Switch Mode

Chapter – 204

ဒုတိယမြောက် ဘလိုင်းဒိတ်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၀၄ – ဒုတိယမြောက် ဘလိုင်းဒိတ်

ချူဖုန်း မနက်စောစော ထလိုက်သည်။ မနက်စောစောထခြင်းမှာ သူ့အတွက် အကျင့်ဖြစ်နေပြီဖြစ်သည်။ အနီရောင်သန်းသည့် မနက်ခင်းနေရောင်ခြည်အောက်တွင် သူ စည်းချက်ကျကျ အသက်ရှူနေခဲ့သည်။ ဤသည်မှာ သူ့အတွက်တော့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပင်။

ချူဖုန်း လန်းဆန်းနေသည်။ သူ့အရေပြားထက်၌ ထူးဆန်းသည့် ရွှေရာင်စွမ်းအင်လှိုင်းများ ရှိနေပြီး ထိုစွမ်းအင်လှိုင်းများကြောင့် သူ သက်တောင့်သက်သာ ခံစားနေရသည်။

ထို့နောက် သူ မိုးကြိုးအသက်ရှူစည်းချက်ကို လေ့ကျင့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ကျယ်လောင်လှသည့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးနောက် ထောင်ပေါင်းများစွာသော အလင်းတန်းများ ထိုးဖောက်ထွက်လာလေသည်။

“ဟိမဝန္တာက ရှေးဟောင်းဘုရားကျောင်းမှာ မိုးကြိုးအသက်ရှူစည်းချက် ပညာတစ်ခုလုံး ရှိနေဖို့ မျှော်လင့်ရတာပဲ” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ထို့နောက် သူ့မနက်ခင်းလေ့ကျင့်ခန်း ပြီးဆုံးသွားသည်။

ယခုအချိန်တွင် ချူဖုန်းသည် စွမ်းအားကြီးသည့် တိုက်ခိုက်ရေးသမားတစ်ဦးပင်။ သူနှင့် တိုက်ခိုက်နိုင်သည့်လူများမှာ လက်ချိုးရေ၍ပင်ရသည်။ လားမားဘုန်းတော်ကြီးနှင့် အမဲလိုက်ခွေးဘုရင်တို့ကဲ့သို့သော လူများနှင့် မတိုက်နိုင်သေးသော်လည်း ထိုသို့ တိုက်ခိုက်နိုင်ရန် သိပ်မလိုတော့ဟု သူ ယုံကြည်သည်။

ထိုသို့တိုက်ခိုက်နိုင်ရန်အတွက် မိုးကြိုးအသက်ရှူစနစ်က အဓိကကျသည်ပင်။

မနက်စာစားပြီးသည့်နောက်တွင် ဝမ်ကျင်း သူ့အတွက် ဘလိုင်းဒိတ် စီစဉ်နေပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ ချူဖုန်း ခေါင်းကိုက်လာရ၏။ ယခုအချိန်တွင် သူ့အတွက် အကောင်းဆုံးမှာ ဤနေရာမှ ထွက်ပြေးရန်ပင်။ “အမေ ကျွန်တော် ကျောက်စိမ်းဂူကျောင်းကို သွားလိုက်ဦးမယ်..” ချူဖုန်း အော်ဟစ်လိုက်ပြီးနောက် တံခါးဆီသို့ ပြေးသွားတော့သည်။

“လုထုန်ကို တွေ့ပြီးတာနဲ့ မြန်မြန်ပြန်လာခဲ့ .. စောစောပြန်လာရင် မင်း ဘလိုင်းဒိတ်သွားတွေ့ဖို့အတွက် စီစဉ်ပေးလို့ရတယ် .. ဒီတစ်ခေါက်တော့ သား ဒါကို ရှောင်နေစရာ အကြောင်းပြချက်မရှိတော့ဘူးနော် ချူဖုန်း”

ကျောက်စိမ်းဂူကျောင်းတွင်…

သူတို့သူရဲကောင်း ချူဖုန်း စစ်မြေပြင်မှာ ပြန်လာသည်ကို တွေ့လိုက်ရသည်နှင့် ကျောက်စိမ်းဂူကျောင်းမှလူများသည် နိုင်ငံအဆင့် ရတနာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ သူ့ထံသို့ ပြေးလာကာ နှုတ်ဆက်လာကြလေသည်။

နတ်ဘုရားချူ .. မတွေ့တာကြာပြီ .. နောက်ဆုံးတော့ နတ်ဘုရားချူ ပြန်ရောက်လာပြီပေါ့ .. ကျွန်တော်တို့ နေ့တိုင်း နတ်ဘုရားချူအကြောင်း ပြောနေကြတာ .. အထူးသဖြင့် နတ်ဘုရားချူ ခွန်းလွန်တောင်ခြေမှာ အဲဒီနဂါးကို သတ်လိုက်တဲ့မြင်ကွင်းကိုကြည့်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ သွေးတွေ ဆူပွက်လာသလို ခံစားလိုက်ရတာ..”

“နတ်ဘုရားချူ တစ်ချို့လူတွေ ပြောနေကြတာ အဲဒီအနောက်တိုင်းသားရဲတွေရဲ့ အရသာကို စာရင်းလုပ်ထားတာက နတ်ဘုရားချူဆို .. အဲဒါတကယ်လား..”

ချူဖုန်းကို အလွန်စိတ်အားထက်သန်သည့်သူများ ဝိုင်းရံနေကြသည်။ ချူဖုန်း သူတို့မေးခွန်းများကို ကြိုးစားဖြေပေးနေသော်လည်း မေးခွန်းများမှာ တစ်ဖြည်းဖြည်း များလာသည်။

ဥပမာအားဖြင့် နဂါးအသား၏အရသာကို မေးနေသည့်သူများကို ချူဖုန်း ဘာမှပြန်ဖြေမနေတော့ပဲ နဂါးအသားခြောက်ကိုသာ ပေးလိုက်သည်။ ဤသည်မှာ ရုံးခန်းထဲ၌ ပို၍ ရုန့်ရင်းဆန်ခတ်ဖြစ်စေကာ လူများ ပိုများလာသည်။ နဂါးအသားအရသာကို မြည်းစမ်းပြီးသွားသည့်သူများမှ အရသာကို မှတ်ချက်မပေးပဲ မနေနိုင်တော့။

“ဒါက နဂါးအသားလား.. ဘုရားရေ .. ငါ နဂါးအသားစားနေတာ..”

“နတ်ဘုရားချူ .. ကျွန်တော်ကြားတာ ဗာတီကန်မြို့တစ်မြို့လုံးက တစ်စစီဖြစ်သွားတာဆို .. အဲဒါ နတ်ဘုရားချူ လုပ်လိုက်တာလား..”

သူထံသို့ မေးခွန်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသောကြောင့် နောက်ဆုံးတွင် သူ လုထုန် ရုံးခန်းထသို့သာ ထွက်ပြေးလာရတော့သည်။

သူ့ရုံးခန်းအပြင်ဘက်၌ ဖြစ်ပျက်နေသည့် ကိစ္စများကို လုထုန် သတိပြုမိသည်ပင်။ သူသည် ချူဖုန်းကို စောင့်ဆိုင်းနေခြင်းပင်။ သူလည်း မတည်ငြိမ်နိုင်တော့။ “မင်း နဂါးသွေးတွေ ယူလာသေးလား..” ချူဖုန်း ရုံးခန်းထဲသို့ ရောက်လာသည်နှင့် သူ မေးလိုက်သည်။

“မယူလာဘူး .. ဘာ နဂါးသွေးမှ မပါလာဘူး .. ဒါပေမဲ့ ခင်ဗျားအတွက် အတော်လေးကြီးတဲ့ နဂါးအသားတော့ပါတယ် .. ရော့ ဖမ်းလိုက်..” ချူဖုန်း အိတ်ကြီးတစ်အိတ်ကို လုထုန်ထံသို့ ပစ်ပေးလိုက်သည်။

“ဒီနဂါးအသားက င့ါအတွက်လား..” လုထုန် အလွန်စိတ်အားတက်ကြွနေသည်။ “ဒါက သုတေသနအတွက် အရမ်းတန်ဖိုးရှိတယ်” သူ လက်သီးဆုပ်၍ ပြောလိုက်သည်။

သို့သော် သူ အိတ်ဖွင့်လိုက်သည်နှင့် သူ၏စိတ်အားတက်ကြွမှုများ ပျောက်ကွယ်သွားသည်။ အထဲဘက်၌ ရှိနေသည်မှာ စက္ကူဖြင့် ပတ်ထားသည့် အသားခြောက်ပင်။

“ခင်ဗျား မကြိုက်ရင်လည်း ကျုပ် ကြိုက်တဲ့သူကို ပေးလိုက်မယ်..” ချူဖုန်း အသားထုတ်ကို ပြန်ထုပ်ပိုးလိုက်သည်။

၁၅ မိနစ်ခန့်ကြာပြီးနောက် လုထုန်၏ ရုံးခန်းတွင် ဝိုင်နံ့များ သင်းပျံ့လာသည်။

၁၅ မိနစ်အတွင်းတွင် လုထုန် ပုံစံမျိုးစုံ ပြောင်းလဲနေသည်ပင်။ ထိုင်ခုံ၌ထိုင်ကာ ချူဖုန်းအား စိုက်ကြည့်နေသည့် လူအိုကြီးမှ နဂါးအသားကို တစ်ကိုက်ကိုက်ပြီး အသားကို စွဲလမ်းသွားသည့်သူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ပင်။ သူသည် နှစ်တစ်ရာသက်တမ်းရှိသည့် ဝိုင်ကို ထုတ်လာကာ ချူဖုန်းကို သူနှင့်အတူသောက်ရန် ဖိတ်ခေါ်လိုက်သည်။

ချူဖုန်း ဆွံ့အသွားကာ သူ့အကြည့်များမှာ ဝိုင်ပုလင်းပေါ်၌ ကပ်ညှိသွားသည်။ ထိုပုလင်းထဲတွင် တကယ်ကို ရာစုနှစ်တစ်ခု သက်တမ်းရှိသည့် ဝိုင်များရှိနေကြောင်း သူ ပြောနိုင်သည်။ ဤသည်မှာ ဖြုန်းတီးရာ ကျနေသည်ပင်။ သို့သော် လုထုန်ထံ၌ ဤကဲ့သို့သော ဝိုင်မျိုး မရှား။

“ခင်ဗျားရဲ့ စင်ပေါ်မှာ ရှိနေတဲ့ ပစ္စည်းတွေကို ကြည့်လိုက်ရုံနဲ့ ခင်ဗျားရဲ့ အကျင့်ပျက်ခြစားတဲ့အနံ့တွေကို ရနေတယ်..”

“အကျင့်ပျက်ခြစားတယ်ဟုတ်လား .. အင်း .. ဒါတွေအားလုံးက မင်းကျေးဇူးကြောင့်ပဲ .. ငါ ဒီဝိုင်တွေကို င့ါပိုက်ဆံနဲ့ ဝယ်ခဲ့တာမဟုတ်ဘူး .. တစ်ယောက်ယောက်က င့ါကို လက်ဆောင်ပေးခဲ့တာ .. အင်း တကယ်တမ်းတော့ ဒီလက်ဆောင်တွေက မင်းအတွက်ပါ .. ဒါပေမဲ့ င့ါမှာ မင်းအတွက် ပုလင်းတစ်ချို့သောက်ပေးနိုင်တဲ့ အခွင့်အာဏာရှိတယ်လေ” လုထုန် အရှက်မရှိ ပြောလိုက်သည်။

“ကျွန်တော့်အတွက် လက်ဆောင်တွေ ဟုတ်လား .. ဘာလို့လဲ .. ဘယ်သူက ကျွန်တော့်ကို ဒီလက်ဆောင်တွေ ပို့ပေးတာလဲ..” ချူဖုန်း ရှုပ်ထွေးသွားရသည်။

“အဲဒီကုမ္ပဏီကြီးတွေနဲ့ အင်အားကြီးအဖွဲ့အစည်းတွေကလွဲလို့ ဘယ်သူရှိမှာလဲ .. သူတို့တွေက ပင်လယ်ထဲမှာ သွေးနံ့လိုက်ရှာနေတဲ့ ငါးမန်းတွေလိုပဲ .. ပြီးတော့ မင်း မြို့ထဲပြန်ရောက်နေပြီဆိုတဲ့သတင်းက သူတို့အတွက် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ သွေးနံ့ကြီးပဲလေ .. သူတို့တွေက မင်းကို မရှာနိုင်တော့ ကျောက်စိမ်းဂူကျောင်းကို ရောက်လာပြီးတော့ မင်းသူတို့အတွက် အလုပ်လုပ်ပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီလက်ဆောင်ကြီးတွေနဲ့ စာတွေ လာပို့ကြတာလေ” လုထုန် ပြောပြလိုက်သည်။

ဤလအနည်းငယ်အတွင်းတွင် လူအားလုံး၏အာရုံမှာ ချူဖုန်းထံ၌သာ ရှိနေသည်ပင်။

ကုမ္ပဏီကြီးများ သူ့ကို ဆက်သွယ်ရန် ကြိုးစားလာသည့်အချိန်တွင် သူ ခွန်းလွန်၌သာ ရှိသေးသည်။ ထို့ကြောင့် သူတို့ လုထုန်ကို လာရှာကြရခြင်းပင်။

လုထုန် ချူဖုန်းအား အဆောက်အဦးထဲ လှည့်ပတ်ပြလိုက်သည်။ အခန်းအားလုံးထဲတွင် ထိုကုမ္ပဏီကြီးများမှ ပို့လိုက်သည့် တောက်ပသည့်လက်ဆောင်များဖြင့် ပြည့်နှက်နေသည်။

“ကျွန်တော်က ကျောက်စိမ်းဂူကျောင်းကို သစ္စာခံထားတာ .. အဲဒီတော့ ကျွန်တော် သူတို့နဲ့ ပူးပေါင်းမှာမဟုတ်ဘူး” ချူဖုန်း ပြောလိုက်သည်။

“အင်း .. မင်း ပူးပေါင်းစရာမလိုပါဘူး .. ဒီထဲက လက်ဆောင်တစ်ချို့က သူတို့ရဲ့ စေတနာကို ပြဖို့အတွက် ပေးလာတဲ့ လက်ဆောင်တွေ .. သူတို့တွေက မင်းနဲ့ရန်သူဖြစ်တာထက် မိတ်ဆွေဖြစ်ချင်တယ်ဆိုတာကို ပြချင်လို့ ပေးကြတာ … မင်း သူတို့နဲ့ မပူးပေါင်းချင်လို့လည်း ဘာမှမဖြစ်ဘူး အဆင်ပြေတယ်” လုထုန် ပြောလိုက်သည်။

လက်ဆောင်များတွင် ဝိုင်များမှ လက်သီးပုံစံစာအုပ်များထိ ပါဝင်နေပြီး လက်နက်မျိုးစုံလည်း ပါနေသည်။ သို့သော် လက်ဆောင်စာရင်းအား ဖတ်ကြည့်လိုက်သည့်အချိန်တွင် သူ့အတွက် အသုံးဝင်သည့် လက်ဆောင်မရှိ။

လက်သီးပုံစံစာအုပ်များမှာလည်း တစ်ပိုင်းတစသာ ပါဝင်သည့် စာအုပ်များပင်။ ကျောက်စိမ်းဂူကျောင်း၌လည်း ထိုစာအုပ်များ ရှိနေသည်ပင်။

“ဒီလောက်ပဲလား..” ချူဖုန်း မေးလိုက်သည်။

“သူတို့တွေက အမျိုးသမီးတွေ ပို့ဖို့ကြိုးစားသေးတယ် .. အစက သူတို့တွေက လက်ဆောင်ပစ္စည်းတွေ ပို့ဖို့ရောက်လာတယ် ထင်နေတာ .. ပြီးတော့မှ တစ်ချို့လူတွေက နေခဲ့ချင်တာကို ငါ သတိထားမိသွားတာ .. ဒီလိုမျိုး လူ့အခွင့်အရေးတန်းတူ ရနေတဲ့ခေတ်ကြီးမှာ အမျိုးသမီးတွေကို လက်ဆောင်အဖြစ် ပေးတာက ကြည့်ရဆိုးတယ်လို့ထင်လို့ ငါ သူတို့တွေကို လွှတ်ပေးလိုက်တာ” လုထုန် ပြောလိုက်သည်။

“ခင်ဗျားက ဘာလို့ လွှတ်ပေးရတာလဲ .. ကျွန်တော် ခင်ဗျားနဲ့ သေခန်းရှင်ခန်းပြတ်ပြီပဲ..”

လုထုန် သူ့အား ဆွံ့အစွာ ကြည့်လိုက်သည်။ “မင်းက အရူးလား .. အမျိုးသမီးတွေကို လက်ဆောင်အဖြစ် လက်ခံတာက သင့်တော်တယ်လို့ မင်း ထင်နေတယ်ပေါ့ .. မင်း အရှက်မရှိတဲ့ကောင်..”

သူတို့နှစ်ဦး သောက်စားကာ စကားပြောနေခဲ့ကြသည်။

“မင်း ဗာတီကန်မြို့ကို နျူးကလီးယားလက်နက်တွေနဲ့ ရိုက်ချပစ်တာကတော့ မင်း အရမ်းရဲတင်းလွန်းသွားပြီ .. ဥရောပနိုင်ငံတော်တော်များများက မင်းကို အန္တရာယ်များတဲ့လူလို့ ထင်သွားကြတာ” လုထုန် ပြောလိုက်သည်။

“ဘာလို့လဲ .. ဘာလို့ အားလုံးက ကျွန်တော့်ကို စွပ်စွဲနေကြတာလဲ .. အားလုံးက ဘာလို့ အပြစ်မရှိတဲ့လူကို ချောက်ချချင်နေကြတာလဲ .. ကျွန်တော် ဗာတီကန်မြို့ကို မဖောက်ခွဲခဲ့ဘူး .. ဒီစကားက ဘယ်ကထွက်လာတာလဲ..” ချူဖုန်း ငြင်းလိုက်သည်။

လုထုန် သူ့ကို မကျေမနပ်ကြည့်လိုက်ကာ “င့ါရှေ့မှာ လာလိမ်မနေနဲ့ .. မင်း လုပ်ထားတဲ့အပြစ်တွေအားလုံးကို ငါသိတယ် .. ဒီလိုကိစ္စမျိုးက သက်သေတွေ အထောက်အထားတွေမလိုဘူး .. လူတွေခန့်မှန်းတာက အမှန်တရားပဲ..”

သို့သော် တရားခံ မည်သူမှန်းသိနေလျှင်ပင် မည်သူမှ ဘာမှမလုပ်နိုင်။ အထူးသဖြင့် အရှေ့တိုင်းသားများမှာ ချူဖုန်း၏ ရဲရင့်မှုအတွက် လက်ခုပ်တီးကာ ချီးကျူးနေမည့်သူများပင်။

“မင်းက ကြောက်နေရတော့မလားတောင် မသိတော့ဘူး ချူဖုန်း .. မင်း တစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် ဒီလို မုန်တိုင်းထန်အောင် လုပ်နိုင်တာလဲ .. အာ ဟုတ်သားပဲ .. မင်း လုပ်ထားတဲ့ အရသာစာရင်းလည်းရှိသေးတယ် .. မင်း အဲဒီစာရင်းကို အပြောင်းအလဲလုပ်သေးတာ .. မင်း စာရင်းအသစ်လုပ်မယ်ဆိုရင် နဂါးအသားကို ပထမနေရာပေးဖို့ ငါ အကြံပေးချင်တယ်” လုထုန် ပြောလိုက်သည်။

“မဟုတ်ဘူး .. အဲဒီစာရင်းလည်း ကျွန်တော်နဲ့ မဆိုင်ဘူး”

“လိမ်နေ .. ဆက်လိမ်နေလိုက်..” လုထုန် မကျေမနပ် ပြောလိုက်သည်။

ဤကုမ္ပဏီကြီးမျာ သူ့အား ဆက်သွယ်လာကြခြင်းမှာ အနောက်တိုင်း၌ ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့သည့်သူမှာ သူဖြစ်မှန်း သိနေကြသောကြောင့်ပင်။

ချူဖုန်း အရက်သမားနံ့ ထွက်နေလေပြီ။ လုထုန်နှင့် စားသောက်ပြီးသည်နှင့် ဤနေရာကို တစ်ခဏမျှလှည့်ပတ်ကြည့်ရန် စိတ်ကူးလိုက်သော်လည်း ထိုစိတ်ကူးကို မြန်မြန်ပယ်လိုက်ရသည်။

လုထုန် ရုံးခန်းတံခါးမှ အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည့်အချိန်တွင် တံခါးအပြင်ဘက်၌ လူအုပ်ကြီး စောင့်ဆိုင်းနေကြောင်း တွေ့လိုက်ရသည်။ အားလုံးမှာ အနောက်တိုင်းဝတ်စုံနှင့် လည်သာရှူးဖိနပ်များ ဝတ်ဆင်ထားကြ၏။ ဤလူများမှာ အင်အားကြီးအဖွဲ့အစည်းများမှ လာသည့်သူများပင်။ သူတို့အကြည့်များမှာ ချူဖုန်းအား ချက်ချင်း ဖမ်းခေါ်သွားတော့မတတ်ပင်။

“ကျွန်တော့်ကို အဲဒီသက်တမ်းတစ်ရာရှိတဲ့ ဝိုင်ပေးလိုက် .. ကျွန်တော် အနောက်တံခါးကနေပဲ ပြန်သွားလိုက်တော့မယ်..” ချူဖုန်း လုထုန်ကို ပြောလိုက်သည်။

“အဖေ ကျွန်တော် ဒီနေ့ည ညစာအတွက် ဝိုင်ကောင်းတစ်ချို့ ရလာတယ်” ချူဖုန်း အခြားသူများ သတိမထားမိပဲ အိမ်သို့ ပြန်လာနိုင်ခဲ့သည်။

“ဒီနေ့ည အမေတို့ အိမ်မှာညစာမစားဘူး .. သားရဲ့ဘလိုင်းဒိတ်က ဒီနေ့ ၇ နာရီ..” ဝမ်ကျင်း ချူဖုန်းကို ပြောလိုက်သည်။

“အမေ .. ကျွန်တော် ဒီလိုပုံစံနဲ့ ဘလိုင်းဒိတ် သွားလို့မရဘူးလေ .. လူတွေ ကျွန်တော့်ကိုသိတယ် .. တစ်ချို့လူတွေက ကျွန်တော့်ကို သူရဲကောင်းအဖြစ် သတ်မှတ်ထားပေမယ့် တစ်ချို့က ကျွန်တော့်ကို သွေးအေးလူသတ်သမားအဖြစ် မြင်နေကြတာ .. ဒီဘလိုင်းဒိတ်က မအောင်မြင်လောက်ဘူး .. အဲဒီတော့ ဘာလို့အချိန်ကုန်ခံပြီး ဘလိုင်းဒိတ်တွေ့နေတော့မှာလဲ .. ပြီးတော့ ကျွန်တော့် ရန်သူတွေက ဒီအချိန်ကို အခွင့်ကောင်းယူပြီး ကျွန်တော့်ကို ထိခိုက်အောင် လုပ်ရင်ရော ဘယ်လိုလုပ်မလဲ.. သူတို့တွေက ကျွန်တော့်ချစ်သူဖြစ်ချင်သလို ဟန်ဆောင်ပြီး ကျွန်တော့်နား ချဉ်းကပ်လာနိုင်တယ် .. ပြီးရင်တော့ အမေတို့မသိလိုက်တဲ့အချိန်မှာတင် သူ ကျွန်တော့်နောက်ကျောကို ဓားနဲ့ထိုးလိမ့်မယ် .. ကောက်ကျစ်ပြီး အညှာအတာမရှိတဲ့ကောင်တွေက ကျွန်တော် မထင်မှတ်ထားတဲ့အချိန်မှာ ကျွန်တော့်နောက်ကျောကို ဓားနဲ့ထိုးလာနိုင်တယ်” ဘလိုင်းဒိတ်မသွားရရေးအတွက် ချူဖုန်း အစွမ်းကုန် ကြိုးစားလိုက်သည်။

“မင်း ဒီကိစ္စကို အမေတို့ အစောကြီးကတည်းက တွေးထားပြီးသား .. အဲဒီတော့ မင်းအတွက် ကောင်မလေးရှာပေးဖို့ ယုံကြည်ရတဲ့ အောင်သွယ်တော်ကုမ္ပဏီတွေကို အပ်ထားပြီးသား .. သူတို့တွေက မင်း လွယ်လွယ်လေး ချစ်လို့ရမယ့် နောက်ခံရှင်းတဲ့ မိန်းကလေးကို ရှာပေးလိမ့်မယ် .. သူတို့ရှာတွေ့တဲ့အချိန်မှ မင်း သူတို့ကို သွားတွေ့ရုံပဲ..”

သူ့အမေ၏ စီစဉ်မှုကြောင့် ချူဖုန်း ဆွံ့အသွားရသည်။ “အမေ တော်ပါတော့ .. ဒါက ဘလိုင်းဒိတ်လေးပဲကို .. အောင်သွယ်တော်ကုမ္ပဏီက ဘယ်လိုလုပ် ပါလာတာလဲ.. အမေ .. ပလိစ် တော်ပါတော့..”

“ကျွန်တော်က ကျွန်တော်နဲ့လုံးဝမသိတဲ့လူတစ်ယောက်နဲ့ ဘာလို့ အလျင်စလို ဘလိုင်းဒိတ်တွေ့ရမှာလဲ .. ကျွန်တော်က ဘယ်တုန်းက ဒီလိုမျိုး အလောတကြီးလုပ်ဖူးလို့လဲ..” သူ ဤစကားများ အော်ဟစ်လိုက်ချင်သော်လည်း စကားများမှာ သူ့ပါးစပ်မှ ထွက်မလာ။

“စိတ်အေးအေးထား သားလေး .. သူတို့တွေက သားအတွက် သင့်တော်တဲ့သူ သေချာပေါက်ရှာပေးမယ်လို့ ဂတိပေးထားတယ်” ဝမ်ကျင်း ပြောလိုက်သည်။

“မရဘူး .. ဒီကိစ္စမှာ အောင်သွယ်တော်ကုမ္ပဏီတွေ ဆွဲထည့်တာက အကြံကောင်းမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် .. ကျွန်တော် သဘောမတူဘူး” ချူဖုန်း ဒေါသထွက်လာသည်။ သူသည် လူများကို ချူဖုန်းဟူသည့်နာမည်အား အရည်အချင်းမရှိသောကြောင့် ကောင်မလေးရှာရန်အတွက် သူ့အမေကို အားကိုးနေရသည့်ကောင်လေးဟူသည့်အချက်နှင့် တွဲမမှတ်စေချင်။ ဤသည်မှာ အမှန်တရားဖြစ်သော်လည်း သူ လူများကို မသိစေချင်။

ညနေပိုင်းတွင်တော့ ဝမ်ကျင်း အော်ဟစ်လာသည်။ “ဖုန်း သွားကြစို့ .. သွားဖို့အချိန်ရောက်ပြီ..”

“ဘယ်သွားမှာလဲ..”

“ဘလိုင်းဒိတ်ပါတီ..” ဝမ်ကျင်း ဂုဏ်ယူစွာ ပြောလိုက်သည်။

ဝမ်ကျင်း၏ ကြိုးစားအားထုတ်မှုကို ချူဖုန်း ဆွံ့အသွားရသည်။ လွန်ခဲ့သည့် သုံးနာရီကမှ သူမသည် ဘလိုင်းဒိတ်စီစဉ်ပေးသည့် ကုမ္ပဏီများအား ဆက်သွယ်ခဲ့ခြင်းပင်။ ထို့နောက် သူမ ဤဘလိုင်းဒိတ်ပါတီအကြော်း သတင်းရသည်နှင့် ချက်ချင်းပင် လက်မှတ်ထိုးကာ သူ့သားအတွက် လက်မှတ်ဝယ်လိုက်လေသည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးအတွက် သုံးနာရီသာ အချိန်ကြာလိုက်သည်။ ဤသည်မှာ တကယ်ကို အထင်ကြီးစရာ ကောင်းလှသည်။

“လန့်မသွားခင် ပြောတာကို အရင်နားထောင်ဦး .. ဒီဘလိုင်းဒိတ်ပါတီက သာမန်ဘလိုင်းဒိတ်ပါတီမဟုတ်ဘူး .. ဒါကို စိန်အဆင့်ဘလိုင်းဒိတ်ပါတီလို့ခေါ်တယ် .. ဒီပါတီကို တက်ချင်တဲ့လူတွေ အများကြီးရှိပေမဘ့် လက်မှတ်က နည်းနည်းပဲရတာ .. ကံကောင်းစွာနဲ့ အမေက ဒီပါတီအတွက် တာဝန်ရှိတဲ့သူကို သိနေတဲ့လူနဲ့ မိတ်ဆွေဖြစ်ခဲ့တာ .. ပြီးတော့ သူကနေတစ်ဆင့် သားအတွက် လက်မှတ်ဝယ်ခဲ့တာ..”

ဝမ်ကျင်းပြောသည့်အတိုင်းဆိုလျှင် အချမ်းသားဆုံးအမျိုးသားများနှင့် အလှဆုံးအမျိုးသမီးများသာ ဤပါတီကို တက်ရောက်နိုင်ကြသည်။ ထို့ကြောင့်လည်း ဤပွဲကို စိန်အဆင့်ဘလိုင်းဒိတ်ဟု ခေါ်ခြင်းပင်။

ချူဖုန်း မျက်ခုံးလှုပ်လာသည်။ ဤပါတီပွဲအကြောင်း သိလေလေ မသက်မသာခံစားလာရလေလေပင်။ “ဒီလိုပါတီမျိုးကို ဘယ်သူကများ လုပ်တာလဲ..” ချူဖုန်း သံသယမဝင်ပဲ မနေနိုင်။

“လေ့လာချက်တွေအရ လူငယ်တွေက အွန်လိုင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အသိမခံပဲ စကားပြောရတာကို ပိုကြိုက်တယ်တဲ့ .. ဘာလို့လဲဆိုတော့ သူတို့တွေက မျက်နှာဖုံးနောက်က ထူးခြားဆန်းကြယ်မှုတွေကို ကြိုက်ကြတယ်လေ .. အဲဒါကြောင့် ပွဲစီစဉ်တဲ့သူတွေ ပြောတာတော့ ဒီပွဲမှာ ကိုယ့်အချစ်စစ်ကို ရှာတွေ့သွားတဲ့သူတွေကသာ သူတို့မျက်နှာဖုံးကို ချွတ်ပြီး နမ်းခွင့်ရှိတယ်တဲ့ .. မဟုတ်ရင်တော့ တစ်ညလုံး မျက်နှာဖုံး တပ်ထားရမှာတဲ့..”

နေဝင်သွားပြီဖြစ်ပြီး နာရီလက်တံလည်း ခြောက်နာရီသို့ ပြနေလေပြီ။ ချူဖုန်းသည် မိုယွမ်စံအိမ်၏ ၂၁ လွှာသို့ ရောက်နေပြီဖြစ်သည်။ သူ မျက်နှာဖုံး တပ်ထားပြီးသားဖြစ်ပြီး ခန်းမထဲသို့ဝင်ရန် အသင့်ဖြစ်နေလေပြီ။

“တွေ့လား .. အမေသားအတွက် အားလုံး သေချာစဉ်းစားထားပြီးသားပါ .. ဒီလိုဆိုရင် ဘယ်သူမှ သားကို မမှတ်မိတော့ဘူး .. ဒီလိုပါတီပွဲမျိုးကို အရင်တုန်းကဘာလို့ မကြားဖူးတာပါလိမ့် .. ဒီနေ့လည်မှာ ဘလိုင်းဒိတ်ဖို့ရှာတော့မှ ဒီပွဲက အမေတို့ဆီ ရောက်လာတာဆိုတော့ ဒါ ကံစပ်တာပဲ .. ဒီပါတီပွဲက သားအတွက်ပဲ” ဝမ်ကျင်း ပြုံး၍ ပြောလိုက်သည်။

“အိုး .. ဒီမှာ လေကြီးလေကျယ်အနံ့တွေ ရနေတယ် .. ပါတီပွဲက သားအတွက် ကျင်းပပေးတာတဲ့ .. ရွံစရာကောင်းလိုက်တာ..ဓ

ဘုရင်မမျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး သူတို့နောက်မှ ထွက်လာသည်။ သူတို့ ပြောနေသည့်စကားများကို သူမ ကြားသွားချင်းပင်။ မည်သူမှ သူမမျက်နှာကို မမြင်ရသော်လည်း သူမ မျက်လုံးများမှာ တကယ်ကို လှပလှသည်။ ထို့အပြင် သူမ ခန္ဓာကိုယ်ကောက်ကြောင်းလည်း လှပလှသည်။ သူမသည် ဒေါက်မြင့်ဖိနပ်စီးထားသောကြောင့် ပို၍ အရပ်မြင့်နေသည်ပင်။

“ဖုန်း အမေ ပြောတာနားထောင် .. သူ့လိုမျိုး ရိုင်းစိုင်းတဲ့မိန်းကလေးကို ဘယ်တော့မှ လက်မထပ်နဲ့ ..” ဝမ်ကျင်း သူမသားကို ပြောလိုက်သည်။ သူတို့ ခန်းမဝင်ပေါက်၌ ရပ်နေကြခြင်းပင်။ ဝမ်ကျင်းမှာ လက်မှတ်မရှိသောကြောင့် ခန်းမထဲ ဝင်၍မရ။ သူမ ဘေးအခန်းသို့သာ ဦးတည်သွားလိုက်သည်။

သို့သော် ဝမ်ကျင်းပြောလိုက်သည့်စကားကို ထိုအမျိုးသမီး ထပ်ကြားသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. သူမသည် နောက်ပြန်လှည့်လာကာ ချူဖုန်းအား ချိုမြိန်စွာ ပြုံးပြပြီးနောက် “ဟေး လူချောလေး .. အထဲဝင်ပြီး စကားပြောရအောင်လေ .. ပြောလို့မရဘူးလေ .. ဒီနေ့ညပြီးရင် ကျွန်မတို့ လက်ထပ်ရင် လက်ထပ်သွားနိုင်တယ်”

“သွားမယ်လေ..” ချူဖုန်း ပြန်ဖြေလိုက်ကာ ထိုအမျိုးသမီးနှင့်အတူ ခန်းမထဲသို့ ဝင်သွားလိုက်သည်။

“ဟေး .. နင် ငါပြောတာကို နားထောင်လိုက်ရဲ့လား..” ဝမ်ကျင်း ချူဖုန်း ခေါင်းနောက်ကို ရိုက်လိုက်သည်။

“ဟုတ်ကဲ့ပါ .. ဟုတ်ကဲ့ပါ အမေရဲ့ .. အမေ ဟိုဘက်အခန်းမှာ အေးအေးဆေးဆေး သွားနားလိုက်ဦး .. သွားတော့မယ်..” ချူဖုန်း ခန်းမထဲသို့ တန်းဝင်သွားလိုက်သည်။

“ငါ နင့်ကို ပြောထားတာကို မှတ်ထားနော်..” ဝမ်ကျင်း အော်ဟစ်လိုက်သည်။ ဖြစ်နိုင်လျှင် သူမ ခန်းမထဲ လိုက်ဝင်သွားပြီး သူမသားကို စောင့်ကြည့်ချင်မိသည်။ သူ့သား လှပကာ ဖြားယောင်းတတ်သည့်အမျိုးသမီးမျး လက်ထဲပါသွားမည်ကို သူ စိုးရိမ်မိသည်။

သို့သော် ထိုအမျိုးသမီးသည် ချူဖုန်းနှင့် ခဏသာ အတူတွဲလျှောက်ပြီး ဝမ်ကျင်း အမြင်ကွယ်ရာသို့ ရောက်သည်နှင့် လမ်းခွဲသွားလိုက်တော့သည်။

သို့သော် သူမကို အံ့အားသင့်သွားစေသည်မှာ သူမ ထားခဲ့သည့်အတွက် ချူဖုန်းမှာ ဘာမှမဖြစ်သည့်ပုံပင်။ ဤသည်မှာ သူမကို ဒေါသထွက်သွားစေသလို သိချင်စိတ်လည်း ဖြစ်ပေါ်လာစေသည်။

ချူဖုန်းသည် အဝေးမှ မိန်းမလှတစ်ဦး၏ နောက်ကျောကိုကြည့်ကာ ရှုပ်ထွေးနေမိသည်။ “မဖြစ်နိုင်တာ .. အချုပ်အနှောင် ၆ ခု ဖြတ်တောက်ထားတဲ့ ဘုရင်တစ်ယောက်လည်း ဒီလိုပွဲမျိုးတွေကို တက်တာလား..”

တစ်ခဏခန့် တွေဝေနေပြီးနောက် သူ ထိုအမျိုးသမီးထံသို့ လျှောက်သွားလိုက်သည်။ ဘာဖြစ်နေသည်ကို သူသိချင်သည်။ သူ့ သံသယများ မှားယွင်းပါစေဟု ဆုတောင်းမိသည်အထိပင်။

ခန်းမမှာ အလွန်ကြီးမားလှသည်။ သူ ထိုအမျိုးသမီး ရှိနေသည့် နေရာသို့ ရောက်သွားသည့်အချိန်တွင် သူမကို မတွေ့ရတော့ပေ။

“သူ မဟုတ်လောက်ပါဘူး..” ထိုအမျိုးသမီး၏ နောက်ကျောကို သူ ရင်းနှီးနေသည်။ သို့သော် ဤနေရာတွင် ဘုရင်တစ်ဦး၏တည်ရှိမှုကို သူ မခံစားရ။ ပုံမှန်ဆိုလျှင် ဤကဲ့သို့သော အလုံပိတ်နေရာမျိုး၌ ဘုရင်တစ်ဦး ရှိနေသည်နှင့် အခန်းတစ်ခုလုံး ဘုရင်အော်ရာများဖြင့် ပြည့်နှက်သွားလိမ့်မည်။

“လုရှီယွင် .. အများကြီး မစားနဲ့တော့ .. ဒါက ဘလိုင်းဒိတ် .. အစားအသောက်ပြိုင်ပွဲမဟုတ်ဘူး” အရပ်ရှည်ကာ ခံ့ညားသည့် အမျိုးသားတစ်ဦး ပြောလိုက်သည်။ သူ့ဘေးတွင်တော့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦး ရှိနေသည်။

“အစ်ကို .. ဒါက ညီမလေး ဘလိုင်းဒိတ်မဟုတ်ဘူး .. အစ်ကို့ ဘလိုင်းဒိတ်လေ .. ညီမလေးက အစ်ကိုနဲ့ အဖော်လိုက်လာပေးရုံပဲ..” အဖြူရောင်ဝတ်စုံနှင့် ကောင်မလေးမှ ပြောလိုက်သည်။ သူမသည် စားပွဲပေါ်မှ အစားအစားများကို အကြည့်မပြတ်။

“နင်က အရမ်းအစားကြူးနေတာ .. တိုင်ဟန်းတောင်မှာတုန်းက တစ်ခြားလူရဲ့ အကင်ချောင်းတွေစားပြီးတော့ ဘာဖြစ်ခဲ့လဲ..”

“တော်လိုက်တော့ .. ကျားဖြူကြီး .. ညီမလေးတို့တွေ ဒီကိစ္စကို ထပ်မပြောဖို့ သဘောတူထားပြီးသား..” ကောင်မလေးမှာ အနည်းငယ် ဒေါသထွက်လာသလိုပင်။

မိုယွမ်စံအိမ်၏ မြေအောက်ထပ်တွင် ပိန်သွယ်သွယ်နှင့် အမျိုးသမီးသည် မျက်နှာဖုံးကို တွန့်ဆုတ်စွာ တပ်လိုက်ပြီး ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်သည်။

“လော့ရှန်း ဒါက ဘလိုင်းဒိတ်အစစ်မဟုတ်ဘူး .. ပါတီပွဲနဲ့ ပိုတူတာ .. ညည်းဘာလို့ ဒီပွဲကို မလာချင်လဲဆိုတာ နားကိုမလည်နိုင်ဘူး .. ဒီဘလိုင်းဒိတ်ပါတီက ပျော်ဖို့ကောင်းတယ်လို့ကြားတယ် .. အိမ်မှာ အပျင်းတစ်နေမယ့်အစား ဘာလို့ ဒီမှာ အပျော်လာမရှာမှာလဲ..”

“ကောင်းတဲ့နည်းလမ်းနဲ့ ပျော်တာဖြစ်ပါစေလို့ မျှော်လင့်ပါတယ်..”

အပိုင်း ၂၀၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset