သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၁ – ထာဝရခန္ဓာကိုယ်
“ဒီမှာ ရှေးဟောင်းလူထူးဆန်းတွေ သေချာပေါက် ရှိနေမှာပဲ … ငါတို့သာ ပစ္စည်းကောင်းတစ်ခုခုရသွားရင် တိုက်ပွဲက မလွဲမသွေဖြစ်လာမှာပဲ” ချောင်ယုရှန်း ပြောလိုက်သည်။
“ဒီတစ်ခုက နည်းနည်းလေးထူးဆန်းနေတယ် .. ဒါပေမဲ့ အသက်ရှိနေသေးတယ်လို့ ငါမထင်ဘူး .. မင်းတို့အားလုံး နောက်နည်းနည်းဆုတ် .. ငါကြည့်လိုက်ဦးမယ်” ရှီဟောင် ပြောလိုက်သည်။
အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြသည်။ ရှီဟောင်၏လက်ရှိခွန်အားကို သူတို့နားလည်သည်။ ထာဝရစွမ်းအင်တစ်ကြောင်း ရသွားပြီဖြစ်သောကြောင့် သူနှင့်ယှဉ်ပြိုင်နိုင်မည့်သူကို ရှာတွေ့နိုင်ရန် ခက်ခဲသွားလိမ့်မည်။ သူ့အောက်မှ လူများကို သူ ကြောက်စရာမလိုပေ။
သူတို့သည် နျင်ချွမ်း၊ သရဖူ ၁၀ခုဘုရင်နှင့် သူတို့ကဲ့သို့သော ပြိုင်ဘက်ကင်းသည့် သက်ရှိများကိုသာ စိုးရိမ်ရမည်ပင်။ သူတို့သာ ရောက်လာလျှင်တော့ အလွန်ကြောက်စရာကောင်းသည့် တိုက်ပွဲကြီး ဖြစ်လာမည်သာ။
“နင် သတိထားဦး..” ချင်းရိ ပြောလိုက်သည်။ ထို့နောက်တွင် သူမ၊ ယုန်ဖြူလေးနှင့် ချောင်ယုရှန်းတို့သည် နေရာအနှံ့သို့ ခွဲကာ စစ်ဆေးကြည့်နေလိုက်ကြသည်။
ရှီဟောင်သည် ထာဝရတည်ရှိနေသည့်ထာဝရဓားကို ထုတ်လိုက်ကာ တွင်းအောက်ခြေသို့ ခုန်ဆင်းသွားလိုက်သည်။
ဤတွင်းပေါက်ကြီးမှာ အလွန်ပင် ကြီးမားကာ နက်လှသည်။ အောက်ခြေပင်လျှင် လီပေါင်းတစ်ထောင်ကျော်ရှိသည်။ နေရာတိုင်းတွင် ကျောက်ပုံကြီးများရှိနေပြီး ကျောက်မျက်နှာပြင်မှာ သွေးနီရောင်များပင်။
ချွမ်း..
ရှီဟောင်သည် စွမ်းအားကြီးသည့်ဓားရိုးဖြင့် ချက်ချင်းပင် မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားလိုက်သည်။
မီးတောင်ပေါက်ကြီးသည် အလွန်ပင် ကြီးမားလှသည်။ ဤနေရာတွင် သက်ရှိများစွာရှိနေသော်လည်း လူအုပ်မထူလှပေ။ ထို့ကြောင့် ရှီဟောင်ကို မည်သူမျှ သတိမထားမိပဲ အားလုံးသည် ကိုယ်စီသာ ရှာဖွေနေကြလေသည်။
မြေအောက်တွင်လည်း မဲမှောင်နေသည့်လှိုဏ်ဂူများစွာ ရှိနေလေသည်။ ထိုလှိုဏ်ဂူများမှာ လူများကြောင့် ပျက်စီးတော့မလိုပင် ဖြစ်နေလေပြီ။ မည်သို့ပင်ဖြစ်စေ သရဖူခြောက်ခုဘုရင်သည် ဤနေရာမှ ထာဝရလက်ရိုးကို ရခဲ့သောကြောင့် အခြားသူများလည်း မျှော်လင့်တကြီး ရှာဖွေနေကြသည်သာ။
ရှီဟောင်သည် လုံလောက်သည့်အနက်သို့ရောက်သည်နှင့် သူ၏ဓားကို နတ်ခွန်အားဖြင့် အသက်သွင်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် တောက်ပသည့်အလင်းများ ဖြာဆင်းကျလာလေသည်။
သူသည် မြေအောက်အတွင်းနက်ပိုင်းသို့ ရောက်နေပြီဖြစ်သော်လည်း အပေါ်ပိုင်းတွင်ရှိနေသည့်လူများသည် ဤအလင်းကို သတိပြုမိနေဆဲသာ။ မြေကြီးအက်ကွဲကြောင်းမှ တောက်ပသည့်အလင်းများ စိမ့်ထွက်လာလေသည်။
“ဘုရားရေ .. ထာဝရရတနာတစ်ချို့ ထပ်ပေါ်လာပြန်ပြီလို့ မပြောနဲ့နော်…”
“တောက်ပလိုက်တာ .. တစ်ယောက်ယောက်က လျှို့ဝှက်ရတနာကို သုံးလိုက်တာလား .. ဒါမှမဟုတ် မြေအောက်မှာ ထာဝရရတနာတစ်မျိုးမျိုး ပေါ်လာတာလား..”
လူအုပ်ကြီးမှာ အလွန်ပင် ထိတ်လန့်သွားရသည်။
မြေအောက်မှမြင်ကွင်းကိုသာ တွေ့လိုက်ပါက သူတို့ပို၍ ထိတ်လန့်သွားကြမည်ပင်။ အလင်းမှာ သူတို့မြင်နေရသည်ထက် အဆပေါင်းများစွာ ပိုတောက်ပနေပြီး တည့်တည့်ပင် မကြည့်နိုင်ပေ။
ရှီဟောင်၏ခန္ဓာကိုယ်နှင့် ဓားမှာ တစ်သားတည်းဖြစ်သွားပြီး သူသည် လျင်မြန်စွာဖြင့်ပင် မြေအောက်ပိုင်းသို့ ထိုးဆင်းသွားလိုက်သည်။
လမ်းတစ်လျှောက်တွင် သူသည် နတ်ရတနာများ၊ ပျက်စီးနေသည့် ရှေးဟောင်းလက်နက်များကို တွေ့ရသော်လည်း မရပ်တန့်ခဲ့ပေ။ သူ့ထံတွင် ရှင်းလင်းသည့်ဦးတည်ချက်ရှိနေပြီး အရှေ့ဘက်သို့သာ ဆက်ဆင်းသွားလိုက်သည်။
သူထိုသို့ဆက်ဆင်းလာသည်နှင့် လမ်းတစ်လျှောက်တွင်ရှိနေသည့် နတ်ပစ္စည်းများနှင့် ရှေးဟောင်းလက်နက်များမှာ သူ၏လက်ထဲတွင်ရှိနေသည့် ဓားကြောင့် ပျက်စီးသွားလေသည်။ ဤဓားမှ မဖောက်ထွင်းနိုင်သည့်အရာ မရှိပေ။
ရှီဟောင်သည် ခြေရာလက်ရာများ မချန်ခဲ့ချင်သောကြောင့် သူသည် ကျောက်လှိုဏ်းဂူထဲမှ ဖြတ်မည့်အစား လမ်းတစ်လမ်းကို ဖောက်လုပ်လိုက်သည်။
သူအောက်ဆင်းသွားသည်နှင့် ကြီးမားလှသည့် တွင်းကြီး ပေါ်လာလေသည်။
ဤနေရာတွင်ရှိနေသည့် မြေကြီးမှာ ရှေးဟောင်းသက်ရှိများစွာ၏ သွေးများကြောင့် နီရဲနေပြီး အလွန်ပင် မာကျောနေသည်။ ကျောက်တောင်ကြီးများ၊ မြေကြီးများကို ထိုးဖောက်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ မဟုတ်ပါက ဤနေရာတစ်ခုလုံးမှာ အခြားသူများကြောင့် မွစာကြဲနေလေပြီ။
သို့သော်လည်း ရှီဟောင်ဓားသည် မြေအောက်အနက်ပိုင်းသို့ ထိုးဖောက်သွားနေဆဲပင်။
“ရောက်ပြီ..”
ရှီဟောင် အရှိန်လျော့ချလိုက်သည်။
အပြာရောင်ကျောက်လွှာမှာ အလွန်ပင် ထူထဲလှပြီး သူ၏လမ်းကြောင်းကို တားဆီးနေသည်။ ဤသည်မှာ ထိုကျောက်ရတနာဖြစ်သည်ကို သူသိသည်။ သူဤကျောက်တုံးကို ဖွင့်လိုက်သည်နှင့် တောက်ပနေသည့် သက်ရှိကို တွေ့ရမည်သာ။
“ဒီနေရာမှာ အသက်ဓာတ်တွေ အများကြီးပဲ .. ဒါပေမဲ့ အဲဒီသက်ရှိက သေနေလောက်ပါပြီ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ရှီဟောင်သည် အနားတွင်ရှိနေသည့် ကျောက်တုံးကြီးများကို ရှင်းလင်းလိုက်သလို အခြားနေရာများကိုလည်း ရှင်းလင်းလိုက်သောကြောင့် ရှေးဟောင်း ခန်းမတစ်ခုပေါ်လာလေသည်။
ဤနေရာသည် သိပ်မကျယ်ဝန်းသော်လည်း ထူးဆန်းသည့်စတိုင်တစ်မျိုးရှိနေသည်။ ဤရှေးဟောင်းနေရာတွင် ထူးဆန်းသည့်အော်ရာများလည်း ရှိနေလေသည်။
ဤကျောက်တုံးနန်းတော်တွင် လက်တံဆိပ်တစ်ခုကို တွေ့လိုက်ရသောကြောင့် ရှီဟောင် နှလုံးခုန်နှုန်းများပင် ရပ်တန့်သွားတော့မတတ်ပင်။
အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် မီးတောက်လည်း ထွက်ပေါ်လာကာ ထိုလက်တံဆိပ်တွင်ပါဝင်နေသည့် ပြိုင်ဘက်ကင်းသည့်တာအိုကို ပြသနေသောကြောင့်ပင်။
ထို့အပြင် ရှီဟောင်သည် အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
လက်ဝါးတစ်ဖက်သည် အလင်းများနှင့်အတူ ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ ကျရောက်လာလေ၏။ မြေကြီးမှာ အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိသော်လည်း ဤကျောက်တုံးနန်းတော်ကြီးတွင် လက်ဝါးရာတစ်ခု ပေါ်သွားသည်။
ထို့နောက်တွင် ဤကျောက်တုံးအခန်းထဲတွင်ရှိနေသည့် သက်ရှိသည် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး ပြင်းထန်စွာပင် ခုခံလိုက်သည်။ နောက်ဆုံးတွင် ဤနေရာကို အလင်းမိုးများရွာသွန်းလာလေသည်။
ရှီဟောင်၏ အမူအရာများ လေးလံသွားရသည်။ ဤသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဖြစ်ခဲ့ဟန်တူသည်။ သူသည် ထာဝရတည်ရှိနေမည့်ထာဝရဓားကို သေချာအသက်သွင်းလိုက်ပြီး ထိုကျောက်တုံးကို ခွဲလိုက်သည်။
“ဒါက .. ထာဝရခန္ဓာကိုယ်တစ်ခုလား..” သူကောင်းကင်မျက်လုံးဖြင့် မြင်ဖူးပြီးသား ဖြစ်သော်လည်း သူထိတ်လန့်သွားရဆဲပင်။
ကျောက်ခန်းမကြီးမှာ အလွယ်တကူပင် ပွင့်သွားလေ၏။ ဤနေရာကို တားဆီးရန် အသုံးပြုထားသည့် ပစ္စည်းများမှာ အချိန်ကြာလာသောကြောင့် ပျက်စီးသွားလေပြီ။ တာအိုသင်္ကေတများနှင့် အခြားအရာများသည်လည်း လက်ဝါးတံဆိပ်ကြောင့် ပျက်စီးသွားလေပြီ။
ကျောက်တုံးအခန်းထဲမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး ဤနေရာတွင်ရှိနေသည့် အသက်ဓာတ်များလည်း များပြားလှသည်။
မြေပြင်ထက်တွင် လဲလျောင်းနေသည့် လူသားပုံစံသက်ရှိပုံရိပ်တစ်ခုရှိနေပြီး ထိုပုံရိပ်ကို အလင်းများမှ ရစ်ပတ်ထားလေသည်။
ရှီဟောင်သည် ထိတ်လန့်သွားကာ ဤနေရာတွင် ရပ်မနေရဲပေ။ သူချက်ချင်းပင် အပေါ်ဘက်သို့ ပြေးတက်သွားလိုက်သည်။ ထိုအလင်းမိုးမှ မကောင်းသည့်အရာများ ဖြစ်လာမည်ကို သူ စိုးရိမ်နေသောကြောင့်ပင်။
သူသည် မြေအောက်မှ ထွက်လာပြီး အပေါ်သို့ ရောက်လာသည်နှင့် ထိုနေရာတွင် အုတ်အော်သောင်းတင်းဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။ လူများစွာသည် အောက်ဘက်သို့ စိုက်ကြည့်နေကြလေသည်။ မြေအောက်မှ အလင်းများ ဆက်တိုက်ထွက်ပေါ်လာသောကြောင့် ဤမြင်ကွင်းမှာ ထူးဆန်းလှသည်။
မြေအောက်တွင် ပစ္စည်းကောင်းတစ်ခုခုရှိနေပြီဖြစ်ကြောင်း အားလုံးသိသွားကြသည်။ ဤပစ္စည်းမှာလည်း ထာဝရနှင့် ဆက်စပ်နေမည်သာ။
“ဘုရားရေ .. ဒါကထာဝရခန္ဓာကိုယ်လား” လူများစွာမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြလေသည်။
ရှီဟောင်လည်း မီးတောင်ထဲမှ ထွက်လာနေလေပြီ. ထာဝရအစစ်သက်ရှိ၏ အလောင်းဟုထင်ရသည့်ခန္ဓာကိုယ်မှ မည်သည့်လက်နက်၊ မည်သည့်တာအိုသင်္ကေတကိုမှ သူမတွေ့ခဲ့ရပေ။
ရှီဟောင်သည် မျက်မှောင်ကြုတ်လိုက်ကာ လူအုပ်အပြင်ဘက်တွင် ရပ်လိုက်သည်။ ထို့နောက်တွင် သူသည် မီးတောင်ပေါက်ဝထဲမှ ထွက်လာပြီး ချင်းရိ၊ ယုန်ဖြူလေး၊ ချောင်ယုရှန်းတို့နှင့် တွေ့လိုက်သည်။
“ပစ္စည်းကောင်းပဲ .. အဲဒါက ထာဝရအရိုးတစ်စုံလုံးများ ဖြစ်နေမလား” ဖက်တီးလေးမှာ အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။
“အဲဒီခန္ဓာကိုယ်မှာ ပြဿနာတစ်ခုရှိနေတယ် .. အဆင့်လွန်တာအိုသင်္ကေတတွေ မရှိတော့ဘူး” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။ မြေအောက်တွင် ထိုအလောင်းကို သူလေ့လာခဲ့သည်။
ထိုအချိန်တွင် လူများစွာသည် မြေအောက်သို့ ဆင်းသွားနေပြီဖြစ်သည်။ ထာဝရအလောင်းကို လုယူရန်အတွက် သူတို့မစောင့်နိုင်တော့ပေ။
“အဲဒီခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုရှိနေတယ်ဆိုရင်တောင်မှ ဒါက ကံကောင်းမှုကြီးပဲ .. အဲဒါက ထာဝရခန္ဓာကိုယ်ကြီးလေ .. တစ်ခြားသူတွေကို မပေးနိုင်ပါဘူး” ဖက်တီးလေးမှာ အလွန်ပင် စိုးရိမ်နေလေသည်။
“ခဏလောက် စောင့်ရအောင် … ထူးဆန်းတဲ့အရာတွေ ဖြစ်လာမှာ စိုးရတယ်” ရှီဟောင်ပြောလိုက်သည်။ ရှေးဟောင်းသင်္ဘောကြီးကို ကြုံတွေ့ပြီးသည့်နောက်တွင် ဤကဲ့သို့သော ပြိုင်ဘက်ကင်းသက်ရှိများကို သူပို၍နားလည်လာသည်ဟု ခံစားရသည်။
ဤသည်မှာ အလောင်းတစ်လောင်းပင်ဖြစ်သော်လည်း အလွယ်တကူ မထိသင့်ပေ။
အား..
ရုတ်တရက်ပင် အော်သံတစ်ခု ထွက်ပေါ်လာပြီး ကျောက်တုံးအခန်းထဲတွင်ရှိနေသည့် သက်ရှိအုပ်စုတစ်စုမှာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သူတို့၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်များ ရှင်းလင်းခံလိုက်ရလေပြီ။
ဤအခန်းနှင့် အတော်ဝေးသည့်နေရာတွင် တစ်အုပ်စုရှိနေသေးသည်။ သူတို့သည်လည်း ထူးဆန်းသည့်စွမ်းအားကို ရင်ဆိုင်လိုက်ရကာ သူတို့၏ခန္ဓာကိုယ်များ ကွဲထွက်သွားပြီး အော်သံများ ထွက်ပေါ်လာလေသည်။
“ဘာဖြစ်တာလဲ..”
“တစ်ယောက်ယောက်က ထာဝရအလောင်းကို ယူသွားချင်နေတာ .. ဒါပေမဲ့ သူက ပြိုင်ဘက်ကင်းတဲ့စွမ်းအားကို လှုပ်နှိုးလိုက်သလိုဖြစ်သွားတာ…”
အောက်ဘက်တွင် ဖရိုဖရဲဖြစ်နေပြီး အားလုံး ထိတ်လန့်တုန်လှုပ်သွားရသည်။
သက်ရှိပေါင်း ရာပေါင်းများစွာသည် အပေါ်ဘက်သို့ လျင်မြန်စွာ ပြန်ပြေးတက်လာကြသည်။ သူတို့သည် ကံကောင်း၍ ထိုကျောက်တုံးအခန်းထဲသို့ ဝင်မသွားမိခြင်းသာ။ မဟုတ်ပါက သူတို့လည်း အသားပုံကြီးအဖြစ်သို့ ပြောင်းနေလောက်လေပြီ။
ဤသည်မှာ သာမန်နတ်ဘုရားများ တောင့်ခံနိုင်သည့်စွမ်းအားမဟုတ်ပေ။
ယခုအချိန်တွင် ချင်းရိ၊ ယုန်ဖြူလေးနှင့် အခြားသူများလည်း ထိုထာဝရခန္ဓာကိုယ်ကို မြင်နေရလေပြီ။ ထိုခန္ဓာကိုယ်သည် ကျောက်ခန်းထဲတွင် လဲလျောင်းနေပြီး အရည်လုံးတစ်ခုမှ ထိုအလောင်းကို ဝန်းရံထားလေသည်။ အဆုံးမရှိသည့်ရောင်စုံအလင်းများကိုလည်း ထုတ်လွှတ်နေလသည်။
ထိုအလောင်းတွင် အသွေးအသားများ မရှိတော့ပေ။ အရိုးဖြူများသာရှိတော့သည်။
“အသွေးအသားတွေ မရှိတော့ဘူး .. အရိုးပဲ ကျန်ခဲ့တော့တာ .. အဲဒီမှာ တကယ်သင်္ကေတတွေ သိပ်မရှိတော့ဘူးပဲ” ဖက်တီးလေး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီအရိုးပေါ်မှာ လက်ဝါးရာ မှုန်ဝါးဝါးလေး ရှိသေးတယ်” ရှီဟောင် အလောင်း၏ရင်ဘတ်ကို လက်ညှိုးထိုးပြလိုက်သည်။
ရုတ်တရက်ပင် အားလုံးတုန်ယင်လာလေ၏။ သူတို့သည် သတ်ဖြတ်သည့်အသံများနှင့် ထူးဆန်းသည့်မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ပင်။
ကောင်းကင်ထက်မှ လက်တစ်ဖက်ရောက်လာပြီး မြေကြီးကို ရိုက်ချလိုက်သည်။ မည်သည့်ဖုန်မှုန့်၊ မီးခိုးမှ ထွက်မလာသော်လည်း မြေအောက်ကျောက်တုံးခန်းမထဲတွင်ရှိနေသည့် ကျွမ်းကျင်သူမှာမူ ဒေါသတကြီးအော်ဟစ်လိုက်ပြီး တတ်နိုင်သမျှ ခုခံလိုက်သည်။
ဖူး…
သို့သော်လည်း ထိုသက်ရှိမှာ နောက်ပြန်လဲကျသွားလေ၏။
ထိုအချိန်တွင် ကောင်းကင်ထက်တွင်ရှိနေသည့် လက်တစ်ဖက်မှာမူ ထူးဆန်းသည့်သဘာဝဥပဒေသကြောင့် အောက်ပြုတ်ကျလာပြီး မြေကြီးအနက်ပိုင်းသို့ ရောက်သွားလေသည်။
ထာဝရသွေးများ လွင့်စင်ထွက်လာသည်ကို အားလုံးမြင်လိုက်ရသည်။ သွေးများမှာ ကြယ်ပေါင်း တစ်ရာကျော်ကို ဖြတ်ကျော်သွားကာ ကြယ်ရောင်လင်းသည့်ကောင်းကင်ပင်လျှင် မှုန်မှိုင်းသွားလေသည်။
သက်ရှိအားလုံးမှာ အေးစက်စွာပင် တုန်ယင်သွားရသည်။ အဲဒီတုန်းက ဒီလိုမျိုးဖြစ်ခဲ့တာလား..
နောက်ဆုံးတွင် နျင်ချွမ်းရရှိခဲ့သည့်လက်မှာ အဘယ်ကြောင့် ဤနေရာတွင်ရှိနေသည်ကို အားလုံးနားလည်သွားရသည်။ ဤကျောက်တုံးအခန်းထဲတွင်ရှိနေသည့် သက်ရှိလည်း ဘာကြောင့်သေဆုံးသွားရသည်ကိုလည်း သိသွားကြသည်။
“ဒီနေရာမှာ ဘာထူးဆန်းတဲ့အနက်ရောင်၊ မီးခိုးရောင်မြူမှမရှိဘူးဆိုတော့ ထူးဆန်းတဲ့အရာတွေလည်း မရှိလောက်ဘူး” ရှီဟောင်သည် စိတ်သက်သာရာရသွားသောကြောင့် သူနောက်တစ်ကြိမ် ပြန်ဆင်းသွားလိုက်သည်။
ရှီဟောင်သည် ကျောက်တုံးအခန်းရှေ့သို့ ရောက်ရှိလာပြီး ထောင့်နားတွင် ထိုင်ချလိုက်သည်။ အပေါ်ဘက်မှလူများမှာ သူ့အားမမြင်ရပေ။ သူသည် ထိုနေရာတွင် ထိုင်ချလိုက်ပြီး အလင်းမိုးကို အာရုံခံကြည့်လိုက်သည်။
“အမ်…” သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ထာဝရစွမ်းအင်တစ်ကြောင်းသည် ဤနေရာတွင်ရှိနေသည့် ထာဝရတာအိုစွမ်းအင်ကို လျင်မြန်စွာပင် စုတ်ယူလိုက်နေလေ၏။
“နေလို့ကောင်းလိုက်တာ..” ရှီဟောင် ညည်းတွားလိုက်ကာ သူ၏ထာဝရတာအိုအုတ်မြစ်ကို ခိုင်မာအောင် လုပ်လိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် သူ၏ထာဝရစွမ်းအင်တစ်ကြောင်းသည် အနည်းငယ်ပို၍ထူထဲလာပြီး သူ၏ခန္ဓာကိုယ်လည်း ပို၍ပင် သန့်စင်လာကာ အလွန်သက်တောင့်သက်သာရှိလာသည်။
“ငါသာဒီမှာ ကျင့်ကြံရင် သေချာပေါက်ကို ကံကောင်းမှုတွေ ရလာမှာ” ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။
“မင်းတို့အားလုံး ထွက်သွားလို့ရပြီ” မီးတောင်ပေါက်ဝတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ သူ၏အသံမှာ အေးစက်လှပြီး ခံစားချက်မှာ မြူမှုန်တစ်မှုန်လေးမှပင် မပါရှိပေ။
ဤနေရာတွင် သက်ရှိများစွာရှိနေပြီး အားလုံးမှ မတူညီသည့်ကလန်များမှာ ထူးခြားပါရမီရှိသူများပင်။ သူတို့အားလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
လူငယ်တစ်ယောက်သည် အနီရင့်ရောင်ရဲဒင်းကိုကိုင်ကာ လမ်းလျှောက်လာလေသည်။ သူ၏ရဲဒင်းအသွားတွင် သွေးများစီးကျနေပြီး ထိတ်လန့်စရာကောင်းလှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေလေသည်။
ဒီလူက ဘယ်သူလဲ … အားလုံးကြောက်လန့်သွားရသည်။
တွင်းအောက်ခြေတွင် ကျွမ်းကျင်သူပေါင်း တစ်ထောင်ကျော်ရှိနေပြီး သူတို့အားလုံးလည်း ဤအေးစက်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်ကြောင့် ထိတ်လန့်သွားရသည်။ ဤရဲဒင်းကြီးသည် သက်ရှိပေါင်း သန်းပေါင်းများစွာကို သတ်ခဲ့သည့်ပုံပင်။
“သူက ကောင်းကင်နိုင်ငံက စွမ်းအားအကြီးဆုံးအမွေဆက်ခံသူရဲ့ ညီလေး .. သူက သူ့ဂိုဏ်းမှာ နံပါတ် ၂ လုပ်ကြံသူပဲ .. သူ့အစ်ကိုက နံပါတ် ၁”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးမှာ အသက်ရှူ ရပ်တန့်သွားမတတ်ပင်။
ကောင်းကင်နိုင်ငံသည် အဆင့်မြင့်နယ်မြေ၏ ကြောက်စရာအကောင်းဆုံး အဖွဲ့အစည်းဖြစ်ပြီး သူတို့၏ပစ်မှတ်ထားခံရသည်နှင့် လွတ်မြောက်နိုင်မည့်နည်းလမ်း မရှိတော့ပေ။
ခွန်အားချင်းယှဉ်လျှင် သူသည် ထာဝရနန်းတော်သခင်လေးနှင့် အတူတူပင်။
ထို့အပြင် သူသည် လုပ်ကြံသတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သောကြောင့် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာနေမည်မဟုတ်ပေ။
ထို့ကြောင့်ပင် ကောင်းကင်နိုင်ငံမှ စွမ်းအားအကြီးဆုံး အမွေဆက်ခံသူကို လက်ရှိလူငယ်မျိုးဆက်၏ အန္တရာယ်အများဆုံးလူဟု သတ်မှတ်ထားခြင်းပင်။ သူ၏ခွန်အားအပြင် သူ၏လုပ်ကြံမှုစွမ်းရည်များကြောင့် မည်သူက သူ့ကို ရန်စရဲမည်နည်း..
ဤလူသည် သူ၏ညီ ရွှယ်ကျီဖြစ်ပြီး နံပါတ် ၂ လုပ်ကြံသူဟု သိကြသည်။ သူသည်လည်း သူ့အစ်ကိုထက် သိပ်နိမ့်ကျမည်မဟုတ်သောကြောင့် မည်သူက မကြောက်ပဲနေမည်နည်း..
“မင်းတို့ ကောင်းကင်နိုင်ငံက အထင်ကြီးဖို့ကောင်းတာမှန်ပေမယ့် ဒီမြေအောက်မှရှိနေတဲ့ ထာဝရခန္ဓာကိုယ်က မင်းရှာတွေ့ထားတာ မဟုတ်ဘူး … အဲဒါကို မင်းကဘာဖြစ်လို့ အားလုံးကို မောင်းထုတ်နေတာလဲ .. မင်းက ဒီထာဝရခန္ဓာကိုယ်ကို အပိုင်သိမ်းမလို့လား”
တစ်စုံတစ်ယောက်မှ မကျေမနပ်ပြောလိုက်ပြီး သူ့ကို ပေါင်းပြီးတိုက်ခိုက်ကြရန် အားလုံးကို အသံပို့လွှတ်လိုက်သည်။
“မင်းက ငါ့စကားကို လေလိုသဘောထားနေတာလား” ရွှယ်ကျီအေးစက်စွာပင် ရယ်မောလိုက်သည်။ ထို့နောက်တွင် သူ၏မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။
ဖူး..
လူအုပ်ထဲတွင်ရှိနေသည့် ချိုတစ်ချောင်းနှင့်လူသား၏မျက်လုံးများ ပြူးကျယ်လာသည်။ ထို့နောက်တွင် သူ၏ဦးခေါင်း ပြတ်ထွက်သွားပြီး ခေါင်းမပါသည့်အလောင်းလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ရွှီးဟူသည့်အသံနှင့်အတူ ရွှယ်ကျီသည် သူ၏မူလနေရာတွင် ပေါ်လာလေသည်။ သူ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း ဤသည်မှာ သူ့ကိုပို၍ရက်စက်သည့်ပုံ ဖြစ်သွားစေသည်။ ထိုရဲဒင်းမှလည်း သွေးများ တစ်စက်စက်စီးကျနေသည်။
တွင်းပေါက်ဝရှေ့တွင်ရှိနေသည့် လူများမှာ ဒေါသထွက်နေသော်လည်း စကားမပြောရဲကြပေ။
ခပ်ဝေးဝေးတွင်ရှိနေသည့် ယုန်ဖြူလေးသည် ဒေါသထွက်လာပြီး ရေရွတ်နေလေသည်။ “လွန်လွန်းလိုက်တာ .. အဲဒီအလောင်းကို ရှီဟောင်တွေ့ပြီးတော့ တူးဖော်ထားတာကို သူက တစ်ခြားသူတွေကို မောင်းထုတ်ရဲသေးတယ်”
ရှီဟောင်အတွက် သူမစိတ်မပူပေ။ အဘယ်ကြောင့်ဆိုသော် ဤကောင်သည် အတော်လေး သန်မာလှပြီး ယခုအချိန်တွင် အောက်ရောက်နေလေပြီ။
“တကယ်ကို စိတ်ကြီးဝင်နေတာပဲ .. သူကလုပ်ကြံရေးသမားမဟုတ်ဘူးလား .. ဘာလို့ဒီမှာလာပြီးတော့ ကိုယ်ထင်ပြနေတာလဲ … အရမ်းကို မောက်မာနေတာပဲ” ချင်းရိ ပြောလိုက်သည်။
“သူက နံပါတ် ၁ လုပ်ကြံရေးသမားလို့ နာမည်ကြီးတဲ့ သူ့အစ်ကိုကိုပဲ မှီခိုနေတာ မဟုတ်ဘူးလား” ယုန်ဖြူလေးလည်း ဒေါသထွက်နေသည်ပင်။
ချောင်ယုရှန်း၏အမူအရာမှာ လေးနက်နေသည်။ သူ၏ပတ်ဝန်းကျင်ကို သေချာလေ့လာပြီးသည့်နောက်တွင် “ကောင်းကင်နိုင်ငံရဲ့ နံပါတ် ၁ လုပ်ကြံသူက ရှေးဟောင်းလူထူးဆန်းတွေတောင် ကြောက်ရတဲ့သူ .. အဲဒီလူက အရမ်းအန္တရာယ်များလွန်းတယ်”
ဤလူလည်းရောက်လာလိမ့်မည်ဟု သူခံစားနေရသည်။ သူသည် ဤအနီးအနားတွင်ရှိနေနိုင်သည်။ ကောင်းကင်နိုင်ငံမှ ဤနေရာကို သိမ်းယူတော့မည်ထင်သည်။
“ကိစ္စမရှိဘူး .. ရှီဟောင် သူတို့အားလုံးကို ဖြုတ်ချပေးလိုက်မယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“ဒါက ကိစ္စမရှိသေးဘူး .. စိုးရိမ်စရာရှိတာက ကောင်းကင်နိုင်ငံမှာလည်း အရမ်းကို ကြောက်စရာကောင်းတဲ့ ရှေးဟောင်းလူထူးဆန်းတစ်ယောက်ရှိတယ်လို့ ပြောကြတယ် .. သူသာ လူသတ်ချင်ရင် နျင်ချွမ်းတို့၊ သရဖူ ၁၀ခုဘုရင်တို့တောင် အလေးအနက်ထားရလိမ့်မယ်” ချောင်ယုရှန်း ပြောလိုက်သည်။
“အဲဒီလူ တကယ်ရှိနေတယ်ဆိုရင် အရမ်းကို ကြောက်စရာကောင်းလိမ့်မယ်” ချင်းရိ၏အမူအရာ ပြောင်းလဲသွားသည်။
“မင်းတို့အားလုံးငါပြောတာကို မကြားဘူးလား” ရွှယ်ကျီမှာ အညှာအတာကင်းမဲ့လှသည်။ သူနောက်တစ်ကြိမ် ပျောက်ကွယ်သွားကာ ဖူးဖူးအသံများ ထွက်ပေါ်လာပြီး မီးတောင်တွင်းဝအတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ သူတို့အားလုံးသည် ရက်စက်စွာပင် အသတ်ခံလိုက်ရလေသည်။ ခေါင်းများမှာ မြေကြီးပေါ်တွင် တုန်ခါနေပြီး သူတို့၏မျက်ခုံးကြားတွင်လည်း ဟက်တက်ကွဲသွားလေပြီ။
လူအများစုမှာ နောက်ဆုတ်သွားကြလေသည်။
“မဟာမိတ်တွေဆိုတော့ ငါတို့ဒီနေရာက ကံကောင်းမှုတွေကိုလည်း ခွဲယူကြတာပေါ့” ရုတ်တရက်ပင် အသံတစ်သံ ထွက်ပေါ်လာလေ၏။ မီတာတစ်ဝက်လောက်သာရှိသည့် ငွေရောင်ကြောင်တစ်ကောင် လမ်းလျှောက်လာနေလေသည်။
“မင်းတို့အားလုံး ထွက်မသွားသေးဘူးူလား .. မင်းတို့အားလုံး အသတ်ခံချင်နေကြတာလား” ထိုငွေရောင်ကြောင်လေးသည် အားလုံးကို ကြည့်ကာပြောလိုက်သည်။ ထို့နောက်တွင် သူ၏လက်သည်းများကို ရုတ်တရက်ထုတ်လိုက်ပြီးနောက် ဖရိုဖရဲမြူများ ထွက်ပေါ်လာကာ ဤနေရာတွင်ရှိနေသည့်လူအားလုံးကို ခြောက်လှန့်လိုက်သည်။
ဖူး..
ထိုအချိန်တွင် လူတစ်စုသည်ကပ်ဆိုးကြီးကို ခံစားလိုက်ရလေသည်။ သူတို့အားလုံးသည် ထိုငွေရောင်လက်သည်းကြီးများဖြင့် ဆွဲဆုတ်ခြင်းကိုခံလိုက်ရကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“မင်းတို့အားလုံး ထွက်သွားလိုက် .. ပြီးတော့ ကျောက်တုံးအခန်းထဲကလူ မင်းလည်း ထွက်လာခဲ့လိုက် .. မင်းမသေချင်ရင် ဒီနေရာကနေ ချက်ချင်းထွက်သွားလိုက်” ထိုငွေရောင်ကြောင်လေးမှ ပျင်းတွဲ့စွာပင် ပြောလိုက်လေသည်။
ဒါက .. ရှေးဟောင်းလူထူးဆန်းများလား..
“ဒါက ရှေးဟောင်းလူထူးဆန်းတစ်ယောက် မွေးထားတဲ့ကြောင် .. သူက အရမ်းစွမ်းအားကြီးတယ်.. သူထာဝရရှေးဟောင်းမြေကိုဝင်တာ ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
အပိုင်း ၁၀၈၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၂ – မုန်တိုင်းတစ်ခု အစပြုခြင်း
ရှေးဟောင်းလူထူးဆန်းတစ်ယောက်ရဲ့ ကြောင်လား..
ဤစွမ်းအားကြီးသည့် သားရဲကြီးသည် နယ်မြေတစ်ခု၏ အရှင်မဟုတ်သကဲ့သို့ အဆင့်လွန်လူငယ်လေးတစ်ယောက်လည်းမဟုတ်ပဲ အိမ်မွေးတိရစ္ဆာန်လေးပဲဖြစ်နေသည်ဆိုသည်ကို ကျင့်ကြံသူများစွာမှာ မယုံကြည်နိုင်ဖြစ်နေသည်။
အများစုမှာ ဆွံ့အနေကြသော်လည်း ကြောက်ရွံ့မှုတစ်မျိုးကိုလည်း ခံစားနေရသောကြောင့် သူတို့မျက်နှာများမှာ အလွန်ပင် ရုပ်ဆိုးနေကြလေသည်။
ရှေးဟောင်းလူထူးဆန်းတစ်ယောက်မှ မွေးမြူထားသည့် ကြောင်တစ်ကောင်ပင်လျှင် ဤမျှစွမ်းအားကြီးနေသောကြောင့် ဤသည်မှာ သူတို့၏ယုံကြည်ချက်ကို အတော်လေးရိုက်ချသွားနိုင်လေသည်။
“မင်းတို့တွေ ငါပြောတာကို မကြားကြဘူးလား” ငွေရောင်ကြောင်မှ ပြန်လှည့်လာကာ ဆွံ့အနေသည့်လူအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် မျက်မှောင်ကြုံ့လိုက်ကာ တစ်ဖြည်းဖြည်းချင်း လှုပ်ရှားလာကြသည်။
လူအုပ်ကြီးမှာ ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကြလေ၏။ ကြောင်တစ်ကောင်ပင်လျှင် ဤမျှဖြစ်နေလျှင် သူ၏သခင်ရောက်လာလျှင် မည်သို့ဖြစ်သွားမည်နည်း…
ထိုရှေးဟောင်းလူထူးဆန်းသာ ပေါ်လာလျှင် လက်တစ်ချောင်းတည်းဖြင့်ပင်လျှင် လူအုပ်ကြီးကို သတ်ပစ်နိုင်လောက်သည်။
“မင်းတို့တွေက အရမ်းနှေးတာပဲ” ငွေရောင်ကြောင်သည် ကျောက်တုံးပြာကြီးပေါ်တွင်ရပ်ပြီး ခေါင်းမော့ထားလေသည်။ သူ၏မျက်လုံးများမှာ ငွေရောင်ဖြစ်သော်လည်း နေလုံးနှစ်လုံးကဲ့သို့ တောက်ပနေလေသည်။
နောက်ဆုံးမှ ထွက်ခွာသွားသည့်အုပ်စုသည် ထိုစကားကို ကြားလိုက်ရသည်နှင့် ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားကြလေသည်။
မြောင်…
ငွေရောင်ကြောင်လေးမှ အော်လိုက်သည်။ သူ၏ပါးစပ်ထဲမှ ငွေရောင်သင်္ကေတများ ထွက်ပေါ်လာသည်ကို မြင်နေရသည်။ ထိုသင်္ကေတများသည် လှိုင်းလုံးတစ်ခုကဲ့သို့ပင် လေထဲသို့ ပျံ့လွင့်သွားလေသည်။
လေထဲတွင်ရှိနေသည့် လူအုပ်ကြီးသည် သနားစဖွယ်အော်ဟစ်လိုက်ကြပြီး တဖူးဖူးအသံများ ဆက်တိုက်ပင် ထွက်ပေါ်လာလေသည်။ ၁၀ ယောက်ထက်မကသည့် သက်ရှိများအားလုံးသည် ခန္ဓာကိုယ်များ အက်ကွဲလာပြီး သွေးများဖုံလွှမ်းသွားလေ၏။ ထိုသူများထဲတွင် အားနည်းသည့်သူများ တစ်ယောက်မှ မပါပေ။ သူတို့အားလုံး၏အလောင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
“ပြေး…”
သက်ရှိပေါင်း ဒါဇင်များစွာမှာ သွေးအန်သွားကာ သူတို့သည် နောက်ပြန်လှည့်မကြည့်စတမ်း ကောင်းကင်ပေါ်သို့ ပြေးတက်သွားသည်။
ဤနေရာတွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး ဆွံ့အသွားရသည်။ သူတို့သည် ခြေလှမ်းတစ်လှမ်းသာ နောက်ကျသွားခြင်းဖြစ်သော်လည်း ဤကဲ့သို့သော ကပ်ဆိုးမျိုးကြုံတွေ့လိုက်ရလေသည်။ ဤငွေရောင်ကြောင်မှာ ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးလှသည်။
“ကြည့်ရတာ ငါလုံလောက်အောင် မသတ်ရသေးဘူးထင်တယ် .. အချို့လူတွေက အခုထိကို မလှုပ်ကြသေးဘူး”
ရွှယ်ကျီ၏ဆံပင်ရှည်များသည် သူ၏ကျောဘက်တွင် ဖြန့်ကျက်လျက်ရှိနေပြီး သူသည်သတ်ဖြတ်လိုသည့် အော်ရာများကိုလည်း ထုတ်လွှတ်နေလေသည်။
ရွှီး..
သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ လေထဲတွင် ပျောက်ကွယ်သွားလေ၏။ ဤသည်မှာ ကောင်းကင်နိုင်ငံ၏လုပ်ကြံသတ်ဖြတ်သည့်ပုံစံပင်ဖြစ်သည်။ သူသည် အရိပ်ပင်မပေါ်ပဲ ကောင်းကင်ထက်တွင်ရှိနေသည့် စွမ်းအားကြီးသည့်သက်ရှိအားလုံးကို သတ်ဖြတ်ပစ်နိုင်လေသည်။
ထို့နောက် လေထဲတွင် အရိုးကွဲသံများ ထွက်ပေါ်လာပြီး လူ ၆ ယောက် ၇ ယောက်ခန့်မှာ ထိုနေရာတွင်ပင် သေဆုံးသွားလေ၏။
ထိုရဲဒင်းကို ထပ်မံလွှဲရမ်းလိုက်သည်နှင့် ကျင့်ကြံသူအချို့ ထပ်မံအသက်ဆုံးရှုံးသွားကာ မြေပြင်ပေါ်သို့ အလောင်းများပြုတ်ကျလာလေသည်။
အားလုံးမှာ လျင်မြန်စွာပင် နောက်ဆုတ်သွားကြကာ သဘာဝမီးတောင်ပေါက်၏ အစွန်နားသို့ ပြေးသွားလိုက်ကြသည်။
လူများစွာမှာ ဒေါသထွက်နေကြသည်။ ကောင်းကင်နိုင်ငံ၏ ဒုတိယလုပ်ကြံသူမှာ လွန်လွန်းလှသည်။ အားလုံးမှာ အစောကြီးကတည်းက နောက်ပြန်ဆုတ်သွားပြီဖြစ်သော်လည်း သူသည် လူများကို သတ်နေဆဲပင်။
ဤသည်မှာ သူသည် ကြောင်ဖြူလောက် စွမ်းအားမပြရသေးဘူးဟု ခံစားနေရသောကြောင့် အညှာအတာကင်းမဲ့စွာဖြင့်ပင် အားလုံးကို လိုက်သတ်နေခြင်းပင်။
သို့သော်လည်း မည်သူမျှ တစ်ခွန်းမျှ မပြောရဲပေ။ သူတို့သည် ဤလူကို မုန်းတီးကြသော်လည်း ဤလူစွမ်းအားကြီးသည်မှာလည်း အမှန်တရားတစ်ခုဖြစ်နေသည်။ သူ၏ရဲဒင်းကို လွှဲရမ်းလိုက်သည်နှင့် လူအချို့ သေဆုံးနေကြသည်သာ။
“သွားကြစို့ .. ဒီမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး .. သူကအရမ်းရက်စက်လွန်းတယ် .. ကောင်းကင်နိုင်ငံက ဒီနေရာကို အပိုင်စီးလိုက်ပြီ .. သူတို့ဘယ်သူ့ကိုမှ ဝင်ခွင့်ပြုမှာ မဟုတ်တော့ဘူး” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။
“ခဏလောက် ထပ်စောင့်ကြည့်ရအောင်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ ခြိမ်းခြောက်ခံနေရသော်လည်း ထွက်မလာသေးသည်လူတစ်ယောက်ရှိနေသေးသောကြောင့် ကိစ္စတစ်ခုခု ဖြစ်လာနိုင်သည်သာ။
ခပ်ဝေးဝေးတွင်ရှိနေသည့် ယုန်ဖြူလေးသည် အလွန်ပင်ဒေါသထွက်နေလေ၏။ သူသည် ချင်းရိ၊ ချောင်ယုရှန်းတို့နှင့်အတူ အခြေအနေကို သေချာစောင့်ကြည့်နေကြသည်။ သူတို့သည်ပုန်းနေသည့် နံပါတ်တစ် ကျွမ်းကျင်သူ၏ စွမ်းအင်ကို ရှာဖွေနေကြလေ၏။
“သူလာလောက်တယ်” ချောင်ယုရှန်းပြောလိုက်သည်။
“ငွေရောင်ကြောင်ရဲ့ပိုင်ရှင် မလာပါစေနဲ့လို့ ဆုတောင်းတယ်” ချင်းရိ ပြောလိုက်သည်။ ယခုလေးတင်မှ ထာဝရခန္ဓာကိုယ်ကို တွေ့လိုက်ခြင်းဖြစ်သောကြောင့် ကျွမ်းကျင်သူများစွာ ရောက်လာလျှင် အကျိုးဆက်များမှာ ဆိုးရွားသွားလိမ့်မည်။
“အခုထိ မတက်လာသေးဘူးလား … ငါလာပြီးတော့ ကောင်းကောင်းမွန်မွန်မေးတာကို စောင့်နေတာလား” ရွှယ်ကျီသည် မီးတောင်ပေါက်ဝတွင်ရပ်ကာ အထဲဘက်သို့ ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မြောင်… အဲဒီလိုဆိုမှတော့ မင်းတက်လာစရာမလိုတော့ဘူး” ငွေရောင်ကြောင်လေးမှ ပြောလိုက်သည်။
“ငါလုပ်မယ်” ရွှယ်ကျီပြောလိုက်သည်။ သူအရင်ဆုံးလှုပ်ရှားချင်နေလေသည်။ သူ၏လက်ထဲတွင်ရှိနေသည့် ရဲဒင်းကြီးဖြင့် မြေကြီးကို ထိုးစိုက်ချလိုက်လေ၏။
သူ၏မျက်နှာထက်တွင် ရက်စက်သည့်အပြုံးတစ်ခုလည်း ရှိနေလေသည်။ သူဘာမှအများကြီး လုပ်စရာမလိုပေ။ သူသာ ထာဝရအလောင်းကို ရန်စလိုက်ပြီး နတ်ခွန်အားများ ထုတ်လွှတ်အောင် လုပ်လိုက်သည်နှင့် ထိုအောက်တွင်ရှိနေသည့်လူမှာ ချက်ချင်းသေသွားမည်ပင်။ သူမည်မျှစွမ်းအားကြီးသည်ကို မည်သူက ဂရုစိုက်နေမည်နည်း..
ရှီဟောင်သည် လက်ရှိတွင် ထာဝရတာအိုစွမ်းအင်များကို စုတ်ယူနေလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်ပင် သက်တောင့်သက်သာရှိနေသည်။ သူကျင့်ကြံထားသည့် ထာဝရစွမ်းအင်ကြောင်းသည် အလွန်ပင်တောက်ပလာပြီး သိသိသာသာကိုလည်း ထူထဲလာလေသည်။
ထိုအချိန်တွင် သူနှင့်ထာဝရအလောင်းကို ဦးတည်လာသည့် သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။
ရှီဟောင်သည် ရုတ်တရက်ပင် မျက်လုံးများပွင့်လာကာ လက်မြှောက်လိုက်ပြီး ထိုအလင်းတန်းကို တားဆီးသကဲ့သို့ သူကိုယ်တိုင်လည်း ချက်ချင်းပင် အပေါ်ဘက်သို့ တရှိန်ထိုး ပြေးတက်သွားလိုက်သည်။
ထိုသွေးနီရောင်အလင်းတန်းသည် ဖျက်ဆီးခံလိုက်ရကာ သူ၏လက်ချောင်းများကြားတွင် မီးရှူးမီးပန်းများကဲ့သို့ ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် တွင်းအောက်ခြေမှ အပေါ်ဘက်သို့ ပြန်တက်လာပြီး ရွှယ်ကျီနှင့် ကျန်းအနည်းငယ်အကွာအဝေးတွင် ရပ်လိုက်သည်။
“အမ်…”
ရွှယ်ကျီ၏အမူအရာပြောင်းလဲသွားသည်။ ထို့နောက်တွင် သူသည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ ရှီဟောင်၏အနောက်ဘက်တွင် ပြန်ပေါ်လာပြီး သူ၏လက်ထဲတွင်ရှိနေသည့် ရဲဒင်းဖြင့် လွှဲရမ်းကာ ခုတ်လိုက်သည်။
သို့သော်လည်း သူ၏အရှေ့တွင်ရှိနေသည့် ပုံရိပ်ပျောက်ကွယ်သွားကာ သူသည် ပုံရိပ်ယောင်ကိုသာ ခုတ်မိလေသည်။ ခန္ဓာကိုယ်အစစ်သည် သွေးရဲဒင်းနှင့် နီးကပ်စွာ ပေါ်လာပြီး သူ၏လက်ချောင်းနှစ်ချောင်းဖြင့် ရဲဒင်းအသွားကို တားဆီးလိုက်လေသည်။
“ဒီလောက်တောင် မြန်တာလား.. အထင်ကြီးစရာကောင်းလိုက်တာ” အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အနီးအနားတွင်ရှိနေသည့် သူအားလုံးမှာ ဤမြင်ကွင်းကိုမြင်ပြီး ဆွံ့အသွားကြသည်။ ထိုလူ၏လှုပ်ရှားမှုမှာ ကောင်းကင်နိုင်ငံမှ လုပ်ကြံသူထက်ပင် ပို၍ ထိတ်လန့်စရာကောင်းနေသေးသည်။ သူသည် လက်ဗလာဖြင့် ရဲဒင်းကို တားဆီးလိုက်နိုင်သည်။
ရွှယ်ကျီလည်း ထိတ်လန့်သွားကာ ရဲဒင်းထဲသို့ သူ၏နတ်ခွန်အားများကို ထည့်သွင်းလိုက်ကာ ရှီဟောင်၏လက်များ ကျိုးသွားအောင် ပြုလုပ်လိုက်သည်။
ခလွပ်..
နတ်ပစ္စည်းများဖြင့်ပြုလုပ်ထားသည့် ရဲဒင်းမှာ ရှီဟောင်၏ လက်ချောင်းနှစ်ချောင်းကြားတွင် ကျိုးသွားလေသည်။
ရွှယ်ကျီ၏အမူအရာ ပြောင်းလဲသွား၏။ ဤလူမှာ သူထင်ထားသည်ထက်ပင် ပိုနေပြီး သူပြဿနာအကြီးကြီးရှာမိသွားပြီဆိုတာကို သူသိလိုက်သည်။ ဤလူ၏ခန္ဓာကိုယ်မှ မြူများပျောက်ကွယ်သွားသည့်အချိန်တွင် သူပို၍ ထိတ်လန့်သွားရသည်။
“မင်း..”
ရှီဟောင်ကို သူမှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် ကောင်းကင်နိုင်ငံ၏ပစ်မှတ်ဖြစ်ပြီး သူ့ကိုသတ်ရန် အမြဲတမ်းကြိုးစားခဲ့သည်။ သို့သော်လည်း သူတို့၏ ထူးချွန်သည့်နတ်ဘုရားများစွာကိုသာ ဆုံးရှုံးခဲ့လိုက်ရသည်။
“ဟွမ်..” သူသည် ချက်ချင်းပင် နောက်ဆုတ်လိုက်ကာ ဤနေရာမှ ပျောက်ကွယ်သွားလေသည်။
သို့သော် ရှီဟောင်သည် သူ၏လက်ဝါးဖြင့် ဖိနှိပ်လိုက်လေသည်။ ရွှယ်ကျီသည် သတိကြီးကြီးဖြစ်သွားကာ ရဲဒင်းဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။
ဖုန်း..
ရဲဒင်း၏နောက်တစ်ပိုင်းလည်း ကျိုးသွားလေပြီ။ ဤမြင်ကွင်းမှာ လူများစွာကို ထိတ်လန့်သွားစေသည်။ ဤစိတ်ကြီးဝင်နေသည့် ကောင်းကင်နိုင်ငံမှ နံပါတ် ၂ လုပ်ကြံသူမှာ ရှီဟောင်၏ပြိုင်ဘက်မဟုတ်ပေ။
“သွားသေလိုက်တော့..”
ရွှယ်ကျီသည် လေထဲတွင် ပျောက်ကွယ်သွားလေ၏။ ပျက်စီးနေသည့် ရဲဒင်းမှာ အလင်းများ ထွက်ပေါ်လာပြီး ထူးဆန်းသည့်သင်္ကေတများလည်း ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် သူ၏မူလနေရာတွင်သာ မလှုပ်မယှက်ရပ်နေလေသည်။ သူ၏လက်များသာ လှုပ်ရှားနေခြင်းပင်။ သို့သော်လည်း ထိုရဲဒင်းနှင့် ထိတွေ့မိသည့်အချိန်တိုင်းတွင် သူ၏လက်မှ သတ္တုအပိုင်းအစများ လွင့်ထွက်လာလေသည်။
“မင်း မတော်နိုင်သေးဘားလား” ရှီဟောင်မေးလိုက်သည်။
ဒုန်းဟူသည့်သံနှင့်အတူ သင်္ကေတအားလုံး ပျက်စီးသွားကာ ရဲဒင်း၏ နောက်ဆုံးအပိုင်းသည်လည်း သတ္တုအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ထက်မှ ပြုတ်ကျလာလေသည်။
ဖုန်း..
ရှီဟောင်သည် လေဟာနယ်ထဲတွင် လက်ဆန့်တန်းလိုက်ကာ လေဟာနယ်ထဲမှ ထိုလူကို ဆွဲထုတ်လိုက်သည်။ ရှီဟောင်၏လက်ထဲတွင် ရွှယ်ကျီလည်ပင်း ပါလာလေ၏။
အားလုံးမှာ မျက်လုံးပြူးသွားကာ ဆံပင်များပင် ထောင်ထသွားရသည်။ ရွှယ်ကျီသည် မည်မျှပင် စွမ်းအားကြီးကာ ကြောက်ဖို့ကောင်းသည့်လူဖြစ်သနည်း .. သို့သော်လည်း ယခုအချိန်တွင် သူသည် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ပင်။ သူ၏ခြေ၊လက်များဖြင့် ရုန်းကန်နေလေသည်။
“မင်းထွက်သွားနိုင်မယ်လို့ ထင်နေတာလား” ရှီဟောင်သည် ခိုးထွက်ရန်ကြိုးစားနေသည့် ထိုငွေရောင်ကြောင်ကို မျက်လုံးစွေကြည့်လိုက်သည်။
အမှန်တကယ်တွင် ရှီဟောင် ထွက်လာကတည်းက သူထွက်ပြေးရန် ကြိုးစားနေခြင်းပင်။ သို့သော်လည်း သူ့ကိုချုပ်နှောင်ထားသည့် စွမ်းအားကြီးသည့် နတ်စိတ်ဝိဉာဉ်တစ်ခုရှိနေပြီး သူလှုပ်ရှားလိုက်သည်နှင့် သူမိုးကြိုးပစ်ခံရမည်သာ။
သူဤဖိအားကို တောင့်မခံနိုင်တော့သဖြင့် အသက်စွန့် ထွက်ပြေးရန် ကြိုးစားလိုက်ခြင်းပင်။
ရွှီး..
သူ၏လက်သည်းများကို ထုတ်လိုက်ကာ လေဟာနယ်ကို စုတ်ဖြဲကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း လက်ကြီးတစ်ဖက် ကျရောက်လာကာ သူ့လမ်းကြောင်းကို ဖြတ်လိုက်လေ၏။ သူလျင်မြန်စွာပင် နောက်ဆုတ်လိုက်ရသည်။
အားလုံး ဆွံ့အသွားရသည်။ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းသည်ဟု ထင်နေကြသည့်သူနှစ်ဦးမှာ ယခုအချိန်တွင် သူတို့သည် လုံးဝပင် ကြောက်ရွံ့ကာ စိတ်ဓာတ်ကျနေလေပြီ။
“ဟွမ် .. သူက ဟွမ်ပဲ..”
“ထာဝရနန်းတော်သခင်လေးကို သူသတ်လိုက်တာ .. ဒီတစ်ခေါက်တော့ ကောင်းကင်နိုင်ငံကတော့ သတ္တုပြားကြီးကို ကန်မိလိုက်တာပဲ”
ဟွမ် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု အားလုံး မထင်ထားကြပေ။
“ကျောက်တုံးခန်းမကို တူးပြီးတော့ ထာဝရခန္ဓာကိုယ်ကို တွေ့ခဲ့တာငါပဲ .. အဲဒါကို မင်းတို့က ငါ့ကိုသတ်ချင်နေတာလား..” ရှီဟောင် မေးလိုက်သည်။
ရွှယ်ကျီ တိတ်ဆိတ်နေလေပြီ။ သူသည် ဖော်ပြနိုင်ရန် ခက်ခဲသည့် ခါးသီးမှုတစ်ခုကို ခံစားနေရသကဲ့သို့ အရှက်ကွဲမှုကိုလည်း ခံစားနေရသည်။ ဤလူမှာ ဟွမ်ဆိုတာသူသိလျှင် သူကဘယ်လိုလုပ် ဤကဲ့သို့ လုပ်ရဲမည်နည်း..
“ဒီတစ်ခေါက် ငါတို့မှားသွားပါတယ် .. ငါတို့အမှားကို ပြင်ချင်ပါတယ် .. ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးပါ” ငွေရောင်ကြောင်မှ ပြောလိုက်သည်။
“နည်းနည်းလေးမှကို ရိုးသားမှုမရှိဘူး .. မင်းက ခေါင်းကိုတောင် မငုံ့ဘူး .. မင်းက ရှေးဟောင်းလူထူးဆန်းတစ်ယောက်နဲ့ နောက်လိုက်ဖြစ်နေတယ်ဆိုတာနဲ့ပဲ ငါမင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား” ရှီဟောင် ပြောလိုက်သည်။
ငွေရောင်ကြောင်သည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် အေးစက်မှုတစ်ခုကိုလည်း တွေ့လိုက်ရသည်။ သူသေချာအာရုံခံလိုက်သည့်အချိန်တွင် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ ကြောက်စရာအကောင်းဆုံးလူဟု သိထားသည့် နံပါတ်၁ လုပ်ကြံသူ ရောက်လာလေပြီ။
“လာခဲ့လေ .. မင်းက ထာဝရနန်းတော်သခင်လေးထက် အားမနည်းဘူးလို့ ပြောကြတယ် .. မင်းရဲ့ပညာတွေကို ကြည့်လိုက်ကြရအောင်..” ရှီဟောင်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရွှယ်ကျီ စိတ်လှုပ်ရှားသွားရသည်။ ရှီဟောင်ကို ရိုက်ချရန်အတွက် သူ့အစ်ကိုကြီး၏ကောင်းကင်ရိုက်ချက်ကို စောင့်နေခြင်းပင်။ သို့သော် ဟွမ် ဤမျှတည်ငြိမ်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူမရေမရာခံစားလာရသည်။
“ထွက်မလာဘူးလား” ရှီဟောင်၏အမူအရာများ အေးစက်သွားသည်။ သူသည် ရွှယ်ကျီကို လေထဲသို့ ပစ်လွှတ်လိုက်သည်။ သူ လက်ညှိုးထိုးလိုက်သည်နှင့် ရွှယ်ကျီ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမှာ တစ်စစီဖြစ်သွားပြီး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရွှယ်ကျီသည် အံကြိတ်ကာ ညည်းတွားလိုက်ပြီး သူ၏ခေါင်းတွင် ချွေးများ ရွှဲစိုနေလေပြီ။ ပြင်းထန်လှသည့် နာကျင်မှုမှာ သူ၏မျက်နှာကိုပင် ဖြူဖျော့သွားစေသည်။
“ထွက်မလာသေးဘူးလား .. မင်းထွက်မလာသေးဘူးဆိုရင် မင်းရဲ့ညီလေး အသက်ဆုံးရှုံးသွားရလိမ့်မယ်” ရှီဟောင်၏အသံမှာ တည်ငြိမ်နေလေသည်။
သူလက်ကို နောက်တစ်ကြိမ်မြှောက်လိုက်သော်လည်း လေဟာနယ်ထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ ထိုလူပေါ်မလာခဲ့ပေ။
သူရွှယ်ကျီကို လက်ညှိုးထိုးလိုက်သည်နှင့် ရွှယ်ကျီ၏ခန္ဓာကိုယ်သည် တစ်လက်မစီပင် ပေါက်ကွဲလာပြီး လေထဲတွင် သွေးမြူအဖြစ် ပျံ့နှံ့သွားလေသည်။
ဖူး..
ရွှယ်ကျီသည် အသက်ဆုံးရှုံးသွားကာ သူ၏ဝိဉာဉ်လည်း ဖျက်ဆီးခံလိုက်ရသည်။
ဤနေရာမှာ လုံးဝပင် တိတ်ဆိတ်သွားရသည်။ ကောင်းကင်နိုင်ငံ၏ နံပါတ် ၂ လုပ်ကြံသူမှာ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီလား..
ဟွမ်မှာ စွမ်းအားကြီးလွန်းလှသည်။ ယခု သူတို့မျက်မြင်တွေ့လိုက်ရသည့်အချိန်တွင် သူသည် ပို၍ပင်သူရဲကောင်းဆန်သည်ဟု သူတို့ခံစားလိုက်ရသည်။
ကောင်းကင်နိုင်ငံ၏ နံပါတ် ၁ လုပ်ကြံသူမှာ ဤကိစ္စကို ဤကဲ့သို့အဆုံးသတ်ခွင့်မပေးမည်ကို သူတို့သိသည်။ သူသည် သေချာပေါက်ပင် ကြောက်စရာအကောင်းဆုံး လုပ်ကြံသတ်ဖြတ်မှုကို ပြုလုပ်လိမ့်မည်ပင်။
“ငါ့အမြင်မမှားရင် မင်းက အရှားပါးဆုံး ရွှေရောင်အမှတ်အသားပါတဲ့ကျားဖြူဖြစ်လိမ့်မယ် ဟုတ်တယ်မလား .. ဖုံးကွယ်ဖို့ကြိုးစားမနေနဲ့တော့ .. မင်းရဲ့သခင် မလာသေးဘူးလား” ရှီဟောင်သည် ထိုငွေရောင်သက်ရှိကို ကြည့်ကာ မေးလိုက်သည်။
အပိုင်း ၁၀၈၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၃ – ထာဝရရှေးဟောင်းအဆီးအတား
ဤသည်မှာ ကြောင်တစ်ကောင်မဟုတ်ပဲ ဒဏ္ဍာရီလာ ရွှေရောင်အမှတ်အသားနှင့်ကျားဖြူဖြစ်နေသည်လား..
“မဟုတ်လောက်ဘူးမလား .. ဒဏ္ဍာရီလာကျားဖြူတွေရဲ့ သတ်ဖြတ်တဲ့နည်းပညာက ကြောက်စရာအကောင်းဆုံးပဲ .. သူတို့တွေ မျိုးဆက်တစ်ခုထက်တစ်ခု ပိုပြီးတော့ စွမ်းအားကြီးလာကြတာ .. ပြီးတော့ ရွှေရောင်သင်္ကေတပါတဲ့ ကျားဖြူတွေက ဘုရင်မျိုးရိုးတွေလို့ ပြောလို့ရတယ်”
လူများစွာမှာ ထိတ်လန့်သွားရသည်။ ကျားဖြူမှာ မည်မျှပင် စွမ်းအားကြီးသည့်သက်ရှိဖြစ်သနည်း.. သူတို့ကလန်၏ဘိုးဘေးသည် နဂါးအစစ်ကိုပင် စိန်ခေါ်ခဲ့သူပင်။
ထို ‘ငွေရောင်ကြောင်’သည် အနောက်ဆုတ်သွားပြီး သူ၏အမွေးများတောက်ပလာလေ၏။ သူ၏အမွေးတစ်ပင်ချင်းစီမှာ တောက်ပနေလေသည်။
များပြားလှသည့် သင်္ကေတများ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့မည်ပင်။ ကြောက်စရာကောင်းသည့်အော်ရာများ လေထဲတွင် ထွက်ပေါ်လာလေ၏။ သူစွန့်စားတော့မည်။
“အမ်..” ရုတ်တရက်ပင် ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ သူသည် ကိုယ်ပွားတစ်ခုကို ချန်ရစ်ထားခဲ့ကာ သူ၏မူလခန္ဓာကိုယ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။ သူ၏လက်ထဲတွင် ထာဝရဓားပေါ်လာပြီး သူလေဟာနယ်ကို ဖောက်ခွဲပစ်လိုက်သည်။ နတ်အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး သူလှုပ်ရှားလိုက်သည်နှင့် အဆုံးမရှိသည့်အလင်းများ ထွက်ပေါ်လာလေသည်။
ဖုန်း…
လီပေါင်းများစွာ ကွာဝေးသည့်နေရာမှ အနက်ရောင်တောင်ထိပ်တစ်ခု ပေါက်ကွဲသွားလေသည်။ မြေကြီးပေါ်တွင်လည်း မရေတွက်နိုင်သည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။
“မင်းက ကိုယ့်ကိုကိုယ် တော်တော်လေးကို ထိန်းချုပ်နိုင်တာပဲ” ရှီဟောင် သက်ပြင်းချလိုက်သည်။
တစ်စုံတစ်ယောက်သည် လေဟာနယ်ပျက်စီးခြင်းသင်္ကေတကို အသုံးပြုကာ ထွက်ပြေးရန် ကြိုးစားနေလေသည်။ သူတစ်စုံတစ်ခုကို အာရုံခံမိပြီး ထိုလူနောက်ပြေးလိုက်သော်လည်း သူနောက်ကျသွားသည်။ ထိုလူလွတ်မြောက်သွားလေပြီ။
ဤသည်မှာ ကောင်းကင်နိုင်ငံ၏ နံပါတ် ၁ လုပ်ကြံသူပင်။
ထို့နောက်တွင် ရှီဟောင်သည် ထိုနေရာမှ ပျောက်ကွယ်သွားကာ မီးတောင်ဝသို့ ပြန်ရောက်သွားလေသည်။ ထိုရွှေရောင်အမှတ်အသားနှင့်ကျားဖြူသည် ထွက်ပြေးရန် ကြိုးစားသော်လည်း ရှီဟောင်၏ကိုယ်ပွား၏ ရပ်တန့်ခြင်းကို ခံလိုက်ရသည်။
ရွှီးဟူသည့်အသံနှင့်အတူ ရှီဟောင်ပြန်ရောက်လာကာ သူ၏ကိုယ်ပွားနှင့်ပြန်ပေါင်းလိုက်သည်။
ရွှေရောင်အမှတ်အသားနှင့်ကျားဖြူသည် ဆက်တိုက်ပင် နောက်ဆုတ်နေပြီး အခြေအနေသိပ်မကောင်းဘူးဟု သူခံစားနေရသည်။
ရှီဟောင်သည် ကောင်းကင်နိုင်ငံ၏ နံပါတ် ၁ လုပ်ကြံသူနောက်သို့ ပြေးလိုက်သွားခြင်းဖြစ်သည်ကို ကျားဖြူသာမက ဤနေရာတွင်ရှိနေသည့်လူများအားလုံးသိလိုက်ရသည်။
“ဒီလူက တော်တော်ဆိုးတာပဲ .. သူ့ညီလေး သေသွားတာတောင်မှ ဒီလိုမျိုးပဲ ထွက်သွားတယ်” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး တုန်လှုပ်သွားရသည်။
ကောင်းကင်နိုင်ငံမှ နံပါတ် ၁ လုပ်ကြံသူသည် ရှီဟောင်အား အရှုံးပေးလိုက်ပြီး ချက်ချင်းပင် လှည့်ထွက်သွားလေပြီ။ ဤသည်မှာ သူအနိုင်ရဖို့ မသေချာသောကြောင့်ပင်။ မဟုတ်ပါက ဤသို့ ထွက်သွားမည်မဟုတ်ပေ။
“ဒီလူက တော်တော်လေးကို ကြောက်ဖို့ကောင်းတာပဲ” ချင်းရိ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ညီလေး သူ့မျက်စိရှေ့သေသွားသော်လည်း သူသည် နောက်ပြန်ဆုတ်သွားလေသည်။ သူသည် အမှောင်ထုထဲတွင် လျှောက်လမ်းနေသည့် ကောင်းကင်နိုင်ငံမှ ဘုရင်ဖြစ်ထိုက်ပါပေသည်။
“ပြဿနာတစ်ခုရှိနေတယ် .. ဒီလူက ရက်စက်ယုတ်မာပြီးတော့ အရမ်းလည်း စိတ်ရှည်တယ် .. သူလှုပ်ရှားလိုက်တာနဲ့ သေချာပေါက်ကို သေအောင်လုပ်မှာ” ချောင်ယုရှန်း၏အမူအရာမှာ လေးနက်နေသည်။
ကောင်းကင်နိုင်ငံမှ နံပါတ် ၁ လုပ်ကြံသူကို အဆင့်မြင့်နယ်မြေ၏ ကြောက်စရာအကောင်းဆုံးအဆင့်လွန်လူသားဟု သိကြသည်။ သူ၏ခွန်အားမှာ ထာဝရနန်းတော်သခင်လေးနှင့် နှိုင်းယှဉ်နိုင်သော်လည်း သူသည် ဘယ်တော့မှ အရှေ့ဘက်မှနေ၍ မတိုက်ခိုက်ပဲ အနောက်ဘက်မှနေ၍သာ တိတ်တဆိတ် တိုက်ခိုက်ခြင်းပင်။ သူ့ကို မည်သူက တားဆီးနိုင်မည်နည်း..
ရှေးဟောင်းလူထူးဆန်းများ သူ့ကို ကြောက်ရခြင်းမှာ သူတို့သည် အမြဲတမ်း သတိအပြည့်ဖြင့် မနေနိုင်သောကြောင့်ပင်။ အားလုံးမှာ သတိလက်လွတ်နေနေမိသည့်အချိန် ရှိမည်သာ။ ထိုသို့သတိလက်လွတ်နေမိသည်နှင့် အေးစက်သည့်ဓားအလင်းတန်း ကျရောက်လာပြီး သွေးများ လွင့်စင်ထွက်သွားမည်သာ။
“ငါက နတ်ဘုရားကျောင်းကလာတာ” ရွှေရောင်အမှတ်အသားနှင့်ကျားဖြူမှ ပြောလိုက်သည်။ သို့သော်လည်း သူသည် နောက်ဆုတ်နေဆဲပင်။
နတ်ဘုရားကျောင်းလား.. အားလုံးအေးခဲသွားရသည်။ သူ၏နောက်ခံမှာ အတော်လေးပင် ကြောက်စရာကောင်းလွန်းလှသည်။
“ပြီးတော့ ဘာဖြစ်လဲ..” ရှီဟောင်သည် နည်းနည်းလေးမျှပင် မစိုးရိမ်ပေ။ သူသည် အရှေ့ဘက်သို့ တစ်လှမ်းချင်းပင် လျှောက်လာလေသည်။
“ငါမင်းနဲ့ ရန်သူမဖြစ်ချင်ဘူး .. ငါတို့ဒီအတိုင်းပဲ လမ်းခွဲလိုက်ကြရင် ပိုကောင်းမယ်” ရွှေရောင်အမှတ်အသားနှင့်ကျားဖြူမှ ပြောလိုက်သည်။
“ငါက တာအိုကောင်းကင်မျက်လုံးကို ကျင့်ကြံထားတာ .. မင်းရဲ့မျက်လုံးထဲမှာရှိနေတဲ့ အမုန်းတရားတွေနဲ့ ဒေါသတွေကို ငါမြင်နေရတယ် .. ငါမင်းကို လွှတ်ပေးလိုက်ရင် ငါ့ကိုစောင့်ကြိုနေတဲ့ကပ်ဆိုးကြီးပဲ ဖြစ်လာမှာ .. ကိစ္စတွေရှင်းသွားအောင်လို့ မင်းကိုသတ်လိုက်တာက ပိုကောင်းပါတယ်” ရှီဟောင်တည်ငြိမ်စွာပင် ပြောလိုက်သည်။
ဤရွှေရောင်အမှတ်အသားနှင့်ကျားဖြူကို လွှတ်ပေးလိုက်လျှင် သူ၏သခင်နှင့် တိုက်ပွဲတစ်ခု မလွဲမသွေဖြစ်လာမည်ပင်။
ထို့အပြင် ရှီဟောင်သည် ထူးခြားပါရမီရှင် ရှစ်ယောက်အဝိုင်းခံရသည့်အချိန်တုန်းက နတ်ဘုရားကျောင်းမှ ခြင်္သေ့ကြီးကိုပင် သတ်လိုက်သောကြောင့် ရှားပါးသည့်ကျားဖြူတစ်ကောင်ကို ထပ်သတ်လည်း သိပ်မထူးပေ။
“မြင့်မြတ်တဲ့ရှေးဟောင်းသားတော်က အဲဒီအဆင့်ကို တက်တော့မှာ .. ပြီးတော့ အောင်မြင်နိုင်ချေက ၈၀ ရာခိုင်နှုန်းရှိတယ်” ရွှေရောင်အမှတ်အသားနှင့်ကျားဖြူသည် ရှီဟောင်၏မျက်လုံးများကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
ထိုသို့ပြောနေသည့်အချိန်တွင် သူသည်ယုံကြည်ချက်အပြည့်ရှိနေသကဲ့သို့ ရှေးဟောင်းသားတော်အတွက်လည်း ဂုဏ်ယူမှုအပြည့်ဖြင့်ပင်။
ရှေးဟောင်းသားတော်မှာ ဤဂိုဏ်း၏ ရှေးဟောင်းလူထူးဆန်းပင်။ သူ၏ကျင့်ကြံခြင်းသည် သူနှင့် အဆင့်တူသည့်သူများကြားထဲတွင် ပြိုင်ဘက်ကင်းဖြစ်စေပြီး အတိတ်နှင့် ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည်။ မည်သူမျှ သူနှင့် မျက်နှာချင်း မဆိုင်ရဲကြပေ။
“အဲဒီတော့ သူအောင်မြင်တော့မှာပေါ့ .. ဘယ်သူက သူ့ကိုယှဉ်နိုင်တော့မှာလဲ” လူအချို့ တုန်ယင်သွားကြသည်။
သရဖူ ၁၀ ခုဘုရင်အောင်မြင်သွားပြီး နျင်ချွမ်းလည်း ထာဝရတာအိုစွမ်းအင်ကို ထုတ်နိုင်ပြီဟု အားလုံးသိထားကြသည်သာ။
ယခု ရှေးဟောင်းသားတော်ကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် မည်သူက မတုန်လှုပ်ပဲနေမည်နည်း..
လူများသည် ဟွမ်အား ကြည့်လာကြလေ၏။ သူသည်စွမ်းအားကြီးသော်လည်း သူသာထိုအဆင့်သို့ မတက်လှမ်းလျှင် သူသေချာပေါက် အန္တရာယ်များမည်သာ။ သူကဲ့သို့သော အံ့အားသင့်စရာကောင်းသည့် လူတစ်ယောက်သေဆုံးသွားလျှင် အလွန်နှမြောစရာကောင်းလိမ့်မည်။
ဤသည်မှာ သူ မြင့်မြတ်သည့်ရှေးဟောင်းသားတော်အကြောင်းကို သူကြားဖူးသည့် ပထမဆုံးအကြိမ်မဟုတ်ပေ။ ငွေရောင်ခြယ်တောင်တွင်လည်း ခြင်္သေ့ကြီးပြောသည်ကို သူကြားဖူးသည်။
ရှီဟောင်သည် အလွန်ပင် တည်ငြိမ်နေလေသည်။ “အဲဒါဆိုရင်လည်း သူအဲဒီအဆင့်ထိရောက်ပြီးအောင် ငါစောင့်ပေးမယ်လေ .. တကယ်လို့ သူ့ရဲ့နည်းလမ်းတွေက မှားလားမှန်လားမသိရင် ငါ့ဆီကိုလွှတ်လိုက်”
“မင်း..” ရွှေရောင်အမှတ်အသားနှင့်ကျားဖြူသည် နောက်ဆုတ်လိုက်ပြီး ထိတ်လန့်သကဲ့သို့ ကြောက်လည်း ကြောက်သွားရသည်။ ဤလူလှုပ်ရှားတော့မည်။ မြင့်မြတ်ရှေးဟောင်းသားတော်နာမည်ပင်လျှင် သူ့အား မရပ်တန့်နိုင်တော့ပေ။
အခြားသူများလည်းလည်း ထိတ်လန့်သွားကြသည်။ သူသာ ဤနေရာတွင် လှုပ်ရှားလိုက်သည်နှင့် သူတို့နှစ်ဖွဲ့ကြားတွင် မည်သည့်ဆက်ဆံရေးမျှ ရှိမလာနိုင်တော့ပေ။ ရှေးဟောင်းသားတော်သာ ထွက်လာလျှင် သူဘယ်လိုလုပ်မည်နည်း..
“ရှေးဟောင်းသားတော်က သီးသန့်ကျင့်ကြံတာကနေ ထွက်လာတော့မှာ .. မင်းသေချာစဉ်းစားရင် ပိုကောင်းလိမ့်မယ်” ရွှေရောင်အမှတ်အသားနှင့်ကျားဖြူမှ ပြောလိုက်သည်။ သူသည် လွတ်လမ်းမရှိတော့သော်လည်း ခေါင်းမငုံ့သေးပေ။
“ငါပြောပြီးပြီလေ .. သူလာချင်ရင် အခုချက်ချင်းလာလည်းရတယ်” ရှီဟောင် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
“ဝူး..” ရွှေရောင်အမှတ်အသားနှင့်ကျားဖြူသည် ရှည်ကြာစွာပင် ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တောင်ငယ်တစ်လုံးစာခန့် ကြီးမားလာပြီး ငွေရောင်အလင်းများလည်း မီးတောက်များကဲ့သို့ပင် ထွက်ပေါ်လာလေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရောယှက်နေသည့် ရွှေရောင်သင်္ကေတများလည်း ရှိနေသေးသည်။
သူ၏လက်သည်းများကို ထုတ်လိုက်သည်နှင့် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာလေသည်။
ဒုန်း…
ရှီဟောင်သည် သူ၏လက်ဖြင့် ထိုကျားဖြူလက်သည်းများကို ခုခံလိုက်သည်နှင့် လေထဲတွင် နားစည်ကွဲလောက်သည့် တချွင်ချွင်အသံများ ထွက်ပေါ်လာလေသည်။ ကျားဖြူလက်သည်းများမှာ မာကျောကာ ထက်ရှလွန်းလှပြီး လက်သည်းမှာ ပျက်စီးမသွားပေ။
အခြားသူသာဆိုလျှင် ယခုကဲ့သို့ ရှီဟောင်နှင့် ထိပ်တိုက်ရင်ဆိုင်လျှင် သူတို့အသွေးအသားများ ပေါက်ကွဲသွားမည်ပင်။
“ကြည့်ရတာ ကောလဟာလတွေက အမှန်ထင်တယ် .. အဲဒီရှေးဟောင်းသားတော်က မူလဖရိုဖရဲရေကန်တစ်ခုကို ရှာတွေ့ထားပြီးတော့ အဲဒီရေကန်ထဲမှာ ထူးဆန်းတဲ့အရည်တွေ ရှိနေတယ်တဲ့ … အဲဒီအရည်တွေနဲ့ သူ့ခန္ဓာကိုယ်ကို သုတ်လိမ်းလိုက်တာနဲ့ သူ့ရဲ့အသွေးအသားတွေက အရမ်းကို စွမ်းအားကြီးသွားတာတဲ့” ချောင်ယုရှန်း ပြောလိုက်သည်။
သူပြောသည့်အတိုင်းဆိုလျှင် ဤရွှေရောင်အမှတ်အသားနှင့်ကျားဖြူသည်လည်း သူ၏လက်သည်းများပေါ်တွင် ထိုအရည်များကို သုတ်လိမ်းထားသည်သာ။
“ဒီလိုမျိုး ပစ္စည်းလဲရှိသေးတာလား” ယုန်ဖြူလေးသည် အူးအူးအားအားပင် အော်ဟစ်နေလေ၏။ ဤကဲ့သို့သော ပစ္စည်းများကို သူမဘာကြောင့် မတွေ့ခဲ့ရသနည်း..
“ထာဝရရှေးဟောင်းမြေမှာ မတွေ့သေးတဲ့ ကံကောင်းမှုတွေ အများကြီး ရှိနေပါသေးတယ် .. ငါတို့လည်း ထူးဆန်းပြီးတော့ အရမ်းမိုက်တဲ့ပစ္စည်းမတွေ့နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ” ချောင်ယုရှန်း ပြောလိုက်သည်။
ဒုန်း ဒုန်း ဒုန်း…
နေရာ အနှံ့တွင် မီးပွားများ လွင့်စင်သွားလေ၏။ ထိုရွှေရောင်အမှတ်အသားနှင့်ကျားဖြူ ထိတ်လန့်သွားရသည်။ သူ၏လက်သည်းများမှာ နာကျင်သွားရပြီး ပေါက်ကွဲထွက်တော့မတတ်ပင် ခံစားနေရသည်။ သို့သော်လည်း တစ်ဖက်လူမှာ အမူအရာပြောင်းသွားခြင်းပင် မရှိပေ။
“ဝူး…” ကျားဖြူကြီး၏ ဟစ်ကြွေးသံမှာ ကောင်းကင်ကိုပင် ပြိုကျတော့မတတ်ပင်။ သူ၏ကျောထက်တွင်ရှိနေသည့် ရွှေရောင်သင်္ကေတများ တောက်ပလာကာ ပင့်ကူအိမ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး ရှီဟောင်အား ဝန်းရံသွားလေသည်။
ကံမကောင်းစွာဖြင့်ပင် ထိုသင်္ကေတများ လေထဲသို့ တက်လာသည်နှင့် ရှီဟောင်၏လက်ဝါးချက်ကြောင့် ပျက်စီးသွားလေသည်။ ထိုသင်္ကေတများမှာ သူ့အား နည်းနည်းလေးမျှပင် မထိခိုက်စေနိုင်ပေ။
ချွမ်း..
ရွှေရောင်အမှတ်အသားနှင့်ကျားဖြူ၏ အမူအရာပြောင်းလဲသွားသည်။ ဖရိုဖရဲရေကန်၏ ထူးဆန်းသည့်ရေထဲတွင်စိမ်ခဲ့သည့် သူ၏လက်သည်းတစ်ခု ပျက်စီးသွားလေပြီ။
“သူအဲဒီအဆင့်ကို ရောက်ပြီးသွားတာများလား” ထိုကဲ့သို့စဉ်းစားမိသွားသည့်အချိန်တွင် သူ၏ယုံကြည်ချက်များအားလုံး ပျောက်ဆုံးသွားရသည်။
နောက်ဆုံးအကြိမ် ဟစ်ကြွေးပြီးသည့်နောက်တွင် သူသည် လျှို့ဝှက်နည်းလမ်းတစ်ခုကိုသုံးကာ သူ၏ခန္ဓာကိုယ်အား လောင်ကျွမ်းစေလိုက်သည်။ ထို့နောက်တွင် သူချက်ချင်း လှည့်ထွက်သွားလေ၏။
“မင်းရဲ့သွေးစွမ်းအင်ကိုဖြုန်းတီးမနေနဲ့တော့ .. အသားရဲ့အရည်အသွေးကို ပျက်စီးစေလိမ့်မယ်” ရှီဟောင်ပြောလိုက်သည်။ လက်ကြီးတစ်ဖက်ကျရောက်လာကာ ထိုကျားအား ဖမ်းဆီးသွားလေသည်။
အားလုံးဆွံ့အသွားရ၏။ ရွှေရောင်အမှတ်အသားနှင့်ကျားဖြူကြီးမှာ ပို၍ပင် ဒေါသထွက်နေသည်။ ဤစကားလုံးများမှာ ဘာကိုဆိုလိုသနည်း.. သူက အစားအစာဖြစ်သွားတော့မှာလား..
ရွှေရောင်အမှတ်အသားနှင့်ကျားဖြူသည် ဖမ်းခံလိုက်ရကာ ချက်ချင်းပင် သတ်ခံလိုက်ရလေသည်။ ယခင်က အဆင့်လွန်ကျွမ်းကျင်သူပေါင်းများစွာကို သတ်ပစ်ခဲ့သည့် နတ်ဘုရားကျောင်းမှ သားရဲကြီးသည် ယခုအချိန်တွင် ရှီဟောင်၏ဖမ်းဆီးခြင်းကို ခံလိုက်ရကာ အစားအသောက်အဖြစ် အပြောင်းခံလိုက်ရလေပြီ။
အချိန်အတော်ကြာသည်အထိ ဤနေရာမှာ လုံးဝတိတ်ဆိတ်သွားသည်။
“ဟွမ်ရဲ့ ဂုဏ်သတင်းက အလကားရလာတာမဟုတ်ဘူးပဲ .. သူက ကောင်းကင်နိုင်ငံက နံပါတ် ၁ လုပ်ကြံသူကို ခြောက်လှန့်ပစ်လိုက်နိုင်ရုံသာမက ရှေးဟောင်းသားတော်ရဲ့သားရဲကိုလည်းသတ်ပစ်တယ် .. သူက ကောင်းကင်ကြီးကိုတောင် ထိုးဖောက်သွားတော့မှာလား”
“မုန်တိုင်းတစ်ခုတိုက်တော့မှာ .. သေချာပေါက်ကို တိုက်ပွဲကြီး ဖြစ်လာတော့မှာ”
အချိန်မည်မျှကြာသွားမှန်းမသိလိုက်ရသည့်အချိန်မှသာ အားလုံးသည် အချင်းချင်း ဆွေးနွေးနေကြလေ၏။
ယခုအချိန်တွင်ရှီဟောင်သည် ချောင်ယုရှန်း၊ ချင်းရိတို့နှင့်အတူ ဤထာဝရအလောင်းကို ယူနိုင်မည့်နည်းလမ်းကို စဉ်းစားနေခြင်းပင်။ ဤပစ္စည်းမှာ ထူးခြားလွန်းလှသောကြောင့် အမှားတစ်ခုလုပ်မိသွားသည်နှင့် သူတို့ကို ထိခိုက်နိုင်သည်။
“ငါတို့ဒါကို ဒီတိုင်း တိုက်ရိုက်ယူသွားလို့မရဘူး … ငါတို့ဒီပစ္စည်းကို ထိလို့မရဘူးဆိုတော့ ဒီကျောက်ခန်းတစ်ခုလုံးကို တူးပြီးယူရုံပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“ဒီလိုပဲ လုပ်လို့ရမှာပဲ” ချင်းရိလည်းခေါင်းညိမ့်လိုက်သည်။
“တစ်ခုခုမှားနေတယ်လို့ ငါခံစားနေရတယ် .. အဲဒီမှာ ကျင့်ကြံနေတဲ့အချိန်တုန်းက တစ်ခါတစ်လေ ထူးဆန်းတဲ့ခံစားချက်တစ်ချို့ရတယ် .. ဒီထာဝရခန္ဓာကိုယ်ကို တွေ့တဲ့တစ်ခြားလူတွေ ရှိသေးပေမယ့် သူတို့တွေလည်း ဒီအလောင်းကို မထိကြဘူး” ရှီဟောင်ပြောလိုက်သည်။
“မင်းရဲ့ ကောင်းကင်မျက်လုံးထဲကို ငါကြည့်လိုက်မယ်” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး ပြောလိုက်သည်။
ရှီဟောင်သည် ကျောက်တုံးလေးကို ကောက်ယူလိုက်ကာ သူမြင်ရသမျှအရာအားလုံးကို လွှဲပေးလိုက်သည်။ ထိုကျောက်တုံးအခန်းထဲတွင် ထာဝရအလောင်းရှိနေသည့်နေရာကိုသာ တာအိုကောင်းကင်မျက်လုံးဖြင့် မမြင်ရခြင်းပင်။ ကျန်သည့်နေရာအားလုံးကို မြင်နေရသည်။
“အဲဒီမှာ တကယ်ထူးဆန်းတာ ရှိနေတယ် .. အဲဒီထာဝရအလောင်းနားမှာ ထူးဆန်းတဲ့ရှေးဟောင်းအစီအရင်တစ်ခု ရှိနေတယ် .. ဒါပေမဲ့ အန္တရာယ်ပေးမယ့်ပုံတော့ မပေါ်ဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
ဤသည်မှာ ရိုးရှင်းသည့် ကျောက်တုံးအခန်းဟု ထင်ရသော်လည်း နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောစကားအရဆိုလျှင် ထိုနေရာတွင် ရှေးဟောင်းအစီအရင်တစ်ခု ရှိနေသည်။ ထိုအစီအရင်မှာ အချိန်၏တိုက်စားခြင်းခံနေရပြီဖြစ်သော်လည်း အစွမ်းအနည်းငယ် ကျန်ရှိနေဆဲပင်။
နောက်ဆုံးတွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ‘ရွေ့လျားနိုင်သည့်အစီအရင်’ တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုအစီအရင်ကို ပြုလုပ်ရန်အတွက် နတ်ပစ္စည်းများစွာကို အသုံးပြုခဲ့ရလေသည်။
ဤအစီအရင်မှာ ထူးခြားလှပြီး ထာဝရအလောင်းကိုပင် ရွေ့နိုင်သည်။ သို့သော်လည်း သူတို့ဖြေးညှင်းစွာပင် လှုပ်ရှားကြရသည်သာ။
“ဒီအစီအရင်က ငါတို့ဘိုးဘေးတွေရဲ့ သွေးတွေ ချွေးတွေနဲ့ လုပ်ထားရတာ .. ဒီလိုအခြေအနေမျိုးကို သူတို့အရင်ကလည်း တွေ့ကြုံဖူးကြတယ်ထင်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
ထိုအလောင်းကို စတင်မရွေ့မီတွင် သူတို့သည် မီးတောင်ပေါက်ဝတွင်ရှိနေသည့် သူအားလုံးကို နောက်ဆုတ်ခိုင်းထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှုံးနိမ့်သွားလျှင် အလွန်အန္တရာယ်များလိမ့်မည်။
သူတို့ပင်လျှင် ရွှေ့ပြောင်းသည့်အစီအရင်နားတွင် ရပ်နေသော်လည်း တစ်ခုခုဖြစ်လာသည်နှင့် ချက်ချင်း ထွက်ပြေးကြမည်ပင်။
ခွပ်…
ထိုကျောက်တုံးအခန်းထဲမှ ထူးဆန်းသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုထာဝရအလောင်း ရွေ့လျားသွားသော်လည်း တစ်ခုခုမှားယွင်းနေသည်။
ရုတ်တရက်ပင် အနက်ရောင်အိုးတစ်လုံး ပေါ်လာကာ အက်ကွဲသွားလေ၏။ ထို့နောက်တွင် ထိုအိုးထဲမှ အနက်ရောင်သွေးများစီးကျလာပြီး အနက်ရောင်မြူများလည်း ထွက်ပေါ်လာသည်။
“သွားတော့”
သူတို့သည် ရွှေ့ပြောင်းခြင်းအစီအရင်ဖြင့် ထိုနေရာမှ ချက်ချင်း ထွက်သွားလိုက်သည်။
“ဘုရားရေ .. အဲဒီမှာ အိုးတစ်လုံး တကယ်ရှိနေတာ .. အဲဒီထဲမှာ ဘာကို ချိတ်ပိတ်ထားတာလဲ” ယုန်ဖြူလေးသည် ဤနေရာမှ မခွဲခွာချင်ပဲ နှမြေတဿဖြင့် ပြောလိုက်သည်။
သို့သော်လည်း သူတို့ခပ်ဝေးဝေးသို့ ပျံသန်းလာလိုက်ကြသည်။ ထိုစွမ်းအင်လှိုင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
ဖုန်း..
ထိုအိုးပွင့်ထွက်သွားကာ ကောင်းကင်ထက်သို့ အနက်ရောင်အလင်းများ ထွက်ပေါ်လာသည်။
“ပြေး..” အခြားသူများလည်း ကျယ်လောင်စွာပင် အော်ဟစ်ကြပြီး ထွက်ပြေးကြလေသည်။
လီပေါင်း ထောင်ပေါင်းများစွာ ရောက်သွားသည့်အချိန်မှသာ ရှီဟောင်တို့ ပြန်လှည့်ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်သို့ တက်လာသည့်အနက်ရောင်အလင်းများကို သူတို့မြင်နေရဆဲပင်။ ထာဝရတာအိုစွမ်းအင်လှိုင်းများလည်း လွင့်ထွက်လာလေသည်။
အချိန်အတော်ကြာပြီးသွားမှသာ ဤနေရာမှာ နောက်တစ်ကြိမ် ပြန်လည်တည်ငြိမ်သွားသည်။
ရှီဟောင်တို့အုပ်စုသည် ချက်ချင်းပင် ပြန်လာကြသည်။ အခြားသူများလည်း ပြန်ရောက်လာကြကာ ထိုကျောက်တုံးအခန်းထဲသို့ ဝင်ရောက်ချင်ကြသော်လည်း ဟွမ်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့အမူအရာများ ပြောင်းလဲသွားကြပြီး လက်လွတ်စပယ်မလုပ်ရဲကြတော့ပေ။
“ဒါက..”
ထိုအိုးမှာ ကွဲသွားပြီး အပိုင်းပိုင်းအစစဖြစ်သွားလေပြီ။ အနက်ရောင်သွေးများလည်း လောင်ကျွမ်းခံရသကဲ့သို့ ခမ်းခြောက်သွားလေပြီ။
ထာဝရအလောင်းသည်လည်း တစ်ဝက်သာ ကျန်တော့သည်။ လေထဲတွင် ထာဝရမြူများရစ်သိုင်းနေပြီး နတ်စွမ်းအားလှိုင်းများလည်းပြင်းထန်လှသည်။
“နှမြောစရာပဲ .. ထာဝရအလောင်းက အများကြီး ပျက်စီးသွားပြီ .. အဲဒီအိုးထဲမှာ ဘာများရှိနေတာလဲ” ချောင်ယုရှန်း နာကျင်စွာပင် ပြောလိုက်သည်။
“ငါတို့ရတဲ့ဟာနဲ့ ငါတို့ကျေနပ်သင့်တယ် .. ဒီမှာ နည်းနည်းကျန်နေတုန်းပဲလေ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်၏။ ထူးဆန်းစွာဖြင့်ပင် သူသည် တင်းတိမ့်ရောင့်ရဲခြင်းတရား ဟောနေသေးသည်။
ထိုအိုးထဲတွင် ပိတ်ထားသည့်အရာမှာ အတော်လေးကြောက်စရာကောင်းသည်မှာ သိသာသည်။
“မယုံကြည်နိုင်လောက်တဲ့သက်ရှိကြီးက သေတဲ့အထိ ချိတ်ပိတ်ခံရပြီးတော့ အနက်ရောင်သွေးအဖြစ် ပြောင်းသွားတယ် .. အခုတော့ အဲဒီသွေးတွေကို ထာဝရအလောင်းက စုတ်ယူလိုက်ပြီ” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။
ယခုတစ်ခေါက်တွင်တော့ သူတို့သည် ချောမွေ့စွာဖြင့်ပင် ကျန်နေသည့် ထာဝရအလောင်းကို သိမ်းဆည်းလိုက်နိုင်သည်။
“အဲဒီမှာ .. တစ်ခုခုရှိနေသေးတယ်..” ရုတ်တရက်ပင် ယုန်ဖြူလေး တုန်ယင်စွာဖြင့် အော်ဟစ်လိုက်သည်။ သူမသည် အနက်ရောင်အိုးမှ ပြောင်းလဲသွားသည့် အမှုန့်ဖြူများကို ညွှန်ပြနေလေသည်။
ရှီဟောင် စိတ်ထဲ တုန်ယင်သွားရသည်။ သူ၏တာအိုကောင်းကင်မျက်လုံးဖြင့်ပင် ထိုအမှုန့်များကို ဖောက်ထွင်းမမြင်နိုင်ပေ။ လေတိုက်၍ ထိုအမှုန့်များ ပြယ်သွားသည့်အချိန်တွင် အစိမ်းရောင်နဖူးရိုးကို တွေ့လိုက်ရသည်။
“အဲဒါက ချိတ်ပိတ်ခံထားရတဲ့သက်ရှိပဲ .. အဲဒီမှာ အရိုးတွေ ကျန်နေသေးတယ်” ချင်းရိ ပြောလိုက်သည်။ ထို့နောက်တွင် သူမအမူအရာပြောင်းလဲသွားကာ လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရိုးမှ လှုပ်ခါလာသောကြောင့်ပင်။
“မိုးမခနတ်ဘုရား..” ရှီဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ ထိုအရိုးပေါ်တွင် မိုးမခနတ်ဘုရားချန်ရစ်ထားခဲ့သည့် သဲလွန်စများကို သူမြင်နေရသည်။ ဤသည်မှာ အော်ရာတစ်မျိုးပင်။
“အရွက်တွေ .. ရွှေရောင်မိုးမခအရွက်တွေ..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည်လည်း အော်ဟစ်လိုက်သည်။
အပိုင်း ၁၀၈၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၄ – အကြွင်းအကျန်များ
ထိုနဖူးရိုးသည် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း ကျောက်စိမ်းကဲ့သို့ပင် တောက်ပနေဆဲပင်။
သိပ်မကြီးသည့် ရွှေရောင်သစ်ရွက်တစ်ရွက်သည် နဖူးရိုးကို ဖောက်ထွက်ကာ ပေါက်နေလေ၏။ ဤမြင်ကွင်းမှာ ထူးဆန်းစွာဖြင့်ပင် လှပနေသည်။
ထိုနဖူးရိုးပေါ်တွင် အခြားအပေါက်အနည်းငယ်လည်းရှိနေသေးသည်။ ဤသည်မှာလည်း အရွက်များပေါက်ထားသည့် အပေါက်များပင်။ ပြာမှုန့်ထဲတွင် သစ်ရွက်အနည်းငယ်ရှိနေပြီး အားလုံးမှာ ရွှေရောင်တောက်ပနေသည်။
ဤမြင်ကွင်းမှာ အားလုံး၏နှလုံးခုန်နှုန်းများကို လျင်မြန်စေသည်။
ရှီဟောင်မှာမူ ထိုနေရာတွင်သာ အေးခဲနေလေ၏။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည်လည်း တအီးအီးအော်နေပြီး သူမြင်ရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ သူတို့သည် ဤနေရာတွင် မိုးမခနတ်ဘုရား၏အော်ရာကို ရရှိနေပြီး ဤရွှေရောင်သစ်ရွက်များမှာ မိုးမခနတ်ဘုရားပိုင်သည့် သစ်ရွက်များပင်။
“မိုက်လိုက်တာ .. ဒီသစ်ပင်က ဘာထာဝရသစ်ပင် အမျိုးအစားလဲ .. သူ့ရဲ့သစ်ရွက်တွေက ပြိုင်ဘက်ကင်းတဲ့သက်ရှိကြီးသေတဲ့အထိကို စွဲမြဲနေတုန်းပဲ” ချောင်ယုရှန်း ထိတ်လန့်တကြား ပြောလိုက်သည်။
ဤအနက်ရောင်သွေးမှာ ထိုချိတ်ပိတ်ခံထားရသည့် သက်ရှိမှ ဖြစ်တည်လာခြင်းပင်။ ထိုသက်ရှိသည် အရည်ပျော်သွားပြီဖြစ်ပြီး နဖူးရိုးသာ ကျန်ရစ်တော့သည်။
ရှီဟောင်သည် သူ၏စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်ရန် ခက်ခဲနေသည်။ သူသည်ထိုနေရာကိုသာ စိုက်ကြည့်နေလေသည်။
ဤသည်မှာ ယခင်ခေတ်က ကျန်ရစ်ထားသည့်အရာများပင်။ ဤနေရာတွင် ရွှေရောင်မိုးမခရွက်များ တကယ်ရှိနေသည်။
“မိုးမခနတ်ဘုရား .. နတ်ဘုရားမှာ တကယ်ပဲ ဘယ်လိုနောက်ခံမျိုးတွေ ရှိနေတာလဲ” သူဤအော်ရာကို မှားစရာအကြောင်းမရှိပေ။
ခုံးကျုံကျီးသူ့ကို ပြောပြသည့်အရာများနှင့် အခြားသူများပြောနေသည့်အကြောင်းအရာများကို သူပြန်စဉ်းစားမိသွားသည်။
မိုးမခနတ်ဘုရား၏ မူလဇစ်မြစ်မှာ ထူးဆန်းလှသည်။ သူသည် အစေ့တစ်စေ့မှ ပြန်လည်မွေးဖွားလာသည်ဟု ပြောကြသလို သူသည် တစ်ဝက်နီးပါးဖျက်ဆီးခံလိုက်ရကာ ပြန်လည်ကောင်းမွန်လာရန်အတွက် မသိနိုင်သည့်နေရာတစ်ခုတွင် အမြစ်တွယ်ခဲ့သည်ဟုလည်း ပြောကြသည်။
မိုးမခနတ်ဘုရားသည် အတိတ်မေ့နေသည့်သူကဲ့သို့ပင် သူ၏အတိတ်အကြောင်းကို တစ်ခါမှ မပြောဖူးပေ။
ရှီဟောင်မှာ သူ၏အတွေးထဲတွင် နစ်မြှုပ်နေသည်။ ထာဝရရှေးဟောင်းခေတ်တွင် ဘာဖြစ်ခဲ့သနည်း.. မိုးမခနတ်ဘုရားက ထိုခေတ်ကတည်းက ရှိနေခဲ့ခြင်းလား.. မည်ကဲ့သို့သော ဆိုးရွားသည့်တိုက်ပွဲမျိုးကြုံခဲ့သောကြောင့် ဤကဲ့သို့ အဆုံးသတ်ခဲ့ရသနည်း…
လေအေးတိုက်ခတ်လာကာ ပြာမှုန့်များကို လွင့်မျောသွားစေကာ သစ်ရွက်အနည်းငယ်ကို ချန်ရစ်ထားခဲ့လေ၏။ ထိုနေရာတွင် အလင်းတန်းများတောက်ပနေသည့် နဖူးရိုးနောက်တစ်ခုကို တွေ့လိုက်ရလေသည်။
မတုန်လှုပ်သွားသည့်မရှိပေ။ ဤမြင်ကွင်းကို ကြည့်လိုက်သည်နှင့် ယခင်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ခန့်မှန်းကြည့်နိုင်သည်။ မိုးမခနတ်ဘုရားသည် ယခင်က ပြိုင်ဘက်ကင်းသက်ရှိတစ်ယောက်ကို အနိုင်ယူခဲ့ပြီး ဤအိုးအတွင်းတွင် ချိတ်ပိတ်ထားခဲ့ခြင်းပင်။
“ဒီသက်ရှိက သေချာပေါက်ကို အရမ်းစွမ်းအားကြီးလောက်တယ် .. သူ့ရဲ့နဖူးရိုး ထိုးဖောက်ခံလိုက်ရပေမယ့်လည်း မသေလို့ ချိတ်ပိတ်ခံထားရတာ .. သူ့ရဲ့မူလဝိဉာဉ်က အခုထိ အသက်ရှင်နေတုန်းများလား” ချင်းရိ သက်ပြင်းချကာ ပြောလိုက်သည်။
ဤကျောက်တုံးအခန်းတွင် ထိုင်နေသည့် ထာဝရသက်ရှိတစ်ယောက်ရှိသည်ကို သူတို့မှတ်မိသေးသည်။ သူသည် ဤနေရာတွင် သီးသန့်ကျင့်ကြံနေခြင်းလား .. သို့မဟုတ် ဤအိုးကို စောင့်ရှောက်နေခြင်းလား .. မည်သူမှ မသိနိုင်ပေ။
“ဒီမှာ မိုးမခသစ်ကိုင်းလည်း ရှိတယ် .. ဒါပေမဲ့ ဒီသစ်ကိုင်းက မည်းတူးပြီးတော့ ပျက်စီးနေပြီ” ချောင်ယုရှန်း ပြောလိုက်သည်။
ပြာမှုန့်ထဲတွင် ထိုနဖူးရိုးကို ဖောက်ထွက်နေသည့် မိုးမခကိုင်းလည်းရှိနေသည်။ သို့သော်လည်း ဤသစ်ကိုင်းသည်သူ၏သဘာဝဥပဒေသနှင့် ထာဝရတာအိုခွန်အားများ အားလုံးကို အသုံးပြုပြီးသွားပြီဖြစ်ပြီး ပျက်စီးနေလေပြီ။
“ကြောက်စရာကောင်းလိုက်တာ .. နတ်ခွန်အားတွေက တကယ့်ကို ပြိုင်ဘက်ကင်းပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီရန်သူတွေက ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ .. သူက ဘယ်သူတွေနဲ့ တိုက်ခိုက်ခဲ့ရတာလဲ” ရှီဟောင်ပြောလိုက်သည်။ သူအမှန်တရားကို အလွန်ပင် သိချင်နေမိသည်။ သို့သော်လည်း ဤတိုက်ပွဲဖြစ်ပွားခဲ့သည်မှာ အချိန်ကြာညောင်းလှပြီသလို သူ၏ခွန်အားလည်း မလုံလောက်သေးပေ။ သူဤကိစ္စကို အဆုံးထိစုံစမ်းနိုင်ရန် ခက်ခဲလှသည်။
သူပို၍ သန်မာလာချင်သည်။ သူ၏စိတ်ထဲတွင်စွမ်းအားကြီးလှသည့် စိတ်ခွန်အားများ ထိုးထွက်လာသည်။
ခေတ်တစ်ခေတ်ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း တိုက်ပွဲကြီး အဆုံးမသတ်သေးသည်ကို သူသိသည်။ တိုက်ပွဲမှာ ယနေ့ခေတ်ထိ ဖြစ်နေဆဲပင်။
တိုက်ပွဲကြီးမှာ အနှေးနှင့်အမြန် ဖြစ်လာမည်ပင်။ သူလုပ်နိုင်သည့်အရာတစ်ခုမှာ မြန်မြန်သန်မာလာအောင် လုပ်ရန်ပင်။
ထိုနေ့ရောက်လာပါက ပုန်းနိုင်သည့်နေရာရှိမည်မဟုတ်ပေ။
ဝုန်း..
ရုတ်တရက်ပင် ထိုအစိမ်းရောင်နဖူးရိုးမှ တုန်ခါလာကာ အားလုံးလည်း ဆက်တိုက်ပင် တုန်ခါလာလေ၏။
ဤသည်မှ ဤလူများကို ထိတ်လန့်သွားစေသည်။ အချိန်ကြာနေပြီဖြစ်သော်လည်း ဤအရိုးမှာ လှုပ်ရှားနေနိုင်ဆဲပင်။
ဤအစိမ်းရောင်နဖူးရိုး၏ ပိုင်ရှင်မှာ အလွန်ပင် စွမ်းအားကြီးလိမ့်မည်။ ထို့ကြောင့်ပင် သူ့ကို ဤကဲ့သို့ ပိတ်လှောင်ထားခဲ့ခြင်းပင်။
ရှီဟောင်သည် ဓားကိုထုတ်လိုက်ကာ ထိုအရိုးကို ရိုက်ချရန် ပြင်ဆင်လိုက်သည်။
မိုးမခနတ်ဘုရား၏ ရန်သူမှာ သေချာပေါက် သူ့ရန်သူပင်။ ဤနဖူးရိုးမှ ထူးဆန်းသည့်ပြောင်းလဲမှုများ ပြုလုပ်မည်ကို သူခွင့်မပြုနိုင်ပေ။
“ထာဝရအလောင်းကိုသုံး” ချင်းရိ ပြောလိုက်သည်။
အခြားစွမ်းအင်များမှာ အသုံးမဝင်လောက်ပေ။ အဘယ်ကြောင့်ဆိုသော် ဤပြိုင်ဘက်ကင်းသက်ရှိသည် ပျက်စီးသွားခဲ့သော်လည်း သူ၏အရိုးမှာ မယုံကြည်နိုင်စရာ ကောင်းနေဆဲပင်။
ရွှီး..
ပြာမှုန့်ထဲတွင်ရှိနေသည့် ရွှေရောင်သစ်ရွက်များစွာလည်း တောက်ပလာသည်။ ထိုမည်းနက်နေသည့် မိုးမခသစ်ကိုင်းလည်း တောက်ပလာကာ တုန်ယင်လာလေသည်။
ထို့အပြင် ပို၍ထိတ်လန့်စရာကောင်းသည်မှာ ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ တောက်ပသည့်သင်္ကေတအလင်းတန်းတစ်ခု ပျံသန်းထွက်လာကာ ထိုရွှေရောင်သစ်ရွက်များနှင့် ပေါင်းစည်းသွားကာ ထိုသစ်ရွက်များကို ပိုတောက်ပအောင် လုပ်လိုက်သည်။
ဤသည်မှာ သဘာဝဥပဒေသတစ်ခုမဟုတ်သကဲ့သို့ မည်သည့်စွမ်းအင်လှိုင်းမှလည်းမဟုတ်ပေ။ ရှီဟောင်သည် မိုးမခနတ်ဘုရားနှင့် အချိန်အတော်ကြာနေခဲ့သောကြောင့် မိုးမခနတ်ဘုရား၏အော်ရာမှာ သူ၏အော်ရာနှင့် ရောနေခြင်းပင်။ ယခုအချိန်တွင် ဤအော်ရာများကို ရွှေရောင်သစ်ရွက်များမှာ အာရုံခံမိသွားခြင်းပင်။
ဖူး..
ထိုမည်းတူးနေသည့် သစ်ကိုင်းနှင့် ရွှေရောင်သစ်ရွက်များသည် နဖူးရိုးနားတွင် လှည့်ပတ်နေကြပြီးနောက် တောက်ပသည့်အလင်းရောင်အဖြစ် ပေါက်ကွဲထွက်လာလေသည်။
ရှီဟောင်တို့ လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်ကြသည်။
အားလုံးတည်ငြိမ်သွားသည့်အချိန်တွင် ထိုရွှေရောင်သစ်ရွက်များနှင့် အစိမ်းရောင်နဖူးရိုးတို့ မရှိကြတော့ပေ။ အားလုံးမှာ အမှုန့်အဖြစ် ပြောင်းလဲပျောက်ကွယ်သွားလေပြီ။
“ဒါကြီးကို ချိတ်ပိတ်ထားတာ မဆန်းတော့ပါဘူး … ဒီလောက်နှစ်တွေ ကြာပြီးတာတောင်မှ ဒီလိုမျိုးထူးဆန်းတဲ့ဟာတွေ ဖြစ်နေသေးတယ်” ယုန်ဖြူလေး ပြောလိုက်သည်။
ဤသည်မှာ အိပ်မက်တစ်ခုကဲသို့ပင်။ မိုးမခနတ်ဘုရားသည် လွန်ခဲ့သည့် ခေတ်ကြီးကတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး အလွန်လည်း စွမ်းအားကြီးခဲ့သည်။ ရှီဟောင်သည် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဖြစ်နေသည်။
“သွားကြစို့ … ငါတို့သွားသင့်ပြီ .. ဒီမှာ ကြာကြာနေရင်မကောင်းဘူး .. ငါတို့ကို ဒီမှာနေတဲ့သူတွေ အာရုံစိုက်မိသွားရင် မကောင်းဘူး” ဖက်တီးလေး ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့လုပ်လိုက်သည့် အရှုပ်တော်ပုံမှာ မသေးလှပေ။
သူတို့သည် နတ်အလင်းတန်းများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားကြလေ၏။
အနီးအနားတွင်ရှိနေကြသည့် သက်ရှိများလည်း ထွက်သွားကြလေသည်။
“တကယ်ကို ကံကောင်းတာပဲ”
မည်သူမျှ အနားတွင်မရှိတော့သည့်အချိန်တွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် တအူးအူးပင် အော်နေလေသည်။ သူသည် ထာဝရအရိုးများကိုလည်း ကျောက်တုံးများကဲ့သို့ စားနိုင်ကြောင်း ပြောနေသည်။
သို့သော်လည်း သူသည်ချက်ချင်းပင် ဘေးဘက်သို့ ရိုက်ထုတ်ခံလိုက်ရသည်။
“မင်းသေချင်ပေမယ့် ငါတို့မသေချင်သေးဘူး”
ထာဝရခန္ဓာကိုယ်၏ အပိုင်းလေးမှာ တောက်ပသည့်မြူများ ရစ်ဆိုင်းနေပြီး ထာဝရတာအိုစွမ်းအင်ကို ထုတ်လွှတ်နေသည်။ ဤနားတွင် ကျင့်ကြံပါက ရလဒ်မှာ နှစ်ဆရမည်ပင်။
ကံမကောင်းစွာဖြင့်ပင် ဤနားကျင့်ကြံလျှင်ပင် ထာဝရစွမ်းအင်ကို ရရှိနိုင်မည်မဟုတ်ပေ။
“နှမြောစရာပဲ .. သူ့ဆီမှာရှိတဲ့ ထာဝရတာအိုသင်္ကေတတွေအားလုံး လွင့်ပြယ်သွားပြီ .. မဟုတ်ရင် ဒါက ပြိုင်ဘက်ကင်းတဲ့ မျိုးဆက်ဖြစ်နိုင်တယ်” ဖက်တီးလေး ပြောလိုက်သည်။
သို့သော်လည်း သူတို့ရသည်နှင့် ကျေနပ်သင့်သည်သာ။ မည်သိုပင်ဖြစ်စေ ဤသည်မှာ ထာဝရခန္ဓာကိုယ်ဖြစ်နေဆဲပင်။
“ထာဝရခန္ဓာကိုယ်က အရမ်းအသုံးဝင်တယ် .. ငါတို့ဒါနဲ့ ကျေနပ်သင့်တယ်” ရှီဟောင်ပြောလိုက်သည်။
ထို့နောက်တွင် သူ ထာဝရနန်းတော်သခင်လေးထံမှ ယူခဲ့သည့် သလင်းကျောက်ကို ထုတ်လိုက်သည်။ ထိုထဲတွင် ထာဝရသွေးရှိနေသည်။ ထိုသွေးထဲတွင် သူမလေ့လာရသေးသည့် သင်္ကေတအချို့ရှိနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ဤလမ်းကြောင်းမှာ သူ၏လမ်းကြောင်းနှင့် သိပ်မတူသောကြောင့်ပင်။ သူသည် သွေး၊ အရိုးများ သို့မဟုတ် အခြား ‘ထာဝရအစေ့’ များကို သူ၏ခန္ဓာကိုယ်ထဲတွင် မစိုက်ပျိုးချင်။ သူသည် ထာဝရစွမ်းအင်တစ်ခုတည်းကိုသာ ကျင့်ကြံပြီး အရာအားလုံးကို သူတစ်ယောက်တည်းထံမှ ထွက်ပေါ်လာလိုခြင်းပင်။ သူထိုပစ္စည်းများနှင့် မပေါင်းချင်ပေ။
ဒုတိယမြောက် ထာဝရစွမ်းအင်ကိုလည်း ဤသို့ပြုလုပ်လိုခြင်းပင်။ သူ့ကိုယ်သူသာ အားကိုးမည်။
“ငါတို့ ထပ်ကြည့်ကြဦးမလား” ယုန်ဖြူလေးသည် သူမ၏မျက်လုံးပြူးပြူးလေးများကို ဖွင့်လိုက်ပိတ်လိုက် လုပ်ရင်း မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ရလိုက်သည့်အရာမှာ မနည်းလှသောကြောင့် သူတို့ယခုထွက်သွားလျှင်ပင် နောင်တရစရာမရှိပေ။
“ဆက်ကြည့်ကြစို့” ရှီဟောင် ပြန်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မိုးမခနတ်ဘုရားသည် ယခင်က သင်္ချိုင်းနယ်မြေတွင် တိုက်ခိုက်ခဲ့ပြီး သူ၏ခြေရာလက်ရာများမှာ ဤမျှမကရှိလိမ့်မည်ဟု သူခံစားနေရသည်။
သူသင်္ချိုင်းနယ်မြေသို့ ရောက်ခါစတွင် မိုးမခနတ်ဘုရား ဤနေရာတွင်ရှိနေသကဲ့သို့ ပြင်းထန်သည့် တုံ့ပြန်မှုကို သူခံစားခဲ့ရသည်။
ချောင်ယုရှန်းလည်း ခေါင်းညိမ့်လိုက်ကာ “အဲဒါလည်း ကောင်းပါတယ် .. တကယ်တော့ ဒီအချိန်မှာ သီးသန့်ကျင့်ကြံတာက သိပ်တော့မကောင်းဘူး .. ငါသိသလောက်တော့ ရှေးဟောင်းလူထူးဆန်းတစ်ချို့တွေက နည်းနည်းလောက် သီးသန့်ကျင့်ကြံပြီးသွားရင် သူတို့အသိအမြင်တွေ တိုးပွားအောင်လို့ ကမ္ဘာငယ်လေးမျိုးစုံကိုသွားပြီးတော့ တောတောင်တွေ၊ မြစ်တွေ၊ သက်ရှိတွေကို လှည့်ပတ်ကြည့်တတ်ကြတယ်…”
သင်္ချိုင်းနယ်မြေတွင် နာမည်ကြီးသည့် ရှေးဟောင်းမြေ လေးခုရှိလေသည်။
“ကျောက်တုံးတောအုပ်က သိပ်မကျန်တော့ဘူး … ငါတို့ တစ်ခြားရှေးဟောင်းမြို့ကို သွားကြစို့ .. သင်္ချိုင်းမြို့ကို သွားကြမယ်” ဖက်တီးလေး ပြောလိုက်သည်။
“ငါတို့ တစ်ခုခုရှာတွေ့ရင် ကောင်းမယ် .. ငါတို့သာ ထာဝရတာအိုကျမ်းစာကို တူးဖော်နိုင်ရင် အရမ်းကောင်းမှာပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“အိပ်မက်မက်နေလိုက်” ရှီဟောင် ပြောလိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ချောင်ယုရှန်း ပြောလိုက်၏။ အဘယ်ကြောင့်ဆိုသော် ယခင်က တစ်ယောက်ယောက်သည် ကျမ်းစာစာအုပ်တစ်ဝက်ကို တူးဖော်ရရှိပြီး ကောင်းကင်ကိုပင် တွန်းလှန်နိုင်သည့် ကံကောင်းမှုကို ရရှိခဲ့သောကြောင့်ပင်။
“ငါ ထာဝရဆေးပင်စားချင်တယ် .. တစ်ပင်လောက်ဆိုရင်ကို ရတယ်..” ယုန်ဖြူလေးသည် သူ၏နှုတ်ခမ်းထောင့်မှ သားရေများကို သုတ်ပြီး ပြောလိုက်သည်။
“အဲဒီလိုအပင်မျိုး တကယ်ရှိတယ်” ချင်းရိ ပြောလိုက်၏။ နတ်ဘုရားကျောင်းမှ ရှေးဟောင်းသားတော်မှ ထူးဆန်းသည့်အရည်များပါရှိသည့် ရေကန်တစ်ခု ရှာတွေ့ခဲ့ပုံကို ပြောပြလိုက်သ်ည။
အချို့သူများ ပြောကြသည်မှာ ထိုထူးဆန်းသည့်ရေများသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ဖန်တီးလိုက်သည်ဟုပင်။ အခြားသူများမှာမူ ဤသည်မှာ သေဆုံးသွားသည့် ထာဝရဆေးပင်နှင့် ပေါင်းစပ်ခြင်းမှ ရရှိလာခြင်းဖြစ်သည်ဟု ပြောကြသည်။
သို့သော်လည်း ထိုရေကန်ကို သင်္ချိုင်းနယ်မြေထဲတွင် တွေ့ခဲ့ခြင်း ဟုတ်မဟုတ်ကို မသိရပေ။
သင်္ချိုင်းမြို့.. ရှေးဟောင်းမြေလေးခုထဲမှ တစ်ခု..
သူတို့ခရီးစဉ်မှာ အတော်လေးပင် ချောမွေ့ခဲ့ပြီး မည်သည့်အဖြစ်အပျက်မှ မဖြစ်ခဲ့ပေ။
ဤသည်မှာ မြို့ဟုခေါ်သော်လည်း မြို့ရိုးမရှိပဲ ကြီးမားလှသည့် ဈေးကြီးတစ်ခုသာရှိသည်။ ဈေးမှာ အလွန်ပင် စည်ကားလှသည်။
ဤနေရာတွင် လမ်းများနှင့် အဆောက်အဦးကြီးများသာမက ကျောက်တောင်များနှင့် အပင်များပေါက်ရောက်နေသည့် တောင်များလည်းရှိနေသည်။
ပြောရမည်ဆိုလျှင် ဤနေရာသည် အစီအစဉ်မကျစွာဖြင့်ပင် ရှုပ်ပွနေသည်။
ဤသည်မှာ ဈေးများစွာကို ပေါင်းဖွင့်ထားသကဲ့သို့ပင်။
“မင်းတို့ကြားကြလား .. ကောင်းကင်နိုင်ငံက နံပါတ် ၂ လုပ်ကြံသူ အသတ်ခံလိုက်ရပြီတဲ့ .. တကယ်ကို လန့်စရာကောင်းတဲ့ သတင်းပဲ”
“အဲဒါက ဘာများထူးဆန်းလို့လဲ .. ဒီသတင်းကဖြင့် ကြာလှပြီ .. သူ့မပြောနဲ့ နံပါတ် ၁ လုပ်ကြံသူတောင်မှ ဟွမ်လိုက်တာကို ခံခဲ့ရတာ … သူတောင်မှ ဘာမှမလုပ်ရဲဘူး .. နတ်ဘုရားကျောင်းက ရှေးဟောင်းသားတော်ရဲ့ သားရဲလည်း ဖမ်းပြီးတော့ အသတ်ခံလိုက်ရတယ်”
သူဤနေရာသို့ ရောက်သည်နှင့် ရှီဟောင်သည် တီးတိုးပြောသံများကို ကြားလိုက်ရသည်။
“ဒါတွေက မြင်းကိုယ်လူခေါင်း လူမျိုးစုတွေနဲ့ … ရှေးဟောင်းဖိန်းလူမျိုးစုတွေလား” ယုန်ဖြူလေးမှာ သူမမြင်နေရသည်အရာကို မယုံကြည်နိုင်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အရိုးစာအုပ်များထဲတွင်သာ ရှိတော့သည့် ထာဝရရှေးဟောင်းခေတ်မှ သက်ရှိများကို တွေ့လိုက်ရသောကြောင့်ပင်။
ဤနေရာတွင် အပြင်လူများအပြင် မြို့ခံများလည်း ရှိနေသည်။ သူတို့သည်လည်း ဈေးဆိုင်များဖွင့်ကာ နတ်ရတနာများနှင့် အခြားအရာများကို လဲလှယ်နေကြလေသည်။
“သတိထားဦး .. ဒါက မြို့ခံတွေ အများကြီးရှိတဲ့ မြို့တွေထဲကတစ်ခုပဲ” ချောင်ယုရှန်း ရှင်းပြလိုက်သည်။
ဤမြို့ခံများမှာ အလွန်ပင် ထူးဆန်းကြသည်။ မြို့ကြီးအချို့တွင်သာ သူတို့ လှည့်ပတ်သွားလာနေကြခြင်းပင်။
မည်ကဲ့သို့သော လျှို့ဝှက်ချက်မျိုး ရှိနေသည်ကိုတော့ အပြင်ဘက်မှလူများမှာ ယခုထိတိုင် မသိကြသေးပေ။
“နတ်ဘုရားကျောင်းကလူတွေ ပေါ်လာပြီ” ရုတ်တရက်ပင် ချင်းရိ တီးတိုးပြောလိုက်သည်။ ခပ်ဝေးဝေးတွင်ရပ်နေသည့် သူတစ်ချို့ကို သူမတွေ့လိုက်ရသည်။ ထို့နောက်တွင် သူတို့လျင်မြန်စွာပင် ပြန်ထွက်သွားကြသည်။
“အဲဒီလောက်တော့ မမြန်လောက်ဘူးမလား .. ရှေးဟောင်းသားတော်က အဲဒီအဆင့်ကို ပြီးသွားပြီးတော့ ကျင့်ကြံခြင်းကနေ ထွက်လာပြီလား” ချောင်ယုရှန်း တုန်လှုပ်သွားရသည်။
သူတို့ယခုမှ သင်္ချိုင်းမြို့သို့ ရောက်လာခြင်းပင်။ ဤနေရာတွင် အစောကတည်းက မုန်တိုင်းတစ်ခု ရှိနေပြီးသားများလား..
ရှီဟောင် မျက်လုံးမှိတ်လိုက်ပြီး သူ၏ပတ်ဝန်းကျင်ကို သေချာအာရုံခံကြည့်လိုက်သည်။ “ဒီမြို့မှာ အရမ်းစွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိနေတယ်ဆိုတာ ငါခံစားလို့ရနေတယ်”
အပိုင်း ၁၀၈၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၅ – အုံ့ပုန်းနေသော ဆူပူမှုများ
သင်္ချိုင်းနယ်မြေထြတွင် ထူးဆန်းသည့်အော်ရာရှိသည့် သက်ရှိအချို့ ရှိနေသေးသည်။ သူတို့သည် လျင်မြန်စွာဖြင့်ပင် ရှီဟောင်၏ နတ်အာရုံစက်ကွင်းအတွင်းမှ ပျောက်ကွယ်သွားကြလေ၏။ သူတို့သည် သေချာပေါက် ထူးခြားသည့်သူများဖြစ်နေကြသောကြောင့် သူတို့မည်သူဖြစ်သည်ကို ကောက်ချက်ချရန် ခက်ခဲနေသည်။
“ရှေးဟောင်းလူထူးဆန်း ဟုတ်ချင်မှဟုတ်မှာ .. ဒီမှာ မြို့ခံတွေလည်း ရှိနေသေးတယ် .. အဲဒီလူတွေကလည်း အရမ်းကို အထင်ကြီးစရာကောင်းတယ်” ချောင်ယုရှန်း ပြောလိုက်သည်။
ရှီဟောင်ခေါင်းညိမ့်လိုက်သည်။ သူသည် ထာဝရစွမ်းအင်တစ်ကြောင်း ရသွားပြီဖြစ်သောကြောင့် သူဘာကိုမှ သိပ်ပြီးစိတ်ပူစရာမလိုတော့ပေ။
“နတ်ဘုရားကျောင်းကလူတွေက ပြန်ထွက်သွားပြီ” ချင်းရိ ပြောလိုက်၏။ တိုက်ပွဲကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု သူတို့ခံစားနေရသည်။
ထိုရွှေရောင်အမှတ်အသားပါသည့်ကျားဖြူသည် နတ်ဘုရားကျောင်း၏ မြင့်မြတ်သည့်သားရဲပင်။ ထိုသားရဲသေဆုံးမှုကို သူတို့သေချာပေါက် ဤအတိုင်းထားလိုက်မည်မဟုတ်ပေ။
ရှီဟောင် သူတို့နောက်သို့ လိုက်မသွားသကဲ့သို့ သူတို့ကိုလည်း သိပ်အလေးမထားတော့ပေ။ ဤနေရာတွင် ရှေးဟောင်းသားတော်တစ်ယောက်တည်းသာ ထူးချွန်နေခြင်းပင်။ သူအဲဒီအဆင့်ရောက်တော့ရော ဘာလုပ်ရမှာလဲ .. သူပေါ်လာရင် သူ့ကို အံ့အားသင့်သွားအောင် လုပ်ပေးရတာပေါ့..
မည်သို့ပင်ဖြစ်စေ သူသည် ထာဝရစွမ်းအင်တစ်ကြောင်းကို ကျင့်ကြံနိုင်ပြီးသွားလေပြီ။
“နတ်ဘုရားကျောင်းက တကယ်ကြောက်ဖို့ကောင်းတယ် .. သူတို့ရဲ့ ကောင်းကင်ကိုးခု ကမ္ဘာမြေ ၁၀ ခုကျမ်းစာက ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတယ်” ချောင်ယုရှန်း ပြောလိုက်သည်။
ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ဤမျိုးဆက်အကြောင်းကို သူအနည်းငယ် သိနေလေပြီ။
သင်္ချိုင်းမြို့မှာ ဈေးဆိုင်များဖြင့် ပြည့်နှက်နေလေသည်။ ဤကမ္ဘာငယ်လေးထဲတွင် ထာဝရရတနာများရှိနေသည်ဟူသည့်အချက်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ သတင်းပေါက်ကြားသွားပြီးသည့်နောက်တွင် သက်ရှိများစွာ ရောက်လာလေသည်။
မြို့ထဲရှိ နေရာအတော်များများတွင် အနီရင့်ရောင် မြေကြီးများရှိနေသည်။ ဤမြေကြီးအရောင်မှာ ထာဝရသွေးများကြောင့် ဖြစ်လာခြင်းပင်။ သက်ရှိများစွာသည် သွားလိုက်လာလိုက်ဖြင့် အချို့အရာများကို ရှာဖွေနေကြလေသည်။
“ဒီနေရာမှာရှိတဲ့မြေအောက်က မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ .. တစ်ယောက်ယောက်က ဒီနေရာကနေ ထာဝရကျမ်းစာ စာအုပ်တစ်ဝက်ရဖူးတယ်” ချောင်ယုရှန်း ရှင်းပြလိုက်သည်။
ထို့အပြင် သရဖူ၁၀ခုဘုရင် တွေ့ရှိခဲ့သည့် ထာဝရတာအိုချုံပုတ်မှာ ဤနေရာတွင်ရှိခဲ့သည့် ကျောက်စိမ်းအရိုးစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ရှာတွေ့သွားခြင်းပင်။
ရလဒ်အနေဖြင့် အပြင်ဘက်မှ သက်ရှိများသည် ဤနေရာသို့ တဖွဲဖွဲ ရောက်ရှိလာကြလေသည်။
ထို့အပြင် ဤနေရာသည် ထာဝရရှေးဟောင်းမြေတွင် နေထိုင်သည့် မြို့ခံများ သူတို့လိုအပ်သည့်အရာများကို လဲလှယ်သည့်နေရာလည်း ဖြစ်သည်။ ထို့ကြောင့် ဤမျှ စည်ကားနေခြင်းပင်။
ရုတ်တရက်ပင် ရှီဟောင်ခေါင်းမော့လိုက်လေ၏။ ထူးဆန်းသည့်ခံစားချက်တစ်ခုကို သူခံစားလိုက်ရသည်။ ရုတ်တရက်ပင် သူ့တစ်ကိုယ်လုံး အေးစက်လာလေသည်။
“နောက်ဆုတ်…”
ကျယ်လောင်စွာ အော်ဟစ်ပြီး သူ၏လက်ကို ဝေ့ရမ်းလိုက်ကာ ယုန်ဖြူလေးနှင့် အခြားသူများကို ခပ်ဝေးဝေးသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
ယခုအချိန်တွင် သူ၏စွမ်းအားများ အလွန်တိုးတက်နေပြီဖြစ်ပြီး သူ၏နတ်အာရုံလည်း အလွန်စူးရှနေလေပြီ။ သူသည် ရောက်လာမည့်အန္တရာယ်ကို တုံ့ပြန်နိုင်သည့် ပင်ကိုယ်သိစိတ်တစ်မျိုး ရှိနေလေပြီ။
လေဟာနယ်အက်ကွဲသွားကာ သွေးရောင်အလင်းတန်း ထွက်ပေါ်လာကာ ဤနေရာကို ဖြတ်သွားလေ၏။
အစပိုင်းတွင် ထိုအလင်းတန်းတွင် မည်သည့်စွမ်းအင်လှိုင်းမှ မရှိသော်လည်း ရှီဟောင် ဤအလင်းတန်းကို ဖျက်ဆီးရန် လုပ်လိုက်သည့်အချိန်တွင် အကန့်အသတ်မရှိသည့် စွမ်းအင်လှိုင်းများကို ပြုလုပ်လာလေသည်။
ဤသည်မှာ သွေးရောင်အရိုးဓားတစ်ချောင်းဖြစ်ပြီး ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ပင်။ သူ၏သတ်ဖြတ်လိုသည့်စွမ်းအင်မှာ ပင်လယ်တစ်စင်းကဲ့သို့ပင် ထွက်ပေါ်လာလေ၏။
ယခုအချိန်တွင် ဈေးတစ်ခုလုံး အေးခဲသွားပြီး အပူချိန်လည်း အတော်လေးပင် လျော့ကျသွားသည်။ အချိန်ရပ်တန့်သွားသကဲ့သို့ သူတို့ မလှုပ်ရှားနိုင်တော့သည်ကို အားလုံးမှာ ကြောက်လန့်တကြားတွေ့ရှိလိုက်ရသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အားလုံးမှာ သူတို့စိတ်ထဲတွင် အော်ဟစ်နေပြီး လွတ်မြောက်ရန် ကြိုးစားရုန်းကန်နေကြသော်လည်း တစ်လက်မမျှပင် မရွေ့နိုင်ဖြစ်နေသည်။
အပြင်လူများပင်လျှင် ဤသို့ဖြစ်နေကြသည်ဆိုလျှင် ပစ်မှတ်ထားခံရသည့် ရှီဟောင်ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။ အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို သူခံစားနေရသည်။
အခြားသူများသာဆိုလျှင် သေရမည်ကို ထိုင်စောင့်နေရုံသာ။ သို့သော်လည်း စွမ်းအားကြီးသည့် ရှီဟောင်သည် ကန့်သတ်ချက်မှ ရုန်းထွက်လာနိုင်သည်။
ပတ်ဝန်းကျင်မှာ အလွန်ပင် တိတ်ဆိတ်နေပြီး ရှီဟောင်နှင့် ထိုဓားသာ လှုပ်ရှား၍ရလေသည်။
ဒုန်း..
ရှီဟောင်သည် လက်ထဲတွင်ရှိနေသည့် ဓားဖြင့် ထိုသွေးရောင်ဓားကို ရိုက်ချလိုက်သည်နှင့် နားကွဲလောက်သည့် အသံများ ထွက်ပေါ်လာလေသည်။
“ကောင်းကင်နတ်ဘုရားအရိုး..”
ရှီဟောင် ရင်တုန်သွားရသည်။ ဤဓားသည် ကောင်းကင်နတ်ဘုရားတစ်ယောက်၏ မူလအရိုးအစစ်ဖြင့် ပြုလုပ်ထားခြင်းပင်။
သူ၏ဓားသည် ကောင်းကင်ကို တွန်းလှန်နိုင်လောက်သည်အထိ စွမ်းအားကြီးနေသောကြောင့်သာ မဟုတ်ပါက နောက်ဆုံးရိုက်ချက်တွင် သူအတော်လေး ဒုက္ခရောက်သွားနိုင်သည်။
ကောင်းကင်နတ်ဘုရားအရိုးသည် သူ၏ ထာဝရတည်ရှိနေမည့်ထာဝရဓားထက် အဆင့်နိမ့်ကျသော်လည်း သူသည် ကြောက်စရာကောင်းလောက်သည့် ကန့်သတ်နိုင်သည့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ အရိုးဓားကို ကာကွယ်ရန်အတွက် သင်္ကေတများကို အသုံးပြုထားပြီး ရှီဟောင်၏ ပြိုင်ဘက်ကင်းသည့် ဓားကို တိုက်ခိုက်နေသည်။
ထာဝရတည်ရှိနေသည့်ထာဝရဓားသည် ထိုရိုက်ချက်၏ ကန့်သတ်သည့်စွမ်းအားကို ခုခံနေလေသည်။
ထာဝရရွှေတွင် ဆန်းပြားသည့်စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး သူ့ကိုယ်သူ ကာကွယ်နိုင်လေသည်။ သူ၏ဓားသွားကို ထိခိုက်ခွင့်မပြုပေ။
ထို့အပြင် ရှီဟောင်သည် ဆေးလုံးမီးဖိုကို ထုတ်လိုက်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ဤမီးဖိုသည်လည်း ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းဖြစ်သောကြောင့် သူ၏ကန့်သတ်နိုင်သည့်စွမ်းအားမှာလည်း ကြောက်စရာကောင်းလှသည်။
ရှီဟောင်သည် ဆေးလုံးမီးဖိုဖြင့် သူ့ကိုယ်သူ ကာကွယ်ပြီး ထိုအနီရင့်ရောင်ဓားကို ဖြတ်ထုတ်ရန်အတွက် သူ၏ဓားဖြင့် လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် အားလုံး ပြန်လှုပ်ရှား၍ရလာပြီဖြစ်သည်။ အားလုံးမှာ လျင်မြန်စွာဖြင့်ပင် နောက်ဆုတ်သွားကြလေသည်။
ဝုန်း..
အနီရင့်ရောင်ဓားမှ သွေးများစီးကျလာလေ၏။ ဤသည်မှာ ကောင်းကင်နိုင်ငံ၏ နည်းလမ်းများပင်။
အမ်..
ထိုအနီရင့်ရောင်ဓားမှာ အတော်လေး ထူးဆန်းနေသည်။ သူသည် လေဟာနယ်ထဲမှ စွမ်းအားများကို စုတ်ယူပြီး သင်္ကေတများကို ပိုမိုတောက်ပအောင် လုပ်လိုက်သည်။
ရှီဟောင် ထိတ်လန့်သွားရသည်။ သူသည် လျင်မြန်စွာဖြင့်ပင် လေဟာနယ်ကို ထိုးခွဲလိုက်ပြီး ဓားကို ထိုလေဟာနယ်ထဲသို့ ပစ်ထည့်ရန် ကြိုးစားလိုက်သည်။ ထို့အပြင် “အားလုံး ဒီနေရာကနေ ထွက်သွားကြ” ဟုလည်း အော်ပြောလိုက်သည်။
ဝုန်း…
သွေးစီးကျနေသည့်ဓားမှ လောင်ကျွမ်းလာသောကြောင့် ဤနေရာတစ်ခုလုံး ပေါက်ကွဲသွားလေသည်။ ထိုဓားမှ ထုတ်လွှတ်သည့်အလင်းများသည် တောက်ပလှကာ သူ့ကိုယ်သူ တစ်စစီဖြစ်အောင် လုပ်လိုက်လေသည်။
ဤသည်မှာ ရက်စက်လွန်းလှသည်။ ကောင်းကင်နိုင်ငံမှ လူများသည် ရှီဟောင်ကို သတ်ရန်အတွက်နှင့် ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းကို အသုံးပြုကြလေသည်။ သူတို့သည် ရှီဟောင်၏ခန္ဓာကိုယ်အစစ်အား ဤနေရာတွင် တစ်ခါတည်း မြှုပ်နှံပစ်လိုခြင်းပင်။
မီးခိုးနှင့် ဖုန်မှုန့်များ ငြိမ်ကျသွားသည့်အချိန်တွင် ဈေးတစ်ခုလုံးလည်း ပြာကျသွားလေပြီ။
မြေပြင်ထက်တွင် သွေးများစီးကျနေပြီး သက်ရှိပေါင်းများစွာ သေကြေသွားကြသည်။ လူအများစုမှာ ရှောင်ထွက်သွားနိုင်သော်လည်း သေဆုံးမှုအချို့ ရှိနေဆဲသာ။
ဤသည်မှာ ရှီဟောင်လေဟာနယ်ကို ဖွင့်လိုက်ပြီး ထိုဓားကို လေဟာနယ်ထဲသို့ ထည့်လိုက်သောကြောင့် ဤမျှသာဖြစ်လိုက်ခြင်းပ်င။ မဟုတ်ပါက မည်ကဲ့သို့သော ကြောက်စရာကောင်းသည့်ရလဒ်မျိုး ဖြစ်လာမည်နည်…
“အရူးတွေ .. ကောင်းကင်နိုင်ငံကလူတွေအားလုံးက ရူးနေတာပဲ .. သူတို့ရန်သူကို သတ်ဖို့အတွက်နဲ့ ကောင်းကင်နတ်ဘုရားအဆင့်မှော်ပစ္စည်းကို ပေါက်ကွဲအောင်လုပ်ပြီး လူပေါင်းများစွာကို သေကြေအောင်လုပ်နေကြတယ်”
နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အော်ဟစ်လိုက်သည်။ သူအမှန်တကယ်ပင် ဒေါသထွက်သွားခြင်းပင်။ အစောပိုင်းက ပေါက်ကွဲမှုထဲတွင် သူပါသွားတော့မလိုပင်။
“မင်းတို့အရူးတွေ .. မင်းတို့ပန်းတိုင်ကိုရဖို့အတွက်နဲ့ ဘယ်နည်းလမ်းပဲဖြစ်ဖြစ် သုံးနေကြတာပဲ … နည်းနည်းပါးပါးမစဉ်းစားတတ်ကြဘူးလား” ချောင်ယုရှန်း ပြောလိုက်သည်။
ရှီဟောင် မျက်နှာပျက်သွားရသည်။ သူ၏ခန္ဓာကိုယ် မထိခိုက်ပဲ သူ၏အဝတ်အစားများသာ နည်းနည်းစုတ်သွားခြင်းပင်။
“ကောင်းကင်နိုင်ငံ .. မင်းတို့တစ်ယောက်မှ အသက်ရှင်နိုင်လိမ့်မယ်လို့ မမျှော်လင့်နဲ့ .. ထာဝရရှေးဟောင်းမြေထဲ ဝင်လာတဲ့သူမှန်သမျှ အားလုံးကို သတ်ပစ်မယ်” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။
ထို့နောက်တွင် သူ၏နေရာမှ ပျောက်ကွယ်သွားကာ လေဟာနယ်ကို ထိုးဖောက်လိုက်ပြီးနောက် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် ထူးဆန်းသည့်အော်ရာကို လိုက်ရှာနေလိုက်သည်။
ဖူး…
သင်္ချိုင်းမြို့တွင် လေဟာနယ်ထဲမှ လူခေါင်းတစ်လုံး ကျလာသောကြောင့် လူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ခေါင်းများမှာ တစ်လုံးပြီးတစ်လုံးကျလာကာ စုစုပေါင်း ၆ လုံးကျလာပြီး လမ်းများလည်း သွေးရောင်လွှမ်းသွားသည်။
ထို့နောက်တွင် ရှီဟောင်ပြန်ပေါ်လာကာ ဤနေရာသို့ ပြန်ဆင်းလာသည်။ သူသည် ကောင်းကင်နိုင်ငံမှ လုပ်ကြံရေးသမားများ၏ အော်ရာကို အလွန်ပင် အလေးအနက်ထားနေပြီး သူလှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် အနီးအနားတွင် ဤလူ ၆ ယောက်ကို တွေ့လိုက်ရသည်။
ကံကောင်းစွာဖြင့်ပင် အဓိကလူကို သူမတွေ့ခဲ့ရပေ။ ကောင်းကင်နိုင်ငံမှ နံပါတ် ၁ လုပ်ကြံသူမှာ လေဟာနယ်ပျက်စီးခြင်းသင်္ကေတကို အသုံးပြုကာ ထွက်ပြေးသွားပြန်လေပြီ။
“သူက ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ .. ဒီဈေးမှာရှိနေတဲ့သူတွေအားလုံးက အပြင်ဘက်လောကကလူတွေချည်းပဲ .. တစ်ခြားဈေးမှာဆိုရင်တော့ သူပြဿနာကြီး သွားရှာသလိုဖြစ်သွားမှာပဲ .. အဲဒီဈေးတွေမှာက စောင့်ကြည့်နေတဲ့ မြို့ခံလူမျိုးစုတွေ ရှိနေတာ”
“လာရဲသေးတယ်ပေါ့…”
ရှီဟောင် ဒေါသတကြီးပင် အော်ဟစ်လိုက်သည်။ သူသည် ဓားကိုကိုင်ထားပြီး လေထဲသို့ တရှိန်ထိုးပြေးထွက်သွားလိုက်ပြီး လေဟာနယ်ကို ထိုးခွဲလိုက်သည်။
ထိုနေရာတွင် အဖြူရောင်အလင်း လင်းလက်သွားကာ အရိုးဖြူတစ်ချောင်း ပေါ်လာလေ၏။ ထိုအရိုးသည် ရှီဟောင်ကို သတ်ရန်အတွက် ရက်စက်သည့်အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။
အောက်ဘက်တွင်ရှိနေသည့်သူများသည် အခြားဈေးများဘက်သို့ ထွက်ပြေးသွားကြလေသည်။ သူတို့ဤနေရာတွင် မနေရဲကြတော့ပေ။
ဝုန်း..
ကောင်းကင်ထက်တွင် အဖြူရောင်အလင်းတန်းသည် မျက်လုံးများ စူးရှလောက်အောင် ထွက်ပေါ်လာသည်။ ထိုနေရာတွင် အဖြူရောင်အရိုးတောင်တစ်တောင် ထွက်ပေါ်လာသည်ကို အားလုံးမြင်နေရသည်။ ထိုတောင်ပေါ်တွင် မရေမတွက်နိုင်သည့် ဝိဉာဉ်များ ဟစ်ကြွေးနေကြလေသည်။ မြေအောက်မြူများသည် နေနှင့်လကိုပင် ဖုံးလွှမ်းသွားလေ၏။
“ဒါက မြေအောက်ကလန်ရဲ့ လျှို့ဝှက်ရတနာပဲ..” ချင်းရိ ပြောလိုက်သည်။
ဤသည်မှာ မရေမတွက်နိုင်သည့် အရိုးဖြူများ၊ ဝိဉာဉ်များဖြင့် ပြုလုပ်ထားသည့် မှော်ပစ္စည်းတစ်ခုပင်။ သူ၏စွမ်းအားမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင်။ ဤပစ္စည်းသည် မြေအောက်ကလန်၏ လူသတ်ကွင်းကို ဖန်တီးကာ ရှီဟောင်အား ဤကွင်းတွင် ပိတ်ဖမ်းပြီး သတ်ပစ်ရန် ကြိုးစားနေလေသည်။
ရှီဟောင်၏ဦးခေါင်းထက်တွင် ဆေးလုံးမီးဖိုရှိနေပြီး သူ၏ခန္ဓာကိုယ်ကို သင်္ကေတများဖြင့် ကာကွယ်ပေးထားသည်။ သူ၏လက်ထဲတွင်ရှိနေသည့် ဓားဖြင့် လူသတ်ကွင်းကို ဖျက်ဆီးလိုက်ကာ အလယ်တွင်ရှိနေသည့် အရိုးဖြူအဆောင်ကို ဖျက်ဆီးလိုက်ကာ ဤအစီအရင်ကို ဖျက်ဆီးလိုက်သည်။
“သူတို့တွေက ကောင်းကင်နတ်ဘုရားအဆင့် လျှို့ဝှက်ရတနာတွေကို ပေါ့ပေါ့တန်တန်ပဲ သဘောထားနေကြတာလား .. နောက်ထပ်တစ်ခု ဖျက်ဆီးခံလိုက်ရပြန်ပြီ” နတ်ဘုရားပစ်ချက် ကျောက်တုံးလေးမှ အော်ဟစ်လိုက်သည်။
“ထာဝရတည်ရှိနေသည့်ထာဝရဓားဆိုတဲ့ နာမည်က အလကားရလာတာ မဟုတ်ဘူးပဲ .. အရိုးစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ခမ်းနားတဲ့လက်နက်ဖြစ်ထိုက်ပါပေတယ် .. သူ့မှာ ကောင်းကင်နတ်ဘုရားအဆင့်သင်္ကေတတွေ မပြပေမယ့်လည်း လန့်စရာကောင်းနေတုန်းပဲ..”
“အဲဒီဆေးလုံးမီးဖိုလည်း တော်တော်လေး ထူးဆန်းတယ်”
“မဟုတ်ဘူး .. အရေးအကြီးဆုံးက ရှီဟောင်ကိုယ်တိုင်ကိုက စွမ်းအားကြီးနေလို့ပဲ”
ချင်းရိ၊ ယုန်ဖြူလေးနှင့် ချောင်ယုရှန်းတို့ ဆွေးနွေးနေကြလေသည်။
ရှီဟောင်ကို ဤနေရာတွင် သတ်ဖြတ်ချင်နေသည့်သူများမှာ မြေအောက်ကလန်မှ ကျွမ်းကျင်သူများဖြစ်နေသည်။ သူတို့သည် ကောင်းကင်နိုင်ငံမှ တိုက်ခိုက်သွားသည်ကို အခွင့်ကောင်းယူကာ ရှီဟောင်အား တိုက်ခိုက်လိုခြင်းပင်။ သို့သော်လည်း ရှီဟောင်အား အနည်းငယ်မျှပင် မထိခိုက်သွားစေခဲ့ပေ။
ရှီဟောင်သည် ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသည့်နောက်တွင် သူ၏နတ်အာရုံများမှာ အလွန်ပင် စူးရှလာပြီး ရောက်လာမည့်အန္တရာယ်များကို အလိုအလျောက် တုံ့ပြန်နိုင်လေသည်။ သာမန်ချောင်းမြောင်းလုပ်ကြံမှုများမှာ သူ့ကို အလုပ်ဖြစ်မည်မဟုတ်ပေ။
“တာအိုညီအစ်ကိုက တကယ်ကို သူရဲကောင်းကြီးပဲ .. ဒီလောကကြီးမှာ မြင်ရခဲတဲ့သူပဲ လေးစားပါတယ်”
တစ်စုံတစ်ယောက်လျှောက်လာကာ လက်နှစ်ဘက်ကိုဆုတ်ကာ ပြုံး၍ပြောလိုက်သည်။
ဤသည်မှာ အသက်သုံးဆယ်လောက်ရှိသည့် ယောက်ျားလေးတစ်ယောက်ပင်။ သူ၏ကျောထက်တွင် မီးခိုးရောင်အတောင်ပံတစ်စုံရှိနေပြီး ဦးခေါင်းထက်တွင်လည်း နဂါးဦးချိုတစ်စုံရှိနေသည်။ သူသည် သာမန်လူမဟုတ်သည်မှာ သေချာလှသည်။
ဤလူသည် သူထံသို့ ပြုံးပြီးရောက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်လည်း လျစ်လျူရှုမနေပဲ လက်နှစ်ဘက်ကို ပြန်လည်ဆုတ်လိုက်ကာ သူ့အား နှုတ်ဆက်လိုက်သည်။
ချောင်ယုရှန်း၊ ချင်းရိနှင့် ယုန်ဖြူတို့လည်း ဤလူကို လာရောက်နှုတ်ဆက်ကြလေသည်။
“ဒီနေရာကစကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး .. တာအိုညီအစ်ကိုတို့ ကျွန်တော့်ကို အသင်တို့ရဲ့အချိန်နည်းနည်းလောက် ပေးနိုင်မလားဆိုတာ သိချင်မိပါတယ်” ထိုလူသည် သူတို့အားဖိတ်ခေါ်လိုက်ပြီး သူ့ကိုယ်သူ လုံယုဟု မိတ်ဆက်ပေးလေသည်။
နောက်ဆုံးတွင် သူတို့သည် တိတ်ဆိတ်နေသည့် ဝိုင်ဆိုင်လေးထဲသို့ ဝင်ထိုင်ကာစတင်ဆွေးနွေးလိုက်ကြသည်။
“ဟွမ်ဆိုတဲ့ နာမည်က ကောင်းပါတယ် .. ကျွန်တော် အသင့်ရဲ့ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ .. အသင့်ကိုလည်း အရမ်းလေးစားပါတယ်” ထို့နောက်တွင် လုံယု၏စကား လမ်းကြောင်းပြောင်းသွားကာ တိုက်ရိုက်ပင် ပြောလာလေသည်။ “တာအိုညီအစ်ကိုတို့ ကျွန်တော် အမှန်အတိုင်းပဲ ပြောလိုက်ပါတော့မယ် .. ကျွန်တော်က အသင်တို့အားလုံးနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက် ကျွန်တော့်မိသားစုကိုယ်စား ရောက်လာတာပါ”
“သခင်လေးရဲ့ မိသားစု ဘယ်သူများလဲ” ရှီဟောင် မေးလိုက်သည်။
“ကျွင်းသောက်ပါ” သူ၏မိသားစုနာမည်ကို နူးညံ့စွာပင် ပြောလိုက်လေသည်။
ချင်းရိ၊ ချောင်ယုရှန်းနှင့် ယုန်ဖြူလေးတို့အားလုံး ထိတ်လန့်သွားကြသည်။ ရှီဟောင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများမှ အမြဲတမ်းပြောနေကြသောကြောင့် ရှေးဟောင်းလူထူးဆန်းများအကြောင်းကို သူအနည်းငယ် သိထားသည်။
ဥပမာအားဖြင့် သရဖူ ၁၀ ခုဘုရင်နှင့် သရဖူ ၆ ခုဘုရင် နျင်ချွမ်းတို့သည် ကြီးမားလှသည့် ဂုဏ်သတင်းရှိကြပြီး သူတို့သည် မျိုးဆက်ပေါင်းများစွာမှ ကျွမ်းကျင်သူများကို ဖိနှိပ်နိုင်ခဲ့သည်။
အခြားသူများလည်း ရှိနေသေးသည်။ ဥပမာအားဖြင့် သွမ့်ဟုန်ဟုခေါ်သည့် လူငယ်လေးသည် မျိုးဆက်တစ်ခုတွင် ထာဝရရှေးဟောင်းမြေ၏ နံပါတ် ၁ သို့ရောက်ခဲ့သည်။ ဤလူကို မေ့ဖျောက်နိုင်ရန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နတ်မီးတောက် တောက်လောင်ခြင်းမရှိပဲ နံပါတ် ၁ နေရာကို ရယူခဲ့သောကြောင့်ပင်။
ဓားတောင်ကြားမှ ကုကျန်းယွမ်နှင့် နှင်းများဖုံးလွှမ်းနေသည့် ကန့်သတ်နယ်မြေမှ ကျွင်းသောက်တို့မှာလည်း နာမည်ကြီးသည့်သူများပင်။ သူတို့သည် ခေတ်တစ်ခေတ်ထက်မကပင် ပေါ်ထွက်လာခဲ့ဖူးပြီး ရှေးဟောင်းလူထူးဆန်းများကြားတွင် နာမည်ကြီးသည့်သူများပင်။
“သူက ဘာလို့ကျုပ်နဲ့ပူးပေါင်းချင်တာလဲ” ရှီဟောင်မေးလိုက်သည်။
“တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်တာက အားလုံးကို တစ်ယောက်တည်း တိုက်ခိုက်တာထက် ပိုကောင်းပါတယ်” လုံယု ပြုံး၍ပြောလိုက်သည်။ ထို့နောက် တစ်ခဏခန့် တုံ့ဆိုင်းနေပြီးသည့်နောက်တွင် “တကယ်တော့ တာအိုညီအစ်ကိုက သိပ်ပြီးတော့ အခြေအနေမကောင်းတော့ဘူး .. မြေအောက်ကလန်၊ ကောင်းကင်နိုင်ငံ၊ နတ်ဘုရားကျောင်း … သူတို့တွေရဲ့ စွမ်းအားအကြီးဆုံးသူတွေက အရမ်းကြောက်ဖို့ကောင်းတယ် .. သူတို့တွေက အစ်ကိုရှီကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းလိုက်ကြပြီလို့ ပြောကြတယ်”
သူသည် ရိုးသားစွာဖြင့်ပင် ဤသုံးဖွဲ့ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ရှီဟောင်တို့အား အသိပေးလိုက်သည်။
“ကျုပ်အခြေအနေမကောင်းတာကို ခင်ဗျားတို့က ဘာလို့ကျုပ်နဲ့ ပူးပေါင်းချင်နေတာလဲ .. ပြီးတော့ ဒီလိုမျိုး ပူးပေါင်းလိုက်ရင် ခင်ဗျားတို့ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားမှာစိုးရတယ်” ရှီဟောင် ပြောလိုက်သည်။
“ကျွန်တော်တို့က တာအိုညီအစ်ကိုရဲ့ အလားအလာကို အလေးထားလို့ပါ .. တာအိုညီအစ်ကို ထိပ်ဆုံးရောက်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ် … ပြီးတော့ အဲဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကလည်း အဲဒီလောက် မကောင်းဘူးလေ”
“ကျွန်တော်တို့ဘက်က အတော်လေး အားကောင်းပါတယ် .. ကျွမ်းကျင်သူတွေ မရှားပါဘူး .. ပြီးတော့ ပျက်စီးနေတဲ့နတ်သားတော်လည်း အဲဒီအဆင့်ကို ကျင့်ကြံတော့မယ်” ထိုလူမှ ပြောလိုက်သည်။
“ပျက်စီးနေတဲ့ နတ်သားတော်..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ဤနာမည်သည် သူနှင့် မရင်းနှီးသည့်နာမည်တစ်ခု မဟုတ်ပေ။ ယခင်က သူ၏စီနီယာအစ်ကိုနှစ်ယောက်သည် ဤလူကြောင့် အဆင့်လွန်တာအိုရိုးရာမှ ထွက်ပြေးသွားခဲ့ရခြင်းပင်။
အပိုင်း ၁၀၈၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၆ – ပျက်စီးနေသော နတ်သားတော်
“ရှေးဟောင်းလူထူးဆန်းတွေအားလုံးက တစ်ယောက်တည်းပဲ လှုပ်ရှားကြတာပါ .. သူကဘာလို့ ငါတို့နဲ့ ပူးပေါင်းချင်တာလဲ” ရှီဟောင် မေးလိုက်သည်။
“အခြေအနေက အရေးကြီးနေပါပြီ .. အချို့လူတွေက မဟာမိတ်တွေဖွဲ့နေပြီဆိုတော့ တစ်ခြားလူတွေထက် နောက်ကောက်ကျသွားရင် အန္တရာယ်ရှိလာနိုင်ပါတယ် .. ဥပမာအားဖြင့် တာအိုညီအစ်ကိုက စွမ်းအားကြီးပြီးတော့ ရှေးဟောင်းကောင်းကင်ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်နိုင်တယ်ဆိုပေမယ့် လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက်သာ တာအိုညီအစ်ကိုကို တစ်ပြိုင်တည်းလာတိုက်မယ်ဆိုရင် တာအိုညီအစ်ကို ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါ့မလား” လုံယု ပြောလိုက်သည်။
ရှီဟောင်ပြုံးလိုက်ပြီး ဘာမှမပြောပေ။
“တာအိုညီအစ်ကိုရဲ့ခွန်အားက လက်ရှိကမ္ဘာကြီးကို လွှမ်းမိုးနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ် .. ဒါပေမဲ့ အဲဒီဘုရင်တွေအားလုံးကလည်း သူတို့မျိုးဆက်မှာ နံပါတ် ၁ ဖြစ်နေတဲ့သူတွေပါပဲ” ရှီဟောင်သဘောမတူမည့်ဟန်ကို တွေ့လိုက်ရသည့်အချိန်တွင် လုံယု ထပ်ရှင်းပြလိုက်သည်။ “သရဖူ ၁၀ ခုဘုရင်က လွဲရင် ရှေးဟောင်းဘုရင်တွေအားလုံးက အဲဒီအဆင့်ကိုသာ မကျင့်ကြံရင် သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် သိပ်ကွာမှာမဟုတ်ဘူး .. တကယ်လို့ နှစ်ယောက်၊ သုံးယောက်လောက်သာ တစ်ယောက်ယောက်ကို ပေါင်းတိုက်လိုက်ရင် အဲဒီလူက သေချာပေါက်ကို သေကြေပျက်စီးမှာပဲ .. တာအိုညီအစ်ကိုက စွမ်းအားကြီးတယ်ဆိုပေမယ့် မဟာမိတ်နည်းနည်းလောက် ရှိနေရင် အကောင်းဆုံးပါပဲ”
ရှီဟောင် ခေါင်းညိမ့်လိုက်သော်လည်း ဘာမှမပြောပေ။
ချောင်ယုရှန်း၊ ချင်းရိနှင့် ယုန်ဖြူလေးတို့မှာ ဘေးဘက်တွင်သာရပ်နေကြပြီး မည်သည့်အကြံပြုချက်မှ မပေးကြပေ။ သူတို့အတော်လေး ထိတ်လန့်နေကြလေသည်။ ရှေးဟောင်းလူထူဆန်းများသည် ရှီဟောင်ကို သူတို့ထဲမှ တစ်ယောက်ဟု သတ်မှတ်လိုက်ပြီး ရှီဟောင်ထံသို့ ရောက်လာခြင်းပင်။
“တာအိုညီအစ်ကို ကျွန်တော်တို့နဲ့ ပူးပေါင်းသင့်တယ် .. ဘာလို့လဲဆိုတော့ ကျွန်တော်တို့နဲ့ပူးပေါင်းမှ ထာဝရရှေးဟောင်းမြေထဲမှာ ညီအစ်ကိုရဲ့ လုံခြုံရေးကို အာမခံနိုင်မှာပါ .. ပြီးတော့လည်း ကံကောင်းမှုအတွက်လည်း တိုက်ခိုက်နိုင်မှာပါ” လုံယု နောက်တစ်ဆင့်တိုးပြောလိုက်သည်။
“ကျုပ်စဉ်းစားလိုက်ပါ့မယ် .. ဒါပေမဲ့ အဲဒီ ကောင်းကင်နိုင်ငံက လုပ်ကြံတဲ့သူတွေနဲ့ တစ်ခြားသူတွေကို ကျုပ်က အဲဒီလောက်ထိတော့ အာရုံမထားဘူး” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“တာအိုညီအစ်ကို … ကောင်းကင်နိုင်ငံကို အထင်မသေးပါနဲ့ .. သူတို့တွေက အန္တရာယ်အများဆုံးပဲ .. နံပါတ် ၁ လုပ်ကြံသူက အရမ်းကို စွမ်းအားကြီးပြီးတော့ ရှေးဟောင်းဘုရင်တွေကိုတောင်မှ နည်းနည်းလေး ခြိမ်းခြောက်နိုင်တယ် .. ဒါပေမဲ့ တကယ်ကြောက်ဖို့ကောင်းတာက ကောင်းကင်နိုင်ငံရဲ့ ရှေးဟောင်းလူထူးဆန်းပဲ .. သူသာ တိုက်ခိုက်ရင် သရဖူ ၁၀ ခုဘုရင်နဲ့ နျင်ချွမ်းတို့တောင်မှ အလေးအနက်ထားရလိမ့်မယ်” လုံယု လေးနက်စွာ သတိပေးလိုက်သည်။
“သူလည်း နောက်ဆုံးအဆင့်ကို ကျင့်ကြံနေတာလား” ရှီဟောင် မေးလိုက်သည်။
“အဲဒီလူရဲ့ စွမ်းရည်နဲ့ဆိုရင် သူကသေချာပေါက်ကို လုပ်နိုင်ပါတယ်” လုံယု ပြောလိုက်၏။
“အိုး..” ရှီဟောင်သည် ထိုစကားကို မည်ကဲ့သို့မှ မတုံ့ပြန်ပေ။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အလွန်ပင် မသက်မသာခံစားနေရသည်။ ဟွမ်သည် ထိုအဆင့်ကို တက်လှမ်းပြီးပြီဖြစ်ကြောင်း သူအလွန်ပင် ပြောပြချင်မိသည်။ သို့သော်လည်း သူမပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့၏ရန်သူများကို မြှုပ်ပစ်မည့် လျှို့ဝှက်ချက်ကြီးပင်။
“နတ်ဘုရားကျောင်းက ရှေးဟောင်းသားတော်ရဲ့ ကောင်းကင်ဘုံကိုးခုနဲ့ ၁၀ ခုမြောက်ကမ္ဘာမြေကြီးကျမ်းစာကလည်း ရှင်းပြလို့မရနိုင်လောက်အောင် စွမ်းအားကြီးတယ်” ထိုသို့ပြောပြီးသည့်နောက်တွင် သူသည် မြေအောက်ကလန်အကြောင်းကို ဆက်ပြောလိုက်သည်။ “အနက်ရောင်နတ်သားတော်က ရှေးဟောင်းလူထူးဆန်းမဟုတ်ပေမယ့် သူကပိုပြီးတော့တောင် စွမ်းအားကြီးတယ်”
“အဲဒီလိုမျိုး ပြောကြတာလား” ချင်းရိ မေးလိုက်သည်။ ရန်သူအကြောင်း အနည်းငယ် ပိုသိခြင်းမှာ ကောင်းသည့်အရာပင်။
“အနက်ရောင်နတ်သားတော်က ရှေးဟောင်းအလောင်းတစ်လောင်းပဲ .. သူက ဒီနယ်မြေမှာ ပြန်နှိုးလာပြီးတော့ အသိဉာဏ်ရလာတယ်ဆိုတာ အားလုံးသိကြတယ် .. သူကဘာလဲဆိုတာ ခင်ဗျားတို့သိကြလား … သူက သမိုင်းဝင်ခေတ်ကတည်းက မြှုပ်ထားခဲ့တဲ့ အံ့ဩစရာကောင်းတဲ့ အလောင်းတစ်ခုပဲ .. သူ့ရဲ့အသွေးအသားတွေက မပျက်စီးနိုင်သလို ပုပ်သိုးဆွေးမြည့်သွားတာမျိုးလည်းမရှိဘူး .. သူ့ရဲ့အရင်တုန်းက နတ်စွမ်းရည်တွေကို ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် သူ့ရဲ့အသွေးအသားတွေကတော့ တုံ့ပြန်မှုတွေ ရှိနေတုန်းပဲ .. သူ့ရဲ့ရန်သူတွေအားလုံးကို တစ်စစီစုတ်ဖြဲပစ်ဖို့အတွက် ထူးဆန်းတဲ့ အလင်းတန်းတွေ ထုတ်လွှတ်နေနိုင်တုန်းပဲ .. သူကအရမ်းကို ကြောက်စရာကောင်းတယ် .. ကျွင်းသောက်နဲ့ ပျက်စီးနေတဲ့နတ်သားတော်မျက်လုံးထဲမှာ သူက တစ်ချို့ ရှေးဟောင်းဘုရင်တွေထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းသေးတယ်”
“အဲဒီလိုလား.. ” ရှီဟောင်ခေါင်းညိမ့်လိုက်သော်လည်း မည်သည့်အမူအရာမှ မပြပေ။
လုံယုသည် သက်ပြင်းချလိုက်ကာ “တာအိုညီအစ်ကိုက အရမ်းကို စိတ်ကြီးဝင်လွန်းတယ် .. ကျွန်တော်တို့ အတည်ပြုဖို့ ကြိုးစားနေတဲ့ နောက်ထပ်သတင်းတစ်ခုကို ပြောပြမယ်”
“ဘာသတင်းလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး မေးလိုက်သည်။
“သရဖူခြောက်ခုဘုရင်က သီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီ … ပြီးတော့ သူက သူ့လူတွေကို စုစည်းနေပြီ .. စွမ်းအားအကြီးဆုံး အချို့ဘုရင်တွေက သူ့နောက်လိုက်ကြတာ .. ပြီးတော့ ထာဝရစွမ်းအင်တစ်ကြောင်းရထားတဲ့ သားရဲအသိုက်ကလူလည်း ထွက်လာပြီ .. သူနဲ့ပူးပေါင်းသွားတဲ့သူတွေလည်း ရှိတယ်”
လုံယု၏စကားကို ကြားလိုက်ရသည့်အချိန်တွင် ချောင်ယုရှန်း၊ ချင်းရိတို့အားလုံး၏ အမူအရာ ပြောင်းလဲသွားသည်။ ဤသတင်းမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။
နျင်ချွမ်းမှာ ပြိုင်ဘက်ကင်းသည့်သူဖြစ်သောကြောင့် ထိုအဆင့်ကို တက်လှမ်းနိုင်မည်မှာ အသေအချာပင်။
သားရဲအသိုက်ထဲမှ သူမှာမူ .. သူ၏စွမ်းအားကို ရှီဟောင်ကိုယ်တိုင် တွေ့ကြုံခဲ့ရခြင်းပင်။ သူသည် အစောကြီးကတည်းက ထိုအဆင့်ကို အောင်မြင်ပြီးသားဖြစ်သောကြောင့် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးလှသည်။
“ထာဝရရှေးဟောင်းမြေက ဖရိုဖရဲတွေ ဖြစ်တော့မှာပဲ..” ချောင်ယုရှန်း ပြောလိုက်သည်။
ရှီဟောင်သည် ခေါင်းငြိမ့်လိုက်ကာ “ကောင်းပြီလေ .. ကျုပ် ကောင်းကင်နိုင်ငံနဲ့ မြေအောက်ကလန်က လူတွေကို ချက်ချင်းရှင်းပစ်ချင်တယ် .. ခင်ဗျားတို့ဘက်ကလူတွေ သူတို့တွေကို ရှာပြီးတော့ ချက်ချင်းရှင်းပေးနိုင်မလား သိချင်မိတယ်”
လုံယုသည် တစ်ခဏခန့် ငေးကြောင်သွားကာ “တာအိုညီအစ်ကို အရမ်းကို စိတ်မရှည်ဖြစ်နေတာပဲ .. ကောင်းကင်နိုင်ငံရဲ့ ရှေးဟောင်းလူထူးဆန်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ .. ပြီးတော့ မြေအောက်လောကရဲ့ အနက်ရောင်နတ်သားတော်က ပိုပြီးတော့တောင် ထူးဆန်းသေးတယ် .. အဲဒီတော့ ဆုံးဖြတ်ချက်ချဖို့အတွက် ကျွန်တော်တို့ အချိန်လိုအပ်ပါတယ်”
“မပြတ်မသားတွေ လုပ်နေကြတာ .. ခင်ဗျားတို့က အချိန်ဘယ်လောက်လိုချင်တာလဲ .. သူတို့တွေ အဲဒီအဆင့်ထိရောက်သွားတာကို ခင်ဗျားတို့စောင့်နေတာများလား” ရှီဟောင် ပြောလိုက်သည်။
လုံယုသည် ခေါင်းခါလိုက်ကာ “နောက်ဆုံးအဆင့်ကို ကျင့်ကြံဖို့က ဘယ်လိုလုပ် အဲဒီလောက် လွယ်မှာလဲ .. ရှေးဟောင်းဘုရင်တွေထဲမှာတောင်မှ အဲဒီအဆင့်ကို အောင်မြင်သွားတဲ့သူ သိပ်မရှိပါဘူး”
ထိုသို့ပြောပြီးနောက် တစ်ခဏခန့် ရပ်တန့်လိုက်ကာ “ကျွန်တော်တို့ မတိုက်ခိုက်နိုင်တာ မဟုတ်ပါဘူး .. သေချာပြီဆိုတာနဲ့ ကျွန်တော်တို့ တိုက်နိုင်ပါတယ်”
“သေချာတယ်ဆိုတာက ဘာကိုပြောချင်တာလဲ” ယုန်ဖြူလေး ပြောလိုက်သည်။
“ကျွန်တော်တို့ဘက်ကလည်း အဲဒီအဆင့်ကို ကျင့်ကြံနေတဲ့သူ ရှိလို့ပါ .. တာအိုဆရာကျွင်းသောက်က သီးသန့်ကျင့်ကြံနေတာ သူ့ရဲ့လက်ရှိအခြေအနေကို မသိရသေးဘူး .. ဒါပေမဲ့ ပျက်စီးနေတဲ့ နတ်သားတော်ကတော့ သေချာပေါက်ကို အောင်မြင်မှာ” လုံယု ပြောလိုက်သည်။
ဤသည်မှာ ချင်းရိနှင့် ချောင်ယုရှန်းကို ထိတ်လန့်သွားစေသည်။ ဤလူများကို သူတို့အတော်လေး ရင်းနှီးနေ၏။ ထင်ထားသည့်အတိုင်းပင် ဤလူများမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။
ပျက်စီးနေသည့်နတ်သားတော်သည် လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက ထွက်ပေါ်လာခဲ့သည့်သူပင်။ သူသည် ယခင်တစ်ကြိမ်က ထာဝရရှေးဟောင်းမြေပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ပြိုင်ခဲ့သည်။ ထိုအချိန်မှာ သူ၏ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူသည် ရှေးဟောင်းလူထူးဆန်းနှစ်ယောက်ကို သတ်ခဲ့ပြီး တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။
“အဲဒီအဆင့်ကို တက်တော့မှာလား .. မိုက်လိုက်တာ” ရှီဟောင်ပြောလိုက်၏။ ဤသည်မှာလှောင်ရယ်လိုက်ခြင်းမဟုတ်ပဲ အမှန်တကယ်ကို အထင်ကြီးလေးစားမိသွားခြင်းပင်။ ကိုယ်တိုင်ကြုံတွေ့ဖူးမှသာ ထိုအရာသည် မည်မျှခက်ခဲသည်ကို သိနိုင်လိမ့်မည်ပင်။
လုံယု – “တာအိုညီအစ်ကိုက သိပ်မကြာသေးခင်က ထာဝရခန္ဓာကိုယ်ကို ရထားတယ်လို့ ကြားတယ် .. တကယ်လို့ သခင်လေး ကျွင်းသောက်နဲ့ တစ်ခြားသူတွေသာ ဒီထာဝရခန္ဓာကိုယ်ကို အတူတူလေ့လာခွင့်ရရင် ကျွန်တော်တို့တွေ မြန်မြန်အဆင့်တက်နိုင်မှာပဲ .. ပျက်စီးနေတဲ့နတ်သားတော်လည်း မြန်မြန်အဆင့်တက်နိုင်ပြီးတော့ မကြာခင်မှာ အောင်မြင်လိမ့်မယ်”
ထို့နောက်တွင် သူအလောတကြီးပင် ဆက်ပြောလိုက်သည်။ “ဒါက အရမ်းကြီး ရဲတင်းလွန်းသွားပြီဆိုတာ ကျွန်တော် နားလည်ပါတယ် … ဒါပေမဲ့ အခြေအနေတွေက ဒီလိုမျိုးဖြစ်သွားတာပါ .. ကျွန်တော်တို့ အဲဒီအဆင့် မြန်မြန်ရောက်အောင်လုပ်ရမယ် .. မဟုတ်ရင် အန္တရာယ်ကြီးဖြစ်လာနိုင်တယ် .. ပြီးတော့ သခင်လေးနှစ်ယောက်က တာအိုညီအစ်ကိုကို ဘာမှမပေးပဲနဲ့ အဲဒီထာဝရခန္ဓာကိုယ်ကို လေ့လာမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ် .. သေချာပေါက်ကို အဲဒီထာဝရခန္ဓာကိုယ်နဲ့ ညီမျှတဲ့ အဆင့်လွန်ရတနာတွေကို ပေးမှာပါ”
“အိုး… ဘာရတနာများပေးမှာလဲ .. ကျုပ်တကယ်မျှော်လင့်နေမိတယ် … တကယ်လို့ ရတနာက ထူးခြားတယ်ဆိုရင်တော့ သူတို့လေ့လာဖို့အတွက် ထာဝရအလောင်းကို ထုတ်ပေးမှာပါ” ရှီဟောင် ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် လုံယုသည် အနည်းငယ်စိတ်လှုပ်ရှားသွားကာ “ကောင်းပါပြီ .. ကျွန်တော်အခုချက်ချင်း သွားပြီးတော့ သခင်လေးကို အကြောင်းကြားပေးပါ့မယ် .. တာအိုညီအစ်ကို ကျေနပ်စေရမယ်လို့ ကျွန်တော်ဂတိပေးပါတယ် .. ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို သင်္ချိုင်းမြို့မှာ စောင့်နေပေးပါ”
သူသည်ချက်ချင်းပင် ထထွက်သွားလေ၏။
“သူက နယ်မြေပျက်စီးခြင်းသင်္ကေတကို သုံးပြီးတော့ ထွက်သွားတာ .. သူ့နောက်လိုက်ဖို့ခက်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“အခြေအနေက အရမ်းအန္တရာယ်များတာပဲ .. ရှေးဟောင်းလူထူးဆန်းတွေတောင်မှ ပူးပေါင်းကြတော့မယ်..” ယုန်ဖြူလေး မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက်တွင် သူမသည် လက်သီးလက်မောင်းတန်းလိုက်ကာ “ငါလည်း အဲဒီအဆင့်ကို တက်တော့မယ်”
“သူတို့တွေက ယုံကြည်လို့ရလို့လား” ချင်းရိ ပြောလိုက်သည်။
“သူပြောသွားတာ တစ်ချို့တွေကတော့ အမှန်တွေပဲ .. တစ်ချို့ဟာတွေကတော့ ယုံလို့မရဘူး” ရှီဟောင်ပြောလိုက်၏။
ကောင်းကင်နိုင်ငံနှင့် မြေအောက်ကလန်တို့ ပူးပေါင်းသွားသည်မှာ မဖြစ်နိုင်စရာအကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်ကတည်းကပင် အဆက်အသွယ်ရှိနေခဲ့ကြသောကြောင့်ပင်။
သို့သော် နျင်ချွမ်းအခြားသူများနှင့် ပူးပေါင်းသည်ဆိုသည့်ကိစ္စမှာ သိပ်မဖြစ်နိုင်ပေ။ ထိုလူမှာ သူ၏ရန်သူဖြစ်သော်လည်း ရှီဟောင်သည် ထိုလူ၏ မာနနှင့်စိတ်ကြီးဝင်မှုကို ခံစား၍ရနေဆဲပင်။ ထိုသူသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် လောကကြီးကို လွှမ်းမိုးချင်နေသည့်သူပင်။ သူသည် ဤလောကတွင် ပြိုင်ဘက်ကင်းသည်ဟု ယုံကြည်ထားသည့်သူပင်။
ထို့အပြင် ရှီဟောင်ကိုယ်တိုင် ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသွားပြီဖြစ်သောကြောင့် အခြားသူများပူးပေါင်းသွားမည်ကို သူမစိုးရိမ်ပေ။
ထာဝရစွမ်းအင်သည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားပြီး အဆုံးမရှိသည့် မှော်စွမ်းအင်များကို ပေးနိုင်သောကြောင့် သူသည် အားလုံးအထက်တွင်ရှိနေပြီဖြစ်သည်။
ထာဝရစွမ်းအင်ရပြီးသွားသည့်သူများမှာ မည်သူနှင့်မျှ ပူးပေါင်းရန် မလိုအပ်ပေ။
ထိုအကြောင်းအရာများကို ပြောပြီးသည့်နောက်တွင် ရှီဟောင်ထပ်ပြောလိုက်သည်။ “ပြီးတော့ လုံယုက ငါ့အကြောင်းကို နည်းနည်းလေးပဲသိထားတာ … ငါနဲ့ ပျက်စီးနေတဲ့နတ်သားတော်ကြားထဲမှာ ရန်ငြိုးတွေရှိနေတာကို သူမသိဘူး”
…
ကမ္ဘာငယ်လေးတစ်ခု၏ ရောင်စုံတိမ်များထွက်ပေါ်နေသည့် ရှေးဟောင်းနေရာတစ်ခုတွင်..
တောင်အတွင်းပိုင်းရှိ ရှေးဟောင်းဂူတစ်လုံးထဲတွင် ကျွင်းသောက်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ရှေ့တွင်ပေါ်လာသည့် ပျက်စီးနေသည့်နတ်သားတော်ကို ကြည့်လိုက်ကာ “မင်းရဲ့ခွန်အားက တိုးလာပြန်ပြီ .. ထာဝရစွမ်းအင်ကို ရေးရေးလေး မြင်နေရပြီ .. မင်းအောင်မြင်တော့မယ် .. ငါမင်းကို မနာလိုဖြစ်လာပြီ”
ရှေးဟောင်းဂူအတွင်းတွင် ဖရိုဖရဲစွမ်းအင်များ ဝေ့ဝိုက်နေပြီး အရာအားလုံးမှာ မှုန်ဝါးဝါးဖြစ်နေလေ၏။ ပျက်စီးနေသည့်နတ်သားတော် မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်သည်နှင့် နတ်ဘုရားများသေဆုံးပြီး နတ်ဆိုးများကျရှုံးသွားသည့်မြင်ကွင်းများကို မြင်နေရသည်။ ဤသည်မှာ သူ၏တာအိုပင်။
“ဘာ.. မင်းအောင်မြင်တော့မှာလား” ကျွင်းသောက်မျက်လုံးများတွင် အလင်းများ ထွက်ပေါ်လာလေသည်။
သူသိထားရသလောက်ဆိုလျှင် ရှေးဟောင်းလူထူးဆန်းတစ်ဝက်ခန့်မှာ ထိုအဆင့်တွင် မအောင်မြင်သောကြောင့် သေဆုံးသွားကြလေပြီ။ သို့သော် ယခုတော့ သူ၏အရှေ့တွင်ရှိနေသည့် ပျက်စီးနေသည့် နတ်သားတော်မှာ အောင်မြင်တော့မည်။
“နောက်ဆုံးအချိန်ကျရင် ကြောက်စရာအကောင်းဆုံး ထူးဆန်းမှုတွေ ဖြစ်လာမှာစိုးရတယ် .. အဲဒါကြောင့်မို့လို့ ငါပြင်ဆင်မှုတွေ လုပ်ထားရမယ် .. ငါ့ရဲ့ခန္ဓာကိုယ်နဲ့ တာအိုမပျက်စီးအောင်လို့ အလျင်စလိုလုပ်လို့မရဘူး” ပျက်စီးနေသည့် နတ်သားတော် ပြန်ပြောလိုက်သည်။
“မင်းအတွေးလွန်နေတာပါ .. ငါ့ရဲ့အမြင်မမှားဘူးဆိုရင် ထာဝရရှေးဟောင်းမြေမှာ ပြောင်းလဲမှုတစ်ချို့ဖြစ်ခဲ့တယ် .. ထူးဆန်းမှုတွေက ယာယီနောက်ဆုတ်သွားပြီ” ကျွင်းသောက် ပြောလိုသည်။
“မင်းကဘာလို့ အဲဒီလိုမျိုး ပြောနိုင်တာလဲ” ပျက်စီးနေသည့် နတ်သားတော်မှ နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။
“ငါသတင်းရခဲ့တယ် .. ဒီနေ့ မင်းလိုမျိုး ထူးဆန်းမှုတွေ မကြုံရတဲ့သူသုံးယောက်ရှိတယ် .. ဒါပေမဲ့ သူတို့သေသွားတာပါပဲ .. ထူးဆန်းတဲ့တိုက်ခိုက်မှုကြောင့်မဟုတ်ပဲနဲ့ သူတို့လမ်းကြောင်းကြောင့် သေသွားတာ”
“ထူးဆန်းမှုတွေက ဒီလောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိတာကို သူတို့တွေက နောက်တစ်ခေါက် ပေါ်မလာဘူးလား” ပျက်စီးနေသည့် နတ်သားတော်၏မျက်လုံးများ တောက်ပလာသည်။
“ငါဒီနေ့ မင်းကိုဖိတ်လိုက်ရတဲ့ အကြောင်းရင်းက ငါသတင်းတစ်ခုရထားလို့ .. ကြည့်ရတာ မကြာခင်မှာ မင်းအဲဒီအဆင့်ကို တက်နိုင်တော့မယ်ထင်တယ်” ကျွင်းသောက် ပြောလိုက်သည်။
“ဘာသတင်းလဲ..”
ကျွင်းသောက် – “လုံယုက သိပ်မကြာသေးခင်က ဟွမ်နဲ့တွေ့ခဲ့တယ် .. သူ့ဆီမှာ ထာဝရအလောင်းရဲ့ အပိုင်းလေး ရှိနေတယ်တဲ့..”
“မင်းတွက်တာမှားနေပြီ .. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက ငါ အဆင့်လွန်တာအိုရိုးရာကို သွားပြီးတော့ ဟွမ်ရဲ့စီနီယာအစ်ကိုတွေကို ငါ့ခြေထောက်နဲ့ ကန်ထုတ်ဖူးတယ်” ပျက်စီးနေသည့် နတ်သားတော် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဒီလိုကိစ္စမျိုးတွေ ရှိသေးတာလား .. ငါမသိခဲ့ဘူး” ကျွင်းသောက် ခေါင်းခါလိုက်သည်။
ပျက်စီးနေသည့် နတ်သားတော်သည် အေးစက်စွာပင် ရယ်မောလိုက်ကာ “ပြီးတော့ ငါထာဝရအလောင်းကို မလိုချင်ဘူး .. ငါအောင်မြင်တော့မှာ အဲဒီတော့ ပြင်ပပစ္စည်းတွေကို မလိုအပ်တော့ဘူး .. ကိုယ့်ဘာသာကိုယ်ကျင့်ကြံမှ အမြင့်ဆုံးရောက်နိုင်မှာ”
“မင်းက တကယ်ကို ထူးခြားတာပဲ .. အဆင့်တက်နိုင်တဲ့သူတွေက သရဖူ ၁၀ ခုဘုရင်၊ နျင်ချွမ်းနဲ့ မင်းလိုမျိုးလူနည်းစုလောက်ပဲထင်တယ်” ကျွင်းသောက် ပြောလိုက်သည်။
“ငါအခု သီးသန့်ကျင့်ကြံတော့မယ် … အဲဒီအဆင့်တက်ပြီးသွားရင် မင်းလေ့လာဖို့အတွက် ထာဝရအလောင်းကို ယူပေးမယ် .. အခုတော့ ငါအာရုံပျံ့လို့မရဘူး .. အပြင်ထွက်ပြီး သတ်ဖို့အချိန်မရှိသေးဘူး” ပျက်စီးနေသည့် နတ်သားတော် မတ်တပ်ထရပ်လိုက်သည်။
“ငါရဲ့ ကန့်သတ်ချက်ကို ငါတိုက်ထုတ်တော့မယ် .. မင်းစိတ်ရှည်ရှည်နဲ့ နည်းနည်းလောက် စောင့်သင့်တယ် .. ထူးဆန်းတဲ့အဖြစ်အပျက်တွေ မဖြစ်တော့ဘူးလားဆိုတာ ကြည့်ကြရအောင်” ကျွင်းသောက် ပြောလိုက်သည်။
ပျက်စီးနေသည့် နတ်သားတော်သည် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ခေါင်းညိမ့်လိုက်သည်။
တစ်ရက်ကြာပြီးသည့်နောက်တွင် သူ၏တာအိုလမ်းကြောင်းမှာ တစ်ဆင့်တက်သွားပြီဖြစ်သည်။ မည်သည့်ထူးဆန်းသည့်အဖြစ်အပျက်မှလည်း ဖြစ်မလာခဲ့ပေ။
ကျွင်းသောက် – “ကြည့်ရတာ ထူးဆန်းတာ တစ်ခုခု တကယ်ဖြစ်ခဲ့တယ်ထင်တယ် .. ကြောက်စရာကောင်းတဲ့ကပ်ဆိုးကြီးက ထပ်ဖြစ်မလာတော့ဘူး .. ပျက်စီးနေသည့် နတ်သားတော် မင်းသီးသန့်ကျင့်ကြံလို့ရပြီ .. ဒါပေမဲ့ သတိလက်လွတ်မနေနဲ့ဦး .. ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်မလာတော့ဘူးဆိုပေမယ့် သတိထားတာ အကောင်းဆုံးပဲ”
“စိတ်မပူပါနဲ့ .. ငါသေချာပေါက် အောင်မြင်မှာ .. ၂ ရက်ကြာပြီးရင် ငါပြန်ထွက်လာပြီးတော့ မင်းအတွက် ထာဝရအလောင်းကို ယူပေးမယ်” ပျက်စီးနေသည့် နတ်သားတော် လှည့်ထွက်သွားလိုက်လေသည်။
အပိုင်း ၁၀၈၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၇ – အနက်ရောင်ချောက်နက်
“မင်းလာမှန်းသာသိရင် ပျက်စီးနေတဲ့နတ်သားတော်က မင်းကို တိုက်ခိုက်လောက်တယ်” ဖက်တီးလေး ပြောလိုက်သည်။
“ပျက်စီးနေတဲ့နတ်တောင်ကြောက နံပါတ် ၁ က အရမ်းကိုစွမ်းအားကြီးတယ် … သူ့အကြောင်းဒဏ္ဍာရီတွေ အများကြီးရှိတယ် .. ဝိုး .. နောက်ဆုံးတော့ ငါသူ့ကို တွေ့ရတော့မယ်” ယုန်ဖြူလေးသည် အော်ဟစ်နေလေ၏။
“နင်က ဘယ်သူ့ဘက်ကလဲ” ရှီဟောင် သူ၏ခေါင်းကို ဒေါက်ခနဲခေါက်လိုက်သည်။
“အားရား.. နင်ငါ့ကို လာခေါက်ရဲတယ်…” ယုန်ဖြူလေး ဒေါသတကြီးပင် ခြေစောင့်လိုက်ရာ ဝိုင်ဆိုင်နံဘေးတွင်ရှိနေသည့် လမ်းတွင် ချိုင့်ခွက်ကြီးဖြစ်သွားလေသည်။
သို့သော် မည်သူမျှ သူတို့အား အရေးမစိုက်ကြပေ။ သင်္ချိုင်းမြို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး အဆောက်အဦးများလည်း မကြာခဏပျက်စီးနေသောကြောင့်ပင်။
“သူပေါ်လာတဲ့အထိ ငါစောင့်ဦးမယ်” ရှီဟောင်ပြောလိုက်၏။ သူ၏စီနီယာအစ်ကိုနှစ်ယောက်အတွက် သူသည်အမြဲတမ်းပင် ဖြေရှင်းချက်ကို လိုချင်နေခဲ့ခြင်းပင်။ ပျက်စီးနေသည့်နတ်သားတော်သာ သူ့ကိုသတ်ချင်နေလျှင် ဤသည်မှာ အကြွေးဟောင်းများကို ရှင်းဖို့ အချိန်ကောင်းပင်။
“လှည့်ပတ်ကြည့်ကြရအောင် .. ငါတို့ ဘာတွေများ ရှာတွေ့နိုင်မလဲလို့” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
ချောင်ယုရှန်းမှ သူတို့ကို ဦးဆောင်ကာ အခြားနယ်မြေတစ်ခုသို့ ဦးဆောင်သွားလေသည်။
သင်္ချိုင်းမြို့တွင် မြို့ရိုးများမရှိပေ။ ဈေးများနှင့် မြို့ဟောင်းများရှိနေပြီး လူကောင်းနှင့်လူဆိုး ရောနှောနေသော နေရာတစ်ခုပင်။
ဤအရာများအပြင် မြို့တွင် တောင်ကြောများလည်း ရှိသေးသည်။ ထိုတောင်များသည် ယခင်ခေတ်က တိုက်ပွဲများကြောင့် အနီရင့်ရောင်ဖြစ်နေပြီး မြေကြီးအောက်တွင်လည်း ရှားပါးသည့်ရတနာများကို မြှုပ်ထားလေ၏။
သို့သော်လည်း မြေကြီးမှာ ထိုးခွဲနိုင်ရန်အတွက် မာကျောလွန်းလှသည်။
ရှေးခေတ်ကတည်းက လူများသည် ဤနေရာကို တူးဖော်နေခဲ့ကြသော်လည်း အံ့အားသင့်စရာကောင်းသည်မှာ ပစ္စည်းကောင်းများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေဆဲပင်။
“သွေးလိုမျိုးနီရဲနေတဲ့ ပုတီးစေ့ .. တစ်ယောက်ယောက်တော့ ပစ္စည်းကောင်းတစ်ခုရသွားပြီ .. ဒါက ပြိုင်ဘက်ကင်းတဲ့သူတွေ သေသွားတော့ ချန်ထားခဲ့တဲ့ သွေးစွမ်းအင်လို့တော့ မပြောနဲ့နော်..”
တစ်နာရီခန့်လှည့်လည်ပြီးသည့်နောက်တွင် တောင်ကြောဘက်မှ အော်သံများကို ကြားလိုက်ရသည်။
ထို့နောက်တွင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေ၏။ ထိုသွေးပုတီးစေ့အတွက် တိုက်ခိုက်ကြခြင်းပင်။
ရှီဟောင်နှင့်အခြားသူများ မျက်မှောင်ကြုတ်သွားရသည်။ ဤသည်မှာ သေချာပေါက်ပင် ကောင်းသည့်နေရာတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် တစ်ခုခုကို ရှာတွေ့လျှင်ပင် ထိုပစ္စည်းကိုထိန်းသိမ်းနိုင်သည့်ခွန်အားမရှိပါက ထိုပစ္စည်းမှာလုယူခံရမည်သာ။ အသက်အန္တရာယ်လည်းစိုးရိမ်ရသည်။
ထိုပုတီးစေ့ကို ရှာတွေ့သည့်သူသည် စကားတစ်ခွန်းမှပင် မပြောလိုက်ရပဲ အသတ်ခံလိုက်ရသည်။ ထို့နောက်တွင် လူအုပ်ကြီးသည် ထိုပုတီးစေ့အတွက် တိုက်ခိုက်ကြပြန်လေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ ထိုသွေးစွမ်းအင်ပုတီးစေ့တွင်ရှိနေသည့် နတ်စွမ်းအားများမှာ ခမ်းခြောက်နေသည်ကို သူတို့တွေ့လိုက်ရသည်။ ထို့ကြောင့် ဤပုတီးစေ့မှာ သိပ်အဖိုးမတန်တော့ပေ။
သူတို့ဤနေရာသို့ ရောက်ကတည်းက ရှီဟောင်သည် သူ၏ကောင်းကင်မျက်လုံးကို အမြဲတမ်းဖွင့်ထားခြင်းပင်။ သူ၏မျက်လုံးထဲတွင်ရှိနေသည့် သင်္ကေတများ တောက်ပနေကာ ဤနေရာတစ်ခုလုံးကို စိုက်ကြည့်နေသည်။ သို့သော်လည်း မည်သည့်နတ်ရတနာပစ္စည်းကိုမှ သူမတွေ့ရပေ။
ဤနေရာတွင် လက်နက်အပိုင်းအစများနှင့် သာမန်ပစ္စည်းများသာရှိသည်။ သူ၏အဆင့်နှင့်ဆိုလျှင် သူဤကဲ့သို့သော အဖိုးတန်ပစ္စည်းများကို မလိုအပ်ပေ။
“ဒီနေရာကို လူတွေက အရင်ခေတ်တွေ ကတည်းကလာနေတာဆိုတော့ ဘာကျန်ဦးမှာလဲ .. တစ်ခြားနေရာ သွားကြရအောင်” ရှီဟောင်ခေါင်းခါလိုက်သည်။
“ဖက်တီး .. နင်အသုံးရော ဝင်သေးရဲ့လား .. ဒီအပိုင်းမှာ နင်ကဆရာကြီးဖြစ်မယ်လို့ ငါထင်ထားတာ .. ဒါပေမဲ့ နင်က ငါတို့ကို သူများတွေအခါတစ်ရာလောက်ရှာပြီးသွားတဲ့နေရာကို ခေါ်လာတယ်” ယုန်ဖြူလေးမှ ပြောလိုက်သည်။
“သင်္ချိုင်းမြို့က မရိုးရှင်းဘူး .. ထူးဆန်းမှုတွေ အများကြီးရှိနေတဲ့နေရာ .. ပြီးတော့ ပစ္စည်းကောင်းတွေရှိနေတဲ့ နေရာတစ်ခုရှိတယ် .. အဲဒီနေရာက ခေတ်ပေါင်းများစွာကို ပုံမှန်မဟုတ်တဲ့မြင်ကွင်းတွေနဲ့ ဝန်းရံထားတာ .. ပြီးတော့ လူတွေလည်း အဲဒီနေရာကို မဝင်ရဲကြဘူး”
ချင်းရိ အပြုံးနုလေး ပြုံးလိုက်သည်။
အနက်ရောင်အသူရာချောက်မှာ သင်္ချိုင်းမြို့လယ်တွင် ရှိနေသည်။ အောက်ဘက်သို့ငုံ့ကြည့်လိုက်လျှင် မည်းမှောင်နေသည်ကိုသာ မြင်နိုင်ပြီး အောက်ခြေကိုပင် မမြင်ရပေ။
“ဒီနေရာက နည်းနည်းကြောက်စရာကောင်းတယ်..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ အနည်းငယ် ဆွံ့အနေလေသည်။ သူသည် ကျောက်တုံးတစ်တုံးဖြစ်သော်လည်း ချွေးစေးများပြန်သွားသည်ဟုပင် ခံစားနေရသည်။
ချောက်အောက်ဘက်မှ တဝူးဝူးအသံများ ကြားနေရသည်။
တစ်ချိန်တည်းမှာပင် အချိန်နှင့်အမျှ အောက်ခြေဘက်မှ ရောင်စံအလင်းတန်းများ ထွက်ပေါ်နေလေသည်။
“ဒီအသူရာချောက်ထဲကို ထာဝရပစ္စည်းတစ်ခု ပြုတ်ကျသွားတယ်လို့ ပြောကြတယ် .. အဲဒီပစ္စည်းက လူတွေ သူ့ကိုလာကောက်မှာကို စောင့်နေတာတဲ့ .. နှမြောစရာကောင်းတာက ဘယ်သူမှ မဆင်းသွားနိုင်ဘူး” လူကြီးတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုသည်။
“ဘယ်သူက ဆင်းရဲမှာလဲ.. ထာဝရပစ္စည်းနဲ့ ကမ္ဘာမြေမျက်နှာပြင်နဲ့က အဆုံးမရှိနိုင်လောက်အောင် ဝေးတယ်လို့ စီနီယာတစ်ယောက် ပြောဖူးတယ် .. ဒီနေရာက ဒီလောကကြီးကနေ ချိတ်ပိတ်ထားသလိုပဲ” အခြားလူတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။
ဘေးပတ်ဝန်းကျင်တွင်လည်း သက်ရှိများစွာရှိနေပြီး အားလုံးသည် ခပ်ဝေးဝေးမှသာ ကြည့်နေကြပြီး မည်သူမှ အောက်ငုံ့မကြည့်ရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အန္တရာယ်များလှပြီး အောက်ဆင်းသွားသည်နှင့် အသက်ရှင်လျက် ပြန်လာနိုင်ရန် ခက်ခဲလဲလှသည်။ ဤသည်မှာ သင်္ချိုင်းမြေ၏ အန္တရာယ်အများဆုံး နေရာပင်။
“ဒီနေရာက တော်တော်ထူးဆန်းတယ် .. အောက်ဘက်မှာ နတ်ပစ္စည်းတွေရှိတယ် ဒါပေမဲ့ အော်ရာတစ်မျိုးက အားလုံးကို ပိတ်ထားပြီးတော့ နတ်အာရုံတွေလည်း အဲဒီအော်ရာကို မထိုးဖောက်နိုင်ဘူး” ရှီဟောင်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ် .. ဒီနေရာက ကြောက်စရာအကောင်းဆုံးပဲ .. ဒီအတိုင်းအပေါ်မှာရပ်နေရင် ကိစ္စမရှိဘူး .. ဒါပေမဲ့ အောက်ဆင်းသွားလိုက်တာနဲ့ နတ်အာရုံတွေကို ထုတ်လွှတ်လို့မရတော့ဘူး .. မဟုတ်ရင် သူတို့တွေ စားခံလိုက်ရမှာ” ချောင်ယုရှန်း ပြောလိုက်သည်။
အသူရာချောက်ကြီးသည် ကျန်းပေါင်းတစ်သောင်းကျယ်ဝန်းလေသည်။ ဤချောက်ကြီးပေါ်လာကတည်းက မည်သူမျှ ချောက်အောက်ခြေသို့ မရောက်ဖူးသေးပေ။
စွမ်းအားကြီးသည့် မြို့ခံများနှင့် ဂိုဏ်းခေါင်းဆောင်အဆင့်ကျွမ်းကျင်သူများပင်လျှင် မရောက်ဖူးကြပေ။ ဟိုးလွန်ခဲ့သည့်နှစ်ပေါင်းများစွာက စွမ်းအားအကြီးဆုံးသူများပူးပေါင်းကာ ဤအသူရာချောက်နက်ကြီးထဲသို့ ဝင်သွားဖူးသည်ဟု ပြောကြသည်။ သို့သော် မည်သူမှ ပြန်ရောက်မလာခဲ့ကြပေ။
မြို့ခံများအတွက်မူ ဤသည်မှာ စွန့်ပစ်နယ်မြေပင်။ သူတို့ကလန်၏ စွမ်းအားအကြီးဆုံးသူများမှာ ဤနေရာကို ဘယ်တော့မှ ခြေမချကြပေ။
“ဒီမှာ လူတွေအများကြီးပဲ..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးရေရွတ်လိုက်သည်။
“ဟမ် .. ဒီမှာ မြို့ခံတွေလည်း ရှိနေတယ်” ချင်းရိ ထိတ်လန့်သွားရသည်။
“ထာဝရရှေးဟောင်းမြေ ပွင့်လာတဲ့အချိန်တိုင်း မြို့ခံတစ်ချို့က ဒီနေရာကို စောင့်ကြပ်ကြတယ် .. အပြင်လူတွေက ဒီအောက်ကနေ တစ်ခုခုရလာရင် သူတို့တွေက အဖိုးတန်ပစ္စည်းတွေနဲ့ အဲဒီလူတွေရလာတဲ့ပစ္စည်းတွေကို ပြန်လဲကြတာ”
မနုဿလူမျိုးစုမှာ မြင်းတစ်ဝက်လူတစ်ဝက်ဖြစ်ပြီး သူတို့၏ကျောထက်တွင် ကြီးမားလှသည့် လေးကြီးကို လွယ်ထားသည်။ ဤလူမျိုးစု၏ စွမ်းအားအကြီးဆုံးလူသားသည် နေမင်းကြီးကိုပင် ပစ်ချနိုင်သည်ဟု ပြောကြသည်။
ရှေးဟောင်းဖိန်းလူမျိုးစု .. သူတို့အားလုံးမှာ မင်ကဲ့သို့ မည်းနက်နေပြီး သူတို့ခန္ဓာကိုယ်ထက်တွင် အကြေးခွံများရှိနေလေသည်။ သူတို့၏ပုံပန်းသွင်ပြင်မှာ ကြောက်စရာကောင်းလွန်းလှသည်။
အပြင်လူများသည် သူတို့အား မဆန့်ကျင်ရဲကြပေ။ ဤကလန်များတွင် အလွန်ကြောက်စရာကောင်းသည့် သက်ရှိများ ရှိနေသည်။
ရှီဟောင်မျက်လုံးများပင် နာကျင်လာရသည်။ ကောင်းကင်မျက်လုံး၏သင်္ကေတများ သိပ်သည်းလာသော်လည်း သူထိုတွင်းနက်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ဤနေရာတွင်ရှိနေသည့် ထူးဆန်းသည့် ဥပဒေသများနှင့် စွမ်းအားများသည် ချောက်ကြီးကို မမြင်နိုင်အောင် တားဆီးထားလေသည်။
ကောင်းကင်မျက်လုံးပင်လျှင် အလုပ်မလုပ်တော့ပေ။ ရှီဟောင် မျက်မှောင်ကြုတ်သွားရသည်။
“ကောင်းကင်မျက်လုံးက အနီးကပ်ရင်တော့ သုံးလို့ရတယ် .. ဒါပေမဲ့ တွင်းအောက်ခြေကို ကြည့်ချင်ရင်တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး” ချောင်ယုရှန်း ခေါင်းခါကာ ပြောလိုက်သည်။
“ယေဘုယျအားဖြင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်သွားနိုင်လဲ” ချင်းရိ မေးလိုက်၏။
“ဥပမာအားဖြင့် ငါ့လိုလူမျိုးဆိုရင် ဘယ်လောက်ထိရောက်အောင် ဆင်းနိုင်လောက်လဲ” ယုန်ဖြူလေး မေးလိုက်၏။ သူအောက်ဆင်း၍ သွားကြည့်ချင်နေလေသည်။
“ဒီနေရာက အရမ်းထူးဆန်းပြီးတော့ အန္တရာယ်များတယ် .. နင်တို့ကံကောင်းရင်တော့ ဂိုဏ်းခေါင်းဆောင်တွေထက် ပိုပြီးတော့သွားနိုင်လိမ့်မယ် .. ဒါပေမဲ့ကံမကောင်းရင်တော့ ကျန်းတစ်ရာလောက်နဲ့ မင်းပြုတ်ကျသွားလိမ့်မယ်” ချောင်ယုရှန်း ရှင်းပြလိုက်သည်။
အသူရာချောက်နက်ကြီး၏ နံရံများတွင် ထူးဆန်းသည့်သင်္ကေတများရှိနေသည်။ အောက်ရောက်လေလေ အန္တရာယ်များလေလေပင်။
“အဲဒီလိုလား” ရှီဟောင်ခေါင်းညိမ့်လိုက်ကာ အခြား အသေးစိတ်အချက်အလက်များကို မေးမြန်းနေလေသည်။
“နင်အောက်ဆင်းသွားဖို့ မလိုဘူး .. အရမ်းစွန့်စားလွန်းရာ ကျတယ်” ချင်းရိ မျက်မှောင်ကြုတ်လိုက်သည်။
“ဒီနေရာက နည်းနည်းထူးဆန်းပြီးတော့ ငါ့ကိုခေါ်နေသလိုမျိုး ငါခံစားနေရတယ် .. ဒါပေမဲ့ ကျောက်နံရံတွေပေါ်က သဘာဝဥပဒေသတွေက ငါ့ကိုအာရုံခံလို့မရအောင် ပိတ်ထားတယ်” ရှီဟောင်ပြောလိုက်သည်။
ထို့နောက်တွင် အခြားသူများအား ကောင်းကင်နိုင်ငံမှလူများ၏ အသတ်မခံရအောင် ဂရုစိုက်ရန် မှာကြားလိုက်သည်။
“စိတ်မပူနဲ့ .. ငါအစောကြီးကတည်းက သတ်ဖြတ်ခြင်းအစီအရင်ကို ပြင်ဆင်ပြီးသွားပြီ .. သတ်ဖြတ်တဲ့စွမ်းအင်ထွက်လာတာနဲ့ အဲဒီအစီအရင်အသက်ဝင်သွားလိမ့်မယ် .. နေရာတိုင်းမှာ အစီအရင်အဆောင်တွေ ထားထားပြီးသွားပြီ” ချောင်ယုရှန်း ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင် ရှီဟောင်သည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် လိပ်ပြာဧကရာဇ်ကိုပင် မခေါ်သွားတော့ပဲ ချောက်နက်ထဲသို့ တစ်ယောက်တည်း ဆင်းသွားလိုက်လေသည်။
သူတစ်ယောက်တည်းဆင်းလာခြင်းမဟုတ်ပဲ အခြားသူ အနည်းငယ်လည်း အသူရာချောက်နက် နံရံတွင် ကပ်တွယ်ကာ အောက်ဘက်သို့ ဂရုတစိုက်ဆင်းသွားကြလေသည်။ ဤနေရာတွင် ပျံသန်းခြင်းမှာ ကောင်းကင်ထက်သို့ တွယ်တက်ခြင်းထက် ခက်ခဲနေသည်ကို သူတို့အားလုံး သတိပြုမိလိုက်သည်။
“ပစ္စည်းကောင်းပဲ .. သူက ဘယ်သူလဲ .. ပညာတစ်သောင်းကျောက်တုံးမြှုပ်ထားတဲ့ ပျက်စီးနေတဲ့ လက်နက်အပိုင်းအစကို ရသွားတယ်”
သက်ရှိတစ်ယောက် တက်လာသည့်အချိန်တွင် အံ့အားတကြီးအော်သံများ ထွက်ပေါ်လာလေ၏။ ဤလူယူလာသည်မှာ ပစ္စည်းကောင်းတစ်ခုပင်။ မြို့ခံတစ်စုသည် ချက်ချင်းပင် သူ့အားဝန်းရံသွားကာ ထိုပစ္စည်းကို မြင့်မြတ်ဆေးပင်များစွာနှင့် လဲလှယ်လိုကြလေသည်။
ဤနေရာတွင် မည်သူမျှခွန်အားမသုံးကြပေ။ အဘယ်ကြောင့်ဆိုသော် ဖိအားပေးနေသည့် မြို့ခံများရှိနေသောကြောင့်ပင်။ အပြင်လူများကြားတွင် ယှဉ်ပြိုင်မှုများ ရှိနေသော်လည်း သူတို့သည် ဤမြို့ခံများကို မလွန်ဆန်ရဲပေ။
ရှီဟောင်သည် ထိုပစ္စည်းကို တစ်ချက်ကြည့်လိုက်ပြီး လူဝံတစ်ကောင်ကဲ့သို့ပင် အောက်ဘက်သို့ တွယ်ဆင်းသွားလိုက်သည်။ တစ်ခဏလေးအတွင်းမှာပင် သူသည် ကျန်ပေါင်းများစွာသို့ ရောက်ရှိနေလေပြီ။
ဤနေရာတွင် ပျံသန်း၍မရရုံသာမက သူ၏နတ်အာရုံများကိုလည်း အသုံးပြု၍မရပေ။ သူအသုံးပြုလိုက်သည်နှင့် ဓားသွားများဖြင့် အဖြတ်ခံရမလိုပင် ဖြစ်သွားလေသည်။
ကံကောင်းစွာဖြင့်ပင် သူ၏မူလဝိဉာဉ်သည် အဆင့်တက်ထားသောကြောင့် သူ၏ခေတ္တစမ်းသပ်မှုတွင် သူမည်သည့်ဒဏ်ရာမှ မရရှိခဲ့ခြင်းပင်။ သို့သော်လည်း သူနောက်တစ်ခေါက် ထပ်မသုံးရဲတော့ပေ။
“တကယ်ထူးဆန်းတယ်…”
ရှီဟောင် အလွန်ပင် ထိတ်လန့်သွားရသည်။ သူအောက်ရောက်သွားသည်နှင့် အပေါ်ဘက်မှာကဲ့သို့ ရှင်းရှင်းလင်းလင်းမမြင်ရတော့ပေ။ ထူးဆန်းသည့်သင်္ကေတများ လှည့်လှည်နေကြကာ စူးစမ်းလေ့လာမှုများကို တားဆီးနေလေသည်။
ယခုအချိန်တွင် သူ၏မြင်ကွင်းမှာ ကျုံ့သွားလေပြီ။ သူသာကောင်းကင်မျက်လုံးကို အသုံးမပြုလျှင် သူ၏အရှေ့ရှိ ကျန်းအနည်းငယ်ခန့်ကိုသာ သူမြင်ရတော့သည်။
ကောင်းကင်မျက်လုံးကို အသုံးပြုလျှင်ပင် သူကျန်းတစ်ရာလောက်ကိုသာ မြင်ရတော့သဖြင့် ဤသည်မှာ သူ့ကိုပိုပြီး သတိကြီးလာစေသည်။
ပထမကျန်းတစ်ရာမှာ လုံခြုံသည်ဟု ပြော၍ရသည်။ ထူးဆန်းသည့်သင်္ကေတများ တောက်ပနေကာ ခန္ဓာကိုယ်ကို လာရောက်တိုက်ခိုက်နေသော်လည်း အလွယ်တကူပင် ချေဖျက်နိုင်သည်။
ဤကျန်းတစ်ရာအတွင်းတွင်လည်း မည်သည့်ပစ္စည်းမှ ရှိတော့မည်မဟုတ်ပေ။
ထိုလုံခြုံသည့်နေရာကို ကျော်လွန်လာသည်နှင့် အခြေအနေမှာ အတော်လေးပင် ဆိုးဝါးလာသည်။ အေးစက်နေသည့် ကျောက်ဆောင်များတွင် ထူးဆန်းသည့်သင်္ကေတများရှိနေသည်ကို ရှီဟောင်ခံစား၍ရနေသည်။
အား..
သိပ်မဝေးသည့်နေရာတစ်ခုမှ လူတစ်ယောက်အော်ဟစ်လိုက်ကာ နံရံပေါ်မှ ပြုတ်ကျသွားသည်။ သူ၏ခန္ဓာကိုယ် တောက်ပလာသော်လည်း သူမပျံသန်းနိုင်ပေ။ သူ၏အသံမှာ တစ်ဖြည်းဖြည်းဖြင့်ပင် တိုးဝင်ပျောက်ကွယ်သွားလေ၏။
“ကြောက်စရာကောင်းလိုက်တာ” လူအချို့မှ ရေရွတ်လိုက်သည်။
ကျန်းပေါင်း ၁၅၀ သို့ရောက်သွားသည့်အချိန်တွင် နံရံပေါ်တွင်ရှိနေသည့် လူအရေအတွက်မှာ သိပ်မကျန်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အောက်ဆင်းသွားလေလေ အန္တရာယ်များလေလေပင်။ အမှားတစ်ခုလုပ်မိသွားသည်နှင့် အသက်ပျောက်သွားနိုင်သောကြောင့်ပင်။
ရှီဟောင်သည် အိမ်မြှောင်တစ်ကောင်ကဲ့သို့ပင် အလွန်လျင်မြန်စွာ ရွေ့လျားနေလေသည်။ သူသည်မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်း ၆၀၀ သို့ ရောက်ရှိသွားလေပြီ။
လမ်းတစ်လျှောက်တွင် သူသည် ကျောက်နံရံများကိုပင် သေချာမကြည့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သာမန်လက်နက်များမှာ သူ့အတွက် အသုံးမဝင်ပေ။
ကျန်း ၆၀၀ သို့ရောက်သည့်အချိန်တွင် လူအရေအတွက်မှာ မရှိသလောက် နည်းသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ကံကောင်းမှုများရှိသော်လည်း သူတို့အသက်လောက်အရေးမကြီးပေ။
“အမ် .. ဒီမှာ ကြယ်စွမ်းအင်အစိတ်အပိုင်းလေး ရှိနေတယ် .. သာမန်ဆိုရင် ဂိုဏ်းခေါင်းဆောင်တွေတောင်မှ ဒါကိုမရနိုင်ဘူး” ရှီဟောင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ကျန်း ၈၀၀ သို့ရောက်သည့်အချိန်တွင် ကျောက်ထရံပေါ်တွင် ပျက်စီးနေသည့် လက်နက်အပိုင်းအစကို သူတွေ့လိုက်ရသည်။ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း မပျက်စီးသေးပဲ အရောင်များတောက်ပနေဆဲပင်။ သို့သော် စွမ်းအားကြီးသည့်သင်္ကေတများတော့ ပျောက်ကွယ်သွားလေပြီ။
ကျန်း တစ်ထောင်သို့ရောက်သည့်အချိန်တွင် အန္တရာယ်အငွေ့အသက်ကို သူခံစားလိုက်ရသည်။ ကျောက်နံရံမှာ တောက်ပလာပြီး ထူးဆန်းသည့်သင်္ကေတများကို ထုတ်လွှတ်နေကာ သူ့အားချောက်နက်ထဲသို့ ပြုတ်ကျသွားအောင် လုပ်နေလေသည်။
“အန္တရာယ်များလိုက်တာ .. ဒါပေမဲ့ ငါ့ကိုတစ်ခုခုကခေါ်နေတာကို ခံစားမိနေတယ်” သူ မျက်မှောင်ကြတ်လိုက်သော်လည်း ရပ်တန့်လိုစိတ်မရှိပေ။
ကျန်းပေါင်း ၁၃၀၀ သို့ရောက်သည့်အချိန်တွင် ကြီးမားလှသည့်ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ဤကျောက်နံရံများသည် သူ့အားအနည်းငယ်တုန်လှုပ်သွားစေသည်။ ထိုကျောက်နံရံများမှ ထုတ်လွှတ်သည့် စွမ်းအင်များမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။
သို့သော်လည်း ထိုအချိန်တွင် ကျန်းပေါင်းများစွာဝေးသည့်အနက်မှ တောက်ပသည့်အလင်းပျောက်လေးကို သူတွေ့လိုက်ရသည်။
ခဏခန့်နားပြီးသည့်နောက်တွင် သူအသက်ပြင်းပြင်းရှူကာ အောက်ဘက်သို့ ဆက်ဆင်းသွားလိုက်သည်။
“ဒါက .. မိုးမခသစ်ရွက်ပဲ” ရှီဟောင် ထိတ်လန့်သွားရသည်။ မိုးမခနတ်ဘုရား၏ သစ်ရွက်တစ်ရွက်ကို သူနောက်တစ်ကြိမ် ထပ်တွေ့လိုက်ရပြန်ပြီ။ ဤသည်မှာ အစိမ်းရောင်တောက်နေပြီး အသက်ဓာတ်ပြည့်ဝနေသည်။
ကျောက်နံရံကြီးတွင် အက်ကွဲကြောင်းကြီးရှိနေပြီး ထိုနေရာတွင် သွေးများစွန်းပေနေသည်။ ဤနေရာတွင် ပြိုင်ဘက်ကင်းသည့်သက်ရှိတစ်ကောင် အသတ်ခံလိုက်ရသည့်ပုံပင်။
ထိုအက်ကွဲကြောင်းထဲတွင် သစ်ရွက်နှစ်ရွက်ရှိနေပြီး ထိုသစ်ရွက်များမှာ မိုးမခနတ်ဘုရားသည် တိုက်ပွဲပြီးသည့်နောက် ထားခဲ့သည့်သစ်ရွက်များပင်။
“အောက်မှာ တကယ်ပဲ ဘာတွေရှိနေတာလဲ .. မိုးမခနတ်ဘုရားလည်း အရင်တုန်းက ဒီကိုရောက်ဖူးတာပဲ .. ဒါပေမဲ့ ခေါ်နေတဲ့လူက မိုးမခနတ်ဘုရားမဟုတ်ဘူး..” ရှီဟောင်စိတ်ထဲတွင် တုန်လှုပ်သွားရသည်။
အပိုင်း ၁၀၈၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၈ – ထာဝရလမ်း
သစ်ရွက်များမှာ စိမ်းတောက်နေပြီး ဤနေရာတွင်ရှိနေသည်မှာ အချိန်မည်မျှကြာသွားပြီမှန်းတောင် မသိရပေ။
သူ ထိုသစ်ရွက်ကို ကောက်ယူလိုက်သည်။ ထိုသစ်ရွက်များထဲတွင်ရှိနေသည့် သင်္ကေတများ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း အသက်ဓာတ်အနည်းငယ်ရှိနေဆဲပင်။ ယခင်က ဤနေရာတွင် မည်မျှပြင်းထန်သည့် တိုက်ပွဲဖြစ်ခဲ့မှန်း သူမသိပေ။
တစ်ခဏခန့် တိတ်ဆိတ်နေပြီးသည့်နောက်တွင် အောက်ဘက်သို့ဆက်ဆင်းသွားရန် သူဆုံးဖြတ်လိုက်သည်။ ဘာကသူ့ကိုခေါ်နေသည်ဆိုသည်ကို သူသွားကြည့်မည်။ ထိုအရာကို မသိရမချင်း နေလို့ကောင်းမည်မဟုတ်ပေ။
သို့သော်လည်း အလွန်အန္တရာယ်များလျှင်တော့ သူပြန်လှည့်သွားလိုက်မည်သာ။
ယခုတစ်ခေါက်တွင် သူ့ကိုကာကွယ်ရန်အတွက် ဆေးလုံးမီးဖိုကိုသာ သူယူလာခဲ့ခြင်းပင်။
အသူရာချောက်နက်ကြီးမှာ မှောင်မဲသထက် မှောင်မဲလာသည်။ နံရံများမှာ နဂါးအကြေးခွံများကဲ့သို့ ကြမ်းတမ်းနေပြီး အက်ကွဲကြောင်းများစွာ ရှိနေသည်။ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများကိုလည်း အချိန်နှင့်အမျှ ထုတ်လွှတ်နေလေသည်။
ဒုန်း..
ဆေးလုံးမီးဖို တုန်ခါသွားပြီး မိုးကြိုးပစ်သံကဲ့သို့သော အသံထွက်ပေါ်လာသည်။
ကျောက်နံရံများမှ သင်္ကေတများ တောက်ပလာကာ ဆေးလုံးမီးဖို၏ကိုယ်ထည်ပေါ်သို့ ကျရောက်လာသည်။ ဆေးလုံးမီးဖိုမှ ကာကွယ်ထားသောကြောင့်သာမဟုတ်ပါက ရှီဟောင် ချောက်နက်ထဲသို့ ပြုတ်ကျသွားလောက်လေပြီ။
“ကျန်းပေါင်း ၁၅၀၀ ပဲရှိသေးတယ် .. ဒီလိုဖြစ်နေပြီ .. ငါဆက်ဆင်းနိုင်ပါဦးမလား” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။
ဒုန်း..
ကျန်း ၂၀၀၀ သို့ရောက်သည့်အချိန်တွင် ဆေးလုံးမီးဖိုသည် နောက်တစ်ကြိမ် တိုက်ခိုက်ခံလိုက်ရသည်။ နံရံပေါ်တွင် သင်္ကေတပေါင်းစုံ ထွက်ပေါ်လာပြီး တူတစ်ချောင်းကဲ့သို့ပင် သူ့အားထုလိုက်လေသည်။
ဆေးလုံးမီးဖို တောက်ပလာကာ နဂါးနှင့် ဖီးနှစ်အော်သံများကိုပင် ကြားနေရသည်။ အလင်းများသည် သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားကာ ဤနေရာကို ကာကွယ်ပေးထားလေသည်။
သူရောက်လာသည်မှာ အတော်နက်နေပြီဖြစ်သောကြောင့် အခြားသက်ရှိများကို မတွေ့ရတော့ပေ။
စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် နံရံများလည်း နောက်တစ်ကြိမ် ပြန်လည်တည်ငြိမ်သွားသည်။ ရှီဟော်သည် တစ်ခဏခန့်နားလိုက်သည်။ ယခု သူအနည်းငယ်တွေဝေနေသည်။ သူဆက်သွားသင့်လား.. ဤအသူရာချောက်ကြီးမှာ အဆုံးမရှိသည့်ပုံပင်။
“ဒီဆေးလုံးမီးဖိုရဲ့ ခုခံနိုင်စွမ်းက အားကောင်းတယ်ဆိုပေမယ့် သူခံနိုင်မှာမဟုတ်တော့ဘူး .. တစ်ခြားနည်းလမ်းရှိသေးလား” သူ့ကိုယ်သူ စဉ်းစားကြည့်လိုက်သည်။
မူလကောင်းကင်လျှို့ဝှက်နယ်မြေမှ သူရလာခဲ့သည့် စုတ်ပြဲနေသည့် ချပ်ဝတ်တန်ဆာကို ထုတ်လိုက်သည်။ ဤအင်္ကျီတွင် အပေါက်များ ပြည့်နှက်နေပြီး လှုပ်လိုက်သည်နှင့် သံချေးများကျလာမည်ပင်။
သို့သော် ဤပစ္စည်းအလွန်ထူးခြားသည်ကို သူသိသည်။ ဤပစ္စည်းသည် စွန့်ပစ်နယ်မြေအနက်ပိုင်းမှ ရောက်လာခြင်းဖြစ်ပြီး လျှပ်စီးဧကရာဇ်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်။
မမျှော်လင့်ထားသည်မှာ သူဤချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည်နှင့် နွေးထွေးမှုကို ခံစားလိုက်ရပြီး ချပ်ဝတ်တန်ဆာလည်း အလွန်ပင် တောက်ပလာသည်။
ဤချပ်ဝတ်တန်ဆာသည် ဤနေရာကို တုံ့ပြန်မှုရှိနေသည့်ပုံပင်။ သံချေးတက်နေသည့်နေရာများပင် တောက်ပလာလေ၏။
“ဟမ် ..အောက်မှာ ဘာဖြစ်နေတာလဲ .. ဘာလို့အလင်းလုံးလေး ရှိနေတာလဲ .. တစ်ယောက်ယောက်က ထာဝရပစ္စည်းကို တူးလိုက်ပြီလား…”
အပေါ်လက်မှ ကြည့်နေသည့်လူများသည် အလင်းပျောက်လေးကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားကြသည်။
ကျောက်ထရံတွင်ရှိနေသည့် ရှီဟောင်သည် အောက်ဘက်သို့ ဆက်ဆင်းရန် ဆုံးဖြတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် အတော်လေးပင် ချောမွေ့နေလေ၏။ သူယခင်ကကြုံရသည့် စွမ်းအင်လှိုင်းများပင် မရှိတော့ပေ။
“နည်းနည်းတော့ ထူးဆန်းနေတယ် .. ဒီချပ်ဝတ်တန်ဆာအစုတ်က ဘာလို့ဒီမှာ အသက်ဝင်လာတာလဲ .. လျှပ်စီးဧကရာဇ်က ဒီနေရာမှာ တစ်ခုခု ထားခဲ့လို့များလား..” ရှီဟောင် အမှန်တကယ်ပင် ထိတ်လန့်နေမိသည်။
သူသည် ချပ်ဝတ်တန်ဆာဝတ်ထားသည့် အိမ်မြှောင်တစ်ကောင်ကဲ့သို့ပင် အောက်ဘက်သို့ လျင်မြန်စွာ ဆက်ဆင်းသွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူကျန်းသုံးထောင်သို့ ရောက်သွားလေပြီ။ ချောက်နက်ကြီးမှာ အလွန်ပင် မဲမှောင်ပြီး တည်ငြိမ်နေလေသည်။
သူသည်အရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ဤအခွင့်အရေးကို အသုံးချကာ အောက်ဘက်သို့ လျင်မြန်စွာ ဆင်းသွားလိုက်သည်။
ကျန်းလေးထောင် .. ကျန်းငါးထောင်..
မျက်စိတစ်မှိတ်အတွင်းမှာပင် သူကျန်းရှစ်ထောင်သို့ ရောက်သွားလေပြီ။ အခြားသူများသာ ဤအကြောင်းသိသွားလျှင် သေချာပေါက် ထိတ်လန့်သွားကြမည်သာ။
နောက်ဆုံးတွင် ရှီဟောင် တဖျစ်ဖျစ်အသံများကို ကြားနေရလေပြီ။ သူ၏အောက်ဘက်တွင် မီးပွားများ ရှိနေသည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ချပ်ဝတ်တန်ဆာလည်း ပို၍တောက်ပလာကာ မိုးခြိမ်းသံများပင် ကြားလာရသည်။ လျှပ်စစ်စက်ဝန်းတစ်ခုလည်း ဖြစ်ပေါ်လာလေ၏။
အမ်..
ထိုနေရာတွင် ရှိနေသည့် မြင်ကွင်းကို မြင်လိုက်ရကာ ရှီဟောင်၏ ကောင်းကင်မျက်လုံး ပြူးကျယ်သွားရသည်။ ဤသည်မှာ ချောက်နက်ကြီး၏ အောက်ခြေမဟုတ်သေးပေ။
ကျောက်ထရံပေါ်တွင် လျှပ်စစ်တန်းတစ်ခု အနည်းငယ် တောက်ပနေခြင်းပင်။ ဤအလင်းသည် အတော်လေးပင် အားနည်းနေပြီဖြစ်သော်လည်း ဤမျှနှစ်ပေါင်းများစွာကြာသည်အထိ မပျောက်ကွယ်သေးပေ။ ကျောက်တုံးများကြားတွင် လှည့်ပတ်သွားလာနေလေ၏။
“အထင်ကြီးစရာကောင်းလိုက်တဲ့ လျှပ်စစ်..” ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။
ထိုနေရာတွင် ထာဝရတာအိုစွမ်းအင်များလည်း ရှိနေသည်။
ထို့အပြင် ကြောက်စရာကောင်းသည့် သွေးလည်းရှိနေသည်။ သွေးများမှာ ခန်းခြောက်သွားပြီဖြစ်သော်လည်း ကြောက်စရာကောင်းသည့် အော်ရာကို ထုတ်လွှတ်နေဆဲပင်။
ဤနှစ်ခုမှာ လုံးဝမတူညီသည့်အရာများပင်။ တစ်ခုမှာ လျှပ်စီးဖြစ်ပြီး အခြားတစ်ခုတွင် ပြင်းထန်လှသောအေးစက်မှုများပါဝင်နေသည်။ ဤသွေးပိုင်ရှင်သည် လျှပ်စီးဖြင့် ရိုက်ချခံခဲ့ရခြင်းပင်။
“လျှပ်စီးဧကရာဇ်က အရင်တုန်းက ဒီနေရာမှာ ပေါ်လာပြီးတော့ ကြောက်စရာကောင်းတဲ့သက်ရှိကို သတ်ဖူးတယ်” ရှီဟောင်ကောက်ချက်ချလိုက်၏။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာ တောက်ပလာသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။
သူဆက်သွားရမှာလား..
ဤနေရာသည် အလွန်အန္တရာယ်များမှန်း သူခံစားမိသော်လည်း သူပို၍ ပို၍ပင် စိတ်ဝင်စားလာမိသည်။ ချောက်ကမ်းပါးအောက်ခြေတွင် ဘာရှိနေမည်ကို သူတကယ်သိချင်နေမိသည်။
“စွန့်စားကြတာပေါ့…”
ချပ်ဝတ်တန်ဆာသည် တောက်ပနေပြီး သူ့ကို ကာကွယ်နေဆဲပင်။ ယခုတစ်ကြိမ်တွင် ရှီဟောင်သည် လျောဆင်းသွားသည့်အရှိန်ဖြင့်ပင် တရှိန်ထိုးသွားလိုက်သည်။
“ဒါက တကယ်ပဲ ဘယ်လောက်တောင် နက်တာလဲ” ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။
ထို့အပြင် ယခုအချိန်တွင် ရင်းနှီးနေသည့် အော်ရာနောက်တစ်မျိုးကို သူရလိုက်သည်။ ခွန်ပန်ပညာသည် အလိုအလျောက်ပင် အသက်ဝင်လာကာ သူ၏ကျောထက်တွင် အတောင်ပံတစ်စုံ ထွက်ပေါ်လာလေသည်။
“ခွန်ပန်..”
နောက်ထပ်အကွာအဝေးတစ်ခုသို့ သွားပြီးသည့်နောက်တွင် သူသည် ပျက်စီးနေသည့် အကြေးခွံများနှင့် ပျက်စီးနေသည့် အမွေးအတောင်နှစ်ခုကို တွေ့လိုက်ရသည်။ ဤသည်မှာ ခွန်ပန်ပစ္စည်းများပင်။
“သူလည်း ဒီနေရာမှာ တိုက်ခိုက်ခဲ့တာလား…”
ရှီဟောင်သည် ပို၍ပင် ကြောက်ရွံ့လာမိသည်။
ခွန်ပန်၏အကြေးခွံများပေါ်တွင် ခရမ်းရင့်ရောင်သွေးအိုင်လေး ရှိနေသည်။ ထိုသွေးမှာ ခွန်ပန်သတ်လိုက်သည့်သက်ရှိထံမှ ဖြစ်သည်မှာ သိသာလှသည်။
“သွေးအိုင်ကြီးလား..”
ခွန်ပန်က ဒီနေရာမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို တိုက်ခဲ့ပြီးတော့ အဲဒီသက်ရှိကို သတ်ခဲ့တာလား..
ထိုခရမ်းရောင်သွေးတစ်ဝက်ခန့်မှာ ခြောက်သွေ့နေပြီဖြစ်သော်လည်း အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရှိနေဆဲပင်။ သူထိုသွေးကို စိုက်ကြည့်လိုက်သော်လည်း ထိုနားသို့ ကပ်မသွားရဲပေ။
“ဒါက အရင်ခေတ်တုန်းက ဖြစ်ခဲ့တဲ့ ကြောက်ဖို့ကောင်းတဲ့ စစ်မြေပြင်ကြီးပဲ” ရှီဟောင်သည် သူမြင်လိုက်ရသည့်အရာများ၏ အကြောင်းကို စဉ်းစားနေဆဲပင်။
စွမ်းအားကြီးတဲ့ သက်ရှိတွေအကုန်လုံးက ဘာလို့ဒီချောက်နက်ကြီးထဲကို လာကြတာလဲ ..ပြီးတော့ သူတို့တွေက ဒီနေရာကိုလည်း မဖျက်ဆီးပစ်ဘူး .. ကြည့်ရတာ ကျောက်နံရံတွေမှာ ပြိုင်ဘက်ကင်းတဲ့ အစီအရင်တွေပါတဲ့ သင်္ကေတတွေ ရှိနေတယ်ထင်တယ်..
သူသည် အလွန်ပင် မသက်မသာခံစားနေရသော်လည်း အောက်ဆက်ဆင်းနေဆဲပင်။
ယခုတစ်ကြိမ်တွင် သူပို၍လျင်မြန်လာသည်။ လမ်းတစ်လျှောက်တွင် တိုက်ပွဲအကြွင်းအကျန်အချို့ကို သူတွေ့နေရဆဲပင်။ အချို့သွေးများမှာ ခြောက်ပင်မခြောက်သေးသကဲသို့ ထိတ်လန့်စရာကောင်းလောက်သည့် သတ်ဖြတ်လိုသည့်စွမ်းအင်ကိုလည်း ထုတ်လွှတ်နေသည်။ ထိုသွေးများနှင့် အကွာအဝေးတစ်ခုစာရှိနေလျှင်ပင် ထိုစွမ်းအင်ကို ခံစားနေရဆဲပင်။
ရှီဟောင်သည် ထိုနေရာများကို ရှောင်ကာ လျင်မြန်စွာပင် ဆင်းလာလိုက်သည်။
သူ ကျန်းငါးသောင်းသို့ ရောက်သွားလေပြီ။ ယခုတစ်ကြိမ်တွင် တိုက်ပွဲအကြွင်းအကျန်များကြားမှ ပျက်စီးနေသည့်အမွေးအချို့သည် သူ၏အာရုံကို ဆွဲဆောင်သွားလေသည်။ သူသေချာကြည့်လိုက်သည့်အချိန်တွင် ထိတ်လန့်သွားရသည်။
ဤသည်မှာ ဖီးနှစ်အမွေးအတောင်များပင်။
သို့သော် ထိုအမွေးအတောင်များတွင်ရှိနေသည့် သင်္ကေတများမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ထိုအမွေးတောင်များသည် ကျောက်နံရံများတွင် ထိုးစိုက်နေခြင်းဖြစ်ပြီး အမွေးများနံဘေးတွင် ခြောက်နေသည့်သွေးရာများရှိနေသည်။ ထိုသွေးများမှာ အသက်ဓာတ်များမှာမူ ဖီးနှစ်အမွေးအတောင်၏သင်္ကေတများကြောင့် ပျက်စီးသွားလေပြီ။
ဒါတွေက ဘာလို့ဒီမှာ ရှိနေတာလဲ .. ဒီချောက်ကြီးက ဘယ်လိုချောက်မျိုးလဲ..
ဤနေရာသည် လမ်းကြောင်းတစ်ခုနှင့်တူနေပြီး ထိုကျွမ်းကျင်သူများသည် လမ်းတစ်လျှောက်တွင် တိုက်ခိုက်သွားကြခြင်းပင်။ ထို့ကြောင့်သာ ဤသဲလွန်စများ ကျန်နေခဲ့ရခြင်းပင်။ မဟုတ်ပါက အဘယ်ကြောင့် ဤနေရာတွင်ရှိနေမည်နည်း..
ကျန်းကိုးသောင်းသို့ ရောက်သည့်အချိန်တွင် သူလေတိုးသံများကို ကြားလာရသည်။ သူအောက်ခြေနှင့်နီးနေပြီထင်သည်။
ထိုအချိန်တွင် မိုးမခနတ်ဘုရား၏အော်ရာကို သူထပ်ရလိုက်၏။ ထို့နောက်တွင် သူသည် ရွှေရောင်သစ်ရွက်တစ်တန်းရှိနေသည့် ရွှေရောင်သစ်ကိုင်းကို တွေ့လိုက်ရသည်။
ဤသစ်ကိုင်းမှာ မိုးမခသစ်ကိုင်းဖြစ်ပြီး ဤသစ်ကိုင်းတွင် နတ်ခွန်အားလှိုင်းများ ကျန်နေသေးသည်။ သို့သော်လည်း ထိုစွမ်းအားများသည် အလွန်ပင် အားနည်းနေလေပြီ။
သို့သော် ဤသို့ရှိနေခြင်းကပင်လျှင် အံ့အားသင့်စရာကောင်းနေလေပြီ။ မည်သို့ပင်ဖြစ်စေ ခေတ်ကြီးတစ်ခေတ်လုံးကုန်လွန်သွားပြီဖြစ်သည်ပင်။
ထိုမိုးမခသစ်ကိုင်းသည် တစ်ကျန်းခန့်ရှည်ပြီး ကျောက်နံရံတွင် ထိုးစိုက်နေခြင်းပင်။
“ဘာ..”
ရုတ်တရက်ပင် ရှီဟောင် ထိတ်လန့်သွားရသည်။ ထိုကျောက်နံရံသည် အတွင်းဘက်သို့ ချိုင့်ဝင်နေပြီး ထိုနေရာသို့ကပ်သွားသည်နှင့် ထိုမိုးမခကိုင်းဖြင့် ထိုးစိုက်ခံထားရပြီး ဆိုးရွားစွာ ပျက်စီးနေသည့် သက်ရှိအလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။
“ဒါက ရန်သူလား..”
ဤသည်မှာ ပျက်စီးနေသည့်အရိုးစုဖြစ်ပြီး ရင်ဘတ်သာ ကျန်တော့သည်။ အခြားအစိတ်အပိုင်းများ မရှိတော့ပေ။
“ဒါက ဘယ်လိုသက်ရှိမျိုးလဲ..”
ထိုသက်ရှိ ရင်ဘတ်ကို ကြည့်ခြင်းအားဖြင့် ဤသက်ရှိသည် အနည်းဆုံး သုံးကျန်ခန့် အရပ်ရှည်လိမ့်မည်ဟု သူပြောရဲသည်။
ရှီဟောင်ရောက်လာသည်နှင့် ရုတ်တရက်ပင် နတ်ခွန်အားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ထိုအရိုးသည် အမှုန့်များဖြစ်သွားလေသည်။
ဤသည်မှာ သူ့ကိုလန့်သွားစေသည်။ ဤအရိုးသည် အဘယ်ကြောင့် ရုတ်တရက်ပျက်စီးသွားရသနည်း..
ထို့နောက်တွင်တော့ သူနားလည်သွားရသည်။ ဤသည်မှာ သူ့ကို ထိုးစိုက်ထားသည့် မိုးမခသစ်ကိုင်းကြောင့်ပင်ဖြစ်ရမည်။ ဤသစ်ကိုင်းဖြင့် တစ်ချိန်လုံးထိုးစိုက်ခံနေရပြီး ယခုမှ ပျက်စီးသွားခြင်းပင်။
မိုးမခသစ်ကိုင်းသည် ထိုနေရာတွင်ရှိနေဆဲပင်။ သူ၏ပြိုင်ဘက်ကင်းသည့်နတ်ခွန်အား မရှိတော့သော်လည်း ပုံစံမပျက်ရှိနေဆဲပင်။ ထာဝရတာအိုစွမ်းအင်အနည်းငယ်လည်း စီးဆင်းနေဆဲပင်။
ရှီဟောင်သည် ထိုနေရာသို့ တွားသွားလိုက်ပြီး စမ်းသပ်ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့်ပင် သူသည် အထိအခိုက်မရှိပဲ ထိုသစ်ကိုင်းကို အောင်မြင်စွာ ဆွဲထုတ်လိုက်နိုင်သည်။
ထို့နောက်တွင် ထိုသစ်ကိုင်းကို ကောင်းကင်နှင့်မြေကြီးရှုံ့အိတ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။
“ငါအောက်ခြေရောက်ပြီ…”
ကျန်းတစ်သိန်းဆင်းလာပြီးသည့်နောက်တွင် သူအောက်ခြေသို့ ရောက်လာလေပြီ။
ဤချောက်နက်ကြီး၏ အောက်ခြေတွင် လူမျိုးစုမျိုးစုံမှ အရိုးစုများကို မြင်နေရသည်။ အရိုးများမှာ မျက်စိတစ်ဆုံးရှိနေခြင်းပင်။ ဤသည်မှာ သေမင်းနိုင်ငံနှင့်ပင် တူနေသည်။
ဤသည်များမှာ ချောက်နက်ကြီးထဲတွင် လာရောက်စွန့်စားပြီး ပြုတ်ကျလာသည့်သူများ၏ အလောင်းများပင်။
“ငါ့ကိုခေါ်နေတာက ဒါလား..”
ထိုနေရာတွင် ယဇ်ပုလ္လင်တစ်ခုရှိနေလေသည်။ ထိုယဇ်ပုလ္လင်သည် ကြီးမားလှကာ ဖရိုဖရဲစွမ်းအင်များကို ထုတ်လွှတ်နေလေ၏။ ကမ္ဘာဦးအစတကည်းက တည်ရှိနေသည့်ပုံပင်။
ထိုယဇ်ပုလ္လင်မှာ ပျက်စီးနေပြီဖြစ်သော်လည်း သူ၏အော်ရာမှာ လူများအား ဦးညွှတ်သွားအောင် လုပ်နိုင်နေဆဲပင်။
ထိုယဇ်ပုလ္လင်ထက်တွင် ငွေရောင်၊ အနက်ရောင်၊ ခရမ်းရောင်၊ အပြာရောင်၊ အနီရောင် … သွေးရောင်စုံရှိနေသည်။
အချို့သွေးများမှာ ခြောက်ပင်မခြောက်သေးပေ။ ထိုသွေးများသည် ယဇ်ပုလ္လင်၏နူးညံ့သည့် အလင်းတန်းများဖြင့် ဝန်းရံခံထားရသော်လည်း အဆုံးမရှိသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ထုတ်လွှတ်နေဆဲပင်။
ထာဝရရှေးဟောင်းခေတ်က သက်ရှိများ မည်မျှပင် ကြောက်စရာကောင်းသည်ကို ရှီဟောင်ပထမဆုံးအကြိမ်အဖြစ် ခံစားရသွားခြင်းပင်။
ဤသည်မှာ ထာဝရနန်းတော်သခင်လေးထံတွင်ရှိနေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖယ်ထုတ်ထားသည့် ထာဝရသွေးနှင့် မတူပေ။
ထိုသွေးများတွင် အတိတ်မှ ထာဝရတာအိုစွမ်းအားပင် ပါဝင်နေသည်။
ဤသွေးတစ်စက်ကိုသာ ယူလိုက်နိုင်ပါက ဤသည်မှာ ဂိုဏ်းခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်များကိုပင် သတ်နိုင်လိမ့်မည်ဟု သူခံစားနေရသည်။
ထိုသွေးစက်များအပြင် ယဇ်ပုလ္လင်ပေါ်တွင် ကျိုးပဲ့နေသည့် မိုးမခသစ်ကိုင်း၊ ပျက်စီးနေသည့် အမွေးအတောင်များနှင့် အခြားအရာများလည်း ရှိနေသေးသည်။
“ငါ့ကိုခေါ်တာမင်းလား .. ငါ့ကိုဘာလို့ခေါ်တာလဲ .. မင်းကငါနဲ့ ဘာဆက်စပ်နေတာလဲ” ရှီဟောင်သည် တည်ငြိမ်သွားရန်အတွက် အတော်လေးအချိန်ယူလိုက်ရသည်။
ယဇ်ပုလ္လင်ကြီးသည် မှုန်ဝါးလာကာ သူ့အနားရှိ လေဟာနယ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။ အချိန်နှင့်လေဟာနယ်မှာ ပျက်ယွင်းသွားပြီး အချိန်များ နောက်ပြန်သွားနေသလိုပင် သူခံစားလိုက်ရသည်။
“ဒီနေရာက..”
ရှီဟောင်နောက်ဆုတ်သွားရ၏။ ဖော်ပြရန်ခက်ခဲသည့် ခံစားမှုတစ်ခုကို သူခံစားနေရသည်။
လေထဲတွင် တဝုန်းဝုန်းအသံများ ထွက်ပေါ်လာပြီးနောက် ယဇ်ပုလ္လင်ကြီးသည် မပျက်စီးတော့ပဲ ပြန်ကောင်းသွားလေသည်။ လေထဲတွင်ရှေးဟောင်းစွမ်းအင်များ ပျံ့လွင့်လာလေ၏။ ဤနေရာမှာ မှုန်ဝါးလာလေ၏။
“ဒါက .. နဂါးကိုးကောင်ဆွဲတဲ့ အခေါင်းလား..”
ရှီဟောင်တုန်လှုပ်သွားရသည်။ သက်ရှိအချို့ တိုက်ခိုက်နေကြသည်ကို သူမြင်နေရသည်။ ဤသက်ရှိများသည် ကြေးနီအခေါင်းတစ်ခုထဲသို့ ဝင်ရောက်သွားကြလေသည်။ နဂါးကိုးကောင်ဆွဲသည့် ကြေးအခေါင်းသည် ဤယဇ်ပုလ္လင်မှတစ်ဆင့် မသိနိုင်သည့်ကမ္ဘာထဲသို့ ဝင်ရောက်သွားလေသည်။
“မိုးမခနတ်ဘုရားနဲ့ တစ်ခြားသူတွေက ထာဝရရှေးဟောင်းခေတ်မှာ ရှုံးသွားပြီးတော့ ပျက်စီးသွားတာ .. ဒါက ထာဝရလမ်းကြောင်းပဲ .. ဒီနေရာကနေ သူတို့ထွက်ပြေးသွားတာ” ရှီဟောင်သည် မှုန်ဝါးနေသည့် မြင်ကွင်းများကို ကြည့်နေရင်းဖြင့်ပင် အိပ်မက်ယောင်နေသည့်သူကဲ့သို့ပင် ရေရွတ်နေလေ၏။
ထာဝရရှေးဟောင်းခေတ် လုံးဝပြာကျသွားသည့်မြင်ကွင်းကို သူမြင်ခဲ့ဖူးသည်။ နဂါးကိုးကောင်ဆွဲသည့် ကြေးအခေါင်းသာ လွတ်မြောက်ခဲ့ခြင်းပင်။
“ရှုံးနိမ့်သွားပြီ .. သူတို့အားလုံး ရှုံးနိမ့်သွားခဲ့ကြပြီ…” ရှီဟောင်သည် ဤစာသားကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေလေသည်။
ဝုန်းဟူသည့်အသံထွက်ပေါ်လာပြီးသည့်နောက်တွင် ဤနေရာမှာ နောက်တစ်ကြိမ် ပြန်လည်တိတ်ဆိတ်သွားသည်။ ယဇ်ပုလ္လင်မှာ နောက်တစ်ကြိမ် ပြန်လည်ပျက်စီးသွားလေသည်။
“ဘာလို့လဲ .. မင်းတို့အားလုံး ငါ့ကို ဘာလို့ ခေါ်နေကြတာလဲ …” သူခေါင်းရှင်းသွားသည့်အချိန်တွင် သူ့ကိုယ်သူ မေးကြည့်လိုက်သည်။
ရုတ်တရက်ပင် ယဇ်ပုလ္လင်ကြီးမှာ နောက်တစ်ကြိမ် ပြန်လည်တောက်ပလာလေသည်။ ဤနေရာမှာ ပို၍ပင် မှုန်ဝါးလာလေ၏။
ပျက်စီးနေသည့် ယဇ်ပုလ္လင်ထက်ရှိ လေဟာနယ်လည်း ပျက်ယွင်းလာပြီး လောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားတော့မလိုပင်။
“သုံးလောကအခေါင်းက ထွက်သွားပြီမဟုတ်ဘူးလား .. ဘာရှိသေးလို့လဲ” ရှီဟောင် ထိုယဇ်ပုလ္လင်ကို ကြည့်နေလိုက်သည်။
ရုတ်တရက်ပင် သူ၏မျက်လုံးများ ပြူးကျယ်လာလေ၏။
ယခုတစ်ကြိမ်တွင် မည်သည့်အရာမှ ယဇ်ပုလ္လင်ပေါ်မှ ထွက်မသွားပေ။ သို့သော်လည်း ထူးဆန်းသည့်မြင်ကွင်းများ ပေါ်လာလေသည်။
အိုးတစ်လုံး .. ခပ်ဝေးဝေးမှ ရောက်လာသည်ဟု ထင်ရသည့်အိုးတစ်လုံး .. ထိုအိုးသည် ယဇ်ပုလ္လင်ပေါ်တွင် ပေါ်လာနိုင်အောင် ကြိုးစားနေသော်လည်း ပေါ်မလာနိုင်ပေ။
ဤအိုးတွင် ခြေထောက် ၃ ချောင်းပါပြီး လက်ကိုင်နှစ်ဘက်ပါသည်ကို မြင်နေရသည်။ အိုးအဖုံးမှာ လုံးဝန်းနေပြီး အထဲမှ ကောင်းကင်နှင့်ကမ္ဘာမြေကြီးစွမ်းအင်များ တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်လာလေ၏။ ဤသည်မှာ အလွန်အဆင့်မြင့်သည့်မြင့်မြတ်အော်ရာပင်။
သို့သော်လည်း ဤသည်မှာ အလွန်ပင်မှုန်ဝါးနေပြီး ထွက်လာနိုင်ရန် ခက်ခဲနေလေသည်။
ဒုန်း..
ထိုယဇ်ပုလ္လင်ကြီး တုန်ခါလာကာ အချို့အရာများကို ရှီဟောင်မြင်လာရသည်။
“သွေးတွေ…”
ထိုအိုးတွင် သွေးများစေးကပ်နေသည်ကို ရှီဟောင်တွေ့လိုက်ရသည်။
ခေါ်သံတစ်ခုကိုလည်း သူကြားနေရသည်။ တစ်စုံတစ်ယောက်သည် သူ့ကို စစ်ပွဲထဲတွင် ဝင်ပါရန် ခေါ်နေခြင်းပင်။
“ငါ .. ငါဘာလုပ်ရမလဲ” ရှီဟောင်မှာ ထိတ်လန့်ဆွံ့အနေလေ၏။
အပိုင်း ၁၀၈၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၉ – ပျောက်ဆုံးခြင်း
ထိုခေါ်သံမှာ အဝေးမှလာနေခြင်းဖြစ်ပြီး အလွန်တိုးလျသော်လည်း အသံအစစ်ပင်ဖြစ်ပြီး ပုံရိပ်ယောင်မဟုတ်ပေ။
ရှီဟောင်မှာ ကိုယ်ရောစိတ်ပါ တုန်လှုပ်နေမိသည်။ သူထိုနေရာသို့ သွားချင်သော်လည်း အကယ်၍ သူထိုယဇ်ပုလ္လင်ပေါ်သို့ တက်လိုက်လျှင်ပင် သူဘာလုပ်နိုင်မည်နည်း..
ထိုအိုးသည် ဤနေရာသို့ ရောက်မလာနိုင်ပေ။
ထို့အပြင် ယဇ်ပုလ္လင်သည် ပျက်စီးနေပြီဖြစ်ပြီး မည်သည့်သက်ရှိ၊ မည်သည့်ပစ္စည်းကိုမှ ပို့ဆောင်ပေးနိုင်မည်မဟုတ်တော့ပေ။
ဝုန်း..
ယဇ်ပုလ္လင်ကြီး တောက်ပလာကာ ရှေးဟောင်းသင်္ကေတများ ထွက်ပေါ်လာလေသည်။ ရှီဟောင်ထိုသင်္ကေတများကို တစ်ခုမှ မသိပေ။ ထိုသင်္ကေတများမှာ ထူးဆန်းလှသည်။ ဤသည်မှာထာဝရတာအိုသင်္ကေတများလား..
ဒုန်း…
ထို့နောက်တွင် ခြေထောက်သုံးဘက်ပါသည့် အိုးသည် ပြင်းထန်စွာပင် တုန်ခါလာလေကာ ယဇ်ပုလ္လင်ထက်တွင် ပေါ်လာတော့မည်။
ဟွမ်..
ဟိုသံတစ်ခု ထွက်ပေါ်လာလေ၏။ အနောက်ဘက်တွင် အခြားစကားများရှိနေသေးသော်လည်း သူမကြားနိုင်အောင် ဖြတ်ချခံလိုက်ရလေသည်။
အိုးကြီးမှာ အလွန်ပင် ရှေးကျလှပြီး ယဇ်ပုလ္လင်ထက်တွင် တစ်ခဏခန့် ပေါ်လာလေသည်။
ထိုအိုးကြီးမှာ ထူးဆန်းလွန်းလှသည်။ အိုးပေါ်တွင် ပုံစံမျိုးစုံ ရှိနေလေ၏။ ငှက်များ၊ ပန်းများ၊ ငါး၊ ပိုးကောင်၊ အပင်နှင့် သက်ရှိမျိုးစုံအပြင် ကောင်းကင်ထက်ရှိကြယ်များပင် ပါရှိနေလေသည်။ ထိုသက်ရှိများအားလုံးမှာ အသက်ဝင်လှသည်။
သို့သော် ထိုအိုးတွင် သွေးများစေးကပ်နေသည်။ ထိုနီရဲနေသည့် သွေးမှ အော်ရာတစ်ခုလည်း စီးကျနေလေသည်။
အိုးထဲမှ နတ်စိတ်ဝိဉာဉ်တစ်ခုမှ သူ့အား ယဇ်ပုလ္လင်ထက်သို့တက်လာပြီး အိုးထဲသို့ဝင်ရန် ခေါ်နေသည်။
ထိုဝိဉာဉ်တွင် မည်သည့်ရန်လိုမှုမှမရှိသကဲ့သို့ ပုံရိပ်ယောင်လည်း မဟုတ်ပေ။
“ဘာဖြစ်နေတာလဲ .. ငါမင်းတို့အားလုံးကို သိလို့လား..” ရှီဟောင်၏အသက်ရှူသံများ ပြင်းထန်လာသည်။သူသည် ထိုရှေးဟောင်းယဇ်ပုလ္လင်ထက်သို့ တက်ချင်စိတ်များ အကြိမ်များစွာ ဖြစ်ပေါ်လာသည်။
ရွှီး..
အိုးကြီးမှာ လျင်မြန်စွာပင် မှုန်ဝါးလာသည်။ သူသည်ချက်ချင်းပင် ယဇ်ပုလ္လင်ထက်မှ ပျောက်ကွယ်သွားလေသည်။
ထိုအိုးသာ တကယ်ရောက်လာလျှင် သူသည် စွမ်းအားများစွာကို သုံးရမည်မှာ သေချာသည်။
သူသည် ခပ်ဝေးဝေးမှနေ၍သာ အဖြေကိုစောင့်နေလေသည်။ သူသည် များပြားလှသည့်ဖိအားများကို တောင့်ခံကာ သူ့ကိုကူညီမည့်သူကို စောင့်ဆိုင်းနေလေသည်။
“မင်းကဘာလို့ငါ့ကိုခေါ်နေတာလဲ .. မင်းငါ့ကိုသိလို့လား” ရှီဟောင်စိတ်လွတ်စွာဖြင့်ပင် မေးလိုက်သည်။
သူထိုသို့မေးနေသော်လည်း သူ၏ခြေလှမ်းများမှာမူ ယဇ်ပုလ္လင်ဘက်သို့ ဦးတည်နေလေပြီ။ ထိုအိုးမှ သူ့ကို မည်သည့်နေရာသို့ ခေါ်သွားမည်ကို သူတကယ်သိချင်မိသည်။
ရုတ်တရက်ပင် သူ၏ဆံပင်များ ထောင်ထလာပြီး သူ၏ခန္ဓာကိုယ်လည်း တောင့်ခဲသွားတော့မလိုပင်။ သူလျင်မြန်စွာပင် နောက်ဆုတ်လိုက်ကာ ယဇ်ပုလ္လင်မှအဝေးသို့ သွားလိုက်သည်။
သူထာဝရစွမ်းအင်ရပြီးသွားသည်နှင့် သူ၏နတ်အာရုံများ ပို၍စူးရှလာပြီး အန္တရာယ်ကျရောက်လာတော့မည်ကို ကြိုသိနေသည်။
ယခုအချိန်တွင် သူ၏ဦးရေပြားများပင် ထုံကျဉ်သွဦးသောကြောင့် ဤနေရာတွင် အန္တရာယ်ရှိနေသည်မှာ သေချာသည်။ သူသာဆက်သွားလျှင် သေသွားမည်သာ။
“ဒါက ထောင်ချောက်တစ်ခုလား .. ငါ့ကိုသတ်ဖို့အတွက် ဒီနေရာကို တမင်သက်သက်ခေါ်လာတာလား” ရှီဟောင် အလွန်ပင် ထိတ်လန့်သွားပြီး ဆက်တိုက်ပင် နောက်ဆုတ်နေလိုက်သည်။
ထိုပျက်စီးနေသည့် ယဇ်ပုလ္လင်ကြီးမှ တောက်ပသည့်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
ဤကဲ့သို့သော အလင်းမျိုးမှာ ကြောက်စရာကောင်းလွန်းလှသည်။ ရှီဟောင်ကဲ့သို့သောစွမ်းအားကြီးသည့်သူပင်လျှင် သူ၏စိတ်ကို ထိရောက်မှုရှိနေသည်။ သူ၏မူလဝိဉာဉ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ထိုအလင်းတန်းထဲသို့ ပစ်ဝင်တော့မည်ဟု သူခံစားနေရသည်။
ချောက်ကမ်းပါးထက်မှ ရံဖန်ရံခါ မြင်နေရသည့် အလင်းမှာ ဤအလင်းများဖြစ်သည်ကို သူသိလိုက်ရသည်။ အားလုံးသည် ချောက်ကမ်းပါးအောက်ခြေတွင် ထာဝရပစ္စည်းတစ်ခုရှိနေသည်ဟု ထင်ကြသော်လည်း တကယ်တမ်းတွင် ရှေးဟောင်းယဇ်ပုလ္လင်ထက်မှ ထွက်လာသောအလင်းများပင်။
“အမ် .. ဒီအလင်းက..”
ရှီဟောင်၏အမူအရာမှာ လေးနက်သွားသည်။ ထိုထူးဆန်းသည့်အလင်းများသည် လေဟာနယ်ကို ဆွဲလိမ်လိုက်ကာ အက်ကွဲကြောင်းများဖြစ်ပေါ်လာစေလေသည်။ ထိုအက်ကွဲကြောင်းများတွင် ပေါလောပေါ်နေသည့် ရှေးဟောင်းအလောင်းများကို မြင်နေရသည်။
ထို့အပြင် ထိုမတူညီသည့် အက်ကွဲကြောင်းများမှ အလောင်းများသည် မတူညီသည့်အဝတ်အစားများကို ဝတ်ဆင်ထားလေ၏။ သူတို့၏ခေတ်များ မတူညီသည့်ပုံပင်။
“အဲဒီမှာ သက်ရှိတွေရဲ့ အော်ရာရှိနေသလိုပဲ .. လေဟာနယ်ထဲက အက်ကွဲကြောင်းတွေက ရှေးဟောင်းနယ်မြေတွေနဲ့ ဆက်စပ်နေတာလား”
ဖုန်း..
ရုတ်တရက်ပင် အပေါ်ဘက်မှ သက်ရှိလေးယောက် ပြုတ်ကျလာလေ၏။
နှစ်ယောက်သည် အရိုးပုံထဲသို့ ကျသွားပြီး ကျန်သည့်နှစ်ယောက်မှာ ယဇ်ပုလ္လင်၏အစွန်နားသို့ ကျသွားလေ၏။ သူတို့နှစ်ယောက်သည် အလင်းများဖြင့် ရှင်းလင်းခံလိုက်ရလေသည်။
“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ..” ရှီဟောင်၏မျက်လုံးများ ပြူးကျယ်လာရသည်။
မူလက ငယ်ရွယ်နေသည့်လူငယ်လေးသည် ချက်ချင်းပင် အသက်ကြီးသွားလေ၏။ သူ၏မည်းနက်နေသည့် ဆံပင်ရှည်များသည် ချက်ချင်းပင် အဖြူရောင်ဖြစ်သွားပြီး မူလက တောက်ပနေခဲ့သည့် သူ၏အရေပြားများလည်း ရှုံ့တွလာလေ၏။
ပြောင်းလဲမှုများမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ ထိုလူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားလေ၏။
“ဒီယဇ်ပုလ္လင်က ကြောက်စရာကောင်းလိုက်တာ” ရှီဟောင် ထိတ်လန့်သွားရသည်။ သူသာနောက်မဆုတ်လိုက်ပါက သူပြာမှုန့်ဖြစ်သွားလောက်လေပြီ။
အခြားအလောင်းတစ်ခုလည်း ပြောင်းလဲသွားသည်။ သို့သော်လည်း သူသည့်မတူညီသည့်ပုံစံသို့ ပြောင်းလဲသွားခြင်းပင်။
ထိုသူသည် လူလတ်ပိုင်းအရွယ်ယောက်ျားလေး တစ်ယောက်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းပင် ငယ်ရွယ်လာသည်။ သူ၏မျက်နှာသည် တစ်ဖြည်းဖြည်းနုပျိုလာပြီး နောက်ဆုံးတွင် ကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
သို့သော်လည်း ယဇ်ပုလ္လင်ကြီး တုန်ခါသွားကာ ထိုကလေးသည်ပြာမှုန့်အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားလေသည်။
ရှီဟောင်၏မျက်လုံးများ ဗလာဟင်းလင်းဖြစ်သွားရသည်။ သူသည်အချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်တော့ပေ။ ဤနေရာမှာ အလွန်ပင် ရက်စက်လှသည်။ ဤသည်မှာ လူသားစွမ်းအားများ ခုခံနိုင်သည့်အရာမဟုတ်ပေ။
သူ့ထံတွင်လည်း ပြန်လည်ဝင်စားခြင်းပညာရှိသော်လည်း ဤယဇ်ပုလ္လင်နှင့်ယှဉ်လိုက်သည့်အချိန်တွင် မိုးရေပေါက်နှင့် ပင်လယ်ကြီးကို နှိုင်းယှဉ်သကဲ့သို့ဖြစ်သွားသည်။
ဤနေရာတွင် လေဟာနယ်မှာ မတည်ငြိမ်သကဲ့သို့ အချိန်သည်လည်း ဖရိုဖရဲဖြစ်နေသည်။ ကြောက်စရာကောင်းသည့် ဖျက်ဆီးခြင်းစွမ်းအားလည်း ရှိနေလေသည်။
ရှီဟောင်သည် မြင့်မြတ်ဆေးပင်နှစ်ပင်ကို ထုတ်လိုက်ပြီး နေရာနှစ်ခုသို့ ချိန်ပစ်လိုက်သည်။ ထို့နောက် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်ပြီး ပြောင်းလဲမှုများကို သေချာကြည့်လိုက်သည်။
ဆေးပင်တစ်ပင်သည် ချက်ချင်းပင် ကျုံ့သွားပြီး အစေ့အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထို့နောက်တွင် ပေါက်ကွဲသွားလေသည်။
အခြားမြင့်မြတ်ဆေးပင်တစ်ပင်၏ ပြောင်းလဲမှုများမှာ ပို၍ပင် ထိတ်လန့်စရာကောင်းနေသေးသည်။ ထိုဆေးပင်သည် လျင်မြန်စွာပင်ကြီးထွားလာပြီး ပန်းပွင့်များ ဖူးပွင့်လာသည်။ ထို့နောက်တွင် ညှိုးကျသွားကာ အသီးတစ်လုံးသီးလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
အပင်ကိုယ်ထည်မှာ အဝါရောင်အဖြစ်သို့ ခမ်းခြောက်သွားသည်။ ဤသည်မှာ မြင့်မြတ်ဆေးပင်ဖြစ်သော်လည်း ခမ်းခြောက်သွားသည့်နေ့တစ်နေ့ ရှိနေဆဲသာ။ ထို့ကြောင့်ပင် ချက်ချင်းပင် ပုပ်သိုးသွားကာ ဖုန်မှုန့်ဖြစ်သွားလေသည်။
ထိုအစေ့များလည်း ထိတ်လန့်စရာကောင်းလောက်သည့် ပြောင်းလဲမှုများဖြစ်ပေါ်လာလေသည်။ ထိုအစေ့များသည် ချက်ချင်းပင် အဖူးများဖူးလာပြီး အလင်းတန်းများ တောက်ပလာလေသည်။ ထိုအဖူးများသည်လည်း လျင်မြန်စွာဖြင့်ပင် ရင့်မှည့်သည့် မြင့်မြတ်ဆေးပင်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက်တွင် ထိုအပင်များမှာ အစေ့များထွက်လာပြီး အပင်မှာမူ ညှိုးလျော်သွားလေ၏။
ရှီဟောင် ဆွံ့အသွားရသည်။ အချိန်ခဏလေးမှာပင် ထိုနေရာတွင် မြင့်မြတ်ဆေးပင်များ ဖုံးလွှမ်းသွားပြီး အလင်းတန်းများ တောက်ပလာလေသည်။ ဆေးရနံ့များလည်း သင်းပျံ့နေသည်။
ဤယဇ်ပုလ္လင်ကြီးမှာ အံ့အားသင့်စရာကောင်းလှသည်။ အပင်များနှင့် သက်ရှိများကို ငယ်ရွယ်သည့်အောင်လုပ်နိုင်သည်မဆိုထားနှင့် လျင်မြန်စွာ ရင့်မှည့်လာအောင် လုပ်နိုင်သည်မှာ အတော်လေးပင် ထိတ်လန့်စရာကောင်းနေလေပြီ။
အခြားသူများသာ ဤယဇ်ပုလ္လင်ကို ရသွားပါက ဘယ်လိုလုပ်မည်နည်း..
မြင့်မြတ်ဆေးပင်များမှာ နေရာတိုင်းတွင် ပြည့်နှက်နေပြီး ရောင်စုံမြူများလည်း တောက်ပနေသည်။ ဆေးရနံ့မှာလည်း သင်းပျံ့လှပြီး သူသည် အတောင်ပံပေါက်ပြီး အပေါ်ဘက်သို့ ပျံတက်တော့မလိုပင် ခံစားနေရသည်။
ကံမကောင်းစွာဖြင့်ပင် ထိုယဇ်ပုလ္လင်ကြီး လှုပ်ခါလိုက်သည်နှင့် ဤနေရာသည် မတည်မငြိမ်ဖြစ်လာကာ နေရာအနှံ့တွင်ရှိနေသည့် ဆေးပင်များသည် ချက်ချင်းပင်ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ယဇ်ပုလ္လင်ဘေးပတ်လည်တွင်ရှိနေသည့် အရာအားလုံးကို ရှင်းလင်းပစ်လေ၏။
ရှီဟောင်သည် အချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်တော့ပေ။
“သုံးလောကအခေါင်းက လွတ်မြောက်သွားတယ် .. အဲဒါကို ငါနားလည်နိုင်သေးတယ်”
အချိန်အတော်ကြာမှသာ ရှီဟောင် စကားပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီအိုးက ဘယ်ကအိုးလဲ .. သူကဒီနေရာကိုလာချင်နေတယ် ဒါပေမဲ့ ငါအရင်က ဒီအိုးကို တစ်ခါမှမတွေ့ဖူးဘူး .. မီးစီရင်စုက မြက်ခင်းပြင်ထဲမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းမှာလည်း ဒီလိုမျိုးအိုးကို မတွေ့ဖူးဘူး”
ရှီဟောင်သည် မျက်မှောင်ကြုတ်နေပြီး တည်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။
“ဒီအိုးက ဘယ်ကရောက်လာတာလဲ .. အရင်တုန်းက ဘာလို့မမြင်ဖူးတာလဲ .. လက်ရှိလောကမှာ ဒီအိုးအကြောင်းကို ဘာကောလဟာလမှမကြားဖူးဘူး … သူကဘာလို့ငါ့ကို ခေါ်နေတာလဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သို့သော်လည်း လက်ရှိတွင် သူသည် ထိုယဇ်ပုလ္လင်ထက်သို့ မတက်နိုင်သေးပေ။ တက်လိုက်သည်နှင့် သူချက်ချင်းသေသွားမည်သာ။
ရှီဟောင်အချိန်အတော်ကြာသည်အထိ မလှုပ်မယှက်စဉ်းစားနေလေ၏။ သူသည် ယဇ်ပုလ္လင်ကြီးကို စိုက်ကြည့်ပြီး ကျောက်ရုပ်ဖြစ်သွားသကဲ့သို့ပင်။
ဤနေရာတွင် ထူးဆန်းမှုများ များစွာဖြစ်ပေါ်နေပြီး အရာအားလုံးမှာ မြူများအောက်တွင် ပုန်းကွယ်နေသည်။ သူ၏လက်ရှိအင်အားဖြင့် ထိုအရာအားလုံးကို မဖြေရှင်းနိုင်သေးပေ။
“တစ်နေ့ကျရင်တော့ ငါသေချာပေါက် ပြန်လာပြီးတော့ ယဇ်ပုလ္လင်ပေါ်ကို တက်မယ် .. အဲဒီမသိနိုင်တဲ့နေရာကို သွားပြီးတော့ လမ်းဆုံးထိရောက်အောင် လေ့လာမယ်” ရှီဟောင် ကျိန်ဆိုလိုက်သည်။
ဤထူးဆန်းမှုများကို မဖြေရှင်းရမချင်း သူအေးအေးချမ်းချမ်းနေနိုင်မည်မဟုတ်ပေ။ နောင်ကျလျှင် သူသေချာပေါက် ပြန်လာမည်။
“ငါ ပိုပြီးသန်မာလာအောင် လုပ်ရမယ်”
ယခုအချိန်တွင် သူယဇ်ပုလ္လင်ထက်သို့တက်နိုင်ပြီး ထိုအိုးနှင့်အတူ ထွက်ခွာသွားနိုင်လျှင်ပင် သူဘာလုပ်နိုင်မည်နည်း..
သူ၏လက်ရှိအင်အားနှင့်ဆိုလျှင် ထိုစစ်ပွဲကြီးတွင် ပါဝင်နိုင်မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် အခြားအရာများကိုလည်း သူစဉ်းစားမိသွားသည်။ ဤလောကကြီးမှာ ပြောင်းလဲလာတော့မည်။ နယ်ခြားစပ်သည် မငြိမ်မသက်ဖြစ်နေပြီး မကြာမီတွင် ကောင်းကင်ကိုးခုလုံးနှင့် ၁၀ခုမြောက်ကမ္ဘာမြေကြီးတွင် ဖရိုဖရဲဖြစ်လာတော့မည်။
မိုးမခနတ်ဘုရားပင်လျှင် ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။
“ငါပိုပြီး သန်မာလာအောင်လုပ်ပြီးတော့ နတ်တာအိုမှာ ထိပ်ဆုံးရောက်အောင် လုပ်ရမယ် .. ငါ့လမ်းမှာရှိတဲ့ရန်သူတွေအားလုံးကို ရှင်းထုတ်ပစ်ရမယ်” ရှီဟောင် ပြောလိုက်သည်။
ထို့နောက်တွင် သူသည် ချက်ချင်းပင် ဤနေရာမှ လှည့်ထွက်သွားလိုက်သည်။
ရှီဟောင်သည် လမ်းလျှောက်ရင်းဖြင့်ပင် အနောက်ဘက်သို့ နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူနောက်တစ်ကြိမ် အံ့အားသင့်သွားရသည်။
ထိုအိုးသည် တစ်ဖြည်းဖြည်းချင်း ပုံပေါ်လာကာ ထိုအိုးထဲမှ တစ်စုံတစ်ယောက် လမ်းလျှောက်ထွက်လာလေသည်။
ထိုလူကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
“ဒါက..” ရှီဟောင်သည် သူမြင်လိုက်ရသည့်မြင်ကွင်းကို ယုံကြည်နိုင်ရန် ခက်ခဲနေလေသည်။ သူသည် မလှုပ်ရှားတော့ပဲ ထိုနေရာကိုသာ စိုက်ကြည့်နေလိုက်သည်။
ရွှီး..
ယဇ်ပုလ္လင်ကြီး တုန်ခါလာကာ ထိုပုံရိပ်လည်း မငြိမ်မသက်ဖြစ်လာသည်။ ထို့နောက်တွင် မတည်ငြိမ်သည့်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး ထိုလူသည် ထိုလမ်းကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
“တစ်ယောက်ယောက်ထွက်လာပြီးတော့ လေဟာနယ်လမ်းကြောင်းကနေတစ်ဆင့် ဒီနေရာကနေ ထွက်သွားတယ် .. အဲဒီလမ်းက ဘယ်ကိုဦးတည်သွားတာလဲ” ရှီဟောင်၏အသံမှာ တုန်ယင်နေသည်။
အချိန်အတော်ကြာပြီးသည့်နောက်မှသာ သူပြန်လည်တည်ငြိမ်သွားသည်။ “ဒါက အရင်တုန်းက ကျန်ခဲ့တဲ့ပုံရိပ်တွေ ပြန်ပေါ်လာတာ .. အခုဖြစ်နေတာမဟုတ်ဘူး”
အဲဒီလူက ဘယ်သူလဲ .. တစ်နေ့ကျရင် သူအဲဒီလူနဲ့ တွေ့နိုင်မှာလား..
သူတို့တွေ့သည့်တစ်နေ့တွင်တော့ သူ့ကိုခေါ်နေသည့်သူမှာ မည်သူဖြစ်သည်ကို သူသိနိုင်လိမ့်မည်။
ရှီဟောင်သည် တွေဝေမနေတော့ပဲ ချောက်ကမ်းပါးနံရံကို လျင်မြန်စွာပင် တွယ်တက်သွားလိုက်သည်။
ချောက်ကမ်းပါးထက်တွင် လူများစွာ ရှိနေသည်။
“ဟွမ် ဘယ်မှာလဲ .. ငါ့ကလန်က သခင်လေးက သူနဲ့စကားပြောချင်နေတယ်” တစ်စုံတစ်ယောက်သည်စကားပြောရင်းဖြင့်ပင် ချင်းရိတို့ထံသို့ ဦးတည်လာနေလေ၏။
“ပျက်စီးနေတဲ့နတ်တောင်ကြောက ကျင့်ကြံသူတွေ..” ချောင်ယုရှန်း၏ အမူအရာ ပြောင်းလဲသွားသည်။
အပိုင်း ၁၀၈၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၉၀ – ဂါးဒီးယန်းဝိဉာဉ်ဘိုးဘေး
ပျက်စီးနေသည့်တောင်ကြောသည် အလွန်ပင်ရှေးကျပြီး အလွန်ကြီးမားသည့်ဂိုဏ်းကြီးပင်။ ထိုဂိုဏ်းတွင် နတ်ဆိုးများရှိနေပြီး နတ်ဆိုးများမှာလည်း ကြီးမြတ်သည့်ဘိုးဘေးလေးမျိုးထဲမှ တစ်မျိုးပင်။
စကားပြောလိုက်သည့်လူငယ်လေးမှာ ဆံပင်အနီရောင်ရှိပြီး ဦးခေါင်းထက်တွင် ဦးချိုတစ်စုံရှိနေသည့် လူငယ်လေးပင်။
“ဒီနွားက ဘယ်ကရောက်လာတာလဲ .. အဆင့်တောင်မှ မတက်သေးတာကို သူများကို လာခြောက်နေတယ် .. ပြန်ပြီးတော့ မင်းရဲ့နွားချိုကိုသာ ပြန်ပြင်လိုက်ဦး” ယုန်ဖြူလေးသည် သူမ၏မျက်လုံးနီများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော်က သတင်းလာပို့ရုံပါပဲ .. သွားမသွားကတော့ အစ်ကိုတို့သဘောပါ..” ထိုလူငယ်လေးသည် သတ်ဖြတ်လိုသည့်အငွေ့အသက်ကို အာရုံခံမိလိုက်သောကြောင့် ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။ သူသည် စိတ်လိုက်မာန်ပါလုပ်တတ်သည့်သူမျိုးမဟုတ်ပေ။ အလကားနေရင်း အသားအနာခံမည့်သူမဟုတ်။
ထို့နောက်တွင် သူသည်လက်နှစ်ဘက်ကိုဆုတ်ကိုင်ကာ အရိုအသေပေးပြီးနောက် လှည့်ထွက်သွားလေသည်။ သူခပ်ဝေးဝေးသို့ ရောက်ပြီး ပျောက်ကွယ်သွားခါနီးမှသာ ထပ်ပြောလာလေသည်။ “နတ်သားတော်က သီးသန့်ကျင့်ကြံတာကနေ ထွက်လာတော့မှာ .. အဲဒီတော့ နတ်သားတော်ကို နှုတ်ဆက်ဖို့ ဟွမ့်ကို ပြင်ဆင်ထားပေးဖို့ ပြောပေးပါဦး”
“ဒီနွားက ပြေးတာ တော်တော်မြန်တာပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။ သူထိုနွားကို တိုက်ခိုက်တာ သူ၏ ဦးချိုကို ချိုးပစ်ရန် ကြံစည်လိုက်သော်လည်း ချင်းရိမှ သူ့အားတားမြစ်လိုက်သည်။
“ဒီချောက်ကမ်းပါးနားမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ် .. ဒီနေရာကို စောင့်ကြည့်နေတဲ့ မြို့ခံတွေ အများကြီးပဲ”
ဤနေရာသည် ကန့်သတ်ထားသည့်နေရာဖြစ်ပြီး ပစ္စည်းလဲလှယ်ရန်အတွက် စောင့်နေကြသည့် မြို့ခံလူမျိုးစုများစွာရှိသည်။ ဤနေရာတွင် တိုက်ပွဲများကို ခွင့်မပြုထားပေ။
“ရှီဟောင်ကဘာလို့ ပြန်မလာသေးတာလဲ .. သူအန္တရာယ်ကြုံတွေ့နေရတာလို့တော့ မပြောနဲ့နော် .. ဒီနေရာက ကောင်းတဲ့နေရာမဟုတ်ဘူး” ချောင်ယုရှန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အဆင်ပြေမှာပါ” ယုန်ဖြူလေး ပြောလိုက်၏။ အနက်ရောင်ရှေးသင်္ဘောမှပင် ပြန်လာနိုင်သောကြောင့် ဤချောက်နက်ကြီးမှာ သူ့အတွက် ပြဿနာရှိမည်မဟုတ်ပေ။
အချိန်များကုန်ဆုံးနေပြီး သူတို့သည် ရှီဟောင်ပြန်လာမည်ကို စောင့်ဆိုင်းနေကြသည်။ နောက်ဆုံးတွင်တော့ တစ်ခုခုမှားနေပြီဟု သူတို့ခံစားလိုက်ရသည်။
ရှီဟောင်နောက်မှ ဆင်းသွားသည့်သူများပင်လျှင် ပြန်တက်လာနေလေပြီ။ သူကျန်းနှစ်ထောင်ခန့်သွားသည်ဆိုလျှင်ပင် ပြန်တက်လာသင့်နေလေပြီ။
ပထမကျန်းတစ်ရာမှာ လုံခြုံသည့်နယ်မြေတစ်ခုပင်။ ထိုထက်ကျော်သွားလျှင်တော့ မပြောနိုင်တော့ပေ။ ပြောရမည်ဆိုလျှင် ကျန်းတစ်ထောင် နှစ်ထောင်ခန့်သွားနိုင်သည့်သူမှာ ခပ်ရှားရှားပင်။
သူတို့စောင့်လာသည်မှာ နေ့တစ်ဝက်ပင် ရှိနေလေပြီ။ လူတစ်အုပ်ပြီးတစ်အုပ် တက်လိုက်ဆင်းလိုက် လုပ်နေကြလေသည်။ ပြောရမည်ဆိုလျှင် သူပြန်လာသင့်လေပြီ။
“ဟက် .. ဟွမ်က အောက်မှာ သေသွားတာများလား .. အဲဒီလိုသာဆိုရင်တော့ ဟာသကြီးဖြစ်နေတော့မှာ .. စွမ်းအားကြီးတဲ့လူတစ်ယောက်က ချောက်နက်ကြီးထဲ ပြုတ်ကျပြီးသေသွားတယ်”
အချိန်ကြာလာသည်နှင့်အမျှ လူအနည်းငယ်သည် ရှီဟောင်တို့အုပ်စုကို အာရုံစိုက်လာကြကာ အချင်းချင်း တီးတိုးပြောလာကြသည်။
“ဘာများထူးဆန်းနေလို့လဲ .. အရင်တုန်းကလည်း မိစ္ဆာတွေကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းလူထူးဆန်းတွေလည်း ချောက်ကမ်းပါးအဆုံးထိရောက်အောင်ကို စူးစမ်းချင်ခဲ့ကြတာလေ .. ဒါပေမဲ့ ချောက်နက်ကြီးထဲကို ကျသွားပြီး သူတို့ရဲ့ခန္ဓာကိုယ်နဲ့တာအိုနှစ်ခုလုံး ပျက်စီးသွားကြတာ”
ယခုအချိန်တွင် အားလုံးသည် ရှီဟောင်တစ်ခုခုဖြစ်သွားပြီဟု သံသယရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းတစ်သောင်းထိရောက်အောင် သွားခဲ့လျှင်ပင် သူပြန်လာသင့်လေပြီ။
သို့သော် မည်သူက ဤမျှထိသွားနိုင်မည်နည်း .. ကောင်းကင်နတ်ဘုရားများပင် မလုပ်နိုင်ကြပေ။
ကျောက်နံရံများမှာ အလွန်မာကျောလှပြီး အောက်ရောက်လေလေ ကြောက်ဖို့ကောင်းလေလေပင်။ ထိုနံရံများမှ ထုတ်လွှတ်သည့်သင်္ကေတများကို ခုခံနိုင်ရန် ခက်ခဲလှပြီး ပြုတ်ပင်ပြုတ်ကျနိုင်သည်။
“ဟွမ်က အဲဒီချောက်နက်ထဲကို ပြုတ်ကျသွားတာများလား .. ဟား ဟား .. ငါဘာလို့ အရမ်းပျော်နေရတာလဲ” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာပင် အော်ရယ်လိုက်သည်။ အသံသည် ဘယ်မှညာဘက်သို့ ပျံ့လွင့်နေပြီး အသံအရင်းအမြစ်ကို မသိရပေ။
ချောင်ယုရှန်းတို့ ဖမ်းမိသွားမည်စိုးသောကြောင့် သူ၏ခန္ဓာကိုယ်အစစ်ကိုပင် သူထုတ်ဖော်မပြရဲပေ။ သို့သော်လည်း သူသည် ပုန်းလျှိုးကွယ်လျှိုးဖြင့်ပင် အခြားသူအား လှောင်ရီနေသေးသည်။
လူများစွာမှာ တိတ်ဆိတ်သွားလေ၏။
လူအုပ်စုတစ်ခုမှာ ပျော်ရွှင်သွားရပြီး သူတို့မျက်နှာထက်ရှိ ပျော်ရွှင်မှုများကို မဖုံးဖိနိုင်တော့ပေ။ ဥပမာအားဖြင့် နတ်ဆိုးနေကြာဥယျာဉ်၊ သားရဲပင်လယ်နှင့် ကောင်းကင်နိုင်ငံမှ လူများပင်။ သူတို့အားလုံးသည် အစကတည်းက ရှီဟောင်ကို မုန်းတီးနေကြသည့်သူများပင်။
“သူတကယ်သေသွားရင် ကောင်းတာပဲ” တိတ်တဆိတ်ရယ်မောနေကြသည့်သူများမှာ ပို၍ပင် ပျော်ရွှင်လာကြလေသည်။
“ဟား ဟား.. သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် သေသွားရင်တော့ အဲဒါက ကိုယ့်ကိုကိုယ်သတ်သေလိုက်တာနဲ့ အတူတူပဲဖြစ်မှာ .. ဘယ်သူက သူ့ကို အသူရာချောက်နက်ကြီးထဲ သွားခိုင်းလို့လဲ”
“ပျက်စီးနေတဲ့ နတ်သားတော် သူ့ကိုသတ်တာကို ငါမြင်ချင်နေတာ .. နတ်သားတော်က အဲဒီအဆင့်ကို တက်ပြီးသွားပြီတဲ့ .. အဲဒီတော့ သူ့ကိုသတ်တာက ဟင်းရွက်ကန်စွန်းကို လှီးသလိုမျိုးလွယ်ကူနေမှာပဲ … သူက သူ့အသက်ကို အရင်ဆုံးရှုံးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဝုန်း..
ရုတ်တရက်ပင် ပုံရိပ်တစ်ခုသည် ချောက်ကမ်းပါးနံရံမှ ထွက်ပေါ်လာပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ ရောက်ရှိလာလေသည်။ သူသည် စုတ်ပြတ်နေသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ပြင်းထန်သည့်လှုပ်ရှားမှုကြောင့် သံကြေးများပင် ပြုတ်ကျလာလေ၏။
ချွမ်း..
ရှီဟောင်သည် ချပ်ဝတ်တန်ဆာကို ပြန်ချွတ်လိုက်ပြီး လူအုပ်ကြီးကို အေးစက်စွာ ဝေ့ကြည့်လိုက်ရာ ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ ပုန်းကွယ်ကာ ပြောနေကြသည့်သူများပင် စကားမပြောရဲကြတော့ပေ။
“ကောင်းလိုက်တာ .. နောက်ဆုံးတော့ သူပြန်ရောက်လာပြီ..” ယုန်ဖြူလေးသည် ပျော်ရွှင်စွာပင် ခုန်ပေါက်အော်ဟစ်နေပြီးနောက် ရှီဟောင်ထံသို့ လက်ဆန့်တန်းကာ ပစ္စည်းကောင်းကို တောင်းနေလေသည်။
ရွှီး..
သူ၏မူလနေရာတွင် ပုံရိပ်ယောင်တစ်ခု ကျန်ရစ်ခဲ့ကာ သူ၏ခန္ဓာကိုယ်မှာမူ မူလနေရာမှ ပျောက်ကွယ်သွားလေသည်။ ထို့နောက်တွင် သူသည် လူအုပ်ကြီးကို ဖြတ်သန်းပြီးနောက် လူသုံးယောက်ကို သယ်လာကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေသည်။
“သူတို့တွေက ကောင်းကင်နိုင်ငံက လူတွေနဲ့ မြေအောက်ကလန်က အလောင်းတွေဆိုတာ သေချာတယ်” ချောင်ယုရှန်း ပြောလိုက်သည်။
ရှီဟောင်သည် ခြေထောက်မြှောက်လိုက်ကာ သူတို့ကို ချောက်နက်ကြီးထဲသို့ ကန်ချရန် ပြင်လိုက်သည်။
“ရပ်လိုက် .. မင်းဒီနေရာမှာ အင်အားသုံးခွင့်မရှိဘူး” မြို့ခံထဲမှ တစ်စုံတစ်ယောက်လျှောက်လာပြီး သူ၏မျက်လုံးများမှာ အေးစက်နေလေသည်။
“ဟုတ်တယ် .. မင်းငါတို့ကို သတ်လို့မရဘူး” ထိုလူသုံးယောက်သည် အသက်ကယ်နိုင်သည့် ကောက်ရိုးမျှင်ကို ဖမ်းဆွဲထားသကဲ့သို့ပင် အလောတကြီး ပြောလိုက်သည်။
ဖုန်း..
ရှီဟောင်သည် သူတို့ကိုမကန်ချတော့ပဲ သူတို့၏ခန္ဓာကိုယ်ပေါ်သို့ နင်းချလိုက်လေ၏။ သူတို့သုံးယောက်လုံးသည် ချက်ချင်းပင် သနားစဖွယ် အော်ဟစ်နေလေတော့သည်။
“လူသတ်သမား.. အားလုံးပဲ တရားမျှတမှုကို ရှာပေးပါ” သူတို့သည် ဒဏ်ရာမရကြသော်လည်း ကြောက်လန့်တကြားပင် အော်ဟစ်နေကြလေသည်။ မြို့ခံများမှာ ရှီဟောင်ကို သတ်ပစ်မည်ကို စောင့်နေကြလေ၏။
“မင်းဒီမှာ ရိုင်းရိုင်းစိုင်းစိုင်းလုပ်လို့မရဘူး” မနုဿလူမျိုး၊ လက်ရှစ်ဖက်နှင့်ဝိဉာဉ်လူမျိုးစုမှ ပြောလိုက်သည်။ ရှေးဟောင်းဖိန်းလူမျိုးစုနှင့် အခြားမြို့ခံများလည်း လျှောက်လာကြပြီး သူတို့အမူအရာမှာ လေးနက်နေလေသည်။
သို့သော်လည်း သူတို့နီးကပ်လာသည်နှင့်အမျှ သူတို့ထဲမှ အကြီးအကဲများ၏ အမူအရာများ ပြောင်းလဲလာကြကာ မယုံကြည်နိုင်သည့်အမူအရာများ ဖြစ်လာလေသည်။ သူတို့သည် ရှီဟောင်ကိုကြည့်ကာ မျက်လုံးများ တောက်ပလာလေ၏။
“လူငယ်လေး .. ငါတို့မင်းရဲ့လက်ထဲက ပစ္စည်းနဲ့ လဲချင်တယ်” အကြီးအကဲတစ်ယောက်မှ တုန်ယင်သည့်အသံဖြင့် ပြောလာလေသည်။
ထို့အပြင် သူတို့သည် ထိုလူသုံးယောက်ကို ဖြတ်လာသည့်အချိန်တွင်လည်း သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ချောက်ထဲသို့ ကန်ချလိုက်လေ၏။
“မလုပ်ပါနဲ့ … ကျွန်တော်တို့ကို ကယ်ပါဦး” ချောက်နက်ထဲမှ သနားစဖွယ်အော်သံများ ထွက်ပေါ်လာလေသည်။
“မင်းတို့အားလုံး .. ငါတို့ရဲ့ ဂုဏ်သရေရှိဧည့်သည်ကို မလေးမစားလုပ်ရဲတဲ့သူရှိသေးတာလား” အခြားအကြီးအကဲများလည်း လျှောက်လာကြကာ ဘေးပတ်လည်တွင်ရှိနေသည့် သက်ရှိများကို အော်ဟစ်ကာ ပြောလိုက်ကြသည်။
အားလုံး ဆွံ့အသွားကြရသည်။ သူတို့ပြဇာတ်ကြည့်နေရတာလား..
“ငါနားလည်ပြီ .. သူသေချာပေါက် အောက်ဘက်ကနေ ပစ္စည်းတစ်ခုခုရလာလို့ပဲ .. ထာဝရရှေးဟောင်းမြို့ခံတွေက အဲဒါတွေကို အာရုံခံမိသွားတာနေမှာ” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် အားလုံးသည် ရှီဟောင်ကို တောက်ပနေသည့်မျက်လုံးများဖြင့် ကြည့်လိုက်ကြလေ၏။ ကံမကောင်းစွာဖြင့်ပင် ဤနတ်ဆိုးဘုရင်ထံမှ သူတို့ပြန်မလုရဲပေ။
ထို့နောက်တွင်ရှီဟောင်သည် မြေပြင်ပေါ်သို့ ပစ္စည်းအပုံလိုက်ကို ပစ်ချပေးလိုက်လေသည်။ ဥပမာအားဖြင့် ကြယ်စွမ်းအင်၊ နေကျောက်တုံး၊ ပျက်စီးနေသည့်လက်နက်များ၊ ခရမ်းရောင်သလင်းကျောက်နှင့် အခြားအရာများပင်။ ဤအရာအားလုံးမှ ရှားပါးသည့် နတ်ပစ္စည်းများပင်ဖြစ်သည်။
ဤသည်မှာ သူတက်လာသည့်အချိန်တွင် နံရံပေါ်မှ ရခဲ့သည့်ပစ္စည်းများပင်။
မည်သို့ပင်ဖြစ်စေ သူသည် ကျန်းပေါင်း တစ်သိန်းပင်သွားခဲ့သောကြောင့် သူလိုက်မရှာလျှင်ပင် လမ်းတစ်လျှောက်တွင် နတ်ပစ္စည်းအချို့ကို တွေ့နေရဆဲပင်။
သူ၏ဘေးနားတွင်ရှိနေသည့် သူအားလုံး၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤပစ္စည်းထဲမှ အချို့ပစ္စည်းများမှာ ဂိုဏ်းခေါင်းဆောင်များကိုပင် စိတ်လှုပ်ရှားသွားစေနိုင်သည့် ပစ္စည်းများပင်။ ထိုပစ္စည်းများဖြင့် အဖိုးတန်ပစ္စည်းများကို ပြုလုပ်၍ရသည်။
“ကျုပ် မြင့်မြတ်ဆေးပင်နဲ့ နတ်ဆေးပင်တွေပဲလိုတာ” ရှီဟောင်ပြောလိုက်၏။ သူထိုပစ္စည်းများကို မြို့ခံများနှင့် လဲလှယ်လိုသည်။
“ကိစ္စမရှိဘူး” အကြီးအကဲတစ်ယောက်မှ ပျော်ရွှင်စွာပင် ပြောလိုက်သည်။ ထို့နောက်တွင် သူသည် အသံနှိမ့်လိုက်ကာ “ဧည့်သည်တော်လေး .. မင်းမှာ တစ်ခြားနတ်ပစ္စည်းတွေ ရှိသေးလား .. ကျွန်တော်တို့ အဲဒီပစ္စည်းတွေနဲ့လည်း လဲချင်ပါတယ်”
“မရှိတော့ဘူး” ရှီဟောင်ခေါင်းခါလိုက်သော်လည်း သူစိတ်လှုပ်ရှားနေမိသည်။ သူ့ထံတွင် မိုးမခသစ်ကိုင်းရှိနေသေးသည်။ သို့သော်လည်း သူဘယ်လိုလုပ် ထိုသစ်ကိုင်းကို ပေးလိုက်နိုင်မည်နည်း..
“တစ်ခုခုတော့ မှားနေတယ် .. မင်းမှာသေချာပေါက် နတ်ပစ္စည်းရှိနေပါတယ် .. မင်းရဲ့ခန္ဓာကိုယ်မှာ ထာဝရစွမ်းအင်တွေ ရှိနေတယ်”
“ဂါးဒီးယန်းဝိဉာဉ်ဘိုးဘေးရဲ့ အော်ရာရှိနေတယ်”
အခြားကလန်မှ ရောက်လာသည့် အကြီးအကဲမှ ပြောလိုက်သည်။
ရှီဟောင် ထိတ်ခနဲဖြစ်သွားသော်လည်း ဘာမှသိပ်မပြောပေ။ မိုးမခသစ်ကိုင်းကို အခြားသူများအား သူမပေးချင်။
“ဒီဟာတွေကိုပဲ မြန်မြန်လဲပေးပါ .. ကျွန်တော် လုပ်စရာတွေရှိသေးတယ်” သူလောဆော်လိုက်သည်။
နောက်ဆုံးတွင် သူအတော်လေး ကျေနပ်သွားရသည်။ ဘေးပတ်လည်တွင်ရှိနေသည့်သူများမှာမူ အေးခဲသွားရလေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မြင့်မြတ်ဆေးပင်များစွာကို ရလိုက်ပြီး ထိုဆေးပင်၏မွှေးရနံ့များမှာ သင်းပျံ့လှသည်။
“ဝါး .. ငါတို့ချမ်းသာပြီ .. မုန်လာဥနဲ့ ဂေါ်ဖီထုပ်တွေ အများကြီးပဲ .. ငါအဲဒါတွေ အားလုံးကို စားချင်တယ်” ယုန်ဖြူလေး အော်ဟစ်နေလေ၏။ သူမ အပျော်ဆုံးပင်။
ရှီဟောင်သည် အဖိုးတန်ဆေးပင်များအားလုံးကို သိမ်းလိုက်ပြီး သူ့လူများကိုခေါ်ကာ ချောက်နက်ကြီးမှ ထွက်လာခဲ့လိုက်သည်။
ထိုအချိန်မှစကာ မြို့ခံများမှ အကြီးအကဲများသည် ကော်ကဲ့သို့ပင် သူ့အား လိုက်ကပ်နေလေသည်။ သူတို့သည် ရှီဟောင်အား မတိုက်ခိုက်သော်လည်း နောက်မှ တစ်လျှောက်လုံး လိုက်နေလေသည်။
“လူငယ်လေး .. မင်းငါတို့ကို အဲဒီပစ္စည်းပေးလိုက်သင့်တယ်”
“ဒီလူအိုကြီးတွေက ရူးသွားတာလား” ယုန်ဖြူလေးမှ ရေရွတ်လိုက်သည်။
ချောင်ယုရှန်း – “မင်းအသံလျှော့ဦး သူတို့ကြားသွားဦးမယ် .. ရှီဟောင် မင်းတကယ်ပဲ ဘယ်လိုပစ္စည်းမျိုးရခဲ့လို့ ဒီလူအိုကြီးတွေက မင်းနောက်ကို လိုက်နေတာလဲ .. မင်းသူတို့နဲ့ လဲလိုက်ပါလား..”
“ငါက အသက်ကယ်ပစ္စည်းတွေ စုဆောင်းပြီးရင် ငါသင်္ချိုင်းနယ်မြေက ထွက်ပြီးတော့ သီးသန့်ကျင့်ကြံတော့မယ် .. ဒုတိယမြောက် ထာဝရစွမ်းအင်ကို ကျင့်ကြံတော့မယ်” အနောက်မှလိုက်ခံနေရသောကြောင့် ရှီဟောင်လည်း ကြံရာမရဖြစ်နေသည်သာ။
ဤမြို့ခံများနှင့် တိုက်ခိုက်၍လည်းမရပေ။ မဟုတ်ပါက သူပြဿနာတက်သွားလိမ့်မည်။ ထာဝရရှေးဟောင်းမြေတွင် သူနေစရာရှိတော့မည်မဟုတ်ပေ။
သင်္ချိုင်းမြို့တွင် ထူးဆန်းသည့်နေရာတစ်ခုရှိသည်။ ထိုနေရာတွင် အရာအားလုံးကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ရတနာနန်းတော်ကဲ့သို့ဖြစ်နေသည်။ သက်ရှိများစွာလည်း ထိုနေရာတွင် ဝင်ထွက်သွားလာနေလေ၏။
“အရမ်းကို အဖိုးတန်တဲ့ဆေးတွေ ရောင်းနေတယ်နော် .. လာမကြည့်ရင် နောင်တရသွားလိမ့်မယ်”
“ဘုရားရေ .. ကောင်းကင်နတ်ဘုရားအသီးအကြောင်း ကောလဟာလသတင်းတွေ ရှိတယ်နော် .. ကောင်းကင်နတ်ဘုရားအသီးတစ်လုံးကို စားလိုက်တာနဲ့ ချက်ချင်း ကောင်းကင်နတ်ဘုရားဖြစ်သွားမှာ”
သင်္ချိုင်းမြို့၏ အကြီးကျယ်အခမ်းနားဆုံး လေလံဆွဲသည့်အိမ်သည် ဤနေရာတွင်ရှိနေခြင်းပင်။ လှေကားများကိုလည်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းပင်။ ကြီးမားလှသည့် နန်းတော်ကြီးသည် ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေပြီး ဝိဉာဉ်စွမ်းအင်များလည်း များပြားလှလေသည်။
“ဟွမ် .. နောက်ဆုံးတော့ ငါတို့ထပ်တွေ့ပြန်ပြီ” အသံတစ်သံ ထွက်ပေါ်လာသည်။
ရှီဟောင်တို့အုပ်စု လေလံဆွဲသည့်အိမ်သို့ရောက်လာပြီး ဝင်တော့မည့်အချိန်တွင် မီးခိုးရောင်ဆံပင်နှင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ကျောဘက်တွင် အဖြူတစ်ဖက်နှင့် အမဲတစ်ဖက်ပါသည့် ထူးဆန်းသည့်အတောင်ပံများရှိနေသည်။
“ပျက်စီးနေတဲ့ နတ်သားတော်” ရှီဟောင်၏မျက်လုံးများ မှေးကျဉ်းသွားသည်။ တစ်ဖက်လူကို မြင်လိုက်ရသည်နှင့် ဤလူမှာ ပျက်စီးနေသည့်နတ်သားတော်မှန်း သူသိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အော်ရာမှာ စွမ်းအားကြီးလွန်းလှသောကြောင့်ပင်။
“ကြောက်စရာကောင်းလိုက်တာ” ဘေးနားတွင်ရှိနေသည့်လူများမှာ ချက်ချင်းပင် နောက်ဆုတ်သွားကြလေ၏။
ပျက်စီးနေသည့်နတ်သားတော်၏မျက်လုံးများမှာ လေးနက်နေပြီး ထိုမျက်လုံးထဲတွင် နတ်ဘုရားနှင့် နတ်ဆိုးများ ပျက်စီးသွားသည့်မြင်ကွင်းများ ရှိနေလေ၏။
သူ၏ဘေးနားတွင်ရှိနေသည့် သက်ရှိများသည် ချက်ချင်းပင်ဖြူဖျော့သွားကာ အားနည်းစွာဖြင့်ပင် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
အခြားသူများသည်လည်း အလောတကြီးဖြင့်ပင် နောက်ဆုတ်သွားလိုက်ကြသည်။
“မင်းက တကယ်ကိုစိတ်ကြီးဝင်နေတာပဲ ဟမ် .. မင်းကို ရှာဖို့တစ်ခြားလူကို လွှတ်လိုက်တာ .. ဒါပေမဲ့ သူက လျစ်လျူရှုခံလိုက်ရတယ်” ပျက်စီးနေသည့်နတ်သားတော်မှ ပြောလိုက်သည်။ ထို့နောက်တွင် သူ၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပြီး သူ၏မျက်လုံးထဲမှ ကြောက်စရာကောင်းသည့်မြင်ကွင်းများ ပျောက်ကွယ်သွားသည်။
သူ၏မျက်နှာမှာ ချောမောခန့်ညားလှကာ သူ၏အပြုံးများမှာ တစ်ဖြည်းဖြည်းနှင့် ပို၍ပင် တောက်ပလာလေသည်။ ဤသည်မှာ နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ပင်။
သူ၏အမူအရာများလည်း အလွန်ပင်နွေးထွေးလာလေသည်။
ရှီဟောင်မျက်မှောင်ကြုတ်လိုက်၏။ ဤလူ ထိုအဆင့်သို့ ရောက်ပြီးသွားသည်မှာ သေချာသည်။ သာမန်လူများမှ အာရုံခံနိုင်ရန် ခက်ခဲနေခြင်းသာ။
သို့သော် သူသည် အကြောက်အလန့်ကင်းမဲ့နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူလည်းထိုအဆင့်သို့ ရောက်သွားသည်မှာ ကြာလှပြီဖြစ်ပြီး သူ၏ရန်သူဟောင်းဖြစ်သည့် ပျက်စီးနေသည့်နတ်သားတော်ကို သတ်ရန်အတွက် ထိုပညာကို လျှိုထားခြင်းသာ။
“မင်းမလာဘူးဆိုမှတော့ ငါကိုယ်တိုင်လာခဲ့ရတာပေါ” ပျက်စီးနေသည့်နတ်သားတော်၏ မီးခိုးရောင်ဆံပင်များ လူးလွန့်နေလေသည်။
သက်ရှိများအားလုံး၏ နှလုံးခုန်နှုန်းများ လျင်မြန်လာပြီး သူတို့သည် ဤနေရာကိုသာ ကြည့်နေကြလေသည်။
“ငါက မင်းနဲ့စကားပြောရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ” ရှီဟောင် တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“မင်းက မင်းရဲ့စီနီယာအစ်ကိုနှစ်ယောက်ထက် ပိုပြီးတော့ စွမ်းအားကြီးမယ့်ပုံပဲ .. ဒါပေမဲ့ အဆုံးသတ်ရလဒ်ကတော့ အတူတူပဲဖြစ်မှာပဲ .. အဲဒီတုန်းက သူတို့နှစ်ယောက်လုံးက ငါ့ခြေထောက်အောက်ကနေ တွားသွားပြီးတော့ ထွက်သွားရတာ” ပျက်စီးနေသည့်နတ်သားတော် ပြောလိုက်သည်။
“လူငယ်လေး .. မင်းစကားပြောရင် သတိထားပြီးပြောသင့်တယ် .. နှုတ်ကြောင့်သေ လက်ကြောင့်ကြေတဲ့” ထိုအချိန်တွင် ရှီဟောင်နောက်မှ အကြီးအကဲများ ထွက်လာကြလေ၏။
အပိုင်း ၁၀၉၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၉၁ – လေလံအိမ်
ပျက်စီးနေသည့်နတ်သားတော်၏ ခြေလှမ်းများရပ်တန့်သွားကာ ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ထာဝရရှေးဟောင်းမြေ၏ မြို့ခံများဖြစ်ပြီး သူ ရန်စ၍ရသည့်သူများ မဟုတ်ပေ။ မဟုတ်ပါက ထာဝရရှေးဟောင်းမြေတွင် သူနေစရာမရှိ ဖြစ်သွားလိမ့်မည်။
ရှီဟောင်သည် သူ့အား အေးစက်စွာပင် စိုက်ကြည့်နေလေ၏။ သူသည်အရှေ့ဘက်သို့ တစ်လှမ်းစီပင် လျှောက်သွားနေလေသည်။ ဤလူသည် ကိစ္စအဟောင်းကိုပင် ပြန်ပြောရဲသေးသည်။ သူ့ကို ရန်စရန်အတွက် သူ့စီနီယာအစ်ကိုနှစ်ယောက်ကို အနိုင်ကျင့်ခဲ့သည့်ကိစ္စကိုပင် ပြန်ပြောရဲသေးသည်။
“လူငယ်လေး မင်းငါတို့ကို အဲဒီပစ္စည်းလဲပေးလို့ရမလား .. ငါတို့ ဒီလူကိုရှင်းပေးမယ် .. သူ့ရဲ့ဂိုဏ်းကိုပါ ရှင်းပေးမယ်” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ဘေးပတ်လည်တွင်ရှိနေသည့်သူအားလုံးမှာ ဆွံ့အသွားရသည်။ မြို့ခံများမှာ ရှီဟောင်ဘက်တွင်ရှိနေခြင်းမှာ သူတို့မမျှော်လင့်ထားသည့် ကိစ္စတစ်ခုပင်။
“ကျုပ်ဘာသာကျုပ်ရှင်းလို့ရတယ် .. ခင်ဗျားတို့လုပ်စရာမလိုဘူး” ရှီဟောင်ပြောလိုက်သည်။ သူ၏စီနီယာအစ်ကိုများကို အနိုင်ကျင့်ခဲ့သည့် ရန်သူက သူ့ရှေ့တွင်ရောက်နေပြီဖြစ်သောကြောင့် သူကိုယ်တိုင် သူ့ကိုအနိုင်မယူလျှင် အဆင့်လွန်တာအိုကို မျက်နှာပျက်စေလိမ့်မည်။
“ဟား ဟား..” ပျက်စီးနေသည့်နတ်သားတော်သည် ချက်ချင်းပင် ရယ်မောလိုက်ပြီး သူ၏အမူအရာမှာ အနည်းငယ် အေးစက်နေလေသည်။
မြို့ခံများပြန်ဆုတ်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ၏နှုတ်ခမ်းများ ကွေးတက်သွားရသည်။ သူသည်ပြိုင်ဘက်ကင်းသည်ဟု သူ့ကိုယ်သူ ယုံကြည်သည်။
“အံ့ဩစရာတော့ မရှိပါဘူး .. မင်းကိုကာကွယ်ပေးဖို့အတွက် အဲဒီဂိုဏ်းကြီးတွေကို တောင်းဆိုထားတာလား” သူရှီဟောင်အား ကြည့်ကာ မေးလိုက်သည်။
“ငါတို့နှစ်ယောက်ကြားက ရန်ငြိုးတွေကို ငါတို့နှစ်ယောက်ပဲဖြေရှင်းမယ်လို့ ငါပြောထားပြီးသားပဲ .. အဲဒီတော့ မင်းဘာကိုမှ ကြောက်နေစရာမလိုဘူး” ရှီဟောင် လှောင်ပြောင်၍ပင် ပြောလိုက်သည်။
“ငါက ကြောက်တယ်လား.. ငါသာကြောက်တတ်ရင် ဒီနေ့လိုနေရာမျိုး ရောက်လာမှာမဟုတ်ဘူး … တကယ်တမ်းတော့ ငါကမင်းအတွက် အပြင်ထွက်လာရတယ်ဆိုရင်တောင်မှ မင်းကိုသတ်ဖို့အတွက် ထွက်လာတာပဲ” သူထူးမခြားသည့်ပုံစံဖြင့်ပင် ပြောလိုက်လေသည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဒေါသတကြီးဖြင့်ပင် အော်ဟစ်လိုက်လေသည်။ “မင်းသေချာပေါက်ကို သေတော့မှာ” ရှီဟောင်၏ ထာဝရစွမ်းအင်ကိုတွေ့သွားလျှင် သူမည်ကဲ့သို့သော အမူအရာမျိုးဖြစ်သွားမည်ကို သူသိချင်မိသည်။
ဤလမ်းမှာ ဆူညံပွက်လောရိုက်လာပြီး သတင်းရလိုက်သည့်သူများသည်လည်း ဤနေရာသို့ အပြေးအလွှားရောက်လာကြလေသည်။
ရှေးဟောင်းလူထူးဆန်းတစ်ယောက်ပေါ်လာပြီး လတ်တလောနာမည်ကြီးနေသည့် ဟွမ်နှင့် တိုက်ခိုက်တော့မည်။ ဤသတင်းမှာ ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။
ဤသည်မှာ ရှေးဟောင်းလူထူးဆန်း၏ ခန္ဓာကိုယ်အစစ်အမှန်ပေါ်လာသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး သတ်ဖြတ်မှုကြီးကို ပြုလုပ်တော့မည်။
“ရှားပါးတဲ့ အခွင့်အရေးပဲ .. ဟွမ်က ရှေးဟောင်းဘုရင်တစ်ယောက်ရဲ့အာရုံကို ဆွဲဆောင်လိုက်နိုင်တယ် … ငါဒီတိုက်ပွဲကို တကယ်မျှော်လင့်မိတယ် .. ကြည့်ရအောင် ဘယ်သူက အားကြီးပြီးတော့ ဘယ်သူက အားနည်းသလဲဆိုတာ”
“ခေတ်ပေါင်းများစွာမှာ တောက်ပနေခဲ့တဲ့ ရှေးဟောင်းဘုရင်တွေက ဘယ်လောက်တောင် စွမ်းအားကြီးမလဲဆိုတာ တကယ်သိချင်မိတယ်”
…
လမ်းမထက်တွင် ချက်ချင်းပင် လူထူထပ်လာပြီး ကောင်းကင်ထက်တွင်လည်း လူများရှိနေလေသည်။
ဒုန်း..
ရုတ်တရက်ပင် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာသည်။ ရတနာနန်းတော်တောက်ပလာကာ ကျောက်စိမ်းခေါင်းလောင်းတစ်ခုမှာ လွှဲရမ်းနေပြီး သင်္ချိုင်းမြို့တစ်ခုလုံး ကြားနိုင်သည့် အသံလှိုင်းကို ထုတ်လွှတ်နေလေသည်။
ဤသည်မှာ သင်္ချိုင်းမြို့တွင် အကြီးမားဆုံး လေလံအိမ်ဖြစ်ပြီး ထာဝရရှေးဟောင်းမြေရှိ ကမ္ဘာငယ်လေးများထဲတွင်ပင် ထိပ်တန်း ၁၀ ခုစာရင်းထဲဝင်သည့် လေလံအိမ်ဖြစ်သည်။
ယခုအချိန်တွင် လေလံဆွဲတော့မည်ဖြစ်ကြောင်း ကြေငြာခြင်းပင်။ လျှို့ဝှက်ရတနာမျိုးစုံကို လေလံဆွဲတော့မည်ဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင်။
အားလုံးရှုပ်ထွေးသွားရသည်။ သူတို့တိုက်ပွဲကိုကြည့်ရမလား .. လေလံပွဲထဲပဲ ဝင်ပါရမလား .. ဆုံးဖြတ်ရခက်ခဲနေလေသည်။
ဤတိုက်ပွဲမှာ ထာဝရရှေးဟောင်းမြေဖွင့်ကတည်းက အမြင့်ဆုံးအဆင့် တိုက်ပွဲတစ်ခုဖြစ်ပြီး မည်သူမျှ လက်မလွတ်ချင်ကြပေ။
သို့သော်လည်း လေလံအိမ်သည် လွန်ခဲ့သည့်လဝက်ကတည်းက သတင်းလွှင့်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် လောကကြီးတွင်ရှိနေသည့် ရှားပါးသည့် နတ်ရတနာများကို လေလံဆွဲတော့မည်။
ကောင်းကင်နတ်ဘုရားအသီးပင်ပါမည်ဟု ပြောနေကြလေသည်။
ထာဝရလှိုဏ်ဂူတစ်ခု ရှိနေသည့်နေရာကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းသင်္ကေတစ်ခုလည်း ပါဝင်မည်ဟု ပြောနေကြလေသည်။ ထိုလှိုဏ်ဂူထဲတွင်ရှိနေသည့် ကံကောင်းမှုများမှာ ပြောစရာမလိုလောက်အောက်ပင်။
“လေလံပွဲကို အရင်သွားမယ်”
ထိုကဲ့သို့အရေးကြီးနေသည့်အချိန်တွင် ရှီဟောင်ပြောလိုက်သည်။ သူသည် အလွန်ပင်တည်ငြိမ်နေ၏။ ပျက်စီးနေသည့်နတ်သားတော်၏ ရန်စသည့်စကားများမှာ သူ့အား သက်ရောက်မှုမရှိပေ။ သူ၏အစီအစဉ်အတိုင်းသာ ဆက်သွားမည်။
လေလံအိမ်တွင် သူလိုချင်နေသည့်ပစ္စည်းရှိနေသည်ဟု ကောလဟာလကြားလိုက်ရသောကြောင့်ပင်။ ဒုတိယမြောက်ထာဝရစွမ်းအင်ကြောင်းကို ကျင့်ကြံရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများကို သူပြုလုပ်ရတော့မည်။
“အဲဒါလည်း ကောင်းပါတယ် .. ငါစိတ်ထဲတွေးနေတာနဲ့ အတူတူပဲ” ပျက်စီးနေသည့်နတ်သားတော်ပြုံး၍ ပြောလိုက်သည်။ သူသည်လည်း အစကတည်းက ရှားပါးသည့်ရတနာများကို ရွေးချယ်ရန်အတွက် လေလံပွဲသို့ ရောက်လာခြင်းပင်။
“လူငယ်လေး .. မင်းလိုချင်တာ တစ်ခုခုတွေ့ရင် ငါတို့မင်းနဲ့လဲလှယ်ပေးလို့ရတယ်” လက်ရှစ်ဘက်နှင့်ဝိဉာဉ်လူမျိုးစု၊ ရှေးဟောင်းဖိန်းလူမျိုးစုနှင့် အခြားအကြီးအကဲများစွာ လှုပ်ရှားလာကြလေသည်။
“ကျွန်တော် အရင်ကြည့်လိုက်ဦးမယ်” ရှီဟောင်ပြောလိုက်သည်။
“ဟမ်.. ကြည့်ရတာ မင်းဆီမှာ သိပ်မဆိုးတဲ့ပစ္စည်းတစ်ခု ရှိနေတဲ့ပုံပဲ .. အဲဒီပစ္စည်းကို သေချာထိန်းသိမ်းထားပါ ဟုတ်ပြီလား.. ဒီတစ်ခေါက်တော့ ငါအတော်လေး အကျိုးများတော့မယ်ထင်တယ်” ထို့နောက်တွင် ပျက်စီးနေသည့်နတ်သားတော်သည် ရတနာနန်းတော်ထံသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလေသည်။
“ဒီခွေးသတောင်းစား .. မုန်းစရာကောင်းလိုက်တာ” ယုန်ဖြူလေးသည် အံ့ကြိတ်ကာပင် ပြောလိုက်သည်။
ချောင်ယုရှန်းတို့ပင်လျှင် တည်ငြိမ်အောင် ပြုလုပ်နိုင်ရန် ခက်ခဲနေသည်။ ပျက်စီးနေသည့်နတ်တောင်ကြောမှ မျိုးဆက်သည် ထင်ထားသည့်အတိုင်းပင် စိတ်ကြီးဝင်လွန်းလှပြီး အခြားသူများ ချက်ချင်းတိုက်ခိုက်လာနိုင်လောက်သည်အထိ အထက်စီးဆန်လွန်းလှသည်။
“ငါတို့ဒေါသထွက်အောင်လို့ တမင်သက်သက်လုပ်နေတာ .. ဒီလူက တော်တော်လေး လေးနက်တဲ့သူ သာမန်ကာလျှံကာ လုပ်မယ့်သူမဟုတ်ဘူး … သူကရှီဟောင် စိတ်အနှောက်အယှက်ဖြစ်သွားအောင် လုပ်ချင်နေတာ” ချင်းရိ ပြောလိုက်သည်။
သူတို့သည်လည်း လေလံအိမ်ထဲသို့ ဝင်လာလိုက်သည်။
ခန်းမထဲသို့ ဝင်လာလိုက်သည့်အချိန် မြင်လိုက်ရသည့်မြင်ကွင်းမှာ အပြင်မှမြင်ရသည်ထက်ပင် ပို၍ခမ်းနားလှသည်။ ထိုင်ခုံများ၊ သီးသန့်ခန်းများမှာ နေရာတိုင်းတွင်ရှိနေပြီး သက်ရှိပေါင်း ထောင်ပေါင်းများစွာ ဝင်ဆံ့နိုင်သည်။
ဤကြီးမားလှသည့် အဆောက်အဦးထဲတွင် သီးသန့်ဆန်သည့် သဘာဝဥပဒေသများ ရှိနေသည်သာ။
“မြို့ခံတွေက အမြင်မရှိဘူးလို့ ဘယ်သူပြောလဲ .. ဒါက သူတို့စီးပွားရေးလုပ်တဲ့ သူတို့ရဲ့ လေလံအိမ်ပဲ”
“ဒီနေရာကို စွမ်းအားကြီးတဲ့လူမျိုးစုတွေအများကြီးက ပေါင်းလုပ်ထားကြတာ”
တစ်စုံတစ်ယောက်မှ တိုးတိတ်စွာပင် ပြောဆိုနေကြလေသည်။
ဤနေရာတွင်ရှိနေသည့် ထိုင်ခုံများကို ကျောက်စိမ်းများဖြင့် ထွင်းထုထားခြင်းဖြစ်ပြီး လှေကားများကိုလည်း အစိမ်းရောင်ကျောက်စိမ်းဖြင့် ထွင်းထုထားသည်။ တိုင်လုံးကြီးများကိုမူ ရျွှေရောင်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားခြင်းပင်။ လေလံစင်ကိုမူ ကျောက်စိမ်းအဖြူများဖြင့် ထွင်းထုထားခြင်းပင်။
“မြန်မြန်စတော့ .. အားလုံးဒီကိုရောက်နေကြပြီ .. အဲဒီတော့ လေလံပွဲကြီးကို ကြည့်ကြစို့” အားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။
ပျက်စီးနေသည့်နတ်သားတော်ရောက်နေပြီဆိုသည့် သတင်းလည်းပျံ့နေပြီဖြစ်သည်။
သူထိုအဆင့်သို့ ရောက်ပြီးသွားပြီဟု အားလုံးခန့်မှန်းနေကြသော်လည်း မည်သူမျှ အတည်မပြုနိုင်ပေ။
“ပျက်စီးနေတဲ့နတ်သားတော်က သိုသိုသိပ်သိပ်နေတာ … သူသာမတိုက်ခိုက်ရင် သူဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ ဘယ်သူမှသိမှာမဟုတ်ဘူး”
“ပျက်စီးနေတဲ့နတ်တောင်ကြောက နတ်ဆိုးတာအိုဘိုးဘေးခန်းမလေးခုထဲက တစ်ခုဖြစ်ပြီးတော့ ပျက်စီးနေတဲ့နတ်သားတော်က အဲဒီဂိုဏ်းထဲမှာ ကြောက်စရာအကောင်းဆုံးနဲ့ အလားအလာအရှိဆုံးသူပဲ .. သူသာ အဲဒီအဆင့်ကို အောင်မြင်သွားပြီဆိုရင်တော့ အဆင့်မြင့်နယ်မြေက သူ့ကြောင့် သေချာပေါက်ကို လှုပ်ခတ်သွားမှာပဲ”
“အားလုံးပဲ တိတ်ပေးကြပါ .. လေလံပွဲစပါတော့မယ်”
လေလံစင်ပေါ်မှ တစ်စုံတစ်ယောက်ပြောလိုက်သည်။ စင်ပေါ်တွင် အသက်ကြီးသည့် ကျွမ်းကျင်သူတစ်ယောက်အပြင် အလွန်ပင်လှပလှသည့် မိန်းမပျိုလေးတစ်ယောက်လည်း ရှိနေသည်။
အားလုံးမှာ လျင်မြန်စွာပင် တိတ်ဆိတ်သွားကြလေ၏။
လေလံအိမ်မှာ စိတ်မပျက်စေရပေ။ ယခုမှ စတင်ခြင်းဖြစ်သော်လည်း အားလုံးအံ့အားသင့်သွားရသည်။ ပထမဆုံးထုတ်ပြလိုက်သည့်ပစ္စည်းကပင် အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။
“အရိုးပြာဓားသွား .. အစစ်အမှန်နတ်ဘုရားအဆင့်က ကျွမ်းကျင်သူအားလုံးကို သတ်နိုင်တယ်လို့ သိထားကြတယ် .. ဒီဓားနဲ့မဖြတ်နိုင်တာ ဘာမှမရှိဘူး”အကြီးအကဲမှ မိတ်ဆက်လိုက်သည်။ သူ၏စကားဆုံးသည်နှင့် အားလုံးတုန်လှုပ်သွားကြကာ ကျယ်လောင်လှသည့် စကားပြောသံများလည်း ထွက်ပေါ်လာသည်။
လေလံအိမ်မှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားကြကာ လူများစွာမှာ စင်မြင့်ထက်သို့ စူးစိုက်ကြည့်နေကြလေ၏။
အစစ်အမှန်နတ်ဘုရားအဆင့်ဆိုသည်မှာ လူများစွာအတွက် ဤထာဝရရှေးဟောင်းမြေတွင် နောက်ဆုံးရောက်နိုင်သည့်အဆင့်ပင်။ ထိုအဆင့်သို့ရောက်ရန်အတွက် အချိန်အကြာကြီးလိုအပ်သည်။
ထို့အပြင် ရှေးဟောင်းဘုရင်များနှင့် လူအနည်းစုသာ ထိုနေရာသို့ရောက်နိုင်ပြီး သာမန်လူများမှာ ဤအချိန်အတွင်း ထိုအဆင့်ရောက်ရန်ဆိုသည်မှာ စဉ်းစားစရာပင်မလိုသည့် ကိစ္စပေ။
ယခုအချိန်တွင် ဤအဆင့်မှကျင့်ကြံသူများကို သတ်ပစ်နိုင်သည့်ဓားသွား ပေါ်လာလေပြီ။ ဤဓားကိုသာ ကိုင်ထားပါက ကမ္ဘာငယ်လေးများထဲတွင် လွတ်လွတ်လပ်လပ်လျှောက်သွား၍ရပြီဖြစ်သည်။
အလှလေးတစ်ယောက် လမ်းလျှောက်ဝင်လာကာ သူ၏လက်ထဲတွင် အရိုးပြာဓားသွားကို ကိုင်ဆောင်ထားလေသည်။ ထိုဓားတွင် မီးခိုးမှုန်များလည်း ရစ်သိုင်းနေပြီး လှပလှသည်။
“မြင့်မြတ်ဆေးပင် နှစ်ပင်” တစ်စုံတစ်ယောက်မှ တံတွေးမြိုချကာ ပြောလိုက်သည်။
“တောသားပဲ .. ဆေးပင်နှစ်ပင်တဲ့ .. သူမို့လို့ပြောရဲတယ်”
“မြင့်မြတ်ဆေးပင် ငါးပင်”
“ကြယ်စွမ်းအင် တစ်ဝက်..”
…
လေလံအိမ်မှာဆူညံလာပြီး ဈေးလည်း ချက်ချင်းပင် ထိုးတက်သွားသည်။
နောက်ဆုံးတွင် ထိုဓားသွားကို ထူးဆန်းသည့်အမျိုးသမီး တစ်ယောက် ဝယ်ယူသွားသည်။
“ဒုတိယလေလံတင်မယ့်ပစ္စည်းကတော့ ကောင်းကင်နတ်ဘုရားတစ်ယောက်ရဲ့ မူလအရိုးတစ်စိတ်တစ်ပိုင်းပါ” လှပသည့်အမျိုးသမီးလေးသည် သူမ၏အနီရောင်နှုတ်ခမ်းပါးများဖြင့် ပြောလိုက်သည်။ သူမ၏မျက်လုံးများမှာ ဝိုင်းစက်နေလေ၏။
“ကောင်းကင်နတ်ဘုရားရဲ့ အရိုးအစစ် .. ဒါက ဒီအရိုးကနေပြီးတော့ အနာအဆာလေးရှိတဲ့ ကောင်းကင်နတ်ဘုရားပစ္စည်းကို လုပ်နိုင်တယ်လို့ ဆိုလိုတာမလား…”
“တကယ်ကို စိတ်မပျက်စေဘူးပဲ .. ပစ္စည်းကောင်းတွေ အများကြီးပဲ”
ကြီးမားလှသည့် နန်းတော်အတွင်းတွင်ရှိနေသည့်လူများမှာ စိတ်လှုပ်ရှားနေကြသည်။ ယခုမှ စတင်ခြင်းဖြစ်သော်လည်း အဖိုးတန်ပစ္စည်းနှစ်ခု ပေါ်လာလေပြီ။ နောက်ပိုင်းကျလျှင် ဘာဆက်လာဦးမည်နည်း..
သို့သော်လည်း အချို့လူများမှာ သက်ပြင်းချနေကြလေ၏။ သူတို့ထံတွင်ရှိနေသည့် ပစ္စည်းများနှင့် ဆေးပင်များမှာ သူတို့လိုချင်သည့် ရတနာများရနိုင်လောက်အောင်အထိ မလုံလောက်ပေ။
အချိန်ကြာလာသည်နှင့်အမျှ နတ်ရတနာများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။
နောက်ဆုံးတွင်တော့ ဤလေလံပွဲ၏ အဓိကပစ္စည်းရောက်လာလေပြီ။ ကောင်းကင်နတ်ဘုရားအသီး…
“အားလုံးက မျှော်လင့်နေကြမယ်ဆိုတာ ကျွန်တော်သိပါတယ် .. အားလုံးက ကောင်းကင်နတ်ဘုရားအသီးကို လိုချင်နေကြတယ် .. ဒါပေမဲ့ ဒီပစ္စည်းက ကောင်းလွန်းတဲ့အတွက် အသီးကိုတော့ ဒီနေရာမှာ မပြနိုင်ပါဘူး .. ကျွန်တော်တို့ လေလံတင်မှာကတော့ အသီးရှိတဲ့နေရာကို မှတ်တမ်းတင်ထားတဲ့ အရိုးသင်္ကေတတစ်ခုပဲဖြစ်ပါတယ်”
ထိုလူ၏စကားဆုံးသွားသည်နှင့် ဆူညံသံများ ထွက်ပေါ်လာလေသည်။
“ကောင်းကင်နတ်ဘုရားအသီးကို လေလံတင်မှာ မဟုတ်ဘူးလား … ဒီသတင်းလေးပဲဆိုရင် ဘာလုပ်လို့ရမှာလဲ .. တကယ်လို့ တစ်ယောက်ယောက်သာ ဒီအသီးကို တွေ့သွားရင် သူတို့ခူးသွားလောက်ပြီပေါ့ .. ဘာလို့ဒီသတင်းလောက်လေးကို လေလံဆွဲရမှာလဲ”
“ငါတို့ကို သင်္ကေတလေးတစ်ချို့လောက်နဲ့ လှည့်စားချင်နေတာပဲ”
အားလုံး စိတ်ပျက်သွားပြီး အတော်လေးလည်း ဒေါသထွက်သွားရသည်။
“အားလုံးက ကျွန်တော် ခင်ဗျားတို့ကို လှည့်စားဖို့ ကြိုးစားနေတာမဟုတ်ဘူး .. အဲဒီလိုနေရာမျိုး တကယ်ရှိပါတယ် .. ဒါပေမဲ့ အဲဒီနေရာကို ဖရိုဖရဲစွမ်းအင်တွေ ဝန်းရံထားတယ် .. အဲဒါကြောင့်မို့လို့ ရှေးခေတ်ကတည်းက ကောင်းကင်နတ်ဘုရားအသီးကို ခူးနိုင်တဲ့သူ အများကြီးမရှိခဲ့တာ .. ဒါပေမဲ့ လူများစွာက အဲဒီအသီးကို ကိုယ်တိုင်တွေ့ခဲ့ကြဖူးတယ်” လေလံအိမ်မှ လူကြီးမှ ပြောလိုက်သည်။
လူများစွာမှာ နှုတ်ခမ်းများတွန့်ကွေးသွားပြီး စိတ်ဝင်စားမှု မရှိကြတော့ပေ။
ရှီဟောင်ပင် ဝင်မပါပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ပစ္စည်းမျိုးကို သူမလိုအပ်ဘူးဟု ယုံကြည်သောကြောင့်ပင်။ ကိုယ့်အားကိုကိုယ်၍သာ ထိုကျင့်ကြံဆင့်သို့ ရောက်ချင်သည်။
“နေကျောက်တုံးအပိုင်းတစ်ပိုင်း၊ ကောင်းကင်နတ်ဘုရားသလင်းကျောက်တစ်ပိုင်း..” ပျက်စီးနေသည့်နတ်သားတော်သည် မတ်တပ်ထရပ်လိုက်ပြီး ပစ္စည်းများကို ဆက်တိုက်ပင် ရွတ်နေလေ၏။ ကြမ်းခင်းဈေးကိုပင် အမြင့်ကြီးဆိုလိုက်လေ၏။
ထို့အပြင် သူသည် ရှီဟောင်တို့အုပ်စုထံသို့ အေးစက်စွာကြည့်လိုက်ပြီး လှောင်လိုက်သေးသည်။
“အဲဒါကို လေလံဆွဲပေးတဲ့အတွက် ကျေးဇူးပဲ .. ငါတို့အတွက် သေချာထိန်းသိမ်းထားပေးဦးနော် ဟုတ်ပြီလား” ယုန်ဖြူလေးမှ ပြောလိုက်သည်။
“စိတ်လျော့ပါ .. မင်းတို့သာ လိမ္မာရင် မင်းတို့အားလုံးကို ကောင်းကောင်းမွေးမြူပြီးတော့ ငါ့ရဲ့ကောင်းကင်နတ်ဘုရားတပ်သားလေးတွေ လုပ်ခိုင်းမယ်” ပျက်စီးနေသည့်နတ်သားတော်သည် အလွန်တောက်ပစွာပင် ပြုံးနေလေသည်။
“မကြာခင်မှာ အနိုင်အရှုံးကို သိရတော့မှာပါ .. ရှုံးဖို့ကိုသာ စောင့်နေလိုက်ပါ” ယုန်ဖြူလေး ပြောလိုက်သည်။
“ဟား ဟား ဟား…” ပျက်စီးနေသည့်နတ်သားတော်၏ ရယ်သံမှာ အလွန်ကျယ်လောင်လှသည်။ သူသည် ရှီဟောင်တို့အုပ်စုကို ကြည့်လိုက်ကာ “လေလံပွဲက ပြီးတော့မှာဆိုတော့ ခဏနေကျရင် မင်းတို့အားလုံးကို ငါ့အစေခံအဖြစ် ခေါ်သွားပေးမယ်”
အပိုင်း ၁၀၉၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၉၂ – တူညီသည့်ကြမ်းတမ်းမှုဖြင့် ဆန့်ကျင်ခြင်း
“မင်းခဏလောက်တော့ စိတ်ကြီးဝင်နေလိုက်ဦးပေါ့ .. အချိန်ကျလာရင် ငါကိုယ်တိုင်မင်းကို ဖြုတ်ချပေးမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ဒေါတသကြီး ပြောလိုက်သည်။
“တိတ်တိတ်နေမယ်..”
ထိုအချိန်တွင် စင်မြင့်ထက်မှ လူကြီးသည် နွားထီးရိုင်းနတ်စွမ်းရည်ကို အသုံးပြုကာ ဤနေရာတစ်ခုလုံး တုန်ခါသွားအောင် လုပ်လိုက်သည်။ သူသည်လည်း သေချာပေါက် ကျွမ်းကျင်သူတစ်ယောက်ပင်။
ဘေးပတ်လည်တွင်ရှိနေသည့်လူများအားလုံး တိတ်ဆိတ်သွားကြသည်။ ပျက်စီးနေသည့် နတ်သားတော်ဖြစ်စေ၊ စင်မြင့်ထက်မှလူကြီး၏အော်သံဖြစ်စေ၊ ထိုအရာများနှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့ကိုယ်သူတို့ သေးသိမ်သွားသည်ဟု ခံစားလိုက်ရသည်။
နောက်ဆုံးတွင် မည်သူမှ ပျက်စီးနေသည့်နတ်သားတော်နှင့် ပြိုင်မလုရဲတော့ပဲ ကြမ်းခင်းဈေးထက် အနည်းငယ်သာမြင့်သည့်ဈေးနှုန်းဖြင့် သူသာ ရသွားလေသည်။
အဓိကမှာ ထိုနေရာကို သူတို့ရှာတွေ့မည်မဟုတ်သလို ထိုအပင်အနားသို့လည်း ကပ်နိုင်မည်မဟုတ်ဘူးဟု ယုံကြည်ကြသောကြောင့်ပင်။ ထိုမျှသာလွယ်ကူနေလျှင် မြို့ခံများမှ ယူသွားပြီးနေလောက်လေပြီ။
ထို့နောက်တွင် နတ်တစ်ဝက်အသီးများကို ရောင်းကြလေ၏။ ရှီဟောင် ထိုအသီးများကို ရအောင်ယူလိုက်သည်။ နောက်တစ်ဆင့်သည် အလွန်ပင်အရေးကြီးသောကြောင့် သူမြင့်မြတ်ဆေးပင်များနှင့် နတ်တစ်ဝက်သီးများစွာကို လိုအပ်သည်။
ထိတ်လန့်စရာကောင်းသည်မှာ ပျက်စီးနေသည့်နတ်သားတော်သည် သူတို့အား ကူညီပေးလေသည်။ သူသည်လည်း ဈေးခေါ်လိုက်ပြီး အခြားသူများအား ဝေ့ဝဲကြည့်လိုက်ကြကာ လူများအား ဈေးမခေါ်ရဲအောင် လုပ်လိုက်လေသည်။
အခြားသူများ နောက်ဆုတ်သွားသည်နှင့် သူလည်း ဈေးဆက်မခေါ်တော့ပေ။
အစပိုင်းတွင် ယုန်ဖြူလေးသည် အတော်လေးပျော်ရွှင်နေကာ တုံးအစွာဖြင့်ပင် ပျက်စီးနေသည့်နတ်သားတော်အား လှောင်ရယ်နေသေးသည်။ သို့သော်လည်း တစ်ခဏခန့်ကြာပြီးသည့်နောက်တွင် ဘာဖြစ်နေသည်ကို သူမစဉ်းစားမိသွားပြီး ဒေါသထွက်သွားရသည်။ တစ်ဖက်လူသည် သူတို့ကို သူ၏အစေခံကဲ့သို့ပင် သဘောထားနေခြင်းဖြစ်ပြီး သူတို့ထံတွင်ရှိနေသမျှအရာအားလုံးကို သူပိုင်ဆိုင်ရမည့်အရာများအဖြစ် သတ်မှတ်နေခြင်းပင်။
“မုန်းစရာကောင်းလိုက်တာ” ယုန်ဖြူလေးသည် အော်ဟစ်နေပြီး သူ၏မျက်လုံးများမှာ ပို၍ပင် နီရဲလာလေ၏။
“ထားလိုက်တော့ ဒေါသထွက်စရာမလိုဘူး .. ခဏနေကျရင် အနိုင်အရှုံးကွဲပြားသွားမှာပဲ” ချင်းရိမှ နှစ်သိမ့်လိုက်သည်။
လေလံအိမ်မှ ဝန်ထမ်းများ၏ အမူအရာများမှာ တောင့်တင်းလာသည်။ သက်ရှိအချို့သည် ပျက်စီးနေသည့်နတ်သားတော်ကို စိုက်ကြည့်နေကြလေ၏။ သူ ထိုအရိုးသင်္ကေတကို ဝယ်ထားသောကြောင့်သာ မဟုတ်ပါက သူ့ကိုအစောကြီးကတည်းက မောင်းထုတ်ပြီးသွားလေပြီ။
ပျက်စီးနေသည့်နတ်သားတော်သည်လည်း လေလံဆွဲသည်ကို မနှောက်ယှက်တော့ပေ။
နောက်ဆုံးတွင် ထာဝရလှိုဏ်ဂူ၏ ထူးဆန်းသည့်မြေပုံကို လေလံဆွဲရမည့်အချိန်သို့ ရောက်လာလေပြီ။ လူများစွာမှာ ပြန်လည်စိတ်ဓာတ်တက်ကြွလာလေ၏။ စိတ်မဝင်စားသည့်အချို့လူများလည်း ရှိနေကြသည်သာ။ သူတို့သည် ဘေးဘက်မှနေ၍သာ အေးစက်စွာ ကြည့်နေကြလေ၏။
လေလံအိမ်ကြီးထဲတွင် အုပ်စုကြီးနှစ်ခု ကွဲသွားလေပြီ။ တစ်ဖက်မှာ ဆူညံနေကြပြီး တစ်ဖက်မှာ လုံးဝတိတ်ဆိတ်နေသည်။
စင်မြင့်ထက်တွင်ရှိနေသည့် မိန်းမလှလေးလက်ထဲတွင် ထူးဆန်းသည့်မြူများထုတ်လွှတ်နေသည့် ပုံစံများထွင်းထားသည့်ကျောက်တုံးတစ်တုံးကို ကိုင်ထားလေသည်။
“ကျွန်တော်တို့ဆီမှာ ထာဝရလှိုဏ်ဂူရဲ့ လျှို့ဝှက်မြေပုံကို ရထားမှတော့ ဘာလို့ကျွန်တော်တို့ကိုယ်တိုင်မသွားတာလဲလို့ သိချင်နေကြမှာကို ကျွန်တော်သိပါတယ်” အကြီးအကဲသည် အားလုံးကို ဝေ့ဝဲကြည့်ကာ ပြောလိုက်လေ၏။
ယခုအချိန်တွင် လူအားလုံးမှာ တွေးတွေးဆဆဖြစ်သွားလေ၏။ ထာဝရရှေးဟောင်းနယ်မြေတွင် သူတို့နေထိုင်သည့်နေရာမှ အပြင်သို့ ခြေတစ်လှမ်းမှမထွက်သည့် လူမျိုးစုများရှိသည်ဟု သူတို့လည်း ကြားဖူးသည်။
ကောင်းကင်နတ်ဘုရားသစ်ပင်နှင့် ထိုထာဝရလှိုဏ်ဂူတို့မှာ ထိုလူမျိုးစုများ ရှိနေသည့်နေရာတွင် ရှိနေခြင်းမဟုတ်သည်မှာ သေချာသည်။
ထိုသို့ဆိုသော်လည်း သူတို့ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သေးကြောင်း ပြောလေသည်။ တစ်ခေတ်ခေတ်တွင်သာ သူတို့သည် ကောင်းကင်နတ်ဘုရားအသီး ၁၀ လုံးကျော်ကို ရရှိခဲ့ခြင်းဖြစ်ပြီးကျန်သည့်ကြိုးစားမှုများအားလုံးမှာ ရှုံးနိမ့်ခဲ့သည်သာ။
“ထာဝရလှိုဏ်ဂူက တော်တော်လေးကို ထူးဆန်းတယ် .. သရဖူ၁၀ခုဘုရင်တောင်မှာ ထာဝရလှိုဏ်ဂူရှေ့မှာရှိတဲ့ ထာဝရတာအိုသစ်ပင်လေးကို ရခဲ့တာ”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်မတ်သွားလေ၏။ အားလုံးသည် ထိုအကြီးအကဲကိုသာ စိုက်ကြည့်ပြီး သူပြောတာ ဟုတ်မဟုတ် ဆုံးဖြတ်နေကြလေ၏။
သရဖူ ၁၀ ခုဘုရင်ရဲ့ ကံကောင်းမှုက ထာဝရလှိုဏ်ဂူက လာတာလား..
“အခြေခံအားဖြင့်တော့ သူက သင်္ချိုင်းနယ်မြေကနေ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ရခဲ့တာ .. အဲဒီစာအုပ်ထဲမှ မှတ်တမ်းတင်ထားတဲ့အတိုင်း သူလိုက်ရှာပြီးတော့ အဲဒီသစ်ပင်ကို တွေ့ခဲ့တာ” ထိုလူကြီးမှ ဆက်ပြောလိုက်သည်။
ဤအကြောင်းကို အားလုံးကြားဖူးသည်။ သို့သော်လည်း ထိုစာအုပ်မှာ ထာဝရလှိုဏ်ဂူကို ဦးတည်နေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
“သရဖူ ၁၀ ခုဘုရင်က ဂူထဲကို ဝင်တာမဟုတ်ဘူး .. ဂူရှေ့က သစ်ပင်လေးကိုပဲနှုတ်ခဲ့တာ .. အဲဒါတောင်မှ သူက အဲဒီလောက်တောင် အကျိုးကျေးဇူးများနေပြီ” ထိုလူကြီးမှ သက်ပြင်းချကာ ပြောလိုက်သည်။
ဤစကားမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဝင်ပေါက်ပင်လျှင် ထိုမျှအံ့အားသင့်စရာကောင်းနေလျှင် ဂူထဲတွင် မည်သို့နေမည်နည်း.. အားလုံး၏အသက်ရှူသံများပင် မြန်ဆန်လာလေသည်။
ထိုဂူထဲသို့ ဝင်နိုင်ရန် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သော်လည်း အားလုံးမှာ အရှုံးဖြင့်သာ ပြန်လာခဲ့ကြောင်း ထိုလူကြီးမှ ပြောလိုက်သည်။
“တစ်ခါတစ်လေကျရင် ကံကောင်းမှုဆိုတာ ခွန်အားပေါ်ပဲ မူတည်တာမဟုတ်ဘူး .. ကံတရားပေါ်မှာလည်း မူတည်သေးတယ်” စင်မြင့်ထက်မှ လူကြီးမှ ပြောလိုက်သည်။ ထို့နောက်တွင် သူသည် မိန်းမလှလေးကို ထိုကျောက်တုံးအား မြှောက်ပြစေလိုက်သည်။
အားလုံးမှာ လည်ဆန့်ကာ ကြည့်လိုက်ကြသော်လည်း ကံမကောင်းစွာဖြင့်ပင် သူတို့သည် မှုန်ဝါးဝါးသာမြင်နေရပြီး ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ရှီဟောင် ကောင်းကင်မျက်လုံးကို ဖွင့်ကာ ကြည့်လိုက်သော်လည်း မမြင်ရပေ။
တစ်ဖက်လူသည် ခွန်အားတစ်ခုကို အသုံးပြုကာ ဤကျောက်တုံးကို ချိတ်ပိတ်ထားသည်မှာ သိသာသည်။
“ဂုဏ်သရေရှိလူကြီးမင်းတို့ ဒီထာဝရလှိုဏ်ဂူက ထာဝရရှေးဟောင်းမြေရဲ့ ကံကောင်းမှုတွေအများဆုံးရှိနေတဲ့နေရာဆိုတာ အားလုံးသိကြမှာပါ .. မဟုတ်ရင် လှိုဏ်ဂူရှေ့က သစ်ပင်လေးက ဘာလို့အားလုံးကို တုန်လှုပ်စေနိုင်မှာလဲ” အကြီးအကဲသည် မနှေးလွန်းမမြန်လွန်းသည့်အသံဖြင့် ပြောလိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။ “မင်းတို့အားလုံးက ယှဉ်ပြိုင်နေကြပြီးတော့ အချိန်ကျလာရင် လောကကြီးကိုတုန်လှုပ်စေနိုင်မယ့် ထာဝရတာအိုတိုက်ပွဲကြီးကို တိုက်ခိုက်ကြရမှာကို ကျွန်တော်သိပါတယ် .. အနိုင်ရတဲ့သူကပဲ နောက်ဆုံးကံကောင်းမှုတွေကို ရှာဖွေနိုင်မယ့် ထူးဆန်းတဲ့လမ်းကြောင်းကို လျှောက်ခွင့်ရမှာ .. ဒါပေမဲ့ အချိန်ကြာလာခဲ့ပေမယ့် အဲဒီကံကောင်းမှုတွေကို ဘယ်သူမှ မယူနိုင်ခဲ့ကြဘူး .. ကျွန်တော်ပြောချင်တာကတော့ ထာဝရလှိုဏ်ဂူက အကြီးကျယ်ဆုံးကံကောင်းမှုတွေ ရှိနေမယ့်နေရာပဲ”
သူသည် လူများလောင်းကြေးထပ်လာရန်အတွက် ဆွပေးနေခြင်းပင်။
သို့သော်လည်း သူသည် လူများ၏စိတ်ဝင်စားမှုကို တကယ်ပင် နှိုးဆွလိုက်နိုင်လေသည်။ ထိုထာဝရတာအိုစင်္ကြံပေါ်သို့ တက်နိုင်ပြီး အသက်ရှင်လျက်အနိုင်ယူနိုင်ခဲ့သည့် ရှေးဟောင်းဘုရင်များသာ ထိုကံကောင်းမှုများကို ရှာဖွေနိုင်လေသည်။ သာမန်သက်ရှိများအတွက် သူတို့ဤအကြောင်းကို စဉ်းစားစရာပင်မလိုပေ။ သူတို့ထိုစင်္ကြံပေါ်သို့ တက်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်တွင် သူတို့အတွက် အခွင့်အရေးရှိနေလေပြီ။ ထာဝရလှိုဏ်ဂူ .. ဒါက နောက်ဆုံးပန်းတိုင်များလား…
ပျက်စီးနေသည့်နတ်သားတော်၏မျက်လုံးများမှာ အေးစက်နေသော်လည်း သူဘာမှမပြောပေ။
“ကြမ်းခင်းဈေးက နတ်ဆေးပင်နှစ်ပင်ပါ” အကြီးအကဲမှ အနိမ့်ဆုံးဈေးကို စပြောလိုက်သည်။
“ဘာ..”
အားလုံးဆွံ့အသွားရသည်။ မည်သူက ဤဈေးနှုန်းကို တတ်နိုင်မည်နည်း.. သရဖူ ၁၀ ခုဘုရင်နှင့် နျင်ချွမ်းမှလွဲလျှင် နတ်ဆေးပင်ရသည့်သူများကို သူတို့ မမြင်ဖူးသေးပေ။
အချို့ရှေးဟောင်းဘုရင်များထံတွင် ရှိလျှင်ရှိနိုင်သော်လည်း မည်သူမှ မသိပေ။ သို့သော်လည်း ဆေးပင်နှစ်ပင်ရှိရန်မှာ မဖြစ်နိုင်ပေ။
အပြင်ဘက်ကမ္ဘာတွင် စွမ်းအားကြီးသည့် နတ်ဘုရားမကျောင်းတွင်ပင် အတိဒုက္ခဖြတ်ကျော်ခြင်းနတ်ကြာပန်းပင် တစ်ပင်သာရှိသည်။
ရှီဟောင်ခေါင်းခါလိုက်၏။ သူဤအရာကို လေလံဆွဲနိုင်မည်မဟုတ်ပေ။ ပျက်စီးနေသည့်နတ်သားတော်လည်း မလှုပ်ရှားပေ။ သူဘာစဉ်းစားနေသလဲမသိပေ။
အခြားသူများအားလုံးမှာမူ စိတ်လွတ်နေကြလေ၏။ မည်သူမျှထိုဈေးနှုန်းမပေးနိုင်ပေ။
ဤကျောက်တုံးကို ယနေ့တွင် မရောင်းချနိုင်သည်မှာ သေချာသည်။
“ကိစ္စမရှိပါဘူး .. ကျွန်တော်တို့ ဒီပစ္စည်းကို ဆက်ရောင်းနေဦးမှာပါ .. သူငယ်ချင်းတို့ စုပေါင်းပြီးတော့ လေလံဆွဲချင်ရင်လည်း ကျွန်တော်တို့ ဒီမှာပဲ ရှိနေဦးမှာပါ” အကြီးအကဲမှ ပြုံး၍ပြောလိုက်သည်။
ယနေ့လေလံပွဲမှာ လူများအာရုံစိုက်လာအောင်လုပ်ပြီး ရှေးဟောင်းဘုရင်များပူးပေါင်းကာ ဤပစ္စည်းကို လေလံဆွဲရန်အတွက်ပင်ဖြစ်သည်ဟု အားလုံးနားလည်လိုက်ရသည်။
“ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ အနိမ့်ဆုံးဈေးက နတ်ဆေးပင်လေးခု ဖြစ်သွားပါလိမ့်မယ်” ထိုအကြီးအကဲမှ ပြုံး၍ ပြောလိုက်သည်။
အားလုံးမှာ သူ့ကို ကျိန်ဆဲချင်မိသွားကြသည်။ ဤလူမှာ မုန်းစရာကောင်းလှသည်။ ထာဝရရှေးဟောင်းမြေတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာလျှင်ပင် သူတို့နတ်ဆေးပင် ဘယ်နှပင်တွေ့နိုင်မည်နည်း.. ရှေးခေတ်ကတည်းက ရှိနေခဲ့သည့် ရှေးဟောင်းဆေးဥယျာဉ်ကြီးကို ဖွင့်နိုင်မှသာ ရရှိနိုင်လိမ့်မည်။ ထိုဆေးဥယျာဉ်ကိုသာဖွင့်နိုင်လျှင် နတ်ဆေးပင်များမပြောနှင့် သက်ရှည်ဆေးပင်များပင် ရရှိလိမ့်မည်။
နောက်ဆုံးတွင်တော့ အားလုံးနားလည်လာရသည်။ မြို့ခံများမှာ သူတို့နယ်မြေမှ ထွက်ခွာ၍မရသောကြောင့် နေရာအနှံ့မှ နတ်ပစ္စည်းများကို ရယူနိုင်ရန်အတွက် အပြင်လူများကို အားထားနေရခြင်းပင်။
ထို့ကြောင့်ပင် သူတို့သည် အပြင်လူများကို လက်လွတ်စပယ် မတိုက်ခိုက်ခြင်းပင်။ အားလုံးသူတို့ကို ကြောက်ရွံ့သွားကာ သူတို့စီးပွားရေးလုပ်၍မရတော့မည်ကို သူတို့စိုးရိမ်နေကြခြင်းပင်။
“ဒီ ထာဝရလှိုဏ်ဂူကျောက်တုံးကို ယူမယ့်သူမရှိဘူးဆိုတာ့ တစ်ခြား ရှားပါးတဲ့ရတနာလေးတွေကို ဆက်သွားကြတာပေါ့” အကြီးအကဲမှ ပြောလိုက်သည်။
အမှန်တကယ်တွင် ဤထာဝရလှိုဏ်ဂူကျောက်တုံးမှာ နောက်ဆုံးပစ္စည်းဖြစ်သော်လည်း ဤကျောက်တုံးကို မရောင်းနိုင်သောကြောင့် နောက်ထပ်ရှားပါးပစ္စည်းနှစ်ခုကို ထပ်ထုတ်လိုက်ကြသည်။
တစ်ခုမှာ ကျောက်စိမ်းရည်ကဲ့သို့ အရည်များထည့်ထားသည့် ကျောက်စိမ်းယဇ်ပုလ္လင်ပင်။ ထိုယဇ်ပုလ္လင်ကိုဖွင့်လိုက်သည်နှင့် ဆေး၏မွှေးရနံ့ထွက်ပေါ်လာပြီး အားလုံးကို ဖြတ်သန်းသွားလေသည်။
“အသက်ရေပူစမ်း.. အသက်ကြီးတာကို ဟန့်တားနိုင်ပြီးတော့ လူတစ်ယောက်ရဲ့ အသက်ဓာတ်ကို တိုးစေနိုင်တယ်” အကြီးအကဲမှ ထိုပစ္စည်းကို မိတ်ဆက်ပေးလိုက်သည်။
ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေလေသည်။ ဤသည်မှာ ပစ္စည်းကောင်းတစ်ခုပင်။
ထို့နောက်တွင် မိန်းမပျိုလေးတစ်ယောက်သည် ကျောက်စိမ်းဗူးတစ်ဗူးကို ယူလာလေ၏။ ထိုဗူးကို ဖွင့်လိုက်သည်နှင့် အစိမ်းရောင်အလင်းများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ မြက်ပင်တစ်ပင်ပင်။
“ရှင်သန်ခြင်းမြက် .. အသက်ယဲ့ယဲ့လေးကျန်နေရင်တောင်မှ ဒီမြက်ပင်တစ်ပင်ကိုစားလိုက်တာနဲ့ အသက်ရှင်နိုင်တယ်”
ရှင်သန်ခြင်းမြက်သည်လည်း နာမည်ကြီးသည့်အပင်တစ်ပင်ပင်။ ထိုအပင်ကိုစားလိုက်သည်နှင့် ကျင့်ကြံဆင့်နှင့် မှော်စွမ်းအားကို တိုးလာစေနိုင်ရုံသာမက ဆေးအစွမ်းများမှာ နတ်ဆေးပင်များနှင့် အတူတူပင်။
ဤသည်မှာ ပြိုင်ဘက်ကင်းသည့် အသက်ကယ်ရတနာနှစ်ခုပင်။
ရှီဟောင်အတွက်မူ ဤသည်မှာ အသက်၂သက်နှင့်တူသည်။ ဤသည်မှာ သူအလိုအပ်ဆုံးအရာများပင်။ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် ထောင်မတ်သွားလေ၏။
ရှီဟောင်နောက်သို့ ခွေးကဲ့သို့တစ်ချိန်လုံးလိုက်နေသည့် လူအိုကြီးများသည် ချက်ချင်းပင် ထူးဆန်းသည့်အမူအရာသို့ ပြောင်းလဲသွားကာ “လူငယ်လေး မင်းစိတ်ဝင်စားလို့လား”
“ဟုတ်တယ်” ရှီဟောင်ခေါင်းညိမ့်လိုက်၏။
“အဲဒါဆိုရင် ဒါကပိုလွယ်သွားပြီ” ထိုအကြီးအကဲမှ ပြုံးလိုက်ကာ သူ့အားခေါင်းညိမ့်ပြလိုက်လေသည်။ ထို့နောက်တွင် သူသည်ပါးစပ်လှုပ်လိုက်ကာ အသံပို့လွှတ်လိုက်သည်။
စင်မြင့်ထက်တွင်ရှိနေသည့် ထိုအကြီးအကဲမှ ကြမ်းခင်းဈေးကို ပြောလိုက်သည်။ “ဒီပစ္စည်းနှစ်ခုအတွက် ကြမ်းခင်းဈေးကတော့ မိုးမခသစ်ကိုင်းတစ်ကိုင်းပါပဲ”
အားလုံး လန့်သွားကြရသည်။ ဤမျှရိုးရှင်းသည်လား…
ရှီဟောင် ဆွံ့အသွားရသော်လည်း သူချက်ချင်းနားလည်သွားရသည်။ ဤလေလံအိမ်မှာ သူ့နောက်သို့လိုက်နေသည့် ဤအကြီးအကဲများနှင့်ဆက်စပ်နေပြီး ဤလေလံအိမ်မှာလည်း သူတို့ဖွင့်ထားခြင်းသာ။
“မိုးမခသစ်ကိုင်းတွေကို လှည်းအစီး တစ်ရာလောက်ကို ငါရှာနိုင်တယ်” တစ်စုံတစ်ယောက်မှ စိတ်မရှည်စွာပင် အော်ဟစ်လိုက်သည်။
“နောက်တစ်ချက် ထပ်ပြောပါ့မယ် .. အဲဒီသစ်ကိုင်းက အရင်ခေတ်က ကျန်ခဲ့တာ ဖြစ်ရပါမယ်” စင်မြင့်ထက်မှ အကြီးအကဲမှ ပြောလိုက်သည်။
အားလုံး ကြက်သေသေသွားရသည်။ ဒါက ကျိုးကြောင်းဆီလျော်မှုကော ရှိသေးရဲ့လား .. ဘယ်သူက အဲဒီလိုပစ္စည်းမျိုးရှိမှာလဲ..
“ခင်ဗျားတို့အားလုံးက ကျွန်တော့်ကို ခက်ခဲအောင်လုပ်နေတာပဲ” ရှီဟောင် တစ်ဖက်လှည့်လိုက်ကာ ထိုလူကြီးများကို ကြည့်လိုက်သည်။ “မိုးမခနတ်ဘုရား .. တစ်ခြားသူတွေ သူ့ကိုစော်ကားမှာကို ကျွန်တော်ခွင့်ပြုမှာမဟုတ်ဘူး .. ကျွန်တော်ဒါကို သေချာသိမ်းထားမှာ”
အကြီးအကဲများသည် ထိတ်လန့်သည့်အမူအရာဖြစ်သွားကာ သူတို့ထဲမှတစ်ယောက်သည် “ငါတို့ပြောမယ့်စကားကို မင်းဘာလို့ပြောလိုက်တာလဲ .. ငါတို့အဲဒီမိုးမခသစ်ကိုင်းကို လိုချင်တာက တစ်ခြားသူတွေ ဂါးဒီးယန်းဝိဉာဉ်ဘိုးဘေးကို စော်ကားမှာစိုးလို့ပဲ .. ငါတို့က ဒီသစ်ကိုင်းကို မြင့်မြတ်မြေဆီကို ယူသွားမှာ”
“အဓိပ္ပာယ်မရှိတာ” လက်ရှစ်ဘက်နှင့် ဝိဉာဉ်လူမျိုးစုအကြီးအကဲမှ ပြောလိုက်သည်။
“ကျွန်တော် ဖြေရှင်းချက် လိုချင်တယ်” ရှီဟောင်ပြောလိုက်သည်။
“ငါတို့ဒီအကြောင်းတွေကို အများကြီးပြောပြလို့မရဘူး .. ဒါပေမဲ့ ငါတို့မင်းကို ပြောနိုင်တာက ဂါးဒီးယန်းဝိဉာဉ်ဘိုးဘေးချန်ထားခဲ့တဲ့ သစ်ကိုင်းကို အပြင်လူယူသွားလို့မရဘူး”
သူတို့အများကြီး မပြောပြနိုင်သော်လည်း ထိုအကြီးအကဲသည် အနည်းငယ် ထပ်ပြောလိုက်သေးသည်။
ထူးဆန်းသည့် သန့်စင်သည့်နယ်မြေတွင် ယခင်ဂါးဒီးယန်းဝိဉာဉ်မှ ချန်ထားခဲ့သည့် ရွှေရောင်မိုးမခသစ်ကိုင်းတစ်ကိုင်းရှိသည်။ သူတို့သည် ထိုသစ်ကိုင်းကို အသက်ရေပူစမ်းတွင် စိုက်ထားခဲ့သော်လည်း ရှင်မလာခဲ့ပေ။ ထို့ကြောင့်ပင် သူတို့သည် ဤမိုးမခကိုင်းနှင့် ပေါင်းလိုခြင်းပင်။
“အသက်ဓာတ်ရှိနေသေးတဲ့သစ်ကိုင်း … မိုးမခနတ်ဘုရားရဲ့ နတ်တိုင်းပြည်သုံးထောင်တွေထဲက တစ်ခုလား” ရှီဟောင် ထိတ်လန့်သွားရသည်။
ကံမကောင်းစွာဖြင့်ပင် ဤသက်ရှိများသည် သူအားငြင်းဆိုနေပြီး ထိုနေရာသို့ သွားခွင့်မပြုပေ။
သို့သော်လည်း နောက်ဆုံးတွင်ရှီဟောင်သည် ပျော်ရွှင်စွာဖြင့်ပင် ထိုပစ္စည်းများနှင့် လဲလှယ်လိုက်ကာ ထိုသစ်ကိုင်းကို အခြားသစ်ကိုင်းတစ်ခုနှင့် ပေါင်းစည်းခွင့်ပေးလိုက်သည်။
သူ၏လက်ထဲတွင် အသက်ရေပူစမ်းနှင့် ရှင်သန်ခြင်းမြက်ကို ကိုင်ထားပြီး ရှီဟောင်အလွန်ကျေနပ်နေလေ၏။ သို့သော်လည်း ဤသည်မှာ လူတစ်စုကို ထိတ်လန့်သွားစေသည်။ ဟွမ်မှာ စွမ်းအားကြီးလှပြီး ဤကဲ့သို့သော မိုးမခသစ်ကိုင်းကိုပင် ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ထိုအကြီးအကဲများ ဘာကြောင့်သူ့နောက်လိုက်နေသည်ကို လူအချို့နားလည်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အသူရာချောက်နက်ကြီးထဲမှ တစ်ခုခုကို ရခဲ့သောကြောင့်ပင်။
“မဆိုးဘူး .. အသက်ရေပူစမ်းနဲ့ ရှင်သန်ခြင်းမြက်နဲ့ဆိုရင် ငါ့လမ်းကြောင်းက ပိုပြီးတော့ ချောမွေ့သွားတော့မှာ .. တာအိုကျင့်ကြံတာကိုပဲ အာရုံစိုက်ရတော့မှာ .. ရှုံးနိမ့်မှာကို ကြောက်စရာမလိုတော့ဘူး .. ငါ့ရဲ့ကျင့်ကြံခြင်းက တော်တော်လေးကို တိုးတက်သွားတော့မှာ” ပျက်စီးနေသည့်နတ်သားတော်သည် ခေါင်းတညိမ့်ညိမ့်ဖြင့် အလွန်ပင် ကျေနပ်နေလေ၏။
“ခဏနေကျရင် နင်ပေါက်ကွဲသွားတဲ့အထိ နင့်ကို ရိုက်ပစ်မှာ” ယုန်ဖြူလေး အံကြိတ်ကာ ပြောလိုက်သည်။
“နှမြောစရာပဲ .. အဲဒီသစ်ကိုင်းမှာထာဝရတာအိုစွမ်းအင်တွေ ရှိနေတာကို .. ဒီလိုမျိုးလဲလိုက်တာက နှမြောစရာပဲ” ပျက်စီးနေသည့်နတ်သားတော်မှာ သူ၏ကိုယ်ပိုင်ပစ္စည်းများအကြောင်း ပြောနေသကဲ့သို့ ပြောနေလေ၏။
ရှီဟောင်၏မျက်လုံးများ လေးနက်သွားကာ “မင်းရဲ့အုတ်ဂူနေရာကို သွားရွေးကြစို့ .. မင်းရဲ့မူလခန္ဓာကိုယ်က လူသားပုံစံမဟုတ်ရင်လည်း စိတ်မပူနဲ့ .. မင်းကိုချက်စားဖို့အတွက်ဆိုရင် အိုးတစ်လုံးက လုံလောက်ပါတယ်”
“ဟား ဟား ဟား…” ပျက်စီးနေသည့်နတ်သားတော်ရယ်မောနေလေ၏။ သူသည်တည်ငြိမ်နေသော်လည်း အနည်းငယ်အေးစက်လာလေသည်။ “မင်းရဲ့စီနီယာအစ်ကိုနှစ်ယောက်လိုမျိုး အရှုံးပေးဖို့အတွက် မစောင့်နိုင်တော့ဘူးလား .. အဲဒီတုန်းက ငါ့ကို အရင်တိုက်ဖို့အတွက် သူတို့ငြင်းခုန်ခဲ့ကြသေးတာ . ဒါပေမဲ့ နောက်ဆုံးတော့လည်း သူတို့နှစ်ယောက်လုံး အတူတူရှုံးသွားတာပါပဲ .. ငါသူတို့ကို စောင့်ကန်ပြီးတော့ မျက်နှာကိုတောင် တက်နင်းလိုက်ရသေးတယ် .. အဲဒီခံစားချက်က မဆိုးဘူး .. ဘာပဲဖြစ်ဖြစ် သူတို့တွေက အဆင့်လွန်သွေးမျိုးဆက်တွေ .. သူတို့တွေတောင်မှ ငါနင်းတာကို ခံခဲ့ရတာ .. ဟက်”
လေလံအိမ်မှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး အားလုံးမှာ အသက်ရှူကျပ်သွားသလိုပင် ခံစားလိုက်ရသည်။ တိုက်ပွဲကြီးတစ်ခု စတင်တော့မည်ကို သူတို့အားလုံး သိကြသည်။ မည်သူမှ လက်လွတ်စပယ်မပြောရဲကြပေ။
“သွားမယ် .. မင်းသေမယ့်နေရာကို သွားရအောင်” ရှီဟောင် မတ်တပ်ရပ်လိုက်ကာ အပြင်ဘက်သို့ လျှောက်လာလိုက်သည်။
“သည်းမခံနိုင်တော့ဘူး .. သတ်ပစ်ဖို့လိုနေပြီ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ဟစ်ကြွေးလိုက်သည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူအတော်လေး ဒေါသထွက်ရခြင်းပင်။
“ဟွမ် .. နင်သူ့ကို အနိုင်ယူရမယ်” ယုန်ဖြူလေးမှ အော်ဟစ်လိုက်သည်။
ချောင်ယုရှန်းနှင့် ချင်းရိတို့လည်း သူတို့နောက်မှ လိုက်လာကြကာ သူတို့၏ခံစားချက်များကို တည်ငြိမ်အောင် လုပ်နိုင်ရန် ခက်ခဲနေလေသည်။
“ကောင်းပြီလေ .. မင်းက မင်းရဲ့စီနီယာအစ်ကိုနှစ်ယောက်ထက်ပိုကောင်းမလားဆိုတာ ကြည့်ကြတာပေါ့” ပျက်စီးနေသည့်နတ်သားတော်သည်လည်း သူတို့နောက်မှ လျှောက်လာလေသည်။
သင်္ချိုင်းမြို့မှာ ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။
ပျက်စီးနေသည့်နတ်သားတော်ရောက်နေပြီး ဟွမ်ကို တိုက်ခိုက်တော့မည်ကို အားလုံးသိပြီးသားဖြစ်နေပြီဖြစ်သည်။
“သွားမယ် .. သွားကြည့်ကြစို့ .. ဒီလိုတိုက်ပွဲမျိုးကို လက်လွတ်လို့မရဘူး”
“သူတို့နောက် မြန်မြန်လိုက်…”
..
ကံကောင်းစွာဖြင့်ပင် ရှီဟောင်တို့ရွေးချယ်လိုက်သည့် စစ်မြေပြင်မှာ သိပ်မဝေးပေ။
ဤသည်မှာ ရှေးဟောင်းစစ်မြေပြင်တစ်ခုပင်။ မြေကြီးမှာ အနီရင့်ရောင်ဖြစ်ပြီး ဤနေရာတွင် တစ်နှစ်ပတ်လုံး မြူများအုံ့ဆိုင်းနေကာ မြက်ပင်တစ်ပင်မျှပင် မရှိပေ။
ပြောရမည်ဆိုလျှင် ဤကဲ့သို့သော နေရာမျိုးတွင် အန္တရာယ်ရှိသည့်စွမ်းအင်များရှိနေပြီး မည်သူမျှ ဤနေရာသို့မလာရဲပေ။
သို့သော် ယခုအချိန်တွင်ရှီဟောင်နှင့် ပျက်စီးနေသည့်နတ်သားတော်တို့သည် ဘာမှထိခိုက်မှုမရှိပဲ ရှေးဟောင်းစစ်မြေပြင်၏ အတွင်းဘက်သို့ရောက်နေပြီဖြစ်သည်။
အခြားသူများမှာမူ မည်သူမျှ အထဲသို့မဝင်ရဲပဲ ခပ်ဝေးဝေးမှနေ၍သာ ကြည့်ရှုကြလေသည်။
ဝုန်း..
သူတို့နှစ်ဦးသည် အပိုစကားပြောမနေပဲ ချက်ချင်းပင် တိုက်ခိုက်ကြလေ၏။ ကြယ်နှစ်စင်း ထိခတ်မိသွားသကဲ့သို့ပင် တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေသည်။
ဒုန်း…
ကမ္ဘာမြေကြီးပေါ်သို့ ဥက္ကာခဲများကျလာသကဲ့သို့ပင်။ မာကျောလွန်းလှသည်ဟုဆိုသည့် အနီရင့်ရောင်မြေကြီးပင်လျှင် အက်ကွဲသွားလေသည်။ ဖုန်မှုန့်များမှာလည်း ကောင်းကင်ထက်သို့ပင် လွင့်တက်သွားကာ လေဟာနယ်ထဲတွင်လည်း အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာလေသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့်လူများအားလုံး ဆွံ့အသွားကြသည်။
ဤသည်မှာ ပထမဆုံးတိုက်ကွက်ဖြစ်သော်လည်း ဤကဲ့သို့သော အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းမျိုး ဖြစ်နေလေပြီ။
“မင်းက မင်းရဲ့ စီနီယာအစ်ကိုနှစ်ယောက်ထက် နည်းနည်းလေးတော့ အားကောင်းသားပဲ .. ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး .. ငါနဲ့ယှဉ်ရင် တော်တော်လေး လိုသေးတယ်” ပျက်စီးနေသည့်နတ်သားတော်မှ ပြောလိုက်သည်။
ယခုအချိန်တွင် သူ့အနား၌ ထာဝရစွမ်းအင်တစ်ကြောင်း ထွက်ပေါ်လာလေ၏။ မြူခိုးများဖုံးလွှမ်းနေသောကြောင့် ထိုစွမ်းအင်ကြောင်းကို အခြားလူများမမြင်ရပေ။ သို့သော် ရှီဟောင်မှာမူ ရှင်းရှင်းလင်းလင်းပင် မြင်နေရသည်။
“မင်းနဲ့ငါနဲ့ကြားက ကွာခြားချက်က ဘာလဲသိလား… ငါလက်တစ်ဖက်မြှောက်လိုက်ရုံလေးနဲ့ မင်းခန္ဓာကိုယ်နဲ့ဝိဉာဉ်နှစ်ခုလုံးကို ရှင်းပစ်လို့ရတယ်” ပျက်စီးနေသည့်နတ်သားတော်သည် တည်ငြိမ်စွာဖြင့်ပင် တစ်လှမ်းချင်းစီလျှောက်လာလေသည်။
သူသည်ပြောနေရင်းဖြင့်ပင် သူ၏ညာလက်ကိုမြှောက်လိုက်ကာ ရှီဟောင်ထံသို့ ချိန်ရွှယ်လိုက်သည်။ သူသည် အားလုံး၏မျက်စိအောက်မှာပင် ရှီဟောင်ကို အလွယ်တကူ သတ်ပစ်တော့မည်။
ထိုထာဝရစွမ်းအင်ကြောင်းသည် သူ၏လက်မောင်းကို ရစ်ပတ်သွားလေသည်။ ထိုလက်မောင်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဖိနှိပ်ပစ်နိုင်သည့်ပုံပင်။
ပျက်စီးနေသည့်နတ်သားတော်မှ ထာဝရစွမ်းအင်ကို အသုံးပြုလိုက်သည်အား မြင်လိုက်ရသော်လည်း ရှီဟောင်၏အမူအရာမှာ ပြောင်းလဲမသွားပေ။ သူသည် အရှေ့ဘက်သို့ တရှိန်ထိုး ပြေးတက်သွားပြီး လေထဲတွင် တစ်ပတ်ကန်လိုက်သည်။
“ဖားတုပြီးတော့ ခရုခုန်ချင်သေးတာလား .. မင်းကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသွားပြီ” ပျက်စီးနေသည့်နတ်သားတော်ပြောလိုက်သည်။ သူ၏လက်သည် ဖြေးညှင်းစွာဖြင့်ပင် ရှီဟောင်၏ခြေထောက်ထံသို့ ကျရောက်လာလေသည်။
သို့သော် အားလုံး၏ခန့်မှန်းချက်နှင့် လွန်စွာပင် ကွဲလွဲနေသည့်အရာတစ်ခု ဖြစ်သွားခဲ့သည်။ ရှီဟောင်၏ခြေထောက်မှာ ထင်ထားသည်ထက်ပင် ပို၍ စွမ်းအားကြီးလွန်းလှသည်။
ဖုန်း..
ရှီဟောင်၏ခြေထောက်မှာ မြွေနဂါးတစ်ကောင်ကဲ့သို့ပင် လေဟာနယ်ထဲတွင် ရစ်ပတ်သွားပြီး ထိုလက်မောင်းကို ပေါက်ကွဲစေလိုက်သည်။ သူ၏ခြေထောက်မှာ ပျက်စီးနေသည့်နတ်သားတော်၏မျက်နှာကို ကန်မိသွားကာ သူ၏ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ လူကိုယ်တိုင်လည်း လွင့်ထွက်သွားလေ၏။
အပိုင်း ၁၀၉၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၉၃ – ထိပ်တိုက်တွေ့ဆုံခြင်း
ပျက်စီးနေသည့်နတ်သားတော်၏အမူအရာမှာ တောင့်ခဲသွားရသည်။ သူ၏မျက်နှာအကန်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်လည်း လွင့်ထွက်သွားသည်။
သူ့အတွက်တော့ ဤသည်မှာ သည်းမခံနိုင်စရာကိစ္စပင်။ ‘လူသစ်တစ်ဦး’ … သူယခင်က အနိုင်ယူခဲ့သည့်လူများ၏ဂျူနီယာ .. ဤလူက သူ့မျက်နှာကို ကန်ထည့်လိုက်သည်။
ဤသည်မှာ ခန္ဓာကိုယ်ကို ထိခိုက်သွားရုံသာမက အရှက်ကွဲမှုတစ်ခုလည်းဖြစ်သည်။
သူသည် သရဖူသုံးခုဘုရင်နှင့် လက်ရှိလောက၏သူရဲကောင်းများကို သတ်ခဲ့သည့် ရှေးဟောင်းဘုရင်တစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင် ဤကဲ့သို့အစော်ကားခံလိုက်ရသ်။
“ကောင်းတယ် .. ရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိပဲ” ယုန်ဖြူလေးသည် ပျော်ရွှင်စွာဖြင့်ပင် ခုန်ပေါက်အော်ဟစ်နေလေသည်။
အခြားသူများလည်း ထိတ်လန့်သွားကြသည်သာ။ ယခုမှ စတိုက်ခြင်းဖြစ်သော်လည်း ပျက်စီးနေသည့်နတ်သားတော်မှာ အထိနာနေလေပြီ။
စစ်မြေပြင်တွင်ရှိနေသည့် ပျက်စီးနေသည့်နတ်သားတော်မှာ သူ၏မေးရိုးပင် အက်ကွဲသွားတော့မည်ဟု ခံစားနေရသည်။ ဤသည်မှာ သူ၏မျက်လုံးများကို အလွန်ပင် အေးစက်သွားစေလေသည်။
အရှက်ရမှုနှင့် ဒေါသတို့ပေါင်းစည်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်အလင်းများ ထွက်ပေါ်လာလေသည်။ သူသည် မြေအောက်မှထွက်ပေါ်လာသည့် နတ်ဆိုးတစ်ယောက်ကဲ့သို့ပင်။
ဖုန်း…
သူသည် မြေပြင်ပေါ်တွင် နစ်ဝင်သွားပြီး လှုပ်ရှားမှုလည်း မရှိတော့ပေ။ သူ၏မျက်လုံးများမှာ လေးနက်နေပြီး သူ၏မျက်လုံးထဲတွင်ရှိနေသည့် မြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။ နတ်အလောင်းများစွာမှာ လဲကျနေကြလေသည်။
“ငါမင်းကို အထင်သေးမိသွားတာပဲ”
သူသည် ဤစကားလုံးအနည်းငယ်ကို ပြောလိုက်ခြင်းဖြစ်သော်လည်း ထိုစကားသံများမှာ သတ္တုချင်းပွတ်တိုက်လိုက်သည့်အသံကဲ့သို့ အားလုံးကို မသက်မသာဖြစ်သွားစေသည်။ သူသည်ရှီဟောင်ကို စိုက်ကြည့်ရင်းဖြင့်ပင် တစ်လှမ်းစီလျှောက်လာလေသည်။
သူတကယ်ကို သတိလက်လွတ်လုပ်ခဲ့ခြင်းပင်။ ရှီဟောင်ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ဖုန်း..
သူသည်လက်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီး ထိုလက်လေးကို လှုပ်ခါလိုက်သည်နှင့် ဘေးပတ်လည်တွင်ရှိနေသည့် လေဟာနယ်ကြီး အက်ကွဲသွားလေသည်။
သူ၏လှုပ်ရှားမှုအောက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံး လွှဲရမ်းသွားသလိုပင်။ ဤကဲ့သို့သော စွမ်းအင်မှာ လူတစ်ယောက်ကို မသက်မသာခံစားရစေပြီး သူတို့လည်း လဲကျသွားတော့မည်ဟု ခံစားရစေသည်။
ပျက်စီးနေသည့်နတ်သားတော်၏ လက်ဝါးတံဆိပ်မှာ အဖြူရောင်ထာဝရစွမ်းအင်ထွက်ပေါ်လာလေသည်။
ဒုန်း..
ရှီဟောင်သည် ထိုစွမ်းအင်ကို ရှောင်ရှားခြင်းမပြုပဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ၏ညာလက်သီးတောက်ပလာကာ ဥက္ကာပျံတစ်ခုကဲ့သို့ တိုက်ခိုက်လိုက်သည်။
ဝုန်းဟူသည့်အသံနှင့်တူ စစ်မြေပြင်မှာ ပြင်းထန်စွာပင် တုန်ခါသွားလေသည်။ သူတို့၏လက်များသည် ဆက်တိုက်ပင် တိုက်ခိုက်နေကြပြီး အရက်စက်ဆုံးနည်းလမ်းများကို အသုံးပြုနေကြလေသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် လူများသည် လျင်မြန်စွာပင် နောက်ဆုတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် စစ်မြေပြင်မှ ထူးဆန်းသည့်သင်္ကေတများသည် အပြင်ဘက်ထိပင် ပျံ့နှံ့လာပြီး အတော်ဝေးဝေးအထိ ထိခိုက်စေသောကြောင့်ပင်။
စစ်မြေပြင်တွင် သူတို့နှစ်ဦးသည် လျှပ်စီးများကဲ့သို့ပင် ရွေ့လျားနေကြပြီး ဆက်တိုက်ပင် တိုက်ခိုက်နေကြသည်။ တောက်ပသည့်အလင်းများမှာ ထပ်ခါတလဲလဲပင် ထွက်ပေါ်လာပြီး တိမ်များပင် လွင့်စင်သွားလေသည်။
ဤတိုက်ပွဲမှာ ပို၍ပင် ပြင်းထန်လာသည်။
လူများစွာ၏ မျက်နှာများဖြူဖျော့လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံလိုက်ရသောကြောင့်ပင်။ သူတို့နတ်ဘုရားအစစ်ဖြစ်သွားလျှင်ပင် ဤလူနှစ်ယောက်မှာ သူတို့ကို အလွယ်တကူပင် သတ်နိုင်လိမ့်မည်ဟု သူတို့ခံစားနေရသောကြောင့်ပင်။
နောက်ဆုံးတွင် နှစ်ဘက်လုံးနောက်ဆုတ်လိုက်ကာ တစ်ယောက်တစ်နေရာစီဖြစ်သွားသည်။
တိုက်ပွဲမှာ တစ်ခဏအတွင်းဖြစ်သွားသော်လည်း သူတို့သည် အချက်ရေပေါင်း တစ်ထောင်ကျော် တိုက်ပြီးသွားလေပြီ။ သူတို့ထံမှ ထွက်လာသည့်အလင်းများမှာ ဘေးပတ်လည်ရှိ လေဟာနယ်ကို အက်ကွဲသွားစေလေသည်။
ယခုအချိန်တွင် သူတို့သည် ရှေးဟောင်းစစ်မြေပြင်၏ အတွင်းနက်ပိုင်းသို့ ရောက်သွားလေပြီ။
ပျက်စီးနေသည့်နတ်သားတော်သည် ရှီဟောင်အား အေးစက်စွာပင် စိုက်ကြည့်နေလေ၏။ သူထိုအဆင့်သို့ တက်ပြီးသွားပြီဖြစ်သော်လည်း ဤလူကို မသတ်နိုင်ဖြစ်နေသည်ကို သူမယုံကြည်နိုင်ဖြစ်နေသည်။
ရွှီး..
လျှို့ဝှက်ရတနာတစ်ခုကို သူအသက်သွင်းလိုက်သည်။ ဤနေရာတွင် မှုန်မှိုင်းသည့်အလင်းများ လွှမ်းခြုံသွားပြီး အပြင်ဘက်လောကနှင့် အဆက်ဖြတ်လိုက်လေ၏။
“မင်းလည်း အဲဒီအဆင့်ကို တက်ပြီးသွားတာလား” သူ၏ခံစားချက်များကို သူမထိန်းချုပ်နိုင်တော့ပေ။ ဤကြောင့်သာမဟုတ်လျှင် ဤကိစ္စကို မည်သို့ရှင်းပြနိုင်တော့မည်နည်း..
“မင်းက စိတ်ကြီးဝင်နေတဲ့သူ မဟုတ်ဘူးလား .. အဲဒီအဆင့်ကို တက်ရတာ ခက်ခဲတယ်လို့ခံစားရလား..” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
ပျက်စီးနေသည့်နတ်သားတော်၏စိတ်တို့ပြိုလဲသွားရသည်။ သူသည် ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသွားပြီဖြစ်သောကြောင့် သူ၏နတ်အာရုံများမှာ အလွန်စူးရှနေပြီဖြစ်ပြီး ကိစ္စများစွာကို မဖြစ်မှီကတည်းက အာရုံခံနိုင်သည်။ သို့သော်လည်း ရှီဟောင်သည်လည်း သူကဲ့သို့ပင်ဖြစ်နေသည်ကို သူမတွေ့ခဲ့ရပေ။
ဤခံစားချက်မှာ အတော်လေး ဆိုးဝါးလှသည်။
တစ်ဖက်လူသည် လွန်ခဲ့သည့် နှစ်ရက်ကတည်းက သင်္ချိုင်းနယ်မြေသို့ ရောက်နေခြင်းဖြစ်သော်လည်း သူသည် ယခုမှ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာခြင်းပင်။ ဤသည်မှာ ဟွမ်သည် သူ့ထက်အရင် အောင်မြင်သွားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်။
သူသည် ထာဝရရှေးဟောင်းမြေတွင် လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး နျင်ချွမ်းနှင့်တွေ့လျှင်ပင် သူ့ကိုတိုက်နိုင်လိမ့်မည်ဟု သူယုံကြည်ထားခဲ့သည်။ ဟွမ်ကဲ့သို့သော လူမျိုးဆိုလျှင် အလွယ်တကူပင် သတ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။
သူအထင်သေးခဲ့သော ရန်သူ၊ သူ့ထက်အသက်ငယ်သည့်သူက ခေတ်တစ်ခေတ်တည်းဖြင့် ထာဝရစွမ်းအင်ကို ကျင့်ကြံနိုင်သွားကာ သူနှင့်ရင်ဘောင်တန်းနိုင်လိမ့်မည်ဟု မည်သူကထင်ထားမည်နည်း..
သူ၏နောက်မျိုးဆက်များကို အမြဲအထင်သေးနေခဲ့သည့် ပျက်စီးနေသည့်နတ်သားတော်အတွက် ဤခံစားချက်မှာ ဆိုးဝါးလွန်းလှသည်။
“ဒီနေရာကို ချိတ်ပိတ်လိုက်တာက လျှို့ဝှက်ချက်တွေ မပေါက်ကြားသွားအောင်လို့လား” ရှီဟောင်ခနဲ့လိုက်သည်။
ပျက်စီးနေသည့်နတ်သားတော်၏မျက်နှာ ပျက်ယွင်းသွားရသည်။ စစ်မြေပြင်ကို မြူများဖြင့် ဝန်းရံထားသောကြောင့် အပြင်လူများ သူတို့၏ ထာဝရစွမ်းအင်ကို မမြင်ရတော့ပေ။ သူတို့စကားပြောနေကြသည်ကို အခြားသူများမကြားနိုင်အောင်အတွက်လည်း သူလုပ်ထားသေးသည်။
သူအောင်မြင်သွားပြီဆိုသည်ကို ထာဝရရှေးဟောင်းမြေရှိ အခြားရှေးဟောင်းလူထူးဆန်းများ မသိစေချင်သောကြောင့် သူဤသို့ လုပ်ရခြင်းပင်။
သို့သော်လည်း သူ၏အရှေ့မှလူသည် သူ့ထက်ပင် စော၍အောင်မြင်သွားသောကြောင့် ဤသည်မှာ အနည်းငယ်ရယ်စရာကောင်းနေလေသည်။
“ဟား ဟား..” ရှီဟောင် လှောင်ရယ်လိုက်သည်။
ရှီဟောင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ထာဝရစွမ်းအင်တစ်ကြောင်း ထွက်ပေါ်လာသည်။ ထိုစွမ်းအင်မှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်လှပြီး နဂါးအစစ်တစ်ကောင်ကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ကို ရစ်တွယ်နေသည်။ ထိုစွမ်းအင်သည် အလွန်ပင် အေးချမ်းလှလေ၏။
သို့သော် ပျက်စီးနေသည့်နတ်သားတော်အတွက်မူ ဤသည်မှာ အလွန်ပင် မျက်စိကျိန်းစေသည့်အရာပင်။
“မင်းလည်း ထာဝရစွမ်းအင်တစ်ကြောင်းကို ကျင့်ကြံနိုင်ပြီဆိုတာနဲ့ မင်းကိုယ်မင်း ငါနဲ့ယှဉ်လို့ရပြီလို့ ထင်နေတာလား” ပျက်စီးနေသည့်နတ်သားတော် ပြောလိုက်သည်။ သူသည် လျှို့ဝှက်ရတနာကို ဘေးဖယ်ထားလိုက်ကာ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ဝုန်း..
ယခုတစ်ကြိမ်တွင် သူတို့နှစ်ယောက်တွင် တစ်ယောက်သည် နေမင်းကြီးကို ဖုံးကွယ်ထားသည့်အမှောင်ထုနှင့်တူနေပြီး အခြားတစ်ယောက်မှာမူ ကောင်းကင်ကြီးကို ဖုံးလွှမ်းထားသည့် ရွှေရောင်အလင်းတန်းများနှင့် တူနေသည်။ သူတို့နှစ်ဦးတိုက်ခိုက်သည်နှင့် မီးတောင်ပေါက်ကွဲသကဲ့သို့ တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။
“စွမ်းအားကြီးလိုက်တာ .. သူတို့နှစ်ယောက်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ .. ဟွမ်က ဒီလောက်တောင်စွမ်းအားကြီးတာလား ..ရှေးဟောင်းဘုရင်တစ်ယောက်ကိုတောင် တိုက်နိုင်တယ်”
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်သူအားလုံးမှာ တုန်လှုပ်သွားကြလေ၏။
“ပျက်စီးနေသည့်နတ်သားတော်က အဲဒီအဆင့်ကို တက်ပြီးသွားပြီလို့ ပြောကြတယ် .. အဲဒါကို သူကဘာလို့ ဟွမ်ကို အခုထိမနိုင်သေးတာလဲ .. ဟွမ်လည်း အဲဒီအဆင့်ကို အောင်မြင်သွားတာများလား … ဒါက ကြောက်ဖို့ကောင်းလိုက်တာ”
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ အရပ်မျက်နှာပေါင်းစုံကို ထိတ်လန့်သွားစေလေသည်။
“အရင်တုန်းက လောကကြီးကို တုန်လှုပ်စေနိုင်တဲ့မင်းရဲ့ စီနီယာအစ်ကိုနှစ်ယောက်လည်း ဂျီးနီးယပ်စ်တွေပဲ .. ဒါပေမဲ့ သူတို့တွေ ငါ့ခြေထောက်အောက်မှာ တွားသွားခဲ့ရတာပဲ .. ဒီနေ့တော့ ငါမင်းရဲ့နောက်ဆုံးမာနနဲ့ စိတ်ကြီးဝင်နေတာတွေကို အဆုံးသတ်ပေးမယ် .. ဘာအဆင့်လွန်လူသားလဲ .. အားလုံးက ငါ့ခြေထောက်အောက်မှာ ပျက်စီးသွားမှာပဲ”
ပျက်စီးနေသည့်နတ်သားတော်မှ ဟစ်ကြွေးလိုက်သည်။ သူသည် ခြင်္သေ့တစ်ကောင်ထက်ပင် ပို၍ကြောက်စရာကောင်းနေလေသည်။ သူတို့အနားတွင်ရှိနေသည့် သွေးရောင်တောင်ထိပ်များအားလုံး ပျက်စီးသွားလေသည်။
အား..
အချို့လူများသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီး သူတို့၏ ဒွါရပေါက် ၇ ပေါက်မှ သွေးများစီးကျလာလေသည်။ သူတို့သည် လျင်မြန်စွာပင် နောက်ဆုတ်လိုက်ကြရလေသည်။
ဤလူ၏တိုက်ခိုက်နိုင်စွမ်းမှာ သူတို့ထင်ထားသည်ထက်ပင် ပိုနေသည်။ သူတို့ကြားတွင် အတော်လေးဝေးကွာနေသော်လည်း စွမ်းအားလှိုင်းများမှာ သူတို့ထံသို့ သက်ရောက်နေဆဲပင်။ သူတို့သာ တိုက်ခိုက်သည့်နေရာတွင်ရပ်နေပါက မည်သို့ဖြစ်သွားမည်နည်း..
ဒါက ရှေးဟောင်းဘုရင်တစ်ယောက်လား .. လူတစ်ယောက်တည်းသည် သူ၏အရှေ့တွင်ရှိနေသည့် ရန်သူအားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။
သူတို့သည် ပြိုင်ဘက်ကင်းဟုခေါ်သည့်အရာကို သူတို့မျက်စိရှေ့တွင် မြင်တွေ့လိုက်ရလေပြီ..
ရွှီး..
ပျက်စီးနေသည့်နတ်သားတော်၏ရိုက်ချက်မှ အနက်ရောင်အလင်းထွက်ပေါ်လာပြီး တောင်ထိပ်တစ်လုံး ပျက်စီးသွားလေသည်။
ဖုန်း ဖုန်း ဖုန်း..
သူတို့နှစ်ဦးသည် ဆက်လက်၍ပင် တိုက်ခိုက်နေကြသည်။
“ဒီလောက်ပညာလောက်လေးနဲ့ မင်းက အရှက်မရှိ လေကြီးလေကျယ်တွေ ပြောရဲတယ်ပေါ့” ရှီဟောင် ထိုပျက်စီးနေသည့်နတ်သားတော်ကို လှောင်ပြောင်လိုက်သည်။
“ဒီပညာတွေက မင်းကိုသတ်ဖို့လုံလောက်တယ် .. ဒီလောကကြီးမှာ ငါနဲ့တိုက်နိုင်တဲ့သူ နည်းနည်းပဲရှိတယ် .. ဒါပေမဲ့ အဲဒီနည်းနည်းထဲမှာလည်း မင်းမပါဘူး” ပျက်စီးနေသည့်နတ်သားတော် အော်ဟစ်လိုက်သည်။
ဒုန်း..
နောက်ထပ်တစ်ကြိမ် ပြင်းထန်းသည့် တိုက်ခိုက်မှုပြီးသည့်နောက်တွင် သူတို့နှစ်ဦးလုံး အနောက်ပြန်ဆုတ်လိုက်ကြသည်။
ထို့နောက်တွင် ပျက်စီးနေသည့်နတ်သားတော်၏အမူအရာများမှာ လုံးဝပင် ပြောင်းလဲသွားလေသည်။ သူ၏မီးခိုးရောင်ဆံပင်များသည် လေထဲတွင် လူးလွန့်နေပြီး သူ၏မျက်လုံးများလည်း အသူရာချောက်နက်ကဲ့သို့ပင် နက်ရှိုင်းလှသည်။ တစ်ဖြည်းဖြည်းဖြင့်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တံဆိပ်တစ်ခုဖြစ်ပေါ်လာလေ၏။ အကန့်အသတ်မရှိသည့် ဖိအားများထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံးကို တုန်ခါသွားစေလေ၏။
ထိုတံဆိပ်ကို လှုပ်ခါလိုက်သည်နှင့် သူတို့အနားတွင်ရှိနေသည့် ဂျင်ပေါင်းများစွာ လေးလံလှသည့် ကျောက်ဆောင်ကြီးများ လေထဲတွင် မြှောက်တက်လာလေသည်။
ထို့နောက်တွင် ဝုန်းဟူသည့်အသံနှင့်အတူ ထိုကြီးမားလှသည့် ကျောက်တုံးကြီးများ ပေါက်ကွဲသွားကြလေသည်။
“ဒါက ပျက်စီးနေတဲ့နတ်ဘုရားတံဆိပ်ပဲ..”
ခပ်ဝေးဝေးတွင်ရှိနေသည့် အားလုံး ကြောက်ရွံ့သွားရသည်။
ပျက်စီးနေသည့်နတ်ဘုရားဘေးပတ်လည်တွင် ကြောက်စရာကောင်းသည့်မြင်ကွင်းများ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သည့် နတ်ဘုရားနှင့် နတ်ဆိုးများသည် ကောင်းကင်ထက်မှ ပြုတ်ကျလာနေပြီး နတ်အလောင်းများလည်း နေရာတိုင်းတွင်ရှိနေသည်။ ထို့အပြင် သွေးမိုးများလည်း ရွာသွန်းနေလေ၏။
ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။
ပျက်စီးနေသည့်နတ်ဘုရားတံဆိပ်သည် ပျက်စီးနေသည့်နတ်တောင်ကြော၏ အကောင်းဆုံးပညာပင်။ ဤသည်မှာ ထာဝရရှေးဟောင်းခေတ်မှ အခြေတည်လာခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။
ဤသည်မှာ မသေမျိုးသက်ရှိမှ တီထွင်ထားခဲ့သည့် ပြိုင်ဘက်ကင်းနတ်စွမ်းရည်ဟုလည်း ပြောကြလေသည်။
ရှီဟောင်သည် စကားများဖြင့် အချိန်ဖြုန်းမနေတော့ပေ။ ဘယ်လက်တွင် ပြန်လည်ဝင်စားခြင်း၊ ညာလက်တွင် ကောင်းကင်အတိဒုက္ခအလင်းနှင့် တတိယမြောက်အဖိုးတန်ပညာ၏သင်္ကေတများကို ရောထားလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အလွန်ပင် တောက်ပနေလေ၏။
သူ၏အနားတွင်ရှိနေသည့် လေဟာနယ်များအက်ကွဲလာကာ အနက်ရောင်အက်ကွဲကြောင်းများဖြစ်လာသည်။
ရှီဟောင် တရှိန်ထိုးပင် ပြေးသွားလိုက်သည်။
ဖုန်း..
နောက်ဆုံးတွင် ပျက်စီးနေသည့်နတ်သားတော် လွင့်ထွက်သွားသည်ကို သူတို့အားလုံးမြင်လိုက်ရသည်။ သူသည်သွေးအန်သွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားလေသည်။
“မင်းလိုလူမျိုးကတောင် အရှက်မရှိ ငါ့ကိုသတ်မယ့်လို့ ပြောရဲတယ်ပေါ့” ရှီဟောင် ဟစ်ကြွေးလိုက်သည်။
သူ လျင်မြန်စွာပင် ထပ်မံလှုပ်ရှားလာလေသည်။ သူ၏လက်ဝါးနှင့် လက်ချောင်းမှ အဆုံးမရှိသည့်အလင်းတန်းများ ထွက်ပေါ်လာပြန်သည်။
ဖုန်း..
ပျက်စီးနေသည့်နတ်သားတော်၏မှော်တံဆိပ်တစ်ခုလုံး တစ်စစီဖြစ်သွားကာ သူလည်းသွေးထပ်အန်သွားပြီး အနောက်လွင့်ထွက်သွားသည်။
ရှီဟောင် သူ့နောက်သို့လိုက်သွားလိုက်သည်။ သူ၏ခြေထောက် ဆန့်တန်းထွက်လာပြီးနောက် နတ်ဘုရားများနှင့် နတ်ဆိုးအလောင်းများဖြင့် ပြုလုပ်ထားသည့် အလင်းဒိုင်းကာကို ဖျက်ဆီးပစ်လိုက်သည်။ ဝုန်းဟူသည့်အသံနှင့်အတူ ထိုအလင်းအပိုင်းအစများသည် သူ၏ခန္ဓာကိုယ်ကို ထိမှန်သွားကာ သူလည်း နောက်တစ်ကြိမ်လွင့်ထွက်သွားလေ၏။
“ငါမပြီးသေးဘူး”
ရှီဟောင်ဟစ်ကြွေးလိုက်၏။ သူသည် ကမ္ဘာမြေကို လက်မများအဖြစ်ကျုံ့ခြင်းကို အသုံးပြုကာ အကွာအဝေးကို နီးကပ်စေလိုက်ပြီး တစ်ဖက်လူ၏ လက်ဝါးကို ပေါက်ကွဲစေလိုက်သည်။ ထို့နောက်တွင် သူ၏လက်သီးတစ်ဖက်ဆန့်တန်းသွားကာ ပျက်စီးနေသည့်နတ်သားတော်၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားမတတ်ဖြစ်သွားလေသည်။ သူ၏ရင်ဘတ်ပေါက်ကွဲသွားကာ အရိုးများလည်း ထွက်ငေါထွက်လာလေသည်။
“ငါ့စီနီယာအစ်ကိုနှစ်ယောက်ကို အနိုင်ကျင့်ပြီးတော့ အနိုင်ယူတာက သပ်သပ်ပဲ .. အဲဒါကိုတောင်မှ မင်းက အဲဒီအကြောင်းကို ထပ်ပြောပြီး ငါ့ကို ရန်စသေးတယ် .. ဒါပေမဲ့ တကယ်တမ်းတော့ မင်းကဘာမှထူးခြားနေတဲ့သူမဟုတ်ဘူး”
ဒုန်း..
ဤသည်မှာ ပြင်းထန်သည့်အခြားရိုက်ချက်တစ်ခုပင်။ ရှီဟောင်၏လက်သီးလွင့်ထွက်လာပြီး ကောင်းကင်ထက်တွင် အလင်းများစီးဆင်းသွားကာ ပျက်စီးနေသည့်နတ်သားတော်ကို လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ်ပင် ထွက်နေလေပြီ။
“သတိလက်လွတ်နေမနေနဲ့ .. ပျက်စီးနေတဲ့နတ်တောင်ကြောကလူတွေက အရိုက်ခံရတဲ့နေရာမှာ အတော်ဆုံးပဲ” ချောင်ယုရှန်း အော်ဟစ်လိုက်သည်။ ဤသည်မှာ ရှီဟောင်အား သတိပေးနေခြင်းလား .. တစ်ဖက်လူကို လှောင်ရယ်နေခြင်းလား မသိနိုင်ပေ။
အခြားကျန်သည့်သူများအားလုံးမှာမူ ကြက်သေသေသွားရသည်။
အပိုင်း ၁၀၉၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၉၄ – ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီ
ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. အားလုံးမှာ ကျောက်ရုပ်ကြီးများကဲ့သို့ပင် စစ်မြေပြင်ကို ကြည့်နေကြလေသည်။
“ပျက်စီးနေတဲ့နတ်သားတော်က .. အရိုက်ခံနေတယ်” တစ်စုံတစ်ယောက် ပြောလိုက်သည်။
ဖြစ်ပျက်နေသည့်အရာအားလုံးမှာ ယုံကြည်နိုင်ရန် ခက်ခဲလွန်းလှပြီး အားလုံးကို ထိတ်လန့်သွားစေသည်။ ပြိုင်ဘက်ကင်းသည်ဟု ဒဏ္ဍာရီများထဲတွင် ပြောထားသည့်သူမှာ ယခုအချိန်တွင် အရိုက်ခံနေရလေပြီ။
ပျက်စီးနေသည့်နတ်သားတော်သည် ရှီဟောင်ကို သတ်ရန်အတွက် ကျင့်ကြံခြင်းမှ ထွက်လာကြောင်း လူများစွာ သိထားကြသည်။
သို့သော်လည်း ယခုအချိန်တွင် ဟွမ်သည် ပျက်စီးနေသည့်နတ်သားတော် သွေးမအန်မချင်း လိုက်လံတိုက်ခိုက်နေသည်။
အား..
ပျက်စီးနေသည့်နတ်သားတော်သည် ရုတ်တရက်ပင် ဟစ်ကြွေးလိုက်ပြီး ကောင်းကင်ထက်တွင်လည်း အနက်ရောင်အလင်းများ ဖုံးလွှမ်းသွားသည်။ သူ၏အနားတွင် မရေမတွက်နိုင်သည့် နတ်အလောင်းများ ထွက်ပေါ်လာပြီး နတ်ဆိုးအကြွင်းအကျန်များလည်း ထွက်ပေါ်လာသည်။ ထိုအရာများသည် ကြီးမားလှသည့် ဝဲကတော့ကြီးတစ်ခု ဖြစ်လာလေ၏။
“ဖိနှိပ်ပြီးတော့ သတ်ပစ်..”
ပျက်စီးနေသည့်နတ်သားတော်မှ အော်ဟစ်လိုက်သည်။ လေဟာနယ်ကြီးအက်ကွဲသွားကာ ထိုအနက်ရောင်ဝဲကတော့ပတ်လည်တွင် အနက်ရောင်အက်ကွဲကြောင်းများထွက်ပေါ်လာလေသည်။
ချောင်ယုရှန်း၏သတိပေးချက်မှာ မှန်ကန်လှသည်။ ပျက်စီးနေသည့်နတ်သားတော်သည် ယခုအချိန်တွင် ကျားနာကြီးတစ်ကောင်ကဲ့သို့ပင်ဖြစ်နေပြီး အလွန်အန္တရာယ်များလှသည်။
ထိုအနက်ရောင်ဝဲကတော့ကြီးသည် တွင်းနက်ကြီးကဲ့သို့ပင် ရှီဟောင်ကို ဝန်းရံသွားပြီး သူ့ကိုစုတ်ယူလိုက်လေသည်။
“ဝါးမြိုဖျက်ဆီးပစ်…”
ပျက်စီးနေသည့်နတ်သားတော်၏ခန္ဓာကိုယ်မှာ အရွယ်အစားကြီးမားလာပြီး ဘီလူးတစ်ကောင်အရွယ်အစားဖြစ်လာသည်။ ထို့နောက်တွင် သူ၏လက်ကြီးတစ်ဖက်လွှဲရမ်းလာကာ ဝဲကတော့၏အလယ်သို့ ရိုက်ချလိုက်သည်။
ဝုန်း..
လေဟာနယ်ကြီး အက်ကွဲသွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် လှုပ်ခါသွားရသည်။
ဤနေရာမှာ လုံးဝကို ပျက်စီးသွားလေပြီ။ ရှီဟောင်သည် ဝဲကတော့ထဲမှ လွင့်ထွက်လာကာ သူ၏အဝတ်အစားများလည်း စုတ်ပြတ်သွားကာ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သို့သော်သည် သူ၏ဒဏ်ရာများမှာ ထိုမျှမပြင်းထန်ပေ။ သူသည် ခပ်ဝေးဝေးတွင်ရပ်ကာ ပျက်စီးနေသည့်နတ်သားတော်အား ကြည့်နေလေ၏။
“ဖက်တီးလေးပြောတာ တကယ်မှန်တာပဲ .. မင်းရဲ့အရေက တော်တော်ထူတယ် .. မင်းက အရိုက်ခံတဲ့နေရာမှာ တကယ်တော်တာပဲ” ရှီဟောင် ပြောလိုက်သည်။
ပျက်စီးနေသည့်နတ်သားတော်၏မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး သူ၏နှုတ်ခမ်းထောင့်မှသွေးကို သုတ်လိုက်ကာ ဝံပုလွေတစ်ကောင်ကဲ့သိုပင် ရှီဟောင်အား စိုက်ကြည့်နေလေ၏။
“ဟား ဟား ဟား..” ယခုအချိန်တွင် ဤကဲ့သို့ရယ်နိုင်သည့်သူမှာ ယုန်ဖြူလေးတစ်ယောက်သာ ရှိလိမ့်မည်။ သူမသည် လက်ခုပ်တီးပင်တီးနေလေ၏။
“ငါအစောကြီးကတည်းက မပြောဘူးလား .. အရိုက်ခံရပြီး ရှုံးသွားမှာလို့” သူမအော်ဟစ်လိုက်သည်။
ဘေးပတ်လည်တွင်ရှိနေသည့်သူများမှာ ဘာမှမပြောရဲကြပေ။ အတော်များများ အနောက်ဆုတ်လိုက်ကြသည်။ တိုက်ခိုက်နေသည့်သူများမှာ ပျက်စီးနေသည့်နတ်သားတော်နှင့် နတ်ဆိုးဘုရင်တို့ပင်။
မည်သူအနိုင်ရမည်ကို မသိနိုင်သောကြောင့် မည်သူမျှ လက်လွတ်စပယ်လျှောက်မပြောရဲပေ။ အသက်ရှင်ကျန်ရစ်သည့်သူကို စော်ကားပြောဆိုမိပါက အကျိုးဆက်ကောင်းမည်မဟုတ်ပေ။
“ဟွမ် .. မင်းကငါ့ကို စိတ်တိုအောင်လုပ်လိုက်တာပဲ” ပျက်စီးနေသည့်နတ်သားတော်၏အသံမှာ တိုးလျနေသော်လည်း သူ၏မျက်လုံးများမှာမူ ပို၍ပင် လေးနက်လာကာ အလွန်ပင် ကြောက်စရာကောင်းလှလေသည်။
“မင်းစိတ်တိုတော့ရော ဘာလုပ်ရမှာလဲ .. မင်းဒေါသထပ်မထွက်ရဲအောင်လို့ ငါမင်းကိုရိုက်ပေးမယ် .. မင်းရဲ့ဒေါသတွေ မင်းရဲ့အနာဂတ်တွေကို မေ့လိုက်တော့ ဘာလို့လဲဆိုတော့ မင်းအဲဒီအကြောင်းတွေကို စဉ်းစားဖို့အခွင့်အရေးရှိတော့မှာ မဟုတ်လို့ပဲ” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဟား ဟား ဟား..” ပျက်စီးနေသည့်နတ်သားတော်သည် ကျယ်လောင်စွာပင် ရယ်မောလိုက်ပြီး တည်ငြိမ်နေဆဲပင်။ သူ၏နားထင်စပ်တွင် ဆံပင်ဖြူများပေါ်လာသော်လည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။
ဤသည်မှာ အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်။ အခြားသူများသာဆိုလျှင် ပြန်လည်ဝင်စားခြင်းပညာဖြင့် တိုက်ခိုက်ခံလိုက်ရသည်နှင့် ချက်ချင်းပင် အိုစာသွားမည်ဖြစ်သည်။ သို့သော်လည်း ပျက်စီးနေသည့်နတ်သားတော်၏ခန္ဓာကိုယ်မှာ ဤဖြစ်စဉ်ကို ခုခံလိုက်နိုင်လေသည်။
ဤသည်မှာလည်း သူ၏အတော်လေး စွမ်းအားကြီးနေသောကြောင့်ပင်။
ဖုန်း..
ပျက်စီးနေသည့်နတ်သားတော် သူ၏အတောင်ပံများကို လှုပ်ရှားလိုက်သည်နှင့် လောကကြီးကို တုန်လှုပ်စေသည့် နတ်ဆိုးအလင်းထွက်ပေါ်လာလေ၏။
သူ၏ကျောဘက်တွင် အဖြူရောင်နှင့် အနက်ရောင် အတောင်ပံတစ်စုံပေါ်လာပြီး အလွန်ပင် ထူးဆန်းကြလေသည်။ သူထိုအတောင်ပံများကို သင်္ချိုင်းမြို့တွင် ပထမဆုံးတွေ့သည့်အချိန်တွင် သူအတော်လေး အထင်ကြီးခဲ့သေးသည်။
ပျက်စီးနေသည့်နတ်သားတော်သည် နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်နေလေပြီ။ ဤသည်မှာ မွေးရာပါနတ်အတောင်ပံများဖြစ်ပြီး အလွန်ပင် ကြောက်စရာကောင်းသည့်စွမ်းအားများပါဝင်လေသည်။
အဖြူရောင်နှင့် အနက်ရောင်၊ ယင်နှင့်ယန်စွမ်းအင်များ ထွက်ပေါ်လာလေ၏။ ထိုစွမ်းအင်များသည် ဖြည်းညှင်းစွာပင် လည်ပတ်နေပြီး ချက်ချင်းပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖရိုဖရဲဖြစ်သွားစေလေ၏။ ဤသည်မှာ ဘေးပတ်လည်မှ ကျင့်ကြံသူများအားလုံး၏ အမူအရာကို ပြောင်းလဲသွားစေလေ၏။
ဤစွမ်းအင်များမှာ ပျက်စီးနေသည့်နတ်သားတော်၏ မွေးရာပါနတ်စွမ်းအင်ဖြစ်သလို သူ၏လမ်းကြောင်းလည်းဖြစ်သည်။
“ငါဘာလို့ လှုပ်လို့မရတာလဲ .. ဒီလောက်ဝေးနေတာတောင်မှ အကျိုးသက်ရောက်မှုရှိနေတုန်းပဲလား..”
ခပ်ဝေးဝေးတွင်ရှိနေသည့်သူများအားလုံး ကြောက်လန့်သွားရသည်။ ယင်နှင့်ယန်စွမ်းအင်များသည် လေထဲတွင်ပျံ့လွင့်နေလေသည်။
ကောင်းကင်ထက်တွင်ရှိနေသည့် ကျင့်ကြံသူအချို့ အောက်ပြုတ်ကျလာလေ၏။ သူတို့၏ ကိုယ်ပိုင်စွမ်းအင်အုတ်မြစ်ကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေသည်ကို သူတို့တွေ့လိုက်ရသည်။ ထို့ကြောင့်ပင် သူတို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။
ဤစွမ်းအင်များကြောင့် ပျက်စီးနေသည့်နတ်သားတော်ကို ကြောက်စရာကောင်းသည်ဟု ပြောကြခြင်းပင်။ သူသည် ယင်နှင့်ယန်စွမ်းအင်ကို ထိန်းချုပ်ပြီး လောကကြီး၏သဘာဝဥပဒေသများကို ထိခိုက်နိုင်သောကြောင့်ပင်။ ဤလောကကြီးတစ်ခုလုံးမှာ သူ၏စွမ်းအားများထဲတွင် ပိတ်မိသွားသလိုပင်။
“သတ်…”
ပျက်စီးနေသည့်နတ်သားတော်သည် နတ်ဆိုးအလင်းတန်းလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ဦးတည်သွားလိုက်သည်။ သူ၏အတောင်ပံကို လှုပ်ရှားလိုက်သည်နှင့် လေဟာနယ်ကြီး ချိုင့်ဝင်သွားကာ ကမ္ဘာမြေကြီးလည်း အက်ကွဲသွားသည်။ တောင်ထိပ်များပြိုကျလာပြီး ဖုန်မှုန့်များမှာ ကောင်းကင်ထက်သို့တက်လာလေသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
ထို့အပြင် အော်သံအချို့နှင့်အတူ လူအချို့သည်လည်း သစ်ရွက်ကြွေများကဲ့သို့ပင် ကောင်းကင်ထက်မှ ပြုတ်ကျလာလေ၏။
ရှီဟောင်၏အမူအရာ လေးနက်သွားသည်။ သူ၏အတောင်ပံများနှင့်အတူ အခြားအဖိုးတန်ပညာများလည်း ထွက်ပေါ်လာလေ၏။ အရိုးစာသားများ ရောယှက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဝုန်း..
ကျွမ်းကျင်သူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သဲကြီးမဲကြီးပင် တိုက်ခိုက်နေသောကြောင့် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီး ဤနေရာတစ်ခုကို ဖျက်ဆီးနေလေသည်။
သူတို့နှစ်ဦးသည် လျင်မြန်လွန်းလှကာ သူတို့၏ နတ်စွမ်းရည်များအားလုံးကို အသုံးပြုနေလေသည်။
ဖုန်း..
ရှီဟောင်၏ ကောင်းကင်အတိဒုက္ခအလင်းတောက်ပလာကာ လက်ဝါးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ဖက်လူ၏အတောင်ပံပေါ်သို့ ရိုက်ချလိုက်သည်။
သို့သော်လည်း ထိုအနက်ရောင်နှင့်အဖြူရောင်အတောင်ပံများမှ ယင်နှင့်ယန်စွမ်းအင်ထွက်ပေါ်လာပြီး ထိုလက်ဝါးကို ချေဖျက်လိုက်လေသည်။ ပျက်စီးနေသည့်နတ်သားတော်သည် သူ၏စွမ်းအားများကို အသုံးပြုနေလေပြီ။
ဝုန်း…
သူတို့နှစ်ဦး ဆက်လက်တိုက်ခိုက်နေကြလေသည်။ ပြန်လည်ဝင်စားခြင်းသင်္ကေတများ ပျက်စီးနေသည့်နတ်သားတော်၏ပုခုံးပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာတွင်ရှိနေသည့် အရေပြားသည် လျင်မြန်စွာပင် အသက်အရွယ်ကြီးရင့်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့တော့မည်။
ထိုအတောင်ပံများမှာ ယင်နှင့်ယန်စွမ်းအင်များ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ ပြန်လည်ဝင်စားခြင်းသင်္ကေတများကို ခုခံလိုက်လေသည်။
ဖုန်း..
နောက်ဆုံးတွင်တော့ ပျက်စီးနေသည့်နတ်ဘုရားတံဆိပ်ကို မြည်စမ်းကြည့်လိုက်ရသည်။ ထိုမှော်တံဆိပ်သည် သူ၏ခန္ဓာကိုယ်ကို လာရောက်ရိုက်ခတ်သွားလေသည်။ သူသည် နတ်စွမ်းအင်များကို အသုံးပြုကာ ထိုတံဆိပ်ကို ချေဖျက်ရန် ကြိုးစားသော်လည်း သူ၏နှုတ်ခမ်းထောင့်မှ သွေးများထွက်လာနေဆဲပင်။
ဤအရာများအားလုံးမှာ ပိုးစုန်းကြူးကောင် မီးတစ်ကြိမ်လင်းသွားလောက်သည့် အချိန်တိုအတွင်းတွင် ဖြစ်သွားခြင်းပင်။ နှစ်ဘက်လုံးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြခြင်းပင်။
ရှီဟောင်သည် သူ၏ဒဏ်ရာများကို အနည်းငယ်မျှပင် ဂရုစိုက်သည့်ပုံမပေါ်ပေ။ ထိုအစား သူ၏မျက်လုံးများတောက်ပလာကာ စိတ်လှုပ်ရှားမှုအနည်းငယ်ပင် ရှိနေလေသည်။ ပျက်စီးနေသည့်နတ်သားတော်နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ ရှေးဟောင်းလူထူးဆန်းဟုခေါ်သည့် ထိုလူများ၏ ခွန်အားကို သိချင်သောကြောင့်ပင်။
ပျက်စီးနေသည့်နတ်သားတော်မှာ သူ့အားစိတ်မပျက်စေခဲ့ပေ။ သူ့အားသွေးအန်သွားအောင်လုပ်နိုင်သည်။ ထင်ထားသည့်အတိုင်းပင် သူသည် ကြောက်စရာကောင်းသည့် ပြိုင်ဘက်တစ်ယောက်ပင်။
သူဤလူကို မုန်းသော်လည်း ဤလူသည် ထိတ်လန့်စရာကောင်းသည့်ပညာများရှိနေသည့် စွမ်းအားကြီးသည့် ရန်သူတစ်ယောက်ဖြစ်သည်ကိုတော့ သူဝန်ခံသည်။
ဖုန်း..
ပျက်စီးနေသည့်နတ်သားတော်၏ အဖြူအမဲအတောင်ပံနှင့် ရှီဟောင်၏ခွန်ပန်အတောင်ပံတို့ ထိခတ်သွားသည်နှင့် မီးတောက်များထွက်ပေါ်လာကာ သင်္ကေတများလည်း ထွက်ပေါ်လာသည်။
သူတို့နှစ်ဦး၏တိုက်ပွဲမှာ မြေပြင်နှင့်နီးကပ်လာသည့်အချိန်တွင် တောင်ထိပ်များ ပေါက်ကွဲသွားလေသည်။
ဖူး…
တစ်ချိန်တည်းမှာပင် ရှီဟောင်၏ခြေထောက်သည် ပျက်စီးနေသည့်နတ်သားတော်၏ တင်ပါးဆုံရိုးကို ဖြတ်ကန်လိုက်လေသည်။
ထို့နောက်တွင် သင်္ကေတများ ရောယှက်သွားပြီး သူတို့နှစ်ဦးကြားတွင် အလင်းမိုးရွာသွန်းလာကာ သူတို့နှစ်ယောက် လူချင်းကွဲသွားသည်။
ဝုန်းဟူသည့်အသံနှင့်အတူ ပျက်စီးနေသည့်နတ်သားတော်၏အတောင်ပံများမှ အဖြူရောင်နှင့်အနက်ရောင်အလင်းများထွက်ပေါ်လာသည်။ သူသည် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်ကာ သူ၏ဆံပင်များလည်း ထောင်ထာလာကာ ကြောက်စရာကောင်းသည့်အော်ရာများလည်း အပြင်ဘက်သို့ပျံ့လွင့်ထွက်လာသည်။
လောကကြီးမှာ ချက်ချင်းပင် အဖြူရောင်နှင့်အနက်ရောင်ကမ္ဘာအဖြစ် နှစ်ပိုင်းကွဲသွားသလိုပင်။
“အလင်းအမှောင်အတောင်ပံ…”
ထိုစကားလုံးများမှာ နတ်ဆိုးရေရွတ်သံကဲ့သို့ပင် အားလုံး၏အသိစိတ်ထဲသို့ ဝင်ရောက်လာလေသည်။ လေဟာနယ်မှာ ချက်ချင်းပင် ပြောင်းလဲသွားလေ၏။ ယင်နှင့်ယန်စွမ်းအင်သာမက အမှောင်ထုနှင့် အလင်းတန်းများလည်း ထွက်ပေါ်လာသည်။
ပျက်စီးနေသည့်နတ်သားတော်သည် ရှီဟောင်ကိုဖိနှိပ်ရန်အတွက် ဤပညာကို ထုတ်ပြလိုက်ခြင်းပင်။
ဝုန်း..
ရှီဟောင်လည်း ခွန်ပန်ပညာကို အဆုံးစွန်ထိအသုံးပြုလိုက်သည်။ သူ၏ညာလက်တွင် ရွှေရောင်အလင်းများတောက်ပလာပြီး ပန်ပေါ်လာသည်။ သူ၏ဘယ်လက်မှာမူ မင်ကဲ့သို့ မည်းနက်နေပြီး ခွန်ပေါ်လာလေသည်။ သူ၏လက်နှစ်ဘက်လုံး လှုပ်ရှားသွားကာ ယင်နှင့်ယန်များပေါင်းစည်းသွားလေသည်။ လေထဲတွင် မူလဖရိုဖရဲမြူများလည်း ထွက်ပေါ်လာလေသည်။
ဖရိုဖရဲမြူများသည် ပျက်စီးနေသည့်နတ်သားတော်ထံသို့ ပေါက်ကွဲထွက်သွားလေသည်။
ဟက်…
ပျက်စီးနေသည့်နတ်သားတော်သည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ပြီး ထိတ်လန့်သည့်အမူအရာဖြစ်သွားလေသည်။ ဤယင်နှင့်ယန်မှာ သူကျွမ်းကျင်သည့်နယ်ပယ်ဖြစ်ပြီး ရှီဟောင်အား အံ့အားသင့်သွားအောင် လုပ်မည်ဟု စဉ်းစားထားသော်လည်း တစ်ဖက်လူလည်း ဤစွမ်းအင်များကို သုံးနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ဖုန်း..
သူ၏အနက်ရောင်နှင့်အဖြူရောင် ကမ္ဘာများ လွင့်ပြယ်သွားကာ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာလေသည်။ ဤတိုက်ခိုက်မှုတွင် ကြောက်စရာကောင်းသည့်အလင်းတန်းများလည်း ပါဝင်နေပြီး ရှီဟောင်ထံသို့ ဦးတည်လိုက်လေသည်။
ဖူး..
သူတို့နှစ်ဦးသည် တစ်ပြိုင်တည်းလိုလိုပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး သူတို့၏ခန္ဓာကိုယ်မှ သွေးများလွင့်စင်ထွက်လာကာ သူတို့လည်း အနောက်ဘက်သို့ လွင့်ထွက်သွားလေ၏။
နေရာတိုင်းတွင် ဖရိုဖရဲစွမ်းအင်များနှင့် သင်္ကေတများ ထွက်ပေါ်လာလေ၏။ သူတို့၏လက်သီးနှင့် လက်ဝါးများသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားကာ သူတို့ပါးစပ်မှ သွေးများအန်ထွက်လာသည်။
“မင်းမှာ တစ်ခြားနတ်စွမ်းရည်တွေ ရှိသေးလား .. မြန်မြန်ထုတ်သုံးလိုက်တော့” ရှီဟောင် ပြောလိုက်သည်။ သူသည် တစ်ဖက်လူကို တောက်ပသည့်မျက်လုံးများဖြင့် ကြည့်နေလေသည်။
ပျက်စီးနေသည့်နတ်သားတော်၏ မျက်လုံးများမှေးကျဉ်းသွားရသည်။ တစ်ဖက်လူ၏မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများကို သူမြင်လိုက်ရသည်။ ထိုအရာများမှာ အတုအယောင်မဟုတ်ပဲ သူ့ကို သားကောင်တစ်ကောင်ကဲ့သို့သဘောထားပြီး တကယ်ပင် ပျော်ရွှင်နေခြင်းပင်။
“သတ်…”
ပျက်စီးနေသည့်နတ်သားတော်သည် ဒေါသတကြီးပင် အော်ဟစ်လိုက်ပြီးနောက် သူ၏အဖိုးတန်ပညာတစ်ခုကို ထုတ်သုံးလိုက်သည်။
“ပြန်လည်ပြုပြင်ခြင်းပညာ .. ဒါကတကယ်ကို လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ ပြန်လည်ပြုပြင်ခြင်းနည်းလမ်းပဲ” အားလုံးအလွန်ပင် တုန်လှုပ်သွားရသည်။ ဤသည်မှာ ပျောက်ဆုံးနေသည့် နတ်စွမ်းရည်တစ်ခုပင်။
သူသည်လေဟာနယ်ကို မီးဖိုတစ်ခုအဖြစ် ပြောင်းလဲလိုက်ကာ ရှီဟောင်ကို ထိုမီးဖိုထဲတွင် ဖိနှပ်ပြီး လောင်ကျွမ်းစေရန် ပြုလုပ်လိုက်သည်။
သို့သော်လည်း ပျက်စီးနေသည့်နတ်သားတော် ရှုံးနိမ့်သွားခဲ့သည်။ ရှီဟောင်သည် လေဟာနယ်မီးဖိုထဲမှ တရှိန်ထိုး ပြေးထွက်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်ကာ ကောင်းကင်ကြီးပြိုကျပြီး ကမ္ဘာမြေကြီး အက်ကွဲသွားအောင် လုပ်လိုက်သည်။
သူဘာကြောင့်ထွက်လာနိုင်သလဲဆိုသည်ကို ချင်းရိတို့သာ နားလည်သည်။ ရှီဟောင်ထွက်လာနိုင်ခြင်းမှာ သူသည် လောကကြီးကို မီးဖိုအဖြစ်အသုံးပြုကာ တာအိုသုံးထောင်မီးတောက်ကို သူ၏ခန္ဓာကိုယ်အား တောက်လောင်ထားစေသောကြောင့်ပင်။
အခြားသူများသာဆိုလျှင် သေချာပေါက် သေသွားမည်ပင်။ အခြားရှေးဟောင်းလူထူးဆန်းဆိုလျှင်ပင် ဤတိုက်ခိုက်မှုကို ခုခံနိုင်ရန် ခက်ခဲလိမ့်မည်။
“လေဟာနယ်ပြန်လည်လာခြင်းပညာ” ပျက်စီးနေသည့်နတ်သားတော်မှ နောက်တစ်ကြိမ်ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သင်္ကေတများထွက်ပေါ်လာကာ အခြားသူများကို ထပ်မံထိတ်လန့်သွားစေလေသည်။ ဤသည်မှာလည်း ပျောက်ဆုံးနေသည့်အခြားနတ်စွမ်းရည်တစ်ခုပင်။
ဤပညာမှာ ပျက်စီးနေသည့်နတ်တောင်ကြောမှ ပိုင်ဆိုင်ထားသည့်ပညာတစ်ခု မဟုတ်ပေ။ သူဤပညာများကို မည်သို့ရခဲ့မှန်း မသိနိုင်ပေ။
လေဟာနယ်ပြန်လည်လာခြင်းပညာသည် လူတစ်ယောက်၏အသွေးအသားကို ဘာမှမရှိတော့အောင် လုပ်နိုင်လေသည်။ သူသည် ထိတွေ့နိုင်သည့်အရာအားလုံးကို လုံးဝပျောက်ကွယ်သွားအောင် လုပ်နိုင်လေသည်။
ရှီဟောင်၏ ကောင်းကင်လမ်းကြောင်း ပေါ်ထွက်လာကာ မိုးခြိမ်းသံများလည်း ထွက်ပေါ်လာလေ၏။ လျှပ်စီးအလင်းတန်းများ ရစ်သိုင်းနေသည့် ထာဝရစွမ်းအင်တစ်ကြောင်း ထွက်ပေါ်လာကာ ပျက်စီးနေသည့်နတ်သားတော်ထံသို့ ကျရောက်သွားလေသည်။
အပိုင်း ၁၀၉၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၉၄ ( ၂ )
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ အရှိန်အမြင့်ဆုံးသို့ ရောက်လာလေပြီ။
ကြည့်ရှုနေကြသည့်သူအားလုံး ထိတ်လန့်သွားရသည်။ သူတို့၏ပညာများမှာ မကုန်မခမ်းနိုင်အောင်ပင်။ အထူးသဖြင့် ပျက်စီးနေသည့်နတ်သားတော်ပင်။ သူသည် ရှားပါးလှသည့် လျှို့ဝှက်လေးငါးခုကို ပြသပြီးလေပြီ။
အားလုံးမှာ ဟွမ်၏ပညာကို အစောကြီးကတည်းက သိနေပြီးသားဖြစ်သော်လည်း ပျက်စီးနေသည့်နတ်သားတော်မှာမူ ထူးဆန်းသည့်သူပင်။
“ရှေးဟောင်းဘုရင် ဖြစ်ထိုက်ပါပေတယ် .. အရမ်းကို ကြောက်စရာကောင်းတာပဲ” ပျက်စီးနေသည့်နတ်သားတော်ကို မုန်းနေသည့် ယုန်ဖြူလေးပင်လျှင် ဤလူစွမ်းအားကြီးသည်ကို ဝန်ခံနေလေသည်။
သူတို့နှစ်ဦးသည် အချက်ရေနှစ်ထောင်ကျော် တိုက်ခိုက်ပြီးသွားလေပြီ။ ရှီဟောင်သည်လည်း ရူးသွပ်မတတ်ကို တိုက်ခိုက်နေလေသည်။ သူ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။ “မင်းမှာ တစ်ခြားပညာတွေ ရှိသေးလား”
ပျက်စီးနေသည့်နတ်သားတော်၏မျက်လုံးများမှာ အလွန်ပင် လေးနက်နေလေပြီ။ ဤအချိန်ထိ တိုက်ခိုက်နေရခြင်းမှာ သူမျှော်လင့်ထားသည်ထက် ပိုနေလေပြီ။ ထာဝရစွမ်းအင်တစ်ကြောင်းကို ကျင့်ကြံပြီးသည့်နောက်တွင် သူသည် ပြိုင်ဘက်ကင်းဖြစ်ရမည်ဆိုသော်လည်း ယခုအချိန်တွင် သွေးထွက်အောင် တိုက်ခိုက်နေရသည်။
“မင်းမှာ တစ်ခြားပညာတွေ မရှိတော့ဘူးဆိုရင်လည်း ဒါကိုအဆုံးသတ်ကြတာပေါ့” ရှီဟောင် အော်ပြောလိုက်သည်။
ရှီဟောင်သည် သွေးတစ်ပွက် အန်ထုတ်လိုက်ကာ သူ၏နတ်ခွန်အားကို အသက်သွင်းလိုက်သည်။ ခွန်ပန်အတောင်ပံများ လှုပ်ရှားလာကာ တစ်ချိန်တည်းမှာပင် သူ၏မွေးရာပါနတ်စွမ်းရည်များလည်း ထွက်ပေါ်လာသည်။ ကောင်းကင်အတိဒုက္ခအလင်း၊ ပြန်လည်ဝင်စားခြင်းနှင့် အစောပိုင်းအဆင့်သာရှိသေးသည့်တတိယမြောက် ထူးဆန်းသည့်သင်္ကေတတို့ ထွက်ပေါ်လာကာ သူ၏စွမ်းအားလည်း ချက်ချင်းပင် ထိုးတက်သွားသည်။
ဝုန်း..
ရှီဟောင်သည် သူ၏အတောင်ပံများကို လှုပ်ခတ်လိုက်ကာ ပျက်စီးနေသည့်နတ်သားတော်ထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ သူဤတိုက်ပွဲကို အဆုံးသတ်တော့မည်။
ဤနေရာတွင် ဘာမှမမြင်ရတော့ပဲ နေရာတိုင်းတွင် သင်္ကေတများသာရှိတော့သည်။ သူတို့နှစ်ဦးသည် သဲကြီးမဲကြီးပင် တိုက်ခိုက်နေကြတော့သည်။
နောက်ဆုံးတွင် သွေးတန်းတစ်ခု ထွက်ပေါ်လာပြီး ရှီဟောင်လေထဲသို့ မြှောက်တက်သွားကာ အပြင်ဘက်သို့ ပြန်ဆုတ်လာလေ၏။ မူလက သူရှိနေခဲ့သည့်နေရာတွင် ပျက်စီးနေသည့်နတ်သားတော်သည် အပိုင်းပိုင်းဖြစ်နေပြီး ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးလည်း သွေးများစွန်းထင်းနေလေပြီ။
“ဘာ .. ဒီလိုမျိုးအဆုံးသတ်သွားတာလား .. ပျက်စီးနေသည့်နတ်သားတော်ရှုံးသွားတာလား..”
“ကောင်းလိုက်တာ .. နောက်ဆုံးတော့ ငါတို့နိုင်သွားပြီ” ယုန်ဖြူလေး ဟစ်ကြွေးလိုက်သည်။ ချင်းရိတို့သည်လည်း ယခုမှပင် သက်မချနိုင်တော့သည်။
ရှီဟောင်သည် ထိုအလောင်းကို ကြည့်လိုက်ကာ “ဘာလို့လူသားပုံစံဖြစ်နေတာပဲ .. ဒါမဖြစ်သင့်ဘူးလေ”
ရုတ်တရက်ပင် သွေးအလင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် ဖီးနှစ်အော်သံများ ထွက်ပေါ်လာလေ၏။ တောက်ပနေသည့် သင်္ကေတတစ်တန်း ထွက်ပေါ်လာကာ ရှီဟောင်၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားလေသည်။
“ဘာကြီးလဲ .. ဒါက မသေမျိုးငှက် ဖီးနှစ်အစစ်ပဲ..”
စစ်မြေပြင်အပြင်ဘက်တွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားရသည်။
ပျက်စီးနေသည့်နတ်သားတော်၏သွေးများတောက်ပလာကာ နတ်ဓားသွားကို ပါးစပ်တွင် ကိုက်ချီထားသည့် ဖီးနှစ်အစစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုဖီးနှစ်ငှက်သည် ရှီဟောင်၏ခန္ဓာကိုယ်အား ပိုင်းဖြတ်ရန်အတွက် တရှိန်ထိုး ပြေးလာလေ၏။
နည်းနည်းလေးသာ ထပ်နီးသွားလျှင် ရှီဟောင်၏မျက်ခုံးကို ဖြတ်ပြီးသွားလောက်လေပြီ။ သူသည် နတ်ပညာများကို အသုံးပြုကာ သူ့ကို တိုက်ခိုက်လိုက်သည့်ဖီးနှစ်ငှက် လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
ရှီဟောင်သည် နှစ်ပိုင်းပြတ်မလိုပင် ဖြစ်သွားသည်။ သို့သော်လည်း သူ၏မျက်ခုံးအောက်မှ အရာအားလုံးဖြတ်တောက်ခံလိုက်ရလေသည်။
“ရှီဟောင် .. နင်အဆင်ပြေရဲ့လား”
ယုန်ဖြူလေး၊ ချောင်ယုရှန်းနှင့် ချင်းရိတို့ ထိတ်လန့်တကြားဖြစ်သွားရသည်။
ရှီဟောင် အနောက်ဆုတ်သွားရ၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်နှစ်ပိုင်းသည် လျင်မြန်စွာပင် ပြန်ပေါင်းသွားပြီး သွေးများလည်း ပြောင်းပြန်စီးဆင်းသွားလေသည်။ ထာဝရစွမ်းအင်တစ်ကြောင်းလည်း သူ့အနားတွင် ထွက်ပေါ်လာကာ ဒဏ်ရာရသွားသည့်သူ၏ခန္ဓာကိုယ်ကို ကုသပေးနေလေသည်။
အခြားတစ်ဖက်တွင်မူ ပျက်စီးနေသည့်နတ်သားတော်၏ ပျက်စီးသွားသည့်ခန္ဓာကိုယ်လည်း ပြန်လည်ပေါင်းစည်းသွားလေသည်။ ထိုသွေးရောင်အလင်းလည်း သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူ၏လက်ထဲတွင် ရောင်စုံဓားမြောင်တစ်ချောင်းရှိနေသည်။ ထိုဓားသည် တောက်ပလှကာ လေဟာနယ်ကိုပင် အလွယ်တကူ ထိုးဖောက်နိုင်လေသည်။
“သူက ဖီးနှစ်အစစ်ရဲ့ နတ်စွမ်းရည်ကို တကယ်ရထားတာပဲ .. မသေမျိုးခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းနိုင်တယ်” ချောင်ယုရှန်း၏အမူအရာ ပြောင်းလဲသွားသည်။
ဤသည်မှာ သေချာပေါက် ထိတ်လန့်စရာကောင်းသည့် အရာတစ်ခုပင်။ မသေမျိုးခန္ဓာကိုယ်မှာ အားလုံးကို ထိတ်လန့်သွားစေမည်သာ။
ပျက်စီးနေသည့်နတ်သားတော်၏ မျက်နှာပျက်နေလေသည်။ အသက်တစ်ခုအတွက် အသက်တစ်ခုပေးဆပ်ရမည်ကို သူစိတ်ထဲမထားပေ။ ရှီဟောင်ကိုသတ်နိုင်ရန်အတွက် သူ၏ခန္ဓာကိုယ်ကို တစ်ခါအသတ်ခံနိုင်သည်။ သို့သော်လည်း နောက်ဆုံးတွင် သူကျရှုံးခဲ့ရသည်။ ဤသည်မှာ ဆိုးရွားလွန်းလှသည်။
သူသည် ဤပညာကိုအသုံးပြုကာ သရဖူသုံးခုဘုရင်ကို သတ်ခဲ့ခြင်းပင်။
သို့သော် ယခုအချိန်တွင်တော့ သူ့ထက်ငယ်သည့်သူပင် ဤတိုက်ခိုက်မှုကို ရှောင်ရှားလိုက်နိုင်သည်။
“ကောင်းတယ် ကောင်းတယ် .. ငါမင်းကို အထင်သေးမိတာပဲ .. မင်းငါ့ကို ကံဆိုးမိုးမှောင်ကျအောင် လုပ်နိုင်တော့မလို့ပဲ .. ဒါပေမဲ့ အခု မင်းမှာ ဘာအခွင့်အရေးမှမရှိတော့ဘူး .. မင်းမှာ မသေမျိုးခန္ဓာကိုယ်ရှိရင်တောင် မလုံလောက်ဘူး” ရှီဟောင်ပြောလိုက်သည်။
“သတ်..”
ရှီဟောင်သည် နတ်စွမ်းရည်မျိုးစုံကို အသုံးပြုလိုက်သည်။ သူ၏အနောက်ဘက်တွင် ခွန်ပန်အတောင်ပံထွက်ပေါ်လာပြီး အရှေ့ဘက်တွင် လျှပ်စီးများဖြစ်ပေါ်လာသည်။ သူ၏ဘယ်လက်တွင် ကောင်းကင်အတိဒုက္ခအလင်းနှင့် သူ၏ညာဘက်လက်တွင် ပြန်လည်ဝင်စားခြင်းရှိနေသည်။ သူ၏ခန္ဓာကိုယ်၏ တတိယမြောက် နတ်စွမ်းရည်လည်း ထွက်ပေါ်လာလေသည်။
ဤတိုက်ပွဲကြီးမှာ ကြောက်စရာကောင်းလွန်းလှသည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေသည်။
ရှီဟောင်ပြောသလိုပင်။ ပျက်စီးနေသည့်နတ်သားတော်သည် အလွန်စွမ်းအားကြီးသော်လည်း အသတ်ခံနေရဆဲပင်။ သူသည် မသေမျိုးဖီးနှစ်၏ အဖိုးတန်ပညာကိုအသုံးပြုကာ ပြန်လည်ရှင်သန်လာသည့်အချိန်တိုင်းတွင် ရှီဟောင်သည် သူ့အားနောက်တစ်ကြိမ် ပြန်သတ်နေလေသည်။
မသေနိုင်သည့်လူမရှိပေ။ စွမ်းအင်အများအပြားကို အသုံးပြုကာ ပြန်လည်ရှင်သန်လာအောင် လုပ်ခြင်းပင်။
အကြိမ်ပေါင်းများစွာ သတ်ပြီးသည့်နောက်တွင် ရှီဟောင်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကာ ပျက်စီးနေသည့်နတ်သားတော်၏ မျက်ခုံးကြားကို ထိုးဖောက်လိုက်ကာ သူ၏မူလဝိဉာဉ်ကို ဖမ်းဆီးလိုက်သည်။
“အား..” ပျက်စီးနေသည့်နတ်သားတော်သည် ဒေါသတကြီးပင် ဟစ်ကြွေးလိုက်သည်။ သူအရှုံးမပေးနိုင်။ အရာအားလုံးကို ဖျက်ဆီးပစ်ရန်အတွက် သူတတ်နိုင်သမျှခုခံလိုက်သည်။
ဖူး..
နောက်ဆုံးတွင် ရှီဟောင်သည် လက်သီးချက်တစ်ချက်တည်းဖြင့် သူ၏မူလဝိဉာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။
မူလဝိဉာဉ်အစိတ်အပိုင်းများမှာ နေရာတိုင်းတွင် ပျံ့ကြဲသွားလေသည်။ ထိုရောင်စုံဓားမြောင်လေးသည် လေဟာနယ်ကို ထိုးခွဲလိုက်ကာ မူလဝိဉာဉ်အပိုင်းအစများကို သူနှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ရန် လုပ်နေလေသည်။
ရှီဟောင်သည် ထာဝရတည်ရှိနေမည့်ထာဝရဓားကို ထုတ်လိုက်ကာ ထိုဓားမြှောင်ကို ခုတ်ချလိုက်သကဲ့သို့ ထိုမူလဝိဉာဉ်အပိုင်းအစများကိုလည်း ပြန်ဆွဲယူလိုက်သည်။
“ငါလည်း ထာဝရစွမ်းအင်ကျင့်ကြံထားတာ .. ပြီးတော့ သူ့ထက်တောင်မှ တစ်ခေတ်စောနေတာကို .. ငါဘာလို့ရှုံးသွားရတာလဲ .. ငါကဘာလို့သူ့ပြိုင်ဘက်မဖြစ်နိုင်ရတာလဲ” ပျက်စီးနေသည့်နတ်သားတော်သည် ဤရလဒ်ကို လက်မခံနိုင် ဖြစ်နေသည်။
“ငါအဲဒီအဆင့်တက်တုန်းက ထူးဆန်းတဲ့အဖြစ်အပျက်ကို မကြုံခဲ့ရလို့များလား .. အဲဒါက အရမ်းလွယ်လွန်းသွားလို့လား” ပျက်စီးနေသည့်နတ်သားတော်ပြန်စဉ်းစားလိုက်သည်။
“မင်းအဲဒီအဆင့်ကို တက်တုန်းက ထူးဆန်းတဲ့အဖြစ်အပျက်ကို မကြုံခဲ့ရဘူးလား” ရှီဟောင်ထိတ်လန့်သွားရသည်။ သူကောင်းကင်ကြီးကို ကျိန်ဆဲလိုက်ချင်သည်။ ဤသည်မှာ မတရားလွန်းလှသည်။
“ဘာ .. မင်းအဲဒီအဆင့်ကို ဖြတ်တုန်းက ထူးဆန်းတဲ့အဖြစ်အပျက်ကို ကြုံရတာလား” ပျက်စီးနေသည့်နတ်သားတော်လည်း ထိတ်လန့်သွားရသည်။
“ငါနားလည်ပြီ” ရုတ်တရက်ပင် ရှီဟောင်သဘောပေါက်သွားရသည်။ ဤသည်မှာ သူထိုအနက်ရောင်သင်္ဘောကြီးပေါ်သို့ တက်သွားပြီး ပြောင်းလဲမှုများ ပြုလုပ်ခဲ့သောကြောင့်ပင်။
“မင်းဘာနားလည်တာလဲ” ပျက်စီးနေသည့်နတ်သားတော်မေးလိုက်သည်။
“မင်းအဲဒီနောက်ဆုံးအဆင့်ကို အောင်မြင်သွားတာ ငါ့ကိုကျေးဇူးတင်သင့်တယ်” ရှီဟောင်ပြောလိုက်သည်။
“ဘာလို့လဲ” ပျက်စီးနေသည့်နတ်သားတော် တုန်လှုပ်သွားရသည်။
“ဘာလို့လဲဆိုတော့ အဲဒီထူးဆန်းတဲ့အဖြစ်အပျက်တွေကို ငါမောင်းထုတ်လိုက်လို့လေ” ရှီဟောင်သည် တောက်ပစွာပင် ပြုံးနေလေသည်။
ပျက်စီးနေသည့်နတ်သားတော်သည် ဤလူ၏မျက်နှာကို သူ၏ပျက်စီးနေသည့်နတ်တံဆိပ်ဖြင့် မပေါက်ကွဲမချင်း ရိုက်နှက်ပစ်လိုက်ချင်သည်။ ဤရန်သူသည် သူ့ထက်ငယ်ရွယ်ပြီး မုန်းစရာကောင်းလှသည်။
“ယုံမယုံကတော့ မင်းသဘောပဲ .. ငါအနက်ရောင်သင်္ဘောပေါ်ကို တက်ပြီးတော့ အဲဒီထူးဆန်းတဲ့အဖြစ်အပျက်တွေရဲ့ အဓိကတရားခံကို သူ့နေရာရောက်သွားအောင် မောင်းထုတ်ခဲ့တာ .. အမှန်တရားတွေ အများကြီးကို ငါမြင်ခဲ့ရတယ်” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
ပျက်စီးနေသည့်နတ်သားတော်သည် ဤသည်ကို မယုံကြည်ချင်သော်လည်း ဤလူသည် ထိုထူးဆန်းသည့်အဖြစ်အပျက်များကို မောင်းထုတ်ခဲ့ခြင်းဖြစ်သည်ကိုတော့ သူသိသည်။ အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းသည့်အဖြစ်အပျက်မှာ ဤနှစ်ရက်အတွင်းမှသာ ပျောက်သွားခြင်းပင်။
“သရဖူငါးခုဘုရင်ရဲ့ .. ထာဝရတည်ရှိနေတဲ့ထာဝရဓား” ရှီဟောင်၏လက်ထဲတွင်ရှိနေသည့် မီးခိုးရောင်ဓားကို သူစိုက်ကြည့်လိုက်ပြီးနောက် သူတုန်လှုပ်သွားရသည်။ ဤသူရဲကောင်းသည် ထူးဆန်းသည့်အဖြစ်အပျက်ကို ရှုံးနိမ့်သွားပြီး ပျောက်ကွယ်သွားသည်ကို သူသိသည်။
ဤဓားကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်၏စကားကို သူအနည်းငယ်ယုံကြည်လာသည်။
ပျက်စီးနေသည့်နတ်သားတော်၏ မူလဝိဉာဉ်သည် ဤအကြောင်းကို ပိုသိချင်မိကာ တည်ငြိမ်နိုင်ရန်ခက်ခဲနေလေသည်။ သူသေရမည်ဆိုလျှင်ပင် ထိုအနက်ရောင်သင်္ဘောကြီးပေါ်တွင် ဘာရှိနေသည်ကို သူသိချင်သေးသည်။
“ငါ့ကိုပြော .. မင်းဘာမြင်လိုက်ရတာလဲ”
ပျက်စီးနေသည့်နတ်သားတော် ဒေါသထွက်နေလေ၏။ ယခုကဲ့သို့ နောက်ဆုံးအရေးကြီးသည့်အချိန် ဤအကြောင်းအရာများကို လာပြောနေခြင်းမှာ သူ၏စိတ်ကို တိုက်ခိုက်ရန်အတွက်ပင်။
ယနေ့တွင် သူလုံးဝရှုံးနိမ့်သွားပြီဖြစ်သော်လည်း တစ်ဖက်လူမှာ သူ၏ယုံကြည်မှုကို ချိုးဖျက်နေသေးသည်။ ဤလူမှာ မုန်းစရာကောင်းလှသည်။
“ငါကဘာလို့ ပြောပြရမှာလဲ” ရှီဟောင်သည် တည်ငြိမ်စွာဖြင့်ပင် စစ်မြေပြင်တွင် ထိုင်ချလိုက်ပြီးနောက် ပျက်စီးနေသည့်နတ်သားတော်၏ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်အစိတ်အပိုင်းများကို ကြည့်ပြီး သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေလေသည်။
“မင်းက .. တကယ်ကိုအရှက်မရှိတာပဲ” ပျက်စီးနေသည့်နတ်သားတော်၏အသံမှာ အလွန်ပင် အေးစက်နေလေ၏။
“မင်းသေစရာမလိုပါဘူး .. အဲဒီမှာဘာရှိနေလဲဆိုတာ ငါမင်းကို ပြောပြနိုင်တယ်” ရှီဟောင်သည် သူ၏အသံကို လျော့ချလိုက်ကာ တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားနေလေသည်။
“မင်းဘာလိုချင်တာလဲ” ပျက်စီးနေသည့်နတ်သားတော် နှာခေါင်းရှုံ့ကာ မေးလိုက်သည်။
“ငါတို့တွေ ဖီးနှစ်အစစ်ရဲ့ မသေမျိုးပညာကို အတူတူလေ့လာပြီးတော့ ပြီးပြည့်စုံအောင် လုပ်လို့ရတယ်” ရှီဟောင် ပြောလိုက်၏။ သူ၏မျက်လုံးများလည်း တောက်ပနေလေသည်။
အပိုင်း ၁၀၉၄ ( ၂ ) ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၉၅ – ကြီးမားလှသည့်ဆုကြေး
ပျက်စီးနေသည့်နတ်သားတော်ထံတွင် အံ့အားသင့်စရာကောင်းသည့် အဖိုးတန်ပညာများ အနည်းငယ်ရှိနေသည်။
ပျက်စီးနေသည့်နတ်တံဆိပ်သည် ထာဝရရှေးဟောင်းခေတ်တွင် သိမ်းဆည်းထားခဲ့သည့်နတ်စွမ်းရည်ပင်။ ပြန်လည်ပြုပြင်ခြင်းနှင့် လေဟာနယ်ပြန်လည်လာခြင်းပညာတို့သည်လည်း အတိတ်နှင့်လက်ရှိနှစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်။ သို့သော်လည်း ဖီးနှစ်အစစ်၏အဖိုးတန်ပညာသာ ရှီဟောင်၏နှလုံးသားကို လှုပ်ခတ်နိုင်လေသည်။
ပျက်စီးနေသည့်နတ်သားတော်သည် သက်ပြင်းချလိုက်ကာ “ငါအဲဒီထူးဆန်းတဲ့အကြောင်းကို သိချင်တယ် ဒါပေမဲ့ .. ငါမင်းနဲ့မပူးပေါင်းနိုင်ဘူး”
ရှီဟောင်သည် တစ်ခြားဘာမှမပြောတော့ပဲ သူ၏လက်ကိုမြှောက်လိုက်ကာ သူ၏မူလဝိဉာဉ်အပိုင်းအစများကို အကျဉ်းချရန် ကြိုးစားလိုက်သည်။
“အသုံးမဝင်ဘူး .. ငါသေချင်ရင်၊ ငါပျောက်ကွယ်သွားချင်ရင် မင်းဘာမှတတ်နိုင်မှာမဟုတ်ဘူး” ပျက်စီးနေသည့်နတ်သားတော် ရယ်မောလိုက်သည်။ သူ၏အသံမှာ အတော်လေး အေးစက်နေလေ၏။ သူ၏မူလဝိဉာဉ်အပိုင်းအစမှာ စတင်လောင်ကျွမ်းလာလေ၏။
ရှီဟောင်သည် ပျက်စီးနေသည့်နတ်သားတော်၏ ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်းအား တားဆီးနေသော်လည်း သူ မရပ်တန့်နိုင်ပေ။
မူလဝိဉာဉ်သည် လူတစ်ယောက်၏ အခြေခံအကျဆုံးဖြစ်ပြီး ထိုမူလဝိဉာဉ်သာအားလုံးလောင်ကျွမ်းသွားသည်နှင့် အရာအားလုံးပျောက်ကွယ်သွားလိမ့်မည်။
“မုန်းစရာကောင်းလိုက်တာ” ရှီဟောင်သည် ဤလောင်ကျွမ်းမှုကို တားဆီးရန် ကြိုးစားနေသော်လည်း အသုံးမဝင်ပေ။
“ငါက ဂုဏ်သိက္ခာရှိတဲ့ ရှေးဟောင်းဘုရင်တစ်ယောက်ပဲ .. ကိုယ့်အသက်ကိုကိုယ်ကယ်ဖို့ စော်ကားခံရတာကိုတော့ ငါဘယ်လိုလုပ်သည်းခံနိုင်မှာလဲ .. သေဖို့ကိုပဲ ငါရွေးချယ်တယ်” ပျက်စီးနေသည့်နတ်သားတော်မှ အေးစက်စွာပင် ပြောလိုက်သည်။
ဤရန်သူကိုမုန်းသကဲ့သို့ သူ့ကိုယ်သူလည်း မုန်းတီးသည်။
“မင်းရဲ့စီနီယာအစ်ကိုနှစ်ယောက်ကို မဆိုးပေမယ့် သူတို့ယုံကြည်ချက်တွေအားလုံး ပျောက်သွားတဲ့အထိကို ငါရိုက်တာခံလိုက်ရတယ် .. နှမြောစရာပဲ .. မင်းလည်း ငါ့ခြေထောက်အောက် ကျသွားမယ်ဆိုရင် ပြီးပြည့်စုံသွားပြီ .. အဆင့်လွန်သွေးမျိုးဆက်က လုံးဝကို ကျရှုံးသွားပြီ” ပျက်စီးနေသည့်နတ်သားတော်ပြောလိုက်သည်။
သေခါနီးဖြစ်နေပြီဖြစ်သော်လည်း ရှီဟောင်အား ရန်စနေဆဲပင်။
“ပျက်စီးနေတဲ့နတ်တောင်ကြောက အဆင့်လွန်သွေးမျိုးဆက်နဲ့ ရန်ငြိုးရှိလို့လား” ရှီဟောင်မေးလိုက်သည်။
“ငါတို့ရဲ့ ပထမဆုံးဘိုးဘေးကို အဆင့်လွန်ခန်းမက လူအိုကြီးတွေ မောင်းထုတ်လိုက်ကြတာ .. သူတို့တွေ စွန့်ပစ်နယ်မြေထဲမှာ ပုန်းနေလို့ အသက်ရှင်သွားတာ .. ငါ့ဆရာနဲ့ ချီသော်လင်းက ထာဝရရန်သူတွေပဲ” ပျက်စီးနေသည့်နတ်သားတော် အေးစက်စွာပင် ပြောလိုက်သည်။
“အဲဒီလိုဆိုမှတော့ ငါလည်းအားနာမနေတော့ဘူး .. မင်းကို ဖြတ်တောက်ပစ်ပြီးတော့ စားရတာပေါ့” ရှီဟောင် ပြောလိုက်သည်။
“မင်း .. ခွေးကောင်” ပျက်စီးနေသည့်နတ်သားတော်သည် သူ၏နောက်ဆုံးလက်ကျန် မူလဝိဉာဉ်မီးတောက်ကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်စေလိုက်ကာ ခန္ဓာကိုယ်အား ဖျက်ဆီးပစ်ရန် ကြံရွယ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော ဟွမ်အကြောင်း သူကြားဖူးသည်။ ဤကောင်သည် လူသားမဟုတ်သည့် သူ့ရန်သူအားလုံးကို ချက်စားရသည်အား နှစ်သက်သည်။
သူသာ တကယ်အစားခံရလျှင် သေသည်ထက်ပိုဆိုးသွားလိမ့်မည်။
ရှီဟောင်သည် သူ၏ဓားကို ထုတ်လိုက်ပြီး မူလဝိဉာဉ်မှမီးတောက်ကို ငြိမ်းသတ်လိုက်ပြီး မီးခိုးငွေ့များဖြစ်စေလိုက်သည်။
ထိုအလောင်းသည်လည်း သူ၏မူလပုံစံပြန်ဖြစ်သွားလေသည်။
ဤသည်မှာ ထူးဆန်းသည့်ပုံစံရှိသည့် နဂါးသားရဲကြီးပင်။ သူ၏ဦးခေါင်းသည် နဂါးခေါင်းဖြစ်ပြီး ခန္ဓာကိုယ်တွင်လည်း အကြေးခွံများ ဖုံးလွှမ်းထားသည်။ အနားတွင် နဂါးစွမ်းအင်များလည်း ရစ်သိုင်းနေလေ၏။
သူ၏ခန္ဓာကိုယ်မှာမူ ကြိုးကြာတစ်ကောင်ပုံစံပင်။ အဖြူတစ်ဖက်၊ အမည်းတစ်ဖက်အတောင်ပံများရှိနေပြီး ကြောက်စရာကောင်းသည့် နတ်ခွန်အားလှိုင်းများလည်း ထွက်ပေါ်နေလေသည်။
သူ၏အမြှီးလည်း နဂါးအမြှီးဖြစ်ပြီး အလွန်ပင် ရှည်လျားလှသည်။ ထိုအမြှီးကိုလည်း အကြေးခွံများဖုံးအုပ်ထားလေသည်။ ထိုအမြှီးကို တစ်ချက်ရမ်းလိုက်သည်နှင့် တောင်များစွာ ပိပြားသွားမည်သာ။
သူ၏ခန္ဓာကိုယ်သည် ကြီးမားလှကာ ထိုနေရာတွင် တောင်ငယ်တစ်လုံးရှိနေသကဲ့သို့ပင်။ နတ်ခွန်အားလှိုင်းမှာ စွမ်းအားကြီးလှပြီး အသွေးအသားများတွင်လည်း မယုံကြည်နိုင်လောက်သည့် စွမ်းအင်များပါရှိနေလေသည်။
ရှီဟောင်၏မျက်လုံးများ တောက်ပသွားသည်။ ဤကြီးမားလှသည့်ခန္ဓာကိုယ်ကြီးကို မြင်ပြီး သူအလွန် ပျော်ရွှင်သွားရသည်။ သူဤအသားကို အကြိမ်ပေါင်းများစွာ စားနိုင်လိမ့်မည်ပင်။
ခပ်ဝေးဝေးတွင်လည်း ဆူပူမှုများဖြစ်ပေါ်နေလေပြီ။
ပျက်စီးနေသည့်နတ်သားတော်သည် တကယ်ပင်ရှုံးနိမ့်သွားပြီး သူ၏ခန္ဓာကိုယ်နှင့်တာအို ပျက်စီးသွားလေပြီ။ ဤသည်မှာ ထာဝရရှေးဟောင်းမြေတစ်ခုလုံးကို ရိုက်ခတ်မည့် ငလျင်ကြီးတစ်ခုပင်။
ပြိုင်ဘက်ကင်းသည့် ပျက်စီးနေသည့်နတ်သားတော်ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ပေ။ ထို့အပြင် သူကိုယ်တိုင်ပင် သူ့အသက်ကို ဤနေရာတွင် အဆုံးသတ်သွားသေးသည်။
“ရှေးဟောင်းဘုရင်က တကယ်ပဲ ဒီနေရာမှာ ကျရှုံးသွားပြီပဲ .. မျိုးဆက်တစ်ခုစာကို ဖိနှိပ်ထားနိုင်တဲ့ ပျက်စီးနေတဲ့နတ်သားတော်၊ ဒီလောကကြီးမှာ ပြိုင်ဘက်မရှိတဲ့ ပျက်စီးနေတဲ့နတ်သားတော်က ဒီနေ့တော့ရှုံးသွားပြီး သူ့အသက်ကို အဆုံးသတ်သွားပြီ..” တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။
ဤတိုက်ပွဲမစမီတွင် ပျက်စီးနေသည့်နတ်သားတော်သည် ပြိုင်ဘက်ကင်းပင်ဖြစ်လိမ့်မည်ဟု လူများစွာ ယုံကြည်ထားခဲ့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူသည်သူ၏ခွန်အားကို မျိုးဆက်တစ်ခုစာ သက်သေပြပြီးသွားလေပြီ။
ရှီဟောင်သည် စွမ်းအားကြီးသော်လည်း ယနေ့ခေတ်၏သူရဲကောင်းလေးသာ။
သို့သော်လည်း ယနေ့တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို သွေးဖြင့်လွှမ်းမိုးခဲ့သူမှာ ပျက်စီးနေသည့်နတ်သားတော်ဖြစ်နေသည်။
ဟွမ်၏နာမည်သည်လည်း အရပ်မျက်နှာပေါင်းစုံကို တုန်လှုပ်သွားစေမည်သာ။
ဤတိုက်ပွဲတွင်ရှီဟောင်သည် ဘုရင်တစ်ယောက်အဖြစ် ရာထူးတိုးသွားသည်။
“သူလည်း ထာဝရစွမ်းအင်ကို ကျင့်ကြံထားတာလား .. ပျက်စီးနေတဲ့နတ်သားတော်က အဲဒီအဆင့်ကို ကျင့်ကြံပြီးပြီလို့ ပြောကြတယ် .. ဒါပေမဲ့သူရှုံးသွားတုန်းပဲ .. ဒါက .. အရမ်းအထင်ကြီးဖို့ ကောင်းတာပဲ”
စစ်မြေပြင်အပြင်ဘက်တွင်ရှိနေသည့်သူများသည် ဤတိုက်ပွဲအကြောင်းကို အပြင်းအထန်ပင် ဆွေးနွေးနေကြလေ၏။
…
အပြင်ဘက်လောက .. စွန့်ပစ်နယ်မြေအပြင်ဘက်တွင်..
ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများမှာ တစ္ဆေသရဲများကဲ့သို့ ဖြစ်နေကာ မယုံကြည်နိုင်ဖြစ်နေကြလေ၏။
အား..
ရွှေရောင်စစ်ရထားထဲမှ အော်သံတစ်သံထွက်ပေါ်လာကာ နတ်ဘုရားအစစ်များစွာမှာ မြေပြင်ပေါ်သို့လဲကျသွားပြီး ကောင်းကင်နတ်ဘုရားများပင်လျှင် ချီနှင့်သွေးစွမ်းအင်များ ကြွတက်လာပြီး သွေးအန်မလိုပင် ဖြစ်သွားကြသည်။
ဤသည်မှာ ချီသော်လင်းနှင့် မျိုးဆက်တစ်ခုစာထိ တိုက်ခိုက်ခဲ့သည့် ပျက်စီးနေသည့်နတ်တောင်ကြောမှ ကြီးမြတ်သည့် ကျွမ်းကျင်သူပင်။ သူအားသွန်ခွန်စိုက်လေ့ကျင့်ပျိုးထောင်ပေးခဲ့သည့် မျိုးဆက်ရှုံးနိမ့်သွားသောကြောင့် သူ့အားထိန်းချုပ်မှု လွတ်သွားစေသည်။
“ဟွမ်က ရှေးဟောင်းလူထူးဆန်းကို သတ်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး” လူများစွာမှာ မကောင်းသည့်ခံစားချက်များ ခံစားနေရပြီး ထာဝရရှေးဟောင်းမြေထဲတွင်ရှိနေသည့် သူတို့တပည့်များအတွက် စိုးရိမ်လာကြသည်။
အားလုံးမှာ ရှီဟောင်နှင့် ပျက်စီးနေသည့်နတ်သားတော်တို့ တိုက်ခိုက်သည်ကို မမြင်လိုက်ရသောကြောင့်လည်း နောင်တရနေကြသည်။
အဘယ်ကြောင့်ဆိုသော သူတို့နှစ်ဦးလုံးတွင် ထာဝရစွမ်းအင်များရှိနေပြီး အရာအားလုံးကို ဖုံးလွှမ်းထားသောကြောင့် အပြင်လောကမှလူများမှာ ဘာမှမမြင်ရပေ။
ရှီဟောင် သူ၏ထာဝရစွမ်းအင်ကို ပြန်သိမ်းလိုက်သည့်အချိန်မှသာ သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ် ပြန်မြင်လိုက်ရခြင်းပင်။ သို့သော်လည်း ထိုအချိန်တွင် ပျက်စီးနေသည့်နတ်သားတော်သည် အေးစက်နေသည့်အလောင်းကြီးဖြစ်နေလေပြီ။
တိုက်ပွဲအတွင်းတွင် ဘာဖြစ်သွားမှန်း မည်သူမှ မသိလိုက်ရပေ။
“ဟွမ်က စွမ်းအားကြီးလာတော့မှာ .. သူသာ ထာဝရရှေးဟောင်းမြေထဲကနေ စောစောထွက်မလာရင် သူ့ရဲ့ခြေလှမ်းတွေကို တားဆီးဖို့ခက်ခဲလိမ့်မယ်” ကောင်းကင်နတ်ဘုရားတစ်ပါးမှ တီးတိုးပြောလိုက်သည်။
ဟွမ်ကို သတ်ချင်နေသည့်သူများမှာ မသက်မသာပင် ခံစားလိုက်ရသည်။
..
သင်္ချိုင်းနယ်မြေရှိ အနီရင့်ရောင်စစ်မြေပြင်တွင်..
ရှီဟောင်သည် တစ်ချိန်လုံးပင် ပြုံးနေလေ၏။ ယခုတစ်ကြိမ်တွင် သူ၏ဆုလာဘ်များမှာ ကောင်းမွန်လွန်းလှသည်။
ပျက်စီးနေသည့်နတ်သားတော်၏ ထာဝရစွမ်းအင်ကြောင်း ပျက်ပြယ်တော့မည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ ထာဝရစွမ်းအင်လှုပ်ရှားလာကာ ထိုစွမ်းအင်ကို ရစ်ပစ်လိုက်ပြီး စုတ်ယူလိုက်လေသည်။
ဤသည်မှာ သူ့ကို ထိတ်လန့်သွားစေသည်။ ပျက်စီးနေသည့်နတ်သားတော်၏ထာဝရစွမ်းအင်ကို သူ၏စွမ်းအင်မှ ပြုပြင်ပြောင်းလဲလိုက်ကာ ပေါင်းစည်းလိုက်လေသည်။
ယခုအချိန်တွင် သူ၏ထာဝရစွမ်းအင်ကြောင်းသည် အဆပေါင်းများစွာ ပို၍ထူထဲလာပြီဖြစ်ပြီး တောက်ပနေလေသည်။
ရှီဟောင်သည် ယခင်က ထိုစွမ်းအင်ကို ကြီးမားလာအောင်ကြိုးစားသော်လည်း မလုပ်နိုင်ခဲ့ပေ။
“ထာဝရစွမ်းအင်ရှိတဲ့သူနောက်တစ်ယောက်နဲ့ ထပ်တွေ့ရဖို့မျှော်လင့်တယ် … ငါသာသူ့ကိုသတ်နိုင်ရင် သူ့ရဲ့စွမ်းအင်နဲ့ ထာဝရစွမ်းအင်နောက်တစ်ကြောင်း ထပ်လုပ်လို့ရမလားဆိုတာကို သိချင်မိတယ်”
သူပြောနေသည်ကို အခြားသူများသာ ကြားသွားလျှင် သေချာပေါက် ဆွံ့အသွားကြမည်သာ။
“ဒုတိယမြောက် ထာဝရစွမ်းအင်ကြောင်းကို ကျင့်ဖို့က လောစရာတော့မလိုပါဘူး .. ငါပြန်သွားတဲ့အချိန်ကျရင် အဲဒီထာဝရအလောင်းကိုသုံးပြီးတော့ ပထမထာဝရစွမ်းအင်ကြောင်းကို အားဖြည့်လို့ရနိုင်မလား ကြည့်ရမယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ပျက်စီးနေသည့်နတ်သားတော်ကို ရှာဖွေကြည့်လိုက်သည့်အချိန်တွင် သူချက်ချင်းပင် အတော်လေး ဝမ်းသာသွားရသည်။
ရှားပါးသည့် အဖိုးတန်ဆေးပင်များရှိနေသည့် အခြားဗူးများစွာကို မပြောနှင့်။ ထိုနေရာတွင် မြင့်မြတ်ဆေးပင်တစ်ပုံနှင့် နတ်တစ်ဝက်သီးအနည်းငယ်လည်းရှိနေသည်။ အရာအားလုံးမှာ တောက်ပနေလေ၏။
ထိတ်လန့်စရာအကောင်းဆုံးမှာ နတ်ဆေးပင်တစ်ပင်ရှိနေသည့် ကျောက်စိမ်းဗူးပင်။
လေထဲတွင် မွှေးရနံ့များပျံ့လွင့်လာပြီး မူးမေ့မတတ်ပင်ဖြစ်လာသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဤနတ်ဆေးပင်တွင် အမြစ်မရှိသောကြောင့် ထပ်စိုက်၍မရတော့ပေ။
သို့သော်လည်း ရှီဟောင်ကျေနပ်နေဆဲပင်။ “နတ်ဆေးပင်တစ်ပင် .. ငါသာဒါကို ရတနာရှစ်သွယ်ယူနီကွန်းနဲ့အတူတူသုံးလိုက်ရင် ဆေးအစွမ်းက အဆပေါင်းများစွာကို တိုးသွားမှာ”
အပြင်ဘက်လောကတွင်ရှိနေသည့် ပျက်စီးနေသည့်နတ်တောင်ကြောမှ ကျွမ်းကျင်သူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့၏မျက်လုံးများ လေးနက်လာကာ ချက်ချင်းပင် ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်သွားပြီး ရှီဟောင်အား သတ်ပစ်ချင်နေကြသည်။
ရှီဟောင်သည် ပျက်စီးနေသည့်နတ်သားတော်၏ခန္ဓာကိုယ်မှ အခြားမည်သည့်အမွေပစ္စည်းကိုမှ မတွေ့ရပေ။
“ဒီဓားမြောင်ကလည်း ထူးခြားတဲ့နတ်ပစ္စည်းပဲ” ရှီဟောင် ထိုဓားမြောင်ကို ကောက်ကိုင်လိုက်သည်။ ထိုဓားမြောင်မှာ တောက်ပလှပြီး အပေါ်တွင်လည်း မြူအလွှာပါးလေးတစ်လွှာ ရှိနေသောကြောင့် ပုံရိပ်ယောင်နှင့်ပင် တူနေသည်။
ဤဓားမြောင်သည် သူ၏စွမ်းအားကြီးသည့် အသွေးအသားကိုပင် လှီးဖြတ်နိုင်လေသည်။
ထိုဓားမြောင်သည် အတော်လေးပင် လေးလံလှပြီး ဂျင်ပေါင်း ထောင်ပေါင်းများစွာ လေးလံလေသည်။
အပြင်ဘက်လောကတွင်ရှိနေသည့် ကျွမ်းကျင်သူများအားလုံး၏ မျက်လုံးများတောက်လောင်လာလေ၏။ အဘယ်ကြောင့်ဆိုသော် ဤဓားကို ၇ရောင်စပ်ထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်ကို သူတို့သိနေကြသောကြောင့်ပင်။
ယခင်က ဤဓားသည် အဖိုးမဖြတ်နိုင်သည့်ရတနာတစ်ခုဖြစ်ခဲ့ခြင်း သေချာပြုပြင်လိုက်လျှင် ထိပ်တန်းလက်နက် ၁၀ မျိုးထဲဝင်သွားလိမ့်မည်သာ။ သို့သော် အဆင့်လွန်ခန်းမနှင့်တိုက်ခိုက်သည့် တိုက်ပွဲတွင် အကြီးအကဲသည် ဤဓား၏ တာအိုသင်္ကေတများကို ပျက်စီးစေလိုက်ပြီး ဤဓား၏အရည်အသွေးလည်းကျသွားရသည်။
သို့သော်လည်း ဤသည်မှာ ၇ ရောင်စပ်ထာဝရရွှေဖြင့်ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လောကကြီးကို တုန်လှုပ်စေနိုင်ဆဲပင်။
ပျက်စီးနေသည့်နတ်သားတော်သည် ဤဓားကို လက်ခံရရှိခဲ့သည့်အချိန်တွင် ဤဓားကို သူနှင့်အတူတူ ကြီးထွားလာအောင်လုပ်ပြီး အဆင့်လွန်ရတနာတစ်ခုဖြစ်လာအောင် လုပ်မည်ဟု သူပြောခဲ့သေးသည်။
ချွမ်း..
ရှီဟောင်၏လက်ထဲတွင်ရှိနေသည့် မီးခိုးရောင်ဓားသည် တောက်ပသည့်အလင်းများထွက်ပေါ်လာကာ ဤရောင်စုံဓားမြောင်ကို သူ့ဘာသာသူပင် ခုတ်ထစ်နေလေသည္။
“အမ်…”
“ဘာဖြစ်နေတာလဲ”
အားလုံးထိတ်လန့်သွားရသည်။ အပြင်ဘက်လောကတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများပင်လျှင် ဆွံ့အသွားရသည်။
ဓားမြောင်မှ တောက်ပသည့်အလင်းများထွက်ပေါ်လာကာ ထာဝရတည်ရှိနေမည့်ထာဝရဓားထံသို့ ဝင်ရောက်သွားလေသည်။
အပိုင်း ၁၀၉၅ ပြီး၏။