Chapter – 175 ” ညှိနှိုင်းစဥ်ကာလအတွင်း ဆိုးရွားမှုဖြစ်ခြင်း ”
°°°
ခန္ဓာကိုယ်မျိုးနွယ်ကလဲ အချိန်အကြာကြီးတိတ်ဆိတ်မနေခဲ့ပါဘူး။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ပေးအပ်လိုက်တဲ့သေမိန့်ချကိစ္စနဲ့ပတ်သက်ပြီ သူတို့ကလုံး၀ကို ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီကိစ္စနဲ့ဘာမှမဆိုင်တဲ့အကြောင်းလဲ လုံး၀ကိုအခိုင်အမာပြောကြားခဲ့တယ်။ အဲ့ဒီနောက် သူတို့ကို လက်စားလာချေ၀ံ့တဲ့ဘယ်သူမဆို သေချာပေါက် လုပ်ရပ်အတွက် ကြီးမားတဲ့တန်ကြေးကို ပေးဆပ်ရမယ်အကြောင်းပါဆက်ပြီ ကြော်ငြာလိုက်ပါတယ်။
ခန္ဓာကိုယ်မျိုးနွယ်ဘာတွေပဲပြောပါစေ သူတို့ရဲ့ ရပ်တည်ချက်ကချက်ချင်းဆိုသလိုကြီးမားလာခဲ့ပါပြီ။ အခုအချိန်မှာ သူတို့တွေက အမျက်ဒေါသကျောင်းတော်နဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထက်တောင် ပိုပြီးအင်အားကြီးတဲ့ပုံစံပေါ်နေခဲ့ပါတယ်။
တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်တန်းအင်အားစုကြီးတစ်ခုအဖြစ် သူက ပေါ်ထွက်လာခဲ့တာပါ။
ဟို့ယွိဟောင်လဲ သူနိုးလာပြီချိန်မှာ ဒီကိစ္စတွေကိုကြားသိခဲ့ရပါတယ်။ လေးရက်တိတိ သူဆက်တိုက်အိပ်ပျော်နေခဲ့တာပါ။ ဒါက ဟန်ဆောင်နေတာမဟုတ်ခဲ့ပါဘူး။ သူလုံး၀ကိုလေးရက်တိတိ အိပ်မောကျသွားခဲ့တာပါပဲ။
သူနိုးထလာချိန်မှာတော့ ထူးဆန်းတဲ့ခံစားချက်ကို ခံစားလိုက်ရပါတော့တယ်။ စိတ်၀ိညာဥ်လောကတံခါးအသစ်တစ်ခုပွင့်သွားသလိုမျိုး စိတ်အခြေအနေက ပုံမှန်နဲ့မတူအောင်ကြည်လင်ရှင်းလင်းလို့နေခဲ့ပါတယ်။ ဒါ့အပြင် အောက်လမ်းပညာနဲ့ပတ်သက်ပြီ အရင်တုန်းက ဝေ၀ါးနေခဲ့တဲ့ အသိပညာတွေကလဲ လက်ရှိအချိန်မှာ ကြည်လင်ရှင်းလင်းသွားခဲ့သလို နားလည်မှုကလဲတိုးတက်လို့လာခဲ့ပါတယ်။
သူနိုးလာချိန်မှာတော့ နှင်းဧကရီရော အကြီးအကဲလျှပ်စီးဧကရာဇ်တို့က အိပ်နေခဲ့ကြပါပြီ။ ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့က ပြောပြခဲ့ပါတယ်။ နှင်းဧကရီရဲ့ချိတ်ပိတ်စည်းက ပြီးပြည့်စုံသွားပြီဖြစ်တာကြောင့် သူမရဲ့စွမ်းအားတွေကို ဟို့ယွိဟောင် ၀ိညာဥ်သူတော်စင်ဖြစ်မှသာ ဖွင့်ထုတ်နိုင်မှာပါ။ သူမအိပ်နေတဲ့ အချိန်အတောအတွင်း နှင်းဧကရီက စိတ်၀ိညာဥ်အသိစိတ်ကိုပြန်လည်ရရှိအောင်ကြိုးပမ်းနေပါလိမ့်မယ်။
အရာအားလုံးကတော့ ပုံမှန်လိုပါပဲ။ ဟို့ယွိဟောင်ကလဲ အများကြီးပိုပြီးမသန်မာလာခဲ့ပါပြီ။ အကြီးအကဲလျှပ်စီးဧကရာဇ်ပြောသလို ဆင့်ကဲတိုးတက်မဲ့ရက်ကို မျှော်လင့်နေခဲ့ပါပြီ။ ဒါပေမယ့် နှင်းဧကရီက သူနဲ့ပေါင်းစည်းမှာလား အကယ်၍ဒီအဆင့်ကျော်တိုးတက်မှုက ငြင်းပယ်ခံလိုက်ရင်ကောဘယ်လိုဖြစ်မလဲ အကြီးအကဲလျှပ်စီးဧကရာဇ်အိပ်ပျော်နေတာကြောင့်သာ မဟုတ်ဘူးဆိုရင် သူသေချာပေါက် အဖြေရဖို့ကြိုးပမ်းနေခဲ့မှာပါ။
ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ အတွင်းပိုင်းပဋိပက္ခတွေက ဟို့ယွိဟောင်နဲ့ဘာမှဆိုင်မနေခဲ့ပါဘူး။ ဒါပေမယ့် သူနိုးလာချိန်မှာတော့ အတော်ကိုစိုးရိမ်ခဲ့ရပါတယ်။ နောက်ဆုံးတော့လဲ သိုလှောင်ရေးပစ္စည်းတွေထဲမှာရှိနေတဲ့ ကြီးမားလွန်လှတဲ့ကြယ်အလင်းနီလာကျောက်ကြီးနဲ့ သတ္ထုကိုယ်ထည်ကြီးက လက်ရှိအချိန်မှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမအတွက်ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို သူသိပါတယ်။ သေချာပေါက် ဒါသာရှာတွေ့သွားမယ်ဆိုရင် သူ့ကိုလုံး၀အလွှတ်ပေးတော့မှာမဟုတ်ပါဘူး။
လူတိုင်းကိုရှာဖွေနေတဲ့အကြောင်း သူကြားချိန်မှာတောင် ပိုပိုပြီးစိုးရိမ်လာပါတော့တယ်။ အကယ်၍ ဒါမျိုးသာဖြစ်လာမယ်ဆိုရင် သူဘယ်နေရာမှာသွား၀ှက်ထားလို့ရမှာလဲ။
” ကျွန်တော်အခုအဆင်ပြေသွားပြီ ကျောင်းဆောင်ကိုပြန်လို့ရပြီလား ”
ဟို့ယွိဟောင်က တာ၀န်ကျတဲ့သမားတော်ကို မေးလိုက်ပါတယ်။
သမားတော်က သူ့ခန္ဓာကိုယ်ကိုစစ်ဆေးပြီတဲ့နောက် ခေါင်းညိတ်လာခဲ့တယ်။
” ကြည့်ရတာ မင်းအတော်လေး အဆင်ပြေပုံပဲ ထူးထူးဆန်းဆန်း မင်းရဲ့ဦးနှောက်က ဘယ်လိုဒဏ်ရာမျိုးကိုမှခံစားရတဲ့ပုံမပေါ်ဘူး…ဒါဆိုဘာဖြစ်လို့ ဒီလောက်အကြာကြီးသတိလစ်နေတာလဲ ”
” ကျွန်တော်လဲမသိဘူးဆရာ အဲ့ဒီနေ့ကဘာဖြစ်သွားလဲဆိုတာ မေးကြည့်ပါရစေလား ဘယ်ကောင်တွေကများ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကိုလာပြီ တိုက်ခိုက်ဖို့သတ္တိကောင်းနေရတာလဲ ”
သမားတော်က သူ့နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း လက်ညိုးတစ်ချောင်းထောင်ပြကာ အသံတိုးခိုင်းလိုက်ပါတယ်။
” ငါတို့ဒါပြောလို့မရဘူး ခန်းမသခင်က ဒီကိစ္စနဲ့ပတ်သက်ပြီ လုံး၀အမိန့်ချထားတယ်..ကျောင်းတစ်ခုလုံးမှာဘယ်ဆရာကော ဘယ်ကျောင်းသားကမှ အပြင်ကိုထွက်လို့မရဘူး..ဒီသတင်းကိုလဲ အပြင်ကိုမထွက်စေရဘူးတဲ့ ”
” အားလုံးက စစ်ဆေးခံရလိမ့်မယ်…မင်းသတိလစ်နေတာကြောင့်သာ မဟုတ်ဘူးဆိုရင် သေချာပေါက် မင်းကိုလဲ စစ်ဆေးနေပြီလောက်ပြီ ငါကြီးကြပ်ရေးမှူးကိုသွားသတင်းပို့လိုက်မယ်..အခုမင်းဒဏ်ရာတွေပြီးသွားပြီဆိုတော့ မေးခွန်းအမေးခံရပြီရင် ပြန်သွားလို့ရပါပြီ ဒီနေရာမှာခဏစောင့်နေ ငါသွားခေါ်လိုက်ဦးမယ် ”
သူဘ၀မှာအလန့်ဆုံးကိစ္စက ဖြစ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းလို့သွားပါတော့တယ်။ သူဘာလုပ်ရမလဲ ဘာလုပ်ရမလဲ ဦးနှောက်ကိုလက်ရှိအချိန်မှာ ပြင်းပြင်းထန်ထန်အလုပ်ပေးရင်း စတင်တွေးတောနေခဲ့ရပါပြီ။
” ဒီကိစ္စက ပြင်းပြင်းထန်ထန်လဲ ဖြစ်နိုင်တယ်…ဒါမှမဟုတ်ရင် ပေါ့ပေါ့ပါးပါးလဲဖြစ်သွားနိုင်တယ် ”
” အဆိုးဆုံးကိစ္စအတွက်လဲ ပြင်ဆင်ထားရမယ် ”
သူချက်ချင်းဆိုသလို သူပတ်၀န်းကျင်ကိုစပြီလေ့လာပါတော့တယ်။
သမားတော်ကတော့ လက်ရှိအချိန်မှာ အတော်လေးကိုစည်းကမ်းတင်းကြပ်ပုံရတဲ့ဆရာတစ်ယောက်နဲ့ ပြန်လာခဲ့ပါတယ်။ အဲ့ဒီလူကိုဟို့ယွိဟောင်လဲကောင်းကောင်းမှတ်မိနေခဲ့တယ်။
” မင်းနာမည်က ဟို့ယွိဟောင်လား ”
ဆရာက အေးစက်တဲ့လေသံနဲ့မေးလာခဲ့တယ်။
” ဟုတ်ပါတယ် ”
” မင်းက အမျက်ဒေါသကျောင်းတော်က ဟုတ်တယ်ဟုတ် ”
” မှန်ပါတယ် ”
” ပုံရိပ်ယောင်အစစ်အမှန်ခန်းမ တိုက်ခိုက်ခံရတဲ့အချိန်မှာ မင်းဘာတွေကိုမြင်ခဲ့လဲ မင်းဘာတွေကိုလုပ်နေလဲ ”
ဆရာကပြောပြီတဲ့နောက် သမားတော်ကိုထွက်သွားခိုင်းလိုက်ပါတယ်။
ဟို့ယွိဟောင်လဲ တခဏတာတွေးပြီတဲ့နောက် ပြန်ဖြေလာခဲ့တယ်။
” အဲ့ဒီအချိန်တုန်းက ၀ိညာဥ်လက်နက်တစ်ခုကိုလုပ်လက်စကြီးပါ အပိုင်းအစတွေကို တပ်ဆင်နေတဲ့အချိန်မှာပဲ ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်လာခဲ့ပါတယ်…ကျွန်တော်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် အန္တရာယ်ကို အာရုံခံနိုင်စွမ်းက မြင့်မားတဲ့အပြင် တစ်စုံတစ်ရာလွဲမှားနေတာသိသိချင် စားပွဲအောက်မှာ ချက်ချင်း၀င်ပုန်းလိုက်ပါတယ်..အပြင်ကနေပေါက်ကွဲသံကိုကြားပြိီတဲ့နောက် ကြောက်စရာကောင်းတဲ့၀ိညာဥ်စွမ်းအားက ကျွန်တော်ကိုအပြင်ဖက်ဆီ မထောက်လှမ်းနိုင်အောင် လုံး၀ကာကွယ်လိုက်တော့တယ်..အပြင်ဖက်ကတိုက်ပွဲအသံနည်းနည်းငြိမ်သွားတာနဲ့ ကျွန်တော်အပြင်ဖက်ကို ခေါင်းပြူးပြီထွက်ကြည့်လိုက်တယ်..အဲ့ဒီနောက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့တစ်ဖက်ကိုပြေးတော့တာပဲ ပြေးနေချိန်မှာ နောက်ကနေအင်အားကြီးတစ်ခု ကျွန်တော်ကို၀င်တိုက်တာ ခံစားလိုက်ရတယ်…အဲ့ဒီနောက်သတိလစ်သွားခဲ့တယ် ”
ဟို့ယွိဟောင် ဖြေတဲ့အချိန်မှာ မလိမ်ညာဖို့ကိုကြိုးစားခဲ့ပါတယ်။ သူက လုံး၀အမှန်ကိုပြောတဲ့အတိုင်းရှိနေခဲ့တာပါ။ တိုက်ပွဲထဲမှာ သူတို့တွေဘယ်လိုမျိုး အသက်ရှင်သန်လာခဲ့လဲဆိုတာ မသိရင်တောင်မှ သေချာပေါက် မြေအောက်စောင့်ကြည့်ရေး ကိရိယာတွေကနေ ဒါကိုပြန်ပြီလေ့လာနိုင်မှာပါ။ ဒါကြောင့် တခြားသူရဲ့သံသယ၀င်မှုတွေကို ဖျောက်ဖျက်နိုင်ဖို့အတွက် အဓိပ္ပါယ်မရှိတဲ့ အသေးစိတ်တွေကိုထည့်ပြီပြောတာက သိပ်ပြီမဆိုးလှပါဘူး။
ဟို့ယွိဟောင် ပြောတာကိုကြားပြီချိန်မှာ ဆရာကခေါင်းညိတ်လိုက်ပါတယ်။
” နောက်ထပ်ရှိသေးလား ဥပမာအားဖြင့်တစ်ခုခုထူးခြားတာကို တွေ့ရတာတွေဘာတွေပေါ့ ”
ဟို့ယွိဟောင်က ခေါင်းသာခါပြလိုက်ပါတယ်။ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အရ သူတို့တွေက ဒီလိုစစ်ကြောရေးတွေအတွက် ဆက်တိုက်လေ့ကျင့်ပြီးသားပါ။ ဒီမေးခွန်းတွေကို ဖြေနေချိန်မှာ ဟို့ယွိဟောင်ရဲ့နှလုံးခုန်သံနဲ့ လေသံတွေအားလုံးက ပုံမှန်ဖြစ်နေခဲ့ပါတယ်။ မျက်လုံးတွေတောင်မှ အကြည့်တစ်ချက်မလွဲခဲ့ပါဘူး။
ဆရာက သူ့ကိုဂရုတစိုက်စောင့်ကြည့်လို့နေခဲ့ပြီတဲ့နောက် ခေါင်းကိုခါလိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့လက်ကောက်၀တ်ကနေ သိုလှောင်ရေးပစ္စည်းနဲ့တူညီတဲ့ သတ္ထုချောင်းတစ်ခုကို ထုတ်ယူလာခဲ့တယ်။
” ငါမင်းကို တစ်ခေါက်ရှာဖွေဖို့လိုလိမ့်မယ်…မင်းရဲ့သိုလှောင်ရေးအမျိုးအစားပစ္စည်းတွေအားလုံးကို အရှေ့ထုတ်လိုက် မင်းထုတ်ပြီရင် ငါ့ကိုပေးဘာကိုမှချန်ထားလို့မရဘူး ”
ဟို့ယွိဟောင်ရဲ့မျက်နှာက ပျက်သွားပါတော့တယ်။
” အားနာပါတယ်ဆရာ ကျွန်တော်ရဲ့လုံခြုံရေးကိုကာကွယ်ဖို့ကျွန်တော်မှာ အခွင့်အရေးအပြည့်ရှိပါတယ်…ဒါတွေကိုရှာဖွေဖို့ခွင့်မပြုနိုင်ဘူး..ဒါ့အပြင် ကျွန်တော်က အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားတစ်ယောက်ပါ အကယ်၍ သာမန်ကျောင်းသားဖြစ်နေမယ်ဆိုရင်တောင် ဆရာမှာကျွန်တော်ကိုဒီလိုရှာဖွေဖို့ ဘာအခွင့်အရေးမှရှိမနေဘူး ”
” အခွင့်အရေးမရှိဘူးဟုတ်လား ငါတို့ကျောင်းတော်ရဲ့နာမည်ကို မင်းမမေ့နဲ့ နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်တဲ့ ငါတို့ကတော်၀င်မိသားစုရဲ့တိုက်ရိုက်အမိန့်တော်အောက်မှာရှိနေတာ ဒါကြောင့် ကျောင်းသားတွေအားလုံးက တော်၀င်မိသားစုရဲ့စည်းမျဥ်းတွေကိုလိုက်နာရတယ်…ငါတို့ရဲ့အုပ်ချုပ်မှုကလဲ စစ်တပ်အငယ်နဲ့တူညီတယ်..ဒါကအရှင်မင်းမြတ်ရဲ့ကိုယ်ပိုင်စည်းကမ်းကနေလာတဲ့ အမိန့်ပဲ စစ်ဆေးမှုကိုငြင်းဆန်းတဲ့ဘယ်သူမဆိုသေချာပေါက် သစ္စာဖောက်အဖြစ် ဆွဲချက်တင်ခံရလိမ့်မယ်..မင်းဘယ်ကလာလဲဆိုတာ ငါဂရုမစိုက်ဘူး…မင်းက ဒီဖြစ်စဥ်ဖြစ်နေတဲ့အချိန် ငါတို့ကျောင်းထဲမှာရှိနေပြီဆိုမှတော့ သေချာပေါက် ရှာဖွေရလိမ့်မယ်….ငါတို့တွေရှာဖွေတဲ့အချိန်မှာ မင်းရဲ့ဂုဏ်သိက္ခာကိုကျဆင်းမဲ့ဥစ္စာလဲဘာမှလုပ်မှာမဟုတ်ဘူး ”
ဟို့ယွိဟောင်ရဲ့မျက်နှာကနီရဲလို့သွားခဲ့ပြီ သူဒေါသတကြီးနဲ့ ပြောလာပါတော့တယ်။
” ကောင်းပြီ လုပ်ပါရှာလိုက်စမ်းပါ ခန်းမသခင်ကျန်ဟုန်ချန်ကိုပြောလိုက် ဒီကိစ္စတွေအားလုံး အမျက်ဒေါသကျောင်းတော်ကို ပြန်ပြီသတင်းပို့မယ်လို့ ဒါ့အပြင် ငါရဲ့ကျောင်းတော်မှာ မင်းတို့ရဲ့ကျောင်းသားတွေဒီလိုမျိုး မတရားမှုကိုရင်မဆိုင်ရဖို့ဆုသာတောင်းထားကြတော့ ”
သူပြောပြီတာနဲ့ ရှိသမျှ၀ိညာဥ်ပစ္စည်းတွေအားလုံးကို အပြင်ထုတ်လာပါတော့တယ်။ သူ့ရဲ့လက်ကောက်မှာရှိတဲ့ သိုလှောင်ရေး၀ိညာဥ်ပစ္စည်းတွေအပြင် ခါးပတ်နဲ့တခြား၀ိညာဥ်ပစ္စည်းတွေတင်မက ဟုန်ချန်ကောင်းချီးမင်္ဂလာကိုပါ ထုတ်လာခဲ့တယ်။ အဲ့ဒီနောက် ဆရာဆီကိုကမ်းပေးလိုက်ပါပြီ။
ဟို့ယွိဟောင်ရဲ့ ခြိမ်းခြောက်စကားကိုကြားချိန်မှာ ဆရာရဲ့မျက်နှာက အနည်းငယ်ပျော့ပြောင်းလို့သွားခဲ့ပါတယ်။
” အရမ်းကြီးလဲ စိတ်မဆိုးပါနဲ့ ငါတို့လဲရွေးချယ်စရာမရှိဘူးလေ ကျောင်းတော်ထဲမှာမင်းသားတစ်ပါးရှိနေမယ်ဆိုရင်တောင် ငါတို့တွေသူ့ကိုလေ့လာပြီရှာဖွေရမှာပဲ ”
သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ကို သတ္ထုပစ္စည်းနဲ့သူစတင်ပြီရှာဖွေပါတော့တယ်။ အိပ်ရာနဲ့ ဘေးတစ်လျှောက်ကိုလဲ ဆက်တိုက်ဆိုသလို စူးစမ်းလေ့လာခဲ့တယ်။ ဘယ်၀ိညာဥ်ပစ္စည်းကမှ ဖုံးကွယ်ထားတာ ဖျောက်ဖျက်ထားတာ မရှိရအောင်သေချာလေ့လာနေခဲ့တာပါ။
သိုလှောင်ရေးအမျိုးအစား၀ိညာဥ်ပစ္စည်းတွေကိုရှာဖွေဖို့ကလွယ်ပါတယ်။ ၀ိညာဥ်စွမ်းအားကိုအထဲထည့်လိုက်ရုံပါပဲ။ ဟို့ယွိဟောင်က လက်ရှိအချိန်မှာ ဒါမျိုးတွေကို မလုပ်နိုင်သေးပါဘူး။
” ဘာဖြစ်လို့မင်းမှာပုံအဆင့်ကိုး၀ိညာဥ်ပစ္စည်းရှိနေရတာလဲ ”
ဟုန်ချန်ကောင်းချီးမင်္ဂလာက ဆရာရဲ့အာရုံစိုက်မှုကို ရရှိလို့သွားခဲ့တယ်။
” ခန်းမသခင် ကျန်ဟုန်ချန်ကို သွားမေးလိုက်လေ”
ဆရာက ဟို့ယွိဟောင်ရဲ့အဆင့်ကိုး၀ိညာဥ်လက်နက်ကို ယူပြီတဲ့နောက် ပြောလာခဲ့တယ်။
” ငါနဲ့လိုက်ခဲ့ ”
အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ မှတ်ဉာဏ်ထဲမှာ အမြဲတမ်းထင်ထင်ရှားရှားရှိနေခဲ့တဲ့ ၀ိညာဥ်ပစ္စည်းတစ်ခုကိုထုတ်ယူလာပါတော့တယ်။ ဒါကရွှေရောင်လက်ထိပ်တွေပါ။ ဟို့ယွိဟောင်က သူ့ရဲ့လက်တွေကိုအရှေ့ထုတ်လိုက်ပြီ ပြောလာခဲ့ပါတယ်။
” လက်ထိပ်ခတ်ပြီ ၀ိညာဥ်စွမ်းအားတွေကို ချိတ်ပိတ်လိုက်လေ ”
ဆရာကတော့ သူ့ကိုသံသယအပြည့်နဲ့ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို လက်ထိပ်ခတ်လိုက်တယ်။
” အခုကျွန်တော်ဘာမှမလုပ်နိုင်တော့ဘူး…ကောင်းပြီ ခန်းမသခင်ကျန်ဟုန်ချန်ကို သွားရှာပြီလာစစ်ဆေးခိုင်းလိုက် ကျွန်တော်ကတော့ ဆရာနဲ့ဘယ်မှသွားမှာမဟုတ်ဘူး…ဒီလိုမတရားတဲ့ကိစ္စတွေအားလုံး အမျက်ဒေါသကျောင်းတော်ဆီကို ပြန်လည်သတင်းပို့ရမယ်…ဒါ့အပြင် စစ်ဆေးပြီတဲ့ပစ္စည်းတွေကိုလဲ ကျေးဇူးပြုပြီး ပြန်ပေးပါ ”
ဟို့ယွိဟောင် ဒီလောက်အထိရင်ဆိုင်ရခက်ခဲနေမယ်လို့ ဆရာမထင်ထားခဲ့ပါဘူး။ ကျောင်းပြောင်းကျောင်းသားဖြစ်နေတာကြောင့်သာ မဟုတ်ဘူးဆိုရင် သေချာပေါက်ရိုက်နှက်ပြီ ဆွဲခေါ်သွားလောက်ပါပြီ။
ဟို့ယွိဟောင်ရဲ့အချက်အလက်ကထူးခြားပါတယ်။ သူမလာခင်တုန်းက လင်းကျားယွီသူ့ကိုသေချာပြောခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ရင်ဆိုင်ချိန်မှာ သေချာပေါက်အပြုအမူကိုသတိထားပါ။ မလိုအပ်တဲ့ပြဿနာတွေကို မဖြစ်စေနဲ့။
သူတခဏတာစဥ်းစားပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” မင်းဒီနေရာမှာစောင့်နေ ”
သူပြောပြီတဲ့နောက် လှည့်ထွက်သွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ သူ့ရဲ့သိုလှောင်ရေးပစ္စည်းကို ပြန်ကိုင်ထားခဲ့တယ်။ အဲ့ဒီနောက် ပြုံးလဲပြုံးနေခဲ့ပါတယ်။ နံရံရဲ့အစွန်းတစ်ဖက်ဆီကို သူလျှောက်လာပြီတဲ့နောက် လှုပ်ရှားလိုက်ပါတော့တယ်။ လေထဲကနေသူ့ရဲ့ခါးပတ်ကထွက်ပေါ်လာပါတော့တယ်။
ဟုတ်ပါတယ် အဲ့ဒီနေရာမှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ မြေပုံတစ်ခုလုံးကိုထည့်ထားခဲ့တာပါ။ ဒါ့အပြင် ကြယ်အလင်းနီလာကျောက်ကြီးကိုတော့ ကြမ်းပြင်ပေါ်မှာချထားခဲ့တယ်။
ဒီအချိန်တစ်လျှောက်လုံးမှာ ပုံစံတူတုပမှုကိုဆက်တိုက်အသုံးပြုနေခဲ့တဲ့အတွက် ရှိရှိသမျှပစ္စည်းတွေအားလုံးကို သူဖုံးကွယ်ထားခဲ့ပါတယ်။ ဒီပစ္စည်းတွေအားလုံးကို သူကနံရံမှာချိတ်ထားပြီ မြေပြင်ပေါ်မှာဒီအတိုင်းချထားမယ်လို့ ဘယ်သူကတွက်မိမှာလဲ။ ဆရာကလဲ သေချာပေါက် အဲ့ဒီနေရာကိုသွားမရှာပါဘူး။ သူကရူးနေတဲ့သူမှမဟုတ်ပဲ။
ဟို့ယွိဟောင်က ဒီလက်ထိပ်တွေကိုတော်တော်ကြိုက်ပါတယ်။ ဒါတွေကသူ့ရဲ့၀ိညာဥ်စွမ်းအားကို အတော်လေးအားကောင်းကောင်းနဲ့ ချိတ်ပိတ်ထားနိုင်ခဲ့ပါတယ်။ ဘယ်၀ိညာဥ်စွမ်းအားကိုမှ သူထုတ်သုံးလို့မရပါဘူး။ ဒါပေမယ့် စိတ်၀ိညာဥ်အမျိုးအစားပညာရှင်ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာသူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကိုအစားထိုးပြီ ကောင်းကောင်းအသုံးပြုနိုင်နေခဲ့တယ်။
ဒါကစိတ်၀ိညာဥ်မျက်လုံးရဲ့၀ိညာဥ်စွမ်းအားတွေအပေါ်မှာ အဓိကပိုပြီးသက်ရောက်မှုပြင်းထန်ပါတယ်။ ဒါပေမယ့် ရေခဲဧကရီသိုင်းပညာ၀ိညာဥ်နဲ့ပတ်သက်ပြီရင်တော့ ဘာမှသုံးလို့ရမှာမဟုတ်ပါဘူး။
ပုံစံတူတုပမှုကို သူဆက်တိုက်သုံးနေရင်း စိတ်၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီးသိုလှောင်ရေးပစ္စည်းကိုဖွင့်ကာ ပစ္စည်းကိုပြန်ထည့်လိုက်ပါတယ်။ ဒီလက်ထိပ်တွေခတ်ထားမယ်ဆိုရင် တစ်ဖက်လူတွေကလဲ သူ့ကိုဘာမှသံသယ၀င်မှာမဟုတ်ပါဘူး။
တကယ်တော့ ဟုန်ချန်ကောင်းချီးမင်္ဂလာက တစ်ဖက်လူကိုငါးစာချထားခဲ့တာပါ။ ကျန်ဟုန်ချန်က ဒီပစ္စည်းကိုပြန်ယူသွားနိုင်ချေရှိပါတယ်။ ဒါပေမယ့် မြေပုံနဲ့ သတ္ထုလူသားကြီးကိုတွေ့သွားမှာနဲ့ယှဥ်မယ်ဆိုရင် ဒါက လုံး၀ကိုတန်ကြေးရှိတဲ့အလဲအလှယ်လဲဖြစ်နေခဲ့တယ်။
တစ်ဖက်လူကိုအလွယ်လေးသူဒီလိုစစ်ဆေးခိုင်းနေခဲ့တာ ချထားတဲ့ပစ္စည်းတွေပေါ်သွားနိုင်ချေရှိလို့ပါ။ သူ့ကိုသာအလယ်ဗဟိုပြုထားခဲ့တဲ့ ပုံစံတူတုပမှုကငါးမီတာအကွာအဝေးအထိသာကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။
ပုံစံတူတုပမှုက တိုက်ခိုက်နိုင်တဲ့စွမ်းရည်မရှိပေမဲ့ တကယ်ကိုနတ်ဘုရားတစ်ပါးလိုစွမ်းရည်ရှိနေခဲ့ပါတယ်။ ဘယ်သူမဆို ဒီဥစ္စာကိုသေချာမကြည့်ရင် သတိထားမိနိုင်မှာမဟုတ်ပါဘူး။
မကြာခင်မှာပဲဆရာက လင်းကျားယွီရဲ့အတူပြန်ရောက်လာပါတော့တယ်။
” ယွိဟောင် မင်းကိုဘယ်သူလက်ထိပ်ခတ်ထားတာလဲ ”
လင်းကျားယွီဒါကိုမြင်ချိန်မှာ ချက်ချင်းမေးပါတော့တယ်။ ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေးသာပြန်ဖြေခဲ့တယ်။
” အဲ့ဒီကဆရာကိုမေးလိုက်ပါ ”
လင်းကျားယွီက ထအော်တော့တယ်။
” အတင့်ရဲလိုက်တာ သူ့ကိုချက်ချင်းလက်ထိပ်ဖြုတ်ပေးစမ်း ”
ဆရာလဲ ချက်ချင်းဆိုသလို လက်ထိပ်ပြန်ဖြုတ်ပေးဖို့လုပ်ပါတယ်။ ဒါပေမယ့် ဟ်ို့ယွိဟောင်ကတော့ ငြင်းပယ်ခဲ့တယ်။
” မလုပ်ပါနဲ့ ညွှန်ကြားရေးမှူးလင်းအချိန်ကိုက်ရောက်လာတယ်ဆိုတော့ ကွက်တိပဲပေါ့ ကျွန်တော်က အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းပြောင်းကျောင်းသား တရားခံတစ်ယောက်မဟုတ်ဘူး..အစောပိုင်းတုန်းက အဖမ်းခံထားရပြီးပြီ ဒီကိစ္စကိုခန်းမသခင်ကျန်ဟုန်ချန်နဲ့ ဆွေးနွေးပြီတဲ့နောက် ဒီအရှက်ကွဲခံရမှုကို သည်းခံဖို့ဆုံးဖြတ်လိုက်တယ်…တကယ်ကိုနောက်တစ်ကြိမ် ထပ်ဖြစ်လာတာပဲ ဘာကြောင့်များ ကျွန်တော်ကိုဒီလိုအလုပ်ခံနေရတာလဲ ကျွန်တော်တို့ကျောင်းနှစ်ကျောင်းကြားရဲ့ ဆက်ဆံရေးခိုင်မြဲဖို့အတွက်ပဲလား ဒါပေမယ့် ဒီအချိန်မှာတော့ ဒီလိုအရှက်ကွဲခံရမှုကို ကျွန်တော်သည်းမခံနိုင်တော့ဘူး…ကျွန်တော်ကိုရှာဖွေဖို့ ညွှန်ကြားရေးမှူးတို့မှာဘာအခွင့်အရေးများရှိလို့လဲ ဘာကြောင့်များကျွန်တော်ကို တရားခံတစ်ယောက်လိုဆက်ဆံနေရတာလဲ အကယ်၍ အဖြေမပေးနိုင်ဘူးဆိုရင် ဒီလက်ထိပ်တွေကို ဆက်ပြီတော့ခတ်ထားလိုက်ပါ ဒါ့အပြင် နေလနိုင်ငံတော်တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ကျွန်တော်ကိုဒီလောက်အထိ စိုးရိမ်နေတယ်ဆိုရင်လဲ လုံး၀ပဲဖမ်းဆီးထားလိုက်တော့ ”
လင်းကျားယွီကတော့ အတော်ကိုမျက်နှာပျက်နေခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ ဒီလောက်အထိပြောလာခဲ့မယ်လို့ သူ မထင်ထားခဲ့မိပါဘူး။
” ယွိဟောင် ငါတို့ရဲ့အမှားကိုနားလည်ပေးပါ လွန်ခဲ့တဲ့ရက်တွေတုန်းက ငါတို့ခန်းမကိုလူတွေအများကြီးတိုက်ခိုက်ခဲ့တယ်…များပြားတဲ့ပျက်စီးမှုတွေဖြစ်ခဲ့တဲ့အတွက် ကျောင်းအုပ်ကြီးကလဲ အရှင်မင်းမြတ်အပြစ်ပေးတာကိုခံနေရပါပြီ ဒါကြောင့် သင့်တော်တဲ့စူးစမ်းလေ့လာမှုတွေလုပ်နေခဲ့ရတာပါ ဒါ့အပြင် အဆင့်ကိုး၀ိညာဥ်လက်နက်ကိုလဲ ရှာဖွေတွေ့ရှိခဲ့တယ်…ဒါကပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့လက်နက်ဖြစ်မှာတော့ ဒါကိုရှင်းရှင်းလင်းလင်းဖြေရှင်းနေသရွေ့ နောက်ထပ်ပြဿနာမရှာတော့ပါဘူး ”
အပိုင်း ၁၇၅ ပြီး၏။