Switch Mode

Chapter – 8

အစီအစဉ် ဆွဲခြင်း

Chapter – 8 အစီအစဉ် ဆွဲခြင်း

ကျောက်ဟိုင် ခေါင်းငြိမ့်ပြီး ဆက်ပြောသည်။
“အဘိုးဂရင်း ကျွန်တော်တို့ စားသောက်ဖို့အတွက် ဘယ်လိုအစီအစဉ်ဆွဲထားလဲ။ စားဖို့အတွက် မှော်ဝင်သားရဲတွေ ၀ယ်ထားတယ်လို့တော့ မပြောနဲ့နော်”

ဂရင်းအနေနဲ့ ကျောက်ဟိုင်က ဒါတွေဘာလို့လာမေးနေမှန်း မသိပေမယ့်လည်း နောက်တော့ ကျောက်ဟိုင်က အသားမစားရမှာစိုးရိမ်နေတယ်လို့ ထင်လိုက်မိတာမို့
“သခင်လေး စိတ်မပူပါနဲ့၊ ကျွန်တော်အသားအတွက် မျက်လုံးပြာယုန်တွေနဲ့ အမွှေးရှည်ဝက်တွေ ၀ယ်ထားပါတယ်။ သခင်လေး အသားအတွက် စိုးရိမ်ဖို့မလိုပါဘူး”

ကျောက်ဟိုင် ရယ်ရမလား၊ငိုရမလား မသိတော့ပေ။ သူကတော့ စားနပ်ရိက္ခာအတွက် တိုးတက်အောင်လုပ်ဖို့မေးလိုက်ပေမယ့် တစ်ဖက်ကတော့ အသားမစားရမှာစိုးရိမ်တယ်လို့ ထင်သွားရှာတယ်။

ထိုအချိန်မှာ မယ်ရင်းနဲ့မက်ဂ်တ်ု့ လင်ဗန်းတချို့ကိုသယ်ပြီးပြန်လာသည်။ ဗန်းတွေပေါ်တွင်ပါတာတွေက ကျောက်ဟိုင်ရဲ့​ဝေစုနဲ့ယှဉ်ရင် ရိုးရှင်းလွန်းနေသည်။

ကျောက်ဟိုင် သူ့ပန်းကန်ကိုငုံ့ကြည့်လိုက်သည်။ ပန်းကန်ထဲမှာ ပေါင်မုန့်ဖြူ၊ ကြက်ဥနှစ်လုံးနဲ့ အသားတချို့အပြင် ဟင်းရွက်တွေလည်း ပါသေးသည်။လက်ရှိအခြေအနေအရ အတော်ပြည့်စုံပေသည်။

သို့ပေမယ့် ဂရင်းတို့ရဲ့ ပန်းကန်ထဲတွင်တော့ ပေါင်မုန့်အမည်းနဲ့ ဟင်းရွက်တွေသာ ပါသည်။ အသားနဲ့ကြက်ဥတွေရဲ့အရိပ်အယောင်ကို မမြင်ရပေ။
ကျောက်ဟိုင် ရင်ထဲနာကျင်သွားရပေမယ့် စတင်စားလိုက်သည်။ သူစားတာမြင်မှ ဂရင်းတ်ု့လည်း စားကြသည်။

ဂရင်းတို့က သိပ်အမြန်မစားကြပေမယ့် ဘလော့ဟက်နဲ့ ရော့ဟက်ညီအကိုကတော့ အလောတကြီးစားကြသည်။ မယ်ရင်းသူတို့ကို ပေးထားတဲ့​ဝေစုက ပိုကောင်းတယ်လို့ဆိုနိုင်သေးသည်ပေ။

မယ်ရင်းရဲ့လက်ရာကိုတော့ ချီးကျူးရမည်။ တရုတ်တွေရဲ့ပါးစပ်နဲ့ သိပ်မကိုက်ပေမယ့် ရိုးရိုးရှင်းရှင်း ပါဝင်ပစ္စည်းတွေကို ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်နဲ့တင် ကောင်းမွန်အောင်ချက်ထားနိုင်သည်မှာ တော်တယ်လို့ဆိုရပေမည်။

ကျောက်ဟိုင်လည်း သဘောတကျနဲ့ ခပ်မြန်မြန်စားသောက်လိုက်သည်။ သူ့အနေနဲ့အနောက်တိုင်းသားတွေလို ခရင်းနဲ့ဓားကိုင်ရာမှာ သိပ်အဆင်မပြေပေမယ့်လည်း ဗိုက်ဆာနေတာမို့ ဂရုမထားဖြစ်တော့ပေ။

သူ စားပြီးတဲ့အချိန်မှာ ဂရင်းတို့လည်း စားပြီးနှင့်လို့ ဘေးတွင်ထွက်ရပ်ကာ သူ့ကိုကြည့်နေကြပေပြီ။
အခုလိုအခြေအနေကို သူနေသားမကျပေမယ့်လည်း တစ်ညထဲနဲ့အပြုပမူတွေအကုန်ပြောင်းသွားဖို့က ခက်ခဲလေတာမို့ သက်ပြင်းသာချလိုက်မိသည်။

စားသောက်ပြီးနောက် မယ်ရင်းနဲ့ မာဂ့်က ပန်းကန်ဆေးဖို့လုပ်ကြကာ သူ့အတွက်တော့ ခယ်ကျာကို လာချပေးသွားသည်။ခယ်ကျာက ကော်ဖီနဲ့ဆင်တူပြီး အထက်တန်းလွှာတွေနှစ်သက်တဲ့ သောက်စရာတစ်မျိုးဖြစ်သည်။

ဂရင်းက ကျောက်ဟိုင်ကို ကာကျာတစ်ခွက် အမြန်ထည့်ပေးသည်။ ပါးစပ်အပြည့်တစ်ငုံသောက်ကြည့်ပြီးနောက် ကော်ဖီအရသာနဲ့ဆင်တူမှန်း သိလိုက်ရတာမို့ ခေါင်းငြိမ့်ပြလိုက်မိသည်။

ဂရင်းအတွက်တစ်ခွက်ထည့်ပေးပြီး
“အဘိုးဂရင်း ဒီမှာလာထိုင်ပြီး ခယ်ကျာသောက်ပါဦး။ကျွန်တော် အဘိုးနဲ့ဆွေးနွေးစရာတွေရှိသေးတယ်”

ဂရင်း ခေါင်းခါပြီးငြင်းဆိုလာပါ၏။
“မသင့်တော်ပါဘူးသခင်လေး။ကျွန်တော် ဒီတ်ုင်းပဲ ရပ်နေပါရစေ”

ကျောက်ဟိုင် ထရပ်လိုက်ပြီး ဂရင်းကိုဆွဲကာ ထိုင်စေလိုက်သည်။
“အဘိုးဂရင်း အဘိုးက ကျွန်တော့်အဘိုးလက်ထက်ကမျိုးဆက်ပဲ။အဘိုးကပဲ ကျွန်တော့်ကိုကြည့်ရှုစောင့်ရှောက်လာခဲ့တာ။အဘိုးကစီနီယာပဲ။အဘိုးကြောင့်သာမဟုတ်ရင် ဘူတကလန်ရဲ့အခုလိုအခြေအနေမှာ ကျွန်တော် အသက်ရှင်ဖို့တောင်လွယ်မှာမဟုတ်ဘူး။ တခမ်းတနားတွေ လုပ်မနေပါနဲ့တော့ လာထိုင်ပါ။ ကျွန်တော် ဆွေးနွေးစရာရှိတယ်”

ဂရင်း ၀င်ထိုင်ပြီးနောက် ကျောက်ဟိုင်ကိုကြည့်ရင်း မျက်ရည်တွေကျလာလေသည်။
” ကျွန်တော်ထိုင်မယ် ကျွန်တော်ထိုင်မယ်။ သခင်လေး သခင်လေးတောင် အရွယ်ရောက်လာပြီပဲ”

ကျောက်ဟိုင် သက်ပြင်းရှည်ကြီးချလိုက်သည်။
“အတွေ့အကြုံတွေ များမှတော့ ကျွန်တော်ရင့်ကျက်ပြီပေါ့ ၊ အဘိုးဂရင်း အရင်က ကျွန်တော့်အပြုအမူတွေကြောင့် စိုးရိမ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော် နောက်ဆို ကျွန်တော် မမိုက်မဲတော့ပါဘူး”

ဂရင်း ခေါင်းရမ်းပြီး
“မဟုတ်တာ … ဒီလိုမပြောပါနဲ့သခင်လေးရယ်။ကျွန်တော်ကသာ သခင်လေးကို ကာကွယ်ဖို့ပျက်ကွက်ခဲ့တာပါ။ သခင်လေးကိုမကာကွယ်နိုင်ခဲ့သလို ဘူတကလန်ကိုလည်း မကာကွယ်နိုင်ခဲ့ဘူး။ ကျွန်တော့်အပြစ်တွေပါ”

ကျောက်ဟိုင် ခေါင်းရမ်းလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကျွန်တော့်အဖေသာ အဘိုးရဲ့အကြံပြုချက်ကိုနားထောင်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ အဲ့ဒါတွေထားလိုက်ပါ…. အဘိုးဂရင်း ဘယ်မှော်ဝင်သားရဲတွေက အစာမရွေးတတ်လဲ၊ မြန်မြန်ကြီးလွယ်ပြီးတော့ သားပေါက်မြန်လဲ”

ဂရင်းစိတ်ရှုပ်ထွေးစွာ ကျောက်ဟိုင်ကို ကြည့်လိုက်သည်။ သို့ပေမယ့် ဒါက သူသိချင်နေတဲ့အရာလို့ယူဆပြီး

” အာ့ဆုကုန်းမြေကြီးမှာ မှော်ဝင်သားရဲတွေအများအပြားရှိပါတယ်။ မျက်လုံးပြာယုန်နဲ့ အမွှေးရှည်ဝက်တွေက အမွေးများဆုံးပါ။ သူတ်ု့က ဘာတိုက်ခိုက်စွမ်းရည်မှမရှိတဲ့ အဆင့်တစ်မှော်ဝင်သားရဲတွေပါ။ အခုကျွန်တော်တို့ဆီက မျက်လုံးပြာယုန်တွေဆိုရင် အရွယ်ရောက်ခါနီးပါပြီ။နောက်သုံးလလောက်ဆိုရင် သူတို့အရွယ်ရောက်ပြီဖြစ်လို့ တစ်လတစ်ကြိမ် သားပွားနိုင်တော့မှာပါ။ တစ်ခါမွေးရင်အနည်းဆုံးငါးကောင်ပါ။ အမွှေးရှည်ဝက်တွေကတော့ အရွယ်ရောက်ဖို့ကြာပါတယ်။နောက်ရှစ်လကနေ ဆယ်လလောက်လိုပါသေးတယ်။ သူတို့အရွယ်ရောက်ပြီးရင်တော့ လေးလတစ်ကြိမ်သားပွားပါတယ်။ တစ်ခါမွေးရင်အနည်းဆုံး ခုနှစ်ကောင်ပါ။ဒီကုန်းမြေမှာတော့ အခုလိုပဲ မွေးမြူပြီး စားနပ်ရိက္ခာကိုလည်ပတ်စေပါတယ်”

ကျောက်ဟိုင် ခေါင်းငြိမ့်လိုက်သည်။
“အဘိုးဂရင်း ဒီမှော်ဝင်သားရဲနှစ်ကောင်မှာ ဘယ်ကောင်ကပိုပြီး မျိုးပွားနှုန်းများလဲ”

” မျက်လုံးပြာယုန်တွေက ပိုများပေမယ့် သူတို့ကအကုန်မစားနိုင်ဘူး၊ အပင်စားပိုးကောင်တွေကိုလည်း ကျွေးဖို့လိုသေးတယ်၊ အမွှေးရှည်ဝက်တွေကတော့ အကုန်စားပါတယ်”

ကျောက်ဟိုင် ခေါင်းငြိမ့်လိုက်ဖြစ်သည်။
မျက်လုံးပြာယုန်ဆိုတာက ကမ္ဘာပေါ်က ယုန်တွေပဲဖြစ်လောက်သည်။

သူထရပ်ပြီး
” ကျွန်တော်တို့ မျက်လုံးပြာယုန်တွေ မွေးထားတယ်ဆို အဘိုးဂရင်း ကျွန်တော့်ကို လိုက်ပြပေးနိုင်မလား”

ဘာလို့ပြောမှန်းမသိပေမယ့် သခင်လေးက မိသားစုအရေးကို စိတ်ဝင်စားလာတာမြင်ရတော့ ဂရင်းပျော်ရွှင်သွားသည်။
“သခင်လေး အခုကမှောင်နေပါပြီ။မနက်မှ သွားကြည့်သင့်ပါတယ် ဒီညတော့ အိပ်ခန်းပြန်ပြီး အနားယူသင့်ပါပြီ”

ကျောက်ဟိုင်လည်း အပြင်ဘက်ကိုကြည့်လိုက်တော့ မှောင်မည်းနေတာကို တွေ့ရတာမို့ ခေါင်းငြိမ့်လိုက်ရတော့သည်။
“အဘိုးဂရင်း တံတိုင်းနားမှာ ရိက္ခာပစ္စည်းတွေတွေ့တယ် ရဲတိုက်ထဲ ထည့်ထားလိုက်ပါလား”

ဂရင်းမျက်နှာက ရှက်ရွံ့သွားတဲ့ဟန် ပြောင်းသွားသည်။
“သခင်လေး ကျွန်တော်လည်းမထည့်ထားချင်တာမဟုတ်ပါဘူး။ဒါပေမယ့်ရဲတိုက်က သေးလွန်းတယ်။ ပစ္စည်းတွေမဆန့်ဘူးဖြစ်နေတာ ဒါကြောင့် အစေခံတွေကိုပဲ သိုလှောင်တဲတွေဆောက်ခိုင်းပြီးထားထားရတာပါ”

ကျောက်ဟိုင် နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်ရသည်။
” အစေခံတွေကိုရော နေရာသေချာစီစဉ်ထားပေးရဲ့လားအဘိုး။အခု ဧပြီရောက်နေပြီ မကြာခင်မိုးကျတော့မယ်။ အစေခံတွေအတွက် နေရာသေချာစီစဉ်ပေးထားမှဖြစ်မှာ”

ဂရင်း သက်မချမိသည်။ အစေခံတွေကို ရိက္ခာတွေလောက်တောင် တန်ဖိုးမထားတတ်ကြတဲ့ အများစုသောအထက်တန်းလွှာတွေလို သခင်လေးကလည်း တွေးတောနေမှာကို သူစိုးရိမ်ခဲ့ရသည်။ထိုသို့သာဆိုရင် အစေခံတွေကိုရဲတိုက်ထဲက နှင်ထုတ်ရပေလိမ့်မည်။

မိုးဦးကျတဲ့အခါ အစေခံတွေသာ ရဲတိုက်အပြင်မှာနေရရင် ဖျားနာကုန်လိမ့်မည်။ ကုသစရာမရှိတဲ့နောက် သေကျေကုန်ကာ အလုပ်အကျွေးပြုမယ့်သူတွေ နည်းပါးကုန်ပေလိမ့်မည်။

သူမထင်ထားတာက သခင်လေးကအရင်တွေးတောပြီးထုတ်ပြောလာခဲ့သည်ကိုပင်။
နောက်ဆုံးတော့ သခင်လေးက အမှန်တကယ်ကို ရင့်ကျက်လာခဲ့ပြီ။
“စိတ်မပူပါနဲ့သခင်လေး။ အားလုံး အဆင်ပြေပြေရှိပါတယ်။ ကျွန်တော်သေချာစီမံထားပါတယ်”

“အဘိုးဂရင်းရှိတာ ကျွန်တော်စိတ်သက်သာရာရပါတယ်။ ဒါဆ်ုရင် ကျွန်တော်အနားယူတော့မယ်။ က်စ္စတစ်ခုခုရှိလည်း မနက်ဖန်မှပြောကြတာပေါ့”

ထိုအချိန်တွင် မယ်ရင်းနဲ့မာဂ့်တို့ အခန်းထဲ ပြန်ဝင်လာကြသည်။
ဂရင်းတစ်ယောက် စိတ်လှုပ်ရှားတဲ့အမူအယာနဲ့ ထိုင်နေတာကိုမြင်တော့
” အဘိုးကြီး ဘာဖြစ်လို့လဲ”

ဂရင်း ရုတ်တရက် ထရယ်သည်။
” သခင်လေးက အရွယ်ရောက်လာတော့ တွေးတောတတ်လာတယ်။ ဟားဟားဟား ကောင်းကင်က ငါ့ရဲ့ဘူတကလန်ကို မေ့မသွားဘူးပဲ”

ကျောက်ဟိုင်နဲ့ပြောခဲ့တာတွေကို မယ်ရင်းအား တစ်ခေါက်ပြန်ပြောပြလိုက်သည်။
“သခင်လေးက ကလန်ရဲ့ရှေ့ရေးအတွက် တွေးတတ်နေပြီ။ ဒီအတိုင်းသာဆိုရင် ဘူတကလန်က ဆက်ပြီးမကျယ်ပြန့်နိုင်တော့ရင်တောင် ပျောက်ကွယ်သွားမှာတော့မဟုတ်ဘူး”

မယ်ရင်း ပျော်ရွှင်လာကာ
” မကျယ်ပြန့်နိုင်တော့ရော ဘာဖြစ်လဲ သခင်လေးသာ ဘေးကင်းနေရင်ပြီးတာပဲမဟုတ်လား။ အခုကျွန်မတို့အဆင်ပြေနေတာပဲလေ။ မြို့တော်မှာတုန်းက ကောင်းကောင်းနေခဲ့ရပေမယ့် လူတွေရဲ့အကြည့်တွေကိုပဲ အာရုံစိုက်နေရတာနဲ့ ထောင်ခြောက်တွေထဲ မကျအောင်ရှောင်နေရတာနဲ့…. အခုတော့ ဒီထောင်က​ဝေးခဲ့ပြီ။ဒီကအခြေအနေက မြို့တော်ထဲမှာထက် ပိုကောင်းပါတယ်။ ကျွန်မတို့ရဲ့ကျန်တဲ့အချိန်တွေကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းကြတာပေါ့”

ဂရင်းလည်း ရယ်ရင်းခေါင်းငြိမ့်သည်။
“တွေးတာ ကောင်းတယ်။ ငါ အစေခံတွေကို ယောင်္ကျားတစ်ဝက်၊မိန်းမတစ်ဝက် ၀ယ်ထားတော့ မျိုးရိုးစဉ်ဆက် အဆင်ပြေသွားပြီ။ သခင်လေးသာ အဆင်ပြေနေရင် ငါတို့အေးအေးချမ်းချမ်း​နေနိုင်ပြီ”

မယ်ရင်းနောက်မှာရပ်နေတဲ့ မာဂ့်မျက်နှာမှာတောင် ၀မ်းသာနေဟန်တွေကို မြင်နိုင်သည်။

ကျောက်ဟိုင်လည်း ဂရင်းရယ်သံတွေကို ကြားနေရပေသည်။
သူသာမန်လေးပြုမူမိတာက ဂရင်းကို ပျော်သွားစေခဲ့၏။ ကြည့်ရတာတော့ အေဒင်က အတော်ဆိုးရွားခဲ့ပုံပင်။

အခန်းထဲရောက်တော့ အိပ်ယာဝင်လိုက်ပေမယ့် တနေကုန်အိပ်ထားလို့လားတော့မသိ မျက်လုံးကပြူးနေသည်။

တစ်နာရီလောက် အိပ်ယာထဲလှိမ့်နေပြီးနောက်တော့ နေရာလပ်ဒေသထဲ ၀င်ဖို့တွေးလိုက်သည်။ မုန်လာဥဖြူတွေ အခြေအနေကိုကြည့်ရမည်မဟုတ်လား။

နေရာလပ်ဒေသထဲ ၀င်လိုက်တာနဲ့ ကျောက်ဟိုင် ဆွံ့အသွားရသည်။
စိုက်ပြီးလို့ အချိန်နည်းနည်းကြာရုံရ်ှသေးသည်ကို မုန်လာဥဖြူတွေက အရွက်ရှည်တွေထွက်ကာ မကြာခင်ရင့်မှည့်တော့မည့် အနေအထားကိုပင် ရောက်နေလေပြီ။

ကျောက်ဟိုင် ထိုမုန်လာဥဖြူတွေကို ကြောင်တောင်တောင် ကြည့်နေမိသည်။ ဒီလောက်မြန်မြန် ကြီးထွားနိုင်မယ်လို့ သူမတွေးခဲ့မိရိုးအမှန်။ ဒီဒေသက မြေဆီလွှာနဲ့ရေတွေက ကြီးထွားဖို့အဆများစွာ တိုးစေနိုင်တယ်ဆိုပေမယ့် အခုဟာက တအားကိုမြန်လွန်းမနေဘူးလား။

ကျောက်ဟိုင် ယာခင်းဘေး လမ်းလျှောက်ရင်း အပင်တွေကိုကြည့်နေလိုက်သည်။ စိုက်ထားတာသိပ်မကြာသေးတာမို့ နောက်ထပ်အချိန်အနည်းငယ်လိုအပ်ကာ ရင့်မှည့်ဖို့စောင့်ရဦးပေမည်။

ကျောက်ဟိုင် အသံထွက်ရယ်လိုက်မိသည်။
“ဒီနှုန်းအတိုင်းဆို မနက်ဖန်မနက်ဆို ရိတ်သ်မ်းလို့ရပြီ။ မနက်ဖန်ကျရင် အဘိုးဂရင်းကိုမေးပြီး မျက်လဲုးပြာယုန်တွေ မုန်လာရွက် စားမစားကြည့်ရမယ်။ သူတို့သာစားမယ်ဆိုရင် ငါတော့ စားကျက်မြေတစ်ခုပိုင်ပြီပဲ”

***

Comment

Leave a Reply

Options

not work with dark mode
Reset