ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၀၁ – အင်ပါယာအမိန့်ပြန်တမ်း
ချူဖုန်း ချာကရမ်ကို ကိုင်ထားလိုက်သည်။
အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် မန်ချူးကျားပင်လျှင် တစ်ကိုယ်လုံး တောင့်တင်းနေကာ သူ့မျက်လုံးမှ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထက်မှ အစင်းကြောင်းများ တောက်ပလာပြီး သူလည်း တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားလိုက်သည်။
မြူထဲတွင် ပိန်သွယ်သွယ်အမျိုးသားတစ်ဦး ရှိနေသည်။ သူ့ခန္ဓာကိုယ်မှာ သတ္တုကဲ့သို့ တောက်ပနေပြီး သူသည် ခြေလှမ်းကျယ်ကြီးဖြင့် ချူဖုန်းထံသို့ လျှောက်လာသည်။ သူ့ဆံပင်မှာ ငွေရောင်တောက်ပနေလေ၏။
သူလမ်းလျှောက်လာသည်နှင့် သူ့ဘေးပတ်လည်မှ မြူများ လွင့်ပြယ်သွားသည်။ တစ်ဖြည်းဖြည်းဖြင့် သူ့ကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။
သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသည်။ ချပ်ဝတ်တန်ဆာသည် လေးလံသည့် ချပ်ဝတ်တန်ဆာမဟုတ်ပဲ အင်္ကျီကဲ့သို့ ပါးလွှာလှသည့် ချပ်ဝတ်တန်ဆာပင်။ ပါးလွှာသော်လည်း ထိုချပ်ဝတ်တန်ဆာမှာ သတ္တုအလင်းတောက်ပနေသည်ပင်။
သူသည် ၂၀ ကျော်သာ ရှိသေးပုံပေါ်သည့် လူငယ်လေးတစ်ဦးပင်။ သူ့ငွေရောင်ဆံပင်မှာ ခါးထိ ရှည်လျားနေပြီး သူ့ဘေးပတ်လည်တွင် နတ်အငွေ့အသက်များ ရှိနေသည်။
“ကျုပ်နာမည်က ယာ့မန်ပါ..” လူငယ်လေး သူ့ကိုယ်သူ မိတ်ဆက်လာသည်။ သူ့အပြုံးမှာ နူးညံ့နွေး ထွေးပုံပေါ်နေသည်။ သူသည် အရှေ့တိုင်းဘာသာစကားကို ပီသစွာ ပြောလာသည်။
ယာ့မန်မှာ ချောမောသည့်လူငယ်လေးပင်။ သူ့မျက်နှာသည် ဆင်စွယ်ကဲ့သို့ ဖြူဖွေးနေသော်လည်း သူ့မျက်နှာမှာ ကြည်လင်တောက်ပနေသည်။ သူ၏နှာတံမှာ မြင့်မားဖြောင့်တန်းနေပြီး သူ့မျက်လုံးများမှာ ကောင်းကင်ကဲ့သို့ ကြည်လင်တောက်ပနေသည်။
နွားဝါလေး ဤလူငယ်လက်ထဲမှ ပစ္စည်းအချို့ကို စိုက်ကြည့်လိုက်သည်။ ဤသည်မှာ မီးအိမ်တစ်လုံးပင်။ မီးအိမ်မှာ ငွေရောင်ဖြစ်သော်လည်း အထဲဘက်၌ မီးတောက်တစ်ခု ရှိနေသည်။
“ဆောရီး ငါမှားသွားတာ .. ဒီလူက တစ်ခြားလောကကလူမဟုတ်ဘူး .. ဒါပေမဲ့ အဲဒီမီးအိမ်က တစ်ခြားလောကကဟာ .. သတိထား .. အဲဒီမီးအိမ်က အရမ်းအန္တရာယ်များတယ်..” နွားဝါလေး ဦးနှောက်လှိုင်းမှတစ်ဆင့် အခြားသူများကို တိတ်တဆိတ် ဆက်သွယ်လိုက်သည်။
ချူဖုန်း မျက်ခုံး တွန့်ကွေးသွားရသည်။ “ဒါက မီးအိမ်လေးတစ်ခုလေးပဲကို..” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်၏။ သို့သော် ဤမီးအိမ်အောက်၌ ရှိနေသည့်အရာမှာ ဆိုးယုတ်သည့်အရာတစ်ခုဖြစ်သည်ဟု သူ့မသိစိတ်မှ ပြောပြနေသည်။
မန်ချူးကျား၏ မျက်လုံးထဲတွင် ရက်စက်သည့်အကြည့်များ ရှိနေသည်။ သူ ဤလူငယ်လေးကို မကြောက်။ သို့သော် ထိုမီးအိမ်ကတော့ သူ့ကို ကျောမွေးများ ထောင်ထသွားစေနိုင်သည်။
“ကျုပ်က နတ်ဘုရားရဲ့ အင်ပါယာအမိန့်ပြန်တမ်းနဲ့ ဒီကိုရောက်လာတာပါ .. ကျုပ်က ခင်ဗျားတို့လောကက ဘုရင်တွေ ကျွမ်းကျင်သူတွေနဲ့ စကားပြောဖို့ ရောက်လာတာ .. အဲဒီတော့ ကျေးဇူးပြုပြီး ကျုပ်ကို သူတို့ဆီ ခေါ်သွားပေးပါ” ယာ့မန်ပြောလိုက်သည်။ သူသည် ယဉ်ကျေးသည့်ပုံပေါ်သော်လည်း တကယ်တမ်းတွင် ဤသည်မှာ ထုံးတမ်းအရ ယဉ်ကျေးနေရခြင်းပင်။
ဤငွေရောင်ဆံပင်နှင့် လူငယ်လေးကိုကြည့်ကာ နွားနက်ကြီး စိတ်မငြိမ်မသက်ဖြစ်သွားရသည်။ ဤလူငယ်လေး၏မျက်နှာထက်တွင် တောက်ပသည့်အပြုံးတစ်ခု ရှိနေပြီး သူ့စကားသံများလည်း ချိုသာယဉ်ကျေးနေသော်လည်း ထိုမျက်နှာအောက်တွင် ပြောမပြနိုင်သည့် မောက်မာမှုများ ရှိနေသည်။ သူ့မျက်လုံးထဲ သေချာကြည့်မည်ဆိုပါက ဤအရာများကို တွေ့နိုင်လိမ့်မည်။
“သူကဘာလို့ ဘုရင်တွေ ကျွမ်းကျင်သူတွေနဲ့ပဲ ပြောချင်တာလဲ .. ငါတို့နဲ့ဘာလို့ မပြောတာလဲ .. ငါတို့က သူနဲ့စကားပြောရလောက်အောင် မထိုက်တန်လို့လား..” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။
“ဘယ်သူ့အမိန်လဲ .. ဘယ်နတ်ဘုရားလဲ .. ငါတို့ နတ်ဘုရားတွေကို အယုံအကြည်မရှိဘူး .. ဘယ်တော့မှလည်း ယုံကြည်မှာမဟုတ်ဘူး .. ငါတို့က ပြောင်းလဲမှုတွေကိုပဲ ယုံကြည်တယ်..” နွားနက်ကြီးမှာ ဒေါသထွက်လာသည့်ပုံပင်။
“ခင်ဗျားက နတ်ဘုရားတွေကို စော်ကားနေတာ .. အဲဒါက မှားယွင်းတဲ့လုပ်ရပ်ပဲ..” ယာ့မန် နွားနက်ကြီးကို သူ၏စော်ကားမှုအတွက် ပြောလာသည်။ သူ့မျက်နှာထက်ရှိ တောက်ပသည့်အပြုံးလည်း ပျောက်ကွယ်သွားကာ သူ့ငွေရောင်ဆံပင်များမှာ ရုတ်တရက် လေထဲ လွင့်ပျံလာသည်။
နွားဝါလေး နွားနက်ကြီးကို တားဆီးလိုက်သည်။ “ခင်ဗျားပြောတဲ့နတ်ဘုရားကို ဒီလောကကလူတွေ တစ်ခါမှ မမြင်ဖူးဘူးမလား .. အဲဒီတော့ သူက ရှေးဟောင်းတောင်တွေရဲ့ အတွင်းနက်ပိုင်းထဲမှာ နေတာများလား..” နွားဝါလေး အရှေ့တိုးလာကာ မေးလိုက်သည်။
နွားဝါလေးသည် လူသားပုံစံသို့ ပြောင်းလဲထားခြင်းဖြစ်သည်။ သူ့ရွှေရောင်ဆံပင်များမှာ နူးညံ့ပျော့ပျောင်းနေပြီး သူ့အပြုံးမှာလည်း ချိုမြိန်ကာ အပြစ်ကင်းလှသည်။ သူသည် ယာ့မန်အား သေချာဂရုတစိုက် စစ်ဆေးနေသည်ပင်။
ချူဖုန်းနှင့် အခြားသူများလည်း ယာ့မန်ကို လေ့လာနေကြ၏။
ယာ့မန်မျက်နှာထက်မှ အမူအရာ မပြောင်းလဲသေးသော်လည်း သူ့မျက်လုံးအတွင်းပိုင်း၌ ရက်စက်မှုများ ထွက်ပေါ်လာသည်ကို ချူဖုန်းနှင့် နွားဝါလေး နှစ်ယောက်လုံး ခံစားမိလိုက်ကြသည်။
“နတ်ဘုရားက ဒီလောကကို ရောက်လာမှာ .. အချိန်ကျလာရင် သူ ကိုယ်ထင်ပြလိမ့်မယ် .. မင်းတို့က ငါတို့နတ်ဘုရားကို လေးလေးစားစား ဦးမညွှတ်ချင်ဘူးမလား .. ကောင်းပြီလေ .. မကြာခင် သူ ရောက်လာလိမ့်မယ်”
“အိုး တကယ်လား .. အဲဒါဆို ခင်ဗျားပြောချင်တာက ခင်ဗျားနတ်ဘုရားက အခု ဒီလောကကို မလာနိုင်သေးဘူးပေါ့..” ချူဖုန်း မေးလိုက်သည်။
“သူက သေချာပေါက်ကို ရောက်လာမှာ .. ဒါပေမဲ့ ခင်ဗျားနေရာမှာ ကျုပ်သာဆိုရင် ပါးစပ်ပိတ်ပြီး တိတ်တိတ်လေး နေနေလိုက်မှာ .. ခင်ဗျားက အရမ်းကြီး ယဉ်ကျေးမနေဘူး” ယာ့မန် အသံမြှင့်၍ ပြောလိုက်ကာ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်လေသည်။
ချူဖုန်းနှင့် နွားဝါလေးတို့မှာ အခြေအနေကို နားလည်သွားလေပြီ။ နတ်ဘုရားဟု ခေါ်သည့်သူမှာ ယခုထိ ရှေးဟောင်းတောင်များထဲမှ ထွက်မလာနိုင်သေး။ ဤ နတ်ဘုရားမှာ အခြားသားရဲများကဲ့သို့ တောထဲ၌ ပိတ်မိနေဆဲပင်။
နွားဝါလေးမှာ ဤလောကထဲသို့ ပထမဆုံးဝင်လာနိုင်ခဲ့သည့် ရှေးသားရဲပင်။ ရှေးသားရဲများ ထိုစည်းကိုဖြတ်နိုင်ရန် မည်မျှခက်ခဲသည်ကို သူသိသည်။ စည်းကို ဖြတ်ကျော်ရန် ကြိုးစားကြသည့်သူအားလုံး အသက်စွန့်ကာ ကြိုးစားကြခြင်းပင်။ သူတို့အောင်မြင်နိုင်သလို မီးလောင်ပြာကျ၍လည်း သေဆုံးသွားနိုင်သည်။ မီးလောင်သွားလျှင်တော့ သူတို့ဝိညာဉ်နှင့် ခန္ဓာကိုယ်နှစ်ခုလုံး ရှင်သန်နိုင်တော့မည်မဟုတ်တော့။
“စည်းကို မကျော်နိုင်သေးတဲ့ တစ်ခြားသားရဲကောင်တစ်ကောင်ကများ .. င့ါဖင်ကို နတ်ဘုရားလိုက်ပါလား..” နွားနက်ကြီး သူ့ကိုယ်သူ တွေးလိုက်သည်။
ဤငွေရောင်မီးအိမ်မှလွဲလျှင် ဤလူငယ်လေးထံ၌ မည်သည့်ထူးခြားမှုမှမရှိ။ ဤသည်ကို သူ့ကိုယ်သူ ဘုရင်များ၊ ကျွမ်းကျင်သူများနှင့် စကားပြောခွင့်ရလိမ့်မည်ဟု ထင်နေသေးသည်။
သို့သော် နွားဝါလေးကတော့ သူ့သတိကိုမလျှော့။ ဤလူငယ်လေးသည် အချုပ်အနှောင်သုံးခု ဖြတ်တောက်ထားပြီးသားဖြစ်သောကြောင့် သူ့နောက်မှလူမှာ…
ဤမီးအိမ်မှာ အခြားလောကမှ မီးအိမ်ဖြစ်ပြီး ကြောက်စရာကောင်းသည့် စွမ်းအားများ ပါဝင်နေသည်။ သူတို့ ဤမီးအိမ်ကို သေချာဂရုစိုက်ရမည်။
ယာ့မန်၏အမူအရာ ပြန်၍ နူးညံ့လာသည်။ တစ်ဖက်လူများ သူ့အား အကဲခတ်နေသည်ကို သူသိသည်။ သို့သော် သူမမှု။ သူ့ထံ၌ ရှိနေသည့် စွမ်းအားနှင့်ဆိုလျှင် သူ ဤလောကထဲရှိ မည်သူ့ကိုမဆို နင်းချေပစ်နိုင်သည်။
“မင်းက ဘုရင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ စကားပြောချင်တာဆိုရင် ဘာလို့ ငါတို့နဲ့ အရင်မပြောတာလဲ” မန်ချူးကျား မေးလိုက်သည်။ ဤလူငယ်လေးမှာ တစ်ဖက်လောကမှ လူမဟုတ်သောကြောင့် သူ စိတ်အေးသွားရသည်။ ဤမီးအိမ်မှာ သူ့ကို ဘာမှသိပ်လုပ်နိုင်မည်မဟုတ်။
“ခင်ဗျားလား..” ယာ့မန် အံ့အားသင့်သွားပုံပေါ်သည်။ သူသည် ပြုံးနေဆဲဖြစ်သော်လည်း သူ့အပြုံးနောက်ကွယ်မှ မောက်မာမှုများကို သူတို့အားလုံး ဖမ်းမိလိုက်သည်ပင်။
သူသည် နူးညံ့စွာ ပြုံးလိုက်ကာ “ဆောရီးပါ .. ဒါပေမဲ့ ခင်ဗျားတို့တွေက ကိစ္စတွေကို ဆုံးဖြတ်ချက်ချဖို့အတွက်က တာဝန်ယူနိုင်မှာမဟုတ်ဘူး .. ကျုပ် ခင်ဗျားတို့ရဲ့ ဘုရင်တွေနဲ့ပဲ စကားပြောချင်တယ် .. အဲဒီတော့ ကျုပ်ကို သူတို့ဆီ ခေါ်သွားပေးပါ”
နွားနက်ကြီး ဒေါသထွက်လာသည်။ ဤလူငယ်လေး ယဉ်ယဉ်ကျေးကျေး ပြောနေလေလေ သူပို၍ မသက်မသာဖြစ်လာလေလေပင်။
မန်ချူးကျားမှာ ပို၍ပင် ဒေါသထွက်နေသေးသည်။ သူသည် ဆိုက်ဘေးရီးယားမှာကတည်းက သူတစ်ပါးကို အနိုင်ကျင့်ပြီး ကြီးပြင်းလာသည့်သူ ဖြစ်သောကြောင့် ယခု ဤလူငယ်လေး၏ အပြောအဆိုခံလိုက်ရသည့်အချိန်တွင် သူ ဒေါသထွက်သွားရသည်ပင်။
“ငါက အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ဘုရင်တစ်ယောက်ပဲ .. မင်းရဲ့ အနုတ်စုတ်ဂုတ်စုတ်အလုပ်ကိစ္စလေးကို ငါက သိခွင့်မရှိဘူးဆိုရင် ဘယ်သူက သိခွင့်ရှိမှာလဲ..”
“အိုး .. ကျုပ်ရဲ့ အပြုအမူအတွက် ခွင့်လွှတ်ပေးပါ .. ခင်ဗျားလည်း ဘုရင်တစ်ယောက်ဆိုတာ မသိခဲ့ဘူး .. ကောင်းပြီလေ .. အဲဒါဆိုရင်လည်း ခင်ဗျားကိုပဲ ပြောလိုက်တော့မယ်” ယာ့မန် ပြောလိုက်သည်။ သူသည် တောင်းပန်လိုက်ခြင်းဖြစ်သော်လည်း ကြောက်ရွံ့ခြင်းမရှိပဲ တည်ငြိမ်နေဆဲပင်။
ဤမီးအိမ်မှာ ဤလောကထဲရှိ လူအားလုံးအား အနိုင်ယူနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်ရှိသည်။ ထို့ကြောင့် သူ ဘာကိုမှ ကြောက်နေစရာမလို။
“နတ်ဘုရားက ဒီတစ်ခေါက် ရှီလာကို လွှတ်ပေးစေလိုတဲ့ ဆန္ဒရှိတယ်” ယာ့မန် ပြောလိုက်သည်။
ပြီးလျှင် ဘာမှထပ်မပြောတော့။ ဤသည်မှာ သူ ပြောစရာရှိတာအကုန်ပင်။
“နတ်ဘုရားဆန္ဒဟုတ်လား .. ဘာနတ်ဘုရားလဲ .. မင်းတို့တွေပြောတာနဲ့ပဲ ငါတို့က လွှတ်ပေးမယ်လို့ ထင်နေတာလား .. သောက်ရမ်းတွေ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ .. အဲဒီ ဝံပုလွေလိုကောင်က ဘယ်လိုရူးနှမ်းတဲ့ကိစ္စမျိုးတွေ လုပ်ဖို့ကြိုးစားခဲ့လဲဆိုတာ အဲဒီသောက်နတ်ဘုရားကြီးက မသိဘူးလား..” နွားနက်ကြီး တီးတိုးကျိန်ဆဲလိုက်သည်။
သို့သော် သူ ဤစကားလုံးများကို ထုတ်မပြော။ အဘယ်ကြောင့်ဆိုသော် နွားဝါလေးသည် သူစိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်ပင်။
“ရှီလာလည်း ဒီနတ်ဘုရားလက်အောက်ကလူလား..” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။ “အဲဒါဆိုရင် ငါတို့ ရိုက်စားခံရတာပဲ” ဤနတ်ဘုရားဆိုသူမှာ အနည်းဆုံးတော့ ဩဇာရှိသည့်သူ ဖြစ်လိမ့်မည်ပင်။
“မင်းက အပြောတော့ ကောင်းသားပဲ..”မန်ချူးကျား နှာခေါင်းရှုံ့လိုက်သည်။ သူ့မျကနှာထက်၌ မကောင်းဆိုးဝါးအကြည့်များ ရှိနေသည်ပင်။
“ရှီလာက အလောတကြီးလုပ်မိသွားတယ်ဆိုတာ နတ်ဘုရား ဝန်ခံပါတယ် .. ဒါပေမဲ့ ခင်ဗျားတို့တွေ သူ့အပြစ်ကို ခွင့်လွှတ်ပေးလို့ရမလား .. ကျေးဇူးပြုပြီး သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခုလောက် ထပ်ပေးပေးပါ” ယာ့မန်သည် နတ်ဘုရား နာမည်ကို အသုံးပြုကာ ရှီလာအတွက် သနားညှာတာမှု တောင်းခံနေခြင်းပင်။ သူ့အသံမှာ ယဉ်ကျေးနေပုံပေါ်သော်လည်း သူ့စိတ်ထဲမှ မောက်မာမှုများအား မြင်နိုင်နေသည်ပင်။
“ဆောရီးပါ .. ခင်ဗျား ဒီကိစ္စကို တစ်ခြား ဘုရင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးရလိမ့်မယ်” နွားနက်ကြီး ပြောလိုက်သည်။ သူသည် ဒေါသကြီးသည့်သူပင်။ အထူးသဖြင့် သူ ဆက်ဆံနေရသည့်သူမှာ ငရူးငကြောင်ဖြစ်နေလျှင် ပိုဆိုးသေးသည်။
ဤမိနစ်ပိုင်းအတွင်း၌ သူ သည်းခံနေခဲ့ခြင်းမှာ သူသည် တစ်ဖက်လောကမှ ပုဂ္ဂိုလ်နှင့် ရန်သူဖြစ်စရာအကြောင်းမရှိသောကြောင့်ပင်။
“ကောင်းပြီလေ .. အဲဒါဆိုလည်း ကျုပ် တစ်ခြား ဘုရင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ပဲ ဆွေးနွေးလိုက်တော့မယ်” ယာ့မန် ပြောလိုက်သည်။
“ကျုပ်သိချင်လို့ပါ .. ခင်ဗျားရဲ့နတ်ဘုရားက အချိန်အကြာကြီး အသက်ရှင်နေထိုင် လာခဲ့ပြီးလောက်ပြီ .. သူက အမြဲတမ်း ငယ်ရွယ်နုပျိုနေတာလား” နွားဝါလေး မေးလိုက်သည်။
“ဒါပေ့ါ သူက အမြဲတမ်း ငယ်ရွယ်နုပျိုနေတာ” ယာ့မန် ခေါင်းညိမ့်၍ ပြောလိုက်သည်။ ထို့နောက် သူ ငွေရောင်မီးအိမ်ကို အသာလေး ခေါက်လိုက်သည်နှင့် ရုတ်တရက် အရိပ်တစ်ခု ပေါ်လာသည်။ ဤသည်မှာ အမျိုးသားတစ်ဦး၏ အရိပ်ပင်။
“ဟမ်..”
သူတို့အားလုံး ထိတ်လန့်သွားရ၏။
ငွေရောင်အလင်းထဲ၌ ပေါ်လာသည့်သူမှာ အရှေ့တိုင်းသား အမျိုးသားတစ်ဦးပင်။ သူ့ပုံစံမှာ အတော်လေး ငယ်ရွယ်လှသော်လည်း သူသည် ရှေးဟောင်းအဝတ်အစားများ ဝတ်ဆင်ထားပြီး သူ့အား အနက်ရောင်မီးတောက်များ ဝိုင်းရံထားသည်။
ထိုအခိုက်အတန့်တွင် လေထဲ၌ စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာသည်ကို သူတို့အားလုံး ခံစားလိုက်ရသည်။ ဤစွမ်းအင်လှိုင်းကြား၌ ရပ်နေရသည်မှာ သူတို့ရင်ဘတ်ကို တစ်ခုခုဖြင့် ဖိထားသကဲ့သို့ အသက်ရှူရ ခက်ခဲလာသည်။
မန်ချူးကျား ကြောက်ရွံ့သွားကာ မျက်စံများ မှေးကျဉ်းသွားလေသည်။
“ကောင်းပြီလေ .. ခင်ဗျား ကိုယ့်ဘာသာကိုယ် တစ်ခြားဘုရင်တွေ၊ ကျွမ်းကျင်သူတွေကို သွားရှာလိုက်တော့ .. ကျုပ်တို့တွေ လမ်းမတူတော့ဘူး” နွားဝါလေး ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူနှင့် အခြားသူများအားလုံး ဤနေရာမှ လှည့်ပြန်ထွက်သွားလိုက်၏။ သူတို့ ခွန်းလွန်တောင်သို့ ဦးတည်သွားနေခြင်းပင်။
လျင်မြန်စွာ ပျောက်ကွယ်သွားသည့် သူတို့လေးဦး၏ပုံရိပ်ကိုကြည့်ကာ ယာ့မန်မျက်နှာထက်မှ နူးညံ့သည့်အပြုံး ပျောက်ကွယ်သွားသည်။ သူ့မျက်ဝန်းများထဲ၌ မောက်မာမှုများနှင့် အထင်သေးမှုများသာ ရှိတော့သည်။ ထို့နောက် သူ့ဦးခေါင်းထက်၌ ပျံဝဲနေသည့် ငှက်ဘုရင်၏ကျောထက်သို့ ခုန်တက်သွားလိုက်လေ၏။
ငှက်ကြီးသည် ယာ့မန်ကို သယ်ကာ ခွန်းလွန်တောင်သို့ ဦးတည်ပျံသန်းသွားလေသည်။
“သူက အရမ်းကို မောက်မာပြီးတော့ ဘဝင်မြင့်နေတဲ့လူပဲ” ချူဖုန်း ပြောလိုက်သည်။
“အဲဒီနတ်ဘုရားပစ္စည်းဆိုတာက ဘာကြီးလဲ..” မန်ချူးကျားမှာ ဤသည်ကို အလွန်သိချင်နေသည်။ ယခင်က သူ ဤလောကမှ လူများကို အနိုင်ကျင့်၍ရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို အနိုင်ယူနိုင်သည့်သူ သိပ်မရှိ။ သို့သော် အခြားလောကမှ လူများ ရောက်လာတော့မည့်အရိပ်အယောင်များ ထွက်ပေါ်လာသောကြောင့် သူ့အချိန်ကောင်းများ ကုန်ဆုံးတော့မည်ကို သူသိသည်။
“သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရင် ငါတို့တွေ အရမ်းကြီး မကွာလောက်ဘူးလို့ ငါထင်တယ်” ချူဖုန်း ပြောလိုက်သည်။
“မင်းပြောတာဟုတ်တယ် .. သူ သူ့လက်နက်ကို ရှီလာကို မပေးပဲ ယာ့မန်ကို ပေးလိုက်တဲ့အချက်က အဓိပ္ပာယ်အများကြီး ရှိနေတယ် .. ဒါက သူ ရှီလာကို ကြောက်နေတယ်လို့ ပြောလို့ရတယ် .. ရှီလာ ဒီလက်နက်ရှိသွားရင် သူကိုယ်တိုင် ,’နတ်ဘုရား’ လုပ်လိုက်မှာကို ကြောက်နေတာ”
“ဒါ ဖြစ်နိုင်တယ်” နွားနက်ကြီး ခေါင်းညိမ့်လိုက်သည်။
“ငါတို့တွေ အဲဒီခွေးမသားယာ့မန်ကို ဒီတိုင်း သတ်ပစ်လိုက်လို့ မရဘူးလား .. ပြီးရင် အဲဒီလက်နက်ကို ငါတို့ ယူလိုက်လို့ရပြီ..” မန်ချူးကျား မေးလိုက်သည်။
“လက်လွတ်စပယ်မလုပ်နဲ့့” နွားဝါလေး ပြောလိုက်သည်။ ဤလက်နက်ကို ခိုးချင်လျှင် သေချာအစီအစဉ်ချပြီး ပြင်းပြင်းထန်ထန် ကြိုးစားရလိမ့်မည်ဟု သူ ယုံကြည်သည်။ ထိုမီးအိမ်ထဲ၌ တောက်လောင်နေသည့် မီးတောက်များမှာ အဆုံးမဲ့အမှောင်ထုမီးတောက်ဖြစ်ပြီး သူ့စွမ်းအားမှာ အကန့်အသတ်မရှိပေ။
အဆုံးမဲ့နေမီးတောက် တစ်မိနစ်ခန့် တောက်လောင်သည်နှင့် သားရဲဘုရင်တစ်ဦး လောင်ကျွမ်းသွားနိုင်ရန် လုံလောက်သည်။ အဆုံးမဲ့အမှောင်ထုမီးသည် အဆုံးမဲ့နေမီးနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော်လည်း ဤမီးတောက်နှင့် ထိမိသည့်သူမှန်သမျှကို ထိခိုက်စေနိုင်သည်အထိ ကြောက်စရာကောင်းနေဆဲပင်။
ထို့အပြင် ဤနတ်ဘုရားဆိုသည်မှာ အခြားလောကမှ မြင့်မြတ်ဂိုဏ်အချို့၏ တပည့်ငယ်လေးဖြစ်လိမ့်မည်ဟု နွားဝါလေး ယုံကြည်ထားသည်။
“အဲဒီမီးအိမ်ထဲမှာ ပေါ်လာတဲ့အရိပ်က အရှေ့တိုင်းအမျိုးသားတစ်ယောက်ပဲ .. ပြီးတော့ သူဝတ်ထားတဲ့ အဝတ်အစားတွေက ရှေးအဝတ်အစားတွေ” ချူဖုန်း ပြောလိုက်သည်။
“သူက အဆုံးစွန်အမှောင်ထုက မြင့်မြတ်ဂိုဏ်းတွေနဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ငါယုံကြည်တယ် .. သူက သူတို့တွေရဲ့ တပည့်တောင် ဖြစ်နိုင်တယ်” နွားဝါလေး ပြောလိုက်သည်။
သူတို့လေးယောက်သား လမ်းလျှောက်ရင်း စကားပြောလာကြရင်း နောက်ဆုံးတော့ ဤအခြေအနေကို ကိုင်တွယ်နိုင်မည့် အကြံအချို့ ရရှိလာသည်။
“မကြာခင်မှာ ဒီလောကကြီးက ငြိမ်းချမ်းမှုက ပျောက်ကွယ်သွားတော့မယ် .. အဲဒီမြင့်မြတ်ဂိုဏ်းက တပည့်တွေ ငါတို့လောကကို ရောက်လာရင် ငါတို့တွေ ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး” မန်ချူးကျား ဟစ်ကြွေးလိုက်သည်။
အခြားလောကမှ သက်ရှိများ ဤလောကသို့ ရောက်လာရန်အတွက် စောလွန်းသေးသည်ဟု သူတို့ ခံစားရသည်။ သူတို့ အဆင်သင့်မဖြစ်သေး။ တစ်ဖက်လောကမှသက်ရှိများ ရောက်မလာခင် သူတို့ ဤလောကရှိ သားရဲအားလုံးထက် ပို၍ခွန်အားကြီးအောင် လုပ်ထားရဦးမည်။
နွားဝါလေး ခေါင်းခါလိုက်၏။ သူ့သည် ဤကိစ္စကို သိပ်စိတ်ပူပုံမပေါ်။ သူလည်း သူ့အမြင်နှင့်သူ ရှိသည်ပင်။ ထိုသက်ရှိများ ဤလောကကို ဖြတ်ကျော်လာနိုင်ရန်မှာ ဤမျှမလွယ်ကူသည်ကို သူ ယုံကြည်သည်။
ဤလူများမှာ သံတိုင်များနောက်မှ လူရမ်းကားများနှင့်တူသည်။ သူတို့ မည်မျှပင် အင်အားကြီးနေပါစေ သူတို့သာ ရှေးဟောင်းမူလတောထဲ၌ ရှိနေသရွေ့ မည်သူမှ သူတို့ကို ကြောက်စရာမလို။
“ကမ္ဘာစစ်ဖြစ်မယ်ဆိုလည်း ဖြစ်လိုက် .. နတ်ဘုရားဖြစ်ဖြစ်၊ ယေရှုဖြစ်ဖြစ်၊ ယေယောဝါဖြစ်ဖြစ် ဂရုမစိုက်ဘူး .. ငါက ဘယ်သူလဲ .. ငါက သောက်နွားနက်ကြီးပဲကွ .. ယောက်ျားလေးတွေကို အရှင်လတ်လတ် အရေခွံနွာပစ်ပြီး မိန်းကလေးတွေကိုတော့.. ဟား ဟား .. ငါနဲ့အတူတူ အေးအေးဆေးဆေး သက်တောင့်သက်သာလေး ထားရမှာပေါ့..” နွားနက်ကြီး ရယ်မောလိုက်သည်။
ထို့နောက် သူသည် ချူဖုန်းနှင့် မန်ချူးကျားတို့ ပုခုံးကို ဖက်လိုက်ပြီးနောက် သုံးယောက်သား ရယ်မောကာ စကားပြောနေကြလေ၏။ အနောက်၌ နွားပေါက်လေးတစ်ကောင်သာ ကျန်ခဲ့တော့သည်။
“ရှူး .. ငါတို့ပြောတာတွေကို နွားပေါက်လေး မကြားစေနဲ့ .. ကလေးတစ်ယောက်ရဲ့ ဖြူစင်မှုတွေကို အရောင်မဆိုး” ချူဖုန်း ပြောလိုက်ပြီး နွားနက်ကြီးကို မျက်လုံးမှိတ်ပြလိုက်လေသည်။
နွားဝါလေးမှာ ယခုထိ ရွှေရောင်ဆံပင်နှင့် ကောင်လေးပုံသာ ရှိသေးသည်ပင်။
သူတို့သုံးဦးလုံး ခွန်းလွန်တောင်သို့ ဦးတည်သွားလိုက်ကြသည်။ နွားဝါလေးမှာ ပြုပြင်ခြင်းအလေးအမြတ်သစ်ပင်ကို ရှာချင်လွန်း၍ ယားနေလေပြီ။ သစ်ပင်ကြီးကို သူ့အတွက် လက်နက်တစ်ချို့ လုပ်ပေးဖို့ တောင်းဆိုရမည်။
“ချူဖုန်းသာ ရန်သူ မမျှော်လင့်ထားဆုံးအချိန်မှာ သူ့ရဲ့ချာကရမ်နဲ့ ပစ်နိုင်ခဲ့ရင် ငါတို့တွေ အဲဒီငွေရောင်မီးအိမ်ကို ဖျက်ဆီးပစ်လို့ရလောက်တယ် .. ဒါပေမဲ့ ငါတို့တွေ အဲဒီအဆုံးမဲ့အမှောင်ထုမီးနက်ကို သတိထားရမယ်”
နွားဝါလေး တိုက်ပွဲအစီအစဉ်များ ဆွေးနွေးလာသည်။
ဤမောက်မာသည့်အမျိုးသား အလွန်စွမ်းအားကြီးမလာသေးခင် အမဲလိုက်ပစ်ရန် သူတို့ စီစဉ်နေခြင်းပင်။ သူတို့ကြားမှ တိုက်ပွဲမှာ ရှောင်လွဲ၍ရမည်မဟုတ်။
သူတို့အုပ်စု ခွန်းလွန်တောင်သို့ ရောက်သည်နှင့် အံ့အားသင့်စရာကောင်းသည့် သတင်းတစ်ခုက ဆီးကြိုနေခဲ့သည်။
ဒေါင်းဘုရင်နှင့် ရွှေကျီးကန်းဘုရင်တို့သည် ဟိမဝန္တာတောင်၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သေမလိုပင် ဖြစ်ခဲ့ကြသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” ချူဖုန်း သူကြားလိုက်ရသည့်သတင်းကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
အဲဒီနှစ်ယောက်က ဒီလောက်စွမ်းအားကြီးတာ ဒီလိုမတော်တဆမှုမျိုး မရှိသင့်ဘူး..
“အဲဒါက ဖန့်လင်နဲ့ မဆိုင်ဘူး .. ဒေါင်းဘုရင်နဲ့ ကျီးကန်းတို့က နှင်းအောက်မှာ မြှုပ်နေတဲ့ ရှေးဟောင်းဘုရားကျောင်းတစ်ခုကို ရှာတွေ့ခဲ့ကြတယ် .. အဲဒီဘုရားကျောင်းကြီးက ရေခဲတွေ၊ နှင်းတွေအောက်မှာ မြှုပ်နေတာ နှစ်ပေါင်းထောင်ချီ ရှိနေပြီ .. သူတို့တွေ သားရဲဘုရင်စစ်တပ်ကြီးကိုခေါ်ပြီး ဘုရားကျောင်းထဲ ဝင်သွားခဲ့ပေမယ့် သူတို့တွေပဲ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီး ပြန်ပြေးလာခဲ့ရတာ”
ရှေးဟောင်းဘုရားကျောင်းကြီးသည် ခေါင်းလောင်းကြီးကဲ့သို့ တုန်ခါမြည်ဟီးနေသော်လည်း ထိုဘုရားကျောင်းထဲသို့ ဝင်သွားလိုက်သည်နှင့် ခေါင်းလောင်းသံများမှာ နားကွဲလောက်သည့် မိုးခြိမ်းသံများ ဖြစ်သွားခဲ့သည်ပင်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
“ငါလခွမ်း .. အဲဒီဘုရားကျောင်းက မိုးကြိုးအသက်ရှူစည်းချက်ကို လေ့ကျင့်နေတာလို့တော့ င့ါကို မပြောနဲ့နော် .. ဒါပေမဲ့ အဲဒီလိုပုံပေါ်နေတယ် .. မိုးကြိုးအသက်ရှူစည်းချက်ပညာက ရှိနေသေးတာလား .. ပျောက်ကွယ်သွားပြီ ထင်နေတာ..”
ထို့နောက် သူ ဤအချက်နှင့် ထိုငွေရာင်မီးအိမ်ကို ခချက်ချင်း ဆက်စပ်လိုက်နိုင်သည်။ “ငါတို့တွေ မိုးကြိုးအသက်ရှူစည်းချက်ပညာကို သုံးပြီးတော့ အဲဒီမီးကို ထိန်းချုပ်လို့ရတယ် .. ဒါက ငါတို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ..”
“သွားမယ် .. ငါတို့ ပြန်သွားကြစို့..” နွားဝါလေး ဤမျှစိတ်လှုပ်ရှားနေသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးသေး။ သူသည် လေထဲ၌ပင် ခုန်ပေါက်နေသည်။
“မဖြစ်နိုင်တာ .. ဒေါင်းဘုရင်တောင် အသက်ရှုင်နိုင်တယ်ဆိုရုံလေး ထွက်လာနိုင်တာ .. ဘယ်အချက်ကြောင့်များ ငါတို့တွေ သေချာပေါက်အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေတာလဲ..” ချူဖုန်း နွားဝါလေးပေါ်သို့ ရေအေးများ လောင်းချလိုက်သည်။
“ကိစ္စမရှိဘူး .. ငါတို့ အဲဒီကိုရောက်ရင် နည်းလမ်းတစ်ခု စဉ်းစားလိုက်လို့ရတယ်” နွားဝါလေး ပြောလိုက်သည်။ သူ့မျက်လုံးထဲမှ အကြည့်များမှာ ပြတ်သားလှသည်ပင်။
ထိုအချိန်တွင် ချူဖုန်း၏ ဖုန်း မြည်လာသည်။ သူ့မိဘများ ဆက်လာခြင်းပင်။ သူ ဖုန်းကိုင်လိုက်သည်နှင့် သူ့အမေ၏အော်သံ ထွက်ပေါ်လာသည်။ ဓချီးထုပ်ကောင်လေး .. စစ်ပွဲက ပြီးနေပြီ .. မင်းကဘာလို့ အိမ်ပြန်မလာသေးတာလဲ..”
ချူဖုန်း လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် သူ့အမေ ပြောနေသည်ကို အားလုံးကြားလိုက်ရပြီး သူ့အား ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ “အမေ မအော်ပါနဲ့” ချူဖုန်း တိုးတိုးလေး ပြောလိုက်သည်။
“အော်တယ်ဟုတ်လား .. နင် အခုချက်ချင်း ပြန်မလာရင် ငါ နင့်ကို ရိုက်ပစ်ဦးမှာ .. အ ခု ချက် ချင်း ပြန် လာ ခဲ့ … ကြားလား .. နင့်ကို အပြင်မှာနေပြီး ထပ်ပြီး မတိုက်ခိုက်စေချင်တော့ဘူး .. ပြန်လာပြီး လက်ထပ်ပြီးမှ နင်ကြိုက်တာဆက်လုပ်..” ဝမ်ကျင်းမှာ သန်မာသည့်အမျိုးသမီးတစ်ဦးပင်။ ယခုတစ်ခေါက်တော့ သူမ ဆုံးဖြတ်ချက် ချထားပြီးသားပင်။ သူ မြေး မြန်မြန်ချီရရန်အတွက် သူ့သားကို လက်ထပ်ပေးရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
အပိုင်း ၂၀၁ ပြီး၏။