ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၂၁ – ကိစ္စကြီး
လုရှီယွင်၏အပြုံးမှာ ချိုမြိန်ပြီး ငယ်ရွယ်တက်ကြွမှု ပြည့်နှက်နေသည်။
လင်းနွိုင်လည်း ပြုံးနေခြင်းဖြစ်သော်လည်း သူ့အပြုံးမှာ ရေခဲတောင်ပေါ်၌ ပွင့်နေသည့် နှင်းကြာပန်းကဲ့သို့ပင်။ သူမ၏ ကျက်သရေရှိမှုမှာ အခြားသူများကို မချဉ်းကပ်နိုင်သည့် ခံစားချက်မျိုး ပေးနေသည်။
သူတို့နှစ်ဦး ပုံစံချင်း မတူသော်လည်း သူတို့ တည့်ရှုကြပြီး မနက်စာစားရင်း စကားပြောနေခဲ့ကြသည်။ တစ်ဦးမှာ ခွန်အားပြည့်ဝ တက်ကြွနေပြီး အခြားတစ်ဦးမှာ အံ့အားသင့်စရာကောင်းလောက်အောင် လှပနေသည်။ ဤဆန့်ကျင်ဘက်အလှနှစ်မျိုးကြောင့် လူများ လည်ပြန်ငေးကြည့်လာကြကာ အချို့မိန်းမပျိုလေးများမှာ မနာလိုပင် ဖြစ်လာကြလေသည်။
“မင်းက ဒီလောက်တောင် မိန်းမလိုက်စားတာလား..” ကျားဖြူသည် ချူဖုန်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေပြီး အသံတိုးတိုးဖြင့် မေးလာသည်။
“ငါ အားလုံးကို ရှင်းပြပြီးသားလေ ယောက်ဖ .. မင်း ငါ့ကို အထင်မလွဲပါနဲ့..” ချူဖုန်း သူ့အား ပြောင်ပြောင်တင်းတင်းပင် ယောက်ဖဟု ခေါ်လာလေ၏။ ကျားဖြူမှာ နားလည်မှု လွဲနေခဲ့သောကြောင့် သူတို့နှင့်အတူ လိုက်ကစားပေးသည်မှာ ပျော်စရာကောင်းသည်ဟု သူ ခံစားလာရသည်။
ချူဖုန်း စကားကို ကြားလိုက်ပြီးနောက် ကျားဖြူကြီး ဒေါသထွက်လာသည်။
ကျားဖြူ တစ်ဖက်လူကို ရိုက်ပစ်လိုက်ချင်သော်လည်း သူသည် တစ်ဖက်လူနှင့် မယှဉ်နိုင်။ သူသာ မိုက်တိမိုက်ကန်း တိုက်ခိုက်လိုက်လျှင် သူသာ အရိုက်ခံရလိမ့်မည်။
“လက်ကောက်လေးက တော်တော်လှတာပဲ..” လင်းနွိုင် ချီးကျူးလိုက်ကာ ချူဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ လုရှီယွင် လက်ကောက်ဝတ်မှ တောက်ပနေသည့် လက်ကောက်အား မြင်လိုက်ရသည့်အချိန် သူမ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ဤသည်မှာ နဂါးဦးချိုလက်ကောက်ဖြစ်ကြောင်း သူမ ချက်ချင်း မှတ်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ လက်ကောက်ဝတ်၌လည်း ဤကဲ့သို့သော လက်ကောက်တစ်ခု ရှိနေပြီး မနေ့ညက ချူဖုန်းထံမှ ရခဲ့ခြင်းပင်။
လုရှီယွင်သည် မာနကြီးသည့် ကြိုးကြာဖြူတစ်ကောင် သူ့လည်တိုင်ကို မော့ထားသကဲ့သို့ ခေါင်းမော့လိုက်ကာ “ငါ ဒါကို အောင်အောင်မြင်မြင်နဲ့ ဓားပြတိုက်နိုင်ခဲ့တာလေ..”
ဝမ်ကျင်းလည်း သူမကို တစ်ခုလက်ဆောင်ပေးခဲ့သေးသည်။ သို့သော် သူမ လက်မခံရဲ။ လက်ခံလိုက်သည်နှင့် သူမနှင့် ချူဖုန်းကြားမှ ဆက်ဆံရေးကို အတည်ပြုပြီးသား ဖြစ်သွားလိမ့်မည်။
သူမ ငယ်ရွယ်သေးပြီး အချည်နှောင်မခံချင်သေး။ ချွေးမလုပ်ရမည်ဟု စဉ်းစားကြည့်လိုက်သည်နှင့် ခံစားချက်များ ဆိုးရွားလာသည်။
လင်းနွိုင် ညင်သာစွာ ရယ်မောလိုက်သည်။ ထိုအခိုက်အတန့်တွင် လုရှီယွင်ပင်လျှင် လင်းနွိုင်မှာ တောက်ပပြီး ဆွဲဆောင်မှုရှိလှသည်ဟု ခံစားလိုက်ရသည်။
“နွိုင် နင်က အားလုံးပြည့်စုံတယ် .. အရမ်းအေးစက်နေတာလေးတစ်ခုပဲ .. ယောက်ျားလေးတွေ အများကြီးက ဒီနှင်းတောင်ကြီး အရည်ပျော်ကျသွားအောင် ကြိုးစားကြမှာပဲ .. ဒါပေမဲ့ နောက်ဆုံးတော့ သူတို့ နှင်းကိုက်နာပဲ ခံစားလိုက်ကြရမှာ.. ဟူး..” လုရှီယွင် စနောက်လိုက်သည်။
“င့ါကို စနောက်မနေနဲ့တော့ … ဒါနဲ့ နင် အကင်တွေကိုကြောက်တဲ့ ရောဂါရှိတယ်ဆိုတာ တကယ်လား..” လင်းနွိုင်သည် ပြုံးပြုံးလေးနှင့် သူ့အား ရိုက်ချလိုက်လေပြီ။
လုရှီယွင်၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်လာပြီးနောက် ဘူဖေးစားပွဲပေါ်ရှိ အရသာရှိလှသည့် အကင်များကို ကြည့်လိုက်သည်။
“ဒါ မတရားဘူး..”
…
လုံဟူတောင်၏ မြေပြင်မှာ နီရဲနေသည်။
အပေါ်ယံမြေလွှာကို တူးကြည့်လိုက်မည်ဆိုလျှင်တော့ အနီရင့်ရောင် စကျင်ဖြုန်းကျောက်ကို တွေ့နိုင်လိမ့်မည်။ တောင်တစ်ခုလုံး ဤကျောက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဤကျောက်နှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာလည်း ရှိသည်ပင်။
ဤအနီရောင်မြေကြီးများမှာ ရှေးခေတ်မှစွမ်းအားကြီးသည့် သူများ၏ သွေးများကြောင့် ဖြစ်လာခြင်းဖြစ်သည်ဟု ပြောကြသည်။ ထို့ကြောင့်လည်း ဤတောင်တွင် ထူးဆန်းသည့် အော်ရာနှင့် ဝိညာဉ်စွမ်းအား ရှိနေခြင်းပင်။
တာအိုပညာ၏ ရှေးခတ်ကျောင်းတော်တစ်ခုဖြစ်သည့်အတွက် ဤနေရာမှာ အရေးပါလှပြီး လျှို့ဝှက်ချက်များစွာလည်း ရှိနေသည်။ အင်အားကြီးအဖွဲ့အစည်းများအားလုံး ဤနေရာကို သိမ်းပိုက်ရန် ကြိုးစားနေကြသော်လည်း မည်သူမှ မသိမ်းပိုက်နိုင်သေး။
ချူဖုန်းတို့အဖွဲ့ ရောက်ရှိလာလေပြီ။ သူတို့သည် လေယာဉ်ဖြင့် အနီးနားရှိ မြို့ကြီးသို့ ရောက်လာသည်။ ထို့နောက်မှ ကားဖြင့် တောင်ခြေရှိ ရွာသို့ ဆင်းလာခဲ့လိုက်ကြသည်။
တောင်ခြေနှင့် ငါးကီလိုမီတာပတ်လည်အကွာတွင်ပင် ဝိညာဉ်စွမ်းအားများ ခံစား၍ ရနေသည်။
“လူလေးတို့ .. မင်းတို့လည်း သားရဲမျိုးနွယ်စုတွေလား .. မင်းတို့က သားရဲမျိုးနွယ်စုနဲ့ မတူပေမယ့် ငါမင်းတို့ကို သတိပေးလိုက်မယ် .. တောင်ပေါ်ကို တက်ပြီးတော့ မစွန့်စားပါနဲ့ .. မရေမတွက်နိုင်တဲ့အုပ်စုတွေ ဒီနေရာကို လာပြီးသွားပြီ .. ဒါပေမဲ့ သူတို့အားလုံး သေသွားတဲ့သူတွေ၊ ဒဏ်ရာရသွားတဲ့သူတွေကို ဆွဲပြီးတော့ ရုပ်ပျက်ဆင်းပျက် ပြန်ပြေးဆင်းလာကြရတာ”
လုံဟူတောင်မှာ အလွန်ကြမ်းတမ်းသည့် နေရာတစ်ခုဖြစ်ကြောင်း အဘိုးအိုတစ်ဦးမှ ချူဖုန်းကို ပြောပြလာသည်။
ထို့အပြင် နတ်ဆိုးနှင့် ဝိညာဉ်များ တောင်ပေါ်သို့ တက်ချင်လျှင် သေသည်ထက် ဆိုးရွားသည့်တစ်စုံတစ်ခုကို ခံစားရလိမ့်မည်ဟု ချူဖုန်းကို တီးတိုးပြောလာသည်။ တစ်ခါတစ်ရံကျလျှင် တောင်တစ်လုံးစာပမာဏရှိသည့် အလောင်းများ တောင်ပေါ်မှ ပြုတ်ကျလာတတ်သည်ပင်။
ထိုအလောင်းများမှာ သားရဲဘုရင်များဖြစ်လိမ့်မည်ဟု ချူဖုန်း သိလိုက်သည်။
တောင်ပေါ်တက်မည့် မကောင်းဆိုးဝါးမျိုးစုံ ရောက်လာကာ တည်းခိုခွင့် တောင်းတတ်သောကြောင့် မြို့မှ လူအများစုမှာ ကြောက်ရွံ့ကာ ထွက်ပြေးသွားကြပြီဖြစ်သည်။
ဤရွာတွင် လူအနည်းငယ်သာ ကျန်ခဲ့ပြီး အများစုမှာ အသက်အရွယ်ကြီးရင့်သည့်လူများသာ။
အဘယ်ကြောင့်ဆိုသော် လူကြီးများမှာ လုံဟူတောင်သည် အလေးအမြတ်နယ်မြေတစ်ခုဖြစ်ပြီး နတ်ဆိုးများကို သတ်ဖြတ်ကာ လူများကို ကာကွယ်ပေးလိမ့်မည်ဟု သူတို့ ယုံကြည်နေကြသည်ပင်။
ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကို သူတို့သိသော်လည်း သူတို့၏ရိုးရာယုံကြည်မှုကို မစွန့်လွှတ်နိုင်သေး။ တာအိုကျောင်းတော်မှာ သားရဲများနှင့် မကောင်းဆိုးဝါးများကို ဖိနှိပ်လိမ့်မည်ဟု သူတို့ ခိုင်မြဲစွာ ယုံကြည်ထားသည်။
ချူဖုန်း လက်လွတ်စပယ်မလုပ်။ တပ်ကူများ ရောက်လာမည်ကို သူ စောင့်နေသည်။
သူတို့ ဤနယ်မြေကို အရင်ဆုံး လေ့လာရန် ပြင်ဆင်လိုက်သည်။ သူတို့ လုံဟူတောင်၏ အခြေအနေကို သိထားရန် လိုအပ်သည်။
အချို့သူများကတော့ အားပြန်ဖြည့်ရန်အတွက် မြို့ထဲ၌ တစ်ညအိပ်လိုက်ကြသည်။
နောက်တစ်နေ့ နေထွက်လာသည့်အချိန် သူတို့အုပ်စု တောင်အပြင်ဘက်ပတ်လည်သို့ ထပ်ထွက်သွားလိုက်ကြသည်။
လုံဟူတောင်တစ်ခုလုံးကို နံနက်ခင်း နေရောင်ခြည် ဖြန်းပက်လာကာ တောင်တစ်ခုလုံး ရွှေရောင်အလင်းဖျော့ဖျော့လေး လွှမ်းခြုံလာသည်။ အဝေးမှကြည့်လျှင် နတ်တောင်တစ်လုံး ပေါ်ထွက်လာသကဲ့သို့ပင်။
တောင်နားနီးကပ်သွားသည်နှင့် လှိုင်းတစ်မျိုးကို သူတို့ ခံစားလိုက်ရသည်။
ဤသည်မှာ ဤတောင်ကြီးကိုယ်တိုင် အသက်ရှူနေသကဲ့သို့ပင်။ သူသည် နေရောင်မှ စွမ်းအင်များ စုတ်ယူကာ သူ၏နတ်စွမ်းအင်များ တိုးတက်အောင် လုပ်နေသည်။
“နေရာကောင်းပဲ..” နွားဝါလေး သက်ပြင်းချလိုက်သည်။
အဝေးမှပင်လျှင် ဤနေရာ၏ ထူးခြားသည့်အရည်အသွေးကို ခံစားမိနိုင်သည်ပင်။ နွားဝါလေး၏ လှပသည့်မျက်နှာလေးမှာ အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။
ကြည့်လေလေ သူပို၍ အံ့အားသင့်ရလေလေပင်။ ဤတောင်တွင် ထူးခြားသည့်အသက်ရှူပညာချိတ်စည်းတစ်ခုခု ရှိလိမ့်မည်ဟု သူ ထင်သည်။ မဟုတ်ပါက ဤတောင်ကြီး ဘယ်လိုလုပ် မြူခိုးများ ထုတ်လွှတ်နိုင်မည်နည်း..
လုံဟူတောင်သည် မတ်စောက်ပြီး မြင့်မားလှသည့် ရှေးဟောင်းသစ်ပင်များ ရှိနေသည်။
ဤတောင်သည် သူ၏ခမ်းနားသည့်ရွှေရောင်နေ့ရက်များနှင့် မယှဉ်နိုင်သေးဟု ပြောကြသည်။ သို့သော် ယခုအချိန်၌ပင်လျှင် ဤတောင်ကြီးမှာ အလွန်ခမ်းနားလှပြီဖြစ်သည်။
သူတို့ ရှေ့ဆက်လာသည်နှင့် ချူဖုန်း၊ လင်းနွိုင်၊ ကျားဖြူနှင့် လုရှီယွင်တို့အားလုံး အလွန်နွေးထွေးကာ သက်တောင့်သက်သာဖြစ်လာကြသည်။ သို့သော် နွားနက်ကြီးကတော့ အမူအရာပြောင်းလဲသွားပြီး နွားဝါလေးလည်း သတိအနေအထားဖြစ်သွားသည်။
“သားရဲမျိုးနွယ်စု ဖိနှိပ်ခြင်း..”
နောက်ဆုံးတော့ နွားဝါလေး အံကြိတ်ကာ စကားလုံးအချို့ ရေရွတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ မတူသည့်မျိုးနွယ်စုမှ မဟုတ်ပဲ လူအများလက်ခံထားသည့်မျိုးနွယ်စုဖြစ်သည်ဟု သတ်မှတ်ထားသည်ပင်။
သို့သော် ယခုတော့ သူ ဤစကားများ ပြောလိုက်ကာ သူ၏လှပသည့်မျက်နှာလေးလည်း အတော်လေး ကြည့်ရဆိုးလာသည်။
“ဘာဖြစ်နေတာလဲ .. ငါ့နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတယ် .. ဒီနေရာမှာ နေရတာ သက်တောင့်သက်သာ မဖြစ်ဘူး ဖြစ်နေတယ်” နွားနက်ကြီး တစ်ကိုယ်လုံး ကြက်သီးထလာသည်။
“ဒီနေရာမှာ လူသားမဟုတ်တဲ့ မျိုးနွယ်စုတွေကို ပစ်မှတ်ထားတဲ့ ရှေးဟောင်းမှော်တစ်မျိုး ရှိနေတယ်” နွားဝါလေးမှ မကျေမနပ်ရှင်းပြလာသည်။ ဤသည်မှာ လူမျိုးရေး ခွဲခြားခြင်းပင်။
တားမြစ်ထားသည့် လမ်းကြောင်းကို ပထမဆုံး ဖြတ်လာနိုင်သည့် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သောကြောင့် သူ့ထံတွင် မာနရှိသည်ပင်။
“နာမည်ကြီးတောင်ကို တက်မယ့် လမ်းတစ်ခုပဲရှိတယ် .. လုံဟူတောင်က လူတွေကို ချစ်လည်းချစ်တယ်၊ မုန်းလည်းမုန်းတယ်” နွားဝါလေး ရေရွတ်လိုက်သည်။
ဤနေရာနှင့် ပတ်သက်သည့် သမိုင်းဝင်အချက်အလက်များနှင့် ဒဏ္ဍာရီများစွာကို ချုဖုန်း အမှတ်ရမိသွားသည်။ တာအိုကျောင်းတော်ကို ကောင်းကင်ဆရာတစ်ဦးမှ စောင့်ကြပ်နေပြီး ထိုဆရာသည် ဤနေရာမှ ထွက်ခွာလေ့မရှိ။
ထိုဆရာမှာ မကောင်းဆိုးဝါးနှင့် နတ်ဆိုးများ သတ်ဖြတ်ရာတွင် ကျွမ်းကျင်သူည့်သူတစ်ဦးပင်။
အဲဒီဒဏ္ဍာရီတွေက ဒီတိုင်းသပ်သပ်ဖြစ်လာတာ မဟုတ်ဘူးထင်တယ် .. ဒီနေရာမှာ သားရဲမျိုးနွယ်စုတွေကို ပစ်မှတ်ထားတဲ့ စွမ်းအင်တစ်ချို့ ကျန်နေသေးတယ်ထင်တယ်..
အနီရောင်နေလုံးကြီးမှ ခရမ်းရောင်တိမ်တိုက်များ ထွက်ပေါ်လာကာ လုံဟူတောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ဤတိမ်တိုက်များကြောင့် တောင်ကြီး ပို၍ ခမ်းနားလာကာ အခြားလောကတစ်ခုနှင့် ချိတ်ဆက်ထားသည့် နေရာတစ်ခုကဲ့သို့ ဖြစ်လာသည်။
အရှေ့ဘက်ကလာတဲ့ ခရမ်းရောင်တိမ်တိုက်တွေလား..
ချူဖုန်း ယခင်က ဤမြင်ကွင်းကို ဘုရားနယ်မြေနှင့် ခွန်းလွန်တောင်၌ တွေ့ဖူးသည်။ တောင်ကြီးကိုယ်တိုင်က ထူးခြားသည့်စွမ်းအင်များ ရှိနေသည့် ခရမ်းရောင်တိမ်တိုက်များအား ဆွဲယူနေခဲ့ခြင်းပင်။ ဤတိမ်တိုက်များမှာ လူတစ်ယောက်၏ ဆင့်ကဲပြောင်းလဲခြင်းအတွက် အလွန်အကျိုးရှိသည်။
“ဂီး..”
အဝေးမှ နဂါးတစ်ကောင်အော်သံ ထွက်ပေါ်လာသည်။ ထိုအော်သံတွင် ဒေါသတရားများ ပါဝင်နေပြီး တောင်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
နွားနက်ကြီး ထိတ်လန့်သွားရသည်။
“ကျွမ်းကျင်သူတစ်ယောက် ဒီကိုရောက်နေပြီးတော့ စတိုက်နေပြီလား..” ချူဖုန်း အံ့အားသင့်သွားရသည်။
အသံမှာ တောင်နောက်မှလာခြင်းပင်။ ထို့အပြင် ဤအသံမှာ စွမ်းအားကြီးသည့် ကျွမ်းကျင်သူတစ်ဦး ဒဏ်ရာရသွားသောကြောင့် ဒေါသတကြီး အော်ဟစ်သည့် အသံမျိုးပင်။
“ဒီနေရာက သားရဲမျိုးနွယ်စုတွေကို ဖိနှိပ်ထားတဲ့ စွမ်းအင်က အရမ်းပြင်းတယ် .. ခုနက အော်လိုက်တဲ့သူက သားရဲဘုရင်တစ်ယောက်ပဲ ဖြစ်လိမ့်မယ်” နွားဝါလေး ပြောလိုက်သည်။
သူတို့ တောင်ကြီးကို ပတ်သွားလိုက်ပြီးနောက် မြင်ကွင်းကောင်းသည့် တောင်ထိပ်တစ်ခုကို ရွေးကာ တောင်နောက်မှ မြင်ကွင်းကို လေ့လာကြည့်ရှုလိုက်သည်။
ဝုန်း..
တောင်ကြီးနှင့် မြေပြင်ကြီး တုန်ခါသွားသည်။ ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူတစ်ဦး လှုပ်ရှားနေပြီထင်သည်။ သို့သော် ကြည့်ရသည်မှာ သူ တစ်ခုခုထဲ ပိတ်မိနေပြီး ချိုးဖောက်ထွက်ပြေးရန် ကြိုးစားသည်နှင့် ပိုတူနေသည်။
“အား..”
ထို့နောက် ကြီးမားလှသည့် အနက်ရောင်မြွေနဂါးတစ်ကောင် တောင်ထိပ်သို့ တက်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။ ဤမြင်ကွင်းမှာ ကျားဖြူနှင့် လုရှီယွင်ကို အံ့အားသင့်သွားစေခဲ့၏။ ဤသည်မှာ သူတို့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းပင်။
“ချိုတစ်ချောင်းနဲ့ မြွေနဂါးနက်..” နွားနက်ကြီး မျက်လုံး ပြူးကျယ်သွားရသည်။
ထိုသားရဲ၏ ဦးခေါင်းထက်၌ ချိုတစ်ခု ရှိနေပြီး တစ်ကိုယ်လုံး သွေးများ ပေကျံနေသည်။ ခန္ဓာကိုယ်၏ အချို့နေရာများတွင် ပြတ်ရှရာများ ရှိနေသောကြောင့် သူ မည်ကဲ့သို့သော ကံဆိုးမှုများ ကြုံခဲ့ရသည်ကို ဘုရားသာ သိလိမ့်မည်။
သူသည် မီတာပေါင်းထောင်ပေါင်းများစွာကို တစ်ခဏအတွင်း ခုန်ပျံကျော်လွှားကာ သာမန်တောင်တစ်လုံးပေါ်သို့ ရောက်သွားသည်။ ထို့နောက် ထိုတောင်မှ အဝေးသို့ ပျံသန်းသွားလေ၏။
“အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်..” လင်းနွိုင် မျက်မှောင်ကြုတ်လိုက်သည်။
လုရှီယွင်၏ လှပသည့်မျက်နှာထက်တွင် အကြောက်တရားများ ပြည့်နှက်သွားသည်။ ကြီးမားလှသည့် မြွေနဂါးကြီး သူတို့ကို ဖြတ်သန်းသွားခြင်းဖြစ်သောကြောင့် သူမ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူ ထွက်ပြေးရင်း သူ၏ခန္ဓာကိုယ်ကြီးဖြင့် တောင်များကို တိုက်မိသွားသည်နှင့် ထိုတောင်ကြီး တုန်ခါကာ ပြိုကျသွားလေသည်။
ဒီမြွေနက်က အရမ်း ကြောက်စရာကောင်းတယ်..
“သူ့ကို ရေနဂါးလို့ သတ်မှတ်လို့ရလား..” ချူဖုန်း နွားဝါလေးကို မေးလိုက်သည်။
“ပြောရမယ်ဆိုရင်တော့ သူက ဦးချိုတစ်ချောင်းနဲ့ မွေးလာတာဆိုတော့ မြွေတစ်ကောင် မဟုတ်တော့ဘူး .. ဒါပေမဲ့ သူ့ကို ရေနဂါးလို့လည်း ခေါ်လို့မရသေးဘူး .. သူ့ကို ရေမြွေနဂါးလို့ခေါ်တာက ပိုသင့်တော်မယ်ထင်တယ်”
“တောင်ပိုင်းပင်လယ်က နဂါးနက်မင်းသား..” လင်းနွိုင် ပြောလာသည်။
“ဘာ နွိုင် .. မင်း သူ့ဇစ်မြစ်ကို သိတာလား..” ချူဖုန်း အံ့အားတကြီး မေးလိုက်သည်။ ထို့နောက်တွင်တော့ သူ ဒိမ်ဒီအဖွဲ့အစည်းကြီး၏ အင်အားကို သတိရမိသွားသည်။ သူတို့ ဤကဲ့သို့သော သတင်းမျိုးကို သိနေသည်မှာ ပုံမှန်ပင်။
အင်အားကြီး အဖွဲ့အစည်းများ ပူးပေါင်းကာ ဖူရှန်းသစ်ပင်ကို ရှာဖွေရန် ကြိုးစားခဲ့သေးသည်ဟု လင်းနွိုင် သူ့အား ပြောပြခဲ့သေးသည်ပင်။ သို့သော် ပင်လယ်ထဲမှ သတ္တဝါများမှာ အလွန်စွမ်းအားကြီးလှသောကြောင့် သူတို့အစီအစဉ် ပျက်စီးသွားခဲ့ရသည်။ ထို့အပြင် ပင်လယ်ထဲမှ သက်ရှိများမှာ တောအုပ်ထဲမှ သစ်ပင်များကဲ့သို့ များပြားလှသည်။
သူတို့ ပင်လယ်ထဲသို့ မသွားနိုင်ခဲ့သော်လည်း ဒိမ်ဒီမှာ သူတို့ အိမ်စာကို လုပ်ပြီးသွားလေပြီ။
ရေအောက်မျိုးနွယ်စုများထဲတွင် ကုန်းမြေကို ကျူးကျော်ကာ မိုးကြိုးကျောင်းနှင့် လုံဟူတောင်ကို သိမ်းပိုက်မည်ဟု ကြွေးကြော်ခဲ့သည့် တောင်ပိုင်းပင်လယ်မှ နဂါးနက်မင်းသားတစ်ဦး ရှိခဲ့သည်။
ထိုကြွေးကြော်သံကို ကြားသည်နှင့် လူများ ထိတ်လန့်သွားခဲ့ကြရသည်။ ကြည့်ရသည်မှာ ရေအောက်မျိုးနွယ်စုများသည် ကုန်းမြေသို့တက်လာပြီး နာမည်ကြီးတောင်များ၊ မြစ်များအတွက် စတင်တိုက်ခိုက်နေပြီထင်သည်။
တိုက်ပွဲကြီးကို ရှောင်လွဲ၍ ရတော့မည်မဟုတ်ကြောင်း သူတို့သိလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် လင်းနွိုင် သက်ပြင်းချလိုက်ကာ “တောင်ပိုင်းပင်လယ်ရဲ့ နဂါးနက်မင်းသားက အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူပဲ .. သူတောင်မှ နှစ်ပိုင်းပြတ်လုနီးပါးဖြစ်သွားပြီး အသက်လု ပြေးခဲ့ရတာ .. လုံဟူတောင်အနောက်ဘက်က အရမ်း ကြောက်စရာကောင်းတာပဲ..”
“သူ အဲဒီနေရာမှာ ပိတ်မိနေတာ အနည်းဆုံးတစ်ညတော့ရှိပြီ .. သူ ကံကောင်းလို့ လွတ်သွားတာ..” နွားဝါလေး အခြေအနေကို ခွဲခြမ်းပြလိုက်သည်။
ထို့အပြင် ဤတောင်နောက်ဘက်လမ်းမှာ လုံဟူတောင်ပေါ်သို့ တက်သည့် အဓိကလမ်းမဟုတ်။
သူတို့အုပ်စု မျက်မှောင်ကြုတ်လိုက်ကြ၏။ လုံဟူတောင်ကို မသိမ်းပိုက်နိုင်သည်မှာ အံ့အားသင့်စရာမရှိတော့။ အရပ်မျက်နှာအားလုံး ကြောက်စရာကောင်းနေသည်ပင်။
“အာ .. နွိုင် .. မင်းလည်း ဒီရောက်နေတာလား .. ငါတို့ ကံစပ်နေတာပဲ”
ဥပတိရုပ်ကောင်းသည့် လူငယ်တစ်ဦး ကျောက်တုံးများ၊ သစ်ပင်များကို ဖြတ်သန်း၍ ရောက်ရှိလာသည်။ သူ့ပုံစံမှာ နတ်ဘုရားတစ်ပါး လေဟာနယ်ထဲ၌ လမ်းလျှောက်သွားနိုင်သကဲ့သို့ပင်။
သူသည် လင်းနွိုင်ကို စိတ်အားတက်ကြွသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် ချူဖုန်းနှင့် နွားနှစ်ကောင်ကို ကျိန်ဆဲချင်သည့်အကြည့်ဖြင့် ကြည့်လာသည်။ သူ့မျက်လုံးထဲ၌ ရွံရှာမှုများ ဖြတ်ပြေးသွားသည်ပင်။