Switch Mode

Chapter – 200

အခြားလောကမှ နတ်ဘုရားများ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၀၀ – ‘အခြားလောက’မှ နတ်ဘုရားများ

ခွပ်..

လျှပ်စီးနှင့် မိုးကြိုးများ ပင်မတောင်ကို ရိုက်ခတ်လာကြသည်။ အရှေ့ဘက်တွင် အနည်းဆုံး မီတာတစ်ထောင့်ငါးရာရှည်ကာ မည်းနက်နေသည့်နွယ်ပင်တစ်ပင် လွှဲရမ်းပြီး သူ့ရန်သူများကို တိုက်ခိုက်လာသည်။

မန်ချူးကျားသည် တောင်ဘေးဘက်၌ နွယ်ပင်နှင့် တိုက်ခိုက်နေသည်။ သူသည် ထိုနွယ်ပင်အား ရှောင်ရုံသာ ရှောင်လိုက်နိုင်သည်။ ဤသည်မှာ မိုးကြိုးနတ်ဘုရားဖြစ်သည့် ဇူးစ် သူ့ကြာပွတ်ကို အသုံးပြုနေသကဲ့သို့ပင်။

လျှပ်စီးထွက်လာပြီးနောက် ထွက်ပေါ်လာသည့် မိုးခြိမ်းသံလည်း ကြောက်စရာကောင်းလှသည်ပင်။ မန်ချူးကျားပင် ထိုမိုးကြိုးနား ကပ်မသွားရဲ။

ဖုန်း..

ရုတ်တရက် မြေကြီးမှ အခြားနွယ်ပင်သုံးခု ထိုးဖောက်လာကာ စတင်လွှဲရမ်းလာသည်။ သူတို့လည်း အနက်ရောင်များပင်။ ထိုနွယ်ပင်များသည် လွှဲရမ်းရင်းဖြင့် မျက်စိစူးလှသည့် လျှပ်စီးတန်းများ ထုတ်လွှတ်နေသည်။ ထိုလျှပ်စီးများကြောင့် တောင်စောင်းတစ်လျှောက်၌ ရှိနေသည့် မြူများ၊ တိမ်တိုက်များပင် ပျက်ပြယ်သွားသည်။ ယခု ထို နွယ်ပင်အားလုံး မန်ချူးကျားထံသို့ ဦးတည်လာနေကြသည်။

“ခွေးမသား .. ငါ မင်းကို သင်ခန်းစာတစ်ခု သင်ပေးမယ်..” မန်ချူးကျား ဒေါသတကြီး ပြောလိုက်သည်။ သူ အော်ဟစ်လိုက်သည်နှင့် အိုလံပစ်တောင်တစ်ခုလုံး တုန်ခါသွားကာ သူ၏အစင်းကျားခန္ဓာကိုယ်လည်း တောက်ပလာသည်။ သူ၏သွေးလွှမ်းနေသည့်ပါးစပ်ကို ဟလိုက်သည်နှင့် ပါးစပ်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုအလင်းတန်းသည် ကြီးမားလှသည့် ဓားအဖြစ် ပြောင်းလဲသွားပြီး မီးသွေးရောင်နွယ်ပင်များနှင့် တိုက်ခိုက်လာသည်။

ခွပ်..

လေထဲ၌ လျှပ်စစ်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ နွယ်ပင်နှင့် မန်ချူးကျားနှစ်ဦးလုံးမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူများဖြစ်သောကြောင့် သူတို့ကြားမှ တိုက်ခိုက်မှုမှာ ထိပ်တန်းအဆင့်ပင်။

ဝှစ်…

မန်ချူးကျား လေထဲသို့ ခုန်တက်လိုက်ပြီးနောက် မီတာအနည်းငယ်အဝေးသို့ ရောက်သွားသည်။ ထို့နောက် သူ အဓိကတောင်ပေါ်သို့ ထပ်တက်သွားလိုက်သည််။

ထိုအချိန်တွင် ချူဖုန်း၊ နွားဝါလေးနှင့် အခြားသူများလည်း အခြားတစ်ဖက်မှ တောင်ပေါ်သို့ တက်နေကြသည်ပင်။ သူတို့သည် အပိုလို၏တိုက်ခိုက်မှုကို ခုခံပြီး မြင့်မြတ်မြေပေါ်သို့ ခြေချလိုက်သည်။

“ဝုန်း..”

ရုတ်တရက် ရေလှိုင်းများကဲ့သို့ တောင်ပေါ်မှ မီးတောက်များ ကျဆင်းလာသည်။ ထိုမီးတောက်များကြောင့် တောင်စောင်းတစ်လျှောက်၌ ရှိ ကျောက်တုံးများ အရည်ပျော်သွားကာ‌ ချော်ရည်များဖြစ်သွားပြီး တောင်အောက်သို့ စီးဆင်းသွားသည်။ ဤသည်မှာ မီးတောင်တစ်ခု ပေါက်ကွဲထွက်လာသည်နှင့်ပင် တူနေသည်။

ဤမီးတောက်မှာ ထူးခြားလှသည်။ မီးတောက်များသည် ရဲရဲနီမနေပဲ မီးသွေးများကဲ့သို့ မည်းနက်နေသည်ပင်။ ဤမီးတောက်များ၏အပူကို သားရဲများ ခံစားနေရသည်။

“ဒါက မီးနတ်ဘုရား လုပ်နေတာလို့တော့ မပြောနဲ့နော်..” နွားနက်ကြီး‌အော်ဟစ်လိုက်သည်။

တောင်ထိပ်၌ သစ်ပင်တစ်ပင်ရှိနေ၏။ ထိုအပင်သည် မီးတောက်များဖြင့် လောင်ကျွမ်းနေသကဲ့သို့ တစ်ပင်လုံး မီးတောက်များ ဖုံးလွှမ်းနေကာ သစ်ကိုင်းများနှင့် သစ်ရွက်များတွင်လည်း အနက်ရောင်မီးဘောလုံးများ ချိတ်ဆွဲထားသည်။ ထိုအပင်၏အပူချိန်မှာ အလွန်မြင့်မားလှသည်ပင်။

“နေနတ်ဘုရားအပိုလိုက နေကြာပန်း .. မီးနတ်ဘုရားက သစ်ပင်တစ်ပင် .. ချီးပဲ..” ဘုရင်များ ကျိန်ဆဲလိုက်ကြသည်။ အိုလံပစ်တောင်ပေါ်က နတ်ဘုရားတွေအားလုံးက သစ်ပင်တွေလား…

“အပင်က အချုပ်အနှောင်ငါးခုပဲ ဖြတ်ရသေးတာ .. ကိစ္စမရှိဘူး..”

ချူဖုန်း ရှေ့ဆုံး၌ ရပ်၍ ဤသားရဲဘုရင်အုပ်စုကို ဦးဆောင်လိုက်သည်။ ထူးခြားသည့်အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် သူ့အသွေးအသားမှာ သလင်းကျောက်ကဲ့သို့ တောက်ပလာသည်။ သူ့နောက်တွင်တော့ နွားဝါလေး ရှိနေသည်ပင်။

“ညီအစ်ကိုတို့ .. တက်မယ်..” နွားနက်ကြီး အော်ဟစ်လိုက်သည်။

အချုပ်အနှောင် လေးခု၊ ငါးခု ဖြတ်တောက်ထားသည့်သူများလည်း တောင်ပေါ်သို့တက်လာကြသည်။ သူတို့၏မွေးညှင်းပေါက်မှ ထူးခြားသည့်စွမ်းအင်များ ထွက်ပေါ်လာကာ သူတို့ကို မီးတောက်များမှ ကာကွယ်ပေးလာလေ၏။ ယခု သူတို့ တောင်ပေါ်သို့ တက်သည့်လမ်းသို့ ပြန်ရောက်သွားပြီဖြစ်သည်။

“ကျားအစ်ကို .. မြန်မြန်..” နွားနက်ကြီး အော်ဟစ်လိုက်သည်။

ဝေါင်း..

မန်ချူးကျား ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထက်ရှိ အစင်းကြောင်းများ တောက်ပလာကာ ထိုအစင်းကြောင်းများသည် ချိန်းကြိုးများကဲ့သို့ ခန္ဓာကိုယ်မှ ထွက်လာလေ၏။

ချိန်းကြိုးကြီး လေထဲသို့ ဖြတ်သွားသည်နှင့် လေတိုးသံများ ထွက်ပေါ်လာသည်။ ထိုချိန်းကြိုးကြီး နွယ်ပင်ခြောက်ခုကို ရိုက်ချလိုက်သည်နှင့် ကျားကြီး လေပေါ်သို့ ခုန်တက်လိုက်ကာ တောင်ထိပ်သို့ ရောက်သွားသည်။

ချူဖုန်း၊ နွားဝါလေးနှင့် နှင်းကျားသစ်ဘုရင်တို့လည်း တောင်ထိပ်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ထိုအခိုက်အတန့်တွင် မီးသွေးရောင်နွယ်ပင်နှင့် ရွှေရောင်နေကြာပန်းတို့ ပြန်ဆုတ်သွားကြသည်။ ထို့နောက်တွင်တော့ မီးတောက်သစ်ပင်လည်း ပြန်ဆုတ်သွားကြသည်။ သူတို့သည် ကျူးကျော်လာသူများကို ထပ်မံမတိုက်ခိုက်တော့။

အိုလံပစ်တောင်၏ ပင်မတောင်တစ်ခုလုံး မြူဆိုင်းနေသော်လည်း ဘုရင်များမှာ အမြင်စူးရှလှသောကြောင့် မြူများကို ထိုးဖောက်၍ မြင်နိုင်ကြသည်ပင်။

သူတို့ရှိနေသည့်နေရာဘေးပတ်လည်တွင် အသက်ဓာတ်များ ပြည့်ဝနေသည်။

သူတို့ရှေ့တွင် အလေးအမြတ်သစ်ပင်များ ဗျင်လိုက်ကြီး ရှိနေသည်။ ဤသစ်ပင်များထဲမှ တစ်ပင်ကိုသာ အပြင်လောကသို့ ယူသွားပါက အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မည်။

“ဒီမှာ ၁၂ ပင်ကွက်တိရှိတယ် .. တစ်ပင်ချင်းစီက နတ်ဘုရားတစ်ပါးစီကို ကိုယ်စားပြုတာလား..”

အလယ်၌ ရှိနေသည့်အပင်မှာ အနက်ရောင်နွယ်ပင်ပင်။ ထိုအပင်သည် ရေဆွဲပုံးခန့်သာထူပြီး အရှည်လည်း ၁၀ မီတာခန့်သာရှိသည်။ သို့သော် ဤအပင်သည် စတင်လွှဲရမ်းလာသည်နှင့် မီတာ တစ်ထောင့်ငါးရာကျော် ရှည်လျားလာသည်ပင်။

ဤအနက်ရောင်နွယ်ပင်မှာ အလေးအမြတ်သစ်ပင်တစ်ပင်ပင်။ သူ ကြီးအောင်လုပ်၍ရသလို သေးအောင်လုပ်၍လည်းရသည်။ သူသည် လျှပ်စီးနှင့်မိုးကြိုးစွမ်းရည်များကို ကျွမ်းကျင်ပြီး သူ့ရန်သူများနှင့်တိုက်ခိုက်ရန် သဘာဝစွမ်းအားကို ဆင့်ခေါ်နိုင်သည်။

ဤနွယ်ပင်ပတ်လည်တွင် အခြားအပင်များ ရှိနေသည်။ ရွှေရောင်နေကြာပင်၊ မီးတောက်သစ်ပင်၊ အမြစ်နှင့်သစ်ကိုင်းများအားလုံး နက်ပြာရောင်တောက်နေသည့်သစ်ပင်…

လူများ ဆွံ့အသွားကာ အချို့သူများ သူတို့အမြင်ကို ထုတ်ပြောလာကြသည်။

“နေကြာပန်းက နေနတ်ဘုရားအပိုလို..”

“မီးတောက်သစ်ပင်က မီးနတ်ဘုရား ဟက်ဖေးစတပ်..”

“အပြာရောင်သစ်ပင်က ပင်လယ်နတ်ဘုရား ပိုစီဒန်..”

လူများ သဘောပေါက်လာကြသည်။ ဤအပင် ၁၂ ပင်မှာ ဂရိဒဏ္ဍာရီ၏ နတ်ဘုရား ၁၂ ပါးကို ကိုယ်စားပြုနေခြင်းပင်။

“”လူသားတွေ … ငါတို့တွေက ကိုယ့်ကိစ္စကိုပဲ အာရုံစိုက်ထားကြတာ .. ငါတို့က မတူညီတဲ့လမ်းကို လျှောက်နေကြတဲ့သူတွေ .. ငါတို့ကြားမှာ အညှိုးအတေးတွေ မရှိခဲ့ဖူးသလို မကောင်းတဲ့ကိစ္စတွေလည်း မရှိခဲ့ဖူးဘူး .. အဲဒါကို မင်းတို့က ဘာလို့ အိုလံပစ်တောင်ကို ကျူးကျော်လာတာလဲ..” အနက်ရောင်နွယ်ပင်ကြီး ဦးနှောက်လှိုင်းမှ သူတို့ကို ဆက်သွယ်လာသည်။

“ကျုပ်တို့က အဆင့်တက်နိုင်မယ့် အခွင့်အရေးကို လာရှာတာ..” နွားနက်ကြီး ဒဲ့တိုးပင် ပြောလိုက်သည်။

“ခင်ဗျားတို့က ဒီတောင်ပိုင်ရှင်တွေလား..” ချူဖုန်း မေးလိုက်၏။ ဤအပင်များ ဤတောင်၌ မွေးဖွားလာသည်ကို သူ မယုံကြည်နိုင်သေး။

အခြားလူများလည်း ဤကဲ့သို့သော သံသယမျိုး ရှိနေကြသည်ပင်။ ဤအပင်များမှာ ဤအိုလံပစ်တောင်၏ မူလနေထိုင်သူများနှင့်မတူ။ သူတို့ အခြားနေရာမှလာပြီး တောင်ကို သိမ်းယူထားခြင်းဖြစ်လိမ့်မည်။

“မင်းတို့ကို စိတ်ပျက်စေမိတဲ့အတွက် စိတ်မကောင်းပါဘူး .. ဒါပေမဲ့ ဒီတောင်ပေါ်မှာ ထူးဆန်းတဲ့အသီးမရှိသလို အလေးအမြတ်သစ်ပင်တွေလည်း မရှိဘူး .. မင်းတို့ အဆင့်တက်ဖို့အခွင့်အရေးရှာနေတာဆိုရင်တော့ ဒီမှာ ဘာမှမရှိဘူး .. ငါတို့က ဒီနေရာမှာ မွေးဖွားလာတဲ့သူတွေ” ဇူးစ် ပြောလိုက်သည်။

လူများ စိတ်ပျက်သွားကြရ၏။

“ဟမ်..”

နွားဝါလေးမှာ အမြင်စူးရှသည့်သူပင်။ သိပ်သည်းလှသည့်မြူများနောက်၌ တစ်ခုခုရှိနေသည်ကို သူ အာရုံခံမိသွားသည်။ သူ့မျက်နှာအမူအရာမှာ ချက်ချင်း လေးနက်သွားသည်။

“အဲဒါ ဘာကြီးလဲ..” ချူဖုန်းလည်း ထိုအရာကို မြင်လိုက်သည်ပင်။

အပင်များနောက်၌ တံခါးပေါက်တစ်ချပ် ရှိနေသည့်ပုံပင်။

တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် နေနတ်ဘုရားအပိုလို ပြောလာသည်။ “ဒါက တံခါးတစ်ချပ်ပါ .. ဒါပေမဲ့ မင်းတို့နဲ့ မဆိုင်ပါဘူး .. ကျေးဇူးပြုပြီး ဒီတောင်ကနေ ထွက်သွားပေးပါ .. ဒီတောင်ရဲ့ ငြိမ်းချမ်းမှုကို မနှောက်ယှက်ပါနဲ့”

“ကြည့်ရအောင်..” မန်ချူးကျား အတော်လေး စိတ်ဝင်စားလာသည်။

ဝှစ်..

သူသည် စောင့်ထိန်းမနေတော့ပဲ တံခါးထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ဝုန်း..

အပင်များ ရုတ်တရက် အရောင်တောက်ပလာသည်။ အထူးသဖြင့် ဇူးစ်ပင်။ သူ့နွယ်လက်တံများတွင် လျှပ်စီးများ ထွက်ပေါ်လာပြီး နားကွဲလောက်သည့် မိုးခြိမ်းသံများလည်း မြည်ဟီးလာသည်။

စစ်ပွဲကြီးမှာ ရုတ်တရက် ပြန်လည်သက်ဝင်လာသည်။ သို့သော် အနောက်တိုင်းကျူးကျော်တပ်သားများထဲတွင် အားနည်းသည့်သူမပါ။ အားလုံးမှာ ဘုရင်များပင်။ အပင်များ ရုတ်တရက် အကြမ်းဖက်လာသည်ကို မြင်သည်နှင့် သူတို့လည်း တံခါးထံသို့ တရှိန်ထိုး ပြေးသွားလိုက်ကြသည်။ ထို့နောက် သူတို့အားလုံး တံခါးကို သေချာဝိုင်းကြည့်လိုက်ကြသည်။

ဤသည်မှာ ကျောက်တံခါးတစ်ချပ်ပင်။ တံခါးသည် မြေပြင်ထက်မှ သုံးပေအကွာတွင် ရှိနေသောကြောင့် ဘုရင်အားလုံး အံ့အားသင့်သွားရသည်။

“ဘာဖြစ်နေတာလဲ..” မန်ချူးကျား အော်ဟစ်လိုက်သည်။

ချူဖုန်းသည် အစောပိုင်းလေးကမှ အပြစ်ရှိစိတ် ခံစားခဲ့ရခြင်းပင်။ သူတို့ပြောစကားများအရ အိုလံပစ်တောင်မှာ ဤအပင်များ၏အိမ်ဖြစ်ကြောင်း သူသိခဲ့ရသည်။ ပိုင်ရှင်၏ဖိတ်ခေါ်မှုမရှိပဲ သူတစ်ပါးအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်းမှာ ကောင်းသည့်လုပ်ရပ်မဟုတ်ပေ။ သို့သော် ယခု ဤကျောက်တံခါးအား မြင်လိုက်ရသည့်အချိန်တွင် ဤကိစ္စမှာ မရိုးရှင်းဟု ခံစားလိုက်ရသည်။

“ဒါက မင်းတို့ကို ပြောပြလို့မရတဲ့ကိစ္စမဟုတ်ပါဘူး .. ဒါက ကောင်းကင်ကို သွားတဲ့တံခါး .. မင်းတို့ဘယ်သူမှ ဒီတံခါးကို ဖွင့်နိုင်မှာမဟုတ်ဘူး” ဇူးစ် ပြောလိုက်သည်။

နွားဝါလေးသည် တံခါးကို သေချာလေ့လာပြီးနောက် “ငါတို့ ဒီတံခါးကို ဖွင့်ဖို့ကြိုးစားနေစရာမလိုဘူး .. ဒီတံခါးက ရှားပါးရတနာတစ်ခုပဲ .. သူက ကျယ်ပြောတဲ့လောကကြီးနဲ့ ချိတ်ဆက်ပေးထားတဲ့ တံခါးတစ်ချပ်ပဲ..”

နွားပေါက်လေး၏ စကားများကြောင့် လူများ ထိတ်လန့်သွားရသည်။ သူတို့အားလုံး နွားဝါလေးအား တစ်ပြိုင်နက် ကြည့်လာကြလေသည်။

“ဒီတံခါးက ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိတဲ့သူတွေအတွက်ပဲ .. အဲဒီလူတွေက သာမန်လမ်းကြောင်းကနေ မလာနိုင်လို့ သူတို့အတွက် ပိုအဆင်ပြေပြီး လုံခြုံဘေးကင်းမယ့်လမ်းကို ရွေးချယ်ကြတာ .. ဒီတံခါးက သမိုင်းမတင်မှီခေတ်ကတည်းက တည်ဆောက်ထားတာ .. ဒါက ငါတို့လောကနဲ့ တစ်ခြားလောကကို ဆက်ပေးထားတဲ့ နောက်ဖေးလမ်းကြားပဲ .. ဒါပေမဲ့ ငါ့အမြင်တော့ ဒီလမ်းက အောင်မြင်ဖို့ ပိုခက်ခဲသေးတယ်” နွားဝါလေး ပြောလိုက်သည်။

ဤတံခါးမှာ လူတစ်ဦးတစ်ယောက်မှ ပြုလုပ်ထားခြင်းမဟုတ်ဟု သူထင်သည်။ ဤတံခါးနောက်တွင် အလွန်ကျယ်ပြောလှသည့် ရှေးဟောင်းနယ်မြေတစ်ခု ရှိလိမ့်မည်။ ထိုရှေးဟောင်းနယ်မြေသည် ရှေးကတည်းက စွန့်ပစ်ခံလိုက်ရသောကြောင့် တံခါးလည်း ပိတ်ထားခဲ့ရသည်။ သို့သော် ယခုတော့ တစ်စုံတစ်ယောက် တံခါးကို ပြန်ဖွင့်ရန် ကြိုးစားနေသည်။

“ခင်ဗျားတို့က ကောင်းကင်မြင့်မြတ်ဂိုဏ်းကလူတွေ ချန်ထားခဲ့တဲ့မျိုးစေ့တွေလား..” နွားဝါလေး သံသယအပြည့်ဖြင့် မေးလိုက်သည်။

တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် “ကျောက်တံခါးက ဝါးပင်တွေလိုမျိုး မြေကြီးထဲကနေ ထွက်လာပြီးတော့ လေထဲ ဝဲနေတာ .. တံခါးနဲ့အတူတူ ငါတို့လည်း မြေကြီးထဲကနေ ထွက်လာကြတာ .. အဲဒီကတည်းက ငါတို့ အသိစိတ်ရှိလာပြီးတော့ အသိဉာဏ်တွေ ရလာတာ” ဇူးစ် ပြောလိုက်သည်။

“ခင်ဗျားတို့သတိထား .. ဒီတံခါးရဲ့ တစ်ဖက်ခြမ်းကနေ ဒီလောကထဲကို ဝင်လာချင်တဲ့သူတွေ အများကြီးပဲ .. သတိထား .. မဟုတ်ရင် တစ်နေ့ကျရင် ခင်ဗျားတို့တောင် မသိလိုက်ပဲ အဲဒီလူတွေ ခင်ဗျားတို့ကို စတေးသွားလိမ့်မယ်” နွားဝါလေး ပြောလိုက်သည်။

ချူဖုန်း သက်ပြင်းချလိုက်၏။ ဟိုးယခင်က နွားဝါလေး သူ့အား သတိပေးခဲ့ဖူးသည်ကို သူ မှတ်မိနေဆဲပင်။ နာမည်ကြီးတောင်တိုင်း၌ လောက၏အခြားတစ်ဖက်သို့ ဆက်သွယ်နိုင်သည့် လမ်းကြောင်းရှိသည်။ ယခုတော့ ထိုစကားများ အမှန်ဖြစ်လာသည့်ပုံပင်။

“သွားကြစို့ .. ဒီမှာနေတာက အချိန်ဖြုန်းတာပဲရှိမှာ .. ဒီအပင်တွေက ဒီတောင်က အဆီအနှစ်တွေအားလုံးကို စုတ်ယူပြီးသွားပြီ .. ပြီးတော့ ဒီတောင်အောက်မှာရှိနေတဲ့ မြင့်မြတ်အပင်ရဲ့အမြစ်တွေလည်း အချိန်တစ်ခုထိတော့ ပြန်ရှင်သန်နိုင်ဦးမှာမဟုတ်ဘူး .. အဲဒီတော့ သွားကြစို့..” နွားဝါလေး ပြောလိုက်သည်။

နောက်ဆုံးတွင် အားလုံး ထွက်ခွာသွားလိုက်ကြ၏။

နွားဝါလေး စိုးရိမ်နေမိသည်။ ‘တစ်ဖက်လောက’မှ လူအားလုံး သူလာသည့်နည်းလမ်းအတိုင်းလာလျှင် ကိစ္စမရှိ။ ထိုသို့ဆိုလျှင် အားလုံးအတွက် တန်းတူညီတူဖြစ်နေမည်ပင်။ သို့သော် ယှဉ်ပြိုင်မှုများမှာ အားလုံးအတွက် မမျှတ။ အားလုံး မျှမျှတတယှဉ်ပြိုင်ကြမည်မဟုတ်။ အခြားမြင့်မြတ်ဂိုဏ်းများတွင် ဝှက်ဖဲ တစ်ခု၊ နှစ်ခု ရှိနေနိုင်သလို ဖြတ်လမ်းများလည်း ရှိနေနိုင်သည်။ သူ့အတွက်တော့ ဤသည်မှာ သတင်းကောင်းမဟုတ်။

တစ်နေ့ ရှေးဟောင်းမြင့်မြတ်ဂိုဏ်းတစ်ခုလုံး အနောက်တံခါးမှ ရောက်လာလျှင် သူ့အတွက် ကောင်းမည်မဟုတ်။

အပြန်လမ်းတွင်တော့ နွားပေါက်လေးသည် အခြားသားရဲဘုရင်များ၏ မေးခွန်းများဖြင့် ဝန်းရံခံနေရသည်။ နွားဝါလေးမှာ သက်ရှိစွယ်စုံကျမ်းဖြစ်ကြောင်း သူတို့သိကြသည်ပင်။ နွားဝါလေးသည် သူတို့၏မေးခွန်းအားလုံးကို စိတ်ရှည်လက်ရှည်ပင် ဖြေပေးခဲ့သည်။ “တကယ်တော့ အဲဒီနေ့ရောက်လာရင်တောင် ကျွန်တော်တို့ ဘာမှကြောက်ဖို့မလိုပါဘူး .. ဒီ အဆင့်တက်တဲ့ကစားပွဲမှာ ကျွန်တော်တို့တွေ တစ်ခြားသားရဲတွေ၊ သန္ဓေပြောင်းတွေထက် ရှေ့ရောက်နေရင် အဆင်ပြေတယ် .. မြင့်မြတ်ဂိုဏ်းကလူတွေ လာရင်တောင် ကျွန်တော်တို့တွေ ပြန်တိုက်လို့ရတယ် ..”

တစ်နေ့တည်းမှာပင် ဗန်ပိုင်းယားဘုရင်ကြီး အသတ်ခံရသည့်သတင်း ထွက်ပေါ်လာသည်။

အမှန်တကယ်တွင် ရှုတောင်မှ ကြိုးကြာနှစ်ကောင်သည် အစောကြီးကတည်းက ဗန်ပိုင်းယားဘုရင်အား သတ်ပစ်၍ရသည်။ သို့သော် ဤဗန်ပိုင်းယားဘုရင်သည် ဝေ့လည်ကြောင်ပတ် လုပ်တတ်သည့်သူပင်။ သူ ရှီလာကို ရှာပေးနိုင်သည်ဟု ပြောသောကြောင့် ကြိုးကြာနှစ်ကောင် သူ့အား အသက်ရှင်ခွင့်ပေးခဲ့ခြင်းပင်။

ရလဒ်အနေဖြင့် ဗန်ပိုင်းယားသည် ကြိုးကြာနှစ်ကောင်ကို ဥရောပသို့ ခေါ်သွားပြီး တိုက်ပွဲများ ဖရိုဖရဲဖြစ်နေသည့်အချိန်တွင် ထွက်ပြေးရန် ကြိုးစားခဲ့လေသည်။

သို့သော် သူ မည်မျှပင် မြန်နေပါစေ ဓားပျံနှစ်လက်ကိုတော့ ယှဉ်နိုင်မည်မဟုတ်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားပြီး ကောင်းကင်ပေါ်မှ လမ်းမထက်သို့ ပြုတ်ကျသွားခဲ့သည်ပင်။

အနောက်တိုင်းသားများမှာ ပျော်ရွှင်စွာပင် လက်ခုပ်လက်ဝါး တီးနေကြလေသည်။ ပြောရမည်ဆိုလျှင် ဤဗန်ပိုင်းယားမှာ နဂါးနက်ထက်ပင် ဆိုးရွားသေးသည်။

တစ်နေ့တည်းမှာပင် အခြားသတင်းတစ်ခု ပျံ့လွင့်လာ၏။ ဖန့်လင် ဟိမဝန္တာ၌ အသတ်ခံလိုက်ရသည်။ သူသည် စွမ်းအားကြီးသည့် ဘုရင်တစ်ဦးပင်။ သူသည် မြေအောက်၌ ပြေးနိုင်သောကြောင့် ထွက်ပြေးလွတ်မြောက်လုနီးပါး ဖြစ်ခဲ့သည်။ သူ့လက်တစ်ဖက် ဆုံးရှုံးခဲ့သော်လည်း မြေအောက်ထဲ၌ လျင်မြန်စွာ ပြေးနိုင်ဆဲပင်။

ဒေါင်းဘုရင်နှင့် ရွှေကျီးကန်းတို့သည် သူ့အား မျက်ခြေပြတ်တော့မတတ်ပင်။ သို့သော် အဆုံး၌ သူတို့ ဖန့်လင်ကို နှင်းများဖုံးနေသည့် တောင်တစ်ခု၌ တွေ့ခဲ့ပြီး သူ့အား သတ်ပစ်ခဲ့သည်ပင်။

သူတို့နှစ်ဦးသည် ဖန့်လင် လေ့ကျင့်သည့် အသက်ရှူစည်းချက်ပညာဖြစ်သည့် ရှေးဟောင်းယောဂအသက်ရှူပညာကိုလည်း ရရှိခဲ့ကြသည်။

ထို့အပြင် ဒေါင်းဘုရင်နှင့် ရွှေကျီးကန်တို့ ဒဏ်ရာရရှိခဲ့ကြသည်ဟုဆိုသည်။ ထိုနှင်းများဖုံးလွှမ်းနေသည့် တောင်အောက်၌ အလွန်ထူးဆန်းသည့်နေရာတစ်ခု ရှိနေသည်ကို သူတို့တွေ့ရှိခဲ့ကြသည်။ ထို့နောက် သူတို့သည် အခြားသားရဲဘုရင်များကိုခေါ်ကာ ထိုနေရာသို့ လေ့လာကြေလေ၏။

ထူထဲလှသည့် နှင်းပြင်ကြီးအောက်၌ ရှေးဟောင်းဘုရားကျောင်းတစ်ခု ရှိသည်ဟု ပြောကြသည်။ နှင်းများ၊ ရေခဲများအောက် ဖုံးလွှမ်းနေသော်လည်း အပြင်ဘက်မှနေ၍ မိုးခြိမ်းသံများ ကြားနေရဆဲပင်။

ရှီလာမှာ ထွက်ပြေးနေဆဲဖြစ်ပြီး ခြင်္သေ့အကြီးအကဲမှာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခံလိုက်ရသည်။ အရှေ့တိုင်းကျူးကျော်တပ်ဖွဲ့မှ အခြားသူများအားလုံးလည်း အသတ်ခံလိုက်ရပြီဖြစ်သောကြောင့် စစ်ပွဲကြီးမှာ အဆုံးသတ်သွားလေပြီ။

အမြင်ရှစ်မျိုးကျောင်း၊ ဂျိဒ်ကျောင်းနှင့် ကျောက်စိမ်းဂူကျောင်းမှ ဆရာတို့လည်း သူတို့၏ အနောက်တိုင်းခရီးစဉ်ကို အဆုံးသတ်ကာ အိမ်ပြန်လာနေကြပြီဖြစ်သည်။

ထို့နောက် လူဝံကြီး၊ ရွှေဂဠုန်၊ တောင်လိပ်၊ ကြိုးကြာဖြူများနှင့် ဝူတန်းတောင်သခင်လည်း အရှေ့တိုင်းသို့ ပြန်လာကြပြီဖြစ်သည်။

အရှေ့တိုင်းမှ အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့်ကျွမ်းကျင်သူများ ပြန်သွားမှသာ ဥရောပမှ အင်အားကြီးအဖွဲ့အစည်းများ စိတ်အေးရတော့သည်။ ဤရက်ပိုင်းအတွင်း သူတို့ မည်မျှဖိအားများနေသည်ကို ဘုရားသာ သိလိမ့်မည်။

အနောက်တိုင်းကျူးကျော်တပ်များသည် ဂရိမှတစ်ဆင့် လျှို့ဝှက်လမ်းကြောင်းအတွင်းသို့ဝင်ကာ အရှေ့တိုင်းသို့ ပြန်သွားလိုက်ကြသည်။

ချူဖုန်း၊ နွားဝါလေးနှင့် နွားနက်ကြီးတို့ကတော့ အနောက်တိုင်း၌ ကျန်နေခဲ့ကြသည်။ သူတို့ ဗာတီကန်မြို့သိ့ သွားချင်သေးသည်။ မြေအောက်၌ မြှုပ်နှံထားသည့် ကန့်သတ်နေရာအချို့ကို သူတို့ချိုးဖျက်နိုင်မလား ကြိုးစားကြည့်ချင်သေးသည်။ သူတို့ပစ္စည်းကောင်းများဖြင့် တွေ့နိုင်သည်ပင်။

မန်ချူးကျားမှာ အရေထူသည့်ကောင် ဖြစ်နေဆဲပင်။ သူလည်း ချူဖုန်းတို့နှင့်အတူ လိုက်လာချင်နေသေးသည်။

ဤသည်ကို သူတို့သုံးယောက် စိတ်ထဲမထားတော့။ ဤကျားကြီးသည် သစ္စာမရှိသော်လည်း သူသည် စွမ်းအားကြီးသည့် တိုက်ခိုက်ရေးသမားတစ်ဦးပင်။ သူသာပါလျှင် အဖွဲ့၏တိုက်ခိုက်နိုင်စွမ်း တိုးတက်သွားလိမ့်မည်။

“ဒါက ဗာတီကန်လား .. အားလုံး ပျက်စီးသွားပြီပဲ .. ငါတို့ဒီမှာ ပစ္စည်းကောင်းမှ ရှာတွေ့မှာ မဟုတ်ဘူး” ကျားကြီး စိတ်ပျက်စွာ ပြောလိုက်သည်။

နွားနှစ်ကောင် သူ့ကို ကြည့်လာသောကြောင့် သူလည်း နွားနှစ်ကောင်ကို ပြန်ကြည့်ပေးလိုက်သည်။ သူတို့အကြည့်များမှတစ်ဆင့် သူတို့၏အဓိပ္ပာယ်ကို ချူဖုန်း နားလည်သည်ပင်။

“အပျက်အစီးတွေမရှိရင် အသစ်ဆိုတာ ရှိမှာမဟုတ်ဘူး .. အဆောက်အဦးတွေ ပျက်စီးရင် ပျက်စီးသွားမယ် ဒါပေမဲ့ စိတ်ဝိညာဉ်တွေကတော့ ပျက်စီးမှာ မဟုတ်ဘူး..” ရုတ်တရက် လူအိုကြီးတစ်ဦး ရုတ်တရက် ထွက်လာသည်။ သူသည် ကြင်နာတတ်သည့် အမူအရာမျိုးရှိသော်လည်း အလွန်အသက်ကြီးနေပြီဖြစ်သည်။

“ခင်ဗျားက ဘယ်သူလဲ..” မန်ချူးကျား အလွန်ထိတ်လန့်သွားကာ အဆုတ်ပွင့်မတတ် အော်ဟစ်လာသည်။ သူ့အမွေးများ တောက်ပလာပြီးနောက် သူ့ဘေးပတ်ပတ်လည်၌ စွမ်းအားများ လွှမ်းခြုံလာသည်။ ဤစွမ်းအားသည် သူ့အနားတွင်ရှိနေသည့် အမှိုက်များ၊ ကျောက်တုံးကျောက်ခဲများကို ဆွဲယူပြီးနောက် အမှုန့်ဖြစ်အောင် လုပ်လိုက်လေသည်။

လူအိုကြီး၏ မျက်ဝန်းမှ ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းမှ စွမ်းအင်များသည် ကျားကြီးထုတ်လွှတ်လိုက်သည့် စွမ်းအင်များအား ချေဖျက်ပစ်လိုက်လေသည်။ ခဏကြာပြီးနောက် ဤနေရာမှာ ပြန်လည်တိတ်ဆိတ်သွားသည်။

“လူငယ်လေးတွေ ငါ မင်းတို့အပေါ် မကောင်းတဲ့စိတ် မရှိဘူး” လူအိုကြီး ပြောလိုက်သည်။ ထို့နောက် သူ့ကို မြင့်မြတ်သည့်အလင်းလွှာတစ်လွှာ လွှမ်းခြုံလာလေသည်။ “အပျက်အစီးပေါ်မှာ ဗာတီကန်မြို့အသစ် ပြန်ဆောက်လိမ့်မယ် .. အမှောင်ထုတွေက ဘယ်တော့မှ အမြဲတမ်းတည်မြဲနိုင်မှာမဟုတ်ဘူး ဒါပေမဲ့ အလင်းကတော့ ထာဝရတည်မြဲနေလိမ့်မယ် .. မင်းတို့တွေကို ဒီမြေပေါ် ခြေချခွင့်မပြုဘူး .. ဒါပေမဲ့ ငါတို့တွေက ရန်သူတွေမဟုတ်ဘူးဆိုတော့ ဒီနေ့တော့ မင်းတို့ကို အပြစ်မပေးတော့ဘူး”

ဤလူကြီးသည် ရှီလာထက်ပင် အင်အားကြီးနေသည်ကို အာရုံခံမိသွားသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ “အကြီးအကဲက ၇ ခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ပြီးသွားပြီလား..” ချူဖုန်း မေးလိုက်သည်။

“င့ါနာမည်က ဇိုအာ..” လူအိုကြီး သူ့ကိုယ်သူ မိတ်ဆက်လာသည်။ ထို့နောက် ချူဖုန်းမေးခွန်းကို ခေါင်းခါပြလိုက်ကာ “အခုလောလောဆယ်ထိတော့ ငါတို့လောကမှာ အချုပ်အနှောင် ၇ ခု ဖြတ်တောက်ထားတဲ့သူ မရှိသေးဘူး .. ငါတို့ကမ္ဘာက မဟုတ်ရင်တော့ မပြောတတ်ဘူး”

နွားဝါလေး အံ့အားသင့်သွားရသော်လည်း တိတ်တဆိတ် ခေါင်းညိမ့်လိုက်သည်။

ဤလူအိုကြီး မည်မျှသိနေသည်ကို ချူဖုန်း သိချင်မိသွားသည်။ သူ၏စွမ်းအားနှင့် ဗဟုသုတနှင့်ဆိုလျှင် လားမားဘုန်းတော်ကြီးနှင့် ယှဉ်၍ ရလောက်သည်။

“ငါတို့ရဲ့ အနာဂတ်တွေက စစ်ပွဲတွေ၊ ငြင်းခုံမှုတွေနဲ့ ပြည့်နှက်နေမှာ .. ဒဏ္ဍာရီတွေ ပြန်အသက်ဝင်လာပြီးနော့ နတ်ဘုရားတွေက ဒီလောကကြီကို နောက်တစ်ခေါက်အုပ်စိုးဖို့ ကြိုးစားကြလိမ့်မယ် .. အဲဒီလိုနေ့မျိုးရောက်လာရင် ငါတို့တွေအားလုံး ပူးပေါင်းပြီး ငါတို့ရဲ့ ဘုံရန်သူကြီးကို တိုက်ထုတ်နိုင်ဖို့ပဲ မျှော်လင့်မိတယ်” ဇိုအာပြောလာသည်။ ထို့နောက် သူ နောက်ပြန်လှည့်သွားလေ၏။ ခဏကြာပြီးသည့်နောက်တွင်တော့ သူသည် အပျက်အစီးများကြားမှ ပျောက်ကွယ်သွားလေသည်။

“ဒီလူအိုကြီးက င့ါအတွက် အရမ်းထူးဆန်းနေတယ် .. သူက အရမ်းစွမ်းအားကြီးတယ်ဆိုတာ ငါပြောနိုင်တယ် .. သူက ရှီလာထက်တောင် ပိုအင်အားကြီးလောက်တယ် ..” နွားနက်ကြီး ပြောလိုက်သည်။

နွားဝါလေးလည်း ခေါင်းညိမ့်လိုက်သည်။ ဤလူအိုကြီး အမှန်တရားများစွာကို သိထားလောက်သည်။

ဇိုအာမှ သူတို့ကို သတိပေးပြီးသွားပြီဖြစ်သောကြောင့် သူတို့အစီအစဉ်ကို ဆက်လုပ်၍မရတော့။ နောက်ဆုံးတွင်တော့ သူတို့ဖြတ်လမ်းမှတစ်ဆင့် အိမ်ပြန်ခရီးစတင်ရန် ဆုံးဖြတ်လိုက်ကြသည်။

နောက်ဆုံးတွင်တော့ သူတို့လေးဦး မြူများထဲမှ ထွက်လာကာ အရှေ့တိုင်းဘက်သို့ ရောက်လာသည်။ သို့သော် သူတို့ မြူထဲမှ ထွက်လာသည့်အချိန်တွင် လူတစ်ယောက် သူတို့အား စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဟမ် .. သူက တစ်ခြားလောကကလား..” နွားဝါလေး အန္တရာယ်ကို ချက်ချင်း အာရုံခံမိသွားကာ သူ့ဆံပင်မွှေးများ ထောင်ထလာသည်။ သူသည် ချူဖုန်းနှင့် အခြားသူများကို ရပ်တန့်ရန် အချက်ပြလိုက်ပြီး ရောက်လာမည့် တိုက်ခိုက်မှုများကို သတိကြီးကြီးထားနေလိုက်သည်။

နွားဝါလေးသည် အခြားလောကမှ လာခြင်းဖြစ်သောကြောင့် ဤသက်ရှိမည်မျှ ခွန်အားကြီးပြီး ကြောက်စရာကောင်းမည်ကို သူသိသည်။

အပိုင်း ၂၀၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset