Switch Mode

Chapter – 1021 & 1035

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၁ – ထူးဆန်းသည့် ပြောင်းလဲမှုများ

“ထာဝရရှင်သန်ချင်နေတဲ့ သက်ရှိပဲ” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ ပြောလိုက်၏။ ဤစကားလုံးများမှာ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာလေသည်။

“ဒါက .. ဘာဖြစ်နေတာလဲ” ရှီဟောင်၏စိတ်ထဲတွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာရသည်။ သူသည် ထိုအစိတ်အပိုင်းများကို ကြည့်လိုက် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ကို ကြည့်လိုက်နှင့် တည်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။

လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီဖြစ်သောကြောင့် ထူးဆန်းသည့်အရာများစွာကို မြင်ဖူးမည်သာ။ သူသည် မသေလမ်းကို လျှောက်လမ်းခဲ့သည့် ထူးချွန်သည့်သူများစွာကို တွေ့ရှိခဲ့သည်သာ။

“ဒီလောကကြီးမှာ မသေပဲနဲ့ ထာဝရရှင်သန်နိုင်တဲ့သူလည်း ရှိသေးတာလား” ရှီဟောင်၏အသံမှာ တုန်ယင်နေလေသည်။

သူသိသည့်အတိုင်းဆိုလျှင် စစ်ဧကရာဇ် သို့မဟုတ် ကြီးမြတ်သည့်အာကာသခြောက်ဦးပင်လျှင် ဤကဲ့သို့ မရှင်သန်နိုင်သေးပေ။ ဖိန်းကျွန်းမှ နတ်ဆိုးအရှင်ပင်လျှင် ကျရှုံးခဲ့သည်သာ။

“မင်းကိုယ်တိုင် သေချာကြည့်လိုက်” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်တောက်ပလာသည်။ ဤအပင်နှင့်ရှီဟောင် ဆက်သွယ်သည့်ပုံစံမှာ အလွန်ထူးခြားလှသည်။ သူတို့သည် စာလုံးများ၊ နတ်စိတ်ဝိဉာဉ်များနှင့်ဆက်သွယ်ခြင်းမဟုတ်ပဲ အလင်းတစ်မျိုးနှင့် ဆက်သွယ်ခြင်းပင်။

ဤအပင်သည် နတ်ဆေးပင်ဖြစ်သောကြောင့် သူ့ကိုပိုင်ဆိုင်ခဲ့သည့်သူများမှာလည်း ပြိုင်ဘက်ကင်းသူရဲကောင်းများ ဖြစ်မည်သာ။ ထိုသူများသည် ပျောက်ကွယ်မသွားမည့် တံဆိပ်အချို့ကို ချန်ထားခဲ့ကြလေသည်။

ဤမြင်ကွင်းတွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူတစ်ယောက်ပေါ်လာလေ၏။ ထိုလူသည် ကောင်းကင်ကိုမော့ကြည့်နေပြီး သူ့အနားတွင် လျှပ်စီးအလင်းတန်းများ ထောင်ပေါင်းများစွာ ရှိနေသည်။ သို့သော် သူသည် ကြောက်ရွံ့ခြင်းမရှိပဲ သူ၏ပါးစပ်ကိုဟကာ အသက်ရှူသွင်းလိုက်သည်နှင့် ထိုလျှပ်စီးများအားလုံးမှာ သူ၏ပါးစပ်ထဲသို့ ဝင်သွားလေ၏။

ဝုန်း..

“ကောင်းကင်အတိဒုက္ခ” ဤသည်မှာ သာမန်လျှပ်စီးတာအိုလျှို့ဝှက်ပညာမဟုတ်ပဲ လျှပ်စီးအတိဒုက္ခအစစ်ပင်။ ဤသည်မှာ ကောင်းကင်မှ ပို့လွှတ်လိုက်သည့် စစ်ဆေးခြင်းပင်။

ဝုန်း..

ပိုကြောက်စရာကောင်းသည့် မိုးကြိုးနှင့် လျှပ်စီးများ ကျရောက်လာပြီး ကောင်းကင်ကြီးပင် ပြိုကျလာသလိုပင်။

ဤသည်မှာ ရှီဟောင်အား ထိတ်လန့်သွားစေည်။ ဤသည်မှာ မည်ကဲ့သို့သော ကောင်းကင်အတိဒုက္ခဖြစ်သနည်း … ဤသည်မှာ ကမ္ဘာကြီးကို ဖျက်ဆီးနေခြင်းပင်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ဆံပင်များ ပျံ့လွင့်နေလေ၏။ သူသည် အသက်သုံးဆယ်အရွယ်ခန့်ဖြစ်ကာ သူ၏မျက်လုံးများမှာ လေးနက်နေသည်။

ဤလူမှာ သေချာပေါက် ပြိုင်ဘက်ကင်းသည့်သူပင်။

သူသည် ဤကပ်ဆိုးကြီးကို ရင်ဆိုင်ရသည့်အချိန်တွင် ကောင်းကင်ထက်သို့ လက်ညှိုးထိုးလိုက်သည်။ ရလဒ်အနေဖြင့် လေဟာနယ်ကြီး ပျက်စီးသွားကာ အဆုံးမရှိသည့် လျှပ်စီးများလည်း လုံးဝပျောက်ကွယ်သွားလေ၏။

ဤကဲ့သို့သောပညာ၊ ဤကဲ့သို့သော ခွန်အားများမှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။

ဤသည်မှာ တံဆိပ်အပိုင်းအစများသာဖြစ်သော်လည်း ဤကဲ့သို့သော ခွန်အားနှင့်အော်ရာမှာ ရှေးခေတ်မှ ယခုခေတ်သို့ ရောက်လာသကဲ့သို့ပင်။ ဤသည်မှာ ရှီဟောင်၏စိတ်ထဲတွင် စွဲမြဲသွားရ၏။

ဤလူမှာ သန်မာလွန်းလှသည်။ ကောင်းကင်အတိဒုက္ခကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ရပ်တန့်လိုက်နိုင်သည်။

ထို့နောက်တွင် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာလေ၏။ ကောင်းကင်ထက်မှ ကျဆင်းလာသည့် လျှပ်စီးများသည် ပြောင်းလဲသွားကာ ဖရိုဖရဲအလင်းနှင့်အတူ ကျရောက်လာလေ၏။ ဤသည်မှာ မြစ်ကြီးတစ်စင်း စီးဆင်းလာသကဲ့သို့ပင်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူသည် အပေါ်ဘက်သို့ ပျံတက်သွားကာ အာကာသအပြင်ဘက်တွင်ရှိနေသည့် ကြယ်များထံသို့ ဦးတည်သွားလေ၏။ သူသည် ထိုလျှပ်စီးအတိဒုက္ခအားလုံးကို နောက်ပြန်တွန်းပစ်လိုက်လေသည်။

“သူက ထာဝရလူသားဖြစ်ဖို့ အတိဒုက္ခကို ဖြတ်နေတာလား” ရှီဟောင် မေးလိုက်၏။

“သူ့ရဲ့နတ်တာအိုက ထိပ်ဆုံးကို ရောက်နေပြီ .. ကောင်းကင်အတိဒုက္ခဖြတ်ကျော်ခြင်းကို အောင်မြင်ပြီးသွားတာနဲ့ သေဆုံးနိုင်မယ့်ကိစ္စကို သူ စိုးရိမ်စရာမလိုတော့ဘူး” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ ပြောလိုက်၏။

ရှီဟောင်သည် ထိုတံဆိပ်အပိုင်းအစများကို သေချာလေ့လာလိုက်သည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူသည် လျင်မြန်စွာပင် ကြီးမားလာပြီး နေ၊ လနှင့် ကြယ်များလည်း သူ့အနားတွင် လည်ပတ်နေသည်။ သူသည် အလွန်ပင်ကြီးမားလာကာ ဤကောင်းကင်အတိဒုက္ခကို ရင်ဆိုင်လိုက်လေ၏။

လျှပ်စီးသည် နောက်ဆုံးအကြိမ် ထာဝရအလင်းတန်းများကို ထုတ်လွှတ်လိုက်လေ၏။ ထိုအနက်ရောင်ဝတ်စုံနှင့်လူသည် နောက်ဆုံးတွင် ဒဏ်ရာရသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးများဖုံးလွှမ်းသွားကာ အရိုးများကျိုးသွားပြီး သူ၏တစ်ကိုယ်လုံး မည်းတူးသွားလေသည်။

သို့သော်လည်း သူ အသက်ရှင်နေဆဲပင်။ လျှပ်စီးအလင်းတန်း ပျောက်ကွယ်သွားသည်ကို သူကြည့်နေလေသည်။ နောက်ဆုံးတွင် သူ၏နောက်ဆုံးစစ်ဆေးခြင်း ပြီးဆုံးသွားလေပြီ။

သို့သော် ထိုအချိန်တွင် ကောင်းကင်ကြီးအက်ကွဲသွားကာ မီးခိုးရောင်မြူများ ထွက်ပေါ်လာပြီး ဤနေရာကို လွှမ်းခြုံသွားလေ၏။ ထို့နောက်တွင် ထိုအနက်ရောင်ဝတ်စုံနှင့်လူသည် ကောင်းကင်ထက်သို့ ဟစ်ကြွေးလိုက်လေ၏။

ထို့နောက်တွင် တစ်စုံတစ်ခု ကျရောက်လာပြီး သူနှင့်ပြင်းထန်စွာ တိုက်ခိုက်လေသည်။

အနက်ရောင်လက်သည်းတစ်ခု ကျရောက်လာသည်ကို မှုန်ဝါးဝါးတွေ့လိုက်ရလေ၏။ ထို့နောက် ထိုနေရာတွင် သွေးအလင်းတန်းများ ထွက်ပေါ်လာလေသည်။

အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် သွေးစွန်းနေသည့် အနက်ရောင်အဝတ်အပိုင်းအစတစ်ခုသာ ကျန်ခဲ့လေသည်။ ထိုအဝတ်စသည် လျှပ်စီးအတိဒုက္ခကြောင့် ပျက်စီးသွားခြင်းမရှိသလို မီးခိုးရောင်မြူများကြောင့် ပျက်စီးသွားခြင်းလည်း မရှိပေ။

ဤအဝတ်စအပြင် အက်ကွဲကြောင်းများ ပြည့်နှက်နေသည့် အိုးတစ်လုံးလည်း ရှိနေလေ၏။ ထိုအိုးတွင် သွေးများလည်း စွန်းထင်းနေလေ၏။ ထိုအရိုးသည် အဆင့်မြင့်နယ်မြေသို့ တရှိန်ထိုးတက်သွားပြီး သစ်ရွက်ကလန်၏ သေဆုံးမှုသတင်းကိုသယ်ဆောင်သွားလေသည်။

“သူ… ကျရှုံးသွားတာလား” ရှီဟောင် တီးတိုးပြောလိုက်သည်။

ကြယ်များ တစ်လုံးပြီးတစ်လုံး မှေးမှိန်သွားသောကြောင့် ထိုကြယ်လွင်ပြင်ကြီးမှာ မှေးမှိန်သွားလေ၏။ ဤသည်မှာ ကြောက်စရာကောင်းသည့် အဆုံးသတ်ပင်။

“သူက ဘယ်သူလဲ” ရှီဟောင်မေးလိုက်သည်။

“ရီချန်းယု” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် သက်ပြင်းချကာ ပြောလိုက်သည်။

“အမ်… ဒီနာမည်က နည်းနည်းရင်းနှီးနေသလိုပဲ .. ငါဒါကို အရင်က ကြားဖူးသလိုပဲ” ရှီဟောင် သူ့ကိုယ်သူ စဉ်းစားနေလေသည်။ သူသည် ရုတ်တရက်ပင် ခေါင်းမော့လိုက်ကာ “သမိုင်းဝင်ခေတ်က ရီဧကရာဇ်ကလန်က တစ်ယောက်ယောက်လား”

“ဟုတ်တယ် .. ရီမိသားစုရဲ့ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူ .. သူတို့ရဲ့စွမ်းအားအကြီးဆုံး သက်ရှိ ရီချန်းယုပဲ” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ပြောလိုက်သည်။

သူသည် ထိုအိုးထဲတွင် ရှိနေခဲ့သောကြောင့် ဤအဖြစ်အပျက်များကို မျက်မြင်တွေ့လိုက်ရသည်။ နတ်ဆေးပင်ဖြစ်သော်လည်း သူသည် ဤထူးခြားသည့်သူ၏အသက်ကို မကယ်နိုင်ခဲ့ပေ။ ဤသည်မှာလည်း သူသည် ကယ်တင်နိုင်မည့် အခွင့်အရေးမရခဲ့သောကြောင့်ပင်။

“မင်းက .. ထာဝရရှေးဟောင်းမြေထဲမှာ မွေးဖွားခဲ့တာ မဟုတ်ဘူးလား” ရှီဟောင် ထိတ်လန့်သွားရသည်။

“ငါ့ကို တစ်ယောက်ယောက်က အဲဒီနေရာကို ခေါ်သွားခဲ့တာ” လေဟာနယ်ကောင်းကင်နတ်နွယ်ပင် တည်ငြိမ်စွာပင် ပြောလိုက်သည်။

“အဲဒီ တံဆိပ်အစိတ်အပိုင်းတွေက ..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်၏ခန္ဓာကိုယ်ထဲတွင် အခြားတံဆိပ်များလည်း ရှိနေသေးသည်။ ထိုတံဆိပ်များလည်း အလွန်ပင် ထိတ်လန့်စရာကောင်းလွန်းလှသည်။

နားသယ်စပ်သို့ပင် မျက်ခုံးမွေးများ ရှိနေသည့် အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်သည် လွှမ်းမိုးနိုင်သည့်အော်ရာများကို ထုတ်လွှတ်နေလေသည်။

ဤမြင်ကွင်းမှာလည်း ဆိုးရွားလှသည်။ ခေတ်တစ်ခုကို လွှမ်းမိုးနိုင်သည့် ထိုသူရဲကောင်းသည် စကြာဝဠာအတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့ပြီး ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို အပေါ်စီးမှ ကြည့်နိုင်ခဲ့သည်။ သူဟစ်ကြွေးလိုက်သည်နှင့် ကြယ်စမ်းချောင်းများ ရွေ့လျားသွားကာ ကြယ်များလည်း ပေါက်ကွဲသွားလေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ပြည့်နှက်သွားသော်လည်း သူ အောင်မြင်နိုင်ခဲ့သည်။ လျှပ်စီးအလင်းတန်းများ ပြန်ဆုတ်သွားသည့်အချိန်တွင် ကျန်ရှိနေသေးသည့် လျှပ်စီးအလင်းတန်းများကို အသုံးပြုကာ အဆင့်တက်နိုင်ရန်အတွက် သူ၏မူလဝိဉာဉ်ခုန်ထွက်လာလေ၏။

သို့သော် ထိုအချိန်တွင် အရိပ်တစ်ခုပေါ်လာပြီး ထိုနေရာကို ဝန်းရံသွားလေသည်။

ပြိုင်ဘက်ကင်းသူရဲကောင်း၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။

အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် ထိုလူမှာ ထိုနေရာတွင် မရှိတော့ပေ။ မူလက တောက်ပနေခဲ့သည့် သူ၏မူလဝိဉာဉ်မှာ မင်ကဲ့သို့ မည်းနက်သွားလေ၏။ ထိုဝိဉာဉ်သည် သူ၏ဦးခေါင်းထဲသို့ ဝင်ရောက်သွားပြီးနောက် သူသည် ခက်ခဲစွာဖြင့်ပင် တစ်လှမ်း … လှမ်းလိုက်သည်။

တစ်လှမ်းလှမ်းပြီးသည့်နောက်တွင် သူ့တစ်ဘဝလုံး ကျင့်ကြံခဲ့သည့် စေတီသည် တစ်စစီဖြစ်သွားကာ စီရင်စုသုံးထောင်လုံးတွင် ပြန့်ကျဲသွားလေ၏။

ကောင်းကင်ထက်တွင် ထိုလူ၏ မျက်လုံးများမှာလည်း သူ၏မူလဝိဉာဉ်ကဲ့သို့ မည်းနက်နေသည်။ သူသည် အဆင့်မြင့်နယ်မြေကို အံ့အားသင့်စွာကြည့်ပြီးသည့်နောက်တွင် ထိုလူကို မည်သူမျှ ထပ်မတွေ့ရတော့ပေ။

“သူက ဘယ်သူလဲ”

“ရှေးခေတ် ဧကရာဇ်ကလန်က မော့ဝူတောင်” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်က ပြောလိုက်၏။

ရှီဟောင် အတော်လေး တုန်လှုပ်သွားရသည်။ ထင်ထားသည့်အတိုင်းပင် ဤလူသည်လည်း ကြီးကျယ်ခမ်းနားသည့်လူတစ်ဦးပင်။ ချီသော်လင်း သူ့ကိုပေးသည့်အရိုးစာအုပ်များထဲတွင် ဤလူအကြောင်းကို သူဖတ်ဖူးသည်။ သူသည် ရှေးခေတ်မှ စွမ်းအားအကြီးဆုံးသက်ရှိများထဲမှ တစ်ယောက်ပင်။

ဘာဖြစ်သွားတာလဲ .. ဤလူမှာ နတ်တာအိုတွင် ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်ပြီး ထာဝရအစွမ်းကို ရရှိတော့မည်ပင်။ အဘယ်ကြောင့် ရုတ်တရက်ပြောင်းလဲမှုများ ဖြစ်လာသနည်း…

“ဒီတစ်ခေါက်တော့ ငါကိုယ်တိုင် မြင်ခဲ့တာ မဟုတ်ဘူး” လေဟာနယ်ကောင်းကင်နတ်နွယ်ပင် ပြောလိုက်သည်။

သူ လွတ်လပ်သွားသည့်အချိန်တွင် တောင်များနှင့် မြစ်များကြားတွင် မော့ဝူတောင်၏ နတ်စေတီအပိုင်းအစတစ်ခုကို သူ ရှာတွေ့ခဲ့ခြင်းပင်။ ထိုနေရာတွင် အမြစ်တွယ်ပြီး အပိုင်းအစအချို့ကို ရယူခဲ့ခြင်းပင်။

ရှီဟောင်သည် အမြဲတမ်းပင် ဤပြဿနာ၏အဖြေကို ရှာနေခဲ့ခြင်းပင်။ ထာဝရရှေးဟောင်းမြေတွင် ထာဝရလူသားများ ဖြစ်သွားကြသည့် သူများရှိခဲ့သည်။ သူတို့သည် မသေဆုံးနိုင်တော့ပေ။ သို့သော် ဤခေတ်တွင် မည်သူမျှ မလုပ်နိုင်တော့ပေ။

ယခင်က သူအဖြေများစွာ ရရှိခဲ့သော်လည်း အဖြေများမှာ တစ်ခုမှ မပြည့်စုံပေ။

အရိုးစာအုပ်မှတ်တမ်းများတွင်လည်း မျိုးစုံပြောထားကြသည်။

ဤခေတ်တွင် ပြဿနာအချို့ရှိနေသည်ဟု ပြောကြသည့်သူရှိသည်။ ကောင်းကင်အတိဒုက္ခမရှိပဲ နောက်ဆုံးအဆင့်ကို ဖြတ်သန်းနိုင်မည် မဟုတ်ဟု ပြောကြသည်။

အချို့သူများသည် ခေတ်တစ်ခေတ်နှင့် တစ်ခေတ် မတူတော့ပဲ ယခုခေတ်တွင် ဤအတိဒုက္ခများကို မလိုအပ်တော့ဘူးဟု ပြောကြသည်။

ထိုတစ်ဆင့်ကို ဖြတ်ကျော်လိုက်သည်နှင့် အလွန်ပင်ကြောက်စရာကောင်းပြီး မယုံကြည်နိုင်စရာကောင်းသည့်အရာများ ဖြစ်လာနိုင်ကြောင်း အထူးချွန်ဆုံးသူများမှ သက်သေပြပြီးဖြစ်သည်ဟုလည်း ပြောကြလေသည်။

ယခု နောက်ဆုံးပြောစကားမှာ ပို၍ပင် ကြောက်စရာကောင်းလေသည်။ အဘယ်ကြောင့်ဆိုသော် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ထံတွင် တံဆိပ် အစိတ်အပိုင်းတစ်ချို့ ရှိနေသောကြောင့်ပင်။ ထိုအထဲတွင် ‘ထူးဆန်းသည့်ပြောင်းလဲမှုများ’ မှာ တကယ်ပင်ရှိနေသည်။

ထို့နောက်တွင် သူသည် ဤကဲ့သို့ပင် အဆုံးသတ်သွားခဲ့သည့် ဖိန်းကျွန်း၏ နတ်ဆိုးအရှင်ကို ပြန်စဉ်းစားမိသွားသည်။

ယခုခေတ်တွင် မည်သူမျှ ထာဝရအစွမ်းကို မရရှိနိုင်ခြင်းမဟုတ်ပဲ မမြင်ဖူးသည့် ထူးဆန်းသော အဖြစ်အပျက်များ ရှိနေသောကြောင့်သာ။

“အဲဒါက ဘာကြီးလဲ” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဤလောကကြီးမှာ ထူးဆန်းလှပြီး မသိနိုင်သည့်အရာများဖြင့် ပြည့်နှက်နေသည်။

ထို့နောက်တွင် သူသည် မိုးမခနတ်ဘုရားပြောဖူးသည့်စကားအချို့ကို ပြန်စဉ်းစားမိသွားသည်။ ဤအဆင့်ကို လျှောက်လမ်းလိုက်သည်နှင့် မယုံကြည်နိုင်သည့်အရာများ ဖြစ်လာမည်ဆိုသည့်စကားပင်။

“မိုးမခနတ်ဘုရားလည်း ဒီလိုမျိုး ဖြစ်ခဲ့တာလား” ရှီဟောင် တုန်လှုပ်သွားရသည်။ မိုးမခနတ်ဘုရားနှင့် စေတီလေးတို့ ပြောနေကြသည်ကို သူ ကြားခဲ့ဖူးသည်။ သို့သော် ထိုစဉ်က သူ ဤအကြောင်းကို အလေးအနက်မထားခဲ့ပေ။ ယခုပြန်စဉ်းစားကြည့်လိုက်သည့်အချိန်တွင် သူ မတည်ငြိမ်နိုင်တော့ပေ။

မိုးမခနတ်ဘုရားသည် ‘ထိုအရာ’ ကို ကြုံတွေ့ပြီးသည့်နောက်တွင် အသက်ရှင်သည့်တစ်ဦးတည်းသောသက်ရှိဖြစ်သည်ဟု စေတီလေး ပြောဖူးသည်။

“မင်းကတိတည်မယ်ဆိုရင် ပိုပြီးတော့ အသုံးဝင်တဲ့ သတင်းတစ်ခုကို ပြောပြမယ်” လေဟာနယ်ကောင်းကင်နတ်နွယ်ပင် စိုးရိမ်စွာ ပြောလိုက်သည်။ ရှီဟောင် သူ့အား အကုန်လုံး စားပစ်မည်ကို သူကတယ် ကြောက်နေခြင်းပင်။

“ငါက ကိုယ့်စကားကိုကိုယ်တည်တဲ့သူပါ .. မင်းကြောက်စရာမလိုဘူး” ရှီဟောင်ပြောလိုက်၏။

“မင်း အခု လျှောက်နေတဲ့လမ်းကလည်း အန္တရာယ်များမှာ .. ဒီလိုမျိုး ‘ထူးဆန်းတဲ့ပြောင်းလဲမှု’ ဖြစ်လာနိုင်တယ်” လေဟာနယ်ကောင်းကင်နတ်နွယ်ပင် ပြောလိုက်သည့်စကားများမှာ ရှီဟောင်ကို ဆွံ့အသွားစေသည်။

“အသေးစိတ်ပြောပြ”

လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှာ နတ်ဆေးပင်ဖြစ်သောကြောင့် သူ၏ထွက်ပြေးနိုင်စွမ်းမှာ အံ့အားသင့်စရာကောင်းလောက်သည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် ထိုအချိန်သည် ‘ထာဝရရှေးဟောင်းမြေ’ ပွင့်ခါစဖြစ်ပြီး ထာဝရတာအိုပန်းအဖူးလည်း ပွင့်လာသည့်အချိန်ပင်။ နေရာတိုင်းတွင် အဆင့်လွန်ကျွမ်းကျင်သူများရှိနေပြီး သူသည် တစ်စုံတစ်ယောက်၏ ဖမ်းယူခြင်းခံရကာ ထာဝရရှေးဟောင်းမြေထဲသို့ ခေါ်သွားခြင်း ခံခဲ့ရသည်။

“အရင်တုန်းက ငါ့မှာ ပိုင်ရှင်တွေ အများကြီးရှိတယ် .. ငါက သရဖူငါးခုဘုရင်နောက်လိုက်ခဲ့တယ် .. အစီအရင်ဆရာတစ်ယောက်ကို အဖော်ပြုပေးခဲ့တယ်”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် မလန့်ပဲ မနေနိုင်တော့ပေ။

“ငါပြောချင်တာက အရင်တုန်းက မင်းလိုမျိုးပဲ ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ နတ်ဘုရားဖြစ်ချင်ကြတဲ့သူတွေရှိခဲ့တယ် … ဒါပေမဲ့ သူတို့တွေအားလုံး ထူးဆန်းတဲ့ပြောင်းလဲမှုကြီးကို ကြုံခဲ့ကြရတာ”

လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် သရဖူငါးခုဘုရင်နောက်သို့ လိုက်ခဲ့သေးသည်။ ဤလူမှာ အတိတ်နှင့်ပစ္စုပ္ပန်နှစ်ခုလုံးကို ကိုင်လှုပ်နိုင်သည့်သူပင်။ သူသည် အခြေခံဒြပ်စင်ငါးခုကို အသုံးပြုကာ နတ်ဘုရားဖြစ်လိုခြင်းပင်။

သူသည် ဒြပ်စင်ငါးခုနှင့်ဆိုင်သည့်ပစ္စည်းအားလုံးကို စုဆောင်းခဲ့ပြီး ထိုပစ္စည်းများကို ပုံလိုက်လျှင် တောင်တစ်လုံးစာရှိလေသည်။ ထိုပစ္စည်းတစ်ခုစီတိုင်းမှာလည်း ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်ပစ္စည်းများပင်။

ထိုအကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် အလွန်ပင် ထိတ်လန့်သွားရ၏။ ဒြပ်စင်ငါးခုကို အသုံးပြုပြီး အဆင့်တက်လိုခြင်းမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။

ဒြပ်စင်ငါးခုထဲတွင် အားလုံး ပါဝင်သွားသည်သာ။

သရဖူငါးခုဘုရင်မှာ အထင်ကြီးစရာကောင်းလွန်းလှပြီး ယခင်မျိုးဆက်အထက်တွင် ရှိနေသည်မှာ သိသာလှသည်။

“အဲဒီအချိန်တုန်းက သူ’ဒြပ်စင်နှစ်မျိုး’ နဲ့ ပေါင်းနေတဲ့အချိန်မှာ မမျှော်လင့်ထားတာ ဖြစ်သွားတာ..”

“ဘာမတော်မဆဖြစ်ခဲ့တာလဲ” ရှီဟောင် မေးလိုက်၏။

“ထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့တာ” လေဟာနယ်ကောင်းကင်နတ်နွယ်ပင် ပြောလိုက်၏။ ထိုအရာကို သူကိုယ်တိုင် မြင်လိုက်ရခြင်းပင်။

ပထမအကြိမ်တွင် ထိုသရဖူငါးခုဘုရင်သည် ထူးဆန်းသည့်ပြောင်းလဲမှုလေးနှင့်သာ တွေ့ခဲ့ရသည်။ ထိုအချိန်က သူ ရပ်တန့်လိုက်ပြီး အတော်လေးလည်း ထိတ်လန့်နေခဲ့လေသည်။ ထို့နောက်တွင် သူသည် ဆက်လက်စမ်းသပ်လိုက်လေ၏။

သို့သော် ဤကဲ့သို့သော ထူးဆန်းမှုများ အကြိမ်များစွာ ဖြစ်ပြီးသည့်နောက်တွင် သူ၏မျက်လုံးများ အရောင်ကင်းမဲ့လာပြီး ဖြူလျော်လာလေသည်။ ထို့နောက်တွင် ထိုလူ ပျောက်ကွယ်သွားလေ၏။

လေဟာနယ်ကောင်းကင်နတ်နွယ်သည် အသေးစိတ်အချက်များကို မပြောပြနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူ အရမ်းကြောက်နေခဲ့ပြီး အစီအရင်၏ အဝေးသို့ ထွက်ပြေးခဲ့ခြင်းပင်။

“မင်းပြောချင်တာက ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့ နတ်စွမ်းရည်ရချင်တယ်ဆိုရင် ကပ်ဆိုးတွေ ဖြစ်လာမယ်လို့ ပြောတာလား” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။

“ရှေးက ကျွမ်းကျင်သူတွေထက်ကို သာချင်တဲ့ ထူးခြားတဲ့သက်ရှိတွေအားလုံး ဒီလိုမျိုး ဖြစ်သွားကြတာပဲ” လေဟာနယ်ကောင်းကင်နတ်နွယ်ပင် ပြောလိုက်သည်။ ဤသည်မှာ သရဖူငါးခုဘုရင်ထံတွင် ဖြစ်ပျက်သွားသည့် ပြောင်းလဲမှုများကို ကြည့်ကာ ကောက်ချက်ချလိုက်ခြင်းပင်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏ရင်ထဲ၌ လှိုင်းထန်သွားရသည်။

“အရင်တုန်းက ထူးချွန်တဲ့သူတွေက သာမန်မဟုတ်တဲ့လမ်းတွေကို လျှောက်ပြီးတော့ သေသွားရတာက အဲဒီထူးဆန်းတဲ့ပြောင်းလဲမှုနဲ့များ ဆိုင်မလား” ရှီဟောင် သူ့ဘာသာသူစဉ်းစားလိုက်သည်။

“ဒီနေရာကို ထာဝရရှေးဟောင်းမြေလို့ ခေါ်ရတာက အရင်တုန်းက ပျက်စီးနေတဲ့ခေတ်နဲ့ ဆက်စပ်နေလို့ပဲ .. အဲဒါကြောင့်လည်း ဒီနေရာမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတွေ ဖြစ်ပျက်နေတာ” လေသာနယ်ကောင်းကင်နတ်နွယ်ပင်မှ ပြောလိုက်သည်။

သူသည် ကိစ္စအတော်များများကို သိထားသည်မှာ သိသာလှသည်။

ယခင်က ကြီးကျယ်ခမ်းနားခဲ့သည့် ခေတ်ကို ထာဝရရှေးဟောင်းမြေဟု ခေါ်ခဲ့ပြီး ထိုခေတ်မှာ ပျောက်ကွယ်သွားလေပြီ။

ဤနေရာသည် ပျက်စီးသွားသည့် ထာဝရရှေးဟောင်းမြေနှင့် ဆက်စပ်နေသည်ဟု ပြောကြသည်။

ထို့ကြောင့်သာ ဤနေရာကို ‘ထာဝရရှေးဟောင်းမြေ’ ဟု နာမည်ပေးခဲ့ခြင်းပင်။

“မင်းလျှောက်တဲ့လမ်းက တစ်ခြားသူတွေနဲ့မတူဘူးဆိုရင်တောင်မှ ဒီမှာက ထူးဆန်းတဲ့ပြောင်းလဲမှုတွေက လွယ်လွယ်ကူကူပဲဖြစ်နိုင်တယ် .. အခု ဘာမှမဖြစ်သေးဘူးဆိုပေမယ့် မင်း ဆက်သွားရင် ပြဿနာရှိလာနိုင်တယ်” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ သတိပေးလိုက်သည်။

“ဒီလိုမျိုး ကိစ္စတွေလည်း ရှိတာလား” ရှီဟောင် ဆွံ့အသွားရသည်။ သူသည် အချိန်အတော်ကြာသည်အထိ တစ်ယောက်တည်း စဉ်းစားတွေးတောပြီးသည့်နောက်တွင် ခေါင်းမော့လိုက်ကာ “အဲဒါက ဘာကြီးလဲဆိုတာကို ငါသိချင်တယ်”

သူ၏ဒဏ်ရာများကို ကုသပြီးသည့်နောက်တွင် သူအဆင့်ထပ်တက်လိုက်သည်။

ယခုတစ်ကြိမ်တွင် သူသည် မီးတောက်ပေါင်း တစ်ထောင်ကျော်ကို အသုံးပြုလိုက်သည်။

“အမ်..”

ထိုအချိန်တွင် အပြင်ဘက်တွင်ရှိနေသည့် သူ့ကိုကြည့်နေသည့်သူများအားလုံး ထိတ်လန့်သွားရသည်။ ရှီဟောင်သည် ထာဝရတာအိုပန်းပွင့်ဖတ်မှ ပျောက်သွားပြီး သူ့ကို မမြင်ရတော့ပေ။

“အထင်ကြီးဖို့ ကောင်းလိုက်တာ”

သူလျှောက်နေသည့်လမ်းမှာ အလွန်ပင် ထူးခြားလှသည်ကို အားလုံးသိလိုက်ကြသည်။ ထာဝရတာအိုပန်းပွင့်ဖတ်ပင်လျှင် အရာအားလုံးကို ဖုံးကွယ်လိုက်ပြီး မည်သူမျှ သူ့ကို မမြင်နိုင်အောင် လုပ်လိုက်သည်။

မီးတောက်များ ငြိမ်းသတ်သွားသည့်နောက်တွင် ရှီဟောင်သည် တစ်ခြမ်းသေသလိုဖြစ်နေလေပြီ။ နတ်ဆေးပင်အနည်းငယ်ကို စားသုံးပြီးမှာ အသက်ဝင်လာခြင်းပင်။ သို့သော်လည်း ထူးဆန်းသည့်အဖြစ်အပျက်များ မဖြစ်ခဲ့ပေ။

ရှီဟောင်သည် မီးတောက် တစ်ထောင်နှင့်တစ်ခုကို အသုံးပြုလိုက်ခြင်းပင်။ သို့သော် ထိုအချိန်တွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့်အတူရှိနေသည့် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် ထိတ်လန့်တကြားပင် အော်ဟစ်လိုက်လေ၏။

“သူတို့တွေ .. နောက်တစ်ခေါက် လာပြန်ပြီ .. ထူးဆန်းတဲ့ပြောင်းလဲမှုတွေ နောက်တစ်ခေါက် ထပ်ဖြစ်တော့မယ်”

အပိုင်း ၁၀၂၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၂ – မကောင်းသောနမိတ်

လေဟာနယ်ထဲတွင် သာမန်မဟုတ်သည့်အရာများ ဖြစ်ပျက်နေလေသည်။ ထူးဆန်းသည့်စွမ်းအားလှိုင်းများမှာ လှိုင်းတစ်ခုနှင့်တူနေသော်လည်း ကြောက်စရာကောင်းသည့်လေနှင့်လည်း တူနေလေသည်။ ဤသည်မှာ ကျောက်လမ်းသုံးထောင်လုံးကို အနည်းငယ်အေးစက်မှောင်မဲနေစေလေသည်။

“မင်း ဘာပြောတယ်” နတ်ဘုရားပစ်ချက် ကျောက်တုံးလေးမှ သတိကြီးကြီးဖြစ်သွားသည်။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် လိပ်ပြာဧကရာဇ်၊ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်တို့နှင့်အတူ ရှီဟောင်ကို ကာကွယ်ပေးနေခြင်းပင်။ ယခုအချိန်တွင် သူတို့သည် တစ်ခုခုကို အာရုံခံမိသွားလေပြီ။

“ငါ့ကိုလွှတ် … ငါ ဒီမြင်ကွင်းကို ထပ်မမြင်ချင်တော့ဘူး…” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ လူးလိမ့်နေလေသည်။ သူသည် သမိုင်းဝင်ခေတ်မှ စွမ်းအားကြီးသည့် ရီချန်းယုမှ နောက်ပိုင်းမျိုးဆက်ဖြစ်သည့် သရဖူငါးခုဘုရင်ထိတိုင်အောင် မကောင်းသည့်အဖြစ်အပျက်များကို အကြိမ်ကြိမ်မြင်ဖူးခဲ့သည်။

နတ်ဆေးပင်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့ပြီဖြစ်ပြီး သူမြင်ခဲ့ရသည့်အဖြစ်အပျက်များမှာ သူ့စိတ်ထဲတွင် စွဲထင်နေလေသည်။

“မြန်မြန်ထတော့” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး ရှီဟောင်ကို နိုးရန် ကြိုးစားနေကြလေ၏။

သူ၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်မည့် အန္တရာယ်တစ်မျိုး ရောက်ရှိလာနေလေပြီ။

အပြာရောင်ကျောက်လမ်းသုံးထောင်မှ တစ်ထောင်ကျော်တွင် မီးတောက်များ ဖုံးလွှမ်းနေလေသည်။ သင်္ကေတများလည်း ထွက်ပေါ်နေပြီး သဘာဝတာအိုများဖြင့် ဖန်တီးထားသည့် ပင်လယ်တစ်ခု ဖြစ်ပေါ်နေလေသည်။

ရှီဟောင်သည် ထိုနေရာတွင် ထိုင်နေဆဲဖြစ်ပြီး ကြောက်စရာကောင်းသည့်မီးတောက်များအောက်တွင် နှစ်မြှုပ်နေလေသည်။ ယခုတစ်ကြိမ်မှာ ယခင်ကထက် မည်မျှပင် အန္တရာယ်ပိုများသည်ကို မည်သူမျှ မသိနိုင်ပေ။ ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ ပျက်စီးလုနီးပါးဖြစ်နေလေပြီ။

အမှန်တကယ်တွင် ရှီဟောင်သည် တစ်စုံတစ်ခုကို အာရုံခံမိပြီး မူမမှန်မှုကို ခံစား၍ရသည်။ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ထံမှ အတိတ်မှအကြောင်းများကို သိပြီးသည့်နောက်တွင် သူသည် အမြဲတမ်း သတိကြီးကြီးထားနေခြင်းပင်။

သို့သော် ဤမျှလျင်မြန်စွာ ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မီးတောက်များမှာ နောက်ပြန်ဆုတ်သွားပြီး သင်္ကေတများလည်း ပျက်ပြယ်သွားကာ အပြာရောင်ကျောက်လမ်းများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ဤနေရာလည်း ပြန်လည်ငြိမ်းချမ်းသွားသည်။

ယခုတစ်ခေါက်တွင် သူသည် ဒဏ်ရာရရှိခဲ့သော်လည်း သူ၏ပါးစပ်ထဲတွင် လေဟာနယ်ကောင်းကင်နတ်နွယ်ပင် အပိုင်းလေးကို ငုံထားသောကြောင့် သူ မသေနိုင်ပေ။ ဤသည်မှာ သူ ဒဏ်ရာရနေသည့်အချိန်တွင် မမျှော်လင့်ထားသည့်အဖြစ်အပျက် ဖြစ်လာခြင်းမှာ ကာကွယ်ရန်ပင်။

“အဲဒါက ဘာကြီးလဲ…” ရှီဟောင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မည်းတူးနေလေပြီ။ အသက်အန္တရာယ်မရှိသော်လည်း သူ၏ဒဏ်ရာများမှာ ပေါ့သေးသေးမဟုတ်ပေ။

ခပ်ဝေးဝေးတွင် မီးခိုရောင်မြူများ ထွက်ပေါ်နေပြီး ဤနေရာထိပင် မကောင်းသည့်အငွေ့အသက်များ ရနေသည်။

ထိုနေရာ၌ အလွန်ပင် မှုန်ဝါးနေပြီး ဘာအရိပ်မှ မမြင်ရပေ။ သို့သော် ကျောချမ်းစေသည့်အငွေ့အသက်များမှာ ထိုနေရာတွင် လွှမ်းခြုံနေလေသည်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင် ချွေးစေးများ ပြန်လာရသည်။ သူသည် ယခင်က ဤကဲ့သို့ အဖြစ်အပျက်မျိုး မကြုံဖူးပေ။ သူ့ထံတွင် အသွေးအသားခန္ဓာကိုယ်မရှိသော်လည်း ကြက်သီးထနေသလို ခံစားနေရသည်။

“ဒီလိုမျိုးအဖြစ်အပျက်တွေ နောက်တစ်ခေါက် ထပ်ဖြစ်ပြန်ပြီ ..” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှာ အထိမခံနိုင်ဆုံးပင်။ သူသည် ဆိုးရွားသည့်အဖြစ်အပျက်များစွာကို မျက်မြင်တွေ့ခဲ့ရသောကြောင့် သူသည် အကြောက်လန့်ဆုံးပင်။

အပြာရောင်လမ်းပေါ်တွင် ရှီဟောင်ချထားသည့် ဝိဉာဉ်ဆေးပင်များအားလုံးသည် အပြာရောင်ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားလေသည်။

ဤသည်မှာ ထိုလေများကြောင့်ပင်။ မည်သည့်သက်ရှိ၊ မည်သည့်စွမ်းအားလှိုင်းမှ မရှိသော်လည်း ဤကဲ့သို့သော ထိတ်လန့်စရာမြင်ကွင်းမျိုးကို ပြုလုပ်နေလေပြီ။

“မင်းက ဘာကြီးလဲ .. ထွက်ခဲ့စမ်း” ရှီဟောင်သည် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်အပိုင်းလေးကို သူ၏ပါးစပ်ထဲတွင် ထည့်ထားကာ သူ၏အခြေခံစွမ်းအင်များ ပြန်လည်ပြည့်တင်းသွားအောင် လုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး ခြောက်ကပ်မနေတော့ပေ။

“သတိထား…” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှာ တုန်ယင်နေလေပြီ။

“မင်းတို့အားလုံး နောက်ဆုတ်ကြ…” ရှီဟောင်၏မျက်နှာထက်တွင် လေးနက်သည့်အမူအရာများ ဖြစ်ပေါ်နေလေသည်။

မသိနိုင်သည့်အရာများမှာ ကြောက်စရာအကောင်းဆုံးပင်။ ယခုအချိန်တွင် ရန်သူမှာ မည်သူမှန်း မသိရသေးပေ။ သို့သော်လည်း ရှေးခေတ်မှ ထူးခြားသည့်သူများမှာ သူ့ကြောင့် သေဆုံးသွားခဲ့ကြသည်။

မီးခိုးရောင်မြူများမှာ ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။ ယခုအချိန်တွင် သူ၏ဆံပင်များပင် ထောင်တက်နေပြီဖြစ်ပြီး အပ်အုံကြီးနှင့်ပင် တူနေလေပြီ။

ယခုလေးတင် အသွေးအသားများ လောင်ကျွမ်းခံထားရခြင်းဖြစ်သော်လည်း ယခုအချိန်တွင် ရေခဲအိမ်ထဲရောက်နေသလို ဖြစ်နေသည်။ ဤနှစ်ခုမှာ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသည့် အရာများပင်။

ဤသည်မှာ အစသာရှိသေးသည်။ မြူများ တစ်ဖြည်းဖြည်းသိပ်သည်းလာသည့်အချိန်တွင် အေးစက်မှုမှာ ထိပ်ဆုံးသို့ ရောက်သွားလိမ့်မည်။

ဝုန်း…

ရုတ်တရက်ပင် မြူများသည် အရှိန်လျင်မြန်လာကာ သူ့ရှေ့တွင်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

ပြောင်းလဲမှုများမှာ လျင်မြန်လွန်းလှသည်။ အေးစက်မှုများမှာ ထိပ်ဆုံးသို့ရောက်နေပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံး ကြက်သီးများ ထနေလေပြီ။

ယခုအချိန်တွင် သူ့ထံ၌ ကြောက်စိတ်လည်း ရှိနေသည်။

မြေအောက်လောကတံခါးပွင့်လာပြီး လူ့လောကသို့ရောက်လာကာ သူ့အား ခေါ်သွားတော့မလိုပင်။

သူ၏မျက်လုံးထဲတွင် သင်္ကေတများ ပေါ်လာပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားလေ၏။ ဤသည်မှာ သိုင်းပညာတာအိုကောင်းကင်မျက်လုံးပင်။

သို့သော်လည်း သူသည် မြူထဲတွင် ဘာမှမမြင်ရပေ။ ထိုမြူထဲတွင် မည်သည့်သက်ရှိမှ ရှိမနေပေ။ ဤထူးဆန်းသည့်ရန်သူကို သူမမြင်နိုင်ဖြစ်နေ၏။

ရှီဟောင်သည် ထိုနေရာတွင်သာ တည်ငြိမ်စွာ ရပ်နေပြီး ပြောင်းလဲမှုများကို ရင်ဆိုင်နေလေ၏။

မြူများသည်သူ့ကို ဝန်းရံလာကာ ဖုံးလွှမ်းလိုက်လေ၏။

“သတိထား … မြူတွေကို မင်းခန္ဓာကိုယ်ပေါ်ကို တစ်မှုန်လေးတောင် မကပ်စေနဲ့” ဤသည်မှာ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်၏ နောက်ဆုံးသတိပေးချက်ပင်။ ထိုသို့ပြောပြီးနောက် သူသည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနောက်သို့ ဝင်ပုန်းလိုက်ပြီး ထပ်ထွက်မလာတော့ပေ။

မြူများသည် ရုတ်တရက်ပင် လက်တံများကဲ့သို့ လှုပ်ရှားလာပြီး ရှီဟောင်ထံသို့ ဦးတည်လာလေသည်။

ဝုန်း..

ရှီဟောင်သည် တောင်တစ်လုံးကဲ့သို့ မြဲမြံစွာ ရပ်နေသော်လည်း သူ၏ကောင်းကင်လမ်းကြောင်းပွင့်လာကာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အလင်းရောင်များ ဖုံးလွှမ်းသွားသည်။

ထိုမီးခိုးရောင်မြူလက်တံများသည် ထိုအလင်းကို မဖောက်နိုင်သော်လည်း ရုတ်တရက်ပင် ပုံစံပြောင်းသွားလေ၏။ ထိုလက်တံများသည် ချွန်ထက်နေသည့် လှံတံများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်လမ်းကြောင်းကို ဖောက်ထွက်သွားလေသည်။

ဒုန်း..

မီးခိုးရောင်မြူများ ဖြစ်သော်လည်း သူ၏ကောင်းကင်လမ်းကြောင်းနှင့် ထိမိသွားသည့်အချိန်တွင် သတ္တုသံများ ထွက်ပေါ်လာလေ၏။

မီးခိုးရောင်မြူများသည် နေရာအနှံ့မှ ရှီဟောင်ကို တိုက်ခိုက်နေလေသည်။

ရှီဟောင်သည် ထိုမြူခိုးများကို စိုက်ကြည့်နေသော်လည်း ယခုအချိန်ထိ မည်သည့်သက်ရှိကိုမှ မမြင်ရသေးပေ။ ဤမြူများသာ သူ့ကို အဆက်မပြတ် တိုက်ခိုက်နေခြင်းပင်။

ဝုန်း..

သူ၏စွမ်းအားများကို ထုတ်သုံးလိုက်သည်။ ဤမြူများ၏ ‘အရှင်’ က ထွက်မလာပဲနဲ့ သူ့ကို တိုက်ခိုက်ချင်နေတာလား…

ရှီဟောင် အရင်ဆုံးတိုက်ခိုက်လိုက်သည်။ သူ၏အနားတွင်လျှပ်စီးတန်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကာ ထိုမြူများထံသို့ ဦးတည်သွားနေကြလေသည်။

ဤသည်မှာ လျှပ်စီးဧကရာဇ်၏ ပညာပင်။ လျှပ်စီးများ တစ်တန်းပြီးတစ်တန်း ဖြစ်ပေါ်လာကာ မြူများကို တိုက်ခိုက်နေလေသည်။

ထို့နောက်တွင် ထိတ်လန့်စရာကောင်းသည့် တစ်စုံတစ်ခု ဖြစ်ပွားခဲ့လေ၏။ ထိုမြူများမှာ နောက်ပြန်ဆုတ်မသွားသည့်အပြင် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထိုမြူများသည် သွေးနှင့်တူနေပြီး ညီနံ့လည်း နံနေသည်။ ထိုမြူများသည် လျှပ်စီးများကို ရင်ဆိုင်ကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာကြလေသည်။

ထိုအနီရောင်မြူထဲတွင် လက်သည်များကို မှုန်ဝါးဝါးလေး မြင်နေရသည်။ ထိုလက်သည်းများသည် ရှီဟောင်ကို အသေသတ်ချင်နေသလိုပင် လေဟာနယ်ထဲမှ ရောက်လာလေသည်။

ဤသည်မှာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် အခြားသူများကို ဆွံ့အသွားစေသည်။ ဤသည်မှာ မည်သည့်အရာဖြစ်သနည်း…

ဤသည်မှာ သာမန်မဟုတ်သည်ကို သူတို့သိကြသည်။ မဟုတ်ပါက ဤသည်မှာ ဘယ်လိုလုပ် ရှေးခေတ်ကတည်းက ယနေ့ခေတ်ထိတိုင်ရှိနေပြီး သူရဲကောင်းများစွာ၏ အခြေခံတာအိုများကို ဖျက်ဆီးပစ်မည်နည်း…

လေဟာနယ်ကြီး တုန်ယင်လာကာ မြူများ သိပ်သည်းသွားလေ၏။ ယခုအချိန်တွင် သူသည် ပုံစံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

မြူများသည် အလုံးကြီးတစ်လုံးအဖြစ်သို့ စုစည်းသွားပြီး မျက်လုံးပုံစံ ဖြစ်သွားလေသည်။ ထိုမျက်လုံးမှာ ရုတ်တရက်ပင် ပွင့်လာလေ၏။

ရွှီး…

ထိုမျက်နှာသစ်ဇလုံအရွယ်အစားရှိသည့် မျက်လုံးထံမှ အနီရောင်အလင်းတန်းတစ်ခု ထွက်လာလေသည်။

ဒုန်း…

ရှီဟောင်သည် လက်ထဲတွင်ရှိနေသည့် လျှပ်စီးဓားရှည်ကြီးဖြင့် ပိုင်းဖြတ်ပစ်လိုက်သည်။ သူတို့နှစ်ခု တွေ့ဆုံသွားသည်နှင့် နေရာတိုင်းတွင် မီးပွားများ လွင့်စင်သွားရသည်။ ထို့နောက်တွင် သူ၏လက်ထဲတွင်ရှိနေသည့် လျှပ်စီးဓားသည် ရုတ်တရက်ပင် အနီရောင်ဖြစ်သွားပြီး ဓားလက်ကိုင်တစ်လျှောက်တွင် သွေးရောင်အလင်းတန်းများ ပျံ့နှံ့သွားသည်။

ထိုအလင်းများ သူ့လက်ထံသို့ ရောက်မလာခင် ရှီဟောင် ထိုဓားကို ပစ်ထုတ်လိုက်သည်။ ဝုန်း ဟူသည့်အသံနှင့်အတူ ထိုလျှပ်စီးဓားမှာ သူ့မျက်စိရှေ့တွင်ပင် ပေါက်ကွဲသွားလေသည်။

ထိုအနီရောင်မျက်လုံးကြီး ပိတ်သွားသော်လည်း ပျက်စီးသွားခြင်းမဟုတ်ပေ။

“ဒါက ဘာကြီးလဲ .. မြူလား သက်ရှိခန္ဓာကိုယ်တစ်ခုလား” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။

ထိုသွေးမျက်လုံး နောက်တစ်ကြိမ်ပွင့်လာကာ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထုတ်လွှတ်လာလေ၏။ ယခုအချိန်မှာ ပို၍ပင် ကြောက်စရာကောင်းနေသေးသည်။

“ထွက်သွားစမ်း”

ရှီဟောင်အနားတွင် လျှပ်စီးများသည် ပင်လယ်ကဲ့သို့ ထွက်ပေါ်လာလေသသည်။ သူသည် သူ့အဖိုးတန်ပညာ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်နိုင်စွမ်းကို ပြသလိုက်ခြင်းပင်။

“ကောင်းကင်ဘုံကိုးခုပျက်စီးခြင်းအလင်း” ရှီဟောင် အော်ဟစ်လိုက်သည်။

ကောင်းကင်ထက်တွင် တောက်ပသည့်လျှပ်စီးများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ လျှပ်စီးများသာမဟုတ်ပဲ နတ်အလင်းနှင့်တူသည့် ထူထဲလှသော် အလင်းတန်းများလည်း ပါဝင်လေသည်။

လျှပ်စီးဧကရာဇ် အဖိုးတန်ပညာ၏ တိုက်ခိုက်နိုင်စွမ်းကို အဆုံးစွန်ထိ သုံးလိုက်ခြင်းပင်။

အလင်းတန်းကိုးခုမှာ ဆက်တိုက်ပင် ကျဆင်းလာလေသည်။

ဝုန်း..

ထိုအလင်းတန်းများမှာ သွေးရောင်မျက်လုံးကို ဖောက်ထွက်သွားလေသည်။ ထိုမျက်လုံးသည် ရှီဟောင်ကို နောက်ဆုံးအကြိမ်ကြည့်ကာ ပေါက်ကွဲသွားလေ၏။

ဤနေရာမှာလည်း ဘာမှမဖြစ်ခဲ့သလို ပြန်ငြိမ်းချမ်းသွားလေသည်။ ငရဲမှလာသည်ဟု ထင်ရသည့်အေးစက်မှုများလည်း ပျောက်ကွယ်သွားလေပြီ။

ရှီဟောင်သည် ထိုနေရာတွင် တိတ်ဆိတ်သာ ရပ်နေသည်။ သူသည် တိုက်ပွဲတစ်ခု တိုက်ခဲ့ရသော်လည်း ဘာနှင့်တိုက်ခဲ့ရမှန်းပင် မသိလိုက်ပေ။ ဤသည်မှာ သူ့ကို မသက်မသာ ခံစားရစေသည်။ ဤသည်မှာ အမှန်တကယ်တိုက်ခိုက်ခြင်းမဟုတ်ပဲ စမ်းသပ်ရုံမျှ တိုက်ခိုက်ခြင်းပင်။

“မြန်မြန်သွားတော့ ဆက်မလုပ်နဲ့တော့..” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှာ အမှန်တကယ်ပင် ကြောက်လန့်နေခြင်းပင်။

“ဒါက ဘာကြီးလဲဆိုတာကို ငါသိချင်သေးတယ် .. ဒါပေါ်လာတာနဲ့ပဲ ငါ့လမ်းကြောင်း၊ ငါ့တာအိုကို ဒီမှာတင် အဆုံးသတ်မှာ မဟုတ်ဘူး” ရှီဟောင်၏အသံမှာ ပြတ်သားနေလေသည်။

ရှီဟောင်သည် အချိန်တစ်ခဏခန့်ယူကာ သူ၏အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီးနောက် မီးတောက် တစ်ထောင့်တစ်ရာကို ဆွဲယူလိုက်ကာ သူ၏လမ်းကို ဆက်လျှောက်လိုက်သည်။

မျှော်လင့်မထားသည့် မည်သည့်အရာမှ ဖြစ်မလာတော့ပေ။

လေဟာနယ်ကောင်းကင်နတ်နွယ်ပင် အနည်းငယ်ကို စားသုံးပြီးသည့်နောက်တွင် သူ မီးတောက်အရေအတွက်ကို ထပ်တိုးလိုက်သည်။

ယခုအချိန်တွင် သူ့ကိုယ်သူသာ အားကိုးရမည်။ သူသန်မာလာမှသာ ထိတ်လန့်စရာကောင်းသည့် ထူးဆန်းမှုအမျိုးမျိုးကို သူ ရင်ဆိုင်နိုင်လိမ့်မည်ပင်။

မီးတောက်ပေါင်း ၁၂၀၀ သုံးသည့်အချိန်ထိ အားလုံးမှာ တည်ငြိမ်နေဆဲပင်။ သူ၏ခန္ဓာကိုယ်မှာ ခမ်းခြောက်သွားအောင်ထိ လောင်ကျွမ်းသွားပြီး အသက်အန္တရာယ်ရှိနေသော်လည်း ပုံမှန်မဟုတ်သည့်အရာများ ရောက်မလာပေ။

ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် သူသည် မီးတောက် ၁၃၀၀ ကို အသုံးပြုလိုက်၏။ နောက်ဆုံးတွင် သူသည် ကောင်းကင်ထက်မှ ပြုတ်ကျလာကာ ပါးစပ်မှ အသက်လုရှူနေရသည်။

သူနတ်ဆေးပင်အချို့ကို စားသုံးလိုက်သည်။ ရက်အနည်းငယ်ခန့် အနားယူပြီးသည့်နောက်တွင် ရှီဟောင်သည် သူ့ကိုယ်သူ ပို၍သန်မာလာသည်ဟု ခံစားလိုက်ရသည်။ ဤအတိုင်းသာဆက်သွားလျှင် သူသည် ထိုထူးဆန်းသည့် ပြောင်းလဲမှုများကိုပင် အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မည်။

သို့သော်လည်း လေဟာနယ်ကောင်းကင်နတ်နွယ်သည် ပို၍ပင် ထိတ်လန့်လာနေလေသည်။ သူပြောသည့်အတိုင်းဆိုလျှင် ငြိမ်းချမ်းနေလေလေ နောက်လာမည့် ရက်စက်မှုများမှာ ပို၍ ဆိုးရွားလာလေလေပင်။

ရှီဟောင်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်သာ။ သူသည် မီးတောက်အရေအတွက်ကို ၁၄၀၀ ထိတိုးလိုက်သည်။

ထိုအချိန်တွင် ထူးဆန်းသည့်ပြောင်းလဲမှုများမှာ နောက်တစ်ကြိမ် ဖြစ်ပေါ်လာလေသည်။

လေဟာနယ်ထဲတွင် သင်္ကေတများစွာ ပေါ်လာပြီး ပေါင်းစည်းသွားလေသည်။ ထို့နောက်တွင် ဝုန်းဟူသည့်အသံနင့်အတူ လေဟာနယ်ကြီး တောက်လောင်သွားပြီး ဤနေရာတွင် စွမ်းအင်များ ထွက်ပေါ်လာစေလေ၏။

ထို့နောက်တွင် ထိုသင်္ကေတများသည် ငြိမ်သွားကာ ရှေးဟောင်းမီးအိမ်တစ်လုံးပုံစံ ဖြစ်သွားလေသည်။ ထိုမီးအိမ်သည် လေထဲတွင် တွဲလွဲခိုနေပြီး အလင်းများလည်း မှေးမှိန်သွားလေသည်။ ဤသည်မှာ လုံးဝကြီး မလင်းတော့သည်မဟုတ်သော်လည်း ဤနေရာကိုတော့ တောက်ပစေနိုင်လေသည်။

ထိုမီးအိမ်သည် ရှီဟောင်၏ဦးခေါင်းနှင့် ကျန်းတစ်ရာ အကွာအဝေးတွင်ရှိနေလေသည်။ ဤသည်မှာ သူသည် တစ်ခုခုကို လမ်းပြနေသကဲသို့ပင်။

ထိုအချိန်တွင် လောကကြီးတစ်ခုလုံးမှာ အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်သွားလေ၏။

ရှီဟောင်သည် ထိုနေရာကို စိုက်ကြည့်နေပြီး ယခင်ကထက်ပင် ပိုပြင်းထန်သည့် အန္တရာယ်များသည် အငွေ့အသက်ကို ရနေလေ၏။

ဒေါက် ဒေါက် …

ဗလာဟင်းလင်းဖြစ်နေသည့် အပြာရောင်ကျောက်လမ်းထက်တွင် ခြေသံများ ထွက်ပေါ်လာလေ၏။ ထိုအသံမှာ ကြည်လင်ပြတ်သားလှပြီး ဤနေရာတစ်ခုလုံးကို ပဲ့တင်ထပ်နေလေ၏။

မိုးကုပ်စက်ဝန်းအစွန်းဘက်တွင် ပုံရိပ်တစ်ခု ပေါ်လာလေ၏။ ထိုပုံရိပ်သည် တစ်လှမ်းချင်း လျှောက်လာနေပြီး သူ၏ခြေလှမ်းများမှာစည်းချက်ကျနေလေသည်။ ထိုစည်းချက်တွင် ထူးဆန်းသည့်စွမ်းအားတစ်မျိုး ရှိနေပြီး လူတစ်ယောက်ကို အသက်ရှုပင် ကြပ်စေသည်။

“အဓိက ရန်သူကြီး ရောက်လာပြီလား” ရှီဟောင်သည် ကျောက်လမ်းအဆုံးကို ကြည့်ကာ ပြောလိုက်သည်။

အပိုင်း ၁၀၂၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၃ – ထူးဆန်းသည့်သက်ရှိ

ထိုပုံရိပ်သည် အဝေးမှလာနေပြီး သူ၏ခြေသံတွင် စည်းချက်တစ်မျိုးရှိနေသည်။

ယခုမှ နတ်ဘုရားဖြစ်သွားသည့် သာမန်ကျင့်ကြံသူသာဆိုလျှင် ဤကဲ့သို့သော ခြေလှမ်းများကို ရင်ဆိုင်ရသည်နှင့် သူတို့သည် သွေးအန်ကာ လွင့်ထွက်သွားလောက်လေပြီ။

ရှီဟောင်၏အမူအရာမှာ လေးနက်နေလေ၏။ သူသည် ကြောက်စရာကောင်းသည့်ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသည်ကို သူသိသည်။

လေထဲတွင် မီးခိုးရောင်မြူများ ထွက်ပေါ်လာလေ၏။ ထိုမြူများမှာ အလွန်ပင် အေးစက်လှသည်။ ထိုလူသားပုံစံသက်ရှိ လမ်းလျှောက်နေသည်မှာ သိပ်မမြန်သော်လည်း ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းကို အသုံးပြုလိုက်သောကြောင့် ယခုအချိန်တွင် ရှီဟောင်နှင့် ကျန်းတစ်ရာသာ ဝေးတော့သည်။

ထိုလူ၏လှုပ်ရှားမှုများ ရပ်တန့်သွားလေပြီ။ သို့သော် ထိုနေရာတွင် မြူဆိုင်းနေသောကြောင့် သူ၏ပုံစံအစစ်အမှန်ကို မမြင်ရပေ။ သူ၏မျက်လုံးတစ်စုံသာ မြူများကို ထိုးဖောက်ထွက်ပေါ်နေလေသည်။ သို့သော် ထိုမျက်လုံးတွင်လည်း မျက်စံမရှိပဲ အဖြူရောင်မျက်သားသာ ရှိနေသည်။

မြူများ လွင့်ပါးသွားသည့်အချိန်တွင် ရှီဟောင်သည် နှစ်ထပ်မျက်လုံးကို ထုတ်ကြည့်သော်လည်း သူ ဘာမှ မမြင်ရပေ။

ဤသက်ရှိ၏ မျက်လုံးများမှာ မျက်စံမပါသော်လည်း ဓားသွားများကို ထုတ်လွတ်နေသကဲ့သို့ပင်။ သူ့ထံတွင် လူသားခံစားချက်များ ရှိမနေသလို မည်သည့် စွမ်းအင်လှိုင်းမှလည်း ထုတ်လွှတ်ခြင်းမရှိပေ။

သူ့အရှေ့တွင် ရပ်နေသောကြောင့်သာမဟုတ်ပါက ဤလူရှိမှန်းကိုပင် သူသိရမည် မဟုတ်ပေ။ နတ်အာရုံများကို အသုံးပြုလျှင်ပင် ဤလူကို တွေ့နိုင်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူ့ထံမှ မည်သည့်သွေးစွမ်းအင်ကိုမှ ခံစား၍မရသောကြောင့်ပင်။

“ခင်ဗျားဘယ်သူလဲ” ရှီဟောင်မေးလိုက်၏။ ဤထူးဆန်းသည့်ပြောင်းလဲမှုများကို သူနားမလည်တော့ပေ။ သူသိနေသလို ခံစားနေရသော်လည်း ဘာဆက်ဖြစ်မည်ကို သူအတိအကျသိချင်သည်။

“သတိထား .. သူက မင်းရဲ့တာအိုကို ဖျက်ဆီးပစ်မယ့် မကောင်းဆိုးဝါးပဲ .. လွန်သွားပြီ .. နောက်ထပ် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတော့မယ် .. ဒီစမ်းသပ်မှုကို အောင်နိုင်မှာမဟုတ်ဘူး…” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ တုန်ယင်စွာ ပြောလိုက်သည်။

“မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ဆူပူလိုက်သည်။

ထိုသူမှာ ဘာမှမပြောသကဲ့သို့ ဘာတုံ့ပြန်မှုမှလည်း မရှိပေ။ ပြောင်းလဲလာသည့် တစ်ခုတည်းသော အရာမှာ သူ၏မျက်လုံးများ ပို၍ကြောက်စရာကောင်းလာခြင်းပင်။ သူသည် ရှီဟောင်အား အေးစက်စွာပင် ကြည့်နေလေ၏။

“သရဖူငါးခုဘုရင်တောင်မှ ပထမဆုံးစစ်ဆေးခြင်းကို ဖြတ်နိုင်သေးတာ ငါက ဒါကိုတောင် မလုပ်နိုင်ဘူးလို့ လာမပြောနဲ့နော်” ရှီဟောင်ပြောလိုက်၏။

“ဒီတစ်ခေါက်က မတူဘူး .. မကောင်းဆိုးဝါးက သူ့ရဲ့ပုံစံအမှန်နဲ့လာတာ .. အရမ်းအန္တရာယ်များတယ်..” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် လှည့်မကြည့်စတမ်းပင် ဤနေရာမှ ထွက်ပြေးသွားချင်မိသည်။

ထိုလူသားပုံစံ ပုံရိပ်ထံမှ မည့်သည့်လှုပ်ရှားမှု၊ မည်သည့်အသက်ဓာတ်မှ မတွေ့ရသော်လည်း ဖိအားကြီးကို ခံစားနေရဆဲပင်။

ဝုန်း..

သူ၏ညာဘက်လက်လှုပ်ရှားလိုက်သည်နှင့် မီးခိုးရောင်မြူများ လွင့်ပြယ်သွားကာ လက်နက်တစ်ခု ပေါ်လာလေ၏။ ဤသည်မှာ အစိမ်းရောင် သံကြေးများ တက်နေသည့် လှံတံတစ်ခုပင်။ ထိုလှံတံတွင် အချိန်အော်ရာများ ပြည့်နှက်နေသည်။

ထိုလှံတံကို စိုက်ကြည့်ပြီးနောက် ရှီဟောင် တုန်လှုပ်သွားရသည်။ ဤသည်မှာ ရှေးဟောင်းလက်နက်ပင်။ သူမြင်ခဲ့ဖူးသည့် ပစ္စည်းအားလုံးထက်ပို၍ ရှေးကျသည်သာ။

ချွမ်…

လှံတံကိုင်ထားသည့် ထိုလက်ကို လှုပ်ရှားလိုက်သည်နှင့် သတ္တုသံ ထွက်ပေါ်လာလေ၏။ ဤအသံမှာ ကမ္ဘာကြီးဖြစ်တည်လာကတည်းက ထွက်လာသည့်အသံလိုပင်။

ထိုအချိန်တွင် ရှီဟောင်တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဆံပင်မွှေးများပင် ထောင်တက်သွားရသည်။ ဤသည်မှာ သူအန္တရာယ်ကြီးနှင့် တွေ့လျှင် တုံ့ပြန်သည့် အပြုအမူပင်။ စွမ်းအားအကြီးဆုံး ရန်သူများနှင့် တွေ့လျှင်လည်း သူဤသို့ တုံ့ပြန်သည်သာ။

ကျန်းတစ်ရာအကွာတွင်ရှိနေသည့် ထိုသက်ရှိသည် လက်ထဲတွင် ကြေးလှံတံကို ကိုင်ထားပြီး ရှီဟောင်ဘက်သို့ ချိန်ရွယ်ထားလေသည်။ ထိုအခိုက်အတန့်တွင် ဤလောကကြီးတစ်ခုလုံးပင် တုန်ယင်သွားသကဲ့သို့ပင်။

“သတိထား … ” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး သတိပေးလိုက်တယ်”

“သူသာ သက်ရှိဖြစ်သရွေ့ ငါသေချာပေါက် သူ့ကို သတ်မှာ” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ ချွမ်းဟူသည့်အသံနှင့်အတူ သူ၏လက်ထဲတွင် လေဟာနယ်ရဲဒင်း ပေါ်လာလေ၏။ ထိုရဲဒင်း၏ ဖြူဖွေးနေသည့် အသွားသည် ထိုလူဘက်ကို ချိန်ရွယ်ထားလေသည်။

သို့သော် သူခေါင်းမော့ကာ ကောင်းကင်ထက်တွင်ရှိနေသည့် ထိုမီးအိမ်ကို ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများ လှုပ်ခတ်သွားရသည်။ ထိုမီးအိမ်သည် သဘာဝဥပဒေသများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီ း လမ်းညွှန်အဖြစ် ရှိနေခြင်းပင်။

ဤသက်ရှိရောက်လာသည်မှာလည်း ထိုမီးအိမ်ကြောင့်သာ။ ယခုအချိန်တွင် ဖြစ်ပျက်နေသည့်အရာအားလုံးကို ရှင်းပြလို့ရော ရပါ့မလား .. ဤသည်မှာ ကြောက်စရာကောင်းသည့်ကျွမ်းကျင်သူ အသက်ပြန်ဝင်လာခြင်းလား…

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ထိုအကြောင်းများ တွေးနေလည်း အသုံးဝင်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူတိုက်ခိုက်ရတော့မည်သာ။

ရွှီး…

ထိုသက်ရှိသည် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ချက်ချင်းပင် ကျန်းတစ်ရာကို ဖြတ်ကျော်ပြီးသားဖြစ်သွားပြီး လှံတံသည်လည်း ရှီဟောင်၏ မျက်ခုံးနှစ်ခုကြားသို့ ဦးတည်လာလေသည်။

ဤသည်မှာ ရှီဟောင်ကို တုန်လှုပ်သွားစေသည်။ တစ်ဖက်လူ၏ လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှပြီး ချက်ချင်းပင် သူ့ရှေ့သို့ ရောက်လာလေသည်။

ဒုန်း…

သူ ရဲဒင်းကို လွှမ်းရမ်းလိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးမှာ ကြယ်တံခွန်များ ဖုံးလွှမ်းသွားသကဲ့သို့ပင်။ နားစည်ကွဲလောက်သည့် သတ္တုချင်း ထိခတ်သည့်အသံလည်း ထွက်ပေါ်လာလေသည်။

ယခုအချိန်တွင် ရှေးဟောင်း အပြာရောင်ကျောက်လမ်းများပင်လျှင် တုန်ခါနေ၏။ ဤနေရာတွင်ရှိနေသည့် လေထုလည်း ပျက်စီးသွားကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

ရှီဟောင် အတော်လေး တုန်လှုပ်သွားရသည်။ သူ၏လက်မောင်းမှာ ထုံကျဉ်နေပြီး သူ၏နားလည်း အူထွက်သွားသည်။ ဤရိုက်ချက်မှာ စွမ်းအားကြီးလှပြီး သူ၏လက်မောင်းပင် ကျိုးသွားမတတ်ပင်။

အခြားသူများသာဆိုလျှင် ပြောစရာမလိုအောင်ပင် သူတို့လက်မောင်းများ ပေါက်ကွဲသွားလောက်လေပြီ။ ဤသည်မှာ သူတို့ကျင့်ကြံဆင့်ဖြင့် သည်းခံနိုင်သည့် စွမ်းအားပမာဏမဟုတ်ပေ။

ဝုန်း..

တစ်ခဏခန့် နားပြီးသည့်နောက်တွင် ရှီဟောင်သည် လေဟာနယ်ရဲဒင်းကို လွှဲရမ်းလိုက်ကာ အရင်စတိုက်လိုက်သည်။

ဤရဲဒင်းမှာ လေဟာနယ်သားရဲ၏ အရိုးများဖြင့် ပြုလုပ်ထားသောကြောင့် သူ၏စွမ်းအားမှာ အဆုံးမရှိလောက်အောင်ပင်။

ရန်သူ၏ တုံ့ပြန်မှုများမှာ လျင်မြန်လွန်းလှသည်။ သူသည် ကြေးလှံတံကို အလျားလိုက် ရွေ့လျားလိုက်ပြီး ရှီဟောင်၏ ရိုက်ချက်ကို ခုခံလိုက်သည်။

ဒုန်း..

ဤသည်မှာ အပြင်းထန်ဆုံး ရိုက်ချက်ပင်။ သူတို့နှစ်ဦးလုံးမှာ အားကုန်သုံးထားခြင်းပင်။

လေထဲတွင် နားစည်ကွဲလောက်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး အတောက်ပဆုံးအလင်းတန်းများ ထွက်ပေါ်လာလေသည်။ ဤကဲ့သို့သော စွမ်းအားမှာ အခြားနတ်ဘုရားများ တုန်လှုပ်သွားစေရန် လုံလောက်သည်။

ရှီဟောင်၏လက်မှာ နာကျင်သွားရပြီး ကျိုးတော့မည်ဟုပင် ခံစားနေရသည်။ သူ၏လက်မနှင့် လက်ညှိုးကြားလည်း ဟက်တက်ကွဲသွားလေပြီ။ ဤသည်မှာ အားချင်းပြိုင်ခြင်းဖြစ်ပြီးသော်လည်း နောက်ဆုံးတွင် သူ၏လက်ချောင်းကြားမှ သွေးများ စီးကျလာသည်။

တစ်ဖက်လူ၏ခွန်အားမှာ ကြောက်စရာကောင်းလွန်းလှသည်။

သူခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် တစ်ဖက်လူသည်လည်း အနောက်ဆုတ်သွားပြီး မြေပြင်ပေါ်တွင် အနက်ရောင်သွေးအိုင် ရှိနေလေသည်။

တစ်ဖက်လူ၏ လက်မနှင့် လက်ညှိုးကြားသည်လည်း ဟက်တက်ကွဲသွားမှန်း သူသိသည်။ သို့သော် သွေးများမှာ အမဲရောင်ဖြစ်နေမည်ဟု သူ မထင်ထားခဲ့ပေ။ ဤသည်မှာ အတော်လေး ထူးဆန်းလှသည်။

သူတို့၏ ခွန်အားညီမျှသည်ဟု ဆိုလိုခြင်းပင်။

“ထူးဆန်းတဲ့ပြောင်းလဲမှု .. တစ်ခြားကျင့်ကြံနယ်ပယ်တွေဆိုရင် မတူညီတဲ့ ခွန်အားတွေကို ထုတ်သုံးတာလား” ရှီဟောင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထိုသက်ရှိသည် ချက်ချင်းပင် မရပ်တန့်နိုင်သည့် လှိုင်းလုံးကြီးများကဲ့သို့ ရှီဟောင်ထံသို့ တရှိန်ထိုး ဝင်ရောက်လာလေသည်။ သူ၏လှုပ်ရှားမှုများမှာ လျင်မြန်လှပြီး သူ၏ကြေးလှံတံနှင့် ထိုးသည့်အချိန်တိုင်းတွင် လေဟာနယ်ပင် ပျက်ယွင်းသွားလေ၏။

သူ၏လှံတံမှာ ရှီဟောင်၏ အရေးကြီးသည့်နေရာများကိုသာ ဦးတည်နေလေ၏။ သူ၏မျက်ခုံးကြား၊ လည်ပင်းနှင့် နှလုံးတို့ကိုသာ ဦးတည်နေလေသည်။

သူတို့နှစ်ဦးသည် အလွန်နီးကပ်စွာ တိုက်ခိုက်နေကြပြီး နှစ်ယောက်လုံးမှာ လျှပ်စီးများကဲ့သို့ပင်။ သူတို့တိုက်ခိုက်နေကြသည်မှာ မြန်လွန်းလှသောကြောင့် အပြင်ဘက်မှသူများပင်လျှင် သူတို့ပုံရိပ်ကို မမြင်ရတော့ပေ။ သူတို့လက်နက်ခြင်းထိခတ်သည့် သတ္တုသံပင်လျှင် ရပ်တန့်သွားခြင်းမရှိပေ။

ဒုန်း..

နောက်ဆုံးတွင် သူတို့နှစ်ဦး ပြန်ကွဲသွားကာ သူတို့နှစ်ဦးအကြားတွင် ကျန်းတစ်ရာ ခြားသွားသည်။

“မင်း .. အဆင်ပြေတယ်မလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ စိုးရိမ်တကြီး ပြောလိုက်၏။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်ရပ်နေသည့်နားတွင် သွေးအိုင်ကြီးရှိနေပြီး ထိုသွေးမှာ သူ၏လက်မှ စီးကျလာခြင်းပင်။ သူ၏လက်မောင်းများလည်း တုန်ယင်နေပြီး လက်ချောင်းများကြားတွင် ဟက်တက်ကွဲနေသည်။

“ကိစ္စမရှိဘူး” ရှီဟောင် ပြောလိုက်၏။

သူက ဘယ်လိုလုပ် အဆင်ပြေမည်နည်း… ဤတိုက်ခိုက်ခြင်းမှာ သူ့ကို အတော်လေး ဖိအားများစေသည်။

သူနှင့် ယှဉ်တိုက်နိုင်သည့်ပြိုင်ဘက်ကို သူတစ်ခါမှ မတွေ့ဖူးသေးပေ။

တစ်ဖက်တွင်လည်း မီးခိုးရောင်မြူများ ထွက်ပေါ်လာပြီး မြေပြင်ထက်တွင်လည်း သွေးများ စွန်းထင်းနေသည်။ သို့သော် သူ၏သွေးများမှာ အနက်ရောင်ပင်။

“သတ်…”

ရှီဟောင်အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ လျှပ်စီးများလည်း ထွက်ပေါ်လာသည်။

ရှီဟောင်သည် လက်တစ်ဖက်တွင် လေဟာနယ်ရဲဒင်းကို ကိုင်ထားပြီး လျှပ်စီးတာအိုအဖိုးတန်ပညာကိုလည်း ထုတ်သုံးလိုက်သည်။ သူသည် အသွေးအသားနှင့် အဆင့်လွန်လျှို့ဝှက်ပညာကို ပေါင်းသုံးပြီး ထိုသက်ရှိကို သတ်ရန်အတွက် အရှေ့သို့ သွားလိုက်သည်။

ထိုလူ၏အော်ရာမှာ ပြောင်းလဲသွားကာ အားလုံးကို စုတ်ယူနိုင်သည့် တွင်းနက်ကြီးကဲ့သို့ ဖြစ်သွားလေသည်။ မြူများလည်း မီးခိုးရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားသည်။

ရှီဟောင်၏ ရဲဒင်းကို ကြေးလှံတံမှ တားဆီးလိုက်ပြီး လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာမှ ထုတ်လွှတ်သည့် လျှပ်စီးများမှာမူ မြူခိုးထဲသို့ ဝင်ရောက်သွားလေသည်။ ဤနေရာတစ်ခုလုံးမှာ လုံးဝဖရိုဖရဲဖြစ်နေလေပြီ။

ထို့နောက်တွင် ကြောက်စရာကောင်းသည့်အရာတစ်ခု ဖြစ်ပွားခဲ့သည်။ လျှပ်စီးအားလုံးမှာ အနက်ရောင်မြူထဲတွင် ပျောက်ကွယ်သွားလေသည်။

“ဘာဖြစ်တာလဲ” ရှီဟောင်ထိတ်လန့်သွားရ၏။ ဤကဲ့သို့သော ကြောက်စရာကောင်းသည့်ပြိုင်ဘက်ကို သူမတွေ့ဖူးသေးပေ။

ဤသည်မှာ ကမ္ဘာ့စွမ်းအားအကြီးဆုံး နတ်စွမ်းရည်ဟု သတ်မှတ်ထားသည့် လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာပင်။ မည်သူကများ ဤပညာကို ခုခံနိုင်မည်နည်း.. သူတို့ခုခံနိင်လျှင်ပင် ဘယ်လိုလုပ် လျှပ်စီးအားလုံးကို ဖျောက်ပစ်နိုင်မည်နည်း…

ဖုန်း…

ထိုသက်ရှိကိုလည်း မထိခိုက်သည် မဟုတ်ပေ။ နောက်ဆုံးတွင် ထိုလူ လွင့်ထွက်သွားကာ အပြာရောင်ကျောက်လမ်း၏အခြားတစ်ဖက်နှင့် ရိုက်မိသွားလေသည်။

သို့သော် လျှပ်စီးများမှာ ပျောက်ချင်းမလှ ပျောက်သွားပြီး သူ့ကို မပေါက်ကွဲသွားစေပေ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ရှီဟောင်၏ မျက်လုံးများသည် အလွန်ပင် တောက်ပလာလေ၏။ သူသည် ဤအခြေအနေကို အာရုံခံကြည့်လိုက်သည်။

“သတ်…”

သူနောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ အဆုံးမရှိသည့် လျှပ်စီးများ ထွက်ပေါ်လာပြီး ထိုသက်ရှိကို နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။ လျှပ်စီးများအားလုံးကို ဖျောက်ပစ်နိုင်မည်ဟု သူမယုံကြည်ပေ။

ထင်မထားသည့်အဖြစ်အပျက် နောက်တစ်ခု ဖြစ်လာလေသည်။

အခြားတစ်ဖက်မှ သက်ရှိလည်း သူကဲ့သို့ လျှပ်စီးများကို ထုတ်လွှတ်လာလေ၏။ သို့သော် သူ၏လျှပ်စီးများမှာ အနက်ရောင်ပင်။ ဤလျှပ်စီး၏စွမ်းအားများမှာလည်း ကြောက်စရာကောင်းလွန်းလှပြီး သူ၏အဖိုးတန်ပညာနှင့် တူနေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” ခပ်ဝေးဝေးတွင်ရှိနေသည့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင် တုန်ယင်သွားရသည်။ ဘယ်လိုလုပ် ဤကဲ့သို့သော ပြိုင်ဘက်မျိုး ရှိလာသနည်း .. ဤလူမှာ လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာကိုပင် ရပ်တန့်နိုင်သည်။

တစ်ဖက်မှာ တောက်ပသည့်လျှပ်စီးများကို အသုံးပြုပြီး အခြားတစ်ဖက်မှာ အနက်ရောင်လျှပ်စီးများကို အသုံးပြုနေသည်။ နှစ်ဘက်လုံးမှာ စွမ်းအားချင်းညီမျှနေပြီး သူတို့တိုက်သည့် နည်းလမ်းများပင် တူနေသည်။

ပြင်းထန်သည့် တိုက်ပွဲကြောင့် ဤနေရာတစ်ခုလုံးမှာ ပျက်ယွင်းနေလေပြီ။ အပြာရောင်ကျောက်လမ်းမှာ တုန်ခါနေပြီး သူတို့နှစ်ဦးကြားတွင် လျှပ်စီးများမှာ ပင်လယ်ကဲ့သို့ပင် လိမ့်တက်နေလေ၏။

ရှီဟောင်မှာ တည်ငြိမ်နိုင်ရန် ခက်ခဲနေသည်။ တစ်ဖက်လူသည်လည်း သူကဲ့သို့ လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာများကို ပိုင်ဆိုင်ထားသည်မှာ သေချာသည်။

ဤသက်ရှိသည် ဤကဲ့သို့သော တားမြစ်ထားသည့် အဖိုးတန်ပညာကို နားလည်နေရလောက်အောင် မည်ကဲ့သို့သော နောက်ခံမျိုးရှိသနည်း…

ဝုန်း..

နောက်ထပ် ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် အနက်ရောင်မြူခိုးတစ်ဝက်ကျော်ခန့် လွင့်ပါးသွားသည်။ ရှီဟောင်သည် လျင်မြန်စွာပင် ထိုလူအား ကြည့်လိုက်၏။ ထို့နောက်တွင် သူသည် ထိတ်လန့်သည့် ပုံစံ ဖြစ်သွားရသည်။

ထိုလူ၏ ဦးခေါင်းခွံကို ထိုးဖောက်ထားသည့် လှံတိုလေးကို သူတွေ့လိုက်ရသည်။ ထိုလှံတံမှာ နှစ်ပေခန့်သာရှိပြီး မျက်ခုံးနှစ်ခုကြားမှ ဦးခေါင်းနောက်ဘက်သို့ ထုတ်ချင်းဖောက်နေခြင်းပင်။ ထိုလှံတံထိပ်ဖျားတွင် အစိမ်းရောင်သံချေးများ ရှိနေကဲ့သို့ အချိန်အော်ရာလည်း ရှိနေသည်။

“ဒါက..” သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဤကဲ့သို့သော ဒဏ်ရာမျိုးဖြင့် အသက်ရှင်နိုင်စရာ အကြောင်းမရှိပေ။ သူ၏မူလဝိဉာဉ်ပင်လျှင် ထုတ်ချင်းဖောက်ခံနေရလေပြီ။

“သတ်..” ရှီဟောင် ဟစ်ကြွေးလိုက်၏။ ထိုအရာများကို သူ ဂရုမစိုက်တော့ပေ။ သူ၏ခွန်အားကို သူ ယုံကြည်သည်။ သူသည် ဤတိုက်ပွဲကို အဆုံးထိ တိုက်ရမည်။

ဝုန်း ဟူသည့်အသံ ထွက်ပေါ်လာကာ ခွန်ပန်အတောင်ပံများ ဖြန့်ကျက်လာလေ၏။ ထိုအတောင်ပံများသည် ပြိုင်ဘက်ကင်းသည့်စွမ်းအားများကို ထုတ်လွှတ်ကာ တစ်ဖက်လူကို တိုက်ခိုက်လိုက်သည်။

ဖုန်းဟူသည့်အသံနှင့်တူ ထိုသက်ရှိ လွင့်ထွက်သွားကာ နံရံနှင့်ရိုက်မိသွားလေ၏။ သို့သော်လည်း သူသည် လျင်မြန်စွာ ပြန်ကုန်းထလာပြီး သူ၏အနောက်ဘက်တွင် မီးခိုးရောင်အတောင်ပံတစ်စုံ ပေါ်လာလေသည်။ ထို့နောက်တွင် သူသည် ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာလေ၏။

“ဘာ…” ရှီဟောင်၏မျက်လုံးများပင် မှေးကျဉ်းသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ရင်းနှီးနေသည့်အော်ရာကို အာရုံခံမိလိုက်သောကြောင့်ပင်။ ထိုအတောင်ပံသည် ခွန်ပန်အတောင်ပံနှင့်တူနေပြီး ပျက်စီးနေသည့်အော်ရာအနည်းငယ်သာရှိနေသည်။

ဘာလို့လဲ.. သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်သွားရသည်။

တစ်ဖက်လူမှ လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာများကို ပိုင်ဆိုင်ထားခြင်းမှာ တိုက်ဆိုင်မှုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် အလွန်ပင်ရှေးကျသောကြောင့် သူသည် လျှပ်စီးဧကရာဇ်နှင့်ပင် ပတ်သက်နိုင်သည်။

သို့သော် ခွန်ပန်ပညာက ဘာကြောင့်ပေါ်လာရသနည်း…

ထို့ကြောင့်သူသည် အခြားအဖိုးတန်ပညာများကို မသုံးတော့ပဲ ဤနတ်စွမ်းရည်နှစ်ခုကိုသာ အသုံးပြုပြီး တိုက်ခိုက်တော့သည်။ တစ်ခဏကြာပြီးသည့်နောက်တွင် သူတို့သည် အချက်ရေ နှစ်ရာ တိုက်ခိုက်ပြီးသွားလေပြီ။ သူ၏ခန္ဓာကိုယ်တွင် သွေးများရွှဲနေပြီဖြစ်ပြီး အားအင်လည်း ကုန်ခမ်းနေလေပြီ။

တစ်ဖက်လူသည် လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာနှင့် ခွန်ပန်ပညာကို ပိုင်ဆိုင်ထားရုံသာမက ခွန်ပန်ပညာကိုလည်း ပိုင်ဆိုင်ထားပြီး သူ၏စွမ်းရည်မှာ သူ့ထက်မနိမ့်ကြောင်း သူအတည်ပြုပြီးသွားလေပြီ။

“ငါ နည်းလမ်းပြောင်းရတော့မယ်” သူသာ နည်းလမ်းမပြောင်းလျှင် သူပြဿနာတက်တော့မည်ကို သူသိနေသည်။

“ငါတစ်ခြားပညာတွေကို သုံးရင်ရော မင်းက အဲဒီပညာတွေအားလုံးကို ကျွမ်းကျင်နေမှာလား” ရှီဟောင်သည် ချက်ချင်းပင် သူ့တစ်ကိုယ်လုံးကို တောက်လောင်စေလိုက်လေ၏။ အရိုးစာသားများ ထွက်ပေါ်လာပြီး တောက်ပစွာ ထွန်းလင်းနေလေသည်။

သူယခင်က လေ့လာဖူးသည့် ပညာအားလုံး ပေါ်လာပြီး ထိုလူထံသို့ ဦးတည်သွားလေ၏။

ပြန်လည်ဝင်စားခြင်းပညာပေါ်လာသည့်အချိန်တွင် တစ်ဖက်လူထံမှ ပျက်စီးသွားသည့်အော်ရာလှိုင်းတစ်ခု ပေါ်လာလေသည်။

ဝုန်း..

ယခုအချိန်တွင် ထိုအနက်ရောင်မြူထဲတွင်ရှိနေသည့် သက်ရှိသည် ဤတိုက်ခိုက်မှုကို မခုခံနိုင်တော့ပဲ လွင့်ထွက်သွားလေသည်။

ရွှီး..

ရှီဟောင်သည် အပြေးသွားကာ သူ၏လက်ထဲတွင်ရှိနေသည့် လေဟာနယ်ရဲဒင်းဖြင့် လွှဲချလိုက်သည်။

သူထိတ်လန့်သွားရသည်မှာ ပြန်လည်ဝင်စားခြင်းသင်္ကေတများမှာ တစ်ဖက်လူ၏ခန္ဓာကိုယ်တွင်လည်း ပေါ်လာလေသည်။

“သွားသေလိုက်တော့”

သူ၏လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှသည်။ လျှပ်စီးအတောင်ပံ၊ ခွန်ပန်အတောင်ပံနှင့် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်း… ဤပညာသုံးခုကို ပေါင်းစည်းလိုက်သည်။

ဖူး..

အောင်မြင်ပြီ…

တောက်ပလှသည့် ရဲဒင်းအသွားသည် တစ်ဖက်လူ၏ ရင်ဘတ်ကို ဖောက်ထွက်ကာ မြေပြင်ပေါ်သို့ စိုက်ချလိုက်လေသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်မြူများ လွင့်ပြယ်သွားပြီး ထိုသူ၏ပုံစံကို သူတွေ့လိုက်ရသည်။

ထိုအချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ၏မျက်လုံးမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏နှလုံးခုန်နှုန်းများလည်း ကမောက်ကမဖြစ်နေလေပြီ။

ဤလူ၏ ပုံစံမှာ သူနှင့်တူလွန်းလှသည်။ ဤလူ၏ဆံပင်သည် မီးခိုးရောင်ဖြစ်နေပြီး အသက်အနည်းငယ်ကြီးနေသည်။

“ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နေတာလဲ” ရှီဟောင် ဟစ်ကြွေးလိုက်၏။

ဤလူဝတ်ထားသည့်အဝတ်အစားများမှာ အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် ထာဝရရှေးဟောင်းအဝတ်အစားများဖြစ်ပြီး သူ၏ဦးခေါင်းကို ထိုးဖောက်နေသည့်လှံတံလည်း ရှေးကျပြီး သံချေးတက်နေလေပြီ။

အပိုင်း ၁၀၂၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၄ – ကိုယ့်ကိုကိုယ်သတ်ခြင်း

ရှီဟောင် အမှန်တကယ်ပင် ဆွံ့အသွားရသည်။
ဤလူက ဘယ်လိုလုပ် သူနှင့်တူနေသနည်း..

ပုံစံတူရုံသာဆိုလျှင် ကိစ္စမရှိသော်လည်း ယခုအချိန်တွင် သူတို့၏ အဖိုးတန်ပညာများပင် တူနေသည်။ ဤသည်မှာ သူ့ကို အတော်လေး ထိတ်လန့်သွားစေသည်။

ဤလူ၏ ဆံပင်များမှာ မီးခိုးရောင်ဖြစ်နေပြီး သူသည် အကျဘက်သို့ ရောက်နေသည့်ပုံပင်။ သူ၏ခန္ဓာကိုယ်ကို တောက်ပသည့် အဖြူရောင်ရဲဒင်းသွားက ထုတ်ချင်းဖောက်နေပြီး မြေပြင်ထက်တွင် အနက်ရောင်သွေးများလည်း စီးကျနေသည်။ ပျက်စီးနေသည့်အော်ရာလှိုင်းတစ်ခုလည်း ရှိနေလေသည်။

သူအသက်ကြီးလာလျှင် ဤပုံစံ ဖြစ်လာမည်လား .. မြေပြင်ပေါ်တွင် လဲကျနေသည့်ထိုသူကို ကြည့်ပြီး သူကြက်သီး ထသွားရသည်။

ဘာဖြစ်နေတာလဲ .. ဤထူးဆန်းသည့်ပြောင်းလဲမှုမှာ ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။

ရှီဟောင် ဤလူကို ကြည့်လိုက်၏။ သူ၏အဝတ်အစားများမှာ ထာဝရရှေးဟောင်းခေတ်မှ အဝတ်အစားများပင်။ သူ၏ဦးခေါင်းကို ထိုးဖောက်နေသည့် လှံတံသည်လည်း ကြောက်စရာကောင်းလွန်းလှသည်။

“ဒီလောကမှာ .. ပြန်ဝင်စားတာ ရှိတာလား” ရှီဟောင်၏အသံများမှာ အနည်းငယ် တုန်ယင်နေသည်။

ဤလူသည် သူနှင့် ဆက်စပ်နေသည်လား … သူတို့နှစ်ဦးမှာ တူလွန်းလှသည်။

ထိုအချိန်တွင် ရှီဟောင်သည် ရုတ်တရက်ပင် ဝမ်းနည်းလာသည်။ ပြန်ဝင်စားခြင်းတကယ်ရှိလျှင် .. ဤသည်မှာ တကယ်ပဲသူလား..

ဤလူ၏ အဝတ်အစားနှင့် လက်နက်များမှာ အလွန်ပင် ရှေးကျလှပြီး တကယ်ပင် ထာဝရ‌ရှေးဟောင်းခေတ်မှ လူဖြစ်နိုင်သည်။ ပြန်ဝင်စားတာက တကယ်ရှိတာလား … ရှီဟောင်မှာ ထိုအကြောင်းကို တွေးပင်မတွေးရဲပေ။

“ဒါက အရင်ဘဝက ငါ့ပုံစံဆိုရင် ငါက ဒီလောက်တောင်မှ ဝမ်းနည်းဖို့ ကောင်းတာလား”

ဤမြင်ကွင်းကို မြင်သည့်မည်သူမဆို ဝမ်းနည်းကြမည်သာ။

ဤလူအိုကြီး၏ မီးခိုးရောင်ဆံပင်များမှာ ပျံ့ကြဲနေပြီး အနက်ရောင်သွေးများလည်း စီးကျနေသည်။ သူသည် ဆိုးရွားသည့်အခြေအနေတစ်ခုခုကို ကြုံခဲ့ရသောကြောင့်သာ ဤကဲ့သို့ အဆုံးသတ်သွားခြင်း ဖြစ်လိမ့်မည်။

ယခုအချိန်တွင် သူနှင့်တစ်ပုံစံတည်းတူသည့်လူမှ သတ်ခြင်းကို ခံလိုက်ရပြန်သည်။

ထိုသို့စဉ်းစားမိသွားသည့်အချိန်တွင် ရှီဟောင် အတော်လေး ကြေကွဲဝမ်းနည်းသွားရသည်။ ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားရတာလဲ..

သူသည် အနည်းငယ်စိတ်လွတ်နေပြီး အကြောင်းအရာများစွာကို တွေးနေမိသည်။ ပြန်လည်ဝင်စားခြင်း၊ နောက်ဆုံးကံတရား၊ ကြီးကျယ်ခမ်းနားခဲ့သော နောက်ဆုံးခေတ်ကြီး၊ လက်ရှိကမ္ဘာ…

ရုတ်တရက်ပင် သူ အသိစိတ်ပြန်ကပ်သွားသည်။ ဘာဖြစ်သွားတာလဲ .. သူ၏တာအိုနှလုံးသားမှာ ကြံ့ခိုင်လှပြီး လွယ်လွယ်နှင့် မလှုပ်ရှားနိုင်ပေ။ ဤကဲ့သို့သော ဝမ်းနည်းဖွယ်ကောင်းသည့်အဖြစ်အပျက်မျိုးနှင့်ကြုံလျှင်ပင် သူသည် တိုက်ပွဲအတွင်းတွင် စိတ်မလွတ်သင့်ပေ။

ရှီဟောင် နိုးထလာ၏။ သူ၏စိတ်ကို ထူးဆန်းသည့် စွမ်းအားတစ်မျိုးမှ လွှမ်းမိုးသွားသည်ဟု သူ ခံစားလိုက်ရသည်။ မဟုတ်ပါက သူ ဤကဲ့သို့ စိတ်လွတ်မည်မဟုတ်ပေ။ သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် သူ၏ခံစားချက်များမှာ ဤမျှ ထိခိုက်လွယ်မည် မဟုတ်ပေ။

ထိုအချိန်တွင် သူ၏မျက်လုံးများ ကြည်လင်လာကာ သူ၏တာအိုနှလုံးသားလည်း ခိုင်မာသွားရသည်။ သူ၏မူလဝိဉာဉ်တောက်ပလာကာ သူ၏နဖူးလည်း တောက်ပလာလေ၏။

ထိုအချိန်တွင် ရဲဒင်းဖြင့် အခုတ်ခံထားရသည့်သူ့၏ခန္ဓာကိုယ်တွင် အရိုးစာသားများ ရောယှက်လာသည်ကို သူသတိထားမိသွားသည်။ ဤသည်မှာ ပြန်လည်ဝင်စားခြင်းပညာ တောက်ပလာခြင်းပင်။

ဤသင်္ကေတများမှာ အလွန်ပင် တောက်ပလှပြီး ရှီဟောင်ပြသသည့်ပညာနှင့် အနည်းငယ်ကွာခြားလေသည်။ ဤလူ ထုတ်လွှတ်နေသည့် အလင်းများမှာ အနက်ရောင်ဖြစ်ပြီး ကြောက်စရာကောင်းလွန်းလှသည်။

“ဖျက်ဆီးမယ်”

ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤသည်မှာ သူ၏မွေးရာပါအဖိုးတန်ပညာဖြစ်သောကြောင့် ဤပညာမှာ မည်မျှကြောက်စရာကောင်းပြီး အနိုင်ယူနိုင်ရန် မည်မျှခက်ခဲသည်ကို သူ့လောက် ဘယ်သူမှ သိမည် မဟုတ်ပေ။ သို့သော် ဤသည်ကို မည်သို့ကိုင်တွယ်ရမည်ကိုလည်း သူသိသည်။

သူသည် အရိုးစာသားများကို အသုံးပြုကာ ဤအလင်းများကို ရင်ဆိုင်လိုက်သည်။

ထို့အပြင် သူသည် မှော်ခုခံနိုင်စွမ်းကို ချက်ချင်းအသုံးပြုပြီး သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ထို့ကြောင့်သူသည် ပြန်လည်ဝင်စားခြင်းပညာကို ကာကွယ်လိုက်နိုင်သည်သာ။

ရှီဟောင်၏မျက်လုံးများမှာ ချက်ချင်းပင် အေးစက်လာလေ၏။ အရိုးစာသားများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ သင်္ကေတမျိုးစုံ ထွက်ပေါ်လာကာ နတ်ဓားများ၊ တာအိုခေါင်းလောင်းများ၊ နတ်စေတီများနှင့် အခြားအရာများဖြစ်လာလေ၏။

ထို့အပြင် သူသည် မူလရှေးဟောင်းမှတ်တမ်းကို အသက်သွင်းလိုက်၏။

ဤရိုက်ချက်မှာ ပြိုလဲလုနီးပါးဖြစ်နေသည့် ထိုသူကို ခါးမှ နှစ်ပိုင်းပြတ်သွားစေလေသည်။

မြေပြင်ပေါ်တွင်ရှိနေသည့် သက်ရှိသည် မည်သည့်အသက်အော်ရာ၊ မည်သည့်သွေးစွမ်းအင်၊ မည်သည့်ခံစားချက်မှမရှိသော်လည်း ယခုအချိန်တွင် စကားပြောလာလေ၏။

“မင်း .. ငါ့ကိုသတ်လိုက်တာလား”

သူ၏နှုတ်ခမ်းထောင့်မှ အနက်ရောင်သွေးများ စီးကျလာပြီး သူ၏အကြည့်များလည်း မှေးမှိန်လာသည်။ သူ၏အသံမှာ အလွန်ပင် ရှေးကျပြီး ဝမ်းနည်းမှုတစ်မျိုးလည်း ရှိနေသည်။

ရှီဟောင်၏ အကြည့်များမှာ တည်ငြိမ်နေလေ၏။ သူသည် ခေါင်းငုံ့ကာ ထိုသူအား ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် ရဲဒင်းကို ဆွဲနှုတ်လိုက်လေ၏။

“ဘာလို့လဲ” ထိုသူ၏ နှုတ်ခမ်းမှာ ညိုမဲနေပြီး ဆုတ်ယွင်းနေသည့် အော်ရာဖြင့် မေးလိုက်သည်။

ရွှီး..

ရှီဟောင်သည် ရဲဒင်းကိုမြှောက်ကာ အားဖြင့် ခုတ်ချလိုက်လေသည်။

ဖူး…

လေထဲတွင် ငြင်သာသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ရှီဟောင်သည် ထိုသူအား ပိုင်းဖြတ်လိုက်သည်နှင့် အမဲရောင်သွေးများ လွင့်စင်ထွက်လာပြီး အပြာေရာင်ကျောက်လမ်းပေါ်သို့ ကျရောက်သွားလေသည်။

“ငါ့ကို ဘယ်သူသတ်လိုက်တာလဲ .. ပြီးတော့ ငါက ဘယ်သူလဲ”

ထိုအရိပ်ထံမှ နောက်ဆုံးအသံ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် ထိုသူမှာ လှုပ်ရှားခြင်းမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်း ပျက်စီးလာကာ အနက်ရောင်သွေးအိုင်ကြီး ဖြစ်သွားလေ၏။

ရှီဟောင်သည် ထိုနေရာတွင်သာ တည်ငြိမ်စွာရပ်နေပြီး အတော်ကြာသည်အထိ ဘာမှမပြောပေ။

“သူက ဒီလိုမျိုးနဲ့ပဲ အသတ်ခံလိုက်ရတာလား .. ဒါပေမဲ့ သူက မင်းနဲ့ တစ်ပုံစံထဲပဲ .. မင်းတို့ကြားမှာ တစ်ခုခုဆက်စပ်နေတယ်လို့တော့ မင်းမပြောနဲ့နော်” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး ပြောလိုက်သည်။

သူသည် ခပ်ဝေးဝေးမှနေ၍ အကုန်လုံးကို မြင်လိုက်သည်သာ။

“ဒါက ထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုပဲ .. ငါနဲ့တူတဲ့အလောင်းမပြောနဲ့ ငါနဲ့တစ်ထပ်တည်းတူတဲ့ လူဆိုရင်တောင်မှ ငါ့ရဲ့တာအိုနှလုံးသားက ယိမ်းယိုင်မှာမဟုတ်ဘူး”

ရှီဟောင်၏မျက်ဝန်းများမှာ အလွန်ပင် တည်ငြိမ်နေလေ၏။

“မင်း .. သူနဲ့ တစ်ခုခု ပတ်သက်နေမှာ တကယ်မကြောက်ဘူးလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး မေးလိုက်သည်။

“ပြန်လည်ဝင်စားခြင်းကို ငါ စိတ်မဝင်စားဘူး .. ပြီးတော့ သူနဲ့ငါ့ရဲ့ကြားမှာ ဆက်ဆံရေးတစ်ခု ရှိနေမယ်ဆိုတာကို ငါပိုလို့တောင် မယုံသေးတယ် .. ဒါက ထူးဆန်းတဲ့ပြောင်းလဲမှုလေး တစ်ခုပဲ .. လှည့်စားမှုလေးတစ်ချို့နဲ့ ငါ့စိတ်ကို နှောက်ယှက်ချင်နေသေးတာလား” ရှီဟောင်သည် ခေါင်းမော့ကာ လေဟာနယ်ကို ကြည့်ပြီး ပြောလိုက်သည်။

သူသည် ကျန်းတစ်ရာအကွာတွင်ရှိနေသည့် ရှေးဟောင်းမီးအိမ်ကို ကြည့်လိုက်သည်။

သူ၏ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး လျှပ်စီးတန်း ထောင်ပေါင်းများစွာမှာ သူ၏အနားတွင် ဝန်းရံသွားလေသည်။ ထိုလျှပ်စီးများမှာ လှံတံတစ်ခုအဖြစ်သို့ သိပ်သည်းသွားကာ ရှီဟောင်သည် ထိုလှံတံကို ပစ်လွှတ်လိုက်လေ၏။

ဒုန်း..

ထိုလှံတံသည် ကောင်းကင်ထက်တွင်ရှိနေသည့် ရှေးဟောင်းမီးအိမ်ကို တစ်ချက်တည်းထိုးဖောက်သွားကာ သရဲမီးတောက်များကို ထွက်ပေါ်လာစေလေသည်။

“သတ်…”

ရှီဟောင်သည် အပေါ်ဘက်သို့ တရှိန်ထိုးတက်သွားလိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသည့် လေဟာနယ်ရဲဒင်းဖြင့် ထိုမီးအိမ်ကို ခုတ်ချလိုက်သည်။ ထို့နောက်တွင် သူ၏စွမ်းအားအားလုံးကို ထုတ်သုံးလိုက်လေ၏။

ဖုန်းဟူသည့်အသံနှင့်အတူ မီးအိမ်ကြီး ပေါက်ကွဲသွားကာ သင်္ကေတအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။

ရှီဟောင်သည် ထိုနေရာတွင် ရပ်တန့်မသွားပဲ မီးတောက်ပေါင်း ၁၄၀၀ ကို စုစည်းလိုက်သည်။ ရှေးဟောင်းလမ်းများမှာ တစ်ခုပြီးတစ်ခု တောက်ပလာ၏။ ဤနေရာတစ်ခုလုံးကို မြင့်မြတ်သည့်အလင်းများဖြင့် ဖြန့်ကျက်လိုက်လေသည်။

ထိုမီးတောက်များသည် မီးဖိုကြီးတစ်ခုဖြစ်လာကာ ထိုသင်္ကေတအပိုင်းအစများကို ဝန်းရံလိုက်လေသည်။ ဤမီးတောက်များသည် အရာအားလုံးကို လောင်ကျွမ်းစေလိုက်ပြီး ဘာမှမရှိတော့အောင် လုပ်ပစ်လိုက်လေသည်။ သင်္ကေတတစ်ခုလေးပင် မကျန်တော့ပေ။

ထို့နောက်တွင် သူမြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်လေသည်။

ထိုအလောင်း၏အသွေးအသားများမှာ ပျက်စီးနေဆဲဖြစ်ပြီး အရိုးဖြူများကိုပင် မြင်နေရလေပြီ။ အနက်ရောင်သွေးများလည်း မြေပြင်ပေါ်တွင် ရှိနေဆဲပင်။

အချိန်ကြာလာသည်နှင့်အမျှ သွေးများ ခြောက်သွားကာ အရိုးဖြူများလည်း အရောင်အဆင်းကင်းမဲ့လာသည်။ နောက်ဆုံးတွင် ထိုအရိုးများအားလုံး အမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

အသွေးအသားနှင့် သွေးမဲများလည်း မရှိတော့ပေ။ လေတစ်ချက်တိုက်လိုက်သည်နှင့် အားလုံးမှာ ဖုန်မှုန့်ကဲ့သို့ လွင့်စင်ထွက်သွားလေ၏။

ရှီဟောင်သည် ထိုအလောင်းလက်ထဲတွင်ကိုင်ထားသည့် ကြေးလှံတံကို လိုချင်သော်လည်း ထိုလှံတံမှာ မြေကြီးပေါ်သို့ ကျသွားသည်နှင့် အက်ကွဲသွားပြီး မြေပြင်ပေါ်တွင် သံချေးများသာ ကျန်ခဲ့လေသည်။

ထိုအလောင်း၏ဦးခေါင်းကို ထိုးစိုက်နေသည့်လှံတံမှာလည်း ထို့အတူပင်။ ဖုန်မှုန့်ကဲ့သို့ပင် လေနှင့်အတူ လွင့်ပါသွားလေသည်။

“အချိန်ရဲ့တိုက်စားမှုအောက်မှာ အရာအားလုံးက မြေကြီးနဲ့ တစ်သားတည်းဖြစ်သွားကြရတာ .. သူက ဒီအချိန်ထိ သူ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ပြီးတော့ အခုမှ လောကကြီးထဲကို ပြန်လာတာ” ရှီဟောင် တီးတိုးပြောလိုက်သည်။

ဤအလောင်းမှာ ထာဝရရှေးဟောင်းခေတ်မှ အလောင်းဆိုသည်ကို သူ ပို၍ ယုံကြည်သွားရသည်။

ယခင်ကကဲ့သို့ပင် သူသည် ကျောက်လမ်းများမှ တာအိုမီးတောက်များကို အသုံးပြုကာ ဖုန်မှု့န်များနှင့် အရာအားလုံးကို ရှင်းလင်းပစ်လိုက်သည်။ မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်မလာနိုင်စေရန်အတွက် အားလုံးကို ရှင်းပစ်ရမည်။

“ဒီလောကကြီးထဲမှာ ‘ငါ’ ဆိုတာ တစ်ယောက်တည်းပဲရှိတယ် .. ငါ့တာအိုနှလုံးသားက ယိမ်းယိုင်မှာမဟုတ်ဘူး” ရှီဟောင် ပြောလိုက်၏။

“မင်းလုပ်နိုင်သွားပြီလား … မင်းသူ့ကို သတ်လိုက်နိုင်ပြီပေါ့” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှာ တုန်ယင်နေလေသည်။ သူသည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနောက်မှ ခေါင်းပြူကြည့်လိုက်ပြီး လက်ရှိအခြေအနေကို မြင်လိုက်ရမှ သူ သက်မချလိုက်လေသည်။

“မတူညီတဲ့ ကျင့်ကြံနယ်ပယ်တွေအတွက် မတူညီတဲ့ ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ရှိတယ် ဟုတ်တယ်မလား..” ရှီဟောင် သူ့ကိုယ်သူ စဉ်းစားလိုက်သည်။

လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် ဆက်တိုက်ပင် ခေါင်းညိမ့်လိုက်ပြီး “အရင်တုန်းက သရဖူငါးခုဘုရင်လည်း ဒီလိုမျိုး ကောက်ချက်ချဖူးတယ် … စည်းမျဉ်းတစ်ချို့၊ လှည့်ကွက်တစ်ချို့ရှိနေပြီးတော့ သက်ရှိတွေလည်း ရှိနိုင်တယ်”

ရှီဟောင်သည် အချိန်အတော်ကြာသည်အထိ သူ့ကိုယ်သူ ပြန်စဉ်းစားနေသည်။ သူသည် ကြောက်ရွံ့ခြင်းကို မခံစားရပဲ ထိုအစား သူ၏မျက်လုံးများ တောက်ပလာလေသည်။ “နောက်တစ်ခေါက်ကျရင် ဘာလာမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့”

ထို့နောက်တွင် သူ၏ဒဏ်ရာများကို ကုသလိုက်သည်။

ယခုတစ်ခေါက်တွင် သူ့ကိုယ်သူ ပြန်ချလိုက်ရသောကြောင့် သူ၏လက်များမှာ ပြုတ်ထွက်မတတ်ဖြစ်နေပြီး သူ၏ လက်မနှင့် လက်ညှိုးကြားနေရာမှာ ဟက်တက်ကွဲကာ သွေးအများကြီး ဆုံးရှုံးခဲ့ရသည်။

တစ်ရက်နှင့်တစ်ည ကြာပြီးသည့်နောက်တွင် ရှီဟောင်၏မျက်လုံးများ ပွင့်လာသည်။ သူသည် အချိန်ဖြုန်းမနေတော့ပဲ မီးတောက်ပေါင်း ၁၄၀၀ ကို သူ၏ခန္ဓာကိုယ်အား လောင်ကျွမ်းစေလိုက်သည်။

မီးတောက်များကို ထပ်တိုးလိုက်သည်နှင့် ရှီဟောင်၏ ခရီးလမ်းမှာ ပို၍ ခက်ခဲလာသည်။

ယခုတစ်ကြိမ်တွင် သူသည် မသန်စွမ်းသူဖြစ်သွားလောက်အောင်ထိ ဖြစ်သွားလေ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အလင်းလုံး ၁၄၀၀ ရှိနေပြီး ထိုအလင်းလုံးအားလုံးတွင် သင်္ကေတများနှင့် အရိုးစာသားများ ရောယှက်နေလေသည်။

အားလုံးပြီးဆုံးသွားသည့်အချိန်တွင် ရှီဟောင်သည် ကောင်းကင်ကို မျက်နှာမူကာ မြေပြင်ထက်၌ လဲကျနေပြီး တစ်လက်မမျှပင် မလှုပ်ရှားတော့ပေ။ သူသည် လူနှင့်ပင် မတူတော့ပေ။

သူ၏ပါးစပ်ထဲမှ နတ်ဆေးကြောင့်သာ မဟုတ်ပါက သူသေသွားလောက်လေပြီ။

“လူငယ်လေး မင်းငါတို့ကို ဒီလိုမျိုး မခြောက်ပါနဲ့ .. ကျင့်ကြံခြင်းက ဒီလိုမျိုးလုပ်ရတာ မဟုတ်ပါဘူး .. မင်းက မင်းကိုယ်မင်း မီးရှို့ပစ်နေတာပဲ .. ဒါကို ဆက်မလုပ်နဲ့တော့ .. ဒီလမ်းကြောင်းက အရမ်းအန္တရာယ်များတယ်” နတ်ဘုရားပစ်ချက် ကျောက်တုံးလေးမှ ပြောလိုက်သည်။

“ကိစ္စမရှိဘူး” ရှီဟောင်မတ်တပ်ရပ်လိုက်၏။ နတ်ဆေးပင် ပျော်ဝင်ပြီးသွားသည့်နောက်တွင် သူတစ်ဖြည်းဖြည်း ပြန်ကောင်းလာလေပြီ။ အချိန်အတော်ကြာအောင် ကုသပြီးသွားသည့်နောက်တွင် သူ၏သွေးစွမ်းအင်မှာ ပြန်လည် ပြည့်တင်းသွားလေပြီ။

ထို့နောက်တွင် ရှီဟောင်သည် မီးတောက်များကို ထပ်တိုးလိုက်လေ၏။ မီးတောက် ၁၅၀၀ ကိုသုံးလိုက်လျှင် တစ်ခုခုထူးခြားလာလိမ့်မည်ဟု သူခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောက်လမ်းသုံးထောင်၏ တစ်ဝက်သို့ ရောက်နေလေပြီ။

“ထူးခြားတဲ့ပြောင်းလဲမှုတွေက အချိန်တိုင်းပိုပြီးတော့ ရက်စက်လာပြီ … နောက်တစ်ခေါက် ထပ်ဖြစ်လာရင် မင်းအသက်ရှင်နိုင်မှာ မဟုတ်ဘူး .. ဒီလမ်းကို ဆက်မလျှောက်ပါနဲ့တော့” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ သတိပေးလိုက်သည်။

“သရဖူငါးခုဘုရင် ကြုံရတဲ့အတိုင်းဆိုရင် ငါကြုံတွေ့ခဲ့တဲ့ ထူးဆန်းတဲ့ပြောင်းလဲမှုနှစ်ခုပြီးရင် နောက်တစ်ခုထပ်လာဖို့က အချိန်နည်းနည်းကြာလိမ့်မယ်” ရှီဟောင်ပြောလိုက်သည်။

သူသည် မီးတောက် ၁၅၀၀ ကို ဆက်လက်အသုံးပြုလိုက်သည်။

မီးတောက်များမှာ ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဝါးမြိုသွားလေ၏။ ဤမြင်ကွင်းမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။

ယခုတစ်ခေါက်တွင် ရှီဟောင်သည် လုံးဝပျက်စီးလုနီးပါးပင်။ မရေမတွက်နိုင်သည့် သင်္ကေတများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်လည်း ခမ်းခြောက်နေလေပြီ။

ထို့အပြင် သူ၏မူလဝိဉာဉ်လည်း ကျုံ့သွားကာ ပို၍ပင် သိပ်သည်းလာကာ မီးတောက်အလင်းတန်းများကြားမှ မြင့်မြတ်သည့်အလင်းတန်းကို ထုတ်လွှတ်နေလေသည်။

သူ၏မူလဝိဉာဉ်သည် မူလအရွယ်အစားမှ ငါးဆယ်ရာခိုင်နှုန်းခန့် ကျုံ့သွားခြင်းပင်။ သို့သော် ဤသည်မှာ သူ၏ကျင့်ကြံခြင်း အားနည်းသွားသောကြောင့်မဟုတ်ပဲ တိုးတက်လာခြင်း၏ ရလဒ်ပင်။

မူလဝိဉာဉ်မှာ ပို၍ပင် တောက်ပလာကာ သလင်းကျောက်နှင့်ပင် တူလာလေပြီ။

သူ၏ မူလဝိဉာဉ်မှာ ပို၍ပင် သန်မာလာလေပြီ။

သို့သော်လည်း ယခုတစ်ကြိမ်တွင် သူသည် ယခင်ကထက်ပင် ပို၍ အန္တရာယ်များခဲ့သည်။

အားလုံးပြီးဆုံးသွားသည့်အချိန်တွင် ရှီဟောင်သည် အံကြိတ်ကာ မေ့လဲမသွားအောင် တောင့်ခံနေရသည်။

သူနတ်ဆေးကို စားသော်လည်း အချိန် ၁၀ ရက်ကျော် ကုသပြီးမှသာ သူတစ်ဖြည်းဖြည်းချင်း ပြန်ကောင်းလာခြင်းပင်။

သူသည် ယခုအချိန်တွင် ယခင်ကနှင့် လုံးဝကွာခြားသွားလေပြီ။ သူ၏မှော်စွမ်းအင်များကို အသက်သွင်းလိုက်သည့်အချိန်တွင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး တောက်ပသည့်မြူများလည်း ထွက်ပေါ်လာကာ ပုံမှန်မဟုတ်သည့်မြင်ကွင်းအချို့ ဖြစ်ပေါ်လာလေ၏။

ဤသည်မှာ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ခြင်းမဟုတ်ပဲ လောကကြီးမှ သူ့ကို ပြသပေးနေသည့်အရာများပင်။

သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားကြီးသည့် လှိုင်းတစ်ခု လှည့်လှည်နေသည်။ ထို့နောက်တွင် သူသည် ထိတ်လန့်သည့်အမူအရာဖြစ်သွားလေ၏။ သူသည် နတ်မီးတောက်နယ်ပယ်၏ အလယ်ဆင့်ကိုပင် ရောက်နေလေပြီ။

“နှမြောစရာပဲ .. နတ်ဆေးတွေအကုန်လုံး ကုန်သွားပြီ” သူသက်ပြင်းချလိုက်သည်။

လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှာ သေးသေးလေးသာ ကျန်တော့သဖြင့် သူ့ကို ထပ်စား၍မရတော့ပေ။ မဟုတ်ပါက သူ၏အခြေခံစွမ်းအားကို ထိခိုက်သွားလိမ့်မည်။

“ငါအပြင်ဘက်လောကကို သွားကြည့်သင့်ပြီ .. လန်ယုချန်နဲ့ လော့သွမ်တို့ ရှားပါးတဲ့ဆေးလေး နည်းနည်းပါးပါးလောက် တွေ့ပြီလား မသိဘူး”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လေဟာနယ်ကောင်းကင်နတ်နွယ်ပင် စိတ်သက်သာရာရသွားသည်။

“ငါ့ရဲ့စွမ်းအားကိုလည်း စမ်းကြည့်ရဦးမယ် .. ငါ့ရဲ့ကျင့်ကြံခြင်းက ဘယ်လိုရလဒ်မျိုး ရလာမလဲ” ရှီဟောင်ပြောလိုက်သည်။

ထာဝရရှေးဟောင်းမြေတွင် ဘာဖြစ်နေသည်ကိုလည်း သူသိချင်သည်။ မည်ကဲ့သို့သော ကံကောင်းမှုများ ပေါ်လာပြီလဲ .. ထိုရှေးဟောင်းလူထူးဆန်းများမှ လှုပ်ရှားမှုများ ရှိလာပြီလား…

“ရှေ့ဆက်လျှောက်ရမယ့်လမ်းက လွယ်မှာမဟုတ်ဘူး” နောက်ထပ် ထူးဆန်းသည့်ပြောင်းလဲမှုမှာ သိပ်ဝေးတော့မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် သူသုံးစွဲရသည့် နတ်ဆေးပင်ပမာဏလည်း များပြားလာလေပြီ။ သူသည် နတ်ဆေးပင် တစ်ပင်လုံးကို သုံးပြီးသွားပြီဖြစ်သောကြောင့် နောင်ကျလျှင် ဘာသွားသုံးရ‌တော့မည်နည်း … ဤသည်မှာ သူ့ကို အတော်လေးခေါင်းကိုက်စေသည်။

ရုတ်တရက်ပင် ရှီဟောင်တစ်ခုခုကို တွေးမိသွားသည်။ သူ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ကို မေးလိုက်သည်။ “မင်းလိပ်ဖြူလေးနဲ့ ကောင်မလေးတစ်ယောက်ပုံစံပြောင်းတာကို ငါမြင်လိုက်တယ် .. အဲဒါက ဘာဆေးလဲ … မင်းအရင်က အဲဒါကို မြင်ဖူးလား”

“ငါမြင်ဖူးတယ် .. အဲဒါက ထာဝရရှေးဟောင်းခေတ်မှာပေါက်တဲ့ အသက်ရှည်ဆေး .. အရင်က မသေမျိုးတစ်ယောက်ပိုင်တာ” လေဟာနယ်ကောင်းကင်နတ်နွယ်ပင် ခေါင်းညိတ်လိုက်သည်။

ရှီဟောင်သည် ချက်ချင်းပင် စိတ်ဝင်စားသွားကာ သူ၏မျက်လုံးများ တောက်ပလာလေသည်။

“ဒီနေရာမှာ နတ်ဆေးပင် မျိုးစုံရှိတဲ့ ထူးဆန်းတဲ့ဆေးဥယျာဉ်ကြီးရှိတယ် .. အဲဒီအပင်တွေအားလုံးကို အသက်ရှည်စေနိုင်တဲ့အပင်တွေပဲ .. ဥပမာအားဖြင့် ဇာမဏီသီး၊ ချီလင်သစ်ပင်နဲ့ ၉၆ပါးရောဂါပျောက်ဆေးနဲ့ တစ်ခြားဆေးတွေလည်းရှိတယ်”

အပိုင်း ၁၀၂၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၅ – အလင်းတန်းမြို့

ထူးဆန်းသည့် ထာဝရရှေးဟောင်းဆေးခင်းကြီးတွင် နတ်ဆေးပင်မျိုးစုံရှိနေပြီး သက်ရှည်ဆေးပင်များ ရှိလေသည်။

ရှီဟောင်၏မျက်လုံးများမှာ နေလုံးလေးနှစ်လုံးကဲ့သို့ တောက်ပသွားရသည်။

သို့သော် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ဆက်ပြောလိုက်သည့်စကားများမှာ သူ့အား စိတ်ဓာတ်ကျသွားစေသည်။ သူပြောလိုက်သည်မှာ ထိုရှေးဟောင်းဆေးခင်းကြီးကို ရှာတွေ့နိုင်ရန် ခက်ခဲလှပြီး ထိုဆေးခင်းကြီးသည် ကောင်းကင်ပေါ်တွင်ရှိနေခြင်းပင်။ သူ ထိုဆေးခင်းကြီးကိုမြင်လျှင်ပင် အထဲဝင်နိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားများပင်လျှင် ထိုထဲသို့ ဝင်လိုက်သည်နှင့် သေဆုံးသွားကြရသောကြောင့်ပင်။

ကြည့်ရသည်မှာ သူ စွမ်းအားကြီးအောင် အရင်လုပ်ရမည်ထင်သည်။ သူ့အမြင်တွင် သူသည် ထာဝရရှေးဟောင်းမြေထဲသို့ ရောက်နေသည်မှာ ကြာလှပြီဖြစ်သောကြောင့် အနှေးနှင့်အမြန် အခွင့်အရေးတစ်ခုကို ရမည်သာ။

တစ်ချိန်တည်းမှာပင် သူသည် တစ်စုံတစ်ခုကို တွေးမိသွားကာ “ဒီမှာ ကောင်းကင်နတ်ဘုရားတွေ အများကြီးရှိတာလား”

“တစ်ချို့ အထူးနယ်မြေတွေမှာတော့ သူတို့ရှိတယ် .. မင်းတို့သွားလာနေတဲ့ နေရာတွေမှာတော့ မင်းတို့သူတို့ကို တွေ့မှာမဟုတ်ဘူး” လေဟာနယ်ကောင်းကင်နတ်နွယ်ပင် ပြောလိုက်သည်။

ထာဝရရှေးဟောင်းမြေသည် ကျယ်ပြောလွန်းလှပြီး နေရာနှံ့အောင် သွားရန်မှာ မဖြစ်နိုင်ပေ။

“ငါတို့ဝင်လာတာ ဘယ်လောက်ကြာပြီလဲ” ရှီဟောင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို မေးလိုက်သည်။ သူသည် တစ်ချိန်လုံးကျင့်ကြံနေသောကြောင့် အချိန်များကိုပင် မသိတော့ပေ။

“တစ်နှစ်နဲ့ ခြောက်လ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အချိန်အား အတိအကျပြောပြလိုက်လေ၏။

“မဆိုးပါဘူး .. ငါထင်ထားတာထက် ပိုနည်းတာပဲ .. ငါက နှစ်ပေါင်းများစွာ ကြာသွားပြီ ထင်နေတာ” ရှီဟောင်ပြောလိုက်သည်။ သူ လိပ်ပြာဧကရာဇ်ကို ကြည့်လိုက်သည့်အချိန်တွင် ထိုလိပ်ပြာသည် ရွှေရောင်ပိုးအိမ်လေးအဖြစ် ပြောင်းလဲနေပြီကို သူတွေ့လိုက်ရသည်။

ထိုအနီရောင်မြင့်မြတ်ဆေးပင်ကို စားပြီးသည့်နောက်တွင် လိပ်ပြာဧကရာဇ်သည် ပိုးအိမ်ဖွဲ့လိုက်ကာ ဤတစ်လျှောက်လုံး နိုးမလာတော့ပေ။

သူသည် ပိုးကောင်ပေါက်ကလေးသာ ဖြစ်သေးသော်လည်း မြင့်မြတ်ဆေးပင်ကို ဒီတိုင်းကြီး စားနိုင်လေသည်။ ဤသည်မှာ အခြားဒဏ္ဍာရီလာ နတ်သားရဲများ လုပ်နိုင်သည့်အရာ မဟုတ်ပေ။

“သူ ပိုးအိမ်ထဲကနေ ထွက်လာရင် သူလိပ်ပြာဖြစ်လာပြီးတော့ သူ့ရဲ့ပုံစံအမှန်ကို ပြလောက်တယ် … ဟုတ်တယ်မလား” ရှီဟောင် အတော်လေး မျှော်လင့်ထားလေသည်။

လိပ်ပြာဧကရာဇ်သည် ယခင်ကတည်းက အတောင်ပံများရှိသော်လည်း ဤသည်မှာ နတ်စွမ်းအားကြောင့်ပေါ်လာခြင်းဖြစ်ပြီး အတောင်ပံအစစ်များ မဟုတ်ပေ။

“သွားကြစို့ … ငါတို့အဲဒီကမ္ဘာငယ်လေးတွေဆီကိုသွားပြီးတော့ ငါတို့သူငယ်ချင်းဟောင်းတွေ ဘာလုပ်နေလဲဆိုတာ ကြည့်ကြရအောင်” ရှီဟောင်မှာ အတော်လေးပင် စိတ်ကောင်းဝင်နေလေ၏။ နတ်မီးတောက်နယ်ပယ်၏ အလယ်ဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် သူသည် အတော်လေး စွမ်းအားကြီးသွားပြီဖြစ်ပြီး သူစွမ်းအင်အချို့ကို ဖြုန်းသင့်သည်ဟု ခံစားနေရသည်။

သူတို့သည် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်နှင့် ပထမဆုံးတွေ့ခဲ့သည့် နေရာသို့ ရောက်လာကြလေသည်။ သူသည် လန်ယိချန်၊ လော့သွမ်တို့နှင့် ဤနေရာတွင် တွေ့ဆုံရန် ချိန်းဆိုထားပြီးသားပင်။ သို့သော် သူ၏ကျင့်ကြံခြင်းကြောင့် တွေ့မည်ဟု ပြောထားသည့်အချိန်ထက် အတော်လေးပင် လွန်နေလေပြီ။

ထောင့်တစ်နေရာတွင် စာတစ်ကြောင်းကို ရေးထားလေ၏။ ရေးထားသည်မှာ – အလင်းတန်းမြို့ ဟူ၍ပင်။

ဤသည်မှာ အခြားလောကလေးတစ်ခုထဲတွင်ရှိနေသည့် နာမည်ကြီးသည့် မြို့တစ်မြို့ပင် ဖြစ်လိမ့်မည်။ မဟုတ်ပါက သူတို့သည် ဤမျှရိုးရှင်းစွာ ရေးထားမည်မဟုတ်ပေ။

ရှီဟောင်သည် လောကတစ်ခုထဲသို့ ဝင်ရောက်သွားပြီး တစ်ခဏကြာပြီးသည့်နောက်တွင် သက်ရှိအချို့နှင့် တွေ့လိုက်ရသည်။ သူတို့အားလုံးသည် အဆင့်မြင့်နယ်မြေမှ လာကြသူများဖြစ်ပြီး နတ်ဘုရားများ ဖြစ်သွားကြလေပြီ။ သူတို့ထံမှ အလင်းတန်းမြို့အကြောင်း မေးလိုက်သည်။

ထိုသူများသည် တိုက်ခိုက်ခံရမည်စိုးသောကြောင့် အဝေးကြီးမှနေ၍သာ သူ့အား စကားပြောကြလေသည်။

“ဒီမြို့က တော်တော်လေး နာမည်ကြီးတယ် .. သူက အလင်းတန်းနယ်ပယ်မှာရှိတာ .. ကောင်းကင်ရတနာတွေကို လဲကြဖို့အတွက် နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူတွေ တော်တော်များများ အဲဒီနယ်မြေကို သွားနေကြတယ်”

ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် သူသည် ခေါင်းညိမ့်ပြလိုက်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ သူတို့ထံမှ ရရှိသည့်နေရာကို အသုံးပြုကာ သူသည် အခြားကမ္ဘာငယ်လေးတစ်ခုထံသို့ ဦးတည်သွားလေသည်။

တစ်နှစ်နှင့်ခြောက်လ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်လာသည့် ဂျီးနီးယပ်စ်အများစုမှာ နတ်မီးတောက်များ ရရှိသွားပြီဖြစ်ပြီး သူတို့၏ကံကောင်းခြင်းများကို ရှာဖွေနေကြလေပြီ။

ဤနေရာတွင် ဝိဉာဉ်ဆေးပင်များစွာရှိနေပြီး မြင့်မြတ်ဆေးပင်များကိုလည်း မကြာခဏတွေ့ကြရသည်။ ကံကောင်းလျှင် အရိုးစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသည့် ကောင်းကင်နတ်ဘုရားအသီးကိုပင် တွေ့နိုင်သည်။

ကျင့်ကြံသူပေါင်းများစွာသည် ဤနေရာသို့ ရောက်‌ရှိနေပြီဖြစ်ပြီး မှော်ပစ္စည်းမျိုးစုံ၊ ဆေးပင်မျိုးစုံနှင့် အခြားလိုအပ်သည့်အရာများကို လဲလှယ်ကြလေသည်။ သူတို့သည် လျှို့ဝှက်သတင်းများကိုပင် လဲလှယ်ကြလေ၏။

ဤမြို့မှာ ရှေးကတည်းက တည်ရှိနေခဲ့သည့်မြို့ပင်။ ထာဝရရှေးဟောင်းမြေ ပွင့်လာသည့်အချိန်တိုင်းတွင် ဤနေရာမှာ အလွန်ပင် ဆူညံလှုပ်ရှားနေပြီး အရေးကြီးသည့် ဈေးတစ်ခုဖြစ်လာသည်ဟု ပြောကြသည်။

မစွန့်စားချင်သည့် အားနည်းသည့် အချို့ဂျီးနီးယပ်စ်များသည် ဤနေရာတွင်လာရောက်နေထိုင်ကြပြီး စီးပွားရေးလုပ်ကြကာ စီးပွားရေးသမား ဖြစ်လာကြလေသည်။

ထို့ကြောင့် သူတို့ရရှိသည့် ရတနာများမှာ အပြင်ဘက်တွင် လှည့်ပတ်သွားနေသည့် သူများထက် နည်းမည်မဟုတ်ပေ။

“အလင်းတန်းနယ်မြေက တော်တော်ကျယ်တာပဲ..” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။ သူတို့သည် ဤနယ်မြေထဲသို့ ဝင်ခဲ့သည်မှာ ရက်အတော်ကြာနေပြီဖြစ်သော်လည်း ယခုမှသာ မြို့ကိုတွေ့ခြင်းပင်။

ခပ်ဝေးဝေးတွင် မြို့ရိုးများ သိပ်မမြင့်သော်လည်း အတော်လေး ကျယ်ဝန်းသည့် မြို့တစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာမှ မရေတွက်နိုင်သည့် သွေးစွမ်းအင်များ စိမ့်ထွက်နေသည်။ ဤသည်မှာ ကျွမ်းကျင်သူများစွာရှိနေသောကြောင့်ပင်။

“တစ်ခြားကမ္ဘာလေးတွေထဲမှာ ရှိနေတဲ့ မြို့ပေါင်း တစ်ရာလောက်ရှိတယ် .. အဲဒီနေရာတွေအားလုံးက ကျင့်ကြံသူတွေ ‘ကံကောင်းခြင်း’ တွေကို လဲကြတဲ့ အရေးကြီးတဲ့ နေရာတွေပဲ … ဒါပေမဲ့ အလင်းတန်းမြို့က အကြီးဆုံး ရှေးဟောင်းမြို့ ၁၀ မြို့ထဲမှာပါတယ်လို့ ပြောလို့ရတယ်”

သူတို့အနားတွင် သူတို့သွားနေသည့်ဘက်သို့ သွားနေသည့် အခြားသူများလည်းရှိနေသည်။ သူတို့ထံတွင်ရှိနေသည့် ဆေးများ၊ ပညာများနှင့် အဖိုးတန်နတ်ပစ္စည်းများကို လဲလှယ်ချင်ကြသောကြောင့်ပင်။

“သိပ်မကြာသေးခင်က လူတစ်ယောက်က နတ်အသီးသုံးလုံးကို ဝယ်သွားတယ်တဲ့ .. တော်တော်လေးတောင် အုတ်အော်သောင်းတင်းဖြစ်သွားသေးတယ်” လူအချို့မှ ဆွေးနွေးနေကြလေသည်။

ရှီဟောင်စိတ်ဝင်စားသွားကာ သူတို့ကို ထပ်မေးလိုက်သည်။

“အဲဒီအသီးက မကောင်းဆိုးဝါးနဂါးသစ်ပင်ကနေ ရလာတယ်လို့ ငါယုံကြည်တယ် … အဲဒီအသီးတစ်လုံးကိုသာ စားလိုက်ရရင် လူတစ်ယောက်က ကျင့်ကြံစရာမလိုပဲနဲ့ အစစ်အမှန်နတ်ဘုရားအဆင့်ကို ရောက်သွားလိမ့်မယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။

“အဲဒီလောက်တောင် အံ့ဩဖို့ကောင်းတာလား” ရှီဟောင် ထိတ်လန့်သွားရ၏။ နတ်ဘုရားအစစ်တစ်ယောက်ဖြစ်အောင် ချက်ချင်းလုပ်နိုင်သည့်အသီးမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အသီးပင်။

“ဒီထက်တောင် ပိုပြီး အံ့ဩဖို့ကောင်းတာတွေ ရှိသေးတယ် .. ဒါပေမဲ့ အဲဒီပစ္စည်းတွေကို ဘယ်သူမှ မလဲနိုင်ကြသေးဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“အဲဒီ မကောင်းဆိုးဝါးနဂါးအသီးတွေကို ဘယ်သူဝယ်သွားတာလဲ” ရှီဟောင်မေးလိုက်၏။

“ညီအစ်ကို မင်းအဲဒီအသီးတွေကို မျက်စိမကျဖို့ ငါအကြံပေးလိုက်မယ် .. မင်းဘယ်လောက်ပေးပေး အဲဒီအသီးတွေကို ရမှာမဟုတ်ဘူး .. အဲဒီအစားမင်းမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေသာ ကုန်သွားလိမ့်မယ်” တစ်စုံတစ်ယောက်မှ သတိပေးလိုက်သည်။

“ဘာလို့လဲ” ရှီဟောင် စိတ်ရှုပ်ထွေးသွားရသည်။

“အဲဒါတွေက .. လဲသွားတယ်လို့ ပြောဖို့ထက် အတင်းယူသွားတယ်လို့ ပြောရင်ပိုမှန်လိမ့်မယ် .. သူတို့တွေက အဲဒီအသီးတွေကို ယူသွားပြီး အဲဒီရှေးဟောင်းလူထူးဆန်းတွေကို သွားပေးကြတာ … အဲဒီလူတွေဆီကနေ မင်းဝယ်လို့ရပါ့မလား”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် မျက်မှောင်ကြုတ်သွားရသည်။ ရှေးဟောင်းလူထူးဆန်းတွေအားလုံး ထွက်လာပြီလား…

ထို့နောက်တွင် သူ့မေးခွန်းအဖြေကို သူသိလိုက်ရသည်။ သူတို့ထွက်မလာကြသေးပေ။ ထိုသူများမှာ စွမ်းအားကြီးလေလေ ထွက်လာတာ နောက်ကျလေပင်။ ဒဏ္ဍာရီထက်ကျော်လွန်အောင် ကျင့်ကြံလိုကြသည့်သူများစွာလည်း ရှိလေသည်။

“သူတို့တွေက နယ်ပယ်ထက်ကျော်အောင် ဘယ်လို ကျင့်ကြံကြတာလဲ” ရှီဟောင်စိတ်လှုပ်ရှားသွားရသည်။

“ရှေးဟောင်းလူထူးဆန်းတွေ .. ဥပမာအားဖြင့် သရဖူခြောက်ခုဘုရင်တို့ဆိုရင် ငါတို့လိုမျိုး နတ်မီးတောက်နယ်ပယ်ကို ဝင်မှာလို့ မင်းထင်နေတာလား .. သူတို့တွေက ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေ၊ မတူညီတဲ့လမ်းကြောင်းတွေကနေ နတ်ဘုရားဖြစ်ချင်ကြတာ .. သူတို့ထွက်လာတာနဲ့ သူတို့ထဲက တစ်ယောက်စီတိုင်းက ငါတို့အားလုံးကို သတ်ပစ်လိုက်ဖို့ လုံလောက်တယ် .. သူတို့က မိုးကောင်းကင်အောက်က ပြိုင်ဘက်ကင်းတဲ့သူတွေ ဖြစ်လာမှာ”

“အဲဒါက အရမ်းကြီး ချဲ့ကားရာ မကျလွန်းဘူးလား” ရှီဟောင် နှုတ်ခမ်းများကို တွန့်ကွေးကာ ပြောလိုက်သည်။

“အဲဒီလောက်ကြီး မြန်မြန်မငြင်းလိုက်နဲ့ဦး .. အဲဒီလူတွေက ခေတ်ပေါင်းများစွာကို လေ့လာစမ်းသပ်ခဲ့ကြတာ .. သူတို့ဘာလို့အဲဒီလိုမျိုးလုပ်ကြတာလဲ .. ပိုကောင်းတဲ့နည်းလမ်းကို ရှာကြဖို့ပဲလေ … အဲဒါကြောင့်မို့လို့ ဒီခေတ်မှာ အဲဒီလမ်းကို ယုံကြည်ချက်ရှိရှိနဲ့ လျှောက်ရဲတာပေါ့”

ထိုစကားကို ကြားပြီးသည့်နောက်တွင် ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ မျိုးဆက်ပေါင်းများစွာ လေ့လာပြီးသည့်နောက်တွင် သူတို့သည် ပြိုင်ဘက်ကင်းသည့် နည်းလမ်းကို ရှာတွေ့ကြမည်သာ။

ထိုလူများသည် ကျင့်ကြံခြင်းမှ ထွက်မလာသေးသော်လည်း သူတို့ထံတွင် လက်အောက်ငယ်သားများရှိပြီး သူတို့အတွက် ရတနာမျိုးစုံ စုဆောင်းပေးမည့် စွမ်းအားကြီးသည့် နောက်လိုက်အချို့လည်း ရှိသည်။

သူတို့သည် မတူညီသည့်လမ်းများကို လျှောက်လိုသောကြောင့် သူတို့လိုအပ်သည့် နတ်ဆေးပင်နှင့်မြင့်မြတ်ဆေးပင်များလည်း များပြားမည်သာ။ သို့သော် သူတို့ကိုယ်တိုင် ခူးယူရန် အချိန်မရှိသောကြောင့် အခြားသူများမှ လုပ်ပေးကြလေသည်။

မြို့ထဲတွင်ရှိနေသည့် စွမ်းအားကြီးသည့်သူအားလုံးမှာ ထိုရှေးဟောင်းလူထူးဆန်းများနှင့် ဆက်စပ်နေသည်ဟု ပြော၍ရသည်။

“ဒါပေါ့ ထာဝရနန်းတော်က သခင်လေး၊ အနက်ရောင်နတ်သားတော်နဲ့ လက်ရှိလောကက အဆင့်လွန်လူငယ်လေးတွေကလည်း အားနည်းတဲ့သူတွေမဟုတ်ဘူး .. အဲဒီတော့ သူတို့မှာလည်း သူတို့အတွက် ရတနာတွေစုပေးမယ့် စွမ်းအားကြီးတဲ့နောက်လိုက်တွေရှိတယ်”

ဤသည်မှာ လက်ရှိအခြေအနေပင်။ ထိုသူများကို သွားရန်စ၍မရပေ။

နောက်ဆုံးတွင် သူတို့အလင်းတန်းမြို့နားသို့ ရောက်လာလေပြီ။ ရှေးကျသည့်မြို့ဂိတ်တံခါးကို မြင်နေရပြီဖြစ်သည်။ မြို့တစ်ခုလုံးကို ရွှေရောင်ကျောက်တုံးတစ်မျိုးဖြင့် တည်ဆောက်ထားလေ၏။

မြို့နားသို့ ရောက်လာသည်နှင့် သူနှင့်အတူတူ လာခဲ့သည့်သူများကို မြို့အကြောင်း မေးလိုက်သည်။

“မြို့ထဲမှာ တိုက်ခိုက်လို့မရဘူး .. မကျေနပ်တာရှိရင် မြို့ပြင် ထွက်ရှင်းရတယ် .. မဟုတ်ရင် အားလုံးကို ရန်စသလိုဖြစ်သွားပြီး သူတို့အားလုံး မင်းကို ပစ်မှတ်ထားလိမ့်မယ်”

အလင်းတန်းမြို့ ပျက်စီးသွားမည်စိုးသောကြောင့် ဤကဲ့သို့သော ကန့်သတ်ချက်မျိုး ထုတ်ထားခြင်းပင်။ ကျင့်ကြံသူအားလုံးမှာ ဤမြို့၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန်အတွက် ဤစည်းမျဉ်းကို လိုက်နာရလေသည်။

“ထာဝရရှေးဟောင်းမြေ နယ်မြေခံတွေကို ရန်မစနဲ့” တစ်စုံတစ်ယောက်မှ သတိပေးလိုက်သည်။

ရှီဟောင်သည် ကမ္ဘာငယ်လေးများကို လျှောက်သွားရန်အချိန်မရှိသောကြောင့် သူသိထားသည်မှာလည်း အနည်းငယ်သာရှိသည်။ သူသည် ထိုသူများ၏ အကြံကို လိုလိုလားလား နားထောင်လိုက်သည်။ သူသိရသည့်သတင်းများမှာ သူ့အား ထိတ်လန့်သွားစေသည်။

ထာဝရရှေးဟောင်း နယ်မြေခံများကို နှစ်မျိုးခွဲထားလေသည်။ တစ်မျိုးမှာ ထူးဆန်းသည့်နေရာများတွင်နေပြီး အလွန်ပင် အန္တရာယ်များကြသည်။ ထိုသူများမှာ ထာဝရရှေးဟောင်းမြေ၏ ရှေးအကျဆုံးသက်ရှိများပင်။

နောက်တစ်မျိုးမှာ အဆင့်မြင့်နယ်မြေမှ ဂျီးနီးယပ်စ်များ၏ မျိုးဆက်များပင်။ သူတို့သည်လည်း အကြောင်းတစ်ခုခုကြောင့် ထာဝရရှေးဟောင်းမြေမှ မထွက်ခွာနိုင်ကြပေ။ ဤနယ်မြေခံများလည်း စွမ်းအားကြီးကြသည်။ သို့သော်လည်း သူတို့သည် သူတို့အားလာမရှုပ်လျှင် မည်သူ့ကိုမှ ရှုပ်မည်မဟုတ်ပေ။

ထိုသူများသည်လည်း အလင်းရောင်မြို့သို့လာကာ ရတနာများကို လဲလှယ်ကြသည်။

“အဲဒီ နယ်မြေခံတွေက ဘယ်လောက်တောင် ခွန်အားကြီးတာလဲ” ရှီဟောင် မေးလိုက်သည်။

“ပထမတစ်မျိုးကတော့ သူတို့အကြောင်းကို ငါ သိပ်မသိဘူး .. ဒုတိယတစ်မျိုးက တော်တော်လေးကို စွမ်းအားကြီးတယ် .. ဒါပေမဲ့ ကောင်းကင်ကို ဆန့်ကျင်နေတာတော့မဟုတ်ဘူး .. ဘာလို့လဲဆိုတော့ ငါကြားတာတော့ အပြင်ဘက်ကနေ ဒီမှာလာနေတဲ့သူတွေက ကျင့်ကြံဆင့်နယ်ပယ်တစ်ခုကို ရောက်တာနဲ့ သေရင်သေ မသေရင် ရူးသွားကြတာတဲ့”

ဤသတင်းမှာ ရှီဟောင်ကို အံ့အားသင့်သွားစေလေသည်။

“သူများပြောတာတော့ အဲဒါက ထာဝရရှေးဟောင်းမြေက မူလသက်ရှိတွေ လုပ်တာတဲ့” တစ်စုံတစ်ယေဦက်မှ တီးတိုးပြောလိုက်သည်။

“အဲဒါက ဟုတ်ချင်မှဟုတ်မှာ .. အဲဒီသက်ရှိတွေအကုန်လုံးက ထွက်မလာကြတော့ဘူး”

သူတို့မြို့ထဲသို့ ဝင်လာပြီးသည့်နောက်တွင် သူတို့လိုချင်သည့်အရာများကို လဲလှယ်လိုက်ကြသည်။

ဤမြို့ကြီးမှာ အလွန်ကြီးမားလှပြီး ရွှေရောင်အလင်းဖျော့လေး တောက်ပနေသည်။

ထာဝရရှေးဟောင်းမြေပွင့်လာတိုင်း ဤရှေးဟောင်မြို့များလည်း လှုပ်ရှားသက်ဝင်လာလေသည်။

“နှစ်ငါးသောင်းသက်တမ်းရှိတဲ့ နဂါးသွေးမြက် အဖိုးတန်ဆေးပင်တွေရှိတယ် … အခွင့်အရေးကို လက်မလွတ်နဲ့နော်..”

“မြင့်မြတ်ဆေးပင်တွေ .. ရှားပါးတဲ့ရတနာတွေ ဒီမှာရှိတယ် .. အဲဒီပစ္စည်းတွေကို ကျေနပ်လောက်တဲ့ အဖိုးတန်ပညာနဲ့ငါလဲချင်တယ်”

မြို့ထဲသို့ ဝင်လိုက်သည်နှင့် ဤနေရာ မည်မျှပင်စည်ကားနေသည်ကို တွေ့လိုက်ရသည်။ နေရာတိုင်းတွင် ဆိုင်ခန်းငယ်လေးများ ရှိနေပြီး စတိုးဆိုင်ကြီးမျိုးစုံလည်း ရှိလေသည်။ နန်းတော်ကဲ့သို့ပင် မြင့်မားလှသည့် လေလံရုံများပင် ရှိလေသည်။

“ဖီးနှစ်မွေးငွေရောင်စွမ်းအင် .. ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းတွေကိုလုပ်တဲ့နေရာမှာ သုံးလို့ရတယ် .. တစ်ခုတည်းပဲရှိတာ .. အမြင့်ဆုံးကြေးပေးတဲ့သူကို ရောင်းမယ်”

“ထာဝရလူသားရဲ့ အကြွင်းအကျန်လို့ ယူဆလို့ရတဲ့ ရှေးဟောင်းဂူတစ်လုံးကို တွေ့ထားတယ် .. ဈေးပေးတဲ့သူကို ငါအသေးစိတ် ပြောပြမယ်”

ဈေးခေါ်နေကြသည့်သူများအားလုံးမှာ နတ်မီးတောက်နယ်ပယ်မှ ကျင့်ကြံသူများပင်။ သို့သော်လည်း ဤနေရာတွင် သူတို့သည် သာမန်လူများကဲ့သို့ပင် အရာအားလုံးကို သူတို့ကိုယ်တိုင် လုပ်ရလေသည်။

“အားရား .. အနက်ရောင်နတ်သားတော်ရဲ့ လက်အောက်ခံတွေ သုံးပေရှိတဲ့ ရွှေရောင်ဖားပြုတ်ကြီးကိုရသွားပြီ … အဲဒါက ရှားပါးတဲ့ဆေးဖက်ဝင် အကောင်ပဲ..”

“ပစ္စည်းကောင်းတွေက အဲဒီဖက်ကနေလည်း လာတယ် .. ရှေးဟောင်းလူထူးဆန်းတစ်ယောက်ရဲ့ နောက်လိုက်က ဝိဉာဉ်လမ်းပြနိုင်တဲ့ကြာပန်းကို ရသွားတယ် .. အဲဒါက ပျံ့ကြဲနေတဲ့ မူလဝိဉာဉ်ကိုတောင်မှ ပြန်ကောင်းအောင် လုပ်နိုင်တယ်”

“ငါ အဲဒီပစ္စည်းကို သူတို့ဆီကနေ လုယူချင်လိုက်တာ”

“မင်းရူးနေတာပဲ .. မြို့ပြင်ဘက်မှာ မင်းသူများဆီက ပစ္စည်းခိုးလို့ရတယ် .. ဒါပေမဲ့ မင်းခိုးလိုက်တာနဲ့ မင်းသေချာပေါက် သေမှာပဲ”

ထိုအရာများအားလုံးမှာ ရှီဟောင်မြို့ထဲသို့ ရောက်ပြီး သိပ်မကြာမီတွင် သိလိုက်ရသည့် အကြောင်းအရာများပင်။ သူ ချက်ချင်းပင် ဤမြို့အကြောင်း အနည်းငယ် နားလည်သွားသည်။

အပိုင်း ၁၀၂၅ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၅ (၂)

“လန်ယိချန် ဒါမှမဟုတ် လော့သွမ်ကို တွေ့မိကြသေးလား” ရှီဟောင်သည် ပေါ့ပေါ့ပါးပါးပုံစံဖြင့်သာ မေးလိုက်သည်။

ဘေးဘက်တွင်ရှိနေသည့်သူများသည် သူ့အား ချက်ချင်းပင် လှည့်ကြည့်လာကြလေ၏။

ဆိုင်ဖွင့်ထားသည့် နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်သည် မျက်လုံးများ တောက်ပလာကာ “မင်း သူတို့ကို သိတာလား”

“ငါက သူတို့ရဲ့ အစ်ကိုကြီးပါ .. မင်း သူတို့ကို တွေ့မိသေးလား” ရှီဟောင် မေးလိုက်၏။

“မင်းသိချင်လို့လား .. မင်းအခု မြို့ဂိတ်တံခါးအပြင်ဘက်ထွက်လိုက်မယ်ဆိုရင် မင်းသူတို့အကြောင်းကို သိလိမ့်မယ်” နတ်မီးတောက်နယ်ပယ်ကျင့်ကြံသူမှ လှောင်ရယ်လိုက်သည်။

“အဲဒီလိုလား .. အဲဒါဆို ငါသွားကြည့်လိုက်ဦးမယ်” ရှီဟောင် ခေါင်ညိမ့်လိုက်ကာ မြို့ဂိတ်တံခါးဘက်သို့ ဦးတည်သွားလိုက်သည်။ သူတို့နှစ်ယောက်ထံတွင် မထင်မှတ်ထားသည့် ကိစ္စများ ဖြစ်နေပြီဖြစ်ကြောင်းကို သူ သိသည်။

ထို့အပြင် သူတို့နှစ်ယောက်လုပ်ထားသည့် ပြဿနာမှာ သေးမည်မဟုတ်ပေ။ လူအတော်များများ ဤအကြောင်းကို သိနေကြသောကြောင့်ပင်။

“ကိုယ့်သေတွင်း ကိုယ်တူးနေတောပဲ” ဆိုင်ဖွင့်ထားသည့် ကျင့်ကြံသူသည် အေးစက်စွာပင် ရယ်မောနေလေ၏။ သူသည် ရှီဟောင်၏နောက်ကျောကိုကြည့်ကာ ပျော်ရွှင်နေလေသည်။

ရှီဟောင်သည် ပေါ့ပါးစွာဖြင့်ပင် မြို့မှ ထွက်ခွာသွားလိုက်လေ၏။

သူ့နောက်သို့လိုက်လာသည့်သူများလည်း ရှိနေသည်သာ။ အရေအတွက်မှာလည်း ၁၀ ယောက်ကျော်ရှိသည်။

ထို့နောက်တွင် ရှီဟောင်ပြန်ရောက်လာကာ လန်ယုချန်နှင့် လော့သွမ်ဘယ်မှာလဲဆိုသည်ကို မေးလိုက်သည်။

ဤသည်မှာ နေရာအတူတူပင်။ ထိုဈေးသည် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် သူအတော်လေး ထိတ်လန့်သွားကာ အော်ဟစ်လိုက်လေ၏။ “မင်းအခုလေးတင် ထွက်သွားတာမဟုတ်ဘူးလား .. မင်းကဘယ်လိုလုပ် ပြန်ရောက်လာတာလဲ…”

သူ့အမြင်အရမူ မြို့ထဲမှ ဤသို့ထွက်သွားသည်နှင့် သေဆုံးသွားမည်သာ။

ရှီဟောင်သည် ရယ်မောလိုက်ကာ “လူတော်တော်များများက အဲဒီနှစ်ယောက် ရှားပါးတဲ့နတ်ရတနာတွေကို ရထားတယ်တဲ့ .. ဒါပေမဲ့ တစ်ခြားသူတွေက သူတို့ဆီက လိုက်လုနေလို့ သူတို့ထွက်ပြေးနေရတယ်တဲ့ .. သူတို့ဘယ်သွားလဲဆိုတာ မင်းသိလား”

“ငါ မသိဘူး .. မင်း မြို့ပြင်ဘက်ကို နောက်တစ်ခေါက်ထွက်သွားရင် သိတဲ့သူတွေ ရှိရင်ရှိမှာပေါ့” ဈေးသည်မှ ပြောလိုက်သည်။

ရှီဟောင်ခေါင်းညိမ့်ကာ ပြောလိုက်၏။
” ဟုတ်သားပဲ”

သူနောက်တစ်ခေါက် ထပ်ထွက်သွားသည်။ ယခုတစ်ကြိမ်တွင် လူအယောက် ၂၀ ကျော် သူ့နောက်သို့ လိုက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် လူများသည် ဤအခြေအနေကို စိတ်ဝင်စားလာကြလေပြီ။

“ထာဝရနန်းတော်သခင်လေးရဲ့ လက်အောက်ခံတွေ၊ အနက်ရောင်နတ်သားတော်ရဲ့ နောက်လိုက်တွေနဲ့ ရှေးဟောင်းလူထူးဆန်းရဲ့လူတွေ မင်းနောက်လိုက်သွားတာကို မင်းက အသက်ရှင်နိုင်ဦးမှာလား” ဆိုင်ဖွင့်ထားသည့် နတ်မီးတောက်နယ်ပယ်ကျင့်ကြံသူမှ ပြောလိုက်သည်။

တစ်နာရီကြာပြီးသည့်နောက်တွင် သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ကာ မြို့ဝင်ပေါက်ကို ကြည့်လိုက်သည်။ သူ ချက်ချင်းပင် ဆွံ့အသွားရ၏။

ထိုလူငယ်လေး နောက်တစ်ကြိမ် ပေါ်လာလေပြီ။ သူ၏လက်ထဲတွင်လည်း ကြက်ပေါင်တစ်ခုကို ကိုင်ထားလေ၏။

“သောက်ခွေးပဲ” သူသည် မြေကြီးပေါ်သို့ လဲကျမတတ် ထိတ်လန့်သွားရသည်။

ဤသည်မှာ သာမန်ကြက်ပေါင်မဟုတ်ပဲ သူ့နောက်လိုက်သွားသည့် ရွှေရောင်လုအန်ဖြစ်မည်မှာ သေချာသည်။ အဲဒါကို .. သူက ဒီအတိုင်း စားနေတာလား..

မြို့ဝင်ပေါက်ကို ကြည့်လိုက်သည့်အချိန်တွင် သူ့နောက်လိုက်သွားသည့်သူများအားလုံး ပြန်ပေါ်မလာတော့ပေ။ သူ၏ဆံပင်မွေးများပင် ထောင်ထသွားလေသည်။ အဲဒီလူတွေအကုန်လုံးကို .. သူစားလိုက်တာလား…

ရှီဟောင် သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ထိုဈေးသည်မှာ တကယ်ကြောက်လန့်သွားရသည်။

“ကျွန်တော့်အသက်ကို ချမ်းသာပေးပါ .. ကျွန်တော်တမင်သက်သက်လုပ်လိုက်တာ မဟုတ်ပါဘူး” သူ၏ချွေးများမှာ ဘူးသီးလုံးလောက် ကျနေလေပြီ။ သူသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

ရှီဟောင်သည် သူ့ကို အလေးသိပ်မထားပဲ စင်ပေါ်မှ မြင့်မြတ်ဆေးပင်တစ်ခုကို ကောက်ယူလိုက်ကာ “တော်တော်လေး ရှားပါးတဲ့ဆေးပင်ပဲ .. မင်းပစ္စည်းကောင်းလေးကို ရထားတာပဲ”

“တိုက်ဆိုင်သွားတာပါ .. လက်ဆောင် .. မင်းအတွက် လက်ဆောင်ယူသွားလိုက်ပါ” ဈေးသည်မှ တုန်ယင်စွာ ပြောလိုက်သည်။

“အဲဒါဆိုရင်လည်း မင်းကို ကျေးဇူးတင်ရတာပေါ့ .. အဲဒီနှစ်ယောက်ဘယ်သွားသလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား” ရှီဟောင်မေးလိုက်၏။

“ကျွန်တော် တကယ်မသိပါဘူး .. လူအတော်များများက သူ့ကို လိုက်ရှာနေကြတာ .. ဒါပေမဲ့ သူတို့မှာ စွမ်းအားကြီးတဲ့သူတွေ မနာလိုရလောက်အောင် ရှားပါးတဲ့ရတနာပစ္စည်းတွေရထားတယ်ဆိုတာပဲ ကျွန်တော်သိတာ” ဈေးသည်မှ ပြောလိုက်သည်။

“သူတို့က ဘာရထားတာလဲ”

“ရတနာရှစ်သွယ် ယူနီကွန်း” ဈေးသည်မှ ပြောလိုက်၏။

“ဘာ.. မိုးကောင်းကင်အောက်မှာ နံပါတ်တစ် အဖိုးအတန်ဆုံးအသား .. ဒီလောကကြီးမှာ အရသာအရှိဆုံးအသားမဟုတ်ဘူးလား” ရှီဟောင် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားလေ၏။

ဈေးသည်မှာ ဆွံ့အသွားရသည်။ တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားလိုက်ရသည်။ ဤလူစိတ်တိုရသည့်အကြောင်းရင်းမှာ အဘယ်ကြောင့် နည်းနည်းထူးဆန်းနေရသနည်း…

ရတနာရှစ်သွယ်ယူနီကွန်းသည် ရှေးဟောင်းရတနာများထက် အဆင့်မြင့်သည်။ ဤသည်မှာ မိုးကောင်းကင်အောက်တွင် အရသာအရှိဆုံးအသားဆိုသော်လည်း သူ၏တန်ဖိုးမှာ အရသာရှိခြင်းမဟုတ်ပဲ သူ၏ထိတ်လန့်စရာကောင်းသည့် ဆေးအစွမ်းပင်။

မြင့်မြတ်ဆေးပင်ဖြစ်စေ နတ်ဆေးပင်ဖြစ်စေ .. ထိုဆေးပင်များကို ဤအသားနှင့် အတူတကွ တစ်ဖြည်းဖြည်းချင်း ချက်လိုက်ပါက ဆေးအစွမ်းမှာ အဆပေါင်းများစွာ တိုးမြှင့်သွားမည်သာ။

“ဘယ်သူလဲ … ဘယ်သူက ငါ့အဖိုးတန်အစားအစာကို ကြံစည်ရဲတာလဲ .. သူတို့တွေ သေချင်နေတာလား” ရှီဟောင် ဒေါသထွက်သွားရသည်။

ဈေးသည်မှာ လုံးဝဆွံ့အသွားရသည်။ သူ နားကြားမမှားလိုက်ဘူးဆိုသည်မှာ သေချာသည်။ ဤလူသည်ဘာကြောင့် အစားအစာသောင်းကျန်းသည့်သူနှင့် တူနေသနည်း .. သူသည် ဤအသား၏ ဆေးတန်ဖိုးကို နှမြောနေခြင်းမဟုတ်ပဲ သူ၏အရသာရှိမှုကြောင့် ဒေါသထွက်နေခြင်းပင်။

“စွမ်းအားကြီးတဲ့သူတွေ တော်တော်များများ သူတို့နောက် လိုက်နေကြတာ .. အနက်ရောင်နတ်သားတော်ရဲ့လူတွေ၊ ထာဝရနန်းတော်ကလူတွေနဲ့ ရှေးဟောင်းလူထူးဆန်းလက်အောက်ကလူတွေရောပဲ”

“အဲဒီလူတွေက သေချင်နေတာပဲ” ရှီဟောင် ပြောလိုက်၏။

“အဲဒီလူနစ်ယောက်က ဒီရတနာရှစ်သွယ်ယူနီကွန်းမှာ ပိုင်ရှင်ရှိပြီးသား .. အဲဒီလူက လာယူမှာလို့ပြောတယ် .. ဒါပေမဲ့ အဲဒီစွမ်းအားကြီးတဲ့သူတွေက သူတို့ကို ခြိမ်းခြောက်ကြတာ…”

“သူတို့ကို ဘာနဲ့ခြိမ်းခြောက်တာလဲ” ရှီဟောင်မေးလိုက်၏။

“သူတို့နောက်ကလူတွေ ရောက်လာတာနဲ့ ဒီပစ္စည်းပိုင်ရှင်ခေါင်းကို တစ်စစီဖြစ်အောင်လုပ်ပစ်မှာလို့ ခြိမ်းခြောက်တာ…” ဈေးသည်သည် သတိကြီးကြီးဖြင့်ပင် ပြောလိုက်သည်။

“ငါဗိုက်ဆာနေပြီ” ရှီဟောင် ဤစကားများသာ ပြောလိုက်သည်။

ဈေးသည်မှာ အစပိုင်းတွင် ချက်ချင်းနားမလည်သော်လည်း တစ်ခဏကြာပြီးသည့်နောက်တွင် သူစဉ်းစား၍ရသွားသည်။ ထို့နောက်တွင် သူ၏ဆံပင်မွေးများပင် ထောင်တက်သွားလေ၏။

ထိုသို့ပြောပြီးသည့်နောက်တွင် ရှီဟောင်သည် ရွှေရောင်’ငှက်ရိုး’ အချို့ကို ထွေးထုတ်လိုက်လေ၏။ ထိုအရိုးများမှာ ဈေးခင်းထားသည့် ကော်ဇောပေါ်သို့ ရောက်သွားလေသည်။

ယခုလေးတင် မတ်တပ်ရပ်လိုက်သည့် ဈေးသည်သည် ထိုအရိုးများကို တွေ့သည်နှင့် ချက်ချင်းပင် ပြန်၍ ဒူးထောက်ကျသွားလေသည်။ ဤအရိုးများသည် ရွှေရောင်လုအန်၏အရိုးများဖြစ်သည်မှာ သေချာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ရိုးရိုးကြက်ပေါင်ရိုးနှင့် လုအန်အရိုးတို့ကို ခွဲခြားနိုင်လေသည်။

“အရှင် ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး” သူ၏နားထင်စပ်တွင် ချွေးစေးများ စီးကျနေလေပြီ။

“အဲဒီလူတွေက ဘယ်မှာလဲ .. မင်းငါ့ကို လိုက်ပြရင်ရော” ရှီဟောင်မေးလိုက်၏။

ဈေးသည်မှာ အခက်တွေ့သွားရသည်။ ထိုသူများမှာ စွမ်းအားကြီးသူများဖြစ်ပြီး သူကဲ့သို့သော နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူများကို ချက်ချင်းပင် သတ်ပစ်နိုင်သည်။

“အရှင် .. ကျွန်တော့်ကို သနားပါ .. ဒီသတင်းသာ ပေါက်ကြားသွားရင် ထာဝရရှေးဟောင်းမြေမှာ ကျွန်တော် ပုန်းစရာနေရာတောင် ရှိမှာမဟုတ်တော့ဘူး .. ကျွန်တော် သေချာပေါက် သေလိမ့်မယ်” သူ၏မျက်နှာမှာ ဖြူလျော်နေလေပြီ။

ထို့အပြင် သူတို့ထံသို့ သွားလည်လျှင်ပင် ထိုခေါင်းဆောင်များမှာ ထိုနေရာတွင်ရှိနေဦးမည်မဟုတ်ကြောင်း သူ ရှီဟောင်အား ပြောပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို သာမန်ကျွမ်းကျင်သူများသာ စောင့်ကြပ်နေခြင်းဖြစ်ပြီး ထူးခြားပါရမီရှိသူများမှာ ငြိမ်ငြိမ်ထိုင်နေမည်မဟုတ်ပဲ အခွင့်အရေးများကို သွားရှာနေမည်သာ။ အကြာကြီးနေမှ တစ်ခေါက် ပြန်လာခြင်းပင်။

ရှေးဟောင်းလူထူးဆန်းများဆိုလျှင် ပြောစရာပင်မလို။ သူတို့သည် တစ်ခါမှ ထွက်မလာကြသေးပေ။

“မင်းက ဘာကိုကြောက်နေတာလဲ .. မင်းငါ့နောက်လိုက်လာရင် ဘယ်သူမင်းကို ထိရဲမှာလဲ .. အဲဒီလူတွေက မွေးကတည်းက လူတွေ သူတို့ကို ကြောက်ရတာလို့ မပြောနဲ့နော် … အဲဒါတွေအားလုံးက တိုက်ခိုက်ပြီးတော့ ရလာတာပဲ မဟုတ်ဘူးလား” ရှီဟောင်ပြောလိုက်၏။

“အရှင် .. ဘာပြောချင်တာလဲ” ဈေးသည် လုယီမေးလိုက်သည်။

“မင်း စွမ်းအားကြီးတဲ့သူတစ်ယောက်ရဲ့ အဖွဲ့ဝင်ဖြစ်သွားတာနဲ့ နောင်ကျရင် ဘယ်သူက မင်းကို သတ်ရဲမှာလဲ .. မင်းလည်း သူတို့လိုမျိုး လူတွေကြောက်ရတဲ့သူ ဖြစ်သွားလိမ့်မယ်” ရှီဟောင် အသာလေးပြုံးကာ ပြောလိုက်သည်။

လုယီသည် ရှီဟောင်အား ထိတ်လန့်စွာပင် ကြည့်လိုက်လေသည်။ ဤနတ်ဆိုးဘုရင်သည်လည်း အင်အားတစ်ခုကို တည်ဆောက်မလို့လား…

“သွားကြစို့ ငါ့ကိုလိုက်ပြ .. အဲဒီမကောင်းတဲ့ကောင်တွေ ဘယ်မှာနေနေလဲဆိုတာ ကြည့်ရအောင်” ရှီဟောင် လမ်းစလျှောက်လိုက်သည်။

လုယီသည် လျင်မြန်စွာပင် သူ့နောက်သို့ လိုက်သွားလေ၏။ “အရှင် .. အရှင်လျှောက်လုပ်လို့မရပါဘူး .. မြို့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လို့မရဘူး .. မဟုတ်ရင် အရှင့်ကို စွမ်းအားရှင်တွေအများကြီး ဝိုင်းလာလိမ့်မယ် .. အနက်ရောင်နတ်သားတော်နဲ့ ရှေးဟောင်းလူထူးဆန်းတွေကိုသာ ရန်စမိရင် ဘယ်သူမှ သူတို့ကို ရပ်တန့်နိုင်မှာမဟုတ်ဘူး”

ရှီဟောင်သည် ခေါင်းညိမ့်လိုက်ကာ “ငါသိပါတယ် .. ငါက ဒီတိုင်းသွားကြည့်ရုံပဲ”

ထို့နောက်တွင် သူ ဆက်ပြောလိုက်သည်မှာ “ငါ့ရဲ့ ရတနာရှစ်သွယ်ယူနီကွန်းကို ခိုးရဲတဲ့သူတွေအားလုံး အကျိုးဆက်ကို ခံစားရမယ်”

ဤသည်မှာ အလွန်ပင် အဖိုးတန်လှပြီး လူတိုင်းဆုတောင်း၍ရသည့်အရာ မဟုတ်ပေ။ သာမန်လူများမပြောနှင့် အဆင့်မြင့်နယ်မြေမှ စွမ်းအားရှင်များပင်လျှင် ထိုယူနီကွန်းအကြောင်းကြားသည်နှင့် ထိုအတွက် သွေးလွှမ်းသည့်တိုက်ပွဲများ ဆင်နွှဲကြမည်သာ။

“ငါ ရတနာရှစ်သွယ်ကြက်ကို ဘယ်တော့မှ မစားခဲ့ဘူး .. ကျောက်တုံးကျေးရွာမှာ ချန်ထားခဲ့တာ … ဒါပေမဲ့ ဒီရတနာရှစ်သွယ်ယူနီကွန်းကိုတော့ သေချာပေါက် အလွတ်မပေးတော့ဘူး” ရှီဟောင်၏ အစာအိမ်မှ အသံမြည်နေလေပြီ။ သူသည် ရှေးဟောင်းရတနာများကို စားချင်နေပြီ။

သို့သော် သူသည် ယခုအချိန်တွင် ကျောက်တုံးတိုင်းပြည် အင်ပါယာမြို့တော်ရှိ ကန်တွင် မွေးထားသည့် ရတနာရှစ်သွယ်ငါးကြင်းကိုသာ စားဖူးသေးသည်။ ထိုနေရာတွင်လည်း အကောင်ရေအနည်းငယ်သာရှိသည်။

သူအဆင့်နိမ့်နယ်မြေတွင် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့စဉ်အခါက သူသည် အရှက်မဲ့စွာဖြင့် ထိုငါးတစ်ကောင်ကို ခိုးစားခဲ့သည်။ ထိုငါး၏အရသာမှာ ယခုပြန်စဉ်းစားကြည့်လျှင်ပင် သူ့အား ယစ်မူးစေနိုင်သည်။

“ရတနာရှစ်သွယ်ယူနီကွန်းက ရတနာရှစ်မျိုးထဲမှာ ထိပ်ဆုံးကနေပါတာ .. တကယ်ကိုရှားတယ် .. ဘယ်သူမှ မစားရဲဘူး .. တစ်ကောင်ဖမ်းမိရင် ဘိုးဘေးတွေက ဆေးတွေပဲ ဖော်ကြတာ” လုယီပြောလိုက်သည်။

စကားပြောနေရင်းဖြင့်ပင် သူတို့သည် အလင်းတန်းမြို့၏ မြို့လယ်သို့ ရောက်လာလေပြီ။ သူတို့လမ်းတစ်ခုထဲသို့ ဝင်ခဲ့လိုက်သည်နှင့် ထိုနေရာတွင် အလင်းရောင်မရှိပဲ အမှောင်ထုသာ ကြီးစိုးသွားလေသည်။ ဤလမ်းတွင် လူသိပ်မရှိပေ။

“အဲဒီတော့ဒါက အနက်ရောင်နတ်နန်းတော်လား” ရှီဟောင်သည် လက်နောက်ပစ်ကာ လမ်းတစ်ဝက်ခန့်ကို နေရာယူထားသည့် ကြီးမားလှသည့် စံအိမ်ကြီးကို ကြည့်လိုက်သည်။ ထိုအိမ်ကြီးကို အနက်ရောင်မြူများ ရစ်သိုင်းနေပြီး အေးစက်မှောင်မဲနေလေသည်။

နေမင်းကြီး ခေါင်းပေါ်တွင်ရှိနေသော်လည်း ဤနေရာမှာ အေးလွန်းလှပြီး သရဲနယ်မြေထဲသို့ ရောက်နေသကဲ့သို့ပင်။

စံအိမ်အဝင်ဝတွင် မြေအောက်ကလန်သားအချို့ စောင့်ကြပ်နေကြလေသည်။ သူတို့သည် အလောင်းများနှင့်တူနေပြီး သာမန်လူများကဲ့သို့ အသက်ဓာတ်မရှိပေ။

“ငါ ဒီကလန်ကို အမုန်းဆုံးပဲ .. အလောင်းကောင်နံ့တွေ အေးစက်နေတာတွေပဲရှိတယ် .. သူတို့ကို စားလို့လည်းမရဘူး .. သူတို့အားလုံးက ဘာမှကို အသုံးမဝင်တာ .. အမှိုက်တွေပဲ” ရှီဟောင် လက်လွတ်စပယ်ပင် ပြောလိုက်လေသည်။

လုယီမှာမူ သတိလစ်တော့မည်။ အနက်ရောင်နတ်နန်းတော်အပြင်ဘက်တွင် ဤကဲ့သို့သောစကားမျိုးပြောနေခြင်းမှာ .. သူတို့သာ ကြားသွားလျှင် ဤသည်မှာ သူတို့ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်။

အနက်ရောင်နတ်သားတော်သည် ယခင်က တစ်ကြိမ်ပေါ်လာခဲ့ပြီး ကမ္ဘာငယ်လေးများစွာကို သွေးလွှမ်းအောင် လုပ်ခဲ့သည်။ အလောင်းနှင့် အရိုးများမှာ တောင်လိုပုံသွားရသည်။

ထိုတိုက်ပွဲမှာ သူ၏ပြိုင်ဘက်ကင်းသည့် နတ်စွမ်းရည်ကို ပြသပြီးသားဖြစ်သည်။ နောက်ပိုင်းတွင် သူသည် သီးသန့်ကျင့်ကြံသွားပြီး ထွက်မလာသည်မှာ ကြာလှပြီဖြစ်သည်။

“အနက်ရောင်နတ်သားတော် မပြောနဲ့ .. သူ့လက်အောက်မှာရှိတဲ့ မြေအောက်လောကခြောက်ခု ဗိုလ်ချုပ်တွေလို့ခေါ်ကြတဲ့ ထူးခြားပါရမီရှိသူတွေတောင်မှ သာမန်မဟုတ်ဘူး .. သူတို့တွေက လော့သွမ်နဲ့ လန်ယုချန်ကို သတ်တော့မလိုတောင် ဖြစ်သွားသေးသည်။ သူတို့နှစ်ယောက်လုံးသွေးတွေနဲ့ ထွက်ပြေးသွားရတာ”

“အဲဒီလိုလား .. ငါအခွင့်အရေးရတာနဲ့ သူတို့အားလုံးကို သတ်ပစ်မယ်” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ဤသည်ကို သူ ခွင့်မလွှတ်နိုင်ပေ။ တစ်စုံတစ်ယောက်သည် သူ၏ရတနာရှစ်သွယ်ရတနာကို လိုချင်နေကြပြီး လော့သွမ်နှင့် လန်ယိချန်ကိုပင် သွေးများဖြင့် ထွက်ပြေးအောင်လုပ်လိုက်သည်။ သူတို့ထံမှ ဖြေရှင်းချက်တောင်းရမည်။

“မင်းဘယ်သူလဲ .. ဒီနားမှာလာပြီးတော့ ယောင်ပေပေလုပ်မနေနဲ့”

“မင်းမှာ ရှားပါးတဲ့ရတနာရှိရင် ဒီမှာပြန်လာလဲလို့ရတယ်”

အပိုင်း ၁၀၂၅ ( ၂ ) ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၆ – နတ်ဆိုးဘုရင် ထွက်ခွာခြင်း

သူတို့၏ အေးခဲသည့်အသံများဖြင့် ပြောလိုက်ကြလေသည်။ အခြားသူများကို အလွန်ပင် မသက်မသာဖြစ်စေနိုင်သည့် သရဲစွမ်းအင်များလည်း ဝေ့ဝဲထွက်လာသည်။

“ငါမေးချင်တာရှိလို့ .. လန်ယိချန်နဲ့ လော့သွမ်တို့ ဘယ်သွားလဲဆိုတာကို မင်းတို့ထဲက ဘယ်သူသိလဲ” ရှီဟောင် ထူးမခြားနားစွာပင် မေးလိုက်သည်။

ဘေးဘက်တွင်ရှိနေသည့် လုယီမှာ တစ်ကိုယ်လုံးအေးစက်နေလေပြီ။ ဤကောင်မှာ တကယ်ကို ကိုင်တွယ်ရ ခက်ခဲလွန်းသည်။ သူသည် ပြဿနာရှာနေခြင်းပင်။ ဤသည်မှာ ကြောက်စရာကောင်းသော်လည်း စိတ်လှုပ်ရှားစရာလည်းကောင်းနေသည်။ ဤကောင်သည် ရှေးဟောင်းလူထူးဆန်းများနှင့် ယှဉ်နိုင်သည့် မကောင်းဆိုးဝါးများလား..

“ဟား ဟား မင်းမေးတဲ့လူ မှန်သွားပြီ .. သူတို့ဘယ်မှာလဲဆိုတာကို ငါသိတယ် .. သူတို့တွေအခု မြို့ပြင်ဘက်မှာ” အကြီးအကဲတစ်ယောက် ပြုံး၍ပြောလိုက်သည်။

မြေအောက်ကလန်ကျွမ်းကျင်သူပေါ်လာပြီး ဤနေရာသို့ ကြည့်နေလေသည်။

“ငါမင်းတို့ကို လမ်းပြရင်ရော..” မြေအောက်လောကမှ အဘိုးကြီးသည် လှောင်ရယ်ကာ ပြောနေပြီး သူ၏မျက်လုံးထဲတွင် အနက်ရောင်အလင်းများ ဝေ့ဝဲနေလေသည်။

“ကောင်းပြီလေ” ရှီဟောင် ခေါင်းညိမ့်လိုက်၏။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ အေးစက်သည့်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။

“ငါတို့တွေ အနက်ရောင်နတ်နန်းတော်ရဲ့ ရွှေ့ပြောင်းခြင်းအစီအရင်ကို သုံးရင်ရော .. ငါတို့အဲဒီနေရာကို မြန်မြန်ရောက်သွားလိမ့်မယ်” သူ ရှီဟောင်အား စမ်းလိုက်သည်။

“ကိစ္စမရှိဘူး” ရှီဟောင်ခေါင်းညိမ့်လိုက်၏။

လုယီ၏မျက်နှာမှာ ချက်ချင်းဖြူလျော့သွားသည်။ သူသည် ရှီဟောင်၏ အဝတ်အဖျားကို ဆွဲလိုက်ကာ သူဤသို့မလုပ်သင့်ကြောင်း၊ ဤသည်မှာ ကျားခံတွင်းဖြစ်ကြောင်း ပြောပြလိုက်သည်။

“ကိစ္စမရှိဘူး” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

“လုပ်ရဲမှ မင်းဖြစ်မှာ..” မြေအောက်လောကမှ အဘိုးကြီးမှာ တုန်လှုပ်သွားရသည်။ ဤသည်မှာ မကောင်းသည့်ရည်ရွယ်ချက်ဖြင့်ခေါ်မှန်း အားလုံးသိသည်။ သို့သော်လည်း တစ်ဖက်လူသည် ဤကမ်းလှမ်းချက်ကို လက်ခံရဲသေးသည်။ ဤသည်မှာ သူ့အား သတိကြီးကြီးထားရန် သတိပေးနေခြင်းပင်။

သူသည် ရှီဟောင်ကို စံအိမ်အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ ပထမဆုံးအထပ်တွင် ရွှေ့ပြောင်းခြင်းအစီအရင်ရှိနေပြီး မြေအောက်လောကမှလူတစ်စုသည် ထိုပေါ်တွင် ရပ်နေလေသည်။

“အရှင် … မလုပ်ပါနဲ့ .. ရွှေ့ပြောင်းခြင်းအစီအရင်ရဲ့ တစ်ခြားတစ်ဖက်မှာ သူတို့တစ်ခုခု လုပ်ထားလောက်တယ် .. အဲဒါက ထူးခြားပါရမီရှိတဲ့သူတွေ သီးသန့်ကျင့်ကြံတဲ့နေရာဖြစ်နိုင်တယ်” လုယီ တိတ်တဆိတ်ပင် အသံပို့လွှတ်လိုက်သည်။ သူသည် ရှီဟောင်အား သစ္စာရှိသောကြောင့် ဤသို့ပြောရခြင်းမဟုတ်ပဲ သူပါရောသေသွားမည်စိုးသောကြောင့်ပင်။

“အဲဒါက မြေအောက်လောကဗိုလ်ချုပ်တွေပဲမလား .. ဘာကြောက်စရာရှိလို့လဲ .. ငါတို့ကို အနက်ရောင်နတ်သားတော် သီးသန့်ကျင့်ကြံနေတဲ့နေရာကို ပို့ပေးစေချင်တာ .. အဲဒါဆိုရင် ငါ အချိန်ကုန်သက်သာသွားမှာ” ရှီဟောင် လျှို့ဝှက်စွာပင် ပြန်ပြောလိုက်သည်။

“လူငယ်လေး မြဲမြဲရပ်ပြီး လဲကျမသွားအောင်နေနော် .. တစ်ခါတစ်လေကျရင် လဲကျသွားပြီးရင် ပြန်မထနိုင်တော့ဘူး” မြေအောက်လောကမှ အဘိုးအိုကြီး ပြောလိုက်သည်။

“လမ်းပြပါ” ရှီဟောင် ဤစကားများသာ ပြောလိုက်သည်။ အနက်ရောင်နတ်နန်းတော်မှ လူများပင်လျှင် မြို့၏ စည်းမျဉ်းစည်းကမ်းကို မချိုးဖောက်ရဲပေ။

မြို့ထဲတွင် ပြုလုပ်ထားသည့် သဘောတူညီချက်များမှာ တော်တော်လေး အကျိုးသက်ရောက်မှု ရှိသည့်ပုံပင်။

အနက်ရောင်အလင်းတန်းပေါ်လာကာ သူတို့လူစု ဤနေရာမှ ပျောက်ကွယ်သွားကာ ကြီးမားလှသည့် တောင်ကြားတစ်ခုသို့ ရောက်သွားလေ၏။

“မကောင်းတော့ဘူး .. ဒါက မြေအောက်ကလန်ရဲ့ လူသတ်ကွင်းပြင်ပဲ .. ဒါကို ဆောက်နေတဲ့ကောလဟာလတွေ အမြဲတမ်းထွက်နေပေမယ့် ဒါကို ဆောက်ပြီးသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ” လုယန် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ငါ့ရဲ့ အနက်ရောင်နတ်နန်းတော်ကို လာပြီးတော့ ငါတို့ကို ရန်စရဲတယ်ပေါ့ .. ဒီနေ့ မင်းတို့တစ်ယောက်မ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့ .. မင်းတို့နှစ်ယောက်လုံးကို ရှင်းပစ်မှာ” မြေအောက်ကလန်မှ အကြီးအကဲပြောလိုက်သည်။

ထိုမြေအောက်လောကမှလူ ပျောက်ကွယ်သွားပြီး နေရာအနှံ့မှ အနက်ရောင်မြူများ ထွက်လာလေသည်။ ဤသည်မှာ အစီအရင်ကြီးတစ်ခုဖြစ်ပြီး သတ်ဖြတ်လိုသည့်စွမ်းအင်များလည်း ကောင်းကင်ထက်သို့ စီးဆင်းနေသည်။ မျက်စိတစ်ဆုံး အနက်ရောင်ပြင်ကြီးကိုသာ မြင်ရတော့လေသည်။

“လော့သွမ်နဲ့ လန်ယုချန် ဘယ်မှာလဲ” အမှောင်ထဲမှ ရှီဟောင်မေးလိုက်သည်။

“လမ်းဘေးခွေးတွေလိုမျိုး ပြေးသွားပြီ … သူတို့ကို အနှေးနဲ့အမြန် ဖမ်းမိမှာပဲ .. မင်းက သူတို့နောက်ကလူ ဟုတ်တယ်မလား .. မင်းကို သတ်ပြီးတော့ အလင်းတန်းမြို့ရှေ့မှာ ခွေးအတစ်ကောင်လိုမျိုးချိတ်ထားရင် သူတို့အားလုံးကို ရှင်းရှင်းလင်းလင်းသိသွားမှာ သေချာတယ်” အကြီးအကဲမှ အေးစက်စွာ ပြောလိုက်သည်။

“အဲဒီလိုလား” ရှီဟောင်သည် သူ့ဘေးတွင်ရပ်ကာ ထူးမခြားနားစွာပင် ပြောလိုက်သည်။

“မင်း..” အကြီးအကဲသည် လျင်မြန်စွာဖြင့်ပင် အစီအရင်တစ်ခုထဲသို့ ပြေးဝင်သွားလေသည်။ သို့သော် သူ ထိတ်လန့်သွားရသည်မှာ ဤလူငယ်လေးသည် သူ့နောက်မှ လိုက်ပါလာလေသည်။

တစ်ဖက်လူသည် သူ့အားပစ်မှတ်ထားလိုက်ပြီး သူပြေးမလွတ်နိုင်တော့သည်မှာ သေချာသည်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေး သူ့အနားတွင်မရှိသောကြောင့် ရှီဟောင် ဤအစီအရင်အား မဖျက်ဆီးနိုင်ပေ။ သူ၏အရှိန်နှုန်းဖြင့်သာ ဤပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။

“မြေအောက်ဗိုလ်ချုပ်ကို တိုက်ဖို့ပြောလိုက်” အကြီးအကဲမှ အော်ဟစ်လိုက်သည်။

မြေအောက်ဗိုလ်ချုပ်ဟုခေါ်သည့်သူများမှာ ထူးခြားပါရမီရှိသူများဖြစ်ပြီး မြေအောက်ကလန်သားများဖြစ်ရုံသာမက အနက်ရောင်နတ်သားတော်၏ မဟာမိတ်များလည်းဖြစ်သည်။

ဖုန်း..

ထိုအချိန်တွင် ထိုလူအိုကြီးသည် အကန်ခံလိုက်ရကာ သနားစဖွယ်အော်ဟစ်နေလေသည်။ သူ၏ခါးကျိုးသွားပြီး ခန္ဓာကိုယ်နှစ်ပိုင်းဖြစ်သွားလေသည်။

သူ လုံးဝထိတ်လန့်သွားရသည်။ ဤလူသတ်ကွင်းမှာ ထူးခြားပါရမီရှိသူများကိုပင် သတ်နိုင်သည်။ ယခုက ဘာကြောင့် အလုပ်မလုပ်တော့သနည်း..

“အား…” နာကျင်စွာ ညည်းညူသည့်အော်သံကြီး ထွက်လာပြီးသည့်နောက်တွင် သူသတိလစ်သွားလေ၏။ သူ၏ဦးခေါင်းကို ထိုလူငယ်လေး တက်နင်းထားလေသည်။

လူသတ်ကွင်းမှ သတ်ဖြတ်လိုသည့်စွမ်းအင်များ များပြားလာပြီး နာကျင်စွာအော်ဟစ်သံများလည်း ထွက်လာလေသည်။ တောက်ပနေသည့် ပုံရိပ်တစ်ခုသည် အရပ်မျက်နှာအနှံ့သို့ သွားနေပြီး အားလုံးကို သတ်ပစ်နေလေသည်။

“ဘာလို့ မြေအောက်ဗိုလ်ချုပ်တွေက တစ်ယောက်မှ ဒီနေရာကို စောင့်ကြည့်မနေကြတာလဲ .. သူတို့အားလုံး ဘာလို့ ထွက်သွားရတာလဲ” မြေအောက်ကလန်မှလူများ စိတ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် ဤနေရာမှာ လုံးဝတိတ်ဆိတ်သွားသည်။ ရှီဟောင်သည် လုယီကို ခေါ်ထုတ်လိုက်ကာ ဤအလောင်းများကို စား၍မရသည်မှာ နှမြောစရာကောင်းကြောင်း ညည်းညူနေလေသည်။

လုယီ ဆွံ့အသွားရ၏။ ဤကောင်၏စွမ်းအားကြီးမှုမှာ သူ့အား တုန်ယင်သွားစေသည်။

သူတို့သည် အလင်းတန်းမြို့သို့ ပြန်လာခဲ့ကြပြီး လမ်းတစ်လျှောက်တွင် သူသည် ရှီဟောင်အား သေချာလမ်းပြပေးလေ၏။

“ဒါက နဂါးနန်းတော် .. ရှေးဟောင်းလူထူးဆန်း နဂါးမိန်းကလေးရဲ့စံအိမ် .. ဒါပေမဲ့ သူတစ်ခါမှ ထွက်မလာဖူးဘူး .. သူ့ရဲ့နောက်လိုက်တွေကပဲ သာမန်ကိစ္စလေးတွေကို စီမံပြီးတော့ အဖိုးတန်ဆေးတွေကို စုဆောင်းတာ”

ရှီဟောင်ခေါင်းညိမ့်ပြလိုက်သည်။ ဤအပြာရောင်စံအိမ်မှ နူးညံ့သည့်အလင်းတန်းလေးတစ်ခု ထုတ်လွှတ်နေလေသည်။

“နဂါးနန်းတော်က လူတွေ အဲဒီလူနှစ်ယောက်နောက်ကို လိုက်ခဲ့လားဆိုတာကတော့ ပြောဖို့ခက်တယ်”

“ဟူး .. အဲဒါဆိုလည်း တစ်ခြားကလန်ကို သွားကြတာပေါ့” ရှီဟောင် ပြောလိုက်သည်။

လမ်းတစ်လျှောက်တွင် ရှီဟောင်သည် မြို့အကြောင်းကို ပိုသိလာရသည်။ ဓားတောင်ကြား၊ နဂါးနန်းတော်၊ နတ်လှိုဏ်ဂူနှင့် အခြားစွမ်းအားကြီးသည့်ကလန်များအားလုံးနောက်တွင် ရှေးဟောင်းလူထူးဆန်းများ ရှိနေသည်။

“ဒီနေရာက တော်တော်လေးကို ကြီးကျယ်ခမ်းနားတာပဲ .. ဒါကို ဘယ်ကလန်ပိုင်တာလဲ” ရှီဟောင်မေးလိုက်၏။

သူ၏အရှေ့တွင် မြင့်မားကာ ခမ်းနားလှသည့် နန်းတော်ကြီးတစ်ခု ရှိနေသည်။ အဓိကနန်းတော်ကို ကြေးဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ထုတ်လွတ်သည့်အော်ရာမှာ အကန့်အသတ်မရှိအောင်ပင်။

“ထာဝရနန်းတော်” ယုလီပြောလိုက်သည်။

ရှီဟောင် – “ကြည့်ရတာ သူတို့က ထာဝရရှေးဟောင်းမြေမှာ အခြေချဖို့ စဉ်းစားထားတဲ့ပုံပဲ .. သူတို့က ဒီမှာ နှစ်ပေါင်းထောင်ပေါင်းများစွာ ကျင့်ကြံချင်နေတာထင်တယ်”

ယုလီ – “အဲဒါတင်မကသေးဘူး .. အလင်းတန်းမြို့က ရှေးခေတ်ကတည်းက ရှိခဲ့တာ … ပြီးတော့ ဂိုဏ်းမျိုးစုံက မျိုးဆက်တွေ ဒီကိုလာခဲ့ကြတယ် … ဒီမှာရှိနေတဲ့ အဆောက်အဦးတော်တော်များများက ရှေးခေတ်ကတည်းက ချန်ထားခဲ့တဲ့ဟာတွေ”

ရှီဟောင် – “အမ်.. အဲဒါဆိုရင် ထာဝရနန်းတော်ကို ဝင်လည်ရအောင်”

….

အပြင်ဘက်လောကတွင်…

တစ်နှစ်နှင့် ခြောက်လကြာသွားပြီဖြစ်သောကြောင့် အချို့လူများမှာ ပြန်သွားပြီဖြစ်သော်လည်း အချို့မှာ ယခုမှ အလောတကြီး ရောက်လာကြလေသည်။ ပြောရမည်ဆိုလျှင် လူအရေအတွက် ပိုများလာလေသည်။

အဘယ်ကြောင့်ဆိုသော် အားလုံးမှာ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြခြင်းပင်။ ထိုရှေးဟောင်းလူထူးဆန်းများ မည်မျှစွမ်းအားကြီးသည်ကို သူတို့သိချင်ကြသည်။ သူတို့မည်သည့်လမ်းကို လျှောက်ကြမည်နည်း..

လတ်တလောတွင် အခြေအနေများမှာ သိပ်စိတ်ဝင်စားစရာမကောင်းပေ။ ဂိုဏ်းခေါင်းဆောင်များမှာ ထာဝရတာအိုပွင့်ဖတ်ပေါ်တွင် စာလုံးများရေးကြသော်လည်း မြင်ကွင်းထဲသို့ မည်သူမျှ ပေါ်မလာကြပေ။

သူတို့ကို တာအိုများ ဖုံးအုပ်ထားသည်မှာ သိသာသည်။ ထိုလူများအားလုံးမှာ ထူးခြားသူများဖြစ်ပြီး သူတို့သီးသန့်ကျင့်ကြံနေစဉ်တွင် အပြင်လူများ သူတို့ကို မမြင်ရအောင် ဖုံးကွယ်ထားကြလေသည်။

“ဟွမ် ထွက်လာပြီလား မသိဘူး .. ငါတို့သူ့နာမည်ကို မရေးတာ လတော်တော်ကြာနေပြီ .. ငါတို့ စမ်းကြည့်ရအောင်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

အလင်းတန်းမြို့ရှိ ထာဝရနန်းတော်ရှေ့တွင်…

“ငါတို့ရှေ့မှာ အဲဒီလူနှစ်ယောက်အကြောင်းကို လာမေးတာ .. ငါတို့ကို ရန်လာစနေတာလား” လူငယ်လေးတစ်ယောက် လက်နောက်ပစ်ကာ လျှောက်လာလေသည်။ သူ၏မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။

သူ၏ပုံစံအမှန်ကို ရှီဟောင်မြင်ရသည်။ ဤလူမှာ ရွှေကြိုးကြာပင်။ သူသည်ချက်ချင်းပင် အဆင့်နိမ့်နယ်မြေတွင် သူနှင့်တိုက်ခဲ့သည့် နတ်ဘုရား ၇ ယောက်အကြောင်းကို သတိရမိသွားသည်။ ထာဝရနန်းတော်မှလာသည့်အစေခံအိုကြီးလည်း ရွှေကြိုးကြာပင်။ သူ့ကြောင့်ပင် ရှီဟောင်သည် အဆင့်လွန်အရိုးကို စွန့်လွှတ်လိုက်ရကာ သူ့ကိုယ်သူ စတေးခံအဖြစ် အသုံးပြုပြီး ထိုလူကို အနိုင်ယူခဲ့ခြင်းပင်။

“ငါက သူတို့ရဲ့ အစ်ကိုကြီးပဲ .. ငါကြားတာ ထာဝရနန်းတော်က သူတို့ရဲ့ ရတနာရှစ်သွယ်ယူနီကွန်းကို အတင်းတောင်းတယ်ဆို .. အဲဒါကြောင့်မို့လို့ ငါ အဲဒီအကြောင်းလာမေးတာ .. အဲဒီလိုလေး လာမေးတာက ဘယ်လိုလုပ် ရန်စတယ် ဖြစ်သွားရတာလဲ … မင်းတို့ပဲ ငါ့သူငယ်ချင်းဟောင်းတွေကို လိုက်ဖမ်းခဲ့တာလေ” ရှီဟောင်ပြောလိုက်၏။

“မင်းကိုယ်မင်း အရမ်းစွမ်းအားကြီးတယ်လို့ ထင်နေတာလား .. ထူးခြားပါရမီရှိတဲ့သူလေး ဖြစ်နေတာနဲ့ပဲ ငါ့ထာဝရနန်းတော်ရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ရဲတယ်ပေါ့” လူငယ်လေးမှ မာန်မဲလိုက်ကာ ကျွမ်းကျင်သူတစ်အုပ်စုကို ခေါ်လိုက်သည်။

ဤသည်မှာ မြို့၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်နေသည်မှာ သိသာသည်။ သို့သော် ထာဝရနန်းတော်သည် စိတ်ကြီးဝင်စွာပင် သူ့အား လက်စလက်န မကျန်အောင် သတ်ချင်နေသည်။ ဤသို့ဆိုလျှင် မည်သူမှ သိတော့မည်မဟုတ်ပေ။

“မင်းတို့အားလုံး … သေချင်နေတာလား” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်၏။

“မင်းက ဘာမို့လို့ အဲဒီစကားတွေကို လာပြောရဲတာလဲ .. ငါ့ထာဝရနန်းတော်က သခင်လေးက သီးသန့်ကျင့်ကြံတာကနေ ထွက်လာတော့မှာ .. ထာဝရသွေးနဲ့ပေါင်းစည်းပြီးတော့ မတူညီတဲ့နည်းလမ်းနဲ့ တာအိုမီးတောက်ကို ယူထားတာ … သူ မင်းတို့ကို ကြက်ကလေးသတ်လိုက်သလို သတ်ပစ်မှာ .. မင်းတို့ဒီမှာ ရန်စနေတာက မင်းတို့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ” လူငယ်လေးသည် လက်နောက်ပစ်ထားကာ ရှီဟောင်အား ခေါင်းမော့ကြည့်ကာ ပြောလိုက်လေသည်။

ရှီဟောင်သည် ဘာစကားမှမပြောပဲ ထိုသူအားဆွဲလိုက်ပြီး သူ့ပါးစပ်အား ပိတ်ရိုက်လိုက်လေသည်။ ထို့နောက်တွင် နားကွဲလောက်သည့်အသံ ထွက်လာလေသည်။

ဘေးပတ်လည်တွင်ရှိနေသည့်သူများမှာ ထိတ်လန့်သွားရသည်။ ဤလူငယ်၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် သူတို့ တုံ့ပြန်ဖို့အချိန်ပင် မရလိုက်ပေ။

အပိုင်း ၁၀၂၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၇ – ထာဝရနန်းတော်အား လုယူခြင်း

“မင်း လုပ်ရဲတယ်ပေါ့” ထာဝရနန်းတော်မှ လူငယ်လေး အော်ဟစ်လိုက်သည်။ သူ၏ပါးပြင်များမှာ နီရဲကာ ယောင်ရမ်းနေလေသည်။ အရိုးစာသားများ အသုံးပြုကာ သူ၏မျက်နှာကို ကာကွယ်လိုက်သော်လည်း သူသည် အလွန်နာကျင်သွားရဆဲပင်။

ရှီဟောင် သူ့ကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။ သူ ပါးရိုက်လိုက်သည့်အသံမှာ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်လေသည်။ ရိုက်သံမှာ ပြင်းလှပြီး သူ့ကိုပင် ထိုနေရာ၌ လည်ထွက်သွားစေလေသည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေ၏။

“ငါက ဘာလို့ မလုပ်ရဲရမှာလဲ”

ရှီဟောင်သည် သူ့အားမကာ ထိုကဲ့သို့ပြောလိုက်ခြင်းပင်။

ဤသည်မှာ ဤနေရာတွင်ရှိနေသည့် သူအားလုံးကို ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လှုပ်ရှားမှုများမှာ မယုံကြည်နိုင်လောက်အောင်ပင် လျင်မြန်လွန်းလှပြီး သူတို့လည်း ထိုလူကို မကယ်လိုက်နိုင်ပေ။

“ငါမင်းကို သတ်မယ် .. မင်းက ငါ့ရဲ့ ထာဝရနန်းတော်ကို စိန်ခေါ်ရဲတယ် .. မင်းအဆုံးသတ်ကောင်းမှာ မဟုတ်ဘူး” ထိုလူငယ်လေး၏ ဆံပင်မှာ ရှုပ်ပွနေပြီး သူ၏မျက်လုံးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာလေသည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်အနားတွင် အရိုးစာသားများ ဝေ့ဝဲနေပြီး အပြင်ဘက်သို့ ထွက်နေလေသည်။ သူ၏အဖိုးတန်ပညာများအားလုံးကို အသက်သွင်းလိုက်ကာ စွမ်းအားကြီးသည့် လျို့ဝှက်ပညာများကိုလည်း ထုတ်သုံးလိုက်လေ၏။

ကံမကောင်းစွာဖြင့်ပင် ရှီဟောင့်ရှေ့တွင် အတော်လေး စွမ်းအားကြီးသည့် ဤကဲ့သို့သော နတ်မီးတောက်နယ်ပယ်ကျင့်ကြံသူပင်လျှင် ဘာမှမထူးပေ။ သူသည် ကြက်ကလေးတစ်ကောင်ကဲ့သို့ပင် အဝေးသို့ ကန်ထုတ်ခံလိုက်ရလေသည်။

“ငါ့ဖင်ကို ထာဝရနန်းတော် နေလိုက် .. အဲဒါကိုပဲ ထပ်ခါတလဲလဲပြောနေတယ် .. ငါရိုက်လိုက်တဲ့ပါးက မင်းတို့ ထာဝရနန်းတော်ရဲ့ဂုဏ်သိက္ခာပဲဆိုတာ မင်းတို့နားလည်ထားလိုက်”

ရှီဟောင်သည် သူ၏လက်ဝါးကိုမြှောက်ကာ နောက်တစ်ကြိမ်ရိုက်ချလိုက်သည်။ ယခုတစ်ကြိမ်တွင် ထိုလူငယ်လေး၏ အရိုးစာသားများအားလုံး ပျက်ပြယ်သွားပြီဖြစ်ပြီး ရိုက်ချက်မှာလည်း ပို၍ ကျယ်လောင်ကာ ကြည်လင်ပြတ်သားလေသည်။

ဖူး…

ထိုအချိန်တွင် သူသည် သွေးအန်သွားကာ သွားများ ကျွတ်ထွက်လာပြီး သူ ကြယ်တွေလတွေပင် မြင်သွားလေသည်။

ဖြန်း ဖြန်း ဖြန်းဖြန်း…

ပါးရိုက်သံများ ဆက်တိုက်ပင် ထွက်ပေါ်လာလေသည်။ သူ၏မျက်နှာမှာ လူမျက်နှာနှင့်ပင် မတူတော့ပေ။

“သူ့ကိုသတ်…” သူ သတိနည်းနည်းဝင်လာသည့်အချိန်တွင် အော်ပြောလိုက်သည်။

ဘေးဘက်တွင်ရှိနေသည့် သူများသည် ဆက်တိုက်ပင် တိုင်ကြားလိုက်ကြလေသည်။ သူတို့လှုပ်ရှားကြသော်လည်း သူတို့၏ အဖိုးတန်ပညာများအားလုံး တားဆီးခံလိုက်ရသည်။ ထိုနေရာတွင် အလင်းလွှာတစ်လွှာရှိနေပြီး သူတို့ ထိုအလင်းကို မထိုးဖောက်နိုင်ပေ။

ဖုန်း..

ရှီဟောင်သည် သူ့ကို နောက်ဆုံးတစ်ချက်ရိုက်လိုက်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ မြေကြီးပင်လျှင် ချိုင့်ဝင်သွားသောကြောင့် ထိုလူငယ်လေးမှာ အရိုးဘယ်နှချောင်းပင် ကျိုးသွားမှန်း မသိနိုင်ပေ။

သို့သော်လည်း ရှီဟောင် သူ့ကို မသတ်ပေ။ သူ့ကိုအရှင်ထားထားမှသာ သူ သိလိုသည်များကို မေးနိုင်လိမ့်မည်။

“အဲဒီနှစ်ယောက် ဘယ်မှာလဲဆိုတာကို မင်းသိလား” ရှီဟောင်သည် ထိုလူငယ်လေး၏ ရင်ဘတ်ကိုနင်းကာ ထူးမခြားနားစွာပင် မေးလိုက်သည်။

“ငါသိရင်တောင်မှ မင်းကို မပြောပြဘူး .. ငါ့ရဲ့ ထာဝရနန်းတော်က သခင်လေး ထွက်လာတာကို စောင့်နေ .. သူထွက်လာရင် မင်းကို လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးပစ်မှာ” ထိုလူငယ်လေး အံကြိတ်ကာ ပြောလိုက်သည်။ သူ၏မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်နေလေ၏။

ဖူး..

ရှီဟောင် ခြေထောက်ကို ဖိနင်းလိုက်သည်နှင့် ထိုသူ၏ရင်ဘတ် ချိုင့်ဝင်သွားလေသည်။ သူ၏ပါးစပ်မှ သွေးအန်လာပြီး သူ၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်လာလေသည်။ ဤနတ်ဆိုးဘုရင်သည် သူ့ကို တကယ်သတ်တော့မည်ကို သူသိလိုက်ရသည်။

“မင်း .. ဒီလိုမျိုးလုပ်လို့မရဘူး .. ဒီမြို့မှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ် .. မင်းဒီလိုမျိုးလုပ်လိုက်ရင် စွမ်းအားကြီးတဲ့သူတွေအကုန်လုံး မင်းကို ဝိုင်းတိုက်ကြမှာ .. မင်းကို အားလုံး ဒေါသထွက်သွားကြမှာ”

“မင်းတောင်မှ ငါ့ကို လေဟာနယ်ပျက်စီးခြင်းသင်္ကေတကို သုံးပြီးတော့ တစ်ခြားနေရာကို ခေါ်သွားပြီး သတ်ချင်နေတာမလား .. ဘာလို့ အခုမှ စည်းမျဉ်းချိုးဖောက်တယ်တွေ လာပြောနေတာလဲ…” ရှီဟောင် ပြုံး၍ပြောလိုက်သည်။

သူသည် ပြောနေရင်းဖြင့်ပင် ခြေထောက်ကို ဆောင့်ချလိုက်ရာ အရိုးကျိုးသံများ ထပ်ထွက်လာလေသည်။ သနားစဖွယ်အော်ဟစ်သံများလည်း ဤနေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

“အတူတူ တိုက်ကြ .. ဒိုင်းကာကို ဖောက်ပြီး သူ့ကိုသတ်” အပြင်ဘက်မှလူများသည် အော်ဟစ်လိုက်ကာ ရှီဟောင်အား နောက်တစ်ကြိမ် ထပ်တိုက်ကြသည်။ ဤအတိုင်းသာဆက်သွားလျှင် ထာဝရနန်းတော်သခင်လေး ယုံကြည်ရသည့်လက်ထောက် သေသွားတော့မည်။

ကံမကောင်းစွာဖြင့်ပင် ဤလူမှာ စွမ်းအားကြီးလှသည်။ သူ၏အနောက်ဘက်တွင် ရွှေရောင်အတောင်ပံတစ်စုံပေါ်လာကာ ထိုအတောင်ပံများကို အနည်းငယ်လှုပ်ခတ်လိုက်သည်နှင့် ထိုလူများအားလုံး သွေးအန်သွားကာ နောက်ပြန်ဆုတ်လိုက်ရလေသည်။

လုယီသည်လည်း ဤမြင်ကွင်းကို မြင်ပြီး ကြက်သေသေသွားလေ၏။ ဤကောင်မှာ စွမ်းအားကြီးလွန်းပြီး ထာဝရနန်းတော်မှ အရေးကြီးသည့်ပုဂ္ဂိုလ်ကိုပင် ပါးရိုက်ရဲသည်။ အားလုံးကိုလည်း တစ်ချက်တည်းဖြင့် နောက်ဆုတ်သွားအောင် လုပ်လိုက်သေးသည်။

“ငါ့ကို မသတ်ပါနဲ့…” နောက်ဆုံးတွင် မြေပြင်ထက်မှ လူငယ်လေး ကြောက်ရွံ့လာလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းရှိ အရိုးများအားလုံး ကျိုးသွားပြီဖြစ်ပြီး သူ့ကို မှတ်ပင် မမှတ်မိနိုင်တော့ပေ။ ဤသည်မှာ သူ့ကို မြို့ထဲတွင် သတ်ချင်နေသည့်သူ့ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်ပြီး ဤသည်မှာလည်း သူတို့၏ ထာဝရနန်းတော်အ‌ရှေ့တွင်ပင်။

ဤသည်မှာ မယုံကြည်နိုင်လောက်ပင်။ လူ ဘယ်နှယောက်ကများ ဤသို့ လုပ်ရဲမည်နည်း.. ရှေးဟောင်းလူထူးဆန်းများပင်လျှင် ဤသို့လုပ်ရဲမည် မဟုတ်ကြပေ။

ရှီဟောင်သည် သူ့ကို နောက်တစ်ကြိမ် ကိုင်မြှောက်ကာ ဘာမှမပြောပဲ ရိုက်လိုက်လေသည်။

“အာ … ဒီလောက်ဆိုတော်ပြီ .. ငါ ဒေါသနည်းနည်းထွက်မိသွားတာ … အခု မင်းအလှည့်ပဲ” ရှီဟောင်သည် ထာဝရနန်းတော်အတွင်းမှာ ရတနာများအားလုံးကို ထုတ်ပေးရန် ပြောလိုက်လေသည်။

အပြင်ဘက်တွင်….

ဂိုဏ်းခေါင်းဆောင်တစ်ယောက်သည် ဟွမ် နာမည်ကို ရေးလိုက်သောကြောင့် ဤမြင်ကွင်းမှာ ကျောက်တိုင်များပေါ်တွင် ပေါ်လာလေ၏။

လူအုပ်ကြီးမှာ ချက်ချင်းပင် ထိတ်လန့်သွားရသည်။

သူ့ကို လပေါင်းများစွာ မတွေ့ရပဲ ပထမဆုံးပြန်တွေ့သည့်အချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရခြင်းပင်။

“သူက ထာဝရနန်းတော်ကို ဓားပြတိုက်နေတာလား” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

“သူ ချနေတာ .. မင်းတို့အားလုံးမြင်လား .. သူက ထာဝရနန်းတော်မျက်နှာကို တစ်ချက်ပြီးတစ်ချက် ရိုက်နေတာ”

အပြင်ဘက်လောကမှ မတည်ငြိမ်နိုင်တော့ပေ။ တစ်ခဏကြာပြီးသည့်နောက်တွင် ဆူညံပွက်လောရိုက်လာလေ၏။

အဘယ်ကြောင့်ဆိုသော် ထာဝရနန်းတော်ဆိုသည်မှာ ရှေးအကျဆုံးနှင့် ကြောက်စရာအကောင်းဆုံးမျိုးဆက်တစ်ခုဖြစ်ပြီး စွမ်းအားကြီးသည့် ဂိုဏ်းများပင်လျှင် သူတို့အား ရန်မစရဲပေ။ သူတို့အားလုံးသည် ထာဝရနန်းတော်အား ကြောက်ကြလေ၏။

သို့သော် ယခုအချိန်တွင် လူငယ်တစ်ယောက်သည် သူတို့မျက်နှာကို ဖြတ်ရိုက်နေလေသည်။

စွန့်ပစ်နယ်မြေအစွန်းရှိ ကြေးနန်းတော်ထဲမှ အေးစက်သည့် နှာခေါင်းရှုတ်သံ ထွက်ပေါ်လာလေ၏။ ထိုလူမှာ ဒေါသထွက်နေသည်ပင်။ ထာဝရနန်းတော်သခင်လေး၏ လက်ထောက်ကို ဤကဲ့သို့ ရိုက်နှက်ခြင်းမှာ သူတို့မျိုးဆက်အားလုံးရှေ့တွင် အရှက်ကွဲခြင်းနှင့် အတူတူပင်။

အလင်းတန်းမြို့ရှိ ထာဝရနန်းတော်ရှေ့တွင်../

လူငယ်လေးတစ်ယောက်၏ မျက်ဝန်းသည် အသက်မဲ့နေကာ “မင်းက ငါတို့ကို ဒီမှာ ဓားပြတိုက်နေတာလား”

“အဓိပ္ပာယ်မရှိတာ .. မင်းတို့အားလုံးပဲ ငါ့ကိုကမ်းလှမ်းနေတာလေ .. အဲဒါက ဘယ်လိုလုပ် ငါကမင်းကို ဓားပြတိုက်တယ် ဖြစ်သွားရတာလဲ” ရှီဟောင် အမှန်ပြင်ပေးလိုက်သည်။

“ငါ့ ထာဝရနန်းတော်ရဲ့ ဗိုလ်ချုပ်တွေက ဘယ်ရောက်နေတာလဲ .. သူတို့အားလုံး ဘာလို့ပျောက်နေတာလဲ .. မြန်မြန်တိုက်ကြတော့” ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် ပြောလိုက်သည်။

“သူတို့ခဏနေရင် ပြန်လာလောက်ပြီ … သူတို့အားလုံးကို ခေါ်ပြီးသွားပြီ .. သူတို့ပြန်လာပြီး ဒီလူကို ရှင်းပစ်ဖို့လည်း သတင်းပို့ပြီးသွားပြီ” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ရှီဟောင်သည် ထိုသူတို့ပြောနေသည်များကို ဂရုမစိုက်ပေ။ သူသည် ရွှေကြိုးကြာပုံစံရှိသည့်လူငယ်လေးကို ရှေးနန်းတော်အတွင်းသို့ ဆွဲခေါ်သွားကာ နတ်ပစ္စည်းများအားလုံးကို ထုတ်ခိုင်းလိုက်လေသည်။

“ငါတို့ အဲဒီပစ္စည်းတွေကို သူများတွေကို ပေးပစ်ပြီးသွားပြီ .. သိပ်မကျန်တော့ဘူး” ရွှေကြိုးကြာမှ တုန်ယင်စွာ ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ .. ငါ မြင့်မြတ်ဆေးပင်နံ့ရတယ် .. မြန်မြန်ထုတ်ပေး .. မဟုတ်ရင် ငါမင်းတို့အားလုံးကို ရှင်းပစ်မှာ” ရှီဟောင် ပြောလိုက်၏။

သူသည် ချောမောလှပကာ ဝိုင်းစက်နေသည့် မျက်လုံးတစ်စုံလည်းရှိသည်။ သူ၏အသားအရေလည်း ကြည်လင်တောက်ပနေလေသည်။ သူ့ကို ထာဝရလူသားပုံစံဖြစ်စေသည့် အော်ရာများလည်း ရှိနေလေ၏။

သို့သော် ဤကဲ့သို့သော အော်ရာ၊ ဤကဲ့သို့သော သွင်ပြင်ရှိသည့် လူငယ်လေးသည် ဤကဲ့သို့သော စကားကို စိတ်မရှည်စွာ ပြောနေခြင်းမှာ သူတို့အား ဆွံ့အသွားစေသည်။

လုယီအတွက်မူ သူသည် ထပ်ခါတလဲလဲပင် ပြိုလဲနေလေ၏။ ဤကောင်သည် သူ့အား ‘ပျော်စရာကောင်းသည့်အံ့အားသင့်မှု’များကို ခဏခဏပေးနေလေသည်။

“ငါ..” ရွှေကြိုးကြာမှာ ငိုတော့မည်။ ဤကဲ့သို့ ဓားပြတိုက်ခံနေရခြင်းမှာ နုံချာလှပေသည်။

ဖြန်း..

ရှီဟောင်သည် စကားထပ်မပြောတော့ပဲ သူ့အား နောက်တစ်ချက် ရိုက်လိုက်လေ၏။ သူမြန်မြန်ထုတ်ပြီး ရိုရိုသေသေမပေးလျှင် အားလုံးကို သတ်ပစ်မည်ဟု ပြောလိုက်လေသည်။

နောက်ဆုံးတွင် ရတနာသိုက် ပွင့်သွားပြီး ဆေး၏မွှေးရနံ့များ သင်းပျံ့လာလေသည်။

ထိုရတနာသိုက်ထဲတွင် နတ်ပစ္စည်းများကို ပုံထားလေ၏။

“မွှေးလိုက်တာ” ရှီဟောင် မွှန်ပင် မွှန်သွားရသည်။ ရုတ်တရက်ပင် သူဆေးပင်များကို ထပ်ခူးစရာမလိုတော့ဘူးဟု ခံစားလိုက်ရသည်။ ရန်သူများထံမှ ဤကဲ့သို့ ခိုးလိုက်လျှင် ပိုမကောင်းဘူးလား .. ပို၍လျင်မြန်ကာ ပို၍လွယ်ကူသည်။

မြင့်မြတ်ဆေးပင် ၈ ပင်ရှိနေပြီး ထိုဆေးပင်များကို စုထားလေသည်။ ထိုဆေးပင်မှ မြင့်မြတ်သည့်အလင်းတန်းများကို ထုတ်လွှတ်ကာ ရတနာသိုက်တစ်ခုလုံးကို လင်းနေစေသည်။

ထို့အပြင် သူကျောက်စိမ်းအိုးနှစ်ခုကို တွေ့သေးသည်။ ထိုအိုးများကိုဖွင့်လိုက်သည့်အချိန်တွင် အသီးနှစ်လုံးကို တွေ့လိုက်ရသည်။ ထိုအသီးများမှာ ပို၍ပင် မွှေးလေသည်။

အသီးတစ်လုံးမှာ ငွေရောင်ဖြစ်ပြီး မြင့်မြတ်ဆေးပင်ထက်ပင် ပို၍တောက်ပသေးသည်။

အခြားတစ်လုံးမှာ ခရမ်းရောင်အလင်းတန်းများ ရစ်သိုင်းနေပြီး မြူများလည်း ဝန်းရံနေလေသည်။

“နတ်တစ်ခြမ်းသစ်သီး” ယုလီ ထိတ်လန့်သွားရသည်။

ထိုနတ်တစ်ခြမ်းအသီးမှာ နတ်ဆေးမဟုတ်သော်လည်း မြင့်မြတ်ဆေးပင်ထက် အနည်းငယ် ပိုကောင်းသည်။ သေဆုံးသွားသည့်သက်ရှိတစ်ယောက်သာ ဤဆေးကိုစားလိုက်လျှင် သေရာမှ ပြန်ထလာမည်သာ။

“ဒီတစ်ခေါက် ရတဲ့ဆုလာဘ်လေးတွေက မဆိုးဘူးပဲ” ရှီဟောင် အလွန်ပင် ကျေနပ်နေလေ၏။

သို့သော် ထာဝရနန်းတော်၏ သီးသန့်ကျင့်ကြံသည့်နေရာသို့ ပို့သည့် ရှားပါးသည့် ဆေးများအကြောင်းကို တွေးမိသွားသည့်အချိန်တွင် သူအနည်းငယ် မပျော်မရွှင်ခံစားလိုက်ရသည်။

“မင်း .. ဒါတွေကို ယူသွားလို့မရဘူး .. သခင်လေး ဒေါသထွက်သွားရင် နေရာတိုင်းမှာ သွေးစီးသွားပြီးတော့ အလောင်းတွေလည်း တောင်လိုပုံသွားလိမ့်မယ်” ရွှေကြိုးကြာမှ တုန်ယင်စွာ ပြောလိုက်သည်။

“အဲဒါဆိုရင်လည်း ငါ့ကို လာရှာခိုင်းလိုက်” ရှီဟောင် အေးစက်စွာပင် ရယ်မောလိုက်သည်။ သူတို့နှစ်ဦးမှာ အစကတည်းက ရန်သူများဖြစ်ကြသောကြောင့် သူတို့နှစ်ဦးကြားမှ တိုက်ပွဲမှာ မလွဲမသွေ ဖြစ်လာမည်သာ။ ဤပစ္စည်းများကို ရန်သူထံမှ ခိုးရခြင်းမှာ သူ့အား အတော်လေး စိတ်ခံစားချက် ကောင်းစေသည်။

ထို့နောက်တွင် ရှီဟောင် ပစ္စည်းပုံ နောက်တစ်ပုံကို ကြည့်လိုက်၏။ ထိုအပုံထဲတွင် အတော်လေး သာမန်မဟုတ်သည့် ပစ္စည်းတစ်ခုကို သူတွေ့လိုက်ရသည်။ ထိုပစ္စည်းတွင် မြူများ ရစ်သိုင်းနေပြီး ကြေးရောင်များကိုလည်းထုတ်လွှတ်နေလေသည်။ ဤသည်မှာ ရှားပါးသည့် နတ်ပစ္စည်းပင်။

“ဒါက တိမ်တံဆိပ်ကြေး … ဒီပစ္စည်းနဲ့ ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းတွေ လုပ်လို့ရတယ် .. ဒါကိုပြန်ပြင်လိုက်ရင် ဂိုဏ်းခေါင်းဆောင်အဆင့် လက်နက်တောင်ရတယ်” လုယီ ထိတ်လန့်သွားရသည်။

“မဆိုးဘူး .. အဲဒီတော့ ဒါလည်း ယူလိုက်မယ်” ရှီဟောင် ပြောလိုက်၏။

ရှီဟောင်သည် ပစ္စည်းများကို တစ်ခုပြီးတစ်ခု ကောက်ယူနေလေသည်။ ဤသည်မှာ ရွှေကြိုးကြာကို အတော်လေး ဒေါသထွက်စေသော်လည်း သူ ဘာမှ မတတ်နိုင်ပေ။

“ဟုတ်သားပဲ .. မင်းတို့ ထာဝရနန်းတော်သခင်လေးက ဘယ်နေရာမှာ သီးသန့်ကျင့်ကြံနေတာလဲ” ရှီဟောင် ရုတ်တရက်မေးလိုက်သည်။ သူတို့အသိုက်ထဲကို တန်းသွားလျှင် ပိုကောင်းလိမ့်မည်ဟု ရှီဟောင်ခံစားလိုက်ရသည်။

“ငါမသိဘူး .. သခင်လေးက ကိုယ်ပွားတွေလွှတ်ပြီးတော့ပဲ အဖိုးတန်ဆေးတွေကို လာယူတာ” ရွှေကြိုးကြာမှ တုန်ယင်စွာ ပြောလိုက်သည်။

“ဘယ်သူက ထာဝရနန်းတော်ထဲမှာ လက်ရဲဇက်ရဲလာလုပ်ရဲတာလဲ” မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ကောင်းတယ် .. မင်းတို့ပြန်လာပြီ .. သူ့ကို ဖမ်းပြီးသတ်လိုက်” ရွှေကြိုးကြာသည် လျင်မြန်စွာပင် ပြန်ဆုတ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်ဝန်းများတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။

ထာဝရနန်းတော်မှလူများသည် ချက်ချင်းပင် သက်မချလိုက်ကြလေသည်။ စွမ်းအားကြီးသည့် ထူးခြားပါရမီရှင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးနှစ်ဦး တစ်ပြိုင်နက်တည်း ပြန်ရောက်လာခြင်းပင်။ ဤသူနှစ်ဦးမှာ ရန်သူများအားလုံးကို ဖိနှပ်ရန် လုံလောက်သည်။

“တစ်ချို့ စွမ်းအားကြီးတဲ့သူတွေက မြို့ထဲမှာ ဖြစ်ပျက်နေတာကို အာရုံခံမိသွားပြီ .. ငါတို့သူ့ကို မြို့ပြင်ခေါ်ထုတ်သွားပြီး အဲဒီမှာ သတ်လိုက်မယ်” ထူးခြားပါရမီရှိသူတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့်လှိုင်းများ ထွက်နေပြီး သွေးစွမ်းအင်များလည်း ကောင်းကင်ထက်သို့ပင် ပျံလွင့်နေလေသည်။

လေဟာနယ်ပျက်စီးခြင်းသင်္ကေတ အသက်ဝင်လာကာ ထူးခြားပါရမီရှိသူနှစ်ယောက်သည် ရှီဟောင်နှင့် လုယီကို ထိုနေရာမှ ခေါ်ထုတ်သွားလေသည်။ သူတို့နောက်သို့ အခြားကျွမ်းကျင်သူ ၁၀ ယောက်လည်း လိုက်လာလေသည်။

“သူသေတာကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်ကြည့်ချင်တာ .. မင်းတို့အားလုံး ဒီနေရာကိုစောင့်ကြည့်နေကြ” ရွှေကြိုးကြာသည် ဒေါသတကြီးပင်ပြောလိုက်ပြီး သူသည်လည်း လေဟာနယ်ပျက်စီးခြင်းသင်္ကေတကို အသက်သွင်းကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

လူအချို့သည် ထာဝရနန်းတော်အပြင်ဘက်တွင် ရပ်ကာ အထဲဘက်အား ကြည့်နေကြလေ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် တစ်ခုခုဖြစ်နေသည်ဟု သူတို့သတင်းကြားလိုက်ရသောကြောင့်ပင်။

“ကိစ္စသေးသေးလေးပါ .. ခင်ဗျားတို့အားလုံးသွားလို့ရပြီ .. တစ်ယောက်ယောက်က ပြဿနာလာရှာတာပါ .. အဲဒီလူကို မောင်းထုတ်လိုက်ပြီ” တစ်စုံတစ်ယောက် ထွက်လာကာပြောလိုက်သည်။ ရှီဟောင် အသတ်ခံရပြီး မည်သူမျှ ထာဝရနန်းတော်ကို မဆန့်ကျင်နိုင်ဘူးဟု သူယုံကြည်ထားသောကြောင့်ပင်။

သို့သော် အချိန်အတော်ကြာစောင့်ပြီးသည်အထိ မည်သည့်ဗိုလ်ချုပ်မှ ပြန်ရောက်မလာကြပေ။

“မကောင်းတော့ဘူး .. အဲဒီလူငယ်လေး ပြန်ရောက်လာပြီ ဒါပေမဲ့ ငါတို့ဗိုလ်ချုပ်တွေကို မမြင်ရသေးဘူး” တစ်နာရီကြာပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်သည် နန်းတော်အတွင်းထဲသို့ ပြေးဝင်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

နန်းတော်ထဲတွင် ကျန်ခဲ့သည့်သူများအားလုံးထိတ်လန့်သွားရသည်။

“သူတို့တိုက်တဲ့နေရာကို သွားကြည့်ရအောင် .. ဘာဖြစ်သွားတာလဲ .. ဘာလို့ ဗိုလ်ချုပ်နှစ်ယောက်က ပြန်မလာသေးတာလဲ”

တစ်ခဏကြာပြီးသည့်နောက်တွင် သူတို့သည် ရွှေ့ပြောင်းခြင်းအစီအရင်ဖြင့် တောင်ကြောဘက်သို့ ရောက်လာကြလေ၏။ ဤနေရာရှိ တောင်ထိပ်များပြတ်နေပြီး မြေကြီးများလည်း ချိုင့်ဝင်နေသည်ကို သူတို့တွေ့လိုက်ရသည်။

ဤနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူငယ်လေး ပြန်ရောက်လာပြီဖြစ်သောကြောင့် ဤသည်မှာ အရာအားလုံးကို သက်သေပြပြီးသားပင်။

“အဲဒီမှာ တစ်ယောက်ယောက်ကို တွေ့ပြီ” မျက်စိလျှင်သည့်တစ်ယောက်ယောက်သည် ရွှေကြိုးကြာကို တွေ့လိုက်ရသည်။

သို့သော် ယခုအချိန်တွင် သူ၏ဆံပင်များမှာ ရှုပ်ပွနေပြီး သူ၏မျက်လုံးများလည်း အသက်မဲ့နေလေသည်။

“ဗိုလ်ချုပ်ကြီးနှစ်ယောက်က ဘာဖြစ်သွားတာလဲ” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်မေးလိုက်သည်။

သို့သော် အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့သော်လည်း ရွှေကြိုးကြာမှာ မည်သို့မှ မတုံ့ပြန်ပေ။ ထိုနေရာတွင်သာ အသိစိတ်မဲ့စွာ ထိုင်နေလေသည်။

“ဘာဖြစ်တာလဲ” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။

နောက်ဆုံးတွင် ရွှေကြိုးကြာမှ တုံ့ပြန်လာလေပြီ။ သူသည် အိပ်မက်ယောင်နေသည့်သူကဲ့သို့ပင် စကားလုံးအချို့ကို ထိတ်လန့်တကြား ပြောနေလေ၏။
“သေပြီ .. အားလုံးသေပြီ .. အားလုံးကို သူ ချက်စားလိုက်ပြီ..”

“ဘာ…”

“တစ်ခုခုဖြစ်ခဲ့တယ်ထင်တယ် .. ထူးခြားပါရမီရှိတဲ့သူနှစ်ယောက် သေသွားပြီ .. သခင်လေးကို အကြောင်းကြားဖို့ နည်းလမ်းရှာလိုက် .. အဲဒီလူကို လိုက်ဖမ်းရမယ်” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။ သူတို့ ထာဝရနန်းတော်သခင်လေးကို လှုပ်ရှားခိုင်းရမည်။

အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းအားလုံးမှာ ကျွမ်းကျင်သူများမှာမူ ထိုမြင်ကွင်းအား ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်သာ။ ထူးခြားပါရမီရှိသူနှစ်ယောက်သာမက အခြားကျွမ်းကျင်သူ ၁၀ ယောက်ကျော်အားလုံးကို ရှီဟောင်သည် တစ်ချက်တည်းဖြင့် ရှင်းပစ်ခဲ့ခြင်းပင်။

ဤတိုက်ပွဲတွင် ရှီဟောင်သည် သူ၏ နတ်စွမ်းရည်များကို ပြသလိုက်ခြင်းပင်ဖြစ်ပြီး အပြင်ဘက်မှလူများကို ထိတ်လန့်သွားစေခဲ့သည်။ သို့သော်လည်း သူတို့သည် ထာဝရရှေးဟောင်းမြေအထဲဘက်မှ လူများကို သတိပေးနိုင်မည့်နည်းလမ်း မရှိပေ။

ရှီဟောင်သည် လုယီကို ပြန်ခေါ်ခဲ့လိုက်သည်။ သူ၏နောက်ပစ်မှတ်မှာ အနက်ရောင်နတ်သားတော်နန်းတော်ပင်။

ယုလီသည် သူ့နောက်သို့ လိုက်လာပြီး သူ၏ဒူးများပင် ပျော့ခွေချင်နေလေပြီ။ သူ၏စိတ်သည်လည်း ရှုပ်ထွေးနောက်ကျိနေသည်။ သူမြင်လိုက်ရသည့်အရာမှာ ဒဏ္ဍာရီများတွင်ပင် မရှိသည့်အရာပင်။ စီရင်စုများစွာကို လှုပ်ခတ်နိုင်သည့် ထူးခြားပါရမီရှိသူနှစ်ယောက်သည် နတ်ဆိုးဘုရင်၏ သတ်ဖြတ်ခြင်းကို ခံရကာ ကင်စားခံလိုက်ရသည်။

“တကယ်ပဲ မင်းလား”

လမ်းဆုံးတွင် ပုံရိပ်တစ်ခု ပေါ်လာလေ၏။ လော့သွမ်သည် အနည်းငယ်ပိန်ပါးကာ ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။ သူသည် အလောတကြီးပင် ပြေးထွက်လာလေ၏။

“မင်းတို့က မြို့ထဲမှာကိုး .. ငါက မင်းတို့ကို လိုက်ရှာနေတာ” ရှီဟောင် ပျော်ရွှင်စွာ ပြောလိုက်သည်။

“ငါက မြို့ထဲမှာ ပုန်းနေတာ ဘယ်သူမှမသိဘူး .. ဒါပေမဲ့ လန်ယုချန်က အန္တရာယ်ရှိနေတယ် .. သူက ရတနာရှစ်သွယ်ယူနီကွန်းကို ယူသွားတာ .. အခုသူက သတ္တုတွင်းတစ်ခုထဲမှာ ပိတ်မိနေတာ .. ထွက်ပေါက်ကို တစ်ခြားသူတွေက ပိတ်ထားကြတော့ သူထွက်လို့မရဘူးဖြစ်နေတယ် .. သူအချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ်”
လော့သွမ်သည် စိုးရိမ်နေပြီး ရှီဟောင်ကို အမြန်သွားကယ်ပေးရန် ပြောလိုက်သည်။

“သူတို့က သေချင်နေတာပဲ .. လမ်းပြ”
ရှီဟောင်ပြောလိုက်ကာ လော့သွမ်နှင့် လုယီကို ကောင်းကင်ထက်သို့ ခေါ်သွားလိုက်ပြီး ချက်ချင်းပင် ခွန်ပန်အတောင်ပံများကို အသုံးပြုလိုက်သည်။

အပိုင်း ၁၀၂၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၈ – ငွေရောင်ခြယ်တောင်

ငွေရောင်ခြယ်တောင်မှာ တောက်ပနေသည့်နှင်းတောင်ကြီးကဲ့သို့ပင်။

ဤသည်မှာ သတ္တုတောင်ကြောဖြစ်ပြီး ငွေစွမ်းအင်ဖြင့် ပြုလုပ်ထားသည်။ တောင်ထိပ်များလည်း မညီမညာဖြစ်နေကြသည်။ ဤသည်မှာ သာမန်ငွေစွမ်းအင်များသာဖြစ်သော်လည်း စုပေါင်းလိုက်သည့်အချိန်တွင်မူ အတော်လေးပင် ထိတ်လန့်စရာကောင်းလှသည်။

ဤနေရာ၏ အလယ်တွင် ပုံမှန်မဟုတ်သည့် ကြီးမားလှသည့် တောင်ကြီးတစ်တောင်ရှိနေသည်။ ဤတောင်ကြီးသည် ကြိတ်ဆုံကျောက်နှင့်တူနေပြီး သာမန်တောင်ထိပ်များနှင့် မတူပေ။

ဤနေရာတွင် လေများတိုက်ခတ်နေလေသည်။ ရှီဟောင်သည် ဤနေရာတွင် ဆင်းသက်လိုက်ကာ လော့သွမ်နှင့် လုယီတို့လည်း သူ့နောက်မှ လိုက်လာလေသည်။

“လန်ယိချန်က သတ္တုနဲ့ပေါင်းစပ်နိုင်တဲ့ မွေးရာပါစွမ်းရည်ရှိတယ် .. သူက အဲဒီစွမ်းရည်ကိုသုံးပြီးတော့ အသက်ရှင်နေတာ .. သူ ရတနာရှစ်သွယ်ယူနီကွန်းကို ယူသွားပြီးတော့ ဒီတောင်မှာ ပုန်းနေတာ”

လော့သွမ် ရှင်းပြလိုက်သည်။ အသက်ရှင်နိုင်ရန်အတွက် သူတို့နှစ်ဦး တစ်လမ်းဆီပြေးခဲ့ကြသည်။ ထိုစဉ်က သူတို့ကို လူအုပ်လိုက်ကြီး လိုက်နေခဲ့သောကြောင့် အလွန်ပင် အန္တရာယ်များခဲ့သည်။

လန်ယိချန်သည် ကျယ်ပြန့်လှသည့် သတ္တုတောင်ကြောကို အခွင့်ကောင်းယူကာ ဤနေရာတွင် ပုန်းနေခြင်းပင်။

လော့သွမ်မှာ အရဲတင်းဆုံးပင်။ အားလုံးထံမှ လွတ်သွားသည့်အချိန်တွင် သူသည် အလင်းတန်းမြို့သို့ ချက်ချင်းပြန်လာပြီး အန္တရာယ်အများဆုံးနေရာတွင် ပုန်းခိုနေခဲ့သည်။

မဟုတ်ပါက သူ လွတ်မြောက်နိုင်ရန် ခက်ခဲလိမ့်မည်။ အလင်းတန်းမြို့ဝင်ပေါက်တိုင်းတွင် ထောင်ချောက်များ ဆင်ထားကြလေသည်။

“ငါ့ရဲ့ ရတနာရှစ်သွယ်ယူနီကွန်းကို ဘယ်သူလာခိုးရဲတာလဲဆိုတာ ကြည့်ရအောင်” ရှီဟောင် ပြောလိုက်သည်။

သူသည် ပုံစံမရှိသည့်စွမ်းအားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်လေ၏။ ဤသည်မှာ လော့သွမ်ကို ထိတ်လန့်သွားစေသည်။ သူတို့မတွေ့ရသည်မှာ ကိုးလသာရှိသေးသော်လည်း ဤနတ်ဆိုးဘုရင်လူငယ်လေးမှာ ပိုပြီး အားကောင်းလာလေပြီ။

ဖိအားတစ်မျိုးခံစားနေရသော်လည်း သူ့ကို ယုံကြည်ချက်လည်းရှိလာစေသည်။ သူတို့ လန်ယိချန်ကို ကယ်တင်နိုင်တော့မည်။

“ဒီနေရာမှာ .. လူတွေအများကြီးပဲ … အားလုံးကလဲ ကျွမ်းကျင်သူတွေပဲ .. ငါတို့သုံးယောက် သူတို့ကို ဖြတ်နိုင်ပါ့မလား” လုယီမှာ လုံးဝထိတ်လန့်နေလေသည်။ ရှီဟောင်မည်မျှပင် ရက်စက်ကြမ်းကြုတ်သည်ကို သူတွေ့ခဲ့ပြီးသားဖြစ်သော်လည်း ဤနေရာတွင် ကျွမ်းကျင်သူများစွာ ရှိနေသောကြောင့် သူအနည်းငယ် ကြောက်မိနေသည်သာ။

သူသာ ထွက်ပြေး၍ရလျှင် အစောကြီးကတည်းက ထွက်ပြေးပြီးနေလေပြီ။ ဤနတ်ဆိုးဘုရင်နောက်လိုက်ရသည်မှာ အလွန်အန္တရာယ်များလှသည်။ သို့သော် သူထွက်ပြေးချင်လျှင်ပင် မည်သည့်နေရာကိုပြေးရမည်နည်း .. ထာဝရနန်းတော်မှလူများမှာ သူ့အား အလွန်မုန်းတီးနေလေပြီ။

ထို့အပြင် ထိုနေရာသို့ လမ်းပြသည့်သူမှာ သူပင်ဖြစ်သောကြောင့် ထိုလူများအားလုံး သူ့ကို မှတ်မိနေလေပြီ။

“ဒီမှာ ဘယ်သူတွေ ရှိနေတာလဲ” ရှီဟောင်မေးလိုက်သည်။

“အများကြီးပဲ .. မီးတိမ်လှိုဏ်ဂူ၊ အနက်ရောင်နတ်နန်းတော်၊ ဓားတောင်ကြားကလူတွေနဲ့ …” လော့သွမ် ရှင်းပြလိုက်သည်။

ဤလူများအားလုံးမှာ ကြောက်စရာကောင်းလွန်းလှသည်။ ဤလူများသည် လက်ရှိခေတ်၏ စွမ်းအားအကြီးဆုံးသူများ၏ လက်အောင်ငယ်သားများ ဖြစ်ရုံသာမက ရှေးခေတ်လူထူးဆန်းများ၏ နောက်လိုက်လည်းဖြစ်သည်။ ဤနေရာတွင် တစ်ကိုယ်တော်ကျင့်ကြံသူများလည်း ရှိလေသည်။

ဤနေရာတွင် လူများနေသောကြောင့် အပြင်ဘက်မှလူများ၏ အာရုံကို ဆွဲဆောင်နိုင်မည်သာ။ စွမ်းအားကြီးသည့် တစ်ကိုယ်တော်ကျင့်ကြံသူအချို့သည်လည်း သတင်းရသည်နှင့် ချက်ချင်းပင် လာရောက်ပူးပေါင်းကြလေသည်။

“သူတို့က ဘယ်သူတွေပဲဖြစ်နေပါစေ ငါ့လမ်းကြောင်းမှာ လာပိတ်ရဲရင်တော့ ငါအားလုံးကို ချွင်းချက်မရှိ သတ်ပစ်မှာပဲ” ရှီဟောင် ဤစကားသာ ပြောလိုက်၏။ ထို့နောက်တွင် သူသည် ခြေလှမ်းကျယ်များဖြင့် လျှောက်သွားလေသည်။

“ကောင်းတယ်” လော့သွမ်၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပေါ်ထွက်လာလေသည်။

အဘယ်ကြောင့်ဆိုသော် ယခုတလောတွင် သူ ငြိမ်ကုပ်နေရသည်။ ရတနာကို ရသွားသည့်သူမှာ သူတို့ဖြစ်သော်လည်း ဤသတင်းပေါက်ကြားသွားသည့်အချိန်တွင် နေရာပေါင်းစုံမှ လူများမှာ သူတို့အား လာရောက်တိုက်ခိုက်ကြပြီး သူတို့သည် အသက်လုပြေးနေရလေသည်။

“ရပ်လိုက် .. ဒီတောင်ကို ချိတ်ပိတ်ထားတယ် .. မင်းတို့ဝင်လို့မရဘူး”

သူတို့ ငွေရောင်တောင်ကြောထဲသို့ ခြေလှမ်းချလိုက်သည်နှင့် သူတို့ကိုတစ်စုံတစ်ယောက် ရှာတွေ့သွားကာ သူတို့လမ်းကို ပိတ်ရပ်လိုက်လေ၏။ သူတို့၏အမူအရာများမှာ အေးစက်နေလေသည်။

“ဒီတောင်မှာ လူတွေအများကြီးရှိနေတာပဲ မဟုတ်ဘူးလား .. ဘာလို့ငါတို့ကို လာတားတာလဲ” ယုလီမေးလိုက်သည်။

“လူတွေများနေတာကြောင့်မို့လို့ပဲ ဘယ်သူ့ကိုမှ မဝင်ခိုင်းတော့တာ .. ဒီငွေတောင်တစ်ခုလုံးမှာ ရွှေစွမ်းအင်တွေ သိပ်မရှိဘူး .. အဲဒီတော့ မင်းတို့အားလုံး ထွက်သွားလို့ရပြီ”

ယုလီတစ်ခုခု ပြောရန်ပြင်လိုက်သော်လည်း ရှီဟောင် သူ့အား တားဆီးလိုက်သည်။ သူသည် အရှေ့ဘက်သို့ လျှောက်လာကာ “ငါတို့ဒီကို ရွှေစွမ်းအင်တွေအတွက် လာတာမဟုတ်ဘူး .. လူတစ်ယောက်ကို လာရှာတာ”

“ဘယ်သူလဲ” တောင်ကြောကို ရပ်စောင့်နေသည့် အစောင့်များ၏ မျက်နှာထားများ ပြောင်းလဲသွားသည်။

“လန်ယိချန်” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။

“ဟက် .. မင်းလည်း စွပ်ပြုတ်သောက်ချင်နေလို့လား .. လူငယ်လေး မင်းလာတာ အရမ်းနောက်ကျသွားပြီ .. ဒီနေရာကို နယ်မြေရှစ်ခုပိုင်းလိုက်ပြီ .. မင်းအတွက်နေရာမရှိတော့ဘူး” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“လန်ယိချန်က ငါ့ရဲ့ညီအစ်ကိုပါ .. ငါ သူ့ကို ပြန်လာခေါ်တာ .. အဲဒီတော့ ငါ ဘာနယ်မြေမှ မလိုဘူး” ရှီဟောင်တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ဘာ..”

“သတိပေးချက်ထုတ်ပြန်လိုက် .. မြန်မြန်”

လူများစွာမှာ နောက်ဆုတ်လိုက်ကြပြီး သတင်းပို့ရန် ပြင်ဆင်လိုက်ကြသည်။

ဝုန်း…

ရှီဟောင်၏အနောက်ဘက်တွင် ကြီးမားလှသည့် ခွန်ပန်အတောင်ပံတစ်စုံ ပေါ်လာကာ ထိုအတောင်ပံလေးကို အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် လေကြမ်းများတိုက်ခတ်လာပြီး ထိုလူများအားလုံး လွင့်ထွက်သွားကာ နံရံများနှင့် တိုက်မိသွားကြသည်။ သူတို့အားလုံးမှာ သွေးအန်သွားကာ အရိုးများလည်း ကျိုးသွားလေ၏။

လန်ယိမပြောနှင့် လော့သွမ်ပင် မျက်လုံးများပြူးကျယ်သွားရသည်။

“သွား..” ရှီဟောင်ပြောလိုက်ပြီး အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။ သူသည် ဤနေရာတစ်ခုလုံးကို သတ်ပစ်တော့မည်သာ။

ရတနာရှစ်သွယ်ယူနီကွန်းကို သူတို့ပိုင်ဆိုင်ခြင်းဖြစ်သော်လည်း အခြားသူများသည် သူတို့အား လက်လွှဲပေးရန် ပြောရုံသာမက နေရာပေါင်းစုံမှလည်း တိုက်ခိုက်သေးသည်။ နတ်ဆိုး၏ဉာဉ်နှင့်ဆိုလျှင် သူဘယ်လိုလုပ် ဤကိစ္စကို မြိုသိပ်နိုင်မည်နည်း..

ရှီဟောင်သည် သတ်ဖြတ်လိုက်သည့် အငွေ့အသက်များဖြင့် အရှေ့ဘက်သို့ ဦးတည်သွားလိုက်သည်။

တောင်အတွင်းတွင် မြက်တစ်ပင်မှပင် မပေါက်ပဲ နေရာတိုင်းတွင် ငွေရောင်စွမ်းအင်များ ရှိနေသည်။

ခဏကြာပြီးသည့်နောက်တွင် သူတို့ ဒုတိယဝင်ပေါက်သို့ ရောက်လာသည်။ ထိုနေရာတွင်လည်း စောင့်ကြပ်နေကြသည့်သူများရှိနေသည်သာ။ အမှန်တကယ်တွင် ဤတောင်ကြောတစ်ခုလုံး၌ လူများ ရှိနေခြင်းပင်။

“ဟမ် .. ဒီလူက လော့သွမ်နဲ့တူသလိုပဲ” တစ်စုံတစ်ယောက်၏ အမူအရာပြောင်းလဲသွားသည်။ သူသည်လက်ထဲတွင်ရှိနေသည့် ပုံလိပ်နှင့် တိုက်စစ်ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ ငွေရောင်ဝတ်စုံဝတ်ထားသည့် လော့သွမ်ပင်ဖြစ်ကြောင်း သိလိုက်ရသည်။

လော့သွမ် လှုပ်ရှားလိုက်သည်။ သူသည် ငွေရောင်အလင်းတန်းအဖြစ်ပြောင်းလဲလိုက်ကာ အရှေ့ဘက်သို့ တရှိန်ထိုးပြေးသွားလိုက်သည်။ သူ၏ဦးခေါင်းမှ ငွေရောင်ဆံပင်များမှာ ရေတံခွန်ကဲ့သို့ပင် စွမ်းအားများ ထုတ်လွှတ်နေလေသည်။

ထိုလူများသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကာ လက်နက်များထုတ်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်လိုက်သည်။

သို့သော် ဆံပင်များသည် ထိုလက်နက်များကို ဖောက်ထွက်သွားကာ သူတို့၏ အဖိုးတန်ပညာများကို ပျက်ပြယ်သွားစေလေသည်။ ဤစွမ်းအားမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။

တချွမ်ချွမ်အသံများ ထွက်လာပြီးသည့်နောက်တွင် ထိုလူများအားလုံး လွင့်ထွက်သွားလေသည်။

လော့သွမ်သည် သူတို့နောက်လိုက်သွားကာ သူတို့ကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်လေသည်။

သူ၏ဆံပင်များမှာ ရှီဟောင်၏လက်ကိုပင် သွေးထွက်အောင်လုပ်နိုင်သောကြောင့် ဤဆံပင်များမှာ မည်မျှပင် စွမ်းအားကြီးသည်ကို မှန်းဆကြည့်နိုင်သည်။

ဖူး..

ထိုအချိန်တွင် ဤလူများသည် ရောင်စုံအလင်းများထွက်နေသည့် ဆံပင်ဖြင့် သူတို့၏မျက်ခုံးကြားသို့ ထိုးဖောက်ခြင်းခံလိုက်ရသည်။ သူတို့အားလုံးသည် ကောင်းကင်ကို မျက်နှာမူကာ လဲကျသွားပြီး မည်သူမျှ အသက်မရှင်တော့ပေ။

“မင်း ဒီလောက်စွမ်းအားကြီးတာ ဘာလို့သေမလို ဖြစ်ခဲ့သေးတာလဲ” ယုလီ တီးတိုးပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင် တုန်လှုပ်နေသည်သာ။

“အမှိုက်ကောင် .. ထူးခြားပါရမီရှင်အများကြီး ဝိုင်းတိုက်တာကို မင်း ခံကြည့်လေ” လော့သွမ်ပြောလိုက်သည်။

ဤသည်မှာ ယုလီကို ထိတ်လန့်သွားစေသည်။ ရှီဟောင်လည်း ခေါင်းညိမ့်လိုက်၏။ လော့သွမ်မှာ တကယ်ကို စွမ်းအားကြီးလှသည်။ ထူးခြားပါရမီရှိသူများစွာ၏ တိုက်ခိုက်မှုအောက်တွင် အသက်ရှင်နိုင်ခဲ့ခြင်းမှာပင် သူစွမ်းအားကြီးကြောင်း သက်သေပြပြီးသားပင်။

သူတို့သည် ဂိတ်ပေါက်လေးခုကို ဆက်တိုက်ပင် ဖြတ်သွားခဲ့ကြပြီး သူတို့လမ်းတွင် ရှိသမျှလူအားလုံးကို သတ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် သူတို့သည် အတားအဆီးသိပ်မတွေ့တော့ပဲ ငွေရောင်ခြယ်တောင်အတွင်းပိုင်းသို့ လျင်မြန်စွာပင် ရောက်ရှိသွားလေသည်။

ဂိတ်ပေါက်များတွင် စောင့်နေကြသည့်သူများတွင် စွမ်းအားကြီးသည့်သူများရှိသော်လည်း ထူးခြားပါရမီရှိသူများ မရှိပေ။

ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များအားလုံးသည် ဤအတွင်းပိုင်းတွင် ရှိနေကြခြင်းပင်။ သူတို့အားလုံးသည် လန်ယိချန်နောက်သို့လိုက်ကြပြီး ရတနာရှစ်သွယ်ယူနီကွန်းအား ခိုးယူရန် ကြိုးစားနေကြလေသည်။

“မကောင်းတော့ဘူး .. တစ်ယောက်ယောက်ဖောက်ဝင်လာနေပြီ”

နောက်ဆုံးတွင် တစ်ယောက်ယောက်သည် ရှီဟောင်နှင့် လော့သွမ်၏ခြေရာများကို တွေ့သွားပြီး ဂိတ်ပေါက်များတွင် သူတို့ချန်ထားခဲ့သည့်အလောင်းများကိုလည်း တွေ့သွားလေသည်။ သူတို့အားလုံးသည် သတိပေးချက်များ ထုတ်ပြန်လိုက်ကြသည်။

ယုလီမှာ ချက်ချင်းပင် ဖြူဖျော့သွားလေသည်။ ဤနေရာတွင်လူများလွန်းလှကာ ထိုလူများအားလုံးမှာလည်း လန်ယိချန်ကို စောင့်ဖမ်းနေကြခြင်းပင်။

“ဘာလို့ သူတို့တော်တော်များများက လူပုံစံဖြစ်နေတာလဲ … ငါသူတို့ကို သတ်လိုက်ရင်တော့ သူတို့ရဲ့ မူလပုံစံကို ပြန်ပြောင်းလောက်တယ်မလား” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။

လော့သွမ် စိတ်ရှုပ်သွားသော်လည်း ယုလီ ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။

“သူ့ကိုသတ်..”

“သတ်..”

မျက်စိတစ်ဆုံးမြင်နေရသည့် ငွေရောင်တောင်ကြောတွင်ရှိနေသည့်သူအားလုံးသည် ဆူညံစွာပင် အော်ဟစ်ကာ သူတို့ကို သတ်ရန်အတွက် တရှိန်ထိုး ပြေးလာကြလေသည်။

ရှီဟောင် သူတို့ကို မကြောက်ပေ။ သူသည် ခြေလှမ်းကျယ်ကြီးဖြင့်ပင် တောင်အတွင်းပိုင်းသို့ ဦးတည်သွားလိုက်သည်။ သူ၏မျက်လုံးများမှာ အေးစက်လှပြီး ထိတ်လန့်စရာကောင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေလေသည်။ ဤသည်မှာ ထိုလူများကို ချက်ချင်းပင် ဆွံ့အသွားစေသည်။

ဤလူငယ်လေးသည် နတ်ဘုရားတစ်ပါးနှင့်တူနေပြီး သူကို ကြောက်ရွံ့စေသည့် ဖိအားတစ်မျိုးကို ပေးနေသည်။

“မင်းတို့အားလုံး ဘာကိုကြောက်နေတာလဲ … ငါတို့ဘက်မှာ လူတွေအများကြီးရှိတယ် .. ငါတို့အားလုံးက သူ့ပြိုင်ဘက်မဟုတ်ဘူးလို့ ပြောချင်တာလား .. ပြီးတော့ အရှင်တွေလည်း အထဲမှာရှိနေတာပဲ .. တစ်ခုခုမူမမှန်တာကို သူတို့လည်း အာရုံခံမိပြီး ခဏနေရင် ထွက်လာလိမ့်မယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ထို့နောက်တွင် တောင်များဘက်မှ လူများစွာ ပြေးထွက်လာပြီး မှော်ပစ္စည်းမျိုးစုံ လွင့်ပျံလာကာ အဖိုးတန်ပညာများလည်း တောက်ပလာသည်။

ဝုန်း..

ရှီဟောင်၏မျက်လုံးမှ ရွှေရောင်သင်္ကေတများ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေအသက်များလည်း လေထဲသို့ ပျံ့လွင့်သွားလေသည်။ သူသည် ပျံသန်းနေသည့် ထာဝရလူသားတစ်ယောက်ကဲ့သို့ပင် အလွန်တောက်ပသည့်အလင်းများကို ထုတ်လွှတ်နေလေသည်။

ဤသည်မှာ ကောင်းကင်ပျက်စီးခြင်းအလင်းပင်။ သူ ဤအလင်းကို တမင်သက်သက်ထိန်းချုပ်ထားကာ အမြင့်ဆုံးအဆင့်မရောက်အောင် လုပ်ထားသော်လည်း ဤသည်မှာ ထိတ်လန့်စရာကောင်းနေဆဲပင်။ ဤသည်မှာ သူတို့ဦးခေါင်းထက်တွင် အလင်းမိုးများရွာသွန်းနေသလိုပင်။

ဤကဲ့သို့သော အဖိုးတန်ပညာမှာ တိုက်ပွဲကြီးများအတွက် အသင့်တော်ဆုံးပင်။

ဖူး ဖူး အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လူအုပ်ကြီးမှာ ချက်ချင်းပင် မြေကြီးပေါ်သို့ လဲကျသွားလေသည်။ နေရာတိုင်းတွင် သွေးများစီးဆင်းနေပြီး လူသုံးဆယ်ကျော်မှာ မည်သူမှ အသက်မရှင်တော့ပေ။

ဤမြင်ကွင်းမှာ အတော်လေး တိတ်ဆိတ်နေသည်။ အားလုံးမှာ တုန်လှုပ်သွားကာ ရပ်တန့်သွားပြီး နောက်ပြန်ဆုတ်သွားလိုက်ကြသည်။

ရှီဟောင်သည် သူတို့အား အရေးစိုက်မနေတော့ပဲ တောင်ကြောအတွင်းပိုင်းသို့ ဝင်ခဲ့လိုက်သည်။

ဤနေရာ၏ အလယ်ဗဟိုတွင် တောင်ကိုယ်ထည်နှင့်တူသည့် ငွေရောင်ကြိတ်ဆုံကျောက်တစ်ခုရှိနေ၏။ ဤသည်မှာ တောင်ထိပ်များထက်ပင် မြင့်ပြီး အလွန်ခမ်းနားလှသည်။

ဤနေရာတွင် စွမ်းအားရှင်များ စုပေါင်းလုပ်ထားသည့် အစီအရင်ကြီးတစ်ခု ရှိနေသည်။ ထိုအစီအရင်သည် လန်ယုချန်ထွက်မပြေးနိုင်အောင်အတွက် ငွေရောင်ခြယ်တစ်ခုလုံးကို ဝန်းရံထားလေ၏။ သူတို့သည် ထိုအစီအရင်ကို တစ်ဖြည်းဖြည်းချင်း ကျုံ့နေကြခြင်းပင်။ နောက်ရက်အနည်းငယ်အတွင်းတွင် သူထွက်လာအောင် ဖိအားပေးနိုင်လိမ့်မည်ဟု သူတို့ယုံကြည်နေကြသည်။

ဝုန်း…

ရှီဟောင် ဆက်တိုက်ပင် လှုပ်ရှားလိုက်သည်။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် နေသည်မှာ ကြာနေပြီဖြစ်သောကြောင့် သူလည်း အစီအရင်များအကြောင်း အနည်းငယ် သိလာသည်။ အစီအရင်၏ အားအနည်းဆုံးနေရာများကို သူရွေးတိုက်လိုက်သည်။ နောက်ဆုံးတွင် သူသည် ထောင့်တစ်နေရာကို ဖွင့်နိုင်သွားကာ အထဲဘက်သို့ လျှောက်လာလိုက်သည်။

တောင်အတွင်းဘက်ပိုင်းတွင် ပုံရိပ်ရှစ်ခု ထိုင်နေကြလေ၏။ ထိုထဲတွင် ငွေရောင်ဆံပင်နှင့်တစ်ယောက်၊ အခြားတစ်ယောက်မှာ ခရမ်းရောင်စွမ်းအင်များရှိကာ အခြားတစ်ယောက်မှာမူ ရွှေရောင်ဦးချိုရှည်များရှိသည်။ သူတို့အားလုံးသည် အံ့အားသင့်စရာကောင်းသည့်အော်ရာများကို ပိုင်ဆိုင်ထားလေသည်။ ဤနေရာတွင် နတ်တောင်ရှစ်ခု ရှိနေသကဲ့သို့ပင် လူတစ်ယောက်ကို အသက်ရှူကြပ်စေသည့်ဖိအားကို ထုတ်လွှတ်နေလေသည်။

“မဆိုးဘူးပဲ .. ဒီနေရာထိကို ဖောက်ဝင်လာနိုင်တယ်ဆိုတော့ မင်းမှာ နည်းလမ်းတစ်ချို့ ရှိနေမှာပဲ” ငွေရောင်ဆံပင်နှင့်လူ ပြောလိုက်သည်။

“မင်းလာတာ အရမ်းနောက်ကျသွားပြီ .. မင်းထွက်သွားသင့်တယ်” မျက်ခုံးနှစ်ကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံးရှိနေသည့် လူငယ်တစ်ယောက်မှ ပြောလိုက်သည်။ ဤလူသည် ကျန်ပေါင်းများစွာမြင့်သည့် ကျောက်တုံးကြီးထက်ထိုင်နေပြီး ရှီဟောင်အား စီးမိုးကြည့်နေလေသည်။

ရှီဟောင်တို့ သုံးယောက်သည် ဤထဲသို့ ထိုးဖောက်ဝင်ရောက်လာကြောင်း သူတို့ သတင်းရရှိပြီးသားပင်။

“ဟား ဟား ဟား..” တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ ဤသည်မှာ ရွှေရောင်နွားချိုများရှိသည့် ကျွမ်းကျင်သူတစ်ယောက်ပင်။ ရယ်မောပြီးသည့်နောက်တွင် သူ၏မျက်လုံးများ အေးစက်သွားကာ “မင်းကိုယ်မင်းဘာထင်နေလို့ လန်ယုချန်ကို ခေါ်သွားပြီး ရတနာရှစ်သွယ်ယူနီကွန်းကို တစ်ယောက်တည်းအပိုင်စီးချင်နေတာလဲ .. အိပ်မက်ဆက်မက်နေလိုက်”

“မင်းကိုယ်မင်း အရမ်းစွမ်းအားကြီးတယ်လို့ ထင်နေတာလား .. မင်းမှာ ဘာအရည်အချင်းရှိလို့ သူ့ကို ခေါ်သွားမှာလဲ .. မင်းက ငါတို့ဂုဏ်သိက္ခာကို စိန်ခေါ်နေတာလား” အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးမှ ပြောလိုက်သည်။ သူမအနားတွင် အနက်ရောင်မြူများ ရစ်သိုင်းနေပြီး သေစေလောက်သည့်အော်ရာများလည်း ထုတ်လွှတ်နေသောကြောင့် သူမသည် မြေအောက်ကလန်မှလူပင်။

“အမ် .. အဓိကလူရောက်လာပြီပဲ .. မင်းက လန်ယိချန်နောက်က လူကိုး .. အိုး .. လော့သွမ် .. မင်းလည်းလာတာလား .. ဒီလူက မင်းတို့နှစ်ယောက် အားကိုးနေတဲ့လူလား .. အဲဒီလောက်လည်း မဟုတ်သလိုပဲ” ရွှေရောင်နွားချိုများရှိနေသည့်သူသည် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ သို့သော် သူ၏မျက်လုံးများမှာ အလွန်အေးစက်နေလေသည်။

“ဟား ဟား ဟား .. အဓိကလူရောက်လာပြီ .. ကောင်းတယ် .. သူသေသွားတာနဲ့ ဒီရတနာရှစ်သွယ်ယူနီကွန်းက ပိုင်ရှင်မဲ့ဖြစ်သွားမှာ မဟုတ်လား” အခြားတစ်ဖက်တွင်ရှိနေသည့် အနီရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အမျိုးသမီး ပြုံး၍ပြောလိုက်သည်။ သူမ၏လှပသည့်မျက်နှာထက်၌ လှောင်ရိပ်သန်းနေလေသည်။

အပိုင်း ၁၀၂၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၂၉ – ကြီးမြတ်သောကျွမ်းကျင်သူ ရှစ်ယောက်

ရှီဟောင် သူတို့အား တစ်ယောက်ချင်းစီ လိုက်ကြည့်လိုက်သည်။ သေချာသလောက်ပင် သူတို့အားလုံးသည် သာမန်လူများ မဟုတ်ကြပေ။ သူတို့၏ခန္ဓာကိုယ်ထဲတွင် သွေးစွမ်းအင်များမှာ ပင်လယ်ကဲ့သို့ပင်။ သူ အတွင်းပိုင်းထိမြင်နိုင်ရန် ခက်ခဲနေလေသည်။

သူတို့အားလုံးသည် ခေတ်တစ်ခေတ်၏ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများပင်။

ထိုသူများအားလုံးသည် အနည်းဆုံးတော့ စီရင်စုတစ်ခု၏ စွမ်းအားအကြီးဆုံးသူများပင်။

“မင်းငါတို့ကို ကြည့်လို့ဝပြီလား .. မင်းမသေချင်ရင် ထွက်သွားလိုက်တော့ … မင်းအသက်ကို မလိုချင်တော့ဘူးဆိုရင်တော့ အရှေ့တိုးလာခဲ့လိုက်” ခရမ်းရောင်စွမ်းအင်များ ရစ်သိုင်းနေသည့် လူငယ်လေးမှ ပြောလိုက်သည်။ သူ၏လက်ထဲတွင် မြင့်မြတ်ဓားတစ်ချောင်းကို ကိုင်ထားပြီး သူသည် တောင်ကြီးကိုမှီကာ တည်ငြိမ်စွာ ပြောနေခြင်းပင်။

ရှီဟောင်သည် သူ့အား အရေးမစိုက်ပဲ ဘေးနားပတ်ပတ်လည်ကိုသာ သေချာအာရုံခံလိုက်သည်။ ဤကျွမ်းကျင်သူရှစ်ယောက်အပြင် အခြားမည်သူမှ ပုန်းမနေသည်ကို သူ အတည်ပြုလိုက်သည်။

“မင်း ထွက်မသွားချင်ဘူးဆိုမှတော့ မင်း လမ်းကို ငါတို့ပို့ပေးရတာပေါ့” ရွှေရောင်ဦးချိုရှိသည့် ကျွမ်းကျင်သူမှ အေးစက်စွာ ပြောလိုက်သည်။

“ခဏလေး…” ခြင်္သေ့ဖြူပြောလိုက်သည်။ သူ၏မျက်လုံးများ တောက်ပနေကာ ထိုရွှေရောင်ဦးချိုနှင့် ကျွမ်းကျင်သူကို တားဆီးလိုက်သည်။ သူသည် ရှီဟောင်ကို ကြည့်လိုက်ကာ “တာအိုညီအစ်ကို မင်းငါ့ရဲ့ နတ်ဘုရားကျောင်းကို ဝင်ချင်လား .. မင်းရဲ့စိတ်ဝိဉာဉ်နဲ့ဆိုရင် မင်းက သေချာပေါက် မျိုးဆက်တစ်ခုရဲ့သူရဲကောင်းဖြစ်မှာ .. မင်း ဘာလို့ ငါတို့နဲ့ မဟာမိတ်မဖွဲ့တာလဲ”

သူသည် လူပုံစံသို့ မပြောင်းထားပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ငွေရောင်အမွေးဖြူများ တောက်ပနေလေသည်။ သူသည် ဒဏ္ဍာရီများထဲမှ အားလုံး၏ဘုရင်နှင့်တူနေသည်။

ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် အခြားသူများအားလုံး မကျေမနပ်ဖြစ်သွားကြသည်။ ဤသည်မှာ သူ လူဖမ်းနေခြင်းပင်။

“နတ်ဘုရားကျောင်းက အဲဒီလောက် အထင်ကြီးစရာကောင်းလို့လား .. အဲဒီဂိုဏ်းကို ဝင်ရင် ဘာအကျိုးကျေးဇူးတွေ ရမှာလဲ” ရှီဟောင်မေးလိုက်သည်။

အခြားသူများအားလုံး ထိတ်လန့်သည့်ပုံစံ ဖြစ်သွားလေသည်။ သူက နတ်ဘုရားကျောင်းကိုတောင် မကြားဖူးဘူးလား .. ဤသည်မှာ ထာဝရနန်းတော်နှင့် ယှဉ်နိုင်သည့် ရှေးဟောင်းမျိုးဆက်တစ်ခုပင်။

ဤမျိုးဆက်တွင် လူအများကြီးမရှိသကဲ့သို့ နည်းလည်းမနည်းပေ။ သူတို့ထံတွင် ကြီးကျယ်ခမ်းနားသည့် တာအိုနန်းဆောင်ရှိသော်လည်း ထိုနေရာတွင် ရှေးဟောင်းဘုရားကျောင်းတစ်ခုသာ ရှိလေသည်။ ထိုနေရာတွင် နတ်ရုပ်တုသုံးခုရှိနေလေ၏။

ဤရုပ်တုသုံးခုမှာ ရှေးကတည်းက မပျက်စီးသေးသည့် ရုပ်တုများဖြစ်သည်ဟုလည်း ပြောကြသည်။ ဤသည်မှာ သူတို့စွမ်းအားကို ကိုယ်စားပြုခြင်းပင်။

ဤလူများသည် ထာဝရရှေးဟောင်းခေတ်မှ မသေမျိုးများဖြစ်သည်ဟု ပြောကြသူများရှိသလို နတ်တာအိုခေတ်မှ မသေဆုံးနိုင်သည့် နတ်ဘိုးဘေးများဖြစ်သည်ဟုလည်း ပြောကြသည်။ သူတို့သည် ကောင်းကင်အထက်နှင့် မြေကြီးအောက်တွင် ပြိုင်ဘက်ကင်းသည့် ကောင်းကင်ဧကရာဇ်များဖြစ်သည်ဟု ပြောကြသူများလည်းရှိသည်။

ဤမျိုးဆက်မှလာသည့်သူများအားလုံးလည်း စွမ်းအားကြီးကြသည်သာ။ သူတို့သည် ‘ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုကျမ်းစာ’ကို ရထားကြလေသည်။ ဤသည်မှာ အမြင့်ဆုံးမျိုးဆက်ဖြစ်ပြီး ပြိုင်ဘက်ကင်းသည့် ကောင်းကင်ပညာများထဲမှ တစ်ခုပင်။

“နတ်ဘုရားကျောင်းက ဘာလဲဆိုတာကိုတော့ တာအိုရောင်းရင်း ကြိုက်တဲ့သူမေးလိုက်လို့ရတယ် … သူတို့မင်းကို ပြောပြလိမ့်မယ် … ငါတို့နဲ့ပူးပေါင်းဖို့အတွက်ကတော့ ငါတို့မှာ မဟာမိတ်စည်းမျဉ်းတစ်ခုရှိတယ် .. မင်းကို ကန့်သတ်မထားဘူး … မင်းဒုက္ခရောက်ရင် ငါတို့မင်းကို ကူညီပေးမယ် .. ပြောရမယ်ဆိုရင် ငါတို့က တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့” ခြင်္သေ့ဖြူမှ ပြောလိုက်သည်။

“အဲဒါဆိုရင် ကျုပ်မှာ မေးခွန်းတစ်ခုပဲရှိတယ် .. ခင်ဗျားတို့တွေ ကျုပ်ကို ရတနာရှစ်သွယ်ယူနီကွန်းကို ယူပေးဖို့ ကူညီမှာလား မကူညီပေးဘူးလား” ရှီဟောင်မေးလိုက်သည်။

“ရှေးဟောင်းမြင့်မြတ်သားတော်က ရတနာရှစ်သွယ်ယူနီကွန်းကို လိုအပ်တယ် .. တာအိုရောင်းရင်းသာ အလဲအလှယ်လုပ်ပေးမယ်ဆိုရင် မင်းကျေနပ်ဖို့အတွက် ငါတို့ဘာမဆိုအားလုံး လုပ်ပေးမယ်” ခြင်္သေ့ဖြူကြီးမှ ပြောလိုက်သည်။

“အဲဒါဆိုရင် နတ်ဘုရားကျောင်းနဲ့ ပူးပေါင်းတာက ဘာအသုံးဝင်မှာလဲ .. မင်းတို့အားလုံးက ငါ့ရဲ့ရတနာရှစ်သွယ်ယူနီကွန်းကိုတောင် လိုချင်နေတာ … ငါမင်းတို့နဲ့ ပူးပေါင်းလိုက်ရင် ငါ့မှာရှိတာ အားလုံး မင်းတို့ကို ပေးရမှာလား” ရှီဟောင်လှောင်ပြောင်လိုက်သည်။

“ရှေးဟောင်းမြင့်မြတ်သားတော်က ဒီရှားပါးတဲ့ရတနာကို တကယ်လိုနေလို့ပါ .. တာအိုရောင်းရင်းသာ ဒါကိုပေးမယ်ဆိုရင် အားလုံးကို ဆွေးနွေးလို့ရပါတယ်” ခြင်္သေ့ဖြူကြီး ပြောလိုက်သည်။

ရှေးဟောင်းမြင့်မြတ်သားတော်ဟု သူပြောလိုက်သည့်အချိန်တိုင်းတွင် ဘေးဘက်တွင်ရှိနေသည့်သူများအားလုံးမှာ စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသူမှာ ထာဝရရှေးဟောင်းမြေကို အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ပြီး အကြိမ်တိုင်းတွင်လည်း ပြိုင်ဘက်ကင်းစွာ ထွက်လာလေသည်။

ရှေးဟောင်းမြင့်မြတ်သားတော်ဟူသည့်နာမည်မှာ သူ၏မျိုးရိုးနာမည် ‘ရှေးဟောင်း’ ဟူသည့်စကားလုံးမှ လာခြင်းတစ်ခုတည်းမဟုတ်ပဲ သူသည် နတ်ဘုရားကျောင်းမှလာသည့် ရှေးဟောင်းလူထူးဆန်းလည်း ဖြစ်နေသောကြောင့်ပင်။ သူသည် ကောင်းကင်ဘုံကိုးခုကမ္ဘာမြေဆယ်ခုကျမ်းစာကို အဆုံးစွန်အထိ နားလည်ထားပြီဖြစ်ပြီး သူ့အား ပြိုင်ဘက်ကင်းအောင် ဖြစ်စေလေသည်။

ယနေ့ခေတ်တွင် နတ်ဘုရားကျောင်းသည် ထူးခြားသည့်မျိုးရိုးဆက်ခံသူရှိနေရုံသာမက သူနှင့်အတူတူ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်လာသည့် ရှေးဟောင်းမြင့်မြတ်သားတော်လည်း ရှိလေသည်။ သူတို့၏အင်အားမှာ အခြားသူများကို စိတ်ပျက်သွားစေလောက်အောင် စွမ်းအားကြီးသည်ဟု ပြော၍ရသည်။

“ကျုပ်အတွက်လည်း ကျုပ်လိုတယ် … အဲဒီတော့ ကျုပ်ဘယ်သူ့ကိုမှ ပေးမှာမဟုတ်သလို ဘာနဲ့မှလဲ လဲမှာမဟုတ်ဘူး” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။

“အဲဒါဆိုရင် ဒါက တကယ်ကို နှမြောဖို့ကောင်းတာပဲ” ခြင်္သေ့ဖြူ ပြောလိုက်သည်။ သူ၏မျက်လုံးများတွင် ငြိမ်းချမ်းမှုများ ရှိမနေတော့ပဲ အနည်းငယ်တောက်ပလာလေသည်။

“ဘာလို့ စကားတွေအများကြီး ပြောနေမှာလဲ …. မင်း ကိုယ့်အစွမ်းအစနဲ့ကိုယ်သာ ရတနာရှစ်သွယ်ယူနီကွန်းကို ယူလိုက်တော့ … သူ့ကိုလည်း သူ့လမ်းသူ ပို့လိုက်တော့” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“လော့သွမ်နဲ့ လန်ယိချန်တို့ရဲ့ ညီအစ်ကိုဟုတ်လား .. မင်းရဲ့ညီအစ်ကိုနှစ်ယောက်က တော်တော်လေးကို အရည်အချင်းမရှိတာပဲ … ပြေးပုန်းဖို့ပဲသိတယ် .. စိတ်ဝင်စားစရာကို မကောင်းဘူး” သူ၏ကျောဘက်တွင် ငါးရောင်စပ်အတောင်ပံများရှိသည့် လူငယ်လေးမှ ပြောလိုက်သည်။ သူသည်စွမ်းအားကြီးသည့် နဂါးစာကလေးပင်။

“မင်း…” လော့သွမ် ဒေါသထွက်သွားရ၏။
” မင်းတို့အားလုံး ဝိုင်းတိုက်ကြပြီးတော့ ဒီလိုမျိုး ပြောရဲသေးတယ်ပေါ့”

နွားဦးချိုရှိသည့်တစ်ယောက်သည် အေးစက်စွာပင် ရယ်မောလိုက်ကာ “ငါတို့တစ်ယောက်ချင်း တိုက်ရင်တောင်မှ မင်းကငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး … မင်းဘောင်းဘီထဲသေးထွက်ကျအောင် ကြောက်နေပြီးတော့ ပုန်းနေလို့လေ မဟုတ်ရင် မင်းအသတ်ခံရတာ ကြာလှပြီ”

လော့သွမ်သည် သူ့အား ဒေါသတကြီးကြည့်လိုက်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် သူ့ကို ရှီဟောင် တားမြစ်လိုက်သည်။ သူကိုယ်တိုင်တိုက်မည်။

“ငါ သွားမယ်” နဂါးစာကလေးသည် သူ၏အတောင်ပံများကို လှုပ်ခတ်ကာ လေထဲသို့ တက်သွားလိုက်သည်။

“မဟုတ်ဘူး .. ငါအရင်သွားမယ် .. ငါနဲ့လာမလုတိုက်နဲ့” ရွှေရောင်ဦးချိုရှိသည့် ကျွမ်းကျင်သူမှ ပြောလိုက်သည်။ သူသည် အလွန်ပင်ကြီးမားလှသည့် ကျောက်တုံးကြီးထက်မှ ဝုန်းခနဲ ခုန်ဆင်းလာလေသည်။ မြေကြီးပင် အက်ကွဲသွားကာ သူ့ထံမှ ထွက်လာသည့်စွမ်းအင်များလည်း ကြောက်စရာကောင်းလှသည်။

အနောက်လက်တွင်ရှိနေသည့် ယုလီ၏မျက်မှာမှာ ဖြူဖျော့နေလေပြီ။ သူ၏ခန္ဓာကိုယ်မှာ သူ့အလိုလိုပင် အနောက်ဆုတ်သွားလေသည်။

“ဟား ဟား .. မင်းလိုကောင်မျိုးက ဒီကိုလာရဲသေးတယ်ပေါ့” ရွှေရောင်ဦးချိုနှင့်လူမှ လှောင်ရယ်လိုက်သည်။ ထို့နောက်တွင် သူသည် ရှီဟောင်အားကြည့်ကာ “လာခဲ့လေ .. ရတနာရှစ်သွယ်ယူနီကွန်းရဲ့သခင်က ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ကြည့်ကြတာပေါ့”

“ငါ့ကို ဘယ်သူသတ်မယ်ဆိုတာအတွက်နဲ့ မင်းတို့တကယ် တိုက်ခိုက်ကြတာလား” ရှီဟောင် ပြုံး၍ မေးလိုက်သည်။

“ဟုတ်တယ် … မင်းမှာ စွမ်းရည်မရှိဘူးဆိုရင် ရတနာရှစ်သွယ်ယူနီကွန်းအပြင် မင်း အသက်ကိုပါ ထားခဲ့ရမှာ”

ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာပြီး ထိုရွှေရောင်လူငယ်လေးသည် သူ၏လက်သီးကို လွှဲရမ်းကာ တရှိန်ထိုးပြေးလာလေသည်။

ထိုအချိန်တွင် အားလုံး၏အမူအရာပြောင်းလဲသွားလေ၏။ အနောက်ဘက်တွင်ရှိနေသည့် လော့သွမ်ပင် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ဤလူမှာ နွားရိုင်းကလန်၏ အသွင်ပြောင်းကျွမ်းကျင်သူဖြစ်သည့် ရွှေရောင်နွားထီးပင်။ သူသည် နတ်မီးတောက်နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်နေလေပြီ။ သူသည်ယခင်ကတည်းက ထူးခြားပါရမီရှိသူတစ်ယောက်ပင်။

ယခင်က လော့သွမ်ရှုံးနိမ့်ခဲ့သည့်အချိန်မှာ သူ၏ကျင့်ကြံဆင့်နိမ့်နေသေးသည့်အချိန်ဖြစ်ပြီး ယခုအချိန်တွင် သူသည် အတော်လေး စွမ်းအားကြီးနေလေပြီ။

ရှီဟောင်ပင်လျှင် ထိတ်လန့်သွားရသည်။ တစ်နှစ်နှင့် ခြောက်လအတွင်းတွင် တစ်စုံတစ်ယောက်သည် နတ်မီးတောက်နယ်ပယ်၏ နောက်ဆုံးအဆင့်ပင် ရောက်သွားလေပြီ။ သူ၏အရှိန်မှာ ထင်ထားသည့်အတိုင်းပင် သတိထားစရာကောင်းလှသည်။

“ဒီကောင်က ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံလာပြီးတော့ အမြဲတမ်းဖိနှိပ်ထားခဲ့တာ .. သူ့ရဲ့ ဘိုးဘေးတွေ နတ်မီးတောက်ကို ဘယ်လိုယူခဲ့သလဲဆိုတာကို သူလေ့လာပြီးသား .. ထာဝရရှေးဟောင်းမြေရဲ့ မြင့်မြတ်ဆေးပင်တွေနဲ့ တစ်ခြားဟာတွေကြောင့် သူအဲဒီလောက်အဆင့်မြန်မြန် တက်သွားတာ” လော့သွမ်ပြောလိုက်သည်။

ဝုန်း…

ရွှေရောင်နွားထီးကြီးမှာ ရက်စက်ကြမ်းကြုတ်လှသည်။ သူ၏လက်သီးချက်မှာ ကောင်းကင်တစ်ခုလုံးကိုပင် ပြိုကျလုမတတ်ပင်။

ရှီဟောင်သည် ဤရိုက်ချက်ကို လက်ခံလိုက်ကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်လေ၏။ သူ၏လက်သီးစွမ်းအင်သည် ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားလေသည်။

ဤရိုက်ချက်မှာ လေဟာနယ်ကို တုန်ခါသွားစေလေသည်။ ဤသည်မှာ စွမ်းအားကြီးလွန်းလှသည်။ နတ်ခွန်အားများထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံးကို ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားလေသည်။

အားလုံး ထိတ်လန့်သွားရ၏။ သူ၏စွမ်းအားကို မည်သူကများ ယှဉ်နိုင်မည်နည်း..

ထို့နောက်တွင် ရွှေရောင်အလင်းများ နောက်ပြန်ဆုတ်သွားလေ၏။ ရှီဟောင်သည် သူ၏မူလနေရာတွင်သာ မလှုပ်မယှက်ရပ်နေသော်လည်း စွမ်းအားကြီးသည့် နွားနတ်ဘုရား ရွှေရောင်နွားကြီးသည် အနောက်ဘက်သို့ ၁၀ လှမ်းကျော်ဆုတ်သွားပြီး သူ၏လက်မောင်းများလည်း တုန်ယင်နေလေသည်။ သူ၏လက်မနှင့် လက်ညှိုးကြားမှာ ဟက်တက်ကွဲသွားပြီး သွေးများစီးကျလာလေသည်။

“ဘာ… နတ်မီးတောက်နယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်နေပြီးတော့ သူ့ရဲ့ပြိုင်ဘက်ကင်းတဲ့နတ်ခွန်အားကြောင့် နာမည်ကြီးတဲ့ ရွှေရောင်နွားကြီးက အားပြိုင်တဲ့နေရာမှာ ရှုံးသွားတာလား” အားလုံး ထိတ်လန့်သွားကြသည်။

ရွှေရောင်နွားကြီးသည် မျက်လုံးများပြူးကျယ်နေကာ တစ်ဖက်လူအား မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ သူက ဒီသတ္တုပြားကြီးကို ကန်မိသွားတာလား..

အမှန်တကယ်တွင် ရှီဟောင်လည်း ထိတ်လန့်သွားသည်သာ။ သူ ဤအဆင့်ထိကျင့်ကြံပြီးသွားပြီဖြစ်သောကြောင့် သူသည် နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူများကို သတ်နိုင်ပြီဖြစ်သည်။ တစ်ဖက်လူသည် သူ့ထက် ကျင့်ကြံဆင့်မြင့်လျှင်ပင် တစ်ချက်တည်းဖြင့် ထိုလူကို သတ်နိုင်သည်။

သို့သော် နွားထီးကြီး၏ အသွေးအသားမှာ ဤမျှမာကျောနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤလူသည် သူ၏ရိုက်ချက်ကို အပြည့်အဝခုခံနိုင်လေသည်။ အခြားသူသာဆိုပါက ထိုလက်မောင်းမှာ သေချာပေါက်ပင် ပေါက်ကွဲသွားလေပြီ။

“သာမန်မဟုတ်ဘူးပဲ .. ငါ့ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ပြီးတော့ လက်ချောင်းကြားက သွေးနည်းနည်းပဲထွက်တယ်ဆိုတော့…” ရှီဟောင် တိုးတိတ်စွာ ပြောလိုက်သည်။

သို့သော် သူ၏သုံးသပ်ချက်ကို ကြားလိုက်ရသည့်အချိန်တွင် ရွှေရောင်နွားထီးမှာ သွေးအန်သွားရလောက်အောင် ဒေါသထွက်သွားလေ၏။ သူ၏စွမ်းအားကြီးသည့် အသွေးအသားများမှာ သူ၏အားကောင်းသည့်ဝတ်စုံပင်။ သို့သော်လည်း နောက်ဆုံးတွင် သူ၏လက်မောင်းမှာ ပေါက်ကွဲမတတ်ဖြစ်သွားခဲ့သည်။

“မင်း .. သွားသေလိုက်တော့” ရွှေရောင်နွားထီး ဟစ်ကြွေးလိုက်သည်။ သူ၏လက်မောင်းကို နောက်တစ်ကြိမ်လွှဲရမ်းလိုက်သည့်အချိန်တွင် သူ၏လက်ထဲ၌ ဓားရှည်တစ်ချောင်း ပေါ်လာလေသည်။ သူသည် ချက်ချင်းပင် ထိုဓားကို လွှဲရမ်းကာ ရှီဟောင်အား ခုတ်ချလိုက်သည်။

“နည်းနည်းလောက်လေး အစွမ်းလေးရှိတာလား .. မင်းက ဘယ်သူ့နောက်လိုက်လဲ .. ကျုပ်နောက်ကို လိုက်တာကမှ ပိုကောင်းဦးမယ်” ရှီဟောင် ပြောလိုက်သည်။

“သူက ဓားတောင်ကြားနဲ့ မဟာမိတ်လုပ်ထားတဲ့သူ .. သူ့ကို ဒုတိယနတ်ဗိုလ်ချုပ်လို့လည်း ခေါ်ကြတယ်” လော့သွမ် အသံပို့လွှတ်လိုက်သည်။

“ဓားတောင်ကြားက ကုကျန်းယွမ်..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ အပြစ်သားစီရင်စုတွင် ဤလူအား သူ လျှပ်တစ်ပြက်တွေ့လိုက်သေးသည်။

“သတ်…” ရွှေရောင်နွားထီးသည် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်သည်။

ရှီဟောင်သည်လည်း ဘာကိုမှ မထိန်းချုပ်ထားပေ။ သူ၏လက်ချောင်းငါးချောင်းမှ နဂါးလက်သည်းများ ထွက်ပေါ်လာပြီး တောက်ပသည့်အလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။ ဤသည်မှာ မူလကောင်းကင်လျှို့ဝှက်နယ်မြေမှ ရခဲ့သည့် ပညာပင်။

ဒုန်း…

ဤရိုက်ချက်တွင် ရှီဟောင်၏ ခွန်အားသာမက စွမ်းအားကြီးသည့်နတ်စွမ်းအင်လည်း ပါဝင်လေသည်။ ထို့နောက်တွင် တောက်ပသည့်အရိုးစာသားများလည်း ထွက်ပေါ်လာလေ၏။

“သတ်…” ရွှေရောင်နွားထီးသည် ဟစ်ကြွေးလိုက်ပြီး ရှီဟောင်နှင့် ရေကုန်ရေခမ်းတိုက်နေလေသည်။

“သူ့ရဲ့ စွမ်းအားကြီးတဲ့ပညာတွေကို စောစောသုံးသင့်တယ်” အနီရောင်ချပ်ဝတ်တန်ဆာနှင့် အမျိုးသမီးပြောလိုက်သည်။ သူမသည် အစောကြီးကတည်းက ရှီဟောင်အား သေစေချင်နေခြင်းပင်။

သို့သော် အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် ရွှေရောင်အလင်းထွက်ပေါ်လာပြီး ခွပ်ဟူသည့်အသံနှင့်အတူ ဓားရှည်ကြီး ကျိုးသွားပြီး ရွှေရောင်နွားထီးလည်း အပြင်ဘက်သို့ လွင့်ထွက်သွားကာ သွေးအန်သွားလေသည်။

သူ၏ရင်ဘတ်တွင် ကြောက်စရာကောင်းသည့် နဂါးလက်သည်းတံဆိပ်ရှိနေပြီး ထိုဒဏ်ရာမှသွေးများ စီးကျနေလေသည်။

အပိုင်း ၁၀၂၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၀ – ပြိုင်ဘက်ကင်းသည့် နတ်ဆိုးဘုရင်

“ရွှေရောင်နွားထီးတောင် ရှုံးသွားပြီ .. ငါတို့ထဲမှာ နွားထီးထက်ပိုပြီးတော့ စွမ်းအားကြီးတဲ့သူရှိရင်တောင်မှ သိပ်ကွာမှာမဟုတ်ဘူး .. ငါတို့အားလုံးပေါင်းတိုက်ပြီးတော့ ဒီလူကို ရှင်းပစ်ရင် အကောင်းဆုံးပဲ” ခြင်္သေ့ဖြူမှ ပြောလိုက်သည်။ သူ၏သဘောထားမှာ ချက်ချင်းပင် ၁၈၀ ဒီဂရီပြောင်းလဲသွားကာ သူက စတင်တိုက်ခိုက်လိုက်လေသည်။

“ငါက အစောကြီးကတည်းက ဒီလူကိုကြည့်မရတာ .. သူ့ကို ရှင်းပစ်လိုက်ပြီးတော့ ရတနာရှစ်သွယ်ယူနီကွန်းကို ပိုင်ရှင်မဲ့ဖြစ်သွားအောင် လုပ်လိုက်ကြစို့” အနီရောင်ချပ်ဝတ်တန်ဆာနှင့်အမျိုးသမီးမှ ပြောလိုက်သည်။ သူမ၏မျက်နှာမှာ ချောမောလှပသော်လည်း အေးစက်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ရှိလေသည်။

“သူမက ထူးခြားတယ်ဆိုရင်တောင်မှ ရှေးဟောင်းလူထူးဆန်း မဟုတ်ဘူး .. ဖမ်းဖို့အတွက် မထိုက်တန်ဘူး .. သူ့ကို သတ်ပဲသတ်လိုက်တော့မယ်” ရှီဟောင် ပြောလိုက်သည်။

“မင်း…” အနီရောင်ချပ်ဝတ်တန်ဆာနှင့်အမျိုးသမီး၏ မျက်ဝန်းတွင် အေးစက်မှုများ ရှိနေလေသည်။

“အားလုံးပဲ ဘာကိုမှ လျိုထားမနေနဲ့ကြတော့ .. ဒါက ငါတို့ရှစ်ယောက်လုံး ပေါင်းတိုက်တဲ့ ပထမဆုံးအကြိမ်ပဲ” ငွေရောင်ဆံပင်နှင့်ယောက်ျားလေးမှ ပြောလိုက်သည်။

ကျွမ်းကျင်သူရှစ်ယောက်လုံး လှုပ်ရှားလိုက်ကြသည်။

“ဘယ်သူပဲလာလာ အားလုံးသေမှာပဲ .. ဘာခြွင်းချက်မှ ရှိမှာမဟုတ်ဘူး” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ပြောရမည်ဆိုလျှင် ဤသည်မှာ အမှန်တရားပင်။ မည်သူမျှ ကျွမ်းကျင်သူရှစ်ယောက်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ပေ။ ထိုရှစ်ယောက်ထဲတွင် လေးယောက်မှာ ထူးခြားပါရမီရှိသူများဖြစ်ပြီး ကျန်သည့်လေးယောက်မှာလည်း ထူးခြားပါရမီရှိသူများနှင့် တိုက်ခိုက်နိုင်သည့်သူများပင်။

ရှီဟောင်ကို ကူညီပေးရန်အတွက် လော့သွမ် ရောက်လာသည်။

“မင်းတို့ထဲက တစ်ယောက် သူ့ကိုတားထား .. ကျန်တဲ့ ၇ ယောက်က ဒီလူကို ပေါင်းသတ်မယ်” ခရမ်းရောင်မြူများ ရစ်ဆိုင်းနေသည့် ယောက်ျားလေးသည် ဓားတစ်ချောင်းကိုသယ်ကာ ပြောလိုက်သည်။

“လော့သွမ် နောက်ဆုတ် .. ငါပဲ တိုက်မယ်” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ .. မင်းက ထူးခြားပါရမီရှိသူအဆင့်ရှိတဲ့ ကျွမ်းကျင်သူ ၈ ယောက်ကို တစ်ခါတည်း တိုက်မလို့လား” နဂါးစာကလေးသည် အေးစက်စွာပင် ရယ်မောလိုက်လေ၏။ သူ၏အတောင်ပံတစ်စုံလှုပ်ရှားလာကာ ရောင်စုံတိမ်များ ထွက်ပေါ်လာလေသည်။ မရေမတွက်နိုင်သည့် ငှက်မွေးများထွက်လာပြီးနောက် နတ်မြှားများအဖြစ်သို့ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။

ဝုန်း…

ရှီဟောင်လည်း သူ၏အတောင်ပံများကို လှုပ်ရှားလိုက်သည်။ ကြောက်စရာကောင်းသည့်အော်ရာထွက်ပေါ်လာကာ နဂါးစာကလေးနတ်မြှားများအားလုံးသည် နောက်ပြန်လှည့်သွားကာ နဂါးစာကလေးခန္ဓာကိုယ်ကို တစ်ခုပြီးတစ်ခု ထိုးဖောက်သွားလေသည်။

“သတ်…”

ရှီဟောင် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်သည်။ သူ၏အသံမှာ ငွေရောင်ခြယ်တောင်ကိုပင် လှုပ်ခါသွားစေလေသည်။

အနီရောင်ချပ်ဝတ်တန်ဆာဝတ်ထားသည့်အမျိုးသမီး လှုပ်ရှားလိုက်သည်။ သူမ၏လက်များ တောက်ပလာကာ ယပ်တောင်တစ်ခု ဖြစ်ပေါ်လာလေသည်။ သူမသည် ထိုယပ်တောင်ကို ရှီဟောင်ရှိနေသည့်ဘက်သို့ ခပ်လိုက်သည်။

ဝုန်း..

ရှီဟောင်သည် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ကာ ထိုယပ်တောင်ကို တိုက်ခိုက်လိုက်သည်။ ထိုအမျိုးသမီးလည်း လွင့်ထွက်သွားကာ ပါးစပ်မှ သွေးအန်သွားလေ၏။

ရှီဟောင်၏ဆံပင်များမှာ လွင့်မြောနေပြီး သူ၏မျက်လုံးများမှာလည်း ရွှေရောင်မီးအိမ်များကဲ့သို့ပင်။ သူသည် ဘာကိုမှထိန်ချန်မထားပဲ သူ၏ကျင့်ကြံခြင်းရလဒ်ကို စမ်းသပ်ရန်အတွက် ဤတိုက်ပွဲကို အသုံးပြုနေခြင်းပင်။

“မင်း ဘယ်သူလဲ” ခြင်္သေ့ဖြူမှ မေးလိုက်၏။

“ရှီဟောင်”
ရှီဟောင် ပြန်ဖြေလိုက်ကာ သူ၏ခြေထောက်များမှာ မြွေနဂါးများကဲ့သို့ ဖြစ်သွားကာ ထိုခြင်္သေ့ဖြူ၏ အဖိုးတန်ပစ္စည်းများကို ဖောက်ခွဲပစ်လိုက်လေသည်။ ထိုရိုက်ချက်မှာ သူ၏ဦးခေါင်းကိုပင် ဖြတ်လုတော့မတတ်ပင်။ ထိုနေရာတစ်ဝိုက်တွင် လေပြင်းများတိုက်ခတ်သွားပြီး သူ၏အမွေးများ ပြောင်သွားကာ သွေးများ စီးကျလာလေသည်။

“သတ်…”

ကျွမ်းကျင်သူရှစ်ယောက်သည် စိတ်ထဲတွင် တုန်လှုပ်သွားကာ သူတို့၏စွမ်းအားအကြီးဆုံးပညာများကို မဖုံးကွယ်ထားရဲကြတော့ပေ။

“ရှီဟောင် .. ဒီနာမည်ကို နည်းနည်းရင်းနှီးနေသလိုပဲ” တိုက်ခိုက်နေရင်းဖြင့် တစ်ယောက်ယောက်ပြောလိုက်သည်။

“ဒီနေ့ ငါ့ရဲ့ဂုဏ်သတင်းကို ငါတည်ဆောက်မယ်” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူ၏သွေးစွမ်းအင်များမှာ ကြောက်စရာကောင်းလှကာ သူ၏ခန္ဓာကိုယ်မှ ထွက်လာသည့်အလင်းများမှာ တောင်ကြောတစ်ခုလုံးကို ထိန်လင်းသွားစေသည်။ သူသည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ တိုက်ခိုက်နေခြင်းပင်။

အဆင့်မြင့်နယ်မြေသို့ ရောက်လာပြီးသည့်နောက်တွင် လူများစွာမှာ သူ့အား ဟွမ်အဖြစ်သာ သိထားကြပြီး လူအနည်းသာ သူ့အား ရှီဟောင်အဖြစ် သိကြခြင်းပင်။ ယနေ့တွင် သူ၏နာမည်ကို ဤတိုက်ပွဲမှတစ်ဆင့် ပြသမည်။

“စိတ်ကြီးဝင်နေတဲ့ကောင် .. ငါတို့အားလုံးကို မင်းတစ်ယောက်တည်းစိန်ခေါ်မယ့်ကိစ္စကို မေ့ထားလို့ရပြီ .. ရှေးဟောင်းလူထူးဆန်းတွေကလွှဲပြီးတော့ ဒီလောကမှာ ဒီလိုမျိုး လုပ်တတ်တဲ့သူရှိတယ်ဆိုတာကို ငါ မယုံဘူး” ရွှေရောင်နွားထီး ကြွေးကြော်လိုက်သည်။ သူ၏ဒဏ်ရာများမှာ မသေးလှသော်လည်း သူ၏တိုက်ခိုက်နိုင်စွမ်းမှာမူ လျော့ကျမသွားပေ။

သူခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ လှိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရှီဟောင်ထံသို့ ဦးတည်သွားလေ၏။

ဤသည်မှာ နွားရိုင်းလူမျိုးစု၏ တိုက်ပွဲစွမ်းရည်ပင်။ သင်္ကေတများမှာ အလွန်ပင် စွမ်းအားကြီးလှသည်။

အခြားသူများသည်လည်း သူတို့၏ စွမ်းအားအကြီးဆုံးပညာများကို အသုံးပြုလိုက်ကြလေသည်။

ရွှီး..

ခရမ်းရောင်စွမ်းအင်များရှိနေသည့် ဓားစွမ်းအင်တစ်ခုသည် အရှေ့ဘက်မှ ရောက်လာလေသည်။ မြင့်မြတ်ဓားကိုင်ထားသည့် အမျိုးသားသည် သူ၏လက်နှစ်ဘက်လုံးဖြင့် ဓားကို လွှဲရမ်းလိုက်လေ၏။

ရှီဟောင်၏ ခြေထောက်များ လှုပ်ရှားသွားပြီး သူခြေလှမ်းလှမ်းလိုက်တိုင်းတွင် ကြာပန်းများ ထွက်လာလေ၏။ အရာအားလုံးကို ကြာပန်းများ ဖုံးလွှမ်းသွားကာ နွားရိုင်းကလန်၏ မွေးရာပါစွမ်းရည်ကို ချေဖျက်လိုက်ကာ ရွှေရောင်လှိုင်းအားလုံးကို ပျံ့ကြဲစေလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူသည် လက်ကိုမြှောက်လိုက်ကာ လက်ချောင်းများကို ဓားတစ်ချောင်းကဲ့သို့ အသုံးပြုလိုက်သည်။ သူ၏လက်ချောင်းထိပ်များသည် ဓားကို ရပ်တန့်လိုက်ကာ နတ်အလင်းတန်းများကို ထုတ်လွှတ်လိုက်လေသည်။

“အမ်..”

အားလုံး ထိတ်လန့်သွားရသည်။ ဤလူသည် သူ၏လက်ချောင်းများဖြင့် နတ်ဓားကို တိုက်ခိုက်ရဲသည် …

ရွှီး…

ဓားစွမ်းအင်များ ထွက်ပေါ်လာလေ၏။ အရှေ့ဘက်မှနေ၍ ဓားစွမ်းအင်များကို ထုတ်လွှတ်နေသည့် အမျိုးသားသည် အရိုးစာသားများကိုလည်း ထုတ်လွှတ်နေပြီး ပို၍စွမ်းအားကြီးလာလေသည်။ သူသည် ဓားဖြင့် ဆက်တိုက်ပင် တိုက်ခိုက်နေလေသည်။

ရှီဟောင်၏လက်ချောင်းများမှ ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး လေဟာနယ်ထဲတွင် မြက်ပင်များ တစ်ပင်ပြီးတစ်ပင် ပေါ်လာသည်။ ထိုမြက်ပင်များမှာ စိမ်းပြာရောင်များဖြစ်ပြီး အသက်ဓာတ်များ ပြည့်ဝနေသည်။

ဒုန်း…

ထို့နောက်တွင် ထိုနတ်ဓားသည် လွင့်ထွက်သွားကာ မြက်ပင်များအားလုံးသည် ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဓားစွမ်းအင်များသည် အားလုံးကို နေရာအနှံ့မှ တိုက်ခိုက်နေလေ၏။

နားစည်ကွဲလောက်သည့် အော်ဟစ်သံများ ထွက်ပေါ်လာပြီး အားလုံးသည် သူတို့ကိုယ်သူတို့ ခုခံနိုင်ရန်အတွက် တတ်နိုင်သမျှအားလုံး လုပ်နေရလေသည်။

“သတ်…”

အနီရောင်ချပ်ဝတ်တန်ဆာနှင့်အမျိုးသမီး၏လက်မှ တံဆိပ်တစ်ခု ဖြစ်ပေါ်လာကာ သင်္ကေတမီးယပ်တောင်ပြုလုပ်လိုက်ပြီး ရှီဟောင်ကို တိုက်ခိုက်လိုက်သည်။

“လှည့်စားမှုလေး နည်းနည်းလောက်နဲ့များ” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ ဤနည်းလမ်းကို သူယခင်က တွေ့ဖူးပြီးသားဖြစ်ပြီး ဤအဖိုးတန်ပညာသည် သူ့အတွက် အလုပ်မဖြစ်ပေ။ သူသည် လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး ထိုမီးတောက်ယပ်တောင်ကို ချက်ချင်းပင် ကောင်းကင်ထက်သို့ ပျံသန်းသွားစေလိုက်သည်။

ရွှီး…

ရုတ်တရက်ပင် တောက်ပသည့်အလင်းအောက်တွင် အနီရောင်ချိတ်တစ်ခုသည် လျင်မြန်လှသည့်အရှိန်ဖြင့် ရှီဟောင်မျက်လုံးနားသို့ ရောက်လာကာ သူ့အနားတွင်ရှိနေသည့် အကာအကွယ်စွမ်းအင်များကို ထိုးဖောက်သွားလေသည်။

ဤသည်မှာ ထိုအမျိုးသမီးနောက်မှ ထွက်လာသည့် ကင်းမြှီးကောက်အမြှီးပင်။ သူမ တံဆိပ်ကို ထုတ်လိုက်သည့်အချိန်တကည်းက ထိုအမြှီးသည် ရှီဟောင်၏အရေးကြီးသည့်နေရာသို့ ဦးတည်နေပြီးသားပင်။

“မီးကင်းမြှီးကောက်ရဲ့လူ…” လုယီ ထိတ်လန့်သွားရသည်။ ထိုအမြှီး အရေပြားထဲသို့ ထိုးဖောက်သွားသည်နှင့် နတ်ဘုရားအစစ်ကိုပင် သေစေနိုင်ရန် လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအမြှီးသည် မူလဝိဉာဉ်ကို တိုက်စားသွားနိုင်ပြီး တာအိုအုတ်မြစ်ကို ထိခိုက်စေနိုင်လေသည်။

လော့သွမ်၏အမူအရာ ပြောင်းလဲသွားသည်။ ဤတိုက်ခိုက်မှုမှာ ရုတ်တရက်ဆန်လွန်းလှသည်။ ဤအနီရောင်ချပ်ဝတ်တန်ဆာနှင့်အမျိုးသမီးသည် မီးတောက်ကင်းမြှီးကောက်ကလန်မှ ဖြစ်သည်ဟု သူပင် မသိပေ။

ရှီဟောင် ထိတ်လန့်သွားသော်လည်း ပြာမသွားပေ။ သူ၏ခန္ဓာကိုယ်အနားတွင် ရွှေရောင်လှိုင်းများ ထွက်ပေါ်လာလေသည်။

ဤသည်မှာ ပန်ကလန်မှ ရွှေရောင်ဝဲကတော့လှိုင်းပညာပင်။ ယခု သူ ခွန်ပန်ပညာကို နားလည်သွားပြီဖြစ်သောကြောင့် ဤပညာ၏စွမ်းအားမှာ ပို၍ပင် တိုးလာလေပြီ။

ဤပညာသည် အပြင်ဘက်ကမ္ဘာ၏ အခြေခံစွမ်းအင်များကို စားသုံးနိုင်ရုံသာမက တိုက်ခိုက်မှုပေါင်းစုံကိုလည်း ချေဖျက်ပစ်နိုင်သည်။

ဒုန်း

အားလုံး၏ မျက်လုံးအောက်မှာပင် ထိုနီရဲနေသည့် ကောင်းကင်ကင်းမြှီးကောက်အမြှီးသည် ရှီဟောင်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေ၏။ သို့သော်လည်း အသားကို ထိုးဖောက်သွားသည့်အသံ ထွက်မလာပဲ သတ္တု သို့မဟုတ် ကျောက်တုံးကို ထိုးဖောက်သည့်အသံ ထွက်ပေါ်လာလေသည်။

ထိုချွန်ထက်လှသည့် အမြှီးကို ရွှေရောင်ဝဲကတော့များမှ တားဆီးလိုက်သည်။ ထိုဝဲကတော့ထဲတွင် ပုံရိပ်လေးတစ်ခု ထိုင်နေကာ ကျမ်းစာရွတ်နေလေသည်။

ဖုန်း..

ရွှေရောင်ဝဲကတော့များသည် ကင်းမြှီးကောက်အမြှီးကို ချက်ချင်းပင် ရစ်ပတ်လိုက်လေသည်။

“အမ်.. အားလုံးမြန်မြန်တိုက်ကြ” အနီရောင်ချပ်ဝတ်တန်ဆာနှင့်အမျိုးသမီးမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမသည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုးကို မကြုံဖူးပေ။ ယခင်က သူမ ဤကင်းမြှီးကောက်အမြှီးဖြင့် တိုက်ခိုက်လိုက်တိုင်းတွင် ရန်သူအားလုံးမှာ ထိုအမြှီးကို ရှောင်လိုက်ကြသည်သာ။ သို့သော် ယခု ဤလူသည် သူမ၏အမြှီးကို တားဆီးနေသည်။

အခြားသူများလည်း ရှီဟောင်ကို တိုက်ခိုက်လာကြသည်သာ။

ရှီဟောင်၏အနားတွင် ရွှေရောင်ဝဲကတော့များ ဝဲလည်နေပြီး ခွန်ပန်ပညာလည်း သူ၏စွမ်းအားကို ပြသနေသည်။ ထိုကင်းမြှီးကောက်အမြှီးသည် ဖိနှိပ်ခံထားရကာ အနည်းငယ်မျှ လိမ်ချိုးလိုက်ရုံဖြင့် ကျိုးသွားတော့မည်ပင်။

“အား…” ထိုအမျိုးသမီးမှ နာကျင်စွာ အော်ဟစ်လိုက်သည်။ ဤသည်မှာ အစပိုင်းသာရှိသေးသော်လည်း သူမ၏ လျှို့ဝှက်တိုက်ခိုက်မှုမှာ မအောင်မြင်ရုံသာမက သူမ၏အမြှီးပင် ကျိုးတော့မည်။

ရှီဟောင်၏လက်ထဲတွင် ရွှေရောင်လျှပ်စီးဓားတစ်ချောင်းပေါ်လာကာ ထိုအမျိုးသမီးအား လျင်မြန်စွာပင် ခုတ်ပိုင်းလိုက်လေသည်။

မီးတောက်ကင်းမြှီးကောက်ကလန်မှ အမျိုးသမီးကျွမ်းကျင်သူ၏ မျက်ဝန်းတွင် အေးစက်သည့်အလင်းတန်းများ ဖြတ်ပြေးသွားသည်။ ရှီဟောင်သည် သူမ၏အမြှီးကို တမင်သက်သက်မချိုးပဲ သူမကို ဆွဲခေါ်ကာ သတ်ပစ်ချင်နေကြောင်း သူမ သိသည်။

သူမသည် အနောက်ပြန်ခုန်လိုက်ပြီး သူမ၏အမြှီးကို ချိုးပစ်လိုက်လေသည်။ အဆိပ်များသည် နေရာအနှံ့သို့ လွင့်စင်သွားကာ ရှီဟောင်ခန္ဓာကိုယ်ထံသို့ ဦးတည်သွားလေသည်။ သူမသည် ဆုံးဖြတ်ချက်ပြတ်သားလွန်းလှသည်။

“ငါမင်းရဲ့ ပြတ်သားမှုကို လျှော့တွက်မိသွားတာပဲ” ရှီဟောင် ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မျက်နှာပြင် တောက်ပလာကာ ရွှေရောင်ဝဲကတော့လှိုင်းပညာသည် ထိုအဆိပ်များအားလုံးကို လွင့်ပြယ်သွားစေလေသည်။

“အားရား .. နှမြောစရာကောင်းလိုက်တာ .. ဘာပဲဖြစ်ဖြစ် သူက အမျိုးသမီးထူးခြားပါရမီရှိသူပဲလေ .. အဲဒီတော့ မင်းသူ့ကို မဆွဲဆောင်နိုင်ရင်တောင်မှ မင်းသူ့ကို လက်ဖက်ရည်ဖျော်ပေးတဲ့မိန်းကလေး လုပ်ခိုင်းလို့ရသေးတယ်…” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။

ဤသည်မှာ ဤကျွမ်းကျင်သူများ၏ ယုံကြည်မှုများကို ဖျက်ဆီးရန် တမင်သက်သက်လုပ်လိုက်ခြင်းပင်။ ရှီဟောင် ဤလူများကို မတိုက်နိုင်မည်ကို စိုးရိမ်သောကြောင့်ပင်။

“သူ လက်ဖက်ရည်လုပ်ပေးရင်တောင် မင်းသောက်ရဲမှာလား .. သူ မင်းကို အဆိပ်ခတ်လိမ့်မယ်” ရှီဟောင်ပြောလိုက်၏။ ထို့နောက် သူ ဆက်ပြောလိုက်သည်မှာ “ငါ ထူးခြားပါရမီရှိတဲ့သူကို သိမ်းပိုက်မယ်ဆိုရင်တောင်မှ အကောင်းဆုံးကိုပဲယူမှာ .. သူမကိုမဟုတ်ဘူး”

ဤကဲသို့သော လှောင်ပြောင်မှုကို ကြားလိုက်ရသည့်အချိန်တွင် ထိုအနီရောင်ချပ်ဝတ်တန်ဆာနှင့် အမျိုးသမီးမှာ အလွန်ပင် ဒေါသထွက်သွားရသည်။ သူမ၏ဆံပင်များ ဝေ့ဝဲလာပြီး သူမ၏အနောက်မှ နတ်အလင်းများထွက်လာသည်။ ထို့နောက်တွင် သူမ၏အနောက်မှ ရွှေရောင်အမြှီးကိုးချောင်း တစ်ပြိုင်တည်းထွက်ပေါ်လာသည်။ ထိုအမြှီးများအားလုံးမှ ထက်ရှလှသည်။

“အမြှီးကိုးခု ကောင်းကင်ကင်းမြှီးကောက်.. ဒါက သူမရဲ့ မွေးရာပါအဖိုးတန်ပညာပဲ .. သူမက တစ်ခါတည်းနဲ့ အဆိပ်ရှိတဲ့အမြှီးတွေအများကြီးကို ထုတ်နိုင်တယ်” လော့သွမ် ထိတ်လန့်သွားရသည်။

ရှီဟောင်၏အမူအရာလည်း အေးခဲသွားပြီး သူသည် သတိလက်လွတ်မနေတော့ပေ။ သူသည် ပြင်းထန်သည့်တိုက်ခိုက်မှုများကို မကြောက်သော်လည်း ဤကဲ့သို့သော အဆိပ်မျိုးကို သတိကြီးကြီးထားရန် လိုအပ်သည်။

“သတ်…”

ကျွမ်းကျင်သူ ၈ ယောက်သည် သူတို့၏ စွမ်းအားအကြီးဆုံးပညာများကို အသုံးပြုကာ တရှိန်ထိုး ပြေးလာကြလေသည်။

ရှီဟောင် အမြှီးကိုးချောင်းကင်းမြှီးကောက်နှင့် တိုက်ခိုက်နေသည့်အချိန်တွင် သူ့အနောက်မှ အနက်ရောင်မြူနှင့် အနက်ရောင်အလင်း ထွက်ပေါ်လာသည်။ ထိုအလင်းတွင် ပုတ်သိုးဆွေးမြည့်သည့်အော်ရာအနည်းငယ်လည်း ပါရှိလေသည်။

မြေအောက်ကလန်မှ အမျိုးသမီးကျွမ်းကျင်သူသည် သေမင်းမြက်ရိတ်ဓားကို ကိုင်ထားကာ ရှီဟောင်၏ခေါင်းအောက်နားကို ခုတ်ချလိုက်လေသည်။ ထိုဓားသည် လေဟာနယ်ကိုသာ ခုတ်မိသွားပြီး အက်ကွဲကြောင်းကြီး ဖြစ်သွားစေလေသည်။

“အမ်..”

ရှီဟောင်သည်လည်း ဤတိုက်ခိုက်မှုကို အာရုံစိုက်လိုက်ရသည်။ ဤသေမင်းမြက်ရိတ်ဓား၏စွမ်းအားမှာ အလွန်ကြောက်စရာကောင်းလှသည်။ ဤဓားကို လေဟာနယ်သားရဲအရိုးဖြင့် ပြုလုပ်ထားခြင်းပင်။

သို့သော် ဤဓားသည် လေဟာနယ်ရဲဒင်းကို ယှဉ်နိုင်မည် မဟုတ်ပေ။

အပိုင်း ၁၀၃၀ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၀ (၂)

“သတ်…”

ရှီဟောင် အော်ဟစ်လိုက်၏။ သူသည် လေဟာနယ်ရဲဒင်းကို အသုံးပြုလိုက်ခြင်းမဟုတ်ပဲ သူ၏ပါးစပ်မှ အလွန်ပင် ထူထဲလှသည့် လျှပ်စီးကြောင်းတစ်ခုကို ထုတ်လွှတ်လိုက်ခြင်းပင်။ ဤသည်မှာ လျှပ်စီးဧကရာဇ်၏အဖိုးတန်ပညာဖြစ်ပြီး သေဆုံးပြီးသား ဝိဉာဉ်များနှင့် မြေအောက်လောကမှ ကျွမ်းကျင်သူများအပေါ်တွင် အလွန်အကျိုးသက်ရောက်မှုရှိသည်။

ဝုန်း..

မြေအောက်ကလန်မှ အမျိုးသမီးကျွမ်းကျင်သူသည် ထိုလျှပ်စီးအလင်းတန်းနှင့် ထိမိမည်စိုးသောကြောင့် လျင်မြန်စွာပင် နောက်ဆုတ်လိုက်သည်။

“ဒါက လျှပ်စီးဧကရာဇ်ရဲ့ အဖိုးတန်ပညာမလား” သူမ သံသယဝင်သွားသည်။

“ရှီဟောင် .. ဒီနာမည်ကို ရင်းနှီးနေသလိုပဲ .. အဲဒါက အဆင့်နိမ့်နယ်မြေက ဟိုလူ မဟုတ်ဘူးလား” နောက်ဆုံးတွင် တစ်ယောက်ယောက်မှတ်မိသွားလေပြီ။ ထို့နောက်တွင် သူတို့ထိတ်လန့်သွားကြရသည်။ အဲဒီလူငယ်က အဆင့်နိမ့်နယ်မြေမှာ သေသွားပြီမဟုတ်ဘူးလား..

ဝုန်း..

ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးမှ လျှပ်စစ်အလင်းတန်းများထွက်ပေါ်လာပြီး နေရာအနှံ့သို့ ထိုးဖောက်သွားလေသည်။ ထို့အပြင် လေဟာနယ်ထဲတွင် လျှပ်စီးတာအိုကြယ်များ ကြွေကျလာကာ ဤလောကကို လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းလိုက်လေသည်။

ငွေရောင်ခြယ်တောင်သည်လည်း သတ္တုဖြင့်ပြုလုပ်ထားသောကြောင့် ရှီဟောင်၏လျှပ်စီးများကို ပြန်လည်တုံ့ပြန်နေကာ ဤနေရာတစ်ခုလုံးမှာ ဖရိုဖရဲဖြစ်လာလေသည်။

“အား…” လန်ယိချန် လွင့်ထွက်လာလေ၏။ သူသည် ခပ်ဝေးဝေးမှနေကာ အရာအားလုံးကို ထိတ်လန့်စွာ ကြည့်နေခြင်းပင်။

ကျွမ်းကျင်သူရှစ်ယောက်မှာမူ ပို၍ သတိကြီးသွားကြသည်။ လျှပ်စီးမှာ ကြောက်စရာကောင်းလွန်းလှသည်။ တိုက်ပွဲမှာ တစ်စထက်တစ်စ ပို၍ပြင်းထန်လာပြီး အရိုးစာသားများလည်း ပင်လယ်ကဲ့သို့ပင် ထွက်ပေါ်လာကာ ဤနေရာကို လွှမ်းခြုံသွားလေသည်။

“မျက်လုံးသုံးလုံး ကောင်းကင်ကိုဖွင့်မယ်”

ထိုအချိန်တွင် မျက်ခုံးနှစ်ခုကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံးရှိနေသည့် အမျိုးသားမှ အော်ဟစ်လိုက်သည်။

ရှီဟောင် ပတ်လည်တွင်ရှိနေသည့် လေဟာနယ်ပျက်စီးသွားကာ လျှပ်စီးများလည်း ပျောက်ကွယ်သွားလေသည်။

“စွမ်းအားကြီးလိုက်တာ” လော့သွမ် အံ့အားတကြီး ပင့်သက်ရှိုက်လိုက်သည်။

ရှီဟောင်ပင်လျှင် ခေါင်းညိမ့်လိုက်ကာ အတော်လေး ထိတ်လန့်သွားရသည်။ ဤလူသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် လေဟာနယ်ကို ဖွင့်လိုက်နိုင်လေသည်။ ထိုဒေါင်လိုက်မျက်လုံးမှာ စွမ်းအားကြီးလွန်းလှသည်။

ရှီဟောင်သည် ထိုတိုက်ခိုက်မှုကို အလျားလိုက်ပင် ရှောင်ရှားလိုက်သည်။ လျှပ်စီးအလင်းတန်းများကိုလည်း လေဟာနယ်မှ စုတ်ယူသွားလေသည်။

မျက်လုံးသုံးလုံးနှင့်လူငယ်လေးမှာ ဤတိုက်ခိုက်မှုအတွက် စွမ်းအားအများကြီး သုံးလိုက်ရသည့်ပုံပင်။ ဤတိုက်ခိုက်မှုပြီးဆုံးသွားသည့်နောက်တွင် သူ၏မျက်နှာဖြူဖျော့သွားလေသည်။

သို့သော်လည်း သူသည် အံကြိတ်ကာ နောက်ထပ်တစ်ကြိမ်တိုက်ခိုက်လိုက်လေသည်။ သူ၏မျက်ခုံးကြားမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ပစ်လွှတ်နေလေ၏။

ဤသည်ကို မြင်သည့်အချိန်တွင် ကျန်သည့်သူများအားလုံးလည်း ပူးပေါင်းတိုက်ခိုက်ကြလေ၏။

“ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်” ရှီဟောင်အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ ပျံသန်းနေသည့် ထာဝရအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ဤသည်မှာ သူ၏အဆင့်လွန်အဖိုးတန်ပညာဖြစ်သည့် ကောင်းကင်ပျက်စီးခြင်းအလင်းပင်။

ထိုအလင်းတန်းများအားလုံးသည် မျက်လုံးသုံးလုံးနှင့်လူငယ်ကို ပစ်မှတ်ထားနေခြင်းပင်။

“မကောင်းတော့ဘူး .. ငါတောင့်မခံနိုင်တော့ဘူး .. ငါ့စွမ်းအားတွေ အများကြီးကုန်သွားပြီ .. ငါ့ကို မြန်မြန်ကာကွယ်ပေးကြ” မျက်လုံးသုံးလုံးနှင့်လူငယ်လေး၏ အမူအရာ ပြောင်းလဲသွားသည်။

ဝုန်း…

ကံမကောင်းစွာဖြင့်ပင် သူတို့သည် ရှီဟောင်၏အဖိုးတန်ပညာကို လျှော့တွက်ထားကြလေသည်။ ဤသည်မှာ သူ၏ပထမအဆင့်လွန်အရိုးမှ နတ်စွမ်းရည်ပင်။

ဖူး..

လျှပ်စီးတန်းများသည် နေရာအနှံ့တွင် လင်းထိန်နေကော ထိုမျက်လုံးသုံးလုံးနှင့်လူငယ်ကို လွှမ်းခြုံသွားကာ သနားစရာကောင်းသည့်အော်သံ ထွက်ပေါ်လာလေ၏။

အခြားသူများသည် သူ့အားကူညီရန်ကြိုးစားကြသလို သူကိုယ်တိုင်လည်း တတ်နိုင်သမျှခုခံနိုင်ရန် ကြိုးစားကြသော်လည်း ထိုအလင်းမှာ တောက်ပလွန်းလှသည်။ ထိုအလင်းသည် သူ၏အရေးကြီးသည့်နေရာအားလုံးကို ဖောက်ဝင်သွားလေသည်။ ကောင်းကင်ပျက်စီးခြင်းအလင်းသည် သူ၏ဦးခေါင်းခွံကို ဖောက်သွားလေ၏။

ဤထဲမှ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူတစ်ယောက်သည် ဤကဲ့သို့ပင် အသက်ဆုံးရှုံးသွားလေပြီ။

“အမ်… မျက်လုံးသုံးလုံးနဲ့သားရဲက လူသားပုံစံမဟုတ်ဘူးလား .. ကောင်းလိုက်တာ” ရှီဟောင်သည် အစပိုင်းတွင် မျက်နှာပုတ်သိုးနေသော်လည်း မျက်လုံးသုံးလုံးနှင့်လူငယ်လေး၏ မူလပုံစံကို တွေ့လိုက်ရသည့်အချိန်တွင် ချက်ချင်း ပျော်ရွှင်သွားရသည်။

ဖုန်း..

ရှီဟောင်သည် မျက်လုံးသုံးလုံးနှင့်သားရဲကို ကန်ထုတ်လိုက်ကာ ယုလီနှင့် လော့သွမ်တို့အား ထိန်းသိမ်းခိုင်းထားလိုက်သည်။

“သတ်… အားလုံးပဲ မင်းတို့ရဲ့လျှို့ဝှက်ပညာတွေကို ထပ်လျှိုထားရင် ငါတို့အတွက် အန္တရာယ်ရှိနိုင်တယ် .. ဒီလူကို သာမန်နည်းလမ်းတွေနဲ့ တိုက်ခိုက်လို့မရတော့ဘူး”

ဝုန်း..

ရှီဟောင်သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူ့အနားတွင် လျှပ်စီးများကို ဖြန့်ကျက်လိုက်လေသည်။ အဖိုးတန်ပညာများကိုလည်း အသက်သွင်းလိုက်သည်။

“သူက ဟွမ်ဆိုတာ သေချာတယ် .. အားလုံးပဲ ငါတို့အစွမ်းကုန်တိုက်ရမယ်” မြေအောက်လောကကလန်မှ အမျိုးသမီးပြောလိုက်သည်။

“ဘာ.. သူက ဟွမ်ဆိုရင် ရှီဟောင်က ဘယ်သူလဲ” ဤလူများအားလုံး ထိတ်လန့်သွားရသည်။

“ငါက ငါပဲ .. ဒီနေ့ ငါ့ရဲ့ကိုယ်ပိုင်နာမည်ကိုပဲ ငါသုံးမယ်” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။

“သတ်…”

ရွှေရောင်နွားထီးသည် သူ၏မူလခန္ဓာကိုယ်ကို ထုတ်ပြလိုက်လေ၏။ ဤသည်မှာ ရွှေဖြင့်ပြုလုပ်ထားသည့် တောင်လေးတစ်လုံးနှင့်တူသည့် ကြီးမားလှသည့်နွားရိုင်းကြီးပင်။ ထိုအကောင်သည် မြေကြီးကို ဖိနင်းကာ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာလေသည်။

“ငါနောက်တစ်ခေါက် ထပ်ပြောလိုက်မယ် .. မင်းငါ့နောက်လိုက်လုပ်ပြီးတော့ ငါ့ရဲ့စီးတော်ယာဉ်လုပ်ချင်လား” ရှီဟောင် အော်မေးလိုက်၏။

“သွားသေလိုက်တော့” နွားရိုင်းကြီးသည် မိုးခြိမ်းသံကဲ့သို့ပင် အော်ပြောလိုက်လေသည်။ ဤကဲ့သို့သော ဟစ်ကြွေးသံသည် ကျွမ်းကျင်သူတစ်စုကို ကြောက်ရွံ့သွားစေပြီး လေဟာနယ်ကြီး ပျက်စီးသွားရန် လုံလောက်သည်။

ဤသည်မှာ သူ၏မွေးရာပါနတ်စွမ်းရည်ဖြစ်သည့် နွားရိုင်းဟစ်ကြွေးခြင်းပင်။

“အား…” ရှီဟောင်သည် သူ၏နားထဲတွင် တဝီဝီမြည်နေပြီး သူ၏ဦးခေါင်းကို အပ်များဖြင့် ထိုးနှက်နေသကဲ့သို့ပင် ခံစားနေရသည်။ သူသည် ဤစွမ်းရည်ကို ထိတ်လန့်သွားရသည်။ ထင်ထားသည့်အတိုင်းပင် ဤစွမ်းရည်မှာ ထူးခြားလှပြီး သူ့အား ထိခိုက်တော့မလိုပင်။

ရှီဟောင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နွားရိုင်း၏အော်သံကို ဖိနှိပ်လိုက်သည်။ “ဒီလိုဆိုမှတော့ မင်းက ဟော့ပေါ့အိုးထဲက အမဲသားပဲ သွားလုပ်လိုက်တော့”

သူ၏လက်ထဲတွင် လျှပ်စီးလှံတံထွက်ပေါ်လာကာ ရွှေရောင်နွားထီးကို သတ်ရန်အတွက် အရှေ့ဘက်သို့ ထိုးစိုက်လိုက်သည်။

ရုတ်တရက်ပင် သားရဲအားလုံးကို ဖိနှိပ်စေနိုင်သည့် အခြားအော်သံတစ်သံထွက်ပေါ်လာလေသည်။

ဤသည်မှာ ခြင်္သေ့ဖြူကြီးပင်။ သူ၏ခွန်အားမှာ ဤရှစ်ယောက်ထဲတွင် အမြင့်ဆုံးပင်။ ဤသည်မှာလည်း သူ၏မွေးရာပါစွမ်းအင်ပင်။ သူသည် နွားရိုင်းနှင့်ပေါင်းစည်းလိုက်ကာ သူတို့၏အသံနှစ်သံမှာ တစ်ခုနှင့်တစ်ခု ထပ်သွားကာ စွမ်းအားများမှာ အဆမတန်တိုးသွားလေသည်။

ရှီဟောင်၏ခန္ဓာကိုယ်ယိမ်းယိုင်သွားကာ သူ၏လက်ထဲတွင်ရှိနေသည့် လျှပ်စီးဓားပင် ပျက်စီးသွားသည်။ သူသည် အနောက်ဘက်တွင်ရှိနေသည့် ကင်းမြှီးကောက်အမြှီးနှင့် ထိုးမိတော့မလိုပင်။

“ကောင်းတယ် … ကောင်းတယ် .. ငါက မင်းတို့အားလုံးကို အထင်သေးမိသွားတာပဲ .. အခုကစပြီးတော့ သွေးချောင်းစီးပြီပဲ”
ရှီဟောင်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ကာ ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်ပြီး သူ့အနားသို့ရောက်လာသည့် အသံလှိုင်းများအားလုံးကို တားဆီးလိုက်သည်။

လေမတိုက်သော်လည်း သူ၏ဆံပင်များ လွင့်မြောလာကာ သူ၏မျက်လုံးများမှာ ပို၍ပင် အေးစက်လာလေသည်။

ချွမ်း…

သူ၏လက်ထဲတွင် လျှပ်စီးလှံတံထွက်ပေါ်လာလေ၏။ သူသည် ထိုလှံတံကိုကိုင်ကာ နွားရိုင်းထံသို့ ဦးတည်သွားလိုက်သည်။

“သူ့ကို တားလိုက်” ဤတိုက်ခိုက်မှုကို ရပ်တန့်နိုင်ရန်အတွက် အားလုံး လှုပ်ရှားလိုက်ကြလေသည်။

သို့သော် ယခုတစ်ကြိမ် ရှီဟောင်ပြသလိုက်သည့်ခွန်အားမှာ ကြီးမားလွန်းလှသည်။ သူ၏ကောင်းကင်လမ်းကြောင်းမှာ သူ့ကိုကာကွယ်ပေးထားသောကြောင့် ရှီဟောင်သည် ရူးနှမ်းစွာပင် တိုက်ခိုက်နေလေသည်။ သူ၏အနားတွင် လျှပ်စီးများ ဝေ့ဝဲနေပြီး အားလုံးကို တွန်းထုတ်လိုက်လေသည်။

မူး….

ရွှေရောင်နွားထီးကြီး ဟစ်ကြွေးလိုက်သည်။ သူ၏ဦးချိုတောက်ပလာကာ ရှီဟောင်ကို ရပ်တန့်ရန်အတွက် ဓားများကို ထုတ်လွှတ်လိုက်လေသည်။

ကံမကောင်းစွာဖြင့်ပင် ရှီဟောင်သည် သူ၏အရှေ့တွင်ရှိနေသည့် အရာအားလုံးကို မြက်ပင်များကဲ့သို့ပင် ဖြတ်သွားလေသည်။ သူ၏လျှပ်စီးလှံတံသည် ဦးချိုကိုပေါက်ကွဲသွားစေပြီး ဖူးဟူသည့်အသံနှင့်အတူ သူ၏နဖူးကို ဖောက်ထွက်သွားလေ၏။

ရွှေရောင်နွားထီးကြီးသည် သနားစဖွယ်အော်ဟစ်လိုက်သည်။ သူ၏အော်သံမှာ လောကကြီးကိုပင် တုန်လှုပ်သွားစေနိုင်လေသည်။ သူ၏ကြီးမားလှသည့်ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများစီးကျနေလေသည်။ သူ၏ဦးခေါင်းထက်တွင် လျှပ်စစ်အလင်းတန်းများ ရှိနေဆဲပင်။

ခြင်္သေ့ဖြူကြီးသည် အနောက်ဘက်မှ ချောင်းတိုက်လိုက်လေသည်။ သူ၏ထက်ရှလှသည့်လက်သည်းများသည် အပြားကျယ်သည့်ဓားများအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်၏ နောက်ကျောကို ဦးတည်လိုက်လေသည်။

ရုတ်တရက်ပင် ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ ပြန်လည်ဝင်စားခြင်းပညာ အသက်ဝင်လာလေသည်။ သူသည် ရုတ်တရက်ပင် အနောက်လှည့်လိုက်လေ၏။ ပြန်လည်ဝင်စားခြင်းသင်္ကေတများသည် ကောင်းကင်ဓားတစ်ချောင်းဖြစ်လာကာ အောက်ဘက်သို့ လွှဲချလိုက်လေသည်။

ဝေါင်း..

ခြင်္သေ့ဖြူကြီးသည် ကြောက်ရွံ့စွာဖြင့်ပင် ဟစ်ကြွေးလိုက်လေ၏။ ရုတ်တရက် သူ အသက်ကြီးလာသည်ဟု ခံစားလိုက်ရကာ သူသည် ဤဓားကို မခုခံနိုင်တော့ပေ။

ဤဓားမှ အဆင့်လွန်သင်္ကေတများမှ ဖြစ်ပေါ်လာသည့် ပြန်လည်ဝင်စားခြင်းဓားပင်။

ဖူး..

ရှီဟောင်သည် ထိုဓားဖြင့် ခြင်္သေ့ဦးခေါင်းကို ခုတ်ချလိုက်လေသည်။ သွေးများမှာ မိုးပေါ်ထိသို့ပင် လွင့်စင်သွားလေ၏။

ဟူး…

အပေါ်ဘက်မှ လေပြင်းများ တိုက်ခတ်လာလေ၏။ နဂါးစာကလေးသည် သူ၏အတောင်ပံများကို လှုပ်ခတ်လိုက်ကာ ကောင်းကင်ထက်မှ သူ၏ခွန်အားများကို ပြသလိုက်လေသည်။

ရှီဟောင် ခေါင်းမော့ကြည့်လိုက်ပြီးနောက် သူ၏နောက်ကျောဘက်တွင် ခွန်ပန်အတောင်ပံ ထွက်ပေါ်လာလေသည်။ သူအပေါ်သို့ တက်သွားလိုက်သည်နှင့် ရွှေရောင်အလင်းနှင့် မြူများ ထွက်ပေါ်လာပြီး နတ်ခွန်အားများလည်း ထွက်ပေါ်လာသည်။

ဝုန်း…

နတ်ခွန်အားများမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ရွေ့လျားသွားစေသည်။

အား…

နဂါးစာကလေးသည် သနားစဖွယ်ပင် အော်ဟစ်လိုက်သည်။ ခွန်ပန်အတောင်ပံများနှင့် တိုက်ပြီးသွားသည့်အချိန်တွင် သူ၏အတောင်ပံများကျိုးသွားကာ သွေးများ နေရာအနှံ့သို့ စီးကျလာသည်။ သူသည် ခွန်ပန်၏ပြိုင်ဘက် မဟုတ်ပေ။

ဖူး..

နောက်ဆုံးရိုက်ချက်အနေဖြင့် ခွန်ပန်အတောင်ပံသည် သူ၏ဦးခေါင်းကို ဖြတ်လိုက်ကာ သူ၏မူလဝိဉာဉ်ကို ဖယ်ရှားလိုက်လေ၏။ မြေပြင်ထက်တွင် အလောင်းတစ်လောင်း ပြုတ်ကျသွားလေသည်။

ကျွမ်းကျင်သူများစွာ အသက်ဆုံးရှုံးနေလေပြီ။ အောက်ဘက်တွင်ရှိနေသည့်သူများမှာ တုန်လှုပ်နေကြပြီး တိုက်ခိုက်ရမည်ကို ချက်ချင်းပင် ကြောက်လန့်သွားကြလေသည်။

မြေအောက်ကလန်မှ အမျိုးသမီးသည် သူမလက်ထဲတွင်ရှိနေသည့် သေမင်းမြက်ရိတ်ဓားဖြင့် လေဟာနယ်ကို ခွဲလိုက်ပြီး ထွက်ပြေးရန် လှည့်ထွက်သွားလေသည်။

ချွမ်း..

ရှီဟောင်၏လက်ထဲတွင် လေဟာနယ်ရဲဒင်းပေါ်လာကာ လေဟာနယ်ကို တိုက်ရိုက် လွှဲခုတ်လိုက်လေ၏။

နားစည်ကွဲလောက်သည့်အသံနှင့်အတူ လေဟာနယ် ပျံ့ကြဲသွားကာ သူတို့နှစ်ဦး ပြန်ပေါ်လာသည်။ သေမင်းမြက်ရိတ်ဓားမှာ ပျက်စီးသွားလေပြီ။ လေဟာနယ်ရဲဒင်းသည် အလွန်ပင် တောက်ပနေလေ၏။ ထိုရဲဒင်းကို လွှဲလိုက်သည်နှင့် မြေအောက်ကလန်မှ အမျိုးသမီးသည် နှစ်ပိုင်းပြတ်သွားကာ သွေးများလည်း နေရာအနှံ့သို့ လွင့်စင်သွားသည်။

ပြေး…

ဤသည်မှာ ကျန်နေသည့်သုံးယောက် တွေးလိုက်သည့်အတွေးပင်။ သူတို့ ဤရန်သူကို နိုင်စရာအကြောင်းမရှိပေ။ ဤလူမှာ ပြိုင်ဘက်ကင်းသည့် နတ်ဆိုးဘုရင်ကြီးပင်။

“မင်းတို့က ဘယ်ပြေးချင်နေတာလဲ”ရှီဟောင်သည် ရဲဒင်းဖြင့် မီးတောက်ကင်းမြှီးကောက်သွားမည့်လမ်းကြောင်းကို ဖြတ်ချလိုက်လေသည်။

“သတ်…” ကင်းမြှီးကောက်မိန်းကလေး အော်ဟစ်လိုက်သည်။

ဖူး..

နောက်ဆုံးတွင် သူမ၏အမြှီးကိုးချောင်းလုံး ဖြတ်ခံလိုက်ရကာ အဆိပ်များလည်း ကောင်းကင်ထက်သို့ ပျံ့လွင့်သွားလေသည်။ ထို့နောက်တွင် ရှီဟောင်သည် ရဲဒင်းကို လှုပ်ရှားလိုက်ကာ သူမ၏ဦးခေါင်းကို ဖြတ်ပစ်လိုက်လေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် လော့သွမ်နှင့် လန်ယိချန်တို့နှစ်ယောက်လုံးမှာ ထိတ်လန့်နေကြလေသည်။ သူတို့သာ ဤလူနောက်လိုက်လျှင် သူတို့ဘယ်တော့မှ မမှားနိုင်ဘူးဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

ကျွမ်းကျင်သူခြောက်ယောက်မှာ အလောင်းများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ရွှေရောင်နွားရိုင်းမှ ရွှေရောင်သွေးများ စီးကျနေပြီး မီတောက်ကောင်းကင်ကင်းမြှီးကောက်လည်း သူ၏အမြှီးကိုးခု အဖြတ်ခံလိုက်ရသည်။ နဂါးစာကလေးမှာမူ ငါးရောင်စပ်အလင်းများ တောက်ပနေလေသည်။ မျက်လုံးသုံးခုသားရဲမှာမူ သူ၏အလယ်မျက်လုံး အဖောက်ခံလိုက်ရသည်။ စွမ်းအားကြီးသည့်ခြင်္သေ့ဖြူလည်း ထို့အတူပင်။

ဤကျွမ်းကျင်သူများအားလုံးသည် သူတို့၏မူလခန္ဓာကိုယ်ကို ပြသကြလေသည်။ အချို့မှာ တောင်ငယ်တစ်လုံးစာခန့်ရှိပြီး အချို့မှာ ငှက်နှုတ်သီးကဲ့သို့ တောက်ပနေသည်။ အချို့သူများ၏ သွေးများမှာ မြစ်ကဲ့သို့ပင် စီးဆင်းနေလေသည်။

ဤလူများအားလုံးသည် ထူးခြားပါရမီရှိသူများ ဖြစ်ကြသောကြောင့် ဤမြင်ကွင်းကို ကြည့်ပြီး မကြောက်သွားမည့်သူ ရှိမည်မဟုတ်ပေ။

အလောင်းများဘေးတွင် လူငယ်တစ်ယောက်ရပ်နေပြီး သူ၏လက်ထဲတွင် ရဲဒင်းတစ်လက်ကို ကိုင်ထားလေသည်။ သူ၏အမူအရာမှာ အေးစက်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း တိမ်များထဲသို့ တိုးဝင်နေလေ၏။

အခြားကျွမ်းကျင်သူနှစ်ယောက်မှာ ထွက်ပြေးချင်နေဆဲပင်။ ကံမကောင်းစွာဖြင့်ပင် သူတို့နှစ်ယောက်လုံး ပိတ်မိသွားလေပြီ။ တစ်ယောက်ကို လော့သွမ်က လမ်းပိတ်ထားပြီး ကျန်တစ်ယောက်မှာ ရှီဟောင်၏စိုက်ကြည့်ခြင်းကို ခံနေရလေ၏။

“မင်း သူတို့အားလုံးကို သတ်မလို့လား .. တစ်ယောက်မှကို အလွတ်မပေးတော့ဘူးလား” လုယီသည် ကြောက်လန့်တကြားဖြင့် အဝေးကြီးသို့ နောက်ဆုတ်သွားပြီဖြစ်သည်။ သူသည် ဤမျှကြောက်စရာကောင်းသည့်မြင်ကွင်းကိုတစ်ခါမှ မမြင်ဖူးပေ။

အလောင်းများမှာ မြေပေါ်တွင် ပုံနေပြီး ရွှေရောင်သွေးများလည်း စီးဆင်းနေသည်။

သိထားရမည်မှာ ဤလူများအားလုံးသည် ထူးခြားပါရမီရှိသူများဖြစ်ပြီး ယခုကဲ့သို့ မြေကြီးပေါ်တွင် အလောင်းများ တန်းစီနေဖို့မပြောနှင့် သူတို့အတူတကွ လမ်းလျှောက်ခြင်းပင်လျှင် ရှားပါးသည့်အရာပင်။

သို့သော် ငွေရောင်ခြယ်တောင်မှ တိုက်ပွဲပြီးသည့်နောက်တွင် လူတစ်ယောက်တည်းက ဤလူ ခြောက်ယောက်ကို သတ်လိုက်သည်။ ဤသတင်းသာ အပြင်ဘက်သို့ ပေါက်ကြားသွားပါက အုတ်အော်သောင်းတင်းဖြစ်သွားမည်မှာ သေချာသည်။

“မင်း .. တကယ်ပဲ ငါတို့ကို သတ်မလို့လား” ငွေရောင်ဆံပင်နှင့်တစ်ယောက်သည် နူးညံ့စွာ မေးလိုက်လေ၏။ သူ၏မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက် လုပ်သည့်အချိန်တိုင်းတွင် ငွေရောင်သင်္ကေတများ သူ၏ခန္ဓာကိုယ်တစ်ဝိုက်ကို လွှမ်းခြုံသွားလေ၏။ သူသည် ရှီဟောင်နှင့်စကားပြောသည့်အချိန်တွင် တတ်နိုင်သမျှ အသံကို နှိမ့်ချထားလေသည်။

ရွှီး..

အလင်းတန်းတစ်ခုထွက်ပေါ်လာကာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထိုသူ၏ မျက်ခုံးနှစ်ခုကြားကို တိုက်လိုက်လေသည်။

“အား အား အား…” လေထဲတွင် ဝက်သတ်သံကဲ့သို့သော အော်သံများ ထွက်ပေါ်လာလေသည်။

ငွေရောင်ဆံပင်နှင့်လူသည် သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် အဖိုးတန်ပညာများကို အသုံးပြုနေသော်လည်း ဤကျောက်တုံးလက်မှ မလွတ်နိုင်ဖြစ်နေသည်။ တစ်ဖက်လူမှာ လျင်မြန်လှပြီး သူ၏ပစ်မှတ်ကို မထိမချင်း မရပ်ပေ။

ဒုန်း..

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အဖိုးတန်သင်္ကေတတစ်ခုနှင့် တိုက်မိသွားလေသည်။ ဤသည်မှာ ဆံပင်ငွေရောင်နှင့်လူကို ထိတ်လန့်သွားစေ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူထွက်ပြေးရန် အသုံးပြုလိုက်သည့် လေဟာနယ်ပျက်စီးခြင်းသင်္ကေတပင်။

သို့သော် သူသည် သူ့ထောင်ချောက်နှင့်သူ ပိတ်မိသွားလေပြီ။ ဤနေရာကို ပိတ်ထားသည့်အစီအရင်ကြီးရှိနေသောကြောင့် ထိုသင်္ကေတ၏အစွမ်း အတော်များများ ပျောက်ပျက်သွားလေပြီ။ ထိုသင်္ကေတကို အချိန်အတော်ကြာသည်အထိ အသက်သွင်းထားသော်လည်း လေဟာနယ်ကို မဖြိုခွဲနိုင်ပေ။ ယခုတော့ ထိုသင်္ကေတသည် ပျက်စီးသွားကာ သူ ထွက်ပြေးနိုင်မည့်မျှော်လင့်ချက်လည်း လုံးဝပျက်စီးသွားလေပြီ။

(TN: သူတို့ လန်ယိချန်ကိုဖမ်းဖို့အတွက် လုပ်ထားတဲ့ အစီအရင်ကြီးရှိနေတော့ လေဟာနယ်ပျက်စီးခြင်းသင်္ကေတကို သုံးလို့မရတော့တာပါ)

အပိုင်း ၁၀၃၀ ( ၂ ) ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၁ – ဟော့ပေါ့

“မင်းက ထွက်ပြေးချင်နေတုန်းလား” ရှီဟောင်သည် ရဲဒင်းကိုကိုင်ကာ သတ်ဖြတ်လိုဟန်ဖြင့် လျှောက်သွားလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ဘာကိုမှ စောင့်ဆိုင်းမနေတော့ပေ။ လေဟာနယ်ရဲဒင်းကြီး တောက်ပလာကာ လေဟာနယ်မှာ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ဖြစ်လာလေ၏။ စွမ်းအားကြီးသည့် ဤငွေရောင်ဆံပင်နှင့်လူငယ်ပင်လျှင် ဤသည်ကို မခုခံနိုင်ပေ။

ဖူး..

သူ၏ခန္ဓာကိုယ်မှာ ငါးပိုင်းခြောက်ပိုင်းခန့် ပြတ်သွားလေသည်။ သူသည် အမှန်တကယ်တော့ ငွေရောင်အမဲလိုက်ခွေးပင်။

တစ်ချိန်တည်းမှာပင် ဓားအလင်းတန်းများ ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားလေသည်။ မှော်ဓားကိုင်ထားကာ ခရမ်းရောင်စွမ်းအင်များ စီးဆင်းနေသည့် လူငယ်လေးသည် ထွက်ပြေးရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် လော့သွမ်၏ ဆံပင်ရှည်နှင့် တွေ့သွားလေသည်။

သူတစ်ယောက်တည်းသာ ကျန်တော့သည်ဖြစ်သဖြင့် သူသည် ဤအခြေအနေအား ပြောင်းလဲနိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူသည် ရှီဟောင်ထံသို့ ဓားစွမ်းအင်ကို ဝေ့ရမ်းလိုက်လေသည်။ ရှီဟောင်၏ခြေထောက်မှာ မြွေနဂါးတစ်ကောင် သူ၏အမြှီးကို လှုပ်ရမ်းနေသကဲ့သို့ ဖြစ်သွားလေ၏။ ဤသည်မှာ မူလကောင်းကင်လျှို့ဝှက်နယ်မြေမှ ရခဲ့သည့် ရွှေမြွေခြေထောက်ပင်။

ထိုခြေထောက်သည် တစ်ဖက်လူပေါ်သို့ ကျရောက်သွားသည်နှင့် ဓားစွမ်းအင်များ ပျက်ပြယ်သွားလေသည်။

ထိုလူသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားလေ၏။ ဤမြွေနဂါးခြေထောက်သည် နတ်ဘုရားပစ်လွှတ်လိုက်သည့် ကြာပွတ်အဖြစ် သုံး၍ရသကဲ့သို့ ရန်သူများကို ခုတ်ပစ်နိုင်သည့် ထာဝရဓားအဖြစ်လည်း အသုံးပြု၍ရသည်။

မြူခိုးများ ဝန်းရံနေသည့် ခရမ်းရောင်ငှက်တစ်ကောင် ပေါ်လာလေသည်။ သူ၏အတောင်ပံများမှာ ခရမ်းရောင်ရွှေဖြင့် ပြုလုပ်ထားသည်နှင့် တူလေသည်။ သို့သော် နှမြောစရာကောင်းသည်မှာ ထိုအတောင်ပံများမှာ ကျိုးနေလေပြီ။

“ခရမ်းရောင်ငန်း .. ရှားပါးမျိုးစိတ်ပဲ” လော့သွမ် ထိတ်လန့်သွားရသည်။ ဤမျိုးစိတ်များမှာ ရှားပါးလှသော်လည်း အားလုံးမှာ စွမ်းအားကြီးကြသည်သာ။ သူတို့၏ငှက်နှုတ်သီးများသည် ဓားများကဲ့သို့ပင် ရန်သူအားလုံးကို ထိုးဖောက်နိုင်လေသည်။

ကံမကောင်းစွာဖြင့်ပင် သူသည် ရှီဟောင်နှင့် တွေ့သွားလေသည်။ ငှက်နှုတ်သီးမှာ ပျက်စီးနေပြီဖြစ်ပြီး ခန္ဓာကိုယ်ပင်လျှင် နှစ်ပိုင်းကွဲသွားလေပြီ။

“ခရမ်းရောင်ငန်း .. အရိုးစာအုပ်ထဲမှာ ဒီငန်းအကြောင်းကို မှတ်တမ်းတင်ထားတာရှိတယ် .. သူတို့ရဲ့အသားက အရမ်းအရသာရှိပြီးတော့ ငှက်မျိုးစိတ်ထဲမှာဆိုရင် ဖီးနှစ်ကလန်ပြီးရင် သူတို့က ဒုတိယပဲ..” ရှီဟောင် မှတ်ချက်ပေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ထိုနေရာတွင်ရှိနေသည့်သူများအားလုံး ဆွံ့အသွားကြရသည်။

သူ၏ဆံပင်များ ရှုပ်ပွနေပြီး မျက်လုံးများလည်း အေးစက်နေကာ နတ်ဆိုးနတ်ဘုရားအရှိန်အဝါထုတ်နေသောကြောင့်သာမဟုတ်ပါက ဤလူသည် ဤမျှကြောက်စရာကောင်းသည့် တိုက်ခိုက်စွမ်းရည်ရှိတာ ဟုတ်ရဲ့လားဟူ သူတို့သံသယဝင်မိမည်ပင်။

“ဟုတ်ပြီ .. ပစ္စည်းတွေကို ရှင်းရအောင် .. လုယီ ငါတို့သန့်ရှင်းရေးလုပ်လို့ရအောင်လို့ ရေရှိမယ့်နေရာကို သွားရှာလာခဲ့ .. ငါတို့ခန္ဓာကိုယ်တွေကို ပြုပြင်ရမယ် .. ငါစွမ်းအင်တွေအများကြီးသုံးလိုက်ရတော့ ဗိုက်ဆာနေပြီ” ရှီဟောင်သည် ရဲဒင်းကို သိမ်းလိုက်ကာ တောင်ကြောတစ်လျှောက် လျှောက်ကြည့်နေလေသည်။

လန်ယိချန် လမ်းလျှောက်ထွက်လာသည်။ ရှီဟောင်ကို တွေ့သည့်အချိန်တွင် သူ၏အမူအရာများမှာ ရှုပ်ထွေးနေသည်။ သူနှင့် လော့သွမ်သည် ရှီဟောင်နောက်သို့ လေးစားမှုဖြင့် လိုက်နေခဲ့ခြင်းမဟုတ်ပေ။ သူတို့ကိုယ်ထဲတွင်ရှိနေသည့် ‘အစေ့အစီအရင်’ ကြောင့်သာမဟုတ်ပါက သူတို့မပူးပေါင်းလောက်ပေ။

သို့သော် ယခုအချိန်တွင် သူ၏အမြင်ပြောင်းလဲသွားလေပြီ။ ရှီဟောင်သည် သူ့ကို လူကိုယ်တိုင်လာကယ်ပြီး သူသည် စွမ်းအားကြီးလှသည်။ ဤသည်မှာ သူနှင့် လော့သွမ်တို့နှစ်ဦးလုံးကို တုန်လှုပ်သွားစေလေသည်။

အပြင်ဘက်တွင် ရှိနေသည့် ကျင့်ကြံသူများမှာ အစမှအဆုံးထိ အကုန်လုံးကို မြင်လိုက်ကြသည်သာ။ သူတို့အားလုံးမှာ ဆွံ့အနေကြလေသည်။

အားလုံးသည် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ပင် ကြည့်နေကြပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြပေ။ ဟွမ်သာ ကြီးလာလျှင် သူသည် မည်ကဲ့သို့သော စွမ်းအားရှင်ဖြစ်လာမည်နည်း..

ယခုပင်လျှင် သူသည် ရှေးဟောင်းလူထူးဆန်းအဆင့်သို့ ရောက်နေလောက်ပြီမလား .. ဤသည်မှာ အားလုံးစဉ်းစားနေသည့်အရာပင်။

လူများစွာမှာ စိတ်ထဲတွင် လှိုင်းထနေပြီး မတည်ငြိမ်နိုင်ဖြစ်နေသည်။ အထူးသဖြင့် ရှီဟောင်နှင့် ရန်စရှိသည့်သူများပင်။ သူတို့၏မျက်လုံးများမှာ အေးစက်နေလေ၏။ ဖြစ်နိုင်လျှင် ထာဝရရှေးဟောင်းမြေထဲသို့ဝင်ကာ သူ့အား သတ်ပစ်လိုက်ချင်သည်။

သူတို့ကလန်မှ ထူးခြားပါရမီရှိသူများ သေဆုံးသွားသည်ကို မြင်လိုက်ရသည့်သူများမှာမူ စိတ်ထဲတွင် နာကျင်သွားကြလေသည်။ သူတို့၏မျက်လုံးများ မှုန်ဝါးလာကာ မေ့လဲမလိုပင် ဖြစ်သွားကြလေ၏။ သူတို့၏ဆုံးရှုံးမှုမှာ ကြီးမားလွန်းလှသည်။

“နတ်မီးတောက်နယ်ပယ်အဆုံးကို ရောက်တာနဲ့ နောက်ထပ်ခြေလှမ်းတစ်ဝက် ထပ်လှမ်းဖို့တောင် ခက်သွားပြီ .. အဲဒီကျင့်ကြံသူတွေအတွက်က လမ်းဆုံးပြီလို့ ပြောလို့ရတယ်”

ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ သက်ပြင်းချကာ အမှန်တရားကို ပြောလိုက်သည်။

“ကြည့်ရတာ တစ်ယောက်ယောက်က အဲဒီလမ်းကိုလျှောက်နိုင်ပြီးတော့ အတိတ်နဲ့ပစ္စပ္ပုန်နှစ်ခုလုံးကို တောက်ပအောင် လုပ်နိုင်မယ်ထင်တယ်” ထိုအချိန်တွင် အဖြူရောင်လိပ်အိုကြီးမှ ပြောလိုက်သည်။

သူစကားပြောလိုက်သည့်အချိန်တွင် အားလုံး၏ မျက်ခုံးများ မြင့်တက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အဆင့်မြင့်နယ်မြေ၏ အသက်အကြီးဆုံး သက်ရှိများထဲမှ တစ်ယောက်ပင်။ သူ၏အခွံမှာ ဖြူဆွတ်နေပြီး အသက်စွမ်းအားကို ထုတ်လွှတ်နေလေသည်။

“မဖြစ်နိုင်တာ .. အဲဒီလမ်းကို ဝေးဝေးမလျှောက်နိုင်ဘူး .. အဲဒီလူတွေကို နောက်တစ်ခေါက်မှ ပြန်မတွေ့ရတော့တာ .. အနည်းဆုံးတော့ ဒီခေတ်မှာ အဲဒီလိုမျိုးလူ ပေါ်လာဖို့က အရမ်းကို ခက်ခဲလိမ့်မယ်” ဟုန်အိုကြီးမှ ပြောလိုက်သည်။ သူသည် သမိုင်းဝင်ခေတ်ကတည်းက ရှင်သန်လာခဲ့ခြင်းဖြစ်ပြီး အသက်လည်း တော်တော်ကြီးနေလေပြီ။

“ငါ သဘောတူတယ် .. ထာဝရရှေးဟောင်မြေမှာတောင် ကောင်းကင်ရဲ့ချီးမြှောက်မှုကိုခံရတဲ့သူတွေထဲမှာတောင်မှ အဲဒီလမ်းကို လျှောက်နိုင်တဲ့သူ သိပ်မရှိဘူး .. အခုလောကကြီးက ပြောင်းလဲလာပြီ .. ဒါက လုံးဝကို မဖြစ်နိုင်တော့ဘူး” အခြားလူတစ်ယောက်မှ ပြောလိုက်သည်။

ဤသည်မှာ တိုတိုင်းကလန်၏ ရှေးဟောင်းဘိုးဘေးဖြစ်နေသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။ ဤလူသည် နေ၊ လနှင့် ကြယ်များကိုပင် စားသုံးခဲ့ပြီး သမိုင်းဝင်ကာလစစ်ပွဲတွင် စွမ်းအားကြီးသည့် ကျွမ်းကျင်သူများကို အတော်လေး သတ်ခဲ့လေသည်။

သူသတ်လိုက်သည့် ဂိုဏ်းခေါင်းဆောင်အရေအတွက်မှာလည်း ဂဏန်းတစ်လုံးထက်ပိုမည်မှာ သေချာသည်။

“အားလုံးပဲ ငါတို့ဘာကိုမှ ဖုံးကွယ်ထားစရာမလိုတော့ဘူး .,, အခု အဲဒီလူတွေက ထာဝရရှေးဟောင်းမြေထဲကို ဝင်သွားပြီဆိုတော့ ဘယ်သူမှ မနှောက်ယှက်နိုင်တော့ဘူး .. ငါတို့က ဘာကိုစိုးရိမ်နေကြဦးမှာလဲ .. ဒီလောကကြီးမှာ ဘယ်သူအဲဒီလမ်းကို လျှောက်မယ်ဆိုတာကတော့ မင်းတို့အားလုံး နားလည်ထားပြီးသားပါ” ခရမ်းရောင်ဧကရာဇ်ရထားလုံးထဲမှ အသံထွက်လာလေသည်။

အသေးစိတ်မသိသည့်သူများအားလုံးသည် ထိတ်လန့်တကြားဖြင့်ပင် နတ်ဘုရားကျောင်း၊ နဂါးနန်းတော်၊ ဓားတောင်ကြားနှင့် အခြား ရှေးအကျဆုံးမျိုးဆက်များကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးဘက်တွင် ရှေးဟောင်းလူထူးဆန်းများကိုယ်စီ ရှိကြလေသည်။

“တကယ်တမ်းတော့ ဂိုဏ်းမှာရှိသမျှအရာအားလုံး သူတို့ကို လက်ဆင့်ကမ်းပေးခဲ့ပြီးသွားပြီ .. သူတို့တွေက ထာဝရရှေးဟောင်းခေတ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ပြန်ပြီးဖန်တီးနိုင်ဖို့ မျှော်လင့်တယ်” တစ်စုံတစ်ယောက်မှ ခေါင်းညိမ့်ကာ ပြောလိုက်သည်။

လူအုပ်မှာ ချက်ချင်းပင် တုန်လှုပ်သွားရသည်။ သူတို့တွေက အဲဒီလမ်းကို လျှောက်ကြတော့မှာလား ..

“တစ်ယောက် နှစ်ယောက်လောက်ပဲ အောင်မြင်နိုင်မယ်ထင်တယ် .. ထာဝရရှေးဟောင်းခေတ်က ရှာလို့ရသမျှအရာအားလုံး သူတို့ကိုပေးထားရင်တောင်မှ ၁၀ ရာခိုင်နှုန်းလောက်ပဲ အသက်ရှင်နိုင်ချေရှိတယ်”

“သရဖူ ၁၀ ခုဘုရင်ဆီက သစ်ပင်လေးက ထာဝရရှေးဟောင်းမြေကဟာမလား .. အဲဒီသစ်ပင် ပြန်ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

ဤလူပြောသည့်စကားကို အားလုံး နားလည်လျှင် စီရင်စုသုံးထောင်လုံး အတော်လေး တုန်လှုပ်သွားလိမ့်မည်။

“သူတို့လမ်းတစ်ဝက်မှာ ထူးဆန်းတဲ့စွမ်းအားကြောင့် သေသွားမှာပဲ စိုးရတယ်” တစ်စုံတစ်ယောက်မှ စိုးရိမ်စွာ ပြောလိုက်သည်။

ရုတ်တရက်ပင် တစ်စုံတစ်ယောက်သည် ကျောက်တိုင်ကိုကြည့်ကာ ထိတ်လန့်သည့်အမူအရာဖြစ်သွားလေသည်။ မြေအောက်ကလန်မှလူများမှာမူ ဒေါသထွက်လွန်းအားကြီးပြီး မျက်နှာပင် ဖြူဖျော့နေလေပြီ။

ငွေရောင်ခြယ်တောင်တွင်..

ရှီဟောင်သည် မြေအောက်ကလန်မှ အမျိုးသမီးအလောင်းကို ကန်ထုတ်လိုက်ကာ “ဒီကလန်က အသုံးမဝင်ဆုံးပဲ .. ငါ့ရဲ့စားချင်စိတ်ကို ပျက်စီးစေတယ်”

ထို့ကြောင့် မြေအောက်ကလန်မှလူများမှာ အံကြိတ်နေကြလေသည်။

သူတို့အပြင် နွားရိုင်းလူမျိုးစု၊ မီးတောက်ကင်းမြှီးကောက်လူမျိုးစု၊ ခြင်္သေ့ဖြူလူမျိုးစုနှင့် နဂါးစာကလေးလူမျိုးစုမှ လူများမှာလည်း မျက်လုံးများ နီရဲနေကြလေသည်။

အဘယ်ကြောင့်ဆိုသော် ငွေရောင်ခြယ်တောင်ခြေတွင် သည်းမခံနိုင်သည့်အရာတစ်ခု ဖြစ်ပျက်နေသောကြောင့်ပင်။

လုယီသည် ဤတောင်အောက်ခြေမှ စီးဆင်းလာသည့် ရေအရင်းအမြစ်တစ်ခုကို တွေ့ခဲ့လေသည်။ ထိုကန်ကြီးသည် မွှေးရနံ့များ ထုံလွှမ်းနေသည့် ဝိဉာဉ်ရေကန်ပင်။

အစီအရင်တစ်ချို့ တစ်စိတ်တစ်ပိုင်းပျက်စီးသွားမှသာ သူတို့ ဤနေရာကို တွေ့ခြင်းပင်။

ရှီဟောင်သည် အကောင်အားလုံးကို ယူလာကာ လော့သွမ်နှင့် အခြားသူများအား အရေခွံနွှာစေကာ ဆေးကြောစေလိုက်လေသည်။

“ဒါတွေအားလုံးက ပစ္စည်းကောင်းတွေပဲ .. ဒီအသားတွေအားလုံးက ဆေးဖက်ဝင်တယ် .. အသားတစ်တုံးကို စားလိုက်ရတာက ရက်ပေါင်းများစွာ ခါးခါးသီးသီးကျင့်ကြံနေရတာနဲ့ အတူတူပဲ .. ဒီနေ့ ငါတို့ အာရုံတွေကို ပြန်ဖြည့်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်စားကြမယ်” ရှီဟောင်သည် အမှန်တကယ်ပင် ပျော်ရွှင်နေခြင်းပင်။

လုယီသည် သတိလစ်လဲကျမတတ်ဖြစ်နေလေပြီ။ သူဘယ်တုန်းက ဤကဲ့သို့သော သားကောင်မျိုးကို မြင်ဖူးမည်နည်း.. ဤသည်မှာ ထူးခြားပါရမီရှိသူများကို စုပုံထားခြင်းပင်။ သူသည် ယခင်က ဤလူများကို တွေ့လျှင် အမြဲတမ်းပုန်းရှောင်နေခဲ့ရသော်လည် ယခုအချိန်တွင် ဤလူများသည် သူတို့အရေခွံနွာခံရရန်အတွက် စောင့်ဆိုင်းနေကြရသည်။

“ငါ ရူးတော့မယ်..” သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းမရအောင်ပင် တုန်လှုပ်နေလေသည်။

အဘယ်ကြောင့်ဆိုသော် ဤကျွမ်းကျင်သူများသည် သေဆုံးသွားပြီဖြစ်သော်လည်း သူ့ကို ကြောက်ရွံ့စေသည့်ဖိအားတစ်မျိုးရှိနေဆဲပင်။

ရှီဟောင်သည် လော့သွမ်တို့ သားကောင်များကို အရေခွံနွာ၊ အမွေးနှုတ်ပြီး ဝိဉာဉ်ရေကန်နံဘေးတွင် စီထားသည်ကို ကြည့်ပြီး အတော်လေး ကျေနပ်နေလေသည်။

“ငါ ကြော်စားရမလား .. ပေါင်းစားရမလား .. ကင်စားရမလား” ရှီဟောင်သည် မေးစေ့ကို ပွတ်ကာ အနည်းငယ်စဉ်းစားရ ကြပ်နေလေ၏။

အပြင်ဘက်တွင်ရှိနေသည့် သူများမှာတော့ သွေးအန်ချင်နေလေပြီ။ အချို့လူများသည် အဆုတ်များ ပွင့်ထွက်မတတ် အော်ဟစ်နေကြလေ၏။

“အရမ်းများတယ်ဆိုတော့ ဟော့ပေါ့လုပ်စားရင် အကောင်းဆုံးပဲ” ရှီဟောင် ဆုံးဖြတ်ချက်ချလိုက်သည်။

အိုးတစ်အိုးပေါ်လာကာ လော့သွမ်သည် တာအိုမီးတောက်ဖြင့် မီးမွှေးလိုက်ကာ ဝိဉာဉ်ရေကန်ထဲမှ ရေကို အသုံးပြုလိုက်သည်။ ရှီဟောင်နှင့် လုယီတို့မှ အသားတုံးများကို အိုးထဲသို့ ထည့်နေလေသည်။

“အမဲသားက ဟော့ပေါ့အတွက် တကယ်ကောင်းတာ” ရှီဟောင်သည် တောင်အသေးလေးတစ်လုံးစာခန့်ရှိသည့် နွားရိုင်းကြီးကိုကြည့်ကာ အလွန်ပင် ကျေနပ်နေလေသည်။ ထိုအသားတွင် စွမ်းအင်ပမာဏများစွာပါဝင်သည်။

ခဏကြာပြီးသည့်နောက်တွင် သူသည် ဟင်းခတ်အမွှေးအကြိုင်နှင့် အရသာမှုန့်မျိုးစုံကို ထည့်လိုက်သည်။ ဝိုင်ကောင်းများပင် ပါသေးသည်။

ရွှေရောင်နွားထီးကို အလွှာပါးပါးလေး လှီးပြီး အိုးထဲသို့ ထည့်ပြီးသည့်နောက်တွင် ရှီဟောင်တို့ စားပွဲကြီး စတင်လေသည်။

“တကယ် အရသာရှိလိုက်တာ .. ရွှေရောင်သွေးတွေပြည့်နေတဲ့ ပုံစံပြောင်းနွားရိုင်းပီသတယ် .. ငါ ဂျင်ဆင်းကို စားနေရတဲ့အတိုင်းပဲ .. တစ်လုပ်လေးစားလိုက်တာနဲ့ ငါ့တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်သွားတယ် .. ငါ့ခန္ဓာကိုယ်ကြီး မြှောက်တက်တော့မယ်”
ရှီဟောင် အံ့အားတကြီး ပြောလိုက်သည်။

ဤကဲသို့သော စားသုံးခြင်းမှာ လွန်ကဲလှပြီး ဂိုဏ်းခေါင်းဆောင်များပင် မစားရဲသည့်အရာပင်။ အဘယ်ကြောင့်ဆိုသော် ဤထူးခြားပါရမီရှိသူများသည် သူတို့ကလန်တွင် ရတနာတစ်ပါးကဲ့သို့ ကြီးပြင်းလာရခြင်းဖြစ်သောကြောင့် မည်သူက သူတို့ကို စားရဲမည်နည်း..

သို့သော် ရှီဟောင်သည် ပျော်ရွှင်စွာပင် စားသုံးနေလေ၏။ သူ၏ပါးစပ်မှ မွှေးရနံ့များထွက်နေပြီး စွပ်ပြုတ်များပင် စီးကျနေလေပြီ။

လုယီသည် အစပိုင်းတွင် အနည်းငယ် လန့်နေသေးသည်။

သို့သော် ရွှေရောင်အမဲသား သူ့ပါးစပ်ထဲသို့ ရောက်သွားပြီးသည့်နောက်တွင် သူအားလုံးကို မေ့သွားလေသည်။

အမဲသားသုံးတုံး သူ့ဗိုက်ထဲသို့ ရောက်သွားပြီးသည့်နောက်တွင် သူ၏ဒွါရ ၇ ပေါက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း မြေပြင်ပေါ်မှ မြှောက်တက်တော့မလိုပင်။ သူသည် မသောက်ရသေးသော်လည်း မူးနေလေပြီ။

“ဒီမီးတောက်ကင်းမြှီးကောက်အားကို နည်းနည်းသတိထား .. သူ့အမြှီးကို အိုးထဲမထည့်နဲ့ မဟုတ်ရင် ငါတို့အားလုံး သေသွားလိမ့်မယ်” ရှီဟောင် သတိပေးလိုက်သည်။

အပိုင်း ၁၀၃၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၂ – လုယူခြင်း

ကင်းမြှီးကောက်ကို အခွံနွာလိုက်သည်နှင့် ဖြူဖွေးနေသည့် အတွင်းသားများ ပေါ်လာလေသည်။ ဤသည်မှာ ပုဇွန် သို့မဟုတ် ဂဏန်းအသားနှင့်ပင် တူနေသေးသည်။

ဤကဲ့သို့သော အစားအစာကို စားရသည်မှာ အန္တရာယ်များလှသည်။ မီးတောက်ကင်းမြှီးကောက်အဆိပ်အနည်းငယ်သာ အိုးထဲသို့ ဝင်သွားသည်နှင့် ရလဒ်များမှာ ဆိုးရွားသွားလိမ့်မည်။

“အရသာရှိလိုက်တာ .. ဒီမီးတောက်ကင်းမြှီးကောက်အသားက အမဲသားထက်တောင် စားကောင်းသေးတယ်” ရှီဟောင် ပြောလိုက်သည်။ သူစားပြီး ဘာမှမဖြစ်သည်ကိုမြင်မှ အခြားသူများလည်း စားကြလေသည်။

လော့သွမ်ပင်လျှင် အံ့အားတကြီး သက်ပြင်းချသံများ ထွက်ပေါ်လာလေ၏။ ဤအကောင်သည် ကြည့်ရသည်မှာ ရုပ်ဆိုးသော်လည်း ပါးစပ်ထဲဝင်သွားသည့်အချိန်တွင် အဖိုးတန်သည့်အသားအဖြစ်သို့ ပြောင်းသွားလေသည်။

“လန်ယိချန် မင်းက သတ္တုလူသား မဟုတ်ဘူးလား .. ဘာလို့ အစာစားနေသေးတာလဲ” ရှီဟောင်မေးလိုက်၏။

“ငါက ကောင်းချီးပေးခံထားရတဲ့သူလေ .. အသွေးအသားနဲ့သတ္တုကြား ပြောင်းနေလို့ရတယ် .. ငါက ဒီအဖိုးတန်ဆေးတွေကို စုတ်ယူလို့ရတယ်” သူဤအခွင့်အရေးကို လက်မလွတ်ချင်ပေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ထူးခြားပါရမီရှိသူများကို ချက်ထားခြင်းပင်။

“လာခဲ့ ဒီအသားကို စားကြည့်” လုယီသည် ဘာကိုမှ စိုးရိမ်မနေတော့ပဲ ငွေရောင်အမဲလိုက်ခွေးအသားကို အိုးထဲသို့ ထည့်လိုက်လေသည်။

“ခွေးသားက အမွှေးဆုံးပဲ .. သေချာပေါက် အရသာလည်းကောင်းမှာပဲ” ရှီဟောင်သည် ဝိုင်ကောင်းများစွာကို ဖွင့်လိုက်ကာ စားရင်း သောက်နေလေသည်။

“ဟေး သတ္တုလူသား.. ကျောက်တုံးကနေ အသွေးအသားဖြစ်အောင် ဘယ်လိုပြောင်းရမလဲဆိုတာ သင်ပေးပါလား” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး ပြောလိုက်သည်။ သူ ထပ်ကြည့်မနေနိုင်တော့ပဲ ဝင်စားချင်နေလေပြီ။

” စိတ်မကောင်းပါဘူး .. ဒါက ငါသင်ပေးလို့ရတဲ့ဟာမဟုတ်ဘူး .. မွေးရာပါစွမ်းရည်” လန်ယိချန် ပြောလိုက်၏။

နတ်ဘုရားပစ်ချက် ကျောက်တုံးလေးမှာ စိတ်ပျက်သွားရသည်။

“အရသာညီသွားအောင်လို့ မြင့်မြတ်ဆေးပင်တစ်ပင်ထည့်လိုက်” ရှီဟောင်ပြောလိုက်သည်။ တောက်ပနေသည့် ဆေးပင်တစ်ပင်ကို ပစ်ထည့်လိုက်ပြီးသည့်နောက်တွင် အိုးတစ်ခုလုံး လင်းထိန်သွားလေသည်။

ထို့ကြောင့်ပင် သူတို့၏ အစားစားလိုစိတ်များ ပို၍ပင် များပြားလာလေသည်။

“ခရမ်းရောင်ငန်း .. ဒါက တကယ်ကို ရှားပါးတဲ့မျိုးစိတ်ပဲ .. ဒါ ငါပထမဆုံးစားဖူးတာပဲ” ရှီဟောင်သည် ငန်းအသားအတုံးကြီးကြီးလှီးကာ အိုးထဲသို့ ပစ်ထည့်လိုက်သည်။ သူမြည်းကြည့်ပြီးသည့်နောက်တွင် အလွန်ပင် ကျေနပ်သွားကာ “ထင်ထားတဲ့အတိုင်းပဲ … ဒါက တကယ်ကို ဖီးနှစ်ငှက်မျိုးပြီးရင် ဒုတိယအရသာအရှိဆုံးပဲ”

ခရမ်းရောင်ငန်းသားများမှာ နူးညံ့လှပြီး မွှေးရနံ့များ လွှမ်းထုံနေသည်။

“ဘာအနံ့ကြီးလဲ .. မွှေးလိုက်တာ” အပြင်ဘက်တွင် စောင့်ကြပ်နေကြသည့် သူများရှိကြလေသည်။ သို့သော်လည်း သူတို့သည် အတွင်းပိုင်းထဲသို့ ဝင်၍မရပေ။

စွမ်းအားအကြီးဆုံးဖြစ်သည့် သူတို့၏ခေါင်းဆောင်များ ချက်စားခံနေရလိမ့်မည်ဟု မည်သူမျှ ထင်ထားမည်မဟုတ်ပေ။

သူတို့သာသိလျှင် ချက်ချင်းပင် သွေးအန်သွားကာ ပျံပြေးသွားကြမည်ပင်။

“ဒီနဂါးစာကလေးက ချက်စားတာထက် ကင်စားတာပိုကောင်းတယ်” ရှီဟောင်ပြောလိုက်သည်။ နောက်ဆုံးတွင် သူသည် ရွှေရောင်သန်း‌နေအောင် ကင်ထားသည့် နဂါးစာကလေးအတောင်ပံနှင့် ခြေထောက်ကို စားလိုက်လေသည်။

ကျန်သည့်သူများမှာမူ ထပ်မစားနိုင်ကြတော့ပေ။

ရှီဟောင်သာလျှင် အသားများအားလုံးကို အိုးထဲသို့ထည့်ကာ တစ်ယောက်တည်း အဆုံးထိ ဆက်စားနေလေ၏။ နောက်ဆုံးတွင်မူ ကျေနပ်စွာဖြင့်ပင် မြေကြီးပေါ်သို့ လဲချလိုက်လေသည်။

သူသည် သားရဲအရေခွံများနှင့် ငှက်မွေးများအားလုံးကို မီးရှို့သန့်ရှင်းလိုက်ကာ ကျန်နေသေးသည့်အသားအားလုံးကို အပြာရောင်ကျောက်လမ်းများတွင် စားနိုင်ရန်အတွက် သိမ်းဆည်းလိုက်သည်။

သူသည် ခရမ်းရောင်ငန်းနှင့် နဂါးစာကလေး မူလအမွေးများကိုတော့ ကောင်းကင်နှင့်မြေကြီး ရှုံ့အိတ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။ နောင်ကျလျှင် သူ ငှက်ငါးကောင်ယပ်တောင်လုပ်ရမည်။

အဆင့်နိမ့်နယ်မြေတွင် သူသည် နတ်ငှက်မွေးငါးမျိုးကို စုဆောင်းခဲ့ကာ ယပ်တောင်ပြုလုပ်ခဲ့သေးသည်။ သို့သော် သူသည် ပစ္စည်းများမစုံခဲ့ပေ။ အများစုမှာ အဆင့်လွန်ကျွမ်းကျင်သူအမွေးများဖြစ်ပြီး နှစ်ခုသာလျှင် နတ်ငှက်မွေးများဖြစ်သည်။ သို့သော်လည်း ထိုယပ်တောင်သည် နတ်မီးတောက်နယ်ပယ်မှော်ပစ္စည်းဖြစ်လာကာ သူ၏စွမ်းအားမှာလည်း ကြီးမားလှသည်။

ထို့အပြင် ထိုပစ္စည်းကို မှော်စွမ်းအားမသုံးပဲ ပြုလုပ်ထားသော်လည်း ထိုယပ်တောင်ကို အနည်းငယ်ဝေ့ရမ်းလိုက်ရုံဖြင့် စွမ်းအားကြီးသည့် နတ်ခွန်အားကို ထုတ်လုပ်နိုင်လေသည်။

ငှက်ငါးကောင်ယပ်တောင်သည် ရှေးခေတ်၏ စွမ်းအားအကြီးဆုံး မှော်လက်နက်တစ်ခု ဖြစ်ထိုက်ပါပေသည်။

ထို့ကြောင့်ပင် ရှီဟောင်သည် သင့်တော်သည့် နတ်ငှက်မွေးများကို တွေ့သည့်အချိန်တိုင်း သိမ်းထားလေသည်။ သူ၏မှော်ခွန်အားကုန်ခမ်းသွားသည့်အချိန်တွင် ဤသည်ကို ဝှက်ဖဲအနေဖြင့် သုံး၍ရသည်။

“ဒါက ရတနာရှစ်သွယ်ယူနီကွန်းပဲ”

လန်ယိချန်သည် ကျောက်စိမ်းဗူးလေးကို ဖွင့်လိုက်ကာ ထိုထဲမှ တစ်ပေခန့်ရှိသည့် အပင်ကို ထုတ်လိုက်လေသည်။

“အပင်လား..” ရှီဟောင် ဆွံ့အသွားရသည်။

ရတနာရှစ်သွယ်ရတနာများအားလုံးမှာ ငှက် သို့မဟုတ် သားရဲများဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ အပင်တစ်ပင်ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ဒါက အပင်ဆိုပေမယ့် သူ့ရဲ့အသားက အကောင်တွေရဲ့အသားနဲ့ သိပ်မကွာဘူး” လန်ယိချန် ပြောလိုက်သည်။

ဤအပင်၏အရွက်များမှာ ထူးဆန်းလှသည်။ အရွက်များသည် ချီလင်းဦးချိုနှင့် ပုံစံတူပြီး တောက်ပနေကာ အရွက်နှစ်ခုသာ ရှိလေသည်။ သူ၏အမြစ်များမှာ ချီလင်းနှင့်တူသည်။ သို့သော် ဤအပင်မှာ မြေကြီးနှင့်ထိသည်နှင့် မြေကြီးအတွင်းပိုင်းသို့ ပြေးဝင်သွားမည်ဖြစ်ပြီး ဖမ်းနိုင်ရန် ခက်ခဲလှသည်။

လန်ယိချန်သည် သတ္တုတောင်နှင့် ပေါင်းစည်းကာ သီးသန့်ကျင့်ကြံသည့်အချိန်တွင် ဤအပင်ကို တွေ့ခဲ့ခြင်းဖြစ်ကာ ကံကောင်းစွာဖြင့် ဖမ်းနိုင်ခဲ့ခြင်းပင်။ မဟုတ်ပါက ဤအပင်ကို တွေ့နိုင်ရန်ပင် ခက်ခဲလိမ့်မည်။

“မွှေးလိုက်တာ” ရှီဟောင်ပြောလိုက်သည်။

ဤအပင်မှာ သိပ်မမွေးသော်လည်း သူ၏ချိုမြိန်လှသည့် မွေးရနံ့သည် လူတစ်ယောက်၏စိတ်ကို ရှင်းလင်းသွားစေလေသည်။

“ဒါနဲ့ မြင့်မြတ်ဆေးပင်တွေလုပ်ပြီးတော့ နတ်ဆေးတွေနဲ့ အစွမ်းကို အဆပေါင်းများစွာ တိုးတက်အောင် လုပ်နိုင်တာ အံ့ဩစရာမရှိတော့ပါဘူး .. ဒါက သာမန်ပစ္စည်းမဟုတ်ဘူးပဲ..”

ရှီဟောင်သည် ယဉ်ကျေးမနေတော့ပဲ ရတနာရှစ်သွယ်ယူနီကွန်းကို သိမ်းယူလိုက်လေသည်။

လန်ယိချန်နှင့် လော့သွမ် ရထားသည့် မြင့်မြတ်ဆေးပင်များကိုမူ သူ မတောင်းတော့ပဲ သူတို့၏ကျင့်ကြံခြင်းအတွက် ချန်ထားလိုက်လေသည်။

ထို့အပြင် ရှီဟောင်သည် လန်ယိချန်နှင့် လော့သွမ်တို့အား တိမ်တိုက်တံဆိပ်ကြေးနီကို လက်ဆောင်ပေးလိုက်လေသည်။ ဤသည်မှာ သူထာဝရနန်းတော်မှ ယူလာသည့် နတ်ပစ္စည်းများပင်။ ဤကြေးနီများဖြင့် အလွန်စွမ်းအားကြီးသည့် မှော်ပစ္စည်းများကို သွန်းလုပ်၍ရသည်ဟု ပြောကြလေသည်။

အလင်းတန်းမြို့တွင်ရှိနေသည့် ထာဝရနန်းတော်မှ ပြောင်သလင်းခါသွားလေပြီ။ သူတို့သည် ဤသတင်းကို ဖုံးကွယ်ရန် ကြိုးစားကြသော်လည်း အချို့လူများသည် ဤသတင်းအား သိသွားကြဆဲပင်။

သူတို့သည် ဆုံးရှုံးမှုပမာဏကို မသိကြသော်လည်း ပြဿနာကြီးဖြစ်သွားသည်ကိုတော့ သူတို့သိလေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် စွမ်းအားကြီးသည့်သူအချို့သည် တစ်စုံတစ်ယောက်သည် လန်ယုချန်ကို ကယ်တင်နိုင်ရန်အတွက် ငွေရောင်ခြယ်တောင်အတွင်းသို့ဝင်သွားပြီး အစီအရင်ထဲတွင်ပိတ်မိနေသည်ဟု သတင်းရရှိလိုက်ကြလေသည်။

“သွားကြစို့ သူတို့ကို သွားကူညီပေးပြီးတော့ ဘာဖြစ်နေတာလဲဆိုတာ ကြည့်ကြရအောင် .. ဒီလောက်သတ္တိရှိတဲ့သူ ရှိသလား” လူများစွာမှာ ဤသည်ကို မယုံကြည်ကြပေ။ စွမ်းအားအကြီးဆုံး နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူသာမဟုတ်လျှင် မည်သူက ဤမျှများပြားသည့် ထူးခြားပါရမီရှိသူကို တိုက်ခိုက်နိုင်မည်နည်း…

သို့သော် သူတို့ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင် ဤနေရာမှာ လုံးဝတိတ်ဆိတ်နေလေပြီ။ ငွေရောင်ခြယ်တောင်အတွင်းမှ ထွက်လာသည့် အသား၏မွှေးရနံ့မှလွှဲလျှင် မည်သည့်အရာမှ မရှိတော့ပေ။ ရှီဟောင်သည် အားလုံးကို မီးရှို့ကာ သန့်ရှင်းလိုက်ပြီးသားပင်။

“အမှိုက်ကောင်တွေ .. မင်းတို့အားလုံး ရပ်စောင့်နေတာတောင်မှ အထဲမှာဘာဖြစ်နေတာလဲဆိုတာကို မင်းတို့မသိကြဘူးလား”

ရောက်လာသည့်သူများမှာ ဒေါသထွက်သွားကြလေသည်။ သို့သော်လည်း အစီအရင်မှာ အားကောင်းလွန်းလှသောကြောင့် စောင့်ကြပ်နေကြသည့် ထိုကျွမ်းကျင်သူများမှာ တောင်ထဲသို့ မဝင်နိုင်ကြပေ။

အပြင်ဘက်လောကတွင် ရှိနေသည့်သူများမှာ သက်မချလိုက်ကြလေ၏။ ထိုလူများရောက်လာသည့်အချိန်တွင် ရှီဟောင် မရှိတော့သဖြင့် သူတို့စိတ်သက်သာရာရသွားကြသည်။

သူတို့စိတ်ငြိမ်သွားသည့်အချိန်တွင် သူတို့သည် ဟွမ်ကို အနည်းငယ်ကြောက်ရွံ့နေကြောင်း သတိထားမိသွားသည်။ သူတို့ဂိုဏ်းမှ တပည့်များ သူနှင့်တွေ့သွားမည်ကို သူတို့ကြောက်ရွံ့နေကြလေသည်။

“တကယ်ကို .. မယုံကြည်နိုင်လောက်အောင်ပဲ .. ငါတို့က အဆင့်နိမ့်နယ်မြေကလာတဲ့ လူငယ်တစ်ယောက်ကို ကြောက်နေရတယ် .. ဒါက တကယ်ကို ဝမ်းနည်းဖို့ကောင်းတာပဲ” ကောင်းကင်နတ်ဘုရားအိုတစ်ပါး သက်ပြင်းချကာ ပြောလိုက်သည်။

အမှန်တကယ်တွင် ရှေးဟောင်းလူထူးဆန်းများရှိနေသည့် ဓားတောင်ကြား၊ နဂါးနန်းတော်နှင့် နတ်ဘုရားကျောင်းတို့မှလွဲလျှင် မည်သူက ဟွမ်ကို မကြောက်ပဲနေမည်နည်း…

သူတို့အပြင် ထာဝရနန်းတော်၊ အနက်ရောင်နတ်သားတော်နှင့် ကောင်းကင်လောင်ကျွမ်းခြင်းပညာကို ဆက်ခံသည့်သူများသာလျှင် မကြောက်ပဲနေလိမ့်မည်။

“မကောင်းတော့ဘူး .. သူအလင်းတန်းမြို့ဘက်ကို ဦးတည်သွားနေပြီ”

အပြင်ဘက်တွင်ရှိနေသည့်လူများ၏ အမူအရာများ ပြောင်းလဲသွားသည်။ ရှီဟောင်သည် လူအနည်းငယ်ကို ခေါ်ကာ အလင်းတန်းမြို့ဘက်သို့ ဦးတည်သွားနေကြောင်း သူတို့တွေ့လိုက်ရသည်။

လူများ သူ့ကို ကြောက်နေကြခြင်းမှာ သူသည် သာမန်လူများ လုပ်သည့်အတိုင်းမလုပ်ပဲ စွမ်းအားရှင်ကြီးများ ချမှတ်ထားသည့်စည်းမျဉ်းများကိုလည်း မလိုက်နာသောကြောင့်ပင်။

ယခုအချိန်တွင် အနက်ရောင်နတ်သားတော်၊ သရဖူခြောက်ခုဘုရင်၊ ကုကျင်းယွမ်၊ ရှေးဟောင်းမြင့်မြတ်သားတော်နှင့် အခြားသူများသည် သီးသန့်ကျင့်ကြံခြင်းမှ ထွက်မလာသေးသောကြောင့် သူ့ကို မည်သူက တားနိုင်မည်နည်း..

အလင်းတန်းမြို့သည် ရွှေရောင်အလင်းဖျော့လေး တောက်ပနေပြီး အရိုးစာသားများနှင့် ပေါင်းစည်းလိုက်သည့်အချိန်တွင် ဤသည်မှာ ရွှေမြို့ကြီးကဲ့သို့ပင်။

“ဟမ် .. အဲဒါ လော့သွမ် မဟုတ်ဘူးလား … သူကဘာလို့ ပြန်လာတာလဲ .. သူက အလင်းတန်းမြို့ထဲကို ဝင်ရဲတယ်ပေါ့” တစ်စုံတစ်ယောက်သည် လော့သွမ်ကို မှတ်မိသွားကာ ထိတ်လန့်သွားလေသည်။

“လန်ယိချန်လည်း ပြန်လာပြီ .. သူလွတ်လာတာလား .. အဲဒီကျွမ်းကျင်သူတွေက သူ့ကို မဖမ်းနိုင်ဘူးလား .. ဒါမှမဟုတ် သူ ရတနာရှစ်သွယ်ယူနီကွန်းကို ပေးလိုက်တာလား”

သူတို့ကို မြင်လိုက်ရသည့်အချိန်တွင် လူများစွာမှာ ထိတ်လန့်သွားကြလေသည်။

သို့သော် မည်သူမှ လက်လွတ်စပယ် မလုပ်ရဲကြပေ။ နတ်ဘုရားကျောင်း၊ ထာဝရနန်းတော်နှင့် အနက်ရောင်နတ်နန်းတော်တို့မှလူများသည် သတင်းပို့ရန်အတွက် သူတို့နေရာသို့ လျင်မြန်စွာ ပြန်သွားကြလေသည်။

ရှီဟောင်တို့သည် အနက်ရောင်နတ်နန်းတော်သို့ ဦးတည်သွားနေသည်ကို အားလုံး ထိတ်လန့်စွာ တွေ့လိုက်ရသည်။

“ဘယ်သူလဲ .. ရပ်လိုက်..”

“မင်းလား .. မင်းက ဘာလို့ နောက်တစ်ခေါက် ထပ်လာတာလဲ” တစ်စုံတစ်ယောက်သည် ရှီဟောင်ကို မှတ်မိသွားကာ အလွန်ပင် ကြောက်လန့်သွားလေ၏။

“မင်း .. မင်းဘာလုပ်ချင်နေတာလဲ” မြေအောက်ကလန်မှ လူများသည် အတော်လေးပင် ခေါင်းကိုက်သွားကြလေသည်။

“လာလုတာ” ရှီဟောင် ပျင်းရိပျင်းတွဲ့ပင် ပြောလိုက်သည်။

“မင်း…” မြေအောက်ကလန်မှာ ဒေါသထွက်ကာ ထိတ်လန့်သွားရသည်။

ဘေးဘက်တွင်ရှိနေသည့်လူများမှာ ဆွံ့အသွားကြလေသည်။ ဤစကားလုံးသည် .. လူတစ်ယောက်၏ ပါးစပ်မှ ထွက်လာသည်လား .. သူတို့က အနက်ရောင်နတ်နန်းတော်ကို ဓားပြတိုက်မလို့လား…

“မကောင်းတော့ဘူး .. အလင်းတန်းမြို့က ကျွမ်းကျင်သူတွေအားလုံးက ငွေရောင်ခြယ်တောင်ကို ထွက်သွားကြတာ .. ဒါက ကျားမရှိတဲ့တောပဲ .. သူတို့က ဒီအခွင့်အရေးကိုသုံးပြီးတော့ အနက်ရောင်နတ်နန်းတော်ကို လာပြီး ဓားပြတိုက်နေတာ” တစ်စုံတစ်ယောက်မှ ကောက်ချက်ချလိုက်သည်။

ရှီဟောင်သည် ယနေ့တွင် ဤစွမ်းအားရှင်များ၏ ရတနာများကို သိမ်းယူရန် လာခဲ့ခြင်းပင်။

“ငါ့ရဲ့ ရတနာရှစ်သွယ်ယူနီကွန်းကို ခိုးရဲတဲ့သူတွေအားလုံး .. ငါအခု အတိုး ပြန်လာတောင်းတာ”

ရှီဟောင်သည် နောက်ထပ်စကားပြောမနေတော့ပဲ နန်းတော်အစောင့်တစ်ယောက်ကို ရိုက်ချလိုက်လေသည်။ ကျန်သည့်သူများမှာ နန်းတော်အတွင်းသို့ ပြေးဝင်သွားကြလေ၏။

“မင်း လုပ်ရဲတယ်ပေါ့” တစ်ယောက်ယောက်သည် သူတို့လမ်းအား လာပိတ်နေလေသည်။

လန်ယိချန်နှင့် လော့သွမ်တို့ လှုပ်ရှားလိုက်၏။ သူတို့သည် ထူးခြားပါရမီရှိသူများပင်။ ကျန်သည့်သူများကို ရှင်းရန်မှာ သူတို့အတွက် လွယ်ကူလွန်းလှသည်။

အနက်ရောင်ရတနာသိုက်မှာ ရှီဟောင်၏လက်ဝါးချက်ကြောင့် ပေါက်ကွဲသွားလေသည်။ ကြည့်နေကြသည့်သူအားလုံးမှာ ဆွံ့အသွားကြလေ၏။ ဤတံခါးသည် နတ်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထူးခြားပါရမီရှိသူများပင်လျှင် အလွယ်တကူ မချိုးဖောက်နိုင်ပေ။

“သနားစရာကောင်းလိုက်တာ .. ဒီမြင့်မြတ်ဆေးပင်တွေပဲ ရှိတာလား .. အဲဒီ အနက်ရောင်နတ်သားတော်ကောင်က အရမ်းကိုကပ်စေးနဲတာပဲ .. သူက ပုံမှန်လမ်းအတိုင်းပဲ ကျင့်ကြံတာလား” ရှီဟောင် မကျေမနပ်ဖြစ်သွားရသည်။

မြေအောက်ကလန်မှာ ဒေါသထွက်နေသော်လည်း မလှုပ်ရှားရဲပေ။

“မင်းတို့အားလုံး ဖွက်ထားကြတာလား .. မင်းတို့မှာ နတ်ဆေးပင်မပြောနဲ့ နတ်တစ်ဝက်အသီးတွေတောင် မရှိဘူး” ရှီဟောင် ဆူပူလိုက်သည်။

မြေအောက်ကလန်မှ လူများမှာ ပြောစရာစကားပင် ပျောက်ရှသွားကြသည်။ မည်သူက နတ်ဆေးပင်များကို ခူးမည်နည်း.. ထိုဆေးပင်များမှာ ကံကောင်းမှ တွေ့နိုင်သည့်အရာများပင်။ နတ်တစ်ဝက်သစ်သီးများသည်လည်း တောင်းယူ၍ရသည့်အရာမဟုတ်ပေ။

“ငါတို့မှာ နတ်တစ်ဝက်အသီးတွေရှိတယ် .. ဒါပေမဲ့ လွန်ခဲ့တဲ့တစ်လလောက်က အကုန်ယူသွားတာ .. အဲဒါတွေက အခုတလော စုဆောင်းထားတဲ့ မြင့်မြတ်ဆေးပင်တွေပဲ” တစ်စုံတစ်ယောက်သည် မျက်နှာပျက်ယွင်းစွာဖြင့် ရှင်းပြနေလေသည်။

“ပြော .. အနက်ရောင်နတ်သားတော်က ဘယ်နေရာမှာ သီးသန့်ကျင့်ကြံနေတာလဲ” ရှီဟောင် အော်ဟစ်လိုက်သည်။ ထိုသူ၏အသိုက်ကို သူ သွားလည်ချင်သေးသည်။

“မသိဘူး .. အခေါက်တိုင်းမှာ နတ်သားတော်ကိုယ်တိုင် ဆေးတွေလာယူတာ .. သူ ဘယ်မှာ ကျင့်ကြံနေတာလဲဆိုတာ ဘယ်သူမှ မသိဘူး” မြေအောက်ကလန်မှလူများသည် ခေါင်းငုံ့ကာ ပြောလိုက်ကြလေ၏။

“သွားမယ် .. နောက်တစ်အိမ်သွားမယ်” နှစ်ထပ်မျက်လုံးဖြင့် သေချာကြည့်ပြီး ဘာမှမရှိတော့ကြောင်း အတည်ပြုပြီးသည့်နောက်တွင် အခြားစွမ်းအားရှင်ထံသို့ ဦးတည်ခဲ့လိုက်ကြလေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် သူသည် အခြားဂိုဏ်းတစ်ခုကို သွားလုလေသည်။ ယခုတစ်ကြိမ်တွင် သူ၏ဆုလာဘ်များမှာ သိပ်မဆိုးပေ။ အနက်ရောင်နတ်နန်းတော်ထက် ပိုများသည်။

“မကောင်းတော့ဘူး .. သရဖူခြောက်ခုဘုရင် နျင်ချွမ်း ပြန်လာတော့မယ်တဲ့ .. ငါအခုလေးတင် သတင်းရလိုက်တာ” နေရာနှစ်ခုကို ဓားပြတိုက်ပြီးသည့်နောက်တွင် လော့သွမ်က ရှီဟောင်နားသို့ ကပ်ပြောလိုက်သည်။

ဤသည်မှာ ထိတ်လန့်စရာကောင်းသည့်သတင်းပင်။ သရဖူခြောက်ခုဘုရင် ထွက်လာသည်နှင့် မည်သူက သူ့ကိုယှဉ်နိုင်မည်နည်း… သူသည် မိုးကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းသည့်သူပင်။

“အဲဒီလိုလား .. သူက ဒီမြို့မှာလည်း အာဏာရှိတာလား .. အဲဒါဆိုရင်လည်း ငါတို့အဲဒီကိုပဲ သွားကြတာပေါ့” ရှီဟောင်ပြောလိုက်သည်။

အပိုင်း ၁၀၃၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၃ – လက်ရိုး

အပြင်ဘက်လောကတွင် ..

လူများသည် စာလုံးများ ရေးထွင်းနေကြလေ၏။ ပွင့်ဖတ်ပေါ်တွင် နာမည်များ တစ်ခုပြီးတစ်ခု ပေါ်လာသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

ထိုသူများအားလုံးကို မိုးကောင်းကင်မှ ဖုံးကွယ်ပေးထားပြီး အပြင်လူများကို တွေ့ခွင့်မပေးထားပေ။ ထိုသူများသည် ထူးခြားလှပြီး အနက်ရှိုင်းဆုံး ပြောင်းလဲခြင်းများကို ပြုလုပ်နေခြင်းပင်။

“ဟမ် .. တုံ့ပြန်မှုရှိလာပြီ … နျင်ချွမ်းထွက်လာပြီ .. သူ သီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီလား” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဂိုဏ်းခေါင်းဆောင်များ၏ မျက်ခုံးများ ပင့်သက်သွားရသည်။

ကောင်းကင်နတ်ဘုရားများနှင့် နတ်ဘုရားအစစ်များမှာ ထိတ်လန့်သွားကြလေသည်။ သူတို့သည် တောက်ပနေသည့်မျက်လုံးများဖြင့် ကြီးမားလှသည့် ကျောက်တိုင်ကြီးကို ကြည့်နေကြလေသည်။

နျင်ချွမ်းသည် ထိုနေရာတွင် မတ်တပ်ရပ်နေလေ၏။ လေထဲတွင် ဖရိုဖရဲမြူများလည်း ရစ်သိုင်းနေလေသည်။

ဤသည်မှာ ရှေးဟောင်းဂူတစ်လုံးဖြစ်ပြီး ပုံမှန်မဟုတ်သည့် ကျမ်းစာများလည်း ရှိနေလေသည်။

“အသက်လုပွဲက နောက်တစ်ကြိမ်ဖြစ်လာမှာပဲ .. ငါသေချာပေါက် အဲဒါကို ဖြတ်နိုင်မှာ … ဒါပေမဲ့ နတ်တစ်ဝက်အသီးတွေနဲ့ မြင့်မြတ်ဆေးပင်တွေ မလောက်တော့ဘူး .. ဒီတစ်ခေါက်တော့ အားလုံးကို ညှိပြီးရင် အပြင်ဘက်လောကကြီးကို သွားလည်လိုက်ပါဦးမယ်” နျင်ချွမ်း သူ့ကိုယ်သူ ပြောလိုက်သည်။

သူသည် ရှေးဟောင်းဂူထဲမှ ဖြည်းညှင်းစွာပင် လမ်းလျှောက်ထွက်လာလေသည်။ သူသည် ကျင့်ကြံခြင်းမှ ထွက်လာသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ပြီး ဤတစ်ချိန်လုံး သူ့ကိုယ်သူ အကောင်းဆုံးဖြစ်အောင် ထိန်းညှိနေခြင်းပင်။

တစ်ခဏကြာပြီးသည့်နောက်တွင် သူသည် ရှေးဟောင်းဂူထဲသို့ ပြန်ဝင်သွားကာ ထိုင်ချလိုက်လေ၏။ ထို့နောက်တွင် သူ့အနား၌ ဖရိုဖရဲမြူများ ဝန်းရံသွားလေသည်။

“အဲဒါက ဘာကြီးလဲ” အပြင်ဘက်တွင်ရှိနေသည့်သူများအားလုံး တုန်လှုပ်သွားရသည်။ သူတို့ကြားတွင် ထာဝရရှေးဟောင်းမြေ ခြားနေသော်လည်း ကျောက်နံရံများမှ ထူးဆန်းသည့်အော်ရာတစ်မျိုးကို သူတို့ခံစားနေရဆဲပင်။

ဂိုဏ်းခေါင်းဆောင်များပင်လျှင် ထိတ်လန့်သွားကြလေ၏။ နျင်ချွမ်းသည် ကောင်းကင်ကိုဆန့်ကျင်နိုင်သည့် ပစ္စည်းတစ်ခုခုကို ရလိုက်သည်ကြောင်း သူတို့သိသည်။

သေချာသလောက်ပင်။ တစ်စုံတစ်ယောက်သည် ထိုရှေးဟောင်းသစ်သားဗူးကို မှတ်မိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

“လောကသစ်ပင် .. ဒါက လောကသစ်ပင်ရဲ့ အူတိုင်ကနေ လုပ်ထားတဲ့အဖိုးတန်ဗူးပဲ .. ကောင်းလိုက်တာ”

ဤပစ္စည်းကို ဘေးနားထားရုံဖြင့်ပင် သူတို့၏ ကျင့်ကြံခြင်းအတွက် အလွန်ပင် အထောက်အကူပြုလေသည်။

ဤပစ္စည်းမှာ ဤလောကကြီးတွင် ရှာတွေ့နိုင်ရန် မဖြစ်နိုင်တော့ပေ။ လောကသစ်ပင်ကြီးမှာ ခုတ်ခံလိုက်ရပြီဖြစ်ပြီး မရှိတော့ပေ။ ထိုသစ်ပင်တွင် ကောင်းကင်တာအိုများ ရှိနေလေသည်။

နောက်ဆုံးတွင် သစ်သားဗူးပွင့်လာကာ ထာဝရတာအိုပွင့်ဖတ်မှ ဖိအားတစ်ခု ထွက်လာလေသည်။

“ဒါက .. လူတစ်ယောက်ရဲ့လက်လား…”

အားလုံး ဆွံ့အသွားရ၏။ နျင်ချွမ်း၏ သုံးလောကအဖိုးတန်ဗူးအတွင်းမှ အလွန်ပင် ရိုးရှင်းသည့် အရိုးတစ်ခုထွက်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

ဤအရိုးဖြူသည် အချိန်၏ပြောင်းလဲမှုကို ဖြတ်သန်းခဲ့ရပြီဖြစ်ပြီး တောက်ပမှုများ မရှိတော့ပေ။

“ဒါက သာမန်လူရဲ့အရိုးမဟုတ်လောက်ဘူး” ကောင်းကင်နတ်ဘုရားအိုကြီးမှ ပြောလိုက်သည်။

သရဖူခြောက်ခုဘုရင် နျင်ချွမ်းသည် သာမန်မဟုတ်သည်ကို အားလုံးသိကြသည်။ သူ၏သုံးလောကအဖိုးတန်ဗူးအတွင်းတွင်ရှိနေသည့်အရိုးမှာလည်း ဘယ်လိုလုပ် သာမန်ဖြစ်မည်နည်း..

“ဒါက ထာဝရအရိုးတစ်ခုဖြစ်မယ်ဆိုတာ ငါလောင်းရဲတယ်” ဂိုဏ်းခေါင်းဆောင်အိုကြီးတစ်ယောက်မှ ပြောလိုက်သည်။

ထာဝရအစစ် လက်အရိုး .. ဤကဲ့သို့သော ထင်မြင်ချက်များ ထွက်ပေါ်လာသည့်အချိန်တွင် အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။

ဤသည်မှာ ရှားပါးသည့်အဖိုးတန်အရာပင်။ ဤသည်မှာ ဒဏ္ဍာရီလာပစ္စည်းဖြစ်နေပြီဖြစ်ပြီး လောကတွင် မရှိတော့ပေ။ ထာဝရရှေးဟောင်းခေတ်တွင် ပျောက်ဆုံးသွားခြင်းပင်။ အရိုးစာသားများ မင်းမူနေသည့်ဤခေတ်တွင် ထိုလက်ရိုး၏တန်ဖိုးမှာ ပြောပြ၍မရနိုင်လောက်အောင်ပင်။

နျင်ချွမ်းသည် သူ၏လက်ကိုကိုက်လိုက်ကာ ထိုလက်ရိုးပေါ်သို့ သွေးစက်အနည်းငယ်ကို စီးကျစေလိုက်လေသည်။ ထိုလက်အရိုးသည် ချက်ချင်းပင် ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုများ ဖြစ်သွားလေသည်။

ထိုအရိုးသည် ချက်ချင်းပင် တောက်ပလာကာ အရိုးစာသားများသည် အရိုးမျက်နှာပြင်အား သိပ်သည်းစွာ ဖုံးလွှမ်းထားလေသည်။

“ဘုရားရေ .. ဒီအရိုးက အထင်ကြီးစရာကောင်းလိုက်တာ .. အဲဒီမသေမျိုးရဲ့ ကံကောင်းမှုတွေအားလုံး အဲဒီအရိုးစာသားထဲမှာထင်တယ် .. မနာလိုစရာကောင်းလိုက်တာ”

အားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။ နျင်ချွမ်း၏ကံကောင်းမှုများမှာ မယုံကြည်နိုင်လောက်အောင်ပင်။

လက်အရိုး .. စစ်ပစ္စည်း…

ဤကဲ့သို့သော အရိုးမှာ လူအားလုံးကို တည်ငြိမ်နိုင်အောင် လုပ်နိုင်ရန် ခက်ခဲလေသည်။

နျင်ချွမ်းသည် အလွန်ပင် တည်ငြိမ်နေလေသည်။ သူသည် ဤအရိုးကို သေချာနားလည်နေသည့်ပုံပင်။ ဤအရိုးကို ရထားသည်မှာ နှစ်ပေါင်းဘယ်လောက်ပင်ရှိနေပြီဖြစ်မှန်း မသိနိုင်ပေ။ နျင်ချွမ်းသည် သူ၏ဘယ်လက်ကို ဆုတ်ဖြဲလိုက်ကာ ထိုအရိုးနှင့် ပေါင်းစည်းလိုက်လေသည်။

ဤသည်မှာ အလွန်ထူးဆန်းသည့် ဖြစ်စဉ်ပင်။ ထိုလက်ရိုးသည် နျင်ချွမ်း၏အရိုးများနှင့် ပေါင်းစည်းသွားကာ နူးညံ့သည့်အလင်းများကို ထုတ်လွှတ်နေလေသည်။

ထိုနေရာတွင်ရှိနေသည့် သူ၏အသွေးအသားများ လှုပ်ရှားသွားပြီး ဒဏ်ရာများမှာလည်း လျင်မြန်စွာပင် ပြန်ပိတ်သွားလေ၏။

“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” အားလုံး ထိတ်လန့်သွားရသည်။

ထို့နောက်တွင် ထိုလက်တောက်ပလာကာ အရိုးစာသားများ ထွက်ပေါ်လာလေ၏။ ထိုလက်သည် သူ၏လက်မောင်းထိသို့ပင် ရောက်သွားလေသည်။ ထိုနေရာတစ်ဝိုက်ကိုလည်း မြင့်မြတ်သည့်အလင်းတန်းများ ဖုံးလွှမ်းသွားသည်။

ထို့နောက်တွင် ချက်ချင်းပင် သူ့ကို မမြင်ရတော့ပေ။ နျင်ချွမ်း၏ပုံရိပ်သည် ထာဝရတာအိုပွင့်ဖတ်မှ ပျောက်ကွယ်သွားလေသည်။

“ငါဘာလို့ သူက ဒါနဲ့ရင်းနှီးနေပြီးသားလို့ ခံစားနေရတာလဲ .. ဒါက သူ့ရဲ့ပထမဆုံးအကြိမ်မဟုတ်ပဲနဲ့ အရင်တုန်းက ဒါကို အကြိမ်ပေါင်းများစွာ လုပ်ဖူးနေသလိုပဲ .. သူက အဲဒီထာဝရတာအိုသင်္ကေတတွေအကုန်လုံးကို နားလည်သွားပြီလား”

“အထင်ကြီးစရာကောင်းလိုက်တာ .. ဒီလောကကြီးမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့သူ တကယ် ထွက်ပေါ်လာတော့မှာလား .. ထာဝရလူသားရဲ့ လက်ရိုးတောင် ရှိနေတယ် .. အရိုးနဲ့သင်္ကေတတွေက အသက်ရှင်နေတုန်းပဲ”

“နောက်ထပ် ရက်နည်းနည်းလောက်ကြာတာနဲ့ သူပြန်ထွက်လာလိမ့်မယ်လို့ ငါခံစားနေရတယ်”

အပြင်ဘက်တွင်ရှိနေသည့်လူများမှာ တည်ငြိမ်နိုင်ရန် ခက်ခဲနေကြလေသည်။

အလင်းတန်းမြို့တွင်…

ရှီဟောင်သည် လူတစ်စုကိုခေါ်ကာ သရဖူခြောက်ခုဘုရင်နေထိုင်သည့်နေရာသို့ တန်းသွားလိုက်လေသည်။ သူတို့သည် ဘာမှမပြောပဲ အထဲဘက်သို့ တန်းဝင်သွားလိုက်လေ၏။

“မင်း ဘယ်သူလဲ .. ဘာလို့ဒီလိုမျိုး လုပ်တာလဲ” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“ဒီလူအိုကြီးက အကြွေးပြန်လာတောင်းတာ … ငါတို့ကို ဝိုင်းတိုက်ရတာ ပျော်ဖို့ကောင်းတယ်မလားကွ .. ဒီနေ့ မင်းတို့နေတဲ့နေရာကို ငါဖျက်ဆီးပစ်မှာ .. မင်းတို့ဘယ်လောက်စိတ်ကြီးဝင်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့” လန်ယိချန် ပြောလိုက်သည်။

“ရတနာရှစ်သွယ်ယူနီကွန်းကရော..” သရဲနှင့်တူသည့် အကြီးအကဲတစ်ယောက် သူတို့လမ်းကို လာပိတ်ထားလေသည်။

“ရုပ်သေးရုပ် .. နတ်ဘုရားအစစ်နယ်ပယ်လား..” လော့သွမ် ထိတ်လန့်သွားရသည်။

ဤနေရာတွင် ထူးခြားပါရမီရှိသူများ မရှိပေ။ သူတို့အားလုံးသည် သူတို့၏ကံကောင်းခြင်းများကို သွားရောက်ရှာဖွေနေကြခြင်းပင်။ မမျှော်လင့်ထားသည့် အရေးကြီးကိစ္စများမရှိလျှင် သူတို့ပြန်လာမည်မဟုတ်ပေ။

ထို့အပြင် ကျွမ်းကျင်သူနှစ်ယောက်သည် ငွေရောင်ခြယ်တောင်ဘက်သို့ ဦးတည်သွားနေကြလေသည်။

“ငါရောက်လာပြီ” ရှီဟောင်ပြောလိုက်၏။ သူသည် ထူးမခြားနားစွာဖြင့်ပင် လမ်းလျှောက်သွားနေလေသည်။ သူ၏အနောက်ဘက်တွင်ရှိနေသည့် ခွန်ပန်အတောင်ပံများ လှုပ်ခတ်လိုက်သည်နှင့် ရွှေရောင်တိမ်တိုက်များ ထွက်ပေါ်လာပြီး မြူများလည်း ကောင်းကင်ဘုံထိသို့ပင် ပျံ့နှံ့သွားသည်။ ဤသည်မှာ အလင်းတန်းမြို့တစ်ခုလုံးကို ထိတ်လန့်သွားစေသည်။

“မင်း ဘယ်သူလဲ..”

“မင်းတို့မျက်လုံးထဲမှာတော့ အပြစ်သားသွေးမျိုးဆက်ပေါ့” ရှီဟောင်အေးစက်စွာပင် ပြောလိုက်သည်။

ဝုန်း…

ရှီဟောင်သည် လက်သီးချက်ပစ်သွင်းလိုက်ကာ အထဲဘက်သို့ ဝင်သွားလိုက်သည်။

ဤအကြီးအကဲမှာ သက်ရှိမဟုတ်သော်လည်း သက်ရှိနှင့် သိပ်မကွာပေ။ သူ့ကို အခြားသူတစ်ယောက်မှ ထိန်းချုပ်ထားခြင်းဖြစ်ပြီး စကားပြောနိုင်၊ လှုပ်ရှားနိုင်လေသည်။ သူသည် နတ်ဘုရားအစစ်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး ယခုအချိန်တွင် အဖိုးတန်ပညာများကို အသက်သွင်းကာ ရှီဟောင်အား တိုက်ခိုက်နေလေသည်။

ဖုန်း…

ဒုန်း…

ဤနေရာတွင် ကျယ်လောင်သည့်အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အရိုးစာသားများလည်း ရောယှက်နေလေ၏။ သူတို့သည် ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေသည်။

အားလုံး၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင်ပင် ရှီဟောင်သည် ဤနတ်ဘုရားအစစ်ရုပ်သေးရုပ် ပေါက်ကွဲထွက်သွားအောင် ထိုးလိုက်လေသည်။

ဘေးပတ်လည်တွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားရသည်။ နတ်မီးတောက်နယ်ပယ်မှ နတ်ဘုရားအစစ်ကို ဖျက်ဆီးခြင်း … ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေလေသည်။

“အပြစ်သားသွေးမျိုးဆက် ရောက်လာပြီ .. အဲဒီလူက ဒုစရိုက်စီရင်စုက လူလား .. စွမ်းအားကြီးလိုက်တာ”

ရှီဟောင်သည် ခွန်ပန်အတောင်ပံများကို ဖြန့်ကျက်ကာ သူ၏လမ်းကိုပိတ်ထားသမျှအားလုံးကို လွင့်ထွက်သွားကာ သွေးအန်အောင် ပြုလုပ်လိုက်လေသည်။ သရဖူခြောက်ခုဘုရင်၏လူများမှာ သူ၏ခြေလှမ်းများကို ရပ်တန့်အောင် မလုပ်နိုင်ပေ။

“ဒီရတနာသိုက်ကာ သာမန်မဟုတ်ဘူးပဲ .. ပစ္စည်းကောင်းတွေ တော်တော်များများလေး ရှိတယ်” သူသည် ရတနာသိုက်ကို မဖွင့်ခင်ကတည်းကပင် ဆေး၏ မွှေးရနံ့ကို ရနေလေပြီ။

ဝုန်း…

သူရတနာသိုက်တံခါးကို ဖျက်ဆီးကာ အထဲသို့ ဝင်လိုက်သည်နှင့် သူ၏အနားတွင် အလင်းမိုးများ ဝန်းရံသွားလေသည်။ သရဖူခြောက်ခုဘုရင်၏ ရတနာသိုက်မှာ အံ့အားသင့်စရာကောင်းသည်သာ။ ဝိဉာဉ်ဆေးပင်များအပုံလိုက်ရှိနေပြီး မြင့်မြတ်ဆေးပင်များလည်း အတန်းလိုက်ရှိနေကာ တောက်ပနေသည့် သစ်သီး ၄၊ ၅ လုံးခန့်လည်း ရှိလေသည်။

“မြင့်မြတ်ဆေးပင် ၁၁ ပင်၊ နတ်တစ်ဝက်အသီး ၅ လုံး .. အံ့ဩစရာကောင်းလိုက်တာ” လော့သွမ်ပင်လျှင် ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။

မြင့်မြတ်ဆေးပင်များ အများကြီးရှိနေခြင်းမှာ နားလည်ပေး၍ရသေးသည်။ စိတ်အားထက်သန်စွာဖြင့် ထိုဆေးပင်များကို ထာဝရရှေးဟောင်းမြေတွင် လိုက်ရှာပါက ရနိုင်သေးသည်။ သို့သော် နတ်တစ်ဝက်သစ်သီးမှာမူ ရှာရန်မလွယ်ကူပေ။ ထိုအသီးသည် အန္တရာယ်များသည့်နေရာတွင်ရှိနေပြီး ယူနိုင်ရန် ခက်ခဲလေသည်။

“ဒုက္ခခံပြီးတော့ ဆေးပင်တွေကို ခူးနေမယ့်အစား ဒီလိုမျိုး လိုက်ခိုး လိုက်လုတာက ပိုကောင်းသေးတယ်” ရှီဟောင် ပြောလိုက်၏။

ဤလူများ ဘာပြောနိုင်မည်နည်း .. မည်သူက ဤကဲ့သို့ လုယူရဲမည်နည်း.. သူသည် သရဖူခြောက်ခုဘုရင်၏ ပိုင်ဆိုင်မှုကို ထိရဲသည့် တစ်ဦးတည်းသောသူပင်။ ဤလူသည် ဘာကိုမှ မကြောက်ပေ။

“နျင်ချွမ်း ဘယ်အချိန်ထွက်လာမှာလဲ” ရှီဟောင်မေးလိုက်သည်။

“ငါ့ဘုရင်က နောက်ထပ်ရက်နည်းနည်းလောက်နေရင် ထွက်လာတော့မှာ” ကျွမ်းကျင်သူတစ်ယောက်မှ ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးများတွင်လည်း အေးစက်သည့်အလင်းတန်းများ ရှိနေလေသည်။

ဖုန်း..

ရှီဟောင်သည် လက်ဝါးတစ်ချက် ပစ်လွှတ်လိုက်ကာ ” မင်း ဘယ်လောက်တောင်မှ အရူးအမူးဖြစ်နေလဲဆိုတာ ကြည့်လိုက်ပါဦး … အချိန်ကျလာရင် ငါသူ့ကို ဟင်းသီးဟင်းရွက်လိုမျိုး လှီးပစ်မှာ .. အဲဒီအချိန်ကျရင် မင်းတို့ဘယ်လိုပုံစံဖြစ်မလဲဆိုတာ သိချင်မိသား”

သူ၏လူများကို အနောက်တွင်ထားကာ သူသည် နောက်နေရာတစ်ခုသို့ ဦးတည်သွားလိုက်လေသည်။

“တာအို ရောင်းရင်း .. ခဏလောက်ရပ်ပါဦး” လမ်းပေါ်တွင် တစ်ယောက်ယောက်သည် သူ့အားအနောက်မှခေါ်လိုက်ပြီး ရပ်တန့်ခိုင်းလေသည်။ ဤသည်မှာ လူအများ၏ အာရုံစိုက်ရာ ဖြစ်သွားလေသည်။

အပြစ်သားသွေးမျိုးဆက်ရောက်လာပြီး သရဖူခြောက်ခုဘုရင်နှင့် အနက်ရောင်နတ်သားတော်တို့၏ နန်းတော်တွင် ဓားပြဝင်တိုက်သွားသည်ဟူသည့် သတင်းမှာ ပျံ့နှံ့နေပြီဖြစ်သောကြောင့် မည်သူက ဤလူကို ရန်စရဲတော့မည်နည်း..

“မင်း ဘယ်သူလဲ”

“ကျွန်တော်က ပျက်စီးသွားသောနတ်ဘုရားတောင်ကြောက လူပါ .. ကျွန်တော့်ကလန်ရဲ့အကြီးအကဲက ပျက်စီးသွားသောနတ်သားတော်ပါ” ဤလူလတ်ပိုင်းအရွယ်အမျိုးသားမှ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ဘေးနား၌ရှိနေသည့်လူအားလုံး၏ အမူအရာများ ပြောင်းလဲသွားရသည်။ ဤသည်မှာ အလွန်ပင် ကြောက်စရာကောင်းသည့်ဂိုဏ်းပင်။ ပျက်စီးသွားသည့်နတ်ဘုရားများမှာ နတ်ဆိုးများပင်ဖြစ်ပြီး ရှေးဟောင်းခန်းမလေးခုမှ နတ်ဆိုးတာအိုတစ်ခုပင်။

ပျက်စီးသွားသောနတ်သားတော်သည် ရှေးဟောင်းလူထူးဆန်းဖြစ်ပင်။ သူသည် တစ်ကြိမ်သာပေါ်လာဖူးသော်လည်း နံပါတ်တစ်နေရာကို ယူသွားပြီး သရဖူသုံးခုဘုရင်ကို သတ်သွားခဲ့လေသည်။

“အမ် .. လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက စီရင်စုသုံးထောင်ပြိုင်ပွဲမှာ တစ်ခါပြိုင်ခဲ့ဖူးတဲ့သူလား” ရှီဟောင်မေးလိုက်၏။

“ဟုတ်ပါတယ် .. သူက တစ်ခါတည်းပြိုင်ခဲ့ပေမယ့် သရဖူသုံးခုဘုရင်နဲ့ သရဖူနှစ်ခုဘုရင်တို့ကို သတ်ခဲ့တာပါ” လူလတ်ပိုင်းအရွယ်ယောက်ျားလေးမှ ပြောလိုက်သည်။

ပျက်စီးသွားသောနတ်သားတော်သည် အလွန်ပင် ကြောက်စရာကောင်းသည်ဟု ပြော၍ရသည်။ သူသည် တစ်ကြိမ်တည်းသာပေါ်လာခဲ့သော်လည်း ရှေးဟောင်းလူထူးဆန်းများကြားတွင် နာမည်ကြီးလေသည်။ သူသည် ပြိုင်ပွဲဝင်အသစ်အဖြစ် ဝင်ပြိုင်ခဲ့သော်လည်း ရှေးဟောင်းဘုရင်ကို သတ်နိုင်ခဲ့လေသည်။

ကျန်နေခဲ့သည့်သူများအားလုံးမှာ ကောင်းကင်ပါရမီရှိသူများဖြစ်ပြီး အနည်းငယ်အားနည်းသည့် လူထူးဆန်းများအားလုံး ကပ်ဆိုးများ ကြုံတွေ့သွားကြလေသည်။

ကျန်နေသည့်သူများမှာ ပိုသန်မာသည့်သူများပင်။

“ကြည့်ရတာ မင်းက ငါ့အကြောင်း ဒါမှမဟုတ် ပျက်စီးသွားသောနတ်သားတော်အကြောင်း သိပ်နားမလည်ဘူးထင်တယ်” ရှီဟောင် အဓိပ္ပာယ်ရှိရှိဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ကလန်က အကြီးအကဲက သူရဲကောင်းတွေနဲ့ တွေ့ဆုံရတာကို ကြိုက်နှစ်သက်ပါတယ် .. ကျွန်တော်တို့ မဟာမိတ်ဖြစ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်” လူလတ်ပိုင်းအရွယ်အမျိုးသားမှ ပြောလိုက်သည်။

“မင်းတို့အကြီးအကဲရဲ့ စံအိမ်က ဘယ်မှာလဲ .. တစ်ချက်လောက်သွားကြည့်ရအောင်” ရှီဟောင်ပြောလိုက်သည်။

“ကျွန်တော်က အခုမှ အလင်းတန်းမြို့ကို ရောက်တာဆိုတော့ အကြီးအကဲအတွက် စံအိမ် မဆောက်ရသေးပါဘူး .. အရင်တုန်းက ကျွန်တော်တို့က တစ်ခြားမြို့မှာ နေတာပါ” လူလတ်ပိုင်းအရွယ်အမျိုးသားမှ ပြောလိုက်သည်။

“အဲဒါဆိုရင်လည်း မင်းတို့ဆောက်ပြီးတဲ့အချိန် ငါ့ကိုလာရှာလိုက် .. ပစ္စည်းကောင်းလေးတွေကိုလည်း လုံလောက်အောင်စုထား” ရှီဟောင်ပြောကာ လှည့်ထွက်သွားလိုက်သည်။

“ဟမ်..” လူလတ်ပိုင်းအရွယ်အမျိုးသားမှာ ပြောစရာစကားများ ပျောက်ရှသွားရသည်။

“ပြေးတော့ … နတ်ဆိုးဘုရင်လာနေပြီ .. အပြစ်သားသွေးမျိုးဆက်လာနေပြီ .. ဟွမ်လို့ထင်ရတဲ့သူရောက်လာပြီ .. သူက ကလန်အားလုံးက ရတနာတွေကို ခိုးဖို့လာနေပြီ”

အလင်းတန်းမြို့မှာ ဖရိုဖရဲဖြစ်သွားလေသည်။ အားလုံးသည် ရှီဟောင် သူတို့ထံသို့ လာလည်မည်ကို ကြောက်နေကြလေသည်။

ဤသည်မှာ သူ့ကို စိတ်ပျက်သွားစေသည်။ သူသည် ကလန်အချို့ကိုသာ ဓားပြတိုက်ရသေးသော်လည်း မြို့တစ်ခုလုံး ထိတ်လန့်နေကြလေပြီ။ သူ အခြားသူများဆီ သွားလည်လိုက်သည့်အချိန်တွင် စံအိမ်အတော်များများမှာ နေရာလွတ်များ ဖြစ်နေလေပြီ။

“မလန့်ပါနဲ့ .. ငါ့ရဲ့ရတနာရှစ်သွယ်ယူနီကွန်းကို လာလုတဲ့သူတွေကိုပဲ ငါ စာရင်းရှင်းနေတာပါ” ရှီဟောင် အသံပို့လွှတ်လိုက်၏။ နောက်ဆုံးတွင် ဝုန်းဒိုင်းကြဲသည့်အသံများ ထွက်ပေါ်လာပြီး လူများမှာ ပို၍ပင် ထွက်ပြေးသွားကြလေသည်။

ရှီဟောင် ဆွံ့အသွားကာ လော့သွမ်နှင့် လန်ယိချန်တို့အား လှည့်ကြည့်လိုက်သည်။

လော့သွမ်သည် ပုခုံးတွန့်လိုက်ကာ “အဲဒီတုန်းက တစ်မြို့လုံး ငါတို့ကို ဝိုင်းတိုက်ကြတာ”

“အဲဒီမြင့်မြတ်ဆေးပင်တွေ၊ နတ်တစ်ဝက်အသီးတွေက မလုံလောက်သေးဘူး .. ငါ နတ်ဆေးပင်တွေ ထပ်လိုသေးတယ်”

ရှီဟောင် မျက်မှောင်ကြုတ်လိုက်ကာ လွန်ခဲ့သည့်လများတွင် မည်သည့်နေရာမှ ရှားပါးသည့် အဖိုးတန်ပစ္စည်းများ ထွက်သလဲဆိုသည်ကို လန်ယိချန်အား မေးလိုက်သည်။ သူ ထိုနေရာများသို့ သွားကြည့်ဦးမည်။

“အတော်လေးထူးဆန်းတဲ့ နေရာတစ်နေရာရှိတယ် .. သားရဲ ၁၀ မျိုးထဲက တစ်မျိုးရဲ့ အသိုက်ဖြစ်လိမ့်မယ်လို့ ပြောကြတယ် .. လူတွေအများကြီး အဲဒီနေရာကို သွားကြပြီးပြီ .. အချို့လူတွေက နတ်ဆေးပင်နံ့ရပေမယ့် အပင်ကို ရှာမတွေ့ကြဘူး .. လူတွေလည်း တော်တော်လေး သေပြီးသွားပြီ”

“ဘာ အသိုက်လဲ” ရှီဟောင်မေးလိုက်၏။

“ကြည့်ရတာ ပုရွက်ဆိတ်အုံနဲ့တူပေမယ့် ပုရွက်ဆိတ်အုံလည်း မဟုတ်ဘူး .. သမိုင်းဝင်ခေတ်က သားရဲ၁၀ မျိုးရဲ့ သီးသန့်မြေနေရာဖြစ်မယ်လို့ ခန့်မှန်းထားကြတာ .. အဲဒီသက်ရှိက အရင်ခေတ်ကနေ အခုခေတ်ထိ ပြိုင်ဘက်ကင်းတဲ့ ခွန်အားတွေ ရှိနေတဲ့သက်ရှိပဲ”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် ချက်ချင်းပင် စိတ်ဝင်စားသွားကာ “သွားမယ် .. အဲဒီကျွမ်းကျင်သူက တကယ်ပဲ နတ်ဆေးပင်တွေ ချန်ထားခဲ့တာလားဆိုတာ သွားကြည့်ကြရအောင် .. ပြောလို့မရဘူး သက်ရှည်ဆေးပင်တောင် ရှိရင် ရှိနေနိုင်တယ်”

“သရဖူခြောက်ခုဘုရင် ထွက်လာတော့မယ်” လန်ယိချန်သည် စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။

“သူလာလဲ ဘာလုပ်ရမှာလဲ .. သူ့ကို အပိုင်းပိုင်းခုတ်ပစ်လိုက်မယ်” ရှီဟောင်သည် ထိုလူကို ဂရုပင်မစိုက်ပေ။

အပိုင်း ၁၀၃၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၄ – အသိုက်နယ်ပယ်

အသိုက်နယ်မြေ .. သစ်တော်အတွင်းပိုင်းတွင် ..

သစ်ပင်ထက်မှ ကြွေကျထားသည့်သစ်ရွက်များမှာ အတော်လေး ထူထဲလှပြီး ပေပေါင်းများစွာပင် မြင့်နေလေပြီ။ ထို့ကြောင့် မြေကြီးပေါ်လမ်းလျှောက်ရသည်မှာ အလွန်ပင် နူးညံ့လှလေသည်။

သစ်ပင်အိုကြီးများ သိပ်သည်းစွာ ပေါက်နေပြီး မိုးထိုးနေသည်။ သစ်ကိုင်းခက်များလည်း တစ်ခုနှင့်တစ်ခု ထပ်နေသောကြောင့် အချို့နေရာများမှာ တစ်နှစ်ပတ်လုံး နေပျောက်ပင် မထိုးနိုင်ပေ။

အသိုက်နယ်မြေ .. ဤနာမည်ရလာခြင်းမှာ ဤနေရာတွင် အရက်စက်ဆုံးသားရဲ ၁၀ မျိုးထဲမှ တစ်ကောင်နေနေသောကြောင့်ပင်။

ဤနေရာသည် အလင်းတန်းနယ်မြေနှင့် အတော်ပင် ဝေးကွာလှပြီး အတော်လေးကြီးမားလှသည့် ကမ္ဘာငယ်လေးပင်။ ရှေးဟောင်းတောထဲတွင် အဆိပ်ပြင်းသည့်သားရဲမျိုးစုံ ရှိနေလေ၏။

“ဒီနေရာက အရက်စက်ဆုံးသားရဲ ၁၀ မျိုးထဲက တစ်မျိုး နေတဲ့နေရာလား” ရှီဟောင်မေးလိုက်သည်။

“ငါတို့ အဲဒီနေရာကို မရောက်သေးဘူး .. ဒါက အပြင်ဘက်ပဲရှိသေးတာ .. ဒီနေရာက အရမ်းအန္တရာယ်များတယ် ပြီးတော့ လူတော်တော်များများ သေနေပြီ .. အနည်းဆုံးတော့ ရှစ်သောင်းလောက်ရှိနေပြီ .. တောင်စောင်းတစ်ခုလုံးတောင်မှ သွေးရောင်စွန်းနေပြီ” လော့သွမ်ပြောလိုက်သည်။

လူသေဆုံးသည့်နှုန်းများမှာ တစ်ရက်ထက်တစ်ရက် ပိုမြင့်လာလေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ရက်စက်သည့်သားရဲ ၁၀ မျိုးထဲမှ တစ်မျိုး၏အသိုက်ဖြစ်သောကြေင့် အံ့အားသင့်စရာကောင်းသည့် သဘာဝကံကောင်းမှုများ ရှိနေမည်သာ။ ဤသည်မှာ လူများကို ရူးသွပ်သွားရန် လုံလောက်စေပြီး ပိုးဖလံမီးတိုးသကဲ့သို့ ဖြစ်စေလေသည်။

လက်ရှိတွင် သူတို့သည် တောနက်အတွင်းပိုင်းသို့ ရောက်နေလေပြီ။ ရှေးသစ်ပင်ကြီးများသည် နေမင်းကြီးကို ကာထားပြီး နွယ်ပင်များလည်း တောင်များကို ရစ်ပတ်နေလေသည်။ သားရဲများ ဟစ်ကြွေးနေကြကာ ရှေးဟောင်းငှက်များလည်း ကောင်းကင်ထက်တွင် ပျံသန်းနေကြလေသည်။ ဤနေရာတွင် သမိုင်းမတင်မီခေတ်က သက်ရှိများလည်း ရှိနေလေသည်။

ဥပမာအားဖြင့် ခေါင်းနှစ်လုံးနဂါးငှက်၊ ဘိုးဘေးမိကျောင်း၊ ကောင်းကင်မြိုခရုတို့ပင်။ သူတို့အားလုံးမှာ ကြောက်စရာကောင်းလွန်းလှသည်။

ရှီဟောင်ပင်လျှင် သူတို့နောက်ပြန်ဆုတ်သင့်သည်ဟု ခံစားလိုက်ရသည်။ ဤနေရာရှိ အချို့သက်ရှိများ၏ ကျင့်ကြံဆင့်များမှာ မြင့်မားလွန်းလှသည်။

ဤအကောင်များသည် ထာဝရရှေးဟောင်းမြေ၏ မူလသက်ရှိများပင်။ သူတို့သည် ဤနေရာတွင်သာ နေထိုင်ခဲ့ကြပြီး သူတို့နေထိုင်ရာ နေရာမှ တစ်ခါမှ မထွက်ခွာခဲ့ကြပေ။ သို့သော်လည်း အခြားသူများ သူတို့ကိုရန်စလာလျှင်လည်း သည်းခံမည်မဟုတ်ပေ။

“ဒီတောင်အောက်မှာ နားကြစို့ .. ခဏနေကျရင် တိုက်ပွဲကြီးဖြစ်လာတော့မှာ” လုယီ ပြောလိုက်သည်။

ကျန်းပေါင်းရာပေါင်းများစွာမြင့်သည့် တောင်တစ်လုံးပေါ်တွင် မြက်တစ်ပင်မှပင် ရှိမနေပေ။ ဤတောင်သည် အလွန်တိတ်ဆိတ်လှပြီး ဘေးနားတွင်လည်း ဝိဉာဉ်ဆေးပင်အချို့ ရှိနေကာ ဆေး၏မွှေးရနံ့များ သင်းပျံ့နေလေသည်။

ရုတ်တရက်ပင် ရှီဟောင်၏ဆံပင်များ ထောင်တက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း တောက်ပလာကာ ရွှေရောင်သင်္ကေတများလည်း ထွက်ပေါ်လာသည်။ သူ့နောက်လိုက်လာသည့်သူများသည်လည်း လျင်မြန်စွာပင် အနောက်ဆုတ်လိုက်ကြကာ ကျန်ပေါင်း တစ်သောင်းကျော်ဝေးသည့်နေရာထိ ဆုတ်လိုက်ကြလေသည်။

ဖုန်း..

သူတို့မူလရှိနေခဲ့သည့်နေရာတွင် ခေါင်းကြီးတစ်လုံး ရောက်လာလေသည်။ ထိုခေါင်းပေါ်တွင် အသားဂျိုနှစ်ချောင်းလည်းရှိနေပြီး အရောင်မှာ မီးခိုးရောင်ပင်။ ထိုနေရာတွင် အကျိအချွဲပုံကြီးတစ်ပုံလည်း ရှိနေကာ အလွန်ပင် ကြောက်စရာကောင်းလှလေသည်။

“ကောင်းကင်မြိုခရု..” လုယီ၏မျက်နှာ ဖြူဖျော့သွားရသည်။ သူ အနားယူရန် ရွေးချယ်လိုက်သည့်နေရာမှာ အမှန်တကယ်တွင် ကျန်းပေါင်း ရာပေါင်းများစွာမြင့်သည့် ခရုတစ်ကောင်ဖြစ်နေလေသည်။ ခရုခွံမှာ အညိုရင့်ရောင်ဖြစ်ပြီး ကျောက်တုံးကြီးတစ်တုံးနှင့် တူနေလေသည်။

“သိပ်မဆိုးဘူး .. နတ်ဘုရားအစစ် ရောက်ဖို့လုပ်နေတုန်းပဲ … နတ်ဘုရားအစစ် မဟုတ်သေးဘူး” လန်ယိချန် ပြောလိုက်သည်။

“သတိထားဦး .. ဒီခရုက အဆိပ်ရှိတယ် … ဒီအကျိအချွဲကို မြိုမိတာ ဒါမှမဟုတ် ထိမိတာနဲ့ သေချာပေါက်သေမှာပဲ .. သူ့အဆိပ်က စွမ်းအားကြီးတဲ့ ကောင်းကင်နတ်ဘုရားတွေကိုတောင် သတ်နိုင်တယ်” လော့သွမ်ပြောလိုက်သည်။

ထိုအကျိအချွဲများကို ထိ၍မရပေ။ ထိလိုက်သည်နှင့် သူသည် တာအိုအခြေခံများကို ဖျက်ဆီးပစ်ကာ မည်သည့်ဆေးမှ ထိုလူကို မကယ်တင်နိုင်တော့ပေ။

“အဲဒီလူမျိုးစုတွေဆီမှာ တကယ်ကို ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ရတနာတွေ ရှိကြတယ် .. အဲဒီ အရမ်းရှေးကျတဲ့သက်ရှိတွေရဲ့ ဘိုးဘေးတွေနေတဲ့နေရာမှာ ရှားပါးနဲ့ နတ်ဆေးပင်တွေကို စိုက်ထားကြတယ် .. ကံမကောင်းစွာနဲ့ပဲ ဘယ်သူမှ အဲဒီနေရာတွေကို မဝင်ရဲကြဘူး” လော့သွမ် ပြောလိုက်သည်။

ထိုနေရာတွင်ရှိနေသည့် မူလသက်ရှိများမှာ အလွန်ပင် စွမ်းအားကြီးကြသည်။ အဆင့်မြင့်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်များ ရောက်လာလျှင်ပင် သူတို့အသက်ရှင်နိုင်ရန်အတွက် ခက်ခဲလိမ့်မည်။

သို့သော် လူတွေနားမလည်ကြသည်မှာ သူတို့သည် အဘယ်ကြောင့်ထိုနေရာမှ မထွက်လာကြသနည်း…

“ဒါက ထူးဆန်းတယ်လို့ ငါအမြဲတမ်း ခံစားနေရတာ .. သူတို့က ဘာလို့ ထွက်မလာကြတာလဲ .. ပြီးတော့ သူတို့က ဘယ်သူနဲ့မှလည်း မဆက်သွယ်ကြဘူး .. အသေကောင်ကြီးလိုပဲ နေကြတာ” လန်ယိချန် ပြောလိုက်သည်။

“ထာဝရရှေးဟောင်းမြေထဲကို ဝင်လာတဲ့ ဂျီးနီးယပ်စ်တွေထဲမှာ တစ်ချို့က မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေကြောင့် ဒီမြေထဲမှ ကျန်နေခဲ့ကြတယ် .. သူတို့ရဲ့မျိုးဆက်တွေလည်း ထာဝရရှေးဟောင်းမြေထဲပဲ နေကြတာ .. ဒါပေမဲ့ အဲဒီလူတွေက ဘဝနှောင်းပိုင်းကို ရောက်တာနဲ့ ထူးဆန်းတာတွေဖြစ်ပြီးတော့ ထူးထူးဆန်းဆန်း သေသွားကြတယ် .. မဟုတ်ရင်လည်း ရူးသွားကြတယ် .. အဲဒါက ဒီအကောင်တွေနဲ့များ ဆက်စပ်နေမလား” လော့သွမ် သူ၏ကောက်ချက်ကို ပြောပြလိုက်သည်။

“ထာဝရရှေးဟောင်းမြေမှာက မသိနိုင်တာတွေ အများကြီးရှိတယ် .. ငါတို့ သတိကြီးကြီးထားရင် အကောင်းဆုံးပဲ” လုယီ ပြောလိုက်သည်။

သူတို့သည် ကောင်းကင်မြိုခရုကို ထိပ်တိုက်မတိုက်ခိုက်ပဲ ရှောင်ရှားကာ ဤနေရာကို ဖြတ်ကျော်သွားလိုက်သည်။ ဤကဲ့သို့သော သက်ရှိမှာ ကောင်းကင်နတ်ဘုရားနယ်ပယ်သို့မရောက်သေးလျှင် သူ၏လှုပ်ရှားမှုများမှာ အလွန်ပင် နှေးကွေးနေသေးသည်။ ထို့ကြောင့် ဤအကောင်သည် သူတို့ကို လိုက်မမီနိုင်တော့ပေ။

“ငါတို့ နီးလာပြီ .. အခုထိတော့ ဘယ်သူမှ အသိုက်ရဲ့အတွင်းပိုင်းထဲကို ခြေမချနိုင်သေးဘူး .. သူတို့အားလုံးပြဿနာအမျိုးမျိုး တွေ့သွားကြတာ” လော့သွမ် အရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ဤနေရာတွင် မီးခိုးရောင်မြူများ ရစ်ဆိုင်းနေလေ၏။ မြူများမှာ ထိုမျှမသိပ်သည်းသော်လည်း ခပ်ဝေးဝေးရှိမြင်ကွင်းများအားလုံးမှာ မှုန်ဝါးနေကာ မြူဆိုင်းနေလေ၏။

ကျောက်တောင်များ၊ ရှေးသစ်ပင်များ၊ စမ်းချောင်းများနှင့် အရာအားလုံးမှာ ရှိသင့်သည့်နေရာတွင် ရှိနေကြလေသည်။

သို့သော် ဤနေရာမှ အမှန်တကယ်ပင် ရက်စက်သည့်အော်ရာများကို ထုတ်လွှတ်နေလေသည်။

ဤတောအုပ်ထဲတွင်ရှိနေသည့် သစ်ပင်များမှာ သိပ်မမြင့်ပဲ လူ့အရပ်တစ်ဝက်စာခန့်သာရှိသည်။ ဤအပင်နာမည်များကို မသိရသကဲ့သို့ ဤအပင်များ ဘာထူးခြားသလဲဆိုသည်ကိုလည်း မသိပေ။

သို့သော်လည်း ဤတောအုပ်ထဲသို့ ဝင်သွားသည့် ကျင့်ကြံသူတိုင်းမှာ လမ်းပျောက်သွားကာ ရက်အတော်ကြာသည်အထိ လျှောက်သွားနေကြရသည်သာ။

“ဒီတောအုပ်ပြီးရင် အသိုက်ကို ရောက်ပြီလား” ရှီဟောင်မေးလိုက်သည်။

“အမ် .. ငါတို့ဒီနေရာကနေ မြင်ရတယ် .. ဒါပေမဲ့ ငါတို့ဝင်နိုင်မှာမဟုတ်ဘူး .. လူတိုင်းက မတူညီတဲ့လမ်းတွေကနေ သွားကြတာ .. လေဟာနယ်ထဲမှာ ထူးဆန်းတဲ့ဟာတွေအများကြီးရှိပြီးတော့ အရမ်းလည်း လျှို့ဝှက်ဆန်းကြယ်တယ်”

“လူတွေအများကြီး သေနေပြီကို တစ်ခြားလူတွေက ဘာလို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတာလဲ” ရှီဟောင်မေးလိုက်၏။

“အရက်စက်ဆုံးသားရဲ ၁၀ ကောင်ရဲ့အသိုက်ကို ဘယ်သူက စိတ်မဝင်စားပဲနေမှာလဲ .. ပြီးတော့ အထဲမဝင်နိုင်ရင်တောင်မှ အနီးအနားမှာ ကံကောင်းနိုင်တဲ့နေရာတွေ အများကြီးရှိသေးတယ် .. တစ်ချို့လူတွေဆို တော်တော်များများကို ရသွားကြတာ” လန်ယိချန် ပြောလိုက်သည်။

ဤတောအုပ်ကို သစ္ဆေသရဲတောအုပ်ဟု ခေါ်လေသည်။

ထိုတောအုပ်ထဲသို့ ဝင်သွားပြီးမှသာ အဘယ်ကြောင့် ဤနာမည်တွင်နေမှန်း ရှီဟောင်သိသွားရသည်။ သူတို့တောအုပ်ထဲသို့ ဝင်သွားလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏မြင်ကွင်းမှာ ပြောင်းလဲသွားလေသည်။

ဤနေရာတွင် မြူများ အထပ်ထပ်ရှိနေပြီး သူတို့အနားရှိ မြင်ကွင်းများအားလုံး မှုန်ဝါးနေကာ အလွယ်တကူ လမ်းပျောက်နိုင်သလို သူတို့ကိုယ်သူတို့လည်း မေ့လျော့သွားနိုင်သည်။

“ထူးဆန်းလိုက်တာ .. အခုလေးတင် ငါခဏလောက် စိတ်လွတ်သလိုဖြစ်သွားသေးတယ် .. ငါ့နာမည်ကိုတောင် ငါမေ့သွားတော့မလို့ပဲ” လန်ယိ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။

ရှီဟောင်ခေါင်းညိမ့်လိုက်ကာ “အခုလေးတင် ငါ့ရဲ့မူလဝိဉာဉ်ကို ယိမ်းယိုင်စေတဲ့ ထူးဆန်းတဲ့စွမ်းအားတစ်ခု ရောက်လာသေးတယ် .. ဒါပေမဲ့ ငါ့ရဲ့ ကောင်းကင်လမ်းကြောင်းနဲ့ သူတို့ကို ဖြတ်ပစ်လိုက်မယ်”

ဤနေရာသို့ ဝင်လာပြီးသည့်နောက်တွင် သူတို့သည် ချက်ချင်းပင် ပုံရိပ်အချို့ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် သားရဲဂူထဲသို့ ဝင်နိုင်မည့်လမ်းကြောင်းကို ရှာနေကြခြင်းပင်။

ဤတစ္ဆေသရဲသစ်တောကြီးမှာ လီပေါင်း တစ်သောင်းကျယ်သည်ဟု ပြောကြလေသည်။ ဤသည်မှာ အလွန်ကျယ်ဝန်းသည့်ပမာဏပင်။

ထို့အပြင် သူတို့သည် ကျွမ်းကျင်သူများကို ခဏခဏ တွေ့နေကြရသည်။ လူဘယ်နှယောက်ပင် တွေ့ခဲ့မှန်း သူတို့မရေတွက်နိုင်တော့ပေ။

ရှီဟောင်တို့အုပ်စု၏ လမ်းခရီးမှာ ချောမွေ့နေသည်ဟု ပြော၍ရသည်။ သူတို့လျှောက်လာသည်မှာ နေ့တစ်ဝက်သာရှိသေးသော်လည်း အသိုက်နားသို့ ရောက်လာလေပြီ။ ဤနေရာကို မူလဖရိုဖရဲမြူများ ဝန်းရံထားလေသည်။

“ဒီတောင်တွေအားလုံးက ကျောက်တောင်တွေလား .. ဟမ် တစ်ခုခုမှားနေသလိုပဲ .. ဒါတွေက မီးတောင်တွေနဲ့တူသလိုပဲ” လုယီ ပြောလိုက်သည်။

ဤနေရာတွင် တောင်များစွာရှိနေပြီး ထိုတောင်များ၏ အတွင်းပိုင်းမှာ မီးတောင်များကဲ့သို့ ဟောင်းလောင်းပေါက်ကြီးပင်။ ထိုတောင်များတွင် တာအိုစွမ်းအင်များလည်း ရစ်သိုင်းနေလေသည်။

မူလဖရိုဖရဲမြူများ ကင်းရှင်းသွားသည့်အချိန်တွင် ကောင်းကင်ကြီး ပေါ်လာလေ၏။ ဤကောင်းကင်ကြီးမှာ အားလုံးကို ပို၍ပင် ထိတ်လန့်သွားစေသည်။

တောင်များပေါ်တွင် သွေးလများ ရှိနေလေ၏။ သေချာရေတွက်ကြည့်လိုက်သည့်အချိန်တွင် စုစုပေါင်း ၃၃လုံးရှိကြောင်း တွေ့လိုက်ရသည်။ ထိုလများအားလုံးမှာ အလွန်ပင် ကြီးမားလှပြီး တောင်များနှင့် သိပ်မဝေးသလိုခံစားရသည်။

“အဲဒီလတွေက ကောင်းကင် ၃၃ လွှာကို ကိုယ်စားပြုတယ်လို့တော့ မပြောနဲ့နော်” ရှီဟောင် ရေရွတ်လိုက်သည်။

ဝုန်း…

ခပ်ဝေးဝေးမှ ဆူညံသံများ ထွက်ပေါ်လာသည်။ လများထက် ၁၀ ဆပိုကြီးသည့်အရာများ ထွက်ပေါ်လာပြီး ထိုအရာများအားလုံးမှာ တောက်ပနေလေသည်။

ဤသည်မှာ သွေးရောင်လွှမ်းနေသည့်နေမင်းကြီးပင်…

လုယီသည် တုန်လှုပ်သွားရကာ သူမြင်နေရသည့်အရာများကို မယုံကြည်နိုင်ဖြစ်နေလေသည်။ “ဒါက ရှေးဟောင်းမူမမှန်တဲ့ ဖြစ်စဉ်ပဲ .. ဘယ်လိုလုပ် ဒီလိုပုံစံမျိုးဖြစ်နေတာလဲ … နေ ၁၀ လုံးပေါ်လာပြီးတော့ လ ၃၃ လုံး တောက်ပနေတယ် .. ဒါတွေအားလုံးကလည်း ဒီရှေးဟောင်းနေရာပေါ်မှာရှိနေတာ .. မြေကြီးနဲ့တောင် ထိမတတ်ပဲ”

“သွေးနေ ၁၀ စင်းနဲ့ သွေးလ ၃၃ စင်း .. နေနဲ့လတွေက ထာဝရရှေးဟောင်းစစ်ပွဲကြောင့် သွေးရောင်ဖြစ်သွားတာလို့ ပြောကြတယ်” လော့သွမ်ပြောလိုက်သည်။ သူ ဤမြင်ကွင်းကို မြင်ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူ၏မျက်လုံးများမှာ ထိတ်လန့်မှုများ ပြည့်နှက်နေဆဲပင်။

ဤသည်မှာ ခမ်းနားလှသည့် အဖြစ်အပျက်ကြီးပင်။ နေ ၁၀ စင်းနှင့် လ ၃၃ စင်းသည် လေထဲတွင် ရှိနေပြီး သားရဲကြီးအသိုက်ကို ထွန်းလင်းပေးနေလေသည်။

“ထာဝရတွေရဲ့သွေးကြောင့် နေနဲ့ လတွေက သွေးရောင်တွေဖြစ်သွားတာ .. ဒါက တော်တော်ကို ကြောက်ဖို့ကောင်းတာပဲ .. ဘယ်လိုမျိုးသက်ရှိတွေကများ ဒီနေရာမှာ တိုက်ခိုက်ခဲ့ကြတာလဲ .. ဒါက လူတွေကို အချိန်မှားပြီး မွေးလာတယ်လို့ ခံစားရစေတယ် .. ထာဝရရှေးဟောင်းခေတ်က တိုက်ပွဲကြီးကို မမြင်လိုက်ရဘူး..” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။

အခြားလူများ၏ အမူအရာများ ပြောင်းလဲသွားသည်။ ဤကောင်မှာ အတော်လေးပင် ထူးဆန်းလှပြီး ထိုကဲ့သို့ကြောက်စရာကောင်းသည့်ခေတ်ကြီးတွင်ပင် မွေးချင်နေသေးသည်။ အားလုံးပျက်စီးသွားပြီး နေနှင့်လပင် သွေးရောင်လွှမ်းသွားသော်လည်း သူက ထိုအချိန်ကဖြစ်ခဲ့သည့် အဖြစ်အပျက်များကို ပြန်ကြည့်ချင်နေသေးသည်။

“ရှေးကတည်းက ပြောကြတာတော့ အဲဒီလိုမျိုးတိုက်ပွဲ အနှေးနဲ့အမြန်ပေါ်လာမှာတဲ့ .. မင်း အဲဒီအဆင့်ကိုသာ ရောက်နိုင်ရင် မင်းကိုယ်တိုင် အားလုံးကို မြင်နိုင်ပြီးတော့ အသေးစိတ်အချက်အလက်တွေနဲ့ လျှို့ဝှက်ချက်တွေအားလုံးကို မြင်နိုင်လိမ့်မယ်” လန်ယိချန် ပြောလိုက်သည်။

ရုတ်တရက်ပင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကြီးမားလှသည့် ကြယ်အလုံး သုံးထောင်ပေါ်လာလေသည်။ ကြယ်အများစုမှာ အပြာရောင်များပင်။ ထိုကြယ်များသည် မူလဖရိုဖရဲမြူများထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဤရှေးဟောင်မြေတွင် လှည့်လည်သွားလာနေလေသည်။

“အံ့ဩစရာကောင်းလိုက်တာ .. ဒါက ရှေးဟောင်းကောင်းကင်တာအို သုံးထောင်ကိုကိုယ်စားပြုတာလို့တော့ မပြောနဲ့နော်” လုယီပြောလိုက်သ်ည။

သေချာကြည့်မည်ဆိုလျှင် ထိုအပြာရောင်ကြယ်များတွင် သွေးစက်သွေးပြောက်များရှိနေပြီး အချို့ကြယ်များမှာ တစ်ဝက်ခန့်ပင် စွန်းထင်းနေသည်။

ယခုအချိန်တွင်တော့ ထိုကြယ်များအားလုံးသည် ထာဝရသွေးများ စွန်းထင်းနေခြင်းဖြစ်ကြောင်းကို သူယုံကြည်သွားပြီဖြစ်သည်။ ကောဟလာလများနောက်တွင် အကြောင်းပြချက်များ လုံလောက်အောင် ရှိနေတတ်သည်။

သူသည် ထိုနေရာကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေလေသည်။

“တစ်ခုခုတော့မှားနေပြီ .. နီးနေတယ်လို့ထင်ရပေမယ့် အရမ်းဝေးနေသေးတယ်လို့ ခံစားနေရတယ် .. လေဟာနယ်ကြီးတစ်ခု ငါတို့ကို ခြားထားသလိုပဲ” ရှီဟောင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

လော့သွမ်နှင့် လန်ယိချန်တို့မှာ သက်ပြင်းမချပဲ မနေနိုင်တော့ပေ။ ဤကောင်၏ ဝိဉာဉ်အာရုံခံနိုင်စွမ်းမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ ယခင်က သူတို့သည် အချိန်အတော်ကြာသည်အထိ ဤအချက်ကို မသိခဲ့ကြပေ။

“ဟုတ်တယ် .. သားရဲအသိုက်ကြီးရဲ့အပြင်ဘက်မှာ နယ်မြေတွေအများကြီးရှိသေးတယ် .. အဲဒီနယ်မြေတွေအားလုံးက ဒီနေရာကို ဝိုင်းထားတာ .. အရမ်းနီးတယ်လို့ထင်ရပေမယ့် နယ်မြေတစ်ခုစီက အရမ်းကိုကျယ်ပြီးတော့ အဲဒီမှာလည်း ကံကောင်းမှုတွေရှိတယ်”

ဤနေရာတွင် အကွာအဝေးဥပဒေသတစ်ချို့ ရှိနေသည်မှာ သိသာလှသည်။

ရှီဟောင်၏မျက်လုံးမှ သင်္ကေတများထွက်ပေါ်လာကာ သူ၏အရှေ့မှ မြင်ကွင်းကို ချဲ့ကြည့်လိုက်သည့်အချိန်တွင် ချက်ချင်းပင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေသည်။

“ဟမ် .. ဒါက ကံကောင်းမှုတွေရှိနေတဲ့နေရာပဲ .. အဲဒီနေရာက ဝိဉာဉ်စွမ်းအင်တွေက အရမ်းများတာပဲ .. ဝိဉာဉ်အရည်တွေလည်း ပေါင်းပြီးတော့ ကန်တစ်ကန်တောင်ဖြစ်နေပြီ .. အဲဒီမှာ ဖီးနှစ်ငါးတွေလည်းရှိတယ် .. သူတို့အတောင်ပံတွေကလည်း တောက်ပနေတာပဲ .. အဲဒါတွေက အသက်တွေကိုဆွဲဆန့်ပေးနိုင်တဲ့ အကောင်တွေပဲ .. အဲဒီအကောင်တွေနဲ့တင်ကို ဂိုဏ်းခေါင်းဆောင်ရဲ့မျက်လုံးတွေကို ယုန်မျက်လုံးလိုမျိုး နီရဲသွားအောင် လုပ်ဖို့လုံလောက်တယ်” ရှီဟောင် ထိတ်လန့်သွားရသည်။

ဤအကောင်မှာ ရှားပါးသက်ရှိများထဲမှ တစ်ကောင်ပင်။

အခြားနယ်မြေတစ်ခုတွင် နတ်အော်ရာကို ပိုင်ဆိုင်ထားသည့် နတ်အသီးပင်ရှိနေလေသည်။ ထိုရှေးအပင်ကြီးသည် ဖြောင့်တန်းနေကာ ရောင်စုံတိမ်တိုက်များလည်း ရှိနေလေသည်။ ထိုနေရာတွင် ကျင့်ကြံသူများလည်း ရှိနေကာ သူတို့သည် ထိုနတ်အသီးများကို ခူးယူနိုင်ရန် ကြိုးစားနေကြလေသည်။

အခြားမြင့်မြတ်နယ်မြေတစ်ခုတွင် အသက်မြစ်ထက်၌ ပေါလောပေါ်နေသည့် ရှေးဟောင်းနန်းတော်တစ်ခု ရှိလေသည်။ ထိုနန်းတော်မှ တာအိုသံများထွက်ပေါ်နေပြီး သင်္ကေတများလည်း တောက်ပနေလေသည်။

“ထူးဆန်းလိုက်တာ” ရှီဟောင် ထိတ်လန့်သွားရသည်။ သူ အနည်းငယ်ပင် စိတ်မရှည်ချင်ဖြစ်လာသည်။ သားရဲအသိုက်မပြောနှင့် ဤနယ်မြေများပင်လျှင် လေ့လာရန်ထိုက်တန်သည်။

ထူးခြားသည့်နေရာများစွာရှိနေပြီး ထိုနေရာများအားလုံးတွင် နတ်ပစ္စည်းများ ရှိနေလေသည်။ ထိုပစ္စည်းများထဲမှ တစ်ခုကို ရလျှင်ပင် အတော်လေး ထိတ်လန့်စရာကောင်းနေလေပြီ။

” ငါ့ဟာ.. ငါ့ဟာ အားလုံးက ငါ့ဟာ .. ။ ”

အပိုင်း ၁၀၃၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၃၅ – တစ်ခုပြီးတစ်ခု ပေါ်လာခြင်း

ရှီဟောင်တို့အုပ်စုသည် အရှေ့ဘက်သို့ဆက်သွားကာ ထိုလျှို့ဝှက်နယ်မြေများထံသို့ ဦးတည်သွားလိုက်သည်။

ရုတ်တရက်ပင် သူတို့အောက်ရှိမြေကြီးသည် တောက်ပလာကာ ငွေရောင်လမ်းကြောင်းတစ်ခု ပေါ်လာလေ၏။ အံ့အားသင့်စရာကောင်းသည်မှာ သူတို့သည် လမ်းလျှောက်စရာပင်မလိုပဲ ထိုနယ်မြေများထဲသို့ အလိုအလျောက်ဝင်သွားလေသည်။

သူတို့သည် ရွေးချယ်ခွင့်ပင် မရှိပဲ ထိုလမ်းကြောင်းထဲသို့ အလိုလိုရောက်သွားခြင်းပင်။

“ငါတို့က ဘာလို့ ဒီကိုရောက်လာရတာလဲ … နှမြောစရာကောင်းလိုက်တာ .. အခုလေးတင် ငါ စွမ်းအားကြီးတဲ့ နတ်အသီးပင်တွေအများကြီးကို တွေ့လိုက်တယ်” ရှီဟောင် စိတ်ပျက်စွာ ပြောလိုက်သည်။

သူတို့ရောက်လာသည့်နေရာမှာ အစောပိုင်းက မြင်လိုက်ရသည့်နေရာများ မဟုတ်ပေ။ ဤနေရာတွင် မည်သည့်နတ်ပစ္စည်းကိုမှ မမြင်ရသေးသော်လည်း ဝိဉာဉ်စွမ်းအင်များမှာမူ ထိတ်လန့်စရာကောင်းလောက်အောင် များနေဆဲပင်။

လေဟာနယ်ထဲတွင် အချိန်နှင့်အမျှ ဝိဉာဉ်စွမ်းအင်များသည် အရည်များအဖြစ် သိပ်သည်းသွားကာ မြေပြင်ပေါ်သို့ ကျလာလေသည်။ မြေပြင်ထက်တွင် ဝိဉာဉ်အရည်ဖြင့်ပြည့်နေသည့် ချိုင့်ကွက်လေးများ ရှိနေလေသည်။

“ကိစ္စမရှိဘူး .. ဒီနယ်မြေတွေအားလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြတာ .. ငါတို့ဒီနယ်မြေတွေအားလုံးကို တစ်ခုပြီးတစ်ခု ရှာလိုက်ရင် အနှေးနဲ့အမြန်ငါတို့ ရှာတွေ့မှာပါ” လော့သွမ်ပြောလိုက်သည်။

လျှို့ဝှက်နယ်မြေတွင် ခေါင်းမော့ကြည့်လိုက်သည်နှင့် ဝိဉာဉ်ဆေးပင်ပေါင်းများစွာကို တွေ့မြင်နိုင်လေသည်။ အဆင့်နိမ့်နယ်မြေတွင် ဝိဉာဉ်တောင်တစ်ခုလုံး၌ ဝိဉာဉ်ဆေးပင်တစ်ပင်သာ ပေါက်နိုင်သော်လည်း ဤနေရာတွင်မူ များပြားစွာ ရှိနေလေ၏။

ဤသို့ပေါက်နိုင်သည့် အဓိကအကြောင်းရင်းမှာ များပြားလှသည့် ဝိဉာဉ်စွမ်းအင်များကြောင့်ပင်။

ဤဆေးပင်များသည် အဖိုးတန်သော်လည်း ရှီဟောင် မခူးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူလျှောက်ရမည့်လမ်းမှာ ခက်ခဲကြမ်းတမ်းလှသောကြောင့် မြင့်မြတ်ဆေးပင်၊ နတ်ဆေးပင်များသာ သူ့အသက်ကို ကယ်နိုင်လိမ့်မည်။

ဤရှေးသစ်ပင်များသည် အလွန်ပင်မြင့်မားလှပြီး သစ်ရွက်များလည်း စိမ်းတောက်နေကာ ကျောက်စိမ်းဖြင့် ထွင်းထုထားသည့်အတိုင်းပင်။

သို့သော် ကံမကောင်းစွာဖြင့်ပင် ဤသစ်ပင်ကြီးများသည် နတ်သစ်ပင်များမဟုတ်ပဲ သာမန်သစ်ပင်များသာ။ သို့သော်လည်း သူတို့၏သက်တမ်းမှာ အပြင်ဘက်လောကတွင်ရှိသည့် သစ်ပင်များထက် ပိုများသည်သာ။

“တော်တော်လေး ထူးဆန်းတယ် .. နှစ်ပေါင်းများစွာ ကြာလှပြီကို ဒီသစ်ပင်တွေက ညှိုးခြောက်သွားပြီးတော့မှ အပင်အသေးလေးတွေနဲ့ အစားထိုးသင့်တာမဟုတ်ဘူးလား .. ဘာလို့အဲဒီလိုမျိုး မဖြစ်တာလဲ”

“အပင်အသစ်တွေဖြစ်မလာအောင်လို့ တားဆီးထားတဲ့ သဘာဝဥပဒေသတွေ ရှိနေတယ်ထင်တယ်”

သူတို့လမ်းလျှောက်လာသည်နှင့်အမျှ အဆုံးမရှိသည့် ဝိဉာဉ်စွမ်းအင်များကို ခံစားလိုက်ရသည်။ လူတစ်ယောက်စီတိုင်းမှာ သူတို့၏ခန္ဓာကိုယ်များ ပို၍ပေါ့ပါးလာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ အလွန်ပင် သက်တောင့်သက်သာရှိလှသည်။

“ရပ်လိုက်..”

ရုတ်တရက်ပင် သူတို့အရှေ့သို့ သက်ရှိ ၁၀ ယောက်ကျော်ရောက်လာလေ၏။ အချို့သူများမှာ ဦးချိုပါရှိပြီး အချို့သူများမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါရှိလေသည်။ သူတို့အားလုံးမှာ သာမန်မဟုတ်ကြပေ။

သေချာကြည့်လိုက်မည်ဆိုလျှင် သူတို့အားလုံးသည် နတ်ဘုရားဖြစ်ပြီးသား ကျင့်ကြံသူများပင်။ သူတို့၏အင်အားမှာ အတော်လေး ကောင်းမွန်လှပြီး ယခုကဲ့သို့ စုပေါင်းလိုက်သည့်အချိန်တွင် သူတို့၏စွမ်းအားမှာ မသေးလှပေ။

“မင်းတို့ဘာလိုချင်လို့လဲ” လန်ယိချန်မေးလိုက်သည်။

ငွေရောင်အတောင်ပံများပါရှိသည့် လူသားပုံစံသက်ရှိသည် အရှေ့တိုးလာကာ ထူးမခြားနားစွာဖြင့်ပင် ပြောလိုက်လေ၏။ “မင်းတို့မှာရှိတဲ့ ရတနာတွေအားလုံးကို ပေးခဲ့”

ရှီဟောင်တို့သည် ချက်ချင်းပင် တစ်ယောက်နှင့်တစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြလေသည်။ သူတို့လိုလူမျိုး လာတွေ့နေခြင်းလား .. ဒီလူတွေက သူတို့ကို ဓားပြတိုက်ဖို့ ကြိုးစားနေတာလား ..

“မင်းတို့အားလုံးမှာ ရှိနေတဲ့ မြင့်မြတ်ဆေးပင်တွေကို ပေးခဲ့လိုက်” လုယီလျှောက်လာလိုက်သည်။

“အားရိုး .. ငါတို့ဆီကနေ ခိုးချင်နေတဲ့သူတွေ ရှိနေတာလား..” ထိုလူအုပ်စုသည် ရယ်မောလိုက်ကာ ရှီဟောင်တို့အုပ်စုအား ဝန်းရံလိုက်ကြလေသည်။

ဖုန်း..

ဒုန်း..

ဤနေရာတွင် အသံပေါင်းစုံ ဆူညံသွားလေ၏။ တစ်ခဏကြာပြီးသည့်နောက်တွင် ပြန်လည်တိတ်ဆိတ်သွားလေသည်။ မြေကြီးပေါ်တွင် လဲကျနေသည့် လူပုံတစ်ပုံရှိနေပြီး ထိုသူတို့အားလုံးမှာ လန်ယိချန်၏ ရိုက်နှက်ခြင်းကို ခံထားရခြင်းဖြစ်ပြီး သူတို့၏အရိုးများအားလုံး ကျိုးကြေသွားလေပြီ။

“ထူးခြားပါရမီရှိတဲ့သူလား” သူတို့ထဲမှ တစ်ယောက်သည် မျက်လုံးများပြူးကျယ်ကာ ထိတ်လန့်တကြား ပြောလိုက်လေသည်။

ထို့အပြင် ဤသတ္တုလူသားမှာ စွမ်းအားအကြီးဆုံး ဖြစ်ဟန် မတူပေ။ အန္တရာယ်ပေးပုံမပေါ်သည့်လူငယ်လေးသာ သူတို့ခေါင်းဆောင်ဖြစ်လောက်သည်။

တစ်ခဏကြာပြီးသည့်နောက်တွင် သူတို့ခက်ခက်ခဲခဲရထားသည့် မြင့်မြတ်ဆေးပင်များအားလုံး အလုယူခံလိုက်ရလေသည်။ သူတို့ခန္ဓာကိုယ်တစ်ခုလုံး မွှေနှောက်ရှာ၍ ယူသွားခံရခြင်းပင်။

“ဓားပြတိုက်နေပါတယ်..” တစ်စုံတစ်ယောက်သည် နှလုံးကွဲမတတ်အော်ဟစ်လိုက်လေသည်။

ရှီဟောင်သည် ရယ်မောလိုက်ကာ “မင်းတို့တွေ တစ်ခြားလူတွေဆီကနေ လုယူရင် ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ စဉ်းစားဖူးလား”

လော့သွမ်သည် သူတို့ကို နောက်ထပ်နည်းနည်းကန်ထည့်လိုက်ကာ ထိုလူများ လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။

“ချီးပဲ .. ငါတို့ဓားပြတိုက်ခံလိုက်ရပြီ”

ထိုလူများသည် ရှီဟောင်တို့ထွက်သွားသည်ကို ကြည့်ကာ ဝမ်းနည်းစွာ မြည်ကြွေးလိုက်ကြလေသည်။

ရှီဟောင်တို့အုပ်စု အရှေ့သို့ ဆက်သွားလိုက်ကြသည်။ လမ်းတစ်လျှောက်တွင် အလောင်းများကို တွေ့ခဲ့ရပြီး အများစုမှာ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကြောင့် သေခဲ့ရခြင်းပင်။ အချို့အလောင်းများမှာ အတော်လေးပင် ဆိုးရွားနေပြီး အပိုင်းပိုင်းပြတ်နေကာ သွေးများလည်း နေရာအနှံ့စီးကျနေလေသည်။

ထိုအလောင်းများတွင်ရှိနေသည့် အဖိုးတန်ပစ္စည်းများအားလုံးမှာမူ အလုခံလိုက်ရပြီး တစ်ခုမှ မရှိတော့ပေ။

သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြကာ မှောင်မည်းနေသည့် လေထုကိုလည်း ခံစားလိုက်ရသည်။ ဤနေရာသည် အစကတည်းက ကြင်နာတတ်သည့်နေရာတစ်ခု မဟုတ်ပေ။ ဤနေရာသို့ ရောက်လာသည့်သူများသည်လည်း ကောင်းကင်ရတနာများကို ရယူနိုင်ရန်အတွက်နှင့် စတင်တိုက်ခိုက်ကြလေသည်။

ထို့နောက်တွင် သူတို့သည် အခြားအုပ်စုများစွာနှင့် တွေ့ခဲ့ရသေးသည်။ စွမ်းအားအကြီးဆုံးမှာ ၆၀၊ ၇၀ ခန့်ပါသည့်အုပ်စုကြီးပင်။ သူတို့သည် ဝံပုလွေအုပ်စုကြီးကဲ့သို့ပင် ရက်စက်လှလေသည်။

သူတို့အားလုံး တစ်ယောက်စီတိုင်းတွင် သွေးရောင်လွှမ်းသည့်အော်ရာများရှိနေပြီး သူတို့သည် လူများစွာကို သတ်ပြီးသွားလေပြီ။

ဤလူများသည် စကားတစ်လုံးမှမပြောပဲ ရှီဟောင်တို့အား တိုက်ရိုက်ပင် တိုက်ခိုက်ကြလေသည်။ ကံမကောင်းစွာဖြင့်ပင် ဤလူအုပ်မှာ မည်မျှပင် စွမ်းအားကြီးသည်ကို မသိနိုင်လောက်သည်အထိ သူတို့ နတ်အာရုံများမှာ အားနည်းနေကြလေသည်။

ရှီဟောင်သည် ဘာမှငဲ့ညာမနေပဲ လော့သွမ်၊ လန်ယိချန်တို့နှင့်အတူ တိုက်ခိုက်ကာ ဒါဇင်ပေါင်းများစွာသော လူအုပ်ကြီးကို တစ်ယောက်မှအရှင်မထားပဲ သတ်ပစ်ခဲ့ကြလေသည်။

လမ်းတစ်လျှောက်တွင် ရှီဟောင်သည် အလောင်း တစ်ထောင်ကျော်ကို တွေ့ခဲ့ရပြီး သူတို့အားလုံးမှာ တိုက်ပွဲထဲတွင် သေဆုံးခဲ့ကြခြင်းပင်။ သူတို့၏အဖိုးတန်ဆေးများနှင့် အခြားအရာများအားလုံး အခိုးခံခဲ့ရပြီး ဆိုးရွားစွာ သေခဲ့ကြခြင်းပင်။

သူတို့သည် အရှေ့ဘက်သို့ ဆက်လျှောက်ခဲ့ကြပြီး ရက်ပေါင်းများစွာကြာသည်အထိ နယ်မြေများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ကြလေသည်။ သူတို့လမ်းတွင် လူဘယ်နှယောက်ကိုပင် သတ်ခဲ့မှန်း မသိတော့ပေ။

ဤသို့ သတ်ခဲ့သောကြောင့်လည်း ဤနေရာတွင် နတ်ဆေးပင်များနှင့် အခြားအရာများ သိပ်မရှိသော်လည်း သူတို့ပစ္စည်းအတော်များများရလိုက်သည်။ လန့်စရာကောင်းလောက်သည့်ပမာဏအထိ ရလိုက်ခြင်းပင်။

သူတို့၏ အိတ်များနှင့် အိုးများကို ဖွင့်လိုက်သည်နှင့် မြင့်မြတ်ဆေးပင်များပုံနေပြီဖြစ်ပြီး တောက်ပသည့်အလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။ ဤပစ္စည်းများအားလုံးမှာ ဓားပြများကို ပြန်လည်တိုက်ခိုက်ရင်း ရလာခြင်းပင်။

“ဒါကတကယ်ကို လန့်စရာကောင်းတယ် .. ခြောက်ရက်ပဲရှိသေးတာကို ငါတို့နှစ်ဝက်လောက်လျှောက်သွားပြီး စုဆောင်းတဲ့ပမာဏလောက်ကို ရနေပြီ … ဒီလောက်မြင့်မြတ်ဆေးပင်တွေ အများကြီးရှိနေတာလား” လန်ယိချန်းသည် အံ့အားတကြီးပင် ပြောလိုက်သည်။

လန်ယိမှာမူ မျက်လုံးများပင် ပြူးကျယ်ဝိုင်းစက်နေလေ၏။

သူ့ကို ထွက်သွားခိုင်းလျှင်ပင် သူ ထွက်သွားတော့မည်မဟုတ်ပေ။ နောင်အနာဂတ်ကျလျှင် ဂိုဏ်းကြီးများအကြောင်းကို သူကိုယ်တိုင်သတင်းဖြန့်ပြီး ရှီဟောင်ကို ပြန်တင်ပြမည်ဟု ကတိပေးလိုက်သည်။ ထို့အပြင် ရှီဟောင်၊ လော့သွမ်နှင့် လန်ယိချန် တို့ မလိုအပ်သည့်ပစ္စည်းများကိုလည်း သူ ရောင်းပေးဦးမည်။

ဤရက်များအတွင်းတွင် သူတို့သည်လည်း အနည်းငယ်အခက်ကြုံသည့်အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရပြီး လော့သွမ်နှင့် လန်ယိချန်တို့ပင် ဒဏ်ရာရခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ အလွန်စွမ်းအားကြီးသည့် ထူးခြားပါရမီရှင်များ ဖြစ်နေသောကြောင့်ပင်။ သို့သော်လည်း နောက်ဆုံးတွင် ထိုလူများသည်လည်း ရှီဟောင်ကြောင့် သေဆုံးသွားကြသည်သာ။

သူတို့ ပစ္စည်းများစွာရရှိနေသည့်အချိန်တွင် အပြင်ဘက်ကမ္ဘာ၌လည်း အုတ်အော်သောင်းတင်းဖြစ်နေလေသည်။

ရှေးဟောင်းဂူတစ်ခုအတွင်းတွင် ထာဝရအလင်းများ တောက်ပလာပြီး သင်္ကေတများလည်း ထွက်ပေါ်လာသည်။ အဆင့်လွန်ကျမ်းစာသံများလည်း ထွက်ပေါ်လာပြီး ဤသည်မှာ ပြိုင်ဘက်ကင်းသည့် ထာဝရလူသားမှ ရွတ်ဆိုနေသကဲ့သို့ပင်။

“သားရဲ ၁၀ မျိုးထဲက တစ်မျိုးရဲ့အသိုက်ပေါ်လာပြီ .. ငါ ဒီအခွင့်အရေးနဲ့ လွဲချော်သွားလို့မဖြစ်ဘူး .. ငါသွားကြည့်ရမယ်”

လူငယ်လေးတစ်ယောက်ထလာကာ ရှေးဟောင်းဂူထဲမှ ထွက်သွားလေ၏။

သူသည် ရှည်လျားလှသည့် သက်ရှည်စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားပိန်ပါးသည့်သူပင်။ ရုပ်ရည်လည်း ခန့်ညားလေသည်။ သူ့ထံတွင် ဘုရင်အော်ရာရှိနေလေသည်။

တစ်ချက်ဟစ်ကြွေးပြီးသည့်နောက်တွင် သူ၏ရင်ဘတ်မှ ထာဝရအလင်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းများသည် သူ့ကိုရစ်ပတ်သွားကာ သက်တံ့တစ်ခုဖြစ်ပေါ်လာလေ၏။ ထို့နောက်တွင် ထိုပုံရိပ်သည် မိုးကုပ်စက်ဝန်းအစွန်ဘက်သို့ ပျောက်ကွယ်သွားလေသည်။

အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းခေါင်းဆောင်များအားလုံးမှာ ထိတ်လန့်နေကြကာ မယုံကြည်နိုင် ဖြစ်နေကြလေ၏။ သူတို့သည် ထာဝရကောင်းကင်နတ်ဘုရား ချင်ချန်းရှန်ကို ကြည့်လိုက်ကြသည်။

“အဲဒါက .. တကယ်ပဲ ထာဝရအရိုးလား”

အချို့ဂိုဏ်းခေါင်းဆောင်များမှာ အသံများ တုန်ယင်နေကြလေ၏။

ချင်းကလန်တွင် အဆင့်လွန်အရိုးတစ်စုံရထားသည်ဟု အဆင့်မြင့်နယ်မြေတွင် ကောလဟာလများပျံ့နေခဲ့ခြင်းပင်။ သို့သော် ထိုအရိုးထဲမှ တစ်ခုမှာ ထာဝရအရိုးဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ဤအရိုးမှာ သရဖူခြောက်ခုဘုရင်၏ လက်ရိုးထက် မနိမ့်ကျနိုင်ပေ။

“ထာဝရအရိုးရှိတဲ့လူငယ်တစ်ယောက်ရှိတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ် .. ဒါပေမဲ့ ဘယ်သူမှ အလေးမထားခဲ့ဘူး .. ဒါက တကယ်ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..”

အချို့လူများမှာ အတိတ်အကြောင်းပြန်တွေးလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေကြလေသည်။

အမှားနှင့် အမှန်၊ အမှန်နှင့်အမှား .. ဤသည်မှာ ထာဝရတောင်သည် အားလုံးကို ရှုပ်ထွေးစေရန်အတွက် တမင်သက်သက်လုပ်ခဲ့သည်မှာ သိသာသည်။

ထာဝရရှေးဟောင်းမြေအတွင်းရှိ ကမ္ဘာငယ်လေး တစ်ခုတွင်..

အနက်ရောင်တောင်တစ်လုံးထိပ်တွင် မူလဖရိုဖရဲမြူများ ရစ်ဆိုင်းနေလေ၏။ ဤသည်မှာ အလွန်အန္တရာယ်များသည့်နေရာဖြစ်ပြီး သာမန်ကျင့်ကြံသူများ ခြေတစ်လှမ်းပင် မချနိုင်သည့်နေရာပင်။ သို့သော်လည်း ဤနေရာတွင် သီးသန့်ကျင့်ကြံနေသည့်လူတစ်ယောက် ရှိနေသည်။

တစ်ချက်အော်လိုက်ပြီးနောက် လူငယ်က ထရပ်လိုက်သည်။ သူ မျက်တောင်ခတ်လိုက်သည့်အချိန်တွင် နှစ်ထပ်မျက်လုံးမှာ ကောင်းကင်ကိုပင် ထိတ်လန့်သွားစေလေသည်။

ထိုမျက်လုံးမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်လာလေသည်။ ထိုမျက်လုံးများသည်လည်း သင်္ကေတများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တောက်ပလှလေသည်။

သူသည် ကောင်းကင်ကိုမော့ကြည့်ကာ တောင်များနှင့် လျိုမြောင်များ တုန်ခါသွားသည်အထိ ဟစ်ကြွေးလိုက်လေသည်။ သူသည် ပြန်လည်ရှင်သန်လာသည့် စစ်နတ်ဘုရားကဲ့သို့ အနက်ရောင်တောင်ထိပ်တွင် ရပ်နေခြင်းပင်။

တစ်ခဏကြာပြီးသည့်နောက်တွင် သူပြန်လည်တည်ငြိမ်သွားသည်။ သူသည် တောင်များ၊ မြစ်များနှင့် အရာအားလုံးကို ကြည့်လိုက်ပြီးနောက် “နှစ်ပေါင်းများစွာ လူသူနဲ့ဝေးတဲ့နေရာမှာ နေပြီးတဲ့နောက်မှာတော့ ဒီလောကကြီးမှာ နှစ်ထပ်မျက်လုံးနောက်တစ်ခေါက် ထပ်ပေါ်လာတော့မယ် .. အထက်ကောင်းကင်နဲ့ ကမ္ဘာမြေကြီးအောက်မှာ ငါအားလုံးထက် သာလွန်အောင်လုပ်မယ်”

အပြင်ဘက်လောကတွင် ဤမြင်ကွင်းကို ထာဝရတာအိုပန်းပွင့်မှတစ်ဆင့် မြင့်လိုက်ရသည့်သူအားလုံးမှာ အသက်ရှူရပ်တန့်သွားမတတ်ပင်။ နှစ်ထပ်မျက်လုံးသုံးတဲ့သူက သီးသန့်ကျင့်ကြံနေတာကနေ ထွက်တော့မှာလား…

ယခုအချိန်တွင် ဂိုဏ်းခေါင်းဆောင်အားလုံးမှာ မျက်လုံးများ တောက်ပနေကြပြီး ဝမ်းသာနေကြလေသည်။ သူတို့အားလုံးသည် ထိုသူကိုသာ ကြည့်နေကြလေ၏။

အချို့ ကောင်းကင်နတ်ဘုရားအိုများမှာမူ သက်ပြင်းချလိုက်ကြပြီး သူတို့အချင်းချင်း ဆွေးနွေးနေကြလေသည်။

နှစ်ထပ်မျက်လုံးအသုံးပြုမှာ ယခင်ကတည်းက ယခုအချိန်ထိ အရှုံးမရှိသည့်ဒဏ္ဍာရီလာလူသားပင်။ ဤကဲ့သို့သောလူသားများမှာ ကျော်လွှား၍မရနိုင်လောက်အောင်ပင်။ သူတို့၏သေဆုံးမှုများမှာ အားလုံးဝိုင်းတိုက်ကြခြင်း သို့မဟုတ် စွမ်းအားကြီးသည့်သူများမှ တိုက်ခိုက်ခြင်း .. ဤကဲ့သို့သော ထူးခြားသည့်အကြောင်းရင်းများကြောင့်ပင်။

“နှစ်ထပ်မျက်လုံးက ရှေးခေတ်မှာ အမြစ်ပြတ်သုတ်သင်ရှင်းလင်းခံလိုက်ရပြီးတော့ အခု နောက်တစ်ခေါက် ပြန်ပေါ်လာပြီ .. ဒါက သေချာပေါက်ကို သတင်းကြီးဖြစ်သွားမှာ .. သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက သံသယဝင်စရာကိုမလိုတော့ဘူး” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

နှစ်ထပ်မျက်လုံး ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်သွားခြင်းမှာ နဂါးတစ်ကောင်ကို ပင်လယ်ထဲသို့ လွှတ်လိုက်ခြင်းပင်။

“ဒီလိုမျိုး တောက်ပနေတဲ့သူတောင်မှ အရင်တုန်းက တစ်ခါရှုံးဖူးသေးတယ် .. သူက အဆင့်နိမ့်နယ်မြေမှာ ဟွမ်ကို ရှုံးသွားပြီးတော့ အသတ်ခံရလုနီးပါးပဲ”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ဘက်ပေါင်းစုံမှ ဆွေးနွေးနေကြသည့်အသံများထွက်ပေါ်လာလေသည်။

“သူတို့နောက်တစ်ခေါက်တွေ့တဲ့အချိန်ကျရင် အားနည်းတဲ့သူနဲ့ အားကြီးတဲ့သူ ကွဲသွားမှာပဲ .. နှစ်ထပ်မျက်လုံးက မွေးရာပါနတ်စွမ်းရည်တွေအားလုံးကို နှိုးထနိုင်တဲ့သူပဲ”

အားလုံးသည် ဤသူရဲကောင်းနှစ်ယောက် တိုက်ခိုက်မည့်အချိန်ကို စောင့်စားနေကြလေသည်။

“အမ် .. သရဖူခြောက်ခုဘုရင် နျင်ချွမ်းလည်း ထွက်လာပြီ .. ဒါက တကယ်ကို မုန်တိုင်းတွေ စုသွားတာပဲ .. သူတို့တွေ တွေ့သွားကြတာနဲ့ မုန်တိုင်းကြီးတစ်ခု ဖြစ်လာမှာပဲ”

နျင်ချွမ်း သီးသန့်နေရာမှ ထွက်လာသည်ကို တွေ့သွားပြီး တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထာဝရရှေးဟောင်းမြေအတွင်းရှိ မည်သူမှ မသိသည့်ဂူတစ်ခုတွင်…

နျင်ချွမ်း၏မျက်လုံးများ ပွင့်လာသည်။ ပြန်လည်ရှင်သန်လာပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပသည့်အလင်းများ ဝေ့ဝဲနေလေသည်။ သူသည် ပြန်လည်ရှင်သန်လာသည့် ထာဝရဘုရင်တစ်ယောက်ကဲ့သို့ပင် ထူးခြားမြင့်မြတ်နေလေသည်။

သူ၏မျက်လုံးထဲတွင် ဒေါသမထွက်ပဲနှင့်ပင်လျှင် ဖိအားတစ်မျိုးကို ထုတ်လွှတ်နေလေသည်။

သူသည် မတ်တပ်ထရပ်လိုက်ကာ “ဘာပဲဖြစ်ဖြစ် ငါတစ်ခေါက်လောက်တော့ သွားကြည့်သင့်တယ် .. ငါအဲဒီသားရဲအသိုက်နဲ့ ရင်းနှီးနေတာပဲ .. ပြီးခဲ့တဲ့ခြောက်ခါတုန်းက ငါအဲဒီအသိုက်ကနေ ဘာမှမရခဲ့ဘူး .. ဒီတစ်ခေါက်တော့ တစ်ခုခုရဖို့ မျှော်လင့်ရတာပဲ”

“ဒါပေမဲ့ ငါ့ရဲ့မူလခန္ဓာကိုယ်နဲ့ လက်လွတ်စပယ်လုပ်ဖို့က မသင့်တော်သေးဘူး” သူ မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။

“ထင်ထားတဲ့အတိုင်းပဲ သရဖူခြောက်ခုဘုရင်လည်း သားရဲအသိုက်အတွက် လှုပ်ရှားမှာပဲ .. ရှေးခေတ်သားရဲ ၁၀ မျိုးက မိုးကောင်းကင်အောက်က လောကကြီးကို တုန်လှုပ်စေခဲ့တာပဲ .. သူတောင်မှ ငြိမ်ငြိမ်ထိုင်ကြည့်မနေနိုင်တော့ဘူး”

အပြင်ဘက်တွင်ရှိနေသည်သူများမှာ သရဖူခြောက်ခုဘုရင် မည်မျှပင် အံ့အားသင့်စရာကောင်းကြောင်းကို သိချင်နေကြလေသည်။ သူပြသမည့် ပြိုင်ဘက်ကင်းသည့် တိုက်ခိုက်မှုများကို မျှော်လင့်နေကြလေသည်။

“သူ့ရဲ့ဂူကနေ ထွက်လာပြီ..”

“ဒါက သူ့ရဲ့ခန္ဓာကိုယ်အစစ်လား..”

ထာဝရရှေးဟောင်းမြေမှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာလေသည်။ သူ၏အဝတ်အစားများမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး သူ၏ခြေအိတ်များပင် အဖြူရောင်ဖြစ်နေသည်။

သရဖူခြောက်ခုဘုရင်သည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်နှင့် ပျောက်ကွယ်သွားလေသည်။ လူများပင် တုန်လှုပ်သွားရသည်အထိ လျင်မြန်လွန်းလှသည်။

“အပြစ်သားသွေးမျိုးဆက်ကို အရင်ရှင်းရမယ် .. ဒီနှစ်တွေအတွင်းမှာ ထူးခြားတဲ့သူတစ်ယောက်ပဲ ပေါ်လာတာဆိုတော့ ငါကိုယ်တိုင်သွားတိုက်ဖို့အတွက် ထိုက်တန်ပါတယ်”

မိုးကုပ်စက်ဝန်းအစွန်းနားတွင် ထိုပုံရိပ်ပျောက်ကွယ်သွားကာ ဤစကားကို ချန်ထားခဲ့လေသည်။

အပြင်ဘက်တွင်ရှိနေသည့်သူများမှာ တည်ငြိမ်အောင် လုပ်နိုင်ရန် ခက်ခဲနေကြလေသည်။ သရဖူခြောက်ခုဘုရင်ပေါ်လာကာ သူသည် သားရဲအသိုက်ထံသို့ သွားရုံသာမက ဟွမ်တစ်ဖြစ်လဲ အပြစ်သားသွေးမျိုးဆက်ကိုလည်း တိုက်ခိုက်ဦးမည်။ ဤသည်မှာ ကိစ္စကြီးတစ်ခုပင်။

အပိုင်း ၁၀၃၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset