ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၀၃ – ဆွဲဆောင်မှုရှိသည့်သူနှင့် ချိန်းတွေ့ခြင်း
ချူဖုန်း မြို့ထဲသို့ ပြန်ရောက်လာလေပြီ။ မြို့ကြီးထဲမှ ကျယ်ပြောလှသည့် လမ်းမများနှင့် မြင့်မားလှသည့် အဆောက်အဦးများမှာ တောင်တန်းများနှင့် အတော်လေး ကွာခြားလှသည်။ ချူဖုန်း လမ်းပေါ်၌ မတ်တပ်ရပ်ကာ အတွေးထဲ နှစ်မြောနေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူ ခွန်းလွန်တောင်ခြေ၌ အနီရောင်နဂါးတစ်ကောင်ကို သတ်ခဲ့ပြီး နွယ်နက်ဇူးစ်နှင့်လည်း တိုက်ခိုက်ခဲ့သေးသည်။ ယခုအချိန်တွင် ဤအဖြစ်အပျက်အားလုံးမှာ အိပ်မက်ကဲ့သို့ ခံစားနေရသည်။
ယခု သူ့ရှေ့၌ မြင်နေရသည့်မြင်ကွင်းမှာ လူတစ်ဦး ရှင်သန်နေထိုင်သည့်နေရာပင်။
သို့သော် သူ့အချိန်တစ်ဝက်ခန့်မှာ တောတောင်များ၌သာ လှည့်လည်သွားလာပြီး ကြမ်းတမ်းသည့်တိုက်ပွဲများသာ တိုက်ခိုက်နေရသောကြောင့် သူ မြို့ထဲသို့ ပြန်ရောက်လာတိုင်း သူ့အတွက် လိုက်လျောညီထွေဖြစ်ရန် ခက်ခဲနေသည်။
မည်သည့်ဘဝက အစစ်အမှန်လဲ သူမသိတော့။ အပြင်ဘက်၌ နေရသည့်ဘဝက အစစ်အမှန်လား .. ဒါမှမဟုတ် နံရံတွေကြားမှာ နေရတဲ့ လုံခြုံတဲ့ဘဝက အစစ်အမှန်လား..
ဝမ်ကျင်းနှင့် ချူကျင်းယွမ်တို့ အပြင်သွားရန် တံခါးဖွင့်လိုက်သည့်အချိန် ချူဖုန်း အိမ်ပြန်ရောက်လာခြင်းပင်။ အစပိုင်းတွင် သူတို့သားကို ရုတ်တရက် မြင်လိုက်ရသောကြောင့် ငေးကြောင်သွားရသော်လည်း ခဏကြာပြီးနောက် သူတို့ ပျော်ရွှင်သွားကြရသည်။
“ငါက နင့်ကို သုံးရက်အတွင်း ပြန်လာခဲ့လို့ ပြောတာကို နင်က တစ်ပတ်တောင်ကြာတယ်ပေါ့ ဟုတ်လား..” ဝမ်ကျင်း ချူဖုန်း နားရွက်ကို ဆွဲထားသော်လည်း သူမမျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသည်။ ခဏကြာပြီးနောက် သူမမျက်ဝန်းများ စိုစွတ်လာသည်။
“အမေ လွှတ်ပါဦး .. ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ပြန်ရောက်လာပြီပဲလေ မဟုတ်ဘူးလား .. အပြင်ဘက်မှာက စားစရာတွေအများကြီးပဲ .. အသားတွေလည်း အများကြီးပဲ .. ကျွန်တော် အပြင်မှာ ရက်နည်းနည်းလောက် ထပ်နေချင်သေးတာ”
ချူဖုန်း စကားဝိုင်းကို ပေ့ါပါးသွားအောင် လုပ်လိုက်သည်။ ဤရက်ပိုင်းတွင် သူ့မိဘများ စိတ်ချမ်းချမ်းသာသာနေနိုင်မည်မဟုတ်ကြောင်း သူသိသည်။ အထူးသဖြင့် သူ သေဆုံးသွားကြောင်း သတင်းထွက်လာသည့်နေ့မှာ သူ့မိဘများအတွက်တော့ ကမ္ဘာပျက်သွားသကဲ့သို့ ဖြစ်သွားမည်ပင်။
ခွန်းလွန်တောင်မှ တိုက်ပွဲမှာ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖြစ်သောကြောင့် သူတို့သားနှင့် ချီလင်းကြားမှ ကြမ်းတမ်းသည့်တိုက်ပွဲကို မြင်လိုက်ကြရမည်ပင်။ သူတို့ ဘယ်လိုလုပ် မစိုးရိမ်ပဲ နေနိုင်မည်နည်း.. သူတို့သား ရင်ဆိုင်နေရသည့်သူမှာ နဂါးကြီးပင်။
သူ့သား၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား မြင်လိုက်ရသည့်အချိန်တွင် သူတို့ ဘယ်လိုလုပ် စိတ်အေးနိုင်မည်နည်း.. သူတို့သား သေသလားရှင်သလား မသိရသောကြောင့် နေ့ရက်တိုင်းတွင် နှလုံးပြုတ်ထွက်လုမတတ် စိုးရိမ်နေရသည်ပင်။
ယခု ချူဖုန်း ပြန်ရောက်လာပြီဖြစ်သောကြာင့် သူတို့မိသားစု၏ ပျော်ရွှင်မှုများ ပြန်လည်ရောက်ရှိလာေလပြီ။ ဝမ်ကျင်းနှင့် ချူကျင်းယွမ်တို့၏ စိုးရိမ်ရသည့် နေ့ရက်များ ပြီးဆုံးသွားပြီဖြစ်သည်။ သူတို့သား ပြန်ရောက်လာသည်နှင့် သူတို့ခံစားလိုက်ရသည့် စိတ်ဒဏ်ရာများကို လျင်မြန်စွာ မေ့ပျောက်သွားကြတော့သည်။
“အမေ .. ကျွန်တော် အမေ့အတွက် ပစ္စည်းကောင်းတစ်ခု ယူလာတယ် .. အဲဒါက နဂါးအရိုးနဲ့လုပ်ထားတဲ့ လက်ကောက်ပဲ .. ဒါကို တစ်ချိန်လုံး ဝတ်ထားလိုက်တာနဲ့ အရိုးတွေ ကြွက်သားတွေ ကျစ်လျစ်နေပြီးတော့ ဆဲလ်အသစ်တွေကိုလည်း ပြန်မွေးဖွားပေးလိမ့်မယ် .. ကျွန်တော်က ဒီလက်ကောက်ကို နဂါးရဲ့ စွမ်းအင်တွေအများဆုံး စုနေတဲ့ နဖူးရိုးကနေ ယူလာတာ .. ဒီလက်ကောက်ရဲ့ အကျိုးကျေးဇူးက မယုံကြည်နိုင်လောက်အောင်ပဲနော်..” ချူဖုန်း ပြောလိုက်သည်။
ထို့နောက် ချူဖုန်း ကြည်လင်တောက်ပနေသည့် လက်ကောက်တစ်ကွင်းကို ထုတ်ယူလာလိုက်သည်။ လက်ကောက်မှာ ကျောက်စိမ်းပုတီးလုံးများဖြင့် သီထားသကဲ့သို့ပင်။
“ဒါက နင်ပြောသလောက် ကောင်းလို့လား..” ဝမ်ကျင်းမှာ အနည်းငယ် သံသယဝင်နေသည်။
“ကောင်းတာပေါ့ အမေ .. ကျွန်တော် ပြောတာထက်တောင် ပိုကောင်းသေးတယ် .. ဘောဓိမျိုးရိုးဗီဇအဖွဲ့နဲ့ ဒိမ်ဒီအဖွဲ့က ဒီလက်ကောက်ကို အရမ်းလိုချင်နေတာ အမေ မသိဘူးလား .. သူတို့တွေက လက်ကောက်တစ်ခုတည်းအတွက်နဲ့ ခွန်းလွန်တောင်ကို အများကြီး ပေးခဲ့ကြတာ”
“သူတို့တွေက ဘာတွေများ ပေးကြတာလဲ..”
“ကျွန်တော်တို့ အိမ် လေး၊ ငါးလုံးလောက် ဝယ်လို့ရတဲ့ ပမာဏပဲ”
“အဲဒါဆို ဘာစောင့်နေတာလဲ .. သူတို့တွေကို ရောင်းပေးလိုက်လေ..” ဝမ်ကျင်းပြောလိုက်သည်။
“ဒါပေမဲ့ ဒီလက်ကောက်က အမေ့ကို ပိုငယ်ပြီး လှစေမှာနော် .. သူက ဆဲလ်အသစ်တွေ ဖြစ်လာအောင် လုပ်ပေးနိုင်တော့ အမေ အမြဲတမ်း နုပျိုနေမှာ”
ထိုစကားကြားသည်နှင့် ဝမ်ကျင်း ထိုလက်ကောက်ကို ချက်ချင်း ဝတ်ဆင်လိုက်တော့သည်။ “အဲဒါဆိုလည်း ဒီလက်ကောက်ကို ဘယ်သူ့ကိုမှ မပေးတော့ဘူး” သူမ ခိုင်မာစွာ ပြောလိုက်သည်။
ချူဖုန်း အံ့အားသင့်သွားရ၏။ ထို့နောက် လက်ကောက်ကဲ့သို့ တောက်ပနေသည့် အနီရောင် စာရွက်ဖိသည့်ကျောက်တစ်စုံကို ထုတ်လိုက်သည်။ “အဖေ ဒါက နဂါးဦးချိုနဲ့ လုပ်ထားတာ .. သူ့မှာ ပြိုင်ဘက်ကင်းစွမ်းအင်တွေပါတယ် .. အဖေ အားလပ်ချိန်တွေမှာ စာအုပ်ဖတ်ရတာ ကြိုက်တာကို ကျွန်တော်သိတယ် .. အဲဒီတော့ အဖေ စာအုပ်ဖတ်တဲ့နေရာမှာ ဒီကျောက်တွေကိုထားလိုက် .. သူတို့တွေက အဖေ့ကို နေ့တိုင်း စွမ်းအင်တွေ ပြည့်ဝနေအောင် လုပ်ပေးလိမ့်မယ် .. အဖေ နေ့တိုင်း ၁၈ အရွယ်လူငယ်လေးလို စွမ်းအင်တွေ ပြည့်ဝနေလိမ့်မယ်..” ချူဖုန်း ပြောလိုက်သည်။
“ငါက ၁၈ နှစ်ဆိုရင် မင်းက ဘယ်နှနှစ်လဲ..” ချူကျင်းယွမ် ချူဖုန်းကို စိုက်ကြည့်နေသော်လည်း နှုတ်ခမ်းကတော့ ပြုံးနေသည်ပင်။ ထို့နောက် ချူဖုန်း လက်ထဲမှ ကျောက်များကို ဂရုတစိုက် ယူလိုက်သည်။
ချူဖုန်း ရယ်မောလိုက်ကာ “အဖေ ဒီလောက် သတိထားဖို့မလိုပါဘူး .. ပြုတ်ကျသွားရင်လည်း ရတယ် .. သူက စတီးထက်တောင် မာသေးတယ် .. ဒါက နဂါးဦးချိုရဲ့ အဖိုးအတန်ဆုံးအပိုင်းဖြစ်သလို မာလည်း အမာဆုံးပဲ .. အဖေ သုံးချင်ရင် တူအနေနဲ့တောင် သုံးလို့ရသေးတယ် .. ကျွန်တော် ပြောသလိုပဲ သူက စတီးထက်တောင် မာတယ်..”
အခန်းထဲတွင် ရယ်မောသံများ ပြည့်နှက်သွားတော့သည်။
ညစာစားချိန်တွင်တော့ ချူကျင်းယွမ်သည် မိုထိုင်ပုလင်းကို ထုတ်လာကာ ချူဖုန်းကို သူနှင့်အတူသောက်ရန် ပြောလိုက်သည်။
ချူဖုန်း သူ့အိတ်ထဲမှ အမဲသားခြောက်ကဲ့သို့သော အရာကြီးအား ထုတ်လာသည်ကို ဝမ်ကျင်း တွေ့လိုက်ရသည်။ “အဲဒါက ဘာကြီးလဲ .. မှိုတက်ပြီး နံနေသလိုပဲ .. ဒါက စားလို့ရော ရရဲ့လား..”
ချူဖုန်း ရယ်မောလိုက်ကာ “ဒါက နဂါးအသားခြောက် .. ဟိုဘက်ကဟာတွေက မြည်းအသားတွေ .. ဒါတွေကို လတ်ဆတ်တဲ့အသားနဲ့ လုပ်ထားတာ .. အမေ စကားပုံတစ်ခု မကြားဖူးဘူးလား .. ‘နဂါးအသားက နတ်ဘုရားတွေအတွက်၊ မြည်းအသားက သေမျိုးတွေအတွက်’ တဲ့ .. အခုတော့ လောကနှစ်ခုလုံးက အကောင်းဆုံးအသားတွေ ဒီမှာ ရှိနေပြီ .. အသားတွေ မကောင်းတော့မှာစိုးလို့ အသားအစိမ်းတွေ မယူခဲ့တော့တာ .. မဟုတ်ရင်တော့ ဒီမှာ ရှိနေတာက အသားခြောက်တွေတင်ကမှာမဟုတ်ဘူး .. သွေးတွေ တစ်စက်စက် စီးကျနေတဲ့အသားတွေ ဖြစ်နေမှာ”
မိသားစုလိုက် အသားခြောက်များကို စားလိုက်ကြသည်။ ဝမ်ကျင်းနှင့် ချူကျင်းယွမ်မှာ အသား၏နူးညံ့မှုကို မချီးကျူးပဲ မနေနိုင်တော့။ “အရသာရှိလိုက်တာ” သူတို့သည် အသားပုံစံကို ဂရုမစိုက်နိုင်တော့။ အသားအရသာမှ သူတို့ကို အနိုင်ယူသွားလေပြီ။
ချူဖုန်းမှာ သူ၏အစားအသောက် သောင်းကျန်းခြင်းမှာ သူ့မိဘများထံမှ အမွေဆက်ခံလာသလားဟု သံသယဝင်မိသွားသည်။ သူ့မိဘများသည် ယဉ်ကျေးမနေတော့ပဲ ပါးစပ်ထဲသို့ အသားများ သွပ်ထည့်နေလေသည်။
အနည်းငယ်သာ ကျန်တော့သည့်အချိန်မှ သူမတို့စားနေသည်မှာ သားရဲဘုရင်တစ်ယောက်၏ အသားဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။ “ငါတို့ ဒါကို စားလို့ရော ရရဲ့လား .. ဒါက သားရဲဘုရင်တစ်ကောင်ရဲ့ အသားမဟုတ်ဘူးလား..” သူမ မေးလိုက်သည်။
“စားလို့ရတာပေ့ါ .. လုထုန်ပြောတာကို နားထောင်မနေနဲ့ .. သူက မီးခိုးပြာဝံပုလွေအသားတွေကို ဓာတ်ခွဲခန်းပို့ချင်လို့ ကျွန်တော်တို့ မစားအောင် လျှောက်ပြောတာ”
သားရဲဘုရင်တစ်ကောင် မည်မျှစွမ်းအားကြီးနေပါစေ သူ သေသွားသည်နှင့် ထိုစွမ်းအားများ မရှိတော့ကြောင်း သူ ရှင်းပြလိုက်သည်။ သူ သေသွားသည်နှင့် ခန္ဓာကိုယ်မှာ ထူးဆန်းသည့်စွမ်းအင်များ ထုတ်နိုင်မည်မဟုတ်တော့။ သူ့ကို ကင်မစားလျှင် အသားမှာ ပုပ်သိုးသွားမည်ပင်။
“အသားအာဟာရတွေ အားလုံး ဆုံးရှုံးသွားတာတော့ မဟုတ်ဘူးပေါ့ .. သူ့မှာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်တွေတော့ ရှိသေးတယ် .. ပြီးတော့ အသားကို ချက်မစားခင် လိုအပ်တဲ့အဆင့်တွေအားလုံး လုပ်ပြီးသွားပြီ .. အဲဒီတော့ အားလုံးက သန့်စင်ပြီးသားပဲ..” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
“ဖုန်းက အပိုပြောနေတာမဟုတ်ဘူး .. င့ါသွေးကြောထဲမှာ နွေးထွေးတဲ့ စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းနေတာကို ခံစားလို့ရတယ် .. င့ါခန္ဓာကိုယ်ထဲမှာ မကုန်ဆုံးနိုင်တဲ့ စွမ်းအင်တွေ ရှိနေသလိုပဲ .. တစ်ခါမှ ဒီလောက် အားအင်တွေ ပြည့်ဝနေတာကို မခံစားဖူးဘူး”
“ဟုတ်တယ် ကျွန်မလည်း ခံစားလို့ရတယ် .. လုထုန်ကို နည်းနည်းလောက် ပေးလိုက်ရအောင် .. အဲဒီလူကြီးက ငါတို့ကို ကောင်းကောင်းဆက်ဆံပေးတယ် .. သားမရှိတုန်းက သူက နေ့တိုင်းလိုလိုကို လာလည်ပေးတာ .. ယုယန်ချင်းလည်း တစ်ခါတစ်လေ သူနဲ့ လိုက်လာသေးတယ်” ဝမ်ကျင်း ပြောလိုက်သည်။
“စိတ်မပူပါနဲ့အမေ .. သူတို့အတွက် သပ်သပ်ပြင်ထားတဲ့ အသားတွေ ရှိသေးတယ်” ချူဖုန်း ပြောလိုက်သည်။
ညစာစားပြီးနောက် မိသားစုတစ်ခုလုံး ဧည့်ခန်းထဲ၌ တီဗီထိုင်ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင်တော့ သူတို့ အမှန်အကန်ကိစ္စများကို ဆွေးနွေးလာကြတော့သည်။
“ဒီတစ်ခေါက်တော့ သား ကောင်မလေးတစ်ယောက် ရှာရမယ် .. မဟုတ်ရင် ဘလိုင်းဒိတ် ထပ်သွားခိုင်းမှာ .. သား လက်ထပ်မှရမယ်..” ဝမ်ကျင်း ပြောလိုက်သည်။
“ကျွန်တော်က အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ အမေ .. အသက် ၂၀ ကျော်လေးနဲ့ လက်ထပ်လိုက်ရင် ကျွန်တော် လူရယ်စရာဖြစ်သွားလိမ့်မယ်..” ချူဖုန်း အရှက်မရှိ ငယ်သည့်ပုံ လုပ်လိုက်သည်။
“ငယ်သေးတယ်ဟုတ်လား .. ၂၀ ကျော်ပဲ ရှိသေးတယ်ဟုတ်လား .. ဒါပေမဲ့ မင်းသိလား .. ငါတို့ထက်ငယ်တဲ့သူတွေတောင် မြေးချီနေရပြီ .. နင်က ဘာဖြစ်နေတာလဲ..” ချူဖုန်း ပြန်မငြင်းနိုင်လိုက်အောင် ဝမ်ကျင်း ပြောလိုက်သည်။
“အဲဒါက အမေနဲ့ အဖေတို့ အသက်ကြီးမှ လက်ထပ်ပြီး ကျွန်တော့်ကို အသက်ကြီးမှ မွေးထားလို့လေ .. အဲဒီတော့ ကျွန်တော်က အမေတို့ရဲ့ တစ်ခြားသူငယ်ချင်းတွေရဲ့ သားသမီးတွေထက် အများကြီးငယ်တယ်လေ .. ကျွန်တော့်ကို ဒီကိစ္စလာမပြောနဲ့တော့ ..” ချူဖုန်း ပြောလိုက်သည်။
“အဲဒါက အဖေနဲ့ အမေက ကြောက်နေမိလို့ပါ .. တကယ်လို့ သား ဒီမြို့အပြင်ဘက်ကို မထွက်တော့ဘူးလို့ ကတိပေးရင်တော့ သားကြိုက်သလို လုပ်လို့ရတယ် .. ဒါပေမဲ့ အခုက သား ဘယ်အချိန် အဖေတို့ကို ရုတ်တရက် ထားသွားမလဲဆိုတာ မသိနိုင်ဘူးလေ .. အဖေတို့ သားကို ဘယ်အချိန်မှ ပြန်တွေ့နိုင်မလဲဆိုတာ မသိဘူး .. သားက နဂါးသတ်သမား၊ ကျားသတ်သမား .. အဲဒီအတွက် အဖေတို့ ဂုဏ်ယူတယ် .. ဒါပေမဲ့ ဒီလိုတိုက်ရင်းနဲ့ တစ်နေ့ သား အသက်ဆုံးရှုံးသွားရင်ရော .. အဖေတို့ ဘာလုပ်ရမလဲ .. အဖေနဲ့ မင်းအမေရဲ့ အခြေအနေကိုလည်း မင်း နားလည်ပေးရမယ်လေ .. အဖေတို့အတွက်လည်း ဒီအခြေအနေက ခက်ခဲတယ်” ချူကျင်းယွမ် ပြောလိုက်သည်။
ယခုတစ်ခေါက်တော့ သူ သူ့ဇနီးဘက်၌ ရှိနေသည်ပင်။
ဝမ်ကျင်းသည် သူမသားကို စိုက်ကြည့်လိုက်ကာ “သားက လုပ်နိုင်စွမ်းရှိတဲ့သူဆိုတာ အမေသိပါတယ် .. ဒါပေမဲ့ အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာရှိတယ် .. သား နဂါးတွေကို ကိုယ်တိုင်သတ်တာကို အမေဘာမှမပြောဘူး .. ဒါပေမဲ့ သတင်းထောက်ကိုခေါ်ပြီး အိုလံပစ်တောင်က တိုက်ပွဲကို ထုတ်လွှင့်ခိုင်းတာတော့ နည်းနည်းမျာားပြီ .. သား စိတ်လွတ်နေတာလား .. အဲဒီလိုလုပ်တာက ကိုယ့်ဒုက္ခကိုကိုယ်ရှာတာပဲ .. သား အောင်မြင်မှုကို ကြိုက်မှန်း အမေသိတယ် .. ဒါပေမဲ့ အောင်မြင်မှုဆိုတာက အသွားနှစ်ဖက်နဲ့ဓားလိုပဲ သားရဲ့ .. အဲဒီသတင်းထောက်နာမည်က ဘာပါလိမ့် .. ခိတ် .. ဟုတ်တယ် ခိတ်.. အခု ဘာဆက်လုပ်မှာလဲ ဟမ် .. အရှေ့ပင်လယ်က ရေနဂါးနဲ့တိုက်မှာလား .. ဒါမှမဟုတ် ကောင်းကင်အရှေ့တောင်ဂိတ်က နတ်သမီးတစ်ပါးကို သွားဖမ်းမှာလား..” ဝမ်ကျင်း ပြောလိုက်သည်။
ချူဖုန်း အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် နွားနက်ကြီးသည် ပင်လယ်ထဲမှ ဒဏ္ဍာရီလာ ပိုးစာပင်ကို တွေ့ထားပြီး နောက်ရက်အနည်းငယ်ကြာလျှင် ပင်လယ်ပြင်သို့ ခရီးထွက်ရန် စီစဉ်ထားကြသည်ပင်။
သူ့မိဘနှစ်ဦးလုံး သူ သားတစ်ယောက် တာဝန်မကျေကြောင်း ပြောလာသည့်အချိန်တွင် ချူဖုန်း ပြောစရာစကားမဲ့သွားရသည်။
နောက်ဆုံးတွင် သူ မတ်တပ်ထရပ်လိုက်ကာ “ကောင်းပြီလေ အမေ .. ကျွန်တော် ဖုန်းအရင်ခေါ်လိုက်ဦးမယ် .. ကျွန်တော့်စိတ်ထဲမှာ လူတစ်ယောက်ရှိပြီးသား .. ဒါပေမဲ့ သူ ကျွန်တော်နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ရဲ့လားဆိုတာ ကျွန်တော် မေးရဦးမယ် .. သူက သဘောမတူဘူးဆိုရင်တော့ ကျွန်တော် အမေ့ရဲ့ ဘလိုင်းဒိတ်ကို သွားလိုက်ပါ့မယ်”
“အဲဒါဆိုလည်း မြန်မြန်ဆက်..” သူတို့နှစ်ဦး ချူဖုန်းကို မြန်မြန်လုပ်ရန် ပြောလိုက်သည်။
အိမ်ပြန်ရောက်လာသည်နှင့် သူ၏လွတ်လပ်မှုများ ပျောက်ဆုံးသွားသော်လည်း သူကတော့ အိမ်မှာ သူ့အတွက် အကောင်းဆုံးနေရာဟု ခံစားနေရဆဲပင်။ “မိသားစုအားလုံး ဒီလိုပဲနေမှာ” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သို့သော် ခွန်းလွန်တောင်၌ နေလာခဲ့သည့်သူ့အတွက် ဤကဲ့သို့ စိတ်ကျဉ်းကျပ်စရာကောင်းသည့်ကိစ္စများနှင့် လိုက်လျောညီထွေဖြစ်ရန် ခက်ခဲနေဆဲပင်။
“တစ်နေ့ကျရင် ငါ ဒီလောကကနေ ထွက်သွားနိုင်ပါ့မလား .. ထွက်သွားနိုင်ရင်တောင် ဘယ်တော့မှ ထွက်သွားနိုင်မှာလဲ .. ပြီးတော့ ဘယ်လိုထွက်မှာလဲ..” ချူဖုန်း သူ့အခန်းထဲ ရောက်သည်နှင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ဤမေးခွန်းသည့် သူ့အား အမြဲတမ်း စိတ်အနှောက်အယှက်ပေးနေခဲ့သည်။ ယခုအချိန်တွင် ဤမေးခွန်း၏အဖြေကို ရှာရန် အချိန်သိပ်မရှိတော့။
သူ နွားဝါလေးထံမှ ကိစ္စများစွာ သိခဲ့ရသည်။ သူ အိမ်ဟုခေါ်သည့်လောကကြီးမှာ သူ့အတွက် ထူးခြားသည့် လောကတစ်ခုပင်။ သို့သော် သူ့အား သူတော်စင်တစ်ဦး ဖြစ်စေနိုင်သည့် အခွင့်အရေးပေါ်လာသည်နှင့် သူ ဤ လောကကြီးမှ ထွက်သွားမည်ပင်။
တစ်ဖက်လောကမှာ အလွန်တောက်ပသည့်လောကကြီးဖြစ်ကြောင်း နွားဝါလေး သူ့ကို ပြောဖူးသည်။ ထိုလောကမှာ ကြွယ်ဝချမ်းသာသည့် မင်းဆက်များ အုပ်စိုးသည့် လောကကြီးဖြစ်ပြီး ထူးခြားဆန်းကြယ်မှုများမှာ ကောင်းကင်ထက်မှ ကြယ်များကဲ့သို့ များပြားလှသည့် နေရာပင်။ ထိုနေရာတွင် ကမ္ဘာတစ်ခုတည်းရှိသည်မဟုတ်။ ကမ္ဘာပေါင်းများစွာနှင့် ကောင်းကင်ပေါင်းများစွာ ရှိနေသည့်အပြင် ကမ္ဘာတစ်ခုချင်းစီမှာ ခမ်းနားလှသည်။ ထိုနေရာတွင် ကောင်းကင်သားတော်များ မည်ကဲ့သို့ ယှဉ်ပြိုင်ကြပြီး နတ်ဘုရားမများ မည်မျှလှပလှသည်ကို သူ တွေ့နိုင်မည်ပင်။
တစ်နေ့ နွားဝါလေး အခြားလောကမှ တောက်ပမှုများအတွက် သူ့ကို ထားခဲ့လျှင် သူလည်း နွားဝါလေးနောက် လိုက်လာပြီး သူ့အား လာရှာမည်ဟု ဂတိပေးခဲ့သည်။ ဤသည်မှာ သူတို့ မူးနေတုန်း ပြောခဲ့သည့်စကားဖြစ်သော်လည်း ဤစကားမှာ သူ့စိတ်ထဲ နက်ရှိုင်းစွာ စွဲထင်နေသည်ပင်။
သူ့မိဘများနှင့် အတူကုန်ဆုံးနိုင်သည့် အချိန်မှာ အကန့်အသတ် ရှိနေသောကြောင့် သူ တတ်နိုင်သမျှ သူတို့ပျော်အောင် လုပ်ပေးချင်သည်။ သူ ထွက်မသွားခင် သူ၏သားတစ်ယောက်တာဝန်ကျေအောင် လုပ်ပေးရမည်ပင်။ ဤထွက်ခွာမှုမှာ ထာဝရဖြစ်သွားနိုင်သည်ပင်။
ချူဖုန်း သူ့ အဆက်အသွယ်စာရင်းကို လှန်လှောကြည့်ပြီးနောက် နာမည်တစ်ခုတွင် ရပ်တန့်သွား၏။ ဤသည်မှာ လင်းနွိုင်ပင်။ “ငါ ဘယ်လောက်ပဲ အရေထူထူ သူ့ကို ဖုန်းခေါ်ပြီး ဒီကိစ္စမေးရမှာ နည်းနည်းရှက်စရာကောင်းနေသလိုပဲ .. သူ င့ါကို ထပ်ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ..”
သို့သော် နောက်ဆုံးတွင်တော့ သူ ဖုန်းခေါ်လိုက်သည်။ မည်သိုပင်ဖြစ်စေ သူတို့နှစ်ဦးသည် အတိတ်တွင် ပတ်သက်ဖူးခဲ့ကြသည်ပင်။
ခဏနေပြီးနောက် သူမ ဖုန်းကိုင်လာသည်။
သူ အိမ်ပြန်ရောက်နေပြီး ယခုမှ ညစာစားပြီးနောက် ပြောပြလိုက်သည်။ “အိမ်က လူကြီးတွေက င့ါကို သားတာဝန်မကျေဘူးဆိုတော့ ဖိနှိပ်နေကြတာ .. သူတို့တွေက ငါ့ကို အော်ဟစ်ပြီးတော့ ‘သွား .. လက်ထပ်ပြီးတော့ ငါတို့ကို မြေးလေးတွေ မွေးပေး’ လို့ ပြောနေကြတာ .. ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ငါ့မှာ ကောင်မလေးမှ မရှိသေးတာ ..” ချူဖုန်း သူ့ခါးသီးမှုကို ညည်းတွားလိုက်သည်။ “ငါ မင်း အကူအညီလိုအပ်တယ်”
တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် လင်းနွိုင်၏ ရယ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူမ ချူဖုန်းကို စနောက်လာသည်။ “နတ်ဆိုးဘုရင်ချူက လက်ထပ်ဖို့ ဖိအားပေးခံနေရတာလား .. ဒါက ခေါင်းစည်းသတင်းကြီး ဖြစ်သင့်တာမလား..”
ချူဖုန်း သက်ပြင်းချလိုက်၏။ သူ မျှော်လင့်ချက် မရှိတော့သော်လည်း ထပ်မေးလိုက်သည်။ “မင်း မနက်ဖြန် ငါ့အိမ်လာပြီးတော့ ဒီကပ်ဆိုးကြီးကို ကူညီဖြေရှင်းပေးနိုင်မလား .. ငါ ဒါကို မကိုင်တွယ်နိုင်တော့ဘူး”
လင်းနွိုင် ခေါင်းခါလိုက်ကာ သူမ ရွှမ်းထျန်ကို လာ၍မရကြောင်း ပြောလာသည်။
“ကောင်းပြီလေ .. ကံပဲပေ့ါ .. ငါက ဒုတိယဘလိုင်းဒိတ်သွားဖို့ ကံပါလာတာပဲပေါ့ .. မင်း မရှိလို့ ဖြစ်လာတဲ့ ဘလိုင်းဒိတ်လေးပေါ့” ချူဖုန်း ပြောလိုက်သည်။
“ရှင်ချစ်တဲ့မိန်းကလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် .. ပျော်ရွှင်တဲ့ လက်ထပ်ပွဲလေး ဖြစ်ပါစေ” လင်းနွိုင်ပြောလိုက်သည်။ သူမ အသံမှာ လေးနက်ကာ တည်ငြိမ်နေသည်။
“ကျေးဇူးပါ” ချူဖုန်း ဖုန်းချလိုက်သည်။
ထို့နောက် သူ ဧည့်ခန်းထဲသို့ ပြေးသွားကာ သူရဲကောင်းလေသံဖြင့် အော်ဟစ်လိုက်သည်။ “အမေ .. မနက်ဖြန် ကျွန်တော့်အတွက် ဘလိုင်းဒိတ်စီစဉ်ပေးလိုက်တော့..”
“အသဲလေးရယ် .. နောက်ဆုံးတော့ မင်း မှန်မှန်ကန်ကန် တွေးနိုင်သွားပြီပေါ့ .. ဖိအားတွေမဖြစ်ပါနဲ့ .. ဘလိုင်းဒိတ်က မင်း ကောင်မလေးရဲ့ ရင်းနီးအောင်လို့ပါပဲ .. ဒီမိန်းကလေးက သား အတွက် မသင့်တော်ဘူးထင်ရင် အမေတို့ နောက်တစ်ယောက် ပြောင်းလို့ရတယ် .. ဘာမှစိတ်ဖိစီးမနေနဲ့နော် ချစ်ဆုံးလေး..” ဝမ်ကျင်း ချစ်ခင်ကြင်နာစွာ ပြောလာလေသည်။
“စိတ်မပူပါနဲ့ အမေ .. ကျွန်တော် မြင်မြင်ချင်းအချစ်ကို ယုံကြည်တယ် .. မနက်ဖြန်ကျရင် ပြိုင်ဘက်ကင်းတဲ့ အလှလေးနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ .. သူ ကျွန်တော့်အတွက် သင့်တော်ရဲ့လားဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး .. သူက ဖျားယောင်းတတ်တဲ့ ပေ့ါပျက်ပျက်မိန်းကလေးဆိုရင်တောင် ကိစ္စမရှိဘူး .. သူ လှတာက သူက ကျွန်တော့် ဇနီးပဲ..” ချူဖုန်း ပြောလိုက်သည်။
“တော်လိုက်တော့ .. ကောင်ဆိုးလေး” ဝမ်ကျင်း သူ့ကို စိုက်ကြည့်လိုက်သည်။ “အပြင်ပန်းအလှက မျက်စိအမြင်ကိုပဲ ဖမ်းစားနိုင်တာ .. အတွင်းစိတ်အလှကမှ စိတ်နှလုံးသားကို ဖမ်းစားနိုင်မှာ .. လှပေမယ့် ကလူသလို မြူသလို လုပ်တတ်တဲ့သူမျိုးကို လက်ထပ်ရမှာမဟုတ်ဘူး .. ကြင်နာတတ်တဲ့သူမျိုးကိုပဲ လက်ထပ်ရမှာ”
“ဟုတ်တာပေါ့ အမေ .. ကျွန်တော် ဆွဲဆောင်မှုရှိပြီး ကြင်နာတတ်တဲ့သူမျိုးနဲ့ ဒိတ်ဖို့ ကြိုးစားလိုက်ပါ့မယ် .. အဲဒါဆိုရင် ကြင်နာပြီး ဆွဲဆောင်မှုရှိတဲ့သူ ဖြစ်သွားတာပေ့ါ..”
အပိုင်း ၂၀၃ ပြီး၏။