ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၂၅ – ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခြင်း
ယာ့မန် တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်နေသည်။ သူ့မျက်နှာ ဖြတ်ကန်ခံထားရပြီး သူ့မျှော်လင့်ချက်အားလုံး၊ အိပ်မက်အားလုံးလည်း ပျက်စီးသွားလေပြီ။ သူသည် နတ်ဘုရားသံတမန်ဖြစ်သောကြောင့် အားလုံးအထက်၌ ရှိသည်ဟု ယုံကြည်ကာ ချူဖုန်းတို့အုပ်စုကို စော်ကားခဲ့သည်။ သို့သော် ယခုတော့ သူ ဘာဖြစ်သွားပြီလဲ..
ချူဖုန်းအကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်နှင့် သူနှလုံးခုန်နှုန်းများ မြန်ဆန်လာလေ၏။
သူ့စိတ် ဖရိုဖရဲဖြစ်နေလေပြီ။ သူ မုန်းတီးစက်ဆုပ်ခဲ့သည့်သူများသည် သူ့ကို တိမ်တိုက်နန်းတော်မှ အမှိုက်ပုံထဲသို့ ဆွဲချခဲ့ကြလေပြီ။
မည်သူက မည်သူ့ကို စက်ဆုပ်ရွံရှာတော့မည်နည်း.. ယခုတော့ သူသည် အထင်သေးငုံ့ကြည့်ခံရမည့်နေရာသို့ ရောက်ရှိသွားလေပြီ။ ခန္ဓာကိုယ်နာကျင်နေသော်လည်း သူ့အတွေးများ မရပ်တန့်နိုင်တော့။
ဝုန်း..
အဝေးမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကြားမှ တိုက်ပွဲကြောင့် ကမ္ဘာမြေပြင်ပင် တုန်ခါသွားရသည်။
လက်တစ်ဖက်ပင်လျှင် တောင်ကုန်းတစ်လုံးစာရှိသည့် ဧရာမကျားကြီးတစ်ကောင် တောအုပ်ထဲမှ ခုန်ထွက်လာကာ ရှီလာကို တိုက်ခိုက်လာသည်။
ထိုတိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားခဲ့သည်။
ရှီလာမှာ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုး မမျှော်လင့်ထားသောကြောင့် သူ့ကျောထက် ဒဏ်ရာရသွားပြီး လွင့်ထွက်သွားသည်။ သူ့ပါးစပ်မှလည်း သွေးများ အန်ထွက်လာခဲ့သည်ပင်။ ယခုတစ်ခေါက် သူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲမှ အလင်းနှင့်အမှောင် စွမ်းအင် ထွက်ပေါ်လာပြီး သူ့ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများအား ကာကွယ်ပေးခဲ့သောကြောင့်သာ မဟုတ်ပါက သူ သေသွားလောက်လေပြီ။
မန်ချူးကျားကြီးသည် ဤချုံခိုတိုက်ခိုက်မှုအတွက် အားကုန်ထုတ်သုံးခဲ့ခြင်းပင်။
သစ်တောဘုရင်ဖြစ်သည့်အတွက် သူသည် အမဲလိုက်ခြင်းကို မွေးရာပါ ကျွမ်းကျင်ပြီးသားပင်။ ဆင့်ကဲပြောင်းလဲသွားပြီးသည့်နောက်တွင် ဤစွမ်းရည်မှာ ပို၍ပင် တိုးတက်လာခဲ့သည်။
ဝုန်း..
တစ်ချိန်တည်းမှာပင် အနက်ရောင်မီးတောက်များ ဝန်းရံထားသည့် မသေမျိုးဖီးနှစ် ထွက်ပေါ်လာကာ ရှီလာကို တိုက်ခိုက်လာသည်။
ယခုတစ်ခခါက်တွင်တော့ ရှီလာ့ထံမှ အရိုးကျိုးသံများ ထွက်ပေါ်လာလေ၏။ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကာ အနည်းဆုံး နံရိုးသုံးချောင်းကျိုးသွားပြီး ဒွါရ ၇ ပေါက်မှ သွေးများစီးကျလာ၏။
ထို့အပြင် သူ့ကို လွှမ်းခြုံထားသည့် မီးတောက်များမှာ တရှဲရှဲဖြင့် ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သောကြောင့် သိပ်မကြာခင်မှာပင် သူ့တစ်ကိုယ်လုံး မည်းတူးသွားရသည်။
မသေမျိုးဖီးနှစ်သာ ချုံခိုတိုက်ခိုက်ခြင်း၌ မကျွမ်းကျင်ပါက သူ ဤတိုက်ခိုက်မှုကို ရှောင်ရှားနိုင်လိမ့်မည်။
သို့သော်လည်း သူသည် မန်ချူးကျားကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီဖြစ်ပြီး ဟန်ချက်မထိန်းနိုင်တော့ပေ။
“မင်းတို့အားလုံး သေချင်နေကြတာပဲ..” ရှီလာ ဟစ်ကြွေးလိုက်ကာ မီးတောက်ထဲမှ ထွက်လာလိုက်သည်။ သူ့ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည်ဖြစ်နေကာ တစ်ကိုယ်လုံး မည်းတူးပြီး သွေးများစီးကျနေသောကြောင့် သူ့ပုံစံမှာ တကယ်ကို ဆိုးရွားနေခဲ့သည်။
ဗာတီကန်တွင် ရှီလာသည် နွေးထွေးတည်ငြိမ်သည့် လူအိုကြီးပုံစံ ရှိခဲ့သော်လည်း ယခုတော့ သူ မတည်ငြိမ်နိုင်တော့။
သူသာ အခြားသူများကို ချောင်းမြောင်းလုပ်ကြံခဲ့သော်လည်း ယနေ့တော့ သူ လုပ်ကြံခံလိုက်ရလေပြီ။
ယခုအချိန်တွင် သူ၏တိုက်ခိုက်နိုင်စွမ်း များစွာလျော့ကျသွားပြီဖြစ်သော်လည်း တိုက်ခိုက်လိုစိတ်ကတော့ ပြင်းထန်စွာ တောက်လောင်နေသည်။ ထို့နောက် သူ့အနောက်ဘက်တွင် အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ အတောင်ပံတစ်ဖက်မှာ တောက်ပနေပြီး တစ်ဖက်ကတော့ မည်းမှောင်နေသည်။
ဤသည်မှာ သူ၏ဝှက်ဖဲပင်။ သူ့တစ်ကိုယ်လုံးတွင် ဆန့်ကျင်ဘက် စွမ်းအားနှစ်မျိုး စီးဆင်းနေသည်ပင်။
ဝုန်း..
သူ မန်ချူးကျားထံသို့ ဦးတည်သွားလိုက်သည်။ “အရှက်မရှိတဲ့ သစ္စာဖောက်ကောင် .. မင်း သေလိုက်တော့..”
မန်ချူးကျားသည် အမြဲတမ်း သတိထားနေသည့်သူပင်။ သူ အော်ဟစ်လိုက်ကာ သူ့ခန္ဓာကိုယ်မှာ သုံးမီတာသာ ရှိတော့သည်အထိ တစ်ဖြည်းဖြည်း ကျုံ့လာလေသည်။ ခန္ဓာကိုယ်ကြီးလျှင် ပစ်မှတ်ထားခံရဖို့ လွယ်ကူကြောင်း သူသိသည်ပင်။
“ရှီလာ .. အရင်တုန်းက ခင်ဗျား ကျုပ်ကို လှည့်စားခဲ့တယ် .. အဲဒီတုန်းက ဒီဘုရင်ကြီးက တုံးအခဲ့ပေမယ့် ကျုပ်ရဲ့ အသိဉာဏ်ကြောင့် အခု ကျုပ် အမှောင်ထဲကနေထွက်ပြီး အလင်းထဲ ထွက်လာနိုင်ပြီ” မန်ချူးကျား ဟစ်ကြွေးလိုက်သည်။
သူသည် သိက္ခာတရားမရှိသောကြောင့် ဖော်ထုတ်ခံရမည်ကိုလည်း စိတ်မပူ။ သူသည် သူမှန်နေသလိုပင် ပြောနေသေးသည်။
အဓိကအကြောင်းပြချက်မှာ သူ နောက်ပြန်လှည့်၍ မရတော့ကြောင်း သူသိသည်။ ရှီလာ အသက်ရှင်နေလျှင် သူ အသက်အန္တရာယ်ရှိနေမည်ပင်။
“ရှင်က တစ်ခြားသူတွေကို အရှက်မရှိဘူးလို့ ပြောနိုင်သေးတယ်ပေါ့ .. ရှင့်လောက် ရက်စက်ယုတ်မာတဲ့သူ ရှိသေးလို့လား..” မသေမျိုးဖီးနှစ် လူသားပုံစံသို့ ပြန်ပြောင်းလိုက်သည်။ သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမကျောထက်တွင်တော့ အနက်ရောင်မီးတောက်များဖြင့် ဖန်တီးထားသည့် အတောင်ပံတစ်စုံ ရှိနေသည်။ ရှီလာကို သတ်ရန်အတွက် သူမ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားလိုက်သည်။
ဖီးနှစ်၏ ခွန်အားမှာ တကယ်ကို အားကောင်းလှ၏။ သူသည် နဂါးနက်ဘုရင်ထက်ပင် ပို၍စွမ်းအားကြီးသေးသည်။ မဟုတ်ပါက သူမ ဘယ်လိုလုပ် သေလုနီးပါးဒဏ်ရာများဖြင့် လွတ်မြောက်လာနိုင်မည်နည်း..
ဝုန်း..
သူမ လက်ဝါးမှ အနက်ရောင်မီးတောက်များ ထွက်ပေါ်လာသည့်အပြင် သူမကိုယ်တိုင်လည်း ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားကာ ရှီလာထံသို့ ဦးတည်သွားလိုက်သည်။
ရှီလာ၏ အမူအရာမှာ အေးစက်နေသည်။ သူသည် အနောက်ဘက်မှ မသေမျိုးဖီးနှစ်ကို အရေးမလုပ်ပဲ သူ့ရှေ့မှလူကို သတ်နိုင်ရန်သာ အာရုံစိုက်ထားလိုက်သည်။ သူ၏အလင်းနှင့်အမှောင်အတောင်ပံကို ခတ်လိုက်သည်နှင့် သူ့အရှိန် ပေါက်ကွဲထွက်သွားပြီး ကျားဘုရင်ထံသို့ ဦးတည်သွားလေသည်။
“ရှီလာ .. အရှက်မရှိတဲ့ကောင် .. ခင်ဗျားကတကယ် သေတဲ့အထိ တိုက်ချင်တာလား..” မန်ချူးကျား ဟစ်ကြွေးလိုက်ကာ တိုက်ခိုက်မှုများကို ခုခံလိုက်သည်။
ဝုန်း..
ချော်ရည်များကဲ့သို့ လေထုထဲ၌ ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
မန်ချူးကျားသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကာ နောက်ပြန်လွင့်ထွက်သွားသည်။
ခွပ်..
တစ်ချိန်တည်းမှာပင် ရှီလာ၏ အတောင်ပံများလည်း ပြင်းထန်စွာ တုန်ခါလာပြီး ပျက်စီးလုနီးပါး ဖြစ်သွားသည်။ မသေမျိုးဖီးနှစ်၏ တိုက်ခိုက်မှု ကျရောက်လာကာ ရှီလာ နောက်တစ်ကြိမ် သွေးအန်သွားရသည်။
“သတ်…”
ရှီလာသည် အမူအရာ ကင်းမဲ့စွာဖြင့်ပင် ဖီးနှစ်ဘုရင်၏ တိုက်ခိုက်မှုကို ဘေးတစ်ဖက်သို့ ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူ၏အလင်းနှင့်အမှောင် အတောင်ပံကို လှုပ်ခတ်ကာ ကျားကြီးထံသို့ ထပ်မံပြေးဝင်သွားလိုက်သည်။
“ရှီလာ .. ခွေးကောင်..” မန်ချူးကျား ကျိန်ဆဲလိုက်သည်။ ရှီလာ၏ အာရုံစိုက်မှု ရရှိထားသောကြောင့် သူ အခြေအနေ မကောင်းတော့။ သူတို့ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေကြခြင်းဖြစ်သော်လည်း သူ ရှီလာထက် အရင်သေတော့မည်ထင်သည်။
“ကျားကြီး .. သူက မင်းကို ထွက်ပြေးအောင် လုပ်နေတာ .. သူ့ရဲ့ လှည့်ကွက်ထဲ အကျမခံနဲ့ .. အန္တရာယ်တွေ့တာနဲ့ ခင်ဗျားပုံစံပြောင်းပြီး ထွက်ပြေးမှာကို သူသိနေတယ်” နွားနက်ကြီး အနောက်မှ အော်ဟစ်လိုက်၏။
“ချီးပဲ .. ငါ မင်းတို့ကောင်တွေ လှည့်စားတာ ခံလိုက်ရတာ..” မန်ချူးကျား ခုန်ရှောင်လိုက်သည်။ ရှီလာ သူ့အားနည်းချက်ကို တမင်သက်သက်ကစားနေခြင်းဖြစ်ကြောင်း သူလည်း ခံစားမိသည်ပင်။
“သေလိုက်တော့..”
ထိုအချိန်တွင် ရှီလာ၏ လက်သီးတောက်ပသည်။ ပြင်းထန်လှသည့် စွမ်းအင်များကို မြင်လိုက်သည်နှင့် မန်ချူးကျားနှင့် မသေမျိုးဖီးနှစ်နှစ်ဦးလုံး ဆံပင်မွေးများ ထောင်ထသွားသလို ခံစားလိုက်ရသည်။
ရှီလာ၏ ညာဘက်လက်တွင် နေရာအနှံ့ကို လင်းထန်သွားစေသည့် အဖြူရောင် အလင်းတောက်ပနေပြီး ဘယ်ဘက်လက်တွင်တော့ အနက်ရောင်အလင်း တောက်ပနေသည်။
ဝုန်း..
သူသည် လက်သီးနှစ်ဘက်လုံးမှ စွမ်းအင်အကုန်လုံးကို အသုံးပြုကာ မန်ချူးကျားကို ဆက်တိုက်ထိုးနှက်လာသည်။
မသေမျိုးဖီးနှစ် သက်ပြင်းချလိုက်၏။ ဤရှီလာမှာ တကယ်ကို စွမ်းအားကြီးလှသည်။ သူမသာ သူနှင့်တစ်ယောက်ချင်း တိုက်ရမည်ဆိုလျှင် သူမ သူ့ပြိုင်ဘက်ပင်မဖြစ်နိုင်။
သူမ အနည်းငယ်လည်းစိုးထိတ်လာသည်။ မန်ချူးကျား ထိုလက်သီးချက်များကို မခံနိုင်ပဲ ကျဆုံးသွားမည်ကို သူမ စိုးရိမ်မိသည်ပင်။
ဝုန်း..
သူမ စွမ်းအင်အကုန်လုံးကို ထုတ်သုံးလိုက်သည်နှင့် သူမ ဘေးပတ်လည်တွင် မီးတောက်များ ထွက်ပေါ်လာလေ၏။ မန်ချူးကျားကို ကူညီရန်အတွက် သူမ ရှီလာကို ဦးတည်တိုက်ခိုက်လိုက်တော့သည်။
မန်ချူးကျားမှာ သူ့သွေးများ အေးခဲသွားတော့မလိုပင် ခံစားလိုက်ရသည်။
“မင်းက ဒီဖိုးဖိုးကို နေမကောင်းတဲ့ ကြောင်လေးလို့ ထင်နေတာလား..”
ယခုတစ်ခေါက်တော့ သူ့ပါးစပ်မှ အနီရောင်မြူများ ထွက်ပေါ်လာလေ၏။ ထိုမြူသည် တောက်ပသည့် ဘုန်းကြီးသင်္ကန်းအဖြစ်သို့ ပြောင်းလဲသွားကာ ကျရောက်လာသည့် တိုက်ခိုက်မှုများကို တားဆီးလာသည်။
ဤမြင်ကွင်းမှာ ရှီလာကိုသာမက အနောက်ဘက်မှ နွားနှစ်ကောင်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။ သူတို့ မျက်လုံးများပင် ပြူးကျယ်လာသည်။
ဒါက လားမားဘုန်းတော်ကြီးရဲ့သင်္ကန်းမဟုတ်ဘူးလား.. ယခင်က ဤသင်္ကန်းသည် ခြင်္သေ့အကြီးအကဲ၏ တိုက်ခိုက်မှုများကို အောင်မြင်စွာ ခုခံနိုင်ခဲ့သည်ပင်။
ထင်ထားသည့်အတိုင်း ရှီလာ၏အမူအရာ ပြောင်းလဲသွားသည်။ သူသင်္ကန်းကို ထိုးချလိုက်သည်နှင့် သင်္ကန်းမှ တန်ပြန်အားတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် မသေမျိုးဖီးနှစ်၏ မီးတောက်များ ရောက်ရှိလာကာ ရှီလာကို ဖုံးလွှမ်းသွားတော့သည်။
ရှဲရှဲ..
ရှီလာ ကောင်းကင်ထက်သို့ ပြေးတက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါ လားမားဘုန်းတော်ကြီးရဲ့ သင်္ကန်းကို ခိုးထားလို့ တော်သေးတယ် .. မဟုတ်ရင် ငါ ဒီမှာ သေသွားလောက်ပြီ..” မန်ချူးကျား သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ဤစကားလုံးများမှာ ချူဖုန်းကို ဆွံ့အသွားစေခဲ့သည်။ ဤကောင်သည် တကယ်ကို လူကောင်းမဟုတ်။ သူသည် လားမားဘုန်းတော်ကြီး၏ သင်္ကန်းကိုပင် ခိုးရဲသေးသည်။ ဤသည်မှာ မည်သူမှ လုပ်နိုင်မည်မဟုတ်သည့် သူ၏စွမ်းရည်ပင်။
ရှီလာ သူ့ရန်သူနှစ်ဦးကို အေးစက်စွာ ကြည့်လိုက်သည်။
မသေမျိုးဖီးနှစ်သည် သူမ မီးတောက်များကို ထပ်မံအသက်သွင်းလိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။
မန်ချူးကျားသည် လူသားပုံစံပြောင်းလိုက်ပြီး သင်္ကန်းကို သူ့ကိုယ်ပေါ် လွှမ်းခြုံပြီးသည်နှင့် သူ ပို၍ယုံကြည်ချက်ရှိလာသည်။ “ပြိုင်ဘက်ကင်းနတ်ဘုရားလာပြီ .. မောက်မာတဲ့ရှီလာ .. ခင်ဗျား သေလိုက်တော့..” သူ လေထဲ ပြေးတက်သွားကာ အော်ဟစ်လိုက်သည်။
အဝေး၌ ရှိနေသည့် ရှုန်းခွန်ကတော့ ချွေးပြန်နေလေ၏။ “ဒီကျားဖိုးဖိုးက သင်္ကန်းကြီး ဝတ်ထားပြီးတော့ သူ့ကိုယ်သူ ကြွေးကြော်နေတယ် .. ဒါက သင့်တော်ရဲ့လား..”
လေထဲ၌ တိုက်ပွဲမှာ အထွဋ်အထိပ်သို့ ရောက်နေလေပြီ။ ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှစ်ဦး ပူးပေါင်းကာ ရှီလာကို ဖိနှိပ်လာကြသည်။
အစောပိုင်းမှ ချုံခိုက်တိုက်ခိုက်မှု အောင်မြင်သွားသောကြောင့် တော်သေးသည်။ ရှီလာသာ ဒဏ်ရာရမနေလျှင် သူတို့နှစ်ဦး ရှီလာကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်။
နွားနက်ကြီးနှင့် နွားဝါလေးတို့ အမူအရာ ရုပ်ဆိုးနေကြသည်။ ဤရှီလာမှာ ခြင်္သေ့အကြီးအကဲနှင့် ယှဉ်နိုင်လောက်သည်။
သူ့ကို တိုက်ခိုက်ခဲ့သည့်သူများသည် အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနှင့် ဂျိဒ်ကျောင်းမှ ဆရာတို့သာ မဟုတ်ပါက သူ ဒဏ်ရာရမသွားလောက်ခဲ့။ ဤလူမှာ တကယ်ကို စွမ်းအားကြီးလွန်းလှသည်။
“ပထမဆုံး တိုက်ခိုက်မှုမှာ သူ့ကို မသတ်လိုက်နိုင်ဘူး .. အခု အခြေအနေ သိပ်မကောင်းတော့ဘူး” နွားနက်ကြီး ရေရွတ်လိုက်သည်။
ဝုန်း..
အောက်ဘက်ရှီ မြေပြင်မှာ ကံဆိုးမိုးမှောင်ကျသွားလေပြီ။ သူတို့သုံးယောက်တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကြောင့် ဤနေရာတစ်ခုလုံး ပြိုကျသွားရသည်။
ချူဖုန်း ချာကရမ်ကို အသင့်ပြင်ကာ တိုက်ပွဲနား ချဉ်းကပ်သွားလိုက်သည်။
မသေမျိုးဖီးနှစ်နှင့် ကျားဘုရင်တို့ ရှီလာအား မဖမ်းနိုင်မည်ကို သူ စိုးရိမ်သည်။
ဖူး..
ပျက်စီးသွားသည့် တောင်ကြားမှ ရှီလာ သွေးများစွာ အန်ထွက်လာသည်။ ချုံခိုတိုက်ခိုက်မှုမှ ဒဏ်ရာများကြောင့် သူ အတော်လေး အားနည်းနေသလို ခံစားနေရသည်။
သူ မန်ချူးကျားကို မြန်မြန်အဆုံးသတ်လိုက်ချင်သော်လည်း ထိုအရှက်မရှိသည့်ကျားက သင်္ကန်းပတ်ထားသည်ပင်။
“ရှီလာ .. ခင်ဗျားက ကျုပ်ကို တမင်သက်သက် ပစ်မှတ်ထားနေတာပဲ .. ဒါက နာကျင်ရတယ်..” မန်ချူးကျား တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။
ရှီလာ၏အမူအရာ လေးနက်လာသည်။ ဤအရှက်မရှိသည့်ကျားသည် သူ ပြင်းပြင်းထန်ထန်တိုက်ပြီး ဒဏ်ရာများ ပြန်ပွင့်လာစေရန်အတွက် တမင်သက်သက် သူ့အား ရန်စနေခြင်းပင်။
“ဆိုက်ဘေးရီးယားကျား .. တစ်နေ့ကျရင် ငါ မင်းခေါင်းကို ဖြတ်ပစ်မယ်..” ရှီလာ ခြိမ်းခြောက်လိုက်သည်။
ဝှစ်..
ထို့နောက်တွင်တော့ သူ ထွက်ပြေးသွားတော့သည်။ သူ့ခွန်အားများ အကုန်ခံကာ ဤတိုက်ပွဲကို ဆက်မတိုက်ချင်တော့။ သူ့အတွက် အန္တရာယ်များလာလိမ့်မည်။
သူ ထွက်ပြေးရင်း ချူဖုန်းအား ဖြတ်သန်းသွားသည့်အချိန်တွင် ချူဖုန်းထံသို့ အေးစက်သည့်အကြည့်များ ရောက်ရှိလာသည်။ သူ ဤလူငယ်ငယ်ကို မန်ချူးကျားထက် ပိုမုန်းသေးသည်။
“မင်း သေလိုက်တော့ အင်းဆက်ကောင်..” ရှီလာ အော်ဟစ်လိုက်၏။
ထိုအခြေအနေကို မြင်လိုက်သည်နှင့် ချူဖုန်း သူ့လက်ကို မြှောက်လိုက်ကာ ချာကရမ်ကို ပစ်လွှတ်လိုက်သည်။
ရှီလာ၏ မျက်လုံးများ မှေးကျဉ်းသွားရသည်။ ဤလက်ကောက်လေး ငွေရောင်မီးအိမ်များ ဖျက်ဆီးပစ်လိုက်သည်ကို သူ မြင်ခဲ့ရသောကြောင့် ဤလက်ကောက် စွမ်းအားကြီးကြောင်း သူ သိသည်။ ထို့ကြောင့် သူ တတ်နိုင်သမျှ ဤလက်နက်ကို ရှောင်ရှားရမည်။
သူ ချက်ချင်း မီတာပေါင်း ရာကျော် ရှောင်တိမ်းလိုက်၏။ သို့သော် ခဏကြာပြီးနောက် ချူဖုန်း ထိုလက်နက်ကို တကယ်မပစ်ရသေးကြောင်း သူ တွေ့လိုက်ရသည်။
“ရှီလာ .. ခင်ဗျားက ဘယ်သွားချင်နေတာလဲ..” မန်ချူးကျား သူ့နောက် ပြေးလိုက်လာသည်။ ရှီလာ အသက်ရှင်နေလျှင် သူ အေးအေးချမ်းချမ်း နေနိုင်မည်မဟုတ်။
မသေမျိုးဖီးနှစ်လည်း လိုက်မှီလာပြီး သူမ၏အနီရောင် နှုတ်ခမ်းပါးမှ အနက်ရောင်မီးတောက်များ ထွက်ပေါ်လာကာ ရှီလာကို လွှမ်းခြုံသွားလေ၏။
ရှီလာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချူဖုန်းကို သတ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အခြားကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ ချူဖုန်းထံသို့သာ ဦးတည်သွားလိုက်သည်။
သူ ချူဖုန်းထံသို့ ဦးတည်လာသည့်အခိုက်အတန့်တွင် ချူဖုန်း၏ လက်လှုပ်ရှားလာပြီး အသံထက်မြန်သည့်နှုန်းဖြင့် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဝှစ်..
ရှီလာ ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ပြီး သူ့မျက်နှာထက်၌ အေးစက်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ ချူဖုန်းကို ကြောက်စရာ မလိုတော့သဖြင့် သူ လက်လွတ်စပယ်ပင် ချဥ်းကပ်လာတော့သည်။
“ပြန်ဆုတ် .. ဒီကနေ ထွက်သွား..” မသေမျိုးဖီးနှစ် ရှီလာ၏ လမ်းကြောင်းကို နှောက်ယှက်ကာ ချူဖုန်း ထွက်ပြေးချိန်ရအောင် လုပ်ပေးလိုက်သည်။
ပျောက်သွားသည့် လက်ကောက်ကို ကြည့်လိုက်ပြီးနောက် ထိုလက်ကောက် သူ့ပစ်မှတ်ကို ထိသွားလျှင် မည်မျှကောင်းလိမ့်မည်နည်းဟု မန်ချူးကျား တွေးလိုက်သည်။
“အင်းဆက်ကောင်လေး .. သေလိုက်တော့..” ရှီလာ အော်ဟစ်လိုက်ကာ သူ့လက်သီးကို ဝေ့ရမ်းလိုက်သည်။
ဝုန်း..
သို့သော် ခဏကြာပြီးနောက် သူ ထိတ်လန့်သွားခဲ့ရသည်။ နေလုံးကြီးကဲ့သို့ တောက်ပနေသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ့ကို ဖြတ်တိုက်သွားခဲ့သည်။
ထိုအလင်းတန်းသည် အသံနှုန်းထက် အဆ ၅၀ နီးပါး မြန်နေသောကြောင့် ဤမျှ နီးကပ်သည့်အကွာအဝေးတွင် သူ မရှောင်နိုင်တော့။
ရှီလာ ထိတ်လန့်ကာ ဒေါသထွက်သွားရသည်။ ချာကရမ်ကို အစောလေးက ပစ်လိုက်ပြီ မဟုတ်ဘူးလား .. ဘယ်လိုလုပ် ပြန်ပေါ်လာတာလဲ..
ရွှမ်းထျန်၌ ရှိနေစဉ်က ချူဖုန်း အသက်ရှိနေသည့် ငွေမိုင်းတွင်းတစ်တွင်းနှင့် သတ္တုများကို အသက်ဝင်စေသည့် သစ်ပင်တစ်ပင်တို့ကို တွေ့ခဲ့သည်။ ထိုတုန်းက သူ ငွေတုံးအကြီးကြီးတစ်တုံး ယူလာခဲ့သေးသည်။ ငွေတုံး၏ ပမာဏအတော်များများ သုတေသနခန်းထဲသို့ ရောက်သွားပြီး ပမာဏအနည်းငယ်ကတော့ လက်ကောက်အဖြစ် ပြောင်းလဲသွားပြီး သူ့အား ဆုချခဲ့သည်ပင်။
ဤချာကရမ်မှာ ထိုလက်ကောက်ဒီဇိုင်းကို အခြေခံ၍ ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်မှ ပြုလုပ်ပေးခဲ့ခြင်းပင်။
ချူဖုန်း ပထမဆုံး ပစ်လိုက်သည့် အရာမှာ ထိုလက်ကောက်ဖြစ်ပြီး ယခုမှ ချာကရမ်ကို ပစ်လွှတ်လိုက်ခြင်းပင်။
ရှီလာ ရှောင်တိမ်းချင်သော်လည်း မရှောင်တိမ်းနိုင်တော့။
ဖူး..
သူ့ညာလက် ထိမှန်သွားကာ ပွင့်ထွက်သွားလေ၏။
အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးမှာ တကယ်ကို ကြောက်စရာကောင်းလှသည်ပင်။ ဤမျှပြင်းထန်သည့် အားဖြင့် ပစ်လိုက်သော်လည်း သူ့အရိုးများ သွေးမြူအဖြစ် ပြောင်းလဲမသွား။ ကျိုးရုံသာ ကျိုးသွားခဲ့သည်။
ပြင်းထန်လှသည့် နာကျင်မှုကြောင့် ရှီလာ မျက်လုံးများပင် ပြာဝေလာသည်။ သူ နောက်ယိုင်သွားပြီး မြေပြင်နှင့်မျက်နှာ မိတ်ဆက်မလိုပင် ဖြစ်သွားခဲ့သည်။
ဝုန်း..
ထို့နောက် မသေမျိုးဖီးနှစ်၏ တိုက်ခိုက်မှု ရောက်ရှိလာပြီး ရှီလာ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
“ဝေါင်း..”
မန်ချူးကျား ဟစ်ကြွေးလိုက်ကာ နောက်တစ်ကြိမ် ရိုက်လိုက်သောကြောင့် ရှီလာ နောက်တစ်ကြိမ် လွင့်ထွက်သွားသည်။