Switch Mode

Chapter – 226

လုံဟူတောင်သို့ တက်လှမ်းခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၂၆ – လုံဟူတောင်ပေါ်သို့ တက်လှမ်းခြင်း

မန်ချူးကျား၏ တိုက်ခိုက်မှုမှာ တောင်ကုန်းတစ်လုံး ပျက်စီးသွားစေရန် လုံလောက်သည်။ ထိုလက်သီးချက်များ ရှီလာ၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှီသွားကာ သူ့ခန္ဓာကိုယ်မှ အရိုးများစွာ ကျိုးကြေကုန်သည်။

ဖူး..

ရှီလာ၏ ပါးစပ်မှ သွေးများထွက်လာသည့်အပြင် သူ့မျက်လုံးနှင့် နားရွက်များမှပင် သွေးများ စီးကျနေသည်။ သူသည် ထိုရိုက်ချက်ကို မခုခံနိုင်ပဲ စာခြောက်ရုပ်ကဲ့သို့ လွင့်ထွက်သွားလေသည်။

ယခုအချိန်တွင် သူသည် သတိရှိရုံလေးသာ ရှိတော့သည်။ သူ့အားအင်များ ကုန်ခမ်းနေပြီး သူ့အမြင်အာရုံလည်း မှုန်ဝါးလာသည်။

“ဝေါင်း..”

မန်ချူးကျား ဟစ်ကြွေးလိုက်ကာ တရှိန်ထိုး ပြေးဝင်လာသည်။ သူ ပြေးလာသည်နှင့် လေပြင်းများ တိုက်ခတ်လာပြီး သစ်ပင်ကြီးများ အမြစ်မှ ကျွတ်ထွက်သွားကာ ကျောက်တုံးများလည်း နေရာအနှံ့ လွင့်စင်သွားသည်။ နဂါးများ တိမ်တိုက်ကို ထိန်းချုပ်နိုင်ပြီး လေကတော့ ကျားအမိန့်ကို နာခံရသည်။

မန်ချူးကျား၏ ညာလက်သည် ကြီးမားလှသည့် ကျားလက်အဖြစ်သို့ ပြောင်းလဲသွားပြီး လျှပ်စီးအရှိန်ဖြင့် ရှီလာကို ရိုက်လိုက်သည်။

ဖူး..

ရှီလာ၏ခန္ဓာကိုယ်မှာ ထူးခြားသည့် စွမ်းအင်ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ ထိုစွမ်းအင်ဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သော်လည်း အရိုးထိထိသွားသည့် ဒဏ်ရာများ ရရှိလိုက်ဆဲပင်။

အထူးသဖြင့် သူ့ရင်ဘတ်မှ ဟောင်းလောင်းပေါက်ဒဏ်ရာကြီးပင်။ ဤသည်မှာ “ကျားနက်နှလုံးထုတ်တိုက်ကွက်”ဖြင့် တိုက်ခိုက်ခံခဲ့ရသည့်နေရာပင်။

ရှီလာ အော်ဟစ်လိုက်ကာ သူ့ဆံပင်များ ထောင်ထလာသည်။ သူ့ခန္ဓာကိုယ်လည်း မီးတောက်များ လွှမ်းခြုံကာ စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေလေ၏။

သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးကို ထုတ်သုံးနိုင်ရန်အတွက် သူ့ အဖိုးတန်သွေးစွမ်းအင်များကို လောင်ကျွမ်းစေလိုက်သည်။ သူ့အသက်ဓာတ်ထိခိုက်မည်ကို မစိုးရိမ်နိုင်တော့။ သူသာ အသက်မရှင်နိုင်လျှင် ဤအရာများမှာ အရေးမပါတော့။

ခွပ်..

ကျားဘုရင်၏ လက်သည်းကို သူ အစွမ်းကုန် ခုခံလိုက်သည်။

ဝုန်း..

မသေမျိုးဖီးနှစ်၏ တိုက်ခိုက်မှုများမှာ ပို၍ပင် ကြောက်စရာကောင်းသေးသည်။ အနက်ရောင်အလင်းတန်းများ၊ ဖီးနှစ်အော်သံများနှင့်အတူ သူ့အတောင်ပံအောက်မှ မီးတောက်များ ထွက်ပေါ်လာလေ၏။

စွမ်းအင်များ အနက်ရောင်ဖီးနှစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို အားလုံးမြင်လိုက်ရသည်။ ထိုအသက်ဝင်လှသည့် ငှက်ကြီးသည် ဝုန်းဟူသည့်အသံနှင့်အတူ ရှီလာကို လွှမ်းခြုံသွားလေ၏။

ဤတိုက်ခိုက်မှုမှာ တောင်တစ်ခုလုံးကို ပျက်စီးသွားစေခဲ့သည်။ မိုးထိုးနေသည့် သစ်ပင်ထောင်ပေါင်းများစွာ ကျိုးကြေသွားကာ ပြာဖြစ်သွားသည့်အပြင် ထောင်ပေါင်းများစွာသော ကျောက်တုံးများလည်း ပေါက်ကွဲကာ ချော်ရည်အဖြစ် ပြောင်းလဲသွားလေ၏။

မန်ချူးကျားသည် မသေမျိုးဖီးနှစ်ဘုရင် တိုက်ခိုက်နေသည့်လမ်းကြောင်းမှ လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။ သူပင် ထိုချော်ရည်ထဲ နှစ်သွားနိုင်သည်ဟု သူ ခံစားလိုက်ရသောကြောင့်ပင်။

သူတို့ ရှီလာကို မြန်မြန်ဆန်ဆန် ရှင်းပစ်ရန် လိုအပ်နေသောကြောင့် သူမ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုး အသုံးပြုလာခြင်းပင်။

ဤတိုက်ခိုက်မှုမှာ တကယ်ကြောက်စရာကောင်းလှသည်ပင်။ ရှီလာ အဝေးသို့ လွင့်ထွက်သွားကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးလည်း သွေးများ ရွှဲနစ်နေသည်။ လောင်ကျွမ်းနေသည့် ခန္ဓာကိုယ်၏အချို့နေရာမှ အရိုးများပင် ထိုးထွက်နေလေ၏။

ချူဖုန်း၏ ချာကရမ်၏ တိုက်ခိုက်ခံလိုက်ရပြီးနောက် သူ့အတွက် အခြေအနေဆိုးရွားလာသည်။ ချာကရမ်ကြောင့် သူ့လက်မောင်းတစ်ဖက်လုံး ပျက်စီးသွားသောကြောင့် သူ၏တိုက်ခိုက်နိုင်စွမ်း ယုတ်လျော့သွားခဲ့ရသည့်အပြင် ကျားနှင့် ဖီးနှစ်ဘုရင်တို့လည်း ဆက်တိုက်ပင် တိုက်ခိုက်လာသည်။ ယခုတော့ သူသည် တစ်မိနစ်တိုင်းတွင် အင်အားများ ယုတ်လျော့လာတော့သည်။

သူ ထွက်ပြေးချင်သော်လည်း စွမ်းအားကြီး ကျွမ်းကျင်သူ နှစ်ဦးကြား ပိတ်မိနေသည်။

သူ သေတော့မလို ဖြစ်နေလေပြီ။

“သတ်..”

သူ ပြင်းထန်စွာ ရုန်းကန်လိုက်ပြီး ဖောက်ထွက်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်သည်။ သူသာ ရူးရူးမိုက်မိုက် ဆက်တိုက်နေလျှင် သူ သေသွားလိမ့်မည်။

သို့သော် မသေမျိုးဖီးနှစ်နှင့် မန်ချူးကျားတို့မှာ ဤအခွင့်အရေးကို လွှဲချော်၍မရကြောင်း သိနေသာကြောင့် သူတို့သားကောင်ကို ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြသည်။

ချူဖုန်း အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် တောင်ပေါ်သို့ တက်သွားလိုက်ပြီး သူ့ချာကရမ်ကို သွားယူလိုက်သည်။ ဤလက်နက်၏ အားနည်းချက်မှာ တိုက်ခိုက်ပြီးတိုင်း လိုက်ရှာယူရခြင်းပင်။

ကံကောင်းသည်မှာ သူ၏ထက်မြက်လှသည့် နတ်အသိစိတ်အောက်တွင် ဤပစ္စည်းပျောက်နိုင်ချေ အနည်းငယ်သာရှိသည်။ ခဏကြာပြီးနောက် သူ ချာကရမ်ကို ပြန်တွေ့သွားကာ သူ့ဝိညာဉ်စွမ်းအားဖြင့် ကောက်ယူလိုက်ကာ သူ့လက်၌ ပြန်ပတ်ထားလိုက်သည်။

ထို့နောက် ရှီလာကို ထပ်တိုက်ရန် ချက်ချင်း ပြန်လှည့်လာလိုက်သည်။

ရှီလာ ဒုက္ခရောက်နေလေပြီ။ ဤကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုများကို မနည်းခုခံနေရပြီး အချိန်နှင့်အမျှ လွင့်ထွက်နေသည်။ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားပြီဖြစ်သောကြောင့် သူ ကောင်းကောင်းမတိုက်နိုင်တော့။

သူ အကြိမ်ပေါင်းများစွာ ထွက်ပြေးနေပြီးဖြစ်သော်လည်း အသုံးမဝင်။

ဤလူများနှင့် တိုက်ခိုက်နေ၍ မရတော့သဖြင့် သူ တောင်နယ်နမိတ်မှ ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်သည်။

“ဝေါင်း..”

မန်ချူးကျား ဟစ်ကြွေးလိုက်ပြီး ဆက်တိုက် တိုက်ခိုက်လာသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို နှစ်ခါမရနိုင်။

ပြန်ရောက်လာပြီးနောက် အဝေးမှ တိုက်ပွဲကို ချူဖုန်း တိတ်တဆိတ်ပင် ရပ်ကြည့်နေလိုက်သည်။ သူ ချဥ်းကပ်သွားလျှင် ရှီလာ သတိကြီးကြီးဖြစ်နေမည်ကို သိသောကြောင့် ချာကရမ်ကို နွားဝါလေးအား ပေးထားလိုက်သည်။

“ငါတို့ ဒီတစ်ခေါက် သူ့ကို ရအောင်သတ်မှရမှာ” နွားနက်ကြီးသည် ကျားတစ်ကောင်ကဲ့သို့ သူ့သားကောင်ကို စိုက်ကြည့်လာသည်။ သူ တိုက်ခိုက်ချင်သော်လည်း သူသည် ရှီလာ၏ပြိုင်ဘက်မဟုတ်ကြောင်း သူသိနေသည်ပင်။

ပြင်းထန်သည့် ဒဏ်ရာများ ရရှိနေသော်လည်း ရှီလာသည် ယခုအချိန်တွင် အင်အားအကြီးဆုံးကျွမ်းကျင်သူတစ်ဦး ဖြစ်နေဆဲပင်။ အထူးသဖြင့် ယခုအချိန်တွင် သူသည် ချောင်ပိတ်ခံရသည့် သားကောင်ကဲ့သို့ ဖြစ်နေသောကြောင့် ပို၍ပင် စွမ်းအားကြီးလာသည်။

အဝေးမှ လင်းနွိုင်ကတော့ အားလုံးကို တည်ငြိမ်စွာပင် ကြည့်နေသည်။ ဒိမ်ဒီတွင် အစီရင်ခံစာများစွာကို ဖတ်ရှုခဲ့ရသောကြောင့် ဤအဆင့်ကျွမ်းကျင်သူများ မည်မျှကြောက်စရာကောင်းသည်ကို သူမသိသည်။

သူမကို အံ့အားသင့်သွားစေသည်မှာ သူမ၏ ရည်စားဟောင်းသည် သူ့လက်နက်တစ်ချက်ပစ်လိုက်ရုံဖြင့် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်ပင်။

ကျားဖြူနှင့် လုရှီယွင်ကတော့ သူတို့ရှေ့မှ မြင်ကွင်းကြောင့် ပြင်းထန်စွာ တုန်လှုပ်နေကြပြီဖြစ်သည်။ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ၏ တိုက်ပွဲကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

အထူးသဖြင့် ကြမ်းတမ်းသည့်လူအိုကြီးတစ်ဦးကိုပင် လက်မောင်းတစ်ဖက် ဆုံးရှုံးသွားစေခဲ့သည့် အစောပိုင်းက ချူဖုန်း၏ တိုက်ခိုက်မှုမှာ သူတို့ကို ပို၍တုန်လှုပ်သွားစေခဲ့သည်။

ဤသည်မှာ ချူဖုန်း၏ စွမ်းအားကို သူတို့ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူတို့ထင်ထားသည်ထက် စွမ်းအားကြီးနေသည်။ သူသည် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကြားမှ တိုက်ပွဲကိုပင် ဝင်ပါနိုင်သည်။

ချူဖုန်း အချိန်ကောင်း၌ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ပြော၍ရသည်။ သူ့တိုက်ခိုက်မှုကြောင့် ရှီလာ လက်တစ်ဖက် ပျက်စီးသွားပြီး သူ့အရှိန်လည်း နှေးကျသွားသည်။

လုရှီယွင်မှာ အံ့အားသင့်လွန်းသောကြောင့် သူ့ပါးစပ်မှာ “အို”ပုံစံလေး ဖြစ်နေလေပြီ။

ယာ့မန်မှာတော့ စိတ်လွတ်ကာ အသက်မဲ့စွာပင် လဲလျောင်းနေသည်။ သူ ထွက်ပြေးချင်လျှင်ပင် ထွက်ပြေး၍ မရတော့။ အဘယ်ကြောင့်ဆိုသော် သူ့ခြေထောက်များ ဖြတ်ခံလိုက်ရပြီဖြစ်သည်။ သူသည် ဖြူဖျော့နေသည့် မျက်နှာဖြင့်ပင် တိုက်ပွဲကို ကြည့်နေလိုက်သည်။

သူ အထင်သေးခဲ့တဲ့ နတ်ဆိုးဘုရင်ချူက ရှီလာကိုတောင် ဒဏ်ရာရအောင် လုပ်လိုက်နိုင်တာလား..

တိုက်ပွဲကြား အခြေအနေဆိုးရွားနေသည့် ရှီလာကိုကြည့်ပြီး သူ့မျှော်လင့်ချက်အားလုံး ပျောက်ကွယ်သွားသည်။ သူ ထွက်ပြေးလွတ်မြောက်နိုင်မည့်လမ်းမရှိတော့။

ရှီလာ၏ မျက်လုံးများ ရုတ်တရက် တည်ငြိမ်သွားကာ သူတို့ထံမှ ချိုးဖောက်လွတ်မြောက်နိုင်မည့် အခွင့်အရေးကို ရှာဖွေလိုက်သည်။

သူသည် ချူဖုန်းကို လွယ်လွယ်လေး သတ်နိုင်လိမ့်မည်ဟု ထင်မှတ်ပြီး ယာ့မန်ထံမှ သတင်းရသည်နှင့် ချက်ချင်း အပြေးလေး ရောက်လာခဲ့သည်ပင်။ ဤကဲ့သို့သော ထောင်ချောက်ထဲ ကျသွားလိမ့်မည်ဟု သူ မထင်ထားခဲ့။

သူသည် ယာ့မန်ကို ဘယ်တုန်းကမှ အထင်မကြီးဖူး။ ဤကြောင်သူတော်ကြွက်သူခိုး အောင်မြင်နိုင်လိမ့်မည်ဟု သူ မထင်။ သို့သော် ဤယာ့မန် သူ့အား ဤအရှုပ်အထွေးထဲသို့ ဆွဲချလိမ့်မည်ဟု သူ မထင်ထားခဲ့။

ဖူး..

ရှီလာနောက်တစ်ကြိမ်လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်၌ ဒဏ်ရာများ ပြည့်နှက်လာသည်။ သို့သော် သူသည် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကြားမှ ရအောင် ဖောက်ထွက်နိုင်ခဲ့လေ၏။

နောက်တစ်စက္ကန့်တွင် သူ့ကျောထက်၌ မန်ချူးကျား၏ လက်သည်းရာကြီး ထင်ကျန်ခဲ့လေ၏။

“အား..”

တစ်ချိန်တည်းမှာပင် မသေမျိုးဖီးနှစ်လည်း သူ့မူလပုံစံကို ပြောင်းလိုက်သည်။ သူမကျောထက်တွင် ဓားကဲ့သို့ ထက်ရှလှသည့် အတောင်ပံတစ်စုံ ပေါ်လာကာ အပေါ်မှ အောက်သို့ ထိုးဆင်းလာသည်။ ရှီလာမှာ နှစ်ပိုင်းပြတ်လုနီးပါးဖြစ်သွားလေ၏။ သူ မြေပြင်ထက်သို့ ငုံ့ရှောင်လိုက်သောကြောင့် မြေပြင်တစ်ခုလုံး သူ့ဗိုက်မှ သွေးများကြောင့် နီရဲသွားလေသည်။

ရှီလာ အတော်လေး စိုးရိမ်ထိတ်လန့်နေလေပြီ။ သူ့ကျောစုတ်ပြဲသွားသောကြောင့် သူ မပျံသန်းနိုင်တော့။ အလင်းနှင့်အမှောင် အတောင်ပံများသည် စွမ်းအင်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း ဤအတောင်ပံများကို အသုံးပြုနိုင်ရန် ခန္ဓာကိုယ်လိုအပ်သေးသည်။

လုံဟူတောင်..

နောက်ဆုံး ရှီလာ၏ မျက်လုံးများမှ မီးတောက်များ ထွက်ပေါ်လာပြီးနောက် သူ အံကြိတ်ကာ တာအိုပညာရှေးဟောင်းကျောင်းပေါ်သို့ ပြေးတက်သွားရန် ဆုံးဖြတ်လိုက်သည်။

မန်ချူးကျားနှင့် မသေမျိုးဖီးနှစ်တို့ သူ ပြန်ဆုတ်သည့်လမ်းကို ပိတ်ထားလိုက်ကြသည်။ လုံဟူတောင်သွားသည့်လမ်းတွင် အစောင့်မရှိ။ အဘယ်ကြောင့်ဆိုသော် အသိစိတ်ရှိသည့်သူတိုင်း ဤသေမင်းနယ်မြေပေါ်သို့ တက်မည်မဟုတ်သည်ကို အားလုံးသိထားကြသည်ပင်။

ရှီလာ ရွေးချယ်စရာမရှိတော့။ ဤသည်မှာ သူ ထွက်ပြေးလွတ်မြောက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးပင်။

သူ မြေပြင်ထက်၌ လိမ့်သွားလိုက်ကာ ရုတ်တရက် လုံဟူတောင်ဘက်သို့ တရှိန်ထိုး ပြေးတက်သွားလိုက်သည်။

“အမ်..”

အဝေး၌ ရပ်နေသည့် ချူဖုန်းကို ကြည့်ပြီး သူ့မျက်လုံးများ အေးစက်လာသည်။ သူ၏အနန္တသွေးဝိညာဉ်ဆေးပင်ပျက်စီးသွားရသည့် အဓိကတရားခံမှာ ဤလူငယ်လေးပင်။ ယခုလည်း ဤလူငယ်ကြောင့် သူ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်။ ဤလူငယ်လေးကို သူ အလွန်မုန်းတီးလှသည်။

ရှီလာ သူ၏သွေးစွမ်းအင်များကို ထပ်မံအသုံးပြုလိုက်သည်နှင့် သူ့ကိုယ်မှ သွေးရောင်တောက်ပလာသည်။ သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီးနောက် ချူဖုန်းကို တစ်ချက်တည်း ရှင်းပစ်ရန်အတွက် ချူဖုန်းထံသို့ ဦးတည်သွားလိုက်သည်။

အစောပိုင်းက သူ သတိလက်လွတ်ဖြစ်ခဲ့သောကြောင့် လက်ကောက်အတုနှင့် လှည့်စားခံခဲ့ရသည်။ ယခုတော့ အလှည့်စားခံမည်မဟုတ်တော့။

ဝုန်း..

သူ ခွန်အားများကို အလွန်အကျွံအသုံးပြုလိုက်သောကြောင့် သူ့ကျောထက်မှ သွေးမိုးများ ရွာသွန်းလာသည်။ ဤသည်မှာ ခန္ဓာကိုယ်မှ ခံနိုင်သည်ထက် အင်အားများကို ပိုသုံးလိုက်သောကြောင့်ပင်။ ထို့နောက် သူ့ခန္ဓာကိုယ် စတင်အက်ကွဲလာကာ သွေးများ စီးကျလာလေ၏။

ရှီလာ၏ အာရုံစိုက်မှုရရန်အတွက် ချူဖုန်း တမင်သက်သက် ရပ်နေခြင်းပင်။ သို့မှသာ နွားဝါလေး ရှီလာကို တိုက်ခိုက်ရန် အခွင့်အရေး ရရှိလိမ့်မည်။ ဤသည်မှာ အန္တရာယ်များသည့် စွန့်စားမှုပင်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ့ကိုယ်သူ ကာကွယ်နိုင်မည့် ချာကရမ်မရှိနော့။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုကို သူ အစွမ်းကုန် ခုခံရတော့မည်။

ချူဖုန်း စွန့်စားကာ တိုက်ပွဲမြေပြင်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာလိမ့်မည်ဟု မထင်ထားသောကြောင့် မသေမျိုးဖီးနှစ်နှင့် မန်ချူးကျားတို့ အံ့အားသင့်သွားကြရသည်။ ရှီလာနောက်လိုက်ရသာ အာရုံစိုက်နေသောကြောင့် ချူဖုန်း လုံခြုံသည့်နေရာသို့ ရောက်သွားပြီဟု သူတို့ထင်နေခဲ့ခြင်းပင်။

“ရှီလာ .. သွားသေလိုက်တော့..” ချူဖုန်း ချာကရမ်ကို ပစ်လွှတ်တော့မည့်ပုံစံ လုပ်လိုက်သည်။

ရှီလာ လေထဲ၌ ဘယ်ဘက်ရှောင်လိုက်၊ ညာဘက်ရှောင်လိုက် လုပ်လိုက်သည်။ သူ့မျက်လုံးမှ နတ်ဓားသွားနှင့်တူသည့် မီတာများစွာရှည်သည့် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချူဖုန်းကို မြဲမြံစွာ စိုက်ကြည့်နေသည်။ သူသည် ယခုအချိန်တွင် ချာကရမ်ကို ရှောင်ရှားရန် အဆင်သင့်ပင်။

နွားဝါလေး၏ ယခုပုံစံမှာ ငါးနှစ်အရွယ်ကလေးနှင့်မခြား။ ရွှေရောင်ဆံပင်၊ တောက်ပနေသည့် မျက်လုံးများနှင့် ပေါင်းလိုက်လျှင် သူသည် အန္တရာယ်မရှိသည့်ပုံပင်။

ဝှစ်..

အသံအရှိန်ထက် ခြောက်ဆပိုမြန်သည့်နှုန်းဖြင့် ချာကရမ်ကို ပစ်လွှတ်လိုက်သည်နှင့် လေဟာယ် ပေါက်ကွဲသွားရသည်။

ကောင်းကင်ထက်မှ နေလုံးကြီးတစ်လုံး ဆင်းသက်လာသကဲ့သို့ ရှီလာထံသို့ အရှိန်ပြင်းထန်စွာဖြင့် ရောက်ရှိလာလေသည်။

အဝေးမှ ယာ့မန် ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း သူ့အသိပေးမှုမှာ နောက်ကျသွားလေပြီ။

တောက်ပသည့် လက်ကောက်လေးသည် ရှီလာ၏ တောက်ပနေသည့် ခန္ဓာကိုယ်ကို ဖြတ်သွားပြီး သွေးမိုးများ ရွာသွန်းစေလိုက်သည်။ ရှီလာလည်း နောက်ယိုင်သွားလေ၏။

ချာကရမ်သည် သူ့အနောက်ဘက်မှနေ၍ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ ထိုလက်နက်သည် သူ့အဆုတ်တစ်ခြမ်းကို တစ်စစီဖြစ်သွားစေပြီး သူ့ညာဘက်ရင်ဘတ်မှာ အပေါက်ကြီး ဖြစ်သွားသည်။

နှလုံးနှင့် လွဲချော်သွားသောကြောင့် နွားဝါလေး ဝမ်းနည်းစွာ ညည်းတွားလိုက်သည်။ မဟုတ်ပါက တစ်ချက်တည်းဖြင့် ရှီလာ သေသွားလောက်လေပြီ။

သို့သော် ရှီလာမှာ ပို၍ အားနည်းလာနေပြီဖြစ်သောကြောင့် မန်ချူးကျားနှင့် မသေမျိုးဖီးနှစ်တို့ သူ့ကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်လောက်လေပြီ။

သို့သော် သူ အံ့အားသင့်သွားရသည်မှာ ရှီလာသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော်လည်း ချူဖုန်းထံသို့ ဦးတည်သွားနေဆဲပင်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်အကြည့်များရှိနေပြီး တောက်ပနေသည့် လက်များဖြင့် ချူဖုန်းကို လွှဲရိုက်လိုက်လေ၏။

ချွမ်း..

ချူဖုန်း အနီရောင်ဓားပျံကို ထုတ်လိုက်သည်။

ဖူး..

ထိုဓားမြောင် ရှီလာ၏ ဘယ်လက်ကို ဖြတ်သွားကာ သွေးများ လွင့်စင်လာသည်။

“အမ်..” ဤသည်မှာ ချူဖုန်းကိုသာမက ရှီလာကိုပင် အံ့အားသင့်သွားစေခဲ့သည်။ သူ့ခန္ဓာကိုယ်ကို အလွန်အကျွံ အသုံးပြုမိသွားပြီဖြစ်ကြောင်း သူသိသည်။

မဟုတ်ပါက ဤကဲ့သို့သော ဓားပျံမျိုးကို သူ မကာကွယ်နိုင်ပဲ နေမည်လား.. သာမန်အခြေအနေမျိုးတွင် ဤကဲ့သို့သော လက်နက်မျိုးဖြင့် သူ့ကို သတ်ရန်မှာ မဖြစ်နိုင်။

ချူဖုန်း သူ့အခြေအနေကို မြင်သွားသည်နှင့် ရှီလာ နောက်ပြန်ဆုတ်လိုက်ကာ လုံဟူတောင်ဘက်သို့ ပြေးတက်သွားလိုက်သည်။

ဤသည်ကို မြင်သည်နှင့် ချူဖုန်းလည်း သူ့ဓားပျံကို လွှဲရမ်းကာ သူ့နောက် လိုက်သွားလိုက်သည်။

“ခင်ဗျားက ဘယ်သွားချင်နေတာလဲ..” နွားနက်ကြီးလည်း သူတို့နောက်မှ ပြေးလိုက်လာသည်။

ရှီလာနှင့် ချူဖုန်းတို့နှစ်ဦးလုံး ရှေးဟောင်းတာအိုပညာကျောင်းနယ်မြေသို့ အတူတကွ ရောက်ရှိသွားကြလေသည်။
အပိုင်း ၂၂၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset