အပိုင်း ၁၆၈•၂
” ကတိက၀တ်ပြုကြခြင်း ”
°°°
ကျွီးကျင့်ရဲ့အသံက အနည်းငယ်ထူးဆန်းလို့လာခဲ့ပါတယ်။
” အကယ်၍ ငါတို့စစ်မြေပြင်မှာ တကယ်ပဲတွေ့ဆုံခဲ့ကြမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ”
ဟို့ယွိဟောင် တခဏတာတိတ်ဆိတ်သွားပြီတဲ့နောက် ပြန်ဖြေလာခဲ့တယ်။
” အစ်မကြီးကိုမသတ်ခင် ကျွန်တော်သုံးခေါက်တိတိချမ်းသာပေးမယ်…အလွှတ်လဲပေးမယ် ”
ကျွီးကျင့်ကပြုံးနေခဲ့ပါတယ်။ သူမရဲ့အပြုံးက အရမ်းကိုတောက်ပနေခဲ့တာပါ။
” နင်အဲ့ဒီလောက်ကြီးအထိ ယုံကြည်ချက်ရှိနေတယ်လား ငါက နင်အသက်ကိုချမ်းသာပေးရမဲ့သူမဟုတ်ဘူးဆိုတာ နင်ဘယ်လိုလုပ်သိနိုင်မှာလဲ ”
” ဒါဆိုရင် အစ်မကြီးကျွန်တော်အသက်ကိုချမ်းသာပေးဖို့ တောင်းပန်စေချင်တာလား ”
ဟိုယွိဟောင်က ပြုံးပြရင်ပြောလာခဲ့ပါတယ်။
” အကယ်၍ နင်ငါ့ကို အသက်ချမ်းသာပေးဖို့တောင်းဆိုခဲ့မယ်ဆိုရင် ငါနင်ကိုအဲ့ဒီနေရာမှာပဲ ချက်ချင်းသတ်လိုက်မယ်…နင်ငါ့ရှေ့မှာဒူးထောက်နေတာကို မမြင်ချင်ဘူး..ဒါကငါသိထားတဲ့ဟို့ယွိဟောင်နဲ့ မတူဘူးလေ ”
” အဲ့ဒီလိုနေ့မျိုးကသေချာပေါက်ရောက်လာမှာမဟုတ်ဘူး ”
” ငါသိပါတယ်..အကယ်၍ စစ်မြေပြင်မှာငါတို့တွေ့ဆုံခဲ့ကြပြီ နင်သာငါလက်ထဲကိုရောက်လာခဲ့မယ်ဆိုရင် ငါနင့်ကိုမသတ်ခင် လေးကြိမ်တိတိအသက်ချမ်းသာပေးမယ်…နင်ငါကိုပေးတဲ့အခွင့်အရေးထက် တစ်ခေါက်ပိုပြီးအခွင့်အရေးပေးမယ်လေ ငါအရမ်းရက်ရောတယ်မဟုတ်လား ”
” အစ်မကြီးက ဒါကိုရောယှဥ်ပြိုင်ချင်သေးလို့လား ကျွန်တော်တို့ဘာတွေဆက်ဖြစ်မလဲဆိုတာတောင် မသိရသေးဘူးလေ ကျောင်းတော်ကိုပြန်ကြတာပေါ့ ကျွန်တော်ဒီကိုလာတာ ၀ိညာဥ်လက်နက်တွေကို ဘယ်လိုလုပ်ရမလဲဆိုတာသင်ယူဖို့လာတာ ဒါကအရမ်းအချိန်ကုန်လွန်တယ် ”
သူပြောပြီတဲ့နောက် တဲဆီကိုသွားရင်နဲ့ ပစ္စည်းတွေကို ကောက်သိမ်းနေပါတော့တယ်။
ကျွီးကျင့်ကတော့ ရီဝေနေတဲ့မျက်လုံးတွေနဲ့ နောက်ကျောကိုသာကြည့်ရင်း သူ့ဘာသာသူပြောလာခဲ့တယ်။
” အဲ့ဒါကတကယ်ဖြစ်မလာဘူးလို့ထင်နေတာလား စစ်မြေပြင် စစ်မြေပြင် တားလို့မှမရနိုင်တာ ”
အဲ့ဒီနောက် သူရုတ်တရက်အော်လိုက်ပါတယ်။
” ယွိဟောင် ငါတို့အတွက် ဟင်းချက်ပေးပါဦး ”
” ကောင်းပြီ အစ်မကြီးရေ ”
ဟို့ယွိဟောင်လဲ တည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီတဲ့နောက် ပြုံးပြရင်းနဲ့ ပြန်ဖြေပါတော့တယ်။
°°°
သူရှေ့မှာရှိနေတဲ့ကျောင်းသားသုံးယောက်ကိုကြည့်ရင်း ရွှမ်ကျင့်၀မ် ဘာပြောလို့ပြောရမှန်းတောင်မသိတော့ပါဘူး။
” အပိုင်းအစလေးတစ်ခုတောင်မှ မကျန်ခဲ့ဘူးလား ”
ကျွီးကျင့်က ခေါင်းငုံ့ထားခဲ့ပါတယ်။
” မကျန်ခဲ့ဘူးဆရာ ”
သူတို့တွေ လွန်ခဲ့တဲ့တစ်နာရီတုန်းက ပြန်ရောက်လာခဲ့တာပါ။ ဒါပေမယ့် စက်ကိရိယာကြီးကတော့ လုံး၀ဖျက်ဆီးခံလိုက်ရပါပြီ။ ဒါကြောင့် သူ့တို့ကိုယ်သူတို့တောင် သပ်ရပ်အောင်မပြင်ဆင်နိုင်ပဲ ရွှမ်ကျင့်၀မ်ကို အပြေးလာရှာခဲ့ကြတယ်။
ရွှမ်ကျင့်၀မ်ကတော့ တခဏတာကြာအောင် တိတ်ဆိတ်လို့နေခဲ့ပါပြီ။ သူပိုပြီးတော့ စိတ်ဖိစီးလာရင်းနဲ့ ပြောလာခဲ့ပါတယ်။
” အဲ့ဒီစက်ကိရိယာက ငါတို့အတွက် ဘယ်လောက်အထိ တန်ဖိုးကြီးလဲဆိုတာ မင်းတို့သိတယ်မလား ကျောင်းတော်ကအများကြီးအချိန်တွေရော ငွေတွေရော အကုန်ခံထားရတာ ဒီဗျူဟာရဲ့သုံးပုံတစ်ပုံကို ငါဖန်တီးထားတာကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းတို့သုံးယောက်စမ်းသပ်ဖို့အခွင့်အရေးတောင်ရမယ်ထင်လို့လား အထူးသဖြင့် သူ့ရဲ့အဓိကဗျူဟာတွေက တောင်ကြောထဲမှာ ကျန်ရစ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ မင်းတို့သေချာရဲ့လား ”
” ဆရာဘာမှမကျန်တော့တာ သေချာပါတယ်…အားလုံးက အစိတ်စိတ်အမွှာမွှာဖြစ်ပြီ ပြာကျသွားတာအဲ့ဒီနေရာမှာ ချိုက်ပေါက်ကြီးတောင် ဖြစ်နေခဲ့သေးတယ် ”
ကျွီးကျင်က အတည်ပြုခဲ့ပါတယ်။
ရွှမ်ကျင့်၀မ်က သူ့နဖူးသူလက်နဲ့ဖိထားရင် ဟို့ယွိဟောင်ဘက်ကိုလှည့်ကြည့်နေခဲ့တယ်။
“ယွိဟောင် ငါကိုပြော မင်းရောက်ပြီကထဲက ဘာဖြစ်လို့ငါအဲ့လောက်ပြဿနာတွေနေ့တိုင်းတက်နေရတာလဲ ”
” ကျွန်တော်လဲမသိပါဘူးဆရာရယ် ”
ဟို့ယွိဟောင်ကတော့ ခေါင်းငုံ့နေရင်းနဲ့သာပြန်ဖြေလိုက်ပါတယ်။
အဲ့အချိန်မှာခက်ခက်က ခေါင်းမော့ရင်ကော့ရင်းနဲ့ ဖြေလာခဲ့တယ်။
” ဆရာရွှမ် သူတို့ကိုဒီကိစ္စနဲ့ ပတ်သက်ပြီအပြစ်တင်လို့မရဘူး…ကျွန်မက ဒီပြဿနာတွေအားလုံးကို ဖြစ်စေခဲ့တာ ဒါကြောင့် ကိုယ့်အမှားကိုလက်ခံပါ့မယ်…အကယ်၍ ကျွန်မသာလက်နက်တွေအားလုံးကို ချိတ်ဆက်ပြီ ဗျူဟာကြီးတစ်ခုမဖန်တီးခဲ့ဘူးဆိုရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူး…ဒါပေမယ့် အကယ်၍ ယွိဟောင်ကြောင့်သာ မဟုတ်ရင် အစ်မကြီးကျွီးကျင့်ရော ကျွန်မရောတစ်ခါထဲအဲ့ဒီမှာတင် သေနေလောက်ပြီ အကယ်၍ တစ်ယောက်ယောက်ကိုသာ အပြစ်ပေးချင်တယ်ဆိုရင် ကျွန်မကိုအပြစ်ပေးလိုက်ပါ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကအခုလောလောဆယ်ဆယ်မွဲပြာကျသွားပြီ ဒီတော့အပြစ်မယ်ဆိုရင်လဲ တခြားလုပ်နိုင်စရာဘာမှမရှိတော့ဘူး ”
ခက်ခက်ရဲ့ ဆုံးဖြတ်ချက်ခိုင်မာတဲ့မျက်နှာကိုမြင်ချိန်မှာ ရွှမ်ကျင့်၀မ်က စိတ်မထိန်းနိုင်ပဲ ရယ်မောမိပါတော့တယ်။
” တော်လောက်ပြီ တော်လောက်ပြီ သုံးယောက်ပေါင်းပြီ ငါ့ကိုပြဿနာရှာမနေကြနဲ့တော့ အ၀တ်အစားကောင်းကောင်းမွန်မွန်လဲပြီ ကိုယ်ဘာသာကိုယ်သန့်ရှင်းရေးလုပ်လိုက်ကြဦး မင်းတို့ခန္ဓာကိုယ်တွေက နံစော်နေတာပဲ သွားကြတော့ သွားကြတော့ ”
ခက်ခက်လဲ ရယ်မောရင်းချက်ချင်းဆိုသလို ရွှမ်ကျင့်၀မ်ဆီကို ခုန်၀င်လာပါတော့တယ်။ ရွှမ်ကျင့်၀မ်ရဲ့လည်ပင်းကို ဖက်ပြီတဲ့နောက် ပါးကိုနမ်းလိုက်တယ်။
” ဆရာရွှမ်က အကောင်းဆုံးပဲ ”
သူပြောပြီတဲ့နောက် ကျွီးကျင့်ကိုဆွဲရင်းနဲ့ ထွက်ပြေးလို့သွားပါတော့တယ်။
ရွှမ်ကျင့်၀မ်မျက်နှာတစ်ခုလုံးနီရဲနေတာကို သတိထားမိချိန်မှာတော့ ဟို့ယွိဟောင်က မျက်လုံးပြူးသွားခဲ့တယ်။ ဒီဆရာက အတော်လေးကို ရှက်သွေးဖြာနေခဲ့တာပါ။
” ဆရာရွှမ် အဆင်ပြေရဲ့လား ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။ ရွှမ်ကျင့်၀မ်က ခြေထောက်မြောက်ရင်း ဟို့ယွိဟောင်ကိုကန်ထုတ်လိုက်ပြီတဲ့နောက် ရှက်ရွံ့မှုအပြည့်နဲ့ ပြောလာခဲ့တယ်။
” ထွက်သွားတော့ ထွက်သွားတော့ ”
ကျွီးကျင့်နဲ့ ခက်ခက်က အပြင်မှာစောင့်နေခဲ့ပါတယ်။ ကျွီးကျင့်ကတော့ အခုအချိန်မှာ ပြောလာခဲ့တယ်။
” ဆရာရွှမ်က တကယ်သဘောကောင်းလွန်တယ် ”
” အစ်မကြီးဘာကိုပြောချင်တာလဲမသိဘူး ”
ဟို့ယွိဟောင်က ပဟေဠိဖြစ်နေခဲ့ပါတယ်။
” သူ့ပုံစံကိုကြည့်ရုံနဲ့တင် ဒီကိစ္စကို ငါတို့အတွက် ခေါင်းခံပေးတော့မယ်ဆိုတာ သိသာနေခဲ့ပြီ ဒါ့အပြင် စက်ကိရိယာကြီးက အပြည့်အ၀ဖျက်ဆီးခံလိုက်ရတာလေ ဒီလိုမျိုးအတော်လေး ပြဿနာတက်မဲ့ကိစ္စကိုတောင် တာ၀န်ခံပေးတဲ့ ဆရာကကောင်းလွန်နေတာမဟုတ်ဘူးလား ”
ကျွီးကျင့်က အသံကိုတိုးလာရင်ပြောလာခဲ့ပါတယ်။ ခက်ခက်ကတော့ ရယ်မောနေခဲ့တယ်။
” အဲ့ဒါကြောင့် မဟုတ်ဘူးဆိုရင် ငါသူ့ကိုဘာဖြစ်လို့နမ်းရမှာလဲ ဆရာရွှမ်ရဲမျက်နှာက အဲ့ဒီလိုနီရဲသွားတဲ့အချိန်မှာ တကယ်ချစ်စရာကောင်းတယ်..သူက နည်းနည်းအသက်ကြီးပေမဲ့ ငါအထင် သူကအခုထိလူပျိုကြီးဖြစ်နေတုန်းပဲလို့ ထင်တာပဲ သူ့အကြောင်း ဘာကောလဟာလမှမကြာဖူးဘူး ”
ဟို့ယွိဟောင်ကတော့ ဘာပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူး။ သူ့ဘာသာသူတွေးမိနေပါတယ်။
” ဒါကဆရာရွှမ်ကို ဆုချတာနဲ့မတူဘူး သူက ဆရာရွှမ်ကို ဒီအတိုင်းဆွဲဆောင်ပြီ မြူဆွယ်နေတာပဲမဟုတ်လား ”
” အစ်မကြီးတို့နားသင့်ပြီ ကျွန်တော်ရေသွားချိုးတော့မယ်…ကျွန်တော်တစ်ကိုယ်လုံးအတော်လေးကို စေးကပ်နေတာပဲ မနက်ဖြန်မနက်မှတွေ့ကြရအောင် ”
ပြောပြီတဲ့နောက် ဟို့ယွိဟောင် သူ့အခန်းဆီကို ပြန်လာပါတော့တယ်။ ရေမိုးချိုးအ၀တ်စားတွေလဲပြီတဲ့နောက် သူလဲ အတော်လေးလန်းဆန်းလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် အိပ်ရာပေါ်မှာထိုင်ရင်းနဲ့ စတင်ပြီ ကျင့်ကြံဖို့လုပ်ပါတော့တယ်။ ရက်တွေအများကြီးကြာအောင် အပြင်ထွက်နေပြီတဲ့နောက် သူ့ရဲ့ဒုတိယအစ်ကိုကြီးဆီကို သွားသင့်တဲ့အကြောင်းတွေးလိုက်မိပါတယ်။ ဟယ့်ချိုက်ထို့ ဒီအချိန်တိုလေးအတွင်းမှာ ဘာလုပ်နေမလဲဆိုတာ သူသိချင်နေခဲ့တယ်။
ဒါပေမယ့် နေ့လည်တော်တော်နောက်ကျနေပြီဖြစ်တာတောင် ဟယ့်ချိုက်ထို့ ပြန်မလာသေးတာကို ဟို့ယွိဟောင် တွေ့လိုက်ရပါတယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်တွေ ကျောင်းသားတွေကို သူအပြေးသွားပြီမေးတော့တယ်။ ဟယ့်ချိုက်ထို့က အဲ့ဒီအချိန်မှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို ၀င်ခွင့်ရသွားပြီ သင်ကြားနေရပြီဖြစ်မှန်း သတင်းကြားလိုက်ရပါတယ်။
ဟို့ယွိဟောင်လဲ အံ့ဩသွားခဲ့သလို ပျော်လဲပျော်ရွှင်နေခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သူ့ရဲ့၀ိညာဥ်လက်နက်တွေကျွမ်းကျင်မှုက အတော်ကိုတိုးမြင့်လာခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယအစ်ကိုကြီးကိုတော့ မမီသေးပါဘူး။
ဟယ့်ချိုက်ထို့လိုမျိုး ၀ိညာဥ်လက်နက်တွေကို ဖန်တီးဖို့နဲ့ သုတေသနပြုဖို့ကို အများကြီးအာရုံမစိုက်ခဲ့လို့လဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဟယ့်ချိုက်ထို့က အစကထဲကနေ သူ့ရဲ့ဦးတည်ချက်ကို ကောင်းကောင်းရှိပြီသားပါ။ ဒါကြောင့်သာရွေ့လျား၀ိညာဥ်လက်နက်တွေကို အဓိကရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်လဲ ဟယ့်ချိုက်ထို့နဲ့အတူ ဒီရှာဖွေမှုတွေကို အတူတူမျှဝေခဲ့ကြတယ်။ ဟယ့်ချိုက်ထို့က ရွေ့လျား၀ိညာဥ်လက်နက်တွေအပေါ်မှာ အရမ်းကိုစိတ်အားထက်သန်လွန်တာကြောင့် သူ့ရဲ့အသိပညာနဲ့ သုတေသနတွေက ဖန်းယွီနဲ့တူညီလို့နီးပါးဖြစ်နေခဲ့ပါပြီ။
ဆရာဖန်းယွီကလဲ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို ၀င်ခွင့်ရခဲ့တဲ့အတွက် ဟယ့်ချိုက်ထို့နဲ့အတူတူ သွားပြီသင်ကြားနေခဲ့ပါတယ်။
သူ့ရဲ့ဖိအားက ရုတ်တရက်ဆိုသလို ကြီးမားလာမှန်း ဟို့ယွိဟောင် တအံ့တဩရှာဖွေတွေ့ရှိခဲ့ရတယ်။ အခုအချိန်မှာ ဒုတိယအစ်ကိုကြီးက ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲ ၀င်သွားပြီဖြစ်ပေမဲ့ သူကတော့ သူ့လမ်းသူအခုမှရှာတွေ့တုန်းရှိသေးတာပါ။ ဒါပေမယ့် ကျန်ယန်တောင်ကြောမှာကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေကြောင့် လွန်ခဲ့တဲ့နှစ်နှစ်တာတစ်လျှောက်လုံး သူဖြတ်သန်းခဲ့ရတဲ့ ပြိုင်ဘက်ကင်းစစ်သည်တော်အစိီအစဥ် တိုးတက်မှုတွေကို ပြန်လည်သုံးသပ်ခွင့်ရခဲ့တယ်။ ပြဿနာတချို့ကိုလဲ နားလည်ခဲ့ရပြီ လက်ရှိအချိန်မှာဒါတွေကို ပြင်ဆင်ရတော့မှာပါ။ တစ်ချိန်ထဲမှာပဲ ၀ိညာဥ်လက်နက်တွေကို ပိုပြီးအမြင့်တင်ဖို့လုပ်ရပါလိမ့်မယ်။
တခဏတာအနားယူပြီတဲ့နောက် မောပန်းမှုတွေကပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါကြောင့် မနက်ခင်းကျင့်ကြံမှုပြီချိန်မှာ အခန်းထဲကနေထွက်လာပါတော့တယ်။ သူ့စိတ်ထဲမှာရှိနေတဲ့၀ိညာဥ်လက်နက်ကိုဖန်တီးဖို့အတွက် စမ်းသပ်ခန်းဆီကိုပြင်ဆင်ပြီ စောစောထွက်လာခဲ့တယ်။
အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တွေရဲ့ လမ်းကိုသူရွေးချယ်ပြီဆုံးဖြတ်လိုက်ချိန်မှာ အတော်လေးကို စိတ်ချမ်းသာခဲ့ရပါတယ်။ ဒီလိုမျိုးဦးတည်ရမဲ့နေရာကို ရှာတွေ့သွားပြီဆိုရင် ပိုပြီးမြန်မြန်ဆန်ဆန်တိုးတက်လာနိုင်မယ်လို့ သူသေချာနေခဲ့တယ်။
ဒါပေမယ့် သူ့အခန်းအပြင်ကိုထွက်ထွက်ချင်မှာပဲ အတားခံလိုက်ရပါပြီ။
” အဲ့ဒါသူပဲ သူ့ကိုဖမ်းတော့ ”
ဖြူဖျော့နေတဲ့ ၀မ်ရှောင်ကျဲ့က မနီးမဝေးမှာရပ်နေခဲ့ပါတယ်။ သူက ဟို့ယွိဟောင်ကို လက်ညိုးထိုးရင်ပြောနေခဲ့တာပါ။ သူ့ရဲ့ဘေးမှာတော့ အသက်သုံးဆယ်ကနေ လေးဆယ်ကြားလောက်ရှိတဲ့ လူကြီးခြောက်ယောက်ရပ်နေခဲ့ပါတယ်။ အားလုံးက တူညီတဲ့၀တ်စုံကို ၀တ်ဆင်ထားခဲ့ကြတယ်။ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ချိန်မှာတော့ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်နဲ့ ၀ိညာဥ်ဘုရင်လေးယောက်ဖြစ်နေတာကို တွေ့လိုက်ရပါပြီ။
ခေါင်းဆောင်က ဟို့ယွိဟောင်ဆီကိုလျှောက်လာရင်း တံဆိပ်ပြားတစ်ခုကိုထုတ်ပြလိုက်ပါတယ်။အေးစက်တဲ့လေသံနဲ့ သူပြောလာခဲ့တယ်။
” ငါတို့က တော်၀င်သက်တော်စောင့်တွေပဲ မင်းကဟို့ယွိဟောင်လား ”
ဟို့ယွိဟောင် သူပြဿနာတက်တော့မှာကို သိလိုက်ရပါတယ်။ ဒါပေမယ့် ဒီလူတွေကိုသူမကြောက်ပေမဲ့ အကယ်၍ သူတို့နဲ့ရင်ဆိုင်ချင်တယ်ဆိုရင် စွမ်းအားအပြည့်အ၀ကို ဖုံးကွယ်ထားလို့ရမှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ တချို့ကိုသတ်ပြီတော့မှ ထွက်ပြေးရမှာပါ။ ဒါကြောင့် ဒီအချိန်အခိုက်အတန့်လေးအတွင်းမှာပဲ ကောင်းကျိုးဆိုးကျိုးတွေကိုသူခပ်မြန်မြန်ပဲ တွက်ချက်လိုက်ပါတယ်။
” မင်းက တော်၀င်မိသားစုရဲ့လူတစ်ယောက်ကို ထိခိုက်အောင်လုပ်တဲ့အတွက် အပြစ်ဒဏ်ခံရမယ်…ဒါကြောင့် ငါတို့ရဲ့စစ်ဆေးမှုကိုပူးပေါင်းပါ ”
ခေါင်းဆောင်က ပြောပြီတဲ့နောက် ရွှေရောင်အမိန့်အလွှာတစ်ခုကိုထုတ်ပြပါတော့တယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားက အတော်ကိုသန်မာနေခဲ့ပြီ အကယ်၍ သူခုခံ၀ံ့မယ်ဆိုရင် ဒီခြောက်ယောက်စလုံးက ပေါင်းပြီတိုက်ခိုက်ကြမှာပါ။
ဒီလောက်အချိန်အကြာကြီး သူထွက်သွားတာတောင် ၀မ်ရှောင်ကျဲ့နဲ့ရင်ဆိုင်ရမယ်လို့ ဟို့ယွိဟောင်မတွေးမိခဲ့တာအမှန်ပါ။ ဒီလူကဘယ်လောက်ပဲ ကြီးမားကြံ့ခိုင်တဲ့ပုံပေါ်ပေမဲ့ တကယ်တော့ နှလုံးသားထဲမှာကတော့ အတော်လေးကို ရန်ငြိုးများတဲ့သူဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင် ပြုံးပြရင်းနဲ့ လက်နှစ်ဖက်ကိုဆန့်ထုတ်ပေးလိုက်ပါတယ်။
” ကျွန်တော်က အမျက်ဒေါသကျောင်းတော်ကနေလာတဲ့ ကျောင်းပြောင်းကျောင်းသားပါ ကျေးဇူးပြုပြီး ဆရာတွေကိုသတင်းပေးခွင့်ပြုပါဦး မဟုတ်ရင် ကိုယ်ရဲ့လုပ်ရပ်အတွက် ရောက်လာမဲ့တာ၀န်ကိုခံယူနိုင်မှာမဟုတ်မှန်း ကျွန်တော်စိုးရိမ်မိတယ် ”
အပိုင်း ၁၆၈•၂ ပြီး၏။