Switch Mode

Chapter – 205

ဘုရင်မ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၀၅ – ဘုရင်မ

လှည့်ပတ်ကြည့်ပြီးနောက် ချူဖုန်း အံ့အားသင့်သွားရသည်။

နဂါးတစ်ကောင်သတ်ပြီး ဗာတီကန်တစ်မြို့လုံးကို ဖျက်ဆီးခဲ့သည့် အချုပ်အနှောင် လေးခု ချိုးဖျက်ထားသည့် အဆင့်လွန်ဘုရင်တစ်ဦးအနေဖြင့် အိမ်ကို အမြန်ပြန်လာရပြီး ဘလိုင်းဒိတ်လာတွေ့ရသည်လောက် ဝမ်းနည်းစရာကောင်းသည့် ကိစ္စရှိမည် မဟုတ်။

ယခင်တစ်ခေါက် ရှားချန်းယုနှင့် တွေ့ကတည်းက လုံလောက်အောင် ဆိုးရွားနေပြီဖြစ်သည်။ ထိုဘလိုင်းဒိတ်ပြီးနောက် အချိန်အတော်ကြာသည်အထိ ချူဖုန်းမှာ ပျက်လုံးတစ်ခု ဖြစ်ခဲ့သည်ပင်။

သို့သော် ယခုတစ်ခေါက်ကတော့ မတူတော့။ လူတိုင်း သူ့မျက်နှာကို မြင်ဖူးပြီးသားဖြစ်ပြီး တစ်ယောက်ယောက်သာ သူ့ကို မှတ်မိသွားပြီး အင်တာနက်ပေါ် တင်လိုက်လျှင် နောက်တစ်နေ့တွင် သူ သေချာပေါက် သတင်းခေါင်းစည်းနှင့် ပါလာလိမ့်မည်။ သူတို့၏ နဂါးသတ်သည့်သူရဲကောင်းကြီးသည် အိမ်ပြန်ရောက်သည်နှင့် ဘလိုင်းဒိတ်ပါတီသို့ တက်ရောက်ရကြောင်း လူများ သိသွားလျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကြလိမ့်မည်။

“ဒီပါတီပွဲက ဘယ်သူမှ င့ါကို မမှတ်မိဖို့ မျှော်လင့်တယ် .. ဘာပဲဖြစ်ဖြစ် ငါ မျက်နှာဖုံး တပ်ထားတာပဲ” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ ထိုမျှလောက် ကံဆိုးလိမ့်မည်ဟု သူ မထင်။ ထို့နောက် သူ တစ်ဖြည်းဖြည်း စိတ်အေးလာသည်။ ထို့နောက်တွင်တော့ လက်တစ်ဖက်၌ ပန်းကန်ကိုင်ပြီး နောက်လက်တစ်ဖက်မှ ညှပ်တစ်ခုကိုင်ကာ အစားအစာများ ထည့်လိုက်သည်။

သို့သော် သူ့အထင် မှားသွားလေပြီ။ ဤပွဲ၌ သူ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ ဤသည်မှာ လုရှီယွင်ပင်။ သူမသည် ညစာစားပွဲတစ်ဖက်ခြမ်း၌ ထိုင်နေသော်လည်း ချူဖုန်း သူ့ကို သတိမထားမိခဲ့။

ယခုအချိန်တွင် ကျန်းလော့ရှန်းလည်း ခန်းမထဲသို့ ဝင်လာပြီဖြစ်သည်။ သို့သော် ကံကောင်းစွာဖြင့် သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး မတွေ့ကြသေး။

ကျန်းလော့ရှန်းမှာ ယခင်ကအတိုင်း ချိုမြိန်ကာ ဆွဲဆောင်မှု ရှိနေဆဲပင်။

သူမ အာတိတ်မြေခွေး မျက်နှာဖုံးဝတ်ဆင်ထားခြင်းပင်။ သူမ၏လှပသည့် မျက်လုံးတစ်စုံကိုသာ မြင်ရသော်လည်း ဤမျက်နှာဖုံးမှာ သူမကို ပို၍ ညှို့အားပြင်းစေသည်ပင်။ သူမ ရှားချန်းယုနှင့်လာခြင်းမဟုတ်။ သူမ အဒေါ်တစ်ယောက် လိုက်လာပေးခြင်းပင်။ သူမတို့ တံခါးဝ၌ ရောက်နေလေပြီ။

ဤနေရာနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်ဟု ကျန်းလော့ရှန်း ခံစားနေရသည်။ သူမ၏ ဤအဒေါ်သည် ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမှ စိတ်မဝင်စားခဲ့ဖူးသော်လည်း ယနေ့တော့ သူကို လိုက်ပို့ပေးနေသည်။ သူမသည် ဤပွဲကိုလည်း စိတ်ဝင်စားနေသည့်ပုံပင်။ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေတာလဲ .. ဤကိစ္စမှာ မြင်နေရသလို မရိုးရှင်းလောက်။

“သူက င့ါကို ဒီနေရာမှာ သူစိမ်းတစ်ယောက်နဲ့ ဘလိုင်းဒိတ်လုပ်စေချင်နေတာလား..” ကျန်းလော့ရှန်း၏ သံသယများ ပို၍ ကြီးထွားလာသည်။

“အထဲဝင်တော့ လော့ရှန်း .. သမီးကြိုက်တဲ့သူရှိလားဆိုတာ သွားကြည့်ကြည့်လိုက် .. အန်တီ ဒီတံခါးနားမှာ စောင့်နေမယ် .. အခုတလောမှ စေ့စပ်ထားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီနေရာကို လာတာက မသင့်တော်ပေမယ့် လော့ရှန်းအတွက် အန်တီလုပ်ပေးမယ်” သူမအဒေါ် ပြုံး၍ ပြောလာသည်။

ယခုတော့ သူမ ရည်ရွယ်ချက် ရှင်းလင်းသွားလေပြီ။ သူမသည် ကျန်းလော့ရှန်းအား သူစိမ်းကောင်အချို့နှင့် ဘလိုင်းဒိတ်စေချင်နေခြင်းပင်။

ဘောဓိအဖွဲ့မှာ ကြီးမားလှသည့်အဖွဲ့အစည်းဖြစ်သောကြောင့် သူတို့သည် သူတို့ရရှိသည့် သတင်းများအပေါ် အခြေခံကာ အမြန်လှုပ်ရှားနိုင်ကြသည်။ ယခုတစ်ခေါက်လည်း ထို့အတူပင်။ သူတို့နောက်ဆုံးရရှိသည့် သတင်းမှာ အလွန်အရေးကြီးလှပြီး ကျန်းလော့ရှန်း အဒေါ်မှ ဤတာဝန်အား လက်လွှဲယူခဲ့ရသည်ပင်။

“သမီးတစ်ယောက်တည်း ဝင်မသွားနိုင်ဘူး .. သမီးတို့နှစ်ယောက်လုံး ဝင်ကြမယ် .. ဒါပေမဲ့ အခုတော့ ရှားချန်းယုကို ခဏစောင့်ရအောင် .. သူ့ကို မနက်က ဖုန်းခေါ်ထားပြီး လာဖို့ပြောပြီးသား .. သူ လာမယ်ပြောတယ်” ကျန်းလော့ရှန်း ပြောလိုက်သည်။

“ရှားချန်းယုက ဘာလို့ ဒီမှာရှိရမှာလဲ .. သူက လုံးဝမသင့်တော်တဲ့သူ” ကျန်းလော့ရှန်းအဒေါ် တီးတိုးကျိန်ဆဲလိုက်သည်။

ခဏကြာပြီးနောက် ရှားချန်းယု ရောက်လာ၏။ သူမသည် ကောင်မလေးမျက်နှာဖုံး ဝတ်ဆင်ထားခြင်းပင်။ ဤမျက်နှာဖုံးကြောင့် သူမ ငယ်ရွယ်တက်ကြွပုံပေါ်နေသည်။ သူမသည် ဤနေရာသို့ ရောက်သည်နှင့် ကျန်းလော့ရှန်းအား စနေတော့သည်။

“ဟား ဟား .. နင်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့သူပဲ လော့ရှန်း .. ဘာကများ နင့်ကို ဒီနေရာ လာချင်အောင် လုပ်လိုက်တာလဲ .. နင် အရမ်းလက်ထပ်ချင်နေပြီပေါ့ .. နင့်လိုလူမျိုး ဘလိုင်းဒိတ်ပါတီလာတယ်ဆိုတာ နောက်နှစ်ပေါင်း တစ်သန်းလောက်ကြာရင်တောင် ငါ ယုံကြည်နိုင်မှာ မဟုတ်ဘူး..”

ကျန်းလော့ရှန်း ရှားချန်းယုကို မျက်လုံးစွေကြည့်လိုက်ကာ “အခု နှစ်ယောက်ဖြစ်သွားပြီပဲလေ .. နင်လည်း ငါနဲ့အတူတူ ရှိနေတာဆိုတော့ အထဲမှာ ငါတို့အချစ်တွေနဲ့ ထိုက်တန်တဲ့ ကောင်လေးတွေ ရှိနေလားဆိုတာ သွားကြည့်ကြတာပေါ့..”

ထိုသို့ပြောပြီးသည်နှင့် ကျန်းလော့ရှန်းသည် လက်နှစ်ဖက်နောက်ပစ်ကာ ခန်းမထဲသို့ ဝင်သွားလိုက်သည်။ သူမသည် ချမ်းသာသည့်မိသားစုမှ ကျက်သရေရှိသည့် မိန်းမလှလေးနှင့် တူနေသည်ပင်။

“ကောင်းပြီလေ .. သွားကြတာပေ့ါ..” ရှားချန်းယု ရယ်မောလိုက်သည်။ “ဒီတစ်ခေါက်တော့ ဟိုသောက်ကောင်နဲ့ ထပ်မတွေ့ပါစေနဲ့လို့ ဆုတောင်းကြတာပေါ့..” သူမ တီးတိုးပြောလိုက်သည်။

ဤဘလိုင်းဒိတ်ပါတီမှာ ထူးခြားလှသည်။ ဤသည်မှာ ဘလိုင်းဒိတ်ပါတီနှင့်မတူပဲ ညစာစားပွဲနှင့်တူနေသည်။ ပွဲစီစဉ်သူသည် အမျိုးသားနှင့် အမျိုးသမီးတို့ကြားမှ ဆက်ဆံရေး တိုးတက်ရန်အတွက် ဂိမ်းမျိုးစုံ စီစဉ်ထားသည်ပင်။ ခန်းမမှာ အလွန်ကျယ်ပြောလှသောကြောင့် တစ်ယောက်နှင့်တစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောရန် လုံလောက်သည်ပင်။

အမိုးထက်တွင် တန်ဖိုးကြီး မီးဆိုင်းတစ်ခု ရှိနေပြီး ကြမ်းပြင်ထက်တွင် ရွှေရောင်ချည်ဖောက်ထားသည့် ကော်ဇောနီခင်းထားသည်။ ရွှေရောင်ကြိုးမျှင်များဖြင့် ဖောက်ထားသည့် ပုံစံများမှာ ဆန်းပြားလှသည်။ အမျိုးသားနှင့် အမျိုးသမီးတို့သည် စကားပြောလိုက်၊ ရယ်မောလိုက်ဖြင့် လေထုမှာ ပျော်ရွှင်စရာ ကောင်းနေသည်။

ပါတီထဲတွင် တိတ်ဆိတ်နေသည့်လူအချို့လည်း ရှိနေ၏။ ချူဖုန်းမှာ ထိုလူများထဲမှ တစ်ဦးပင်။ အခန်းထောင့်တစ်နေရာတွင် ခေါင်မိုးကို စိုက်ကြည့်နေသည့် အမျိုးသားတစ်ဦးရှိသည်။ သူသည် ရှည်လျားတောင့်တင်းကာ ကျားဖြူမျက်နှာဖုံးကို တပ်ဆင်ထားသည်။ သူနှင့် သိပ်မဝေးသည့်နေရာတွင်တော့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားကာ စားသောက်နေသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် အစားကို မြန်မြန်စားနေသော်လည်း ကျက်သရေရှိနေဆဲပင်။

ချူဖုန်း အစားအသောက် စားရန်အတွက် စားပွဲလွတ်တစ်လုံး၌ ထိုင်လိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ အစားများ သွပ်ထည့်ရင်း ဘေးပတ်လည်ကို ငေးကြည့်လိုက်သည်။

မျက်နှာဖုံးမှာ လူတစ်ယောက်အား ဖုံးကွယ်ပေးရာ၌ အတော်လေး အသုံးဝင်သည်ပင်။ လူတစ်ယောက်ကို ပုံပန်းသွင်ပြင်ဖြင့် အကဲဖြတ်မည်ဆိုလျှင် မျက်လုံးတစ်စုံနှင့် ခန္ဓာကိုယ်ကိုသာ ကြည့်၍ရလိမ့်မည်။

သို့သော် ဤနေရာ၌ ရှိနေသည့်လူအများစုမှာ အထက်တန်းလွှာမှ လူများပင်။

အမျိုးသားများမှာ သိပ်မခန့်ညားလျှင်ပင် သူတို့၏ ဩဇာတိက္ကမမှာ ချောမောလှသည့် အမျိုးသမီးများ သူတို့အား လက်ခံလာအောင် လုပ်ရန် လုံလောက်သည်။ သူတို့၏ စကားပြောဆိုပုံမှာ ကောင်းမွန်လှသည့်အပြင် စိတ်ဝင်စားစရာလည်း ကောင်းသေးသည်။

အခြားတစ်ဖက်တွင်မူ ယုံကြည်ချက်လွန်ကဲကာ သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်၌ အချောဆုံးလူဟု ထင်နေသည့် လူငယ်အချို့လည်း ရှိသေးသည်။ သို့သော် သူတို့၏ သူတို့၏ မောက်မာမှုများကြောင့် သူတို့သည် ရင့်ကျက်သည့် လူကြီးများလောက် ပေါ်ပြူလာမဖြစ်။

ဤနေရာ၌ လှပသည့် မိန်းကလေးများလည်း မရှား။ လူပျိုလေးများသည် သူတို့ပါတနာ၏ မျက်နှာများကို မမြင်ရသော်လည်း ထိုမမလေးများ၏ အကွေ့အကောက်၊ အမို့အမောက်များဖြင့်ပင် သူတို့ စိတ်ကူးကြည့်၍ ရပြီဖြစ်သည်။

“ဟေး လူချောလေး .. ဒီမှာ တစ်ယောက်တည်း ထိုင်နေတာလား..” ဤသည်မှာ သူ တံခါးဝ၌ တွေ့ခဲ့သည့် အမျိုးသမီးပင်။ သူမ ဤနေရာတစ်ဝိုက်ကို တစ်ပတ်ပတ်ပြီးသွားပြီဖြစ်သည်။ ထိုသို့ ပတ်သွားနေစဉ် သူမကို စိတ်ဝင်စားကာ သူမနား ရောက်လာကြသည့် လူငယ်များစွာ ရှိသော်လည်း သူမကတော့ ချူဖုန်းကိုသာ စိတ်ဝင်စားနေသည့်ပုံပင်။

“အင်း .. တစ်ယောက်တည်းထိုင်ပြီး မင်းကို စောင့်နေတာလေ” ချူဖုန်း ပြန်ဖြေလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးတွင် သူ ဘယ်တော့မှ ရှက်ကြောက်ခြင်း မရှိခဲ့။ ချူဖုန်းမှာ အရေထူကာ အရှက်မရှိသည့်သူပင်။

သူသည် ဤကဲ့သို့ အပြောချိုသူဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် သူမ အံ့အားသင့်သွားခဲ့ရသည်။ ဤသည်မှာ သူမ ထင်မထားသည့်အရာတစ်ခုပင်။

သူမသည် ဤပွဲကို သူ့အတွက်စီစဉ်ထားခြင်းဖြစ်သည်ဟု ပြောသည့် ဤလူငယ်ကို စနောက်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ယခုတော့ မစချင်တော့။

“ရှင် အရင်တုန်းက ညစာမစားဖူးဘူးလား..” သူသည် စားပွဲပေါ်မှ အစားအစာများကို မရပ်မနားစားနေပြီး ရပ်တန့်မည့်ပုံမပေါ်သည့်အချိန်တွင် သူမ သူ့ကို သတိပေးရတော့သည်။

“ငါ ဘာမှမစားရသေးဘူး .. ဗိုက်ဆာနေတုန်းပဲ..” ချူဖုန်း သာမန်ကာလျှံကာသာ ပြန်ပြောလိုက်သည်။ သူလုပ်နေသည့်အရာအတွက် ရှက်နေပုံလည်းမပေါ်။ သူသည် အမျိုးသမီးကိုပင် သူနှင့်အတူ ထိုင်စားရန် ခေါ်နေသးသည်။

အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်ကာ သူ့ကို ရွံရှာစွာ ကြည့်လာလေသည်။

ခန့်ညားသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် ပညာရှင်ဆန်ဆန် အမျိုးသားတစ်ဦး လမ်းလျှောက်လာကာ ဘုရင်မမျက်နှာဖုံးနှင့် အမျိုးသမီးအား သူနှင့်အတူ တွဲကရန် ဖိတ်ခေါ်လာသည်။

“ရတာပေါ့..” အမျိုးသမီး မတ်တပ်ထရပ်လိုက်ပြီး ချူဖုန်းအား မျက်လုံးထောင့်မှ ကြည့်လိုက်သည့်အချိန်တွင် ချူဖုန်းမှာ သူမအား အရေးစိုက်မနေကြောင်း တွေ့လိုက်ရသည်။ “မျှော်လင့်ချက်မဲ့တဲ့လူ..” အမျိုးသမီး ကိုယ့်ကိုကိုယ် ပြောလိုက်သည်။

“အဲဒါက .. ငါထင်နေတဲ့လူလား..” ချူဖုန်း ခန်းမတစ်ဖက်ခြမ်းသို့ ကြည့်လိုက်၏။ ထိုနေရာတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေသည်ပင်။ ထို့နောက် သူမ လူအုပ်ထဲ၌ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ချူဖုန်း ချက်ချင်း သွားမစုံစမ်းသလို သူ့စိတ်ဝိညာဉ်သုံး၍လည်း မစုံစမ်းခဲ့။ သူ သိချင်လျှင် ဘေးမှသာ ရပ်ကြည့်နေလိုက်မည်။

ချူဖုန်းသည် တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ်သာ နေနေခဲ့သော်လည်း အမျိုးသမီးအချို့၏ အာရုံကို ဆွဲဆောင်နေနိုင်ဆဲပင်။ ချူဖုန်း၏ စားပွဲအလွတ်၌ တိတ်တဆိတ်ထိုင်နေသည့်ပုံမှာ အခြားသူများအမြင်တွင် ယုံကြည်ချက်ပြည့်ဝနေသည့်ပုံနှင့် တူနေသည်ပင်။

ခဏကြာပြီးနောက် အမျိုးသမီးတစ်ဦး ရောက်လာကာ သူမ၏ တောက်ပဝိုင်းစက်နေသည့် မျက်လုံးများကို မှိတ်ပြလာသည်။ ထို့နောက် ချူဖုန်းအား နှုတ်ဆက်ကာ သူ့ဘေး ဝင်ထိုင်လာသည်။

စားပွဲပေါ်မှ အစားအသောက်အားလုံး စားပြီးသွားပြီဖြစ်သောကြောင့် ချူဖုန်းသည် အစားအသောက်အပေါ် အာရုံမထားတော့ပဲ အမျိုးသမီးနှင့် စကားပြောနေလိုက်သည်။ အစပိုင်းတွင် စကားပြော၍ ကောင်းနေသေးသည်။

သို့သော် သူတို့စကားပြောလေလေ လေထုမှာ ပို၍ထူးဆန်းလာလေလေပင်။ အထူးသဖြင့် သူတို့ ကိုယ့်အကြောင်းကိုယ် ပြောကြသည့်အချိန်တွင် အမျိုးသမီး၏ တုံ့ပြန်မှုများမှာ ရိုမန်တစ်မဆန်တော့သည်ကို ချူဖုန်း သတိထားမိသွားသည်။

“အိုး .. အဲဒီတော့ ရှင်က ဘွဲ့ရပြီးကတည်းက တစ်ခါမှ အလုပ်မလုပ်ရသေးဘူးပေါ့ .. ကျွန်မ ရှင့်ကို မဝေဖန်သင့်မှန်း သိပါတယ် .. ဒါပေမဲ့ ယောက်ျားတစ်ယောက်က သူ့ဘဝမှာ တိုးတက်လိုစိတ် ရှိရတယ် .. ဟုတ်တယ်မလား .. ယောက်ျားတစ်ယောက်က အောက်ခြေကနေ စလို့ရတယ် .. ဒါပေမဲ့ သူတို့ဘဝမှာ တိုးတက်ဖို့အတွက် တိုက်ခိုက်လိုစိတ်မရှိဘူးဆိုရင် ဘယ်လိုလုပ် ယောက်ျားလို့ ခေါ်နိုင်ဦးမှာလဲ.. ရှင်က စိတ်ပျက်ဖို့ ကောင်းတဲ့လူပဲ..”

“အခုတော့ ကျွန်မကို ခွင့်ပြုပါဦး .. ကျွန်မ သွားတော့မယ်” လှပသည့် အမျိုးသမီးမှ ပြောလာသည်။ ထို့နောက် သူမ ဤနေရာမှ ထသွားကာ ဘယ်တော့မှ ပြန်မလာတော့ပေ။ သူ့ကို အဝေးမှသာ တစ်ခါတစ်ရံ ကြည့်နေတတ်သည်။

“ဒါ ငါ့အမှားမှ မဟုတ်တာ .. ငါ အမှန်အတိုင်း ပြောနေတာလေ .. ငါ့မှာ အလုပ်မရှိဘူး ..ဒါပေမဲ့ ငါ မရှက်ပါဘူး .. င့ါကို လာပြီးဝေဖန်ရအောင် မင်းက ဘယ်သူမို့လို့လဲ..” ချူဖုန်း ရေရွတ်လိုက်သည်။ သို့သော် ခဏကြာပြီးနောက် သူ ပြန်ပြီးစိတ်အေးသွားသည်။

ချူဖုန်း မတ်တပ်ထရပ်လိုက်သော်လည်း သူ့ပုံစံမှာ စိတ်လွတ်နေသည့်ပုံပင်။ စားပွဲအလွတ်၌ တစ်ယောက်တည်း ထိုင်နေခြင်းမှာ လူဝင်မဆံ့သည့်ပုံ ပေါ်နေသည်။ သူ့အမေ ချမှတ်ပေးထားသည့် တာဝန်ကို ပြီးမြောက်ရန်အတွက် သူ ဤနေရာတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရဦးမည်။

ဤနေရာတစ်ခုလုံးတွင် ညှို့ချက်ပြင်းသည့် မိန်းကလေးများ၊ ကျက်သရေရှိသည့် အမျိုးသမီးများနှင့် ပြည့်နေသည်။ ဤသည်မှာ မြင်ကွင်းကောင်းတစ်ခုဖြစ်သည်ကိုတော့ သူ ဝန်ခံသည်။ ဤမြင်ကွင်းမှာ မျက်စိအစာကျွေးရန်အတွက်ရော စိတ်အစာကျွေးရန်အတွက်ရော ကောင်းမွန်လှသည်။ “ဒါက င့ါရဲ့လူသားစိတ်ဝိညာဉ်ကို အာဟာရဖြည့်နိုင်တဲ့ နေရာပဲ .. အိုးမိုင်ဂေါ့ .. ငါ ဒီနေရာကို ကြိုက်သွားပြီ” ချူဖုန်ုး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ချူဖုန်း ခြေတံရှည်ရှည် အမျိုးသမီးတစ်ဦးနှင့် တွေ့လိုက်သည်။ ယခုတစ်ခေါက်တော့ သူ့ဘက်မှစတင်ကာ တွဲကရန် ဖိတ်ခေါ်လိုက်သည်။ ကံကောင်းစွာဖြင့် သူ အငြင်းမခံခဲ့ရ။

ဤအမျိုးသမီးကို တွဲကရန် ဖိတ်ခေါ်နေသည့် အမျိုးသားအချို့ရှိခဲ့သော်လည်း ဤအမျိုးသမီး ထိုလူအားလုံးကို ငြင်းခဲ့သည်ပင်။

ချူဖုန်း အောင်မြင်ခဲ့ရခြင်းမှာ အခြားသူများနှင့်ယှဉ်လျှင် သူက ငယ်ရွယ်ကာ တောင့်တင်းသန်မာသည်။ မျက်နှာဖုံးတပ်ထားသော်လည်း သူသည် အတော်လေး ချောမောနေဆဲပင်။ သူ့အသားအရေမှာ ကြည်လင်တောက်ပနေသောကြောင့် လူအများစုသည် သူ့အား ပထမဆုံးမြင်တွေ့ဖူးသည့်အချိန်တွင် အမြင်ကောင်းများ ရှိကြသည်။

ပုံပန်းသွင်ပြင်သည် အပေါ်ယံသာဖြစ်သော်လည်း ဤသည်မှာ အရေးပါသည့်အရာတစ်ခုပင်။

“ရှင်က ရွှမ်းထျန်မှာ အလုပ်လုပ်တာလား..” ခြေတံရှည်အမျိုးသမီး ချူဖုန်းကို မေးလာသည်။ ဤသည်မှာ ခက်ခဲသည့် မေးခွန်းတစ်ခုပင်။ “ငါ ဘယ်လို ဖြေလိုက်သင့်လဲ…”

သူ တွေဝေနသည်ကို တွေ့လိုက်ရသည့်အချိန် သူမ မေးခွန်းပြောင်းလိုက်၏။ သူမသည် စဉ်းစားတတ်သည့်လူမျိုးပင်။ “အဲဒီတော့ ရှင်က တစ်ခြားမြို့က လာတာလား..”

“မဟုတ်ပါဘူး .. ကျွန်တော်က ဒီကလူပါပဲ .. ဒါပေမဲ့ အချိန်အများစုက တစ်ခြားနေရာမှာပဲနေတာ” ချူဖုန်း အမှန်အတိုင်း ဖြေလိုက်သည်။

“အိုး .. အဲဒီတော့ ရှင်က ဘယ်နေရာမှာ အနေများတာလဲ .. ရှင်ပြောပြဖို့ စိတ်မရှိရင်ပေါ့ .. ကျွန်မကတော့ အလုပ်မရှုပ်ဘူးဆိုရင် ပုံမှန်အားဖြင့် လှည့်ပတ်သွားနေရတာကို ကြိုက်တယ် .. ကျွန်မက ခရီးသွားရတာကို ကြိုက်တယ်လေ” ဤအမျိုးသမီး၏ အပြုံးမှာ တောက်ပလှသည်။

ယခုခေတ်တွင် သားရဲများနှင့် လူသားများသည် တစ်ယောက်နှင့်တစ်ယောက် သဟဇာတဖြစ်သွားပြီဖြစ်ပြီး လူသားနှင့် သားရဲများ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေနိုင်ရန် ဥပဒေအသစ်များ ထုတ်ပြန်ပြီးသွားပြီဖြစ်သည်။ အနည်းဆုံးတော့ လူသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မရှိတော့သကဲ့သို့ လူသားများလည်း သားရဲများနှင့် ယှဉ်တွဲနေထိုင်ရသည်ကို အသားကျသွားပြီဖြစ်သည်။

“ကျွန်တော် နေနေတတ်တဲ့နေရာတွေက အတော်လေး သီးသန့်ဆန်ပြီး ရှေးကျတယ် .. ဒါပေမဲ့ ကျွန်တော် အဲဒီနေရာတွေကို သွားတိုင်း မှော်ဆန်တဲ့ မြင်ကွင်းတွေ မြင်ရတယ် .. အဲဒီမှာ ကောင်းကင်ကိုထိနေတဲ့ တောင်ကြီးတွေ၊ မီတာတစ်ထောင်ကနေ စီးကျနေတဲ့ ငွေရောင်ရေတံခွန်ကြီးတွေရှိတယ် .. အဲဒီနေရာတွေမှာ ဧရာမသားရဲကြီးတွေ လှည့်ပတ်သွားလာနေပြီးတော့ ဧရာမငှက်ကြီးတွေလည်း ကောင်းကင်ထက်မှာ ပျံဝဲနေတာ..”

ချူဖုန်း စကားပြော၍ မပြီးသေးခင်မှာပင် ခြေတံရှည်အမျိုးသမီးသည် မျက်လုံးလှန်လိုက်သည်။ “နောက်ထပ် ငကြွားတစ်ကောင်ပဲ..” သူမကိုယ့်ဘာသာကိုယ် တွေးလိုက်သည်။

“အင်း .. ကျွန်မကတော့ လှတဲ့နေရာလေးတွ သွားလည်ရတာကြိုက်တယ် .. ပြီးတော့ ကျွန်မက မြင်းစီးတာနဲ့ တင်းနစ်ရိုက်ရတာလည်းကြိုက်တယ် .. ရှင်ရော..” ခြေတံရှည်အမျိုးသမီး မေးလိုက်သည်။

ဤခြေတံရှည်အမျိုးသမီး မာနကြီးသည့်ဒေါင်းပေါက်လေးကဲ့သို့ လုပ်နေသောကြောင့် ချူဖုန်းလည်း ဂကျိုးဂကြောင် မခံစားရတော့။ “ကျွန်တော်က အစားအသောက်တွေ ကြိုက်တယ် .. အထူးသဖြင့် အရသာရှိတဲ့ အစားအသောက်တွေ .. အသားကင်နဲ့ ဝက်ဝံဖြူအသားပေါင်းကြိုက်တယ် .. ကျွန်တော် အားကစားလုပ်ရတာလည်း ကြိုက်တယ် .. ကျွန်တော် သားရဲကြီး ကျောပေါ်စီးပြီး တောထဲ လှည့်ပတ်သွားရတာကြိုက်တယ် .. အဲဒီလိုမျိုးစီးတာက ပေါ့ပါးလွတ်လပ်တယ်လို့ ခံစားရတယ် .. ဒါက ကျွန်တော်အကြိုက်ဆုံးပဲ .. တစ်နေ့ကျရင်တော့ ငှက်ကိုစီးပြီး ကမ္ဘာအနှံ့ သွားဦးမှာ”

“ရှင်က ဘာအလုပ်လုပ်တာလဲ..” ခြေတံရှည်အမျိုးသမီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ သူမ ကြည့်ရသည်မှာ စိတ်မရှည်တော့သည့်ပုံပင်။

“ဘာအလုပ်မှမရှိဘူး .. ကျွန်တော်က အလွတ်တန်းလုပ်တာ” ချူဖုန်း ပြန်ဖြေလိုက်သည်။

ခြေတံရှည်အမျိုးသမီးသည် သူ့အား စိုက်ကြည့်လာပြီးနောက် သူနှင့်လက်တွဲထားသည်ကို ဖြုတ်လိုက်ပြီး သီချင်းမပြီးသေးခင်မှာပင် အကခန်းမထဲမှ ထွက်သွားလေသည်။

ဤအမျိုးသမီး မည်ကဲ့သို့ ခံစားရမည်ကို သူနားလည်သည်။ သူသာဆိုလျှင်လည်း ဤကဲ့သို့သာ လုပ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဒိတ်ရန်အတွက် သင့်တော်သည့်သူမျိုးမဟုတ်။ သူ ပြောသမျှအရာအားလုံးမှာ ရယ်စရာဖြစ်နေပြီး ရိုမန့်တစ်ဆန်သည့်လေထုကို ဖျက်ဆီးပစ်နေသည်။

သို့သော် ဤသည်မှာ သူ နေထိုင်သည့်ဘဝပင်။ သူ ဘာကိုမှ ဖုံးကွယ်ထားစရာမရှိ။ သူသည် ပုံမှန်မဟုတ်သည့်ဘဝ၌ နေထိုင်နေပြီး ဤသည်ကို သူ မပြောင်းလဲနိုင်။

ထိုနေ့ညတွင် ချူဖုန်း အမျိုးသမီးအချို့နှင့် စကားပြောဆိုခဲ့သေးသည်။ သူသည် ဘာကိုမှ ဖုံးကွယ်မထားပဲ မေးသမျှ အမှန်တိုင်းသာ ပြောခဲ့သည်။

ဥပမာအားဖြင့် သူ့နေ့စဉ်ဘဝအကြောင်း မေးလာသည့်အချိန်တွင် “ကျွန်တော်က တောရိုင်းထဲမှာ နေပြီးတော့ နေ့တိုင်း တောတွေ ရာပေါင်း၊ ထောင်ပေါင်းများစွာကြားမှာ လှည့်ပတ်သွားနေတာ .. အဲဒီတော့ နေ့တိုင်း ကျားဟိန်းသံတွေ၊ မျောက်အော်သံတွေပဲ ကြားနေရတာ” ဟု ပြန်ဖြေခဲ့သည်။

သူ ဤကဲ့သို့ ဖြေလိုက်တိုင်း ရလာသည့် တုံ့ပြန်မှုမှာ အတူတူပင်။ အမျိုးသမီးများသည် ယဉ်ကျေးသမှုပင် မပြုတော့ပဲ သူ့အား ချက်ချင်း ထားသွားခဲ့ကြသည်ပင်။

“ကျွန်မ ပြင်သစ်ဟင်းလျာတွေကြိုက်တယ် .. ရှင်ရော..” အညိုရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦး အစားအစာအကြောင်း ပြောလာသည်။

“ကျွန်တော်က နဂါးအသားကိုကြိုက်တယ် .. မင်းသိလား .. လတ်ဆတ်တဲ့နဂါးအသားက ဒီကမ္ဘာမှာ အကောင်းဆုံးအသားဖြစ်လောက်တယ် .. အိုး .. ကျွန်တော် ရွှေခြင်္သေ့အသားလည်းကြိုက်တယ် .. ဝက်ဝံအသားကတော့ အဆင်ပြေရုံလောက်ပါပဲ” ချူဖုန်း သားရဲဘုရင်ကျွမ်းကျင်သူတစ်ဦး အနေဖြင့် ပြောလိုက်သည်။

ဤကဲ့သို့ပင် စကားပြောခန်းမှာ လျင်မြန်စွာ တိတ်ဆိတ်သွားပြီးနောက် ထိုအမျိုးသမီး ဒေါက်မြင့်ဖိနပ် တဒေါက်ဒေါက်ဖြင့် ထွက်သွားလေတော့သည်။

ဤကဲ့သို့ပင် ချူဖုန်းသည် နေရာလွတ်ကြီးနောက် သူ တစ်ယောက်တည်းဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။ ချူဖုန်းနှင့် ၁၀ မီတာပတ်လည်အတွင်းတွင် မည်သူမှ မရှိတော့။ မည်သည့်အမျိုးသမီးမှ သူနှင့်စကားလာမပြောတော့။ ဤအဖြစ်အပျက်အားလုံးကို မြင်လိုက်သည့် အမျိုးသားအချို့လည်း ရှိနေကြသည်ပင်။ သူတို့အားလုံးမှာ ချူဖုန်း၏ စကားပြောဆုံပုံကြောင့် အံ့အားသင့်သွားကြရသည်။

“ကိုယ့်လူ .. မင်းမှာ အလားအလာတွေ အများကြီးရှိနေတာကို မြင်နေရတယ် .. မင်း အဲဒီမိန်းမလှလေးတွေကို စကားလုံးတွေနဲ့ ဘယ်လိုမျိုး မောင်းထုတ်လိုက်သလဲဆိုတာကို ငါ မြင်လိုက်ရတယ် .. မင်းက လူမှုရေး တော်တော်လေး ကောင်းတာပဲ”

“ဟေ့လူ .. မင်း ဘယ်မှာ အလုပ်လုပ်တာလဲဆိုတာ မေးပါရစေ .. မင်းလိုမျိုး ယုံကြည်ချက်ရှိတဲ့သူမျိုးကို မမြင်ဖူးဘူး .. မင်း သူတို့တွေကို မကြိုက်လို့ ဒီလိုမျိုး မောင်းထုတ်နေတာမလား .. ဒါပေမဲ့ မင်းက ဘာလို့ မကြိုက်တာလဲ .. ခန့်မှန်းကြည့်ရအောင် .. မင်းက ဒီညရဲ့ ဘုရင်မကို အနိုင်ယူဖို့ ဆုံးဖြတ်ထားလို့များလား..”

အမျိုးသမီးများ ထွက်သွားသည့်အချိန်တွင် သူ့ဘေးနားပတ်လည်၌ အမျိုးသားများ ဝန်းရံလာသည်။

“ဘာ ဘုရင်မလဲ..” ချူဖုန်း မေးလိုက်၏။

“ဟိုဘက်ကိုကြည့်လိုက် .. အနက်ရောင်ဝတ်စုံနဲ့ အေးစက်ပြီး ကျက်သရေရှိတဲ့ ဘုရင်ကို မြင်လား .. သူတို့ကိုယ်သူတို့ အတွေ့အကြုံရှိပြီး အပြောကောင်းတယ်လို့ သတ်မှတ်ထားတဲ့သူတွေ သူနဲ့ စကားပြောဖို့ ကြိုးစားကြသေးတယ် .. ဒါပေမဲ့ သူက အားလုံးကို ငြင်းလိုက်တယ် .. အခုထိတော့ သူ ဘယ်သူနှဲ့မှ စကားမပြောသေးသလို ဘယ်သူ့ကိုမှလည်း မပြုံးပြဖူးသေးဘူး” အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသား ပြောလိုက်သည်။

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသား လက်ညှိုးညွှန်ပြရာသို့ ကြည့်လိုက်သည့်အချိန်တွင် သူ ရင်းနှီးနေသည့် ပုံရိပ်ကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမကိုကြည့်လေလေ သူ ရင်းနှီးနေသည့်သူနှင့်တူလေလေဟု ခံစားရလေလေပင်။ သူ စိတ်ဝိညာဉ်စွမ်းအားကို မသုံးရဲ။ အဘယ်ကြောင့်ဆိုသော် ဤအခန်းထဲ၌ သူစိမ်းများစွာ ရှိသည်။

သို့သော် ထိုအမျိုးသမီးသည် တစ်ခုခုကို အာရုံခံမိသွားသည့်ပုံဖြင့် ချူဖုန်းကို လှည့်ကြည့်လာကာ သူ့ထံသို့ လျှောက်လာလေသည်။

ဤအမျိုးသမီးသည် မျက်နှာဖုံးဝတ်ဆင်ထားသော်လည်း သူမသည် ရင်သပ်ရှုမောလှသည့် အလှပဂေးဖြစ်ကြောင်း သိသာလှသည်ပင်။ သူမသည် ပိန်ပါးသွယ်လျသော်လည်း ကောက်ကြောင်းများလည်း ရှိနေသည်။ အထူးသဖြင့် သူမ၏ ဖြူဖွေးနေသည့် အသားအရေမှာ သူမ၏ အနက်ရောင်ဝတ်စုံနှင့် လိုက်ဖက်လှသည်။ သူမသည် အနက်ရောင်ဆံပင်များကို ကျောနောက်၌သာ ချထားသည်။ သူမသည် ပုံမှန်ခြေလှမ်းဖြင့် ချူဖုန်းထံသို့ လျှောက်လာနေသည်။

“အိုး .. သူ ငါတို့ဆီကို လျှောက်လာနေပြီ..” အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသားမှာ အလွန်စိတ်လှုပ်ရှားနေသည့်ပုံပင်။

သို့သော် ချူဖုန်းကတော့ အနည်းငယ် အခက်တွေ့နေရသည်။ ဤအမျိုးသမီးမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ဘုရင်တစ်ဦးဖြစ်ကြောင်း သူ သေချာသွားလေပြီ။ မေးခွန်းမှာ သူမ အဘယ်ကြောင့် ဤနေရာ၌ ရှိနေသနည်း..

ထို့နောက် သူမသည် ချူဖုန်းကို တစ်ပတ်ပတ်လိုက်ပြီးနောက် သူရှေ့ ရပ်လိုက်သည်။

ဤသည်မှာ လူများစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်ပင်။ အထူးသဖြင့် အမျိုးသားများပင်။

အမျိုးသမီးများလည်း အံ့အားသင့်သွားကြသည်။

သူနှင့် စကားပြောဖူးခဲ့သည့် အမျိုးသမီးများမှာ မေးခွန်းထုတ်လာကြသည်။ “သူက ဘယ်သူလဲ .. သူက အရင်တုန်းက ဘာလို့ အဲဒီလိုမျိုး လုပ်နေတာလဲ .. အဲဒါက သူ့ပုံစံအမှန်ကို ဖုံးကွယ်ထားဖို့လား..”

အပိုင်း ၂၀၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset