သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၁ – လူအုပ်ထံသို့ ပို့လွှတ်လိုက်သည့် သံစဉ်တစ်ခု
အား…
တောင်တစ်လုံးထက်ပင် ပိုမြင့်သည့် ကျောက်စားပွဲထက်တွင်ရှိနေသည့်လူငယ်လေးသည် သနားစဖွယ်ပင် အော်ဟစ်နေလေသည်။ သူ၏ခန္ဓာကိုယ်မှ မြင့်မြတ်သွေးများအားလုံး စုတ်ယူခံလိုက်ရပြီး ထိုအရိုးစာအုပ်နှင့် ကျောက်စားပွဲပေါ်သို့ ပြန့်ကျဲသွားလေသည်။
ဖုန်း..
ထိုအရိုးစာအုပ်တုန်ခါသွားကာ ထာဝရအလင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းမှာလည်း ထိုနေရာတွင်ပင် ပျက်စီးသွားလေသည်။
“မရဘူး .. ငါဒါကို လက်မခံနိုင်ဘူး” သူခေါင်းမော့ကာ ဟစ်ကြွေးလိုက်သည်။ သူ၏မျက်လုံးများလည်း ဒေါသကြောင့် ပြူးကျယ်နေလေသည်။ သူသည် အလွန်ပင်စွမ်းအားကြီးသည့် ရှေးဟောင်းလူထူးဆန်းဖြစ်သည်။ သို့သော်လည်း သူသည် ယခုအချိန်တွင် ဤကဲ့သို့ပင် ပျက်စီးသွားတော့မည်လား…
“ကောင်းကင်နဲ့ချိတ်ဆက်ပြီးတော့ ကမ္ဘာကြီးကို ရွေ့လျားပစ်မယ်” သူကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူ၏တစ်ကိုယ်လုံး တောက်ပလာကာ အားလုံးကို တုန်လှုပ်သွားစေသည့် အော်ရာထွက်ပေါ်လာလေသည်။
ရှီဟောင်ပင်လျှင် တုန်လှုပ်သွားရလေသည်။ ရှေးဟောင်းလူထူးဆန်းများမှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို သူနားလည်သည်။ သူတို့သည် သူတို့၏ကျင့်ကြံဆင့်ထက်ပို၍ စွမ်းအားကြီးကြသည်သာ။
ဖူး..
သို့သော် ယခုအချိန်တွင် သူသည် တစ်လက်မချင်းစီ ပျက်စီးနေလေသည်။ စွမ်းအားအကြီးဆုံးအဖိုးတန်ပညာပင်လျှင် ဘာမှမတတ်နိုင်တော့ပေ။ ဖုန်းဟူသည့်အသံနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားလေသည်။
ထိုအချိန်တွင် အရိုးစာအုပ်လည်း တောက်ပလာကာ ရှေးဟောင်းလှိုဏ်ဂူတစ်ခုလုံးမှာ ပို၍ပင် ကြောက်စရာကောင်းလာလေသည်။ ဓားစွမ်းအင်များလည်း ထောင်ပေါင်းများစွာပင် ထွက်ပေါ်လာလေ၏။
“ချီးပဲ .. ဒါက လူသတ်ကွင်းပြင်ကြီးပဲ .. အဲဒီအရိုးစာအုပ်က အစီအရင်အဆောင်နဲ့တူတယ် .. အဲဒီစာအုပ်ကို ထိုလိုက်တာနဲ့ အစီအရင်က အသက်ဝင်လာတာ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ တုန်ယင်စွာ ပြောလိုက်သည်။
ဤအစီအရင်မှာ ပြင်းထန်လွန်းလှသည်။
သို့သော် ကံကောင်းသွားသည်မှာ သူနှင့် နဂါးမိန်းမပျိုသည် မူမမှန်ဖြစ်နေသည်ကို ချက်ချင်းပင် သတိပြုမိသွားပြီး ထိုအသိုက်ထဲမှ လျင်မြန်စွာ ထွက်လာနိုင်ခဲ့ကြသည်။
အား…
သူတို့အနောက်တွင် သနားစဖွယ်အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာလေ၏။ ဤသည်မှာ စီရင်စုတစ်ခု၏ အထူးချွန်ဆုံး လူငယ်ပါရမီရှင်များထံမှ ထွက်ပေါ်လာခြင်းပင်။ သို့သော် ယခုအချိန်တွင် သူတို့သည် ဘာမှမဟုတ်တော့ပေ။
ထိုဓားစွမ်းအင်သည် လူအုပ်ကြီးကို ဖောက်ခွဲပစ်နေလေ၏။
“အနား .. ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားတာလဲ..”
ရှီဟောင်၏အရှေ့ဘက်တွင်ရှိနေသည့်လူများထံမှလည်း အော်သံများ ထွက်ပေါ်လာသည်။ ထိုတာအိုစင်္ကြံများလည်း ပြောင်းလဲသွားကာ အချိန်မှီ မခုန်ချလိုက်နိုင်သည့်သူများမှာ သူတို့၏ခန္ဓာကိုယ်မှ သွေးများစီးကျလာပြီး တာအိုစင်္ကြံထဲသို့ ဝင်သွားလေသည်။
“အပြင်ကို မြန်မြန်ပြေးထွက်ကြ” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လော့သွမ်နှင့် လန်ယိချန်တို့၏ အမူအရာလည်း ပြောင်းလဲသွားသည်။ ရှီဟောင်ထံမှ သတင်းရပြီးသည့်နောက်တွင် သူတို့သည် စင်္ကြံပေါ်မှ လျင်မြန်စွာပင် ခုန်ဆင်းလိုက်ကြသည်။ သူတို့ခုန်ဆင်းပြီးပြီးချင်းပင် ထိုကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်လာခြင်းပင်။
သူတို့ အခြားသူများအား ကြည့်လိုက်ကြသည်။ အချို့သူများမှာ အလွန်ပင် စွမ်းအားကြီးသည့် ထူးခြားပါရမီရှင်များပင်။ သူတို့သည် လှုပ်ရှားရုန်းကန်နေကြသော်လည်း ဤသည်မှာ အသုံးမဝင်ပေ။ သူတို့၏ခန္ဓာကိုယ်များ ညှိုးခြောက်လာလေသည်။
ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ သွေးများသည် သူတို့၏ မွေးညှင်းပေါက်များမှပင် စီးကျနေလေသည်။
ထို့အပြင် သူတို့သွေးထဲတွင် သင်္ကေတများ ပါဝင်နေသည်။ ထိုသူများအားလုံးသည် သွေးမှတစ်ဆင့် သူတို့ခန္ဓာကိုယ်ထဲရှိ အရိုးစာသားများအားလုံး ထုတ်ယူခံလိုက်ရလေသည်။
“ကြောက်စရာကောင်းလိုက်တာ..”
လုယီမှာ တုန်လှုပ်နေလေသည်။ သူသည် အဝေးဆုံးတွင် ရပ်နေသောကြောင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ယခုအချိန်တွင် ဂူထဲရှိ လူအားလုံးနီးပါးအရှင်းခံလိုက်ရပြီး သုံးလေးယောက်ခန့်သာ အသက်ရှင်ကျန်ရစ်လေသည်။
တာအိုစင်္ကြံဘက်တွင်လည်း အပြင်ဘက်သို့ ပြေးထွက်သွားသည့် အယောက် ၂၀ ကျော်ခန့်သာ အသက်ရှင်လေသည်။
“သွားကြစို့” ရှီဟောင်သည် အလွန်လျင်မြန်စွာဖြင့်ပင် အသက်ရှင်ကျန်နေသည့်သူအားလုံးကို ဖြတ်ကျော်သွားလေသည်။ သူသည် အပြင်ဘက်သို့ ရောက်သွားပြီး လန်ယိချန်၊ လော့သွမ်၊ လုယီတို့နှင့်အတူ ပြန်၍အုပ်စုဖွဲ့လိုက်သည်။
သို့သော် သူတို့လာခဲ့သည့် မူလလမ်းကြောင်းမှာ ပိတ်သွားပြီဖြစ်သည်။
“လက်တွဲလုပ်ရအောင်” နဂါးမိန်းမပျိုမှ ပြောလိုက်သည်။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ပင် ပျံသန်းသွားလေ၏။
“ကောင်းပြီလေ” ရှီဟောင်ခေါင်းညိမ့်လိုက်သည်။
သူတို့နှစ်ဦးသည် ‘တင်ပါးမတော်တဆမှု’ကို မေ့ထားလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေမှာ ဖိစီးလွန်းနေသည်။
သားရဲ ၁၀ မျိုး၏အဖိုးတန်ပညာများကို မရရှိလိုက်ပဲ သတ်ဖြတ်သည့်အစီအရင်ကြီးကိုသာ အသက်သွင်းလိုက်မိသည်။ ဤသည်မှာ နောက်မျိုးဆက်အတွက် ချန်ထားပေးသည့် ကံကောင်းမှုနှင့်မတူပဲ ဖျက်ဆီးခြင်းနှင့် တူနေသည်။
ကောင်းကင်အမှတ်တံဆိပ်ခရုသင်း၊ ယင်ယန်အိတ်ကဲ့သို့သော ရှေးဟောင်းရတနာများမှာ ဂိုဏ်းခေါင်းဆောင်များကိုပင် သတ်နိုင်သည့် လူသတ်လက်နက်များပင်။ သို့သော် ထိုလက်နက်များအားလုံးကို မည်သူမှ မရလိုက်ကြပေ။ နတ်ဆေးပင်များလည်း ပျောက်သွားခဲ့သည်။
“ငါ့ကို အားကိုးလိုက်” လေထဲမှ အခြားလူတစ်ယောက် ရောက်လာသည်။
“အတူတူ သွားကြစို့” ခဏကြာပြီးသည့်နောက်တွင် လက်ထဲတွင် သံလိုက်အိမ်မြှောင်ကိုင်ထားသည့် လူတစ်ယောက် ရောက်လာလေ၏။ ဤလူသည် ဂမ္ဘီရဉာဏ်အကြောင်းကို နားလည်သည့်သူဖြစ်ပြီး ဤဉာဏ်ပေါ်တွင် ကျင့်ကြံသည့်သူ ဖြစ်နေသည်။
အသက်ရှင်ကျန်ရစ်နေသည့်သူများသည် အနောက်ဘက်မှ ပြေးလိုက်လာကြလေ၏။ အားလုံးသည် မပိတ်သေးသည် တစ်ခုတည်းသော လမ်းကြောင်းဘက်သို့ ပြေးသွားလိုက်ကြသည်။
ဤဂမ္ဘီရဉာဏ်ကျင့်ကြံသူ၏ ကျင့်ကြံဆင့်မှာ ထိုမျှစွမ်းအားမကြီးသော်လည်း ဤနေရာထိရောက်အောင် လာနိုင်သောကြောင့် သူ့ထံတွင် နည်းလမ်းအချို့ရှိမည်သာ။
သို့သော် သူညွှန်ပြသည့်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီး ကျန်းပေါင်း ဒါဇင်များမှာလျှောက်သွားပြီးသည့်နောက်တွင် သင်္ကေတအလင်းများ တောက်ပလာပြီး ဤလမ်းကြောင်းလည်း တောက်ပလာလေသည်။ ထို့နောက်တွင် လူပေါင်း ၂၃ ယောက် အသတ်ခံလိုက်ရလေ၏။
“ဝင်မယ်”
ရှီဟောင်သည် သူအစားအစာများချက်ပြုတ်သည့်အိုးကို အသုံးပြုကာ လော့သွမ်၊ လန်ယိချန်နှင့် လုယီတို့ကို သိမ်းထည့်လိုက်သည်။ ထိုသူများလည်း မငြင်းဆန်ပေ။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်လောကမှာ အန္တရာယ်များလှပြီး ရှီဟောင်ကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် ထိုဓားအလင်းတန်းဖြင့် တစ်ချက် အရိုက်ခံလိုက်ရသည်။
“ကြောက်စရာကောင်းလိုက်တဲ့အော်ရာ .. တကယ်ကို ကြောက်စရာကောင်းတဲ့ နတ်ဆိုးမြေကြီးပဲ .. မင်းတို့အားလုံး ကြည့်လိုက်ကြ .. အဲဒီလူရဲ့သွေးတွေအကုန်လုံးက တစ်နေရာတည်းကိုပဲ စုသွားကြတာ” ဂမ္ဘီရဉာဏ်ကျင့်ကြံသူမှ တုန်လှုပ်စွာ ပြောလိုက်သည်။
ရှီဟောင်တို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် အစောပိုင်းတွင် သေသွားသည့် အယောက် ၂၀ ကျော်သာမက ဂူထဲတွင် သေဆုံးသွားသည့် လူများ၏သွေးများပင်လျှင် နေရာတစ်ခုတည်းသို့ ဦးတည်သွားခြင်းပင်။
“ဒါက လူသတ်ကွင်းကြီးပဲ” နဂါးမိန်းမပျို၏ မျက်လုံးများမှာ အေးစက်နေပြီး အလင်းများ တောက်ပနေလေသည်။
ယခုအချိန်တွင်တော့ ဘာမှသိပ်ပြောစရာမရှိသေးပေ။ သူတို့ဤနေရာမှ ထွက်နိုင်အောင် အရင်ဆုံးလုပ်ရမည်။
ဝုန်း..
တောက်ပသည့်သင်္ကေတအလင်းထွက်ပေါ်လာပြီး ထိုဂမ္ဘီရဆရာပင် သွေးခဲအဖြစ်ပြောင်းလဲသွားပြီး သေဆုံးသွားလေ၏။
ယခုအချိန်တွင် လေးယောက်သာ ကျန်တော့လေသည်။
ရှီဟောင်သည် ဘာမှမပြောပဲ အရှေ့ဘက်သို့သာ ပြေးသွားလိုက်သည်။
“သတိထား .. သစ်တောရဲ့ဘယ်ဘက်ကိုပြေး …ပြီးရင် စိမ့်တောထဲကို ဝင်သွား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ အလောတကြီး အော်ပြောလိုက်သည်။
ထိုလမ်းကြောင်းမှ ထွက်လာပြီးသည့်နောက်တွင် သူတို့သည် ရှုပ်ထွေးနေသည့် မြေအနေအထားကို တွေ့လိုက်ရသည်။ ဤသည်မှာ မြေအောက်ဖြစ်သော်လည်း တောအုပ်များ၊ ကန်များနှင့် သစ်တောများ ရှိနေလေသည်။
“အမ်..” ရှီဟောင်သည် ရုတ်တရက်ပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။
“ညီလေး..” ဤသည်မှာ ချင်းဟောင်၏ကိုယ်ပေါ်တွင် ချန်ရစ်ထားခဲ့သည့် တံဆိပ်ပင်။ ဤတံဆိပ်မှာ အလွန်ပင်စွမ်းအားကြီးနေသောကြောင့် ချင်းဟောင် ဤအနီးအနားတွင်သာ ရှိနေလိမ့်မည်။ စိမ့်တောကို ဖြတ်ပြီးသည့်နောက်တွင် လမ်းကြောင်းအနည်းငယ်ကို တွေ့လိုက်ရသည်။
“သိပ်မဟုတ်သေးဘူး .. ဒါက အသက်လမ်းကြောင်းမဟုတ်ဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အော်ပြောလိုက်သည်။
သို့သော် ရှီဟောင်သည် တွေဝေမနေပဲ ဆက်လက်သွားနေဆဲပင်။ နောက်ဆုံးတွင် သင်္ကေတများ တောက်ပလာပြီး သူတို့လမ်းကြောင်းကို နံရံတစ်ခုမှ ပိတ်ဆို့သွားလေသည်။
သို့သော်လည်း ချင်းဟောင်ကို သူအာရုံခံ၍ရနေဆဲပင်။
ရှီဟောင်သည် ဆေးလုံးမီးဖိုကိုထုတ်ကာ နံရံကို ဖျက်ဆီးပစ်ရန်အတွက် လျှပ်စီးများကို ထုတ်လွှတ်လိုက်သည်။
နံရံကြီး ပျက်စီးသွားပြီး ဤနေရာတွင် စွမ်းအားကြီးသည့် အစီအရင်သင်္ကေတများ ထွက်ပေါ်လာလေသည်။ သို့သော်လည်း ထိုသင်္ကေတအားလုံးမှာ လျှပ်စီးကြောင့် ပျက်စီးသွားပြီဖြစ်ပြီး အရှေ့ဘက်တွင်ရှိနေသည့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရလေသည်။
“ကောင်းတယ် .. ဒီကနေ ပြေးထွက်သွားလိုက်တော့” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အံ့အားသင့်သွားရသည်။ ဤလမ်းဆုံးတွင် အသက်လမ်းကြောင်း ရှိနေလေသည်။
နောက်ဘက်တွင်ရှိနေသည့် နဂါးမိန်းမပျိုနှင့်အခြားသူများလည်း သူတို့နောက် လိုက်သွားကြလေသည်။
နံရံနောက်ဘက်တွင် စစ်မြေပြင်တစ်ခု ရှိနေလေသည်။ ထိုနေရာတွင် အညိုရောင်မြေပြင်တစ်ခု ရှိနေပြီး နေရာတိုင်းတွင် အရိုးဖြူများ ရှိနေလေသည်။
“ဒီနေရာက ဘယ်လိုနေရာကြီးလဲ .. အသိုက်တစ်ခု မဟုတ်ဘူးလား” ရှီဟောင် ကျိန်ဆဲလိုက်သည်။
“အစ်ကိုကြီး” စစ်မြေပြင်မှ သွေးများဖုံးလွှမ်းနေသည့်လူတစ်ယောက် ပြေးထွက်လာလေ၏။ ဤသည်မှာ ချင်းဟောင်ပင်။
“ဘာဖြစ်တာလဲ…”
“ကျွန်တော် ကျောက်စိမ်းလှေကားရှိတဲ့ ရှေးဟောင်းနေရာကနေ ဝင်ခဲ့တာ .. အဲဒီလှေကားက မြင့်မြတ်ဆေးပင်တွေ နတ်ဆေးပင်တွေရှိတဲ့ လေဟာနယ်ထဲက ကျွန်းပေါ်ကို ရောက်သွားတာ”
ချင်းဟောင်ထိုနေရာသို့ ရှေးဟောင်းနယ်မြေသို့ ဝင်သွားလိုက်သည့်အချိန်တွင် ထိုနယ်မြေ၌ လူပေါင်း တစ်ထောင်ကျော်ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ထိုကျောက်စိမ်းလှေကားပေါ်သို့ တက်သွားပြီး ဆေးဥယျာဉ်ထဲသို့ ဝင်သွားလိုကြသည်။
သို့သော်လည်း ထိုလှေကားပေါ်သို့ တက်သည့်လူဖြစ်စေ ပျံသန်းသွားသည့်သူဖြစ်စေ အားလုံးမှာ ထူးဆန်းသည့်အစီအရင်ကြောင့် သေဆုံးသွားကြလေသည်။
ချင်းဟောင်၏မျက်နှာမှာ အလွန်ပင် ဖြူလျော့နေ၏။ “အရမ်းကို စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူပေါင်း တစ်ထောင်ကျော် .. သူတို့အားလုံး သေသွားပြီ”
“တစ်ထောင်လောက်ကို ဘာလုပ်ရမှာလဲ .. သားရဲအသိုက်ထဲမှာ အယောက် တစ်သန်းကျော် သေသွားပြီ” နဂါးမိန်းမပျိုအနောက်တွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“မင်းအသက်ရှင်လာတာ တော်သေးတာပေါ့” ရှီဟောင် နှစ်သိမ့်လိုက်သည်။
“သက်ရှည်စစ်ဝတ်စုံကြောင့်သာမဟုတ်ရင် .. ကျွန်တော်သေသွားလောက်ပြီ..” ချင်းဟောင်၏အသံမှာ အလွန်ပင် တိုးညှင်းနေသည်။ ဤသည်မှာ သူ၏စိတ်ကို အတော်လေး ရိုက်ခတ်နေလေသည်။ စစ်ဝတ်စုံကြောင့်သာမက သူ့အစား ပျက်စီးသွားရသည့် အခြားလျှို့ဝှက်ရတနာတစ်ခုလည်း ရှိသေးသည်။
“ဒါက စစ်မြေပြင်ရဲ့အစွန်းပဲ .. ငါတို့အထဲဆက်ဝင်သွားလို့မရဘူး .. ငါတို့ဒီနေရာကနေ မြန်မြန်ထွက်သွားသင့်တယ် .. ဒီသားရဲအသိုက်က မူမမှန်ဘူး … ဆက်ဝင်သွားရင် သေလမ်းတစ်လမ်းပဲ ရှိလိမ့်မယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
သူတို့လျင်မြန်စွာပင် လှုပ်ရှားသွားကြသည်။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဤနေရာကို ဆန်းစစ်ကာ သဲလွန်စပေါ်မူတည်၍ အရပ်မျက်နှာကို ညွှန်ပြနေလေသည်။
သူတို့သည် ရှေးဟောင်းစစ်မြေပြင်ကို စွန့်ခွာခဲ့ပြီး တောင်ကြောတစ်ခုပေါ်သို့ ဝင်ခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် အခြားနယ်မြေတစ်ခုကို ဖြတ်သန်းခဲ့ကြပြီး ထိုအခါမှသာ တောက်ပနေသည့် လမ်းကြောင်းကို သူတို့တွေ့ခဲ့ရသည်။
“ဒီလမ်းပဲ ရှိတော့တယ် .. အန္တရာယ်များတယ်ဆိုပေမယ့် ငါတို့ဒီသားရဲအသိုက်ကနေ ထွက်နိုင်မယ့် အခွင့်အရေးရှိသေးတယ်”
“အား…”
အော်သံနှစ်ခု ထွက်ပေါ်လာလေ၏။ ရှီဟောင်နောက်လိုက်လာသည့် လူနှစ်ယောက်မှာ မရပ်တန့်ပဲ ဆက်သွားလိုက်သောကြောင့် ရလဒ်အနေဖြင့် သူတို့သည် ဤလမ်းကြောင်းပေါ်တွင်ရှိနေသည့် သင်္ကေတများ၏ တိုက်စားခြင်းကို ခံလိုက်ရလေသည်။
သွေးများမှာ အလွန်ပင် တောက်ပလှကာ နေရာတစ်ခုထံသို့ ဦးတည်စီးဆင်းသွားလေသည်။
နောက်ဆုံးတွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်လျှင် အကြံကုန်သွားလေပြီ။ သူတို့သည် မြေအောက်ရှေးလမ်းကြောင်းများကို တွေ့ရာလျှောက်သွားနေကြပြီး အချိန်နှင့်အမျှ အန္တရာယ်များလည်း တွေ့နေကြရလေသည်။
ဤလမ်းကြောင်းတွင် သူတို့သည် တစ်ရက်နှင့်တစ်ည ကြာသွားလေသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် ၁၀ အုပ်စုကျော်နှင့်တွေ့ခဲ့ရပြီး ထိုသူများနှင့်အတူတူ ခရီးဆက်ခဲ့ကြသည်။ သို့သော်လည်း ထိုသူများအားလုံး သေဆုံးသွားကြကာ နောက်ဆုံးတွင် ရှီဟောင်၊ နဂါးမိန်းမပျိုနှင့် ချင်းဟောင်သာ ကျန်တော့သည်။
“အမ်.. ရင်းနှီးနေတဲ့အော်ရာပဲ .. ရှီယိ” ရှီဟောင် တုန်လှုပ်သွားရသည်။ လေဟာနယ်ကို ဖြတ်သန်းလာသည့် အလင်းတန်းနှစ်ခုကို သူတွေ့လိုက်ရသည်။ ထိုအလင်းတန်းတွင် ဖရိုဖရဲစွမ်းအင်များ ပါဝင်နေလေသည်။ ဤသည်မှာ လူတစ်ယောက်၏အကြည့်ပင်။
“သွားမယ်..” သူဦးဆောင်ကာ ထိုနေရာသို့ တရှိန်ထိုး ပြေးသွားလိုက်ကြသည်။
ဟုတ်ပါသည်။ ဤလူမှာ ရှီယိပင်။ သူသည် လူ ၅ ယောက် ၆ ယောက်ခန့်နှင့်သွားနေခြင်းပင်။ သူတို့အားလုံးမှာ စွမ်းအားကြီးကြသည့်သူများပင်။ သို့သော်လည်း သူတို့ခန္ဓာကိုယ်တွင် ဒဏ်ရာများ၊ သွေးများဖြင့် ပြည့်နှက်နေလေသည်။
ရှီဟောင်နှင့် နဂါးမိန်းမပျိုလေးလည်း သိပ်မထူးပေ။ သူတို့၏စစ်ဝတ်စုံတွင် သွေးများ စိုရွှဲနေလေပြီ။
“ငါတို့ကို ထောင်ချောက်ဆင်ရဲတယ် .. ငါသာလွတ်ရင် သေချာပေါက်ကို လက်စားချေဦးမှာ” ရှီယိပြောလိုက်သည်။
အခြားသူများမှာ ထိတ်လန့်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ထိတ်လန့်တကြားဖြင့်ပင် “ဒါကို တစ်ယောက်ယောက်က စီစဉ်ထားတာလား .. ဒါက သားရဲအသိုက်က စစ်ဆေးမှုမဟုတ်ဘူးလား..”
“ချီးကို စစ်ဆေးနေလိုက်” ရှီဟောင်၏မျက်လုံးများမှာ အေးစက်နေလေသည်။
နဂါးမိန်းကလေး၏ မျက်လုံးများမှာ လေးနက်နေလေသည်။ သူမအနောက်တွင် နဂါးအစစ်တစ်ကောင်ပုံပေါ်လာပြီး ကောင်းကင်ထက်သို့ တက်သွားလေသည်။ သူမသည် လျှို့ဝှက်ပညာကိုအသုံးပြုကာ သူမ၏ ဘေးပတ်လည်ကို အာရုံခံနေခြင်းပင်။
နောက်ဆုံးတွင် သူမပြောလိုက်သည်။ “ကြည့်ရတာ သားရဲအသိုက်ထဲမှာ ကျွန်မ အမှတ်တမဲ့တွေ့လိုက်တဲ့ ရှေးဟောင်းစာသားတွေက မှန်တယ်ထင်တယ် .. အဲဒီလူက ကမ္ဘာပေါင်း ၆ ခု ၇ ခုလောက်မှာ ပေါ်လာပြီးတော့ နတ်သွေးမျိုးစုံနဲ့ သင်္ကေတမျိုးစုံကို စုတ်ယူနေတာ…”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးခေါင်းမွေးထောင်သွားရသည်။
လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်များ ရှိနေသည်မှာ သေချာသည်။
“သွားကြစို့ .. ငါတို့အားလုံး စုပေါင်းလိုက်ရင် ထွက်နိုင်မှာပါ” နဂါးမိန်းမပျိုမှ ပြောလိုက်သည်။ သူမသည် မှုန်မှိုင်းနေသည့် နဂါးဦးချိုနှစ်ခုကို ထုတ်ယူလိုက်ကာ ဆက်လိုက်သည်။ ထိုဦးချိုများမှာ ဆက်လိုက်သည်နှင့် ထိတ်လန့်စရာကောင်းသည့်ခွန်အားကို ထုတ်လွှတ်နေလေသည်။
“အဲဒီမှာ” ရှီယိ၏မျက်လုံးများတောက်ပလာပြီး နေရာတစ်ခုကို လက်ညှိုးထိုးလိုက်သည်။ ထိုနေရာတွင် ဖရိုဖရဲအလင်းများ တောက်ပနေသည့် ရှေးဟောင်းဂိတ်တံခါးတစ်ခု ရှိနေလေ၏။ ထိုဂိတ်တံခါးသည် အနားကပ်လာသည့်သူတိုင်းကို သတ်ပစ်နေလေသည်။
ဤနေရာတွင် နာရီအနည်းငယ်ကြာအောင် နေခဲ့ရသည့် ရှီယိ၏အမြင်အရဆိုလျှင် ဤသည်မှာ ထွက်ပေါက်ပင်ဖြစ်သည်။ သို့သော်လည်း ဤအပေါက်မှ ဖြတ်သန်းနိုင်ရန် ခက်ခဲလှသည်။
“ပူးပေါင်းကြစို့ .. ငါတို့ပူးပေါင်းလိုက်ရင် ဒီကနေ ဖြတ်နိုင်မှာပါ” ရှီဟောင်ပြောလိုက်၏။
တံခါးပေါက်ရှေ့တွင် သူတို့အချိန်အတော်ကြာသည်အထိ ပြင်ဆင်နေခဲ့ကြသည်။ နောက်ဆုံးတွင် လူပေါင်း တစ်ဒါဇင်ကျော်ခန့် ထပ်ရောက်လာသည်။ သူတို့ကို ဦးဆောင်လာသည့်သူကို ရှီဟောင်သိသည်။ ဤသည်မှာ ရှေးဟောင်းလူထူးဆန်းတစ်ယောက်ဖြစ်သည့် ချန်ကုန်းယန်ပင်။ ဤလူသည် အပြစ်သားစီရင်စုတွင် ပေါ်လာဖူးသည်။
“အားလုံးပဲ ငါတို့စွန့်စားမှရမယ် .. ငါတို့ဒီအပေါက်ကနေ ဖြတ်နိုင်ရင် ငါတို့နေ့အလင်းရောင်ကို နောက်တစ်ကြိမ် ပြန်မြင်ရမယ် .. ငါတို့မအောင်မြင်ရင် ဒီမှာ သေရမယ်”
ထို့နောက်တွင် အားလုံးသည် သူတို့၏ စွမ်းအားအကြီးဆုံးပညာများကို ထုတ်သုံးလိုက်ကြလေသည်။
နဂါးမိန်းမပျိုလေးသည် သူမ၏လက်ထဲတွင် ရှိနေသည့် ရှေးဟောင်းဦးချိုများကို ချိတ်ဆက်လိုက်ပြီး နဂါးခွန်အားကို ထုတ်ပြလိုက်သည်။
ရှီယိသည်လည်း ဖရိုဖရဲစွမ်းအင်များ ထုတ်လွှတ်နေသည့် ကျောက်တုံးတံဆိပ်တစ်ခုကို ထုတ်လိုက်သည်။
ချန်ကုန်းယန်သည် မင်ကဲ့သို့ မည်းနက်နေသည့် လေးတစ်ခုကို ထုတ်လိုက်ပြီး ထူးဆန်းသည့် အနက်ရောင်မြှားကို လေးပေါ်တင်ထားလေသည်။
ရှီဟောင်သည် ဆေးလုံးမီးဖိုကို ထုတ်လိုက်ပြီး တစ်ခဏခန့် စဉ်းစားပြီးသည့်နောက်တွင် မူလရှေးဟောင်းမှတ်တမ်းဖြစ်သည့် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ထုတ်လိုက်သည်။
အခြားသူများသည်လည်း သူတို့၏ လျှို့ဝှက်ရတနာအသီးသီးကို ပြင်ဆင်ထားလိုက်ကြသည်။
“သွားမယ်..”
အော်သံထွက်လာပြီးသည့်နောက် အားလုံး တရှိန်ထိုး ပြေးသွားလိုက်ကြသည်။
အား… ဤသည်မှာ ဆိုးရွားလွန်းလှ၏။ လူ ၁၀ ယောက်ကျော်မှာ ချက်ချင်းပင် သွေးပုံအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရှီဟောင်သည် ချင်းဟောင်ကို ကာကွယ်ကာ အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။ ဆေးလုံးမီးဖိုတောက်ပလာကာ ထူးဆန်းသည့်အလင်းတန်းများ ထွက်ပေါ်လာလေ၏။
ဒုန်း..
ဤကဲ့သို့သော အရေးကြီးသည့်အချိန်မှာပင် နတ်အလင်းတန်းများ ထွက်ပေါ်နေဆဲပင်။ သူသည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်လိုက်ကာ ဤနေရာကို မှုန်ဝါးနေသည့်အလင်းတန်းဖြင့် ဖုံးလွှမ်းထားလိုက်သည်။
နောက်ဆုံးတွင် လူအနည်းငယ်သာ ထိုဂိတ်တံခါးမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်လေသည်။
နဂါးမိန်းမပျို၊ ရှီယိ၊ ချန်ကုန်းယန်၊ ရှီဟောင်နှင့် ချင်းဟောင်တို့သာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီဂ ကျန်သည့်သူအားလုံး သေဆုံးသွားကြလေသည်။
သူတို့သည် ထိုဂိတ်တံခါးမှ ထွက်လာပြီးသည့်နှင့် ချက်ချင်းပင် ကြောက်စရာကောင်းသည့် သားရဲအသိုက်ကို စွန့်ခွာသွားလိုက်ကြသည်။
သွေးနံ့များမှာ အတော်လေး ပြင်းလွန်းလှသည်။ သားရဲအသိုက်နားတွင် အလောင်းများ ထောင်ပေါင်းများစွာ ရှိနေလေသည်။ ဤအလောင်းများမှာ မကြာသေးခင်ကမှ သေဆုံးသွားသည့် အလောင်းများပင်။
“ဒီနေ့ သူတို့အားလုံး သေသွားပြီ” ချန်ကုန်းယန် ပြောလိုက်၏။
ထိုအချိန်တွင် ခပ်ဝေးဝေးမှ လူသားပုံရိပ်များ ထွက်ပေါ်လာပြီး လူများစွာမှာ ဤနေရာမှ ထွက်ပြေးနေကြလေသည်။
ဤမြေပြင်ပေါ်တွင်လည်း တစ်ခုခုဖြစ်ခဲ့သည်မှာ သေချာသည်။ နေရာတိုင်းတွင် အလောင်းများ ရှိနေသည်။
“ထွက်ပြေးနေတဲ့လူတွေ အများ အများကြီး ရှိနေသေးတယ်” ရှီယိပြောလိုက်သည်။ သူ၏မျက်လုံးများ တောက်ပလာကာ သူသည် လီပေါင်း ထောင်ပေါင်းများစွာကို ကျော်ဖြတ်ကာ ရှေးဟောင်းမြေကို စိုက်ကြည့်လိုက်သည်။
ရုတ်တရက်ပင် သံစဉ်တစ်ခု ထွက်ပေါ်လာလေ၏။
ရှီဟောင်တို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် သားရဲအသိုက်နှင့် မီးတောင်ဝကြားတွင် ပုံရိပ်တစ်ခု ပေါ်လာလေ၏။ ထိုသူ၏နှုတ်ခမ်းများမှာ ကျောက်စိမ်းပုလွေထက်တွင်ရှိနေသည်။
သွေးလများအောက်မှာ သူ၏ပုံစံမှာ ထူးခြားနေသည်။ သူ၏အဝတ်အစားများမှာ လှုပ်ခတ်နေလေသည်။
ထိုလူသည် အလွန်ပင် ချောမောလှကာ သူ၏မျက်နှာမှာ ပြီးပြည့်စုံလှသည်။ အသားအရေများလည်း တောက်ပနေလသည်။ သူသည် အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ဤလူများထံသို့ ခေါင်းညိမ့်ပြလိုက်လေသည်။
“လူအုပ်ကြီးကို ပို့ပေးမယ့်သံစဉ်”
သူ၏အသံမှာ နူးညံ့လှသည်။ သူသည် ပုလွေကို စတင်တီးမှုတ်လိုက်လေ၏။ ဤသည်မှာ ကောင်းကင်ဘုံကိုးခုမှ ကောင်းကင်သီချင်းတစ်ပုဒ် ဆင်းသက်လာသကဲ့သို့ပင်။
ခပ်ဝေးဝေးတွင်ရှိနေသည့် လူများစွာမှာ အော်ဟစ်နေကြလေ၏။ အဘယ်ကြောင့်ဆိုသော် တောက်ပသည့် ပန်းပွင့်ဖတ်များ ကျဆင်းလာပြီး ဤလူများကို ဖောက်ထွက်သွားကာ သွေးအိုင်အဖြစ် ပြောင်းလဲသွားစေလေသည်။
ဤသည်မှာ အစပိုင်းတွင် အံ့အားသင့်စရာကောင်းသည့်မြင်ကွင်းပင်။ တောက်ပသည့်ပန်းပွင့်ဖတ်များ ကျဆင်းလာပြီး ထိုပွင့်ဖတ်များသည် ပုလွေသံနှင့်အတူ သွေးလရောင်အောက်တွင် ခုန်ပေါက်နေကြလေသည်။
နောက်ဆုံးတွင် ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကာ ဤရှေးဟောင်းမြေတစ်ခုလုံးကို သွေးများ လွှမ်းခြုံသွားလေသည်။
အပိုင်း ၁၀၅၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၂ – လရောင်အောက်တွင် သတ်ဖြတ်ခြင်း
သွေးလရောင်အောက်တွင် ထူးခြားလူငယ်လေးတစ်ယောက်သည် သူ၏နှုတ်ခမ်းထက်တွင် အဖြူရောင်ကျောက်စိမ်းပုလွေကို တင်ထားလေသည်။ သူ၏အဝတ်အစားများမှာ လေထဲတွင် မျောလွင့်နေပြီး သူသည် နီညိုရောင် တောင်ထိပ်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေလေသည်။ သူ၏နှုတ်ခမ်းထက်မှာ ထာဝရသံစဉ်တစ်ခုလည်း ထွက်ပေါ်နေလေသည်။
“ဒါတွေအားလုံးကို လုပ်နေတာ မင်းပဲ..” ရှီယိ၏မျက်လုံးမှ အလင်းတန်းများ တောက်ပလာသည်။ သင်္ကေတများလည်း ထွက်ပေါ်လာလေ၏။
သံစဉ်မှာ သဘာဝအသံကဲ့သို့ပင်။ ညကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်နေလေသည်။
ထိုလူ၏အမူအရာမှာ တည်ငြိမ်နေလေသည်။ သူသည် တည်ငြိမ်စွာပင်ပြုံးနေလေ၏။ သူ၏သွားများမှာ ဖြူဖွေးလှပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ထာဝရတာအိုအော်ရာများ ပိုင်ဆိုင်ထားလေသည်။
သို့သော် ခပ်ဝေးဝေးမှ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဤငြိမ်းချမ်းမှုကို ဖျက်ဆီးပစ်လေသည်။ သွေးများလည်း လွင့်စင်ထွက်လာပြီး လူများ၏ စိတ်နှလုံးကို တုန်လှုပ်အောင် လုပ်နေလေသည်။
ချန်ကုန်းယန်သည် သူ၏လက်ထဲတွင် အနက်ရောင်လေးကို ကိုင်ထားဆဲပင်။ သူသည် ဘယ်ခြေဖြင့် ရှေ့တစ်လှမ်းတိုက်လိုက်ကာ အနက်ရောင်မြှားကို လေးညှို့တင်ထားလေသည်။ ထို့နောက်တွင် သူသည် ညာဘက်လက်ဖြင့် လေးကြိုးကို ဆွဲတင်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ချက်ချင်းပင် တုန်ခါလာကာ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်လှိုင်းများ ထွက်ပေါ်လာကာ နေရာအနှံ့သို့ ပျံ့လွင့်သွားလေသည်။
ဤသည်မှာ လေးနှင့်မြှားမှ ဖြစ်ပေါ်လာသည့် စွမ်းအားကြီးသည့် နတ်ခွန်အားပင်။
သူတို့အနားတွင်ရှိနေသည့် ကျောက်တုံးများ၊ သစ်ပင်များနှင့် တောင်များပင် တုန်ခါလာသည်။ သစ်ပင်များမှာ အမြစ်မှ ကျွတ်ထွက်သွားပြီး လေထဲတွင် ပေါက်ကွဲသွားလေသည်။
အချို့တောင်များပင်လျှင် ပျက်စီးသွားလေသည်။
ဤမှော်စွမ်းအားမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။
ဤသည်မှာ ရှေးဟောင်းလူထူးဆန်းတစ်ယောက်ပင်။ သူတို့ဒေါသထွက်လာသည်နှင့် သူတို့ထုတ်လွှတ်လိုက်သည့်ခွန်အားမှာ မရပ်တန့်နိုင်လောက်အောင်ပင်။ လေထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာလေသည်။
ထိတ်လန့်စရာအကောင်းဆုံးမှာ မြှားထိပ်ဖျားပင်။ ထိုမြှားသည် အနက်ရောင်အလင်းများကို ထုတ်လွှတ်နေပြီး သားရဲအသိုက်ထိပ်သို့ ဦးတည်ထားလေသည်။
ရွှီး..
နောက်ဆုံးတွင် မြှားကို လွှတ်တင်လိုက်သည်။
ထိုအနက်ရောင်မြှားသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လေဟာနယ်ကို ထိုးဖောက်သွားလေသည်။
ဤမြင်ကွင်းမှာ နတ်ဘုရားများကိုပင် တုန်လှုပ်စေနိုင်လိမ့်မည်ပင်။ ထိုမြှားသာ သူတို့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပါက သူတို့သေချာပေါက် သေဆုံးသွားမည်သာ။
မီးတောင်နှင့်တူသည့် ထိုတောင်ပျက်ပေါ်တွင်ရှိနေသည့် ပုံရိပ်မှာ တစ်ခဏအတွင်းပင် ပျောက်ကွယ်သွားလေသည်။
သို့သော် သံစဉ်ကို ကြားနေရဆဲပင်။
ထိုအနက်ရောင်မြှားသည် ထိုနေရာတွင်ရှိနေသည့် အရာအားလုံးကို ထိုးခွဲသွားသည်။ ထိုမြှားသည် ကျန်နေသည့် ပုံရိပ်ယောင်ကိုသာ ဖြတ်သွားပြီး မူလခန္ဓာကိုယ်ကို မထိလိုက်နိုင်ပေ။ ထို့နောက်တွင် ထိုမြှားသည် အရှေ့ဘက်သို့ ထွက်သွားလေသည်။
ရွှီးဟူသည့်အသံနှင့်အတူ ထိုလူသည် ဘယ်တုန်းကမှ မပျောက်ဖူးသကဲ့သို့ ပြန်ပေါ်လာလေသည်။ သူသည် တောက်ပသည့်အလင်းတန်းများကို ထုတ်လွှတ်ကာ ထိုနေရာတွင် ပုလွေမှုတ်နေဆဲပင်ဖြစ်ပြီး အဝေးမှ ကျွမ်းကျင်သူအားလုံးကို သတ်နေဆဲပင်။
ပန်းပွင့်ဖတ်များ ကျဆင်းနေပြီး အရာအားလုံးကို သွေးများ ဖုံးလွှမ်းနေလေသည်။
ဝူး…
လေတိုက်သံနှင့်အတူ အဝေးမှ အနက်ရောင်အလင်းများ ကျရောက်လာလေသည်။ ထိုအနက်ရောင်မြှား ပြန်ရောက်လာကာ ထိုထူးဆန်းသည့်လူကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
ကံမကောင်းစွာဖြင့်ပင် ထိုလူမှာ မြန်ဆန်လွန်းလှပြီး နောက်တစ်ကြိမ် ပျောက်ကွယ်သွားလေ၏။
သူနောက်တစ်ကြိမ်ပြန်ပေါ်လာသည့်အချိန်တွင် သူ၏နံဘေး၌ ရိုးရှင်းသည် အိတ်တစ်အိတ်ပါလာသည်။ ထိုအိတ်မှာ မှုန်မှိုင်းနေသော်လည်း သူထုတ်လွှတ်သည့် တာအိုများမှာ အံ့အားသင့်စရာကောင်းလွန်းလှ၏။ ဤသည်မှာ ယင်ယန်အိတ်ပင်။
ဤသည်မှာ ရှီဟောင် အဆင့်နိမ့်နယ်မြေတွင် ရခဲ့သည့် ဆေးပင်များကို ထည့်သိမ်းသည့် သားရဲအရေခွံအိတ်မဟုတ်ပေ။ အမှန်တကယ်ပင် ကြောက်စရာကောင်းသည့် လျှို့ဝှက်ရတနာဖြစ်သည်။
ဤသည်မှာ သားရဲပေါင်းတစ်ရာခန့်၏ မူလနတ်အရေခွံဖြင့်လုပ်ထားသည့် အိတ်ပင်။ ဤသည်မှာ အရာအားလုံးကို သိမ်းဆည်းနိုင်သည့်အိတ်ပင်။ နတ်ဘုရားများကိုသာ ထိုအိတ်ထဲသို့ ထည့်လိုက်ပါ ထိုနတ်ဘုရားများမှာ ချက်ချင်းပင် အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားမည်ပင်။
ထာဝရရှေးဟောင်းမြေတွင် သားရဲပေါင်း တစ်သောင်းကျော်၏ အရေခွံဖြင့် ပြုလုပ်ထားသည့် အဆင့်လွန်ရတနာတစ်ခုရှိသည်ဟု ပြောကြသည်။ ထိုရတနာသည် စီရင်စုသုံးထောင်လုံးကို သိမ်းဆည်းနိုင်သည်ဟု ပြောကြသည်။
သူ၏အရှေ့တွင်ရှိနေသည့်အိတ်သည် သားရဲပေါင်း တစ်ရာနီးပါး၏ အရေခွံများဖြင့် ပြုလုပ်ထားသောကြောင့် ထာဝရရတနာမဟုတ်နိုင်ပေ။ သို့သော်လည်း ဤသည်မှာ ကြောက်ဖို့ကောင်းနေဆဲပင်။
ချန်ကုန်းယန်၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏လက်ဖြင့် တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီး အနက်ရောင်မြှားလမ်းကြောင်းကို ပြောင်းလဲလိုက်သည်။ ထိုမြှားသည် သူ၏လက်တွင်းသို့ ပြန်လည်ဆင်းသက်လာလေ၏။
ထို့နောက်တွင် သူ၏နောက်ဘက်မှ အနက်ရောင်မြှားနောက်တစ်ချောင်းပေါ်လာပြီး သူ၏လက်ထဲတွင်ရှိနေသည့် တစ်ချောင်းနှင့် ပေါင်းစပ်သွားသည်။ သူထိုမြှားကို နောက်တစ်ကြိမ် ပစ်လွှတ်တော့မည်။
“တစ်ခုခုမှားနေပြီ” ရုတ်တရက်ပင် ရှီယိသည် တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားလေသည်။
အခြားသူများလည်း ထိတ်လန့်သွားပြီး ကြက်သီးမွေးညှင်းများပင် ထလာသည်။ သူတို့၏ခန္ဓာကိုယ်မှာ အေးခဲသွားသလိုပင်။ သူတို့သည် အလွန်ပင် ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ပုလွေသံအောက်တွင် ထိုတောင်များ၌ အရိပ်များစွာ ပေါ်လာလေသည်။ သက်ရှိပေါင်း ထောင်ပေါင်းများစွာသည် မီးတောင်အတွင်းမှာ တွားသွားတက်လာနေပြီး သူတို့၏အော်ရာများမှာ အံ့အားသင့်သစရာကောင်းလှသည်။
အူဟူး…
သူတို့သည် ဟစ်ကြွေးလိုက်ကာ ပြေးဝင်လာကြလေသည်။
“တစ္ဆေနတ်ဆိုးတွေ..” ရှီဟောင်၏အမူအရာပြောင်းလဲသွားပြီး သူတို့ကို ချက်ချင်းပင် မှတ်မိသွားသည်။ ဤသည်မှာ လူလုပ်ထားသည့် ထူးဆန်းသည့်သက်ရှိများဖြစ်ပြီး ဂျင်ဆင်းတစ်ဝက်သီးများကို ခူးသည့်အချိန်တုန်းက သူ ဤအကောင်များကို တွေ့ဖူးသည်။
“မြန်မြန်သွားကြမယ်” နဂါးမိန်းမပျိုမှ ပြောလိုက်သည်။
ဤနေရာသည် ကြောက်စရာကောင်းလှပြီး ဤလူမှာလည်း မခန့်မှန်းနိုင်လောက်အောင်ပင်။ ထို့အပြင် သူ၏အနားတွင် တစ္ဆေနတ်ဆိုးများရှိနေသောကြောင့် သူ့ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ မြေအောက်တံခါးပွင့်လာသကဲ့သို့ပင် တစ္ဆေနတ်ဆိုးများသည် ထောင်ပေါင်းများစွာပင် တွယ်တက်လာကြလေသည်။
ဝုန်း..
ယင်ယန်အိတ်သည် ကြီးမားလာကာ လေထဲတွင် လွင့်မျောနေကာ ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်နေလေသည်။ အိတ်မှာ ပွင့်လျက်ဖြစ်နေပြီး သူတို့ကို သိမ်းဆည်းတော့မည်ပင်။
နဂါးမိန်းမပျိုသည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်ထဲတွင်ရှိနေသည့် ရှေးဟောင်းဦးချို တောက်ပလာလေသည်။ လေဟာနယ်သည် ချက်ချင်းပင် ဖရိုဖရဲဖြစ်လာကာ ရေဂယက်များကဲ့သို့ပင် ပျံ့လွင့်သွားလေသည်။
“ငါတို့ ထွက်သွားရမယ် .. ဒီသားရဲအသိုက်ရဲ့ တစ်စိတ်တစ်ပိုင်းကို သူ ထိန်းချုပ်ထားတာ .. အစီအရင်တွေက သူလိုသလို အသက်ဝင်နေတာ .. ငါတို့သူနဲ့တိုက်လို့မရဘူး” ချန်ကုန်းယန် သက်ပြင်းချလိုက်သည်။
သူတို့မှာ ပြန်ခုခံနိုင်စွမ်းပင် မရှိပေ။ သူတို့သည် ယခုလေးတင်မှ လွတ်မြောက်လာခြင်းဖြစ်သောကြောင့် ဤနေရာမှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို သူတို့သိသည်။ ဤနေရာတွင် အစီအရင်များစွာရှိနေပြီး သူတို့ပူးပေါင်းခဲ့ကြသောကြောင့်သာ အသက်မသေခဲ့ခြင်းပင်။
သူတို့သည် တုန့်ဆိုင်းမနေပဲ လှည့်ပြန်သွားလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် တစ္ဆေနတ်ဆိုးများမှာ သူတို့ထံသို့ ပြေးလာနေပြီဖြစ်သည်။
“သူက ဘယ်သူလဲ .. မင်းတို့အားလုံး သူ့ကို မှတ်မိလား” ရှီဟောင် နဂါးမိန်းမပျိုနှင့် ချန်ကုန်းယန်ကို မေးလိုက်သည်။
သူတို့နှစ်ဦးလုံးသည် ခေါင်းခါပြကြလေသည်။ သူတို့သည် ဤမျှချောမောကာ ပြီးပြည့်စုံသည့်မျက်နှာကို တစ်ခါမှ မမြင်ဖူးပေ။
“ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်လာရတာလဲ” ချင်းဟောင်၏မျက်နှာမှာ ဖြူဖျော့နေသည်။
သားရဲအသိုက်သည် ရှေးခေတ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ထိုလူကြောင့် လူသတ်ကုန်းဖြစ်နေလေပြီ။ ဤလူမှာ ကြောက်စရာကောင်းလှပြီး လတ်တလောတွင်ပင် လူပေါင်း တစ်သိန်းကျော်ကို သတ်ပြီးသွားလေပြီ။
ရှီယိကဲ့သို့သော စိတ်ဆတ်သည့်သူပင်လျှင် ယခုအချိန်တွင် အေးစက်မှုကို ခံစားနေရသည်။
နဂါးမိန်းကလေး ပြောပုံအရဆိုလျှင် သူသည် ဤကိစ္စကို ၆ ခေတ် ၇ ခေတ်ခန့် ကတည်းက အစီအစဉ်ချထားခြင်းဖြစ်ကြောင်း ကျောက်တုံးပေါ်တွင် ရေးထားသည်ကို တွေ့လိုက်ရလေသည်။
ထိုအကြောင်းကို သေချာစဉ်းစားကြည့်မိသွားသည့်အချိန်တွင် အားလုံး တုန်လှုပ်သွားရသည်။
၆ ခေတ် ၇ ခေတ်ခန့် ကြာခဲ့ပြီဖြစ်သော်လည်း ဤလူသည် တိတ်ဆိတ်နေပြီး နာမည်လည်း မထွက်လာခဲ့ပေ။ ဤလူသည် မည်မျှပင်စိတ်ရှည်စွာဖြင့် နောက်ဆုံးခေတ်ရောက်သည့်တိုင်အောင် စောင့်နေလေသနည်း…
“အရင်တုန်းကမပြောနဲ့ … အခုတောင်မှ သေသွားတဲ့ ရှေးဟောင်းလူထူးဆန်းတွေ သုံးယောက် လေးယောက်လောက်ရှိတယ်” နဂါးမိန်းကလေး ထိုသို့ပြောလိုက်သည့်အချိန်တွင် အားလုံးတိတ်ဆိတ်သွားလေ၏။
ဤလူမှာ ရက်စက်လွန်းလှပြီး ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးလွန်းလှသည်။ အစီအရင်များကို အသုံးပြုကာ လူအားလုံးကို သတ်ပစ်နေသည်။
“သူက သားရဲအသိုက်ရဲ့ ကံကောင်းမှုအားလုံးကို မရသေးဘူးလို့ ငါထင်တယ် .. သူက အားလုံးရဲ့သွေးတွေကို သုံးပြီးတော့ တစ်ခုခုကို ဖွင့်ဖို့ ကြိုးစားနေတာ .. ဒီတစ်ချိန်လုံးမှာ သူက မရေမတွက်နိုင်တဲ့ တစ္ဆေနတ်ဆိုးတွေကိုလည်း လုပ်ခဲ့သေးတယ်” ချင်းဟောင်ပြောလိုက်သည်။
ချင်းဟောင်သည် ရည်မှန်းချက်ကြီးမားသည့်လူငယ်လေးပင်။ သို့သော် ယနေ့အဖြစ်အပျက်မှာ သူ့စိတ်အား အတော်လေး ရိုက်ခတ်သွားသည်။ သူ့အစ်ကိုကြောင့်သာမဟုတ်ပါက သူအသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်မဟုတ်ပေ။
ခဏကြာပြီးသည့်နောက်တွင် သူတို့သည် ပျက်စီးနေသည့် ထာဝရတောင်ကြောသို့ ရောက်ရှိလာသည်။
ရုတ်တရက်ပင် အားလုံးသည် တစ်စုံတစ်ခုကို တွေးမိသွားကြသည်။ ဤနေရာတွင် ထာဝရအစစ်တစ်ယောက် သေဆုံးခဲ့ပြီး သွေးစွမ်းအင်များကို သားရဲအသိုက်မှ စုတ်ယူသွားခဲ့ကာ အဖိုးတန်ရေကန်ထဲတွင် စုသွားသည်ဟု ပြောကြသည်။
ဤလူသည် သွေးမျိုးစုံကို စုတ်ယူကာ စတေးခံအဖြစ် အသုံးပြုပြီး ရေကန်အတွင်းမှာ ထာဝရသွေးကို ဆွဲထုတ်လိုခြင်းလား….
သူသွားခွင့်မရှိသေးသည့် နေရာအချို့ကိုလည်း သွေးယဇ်ပူဇော်ကာ ဖွင့်ခဲ့သည့်ပုံပင်။
“ခေတ် ၆ ခေတ် ၇ ခေတ်စာလောက် ဆွဲထားတဲ့အစီအစဉ် .. ဒီလူက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ” ချန်ကုန်းယန်ပြောလိုက်သည်။
“ထာဝရရှေးဟောင်းလူသားထဲက တစ်ယောက်ကိုသာ ရွေးရမယ်ဆိုရင် သူနဲ့ ကိုက်ညီမယ့်သူက ဘယ်သူလဲ” ရှီဟောင်မေးလိုက်သည်။
ထိုအချိန်တွင် အားလုံးသည် သရဖူ ၁၀ ခုဘုရင်ကို စဉ်းစားမိသွားကြသည်။ သူသည် အတိတ်ကာလမှ ယခုထက်ထိ စွမ်းအားအကြီးဆုံးသူပင်။
“သရဖူ ၁၀ ခုဘုရင်ကို မမြင်ဖူးပေမယ့် ဒီလူက သူမဟုတ်လောက်ဘူး .. ဘာလို့လဲဆိုတော့ ဒီလိုမျိုးတွေလုပ်တာက သူ့ပုံစံ မဟုတ်ဘူး” နဂါးမိန်းမပျို ခေါင်းခါကာ ငြင်းလိုက်သည်။
“ဒီလိုဆိုရင် ပိုလို့တောင် ကြောက်စရာကောင်းသွားပြီ” ရှီဟောင်သက်ပြင်းချလိုက်သည်။
ဤလူသည် ဘယ်တုန်းကမှ နာမည်ထွက်ခဲ့ခြင်းမရှိသလို လူအများ၏အာရုံစိုက်မှုကိုလည်း မယူခဲ့ပေ။ သူသည် နောက်ဆုံးခေတ်ကျမှ သူ၏တောက်ပမှုကို ပြသနေခြင်းပင်။
သူတို့အရှေ့မှ ပျံပြေးနေသည့်သူများနှင့်ပင် သူတို့မှီသွားလေပြီ။ ထိုသူများအားလုံးသည် စွမ်းအားကြီးသည့်သူများဖြစ်ကြသော်လည်း ယခုအချိန်တွင် ကြောက်လန့်တကြားပင် ပြေးနေကြလေ၏။
အော်ဟစ်သံများမှာ ဆက်တိုက်ပင် ထွက်ပေါ်လာသည်။ ပန်းပွင့်ဖတ်များမှာ ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ပင် ကောင်းမွန်လွန်းလှသည်။ ထိုပန်းမှ အမွှေးနံ့များလည်း ထွက်ပေါ်နေသည်။
ပန်းပွင့်ဖတ်တိုင်းတွင် သွေးစေးများ ကပ်ညှိနေလေ၏။
သူတို့နောက်မှာ ပုလွေသံ ထွက်ပေါ်နေဆဲပင်။ ထိုအသံသည် လူအုပ်ကြီးကို သတ်ရန်အတွက် အသံသင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ပွင့်ဖတ်များမှာ တောက်ပလွန်းလှပြီး အလွန်ပင် မျက်စိပသာဒဖြစ်လှသည်။ ဤပန်းပွင့်ဖတ်များ ကောင်းကင်ထက်မှ ကျဆင်းလာသည်မှာ ကြယ်များ ကြွေကျနေသကဲ့သို့ပင်။
ထိုလူသည် သူတို့နောက်မှ လိုက်လာလေ၏။ သူသည် လေဟာနယ်ထဲတွင်ရပ်နေပြီး သူ၏နှုတ်ခမ်းထက်တွင် အရိုးပုလွေရှိနေလေသည်။ သူလှုပ်ရှားလိုက်သည်နှင့် တစ္ဆေနတ်ဆိုးများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာလေသည်
အနီရင့်ရောင်လရောင်လည်း ဖြာဆင်းနေသောကြောင့် ဤမြင်ကွင်းမှာ လှပလွန်းလှသည်။
သို့သော် ပုလွေသံမှာ အားလုံး၏ဦးရေပြားကိုပင် ထုံကျဉ်သွားစေနိုင်လေသည်။
“ဒီလောက်တောင် ရက်ရက်စက်စက်သတ်နေတာ ဝဋ်လည်မှာကို မကြောက်ဘူးလား” တစ်စုံတစ်ယောက်မှ မသေခင် ဟစ်ကြွေးသွားလေသည်။
သို့သော် သူရလိုက်သည့်တုံ့ပြန်မှုမှာ သင်္ကေတများမှ ဖြစ်ပေါ်လာသည့် ပွင့်ဖတ်တစ်ခု သူ၏မျက်ခုံးနှစ်ခုကြားသို့ ထိုးစိုက်သွားခြင်းပင်။
ကောင်းကင်ထက်တွင်ရှိနေသည့် ထိုသူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုသာရှိနေပြီး မည်သည့်စကားမှ ထွက်မလာပေ။
ပွင့်ဖတ်များမှာ ရှီဟောင်နှင့် နဂါးမိန်းမပျိုတို့ အုပ်စုထံသို့ ရောက်မလာပေ။ ဤလူများကို ဤပွင့်ဖတ်ဖြင့် သတ်ရန် ခက်ခဲသည်ကို သူသိလေသည်။
သို့သော် တစ္ဆေနတ်ဆိုးများမှာ ဟစ်ကြွေးနေဆဲဖြစ်ပြီး ရှီဟောင်တို့နောက်သို့ ပြေးလိုက်လာလေသည်။
“ဒီကောင်တွေ ငါတို့ကို မမှီနိုင်ဘူးဆိုပေမယ့် ဘာလို့ငါက ဒီလောက်တောင်မှ ရင်တုန်နေရတာလဲ” ချင်းဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟု သူခံစားနေရသည်။
“ငါတို့ တိုက်ခိုက်ဖို့ ပြင်ဆင်သင့်တယ် .. အရှေ့မှာ သေချာပေါက် တစ္ဆေနတ်ဆိုးတွေ အများကြီး ရှိနေမှာ” ရှီဟောင်ပြောလိုက်သည်။
သူပြောပြီးသည်နှင့် ပျက်စီးနေသည့်ထာဝရတောင်ကြောအရှေ့ဘက်မှ ဟစ်ကြွေးသံများ ထွက်ပေါ်လာလေသည်။ ထောင်ပေါင်းများစွာသော တစ္ဆေနတ်ဆိုးများ ပေါ်လာကာ သူတို့ထံသို့ ခုန်ဝင်လာကြလေသည်။
အား…
သနားစဖွယ်အော်သံများ ဆက်တိုင်ပင် ထွက်ပေါ်လာလေသည်။
အချို့ တစ္ဆေနတ်ဆိုးမှာ စွမ်းအားကြီးလှပြီး နတ်ဘုရားအစစ်အမှန်အဆင့်သို့ပင် ရောက်နေလေပြီ။ ထို့ကြောင့် နတ်မီးတောက်နယ်ပယ်မှ လူများမှာ ဘယ်လိုလုပ် သူတို့အားရင်ဆိုင်နိုင်မည်နည်း… တစ္ဆေနတ်ဆိုးများမှာ သူတို့ မျက်စိတစ်ဆုံးပင် ရှိနေလေသည်။
သွေးရောင်လွှမ်းနေသော လရောင်အောက်တွ၍် တောအုပ်ကြီးမှာ သေမင်းနယ်မြေဖြစ်သွားလေသည်။
“သတ်…”
ရှီဟောင်သည် အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ပြီး ပျက်စီးနေသောထာဝရတောင်ကြောမှ ထွက်နိုင်ရန် ကြိုးစားလိုက်သည်။
အပိုင်း ၁၀၅၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၃ – ထာဝရစွမ်းအင်၏အလေးသာမှု
သွေးလရောင်အောက်တွင် တစ္ဆေနတ်ဆိုးများမှာ နေရာတိုင်းတွင် ရှိနေသည်။
ရှီဟောင်တို့အုပ်စုသည် ပျက်စီးနေသော ထာဝရတောင်ကြောသို့ ဦးတည်သွားလိုက်ကြသည်။ သူတို့အနောက်တွင် ဒေါသတကြီးအော်ဟစ်သံများ ထွက်ပေါ်နေလေ၏။ ကျင့်ကြံသူများစွာကို ထိုတစ္ဆေနတ်ဆိုးများမှ ဖမ်းမိသွားလေပြီ။
ထိုတစ္ဆေနတ်ဆိုးများသည် ရှီဟောင်တို့အုပ်စုအား မမှီနိုင်သော်လည်း အသက်လုပြေးနေရသည့် ကျင့်ကြံသူများမှာမူ သေဆုံးသွားကြလေသည်။
ရှေးဟောင်းမြေအတွင်းတွင် ကလန်ပေါင်းစုံမှ သက်ရှိများ လှုပ်ရှားနေကြသည်။ ကောင်းကင်ထက်တွင် အဖိုးတန်အလင်းများ ထွက်ပေါ်လာပြီး သင်္ကေတများလည်း ပျံ့လွင့်လာသည်။ သစ်တောများပျက်စီးသွားပြီး ကမ္ဘာမြေကြီး အက်ကွဲသွားသည်အထိ သူတို့တိုက်ခိုက်နေကြလေသည်။
နဂါးမိန်းမပျိုနှင့်ရှီယိတို့အုပ်စု၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် ဘယ်ကထွက်လာမှန်း မသိသည့် တစ္ဆေသားရဲအုပ်စုငယ်များစွာကို ရင်ဆိုင်ခဲ့ရသည်။
“ငါတို့ ဒီနေရာကနေ လုံးဝထွက်သွားမှာမလား” ချင်းဟောင် တိတ်တဆိတ်ပြောလိုက်သည်။ ဤနေရာကို မုန်းတီးလှပြီး တတ်နိုင်မျှ မြန်မြန်ထွက်သွားချင်လှပြီ။
သူတို့သည် ယခုအချိန်တွင် သားရဲအသိုက်နှင့် အတော်ဝေးနေပြီဖြစ်ပြီး အန္တရာယ်အရှိဆုံးနေရာနှင့်လည်း အတော်ဝေးကွာခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ ထူးဆန်းသည့်အစီအရင်များကို စိုးရိမ်စရာမလိုတော့ပေ။
ဤနယ်မြေတွင် လူသိပ်မရှိပေ။ သူတို့အပြင် အသက်လုပြေးနေသည့် လူအနည်းငယ်သာ ရှိသည်။
ဝူး…
ရုတ်တရက်ပင် သံစဉ်ရပ်တန့်သွားကာ တစ်ခဏကြာပြီးသည့်နောက်တွင် ခရာမှုတ်သံ ထွက်ပေါ်လာလေသည်။ ထိုခရာသံတွင် ကြောက်စရာကောင်းသည့်နတ်ဆိုးသဘာဝများ ပါဝင်နေသည်။
ချင်းဟောင်မှာ ချက်ချင်းပင် သွေးအန်သွားလေ၏။ လှိုင်းများ တစ်ခုပြီးတစ်ခု ဤနေရာကို စုတ်ဖြဲနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ရှေးဟောင်းသစ်ပင်များအားလုံး ကြေမွသွားကာ ကြီးမားလှသည့် ကျောက်တုံးကြီးများပင်လျှင် တစ်လက်မစီ ကွဲထွက်သွားလေသည်။
ထိုလှိုင်းများသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ထိုထူးဆန်းသည့်လူ နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။ သူသည် အရိုးပုလွေကို သိမ်းလိုက်ပြီး ရိုးရှင်းသည့် အပြာရောင်ခရာတစ်ခုကို ထုတ်ထားလေသည်။ ဤသည်မှာ ကောင်းကင်အမှတ်တံဆိပ်ခရုသင်းဖြစ်နေလေသည်။
ဤသည်မှာ ကြောက်စရာကောင်းသည့် လူသတ်လက်နက်တစ်ခုပင်ဖြစ်ပြီး နတ်ဘုရားများပင်လျှင် ပေါက်ကွဲသွားနိုင်သည်။
ဝုန်း…
ရှီယိသည် ဖရိုဖရဲစွမ်းအင်များ ထွက်နေသော ပျက်စီးနေသည့် ကျောက်တုံးတံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုကျောက်တုံးသည် တုန်ခါသွားကာ သူတို့ကိုတိုက်ခိုက်လာသည့် လှိုင်းများလည်း ပျက်ပြယ်သွားသည်။
ဤကျောက်တုံးတံဆိပ်မှာ အလွန်ပင် ထူးဆန်းသည်မှာ သိသာလှသည်။
အနီးအနားတွင်ရှိနေသည့်သူများမှာ ဤမျှကံမကောင်းပေ။ သူတို့ထံတွင် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ဤကဲ့သို့သော စွမ်းအားကြီးသည့် ရှေးဟောင်းရတနာမရှိပေ။
ဖူး…
နတ်မီးတောက်ရလာပြီးနောက် အတော်လေး စွမ်းအားကြီးလာသည့်သူများ၏ခန္ဓာကိုယ်များမှာ ဟက်တက်ကွဲသွားပြီး သွေးမြူအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူတို့၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်နှစ်ခုလုံး ရှင်းခံလိုက်ရခြင်းပင်။
ဤသည်မှာ အစသာရှိသေးသည်။ နောက်ပိုင်းတွင် ဖူး ဖူး အသံများ ဆက်တိုက်ပင် ထွက်ပေါ်လာပြီး ဤနေရာသည် သနားစဖွယ်အော်ဟစ်သံများဖြင့် ပြည့်နှက်သွားလေသည်။
ဤလူများထံတွင် လျှို့ဝှက်ရတနာရှိလျှင်ပင် ဤသည်မှာ ဤလှိုင်းများကို ခုခံရန် မလုံလောက်ပေ။ သူတို့၏အဖိုးတန်ပညာများလည်း လျင်မြန်စွာပင်ပျက်ပြယ်သွားလေ၏။
“မိစ္ဆာကောင် .. မင်းက ရက်စက်ပြီးတော့ နှလုံးသားမရှိတဲ့ နတ်ဆိုးကောင်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သို့သော် မည်သည့်တုံ့ပြန်မှုမှ ထွက်မလာပေ။
ရှီဟောင်တို့အုပ်စုမှလွှဲလျှင် ဤတောင်တစ်ခုလုံးတွင် မည်သည့်သက်ရှိမှ အသက်မရှင်တော့ပေ။
ရွှီး…
ထိုအချိန်တွင် နဂါးမိန်းမပျိုသည် သူမ၏လက်ထဲတွင် ကိုင်ထားသည့် ရှေးဟောင်းဦးချိုဖြင့် လေထဲတွင် စုတ်ချက်တစ်ချက် ရေးဆွဲလိုက်သည်။ ထိုစုတ်ချက်မှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်ရှိ ထိုလူထံသို့ ဦးတည်သွားလေသည်။
“သူ့ကို သတ်လိုက်ကြစို့” ချင်းဟောင် ပြောလိုက်သည်။ ဤလူသည် သားရဲအသိုက်မှဤနေရာထိရောက်အောင် သူတို့နောက်လိုက်လာခြင်းပင်။ ဤသည်ကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း..
အမှန်တကယ်လည်း သူတို့သည် ဤလူကို သတ်ပစ်လိုက်ချင်သည်။
သူတို့သည် မည်သူများဖြစ်သနည်း … ဤလောကကို လှည့်ပတ်သွားလာနေသည့်သူများဖြစ်ပြီး နဂါးမိန်းမပျိုနှင့် ချန်ကုန်းယွမ်တို့ဆိုလျှင် အဆင့်လွန်နေရာကို ရထားသည်မှာ ခေတ်တစ်ခေတ် မကပေ။ သို့သော် သူတို့သည် ယနေ့တွင် ဤကဲ့သို့ အလိုက်ခံနေရသည်။
သို့သော်လည်း သူတို့စိတ်ကို ချုပ်တည်းထားရမည်။
ရှီယိ၏မျက်လုံးများ တောက်ပလာကာ “ဒီလူက သူကိုယ်တိုင် လိုက်လာတာဆိုတော့ သူအားကိုးလို့ရမယ့်ဟာတစ်ခုခု သေချာပေါက်ရှိနေလို့ပဲ .. သူ့မှာ ဝှက်ဖဲတွေ ရှိနေနိုင်သေးတယ်”
ထိုအချိန်တွင် ရှီဟောင်၏မျက်ခုံးများ မြင့်တက်သွားရသည်။ သူသည် ထူးဆန်းသည့်ခံစားချက်ကို ခံစားလိုက်ရကာ “မကောင်းတော့ဘူး .. ပိုးကောင်အုပ်ကြီး လာနေပြီ”
ဘာဖြစ်နေသည်ကို သူနားလည်သွားပြီ။ ဤထူးဆန်းသည့်လူ ခရာမှုတ်လိုက်ခြင်းမှာ လူအုပ်ကြီးကို သတ်ရန်တစ်ခုတည်းအတွက်မဟုတ်ပဲ သူတို့ကို သတ်ရန်အတွက် ပိုးကောင်ကလန်စစ်တပ်ကို ခေါ်ရန်ပင်။
သူတို့အားလုံး အမူအရာများ ပြောင်းလဲသွားရသည်။ သူတို့သည် အတောင်ပံခတ်သံများကို ကြားနေရပြီး ဤသည်မှာ သတ္တုကိုဝါးစားနေသည့်အသံနှင့်တူနေပြီး သူတို့သွားများပင် ကျိန်းလာကာ ကြက်သီးများထလာသည်။
ခဏကြာပြီးသည့်နောက်တွင် ကောင်းကင်ထက်တွင်ရှိနေသည့် သွေးလများပျောက်ကွယ်သွားပြီး အနက်ရောင်တိမ်တိုက်ဖြင့် အစားထိုးသွားလေသည်။
“ဒါက ဘာကောင်တွေလဲ” ခေါင်းအေးအေးထားသည့် ချန်ကုန်းယန်ပင်လျှင် အမူအရာပြောင်းလဲနေလေပြီ။
သူတို့သည် တစ်ချက်ပင်လှည့်မကြည့်ပဲ ဤနေရာမှ လျင်မြန်စွာ ထွက်ပြေးသွားလိုက်ကြသည်။
ဤပိုးကောင်များမှာ များပြားလွန်းလှပြီး အရွယ်အစားများလည်း မတူညီကြပေ။ အချို့အကောင်များမှာ လက်သည်းခွံအရွယ်အစားရှိပြီး အချို့အကောင်များမှာ လက်မပမာဏရှိသည်။
ဖူး…
အနောက်ဘက်တွင်ရှိနေသည့် တောအုပ်ကြီးမှာ ချက်ချင်းပင် ပျက်စီးသွားသည်။ ရှေးဟောင်းသစ်ပင်အားလုံး ပျောက်ကွယ်သွားကာ တောင်များပင်လျှင် ပြောင်ရှင်းသွားသည်။ ဤသည်မှာ ဤပိုးကောင်စစ်တပ်ကြောင့် ဖြစ်သွားခြင်းပင်။
“အနက်ရောင်နတ်ပိုးကောင်” ရှီဟောင် အော်ဟစ်လိုက်သည်။
သူဤပိုးကောင်များကို ယခင်က မြင်ဖူးသည်။ အနိမ့်ဆုံးအဆင့်ပင်လျှင် အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်တွင်ရှိနေသည်။
ဤပိုးကောင်များမှာ မည်းနက်နေပြီး သူတို့၏ကျောထက်တွင် ကြည်လင်နေသည့် အတောင်ပံတစ်စုံရှိနေသည်။ သူတို့သည် ကောင်းကင်ထက်တွင် ပျံသန်းနေပြီး လမ်းတွင်ရှိသမျှအရာအားလုံးကို တိုက်စားသွားလေသည်။
ဤလူများ စိုးရိမ်လာရသည်။ ဤပိုးကောင်များသည် ရာဂဏန်းသာရှိလျှင် ကိစ္စမရှိပေ။ သို့သော် ယခုတွင် ထောင်ပေါင်းများစွာရှိနေပြီး အများစုမှာ နတ်မီးတောက်နယ်ပယ်အဆင့်ရှိနေသည်။ သူတို့က ဤသည်ကို မည်ကဲ့သို့ ခုခံမည်နည်း.. သူတို့သာ အချိန်အကြာကြီးတိုက်ရလျှင် သူတို့သေမည်မှာ သေချာသည်။
အရက်စက်ဆုံးအရာမှာ ဤရှေးဟောင်းနယ်မြေတွင် သူတို့သည်လေဟာနယ်ပျက်စီးခြင်းသင်္ကေတကို အသုံးပြု၍မရပေ။
ဒုန်း ဒုန်း ဒုန်း..
နေရာအနှံ့တွင် မီးပွားများ လွင့်စင်သွားရသည်။ ပိုးကောင်အုပ်စုကြီးသည် အောက်ဘက်သို့ ထိုးဆင်းလာပြီး သူတို့ တိုက်ခိုက်နေလေသည်။
ဖုန်း..
ရှီယိ တံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်နှင့် ပိုးကောင်အတော်များများ ပြုတ်ကျသွားလေသည်။ ထိုပျက်စီးနေသည့် ကျောက်တုံးတံဆိပ်မှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို မြင်နိုင်သည်။
နဂါးမိန်းမပျိုသည် သူ၏လက်ထဲတွင်ရှိနေသည့် ရှေးဟောင်းဦးချိုကို အသုံးပြုလိုက်သည်နှင့် ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင်ရှိနေသည့် ပိုးကောင်များသည် အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ချန်ကုန်းယန်လည်း ချက်ချင်းပင် သူ၏မြှားကို ပစ်ခွင်းလိုက်သည်။ ထိုမြှားသည် ပိုးကောင်စစ်တပ်မှ ခေါင်းဆောင်ကို ထိမှန်သွားပြီး ထိုခေါင်းဆောင်ပေါက်ကွဲသွားလေ၏။ သူ၏အနီးအနားတွင်ရှိနေသည့် နတ်ပိုးကောင်များလည်း သေဆုံးသွားကာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
ဤသည်မှာ ရှီဟောင် ဤပိုးကောင်များကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းမဟုတ်ပေ။ သို့သော် ယခုသူတွေ့နေရသည့်ပမာဏသည် နတ်အသီးသစ်တောထဲကထက်ပိုများနေသည်။
“ဒီအကောင်တွေအားလုံးကို သူမွေးထားတာ .. ပြီးတော့ အသိုက်တွေက တစ်ခုမကရှိနေမှာ” ရှီဟောင်ပြောလိုက်သည်။ ဤလူမှာ ကြောက်ဖို့ကောင်းသည်ဟု သူခံစားလိုက်ရသည့် ပထမဆုံးအကြိမ်ပင်။ ဤလူသည် ခေတ် ၆ ခေတ် ၇ ခေတ်ခန့်ပင် ဤအနက်ရောင်နတ်ပိုးကောင်များနှင့် တစ္ဆေနတ်ဆိုးများကို မွေးမြူခဲ့ခြင်းပင်။ ဤလူကို မည်သူက ခုခံနိုင်မည်နည်း..
ရှီဟောင်သည် ဆေးလုံးမီးဖိုကို ထုတ်လိုက်ပြီး ကောင်းကင်မြစ်ရေကို လောင်းချလိုက်သည်။ လျှပ်စီးအလင်းတန်းများ ထွက်လာကာ မရေမတွက်နိုင်သည့် အနက်ရောင်နတ်ပိုးကောင်များ ပြုတ်ကျလာလေသည်။
ချင်းဟောင်သည်လည်း သက်ရှည်စစ်ဝတ်စုံကို ဝတ်ဆင်ကာ ပိုးကောင်အုပ်ကြီးကို သတ်လိုက်သည်။
သို့သော် ပိုးကောင်အရေအတွက်မှာ များပြားလွန်းလှသည်။
သူတို့ထံတွင် စွမ်းအားကြီးသည့် ရှေးဟောင်းရတနာများရှိလျှင်ပင် သူတို့အကြာကြီး မတိုက်နိုင်ပေ။ သူတို့စွမ်းအားများ ကုန်ဆုံးပြီး သေဆုံးသွားရလိမ့်မည်။
“ငါတို့ ဒီနယ်မြေအပြင်ကို ရောက်တော့မယ် .. ငါတို့ဒီကနေ ထွက်နိုင်တာနဲ့ လေဟာနယ်ထဲကို သွားလို့ရပြီ .. ဒီပိုးကောင်အုပ်ကြီး ငါတို့နောက်ကို လိုက်နိုင်မှာ မဟုတ်တော့ဘူး .. ငါတို့အဲဒီထူးဆန်းတဲ့လူကိုတောင် ပြန်သတ်လို့ရလောက်တယ်” ရှီယိပြောလိုက်သည်။
လေထဲတွင် တဝူးဝူးအသံများ ထွက်ပေါ်နေဆဲဖြစ်ပြီး ကောင်းကင်အမှတ်တံဆိပ်ခရုသင်းအသံလည်း ထွက်ပေါ်နေဆဲပင်။ ထိုလူသည်လည်း သူတို့နောက် လိုက်လာနေလေသည်။
“ပိုးကောင်တွေရဲ့ဘုရင်လား” ထိုထူးဆန်းသည့်လူ၏ပုခုံးပေါ်တွင် ပိုးကောင်တစ်ကောင်ရှိနေသည်ကို ရှီဟောင် တွေ့လိုက်ရသည်။ ထိုပိုးကောင်တွင် အလင်းများ ရစ်သိုင်းနေပြီး ပိုးကောင်အုပ်ကြီးကို အမိန့်ပေးနေလေသည်။
“ပိုးကောင်ဧကရာဇ်… သူက ပိုးကောင်ဧကရာဇ်ကို မွေးထားတာ” နဂါးမိန်းမပျိုမှ အံ့အားတကြီး ပြောလိုက်သည်။ ဤလူသာ အပြင်ဘက်ထွက်လာလျှင် သူသည် အခြားပိုးကောင်အုပ်များကိုလည်း ဆင့်ခေါ်နိုင်လိမ့်မည်။
“သူက ပိုးကောင်ဧကရာဇ်တော့ မဟုတ်သေးဘူး .. အဲဒီအဆင့်ကို မရောက်သေးဘူ .. ဒါပေမဲ့ ရောက်ဖို့သိပ်မလိုတော့ဘူး” ချန်ကုန်းယန်ပြောလိုက်သည်။
ရှီဟောင်စိတ်လှုပ်ရှားသွားရ၏။ သူ၏ဆံပင်ထဲတွင်ရှိနေသည့် လိပ်ပြာဧကရာဇ်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ လှုပ်ရှားသွားသည်ကို သူခံစားလိုက်ရသည်။
“ဒီလူက မရိုးရှင်းဘူး .. သူ့နားမှာ ထာဝရစွမ်းအင်တွေရှိတယ် .. သူ့ရဲ့ခန္ဓာကိုယ်အစစ်ကို မမြင်ရဘူး” ရှီယိပြောလိုက်၏။ သူသည် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည့် နှစ်ထပ်မျက်လုံး အသုံးပြုသူပင်။ သို့သော် ယခုအချိန်တွင် သူပြဿနာကြုံနေရသည်။
“အဲဒါက တကယ် ထာဝရစွမ်းအင်လား” နဂါးမိန်းမပျို၏အမူအရာမှာ အတော်လေး ပြောင်းလဲသွားသည်။ သူမသည် ကောင်းကင်ထက်သို့ ပြန်ကြည့်လိုက်ကာ “သူက အဲဒီတစ်ဆင့်ကို လုပ်လိုက်ပြီလား..”
“ဒီခေတ်ကတော့ ဒုက္ခရောက်ပြီပဲ .. သူက ပထမဆုံးတစ်ယောက်မဟုတ်သလို နောက်ဆုံးဖြစ်သွားမှာလည်း မဟုတ်ဘူး .. သူက အရင်တုန်းက လူတွေအားလုံးကို ကျော်တက်သွားပြီးတော့ အခုဆိုရင် ထာဝရရှေးဟောင်းခေတ်က လူတွေနဲ့ အဆင့်အတူတူ ဖြစ်နေလောက်ပြီ … စွမ်းအားအကြီးဆုံး သက်ရှိတွေက သီးသန့်ကျင့်ကြံနေကြတာ … အောင်မြင်နိုင်ချေရှိတဲ့သူတွေအားလုံးက ဒီခေတ်ကိုပဲ အာရုံစိုက်နေကြတာ” နဂါးမိန်းကလေး ပြောလိုက်သည်။
“ငါတို့သာ အသက်ရှင်နိုင်ရင် ငါလည်း နောက်ဆုံးအတားအဆီးကို ချိုးဖောက်ရမယ်” ချန်ကုန်းယန်ပြောလိုက်သည်။
ရှီယိ – “အဲဒီတစ်ဆင့်ကို ရောက်သွားရင် ထာဝရစွမ်းအင်ပေါ်လာမှာလား .. ဒါက ပြိုင်ဘက်ကင်းတဲ့ဘုရင်ဖြစ်လာဖို့အတွက် စံချိန်စံညွှန်းလား”
” သူ့မှာ ထာဝရစွမ်းအင်တစ်ကြောင်းပဲရှိတာလား ကြည့်လိုက်ဦး” နဂါးမိန်းမပျိုပြောလိုက်သည်။
“ထာဝရစွမ်းအင်တွေက အဲဒီလိုမျိုး အကြောင်းတွေ ကွဲသေးတာလား” ရှီဟောင် အံ့အားတကြီး မေးလိုက်သည်။
“တစ်ကြောင်းပိုများလာတာနဲ့ တစ်ဆင့်ပိုပြီးတော့ စွမ်းအားကြီးသွားတယ်” ချန်ကုန်းယန်ပြောလိုက်သည်။ ရှေးဟောင်းထူးဆန်းလူသားများအားလုံး ဤအကြောင်းကို သိထားသည်မှာ သိသာလှသည်။ ကန့်သတ်ချက်ကို စိန်ခေါ်ကာ ထိုအဆင့်သို့ ရောက်သွားသည်နှင့် ထာဝရစွမ်းအင်ကို ကျင့်ကြံနိုင်မည်သာ။
“ငါသေချာမမြင်ရပြီ .. သူ့ခန္ဓာကိုယ်နားမှာ မြူတွေ ဆိုင်းနေပြီ” ရှီယိ ပြောလိုက်သည်။
“တစ်ခြားသူတွေမမြင်ရအောင်လို့ သူတမင်သက်သက်လုပ်လိုက်တာပဲ … ဒါပေမဲ့ သူက ရှေးကလူတွေထက်ကို ကျော်ပြီးတော့ အဲဒီတစ်ဆင့်ကို လုပ်နိုင်တယ်ဆိုကတည်းက သူက ရှေးဟောင်းလူထူးဆန်းပဲ .. ထာဝရစွမ်းအင်တစ်ကြောင်းတောင်မရှိရင်တောင်မှ သူက တော်တော်လေးကို အောင်မြင်နေပြီလို့ ပြောလို့ရတယ်”
“ငါတို့ အပြင်ရောက်တော့မယ်” ချင်းဟောင်ပြောလိုက်သည်။ သူထပ်မတောင့်ခံနိုင်တော့ပေ။ အခြားသူများကို ကူညီပေးနေသော်လည်း သူ၏မျက်နှာမှာ ဖြူဖျော့နေလေပြီ။
ဖူး..
နောက်ဆုံးတွင် အချို့ အနက်ရောင်နတ်ပိုးကောင်များသည် ချင်းဟောင်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။
ဖုန်း..
ရှီဟောင်သည် လက်ဝါးဖြင့် ရိုက်လိုက်ပြီး ချင်းဟောင်၏ခန္ဓာကိုယ်ထဲမှ နတ်ပိုးကောင်ကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ ထို့နောက်တွင် သူ့အား တစ်ခါတည်း အိုးထဲသို့ ထည့်သိမ်းလိုက်သည်။ သူ့ကို ထပ်မစွန့်စားခိုင်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသင်ခန်းစာ ယူနိုင်သည့် အတွေ့အကြုံများကို သူကြုံတွေ့ခဲ့ပြီးလေပြီ။
ယခုအချိန်တွင် ရှီဟောင်တို့ပင် အမောစို့အောင် ပြေးနေရသည်။ မည်သို့ပင်ဖြစ်စေ ‘နတ်ဘုရား’ ထောင်ပေါင်းများစွာသည် သူတို့ကို လိုက်လံသတ်ဖြတ်နေခြင်းပင်။ သူတို့ထံတွင် စွမ်းအားကြီးသည့် နတ်စွမ်းရည်များ ရှိနေသော်လည်း ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သူတို့မရပ်တန့်နိုင်ပေ။
“ရှေးက ဘိုးဘေးတွေကို ကျော်လွန်ပြီးတော့ ထာဝရစွမ်းအင်ကို ဖန်တီးနိုင်ရင် အဲဒါက အရင်ကလူတွေ မလျှောက်ဖူးသေးတဲ့လမ်းကို လျှောက်လိုက်တာပဲ” ချန်ကုန်းယန် ပြောလိုက်သည်။
“ငါပြန်ရောက်တာနဲ့ ချက်ချင်း သီးသန့်ကျင့်ကြံပြီးတော့ ရှေးဘိုးဘေးတွေကို ကျော်တက်နိုင်အောင်လုပ်မယ်” ရှီယိပြောလိုက်သည်။
“ငါ့လမ်းဆုံးသွားရင် ထာဝရစွမ်းအင်တွေ တစ်ကြောင်း၊ နှစ်ကြောင်း ဒါမှမဟုတ် အကြောင်းတွေအများကြီး ရှိလာမှာလား” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။
ဤလူများမှာ သူတို့ဝိဉာဉ်စွမ်းအားများ ကုန်ခမ်းသည်အထိ ပိုးကောင်များကို သတ်နေရသည်။ သူတို့ထပ်တောင့်မခံနိုင်တော့လောက်အောင်ပင်။ သူတို့၏ခန္ဓာကိုယ်တွင် သွေးများ စွန်းထင်းနေပြီဖြစ်ပြီး ပြင်းထန်သည့်ဒဏ်ရာများလည်း ရရှိထားသည်။
“အဲဒီလူက စိတ်ကြီးဝင်နေတာလား .. ဒါမှမဟုတ် သတိကြီးတာလား .. ဘာလို့ သူကိုယ်တိုင် မဆင်းလာပဲနဲ့ ပိုးကောင်အုပ်ကိုပဲ တိုက်ခိုင်းနေတာလဲ” ရှီယိ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူက ရှင့်လက်ထဲက ကျောက်တုံးတံဆိပ်ကို သေချာမသိလို့ .. ဒါမှမဟုတ် ကျွန်မလက်ထဲက ရှေးဟောင်းဦးချိုကို သေချာမသိလို့” နဂါးမိန်းမပျိုပြောလိုက်သည်။ ထို့နောက်တွင် သူမသည် ချန်ကုန်းယန်၏ အနက်ရောင်လေးကို တစ်ချက်ကြည့်လိုက်သည်။
ထို့အပြင် သူမသည် ရှီဟောင်၏ ဝိဉာဉ်တစ်သောင်းသင်္ကေတကိုလည်း ကြည့်လိုက်ကာ “ဒီအရိုးက တော်တော်လေး ထူးခြားတယ် .. ရှင်ဘာလို့ ဒါကို မသုံးတာလဲ”
“ဒါကို ခုခံဖို့အတွက်ပဲ သုံးလို့ရတာ” ရှီဟောင် ခါးသီးစွာပင် ရယ်မောလိုက်သည်။
နောက်ဆုံးတွင် သူတို့သည် ထိုရှေးဟောင်းနေရာမှ ထွက်လာနိုင်ခဲ့ကာ မြူများဖုံးလွှမ်းနေသည့် သရဲသစ်တောထဲသို့ ပြေးဝင်သွားလိုက်သည်။
ပိုးကောင်အုပ်ကြီးလည်း ရပ်တန့်သွားပြီး သူတို့နောက်သို့ ထပ်မလိုက်တော့ပေ။
“ငါ မင်းတို့အားလုံးကို နှုတ်ဆက်ပါတယ်” ငြင်သာစွာ ပြောပြီးသည့်နောက်တွင် လှည့်ထွက်သွားလေ၏။ သူ၏နှုတ်ခမ်းထက်တွင် ပုလွေကို တင်လိုက်ပြီး ယခုအချိန်တွင် သူ၏သံစဉ်မှာ အတော်လေး နူးညံ့လှသည်။ သူသည် လရောင်ရောက်တွင် ဖြေးညှင်းစွာပင် ထွက်ခွာသွားလေ၏။
ထိုလူ ပြန်ထွက်သွားသည်ကို ရှီဟောင်တို့ တိတ်တဆိတ်ပင် ကြည့်နေလိုက်သည်။
ထိတ်လန့်စရာကောင်းသည်မှာ သွေးရောင်အလင်းများသည် ဤလူထံသို့ စုဝေးသွားကြလေသည်။ ထိုသွေးထြတွင် သင်္ကေတများလည်း ပါဝင်နေလေသည်။
နောက်ဆုံးတွင် သင်္ကေတများမှာ သူ့အနားသို့ စုဝေးသွားပြီး သွေးများမှာ သားရဲအသိုက်ထဲသို့ စုဝေးသွားလေသည်။
“သွားကြစို့ .. သူ့ပုံကို မြို့တိုင်းမှ ကပ်ထားပြီးတော့ သဲလွန်စတွေ ရှာရမယ်”
အပိုင်း ၁၀၅၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၄ – ခက်ခဲသော လမ်းကြောင်း
“သက်ရှိအားလုံးရဲ့ သွေးကို သားရဲအသိုက်ထဲ ပို့ပြီးတော့ ကံကောင်းမှုတွေကို ယူတယ် .. အဲဒီသက်ရှိတွေရဲ့ သင်္ကေတတွေကို ကျင့်ကြံဖို့အတွက်သုံးတယ် .. ဒါက သူ ဒီ ခေတ် ၆ ခေတ် ၇ ခေတ်လုံး စီစဉ်ထားတဲ့ဟာလား .. ပြီးတော့ သူက အခု အသီးအပွင့်တွေကို ခံစားနေရပြီ” မှုန်ဝါးသွားသည့်ပုံရိပ်ကိုကြည့်ပြီး ချန်ကုန်းယန်ပြောလိုက်သည်။
ရှီယိ အရင်ဆုံး ထွက်ခွာသွားလိုက်သည်။ သူသည် ရှီဟောင်နှင့် မတိုက်ခိုက်တော့ပဲ ချက်ချင်းပင် သီးသန့်ကျင့်ကြံချင်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ သူ့အား အသိအမြင်များ ရစေခဲ့သည်။
အခြားသူများလည်း အသိုက်နယ်မြေမှ လီပေါင်းများစွာ ဝေးကွာအောင်ထိ သွားကြလေသည်။
“အစ်ကိုကြီး ကျွန်တော်လည်း သွားတော့မယ် .. ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ” ချင်းဟောင်လည်း ထွက်သွားလေသည်။ ဤအဖြစ်အပျက်မှာ သူ့အားအတော်လေး ရိုက်ခတ်သွားပြီး သူ၏တာအိုအကြောင်း သူသေချာစဉ်းစားရန် လိုအပ်သည်။
“ဒီခေတ်က အရမ်းကို တောက်ပနေသလို အရမ်းလည်း ရက်စက်တယ် .. ဒီတစ်ဆင့်ကို လျှောက်နိုင်တဲ့လူရှိနေပြီဆိုတော့ တစ်ခြားလူတွေလည်း နောက်ကျမခံပဲနဲ့ ပိုးဖလံမီးတိုးသလိုမျိုး လုပ်ကြမှာပဲ” ချန်ကုန်းယန် ပြောလိုက်သည်။
လမ်းတစ်လျှောက်တွင် သူသည် ရှီဟောင်၊ နဂါးမိန်းမပျိုလေးတို့နှင့် အတူတူ သွားခဲ့လေသည်။ သူတို့အားလုံးသည် မြို့ကြီးအနည်းငယ်သို့ ဝင်ပြီး ထိုလူ မည်သူဖြစ်သည်ကို သဲလွန်စ ရှာလိုကြခြင်းပင်။
“တကယ်တော့ လူတစ်ယောက်က ရှေးဟောင်းဘုရင်ဖြစ်နေရင်တောင်မှ ခေတ်ပေါင်းများစွာ ကျင့်ကြံရင်တောင်မှ အဲဒီအဆင့်ကို ရောက်နိုင်ဖို့က မလွယ်ဘူး .. ဒါက တော်တော်ခက်ခဲတယ်..” နဂါးမိန်းမပျိုလေး သက်ပြင်းချကာ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ဤလမ်းကြောင်းကို လျှောက်နေသည့်သူဖြစ်သောကြောင့် ဤသည်မှာ မည်မျှခက်ခဲသည်ကို သူမသိသည်။ အချိန်တိုင်းတွင် သေဆုံးနိုင်လေသည်။
ယခင်ကရှေးဟောင်းလူထူးဆန်းများမှာ ဤထက် အများကြီးပိုများသည်။ ယခုကဲ့သို့ နည်းပါးသွားရခြင်းမှာ သူတို့သည် ဤအဆင့်ကို ကြိုးစားကြပြီး ကံမကောင်းစွာဖြင့် သေဆုံးသွားရခြင်းပင်။
သူတို့သုံးယောက် မြို့ကြီးတစ်မြို့ကို တွေ့သွားကြသည်။ နဂါးမိန်းမပျိုသည် အထူးနည်းလမ်းတစ်ခုကို အသုံးပြုကာ ထိုထူးဆန်းသည့်လူ၏ပုံရိပ်ကို ရေးထိုးလိုက်သည်။ ထို့နောက်တွင် စာလုံးအနည်းငယ်ကိုလည်း ရေးထိုးလိုက်သည်။
ဤသည်မှာ အစသာရှိသေးသည်။ ရှေးဟောင်းလူထူးဆန်းအားလုံးတွင် နောက်လိုက်များ ရှိသည်သာ။ ဥပမာအားဖြင့် နဂါးမိန်းမပျိုတွင် နဂါးနန်းတော် ရှိနေလေသည်။
ယခု သူမအမိန့်ပေးလိုက်သည်နှင့် စွမ်းအားကြီးသည့်လူတစ်စုသည် ထာဝရရှေးဟောင်းမြေရှိ မြို့ကြီးများထံသို့ ဦးတည်သွားပြီး စာဆောင်များကို ကပ်လိုက်ကြလေသည်။ ထိုလူ၏သတင်းအတွက် ဆုငွေများလည်း ထုတ်ပြန်ထားလေသည်။
ရှီဟောင်နှင့် ချန်ကုန်းယန်တို့လည်း ထွက်မသွားပဲ နဂါးမိန်းမပျို၏ စံအိမ်ထဲသို့ လိုက်သွားလိုက်သည်။ ရန်သူ၏မူလဇစ်မြစ်ကို သိရန်အတွက် သတင်းများကို စောင့်ဆိုင်းနေကြလေသည်။
“အခုကစပြီးတော့ ရှေးဟောင်းဘုရင် နည်းနည်းလောက် ထပ်သေတော့မယ်ဆိုတာ ငါပြောရဲတယ် .. အဲဒီလူက ဒီအဆင့်ကို ရောက်သွားပြီဆိုတာကို သိသွားရင် သူတို့တွေလည်း အဲဒီလမ်းကို လျှောက်ကြမှာပဲ .. ဒါပေမဲ့ ဘယ်နှယောက်လောက်များ အောင်မြင်နိုင်မှာမို့လို့လဲ” ချန်ကုန်းယန် ပြောလိုက်သည်။
ဤသည်မှာ အမှန်တရားပင်။ ထာဝရရှေးဟောင်မြေသည် ယခုအချိန်တွင် အကြိမ် သုံးထောင်မြောက် ပွင့်ခြင်းပင်။ ခေတ်ပေါင်းများစွာမှ လူများလာကြမည်ဖြစ်ပြီး ကိုယ့်ကိုကိုယ်ချိတ်ပိတ်ထားသည့် ရှေးဟောင်းလူထူးဆန်းများလည်း မနည်းပေ။ သို့သော် ဘယ်နှယောက်ကများ အသက်ရှင်ခဲ့သနည်း..
အချို့မှာ တိုက်ပွဲများတွင် သေဆုံးသွားကြပြီး အချို့မှာ ကျင့်ကြံရင်း အားအင်ကုန်ခမ်းသွားပြီး သေဆုံးသွားခြင်းပင်။
ယခု အသက်ရှင်ကျန်နေသည့်သူများမှာ လက်ချိုးရေ၍ပင်ရသောကြောင့် ဤလမ်းကြောင်းမှာ မည်မျှပင် ခက်ခဲသည်ကို စဉ်းစားကြည့်နိုင်သည်။
သူတို့ယနေ့ညမြင်ခဲ့ရသည့် ထူးဆန်းသည့်လူမှာ အလွန်ပင် အံ့အားသင့်စရာကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အခြားကျွမ်းကျင်သူများ မလုပ်နိုင်သည့် အဆင့်ကို အောင်မြင်သွားလေပြီ။
“သူက ပထမဆုံး အောင်မြင်သွားတဲ့သူများလား” ရှီဟောင် မေးလိုက်သည်။
“မဟုတ်လောက်ဘူး .. သရဖူ ၁၀ ခုဘုရင်လည်း အောင်မြင်သွားပြီ” နဂါးမိန်းမပျိုမှ ပြောလိုက်သည်။ သူမသည် သရဖူ ၁၀ခုဘုရင်အကြောင်းကို ခဏခဏပြောနေသောကြောင့် သူမသည် သရဖူ ၁၀ခုဘုရင်အကြောင်း အနည်းငယ်သိထားသည်မှာ သေချာသည်။
“သရဖူခြောက်ခုဘုရင် နျင်ချွမ်းလည်း သိပ်မလိုလောက်တော့ဘူး .. အဲဒီလူက အတိတ်နဲ့ ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့သူ .. သူကသေချာပေါက်ကို ပင်လယ်ထဲက ခုန်ထွက်လာတဲ့ငါးက နဂါးအဖြစ်ပြောင်းသွားပြီးတော့ ကောင်းကင်ပေါ်တက်သွားသလိုဖြစ်မှာပဲ” ချန်ကုန်းယန် ပြောလိုက်သည်။
ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။ ဤနှစ်ယောက်ထဲမှ တစ်ယောက်သည် သူ၏ရန်သူကြီးပင်ဖြစ်သည်။ ထိုသူ၏ခန္ဓာကိုယ်အစစ်သာ အောင်မြင်သွားပါက သူ့အသက်ကို ခြိမ်းခြောက်နိုင်လိမ့်မည်။
“ထာဝရစွမ်းအင်က ဘယ်ကနေ ရလာတာလဲ” သူ့ကိုယ်သူ စဉ်းစားကြည့်လိုက်သည်။
နဂါးမိန်းမပျိုပြောစကားအရဆိုလျှင် ထိုအဆင့်သို့ ရောက်သွားသည်နှင့် ပိုးကောင်များ ဝိုင်းလာလျှင်ပင် ကြောက်စရာမလိုတော့ပေ။
ဤသည်မှာ နေနှင့်ညအလား ကွာခြားလေသည်။
အတိုချုပ်ရလျှင် ထိုထူးဆန်းသည့်လူသည် ရှီယိ၏ ပျက်စီးနေသည့် ကျောက်တုံးတံဆိပ်နှင့် နဂါးမိန်းမပျို၏ ရှေးဟောင်းဦးချိုကို ကြောက်သည်။ ထို့ကြောင့်သာ သူအဆုံးထိ ဆက်မလိုက်ခြင်းပင်။
ရှီဟောင်သည် ယနေ့တွင် ခြားနားချက်ကို သိလိုက်ရသောကြောင့် သူသည် ပို၍ပင် အောင်မြင်ချင်လာသည်။ သူ၏လမ်းကို ပြီးအောင် လျှောက်ရမည်။
ယခုအချိန်တွင် သူသည် ရှေးဟောင်းလူထူးဆန်းနှစ်ယောက်နှင့်အတူ ထိုင်နေရသောကြောင့် သူ့ထံတွင် မေးစရာမေးခွန်းများ ရှိမည်သာ။
“နျင်ချွမ်းနဲ့ သရဖူ ၁၀ ခုဘုရင်က ဘယ်လိုလမ်းကြောင်းမျိုးကို လျှောက်တာလဲ”
“နျင်ချွမ်းကိုတော့ ငါမသိဘူး .. သူက ထူးဆန်းလွန်းတဲ့လူ .. သူ့ရဲ့ခန္ဓာကိုယ်အစစ်ပေါ်လာတာနဲ့ ထာဝရရှေးဟောင်းမြေမှာရှိတဲ့လူတော်တော်များများက သူ့ကို တိုက်နိုင်မှာ မဟုတ်ဘူး” ချန်ကုန်းယန် ပြောလိုက်သည်။ ဤသည်မှာ သူသတိပေးလိုက်ခြင်းပင်။ ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်သည် နျင်ချွမ်း၏ ကိုယ်ပွားကို သတ်ထားသည်ကို သူသိထားသောကြောင့်ပင်။
“သူ့ရဲ့ခန္ဓာကိုယ်အစစ်က ကိုယ်ပွားထက် အများကြီးသာတယ် .. နှိုင်းယှဉ်လို့မရလောက်အောင်ကိုသာတာ .. သူက သေချာပေါက် ထာဝရစွမ်းအင်ရအောင် ကျင့်ကြံမှာပဲ .. အဲဒီအချိန်ကျရင် သူ့ရဲ့ပြိုင်ဘက်လို့ သတ်မှတ်လို့ရတဲ့သူ သိပ်ရှိတော့မှာ မဟုတ်ဘူး” နဂါးမိန်းမပျို၏အမူအရာများမှာ လေးနက်နေသည်။
“သရဖူ ၁၀ ခုဘုရင်ကတော့ ‘နှိုင်းယှဉ်လို့မရနိုင်တဲ့သူ’ ဆိုတဲ့စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြလို့ရတဲ့သူ” ချန်ကုန်းယန်ပြောလိုက်သည်။
နဂါးမိန်းမပျို – “ပြောကြတာတော့ သူက နောက်ဆုံးခေတ်ကနေ သစ်ပင်လေးတစ်ပင်ရခဲ့တယ်တဲ့ .. သူက အဲဒီသစ်ပင်ကို အခြေခံပြီးတော့ ကျင့်ကြံတာ .. အဲဒီအဆင့်ကို သွားလို့ရတယ်ဆိုတာကို သူအစောကြီးကတည်းက သိထားပြီးသားဖြစ်မယ်လို့ ကျွန်မပြောရဲတယ် .. နောင်ကျရင် သူနဲ့တိုက်နိုင်တဲ့သူ ရှိမှာမဟုတ်ဘူး”
“အဲဒီသစ်ပင်က ထာဝရတာအိုရှေးဟောင်းသစ်ပင် ဖြစ်နိုင်တယ်” ချန်ကုန်းယန် ပြောလိုက်သည်။
“ဘာ…” ရှီဟောင် အလွန်ပင် ထိတ်လန့်သွားရသည်။
သူက ဤကဲ့သို့သော အံ့အားသင့်ဖွယ်ကောင်းသည့်အရာကို ရထားသည့်အပြင် သူ၏ခန္ဓာကိုယ်တွင်ပါ စိုက်ပျိုးထားသည်တဲ့လား .. ဤသည်မှာ မည်မျှပင် ထိတ်လန့်စရာကောင်းလိုက်သနည်း…
“ဒီခေတ်က ရှေးဟောင်းဘုရင်တွေ အများစုက သေဆုံးသွားကြမယ်ဆိုပေမယ့် တစ်ချို့သူတွေကတော့ အောင်မြင်မှာပဲ” နဂါးမိန်းမပျိုမှ ပြောလိုက်သည်။
ဤလမ်းမှာ ခက်ခဲလွန်းလှပြီး သေလမ်းနှင့်ပင် တူနေသည်။
သို့သော် အောင်မြင်ခဲ့လျှင်ပင် အောင်မြင်သည့်သူများမှာ ရှေးဟောင်းလူထူးဆန်းထဲမှသာ ဖြစ်လိမ့်မည်။ သူတို့သည် ခေတ်ပေါင်းများစွာအထိ ဗဟုသုတများကို ရှာဖွေစုဆောင်းခဲ့ကြခြင်းပင်။
ရှီဟောင်ခေါင်းညိမ့်လိုက်၏။ ဤလူများသာ ဤအဆင့်ကိုရောက်ရန်အတွက် ပစ်မှတ်ထားလျှင် သူတို့၏အောင်မြင်နိုင်ချေမှာ များပြားလှသည်။
အချိန်သည် မီးဖိုတစ်ခု၊ မသန့်စင်မှုများကို ရှင်းထုတ်နေသည့် မီးတောက်တစ်ခုပင်။ လူထူးဆန်းပေါင်းများစွာ သေဆုံးသွားပြီဖြစ်သောကြောင့် စွမ်းအားအကြီးဆုံးသူများသာ ကျန်ခဲ့ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းလူထူးဆန်းအချို့သည်လည်း အချင်းချင်းတိုက်ခိုက်နေကြသောကြောင့် အသက်ရှင်ကျန်နိုင်သည့်သူမှာ စွမ်းအားကြီးသည့်သူပင်။
ထို့ကြောင့် နောက်ဆုံးအသက်ရှင်ကျန်ခဲ့သူများမှာ အထင်ကြီးစရာကောင်းလောက်သည့်သူများသာ။
“ငါလည်း အဲဒီအဆင့်ကို ရောက်အောင်သွားမယ်” ရှီဟောင်၏အကြည့်များမှာ ခိုင်မာနေလေသည်။ ယခုအခြေအနေအတိုင်းဆိုလျှင် သူအောင်မြင်မှရမည်။ မဟုတ်ပါက သူ ဤထာဝရရှေးဟောင်းမြေထဲတွင် သေသွားလိမ့်မည်။
ထို့နောက်တွင် ချန်ကုန်းယန်နှင့် နဂါးမိန်းမပျိုတို့သည် သူနှင့် အချို့အရာများကို ဆွေးနွေးကြသည်။ အများစုမှာ သူ့ကို သတိပေးသည့်စကားများသာဖြစ်ပြီး ထိုလမ်းကြောင်းသည် မလွယ်ကူကြောင်း ပြောသောစကားများသာ။
ဤလူများ ပညာသားပါပါပြောနေခြင်းဖြစ်သည်ကို သူသိသည်။ သူ၏ဗဟုသုတမှာ ခေတ်တစ်ခေတ်စာသာ ရှိသေးသောကြောင့် ရှေးဟောင်းဘုရင်များနှင့်ယှဉ်လျှင် သူ၏ပြင်ဆင်မှုမှာ နည်းပါးနေသေးသည်။
သူ အမှားသေးသေးလေး လုပ်မိသွားသည်နှင့် ရန်သူများနှင့် မတိုက်ခိုက်ခင်မှာပင် သူလဲကျသွားလိမ့်မည်။
နောက်နှစ်ရက်ကြာပြီးသည့်နောက်တွင် သူတို့လမ်းခွဲလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းသည့်လူအကြောင်း ဘာမှမသိရသေးသောကြောင့်ပင်။
“နောက်ဆုံးတော့ ထွက်လာနိုင်ပြီ” လုယီပြောလိုက်သည်။
ရှီဟောင်သည် လော့သွမ်နှင့် လန်ယိချန်ကိုလည်း အိုးထဲမှ ထုတ်ပေးလိုက်သည်။ ထိုသူများမှာ ဘဝသစ်ပြန်စနေရသကဲ့သို့ပင် ခံစားလိုက်ရသည်။ နောက်ပိုင်းအန္တရာယ်များကို မကြုံလိုက်ရသော်လည်း ဤသည်မှာ အလွန်ဆိုးဝါးမှန်း သူတို့သိသည်။
“အဲဒီသားရဲအသိုက်က အန္တရာယ်များလိုက်တာ .. အဲဒီထဲကို တစ်ယောက်ယောက်ဝင်သွားပြီးတော့ အစီအရင်တွေ လုပ်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” လန်ယိချန် သက်ပြင်းချကာ ပြောလိုက်သည်။
ရှီဟောင်လည်း သက်ပြင်းချလိုက်သည်။ သို့သော် သူဘာမှ မတတ်နိုင်ပေ။ ဤလောကကြီးတွင် ကံကောင်းမှုများ မရှားပါးလှပေ။ ထိုအရာများအားလုံးကို လူတစ်ယောက်တည်းမှ ရသွားခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စပင်။
“သားရဲအသိုက်က အရာအားလုံးကို သူမရလောက်သေးပါဘူး .. ပြီးတော့ ငါတို့တွေက ထာဝရရှေးဟောင်းမြေထဲ ရောက်နေတာလေ … အခွင့်အရေးတွေ ရှိပါသေးတယ်” ရှီဟောင်ပြောလိုက်သည်။
“ငါသေတော့မယ်လို့တောင် ခံစားလိုက်ရတာ .. လွတ်လာလို့ တော်ပါသေးတယ်” လုယီပြောလိုက်၏။
အမှန်တကယ်တွင် သူ့ထက်ပိုစိတ်ပျက်နေသည့်သူများရှိသေးသည်။
အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်ခေါင်းဆောင်များ အပါအဝင် ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများမှာ ကူကယ်ရာမဲ့နေကြသည်။ အဘယ်ကြောင့်ဆိုသော် သားရဲအသိုက်တွင် ဖြစ်ပျက်သွားခဲ့သည်များကို သူတို့သည် ထာဝရတာအိုပန်းပွင့်ဖတ်မှတစ်ဆင့် မမြင်လိုက်ရပေ။ ထိုနေရာတွင် ထာဝရစွမ်းအင်များ ရစ်သိုင်းနေပြီး ဘာမှမမြင်ရအောင်လုပ်ထားသောကြောင့်ပင်။
ဆိုးရွားသည့်အရာတစ်ခုခုဖြစ်ပျက်ခဲ့သည်ကို သူတို့သိသော်လည်း ထိုထူးဆန်းသည့်လူကို သူတို့မမြင်လိုက်ရပေ။
ဤခံစားချက်မှာ ဆိုးရွားလွန်းလှသည်။
ထိုလူ၏ ပိုစတာများ မြို့ကြီးတိုင်းတွင် ပေါ်လာမှသာ ဤလူ၏ပုံပန်းသွင်ပြင်အစစ်အမှန်ကို သူတို့တွေ့လိုက်ရခြင်းပင်။ သို့သော်လည်း ဤလူကို သူတို့မည်သူမျှ မသိကြပေ။
“ခေတ် ၇ ခေတ် ၇ ခေတ်လောက်ပြင်ဆင်လာပြီးတော့ ဒီလောက်သက်ရှိတွေ အများကြီးကို သတ်လိုက်တာလား .. သူအောင်မြင်သွားပြီလို့ သူတို့တွေက ဘာလို့ပြောနေကြတာလဲ”
အချို့လူများ၏ အမူအရာများမှာ မည်းမှောင်နေလေသည်။
…
တိမ်တိုက်နယ်မြေရှိ မြို့ကြီးတစ်ခုအတွင်းတွင်…
ရှီဟောင်၊ လန်ယိချန်၊ လော့သွမ်နှင့် လုယီတို့ လမ်းခွဲလိုက်ကြသည်။ သူတို့လမ်းမခွဲမှီတွင် ရှီဟောင်သည် ပြောင်းလဲခြင်း ၇၂ မျိုးမှ ပြောင်းလဲခြင်းအနည်းငယ်ကို သူတို့အား သင်ပေးလိုက်သည်။ သူတို့၏ပုံပန်းသွင်ပြင်ကို ပြောင်းလဲပြီး ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ရန်အတွက် သင်ပေးလိုက်ခြင်းပင်။
သူတို့အား တစ်ခုတည်းသာ တောင်းဆိုလိုက်သည်။ ဤသည်မှာ ထာဝရရှေးဟောင်းမြေတွင် နတ်ဆေးပင်များရှိနေသည့်နေရာများကို တတ်နိုင်သလောက် ရှာဖွေပေးဖို့ပင်။ နောင်ကျလျှင် သူထိုနေရာများသို့ သွားရောက်ကာ ဆေးပင်များကို စွန့်စွန့်စားစားခူးယူမည်ပင်။
ထို့နောက်တွင် သူတို့လမ်းခွဲလိုက်ကြသည်။
ရှီဟောင်သည် သူ၏ကိုယ်ပိုင်လမ်းကြောင်းကို လမ်းဆုံးထိရောက်ရန်အတွက် သီးသန့်ကျင့်ကြံမည်သာ။
“အလင်းတန်းမြို့ကို တစ်ခေါက်လောက် ပတ်ကြည့်ရမယ်ထင်တယ်”
သူသည် အလင်းတန်းမြို့တွင် ပြဿနာရှာခဲ့သေးသောကြောင့် သူ၏မိတ်ဆွေဟောင်းများသာ သူလာမှန်းသိလျှင် သူ့အားလာတွေ့ကြမည်သာ။
အလင်းတန်းနယ်ပယ်တွင် ယခုတလောတွင်မှ ရောက်လာသည့်လူအနည်းငယ်ရှိကြလေသည်။ သူတို့အားလုံးသည် သတင်းများကို လာရောက်ရှာဖွေကြခြင်းပင်။
“ဘုရားရေ .. နတ်ဆိုးဘုရင် ပြန်လာပြီ”
ရှီဟောင်ဝင်သွားသည်နှင့် လမ်းများမျာ တိတ်ဆိတ်သွားပြီးနောက် အားလုံးသည် ဖရိုဖရဲထပြေးကြလေသည်။ လူများရှုပ်ယှက်ခပ်နေသည့်လမ်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။
ရှီဟောင်သည် ငွေရောင်ခြယ်တောင်တွင် ထူးခြားပါရမီရှိသူ ၈ ယောက်ကို ချက်စားပစ်သည်ဟူသော သတင်းကို ကြားထားသောကြောင့် အားလုံးမှာ ကြောက်လန့်တကြားပင် ထွက်ပြေးကြလေသည်။
ရှီဟောင်မှာ အနည်းငယ် ဆွံ့အသွားရသည်။ သူဤမြို့ထဲသို့ ဝင်လာသည်နှင့် လူများမှာ ခွေးပြေးဝက်ပြေး ပြေးသွားကြလေသည်။ ဤမြို့မှာ ချက်ချင်းပင် မြို့အလွတ်ကြီး ဖြစ်သွားလေသည်။
နောက်ဆုံးတွင် သူသည်ကျင့်ကြံသူအချို့ကို တားလိုက်ကာ ဤမြို့တွင် မတော်တဆမှုများဖြစ်ခဲ့သလား .. ထူးခြားသည့်လူများ လာသေးလားဟု မေးလိုက်သည်။
“မိန်းကလေး တစ်ယောက်လာသေးတယ် .. အရမ်းကိုလှတဲ့မိန်းကလေး .. သူ့ရဲ့ခေါင်းပေါ်မှာ ကြည်လင်သန့်စင်နေတဲ့ အစိမ်းရောင်လရှိတယ် .. ဒါပေမဲ့ သူက နေ့တစ်ဝက်လောက်နေပြီးတော့ ပြန်ထွက်သွားတာ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ထိုအမျိုးသမီးသည် မည်သူဖြစ်မှန်း မသိကြသော်လည်း သူမသည် လှပလွန်းသောကြောင့် အားလုံးမှာ သူမကို အမှတ်ရနေခြင်းပင်။
ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ဤသည်မှာ ယွဲ့ချန်၏ကိုယ်ပွားဖြစ်သည့် ချင်းရိဖြစ်ကြောင်း သူသိသည်။ ချင်းရိပေါ်လာသည့်အနားတွင် လှည့်ပတ်ကြည့်ပြီးနောက် သူပြန်ထွက်လာခဲ့လိုက်သည်။
အပိုင်း ၁၀၅၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၅ – မက်မွန်ဥယျာဉ်
ထာဝရရှေးဟောင်းမြေရှိ အစိမ်းရောင်ဝိဉာဉ်နယ်မြေတွင် အပင်များ ပေါများလှပြီး ဆေးပင်များလည်း နေရာတိုင်းတွင် ရှိနေသည်။
အစပိုင်းတွင် ဤနေရာ၌ မြင့်မြတ်ဆေးပင်များလာရှာသည့် ကျင့်ကြံသူများစွာလေသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆေးပင်များအားလုံး ကုန်သွားလေသည်။
သို့သော်လည်း အစိမ်းရောင်ဝိဉာဉ်နယ်မြေမှာ ပျာပန်းခတ်မျှ စည်ကားနေဆဲပင်။ ဤနေရာသည် အခြားနေရာများနှင့်မတူပေ။ မြို့မှာ အတော်လေးကြီးမားပြီး မြို့ရိုးများလည်း လေထဲတွင် လီပေါင်းများစွာ မြင့်လေသည်။
မြို့ထဲတွင် တောအုပ်များထံသို့ ဦးတည်သွားသည့် အပြာရောင်ကျောက်လမ်းလေးများ ရှိလေသည်။ မြင်ကွင်းမှာ အလွန်ပင် လှပလှသည်။
“အပင်မြို့တောပဲ” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ အစိမ်းရောင်ဝိဉာဉ်မြို့မှာ တကယ်ပင် သာမန်မဟုတ်ပေ။ ဤနေရာတွင် ရှေးဟောင်သစ်ပင်များနှင့် လှပသည့်တောတောင်များရှိနေပြီး ဤအရာအားလုံးကို မြို့နံရံမှ ဝန်းရံထားလေ၏။
လူများသည် လမ်းများထက်တွင် သွားလာလှုပ်ရှားနေကြပြီး ဈေးဆိုင်များလည်း အတော်များများရှိလေသည်။ မြင့်မြတ်ဆေးပင်များကို ရောင်းချနေကြသကဲ့သို့ ရှားပါးသည့်ရတနာများလည်း လဲလှယ်နေကြလေသည်။
ရှီဟောင်သည် လမ်းတစ်လျှောက် လျှောက်သွားလိုက်ပြီး မြို့လယ်သို့ ဦးတည်သွားလိုက်သည်။ ထို့နောက်တွင် သူသည် ကျောက်လမ်းလေးတစ်ခုအတိုင်း နေရာတစ်ခုသို့ ဦးတည်သွားလိုက်သည်။
ဤသည်မှာ မြို့လယ်တွင် တည်ရှိနေသည့် သန့်စင်သည့် မက်မွန်ဥယျာဉ်ပင်။ ဤဥယျာဉ်ကြီးသည် အလွန်ပင် ခမ်းနားလှပြီး ရှေးဟောင်းမက်မွန်ပင်များလည်း မိုးထိုးနေကာ မျက်စိတစ်ဆုံးမြင်နေရလေ၏။
မက်မွန်သစ်တော်ထဲတွင် ဝိုင်ဆိုင်လေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် ကြီးမားလှသည့် စားသောက်ဆိုင်များလည်း ရှိနေလေသည်။ ဤဆိုင်များမှာ တစ်ခုနှင့်တစ်ခု အတော်လေးလှမ်းပြီး မက်မွန်ပင်များကြားတွင် မြှုပ်နေလေသည်။
ရှီဟောင်၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ ဤမက်မွန်ပင်များမှာ သာမန်မဟုတ်ပဲ ဝိဉာဉ်မက်မွန်ပင်များပင်။ သူတို့၏ ပန်းရောင်ပွင့်ဖတ်များမှာ တောက်ပနေပြီး စိတ်နှလုံးအေးချမ်းစေသည့် မွှေးရနံ့ကို ထုတ်လွှတ်နေလေသည်။
သစ်ကိုင်းများတွင်လည်း အသီးများရှိနေမည်မှာ သေချာသည်။ ဤအံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းတွင် မက်မွန်ပွင့်နှင့် မက်မွန်သီးတို့ အတူတကွ ရှိနေလေသည်။
“ဝိုင် နောက်တစ်အိုး” ဝိုင်ဆိုင်လေးထဲတွင်ရှိနေသည့်တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်သည်။ ထိုသူသည် မက်မွန်ပင်များကြားတွင် သောက်နေခြင်းပင်။
ရှီဟောင်လည်း ဝိုင်၏သင်းပျံ့နေသည့်ရနံ့ကို ရလိုက်သည်။ ဤသည်မှာ သေချာပေါက်ဆေးဝိုင်ပင်။
“ကျွန်တော်လည်း တစ်အိုးယူမယ်” ရှီဟောင်ပြောလိုက်သည်။ ကျောက်စိမ်းခွက်လေးထဲတွင် ဝိုင်အပြည့်ထည့်လိုက်ပြီး တစ်ဖြည်းဖြည်းချင်း သောက်လိုက်သည်။
အန္တရာယ်ကြီးနှင့် တွေ့ကြုံခဲ့ရပြီး ဤနေရာတွင် အပန်းဖြေရခြင်းမှာ သူ့အား အတော်လေး စိတ်ပျော်ရွှင်စေသည်။
ဝိုင်ဆိုင်လေးမှာစားပွဲဝိုင်း ၈ ခု ၉ ခုခန့်သာရှိပြီး အားလုံးကို ပြောင်လက်နေအောင် သုတ်ထားလေသည်။ စားပွဲတစ်ခုစီတိုင်းတွင် ခုံ ၂ ခု ၃ ခု ခန့်ရှိလေ၏။
“မင်းတို့အားလုံး ကြားပြီးပြီလား .. အသိုက်နယ်မြေမှာ ရက်စက်လွန်းတဲ့ ကိစ္စတွေ ဖြစ်သွားတယ်တဲ့ .. အဲဒီကိသွားတဲ့ လူတစ်သိန်းလုံး အကုန်လုံးသေသွားကြတာတဲ့ … ဒါက တကယ်ကို လန့်ဖို့ကောင်းတဲ့ကံဆိုးမှုကြီးပဲ”
“ပြောကြတာတော့ အဲဒီမှာ လူသွေးတွေကို စားတဲ့နတ်ဆိုးကြီး ပေါ်လာတာတဲ့ … သူ့ကို တားဆီးလို့မရတော့ဘူးတဲ့”
ဝိုင်ဆိုင်လေးအတွင်းတွင်ရှိနေသည့်သူများသည် ဤအကြောင်းအရာများကို ဆွေးနွေးနေကြလေ၏။ ဤသည်မှာ နဂါးမိန်းမပျို ထုတ်ထားသည့်ပိုစတာနှင့် သက်ဆိုင်နေသည်မှာ သိသာလှသည်။ ဤသည်မှာ အတော်လေးပင် အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။
“ပိုပြီးတော့ အံ့ဩဖို့ကောင်းတာ ရှိသေးတယ် .. သရဖူခြောက်ခုဘုရင်ရဲ့ ကိုယ်ပွားလည်း အသိုက်နယ်မြေထဲမှာ သေသွားတာလို့ ပြောကြတယ်”
“ဘုရားရေ .. ပြိုင်ဘက်ကင်း နျင်ချွမ်းရဲ့ကိုယ်ပွားတောင်မှ သေသွားတာလား .. အဲဒီနေရာက တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ”
“ဒါပေမဲ့ တစ်ချို့လူတွေ ပြောကြတာတော့ သူ့ကို ကျောက်တုံးကလန်က ညီအစ်ကို သုံးယောက် သတ်လိုက်တာတဲ့”
“သားရဲအသိုက်ထဲမှာ အယောက် တစ်သိန်းကျော်သေသွားတာ .. ဘယ်သူမှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ဘူး .. ဒီသတင်းတောင်မှ နဂါးနန်းတော်ကနေ လာတာ .. ဘာဖြစ်ခဲ့တာလဲဆိုတာကတော့ ပြောဖို့ခက်တယ်”
“ဒါပေမဲ့ နျင်ချွမ်းကိုယ်ပွားရဲ့သေဆုံးမှုက ဟွမ်နဲ့ နှစ်ထပ်မျက်လုံးနဲ့ ဆက်စပ်နေတယ်လို့ ပြောကြတယ် .. ပြီးတော့ သူတို့နှစ်ယောက်က ညီအစ်ကိုတွေ ဖြစ်နိုင်တယ်တဲ့”
“ဘုရားရေ .. ဟွမ်နဲ့ နှစ်ထပ်မျက်လုံး … ဒီလောကကြီးမှာ ကျိုးကြောင်းဆီလျော်မှုတွေရော ရှိသေးရဲ့လား .. သူတို့သာညီအစ်ကိုတွေဆိုရင် ကျန်တဲ့သူတွေက ဘယ်လိုနေရမှာလဲ”
ဤသေးငယ်သည့် ဝိုင်ဆိုင်လေးမှာ ရုတ်တရက်ပင် ဆူညံလာလေသည်။
အမှန်တကယ်တွင် ဤဝိုင်ဆိုင်သာမဟုတ် မက်မွန်တောထဲတွင်ရှိနေသည့် အခြားဆိုင်များလည်း ဤကဲ့သို့ ဆူညံနေသည်သာ။
“ကံဆိုးလိုက်တာ .. အမြည်းအတွက် အသားလေးတောင် မရှိဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ဝိုင်မှာ မဆိုးသော်လည်း အမြည်းများမှာ ဂျင်ဆင်းများနှင့် ပန်းပင်များသာရှိပြီး အသားမရှိပေ။
“တာအိုညီအစ်ကို မင်း အစားအသောက်ကောင်းကောင်းစားချင်ရင် မက်မွန်ဥယျာဉ်ရဲ့ အတွင်းပိုင်းမှာ စားသောက်ဆိုင်တွေ ရှိတယ် .. ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်က နည်းနည်းနိမ့်တော့ ဝိဉာဉ်ဆေးပင်တွေပဲ ရောင်းနိုင်တယ် .. ဒါပေမဲ့ အဲဒီစားသောက်ဆိုင်တွေမှာဆိုရင်တော့ မြင့်မြတ်ဆေးပင်တွေနဲ့ လဲရရင်တောင် တန်တယ်လို့ ခစားရစေတဲ့ အစားအသောက်တွေ ရှိတယ်” ဝိုင်ဆိုင်ပိုင်ရှင်မှ ပြောလိုက်၏။
“အဲဒီမှာဘာတွေ ရှိတာလဲ” ရှီဟောင် စိတ်ဝင်စားသွားရသည်။
“တာအိုညီအစ်ကိုက ဘာကြိုက်တာလဲ” ဝိုင်ဆိုင်ပိုင်ရှင် မေးလိုက်သည်။
“ကျွန်တော်က နတ်ငှက်တွေ သားရဲတွေအားလုံးကို စားရတာ ကြိုက်တယ် .. ထူးခြားပါရမီရှိရင် ပိုကောင်းတာပေါ့” ရှီဟောင်ပြောလိုက်၏။ သူ၏မျက်လုံးများမှာ တောက်ပနေလေသည်။
ဝိုင်ဆိုင်ပိုင်ရှင်သည် ချက်ချင်းပင် တိတ်ဆိတ်သွားပြီး အားလုံးသည် မကောင်းဆိုးဝါးတစ်ကောင်မြင်လိုက်ရသကဲ့သို့ သူ့အား ကြည့်လာကြလေသည်။
သူက ထူးခြားပါရမီရှင်တွေကိုတောင် စားတာလား .. ဒီလူက ဘယ်သူလဲ…
ရှီဟောင်သည် အပြုံးတစ်ခုကို ပြုလုပ်လိုက်ကာ “စတာပါ”
“လုံးဝကို မရယ်ရဘူးနော် .. မင်းဟာသက မင်းအသက်ပေးနေရဦးမယ်..” အချို့လူများ ရေရွတ်လိုက်သည်။
“တာအိုညီအစ်ကို မက်မွန်ဥယျာဉ် အတွင်းပိုင်းမှာရှိတဲ့ စားသောက်ဆိုင်ရဲ့နောက်ခံက တော်တော်လေး ထူးခြားတယ် .. အဲဒီဆိုင်က မင်းရဲ့ စားသောက်ချင်တဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးပါလိမ့်မယ် .. ပြောကြတာတော့ အဲဒီမှာ ရွှေရောင်ပန်အတောင်ပံ၊ ရှေးဟောင်းရတနာရှစ်သွယ်က ဖီးနှစ်၊ သုံးပေရှိတဲ့ရွှေဖားပြုတ်နဲ့ တစ်ခြားဟာတွေတောင် ရတယ်တဲ့”
“တကယ်လား” ရှီဟောင် ချက်ချင်းပင် လန့်သွားရသည်။ အဆင့်နိမ့်နယ်မြေတွင် သူသည် ရှေးဟောင်းရတနာရှစ်သွယ်ထဲမှ တစ်မျိုးစားဖူးသည်။ ဤသည်မှာ သူလူသားဧကရာဇ်ဖြစ်လာပြီးနောက် တိတ်တိတ်လေးခိုးစားခဲ့ခြင်းပင်။
“တကယ်ပါ” ဝိုင်ဆိုင်ပိုင်ရှင်မှ ပြောလိုက်သည်။
“အံ့ဩစရာကောင်းလိုက်တာ..” ရှီဟောင်သည် နောက်ဆုံးခွက်ကို သောက်လိုက်ပြီး ချက်ချင်းပင် မက်မွန်ဥယျာဉ်အတွင်းပိုင်းသို့ ဦးတည်သွားလိုက်သည်။ သူသည် ချင်းရိအတွက်လာခြင်းဖြစ်သော်လည်း ဤကဲ့သို့ရှားပါးသည့်အစားအစာများ စားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချင်းရိသည် သူမအစိမ်းရောင်ဝိဉာဉ်မြို့သို့ လာခဲ့ကြောင်း အလင်းတန်းမြို့တွင် သဲလွန်စချန်ခဲ့သောကြောင့် သူဤနေရာသို့ ရောက်လာခြင်းပင်။
“ဒီကောင်က ဘယ်သူလဲ .. ထူးခြားပါရမီရှိတဲ့သူတွေကိုတောင် စားချင်နေတာ .. သူက အလင်းတန်းမြို့မှာ ငါကြားခဲ့တဲ့သူနဲ့ တူနေတယ်လို့ ခံစားနေရတယ်”
“ဟုတ်လား .. အဲဒီမှာ နတ်ဆိုးဘုရင်တစ်ယောက်ပေါ်လာပြီးတော့ ထူးခြားပါရမီရှင်တွေ အများကြီးကို စားခဲ့တာ .. အဲဒီလူက ဟွမ်လို့ပြောကြတယ် .. တစ်ချို့လူတွေကလည်း အဲဒီလူက ရှီဟောင်လို့ ပြောကြတယ်”
အနောက်ဘက်တွင်ကျန်ခဲ့သည့် လူအချို့မှာ တီးတိုးပြောနေကြလေသည်။
“တာအိုညီအစ်ကို အဲဒီကလူတွေက အတော်လေး စွမ်းအားကြီးပြီးတော့ ထူးခြားပါရမီရှင်တွေကိုလည်း ရံဖန်ရံခါတွေ့ရတတ်တယ် .. ပြီးတော့ အဲဒီက ဈေးအရမ်းကြီးတယ်” ဝိုင်ဆိုင်ပိုင်ရှင်မှ သတိပေးလိုက်သည်။
“ကျေးဇူးပဲ .. ကျွန်တော်နားလည်ပါတယ်” ရှီဟောင်သည် နောက်လှည့်မကြည့်ပဲ လက်ဝေ့ရမ်းကာ ပြောလိုက်သည်။
ထင်ထားသည့်အတိုင်းပင် မက်မွန်ဥယျာဉ်အတွင်းပိုင်းတွင် ရတနာများဖြင့် စီခြယ်ထားသည့် နန်းတော်တစ်ခု ရှိနေသည်။ ထိုနန်းတော်များမှာ ခမ်းနားလှပြီး တစ်ခုတည်းပင် မကပေ။
ရှီဟောင်သည် မြူခိုးများ ရစ်သိုင်းနေသည့် အကြီးဆုံးနန်းတော်ကို ရွေးချယ်လိုက်သည်။ ထိုနန်းတော်ရှေ့တွင် ရတနာရှစ်သွယ်အိမ်ဟု ရေးထားသည့် ဆိုင်းဘုတ်ရှိနေသည်။ ဤသည်ကို သူ၏အာရုံကို ဆွဲဆောင်သွားသောကြောင့် သူထိုထဲသို့ ဝင်ရောက်သွားလိုက်သည်။
ဝူး..
လေပြင်းများတိုက်ခတ်လာပြီး လူများစွာ သယ်ဆောင်လာသည့် အနက်ရောင်ရှေးအခေါင်းတစ်ခု သူ၏ခေါင်းပေါ်မှ ဖြတ်သွားလေသည်။
ဤသည်မှာ အတော်လေးပင် ရိုင်းစိုင်းပြီး မယဉ်ကျေးသည့် အပြုအမူပင်။ ထိုလူများသည် ရှီဟောင်၏ဦးခေါင်းနှင့် တစ်ကျန်းခန့်သာ ဝေးသည်။ နည်းနည်းလေးသာ ထပ်နီးသွားပါက သူ့ခေါင်းကိုပင် တက်နင်းမိတော့မည်။
ဝုန်းဟူသည့်အသံနှင့်အတူ သူတို့မြေပြင်ပေါ်သို့ ဆင်းသက်သွားကြသည်။ ထိုရှေးအခေါင်းပွင့်လာကာ ဖြူရော်နေသည့်မျက်နှာနှင့်ယောက်ျားလေးတစ်ဦး ထွက်လာပြီး စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားလေသည်။
ရှီဟောင်သည် မြေအောက်ကလန်မှ လူများကို နည်းနည်းမျှပင် အကောင်းမမြင်နိုင်ပေ။ သူတို့ကို တစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်လိုက်ချင်သော်လည်း တစ်ခဏခန့်စဉ်းစားပြီးနောက် သူ့ကိုယ်သူ တားဆီးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် စားသောက်ဆိုင်ထဲမှ ကြောက်လန့်တကြားအော်ဟစ်သံများကို ကြားလိုက်ရသောကြောင့်ပင်။
“မြေအောက်လောက ဒုတိယဗိုလ်ချုပ်”
“သူက အနက်ရောင်နတ်သားတော်အောက်က ဒုတိယစွမ်းအားအကြီးဆုံးသူပဲ .. သူက ရှေးဟောင်းနတ်အလောင်းတစ်ခုဖြစ်ပြီးတော့ ဒီခေတ်မှာ အသိဉာဏ်ပြန်ရလာတာလို့ ပြောကြတယ် .. သူက ဓားတွေလှံတွေပြီးတယ်လို့ ပြောကြတယ် .. အဖိုးတန်ပစ္စည်းတွေလည်း သူ့ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး .. သူသတ်လိုက်တဲ့ ထူးခြားပါရမီရှိတဲ့သူလည်း တစ်ယောက်မကတော့ဘူး”
မြေအောက်လောကတွင် မြှုပ်ထားသည့် ထူးဆန်းသည့်အလောင်းများစွာရှိနေပြီး ယခုတစ်ကြိမ် ထာဝရရှေးဟောင်းမြေပြန်ပွင့်လာသည့်အချိန်တွင် စွမ်းအားကြီးသည့် အဆင့်လွန်ကျွမ်းကျင်သူများအားလုံး ထုတ်ပြလိုက်ခြင်းပင်။
“ဒီအရူးတွေက ဒီကိုဘာလာလုပ်တာလဲ” ရှီဟောင် စိတ်ရှုပ်ထွေးသွားရသည်။
သူလည်း စားသောက်ဆိုင်ထဲသို့ ဝင်ခဲ့လိုက်သည်။ ဤစားသောက်ဆိုင်မှာ ကျောက်စိမ်းတိုင်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဤသည်မှာ ကောင်းကင်ဧကရာဇ်မျှော်စင်နှင့်ပင် တူနေသည်။ များပြားလှသည့် ဝိဉာဉ်စွမ်းအင်များလည်း ဝေ့ဝဲနေလေ၏။
ရှီဟောင်သည် အထပ်များသို့ ဆက်တိုက်သွားပြီး နောက်ဆုံးတွင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ သူသည် အမြင့်အဆုံးအထပ်သို့ ရောက်ရှိလာပြီး ပြတင်းပေါက်နားမှ စားပွဲကို ရွေးလိုက်သည်။ မက်မွန်ဥယျာဉ်၏လှပသည့်မြင်ကွင်းကို ထိုပြတင်းပေါက်မှ မြင်နေရလေသည်။
ဤစားသောက်ဆိုင်မှာ တကယ်ပင် သာမန်မဟုတ်ပေ။ ဤနေရာတွင် ထူးခြားပါရမီရှင်များ ရှိနေသကဲ့သို့ သူတို့စီရင်စု၏စွမ်းအားအကြီးဆုံးလူများလည်း ရောက်ရှိနေသည်။ သူတို့သည် ဝိုင်သောက်ရုံသာမက သူတို့လိုအပ်သည့် သတင်းများကိုလည်း ဖလှယ်နေကြလေသည်။
“ခေတ်ပေါင်း ၆ ခေတ် ၇ ခေတ်လောက်စောင့်လာတာဆိုတော့ အဲဒီလူက ဘယ်သူများလဲ .. ပြီးတော့အဲဒီအဆင့်ကိုတောင် ရောက်သွားပြီဆိုတော့ တကယ်လန့်ဖို့ကောင်းတာပဲ … နောင်ကျရင် သူ့ကို ဘယ်သူတွေကများ မျက်နှာချင်းဆိုင်နိုင်မှာလဲ..”
“အဲဒီလူက တကယ် တစ်ခုခုပဲ .. တစ်ခါတည်းနဲ့ လူပေါင်း တစ်သိန်းကျော်ကို သတ်လိုက်တာ .. အရင်ကဟာတွေပါပေါင်းလိုက်ရင် သူလူဘယ်နှယောက်တောင် သတ်ပြီးသွားပြီလဲ..”
အားလုံးမှာ သူတို့အချင်းချင်း ဆွေးနွေးနေကြလေသည်။ ဂုဏ်သတင်းကြီးသည့် ထူးခြားပါရမီရှိသူများလည်း ရှိနေသောကြောင့် သူတို့သိသည်မှာ အမှန်တရားနှင့်ပိုနီးစပ်သည်။ သူတို့သည် ဝိုင်ဆိုင်လေးမှ ကျင့်ကြံသူများထက် သတင်းပိုစုံကြသည်။
“တာအိုသူငယ်ချင်း .. တစ်ခုခုယူပေးရမလား” တစ်စုံတစ်ယောက်မှ ရှီဟောင်အား လာမေးလိုက်သည်။
“မြင့်မြတ်ဆေးပင်နဲ့လုပ်ထားတဲ့ ဝိုင်တစ်ပုလင်းပေးပါ .. နတ်ဆေးပင်တွေကလုပ်ထားတဲ့ အဖိုးတန်ဝိုင်ရှိရင် ပိုကောင်းတာပေါ့” ရှီဟောင်ပြောလိုက်သည်။
သူ့ကိုလာမေးသည့်လူမှာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ သူသည်ပြုံး၍တောင်းပန်လိုက်ကာ “နတ်ဆေးပင်တွေက ရှားပါးလွန်းပါတယ် … ကျွန်တော်တို့ဆီမှာ အဲဒီလိုမျိုး ဝိုင်တွေမရှိပါဘူး .. မြင့်မြတ်ဆေးပင်ကနေလုပ်ထားတဲ့ဝိုင်တော့ ရှိပေမယ့် နည်းနည်းပဲရှိတာပါ .. အဲဒါတွေကိုလည်း တစ်ခြားလူတွေ ယူသွားပါပြီ”
“ဘာမှကို မရှိပါလား” ရှီဟောင်ပြောလိုက်သည်။
ထိုလူသည် မျက်မှောင်ကြုတ်လိုက်ကာ “မြင့်မြတ်ဆေးပင်ဝိုင်က တစ်ပုလင်းတော့ရှိပါသေးတယ် .. တာအိုသူငယ်ချင်းကို တစ်အိုးရောင်းပေးနိုင်ပါတယ် .. ဒါပေမဲ့ ဈေးတော့ကြီးလိမ့်မယ်”
“တစ်အိုးဆိုရင်လည်း ရပါတယ် .. ပြီးတော့ ရှေးဟောင်းရတနာရှစ်သွယ် တစ်ပန်းကန်လည်း ယူခဲ့ပေးပါ” ရှီဟောင်ပြောလိုက်သ်ည။
နတ်မီးတောက်နယ်ပယ် ‘စားပွဲထိုး’ မှာ သူ၏ချွေးများကို သုတ်လိုက်သည်။ ဤလူက မည်သူနည်း…
ဘေးနားတွင်ရှိနေသည့် အခြားသူများလည်း ဆွံ့အသွားကြသည်။ သူတို့သည် ရှီဟောင်ကို လှည့်ကြည့်လာကြလေ၏။
စားပွဲထိုးသည် ချွေးသုတ်လိုက်ကာ “တာအိုညီအစ်ကိုက စနေတာပဲ .. အဲဒီရတနာရှစ်မျိုးလို့ခေါ်တဲ့ အစားအစာရှစ်မျိုးက ရှားပါးလွန်းတော့ အဆင့်မြင့်နယ်မြေက ဂိုဏ်းခေါင်းဆောင်တွေတောင်မှ တစ်ခါတည်းနဲ့ ရှစ်မျိုးစလုံး မစားဖူးသေးဘူး .. ရတနာရှစ်သွယ်ယူနီကွန်းတစ်ခုတည်းကတောင်မှ လွယ်လွယ်နဲ့ရှာလို့ရတဲ့အရာမဟုတ်ပါဘူး .. နှစ်ပေါင်း ထောင်ပေါင်းများစွာနေမှ တစ်ခုတွေ့ရရင်တောင် ကံကောင်နေပါပြီ”
“ဆိုင်နာမည်အတိုင်းလည်း မရဘူး .. ဒီနေရာကို ရတနာရှစ်သွယ်အိမ်လို့ ခေါ်တာမဟုတ်ဘူးလား .. ထားလိုက်တော့ ဒီမှာရှိတဲ့ “ရတနာတွေ” ပဲ ယူလာပေးလိုက်တော့” ရှီဟောင်လက်ဝေ့ရမ်းကာ စိတ်မရှည်စွာ ပြောလိုက်သည်။
“အခုတော့ နှစ်မျိုးပဲရှိပါသေးတယ် .. ရတနာရှစ်သွယ်ငါးကြင်းနဲ့ ရတနာရှစ်သွယ်ဖီးနှစ်ပါ” စားပွဲထိုးမှ ပြောလိုက်သည်။
ဤအစားအစာနှစ်ခု၏ နာမည်အပြည့်အစုံမှာ နဂါးငါးကြင်းနှင့် ပျံသန်းနေသည့်ဖီးနှစ်ပင်။ သူတို့နှစ်ခုလုံးမှာ အလွန်ပင် ရှားပါးလှပြီး ဖီးနှစ်ကပို၍ပင် ရှားပါးသေးသည်။ ဤသည်မှာ အဖိုးမဖြတ်နိုင်သည့်အရာဖြစ်ပြီး သာမန်လူများ လက်လှမ်းမမှီသည့်အရာပင်။
မည်သူမျှ မြင့်မြတ်ဆေးပင်ကို အစားအစာအနေဖြင့် စားသုံးမည်မဟုတ်ပေ။
“အဲဒါဆိုလည်း မြန်မြန်ယူလာခဲ့” ရှီဟောင်ပြောလိုက်သည်။
ထို့နောက်တွင် သူ၏မျက်လုံးများသည် သီးသန့်ခန့်တစ်ခန်းထံသို့ ရောက်သွားသည်။ ချင်းရိသည် ထိုနေရာတွင် ရှိနေလေသည်။ သူမ၏ပုံစံအမှန်ကို ဖော်ပြထားခြင်းမရှိသော်လည်း သူမသည် လှပနေဆဲပင်။ သူမ၏ခန္ဓာကိုယ်သည် ဖြူဖွေးသန့်စင်နေပြီး သူမခန္ဓာကိုယ်တစ်ဝိုက်တွင် အစိမ်းရောင်အလင်းကွင်းတစ်ကွင်း ရှိနေလေသည်။
သူမသည် အစိမ်းရောင်လရောင်ဖြင့် လွှမ်းခြုံခံထားရသကဲ့သို့ပင်။
ဤကဲ့သို့သောအော်ရာ၊ ဤကဲ့သို့သောစတိုင်မျိုးမှာ လူများစွာ၏ အာရုံကို ဆွဲဆောင်သွားမည်သာ။ အချိန်နှင့်အမျှ ထိုဘက်သို့ ကြည့်နေကြသည့်လူများ ရှိနေသည်သာ။
သို့သော် မည်သူမျှ သူမအနားသို့ မချဉ်းကပ်ရဲပေ။
သာမန်မဟုတ်သည့်အော်ရာရှိနေသည့် ရွှေရောင်ဆံပင်နှင့်လူငယ်လေးတစ်ယောက်သည် ချင်းရိနှင့် ရယ်ရယ်မောမောပင် စကားပြောနေလေသည်။ သူတို့နံဘေးတွင်ရှိနေသည့်သူများမှာလည်း စွမ်းအားကြီးသည့်သူများဖြစ်ပြီး အားနည်းသည့်သူတစ်ယောက်မှ မပါပေ။
သူတို့သည် ထာဝရနန်းတော်မှ လာခြင်းပင်။ ဦးဆောင်လာသည့် ရွှေရောင်ဆံပင်နှင့် ယောက်ျားလေးသည် ချင်းရိကို အတော်လေးပင် အာရုံစိုက်နေလေ၏။
“ရှင်ပြောတာက ဟွမ်ကို ဖမ်းမိဖို့အတွက် ထာဝရနန်းတော်က သခင်လေးက ဆုလာဘ်ပေးမှာပေါ့ဟုတ်လား” ချင်းရိပြုံး၍ မေးလိုက်သည်။
“ဟုတ်တယ် .. ဟွမ်ပဲဖြစ်ဖြစ် ရှီဟောင်ပဲဖြစ်ဖြစ် .. အဆင့်လွန်တာအိုရိုးရာက မျိုးဆက်ပဲဖြစ်ဖြစ် ဘယ်သူမှ သေမင်းလက်က လွတ်မှာမဟုတ်ဘူး” ထိုရွှေရောင်ဆံပင်နှင့်ယောက်ျားလေးမှ ပြောလိုက်သည်။
ရှီဟောင်သည် မျက်မှောင်ကြုတ်သွားကာ ဂရုတစိုက်ပင် နားထောင်လိုက်သည်။
“ထာဝရနန်းတော်က သခင်လေးက ဟွမ်ကို ရှုံးဖူးတယ်လားလို့” ချင်းရိပြုံး၍ ပြောလိုက်သည်။
ရတနာရှစ်သွယ်အိမ်ထဲတွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး ထိတ်လန့်သွားရသည်။ ဤအလှလေးသည် ဤကဲ့သို့သော မေးခွန်းမျိုးမေးရဲလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
“အဲဒါက အဲဒီတုန်းက သူ့ရဲ့မူလခန္ဓာကိုယ်နဲ့မပေါင်းရသေးလို့ .. အခုသူတို့ပေါင်းပြီးသွားပြီဆိုတော့ ဟွမ်ကို သတ်ဖို့ဆိုတာက ခက်ခဲတဲ့ကိစ္စမဟုတ်တော့ဘူး” ရွှေရောင်ဆံပင်နှင့်ယောက်ျားလေးမှ ပြောလိုက်သည်။ သူသည်ရာထူးမြင့်မည်မှာ သေချာသည်။ ထို့ကြောင့်ပင် သူသည် ထာဝရနန်းတော်မှသခင်လေးကို ‘သခင်လေး’ ဟုပင် မသုံးနှုန်းပေ။
ဘေးဘက်တွင်ရှိနေသည့် အခြားလူတစ်ဦးမှ ပြောလိုက်သည်။ “ငါတို့ကလန်က သခင်လေးက သူရဲ့ပတ်သက်တဲ့သဲလွန်စရတာနဲ့ ဆုပေးမယ်လို့ ဂတိပေးထားပြီးသား .. ပြီးတော့ တစ်ယောက်ယောက်သာ ဟွမ်ကိုတွေ့လိုက်တာနဲ့ သခင်လေးကသီးသန့်ကျင့်ကြံတာကနေထွက်လာပြီးတော့ သခင်လေးကိုယ်တိုင် ရှီဟောင်ကို ဖိနှိပ်ပြီးတော့ အစေခံလုပ်ခိုင်းမှာ”
ဤနေရာမှာ ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။ ထာဝရနန်းတော်သခင်လေးက ဟွမ်အား အစေခံအဖြစ် ဖမ်းဆီးမည်တဲ့လား..
“ဟုတ်တယ် .. သခင်လေးက ဒီလိုမျိုးလုပ်ဖို့ ဆုံးဖြတ်ထားတာ .. အဆင့်လွန်ခန်းမရဲ့အမွေဆက်ခံသူပဲဖြစ်ဖြစ် အဆင့်လွန်တာအိုရိုးရာရဲ့ အမွေးဆက်ခံသူပဲဖြစ်ဖြစ် ငါတို့ ထာဝရနန်းတော်ရဲ့ခြေထောက်အောက်မှာပဲ ပြားပြားဝပ်နေရမယ်” ထိုလူမှ ပြောလိုက်သည်။
“အဲဒီလိုလား .. ဟွမ်ဘယ်မှာရှိနေလဲဆိုတာကို ပြောနိုင်တဲ့သူက အလျော်အစားအကြီးကြီးရမှာပေါ့ .. ပြီးတော့ ထာဝရနန်းတော်က သခင်လေးကိုယ်တိုင်လာမှာလား” ရှီဟောင်ပြောလိုက်သည်။
“ဟုတ်တယ် .. ငါ့ကလန်က သခင်လေးကိုယ်တိုင် ဟွမ်ကို ဖိနှိပ်ပြီးတော့ အစေခံလုပ်ခိုင်းမှာ” တစ်စုံတစ်ယောက်မှ ပြန်ပြောလိုက်လေသည်။
“အဲဒါဆိုရင်လည်း သတင်းနဲ့လဲဖို့အတွက် နတ်ဆေးပင်တွေ မြင့်မြတ်ဆေးပင်တွေထုတ်လိုက်တော့ .. ပြီးတော့ ထာဝရနန်းတော်က သခင်လေးကိုယ်တိုင်လာပေးဖို့ ပြောပေးပါဦး .. ဟွမ်ဘယ်မှာလဲဆိုတာ ငါသိတယ်” ရှီဟောင်ပြောလိုက်သည်။
အပိုင်း ၁၀၅၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၆ – ကိုယ့်ကိုကိုယ် ရောင်းစားခြင်း
အားလုံး၏အကြည့်များမှာ သူ့ထံသို့ ရောက်ရှိလာပြီး ဤတစ်ထပ်လုံး တိတ်ဆိတ်သွားလေသည်။ အားလုံးရှေ့တွင် ထာဝရနန်းတော်ကို ဤကဲ့သို့ပြောနေခြင်းမှာ အလွန်ပင် ရဲတင်းလွန်းသည့်ကိစ္စပင်။
“မင်းပြောတာ တကယ်လား” ထိုရွှေရောင်ဆံပင်နှင့်ယောက်ျားမှ မေးလိုက်သည်။ သူ၏မျက်လုံးများမှာ တောက်ပနေလေသည်။ သူသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အလွန်ပင် သူရဲကောင်းဆန်နေလေသည်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင်ရှိနေသည့် ရောင်စုံအလင်းများမှာ ရွှေရောင်အမွေးအတောင်များ ဖြန့်ကျက်ထားသကဲ့သို့ပင်။
“ဒါပေါ့” ရှီဟောင်ခေါင်းညိမ့်ပြလိုက်သည်။ ယခုအချိန်တွင် သူသည် သူရုပ်အမှန်ကို မသုံးထားပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှပေးမည့် ‘ဆုကြေးငွေ’များကို ပစ်မှတ်ထားနေသောကြောင့်ပင်။
“ကောင်းပြီလေ .. ဟွမ်ဘယ်မှာရှိနေသလဲဆိုတာကို မင်းက သိနေတယ်ဆိုတော့ ငါမင်းကို အရမ်းကို တန်ဖိုးကြီးမားတဲ့ ပစ္စည်းတစ်ခုပေးမယ်” ထို ရွှေရောင်ဆံပင်နှင့်ယောက်ျားမှ ပြုံး၍ပြောလိုက်သည်။ သူသည် သတင်းအချက်အလက်ကို ဤနေရာတွင် ရချင်နေခြင်းပင်။
“ငါက မြင့်မြတ်ဆေးပင်နဲ့ နတ်ဆေးပင်တွေပဲ လိုချင်တာ .. အဖိုးတန်ပစ္စည်းတွေက ငါ့ရဲ့ကျင့်ကြံမှုအတွက် အသုံးမဝင်ဘူး” ရှီဟောင် တိုက်ရိုက်ပင် ပြောလိုက်သည်။
“မင်းက ရဲရဲတင်းတင်း ပြောရဲတယ်ပေါ့ .. ချက်ချင်းကို မြင့်မြတ်ဆေးပင်နဲ့ နတ်ဆေးပင်တွေ တောင်းနေတာ .. မင်းက အဲဒီအပင်တွေကို မြက်ပင်တွေလို့များ ထင်နေတာလား” ဆံပင်အနီရောင်နှင့်လူမှ ပြောလိုက်သည်။
“အဲဒါဆိုရင် မင်းတို့ရဲ့ဆုကြေးက ဘာလဲ” ရှီဟောင်သည် ထိတ်လန့်သည့်ဟန်ဖြင့် “အဲဒါက အရိုးလေး နည်းနည်းပါးပါးနဲ့လုပ်ထားတဲ့ လက်နက်လို့်တော့ မပြောနဲ့နော် .. မင်းတို့က အဲဒီလိုပစ္စည်းမျိုးကို အရမ်းဈေးကြီးတယ်လို့ ထင်နေကြတာလား”
ထိုလူသည် မျက်နှာပျက်သွားသော်လည်း တစ်ခဏကြာပြီးသည့်နောက်တွင် ပြန်လည်တည်ငြိမ်သွားကာ “ဆုကြေးကတော့ သေချာပေါက်ကို ရက်ရောမှာပေါ့ .. ဒါပေမဲ့ ချက်ချင်းကြီး နတ်ဆေးပင်တောင်းတာကျတော့ လွန်လွန်းသွားပြီ .. သူငယ်ချင်း ဟွမ်ဘယ်မှာရှိသလဲဆိုတာ ပြောပြပေးပါ ထာဝရနန်းတော်က ကျေးဇူးတုံ့ပြန်မှာပါ”
ထာဝရနန်းတော်ကို ထည့်ပြောလိုက်ခြင်းမှာ သူ့ကို သတိပေးလိုက်သကဲ့သို့ ခြိမ်းခြောက်လိုက်ခြင်းလည်း ပါဝင်သည်။ ဤရှေးဟောင်းမျိုးဆက်နှင့် ဆက်ဆံရေးကောင်းမွန်ပါက အကျိုးများလိမ့်မည်ဟု ပြောလိုခြင်းပင်။
ဟုတ်ပါသည်။ လူများမှာ တစ်ယောက်နှင့်တစ်ယောက် အတွေးတူကြမည်မဟုတ်ပေ။ အချို့သူများသည်လည်း ဤစကားကို ပြဿနာရှိသည်ဟု မမြင်ကြပေ။
“ငါက ထာဝရနန်းတော်ကို တော်တော်လေး မျှော်လင့်ထားခဲ့တာ .. အဲဒါက ဘယ်လိုနေရာမျိုးလဲဆိုတာကို အမြဲတမ်းသိချင်နေခဲ့တာ” ရှီဟောင်ပြုံး၍ ပြောလိုက်သည်။ အမှန်တကယ်တွင်မူ သူသည် ထိုနန်းတော်ထဲသို့ တရကြမ်းဝင်သွားပြီး သွားကြည့်ချင်နေခြင်းပင်။ ထို့နောက်သူ ဆက်ပြောလိုက်သည်။ “အဲဒါဆိုရင်လည်း ထားလိုက်ပါတော့ .. နတ်ဆေးပင်ကို မရနိုင်ဘူးဆိုတော့လည်း မြင့်မြတ်ဆေးပင် ဒါမှမဟုတ် နတ်တစ်ဝက်ဆေးပင်နဲ့ပဲ လဲကြတာပေါ့ .. ငါက ဒဲ့တိုးပြောတတ်တဲ့သူ အဲဒီတော့ ကွေ့ဝိုက်မနေတော့ဘူး”
သီးသန့်ခန်းအတွင်းတွင်ရှိနေသည့် ချင်းရိ၏မျက်နှာထက်တွင် အပြုံးနုလေးတစ်ခု ဖြစ်ပေါ်သွားသည်။ ဤလူ၏ ကောင်းကွက်ကို ရှာရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။ သူက ရန်သူရဲ့ဆုကြေးငွေကို တကယ်လိုချင်နေတာလား.. ထာဝရနန်းတော်မှလူများသာ ဤအကြောင်းသိသွားလျှင် သူတို့သွေးအန်သွားလိမ့်မည်။
ဆံပင်နီနှင့်လူမှာ မျက်နှာပျက်သွားရသည်။ ဤလူမှာ အတော်လေး ရဲတင်းသည်ဟု သူခံစားနေရသည်။ ထာဝရနန်းတော်၏ပစ္စည်းကိုပင် တောင်းရဲသေးသည်။ သူ၏မျက်လုံးမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
“ကောင်းတယ် .. ငါက ဒဲ့တိုးပြောတဲ့သူတွေကို ကြိုက်တယ်” ဘေးဘက်တွင်ရှိနေသည့် ရွှေရောင်ဆံပင်နှင့်ယောက်ျားမှ ပြုံး၍ပြောလိုက်သည်။ သူသည် ဤအုပ်စု၏ခေါင်းဆောင်ဖြစ်ပြီး ဆံပင်အနီနှင့်လူကို စကားမပြောခိုင်းတော့ပေ။ “မင်း မြင့်မြတ်ဆေးပင် ဘယ်နှပင် လိုချင်တာလဲ”
သူသည် ထာဝရနန်းတော်နှင့် မဟာမိတ်ဖွဲ့ထားခြင်းဖြစ်ပြီး သူ့ကို ဒုတိယထာဝရဗိုလ်ချုပ်ဟုလည်း သိကြလေသည်။
“မြင့်မြတ်ဆေးပင် အပင်တစ်ရာနဲ့ နတ်တစ်ဝက်ဆေးပင် ၁၀ ပင်” ရှီဟောင်ပြောလိုက်သည်။
သူ၏စကားဆုံးသွားသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားပြီး သူ့ကို စူးရဲသည့်မျက်လုံးများဖြင့် ကြည့်လာကြလေသည်။
ဆံပင်အနီနှင့်လူသည် အေးစက်နေသည့်အသံဖြင့်ပင် “မင်းမှားပြောလိုက်တာမဟုတ်ဘူးဆိုတာ သေချာလား”
“ညှိနှိုင်းလို့ရပါတယ် .. ဒါပေမဲ့ အများကြီးတော့မဟုတ်ဘူး .. ဟွမ်က ဘယ်လောက်တောင်ရက်စက်လဲဆိုတာ မင်းတို့သိပါတယ် .. ငါသာ သူ့လျှို့ဝှက်ချက်တွေကို ဒီလိုမျိုး လျှောက်ပြောနေရင် ငါ့ရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး” ရှီဟောင်ပြောလိုက်သည်။
“သူငယ်ချင်း .. လောဘအရမ်းကြီးတာက ကောင်းတာမဟုတ်ဘူး .. အများကြီးတောင်းဆိုပြီးတော့ ထာဝရနန်းတော်ကို ငွေညစ်နေတာက မင်းလုပ်သင့်တဲ့အရာမဟုတ်ဘူး” ဆံပင်အနီနှင့်လူ၏အသံမှာ အေးစက်နေလေသည်။
“ခင်ဗျားရဲ့အသံကလည်း ယုံကြည်လို့ရတဲ့ပုံ မပေါက်ဘူး .. ထာဝရနန်းတော်က စွမ်းအားကြီးတယ်ဆိုပေမယ့် အခုက ဆုကြေးငွေပေးနေတာလား အကြပ်ကိုင်နေတာလား” ရှီဟောင်မေးလိုက်သည်။
“သူငယ်ချင်း မင်းအတွေးလွန်နေပါပြီ .. မင်းက ငါတို့လက်မခံနိုင်လောက်တဲ့ ပမာဏကို တောင်းနေလို့ပါ” ရွှေရောင်ဆံပင်နှင့်ယောက်ျားလေး၏ မျက်နှာထက်မှ အပြုံးများလည်း ပျောက်ကွယ်သွားလေသည်။
“မြင့်မြတ်ဆေးပင် အပင်၄၀နဲ့ နတ်တစ်ဝက်ဆေးပင် ၈ ပင် .. ဒါကိုတောင်မှ သဘောမတူနိုင်ဘူးဆိုရင်တော့ ကျုပ်ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့” ရှီဟောင်သူ၏အောက်ထစ်ဈေးကို ပြောလိုက်သည်။
“ဒါလည်း များနေတုန်းပဲ” ဆံပင်အနီရောင်နှင့်လူမှ အေးစက်စွာပင် ပြောလိုက်၏။
“အဲဒါဆိုရင်လည်း မတတ်နိုင်တော့ဘူး” ရှီဟောင်ခေါင်းခါလိုက်သည် ။
“မင်းရဲ့သတင်းသာမှန်ရင် ငါတို့စဉ်းစားပေးလို့ရတယ်” ရွှေရောင်ဆံပင်နှင့်ယောက်ျားလေးမှ ပြောလိုက်သည်။ သူသည် ဒုတိယထာဝရဗိုလ်ချုပ်ဖြစ်သောကြောင့် ကိစ္စအတော်များများကို ဆုံးဖြတ်ချက်ချ၍ရသည်။
ဆံပင်နီနှင့်လူသည် တိတ်တဆိတ်ပင် အသံပို့လွှတ်လိုက်သည် “ကျွန်တော်တို့ သူ့ကို တကယ်ပေးမှာလား .. အဲဒါဆိုရင် သူ့ကိုဖမ်းလိုက်တာကမှ ပိုကောင်းဦးမယ်”
“ဟုတ်တယ် .. သူ့ကို ဖမ်းပြီးသတ်လိုက် .. သောက်ချီးအဖိုးတန်ဆေးတွေ လာတောင်းနေသေးတယ်” အခြားတစ်ယောက်မှလည်း ပြောလိုက်သည်။
“ငါတို့ သူ့ကို အဲဒီဆေးပင်ပေးလိုက်လို့ရတယ် .. ဒါပေမဲ့ အဲဒီဆေးပင်တွေရပြီးတာနဲ့ သူအသက်ရှင်မှာမဟုတ်ဘူး” ရွှေရောင်ဆံပင်နှင့်ယောက်ျားလေးမှ တိတ်တဆိတ်ပင် ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့တွေက အစတုန်းက သဘောမတူပဲနဲ့ နောက်ကျမှ ကျုပ်ကိုသတ်ဖို့ ကြံစည်နေကြတာ ဟုတ်တယ်မလား” ရှီဟောင် ရုတ်တရက်မေးလိုက်သည်။
“သူငယ်ချင်း မင်းဟာသတွေ ပြောနေတာပဲ .. ငါတို့ ထာဝရနန်းတော်က လူတွေက ဘာလို့ဒါမျိုးလုပ်မှာလဲ” ရွှေရောင်ဆံပင်နှင့်ယောက်ျားလေးမှ တောက်ပစွာပင်ပြုံးလိုက်လေသည်။
ရှီဟောင်သည် တစ်ခဏခန့် တုံ့ဆိုင်းနေပြီးသည့်နောက်တွင် “အဲဒါဆိုရင်လည်းကောင်းပြီလေ .. ဒီလိုဟင်းလင်းပြင်ကြီးမှာ ရပ်ပြောနေမိလို့ နောင်တတောင် ရချင်လာပြီ .. ဒါပေမဲ့လည်း ဒီမှာ စွမ်းအားကြီးတဲ့ ထူးခြားပါရမီရှိတဲ့သူတွေရှိနေတာပဲ .. သူတို့တွေက ကျုပ်ရဲ့သက်သေသွားမှာပါပဲလေ”
ရတနာရှစ်သွယ်အိမ်ကြီးမှာ တိတ်ဆိတ်သွားသည်။ ယခင်က ဤလူကို ရဲရင့်သည်ဟု ထင်ခဲ့ဖူးသော်လည်း ယခုတော့ သူတို့ကြောက်နေလေပြီ။ မည်သူက သူ့အတွက်နှင့် ထာဝရနန်းတော်အား ရင်ဆိုင်ရဲမည်နည်း…
“တာအိုညီအစ်ကို စိတ်လျော့ပါ” ရွှေရောင်ဆံပင်နှင့်ယောက်ျားလေးပြုံး၍ ပြောလိုက်သည်။
“အဲဒါဆိုရင်လည်း ကောင်းပြီလေ .. ကျုပ်အဖိုးတန်ဆေးပင်တွေကိုအရင်တွေ့ချင်တယ်” ရှီဟောင်ပြောလိုက်သည်။
ထာဝရနန်းတော်ဘက်မှ အစေခံများ မျက်နှာပျက်ယွင်းသွားရသည်။ ဤသည်မှာ နည်းပါးလှသည့် ပမာဏမဟုတ်ပေ။ ဤဆေးပင်များစွာကိုတစ်ခါတည်း ရရှိနိုင်ရန် ခက်ခဲလိမ့်မည်ပင်။
“ခဏလောက်တော့ စောင့်ပေးပါ .. ဆေးပင်တွေကို စုဖို့အတွက် ကျုပ်တို့အကောင်းဆုံးကြိုးစားပါ့မယ်” ရွှေရောင်ဆံပင်နှင့်ယောက်ျားလေးပြောလိုက်သည်။ သူသည် ကမ္ဘာငယ်လေးပေါင်းများစွာမှ သူတို့၏လျှို့ဝှက်နယ်မြေများကို စစ်ဆေးရန်အတွက် လူများစွာကို အမိန့်ပေးလိုက်လေသည်။
“အဲဒီလောက်ရှိမှာမဟုတ်ဘူး” ဆံပင်နီနှင့်လူ ခေါင်းခါလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်လောတွင် ထာဝရနန်းတော်မှာသခင်လေးသည် သူ၏ကန့်သတ်ချက်ကို ကျော်လွန်အောင်လုပ်နေသောကြောင့် အဖိုးတန်ဆေးပင်များစွာကို အသုံးပြုနေရသည်။
အပြင်ဘက်လောကတွင်ရှိနေသည့် ထူးခြားပါရမီရှိသူများမှ နယ်မြေတိုင်းရှိ ဆေးခင်းများတွင် လိုက်ရှာလျှင်ပင် လုံလောက်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်ဆံပင်နှင့်ယောက်ျားလေးကဲ့သို့သော စွမ်းအားကြီးသည့် ကျွမ်းကျင်သူများလည်း ဤဆေးပင်များကို သုံးရန်လိုအပ်သေးသည်။ မဟုတ်ပါက သူ ဘယ်လိုလုပ် ထာဝရနန်းတော်ထဲသို့ ဝင်နိုင်မည်နည်း..
“ဒါက နည်းနည်းတော့ ပြဿနာရှိတယ်” ဆံပင်ရွှေရောင်နှင့်ယောက်ျားလေးမှ ပြောလိုက်သည်။
ရုတ်တရက်ပင် သူသည် ခေါင်းမော့လိုက်ကာ အခြားတစ်ဖက်တွင်ရှိနေသည့် သီးသန့်ခန်းသို့ လှမ်းကြည့်လိုက်သည်။ ထိုထဲတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ သူ့အားခေါင်းညိမ့်ပြလိုက်သည်။ ထိုသူမှာ မြေအောက်ကလန်မှ ကျွမ်းကျင်သူပင်။
“ငါတို့ နတ်သားတော်ရဲ့အမိန့်နဲ့လာတာ .. ထာဝရနန်းတော်က ဟွမ်အတွက် ဆုကြေးငွေတွေ အများကြီးထုတ်ထားတယ်လို့ကြားတယ် .. အဲဒီတော့ ငါတို့လည်း ဝင်ပါချင်တယ်” မြေအောက်ကလန်မှ မျက်နှာဖြူဖပ်ဖြူလျော်နှင့်လူငယ်မှ ပြောလိုက်သည်။
“တာအိုညီအစ်ကိုတွေကို ကျွန်တော် နှုတ်ဆက်ပါတယ်” ဆံပင်ရွှေရောင်နှင့်ယောက်ျားလေး၏မျက်နှာထက်တွင် ပျော်ရွှင်နေသည့်အပြုံးများ ဖြစ်ပေါ်လာလေသည်။ မြေအောက်ကလန်မှ ဤမျှပွင့်လင်းလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“ဟွမ်က ကျုပ်တို့မြေအောက်ကလန်က ကျွမ်းကျင်သူတွေကို သတ်သွားတယ် .. နတ်သားတော်က သီးသန့်ကျင့်ကြံတာကနေ ထွက်မလာနိုင်သေးဘူးဆိုပေမယ့် ထာဝရနန်းတော်နဲ့ပူးပေါင်းဖို့ ကျုပ်တို့ကို အမိန့်ပေးလိုက်တယ် … ကျုပ်တို့ အဲဒီလူကို အသက်ဆက်မရှင်စေချင်တော့ဘူး” မြေအောက်ကလန်မှ လူငယ်လေးမှ ပြောလိုက်သည်။
စားသောက်ဆိုင်တစ်ခုလုံး ဆူညံသွားလေ၏။ သူတို့ဤလူကိုသိသည်။ ဤလူမှာ မြေအောက်ကလန်မှ ဒုတိယစစ်ဗိုလ်ချုပ်ပင်။
“ဟား ဟား ..” ဆံပင်ရွှေရောင်နှင့်ယောက်ျားလေးသည် ရယ်မောလိုက်ကာ “ကျွန်တော်က ထာဝရနန်းတော်က ဒုဗိုလ်ချုပ်ပါ .. ကျွန်တော်တို့ရဲ့ ရာထူးက အတော်လေးကို တူပါတယ်”
အနက်ရောင်နတ်သားတော်သည် သီးသန့်ကျင့်ကြံခြင်းမှ ထွက်မလာနိုင်သေးသော်လည်း ဟွမ်ကို သတ်ချင်နေသည်။ စွမ်းအားကြီးသည့် မျိုးဆက်နှစ်ခု ပူးပေါင်းတော့မည်… ဤသည်မှာအလွန်ပင် ထိတ်လန့်စရာကောင်းလွန်းလှသည်။
“ဒီလူပေးတဲသတင်းမှန်ရင် ကျွန်တော်တို့ တစ်ဝက်ပေးပါ့မယ်” မြေအောက်ကလန် ဒုဗိုလ်ချုပ်မှ ပြောလိုက်သည်။ သူသည် အသိဉာဏ်ရလာသည့် ရှေးဟောင်းနတ်အလောင်းဖြစ်ပြီး ဓားများ၊ လက်နက်များ၊ မီးများနှင့် ရေများမှာ သူ့အား ထိခိုက်အောင် မလုပ်နိုင်ပေ။
“သတင်းက မှန်ကြောင်း ကျုပ်အာမခံပါတယ်” ရှီဟောင်သည် သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“ကောင်းတယ် .. အားလုံးက မင်းရဲ့ဝိဉာဉ်လှိုင်းကို မှတ်ပြီးသွားရင် .. မင်းလိမ်ရင်တော့ .. မင်းဒီနေ့လွတ်နိုင်ရင်တောင် မင်းအသက်ဆက်ရှင်ဖို့ကတော့ ခက်ခဲသွားလိမ့်မယ်” ဆံပင်ရွှေရောင်နှင့်ယောက်ျားလေးမှ လေးနက်စွာ ပြောလိုက်လေသည်။
“မင်းတို့အားလုံး ကျုပ်ကို ခြိမ်းခြောက်နေတာလား … ဆုကြေးငွေမရှိဘူးလို့တော့ မပြောနဲ့နော်” ရှီဟောင်သံသယဝင်နေသည့် လေသံဖြင့်မေးလိုက်သည်။
“မင်းက မြင့်မြတ်ဆေးပင်တွေကို ကြိုက်တယ်ဆိုမှတော့ ငါတို့မင်းကိုပေးမှာပေါ့” ဆံပင်နီနှင့်လူမှ အေးစက်စွာပင် ရယ်မောလိုက်သည်။
နောက်ဆုံးတွင် ထာဝရနန်းတော်နှင့် မြေအောက်ကလန်မှ မြင့်မြတ်ဆေးပင် အပင် ၄၀ နှင့် နတ်တစ်ဝက်ဆေးပင် ၈ ပင်ကို ထုတ်လိုက်သည်။ ဤ ရတနာရှစ်သွယ်စံအိမ်တွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး အေးခဲသွားရသည်။
မြင့်မြတ်ဆေးပင်များမှာ များပြားလွန်းလှပြီး ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေသည်။ ဆေး၏မွှေးရနံ့လည်း သင်းပျံ့နေလေသည်။ ဤစားသောက်ဆိုင်ကြီးတစ်ခုလုံးပင်လျှင် လင်းထိန်သွားလေ၏။
ကျောက်စိမ်းဘူးကို တင်းကြပ်စွာပိတ်ထားသော်လည်း မြင့်မြတ်သည့်အလင်းတန်းများ တောက်ပနေဆဲပင်။
“တာအိုညီအစ်ကို မင်းရဲ့သတင်းသာမှားရင်တော့ ဒီအဖိုးတန်ဆေးပင်တွေအားလုံးကို အကြောင်းပြချက်မရှိပဲ ပြန်သိမ်းသွားမှာနော်” ဆံပင်ရွှေရောင်နှင့်ယောက်ျားလေးမှ ပြောလိုက်သည်။
“ကျုပ်တကယ်ကို .. စိတ်လှုပ်ရှားသွားပြီ” ရှီဟောင်သည် ထိုကျောက်စိမ်းဗူးလေးကို ပွတ်သပ်လိုက်သည်။ သူ၏မျက်နှာထက်ရှိ ပျော်ရွှင်ခြင်းမှာ အစစ်အမှန်ပင်ဖြစ်သည်။
ချင်းရိမှာ ဆွံ့အနေလေသည်။ ဤလူများသာ အမှန်တရားကိုသိသွားပါက သူတို့ချက်ချင်းပင် သွေးအန်ကာ သတိလစ်သွားလိမ့်မည်။
“ထာဝရနန်းတော်နဲ့ မြေအောက်လောကက တကယ်ကို ရက်ရောတာပဲ .. ကျုပ်တကယ် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ် .. ကျုပ်ရဲ့ခံစားချက်ကို ဘယ်လိုပြောပြရမလဲတောင်မသိတော့ဘူး ..” ရှီဟောင်သည် ပန်းပွင့်တစ်ပွင့်ကဲ့သို့ပင်ပြုံးနေလေသည်။
ယခုအချိန်တွင် သူ၏အပြုံးများမှာ အလွန်ပင် တောက်ပနေပြီး အားလုံးမှာ သူ၏အပျော်ကို ခံစားနိုင်လေသည်။
သို့သော်လည်း ဤကဲ့သို့သော အမူအရာမှာ ထာဝရနန်းတော်နှင့် မြေအောက်လောကကလန်တို့အား စိတ်ပျက်သွားစေလေသည်။
“သေခြင်းနဲ့ရှင်ခြင်းကြားက ကွာဟချက်ကို မသိတဲ့သူ .. အဲဒီဆေးပင်တွေကို သုံးဖို့အတွက် မင်းအသက်ရှင်နေဦးမှာ မို့လို့လား” ဆံပင်အနီရောင်နှင့်လူသည် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
“ထာဝရနန်းတော်က ပစ္စည်းကိုတောင် ယူရဲသေးတယ် .. မင်းကသေချင်နေတာပဲ” ဤသည်မှာ ဆံပင်ရွှေရောင်နှင့်ယောက်ျားလေးမှ စိတ်ထဲမှ ပြောလိုက်ခြင်းပင်။ သူ၏အကြည့်များမှာ အကြင်နာတရားကင်းမဲ့နေပြီး သူ၏နှုတ်ခမ်းထက်တွင် အေးစက်သည့်အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။
“ကျေးဇူးတင်ပါတယ် .. တကယ် ကျေးဇူးအများကြီး တင်ပါတယ်” ရှီဟောင်သည် အရှေ့ဘက်သို့ လျှောက်လာလိုက်ကာ ကျေးဇူးတင်ကြောင်းပြောလိုက်၏။ ထို့အပြင် သူသည် ထာဝရနန်းတော်မှ အမျိုးသမီးထူးခြားပါရမီရှိသူတစ်ယောက်၏လက်ကိုလည်း မလွတ်တမ်းဆွဲထားကာ ကျေးဇူးတင်ကြောင်း ပြောနေလေသည်။
မြေအောက်ကလန်ကိုမူ သူလျစ်လျူရှုထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သေဆုံးနိုင်သည့်အော်ရာများကို သူမခံစားနိုင်ပေ။
ထာဝရနန်းတော်မှ လူများ၏မျက်နှာများမှာ မသာမယာဖြင့်ပင်။ ဒီကောင်က အရမ်းကို ပျော်နေတာလား.. သူ့စကားပင်လျှင် ဗလုံးဗထွေးဖြစ်နေလေပြီ။
လက်ကိုင်ခံထားရသည့် မိန်းကလေးမှာမူ အတော်လေးပင် ရွံရှာနေလေ၏။ သူမသည် ချက်ချင်းပင် လက်ကိုပြန်ဆွဲထုတ်လိုက်လေသည်။ ဤလူထံမှသတင်းလိုချင်သေးသောကြောင့်သာမဟုတ်ပါက ဤလူကို အစောကြီးတကည်းက ပါးရိုက်လိုက်မည်ပင်။
“အချိန်ကျလာရင်သာ အသက်ကို ဖက်နဲ့ထုပ်ထား” အမျိုးသမီးထူးခြားပါရမီရှိသူမှ နှာခေါင်းရှုံ့လိုက်သည်။ သူမမျက်နှာသည်ပြုံးနေသော်လည်း ဖုံးကွယ်ထားသည့် ရန်လိုမှုများကို မြင်နေရသည်သာ။
“တာအိုသူငယ်ချင်း မင်းက အပျော်လွန်ပြီးတော့ အာရုံတောင်မစိုက်နိုင်တော့ဘူးလား” ဆံပင်ရွှေရောင်နှင့်ယောက်ျားလေးမှသတိပေးလိုက်ပြီး ဟွမ်ရှိနေသည့်နေရာအား ပြောခိုင်းလိုက်သည်။
ဆံပင်အနီရောင်နှင့်လူမှာ ပို၍ပင် ဖုံးမနိုင်ဖိမရဖြစ်နေလေသည်။ သူ၏မျက်လုံးထဲတွင် ရှီဟောင်သည် သေလူသာ။
မြေအောက်ကလန်မှလူများ၏မျက်နှာထက်တွင် အေးစက်ကာ အညှာအတာမဲ့သည့် အပြုံးများ ရှိနေလေသည်။ သူတို့၏အဖိုးတန်ဆေးပင်များကို ဘယ်လိုလုပ် လွယ်လွယ်နှင့် ထုတ်ပေးမည်နည်း…
“ကျုပ်အရမ်းစိတ်လှုပ်ရှားနေလို့ပါ .. အားလုံးပဲ ကျုပ်ကိုခွင့်လွှတ်ပေးပါ .. မြင့်မြတ်ဆေးပင်တွေအများကြီးတွေ့လိုက်ရတော့ ကျုပ်အရမ်းပျော်သွားလို့ပါ” ရှီဟောင်ပြောလိုက်သည်။ သို့သော်လည်း သူ၏အပျော်ကို အခြားသူများနှင့် မျှဝေကာ အချိန်ဖြုန်းနေဆဲပင်။
နောက်ဆုံးတွင် အားလုံးသည်းမခံနိုင်တော့ပေ။ ဤသည်မှာ လွန်လွန်းသွားလေပြီ။
ရတနာရှစ်သွယ်စံအိမ်ထဲတွင် ရှိနေသည့် ကျင့်ကြံသူများအားလုံး ဆွံ့အသွားရသည်။ ဤလူမှာ သေခြင်းနှင့်ရှင်ခြင်းကြားကို မသိသည့်လူလား .. အရာအားလုံးကို ခံစားနိုင်ရန်အတွက် အသက်ရှင်နေဖို့လိုသေးသည်။
သို့သော် ရှီဟောင်သည် ထိုဆေးပင်များကို တကယ်ပင် သိမ်းယူလိုက်လေသည်။ ဆေးပင်များ မပျက်စီးသွားစေရန်အတွက် ဂရုတစိုက်ပင် သယ်နေလေသည်။
“တာအိုညီအစ်ကို ဒါကဘာကိုဆိုလိုတာလဲ..” ဆံပင်ရွှေရောင်နှင့်ယောက်ျားလေး မျက်နှာပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကောင်မှာ ဟွမ်အကြောင်း ဘာမှမပြောရသေးပေ။
“ကျုပ်ကဒီမှာရှိနေတာပဲကို .. ခင်ဗျားတို့အားလုံးက ကျုပ်ထွက်ပြေးမှာကို ကြောက်နေတာလား .. ပြီးတော့ ကျုပ်ရဲ့သတင်းကို ထာဝရနန်းတော်က သခင်လေးကိုပဲ ပြောပြနိုင်မယ် .. ကျုပ်ဆီကသတင်းရပြီးတာနဲ့ သူကျုပ်ကိုမသတ်ဘူးလို့ ကျုပ်ယုံကြည်တယ် .. ပြီးတော့ သူက မြင့်မြတ်ဆေးပင်တွေကိုလည်း ပြန်သိမ်းမှာမဟုတ်ဘူး .. ခင်ဗျားတို့အားလုံးကို ကျုပ်မယုံဘူး” ရှီဟောင်သည် ‘တရားနည်းလမ်းကျသည်’ ဆိုသည့်ပုံစံဖြင့် ရှင်းပြနေလေ၏။
“မင်း…” ထိုလူအုပ်ကြီးမှာ မျက်နှာပျက်သွားရသည်။
“ကျုပ်ထွက်မပြေးပါဘူး .. ခင်ဗျားတို့က ဘာတွေကို စိုးရိမ်နေတာလဲ” ရှီဟောင်သည် ဆေးပင်အားလုံးကို သိမ်းယူလိုက်ပြီးနောက် သတင်းကို ထာဝရနန်းတော်မှ သခင်လေးကိုသာ ပေးမည်ဟု အတင်းငြင်းနေပြီး ထိုင်ချလိုက်လေသည်။
ထိုလူအုပ်ကြီးမှာ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထိန်းချုပ်ထားရလေသည်။ ဆံပင်ရွှေရောင်နှင့်ယောက်ျားလေးလက်တစ်ဖက် ဝေ့ရမ်းပြလိုက်သည်နှင့် ထူးခြားပါရမီရှိသူတစ်ယောက်သည် သတင်းပို့ရန်အတွက် ထွက်သွားလေသည်။
ရှီဟောင်သည် ပြတင်းပေါက်ဘေးတွင်ရှိနေသည် သူ၏ထိုင်ခုံသို့ ပြန်ရောက်နေပြီဖြစ်ပြီး စိတ်အေးလက်အေးပင် ပြတင်းပေါက်ပေါ်မှ လက်ချထားလေသည်။ ထိုအချိန်တွင် သူ၏လက်ဝါးကိုဖြေလိုက်သည်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် မက်မွန်တောထဲသို့ ကျသွားပြီး ထိုထူးခြားပါရမီရှိသူနောက်မှ လိုက်သွားလေသည်။
သူ၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး သူ၏ရင်ထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထာဝရနန်းတော်မှသခင်လေးသည် သူ့ကို သတ်ရန်အတွက် ဆုကြေးငွေထုတ်ထားသကဲ့သို့ သူ့ကိုပင် အစေခံလုပ်ခိုင်းချင်နေသေးသည်။ ထို့ကြောင့်ပင် သူ့ဘက်မှ စတိုက်ရန် သူဆုံးဖြတ်လိုက်သည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသာ အောင်မြင်လျှင် သူသည် ထာဝရနန်းတော်မှသခင်လေး သီးသန့်ကျင့်ကြံနေသည့်နေရာသို့ တန်းသွားပြီး ထိုနေရာတွင် သူ့ကို တစ်ခါတည်းသတ်ပစ်မည်ပင်။
အပိုင်း ၁၀၅၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၇ – ဟွမ်၏ တိုက်ခိုက်မှုများ
လေထုမှာ အနည်းငယ် ထူးဆန်းနေသည်။ ရှီဟောင်သည် ဟွမ်ရှိနေသည့်နေရာကို မပြောပဲ ထာဝရနန်းတော်မှ သခင်လေးရောက်လာမှသာ ပြောမည်ဟု အခိုင်အမာပြောနေလေသည်။
တစ်ဖက်တွင်ရှိနေသည့် လူအုပ်ကြီးမှာမူ မျက်နှာများ မည်းပုပ်နေပြီဖြစ်သည်။ အရမ်းအရေးကြီးနေသောကြောင့်သာမဟုတ်ပါက သူ့ကို သတ်ပစ်ပြီးနေပြီဖြစ်သည်။ သို့သော်လည်း သူသည် ထွက်မသွားသလို တိုက်လည်း မတိုက်ခိုက်သောကြောင့် အတော်လေး ပူးပေါင်းပေးနေသည်ဟု ပြော၍ရသည်။
အချိန်အကြာကြီး စောင့်ပြီးသည့်နောက်တွင် ရတနာရှစ်သွယ်စံအိမ်မှ စားပွဲထိုးသည် ရတနာရှစ်သွယ်ငါးကြင်းနှင့် ရတနာရှစ်သွယ်ဖီးနှစ်တို့ကို အရိုးအိုးနှစ်အိုးထဲသို့ ထည့်ကာ စားပွဲပေါ်သို့ ဂရုတစိုက်တင်ပေးလိုက်သည်။
“ကြာလိုက်တာ…” ရှီဟောင် အထွန့်တက်လိုက်သည်။
“ဒါတွေက နတ်အစားအစာတွေ .. တာအိုမီးတောက်နဲ့ ဖြည်းဖြည်းလေး ချက်ရတာ .. အဲဒါကြောင့်မို့လို့ အချိန်ကြာတာပါ” စားပွဲထိုးမှ ရှင်းပြလိုက်သည်။
အရိုးအိုးနှစ်ခုမှာ ရိုးရှင်းကာ သာမန်ဆန်သော်လည်း ဤအိုးနှစ်ခုလုံးမှာ မှော်ပစ္စည်းများပင်။ မဟုတ်ပါက ဤကဲ့သို့ ရှားပါးအဖိုးတန်သည့် အသားများကို ချက်ပြုတ်နိုင်မည်မဟုတ်ပေ။
အိုးအဖုံးဖွင့်လိုက်သည်နှင့် ချက်ချင်းပင် လေထဲ၌ အမွေးနံ့များ ပျံ့လွင့်လာကာ နတ်အလင်းတန်းများလည်း ထွက်ပေါ်လာလေ၏။
နတ်ဘုရားများပင်လျှင် ဤအမွှေးနံ့ရသည်နှင့် တံတွေးများကို မြိုချနေရလိမ့်မည်။ ဤအမွှေးနံ့မှာ လူတစ်ယောက်၏ အစားစားလိုစိတ်ကို လှုံ့ဆော်ပေးနေလေသည်။
“စောင့်ရတာာ တန်ပါတယ်” ရှီဟောင် အံ့အားတကြီး ပြောလိုက်သည်။
အဆင့်နိမ့်နယ်မြေတွင် ရတနာရှစ်သွယ်ငါးကြင်းကို စားဖူးသောကြောင့် ရတနာရှစ်သွယ်ဖီးနှစ်ကို အရင်စမ်းစားလိုက်သည်။ ဤသည်မှာ သိပ်မကြီးသည့် ရှေးဟောင်းငှက်တစ်မျိုးပင်။ ဤသည်မှာ အကောင်းဆုံးငှက်သားမဟုတ်သော်လည်း အကောင်းဆုံးအသားနှင့် နီးစပ်လှသည်။
ထို့အပြင် ဤအသားတွင် ထိတ်လန့်စရာကောင်းလောက်သည့် ဆေးစွမ်းများရှိနေပြီး မြင့်မြတ်ဆေးပင်တစ်ဝက်နှင့် ညီမျှသည်။
“တာအိုရောင်းရင်း .. အရင်ဆုံး ပိုက်ဆံရှင်းပေးပါ” စားပွဲထိုးမှ ပြုံး၍ ပြောလိုက်သည်။
“ဒီမှာ..” ရှီဟောင်သည် အထဲတွင် မြင့်မြတ်ဆေးပင်များပါသည့် ကျောက်စိမ်းဘူးကို ကမ်းပေးလိုက်လေ၏။
ဘေးဘက်တွင်ရှိနေသည့် ထာဝရနန်းတော်နှင့် မြေအောက်ကလန်မှလူများ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤသည်မှာ သူတို့၏အဖိုးတန်ဆေးပင်များပင်။ ဤကောင်လုပ်နေသည်မှာ လွန်လွန်းလှသည်။
ရွှေရောင်ဆံပင်နှင့်ယောက်ျားလေးနှင့် မြေအောက်ကလန်မှ ဒုဗိုလ်ချုပ်တို့ပင်လျှင် ဤရတနာရှစ်သွယ်ဟင်းများကို မမှာစားသော်လည်း ဤကောင်စုတ်က သူတို့၏ မြင့်မြတ်ဆေးပင်များကို ဤနေရာတွင်သုံးဖြုန်းရဲသည်။
“တာအို ရောင်းရင်း .. မင်း ကတိမတည်သေးဘူးနော် .. ဟွမ် ဘယ်မှာရှိလဲဆိုတာကို မင်း မပြောရသေးပဲနဲ့ မင်းက မြင့်မြတ်ဆေးပင်တွေကိုတောင် သုံးလိုက်ပြီ .. တကယ်လို့ ပြဿနာတစ်ခုခုရှိလာရင် မင်းဘယ်လိုပြန်ပေးမှာလဲ” ရွှေရောင်ဆံပင်နှင့်ယောက်ျားမှ အေးစက်စွာ မေးလိုက်သည်။
“ကျုပ်ဒီလိုမျိုး လုပ်လိုက်တာက ကျုပ်ရဲ့သတင်းက အဖိုးတန်ကြောင်း ခင်ဗျားတို့ကိုသက်သေပြလိုက်တာပဲလေ .. ကျုပ်ဘယ်မှမသွားပဲနဲ့ အစားအသောက်တွေကို စားနေတယ်လေ .. အဲဒီတော့ ခင်ဗျားတို့အားလုံးက ဘာတွေကို စိတ်ပူနေတာလဲ” ရှီဟောင် ပြန်ပြောလိုက်သည်။
ထို့နောက်တွင် သူသည် တောက်ပစွာပြုံးလိုက်ကာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေသည့်အလား ချင်းရိကို ဖိတ်ခေါ်လိုက်လေသည်။
ရွှေရောင်ဆံပင်နှင့်ယောက်ျား လှုပ်ရှားသွားရသည်။ သူသည် ချင်းရိကို လိုက်နေသည်မှာ အတော်ကြာနေပြီဖြစ်သော်လည်း ဤအသေကောင်မှ သူမအား ဖိတ်ခေါ်ရဲသေးသည်။
သူ၏ရာထူးနှင့်ဆိုလျှင် ထာဝရရှေးဟောင်းမြေမှာပင် သူသည် အဆီးအတားမရှိ လျှောက်သွားနိုင်သည်။ သို့သော်လည်း ယနေ့တွင် သူသည် လရောင်ဝန်းရံနေသည့် အလှလေးကို အတော်လေးပင် စွဲလမ်းသွားသောကြောင့် သူမနှင့် အဆင်ပြေနိုင်ရန် တတ်နိုင်သမျှ ကြိုးစားနေခြင်းပင်။
“တာအို ရောင်းရင်း .. လူတစ်ယောက်က ကိုယ့်ရဲ့အဆင့်အတန်းကို ကိုယ်နားလည်သင့်တယ်” ရွှေရောင်ဆံပင်နှင့်ယောက်ျားမှ ပြောလိုက်သည်။
“ရတနာရှစ်သွယ် ဟင်းပွဲလေးနှစ်ပွဲထဲနဲ့ နတ်သမီးကို ခေါ်ချင်နေတာလား .. မင်းက စိတ်ကြီးဝင်နေတာလား ဒါမှမဟုတ် ရူးနေတာလား” ဆံပင်အနီနှင့်လူမှ အေးစက်စွာ ပြောလိုက်သည်။
ဘေးဘက်တွင်ရှိနေသည့်သူအားလုံးလည်း လှောင်ရယ်လိုက်ကြလေသည်။
သို့သော် သူတို့မျက်လုံးများပြူးကျယ်သွားရသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားလေသည်။ နတ်သမီးလေးသည် ရှီဟောင်ဘေးဘက်သို့ လျှောက်သွားနေလေသည်။
ထာဝရနန်းတော်မှ ဒုဗိုလ်ချုပ်ဖြစ်သည့် ရွှေရောင်ဆံပင်နှင့်ယောက်ျားမှာ ထိတ်လန့်သွားသကဲ့သို့ ရှက်လည်း ရှက်သွားရသည်။
ဆံပင်နီနှင့်လူမှာမူ သူ၏လျှာကို ပြန်ကိုက်မိသွားတော့မတတ်ပင်။ သူစကားပြောပြီးပြီးခြင်း အစိမ်းရောင်အဝတ်အစားနှင့် အမျိုးသမီး ထသွားခြင်းသောကြောင့် ဤသည်မှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
ချင်းရိ၏မျက်လုံးများ တောက်ပနေပြီး သူမလမ်းလျှောက်လိုက်သည်နှင့် သူမ၏ဝတ်ရုံရှည်သည် မြေပြင်ကို ဖြတ်တိုက်သွားလေသည်။
သူမသည် ပိန်ပါးသွယ်လျပြီး အမို့အမောက်များဖြင့် လှပလှကာ သူမ၏လည်တိုင်လည်း ကျော့ရှင်းနေလေသည်။
ထိုလူများမှာ မျက်လုံးများ ပြုတ်ထွက်မတတ်ဖြစ်နေကြ၏။ သူမသည် ရှီဟောင်၏စားပွဲတွင် ထိုင်လိုက်ကာ ဆင်စွယ်ရောင်တူများကို ကောက်ကိုင်ပြီး လှုပ်ရှားလိုက်လေသည်။
“ဒါက…”
လူများစွာ … အထူးသဖြင့် ထာဝရနန်းတော်မှ ဒုဗိုလ်ချုပ်နှင့် ဆံပင်အနီရောင်နှင့်လူတို့မှာ ဆွံ့အနေပြီး ဖော်ပြ၍မရနိုင်လောက်အောင်ပင် ဒေါသထွက်နေကြလေ၏။
ဟင်းနှစ်ပန်းကန်..
သောက်ခွေးပဲ .. အဲဒီကောင်က ဟင်းနှစ်ပန်းကန်ထဲနဲ့ သူတို့လေးစားရတဲ့ နတ်သမီးကို ဖမ်းနိုင်သွားတယ် .. သူတို့သည် ဒေါသထွက်လွန်းသောကြောင့် စားပွဲကိုပင် ရိုက်ချမိမတတ်ပင်။
ပို၍မုန်းစရာကောင်းသည်မှာ ထိုဟင်းပွဲနှစ်ပွဲသည် သူတို့ထံမှရသည့် မြင့်မြတ်ဆေးပင်များဖြင့် ဝယ်ထားခြင်းပင်။
ရွှေရောင်ဆံပင်နှင့်ယောက်ျားမှာ မျက်နှာပျက်သွားလေ၏။
သူကဲ့သို့သောလူမျိုးသည် အမျိုးသမီးတစ်ယောက်နှင့် စကားပြောပြီး သူ၏ကောင်းကွက်များကို စိတ်လိုလက်ရပြောနေရသည်မှာ သူ့ကိုယ်သူနှိမ့်ချလွန်းနေပြီဟု ခံစားနေရပြီးသားပင်။ ပြောရမည်ဆိုလျှင် ထာဝရနန်းတော်၏ ဒုဗိုလ်ချုပ်အနေဖြင့် သူသွားသည့်နေရာတိုင်းတွင် သူသည် ကြယ်များဝန်းရံထားသည့် လကဲ့သို့ပင်။ ယနေ့တွင်တော့ သူအတော်အရှက်ရနေလေပြီ။
ဆံပင်နီနှင့်လူမှာမူ ရှီဟောင်အား ချက်ချင်းပင် သတ်ပစ်ချင်လာသည်။ ရှီဟောင်တမင်သက်သက်လုပ်နေသည်ဟု သူခံစားနေရသည်။
ရတနာရှစ်သွယ်ငါးကြင်းသည် နဂါးငါးကြင်းနှင့်တူသည်။ ထိုငါးသည် တစ်မီတာခန့်ရှိပြီး ရောင်စုံအလင်းများ တောက်ပနေလေသည်။
“ငါ ဒါကို ဒုတိယအကြိမ်စားတော့မယ်” ရှီဟောင် အလွန်ပင် ပျော်ရွှင်နေလေ၏။ သူ၏အဆင့်နိမ့်နယ်မြေမှ နေ့ရက်များကို သူပြန်စဉ်းစားမိသွားသည်။ သူသည် ထိုစဉ်က အလွန်ပင် တက်ကြွနေပြီး သူ၏လမ်းတွင်ရှိသမျှရန်သူအားလုံးကို ရှင်းလင်းပစ်ခဲ့သည်။
အဆင့်မြင့်နယ်မြေသို့ ရောက်ပြီးသည့်နောက်တွင် သူသည် အရာအားလုံးကို ဖုံးကွယ်ထားခဲ့ရပြီး သူမည်သူဖြစ်သည်ဆိုသည်ကိုပင် ဖုံးကွယ်ထားခဲ့ရသည်။ ထာဝရရှေးဟောင်းမြေသို့ ဝင်ခဲ့သည့်အချိန်တွင် သူသည် အလိုရှိသည့်ရာဇဝတ်သားတစ်ဦးဖြစ်ခဲ့ပြီး ဖမ်းဆီးရန်အတွက် ပစ်မှတ်ခံထားရသည့်သူလည်း ဖြစ်ခဲ့သည်။
ဤသည်မှာ ဥပမာတစ်ခုသာရှိသေးသည်။ အနက်ရောင်နတ်သားတော်၊ နျင်ချွမ်းနှင့် အခြားသူများ မပါသေးပေ။
“နဂါးက အမောက်မထောင်ပြတာနဲ့ပဲ မင်းတို့က ငါ့ကို ရေမြွေလို့ထင်နေတာလား .. ဒီနေ့ကစပြီးတော့ ငါ့လမ်းကြောင်းအတွက် တိုက်ခိုက်ပြီးတော့ ငါ့ရဲ့ကြီးကျယ်ခမ်းနားမှုကို ရေးထိုးမယ်” ရှီဟောင် တီးတိုးပြောလိုက်သည်။ ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကာ ရုတ်တရက်ခေါင်းမော့လိုက်သည်။ “အားရား .. နတ်သမီးလေး … မင်းက တော်တော်မြန်တာပဲ .. ရတနာရှစ်သွယ်ဖီးနှစ်ကို ငါ့အတွက် နည်းနည်းလောက် ချန်ထားပေးပါဦး…”
ရှီဟောင်သည် လျင်မြန်စွာဖြင့်ပင် တူကိုကောက်ကိုင်လိုက်ပြီး နတ်ငှက်ကို လိုက်လုနေတော့လေသည်။
အိုးထဲတွင် ဖီးနှစ်နှင့်တူသည့်ငှက်တစ်ကောင်ရှိနေသည်။ ထိုငှက်သည် ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ပင်။ ထိုငှက်တွင် ဝိဉာဉ်စွမ်းအား များစွာပါဝင်နေပြီး ရနံ့လည်း သင်းပျံ့လှသည်။
ဤကဲ့သို့သော အသားများသည် နူးညံ့လှပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။ ဤအသားသည် ဝိဉာဉ်တွင်ရှိနေသည့် ဒဏ်ရာများအားလုံးကို သက်သာပျောက်ကင်းစေလေသည်။
ထိုအသားကို တစ်ကိုက်ကိုက်လိုက်သည်နှင့် ပျော်ရွှင်မှုကို ခံစားရရုံသာမက တစ်ကိုယ်လုံးလည်း သက်တောင့်သက်သာဖြစ်သွားသည်။
ထို့အပြင် ထိုအသားကို စားလိုက်သည်နှင့် ခန္ဓာကိုယ်တွင် သစ်ခွရနံ့ထွက်နေပြီး အချိန်အတော်ကြာသည်အထိ ထိုရနံ့မှာ ပျောက်ပျက်မသွားပေ။ ရတနာရှစ်သွယ်ဖီးနှစ်သည် နုပျိုမှုကို ထိန်းထားနိုင်ပြီး နှစ်ပေါင်းအတော်ကြာသည်အထိ ရုပ်ရည်များကို ထိန်းသိမ်းနိုင်စွမ်းရှိသည်ဟု ပြောကြသည်။
ထို့ကြောင့်ပင် မိန်းကလေးတစ်ယောက်အနေဖြင့် ချင်းရိသည် ရတနာရှစ်သွယ်ဖီးနှစ်ကို လုစားနေခြင်းပင်။ သူမ၏ပုံမှန် မြင့်မြတ်ကာတည်ငြိမ်သည့်ပုံစံနှင့် ခြားနားစွာပင် သူမသည် အနည်းငယ် ‘တက်ကြွ’ နေလေ၏။
“မရှိတော့ဘူး .. မရှိတော့ဘူး” ရှီဟောင်အော်ဟစ်လိုက်သည်။ သူအနည်းငယ်သာ စားလိုက်ရလေသည်။ “သူဌေး နောက်ထပ် ပွဲ ၂၀ ယူလာခဲ့ပေး”
စားသောက်ဆိုင်တွင်ရှိနေသည့်သူများမှာ ဆွံ့အသွားရသည်။ သူတို့သည် ဤရတနာရှစ်သွယ်ဖီးနှစ်ကို ဘဲများ မှတ်နေသလား.. တစ်ခါတည်း ပွဲနှစ်ဆယ်မှာခြင်းမှာ ဖြုန်းတီးခြင်းပင်။
စားပွဲထိုးသည် အပြေးလေးရောက်လာကာ သူ၏ချွေးများကို သုတ်လိုက်ပြီး ‘ဒီလူက ဘယ်လိုလူထူးဆန်းမျိုးလဲ’ ဟု စိတ်ထဲမှ ပြောလိုက်သည်။ သူသည် အပြုံးလေးတစ်ခုဖြင့် တောင်းပန်လိုက်ကာ “ကျွန်တော်တောင်းပန်ပါတယ် တာအိုရောင်းရင်း .. ဒါက နောက်ဆုံးတစ်ပွဲပါ .. ဒါက ထာဝရရှေးဟောင်းမြေထဲမှာ ရနိုင်တဲ့ ရှားပါးဟင်းပွဲပါ .. ဒါပေမဲ့ တစ်ခါတည်းနဲ့ အကောင်နှစ်ဆယ်ဖမ်းဖို့က မဖြစ်နိုင်ပါဘူး”
ရှီဟောင် နောင်တရမိသွားသည်။ သူ၏နှုတ်ခမ်းနှင့်သွားများမှာ မွှေးပျံ့နေဆဲဖြစ်ပြီး သူ ဗိုက်မပြည့်သေးပေ။
သူသည် ချင်းရိ၏ နီရဲနေသည့်နှုတ်ခမ်းကိုကြည့်ကာ တိတ်တိတ်လေး မနာလိုဖြစ်နေမိသည်။ ယနေ့တွင် သူမသည် အခါတိုင်းကဲ့သို့ ဉာဏ်ပညာကြီးကာ ရဲရင့်သည့်မိန်းကလေးပုံစံ မပြုမူသည်ကို သူသတိထားမိလိုက်သည်။
ဘေးပတ်လည်တွင်ရှိနေသည့်သူများမှာ ဆွံ့အသွားရသည်။ ဒီလိုမျိုးအလှလေးက မင်းနဲ့တစ်ဝိုင်းတည်း အတူတူစားနေတာကို မင်းမျက်နှာက ဘာလို့အဲဒီလိုမျိုး ဖြစ်နေတာလဲ..
ထာဝရနန်းတော်၏ဒုဗိုလ်ချုပ်ဖြစ်သည့် ရွှေရောင်ဆံပင်နှင့်လူသည် ခြေလှမ်းကျယ်ကြီးဖြင့်လှမ်းလာကာ ရှီဟောင်အား ကျိန်ဆဲပြီး အစိမ်းရောင်ဝတ်စုံဝတ်ထားသည့်မိန်းကလေးကို ဆွဲခေါ်သွားချင်မိသည်။
သို့သော် သူမည်သူဖြစ်သည်ကို စဉ်းစားမိသွားသည့်နောက်တွင် သူ မလုပ်တော့ပေ။
ရှက်စရာကောင်းတယ် .. မုန်းစရာကောင်းလိုက်တာ .. အခြားသူများသည် ရှီဟောင်အား စိုက်ကြည့်ပြီး စိတ်ထဲမှ ကျိန်ဆဲနေကြလေသည်။
ချင်းရိ၏လှပသည့်မျက်နှာမှာ တောက်ပနေလေသည်။ သူမသည် ရှီဟောင်အား မကျေမနပ်ပင် ကြည့်နေလေ၏။
ရုတ်တရက်ပင် ရှီဟောင်၏အမူအရာပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြန်ရောက်လာသောကြောင့်ပင်။ ထိုကျောက်တုံးသည် ပြတင်းပေါက်ကိုဖြတ်ကာ သူ၏အင်္ကျီလက်ထဲသို့ ဝင်ရောက်လာပြီး “သူက အစိမ်းရောင်ဝိဉာဉ်နယ်မြေထဲမှာ” ဟု ပြောလိုက်သည်။
သူတုန်လှုပ်သွားပြီး အသေးစိတ်အချက်အလက်များအား မေးလိုက်သည်။ ထို့နောက်တွင် သူအပျော်လွန်သွားရသည်။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် လမ်းကြောင်းကို ရှာတွေ့သွားပြီး လျှို့ဝှက်နေရာကိုလည်း ရှာတွေ့သွားခဲ့သည်။
“ကောင်းတယ် .. သူက ငါ့ကိုသတ်ဖို့အတွက် ဆုကြေးငွေထုတ်ထားတာမလား .. ခဏနေကျရင် သူ့ဆီသွားလည်ပြီး သူ့ကိုရှင်းပစ်ရတာပေါ့” ရှီဟောင်သည် စိတ်အေးလက်အေးဖြစ်သွားပြီး ဝိုင်တစ်ခွက်လောင်းထည့်ကာ အေးဆေးလေး သောက်နေလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို ရှီဟောင် အာရုံခံမိလိုက်သည်။ ထိုရွှေရောင်ဆံပင်နှင့်လူမှာ ရှီဟောင်ကို ခေါ်လာခဲ့ရန်သတင်းရလိုက်သည်မှာ သိသာလှသည်။
“သူငယ်ချင်း မင်းစားလို့ပြီးပြီလား .. သခင်လေးနဲ့တွေ့ဖို့အတွက် မင်းငါတို့နဲ့လိုက်လာခဲ့ရင်ရော..” ဆံပင်နီနှင့်လူမှ ပြောလိုက်သည်။
ရှီဟောင်သည် သူ့ကို လျစ်လျူရှုထားလိုက်ကာ စားပွဲထိုးအား လှမ်းပြောလိုက်သည်။ “မင်းတို့မှာ ရတနာရှစ်သွယ်ဖီးနှစ်မရှိတော့ဘူးဆိုတော့ ငါပါဝင်ပစ္စည်းတွေယူလာပေးရင် မင်းတို့ငါ့ကို ချက်ပေးလို့ရလား”
“ဒါက .. လုပ်ပေးလို့ရပါတယ်”
“ကောင်းပြီလေ .. အဲဒါဆိုရင် ကျုပ်ကို ရွှေရောင်အတောင်ပံပန် ကင်ပေးပါ” ရှီဟောင်ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် အားလုံး၏အမူအရာပြောင်းလဲသွားသည်။ ကြီးမြတ်သည့် ရွှေရောင်အတောင်ပံပန်သည် မည်မျှပင် အထင်ကြီးစရာကောင်းလောက်သည့် သက်ရှိဖြစ်သနည်း .. ပြောရမည်ဆိုလျှင် မည်သူက သူတို့အားရန်စရဲမည်နည်း.. ဤသည်ကို သူက စားချင်နေသေးသည်။
အတွင်းကျကျ အသေးစိတ်အရာများကို သိထားသည့်သူများသည် ထာဝရနန်းတော်မှ ဆံပင်ရွှေရောင်နှင့်လူအား ကြည့်လိုက်ကြသည်။
“မင်းကသေချင်နေတာပဲ” ရွှေရောင်ဆံပင်နှင့်လူမှာ ထပ်သည်းမခံနိုင်တော့ပေ။ သူတိုးညှင်းစွာ အော်ဟစ်လိုက်သည်နှင့် သူ၏အနောက်တွင် ကြီးမားလှသည့် ပန်အရိပ်အပေါ်လာလေသည်။ သူ၏ခန္ဓာကိုယ်မှလည်း ရွှေရောင်အလင်းတန်းများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။
“လှုပ်ရှားမယ်” ဆံပင်နီနှင့်လူမှ အော်ဟစ်လိုက်သည်။ လူများစွာလှုပ်ရှားလာပြီး ရှီဟောင်ကို သတ်ရန်အတွက် တရှိန်ထိုးပင် ပြေးလာကြလေ၏။
“မင်းတို့အားလုံးကို ကြောက်မယ်လို့ ထင်နေတာလား” ရှီဟောင်သည် နောက်ဆုံးဝိုင်ခွက်ကို သောက်လိုက်ကာ လျှပ်စီးကဲ့သို့ပင် လေထဲသို့ လျင်မြန်စွာ ပျံသန်းသွားလေ၏။
ရွှေရောင်ဆံပင်နှင့်လူလည်း ပြတင်းပေါက်မှ တရှိန်ထိုးထွက်သွားလေ၏။ သူအပြင်ဘက်သို့ရောက်သွားသည်နှင့် ပန်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အတောင်ပံမှာ ကောင်းကင်ကို ဖုံးလွှမ်းသွားလေသည်။ သူ့ထံမှ တောက်ပသည့် သင်္ကေတများလည်း ထွက်ပေါ်လာလေသည်။
ရွှေရောင်ဆံပင် လူနှင့် အမျိုးသမီး ထူးခြားပါရမီရှိသူတို့သည် ဆက်တိုက်ပင် ရောက်ရှိလာလေ၏။
“သတ်..” ဤလူများမှ အော်ဟစ်လိုက်ကြသည်။
သို့သော် ရှီဟောင် လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် ငွေရောင်အလင်းတန်းတစ်ခုသည် နဂါးအစစ်တစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး လူတစ်ယောက်၏ဦးခေါင်းခွံထဲသို့ ဖောက်ဝင်သွားလေသည်။ သွေးများလွင့်စင်လာပြီး လျှပ်စီးများလည်း ရောယှက်လာသည်။
အပိုင်း ၁၀၅၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၇ (၂)
အားလုံး ထိတ်လန့်သွားရသည်။ ဤလူသည် မည်သူနည်း .. စွမ်းအားကြီးသည်သူကိုပင် လက်တစ်ချောင်းတည်းဖြင့် သတ်ပစ်လိုက်သည်။
“သတိထား” ဆံပင်နီနှင့်လူမှ သတိပေးလိုက်သည်။
သို့သော် သူ၏သတိပေးချက်မှာ အလွန်နောက်ကျသွားလေပြီ။ ဖူး ဖူး ဟူသည့်အသံများနှင့်အတူ လျှပ်စီးလှံတံများစွာ ထွက်ပေါ်လာပြီး နောက်ထပ်နှစ်ယောက် ထပ်သေသွားလေသည်။ သူတို့အားလုံးသည် လေထဲတွင် ပေါက်ကွဲသွားကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယခုအချိန်တွင် ထူးခြားပါရမီရှိသူသုံးယောက်သာ ကျန်တော့သည်။
“မင်းတို့သုံးယောက်တည်းနဲ့ မလောက်သေးဘူး” ရှီဟောင် သူတို့အား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
“ငါပါရင်ရော” လေထဲတွင် အနက်ရောင်ယင်စွမ်းအင်များ ထွက်ပေါ်လာလေ၏။ မြေအောက်ကလန်မှ ဒုဗိုလ်ချုပ်လည်း လေဟာနယ်ထဲသို့ ရောက်ရှိလာလေသည်။
“မင်းကိုယ်မင်း ဘာထင်နေတာလဲ .. မင်းပါလည်း မလောက်သေးဘူး .. အရင်တုန်းက ငါ့က ထူးခြားပါရမီရှိတဲ့သူ ၈ ယောက်ကို တစ်ခါတည်း စားခဲ့တာ” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားရသည်။
“သူက .. အလင်းတန်းမြို့မှာတိုက်ခိုက်ခဲ့တဲ့ နတ်ဆိုးဘုရင်လား..”
“ဘုရားရေ .. သူကဟွမ်ပဲ .. သူကိုယ်တိုင် ရောက်လာတာလား”
အားလုံး ထိတ်လန့်တကြားဖြစ်သွားကြရသည်။
“ဘာ .. မင်းလား”
ထာဝရနန်းတော်မှလူများမှာ ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်လာကာ သွေးအန်တော့မတတ်ပင်။ သူတို့သည် ဤလူ၏လှည့်စားခြင်းကို ခံလိုက်ရပြီး သူတို့၏ မြင့်မြတ်ဆေးပင်နှင့် နတ်ဆေးပင်များကိုပင် ပေးခဲ့ရသေးသည်။
“မင်းအသက်ကို လက်လွတ်လိုက်တော့”
ရှီဟောင်သည် ရွှေရောင်အတောင်ပံပန်ထံသို့ ဦးတည်သွားလိုက်သည်။ သူသည်ခွန်ပန်အတောင်ပံများကို လှုပ်ခတ်လိုက်ပြီး ကောင်းကင်ထက်တွင်ရှိနေသည့် မြူများကို မွေနှောက်လိုက်သည်။
ဖူး…
ပထမဆုံးတိုက်ကွက်ဖြစ်သော်လည်း သူတို့နှစ်ဦးကြားတွင် တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လာလေ၏။ သူတို့နှစ်ဦးလုံးသည် နတ်စွမ်းရည်များ အသုံးပြုလိုက်ခြင်းပင်။
ရွှေရောင်အတောင်ပံပန်သည် စွမ်းအားကြီးလှပြီး ကောင်းကင်အဆင့်ဝင်မျိုးနွယ်စုဟု သတ်မှတ်ထားသော်လည်း သူ၏ခန္ဓာကိုယ်မှ သွေးအလင်းများ လွင့်စင်ထွက်လာနေဆဲပင်။ သူ၏အတောင်ပံတစ်ဖက်တွင် သွေးများစီးကျနေပြီး ပြုတ်ကျမတတ်ပင်။
အားလုံးထိတ်လန့်သွားရသည်။ ပန်လူမျိုးစုများ၏ ခန္ဓာကိုယ်များမှာ ပြိုင်ဘက်ကင်းသည့် ခန္ဓာကိုယ်ဖြစ်သော်လည်း ယခုအချိန်တွင် တစ်ချက်တည်းဖြင့် ဒဏ်ရာရသွားလေပြီ။
“နတ်ဆိုးဘုရင်ဟွမ် ဖြစ်ထိုက်ပါပေတယ်”
ဆံပင်နီနှင့်လူမှာ ထိတ်လန့်နေလေပြီ။ အဓိကလူနှင့် ထိပ်တိုက်တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူသည် တိုက်ခိုက်နေရသော်လည်း ကြောက်လန့်နေဆဲပင်။
“ပြန်လှည့်ဖို့လမ်းမရှိတော့ဘူး .. သူက တော်တော်မြန်တယ် ငါတို့လွတ်နိုင်မှာမဟုတ်ဘူး .. အဲဒီတော့ သေတဲ့အထိ တိုက်ဖို့ပဲ ရှိတော့တယ်” အမျိုးသမီးထူးခြားပါရမီရှိသူမှ ပြောလိုက်သည်။
သူတို့သည် ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားလိုက်ကြသည်။
“ငါ့ကိုလည်း ထည့်တွက်လိုက်” မြေအောက်ကလန်မှ ဒုဗိုလ်ချုပ်လည်း ပြောလိုက်သည်။ သူသည်လည်း အနည်းငယ်နောင်တရနေသည်သာ။ ဟွမ်ကိုယ်တိုင်ရောက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သို့သော် သူပြန်လှည့်၍မရတော့ပေ။
“ကျွန်မနဲ့ ရှင်နဲ့ ပညာချင်းဖလှယ်ကြတာပေါ့” ချင်းရိ ပြောလိုက်သည်။ သူမ၏အသံမှာ အေးချမ်းလှပြီး သူမသည် နတ်သမီးတစ်ပါး လမ်းလျှောက်နေသကဲသို့ပင် ကောင်းကင်ထက်သို့ ရောက်သွားလေသည်။
ထို့နောက်တွင် တိုက်ပွဲကြီး စတင်ဖြစ်ပွားလေသည်။ အုပ်စုနှစ်ခုခွဲကာ တိုက်ခိုက်နေကြခြင်းပင်။
ရှီဟောင်သည် ရွှေရောင်အတောင်ပံပန်နှင့် တိုက်ခိုက်နေခြင်းပင်။ အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် ရွှေရောင်ဆံပင်နှင့်လူ၏ခန္ဓာကိုယ်မှ သွေးများစီးကျလာသည်။
ဖူး..
အမျိုးသမီးထူးခြားပါရမီရှိသူ၏ မျက်ခုံးကြားသို့ လက်ညှိုးဖြင့် ရိုက်ခတ်မိသွားလေသည်။ သူမ၏လှပသည့်မျက်လုံးများ ပြူးကျယ်သွားပြီးသည့်နောက်တွင် သွေးများ ပွင့်ထွက်လာလေသည်။ သူမ၏ခန္ဓာကိုယ်လည်း ကောင်းကင်ထက်မှ ပြုတ်ကျသွားလေ၏။
တစ်ခဏကြာပြီးသည့်နောက်တွင် ဆံပင်နီနှင့်လူမှ သနားစဖွယ်အော်ဟစ်လိုက်သည်။ ရှီဟောင်၏လက်ညှိုးဓားသွားသည် သူ့အားခုတ်ချလိုက်သည်ကို သူထိတ်လန့်တကြား တွေ့လိုက်ရသည်။ ထို့နောက်တွင် သူ၏ခေါင်းသည် ခန္ဓာကိုယ်နှင့် အဆက်ပြတ်သွားကာ သွေးများပန်းထွက်လာလေသည်။
ရွှေရောင်အတောင်ပံပန်သည်လည်း ရှီဟောင်အားခုခံရန်အတွက် ကြိုးစားနေသော်လည်း နောက်ဆုံးတွင် ရှီဟောင်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ရှီဟောင်ထိတ်လန့်သွားရသည်။ ချင်းရိသည်လည်း သူမ၏ တိုက်ပွဲကို အဆုံးသတ်ပြီးသွားလေပြီ။
သူမအနားတွင် အစိမ်းရောင်မီးတောက်ရှိနေပြီး မြေအောက်စွမ်းအင်အားလုံးကို လောင်ကျွမ်းစေကာ ပြာပုံတစ်ခုသာ ချန်ထားလေ၏။ မြေအောက်ကလန်မှ ဒုဗိုလ်ချုပ်၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်နှစ်ခုလုံး အရှင်းခံလိုက်ရလေသည်။
“ဒါက…” ရှီဟောင်ပင်မက အခြားသူများလည်း ထိတ်လန့်သွားကြသည်။
ပြောရမည်ဆိုလျှင် နတ်မီးတောက်ရပြီးသည်နှင့် သာမန်မီးတောက်များမှာ အလိုအလျောက် ပြန်လည်ထွက်ခွာသွားကြမည်ဖြစ်ပြီး လက်ခံသူအနားတွင် မနေကြပေ။
ဤသည်မှာ လစိမ်းရောင်မီးတောက်ဖြစ်ပြီး အစိမ်းရောင်လကဲ့သို့ပင် တောက်ပနေပြီး အေးချမ်းလှလေသည်။ ဤသည်မှာ ချင်းရိကို ပို၍ထူးခြားစေလေသည်။
ဤသည်မှာ ထာဝရလူသားတစ်ယောက် သေဆုံးပြီးနောက် ချန်ထားခဲ့သည့်မီးတောက်ပင်။
ရွှီး…
ချင်းရိလက်ညှိုးထိုးလိုက်သည်နှင့် မြေအောက်ကလန်မှ ကျန်နေသည့်လူများကိုလည်း အစိမ်းရောင်အလင်းမီးတောက်များ ဝါးမြိုသွားလေသည်။ ထိုလူများလည်း ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဤနေရာတစ်ခုလုံး တိတ်ဆိတ်နေလေပြီ။
“အစိမ်းရောင်လမီးတောက်က ဒီမှာ ရှိနေတုန်းပဲလား .. ငါမင်းနဲ့အတူတူနေရင် ငါ့ကိုတော့ လောင်မသွားလောက်ဘူးမလား” ထိုတိတ်ဆိတ်မှုကို ရှီဟောင်ဖျက်ဆီးလိုက်သည်။
ချင်းရိသူ့အား စိုက်ကြည့်လိုက်သည်။ သူ၏စကားများတွင် အဓိပ္ပာယ်တစ်ခုခုပါနေမှန်း သူမသိနေသည်သာ။
“ဘုရားရေ .. သူကဟွမ်ပဲ .. သူက ထာဝရနန်းတော်ကလူတွေကို သတ်ခဲ့တာ”
“ဒီနတ်သမီးက အရမ်းကို အထင်ကြီးစရာကောင်းတာပဲ”
…
ရှီဟောင်သည် ရွှေရောင်ပန်အတောင်ပံကို သယ်လာကာ ရတနာရှစ်သွယ်စံအိမ်ကို ပေးလိုက်ပြီးနောက် “ဆိုင်ရှင် .. ဒီရွှေရောင်အတောင်ပံပန်ကို ကျုပ်အတွက် ကင်ပေးပါဦး .. အရသာက ပိုကောင်းတော့မှာပဲ”
ထို့နောက်တွင် သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ကာ “အခု ငါ ထာဝရနန်းတော်ကသခင်လေးကို သွားသတ်လိုက်ဦးမယ် .. ပြန်လာတဲ့အချိန်ကျရင် မြင့်မြတ်ဝိုင်နဲ့ ရွှေရောင်ပန်အတောင်ပံကင်ကို စားမယ်”
ရှီဟောင်သည် ကောင်းကင်ထက်သို့ တက်သွားလိုက်ပြီး ချင်းရိလည်း သူ့နောက်သို့ လိုက်လာလေသည်။ သူတို့နှစ်ဦးသည် နတ်အဖော်ကဲ့သို့ပင် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
မက်မွန်တောအုပ်ထဲတွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားရသည်။ အချိန်အတော်ကြာမှသာ ဆူညံသံများ ထွက်ပေါ်လာလေ၏။
“ဘုရားရေ .. သူက ထာဝရနန်းတော်က သခင်လေးကို သွားသတ်တော့မယ် .. ဒါက ထာဝရရှေးဟောင်းမြေတစ်ခုလုံးကို တုန်လှုပ်စေနိုင်မယ့် အဖြစ်အပျက်ကြီးပဲ”
“ဟွမ်ကိုယ်တိုင် သွားတိုက်တော့မယ် .. ဒါကသေချာပေါက်ကို ကမ္ဘာမြေကြီးကို ဟက်တက်ကွဲသွားစေနိုင်တဲ့ အဖြစ်အပျက်ကြီး ဖြစ်မှာပဲ”
ပွင့်ဖတ်များမှာ နှင်းပွင့်များကဲ့သို့ပင် ကြွေဆင်းနေကြပြီး မွှေးရနံ့မှာ အတော်ဝေးဝေးထိကို သင်းပျံ့နေလေသည်။ သို့သော် ဤသည်မှာ ဤနေရာတွင်ဖြစ်ပျက်နေသည့် အုတ်အော်သောင်းတင်းကိစ္စများကို မဖုံးကွယ်ထားနိုင်ပေ။
အချိန်အတော်ကြာပြီးသည်အထိ ဤနေရာမှာ မငြိမ်းချမ်းနိုင်သေးပေ။ အားလုံးသည် ထိုသတင်းကိုကြားလိုက်ရပြီး ထိုတိုက်ပွဲကို စောင့်ကြည့်ချင်ကြသည်။ သို့သော် ကံမကောင်းစွာဖြင့် ထာဝရနန်းတော်မှသခင်လေး ဘယ်မှာရှိနေသလဲဆိုသည်ကို သူတို့မသိပေ။
“သူ့သတင်းသူ ရောင်းစားပြီးတော့ မြင့်မြတ်ဆေးပင်တွေ ယူသွားတယ် .. ဟွမ်က တကယ်ကိုပဲ..” လူများမှာ သူ့အားဘယ်လိုပြောရမလဲပင် မသိတော့ပေ။ ဖြစ်ပျက်ခဲ့သည့်များကို ပြန်စဉ်းစားမိသွားသည့်အချိန်တွင် သူတို့အားလုံး ရယ်မောလိုက်ကြသည်။
“ထာဝရနန်းတော်ကတော့ သေချာပေါက်ကို သွေးအန်တော့မှာပဲ .. ဒီလိုမျိုးလုပ်ခံလိုက်ရတာ သူတို့သိသွားရင် ဘယ်လိုခံစားရမလဲ သိချင်လိုက်တာ”
မက်မွန်တောတွင်ရှိနေသည့် ထာဝရနန်းတော်မှ လူများအားလုံး သေဆုံးသွားသော်လည်း ရှီဟောင်ဂရုမစိုက်ခဲ့သည့် ပုံရိပ်လေးများ ရှိသေးသည်။ ဤလူများ၏မျက်နှာများမှာ ဖြူဖျော့နေပြီး သုန်မှုန်နေလေသည်။
မြေအောက်ကလန်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့်လူများမှာလည်း ထိုအတိုင်းသာ။
ဤနတ်ဆိုးဘုရင်မှာ .. နိမ့်ကျလွန်းလှသည်။ သူ့ထံတွင် နတ်စွမ်းရည်များရှိနေသော်လည်း အခြားသူများကို လှည့်စားကာ မြင့်မြတ်ဆေးပင်များကို အပုံလိုက်ယူသွားသေးသည်။ ဤသည်မှာ ဒေါသထွက်စရာကောင်းလွန်းလှသည်။
…
အစိမ်းရောင်ဝိဉာဉ်နယ်မြေရှိ ရွှံ့တောထဲတွင် ပုပ်သိုးဆွေးမြည့်သည့်အော်ရာများ ပြင်းထန်နေသည်။ ဤနေရာတွင် သက်ရှိအများကြီးမနေနိုင်ကြပေ။ ယင်စွမ်းအင်များမှာ ပြင်းထန်လှပြီး ဤနေရာကို ဝန်းရံနေလေသည်။ ဤနေရာကို တစ်နှစ်ပတ်လုံး နေအလင်းများ မရောက်နိုင်ပေ။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် သူတို့ကို လမ်းပြနေပြီး တိတ်တိတ်လေးနေရန်လည်း အချက်ပေးနေသည်။ ရွှံ့တော၏ အတွင်းပိုင်းမှ ပြင်းထန်သည့် အသက်လှိုင်းလည်း ထွက်ပေါ်နေကာ ဤနေရာကို ကာကွယ်ထားလေသည်။
“အစီအရင်စက်ဝန်း..”
ရွှံ့တောထဲတွင် အနီရောင်နတ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ယဇ်ပုလ္လင်လေးတစ်ခု ရှိနေလေသည်။ ထိုနေရာတွင် ကျွမ်းကျင်သူတစ်ယောက် ထိုင်နေပြီး မျက်လုံးများကို မှိတ်ကာ စွမ်းအင်များကို ထုတ်လွှတ်နေလေသည်။
သူ၏နှာခေါင်းနှင့်ပါးစပ်မှ အဖြူရောင်စွမ်းအင်များ ထွက်နေပြီး ထိုစွမ်းအင်များသည် နဂါးတစ်ကောင်ကဲ့သို့ပင် သူ့အား ရစ်ပတ်နေလေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဤသည်မှာ အထင်ကြီးစရာကောင်းသည့် ကျွမ်းကျင်သူဖြစ်ကြောင်း သိနိုင်သည်။
သို့သော် ရှီဟောင်အတွက်မူ ပြဿနာမရှိပေ။ သူ့မျက်လုံးထဲတွင် ထာဝရနန်းတော်မှသခင်လေးသာ သူ၏ရန်သူဖြစ်ပြီး အစောင့်များမှာ ဤမျှအရေးမပါပေ။
ရှီဟောင်သည် သူ၏အော်ရာကို ထိန်းညှိလိုက်ကာ ရုတ်တရက်ပင် ခွန်ပန်ပညာနှင့် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းလဲခြင်းကို အတူတကွအသုံးပြုလိုက်ကာ မီးခိုးငွေ့တစ်ခုကဲ့သို့ ထိုနေရာသို့ ဦးတည်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်လမ်းကြောင်းထုတ်လိုက်ပြီး ထိုသူအား ရစ်ပတ်လိုက်သည်။
ထိုလူမျက်လုံးများ ပွင့်လာကာ ယဇ်ပုလ္လင်မှတစ်ဆင့် သတင်းပို့ရန် ကြိုးစားနေသော်လည်း နောက်ကျသွားလေပြီ။ ကောင်းကင်လမ်းကြောင်းမှာ
သူသည် အဖိုးတန်ပညာများ၊ လက်နက်များ မည်မျှပင် အသုံးပြုနေပါစေ အားလုံးမှာ အသုံးမဝင်ပေ။ သူသည်တစ်ဖြည်းဖြည်းအားနည်းလာကာ နောက်ဆုံး လှုပ်ပင်မလှုပ်နိုင်တော့ပေ။
“မင်းဘယ်သူလဲ” သူသည် ပါးစပ်ကို ခက်ခက်ခဲခဲဟကာ မေးလိုက်ရသည်။ ထာဝရနန်းတော်၏ တတိယမြောက်ဗိုလ်ချုပ်ဖြစ်သော သူကဲ့သို့ စွမ်းအားကြီးသည့်သူမှာ ဤကဲ့သို့ အဖမ်းခံလိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။
ဤကဲ့သို့သော ရှုံးနိမ့်မှုမှာ သူ့အတွက်မူ လက်ခံနိုင်ရန် ခက်ခဲနေသည်။ ရှေးဟောင်းလူထူးဆန်းရောက်လာရင်တောင်မှ ဒီလိုမျိုးဖြစ်မှာ မဟုတ်လောက်ဘူးမလား…
“ဟား ဟား ဟား …” ရှီဟောင် ရယ်မောလိုက်သည်။
“ဟွမ် .. မင်းရောက်လာတား” ထိုလူ၏ အမူအရာများ ပြောင်းလဲသွားသည်။ သူ့ထံတွင် ထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်းတို့သာ ရှိတော့သည်။ ဤကိစ္စထက် ဆိုးသည့်အရာ ရှိမည်မဟုတ်တော့ပေ။ ဟွမ်မှာ သူတို့တံခါးကို လာခေါက်နေလေပြီ။
ထာဝရနန်းတော်မှ သခင်လေးမှာ တံခါးပိတ်ကျင့်ကြံနေသောကြောင့် ဤကဲ့သို့သောလူ ရောက်လာခြင်းမှာ ဘယ်လိုမှ မကောင်းနိုင်ပေ။
“မင်းက ထာဝရနန်းတော်ကလူမှ မဟုတ်တာ .. အဲဒီတော့ သူ့အတွက် ပူနေစရာမလိုဘူး” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။
ချင်းရိသည်လည်း လှပစွာပင် လျှောက်လာလေသည်။ သူမ၏ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်နေပြီး ဤရွှံ့တောပင်လျှင် ပို၍ သန့်စင်ကာ မြင့်မြတ်သွားသလိုပင်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အရှေ့ဘက်သို့ ပျံသန်းလာကာ ” သူ့ကို တည်နေရာ ကိုဩတြိနိတ်တွေ မေးလိုက် .. အဲဒါဆိုရင် ငါတို့သိပ်ပြီးတော့ ဒုက္ခမများတော့ဘူး”
“မင်းကြားလား .. ဒီယဇ်ပုလ္လင်က ဘယ်လိုဦးတည်တာလဲ .. လေဟာနယ်ကိုဩတြိနိတ်တွေ ပြောပြပေးပါ” ရှီဟောင်ပြောလိုက်၏။
“ငါမသိဘူး … ဒါက ထူးဆန်းတဲ့အစီအရင်ပဲ .. ငါက ဒီနေရာကို စောင့်ရှောက်ဖို့ပဲ တာဝန်ရှိတာ .. တစ်ခုခုရှိလာရင်ဒီမှာ အရိုးစာအုပ်တင်ပေးလိုက်ရုံပဲ .. အဲဒီစာအုပ်က သူ့ဘာသာသူရောက်သွားတာ” တတိယဗိုလ်ချုပ်မှ ပြောလိုက်သည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ အတော်လေး ခေါင်းကိုက်သွားရသည်။ “ဒါက အံ့ဩဖို့ကောင်းတဲ့ အစီအရင်တစ်မျိုးမျိုးပဲနေမှာ .. ဒါကနည်းနည်းခက်တယ် .. သူသတ်မှတ်ထားတဲ့ပစ္စည်းတွေပဲ ပို့လို့ရမှာ .. ဥပမာ အရိုးစာအုပ်ဆိုရင် အရိုးစာအုပ်ပဲ ပို့လို့ရမှာ .. သက်ရှိတွေ ဒီပေါ်နင်းလို့ရမှာမဟုတ်ဘူး”
ရှီဟောင် ထပ်မေးလိုက်သော်လည်း ဤတတိယဗိုလ်ချုပ်မှာ သိပ်မသိပေ။
“မင်းလုပ်ရဲတယ်ပေါ့” ရှီဟောင် သူ၏ကောင်းကင်လမ်းကြောင်းကို အနည်းငယ်လျှော့ပေးလိုက်သည့်အချိန်တွင် ဤလူသည် ယဇ်ပုလ္လင်ကို ဖျက်ဆီးရန် လျင်မြန်စွာပင် ကြိုးစားနေလေ၏။
လျှပ်စီးဧကရာဇ်၏ပညာ..
ရှီဟောင်သည် လျှပ်စီးများကို ထိုလူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ သူတို့နှစ်ယောက်မှာ နီးကပ်လွန်းနေသောကြောင့် ထိုလူမှာ လုံးဝမရှောင်နိုင်တော့ပဲ ရွှံ့တောထဲသို့ လွင့်သွားလေသည်။
“မင်းက ထာဝရနန်းတော်က တပည့်မဟုတ်ပဲနဲ့ကို ဘာလို့သူ့ကို ဒီလောက်တောင် သစ္စာရှိနေတာလဲ” ရှီဟောင်မေးလိုက်သည်။
“ငါက အစိမ်းရောင်သံကြေးကျိန်စာမိနေတာ .. အဲဒီတော့ ငါ့မှာ ရွေးချယ်စရာမရှိဘူး .. ထာဝရနန်းတော်ကသခင်လေးသာ အဲဒါကိုအသက်သွင်းလိုက်ရင် ငါသေချာပေါက် သေသွားမှာ” သူဝမ်းနည်းစွာ ပြောလိုက်သည်။ လျှပ်စီးဖြင့် တိုက်ခိုက်ခံလိုက်ရသောကြောင့် သူ့ကိုယ်မှ ညှော်နံ့ထွက်နေပြီး အရိုးများလည်း ကျိုးသွားလေပြီ။
အဆင့်နိမ့်နယ်မြေတွင် ထိုကျိန်စာကြောင့် သူမည်ကဲ့သို့ ခံစားခဲ့ရသည်ကို ပြန်တွေးမိသွားသည်။ သူသည် တစ်နှစ်ပတ်လုံး အချိန်ကုန်ဆုံးခဲ့ပြီး အုတ်ဂူထဲမှ ခက်ခက်ခဲခဲထွက်လာခဲ့ရသည်။
“ဒါလည်း ကောင်းပါတယ်လေ .. လွတ်လပ်သွားတာပေါ့” တတိယဗိုလ်ချုပ်သည် အစိမ်းရင့်ရောင်သွေးအန်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျကာ အသက်ပျောက်သွားလေသည်။ သူ၏မျက်ခုံးကြားမှာ လျှပ်စီးကြောင့် ဟက်တက်ကွဲနေလေ၏။
“ငါ သူ့ကို သတ်မယ်” ရှီဟောင် တီးတိုးပြောလိုက်သည်။ ဘာပဲဖြစ်နေပါစေ သူ ထာဝရနန်းတော်မှ သခင်လေးကို ရအောင်သတ်မည်။
အပိုင်း ၁၀၅၇ ( ၂) ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၈ – နဂါးသွေးမျိုးဆက်ပါသော ဘိုးဘေးမိကျောင်း
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဤထူးဆန်းသည့်ယဇ်ပုလ္လင် ဆက်သွယ်ထားသည့် အခြားတစ်ဖက်၏ကိုဩတြိနိတ်ကို ရရှိနိုင်ရန် အပြင်းအထန်ကြိုးစားနေလေသည်။
“သိပ်မဆိုးပါဘူး .. ဒီလိုရွှေ့ပြောင်းအစီအရင်မျိုးကို ငါအရင်က အရိုးစာအုပ်တစ်အုပ်မှာ မြင်ဖူးတယ် .. အဲဒီတော့ ဒီယဇ်ပုလ္လင်ဘယ်ကိုသွားနိုင်သလဲဆိုတာကို ငါသိပြီ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် သူတို့ထင်ထားသည်ထက်ပင် လျင်မြန်စွာ ကောက်ချက်ချလိုက်နိုင်သည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးသွားလေပြီ။ ယဇ်ပုလ္လင်တောက်ပလာကာ မည်သည့်နေရာသို့ သွားမှန်းမသိသည့် ငွေရောင်လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။
“သွားမယ်…” ရှီဟောင် အထဲသို့ တရှိန်ထိုး ဝင်သွားလိုက်သည်။
“သူ ထာဝရစွမ်းအင်ရနေမှာကို မကြောက်ဘူးလား .. ဒီလိုမျိုး ကျူးကျော်ဝင်သွားတာက စိတ်မချရဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
ချင်းရိသည် ပြုံးလိုက်ကာ “အဲဒီအဆင့်က ဒီလောက်ခက်တာ .. သူသာတကယ်အောင်မြင်သွားရင် သူ့ရဲ့အကျင့်နဲ့ဆိုရင် သူသီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီးတော့ နေရာပေါင်းစုံမှာ စိန်ခေါ်နေလောက်ပြီ”
“ဟုတ်တယ်” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။
ငွေရောင်လမ်းကြောင်းမှာ တောက်ပသည့်အလင်းတန်းများ ဆက်တိုက်ပင် ထွက်ပေါ်နေလေ၏။ ခဏကြာပြီးသည့်နောက်တွင် သူတို့လမ်းဆုံးသို့ ရောက်သွားသည်။
ရှီဟောင်သည် ရဲဒင်းကို ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း သင်္ကေတများ သိပ်သည်းစွာ ဖုံးအုပ်ထားလေ၏။ သူသည် တရှိန်ထိုးပြေးထွက်သွားကာ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုဖြင့် ရိုက်ချရန် ပြင်ဆင်ထားခြင်းပင်။
သို့သော် ခဏကြာပြီးသည့်နောက်တွင် သူဆွံ့အသွားရသည်။ ဤသည်မှာ အဝါရောင်သဲကန္တာရဖြစ်ပြီး မည်သူမှ မရှိပေ။ မြက်တစ်ပင်ပင် ရှိမနေပေ။
“မင်းငါတို့ကို ဘယ်ပို့လိုက်တာလဲ”
ဤသည်မှာ အစိမ်းရောင်ဝိဉာဉ်နယ်မြေမဟုတ်သည်မှာ သေချာသည်။ ဤနေရာတွင် မည်သည့်အသက်ဓာတ်မှ မရှိသကဲ့သို့ ထာဝရနန်းတော်မှ သခင်လေးလည်း မရှိပေ။ ဤကဲ့သို့သောပတ်ဝန်းကျင်မှာ ဘယ်လိုလုပ် သီးသန့်ကျင့်ကြံရန်အတွက် သင့်တော်မည်နည်း…
သူတို့ကမ္ဘာအသစ်သို့ ရောက်လာခြင်းဖြစ်သော်လည်း မည်သည့်ကမ္ဘာသို့ ရောက်လာမှန်း မသိရပေ။
“ထူးဆန်းတယ်..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး သူ့ကိုယ်သူ ပြောလိုက်သည်။ သေချာဆန်းစစ်ပြီးသည့်နောက်တွင် “ငါတို့ ဦးတည်ချက် နည်းနည်းလေး လွဲသွားတယ်ထင်တယ် .. ဒါပေမဲ့ လွဲသွားတယ်ဆိုရင်တောင်မှ ဒီလောက်ထိမဝေးသင့်ဘူး .. သူ့ရဲ့သီးသန့်ကျင့်ကြံတဲ့နေရာက လီပေါင်း တစ်ရာအတွင်းမှာပဲ ရှိသင့်တာ”
“လီပေါင်း ရာပေါင်းများစွာတော့ မဟုတ်ဘူးမလား” ချင်းရိ စနောက်လိုက်သည်။
သူတို့အတွက်တော့ လီတစ်ရာမှာ အလွန်ပင် တိုတောင်းသည့်အကွာအဝေးဖြစ်သည်။ ရှီဟောင်သည် လေပေါ်သို့တက်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ထို့နောက်တွင် သူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်လေသည်။
“အဲဒီဘက်…”
သဲကန္တာရထဲတွင် အစိမ်းရောင်အလင်းလုံးလေးတစ်လုံး ရှိနေလေသည်။ သူတို့နီးကပ်သွားသည်နှင့် ဤသည်မှာ ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိလိုက်ရသည်။ ဤကျွန်းသည် သိပ်မကြီးသော်လည်း အပင်များ ပေါများစွာ ပေါက်ရောက်နေပြီး အရာအားလုံးမှာ တောက်ပနေလေသည်။
ဤမြင်ကွင်းမှာ ထူးဆန်းလှ၏။ အပင်များအားလုံးမှာ ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး ထာဝရစွမ်းအင်ကဲ့သို့သော အဖြူရောင်မြူများလည်း ရစ်သိုင်းနေလေသည်။ ထိုနေရာတွင် ဖရိုဖရဲမြူများလည်း ရှိနေလေသည်။
“ဒီနေရာက တော်တော်ထူးခြားတာပဲ..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“ငါ လှုပ်ရှားတော့မယ် .. မင်းတို့အားလုံး သတိထားဦး..” ရှီဟောင်၏အမူအရာမှာ လေးနက်နေပြီး သူ၏အော်ရာကို သူထိန်းချုပ်ထားလေသည်။ သူသည် ထိုနေရာသို့ တစ်လှမ်းချင်းစီပင် လျှောက်သွားနေလေသည်။
ကျွန်းမှာ သိပ်မကြီးပဲ ကျန်းတစ်ထောင်ထက်ပင် နည်းနေသေးသည်။ အလယ်တွင် တောင်တစ်တောင်ရှိနေပြီး ထိုတောင်ထဲတွင် ရောင်စုံအလင်းတန်းများ တောက်ပနေသည့် ရှေးဟောင်းဂူတစ်လုံး ရှိလေသည်။ လေထဲတွင် ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်နေလေ၏။
ထိုနေရာတွင် လူတစ်ယောက်ထိုင်နေပြီး မြူများအုံ့ဆိုင်းနေသောကြောင့် သူ့ကို သေချာမမြင်ရပေ။ ဤသည်မှာ ရှေးဟောင်းနတ်ဂူပင်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဘေးနားပတ်လည်တွင်ရှိနေသည့် အစီအရင်များကို ချေဖျက်နိုင်သည့် အစီအရင်အဆောင်များကို ပြုလုပ်လိုက်ပြီး ရှီဟောင်နှင့် စိတ်ချင်း ဆက်သွယ်လိုက်ကာ “၁၀ လှမ်းကျန်သေးတယ် .. ပြီးရင် အရှေ့ကို ၁၅ လှမ်းဆက်သွား..” သူလမ်းညွှန်ပေးလိုက်သည်။
ရှီဟောင်သည် အလင်းတန်းတစ်ခုကဲ့သို့ ချက်ချင်းပင် ရှေးဟောင်းဂူထဲသို့ ဦးတည်သွားလိုက်သည်။ သူသည် လျှပ်စီးကို ထုတ်လွှတ်ရုံသာမက သူ၏ကျောထက်တွင်လည်း ခွန်ပန်အတောင်ပံ ထွက်ပေါ်လာလော၏။ ထို့အပြင် သူ၏လက်ထဲတွင်လည်း လေဟာနယ်ရဲဒင်းရောက်နေလေပြီ။
ရွှီး..
သွေးရောင်မီးအိမ်များကဲ့သို့ တောက်ပနေသည့် မျက်လုံးတစ်စုံ ပွင့်လာလေသည်။ ဤသက်ရှိ၏ တုံ့ပြန်မှုမှာလည်း အလွန်ပင် လျင်မြန်လွန်းလှပြီး ရှီဟောင်၏တိုက်ခိုက်မှုကို အားကုန်ခုခံနေသည်။
နတ်ခွန်အားများ ထွက်ပေါ်လာကာ သတ္တုချင်းထိခတ်သည့်အသံများလည်း နားစည်ကွဲလောက်အောင် ထွက်ပေါ်လာလေ၏။
“တစ်ခုခုမှားနေပြီ .. သူက ထာဝရနန်းတော်ရဲ့သခင်လေး မဟုတ်ဘူး” ချင်းရိ ထိတ်လန့်သွားသည်။ အချိန်မရွေးတိုက်ခိုက်နိုင်ရန်အတွက် ဂူအပြင်ဘက်တွင် သူမ အဆင်သင့်စောင့်ဆိုင်းနေခြင်းပင်။
“မင်း ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ” ရှေးဟောင်းဂူအတွင်းမှ အသံတစ်သံထွက်ပေါ်လာလေ၏။ ထိုအသံမှာ လေဟာနယ်ကိုပင် တုန်ခါသွားစေနိုင်လေသည်။ သာမန်လူသာဆိုပါက သူတို့၏ ဝိဉာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားပြီး သေဆုံးသွားလောက်လေပြီ။
“မင်းဘယ်သူလဲ .. မင်းက ထာဝရလူသားတံဆိပ်ကို သိနေတာလား” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤလူသည် ထာဝရနန်းတော်၏သခင်လေး မဟုတ်သော်လည်း သူသည် ဂိုဏ်း၏လျှို့ဝှက်နတ်စွမ်းရည်ကို သိနေသည်။
“ဒါက ဘာကြီးလဲ .. အကြီးကြီးပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ထိတ်လန့်သွားရသည်။ ရှေးဟောင်းဂူထဲရှိ ထိုကြီးမားလှသည့်သားရဲကြီးအနားတွင် ဖရိုဖရဲစွမ်းအင်များ ရစ်သိုင်းနေပြီး မှော်စွမ်းအင်များမှာလည်း ကောင်းကင်ထက်သို့ပင် လျှံတက်နေလေပြီ။
ထိုသက်ရှိသည် ရှီဟောင်နှင့် အချက်ပေါင်းများစွာ တိုက်ခိုက်နေသော်လည်း ပေါက်ကွဲမသွားသကဲ့သို့ သေလည်း မသေသွားပေ။
ခဏကြာပြီးသည့်နောက်တွင် သူတို့နှစ်ဦး အပြင်ဘက်သို့ ရောက်ရှိလာလေ၏။ ထိုသက်ရှိ၏ သွင်ပြင်ကို ချင်းရိမြင်လိုက်ရသည်။ ဤသည်မှာ နဂါးခေါင်းနှင့် မိကျောင်းခန္ဓာကိုယ်ရှိနေသည့် သက်ရှိပင်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အနီရင့်ရောင်ဖြစ်ပြီး ရွှေရောင်အကြေးခွံများလည်း တောက်ပနေလေသည်။ သူသည် ခြေထောက်နှစ်ချောင်းပေါ်တွင် ရပ်နေပြီး သူ၏အရပ်မှာ ၁၀ ကျန်းထက်ပင် မြင့်လေသည်။ သူ၏မျက်လုံးများမှာ သွေးရောင်မီးအိမ်ကဲ့သို့ပင် ကြီးမားလှသည်။
“နဂါးသွေးမျိုးဆက်ပါတဲ့ဘိုးဘေးမိကျောင်း”
ချင်းရိ ထိတ်လန့်တကြားပင် အော်ဟစ်လိုက်သည်။ ဤသည်မှာ ရှားပါးသည့်မျိုးစိတ်ဖြစ်ပြီး အလွန်ပင် စွမ်းအားကြီးကြောင်း ရှီဟောင်အား သတိပေးလိုက်သည်။ သူမသိရသလောက်ဆိုလျှင် ထာဝရနန်းတော်သာ ဤအကောင် နှစ်ကောင်ကို ပိုင်ဆိုင်ထားသည်။ သူတို့သည် တောင်ဂိတ်တံခါးကို ကာကွယ်ထားပြီး သမိုင်းဝင်ခေတ်မှ ယခုထိတိုင် အသက်ရှင်နေခြင်းဖြစ်သည်။
သို့သော် ဤတစ်ကောင်မှာ ထိုမျှစွမ်းအားမကြီးသောကြောင့် ထိုနှစ်ကောင်ထဲမှ တစ်ကောင် မဟုတ်သည်မှာ သေချာသည်။ သူတို့၏ကလေးဖြစ်နိုင်သည်။
နဂါးသွေးမျိုးဆက်ပါသောဘိုးဘေးမိကျောင်းများတွင် နဂါးသွေးများပါရှိပြီး သူတို့၏ဘိုးဘေးများမှာ မိကျောင်းများပင်။ သူတို့သည် နောက်ဆုံးနယ်ပယ်ထိရောက်အောင် ကျင့်ကြံပြီးသွားပါက နဂါးအစစ်သို့ ပြောင်းလဲနိုင်ပြီး ကောင်းကင်ဘုံကိုးခုကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။
ဤသည်မှာ ရှီဟောင်ကြုံခဲ့ဖူးသည် ထူးခြားပါရမီရှိသူများထက်ပင် စွမ်းအားကြီးပြီး သူနှင့် ထိပ်တိုက် တိုက်ခိုက်နေနိုင်လေသည်။ သူ၏ကြီးမားသည့် လက်သည်းများကို ဝေ့ရမ်းလိုက်သည်နှင့် တောင်တစ်လုံးပျက်စီးသွားလေသည်။
ထို့အပြင် သူသည် ထာဝရနန်းတော်၏ လျှို့ဝှက်ပညာများကိုလည်း နားလည်ထားပြီး သွေးစွမ်းအင်များမှာ ကောင်းကင်ထက်သို့ပင် လျှံတက်နေလေသည်။ ဤသည်မှာ ကြောက်စရာကောင်းသည်ထက်ပင် ပိုသေးသည်။
သာမန်နတ်ဘုရားအစစ်ပင်လျှင် သူ၏ပြိုင်ဘက်ဖြစ်မည်မဟုတ်ပေ။ သူတို့သည် လက်သည်းတစ်ချက်တည်းဖြင့် အသားပုံကြီး ဖြစ်သွားလိမ့်မည်။
“မင်းက ထာဝရနန်းတော်သခင်လေးရဲ့ ကျွန်ပဲ .. သူဘယ်မှာလဲ”
“ငါက ပထမဗိုလ်ချုပ်ပဲ .. အစေခံမဟုတ်ဘူး” နဂါးသွေးမျိုးဆက်ပါသောဘိုးဘေးမိကျောင်း ဟစ်ကြွေးလိုက်သည်။ သူ၏မျက်လုံးမှ သတ်ဖြတ်လိုသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးရောင်လျှပ်စီးနှစ်ကြောင်းအဖြစ် ပြောင်းလဲသွားလေ၏။
ထာဝရနန်းတော်၏အစေခံဟု ခေါ်သောကြောင့် သူဒေါသထွက်သွားခြင်းပင်။
ဖူး..
နောက်ဆုံးတွင် သူပင်လျှင် ရှီဟောင်၏ပြိုင်ဘက်မဟုတ်ပေ။
ဖုန်း..
အချက်ရေတစ်ရာကျော် တိုက်ခိုက်ပြီးသည့်နောက်တွင် ရှီဟောင်သည် ခွန်ပန်စွမ်းအားများပါဝင်သည့် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဤနဂါးသွေးမျိုးဆက်ပါသောဘိုးဘေးမိကျောင်းသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီး သူဆက်တောင့်မခံနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်မှာ တစ်လက်မစီအက်ကွဲလာပြီး နောက်ဆုံးတွင် ဖူးဟူသည့်အသံနှင့်တူ မြေကြီးပေါ်သို့ လဲကျသွားလေသည်။
“ထာဝရနန်းတော်က လွှတ်လိုက်တဲ့သူတွေအားလုံး ငါ့လက်မှာ သေသွားပြီ .. မင်းဒေါသထွက်နေပြီလို့တော့ ငါကို မပြောနဲ့နော်” ရှီဟောင်သည် အော်ဟစ်ကာ ရှေးဟောင်းဂူအတွင်းသို့ ပြေးဝင်သွားလိုက်သည်။
ဂူအတွင်းမှ မည်သည့်တုံ့ပြန်ချက်မှ ပြန်မလာပေ။
မြေပြင်ထက်တွင် ရွှေရောင်အကြေးခွံများ ပြန့်ကျဲနေပြီး ပျက်စီးနေသည့် နဂါးဦးချိုများလည်း ရှိနေလေသည်။ အခြားအစိတ်အပိုင်းများလည်း သွေးနှင့် အရိုးပုံများအဖြစ် မြေပြင်ပေါ်တွင် ရှိနေလေသည်။
ဤနဂါးသွေးမျိုးဆက်ဘိုးဘေးမိကျောင်းမှာ အတော်လေးပင် သန်မာပြီး ရွှေရောင်အတောင်ပံပန်ထက်ပင် ပို၍စွမ်းအားကြီးသည်။
သူတို့အရေးကြီးသည့် နေရာကို ရှာတွေ့သွားပြီဖြစ်မှန်း ရှီဟောင်သိသည်။ ဤရက်စက်သည့် မိကျောင်း၏ကလေးသည် ထာဝရနန်းတော်ကို သစ္စာရှိသည့်သူများပင်။ သူဤနေရာတွင် စောင့်ကြပ်နေသောကြောင့် အထဲဘက်တွင် တစ်ခုခုရှိနေသည်မှာ သေချာသည်။
ဤသီးသန့်ကျွန်းသည် ပျက်စီးသွားကာ အပင်များလည်း တစ်ဝက်ခန့် ပျက်စီးသွားလေပြီ။ မပျက်စီးပဲ ကျန်နေသည့်အရာမှာ ထိုတောင်ပင်။ ရှေးဟောင်းဂူအတွင်းမှ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး မူလဖရိုဖရဲမြူများလည်း ထွက်ပေါ်နေလေသည်။
ဤသည်မှာ ဤနေရာကို ကာကွယ်ထားသည့် အစီအရင်များရှိနေသည့် နတ်ဂူပင်။
သူ၏ဘေးနားပတ်လည်ကို သေချာအာရုံခံကြည့်သော်လည်း ရှီဟောင် စိတ်ပျက်သွားရသည်။ သူ၏ရန်သူမှာ ဤနေရာတွင်မရှိပေ။
“ယဇ်ပုလ္လင်တစ်ခု..” ချင်းရိပြောလိုက်သည်။ သူမသည် ရိုးရှင်းကာ ရှေးကျသည့် ယဇ်ပုလ္လင်တစ်ခုကို ရှေးလှိုဏ်ဂူအတွင်းတွင် တွေ့လိုက်ရသည်။ ဤယဇ်ပုလ္လင်မှာ မည်သည့်နေရာသို့ ဦးတည်သွားမှန်းတော့ မသိရပေ။
“သူ့ရဲ့ ပင်ကိုစရိုက်က တော်တော်လေးကို သံသယဝင်တတ်တာပဲ .. ဘိုးဘေးမိကျောင်းကိုတောင်မှ သူမယုံကြည်ဘူး .. သူကိုယ်တိုင်တစ်ခြားနေရာကို ဦးတည်သွားလိုက်တာ .. သတင်းမျိုးစုံကို နဂါးသွေးမျိုးဆက်ဘိုးဘေးမိကျောင်းကနေ တင်ပြရတာ” ရှီဟောင် ပြောလိုက်သည်။
ထိုရွှေရောင်ယဇ်ပုလ္လင်မှာ ရွှံ့တောထဲတွင် တွေ့ရသည့်ယဇ်ပုလ္လင်နှင့်အတူတူပင်။ ဤသည်မှာ ထာဝရနန်းတော်သခင်လေး သီးသန့်ကျင့်ကြံသည့်နေရာသို့ ဦးတည်သွားခြင်းမဟုတ်သေးပေ။ သို့သော်လည်း သူတို့အနည်းငယ်တော့ နီးစပ်လာလေပြီ။
မမျှော်လင့်ထားသည့် အရာများသာ ဖြစ်မလာခဲ့လျှင် နောက်နယ်မြေတစ်ခုတွင် သူတို့ ထာဝရနန်းတော်မှသခင်လေးကို တွေ့နိုင်သည်။
“ငါတို့ချမ်းသာပြီ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ အော်ဟစ်လိုက်သည်။ သူအစီအရင်ကို ဖယ်လိုက်သည့်အချိန်တွင် ရတနာသိုက်တစ်ခုကို ဖွင့်မိသွားလေသည်။ ရေလှိုင်းကဲ့သို့ပင် အလင်းတန်းမျိုးစုံ ထွက်ပေါ်လာလေ၏။
ဤနေရာတွင် နတ်ပစ္စည်းများကို ပုံထားသည်မှာ တောင်အသေးလေးတစ်လုံးစာပင် ရှိနေလေပြီ။ သူတို့အားလုံးမှာ ကောင်းကင်ရတနာများပင်။
“ဘိုးဘေးမိကျောင်းက သူ့ကို ရတနာမျိုးစုံစုဆောင်းပေးနေတာပဲ .. ဒါက တကယ်ကို ကံကောင်းမှုတွေရှိနေတဲ့ နေရာပဲ” ချင်းရိ၏ မျက်လုံးများပင် တောက်ပလာလေသည်။
ဤရတနာများမှာ အလွန်ပင် ထိတ်လန့်စရာကောင်းလွန်းလှပြီး အားလုံးမှာ ရှားပါးသည့်နတ်ပစ္စည်းများပင်။ ဤပစ္စည်းများကို အစီအရင်များပြုလုပ်သည့်နေရာ၊ လက်နက်များပြုလုပ်သည့်နေရာတွင် အသုံးပြုနိုင်သည်။
ဤရတနာများအပြင် ကျောက်စိမ်းဗူးများအတွင်းတွင် သိမ်းဆည်းထားသည့် မြင့်မြတ်ဆေးပင်များလည်း ရှိနေသည်။ ဆေးပင်ပမာဏမှာ ထိတ်လန့်စရာပင် ကောင်းနေသည်။ ဤဆေးပင်များအပြင် နတ်တစ်ဝက်ဆေးပင် ၁၀ ပင်လည်း ရှိနေလေသည်။
ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ သူတို့ယခုတစ်ကြိမ် ထာဝရနန်းတော်၏ လျှို့ဝှက်အသိုက်ကို ဓားပြတိုက်ခြင်းမှာ အကျိုးရလဒ်အတော်များလှသည်။
“သူ ဒီပစ္စည်းတွေကို ယူသွားဖို့ အချိန်မရှိရှာလိုက်ဘူး” ချင်းရိ ပြောလိုက်သည်။
အပိုင်း ၁၀၅၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၉ – ကောင်းကင်မျက်လုံးဖွင့်ခြင်း
ရှားပါးသည့် တွင်းထွက်ပစ္စည်းအချို့ကို မြင်လိုက်ရသည့်အချိန်တွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ပါးစပ်ဟကာ တဂွပ်ဂွပ်ပင် ဝါးစားနေတော့သည်။ ဤနေရာတွင် အံ့အားသင့်ဖွယ်ကောင်းသည့် ကျောက်တုံးအချို့လည်း ရှိနေသေးသည်။
ရှီဟောင်နှင့် ချင်းရိတို့သည် အရာအားလုံးကို သိမ်းယူလိုက်ကြသည်။ ပစ္စည်းကောင်းများမှာ များပြားလွန်းလှသောကြောင့် သူတို့နှစ်ဦးလုံးထိတ်လန့်နေကြရသည်။ သူတို့သာ ဤပစ္စည်းများကို ထာဝရရှေးဟောင်းမြေမှ ထုတ်သွားလျှင် သူတို့အတော်လေး ချမ်းသားနေလောက်လေပြီ။
“ဒီကျောက်တုံးတွေက ဘာကျောက်တုံးတွေလဲ” နတ်ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် သိပ်မထူးဆန်းသည့် တွင်းထွက်ပစ္စည်းတစ်ပုံကို သူတို့တွေ့လိုက်ရသည်။
“ငါ့ဟာ ငါ့ဟာ..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ချက်ချင်းပင် အပြေးလေးရောက်လာပြီး ထိုကျောက်တုံးကို ဝါးစားလိုက်လေ၏။ သို့သော် မြိုချပြီးသည်နှင့် သူသည် ချက်ချင်းပင် ထွေးထုတ်လိုက်ပြီး ကျိန်ဆဲလိုက်လေသည်။
“ဘာကျောက်တုံးကြီးလဲ … အရသာကလည်း ဆိုးဝါးလိုက်တာ” သူအထွန့်တက်လိုက်သည်။ ဤကျောက်တုံးတွင် မည်သည့်ထူးခြားမှုမှရှိမနေပေ။
“ဟမ် .. ဒီကျောက်တုံးမှာ တံဆိပ်ပါတယ် .. ဗဟိုချက်ကျောက်တုံးလို့ခေါ်တယ်တဲ့” ချင်းရိ အံ့အားသင့်စွာ ပြောလိုက်သည်။ သူမသည် တစ်စုံတစ်ခုကို တွေးမိပြီးသွားသည့်နောက်တွင် အတော်လေး တုန်လှုပ်သွားသည်။ ထို့နောက်တွင် သူမ စိတ်လှုပ်ရှားလာရသည်။
“ဗဟိုချက်ကျောက်တုံး .. တစ်ခါမှ မကြားဖူးဘူး” ဤနာမည်နှင့် နတ်ပစ္စည်းအကြောင်းကို ရှီဟောင် မကြားဖူးပေ။
“ဒါက ရှေးဟောင်းနတ်ပစ္စည်း..” ချင်းရိ၏ခံစားချက်များမှာ မတည်ငြိမ်နိုင်တော့ပေ။
“ဒါက ဘာတွေထူးခြားလို့လဲ” ရှီဟောင် နားမလည်သေးပေ။
“ဒီကျောက်တုံးမှာ ထာဝရဗဟိုချက်လို့ခေါ်တဲ့ စွမ်းအားပါတယ် .. ဒါက မျက်လုံးတွေကို သန့်စင်ပေးနိုင်ပြီးတော့ ကောင်းကင်မျက်လုံး ဖွင့်ပေးနိုင်တယ်” ချင်းရိသည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။
“ဘာ..” ရှီဟောင် အတော်လေးပင် ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော ကျောက်တုံးမျိုးလည်းရှိနေသည်လား ..
ဤကျောက်တုံးများမှာ ထာဝရရှေးဟောင်းခေတ်မှ လာသည်ဟုပြောကြသလို ထာဝရများ၏ သည်းခြေအိတ်မှဖြစ်လာခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။ ထိုထာဝရများ၏သည်းခြေအိတ်များသည် ကမ္ဘာမြေကြီးအတွင်းတွင် ချိတ်ပိတ်ထားလေသည်။
ဤသည်မှာ တောင်များနှင့်မြစ်များမှ ဖြစ်လာသည့် ရှားပါးသည့်သဘာဝရတနာဖြစ်သည်ဟုလည်း ပြောကြလေသည်။
“ပစ္စည်းကောင်းပဲ .. ဒီထဲမှာ ထာဝရဗဟိုချက်စွမ်းအင်တွေပါတယ်ဆိုရင် ငါဘာလို့မမြင်ရတာလဲ” ရှီဟောင်သည် အခြားကျောက်တုံးများကို ထပ်တွေ့သော်လည်း မည်သည်က ဗဟိုချက်ကျောက်တုံးမှန်း မသိရပေ။
“ဒီလိုကျောက်တုံးမျိုးက သာမန်မျက်လုံးနဲ့ မမြင်ရဘူး” ချင်းရိပြောလိုက်သည်။
ရှီဟောင်သည် နှစ်ထပ်မျက်လုံးကို ထုတ်လိုက်ပြီး ပစ္စည်းပုံများကို ဝေ့ဝဲကြည့်လိုက်သည်။ ချင်းရိသည်လည်း သူ့အနားသို့ ရောက်လာလေသည်။
“ဒီကျောက်တုံးထဲမှာ ဗဟိုချက်ကျောက်တုံး တကယ်ရှိနေတယ်” ရှီဟောင် အလွန်ပင် ပျော်ရွှင်သွားရသည်။
ထိုကျောက်ပုံကြီးထဲရှိ ကျောက်တုံးတစ်တုံးမှ ရွှေရောင်အလင်းများ ထုတ်လွှတ်နေလေသည်။ ထိုကျောက်တုံးအတွင်းမှ ရွှေရောင်အူတိုင်တစ်ခုကို နှစ်ထပ်မျက်လုံးဖြင့် မြင်နေရသည်။
“ကောင်းလိုက်တာ” ချင်းရိသည် ပျော်ရွှင်လွန်းသောကြောင့် ထခုန်မိတော့မတတ်ပင်။
သူတို့နှစ်ဦးသည် ထိုကျောက်တုံးကို ဂရုတစိုက်ပင် ခွဲလိုက်ကာ ရွှေရောင် ‘ထာဝရဗဟိုချက်’ ကို ထုတ်လိုက်သည်။
“ဒါကိုဘယ်လိုသုံးရမှာလဲ” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။
ချင်းရိ – “ဒါကို မျက်လုံးထဲ တစ်စက်နှစ်စက်လောက် ထည့်လိုက်ရုံပဲ .. ဒါက မျက်စိကန်းနေတဲ့လူကိုတောင် ပြန်ကောင်းစေနိုင်ပြီးတော့ ကောင်းကင်မျက်လုံးအစီအရင်ကိုလည်း အရှိန်တင်ပေးတယ်”
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးလည်း စမ်းသပ်ချင်နေလေသည်။ သူသည် ကျောက်တုံးတစ်တုံးဖြစ်သော်လည်း အဆင့်တက်ရန်အတွက် သုံး၍ရကြောင်း ပြောလေသည်။ သို့သော် သူသည် ရှီဟောင်တို့နှစ်ဦး၏ ဘေးသို့တွန်းပို့ခြင်းခံလိုက်ရကာ သူ့ကိုပြဿနာမရှာရန်လည်း ပြောလိုက်လေသည်။
“ငါတို့ စမ်းကြည့်ကြစို့” ရှီဟောင်ပြောလိုက်သည်။ သူ၏ကောင်းကင်မျက်လုံးမှာ အခြေတည်နေပြီဖြစ်ပြီး သူ၏သူငယ်အိမ်အတွင်းပိုင်းတွင် ထူးဆန်းသည့်သင်္ကေတများ ရှိနေလေသည်။
ယခု ဤဗဟိုချက်ကျောက်တုံးရှိနေပြီဖြစ်သောကြောင့် သူသေချာပေါက်ပင် ကောင်းကင်မျက်လုံး ဖွင့်နိုင်တော့မည်။
“ရှင်အရင် စမ်းကြည့်လိုက် … ကျွန်မရှင့်ကို စောင့်ကြည့်ပေးနေမယ် .. ရှင်ရဲ့ကောင်းကင်မျက်လုံးက အစောပိုင်အဆင့်တွေ ပြီးသွားပြီဆိုတော့ အကျိုးရလဒ်က ပိုများမှာ” ချင်းရိ ပြောလိုက်သည်။
ရှီဟောင်သည်လည်း အားနာမနေတော့ပေ။ သူသည် ချက်ချင်းပင် ထိုင်ချလိုက်သည်။ ရွှေရောင်အလွှာကို ဆွဲဖယ်လိုက်သည်နှင့် ချက်ချင်းပင် ရွှေရောင်အရည်များ စီးကျလာလေသည်။
ရှေးဟောင်းဂူတစ်ခုလုံးတွင် မွှေးရနံ့များ ထုံမွှမ်းသွားလေသည်။
ရှီဟောင်သည် အရည်တစ်စက်ကို သူ့မျက်လုံးထဲသို့ သေချာထည့်လိုက်သည်။ သူသည် လန်းဆန်းသွားသည့်ခံစားချက်ကို ခံစားလိုက်ရပြီးသည့်နောက်တွင် သူ၏မျက်လုံးများ နာကျင်လာသည်။ သင်္ကေတများ သိပ်သည်းစွာ ဖုံးလွှမ်းသွားပြီး သူ၏မျက်လုံးမှ လျှပ်စီးတန်းနှစ်ခု ထွက်ပေါ်လာလေသည်။
သင်္ကေတများမှာ အလွန်ပင် ရှုပ်ထွေးသည့်ပုံစံဖြင့် သိပ်သည်းလာသည်ကို သူမြင်နေရသည်။ ဤသည်မှာ ကောင်းကင်မျက်လုံးကို ဖွင့်နေခြင်းပင်။
“သူ့မှာ တကယ်ပဲ နတ်အကျိုးရလဒ်တွေ ရှိနေတာပဲ .. ကောင်းကင်မျက်လုံး မြန်မြန်ပွင့်နိုင်အောင် ကူညီပေးနိုင်တယ်” ချင်းရိ အံ့အားတကြီးပင် သက်ပြင်းချလိုက်သည်။
ထိုဆေး၏အလုပ်လုပ်ပုံမှာ အတော်လေးနှေးကွေးသည်။ သူ၏မျက်လုံးမှ မသက်မသာခံစားနေရသည့် ခံစားချက်များကို စောင့်ရင် သူစိတ်မရှည်နိုင်တော့ပေ။ ထို့နောက်တွင် သူသည် ဗဟိုကျောက်တုံးမှ ရွှေရောင်အရည်အနည်းငယ်ကို ထပ်ထုတ်ယူလိုက်ပြီး မျက်လုံးထဲသို့ ထည့်လိုက်သည်။
တစ်နာရီကြာပြီးသည့်နောက်တွင် ဗဟိုကျောက်တုံးမှာ သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတော့ပေ။ သူ၏မျက်လုံးတွင် ပြောင်းလဲမှုများကို မခံစားရတော့ပေ။ ထို့ကြောင့် သူရပ်တန့်လိုက်သည်။
ရှီဟောင်သည် မျက်လုံးမှိတ်ထားကာ အချိန်အတော်ကြာသည်အထိ သင်္ကေတများကို နားလည်အောင် လုပ်နေလေ၏။ ထို့နောက်တွင် သူ၏မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး သင်္ကေတများကြောင့်ဖြစ်ပေါ်လာသည့် အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် ရှီဟောင်သည် သူ၏မျက်စိရှေ့တွင်မြင်နေရသည့်ကမ္ဘာကြီးမှာ အသက်ဝင်နေသကဲ့သိုပင် ခံစားနရသည်။ လောကကြီးတစ်ခုလုံးမှာ အဆပေါင်းများစွာ ပို၍တောက်ပလာသလိုပင်။
ထို့အပြင် သူသည် ကျောက်နံရံများကိုလည်း ဖောက်ထွင်းမြင်နိုင်လာသည်။
မြက်တစ်ပင်တိုင်း၊ သစ်ပင်တိုင်းနှင့် တောင်များတွင်ရှိနေသည့် သက်ရှိတိုင်းနှင့် မြစ်များပင်လျှင် မတူတော့ပေ။ သူတို့အားလုံးမှာ အသက်ဝင်နေပြီး သူတို့ဝိဉာဉ်များကိုပင် မြင်နေရသကဲ့သိုပင်။
သူသည်အတော်ဝေးဝေးထိမြင်နိုင်ပြီး သက်ရှိအားလုံး၏လှုပ်ရှားမှုများမှာလည်း နှေးကွေးသွားသကဲ့သို့ပင်။
ဤသည်မှာ ကောင်းကင်မျက်လုံး၏ ပထမအဆင့်သာရှိသေးသော်လည်း ဤကဲ့သို့ အံ့အားသင့်စရာကောင်းသည့် အကျိုးကျေးဇူးများ ရရှိနေလေပြီ။
သူ၏မျက်စိရှေ့တွင် သက်ရှိများအားလုံး၏လှုပ်ရှားမှုများ နှေးကွေးသွားသောကြောင့် ဤသည်မှာ တိုက်ပွဲများတွင် အလွန်အသုံးဝင်လိမ့်မည်ပင်။ ကောင်းကင်မျက်လုံးနှင့်ဆိုလျှင် သူ၏ပြိုင်ဘက်မှာ မည်သို့မှ လျှို့ဝှက်စွာ လှုပ်ရှားနိုင်မည်မဟုတ်ပေ။
အမှန်တကယ်တွင် ဤသည်မှာ အစပိုင်းသာရှိသေးပြီး တာအိုကောင်းကင်မျက်လုံးအစစ်မှာ သူ၏ကျင့်ကြံဆင့်မြင့်လာသည်နှင့် အခြားစွမ်းရည်များ ရှိလာမည်ပင်။
“ဘယ်လိုလဲ” ချင်းရိမေးလိုက်သည်။
“အကောင်းဆုံးပဲ” ရှီဟောင်ခေါင်းညိမ့်လိုက်ပြီး ဗဟိုချက်ကျောက်တုံးအား သူမကို ပေးလိုက်သည်။ သူ တစ်ဝက်ခန့်သာ အသုံးပြုရသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ထာဝရမျက်လုံး၏ အစောပိုင်းပုံစံကို တည်ဆောက်ပြီးသားဖြစ်သောကြောင့် သူသည် အချိန်မရွေးပင် ကောင်းကင်မျက်လုံးကို ပြုလုပ်နိုင်သည်။
ချင်းရိ ထိုကျောက်တုံးကို ယူလိုက်သော်လည်း ချက်ချင်း အသုံးမပြုသေးပေ။ သူမ၏စိတ်နှင့်ခန္ဓာကိုယ် ကြည်လင်သည့်အချိန်ထိ စောင့်ရန်လိုအပ်သည်ဟု သူမခံစားနေရသည်။ သူမဤကျောက်တုံးကို အသုံးမပြုမီ မျက်လုံးပညာအနည်းငယ်ကို အရင်ကျင့်ကြံရမည်။ သို့မှသာ သူမသည် အကျိုးကျေးဇူးများကို ပိုမိုရရှိလိမ့်မည်။ သူမသည် ထိုကျောက်တုံးကို ကျောက်စိမ်းပုလင်းတစ်ခုထဲသို့ ထည့်သိမ်းထားလိုက်သည်။
“ဟမ် .. ရှင်ဘာဖြစ်နေတာလဲ” ချင်းရိ ရှီဟောင်အား ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ သင်္ကေတများဖြစ်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်ထက်တွင် ရွှေရောင်အလင်းများ ပျံ့ကြဲလာသည်ကို သူမသတိပြုမိလိုက်သည်။
“အာ.. ဘာမှမဟုတ်ပါဘူး .. မင်းရဲ့အလှကို သတိပြုမိသွားတာ .. မင်းရဲ့အောင်မြင်မှုတွေက အရမ်းကို တိုးတက်ကောင်းမွန်လာမှာကို ခံစားနေရတယ်” ရှီဟောင်ပြောလိုက်သည်။
“ရှင်..” ချင်းရိ ချက်ချင်းပင် ဒေါသထွက်သွားပြီး လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။ ဤကောင်၏ ကောင်းကင်မျက်လုံးမှာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်နေသည်။ သူသည် သူမ၏ခန္ဓာကိုယ်ကို ကြည့်နေခြင်းပင်။ သူမသည် ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်ကိုဖုံးကွယ်ရန်အတွက် ပညာများကို အသုံးပြုလိုက်ပြီး ကောင်းကင်မျက်လုံး၏သင်္ကေတများကို တားဆီးလိုက်သည်။
ရှီဟောင်သည် ဖြူဖွေးနေသည့် အံ့အားသင့်ဖွယ်ခန္ဓာကိုယ်ကို မြင်နေရသည်။ ကောက်ကြောင်းများမှာ မြင့်လိုက်နိမ့်လိုက်ဖြစ်နေပြီး ပြစ်ချက်မရှိအောင် ပြည့်စုံလှသည်။
“ရှင့်မျက်လုံးကို မှိတ်ထားပြီးတော့ ကောင်းကင်မျက်လုံးကို ဆက်မသုံးရင် ပိုကောင်းမယ်နော်” ချင်းရိ သူ့အား ဆူပူလိုက်ကာ နောက်တစ်ကြိမ် ထပ်ရိုက်လိုက်သည်။
ရှီဟောင်သည် မျက်နှာသေဖြင့်ပင် “ငါ့ရဲ့ ကောင်းကင်မျက်လုံးကို ရသွားပြီလေ .. ငါက ငါ့ရဲ့နတ်ခွန်အားတွေကို အကုန်ခံပြီးတော့ မင်းရဲ့ဝိဉာဉ်ကို ဆန်းစစ်ပေးနေတာ .. မင်းရဲ့ကျင့်ကြံရေးမှာ အန္တရာယ်တွေရှိနိုင်လားဆိုတာကို ကြည့်ပေးနေတာ”
ချင်းရိမှာ သူ၏ပေါက်ကရစကားများကို ယုံမည်မဟုတ်ပေ။ သူသည် ယခုလေးတင်မှ ကောင်းကင်မျက်လုံးပွင့်သွားခြင်းဖြစ်သောကြောင့် ဘယ်နားက ဝိဉာဉ်ကို စစ်ဆေးနိုင်မည်နည်း.. သူသည် အသွေးအသားခန္ဓာကိုယ်ကိုသာ မြင်နိုင်လိမ့်ဦးမည်ပင်။ သူမလက်မြှောက်လိုက်သည်နှင့် သင်္ကေတအလင်းတန်းတစ်ခု ပျံသန်းလာပြီးနောက် ချက်ချင်းပင် အစိမ်းရောင်လမှ အလင်းတန်းများထုတ်လွှတ်လာပြီး သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားလေသည်။
“ဟမ် … ဘာလို့မမြင်ရတော့တာလဲ” ရှီဟောင်ရှုပ်ထွေးသွားရသည်။ သို့သော်လည်း သူ စကားမှားသွားကြောင်း သတိပြုမိလိုက်ကာ ချက်ချင်းပင် ထပ်ပြောလိုက်လေသည်။ “ငါပြောချင်တာက ငါမင်းရဲ့ဝိဉာဉ်ကို မမြင်ရတော့ဘူး”
“တစ္ဆေသရဲတွေကိုပဲ သွားကြည့်နေလိုက်” ချင်းရိထံမှ အစိမ်းရောင်နတ်မီးတောက် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ထိတော့မလိုပင်။ သူလျင်မြန်စွာပင် ရှောင်ရှားလိုက်ရသည်။
ရှီဟောင်၏မျက်လုံးရှိ သင်္ကေတများ မှေးမှိန်သွားပြီး မူလအခြေအနေသို့ ပြန်ရောက်သွားလေသည်။ “အရင်က မမြင်ဖူးတာလဲ မဟုတ်ပဲနဲ့..” ရှီဟောင် ရေရွတ်လိုက်သည်။
“ရှင်ဘာပြောလိုက်တယ်..” ချင်းရိ၏ မျက်လုံးများ ပြူးကျယ်လာပြီး သူမ၏မျက်နှာမှာ နီရဲလာလေသည်။ သူမသည် မြင့်မြတ်ကာ သန့်စင်သည့် အမျိုးသမီးဖြစ်သော်လည်း ရှီဟောင်နှင့်အတူရှိနေသည့်အချိန်တိုင်းတွင် သူမခံစားချက်များမှာ အမြဲတမ်းပင် လှုံ့ဆော်ခံနေရသည်။
“ဘာမှမဟုတ်ပါဘူး” ရှီဟောင်သည် တစ်ဖက်သို့လှည့်သွားပြီး အခြားရှားပါးပစ္စည်းများကို စစ်ဆေးနေလိုက်သည်။
ထို့နောက်တွင် သူတို့သည် ဂူထဲတွင်ရှိနေသည့် ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ပြီး ထွက်လာခဲ့လိုက်သည်။
ဤအကြောင်းကို ထာဝရနန်းတော်သခင်လေးသာ သိသွားပါက မည်မျှဒေါသထွက်သွားမည်ကိုစဉ်းစားကြည့်နိုင်သည်။ သူ၏ပစ္စည်းများအားလုံးမှ ဓားပြတိုက်ခံလိုက်ရပြီး ချက်ချင်းပင် ပိုင်ရှင်ပြောင်းသွားလေပြီ။
“သူ့ရဲ ဗဟိုချက်ကျောက်တုံးကိုသုံးပြီးတော့ ငါတို့ရဲ့ကောင်းကင်မျက်လုံးကို ဖွင့်လိုက်တယ်ဆိုတာကို သူသိသွားရင် ဘယ်လိုအမူအရာမျိုးဖြစ်သွားမလဲဆိုတာကို ငါသိချင်မိတယ် .. သူဒေါသထွက်သွားလောက်လား” ရှီဟောင်မေးလိုက်သည်။
“သူကအခု သီးသန့်ကျင့်ကြံနေတာဆိုတော့ ဘာဖြစ်ခဲ့တာလဲဆိုတာကို ငါတို့သွားပြောပြရင် သူရူးမသွားလောက်ဘူးမလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အညှာအတာမဲ့စွာပင် ပြောလိုက်လေသည်။
ထို့နောက်တွင် သူသည် ထာဝရနန်းတော်သခင်လေးရှိနေသည့်နေရာသို့ ရောက်ရန်အတွက် ရွှေရောင်ယဇ်ပုလ္လင်ကို ရှာဖွေလိုက်သည်။
ရှီဟောင်သည် တိတ်တဆိတ်ပင် ထိုင်ချလိုက်ပြီး သူ၏အသက်ရှူနှုန်းကို ညှိလိုက်ကာ သူ၏ခန္ဓာကိုယ်ကို အကောင်းဆုံးဖြစ်အောင် လုပ်လိုက်သည်။ ယခုအချိန်တွင် တာအိုကောင်းကင်မျက်လုံးမှာ အစောပိုင်းအဆင့်တွင်ရှိနေပြီဖြစ်သောကြောင့် သူ၏နတ်အာရုံများမှာပို၍ပင် စူးရှလာသည်။
အပိုင်း ၁၀၅၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၀ – အဆိပ်တစ်သောင်းသစ်ပင်
ဤရွှေရောင်ယဇ်ပုလ္လင်မှာ ရွှံ့တောထဲတွင်ရှိနေသည့် ယဇ်ပုလ္လင်ထက် အဆပေါင်းများစွာ ပို၍ရှုပ်ထွေးလေသည်။ အချိန်အတော်ကြာအောင် လေ့လာနေသော်လည်း နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ယခုထက်ထိတိုင် အဖြေမရှာနိုင်သေးပေ။
“ဒီယဇ်ပုလ္လင်က တော်တော်လေးကို ထူးခြားတယ် .. အရိုးစာအုပ်တွေအားလုံးကို လေ့လာပြီးတာတောင်မှ ဒါကို မသိသေးဘူး …” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ခေါင်းပင်ကိုက်နေပြီဖြစ်သည်။
“ထာဝရနန်းတော်က လုပ်ထားတဲ့ အစီအရင်များလား” ချင်းရိ ကောက်ချက်ချလိုက်၏။ ထို့နောက်တွင် သူမသိသည့် အစီအရင်အချို့ကို ပြောပြလိုက်သည်။
သူမသည် ယဇ်ပုလ္လင်များကို သေချာသုတေသနပြုလုပ်ထားခြင်းမဟုတ်ပေ။ အံ့အားသင့်စရာကောင်းသည့် အစီအရင်များ၏ အကျိုးသက်ရောက်မှုများနှင့် စွမ်းအားများကိုသာ သိထားခြင်းပင်။ ဤသည်မှာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးအား အသိအမြင်အနည်းငယ်ပေးစွမ်းနိုင်လိမ့်မည်ပင်။
“နည်းနည်း တိုးတက်လာပြီ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး သူ့ကိုယ်သူ ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ရှီဟောင်ကိုကြည့်လိုက်ကာ “ထာဝရနန်းတော်မှာ ဘယ်လိုမျိုး နတ်အစွမ်းတွေရှိလဲ .. ငါ့ကို နည်းနည်းလောက်ရှင်းပြပေးဦး”
“အစီအရင်က တော်တော်လေးကို နက်နဲတယ် .. ဘာမျိုးဆက်ပဲလာလာ သူတို့ရဲ့ ကျမ်းစာအဓိပ္ပာယ်တွေက မပြောင်းလဲဘူး … သူတို့ရဲ့အဖိုးတန်ပညာနဲ့ အစီအရင်တွေက အတူတူပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်လျှင် လေးနက်နေလေပြီ။
ထာဝရနန်းတော်၏ နတ်စွမ်းရည်များကို သိရလျှင် ဤရှေးဟောင်းဂိုဏ်း၏ပုံစံကို အနည်းငယ် ပိုနားလည်လာမည်ဖြစ်ပြီး ဤရွှေရောင်ယဇ်ပုလ္လင်၏ သင်္ကေတများကို ဆန်းစစ်သည့်နေရာတွင် အကူအညီပေးနိုင်လိမ့်မည်ပင်။
“ဒီဂိုဏ်းက တော်တော်လေးကို အထင်ကြီးဖို့ကောင်းတာပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အတော်လေး တုန်လှုပ်သွားရသည်။
ရွှေရောင်သင်္ကေတ တစ်စွန်းတစ်စကို သူအဓိပ္ပာယ်ဖော်ကြည့်လိုက်သည့်အချိန်တွင် သူထိတ်လန့်သွားရသည်။ ရင်းနှီးနေသည့်အရာတစ်ချို့ကို သူတွေ့လိုက်ရသည်။ ဤသည်ကို ကျောက်တုံးကျေးရွာတွင် သူတွေ့ဖူးသည်။ မိုးမခနတ်ဘုရားသည် ယခင်က ဤအစီအရင်နှင့်ဆင်တူသည့် အစီအရင်မျိုးကို လုပ်ဖူးခဲ့သည်။
“ထာဝရနန်းတော်ရဲ့ ဇစ်မြစ်ကိုဘယ်သူမှ မသိကြဘူး .. လောကကြီးဖြစ်တည်လာကတည်းက ရှိလာတာလို့လည်း ပြောကြတယ် .. သူတို့ရှိနေခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားပြီလဲ ဘယ်သူမှ မသိဘူး .. သူတို့တွေက ထာဝရလူသားတွေ ချန်ထားခဲ့တဲ့ မျိုးဆက်ဖြစ်နေနိုင်တယ်” ချင်းရိ ပြောလိုက်သည်။
နတ်နန်းဂိုဏ်းနှင့် ထာဝရနန်းတော်တို့မှာ အတော်လေး နီးကပ်သောကြောင့် သူမလည်း လျှို့ဝှက်ချက်အနည်းငယ်ကို သိထားသည်သာ။
“ထာဝရလူသားဆိုမှ မိုးမခနတ်ဘုရားရဲ့ မူလဇစ်မြစ်ကလည်း ကြောက်စရာကောင်းတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
ကျောက်တုံးကျေးရွာတွင် မိုးမခနတ်ဘုရားကိုယ်တိုင်လုပ်ထားသည့် အစီအရင်ရှိသည်။ ထိုအစီအရင်ဖြင့် ကျေးရွာကို ကာကွယ်ထားခြင်းပင်။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထိုအစီအရင်ကို ကိုယ်တိုင်တွေ့ခဲ့ဖူးသည်။
ယခု ရွှေရောင်ယဇ်ပုလ္လင်ထက်တွင်ရှိနေသည့်အရာသည်လည်း ထိုအစီအရင်ကဲ့သို့ပင် ရှုပ်ထွေးနက်နဲလေသည်။
ဤသည်မှာ ရှီဟောင်ကိုလည်း တုန်လှုပ်သွားစေသည်။ သူသည် ပို၍ပင် သတိကြီးကြီးထားလာသည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် စကားမပြောတော့ပဲ အစီအရင်ကို ထပ်ခါတလဲလဲပင် လေ့လာလိုက်သည်။ သူသည် ဤတစ်ခုနှင့် မိုးမခနတ်ဘုရားလုပ်ခဲ့သည့် အစီအရင်တို့ကြားမှ တူညီချက်များကို ရှာဖွေ အတည်ပြုနေလေသည်။
“ဒီတစ်ခုက တော်တော်ရှေးကျတယ် .. အခုခေတ်ကလူတွေ လုပ်နိုင်မှာမဟုတ်ဘူး” သူကောက်ချက်ချလိုက်၏။
ဤသည်မှာ ထာဝရလူသား၏ သင်္ကေတများကို ပြောင်းလဲထားခြင်းဖြစ်သောကြောင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး သိနိုင်စရာအကြောင်းမရှိပေ။
“ဒါကို အရင်က ကျောက်တုံးကျေးရွာမှာ တွေ့ဖူးပြီးတော့ ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာကို ငါသိတယ် .. ဒီလောက်ဆိုရင် လုံလောက်လောက်တယ်”
သို့သော်လည်း သူသည် သတိကြီးကြီးထားနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် အနည်းငယ်လွဲချော်သွားသည်နှင့် မယုံကြည်နိုင်လောက်သည့် အကျိုးဆက်များ ဖြစ်လာမည်ပင်။
“တည်နေရာအကြမ်းဖျင်းကိုတော့သိပြီ .. အတိအကျမဟုတ်ဘူးဆိုရင်တောင်မှ နယ်မြေကတော့ မှားမှာမဟုတ်ဘူး”
“အဲဒါဆိုရင်လည်း သွားကြစို့” ရှီဟောင်ပြောလိုက်သည်။ သူသည် အစကတည်းက ဆက်သွားရန် ဆုံးဖြတ်ထားပြီးသားပင်။
“ငါတို့ ဂရုစိုက်ရမယ်” ချင်းရိပြောလိုက်သည်။
“ငါတို့ဒီယဇ်ပုလ္လင်ကို သုံးလို့မရဘူး .. ငါသေချာနားမလည်တာတွေ ရှိနေသေးတယ် .. ငါတို့ဒီပေါ်တက်လိုက်တာနဲ့ အသက်ဘေးကြုံလာရနိုင်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“ငါတို့အချိန်ရရင် ငါ ဒါကို လေ့လာကြည့်ဦးမယ် .. ဘယ်သူသိနိုင်မလဲ ဒီယဇ်ပုလ္လင်ကနေ လူသတ်ပညာတို့၊ လျှို့ဝှက်ပညာတို့ ရရင်ရလာမှာပေါ့” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
ယဇ်ပုလ္လင်တည်ဆောက်ခြင်းပြီးသွားလေပြီ။ ထိုယဇ်ပုလ္လင်သည် လေဟာနယ်ကို ဖောက်ထွက်သွားကာ လမ်းကြောင်းတစ်ခု ပေါ်လာလေ၏။ သူတို့အားလုံး ထိုလမ်းကြောင်းထဲသို့ လမ်းလျှောက်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် တောက်ပသည့်အလင်းများ စီးဆင်းနေပြီး အခြားတစ်ဖက်ကို မှုန်ဝါးဝါးသာ မြင်ရလေသည်။
“ရောက်ပြီ .. သတိထားဦး..” ချင်းရိသတိပေးလိုက်သည်။ အရှေ့ဆုံးတွင်ရှိနေသည့် ရှီဟောင် တစ်ခုခုဖြစ်သွားမည်ကို သူမ စိုးရိမ်နေမိသည်။ သူမသည် အစိမ်းရောင်လမီးတောက်ကိုပင် ထုတ်ထားပြီး အချိန်မရွေ့ ကူညီပေးနိုင်ရန် စီစဉ်ထားလိုက်သည်။
“သတိထားသင့်တဲ့သူက သူပဲ” ရှီဟောင်ပြောလိုက်၏။
သူတို့ထင်ထားသည့်အတိုင်း သူတို့အနည်းငယ် လွဲခဲ့သည်သာ။ သူတို့သည် ရှေးဟောင်းနတ်မြေအတွင်းသို့ ရောက်လာခြင်းမဟုတ်ပဲ လူဝံများ၊ ကျားများဟစ်ကြွေးနေသည့် တောအုပ်ထဲသို့ ရောက်လာခြင်းပင်။
“ငါတို့မမှားလောက်ဘူး .. သူက သေချာပေါက် လီတစ်ထောင်အတွင်းပဲ ရှိနေမှာ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
ဤသည်မှာ သိပ်မဝေးသော်လည်း နီးကပ်လွန်းသည့်အကွာအဝေးလည်း မဟုတ်ပေ။ သူတို့အားလုံးသည် သူတို့၏အော်ရာများကို ရုပ်သိမ်းကာ ထာဝရနန်းတော်သခင်လေး သီးသန့်ကျင့်ကြံသည့်နေရာကို တောတောင်ထဲတွင် ရှာဖွေကြလေသည်။
“အန္တရာယ်များတဲ့နေရာပဲ”
သူတို့ဤတောင်ကြောသို့ ရောက်လာသည့်အချိန်တွင် သူတို့ချက်ချင်းပင် ထိတ်လန့်သွားရသည်။ ဤနေရာတွင် ပိုးကောင်များစွာရှိနေပြီး အများစုမှာ အသိဉာဏ်ရပြီးသွားလေပြီ။ သူတို့သည် နေနှင့်လစွမ်းအင်များကို စားသုံးကာ ကျောက်တုံးများနှင့် သစ်ပင်များကြားတွင် ပုန်းကွယ်နေကာ အဆိပ်ရှိသည့်မြူများလည်း ရစ်သိုင်းနေလေသည်။
သူတို့အနီးကပ်သွားလေလေ ကောင်းကင်ကြီးမှာ မှောင်မည်းလေလေပင်။ ဤသည်မှာ အဆိပ်ရှိသည့် ပိုးကောင်များ စုဝေးနေခြင်းပင်။
ရှီဟောင် သူ၏နတ်စွမ်းအားများကို ထုတ်ပြီး စမ်းသပ်ကြည့်လိုက်သည်။ သူ၏နတ်စွမ်းအားများမှာ ချက်ချင်းပင် တိုက်စားခံလိုက်ရလေသည်။ ဤနေရာတွင် ကင်းမြှီးကောက်များနှင့် အခြား အမျိုးအမည်မသိသည့်ပိုးကောင်များလည်း ရှိနေလေသည်။
“ထူးဆန်းလိုက်တာ .. ဒီမှာ ပိုးကောင်ဧကရာဇ်တွေ ရှိနေတယ်လို့တော့ မပြောနဲ့နော် .. ဒီနေရာကို ဝင်လာရင် နတ်ဘုရားတွေတောင်မှ အိပ်မက်ဆိုးမက်သွားမယ်ထင်တယ်..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပြောလိုက်သည်။ သူကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် ဤပိုးကောင်များ၏ အဆိပ်ကို ကြောက်နေရသည်။
ရှီဟောင်သည် လေဟာနယ်ရဲဒင်းကို အသုံးပြုလိုက်ပြီး လေဟာနယ်ကို ဖောက်လိုက်ကာ လေထဲမှ သွားလိုက်ကြသည်။ အချို့နေရာများမှာ အမှန်တကယ်ပင် အန္တရာယ်များလှသည်။ တောင်တစ်ခုလုံးနှင့် လျှိုမြောင်များတွင် ကင်းမြှီးကောက်များနှင့် အဆိပ်ရှိသည့်ပိုးကောင်များဖြင့် ပြည့်နှက်နေလေသည်။
ကင်းခြေများဖြင့် ပြည့်နေသည့် လျှိုမြောင်များလည်း ရှိနေလေ၏။ ကင်းခြေများ များမှာ မီတာဝက်မှ ကျန်းပေါင်းများစွာ ရှည်လျားကြလေသည်။
အချို့တောင်ထိပ်များကြားတွင် တောက်ပနေသည့် ပင့်ကူအိမ်များကိုပင် မြင်နေရလေသည်။ ထိုအဆိပ်ရှိသည့် ပင့်ကူများမှာ လက်သီးအရွယ်အစားမှ နွားပေါက်အရွယ်အစားခန့်ထိပင် ရှိလေသည်။ ပင့်ကူများမှာ တောက်ပလှပြီး ရွှေရောင်ပင့်ကူများပင်ရှိနေလေသည်။
……
“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နေတာလဲ” ရှီဟောင်ပင်လျှင် ကြောက်လန့်လာရသည်။ ဤနေရာတွင်ပိုးကောင်များ များပြားလွန်းလှပြီး တောင်များနှင့် မြေပြန့်များအားလုံးကို ဖုံးလွှမ်းနေလေသည်။ နတ်ဘုရားများပင် ဝင်နိုင်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤပိုးကောင်အများစုမှာ နတ်ပိုးကောင်များဖြစ်ပြီး နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူများ၏ အသက်ကို နှုတ်ယူနိုင်သည်။
ဤသည်မှာ အတော်လေး ကျိုးကြောင်းမဆီလျော်လှပေ။ ဤအကောင်များအားလုံးက အဘယ်ကြောင့် ဤနေရာတွင် လာစုနေသနည်း .. ဤနေရာတွင် ပိုးကောင်ဧကရာဇ်တကယ် ရှိနေသောကြောင့်လား..
“ဟိုနေရာကို မြန်မြန်ကြည့်လိုက်” ချင်းရိ တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
သူအရှေ့ဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် မြူထဲမှ အလင်းလုံးလေးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုအလင်းလုံးသည် တိမ်မဲများကြားမှ ထွက်သွားရန် ကြိုးစားနေသည့် လမင်းကြီးကဲ့သို့ပင်။
ရှီဟောင်သည် ကောင်းကင်မျက်လုံးကို ဖွင့်ကာ ထိုနေရာသို့ ချက်ချင်းကြည့်လိုက်သည်။ သူသည် ချက်ချင်းပင် ထိတ်လန့်သွားကာ သွေးများ အေးခဲသွားရသည်။
ထိုနေရာတွင် သိပ်မမြင့်သော်လည်း ကျယ်ပြောကာခမ်းနားလှသည့် တောင်တစ်တောင်ရှိနေသည်။ တာအိုစင်္ကြံတစ်ခု မိုးထိုးနေသကဲ့သို့ပင်။ ထိုနေရာတွင် အကန့်အသတ်မရှိသည့်စွမ်းအင်များလည်း စီးဆင်းနေလေသည်။
ထိုတောင်ထိပ်တွင် ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေသည့် ရှေးဟောင်းသစ်ပင်တစ်ပင်ရှိနေလေသည်။ သစ်ရွက်တိုင်းမှာလည်း ကြယ်များကဲ့သို့ပင် တောက်ပနေလေသည်။
ဤသည်မှာ အလွန်ပင် ရှေးကျသည့် နတ်သစ်ပင်တစ်ပင်ပင်။ ထိုသစ်ပင် ပင်စည်မှာ ကြီးမားတုတ်ခိုင်လှပြီး အက်ကွဲကြောင်းများလည်း ရှိနေလေသည်။
ပင်စည်တစ်ခုလုံးလည်း နီရဲနေလေသည်။
သစ်ရွက်များနှင့် သစ်ကိုင်းများမှာမူ ကျောက်စိမ်းများကဲ့သို့ပင် တောက်ပနေပြီး အရောင်များမှာ မတူညီကြပေ။ အချို့မှာ ကျောက်စိမ်းကဲ့သို့ ဖွေးဆွတ်နေပြီး အချို့မှာ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။ အချို့မှာ မြေအောက်ကဲ့သို့နက်မှောင်နေပြီး အချို့မှာ ခရမ်းရောင်အလင်းများ ထွက်နေသည်။
တစ်ပင်လုံးကို ခြုံကြည့်လိုက်ပါက ဤသစ်ပင်မှ ရောင်စုံအလင်းတန်းများ ထောင်ပေါင်းများစွာ တောက်ပနေသည်ပင်။
“ရှေးဟောင်းနတ်သစ်ပင်” ရှီဟောင် လန့်သွားသည်။ ဤကဲ့သို့သော ဆေးပင်မျိုးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ဤအပင်မှာ ကျန်းပေါင်းများစွာမြင့်ပြီး အပင်ကို ရှေးဟောင်းဆေးပင်များကဲ့သို့ စားလိုက်ရပါက အကျိုးကျေးဇူးများမှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သွားလိမ့်မည်။
ရှီဟောင်သည် လေဟာနယ်ရဲဒင်းဖြင့် လေဟာနယ်ကို ထိုးခွဲလိုက်ပြီး ချင်းရိနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ခေါ်သွားလိုက်သည်။
ထိုသစ်ပင်ကို မြင်လိုက်ရသည့်အချိန်တွင် ချင်းရိလည်း လန့်သွားသည်သာ။
နတ်သစ်ပင်များမှာ နတ်ပန်းပွင့်များ၊ နတ်အပင်လေးများထက် ပို၍အဖိုးတန်သည်သာ။ မည်သို့ပင်ဖြစ်စေ သစ်ပင်မှာပို၍ကြီးသောကြောင့် သူ့၏ဆေးစွမ်းများလည်း ပိုထိရောက်မည်သာ။
“ဟမ် တစ်ခုခုမှားနေတယ် .. ကျွမ်းကျင်သူတွေရဲ့အော်ရာက ပြင်းထန်လိုက်တာ” ချင်းရိ ထိတ်လန့်သွားရသည်။ လေထဲတွင် နတ်ဘုရားအစစ်အော်ရာများ များပြားလာသည်ကို သူမခံစားလိုက်ရသည်။
ရှီဟောင်သည် အစောကြီးကတည်းက ဤသည်ကို သတိထားမိပြီးသားဖြစ်ပြီ ဂရုတစိုက် လေ့လာနေခြင်းပင်။
ဤကျွမ်းကျင်သူအားလုံးမှာ အဆိပ်ရှိသည့် ပိုးကောင်များဖြစ်ပြီး သူတို့သည် အပြင်ဘက်ဘက်တွင်ရှိနေသည့် သက်ရှိများထက် ပို၍စွမ်းအားကြီးလေသည်။ ထိုအကောင်များထဲတွင် နဂါးဦးချိုပါသည့်ဖားပြုတ်များ၊ အတောင်ပံပါသည့် ရွှေရောင်ကင်းခြေမြားနှင့် နတ်အလင်းကွင်းပါရှိသည့် ကင်းမြှီးကောက်များ ပါဝင်နေလေသည်။ သူတို့အားလုံးသည် မတူညီသည့်အရောင်များထုတ်လွှတ်နေကြပြီး အားလုံးမှာတောက်ပနေလေသည်။
ဤပိုးကောင်များအားလုံးမှာ နတ်ဘုရားအစစ်များဖြစ်ပြီး သူတို့အားလုံးသည် မတူညီသည့်နေရာတွင်ရှိနေကြသည်။ သူတို့အားလုံးသည် နတ်သစ်ပင်မှထုတ်လွှတ်သည့် အလင်းတန်းများကို စုတ်ယူပြီး အဆိပ်စွမ်းအင်များကို ထုတ်လွှတ်နေလေသည်။
“သက်ရှိပေါင်းတစ်သောင်းက ဒီသစ်ပင်ကို ဒူးထောက်ပြီးတော့ အရိုအသေပေးနေတယ် .. သူတို့ ဘာလုပ်နေကြတာလဲ .. ဒီရှေးဟောင်းသစ်ပင်မှာ ဘာနောက်ခံတွေရှိနေတာလဲ” သူတို့အားလုံး၏အမူအရာများ ပြောင်းလဲသွားသည်။
သေချာကြည့်လိုက်သည့်အချိန်တွင် သစ်ပင်အောက်တွင် သေဆုံးနေသည့် နတ်ပိုးကောင်အလောင်းအနည်းငယ်ကို တွေ့လိုက်ရသည်။ မထင်မှတ်ထားသည်မှာ ထိုအကောင်များအားလုံးမှာ ကောင်းကင်နတ်ဘုရားအဆင့်များပင်…
“ဘုရားရေ .. ဒီသစ်ပင်မှာ ဘယ်လိုသမိုင်းမျိုးတွေရှိနေတာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်လျှင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ဤအလောင်းများ၏ သေဆုံးပုံမှာ ထူးဆန်းလှသည်။ အချို့အကောင်များမှာ အသက်ဓာတ်ရှိနေဆဲဖြစ်ပြီး အိပ်ပျော်သည့်အခြေအနေသို့ ရောက်နေခြင်းပင်။ သို့သော်လည်း သူတို့သည် သေသည်နှင့် မခြားပေ။
“မထင်မှတ်ထားတာ တစ်ခုခုမဖြစ်ပဲနဲ့တော့ ထာဝရရှေးဟောင်းရဲ့ နယ်ခံတွေက သူတို့ရဲ့ သက်ဆိုင်ရာမျိုးနွယ်စုနေထိုင်တဲ့နေရာတွေကို စွန့်ခွာသွားမှာမဟုတ်ဘူး .. ဒီသေနေတဲ့ ကောင်းကင်နတ်ဘုရားတွေက အဲဒါနဲ့ ဆက်စပ်နေတာများလား … ပြီးတော့ ရှေးဟောင်းထာဝရမြေက မဟုတ်တဲ့သူတွေဆိုရင် သူတို့တွေ ကောင်းကင်နတ်ဘုရားအဆင့်ရောက်တာနဲ့ သေရင်သေ မသေရင် ရူးသွားကြတာ” ချင်းရိပြောလိုက်သည်။
ရှီဟောင်ခေါင်းညိမ့်လိုက်၏။ ရှေးဟောင်းသစ်ပင်အောက်တွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများမှာ ဤကဲ့သို့အခြေအနေများ ဖြစ်နေနိုင်သည်။
ရုတ်တရက်ပင် ချင်းရိသည် ဤသစ်ပင်အကြောင်း မှတ်တမ်းတင်ထားသည်ကို မှတ်မိသွားသည်။ သူမသည် ထိတ်လန့်တကြာဖြင့်ပင် “ဒီအပင်က ဘာအပင်လဲဆိုတာ ငါသိပြီထင်တယ် .. ဒါက အဆိပ်တစ်သောင်းသစ်ပင်ပဲ”
ဤသည်မှာ နတ်အပင်ဖြစ်သော်လည်း အဆိပ်မျိုးစုံပါနေသောကြောင့် ‘အဆိပ်တစ်သောင်းသစ်ပင်’ ဟု ခေါ်တွင်ခြင်းပင်။ ဤသည်မှာ သာမန်နတ်ဘုရားများအတွက် သေစေနိုင်သော်လည်း အဆိပ်ရှိသည့်ပိုးကောင်များအတွက်မူ ဤသည်မှာ အဖိုးအတန်ဆုံးအပင်ပင်။
သူ့ထံတွင် အဆိပ်ရှိသည့် နတ်အသီးပေါင်း တစ်သောင်းရှိပြီး ထိုအသီးကိုစားပြီး မသေသွားပါက ကောင်းကင်နတ်ဘုရား တန်းဖြစ်သွားမည်ပင်။
ဤသည်မှာ ကောင်းကင်နတ်ဘုရားသစ်ပင်နှင့် အတူတူပင်။ သာမန်ကျင့်ကြံသူများသာ ဤအသီးကို စားလိုက်ပါက ချက်ချင်းပင် ကောင်းကင်နတ်ဘုရားဖြစ်သွားမည်ပင်။
“ကံမကောင်းစွာနဲ့ ငါတို့စားလို့မရဘူး..” ရှီဟောင်ပြောလိုက်သည်။
“အရင်တုန်းက ဒီအသီးကို ဘယ်သူမှ မစားဖူးတာတော့မဟုတ်ဘူး .. နောက်ဆုံးကျတော့ သူတို့တွေက အဆိပ်ကောင်းကင်နတ်ဘုရားဖြစ်လာပြီးတော့ သူတို့လမ်းမှာ ရှိနေတဲ့ သက်ရှိတွေအားလုံး သေသွားကြရတာ .. ဘယ်သူမှ သူတို့ရဲ့အဆိပ်စွမ်းအားကို မခုခံနိုင်ဘူး” ချင်းရိပြောလိုက်သည်။
ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ရှေးဟောင်းသစ်ပင်ကိုကြည့်လိုက်သည့်အချိန်တွင် သစ်ကိုင်းနှင့် အရွက်များကြားတွင် အသီးအချို့ရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုအသီးများမှာ မမှည့်သေးပေ။
“ဒီနေရာကို မှတ်ထားတာပေါ့ .. နောင်ကျရင် ငါတို့ဒီအသီးကို လိုရင်လိုလာနိုင်တယ်” ရှီဟောင် ပြောလိုက်သည်။
“ထာဝရနန်းတော်က သခင်လေးက ဒီနေရာမှာ လာပုန်းနေတာကိုး .. ဒီနေရာက တကယ်ကို ရှာဖို့မလွယ်တာပဲ .. ဘယ်သူက ဒီလိုအန္တရာယ်များတဲ့နေရာမျိုး လာချင်မှာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
အဆိပ်တစ်သောင်းသစ်ပင်အောက်တွင် ထိုနေရာကို ကာကွယ်ထားသည့် အစီအရင်တစ်ခုရှိနေသည်။ အမြစ်များ၏ဘေးတွင် မှုန်မှိုင်းနေသည့် ရှေးဟောင်းမြေတစ်ခုရှိပြီး ထိုနေရာတွင်လည်း အစီအရင်သင်္ကေတများ ဝန်းရံနေလေသည်။
“တစ်ခုခုတော့ ထူးဆန်းနေပြီ .. ထာဝရနန်းတော်က ချထားတဲ့အစီအရင်က မိုးမခနတ်ဘုရား ကျောက်တုံးကျေးရွာကို ချပေးထားတဲ့အစီအရင်နဲ့ တော်တော်လေးကို တူနေတယ် .. ခေတ်တစ်ခုတည်းက လာတဲ့အစီအရင်တွေနဲ့ တူနေတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ထိတ်လန့်သွားရသည်။
“ထာဝရနန်းတော်မျိုးဆက်က မသေမျိုးတွေနဲ့ ဆက်စပ်နေတယ်လို့ ငါကြားဖူးတယ်” ချင်းရိပြောလိုက်သည်။
ရှီဟောင် ဆွံ့အသွားရသည်။ သူ သုံးလောကအခေါင်းကို ပထမဆုံးဖွင့်သည့်အချိန်တုန်းက မြင်ခဲ့ရသည့်အဖြစ်အပျက်ကို ပြန်အမှတ်ရမိသွားသည်။ ထိုနေရာတွင် မိုးမခနတ်ဘုရားနှင့် တစ်ပုံစံတည်းတူသည့် မိုးမခသစ်ပင်ကို သူမြင်ခဲ့ရသည်။ ထိုအပင်၏စွမ်းအားမှာလည်း ပြိုင်ဘက်ကင်းပင်ဖြစ်ပြီး ထာဝရအလင်းများ ဝန်းရံထားလေသည်။
“ဒါက အဲဒီလို အစီအရင်မျိုးပဲဆိုရင်တော့ ငါမင်းတို့ကို ခေါ်သွားလို့ရတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“ငါတို့ဒီတိုင်း ဝင်သွားလိုက်ရင် သူ ကြောက်သေးတော့ မပန်းလောက်ဘူးမလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ရယ်မောကာ ပြောလိုက်လေသည်။
အကယ်၍ တစ်ဖက်လူမှာ သီးသန့်ကျင့်ကြံနေပြီး အဆင့်တက်ရန်အတွက် ၉၀ ရာခိုင်နှုန်းခန့်ရောက်နေသည့်အချိန်တွင် ရုတ်တရက် ထိတ်လန့်သွားပါက သေချာပေါက် ပြဿနာကြီးဖြစ်သွားမည်ပင်။
အဆိုးဆုံးမှာ သူသေပင် သေသွားနိုင်သည်။
“သွားကြစို့ .. သူကငါ့ကိုသတ်ဖို့အတွက် ဆုကြေးငွေတောင် ထုတ်ထားတာဆိုတော့ သူ့ကို ဒီလိုမျိုးပဲ ဆက်ဆံရမယ် .. သူ့ရဲ့ခန္ဓာကိုယ်တစ်ခြမ်း အကြောသေသွားတဲ့ထိကို လန့်သွားအောင် လုပ်လိုက်ကြတာပေါ့” ရှီဟောင် ပြောလိုက်သည်။
အပိုင်း ၁၀၆၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၁ – ကိုယ်တစ်ခြမ်းသေခြင်း
“ဟမ် .. ဒီနေရာကို ကာကွယ်ထားတဲ့ အစီအရင်တစ်ခု ရှိနေတယ် .. ငါလေဟာနယ်ကို ဖွင့်လို့မရဘူး” ရှီဟောင် ထိတ်လန့်သွားရသည်။ သူသည် လေဟာနယ်ရဲဒင်းကို အသုံးပြုကာ လေဟာနယ်ကို ဖွင့်ချင်သော်လည်း လုပ်၍မရသည်ကို သူ သိလိုက်ရသည်။
သူတို့အနားတွင်ရှိနေသည့် လေဟာနယ်ပျက်စီးသွားကာ ငွေရောင်သင်္ကေတများ တောက်ပလာပြီး သူတို့အရှေ့တွင်ရှိနေသည့် မြင်ကွင်းအားလုံးကို ဖုံးသွားလေသည်။ ထိုအဆိပ်တစ်သောင်းအပင်၏ ကြောက်စရာကောင်းသည့် အစီအရင်မှာ သူ၏စွမ်းအားကို ပြသပြီး လေဟာနယ်လမ်းကြောင်းမဖွင့်နိုင်အောင် တားဆီးလိုက်လေသည်။
“အဲဒါဆိုရင်လည်း ပျံသွားလိုက်ရအောင် .. နတ်ဘုရားအစစ်တွေရှိနေတယ်ဆိုပေမယ့် သူတို့တွေ ငါတို့ကို မတားနိုင်ပါဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အထက်စီးဆန်သည့်လေသံဖြင့် ပြောလိုက်သည်။
ဤအကွာအဝေးမှာ တစ်ခဏခန့်သွားလိုက်ရုံဖြင့် ရောက်နိုင်သည်ဟု သူခံစားနေရသည်။
ရွီး…
သူပထမဆုံးလှုပ်ရှားလိုက်၏။ သို့သော်လည်း နောက်ဆုံးတွင် သူသည် မြန်မြန်ထွက်သွားရသကဲ့သို့ မြန်မြန်ပြန်ပြေးလာရလေသည်။
ထိုအဆိပ်တစ်သောင်းသစ်ပင်ထံမှ အလင်းတန်းပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။ အဆိပ်ရှိသည့်အကောင်များအတွက်မူ ဤသည်မှာ မြင့်မြတ်သည့်အလင်းတန်းဖြစ်သော်လည်း အခြားသူများအတွက်မူ ဤသည်မှာ ကပ်ဆိုးကြီးပင်။
ဤကဲ့သို့ အလင်းတန်းအဖြစ် ပြောင်းသွားသည့်အဆိပ်များသည် နတ်ခွန်အားများကို တိုက်စားနိုင်ပြီး လူတစ်ယောက်၏ ကျင့်ကြံခြင်းကို အားနည်းသွားအောင် လုပ်နိုင်သည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် မာကျောလှသော်လည်း သူ၏ကျင့်ကြံဆင့်ကို ထိုအဆိပ်အလင်းမှ တိုက်စားသွားမည်ကို စိုးရိမ်နေဆဲပင်။ ယခုတလောတွင် သူအဆင့်တက်တော့မည်ဖြစ်သောကြောင့် သူမစွန့်စားချင်ပေ။
ရှီဟောင် စမ်းကြည့်လိုက်သည်။ သူ၏ကောင်းကင်လမ်းကြောင်းမှာ တစ်ဖက်ဆီသို့ရောက်အောင် တောင့်ခံနိုင်သည်ကို သူတွေ့လိုက်ရသည်။ သို့သော် တိုက်စားခံရသည့်အားမှာလည်း မနည်းလှပေ။
ချင်းရိမှာ သူ၏အကြံကို သဘောမတူပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာကို ဖြတ်ပြီးလျှင် သူတိုက်ခိုက်ရဦးမည်ဖြစ်သောကြောင့် သူ၏အကောင်းဆုံးအခြေအနေကို ထိန်းထားရန် လိုအပ်သည်။ နတ်ခွန်အားအနည်းငယ်မျှ တိုက်စားခံရခြင်း သို့မဟုတ် ကျင့်ကြံခြင်းအနည်းငယ်မျှ ပျက်ယွင်းသွားခြင်းမှာ သူ့အတွက် ကောင်းမည်မဟုတ်ပေ။
သူမ၏ အစိမ်းရောင်လမီးတောက်ကို ထုတ်လိုက်သည်နှင့် အဆိပ်တစ်သောင်းသစ်ပင်လှုပ်ရမ်းသွားပြီး အဆိပ်ရှိသည့်ပိုးကောင်များစွာလည်း သတိအနေအထားဖြစ်သွားကာ ထိုအကောင်များမှာ သူတို့ထံသို့ ဦးတည်လာလေသည်။
“ထင်ထားတဲ့အတိုင်းပဲ ဒီရှေးဟောင်းနတ်သစ်ပင်၊ အစီအရင်နဲ့ အဆိပ်ရှိတဲ့ပိုးကောင်တွေအားလုံးက သူ့ရဲ့အဓိက အကာအကွယ်တွေပဲ .. သူ ဒီနေရာကို ရွေးထားတာ အံ့ဩစရာမရှိတော့ပါဘူး” ရှီဟောင် ပြောလိုက်သည်။
သူသည် နတ်အိုးထဲတွင် ပုန်းကာ တရှိန်ထိုးပြေးထွက်သွားသော်လည်း နောက်ဆုံးတွင် ထိုအိုးသာ ပြင်းထန်စွာ တိုက်စားခံလိုက်ရလေသည်။
“ကြည့်ရတာ ငါဒီနည်းလမ်းကိုပဲ သုံးရတော့မယ်ထင်တယ် .. ဒီပညာရဲ့ စွမ်းအားကို စမ်းသပ်ဖို့အချိန်ကောင်းပဲ” ရှီဟောင်သည် ကမ္ဘာမြေကို လက်မများအဖြစ် ပြောင်းလဲခြင်းကို အသုံးပြုလိုက်ပြီး ထိုနတ်ဘုရားအဆင့်ပိုးကောင်အုပ်ကို ရှောင်နိုင်ရန်အတွက် ဆေးလုံးမီးဖိုကို အသုံးပြုလိုက်သည်။
ဆေးလုံးမီးဖိုအတွင်းတွင် လျှပ်စီးနှင့် ကျိန်စာရှိနေသည်။ သို့သော်လည်း သူသည် ယခုအချိန်တွင် လျှပ်စီးဧကရာဇ်၏ပညာများကို ကျင့်ကြံနေပြီဖြစ်သောကြောင့် ဤလျှပ်စီးများမှာ သူ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။
ရှီဟောင်သည် ချင်းရိနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ကောင်းကင်နှင့် ကမ္ဘာမြေကြီး ရှုံ့အိတ်ထဲသို့ ထည့်လိုက်ပြီး သူကိုယ်တိုင်ကမူ ဆေးလုံးမီးဖိုထဲဝင်လိုက်၏။ ထို့နောက်တွင် အလွန်လျင်မြန်သည့်အရှိန်ဖြင့် လှုပ်ရှားသွားလိုက်သည်။
သူပြန်ထွက်လာသည့်အချိန်တွင် သူတို့အားလုံးသည် ဆေးလုံးမီးဖို၏ ကြံ့ခိုင်မှုကို ထိတ်လန့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် အဆိပ်တစ်သောင်းသစ်ပင်မှ ထုတ်လွှတ်သည့်အလင်းတန်းများမှာ ကောင်းကင်နတ်ဘုရားအဆင့်နီးပါးရှိနေသောကြောင့်ပင်။ ဘေးပတ်လည်တွင်လည်း သင်္ကေတများသိပ်သည်းစွာ ဖုံးလွှမ်းနေပြီး ကြောက်စရာကောင်းလှပေသည်။
“ဒီသစ်ပင်မှာ မှော်စွမ်းအားတွေရှိနေတာလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ရှီဟောင် တုန်လှုပ်သွားရသည်။ ဤနတ်သစ်ပင်မှာ ဆေးအဖြစ် အသုံးပြု၍ရသည့်သစ်ပင်ပင်။ အချို့သက်ရှိများအတွက် ဤသည်မှာတန်ဖိုးဖြတ်၍မရလောက်အောင်ပင်။
ပြောရမည်ဆိုလျှင် ရှေးဟောင်းနတ်သစ်ပင်များ အသိဉာဏ်ရလာလျှင်ပင် ဤကဲ့သို့သော နတ်စွမ်းရည်များ မရှိနိုင်ပေ။
“ဒီသစ်ပင်က အထင်ကြီးဖို့ကောင်းတာပဲ .. အဲဒါကြောင့်မို့လို့ ဒီနေရာမှာ နတ်ဘုရားအစစ်ဆင့်ပိုးကောင်တွေက ပူဇော်နေကြတာကိုး .. သူတို့က ဒီသစ်ပင်ကို သူတို့အရှင်သခင်အနေနဲ့ မှတ်ယူထားကြတာ .. ဒီသစ်ပင်က အဆိပ်ရှိတဲ့ပိုးကောင်ကျွမ်းကျင်သူတွေအားလုံးကို အမိန့်ပေးလို့ရတယ်” ချင်းရိ ပြောလိုက်သည်။
သူတို့သည် မနေနိုင်တော့ပဲ ဆေးလုံးမီးဖိုကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ မီးဖိုအဖုံးတွင် အသက်ဝင်နေသည့် ရှေးဟောင်းဖီးနှစ်တစ်ကောင်ရှိနေသည်။ ထိုမီးဖို၏ကိုယ်ထည်ပတ်လည်တွင် နဂါးအစစ်တစ်ကောင်ရစ်ခွေနေလေ၏။
ဤသည်မှာ ဖိန်းကျွန်း၏ ထာဝရအုတ်ဂူမြစ်ထဲမှ ရခဲ့သည့် ရှေးဟောင်းရတနာတစ်ခုပင်။ သူသည် အခြားသူများကို မတိုက်ခိုက်နိုင်သော်လည်း သူ၏ခုခံနိုင်စွမ်းမှာမူ ထိတ်လန့်စရာကောင်းလှသည်။
“သူ့မှာ ထူးခြားတဲ့ မူလဇစ်မြစ်ရှိလောက်တယ်” ချင်းရိ ကောက်ချက်ချလိုက်သည်။
သူတို့သည် အချိန်ဖြုန်းမနေတော့ပဲ အစီအရင်အတွင်းဘက်အပိုင်းသို့ သွားလိုက်သည်။
အဆိပ်တစ်သောင်းသစ်ပင်ဘေးတွင်ရှိနေသည့် ရှေးဟောင်းအစီအရင်လောက် လုံခြုံသည့်နေရာမရှိပေ။
အစီအရင်မှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။ မိုးမခနတ်ဘုရားဆွဲသည်ကို ကိုယ်တိုင်တွေ့ထားခြင်းသာမဟုတ်ပါက နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ သူတို့ကို အထဲခေါ်သွားနိုင်မည်မဟုတ်ပေ။ ဤအစီအရင်၏ အလုပ်လုပ်ပုံကို မသိပါက ဤသည်က သေတွင်းတူးသည်နှင့် အတူတူပင်။
အစီအရင်ထဲသို့ ဝင်သွားလိုက်သည်နှင့် ကျောက်ခင်းလမ်းလေးကို တွေ့လိုက်ရပြီး ကျောက်စိမ်းရောင်ဝါးရုံတောများလည်း ရှိနေလေသည်။ ဤနေရာမျာ အလွန်ပင် ထူးဆန်းလှပြီး ဝိဉာဉ်စွမ်းအားများမှာလည်း ကြောက်စရာကောင်းလောက်အောင် များပြားလှသည်။
“အဆိပ်နဲ့ပိုးကောင်တွေရှိနေတဲ့လောကကြီးမှာ ဒီလိုမျိုး ထာဝရနယ်မြေတွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။
သူတို့သည် ဤကမ္ဘာငယ်လေထဲသို့ ဝင်လိုက်ပြီး ရှုပ်ထွေးသည့်လမ်းများကို ဖြတ်လျှောက်လာကာ ရက်စက်သည့်အစီအရင်များကို ဖြတ်ကျော်ခဲ့ရသည်။ ရောင်စုံအလင်းများ ထွက်ပေါ်နေပြီး အဖြူရောင်မြူများလည်း ရစ်သိုင်းနေသောကြောင့် ဤသည်မှာ ထာဝရလူသားတစ်ယောက်၏အိမ်နှင့်ပင် တူနေသည်။
ရှီဟောင် မှတ်မိနေသေးသည်။ သူ ထာဝရရှေးဟောင်းနယ်မြေထဲသို့ စရောက်သည့်အချိန်တွင် ထာဝရနန်းတော်သခင်လေးသည် ကျင့်ကြံမည့်နေရာကို လိုက်ရှာရင်းဖြင့် ကောင်းကင်နတ်ဘုရားအဆင့် ရေနဂါးကိုပင် ရန်စမိသွားသေးသည်။
ဤနေရာတွင်တော့ ရေနဂါးအော်ရာမရှိပေ။ သန့်စင်သည့်မြေတစ်ခုပင်။
သူသက်ပြင်းချမိသွားသည်။ ထာဝရနန်းတော်မှာ အမှန်တကယ်ပင် နောက်ခံကောင်းလွန်းလှသည်။ သူတို့သည် ထာဝရရှေးဟောင်းမြေကို အတော်လေး နားလည်နေပြီး အဖိုးတန်မြေများစွာကိုလည်း သိထားသည်။
အရှေ့ဘက်တွင် နတ်ရေပူစမ်းတစ်ခုရှိနေပြီး အဖြူရောင်ဝိဉာဉ်စွမ်းအားများလည်း လေထဲတွင် ထွက်ပေါ်နေသည်။
ဘေးဘက်တွင် ခရမ်းရောင်ဝိဉာဉ်ဝါးရုံတောရှိနေပြီး ထိုတောထဲတွင် မြူများ ရစ်ဆိုင်းနေသည်။ ထိုနေရာတွင် ကောင်းကင်နှင့် ချိတ်ဆက်ထားသည့် နတ်သက်တံ့များလည်းရှိနေ၏။
ခရမ်းရောင်ဝါးရုံတောထဲတွင် ထာဝရမြူများ ရစ်သိုင်းနေသည့် ထူးဆန်းသည့်ကျောက်တုံးတစ်တုံးရှိနေသည်။ ထိုကျောက်တုံးအနားတွင် ရောင်စုံအလင်းတန်းများ ထောင်ပေါင်းများစွာ ရစ်သိုင်းနေပြီး တာအိုအသံလှိုင်းများကိုပင် ကြားနေရသည်။
ထိုထူးဆန်းသည့်ကျောက်တုံးပေါ်တွင် မလှုပ်မရှားထိုင်နေသည့် ပုံရိပ်တစ်ခု ရှိနေသည်။ သူ၏ခန္ဓာကိုယ်မှ တာအိုအသံများကို ထုတ်လွှတ်နေခြင်းပင်။ သူသည် တာအိုများကို လေ့လာနေခြင်းဖြစ်ပြီး အပြင်ဘက်ကမ္ဘာကို သတိမမူမိပေ။
“အလောတကြီးမလုပ်နဲ့ .. ဒီခရမ်းရောင်ဝါးတောမှာ သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေနဲ့ ထာဝရနန်းတော်ရဲ့ ရှေးဟောင်းအစီအရင်ရှိနေတယ် .. အလောတကြီး ပြေးဝင်သွားလိုက်တာနဲ့ သူတို့နဲ့ခန္ဓာကိုယ်နဲ့ တာအိုပျက်စီးသွားလိမ့်မယ်” ချင်းရိ ပြောလိုက်သည်။
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူလည်း သဲလွန်စအနည်းငယ်ကို တွေ့လိုက်ရသည်သာ။
ထိုကျောက်တုံးသည် ကျန်းတစ်ဝက် အရွယ်အစားခန့်ရှိသည့် အညိုရောင်ကျောက်တုံးကြီးပင်။ ထိုကျောက်တုံးသည် ရိုးရှင်းကာ အန္တရာယ်မပေးနိုင်သည့်ပုံပေါ်သော်လည်း ထိုအနားတွင် ရစ်ပတ်နေသည့် အလင်းတန်းပေါင်း တစ်သောင်းကျော်မှာ ထိုကျောက်တုံးကို မထိသကဲ့သို့ ထိုအလင်းတန်းအပြင်ဘက်တွင်လည်း ထာဝရစွမ်းအင်များ ရှိနေသေးသည်။
ချင်းရီသည် တိုးတိတ်စွာဖြင့်ပင် “ဒီကျောက်တုံးက ထာဝရနန်းတော်ရဲ့ တာအိုလေ့လာခြင်းကျောက်တုံးထင်တယ် .. သူတို့ဆီမှာ ဒီလိုမျိုး ကျောက်တုံးသုံးတုံး ရှိတယ်လို့ ပြောကြတယ် .. သူတို့ရဲ့ဒဏ္ဍာရီလာမြင့်မြတ်တဲ့ပစ္စည်းကို ထာဝရရှေးဟောင်းမြေထဲ ယူလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
သူတို့သည် တိုးတိတ်စွာပင် ပြောနေကြခြင်းဖြစ်ပြီး ထာဝရနန်းတော်သခင်လေးနှင့် အတော်လေးပင်ဝေးနေသေးသောကြောင့် သူ့ကို လန့်သွားအောင်လုပ်မိသွားမည်ကို သူတို့မစိုးရိမ်မိပေ။
“ဒီကျောက်တုံးကို .. ငါလိုချင်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ သားရေပင် ကျလာတော့မည်။
“မင်း ဒီကျောက်တုံးကို မေ့လိုက်တော့” ရှီဟောင် ငြင်းလိုက်၏။ ဤသည်မှာ အဆင့်လွန်ရတနာပင်။ သူတို့ကဲ့သို့ ရှေ့လူများထက် သာလွန်ပြီး ပြိုင်ဘက်ကင်းသည့်လမ်းကြောင်းကို လျှောက်လိုသည့်သူများအတွက် ဤသည်မှာ ဘာနှင့်မှမလဲနိုင်သည့် ပစ္စည်းပင်။
ထာဝရရှေးဟောင်းမြေပွင့်လာသည်မှာ အကြိမ်သုံးထောင်မြောက်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်းဖြစ်သည်။ ထာဝရနန်းတော်သည် သမိုင်းမှတ်တမ်းတင်နိုင်အောင် သူတို့၏ မျိုးဆက်ကို မျှော်လင့်ထားပုံရသည်။
ထို့ကြောင့်ပင် ဤကဲ့သို့ အဆင့်လွန်ရတနာကို သူ့အားပေးထားပြီး ထာဝရရှေးဟောင်းမြေထဲသို့ ယူလာခွင့်ပေးထားခြင်းပင်။ ထာဝရနန်းတော်မှာ သူ့အား မည်မျှပင် မျှော်လင့်ထားသည်ကို သိနိုင်သည်။
ထာဝရတာအိုပန်းပွင့်လာကတည်းက ‘သဘာဝကံကောင်းမှု’ ဟုခေါ်သောအရာကို မည်သူမှ မတွေ့ရသေးပေ။ ဤသည်မှာ ဤလောကတွင် ပေါ်လာလိမ့်မည်ဟု အားလုံးသံသယဝင်နေကြသည်။
ထာဝရနန်းတော်မှာ ထိုအရာကို လိုချင်နေခြင်းနေသောကြောင့် ဤမျှရင်းနှီးမြှုပ်နှံထားခြင်းပင်။
အနားတွင်ရှိနေသည့် ခရမ်းရောင်ဝါးရုံတောတွင် မြင့်မြတ်သည့်အလင်းတန်းများ စီးဆင်းနေသည့်အရိုးစာအုပ်များ ရှိနေသေးသည်။ ဤသည်မှာ ဘိုးဘေးများ၏အမြင်များကို မှတ်တမ်းတင်ထားသည့် စာအုပ်များဖြစ်ပြီး ထာဝရနန်းတော်သခင်လေးကို အထောက်အကူပြုမည်သာ။
ဤအရာများအပြင် ထိုနေရာတွင် အနီရောင်သွေးများ ထည့်ထားသည့် သလင်းကျောက်အပိုင်းအစလည်း ရှိနေသေးသသည်။
ရှီဟောင်နှင့် ချင်းရိတို့ စိတ်လှုပ်ရှားသွားရသည်။ ဤသွေးများကို သူသုံးပြီးသွားပြီဖြစ်ပြီး ဤသည်မှာ ကျန်နေသည့်အပိုင်းအစလေးသာ။
ထိုထူးဆန်းသည့်ကျောက်တုံးပေါ်တွင် ထိုင်နေသည့် ထာဝရနန်းတော်သခင်လေးသည် မျက်လုံးမှိတ်ထားပြီး အိပ်ပျော်နေသကဲ့သို့ပင် တစ်လက်မမှ မလှုပ်ပေ။ သို့သော် တာအိုအသံများ ထွက်ပေါ်နေဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် အနီရောင်တာအိုအလင်းများ ဝေ့ဝိုက်နေသည်။ သူတို့သည် အတော်ကြီးဝေးနေသည့်နေရာမှပင်လျှင် ထာဝရတာအိုအော်ရာကို အာရုံခံ၍ရနေသည်။
“ထာဝရသွေးကိုသုံးပြီးတော့ ခန္ဓာကိုယ်ကို သန့်စင်တာ .. သူတို့က တကယ်ကို ဖြုန်းတီးကြတာပဲ”
သာမန်လူများမှာ ထာဝရသွေးကို မြင်နိုင်ရန်ပင် ခက်ခဲလိမ့်မည်။ ထာဝရသွေးတစ်စက်ပင်လျှင် ဂိုဏ်းများကို ရူးသွပ်သွားစေနိုင်သော်လည်း ယခုအချိန်တွင် သူသည် တစ်ပုလင်းလုံး သုံးလိုက်ခြင်းပင်။ အပြင်ဘက်လောကမှလူများသာ သိသွားပါက သေချာပေါက်ပင် မျိုးဆက်များကြားတွင် ကြီးမားသည့်တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဒဏ္ဍာရီလာပစ္စည်းဖြစ်ပြီး တစ်စက်ပင်လျှင် ရှာတွေ့နိုင်ရန် မလွယ်ကူပေ။
ဤပစ္စည်းများအပြင် ခရမ်းရောင်ဝါးရုံတောထဲတွင် အခြားနတ်ပစ္စည်းများစွာ ရှိနေသေးသည်။ နတ်တစ်ဝက်သစ်သီးများ၊ ထူးဆန်းသည့် မြင့်မြတ်ဆေးရည်များအပြင် ကျောက်စိမ်းဗူးများထဲတွင် ထည့်ထားသည့် နတ်ဆေးလုံးများလည်း ရှိနေလေသည်။ ထိုဆေးလုံးများမှာ နေလုံးများကဲ့သို့ပင် တောက်ပနေလေသည်။
ရှီဟောင်၏မျက်လုံးများ တောက်ပလာကာ ဤပစ္စည်းများကို ရအောင်တိုက်ယူမည်ဟု သူဆုံးဖြတ်လိုက်သည်။
“အစီအရင်ကို ဖြတ်ဖို့အတွက်က ဘယ်လောက်ကြာမှာလဲ” ရှီဟောင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို မေးလိုက်သည်။
“ဒီအစီရင်က ကျောက်တုံးကျေးရွာက အစီအရင်နဲ့တူတယ်ဆိုပေမယ့် ဒီအစီအရင်မှာက ပြောင်းထားတာတွေရှိတယ် .. အဲဒီတော့ ဒါကို လုံးဝချိုးဖျက်ဖို့က တော်တော်ကြီးကို ခက်လိမ့်မယ် .. ငါတို့တစ်ဝက်ပဲ ချိုးဖျက်နိုင်လိမ့်မယ် .. ဒါပေမဲ့ အရှေ့ကို ဆက်သွားဖို့က အချိန်နဲ့ လေ့လာမှုတွေ အများကြီးလိုလိမ့်မယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပြောလိုက်သည်။
သူတို့သာ ဤအတိုင်းဆက်သွားပါက ထာဝရနန်းတော်မှ သခင်လေးကို သတိပေးသလိုဖြစ်သွားပြီး သူပြင်ဆင်မှုများ လုပ်နိုင်လိမ့်မည်။
“အဲဒါဆိုရင်လည်း မဖျက်ပဲနဲ့ သူရူးသွားလောက်အောင် သူ့ကို ခြောက်လှန့်ကြတာပေါ့” ရှီဟောင်ပြောလိုက်သည်။ မည်သည့်တာအိုအသံသည် ထာဝရနန်းတော်သခင်လေးကို အထိခိုက်နိုင်ဆုံးဖြစ်မည်ကို သူနှင့်ချင်းရိတို့ ဆွေးနွေးလိုက်ကြသည်။
နောက်ဆုံးတွင် ချင်းရိသည် သူ့အား နတ်နန်းဂိုဏ်း၏ နဂါးအော်သံကို သင်ပေးပြီး သူမက ဖီးနှစ်အော်သံကို ပြုလုပ်မည်ပင်။ ဤနတ်အသံနှစ်ခုကို အတူတကွအသုံးပြုလိုက်ပါက စွမ်းအားမှာ တဟုန်ထိုး တိုးမြှင့်သွားမည်သာ။
နဂါးအော်သံပညာမှာ သိပ်မခက်ခဲပေ။ လုံလောက်သည့် ကျင့်ကြံဆင့်ရှိပြီး လျှို့ဝှက်နည်းလမ်းကို နားလည်သည်နှင့် အသုံးပြုနိုင်သည်သာ။ သို့သော်လည်း သုံးစွဲရသည့် မှော်စွမ်းအားမှာမူ များပြားလှသည်။
ရှီဟောင်တစ်ခဏခန့်စဉ်းစားပြီးနောက် သူ၏ပြင်ဆင်ခြင်းကို အဆုံးသတ်လိုက်သည်။
ထို့အပြင် သူသည် ဆေးလုံးမီးဖိုကို အသက်သွင်းကာ အစီအရင်ကို တိုက်ခိုက်ရန်အတွက် အဆုံးမရှိသည့်လျှပ်စီးကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည်လည်း သူ့ကိုကူပေးရန်အတွက် တိုက်ခိုက်သည့်အစီအရင်များကို ပြုလုပ်ထားသည်သာ။
“စမယ်..”
ရှီဟောင်နှင့် ချင်းရိတို့သည် ချက်ချင်းပင် အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားပြီး ချက်ချင်းပင် နဂါးနှင့်ဖီးနှစ်အော်သံကို ပြုလုပ်လိုက်သည်။ ထိုအသံမှာ မိုးခြိမ်းသံများထက်ပင် အဆပေါင်းများစွာ ကျယ်လောင်နေသေးသည်။
ထို့အပြင် ခရမ်းရောင်ဝါးတော၏အစီအရင်သည်လည်း တိုက်ခိုက်ခံလိုက်ရလေသည်။ ချက်ချင်းပင် အလွန်ကြောက်စရာကောင်းသည့် နတ်ဆိုးအော်သံများ ထွက်ပေါ်လာလေသည်။
အရေးကြီးသည့်အဆင့်သို့ ရောက်နေသည့် ထာဝရနန်းတော်သခင်လေးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာတုန်ယင်လာပြီး ဖူးဟူသည့်အသံနှင့်အတူ ငွေရောင်အလင်းတန်းများပါရှိသည့် သွေးတစ်ပွက်အန်သွားလေသည်။
ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ထာဝရသွေးများသည် နေရာအနှံ့သို့ ပျံ့ကြဲသွားကာ သူ၏ခန္ဓာကိုယ်ထဲမှ ဖောက်ထွက်မတော့မတတ်ပင်။ အချို့နေရာများတွင် သူ၏အသားများအက်ကွဲလာပြီး သူ၏ခန္ဓာကိုယ်မှာ သွေးများဖုံးလွှမ်းနေလေပြီ။
ထာဝရသွေးမှာ ပေါင်းစည်းရန်လွယ်ကူသည့်သွေးမဟုတ်ပေ။ ထာဝရနန်းတော်၏ ဘိုးဘေးများသည် သွေးအတွင်းမှ သတ်ဖြတ်လိုသည့်စွမ်းအင်နှင့် အခြားအရာများကို ရှင်းပေးထားသော်လည်း ဤသွေးထဲတွင်ရှိနေသည့် သင်္ကေတကို လုံးဝနားလည်ရန်မှာ မဖြစ်နိုင်ပေ။ ဤသည်မှာ နတ်ဘုရားတစ်ပါးမှ လုံးဝထိန်းချုပ်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။
“အား…” ထာဝရနန်းတော်သခင်လေး၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ စုတ်ပြတ်သွားပြီး သူ၏ဆံပင်များလည်း ရှုပ်ပွနေလေပြီ။ သူသည် ကျောက်တုံးပေါ်မှ နောက်ပြန်ကျသွားလေသည်။
ရှီဟောင် ဤလူကို နည်းနည်းလေးမျှပင် မသနားမိပေ။ အဘယ်ကြောင့်ဆိုသော် ဤလူသည် သူ့ကို သတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး သူ့ကို သုံ့ပန်းအဖြစ်ဖမ်းမည်ဟုပင် ကြွေးကြော်ခဲ့သေးသည်။ သူ၏နတ်ဗိုလ်ချုပ်များကိုပင် ကျိန်စာထည့်ခဲ့ပြီး သူတို့ကို ရာဇဝတ်ကောင်များကဲ့သို့ ဆက်ဆံခဲ့သည်။
“မင်းတို့အားလုံး …” ထာဝရနန်းတော်၏ ခန္ဓာကိုယ်တစ်ဝက်မှာ ထာဝရသွေးများ၏ တိုက်စားမှုကိုခံလိုက်ရကာ သူ၏မျက်လုံးမှာ ပြုတ်ထွက်ကျတော့မတတ်ပင်။ သူသည် ဤလူနှစ်ယောက်ကို ဒေါသတကြီးပင် ကြည့်နေလေသည်။
“သတ်…” ရှီဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူသည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို အစီအရင်အား ဖျက်ဆီးရန် ပြောလိုက်သည်။ ဤအစီအရင်မှာ ဖျက်ဆီးနိုင်ရန် လွယ်ကူလွန်းသည့်ပုံစံဖြင့် ပြောလိုက်ခြင်းပင်။
ပထမတစ်ဝက်မှာ မြက်ပင်များဆွဲနှုတ်ခံရသကဲ့သို့ပင် အမှန်တကယ်ပင် အလွယ်တကူ ပျက်စီးသွားစေလေ၏။ သူတို့သည် ခရမ်းရောင်ဝါးရုံတောအုပ်ထဲသို့ တရှိန်ထိုးပင် ပြေးဝင်သွားကြလေ၏။
ထာဝရနန်းတော်သခင်လေးမှာ ထိတ်လန့်သွားရသည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေပြီး ဤလူနှစ်ယောက်သာ သူ့အနားသို့ ရောက်လာပါက သူသေချာပေါက် သေသွားမည်ပင်။
သူသည် တွေဝေမနေပဲ နာကျင်မှုကို သည်းခံကာ နတ်ပစ္စည်းအပုံလိုက်နှင့် အံ့အားသင့်ဖွယ်ကျောက်တုံးကို ယူသွားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူရှုံးနိမ့်သွားခဲ့ရသည်။
“ပြောကြတာတေ့ ဒီထူးဆန်းတဲ့ကျောက်တုံးက ကြယ်တစ်လုံးထက်တောင် လေးပြီးတော့ အဖိုးတန်ပစ္စည်းတွေထဲမှာတောင် ထည့်သိမ်းဖို့ခက်တယ်တဲ့” ချင်းရိပြောလိုက်သည်။
ဝုန်း…
သူတို့နီးကပ်လာသည်နှင့် ထာဝရနန်းတော်သခင်လေး၏ မျက်လုံးထဲတွင် မလိုလားမှုနှင့် ဒေါသများ ပြည့်နှက်နေလေသည်။ သူ၏ခန္ဓာကိုယ်အနားတွင်ရှိနေသည့် အလင်းမှာ ကောင်းကင်ထက်သို့ပင် စီးဆင်းသွားလေသည်။ သူ့ထံတွင် လှုပ်ရှား၍ရသည့် ခန္ဓာကိုယ်တစ်ဝက်ရှိနေဆဲပင်။ ထို့နောက်တွင် သူသည် အနောက်ဘက်သို့ တစ်ကြိမ်လှည့်ကြည့်လိုက်ပြီးနောက် သူ၏မှော်စွမ်းအားကို အသက်သွင်းကာ နာကျင်မှုကို သည်းခံပြီး ခပ်ဝေးဝေးတွင်ရှိနေသည့် ရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ ဦးတည်သွားလိုက်သည်။
“မင်းတို့အားလုံးစောင့်နေ .. လေးနာရီအတွင်း ငါမင်းတို့ကို ပြန်လာသတ်မယ်” ဤသည်မှာ သူဒေါသတကြီးဖြင့် အော်ဟစ်လိုက်ခြင်းပင်။
“ဒီတာအိုလေ့လာတဲ့ကျောက်တုံး၊ ဘိုးဘေးတွေရဲ့အတွေ့အကြုံတွေကို ရေးထားတဲ့စာအုပ်တွေနဲ့ ဒီနတ်ပစ္စည်းတွေ ထားခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. ငါတကယ်ကို အရမ်းကျေးဇူးတင်တာပါ” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
ဖူး..
ရွှေ့ပြောင်းခြင်းအစီအရင်ထဲမှ သွေးတစ်ပွက် အန်ထွက်လာလေသည်။ ထာဝရနန်းတော်သခင်လေးမှာ ဒေါသထွက်လွန်းသောကြောင့် ရူးမတတ်ပင်။ ဒေါသတကြီး အော်ဟစ်ပြီးသည့်နောက်တွင် သူထွက်ပြေးလွတ်မြောက်သွားလေသည်။
အပိုင်း ၁၀၆၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၂ – မငြိမ်းသတ်နိုင်သော
ဟား ဟား…
ခရမ်းရောင်ဝါးရုံတောထဲမှ ကျယ်လောင်လှသည့် ရယ်သံများ ထွက်ပေါ်လာလေ၏။ ရှီဟောင်တစ်ယောက်တည်း ရယ်နေခြင်းမဟုတ်ပေ။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးလည်း ရယ်မောနေခြင်းဖြစ်ပြီး ချင်းရိပင်လျှင် တိတ်တဆိတ်ရယ်နေလေသည်။ သူတို့သည် ဤပုံစံဖြင့် ထာဝရနန်းတော်သခင်လေးကို ခြောက်လှန့်လိုက်နိုင်လေသည်။
“ငါတို့နောက်တစ်ခေါက် ပြန်တွေ့တဲ့အချိန်ကျရင် ငါတို့သူ့ကို အမှန်တရားပြောပြသင့်တယ် .. မဟုတ်ရင် ငါတို့က အရမ်းရက်စက်တဲ့သူ ဖြစ်သွားမှာ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“ဟား ဟား ဟား…” ရှီဟောင် ထူးဆန်းသည့်အသံဖြင့် ရယ်မောလိုက်သည်။
အမှန်တရားကို သိပြီးသွားသည့်နောက်တွင် ထာဝရနန်းတော်သခင်လေး မည်ကဲ့သို့သော အမူအရာမျိုးဖြစ်နေမည်ကို မှန်းဆကြည့်နိုင်သည်။ အစီအရင်မှာ မပျက်စီးသေးသော်လည်း သူသည် ကြောက်လန့်နေသည့် ငှက်တစ်ကောင်ကဲ့သို့ပင် ထွက်ပြေးသွားလေပြီ။ သူသည် ရတနာပစ္စည်းများကိုပင် ချန်ရစ်ထားခဲ့ရလေသည်။
ဤသည်မှာ သူတို့ကို သွေးအန်သွားစေလောက်သည့် အရှက်ကွဲမှုပင်။
ချင်းရိ၏ လှပသည့်မျက်လုံးမှာလည်း တောက်ပနေလေသည်။ သူမသည် ဤနှစ်ကောင်ကိုကြည့်ကာ သူမနှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ ဤယောက်ျားနှင့်ကျောက်တုံးအတွဲမှာ လန့်စရာကောင်းလွန်းလှသည်။ တိုက်ပွဲမစရသေးသော်လည်း ထာဝရနန်းတော်သခင်လေး၏ စိတ်ဓာတ်မှာ ရိုက်ချခံလိုက်ရလေပြီ။
“အစီအရင်ကို မြန်မြန်ဖောက် … မင်းလေးနာရီအတွင်း ပြီးအောင်လုပ်နိုင်လား .. ခဏနေကျရင် သူဒီပစ္စည်းတွေအားလုံးကို ပြန်လာယူသွားနေဦးမယ်” ရှီဟောင် လောဆော်လိုက်သည်။
“ကောင်းပြီလေ .. ငါကြည့်လိုက်ဦးမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။
အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများသည် ဤကိစ္စကို တစ်ချိန်လုံး စောင့်ကြည့်နေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဟွမ်နှင့်ထာဝရနန်းတော်သခင်လေးတို့ကြားမှ တိုက်ပွဲဖြစ်ပြီး ဤတိုက်ပွဲ၏အကျိုးသက်ရောက်မှုများလည်း ကြီးမားမည်ပင်။
အားလုံးသည် မျှော်လင့်တကြီးဖြင့်ပင် စောင့်ကြည့်နေကြလေ၏။
သို့သော်လည်း ဤကဲ့သို့သော ရလဒ်မျိုးဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ သွေးသံတရဲရဲဖြင့် မတိုက်ခိုက်ရသေးခင်မှာပင် ဤလူနှင့်ကျောက်တုံးအတွဲမှာ ထာဝရနန်းတော်၏ သူရဲကောင်းကို ခြောက်လန့်လိုက်နိုင်ပြီး ကံကောင်းမှုတစ်ပုံတစ်ခေါင်းကြီးရသွားပြီဖြစ်သည်။
ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများမှာ တစ္ဆေသရဲများကို မြင်လိုက်ရသကဲ့သို့ပင်။ သူတို့၏အမူအရာများမှာ အလွန်ပင် တင်းမာနေလေသည်။
“အရှက်မရှိလိုက်တာ…”
အပြင်ဘက်လောကတွင်ရှိနေသည့် ထာဝရကြေးနန်းတော်ရှေ့တွင် အစေခံအိုကြီးများစွာ မတ်တပ်ရပ်နေကြသည်။ သူတို့သည် ဒေါသထွက်လွန်းလှသောကြောင့် မျက်လုံးများမှာ ပြူးကျယ်နေပြီး သူတို့၏ အဖြူရောင်မုတ်ဆိတ်မွေးများလည်း တုန်ခါနေလေသည်။
ရှေးဟောင်းကြေးနန်းတော်အတွင်းမှ အေးစက်သည့် နှာခေါင်းရှုံ့သံကိုပင် ကြားလိုက်ရသည်။ ဤသည်မှာ ထာဝရနန်းတော်အတွက် ကြီးမားသည့်အရှက်ရမှုကြီးပင်။ သူသည် စစ်ပွဲကြောင့်ဒဏ်ရာရသွားခြင်းမဟုတ်ပဲ ကြောက်လန့်တကြား ထွက်ပြေးသွားခြင်းသာ။ ဤသည်ကိုဘယ်လိုလုပ် သည်းခံနိုင်မည်နည်း..
“အဆင့်လွန်ခန်းမက မိစ္ဆာကောင် .. သူ့ရဲ့ဘိုးဘေးတွေတောင် ရှုံးနိမ့်ခဲ့တာက သူက ဒီနယ်မြေထဲမှာ ဆန့်ကျင်ချင်နေသေးတယ် .. သူ့ကိုအစောကြီးတကည်းက သတ်ပစ်လိုက်ရမှာ”
ထိုအချိန်တွင် နဂါးခေါင်းနှင့် မိကျောင်းပေါ်လာလေ၏။ ဤမိကျောင်းသည် တောင်တစ်လုံးကဲ့သို့ပင် ကြီးမားလှပြီး သွေးစွမ်းအင်များလည်း ကောင်းကင်ထက်သို့ပင် ပျံနံ့နေသည်။
ဤသည်မှာ နဂါးသွေးမျိုးဆက်ဘိုးဘေးမိကျောင်းပင်။ သူ၏မျိုးဆက်သေဆုံးသွားသော်လည်း ထာဝရနန်းတော်သခင်လေးသည် သူ၏မျိုးဆက်အတွက် လက်စားမချေပေးပဲ ဒဏ်ရာဖြင့် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူကိုယ်တိုင်သာ ထိုထာဝရရှေးဟောင်းမြေထဲသို့ ပြေးဝင်သွားလိုက်ချင်သည်။
ဤဘိုးဘေးမိကျောင်းမှာ ကောင်းကင်နတ်ဘုရားများကိုပင် သတ်နိုင်သောကြောင့် အားလုံးမှာ စိတ်ထဲတွင် တုန်လှုပ်နေကြသည်။
သို့သော် အားလုံးသည် ထိုကမ္ဘာငယ်လေးကိုသာ ပြန်၍အာရုံစိုက်လိုက်ကြသည်။ ရှီဟောင်တို့လူအုပ်စုမှာ ထိုကျောက်တုံးကို ယူသွားနိုင်မလားဆိုသည်ကို သူတို့သိချင်နေကြသည်။
“ထာဝရနန်းတော်သခင်လေးက သူ့ရဲ့ကိုယ်ပွားနဲ့ မူလခန္ဓာကိုယ်ပေါင်းပြီးတာနဲ့ လူငယ်မျိုးဆက်ထဲမှာ ပြိုင်ဘက်ကင်းဖြစ်သွားမှာလို့ ပြောကြတာ မဟုတ်ဘူးလား .. သူကဘာလို့ ဒီလိုမျိုးအခြေအနေဆိုးရွားသွားပြီးတော့ ပြန်တောင်မတိုက်ပဲနဲ့ ထွက်ပြေးသွားတာလဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
ဤသည်မှာ ထာဝရနန်းတော်ကို ဖြတ်ရိုက်လိုက်ခြင်းပင်။
အားလုံး ထိတ်လန့်သွားရသည်။ မည်သူကများ ဤသို့ ‘အဓိပ္ပာယ်မရှိသည့်’ စကားများကို ထာဝရနန်းတော်မှ စွမ်းအားရှင်များရှေ့တွင် ပြောရဲသနည်း .. သူတို့ဒုက္ခရောက်မှာကို မကြောက်ဘူးလား..
“ဟား ဟား .. ဟုတ်ပါ့ … တာအိုလေ့လာခြင်းကျောက်တုံးကိုတောင်မှ ဆုံးရှုံးလိုက်ရတယ် .. အဲဒီမျိုးဆက်ပြန်လာပြီးတော့ အသတ်ခံရဖို့ကို စောင့်ကြည့်ရတော့မှာပဲ” အခြားတစ်ယောက်မှ အပြစ်တင်ပြောဆိုလိုက်သည်။
“ဟက်…”
ကြေးနန်းတော်ထဲမှ အေးစက်သည့်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် ငွေရောင်လှိုင်းများ ထွက်ပေါ်လာပြီး ထိုလူများထံသို့ တိုက်ခိုက်လိုက်လေသည်။
ဝုန်း..
အရှေ့ဘက်မှ ပြိုင်ဘက်ကင်းသည့် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ပင် စွမ်းအားကြီးသည့် သက်ရှိတစ်ယောက်ပေါ်လာသည်။ သူ၏အရပ်သည် မိုးထိပင်မြင့်မားနေပြီး သူ၏ကျောဘက်တွင် ရွှေရောင်အတောင်ပံများလည်း ရှိနေသည်။ သူ၏အတောင်ပံကိုလှုပ်ခါလိုက်သည်နှင့် ကောင်းကင်ထက်သို့ ကြောက်စရာကောင်းသည့် အော်ရာများ လွင့်ပျံသွားသည်။
ထိုနန်းတော်မှ ထုတ်လွှတ်သည့်လှိုင်းများ ပျက်ပြယ်သွားပြီး သတ်ဖြတ်လိုသည့်စွမ်းအင်လှိုင်းတစ်ခုမှာ နန်းတော်ထံသို့ ပြန်လည်ဦးတည်သွားလေသည်။
အားလုံး ချွေးစေးများပင် ပြန်လာသည်။ ဤလူမှာ မည်သူနည်း.. ထာဝရနန်းတော်ရှေ့တွင်ပင် ဤကဲ့သို့ အကြောက်အလန့်မရှိ လုပ်ရဲနေသလား…
ထို သတ်ဖြတ်လိုသည့်စွမ်းအင်လှိုင်းမှာ ကြေးနန်းတော်ထံသို့ မရောက်ပဲ အလင်းများအဖြစ် ပျံ့ကြဲသွားလေသည်။ ကြေးနန်းတော်အတွင်းတွင်ရှိနေသည့် သက်ရှိမှာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင်ပင်။
“ကြယ်အရိပ်ကို အသုံးပြုနိုင်တယ် .. မင်းရဲခ့န္ဓာကိုယ်အစစ်လာမှ တိုက်ကြတာပေါ့” ကြေးနန်းတော်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် သာမန်လူများမပြောနှင့် ဂိုဏ်းခေါင်းဆောင်များပင်လျှင် ထိတ်လန့်သွားရသည်။ ထာဝရနန်းတော်မှ စွမ်းအားရှင်များ၏ စကားလုံးများမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။
သူကိုယ်တိုင် တိုက်ခိုက်ရလောက်အောင် ထိုက်တန်သည့်သူများများစားစားမရှိပေ။ ထိုသူများမှာ လောကကြီးကို ပြောင်းလဲပစ်နိုင်သည့် ကျွမ်းကျင်သူများသာ။
ထို့အပြင် ‘ကြယ်အရိပ်’ ဟူသည့်စကားလုံးတွင် ထူးဆန်းသည့်နတ်ဆိုးခွန်အားတစ်ခု ပါဝင်နေပြီး ဂိုဏ်းခေါင်းဆောင်များကိုပင် ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ထိုပညာကို ပြီးဆုံးအောင် ကျင့်ကြံနိုင်သည့်သူများမှာ အနည်းငယ်သာရှိသည်။
ကြယ်အရိပ်ဆိုသည်မှာ သူတို့သည် ကြယ်ကောင်းကင်၏အခြားတစ်ဖက်တွင်ရှိလျှင်ပင် သူတို့သည် အခြားတစ်ဖက်တွင် အချိန်တစ်ခဏခန့် အရိပ်ထင်အောင် လုပ်နိုင်လေသည်။
သူတို့သည် ထိုအချိန်တွင် တိုက်ပင် တိုက်ခိုက်နိုင်သည်။
ဤကဲ့သို့သောစွမ်းအားမှာ မယုံကြည်နိုင်လောက်အောင်ပင်။
“ဒါက ဘယ်သူလဲ .. ကြယ်အရိပ်ကိုတောင် လုပ်နိုင်တာ .. သူက ကြယ်ကောင်းကင်ရဲ့တစ်ခြားတစ်ဖက်မှာ ရှိနေပေမယ့်လည်း ထာဝရနန်းတော်က ပုဂ္ဂိုလ်ကြီးတွေနဲ့ တိုက်ခိုက်ဖို့အတွက် ပေါ်လာတာလား”
အားလုံးတုန်လှုပ်သွားရလေသည်။
“မသေမျိုးသက်ရှိ .. သူပဲ” နောက်ဆုံးတွင် ဤလူမှာ မည်သူဖြစ်မှန်း တစ်ယောက်ယောက်မှ မှတ်မိသွားသည်။
ရှီဟောင်သာ ဤနေရာတွင်ရှိနေလျှင် သူလည်း သေချာပေါက် မှတ်မိမည်ပင်။ ဤလူမှာ အဆင့်နိမ့်နယ်မြေတွင် လွတ်မြောက်ရန် ကြိုးစားခဲ့သည့်သူပင်။ သူပြန်ပေါ်လာလေပြီ။
“ထာဝရနန်းတော်က လူအိုကြီးတွေ .. ခင်ဗျားတို့ အသက်ကြီးနေတာကို လိုက်ကြွားမနေနဲ့ .. ဟွမ် အပြင်ဘက်လောကကို ပြန်ရောက်လာလို့ ခင်ဗျားတို့ သူ့ကို အနိုင်ကျင့်ရင်တော့ ကျုပ် စွန့်ပစ်နယ်မြေကနေ ပြန်လာမယ့်နေ့ကို စောင့်နေလိုက်တော့ .. ကျုပ် ခင်ဗျားတို့အားလုံးကို တစ်ယောက်ချင်းစီ ရှင်းပစ်မယ်”
အားလုံးတုန်လှုပ်သွားရသည်။ သူသည် ဂိုဏ်းအချို့၏ဖိအားကြောင့် စွန့်ပစ်နယ်မြေထဲသို့ ဝင်သွားရကြောင်းကို လူအတော်များများသိကြသည်။ သူသွားသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ယနေ့တွင် မထင်မှတ်ပဲ ဤနေရာ၌ ကြယ်အရိပ်ကို ပြသနေသည်။
“မင်းတို့အားလုံးက ငါဂရုစိုက်နေတဲ့လူငယ်လေးကို အနိုင်ကျင့်ချင်ကြတာလား .. မင်းတို့အားလုံးမှာလည်း တပည့်တွေ ရှိနေတယ် .. အဲဒီတော့ သူတို့အားလုံးအရှင်းမခံရချင်ရင် မင်းတို့ ကိုယ်ဟာနဲ့ကိုယ်နေတာ ပိုကောင်းလိမ့်မယ်” မသေမျိုးသက်ရှိမှ ထပ်ပြောလိုက်သည်။
သူ၏အနောက်တွင် မှုန်ဝါးနေသည့် အသက်ကြီးသည့်လူပုံရိပ်တစ်ခုလည်း ရှိနေလေသည်။ သူသည်လည်း စွန့်ပစ်နယ်မြေမှပင်။
ဂိုဏ်းအားလုံး တုန်ယင်သွားရသည်။ မသေမျိုးသက်ရှိသည် ဤနေရာတွင် ကြယ်အရိပ်စွမ်းရည်ကို ပြသနိုင်သောကြောင့် သူနောက်တစ်ဆင့်တက်သွားသည်မှာ သေချာသည်။
“ဟွမ်က .. ဒီလိုနောက်ခံမျိုးရှိနေတာပဲ .. ရန်စလို့မရတဲ့ မသေမျိုးအရှင်က သူ့နောက်မှာ ရှိနေတာ .. တကယ်ကို မထင်ထားစရာပဲ” တစ်စုံတစ်ယောက်မှ တီးတိုး ပြောလိုက်သည်။
“နည်းနည်းတော့ဆိုးတယ် .. အဆင့်နိမ့်နယ်မြေဆိုရင် .. အဲဒီမှာမိုးမခပင်လည်းရှိသေးတယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် အားလုံးပါးစပ်ပိတ်သွားကာ ဤအကြောင်းကို ဆက်မပြောကြတော့ပေ။
“မင်းပြန်လာရင် ငါကိုယ်တိုင်မင်းကို သတ်မယ်” ထာဝရနန်းတော်ထဲမှ အသံတစ်သံ ထွက်လာသည်။
“ငါသဘောကျတဲ့လူငယ်လေးကို ထိရဲတဲ့ဘယ်သူမဆို ငါတစ်ဂိုဏ်းလုံးရှင်းပစ်မယ်” မသေမျိုးသက်ရှိမှ ပြောလိုက်သည်။
ထို့နောက်တွင် ကြယ်အရိပ်ပျောက်ကွယ်သွားလေသည်။ အချိန်အတော်ကြာသည်အထိ မည်သူမှ စကားမပြောနိုင်ကြပေ။
….
ထာဝရနယ်မြေအတွင်းရှိ ကမ္ဘာငယ်လေးတစ်ခုတွင်
ထာဝရနန်းတော်သခင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖုံးလွှမ်းနေကာ သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ စုတ်ပြတ်နေသည်။ သူ၏ဒဏ်ရာများမှာ အတော်လေးပင် ပြင်းထန်လှပြီး သူ၏ဒဏ်ရာများ သက်သာစေရန်အတွက် အသက်ရှူနှုန်းများကို ထိန်းညှိနေရလေသည်။
အံ့အားသင့်ဖွယ်ကောင်းသည့် အသံများကို ကြားနေရပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ အနီရောင်သွေးစက်များ တစ်စက်စီကျလာလေသည်။ ထို့နောက်တွင် ထိုသွေးစက်များကို ကျောက်စိမ်းဗူးထဲသို့ သေချာသိမ်းထားလိုက်လေသည်။
ဤသည်မှာ ထာဝရသွေးများပင်။
သူ၏ကျင့်ကြံခြင်းမှာ နှောက်ယှက်ခံလိုက်ရသောကြောင့် သူထိုသွေးနှင့် ပေါင်းလို့မရသေးပေ။ ထို့ကြောင့် ထိုသွေးများကို သူ၏ခန္ဓာကိုယ်မှ ပြန်ထုတ်ပြီး သေချာသိမ်းထားလိုက်ခြင်းပင်။
ထို့နောက်မှသာ သူ၏ဒဏ်ရာများကို စတင်ကုသလိုက်သည်။ သူသည် နတ်အဆင့်သလင်းကျောက်တစ်ခုကို ထုတ်လိုက်ပြီး အဖုံးဖွင့်လိုက်သည်နှင့် တောက်ပနေသည့် နတ်ဆေးလုံး ထွက်လာလေသည်။ သူထိုဆေးကို တစ်ခါတည်းသောက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ မိုးခြိမ်းသံထွက်ပေါ်လာပြီးနောက် သူ၏အသွေးအသားများမှာ အလွန်သိသာသည့်အရှိန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာလေသည်။
ခရမ်းရောင်ဝါးရုံတောထဲတွင် တာအိုသင်္ကေတများ တောက်ပနေလေသည်။
နှစ်နာရီကြာပြီးသည့်နောက်တွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ရှေးဟောင်းအစီအရင်၏ ထောင့်လေးကို ချိုးဖောက်ပြီး လမ်းတစ်ခုဖွင့်နိုင်ခဲ့လေပြီ။
“ဟား ဟား .. တာအိုလေ့လာခြင်းကျောက်တုံး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထိုကျောက်တုံးကို ကိုက်စားရန်အတွက် တရှိန်ထိုးပြေးသွားလေသည်။
သို့သော် ရှီဟောင်သည် ချက်ချင်းပင် သူ့အားဖမ်းထားလိုက်လေ၏။ ဤကဲ့သို့သောပစ္စည်းမှာ ပျက်စီးသွား၍မရပေ။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ အရှုံးမပေးပဲ တစ်ကိုက်ကိုက်လိုက်သေးသည်။ ရလဒ်အနေဖြင့် နေရာအနှံ့တွင် မီးပွားများ လွင့်စင်ထွက်လာလေသည်။
“ဒီကျောက်တုံးစုတ်ကြီးက တော်တော်လေးကိုမာတယ် .. သူ့မှာ ငါလိုအပ်တဲ့ဘာနတ်ပစ္စည်းမှ မရှိလောက်ဘူး .. ငါစားလိုက်ရင်တောင်မှ တာအိုတွေကို နားလည်ဖို့ အထောက်အကူဖြစ်မှာမဟုတ်ဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးရေရွတ်လိုက်သည်။
“ဒီကျောက်တုံးဟုတ်တယ် .. ဒီကျောက်တုံးက ထာဝရနန်းတော်အပြင်ဘက်ကို ထွက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” ချင်းရိ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
“လေးလိုက်တာ…”
ရှီဟောင်ထိတ်လန့်သွားရ၏။ ဤကျောက်တုံးမှာ မယုံကြည်နိုင်လောက်အောင်ပင် လေးလံလှသည်။ ထို့ကြောင့်ပင် ကြယ်တစ်စင်းထက်လေးသည်ဟု ပြောနေကြခြင်းပင်။
ဤနေရာတွင်ရှိနေသည့် အစီအရင်ကြောင့်သာမဟုတ်ပါက မြေကြီးထဲသို့ နှစ်ဝင်သွားလောက်လေပြီ။
ရှီဟောင်သည် အကွာအဝေးမှော်ပစ္စည်းကို အသုံးပြုကာ ဤကျောက်တုံးကို သိမ်းထားရန် ကြိုးစားကြည့်သည်။ ထိုကျောက်တုံးမှာ တစ်ဖြည်းဖြည်းရွေ့လျားလာပြီး ဝိဉာဉ်ဘူးသီးထဲသို့ ဝင်သွားသော်လည်း နောက်ဆုံးတွင် ထိုဝိဉာဉ်ဘူးသီး ကွဲသွားလေသည်။
နတ်အဆင့်ပစ္စည်းပင် ဤကျောက်တုံးကို မသိမ်းဆည်းနိုင်ပေ။
နောက်ဆုံးတွင် ရှီဟောင်သည် ဆေးလုံးမီးဖိုကိုထုတ်ကာ ဖြည်းဖြည်းချင်း သိမ်းလိုက်သည်။ ပလုံဟူသည့်အသံနှင့်အတူ ဤကျောက်တုံးသည် လျှပ်စီးမြစ်ရေထဲသို့ ကျသွားလေ၏။ ယခုတစ်ကြိမ်တော့ သူအောင်မြင်သွားလေပြီ။
ဤဆေးလုံးမီးဖိုမှာ ဤကဲ့သို့သော ကိစ္စရပ်များပင်ပြုလုပ်နိုင်သောကြောင့် သူ ဤဆေးလုံးမီးဖိုကို ပို၍ပင် အံ့အားသင့်လာသည်။
“အဲဒီအဆင့်ရောက်ဖို့ ငါ့ကို အချိန်ခဏပေး .. ပြီးရင် မင်းအဆင့်တက်နိုင်ဖို့အတွက် ငါမင်းကို ဒီတာအိုလေ့လာခြင်းကျောက်တုံးကို လက်ဆောင်ပေးမယ်” ရှီဟောင် ချင်းရိကို ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် ဤနေရာကို စတင်ရှာဖွေလိုက်သည်။ ဤနေရာတွင် ဘိုးဘေးများ၏အမြင်များကို ရေးသားထားသည့် အရိုးစာအုပ်များရှိနေပြီး အချို့နတ်ရတနာများလည်း ပျံ့ကြဲနေလေသည်။ ထာဝရနန်းတော်သခင်လေးမှာ ဤပစ္စည်းများကို ယူချိန်မရလိုက်ပေ။ ထို့ကြောင့် ထိုပစ္စည်းများအားလုံးကို သူတို့သိမ်းယူလိုက်သည်။
“သူပြန်လာတာကို စောင့်မှာလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး မေးလိုက်သည်။
“မလိုဘူး .. သူ့ကို အချိန်ခဏလောက်တော့ ဒေါသထွက်ခိုင်းလိုက်ပါ .. ငါတို့အပြင်ဘက်မှာ သွားစောင့်ရအောင်” ရှီဟောင်ပြောလိုက်သည်။
“ကောင်းပြီလေး .. သူ့ကို ခဏလောက် ‘ပြန်စဉ်းစား’ ခိုင်းလိုက်တာပေါ့ … ဟား ဟား ဟား…” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ကျယ်လောင်စွာပင် ရယ်မောလိုက်လေ၏။
ထို့နောက်တွင် သူတို့သည် အစိမ်းရောင်ဝိဉာဉ်နယ်မြေသို့ ပြန်ထွက်သွားလိုက်သည်။
“သူဌေး ကျွန်တော့်ရဲ့ ရွှေရောင်ပန်ဟင်းအိုး ရပြီလား” ရှီဟောင်သည် ရတနာရှစ်သွယ်စံအိမ်အပြင်ဘက်မှ အော်မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး၏အမူအရာပြောင်းလဲသွားသည်။ ဤနတ်ဆိုးဘုရင် ပြန်လာပြီ .. သူက ထာဝရနန်းတော်သခင်လေးကို တကယ်သတ်လိုက်နိုင်တာများလား…
“အဲဒါက .. မရသေးပါဘူး” သူဌေးမှာ အနည်းငယ်ဆွံ့အသွားကာ အလွန်ပင် စိုးရိမ်နေလေသည်။ “ဒီလိုမျိုး သက်ရှိတွေက မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း ချက်ရတာပါ”
“ဟုတ်ပြီလေ .. အဲဒါဆိုရင်လည်း ဆက်ချက်နေလိုက်ဦး .. ကျုပ်တိုက်ပွဲတိုက်ပြီးသွားရင်တော့ ဒီရဲ့ ရွှေရောင်အတောင်ပံပန်ကို စားရဖို့ မျှော်လင့်တယ်” ရှီဟောင်ပြောလိုက်သည်။
ထို့နောက်တွင် သူသည် အခြားသူများကို ကြည့်လိုက်ကာ “ထာဝရနန်းတော်ကကောင်က ခဏနေရင် ပေါ်လာလောက်တယ် .. ဒီမှာ သူနဲ့သိတဲ့လူရှိလား .. သူ့ကို ဒီနေရာကိုလာပြီး အသေလာခံလို့ ပြောပေးပါဦး”
ထာဝရနန်းတော်သခင်လေးသည် ခရမ်းရောင်ဝါးရုံတောထဲတွင် ပြန်ပေါ်လာလေသည်။ အားလုံးရှုပ်ပွနေပြီး တာအိုလေ့လာခြင်းကျောက်တုံး ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူမျက်နှာပျက်သွားရသည်။ ထို့နောက်တွင် သူသည် ကောင်းကင်ထက်သို့ အော်ဟစ်လိုက်သည်။ သူ၏ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး ကြောက်စရာကောင်းလှသည့် နတ်အလင်းမီးတောက်များလည်း ထွက်ပေါ်လာလေသည်။
ခဏကြာပြီးသည့်နောက်တွင် သူသည် အလင်းတန်းမြို့သို့ရော်ကလာကာ မြို့ပြင်တွင် မတ်တပ်ရပ်လိုက်ပြီး “ဟွမ် .. မင်းငါနဲ့တိုက်ရဲလား .. ဒီနေ့ ငါမင်းခေါင်းကို ဖြတ်ပစ်မယ်”
လောကကြီးကို တုန်လှုပ်စေနိုင်သည့် အော်သံကြီးသည် အလင်းတန်းမြို့တစ်ခုလုံးကို လှုပ်ခါသွားစေလေသည်။
“ဟွမ် .. ဒီကိုထွက်ခဲ့စမ်း .. မင်းမသေချင်ရင် ငါမင်းကို အစေခံအနေနဲ့ခေါ်ထားပေးမယ်” ထာဝရနန်းတော်သခင်လေး ဟစ်ကြွေးလိုက်သည်။
“သခင်လေး .. သူက အစိမ်းရောင်ဝိဉာဉ်နယ်မြေမှာလို့ ပြောပါတယ်” အချိန်ခဏကြာပြီးမှသာ တစ်စုံတစ်ယောက်သည် တိတ်တဆိတ်ပင်ထွက်လာပြီး သတင်းလာပို့လေသည်။
ဝုန်း..
ထာဝရနန်းတော်သခင်လေးသည် ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
“ဟွမ် .. မင်းအညံ့ခံလိုက်တော့” ခဏကြာပြီးသည့်နောက်တွင် သူ အစိမ်းရောင်ဝိဉာဉ်နယ်မြေ၌ ပေါ်လာလေ၏။
ရှီဟောင်သည် ကောင်းကင်ထက်မှနေ၍ သူ့အားကြိုဆိုလိုက်သည်။ “နောက်ဆုံးတော့ မင်းရောက်လာပြီပဲ .. ငါမင်းကို အကြာကြီး စောင့်နေရတာ .. ဒါကမင်းရဲ့လူသားအစစ်ပုံလား .. မဟုတ်ရင် ငါမင်းကို ရွှေရောင်အတောင်ပံပန်လိုမျိုး ဟင်းအိုးထဲ ထည့်လိုက်မယ်”
အပိုင်း ၁၀၆၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၃ – အဆင့်လွန်သွေးပြန်လည်ရှင်သန်လာခြင်း
အနီးအနားတွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး ဆွံ့အသွားရသည်။ ဤနတ်ဆိုးဘုရင်လူငယ်လေးသည် သေရေးရှင်ရေး တိုက်ရတော့မည်ဖြစ်သော်လည်း ဤကဲ့သို့ ပြောနေသေးသည်။
“မင်းလက်နက်ချလိုက်တော့” ထာဝရနန်းတော်သခင်လေး ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူသည် သူ၏လက်ထဲတွင်ရှိနေသည့် ရဲဒင်းကို လွှဲရမ်းလိုက်ကာ လေဟာနယ်ကို ဖွင့်လိုက်ကာ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးသွားလေသည်။
ဒုန်း..
ရှီဟောင်သည်လည်း လေဟာနယ်ရဲဒင်းကို မြှောက်ကာ သူ့အားကြိုဆိုလိုက်သည်။ သူတို့နှစ်ဦးတိုက်ခိုက်သည့်အချိန်တွင် နားစည်ကွဲလောက်သည့်အသံများ ထွက်ပေါ်လာပြီး နေရာအနှံ့တွင် အနက်ရောင်အက်ကွဲကြောင်းများ ထွက်ပေါ်လာလေသည်။
“ရပ်တော့ .. ငါပြောတာ နားထောင်ပေးကြပါဦး..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အော်ဟစ်လိုက်သည်။ သူသည် အလင်းတန်းအဖြစ်ပြောင်းလိုက်ကာ အရှေ့ဘက်သို့ ပျံသန်းသွားလိုက်သည်။
အားလုံး ထိုအလင်းတန်းကို အာရုံစိုက်လိုက်ကြသည်။ ထာဝရနန်းတော်သခင်လေးပင်လျှင် ဤသည်ကို မမျှော်လင့်ထားပေ။ သူ၏မျက်နှာထက်တွင် အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရှိနေပြီး သူ၏အကြည့်များမှာလည်း ဓားသွားများကဲ့သို့ပင်။
“ဟမ် .. မင်းက တာအိုကောင်းကင်မျက်လုံး ပွင့်သွားပြီလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထာဝရနန်းတော်သခင်လေးကို ကြည့်ကာ မေးလိုက်သည်။ ထို့နောက်တွင် ထူးဆန်းစွာပင် အော်ဟစ်လိုက်ကာ “အဲဒါကြောင့်မို့လို့ မင်းမှာ ဗဟိုချက်ကျောက်တုံးတွေ အများကြီး ရှိနေတာကိုး … ဒါနဲ့ စကားမစပ် ကျေးဇူးအများကြီးတင်ပါတယ် .. ငါတို့ မင်းရဲ့လျှို့ဝှက်အသိုက်ကို သွားဖွခဲ့လို့ ဟွမ်က သူ့ရဲ့ကောင်းကင်မျက်လုံးကို မြန်မြန်ဖွင့်နိုင်ခဲ့တာ .. အဲဒါက တော်တော်လေးကို အထောက်အကူဖြစ်တယ်”
အနီးအနားတွင်ရှိနေသည် ကျင့်ကြံသူအားလုံးမှာ ခေါင်းများကွဲထွက်သွားမလိုပင် ခံစားလိုက်ရသည်။ ဗဟိုချက်ကျောက်တုံးများမှာ ဘာကျောက်တုံးဖြစ်သလဲဆိုသည်ကို လူအနည်းငယ်သာသိသည်။
ထိုအချိန်တွင် ထာဝရနန်းတော်သခင်လေး၏ ဆံပင်များ လေပေါ်မြှောက်တက်လာကာ တိုက်ပွဲအငွေ့အသက်များလည်း ထွက်ပေါ်လာလေသည်။ ရှီဟောင်၏ သူငယ်အိမ်ထဲတွင် ထူးဆန်းသည့်သင်္ကေတကို သူတွေ့လိုက်ရသည်။ ဤသည်မှာ တာအိုကောင်းကင်မျက်လုံးပွင့်သွားခြင်း၏ လက္ခဏာပင်။
အချို့လူများမှာ သူတို့၏မျက်ခုံးကြားတွင်ဖွင့်ပြီး အချို့လူများမှာ မျက်လုံးများထဲတွင် ဖွင့်ကြသည်။ ဖွင့်ပုံဖွင့်နည်းမတူသော်လည်း စကားလုံးများမှာ အတူတူပင်။ ထိုစကားလုံးများမှာ သင်္ကေတများ သိပ်သည်းခြင်းမှ ရလာခြင်းဖြစ်ပြီး တောက်ပလှသည်။
“မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်သွားပြီ” သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သင်္ကေတအလင်းတောက်ပလာကာ သတ်ဖြတ်လိုက်သည့်အငွေ့အသက်များမှာ ပို၍ပင် များပြားလာသည်။
“ထားလိုက်တော့ .. သူက လန့်နေတဲ့ခိုလိုမျိုး ကြောက်လန့်တကြားထွက်ပြေးသွားပြီးတော့ ငါတို့အတွက် အံ့ဩဖို့ကောင်းတဲ့ကျောက်တုံးကြီး ချန်ထားခဲ့တယ်ဆိုတာကို မပြောနဲ့တော့” ရှီဟောင်သည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို နောက်ဆုတ်ရန် လက်ဝေ့ရမ်းပြပြီး ပြောလိုက်သည်။
“အား…” ထာဝရနန်းတော်သခင်လေးမှာ ရူးတော့မတတ်ပင်။ သူ၏ဆံပင်များမှာ လုံးဝပင် ထောင်မတ်နေပြီဖြစ်ပြီး တိုက်ပွဲအငွေ့အသက်များလည်း အမြင့်ဆုံးသို့ ရောက်နေလေပြီ။
“သတ်…”
ထိုအချိန်တွင် ထာဝရနန်းတော်သခင်လေးသည် ခေါင်းကိုးလုံးငှက်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုခေါင်းကိုးလုံး,လုံးမှ အနက်ရောင်အလင်းများ ထွက်ပေါ်နေလေသည်။
ဝုန်း…
ရှီဟောင်သည်လည်း ချက်ချင်းပင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ဖြစ်သွားလေ၏။ သူသည် ကျူးယန်လူမျိုးစု၏ နတ်စွမ်းရည်ဖြင့် သူ့ကို ရင်ဆိုင်မည်ပင်။
ဒုန်း..
သူတို့နှစ်ဦးလုံးသည် ပြိုင်ဘက်ကင်းသည့် နတ်ဘုရားနှင့် နတ်ဆိုးများ ယှဉ်ပြိုင်နေသကဲသို့ ခွန်အားပြည့်ဖြင့်ပင် တိုက်ခိုက်နေကြခြင်းပင်။ သူတို့အနားတွင်ရှိနေသည့် တောင်များမှာ ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။
ကံကောင်းစွာဖြင့်ပင် သူတို့သည် ကောင်းကင်ထက်တွင် တိုက်ခိုက်နေကြခြင်းဖြစ်နေသောကြောင့်သာ။ မဟုတ်ပါက ဤထက်ပင် ပိုပျက်စီးဦးမည်ပင်။
“ခေါင်းကိုးလုံးနဲ့ မသေမျိုးခန္ဓာကိုယ်” ထာဝရနန်းတော်သခင်လေးမှ ရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အနက်ရောင်အလင်းများ တောက်ပလာပြီး ချက်ချင်းပင် ကောင်းကင်ကိုဖုံးလွှမ်းသွားနိုင်သည့် သင်္ကေတများ ထွက်ပေါ်လာလေသည်။ ခေါင်းကိုးလုံးမှာလည်း ကျမ်းစာများကို ရွတ်ဆိုလိုက်ပြီးနောက် နတ်ဆိုးနတ်ဘုရားကိုးယောက် ဖြစ်သွားလေသည်။
ရှီဟောင်၏အမူအရာမှာ ပြောင်းလဲမသွားပေ။ “လျှပ်စီးနဲ့ကောင်းကင်ဘုံကိုးခုကို ရွှေ့မယ်”
ထိုအချိန်တွင် ဘက်ပေါင်းစုံမှ တိမ်များစုဝေးလာပြီး ကောင်းကင်ကိုပင် ချိတ်ဆက်သွားကာ ကမ္ဘာမြေကြီးကိုလည်း ရွေ့လျားစေလေသည်။ သူသည်ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ လျှပ်စီးအားလုံးကို စုဝေးလိုက်ခြင်းဖြစ်ပြီး လျှပ်စီးအတိဒုက္ခကို ခေါ်လိုက်ခြင်းပင်။
လျှပ်စီးများမှာ ပင်လယ်တစ်စင်းကဲ့သို့ပင် ကျရောက်လာလေ၏။ နတ်ဆိုးနတ်ဘုရားကိုးဦးလည်း မလွတ်မြောက်နိုင်ပေ။ သူတို့အားလုံးကို လျှပ်စီးများ ဝန်းရံထားလေသည်။ မူလခန္ဓာကိုယ်တစ်ခုသာ ရဲဒင်းဖြင့် လေဟာနယ်ကို ထိုးဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားနိုင်လေသည်။
ရလဒ်အနဖြင့် နတ်အဆင့်နတ်ဆိုးကိုးယောက်မှာ တစ်နေရာစီဖြစ်သွားကြသည်။
ဝုန်း..
“ကိုးယောက်က ဖျက်ဆီးခံလိုက်ရပေမယ့် မသေဘူး … ပြန်ပေါ်လာမယ်” ထာဝရနန်းတော်သခင်လေး ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ ပျံ့ကြဲသွားသည့် နတ်ဆိုးနတ်ဘုရားကိုးဦးမှာ မထင်မှတ်ပဲ နောက်တစ်ကြိမ်ပြန်ပေါ်လာကာ ပေါင်းစည်းသွားလေ၏။
“မင်းရဲ့ မူလခန္ဓာကိုယ်က မသေဆုံးနိုင်တဲ့ ခေါင်းကိုးလုံးငှက်လို့ မပြောနဲ့နော်…” ရှီဟောင် ထိတ်လန့်သွားရသည်။
ရွှီးဟူသည့်အသံနှင့်အတူ သူသည် အရှေ့ဘက်သို့ တရှိန်ထိုးပြေးသွားလိုက်သည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများမှာ ကျောက်စိမ်းကဲ့သို့တောက်ပနေသည့် ထူးဆန်းသည့်သင်္ကေတတစ်ခုလည်း ရှိနေလေသည်။ ကောင်းကင်အတိဒုက္ခအလင်းမှာ အဆုံးအစမရှိအောင်ပင် ထွက်ပေါ်လာပြီး အရှေ့ဘက်သို့ တရှိန်ထိုး ပြေးဝင်သွားကာ ထိုခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် မှော်ခုခံနိုင်စွမ်းကို အသုံးပြုကာ ထာဝရနန်းတော်သခင်လေးထံသို့ ပြေးဝင်သွားလိုက်သည်။
ထိုအချိန်တွင် နတ်ဆိုးနတ်ဘုရားများ နောက်တစ်ကြိမ် ပျောက်ကွယ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သင်္ကေတများမှ ဖြစ်ပေါ်လာခြင်းဖြစ်သောကြောင့် ရှီဟောင်၏စွမ်းရည်အောက်တွင် တစ်စစီဖြစ်သွားသည်။
ဖုန်း..
သူတို့နှစ်ဦး၏ လက်ဝါးများ ထိပ်တိုက်တွေ့သွားသည်။
ဖူး..
ထာဝရနန်းတော်သခင်လေးမှာ သွေးအန်ပြီး နောက်ဆုတ်သွားရသည်။ ဤသည်မှာ အသွေးအသားချင်းသာ တိုက်ခိုက်ခြင်းမဟုတ်။ တစ်ဖက်လူသည် သူ၏သင်္ကေတများကို ခုခံနိုင်စွမ်းရှိသော်လည်း ကောင်းကင်အတိဒုက္ခအလင်းမှာမူ အလုပ်လုပ်နေဆဲပင်။
ဤတိုက်ခိုက်မှုမှ ထာဝရနန်းတော်သခင်လေး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။
ကြည့်နေသည်သူများအားလုံး အမူအရာများ ပြောင်းလဲသွားကြသည်။ ပြိုင်ဘက်ကင်းသည့် ထာဝရနန်းတော်သခင်လေးသည် သူ၏ခန္ဓာကိုယ်နှစ်ခုကို ပေါင်းစပ်ပြီးသွားသော်လည်း သွေးအန်သွားသေးသည်။ ဟွမ်သည် မည်မျှပင် စွမ်းအားကြီးသနည်း..
ရှီဟောင်သည်လည်း ထိတ်လန့်သွားရသည်။ ထာဝရနန်းတော်သခင်လေးမှာ သူ၏ကိုယ်ပွားနှင့် ပေါင်းစည်းပြီးသွားသည့်နောက်တွင် အမှန်တကယ်ပင် အတော်လေးစွမ်းအားကြီးလာသည်။ သူအပြာရောင်ကျောက်လမ်း သုံးထောင်မှရခဲ့သည့်အကျိုးကျေးဇူးများကြောင့်သာ မဟုတ်ပါက သူ၏ကန့်သတ်ချက်ကို ရောက်ပြီး သူပြဿနာတက်နေလောက်လေပြီ။
သူတို့နှစ်ဦးလုံးထံတွင် ထာဝရစွမ်းအင်သာလိုအပ်တော့သည်။ ယခုအချိန်တွင် သူတို့သည် လုံးဝထိပ်ဆုံးကို ရောက်နေပြီဖြစ်သည်။
“လက်များစွာနဲ့ထာဝရလူသား”
ထာဝရနန်းတော်သခင်လေး လျင်မြန်စွာပင် လှုပ်ရှားလိုက်သည်။ ရှီဟောင်၏ ထူးဆန်းသည့်စွမ်းရည် ပျက်ပြယ်သွားသည်နှင့် သူသည် အရှေ့ဘက်သို့ တရှိန်ထိုးပြေးလာကာ တိုက်ခိုက်လိုက်သည်။ ယခုအချိန်တွင် သူသည် ခေါင်းကိုးလုံးရှိရုံသာမက လက်အများကြီးလည်း ရှိနေလေပြီ။
ထိုလက်မောင်းများမှာ တံဆိပ်များဖြစ်ပေါ်လာပြီး ထာဝရလူသားတံဆိပ်ကို ပြုလုပ်နေလေသည်။ ဤသည်မှာ လက်ရှိလောကတွင် ကန့်သတ်ခံထားရသည့် အဖိုးတန်ပညာတစ်ခုဖြစ်ပြီး ထာဝရနန်းတော်ဂိုဏ်းကို ကာကွယ်ပေးသည့် ပညာတစ်ခုပင်။
သူရှီဟောင်ကို တကယ်ဒေါသထွက်နေခြင်းပင်။ သူသည် တတ်နိုင်သမျှရှီဟောင်အား မြန်မြန်သတ်ပစ်ချင်နေလေပြီ။
ဝုန်း…
ရှီဟောင်၏ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်လုံး ကြီးမားလာပြီး ခွန်ပန်အတောင်ပံလည်း ပေါ်လာလေသည်။ ယခုတစ်ကြိမ်တွင် ကြီးမားလှသည့် အတောင်ပံသုံးစုံ ပေါ်လာခြင်းပင်။ ထိုအတောင်ပံများသည် ပြင်းထန်စွာပင် လှုပ်ခါနေလေသည်။
ထိုအချိန်တွင် သူ၏လက်ခြောက်ဖက်သည်လည်း တောက်ပလာကာ လက်ဝါးများမှ သင်္ကေတများ ထွက်ပေါ်လာကာ ကောင်းကင်လက်ဖြစ်လာလေသည်။
ဤအဖိုးတန်ပညာသည် လက်ရှိတွင် ပျက်စီးနေဆဲဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏စွမ်းအားများကို ပြသလာမည်ပင်။ သို့သော်လည်း အနည်းငယ်မှုန်ဝါးနေဆဲပင်။ ယခုတစ်ကြိမ်တွင် ရှီဟောင်သည် ထိုပညာကို လျှပ်စီးနှင့်အတူ အသုံးပြုလိုက်ခြင်းပင်။
သူသည် အဖိုးတန်ပညာနှစ်ခုကို ပေါင်းစည်းကာ အားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။
ဒုန်း..
ယခုတစ်ကြိမ်တိုက်ခိုက်မှုမှာ ပြင်းထန်လှသည်။ ခွန်ပန်အတောင်ပံများသည် ကောင်းကင်ကို ဖွင့်ဟလိုက်ပြီး ထာဝရလူသားတံဆိပ်သည်လည်း ဤလောကတွင်ရှိနေသည့် အရာအားလုံးကို ဖိနှိပ်သွားလေသည်။ လျှပ်စီးများသည်လည်း ခေါင်းကိုးလုံးမသေမျိုးငှက်ထံသို့ ဦးတည်သွားနေလေ၏။
ဤနေရာတစ်ခုလုံးတွင် သင်္ကေတများမှာ ကောင်းကင်ထက်သို့ ဖုံးလွှမ်းသွားလေသည်။
ဖုန်း..
သူတို့နှစ်ယောက်လုံး လွင့်ထွက်သွားပြီး သူတို့၏ ပါးစပ်နှင့်နှာခေါင်းမှ သွေးများစီးကျလာသည်။
ခပ်ဝေးဝေးတွင် အရာအားလုံးမှာ တိတ်ဆိတ်နေပြီး မည်သူမျှဘာမှမပြောရဲပေ။ ဤလူနှစ်ယောက်မှာ စွမ်းအားကြီးလွန်းသည်။
ချင်းရိ စိုးရိမ်လာရသည်။ ရှီဟောင်အကြောင်းကို သူမထက်မည်သူမှ ပိုမသိနိုင်ပေ။ သို့သော်လည်း သူသည် ထာဝရနန်းတော်သခင်လေးကို မဖိနှိပ်နိုင်သေးပေ။
ရှီဟောင်နေရာတွင် အခြားသူသာဆိုပါက ယခုလေးတင် ခန္ဓာကိုယ်နှင့် ဝိဉာဉ်နှစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဟု သူမယုံကြည်သည်။
အပြင်ဘက်လောတွင်ရှိနေသည့် ကျင့်ကြံသူများမှာမူ ဤကဲ့သို့ တွေးနေကြခြင်းမဟုတ်ပေ။ ထာဝရနန်းတော်သခင်လေးသည် မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားပေါင်းစည်းပြီးသွားသည်နှင့် သူသည် ဤလောကကြီးတွင်ရှိနေသည့် သူရဲကောင်းအားလုံးကို ရှင်းပစ်နိုင်လိမ့်မည်ဟု သူတို့ယုံကြည်နေကြခြင်းပင်။ သူ့ကို တိုက်ခိုက်နိုင်သည့်သူ ပေါ်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ ဟွမ်မှာ သူ့ကို တားဆီးနိုင်လေသည်။
ထာဝရနန်းတော်သခင်လေးမှာ တည်ငြိမ်နေပြီဖြစ်ပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၏ လှုံ့ဆော်မှုမှ လွတ်မြောက်သွားပြီဖြစ်သည်။ သူသည် ဤလောကတွင် ပြိုင်ဘက်ကင်းသူဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။
သူ၏မျက်လုံးများမှာ သိမ်းငှက်မျက်လုံးကဲ့သို့ စူးရှနေပြီး လျှပ်စီးများကဲ့သို့ပင် အေးစက်နေလေသည်။ သူသည် ရှီဟောင်၏အားနည်းချက်ကိုရှာကာ တစ်ချက်တည်းဖြင့် ပွဲသိမ်းအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
အခြားတစ်ဖက်တွင်မူ ရှီဟောင်သည်လည်း ဤကဲ့သို့ တွေးနေခြင်းပင်။ သူသည်လည်း တစ်ဖက်လူ၏ အားနည်းချက်ကို ရှာဖွေနေလေ၏။
“သတ်..”
သူတို့နှစ်ဦးသည် အော်ဟစ်လိုက်ကြကာ နောက်တစ်ကြိမ် ပြေးလာကြသည်။
ထာဝရနန်းတော်သခင်လေး၏ ကျောဘက်တွင် ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး ဖီးနှစ်အစစ်၏အတောင်ပံများ ထွက်ပေါ်လာလေ၏။ တောက်ပနေသည့်အမွေးအတောင်များမှာ ထာဝရဓားများကဲ့သို့ပင်။ လေထဲတွင် တချွမ်ချွမ်အသံများ ထွက်ပေါ်နေလေသည်။
ဤသည်မှာ နတ်စွမ်းရည်တစ်ခုပင်။
ဤသည်မှာ ပြီးပြည့်စုံသည့် ဖီးနှစ်အစစ်အဖိုးတန်ပညာမဟုတ်သေးသော်လည်း စွမ်းအားအကြီးဆုံးပညာများထဲမှ တစ်ခုဖြစ်နေဆဲပင်။
ထို့အပြင် သူ၏လက်များမှ တံဆိပ်များဖြစ်ပေါ်လာပြီး ထာဝရဘုရင်အဆီးအတားကိုးခုကို ပြုလုပ်နေလေသည်။ သူသည် ထိုအဆီးအတားကို အသုံးပြုကာ လေဟာနယ်ထဲတွင် လှောင်အိမ်တစ်ခုကို ပြုလုပ်လိုက်သည်။
ကောင်းကင်ထက်တွင် တောက်ပသည့်အလင်းများ ဖုံးလွှမ်းသွားပြီး အဆုံးမရှိသည့် သဘာဝဥပဒေသများလည်း ထွက်ပေါ်လာသည်။ လေဟာနယ်ရှိ နေရာတိုင်းတွင် ရှေးဟောင်းသစ်ပင်များပေါ်လာပြီး ထိုသစ်ပင်များအားလုံးမှာ လျှပ်စီးဖြင့် ဖန်တီးထားခြင်းပင်။ ထိုအချိန်တွင် ရှီဟောင်သည် ခွန်နှင့်ပန် ပညာနှစ်ခုလုံးကို အသုံးပြုလိုက်လေသည်။
ဝုန်း..
နှစ်ဘက်လုံးမှာ တုန်ယင်သွားကြကာ ပြင်းထန်စွာပင် တိုက်ခိုက်ကြလေ၏။ နောက်ဆုံးတွင် သူတို့နှစ်ဦးလုံး အနောက်ပြန်ဆုတ်သွားကြလေသည်။
ရှုထောင့်အချို့မှကြည့်လျှင် သူတို့နှစ်ဦးသည် အမြင့်ဆုံးသို့ ရောက်နေပြီဖြစ်ပြီး နောက်ဆုံးတစ်ဆင့်သာ လိုတော့သည်။ ယခုအချိန်တွင် မည်သူက မည်သူ့ထက်သာသည်ကို ပြောနိုင်ရန် ခက်ခဲနေသည်။
“ဒါက အဆင့်တူတဲ့လူနှစ်ယောက် တိုက်တဲ့တိုက်ပွဲဆိုပေမယ့် နှစ်ယောက်လုံးက နောက်ဆုံးအဆင့်ကို မရောက်သေးဘူး … အဲဒီတော့ အလားအလာကောင်းတဲ့သူနဲ့ မကောင်းတဲ့သူရှိဦးမှာပဲ .. မင်းလက်လျော့လိုက်တော့” ထာဝရနန်းတော်သခင်လေးမှ အော်ပြောလိုက်သည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် စတင်လောင်ကျွမ်းလာကာ တစ်လက်မစီတိုင်းမှ အလင်းရောင်များ ထွက်ပေါ်နေလေသည်။ သူသည် ရှိသမျှအရာအားလုံးကို အသုံးပြုကာ နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲကို တိုက်ခိုက်တော့မည်။
သူသည် အလွန်ပင် ယုံကြည်ချက်ရှိနေလေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားသည် သီးသန့်စီကျင့်ကြံကြကာ ခန္ဓာကိုယ်၏ ရတနာများကို ဖွင့်ထားခြင်းပင်။
ရှီဟောင်သည် အကြောက်အလန့် ကင်းနေဆဲပင်။ သူသည်လည်း ရှိသမျှအရာအားလုံးကို ထုတ်လွှတ်လိုက်သည်။ နတ်ခွန်အားများမှာ အဆုံးအစမရှိနိုင်အောင် ထွက်ပေါ်လာပြီး အလွန်လည်းကြောက်စရာကောင်းလှသည်။ သူ၏ခန္ဓာကိုယ်တစ်လက်မစီတိုင်း တောက်ပလာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးဖိုကြီးတစ်ခုကဲ့သို့ပင်။
“အမ်…”
ရုတ်တရက်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ထူးခြားမှုတစ်ခုကို ရှီဟောင်ခံစားလိုက်ရသည်။ သူ၏အသွေးအသားများမှာ ထူးဆန်းသည့်အလင်းများကို ထုတ်လွှတ်နေကာ ဆူနာမီမုန်တိုင်းသံကိုလည်း ကြားနေရသည်။
သူထိတ်လန့်သွားရသည်။ ဤကဲ့သို့သော ခံစားချက်မျိုးမှာ အံ့အားသင့်စရာကောင်းလွန်းလှပြီး ဤခံစားချက်ကို သူရင်းနှီးနေသလို ခံစားနေရသည်။ ရုတ်တရက်ပင် သူမှတ်မိသွားသည်။ သူ ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပြီး အိပ်ပျော်သည့်အခြေအနေသို့ ရောက်သွားသည့်အချိန်တွင် ဤကဲ့သို့သော ခံစားချက်ကို ခံစားခဲ့ရခြင်းပင်။
“ဒါက အဆင့်လွန်သွေးလား…” သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံတွင် ရှိနေသည့် တောက်ပနေသည့်သွေးများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးနှင့် ချိတ်ဆက်နိုင်ရန် ကြိုးစားနေကြလေသည်။
ထိုအချိန်တွင် သူသည် ကောင်းကင်လက်၏ သင်္ကေတအပြည့်အစုံကို မြင်လိုက်ရသည်။ ထိုအချိန်တစ်ခဏအတွင်းမှာပင် သူသည် ထိုသင်္ကေတများကို နက်ရှိုင်းစွာပင် နားလည်သွားလေ၏။
“ထင်ထားတဲ့အတိုင်းပဲ” သူအတော်လေး တုန်လှုပ်သွားရသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ရတနာသိုက်ပွင့်လာသလိုပင် သူခံစားလိုက်ရသည်။ အဲဒီတော့ ဒါက ဒီလိုမျိုးခံစားရတာလား .. ထိုထူးဆန်းသည့်အဆင့်လွန်သွေး နောက်တစ်ကြိမ်ပြန်ပေါ်လာကာ ယခုတစ်ကြိမ်တွင် နေရာအားလုံးကို ဖုံးလွှမ်းသွားလေပြီ။
“ငါမင်းကို ပြောရင်တောင် အသုံးမဝင်တော့ပါဘူး .. ငါက ထာဝရစွမ်းအင်မရသေးပေမယ့် ထာဝရမြူတွေပေါ်လာပြီ .. မင်းအသက်ကို အဆုံးရှုံးခံလိုက်တော့” ထာဝရနန်းတော်သခင်လေးသည် အောက်ဘက်သို့ ဆင်းလာရင်းဖြင့်ပင် အော်ဟစ်လိုက်သည်။
ထိုမြူများကို အသုံးပြုလုပ်ချင်လျှင် သူသည် ရှိသမျှအားလုံးထုတ်သုံးရမည်ဖြစ်ပြီး သူ၏စွမ်းအင်ပမာဏအများကြီးကို အသုံးပြုရမည်ပင်။
ရှီဟောင်သည် တည်ငြိမ်နေဆဲပင်။ ယခုအချိန်တွင် သူ၏အဆင့်လွန်သွေး၏ စွမ်းအားများ ပြန်ပေါ်လာလေပြီ။ သူသည် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်သည်။ ယခုတစ်ကြိမ်တွင် ကောင်းကင်လက်တကယ်ပေါ်လာပြီဖြစ်ပြီး ထိုလက်တွင် ပြန်လည်ဝင်စားခြင်းသင်္ကေတများလည်း ရှိနေသည်။
“ထာဝရတာအိုမြူဟုတ်လား .. အသတ်ခံရမယ့်လူက မင်းပဲ” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။
ဝုန်း..
သွေးစွမ်းအင်များမှာ သမုဒ္ဒရာကဲသို့ပင် ထွက်ပေါ်လာလေသည်။ သူသည် ကမ္ဘာဦးကတည်းက ရှိခဲ့သည့် စွမ်းအားရှင်တစ်ယောက် ပြန်လည်မွေးဖွားလာသကဲ့သို့ပင် သေမျိုးလောကကို အုပ်မိုးထားလေသည်။
အမှန်တကယ်တွင် သူ၏ပုံရိပ်မှာ ကြီးမလာပေ။ သို့သော်လည်း အခြားသူများကို ဤကဲ့သို့ ခံစားရစေလေသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ အဆင့်လွန်သွေးများသည် ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာလေသည်။ ထိုသွေးများသည် သူ၏အရိုးများကြားမှ ထွက်ပေါ်လာလေသည်။
ကောင်းကင်လက်နှင့် ပြန်လည်ဝင်စားခြင်းသင်္ကေတတို့ ပေါင်းစပ်သွားပြီး သူ၏စွမ်းအားမှာ ဘယ်နှဆပင် တိုးသွားမှန်း မသိရပေ။ ရှီဟောင်သည် အရှေ့ဘက်သို့ ခြေလှမ်းကျယ်ကြီး လှမ်းလိုက်ကာ လက်ဝါးရိုက်ချက်တစ်ခုကို ပို့လွှတ်လိုက်သည်။
ဖုန်း..
ထာဝရနန်းတော်သခင်လေး၏ အဖိုးတန်ပညာများ ပျံ့ကြဲသွားကာ ထာဝရတာအိုမြူများလည်း လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားလေသည်။
ဖူး..
ထာဝရနန်းတော်သခင်လေးသည်လည်း လွင့်ထွက်သွားကာ သွေးအန်သွားလေသည်။ သူ၏အရိုးဘယ်နှချောင်းတောင် ကျိုးသွားသလဲ မသိပေ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ငါက ခန္ဓာကိုယ်နှစ်ခုနဲ့ ကျင့်ကြံထားတာ .. ငါ့မှာအဆုံးမရှိတဲ့အလားအလာတွေရှိနေတယ် … ဘာလို့ဒီလိုမျိုး ဖြစ်ရတာလဲ” ထာဝရနန်းတော်သခင်လေးသည် ကောင်းကင်ထက်တွင် ဟစ်ကြွေးနေလေ၏။
ရှီဟောင်၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အဆင့်လွန်သွေးများမှာ ပို၍ပင် တောက်ပလာသည်။ မွေးရာပါသင်္ကေတနှစ်ခု ပေါင်းစပ်သွားကာ ဆက်တိုက်ပင် ပြောင်းလဲနေပြီး အလွန်လည်း ကြောက်စရာကောင်းလိုက်သည်။ ရှီဟောင်သည် သူ၏လက်ကို သာမန်ကာလျှံကာ လှုပ်ရှားလိုက်သည်နှင့် တဒုန်းဒုန်းအသံများ ထွက်ပေါ်လာပြီး ထာဝရနန်းတော်သခင်လေး၏ ခန္ဓာကိုယ်တစ်ခြမ်း ပေါက်ကွဲသွားကာ ထပ်မံလွင့်ထွက်သွားလေသည်။
အပိုင်း ၁၀၆၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၄ – ထာဝရနန်းတော်သေဆုံးခြင်း
အသက်ဓာတ်ပြည့်နေသည့် အစိမ်းရောင်ဝိဉာဉ်နယ်မြေတွင် ..
“ငါဒါကို လက်မခံနိုင်ဘူး” ထာဝရနန်းတော်သခင်လေး အနောက်ဆုတ်လျက် ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ အိုမင်းရင့်ရောက်လာပြီး တစ်စစီဖြစ်နေလေသည်။ ရှီဟောင်၏လက်ဝါးမှာ စွမ်းအားကြီးလှကာ အဆင့်လွန်ပညာနှစ်ခု ပါဝင်နေသည်။
ကောင်းကင်လက်သည် သူ၏ခန္ဓာကိုယ်ကို အက်ကွဲသွားစေပြီး ပြန်လည်ဝင်စားခြင်းသင်္ကေတများက သူ၏ခန္ဓာကိုယ်အား ညှိုးရော်လာစေသည်။
အစပိုင်းတွင် အားလုံးထင်ထားသည်မှာ သူ၏ခန္ဓာကိုယ်တစ်ခြမ်းသာ စုတ်ပြတ်သတ်သွားသည်ဟု ထင်နေကြခြင်းပင်။ သို့သော် နောက်ပိုင်းဖြစ်ပျက်သွားသည်များမှာ သူတို့အား ဆံပင်မွေးများပင် ထောင်ထသွားစေသည်။
ထာဝရနန်းတော်သခင်လေးသည် အသက်ကြီးလာကာ သူ၏အသွေးအသားများမှာ ကြွေထည်များကဲ့သို့ပင် တစ်စစီပဲ့ကျလာလေ၏။ သူ၏သွေးများပင် တောက်ပမှုမရှိတော့ပဲ အနက်ရောင်ဖြစ်နေလေပြီ။
အခြားတစ်ဖက်တွင်ရှိနေသည့် ရှီဟောင်မှာမူ တည်ငြိမ်နေပြီး သူ၏မျက်လုံးများမှာ နတ်သက်တံ့ကဲ့သို့ပင် တောက်ပနေလေ၏။ သူ၏အသွေးအသားထဲတွင်ရှိနေသည့် အဆင့်လွန်သွေးသင်္ကေတများမှာ လည်ပတ်နေကြလေသည်။ သူသည် ဤလောကသို့ ဆင်းသက်လာသည့် နတ်ဆိုးအရှင်တစ်ယောက်ကဲ့သို့ပင် အားလုံးကို စီးမိုးကြည့်နေလေသည်။
“အား…” ထာဝရနန်းတော်သခင်လေးမှ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ စုတ်ပြတ်နေလေပြီ။
“မသေဆုံးနိုင်တဲ့ သေခြင်းတရားကိုးခု”
ပြန်လည်ဝင်စားခြင်းသင်္ကေတများ ပျောက်ကွယ်သွားသည်နှင့် သူကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်အလင်းများ ထွက်ပေါ်လာပြီး ကြီးမားလှသည့် အနက်ရောင်အတောင်ပံတစ်စုံလည်း သူ၏နောက်ကျောဘက်တွင် ပေါ်လာလေ၏။ ထိုအတောင်ပံမှာ ဆက်တိုက်ပင် လှုပ်ခတ်နေလေသည်။
ဝုန်း..
နေလုံးကြီးကိုပင် အနက်ရောင်အလင်းများဖုံးလွှမ်းသွားပြီး ထူးဆန်းသည့်သင်္ကေတများ ပျံ့လွင့်လာကာ သူ့ကို ဝန်းရံသွားပြီး သူ၏အသွေးအသားများနှင့် ပေါင်းစည်းသွားလေသည်။
“ဒါက တကယ်ပဲ အသက်ကိုးချောင်းရှိတဲ့ ခေါင်းကိုးလုံးမသေမျိုးငှက်လား” ရှီဟောင်ထိတ်လန့်သွားရသည်။ ထာဝရနန်းတော်သခင်လေး ပြောင်းနေသည်ကို တားဆီးခြင်းမရှိပဲ တည်ငြိမ်စွာပင် ကြည့်နေလေ၏။
ရွှီး..
ထာဝရနန်းတော်သခင်လေး၏ဒဏ်ရာများမှာ လုံးဝပင် ပျောက်ကွယ်သွားလေသည်။ သူ၏အသွေးအသားများ တောက်ပလာကာ သူ၏အနက်ရောင်အတောင်ပံများမှလည်း နတ်မြှားနှင့်တူသည့် အမွေးအတောင်များကို ပစ်လွှတ်နေလေသည်။
ရှီဟောင်သည် သူ၏မူလနေရာတွင်သာ ရပ်နေပြီး ရှောင်တိမ်းခြင်းမပြုပေ။ သူ၏ကောင်းကင်လမ်းကြောင်းကို ထုတ်လိုက်ကာ သူ့ကိုကာကွယ်ပေးထားသည့် အလင်းဒိုင်းကာတစ်ခုကို ပြုလုပ်လိုက်သည်။
ဤအနက်ရောင်အမွေးအတောင်များသည် နတ်မြှားထက်ပင် ထက်ရှလှပြီး တောင်များကို ဖောက်ထွက်နိုင်သော်လည်း ယခုအချိန်တွင် ဤမြှားများသည် တစ်လက်မစီပဲ့ကြွေနေပြီး အရှေ့ဆက်မတိုးနိုင်တော့ပေ။
ကောင်းကင်လမ်းကြောင်းအပြင်ဘက် ရှီဟောင်ခြေထောက်နားတွင် ပျက်စီးနေသည့် မြှားများပုံနေပြီး အနက်ရောင်အလင်းကို ထုတ်လွှတ်နေလေသည်။
“မင်းရဲ့အမွေးတွေကို နှုတ်ထားပြီးတော့ အချက်စားခံရဖို့အတွက် အသင့်ပြင်နေတာလား” ရှီဟောင် မေးလိုက်၏။
ထာဝရနန်းတော်သခင်လေးသည် ဒေါသတကြီးပင် အော်ဟစ်လိုက်ကာ ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်ကြောများမှာ တစ်ခုပြီးတစ်ခု ပြိုကျသွားလေသည်။
မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားပေါင်းပြီးသွားသည့်နောက်တွင် သူသည် ဤလောက၌ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်သင့်သော်လည်း ယခုအချိန်တွင် သူသည် ဒုတိယအကြိမ်ရှုံးနိမ့်သွားလေပြီ။ ဤသည်မှာလည်း ဆိုးဆိုးရွားရွားရှုံးနိမ့်သွားခြင်းပင်။
“မင်းမှာ အသက်ကိုးချောင်းရှိနေရင်တောင်မှ ငါ မင်းအသက်တွေအားလုံးကို သတ်ပေးမယ်” ရှီဟောင် လျှောက်လာလိုက်သည်။ ယခုအချိန်တွင် သူ၏အဆင့်လွန်သွေးများ နှိုးထလာသောကြောင့် သူသည် ယခင်ကထက်ပင်ပို၍ စွမ်းအားကြီးလာလေပြီ။
“သွားသေလိုက်တော့” ထာဝရနန်းတော်သခင်လေးမှာ ရူးသွပ်တော့မတတ်ပင်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ထာဝရအမွေးအတောင်ချပ်ဝတ်တန်ဆာရောက်ရှိလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာလေသည်။ သူ၏ဘေးနားပတ်လည်တွင် အဖြူရောင်အမွေးများ ပေါလောပေါ်နေလေသည်။
ထို့နောက်တွင် သူသည် ထာဝရတာအိုမြူ အနည်းငယ်ကို ထပ်မံပြုလုပ်လိုက်သည်။
ရှီဟောင်သည် သူ၏တာအိုကောင်းကင်မျက်လုံးကို ဖွင့်ကာ သေချာဆန်းစစ်ကြည့်လိုက်သည်။
ဤမြူများမှာ ထာဝရမြူအစစ်နှင့် မယှဉ်နိုင်ကြောင်း သူတွေ့လိုက်ရသည်။
“မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင် မင်းလမ်းမင်းသွားလို့ရပြီ” ရှီဟောင်ပြောလိုက်၏။ သူ ထပ်ပြီးအချိန်မဖြုန်းချင်တော့ပေ။
ထိုစကားသံများထွက်လာသည့်အချိန်တွင် အားလုံး တိတ်ဆိတ်သွားရပြီး သူတို့စိတ်လှုပ်ရှားသွားကြသည်။
“သတ်…”
ထာဝရနန်းတော်သခင်လေးသည် တရှိန်ထိုးပြေးလာကာ သူ၏ထာဝရအမွေးအတောင်စစ်ဝတ်စုံမှာ တောက်ပနေပြီး ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်နေလေသည်။ သူ၏ထာဝရမြူများမှာ ပို၍ထူထပ်လာကာ သိပ်သည်းလာသလိုပင်။
“ထာဝရအစစ်မဟုတ်သေးပဲနဲ့ မင်း အဲဒီအဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူး .. သွားသေလိုက်တော့” ရှီဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူ၏လက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖုံးအုပ်သွားကာ အရှေ့ဘက်သို့ ဖိနှိပ်လိုက်သည်။
“သေရမှာက မင်း..” ထာဝရနန်းတော်သခင်လေး၏ မျက်လုံးများတွင် သင်္ကေတများ ရောယှက်လာပြီး သူကောင်းကင်မျက်လုံးများလည်း ပြူးကျယ်လာသည်။ သူ၏ထာဝရအမွေးအတောင်စစ်ဝတ်စုံမှာ တစ်စစီဖြစ်သွားကာ နေရာအနှံ့သို့ ပျံ့သွားလေသည်။
စစ်ဝတ်စုံမှာ မထင်မှတ်ထားစွာပင် တစ်စစီပျံ့သွားခြင်းပင်။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်အလင်းများမှာ ပင်လယ်လှိုင်းကဲ့သို့ပင် ကောင်းကင်ထက် တရှိန်ထိုးတက်သွားပြီး အရပ်မျက်နှာပေါင်းစုံကို လွှမ်းခြုံသွားလေသည်။ ရှီဟောင်ရှိနေသည့်နေရာမှာ ပို၍ပင် ကြောက်စရာကောင်းနေသေးသည်။
“အား…” အချို့လူများမှာ သနားစဖွယ်ပင် အော်ဟစ်လိုက်ကြသည်။ အစိမ်းရောင်အလင်းဖြတ်သွားသည်နှင့် သူတို့၏အသွေးအသားများ ခမ်းခြောက်သွားကာ သူတို့၏အသက်ဓာတ်လည်း ပျောက်ကွယ်သွားရသည်။
အားလုံးမှာ ကြောက်လန့်တကြားဖြင့်ပင် နောက်ဆုတ်လိုက်ကြသည်။
“ဒါက ဘာကြီးလဲ” အချို့လူများမှာ ချက်ချင်း မသေသွားသော်လည်း ဤသည်ကို ခုခံနိုင်ရန် ခက်ခဲသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ချက်ချင်းပင် တစ်ဖြည်းဖြည်းအားနည်းလာလေသည်။
ရှီဟောင်ချက်ချင်းပင် မျက်နှာပျက်သွားရသည်။ သူသည် အသံရှည်ကြီးတစ်ခုကို အော်ဟစ်လိုက်သည်။ သူ၏အနက်ရောင်ဆံပင်များမှာ နဂါးများနှင့်မြွေများ ထိုးတက်သွားသကဲ့သို့ပင်။ သူ၏မျက်လုံးများလည်း အေးစက်နေလေသည်။
သူ၏လက်က တောက်ပလာကာ လက်ဝါးမှာ သင်္ကေတများ ထွက်ပေါ်လာလေသည်။
တချွမ်ချွမ်အသံများ ထွက်ပေါ်လာကာ ထိုအစိမ်းရောင်အလင်းများမှာ ကောင်းကင်လက်ကြောင့်ရပ့်တန့်သွားကာ သူ၏ပုံစံအမှန် ပြန်ပေါ်လာလေသည်။ ဤသည်မှာ အစိမ်းရောင်သံကြေးဖြစ်နေလေသည်။
ဤသည်မှာ ထာဝရနန်းတော်၏ကျိန်စာပင်။
ဤသံကြေးမှာ ထာဝရနန်းတော်၏အဆင့်လွန်ရတနာဖြစ်ပြီး ကြေးနီထာဝရနန်းတော်မှ ရလာသည့်ကြေးနီများကို လျှို့ဝှက်နည်းလမ်းဖြင့် ပြန်လည်ပြုပြင်ထားခြင်းပင်။ ဤသံကြေးများမှာ လူတစ်ယောက်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါက ဖယ်ရှားနိုင်ရန် ခက်ခဲပြီး နာကျင်စွာပင် သေဆုံးသွားရမည်သာ။
ရှီဟောင်သည် အဆင့်နိမ့်နယ်မြေတွင် ဤအစိမ်းရောင်သံကြေးကြောင့် သေမလိုဖြစ်ခဲ့သေးသည်။ ထို့ကြောင့် ယခု ထိုသံကြေးကို ထပ်မြင်လိုက်ရသည့်အချိန်တွင် သူ ဘယ်လိုလုပ် စိတ်မတိုပဲ နေမည်နည်း…
သို့သော်လည်း အခြေအနေများမှ မတူတော့ပေ။ ယခုအချိန်တွင် သူသည် နတ်ဘုရားတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ထာဝရနန်းတော်ကို တည်ငြိမ်စွာဖြင့်ပင် ရင်ဆိုင်နေနိုင်ပြီဖြစ်သည်။
အစိမ်းရောင်အလင်းများသည် ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာသော်လည်း သူ့ထံသို့ မရောက်မီမှာပင် ပျံ့ကြဲသွားလေသည်။
ထာဝရနန်းတော်သခင်လေးသည် မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေပြီး သူ၏ပါးစပ်မှလည်း ကျမ်းစာများကို ရွတ်ဖတ်နေလေသည်။ သူ၏ခန္ဓာကိုယ်တွင် ထာဝရအလင်းများရစ်သိုင်းသွားပြီး သူ၏လက်များမှလည်း တံဆိပ်များဖြစ်ပေါ်နေလေသည်။
“သတ်…”
သူ အော်ဟစ်လိုက်သည်။ အစိမ်းအရောင်အလင်းများမှာ သိပ်သည်းသွားပြီး အလင်းတစ်ခုဆိုလျှင် လက်သီးအရွယ်အစားခန့် ရှိသွားကာ ဓားအလင်းတန်းထဲသို့ ထက်ရှနေသည်။ ထိုအလင်းသည် ရှီဟောင်ထံသို့ ပျံသန်းသွားလေ၏။
ဤသည်မှာ ကျမ်းစာနှင့် မှော်တံဆိပ်၏အကူအညီကြောင့်ကြီးလာသည့် ကျိန်စာပင်။
ဝုန်း..
ရှီဟောင်၏ ကောင်းကင်လမ်းကြောင်း လှုပ်ရှားသွားလေ၏။
ဖုန်း..
ရှီဟောင်သည် လက်နှစ်ချောင်းထုတ်လိုက်ကာ ထိုအစိမ်းရောင်သံကြေးကို လက်နှစ်ချောင်းကြား ညှပ်လိုက်သည်။
“မင်း ပညာတွေကုန်သွားပြီလား … ဘာရှိသေးလဲ .. ပညာအကုန်လုံးကို ထုတ်ပြလို့ရတယ်” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
သို့သော် ဤစကားလုံးများသည် ထာဝရနန်းတော်သခင်လေးကို ပိုဒေါသထွက်သွားအောင် ဆွပေးသလိုဖြစ်သွားလေ၏။ သူသည် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသကဲ့သို့ပင် ယိမ်းယိုင်သွားလေ၏။ ယခုအချိန်တွင် သူ၏ယုံကြည်ချက်များ အတော်လျော့နည်းနေပြီဖြစ်သည်။
ယခုအချိန်တွင် မည်သူမျှဘာမှမပြောရဲပဲ အားလုံးမှာ တိတ်တဆိတ်သာ စောင့်ကြည့်နေကြလေသည်။ မကြာမီတွင် ကိစ္စကြီးကြီးတစ်ခု ဖြစ်လာတော့မည်ကို အားလုံးသိနေကြသည်။
ဝုန်း…
ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုပြီးသည့်နောက်တွင် သွေးမိုးများရွာသွန်းလာပြီး ထာဝရနန်းတော်သခင်လေးမှာ နောက်တစ်ကြိမ်အသတ်ခံလိုက်ရလေသည်။ သာမန်လူသာဆိုလျှင် သူတို့ခန္ဓာကိုယ်ပျက်စီးသွားပြီး တာအိုမီးတောက်လည်း ငြိမ်းသတ်သွားလောက်လေပြီ။
သို့သော် ထာဝရနန်းတော်သခင်လေး၏ ခန္ဓာကိုယ်မှာ ပြန်ဆက်သွားပြီး နောက်တစ်ကြိမ်ပြန်လည်အသက်ရှင်လာလေသည်။
“ခေါင်းကိုးလုံးငှက် .. မသေဆုံးနိင်တဲ့ခန္ဓာကိုယ်နဲ့ အသက်ကိုးချောင်း” သူ့ထံတွင် ဤကဲ့သို့သော ရှေးဟောင်းသွေးမျိုးဆက်ရှိနေသည်မှာ သေချာသွားလေပြီ။
“ဒါလည်းမဆိုးပါဘူး .. မင်းကို ကိုးခါသတ်လိုက်ရင် သေဆုံးခြင်းနဲ့ရှင်သန်ခြင်းရဲ့ ကွာခြားချက်ကို မင်းသိသွားမှာပဲ” ရှီဟောင်ပြောလိုက်၏။
ထို့နောက် သူ၏အဆင့်လွန်သွေးများ နောက်တစ်ကြိမ်တောက်ပလာလေသည်။ သူ၏ခန္ဓာကိုယ်ကို ထူးခြားသည့်စွမ်းအင်များ ဝန်းရံသွားလာလေသည်။
တိုက်ပွဲပေါင်းများစွာ ပြီးဆုံးသွားသည့်နောက်တွင် ထာဝရနန်းတော်သခင်လေး၏သွေးများမှာ အစိမ်းရောင်ဝိဉာဉ်နယ်မြေကို သွေးရောင်လွှမ်းသွားအောင် လုပ်လိုက်လေသည်။ သူသည် အကြိမ်ပေါင်းများစွာ အသက်ပြန်ရှင်နိုင်သော်လည်း သူသည် မီးစာကုန်ခမ်းနေသည့်မီးအိမ်နှင့် တူနေလေပြီ။ အသက်တစ်ခါပြန်သွင်းတိုင်း ပေးဆပ်ရသည့်ပမာဏမှာလည်း များပြားလှသည်။ သွေးမျိုးဆက်တစ်ခုတည်းကြောင့် မသေနိုင်ဆုံးနိုင်ပဲ ထပ်ခါတလဲလဲ ပြန်လည်ရှင်သန်နေခြင်းဆိုသည်မှာ မဖြစ်နိုင်ပေ။
“မင်းတို့ရဲ့ကျိန်စာအစွမ်းကို မင်းခံစားကြည့်လိုက်” ရှီဟောင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ အစိမ်းရောင်သံကြေးတစ်ခုကို ပစ်လွတ်လိုက်သည်။
“အား….”
ထာဝရနန်းတော်သခင်လေးသည် သနားစဖွယ်ပင် အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိမ်းရောင်တောက်ပလာပြီး သူ၏အမူအရာမှာလည်း ကြောက်စရာကောင်းလွန်းလှသည်။ သူ၏မြင့်မြတ်သည့်အော်ရာအားလုံးလည်း ပျောက်ကွယ်သွားလေ၏။
ဖူး..
နောက်ဆုံးတွင် သူသည် နောက်တစ်ကြိမ်ပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ် သေဆုံးသွားလေသည်။
“ကြည့်ရတာ အသက်ကိုးချောင်းဆိုတာ သီအိုရီထဲမှာပဲ ရှိတာထင်တယ် .. မင်းမှာအများဆုံး အသက်ငါးချောင်းပဲရှိမှာ” ရှီဟောင်ပြောလိုက်၏။
နောက်ဆုံးအကြိမ် ကျရှုံးသွားသည့်အချိန်တွင် ထာဝရနန်းတော်သခင်လေးသည် ဒေါသတကြီးပင် ဟစ်ကြွေးလိုက်ကာ ခုခံနိုင်ရန်အတွက် တတ်နိုင်သမျှ ကြိုးစားလိုက်သည်။ သို့သော် နောက်ဆုံးတွင် သူသည် အခြေအနေကို မပြောင်းလဲနိုင်ပဲ ထိုနေရာတွင် သေဆုံးသွားကာ သူ၏အလောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ယခုတစ်ကြိမ်တွင် သူပြန်ရှင်မလာနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်နှင့် တာအိုမှာ ဖျက်ဆီးခံလိုက်ရလေပြီ။
အစိမ်းရောင်ဝိဉာဉ်နယ်မြေမှာ တိတ်ဆိတ်သွားပြီး အားလုံး တုန်ယင်သွားရဿည်။ အလွန်ပင် စိတ်ကြီးဝင်သည့် ထာဝရနန်းတော်သခင်လေး … စီရင်စုသုံးထောင်တွင် စွမ်းအားအကြီးဆုံး အဆင့်လွန်လူငယ်ဟု သတ်မှတ်ခံထားရသည့်သူက ဤကဲ့သို့ပင် အသတ်ခံလိုက်ရပြီလား..
တစ်ခဏကြာပြီးသည့်နောက်တွင် အားလုံးအသိဝင်လာကာ ဆူညံသွားလေ၏။ ဤသည်မှာ ကမ္ဘာငယ်လေးအားလုံးကို ရိုက်ခတ်နိုင်သည့် မုန်တိုင်းကြီးတစ်ခုပင်။
ဤသည်မှာ ဤရှေးဟောင်းမြေထဲသို့ ဝင်ပြီးကတည်းက အာရုံအစိုက်ခံရဆုံး တိုက်ပွဲတစ်ခုလည်းဖြစ်သည်။ ထာဝရနန်းတော်သခင်လေးမှာ အသတ်ခံရပြီး သေသွားလေပြီ။
“ဟွမ် .. နိုင်သွားပြီ .. သူက ပြိုင်ဘက်ကင်းတဲ့ ထာဝရနန်းတော်သခင်လေးကို အနိုင်ယူလိုက်ပြီ”
“နတ်ဆိုးဘုရင်က ပြိုင်ဘက်ကင်းပဲ .. ထာဝရနန်းတော်ကအဆင့်လွန်လူငယ်လေးက သူ့ပြိုင်ဘက်မဟုတ်ဘူး”
ဤနေရာမှာ အုတ်အော်သောင်းတင်း ဖြစ်နေလေပြီ။
ရှီဟောင်သည် သူ၏နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည်။ ဤသည်မှာ သူ၏အဆင့်လွန်သွေး မနှိုးထလာခင်က ရရှိခဲ့သည့် ဒဏ်ရာပင်။
“သူက ဘာလူမျိုးစုလဲ .. လူသားပုံစံဆိုပေမယ့် ငွေရောင်သွေးရှိနေတယ်” ရှီဟောင်သည် ထာဝရနန်းတော်သခင်လေး အလောင်းကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏သွေးများမှာ နီနေသော်လည်း ငွေရောင်အလင်းရှိနေသည်။
ထာဝရနန်းတော်သခင်လေးမှာ သေချာပေါက်ပင် ခေါင်းကိုးလုံးငှက်သွေးမျိုးဆက်ဖြစ်သော်လည်း အခြားမျိုးရိုးတစ်ခုလည်း ရှိဦးမည်ပင်။
ရှီဟောင်သည် ထာဝရနန်းတော်၏သခင်လေးကိုယ်ထံမှ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ သူသည် အလွန်ပင်အရေးကြီးသည့် ကျောက်စိမ်းဗူးကို တွေ့ရှိခဲ့သည်။
ဤသည်မှာ — ထာဝရသွေးပင်။
ရွှီး..
ရှီဟောင် ထာဝရသွေးကို သိမ်းယူလိုက်သည်နှင့် လေဟာနယ်ထဲမှ ဓားအလင်းတန်းတစ်ခု ဖောက်ထွက်လာကာ သူ၏ဦးခေါင်းအနောက်ဘက်သို့ ဦးတည်လာလေသည်။ ထိုဓားသွားမှာ အင်မတန်ပင် ထက်ရှလှသည်။
ရှီဟောင်သည် အခြားနေရာသို့ ရွေ့သွားလိုက်ပြီး ထိုဓားသွားကို ရှောင်ရှားလိုက်သည်။ သူ၏လှုပ်ရှားမှုများမှာ လျင်မြန်လှပြီး ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့လေသည်။
ဤသည်မှာ သွေးများစီးကျနေသည့် နတ်ဓားတစ်ချောင်းပင်။ ထိုဓားမှာ ယခင်က သက်ရှိပေါင်း သန်းပေါင်းများစွာကို သတ်ထားသကဲသို့ပင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေလေသည်။
သို့သော် ထိုနတ်ဓားမှာ ချက်ချင်းပင် အရောင်မှိန်သွားကာ လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ထို့နောက်တွင် ထိုဓားကို ထုတ်လွှတ်လိုက်သည့်လူလည်း ထွက်ပြေးတော့မည်ပင်။
“ကောင်းကင်နိုင်ငံကလူ .. ငါမင်းတို့ကို ပစ်မှတ်မထားတာတောင်မှ မင်းက ငါ့ကို တိုက်ခိုက်ချင်သေးတယ်” ရှီဟောင်၏မျက်လုံးများ အေးစက်လာကာ သူ၏လက်ထဲတွင် လောဟာနယ်ရဲဒင်းပေါ်လာလေသည်။
ရွှီး…
သူသည် လေဟာနယ်ကို ဖွင့်လိုက်ကာ ထိုလူနောက်လိုက်သွားလိုက်သည်။
ဝုန်း..
ထို့နောက်တွင် ဤနေရာတွင်ရှိနေသည့်လေဟာနယ်မှာ ပျက်စီးလာလေသည်။ ဓားအလင်းများထွက်ပေါ်လာပြီး ရဲဒင်းကြီးလည်း တောက်ပနေလေသည်။ အချိန်နှင့်အမျှ လေဟာနယ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။
ဖူး..
ထိုအသံထွက်လာပြီးသည့်နောက်တွင် သွေးများလွင့်စင်လာပြီး လေဟာနယ်ထဲမှ ခေါင်းတစ်လုံးနှင့်အတူ ပျက်စီးနေသည့်နတ်ဓားတစ်ချောင်း ပြုတ်ကျလာလေ၏။
ရှီဟောင်သည် နတ်ဆိုးကောင်းကင်နတ်ဘုရားကဲ့သို့ပင် လမ်းလျှောက်လာလေသည်။ သူ၏လက်ထဲတွင် သွေးစွန်းနေသည့် ရဲဒင်းတစ်လက်ရှိနေလေသည်။
“ထပ်ရှိသေးတာလား .. မင်းတို့က ဘယ်ကိုသွားချင်နေသေးတာလဲ” ရှီဟောင်၏နတ်အာရုံများမှာ အလွန်ပင် ထက်ရှလှသည်။ သူ၏လက်ထဲမှ ရဲဒင်းသည် နေရာတစ်ခုကို ဖွင့်ဟလိုက်ကာ ထိုနေရာမှ ပုံရိပ်တစ်ခုပေါ်လာပြီး ထွက်ပြေးရန် ကြိုးစားနေလေသည်။
ရုတ်တရက်ပင် အကန့်အသတ်မရှိသည့် ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ကောင်းကင်နိုင်ငံမှ နတ်အဆင့်ကျွမ်းကျင်သူကို တားဆီးလိုက်လေသည်။
အန္တရာယ်မပေးပုံပေါ်သည့် ဖက်တီးလေးသည် ဖရိုဖရဲဓားစွမ်းအင်များကို ထုတ်လွှတ်နေလေသည်။ ဤလူမှာ ချောင်ယုရှန်းပင်။
“လူသတ်သမား .. မပြေးနဲ့ ပြန်သွားစမ်း” ထို့အပြင် ကြွေရုပ်လေးနှင့်တူသည့် မိန်းကလေးတစ်ယောက်ပေါ်လာလေသည်။ သူမ၏ဆံပင်များမှာ ဖြူဆွတ်နေပြီး ကြီးမားလှသည့် မျက်လုံးနီလည်း ရှိနေလေသည်။ သူမသည် တိုးတိတ်စွာပင် အော်ဟစ်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားနေသည့် ကောင်းကင်နိုင်ငံကျွမ်းကျင်သူကို တားဆီးလိုက်လေသည်။
သူမသည် လကျောက်စိမ်းယုန်ဖြူလေးပင်။
ကောင်းကင်နိုင်ငံမှ နတ်အဆင့်ကျွမ်းကျင်သူမှာ မျက်နှာပျက်ယွင်းသွားရသည်။ အစိမ်းရောင်လအလင်းတန်းများ ဝန်းရံထားသည့် အမျိုးသမီးတစ်ယောက်သည်လည်း ဤဘက်သို့ လာနေသောကြောင့် သူ လွတ်လမ်းမရှိတော့ပေ။
ဤနေရာတွင် ဟွမ်တစ်ယောက်တည်း ဟွမ်တစ်ယောက်တည်းရှိလျှင်ပင် သူ ထွက်ပြေးနိုင်မည်မဟုတ်ပေ။
“မင်း ကိုယ့်ဘဝကိုကိုယ် အဆုံးသတ်မလား .. ဒါမှမဟုတ် ငါအဆုံးသတ်ပေးရမလား” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
ပုံမှန်ဆိုလျှင် မည်သူက ကောင်းကင်နိုင်ငံကို ဆန့်ကျင်ရဲမည်နည်း .. မည်သူက နတ်အဆင့်ကျွမ်းကျင်သူများကို အထင်သေးရဲမည်နည်း..
ဖူး..
ကောင်းကင်နိုင်ငံမှ ကျွမ်းကျင်သူသည် မထင်မှတ်စွာပင် သူ့ကိုယ်သူအဆုံးစီရင်လိုက်ကာ အလောင်းလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
ရှီဟောင်သည် ယုန်လေး၊ ချောင်ယုရှန်းနှင့် ချင်းရိတို့ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ရတနာရှစ်သွယ်အိမ်ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။
“သူဌေး … ရွှေရောင်အတောင်ပံ ပန် ဟင်းအိုး ရပြီလား..”
“ရ .. ရပါပြီ” ရတနာရှစ်သွယ်အိမ်သူဌေးမှာ တုန်ယင်နေသည့်အသံဖြင့်ပင် အလျင်စလို ပြန်ပြောလိုက်လေသည်။
ရွှေရောင်အတောင်ပံပန်ကို ချက်နေသည့်အတွင်းမှာပင် သူသည် ထာဝရနန်းတော်သခင်လေးကိုသတ်လိုက်ပြီး အစိမ်းရောင်ဝိဉာဉ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့လေသည်။
“ကောင်းလိုက်တာ .. ငါတို့မှာ ပန်အသားနဲ့ သောက်ဖို့က မြင့်မြတ်တဲ့ဝိုင်ရှိတယ် .. ဒါက တကယ်ကို ခံစားလို့အရမ်းကောင်းတာပဲ” ဖက်တီးလေး ရယ်မောလိုက်သည်။
“ဒါပေမဲ့ .. ငါအသားမှ မစားတာ” ယုန်ဖြူလေးရေရွတ်လိုက်သည်။
“မင်းမူးလာရင် အမြဲတမ်းလာလုစားနေတာ .. နောက်ဆုံးကျတော့ အများဆုံးစားတဲ့သူက မင်းဖြစ်သွားတာပဲ” ရှီဟောင် ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ .. ငါအသားမစားဘူး” ယုန်ဖြူလေးသည် သူမ၏ခြေထောက်ကို လွှဲရမ်းလိုက်လေသည်။
ဖုန်း..
ရှီဟောင်သည် သူ၏ခြေထောက်လမ်းကြောင်းမှ ရှောင်လိုက်သည်နှင့် ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်တစ်လုံးပြိုကျသွားသည်။ ဤသည်မှာ နာမည်ကြီးသည့် ‘ယုန်ခြေလှမ်း’ပင်။
ရှီဟောင်သည် ကျယ်လောင်စွာပင် ရယ်မောလိုက်ကာ ထိုကောင်မလေး ဆံပင်များ ပွသွားသည်အထိ သူမခေါင်းကို ပွတ်သပ်လိုက်လေသည်။
“ငါ နင်နဲ့ သူသေကိုယ်သေချမှာ” ယုန်ဖြူလေးမှ အော်ဟစ်လိုက်သည်။
အပိုင်း ၁၀၆၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၅ – ရဲဘော်ရဲဘက်များ
ယုန်ဖြူလေးသည် သူမ၏ လက်သည်းများကို ထုတ်လိုက်လေ၏။ သူမ၏မျက်လုံးများမှာ ပြူးကျယ်ဝိုင်းစက်နေပြီး သူမကို ဖြူစင်သည့်ပုံ ပေါက်နေစေလေသည်။
ရှီဟောင်သည် ထာဝရနန်းတော်သခင်လေးထံမှ ရလာသည့် မြင့်မြတ်ဆေးပင်တစ်ပင်ကို သူမပါးစပ်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။ သူမသည် ချက်ချင်းပင် ရပ်တန့်သွားကာ သူနှင့် ‘သူသေကိုယ်သေ’ မတိုက်တော့ပေ။
ဂျွတ် ဂျွတ်…
မိန်းကလေးသည် ဂေါ်ဖီထုပ်ကို ဝါးစားနေသကဲ့သို့ပင် တဂျွတ်ဂျွတ်အသံမည်အောင် စားနေလေသည်။ ထိုဆေးပင်သည် ခရမ်းရောင်တောက်ပနေပြီး သူမ၏အပြုံးများမှာ ပို၍ပင် တောက်ပလာလေသည်။
ဤသည်မှာ လွန်လွန်းအားကြီးသည်… ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် အားလုံးတိတ်တဆိတ်ပင် ကျိန်ဆဲလိုက်ကြသည်။ မြင့်မြတ်ဆေးပင်ကို ဤကဲ့သို့ ဖြုန်းတီးရသလား… ဤဆေးပင်ကို မပြုပြင်ပဲ အစားအစာကဲ့သို့ပင် ဝါးစားနေသည်။
“သွားကြစို့ .. ပန်အသားစားဖို့ ငါမင်းတို့အားလုံးကို ဖိတ်ခေါ်တယ်” ရှီဟောင်သည် လက်ဝေ့ရမ်းကာ သူတို့အား ဦးဆောင်ခေါ်သွားလေသည်။
သူထွက်မသွားမီတွင် ထာဝရနန်းတော်သခင်လေးအလောင်းကို မီးရှို့ပစ်ခဲ့သေးသည်။ ‘အုတ်ဂူထဲမှ ပြန်လည်ရှင်သန်လာခြင်းများ’ ဖြစ်လာမည်စိုးသောကြောင့်ပင်။
ဤနေရာမှာ ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။ ထာဝရနန်းတော်သခင်လေးမှာ ဤကဲ့သို့ပင် သူ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်မှာ အဆုံးသတ်သွားလေပြီ။ စီရင်စုသုံးထောင်လုံးတွင် ပြိုင်ဘက်ကင်းသည်ဟု နာမည်ကြီးသည့် ဂျီးနီးယပ်စ်တစ်ယောက်မှာ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီ။
အပြင်ဘက်လောကတွင်လည်း ဖရိုဖရဲဖြစ်နေသည်သာ။
ထာဝရနန်းတော်မှာ မည်မျှပင် ထူးခြားသည့်မျိုးဆက်တစ်ခုဖြစ်သနည်း.. သူတို့မျိုးဆက်အရေအတွက်မှာ ငါးယောက်ထက်မပိုသော်လည်း အစေခံများနှင့် အခြားသူများကိုပါ ထည့်တွက်လိုက်လျှင် သူတို့သည် အခြားဂိုဏ်းကြီးများ၏ အထက်တွင်ရှိနေသည်သာ။
သူတို့၏ နန်းတော်အရှင်ဟောင်းဆိုလျှင် အဆင့်မြင့်နယ်မြေ၌ သူ့ကိုယှဉ်နိုင်သည့်သူ မည်မျှရှိမည်နည်း…
ဤဂိုဏ်းသည် အခြားမျိုးဆက်များစွာကို အသားစီးရခဲ့ပြီး ဒဏ္ဍာရီလာထာဝရလူသားများနှင့် ဆက်စပ်နေသည့်ဂိုဏ်းပင်။ ထို့အပြင် သူတို့သည် အဆင့်လွန်ခန်းမကိုပင် အနိုင်ယူခဲ့သေးသည်။
ဤဂိုဏ်း၏ မျိုးဆက်သည်လည်း ထာဝရရှေးဟောင်းမြေထဲတွင် အသတ်ခံလိုက်ရလေပြီ။ အသက်ကယ်ရတနာများပင် အသုံးမဝင်တော့ပေ။ ထို့အပြင် သူသည် ငါးကြိမ်ဆက်တိုက် အသတ်ခံရခြင်းပင်။
ဤသည်မှာ မည်မျှပင် ထိတ်လန့်စရာကောင်းလိုက်သနည်း…
လေဟာနယ်ထဲတွင် ပေါလောပေါ်နေသည့် ထိုရှေးဟောင်းကြေးနန်းဆောင်သည် ဖရိုဖရဲစွမ်းအင်များ ရစ်သိုင်းကာ တည်ငြိမ်နေလေသည်။ သို့သော် အနီးအနားတွင်ရှိနေသည့် အစေခံများမှာမူ မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာသည့် ဒေါသနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ခံစားနေရပြီး တုန်ယင်နေလေပြီ။
“တိချုန်းက .. ဒီလိုပုံစံနဲ့ သေသွားပြီပေါ့ .. သူက ဧကရာဇ်တစ်ယောက်ဖြစ်လာပြီးတော့ ကောင်းကင်ဘုံကိုးခုကို တရှိန်ထိုး ထိုးဖောက်သွားမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ ဒီနာမည်ကို ပေးခဲ့တာ .. မင်းဒီလိုမျိုး စောစောသေသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ကြေးနန်းတော်အတွင်းမှ အသက်ကြီးနေသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံထွက်လာသည်နှင့် ကမ္ဘာမြေကြီး တုန်ခါလာကာ တောင်များနှင့် လျိုမြောင်များပင် လွှဲရမ်းသွားလေသည်။
သေပြီ .. ထာဝရနန်းတော်သခင်လေး တိချုန်းမှာ ဟွမ်သတ်ပြီး သေသွားလေပြီ။ အပြင်ဘက်လောကတစ်ခုလုံး ထိတ်လန့်သွားကြရသည်။
ဟွမ်သည် အားလုံး၏ ပါးစပ်ဖျားထဲသို့ ရောက်သွားလေသည်။ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားကို ပေါင်းစည်းပြီးသွားသော ထာဝရနန်းတော်သခင်လေးသည် ငါးကြိမ်အသတ်ခံရပြီး သေသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
ဤသည်မှာ ရှုံးနိမ့်မှုတစ်ခုသာမက အရှက်ရမှုတစ်ခုလည်းဖြစ်သည်။ ထာဝရနန်းတော်အတွက်မူ ဤသည်မှာ ပြိုင်ဘက်ကင်းဟူသည့် သူတို့မျိုးဆက်၏ဂုဏ်သတင်း ပျက်စီးသွားခြင်းပင်။
“တကယ်ကို မယုံနိုင်လောက်အောင်ပဲ .. ဟွမ်က အဆင့်နိမ့်နယ်မြေက စွန့်ပစ်နယ်မြေမှာ ကြီးလာတဲ့လူတစ်ယောက် … ဒါပေမဲ့ သူက အချိန်တိုအတွင်းမှာပဲ အဆင့်မြင့်နယ်မြေက စွမ်းအားအကြီးဆုံးဂျီးနီးယပ်စ်ကို ယှဉ်နိုင်သွားတယ် .. နောင်ကျရင် သူက ရှေးဟောင်းလူထူးဆန်းတွေနဲ့တောင် တိုက်နိုင်မှာလားမသိဘူး”
အားလုံး သက်ပြင်းချလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ သူတို့ထင်ထားသည်ထက်ပင် ပို၍ စွမ်းအားကြီးနေလေသည်။
“အခုကစပြီးတော့ ဗရုတ်သုတ်ခတွေ ဖြစ်တော့မှာ .. ထာဝရရှေးဟောင်းမြေရဲ့ နောက်ဆုံးအကြိမ်အတွက ဂျီးနီးယပ်စ်တွေအားလုံး စုဝေးရောက်လာကြတာ .. ဟွမ်ကြောင့် သေချာပေါက်ကို မုန်တိုင်းတွေ ထန်ဦးမှာပဲ”
ခဏကြာပြီးသည့်နောက်တွင် ဤနေရာမှာ ဆူညံပွက်လောရိုက်လာသည်။ အားလုံးမှာ ဤတိုက်ပွဲကြောင့် ကြောက်လန့်သွားကြရသည်။
…
ထာဝရရှေးဟောင်းမြေအတွင်းရှိ အစိမ်းရောင်ဝိဉာဉ်နယ်မြေတွင်…
မက်မွန်ပွင့်များသည် နေရာတိုင်းတွင် ကြွေကျနေပြီး ပွင့်ဖတ်များလည်း တောက်ပလှသည်။ ဤနေရာတွင် မည်သည့်ဆူညံမှုမှမရှိသကဲ့သို့ သွေးလွှမ်းနေသည့် တိုက်ပွဲများလည်း မရှိပေ။
“ကောင်းလိုက်တာ .. ရွှေရောင်အတောင်ပံပန် ဟင်းပွဲ” ချောင်ယုရှန်းသည် သူ၏လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး သူ၏လုံးဝိုင်းသောမျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။
ကျောက်စိမ်းစားပွဲထက်တွင် ရွှေရောင်အတောင်ပံပန်ကို ငွေရောင်လင်ဗန်းထဲတွင် ထည့်ထားလေသည်။ ရွှေရောင်နှင့်ငွေရောင်မှာ အလွန်ပင် ပနံသင့်နေလေ၏။
ဤငွေရောင်လင်ဗန်းမှာလည်း အဖိုးတန်ပစ္စည်းဖြစ်မည်မှာ သေချာသည်။ မဟုတ်ပါက ဤကဲ့သို့သော ကြီးမားလှသည့် ပန်အကောင်ကို ထည့်ထားနိုင်မည်နည်း.. ဤရတနာရှစ်သွယ်အိမ်တွင်လည်း နည်းလမ်းများရှိနေမည်သာ။ မဟုတ်ပါက သူတို့ထံတွင် အဘယ်ကြောင့် မှော်ပစ္စည်းများရှိနေမည်နည်း..
ရွှေရောင်ပန်တစ်ဝက်ကို ချက်ထားပြီး ကျန်တစ်ဝက်ကို ကင်ထားလေသည်။ အတောင်ပံများမှာ ရွှေရောင်သန်းနေပြီး ဆီများမှာ အောက်ဘက်မှ အဖိုးတန်မီးဖိုပေါ်သို့ ပြုတ်ကျနေလေသည်။
ဤမီးဖိုသည်လည်း အဖိုးတန်ပစ္စည်းဖြစ်သည်မှာ သိသာလှသည်။ မဟုတ်ပါက နတ်ငှက်အသားကို မည်ကဲ့သို့ ကင်နိုင်မည်နည်း…
ယုန်ဖြူလေးသည် မွှေးပျံ့နေသည့် ပန်အတောင်ပံကို ကြည့်ကာ တံတွေးများကို မြိုချလိုက်ပြီးနောက် “ငါက အသားမစားဘူး .. ငါက သက်သက်လွတ်စားတဲ့သူ” ဟူသည့်စကားကို ထပ်ခါတလဲလဲပြောနေလေသည်။
“ဟား ဟား ဟား..” ရှီဟောင်နှင့် ဖက်တီးလေးတို့မှာ အားရပါးရပင် ရယ်မောလိုက်ကြသည်။
ငွေရောင်ပန်းကန်ပြားပတ်လည်တွင် ကြေးပန်းကန်မျိုးစုံရှိနေလေ၏။ ထိုပန်းကန်များထက်တွင်လည်း အစားအစာမျိုးစုံရှိနေလေသည်။ အများစုမှာ သားရဲများ၊ ငှက်များနှင့် ဝိဉာဉ်ဆေးအသားများပင်။ ပန်အသားနှင့်ယှဉ်လိုက်လျှင်မူ ဤသည်မှာ ‘အရံဟင်း’များသာ။
ထို့အပြင် မြင့်မြတ်ဝိုင်အနည်းငယ်လည်းရှိနေလေ၏။ ဝိုင်အဖုံးများကို ဖွင့်လိုက်သည်နှင့် စားသောက်ဆိုင်တစ်ခုလုံးကို အမွှေးရနံ့များ သင်းပျံ့သွားလေသည်။
အစောပိုင်းတွင် ရှီဟောင်သည် ဝိုင်တစ်ပုလင်းသာ ဝယ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် ဆိုင်ရှင်သူဌေးသည် စတိုခန်တစ်ခုလုံးတွင် ကျန်နေသေးသည့် ဝိုင်ပုလင်းအနည်းငယ်ကို ထုတ်ယူပေးလိုက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲမှာ သူ့ကို အတော်လေး တုန်လှုပ်စေသောကြောင့်ပင်။ ထာဝရနန်းတော်သခင်လေးပင်လျှင် ငါးကြိမ်အသတ်ခံလိုက်ရသောကြောင့် ဤလူမှာ သူလွန်ဆန်နိုင်မည့်သူမဟုတ်ပေ။
ဟွမ်အတွက်မူ သူသည် နျင်ချွမ်း၏ကိုယ်ပွားကို အနိုင်ယူခြင်း၊ သားရဲအသိုက်မှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်းတို့ကဲ့သို့သော ဒဏ္ဍာရီတွင်သည့် လုပ်ရပ်များကို ဖန်တီးထားပြီးပြီဖြစ်သော်လည်း လူအများစုအတွက်မူ သူ ငွေရောင်ခြယ်တောင်တွင် ထူးခြားပါရမီရှိသူ ၇ ယောက် ၈ ယောက်ခန့်ကို စားသုံးလိုက်ခြင်းမှာ သူတို့အတွက် အကြောက်ဆုံးအရာပင်။
“စားကြစို့..” ရှီဟောင်ရယ်မောကာ ပြောလိုက်သည်။
ရှီဟောင်၊ ချင်းရိနှင့် ဖက်တီးလေးတို့သည် ရွှေရောင်တောက်ပနေသည့် ပန်အသားကို စားနေသည့်အချိန်တွင် ယုန်ဖြူလေးသည် ဝိုင်များကိုသာ တစ်ဂွတ်ပြီးတစ်ဂွတ် သောက်နေလေသည်။ သူမ၏မျက်နှာလေးမှာ ချက်ချင်းပင် နီရဲလာလေသည်။
“ညီမလေး ဒီမှာ အသီးအရွက်တွေလည်းရှိတယ် .. ဝိုင်တွေချည်းပဲ သောက်နေစရာမလိုပါဘူး” ချင်းရိပြောလိုက်ကာ ‘အရံဟင်းများ’ကို သူမထံသို့ တွန်းပို့ပေးလိုက်သည်။
“ဟား ဟား..” ဖက်တီးလေး အားရပါးရပင် ရယ်မောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ဖြစ်နေသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။
“အဓိပ္ပာယ်မရှိတာ .. ငါအသားမစားဘူး .. အသီးအရွက်ပဲစားသာ” ယုန်ဖြူလေးသည် ဒေါသထွက်လာပြီး သူမ၏မျက်လုံးများလည်း နီရဲနေလေသည််။
သူမသည် စိတ်တိုလေ ဝိုင်များကို ပိုသောက်လေပင်။ ဝိုင်အိုးတစ်ဝက်မှာ တစ်ခဏအတွင်းပင် ကုန်သွားလေသည်။ ရှီဟောင်နှင့် ဖက်တီးလေးတို့မှာ အနည်းငယ်ပင် နာကျင်သွားရသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် စွမ်းအားကြီးသည့် မြင့်မြတ်ဆေးပင်ဝိုင်အိုးမှာ ကန်ခံလိုက်ရသည်။ ယုန်ဖြူလေး၏ မျက်နှာမှာ လုံးဝနီရဲနေပြီး သူမ၏မျက်လုံးများလည်း မှေးစင်းနေလေပြီ။ ထို့နောက်တွင် သူမသည် လက်သည်းများကိုထုတ်ကာ ရွှေရောင်ပန်အသားကို စတင်လုယူနေလေသည်။
ချင်းရိမှာ ဆွံ့အသွားရသည်။ ယုန်ဖြူလေး ပြုမူနေပုံကို တွေ့လိုက်ရသည့်အချိန်တွင် သူမအနည်းငယ် နားလည်သွားရသည်။
ထင်ထားသည့်အတိုင်းပင် သူမသည် ချင်းရိထက်ပင် ပိုစားသေးသည်။ သူမ၏မျက်နှာလေးတွင် အဆီများပြည့်နေပြီး ပျော်ရွှင်ဝမ်းမြောက်စွာပင် စားနေလေ၏။ ဘာကို သက်သက်လွတ်သမားလဲ .. ဆူညံအောင်လို့ လာငြင်းနေသေးတယ် .. ချီးကိုပဲ သက်သက်လွတ်နေလိုက်…
သူမ အမူးပြေသွားသည့်အချိန်တွင်လည်း သူမကို သေသည့်အထိ ရိုက်လျှင်ပင် သူမဝန်ခံမည်မဟုတ်သည်ကို သူတို့အားလုံး သိကြသည်ပင်။
ရတနာရှစ်သွယ်စံအိမ်အပေါ်ထပ်တွင်ရှိနေသည့် အခြားသူများမှာမူ ဆွံ့အနေကြလေသည်။ ဤသည်မှာ ရွှေရောင်ပန်ဖြစ်သော်လည်း ဤသည်မှာ ဟင်းပွဲဖြစ်သွားပြီး လှပကာ နှစ်လိုဖွယ်ကောင်းသည့်မိန်းကလေးမှ မြိန်ရေယှက်ရေ စားနေလေသည်။
“ငါ မင်းတို့အားလုံးကို မုန်းတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် စားစရာများကို ကြည့်ပြီး စားပွဲပေါ်တွင် တဒုန်းဒုန်း ထုနေလေသည်။ ထို့နောက်တွင် သူသည်လည်း ကျောက်တုံးအနည်းငယ်ကို ထုတ်ကာ တဂျွတ်ဂျွတ် ဝါးနေလေတော့သည်။
ဤလူများသည် စားသောက်နေရင်းဖြင့်ပင် ထာဝရရှေးဟောင်းမြေတွင် သူတို့ကြုံတွေ့ရသည်များကို ပြောနေကြလေသည်။ အမူးသမားလေး ယုန်ဖြူသည်လည်း တက်ကြွစွာပင် ပြောနေလေ၏။
“ငါ သီးသန့်ကျင့်ကြံပြီးတော့ ထာဝရစွမ်းအင်ကို ကျင့်ရမယ် .. ငါအဲဒီအဆင့်ကို ရအောင်လုပ်ရမှာ” ရှီဟောင်၏မျက်လုံးများမှာ လေးနက်နေလေသည်။
“ကောင်းကင်နိုင်ငံက လုပ်ကြံရေးသမားတွေတောင် ပါလာပြီဆိုတော့ အခြေအနေ သိပ်မကောင်းလောက်ဘူး .. အဲဒီသွေးအေးသတ္တဝါတွေက ဆုကြေးငွေမရှိရင် ဘာမှမလုပ်တဲ့သူတွေ .. အဲဒီတော့ တစ်ခြားသူတွေက နင့်ကိုတိုက်ဖို့ ပြောလိုက်တာ ဖြစ်နိုင်တယ်” ချင်းရိ ပြောလိုက်သည်။
“ဟုတ်တယ်” ယုန်ဖြူလေးသည် အမူးသမားဒီဇိုင်းဖြင့်ပင် ခေါင်းညိမ့်လိုက်သည်။
“ငါတို့အားလုံး နီးနီးကပ်ကပ် တံခါးပိတ်ကျင့်ကြံကြပြီးတော့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးကြရင်ရော” ဖက်တီးလေး ပြောလိုက်သည်။
“ငါ့နေရာက နည်းနည်းထူးခြားတယ် .. မင်းတို့အားလုံးအတွက် သင့်တော်မှာ မဟုတ်ဘူး” ရှီဟောင် ပြောလိုက်သည်။
“ငါ့အတွက်ကတော့ ဘယ်နေရာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး .. ဘာလို့လဲဆိုတော့ အခုတလောက ငါက သတ်ဖြတ်ခြင်းအစီအရင်တွေကို ငါ့ရဲ့အရိုးတွေ၊ အသွေးအသားတွေနဲ့ ဝိဉာဉ်မှာ ရေးထိုးဖို့ အာရုံစိုက်နေတာ” ချောင်ယုရှန်းပြောလိုက်သည်။
လူတိုင်း၏လမ်းမှာ မတူညီကြပေ။ ဤကောင်မှာ အတော်လေးပင် သတ္တိရှိလေသည်။ သူသည် တတိယမြောက်သတ်ဖြတ်ခြင်းအစီအရင်ကို ရထားမှန်း အားလုံးသိကြသည်သာ။
“မင်းက အဲဒီလမ်းကြောင်းလား” ရှီဟောင်မေးလိုက်သည်။
“ဒါက အခြေခံပဲရှိသေးတာ .. ငါက ကမ္ဘာမြေကြီးစွမ်းအင်ကို စုဆောင်းရမှာ .. ပြီးတော့ ငါ့တာအိုဗဟိုချက်ကို အားဖြည့်ဖို့အတွက် ကောင်းကင်စွမ်းအင်ကို လိုတယ် … ပြီးရင် အသက်ရှင်ခြင်းအစီအရင်ကို လုပ်ရမှာ .. ဒါကဒုတိယအဆင့် .. အဲဒီနောက်ပိုင်းအဆင့်တွေကတော့ ရှုပ်ထွေးလိမ့်မယ်” ဖက်တီးလေးသည် ယုံကြည်ချက် အပြည့်ဖြင့်ပင် ပြောလိုက်သည်။
“ငါ့တာအိုက ဝိဉာဉ်ဆေးပင်မျိုးစုံကို စုစည်းပြီးတော့ တစ်မျိုးတစ်ပင်စီစားရမှာ .. အပင်တစ်သောင်းရဲ့ စွမ်းအင်နမူနာတွေယူပြီးတော့ သဘာဝနတ်ခန္ဓာကိုယ်ရအောင် လုပ်ရမှာ” ယုန်ဖြူလေးသည် အသားဝါးစားရင်း ပြောလိုက်လေသည်။ သူမသည် ရှီဟောင်ကို ကြည့်ကာ ပြောနေလေ၏။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ဆေးပင်အများအပြားရှိနေသည်ကို သူမသိနေသောကြောင့်ပင်။
သူမသည် ထိုဆေးပင်များကို စားရန်မလိုအပ်ပေ။ သူတို့၏ သဘာဝတာအိုကိုသာ အာရုံခံရန် လိုအပ်ခြင်းပင်။
ချင်းရိကမူ အနည်းငယ်ထူးခြားလေသည်။ အစိမ်းရောင်လသည် သူမအနားမှ ထွက်မသွားပေ။
“အဲဒါဆိုရင်လည်း အားလုံးအတူတူသွားကြတာပေါ့” ရှီဟောင်ပြောလိုက်သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု့စောင့်ရှောက်နိုင်ပြီး တစ်စုံတစ်ယောက်သာ သူတို့နယ်မြေကို ကျူးကျော်လာသည်နှင့် သူတို့ပေါင်းတိုက်နိုင်သည်။
“နည်းနည်းသတိထားကြစို့ .. အမြီးရှည်ကြီး လိုက်လာမှာကို မလိုချင်ဘူး” ထို့နောက်တွင် သူတို့သည် သီးသန့်ကျင့်ကြံရန် ထွက်သွားကြလေသည်။
“အာ… မင်းက ဒီမှာ သီးသန့်ကျင့်ကြံတာလား” ထိုလူများ ထိတ်လန့်သွားရသည်။ သူတို့သည် အပြာရောင်ကျောက်လမ်း သုံးထောင်ပေါ်သို့ ပြန်ရောက်လာခြင်းပင်။
ရှီဟောင်လျှောက်သည့် လမ်းကြောင်းကို သိလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ထိတ်လန့်သွားရသည်။ “အဲဒါကြောင့်မို့လို့ နင်က ပန်အတောင်ပံကင်ကို ကြိုက်တာကိုး .. ဘာမှလုပ်စရာမရှိရင် နင်က နေ့တိုင်း ကိုယ့်ဘာသာကိုယ် ချက်စားနေတာကိုး..” ယုန်ဖြူလေးမှ ရေရွတ်လိုက်သည်။
ဒုန်း…
ရှီဟောင် သူမခေါင်းကို ခေါက်လိုက်သည်။ သူမသည် မျက်ရည်ကျမတတ်ပင် နာသွားရသောကြောင့် ဒေါသတကြီးပင် ထခုန်လိုက်လေသည်။
…
“ငါ ဒီတစ်ခေါက် ကျင့်ကြံရင် အရမ်းအန္တရာယ်များလိမ့်ယ် .. နောက်ဆုံးတစ်ခေါက်တုန်းက ထူးဆန်းတဲ့အဖြစ်အပျက်ကို နှစ်ခါကြုံလိုက်ရတယ် .. အဲဒီတော့ ဒီတစ်ခေါက်ကျရင် ပိုထူးဆန်းတာတွေ ဖြစ်လာနိုင်တယ် .. မင်းတို့အားလုံး ငါနဲ့အကွာအဝေးတစ်ခုမှာ နေသင့်တယ်” ရှီဟောင် လေးနက်စွာပင် သတိပေးလိုက်သည်။
“ဒီတစ်ခေါက်တော့ ငါအစီအရင်ချလိုက်မယ် .. အဲဒါက ဘာလဲဆိုတာကို ငါတကယ် သိချင်နေပြီ” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး ပြောလိုက်သည်။
ချောင်းယုရှန်း၊ ယုန်ဖြူလေးနှင့် ချင်းရိတို့လည်း သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်လေသည်။ ဘာဖြစ်နေသည်ကို သူတို့လည်း သိချင်သည်။ သူတို့သည် အလွန်ပင် ရဲတင်းလှကာ ‘နမိတ်မရှိသည့်သက်ရှိ’ ဟုခေါ်သည့်သူကိုပင် ဖမ်းချင်နေကြသည်။
ရှီဟောင် သက်ပြင်းချလိုက်၏။ ကိုယ်တိုင်ကြုံတွေ့ရမှသာ မည်မျှကြောက်စရာကောင်းသည်ကို သိလိမ့်မည်။ နောက်ဆုံးတစ်ခေါက်က သူအသက်လုခဲ့ရခြင်းပင်။
“ငါစနေတာမဟုတ်ဘူး .. မင်းတို့ဝင်မပါရင် ပိုကောင်းလိမ့်မယ် .. မဟုတ်ရင် မင်းတို့ ပြဿနာကို လက်ယပ်ခေါ်သလို ဖြစ်သွားမှာ” ရှီဟောင် နောက်တစ်ကြိမ် သတိပေးလိုက်သည်။
“ငါတို့လည်း အဲဒီလမ်းကို လျှောက်ချင်နေကြတာဆိုတော့ အနှေးနဲ့အမြန် အဲဒါကို ကြုံတွေ့ရမှာပဲ .. ငါတို့ပေါင်းပြီးတော့ အဲဒါကို ဖမ်းပြီးလေ့လာလိုက်ရင် ငါတို့အတွက်လည်း အကျိုးရှိတယ်” ချောင်ယုရှန်း ပြောလိုက်သည်။ ထိုအရာကို ဝိုင်းထားရန်အတွက် သူ၏သတ်ဖြတ်ခြင်းအစီအရင်ကို အသုံးပြု၍ရနိုင်ကြောင်း သူပြောပြလိုက်သည်။
ဤသည်မှာ တတိယသတ်ဖြတ်ခြင်း အစီအရင်ပင်။
“ဟုတ်တယ် .. အစီအရင်ကို မြန်မြန်ချလိုက် .. ငါတို့အားလုံး ပူးပေါင်းလိုက်ရင် အဲဒီတစ်ယောက်ကို သေချာပေါက် အရှင်ဖမ်းနိုင်တယ် .. ငါ အဲဒီလူကို ဘယ်လိုရှင်းမလဲဆိုတာ စောင့်ကြည့်ထားလိုက်” ယုန်ဖြူလေးသည် ဆူညံစွာပင် အော်ဟစ်နေပြီး ကြောက်ရွံ့ခြင်းလည်း တစ်စက်မှပင် မရှိပေ။
ရှီဟောင်မှာ ဆွံ့အသွားရသည်။ သူတို့အားလုံးမှာ ဤကိစ္စကို ပြုလုပ်ရန်အတွက် အလွန်ပင် လေးနက်နေကြလေသည်။
“ဟုတ်ပြီလေ .. အဲဒါဆိုလည်း စမ်းကြည့်ကြတာပေါ့ .. အဲဒီထူးဆန်းတဲ့အရာကို ဖမ်းနိုင်မလားဆိုတာ ကြည့်ကြတာပေါ့ … အဲဒီအရာမှာ ဘာနောက်ခံမျိုးရှိနေတာလဲဆိုတာ ငါလည်း သိချင်မိတယ်” နောက်ဆုံးတွင် ရှီဟောင်ခေါင်းညိမ့်သဘောတူလိုက်ရကာ သူတို့သည် ပြင်ဆင်မှုများကို စတင်ပြုလုပ်လိုက်သည်။
အပိုင်း ၁၀၆၅ ပြီး၏။