ထက်၌ အကြောဆွဲနေလေ၏။
ချူဖုန်း ပျော်ဖို့အချိန်မရလိုက်။ အဘယ်ကြောင့်ဆိုသော် သူ့ကိုလည်း မိုးကြိုးတစ်စင်း ထိမှန်လာသည်ပင်။ မြေပြင်ထက်၌ ခရမ်းသီးပင်များစွာ ရှိနေပြီး ထိုအပင်မှ ခရမ်းသီးများ ပြုတ်ကျလာကာ ခရမ်းရောင်လျှပ်စီးများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
ခွပ် ခွပ်..
မိုးကြိုးပစ်ချက်ကြောင့် သူ တုန်လှုပ်သွားခဲ့ရ၏။ သူ ရှောင်ဖို့အချိန်ပင် မရလိုက်။ လျှပ်စီးတန်းမှာ သူ့တစ်ကိုယ်လုံးထဲသို့ ဖြတ်သန်းစီးဆင်းသွားသည်ပင်။
သူ့စွမ်းအင်ကို မြန်မြန်အသက်သွင်းလိုက်သည်နှင့် သူ့ဘယ်ဘက်လက်တွင် လျှပ်စီးတန်း တောက်ပလာသည်။ ဤသည်မှာ သူ၏စတုတ္ထမြောက်အချုပ်အနှောင်ကို ဖြတ်တောက်စဉ်က ရခဲ့သည့် လျှပ်စီးကိုထိန်းချုပ်နိုင်သည့် စွမ်းရည်ပင်။
ထိုစွမ်းအင်ကို အသက်သွင်းလိုက်သော်လည်း သူ့အခြေအနေမှာ ဆိုးရွားဆဲပင်။ သူ့တစ်ကိုယ်လုံး မည်းနက်သွားပြီး အဝေးသို့ လွင့်ထွက်သွားသည်။
သောက်နတ်ဆိုးဖိနှိပ်ခြင်း ကောင်းကင်ပညာ.. ချူဖုန်း စိတ်ထဲ ကျိန်ဆဲလိုက်၏။
ချူဖုန်း ထိုစိုက်ခင်းထဲမှ ခုန်ထွက်လိုက်ပြီး အရှေ့သို့ မြန်မြန်ပြေးသွားလိုက်သည်။ သို့သော် သူ့ရှေ့၌ ရှိနေသည်မှာ အနီရောင်မြူများ လွှမ်းခြုံနေသည့် ကျောက်စိမ်းရောင် သခွားသီးခင်းဖြစ်ကြောင်း တွေ့လိုက်ရသည့်အချိန် စိတ်ပျက်သွားခဲ့ရသည်။
ရှီလာ၏အခြေအနေမှာ အတော်လေး ဆိုးရွားသည်ပင်။ ခရမ်းသီးလျှပ်စီးကြောင့် လွင့်ထွက်လာပြီးနောက် သူ သခွားသီးခင်းအလယ်သို့ ကျသွားသည်။
ဝုန်း..
သူ့အပေါ်၌ ရှိနေသည့် သခွားသီးများသည် ချက်ချင်းပင် မိုးပြာရောင်လျှပ်စီးအဖြစ် ပြောင်းလဲသွားကာ ကံဆိုးသည့်သားကောင်နှစ်ဦးကို ပစ်ချလာကာ မီးသွေးခဲတုံးဖြစ်အောင် ပြောင်းလဲပစ်လိုက်သည်။
သူတို့နှစ်ဦးသည် လျှပ်စီးများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေရပြီး သူတို့ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများ ပိုမိုများပြားလာသည်။
အထူးသဖြင့် ရှီလာပင်။ သူ့ဒဏ်ရာများမှ မီးသွေးနံ့ပင် ထွက်နေလေပြီ။
ဤအခင်းတွင် သခွားသီးများစွာ ရှိနေသောကြောင့် ဤနေရာတစ်ခုလုံး မရေမတွက်နိုင်သည့် မိုးပြာရောင်လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားသည်။ သူတို့နှစ်ဦး ဤနေရာမှ ထွက်နိုင်အောင် ကြိုးစားရုံသာ တတ်နိုင်တော့သည်။
သူတို့ နောက်ပြန်ဆုတ်၍မရ။ သူတို့နောက်တွင် ခရမ်းသီးခင်းမှ ဆီးကြိုနေသည်ပင်။
ချူဖုန်း သူ့ကိုယ်သူ အားတင်းလိုက်ပြီး အရှိန်အမြန်ဆုံးဖြင့် ပြေးထွက်သွားလိုက်သည်။
ရှီလာသည် ဒဏ်ရာရနေသော်လည်း ထွက်ပြေးသည့်နေရာတွင်တော့ အလွန်လျင်မြန်နေဆဲပင်။ သူသည် ချက်ချင်းပင် နောက်စိုက်ခင်းတစ်ခုထဲသို့ ခုန်ကူးသွားလေ၏။
ဤနေရာမှာ ထူးဆန်းလှသည်။ သူတို့မည်မျှအားထည့်၍ ခုန်ခုန် နောက်စိုက်ခင်းတစ်ခုကို မကျော်နိုင်။ ထိုထဲသို့သာ ပြုတ်ကျသွားသည်။
သူတို့အောက်မှ နီရဲနေသည့်အခင်းကို မြင်သည်နှင့် သူတို့မျက်နှာများ ပျက်ယွင်းသွားကြရသည်။ အခင်းတစ်ခုလုံး နီရဲနေသည့် ခရမ်းချဉ်သီးများနှင့် ပြည့်နှက်သည်။
သူတို့၏ အိပ်မက်ဆိုးကြီး နောက်တစ်ကြိမ် ရောက်ရှိလာပြန်လေပြီ။ ခရမ်းချဉ်သီးတစ်လုံးစီသည် နီရဲနေသည့် လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားကြလေ၏။
“ချီးပဲ ရှီလာ .. ခင်ဗျားဘာလို့ အဲဒီသောက်ခရမ်းသီးကို သွားခူးလိုက်ရတာလဲ..” ချူဖုန်း ကျိန်ဆဲလိုက်သည်။
ရှီလာသာ ထိုခရမ်းသီးကို မခူးခဲ့လျှင် သူတို့ ယခုကဲ့သို့ဖြစ်မည်မဟုတ်။ ယခု သူတို့ ခရမ်းချဉ်သီးများကို မထိရသေးသော်လည်း လျှပ်စီးဗုံးများဖြင့် ကြဲခံလိုက်ရလေပြီ။
ယခုတစ်ခေါက်တွင်တော့ ချူဖုန်း၏အခြေအနေမှာ ဆိုးရွားနေသည်။ သူ့တစ်ကိုယ်လုံး နာကျင်နေပြီး သူ အသက်ရှူထုတ်လိုက်တိုင်း လျှပ်စစ်တန်းနှင့်အတူ အငွေ့ဖြူများ ထွက်နေသည်။
ရှီလာမှာ ပို၍ပင် အခြေအနေဆိုးသေးသည်။ သူ့ဘေးပတ်လည်၌ အသားကင်နံ့များပင် ထွက်နေလေပြီ။ သူ ရထားသည့်ဒဏ်ရာများကြောင့် သူ ကောင်းကောင်း မခုခံနိုင်တော့။
“ဘုရားရေ .. ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ..” နွားနက်ကြီး ဆွံ့အသွားရသည်။ အပေါ်ဘက်မှာ ဘယ်လိုလုပ် လျှပ်စီးတန်းတွေ ပြည့်နေတာလဲ..
ထို့အပြင် လျှပ်စီးများကြားမှ ခရမ်းသီးများ၊ သခွားသီးများနှင့် အနီရောင်ခရမ်းချဉ်သီးများကို သူတို့လည်း သတိပြုမိသည်ပင်။
“ခရမ်းရောင် ခရမ်းသီး၊ မိုးပြာရောင် သခွားသီးနဲ့ အနီရောင်ခရမ်းချဉ်သီး .. ဒါက တာအိုပညာက လျှပ်စီးငါးမျိုးတိုက်ခိုက်ခြင်းပဲ..” နွားဝါလေး ရေရွတ်လိုက်သည်။
“အဲဒါက ဘယ်လိုနေရာမျိုးလဲ .. ချူဖုန်း အန္တရာယ်ရှိနိုင်လား..” နွားနက်ကြီး မေးလိုက်သည်။
အနီရောင်ခရမ်းချဉ်သီး လျှပ်စီးများကို ကျော်ဖြတ်ပြီးသည်နှင့် သူတို့နှစ်ယောက်လုံး စတုတ္ထမြောက်ကွင်းပြင်သို့ ရောက်ရှိလာသည်။
“ထပ်ရှိသေးတာလား..”
ချူဖုန်းနှင့် ရှီလာတို့နှစ်ဦးလုံး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ အထူးသဖြင့် သူတို့ အောက်ငုံ့ကြည့်လိုက်သည့်အချိန် ဖရုံသီးခင်းကြီးအား တွေ့လိုက်ရသည့်အချိန်ပင်။
ဖရုံသီးတစ်လုံးစီတိုင်းမှာ ရွှေရောင်တောက်ပနေပြီး လက်ဆေးဘေစင်နီးပါး ကြီးမားလှသည်။
ယခုတစ်ခေါက်တော့ ချူဖုန်း အတင်းမခုခံနေတော့ပဲ သူ့ဓားပျံပေါ်သို့ တက်လိုက်ပြီး အပေါ်ဘက်သို့ ပျံထွက်သွားရန် လုပ်လိုက်သည်။
ရှီလာ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာကာ လေထဲမှ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ဤသည်မှာ ရွှေရောင်ဖရုံသီးများအား အသက်သွင်းလိုက်သကဲ့သို့ ဖြစ်သွားသည်ပင်။
“ချီးပဲ ရှီလာ..” ချူဖုန်း အော်ဟစ်လိုက်သည်။
ခွပ် ခွပ်..
လေထဲ၌ ရွှေရောင်လျှပ်စီးတန်းများ ပေါ်လာပြီး ပျံသန်းရန် ကြိုးစားနေသည့် ချူဖုန်းကို ထိမှန်လာသည်။
သူသည် နာကျင်မှုကို သည်းခံကာ ဓားပျံကို မြင့်မြင့်ပျံသန်းနေစလိုက်ပြီး လျှပ်စီးခင်းထဲမှ ထွက်လာကာ ပဉ္စမမြောက်စိုက်ခင်းထဲသို့ ဆင်းသက်လိုက်သည်။
“ချူဖုန်း အဲဒီမှာနေနေ … အဲဒီနေရာမှာ အမွေအနှစ်ရှိလောက်တယ်..” နွားဝါလေး၏ အော်သံသည် လျှပ်စီးပြင်ကြီးကို ဖြတ်ကာ ချူဖုန်းထံသို့ ကြားရသည်ဆိုရုံလေး ရောက်ရှိလာသည်။
အပိုင်း ၂၂၇ ပြီး၏။