Switch Mode

Chapter – 1036 & 1050

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၆ – နတ်သစ်သီးတောအုပ်

အသိုက်နယ်မြေ၊ သားရဲအသိုက်အနားရှိ ထူးဆန်းသည့်နယ်မြေများတွင် ..

တောအုပ်သည် အသက်ဓာတ်များ ပေါကြွယ်ဝလှ၌ပြီး လမ်းများလည်းကြမ်းတမ်းလှသည်။ ဤနေရာတွင် လေဟာနယ်ကို ကန့်သတ်ထားသည်ကြောင့် ပျံသန်းနိုင်ရန်ခက်ခဲလှသည်။

ခပ်ဝေးဝေးမှ ပုပ်သိုးဆွေးမြည့်နေသည့်အော်ရာလည်း ရနေသည်။ အသီးပုပ်သည့်အနံ့၊ သစ်ရွက်ပုပ်သည့်အနံနှင့် သားရဲကောင်အလောင်းများ ပုပ်သိုးသည့်အနံ့လည်းရနေသည်။

ထိုမှဆက်လျှောက်သွားလိုက်သည့်အချိန်တွင် ရှီဟောင်၏မျက်နှာ ပြောင်းလဲသွားလေသည်။ ပုပ်သို့သည့်အနံ့မှ အလွန်ရွံစရာကောင်းသည့်အနံ့သို့ ပြောင်းလဲသွားလေသည်။ ဤသည်မှာ သားရဲ တစ်ကောင်နှစ်ကောင်မက သေဆုံးထားသည့် အနံ့အသက်ပင်။

တစ်ခဏပြာပြီးသည့်နောက်တွင် နီရဲနေသည့်မြေပြင်ကို မြင်လိုက်ရသည်။ အလောင်းများမှာ အနည်းဆုံး တစ်ရာကျော်ရှိနေပြီး ဘယ်ကတည်းက သေထားမှန်း မသိပေ။

ပြောရမည်ဆိုလျှင် နတ်ဘုရားဖြစ်သွားလျှင် အသွေးအသားများမှာ အလွယ်တကူ မပျက်စီးနိုင်ပေ။ သူတို့သေဆုံးသွားလျှင်ပင် အလောင်းများမှာ ရက်အတော်ကြာသည်အထိ အကောင်းအတိုင်းရှိနေနိုင်သည်။ သို့သော်လည်း ဤနေရာတွင် သာမန်ကျိုးကြောင်းဆီလျော်မှုများ ပျက်စီးနေသောကြောင့် နေရာတိုင်းတွင် သွေးများရှိနေပြီး နတ်အလောင်းများလည်း ပုပ်သိုးနေသည်။

ပုပ်နံ့မှာ အန်ချင်စရာကောင်းလှသည်။

“ဘာဖြစ်ခဲ့တာလဲ .. ဘာလို့လူတွေအများကြီး သေနေတာလဲ .. သူတို့ဓားပြတိုက်ခံရတယ်ဆိုရင်တောင်မှ သူတို့နေရာအနှံ့ထွက်ပြေးရမှာလေ .. ဘာလို့ဒီလိုမျိုးအပုံလိုက်ဖြစ်နေတာလဲ”

သံသယများစွာဖြင့်ပင် သူတို့ရှေ့ဆက်သွားလိုက်ကြသည်။ တစ်ခဏကြာပြီးသည့်နောက်တွင် ဤလူများ ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤတောင်တစ်ခုလုံးတွင် အလောင်းများမှာ နေရာတိုင်းတွင်ရှိနေသည်။

“အလောင်းတွေ တောင်လိုပုံနေတယ် .. အများကြီးပဲ .. ပြဿနာတစ်ခုခုဖြစ်ခဲ့တာလား” လုယီ၏မျက်နှာမှာ ဖြူဖျော့နေလေပြီ။ ဤသည်မှာ ကြောက်စရာကောင်းလှသည်။ သက်ရှိများအားလုံး သေဆုံးသွားပြီဖြစ်သောကြောင့် တောအုပ်ကြီးမှာ တိတ်ဆိတ်နေလေသည်။

သူတို့ လီအနည်းငယ်ခန့်သာ သွားရသေးသော်လည်း အရိုးစုပေါင်း တစ်ထောင်ကျော်ကို တွေ့နေလေပြီ။ ဤသည်မှာ သူတို့ဤရက်များအတွင်းတွင် တွေ့ခဲ့သည့်အရေအတွက်၏ တစ်ဝက်ကျော်ရှိနေလေပြီ။

ပို၍အရေးကြီးသည်မှာ အလောင်းများသည် တစ်နေရာထဲတွင် စုပုံနေခြင်းပင်။ဘ

လေထဲတွင်သွေးလရှိနေပြီး ရှေးသစ်ပင်များလည်း မိုးထိုးနေသည်။ ပုပ်သိုးနေသည့် နတ်အလောင်းများမှာ နေရာအနှံ့တွင်ရှိနေသည်။ အရာအားလုံးလည်း တိတ်ဆိတ်နေပြီး သူတို့ခြေသံများသာ ရှိနေလေသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။

လော့သွမ်နှင့် လန်ယိချန်တို့ပင်လျှင် မျက်နှာမသာမယာဖြစ်နေကြသည်။ သူတို့နှစ်ဦးလုံးသည် လက်သီးများကို တင်းကြပ်စွာ ဆုတ်ထားသောကြောင့် လက်ဆစ်များပင် ဖြူနေလေပြီ။ သူတို့သည်လည်း စိတ်တင်းကျပ်နေသည်မှာ သိသာလှသည်။

“ဒါက အန္တရာယ်များတဲ့နေရာပဲ .. ငါတို့ဆက်သွားလို့မဖြစ်တော့ဘူး မဟုတ်ရင်လည်း ငါတို့လည်း အဲဒီလူတွေနောက် လိုက်သွားရလိမ့်မယ် … ငါတို့ဒီရှေးဟောင်းနယ်မြေကို ရောက်ကတည်းက သက်ရှိတစ်ယောက်မှကို မတွေ့သေးဘူး”

သူတို့သည် ဤနေရာတွင် သူခိုးဓားပြများကိုပင် မတွေ့ရပေ။

သူတို့သည် မတ်စောက်သည့်တောင်ထိပ်တစ်ခုသို့ တက်သွားလိုက်သည်။ ဤနေရာတွင် အလောင်းများစွာရှိနေပြီး တောင်တစ်လုံးကဲ့သို့ ပုံနေလေပြီ။

တောင်ထိပ်တစ်ခုလုံးမှာ နီရဲနေပြီး အပုပ်နံ့အပြင် သွေးညှီနံ့ပါ ရနေသည်။

“ဒီမှာ နတ်ဘုရားအစစ်တွေတောင် ရှိတာလား…”

သူတို့အားလုံး ထိတ်လန့်သွားရသည်။ အစစ်အမှန်နတ်ဘုရားအဆင့်ကို ဖြတ်သန်းပြီးသွားသည့် ထူးခြားသည့်ခန္ဓာကိုယ်အချို့ကို သူတို့တွေ့လိုက်ရသည်။

ထိုသူများသည် ထူးခြားပါရမီရှိသူများမဟုတ်ကြပေ။ သူတို့အရိုးများမှာ သိပ်မထူးခြားပေ။ သူတို့ထံတွင် လျှို့ဝှက်နည်းလမ်းများရှိနေသည်မှာ သိသာသည်။ သူတို့ ထာဝရရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်လာခြင်းမှာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို တိုးမြှင့်စေနိုင်သည့် ဆေးပင်များကို ရယူရန်အတွက်ပင်။ သူတို့သည် မြင့်မြတ်ဆေးပင်များကိုခူးကာ သူတို့ဂိုဏ်းထံသို့ ပြန်ယူသွားလိုခြင်းပင်။

ကံမကောင်းစွာဖြင့်ပင် သူတို့သည် ဤနေရာ၌ အလောင်းများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

တောင်ထိပ်များမှာ နေရာတိုင်းတွင် အရိုးဖြူများရှိနေပြီး နှင်းများကဲ့သို့ပင် တောက်ပနေလေသည်။ ထို့အပြင် ရန်လိုသည့်စွမ်းအင်များလည်း ကောင်းကင်ထက်သို့ပင် စီးဆင်းနေကာ အရိုးများထဲထိသို့ပင် အေးစက်နေလေသည်။

ဒါက ဘာနေရာကြီးလဲ..

အစမှ ယခုအချိန်ထိ အလောင်းများကို ပေါင်းလိုက်လျှင် စုစုပေါင်း နှစ်သောင်းကျော်ရှိနေလေပြီ။

“ငါက နောက်ပြန်ဆုတ်သွားရင် အကောင်းဆုံးပဲလို့ ငါခံစားနေရတယ် … ငါတို့ အဲဒီလောက် မစွန့်စားသင့်ဘူး … ဒီလောက်အန္တရာယ်များတဲ့နေရာ ရှိလိမ့်မယ်လို့ မထင်ထားဘူး … နတ်ဘုရားအစစ်တွေနဲ့ ထူးခြားပါရမီရှိတဲ့သူတွေရဲ့ အလောင်းက နေရာတိုင်းမှာ ရှိနေတာ” လန်ယိချန် ပြောလိုက်သည်။

“မင်းတို့အားလုံး ပြန်သွားသင့်တယ် .. ငါသွားကြည့်လိုက်မယ်” ရှီဟောင်ပြန်ပြောလိုက်သည်။ သူ၏စုံစမ်းချင်စိတ်ကို သူတားဆီးမရပေ။ သူ့နည်းလမ်းနှင့်သူရှိသောကြောင့် အန္တရာယ်ကြုံတွေ့လျှင်ပင် သူလွတ်အောင် ပြေးနိုင်သည်။

လော့သွမ်နှင့် လန်ယိချန်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးနောက် အံကြိတ်ကာ ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ လူများသည် တစ်စုပြီးတစ်စု ဤနေရာသို့ ရောက်လာကြပြီး အတုံးအရုန်းသေနေကြသောကြောင့် မည်ကဲ့သို့သော အရာများရှိနေမည်ကို မည်သူက သိနိုင်မည်နည်း…

ကံမကောင်းစွာဖြင့်ပင် သူတို့သည် ဤနေရာအကြောင်းကို တစ်ခါမှမကြားဖူးသကဲ့သို့ ဤနေရာနှင့်လည်း မရင်းနှီးပေ။

လုယီစိတ်ထဲတွင် တုန်လှုပ်သွားရသည်။ သူနောက်ပြန်ဆုတ်ချင်သော်လည်း အခြားသုံးယောက် ဆက်သွားနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူ့တစ်ယောက်တည်း နောက်ပြန်မဆုတ်ရဲတော့ပေ။ ထို့ကြောင့်ပင် သူသည် သုန်မှုန်စွာဖြင့်ပင် သူတို့နောက်သို့ လိုက်သွားလိုက်လေ၏။

“ဒါက ….”

အရိုးများဖုံးလွှမ်းနေသည့် မြေပြင်ကို ကျော်လွန်ပြီးသည့်နောက်တွင် နှင်းကဲ့သို့ဖြူဖွေးနေသည့် လွင်ပြင်တစ်ခုကို တွေ့လိုက်ရသည်။ အများစုမှာ အဖြူရောင်အမှုန့်များပင်။ အချိန်နှင့်အမျှ ပျက်စီးနေသည့်အရိုးများကိုလည်း တွေ့ရလေသည်။

ထို့အပြင် သူတို့ဤနယ်မြေသို့ ခြေချလိုက်သည်နှင့် သူတို့ခံစားနေရသည့်အေးစက်မှုများမှာ ပြင်းထန်လာသည်။ သူတို့သည် ကြောက်စရာအကောင်းဆုံး လူသတ်ကွင်းထဲသို့ ဝင်လိုက်ရသကဲ့သို့ပင်။

ဤအရိုးများမှာ လက်ရှိကမ္ဘာ၏ အရိုးများမဟုတ်ပဲ နှစ်ပေါင်းများစွာက အရိုးများပင်။ ထိုအရိုးများအားလုံးသည် ဤနေရာတွင်စုပုံနေကာ တစ်ဖြည်းဖြည်း အမှုန့်များဖြစ်လာခြင်းပင်။ ယင်စွမ်းအင်များ စီးဆင်းနေကာ ကျောချမ်းစေလေသည်။

သူတို့အားလုံးသည် မသက်မသာဖြင့်ပင် ဤနေရာမှ ဖြတ်သန်းနေရသည်။ ရက်စက်သည့်စွမ်းအင်များမှာ များပြားလှကာ သူတို့သည် မြေအောက်လောကတွင် လမ်းလျှောက်နေသကဲ့သို့ပင်။

“ဒီမှာက အသွေးအသားတွေကို တိုက်စားနိုင်တဲ့ ထူးဆန်းတဲ့ သဘာဝဥပဒေသရှိနေတယ် … အဲဒါကြောင့် ငါတို့လျှောက်လာတာနဲ့အမျှ အလောင်းတွေ၊ အရိုးတွေကို ထပ်မတွေ့ရတော့တာ”

“ငါတို့အဆုံးကို ရောက်လာပြီ … တစ်ခုခုပုံမှန်မဟုတ်တာ ရှိနေရင်လည်း အရှေ့မှာ ရှိနေမှာ”

အရိုးကွင်းပြင်အဆုံးကို ရောက်သည်နှင့် လေဟာနယ်ပျက်ယွင်းသွားကာ ရက်စက်သည့်အလင်းများလည်း ထိုနေရာမှ ထွက်ပေါ်နေလေသည်။ ဤသည်မှာ သေချာပေါက်ပင် ထူးခြားဆန်းကြယ်သည့်နယ်မြေပင်။ ဤနေရာကို ကာကွယ်ထားသည့် အစီအရင်များလည်း ရှိနေလေသည်။

“ငါ့ကို … ကယ်ပါ”

ရုတ်တရက်ပင် အရှေ့ဘက်မှ သူတို့အား ခေါ်နေသည့် ဖျောတော့လှသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။

သူတို့ပြေးသွားလိုက်သည့်အချိန်တွင် ထူးခြားပါရမီရှိသူတစ်ယောက်ကို တွေ့လိုက်ရသည်။ လန်ယိချန် ဤလူကို သိသည်။ သူတို့ယခင်က ဆုံဖူးသည်။

သူတို့ကို တွေ့လိုက်သည့်အချိန်တွင် ထိုလူသည် ခက်ခက်ခဲခဲဖြင့်ပင် ပါးစပ်ဟလိုက်ပြီး စကားပြောရန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် သူသည် စကားတစ်ခွန်းမှပင် မပြောလိုက်နိုင်ပေ။ သူ၏မျက်လုံးများ အရောင်မှိန်လာကာ သူ၏နောက်ဆုံးလက်ကျန် မူလဝိဉာဉ်လည်း ပြိုကွဲသွားလေသည်။

“သူက ဘာလို့ ရုတ်တရက်ကြီး သေသွားရတာလဲ” လုယီသည် မြေပြင်ပေါ်တွင်ရှိနေသည့်အလောင်းကိုကြည့်ကာ အနောက်ဘက်သို့ နှစ်လှမ်းခန့် ဆုတ်သွားလေသည်။

ရှီဟောင်တို့အားလုံး အမူအရာပြောင်းလဲသွားသည်။ အလွန်စွမ်းအားကြီးသည့် ထူးခြားပါရမီရှိသူပင်လျှင် ဤနေရာတွင် သေသွားလေပြီ။ ဤနေရာမှာ သာမန်မဟုတ်ပေ။ အန္တရာယ်များပြည့်နှက်နေသည့် နတ်ဆိုးနယ်မြေပင်။

လန်ယုချန်ပြောစကားအရဆိုလျှင် ဤလူသည် နတ်မီးတောက်နယ်ပယ်၏ အထွဋ်အထိပ်ကို ရောက်နေလေပြီ။

သူ၏အသွေးအသားများ ပုပ်နေပြီဖြစ်ပြီး အရေးကြီးသည့်နေရာများဖြစ်သည့် နှလုံး၊ လည်ချောင်း၊ မျက်ခုံးကြားမှ နေရာများမှာ မည်းတူးနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးစီးကျနေသည့် အပေါက်များလည်း ရှိလေသည်။ ဤဒဏ်ရာများမှာ လျှပ်စီးကြောင့် ဖြစ်ပေါ်လာခြင်းပင်။

သူ၏နဖူးသည်လည်း ထိုးဖောက်ခံထားရသည်သာ။ သူအသံပို့လွှတ်နိုင်ခြင်းမှာ သူတောင့်ခံထားသည့် သူ၏နောက်ဆုံးလက်ကျန် စိတ်ဝိဉာဉ်ကြောင့်ပင်။

“နောက်ဆုတ်” ရှီဟောင် ရုတ်တရက်ပင် ပြောလိုက်သည်။ သူ၏လက်ချောင်းသည် ဓားအဖြစ်သို့ ပြောင်းလဲသွားကာ ဓားအလင်းတန်းများကို ထုတ်လွှတ်နေလေသည်။ ဖူးဟူသည့်အသံနှင့်အတူ ထိုလူ၏ခေါင်း ပေါက်ထွက်သွားကာ ပုပ်သိုးဆေးမြည့်နေသည့်အရည်များ လွင့်စင်ထွက်လာလေသည်။

ဝုန်း..

အနက်ရောင်အစက်အပြောက်လေးသည် အတောင်ပံခတ်သံနှင့်အတူ ရှီဟောင်၏ ဘယ်ဘက်မျက်လုံးထံသို့ လျင်မြန်စွာ ပျံသန်းလာလေသည်။ ထိုအစက်အပြောက်၏ထိပ်ဖျားမှာ ချွန်ထက်လှပြီး ဦးခေါင်းကိုပင် ဖောက်ထွက်သွားနိုင်လောက်သည်။

ဒုန်း.. ရှီဟောင်သည် သူ၏ပါးစပ်မှ လျှပ်စီးကို ထုတ်လွှတ်ကာ ရွှေရောင်သင်္ကေတများကို ပစ်လွှတ်လိုက်သည်။ သင်္ကေတများသည် ထိုအစက်အပြောက်လေးပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏ခန္ဓာကိုယ် အလွန်တုန်ခါသွားကာ မြေပြင်ပေါ်သို့ ကျသွားလေသည်။

ဤပိုးကောင်သည် မှင်ကဲ့သို့ပင် မည်းနက်နေပြီး လက်သည်းခွံအရွယ်အစားသာရှိသည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် အပိုင်းပိုင်းဖြစ်နေလေပြီ။ သူ့ထံတွင် ကြည်လင်နေသည့် အတောင်ပံတစ်စုံလည်းရှိနေလေသည်။

“ထူးခြားပါရမီရှိတဲ့သူတွေကို သတ်နေတာ ဒီအကောင်လား” လန်ယိချန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုထူးခြားပါရမီရှိသူ၏ဦးခေါင်းထဲတွင် တစ်ခုခုပုန်းနေသည်ဟု သူ ခံစားလိုက်ရသေးသည်။ ထူးခြားပါရမီရှိသူ၏ နောက်ဆုံးစိတ်ဝိဉာဉ်ကို ငြိမ်းသတ်လိုက်သည့်သူမှာ ဤပိုးကောင်လေးပင်။

“ပိုးကောင်တစ်ကောင်ကတော့ သေချာပေါက် ထူးခြားပါရမီရှိသူရဲ့ ပြိုင်ဘက်မဟုတ်ဘူး” ရှီဟောင်ပြောလိုက်သည်။

လေဟာနယ်မှာ မှုန်ဝါးလာကာ ဤနေရာကိုကာကွယ်ပေးထားသည့် ရှေးဟောင်းအစီအရင်တစ်ခု ရှိနေလေသည်။ ဤသည်မှာ လျှို့ဝှက်နယ်မြေပင်။

သို့သော် တစ်နေရာတွင်ပေါက်နေသောကြောင့် သူတို့ဝင်လာနိုင်ခြင်းပင်။ သူတို့မမှားလျှင် ကြောက်စရာကောင်းသည့်အရာအားလုံးမှာ ထိုအပေါက်မှ စတင်လာခြင်းပင်။

“ထတော့ .. ငါတို့ကို ဒီအစီအရင်ရဲ့ ပြောင်းလဲမှုတွေကို ကူကြည့်ပေးဦး” ရှီဟောင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို နှိုးလိုက်သည်။

“ဒီဆရာရှိနေသရွေ့ မင်းတို့ မိုးကောင်းကင်အောက်က ဘယ်နေရာကိုမဆိုသွားလို့ရတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် စိတ်ကြီးဝင်စွာပင် ပြောလိုက်သည်။

ချောက်ခြားဖွယ်ကောင်းသည့် အရိုးခင်းကြီး၏အဆုံးတွင် အစီအရင်ကြီးသည် ကောင်းကင်ထက်သို့ တက်သွားကာ လမ်းကိုပိတ်ထားလေသည်။ ဝင်ပေါက်မှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်နေလေ၏။ သူတို့အုပ်စု ထိုအပေါက်ထဲသို့ ဝင်သွားလိုက်ကြသည်။

လောကကြီးမှာ ချက်ချင်းပင် ပြောင်းလဲသွားလေ၏။

သူတို့သည် အသိစိတ်မဲ့စွာပင် ငေးကြည့်နေကြလေ၏။ ဤသည်မှာ သူတို့ထင်ထားသည်နှင့် လုံးဝကွဲပြားနေသည့်အရာပင်။ သူတို့ထင်ထားသည်မှာ မှောင်မဲကာ အလွန်ကြောက်စရာကောင်းသည့်နေရာဖြစ်မည်ဟု ထင်ထားသော်လည်း ဤနေရာမှာ အလွန်လှပသည့်နေရာတစ်ခုဖြစ်နေသည်။ လေဟာနယ်မှ ထူးခြားသည့်အလင်းများလည်း ထွက်ပေါ်နေလေသည်။

ဤသည်မှာ တောက်ပလှသည့်ကမ္ဘာကြီးပင်။ အရာအားလုံးမှ ရောင်စုံအလင်းနှင့် မြင့်မြတ်အလင်းများ ထုတ်လွှတ်နေလေသည်။ ဤသည်မှာ ရှေးဟောင်းထာဝရလောကနှင့်ပင် တူနေသေးသည်။

“ဘုရားရေ .. နတ်အသီးပင်တွေ … ဒီမှာအများကြီးပဲ”

တစ်ခဏခန့် ဆွံ့အနေပြီးသည့်နောက်တွင် လုယီသည် မျက်လုံးများပြူးကျယ်လာလေ၏။ သူသည် အရှေ့ဘက်မှ ရှေးဟောင်းမြေကို စိုက်ကြည့်နေလေ၏။ ထိုနေရာတွင် ရှေးဟောင်းသစ်ပင်များစွာရှိနေပြီး သစ်ရွက်နှင့် သစ်ကိုင်းများမှာ ကျောက်စိမ်းကဲ့သို့ပင် တောက်ပနေလေ၏။

“ဒီနေရာ … ငါ အရင်က မြင်ဖူးတယ်”

ရှီဟောင် ထိတ်လန့်သွားရသည်။ ဤနေရာသို့ မဝင်မှီတွင် သူနယ်မြေအချို့ကို မြင့်ခဲ့ရပြီး ဤနတ်သစ်ပင်တောအုပ်မှာလည်း တစ်ခုအပါအဝင်ပင်။ သူဤနေရာသို့ ဝင်ချင်ခဲ့သော်လည်း မဝင်ခဲ့ရပဲ ငွေရောင်လမ်းကြောင်းကြောင့် အခြား ရှေးဟောင်းကမ္ဘာကို ရောက်ခဲ့ရသည်။

“ငါတို့ချမ်းသာပြီ .. နတ်အသီးပင်တွေ အများကြီးပဲ … ဘုရားရေ .. ငါ့တစ်ဘဝလုံးမှာ ဒီလိုမျိုးမြင်ကွင်းကို တစ်ခါမှ မတွေ့ဖူးသေးဘူး .. ဒီနေ့ ငါ မျက်စိပွင့်နားပွင့်ဖြစ်သွားပြီ” ယုလီ၏ အသံမှာ တုန်ယင်နေလေသည်။

သူမပြောနှင့် အခြားသူများသည်လည်း ဤမြင်ကွင်းကို မမြင်ဖူးသေးပေ။

“ကံကောင်းတာပဲ .. ငါ့တာအိုလမ်းကြောင်းက ခိုင်မာသွားပြီလား” ရှီဟောင်၏အသံသည်လည်း တုန်ယင်နေလေသည်။ သူသီးသန့်ကျင့်ကြံပြီးသည့်နောက်တွင် သူ့ကို ကယ်တင်နိုင်ရန် ဆေးပင်များ အလုံအလောက်မရှိမည်ကို သူ စိုးရိမ်ခဲ့သေးသည်။

ယခု သူ့အရှေ့တွင် နတ်သစ်ပင်တောအုပ်ကြီးရှိနေသောကြောင့် သူစိတ်သက်သာရသွားပြီး သူ့တစ်ကိုယ်လုံး ပေါ့ပါးသွက်လက်သွားသည်။ သူသာ နတ်အသီးများကို ခူးနိုင်လျှင် သူ့အတွက် လုံလောက်နိုင်လောက်သည်။

သူစိတ်လှုပ်ရှားနေသော်လည်း သတိလက်လွတ်မနေရဲပေ။ အဘယ်ကြောင့်ဆိုသော် သူအစောပိုင်းက မြင်ခဲ့ရသည့်မြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ နေရာတိုင်းတွင် အလောင်းများရှိနေပြီး သူတို့သည် ဤနေရာသို့မရောက်မီတွင် သေဆုံးခဲ့ကြခြင်းပင်။

“မင်းတို့အားလုံး ငါ့ဘေးမှာ ရပ်နေ” ရှီဟောင်ပြောကာ အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။

မြင့်မြတ်သည့်အော်ရာများမှာ တစ်ဖြည်းဖြည်း ပိုအားကောင်းလာသည်။ အဝေးမှကြည့်သည်နှင့် အနီးကပ်ကြည့်ခြင်းမှာ လုံးဝမတူညီသည့်အရာနှစ်ခုပင်။

ဤသစ်ပင်များမှာ အလွန်ပင် မြင့်မားလှပြီး ရှေးကျလှသည်။ ပင်စည်များမှာ ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး အက်ကွဲနေသည့် သစ်ခေါက်များပင်လျှင် တောက်ပနေခြင်းပင်။ သစ်ရွက်များလည်း စိမ်းစိုကာ ရောင်စုံအလင်းများ ထုတ်လွှတ်နေလေသည်။

ထိုရောင်စုံအလင်းများ ဆက်သွားသည့်အချိန်တွင် သက်တံ့ကဲ့သို့ဖြစ်သွားလေသည်။

ဤနေရာတွင်ရှိနေသည့် အသက်ဓာတ်မှာ ထိတ်လန့်စရာကောင်းလောက်အောင်ပင် များပြားလှသည်။ သူတို့အသက်ရှူသွင်းလိုက်သည်နှင့် သူတို့မွေးညှင်းပေါက်များအားလုံး ပွင့်သွားကာ ဝိဉာဉ်စွမ်းအင်များလည်း သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာလေသည်။

“ဒီအသီးတွေက အရမ်းထူးခြားတယ်”

သစ်ကိုင်းများကြားမှ အသီးကို သူတို့တွေ့လိုက်ရသည်။ ထိုအသီးများမှာ တောက်ပနေသည့်နေမင်းလေးကဲ့သို့ပင်။ ချိုမြိန်သည့်ရနံ့များလည်း သင်းပျံ့နေလေသည်။

ရှေးသစ်ပင်များသည် တောက်ပနေကာ အမွှေးနံ့များ ထွက်မသွားစေရန်အတွက် အလင်းလိုက်ကာလေးတစ်ခုအဖြစ် ရှိနေလေသည်။ သို့သော်လည်း မွှေးရနံ့ အနည်းငယ်ကို ရနေဆဲဖြစ်ပြီး ထိုအနည်းငယ်ကပင်လျှင် လူကို မူးဝေသွားစေနိုင်သည်။

ထိုအသီးများမှာ လသားကလေး လက်သီးအရွယ်အစားခန့်သာရှိသည်။ အချို့မှာ ရွှေရောင်၊ အချို့မှာ တိမ်တောက်များကဲ့သို့ နီရဲနေပြီး အချို့မှာလည်း ကျောက်စိမ်းကဲ့သို့ကြည်လင်နေသည်။ အရောင်ကွဲပြားသော်လည်း ပုံစံမှာ အတူတူပင်။ လူသားပုံစံများပင်။

“အံ့ဩဖို့ကောင်းလိုက်တဲ့ နတ်အသီးတွေ .. နတ်အလင်းတွေက မဆုံးနိုင်အောင်ပဲ” ယုလီသည် ကြောက်ရွံ့နေသော်လည်း အံ့အားတကြီးပင် ရေရွတ်လိုက်လေ၏။

ရှီဟောင်၏အမူအရာမှာ တစ်ဖြည်းဖြည်းချင်း မည်းမှောင်လာပြီး သူ၏အပြုံးများ ပျောက်ကွယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤမျှနီးကပ်လာသော်လည်း မည်သည့်အန္တရာယ်မှ မတွေ့ရသေးပေ။ ဤနေရာတွင် မည်ကဲ့သို့သော ကြောက်စရာကောင်းသည့်အရာများ ပုန်းခိုနေသနည်း…

“ငါတို့ အသီးတွေ အရင်ခူးလိုက်မယ်”

အပိုင်း ၁၀၃၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၇ – ရူးသွပ်ခြင်း

ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် ရှီဟောင်သည် အရင်လျှောက်သွားလိုက်ကာ ကျန်သည့်သူများအား သူ့နောက်မှ သတိကြီးကြီးဖြင့် လိုက်ခဲ့ရန် ထပ်ခါထပ်ခါ သတိပေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါတို့လည်း စီရင်စုတစ်ခုရဲ့ အဆင့်လွန်လူသားတွေပဲလေ..” လော့သွမ် နူးညံ့စွာ ပြောလိုက်သည်။ သူ၏မျက်စိရှေ့တွင် နတ်သစ်သီးများ များစွာရှိနေသောကြောင့် သူ မတည်ငြိမ်နိုင်တော့ပေ။

ဤအသီးမှာ ဘာအသီးမှန်း သူတို့မသိကြသော်လည်း ဤသည်မှာ နတ်တစ်ဝက်သစ်သီးဖြစ်သည်ကိုတော့ သူတို့သိသည်။

နတ်ဆေးပင်များမှာ စီရင်စု သုံးထောင်လုံးတွင် လိုက်ရှာလျှင်ပင် အများကြီး မတွေ့နိုင်ပေ။ ထာဝရရှေးဟောင်းမြေထဲမှာပင်လျှင် ရှာတွေ့နိုင်ရန် မလွယ်ကူပေ။

ရှီဟောင် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ကို တွေ့ခဲ့ရခြင်းမှာလည်း ကံကောင်း၍သာ။

ဤနေရာတွင်ရှိနေသည့် သစ်ပင်များကို နတ်သစ်ပင်များဟု မခေါ်နိုင်ပေ။ အတိအကျပြောရလျှင် ဤသည်မှာ နတ်တစ်ဝက်သစ်ပင်များသာ။ အဘယ်ကြောင့်ဆိုသော် နတ်ဆေးပင်များမှာ ရှားပါးလှပြီး တစ်နေရာထဲတွင် အများကြီး မတွေ့နိုင်ပေ။

သူတို့သိရသလောက်ဆိုလျှင် နတ်ဆေးပင်များမှာ ထာဝရရှေးဟောင်းခေတ်မှ မူလသက်ရှိများနေထိုင်သည့် နေရာများတွင်သာ ရှိနေသည်။ ဂိုဏ်းခေါင်းဆောင်များပင်လျှင် ထိုနေရာသို့ လက်လွတ်စပယ် မသွားရဲကြပေ။ မဟုတ်လျှင် သူတို့အသတ်ခံရလိမ့်မည်။

မည်သို့ပင်ဖြစ်စေ နတ်တစ်ဝက်သစ်သီးအားလုံးကို ပေါင်းလိုက်လျှင် ထူးခြားနတ်ဆေးပင်ထက်တော့ ပိုသာလိမ့်မည်။

“စွန့်စားတော့မယ် … ဒီနေ့တော့ ငါ့ရဲ့နတ်ခွန်အားကို သုံးပြီးတော့ ဒီနတ်တစ်ဝက်အသီးတွေအားလုံးကို ယူမယ်” နတ်သစ်ပင်တောအုပ်ရှေ့တွင် လုယီ၏မျက်လုံးများပင်လျှင် အစိမ်းရောင်ပြောင်းလာလေသည်။

သူကြောက်နေသော်လည်း ဤအသီးများမှာ သူ့လက်တစ်ကမ်းအကွာတွင်သာ ရှိနေသောကြောင့် အလွန်အန္တရာယ်များသည့်အရာများ စောင့်ကြိုနေမည်ဆိုလျှင်ပင် သူတို့စွန့်စားမည်သာ။

ဝုန်း..

ရှီဟောင်သည် တောက်ပလှသည့် အလင်းလိုက်ကာကို ဖြတ်ကျော်ကာ မြင့်မြတ်သည့်ရှေးဟောင်းမြေအတွင်းသို့ ဝင်ရောက်သွားလိုက်သည်။ အခြားသုံးယောက်လည်း သူတို့၏ စွမ်းအားအကြီးဆုံး မှော်လက်နက်များကိုကိုင်ကာ သူ့နောက်သို့ လိုက်လာလေသည်။

ထိုအချိန်တွင် သူတို့သုံးယောက်လုံးသည် မြေပြင်ပေါ်မှ ကြွတက်တော့မတတ်ပင်။ ဤသည်မှာ မြင့်မြတ်အလင်းများကြောင့်ပင်။

ဤအဖိုးတန်မြေတွင် ရောင်စုံနတ်အလင်းများ စုဝေးနေပြီး ကြယ်စမ်းချောင်းများကဲ့သို့ပင် အောက်ဘက်သို့ ကျဆင်းလာသည်။ ထိုအလင်းများ သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် သူတို့အားလုံး သန့်ရှင်းသွားသလိုပင်။

“ငါ ဒီနေရာမှာ သီးသန့်ကျင့်ကြံချင်တယ် .. ဒီနေရာမှာ တာအိုတွေကို နားလည်အောင် လုပ်ပြီးတော့ ပညာကြီးတွေကို လေ့လာမယ်” လော့သွမ်ပြောလိုက်သည်။

“ပြီးတော့ ဒီနေရာက အရမ်းမွှေးလွန်းတယ် .. စကားလုံးနဲ့ ဖော်ပြလို့မရလောက်အောင်ပဲ”

“သတိထား” ရှီဟောင် အလွန်ပင် လေးနက်နေ၏။ သူ ဤနေရာသို့ ဝင်လိုက်သည်နှင့် မြင့်မြတ်မှုများနောက်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်ကို သူအာရုံခံ၍ရသည်။ သူသည် ချက်ချင်းပင် စိတ်များကို ဖြန့်ကျက်ထားလိုက်သည်။

သာမန်လူသာဆိုလျှင် ဤသည်ကိုအာရုံခံနိုင်ရန် အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အားလုံးကို မြင့်မြတ်သည့်အလင်းများဖြင့် ဖုံးလွှမ်းထားသောကြောင့် ကြောက်စရာကောင်းသည့် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိနိုင်ရန် ခက်ခဲသည်။

လော့သွမ်နှင့် လန်ယိချန်တို့လည်း တစ်ခုခုကို အာရုံခံမိသွားကာ သတိအနေအထားဖြစ်သွားသည်။ သူတို့အရှေ့တွင် မြင်ခဲ့ရသည့်မြင်ကွင်းများမှာ ဤနေရာသည် သတိလက်လွတ်နေ၍ရသည့်နေရာမဟုတ်ကြောင်း သူတို့ကို သတိပေးနေသည်။

ရှီဟောင်သည် လက်လှမ်းလိုက်ကာ လူသားပုံစံအသီးတစ်လုံးကို ခူးရန် ရွယ်လိုက်သည်။

ထိုအချိန်တွင် သူတို့အနောက်ဘက်မှ အနက်ရောင်မြူများ ထွက်ပေါ်လာသည်။ ဤမြူများမှာ ဤနေရာတွင်ရှိနေသည့် ငြိမ်းချမ်းမှုနှင့် မလိုက်ဖက်ပေ။

ရှီဟောင်တို့အုပ်စုသည် ကျောချမ်းသွားရပြီး လျင်မြန်စွာပင် နောက်လှည့်ကြည့်လိုက်ကြသည်။ ဤကဲ့သို့သော ရုတ်တရက်ပြောင်းလဲမှုများနှင့် ရင်ဆိုင်ရသော်လည်း ဤလူများသည် တည်ငြိမ်စွာဖြင့်ပင် တုံ့ပြန်နိုင်ကြလေသည်။

အနက်ရောင်မြူများသည် အဆုံးမရှိနိုင်အောင်ပင် ထွက်ပေါ်လာပြီး လူသားပုံစံ သက်ရှိများ ဖြစ်ပေါ်လာလေ၏။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးမှ မင်အိုးထဲမှ ထွက်လာသကဲ့သို့ မည်းနက်နေ၏။ သူတို့၏မျက်လုံးများမှာမူ အေးစက်သည့် မီးခိုးရောင်ဖြစ်နေသည်။

ရွှီး..

လုယီသည် သူ၏လက်ကို မြှောက်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်သွားလေသည်။ ဤသည်မှာ ရွှေစွမ်းအင်မှ ဖြစ်ပေါ်လာသည့် နတ်ချိန်းကြိုးပင်။ ထိုချိန်းကြိုးသည် အရိပ်တစ်ခုကို ဖောက်ထွက်သွားလေ၏။

“ဒီလောက်ပဲလား…” သူသည် တစ်ချက်တည်းဖြင့် အောင်မြင်စွာ တိုက်ခိုက်လိုက်နိုင်သောကြောင့် သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာကာ သက်မချလိုက်လေသည်။ သူ ဤနေရာတွင် ရှီဟောင်တို့အား အနည်းငယ်ကူညီနိုင်လိမ့်မည်ဟု သူခံစားလိုက်ရသည်။

သို့သော် သူ၏အပြုံးများ အေးခဲသွားရသည်။ နတ်ချိန်းကြိုးဖြင့် ဖောက်ခံရသော်လည်း ထိုအရိပ်မှာ ထိခိုက်မှုမရှိပဲ ပြန်လည်ကောင်းမွန်သွားလေ၏။ ထို့နောက်တွင် သူတို့ဘက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။

ဤမြူများသည် ကြီးမားလှသည့် အနက်ရောင်နေမင်းကြီးကဲ့သို့ပင် ကြောက်စရာကောင်းသည့် အော်ရာများကို ထုတ်လွှတ်နေလေသည်။ နတ်ခွန်အားများလည်း ထွက်ပေါ်လာလေသည်။

ယုလီသည် ထူးဆန်းသည့်အသံဖြင့် အော်လိုက်ပြီးနောက် သူ၏ချိန်းကြိုးကိုအသုံးပြုကာ ထိုလက်သီးချက်ကို ခုခံနိုင်ရန် ကြိုးစားလိုက်သည်။

သတ္တုသံများ ထွက်ပေါ်လာပြီးနောက် ချိန်းကြိုးသည် ထိုအရိပ်၏ခန္ဓာကိုယ်ကို ရစ်တွယ်သွားသော်လည်း ဤသည်မှာ မြူများဖြစ်သောကြောင့် ထိတွေ့ကိုင်တွယ်နိုင်သည့် ပစ္စည်းများမှာ သူတို့အပေါ် သက်ရောက်မှမရှိပေ။ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပြန်လည်ပေါင်းစည်းသွားလေ၏။

ထိုအရိပ်နက်၏ တိုက်ခိုက်မှုများမှာ ကြောက်စရာကောင်းလှပြီး မထင်မှတ်ထားသည်မှာ သူတို့သည် နတ်မီးတောက်နယ်မြေ၏ ထိပ်ဆုံးသို့ ရောက်နေလေပြီ။

“ငါ မတိုက်နိုင်တော့ဘူး” လုယီသည် အော်ဟစ်လိုက်ကာ အနောက်ပြန်ဆုတ်လိုက်သည်။

ရွှီး..

ထို့နောက်တွင် လန်ယိချန် တိုက်ခိုက်လိုက်သည်။ အပြာရောင်နတ်ဓားတစ်ချောင်း ပေါ်လာကာ ဓားစွမ်းအင်များလည်း သက်တံ့များကဲ့သို့ပင် ထွက်ပေါ်လာသည်။ သူသည် ဒေါသတကြီးပင် အပြင်ဘက်သို့ လွှဲရမ်းခုတ်လိုက်သည်။ သူထုတ်လွှတ်သည့်စွမ်းအားမှာလည်း အလွန်ပင် စွမ်းအားကြီးလှသည်။

ဓားအလင်းတန်းမှာ အရိပ်ကို နှစ်ပိုင်းပြတ်သွားအောင် လုပ်လိုက်သည်။

သို့သော် တစ်ခဏကြာပြီးသည့်နောက်တွင် ထိုအရိပ်နှစ်ပိုင်းမှာ ပြန်ပေါင်းသွားကာ လူသားပုံစံ ပြန်ဖြစ်သွားကာ လက်သီးချက်တစ်ခု ထုတ်လွှတ်လိုက်လေသည်။

လန်ယိချန် အော်ဟစ်လိုက်၏။ သူ၏တိုက်ခိုက်မှုများမှာ အရိပ်အပေါ်တွင် အကျိုးသက်ရောက်မှု မရှိသော်လည်း ထိုအရိပ်သည် သူ့ထံသို့ တရှိန်ထိုးပြေးလာနေလေပြီ။

ဖုန်း…

သူသည် မတတ်သာတော့ပဲ သူ၏လက်သီးဖြင့် ပြန်လည်တိုက်ခိုက်လိုက်ရသည်။ သူတို့နှစ်ဦး တိုက်ခိုက်သည့်အချိန်တွင် နတ်စွမ်းအားများ ထွက်ပေါ်လာပြီး လန်ယိချန် ထိတ်လန့်သွားရသည်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုမှာ မည်မျှပင် အားကြီးသည်ကို သူခံစား၍ရသည်။ သို့သော် အရိပ်သည် ချက်ချင်းပင် သူ၏တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းလိုက်ကာ အနက်ရောင်မြူအဖြစ်သို့ ပြန်ပြောင်းသွားပြီး သူ၏လက်မောင်းကို လာရောက်ရစ်ပတ်လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူ ထူးဆန်းစွာပင် အော်ဟစ်လိုက်သည်။ ဤသည်မှာ ပုံမှန်မဟုတ်ပေ။ ကြောက်စရာကောင်းသည်ဟုပင် ပြော၍ရသည်။

လန်ယိချန်သည် ညီးတွားလိုက်ကာ သူ၏ခန္ဓာကိုယ်မှ နတ်အလင်းများ ထုတ်လွှတ်လိုက်သည်။ ထိုအချိန်မှသာ ထိုအရိပ်ပြန်ခွာသွားလေသည်။ သူ၏လက်မောင်းမှာ အတော်လေး တိုက်စားခံလိုက်ရသည်ကို သူတွေ့လိုက်ရသည်။

အပြာရောင်နတ်အလင်းများ ထွက်ပေါ်လာကာ သူ၏လက်မောင်းမှာ တစ်ဖြည်းဖြည်းချင်း အရည်ပျော်သွားလေ၏။ သတ္တုရည်များ စီးကျလာကာ သူ၏လက်မှာ လျင်မြန်စွာပင် နဂိုမူလအတိုင်းပြန်ဖြစ်သွားသည်။

“သူတို့မီးတောက်တွေကို ကြောက်တယ် .. မင်းတို့ရဲ့တာအိုမီးတောက်တွေကို မြန်မြန်အသက်သွင်းလိုက်” လော့သွမ်ပြောလိုက်သည်။ နတ်ဘုရားဖြစ်လာပြီးသည့်နောက်တွင် သူတို့ထံ၌ နတ်အလင်းမီးတောက်ရှိသည်သာ။ သို့သော် ဤသည်မှာ သူတို့၏ စွမ်းအင်အရင်းအမြစ်များကို ကုန်ခမ်းစေသည်။

သေချာပါသည်။ သူတို့မီးတောက်များထုတ်ပြီးသည့်နောက်တွင် နတ်ဆိုးအရိပ်များ နောက်ပြန်ဆုတ်သွားကြ၏။

သို့သော် သူတို့နတ်မီးတောက်များကို ထွန်းညှိလိုက်သည်နှင့် သူတို့ပတ်လည်မှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး တစ္ဆေမှင်စာများအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့၏အေးစက်နေသည့် မျက်လုံးများမှာ ဤနေရာတစ်ဝိုက်ကို ကြည့်နေလေသည်။

တစ်ယောက်ပင်လျှင် ရင်ဆိုင်ရခက်ခဲနေသော်လည်း ယခုအချိန်တွင် တစ်ခါတည်းဖြင့် အများကြီး ပေါ်လာလေသည်။ ထို့အပြင် ဤမှင်စာများထက်ပိုစွမ်းအားကြီးသည့် နတ်ဘုရားအစစ်အမှန်အဆင့်သို့ ရောက်နေပြီဖြစ်သည့် အနက်ရောင်အရိပ်များလည်း ရှိနေသေးသည်။

“ဒါက .. ငါတို့ ဒါကို ဘယ်လိုရှင်းကြမလဲ” ဤသည်မှာ အားလုံးကို မူးဝေသွားစေသည်။ နတ်ဆိုးများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကာ အချို့သူများမှာ နတ်ဘုရားအစစ်များပင်။

ရှီဟောင်လှုပ်ရှားလိုက်သည်။ သူ၏မျက်ခုံးကြားမှ တောက်ပလာကာ လျှပ်စီးအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုလျှပ်စီးသည် အနက်ရောင်အရိပ်တစ်ခုကို ဖြတ်သွားသည့်အချိန်တွင် ထိုအရိပ်ထံမှ အော်ဟစ်သံထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်လည်း တစ်ဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။

“သူတို့တွေ ယန်စွမ်းအင်ကို ကြောက်ကြတယ်” ရှီဟောင်ပြောလိုက်သည်။

ပုံမှန်အဖိုးတန်ပညာများမှာ သူတို့အပေါ်တွင် အသုံးမဝင်ပေ။ လက်နက်များလည်း အသုံးမဝင်ပေ။

“ယန်အဖိုးတန်ပညာလား” သူတို့သုံးဦး မျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏ခန္ဓာကိုယ်များ တောက်ပလာသော်လည်း ဤသည်မှာ သိပ်အကျိုးမရှိသည်ကို သူတို့တွေ့လိုက်ရသည်။ သူတို့၏ နတ်မီးတောက်များကို ထွန်းညှိထားခြင်းက ပို၍အသုံးဝင်သေးသည်။

သို့သော် နတ်မီးတောက်များကို ဆက်တိုက်ထွန်းညှိရခြင်းမှာ သူတို့ကို ပင်ပန်းလာစေသည်။ သူတို့ခဏလေးသာ ထွန်းညှိရသေးသော်လည်း သူတို့ခံစားချက်များ မကောင်းတော့ပေ။

ရှီဟောင်ပင်လျှင် ထိတ်လန့်သွားရသည်။ လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာကို သုံးလိုက်ကာ လျှပ်စီးများကို ရောယှက်စေလိုက်သည်။ လျှပ်စီးတစ်ချက်တည်းဖြင့် အရိပ်တစ်ခုကို မရှင်းထုတ်နိုင်ပဲ အချက်ပေါင်းများစွာ လိုအပ်လေသည်။ အပြင်ဘက်၌ နတ်အလောင်းများ စုပုံနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ဤအရာများကို သတ်နိုင်ရန်ခက်ခဲလှသည်။

“ဒါတွေက … တစ္ဆေနတ်ဆိုးတွေ .. သူတို့တွေက ယင်စွမ်းအင်တွေအများကြီးစုမိသွားလို့ဖြစ်လာတာ .. နတ်ပစ္စည်းတွေ ရပြီးတဲ့နောက်မှာ အသိဉာဏ်ရှိလာတယ်’ လော့သွမ်သည် အရိုးစာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်ကို ပြန်အမှတ်ရမိသွားသည်။

ဤနတ်သစ်သီးတောအုပ်မှာ သူတို့ကို ပြောင်းလဲပေးခဲ့သည်မှာ သိသာသည်။ ယင်စွမ်းအင်များ စုစည်းသွားပြီး နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် သူတို့သည် တစ္ဆေနတ်ဆိုးများ ဖြစ်လာလေပြီ။

“မကောင်းတော့ဘူး” လုယီမှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ သူ၏လက်ဝါးမှာ တိုက်စားခံရတော့မလိုပင်။ ထိုအနက်ရောင်မြူများမှာ ကြောက်စရာကောင်းလွန်းလှသည်။

ဝုန်း…

ရှီဟောင် ခက်ခက်ခဲခဲတိုက်ခိုက်နေသော်လည်း တစ္ဆေနတ်ဆိုး ၆ ကောင် ၇ ကောင်ခန့်သာ သတ်နိုင်သေးသည်။

ဝုန်း..

နတ်ဘုရားအစစ်အဆင့်ရှိသည့် တစ္ဆေနတ်ဆိုးတစ်ကောင်သည် လျှပ်စီးအလင်းတန်းကို ခုခံလိုက်သည်။ အနက်ရောင်အလင်းနှင့် လျှပ်စစ်အလင်းတို့ တစ်ချိန်တည်း ထွက်ပေါ်လာကာ လေဟာနယ်ကိုပင် ပုံပျက်သွားစေလေသည်။

အာဟူး…

ဟစ်ကြွေးသံများ ဆက်တိုက်ပင် ထွက်ပေါ်လာသည်။ ဘေးပတ်လည်တွင်ရှိနေသည့် တစ္ဆေနတ်ဆိုးများအားလုံး တစ်ပြိုင်တည်း ရောက်လာကြလေသည်။ နတ်ဘုရားအဆင့်ရှိသည့် တစ္ဆေနတ်ဆိုးပင်လျှင် ၈ ကောင် ၉ ကောင်ခန့်ရှိသည်။ အခြေအနေများမှာ အလွန်ပင် အန္တရာယ်များနေသည်။

“သေလိုက်တော့…”

ရှီဟောင် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်သည်။ လျှပ်စီးအလင်းတန်းများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ထိုတစ္ဆေနတ်ဆိုးများကို ဖောက်ခွဲလိုက်လေသည်။ လျှပ်စီးပင်လယ်တစ်ခု ထွက်ပေါ်လာသကဲ့သို့ပင် ယင်စွမ်းအင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။

“နောက်ဆုတ်ကြစို့ .. တစ္ဆေနတ်ဆိုးတွေ အများကြီးနဲ့တိုက်ဖို့က အရမ်းခက်တယ်” ယုလီ ကြောက်ရွံ့စွာပြောလိုက်သည်။

ရှီဟောင် သူ့ကို ဘာမှပြန်မပြောပေ။ သူ၏အော်ရာများမှာ ဆက်တိုက်ပင်ထွက်ပေါ်လာပြီး လျှပ်စီးအလင်းတန်းများလည်း ပို၍ တောက်ပလာလေသည်။ ထို့အပြင် သူသည် အဝေးတွင်ရှိနေသည့် တိမ်တိုက်များအားလုံးကို ဤနေရာသို့ ဆွဲခေါ်လိုက်သည်။ သူသည် တားမြစ်ထားသည့် လျှို့ဝှက်ပညာတစ်ခုကို အသုံးပြုကာ ကောင်းကင်နှင့်မြေကြီးကြားတွင်ရှိနေသည့် လျှပ်စီးများကို အသုံးပြုမလို့ပင်။

ဝုန်း..

လျှပ်စီးတန်းတစ်ခု ကျရောက်လာကာ နတ်ဘုရားအစစ်တစ်ပါးကို ဖောက်ခွဲပစ်လိုက်လေသည်။

ရုတ်တရက်ပင် အတောင်ပံခတ်သံများကို ကြားလိုက်ရလေသည်။ ထိုသစ်ပင်များထက်မှ စွမ်းအားကြီးသည့် အသက်အော်ရာများကို ထုတ်လွှတ်နေလေသည်။ မရေမတွက်နိုင်သည့် အနက်ရောင်အစက်အပြောက်များ ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းမိုးသွားလေသည်။ အချို့မှာ တိမ်တိုက်များထံသို့ ဦးတည်သွားပြီး အချို့မှာ ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။

ပိုးကောင်များမှာ များပြားလွန်းလှသောကြောင့် တိမ်များပင် ပျက်ပြယ်သွားလေသည်။

ရှီဟောင်တို့ကို ဝန်းရံလာသည့်အုပ်စုမှ စူးရှလှသည့် အော်သံများ ထွက်ပေါ်နေလေ၏။ ထင်မှတ်မထားသည်မှာ သူတို့သည် တစ္ဆေနတ်ဆိုးများကို ထိန်းချုပ်နိုင်လေသည်။

“ဒီ တစ္ဆေနတ်ဆိုးတွေကို ဒီပိုးကောင်တွေက မွေးထားတာလား” လန်ယိချန် ဆွံ့အသွားရသည်။

ဤပိုးကောင်များမှာ သူတို့လမ်းတွင်တွေ့ခဲ့သည့် ပိုးကောင်ပင်။ သူတို့၏ခန္ဓာကိုယ်များမှာ မည်းနက်နေပြီး ကြည်လင်နေသည့်အတောင်ပံများလည်း ရှိသည်။ သူတို့သည် လက်သည်းခွံအရွယ်သာရှိသည်။ သူတို့အတောင်ပံခတ်လိုက်သည်နှင့် တဝီဝီအသံများ ထွက်ပေါ်နေလေသည်။

ဤပိုးကောင်များမှာ သေးငယ်သော်လည်း စွမ်းအားကြီးလှသည်။ အဆင့်အနိမ့်ဆုံးမှာ အဆင့်လွန်နယ်ပယ်ကျွမ်းကျင်သူအဆင့်တွင်ရှိသည်။ နတ်မီးတောက်နယ်ပယ်အဆင့် ရောက်နေသည့်အကောင်များပင် ရှိနေလေသည်။ သူတို့သည် အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားလေ၏။

“ဒါက ဘာတွေလဲဆိုတာ ငါသိပြီ .. သူတို့တွေက အနက်ရောင်နတ်ပိုးကောင်တွေပဲ .. ဒီနတ်သစ်ပင်တွေက ဂျင်ဆင်းတစ်ဝက်အသီးပင်တွေပဲ”

လော့သွမ်သည် အရိုးစာအုပ်ထဲမှ စာပိုဒ်တစ်ပိုဒ်ကို ပြန်လည်အမှတ်ရမိလိုက်သည်။ အနက်ရောင်နတ်ပိုးကောင်များမှာ အလွန်သေးငယ်သော်လည်း သူတို့သည် ကောင်းကင်နတ်ဘုရားကဲ့သို့ပင် တိုက်ခိုက်နိုင်သည်။

ဤကဲ့သို့သော စွမ်းအားကြီးသည့်လူမျိုးစုသည် နတ်ဆေးပင်မျိုးစုံကို ကာကွယ်စောင့်ရှောက်ကြလေသည်။ ဂျင်ဆင်းတစ်ဝက်အသီးပင်သည်လည်း နတ်တစ်ဝက်ဆေးပင်ဖြစ်သောကြောင့် ဤကဲ့သို့သော ပိုးကောင်အုပ်ကြီးမှ ဝန်းရံထားရန် ထိုက်တန်ပေသည်။

အပိုင်း ၁၀၃၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၇ ( ၂ )

ဤအပင်မှာ သူတို့အဆင့်တက်ခြင်းအတွက် အရေးကြီးသည်။

နှစ်ပေါင်းတစ်ရာတိုင်းတွင် သူတို့သည် အဆင့်တက်ရန်အတွက် အခွင့်အရေးရသည်။ ထိုအချိန်ကျလျှင် သူတို့သည် ဂျင်ဆင်းတစ်ဝက်သီးကို စားသုံးရန် လိုအပ်လေသည်။

ဂျင်ဆင်းတစ်ဝက်သီးသည် ဒဏ္ဍာရီလာ အသက်ရှည်ပင်ဖြစ်သည့် ဂျင်ဆင်းပင်နှင့် ဆက်စပ်နေသည်ဟု ပြောကြသည်။

ဝုန်း..

ရှီဟောင်၏သွေးစွမ်းအင်များ ထွက်ပေါ်လာကာ သူ၏နတ်ခွန်အားကို ပြသလိုက်လေ၏။ နတ်ဘုရားအစစ်အဆင့် တစ္ဆေနတ်ဆိုးသုံးကောင်မှာ တစ်ကောင်ပြီးတစ်ကောင် ပျက်စီးသွားလေ၏။

ထိုအချိန်တွင် ပိုးကောင်အုပ်ကြီးမှာ သူတို့ထံသို့ လာနေလေပြီ။ သူတို့ပါးစပ်မှ အလွန်ပင်စူးရှသည့်အော်သံများ ထုတ်လွှတ်နေပြီး ဤတစ္ဆေနတ်ဆိုးအုပ်ကြီးကို တိုက်ခိုက်ရန် အမိန့်ပေးနေလေသည်။

သတ်ဖြတ်လိုသည့်စွမ်းအင်များမှာ ကောင်းကင်ထက်တွင် ပျံ့နှံ့နေလေ၏။

ဖူး..

သူတို့ ယခုမှ စတင်တိုက်ခိုက်ကြခြင်းဖြစ်သော်လည်း ယုလီသည် သနားစဖွယ်ပင် အော်ဟစ်လိုက်သည်။ သူ၏လက်မောင်းမှာ အနက်ရောင်လိုင်းများစွာဖြင့် ထိုးဖောက်ခံရပြီး သွေးများယိုစီးကျလာနေလေပြီ။

“ဒီကိုလာခဲ့..” ရှီဟောင် အော်ဟစ်လိုက်ကာ သူ့ဘေးနားတွင် ကာကွယ်ပေးထားလိုက်သည်။

ဒုန်း ဒုန်း ဒုန်း..

လန်ယိချန်၏ ခန္ဓာကိုယ်မှာ အတော်လေးပင် တုန်လှုပ်သွားရသည်။ ပိုးကောင်ပေါင်း ရာပေါင်းများစွာ သူ၏ခန္ဓာကိုယ်ကို ဝင်တိုက်သောကြောင့် သူလွင့်ထွက်သွားရသည်။ သူ၏ခန္ဓာကိုယ်မှာ သတ္တုခန္ဓာကိုယ်ဖြစ်နေသောကြောင့်သာ။ မဟုတ်ပါက သူ၏ခန္ဓာကိုယ်တွင် အပေါက်များ ဖြစ်နေလောက်လေပြီ။

ဤပိုးကောင်များသည် သေးငယ်လှသော်လည်း အများစုမှာ နတ်မီးတောက်နယ်ပယ်တွင်ရှိနေပြီး အနည်းစုသာ အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်တွင် ရှိနေခြင်းပင်။

“အား…” လော့သွမ် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူသည် ပိုးကောင်အနည်းငယ်ကို သတ်လိုက်နိုင်သော်လည်း သူသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားသည်သာ။

သူ၏ နတ်မှော်ပစ္စည်းဖြစ်သည့် စေတီပင်လျှင် အပေါက်များဖြစ်သွားလေပြီ။ သူသည်လည်း ဒဏ်ရာရရှိထားပြီး သူ၏အခြေအနေမှာ အတော်လေး ဆိုးရွားနေလေပြီ။

ဤပိုးကောင်များမှာ ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း…

အပြင်ဘက်တွင် အဘယ်ကြောင့်အလောင်းများစွာရှိနေသည်ကို နောက်ဆုံးတော့ သူတို့နားလည်သွားရသည်။ ဤသည်မှာ ထောင်ပေါင်းများစွာသော ပိုးကောင်များနှင့် တစ္ဆေနတ်ဆိုးများ အတူတကွ တိုက်ခိုက်ခြင်းကြောင့်ပင်။ လူဘယ်နှယောက်ကများ ဤကဲ့သို့သော တိုက်ခိုက်မှုကို ခုခံနိုင်မည်နည်း..

ရှီဟောင်၏အခြေအနေသည်လည်း အရမ်းကြီး ကောင်းမွန်မနေပေ။ အဘယ်ကြောင့်ဆိုသော် တစ္ဆေနတ်ဆိုးများအားလုံး သူ့ကို တိုက်ခိုက်နေရုံသာမက နတ်ဘုရားအစစ်အမှန်အဆင့်ရောက်နေသည့် ပိုးကောင်များပင် သူ့ကို တိုက်ခိုက်နေသေးသည်။

ဤပိုးကောင်ငယ်လေးများမှာ အဘယ်ကြောင့်ဤမျှတိုက်ခိုက်နိုင်သလဲဆိုသည်ကို စဉ်းစားကြည့်ရန်ပင် ခက်ခဲလွန်းသည်။

အကြီးဆုံးပိုးကောင်မှာ လက်မထက် မကြီးပေ။ သို့သော်လည်း ဤသည်မှာ နတ်ဘုရားအစစ်ဖြစ်ပြီး သူ့ကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။

ရှီဟောင်သည် ပြန်လည်ရှင်သန်ခြင်း၊ လျှပ်စီး၊ ကောင်းကင်ပျက်စီးခြင်းလျှပ်စီးပညာများကို အားကုန်သုံးကာ ထိုပိုးကောင်များကို တိုက်ခိုက်လိုက်သည်။

သို့သော် သူသည်လည်း အန္တရာယ်များသည့် အခြေအနေတွင်ရှိနေသည်။ သူ၏အဝတ်အစားများ စုတ်ပြဲသွားပြီဖြစ်ပြီး နေရာတော်တော်များများမှ သွေးများစီးကျနေသည်။

“ဒီကိုလာခဲ့”

ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည် ကောင်းကင်လမ်းကြောင်းကို ဖွင့်ကာ လော့သွမ်၊ လန်ယိချန်နှင့် လုယီတို့ကို ကာကွယ်ပေးလိုက်သည်။ ကောင်းကင်လမ်းကြောင်းသည် နတ်စက်ဝန်းကဲ့သို့ပင် ဤလူများကို ဝန်းရံသွားလေသည်။

သူတို့အားလုံး ထိတ်လန့်သွားရသည်။ ပိုးကောင်များသည် သူတို့ထံသို တရှိန်ထိုးပြေးလာသော်လည်း အနားကပ်မလာနိုင်တော့ပေ။

တစ္ဆေနတ်ဆိုးပင်လျှင် ရပ်တန့်သွားလေ၏။

“ဒါက ရူးလောက်စရာပဲ” လုယီ၏အသံမှာ တုန်ယင်နေသည်။

ပိုးကောင်များမှာ ပိုးစက်များကဲ့သို့ပင် မရေမတွက်နိုင်အောင် ရှိနေသည်။

“အများကြီးပဲ .. ဘယ်သူက သူတို့အားလုံးကို တားနိုင်မှာလဲ” လန်ယိချန်လည်း မသက်မသာခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းပင်လျှင် ပျက်စီးစပြုလာပြီး သူ၏အစွမ်းကုန်ဆုံးတော့မည်။

အပြင်ဘက်တွင်ရှိနေသည့် ဖိအားမှာ များပြားလွန်းသည်။ ရှီဟောင်သည် သွေးတစ်ပွက်အန်လိုက်ကာ သူ၏မျက်နှာလည်း ဖြူဖျော့သွားသည်။

“သွား..”

ရှီဟောင်သည် ဆေးလုံးမီးဖိုကို ထုတ်လိုက်ကာ အဖုံးဖွင့်လိုက်ပြီး ကောင်းကင်မြစ်ရေကို သွန်ပစ်လိုက်သည်။ ဤမြစ်ရေတွင် လျှပ်စီးများရှိနေသကဲ့သို့ ကျိန်စာများလည်း ရှိနေသည်။

ဤသည်မှာ အလွန်အသုံးဝင်လေ၏။ ပိုးကောင်နှင့် တစ္ဆေနတ်ဆိုးများအားလုံး နောက်ဆုတ်သွားကြလေသည်။

“ကြောက်စရာကောင်းလိုက်တာ .. ပိုးကောင်တွေဒီလောက်အများကြီး ဘယ်သူမှ သူတို့ကို ခုခံနိုင်မှာမဟုတ်ဘူး .. အဲဒါကြောင့်မို့လို့ အပြင်ဘက်မှာ အလောင်းတွေ အများကြီးရှိနေတာကိုး…” လန်ယိချန်စိတ်ထဲတွင် တုန်လှုပ်သွားရသည်။

ဖူး..

လုယီသည် သွေးအန်လိုက်ကာ သူ၏ပါးစပ်ကို ဟလိုက်သည်နှင့် ပိုးကောင်နှစ်ကောင် ထွက်လာလေသည်။ ဤသည်မှာ သူ၏ခန္ဓာကိုယ်ထဲသို့ ယခုလေးတင် ဝင်သွားသည့် ပိုးကောင်နှစ်ကောင်ပင်။

လော့သွမ်မှာ ပို၍ပင် ဆိုးရွားလေသည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ သူ၏ခန္ဓာကိုယ်တစ်ဝက်ကို ချိတ်ပိတ်လိုက်သည်။ နတ်သွေးများ ထွက်လာကာ အကောင် ၁၀ ကောင်ကျော် ထွက်လာလေသည်။ သူတို့သည် ချက်ချင်းပင် ဤပိုးကောင်များအား သတ်ပစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် လော့သွမ်သည် ရှီဟောင်ပြီးလျှင် ဒုတိယ အဓိကကျဆုံးလူပင်။ အနက်ရောင်နတ်ပိုးကောင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူသာ သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ချိတ်ပိတ်လိုက်သောကြောင့်သာမဟုတ်ပါက သူသည် ဆိုးရွားစွာ သေဆုံးသွားလောက်လေပြီ။

ဤပိုးကောင်အုပ်ကြီးသည် တစ်ခဏခန့် ငြိမ်နေပြီးသည့်နောက်တွင် ရက်စက်သည့်တိုက်ခိုက်မှုများကို ပြန်လည်ပြုလုပ်လာသည်။ သူတို့သည် လျှပ်စီးများကိုတိုက်ခိုက်ရုံသာမက ဆေးလုံးမီးဖိုကိုပါ တိုက်ခိုက်လေသည်။ ပိုးကောင်အုပ်ကြီးမှာ အောက်ကျသွားသော်လည်း မသေသွားပေ။

“ဒီပိုးကောင်တွေ စိတ်တိုနေပြီ .. သူတို့တွေ ငါတို့ကို မသတ်ရမချင်း အရှုံးပေးမှာမဟုတ်ဘူး .. ဒီပိုးကောင်တွေက အရမ်းရက်စက်တယ် .. တစ္ဆေနတ်ဆိုးတွေကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာ သူတို့သိတယ် .. အပြင်ဘက်မှာရှိနေတဲ့အလောင်းတွေအားလုံးက တစ္ဆေနတ်ဆိုးတွေကို ကျွေးထားတာ .. ငါတို့ကိုလည်း သူတို့က အစာလို့ သတ်မှတ်နေတာ”

သူတို့အားလုံး အချင်းချင်းစကားပြောလိုက်ကြ၏။ သူတို့ချက်ချင်း ထွက်သွားရန် လိုအပ်နေလေပြီ။

“ငါ ဂျင်ဆင်းတစ်ဝက်သီးတွေကို နည်းနည်းလေးမှ မရသွားရင် ငါကိုယ့်ငါ စိတ်ပျက်မိလိမ့်မယ်” ရှီဟောင် ပြောလိုက်၏။ သူသည် သူ၏အကြီးမားဆုံး ဝှက်ဖဲဖြစ်သည့် ဆေးလုံးမီးဖိုကိုပင် သုံးလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူ ဘာအသီးမှ မခူးသွားရလျှင် အတော်လေး ဝမ်းနည်းရလိမ့်မည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာများ ပြည့်နှက်နေလေပြီ။

သူ၏အသွေးအသားများ ကြံ့ခိုင်သောကြောင့်သာမဟုတ်ပါက ယခုအချိန်တွင် သူ အသတ်ခံနေရလောက်လေပြီ။

ဝုန်း..

ရှီဟောင်သည် ဆေးလုံးမီးဖိုကို ခေါင်းပေါ်တွင် မိုးထားပြီး ထိုလူများကိုလည်း သူနှင့်အတူ အပြင်ဘက်သို့ ခေါ်ထုတ်သွားလိုက်သည်။ သူသည် ကောင်းကင်လမ်းကြောင်းကိုလည်း အသုံးပြုထားဆဲပင်။ သူသည် အကာအကွယ်နှစ်ထပ်ကို အသုံးပြုကာ နတ်သီးများကို စတင်ခူးဆွတ်လိုက်သည်။

ဂျင်ဆင်းတစ်ဝက်သီးများသည် သလင်းကျောက်ကဲသို့ပင် ကြည်လင်လှသည်။ နတ်အလင်းများလည်း တောက်ပနေပြီး သူတို့၏ အမွှေးနံ့မှာ ယစ်မူးဖွယ်ကောင်းလှသည်။

ရှီဟောင်သည် အချိန်တစ်ခဏလေးအတွင်းမှာပင် အပင်ရှစ်ပင်ကို ပြောင်သလင်းခါအောင် ခူးပြီးသွားလေပြီ။ အပင်တစ်ပင်တွင် အနည်းငယ်သာရှိသော်လည်း ယခုအချိန်တွင် သူအလုံး ၂၀ ကျော် ရနေလေပြီ။

အချို့ပိုးကောင်များနှင့် လျှပ်စီးကြောင့် မည်းတူးသွားသည့် ပိုးကောင်များသည် သူတို့သေဆုံးတော့မည်ဖြစ်သဖြင့် ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းကို တရှိန်ထိုးပင် ဝင်တိုက်လေ၏။

တစ်ကောင်နှစ်ကောင်ဆိုလျှင် ကိစ္စမရှိသော်လည်း ယခုအချိန်တွင် အုပ်လိုက်ကြီးပင်။

ရှီဟောင်သည် နောက်တစ်ကြိမ် သွေးအန်သွားသော်လည်း ရပ်တန့်ခြင်းမရှိပဲ အသီးများကို ဆက်ခူးနေလေသည်။

“မြန်မြန်သွားရအောင် .. မင်းလည်း ဒီပိုးကောင်တွေလိုမျိုး ရူးနေပြီပဲ .. ငါတို့ထပ်စောင့်နေရင် ငါတို့အရိုးတောင် မကျန်ပဲနေလိမ့်မယ်” ယုလီ ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

လော့သွမ်နှင့် လန်ယုချန်တို့လည်း ခေါင်းညိမ့်လိုက်သည်။ သူတို့၏မျက်နှာများမှာ အလွန်ပင်ဖြူဖျော့နေလေပြီ။ အခြေအနေမှာ အန္တရာယ်များလွန်းလှသည်။ ဤအတိုင်းသာဆက်သွားလျှင် သူတို့အချိန်မရွေး သေသွားနိုင်သည်။

ရွှီး..

ရှီဟောင်သည် လေထဲသို့ မြှင့်တက်သွားကာ အသီးများခူးရန်အတွက် သစ်ပင်ထိပ်ဖျားကို သွားလိုက်သည်။ ထိုအချိန်တစ်ခဏတွင် သူ၏ဦးရေပြားများပင် ထုံကျဉ်သွားရ၏။ သစ်ပင်ထိပ်ဖျားတွင် တစ်ပေခန့်ရှည်သည့် ပိုးကောင်ရှိနေပြီး တစ္ဆေနတ်ဆိုးများလည်း ရှိနေသည်။ သို့သော်လည်း သူတို့သည် အိပ်နေသကဲ့သို့ပင် မလှုပ်မယှက်ရှိနေလေသည်။

“ဒီကနေ မြန်မြန်သွားကြရအောင် .. အဲဒါတွေက ကောင်းကင်နတ်ဘုရားနယ်ပယ်ပိုးကောင်တွေနဲ့ တစ္ဆေနတ်ဆိုးတွေမလား”

“ဂိုဏ်းခေါင်းဆောင်အဆင့်တွေတောင်ရှိတယ်”

“ငါသိတယ် .. အချိန်တွေ ဒီလောက်ကြာနေပြီကို လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ ကျွမ်းကျင်သူတွေ ဘယ်လိုလုပ် မရှိပဲနေမှာလဲ .. ငါတို့ ဒီကနေ အသက်ရှင်လျက် ပြန်နိုင်မှာမဟုတ်ဘူး..”

လန်ယိချန်၊ လော့သွမ်နှင့် လုယီတို့၏ မျက်နှာများမှာ အလွန်ပင် ဖြူဖျော့နေလေပြီ။

ရှီဟောင်ပင်လျှင် ဆွံ့အသွားလေ၏။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

သို့သော် သူတို့ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။ ဤပိုးကောင်များနှင့် တစ္ဆေနတ်ဆိုးတို့သည် မလှုပ်ရှားလာပဲ ထိုနေရာတွင်သာ ရှိနေလေသည်။ ထို့အပြင် အောက်ဘက်တွင်ရှိနေသည့် ပိုးကောင်များနှင့် တစ္ဆေနတ်ဆိုးများလည်း သူတို့အနားသို့ မကပ်ရဲပေ။

“ဟမ်…” ဤသည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်သည် အသီးများကို ပိုခူးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးခြင်းမှာ အသီးများဖြင့် ပြည့်နေလေပြီ၊

ဝုန်း…

နောက်ဆုံးတွင် ပိုးကောင်အချို့မှာ သည်းမခံနိုင်တော့ပေ။ သူတို့သည် သစ်ပင်ထိပ်ဖျားသို့ ပျံတက်လာကာ တစ်ပေခန့်ရှည်သည့် အနက်ရောင်နတ်ပိုးကောင်နှစ်ကောင်ကို ရှီဟောင်တို့ထံသို့ ပစ်လွှတ်လိုက်လေ၏။

အူး…

ဤအကောင်များသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် လှုပ်ခါသွားစေနိုင်သည့် ဟစ်ကြွေးသံများကို ထုတ်လွှတ်လိုက်လေသည်။

ရှီဟောင်သည် ဆံပင်မွေးများပင် ထောင်ထသွားရပြီး လျင်မြန်စွာပင် မြေပြင်ပေါ်သို့ တရှိန်ထိုးပြေးဆင်းလိုက်ပြီး အသက်လုပြေးနေလေသည်။

ဤအကောင်များမှာ အတော်လေး ထူးဆန်းသည်။ သူတို့သည် နှိုးထလာပြီးသည့်နောက်တွင် စိတ်လွတ်နေသည့်သူများကဲ့သို့ပင် တိုက်ခိုက်နေလေ၏။ အနက်ရောင်နတ်ပိုးကောင်အချို့နှင့် တစ္ဆေနတ်ဆိုးများပင် အသတ်ခံလိုက်ရလေသည်။ သူတို့သည် ရှီဟောင်တို့အုပ်စုကိုသာ ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။

“ငါနားလည်ပြီ .. ဒီပိုးကောင်တွေက ထာဝရရှေးဟောင်းမြေမှာနေတဲ့ မူလသက်ရှိတွေမဟုတ်ဘူး .. အပြင်လူတွေပဲ .. သူတို့တွေက တစ်ခြားဂျီးနီးယပ်စ်တွေလိုမျိုး ဒီမှာ မျိုးရိုးစဉ်ဆက်နေနေကြတာ .. သူတို့အဆင့်တစ်ခုကို ရောက်တဲ့အချိန်မှာ သေရင်သေ မသေရင်ရူးသွားကြတာ” လော့သွမ်ပြောလိုက်သည်။

“ဟုတ်တယ် .. သစ်ပင်ထိပ်မှာရှိနေတဲ့ အချို့ပိုးကောင်တွေနဲ့ တစ္ဆေနတ်ဆိုးတွေက အလောင်းတွေ .. နည်းနည်းလောက်ပဲ အသက်ရှိတာ .. ဒါပေမဲ့ အသက်ရှိနေတဲ့သူတွေအကုန်လုံးက ရူးနေကြတာ” ရှီဟောင် ခေါင်းညိမ့်ကာ ပြောလိုက်သည်။

“အား…” လုယီ သနားစဖွယ်ပင် အော်ဟစ်လိုက်သည်။ အနက်ရောင်ပိုးကောင်အုပ်စုမှာ သေရမည်ကို မကြောက်ကြပဲ တရှိန်ထိုးပင် ပြေးဝင်လာကြလေသည်။ အချို့အကောင်များမှာ ဆေးလုံးမီးဖိုကိုပင် ဖြတ်နိုင်နေလေပြီ။

“ငါတို့မြန်မြန်သွားရမယ်” လန်ယိချန် သူ၏လက်မောင်းကို ဆန့်ထုတ်လိုက်သည်။ တဒုန်းဒုန်းအသံများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ မီးပွားများ ထွက်ပေါ်လာလေသည်။ သူသည် လူသားဒိုင်းကာကဲ့သို့ပင် အရှေ့မှ ကာထားခြင်းပင်။ သို့သော်လည်း သူ တောင့်ခံနိုင်ရန် ခက်ခဲနေဆဲပင်။

သူတို့သည် နတ်အသီးတောအုပ်မှ ထွက်လာကာ အရိုးကွင်းပြင်ကိုဖြတ်ပြီး သွေးစွန်းနေသည့် တောင်ကမ်းပါးများကိုလည်း ဖြတ်ကျော်လိုက်ကြသည်။ သို့သော် အနက်ရောင်နတ်ပိုးကောင်အုပ်ကြီးမှာ သူတို့နောက်သို့ ဒေါသတကြီး လိုက်နေဆဲပင်။

လေထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လျှပ်စီးများလည်း ထွက်ပေါ်လာသည်။

ဆေးလုံးမီးဖိုလည်း တောက်ပလာကာ ငွေရောင်အရည်များကို သွန်ထုတ်နေလေသည်။ လျှပ်စီးများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ကျိန်စာစွမ်းအင်မှာလည်း အံ့အားသင့်စရာကောင်းလှသည်။

အပိုင်း ၁၀၃၇ ( ၂ ) ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၈ – ဆုလာဘ်ရသည့်ခရီးမှ ပြန်လာခြင်း

သို့သော် ဤပိုးကောင်များမှာ ဆက်လိုက်လာနေဆဲပင်။ အချို့ပိုးကောင်များမှာ မည်းတူးကာ သေသွားရသော်လည်း ကျန်သည့်အကောင်များမှာ အရှုံးမပေးသေးပေ။

“မကောင်းတော့ဘူး .. အဲဒီကောင်းကင်နတ်ဘုရားပိုးကောင်နှစ်ကောင်လည်း ဒီဘက်ကို လာနေပြီ” လန်ယိချန်၏ မျက်လုံးများမှာ ပြူးကျယ်နေလေသည်။

တစ်ပေခန့်ရှိသည့် အနက်ရောင်နတ်ပိုးကောင်များသည် နဂါးနက်များကဲသို့ပင်။ သူတို့လှုပ်ရှားလိုက်သည်နှင့် လေဟာနယ် ကွဲထွက်သွားလေသည်။

သူတို့လမ်းတစ်လျှောက်တွင် ရှိနေသည့်အရာအားလုံးကိုလည်း ရှင်းလင်းပစ်လေသည်။

ထိုပိုးကောင်နှစ်ကောင်၏ ခန္ဓာကိုယ်မှ အနက်ရောင်အလင်းများ ထုတ်လွှတ်နေပြီး လမ်းကြောင်းပေါ်မှ အချိန်မှီမဖယ်နိုင်သည့် ပိုးကောင်များအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကာ ပေါက်ကွဲသွားလေ၏။

ဤသည်မှာ ကောင်းကင်နတ်ဘုရားများ၏ စွမ်းအားပင်။ သူတို့ထုတ်လွှတ်သည့် အနက်ရောင်အလင်းများသည် သူတို့လမ်းတွင်ရှိသမျှအရာအားလုံးကို ရှင်းပစ်နေလေ၏။

နတ်ဘုရားအဆင့်ပိုးကောင်များပင်လျှင် တစ်ချက်မှ မခုခံနိုင်ပေ။

ရှီဟောင် အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏နတ်ခွန်အားများ အနည်းငယ်ပြည့်လာပြီဖြစ်သောကြောင့် သူ၏ကောင်းကင်လမ်းကြောင်း နောက်တစ်ကြိမ်ပေါ်လာကာ သူ့လူများကို ရစ်ပတ်လိုက်သည်။ ထို့နောက်တွင် သူသည် အရှိန်တင်လိုက်ကာ သူတို့နောက်သို့လိုက်နေသည့် စစ်တပ်နောက်မှ လွတ်နိုင်ရန် ကြိုးစားလိုက်သည်။

သူ၏စွမ်းအင်များမှာ လျင်မြန်စွာပင် ကုန်ဆုံးသွားသောကြောင့် လန်ယိချန်၊ လော့သွမ်နှင့် လုယီတို့မှ ဤစစ်တပ်အား တားထားခြင်းပင်။ ဤလူများမှာ အန္တရာယ်များသည့်အခြေအနေသို့ ရောက်နေလေပြီ။

ယုလီသည် ပိုးကောင်တစ်ပိုင်းကို ထွေးထုတ်လိုက်သည်။ သူသည် ထိုအကောင်ကို တိုက်ရိုက် ကိုက်လိုက်ခြင်းပင်။

“ပိုးကောင်စုတ်တွေ .. ဒါက ငါ့ခန္ဓာကိုယ်က ထွက်လာတာ ၁၀ ကောင်မြောက်ပဲ .. ငါသေတော့မလို့ပဲ” ယုလီသည် သနားစဖွယ်ပင် အော်ဟစ်နေလေ၏။ ယခုအချိန်တွင် သူသည်လည်း စွန့်စားခဲ့ခြင်းပင်။

လော့သွမ်လည်း ထို့အတူပင်။ သူခါချလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ပိုးကောင်အချို့ ကျလာလေသည်။

“အား အား အား…” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်လျှင် ဝင်ပါနေရလေသည်။ သူတို့နားချဉ်းကပ်လာသည့် ပိုးကောင်များကို ရိုက်ချကာ ထူးဆန်းသည့်အသံဖြင့် အော်ငိုနေလေသည်။

ကံမကောင်းစွာဖြင့်ပင် လိပ်ပြာဧကရာဇ်သည် ပိုးအိမ်ထဲသို့ ရောက်နေပြီး အိပ်နေလေသည်။ မဟုတ်ပါက သူသည် ဤအနက်ရောင်နတ်ပိုးကောင်များကို အတိုင်းအတာတစ်ခုအထိတော့ ထိန်းချုပ်နိုင်မည်သာ။

“နည်းနည်းလောက်ပဲ တောင့်ခံထား” ရှီဟောင်ပြောလိုက်သည်။ သူ၏ပြန်လည်ကောင်းမွန်နိုင်သည့်စွမ်းရည်မှာ ကောင်းမွန်လွန်းလှသည်။ နတ်အဆင့်ပိုးကောင်များကို ရင်ဆိုင်လိုက်ရသောကြောင့် သူ၏မှော်စွမ်းအားမှာ ကုန်ခမ်းတော့မလိုပင် ဖြစ်သွားသည်။ သို့သော် တစ်ခဏခန့် အနားယူပြီးသည့်နောက်တွင် သူ၏နတ်စွမ်းအားမှာ ကျား သို့မဟုတ် နဂါးထက်ပင် ပိုများနေလေပြီ။

လော့သွမ်နှင့် လန်ယိချန်တို့ ထိတ်လန့်သွားကြသည်။ သူတို့သည် ရှီဟောင်အစား ဤစစ်တပ်ကို ခဏခန့် အချိန်ဆွဲပေးခဲ့သော်လည်း သူ၏ပြန်လည်ကောင်းမွန်နိုင်စွမ်းမှာ ဤမျှလျင်မြန်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

“စွမ်းအားကြီးလိုက်တာ” သူတို့ ဤသို့မလုပ်နိုင်။

ရှီဟောင်သည် ခွန်ပန်အတောင်ပံများကို လှုပ်ခတ်လိုက်ပြီး ကောင်းကင်နတ်ဘုရားအဆင့် နှစ်ကောင်ကို ရှောင်နိုင်ရန်အတွက် ဆက်တိုက်ပင် နေရာပြောင်းနေလေသည်။ သူသည် မြေကြီးနားကပ်ကာ အလွန်လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်းလိုက်သည်။

သို့သော် ကြောက်စရာကောင်းသည်မှာ ဤနေရာတွင် ကန့်သတ်ချက်များရှိနေသည်။ မကြာခဏပင် သူတို့၏ မှော်စွမ်းအားများ ပျောက်ကွယ်သွားကာ သူတို့မြေကြီးပေါ်သို့ ပြုတ်ကျသွားလိမ့်မည်။

သူတို့ဤပိုးကောင်အုပ်ကြီးနှင့် မယှဉ်နိုင်ပေ။ ဤအကောင်များသည် မှော်စွမ်းအားကို အသုံးမပြုလျှင်ပင် သူတို့၏ ကြည်လင်နေသည့် အတောင်ပံများကြောင့် သူတို့ပျံသန်းနိုင်လေသည်။

ရှီဟောင်၏ ခွန်ပန်အတောင်ပံများသည် မှော်စွမ်းအားများ အရိုးစာသားများဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး မွေးရာပါ နတ်အတောင်ပံများ မဟုတ်သောကြောင့် ကန့်သတ်ချက်မှာ သူ့ကိုလည်း ထိခိုက်စေသည်သာ။

ဝုန်း..

ကောင်းကင်နတ်ဘုရားပိုးကောင်များမှာ အနက်ရောင်နေလုံးကြီးကဲ့သို့ပင်။ သူ၏ပါးစပ်ကို ဟလိုက်သည်နှင့် အနက်ရောင်အလင်းတန်းထွက်လာကာ တောင်များမှာ အမှုန့်ဖြစ်သွားလေသည်။

ထိုတောင်များ အရည်ပျော်ကျသွားကာ မြစ်များ ခမ်းခြောက်သွားလေသည်။ ရှေးဟောင်းသစ်ပင်များမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး မြေမျက်နှာသွင်ပြင်ပင် အတော်လေးပြောင်းလဲသွားလေ၏။

ရှီဟောင်၏ အမူအရာလည်း ပြောင်းလဲသွားသည်။ ထိုအလင်းတန်းတစ်ခုမှာ ကျန်းတစ်သောင်းထိ ထိရောက်မှုရှိသည်။

“ငါတို့ လေဟာနယ်ပျက်စီးခြင်းသင်္ကေတကို သုံးလို့မရဘူး”

ဤသည်မှာ ဤနေရာတွင်ရှိနေသည့် ကန့်သတ်ချက်ပင်။ သူတို့လေဟာနယ်ကို စုတ်ဖြဲပစ်၍မရပေ။

ကံကောင်းသည့်အချက်မှာ ထိုအကောင်များသည် သူတို့နှင့် အတော်ဝေးဝေးတွင်ရှိနေဆဲဖြစ်ပြီး ထိုကောင်းကင်နတ်ဘုရားနှစ်ပါးမှာ ရူးသွပ်နေခြင်းပင်။ သူတို့၏ အသိဉာဏ်မှာ အလုပ်မလုပ်သကဲ့သို့ သူတို့၏ ဝိဉာဉ်အာရုံများလည်း မစူးရှတော့ပေ။

ရွှီး..

ထိုကောင်းကင်နတ်ဘုရားပိုးကောင်များထံမှ နောက်ထပ်အလင်းတန်းထပ်ထွက်လာသည်။ မြေကြီးအက်ကွဲသွားကာ ချော်ရည်များထွက်လာကာ ကောင်းကင်ကြီးပင် အနီရောင်ဖြစ်သွားသည်။

နောက်ဆုံးတော့ ကမ္ဘာကြီးမှာ နောက်တစ်ကြိမ် တည်ငြိမ်သွားလေပြီ။ ရှီဟောင်နှင့်အခြားသူများသည် မြေပြင်ပေါ်တွင် လဲချလိုက်ကြပြီး တစ်လက်မမျှပင် မရွေ့ချင်ကြတော့ပေ။ သူတို့သည် အသက်ပြင်းပြင်းရှူနေကြရလေ၏။

သူတို့တကယ်ပင် မောပန်းနေလေပြီ။ သွေးစွမ်းအင်များလည်း ခမ်းခြောက်မတတ်ဖြစ်နေပြီ။ နောက်ဆုံးတွင်တော့ သူတို့ထိုနေရာမှ ထွက်လာနိုင်ခဲ့လေပြီ။

ယခုဖြစ်ပျက်သွားသမျှ အရာအားလုံးမှာ အန္တရာယ်များလှသည်။

ကံကောင်းစွာဖြင့်ပင် ရှီဟောင်၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် ထိုကောင်းကင်နတ်ဘုရားများကို မျက်ခြေဖြတ်နိုင်ခဲ့သည်။

အနက်ရောင်နတ်ပိုးကောင်များသည်လည်း ကန့်သတ်ချက်ရှိကြသည်သာ။ အရှေ့ဘက်ထိသို့ လိုက်လာပြီးသည့်နောက်တွင် သူတို့အားလုံး ပြန်ဆုတ်သွားကြလေ၏။ ဤသည်မှာ ရူးသွပ်နေသည့် ကောင်းကင်နတ်ဘုရား နှစ်ကောင် အပါအဝင်ပင်။

“ငါသေတော့မယ်လို့ ခံစားနေရတယ်” လုယီသည် အတော်လေးပင် အားနည်းနေပြီး သူ၏ခန္ဓာကိုယ်တွင် အပေါက်များဖြင့်ပြည့်နှက်နေလေသည်။

လော့သွမ်သည် အဓိကတိုက်ခိုက်သူဖြစ်သောကြောင့် သူ၏ဒဏ်ရာများမှာ ပို၍ပြင်းထန်လေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းနေပြီး သူသည် စကားပြောရန်ပင် အားမရှိတော့ပေ။

လန်ယိချန်က အနည်းငယ် သိပ်မဆိုးပေ။ သို့သော် သူ၏သတ္တုခန္ဓာကိုယ်မှာ အနည်းငယ် အရောင်မှိန်နေလေသည်။ သူသည် ပြုတ်ကျသွားသည့်လက်တစ်ဖက်ကို ခက်ခက်ခဲခဲကောက်ပြီး ပြန်ဆက်နေလေသည်။

ရှီဟောင်သည် အနည်းငယ်ပင်ပန်းနေသော်လည်း အခြားသူများထက်တော့ အများကြီး သက်သာသည်။ သူ၏ကျောကုန်းကို ဖောက်ထွက်မတတ်ဖြစ်သွားသည့် နတ်ဘုရားအစစ်ပိုးကောင်မှလွှဲလျှင် သူသည် ဒဏ်ရာကြီးကြီးမားမားမရပေ။

သို့သော် ဤတစ်ခေါက်ရလိုက်သော အကျိုးအမြတ်မှာ ကြီးမားလွန်းလှသည်။ ရှီဟောင်သည် ဂျင်ဆင်းတစ်ဝက်သီးများအပြည့်ပါသည့် ဆေးခြင်းကို ထုတ်လိုက်သည်။ မွှေးရနံ့မှာ လီပေါင်းများစွာသို့ပင် ပျံ့နှံ့သွားလေ၏။

အားလုံး၏မျက်ဝန်းများမှာ အစိမ်းရောင်ပြောင်းလဲသွားလေ၏။ သူတို့သေမလိုပင်ဖြစ်သွားခဲ့ရသော်လည်း ဤခြင်းအပြည့်ရလိုက်နိုင်သည်။ ဤရိတ်သိမ်းမှုမှာ မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်ပြီး သူ၏တန်ဖိုးမှာ နတ်ဆေးပင်အစစ်ထက်ပင် ပို၍သာလွန်မည်မှာ သေချာသည်။

“အများကြီးပဲ .. “သူတို့အားလုံး တံတွေးမြိုချလိုက်ကြသည်။

ရှီဟောင်သည် ဆေးခြင်းတောင်းကို မြေပြင်ပေါ်တွင် ချလိုက်ကာ “စားကြစို့” ဟုပြောလိုက်သည်။

ထို့နောက်တွင် သူသည် တစ်လုံးထုတ်စားလိုက်သည်။ သူတစ်ကိုက်ကိုက်လိုက်သည်နှင့် အရည်များစီးကျလာကာ ထိတ်လန့်စရာကောင်းလောက်သည့် မွှေးရနံ့နှင့် နတ်အလင်းတန်းများကိုထုတ်လွှတ်ကာ ဤနေရာကို လွှမ်းခြုံသွားလေသည်။

“မိုက်လိုက်တာ”

သူသည် ဂျင်ဆင်းတစ်ဝက်သီးကို မုန်လာဥစားသကဲ့သို့ စားနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် အခြားသူများလည်း မနေနိုင်တော့ပဲ တစ်လုံးစီယူစားလိုက်ကြသည်။

ဆေးအစွမ်းများမှာ အံ့အားသင့်စရာကောင်းလှသည်။ သေမလိုဖြစ်နေသည့် လုယီ၊ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် လော့သွမ်နှင့် ခန္ဓာကိုယ်အရောင်မှိန်နေသည့် လန်ယိချန်တို့အားလုံးထံမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ချက်ချင်းပင် ပြန်ကောင်းသွားလေသည်။

ရှီဟောင်သည်လည်း ချက်ချင်းပင် စွမ်းအားအမြင့်ဆုံးအခြေအနေသို့ ရောက်သွားသည်။ သူ၏ဒဏ်ရာများလည်း ပျောက်ကွယ်သွားသည်။

သူလက်ဆန့်ထုတ်လိုက်သည်နှင့် အနက်ရောင်ပိုးကောင်ငယ်များစွာ ပေါ်လာလေသည်။ သူသည် နတ်စိတ်ဝိဉာဉ်တစ်ခုကို ထုတ်လွှတ်ကာ ထိုပိုးကောင်များ၏ မူလဝိဉာဉ်ထဲသို့ ခိုးဝင်လိုက်သည်။

သို့သော် သူထိတ်လန့်သွားရသည်မှာ ထိုထဲတွင် မည်သည့်လျှို့ဝှက်ချက်မှ မတွေ့ရပေ။ သူသည် ရက်စက်မှုများနှင့် အခြားမကောင်းသည့်ခံစားချက်များကိုသာ အာရုံခံမိလိုက်သည်။ သူတို့သည် အနည်းငယ်ရူးသွပ်နေပြီဖြစ်သောကြောင့် သူတို့စိတ်များမှာ ပုံမှန်မဟုတ်တော့ပေ။

“ဒီပိုးကောင်တွေက တစ္ဆေနတ်ဆိုးတွေကို မွေးနိုင်တာလား .. သူတို့တွေက ငါတို့ကိုတောင် ဖမ်းပြီးတော့မှ အစာလုပ်ချင်နေတာလား” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။

ဖူး..

ဤပိုးကောင်များ၏ခေါင်းများသည် ရှီဟောင်၏ဖိအားကို မခံနိုင်ပဲ ကွဲထွက်သွားကြလေသည်။

“ဒီပိုးကောင်တွေက ထာဝရရှေးဟောင်မြေမှာ အကြာကြီးနေတော့ ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ကြုံရတာထင်တယ် .. သူတို့အားလုံးက အခုပုံမှန်မဟုတ်တော့ဘူး .. အဲဒီကောင်းကင်နတ်ဘုရားအရူးနှစ်ယောက်လိုဖြစ်နေတာ .. သူတို့ရဲ့လက္ခဏာက နည်းနည်းလေး မပြင်းထန်တာပဲရှိတာ” လော့သွမ် ပြောလိုက်သည်။

“ဒီထာဝရရှေးဟောင်းမြေက အရမ်းရက်စက်တယ် … တစ်ခြားမျိုးနွယ်တွေလာနေရင် အချိန်ကြာလာတာနဲ့အမျှ ပြဿနာမျိုးစုံဖြစ်လာပြီးတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာတာ” လန်ယိချန် ပြောလိုက်သည်။

ရှီဟောင်သည် အသီးများကိုထုတ်ကာ သူတို့သုံးယောက်အား နည်းနည်းစီ ပေးလိုက်လေသည်။

“ဒါတွေက .. ငါ့အတွက်လား” လုယီမှာ ဆွံ့အနေကာ သူ၏အသံများလည်း တုန်ယင်နေလေ၏။ သူအတော်လေးပင် စိတ်လှုပ်ရှားသွားရသည်။ ဤကဲ့သို့သော ပစ္စည်းများမှာ အဖိုးတန်လွန်းလှသည်။

လော့သွမ်နှင့် လန်ယိချန်တို့လည်း ထိတ်လန့်သွားကြသည်သာ။ ရှီဟောင်သူတို့ကို ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့လည်း ပါဝင်တိုက်ခိုက်ခဲ့ရသော်လည်း ဘာပဲဖြစ်ဖြစ် သူတို့သည် ရှီဟောင်၏ ‘အစေခံ’ များသာ။

“မင်းတို့အားလုံး ဝေးဝေးက စောင့်နေ”

“မင်း .. ပြန်သွားဦးမလို့လို့တော့ မပြောနဲ့နော်” ထိုလူများ၏ အမူအရာများမှာ လေးနက်သွားသည်။

“အင်း .. ဘာပဲဖြစ်ဖြစ် ဒီတစ်ခြင်းတော့ ပြည့်အောင် ယူရမယ်” ရှီဟောင်ခေါင်းငြိမ့်လိုက်သည်။

“အရမ်းအန္တရာယ်များလွန်းတယ် .. ငါတို့အခုတောင်မှ မနည်းထွက်ပြေးလာရတာလေ .. မစွန့်စားပါနဲ့” သူတို့အကြံပေးလိုက်သည်။

“စိတ်မပူပါနဲ့ .. ဒီလိုမျိုး နတ်အသီးတွေက ငါ့အတွက် အရမ်းအရေးကြီးတယ် .. ငါ့လမ်းကြောင်းကို ဆက်လျှောက်ဖို့အတွက် ငါအဲဒီအသီးတွေကို လိုအပ်တယ်” ရှီဟောင်၏ အသံမှာ ပြတ်သားနေသည်။ သူတို့ကို ဤနေရာမှ ထွက်သွားရန်ပြောပြီး သူသည် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဤနေရာမှ ထွက်သွားလိုက်လေသည်။

သူသည် အစီအရင်အပြင်ဘက်တွင် အချိန်အတော်ကြာအောင် နေခဲ့ပြီး တောအုပ်ထဲမှ အခြေအနေများ ငြိမ်သွားမှသာ အစီအရင်အပေါက်လေးမှ ဝင်သွားလိုက်သည်။

ရှီဟောင်၏လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှသည်။ သူသည် သစ်ပင်များကြားတွင် လျင်မြန်စွာပင် လျှောက်သွားလိုက်ပြီး အသီးများကို ခူးလိုက်သည်။

ဝုန်း..

ကံမကောင်းစွာဖြင့်ပင် သူမည်မျှပင် မြန်နေပါစေ အနက်ရောင်ပိုးကောင်အုပ်ကြီးကို နိုးသွားစေလေသည်။ ထိုပိုးကောင်များသည် ဒေါသထွက်သွားကာ အနက်ရောင်မိုးပေါက်များကဲ့သို့ပင် ကောင်းကင်ထက်၌ ပေါ်လာလေ၏။

တစ္ဆေနတ်ဆိုးများလည်း ပေါ်လာကာ သူ့ထံသို့ တရှိန်ထိုး ပြေးလာကြလေသည်။

ထင်ထားသည့်အတိုင်းပင် ရှီဟောင်သည် နောက်တစ်ကြိမ် အသက်လုနေရလေပြီ။ သူသည် ဆက်တိုက်ပင် နေရာများကို ပြောင်းရွှေ့ကာ အသက်ရင်းပြီး ဂျင်ဆင်းတစ်ဝက်သီးများကို ခူးနေလေ၏။

သို့သော် သူ သစ်ပင်ထိပ်ဖျားသို့ မသွားတော့ပေ။ ထိုနေရာတွင် ကောင်းကင်နတ်ဘုရားအဆင့်ရောက်နေသည့် အနက်ရောင်ပိုးကောင် သုံးကောင်ခန့်ရှိပြီး ထိုအဆင့်ရောက်နေသည့် တစ္ဆေနတ်ဆိုးများလည်း ရှိသည်။

သို့သော်လည်း ထိုအကောင်များသည် အိပ်ပျော်နေသောကြောင့် သူတို့ကို မထိလျှင် သူတို့လှုပ်ရှားမည်မဟုတ်ပေ။

“ဟမ်..”

သူ သစ်တောအတွင်းပိုင်းသို့ ပြေးသွားလိုက်သည့်အချိန်တွင် သူ၏အမူအရာများ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် အပင်အချို့မှ အသီးများမှာ သိပ်မကြာသေးမီက အခူးခံထားရသည်ကို သူတွေ့လိုက်ရသည်။

“ငါ့လိုမျိုး အသီးတွေကို ခူးလိုက်နိုင်တဲ့သူရှိသေးတာလား” ရှီဟောင် အံ့ဩနေလေသည်။

“ဘယ်သူလဲ .. သူက အနက်ရောင်နတ်ပိုးကောင်တွေရဲ့ အလေ့အကျင့်တွေကို သိနေတာလား” ရှီဟောင် ထိတ်လန့်သွားရသည်။

ထို့နောက်တွင် တစ္ဆေနတ်ဆိုးများမှာ လူသားပုံစံပင်ဖြစ်ကြောင်း သူအမှတ်ရမိသွားသည်။ ပိုးကောင်များမှ တစ္ဆေနတ်ဆိုးများကို ဖန်တီးနိုင်ပါ့မလား…

ရှီဟောင်စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း သူဤကိစ္စကို အများကြီး စဉ်းစားနေရန်အချိန်မရှိပေ။ သူသည် ပိုးကောင်အုပ်များကို ခုခံရင်းဖြင့်ပင် နောက်ဆုံးတွင် ခြင်းတစ်ခြင်း အပြည့်ရလိုက်လေပြီ။

ယခုအချိန်တွင် သူ ထပ်မတောင့်ခံနိုင်တော့ပေ။ ပိုးကောင်အများစုမှာ နတ်အဆင့်ဖြစ်ကြသောကြောင့် အချို့အကောင်များမှာ ဆေးလုံးမီးဖို၏ လျှပ်စီးအတားအဆီးကို ဖြတ်ကျော်ကာ သူ၏ကောင်းကင်လမ်းကြောင်းကိုပင် တိုက်ခိုက်နေလေပြီ။

ရှီဟောင်သည် အကြိမ်အနည်းငယ်ခန့် သွေးအန်သွားကာ ခပ်ဝေးဝေးသို့ လျင်မြန်စွာ ထွက်သွားလိုက်သည်။

သူဤနေရာကို နောက်တစ်ကြိမ်ပြန်မလာတော့ဘူးဟု ရှီဟောင် ဆုံးဖြတ်လိုက်သည်။ အမှားလေးတစ်ခုပင်လျှင် သူ ဤနေရာတွင် အသက်ပေးခဲ့ရနိုင်သည်။

“ငါအခု လုံလောက်အောင် ခူးခဲ့ပြီ … ဒီအသီးတွေက အများကြီးစားရင်လည်း သူတို့ရဲ့ အစွမ်းတွေ ပျောက်သွားမယ်ထင်တယ်” သူ လျင်မြန်စွာပင် ထွက်သွားလိုက်သည်။

ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖုံးလွှမ်းနေပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။ သူလော့သွမ်တို့နှင့် ပြန်ဆုံသည့်အချိန်တွင် သူ၏ကိုယ်ပေါ်၌ ပိုးကောင်များစွာ တွယ်တက်နေဆဲပင်။

“သတ်..”

သူတို့အားလုံး ထိုအကောင်များကို သတ်လိုက်ကြသည်။

“သွားကြစို့” သူတို့လေးယောက်လုံး ထိုနယ်မြေမှ လျင်မြန်စွာ ထွက်လာခဲ့လိုက်ကြသည်။

“ခြင်းတစ်ခြင်းနဲ့ အပြည့်ရလာပြီ” ရှီဟောင်သည် လူသားပုံစံအသီးများပြည့်နေသည့်ခြင်းကိုကြည့်ကာ အလွန်ပင် ကျေနပ်နေပြီး သူ၏အပြုံးများလည်း တောက်ပနေလေ၏။

ယခုတစ်ကြိမ်တွင် မီးတောက်များကို ပို၍သုံးနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ ရှေးမှလူများ ရှာဖွေခဲ့သော်လည်း မရခဲ့သည့် လမ်းကြောင်းကို ရှာဖွေပြီး ပြိုင်ဘက်ကင်းသည့် တာအိုရလဒ်များ ရအောင်လုပ်မည်။

အပြင်လူများမှာ သားရဲအသိုက်သို့ တဖွဲဖွဲပင် ရောက်လာလေ၏။ ထိုသူများထဲတွင် ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများလည်း ပါဝင်သည်သာ။

“ဒါက သားရဲ ၁၀ မျိုးအသိုက်ပဲ .. ဒါက လုံးဝကို သာမန်မဟုတ်ဘူးပဲ” ချင်းဟောင်လည်း ရောက်လာလေပြီ။ သူသည် အပြင်ဘက်တွင်ရပ်နေကာ ဤရှေးဟောင်းမြေကို ဝင်ရန် ကြည့်နေလေ၏။

အခြားနယ်မြေတစ်ခုတွင် နှစ်ထပ်မျက်လုံးသုံးသည့်သူသည် သူ၏လက်နှစ်ဘက်ကို နောက်ပစ်ထားကာ ငွေရောင်လမ်းကြောင်းလေးတစ်ခုမှ သူ့အား ခေါ်ဆောင်လာလေသည်။

“အဲဒါက .. သရဖူခြောက်ခုဘုရင် နျင်ချွမ်းလား” တစ္ဆေတောအုပ်အတွင်းတွင် မြူများဆိုင်းနေလေ၏။ တစ်စုံတစ်ယောက်မှ ထိုသူအား မှတ်မိသွားလေပြီ။

နျင်ချွမ်းသည် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး မြူဆိုင်းနေသည့်တောအုပ်ရှေ့တွင် ရပ်နေလေသည်။ သူ၏မျက်လုံးများမှာ လေးနက်နေပြီး သူ ဘာတွေးနေသလဲဆိုသည်ကို မသိနိုင်ပေ။

အပိုင်း ၁၀၃၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၉ – သားရဲအသိုက်အတွင်းသို့ ဝင်ရောက်ခြင်း

သူသိသည့် ကျွမ်းကျင်သူသုံးယောက်သည်လည်း သားရဲ ၁၀ မျိုးအသိုက်ထဲသို့ ဝင်ရောက်သွားပြီး တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံတော့မည်ကို ရှီဟောင်သိမည် မဟုတ်ပေ။

ချင်းဟောင်၏ရင်ဘတ်တွင် သင်္ကေတများ တောက်ပနေလေ၏။ သူသည် အလောတကြီးဖြင့်ပင် အသိုက်ဘက်သို့ ဦးတည်သွားနေလေသည်။ သူဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်တွင် ကျောက်တောင်များ၊ ရှေးသစ်ပင်နှင့် အခြားအရာများမှာ အပိုင်းပိုင်းဖြစ်အောင် ပေါက်ကွဲသွားလေသည်။

နှစ်ထပ်မျက်လုံးအသုံးပြုသူ ရှီယိသည် အရှေ့ဘက်သို့သာ ကြည့်နေလေ၏။ မြူများနှင့် သဘာဝတာအိုများ ရှင်းလင်းသွားသည့်အချိန်တွင် သူသည် တည်ငြိမ်စွာပင် လမ်းလျှောက်သွားလေသည်။

သူ၏မျက်လုံးအတွင်းတွင် နေနှင့်လတို့ လှည့်လည်နေကြပြီး ကြယ်များလည်းရှိနေသည်။ လမ်းတစ်လျှောက်တွင်ရှိနေသည့်သူများမှာ သူ့ကိုတွေ့သည်နှင့် သူတို့အမူအရာများ ပြောင်းလဲသွားလေသည်။ သူတို့သည် သွေးအန်သွားကြပြီး အနောက်ဆုတ်သွားကြရလေသည်။

သရဖူခြောက်ခုဘုရင် နျင်ချွမ်း၏ အဖြူရောင်အဝတ်အစားများမှာ သူ့အား အခြားလောကမှလာသည့်သူဟု အထင်မှားစေနိုင်သည်။ သူခြေတစ်လှမ်းလျှောက်လိုက်သည်နှင့် ကြယ်များ ရွေ့လျားသွားသကဲ့သို့ပင်။ သူသည် ဤထူးဆန်းသည့် ရှေးဟောင်းမြေကို ဝင်လိုက်သည်နှင့် ပြန်လည်ဝင်စားလာသည့် ထာဝရဘုရင်တစ်ပါးကဲ့သို့ပင်။

ဤသည်မှာ သူ ဤနေရာသို့ ရောက်လာသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော်လည်း ယခင်အခေါက်များတွင် သူ ဘာမှ သိပ်မရလိုက်ပေ။ ဒီတစ်ခေါက်တော့ အောင်မြင်အောင်လုပ်မည်ဟု သူဆုံးဖြတ်ထားသည်။

“အပြစ်သား သွေးမျိုးဆက်လည်း ဒီထဲမှာပဲ .. သူ့ကို လမ်းမှာ ရှင်းပစ်ရတာပေါ့” သူ၏အမူအရာမှာ တည်ငြိမ်နေလေ၏။ သူ၏လက်ထဲတွင် နူးညံ့ကာ လှပသည့်လက်ကောက်တစ်ခု ရှိနေသည်။ နီရဲနေသည့်ငှက်နှုတ်သီး၊ ခရမ်းရောင်အရေခွံ၊ ပုလဲလုံး၊ သားရဲသွားနှင့် အခြားအရာများအပါအဝင် စုစုပေါင်း နတ်ပစ္စည်းခြောက်မျိုး ပါဝင်လေသည်။

ဤသည်မှာ အလွန်ပင်အထင်ကြီးစရာကောင်းသည့် လျှို့ဝှက်ရတနာပင်။ ဒီလက်ကောက်တွင် ကြောက်စရာကောင်းသည့် မူလသင်္ကေတအရိုး ခြောက်ခုရှိလေသည်။

ငှက်နှုတ်သီးပင်ဖြစ်စေ သားရဲသွားပင်ဖြစ်စေ ဤအရာများအားလုံးမှာ စွမ်းအားအကြီးဆုံး ထူးခြားပါရမီရှိသူများ၏ သင်္ကေတအရိုးများပင်။ ဤလူများမှာ သူတို့မသေဆုံးမီတွင် စွမ်းအားအကြီးဆုံးနတ်စွမ်းရည်များကို ပြသနိုင်ခဲ့လေသည်။

ဤလက်ကောက်တစ်ခုတည်းဖြင့်ပင်လျှင် ဤလောကရှိ ရန်သူများအားလုံးကို ဖိနှိပ်နိုင်လေသည်။

သူသည် ယခင်က ရှီဟောင်ကို သတ်ရန်အတွက် အခြားတစ်ယောက်အား ဤလက်ကောက်ကို ဒုစရိုက်စီရင်စု၏ ဝိဉာဉ်နယ်မြေအတွင်းသို့ယူသွားစေခဲ့ဖူးသည်။ သို့သော် ထိုလူများမှာ အင်အားမကြီးသောကြောင့် ဤလက်ကောက်၏ စွမ်းရည်ကို အပြည့်အဝအသုံးမချလိုက်နိုင်ပဲ သူတို့သာ အသတ်ခံလိုက်ရသည်။

ထိုအချိန်တွင် သူ၏နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လာလေသည်။ ထိုလက်ကောက်မှ အလင်းတစ်ခုကို ထုတ်လွှတ်ကာ လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းသို့ ပြသနေလေသည်။ သူသည် အပြစ်သားသွေးမျိုးဆက်၏ သွေးစွမ်းအင်ကို အာရုံခံမိသွားသောကြောင့်ပင်။

ရှီဟောင်တို့အုပ်စုသည် ထိုထူးဆန်းသည့်နေရာမှ ထွက်လာနိုင်ခဲ့လေပြီ။ အလောင်းများလည်း မရှိတော့သလို ပုပ်သိုးနေသည့်အနံ့များလည်း ပျောက်ကွယ်သွားလေပြီ။

“နောက်ဆုံးတော့ ငါတို့ထွက်နိုင်ပြီ .. ငါ အဲဒီနေရာကို ဘယ်တော့မှ ပြန်မသွားချင်တော့ဘူး” ယုလီသည် နတ်အသီးတစ်ချို့ကို ရလိုက်သော်လည်း သူ ထိုနယ်မြေထဲသို့ နောက်ထပ် ခြေမချချင်တော့ပေ။

လော့သွမ်နှင့် လန်ယိချန်တို့သည်လည်း ထိုအတိုင်းသာ။ ထိုပိုးကောင်အုပ်ကြီးမှာ ကြောက်စရာကောင်းလွန်းလှသည်။

“ဒီတစ်ခေါက် မဆိုးဘူး .. ငါတို့ နတ်အသီးတွေ ရလိုက်တယ်” စိတ်ငြိမ်သွားသည့်နောက်တွင် သူတို့အားလုံး အတော်လေး ကျေနပ်သွားကြသည်။

တောင်ကြောတွင် ရှေးဟောင်းသစ်ပင်များစွာရှိနေပြီး သစ်ကိုင်းများနှင့် သစ်ရွက်များလည်း လှုပ်ရမ်းနေလေသည်။ သွေးနေများမှာ ကောင်းကင်ထက်တွင် အနီရောင်အလင်းများကို ဖြန့်ကျက်နေလေသည်။

ဝုန်း..

ရုတ်တရက်ပင် ကြီးမားလှသည့် တံဆိပ်တစ်ခု ကျရောက်လာလေ၏။ ဤတံဆိပ်ကြီးမှာ ရောင်စုံအလင်းများ စီးဆင်းနေပြီး တောင်တစ်တောင်ကဲ့သို့ပင် ကြီးမားလှသည်။ ဤတံဆိပ်သည် သူတို့အားလုံးကို ဝန်းရံသွားလေသည်။

ဤတံဆိပ်အပြင် ရောင်စုံနတ်အလင်းတန်းများ တောက်ပနေသည့် မှော်ပစ္စည်းများလည်း ရှိနေသေးသည်။ ထိုလက်နက်များသည် သူတို့အား သတ်ဖြတ်လိုစိတ်ကြီးစွာဖြင့်ပင် တိုက်ခိုက်နေလေ၏။

ရှီဟောင် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်၏။ သူသည် အစောကြီးတကည်းက ထိုသူများကို အာရုံခံမိပြီးသားပင်။ သူသည် လုယီကိုခေါ်ကာ ကျန်းပေါင်းထောင်ပေါင်းများစွာသို့ ရွေ့သွားလိုက်လေသည်။ လော့သွမ်နှင့် လန်ယိချန်တို့မှာမူ .. သူတို့သည်လည်း အစောကြီးတကည်းက အာရုံခံမိပြီးသားပင်ဖြစ်သောကြောင့် ဤတိုက်ခိုက်မှုအား ရှောင်ရှားလိုက်သည်။

ဖုန်း…

မူလ သူတို့ရပ်နေသည့်နေရာတွင်ရှိနေသည့် ကျောက်တုံးများ လွင့်ထွက်သွားကြလေသည်။

“သတ္တိက အတော်လေးကောင်းတာပဲ” တောင်၏အခြားတစ်ဖက်ခြမ်းမှ လူတစ်စု ရောက်လာကြလေသည်။

ထိုအုပ်စုတွင် ၁၀ ယောက်ကျော်ပါရှိပြီး အားလုံးမှာ လူသားပုံစံများပင်။ သို့သော် အများစုမှာ လူသားမဟုတ်ကြပေ။ အချို့တွင် အတောင်ပံများပါရှိပြီး အချို့သူများထံတွင် နားရွက်လေးခု ပါရှိလေသည်။

“မင်းတို့အားလုံး နတ်အသီးတွေ ခူးနိုင်တာလား” မိချောင်းအမြှီးရှိနေသည့် လူသားပုံစံသက်ရှိမှ မေးလိုက်သည်။

“ဟုတ်တယ်” လော့သွမ် ဖြေလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏မျက်လုံးများတောက်ပလာလေ၏။ လောဘနှင့် မျှော်လင့်သည့်အကြည့်များမှာ တစ်ခဏအတွင်းတွင် ပျောက်ကွယ်သွားလေသည်။ သို့သော် သူတို့သည် အတော်လေး သန်မာကြကာ သူတို့၏သွေးစွမ်းအင်များလည်း အားကောင်းကြသည်။ သူတို့အားလုံးမှာ ထိတ်လန့်စရာကောင်းလှပြီး အားနည်းသည့်သူတစ်ဦးမှ မပါပေ။

“ငါတို့အပြင်မှာရှိနေတုန်းက နတ်သစ်ပင်တောအုပ်ကို တွေ့လိုက်တယ် .. ဒီနားလောက်မှာရှိမယ်ထင်လို့ လာခဲ့တာ .. ငါတို့အခုမှ သွားခူးမလို့ကို မင်းတို့အားလုံးခူးပြီးသွားပြီလား” မိချောင်းအမြှီးနှင့် သက်ရှိမှ ပြောလိုက်သည်။

“အဲဒီမှာ အများကြီး ကျန်သေးတယ်” လုယီပြောလိုက်သည်။ သူတို့ယခုလေးတင် ချောင်းတိုက်ခံလိုက်ရသောကြောင့် သူ ဒေါသထွက်နေသည်သာ။ ဤလူများ အလောတကြီးဝင်သွားပြီး ထိုပိုးကောင်အုပ်ကြီး၏ တိုက်ခိုက်ခြင်းကို ခံစေချင်သည်။

“ခင်ဗျားတို့ ဘာရည်ရွယ်ချက်ရှိလို့လဲ” လန်ယိချန်မှ အေးစက်စွာ မေးလိုက်သည်။

“ငါတို့ မင်းတို့လက်ထဲက နတ်အသီးတွေကို ဝယ်ချင်တယ်”

ထိုစကားပြောပြီးသည့်နောက်တွင် အခြားလူများ၏ မျက်နှာထက်၌ အပြုံးများ ထွက်ပေါ်လာလေသည်။ ဘာဆက်ဖြစ်မည်ကို သူတို့သိချင်နေသော်လည်း သူတို့ရုပ်မှာ အနည်းငယ် ကြောက်နေစရာကောင်းနေရုံသာ။

“မရောင်းဘူး” ရှီဟောင် အရှေ့ဘက်သို့ လျှောက်လာလိုက်သည်။ ဤလူများသည် သူတို့ကို အနိုင်ကျင့်ကာ သူတို့နတ်သစ်သီးများကို ခိုးယူချင်နေသည်မှာ သိသာလှသည်။ သူတို့မပြောနှင့် ရှေးဟောင်းလူထူးဆန်းများ ရောက်လာလျှင်ပင် သူတို့နှင့် တိုက်ခိုက်ရမည်သာ။

“တာအို ရောင်းရင်း .. မင်းက ငါတို့ကို နည်းနည်းလေးတောင် မျက်နှာသာမပေးဘူးလား .. ငါတို့က သဘောထားကြီးကြီးနဲ့ မင်းကို ရောင်းပေးဖို့ပြောနေတာ .. မင်းက ဈေးတောင်မသတ်မှတ်ပဲနဲ့ ငါတို့ကို တန်းငြင်းလိုက်တာလား” သူတို့ထဲမှ လူတစ်ယောက်အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့က ဘာမို့လို့လဲ .. မင်းတို့မျက်နှာက ဘယ်လောက်တန်နေလို့လဲ .. ထွက်သွားစမ်း” ရှီဟောင် ဆူပူလိုက်သည်။

“ကောင်းခြင်းနဲ့ဆိုးခြင်းကြားက ကွာခြားချက်ကို မသိဘူးပဲ” မိချောင်းအမြှီးရှိနေသည့် လူသားပုံစံသက်ရှိမှ အေးစက်စွာ ပြောလိုက်သည်။ အခြားသက်ရှိများလည်း မျက်နှာပျက်ယွင်းသွားကြသည်သာ။

ဝုန်း…

ထိုလူများသည် အရှေ့ဘက်သို့ အတင်းပင်တိုးလာကြလေ၏။ ဦးဆောင်လာသည့်သူမှာ စီရင်စုတစ်ခု၏ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူဖြစ်နေလေသည်။ သူတို့အားလုံးထံမှ အံ့အားသင့်စရာကောင်းလောက်သည့် တိုက်ခိုက်နိုင်စွမ်းများ ထွက်ပေါ်လာလေသည်။

“အရမ်းကို သတ္တိရှိနေတဲ့အုပ်စုလေး .. မင်းတို့အခု နောင်တရနေပြီလား” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့တွေက စီရင်စုတစ်ခုရဲ့ စွမ်းအားအကြီးဆုံးကျွမ်းကျင်သူဆိုရင်တောင်မှ ဘယ်နှစ်ယောက်ရှိမှာလဲ .. သုံးလေးယောက်လောက်ပဲ ရှိမှာပေါ့ .. ငါတို့က ထူးခြားပါရမီရှိတဲ့သူ ၇ ယောက် ၈ ယောက်လောက်ကိုတောင် စားပြီးသွားပြီ” လန်ယိချန်သည် အေးစက်စွာ ရယ်မော၍ပင် ပြောလိုက်သည်။

ဝုန်း..

တိုက်ပွဲတစ်ခု ဖြစ်ပွားလေပြီ။ ရလဒ်အနေဖြင့် ထိုလူအုပ်စု၏ မျက်နှာများမှာ ချက်ချင်း ပျက်ယွင်းသွားလေ၏။

ဤလူများမှာ စွမ်းအားကြီးသည့်သူများပင်။ စီရင်စုများ၏ ထိပ်ဆုံးနေရာတွင်ရှိနေသည့် ကျွမ်းကျင်သူ ၃၊ ၄ ယောက်ခန့်သည် အလွန်စွမ်းအားကြီးသည့်သူ ၁၀ ယောက်ကျော်ကို ဦးဆောင်ကြလေသည်။ သို့သော်လည်း သူတို့သည် သတ္တုပြားကြီးကို ကန်နေရသကဲ့သို့ ဖြစ်နေလေ၏။

ရှီဟောင်သည် သူတို့ခေါင်းဆောင်နှစ်ဦးကို သတ်လိုက်ကာ သူ့လူများဘက်သို့ ပြန်လာလိုက်သည်။

“နားလည်မှုလွဲသွားတာပါ” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဘာနားလည်မှုလွဲသွားတာမှ မရှိဘူး” လော့သွမ်နှင့် လန်ယိချန်တို့သည် သူတို့အားလုံးကို ရှင်းပစ်လိုက်လေ၏။ တစ်ယောက်မျှပင် အရှင်မထားပေ။

“အမ်.. ကျောက်တုံးမှာရေးထားတဲ့ သင်္ကေတ” စစ်မြေပြင်ကို ရှင်းလင်းသည့်အချိန်တွင် သူတို့သည် အလွန်ပင်ရှေးကျနေပြီဖြစ်သည့် သင်္ကေတရေးထိုးထားသည့် ကျောက်တုံးတစ်တုံးကို ရခဲ့သည်။

ဤကျောက်တုံးပေါ် တွင် ကောင်းကင်ထက်၌ သွေးလရှိနေပြီး ကြယ်များတောက်ပနေသည့်ပုံစံကို ရေးထိုးထားသည်။ နေ ၁၀ လုံးသည်လည်း ဘေးချင်းကပ်လျက်ရှိနေကြသည်။ ဤသည်မှာ သားရဲအသိုက်မြင်ကွင်းနှင့် တစ်ပုံစံတည်းပင်။

လော့သွမ်သည် နတ်စိတ်ဝိဉာဉ်တစ်မျှင်ကို ပို့လွှတ်လိုက်ပြီး ထိုကျောက်တုံးကို လေ့လာလိုက်သည်။ ထိုကျောက်တုံးမှ မြူများထွက်ပေါ်လာကာ ရေးထိုးထားသည့် အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု ပြသလာလေသည်။

“ဟမ် .. ဒါက သားရဲအသိုက်ရဲ့ဆက်ခံသူဆီကိုသွားတဲ့ မြေပုံလား” လော့သွမ်မှာ ချက်ချင်းပင် တုန်လှုပ်သွားရသည်။ ဤလူများထံတွင် ဤကဲ့သို့သော ပစ္စည်းရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုစကားကို ကြားသည်နှင့် လန်ယိချန်လည်း သူ့အနားသို့ ရောက်လာလေသည်။

“ထာဝရရှေးဟောင်းမြေထဲမှာ သားရဲအသိုက်တွေရှိတဲ့ ရှေးဟောင်းမြေပုံတစ်ချို့ ရှိတယ်လို့ ပြောကြတယ် … ရှေးဟောင်းမြေပုံတစ်ခု လက်ထဲမှာ ရှိတာနဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်ပြီးတော့ ကံကောင်းမှုတွေကို ရှာနိုင်မှာ”

ထာဝရရှေးဟောင်းမြေထဲတွင် ဤကဲ့သို့သော ကျောက်တုံးမျိုး ဘယ်နှစ်တုံးရှိသလဲဆိုသည်ကို မသိသော်လည်း ထိုကျောက်တုံးပေါ်လာသည့်အချိန်တိုင်းတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာသည်သာ။

“ငါတို့ တော်တော်ကံကောင်းနေတာပဲ” လုယီက ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

“ဒါပေမဲ့ ဒီကျောက်တုံးကြီးကို ကိုင်ထားဖို့က အန္တရာယ်များတယ် .. တစ်ခြားသူတွေသိသွားတာနဲ့ လူတွေ အများကြီး ရောက်လာပြီး လာလုလိမ့်မယ်” လန်ယိချန် ပြောလိုက်သည်။

ဤသည်မှာ ပြိုင်ဘက်ကင်းသည့် ထူးခြားပါရမီရှင်များပင်လျှင်ပင် သားရဲအသိုက်အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ထိုရှေးကျောက်တုံးပါမပါကို စစ်လိမ့်မည်။ သူတို့တွေ့သည်နှင့် သွေးလွှမ်းသည့်နည်းလမ်းဖြင့် အရယူမည်သာ။

“ဘာဖြစ်လို့လဲ” လန်ယိချန်မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး .. သွားကြစို့… ” ရှီဟောင် ပြောလိုက်သည်။ သူသည် နတ်သစ်တောအတွင်းရှိ အနက်ရောင်နတ်ပိုးကောင်များကို ရှောင်နိုင်သည့် ဆေးပင်များအကြောင်းကို ပြန်စဉ်းစားနေခြင်းပင်။

နောက်ရက်အနည်းငယ်အကြာတွင် သူတို့သည် အပြင်ဘက်နယ်မြေများကို တစ်ခုပြီးတစ်ခု သွားခဲ့ကြသည်။ သို့သော် ကံမကောင်းစွာဖြင့်ပင် သူတို့ ဘာမှ မတွေ့ရတော့ပေ။

ရှီဟောင် အတော်လေး နောင်တရနေမိသည်။ သူ ဤနယ်မြေထဲသို့ မဝင်ခင်က အသက်မြစ်ပေါ်တွင် ပေါလောပေါ်နေသည့် ရှေးဟောင်းနန်းတော်တစ်ခုကို တွေ့ခဲ့သေးသည်။ ထိုနန်းတော်မှ ကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်နေပြီး တာအိုသင်္ကေတများလည်း လှုပ်ရှားနေသည်။

ကံမကောင်းစွာဖြင့်ပင် သူ ဘယ်လောက်ရှာရှာ ထိုနယ်မြေကို မတွေ့နိုင်ဖြစ်နေသည်။

လမ်းတစ်လျှောက်တွင် သူတို့သည် ရှေးဟောင်းဆေးပင်များစွာကို တွေ့ခဲ့သည်။

ဤနေရာမှာ အဆင့်နိမ့်နယ်မြေနှင့် အတော်လေးကွာခြားသည်ကိုတော့ သူ ဝန်ခံရမည်။ အဆင့်နိမ့်နယ်မြေတွင် ဝိဉာဉ်စွမ်းအင်များရှိသော်လည်း အံ့အားသင့်ဖွယ်ကောင်းသည့်အပင်များမှာ မြင့်မြတ်ဆေးပင်များအဖြစ် ပြောင်းလဲရန် ခက်ခဲလေသည်။

“ဒါက ထာဝရရှေးဟောင်းမြေပဲလေ .. ဝိဉာဉ်ဆေးခင်းတွေရှိနေတယ်ဆိုတာ မထူးဆန်းပါဘူး”

ဤရက်များအတွင်းတွင် သူတို့သည် တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ရပြီး သူတို့ကို မကောင်းကြံချင်နေသည့်သူအားလုံးကို ရှင်းပစ်ခဲ့ကြသည်။ သူတို့သည် အချိန်ဆွဲမနေကြတော့ပဲ သားရဲအသိုက်များဘက်သို့ စတင်ဦးတည်သွားလိုက်သည်။

ပျက်စီးနေသောထာဝရတောင်ကြား ..
ဤနေရာမှာ သားရဲအသိုက်အတွင်းသို့ ဝင်ချင်လျှင် မဖြစ်မနေ ဖြတ်သန်းရသည့်နေရာတစ်ခုပင်။ ဤနေရာနောက်တွင် ဖရိုဖရဲစွမ်းအင်များ ရှိနေသည့် ရှေးဟောင်းကမ္ဘာမြေပင်။ ရှီဟောင်တို့အုပ်စုမှ ဤနေရာသို့ ရောက်နေလေပြီ။

တောင်ကြောများမှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ မြေကြီးနှင့်ကျောက်တုံးများမှာ အနီရင့်ရောင်ဖြစ်နေလေ၏။ ပြောကြသည်မှာ ရှေးခေတ်တွင် ထာဝရလူသားတစ်ယောက် ဤနေရာတွင် သေဆုံးခဲ့ပြီး သူ၏သွေးကြောင့် တောင်ကြောတစ်ခုလုံး နီရဲသွားသည်ဟု ပြောကြလေသည်။

“ကောလဟာလတစ်ခုတော့ရှိတယ် မှန်လားမှားလားတော့မသိဘူး .. အဲဒီသေသွားတဲ့သူရဲ့ ထာဝရသွေးစွမ်းအင်တွေက ပျံ့ကြဲသွားတာမဟုတ်ပဲနဲ့ သားရဲအသိုက်ထဲမှာရှိနေတဲ့ တစ်ခုခုက စုတ်ယူသွားတာတဲ့ .. ဒါက လုံးဝကို လန့်စရာကောင်းလောက်တဲ့ ကံကောင်းမှုဖြစ်မှာပဲ”

ထာဝရပျက်စီးခြင်းတောင်ကြား .. ဤနေရာမှာ မသေးလှပေ။

ဤနေရာတွင် လူများစွာရှိနေပြီး အချို့မှာ ဤနေရာ၏အလယ်ဗဟိုသို့ ဦးတည်သွားနေကြသည်။

ရှီဟောင်တို့အုပ်စုသည်လည်း ဤအဆုံးမရှိအောင် ကျယ်ပြန့်လှသည့် တောင်ကြောကြီးအတိုင်း လျှောက်သွားနေကြသည်။ သူတို့သည် သားရဲအသိုက်ထံသို့ အလျင်စလိုမသွားပဲ ရှေးဟောင်းသစ်ပင်များ မိုးထိုးနေသည့် တောင်ကြောထဲတွင် လျှောက်သွားနေကာ ထိုနေရာတွင်ရှိနေသည့် အရာအားလုံးကို သေချာအာရုံခံလိုက်သည်။

ခပ်ဝေးဝေးတွင် သင်္ကေတများ တောက်ပနေပြီး ကောင်းကင်ထက်တွင် အလင်းတန်းများ ရှိနေလေသည်။

ကျောက်တောင်အတော်များများနှင့် မြေပြင်ထက်တွင်ရှိနေသည့် ရှေးဟောင်းသစ်ပင်များ ပျက်စီးနေလေပြီ။ ဝုန်းဟူသည့်အသံနှင့်အတူ လူငယ်တစ်ယောက် ပေါ်လာလေသည်။

သူ့အနားပတ်လည်တွင် ငွေရောင်အလင်းလှိုင်းများ ထွက်ပေါ်နေလေ၏။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှပြီး လေဟာနယ်ပင် ပျက်စီးသွားတော့မတတ်ပင်။

သူ၏ဘေးနားတွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားရသည်။

“ချင်းကလန်ရဲ့ အဆင့်လွန်အရိုးနှစ်ခုရှိတဲ့ လူငယ်” တစ်စုံတစ်ယောက်၏ အမူအရာပြောင်းလဲသွားလေသည်။

ဤသည်မှာ ချင်းဟောင်ပင်။ သူသည် အပြင်ဘက်နယ်မြေတွင် ရက်အတော်ကြာ လျှောက်သွားနေခဲ့ပြီး ကံကောင်းမှုအချို့ကို ရရှိခဲ့သည်။ ထို့ကြောင့် သားရဲအသိုက်ထဲသို့ တစ်ခေါက်သွားကြည့်ရန် သူ ဆုံးဖြတ်လိုက်ခြင်းပင်။

“ချင်းကလန်ရဲ့ အဆင့်လွန်လူငယ် … မှန်လားမှားလားတော့မသိပေမယ့် သူ့ရဲ့အဆင့်လွန်အရိုးတစ်ခုက သူ့အစ်ကိုဟာလို့ ပြောကြတယ် .. သူ့အစ်ကိုက သူ့ကို ပေးထားတာတဲ့”

“သူ့အစ်ကိုက ချင်းဟောင်ကို အဆင့်လွန်အရိုးတစ်ခု ပေးထားတာလို့ ငါလည်း ကြားဖူးတယ်”

လူအချို့သည် အတော်ဝေးဝေးမှနေ၍ တီးတိုးပြောနေကြလေ၏။

ဟက်..

ချင်းဟောင်သည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်သည်။ သူ၏နတ်အာရုံများမှာ အလွန်ပင် စူးရှလှသောကြောင့် ထိုသူများပြောနေသည်ကို သူကြားရသည်။

ထို့နောက်တွင် သူ့ကို အလယ်ဗဟိုပြုကာ များပြားလှသည့် ငွေရောင်သင်္ကေတများ ထွက်ပေါ်လာလေ၏။ ဝုန်းဟူသည့်အသံနှင့်အတူ ထိုသင်္ကေတများသည် စကားပြောနေသည့်သူများထံသို့ ရောက်သွားကာ ထိုသူများအား လုံးဝပေါက်ကွဲသွားစေလေသည်။

ဤကဲ့သို့သော သွေးအေးရက်စက်မှုများမှာ ဘေးနားတွင်ရှိနေသည့်သူအားလုံးကို ထိတ်လန့်သွားစေလေသည်။

“မင်းတို့အားလုံး ငါ့နောက်ကွယ်မှာ ဘာတွေ အတင်းတုပ်နေကြတာလဲ .. သတ္တိရှိရင် ငါ့အရှေ့မှာ လာပြောလေ” ချင်းဟောင် အေးစက်စွာပင် ပြောလိုက်သည်။ သူသည် သတ္တုရောင်ထနေသည့် သက်ရှည်စစ်ဝတ်စုံကို ဝတ်ဆင်ထားလေ၏။

အားလုံးမှာ ကြောက်လန့်စွာဖြင့်ပင် တိတ်ဆိတ်သွားကြလေ၏။ အဖိုးတန်ပညာတစ်ခုတည်းဖြင့် ကျွမ်းကျင်သူပေါင်း ၂၀ ကျော်ကို တစ်ပြိုင်တည်း ရှင်းပစ်လိုက်သောကြောင့် သူတို့တုန်လှုပ်နေကြလေသည်။

“အမ်..” ချင်းဟောင် တစ်ခုခုကို အာရုံခံမိလိုက်သည်။ သူသည် တောင်ကြောအတွင်းပိုင်းသို့ စိုက်ကြည့်လိုက်သည်။ သူသည် ထိုနေရာတွင် ပင်လယ်ကဲ့သို့ပင် ထွက်ပေါ်နေသည့် သွေးစွမ်းအင်များကို ခံစား၍ရသည်။

“အရမ်းကိုစွမ်းအားကြီးတဲ့ ဘုရင်လား .. ကြည့်ရအောင် မင်းက ဘယ်သူ့ဘက်ကလဲဆိုတာ” သူသည် တည်ငြိမ်စွာဖြင့်ပင် လမ်းလျှောက်သွားလေ၏။ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံဖြင့်ပင် သူသည် တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

“စွမ်းအားကြီးပြီး ကြောက်စရာကောင်းလိုက်တာ .. အဆင့်လွန်အရိုးနှစ်ခုရှိတဲ့သူ ပီသပါပေတယ် .. သူ့အစ်ကို သူ့ကို အဆင့်လွန်အရိုးပေးပြီးတဲ့နောက်မှာ ပြိုင်ဘက်ကင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင် မွေးဖွားလာတာပဲ”

လူအနည်းငယ်မှာ သက်ပြင်းချလိုက်ကြသည်။ ချင်းဟောင်သည် သူတို့တိုက်ခိုက်နိုင်သည့်သူ မဟုတ်ဘူးဟုလည်း ခံစားလိုက်ရသည်။

တောင်ကြောအတွင်းတွင် ရှီဟောင်တို့အုပ်စုသည် ပျက်စီးခြင်းထာဝရတောင်ကြောကို လေ့လာနေကာ အရှေ့ဘက်သို့ မနှေးမမြန်လွန်းသည့်အရှိန်ဖြင့် သွားနေလေသည်။

ချင်းဟောင်သည် အလောတကြီးပင် ရောက်ရှိလာကာ တောအုပ်အတွင်း၌ ပေါ်လာလေသည်။ ကုန်းပြင်မြင့်ပေါ်ရှိ သစ်ပင်အောက်တွင် ရှိနေသည့်သူများကို တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။

ဒီလူကို ဘာလို့ဒီလောက်တောင် ရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ..

အရှိန်အဝါက အရမ်းတူတာပဲ… ။

ရှီဟောင်လှည့်ကြည့်လိုက်ကာ သူ၏ ပုံစံအမှန်ကို ပြသလိုက်သည်။ ထို့ကြောင့်ပင် ချင်းဟောင်မှာ တစ်ချက်ကြည့်ရုံဖြင့်ပင် မှတ်မိသွားလေ၏။

“ဘယ် .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ချင်းဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူသည် အနောက်ဘက်သို့ ခြေလှမ်းများဆုတ်သွားပြီး သူမြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။

အပိုင်း ၁၀၃၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၀ – ညီအစ်ကိုတို့ တွေ့ဆုံခန်း

တောင်ကြောတွင် ရှေးသစ်ပင်များသည် အလွန်ပင် မြင့်မားကြပြီး ပင်စည်များတွင်လည်း အက်ကွဲကြောင်းများ ရှိနေလေသည်။ ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်နေသောကြောင့် ဤနေရာကို ပို၍ပင် ကြည်လင်တိတ်ဆိတ်စေသည်။

“ဒါက .. မဖြစ်နိုင်တာ” ချင်းဟောင်၏အသံမှာ တုန်ယင်နေလေ၏။ သူသည် သရဲတစ်ကောင်ကို မြင်နေရသကဲ့သို့ပင်။

ရှီဟောင်သည် သူ့အား တည်ငြိမ်စွာပင် ကြည့်နေလေ၏။

“စွမ်းအားကြီးလိုက်တဲ့လူငယ်လေး .. သူ့ရဲ့အော်ရာက တော်တော်လေး ကြောက်စရာကောင်းတယ် .. သူ့ရဲ့သွေးစွမ်းအင်တွေက နဂါးအစစ်ရဲ့ သွေးစွမ်းအင်တွေ ကျနေတာပဲ” ယုလီသည် ချင်းဟောင်အားကြည့်ကာ အလွန်တုန်လှုပ်နေလေသည်။

“မင်းက .. အသက်ရှင်နေတုန်းပဲ” ချင်းဟောင်၏ ရင်ဘတ်မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး သူ၏အသက်ရှူသံများလည်း ပြင်းနေသည်။ သူ၏စိတ်ထဲတွင် မည်မျှတုန်လှုပ်နေသည်ကို ခန့်မှန်းကြည့်နိုင်သည်။

ရှီဟောင်သည် သူ့အား တစ်ခဏခန့်ကြည့်ကာ “ငါ့ကို ‘အစ်ကိုကြီး’ လို့ခေါ်သင့်တာ မဟုတ်ဘူးလား”

ထိုစကားကို ကြားလိုက်ရသည့်အချိန်မှသာ ချင်းဟောင်သည် ဤသည်မှာ အဆင့်နိမ့်နယ်မြေမှ ထိုလူဖြစ်ကြောင်း သေချာသွားလေသည်။ ဤသည်မှာ သူ၏အစ်ကိုဖြစ်ပြီး ဤလောကကြီးတွင် အသက်ရှင်နေဆဲပင်။

သူ၏အဆင့်လွန်အရိုးကိုဆုံးရှုံးကာ သွေးစွမ်းအင်များလည်း ခမ်းခြောက်သွားပြီ မြေအောက်တွင် မြှုပ်ခံရသည့်သူမှာ ဘယ်လိုလုပ် အသက်ရှင်နေသေးသနည်း.. ဤသည်မှာ ကို့ယိုးကားယား နိုင်လွန်းလှသည်။

“သူက .. မင်းရဲ့ညီလား” လန်ယိချန်မှာ ထိတ်လန့်နေလေသည်။

“ချင်းကလန်ရဲ့ အဆင့်လွန်အရိုးနှစ်ခုရှိတဲ့လူသားလား .. သူက တော်တော်ကိုထူးခြားတယ် … သူထုတ်လွှတ်တဲ့ ဝိဉာဉ်သွေးစွမ်းအင်ကတောင်မှ နတ်မီးဖိုကြီး တောက်လောင်နေသလိုပဲ” လော့သွမ် ခေါင်းညိမ့်ပြလိုက်သည်။

ရှီဟောင် မည်သူဖြစ်သည်ကို သူတို့သိထားသောကြောင့် အခြေအနေများကို အနည်းငယ်နားလည်သည်။ ထို့ကြောင့်ပင် သက်ရှည်စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့်သူမှာ မည်သူဖြစ်မည်ကို သူတို့ချက်ချင်း ခန့်မှန်းလိုက်နိုင်ခြင်းပင်။

“ဘာလဲ … ဒီလောက်နှစ်တွေကြာသွားတော့ မင်းက မင်းရဲ့အစ်ကိုကြီးကို မေ့သွားပြီလား” ရှီဟောင်သည် တစ်ဖက်လူကို ကြည့်ကာ မေးလိုက်သည်။

နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ချင်းဟောင်သည် ပို၍အရပ်ရှည်လာကာ သူ၏သက်ရှည်စစ်ဝတ်စုံသည်လည်း ထူးဆန်းသည့်အလင်းတန်းများ ထုတ်လွှတ်နေလေ၏။ သူ၏ဆံပင်များမှာ လေထဲတွင် လွန့်လူးနေကာ သူ၏သွင်ပြင်တွင် သူရဲကောင်းဆန်သည့်အငွေ့အသက်များ ရနေသည်။

ယခုအချိန်တွင် သူသည် ကလန်တစ်ခု၏ အဆင့်လွန်လူငယ်ဖြစ်နေပြီဖြစ်ပြီး အဆင့်လွန်အရိုးနှစ်ခုကိုသုံးကာ သူ့ရှေ့တွင်ရှိနေသည့် သူအားလုံးကို ရှင်းပစ်ကာ သူ၏ဂုဏ်သတင်းကို တည်ဆောက်ခဲ့သည်။

“အစ်ကိုကြီး…” ချင်းဟောင်သည် ဤစကားများကို ပြောပြီးသည့်နောက်တွင် သူ၏မျက်နှာအမူအရာမှာ တစ်ဖြည်းဖြည်းချင်း တည်ငြိမ်သွားလေ၏။ သို့သော်လည်း သူ၏စိတ်မှာ တုန်လှုပ်နေဆဲပင်။ သူတို့ဤနေရာတွင် ပြန်လည်ပေါင်းစည်းကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ့အစ်ကိုမှာ ပို၍စွမ်းအားကြီးလာသည်ကို သူခံစား၍ရသည်။ ကျင့်ကြံဆင့် မြင့်တက်လာရုံသာမက သူ၏စွမ်းအားများမှာ ကန်အောက်တွင် ပုန်းနေသည့် နဂါးတစ်ကောင်ကဲ့သို့ပင်။

ရှီဟောင်သည် ယခုအချိန်တွင် ၁၉ နှစ် ကျော်နေပြီး သူသည် အရပ်ရှည်ကာ သွယ်လျသည့်သူပင်။ သူ၏အသွင်အပြင်မှာ သူရဲကောင်းဆန်ပြီး သူ၏အမူအရာများမှာ တည်ငြိမ်နေသည်။ မပြောင်းလဲသည့်အချက်တစ်ခုမှာ သူ၏သန့်စင်ကာ ကြည်လင်လှသည့် မျက်လုံးများပင်။ တစ်ခါတစ်ရံတွင် သူမျက်တောင်ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်သည်နှင့် အလင်းများ ထွက်ပေါ်လာကာ အခြားသူများကို တုန်ယင်စေနိုင်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။

“မဆိုးဘူး .. မင်းအရွယ်ရောက်လာပြီပဲ .. မင်းရဲ့ကျင့်ကြံဆင့်လည်း တော်တော်လေး တိုးတက်လာပြီ .. မင်းအခု နယ်မြေတစ်ခုကို အုပ်စိုးလို့ရပြီ” ရှီဟောင် ပြောလိုက်သည်။

“အဖေနဲ့အမေသာ အစ်ကိုအသက်ရှင်နေသေးမှန်းသိရင် သူတို့သေချာပေါက် အရမ်းပျော်သွားမှာ .. ကျွန်တော်တို့ နောက်တစ်ခေါက် ပြန်ပေါင်းစည်းနိုင်လိမ့်မယ်လို့ မထင်ထားဘူး” ချင်းဟောင်ပြောလိုက်သည်။

သူ၏စိတ်ကို ထိန်းလိုက်ကာ တည်ငြိမ်အောင်လုပ်လိုက်သည်။ သူသည် အဆင့်လွန်အရိုးနှစ်ခုရှိသောသူဖြစ်သောကြောင့် ကောင်းကင်နတ်ဘုရားရှေ့တွင်ပင် သူ၏အမူအရာများ ပြောင်းလဲမည် မဟုတ်ပေ။ သို့သော် ယနေ့အဖြစ်အပျက်များမှာ ထူးခြားလွန်းလှသည်။

“အဖေနဲ့အမေရော နေကောင်းလား .. ငါ သူတို့နဲ့ တကယ်ကို ပြန်တွေ့ချင်တယ်” ရှီဟောင်ပြောလိုက်သည်။

“သူတို့နေကောင်းပါတယ် .. အစ်ကိုအဆင့်မြင့်နယ်မြေရောက်နေတာကို ဘာလို့ ကျွန်တော်တို့ကို လာရှာပြီး အဖေ၊အမေတို့နဲ့ လာမတွေ့တာလဲ” ချင်းဟောင်မေးလိုက်သည်။

“ငါ သွားလို့ရမှာမို့လို့လား” ရှီဟောင်သည် အပြုံးနုလေးပြုံးလိုက်သည်။ ထို့နောက်တွင် သူ၏အကြည့်များမှာ ပြင်းထန်သွားသည်။

သူသည် လေဟာနယ်ထဲသို့ကြည့်လိုက်ကာ “ငါ့အဖိုးက ထိန်းသိမ်းခံလိုက်ရပြီး နတ်ပစ္စည်းတွေတူးဖော်ဖို့အတွက် ဖိန်းကျွန်းကို အပို့ခံလိုက်ရတယ်လို့ ငါ သိခဲ့ရတယ် .. အဖိုးက ကံကောင်းစွာနဲ့ ထွက်ပြေးနိုင်ခဲ့ပြီးတော့ ငါ့အဖေလည်း အလောတကြီးထလုပ်လိုက်တာကြောင့်သာမဟုတ်ရင် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်နေလောက်ပြီ”

ရှီဟောင်၏အသံမှာ မကျယ်သော်လည်း အားအင်ပြည့်နေသည်။ သူသည် လေဟာနယ်ထိသို့ စိုက်ကြည့်လိုက်ကာ “ချင်းကလန် .. ငါ့ကို တားဆီးနေတဲ့သူတွေရှိတယ်”

အပြင်ဘက်လောကတွင်ရှိနေသည့်သူများသည် ကျောက်တိုင်မှတစ်ဆင့် သူ၏မျက်လုံးများကို မြင်လိုက်ကြရသည်။ ထိုမျက်လုံးများမှာ တောက်ပနေကာ သူတို့သည် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသကဲ့သို့ပင်။

“အမေ့ရဲ့ သွေးမျိုးဆက်ကလွဲရင် ချင်းကလန်မှာ သေဖို့ထိုက်တန်တဲ့သူတွေရှိတယ် .. မင်းတို့တွေ အဖိုးကို မှတ်မိနေသေးလား .. နောင်ကျရင် မင်းတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး” ရှီဟောင် ပြောလိုက်သည်။

“ဟောင်အာ…” အပြင်ဘက်တွင်ရှိနေသည့် ချင်းရိနင်၏မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူမတို့သားနှစ်ဦး ပြန်ဆုံစည်းသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူမသည် စိတ်လှုပ်ရှားနေသကဲ့သို့ ဝမ်းလည်းဝမ်းနည်းရသည်။ သူမသည် ချင်းကလန်မှ လူတစ်စုကို ဒေါသတကြီးပင် စိုက်ကြည့်နေလေ၏။

ဤနှစ်အတွင်းတွင် ဖြစ်ပျက်ခဲ့သည့် များစွာသော ကိစ္စများသည် သူမကို မတည်ငြိမ်နိုင်အောင် လုပ်နေသည်။

ရှီကျီလင်းသည် အနောက်ဘက်တွင်ရှိနေသည့် ချင်းကလန်မှ လူအချို့ကို ကြည့်လိုက်သည်။ သူသည် ဘာမှမပြောသော်လည်း သူ၏မျက်လုံးများမှာ အေးစက်နေလေသည်။

လော့သွမ်၊ လန်ယိချန်နှင့် လုယီတို့သည်လည်း ဤညီအစ်ကိုနှစ်ဦးကြားတွင် ကိစ္စများစွာဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းကြည့်နိုင်သည်။ ထိုကိစ္စများထဲတွင် ချင်းကလန်မှ စွမ်းအားကြီးသည့် ကြီးကျယ်မြင့်မြတ်သူများပါ ပါဝင်နေသောကြောင့် သူတို့အံ့အားသင့်သွားရသည်။

“ကျွန်တော် အဲဒီကိစ္စကို အသေးစိတ် စုံစမ်းလိုက်ပါ့မယ်” ချင်းဟောင် ပြောလိုက်၏။

အပြင်ဘက်တွင်ရှိနေသည့်လူအားလုံးမှာ တည်ငြိမ်နိုင်ရန် ခက်ခဲနေကြလေ၏။ သူတို့သည် ရှီဟောင်ကို အဆင့်နိမ့်နယ်မြေမှ ရောက်လာမှန်းသိကြသော်လည်း သူတို့ညီအစ်ကိုနှစ်ဦးတွေ့ဆုံခြင်းမှာ သူတို့အား အတော်လေး ထိတ်လန့်သွားစေခဲ့သည်။

“ရှီမျိုးရိုးနာမည်ရှိနေတဲ့ကလန် … ဒီကလန်က တော်တော်အထင်ကြီးစရာကောင်းတာပဲ .. သူတို့ရဲ့ ဘိုးဘေးနိုင်ငံတွေက အဆင့်မြင့်နယ်မြေကနေ ဖယ်ရှားခံလိုက်ရတယ်ဆိုပေမယ့် သူတို့မှာ ထူးချွန်တဲ့ပုံရိပ်နှစ်ခု ပေါ်လာပြီပဲ” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

မီးတိမ်လှိုဏ်ဂူ၊ လော့ဖူတောင်ကြားနှင့် အခြားမျိုးဆက်များ၏ အမူအရာများမှာမူ ကြမ်းတမ်းရက်စက်လာလေ၏။ ဤသည်မှာ သူတို့အတွက် ကောင်းသတင်း မဟုတ်ပေ။

တစ်စုံတစ်ယောက်မှာမူ ထိုနေရာသို့ အလောတကြီးသွားနေသည့် သရဖူခြောက်ခုဘုရင်အတွက် စိုးရိမ်နေလေ၏။ သူတို့နှင့်သာတွေ့သွားလျှင် ဤသည်မှာ အပြစ်သားသွေးမျိုးဆက်တစ်ယောက်တည်း မဟုတ်တော့ပေ။ နှစ်ယောက်ဖြစ်နေလေပြီ။

“အစ်ကို … အစ်ကို အသက်ရှင်နေတာ ကောင်းလိုက်တာ” ချင်းဟောင်ပြောလိုက်သည်။

“အစ်ကို .. အစ်ကိုက ဘယ်လိုလုပ် အသက်ရှင်နိုင်သွားတာလဲ” ချင်းဟောင်မေးလိုက်၏။

ဤသည်မှာ သူသာမဟုတ် အခြားလူများလည်း သိချင်နေကြသည့်အရာပင်။ ရှီဟောင်သည် စစ်ပွဲတွင် ကျရှုံးခဲ့ပြီး သူ မည်မျှပင် အားနည်းနေခဲ့သည်ကို အဆင့်နိမ့်နယ်မြေတွင်ရှိနေခဲ့သည့်သူများ တွေ့ခဲ့ရသည်။

ရှီကျီလင်းတို့ဇနီးမောင်နှံကိုယ်တိုင် သူ့ကို မြေမြှုပ်ခဲ့ပြီး နှစ်ဝက်ကျော်အထိ သူ၏အုတ်ဂူအား စောင့်ရှောက်ပေးခဲ့သေးသည်။ သို့သော် မထင်မှတ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူသည် အဆင့်မြင့်နယ်မြေသို့ ရောက်လာလေသည်။

“ငါ့ကံတရားက တော်တော်လေးကောင်းတယ် .. ကောင်းကင်ဘုံက ငါ့ကိုခေါ်ချင်နေပေမယ့် မခေါ်နိုင်ဘူးဖြစ်နေတာလေ” ရှီဟောင်ရယ်မောကာ ပြောလိုက်သည်။

အပြင်ဘက်တွင်ရှိနေသည့် ကြေးနန်းတော်ထဲမှ တစ်စုံတစ်ယောက်မှာ မျက်မှောင်ကြုတ်နေလေ၏။ ထိုအချိန်က ရှီဟောင်သည် သူတို့ဂိုဏ်း၏ ကြောက်စရာအကောင်းဆုံး သံကြေးကျိန်စာကို မိသွားခြင်းပင်။ ပြောရမည်ဆိုလျှင် သူသေချာပေါက် သေရမည်ပင်။ သို့သော်လည်း ဘယ်လိုလုပ် ယခုထိ အသက်ရှင်နေသနည်း…

“အဖိုးရော ဘယ်လိုလဲ နေကောင်းလား .. ကျွန်တော်သူ့ကို တစ်ချိန်လုံးလိုက်ရှာနေပေမယ့် ဘာသဲလွန်စမှမရခဲ့ဘူး” ချင်းဟောင်ပြောလိုက်သည်။

“အဖိုးလည်း နေကောင်းတယ် … ငါသူနဲ့ ပြန်ဆုံပြီးသွားပြီ” ရှီဟောင်ပြောလိုက်သည်။ အမှန်တကယ်တွင် အဖိုး ၁၅ လည်း မူလကောင်းကင်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ခဲ့ပြီး ချင်းဟောင်ကိုလည်း တွေ့ပြီးပြီဖြစ်သည်။ သို့သော် ချင်းဟောင်သည် သူ့ကိုမမှတ်မိပဲ ချင်းကလန်ဘက်တွင်သာ ရပ်နေခဲ့ခြင်းပင်။

“ကောင်းတယ် .. ကျွန်တော်ထွက်လာရင် အဖိုးဆီကို သွားလည်ဦးမယ်” ချင်းဟောင် ခေါင်းညိမ့်ကာ ပြောလိုက်သည်။

ယခုအချိန်တွင် သူသည် အားမန်အကြောင်းကို မေးလိုက်ချင်သည်။ ထိုမိန်းမပျိုလေးသည် သူ့အားဂရုစိုက်ပေးကာ သူ့အား မျက်လုံးပိတ်မသွားရန် ပြောခဲ့ပြီး သတိမမေ့သွားအောင် လုပ်ပေးခဲ့သည်။

သို့သော် သူသာ အလောတကြီးမေးလိုက်လျှင် မမြင်နိုင်သည့်အဖြစ်အပျက်များ ဖြစ်ပျက်လာမည်ကို သူကြောက်သည်။

သူပို၍အားကောင်းလာမှသာ ချင်းကလန်ကို သွားလည်ပြီး တစ်ယောက်ယောက်ကို မေးတော့မည်။

“သွားကြစို့ … သားရဲအသိုက်ဆီကို အတူတူသွားကြရအောင် .. ပျက်စီးနေသောထာဝရတောင်ကြောတစ်လျှောက်ကိုလည်း ကြည့်သွားကြတာပေါ့” ရှီဟောင်ပြောလိုက်သည်။

ချင်းဟောင်သည် တစ်ခဏမျှ တွေဝေနေသော်လည်း နောက်ဆုံးတွင်ခေါင်းညိမ့်လိုက်ကာ ရှီဟောင်ဘေးနားသို့လာလိုက်ကာ အရှေ့ဘက်သို့ ဆက်သွားလိုက်ကြသည်။

သို့သော် သူတို့အတူလျှောက်နေသည့် လေထုမှာ အနည်းငယ် ကို့ယို့ကားယားနိုင်လှသည်။

အချိန်အတော်ကြာပြီးမှသာ ချင်းဟောင်သည် ခေါင်းမော့ကာ “အစ်ကိုကြီး သက်ရှိတွေအများကြီးရောက်လာပြီ .. ကျွန်တော်တို့ နည်းနည်းလေး မြန်မြန်သွားရမယ် .. ပျက်စီးနေတဲ့ထာဝရတောင်ကြောနားတစ်ဝိုက်ကို ကြည့်ပြီးရင် ကျွန်တော်တို့ သားရဲအသိုက်ဆီကို သွားကြရအောင်”

“ကောင်းပြီလေ” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

ချင်းဟောင်၏ခြေထောက် တောက်ပလာကာ သူခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် သူသည် တောင်ကြောတစ်ခုလုံးကို ဖြတ်သွားလေသည်။

လော့သွမ်လည်း လှုပ်ရှားလိုက်သည်။

လုယီ ခါးသီးစွာပင် ရယ်မောလိုက်သည်။ ဤသည်မှာ ခြေလှမ်းတစ်လှမ်းတည်းဖြင့် လုပ်သွားခြင်းပင်။ သူအမြန်သွားလျှင်ပင် ဘယ်လိုလုပ် သူ့အား မှီနိုင်မည်နည်း..

ရှီဟောင်၏ခန္ဓာကိုယ်တောက်ပလာကာ သင်္ကေတများ ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် သူသည် ဤလူအုပ်ကြီးကို ခေါ်သွားကာ ချင်းဟောင်နောက် လိုက်သွားလိုက်သည်။

ချင်းဟောင်သည် ထူးဆန်းသည့်အကြည့်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ တစ်ဖက်လူသည် အခြားသူများကိုပါခေါ်လာသော်လည်း သူ၏ဘေးနားမှ လိုက်လာနိုင်သေးသည်။

“ခွန်ပန်ပညာက တကယ်ကို ထူးခြားတာပဲ .. အစ်ကိုကြီးရဲ့ အရှိန်က နတ်မီးတောက်နယ်ပယ်ထက်ကို ကျော်နေပြီ”

ချင်းဟောင်စကားပြောပြီးသည်နှင့် သူ၏ရင်ဘတ်တောက်ပလာသည်။ အရိုးစာသားများ ဝေ့ဝဲလာကာ ချပ်ဝတ်တန်ဆာတစ်ခုကဲ့သို့ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်သွားလေသည်။ ထို့နောက်တွင် သူ၏အရှိန်လည်း မြင့်တက်သွားသည်။

သူသည်ဘာမှမပြောပဲ အရှိန်တင်လိုက်ကာ ရှီဟောင်အား ခြေလှမ်းတစ်ဝက်ပင် နောက်မကျစေပဲ လိုက်သွားလိုက်သည်။

ချင်းဟောင် စိတ်ထဲတွင် တုန်လှုပ်နေမိသည်။ ဘေးနားတွင်ရှိနေသည့် သူ့အစ်ကိုကို ကြည့်လိုက်ကာ ခွန်ပန်ပညာကို ဖိနှိပ်နိုင်ရန်မှာ အလွန်ပင် ခက်ခဲကြောင်း ခံစားမိလိုက်သည်။ ဤသည်မှာ ကမ္ဘာ့အမြန်ဆုံး ပညာတစ်ခုဖြစ်ဖို့ ထိုက်တန်လှသည်။

သူသည် ဆက်တိုက်ပင် အရှိန်တင်လာသော်လည်း တစ်ဖက်လူကို မကျော်နိုင်ဖြစ်နေသည်။

“အစ်ကိုကြီး .. ကျွန်တော်တို့ ပညာဖလှယ်ကြရင်ကော” ချင်းဟောင်သည် ရုတ်တရက်ပင် ရှီဟောင်အားမေးလိုက်သည်။ သူသည် ဖော်ပြနိုင်ရန် ခက်ခဲသည့် ရှုပ်ထွေးသည့်ခံစားချက်များကို ခံစားနေရသည်။

သို့သော် တစ်ခု သေချာသည်မှာ သူ၏အစ်ကိုကို သူအနိုင်ရချင်သည်။

ရှီဟောင်ထိတ်လန့်သွားကာ သူ့အားတစ်ချက်ကြည့်လိုက်ပြီးနောက် “ငါတို့ သားရဲအသိုက်နား နီးလာနေပြီ .. အဲဒီမှာ တိုက်ပွဲကြီးဖြစ်လိမ့်မယ် .. ငါတို့စွမ်းအင်တွေကို ဖြုန်းတီးနေစရာအကြောင်းကို မရှိတာ”

“ဒါက ကျွန်တော်တို့ ဘာတွေကို သင်ယူခဲ့ရသလဲဆိုတာကို အတည်ပြုရုံသက်သက်ပါ .. ကျွန်တော်တို့ရဲ့ခွန်အားတွေ တိုးတက်ဖို့အတွက် ထာဝရရှေးဟောင်းမြေကို လာခဲ့တာပဲ မဟုတ်ဘူးလား” ချင်းဟောင် ဆက်ပြောလိုက်သည်။

“ကောင်းပြီလေ” ရှီဟောင်သည် ဘာမှမပြောတော့ပဲ ရပ်တန့်လိုက်သည်။

ချင်းဟောင်၏မျက်လုံးများ တောက်ပလာကာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင်လည်း သင်္ကေတများ ထွက်ပေါ်လာသည်။ ထိုသင်္ကေတများသည် အလင်းတန်းဖြစ်လာကာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွေ့လျားနေသည်။ အံ့အားသင့်စရာကောင်းလောက်သည့် စစ်အငွေ့အသက်များလည်း ထွက်ပေါ်လာလေ၏။

“အမ်..” ရုတ်တရက်ပင် ရှီဟောင်သည် တစ်ခုခုကို အာရုံခံမိသွားကာ နေရာတစ်နေရာသို့ စိုက်ကြည့်လိုက်သည်။

ခပ်ဝေးဝေးတွင် လူငယ်တစ်ယောက်သည် လေဟာနယ်ထဲမှ ထွက်လာကာ ပျက်စီးနေသောထာဝရတောင်ကြောကို လျင်မြန်လှသည့်အရှိန်ဖြင့် ဖြတ်သန်းလာကာ ယုံကြည်ချက်ရှိစွာဖြင့်ပင် ရောက်လာလေ၏။

ဤအော်ရာမှာ ရှီဟောင်မေ့နိုင်ရန် ခက်ခဲသည့် အော်ရာတစ်ခုပင်။ ယခင်က သူ၏ဝိဉာဉ်ပင်ပန်းကာ ခွန်အားများ ကုန်ခမ်းသွားသည်အထိ ဤလူနှင့် တိုက်ခိုက်ခဲ့ရသည်။ ဤသည်မှာ ဤလောကထဲသို့ ဝင်ပြီးသည့်နောက်တွင် သူကြုံခဲ့ရသည့် အခက်ခဲဆုံး အသက်လုပွဲကြီးပင်။

ရှီဟောင်၏မျက်လုံးများမှာ မီးတုတ်တစ်ခုကဲ့သို့ လောင်ကျွမ်းနေလေ၏။

ဤလူ၏ပုံရိပ်မှ သူရဲကောင်းအငွေ့အသက်များ ရနေသည်။ သူ၏မျက်လုံးထဲတွင် နေမင်းကြီး ပျက်စီးနေပြီး လမင်းကြီးလည်း နှစ်မြှုပ်နေကာ ကြယ်စမ်းချောင်းများလည်း ပျောက်ကွယ်နေသည်။

ရှီယိ … သူပင်။

ယခင်တုန်းက ဤလူမှာရှီဟောင်၏ အကြီးမားဆုံးရန်သူဖြစ်သကဲ့သို့ သူ အပြင်းအထန်ကျင့်ကြံရခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။ လေဟာနယ်နတ်ဘုရားနယ်ပယ်တွင် အသက်လုပွဲဖြစ်ပွားခဲ့ကာ သူထက်ဝက်ပိုင်းခံရသည့်အချိန်မှ သူ့အား အနိုင်ယူနိုင်ခဲ့ခြင်းပင်။ သူနှစ်ဝက်ခန့် အချိန်ယူကုသပြီးမှသာ ပြန်ကောင်းလာခဲ့ခြင်းပင်။

ယခုအချိန်တွင် နှစ်ထပ်မျက်လုံးရှီယိမှ သူ့အား ရှာတွေ့သွားလေပြီ။

အပိုင်း ၁၀၄၀ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၁ – ကျောက်တုံးလေး သုံးတုံး

“ကောင်းကင်ပျက်စီးခြင်းစီရင်စုက တစ်ယောက်က မင်းပေါ့ .. မင်းအသက်ရှင်ပြီးတော့ အဆင့်မြင့်နယ်မြေကို ရောက်လာခဲ့တာပဲ” ရှီဟောင်သည် ရှေးဟောင်းသစ်ပင်များအောက်တွင် မတ်တပ်ရပ်ကာ တောင်ထိပ်ပေါ်တွင် ရပ်နေသည့် ထိုသူအား ကြည့်လိုက်သည်။

နှစ်ထပ်မျက်လုံးမှ ထူးခြားပါရမီရှိသူ လီယွမ်ချုန်းကို အနိုင်ယူသွားကြောင်း ဖိန်းကျွန်းပေါ်တွင် သူကြားခဲ့ရသည်။ ထိုအချိန်ကတည်းက ဤလူဖြစ်လိမ့်မည်ဟု သူသံသယဝင်နေခဲ့ခြင်းပင်။ ယနေ့တွင်တော့ သူအတည်ပြုလိုက်နိုင်လေပြီ။

“မင်းက အဆင့်နိမ့်နယ်မြေမှာ လွယ်လွယ်နဲ့သေမယ့်သူမဟုတ်ဘူးဆိုတာကို ငါသိတယ် .. မင်းက အခုတော့ အဆင့်မြင့်နယ်မြေကို ရောက်လာနိုင်ခဲ့ပြီပဲ” ရှီယိမှ သက်ပြင်းချကာ ပြောလိုက်သည်။

သူတို့နှစ်ဦး တစ်ချိန်တည်းပြောလိုက်ခြင်းဖြစ်ပြီး သူတို့ပြောလိုက်သည့်စကားများလည်း တူနေသည်။ ဤသည်မှာ အချင်းချင်းနားလည်မှုတစ်မျိုးလား..

သူတို့နှစ်ဦးသည် အတော်ဝေးဝေးတွင်ရှိနေကြခြင်းဖြစ်ပြီး သူတို့နှစ်ဦးကြားတွင် သစ်ပင်ကြီးများ၊ ကြီးမားလှသည့် ကျောက်တုံးကြီးများ မညီမညာရှိနေလေသည်။ သို့သော် နောက်ဆုံးတွင် ထိုအရာများအားလုံးသည် တိတ်တဆိတ်ပင် အမှုန့်ဖြစ်သွားလေ၏။

တောင်တစ်ခုလုံးမှာ တစ်လက်မစီပင် ပြိုကွဲသွားကာ အားလုံး၏မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားလေ၏။

ဤသည်မှာ သူတို့မျက်နှာချင်းဆိုင် တွေ့လိုက်ရသည့်အချိန်တွင် ထုတ်လွှတ်လိုက်သည့် အော်ရာများကြောင့်ပင်။ ဤကဲ့သို့သော ရလဒ်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ရှီဟောင်၏အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏စိတ်မှာ အတော်လေး တုန်လှုပ်နေသည်။ သူ၏ရန်သူဟောင်း၊ ကလန်တစ်ခုတည်းမှ သူ၏ဝမ်းကွဲ .. သူတို့အားလုံးမှာ ပို၍ပင် ကြောက်စရာကောင်းလာကြလေပြီ။

သူ ရှီယိကို ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများမှာ အလွန်လေးနက်နေပြီး နှစ်ထပ်မျက်လုံးကို မတွေ့ရတော့ပေ။

အဆင့်နိမ့်နယ်မြေတွင် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် နှစ်ထပ်မျက်လုံးနှင့်အမျိုးသမီးကို ရှီဟောင်တွေ့ဖူးသည်။ သူမ၏မျက်လုံးများမှာ အလွန်ပင် ကြည်လင်နေပြီး မျက်ဆံများလည်း တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းသွားသည်ကို သူမြင်ဖူးသည်။ သူမသည် သာမန်လူများနှင့်မတူသည်ကို သူပြောနိုင်သည်။

ထိုအမျိုးသမီး၏ပုံရိပ်မှာ ပြိုင်ဘက်ကင်းပြီး မိုးကောင်းကင်အောက်ရှိ အရာအားလုံးကို ဖိနှိပ်နိုင်လေသည်။ နှစ်ထပ်မျက်လုံးများသည် အမြင့်ဆုံးအဆင့်သို့ ရောက်လာသည့်အချိန်တွင် တစ်ခုတည်းအဖြစ်သို့ ပြန်ဖြစ်သွားနိုင်ပြီး ထိုနှစ်ထပ်မျက်လုံးများကို အချိန်မရွေး ပြန်ထုတ်၍ရကြောင်း သူမ ပြောခဲ့သည်။ ဤသည်မှာ အဆုံးစွန်အဆင့်သို့ ရောက်နေမှသာ။

ယခုအချိန်တွင် ရှီယိမှာ ထိုအဆင့်သို့ ရောက်နေပြီဆိုသည်မှာ သိသာလှသည်။

ဤနေရာတွင် သက်ရှိများစွာ ရောက်နေပြီး အားလုံးမှာ သားရဲအသိုက်ထံသို့ ဦးတည်သွားနေကြသည်။ သို့သော် တစ်ခုခုထူးဆန်းနေသည်ကို တွေ့သွားသည်နှင့် သူတို့သည် ချက်ချင်းပင် ဤအနားသို့ ရောက်လာကြလေ၏။

လော့သွမ်နှင့် လန်ယိချန်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့ဘာမှမဖြစ်သေးသော်လည်း ရှီယိကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့တုန်လှုပ်သွားရသည်။

ရှီယိ၏ မျက်လုံးထဲတွင်ရှိနေသည့် မြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။ ကြယ်များ ဝေ့ဝိုက်နေကာ မြူများလည်း ထွက်ပေါ်နေသည်။ ကောင်းကင်နှင့်မြေကြီးကို တစ်ဖန်ပြန်လည်ဖန်တီးနေသကဲ့သို့ပင်။

သူတို့သည် ဤလူကိုကြည့်လေ သူတို့ဝိဉာဉ်များမှာ နှစ်မြှုပ်သွားပြီး သူ့ကို ဦးတိုက်ကန်တော့ချင်စိတ်များ ဖြစ်ပေါ်လာလေသည်။

ဖူး..

စွမ်းအားကြီးသည့် အချို့ကျွမ်းကျင်သူများသည် သွေးအန်သွားကာ ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကြသည်။ ဤလူမှာ သူတို့ကြည့်သင့်သည့်သူ မဟုတ်ပေ။

တစ်ချို့ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်သည့်သူများသည် ဤနေရာတွင်သာ ဆွံ့အစွာ ရပ်နေကြလေ၏။ အချို့သူများမှာ တောအုပ်ထဲသို့ ပြုတ်ကျသွားကြလေသည်။

“ကြောက်စရာကောင်းလိုက်တဲ့လူ” အနီးအနားတွင်ရှိနေသည့် ကျွမ်းကျင်သူများမှာ သူတို့နတ်အာရုံများကို မဖြန့်ကျက်ရဲတော့သကဲ့သို့ သူ၏မျက်လုံးများကိုလည်း မကြည့်ရဲကြတော့ပေ။

လေတစ်ချက်တိုက်ပြီးသည့်နောက်တွင် အားလုံး အသက်ရှူကြပ်သွားရသည်။ တောင်နေရာများမှာ လုံးဝပြောင်းလဲသွားပြီး အလွန်ကြီးမားလှသည့် ဖိအားကြီးတစ်ခုသာ ဤနေရာကို ဖုံးလွှမ်းသွားလေသည်။ ဤသည်မှာ နဂါးအစစ်တစ်ကောင်နှင့် ရှေးဟောင်းဖီးနှစ်ငှက်သို့ ထိပ်တိုက် တိုက်ခိုက်ကြမည့်စစ်ပွဲကဲ့သို့ပင်။

“မင်းတို့အားလုံး နောက်ဆုတ်နေ” ရှီဟောင်သည် လုယီနှင့်အခြားသူများကို သတိပေးလိုက်သည်။

“ညီလေး မင်းက တော်တော်သန်မာလာတာပဲ .. ငါထင်ထားတာထက်ကို ပိုနေတယ် .. မင်းက ထူးချွန်နေတုန်းပဲ” တောင်ထိပ်မှာ ရှီယိပြောလိုက်သည်။ သူ၏စစ်ဝတ်စုံများ တောက်ပနေကာ သူ၏အသံမှာလည်း တည်ငြိမ်နေပြီး မည်သည့်ဒေါသသံမှ မပါပေ။

“ခင်ဗျားလည်း ကျွန်တော်ထင်ထားတာထက်ကို ပိုပြီးတော့ စွမ်းအားကြီးလာပါတယ်” ရှီဟောင်ပြောလိုက်၏။ သူသည် နှစ်ထပ်မျက်လုံးကို ဘယ်တော့မှ အထင်မသေးခဲ့ရုံသာမက သူ့ကို အကြီးမားဆုံးရန်သူအဖြစ် သတ်မှတ်ခဲ့ခြင်းပင်။

ယခုအချိန်တွင် ရှီယိမှာ အမှန်တကယ်ပင် သန်မာလှသည်။ အဆင့်လွန်အရိုးကို ဆုံးရှုံးသွားကာ ဘာမှမရှိတော့သည့်သူနှင့်ယှဉ်လျှင် နှစ်ထပ်မျက်လုံးသည် သူကျော်လွှား၍မရနိုင်သည့်သူပင်။

ရှီယိထံတွင် အဆင့်လွန်အရိုးတစ်ခုရှိသည့်အပြင် နှစ်ထပ်မျက်လုံးလည်း ရှိနေသည်။ သူသည် နယ်မြေ ၈ ခုရှိ သူရဲကောင်းအားလုံးကို ဖိနှိပ်နိုင်သည့် ပြိုင်ဘက်ကင်းသည့်သူပင်။

ရှီဟောင်သည် သူ့ထက်သာလွန်နိုင်ရန်အတွက် ခါးသီးစွာပင် ကျင့်ကြံခဲ့ကာ ပျက်စီးခြင်းတောင်တန်းတစ်ရာတွင် သောက်၍မရသည့် အဆင့်လွန်ရေအစစ်အမှန်ကိုပင် သောက်ခဲ့ကာ ထာဝရရေကန်မှ သဲများကိုပင် စားခဲ့သည်။

ရှီယိကို ဖိနှိပ်နိုင်ရန်အတွက် သူသည် အရူးတစ်ယောက်ကဲ့သို့ပင် လုပ်နိုင်သမျှအရာအားလုံးကို လုပ်ခဲ့သည်။

ရှီယိသည် ခွန်အားကြီးသော်လည်း နောက်ဆုံးတွင် လေဟာနယ်နတ်ဘုရားနယ်မြေထဲ၌ ကျောက်တုံးလေးသတ်ခြင်းကို ခံခဲ့ရသည်။ သူသည် ရှီဟောင်ကို အထင်သေးမိသွားပြီး သူ၏ကိုယ်ပိုင်အဆင့်လွန်မျက်လုံးပညာကို အသုံးမပြုလိုက်နိုင်ခင်မှာပင် ရှုံးနိမ့်သွားခဲ့ရသည်။

ထိုတိုက်ပွဲကြောင့်ပင် ကျောက်တုံးလေး နာမည်ကြီးလာကာ သူ၏ကြီးကျယ်ခမ်းနားခြင်းအတွက် ပထမဆုံးခြေလှမ်းဖြစ်ခဲ့သည်။

ကျောက်တုံးနှစ်တုံး နောက်တစ်ကြိမ် တွေ့ကြပြန်လေပြီ။ သူတို့နှစ်ဦးလုံးတွင် အရိုးစာသားများ ထွက်ပေါ်လာပြီး လေဟာနယ်ထဲတွင် နတ်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ လေဟာနယ်ကြီး ပြိုလဲသွားတော့မတတ်ပင်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင်လည်း လှိုင်းများ ထွက်ပေါ်လာပြီး ပျက်စီးနေသောထာဝရတောင်ကြားတွင်ရှိနေသည့်သူအားလုံးကို ထိတ်လန့်သွားစေလေ၏။ သူတို့အားလုံးသည် မယုံကြည်နိုင်သည့်အမူအရာများဖြင့် ဤဘက်သို့ ကြည့်လိုက်ကြသည်။

“မင်းက နှစ်ထပ်မျက်လုံး ရှီယိလား”

ချင်းဟောင်ပြောလိုက်၏။ သူသည် အရှေ့ဘက်သို့ ခြေတစ်လှမ်းတိုးလိုက်ကာ လေဟာနယ်ထဲတွင် ရပ်လိုက်သည်။

“မင်းငါ့ကို တစ်ဝမ်းကွဲအစ်ကိုကြီးလို့ခေါ်သင့်တာ” ရှီယိသည် နွေးထွေးစွာပြုံး၍ ပြောလိုက်သည်။

ချင်းဟောင်သည် မျက်ခုံးပင့်လိုက်ကာ “အရင်က ကျွန်တော့်အစ်ကိုကြီး အနိုင်ယူခဲ့တဲ့သူကို တစ်ဝမ်းကွဲအစ်ကိုလို့ခေါ်ဖို့က ထိုက်တန်လို့လား”

“အနိုင် အရှုံးပဲဖြစ်ဖြစ် .. ငါတို့ကြားမှာ ရန်လိုမှုတွေရှိနေတာပဲဖြစ်ဖြစ် .. ငါက မင်းရဲ့အစ်ကိုကြီးဖြစ်နေတုန်းပဲ .. ဘာခံစားချက်ပဲရှိနေနေ ဘာအကြောင်းပြချက်ပဲရှိနေနေ မင်းငါ့ကို အစ်ကိုကြီးလို့ ခေါ်သင့်တယ်” ရှီယိ၏မျက်နှာမှာ တည်ငြိမ်နေပြီး သူ၏မျက်လုံးများမှာ ပင်လယ်ကဲ့သို့ပင် လေးနက်နေသည်။

“နှစ်ထပ်မျက်လုံး .. ငါမင်းအကြောင်း ကြားဖူးတယ် .. မင်းလိုလူမျိုးနဲ့ တိုက်ခိုက်ချင်နေတာ .. မင်းငါနဲ့ တိုက်ရဲလား” ချင်းဟောင်ပြောလိုက်သည်။

လေထုမှာ ချက်ချင်းပင် ပြောင်းလဲသွားလေ၏။ မူလက သူသည် ရှီဟောင်နှင့်ပညာဖလှယ်ချင်နေခြင်းဖြစ်သော်လည်း ယခုအချိန်တွင်တော့ အဆင့်လွန်တို့၏ ဘုရင်ဖြစ်ရန်အတွက် သူနှင့်ကလန်တူသည့် ရှီယိနှင့် တိုက်ခိုက်ချင်သည်။

“မင်းငယ်ပါသေးတယ် .. နောက်ထပ်သုံးနှစ်စောင့်လိုက်ဦး ..အခုတော့ ငါနဲ့မင်းအစ်ကိုကြီးတိုက်တာကို ဘေးကနေ ကြည့်နေ” ရှီယိပြောလိုက်၏။

ချင်းဟောင်၏မျက်လုံးမှ အလင်းတန်းများတောက်ပလာကာ သူ၏ခန္ဓာကိုယ်မှ သင်္ကေတများ ထွက်ပေါ်လာလေသည်။ ကြောက်စရာကောင်းသည့် စွမ်းအင်များ စီးဆင်းလာကာ ဤရှေးဟောင်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။

ထိုအချိန်တွင် သူတို့စကားပြောနေသည်ကို ကြားလိုက်ရသည့်သူအားလုံးမှာ ထိတ်လန့်သွားကြရသည်။ သူတို့တွေအားလုံးက ကလန်တစ်ခုတည်းကလား..

“သူတို့အားလုံးက အဆင့်နိမ့်နယ်မြေက ကျောက်တုံးကလန်က လာကြတာ .. သူတို့ဘယ်သူလဲဆိုတာ ငါသိတယ်”

“ဘုရားရေ .. ကလန်တစ်ခုတည်းက အဆင့်လွန်လူသားသုံးယောက်တောင် မွေးထုတ်ပေးလိုက်တာလား .. တစ်ခြားသူတွေက ဘယ်လိုလုပ် အသက်ရှင်နေနိုင်တော့မှာလဲ”

ယခုအချိန်တွင် ဤနေရာမပြောနှင့် အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းများပင်လျှင် တုန်လှုပ်နေကြပြီး ဤမြင်ကွင်းကို ဆွံ့အစွာ ကြည့်နေကြလေ၏။

ဒီလောကကြီးမှာ ကျိုးကြောင်းဆီလျော်တာတွေ ရှိသေးရဲ့လား…

ကလန်တစ်ခုတည်းက အဆင့်လွန်လူသားသုံးယောက်ကို မွေးထုတ်ပေးလိုက်တာ .. ဒါက ဘယ်လို ကြီးကျယ်ခမ်းနားမှုမျိုးလဲ .. ဒီအဖြစ်အပျက်ကို ဘယ်လိုစာလုံးတွေနဲ့ ဖော်ပြရမလဲ… ဤသည်မှာ အလွန်ပင် ထိတ်လန့်စရာကောင်းသည့် အဖြစ်အပျက်ပင်။

ဤစွမ်းအားကြီးသည့်လူငယ်များမှာ သွေးချင်းဆက်စပ်နေသည်။ သူတို့သာ လက်တွဲလိုက်လျှင် မည်သူက သူတို့စွမ်းအားကို ယှဉ်နိုင်တော့မည်နည်း… ထာဝရရှေးဟောင်းမြေတစ်ခုလုံးပင်လျှင် အပေါ်အောက် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။

ဤသည်မှာ ဂိုဏ်းအားလုံးကို မနာလိုဖြစ်သွားစေသည်။ ဤကဲ့သို့သောအရာများသာ သူတို့ဂိုဏ်းထဲတွင် ဖြစ်လာလျှင် သူတို့ကလန်မှာ သေချာပေါက်ပင် အလွန်ခမ်းနားတောက်ပသွားမည်သာ။

ကံကောင်းသွားသည်မှာ ဤသုံးယောက်သည် တစ်ဦးနှင့်တစ်ဦး မတည့်ပဲ အမြဲဆန့်ကျင်နေကြခြင်းပင်။ သူတို့သုံးဦးအကြားတွင် အသက်လုပွဲများပင် ဖြစ်လာနိုင်သည်။

“သူတို့အခု စတိုက်ကြရင်ကောင်းမယ် .. သရဖူခြောက်ခုဘုရင်က အဲဒီဘက်ကို ဦးတည်သွားနေတာ .. သူသာရောက်သွားရင် အခြေအနေကောင်းမှာမဟုတ်ဘူး” လူများစွာမှာ စိတ်ပူနေကြလေ၏။

ထာဝရရှေးဟောင်းမြေအတွင်းတွင်

နျင်ချွမ်း၏ခြေထောက်များသည် မြေကြီးနှင့်မထိချေ။ သူသည် ပန်းပွင့်များနှင့် ပွင့်ဖတ်များပေါ်တွင် ရွေ့လျားသွားနေခြင်းပင်။ သူသည် ယခုအချိန်တွင် ရှေးဟောင်းမြေ၏အတွင်းပိုင်းနားသို့ ရောက်ခါနီးနေပြီ။

“ကျွန်တော်တို့ သရဖူခြောက်ခုဘုရင်ကို အရိုအသေပေးပါတယ်”

လမ်းတစ်လျှောက်တွင်ရှိနေသည့်သူများသည် နျင်ချွမ်းအား နှုတ်ဆက်လိုက်ကြသည်။ ထိုသူများမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြလေ၏။

ဤသည်မှာ ၁၀ ယောက်ကျော်ပါရှိသည့် လူအုပ်ကြီးပင်။ ထိုလူများထဲတွင် မီးတိမ်လှိုဏ်ဂူ၊ တစ္ဆေတာအိုဂိတ်နှင့် အခြားဂိုဏ်းမှလူများပါဝင်သည်။ သူတို့အားလုံးသည် ဒုစရိုက်စီရင်စုကို ဖိနှိပ်ရန်အတွက် စုပေါင်းသွားနေကြခြင်းပင်။

သရဖူခြောက်ခုဘုရင်သည် သူ၏မိခင်ဝမ်းထဲမှ ထွက်လာသည်နှင့် သူ၏ကျောထက်တွင် ကောင်းကင်သင်္ကေတပါလာပြီး သူ၏နဖူးထက်တွင် နဂါးပုံ ပေါ်လာလေသည်။ ထိုညတွင် ကောင်းကင်ထက်၌ နတ်အလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။

သရဖူခြောက်ခုဘုရင်သည် ပညာရပ်များစွာကို လေ့လာခဲ့ကာ မီးတိမ်လှိုဏ်ဂူ၊ လော့ဖူတောင်ကြားအပြင် အခြားဂိုဏ်းများနှင့်လည်း ဆက်ဆံရေးရှိခဲ့သည်။ ထို့ကြောင့်ပင် သူ့ကို ကြီးမြတ်သည့်တာအိုကို ပိုင်ဆိုင်ထားသည့် ပြိုင်ဘက်ကင်းသူရဲကောင်းအဖြစ် မြင်နေကြခြင်းပင်။

နျင်ချွမ်း သူတို့ကို ပြန်ထစေလိုက်၏။ ထို့နောက်တွင်သူသည် နူးညံ့စွာဖြင့်ပင် “အပြစ်သားသွေးမျိုးဆက်နဲ့ သိပ်မဝေးတော့ဘူး”

“ကျွန်တော် သရဖူခြောက်ခုဘုရင်ရဲ့ နောက်လိုက်လုပ်ပြီး အပြစ်သားသွေးမျိုးဆက်ကို ရှင်းလင်းတဲ့နေရာမှာ ကူညီပေးချင်ပါတယ်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ဤအုပ်စုထဲတွင် ထူးခြားပါရမီရှိသူတစ်ယောက် ပါဝင်လေသည်။

သရဖူခြောက်ခုဘုရင် ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။

ပျက်စီးနေသောထာဝရတောင်ကြောမှာ သိပ်မဝေးတော့ပေ။ ထိုနေရာမှ လာသည့် စွမ်းအင်လှိုင်းတစ်ခုကို သူတို့ခံစား၍ရသည်။

တောင်ကြောကြီးမှာ မတည်ငြိမ်နိုင်တော့ပေ။ သက်ရှိများစွာမှာ ထိတ်လန့်နေကြကာ သူတို့သည် ဤအရပ်ဘက်သို့ ကြည့်လိုက်ကြသည်။

“ဘုရားရေ .. နောက်ထပ်တစ်ယောက် ရောက်လာပြန်ပြီ .. သရဖူခြောက်ခုဘုရင်ပဲ”

ဤနယ်မြေမှာ မတည်ငြိမ်နိုင်တော့ပေ။

နျင်ချွမ်း ခြေလှမ်းလှမ်းလိုက်တိုင်းတွင် အလင်းမိုးရွာသွန်းလာလေသည်။

“ငါ အပြစ်သားသွေးမျိုးဆက်အတွက်လာကာ .. ကျန်တဲ့သူတွေအားလုံး နောက်ဆုတ်” နျင်ချွမ်း၏အသံမှာ တည်ငြိမ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ်အလင်းများ တောက်ပနေလေသည်။

နျင်ချွမ်းအရှေ့ဘက်ရှိ တောင်ကုန်းကို ကြည့်လိုက်သည်။ ထိုနေရာတွင် လူသုံးယောက် တစ်ယောက် တစ်နေရာစီတွင် ရပ်နေကာ သူ့ကို ထူးဆန်းသည့်ခံစားချက်တစ်မျိုး ပေးနေသည်။

သူ၏လက်ထဲတွင် တောက်ပနေသည့် လက်ကောက်ရှိနေပြီး ထိုလက်ကောက်ကို အရှေ့ဘက်သို့ ညွှန်ထားလိုက်သည်။

“မင်းတို့အားလုံး နောက်မဆုတ်သေးဘူးလား” နျင်ချွမ်းဘေးမှ လိုက်ပါလာသည့်လူများမှ ဆူပူလိုက်လေသည်။

ထို့အပြင် ထိုလူများထဲမှ တစ်ယောက်သည် အရိုးကြေးမုံကို ကိုင်ထားကာ “အပြစ်သားသွေးမျိုးဆက် မင်းပေါ်မလာသေးဘူးလား .. သရဖူခြောက်ခုဘုရင်ကိုယ်တိုင် မင်းကို လာသတ်ပြီးတော့ ကြီးမြတ်တဲ့တာအိုကို ကာကွယ်မှာ”

“ကြီးမြတ်တဲ့တာအိုကို ကာကွယ်ရမယ် .. ပုတ်ခတ်စော်ကားတာတွေကို သည်းခံမှာ မဟုတ်ဘူး” အခြားသူများလည်း အော်ဟစ်လိုက်ကြသည်။ သူတို့ထုတ်လွှတ်လိုက်သည့် စွမ်းအားများမှာ မိုးခြိမ်းသံကဲ့သို့ပင် ဤနယ်မြေ၌ ပဲ့တင်သွားလေ၏။

ထိုအချိန်တွင် တောင်ထိပ်တွင်ရှိနေသည့်သူသုံးဦးထံမှ ပုံမှန်မဟုတ်သည့် တုံ့ပြန်မှုများ ဖြစ်ပေါ်လာသည်။ သူတို့၏နဖူးများသည် အလွန်ပင် တောက်ပလာကာ တိမ်များကိုပင် ပျံ့ကြဲသွားအောင် လုပ်ပေးသည့် မြင့်မြတ်အလင်းတန်းများကို ထုတ်လွှတ်လိုက်လေသည်။ သူတို့တစ်ယောက်စီမှာ ‘အပြစ်သား’ ဟူသည့်စာလုံးကို ကောင်းကင်ထက်၌ ရေးထိုးလိုက်ကြသည်။

“ဒါက .. ဘာဖြစ်နေတာလဲ” အရိုးကြေးမုံကိုင်ထားသည့်သူမှာ ဆွံ့အသွားလေသည်။

အနောက်ဘက်တွင်ရှိနေသည့် လူတစ်ဒါဇင်ကျော်လည်း ဆွံ့အသွားကြသည်သာ။ သူတို့တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။

လူတစ်ယောက်တည်းပင်လျှင် လောကကြီးကို တုန်လှုပ်စေနိုင်ရန် လုံလောက်လေပြီ။ ယခုအချိန်တွင် အဘယ်ကြောင့် သုံးယောက်တောင် တစ်ပြိုင်တည်း ပေါ်လာသနည်း..

“ငါ နည်းနည်းမူးလာသလိုပဲ .. ငါမြင်လိုက်ရတာ ဟုတ်ရဲ့လား” အရိုးကြေးမုံကိုင်ထားသည့်သူ၏အသံမှာ တုန်ယင်နေကာ သူသည် ဆက်တိုက်ပင် အနောက်ဆုတ်နေလေ၏။ သူအမှန်တကယ်ပင် ကြောက်နေလေပြီ။

နဖူးကနေ မြင့်မြတ်အလင်းတန်းတွေ ထုတ်နေတဲ့ အပြစ်သားသွေးမျိုးဆက်သုံးယောက် ..
ဤသည်မှာ သရဖူခြောက်ခုဘုရင်ကိုပင် အသက်ရှူရပ်တန့်သွားစေနိုင်သည်မလား..

ပို၍ကြောက်စရာကောင်းသည့်အချက်မှာ ဤသုံးယောက်သည် အစက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ရပ်ကာ တစ်ယောက်နှင့်တစ်ယောက် ရန်လိုနေကြသော်လည်း ယခုအချိန်တွင် သူတို့သည် ဤဘက်သို့လှည့်လိုက်ကြသည်။ သူတို့၏ ဘုံရန်သူကို တွေ့သွားသည့်ပုံပင်။

အပိုင်း ၁၀၄၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၂ – သရဖူခြောက်ခုဘုရင်

ပျက်စီးနေသည့်ထာဝရတောင်ကြောတွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြနေလေပြီ။

“ငါနည်းနည်းမူးနေပြီ .. ငါ့ကို ထိန်းထားပေးပါဦး”

“ငါက အခုတလောလေးတင်ကမှ ဒဏ်ရာရထားတာ … အဲဒီဒဏ်ရာတောင် မပျောက်သေးဘူး .. ငါ့မျက်လုံးတွေလည်း နည်းနည်းလေး မူးနောက်နေပြီ .. ”

အရိုးကြေးမုံကိုင်ထားသည့်သူ အနောက်ဆုတ်သွားသည့်အချိန်တွင် တစ်ဒါဇင်ကျော်သည့်နောက်လိုက်များ ရောက်လာကြလေ၏။ သူတို့အားလုံးသည်လည်း အနည်းငယ်မူးဝေလာကာ နောက်ပြန်ဆုတ်သွားကြလေ၏။

အဘယ်ကြောင့်ဆိုသော သူတို့မြင်နေရသည့်မြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ အပြစ်သားသွေးမျိုးဆက်သုံးယောက် တစ်ပြိုင်တည်းပေါ်လာပြီး သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ဤလူများသည် စွမ်းအားကြီးကာ သရဖူခြောက်ခုဘုရင်၏ နောက်လိုက်များဖြစ်သော်လည်း သူတို့ မေ့လဲချင်နေပြီ။ သူတို့က ဘာကြောင့် ဒီလိုသတ္တုပြားကြီးကို လာကန်မိသွားတာလဲ…

သရဖူခြောက်ခုဘုရင် စွမ်းအားကြီးသည်မှာ မှန်သည်။ အခြေအနေမကောင်းလျှင် သူထွက်ပြေးလွတ်မြောက်နိုင်သည်။ သို့သော် အပြစ်သားသွေးမျိုးဆက်သုံးယောက်အောက်တွင် သူတို့ကို လိုက်သတ်ခြင်းမှာ ဟင်းရွက်ခူးသည်ထက်ပင် ပိုလွယ်နေဦးမည်။

ဤလူများသည်စိတ်ထဲမှ ကျိန်ဆဲနေကြလေ၏။ ဤသည်မှာ သူတို့အတွက် ကံဆိုးသည့်နှစ်ပင်။ သူတို့၏ သူရဲကောင်းဆန်မှုများကို ထုတ်ပြရန် ရောက်လာခြင်းဖြစ်သော်လည်း သူတို့သည် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် အဖြစ်အပျက်မျိုးနှင့် တွေ့နေရလေပြီ။

တောင်တန်းများတွင်ရှိနေသည့် သက်ရှိများသည် ယခုမှ အသိပြန်ဝင်လာကြသည်။ တိတ်ဆိတ်နေသည့်နေရာမှာလည်း ဆူညံသံများ ပေါက်ကွဲထွက်လာသည်။

“ဘာဖြစ်နေတာလဲ … ဘုရားရေ … ငါအမြင်မှားတာတော့ မဟုတ်ဘူးမလား .. အပြစ်သားသွေးမျိုးဆက်သုံးယောက်က ကောင်းကင်ပေါ်ကို တက်သွားတာ .. ဒါက အရမ်းကို လန့်စရာကောင်းတာပဲ”

ဤသည်မှာ ဒဏ္ဍာရီထဲတွင်ပင် မရှိသည့် အဖြစ်အပျက်ပင်။

အပြစ်သားသုံးယောက် တစ်ပြိုင်တည်း ပေါ်လာရုံသာမက သူတို့သည် ညီအစ်ကိုများဖြစ်နေသည်။

လူအုပ်ကြီးမှာ ဆွံ့အနေပြီး နှလုံးခုန်နှုန်းများလည်း မြန်ဆန်နေလေသည်။

ယခုအချိန်တွင် သရဖူခြောက်ခုဘုရင်ပင်လျှင် ဆွံ့အနေလေသည်။

သူသည် ထိုတောင်ထိပ်ကို ကြည့်လိုက်ပြီး အမှန်တကယ်ပင် ဘာပြောရမှန်း မသိတော့ပေ။ သူသည် အပြစ်သားသွေးမျိုးဆက်တစ်ယောက်အတွက်လာခဲ့သော်လည်း ယခုအချိန်တွင် သုံးယောက်တွေ့နေရသည်။ သူက ဘာပြောရဦးမည်နည်း..

သူသည် အတော်လေးကံဆိုးနေသည်ဟု ခံစားလိုက်ရသည်။

ယခုအချိန်တွင် အပြင်ဘက်တွင်ရှိနေသည့်သူများလည်း မတည်ငြိမ်နိုင်တော့ပေ။

ဂိုဏ်းခေါင်းဆောင်များပင်လျှင် သူတို့၏ မုတ်ဆိတ်မွေးများပင် တုန်ယင်နေသည်ဟု ခံစားလိုက်ရသည်။

“သရဖူခြောက်ခုဘုရင် နျင်ချွမ်းက တော်တော်လေးကို ကံဆိုးသွားတာ ဟုတ်တယ်မလား” ကောင်းကင်နတ်ဘုရားတစ်ပါးမှ တီးတိုးပြောလိုက်သည်။

ကျောက်တုံးကလန်မှ ညီအစ်ကို သုံးယောက် .. သူတို့သာ လက်တွဲလိုက်လျှင် နောင်အနာဂတ်၌ အဆင့်မြင့်နယ်မြေရှိ စီရင်စုသုံးထောင်တွင် မည်သူက သူတို့အား ဆန့်ကျင်နိုင်မည်နည်း..

တစ်ယောက်မှာ နှစ်ထပ်မျက်လုံးအသုံးပြုသူ၊ တစ်ယောက်မှာ ထာဝရအရိုးရှိသူဖြစ်ပြီး နောက်တစ်ယောက်မှာ အဆင့်လွန်လူသား ပြန်လည်မွေးဖွားခြင်းကို ပြုလုပ်ထားသည့်သူပင်။ သူတို့သုံးယောက်ပူးပေါင်းကာ မျိုးဆက်တစ်ခုတည်းဖြစ်သွားမည်ဟု တွေးလိုက်ရုံဖြင့်ပင် သူတို့အသက်ရှူကျပ်လာလေသည်။

“သူတို့သာ အသက်ရှင်လျက်ထွက်လာနိုင်ရင် .. သူတို့ကြီးလာတဲ့အချိန်ကျရင် အဆင့်မြင့်နယ်မြေမှာ ဧကရာဇ်ကလန်တစ်ခု ပေါ်လာနိုင်တယ်” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်မှသာ အားလုံး အသိဝင်သွားလေသည်။ ဤသည်မှာ သေချာပေါက် ဖြစ်နိုင်သည့်အရာတစ်ခုပင်။ သူတို့တစ်ယောက်နှင့်တစ်ယောက် မဆန့်ကျင် မတိုက်ခိုက်ကြသည်နှင့် ဤသည်မှာ ဖြစ်နိုင်သည်။

ယခုအချိန်တွင် လူများစွာသည် သူတို့ညီအစ်ကိုသုံးယောက်လုံး ထာဝရရှေးဟောင်းနယ်မြေထဲတွင် သေဆုံးသွားရန် ဆုတောင်းနေကြလေ၏။

ဤသည်မှာ မဖြစ်နိုင်လျှင်ပင် တစ်ယောက် သို့မဟုတ် နှစ်ယောက်သေသွားလည်း အဆင်ပြေသည်။ ဤသည်မှာ သူတို့ကလန်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သကဲ့သို့ အဆင့်မြင့်နယ်မြေရှိ စီရင်စုသုံးထောင်လုံး၏ ကံကြမ္မာကိုလည်း ပြောင်းလဲပေးလိမ့်မည်။

“ဘယ်သူ့မှာ အပြစ်သားသွေးမျိုးဆက်ရှိတယ်လို့ မင်းပြောလိုက်တာလဲ”

နှစ်ထပ်မျက်လုံး ရှီယိမှ ပြောလိုက်သည်။ သူ၏မျက်လုံးမှ အလင်းတန်းများ ထုတ်လွှတ်နေပြီး နျင်ချွမ်းနှင့် သူ၏နောက်လိုက်များကို ကြည့်လိုက်သည်။

လေဟာနယ်ထဲတွင် လျှပ်စီးကြောင်းတစ်ခု ဖြစ်ပေါ်လာလေ၏။ ဤသည်မှာ အဖိုးတန်ပညာတစ်ခုခုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ သူ့အတွက် သဘာဝတရားမှ ဖန်တီးပေးလိုက်သည့် အရာတစ်ခုပင်။

“မင်းတို့သုံးယောက်လုံးကို ပြောတာ”

နျင်ချွမ်းပြောလိုက်၏။ သူသည် ခေတ်ခြောက်ခေတ်တွင် ပေါ်လာကာ သူနှင့်အဆင့်တူသည့် အခြားကျင့်ကြံသူအားလုံးကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့်ပင် သူ ဂုဏ်သိက္ခာလည်း ရှိသေးသည်။

ရန်သူကြီးသုံးယောက်ကို ရင်ဆိုင်ရလျှင်ပင် သူနောက်ပြန်ဆုတ်မည် မဟုတ်ပေ။

“ငါလည်း အပြစ်သားသွေးမျိုးဆက်ဖြစ်တယ်လို့ ပြောလိုက်တာလား” ချင်းဟောင် အေးစက်စွာပင် ရယ်မောလိုက်သည်။ သူအရှေ့ဘက်သို့ လျှောက်လာလိုက်သည်။ သူ၏ရင်ဘတ်မှာ တောက်ပနေပြီး သွေးစွမ်းအင်များလည်း စီးဆင်နေလေသည်။

“မင်းတို့အပြစ်သား သွေးမျိုးဆက်သုံးယောက် .. မင်းတို့ကိုယ်မင်းတို့ အရမ်းဂုဏ်ယူနေတာလား” နျင်ချွမ်းမှာ တည်ငြိမ်နေပြီး သူထုတ်လွှတ်သည့်အလင်းတန်းမှာလည်း အံ့အားသင့်စရာကောင်းလှသည်။

” ဟား… ဟား… ”

ရှီဟောင်သည် ကျယ်လောင်စွာပင် ရယ်မောလိုက်လေ၏။ သူ မရယ်ပဲ မနေနိုင်တော့ပေ။ ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု သူတစ်ခါမှ မစဉ်းစားဖူးပေ။ နျင်ချွမ်းသည် သူ့ကို လာတိုက်ခိုက်သော်လည်း သူတို့သုံးယောက်လုံးကို တစ်ခါတည်း တွေ့လိုက်ရသည်။

“နျင်ချွမ်း မင်းကိုယ်မင်း အဟုတ်ကြီးထင်နေတာလား … ကြီးမြတ်တဲ့တာအိုက မင်းကာကွယ်ဖို့ လိုလို့လား .. မင်းက ကောင်းကင်ရဲ့ဆန္ဒကို ကိုယ်စားပြုနိုင်တယ်လို့ တကယ်ထင်နေတာလား” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။

နျင်ချွမ်း၏ နောက်လိုက်များ- “မင်းတို့အားလုံးအတွက်တော့ ငါတို့မျိုးဆက်တွေက ကောင်းကင်ရဲ့အလိုဆန္ဒကို ကိုယ်စားပြုတာပဲ .. ငါတို့တွေ မင်းတို့လိုမျိုး အပြစ်တွေလုပ်ပြီးတော့ ဖရိုဖရဲဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကို ဖိနှိပ်ဖို့ ရောက်လာတာပဲ”

အချို့နောက်လိုက်များသည် မသက်မသာခံစားနေရသော်လည်း သူတို့ပြန်မဆုတ်နိုင်ဘူးဟု ခံစားနေရဆဲပင်။

“ဘာအပြစ်လဲ .. ဘာမူမမှန်ဖြစ်နေလို့လဲ .. ငါတို့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကများ မသန့်ရှင်းလို့လဲ .. ငါ့ကို ရှင်းပြကြပါဦး” ရှီယိ အလွန်အေးစက်စွာပင် မေးလိုက်သည်။ သူ၏မျက်လုံးများ တောက်ပလာကာ ဖိအားများပါဝင်နေသည့် အံ့အားသင့်စရာကောင်းသည့်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင်လျှင် အတော်လေး တုန်လှုပ်သွားလေ၏။

အား..

ထိုလူ အော်ဟစ်လိုက်သည်။ သူသည် တိုက်ခိုက်မှုမခံရသော်လည်း ထိုမျက်လုံးများဖြင့် အကြည့်ခံလိုက်ရသည်နှင့် သူ၏ဝိဉာဉ်နှစ်မြှုပ်သွားသကဲ့သိုပင်။ သူ၏မျက်နှာမှာ ဖြူဖျော့သွားလေ၏။

နျင်ချွမ်းသည် သူ၏အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် ထိုလူပြန်ကောင်းသွားကာ နျင်ချွမ်းနောက်သို့ လျင်မြန်စွာ ပြေးဝင်သွားလေသည်။

တိုက်ပွဲကြီး စတင်တော့မည်။

နျင်ချွမ်းသည် ကျောက်စိမ်းကဲ့သို့ပင် တောက်ပနေပြီး သူ၏ငွေရောင်ဆံပင်များလည်း ခါးထိပင် ရှည်နေသည်။ သူသည် ကျွမ်းကျင်သူသုံးယောက်ကို တစ်ယောက်တည်းရင်ဆိုင်လိုက်သည်။ သူ့ဘက်မှစတင်၍ တိုက်ခိုက်လိုက်လေသည်။

ဝုန်း..

သူလှုပ်ရှားလိုက်သည်နှင့် သူ့အနားတွင် မြူများရစ်သိုင်းသွားသည်။ သူ၏ ဘယ်လက်တောက်ပလာကာ သူ၏အရှိန်နှုန်းလည်း အလွန်လျင်မြန်လာသည်။

ဤသည်မှာ နတ်စွမ်းရည်ပင်။ သူ၏လက်ဝါးသည် ကောင်းကင်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ဝုန်းဟူသည့်အသံနှင့်အတူ အောက်ဘက်သို့ ရိုက်ချလိုက်လေ၏။ သူသည် ရန်သူများကို ဖိနှိပ်ကာ သတ်ပစ်တော့မည်။

ချင်းဟောင်လှုပ်ရှားလိုက်သည်။ သူသည် အရှေ့ဘက်သို့ လက်ညှိုးထိုးလိုက်သည်နှင့် လေဟာနယ်ထဲတွင် မရေမတွက်နိုင်သည့် ရှေးဟောင်းသစ်ပင်များပေါ်လာကာ ထိုလက်ကြီးကို တားဆီးရန်အတွက် ကောင်းကင်၏ဝိဉာဉ်စွမ်းအားကို ရယူလိုက်သည်။

သူသည် ဒြပ်စင်ငါးခုတောင်ဟုလည်းခေါ်သည့် ထာဝရတောင်မှလာခြင်းဖြစ်သောကြောင့် သူသည် ဒြပ်စင်ငါးခုကို ကောင်းကောင်းနားလည်သည်။ ဤသည်မှာ မြေကြီးပညာရပ်ပင်။

ဝုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားကာ ကမ္ဘာကြီးတစ်ခုလုံးတွင် မြင့်မြတ်သည့်အလင်းတန်းများ တောက်ပသွားလေသည်။

အားလုံးတုန်လှုပ်သွားရသည်။ ဤသည်မှာ သမိုင်းဝင်တိုက်ပွဲကြီးဖြစ်မည်ကို အားလုံးသိကြသည်။ သူတို့ယနေ့မြင်ရသည့်အရာများမှာ နောင်ကျလျှင် အရိုးစာအုပ်များထဲမှ ‘အဓိကအဖြစ်အပျက်များ’ ဖြစ်လာလိမ့်မည်။ ယနေ့ ဤမြင်ကွင်းကို သူတို့ကိုယ်တိုင်မြင်နေရသောကြောင့် ကံကောင်းသည်ဟု ခံစားမိသည်။

ကောင်းကင်ထက်တွင် ရှေးဟောင်းသစ်ပင်များ သိပ်သည်းစွာရှိနေသည်။ ဤသစ်ပင်များအားလုံးမှာ နျင်ချွမ်း၏လက်ဝါးစွမ်းအားကို ခုခံရန်အတွက် သင်္ကေတများဖြင့် ဖန်တီးထားခြင်းပင်။

ထိုလက်ဝါးကြီးသည် ရှေးဟောင်းသစ်ပင်များအားလုံးကို ဖျက်ဆီးပစ်ကာ တစ်ဖြည်းဖြည်းချင်း အောက်ဘက်သို့ ကျဆင်းလာလေသည်။

“အမ်..”

ချင်းဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုမှာ ဤမျှပင် စွမ်းအားကြီးသည်လား..

ထို့နောက်တွင် သူ၏ရင်ဘတ်မှ တောက်ပလာပြီး နတ်သက်တံ့တစ်ခု ကောင်းကင်ထက်တွင် ပေါ်ထွက်လာလေ၏။ လေထဲတွင်လည်း ထာဝရတာအိုလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကြီးကိုပင် မှုန်ဝါးသွားအောင် လုပ်လိုက်လေသည်။

ဝုန်း..

လေဟာနယ်ထဲတွင် တုန်ခါသွားသည့်အသံ ထွက်ပေါ်လာသည်။ ထိုလက်ဝါးသည် ပျက်စီးသွားသော်လည်း ပို၍ကြီးမားသည့် လက်ဝါးတစ်ခု ပြန်ဖြစ်လာလေသည်။ ထိုလက်ဝါးကြီးသည် အောက်ဘက်သို့ ဆက်ဆင်းလာနေဆဲပင်။

ချင်းဟောင်၏အမူအရာများ မည်းမှောင်သွားရသည်။ သူသည် ဒြပ်စင်ငါးခုကို စတင်မွှေနှောက်လိုက်သည်။

“သရဖူခြောက်ခုဘုရင် တကယ့်သူရဲကောင်းပဲ .. မိုးကောင်းကင်အောက်က လောကကြီးကို ထိန်းချုပ်နိုင်တယ်”

အနောက်ဘက်မှ တစ်စုံတစ်ယောက်အော်ဟစ်လိုက်၏။ ဤသည်မှာ အစောပိုင်းက နျင်ချွမ်း သူ၏အင်္ကျီလက်ကို လှုပ်ကာ ကယ်ခဲ့သည့်သူပင်။

“နားငြီးတယ်”

ရှီယိ ထိုနေရာသို့ ကြည့်လိုက်သည်။ သူ၏မျက်လုံးများ တောက်ပလာကာ ယခုတစ်ကြိမ်တွင် သူတကယ်တိုက်ခိုက်လေသည်။ သူ၏မျက်လုံးထဲမှ သင်္ကေတများ သိပ်သည်းသွားကာ အပြင်ဘက်သို့ တရှိန်ထိုး ထွက်သွားလေသည်။

ထိုသင်္ကေတများသည် ငွေရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ လျင်မြန်စွာဖြင့်ပင် ထိုလူနားသို့ ရောက်သွားလေ၏။

ထိုလူသည် အဖိုးတန်ပညာများကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ကြိုးစားလိုက်သည်။ သူ၏ဘေးနားတွင်ရှိနေသည့်သူများသည်လည်း ဤအလင်းတန်းကို ချေဖျက်ရန်အတွက် သူ့အား ကူညီပေးကြသည်။

သို့သော် ထိုငွေရောင်အလင်းတန်းသည် အဖိုးတန်ပစ္စည်းများအားလုံးကို ဖောက်ထွက်သွားလေသည်။ ထို့နောက်တွင် ဝုန်းဟူသည့်အသံနှင့်အတူ နတ်လျှို့ဝှက်ရတနာများကို ပေါက်ကွဲသွားစေလေ၏။

တစ်ချိန်တည်းမှာပင် အခြားသူများ၏ အဖိုးတန်ပညာများလည်း ပျက်စီးသွားကာ ထိုသူအား မကူညီနိုင်တော့ပေ။

ဖူး..

သွေးရောင်အလင်းထွက်ပေါ်လာကာ ထိုသူသည်လည်း ဓားဖြင့်အဖြတ်ခံလိုက်ရသကဲ့သို့ပင် နှစ်ပိုင်းပြတ်သွားပြီး ထိုနေရာတွင် အသက်ပျောက်သွားလေသည်။

“မင်းက ငါ့ရှေ့မှာ ရဲရဲတင်းတင်းလုပ်ရဲတယ်ပေါ့” သရဖူခြောက်ခုဘုရင် အနောက်လှည့်လာသည်။ သူ၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏စကားလုံးများတွင် ဖိအားတစ်မျိုး ပါဝင်နေသည်။

“သရဖူခြောက်ခုဘုရင် … မင်းက ဘာအခွင့်အာဏာများ ရှိနေလို့လဲ … ” ရှီယိ အေးစက်စွာပင် ပြောလိုက်သည်။

နျင်ချွမ်းသည် ချင်းဟောင်ကို လျစ်လျူရှုလိုက်ကာ နှစ်ထပ်မျက်လုံးဘက်သို့ လှည့်လိုက်သည်။ သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် လေပြင်းများ တိုက်ခတ်လာလေ၏။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ ချက်ချင်းပင် အရောင်မှိန်လာကာ တိုက်ခတ်လာသည့်လေပြင်းမှာ လူတစ်ယောက်၏ အရိုးနှင့် အသွေးအသားများကို ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်သည်။ ဤသည်မှာ နတ်စွမ်းရည်တစ်ခုဖြစ်သည့် ယင်ကြယ်တာရာလေပင်။

သူသည် အားကုန်တိုက်ခိုက်ခြင်းမဟုတ်ပဲ ပုံမှန်အတိုင်းသာ တိုက်ခိုက်လိုက်ခြင်းပင်။

ရှီယိမှာ ခြေလှမ်းတစ်ဝက်ပင် ရွေ့မသွားပေ။ သို့သော် သူထုတ်လွှတ်လိုက်သည့် ရွှေရောင်အလင်းတန်းသည် ကြောက်စရာကောင်းသည့်ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

ဝုန်းဟူသည့်အသံနှင့်တူ ကမ္ဘာကြီး ပျက်ယွင်းသွားကာ နတ်အလင်းတန်းများစွာလည်း ထွက်ပေါ်လာသည်။ အရိုးစာသားများ ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်ကိုလည်း မမြင်ရတော့ပေ။

ထိုတောင်ကြောတွင်ရှိနေသည့်သူအားလုံးမှာ လေထဲတွင် ပါသွားမည်စိုးသောကြောင့် နောက်ဆုတ်သွားကြလေသည်။

သူတို့နှစ်ဦးသည် အတော်ဝေးဝေးမှ တိုက်ခိုက်နေကြခြင်းပင်။

အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် သူတို့နှစ်ဦးသည် လေဟာနယ်ထဲတွင် ရပ်နေပြီး သူတို့အောက်မှ တောင်များမှာမူ ပျက်စီးသွားလေပြီ။

“ငါထင်ထားတာထက်ကို ပိုနေတာပဲ..” နျင်ချွမ်းပြောလိုက်သည်။ သူသည် အပြစ်သားသွေးမျိုးဆက်တစ်ယောက်တည်းအတွက်လာခြင်းဖြစ်သော်လည်း အဆုံးသတ်တွင် အခြားအဆင့်လွန်လူငယ်နှစ်ယောက်လည်း ဤနေရာ၌ ရှိနေလေသည်။

“မင်း ငါ့အတွက်လာတာမဟုတ်လား .. အဲဒီတော့ မင်းကို အဖော်ပြုပေးရတာပေါ့” ထိုအချိန်တွင် ရှီဟောင်သည် အရှေ့သို့ တစ်လှမ်းတိုးလာကာ ထိုသူနှင့် တိုက်ခိုက်လိုက်လေသည်။

အပိုင်း ၁၀၄၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၃ – ၆နှစ်အရွယ်ကလေး

“အပြစ်သားမျိုးဆက် .. ငါ မင်းအတွက်လာခဲ့တာပဲ” နျင်ချွမ်းပြောလိုက်သည်။ သူ၏ငွေရောင်ဆံပင်များမှာ တောက်ပနေပြီး သူ၏နဖူးထက်ရှိ နဂါးပုံလည်း ပေါ်လာလေ၏။

“မင်းကိုယ်မင်း အရမ်းတန်ဖိုးရှိတယ်လို့ ထင်နေတာလား .. မင်းကိုယ်မင်း အရေးပါတဲ့လူတစ်ယောက်လို လုပ်နေတာကို ရပ်လိုက်ပါတော့” ရှီဟောင်ပြောလိုက်သည်။ ဤလူမှာ အတော်လေးပင် သန်မာပြီး သူသတိထားပြီး ဆက်ဆံရမည့်လူပင်။

“မသန့်စင်တဲ့သွေးတွေ အများဆုံးရှိနေတဲ့ အပြစ်သား .. မင်းကို ဖိနှိပ်ပစ်ရမယ်” သရဖူခြောက်ခုဘုရင်ပြောလိုက်သည်။ ဤသည်မှာ သူ အလေးအနက်ထားသည့် ပထမဆုံးအကြိမ်ပင် ။ ယခင်က သူ၏အပြုအမူများမှာ တည်ငြိမ်နေလေသည်။

ဝုန်း…

သူ၏လက်ကို တစ်ဖက်လှန်လိုက်သည်နှင့် တိမ်များ ဖြစ်ပေါ်လာကာ နောက်တစ်ဖက်ပြန်လှန်လိုက်သည်နှင့် မိုးများရွာကျလာလေသည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် လေပြင်းများ တိုက်ခတ်လာလေ၏။

ဤသည်မှာ သူထုတ်လွှတ်လိုက်သည့် သာမန်ပညာသာဖြစ်သည်။ နျင်ချွမ်းသည် ဂိုဏ်းမျိုးစုံသို့ သွားခဲ့ကာ ထိုဂိုဏ်းများစွာ၏ လျှို့ဝှက်ပညာများကို လေ့လာခဲ့ရသည်။

သူသည် အဖိုးတန်ပညာများစွာကို တတ်မြောက်ထားလေသည်။

“လက်တစ်ဖက်လှည့်ရင် တိမ်တွေပေါ်လာပြီး နောက်တစ်ဖက်ပြန်လှည့်လိုက်ရင် မိုးရွာတယ်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ထိုတိမ်များတွင် ဖရိုဖရဲစွမ်းအင်များ ပါဝင်နေပြီး မိုးများမှာလည်း ယင်စွမ်းအင်များကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ယခု ထိုဖရိုဖရဲစွမ်းအင်နှင့် ယင်စွမ်းအင်တို့ ပေါင်းစပ်လိုက်သည့်အချိန်တွင် ကြောက်စရာကောင်းသည့် တိုက်ခိုက်မှု ဖြစ်ပေါ်လာလေသည်။

ဤသည်မှာ တစ္ဆေတာအိုဂိတ်မှ အဖိုးတန်ပညာပင်။ ဤတိမ်များမှာ နဂါးများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပင်လယ်များနှင့် မြစ်များကို ပြောင်းပြန်လှန်ပစ်နိုင်လေသည်။

ရှီဟောင် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်၏။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် သူ၏လက်ဝါးနှင့် လက်ချောင်းများ တောက်ပလာသည်။ သူသည် လျှို့ဝှက်ပညာတစ်ခုကိုသုံးကာ သူ၏လက်ချောင်းများမှ နဂါးတံဆိပ်ထွက်ပေါ်လာလေ၏။ ဤသည်မှာ သူ မူလကောင်းကင်လျှို့ဝှက်နယ်မြေမှ ရခဲ့သည့်ပညာပင်။

ဝုန်း..

ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ကြောက်စရာကောင်းသည့် အဖျက်စွမ်းအင်များ ထွက်ပေါ်လာလေ၏။ တိမ်များ အပေါ်ဘက်သို့ တက်သွားကာ ကောင်းကင်ထက်၌ နဂါးပုံရိပ်များ ထွက်ပေါ်လာလေ၏။ ထိုနဂါးများသည် ဦးခေါင်းများကိုမော့ကာ ဟစ်ကြွေးနေကြလေသည်။

ဤသည်မှာ အဖိုးတန်ပညာချင်း တိုက်ခိုက်မှုပင်။

အရိုးစာသားများဖြင့် ဖုံးလွှမ်းသွားပြီး မည်သူမျှ ဘာမှ မမြင်ရတော့ပေ။

အချိန်အတော်ကြာပြီးသည့်နောက်တွင် ဆူညံသံများ ပျောက်ကွယ်သွားကာ အရိုးစာသားများလည်း လွင့်ပါးသွားသည်။

“မင်းက ဒီလောက်လေးနဲ့ ငါ့ကို ဖိနှိပ်ချင်နေတာလား” ရှီဟောင်မေးလိုက်သည်။

“မင်းကို စမ်းသပ်တာပါ .. မင်းက ဒါလေးကိုတောင်မှ မခုခံနိုင်ရင် ငါ့လက်လေးလှုပ်ရှားလိုက်တာနဲ့ပဲ မင်း သေလိုက်တော့” နျင်ချွမ်း တည်ငြိမ်စွာပင် ပြောလိုက်သည်။

ဤသုံးယောက်ကို တိုက်ခိုက်သည့် သူ၏တိုက်ခိုက်မှုများမှာ စမ်းသပ်မှုများပင်။

ခေတ် ၆ ခေတ်တွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သောကြောင့် ၇ ခုမြောက်ခေတ်တွင်လည်း ရန်သူအားလုံးကို ဖိနှိပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

ရှီဟောင်သည် ဒေါသထွက်မသွားပဲ တည်ငြိမ်နေဆဲပင်။ သူသည် အခြားသူများထက် ဘယ်တုန်းကမှ အားမနည်းခဲ့သောကြောင့် ဘယ်လိုလုပ် ဒီလောက်လေးနှင့် ဒေါသထွက်မည်နည်း… “နောက်ဆုံးကျရင် လက်တစ်ဖက်လေးလှုပ်လိုက်ယုံနဲ့သေသွားမယ့်သူက မင်းဖြစ်မှာ စိုးရတယ်”

တစ်ချိန်တည်းမှာပင် ချင်းဟောင်သည် လမ်းလျှောက်လာကာ “မင်းကိုယ်မင်းဘယ်သူလို့ထင်နေလို့ တွေ့ရာလူကို တိုက်ခိုက်နေတာလဲ .. ငါမင်းကို သတ်ဖို့ ဒီမှာရှိနေတယ်”

သူသည် ယှဉ်ပြိုင်လိုစိတ်ကြီးမားသည့်သူပင်။ မဟုတ်ပါက သူ၏အစ်ကိုကြီးနှင့်ပင် ပညာဖလှယ်ရန်တောင်းဆိုခဲ့မည် မဟုတ်ပေ။ သူသည် ရှီယိနှင့်ပင် တိုက်ခိုက်ချင်ခဲ့သည်။ ယခု သရဖူခြောက်ခုဘုရင် ရောက်လာသောကြောင့် သူက ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း.. သူ တိုက်ခိုက်ချင်သည်။

လေဟာနယ်တုန်ခါသွားကာ ရှီယိသည် တစ်လှမ်းချင်း လျှောက်လာလေသည်။
” အစက ငါမင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး .. ဒါပေမဲ့ မင်းက ငါ့ရှေ့မှာ အပြစ်သားသွေးမျိုးဆက်လို့ ပြောရဲတယ် .. ကျောက်တုံးကလန်က ဘယ်လိုလုပ် အပြစ်သားဖြစ်သွားရတာလဲ .. အခုတော့ မင်းကို သတ်ဖို့ပဲရှိတော့တယ်”

“သူက ဒီကို ငါ့အတွက်လာတာ” ရှီဟောင်ပြောလိုက်ကာ အရှေ့တိုးသွားလိုက်သည်။

“ငါတိုက်မယ် .. ဘယ်သူမှ ငါနဲ့ လာလုမတိုက်နဲ့” ချင်းဟောင် အော်ဟစ်လိုက်ကာ အရှေ့သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ အခြားနှစ်ယောက်ကို တိုက်ခိုက်ခွင့်မပြုနိုင်။ သူ သရဖူခြောက်ခုဘုရင်နှင့် တိုက်ခိုက်ချင်သည်။

ဤမြင်ကွင်းမှာ အားလုံးကို ဆွံ့အသွားစေသည်။

ပျက်စီးနေသောထာဝရတောင်ကြားတွင်ရှိနေသည့် သူအားလုံး ထိတ်လန့်သွားရသည်။ ဒီလူက မည်သူနည်း.. မိုးကောင်းကင်အောက်ရှိ လောကကြီးကို ထိန်းချုပ်နိုင်သည့် သရဖူခြောက်ခုဘုရင်ပင်။ မည်သူက သူ့ကို မကြောက်ပဲနေမည်နည်း.. သို့သော် ယနေ့တွင် ဤလူသုံးယောက်မှာ သူ့အား သတ်ချင်နေသည်။ ဤသည်မှာ ဤနေရာတွင်ရှိနေသည့်သူအားလုံးကို ဆွံ့အသွားစေသည်။

“ကောင်းပြီလေ ကျောက်တုံးကလန်ကို မျက်နှာမပျက်စေနဲ့ .. ခြောက်နှစ်ကလေးကို မင်းအတွက် ပေးလိုက်မယ်” ရှီယိ ပြောလိုက်သည်။

ဤစကားပြောပြီးသည်နှင့် အားလုံး တိတ်ဆိတ်သွားလေ၏။ ခြောက်နှစ်အရွယ်ကလေး… မည်သူကများ ဤစကားကို ပြောရဲသနည်း.. ဤသည်မှာ ယခင်အတိတ်မှ လက်ရှိအချိန်ထိ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူကို စော်ကားလိုက်ခြင်းပင်။

လူများစွာမှာ နျင်ချွမ်းထံသို့ ဝပ်သွားခယနေသည့်အချိန်တွင် ဤနှစ်ထပ်မျက်လုံးက ‘ခြောက်နှစ်အရွယ်ကလေး’ ဟုခေါ်လိုက်ခြင်းမှာ သူ့အား အရှက်ခွဲလိုက်ခြင်းပင်။ နျင်ချွမ်းက ဤသည်ကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း…

ချင်းဟောင်သည် အကြိမ်အနည်းငယ်ခန့် ရယ်မောလိုက်ကာ အရှေ့သို့ တရှိန်ထိုးပြေးသွားလိုက်သည်။

ရှီဟောင်လည်း ရယ်မောလိုက်သည်။ သူ၏ ဤတစ်ဝမ်းကွဲအစ်ကို မည်မျှပင် ကောက်ကျစ်သည်ကို သူ သတိထားမိသွားသည်။ သူ၏သာမန်ကာလျှံကာ စကားတစ်ခွန်းပင်လျှင် သရဖူခြောက်ခုဘုရင် ခေတ်ခြောက်ခေတ် တည်ဆောက်ခဲ့ရသည့် ဂုဏ်သတင်းများကို ဖျက်ဆီးပစ်လိုက်သည်။

ဤစကားလုံးသုံးလုံးမှာ လူများစွာမှ နျင်ချွမ်းအား တိတ်တဆိတ်ခေါ်မည့် နာမည်ဖြစ်သွားလိမ့်မည်။ သူ့ကို မုန်းတီးနေသည့်သူများမှာ ဤနာမည်ကိုခေါ်ကာ သူတို့၏ဒေါသကို ဖွင့်ဖောက်လိမ့်မည်။

“တော်တော်လေးကို ယုံကြည်ချက်ကင်းမဲ့နေတာပဲ .. ဒီလိုမျိုး လှည့်ကွက်လေးတွေ လာသုံးပြီးတော့ ငါ့စိတ်ကို လာနှောက်ယှက်နေတယ် .. ဒါက အလုပ်မဖြစ်ဘူး” နျင်ချွမ်းမှာ တည်ငြိမ်နေဆဲပင်။

“ခြောက်နှစ်ကလေးလေးရေ .. သွားသေလိုက်တော့” ချင်းဟောင် ဟစ်ကြွေးလိုက်ကာ နတ်စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်သည်။

ဝုန်း…

ဒြပ်စင်ငါးခုအလင်းများ ထွက်ပေါ်လာပြီး အခြေခံအကျဆုံးဒြပ်စင်များ ထွက်ပေါ်လာလေ၏။ ထိုဒြပ်စင်များသည် နတ်အလင်းကွင်းအဖြစ်ပြောင်းလဲသွားကာ နျင်ချွမ်းအား ကန့်သတ်ထားလိုက်လေ၏။

နျင်ချွမ်းကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် ထာဝရတောင်၏ ပညာကို ရင်ဆိုင်ရသည့်အချိန်တွင် အလွယ်တကူ မချေဖျက်နိုင်ပေ။ သူသည် နတ်စွမ်းရည်ကို အသုံးပြုရလေသည်။

ဝုန်း…

ချင်းဟောင်၏ သက်ရှည်စစ်ဝတ်စုံ တောက်ပလာကာ သူ၏စွမ်းရည်များကို ပို၍စွမ်းအားကြီးအောင် ပြုလုပ်ပေးလေသည်။

နျင်ချွမ်းပင်လျှင် လန့်သွားရသည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများတောက်ပလာကာ သူ၏ပြိုင်ဘက်ကို အလေးအနက် တိုက်ခိုက်နေလေသည်။

“သူတို့တွေက ရန်လိုနေကြတာမဟုတ်ဘူးလား .. သူတို့က အစောလေးကတင်ကို တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ကြတော့မလို့လေ .. အခု သူတို့ ပူးပေါင်းလိုက်ပြီလား”

“အပြစ်သားသွေးမျိုးဆက်တွေ ပူးပေါင်းသွားကြပြီ .. ဒါက ကောင်းတဲ့ရလဒ်ထွက်လာမှာ မဟုတ်ဘူး”

အနောက်ဘက်တွင်ရှိနေသည့် နျင်ချွမ်း၏ နောက်လိုက်များသည် သူတို့တစ်ကိုယ်လုံး ကြက်သီးထသွားသလို ခံစားလိုက်ရသည်။ သူတို့သည် ယခုအချိန်တွင် အလွန်စိုးရိမ်နေကြလေပြီ။

“မင်းက ငါတို့ရှေ့မှာတောင် ‘အပြစ်သား’ ဆိုတဲ့စကားကို ပြောရဲသေးတယ်ပါ့ .. မင်းတို့ကို အသက်ရှင်လျက်မထားသင့်တော့ဘူးလို့ ငါ ခံစားနေရတယ်” ရှီယိပြောလိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စစ်ဝတ်စုံ တောက်ပလာလေသည်။

သူဤကဲ့သို့ပြောပြီး တိုက်ပင် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မထင်ထားပေ။

နှစ်ထပ်မျက်လုံးသည်လည်း ပြိုင်ဘက်ကင်းသည့် ဒဏ္ဍာရီလာစွမ်းအားကြီးသူပင်။ သူစကားပြောနေသည့်အချိန်တွင်ပင် သူ၏လက်ထဲတွင် ရဲဒင်းတစ်လက်ပေါ်လာကာ အရှုပ်ထုပ်များကို ရှင်းပစ်လေသည်။

“မကောင်းတော့ဘူး” ဤလူများသည် နျင်ချွမ်း သူတို့ကို လာကူညီသည့်အချိန်ထိ တောင့်ခံနိုင်ရန်အတွက် သူတို့တတ်နိုင်သမျှအရာအားလုံးကို ပြုလုပ်နေကြလေသည်။ သရဖူခြောက်ခုဘုရင်သည် ဘာမှမလုပ်ပဲ ကြည့်နေလိမ့်မည်ဟု သူတို့ မယုံကြည်ပေ။

သို့သော် ရှီယိမှာ စွမ်းအားကြီးလွန်းလှသည်။ သူ၏ရဲဒင်းကို လွှဲရမ်းလိုက်သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အက်ကွဲသွားကာ သွေးမြူများ ဖြစ်ပေါ်လာလေသည်။ လူ ၈ ယောက်၊ ၉ ယောက်ခန့်လည်း သနားစဖွယ်ပင် အော်ဟစ်နေလေ၏။ သူတို့၏ အဖိုးတန်ပစ္စည်းများ ပျက်စီးသွားကာ နတ်စွမ်းရည်များလည်း ပျက်ပြယ်သွားလေ၏။

ရွှီး..

တစ်ချိန်တည်းမှာပင် နှစ်ထပ်မျက်လုံးတောက်ပလာကာ ကြောက်စရာကောင်းသည့်အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေ၏။ ထိုအလင်းတန်းများသည် ကျန်နေသည့်လူများကို သွေးမြူများအဖြစ် ပြောင်းလဲလိုက်လေသည်။

နျင်ချွမ်း တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။ သို့သော် ရှီဟောင်သည် လေထဲတွင် လှုပ်ရှားလိုက်ကာ ချက်ချင်းပင် ခွန်ပန်ပညာကို အသုံးပြုလိုက်သည်။ သူသည် ကောင်းကင်ထက်သို့ သွားလိုက်ကာ ဤနေရာတစ်ခုလုံးကို ကာဆီးထားလိုက်သည်။

ရောင်စုံအလင်းများ ထွက်ပေါ်လာကာ သူ၏နောက်လိုက်အားလုံးမှာ နှစ်ထပ်မျက်လုံး သတ်ဖြတ်ခြင်းခံလိုက်ရသည်။ ထူးခြားပါရမီရှိသူတစ်ယောက်သာ အသက်ရှင်ကျန်နေတော့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းနေပြီး သူ၏နှလုံးခုန်နှုန်းများလည်း ကဆုန်ဆိုင်းနေသည်။ သူသည် ကျန်းပေါင်းထောင်ပေါင်းများစွာ နောက်ဆုတ်သွားလေ၏။

ယခုတစ်ကြိမ်တွင် ရှီဟောင်လှုပ်ရှားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤကျွမ်းကျင်သူသည် သူနှင့်ပိုနီးကပ်နေသောကြောင့်ပင်။ သူသည် ခွန်ပန်အတောင်ပံများကို လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ထက်တွင် နတ်သက်တံ့တစ်ခုပေါ်လာလေ၏။

“သရဖူခြောက်ခုဘုရင် .. ကျွန်တော့်ကို ကယ်ပါ”

သူသည် ထူးချွန်သည့်လူငယ်တစ်ယောက်ဖြစ်သော်လည်း ဤကျောက်တုံးနှစ်တုံးနှင့်ယှဉ်လျှင် သူသည်အတော်လေး အားနည်းနေသေးသည်။ သူသည် ရှီယိကြောင့်ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ယခုအချိန်တွင် ရှီဟောင်မှ သူ့နောက်လိုက်နေသည်။ သူ၏သတ္တိများအားလုံး အငွေ့ပျံပျောက်ကွယ်သွားလေပြီ။

ဖုန်း..

ရှီဟောင်သည် သူ့အားမည်သည့်အခွင့်အရေးမျှမပေးသကဲ့သို့ နျင်ချွမ်း ထိုသူအား လာကယ်မည့်အချိန်ကိုလည်း စောင့်နေမည်မဟုတ်ပေ။

ခွန်ပန်လက်သီးထွက်ပေါ်လာကာ ထိုသူအား အပိုင်းပိုင်းဖြစ်အောင် ဖောက်ခွဲပစ်လိုက်လေသည်။

ယခုအချိန်တွင် အားလုံးမှာ တုန်လှုပ်နေလေပြီ။ ကျောက်တုံးကလန်၏ ညီအစ်ကိုသုံးယောက်မှာ သူတို့၏ ခွန်အားကို ပြသနေလေပြီ။ ‘အငယ်ဆုံး’ ကျောက်တုံးသည် သရဖူခြောက်ခုဘုရင်နှင့်တိုက်ခိုက်နေပြီး ‘အကြီး’ နှစ်ယောက်မှာ လူတစ်စုကို သတ်နေလေ၏။ ဤသည်မှာ ကြောက်စရာကောင်းလှသည်။

“အဆင့်လွန်လူသားသုံးယောက်ရှိတဲ့ကလန်က .. တကယ်ကို ကြောက်စရာကောင်းတာပဲ”

တောင်ကြောတွင်ရှိနေသည့်သူအားလုံး တုန်လှုပ်သွားရသည်။ သူတို့သုံးယောက်ပူးပေါင်းလိုက်လျှင် တစ်ဖက်လူက ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မည်နည်း… သူတို့သည် ကောင်းကင်ကြီးကိုတောင် ပြောင်းပြန်လှန်ပစ်လိမ့်မည်။

“ဘာ သရဖူခြောက်ခုဘုရင်လဲ .. ကိစ္စအားလုံးရှင်းသွားအောင်လို့ သူ့ကို စောစောသတ်သင့်တာ” ရှီယိမှ ပြောလိုက်သည်။

ထိုစကားကို ပြောပြီးသည့်နောက်တွင် လေထုမှာ ပို၍တင်းမာသွားလေသည်။

“တကယ်တော့ ငါလည်း သူ့ကို လူပိုလို့ခံစားရတယ် .. သူ့ကို တိုက်ပွဲမှာ ခမ်းခမ်းနားနားနဲ့သေခိုင်းမယ့်အစား သူ့ကိုသေအောင် ရိုက်လိုက်တာ ပိုကောင်းတယ်” ရှီဟောင် ပြောလိုက်၏။

သူတို့နှစ်ဦးသည် နျင်ချွမ်း၏ မျက်ခုံးများ ပင့်တက်သွားအောင် ပြောနေကြလေ၏။

အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းများအားလုံး တုန်လှုပ်သွားရသည်။

အထူးသဖြင့် မီးတိမ်လှိုဏ်ဂူ၊ တစ္ဆေတာအိုဂိတ်နှင့် အခြားသူများပင်။ သူတို့သည် ဒုစရိုက်စီရင်စုကို အထင်သေးကြပြီး ဤလူများကို ဖိနှိပ်ရန်မှာ သူတို့၏ ဘဝရည်မှန်းချက်ပင်။ ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်မှာ မည်မျှပင် အံ့အားသင့်စရာကောင်းသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့အားလုံးဆွံ့အသွားရသည်။ သူတို့ဦးရေပြားပင် ထုံကျဉ်သွားသကဲ့သို့ ခံစားနေရသည်။

ဤ ‘ကျောက်တုံးကြီးနှစ်တုံး’ မှာ အန္တရာယ်များလွန်းလှသည်။ သူတို့သည် နျင်ချွမ်းကို တကယ်ရှင်းပစ်နေကြသည်။

“အဲဒီနယ်စပ်ကလူတွေ ပြန်လာမလား မလာဘူးလားဆိုတာကို မသိရလို့ .. သူတို့သာ ပြန်မလာနိုင်တော့ဘူးဆိုလို့ကတော့ ဒုစရိုက်စီရင်စုကို ပြားချပ်သွားအောင်လုပ်ပြီးတော့ ခြေရာလက်ရာမကျန်တော့အောင်ကို လုပ်ပစ်မှာ”

ရှေးဟောင်းစစ်ရထားအတွင်းတွင် ထိုင်နေသည့် အကြီးအကဲသည် အခြားသူများမကြားစေနိုင်ရန်အတွက် သူ၏နတ်စိတ်ဝိဉာဉ်ဖြင့် ပြောလိုက်သည်။ သူ၏မျက်လုံးများတွင် တာအိုသင်္ကေတများကို တွေ့နေရလေသည်။

“သရဖူခြောက်ခုဘုရင် ဘာမှတော့ မဖြစ်လောက်ဘူးမလား” အချို့လူများမှာ စိုးရိမ်နေကြသည်။ ဤလူများမှာ နျင်ချွမ်းနှင့် အမျိုးတော်နေသည့်သူများပင်။ သူတို့သည် ယခုအချိန်တွင် အလွန်စိုးရိမ်နေကြလေသည်။

“နျင်ချွမ်းက အဲဒီရန်သူသုံးယောက်ကို သတ်ပစ်နိုင်ဖို့ မျှော်လင့်တယ်”

“သရဖူခြောက်ခုဘုရင်ရဲ့ ခွန်အားကို ငါယုံကြည်တယ် .. သူက ခေတ် ၆ ခုလုံးမှာတောင် ပြိုင်ဘက်ကင်းဖြစ်ခဲ့တာ အဲဒီတော့ သူ ထူးချွန်တဲ့အပိုင်းတွေ ရှိမှာပဲ .. သူ အဲဒီအပြစ်သားသွေးမျိုးဆက်တွေကို သတ်ပစ်တာကို ငါကိုယ်တိုင် ကြည့်ချင်သေးတယ်”

တစ်စုံတစ်ယောက်ပြောလိုက်၏။ သူတို့သည် တောက်ပနေသည့်မျက်လုံးများဖြင့် ကျောက်တိုင်ကို ကြည့်နေကြလေသည်။

ထာဝရရှေးဟောင်းမြေအတွင်းရှိ အသိုက်နယ်မြေတွင်..

“ညီလေး မင်းက အရမ်းငယ်သေးတယ် … ကြည့်ရတာ ရှုံးတော့မယ်ထင်တယ်” ရှီယိပြောကာ လေဟာနယ်ထဲတွင် ရွေ့လျားလိုက်သည်။ သူသည် ဘယ်အချိန်မဆို တိုက်ခိုက်ရန် အဆင့်သင့်ပင်။

ရှီဟောင်သည်လည်း တုံ့ဆိုင်းမနေပေ။ ဤကဲ့သို့သော စိတ်ကြီးဝင်နေသည့်သူနှင့် ရင်ဆိုင်သည့်အချိန်တွင် အရိုးရှင်းဆုံးနည်းလမ်းမှာ အထိရောက်ဆုံးပင်။

“ကျွန်တော် သူနဲ့ဆက်တိုက်ချင်သေးတယ်” ချင်းဟောင်ပြောလိုက်၏။ နျင်ချွမ်းသည် သူ၏ပြိုင်ဘက်မဟုတ်သည်ကို သူသိသော်လည်း သူခဏလောက် ဆက်တိုက်ချင်သေးသည်။

“သားရဲအသိုက်ထဲကို ဝင်ဖို့အကောင်းဆုံးနည်းလမ်းက သွေးယဇ်ပူဇော်တာလို့ပြောတယ် .. ကျွမ်းကျင်သူတစ်ယောက်ရဲ့သွေးစွမ်းအင်နဲ့ ယဇ်ပူဇော်ရင် ထူးခြားတဲ့လမ်းတွေ ပွင့်လာနိုင်တယ် .. သူ့ခန္ဓာကိုယ်မှာ အတော်လေးထူးခြားတဲ့ မူလသွေးတွေရှိနေတယ် .. အဲဒီတော့ သူက မဆိုးလောက်ဘူးလို့ ငါထင်တယ်” ရှီယိ ပြောလိုက်သည်။

“စတေးဖို့အတွက် အကောင်းဆုံးပစ္စည်းပဲ” ရှီဟောင်ခေါင်းညိမ့်လိုက်သည်။ ဝုန်းဟူသည့်အသံနှင့်အတူ ခွန်ပန်အတောင်ပံများ ပေါ်လာကာ သူလည်း အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှီယိ၏မျက်လုံးများ ပြူးကျယ်လာကာ ကောင်းကင်ကိုပင် ကွဲသွားစေသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။

အပြစ်သားသွေးမျိုးဆက်သုံးယောက်လုံး တစ်ပြိုင်တည်းလှုပ်ရှားလိုက်သောကြောင့် အားလုံး ထိတ်လန့်သွားရသည်။

“ကျောက်တုံးကလန်က ညီအစ်ကိုသုံးယောက်က သရဖူခြောက်ခုဘုရင်ကို သားရဲအသိုက်အတွက် သွေးယဇ်ပူဇော်ပစ်တော့မယ်…”

လော့သွမ်၊ လန်ယိချန်နှင့် လုယီတို့ပင် ဆွံ့အသွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အခြားသူများဆိုလျှင် ပြောမနေတော့နှင့်…

“သူတို့သုံးယောက် ပူးပေါင်းပြီးတော့ နျင်ချွမ်းကို စတေးခံ လုပ်မလို့လား”

သက်ရှိများအားလုံးမှာ ရွှံ့ရုပ်များကဲ့သို့ပင် ငြိမ်သက်သွားလေသည်။

နျင်ချွမ်းသည် အတော်လေးပင် ကံဆိုးသွားသည်ဟု သူတို့ခံစားလိုက်ကြရသည်။

အပြင်ဘက်လောကတွင်ရှိနေသည့်သူများမှာမူ သူတို့၏နှလုံးသည် လည်ပင်းနားသို့ပင် ရောက်နေလေပြီ။ ဤညီအစ်ကိုသုံးယောက်နှင့် ရင်ဆိုင်ရလျှင် နျင်ချွမ်းပင်လျှင် သူတို့ကို တားဆီးနိုင်ရန် ခက်ခဲလိမ့်မည်။

အပိုင်း ၁၀၄၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၄ – ထူးခြားသည့်အမူအရာ

ပျက်စီးနေသောထာဝရတောင်ကြောတွင် တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားတော့မည်။

ဤသည်မှာ စီရင်စုသုံးထောင်ပြိုင်ပွဲစတင်သည့် တစ်နှစ်နှင့်ခြောက်လအတွင်းတွင် အာရုံစိုက်အခံရဆုံး တိုက်ပွဲတစ်ခုပင်။ ဤသည်မှာ ထူးခြားပါရမီရှင်များကြားမှ အဆင့်ပြိုင်မှုလည်း ပါဝင်နေသည်။

ပျက်စီးနေသောထာဝရတောင်ကြောသည် သစ်ပင်များစွာ ပေါက်ရောက်နေသည့်နေရာပင်။ အချို့ကျောက်တောင်များမှာ သွေးနီရောင်များ ဖြစ်နေသည်။

လေဟာနယ်ထဲတွင် ကျွမ်းကျင်သူ ၄ ယောက်ရပ်နေပြီး ဖိအားများကို ထုတ်လွှတ်နေကြလေသည်။

ထိုအချိန်တွင် သတ္တုချိန်းကြိုးသံများ ထွက်ပေါ်လာလေ၏။

ဤအသံမှာ နားစည်ပေါက်ကွဲလောက်သည့်အသံမဟုတ်သော်လည်း အခြားသူများကို ဆံပင်မွေးများ ထောင်ထသွားစေသည့်ခံစားချက်များကို ပေးနေသည်။ သူတို့၏ဝိဉာဉ်ကို မတည်မငြိမ်ဖြစ်စေကာ အသက်ရှူသံများပင် ရပ်တန့်မတတ်ပင်။

တောင်ကြောတွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်တကြား နောက်ဆုတ်သွားကြလေသည်။

ဤသည်မှာ နျင်ချွမ်းပင်။

သူ၏အနားတွင် ရွှေရောင်သင်္ကေတတစ်ခု တောက်ပနေပြီး သူ၏လက်ဝါးမှ ရွှေရောင်ချိန်းကြိုးတစ်ခု ထွက်ပေါ်လာလေသည်။

ဤသည်မှာ အတော်လေး ထူးဆန်းလှသည်။ ထိုရွှေရောင်နတ်ချိန်းကြိုးမှ သတ္တုများ တိုက်ခတ်မိသည့်အသံထွက်ပေါ်နေပြီး သူ၏လက်ဝါးမှ တဖြည်းဖြည်းချင်း ထွက်လာနေသည်။

“ကောင်းကင်ရဲ့ စစ်ဆေးခြင်း”

လူအချို့သည် ထိုစကားလုံးများကို တုန်ယင်စွာ ပြောလိုက်သည်။ ဤသည်မှာ နျင်ချွမ်း၏ စွမ်းအားကြီးသည့်အဖိုးတန်ပညာပင်။

နျင်ချွမ်းသည် ယခင်က ဤပညာကို အသုံးပြုကာ ထူးချွန်သည့်ပါရမီရှင်များအားလုံးကို ရှင်းထုတ်ခဲ့ခြင်းပင်။ မည်သူမျှ နျင်ချွမ်း၏ စွမ်းအားကို မလွန်ဆန်နိုင်ခဲ့ပေ။

သူ၏ညာလက်တွင်ရှိနေသည့် နတ်ချိန်းကြိုးမှ သင်္ကေတများ ထွက်ပေါ်လာလေသည်။

ချင်းဟောင်သည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ကာ “ဒြပ်စင်ငါးခု ထွက်လာမယ် .. ကောင်းကင်ကိုပြိုကျအောင်လုပ်ပြီးတော့ ကမ္ဘာမြေကြီးကို ပြောင်းပြန်လုပ်ပစ်မယ်” သူ အော်ဟစ်လိုက်သည်။

သူသည် အရွယ်ငယ်သေးသောကြောင့် ပြိုင်ဆိုင်လိုစိတ်ကြီးမားကာ ရှုံးရမည်ကို မုန်းတီးနေသည့်သူပင်။ သူ စတင်တိုက်ခိုက်လိုက်သည်။

အလင်းတန်း ငါးခုထွက်ပေါ်လာကာ ထာဝရဓားငါးခုအဖြစ် ပြောင်းလဲသွားကာ နျင်ချွမ်း၏ဦးခေါင်းကို ဖြတ်ရန် ဦးတည်သွားလေသည်။ တရွှီးရွှီးအသံများ ထွက်ပေါ်လာကာ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာလေ၏။

“ကောင်းကင်နဲ့ကမ္ဘာမြေကြီးက မသေဆုံးနိုင်ဘူး .. ကြီးမြတ်တဲ့တာအိုရဲ့ စစ်ဆေးခြင်းပဲ” နျင်ချွမ်းပြောလိုက်သည်။

ထို့နောက်တွင် ရွှေရောင်နတ်ချိန်းကြိုးများ မြှောက်တက်လာကာ ရွှေရောင်အလင်းလှိုင်းများလည်း ထွက်ပေါ်လာသည်။ ချိန်းကြိုးများမှာမူ နဂါးတစ်ကောင်ကဲ့သို့ပင် ကမ္ဘာမြေကြီးကို ရစ်ပတ်နေလေသည်။

ထိုချိန်းကြိုးများသည် ထာဝရဓားငါးချောင်းကို ဖြတ်ကာ ချင်းဟောင်ထံသို့ ဦးတည်လိုက်လေ၏။

“အမ်..” ချင်းဟောင် ထိတ်လန့်သွားရသည်။ ဤရွှေရောင်ချိန်းကြိုးသည် အရာဝတ္တုတစ်ခုနှင့်တူနေသော်လည်း တကယ်တမ်းတွင် နတ်စိတ်ဝိဉာဉ်ချိန်းကြိုးပင်။ အသွေးအသားကို တိုက်ခိုက်သည်မဟုတ်ပဲ ဝိဉာဉ်ကို ထိန်းချုပ်ကန့်သတ်ခြင်းပင်။

“အပြစ်သားရဲ့သွေးကို စစ်ဆေးခြင်း”

နျင်ချွမ်း အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းများ တောက်ပလာကာ နတ်ချိန်းကြိုးများလည်း ပို၍ပင် တောက်ပလာကာ အရာအားလုံးကို ဖုံးလွှမ်းသွားလေ၏။ ဤကြိုးများသည် တောင်များကို ရစ်ပတ်ကာ ချင်းဟောင်ကို ဖမ်းထားလိုက်လေသည်။

ရွှီး..

ရှီဟောင် လှုပ်ရှားလိုက်ကာ ချင်းဟောင် လွတ်မြောက်အောင် ကူညီပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှီယိလည်း လှုပ်ရှားလိုက်သည်။ သူ၏လက်ဝါးကို ထုတ်လိုက်ကာ “မင်းကို နည်းနည်းစောစောလေးသတ်ပြီးတော့ သွေးစတေးခံလုပ်လိုက်မယ်”

တစ်ခဏလေးအတွင်းမှာပင် ချိန်းကြိုးသည် လီပေါင်းများစွာ ရှည်လျားနေပြီဖြစ်ပြီး မြွေတစ်ကောင်ကဲ့သို့ပင် လှုပ်ရှားနေလေသည်။

ထိုချိန်းကြိုးသည် ရှီဟောင်နှင့်ရှီယိကိုပင် ရစ်သိုင်းလိုက်လေ၏။ ယခုအချိန်တွင် သူတို့အားလုံးကို ရွှေရောင်သင်္ကေတများ ဝန်းရံထားလေပြီ။

ဤမြင်ကွင်းမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ နျင်ချွမ်းသည် သူတစ်ယောက်တည်းဖြင့်ပင် အပြစ်သားသွေးမျိုးဆက်သုံးယောက်ကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။

ဝုန်း..

ကောင်းကင်ကိုပင် ဖုံးလွှမ်းနိုင်လောက်သည့် အရိုးစာသားများထွက်ပေါ်လာလေ၏။ ဤနေရာသည် ရွှေရောင်လောကကြီးဖြစ်သွားကာ နတ်ခွန်အားပင်လယ်ဖြစ်လာသည်။

ပျက်စီးနေသောထာဝရတောင်ကြောတွင်ရှိနေသည့် ကျင့်ကြံသူများသည် ဆက်တိုက်ပင် အနောက်ဆုတ်လိုက်ကြသည်။ အချို့သက်ရှိများမှာ တောအုပ်မှ ထုတ်လွှတ်သည့်ဖိအားကြောင့် ပြိုလဲကျသွားကြသည်။

“ကောင်းကင်ရဲ့စစ်ဆေးခြင်း .. ရန်သူအားလုံးကို ဖိနှိပ်နိုင်တဲ့ ကြီးမြတ်တဲ့တာအို .. ကောင်းကင်ပေါ်မှာ နတ်ချိန်းကြိုးပေါ်လာတာနဲ့ နတ်ဘုရားတွေအားလုံး ဖိနှိပ်ခံရတယ်” ခပ်ဝေးဝေးတွင်ရှိနေသည့် ထူးခြားပါရမီရှိသူတစ်ယောက်မှ သက်ပြင်းချလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းချုပ်၍မရလောက်အောင်ပင် တုန်ယင်နေသည်။

ရွှေရောင်နတ်ချိန်းကြိုးများပေါ်လာသည်နှင့် နတ်ဘုရားများပင် တုန်ယင်သွားကြရသည်ဟု ပြောကြသည်။

ထို့အပြင် ဤချိန်းကြိုးသည် အသွေးအသားများကို တိုက်ခိုက်ခြင်းမဟုတ်ပဲ နတ်အာရုံများကို အကျဉ်းချထားခြင်းပင်။

ချင်းဟောင်သည် ဒေါသတကြီးပင် ရုန်းကန်နေလေ၏။ သူ၏ဝိဉာဉ်မှာ ခန္ဓာကိုယ်မှ ထွက်သွားတော့မည်ဟု ခံစားနေရသည်။ သူ ခက်ခက်ခဲခဲရုန်းကန်နေသော်လည်း ထွက်ပြေးလွတ်မြောက်နိုင်ရန် ခက်ခဲနေသည်ဟု ခံစားနေရသည်။

အခြားနေရာနှစ်ခုတွင်ရှိနေသည့် ရှီဟောင်နှင့် ရှီယိတို့ထံမှ အေးစက်သည့် နှာခေါင်းရှုံ့သံများ ထွက်ပေါ်လာသည်။ အလင်းတန်းများ ထွက်ပေါ်လာကာ အရိုးစာသားများသည် ကောင်းကင်ကြီးကို ဖျက်ဆီးလိုက်လေသည်။ ကြောက်စရာကောင်းသည့်ငလျင်များလည်း ထွက်ပေါ်လာလေသည်။

“သရဖူခြောက်ခုဘုရင် ဖြစ်ထိုက်ပါပေတယ် .. သူ့ရဲ့ထူးခြားတဲ့ ဟန်ပန်အမူအရာက ပြိုင်ဘက်ကင်းတယ် .. ဒီလောကကြီးမှာ ဘယ်သူကများ သူ့ကို နှိုင်းယှဉ်နိုင်လို့လဲ .. သူတစ်ယောက်တည်းကပဲ ထူးချွန်တဲ့သူတွေအများကြီးကို ခေါင်းမမော့နိုင်အောင် ဖိနှိပ်ထားခဲ့တာ … သူ့နဲ့တိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ”

တောင်ကြောတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ မှတ်ချက်ပေးလိုက်သည်။

ဝုန်း..

ချင်းဟောင်၏ဝိဉာဉ်ကွဲထွက်သွားတော့မည်။ သူသည် အလွန်ပင် အန္တရာယ်များသည့်အခြေအနေသို့ ရောက်နေလေပြီ။

“ငါ့အတွက် ဖျက်ဆီးပေး”

ချင်းဟောင် ဟစ်ကြွေးလိုက်သည်။ သူ၏ရင်ဘတ်တောက်ပလာကာ ထာဝရအလင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။ သူသည် ရွှေရောင်နတ်ချိန်းကြိုးမှ ဖောက်ထွက်လိုက်ကာ သူ၏ဝိဉာဉ်ကို ယာယီလွတ်မြောက်စေလိုက်သည်။

သို့သော် နတ်ချိန်းကြိုးများသည် တစ်လွှာပြီးတစ်လွှာ ဖြစ်ပေါ်လာပြီး သူ့ကို နောက်တစ်ကြိမ်ဖိနှိပ်လာလေသည်။

ဤသည်မှာ ချင်းဟောင်၏မှော်စွမ်းအင်များကို လှိုက်စားနေသည့် ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုပင်။

“ငါ့အတွက် ပြိုကွဲစမ်း.. ” ချင်းဟောင် ဟစ်ကြွေးလိုက်၏။ သူ၏ရင်ဘတ် နောက်တစ်ကြိမ်တောက်ပလာကာ နတ်ချိန်းကြိုးများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

သို့သော် ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ သတ္တုသံများ ထွက်ပေါ်လာလေ၏။

နျင်ချွမ်း၏လက်ဝါး တောက်ပလာကာ သွေးရောင်နတ်ချိန်းကြိုးထွက်ပေါ်လာသည်။ ထိုနတ်ချိန်းကြိုးလည်း တောက်ပနေသော်လည်း ငြိမ်းချမ်းမှုများရှိမနေပဲ သတ်ဖြတ်လိုသည့်အငွေ့အသက်များသာ ရှိနေသည်။

ထို့နောက်တွင် လောကကြီးမှာ ကျောချမ်းစရာကောင်းလောက်အောင် အေးစက်လာသည်။ ထိုသွေးရောင်နတ်ချိန်းကြိုးသည် ရန်သူများကို သတ်ဖြတ်ရန်အတွက် လျင်မြန်စွာပင် အပြင်ဘက်သို့ ထွက်သွားလိုက်သည်။

“နတ်ဘုရားတွေရဲ့ အချုပ်အနှောင် … ကောင်းကင်ရဲ့စစ်ဆေးခြင်း” နျင်ချွမ်းပြောလိုက်သည်။

ဤသွေးရောင်နတ်ချိန်းကြိုးနှင့် ရွှေရောင်နတ်ချိန်းကြိုးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်မှာ သိသာလှသည်။ ဤသည်မှာ ကြောက်စရာကောင်းသည်ထက်ပင် ပိုသည်။

ချင်းဟောင်သည် ဟစ်ကြွေးလိုက်ကာ အားကုန်ခုခံလိုက်သည်။

ရွှေရောင်နတ်ချိန်းကြိုးသည် သူ၏ဝိဉာဉ်ကို ဆွဲထုတ်နေသည့်အချိန်တွင် သွေးရောင်ချိန်းကြိုးသည် သူ့ကို သေအောင်လုပ်နေလေ၏။

“ထာဝရတာအိုပျက်စီးစေခြင်း” ချင်းဟောင် အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူ၏ရင်ဘတ်တွင် နေလေးတစ်လုံး ရှိနေသကဲ့သို့ပင်။ ထိုနေလုံးမှ အလင်းများ ထုတ်လွှတ်နေပြီး သူ့တစ်ကိုယ်လုံးကို တောက်ပနေစေလေသည်။

လေထဲတွင် သဘာဝဥပေဒသတစ်မျိုး ထွက်ပေါ်လာပြီး ပျက်စီးနေသောထာဝရတောင်ကြားတွင်ရှိနေသည့်သူအားလုံးကို ထိတ်လန့်သွားစေလေသည်။

ယခုအချိန်တွင် ထာဝရအစစ်အမှန်တစ်ယောက်ဆင်းသက်လာသကဲ့သို့ပင်။ လောကကြီးကို သူ၏ခွန်အားဖြင့် ဖုံးလွှမ်းထားလေသည်။

“အမ်…” နျင်ချွမ်း အံ့အားသင့်သွားရသည်။ ဤသည်မှာ သူ၏အမူအရာပြောင်းလဲသွားသည့် ပထမဆုံးအကြိမ်ပင်။

ရွှေရောင်နတ်ချိန်းကြိုးနှင့် သွေးရောင်နတ်ချိန်းကြိုးနှစ်ခုလုံးမှာ ဤတိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားကြလေသည်။

အပြင်ဘက်တွင်ရှိနေသည့် ကျွမ်းကျင်သူများလည်း ထိတ်လန့်သွားကြသည်သာ။

“မင်းမှာ ထာဝရအရိုးရှိနေတယ်ဆိုပေမယ့် ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ စွမ်းအားက အကန့်အသတ်ရှိနေတယ် .. ဒီလိုပစ္စည်းမျိုးက ငါနဲ့အသင့်တော်ဆုံးပဲ .. ငါ့ရဲ့ လက်အရိုးနဲ့သာ အတူတူသုံးလိုက်ရင် မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းဖြစ်သွားမှာ” နျင်ချွမ်းပြောလိုက်သည်။

နတ်ချိန်းကြိုးများသည် ဆက်တိုက်ပင် ပျက်စီးနေသော်လည်း နျင်ချွမ်း၏ မှော်စွမ်းအားအောက်တွင် ပြန်လည်ကောင်းမွန်လာလေသည်။ သူသည် ချင်းဟောင်၏ မှော်ခွန်အားများကို ဖြုန်းတီးနေခြင်းပင်။

ကြည့်နေကြသည့်သူအားလုံး စိတ်လှုပ်ရှားသွားကြရသည်။ အပြစ်သားသွေးမျိုးဆက်မှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။ အငယ်ဆုံးတစ်ယောက်ပင်လျှင် နတ်ချိန်းကြိုးကို ဖျက်ဆီးပစ်နိုင်သည်။

သူ၏အဖိုးတန်ပညာများလည်း ထူးခြားသည်သာ။

သိထားရမည်မှာ ယခင်က ဤကဲ့သို့သော နတ်ချိန်းကြိုးနှစ်မျိုးပေါ်လာသည်နှင့် ကောင်းကင်ပါရမီရှင်များကိုပင် သတ်နိုင်သည်။ သူ၏ခြေထောက်အောက်တွင် သူရဲကောင်းအလောင်းများ ဘယ်နှလောင်းပင်ရှိနေပြီကို မသိနိုင်ပေ။

ထို့အပြင် နျင်ချွမ်းသည် သူ၏မှော်စွမ်းအင်ကို အသုံးပြုကာ ချင်းဟောင်၏နတ်စွမ်းရည်ကို ဖိနှိပ်နေခြင်းပင်။

“မင်းက ငယ်သေးတော့ မင်းရဲ့ကျင့်ကြံခြင်းလည်း သိပ်မလေးနက်သေးဘူး” ရှီဟောင်၏အသံထွက်ပေါ်လာသည်။

သူ ချင်းဟောင်ကိုပြောလိုက်ခြင်းပင်။

တစ်ချိန်တည်းမှာပင် ရှီယိထံမှလည်း အလင်းတန်းများ ထွက်ပေါ်လာသည်။

သူတို့နှစ်ဦးလုံး လှုပ်ရှားလိုက်ကာ ကောင်းကင်ထက်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေ၏။ ရွှေရောင်နတ်ချိန်းကြိုးနှင့် သွေးရောင်နတ်ချိန်းကြိုးနှစ်ခုလုံး တစ်လက်မစီ ကျိုးပဲ့သွားလေ၏။

“ခြောက်နှစ်ကလေးလေး … မင်းက ဒီလောက်ပဲ လုပ်တတ်တာလား”

ကျောက်တုံးနှစ်တုံးလုံးသည် နျင်ချွမ်းကို သတ်ရန်အတွက် လှုပ်ရှားလာကြသည်။

ချင်းဟောင်သည်လည်း ဒေါသတကြီး အော်ဟစ်ကာ ပြေးလာသည်။

“ဒါက..” အားလုံး တုန်ယင်သွားရသည်။

“အခြေအနေ ပြောင်းလဲသွားပြီ”

“ငါတို့တစ်ယောက်ထဲသတ်ရင်တောင် ရတယ် .. ဒါပေမဲ့ မင်းကို ဒီလိုမျိုးသတ်ရတာလောက် ခံစားလို့ကောင်းမှာ မဟုတ်ဘူး” ရှီယိ ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

“မင်းတို့အောင်မြင်လိမ့်မယ်လို့ တကယ်ယုံကြည်နေတာလား” နျင်ချွမ်းအေးစက်စွာပင် ပြောလိုက်သည်။

သူ၏လက်များမှ တံဆိပ်များဖြစ်ပေါ်လာပြီး အေးစက်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း လေထဲတွင် ပျံ့လွင့်လာသည်။

“သွားသေလိုက်တော့” ချင်းဟောင် အော်ဟစ်လိုက်သည်။

ကျန်သည့်ကျောက်တုံးနှစ်တုံးမှာမူ အစောကြီးကတည်းက အရှေ့သို့ ရောက်နေပြီးသားပင်။

ဤတိုက်ပွဲမှာ အချိန်တိုတောင်းမည်သာ။ သူတို့အားလုံးသည် ကြောက်စရာကောင်းသည့်နည်းလမ်းများကို အသုံးပြုကာ တိုက်ခိုက်နေကြလေ၏။

ဝုန်း ဝုန်း ဝုန်း…

ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားရသည်။

လူသားပုံရိပ်များသည် ဆန့်ကျင်ဘက်အရပ်သို့ လွင့်ထွက်သွားကာ ကောင်းကင်ထက်တွင်လည်း သဘာဝဥပေဒသများလည်း ထွက်ပေါ်လာသည်။ လေဟာနယ်တွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

လေဟာနယ်ထဲတွင် မရေမတွက်နိုင်သည့် ကြယ်များ ထွက်ပေါ်လာသည်။ ထိုကြယ်များအားလုံးသည် နျင်ချွမ်းအား ဝန်းရံထားလေသည်။

ဤသည်မှာ ရှီဟောင်၏အဖိုးတန်ပညာပင်။ လျှပ်စီးဧကရာဇ်၏ လျှို့ဝှက်ပညာတစ်ခုဖြစ်ပြီး ထိုကြယ်များအားလုံးမှာ လျှပ်စီးများမှ ဖြစ်ပေါ်လာခြင်းပင်။ ယခုအချိန်တွင် ထိုကြယ်များသည် နတ်ချိန်းကြိုးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ကို ဖုံးလွှမ်းသွားလေသည်။

“မကောင်းတော့ဘူး” အပြင်ဘက်တွင်ရှိနေသည့်သူအားလုံး ထိတ်လန့်သွားရသည်။

“သတ်..”

တစ်ချိန်တည်းမှာပင် နျင်ချွမ်းနှင့်ရှီယိတို့လည်း နတ်စွမ်းရည်များကို ပြသနေကြကာ ထူးဆန်းသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေသည်။

အားလုံး၏မျက်လုံးအောက်မှာပင် နျင်ချွမ်း၏အဖိုးတန်ပညာသည် ကျောက်တုံးကြီးကို ထိုးဖောက်သွားလေ၏။ သို့သော်လည်း ရှီယိသည် ထိုတိုက်ခိုက်မှုကို မရှောင်ပေ။

“မကောင်းတော့ဘူး”

အပြင်ဘက်တွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားအနည်းငယ်၏အမူအရာများ ပြောင်းလဲသွားသည်။

“ကောင်းကင်ပြုပြင်ခြင်းပညာ” ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ နူးညံ့စွာ ပြောလိုက်သည်။

ထိုးဖောက်ခံလိုက်ရသည်ဟု ထင်လိုက်ရသည့်ခန္ဓာကိုယ်သည် အနောက်ဘက်တွင် ပြန်ပေါ်လာပြီး ရှီယိမှာ အကောင်းပကတိပင်။ ထိုအချိန်တွင် သူသည်လည်း နတ်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ နျင်ချွမ်း၏ပုခုံးကို ထိုးဖောက်သွားစေကာ သွေးများ လွင့်စင်လာလေသည်။

“နှစ်ထပ်မျက်လုံးက အသည်းအသန်တိုက်ခိုက်တော့မယ့်ပုံ ပေါက်နေပေမယ့် တကယ်တမ်းတော့ သူက ကောင်းကင်ပြုပြင်ခြင်းပညာကို အကာအကွယ်ယူပြီးတော့ သူ့ရဲ့ကိုယ်ပိုင်တိုက်ခိုက်မှုနဲ့ ရန်သူကို ဒဏ်ရာရအောင်လုပ်တာ”

ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ မှတ်ချက်ပေးလိုက်သည်။

သရဖူခြောက်ခုဘုရင်ကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် ဒဏ်ရာရပြီး သွေးထွက်နေလေပြီ။

ဝုန်း..

ထိုအချိန်တွင် ရှီဟောင်သည် မှော်ချိန်းကြိုးတစ်ခုကို ဆွဲထုတ်လိုက်ကာ အနည်းငယ် လှုပ်ခါလိုက်သည်နှင့် ကောင်းကင်ထက်တွင်ရှိနေသည့် ကြယ်များအားလုံး ပေါက်ကွဲသွားသည်။

နေရာတိုင်းတွင် လျှပ်စီးအလင်းတန်းများ စီးဆင်းသွားသည်။

“ကြောက်စရာကောင်းလိုက်တာ”

နျင်ချွမ်း၏ခန္ဓာကိုယ်တောက်ပလာကာ အရိုးစာသားများလည်း ထွက်ပေါ်လာပြီး ဤတိုက်ခိုက်မှုကို ခုခံလိုက်သလို သူ၏တိုက်ခိုက်မှုများကိုလည်း ထုတ်လွှတ်လိုက်သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ဖရိုဖရဲဖြစ်လာကာ လျှပ်စီးများလည်း မကုန်ဆုံးနိုင်အောင် ထွက်ပေါ်လာသည်။

အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် နျင်ချွမ်း၏ ညာလက်မှာ မည်းတူးနေပြီး သွေးများ တစ်စက်စက်စီးကျနေသည်။

သို့သော် အငယ်ဆုံးချင်းဟောင်သည် သူ၏တိုက်ခိုက်မှုကို ခံလိုက်ရကာ သူ၏နှုတ်ခမ်းထောင့်မှ သွေးစီးကျလာသည်။

“စိတ်မပူနဲ့ .. မင်းက အတွေ့အကြုံမရှိသေးလို့ .. သူ့လိုမျိုးလူကို အလောတကြီး တိုက်စရာမလိုဘူး .. သူ့ကို အချိန်ခဏလေးနဲ့သတ်လိုက်နိုင်ရင် သူက ခြောက်နှစ်ကလေးလေး မဟုတ်တော့ဘူး” ရှီဟောင် နှစ်သိမ့်လိုက်သည်။

အပိုင်း ၁၀၄၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၅ – ပျက်စီးခြင်း

ကောင်းကင်ထက်တွင် အနီရောင်သွေးစက်များ ပေါလောပေါ်နေသည်။ ထိုသွေးများသည် အောက်ဘက်သို့ ကျမသွားပဲ အနီရောင်စိန်များကဲ့သို့ပင် တောက်ပနေလေသည်။ ဤသည်မှာ နျင်ချွမ်း၏သွေးများပင်။

သူ၏လက်မောင်းတစ်ဖက်မှာ မည်းတူးနေပြီး သွေးများဖုံးလွှမ်းနေသည်။ သူ၏ပုခုံးသည်လည်း ထိုးဖောက်ခံထားရပြီး ထိုနေရာမှလည်း သွေးများ စီးကျနေသည်။

မြင်ကွင်းမှာ ပြန်လည်တည်ငြိမ်သွားလေပြီ။ ကြည့်နေကြသည့်သူအားလုံးမှာ အသက်ရှူကြပ်သွားသလိုပင်။

သရဖူခြောက်ခုဘုရင် ဒဏ်ရာရသွားပြီ .. ဤသည်မှာ ထိတ်လန့်စရာကောင်းသည့် အဖြစ်အပျက်ကြီးပင်။

ယခင်တုန်းက မည်သူကများ သူ့အား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သနည်း.. စွမ်းအားအကြီးဆုံး အဆင့်လွန်လူငယ်များပင် သူ့ရှေ့တွင် ဝပ်တွားခယခဲ့ရသည်သာ။

“မင်းတို့အားလုံးကို သေဒဏ်ပေးပစ်မယ်” နျင်ချွမ်း၏အသံမှာ တည်ငြိမ်နေသော်လည်း ကြောက်စရာကောင်းသည့်ဖိအားကို ထုတ်လွှတ်နေဆဲပင်။

ဝုန်းဟူသည့်အသံနှင့်အတူ လေထဲတွင်ရှိနေသည့် သွေးစက်များသည် အနီရောင်မြူများအဖြစ် ပြောင်းလဲသွားကာ ဤနေရာတစ်ခုလုံးကို ဝန်းရံသွားလေသည်။

“သတ်…”

နျင်ချွမ်းထံမှ အော်ဟစ်သံ ထွက်လာပြီးသည့်နောက်တွင် ဤကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး သွေးရောင်သင်္ကေတများလည်း တောက်ပလာသည်။ ဤလောကကြီးမှာ မီးဖိုအဖြစ်သို့ ပြောင်းလဲသွားသလိုပင်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။

“ဘာဖြစ်နေတာလဲ” တောအုပ်အတွင်းတွင်ရှိနေသည့် သက်ရှိများ အော်ဟစ်လိုက်ကြသည်။ လောကကြီးတစ်ခုလုံးမှာ သွေးရောင်ပြောင်းနေပြီဖြစ်ပြီး သတ်ဖြတ်ခြင်းစွမ်းအင်များလည်း ထွက်ပေါ်နေသည်။

ဝုန်း…

ထို့နောက်တွင် အဆုံးမရှိနိုင်သည့် လူသတ်အလင်းများ ထွက်ပေါ်လာပြီး ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်ပေါ်သို့ ရောက်သွားသည်။

“သတ် သတ် သတ် သတ် သတ်”

နျင်ချွမ်းသည် ထိုစကားလုံး ငါးလုံးကို ဆက်တိုက်ပြောလိုက်သည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်လှိုင်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းမိုးသွားကာ အသိုက်နယ်မြေကိုပင် တုန်လှုပ်သွားစေနိုင်သည်။

သင်္ကေတများ တောက်ပလာပြီး အဖိုးတန်ပညာများသည် ကောင်းကင်ကို ထိုးဖောက်နေကြသည်။

စစ်မြေပြင်မပြောနှင့် ခပ်ဝေးဝေးမှကြည့်နေကြသည့်သူများပင်လျှင် ထူးဆန်းစွာပင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြလေသည်။

ဘာဖြစ်နေတာလဲ .. လူများစွာမှာ ထိတ်လန့်သွားရသည်။ သူတို့သည် အတော်ဝေးဝေးသို့ ရောက်နေခြင်းဖြစ်သော်လည်း ဤကပ်ဆိုးကို ခံစားနေရသည့်သူများ ရှိနေဆဲပင်။

“ဒါက စွမ်းအားအကြီးဆုံး သတ်ဖြတ်လိုစိတ်ပဲ .. သူတို့ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး .. သူတို့ရဲ့မူလဝိဉာဉ်တွေ ပျက်စီးသွားလောက်ပြီ” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။

လူအုပ်ကြီးမှာ တုန်ယင်သွားရကာ နောက်ဆုတ်သွားကြသည်။

ယခုအချိန်တွင် အပြစ်သားသွေးမျိုးဆက်သုံးယောက် မည်ကဲ့သို့သော ကပ်ဆိုးမျိုး ခံစားနေရမည်ကို ခန့်မှန်းကြည့်ရန်ပင် ခက်ခဲလှသည်။ သေချာပေါက် ပို၍ ကြောက်စရာကောင်းမည်သာ။

ဝုန်း…

ကောင်းကင်ထက်တွင် အလင်းတန်းသုံးခု ထွက်ပေါ်လာလေ၏။

ရှီယိ၏ နှစ်ထပ်မျက်လုံးတောက်ပလာကာ အလင်းတန်းမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ထိုနေရာတွင်ရပ်ကာ ဤတိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ရှီဟောင်သည် ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်ကာ သွေးမြူများကို ဖြတ်သန်းသွားခွင့်မပြုပေ။

သူသည် နျင်ချွမ်းထံသို့ ဦးတည်သွားလိုက်သည်။

“ငါ့သွေးတွေက အလကားသက်သက် စီးကျလာတာမဟုတ်ဘူး .. တာအိုခြောက်ခု” နျင်ချွမ်းအော်ဟစ်လိုက်သည်။

ကောင်းကင်ထက်တွင်ရှိနေသည် သွေးမြူများသည် ချက်ချင်းပင် အရည်ပုံစံသို့ ပြောင်းလဲသွားကာ လောကကြီးမှာ ပို၍ပင် ကြောက်စရာကောင်းလာလေသည်။

“သွားသေလိုက်တော့” ချင်းဟောင် ဟစ်ကြွေးလိုက်သည်။

သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ဒြပ်စင်ငါးခု နတ်အလင်းများ ဝေ့ဝဲနေ၏။ သူ၏ရင်ဘတ်လည်းတောက်ပလာကာ ထူးဆန်းသည့်အဖိုးတန်ပညာကို အသုံးပြုလိုက်ပြီး နျင်ချွမ်းအား လွင့်ထွက်သွားအောင် လုပ်လိုက်သည်။

“အနိမ့်အမြင့်ရှိတဲ့ တာအိုခြောက်ခု” နျင်ချွမ်းအော်ဟစ်လိုက်သည်။ သွေးပင်လယ်ကြီးမှာ သင်္ကေတအဖြစ်သို့ ပြောင်းလဲသွားကာ ဤနေရာကို လွှမ်းမိုးသွားသည်။

ဝုန်း…

ပြင်းထန်သည့် ထိပ်တိုက်တိုက်ခိုက်မှုများဖြစ်လာပြီး ဤနေရာတစ်ခုလုံးလည်း ထိန်လင်းသွားသည်။

အားလုံးတုန်လှုပ်သွားရ၏။ သရဖူခြောက်ခုဘုရင် ဖြစ်ထိုက်ပါပေသည်။ သူ၏ခန္ဓာကိုယ်မှ ထွက်လာသည့်သွေးစက်များမှာ သွေးပင်လယ်အဖြစ်ပင် ပြောင်းလဲသွားနိုင်သည်။

လောကကြီး နောက်တစ်ကြိမ်တည်ငြိမ်သွားသည့်အချိန်တွင် သရဖူခြောက်ခုဘုရင်၏ အင်္ကျီလက်များ စုတ်ပြတ်သတ်နေပြီး သူ၏အဖြူရောင်အဝတ်အစားများလည်း ပျက်စီးနေသည်။ သူ၏အမူအရာလည်း မည်းမှောင်နေသည်။ သူသည် တိုက်ပွဲကို လေးနက်စွာပင် တိုက်ခိုက်နေပြီး သူ၏အနားတွင် နတ်အလင်းကွင်းတစ်ခုရှိနေသည်။

ကျောက်တုံးနှစ်တုံးမှာမူ အရှေ့ဘက်သို့ တက်သွားပြီး သူတို့၏အမူအရာမှာ တည်ငြိမ်နေသည်။

ချင်းဟောင်သည် သူ၏နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ကာ “သူ့ကို အထင်သေးမိသွားတာပဲ .. သူက ဒဏ္ဍာရီတွေထဲကထက်ကို ပိုပြီးတော့ စွမ်းအားကြီးတယ်”

ဝုန်း..

ယခုအချိန်တွင် ရှီယိသည် သူ၏မျက်လုံးကို အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း ခွန်ပန်အတောင်ပံများကို လှုပ်ရှားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားလိုက်သည်။

ချင်းဟောင်သည်လည်း သင်္ကေတများကို ထုတ်လွှတ်ကာ သင်္ကေတများကို ထုတ်လွှတ်လိုက်လေသည်။

ဖူး..

နျင်ချွမ်းသည် လွင့်ထွက်သွားကာ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

သူ၏ခန္ဓာကိုယ်မှာ အတော်လေး ထိခိုက်သွားသည်။

“သရဖူခြောက်ခုဘုရင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီ” အားလုံး၏အသံမှာ တုန်ယင်နေလေ၏။

အားလုံး၏နှလုံးများ အေးခဲသွားရသည်။ ပြိုင်ဘက်ကင်းသည့် သရဖူခြောက်ခုဘုရင်မှာ ဒဏ်ရာရသွားပြီး ဤနေရာတွင် လဲကျတော့မည်လား…

နျင်ချွမ်း ပြန်ထလိုက်၏။ သူ၏အဖြူရောင်အဝတ်အစားများမှာ သွေးများစွန်းထင်းနေလေသည်။ သို့သော် သူပြန်ထလာသည့်အချိန်တွင် သူသည် ပို၍ပင် ကြောက်စရာကောင်းလာလေသည်။ သူ၏လက်ထဲတွင်ရှိနေသည့် အရိုးခြောက်မျိုးလက်ကောက်မှာ တောက်ပနေလေသည်။

“အဲဒါက အဆင့်လွန်တာအိုခြောက်ခုလက်ကောက်လို့တော့ ငါ့ကိုမပြောနဲ့နော်” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ထိုလက်ကောက်တွင် နီရဲနေသည့်ငှက်နှုတ်သီး၊ ခရမ်းရောင်အရေခွံ၊ ရွှေရောင်သားရဲသွား စသည်ဖြင့် ခြောက်မျိုးပါဝင်လေသည်။

“လောကခြောက်ခု ပြန်လည်ဝင်စားခြင်း”

နျင်ချွမ်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် လောကကြီးခြောက်ခု ပေါ်လာသကဲ့သို့ပင် အလင်းများ တောက်ပလာလေ၏။ သန်းပေါင်းများစွာသော သက်ရှိများလည်း အော်ဟစ်နေကြသည်။

ဤလျှို့ဝှက်ရတနာမှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။

အရိုးခြောက်ခုမှာ ထူးခြားပါရမီရှိသူခြောက်ယောက်၏ စွမ်းအားအကြီးဆုံး နတ်စွမ်းရည်များကို ကိုယ်စားပြုခြင်းပင်။

ထာဝရရှေးဟောင်းမြေအတွင်းတွင်ရှိနေသည့်သူများမပြောနှင့် အပြင်ဘက်တွင်ရှိနေသည့် အသက်ကြီးသည့်သူများပင်လျှင် အမူအရာများပြောင်းလဲသွားသည်။ လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်စွမ်းရည် ခြောက်မျိုးလုံးကို အတူတကွအသုံးပြုလိုက်ပြီး ပြိုင်ဘက်ကင်းသည့်ခွန်အားကို ပြသနေခြင်းပင်။

ဝုန်း …

ဤနေရာတွင် ဆူညံသံများ ထွက်ပေါ်လာသည်။

နေရာတိုင်းတွင် နတ်အလင်းများ တောက်ပလာပြီး လောကကြီးကို ဖုံးလွှမ်းသွားသည်။

အဖိုးတန်ပညာခြောက်ခုသည် တစ်ခုနှင့်တစ်ခု ထပ်နေပြီး သူတို့လမ်းကြောင်းတွင်ရှိနေသည့် အရာအားလုံးကို ရှင်းလင်းပစ်ကာ အရှေ့ဘက်သို့ ဆက်သွားနေသည်။

“တော်တော်ကောင်းတဲ့ ရတနာပဲ” ရှီဟောင်၏မျက်လုံးများ တောက်ပလာသည်။ ဤလျှို့ဝှက်ရတနာကို သူ ဝိဉာဉ်နယ်မြေတွင် မြင်ဖူးသော်လည်း ထိုပစ္စည်းမှာ ယခုလောက် စွမ်းအားမကြီးပေ။ ဤအရိုးခြောက်ခုမှာ အသက်ဝင်နေသလိုပင်။

“လောကခြောက်ခု ပြန်လည်ဝင်စားခြင်းလား .. ဒါက ငါနဲ့တော်တော်လိုက်ဖက်တယ်လို့ ခံစားရတယ်” ရှီဟောင် တီးတိုးပြောလိုက်သည်။ ထို့နောက်တွင် သူသည်ပြန်လည်ဝင်စားခြင်းအဖိုးတန်ပညာကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။

ဝုန်း..

“အမ်..” ချင်းဟောင် ထိတ်လန့်သွားရသည်။ သူ၏ရင်ဘတ်ထဲရှိ အရိုးသည် သူ၏ထိန်းချုပ်မှုမရှိပဲ အလိုအလျောက် အသက်ဝင်လာကာ သူ့အစ်ကို၏ တိုက်ခိုက်မှုနှင့် ပူးပေါင်းသွားကာ ဤအဖိုးတန်ပညာကို ထုတ်လွှတ်လိုက်လေသည်။

“စိတ်ဝင်စားစရာပဲ … ဒီလက်ကောက်က မဆိုးဘူး” ရှီယိပြောလိုက်ပြီး သူ၏မျက်လုံးများလည်း တောက်ပနေလေသည်။ သူသည်လည်း ကြောက်စရာကောင်းသည့် နတ်စွမ်းရည်ကို ပြသလိုက်သည်။

ဝုန်း…

ထို့အပြင် သူသည် ထိုလက်ကောက်ကို ယူရန်အတွက် ရှီဟောင်ကဲ့သို့ပင် တရှိန်ထိုးပြေးသွားလေသည်။

ကြည့်နေကြသည့်သူများအားလုံး ဆွံ့အသွားကြသည်။ ဤသုံးယောက်မှာ အရူးကဲ့သို့ပင်။ ဤမျှကြောက်စရာကောင်းသည့် တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသော်လည်း သူတို့သည် မကြောက်ရွံ့သည့်အပြင် ဤရတနာကိုပင် သွားယူနေကြသေးသည်။

ဝုန်း..

သင်္ကေတအလင်းတန်းများ တောက်ပလာကာ မြင်ကွင်းအားလုံးကို ဖုံးကွယ်သွားလေ၏။

အော်ဟစ်သံ ထိပ်တိုက် ထိခတ်သံများသာ ထွက်လာလေသည်။

လူသားပုံရိပ်များ လှုပ်ရှားနေပြီး လျှပ်စီးအလင်းတန်းများလည်း တောက်ပနေသည်။

အရိုးစာသားများ ရှင်းသွားသည့်အချိန်တွင် လေဟာနယ်တွင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာကာ ပြန်ပိတ်မသွားတော့ပေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် တိုက်ခိုက်မှုမှာ မည်မျှပင်ပြင်းထန်သည်ကို သိနိုင်သည်။

ပို၍ထိတ်လန့်စရာကောင်းသည်မှာ နှစ်ထပ်မျက်လုံးအသုံးပြုသူနှင့် ရှီဟောင်တို့သည် လက်ကောက်အတွက်ဖြင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြသည့်ပုံပင်။

နောက်ဆုံးတွင် လက်ကောက်သည် တောင်ကြောအတွင်းသို့ ကျရောက်သွားသည်။ သို့သော်လည်း ထိုလက်ကောက်မှာ တောက်ပနေဆဲပင်။ မည်သူမှတော့ ထိုလက်ကောက်နောက် မလိုက်ကြသေးပေ။

“သရဖူခြောက်ခုဘုရင် ဒဏ်ရာရသွားပြန်ပြီ”

အားလုံးသည် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် နျင်ချွမ်းကို ကြည့်လိုက်ကြ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအသစ်များ ရှိနေလေ၏။

“နျင်ချွမ်းက လက်ကောက်ကိုတောင် ဆုံးရှုံးသွားပြီ .. ဒါက ဘယ်လောက်တောင် အန္တရာယ်များနေသလဲဆိုတာ သိသာနေတယ် .. တကယ်ကို အရေးကြီးတဲ့အခြေအနေရောက်နေပြီပဲ”

“ငါတို့သူ့ကိုသတ်မယ်ဆိုရင် ငါတို့ဒီလိုလုပ်နေလို့မရဘူး .. လက်ကောက်ကို ဘယ်သူယူမလဲဆိုတာကတော့ ငါတို့နောက်မှ ဆုံးဖြတ်လို့ရတယ်” ရှီယိပြောလိုက်သည်။

“ကောင်းပြီလေ” ရှီဟောင်ခေါင်းညိမ့်လိုက်သည်။

“ငါ နျင်ချွမ်းက လောကကြီးထဲမှာ ထွက်ပေါ်လာကတည်းက ဘယ်သူမှ ငါ့ကို ဒီလိုမျိုး အထင်မသေးရဲဘူး” နျင်ချွမ်းအေးစက်စွာပင် နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက်ပင် သူ၏မျက်ခုံးကြားမှ နဂါးပုံစံသင်္ကေတများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ နတ်အလင်းတန်းများလည်း တောက်ပလာလေသည်။

“ဘုရားရေ … ဒါက သရဖူခြောက်ခုဘုရင်ရဲ့ မွေးရာပါ နတ်စွမ်းရည်ပဲ”

ခပ်ဝေးဝေးတွင်ရှိနေသည့် သက်ရှိများအားလုံး ကြောက်လန့်သွားရသည်။

သူမွေးလာသည့်အချိန်တုန်းက သူ၏နဖူးတွင် နဂါးပုံပေါ်လာပြီး ကျောဘက်တွင် ကောင်းကင်ပုံများ ပေါ်လာသည်ဟု ပြောကြလေသည်။ သူ့ထံတွင် လျှို့ဝှက်ပညာ အနည်းဆုံး ၂ ခု ရှိလေသည်။ သို့သော် သူ ထိုပညာများကို သိပ်မသုံးပေ။

အချို့လူများသည် ထိုပညာကို တွေ့ခဲ့ဖူးသော်လည်း ထိုလူများအားလုံး သေဆုံးသွားလေပြီ။

သူ ဤပညာသုံးလာအောင် ဖိအားပေးနိုင်သည့်သူများမှာလည်း သေချာပေါက် စွမ်းအားကြီးသည့် ထူးခြားပါရမီရှိသူများပင်။

ဝုန်း…

ရှီယိ လှုပ်ရှားလိုက်သည်။ သူ၏မျက်လုံးများတောက်ပလာကာ အလင်းတန်းနှစ်ခု ပစ်လွှတ်လိုက်လေသည်။

ထိုအလင်းတန်းတွင် ဖရိုဖရဲစွမ်းအင်များလည်း ပါဝင်နေလေ၏။

တစ်ချိန်တည်းမှာပင် ပြန်လည်ဝင်စားခြင်းသင်္ကေတမှ ဖြစ်ပေါ်လာသည့် ဓားတစ်ချောင်းသည် ချွမ်ဟူသည့်အသံနှင့် ထွက်ပေါ်လာလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ချင်းဟောင် စိတ်လှုပ်ရှားသွားရသည်။ သူ့အစ်ကိုသုံးလိုက်သည့် ပြန်လည်မွေးဖွားခြင်းပညာသည် သူနှင့်မတူပေ။ ထိုသင်္ကေတသည် သူ့ထက်ပို၍ လျှို့ဝှက်နက်နဲသည်ဟု သူ ခံစားနေရသည်။

“သူသေသွားပြီးတော့ သူ့ရဲ့ ပြန်လည်ဝင်စားခြင်းပညာက တစ်ဆင့်တက်သွားတာလား” သူခန့်မှန်းကြည့်လိုက်သည်။

ဝုန်း…

ထို့နောက်တွင် ချင်းဟောင်သည် သူ၏ထာဝရအရိုးကို အသုံးပြုလိုက်သည်။ သူအရှုံးကို ဝန်မခံချင်သောကြောင့် သူ၏စွမ်းအားအကြီးဆုံးအပိုင်းကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။

ကျွမ်းကျင်သူလေးယောက်သည် သူတို့၏လျှို့ဝှက်ပညာများကို ထုတ်သုံးလိုက်ကြသည်။ ဤနေရာမှာ ချက်ချင်းပင် ဆူညံသွားရသည်။

ဤနေရာတွင် တိုက်ပွဲရလဒ်ထွက်လာတော့မည်ကို အားလုံးသိလိုက်ရသည်။

သို့သော် နှမြောစရာကောင်းသည်မှာ ဘာဖြစ်နေသည်ကို သူတို့မမြင်ရပေ။ ဤနေရာတစ်ခုလုံးကို နတ်အလင်းတန်းများ ဖုံးလွှမ်းနေပြီး ဖရိုဖရဲစွမ်းအင်များလည်း ရှိနေသည်။

အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။

ဖုန်း..

သွေးရောင်အလင်းထွက်ပေါ်လာကာ ချင်းဟောင် လွင့်ထွက်သွားကာ သွေးအန်သွားလေ၏။

“ချင်းဟောင် ဒဏ်ရာရသွားပြီ .. နျင်ချွမ်းနိုင်သွားတာလား”

“သရဖူခြောက်ခုဘုရင်မှာ ထူးခြားတဲ့ပညာရှိတယ် .. ဘာပဲဖြစ်ဖြစ် သူ နိုင်မှာပဲ”

အားလုံးစိတ်လှုပ်ရှားနေကြသည်။ နျင်ချွမ်းသည် ရန်သူများကို သတ်ပြီး ပြန်လာနိုင်မလား..

ကံမကောင်းစွာဖြင့်ပင် ဒေါသတကြီးအော်ဟစ်သံထွက်ပေါ်လာကာ မြူများကင်းရှင်းသွားသည့်အချိန်တွင် ထိတ်လန့်စရာကောင်းသည့်မြင်ကွင်းတစ်ခုကို အားလုံးမြင်လိုက်ရသည်။

ရှီဟောင်၏လက်ထဲတွင် ပြန်လည်ဝင်စားခြင်းသင်္ကေတများဖြင့် ဖန်တီးထားသည့် အလင်းဓားတစ်ချောင်းရှိနေပြီး ယခုအချိန်တွင် ထိုဓားသည် နျင်ချွမ်း၏ ဦးခေါင်းကို ထိုးဖောက်နေလေသည်။ သူ၏ကျောဘက်တွင်ရှိနေသည့် ခွန်ပန်အတောင်ပံတစ်စုံသည် နျင်ချွမ်း၏ခါးကို ရစ်သိုင်းထားပြီး သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းကွဲသွားအောင် လုပ်ထားလေသည်။

ထို့အပြင် နျင်ချွမ်း၏ခန္ဓာကိုယ်ပေါ်တွင် ဖရိုဖရဲစွမ်းအင်များထုတ်လွှတ်နေသည့် အပေါက်ကြီးနှစ်ပေါက်လည်း ရှိနေသည်။ ထိုအပေါက်များမှာ နှစ်ထပ်မျက်လုံး၏ အလင်းတန်းမှ ဖြစ်ပေါ်လာခြင်းပင်။

သူ၏ခန္ဓာကိုယ်မှာ လုံးဝပျက်စီးသွားလေပြီ။

အပိုင်း ၁၀၄၅ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၆ – အစပိုင်းသာ

သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားမှုကင်းမဲ့နေပြီး အဝတ်ဖြူများလည်း သွေးစွန်းနေလေပြီ။ နျင်ချွန်း၏ခန္ဓာကိုယ်မှာ အသက်ဓာတ်မရှိတော့ပဲ ပျက်စီးနေလေပြီ။

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။ ဓားအလင်းတန်းသည် သူ၏ဦးခေါင်းခွံကို ထိုးဖောက်နေပြီး ထိုနေရာမှ သွေးများစီးကျနေသည်။ သရဖူခြောက်ခုဘုရင်အသတ်ခံလိုက်ရပြီ .. ဤသည်မှာ ပျက်စီးနေသောထာဝရတောင်ကြောတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။

နျင်ချွမ်းကို ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက် သတ်လိုက်သည်ကို မည်သူက ယုံနိုင်မည်နည်း… ဤသည်မှာ ခေတ် ၆ ခေတ်တွင် ပြိုင်ဘက်ကင်းခဲ့သည့် သူရဲကောင်းတစ်ယောက်၏ အဆုံးသတ်လား…

“ဘုရားရေ .. နျင်ချွမ်းအသတ်ခံလိုက်ရပြီ”

ဤအဖြစ်အပျက်မှာ မည်မျှပင် ထိတ်လန့်ဖို့ကောင်းသနည်း.. ဤအဖြစ်အပျက်ကြောင့် ထာဝရရှေးဟောင်းမြေတစ်ခုလုံး တုန်ခါသွားလိမ့်မည်။

တောင်ကြောအတွင်းတွင်ရှိနေသည့် ဂိုဏ်းအားလုံးမှ သက်ရှိများမှာ တုန်လှုပ်နေကြလေပြီ။

“သူ သေသွားပြီ .. ဒါက တကယ်ကို မယုံနိုင်စရာကောင်းလွန်းတယ် .. သရဖူခြောက်ခုဘုရင်ဆိုတာက ခေတ်ခြောက်ခေတ်မှာ ပြိုင်ဘက်ကင်းတဲ့သူလေ .. သူကဘယ်လိုလုပ်ပြီး ဒီမှာ ရှုံးသွားရတာလဲ…”

လူချို့အတွက်တော့ ဤသည်မှာ အိပ်မက်ဆိုးကြီးပင်။ ပြိုင်ဘက်ကင်းသည့်သူရဲကောင်းခြင်း နျင်ချွမ်းသည် ဤနေရာတွင် အဆုံးသတ်သွားလေပြီ။

အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းများစွာလည်း တုန်လှုပ်သွားကြသည်သာ။

အထူးသဖြင့် မီးတိမ်လှိုဏ်ဂူ၊ လော့ဖူတောင်ကြားနှင့် တစ္ဆေတာအိုဂိတ်တို့ပင်။ ဤသည်မှာ သူတို့၏အနာဂတ်ကို ရိုက်ခတ်မှုရှိပြီး သူတို့အတွက် အလွန်ဆိုးဝါးလွန်းလှသည်။

“နျင်ချွမ်းအသတ်ခံရပြီးတော့ အပြစ်သားသွေးမျိုးဆက်နိုင်သွားတယ် .. ဒါက တော်တော်လေးကို ဆိုးဝါးတဲ့ကိစ္စပဲ”

“သရဖူခြောက်ခုဘုရင် တကယ်ရှုံးသွားပြီ…”

အချို့သူများမှာ မျက်နှာမသာမယာဖြစ်နေကြလေသည်။ ကံကြမ္မာအလှည့်အပြောင်းကြီးတစ်ခု သူတို့ကို စောင့်ကြိုနေသည်ပင်။

ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်ကို မည်သူက ယှဉ်ပြိုင်နိုင်တော့မည်နည်း… သူတို့ကို ဘယ်လိုရင်ဆိုင်ကြမည်နည်း.. ထာဝရရှေးဟောင်းမြေတွင် စွမ်းအားအပြောင်းအလဲများ ဖြစ်လာတော့မည်။။

“နောင်ကျရင် အဆင့်မြင့်နယ်မြေမှာ ဧကရာဇ်ကလန်တစ်ခု ပေါ်လာတော့မယ်ထင်တယ် .. ဘယ်သူမှ ဒီညီအစ်ကိုသုံးယောက်က်ကို တားနိုင်တော့မှာ မဟုတ်ဘူး”

သူတို့နှင့် မတည့်သည့်မျိုးဆက်များမှာ မသက်မသာခံစားနေရသည်။ အထူးသဖြင့် ဒုစရိုက်စီရင်စုကို ဖိနှိပ်ခဲ့သည့်သူများပင်။

ထိုအချိန်တွင် သူတို့စိတ်ထဲ၌ အတွေးပေါင်းစုံပေါ်လာသည်။ ဤသုံးယောက် ကြီးပြင်းမလာခင် သူတို့ကို သတ်ပစ်ရမည်။ သူတို့ကြီးလာပြီး စွမ်းအားကြီးလာမည်ကို ခွင့်မပြုနိုင်။

ကံမကောင်းစွာဖြင့်ပင် သူတို့ကြားတွင် ထာဝရရှေးဟောင်းမြေခံနေသည်။ ဤညီအစ်ကိုတို့ပြန်ထွက်လာသည့်အချိန်တွင် သူတို့ ဤအစ်ကိုများကို သတ်နိုင်ပါဦးမလား…

ထာဝရတောင်တွင်ရှိနေသည့် ချင်းရိနင်၏မျက်ဝန်းတွင် မျက်ရည်များ စီးကျနေသည်။ သို့သော်လည်း သူမ၏မျက်နှာထက်တွင် အပြုံးတစ်ခုလည်း ရှိနေသည်။ သူမ၏ကလေးနှစ်ယောက်သည် အချင်းချင်းတည့်ရှုကြပြီး သူတို့သည် စွမ်းအားကြီးလှသည်။

ရှီကျီလင်းသည်လည်း ကျောက်တိုင်ထက်တွင်ရှိနေသည် ပုံရိပ်နှစ်ခုကိုကြည့်ကာ သူ၏မျက်နှာထက်တွင် ရှားပါးသည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်နိုင်ငံ၊ သားရဲပင်လယ်၊ နတ်ဆိုးနေကြာဥယျာဉ်၊ အာကာကသလန်နှင့် မြေအောက်လောကမှ သက်ရှိများ၏ အမူအရာများမှာ အကြင်နာတရားကင်းမဲ့နေလေ၏။ သူတို့သည် ပျက်စီးနေသောထာဝရတောင်ကြားကို စိုက်ကြည့်နေကြလေ၏။ သူတို့အားလုံးသည် ရှီဟောင်နှင့် ရန်စရှိထားကြသည့်သူများပင်။

“ခန္ဓာကိုယ် ခမ်းခြောက်သွားတာပဲလေ .. ဘယ်သူက အရင်ကမရှုံးဖူးလို့လဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက ရှုံးတာပဲလေ .. သူ့ရဲ့ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ ဒဏ္ဍာရီပျက်စီးသွားတာပေါ့ .. ဒါက သူ့ကို သိပ်ပြီးတော့ မထိခိုက်စေဖို့ပဲ မျှော်လင့်တယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“ဒါက ကိစ္စမရှိဘူး .. သူကပိုပြီး ပိုပြီးတော့တောင် စွမ်းအားကြီးလာမှာ .. သူထွက်လာတဲ့အချိန်ကျရင် ဘယ်သူက သူနဲ့ တိုက်ခိုက်နိုင်တော့မှာလဲ” မီးတိမ်လှိုဏ်ဂူမှ ဂိုဏ်းခေါင်းဆောင်ဟောင်းပြောလိုက်သည်။

အသိုက်နယ်မြေရှိ ပျက်စီးနေသောထာဝရတောင်ကြားတွင်..

နျင်ချွန်း၏ အဖြူရောင်အဝတ်အစားများသည် တစ်စစီဖြစ်နေပြီး လေနှင့်အတူ လွင့်မျောနေသည်။ ထိုနေရာတွင် လက်သီးအရွယ်အစားရှိသည့် သွေးခဲသာရှိတော့သည်။

ဤသည်မှာ သူ၏နတ်သွေးဖြစ်ပြီး ထူးခြားသည့်စွမ်းအင်ပါရှိလေသည်။

“ဒီလိုမျိုးသေသွားတာ နှမြောစရာပဲ .. ငါတို့သူ့ရဲ့ စွမ်းအားအကြီးဆုံး ရိုက်ချက်ကိုတောင် မမြင်လိုက်ရဘူး .. သူရဲ့ကျောပေါ်က ကောင်းကင်ပုံကိုတောင် မမြင်လိုက်ရဘူး” ရှီဟောင်ပြောလိုက်သည်။

“ငါတို့ သူ့ရဲ့ခန္ဓာကိုယ်က သွေးအစစ်ကို မရလိုက်ဘူးဆိုရင်တောင်မှ ဒီလောက်က လုံလောက်ပါတယ် .. ဒါနဲ့ ထူးဆန်းတဲ့လမ်းကြောင်းကို ဖွင့်လို့ရလောက်တယ်” ရှီယိပြောလိုက်သည်။

တောင်ကြောတွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး ဤနှစ်ယောက်ကို လေးစားနေကြသည်။

ဤနေရာတွင်လူပေါင်းထောင်ပေါင်းများစွာ ရှိနေသော်လည်း ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်သည် သူတို့အားလုံးကို ရှင်းပစ်နိုင်သည်ဟု အားလုံးခံစားနေရသည်။

“ငါက နည်းနည်းလေး လိုနေသေးတာပဲ” ချင်းဟောင် တီးတိုးပြောလိုက်သည်။ သူ့ကိုယ်သူ ပြန်လည်သုံးသပ်နေလေ၏။ ဤတိုက်ပွဲမှာ သူ့အား အတော်လေး အကျိုးသက်ရောက်မှုရှိသည်။

“ဒါပေမဲ့ သရဖူခြောက်ခုဘုရင်က အဲဒီလောက်လည်းမဟုတ်ပါဘူး .. ငါထင်ထားသလောက်တောင် စွမ်းအားမကြီးဘူး” ချင်းဟောင်ပြောလိုက်၏။

ရှီဟောင်သည် ခေါင်းခါလိုက်ကာ “ညီလေး မင်းသူ့ကို အထင်သေးလို့မရဘူး .. သူ သုံးထားတာ ကိုယ်ပွားခန္ဓာကိုယ်ပဲ .. သူ့ရဲ့ခန္ဓာကိုယ်အစစ် မဟုတ်ဘူး .. သူက တော်တော်လေး စွမ်းအားကြီးတယ်”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးတုန်လှုပ်သွားရသည်။ နျင်ချွမ်း၏ခန္ဓာကိုယ်အစစ်က အသက်ရှင်နေတုန်းပဲလား..

“ဒါက ကိုယ်ပွားလား” ချင်းဟောင်လည်း ထိတ်လန့်သွားသည်သာ။ ချက်ချင်းပင် မျက်နှာပျက်သွားလေ၏။ သူက ကိုယ်ပွားတစ်ခုကြောင့် ဒဏ်ရာရသွားတာလား .. ကြည့်ရတာ သူနဲ့ သရဖူခြောက်ခုဘုရင်က တော်တော်လေး အလှမ်းဝေးနေတုန်းပဲထင်တယ်…

“တကယ်လို့ နျင်ချွမ်းသာ တကယ်ကို ဒီလောက်အားနည်းပြီးတော့ ဟင်းသီးဟင်းရွက်လှီးသလိုမျိုး ရှုံးနိမ့်သွားရင် သူ့ရဲ့ခေတ်ခြောက်ခေတ် ဂုဏ်သတင်းက ရှက်စရာကြီးဖြစ်နေမှာပဲ .. သူကဘယ်လိုလုပ် အတိတ်နဲ့လက်ရှိပစ္စုပ္ပန်ကို ကိုင်လှုပ်နိုင်မှာလဲ”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ချင်းဟောင် အနည်းငယ် မျက်နှာပူသွားရသည်။ ကျောက်တုံးနှစ်တုံး၏ ပညာများမှာ အတော်လေး ကောင်းမွန်လှသည်။ သို့သော် သူကတော့ ရှုံးနိမ့်သွားသေးသည်။

နျင်ချွမ်းသည် ရှေးယခင်ကတည်းက စွမ်းအားအကြီးဆုံးလူတစ်ယောက်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အစစ်မှာ သီးသန့်ကျင့်ကြံနေဆဲဖြစ်သည်။

“သူက ဒီလောက်စွမ်းအားကြီးတာလား .. အခုထိ သီးသန့်ကျင့်ကြံတာကနေ ထွက်မလာသေးဘူးပေါ့…” ချင်းဟောင်မျက်မှောင်ကြုတ်လိုက်သည်။

“မင်းလည်း မပြည့်စုံသေးဘူး .. နောက်တစ်ဆင့် ထပ်တက်လို့ရသေးတယ် .. ဒီခရီးပြီးသွားရင် ပြန်သွားပြီး ကျင့်ကြံဦး .. မင်းသူ့ကို စိတ်ပူစရာမလိုဘူး” ရှီဟောင်ပြောလိုက်သည်။

“ငါလည်း သီးသန့်ကျင့်ကြံရဦးမယ်ထင်တယ် .. ငါလည်း မပြည့်စုံသေးဘူး” ရှီယိ ခိုင်မာစွာ ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် ဘေးဘက်တွင်ရှိနေသည့် ကျွမ်းကျင်သူများအားလုံး တုန်လှုပ်သွားရသည်။ သရဖူခြောက်ခုဘုရင်သာမက ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်သည်လည်း သူတို့လမ်းသူတို့ဆက်လျှောက်ရဦးမည်ဖြစ်ပြီး ယခုမှာ သီးသန့်ကျင့်ကြံခြင်းမှ တကယ်ထွက်လာခြင်း မဟုတ်သေးပေ။

“ငါသူ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ တကယ်တိုက်ချင်သေးတယ်” ရှီဟောင်ပြောလိုက်သည်။ သူ၏နတ်မီးတောက်ကို ရရှိပြီး သူ၏လမ်းဆုံးသွားသည်နှင့် နျင်ချွမ်းကို သွားရှာပြီး စာရင်းရှင်းဦးမည်။

ပျက်စီးနေသောထာဝရတောင်ကြောတွင်ရှိနေသည့် သူများသည် သူတို့ကြားလိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။ မည်သူကများ သရဖူခြောက်ခုဘုရင်ကို ရန်စရဲမည်နည်း..

ဝုန်း..

လေဟာနယ်ကြီး တုန်ခါသွားကာ ရှီယိသည် မြေပြင်ပေါ်တွင်ကျနေသည့် လက်ကောက်ကို ကောက်ယူရန် လက်လှမ်းလိုက်သည်။

ထိုလက်ကို တားဆီးရန်အတွက် အခြားလက်တစ်ဖက် ပေါ်လာလေ၏။

ဝုန်း..

တိုက်ပွဲတစ်ခု ဖြစ်ပွားလာလေပြီ။ ရှီယိနှင့် ရှီဟောင်တို့နှစ်ဦးလုံးသည် လက်တစ်ဖက်ကို ထုတ်လိုက်ပြီး လေဟာနယ်ကို ပျက်စီးသွားအောင် လုပ်လိုက်သည်။ ဤနေရာတစ်ခုလုံး ရောင်စုံအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားလေသည်။

အားလုံး အတော်လေး ထိတ်လန့်သွားရသည်။ ဤတိုက်ပွဲမှာ ရုတ်တရက်ဆန်လွန်းလှသည်။

ချင်းဟောင်ပင်လျှင် ထိတ်လန့်သွားရသည်သာ။

တဖုန်းဖုန်းအသံများ ထွက်လာပြီး အလင်းများလည်း ထွက်ပေါ်လာသည်။ နှစ်ထပ်မျက်လုံး၏ စွမ်းအားများကို လောကကြီးကို တုန်လှုပ်စေပြီး လျှပ်စီးပညာများမှာ ကောင်းကင်ထက်တွင် ရွေ့လျားနေသည်။

“အမ် .. သေဖို့မကြောက်တဲ့သူ ရှိနေတာပဲ” ရှီယိ ခနဲ့လိုက်သည်။ သူတစ်ချက်စိုက်ကြည့်လိုက်သည်နှင့် သူ၏မျက်လုံးမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်တွင် မြေအောက်ထဲမှ အော်ဟစ်သံထွက်ပေါ်လာပြီး သွေးများ ပန်းထွက်လာလေသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်သည် လျှပ်စီးတန်းတစ်ခုကို ပြုလုပ်လိုက်ကာ ထိုနေရာကို မည်းတူးသွားအောင် လုပ်လိုက်သည်။ ငွေရောင်ပိုးကောင်တစ်ကောင်လွင့်ထွက်လာပြီး ညှော်နံ့လည်း ထွက်လာလေသည်။

မြေပြင်ပေါ်တွင်ရှိနေသည့် လက်ကောက်သည် ကျန်းပေါင်း ရာပေါင်းများစွာသို့ လွင့်ထွက်သွားသည်။

သူတို့နှစ်ဦး တိုက်ခိုက်နေသည့်အချိန်တွင် ဤနတ်အဆင့်ပိုးကောင်သည် သူ၏မွေးရာပါနတ်စွမ်းအင်ကို အသုံးပြုကာ ဤလက်ကောက်ကို တိတ်တိတ်လေး ယူသွားလိုခြင်းပင်။ သူသေသွားရလိမ့်မည်ဟု ထင်ထားလိမ့်မည်မဟုတ်ပေ။

“အဟွတ် .. မင်းတို့နှစ်ယောက် တိုက်ခိုက်နေတာကို ရပ်လိုက်ရင်ကောင်းမယ် .. ဒီလိုပစ္စည်းတွေက ပိုင်ရှင်ကို မှတ်မိတယ် .. ပြီးတော့ ဒီပစ္စည်းကို ငါ ပိုင်တာ”

ရုတ်တရက်ပင် ကျောက်တုံးတစ်တုံးမှ စကားပြောလာသည်။ သူသည် လက်ကောက်နှင့်အတူရှိနေသောကြောင့် လက်ကောက်နှင့်အတူ လွင့်ထွက်သွားခြင်းပင်။

ဤသည်မှာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်။ သူသည် အစောကြီးကတည်းက ဤလက်ကောက်ကို မျက်စိကျနေခြင်းဖြစ်ပြီး ရှီယိကို ‘အံ့အားသင့်အောင်’ လုပ်ပေးရန်အတွက် အခွင့်အရေးကောင်းကို စောင့်နေခြင်းပင်။ နောက်ဆုံးတွင်တော့ သူ၏အကြံအစည် ပျက်စီးသွားရသည်။

ထို့အပြင် ရှီယိ၏ နတ်အာရုံများမှာ အလွန်ပင်ထက်ရှလှသည်ဟု သူ ခံစားနေရသည်။ သူ၏တည်ရှိမှုကို ရှီယိ သိနေသည်။ သူသာ ပြန်တိုက်လျှင် သူ ပြဿနာများသွားလိမ့်မည်။

“လက်ကောက်လေးတစ်ခုပဲကို .. ငါ့ရဲ့ညီဝမ်းကွဲလေးကိုပဲ လက်ဆောင်ပေးလိုက်ပါ့မယ်” ရှီယိသည်လည်း ကိစ္စများကို ခက်ခဲအောင်မလုပ်တော့ပေ။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ အဖိုးတန်လက်ကောက်ကို ခိုးယူပြီးသားဖြစ်ကြောင်း တွေ့လိုက်ရသည့်အချိန်တွင် သူ ရပ်တန့်လိုက်သည်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ပါးစပ်ဟကာ လက်ကောက်ကို ထွေးထုတ်လိုက်လေသည်။

ရှီဟောင် ထိုလက်ကောက်ကို ကိုင်လိုက်သည်။ ဤသည်မှာ နူးညံ့ကာ နွေးထွေးသည့်လှိုင်းတစ်ခုကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ‘သေဆုံးနေသည့်အရိုး’မဟုတ်ပဲ အသက်ဓာတ်လည်းရှိနေသေးသည်။

ဤသည်မှာ သူ့ကို တုန်လှုပ်သွားစေသည်။

ထိုလက်ကောက်ကို သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် သူ နားလည်သွားရသည်။ အရိုးခြောက်ခုသည် လောကကြီး၏ စွမ်းအင်များကို စုတ်ယူနိုင်ပြီး ကြီးထွားနေနိုင်ဆဲပင်။

ဤရတနာသည် အဆင့်တက်နိုင်လိမ့်မည်ဟု သူယခင်ကတည်းက ခံစားနေရခြင်းပင်။ ယခုတော့ သူ၏ထင်မြင်ချက်များ မှန်ကန်နေသည့်ပုံပင်။

ဤပစ္စည်းတန်ဖိုးမှာ အဖိုးမဖြတ်နိုင်လောက်အောင်ပင်။ ဤသည်မှာ နောင်အနာဂတ်တွင် နတ်စွမ်းရည်ခြောက်ခု ပိုင်ဆိုင်ရမည်ဟု ဆိုလိုခြင်းပင်။

သို့သော် သူအနီးကပ်ကြည့်လိုက်သည့်အချိန်တွင် သင်္ကေတများမှာ ဖုံးကွယ်ထားခြင်းခံထားရပြီး မမြင်ရပေ။ သူသည် ဤသည်ကို အဖိုးတန်ပစ္စည်းအဖြစ်သာ အသုံးပြု၍ရလိမ့်မည်။

ရှီဟောင်နှင့် ရှီယိတို့သည် တစ်ယောက်ကိုတစ်ယောက် သတိကြီးကြီးဖြင့် ကြည့်နေကြသော်လည်း နောက်ဆုံးတွင် သူတို့မတိုက်ခိုက်ကြတော့ပေ။ သူတို့သည် ကလန်တစ်ခုတည်းမှ ညီအစ်ကိုများဟူသည့်နာမည်ဖြင့် သရဖူခြောက်ခုဘုရင် နျင်ချွမ်းကို သတ်ပြီးသည့်နောက် ချက်ချင်း စကားထများပါက အနည်းငယ် ဂကျိုးဂကြောင်နိုင်လိမ့်မည်။

“သွားကြစို့ .. သားရဲအသိုက်ကို သွားဖွင့်ရအောင်” ရှီဟောင်ပြောလိုက်သည်။

“ကောင်းပြီလေ” ရှီယိ ခေါင်းညိမ့်လိုက်သည်။

ချင်းဟောင်လည်း သူတို့နောက်မှ လိုက်လာသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြား အကွာအဝေးတစ်ခု ထားထားသော်လည်း အတူတူ လမ်းလျှောက်လာသည်ဟု ပြော၍ရသည်။

ဤသည်မှာ လူအားလုံးကို အေးခဲသွားစေသည်။ ကျောက်တုံးကလန်မှ ညီအစ်ကိုများမှာ တကယ်ပူးပေါင်းသွားကြလေပြီ။ အခြားသူများမှာ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မည်နည်း..

“ဟား ဟား… ကောင်းလိုက်တာ .. ပြိုင်ဘက်ကင်းတဲ့ ပေါင်းစည်းမှုပဲ” ခပ်ဝေးဝေးတွင်ရှိနေသည့် လုယီကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ သူသည်လည်း ပြေးသွားလိုက်သည်။

လော့သွမ်နှင့် လန်ယိချန်တို့လည်း တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ နျင်ချွမ်းသေဆုံးသွားရခြင်းမှာ သူတို့အား အတော်လေး တုန်လှုပ်သွားစေသည်။

“ဒီတစ်ခေါက်တော့ သားရဲအသိုက်ထဲမှာ ငါတို့ အများကြီးရမှာပဲ” လန်ယိချန် ပြောလိုက်သည်။

လော့သွမ်လည်း ခေါင်းညိမ့်လိုက်ကာ သူတို့နှစ်ဦးလည်း အရှေ့ဘက်သို့ သွားလိုက်ကြသည်။

“မုန်းစရာကောင်းလိုက်တာ .. ဒီလူသုံးယောက် အတူတူသွားနေကြတာ .. သူတို့ကို ရပ်တန့်လို့ရတော့မှာမဟုတ်ဘူး..”

အပြင်ဘက်ရှိလူများ ပြောလိုက်ကြသည်။

“ကောင်းကင်ကြီး ပြောင်းလဲတော့မှာလား .. သားရဲအသိုက်နားမှာ တစ်ခြားကျွမ်းကျင်သူတွေသာ ပေါ်လာရင် သူတို့သေချာပေါက်ကို အန္တရာယ်များမှာပဲ…”

“ရှေးဟောင်းလူထူးဆန်းတွေလည်း အုပ်စုဖွဲ့မှရမှာ .. သူတို့ကို တစ်ယောက်စီသာ လာတိုက်နေရင် ဒီညီအစ်ကိုသုံးယောက်က သူတို့အားလုံးကို သတ်ပစ်လိုက်မှာပဲ”

မထိတ်လန့်သွားသည့် သူ မရှိပေ။ သူတို့အားလုံးသည် ဤကိစ္စကို အာရုံစိုက်လိုက်ကြသည်။

အားလုံးသည် သူတို့အချင်းချင်းဆွေးနွေးနေကြပြီး အလွန်ပင် မသက်မသာ ခံစားနေကြရသည်။

ကမ္ဘာငယ်လေးအတွင်းရှိ ရှေးဟောင်းဂူတစ်ခုအတွင်းတွင် ထိုင်နေသည့် အဖြူရောင်အဝတ်အစားနှင့် လူငယ်တစ်ယောက် မျက်လုံးပွင့်လာလေသည်။

နျင်ချွမ်းထလာပြီး သူ၏မျက်လုံးများလည်း ကြည်လင်နေသည်။

သူသည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လေဟာနယ်ထဲမှ အလင်းပျောက်လေးတစ်ခုကို လက်ခံလိုက်သည်။ ဤသည်မှာ သူ၏ကိုယ်ပွားသတ်ခံရပြီးနောက် ကျန်ရစ်ခဲ့သည့် အကြွင်းအကျန်များပင်။ ထိုအလင်းပျောက်လေးသည် သူ၏လက်ချောင်းထိပ်တွင် ရစ်ပတ်နေသည်။

“သေသွားပြီလား .. ဒါက ငါ့ရဲ့ခန္ဓာကိုယ်ကို တစ်ခြားလူတစ်ယောက်က ထိခိုက်အောင် လုပ်နိုင်တဲ့ ပထမဆုံးအကြိမ်ပဲ”

သူသည် တည်ငြိမ်စွာပင် ပြောလိုက်သည်။ သူ၏အသံတွင် မည်သည့်ခံစားချက်မှ မပါရှိပေ။ ဤရှုံးနိမ့်မှုမှာ သူ၏စိတ်ကို မတုန်လှုပ်စေနိုင်ပေ။

“ငါ့ကိုခေါ်သွား … ငါသူတို့အားလုံးနဲ့ သွားရှင်းလိုက်မယ်” ဤတည်ငြိမ်ကာ ယုံကြည်ချက်ပြည့်နေသည့် စကားလုံးများသည် သူ၏ယုံကြည်ချက်ကို ပြသနေခြင်းပင်။ ထို့နောက်တွင် ထိုအနား၌ ဖရိုဖရဲစွမ်းအင်များ လွှမ်းမိုးသွားလေသည်။

အသိုက်နယ်မြေထဲတွင် ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်သည် ထူးဆန်းကာ ကြောက်စရာကောင်းသည့် အသိုက်ထဲသို့ ဝင်တော့မည်။

သူတို့အနောက်တွင် လူများစွာ လိုက်ပါလာသည်။ သူတို့အားလုံးသည် ဤညီအစ်ကိုသုံးယောက်နှင့် ပူးပေါင်းကာ အကျိုးအမြတ် ရရှိလိုခြင်းပင်။

အပိုင်း ၁၀၄၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၇ – ခက်ခဲသည့် စမ်းသပ်မှုကို ဖြတ်ကျော်ခြင်း

ဤနေရာတွင် တောင်များစွာ ရှိနေပြီး ထိုတောင်များအားလုံးသည် မီးတောင်များကဲ့သို့ အတွင်းဘက်တွင် အခေါင်းပေါက်ဖြစ်နေသည်။ ထိုတောင်များအနားတွင် ဖရိုဖရဲစွမ်းအင်များရှိနေပြီး ထိတ်လန့်စရာကောင်းသည့်မြင်ကွင်းကို ဖန်တီးနေလေသည်။

ဤနေရာသည် သားရဲကြီးတစ်မျိုးမျိုး၏ အသိုက်နှင့်တူနေသည်။ တောင်တွင်လည်း အပြင်ဘက်သို့ ထွက်နိုင်သည့် ထွက်ပေါက်များစွာ ရှိနေသည်။

သို့သော် ဤသည်မှာ ကြောက်စရာအကောင်းဆုံးအရာမဟုတ်သကဲ့သို့ အထူးဆန်းဆုံးအရာလည်းမဟုတ်ပေ။ ပို၍အံ့အားသင့်စရာကောင်းသည်မှာ ကောင်းကင်ထက်တွင် မူလဖရိုဖရဲမြူများ ဝေ့ဝိုက်နေခြင်းပင်။ ထိုမြူများကျဲပါးသွားသည်နှင့် ပုံမှန်မဟုတ်သည့် အလွန်ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းများ ပေါ်လာလေသည်။

ကောင်းကင်ထက်တွင် သွေးနေ ၁၀ လုံး၊ သွေးလ ၃၃ လုံးတို့ချိတ်ဆွဲထားပြီး ကြယ်သုံးထောင်လည်း ဝေ့ဝိုက်နေကြသည်။ ဤသည်မှာ တောင်ကြီးနှင့် သိပ်မဝေးပဲ ကျန်းပေါင်းရာဂဏန်းခန့်သာ ဝေးသည်။ ထိုအရာများမှ ထုတ်လွှတ်နေသည့်ဖိအားများလည်း အတော်လေး ကြီးမားလှသည်။

“ထာဝရသွေးက ကြယ်တွေနီသွားအောင် လုပ်လိုက်တာ” လန်ယိချန်သက်ပြင်းချကာ ပြောလိုက်သည်။

ဤကြယ်များသည် ပြုပြင်ခံထားရသည်မှာ သိသာသည်။ မဟုတ်ပါက ကြယ်တစ်လုံးကပင်လျှင် ဤနေရာကို ပျက်စီးသွားအောင်လုပ်နိုင်သည်။ သို့သော် ယခုအချိန်တွင် သူတိုသည် ကျောက်တုံးများကဲ့သို့ပင် ကောင်းကင်ထက်၌ ရှိနေ၏။

ရွှီး…

ထိုအချိန်တွင် ရှီဟောင်နှင့် ရှီယိတို့ တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့သည် လက်သီးအရွယ်အစား သွေးခဲကို အသက်သွင်းလိုက်သည်။

နတ်အဆင့်သွေးသာ ဤနေရာကို ပြောင်းလဲမှုများ ဖြစ်စေနိုင်လိမ့်မည်။ ထူးဆန်းသည့်လမ်းကြောင်းကို ဖွင့်လိုက်ခြင်းက ပို၍ လုံခြုံသည်။

မီးတောင်လမ်းကြောင်းများထဲသို့သာ လက်လွတ်စပယ်ဝင်သွားလိုက်ပါက မတော်တဆမှုများ ဖြစ်ပေါ်လာနိုင်သည်။

ဝုန်း..

လက်သီးအရွယ်အစား သွေးခဲမှ တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်နေပြီး ထိုတောင်ကြောတွင် သွေးရောင်သင်္ကေတထွက်ပေါ်လာပြီး သွေးလ ၃၃ လုံးမှာ လမ်းကြောင်းမှ ရှောင်ဖယ်သွားလေသည်။

ရွှီး..

အလင်းတန်းတစ်ခု ကျရောက်လာပြီး လမ်းကြောင်းတစ်ခု ပွင့်သွားလေသည်။

ထိုတောင်တွင် ရှေးဟောင်းလမ်းကြောင်းတစ်ခု ပေါ်လာပြီး ရှီဟောင်၊ ရှီယိနှင့် ချင်းဟောင်တို့ခြေထောက်အောက်သို့ ရောက်လာလေသည်။

“သွား..” ရှီ‌ယိ ဝင်သွားလိုက်သည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင် သူလည်း ဝင်သွားလိုက်သည်သာ။ လော့သွမ်၊ လန်ယိချန်နှင့် လုယီတို့လည်း တွေဝေမနေကြပေ။ သူတို့လည်း အထဲလိုက်ဝင်သွားကြည့်ချင်သည်။

ချင်းဟောင်ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။ ကျောက်တုံးကလန်၏အဖွဲ့ဝင်နှစ်ယောက် ဝင်သွားပြီဖြစ်သောကြောင့် သူလည်း လိုက်ဝင်သွားလိုက်သည်။

“ကျွန်တော်တို့ကိုလည်း ခေါ်သွားပေးပါ”

“ကျွန်တော်တို့ ခင်ဗျားတို့နောက်ကို လိုက်ချင်ပါတယ် .. ကျွန်တော်တို့ အမိန့်တွေကို နာခံပါ့မယ်”

အနောက်ဘက်တွင်ရှိနေသည့် လူများစွာမှ အော်ဟစ်လိုက်ကြသည်။ ထိုထဲတွင် စွမ်းအားကြီးသည့် ကျွမ်းကျင်သူများလည်း ပါဝင်သည်သာ။ သူတို့သည် ရှီဟောင်တို့နောက်သို့ လိုက်လိုကြသည်။

အဘယ်ကြောင့်ဆိုသော် ဤလူများသည် ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက် နျင်ချွမ်းအား သတ်လိုက်သည်ကို မျက်မြင်တွေ့လိုက်ရသောကြောင့်ပင်။ ဤလူများနောက်သာလိုက်ပါက သူတို့သည်လည်း ဤလူများ၏ကံကောင်းမှုအနည်းအကျဉ်းကို ရရှိကြမည်သာ။

ရှီဟောင်နှင့် ရှီယိတို့သည် ဤလူများကို အရေးမလုပ်ကြပေ။

“စွန့်စားပြီး လိုက်ခဲ့မှာပဲ” အချို့လူများမှာ အတော်လေးပင် သတ္တိရှိကြလေ၏။ ကျောက်တုံးကလန်မှ ညီအစ်ကိုများသည် သူတို့ကို အရေးမစိုက်သော်လည်း သူတို့ကို ခက်ခဲအောင်လုပ်မည်မဟုတ်ဟု ယုံကြည်ကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဤလူသုံးယောက်၏ အကြောက်အလန့်ကင်းပုံနှင့်ဆိုလျှင် သူတို့သည် ဤလူများ၏ ပြိုင်ဘက်များမဟုတ်ပေ။

ရှေးဟောင်းလမ်းကြောင်းသည် ရှီဟောင်တို့ခြေထောက်အောက်မှ ရွေ့လျားသွားနေပြီး သူတို့သည် လမ်းလျှောက်စရာပင် မလိုပေ။

တစ်ချိန်တည်းမှာပင် လူအုပ်ကြီးလည်း သူတို့နောက်မှလိုက်လာကာ မြေအောက်အသိုက်ထဲသို့ ဝင်သွားလိုက်ကြသည်။

ထို့နောက်တွင် အပြင်ဘက်မှ ကျင့်ကြံသူများမှာ သူတို့ကို မမြင်ရတော့ပေ။ သားရဲအသိုက်အတွင်းရှိ မြင်ကွင်းမှာ ဖုံးကွယ်ခံလိုက်ရလေပြီ။

မြေအောက်ရှေးဟောင်းအသိုက်တွင် အရာအားလုံးမှာ မှုန်ဝါးနေသည်။ ဖရိုဖရဲမြူများရှိနေသကဲ့သို့ အနီရင့်ရောင်နံရံများလည်း ရှိနေသည်။ ဤသည်မှာ ရှေးကျကာ ထူးဆန်းလှသည်။ ဤသည်မှာ အေးချမ်းသည့် ရှေးဟောင်းမြေပင်။

အသိုက်မှာ ရှည်လျားကျယ်ပြန့်လှသည်။ ဤလမ်းကြောင်းသည် သူတို့ကို ချောက်ကမ်းပါးတစ်ခုဆီသို့ ခေါ်သွားလေသည်။ ထို့နောက်တွင် လမ်းကြောင်းအဆုံးသတ်သွားသည်။

သို့သော် သေချာကြည့်မည်ဆိုလျှင် ဤနေရာတွင် ကျောက်တံခါးပေါက်များ ရှိနေသည်ကို တွေ့ရလိမ့်မည်။ ဤတံခါးများသည် ကျောက်နံရံများနှင့်တူနေပြီး အနီရင့်ရောင်ရှိသည်။

“တာအိုအသက်တစ်ခုမှာ အရာအားလုံးက သုံးဘဝ၊ ဂိတ်တံခါးသုံးခုရှိတယ် .. အဲဒီလိုအဓိပ္ပာယ်မျိုးလား” ချင်းဟောင်ပြောလိုက်သည်။

“ဒီမှာပဲ လမ်းခွဲကြစို့ .. ငါ ဒီလမ်းကြောင်းကိုသွားမယ်” ရှီယိပြောလိုက်သည်။ ရှီဟောင်နှင့် ချင်းဟောင်တို့အား ခေါင်းညိမ့်ပြပြီးသည့်နောက်တွင် သူသည် လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်ပြီး လမ်းလျှောက်ဝင်သွားလိုက်သည်။

တောက်ပနေသည့် ဂိတ်တံခါးများမှ မြူများ ထွက်ပေါ်လာလေသည်။

“အစ်ကိုကြီး ကျွန်တော် ဒုတိယလမ်းကြောင်းကနေသွားမယ်” ချင်းဟောင်ပြောလိုက်၏။ သူတစ်ယောက်တည်း ဝင်မလို့ပင်။

ရှီဟောင်သည် ခေါင်းခါလိုက်ကာ “မင်းငါနဲ့အတူတူ သွားသင့်တယ် .. ဒီမြေအောက်လောက က အတော်လေးထူးဆန်းတယ် .. အဲဒီတော့ တစ်ယောက်တည်းသွားရင် အန္တရာယ်များလိမ့်မယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ ကျောက်တုံးတစ်တုံးကို ထုတ်လိုက်သည်။ ထိုကျောက်တုံးပေါ်တွင် လမ်းကြောင်းအချို့ကို မှတ်တမ်းတင်ထားလေသည်။

“ရတယ် .. မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင်တောင် ကျွန်တော်မှာ ထွက်ပေါက်ရှိတယ် .. ကျွန်တော်လည်း အပြင်ဘက်မှာ ကျောက်တုံးတစ်တုံးရခဲ့တယ်” ချင်းဟောင်ပြောလိုက်သည်။ သူသည် ထိုကျောက်တုံးကိုထုတ်ကာ ရှီဟောင်အား ပြသလိုက်ပြီး ထိုကျောက်တုံးနှစ်ခု တူမတူ တိုက်ကြည့်လိုက်သည်။

ဤကျောက်တုံးသည်လည်း ရှေးကျသော်လည်း ထိုကျောက်တုံးပေါ်တွင်ရှိနေသည့်လမ်းကြောင်းမှာမူ ရှီဟောင်၏ကျောက်တုံးနှင့် အနည်းငယ်ကွဲပြားသည်။

“ကြည့်ရတာ မြေပုံတစ်ခုနဲ့တစ်ခု နေရာမတူဘူးထင်တယ် .. အစ်ကိုကြီး တစ်ယောက်တစ်လမ်းဆီ သွားကြရအောင်ပါ” ချင်းဟောင် ခေါင်းမာမာဖြင့်ပင် ပြောလိုက်သည်။

ရှီဟောင် သူ့အား ထပ်မတားတော့ပေ။ သူသည် အပြင်ဘက်သို့ လက်ညှိုးထိုးလိုက်ကာ ချင်းဟောင်၏ခန္ဓာကိုယ်ပေါ်တွင် တံဆိပ်တစ်ခု ချန်ရစ်ထားလိုက်ကာ “ဂရုစိုက်” ဟု ပြောလိုက်သည်။

ထို့နောက်တွင် သူသည် လော့သွမ်၊ လန်ယိချန်၊ လန်ယိတို့နှင့်အတူ တတိယဂိတ်တံခါးမှ ဝင်သွားလိုက်သည်။

အနောက်ဘက်မှလိုက်လာသည့်လူအုပ်ကြီးသည် ဤသည်ကို မြင်သည်နှင့် တရှိန်ထိုးပြေးလာကြကာ ဂိတ်တံခါးသုံးခုထဲသို့ ခွဲဝင်လိုက်ကြသည်။

အခြားကျင့်ကြံသူများသည် ရှီဟောင်နှင့် အခြားနှစ်ယောက်တို့နောက်မှ လိုက်မသွားပဲ အခြားဝင်ပေါက်များမှလည်း ဝင်သွားကြလေသည်။

အမှန်တကယ်တွင် ဤရက်အတွင်းတွင် လူများစွာသည် အသိုက်ထဲသို့ ဝင်ခဲ့ကြသည်။ သို့သော် အများစု သေဆုံးသွားကြကာ လူအချို့သာလျှင်ကံကောင်းစွာဖြင့် ရှင်ကျန်နေခြင်းပင်။

အားလုံးသည် အခွင့်အရေးကောင်းများကို ရယူနိုင်ရန်အတွက် ပိုးဖလံမီးတိုးသကဲ့သို့ ပြုမူနေကြသည်။

ရှီဟောင်တို့အုပ်စုဝင်သွားလိုက်သည်နှင့် သူတို့သည် များပြားလှသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးဝိဉာဉ်စွမ်းအင်ကို အာရုံခံမိသွားကြသည်။ ငါးရောင်စပ်အလင်းများလည်း ဝေ့ဝိုက်နေကြလေ၏။

သို့သော် သူတို့စိတ်လျော့လိုက်သည်နှင့် လေထဲတွင် ဖဲကြိုးတစ်စဖြတ်ပြေးသွားလေ၏။ ဤသည်မှာ ရှီဟောင်၏ဆံပင်မွေးများကိုပင် ထောင်ထသွားစေပြီး သူသည် လျင်မြန်စွာဖြင့်ပင် ထိုလူများကို ဆွဲခေါ်ကာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။

အား…

အနောက်ဘက်မှ လိုက်လာသည့် ဒါဇင်ပေါင်းများစွာသောလူတို့သည် ထိုဖဲကြိုးဖြင့် ထိမိသွားသည်နှင့် ခါးမှ ထက်ပိုင်းပြတ်သွားကာ သွေးများလွင့်စင်ထွက်လာလေ၏။

“ဘုရားရေ .. အဲဒါက ဘာကြီးလဲ” လုယီ၏မျက်နှာမှာ ဖြူလျော်နေလေပြီ။ ဤကဲ့သို့သော အေးချမ်းနေသည့်နေရာတွင် အဘယ်ကြောင့် ဤကဲ့သို့သော ကပ်ဆိုးမျိုး ပေါ်လာရသနည်း..

“နတ်ချိန်းကြိုးတစ်ခု … ဒီလမ်းကြောင်းအတိုင်းသွားနေတာ .. လေနဲ့ရွေ့နေတာ..”ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။

ဤနေရာမှာ ထူးဆန်းလှသည်။ သူတို့ ယခုလေးတင်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း သွေးလွှမ်းသည့်မြင်ကွင်းကို မြင်နေရလေပြီ။

သူတို့သည် တိတ်ဆိတ်စွာဖြင့်ပင် ဤမြူလွှမ်းနေသည့် နေရာမှ လျင်မြန်စွာ ဖြတ်သန်းသွားလိုက်သည်။ သူတို့အရှေ့တွင် အလွန်ပူပြင်းသည့်နေရာတစ်ခု ရှိနေသည်။ ထိုနေရာတွင် အနက်ရောင်မီးတောက်များ လောင်ကျွမ်းနေလေ၏။

“မီးတောက်တွေထဲမှာ အနက်ရောင်ကြာပန်းပွင့်နေတယ်” လော့သွမ် ထိတ်လန့်သွားရသည်။

သို့သော် အနက်ရောင်မီးတောက်များမှာ ကြောက်စရာကောင်းလောက်အောင် ပူလောင်လှသည်။ နတ်ဘုရားဖြစ်သည့် သူတို့ပင်လျှင် ကိုင်တွယ်ရ ခက်ခဲလိမ့်မည်။

“နတ်တစ်ဝက်ဆေးပင် .. သူ့မှာ ထူးခြားတဲ့ရနံ့ရှိတယ်” အနောက်ဘက်မှ သက်ရှိများရောက်လာကြလေသည်။ သူတို့၏မျက်လုံးများ တောက်ပနေပြီး ထိုကြာပန်းကို ရယူနိုင်ရန်အတွက် အလောတကြီးပင် ပြေးလာကြလေသည်။

“ပုံရိပ်ယောင်ပဲ နတ်တစ်ဝက်ဆေးပင် မဟုတ်ဘူး … ကိုယ့်ဒုက္ခကိုယ်ရှာချင်ရင်တော့ ဆက်သွားကြ” ရှီဟောင်ပြောလိုက်သည်။

သူ၏လက်ကိုမြှောက်လိုက်သည်နှင့် အနက်ရောင်မီးတောက်များ အပြင်ဘက်သို့ ရောက်လာကာ ထိုနတ်မီးတောက်နယ်ပယ်ကျင့်ကြံသူများအားလုံးကို အသက်ရှူရခက်ခဲအောင် လုပ်လိုက်လေသည်။ သူတို့၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာပင် လောင်ကျွမ်းနေပြီး သူတို့အသွေးအသားများလည်း ပျက်စီးတော့မည်။

ရှီဟောင်သည် မီးတောက်ကိုဖြတ်လျှောက်သွားပြီး လမ်းကြောင်းရှာလိုက်သည်။

လော့သွမ်နှင့် လန်ယိချန်လည်း သူ့နောက်မှ လိုက်လာကြသည်။ ဤမီးတောက်များမှာ သူတို့ကို သက်တောင့်သက်သာမဖြစ်စေသော်လည်း သူတို့ဖြတ်လျှောက်နိုင်ခဲ့သည်။

လုယီသာ သနားစဖွယ်အော်ဟစ်နေသည်။ ရှီဟောင်သည် သူ့ကိုဆွဲခေါ်သွားကာ သူ၏အလင်းတန်းအောက်တွင် ထားလိုက်သည်။

ဤအနက်ရောင်မီးတောက်များမှာ လူများစွာကို တားဆီးထားလိမ့်မည်။ စွမ်းအားကြီးသည့်သူမဟုတ်လျှင် ဤမီးတောက်ကို ဖြတ်နိုင်မည်မဟုတ်ပေ။

အနောက်ဘက်တွင်ရှိနေသည့်လူအုပ်ကြီး သက်ပြင်းချလိုက်သည်။ သူတို့သည် စွမ်းအားကြီးသည့်သူနောက်လိုက်ကာ သူ၏စွမ်းအားကို အသုံးချပြီး အနည်းငယ်မျှလွယ်ကူအောင်လုပ်ချင်သော်လည်း သူတို့မလုပ်နိုင်တော့ပေ။

“အန္တရာယ်များလွန်းတယ် .. ကြည့်ရတာ ဒီနေရာက ငါတို့မလာသင့်တဲ့နေရာထင်တယ်” အချို့လူများသည် ထိုသို့ပြောကာ နောက်ပြန်လှည့်လိုက်ကြသည်။

သို့သော် သူတို့လှည့်လိုက်သည့်အချိန်တွင် မည်သည့်လမ်းကြောင်းမှ မရှိတော့ပဲ အနီရောင်နံရံကြီးသာ ရှိနေတော့သည်။

ရှီဟောင်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ ဆက်သွားနေဆဲပင်။ သူသည် ဤလူများကို ဦးဆောင်ကာ ဤနေရာမှ ဆက်သွားလိုက်သည်။

အူး ဝူး…

ဟစ်ကြွေးသံအချို့ ထွက်လာပြီးသည့်နောက်တွင် အရောင်တောက်ပနေသည့် ရှေးဟောင်းသားရဲအချို့ တောအုပ်ထဲမှ တရှိန်ထိုးထွက်လာလေသည်။ ဤသည်မှာ ဘာအကောင်မှန်းပင် ရှီဟောင်တို့မသိကြပေ။

“အဲဒီအကောင်တွေအားလုံးက နတ်ဘုရားအစစ်အမှန်အဆင့်တွေကြီးပဲ” လုယီ တုန်လှုပ်သွားရသည်။

အစပိုင်းသာရှိသေးသော်လည်း နတ်ဘုရားအစစ်ပင် ထွက်လာလေပြီ။

ဝုန်း..

ရှီဟောင် လှုပ်ရှားလိုက်သည်။ သင်္ကေတများထွက်ပေါ်လာလေ၏။ လေထဲတွင် အဖိုးတန်သင်္ကေတအလင်းများ ထွက်ပေါ်လာပြီး ထိုရှေးဟောင်းသားရဲများအားလုံး ပေါက်ကွဲသွားအောင် လုပ်လိုက်သည်။

“ဒါတွေက ရှေးဟောင်းသားရဲအစစ်မဟုတ်ဘူး .. တစ်ယောက်ယောက် အဲဒီကျောက်တုံးကြီးပေါ်မှာ ရေးထွင်းထားခဲ့တာ” လေ့ာသွမ် ထိတ်လန့်သွားရသည်။

တောအုပ်ထဲတွင် ရှေးဟောင်းသားရဲအချို့ကို ရေးထွင်းထားသည့် ကျောက်တုံးကြီးရှိနေလေ၏။ ဤအကောင်များမှာ ကျောက်တုံးများမှ ထွက်လာခြင်းပင်။

ဤလူများမှာ ချက်ချင်းပင် ထိတ်လန့်သွားရသည်။ ဤသည်မှာ မည်ကဲ့သို့သော ပညာဖြစ်သနည်း… ကျောက်တုံးများပေါ်တွင် ထွင်းထားသည့် သားရဲများပင်လျှင် တကယ်ပေါ်လာပြီး နတ်ဘုရားအစစ်ဖြစ်လာနိုင်လေသည်။

တောအုပ်ကြီးမှာ ငြိမ်းချမ်းနေပြီး အခြားအန္တရာယ်များ မရှိပေ။

သူတို့တောအုပ်ထဲမှ ထွက်လာသည့်အချိန်တွင် အချို့လူများ၏ စိတ်များ တုန်လှုပ်သွားရသည်။ ချော်ရည်များထွက်ပေါ်လာပြီး ပင်လယ်ကြီးကဲ့သို့ပင် အနီရောင်အလင်းများသည် အရာအားလုံးကို ဖုံးလွှမ်းထားလေ၏။

“မွှေးလိုက်တာ .. အသီးနံ့ရနေတယ်”

“သဘာဝဥပဒေက လုပ်ထားတဲ့ နောက်ထပ်လှည့်စားမှုတစ်ခုပဲ..” လုယီ နှုတ်ခမ်းများကို တွန့်ကွေးကာပြောလိုက်သည်။

“ဒီတစ်ခေါက်တော့ လှည့်စားမှုမဟုတ်ဘူး” လော့သွမ်သည် အရှေ့ဘက်သို့ စိုက်ကြည့်ကာ ပြောလိုက်၏။

ချော်ရည်ထဲတွင် သုံးပေမကျော်သည့်အပင်အနည်းငယ်ရှိနေသည်။ ထိုအပင်များသည် ငွေဖြူရောင်ဖြစ်ပြီး နူးညံ့သည့်အမွှေးနံ့ကို ထုတ်လွှတ်နေလေ၏။ အချို့အပင်များ၏ အကိုင်းများတွင် အသီးများရှိနေလေ၏။

“မြင့်မြတ်အသီးတွေ”

ဤအသီးများမှာ မြင့်မြတ်အသီးပင်။ ဤအသီးနာမည်ကို မသိသော်လည်း ဝိဉာဉ်စွမ်းအင်များ ပေါများစွာ ရှိနေသည်။

“ထာဝရရှေးဟောင်းမြေ ဖြစ်ထိုက်ပါပေတယ် .. ဝိဉာဉ်စွမ်းအင်တွေများလွန်းတော့ မြင့်မြတ်ဆေးပင်တွေ တစ်ခါတည်းနဲ့ အများကြီး ပေါ်လာတာပဲ … ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”

ရှီဟောင် အံ့အားတကြီး သက်ပြင်းချလိုက်သည်။ ဤနေရာနှင့်ယှဉ်လျှင် အဆင့်နိမ့်နယ်မြေရှိ သူ၏အမိမြေမှာ ‘ကျတ်တီးမြေကြီး’ ပင်။

သို့သော် သူတို့ဤအသီးကို ခူးလိုက်သည့်အချိန်တွင် ပြဿနာအနည်းငယ်ကြုံတွေ့လိုက်ရသည်။ ချော်ရည်ပင်လယ်ကြီးထွက်ပေါ်လာကာ များပြားလှသည့် သင်္ကေတများသည် သူတို့အား ဖိနှိပ်ကာ သတ်ရန် ကြိုးစားနေသည်။

နောက်ဆုံးတွင် သူတို့သည် ၆ လုံး ၇ လုံးခန့် ရလိုက်သည်။

ဝုန်းဟူသည့်အသံနှင့်အတူ ချော်ရည်ထဲမှ ရေနဂါးအရိုးတစ်ခု ထွက်ပေါ်လာကာ ပါးစပ်ဟပြီး ဤအသီးများထံသို့ ဦးတည်လာနေလေ၏။

“ထူးဆန်းလိုက်တာ .. ဒီအကောင်မှာ အသိဉာဏ်မရှိတော့ဘူး .. သူ့ရဲ့ပင်ကိုအသိစိတ် တစ်မျိုးပဲရှိတော့တာ” ရှီဟောင် ဆွံ့အသွားရသည်။

ဤရေနဂါးအရိုး၏ ဦးခေါင်းခွံထဲတွင် အလင်းအနည်းငယ်ရှိနေသည်။ ဤသည်မှာ မူလဝိဉာဉ်မဟုတ်ပဲ ကျန်ရှိနေသည့် စိတ်ဆန္ဒအကြွင်းအကျန်လေးသာ။

သူ၏ပါးစပ်ထဲသို့ မြင့်မြတ်အသီးတစ်လုံး ဝင်သွားသည်နှင့် ဤလူများကို သူ၏ကျောပေါ်သို့ တက်ခွင့်ပေးကာ သူတို့ကို ချော်ရည်ပင်လယ်၏အခြားတစ်ဖက်ခြမ်းသို့ ပို့ပေးလေသည်။

“ဘုရားရေ .. ဒီရေနဂါးက သူ မသေခင်တုန်းက ကောင်းကင်နတ်ဘုရားဖြစ်ခဲ့တာ .. ဒါပေမဲ့ အခုတော့ ဒီပင်လယ်ကို ဖြတ်သန်းဖို့အတွက်သုံးတဲ့ ပစ္စည်းတစ်ခုဖြစ်နေပြီ..” ထိုလူများမှာ အံ့အားတကြီးပင် ပြောလိုက်ကြသည်။

ဤနဂါးကြီးသည် တမင်သက်သက်ပင် ဤအခြေအနေသို့ရောက်အောင် ပြောင်းလဲခဲ့ခြင်းပင်။

ချော်ရည်ပင်လယ်ကြီးမှာ အတော်လေး ပူပြင်းလှသည်။ ထိုချော်ရည်များထဲတွင် နတ်ဘုရားများကိုပင် သတ်နိုင်သည့် ထူးဆန်းသည့်ရှေးဟောင်းမီးတောက်များ ရှိနေလေသည်။

လုယီစမ်းသပ်ကြည့်လိုက်သည်။ ရလဒ်အနေဖြင့် သူ၏လက်မောင်းဒဏ်ရာရသွားကာ အရည်ပျော်ကျမလိုပင် ဖြစ်သွားသည်။’

ရေနဂါးသည် လျင်မြန်စွာဖြင့်ပင် သူတို့အား ချော်ရည်ပင်လယ်တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးလေသည်။

“ငါတို့ကို စမ်းသပ်နေတာလား … ဘာလို့ တစ်နေရာပြီးတစ်နေရာ အန္တရာယ်များလာတာလဲ” လော့သွမ်၏မျက်နှာမှာ လေးနက်လာလေ၏။ အဘယ်ကြောင့်ဆိုသော် တောအုပ်ထဲတွင် စွမ်းအားကြီးသော သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ဓားရာအချို့ကို တွေ့ခဲ့ရသောကြောင့်ပင်။

အမှန်တကယ်ပင် သူတို့ နောက်တစ်ကြိမ် ရပ်တန့်လိုက်ရလေပြီ။ ဤတောအုပ်ကြီးကို ဖြတ်ကျော်ပြီးမှသာ သူတို့ဆက်သွားနိုင်လိမ့်မည်။

ထိုပုံစံအတိုင်းပင် သူတို့သည် အန္တရာယ်မျိုးစုံကို ဖြတ်ကျော်ခဲ့ရသည်။ စစ်ဆေးမှုများစွာမှာ ထူးခြားပါရမီရှိသူများကို ရပ်တန့်စေရန် လုံလောက်လေသည်။

အကြိမ်ငါးဆယ်မြောက်စစ်ဆေးမှုပြီးသွားသည့်နောက်တွင် ရှီဟောင်လက်ထဲတွင်ရှိနေသည့် ကျောက်တုံးသည် တောက်ပလာကာ ပုံမှန်မဟုတ်သည့်အရာများကို ပြသနေလေသည်။ ထိုအချိန်မှသာ သူတို့ဝင်လာသည့်လမ်းသည် ကျောက်တုံးပေါ်တွင် မှတ်တမ်းတင်ထားသည့်လမ်းနှင့်တူနေသည်ကို သူတို့သတိထားမိသွားခြင်းပင်။

“အမ် .. ဘာလို့ ဘာအန္တရာယ်မှ မရှိတော့တာလဲ”

သူတို့သည် ရှေးလမ်းကြောင်းအတိုင်း ဆက်လျှောက်လာပြီး နောက်ဆုံးတွင် သူတို့သည် မည်သည့်အတားအဆီးမှ မတွေ့ရတော့ပေ။ သူတို့အဆုံးသတ်သို့ ရောက်တော့မည်။

“ငါတို့ နောက်ဆုံးကို ရောက်တော့မယ်”

အဆုံးသတ်နားတွင် ဆုတောင်းဖျာတစ်ချပ်မှ သူတို့အား တားဆီးထားသည်။ ထိုဖျာမှ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်နေသည်။

ထိုစွမ်းအင်များအပြင် ထိုအနားတွင် အလောင်းအချို့လည်း ရှိနေသည်။ ထိုအလောင်းများအားလုံး အတော်လေးထူးခြားလှသည်။

“ဒီလူတွေအားလုံးက ရှေးခေတ်မှာ သေသွားတဲ့ စွမ်းအားကြီးတဲ့သူတွေပဲ .. ဒီနေရာကို ရောက်လာနိုင်တဲ့သူတွေက သာမန်ဖြစ်မှာမဟုတ်ဘူး” ရှီဟောင်သက်ပြင်းချကာ ပြောလိုက်သည်။

“မြေကြီးပေါ်မှာ စာလုံးတွေ ထွင်းထားတယ်”

မြေပြင်ပေါ်တွင် စာလုံးအချို့ထွင်းထားသည်ကို သူတို့တွေ့လိုက်ရသည်။

“နတ်အတောင်ပံကလန် — ဖုန်းထျန်ယိ”

ဤစာလုံးများကို အလောတကြီးရေးထားခြင်းဖြစ်ပြီး မသေခင် နောက်ဆုံးလက်ကျန်အင်အားဖြင့် ရေးထားဟန်တူသည်။

“ဘာ..” လော့သွမ်နှင့် လန်ယိချန်တို့နှစ်ယောက်လုံး ဆံပင်မွေးများ ထောင်ထသွားပြီး အတော်လေးပင် ထိတ်လန့်သွားရသည်။

“ဘာလဲ .. ဒီလူက နာမည်ကြီးတဲ့သူလား” ရှီဟောင်မေးလိုက်သည်။

“ဒါက ရှေးဟောင်းလူထူးဆန်းပဲ .. သူ ထာဝရရှေးဟောင်းနယ်မြေကို ဒုတိယအကြိမ်ဝင်သွားပြီးတော့ ဘယ်သူမှ သူ့ကို ထပ်မတွေ့ရတော့တာ” လော့သွမ်၏အမူအရာများမှာ လေးနက်နေသည်။

စွမ်းအားကြီးသည့် ရှေးဟောင်းလူထူးဆန်းသည် မရေတွက်နိုင်သည့်နှစ်ပေါင်းများစွာက ဤနေရာတွင် သေဆုံးခဲ့သည်။

ရှီဟောင် လေးနက်သွားရ၏။ အခြားအလောင်းများကို ကြည့်လိုက်သည့်အချိန်တွင် ဤလူများလည်း အတော်လေးစွမ်းအားကြီးကြသည်သာ။ သူတို့၏အရိုးများမှာ တောက်ပနေဆဲပင်။

အပိုင်း ၁၀၄၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၈ – ကျမ်းစာ ထွက်ပေါ်လာခြင်း

“မူလအရုးတွေကို တစ်ယောက်ယောက်က ထုတ်ယူပြီးသွားပြီ” ဤနေရာကို လေ့လာပြီးသည့်နောက်တွင် လန်ယိချန်ပြောလိုက်သည်။ သူ အတော်လေးပင် နှမြောမိသည်။

နတ်အတောင်ပံကလန်မှ ဖုန်းထျန်းယိသည် အရိုးစာအုပ်များတွင် မှတ်တမ်းတင်ခံရပြီး လောကကြီးကို လွှမ်းနိုင်သည့်သူပင်။ သူသည် စီရင်စုသုံးထောင်တွင် နံပါတ် ၁ ချိတ်ခဲ့သည့်သူပင်။

ကံမကောင်းစွာဖြင့်ပင် ဒုတိယအကြိမ်ပေါ်လာပြီးသည့်နောက်တွင် ဤနေရာတွင် သေဆုံးသွားခဲ့လေသည်။

“သူတို့ရဲ့ အရိုးအစစ်အမှန်တွေကို နောက်ရောက်လာတဲ့သူတွေ ယူသွားတာလား” ယုလီမေးလိုက်သည်။ ဤလူများကို သူ သနားနေမိသည်။

ရှီဟောင်လည်း ဘေးပတ်လည်ကို သေချာလေ့လာကြည့်လိုက်သည်။ ဤလူ၏အသွေးအသားများမရှိတော့သော်လည်း သူ၏အရိုးများမှာ မပျက်စီးသေးပေ။ အသက်သင်္ကေတများရှိသည့် အရိုးအစစ်မရှိတော့သည်ကလွှဲလျှင် ကျန်သည့်အစိတ်အပိုင်းများမှာ အကောင်းအတိုင်းရှိနေဆဲပင်။

ထို့နောက်တွင် သူအခြားအရိုးစုလေးခုကို ကြည့်လိုက်သည်။ ဤအရိုးများမှာ အတော်လေးထူးခြားပြီး အရောင်များတောက်ပနေဆဲပင်။ အချို့အရိုးများမှာ ရွှေရောင်၊ အချို့မှာ အနီရောင်ဖြစ်သည်။ ဤအရိုးများမှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း မပျက်စီးသေးပေ။

ဤအရိုးစုများသည် မတူညီသည့်ကလန်မှ လူများပင်။

“သူတို့အားလုံးက အတော်လေးစွမ်းအားကြီးကြတာပဲ .. သူတို့အားလုံးက ကလန်တစ်ခုရဲ့ စွမ်းအားအကြီးဆုံး ထူးချွန်တဲ့လူငယ်လေးတွေပဲ” ရှီဟောင်ပြောလိုက်၏။

အမှန်တကယ်ဆိုလျှင် သူတို့သာ စွမ်းအားမကြီးလျှင်လည်း ဤနေရာသို့ ရောက်လာမည် မဟုတ်ပေ။

ဝုန်း..

သူတို့၏ နတ်အာရုံကို အသုံးပြုကာ စူးစမ်းလေ့လာကြည့်လိုက်သည့်အချိန်တွင် ဆုတောင်းဖျာကြီး တောက်ပလာကာ ဖရိုဖရဲစွမ်းအင်များလည်း ပို၍သိပ်သည်းလာသည်။

“ရှေးဟောင်းကျမ်းစာလား”

လော့သွမ် ထိတ်လန့်သွားရသည်။

ထိုဆုတောင်းဖျာထဲတွင် ကြီးမြတ်သည့်တာအိုရှိနေသည်။ သူတို့နတ်အာရုံများ ရောက်သွားသည်နှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး အပြင်ဘက်သို့ ထွက်လာလေသည်။

“သတိထား” ရှီဟောင်ပြောလိုက်သည်။

သူ ဘာကိုဆိုလိုသည်ကို လော့သွမ်နှင့် လန်ယိချန်တို့နားလည်သည်။ သူတို့လည်း ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားကြပင်။ ရှေးဟောင်းလူထူးဆန်းပင် ဤနေရာတွင်သေခဲ့သောကြောင့် သူတို့က ဘယ်လိုလုပ် သတိမထားပဲနေမည်နည်း…

သူတို့သည် အနောက်ဆုတ်လိုက်ကာ ဤနေရာကို သေချာလေ့လာလိုက်သည်။

နောက်ဆုံးတွင် သူတို့ကောက်ချက်ချလိုက်နိုင်ကြသည်။ ဤလမ်းကြောင်းမှာ အလွန်ပင် အန္တရာယ်များလွန်းလှသည်။ သူတို့ချောချောမွေ့မွေ့ရောက်လာရခြင်းမှာ ဖုန်းထျန်ရိနှင့် အခြားသူများမှ ကန့်သတ်ချက်များအားလုံးကို ချိုးဖောက်ပြီးသားဖြစ်သောကြောင့်ပင်။

“ပြောရမယ်ဆိုရင် ငါတို့က သူတို့ရဲ့အောင်မြင်မှုကို နှမ်းဖြူးလိုက်တာ .. လွန်ခဲ့တဲ့နှစ်များစွာတုန်းက သူတို့တွေက လမ်းတစ်လျှောက်က တစ်ခြားအန္တရာယ်တွေအားလုံးကို ရှင်းလင်းပြီးသားလား..”

“ကြည့်ရတာ အန္တရာယ်ရှိတာဆိုလို့ ဒီဆုတောင်းဖျာပဲ ရှိတော့တာထင်တယ်”

ဤဆုတောင်းဖျာတွင် အခြားသူများ မလိုချင်ပဲ မနေနိုင်သည့် ကျမ်းစာရှိနေသည်။

ရှီဟောင်သည် ဆုတောင်းဖျာထံသို့ နတ်ဝိဉာဉ်တစ်ခုကို ပို့လွှတ်လိုက်သည်။ တာအိုကျမ်းစာကြီးမှာ နောက်တစ်ကြိမ်မြည်ဟည်းလာပြီး သူ့စိတ်ထဲသို့ ဝင်ရောက်လာလေသည်။ သေချာလေ့လာပြီးသည့်နောက်တွင် သူ တုန်လှုပ်သွားရသည်။

ဤအရိုးစာသားများမှာ ‘စွမ်းအား’ နှင့်ပတ်သက်သည့် စာသားများပင်။ စာကြောင်းအနည်းငယ်ကို ဖတ်ပြီးသည့်နောက်တွင် ဤသည်မှာ ပြိုင်ဘက်ကင်းသည့် အဆင့်လွန်တာအိုပင်ဖြစ်ကြောင်း သူ သိလိုက်ရသည်။ ကျမ်းစာသည် အရာအားလုံး၏ တာအိုကို ရှင်းလင်းပြထားလေသည်။ သို့သော် ဤစာသားများအားလုံးသည် ‘ခွန်အား’ ကို မဏ္ဍိုင်ပြုကာ ရှင်းပြထားခြင်းပင်။

ဤသည်မှာ ထိတ်လန့်စရာကောင်းလှပြီး မည်သူက ထိုအရာကို ခုခံနိုင်မည်နည်း..

ဤဆုတောင်းဖျာသည် သာမန်မဟုတ်သည်ကို သူသိသော်လည်း သူသည် အဆုံးထိလေ့လာချင်နေဆဲပင်။

ရုတ်တရက်ပင် ရှီဟောင်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ သူ၏အမွေးများအားလုံး ထောင်ထလာပြီး ဆုတောင်းဖျာနှင့် ဆက်သွယ်နေသည့် သူ၏နတ်ဝိဉာဉ်ကိုလည်း ရုတ်သိမ်းလိုက်သည်။ သူသည် ဆက်လက်လေ့လာလိုသည့်ဆန္ဒကို ချုပ်ထိန်းလိုက်ကာ နောက်ပြန်ဆုတ်လိုက်သည်။

“အဲဒီတော့..” အခြားသူများမှ မေးမြန်းလိုက်သည်။

“ဒါက အရမ်းအန္တရာယ်များတယ်” ရှီဟောင်၏အမူအရာမှာ လေးနက်နေသည်။

သို့သော် သူတို့သည် ဤရှေးဟောင်းကျမ်းစာကို ဘယ်လိုလုပ် ဤအတိုင်း လက်လျော့လိုက်နိုင်မည်နည်း…

“ကိုယ်ပွားကိုသုံးပြီးတော့ ဘာပြဿနာတွေရှိနေတာလဲဆိုတာ ကြည့်ကြရအောင် .. မင်းတို့အားလုံး အနောက်ဘက်ကနေ ကြည့်နေကြ .. ပြဿနာကိုရှာတွေ့တာနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်” လုယီ ပြောလိုက်သည်။

သူသည် ရှီဟောင်တို့နှင့် ခရီးထွက်လာသည့်တစ်လျှောက်လုံးတွင် သူတို့ကိုဘာမှမကူညီနိုင်ပဲ အနောက်မှလိုက်လာပြီး အကျိုးကျေးဇူးများ ရရှိနေသည်ဟု ခံစားနေရသည်။ သူသည် အလွန်ပင် စိတ်မသက်မသာဖြစ်ပြီး အပြစ်မကင်းစိတ်ဖြစ်ရသည်။

ထို့ကြောင့်ပင် သူ ဓားစာခံအနေဖြင့်လုပ်ရန် အကြံပေးလိုက်ခြင်းပင်။

ဤသည်မှာ အလွန်ပင်အန္တရာယ်များပြီး တစ်ချက်မှားသွားသည်နှင့် သူ ဤနေရာတွင် သေဆုံးသွားလိမ့်မည်။ သို့သော်လည်း သူ ဤသည်ကို လုပ်ချင်နေဆဲပင်။

“အလွန်ဆုံးမှ ကိုယ်ပွားသေတာလောက်ပဲဖြစ်မှာပဲလေ .. ဒါက အဓိကခန္ဓာကိုယ်ကို ထိခိုက်စေမှာမှ မဟုတ်တာ” ယုလီ ကိုယ့်ကိုကိုယ် အားတင်းကာ ပြောလိုက်သည်။

အခြားသူများ နောက်ဆုတ်သွားကြလေ၏။ ယုလီသည် ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်ကာ အစစ်နှင့်တူအောင် သွေးစွမ်းအင်အနည်းငယ်ကို ထည့်လိုက်သည်။ နတ်အာရုံများကိုလည်း ထည့်လိုက်ရသည်သာ။

သူတို့အားလုံးသည် ခပ်ဝေးဝေးမှနေ၍ သေချာကြည့်နေကြလေ၏။

ကိုယ်ပွားသည် အရှေ့ဘက်သို့ တစ်လှမ်းချင်းလျှောက်သွားလိုက်ပြီး ဆုတောင်းဖျာနှင့် သုံးကျန်းခန့်သာလိုတော့သည့်အချိန်တွင် ရပ်တန့်သွားသည်။ ထိုအချိန်တွင် အရိုးစာသားများ တောက်ပလာလေ၏။

“အရှေ့ကိုဆက်သွားလို့မရတော့ဘူး .. ဒီမှာ တောင်ကြီးတစ်တောင် ကာထားတဲ့အတိုင်းပဲ” ကိုယ်ပွားမှ ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ထိုင်ချလိုက်ကာ နတ်အာရုံအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် ထိုကိုယ်ပွားသည် ရူးနှမ်းသွားလေ၏။

“ကျမ်းစာကို ဖတ်ပြ” လုယီ၏ခန္ဓာကိုယ်အစစ်မှ ပြောလိုက်သည်။ ရှီဟောင်နှင့်အခြားသူများလည်း နားထောင်၍ရရန်အတွက်ပင်။

သို့သော် ထိုကိုယ်ပွားသည် ပါးစပ်ကိုဟကာ တစ်စုံတစ်ခု ပြောလိုက်သော်လည်း သူ၏နတ်အာရုံမှ ဘာမှမပို့နိုင်တော့ပေ။ သူတို့အဆက်အသွယ်ပြတ်သွားလေပြီ။ ထို့အပြင် ယုလီပင်လျှင် သူ၏ကိုယ်ပွားနှင့် မဆက်သွယ်နိုင်တော့ပေ။

“အာ … ဒါက တော်တော်လေးကို ထူးဆန်းတာပဲ” လန်ယိချန်ပြောလိုက်သည်။

ကိုယ်ပွားသည် ထိုနေရာတွင် ဆက်လက်ထိုင်နေပြီး ဆုတောင်းဖျာမှ ကျမ်းစာများကို နားလည်အောင်လုပ်နေဆဲပင်။ ထိုကိုယ်ပွားသည် ပို၍ပင် တောက်ပလာလေ၏။

တစ်ခဏကြာပြီးသည့်နောက်တွင် အားလုံး တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဆုတောင်းဖျာမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထက်ရှလှသည့်ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားလေသည်။ ထိုဓားသည် ကိုယ်ပွား၏ မျက်ခုံးနှစ်ခုကြားကို ထိုးစိုက်သွားလေ၏။

ကိုယ်ပွားသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်၏။ သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ကိုယ့်ကိုကိုယ်ကာကွယ်ရန်အတွက် လျှို့ဝှက်ရတနာမျိုးစုံကို အသုံးပြုလိုက်သည်။

သူတို့အားလုံး ရှုပ်ထွေးသွားရသည်မှာ ထိုအလင်းတန်းကို ဖြတ်သွားသည့် လျှို့ဝှက်ရတနာများသည် ဘာကိုမှမထိမိသကဲ့သို့ပင်။ အရိုးစာသားများ ထွက်လာခြင်းမရှိသကဲ့သို့ အခြားအရာများ ထွက်ပေါ်လာခြင်းမရှိပေ။ ထိုပစ္စည်းများသည် ထိုအလင်းတန်းအား မရပ်တန့်စေနိုင်ပေ။

ကိုယ်ပွားသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ထိုအလင်းတန်းကိုခုခံရန်အတွက် အဖိုးတန်ပညာများကို ထုတ်သုံးလိုက်သည်။ သို့သော်လည်း အရာအားလုံးမှာ အသုံးမဝင်ပေ။ ထိုအလင်းတန်းသည် သူ၏မျက်ခုံးကြားသို့ ထိုးဖောက်သွားလေသည်။

ယုလီ၏ကိုယ်ပွား၏ အမူအရာပြောင်းလဲသွားသည်။ သူ၏ဦးခေါင်းထိပ်မှ အလင်းတန်းတစ်ခု ထွက်လာလေ၏။ ဤသည်မှာ ထွက်ပြေးရန်ကြိုးစားနေသည့် နတ်အာရုံပင်ဖြစ်သည်။

ဆုတောင်းဖျာမှ ထွက်လာသည့် ထိုဓားအလင်းတန်းသည်လည်း ဦးတည်ချက်ပြောင်းသွားလေ၏။ မျက်ခုံးကြားထဲသို့ ဝင်မသွားပဲ နတ်အာရုံနောက်သို့ လိုက်သွားလေသည်။ ထိုအလင်းတန်းနှင့် နတ်အာရုံတို့သည် ပြင်းထန်စွာပင် တိုက်ခိုက်ကြလေ၏။

ဖူး…

လုယီ၏ခန္ဓာကိုယ်အစစ်မှ သွေးအန်သွားကာ မျက်နှာသည်လည်း အလွန်ပင် ဖြူဖျော့လာလေ၏။ အဘယ်ကြောင့်ဆိုသော် လေထဲတွင်ရှိနေသည့် သူ၏နတ်အာရုံသည် ဖောက်ခွဲခံလိုက်ရကာ ကိုယ်ပွားသည်လည်း အလင်းမိုးအဖြစ်ပြောင်းလဲကာ သေဆုံးသွားလေပြီ။

တစ်ချိန်တည်းမှာပင် ထိုဓားအလင်းတန်းလည်း ပျောက်ကွယ်သွားလေ၏။

“သူက လူတစ်ယောက်ရဲ့ မူလဝိဉာဉ်ကိုပဲ တိုက်ခိုက်တာ .. အဲဒီအလင်းတန်းက တော်တော်လေးထူးဆန်းတယ် … လက်နက်တွေလည်း သူ့ကိုဘာမှလုပ်လို့မရဘူး .. မူလဝိဉာဉ်ကပဲ သူ့ရဲ့စွမ်းအားကို ခုခံနိုင်တာ” တစ်ခဏမျှစဉ်းစားပြီးနောက် လော့သွမ်ပြောလိုက်သည်။

“ဒါက ‘စွမ်းအား’ကို ပုံဖော်တာလား .. မူလဝိဉာဉ်တောင်ပါတာလား” ရှီဟောင် တုန်လှုပ်သွားရသည်။

ဤသည်မှာ စွမ်းအားထွက်ပေါ်လာခြင်းပင်။

ဤကဲ့သို့ဖြစ်နေလေ ပိုလိုချင်လေပင်။ တာအိုများမှာ ကြီးမြတ်လာလေလေ ရိုးရှင်းလာလေလေပင်။ ဤသည်မှာ သားရဲ ၁၀ မျိုးထဲမှ တစ်မျိုး၏ လျှို့ဝှက်ပညာဖြစ်ပါက အတိတ်နှင့်ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေမည်မှာ သေချာသည်။

သားရဲ ၁၀ မျိုးမှာ ထာဝရရှေးဟောင်းခေတ်မှ သက်ရှိများဖြစ်သည်ဟု ပြောကြသည်။ ဤခေတ်ရောက်မှသာ သေဆုံးသွားကြခြင်းပင်။ ဤကဲ့သို့သေဆုံးမှုအတွက် နောက်ကွယ်မှ အကြောင်းပြချက်လည်း ရှိမည်ပင်။

မဟုတ်ပါက ဤနေရာတွင် အဘယ်ကြောင့် သားရဲအသိုက်ရှိနေမည်နည်း…

“အဲဒီအလင်းတန်းက အဲဒီလောက်လည်း စွမ်းအားမကြီးဘူးလို့ ငါ ခံစားလိုက်ရတယ် .. သူက လုယီကို သတ်နိုင်ပေမယ့် ငါတို့ဆိုရင်တော့ မသတ်နိုင်လောက်ဘူး” လန်ယိချန် ပြောလိုက်သည်။

လုယီ၏မျက်နှာမှာ ဖြူဖျော့နေသည်။ သူ၏ကိုယ်ပွားကို ဆုံးရှုံးထားရသောကြောင့် ဒဏ်ရာပြင်းထန်သည်ဟု ပြော၍ရသည်။ သူသည် ရှီဟောင်ကမ်းပေးသည့် ဂျင်ဆင်းတစ်ဝက်အသီးကို ယူစားလိုက်သည်။ ထို့နောက်တွင် သူသည် ထိုင်ချလိုက်ပြီး တရားထိုင်နေလိုက်သည်။

“ငါစမ်းကြည့်လိုက်ဦးမယ်” လန်ယိချန်သည်လည်း ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်သည်။ ဤကိုယ်ပွားမှာ အကျိုးအမြတ်တစ်စုံတစ်ရာရရှိရန်အတွက် သူမျှော်လင့်မိသည်။

“အမ်..” ဤလူများအားလုံး အံ့အားသင့်သွားရသည်။

လန်ယိချန်ကဲ့သို့သော စွမ်းအားကြီးသည့်သူ၏ကိုယ်ပွားပင်လျှင် သုံးကျန်းအတွင်းသာ လျှောက်နိုင်ပြီး ထိုထက်ပိုမသွားနိုင်တော့ပေ။

ထို့နောက်တွင် သူ၏ကိုယ်ပွားသည်လည်း ထိုင်ချလိုက်ကာ လျှို့ဝှက်ပညာများကို နားလည်အောင် ပြုလုပ်လိုက်သည်။ အစပိုင်းတွင် သူသည် အချို့စာသားများကို ရွတ်ဖတ်ပြနေသေးသော်လည်း နောက်ပိုင်းတွင် သူ၏နတ်အာရုံမှာ ကန့်သတ်ခံလိုက်ရပြန်သည်။

ရွှီး..

လျှို့ဝှက်ပညာ၏ အရေးကြီးသည့်အပိုင်းသို့ ရောက်သွားသည့်အချိန်တွင် ဆုတောင်းဖျာမှ အခြားအလင်းတန်းတစ်ခုထွက်ပေါ်လာပြီးလာလေ၏။ ထိုအလင်းတန်းမှာ နတ်သက်တံ့တစ်ခုကဲ့သို့ပင် မြန်ဆန်လွန်းလှသည်။

လန်ယိချန်၏ကိုယ်ပွားသည်လည်း ထိုအလင်းတန်း၏ပြိုင်ဘက်မဟုတ်သေးပေ။ သူ၏နတ်အာရုံများ ဖောက်ထွင်းခံလိုက်ရပြီး သူ၏ကိုယ်ပွားသည်လည်း အလင်းမိုးအဖြစ်ပြောင်းလဲသွားလေ၏။ ဤသည်မှာ ယုလီ၏ကိုယ်ပွားနှင့် ရလဒ်အတူတူပင်။

သူ၏ခန္ဓာကိုယ် ထိခိုက်သွားကာ သူ၏မျက်နှာလည်း ဖြူဖျော့သွားသည်။ သူသည် အဖိုးတန်ဆေးအချို့ကို စားသုံးလိုက်ပြီး သူ၏အခြေခံစွမ်းအင်များ ပြန်လည်ကောင်းမွန်အောင် လုပ်လိုက်ရသည်။

“ဘာလို့ ဒီရလဒ်ပဲရတာလဲ”

“လူမတူတာနဲ့ ဒီအလင်းတန်းကလည်း အဲဒီလူနားလည်အောင်လုပ်တဲ့ပညာပေါ်မူတည်ပြီး အားကွာသွားတာ” နောက်ဆုံးတွင် သူတို့ မှတ်ချက် ချလိုက်ကြသည်။

ဤလူများ မျက်မှောင်ကြုတ်သွားကြသည်။ ဤသည်မှာ အတော်လေး ပြဿနာများလှသည်။ ဤသို့သာဆိုလျှင် ဤရှေးဟောင်းကျမ်းစာများကို နားလည်အောင် မည်ကဲ့သို့ လုပ်ရတော့မည်နည်း…

“ဖုန်းထျန်ယိရဲ့ အားအနည်းဆုံးနေရာက သူ့ရဲ့မူလဝိဉာဉ်လို့ပြောကြတယ်”

“ဒါက သားရဲအသိုက်ပိုင်ရှင်လုပ်ထားတဲ့ စမ်းသပ်မှုလား .. စမ်းသပ်မှုသာဆိုရင်တော့ လူတွေကိုသတ်ဖို့ပဲ လုပ်ထားမှာမဟုတ်ဘူး .. အသက်ရှင်နိုင်တဲ့နည်းလမ်းလဲ ရှိမှာပဲ” ရှီဟောင်ပြောလိုက်၏။

“ဒါက အရမ်းအန္တရာယ်များလွန်းတယ် .. ငါတို့နောက်ပြန်ဆုတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်” လော့သွမ်ပြောလိုက်သည်။

သို့သော် သူ နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ ဆွံ့အသွားရသည်။ ထိုလမ်းကြောင်းမှာ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားကာ သူတို့လာသည့်လမ်းကြောင်းလည်း မရှိတော့ပေ။

“ရွှီး..” လော့သွမ်၏လက်မှ ဓားစွမ်းအင်ထွက်ပေါ်လာသည်။ သို့သော် တချွမ်းချွမ်းအသံများသာ ထွက်ပေါ်လာပြီး ထိုအနီရင့်ရောင်နံရံကို မချိုးဖောက်နိုင်ပေ။

ထို့နောက်တွင် သူ၏ဆံပင်များ တောက်ပလာကာ နံရံထံသို့ တရှိန်ထိုး ပြေးဝင်သွားကြသည်။ ဤသည်မှာ သူ၏ထူးခြားပါရမီပင်။ ထိုဆံပင်များသည် နံရံကို ဖောက်ထွက်သွားသော်လည်း ဘာမှဖြစ်မလာပဲ သူသာ လွင့်ထွက်သွားလေသည်။

ရှီဟောင်လည်း စမ်းသပ်ကြည့်လိုက်၏။ သို့သော် ဤသည်မှာလည်း အသုံးမဝင်ပေ။

“ဆိုးလိုက်တာ .. ငါတို့ပိတ်မိနေပြီ”

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးလည်း နိုးလာလေပြီ။ ရှီဟောင်သည် သူ့အား ဤအစီအရင်ကို ချိုးဖောက်ခိုင်းသော်လည်း အကူအညီ မဖြစ်ပေ။ အားလုံးမှာ ထိုဆုတောင်းဖျာကြောင့်ပင်။ ထိုဆုတောင်းဖျာသည် အစီအရင်၏အလယ်ဗဟိုတွင် ရှိနေခြင်းပင်။

“ငါတို့ ဒါကို နားလည်အောင်ပဲ လုပ်လို့ရမှာလား” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ “သူတို့နယ်ပယ်ရဲ့ကန့်သတ်ချက်ထက်ကို ကျော်လွန်တဲ့ လေ့လာသူကို လိုအပ်တာများလား”

ထို့နောက်တွင် ရှီဟောင်သည် အရှေ့သို့ လျှောက်သွားလိုက်ကာ ဆုတောင်းဖျာနှင့် သုံးကျန်းအကွာတွင် ထိုင်ချလိုက်သည်။

“အန္တရာယ်များလွန်းတယ် .. မင်းရဲ့ကိုယ်ပွားနဲ့ အရင်စမ်းသပ်သင့်တယ်” လော့သွမ်ပြောလိုက်သည်။

“ဒီ မူလဝိဉာဉ်တိုက်ခိုက်မှုကို ခုခံနိုင်ဖို့ သတ္တိရှိရှိနဲ့ လုပ်နိုင်သမျှအားလုံးကို လုပ်ဖို့လိုအပ်တယ်” ရှီဟောင်ပြောလိုက်သည်။

သူ အလောတကြီး မလုပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်သလို သူ၏မူလဝိဉာဉ်ကိုလည်း လျှပ်စီးအလင်းတန်းဖြင့် ပြုပြင်ပြီးသားပင်။ ထို့အပြင်သူသည် ရွှေရောင်ဗောတိသီးကိုလည်း စားသုံးထားသောကြောင့် သူ၏မူလဝိဉာဉ်သည် သူ၏ကျင့်ကြံဆင့်တွင်ရှိနေသည့် အခြားသူများထက်တော့ ပို၍စွမ်းအားကြီးသည်သာ။

ရှီဟောင် ထိုပညာများကို လေ့လာနေလိုက်သည်။ ထင်ထားသည့်အတိုင်းပင် အန္တရာယ်ကျရောက်လာသည်သာ။ ယခင်ကထက်ပင် ပိုတောက်ပသည့် အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူ၏မူလဝိဉာဉ်ထံသို့ ဦးတည်လာလေသည်။

ဝုန်း..

တိုက်ပွဲတစ်ခု ဖြစ်ပွားနေလေ၏။ ရှီဟောင်၏မူလဝိဉာဉ်သည် တောက်ပသည့်ပုံရိပ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုအလင်းတန်းနှင့် တိုက်ခိုက်နေလေသည်။

“စွမ်းအားကြီးလိုက်တာ .. မူလဝိဉာဉ်တောင်မှ ပုံစံပြောင်းနိုင်တယ် .. ငါတို့ထက်ပိုပြီးတော့ စွမ်းအားကြီးတာပဲ” လန်ယိချန် သက်ပြင်းချကာ ပြောလိုက်သည်။

ယခုအချိန်တွင် ရှီဟောင်သည် ပြန်လည်ဝင်စားခြင်းပညာ၊ လျှပ်စီးဧကရာဇ်၏ ပညာတို့ကို အသုံးပြုကာ တိုက်ခိုက်နေခြင်းပင်။

“တားထားလိုက်”

“မင်းအောင်မြင်ဖို့လိုတယ်”

အနောက်ဘက်တွင် ရှိနေသည့်သူများသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူတို့ကိုယ်တိုင် ဝင်တိုက်နေရသကဲ့သို့ပင် သူတို့အဝတ်အစားများမှာ ချွေးများစိုရွှဲနေလေပြီ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သာ ရှုံးနိမ့်သွားပါက သူတို့မျှော်လင့်ချက်မရှိတော့ပေ။ သူတို့ သေဆုံးသွားသည်အထိ ဤနေရာတွင် ပိတ်မိသွားလိမ့်မည်။

ဤအလင်းတန်းမှာ စွမ်းအားကြီးလွန်းလှသည်။ လုယီနှင့် လန်ယိချန်တို့ကို တိုက်ခိုက်သည့် အလင်းတန်းထက် အဆပေါင်းမည်မျှပင် စွမ်းအားကြီးသည်ကို မည်သူမှ မသိနိုင်ပေ။ ထာဝရဓားသည် ရှီဟောင်ကို ဆက်တိုက်ပင် တိုက်ခိုက်နေလေသည်။

ဤတိုက်ပွဲသည် နှစ်နာရီကြာမြင့်သွားခဲ့သည်။ ရှီဟောင်သည် အားအင်ကုန်ခမ်းနေပြီဖြစ်သည်။ နောက်ဆုံးတွင်တော့ သူထိုအလင်းတန်းကို ရှင်းပစ်နိုင်ခဲ့ပြီး သူ၏မူလဝိဉာဉ်လည်း သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ သူသည်ချက်ချင်းပင် ထိုင်ချလိုက်ကာ သူ၏စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်သည်။

“သူ နိုင်သွားပြီ…”

သူတို့အားလုံး အလွန်ပင် ပျော်ရွှင်သွားရသည်။

ရှီဟောင်သည် ဂျင်ဆင်းတစ်ဝက်သီးကိုစားကာ ထိုနေရာတွင် တစ်ရက်နှင့်တစ်ညကြာအောင် ထိုင်နေလေသည်။ ထို့နောက်မှသာ သူ၏မျက်လုံးများပြန်ပွင့်လာလေ၏၊။

ဤတိုက်ပွဲတွင် သူစွမ်းအင်များကို မည်မျှပင် အသုံးပြုခဲ့သည်ကို စဉ်းစားကြည့်နိုင်သည်။

ရှီဟောင်သည် ဘာမှမပြောပဲ ဆုတောင်းဖျာအတွင်းမှ သင်္ကေတများကို ဆက်လက်လေ့လာနေလိုက်သည်။ သို့သော် သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်သည့်အချိန်တွင် မြူများအုံ့ဆိုင်းလာပြီး ဆုတောင်းဖျာလည်း တုန်ခါလာသည်။ ထို့နောက်တွင် ဂိတ်တံခါးတစ်ခုပေါ်လာကာ အလင်းတန်းတစ်ခုမှ သူတို့ကို ဤနေရာမှ ခေါ်ဆောင်သွားလေ၏။ သူတို့သည် အုံ့ဆိုင်းနေသည့်ဂူတစ်ခုထဲသို့ ရောက်သွားကြလေသည်။

“နှမြောစရာကောင်းလိုက်တာ .. အဲဒီကျမ်းစာက ဒီဂူပေါက်ကို ဖွင့်ဖို့အတွက်ပဲ .. သူ့ရဲ့အဓိကအပိုင်းတွေထိတောင် မရောက်လိုက်ရဘူး” ရှီဟောင် ပြောလိုက်သည်။

“ဒါက စမ်းသပ်မှုပဲနေမှာ .. ဒီအဆင့်ကို ဖြတ်နိုင်မှ ဒီထက်ပိုအဆင့်မြင့်တာကို လေ့လာနိုင်မှာထင်တယ်”

ဤသည်မှာ မြူများရစ်သိုင်းနေသည့် လှိုဏ်ဂူကြီးပင်။

“အဲဒီလမ်းကနေ ထွက်လာလို့ရတဲ့သူတွေ ရှိတယ် .. ဒီလမ်းက ကြောက်စရာအကောင်းဆုံးလမ်းထဲက တစ်ခုပဲ .. ဒီနေ့တော့ အောင်မြင်တဲ့သူ ရှိသွားပြီ”

လှိုဏ်ဂူအတွင်းတွင် ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာလေ၏။ အသံများမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။

ရှီဟောင်တို့အုပ်စု အရှေ့ဘက်သို့ ဆက်လျှောက်သွားလိုက်သည်။ ဤလှိုဏ်ဂူကြီးကို သေချာကြည့်ပြီးသည့်နောက်တွင် ဤဂူမှာ အတော်လေးပင် ကြီးမားကြောင်း တွေ့လိုက်ရသည်။ ဤဂူကြီးထံသို့ ဦးတည်လာသည့် မတူညီသည့် ကျောက်တံခါး အခု ၁၀၀ ရှိနေလေသည်။

သူတို့ဝင်လာသည့်လမ်းကြောင်းမှာ ထိုအခု ၁၀၀ ထဲမှ တစ်ခုပင်ဖြစ်သည်။ ဤတံခါးအပါအဝင် အခြားတံခါးကိုးခုတွင် ‘သေဆုံးခြင်း’ ဟူသည့်စာလုံးကို ရေးထားလေသည်။ ဤသည်မှာ ဤလမ်းကြောင်း၏ ခက်ခဲမှုကို ဖော်ပြထားခြင်းပင်။

သူတို့ ထိုလမ်းကြောင်းမှ လမ်းလျှောက်ထွက်လာလိုက်သည်နှင့် ဖိအားများမှာ ရုတ်တရက်ပင် တိုးလာကာ သူတို့ခြေထောက်မြှောက်ရန်ပင် ခက်ခဲလာသည်။

အရှေ့ဘက်တွင် တာအိုစင်္ကြံများတစ်ခုပြီးတစ်ခုပေါ်လာကာ အတန်းလိုက်ပုံစံဖြစ်နေလေ၏။ စင်္ကြံတိုင်းတွင် ထိုင်နေသည့်သက်ရှိများ ရှိနေသည်။

ဤအရာမှာ အဓိကအရာမဟုတ်ပေ။ ရှီဟောင်၏အာရုံကိုဆွဲဆောင်သွားသည်မှာ ဂူအတွင်းပိုင်းတွင် မြူဆိုင်းနေသည့် ရှေးဟောင်းဂူတစ်ခု ရှိနေသေးသည်။ ထိုနေရာတွင် ထာဝရအလင်းများ ဝေ့ဝဲနေပြီး မြူများလည်းထူထပ်လှသည်။

ရှေးဟောင်းဂူအတွင်းပိုင်းတွင် ကျောက်စိမ်းစားပွဲတစ်လုံးကို မြင်နေရပြီး ထိုစားပွဲပေါ်တွင် ထာဝရအလင်းများထုတ်လွှတ်နေသည့် အရိုးစာအုပ်တစ်အုပ်ရှိနေလေသည်။

အပိုင်း ၁၀၄၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၄၉ – ထာဝရလှိုဏ်ဂူ

သားရဲ ၁၀ မျိုး၏ အဖိုးတန်ပညာ…

ရှီဟောင်၏မျက်လုံးများတောက်ပသွားပြီး သူ ထိုအရိုးစာအုပ်ကိုသာ မြင်တော့သည်။ အခြား ဘာကိုမှမမြင်တော့။

ဟွန့်…

နှာခေါင်းရှုံ့သံထွက်ပေါ်လာကာ ဂူထဲတွင် ရန်လိုမှုနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်သွားသည်။

“လူတွေအများကြီးပဲ .. သူတို့အားလုံးက ကျွမ်းကျင်သူတွေ..” လော့သွမ်တီးတိုးပြောလိုက်သည်။ သူကဲသို့စွမ်းအားကြီးသည့်သူပင်လျှင် ဖိအားကြီးကို ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤအုပ်စုထဲတွင် အားနည်းသည့်သူမပါပေ။ အားလုံးမှာ စွမ်းအားကြီးသည့်သူများပင်။

ဤထဲမှ လူအချို့ကို သူမှတ်မိသည်။ အားလုံးမှာ သူတို့စီရင်စုမှ စွမ်အားအကြီးဆုံးဂျီးနီးယပ်စ်များပင်။ သူတစ်ခါမှ မမြင်ဖူးသည့်သူများရှိသော်လည်း သူတို့အသွင်အပြင်ကို ကြည့်လိုက်သည်နှင့် သူတို့မည်သည့်ကလန်မှဖြစ်သည်ကို သူသိသည်။

“ဒီမှာ လူအယောက်တစ်ရာကျော်ရှိနေတယ်” လန်ယိချန် အေးခဲသွားရသည်။ အတိအကျပြောရလျှင် အယောက် နှစ်ရာနီးပါးရှိနေခြင်းပင်။

သူတို့သည် လမ်းတစ်လျှောက်တွင် အန္တရာယ်မျိုးစုံ တွေ့ကြုံခဲ့ရပြီး စစ်ဆေးမှုပေါင်း ၅၀ ကို ဖြတ်သန်းခဲ့ရသည်။ ရှီဟောင်ကြောင့်သာမဟုတ်ပါက သူတို့ ဆုတောင်းဖျာကို ဖြတ်နိုင်မည်မဟုတ်ပေ။

သို့သော် ဤဂူထဲတွင် လူအယောက် ၂၀၀ ကျော်ရှိနေသည်။

“ငါတို့လမ်းက တော်တော်လေးကို ခက်ခဲတယ် .. သေလမ်း ၁၀ လမ်းထဲက တစ်လမ်းကနေ ငါတို့လာခဲ့တာပဲ” လုယီတီးတိုးပြောလိုက်သည်။

“ငါတို့ကံကောင်းမှုကို ဝေမျှပေးရမယ့်လူတစ်ချို့ ထပ်ရောက်လာပြန်ပြီ .. တာအိုညီအစ်ကို မင်းတို့ ဝေမျှပေးချင်ကြလား” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“သက်ရှိတွေက တစ်ဖြည်းဖြည်းနဲ့ များလာပြီ .. ဒါပေမဲ့ ဒီဂူမှာ အဆင့်လွန်ရတနာတွေ အများကြီးရှိနေတယ် .. လူထပ်မလာအောင် လုပ်သင့်ပြီလို့ ငါခံစားနေရတယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ရှီဟောင်ထိုသူများကို ကြည့်လိုက်သည်။ သူတို့သည် စင်္ကြံများပေါ်တွင်ထိုင်နေကြခြင်းဖြစ်ပြီး အချို့မှာ ရက်စက်ကာ အချို့မှာ ချောမောခန့်ညားကြသည်။ လူမျိုးစုပေါင်းစုံမှာ အမျိုးသားနှင့် အမျိုးသမီးမျိုးစုံ ရှိနေလေသည်။

တူညီသည့်အချက်တစ်ချက်မှာ သူတို့အားလုံးသည် ထိတ်လန့်စရာကောင်းလောက်အောင် စွမ်းအားကြီးနေကြခြင်းပင်။

ဂူထဲရှိ လေထုမှာ အလွန်ပင် တင်းမာနေလေသည်။

ရှီဟောင်၏အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပေ။ “တိုက်ချင်တဲ့သူ ငါ့ကိုလာတိုက်ကြ .. တိုက်ရဲတဲ့သူတွေအားလုံးကို ငါကြိုဆိုနေမယ်”

“ဟား ဟား ဟား…” သူတို့ထဲမှ လူတစ်ယောက်သည် ရယ်မောလိုက်ကာ “မင်းကိုယ်မင်း အရမ်းတွေ မြင့်မြတ်တယ်လို့ ထင်နေတာလား .. ဒီနေရာကို မင်းရဲ့စီရင်စုလို့များ ထင်နေတာလား .. ဒီလိုမျိုး သေခြင်းနဲ့ရှင်ခြင်းကို နားမလည်တဲ့အရူးကို ဘာတွေစောင့်နေကြတာလဲ .. သူ့လမ်းကို ပို့ပေးလိုက်ကြ”

တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

သို့သော် ဤနေရာတွင်ရှိနေသည့်သူများမှာ ငတုံးငအ မဟုတ်ပေ။ မည်သူမှအလောတကြီးမလုပ်ကြပဲ မည်သူမှ ဦးမဆောင်ချင်ကြပေ။ ထို့အပြင် နောက်ရောက်လာသည့်အုပ်စုသည် ‘သေခြင်းတရား’ လမ်းကြောင်းမှ ထွက်လာခြင်းဖြစ်သောကြောင့် ဤသည်မှာ သေချာပေါက် သူတို့ရန်စ၍ရမည့်သူမဟုတ်ပေ။

“ထမီခြုံထဲက လက်သီးလက်မောင်းတန်းပြနေတဲ့ကောင် .. မင်းလာတိုက်လေ” လုယီပြောလိုက်သည်။

“အားလုံးပဲ … ငါသုံးထိရေမယ် .. ပြီးရင် ငါတို့အားလုံး တိုက်ကြမယ် … ဘယ်လိုလဲ .. အချိန်ကျလာရင် ငါတို့နတ်ဝိဉာဉ်တွေ စည်းချက်ကိုက်သွားလိမ့်မယ် .. အဲဒီအချိန်ကျရင် အားလုံးတိုက်ခိုက်ကြမှာ သေချာတယ် .. အဲဒီတော့ ဒီလူတွေကို ရှင်းပစ်ဖို့အတွက်ကို စိတ်ပူစရာမလိုဘူး” ထိုအသံထပ်မံထွက်ပေါ်လာသည်။

ထိုအချိန်တွင် အေးစက်သည့်စွမ်းအင်များ ထွက်ပေါ်လာပြီး လေထဲတွင်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ သူတို့၏နတ်ဝိဉာဉ်များသာ စည်းချက်ကိုက်ညီသွားလျှင် သူတို့တစ်ယောက်နှင့်တစ်ယောက် အာရုံခံမိကြမည်သာ။ ထိုသို့သာဆိုလျှင် ဘာမှစိတ်ပူစရာမလိုတော့ပေ။

လော့သွမ်နှင့် လန်ယိချန်တို့၏ အမူအရာများ ပြောင်းလဲသွားကြကာ ဆက်တိုက်ပင် နောက်ဆုတ်လိုက်ကြသည်။ ဤနေရာတွင် သာမန်လူတစ်ယောက်မှ မရှိပေ။ ရှေးဟောင်းလူထူးဆန်းများမှ သူတို့အားကြည့်နေကြသလိုပင် ခံစားနေရသည်။

ရှီဟောင်၏မျက်လုံးများ စုကျုံ့လာကာ သင်္ကေတစ်ခုဖြစ်ပေါ်လာလေ၏။ သူသည် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ကာ အေးစက်စွာဖြင့်ပင် “မလိုဘူး .. မင်းတို့အခု တိုက်လို့ရတယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် အရှေ့သို့ ခြေလှမ်းကျယ်တစ်လှမ်း တိုးသွားလိုက်လေသည်။

ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေလေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာကို ကန့်သတ်ထားသည့် စွမ်းအားကြီးတစ်ခုရှိနေပြီး ခြေလှမ်းတစ်လှမ်းလှမ်းရန်အတွက်ပင် အတော်လေး အားစိုက်ရမည်ပင်။

သို့သော် ယခုအချိန်တွင်ရှီဟောင်၏ခြေလှမ်းများမှာ ခိုင်မာကာ တည်ငြိမ်လှသည်။ သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သမိုင်းမတင်မီခေတ်က သားရဲကြီးတစ်ကောင်လမ်းလျှောက်နေသကဲ့သို့ပင်။

ထို့နောက်တွင်သူသည် အနက်ရောင်ဝတ်စုံနှင့် ယောက်ျားလေးတစ်ဦးနားသို့ လျင်မြန်စွာပင် ချဉ်းကပ်လိုက်သည်။

ထိုယောက်ျားလေး၏ အမူအရာပြောင်းလဲသွားသည်။ ဤလူသည် သူ၏နေရာကို သိသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ၏ရှုပ်ထွေးခြင်းပညာမှာ အသုံးမဝင်တော့ပဲ သူ၏နေရာပေါ်သွားလေပြီ။

“မင်း…” သူသည် စင်္ကြံပေါ်မှ လျင်မြန်စွာ ထရပ်လိုက်ပြီး အဖိုးတန်ပစ္စည်းများကို ထုတ်ကာ သူ၏နတ်စွမ်းရည်များကို ပြသပြီး ပြင်းထန်စွာပင် တိုက်ခိုက်နေလေ၏။

ထို့နောက်တွင် ထိတ်လန့်စရာကောင်းသည့်ကိစ္စများ ဖြစ်ပွားခဲ့သည်။ ရှီဟောင်သည် ထိုအဖိုးတန်ပစ္စည်းများကို ဖျက်ဆီးရန်အတွက် သူ၏ခန္ဓာကိုယ်ကိုသာ အသုံးပြုခဲ့သည်။ သူသည် အဖိုးတန်ပစ္စည်းများကို လက်သီးဖြင့် ထိုးကာ ဖျက်ဆီးလိုက်လေ၏။ ဒုန်းဟူသည့်အသံနှင့်အတူ သူသည် စင်္ကြံပေါ်သို့ ခုန်တက်လိုက်လေသည်။

ဖုန်း..

သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံးသွားပြီး သွေးများလွင့်စင်လာလေသည်။

ထိုအနက်ရောင်ဝတ်စုံနှင့် ယောက်ျားလေးသည် နာကျင်စွာပင် အော်ဟစ်နေလေ၏။ သူတတ်နိုင်သမျှခုခံနေသော်လည်း အချက်ပေါင်း တစ်ဒါဇင်ကျော်ခန့် တိုက်ခိုက်ပြီးသည့်နောက်တွင် သူအသတ်ခံလိုက်ရလေသည်။

ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဤလှိုဏ်ဂူထဲသို့ ရောက်အောင်လာနိုင်သည့်သူများထဲတွင် မည်သူမှ အားမနည်းပေ။ သို့သော် သူတို့ထဲမှ တစ်ယောက်မှာ အသစ်ရောက်လာသည့်တစ်ယောက်ကြောင့် သေသွားလေပြီ။

ဤသည်မှာ ဤအသစ်ရောက်လာသည့်သူမှာ အလွန်ပင် စွမ်းအားကြီးကြောင်း သက်သေပြလိုက်ခြင်းပင်။

သို့သော် အချို့သူများမှာ နှုတ်ခမ်းများရှုံးမဲ့လာပြီး ဤကိစ္စကို သိပ်ပြီးအလေးမထားကြပေ။ သူတို့သည် ကိုယ့်ကိုကိုယ်ယုံကြည်ချက် ပြင်းထန်နေကြဆဲပင်။

“ဒီ တောသားတွေက ဒီကိုစောစောရောက်နေတာဆိုတော့ ပျက်စီးနေတဲ့ထာဝရတောင်ကြောမှာ ဖြစ်သွားတဲ့တိုက်ပွဲကို သိလိုက်ကြမှာမဟုတ်ဘူး..” လုယီရေရွတ်လိုက်သည်။

လော့သွမ်သည် လုယီအားအလျင်အမြန်ပင် တားဆီးလိုက်ပြီး စကားကို လက်လွတ်စပယ်မပြောရန် ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် သာမန်နေရာတစ်ခုမဟုတ်သကဲ့သို့ ရှေးဟောင်းလူထူးဆန်းများပင် ရှိနေနိုင်သည်။ သူတို့မည်သူဖြစ်သည်ကို အစောကြီးသိသွားပါက အားလုံး၏ ပစ်မှတ်ထားခြင်းကို ခံရလိမ့်မည်။

ရှီဟောင်သည် ဘာမှမပြောပဲ စင်္ကြံပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ့အား တုန်လှုပ်သွားစေနိုင်သည့် အော်ရာများစွာကို သူခံစားလိုက်ရသည်။ သူသည် လော့သွမ်နှင့်အခြားသူများကိုလည်း သတိထားရန် သတိပေးလိုက်သည်။

သူသေချာအာရုံခံကြည့်လိုက်သည့်အချိန်တွင် ထိုအော်ရာများ ပျောက်ကွယ်သွားပြီး သူတို့နေရာကို မသိရတော့ပေ။

ဤနေရာတွင် အလွန်စွမ်းအားကြီးသည့်သူရှိနေမည်မှာ သေချာသည်။

“သွားမယ်..”

ရှီဟောင်သည် သူ၏လူများကို ဦးဆောင်ခေါ်သွားလိုက်သည်။ သို့သော် ယုလီသည် ချက်ချင်းပင် အော်ဟစ်လိုက်လေ၏။ သူသည် လမ်းလျှောက်ရန် အလွန်ခက်ခဲနေပြီး သူတောင့်မခံနိုင်တော့ပေ။ သူ၏မျက်နှာမှာ အလွန်ပင် ဖြူလျော်နေလေ၏။

“ငါဒီမှာနေခဲ့ပြီး မင်းတို့အားလုံးကို စောင့်နေလိုက်မယ်” သူ၏လုပ်နိုင်စွမ်းကို သူသိသည်။ သူ့ကြောင့် အခြားသူများကို မနှောင့်နှေးစေလို။

တစ်ခဏကြာပြီးသည့်နောက်တွင် လော့သွမ်နှင့် လန်ယိချန်တို့လည်း ဖိအားကြီးကို ခံစားလိုက်ရသည်။ ယခုအချိန်တွင် သူတို့သည် တာအိုစင်္ကြံပေါ်မှသာ လျှောက်သွားတော့လေသည်။

နောက်ဆုံးတွင် အချိန်အတော်ကြောတောင့်ခံပြီးသွားသည့်နောက်တွင် သူတို့ထပ်မသွားနိုင်တော့ပေ။

“စင်္ကြံပေါ်ကို တက်လိုက် .. ဒီမှာ ဖိအားနည်းနည်း နည်းတယ်” ရှီဟောင်ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် လူမထိုင်သေးသည် စင်္ကြံနှစ်ခုကို ရွေးချယ်လိုက်ပြီး ထိုပေါ်သို့ တက်လိုက်သည့်အချိန်တွင် ဖိအားမှာ အတော်လေး လျော့နည်းသွားလေသည်။ သူတို့သည် ချက်ချင်းပင် လွတ်လွတ်လပ်လပ်

“ဟမ် တာအိုသူငယ်ချင်း … မင်းဘာလုပ်နေတာလဲ .. ဘာလို့ မင်းကိုယ်မင်း သွေးထွက်အောင် လုပ်နေတာလဲ” လန်ယိချန် ထိတ်လန့်သွားရသည်။

လူလတ်ပိုင်းအရွယ်ယောက်ျားလေးတစ်ယောက်သည် သူ၏လက်ကောက်ဝတ်ကိုဖြတ်ကာ တာအိုစင်္ကြံပေါ်သို့ သွေးစက်များချနေသည်ကို တွေ့လိုက်ရသောကြောင့် သူအနည်းငယ် ရှုပ်ထွေးသွားရသည်။

“တာအိုကို နားလည်အောင် လုပ်နေတာပါ .. တာအိုစင်္ကြံကို သွေးနဲ့အာဟာရပေးလိုက်ရင် ထာဝရလှိုဏ်ဂူထဲက အရိုးစာအုပ်ထဲက ကျမ်းစာအသံကို နားထောင်လို့ရတယ်” ရှီဟောင်မည်မျှပင် စွမ်းအားကြီးသည်ကို တွေ့လိုက်ရသောကြောင့် ထိုသူသည် ရှီဟောင်တို့ကို မခုခံတော့ပဲ ပြောပြလိုက်လေသည်။

လော့သွမ်နှင့် လန်ယိချန်တို့ ထိတ်လန့်သွားကြသည်။

သူတို့အနည်းငယ် ရှုပ်ထွေးသွားကြသည်။ သူတို့သည် အဘယ်ကြောင့် ထိုလှိုဏ်ဂူထဲသို့ဝင်ကာ စာအုပ်ကို သွားမယူကြသနည်း .. ထိုနေရာမှာ အလွန်အန္တရာယ်များသောကြောင့်လား…

“ငါတို့ အဲဒီရှေးဟောင်းဂူထဲကို ဝင်လို့မရဘူး .. လူအများကြီးသေပြီးသွားပြီ” ထိုကျင့်ကြံသူမှ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လန်ယိချန်သည် ဘာမှမပြောတော့ပဲ သူ၏အပြာရောင်သွေးတစ်စက်ကို ချလိုက်ကာ စမ်းသပ်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ခြေထောက်အောက်မှ တာအိုစင်္ကြံတုန်ခါလာကာ သူ၏နားထဲသို့ ကျမ်းစာတစ်ကြောင်း၏အသံ ဝင်ရောက်လာလေ၏။

ဤစာသားကို သူ ဆုတောင်းဖျာထံမှ ကြားဖူးသည်။

“ဒါက တော်တော်လေးကို လွန်လွန်းတယ်မလား .. စာသားတစ်ကြောင်းအတွက်ကို သွေးအစစ်တစ်စက်လိုတယ် .. တကယ်လို့ အဲဒီစာအုပ်မှာ စာကြောင်းပေါင်း ထောင်ပေါင်းများစွာရှိနေရင် ငါတို့တစ်ကိုယ်လုံးက သွေးတွေ ကုန်သွားလိမ့်မယ်” လော့သွမ် မျက်မှောင်ကြုတ်လိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် ရပ်တန့်မသွားပဲ ရှေးဟောင်းဂူထဲသို့ ဆက်လျှောက်သွားလိုက်သည်။ ထိုအရိုးစာအုပ်နှင့် နီးကပ်နေသည့် တာအိုစင်္ကြံအနည်းငယ် ရှိနေသည်။

သူတစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ဤလူများ ထိတ်လန့်သွားရသည်။

လူများစွာ၏ ထိတ်လန့်သည့်အကြည့်အောက်မှာပင် ဖိအားများကို တွန်းလှန်ရန်အတွက် ရှီဟောင်၏ခန္ဓာကိုယ်မှ သင်္ကေတများ ထွက်ပေါ်လာလေ၏။

လမ်းတစ်လျှောက်တွင် ရှီဟောင်သည် သွေးများစွာကို တွေ့ခဲ့ရပြီး အလောင်းများလည်း တစ်ဒါဇင်ကျော်ခန့်ရှိသည်။ ဤသည်မှာ အရှေ့သို့ အတင်းဝင်လာသောကြောင့် သေဆုံးသွားရသည့်သူများပင်။

သူသည် ရှေးဟောင်းဂူနှင့် အတော်လေးနီးသည့် ပထမဆုံးအတန်းသို့ ရောက်လာသည်။ ထိုအတန်းမှာလည်း ကျန်းပေါင်းများစွာ ဝေးနေသေးသည်ပင်။ ထိုနေရာတွင် ရှေးဟောင်းလှိုဏ်ဂူကို မျက်နှာချင်းဆိုင်ထားသည့် တာအိုစင်္ကြံ ၃၆ ခု ရှိနေသည်။

ရှီဟောင်ထိတ်လန့်သွားရသည်မှာ ထိုစင်္ကြံ ၃၆ ခုထဲတွင် အခု ၂၀ မှာ ထိုင်နေသည့်သူရှိနှင့်ပြီးသားပင်။ ကျန်သည့် ၁၆ ခုသာ နေရာလွတ်တော့သည်။

ဤနေရာသို့ ရောက်လာရန် ရင်ဆိုင်ရသည့်ဖိအားမှာ သာမန်နတ်ဘုရားများ သည်းခံနိုင်သည့်ဖိအားမဟုတ်ပေ။ သာမန်နတ်ဘုရားများသာဆိုပါက အသားတုံးများအဖြစ်သို့ ပြောင်းလဲသွားလောက်လေပြီ။

ဤအယောက် ၂၀ မှာ သေချာပေါက် အထင်ကြီးစရာကောင်းလောက်သည့် လူများပင်ဖြစ်လိမ့်မည်။ ဤလူများထဲတွင် ရှေးဟောင်းလူထူးဆန်းများလည်း ပါနေနိုင်သည်။

ရှီဟောင်သည် ရှေးဟောင်းဂူထဲသို့ ဝင်မသွားပဲ ၂၁ ခုမြောက် တာအိုစင်္ကြံပေါ်သို့ ထိုင်လိုက်သည်။

ဤအတန်းရှေ့တွင်လည်း အရိုးပုံကြီး ရှိနေလေ၏။ ထိုနေရာတွင်လည်း အရိုးပေါင်း ရာပေါင်းများစွာရှိနေပြီး အချို့မှာ အဖြူရောင်ဖြစ်ကာ အချို့မှာ ခရမ်းရောင်များ တောက်ပနေသည်။ ဤသည်မှာ ရှေးခေတ်မှ ကျန်ခဲ့သည့် အရိုးစုများပင်။

ရှီဟောင်သည် အခြေအနေများကို သေချာလေ့လာကြည့်လိုက်သည်။ အယောက် ၂၀ ထဲတွင် လူအနည်းငယ်သာ သွေးများတစ်စက်စက်ကျနေပြီး ကျန်နေသည့်သူများမှာ တရားထိုင်နေသည်ကို သူတွေ့လိုက်ရသည်။

သူသည်လည်း သွေးထုတ်မနေပဲ အထဲသို့ ဝင်နိုင်မည့်အခွင့်အရေးကို စောင့်နေလိုက်သည်။

“ညီလေးရဲ့ လမ်းက ငါနဲ့မတူဘူး .. ဦးတည်ချက်လည်းမတူဘူး .. သူဘယ်မှာရောက်နေပြီလဲ မသိဘူး..” ရှီဟောင် တီးတိုးပြောလိုက်သည်။ သို့သော် ချင်းဟောင်အဆင်ပြေနေသည်ကိုတော့ သူသိသည်။ အဘယ်ကြောင့်ဆိုသော် ချင်းဟောင်၏ကိုယ်ပေါ်တွင် ချန်ထားခဲ့သည့် တံဆိပ်ကို သူခံစား၍ရသည်။

“အားလုံးပဲ ငါတို့စောင့်နေတာ ရက်တော်တော်ကြာနေပြီ .. ကျွမ်းကျင်သူအရေအတွက်လည်း အလုံအလောက်ရှိနေပြီ .. ငါတို့ ရှေးဟောင်းဂူထဲ ဝင်လို့ရမရကို ငါတို့အခု စမ်းကြည့်လို့ရပြီ”

ဤအသံမှာ အရှေ့ဆုံးတန်းမှ တစ်စုံတစ်ယောက်ထံမှ ထွက်လာခြင်းပင်။

သူ၏မျက်လုံးပွင့်လာသည့်အချိန်တွင် သူသည် ပထမဆုံးတန်းတွင်ရှိနေသည့်သူများကိုသာ ကြည့်၍ ပြောလိုက်ခြင်းပင်။ ကျန်သည့်သူများကို သူလျစ်လျူရှုထားလေ၏။

“ဟမ်…”

ရုတ်တရက်ပင် အနောက်ဘက်မှ အံ့အားတကြီးအော်သံများ ထွက်ပေါ်လာလေသည်။

“သေဆုံးခြင်းတရားလမ်းကြောင်းကနေ ထွက်လာတဲ့ တစ်ခြားတစ်ယောက် ထွက်လာပြီ .. အထင်ကြီးစရာကောင်းလိုက်တာ .. ဒီတစ်ခေါက်က မိန်းကလေးတစ်ယောက်” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်.

“သေဆုံးခြင်းလမ်းကြောင်းကနေ ထွက်လာနိုင်တာဆိုတော့ တကယ်ကို စွမ်းအားကြီးတာပဲ”

အားလုံး အံ့အားတကြီး သက်ပြင်းချလိုက်ကြသည်။ ရှီဟောင်ကိစ္စကို ကြုံတွေ့ထားရသောကြောင့် မည်သူမျှ သူမကို သတ်ရန် အကြံမပေးကြတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် အချို့သက်ရှိများမှာ တစ်မူထူးခြားသောအကြည့်များဖြင့် ကြည့်နေကြလေ၏။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးသည် အလွန်ပင် ထူးခြားလှပြီး အခြားသူများ၏ နှလုံးသားကို လှုပ်ခတ်နိုင်လောက်အောင် လှပနေသောကြောင့်ပင်။

ရှီဟောင်သက်ပြင်းချလိုက်၏။ လှပသည့်မိန်းမပျိုလေးမှာ ရန်လိုမခံရရုံသာမက လိုချင်တပ်မက်သည့်မျက်လုံးများဖြင့်လည်း ဆွဲဆောင်ခံရလေသည်။

ထိုအမျိုးသမီး၏ ဝတ်ရုံရှည်သည် လွင့်မြောနေကာ သူမသည် ရှေ့ဆုံးတန်းသို့ တစ်လှမ်းချင်း တိုးလာလေ၏။ သူမကို ကြည့်ရသည်မှာ အနည်းငယ်မျှပင် စိတ်ဖိစီးနေသည့်ပုံမပေါ်ပေ။

သူမ၏ကောက်ကြောင်းများမှာ မို့မောက်နေပြီး သူမ၏အပြာရောင်ဆံပင်ရှည်သည်လည်း တောက်ပနေသည်။ သူမ၏မျက်နှာထက်တွင် ဇာပဝါတစ်ထည်ရှိနေပြီး နတ်စွမ်းရည်များဖြင့် မကြည့်နိုင်အောင် တားဆီးထားလေသည်။

သူမ၏မျက်လုံးများမှာ အလွန်ပင် ဝိုင်းစက်နေကာ လှပလှသည်။ ထိုမျက်လုံးများမှာ ကြယ်များတောက်ပနေသကဲ့သို့ပင်။

ထို့အပြင် ထိုအပြာရောင်ဆံပင်များထဲမှ ဦးချိုတစ်စုံကို ရှီဟောင်အာရုံခံမိလိုက်သည်။

“နဂါးဦးချိုတေါ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ထို့နောက်တွင် တီးတိုးသံများ ချက်ချင်းပင် ထွက်ပေါ်လာလေ၏။

“သူမက .. ဒဏ္ဍာရီလာ .. နဂါးမိန်းကလေးများလား” အချို့လူများမှာ တုန်လှုပ်နေကြသည်။

အားလုံးတုန်လှုပ်သွားကြသည်။ ရှေးဟောင်းလူထူးဆန်းများထဲတွင် ဤကဲ့သို့သော အမျိုးသမီးတစ်ယောက်ရှိသည်။ သူမသည် လောကကြီးကို ထိတ်လန့်သွားစေနိုင်သည့် ပြိုင်ဘက်ကင်းအလှတရားကို ပိုင်ဆိုင်ထားလေ၏။ သူမသည် ပင်လယ်ထဲတွင်သာ နေထိုင်ပြီး အလွန်ပင်စွမ်းအားကြီးသည့်သူပင်။

“ဒါက တကယ် နဂါးမိန်းကလေးပဲ” အချို့လူများမှာ သူမမှန်း သေချာသွားလေပြီ။

အဘယ်ကြောင့်ဆိုသော် သူမသည် ခွန်အားများကုန်ခမ်းသွားသည်ဟုပင် မထင်ရပေ။ သူမသည် စင်္ကြံ ၂၂ ခုကိုခုန်ကျော်ကာ ပထမဆုံးတန်းကိုသွားလိုက်လေ၏။ ထို့နောက်တွင် ရှီဟောင်၏နံဘေး ထိုင်ချလိုက်လေသည်။

“လုံလောက်ပြီ … ငါတို့ရဲ့အင်အားက လှိုဏ်ဂူထဲကို ဝင်ဖို့လုံလောက်ပြီလို့ ငါထင်တယ် .. အားလုံးသဘောတူလား” အရှေ့ဆုံးတန်းတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

ထိုအုပ်စုမှာ ခေါင်းညိမ့်ပြလိုက်ကြလေ၏။

ရှီဟောင်နှင့် ထိုနဂါးချိုမိန်းမပျိုလည်း သဘောတူလိုက်ကြလေသည်။

“လှုပ်ရှားမယ်”

အားလုံးကို တုန်လှုပ်စေနိုင်လောက်အောင် စွမ်းအားကြီးသည့် ကျွမ်းကျင်သူ ၂၂ ယောက်သည် ရှေးဟောင်းဂူအတွင်းသို့ တရှိန်ထိုးပြေးဝင်သွားကြကာ သူတို့၏ စွမ်းအားအကြီးဆုံး နတ်စွမ်းရည်များကို ပြသကြလေသည်။

ထာဝရလှိုဏ်ဂူသည် အလွန်ပင် မှုန်မှိုင်းနေပြီး ဖရိုဖရဲစွမ်းအင်နှင့် ထာဝရအလင်းများသည် ဆက်တိုက်ပင် ဝေ့ဝိုက်နေပြီး အလင်းပြင်တစ်ခုကို ဖန်တီးထားလေသည်။

သူတို့ပြေးဝင်သွားလိုက်သည့်အချိန်တွင် ထိုအလင်းပြင်ကြီး ပျက်စီးသွားလေ၏။

သူတို့ထင်ထားသည်နှင့် ဆန့်ကျင်စွာဖြင့်ပင် သူတို့မည်သည့်ပေးဆပ်မှုကိုမှ မလုပ်လိုက်ရပဲ အောင်မြင်စွာဖြင့် အထဲဝင်သွားလိုက်နိုင်လေသည်။

ထိတ်လန့်စရာကောင်းသည်မှာ သူတို့အားလုံးသည် သေးငယ်သွားကြပြီး အလင်းမှုန်လေးသာ ဖြစ်သွားကြလေသည်။ ကျောက်စားပွဲကြီးမှာ တောင်တစ်လုံးထက်ပင် ပိုမြင့်နေလေသည်။

ဤနေရာတွင် ထူးခြားသည့် သဘာဝဥဒေသရှိနေသည်မှာ သေချာသည်။ အားလုံးသေးငယ်သွားခြင်းမဟုတ်ပဲ ထိုကျောက်စားပွဲကြီး ကြီးသွားခြင်းသာ။ ဤသည်ကို အပြင်ဘက်မှလူများ မမြင်ရပေ။

“ဒီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိနေတာပဲ” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထာဝရလှိုဏ်ဂူအတွင်းတွင် သာမန်အရွယ်အစားရှိသည့် ပစ္စည်းများလည်း ရှိနေလေ၏။ ထိုပစ္စည်းများထဲတွင် အရိုးစာအုပ်များ၊ မှော်ပစ္စည်းများနှင့် အဖိုးတန်ဆေးပင်များ ပါဝင်လေသည်။

“နတ်ဆေးပင် .. မွှေးလိုက်တာ” တစ်စုံတစ်ယောက်သည် ထိုဆေးပင်များကိုခူးယူရန်အတွက် တရှိန်ထိုးပြေးသွားလိုက်လေ၏။ ထိုနေရာတွင် အလင်းတန်းများ ဝေ့ဝိုက်နေလေသည်။

“ရှေးဟောင်းနတ်ပစ္စည်း — ယင်ယန်အိတ်” အခြားလူတစ်ယောက်မှ နတ်အဆင့်မှော်ပစ္စည်းကို ယူလိုက်သည်။

ရှီဟောင်ထိတ်လန့်သွားရ၏။ ထိုအိတ်မှာ သာမန်မဟုတ်သည်ကို သူသိသည်။ ထိုအိတ်မှာ ရှေးဟောင်းနတ်သားရဲများစွာ၏ အရေခွံများကို ဆက်ထားခြင်းပင်။ ဤအိတ်ထဲတွင် ဂိုဏ်းခေါင်းဆောင်အဆင့်ကိုပင် ထည့်သိမ်း၍ရလောက်သည်။

ကျောက်စားပွဲဆီသို့ ပြေးသွားပြီး ထာဝရအလင်းများ တောက်ပနေသည့် စာအုပ်ကိုယူရန်အတွက် ပြေးသွားသည့်သူများလည်း ရှိနေသည်သာ။

လေထဲတွင် လူသားပုံရိပ်များ လွင့်ပျံနေလေသည်။ တိုက်ပွဲမှာ အလွန်ပြင်းထန်လှပြီး ရှီဟောင်သည်လည်း အခြားသူများနှင့် တိုက်ခိုက်နေသည်သာ။

ဝုန်းဟူသည့်အသံထွက်ပေါ်လာကာ သဘာဝဥပဒေသများ ကျရောက်လာပြီး ဤနေရာတစ်ခုလုံးကို အေးခဲသွားစေလေသည်။

“ငါတို့ ဖျက်ဆီးပစ်မှာ ကြောက်လို့ ဒီရှေးဟောင်းဂူကို ကာကွယ်ပေးထားတဲ့ ကန့်သတ်ချက်တွေ ရှိနေတယ်”

အားလုံး၏စွမ်းအားများ ကန့်သတ်ခံလိုက်ရပြီး လေထဲတွင်ရှိနေသည့်သူများလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

သူ၏အနောက်တွင် တစ်ယောက်ယောက်ရှိနေသည်ဟု ရှီဟောင်ခံစားလိုက်ရသောကြောင့် သူ၏လက်ကို ဝေ့ရမ်းလိုက်သည်။ ထို့နောက်တွင် စူးရှကြည်လင်လှသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။

ဖပ်…

သူလှည့်ကြည့်လိုက်သည့်အချိန်တွင် ကျွမ်းကျင်သူများစွာ ဝန်းရံနေသည့် နဂါးမိန်းမပျိုသည် သူ့အား ဒေါသတကြီးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ဝါးသည် သူမ၏တင်ပါးပေါ်သို့ ရိုက်ချမိလိုက်သောကြောင့်ပင်။

အပိုင်း ၁၀၄၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၅၀ – သားရဲအသိုက်၏ ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှု

နဂါးမိန်းကလေး၏ခန္ဓာကိုယ်မှာ ကောက်ကြောင်းများမှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သူမ၏ ရေပြာရောင်ဆံပင်လည်း သူမ၏ခါးတစ်ဝိုက်သို့ ဝဲကျနေသည်။ သူမ၏တောက်ပနေသည့်နဖူးတွင် အနက်ရောင်အကြောင်းများဖြစ်နေပြီး သူမ၏လှပသည့်မျက်လုံးများမှာလည်း ရှီဟောင်အား ဒေါသတကြီး ကြည့်နေလေသည်။

ရှီဟောင်သည် ကျားဖင်သွားနှိုက်လိုက်ခြင်းမဟုတ်ပဲ နဂါးတင်ပါးသွားရိုက်လိုက်ခြင်းပင်။ ရှီဟောင်ပင်လျှင် အနည်းငယ် ဆွံ့အသွားလေ၏။ ဤသည်မှာ မရည်ရွယ်ပဲဖြစ်သွားခြင်းဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် သူရိုက်လိုက်သည်သာ။

သူ၏တင်ပါးမှာ အနည်းငယ် လှုပ်ခါသွားပြီး သင်္ကေတများလည်း ပျံ့လွင့်သွားလေ၏။ သူ၏စွမ်းအားကြီးသည့် ရိုက်ချက်ကိုခံလိုက်ရသောကြောင့် နဂါးမိန်းကလေးကဲ့သို့သော စွမ်းအားကြီးသည့်သူပင် ခံစား၍မကောင်းတော့ပေ။

ရှီဟောင်သည်လည်း အလွန်ထိတ်လန့်သွားသည်သာ။ အခြားနတ်ဘုရားများသာဆိုပါက သူ၏ရိုက်ချက်ကို ခံရပြီးသည်နှင့် ချက်ချင်းပင် ပေါက်ကွဲသွားမည်သာ။ သို့သော်လည်း ဤနဂါးမိန်းမပျိုလေး၏ခန္ဓာကိုယ်မှာ မပျက်စီးသွားပေ။

“တကယ်ကို မာကျောပြီးတော့ ပုံပြောင်းလွယ်တာပဲ” သူ၏စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“ရှင်ဘာပြောလိုက်တယ်” နဂါးမိန်းမပျို၏ နဖူးထက်ရှိ အရေးကြောင်းများ ပိုများလာလေ၏။

ရှီဟောင် ထိတ်လန့်သွားရသည်။ သူအပြင်ဘက်ထုတ်ပြောခြင်းမဟုတ်ပဲ စိတ်ထဲမှသာ ပြောလိုက်ခြင်းပင်။ ဤသည်ကို သူမက ဘယ်လိုလုပ် ကြားနေရသနည်း…

“တကယ်ကို ပြည့်တင်းပြီးတော့ ချောမွေ့နေတာပဲ .. သူမရဲ့ပုံစံက အပြစ်ပြောစရာကို မရှိဘူး .. သူ့ရဲ့ပုံစံအမှန်ကို မမြင်ရပေမယ့် သူက သေချာပေါက်ကို လှတဲ့သူဖြစ်မှာပဲ .. ဒါပေမဲ့ … ငါတွေးနေတာကို သူကြားနေရတယ်ထင်တယ်” သူ၏စိတ်ထဲမှ ရေရွတ်လိုက်သည်။

“ရှင်ထပ်ပြောရဲ ပြောကြည့်” နဂါးမိန်းမပျို၏မျက်ခုံးများ မြှင့်တက်နေလေပြီ။

သူမ၏ခန္ဓာကိုယ်မှ မြင့်မြတ်သည့်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိတ်လန့်စရာကောင်းလောက်သည့် နတ်ခွန်အားများ ထွက်ပေါ်လာလေသည်။ သူမ၏ဘေးနားတွင်ရှိနေသည့် ကျွမ်းကျင်သူအနည်းငယ်ကို တွန်းပို့လိုက်ကာ ရှီဟောင်ထံသို့ လျှောက်လာနေပြီဖြစ်သည်။

ဤကဲ့သို့သော ခွန်အားမှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ ဤမိန်းမပျိုမှာ နဂါးမိန်းမပျို ဖြစ်ထိုက်ပါပေသည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်လူသည် စိတ်ချင်းဆက်သွယ်နိုင်သည်ကို သူစဉ်းစားမိသွားသည်။ မဟုတ်ပါက သူတွေးနေသမျှကို သူမဘယ်လိုလုပ် သိမည်နည်း.. ဤသည်မှာ အလွန်ပင် ထိတ်လန့်စရာကောင်းသည့် စွမ်းရည်ပင်။

“ရှေးဟောင်းလူထူးဆန်းတွေအားလုံးက တကယ် အံ့ဩဖို့ကောင်းတာပဲ .. တစ်ချို့လူတွေက ကောင်းကင်မျက်လုံးတွေရပြီးတော့ တစ်ချို့က စိတ်ချင်းဆက်သွယ်နိုင်ကြတယ်”

ရှီဟောင်စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ၏မျက်ခုံးကြားမှ တောက်ပလာကာ သူ၏နတ်အာရုံများကို လျင်မြန်စွာ ကာကွယ်လိုက်သည်။ သူဘာတွေးနေသည် ဆိုသည်ကို တစ်ဖက်လူအား မသိခိုင်းစေချင်။

ဝုန်း..

သူတို့နှစ်ဦး၏လက်ဝါးမှ သင်္ကေတများ ထွက်ပေါ်လာလေသည်။

“ငါ့လက်က အမှားလုပ်မိသွားတာပါ .. ငါပြောချင်တာ .. ငါတို့နားလည်မှုလွဲသွားတာပါ” ရှီဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ ဖြစ်ပျက်သွားသမျှမှာ မတော်တဆသာဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ဘေးဘက်တွင်ရှိနေသည့်သူများလည်း ဆွံ့အသွားကြသည်။ သူသည် ‘လက်အမှား’ ဟုပင် ပြောရဲသေးသည်။ ဤလူ တစ်ခြားစကားလုံးများကို မသိတော့ဘူးလား..

ရွှီး..

ရှီဟောင်သည် လေးညှို့မှ လွတ်ထွက်သွားသည့် မြှားတစ်ချောင်းကဲ့သို့ပင် တရှိန်ထိုးပြေးသွားပြီး နဂါးမိန်းမပျိုလေးကို ရှောင်ရှားလိုက်သည်။ ယခုအချိန်တွင် သူသည် အကြောင်းရင်းမရှိပဲနှင့် မတိုက်ခိုက်ချင်သေးပေ။ ဤလှိုဏ်ဂူထဲတွင် ရန်သူများစွာရှိနေသည်။ သူသာ ရှေးဟောင်းလူထူးဆန်းတစ်ယောက်ကို တိုက်ခိုက်လျှင် သူ့အတွက်ကောင်းမည်မဟုတ်ပေ။ ယခုအချိန်တွင် ကံကောင်းမှုများကသာ အရေးအကြီးဆုံးပင်။

ယခုအချိန်တွင် ထာဝရဂူအတွင်းတွင် ဖိအားများ မြင့်တက်နေသည်။ လူများမှာ အပေါ်သို့လည်း မပြေးနိုင်ကြပေ။ ထိုသို့ပြေးလိုက်သည်နှင့် သူတို့ပေါက်ကွဲထွက်သွားလိမ့်မည်။

ကျောက်စိမ်းစားပွဲမှာ မြင့်လွန်းလှသည်။ အောက်ခြေမှ ကြည့်လိုက်မည်ဆိုလျှင် စားပွဲခြေထောက်မှာ ကောင်းကင်ကို ထောက်ထားသည့် တိုင်လုံးများနှင့် တူလေသည်။

ထို စားပွဲခြေထောက်များတွင် ဖရိုဖရဲစွမ်းအင်များဝေ့ဝိုက်နေပြီး အပေါ်ဘက်တွင် ထာဝရအလင်းများ ရှိနေလေ၏။ သူတို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပွင့်လာသည့်ခေတ်ရောက်နေသကဲ့သို့ပင်။

တစ်ခဏခန့်ကြာပြီးသည့်နောက်တွင် နဂါးမိန်းမပျိုသည် သူ့နောက်သို့ ဆက်မလိုက်တော့ပဲ သူမ၏အခြားရန်သူများနှင့် ပြန်လည်တိုက်ခိုက်လိုက်သည်။ ထိုရန်သူများထဲတွင် အခြားသူများနှင့် ပူးပေါင်းကာ သူမကို သတ်ချင်နေသည့် ရှေးဟောင်လူထူးဆန်းတစ်ယောက် ရှိနေလေသည်။

သူတို့နှစ်ဘက်လုံးမှာ ဖြေရှင်းရမည့်ကိစ္စလေးများ ရှိနေပြီး တစ်ဖက်လူ မသေမချင်း မကျေနပ်နိုင်သည်မှာ သိသာလှသည်။ မဟုတ်ပါက ထာဝရတာအိုကျမ်းစာကို ယူမည့်အစား သွေးထွက်သံယိုဖြစ်အောင် တိုက်ခိုက်နေမည်မဟုတ်ပေ။

ဤသည်မှာ သူတို့ကိုယ်သူတို့ ယုံကြည်ချက် ရှိနေသောကြောင့်လည်းပါသည်။ အခြားရှေးဟောင်းလူထူးဆန်းများမျှလွဲလျှင် မည်သူက သူတို့အား ဒဏ်ရာရအောင် လုပ်ရဲမည်နည်း..

“မြန်မြန် .. အဲဒီနတ်ဆေးပင်လေးခူးဖို့ ငါ့ကို ကူပေးပါဦး..” အရှေ့ဘက်မှ ဆူညံသံများ ထွက်ပေါ်လာလေသည်။ အချို့သူများမှာ အဖွဲ့ပင် ဖွဲ့ပြီးသွားလေပြီ။

ဤသည်မှာ ရှေးဟောင်းဆေးပင်တစ်ပင်ဖြစ်ပြီး ထိုအပင်၏ အကိုင်းများနှင့် နွယ်များပေါ်တွင် ၇ရောင်စပ်အရောင်များကို ထုတ်လွှတ်နေသည့် ပန်းပွင့်တစ်ပွင့်ရှိနေသည်။ ဆေးပင်မှာ မွှေးပျံ့လှပြီး အနားသို့ ကပ်သွားလိုက်သည်နှင့် လူပင် မြှောက်တက်သွားမလိုပင်။

ဖုန်း..

ရှီဟောင်သည် ထိုအပင်နားသို့ ကပ်သွားလိုက်ပြီး အခြားသူများနှင့် လက်ဝါးချက်အနည်းငယ် ဖလှယ်လိုက်သည်။ ဤနေရာတွင် သင်္ကေတမျိုးစုံ ထွက်ပေါ်လာပြီး ထိုလူများလည်း အလွန်ဒေါသထွက်သွားကြလေသည်။

“ရှေးဟောင်းလူထူးဆန်းရဲ့ ကိုယ်ပွား” ရှီဟောင်၏မျက်လုံးများ မှေးကျဉ်းသွားရသည်။

တစ်ဖက်လူ၏ မူလခန္ဓာကိုယ်လည်း ဤထာဝရရှေးဟောင်းဂူထဲတွင်ရှိနေသည်မှာ သေချာသည်။ သို့သော်လည်း သူတို့သည် ကံကောင်းမှုများ ပိုမိုရရှိရန်အတွက် ကိုယ်ပွားများကို ဖန်တီးထားခြင်းပင်။

ယခုအချိန် ဤဂူထဲတွင် စီရင်စုသုံးထောင်ပြိုင်ပွဲတွင် အနိုင်ရဖူးသည့်သူများစွာ ရှိနေမည်သာ။

ထိုသူများအားလုံးသည် သူတို့၏ကိုယ်ပွားများကို ဖြန့်ကျက်ထားသောကြောင့် ဤနေရာမှာ ဖရိုဖရဲဖြစ်နေလေ၏။

ရှီဟောင်၏မျက်လုံးများ တောက်ပလာသည်။ သူသည် ကိုယ်ပွားမခွဲပဲ သူ၏မူလခန္ဓာကိုယ်ဖြင့်သာ လှုပ်ရှားလိုက်သည်။ သူသည် ထိုနတ်ဆေးပင်ထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

တိုက်ပွဲကြီးမှာ ပြင်းထန်လှသည်။ အဖိုးတန်ပစ္စည်းများ လွင့်ပျံနေပြီး ထိုပစ္စည်းများထဲတွင် ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းများလည်း ပါဝင်လေ၏။ ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ ဤလက်နက်များမှာ ပျက်စီးနေခြင်းမဟုတ်လျှင် ဤထာဝရရှေးဟောင်းမြေထဲသို့ ယူလာနိုင်ရန် ခက်ခဲလိမ့်မည်။

“ဒါက လျှို့ဝှက်နယ်မြေထဲမှာ ရလာခဲ့တဲ့ လက်နက်တွေထင်တယ် .. ဒါမှမဟုတ် သူတို့မြန်မြန်ပြန်ပြင်ထားတဲ့ လက်နက်လား” ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ဤနေရာမှာ အတော်လေးကြောက်စရာကောင်းလှသည်။

သူသည် ဖိန်းကျွန်းရှိလျှပ်စီးမြစ်မှရခဲ့သည့် ဆေးလုံးမီးဖိုကို ထုတ်ယူလိုက်သည်။ ဤမှော်ပစ္စည်းသည် အတော်လေး ထူးဆန်းလှပြီး သူ၏တိုက်ခိုက်နိုင်စွမ်းကိုပြသခဲ့ခြင်းမရှိသော်လည်း သူ၏ခုခံနိုင်စွမ်းမှာမူ တိုင်းတာ၍မရနိုင်လောက်အောင်ပင်။

ဒုန်း..

အရိုးအပ်များ ပျံလာကာ ဆေးလုံးမီးဖို၏အဖုံးထံသို့ ဦးတည်လာနေလေ၏။

ရှီဟောင်၏ဆံပင်မွေးများပင် ထောင်ထသွားရသည်။ ဤသည်မှာ သွေးအဖြစ်ပြောင်းလဲစေခြင်းနတ်အပ်ဟုခေါ်သည့် နတ်ဘုရားအစစ်ကိုပင် သွေးခဲအဖြစ်သို့ ပြောင်းလဲစေနိုင်သည့်အပ်ပင်။ ဤအပ်ကို ပြုလုပ်နိုင်ရန် ခက်ခဲလှပြီး ကောင်းကင်နတ်ဘုရား၏အရိုးများဖြင့် လုပ်ထားသည်ဟုပင် ပြောကြသည်။

ရွှီး..

ထို့နောက်တွင် ဤနေရာသို့ အရိုးအပ်ပေါင်းများစွာ ရောက်ရှိလာပြီး ရှောင်ရှားလို့မရလောက်အောင်ပင်။

အား..

လူပေါင်းများစွာမှာ နာကျင်စွာပင် အော်ဟစ်လိုက်ကြပြီး ချက်ချင်းပင် သွေးပုံအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူတို့၏အရိုးများပင် အရည်ပျော်ကျသွားလေသည်။

ဝုန်း..

ရှီဟောင်၏ခန္ဓာကိုယ်တောက်ပလာကာ သူ၏ ကောင်းကင်လမ်းကြောင်းကို ထုတ်လိုက်လေသည်။ ဆေးလုံးမီးဖိုအဖုံးကို အသက်သွင်းလိုက်ကာ ထိုသူများနှင့် တိုက်ခိုက်ရန်အတွက် အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ သူသည် တောင့်နားတွင် အမြစ်တွယ်နေသည့် ထိုနတ်ဆေးပင်ကို နှုတ်ယူလိုက်သည်။

ထိုအပင်သည် ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ အစိမ်းရင့်ရောင် တောက်ပနေလေသည်။ ၇ ရောင်စပ်ပန်းဖူးသည် သူ၏အကိုင်းများနှင့် နွယ်များတွင် ငြင်သာစွာ လွှဲရမ်းနေလေသည်။

သို့သော် ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်ပွားခဲ့လေသည်။ ထိုနတ်ဆေးပင်သည် မြေကြီးထဲမှ ထွက်လာပြီး အနောက်ဆုတ်ကာ နံရံများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ရှီဟောင်နှင့် အခြားသူများ တစ်ပြိုင်တည်း လှုပ်ရှားလိုက်သည်။ သူတို့သည် ထိုကျောက်နံရံကြီးကို ဖြိုခွဲပစ်လိုက်ကာ ဤနေရာတစ်ခုလုံး တုန်လှုပ်သွားအောင် လုပ်လိုက်သည်။ သို့သော်လည်း ဤနံရံမှာ တုပ်တုပ်မျှပင် မလှုပ်ပေ။

ရှီဟောင် တုန်လှုပ်သွားရသည်။ သူကဲ့သို့သော စွမ်းအားကြီးသည့် အသွေးအသားများကို ပိုင်ဆိုင်ထားသည့်သူပင် ကျောက်နံရံကို မဖျက်ဆီးနိုင်သော်လည်း ထိုဆေးပင်က နံရံထဲကို ပြေးဝင်သွားသည်တဲ့လား..

အခြားသူများလည်း အံ့ဩသွားကြသည်သာ။ သူတို့အားလုံး နောက်ပြန်ဆုတ်သွားလိုက်ကြသည်။

ရွှီး..

ရှီဟောင်သည် အခြားတစ်ဖက်တွင် အခြားရှေးဟောင်းရတနာများအတွက် ထပ်မံတိုက်ခိုက်နေသည်။

ထိုကြီးမားလှသည့် ကျောက်စိမ်းစားပွဲပေါ်သို့ မတက်နိုင်သေးသောကြောင့် သူသည်လည်း အခြား စွမ်းအားကြီးသည့် လက်နက်များအတွက်သာ တိုက်ခိုက်တော့မည်။ ဤသည်မှာ သူ့အတွက် အလွန်အထောက်အကူ ဖြစ်လိမ့်မည်ပင်။

“ကောင်းကင်အမှတ်တံဆိပ်ခရုသင်း…”

ရှီဟောင်၏မျက်လုံးများ တောက်ပသွားရသည်။ ထိုနေရာတွင် လူအများကြီးရှိနေသည်မှာ မထူးဆန်းတော့ပေ။

ဤသည်မှာ လက်သီးအရွယ်အစားရှိသည့် ခရုသင်းတစ်ခုပင်။ ဤသည်မှာ သာမန်ရိုးရှင်းသည့် ခရုသင်းတစ်ခုသာဖြစ်ပြီး တောက်ပမှုများ ရှိမနေသော်လည်း ထိုခရုသင်းအပေါ်တွင်ရှိနေသည့် သင်္ကေတများမှာမူ နားလည်နိုင်ရန် ခက်ခဲလှသည်။

ဤသည်မှာ ကောင်းကင်ဘုံ၏ အမှတ်သင်္ကေတဟု ပြောသည့်သူများပင်ရှိသည်။

ဤခရုသင်းသည် အလွန်ရှားပါးပြီး ရှေးယခင်မှ ယခုအချိန်ထိ ဒါဇင်အနည်းငယ်သာ တွေ့ဖူးသေးသည်။ ဤသည်မှာ အလွန်ပင် စွမ်းအားကြီးပြီး ဤခရုသင်းဖြင့် လျှို့ဝှက်ရတနာများကို ပြုလုပ်ပါက တစ်ချက်မှုတ်ရုံဖြင့် ကောင်းကင်နတ်ဘုရားများပင် လဲကျသွားစေနိုင်သည်။

ထိုခရုသင်းအရွယ်ရောက်လာလျှင် ဂိုဏ်းခေါင်းဆောင်အဆင့်ကိုပင် သတ်နိုင်လေသည်။

ဒီလိုပစ္စည်းမျိုးကို ရအောင်ယူရမယ် .. ဤသည်မှာ အားလုံးတွေးနေသည့်အတွေးပင်။ ဤပစ္စည်းကို ရပြီး ဤနေရာတွင် မှုတ်လိုက်သည်နှင့် အခြားကျွမ်းကျင်သူများအားလုံး လဲကျသွားမည်သာ။

ရှီဟောင်သည်လည်း ထိုပစ္စည်းကို ရရှိနိုင်ရန်အတွက် လျင်မြန်စွာ လှုပ်ရှားလိုက်သည်သာ။

ဖူး..

စွမ်းအားကြီးသည် ကျွမ်းကျင်သူတစ်ယောက်သည် ပေါက်ကွဲသွားကာ သွေးများလည်း နေရာအနှံ့လွင့်စင်သွားလေသည်။

ဤနေရာသို့ ရောက်လာသည့်သူအားလုံးမှာ စွမ်းအားကြီးသည့်သူများပင်။ သို့သော်လည်း ထိုလူမှာ အသတ်ခံလိုက်ရလေသည်။

ဤသည်မှာ အခြားသူများကို ထိတ်လန့်သွားစေလေသည်။ အခြားရှေးဟောင်းလူထူးဆန်းများမှာ သူ့အား သတိပြုမိသွားသည်ကို သူခံစားမိလိုက်သည်။

“ဘာဖြစ်နေတာလဲ..”

ရွှေရောင်ဆံပင်နှင့်လူတစ်ယောက် အရင်ဆုံးရောက်လာလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ချိန်လုံး ဤနေရာ၌သာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုအချိန်တွင် နေရာကောင်းကို ရရှိထားပြီဖြစ်သည်။ သူသည် စွမ်းအားကြီးလှသော်လည်း ယခုအချိန်ထိ ဘာမှမရသေးပေ။

ထိုကောင်းကင်အမှတ်တံဆိပ်ခရုသင်းသည်လည်း နံရံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ဤသည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင် အနောက်ဆုတ်လိုက်ပြီး သူ၏အမူအရာမှာ လေးနက်သွားလေသည်။

သူသည် နောက်ထပ်မတိုက်ခိုက်တော့ပဲ ဘေးနားကို ပတ်ကြည့်လိုက်သည်။ အခြားရှေးဟောင်းရတနာများသည်လည်း ဤကဲ့သို့ပင် ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။

ထိုအချိန်တွင် အပြင်ဘက်ရှိ တာအိုစင်္ကြံပေါ်တွင် ထိုင်နေကြသည့်သူများမှာ ဖိအားများ ရုတ်တရက်ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့လည်း ထာဝရဂူထဲသို့ တရှိန်ထိုး ပြေးလာကြလေ၏။

ရှီဟောင်၏အမူအရာများ ပြောင်းလဲသွားသည်။ ဤကံကောင်းမှုများကို နောက်မျိုးဆက်များအတွက် ချန်ထားခြင်းဖြစ်သည်ဆိုလျှင် အဘယ်ကြောင့် မည်သူမျှယူ၍မရသနည်း…

“မြှောက်မယ်…”

တစ်စုံတစ်ယောက်သည် လျှို့ဝှက်ရတနာတစ်ခု၏အကူအညီဖြင့် အပေါ်သို့ မြှောက်တက်သွားကာ တောက်ပသည့်အလင်းတန်းများသည် သူတို့အား ဖြန့်ကျက်လာလေသည်။

“ကောင်းကင်နတ်ဘုရားလျှို့ဝှက်ရတနာ…”

အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤသည်မှာ တားမြစ်ထားသည့် ရတနာတစ်ခုဖြစ်ပြီး အထဲဘက်သို့ ယူလာနိုင်ရန် ခက်ခဲလှသည်။ သို့သော်လည်း ယခုအချိန်တွင် ရှေးဟောင်းလူထူးဆန်းတစ်ယောက်သည် ထိုရတနာကိုအသုံးပြုကာ ကျောက်စားပွဲထက်သို့ တက်သွားလေသည်။

“မကောင်းတော့ဘူး”

လူများစွာသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး အပေါ်သို့ တက်နိုင်ရန် သူတို့တတ်နိုင်သမျှ ကြိုးစားအားထုတ်လိုက်ကြလေ၏။

ရှီဟောင်သည်လည်း ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ပေ။ ဤနေရာတွင် ရှေးဟောင်းလူထူးဆန်းများရှိနေသော်လည်း သူထိုအရိုးစာအုပ်အတွက် ယှဉ်ပြိုင်ရမည်သာ။ သူသာ ဤအခွင့်အရေးကို လွဲချော်သွားပါက သူ့တစ်ဘဝလုံး နောင်တရနေလိမ့်မည်။

“ဟား ဟား .. နောက်ဆုံးတော့ ငါရသွားပြီ .. အားလုံးပဲ နှုတ်ဆက်ပါတယ်”

ကျောက်စိမ်းစားပွဲပေါ်တွင် ဆံပင်ဖြူနှင့်လူငယ်လေး ရယ်မောလိုက်သည်။ သူသည် ထိုအရိုးစာအုပ်ကို ဆွဲယူလိုက်ကာ ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းနှင့်အတူ ထွက်သွားရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ၏အမူအရာ ပြောင်းလဲသွားလေ၏။

ထိုအချိန်တွင် ရှီဟောင်၏ သူ၏ဦးရေပြားများ ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။ သူသည် နောက်ထပ်ပင်မတွေးတော့ပဲ ထာဝရဂူထဲမှ တရှိန်ထိုး ပြေးထွက်သွားလိုက်သည်။

“မြန်မြန်ထွက်သွားတော့”

သူသည် အပြင်ဘက်သို့ ပြေးထွက်လာရင်း လော့သွမ်၊ လန်ယိချန်နှင့် လုယီတို့အား အပြင်ဘက်သို့ ပြေးထွက်ရန် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခင်က တစ်ခါမှ ယခုလောက် စိတ်မလေးဖူးပေ။ ကပ်ဆိုးကြီးတစ်ခု ကျရောက်လာတော့မည်ဟု သူခံစားနေရသည်။

ဤသို့ တုံ့ပြန်သည်မှာ သူတစ်ယောက်တည်းမဟုတ်ပေ။ နဂါးမိန်းကလေးသည်လည်း အော်ဟစ်လိုက်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။ သူမ၏မျက်လုံးထဲတွင် စိုးရိမ်မှုနှင့် ထိတ်လန့်မှုများ ရှိနေသည်။

သူတို့နှစ်ဦးသည် ဘေးချင်းယှဉ်လျက် အပြင်ဘက်သို့ ပြေးထွက်လာကြလေသည်။

“မဟုတ်ဘူး .. အား…”

ကျောက်စိမ်းစားပွဲပေါ်တွင်ရှိနေသည့် ဆံပင်ဖြူနှင့်လူငယ်လေးသည် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်လေ၏။ သူ၏လက်မောင်းများကို လွှဲရမ်းနေသော်လည်း ဤသည်မှာ အသုံးမဝင်ပေ။ သူ၏သွေးအားလုံးသည် ထိုအရိုးစာအုပ်ထံသို့ စီးဆင်းသွားလေ၏။

တစ်ချိန်တည်းမှာပင် ထိုရှေးဟောင်းဂူအတွင်းတွင် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာပြီး ဓားစွမ်းအင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ လူအုပ်ထံသို့ ဦးတည်လာလေသည်။

အချိန်တစ်ခဏလေးအတွင်းမှာပင် လူများစွာသည် သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဤသည်မှာ လောကကြီးကို ထိတ်လန့်တုန်လှုပ်စေနိုင်သည့် ဓားစွမ်းအင်ပင်။ သူတို့မပြောနှင့် ကောင်းကင်နတ်ဘုရားများ ရောက်လာလျှင်ပင် သူတို့လည်း အသတ်ခံရမည်ပင်။

ဒုန်း..

ရှီဟောင်၏နောက်ကျောလည်း တိုက်ခိုက်ခံလိုက်ရသည်သာ။ ဆေးလုံးဖီးဖိုဖြင့် ကာဆီးထားသောကြောင့်သာမဟုတ်ပါက သူလည်း ပေါက်ကွဲထွက်သွားလောက်လေပြီ။

“အဟွတ်…” ရှီဟောင် သွေးတစ်ပွက် အန်သွားသည်။ ဤစွမ်းအားမှာ ပြင်းထန်လွန်းလှသည်။ ဆေးလုံးမီးဖိုဖြင့် ကာကွယ်ထားသော်လည်း သူ၏ခန္ဓာကိုယ် တုန်လှုပ်သွားဆဲဖြစ်ပြီး သူ၏အရိုးများလည်း ကျိုးကြေမတတ်ပင်။

အပိုင်း ၁၀၅၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset