အပိုင်း ၁၇၀•၂
” ထိခိုက်ဒဏ်ရာသေဆုံးမှု လူ့နှလုံးသား ”
°°°
ရွှီချန်ယန် ဒီလောက်အထိ ဓလေ့ထုံတမ်းတွေကိုလိုက်နာနေမယ်လို့ ကျန်ဟုန်ချန် မမျှော်လင့်ထားခဲ့မိပါဘူး။ ရွှီချန်ယန်အကြောင်း သူနည်းနည်းတော့သိပါတယ်။ ဒါပေမယ့် အတော်ကိုအထင်ကြီးထားခဲ့တာပါ။ ဒီလူကရည်မှန်းချက်ကြီးမားရုံတင်မက ကိစ္စတွေကိုလဲ တစ်နည်းတစ်ဖုံသူ့နည်းသူ့ဟန်နဲ့လုပ်တတ်ပါတယ်။ အကယ်၍ သူသာ ထီးနန်းကိုအောင်အောင်မြင်မြင်ဆက်ခံနိုင်မယ်ဆိုရင် နေလနိုင်ငံတော်က စည်ပင်တိုးတက်လာမှာအမှန်ပါပဲ။ ဒါပေမယ့် ရုတ်တရက်တိုက်ခိုက်မှုကြောင့် သူက ဒုက္ခိတဖြစ်သွားခဲ့ရတယ်။ ဒါကြောင့်သာ ကျန်ဟုန်ချန်က အနည်းငယ်တွေဝေသွားခဲ့တာပါ။ သူ့ရဲ့နေလနိုင်ငံတော်မှာထင်ရှားတဲ့ အဆင့်အတန်းနဲ့ဆိုရင်တောင် မှားယွင်းတဲ့ဖက်ကို ထောက်ပံ့ပေးမိတာကကြီးမားတဲ့တန်ဖိုးကိုပေးဆပ်ရစေမှာပါ။ ဒါကြောင့်သာ ဘေးကနေသာစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ထီးနန်းကိုဘယ်သူပဲဆက်ခံပါစေ အဆုံးသတ်မှာတော့ သူ့ရဲ့ထောက်ခံမှုကိုလိုအပ်မှာပဲ။ ဒါကြောင့် သူစောင့်နေဖို့သာလိုပါလိမ့်မယ်။
” အိမ်ရှေ့စံမင်းသား ဒီလောက်အထိအလေးအနက်ထားဖို့မလိုပါဘူး ”
ကျန်ဟုန်ချန်က ပြန်ပြောလိုက်ပါတယ်။
ရွှီချန်ယန်က ဟို့ယွိဟောင်ဖက်ကိုလှမ်းကြည့်ရင်းနဲ့ ပြောလာခဲ့တယ်။
” ခန်းမသခင် ကျွီးကျင့်ဆီကနေကြားတာကတော့သူ့ရဲ့အတန်းဖော်က တော်၀င်သက်တော်စောင့်တွေအဖမ်းခံလိုက်ရတယ်တဲ့ ဒါကြောင့်သာ အပြေးသာလာခဲ့တာ တော်၀င်သက်တော်စောင့်တွေက အခုနောက်ပိုင်းမှာအတော်လေးကို လက်လွန်နေကြတယ်…သူတို့တွေက နေလနိုင်ငံတော်ရဲ့ တော်၀င်ကျောင်းတော်ထဲက ကျောင်းသားကိုတောင် ဖမ်းဆီး၀ံ့တယ်ပေါ့ ပုံစံကြည့်ရမယ်ဆိုရင် သူတို့တွေအစကထဲက အကြောင်းမကြားခဲ့တဲ့ပုံပဲ ”
ရွှီချန်ယန်ရဲ့အသံက အတော်ကိုအေးချမ်းနေပေမဲ့ ရွှီမော့ချန်ရဲ့နှလုံးသားထဲမှာတော့ ဆက်တိုက်ကျိန်ဆဲသံတွေက ဖြစ်စေလာခဲ့ပါတယ်။ သူ့ရဲ့အင်္ကျီတစ်ခုလုံးလဲ ချွေးတွေရွှဲနစ်နေခဲ့ပါပြီ။
ကျန်ဟုန်ချန်က ဟို့ယွိဟောင်ကိုအစောပိုင်းကထဲက ခေါ်ထုတ်သွားခဲ့တဲ့သူပါ။ ဒါပေမယ့် အိမ်ရှေ့စံမင်းသားရဲ့စကားတွေကို ကြားပြီချိန်မှာ သူမျက်နှာကပိုပြီးမဲနက်လာပါတော့တယ်။
” မင်းပြောတာမှန်တယ်…ဘယ်သူကမှငါတို့ကျောင်းတော်ကို မလေးစားကြတော့ဘူး..အခုခေတ်မှာလူတွေက ဒီလိုပဲနဲ့တူပါတယ်..အိမ်ရှေ့စံမင်းသား ငါကတော်၀င်နန်းတော်နဲ့ မသက်ဆိုင်တဲ့သူဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီဘာမှမပြောချင်ဘူး…ဒါပေမယ့် တော်၀င်သက်တော်စောင့်တွေရဲ့အဖွဲ့အစည်းကို ပြန်ပြီဖွဲ့စည်းဖို့လိုမယ်လို့ တွေးမိတယ် ”
သူပြောနေချိန်မှာ ဒုတိယအစ်ကိုနဲ့ နံပါတ်လေးအပြင် ကျန်တဲ့သူတွေက စစ်ကြောရဲ့အခန်းအပြင်ကို ထွက်လာခဲ့ပါပြီ။ ရွှီချန်ယန်ကို မြင်လိုက်ကြပြီတဲ့နောက် ကျန်ဟုန်ချန်ကိုဘယ်လိုခေါ်လဲဆိုတာကြားပြီတဲ့နောက် သူတို့တွေပြဿနာတက်ကြပြီမှန်းသိကြပါတော့တယ်။ ဒါကြောင့် စကားမပြော၀ံ့ပဲ ဘေးကနေသာကြည့်နေခဲ့ကြတယ်။
ရွှီချန်ယန်က ခေါင်းညိတ်လိုက်ပါတယ်။
” ခန်းမသခင်ပြောတာမှန်တယ်…သူတို့တွေကိုကောင်းကောင်းစည်းကမ်းမကြပ်မတ်ထားမိဘူး…ဒါကြောင့် အခုချက်ချင်းအဖြေပေးပါ့မယ် ”
သူပြောပြီတဲ့နောက် ဒုတိယအစ်ကိုနဲ့ ကျန်တဲ့သူတွေကို လက်ညိုးထိုးလိုက်ပါတယ်။
” သူတို့ကိုသတ်လိုက် ”
ဒီလိုရိုးရှင်းတဲ့စကားက ချက်ချင်းထွက်ပေါ်လာတာဖြစ်ပေမဲ့ လူသတ်ငွေ့ကတော့ အပြည့်ပါပဲ။ ရွှီချန်ယန်ရဲ့နောက်မှာလူတစ်ယောက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလူက ဒုတိယအစ်ကိုနဲ့ ကျန်တဲ့သူတွေဆီကို အလင်းတန်းတစ်ခုလိုပြေး၀င်သွားခဲ့ပါပြီ။ကျန်ဟုန်ချန်တောင်မှ အဲ့ဒီသန်မာလွန်လှတဲ့ လူသတ်ငွေ့တွေကြောင့် တစ်ချက်တွန့်သွားခဲ့ရပါတယ်။ မကြာခင်မှာပဲ ရွှီချန်ယန်ရဲ့နောက်ကို အဲ့ဒီလူပြန်ရောက်သွားတာမြင်လိုက်ရတယ်။
ရောက်လာသူကတော့ အတော်ကိုပိန်ပါးတဲ့အကြီးအကဲတစ်ယောက်ပါပဲ။ သူက သာမန်နန်းတော်၀တ်စုံကိုသာ ၀တ်ဆင်လို့ထားခဲ့ပါတယ်။ ပုံမှန်အခြေအနေအရ ဘယ်သူမှသူ့ကိုသတိထားမိမှာမဟုတ်ပါဘူး။ ပိန်ပါးတဲ့ခန္ဓာကိုယ်က လေနဲ့လွှင့်ထွက်သွားမဲ့ပုံတောင်ပေါ်နေခဲ့ပါသေးတယ်။
အသံငါးသံနဲ့အတူ ရှိသမျှ၀ိညာဥ်ဘုရင်တွေနဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်က လှဲကျလို့သွားခဲ့ပါပြီ။ သူတို့နဖူးတွေကနေလဲ သွေးတွေစီးကျလို့နေခဲ့ပါတယ်။ နဖူးကနေဖောက်ထွက်ခံလိုက်ရပုံပါပဲ။
” အရိပ်သော့်လော့ ရွှယ်ချန်လား ”
ကျန်ဟုန်ချန်က အရှေ့မှာရှိနေသူကိုကြည့်ရင်း မယုံနိုင်ခဲ့ပါဘူး။ ရွှီမော့ချန်လဲ မျက်လုံးပြူးနေခဲ့ပါတယ်။ အိမ်ရှ့စံမင်းသားဒီလောက်အထိ အညှာအတာကင်းမယ်လို့ မထင်ထားခဲ့မိတာအမှန်ပါ။ ရှင်းပြချိန်တောင်မပေးပဲနဲ့ သူ့ရဲ့သစ္စာရှိလက်အောက်ငယ်သားတွေက အသတ်ခံလိုက်ရပါပြီ။
၀ိညာဥ်ဘုရင်တွေက နိုင်ငံတော်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာအားလုံးသိသာတဲ့ကိစ္စပါပဲ။ သူတို့ငါးယောက်ကိုတစ်ခေါက်ထဲသတ်ဖို့ဆိုတာ သေးငယ်တဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။ တော်၀င်ညီလာခံမှာတောင် ပြဿနာတက်နိုင်ပါတယ်။ ဒါပေမယ့် ဒီအိမ်ရှေ့စံကတော့ ဘာမှမဟုတ်တဲ့အတိုင်းကိုလုပ်ချလိုက်တာပါ။ ရွှီမော့ချန်လဲ တစ်ချက်တုန်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှသာ အိမ်ရှေ့စံမင်းသားဆီမှာ သော့်လော့တစ်ယောက်ရှိနေတာကိုသူသတိထားမိတာပါ။
အကြီးအကဲက ခေါင်းကိုဖြည်းဖြည်းချင်းမော့ရင်း ကျန်ဟုန်ချန်ကို ပြုံးပြလိုက်ပါတယ်။
” ခန်းမသခင်မတွေ့တာကြာပြီနော် မှတ်မိမယ်လို့မထင်ထားဘူး ”
အဲ့ဒီအချိန်မှာတော့ ကျန်ဟုန်ချန်လန့်နေခဲ့တာပျောက်သွားခဲ့ပါပြီ။ သူပြုံးပြရင်းနဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” ဘယ်လိုလုပ်မမှတ်မိပဲနေမှာလဲ မင်းသော့်လော့ဖြစ်တဲ့အချိန်မှာ ငါက ၀ိညာဥ်သော့်လော့အဆင့်မှာတက်နေခဲ့တာလေ ဆယ်နှစ်ကြာပြီတဲ့နောက် မင်းတော်၀င်မြို့တော်မှာပေါ်လာလိမ့်မယ်လို့ မတွေးမိလိုက်ဘူး ”
” ဒါကစကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး…ပြန်ရောက်ပြီဆိုရင် ငါမင်းဆီလာလည်မယ်..ပြီးရင် ရှေးဟောင်းနောက်ဖြစ်တွေကို ဆွေးနွေးကြတာပေါ့ ”
သူပြောပြီတဲ့နောက် ရွှီချန်ယန်ရဲ့အနောက်ဖက်မှာလိမ်မာတဲ့အစေခံလေးတစ်ယောက်လိုအေးအေးဆေးဆေးလေး ရပ်နေခဲ့ပါတယ်။
မြေပြင်တစ်ခုလုံးကတော့ သွေးတွေစိုနေခဲ့ပါပြီ။ ရွှီချန်ယန်ကတော့ တစ်ချက်တောင်မကြည့်ပဲနဲ့ ရွှီမော့ချန်ကို ပြုံးပြနေခဲ့တယ်။
” ခန်းမသခင်ဒီကိစ္စနဲ့ပတ်သက်ပြီ ကျေနပ်ရဲ့လား ”
ကျန်ဟုန်ချန်က မျက်မှောင်ကြုတ်ပြီဖြေလာခဲ့ပါတယ်။
” ဒါကအတွင်းရေးပြဿနာပါ မှတ်ချက်မပြု၀ံ့ပါဘူး…ငါရဲ့ကျောင်းသားက ဒဏ်ရာအပြင်းအထန်ရထားတယ်…ဒါကြောင့် နောက်ထပ်ပြောစရာမရှိတော့ဘူးဆိုရင် အရင်ဆုံးပြန်လိုက်ပါဦးမယ် ”
ရွှီချန်ယန်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” သွားပါခန်းမသခင် ငါရဲ့မျက်လုံးထဲမှာတော့ ခန်းမသခင်က လေးစားရတဲ့အကြီးအကဲပါပဲ ဒါကြောင့် အရမ်းကြီးတလေးတစားနဲ့ ဓလေ့ထုံတမ်းတွေကိုလိုက်နာနေစရာမလိုပါဘူး ”
ကျန်ဟုန်ချန်လဲ ခေါင်းညိတ်ရင်းနဲ့ အပြင်ကိုထွက်သွားပါတော့တယ်။ လင်းကျားယွီကတော့ ဟို့ယွိဟောင်နဲ့အတူ အနောက်ကနေလိုက်လာခဲ့တယ်။
ရွှီချန်ယန်လဲ ရွှီမော့ချန်ဖက်ကိုလှည့်ကြည့်လိုက်မိပါပြီ။
” မော့ချန် ဒီတစ်ကြိမ်တော့ မင်းရွေးချယ်တဲ့ဘက်မှားသွားတဲ့အတွက် တန်ကြေးကိုပေးဆပ်ရတော့မယ်…ဦးလေးကိုပြောလိုက်ပါ ငါတို့သွားတော့မယ် ”
ပြောပြီတဲ့နောက် ကျွီးကျင့်က ချက်ချင်းဆိုသလိုသူ့ရဲ့ဘီးတပ်ကုလားထိုင်ကို ၀င်ပေါက်ထွက်ပေါက်ဆီ တွန်းသွားပါတော့တယ်။ အစေခံတွေကလဲ အနောက်ကနေ လိုက်လာခဲ့တယ်။ ရွှီချန်ယန် အစောပိုင်းတုန်းကလုပ်လိုက်တဲ့ကိစ္စကြောင့် ဘယ်သူကများ ရွှီချန်ယန်ရဲ့အစေခံတွေကို အထင်သေး၀ံ့တော့မှာလဲ။
ကျွီးကျင့်လဲ သက်ပြင်းချလိုက်မိတယ်။ ဟို့ယွိဟောင်က ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့အတွက် ဒီပုံစံကိုကြည့်ရတာ သူမရဲ့နှလုံးသားကိုနာကျင်စေတာအမှန်ပါပဲ။ ကျန်ဟုန်ချန်ရဲ့ ပုံစံကိုကြည့်မယ်ဆိုရင် သူအဆင်ပြေမယ်ဆိုတာသေချာပါတယ်။
အကယ်၍ ဟို့ယွိဟောင်သာ သက်တော်စောင့်လက်တွေထဲမှာသေသွားမယ်ဆိုရင် ကျန်ဟုန်ချန်က သေချာပေါက် ရူးရူးသွပ်သွပ်ဖြစ်ကုန်မှာပါ။ နေလနိုင်ငံတော်ကလဲ သူ့ကိုတားဆိီးန်ုင်မှာမဟုတ်ပါဘူး။ဒါ့အပြင် ဘယ်သူမှလဲ ဒီကိစ္စကို၀င်မစွက်ဖက်နိုင်မှန်း သေချာနေခဲ့တယ်။
ကျွီးကျင့်ကတော့ အိမ်ရှေ့စံမင်းသားကိုအထင်ကြီးနေခဲ့မိပါတယ်။ သူက ဒီကိစ္စကိုအလွယ်လေး ဆုံးဖြတ်ချက်ချလိုက်တာပါ။ ကျန်ဟုန်ချန်ရဲ့တည်ရှိမှုကိုတောင် သူက လွှမ်းမိုးနိုင်လိုက်ပါတယ်။
လက်ရှိအချိန်မှာ ရွှီမော့ချန်ကိုလဲ ပြင်းပြင်းထန်ထန် ထိခိုက်စေပြီတဲ့နောက် ကျန်ဟုန်ချန််ဆီကလဲ ကျေးဇူးကြွေးတစ်ခုကိုရအောင်ယူရင် ဒီကိစ္စထဲကိုဆွဲထည့်နိုင်ခဲ့ပါတယ်။
ကျန်ဟုန်ချန် ကိစ္စတွေကို ငြင်းပယ်သည်ဖြစ်စေ လက်ခံသည်ဖြစ်စေ ကိစ္စမရှိတော့ပါဘူး။ ကိစ္စတွေက အပြင်ကိုပြန့်သွားမယ်ဆိုရင် အားလုံးကအတူတူသတ်တယ်လို့သာထင်ကြမှာပါ။ ဒါ့အပြင် အိမ်ရှေ့စံမင်းသားက ပုံရိပ်ယောင်အစစ်အမှန်ခန်းမသခင်ကို စိတ်ကျေနပ်စေဖို့အတွက် လူနည်းနည်းသတ်ပြလိုက်တယ်လို့သာ လူတွေကထင်ကြပါလိမ့်မယ်။
ရွှီချန်ယန် ဟို့ယွိဟောင်ကို သိပ်ပြီအာရုံမစိုက်တဲ့အတွက်ကျွီးကျင့်လဲ စိတ်သက်သာရာရသွားခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာတွေကြောင့်လဲ ဖြစ်လိမ့်မယ်။ ဒါကလဲ ကျွီးကျင့်လိုချင်တဲ့ ကိစ္စပါပဲ။ မဟုတ်ရင် နေလနိုင်ငံတော်ထဲမှာ ဟို့ယွိဟောင်က အသက်အန္တရာယ်ကြုံရနိုင်ပါတယ်။
ဟို့ယွိဟောင်က ဒီကိစ္စတစ်လျှောက်လုံးမှာ အတော်လေးစိတ်ကြည်ကြည်လင်လင် ရှိနေခဲ့ပါတယ်။ ကျန်ဟုန်ချန်ရောက်လာတာကို အာရုံခံမိတဲ့အတွက်သာ သူ့ရဲ့အကာအကွယ်တွေကို ရပ်တန့်လိုက်တာပါ။ အဲ့ဒီအချိန်မှာ တကယ်အဆုံးအဖြတ်ကို သူလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာကတော့ ဘယ်သူကမှ သူ့ကိုယ်သူထိခိုက်အောင်လုပ်ထားတယ်လို့ ထင်မှာမဟုတ်ပါဘူး။ ဒီခန္ဓာကိုယ်နာကျင်မှုက သူ့ကိုဘာများလုပ်နိုင်မှာလဲ။ ရွှေလိုအသက်ရဲ့ကာကွယ်မှုနဲ့ဆိုရင် ကျန်ယန်တောင်ကြောမှာတောင်မသေခဲ့တာ ဒီဒဏ်ရာတွေကတော့ ဘာမှမဟုတ်ပါဘူး။
မြင်ရတာကြောက်စရာကောင်းနေပေမဲ့ သိပ်ပြီမပြင်းထန်တာကြောင့်တစ်ရက် နှစ်ရက်အတွင်း ပျောက်သွားမှာပါ။
ဒါပေမယ့် ကိစ္စကတော့အလွယ်လေး ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ ကျန်ဟုန်ချန်က သူ့ကိုဖြေရှင်းချက်ပေးရပါလိမ့်မယ်။ သူက ကျောင်းပြောင်းကျောင်းသားဖြစ်သလို အကြီးအကဲမုရဲ့ နောက်ဆုံးတပည့်သားလဲ ဖြစ်နေခဲ့တယ်။
ကျန်ဟုန်ချန်ကတော့ စိတ်ညစ်နေခဲ့ပါပြီ။ သူအကွက်ဆင်ခံလိုက်ရသလို ခံစားလိုက်ရပါတယ်။ ဒါကဟို့ယွိဟောင်နဲ့တော့ မဆိုင်ပါဘူး။ အိမ်ရှေ့စံမင်းသားရဲ့ထောင်ချောက်ထဲရောက်သွားတယ်လို့တွေးနေခဲ့တာပါ။
တော်၀င်သက်တော်စောင့်တွေက အိမ်ရှေ့စံမင်းသားရဲ့လက်အောက်မှာရှိနေတာမဟုတ်ခဲ့ပေမဲ့ တကယ်တမ်းရှိနေခဲ့မယ်ဆိုရင်တော့ သေချာပေါက် အကုန်လုံးက သေချာအကွက်ဆင်ထားတယ်လို့သာတွေးမိမှာပါ။
သူ့မှာရွေးချယ်စရာမရှိတော့ပဲ ဟို့ယွိဟောင်ရဲ့ အမျက်ဒေါသကျောင်းတော်မှာအရေးပါအရာရောက်မှုကို ထုတ်ဖော်လိုက်ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာကတော့ သူဒီလိုအပြေးသွားပြီလုပ်ဆောင်နိုင်မှုက သူ့ကိုငါးစာချပြီမျှားခံလိုက်ရသလိုဖြစ်သွားခဲ့တယ်။
ဟို့ယွိဟောင်ကတော့ အဆင်ပြေပါတယ်။ သူအတွင်းဒဏ်ရာမရသလို အပြင်ပန်သာထိခိုက်သွားခဲ့တာပါ။ ဒါပေမယ့် ကျန်ဟုန်ချန်ကတော့ ဆွဲထည့်ခံလိုက်ရပါပြီ။ အိမ်ရှေ့စံမင်းသားရဲ့အကြံတွေကို သူနားလည်နေခဲ့ပါတယ်။
တတိယမင်းသားက အိမ်ရှေ့စံမင်းသားနဲ့အနီးစပ်ဆုံးယှဥ်ပြိုင်သူပါပဲ။ ဒါ့အပြင် သူ့ကိုအထောက်အကူပြုပေးနေတဲ့ မင်းသားတစ်ပါးကလဲ ရှိနေပါသေးတယ်။ ဒီကိစ္စတွေပြီတဲ့နောက် တတိယမင်းသားကတော့ ဘာမှမပြော၀ံ့တဲ့အခြေအနေကိုရောက်သွားမှာပါ။ ရွှီချန်ယန်ဆိုတာဘာကောင်ကြီးလဲ သေချာပေါက် အရင်ကထဲကသူ့ကိုကျန်ဟုန်ချန်အထင်ကြီးခဲ့တာ မမှားပါဘူး။ ဘယ်လိုပဲ ဒုက္ခိတဖြစ်နေပါစေ ဦးနှောက်ကတော့ ကောင်းနေပါသေးတယ်။ ဒုက္ခိတဖြစ်သွားပေမဲ့လဲ ထက်မြက်မှုဆိုတာက ပျောက်ကွယ်သွားတဲ့အရာမဟုတ်ပါဘူး။
ကျန်ဟုန်ချန်လဲ ဟို့ယွိဟောင်ဖက်ကိုကြည့်ရင်း ပိုပြီးစိတ်ဖိစီးလာခဲ့ပါပြီ။ ဟို့ယွိဟောင်က တကယ်ကို သရုပ်ဆောင်တာကောင်းပါတယ်။ သူကိစ္စနဲ့ပတ်သက်ပြီတော့လဲ ရှင်းလင်းရဦးမှာ နေလကျောင်းတော်ရဲ့ ကျောင်းအုပ်နဲ့ ခန်းမသခင်ဖြစ်တဲ့ကျန်ဟုန်ချန်တောင် ဒီလိုကိစ္စတွေကို အောက်တန်းကျတဲ့နည်းလမ်းတွေအသုံးမပြု၀ံ့ပါဘူး။ သင့်တော်တဲ့ဖြေရှင်းချက်ပေးဖို့ဆိုတာကလဲ ခက်ပါလိမ့်မယ်။
ဟို့ယွိဟောင်က မကြာခင်မှာပဲ ကျောင်းတော်ရဲ့ကုသရေးနယ်မြေဆီကို အပို့ခံလိုက်ရပါတော့တယ်။ ကျန်ဟုန်ချန်ကလဲ ဖန်းယွီကိုခေါ်လိုက်ရပါပြီ။
ဖန်းယွီက ဟို့ယွိဟောင်ကိုမတွေ့တာ အချိန်အတော်ကြာနေပြီဖြစ်သလို ဟို့ယွိဟောင်တစ်ကိုယ်လုံးသွေးတွေအပြည့်နဲ့ အိပ်ရာပေါ်လဲနေတာမြင်ချိန်မှာတော့ သူ့နှလုံးသားတစ်ခုလုံးပြုတ်ထွက်မတတ်ဖြစ်ကုန်ပါတော့တယ်။ သူ့ရဲ့သွေးတွေဆူပွက်လာခဲ့ပြီ ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင်တော့မဲ့ပုံစံကိုပြောင်းသွားခဲ့တယ်။
” ဆရာဖန်းယွီ အရမ်းကြီးဒေါသမထွက်နဲ့ ဟို့ယွိဟောင်အဆင်ပြေတယ်…သူအပေါ်ယံဒဏ်ရာတွေများနေရုံပဲ ကျားယွီ အခြေအနေကိုရှင်းပြလိုက်ပါ ”
ကျန်ဟုန်ချန်က ပြောလာခဲ့ပါတယ်။ ဖန်းယွီကတော့ ဒေါသတကြီးနဲ့စကားကိုဖြတ်ပြောတော့တယ်။
” ဘာမှရှင်းပြစရာမလိုဘူး ခန်းမသခင် ငါတစ်ခုပဲမေးချင်တယ်…အကယ်၍ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့သာ ဒီလိုဒဏ်ရာမျိုးအမျက်ဒေါသကျောင်းတော်မှာ ရနေမယ်ဆိုရင် ဘယ်လိုတုန့်ပြန်မှာလဲ ငါဘာမှမပြောချင်ဘူး..ဘယ်လိုလုပ်ရမလဲဆိုတာသိမှာပါ ”
သူပြောပြီတဲ့နောက် လှည့်ထွက်သွားပါတော့တယ်။ ဟို့ယွိဟောင်ကို တစ်ချက်တောင်မကြည့်တော့ပါဘူး။
ကျန်ဟုန်ချန်လဲ ဖန်းယွီထွက်သွားတာကိုကြည့်ရင်းမျက်လုံးပြူးနေခဲ့ပါတယ်။ ဖန်းယွီက ဒီအတိုင်းကြီးထွက်သွားတာလား ဖြေရှင်းချက်တစ်ခုကိုမှ နားထောင်မဲ့ပုံမပေါ်သလို ဟို့ယွိဟောင်ကိုလဲ မစစ်ဆေးခဲ့ပါဘူး။ ဘာတွေဖြစ်ကုန်တာလဲ။
ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုရင်း ဖန်းယွီကိုနှောင့်ယှက်ပြီသူအဆင်ပြေကြောင်းပြောလိုက်တယ်ဆိုတာ သူမသိပဲဖြစ်ခဲ့ပါတယ်။
ဖန်းယွီရဲ့ဒေါသက ဟန်ဆောင်ခဲ့တာမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျန်ဟုန်ချန်ကိုတကယ်ပြောချိန်မှာတော့ သူဒေါသကအတော်ရပ်တန့်သွားခဲ့ပါပြီ။
” ခန်းမသခင် ငါတို့ဘာလုပ်ကြတော့မလဲ ”
လင်းကျားယွီက မေးလာခဲ့တယ်။
” အဲ့ဒါအားလုံး၀မ်ရှာင်ကျဲ့ရဲ့အမှားပဲ ဘယ်လိုလုပ်အပြင်လူတစ်ယောက်ကိုခေါ်ပြီ ကျောင်းတော်ထဲမှာဖမ်းဆီးခိုင်းရတာလဲ သူ့ကိုချက်ချင်းကျောင်းထုတ်လိုက် ပြီရင်ငါတို့နေလနိုင်ငံတော်တော်၀င်လက်နက်အတတ်ပညာရှင်ကျောင်းရဲ့အပြင်ကို ကန်ထုတ်ပြစ်လိုက်တော့ ”
” ဒါပေမယ့် သူအဲ့ဒီလိုလုပ်ခဲ့ပါတယ်ဆိုတဲ့ သက်သေကျွန်တော်တို့မှာမရှိဘူးလေ ”
” ကျောင်းသားတစ်ယောက်ကိုကျောင်းထုတ်ဖို့ ငါကဘာသက်သေများပြနေရဦးမှာလဲ ငါအမိန့်အတိုင်းသာလုပ်လိုက် ”
ကျန်ဟုန်ချန်က အတော်ကိုဒေါသထွက်နေခဲ့ပါပြီ။
လင်းကျားယွီလဲ ခေါင်းညိတ်လိုက်ပါတယ်။ သူက ထက်မြက်တဲ့သူပါ။ ဒါကြောင့်သာသင်ကြားရေးညွှန်ကြားရေးမှုးဖြစ်လာခဲ့တာပါပဲ။ ကျန်ဟုန်ချန်ရဲ့စကားတွေကနေ အငွေ့အသက်တချို့ကိုခံစားမိပါတယ်။ ကြည့်ရတာလက်ရှိနိုင်ငံတော်ရဲ့အခြေအနေအတွက် သူဆုံးဖြတ်ချက်ချပြီပုံပါပဲ။
ဟို့ယွိဟောင်ရဲ့ဒဏ်ရာတွေကို သူတို့ခပ်မြန်မြန်ပဲ ဖြေရှင်းနိုင်လိုက်ပါတယ်။ ကျန်ဟုန်ချန် ၀င်လာချိန်တုန်က ဟို့ယွိဟောင်ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတယ်ဆိုတာ မငြင်းသာနိုင်တဲ့အချက်ပါပဲ။ သူဟန်ဆောင်နေတဲ့ပုံမပေါ်ပါဘူး။
ဟို့ယွိဟောင်က သူ့ရဲ့နောက်ကျောမှာနဂိုထဲက ဆွဲဖြဲခံထားရတဲ့ဒဏ်ရာဟောင်းတွေရှိခဲ့တယ်ဆိုတာကို ကျန်ဟုန်ချန်မသိခဲ့တာအမှန်ပါ။ ဒါတွေကြောင့်သာ ဟို့ယွိဟောင်ရဲ့ဒဏ်ရာတွေက ပိုလို့ဆိုးရွားလာခဲ့ပါတယ်။ သူ့၀ိညာဥ်စွမ်းအားကိုကောင်းကောင်းထိန်းချုပ်ထားခဲ့တဲ့အတွက် ဒဏ်ရာတွေရဲ့အပေါ်ယံတွေကိုသာ ဆွဲဖြဲစေလိုက်တယ်။ ကြွက်သားတွေကတော့ အကောင်းတိုင်းရှိနေတုန်းပါပဲ။ သွေးထွက်လွန်တာကလွဲပြီ အန္တရာယ်တော့သိပ်မများပါဘူး။
ကုသရေး၀ိညာဥ်ပညာရှင်တစ်ချို့က သူ့ရဲ့ဒဏ်ရာတွေကို ချုပ်ပြီတဲ့နောက် ကုသရေးအမျိုးအစား၀ိညာဥ်စွမ်းရည်တွေကို ဆက်တိုက်အသုံးပြုရင်း ကူညီပေးခဲ့ကြပါတယ်။ ဒဏ်ရာတွေရဲ့အခြေအနေက မြန်မြန်ပြန်တည်ငြိမ်သွားခဲ့ပါပြီ။
” သူ့အခြေအနေဘယ်လိုလဲ ”
ကျန်ဟုန်ချန်က သမားတော်တစ်ယောက်ကိုမေးလိုက်ပါတယ်။
” အများကြီးတော့မထိခိုက်သွားပါဘူး..သွေးထွက်လွန်သွားရုံပဲ ဘာကဒီလောက်အထိ ဒဏ်ရာများစေလဲဆိုတာကိုတော့ ငါမသိဘူး…ဒါပေမယ့် အတော်လေးကိုရှုပ်ထွေးတယ်…ကြည့်ရတာလက်နက်တစ်ခုခုကနေဖြစ်စေတဲ့ဒဏ်ရာတော့မဖြစ်နိုင်ဘူး…သွေးကိုမြန်မြန်လှည့်ပတ်စေဖို့အတွက် လိုအပ်တဲ့ဆေး၀ါးတွေကို ပေးရဦးမယ်…ဒီလူငယ်လေးက အတော်လေးကျန်းမာလို့တော်သေးတယ်…သူအများဆုံးဆယ်ငါးရက်အတွင်း ပြန်ကောင်းလာမှာပါ ”
ကျန်ဟုန်ချန် ခေါင်းညိတ်လိုက်ပါတယ်။ ဖန်းယွီမသွားခင်တုန်းက ပြောသွားခဲ့တဲ့စကားတွေကိုသူပြန်တွေးနေမိခဲ့တယ်။ အကယ်၍ သူ့ရဲ့မြေးတွေသာဒီအခြေအနေမှာရောက်မယ်ဆိုရင် သူဘာလုပ်မှာလဲ။
” ဒီကလေးကိုနိုးလိုက် ပြောစရာတစ်ခုရှိတယ် ”
ကျန်ဟုန်ချန်က ညွှန်ကြားလိုက်ပါတယ်။
” ဟုတ်ကဲ့ပါ ”
သမားတော်ကပုလင်းတစ်ခုကို ထုတ်ယူလာပြီ ဟို့ယွိဟောင်နှာခေါင်းနားကို ကပ်ပေးလိုက်ပါတယ်။
အပိုင်း ၁၇၀•၂ ပြီး။