ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၀၂ – အရေးကြီးသည့် လျှို့ဝှက်ချက်
ချူဖုန်း သူ့ဘေးပတ်လည်အား လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် အားလုံး သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။အားလုံး၏ နှုတ်ခမ်းထောင့်မှာ အပေါ်ဘက်သို့ တွန့်ကွေးနေကြသည်။အချို့သူများသည် မကြည့်ချင်ယောင်ဆောင်ကာ အဝေးသို့ မျက်နှာလွှဲနေကြသော်လည်း အချို့သူများကတော့ မရယ်မိအောင် အတတ်နိုင်ဆုံး ထိန်းထားနေကြသည်။
အချို့သူများသည် ဘာမှမကြားချင်ယောင်ဆောင်နေကြသော်လည်း သူတို့၏ အမူအရာ ကင်းမဲ့နေသည့်
မျက်နှာအောက်တွင် ဟားတိုက်ချင်သည့်စိတ်များ ရှိနေသည်ပင်။သူတို့ရဲ့ နဂါးသတ်ဖြတ်သူကြီးက သူ့အမေဆူတာကို ခံနေရတယ်…
သူတို့ မရယ်ပဲ အောင့်ထားခြင်းမှာ သူတို့ ဤပျော်ရွှင်မှုအား မဖျက်ဆီးချင်သောကြောင့်ပင်။ဝမ်ကျင်းကို သူ့သားအား တတ်နိုင်သမျှ များများဆူစေချင်နေကြသည်ပင်။ဤသည်မှာ သူတို့အတွက်တော့ ပွဲကြီးပွဲကောင်းကြီးပင်။
“ဟေး ကောင်စုတ်လေး .. င့ါကို ဘာလို့ စကားပြန်မပြောတာလဲ .. သုံးရက်အတွင်း အိမ်ကိုရောက်အောင် ပြန်လာခဲ့ .. ကြားလား .. ပြီးတော့ အဲဒီနာမည်က ဘာကြီးလဲ .. နတ်ဆိုးဘုရင်ချူ ဟုတ်လား .. အဲဒီနာမည်က ဘယ်လောက်တောင်ဆိုးလဲဆိုတာ နင် မသိဘူးလား .. နင် ငယ်ငယ်တုန်းကဆိုရင်..” ဝမ်ကျင်းသည် ချူဖုန်း၏ ငယ်ရွယ်ပြီး အပြစ်ကင်းစင်သည့် အချိန်က ရှက်စရာကိစ္စများကို တစ်ခုပြီးတစ်ခု ပြောလာလေတော့သည်။
ရှက်လွန်းသောကြောင့် ချူဖုန်း မျက်နှာပင် အစိမ်းရောင် သန်းနေလေပြီ။သူ စကားလမ်းကြောင်း မြန်မြန်ပြောင်းလိုက်ပြီး ဖုန်းမြန်မြန်ချလိုက်တော့သည်။သူ၏ရှက်စရာကောင်းသည့် ကိစ္စများကို ဤလူများအား ထပ်မကြားစေချင်တော့။
“ဟေး ညီအစ်ကိုချူ .. ဘာလို့ဖုန်းချလိုက်တာလဲ .. ခင်ဗျား ကလေးဘဝတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျုပ်တို့ သိချင်နေသေးတယ် .. အိမ်နီးနားချင်းတွေ ရေချိုးနေတုန်း သွားချောင်းကြည့်သေးလား .. ဒါမှမဟုတ် ခင်ဗျားအဖေရဲ့ ဝိုင်တွေကို ခိုးမြည်းကြည့်သေးလား .. ခပ်ဟော့ဟော့ ဇာတ်လမ်းလေးတွေရော ရှိသေးလား..” လူအုပ်ကြီးမှာ သူ့ကို ရယ်မောရင်း ပျော်ရွှင်နေကြတော့သည်။
“ဟေး ညီအစ်ကိုချူ .. ငါကြားတာ မင်းအမေက မင်းကို လက်ထပ်ခိုင်းစေချင်နေတာမလား .. အဲဒါက လွယ်ပါတယ် .. င့ါသမီးက ပန်းလို၊ လလို လှတယ် .. မင်း င့ါသားမက်ဖြစ်လာလည်း ငါ စိတ်မရှိပါဘူး .. မင်း င့ါကမ်းလှမ်းချက်ကို စဉ်းစားကြည့်ပါဦး” မြင်းဘုရင် ပြောလိုက်သည်။
မြင်းဘုရင်မှာ အရပ်သုံးမီတာမြင့်သောကြောင့် သူသည် ဧရာမဂတုံးပြောင်လူသားကြီးနှင့် တူနေသည်ပင်။သူသည် ချူဖုန်းကို မျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့်နေလေ၏။
ချူဖုန်း ဖိမ့်ဖိမ့်တုန်သွားရသည်။သူ၏ဂတုံးပြောင်ခေါင်းနှင့် ရူးလောက်စရာကောင်းသည့် အရပ်တို့ကို ကြည့်ခြင်းအားဖြင့် သူ့သမီးလည်း သူနှင့် သိပ်ကွာလောက်မည်မဟုတ်။သူ့သမီးမှာ အနည်းဆုံး နှစ်မီတာကျော် ရှိလောက်မည်ပင်။ဧရာမအမျိုးသမီးကြီးနှင့် လက်ထပ်သည်ဟု စဉ်းစားမိရုံဖြင့်ပင် သူ ကျောချမ်းလာရသည်။
နွားနက်ကြီးလည်း ပွဲထဲဝင်ပါလာသည်။သူသည် ချူဖုန်းတင်ပါးကို ရိုက်ကာ “ဟေ့ကောင် .. မင်း မြင်းဘုရင်သမီးနဲ့ သွားတွေ့သင့်တယ် .. သူက တော်တော်လေး ဆွဲဆောင်မှုရှိတဲ့သူလို့ ငါထင်တယ် .. ငါတောင်မှ သူ့ကို ကြိတ်ကြွေနေတာ .. သူ့ကို ခွန်းလွန်ကနှင်းကြာပန်း လို့တောင် ခေါ်ကြတာ .. သူက တကယ်ကို အလှစစ်ပဲ .. သူ့အလှကြောင့် ငါးတွေတောင် ကုန်းပေါ်တက်လာပြီး ကောင်းကင်ပေါ်က ငန်းရိုင်းတွေတောင် မြေပြင်ပေါ်ကို ကျလာတာ .. သူက တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး..”
“ထွက်သွားလိုက်စမ်း..” ချူဖုန်း နွားနက်ကြီးကို တစ်ချက်လောက် ရိုက်ပစ်ချင်မိသွားသည်။”မကောင်းတဲ့ကောင် .. ခင်ဗျားဘာလို့ သူ့သမီးကို လက်ထပ်ပြီး မြင်းဘုရင်မိသားစုနဲ့ မပူးပေါင်းလိုက်တာလဲ အဲဒါဆို .. လက်ထပ်ခြင်းနဲ့ ချည်နှောင်လိုက်ရင် ခင်ဗျားတို့တွေ ပိုပြီးတော့ ရင်းနှီးလာကြမှာ .. ခင်ဗျား အဲဒီလိုမျိုး ဖြစ်ချင်နေတာပဲ မဟုတ်ဘူးလား .. ခွေးမသားရဲ့..” ချူဖုန်း နွားနက်ကြီးကို စိုက်ကြည့်ပြီး စိတ်ထဲမှ ပြောလိုက်သည်။
မြင်းဘုရင်သည် နွားနက်ကြီး ပြောသည့်စကားကို ကြားသည်နှင့် ရုတ်တရက် မတ်တပ်ရပ်ကာ ထအော်လာသည်။”ဟေး နွားနက်ကြီး .. ခင်ဗျား ကျုပ်သမီးကို ကြိတ်ကြွေနေတာလို့ ပြောလိုက်တာလား .. ဒါက သူများတွေပြောတဲ့ ‘ဖားက ငန်းသားစားချင်နေတယ်’ဆိုတဲ့ စကားမလား .. မင်းနဲ့ မထိုက်တန်တဲ့အရာတစ်ခုကို လိုချင်မနေနဲ့လို့ အကြံပေးလိုက်မယ် .. င့ါသမီးအပေါ်ကို အကွက်ရွှေ့ဖို့ စဉ်းတောင်မစဉ်းစားနဲ့နော် .. ကြားလား”
လူအုပ်ကြီးမှာ မည်ကဲ့သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့။သူတို့ ရယ်ရမလား .. အလေးအနက်ထားရမလား..
ရက်ကန်းဘုရင်မသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အစိမ်းရောင်ဆံပင်များမှာ ချောမွတ်နေသည်။သူမ၏မေးရိုးမှာ ချွန်သွယ်နေပြီး မျက်လုံးများလည်း ကြည်လင်ဝိုင်းစက်နေသည်။”မောင်လေးချူဖုန်း .. မောင်လေးကဘာလို့ ကိုယ့်အနားမှာ ရှိနေတဲ့လူကို မကြည့်ပဲနဲ့ အဝေးကို မျှော်ကြည်နေတာလဲ .. အစ်မကို ဘယ်လိုထင်လဲ .. မောင်လေးမိဘတွေက အစ်ကို ချွေးမအနေနဲ့ သဘောကျလောက်လား..” သူမ မေးလိုက်သည်။
ချူဖုန်း တစ်ခွန်းမှ ပြန်မပြော။”ငါ သူ့ကို အိမ်ခေါ်သွားလို့ အမေက သူက ဘယ်ကလဲလို့မေးလာရင် ငါက ဘယ်လိုဖြေရမှာလဲ .. သူက ပိုးချည်ပင့်ကူအိမ်ဂူထဲက လာတာလို့ အမှန်အတိုင်း ပြောရမှာလား.. င့ါအမေကြီး အရမ်းကြောက်သွားမှာ သေချာတယ်” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။
ဤနေရာမှာ သူ ရှိနေသင့်သည့်နေရာမဟုတ်ကြောင်း သူသိလာရသည်။”ကျွန်တော် ဒီကနေ ထွက်သွားဖို့ လိုနေပြီ..”
နောက်ဆုံးတွင်တော့ ဤလူအုပ်ကြီး အလုပ်ကိစ္စများကို အလေးအနက် ပြောလာလေပြီ။ခွန်းလွန်တောင်မှ ဘုရင်အားလုံး ဟိမဝန္တာသို့ သွားလည်ချင်နေကြသည်။ဟိမဝန္တာမှာ ခွန်းလွန်တောင်မှ သိပ်မဝေးသလို ထိုရှေးဟောင်းဘုရားကျောင်းမှာ သူတို့အတွက် အလွန်ဆွဲဆောင်မှု ရှိနေသည်ပင်။
သီးသန့်ဘုရားကျောင်းတစ်ခု၌ ကြေးရုပ်တုတစ်ခုကဲ့သို့ အမြဲတမ်း နေနေတတ်သည့် မြင်းဘုရင်၏ဆရာ လားမားဘုန်းတော်ကြီးပင် ဤသတင်းကြောင့် စိတ်လှုပ်ရှားလာသည်။
သို့သော် ယခုအချိန်တွင် သူ ဤလူအုပ်ကြီးထဲ၌မရှိ။
“ကျုပ်ဆရာက အဲဒီခြင်္သေ့ကို လေ့ကျင့်ပေးနေတာ .. သူတို့အတူတူ စွန့်စားခရီးတွေ သွားလို့ရအောင်လို့ သူ့ကို ပြောင်းပေးနေတာ .. ဒါပေမဲ့ ဆရာ့ရဲ့ လုံခြုံရေးကို ကျုပ်အတော်လေး စိုးရိမ်မိတယ် .. အဲဒီခြင်္သေ့က တော်တော်လေး ကြောက်စရာကောင်းတဲ့ သားရဲကြီး .. ခြင်္သေ့ကြီးက ကျုပ်ဆရာ မမျှော်လင့်ထားဆုံးအချိန်မှာ စိတ်ဖောက်သွားရင် ဘယ်လိုလုပ်မလဲ..” မြင်းဘုရင် ပြောလိုက်သည်။
သို့သော် လားမားဘုန်းတော်ကြီးကတော့ သူ လုပ်နေသည့်ကိစ္စရပ်အား အတော်လေး ယုံကြည်ချက် ရှိနေသည်ပင်။
နောက်ပိုင်းတွင် လားမားဘုန်းတော်ကြီးသည် ခြင်္သေ့အိုကြီးအတွက် မန္တန်များကို နေ့တိုင်းရွတ်ဖတ်နေခဲ့သည်။ဤကဲ့သို့ ရွတ်ဖတ်ခြင်းအားဖြင့် ခြင်္သေ့အိုကြီး ပြောင်းလဲသွားလိမ့်မည်ဟု ပြောလာသည်။
“ဟေ့ကောင် .. ငါတို့ ဒီကိစ္စကို အလောတကြီး မလုပ်ပဲ နေကြရအောင် .. လားမားဘုန်းတော်ကြီးကို စောင့်ကြတာပေ့ါ .. ပြီးမှ ငါတို့အားလုံး အတူတူသွားကြမယ်” ချူဖုန်း နွားဝါလေးကို ပြောလိုက်၏။မည်သို့ပင်ဖြစ်စေ သူ ဤနေရာကို ကြောက်ရွံ့နေဆဲပင်။ဒေါင်းဘုရင်နှင့် ရွှေကျီးကန်းဘုရင်တို့ပင် အသက်ရှင်နိုင်သည်ဆိုရုံလေး ထွက်လာနိုင်ခဲ့သည်ပင်။
“စိတ်ချပါ .. ငါတို့ သတိထားမှာပါ” နွားဝါလေး ခေါင်းညိမ့်လိုက်သည်။
ချူဖုန်း ခွန်းလွန်တောင်၌ နှစ်ရက်ထပ်နေခဲ့သည်။သားရဲဘုရင်များစွာ ချူဖုန်းကို အရက်သောက်ရန် ဖိတ်ခေါ်ခဲ့ပြီး ယခုအချိန်တွင် သူသည် ဘုရင်အားလုံးနီးပါးနှင့် မိတ်ဆွေဖြစ်သွားပြီဖြစ်သည်။သားရဲဘုရင်များအတွက်တော့ အပူအပင်ကင်းကင်းနှင့် နေရသည့်ဘဝမှာ အကောင်းဆုံးဘဝပင်။ယခု သူတို့ အနောက်တိုင်းရန်ကို ကြောက်စရာမလိုတော့သဖြင့် သူတို့ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။
သားရဲဘုရင်တိုင်း တောင်တစ်လုံးစီ ပိုင်ဆိုင်ထားပြီး သူတို့လက်အောက်တွင် သူတို့အတွက် အလုပ်လုပ်ပေးမည့် လက်အောက်ငယ်သားများလည်း ရှိကြသည်ပင်။
ချူဖုန်း သူတို့ကို မနာလိုဖြစ်လာရသည်။နောင်ကျလျှင် ဤနေရာကို မကြာမကြာလာလည်ပြီး အချိန်ဖြုန်းရမည်ဟု သူ တွေးလိုက်သည်။
“အမဲလိုက်ခွေးဘုရင် ဘယ်မှာလဲ..” ချူဖုန်း မေးလိုက်သည်။
“သူ သီးသန့်ကျင့်ကြံနေတာ .. သူက ၇ ခုမြောက် အချုပ်အနှောင်ကို ချိုးဖျက်ချင်နေတာ .. ဒါပေမဲ့ အဲဒါက လွယ်မှာမဟုတ်ဘူး .. ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက အခုမှ ပြန်ကောင်းလာတာ .. အဲဒီတော့ အင်အားကြီးပြီးသားလူတွေ ထပ်အင်အားကြီးဖို့က စွမ်းအင်ရင်းမြစ်တွေ မလုံလောက်ဘူး” တစ်စု့တစ်ဦးမှ ပြောလာသည်။
နောက်ပိုင်းတွင် ယာ့မန် ခွန်းလွန်တောင်သို့ လာခဲ့ကြောင်း ချူဖုန်း သိလိုက်ရသည်။သို့သော် အမဲလိုက်ခွေးဘုရင်မှာ သူ့ကို အရေးမစိုက်ခဲ့။သူတို့ စကားနည်းနည်းပြောပြီးသည်နှင့် ယာ့မန် ပြန်ထွက်သွားခဲ့သည်။
ယာ့မန်သည် ထွက်သွားသည့်အချိန်၌ ဒေါသထွက်မနေခဲ့။ပြုံးရွှင်စွာပင် ထွက်သွားခဲ့သည်ပင်။သူသည် အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့် အခြားကျွမ်းကျင်သူများနှင့် တွေ့ရန်အတွက် အရှေ့တိုင်း၌ လှည့်ပတ်သွားလာနေဦးမည်ပင်။
“ဒီကောင်က ပြဿနာရှာနေတာပဲ..” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
ခွန်းလွန်တောင်မှ ဘုရင်များမှာ ထက်မြက်သည့်သူများဖြစ်ကြသောကြောင့် ယာ့မန်မည်သူဖြစ်ကြောင်း သူတို့ ခန့်မှန်းနိုင်ခဲ့ကြသည်ပင်။
“သူတောင်းဆိုတာကို ဘယ်ဘုရင်၊ ကျွမ်းကျင်သူမှ လက်ခံမှာမဟုတ်ဘူး .. ဒါပေမဲ့ ဒီကိစ္စတွေ ပြီးသွားရင် ဒီလောကကြီးမှာ သူတို့မသိသေးတဲ့ နတ်ဘုရားတစ်ပါးရှိကြောင်း အားလုံး သိသွားလိမ့်မယ် .. အဲဒီအချိန်ကျရင် လောကတစ်ခုလုံး ထပ်ပြီး ထိတ်လန့်တကြား ဖြစ်သွားလိမ့်မယ်”
“ခင်ဗျားပြောတာမှန်တယ် .. အင်အားကြီးအဖွဲ့အစည်းတွေတောင် ထိတ်လန့်သွားလောက်တယ် .. အဲဒီလိုမျိုး ကြောက်လန့်နေရင် ဘယ်သူမှ ရှီလာကို အမဲလိုက်ဖို့အာရုံရှိတော့မှာ မဟုတ်ဘူး .. ပြီးတော့ တစ်ယောက်ယောက်က ရှီလာကို ရှာတွေ့သွားရင်တောင် သူ ဘယ်သူ့ကိုမှ ပြောရဲမှာမဟုတ်ဘူး .. သူရှိတဲ့နေရာကို ဘယ်သူမှ ငါတို့ကို မပြောပြရင် ငါတို့ သူ့ကို ဘယ်တော့မှာ ရှာတွေ့နိုင်တော့မှာ မဟုတ်တော့်ဘူး .. ဘာလို့လဲဆိုတော့ ခွန်းလွန်တောင်အပြင်ဘက်က လူတွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိသေးဘူး”
ယခုတော့ ရှီလာမည်သူဖြစ်သည်ကို အားလုံး နားလည်သွားကြပြီဖြစ်သည်။
အချို့လူများမှာ အလွန်စိုးရိမ်နေကြသည်။ထို နတ်ဘုရား မည်မျှလုပ်နိုင်သည်ကို သူတို့မသိ။ထို နတ်ဘုရားနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်ပါ့မလား သူတို့ မသေချာ။
“မကြောက်နဲ့ ကိုယ့်လူတို့ .. အဲဒီနတ်ဘုရား ငါတို့လောကထဲ ရောက်လာနိုင်တဲ့အချိန်ကျရင် ငါတို့တွေ ဒီထက်အဆင့်အများကြီး မြင့်နေလောက်ပြီ .. အဲဒီအချိန်ကျရင် သူက ငါတို့အတွက် ဘာမှမဟုတ်တော့ဘူး” သားရဲအိုကြီးတစ်ဦး ပြောလိုက်သည်။
ချူဖုန်း ခွန်းလွန်တောင်မှ ထွက်မလာခင် နွားနက်ကြီးသည် သူ့အား အလွန်အရေးကြီးသည့် သတင်းတစ်ခု ပြောပြခဲ့သည်။
“ခုန်းထုန်တောင်က တောင်လိပ်အိုကြီးကို မှတ်မိသေးလား .. သူနဲ့ တိုင်းဟန်တောင်က မြွေဖြူတို့က ငါတို့လောကမှာ အသက်အရှည်ဆုံးဘုရင်တွေပဲ .. အခုတလော ဒီဘုရင်တွေ တစ်ခုခုထူးဆန်းနေတယ်လို့ ငါခံစားနေရတာ” နွားနက်ကြီးမှာ အလွန်လေးနက်နေသည့်ပုံပင်။
“လောကကြီးက နောက်တစ်ခေါက် ပြောင်းလဲတော့မယ်လို့ သူတို့ ခံစားနေကြရတယ်”
တောင်လိပ်နှင့် မြွေဖြူတို့မှာ အသက်ရှင်လာခဲ့သည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး သူတို့ဘဝတစ်လျှောက်တွင် ပြောင်းလဲမှုပေါင်းဒါဇင်ပေါင်းစွာကို မြင်ခဲ့ဖူးသောကြောင့် ဤကိစ္စနှင့်ပတ်သက်လျှင် မသိစိတ်တစ်မျိုး ရှိနေပြီဖြစ်သည်။
မည်သည့်အချိန်၌ ပြောင်းလဲမှုကြီး ဖြစ်လာပြီး မည်ကဲ့သို့သော ပြောင်းလဲမှုမျိုးဖြစ်လာမည်ကို သူတို့သိကြသည်။ဤအလိုလိုသိစိတ်သာမရှိလျှင် သူတို့ ဤမျှကြာကြာ အသက်ရှင်နိုင်မည်မဟုတ်။
“ဒီခေတ်မှာ ထူးဆန်းတဲ့ပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့တယ် .. အဲဒီလိုမျိုးဖြစ်တဲ့အခေါက်တိုင်းလည်း ကမ္ဘာကြီးက အမြဲတမ်း ပြောင်းပြန်လှန်သွားခဲ့တာ” နွားနက်ကြီး ပြောလိုက်သည်။
“ဒီပြောင်းလဲမှုတွေက စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ ကမ္ဘာကြီးကို ပြန်ကောင်းအောင် လုပ်ပေးနိုင်တယ် .. အဲဒါက သဘာဝမိခင်ကြီး ပြန်မွေးဖွားလာတာပဲ .. ဒါက သာမန်လူတွေအတွက် ကပ်ဆိုးကြီးဖြစ်နိုင်ပေမယ့် အဆင့်တက်ထားတဲ့သူတွေအတွက်တော့ ကောင်းချီးတစ်ခုပဲ .. နောက်ဆုံး ပြောင်းလဲမှုက လွန်ခဲ့တဲ့ ၂၁ နှစ်က ဖြစ်သွားခဲ့တာ”
ချူဖုန်း အံ့အားသင့်သွားရ၏။ခြင်္သေ့အကြီးအကဲနှင့် လားမားဘုန်းတော်ကြီးတို့မှာ လွန်ခဲ့သည့် ၂၁ နှစ်ကတည်းက ဘုရင်အဖြစ် အဆင့်တက်ခဲ့သည့်သူများဖြစ်ကြောင်း သူ သိသွားရသည်။
“အဲဒီထက်စောပြီးတော့ အဆင့်တက်တဲ့သူတွေရှိလား..” ချူဖုန်း မေးလိုက်သည်။
“ရှိတယ် .. ပြောင်းလဲမှုတစ်ခါဖြစ်တိုင်း အောင်အောင်မြင်မြင် ‘နှိုးထ’ နိုင်တဲ့သူ ရှိလိမ့်မယ်လို့ ငါတို့ယုံကြည်တယ် .. ဒါပေမဲ့ ငါတို့မှာ သက်သေပြစရာ ဘာမှမရှိဘူး .. ဒီလောကမှာတော့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့သူတွေက အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ထားတာ” နွားနက်ကြီး ပြောလိုက်သည်။
တောင်လိပ်နှင့် မြွေဖြူတို့ ရှင်သန်နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူတို့ကို အဆင့်တက်စေနိုင်မည့် အခွင့်အရေး ရှာမတွေ့ခဲ့ကြ။ခြင်္သေ့ဘုရင်အကြီးအကဲ အဆင့်တက်သည်မှာ မြွေနှင့်လိပ်ထက်ပင် စောသည်ဟု ပြောကြသည်။
“တောင်လိပ်ကြီး ပြောစကားအရတော့ သိပ်မကြာခင်မှာ လောကကြီးက ဘာမှအဓိပ္ပာယ်မရှိတော့လောက်အောင်အထိ ပြောင်းလဲသွားတော့မှာတဲ့ .. ဘာမှ အရင်အတိုင်းရှိတော့မှာမဟုတ်ဘူး.. တစ်ချိန်တည်းမှာပဲ ငါတို့အားလုံး မျိုးတုန်းပျောက်ကွယ်သွားမှာ” နွားနက်ကြီး တီးတိုးပြောလာသည်။
ချူဖုန်း၏အမူအရာ လေးနက်နေသည်။”သူတို့အလိုလိုသိစိတ်သာမှန်နေရင် ငါတို့က ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတစ်ခုကို ကြုံရတော့မှာပေ့ါ” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ယခုအချိန်တွင် လောကကြီးမှာ တည်ငြိမ်သည့်အခြေအနေသို့ ရောက်နေပြီဖြစ်သည်။အားလုံးသည် လူမှုပတ်ဝန်းကျင်တွင် သူတို့၏ သက်ဆိုင်ရာအဆင့်အတန်းကို ရရှိနေပြီဖြစ်ပြီး မည်သူမှ ထပ်မတိုးတက်နိုင်တော့။
သူတို့သာ ထပ်မံအဆင့်တက်ချင်လျှင် ကမ္ဘာကြီး နောက်တစ်ကြိမ် ပြောင်းလဲမည့်အချိန်ကို စောင့်ရလိမ့်မည်။ကမ္ဘာကြီးတစ်ခါပြောင်းလဲတိုင်း အဆင့်နိမ့်သက်ရှိများ ထိပ်ဆုံးသို့ ရောက်လာနိုင်သည်။
“အဲဒါကြောင့် ငါမင်းကို သတိပေးချင်တာက ပြောင်းလဲမှုကြီးဖြစ်လာတဲ့အချိန်ကျရင် မင်းကို ပြောင်းလဲစေနိုင်မယ့်အရာတွေကို မျက်စိရှင်ရှင်ထားပြီး ကြည့်ရမယ် .. မင်း နောက်ကျကျန်နေခဲ့လို့မရဘူး .. မင်း ခြေလှမ်းကျယ်ကျယ်လှမ်းမှရမှာ” နွားနက်ကြီး ချူဖုန်းကို သတိပေးလိုက်သည်။
နွားဝါလေးလည်း ခေါင်းညိမ့်ပြလာသည်။သူသည် ကိစ္စအတော်များများကို သိထားသော်လည်း ဤကိစ္စနှင့် ပတ်သက်လျှင် သူ့အလိုလိုသိစိတ်မှာ တောင်လိပ်ကြီးလောက် မထက်မြက်သေး။
“တောင်လိပ်ကြီးက ဘာလို့ ဒီလိုမျိုး အရေးကြီးတဲ့လျှို့ဝှက်ချက်တွေကို ထုတ်ပြောတာလဲ..” ချူဖုန်း မေးခွန်းထုတ်လိုက်သည်။
“ဘာလို့လဲဆိုတော့ နောက်ရက်နည်းနည်းလောက်နေရင် လိပ်ကြီး ခွန်းလွန်တောင်ကို ခဏလာလိမ့်မယ် .. သူက ‘အနန္တနတ်ဘုရားနယ်မြေ’ ပွင့်လာတာကို ငါတို့နဲ့တူတူ လာကြည့်မှာ” နွားနက်ကြီး ပြောလာသည်။
ဘုရားနယ်မြေနှင့် ခွန်းလွန်တောင်မှာ အလေးအမြတ်နယ်မြေများထဲတွင် အထူးခြားဆုံးနေရာများပင်။ဤနေရာများတွင် မတူးဖော်ရသေးသည့် အခွင့်အရေးများ ရှိနေသေးသည်ဟု ယုံကြည်နေကြသောကြောင့် ဤနေရာကို လူများစွာ မျက်စိကျနေကြသည်ပင်။
“ဒါပေမဲ့ မင်းပြောတာမှန်တယ် .. ဒါက အရမ်းအရေးကြီးတဲ့ လျှို့ဝှက်ချက်ပဲ .. ဒါက တောင်လိပ်၊ အမဲလိုက်ခွေးဘုရင်၊ လားမားဘုန်းတော်ကြီးနဲ့ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားတဲ့ တစ်ခြားဘုရင်တွေ၊ ကျွမ်းကျင်သူတစ်ချို့ကြားမှာပဲရှိတဲ့ လျှို့ဝှက်သတင်း .. အခုတော့ မင်းတို့နှစ်ယောက်ပေါ့ .. အဲဒီတော့ မင်းတို့တွေ ဒီအကြောင်း အပြင်ပြောလို့မရဘူး.. နားလည်လား..” နွားနက်ကြီး ပြောလိုက်သည်။
ချူဖုန်း ခေါင်းညိမ့်လိုက်၏။သို့သော် ဤလျှို့ဝှက်ချက်မှာ အချိန်ကြာမြင့်သည်အထိ လျှို့ဝှက်ချက်တစ်ခု မဖြစ်တော့မည်ကို သူ စိုးရိမ်မိသည်။နဂါးနက်ဘုရင်၊ ရှီလာနှင့် ခြင်္သေ့အကြီးအကဲတို့ ခွန်းလွန်တောင်အား ကျူးကျော်ခဲ့ကြခြင်းမှာ ဤလူများ ဤလျှို့ဝှက်အား သိထားသောကြောင့် ဖြစ်နိုင်သည်။သူတို့ ရှေ့ဆုံး၌ ရပ်တည်နိုင်ရန်အတွက် ခွန်းလွန်တောင်အား လိုချင်နေခဲ့ခြင်းပင်။
ချူဖုန်း စိတ်ထဲ လေးလံလာသည်။ဤတိုက်ပွဲမှာ ပြင်းထန်သည့်ယှဉ်ပြိုင်ပွဲကြီးဖြစ်လိမ့်မည်။ဤပြိုင်ပွဲ၌ သူ နောက်ကောက်ကျကျန်ခဲ့၍မဖြစ်။သူသာ နောက်ကျသွားလျှင် ဘုရင်များ၏စင်မြင့်ထက်မှ ပြုတ်ကျလာမည်သာမက အခြားသူများ၏ သားကောင်လည်း ဖြစ်သွားလိမ့်မည်။
“ဒီပြောင်းလဲမှုက ငါတို့အတွက် အန္တရာယ်များသလို ငါတို့အတွက် ကောင်းချီးတစ်ခုလည်းဖြစ်မှာ .. ဒါက သေရေးရှင်ရေး ကိစ္စပဲ..” ချူဖုန်း သက်ပြင်းချလိုက်သည်။
“အဲဒါကြောင့်မို့လို့ မင်း လက်ထပ်ချင်တယ်ဆိုလည်း မြန်မြန်လက်ထပ်ပြီး မြန်မြန်ပြန်လာခဲ့ .. ပြိုင်ပွဲကြီး တကယ်စပြီးဆိုရင် ဒီနေရာကနေစတာလောက် ကောင်းတဲ့နေရာရှိမှာမဟုတ်ဘူး .. ဒီနေရာကို အနန္တနတ်ဘုရားနယ်မြေလို့ ခေါ်တာမမေ့နဲ့ .. ဒါက နာမည်သက်သက်ပဲမဟုတ်ဘူး” နွားနက်ကြီး ပြောလာသည်။
ချူဖုန်း ခံစားချက်ပေါင်းစုံဖြင့် ခွန်းလွန်တောင်မှ ထွက်လာခဲ့သည်။သူ ရှူရိုက်နေသည့်လေ၊ သောက်နေသည့်ရေနှင့် လျှောက်လှမ်းနေသည့် ကမ္ဘာမြေကြီးပင် မတူတော့သလို ခံစားနေရသည်။အားလုံးမှာ ပြောင်းလဲရန် အဆင်သင့်ဖြစ်နေလေပြီ။”ဒီတစ်ခေါက် ငါ နောက်ကျကျန်နေခဲ့လို့မရဘူး .. ပြီးတော့ ငါ အားလုံးအထက်ရောက်အောင် လုပ်ရမယ်..”
သူ ထွက်မသွားခင် ဝက်ဝံနက်ဘုရင်ကြီး ရောက်လာကာ သူ့လက်အား ဆုတ်ကိုင်ပြီး လွှဲရမ်းလာသည်။ဝက်ဝံအိုကြီးမှာ အတော်လေး အရေထူလှသည်ပင်။သူ့မြေးမှာ ရွှမ်းထျန်၌ ရှိနေသေးကြောင်း ပြောလာကာ “ဖုန်း မင်း င့ါမြေးလေးကို စောင့်ရှောက်ပေးပါြး .. သူက အရမ်းငယ်သေးတယ် .. မင်း သူ့ကို ဂရုမစိုက်ပေးရင် သူ ကူကယ်ရာမဲ့နေလိမ့်မယ်” ဝက်ဝံအိုကြီး ညည်းတွားလိုက်သည်။
ချူဖုန်းမှာ ဆွံ့အသွားရသည်။
“အဲဒီသောက်ဝက်ဝံနက်က ငါမရှိတုန်း မြိ့မှာ မကောင်းတာတစ်ခုခု လုပ်ထားတယ်ထင်တယ်” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။”အခု ဒီဝက်ဝံအိုကြီး င့ါဆီလာပြီး ဒီလိုမျိုးပြောနေတာက ငါ ရွှမ်းထျန်ကို ရောက်တဲ့အချိန်ကျရင် အဲဒီခွေးမသားလေး လုပ်ထားတာတွေကို ဒေါသမထွက်ဖို့ ကြိုပြီးအသိပေးတာပဲ..”
အပြန်လမ်းတွင် ချူဖုန်း အနောက်မြို့သို့ဝင်ကာ ကျိုးချွမ်နှင့် တွေ့ခဲ့ပြီး ထိုမြို့တွင် နှစ်ရက်နေခဲ့သည်။
သူတို့ ဗာတီကန်သို့မသွားမီက သူတို့ပြန်လာလျှင် ကျိုးချွမ်အား ခွင့်ရက်ရှည်ပေးပြီး သူ့မိသားစုများနှင့် ပြန်တွေ့ခိုင်းမည်ဟု ဂတိပေးခဲ့ကြသည်ပင်။
နွားများမှာ ဂတိတည်ကြသည်ပင်။သူတို့ ကျိုးချွမ်ကို ခွင့်ရက်ရှည်ပေးခဲ့သောကြောင့် ကျိုးချွမ်းသည် သူ့မိဘနှစ်ပါးနှင့် အစ်ကိုကြီးနှင့်အတူ ဤအနောက်မြို့၌ အိမ်အသစ်ဆောက်ကာ အခြေချနေနေခဲ့သည်။
“ငါတို့ ခွန်းလွန်မှာ ပြန်တွေ့ကြမယ်..”
ကျိုးချွမ် ချူဖုန်းကို နှုတ်ဆက်ရင်း အော်ပြောလိုက်သည်။သူသည် ယခုအချိန်ထိ ဦးချိုနှစ်စုံ ရှိနေဆဲဖြစ်ပြီး ဆံပင်များကို နောက်လှန်တင်ထားဆဲပင်။သူသည် ယခင်ကအတိုင်း စွမ်းအားကြီးနေဆဲပင်။
နှစ်ရက်ကြာပြီးနောက် ချူဖုန်း၏လေယာဉ် ရွှမ်းထျန်သို့ ရောက်ရှိလာသည်။
လေယာဉ်ဆင်းပြီး ဖုန်းဖွင့်လိုက်သည့်အချိန်တွင် အင်တာနက်ပေါ်၌ သူနှင့်ပတ်သက်သည့် သတင်းများစွာ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
သူ သေရာမှ ပြန်ရှင်လာကတည်းက လူများသည် သူ သေနေစဉ်က ဘာများလုပ်နေမလဲဟု ခန့်မှန်းလာကြသည်။
လူများစွာသည် သူတို့၏ စုံထောက်စွမ်းရည်ကို အသုံးပြုကာ ကိစ္စများကို ဆက်စပ်ရန် ကြိုးစားလာကြသည်။သူတို့နောက်ဆုံး ရလိုက်သည့် ရလဒ်မှာ သူတို့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
သူ သေသွားပြီဟု ကောလဟာလများ ထွက်စဉ်က ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်ပင်။ဥပမာအားဖြင့် တစ်စုံတစ်ယောက်မှ ဗာတီကန်မြို့ကို ဟာလာဟင်းလင်းဖြစ်အောင် လုပ်ပစ်လိုက်သည်။ဤသည်ကို မည်သူလုပ်ခဲ့သနည်း .. မည်သည့်အစိုးရမှ အဖြေမပေးနိုင်ခဲ့။ထို့အပြင် အရှေ့တိုင်းကျူးကျော်တပ်၏ ခွန်အားအဆင့်သတ်မှတ်ချက်စာရင်းကိုလည်း တစ်စုံတစ်ယောက်က အရသာအဆင့်သတ်မှတ်ချက်အဖြစ် ပြောင်းလဲပစ်ခဲ့သေးသည်။
ဤကိစ္စအားလုံးမှာ ချူဖုန်း၏ သေဆုံးခြင်းနှင့် မသက်ဆိုင်ဟု ထင်ရသော်လည်း ဤကိစ္စများမှာ သူ သေဆုံးသည့်အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သောကြောင့် သူအပြစ်ကင်းသည်ကို လူများ မယုံကြည်နိုင်ဖြစ်နေကြသည်။
“နတ်ဘုရားချူ ပြန်လာပြီ..”
“ငါတို့ချစ်ရတဲ့ နတ်ဘုရားချူက ဒီကြောက်စရာအဖြစ်အပျက်တွေနောက်က အဓိကဗီလိန်ဆိုတာ သိပေမယ့် တစ်ယောက်ယောက်လောက် ငါ့ကို အတည်ပြုပေးပါဦး..”
…
ဤသည်မှာ တစ်ကမ္ဘာလုံးမှလူများ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံနေကြသည့်အကြောင်းအရာပင်။
လူများစွာ အမှန်တရားကို သိချင်ကြပြီး သက်သေများ မြင်ချင်နေကြသည်။အထူးသဖြင့် အင်အားကြီးအဖွဲ့အစည်းများမှာ ဤကိစ္စကို အာရုံစိုက်နေကြသည်ပင်။
ကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းကြီးများသည် သူပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြပြီး သံလွင်ခက်ကမ်းရန် စောင့်ဆိုင်းနေကြလေ၏။
အပိုင်း ၂၀၂ ပြီး၏။