ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၉ – ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ မွေးဖွားရာနေရာကို သိမ်းပိုက်ခြင်း
ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် အနောက်တိုင်းကျူးကျော်တပ် အိပ်ပျော်သွားကြသည်။ သူတို့ မည်မျှပင် စွမ်းအားကြီးနေပါစေ ရက်ပေါင်းများစွာ မရပ်မနား တိုက်ခိုက်နိုင်မည်မဟုတ်။
အနောက်တိုင်းအား တိုက်ခိုက်သည်ဆိုသည်မှာ အပြောသာလွယ်သော်လည်း တကယ်တမ်းတွင်တော့ အန္တရာယ်များလှသည်။ အလိုက်ခံရသည့်သူများမှာ ချောင်ပိတ်သွားသည့်အခြေအနေတွင် ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။ လူများ၏ ရှင်သန်လိုစိတ်မှာ သူတို့အား မယုံကြည်နိုင်လောက်သည့် စွမ်းအားများ ပေးစွမ်းနိုင်သည်ပင်။
“အားလုံးပဲ မင်္ဂလာပါ .. ကျွန်တော့်က အင်တာဗျူးသမား ခိတ်ပါ .. ကျွန်တော့်နာမည်ကို အမှတ်ရနေပေးပါ .. ဘာလို့လဲဆိုတော့ အခု ကျွန်တော်က အချိန်မရွေး သေသွားနိုင်တယ် .. ကျွန်တော်က အသက်စွန့်ပြီးတော့ အရှေ့တိုင်းဘုရင်အုပ်စုနားကို ချဉ်းကပ်သွားနေတာ .. မဟုတ်ဘူး .. သူတို့တွေကို အုပ်စုလို့ မပြောသင့်ဘူး .. ကျွန်တော်တို့ သူတို့ကို လေးစားသင့်တယ် .. အခု သူတို့က အနောက်တိုင်းကျူးကျော်တပ်ရဲ့ ဘုရင်တွေ ဖြစ်နေပြီ..”
ခိတ်ဟုခေါ်သည့် လူငယ်လေးတစ်ဦး ကင်မရာကိုကြည့်၍ ပြောလာသည်။ သူသည် စိုးရိမ်ကာ စိတ်လှုပ်ရှားနေလေ၏။ သူသည် တိုက်ရိုက်ထုတ်လွှင့်ကာ အနောက်တိုင်းကျူးကျော်တပ်သားများ အနားယူနေသည့်နေရာကို ချဉ်းကပ်သွားလိုက်သည်။
သူ့နောက်တွင် ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ ရှိနေသည်။ သူတို့လည်း ခိတ်ကဲ့သို့ စိတ်လှုပ်နေကြသည်ပင်။ ခိတ်အပိုပြောနေသည်မဟုတ်။ သူတို့ တကယ်ကို အသက်စွန့်ကာ လှုပ်ရှားနေကြခြင်းပင်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် ခွန်းလွန်တိုက်ပွဲမှာ တစ်လောကလုံးကို ထိတ်လန့်သွားစေခဲ့သည်။
အားလုံးမှာ ဘာဆက်ဖြစ်မည်ကို စောင့်ကြည့်နေကြသည်ပင်။
ယခု အနောက်တိုင်းကျူးကျော်တပ် ထွက်ပေါ်လာလေပြီ။ သူတို့သည် အရှေ့ဥရောပကို ဖြတ်ကျော်ကာ ဥရောပတိုက်သို့ ရောက်ရှိလာလေပြီ. သူတို့မျက်စိရှေ့တွင် မည်သည့်ဘုရင်မှ မရှိတော့။ အားလုံးမှာ ရိတ်သိမ်းရန်လိုအပ်သည့် ကောက်ပဲသီးနှံများသာ ဖြစ်သွားသည်။
အနောက်နိုင်ငံမှ လူများမှာ အနောက်တိုင်းကျူးကျော်တပ် သူတို့အားလုံးအား ရှင်းပစ်မည်ကို စိုးရိမ်နေကြသည်။
“ကျိန်ဆဲမိတဲ့ငါ့ကို ခွင့်လွှတ်ပေးပါ .. ဒါပေမဲ့ အဲဒီသောက် အရှေ့တိုင်းကျူးကျော်တပ်တွေ .. ဒါက သူတို့စတဲ့ကိစ္စ .. ဒီပြဿနာတွေက သူတို့ရှာတဲ့ပြဿနာတွေ .. သူတို့သာ ပြင်းပြင်းထန်ထန်တွေ မလုပ်ရင် အရှေ့တိုင်းတပ်က ငါတို့အိမ်တံခါးရှေ့ ရောက်လာမှာမဟုတ်ဘူး”
ခိတ် ကင်မရာရှေ့၌ ရပ်ကာ မကျေနပ်ကြောင်း ပြောလိုက်သည်။
ထို့နောက် သူ့နောက်ဘက်၌ ရှိနေသည့်တောင်များကို လက်ညှိုးထိုးကာ “ကြည့်လိုက် .. ဒီတောင်တွေနောက်မှာ အရှေ့တိုင်းက ဘုရင်တွေအားလုံး ရောက်နေတာ .. သူတို့တွေမှာ ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်တဲ့ စွမ်းအားတွေရှိပြီးတော့ သူတို့တွေက ဒုံးကျည်တွေကိုလည်း မကြောက်ဘူး .. သူတို့ လုပ်ချင်ရင် တစ်မြို့လုံးကိုတောင် ဖျက်ဆီးပစ်လို့ရတယ် .. သူတို့တွေက စစ်နတ်ဘုရားတွေ .. သူတို့တွေက တိုက်တန်တွေ .. သူတို့တွေက အကောင်းဆုံးဒဏ္ဍာရီက နတ်ဘုရားတွေ .. အခု ငါတို့တွေ အဲဒီနတ်ဘုရားတွေနဲ့ တစ်ဖြည်းဖြည်းနီးလာနေပြီ..”
ခိတ်၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ အထိခိုက်မခံသည့် ထုတ်လွှင့်မှုပင်။ ဤကဲ့သို့ထုတ်လွှင့်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် ရက်သတ္တပေါင်းများစွာကတည်းက သူတို့ ကြေငြာထားပြီးသားပင်။ ကြေငြာချက်ထဲတွင် ဤမစ်ရှင်မှာ သတ်သေသည့်မစ်ရှင်ဖြစ်လျှင်ပင် သူတို့ရအောင်လုပ်မည်ဟု ပြောသွားခဲ့သည်ပင်။
ယခု တိုက်ရိုက်ထုတ်လွှင့်သည့်အချိန်တွင်တော့ အပြင်လူများ ငြိမ်ငြိမ်မနေနိုင်ကြတော့။
“ငါပြောလိုက်မယ် .. လောကကြီးက အရင်တုန်းက တစ်ခါပျက်စီးသွားခဲ့ဖူးတယ် .. ငါတို့ဘိုးဘေးတွေက နာကျင်ဝမ်းနည်းစွာနဲ့ ရှင်သန်ခဲ့ရတာ .. ဒါပေမဲ့ ဒီခေတ်က ငါတို့အတွက် လောကကြီးကို ပြန်ငြိမ်းချမ်းစေခဲ့တယ် .. ငြိမ်းချမ်းမှုကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူး .. ဒါပေမဲ့ အခုတော့ အရှေ့တိုင်းကျူးကျော်တပ်က ကောင်တွေကြောင့် ငြိမ်းချမ်းမှုကြီး ပြန်ပျက်စီးသွားတော့မယ်..”
ခိတ် ကင်မရာရှေ့၌ လက်ဝှေ့ရမ်းကာ ဒေါသတကြီး ပြောလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည့်သူများထဲတွင် ဂရိမှလူများလည်း ပါဝင်ကြသည်။ ခိတ်၏စကားလုံးများမှာ ဆွေးနွေးအငြင်းပွားစရာ ကိစ္စများ ဖြစ်ပေါ်လာစေခဲ့သည်ပင်။ အချို့လူများ သူ့ကိုထောက်ခံကြသော်လည်း အချို့ကတော့ သူ့အမြင်ကိုဆန့်ကျင်ကြသည်။
ကျူးကျော်စစ်အား စတင်ခဲ့သည့်သူများမှာ ရှီလာ၊ နဂါးနက်နှင့် ခြင်္သေ့အကြီးအကဲတို့ပင်။
အနောက်နိုင်ငံမှ လူများမှာ ခံစားချက်များ ရှုပ်ထွေးနေကြသည်။
လူများသည် ရှီလာအပေါ် အမြင်ကောင်းများ ရှိကြသည်။ သူ့ကို ‘နောက်ဆုံးစစ်သူရဲ’ ဟု ခေါ်ကြသည်ပင်။ ထို့အပြင် သူသည် လူသားများအား တိုက်ခိုက်သည့် သားရဲများကို သတ်ဖြတ်ကာ အနောက်တိုင်း၏ငြိမ်းချမ်းရေးအား ထိန်းသိမ်းပေးခဲ့သည်။
သို့သော် နဂါးနက်ကိုတော့ သူတို့ မုန်းကြသည်ပင်။ ထိုသားရဲသည် မြို့တစ်မြို့လုံးကို သတ်ဖြတ်ပစ်ခဲ့သည်ပင်။
ရှီလာ အဘယ်ကြောင့် နဂါးနက်နှင့်နှင့် ပူးပေါင်းသွားမှန်း သူတို့ နားမလည်နိုင်ဖြစ်နေကြသည်။
ထို့ကြောင့် အနောက်တိုင်းမှ လူများ ခံစားချက် ရှုပ်ထွေးနေကြခြင်းပင်။ သို့သော် နဂါးနက်ကြီး သေသွားသည့်အတွက်တော့ သူတို့ ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးခဲ့ကြသည်။
“ကျွန်တော်တို့တွေ ပွဲလုပ်သင့်တယ် .. ကျွန်တော်တို့ရဲ့ အိပ်မက်ထဲမှာ လိုက်ခြောက်လှန့်နေတဲ့ သားရဲငှက်ကြီးကို အရှေ့တိုင်းတပ်သားတွေ ရှင်းပစ်လိုက်ပြီ .. ဒီနေ့ကစပြီးတော့ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မယ်” ခိတ် ကင်မရာကို ကြည့်၍ ပြောလိုက်သည်။
လူများစွာ သူ့ကို သဘောတူလာကြသည်ပင်။
ယခုရက်ပိုင်းတွင် ဥရောပတိုက်၌ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ဆူညံနေသည်။ ဤတိုက်ကြီးပေါ်ရှိ သားရဲနှင့်ငှက် ကိုးဆယ်ရာခိုင်နှုန်းကျော် အသတ်ခံရသောကြောင့် ဤသည်မှာ လူအများစုအတွက်တော့ သတင်းကောင်းပင်။
သူတို့သည် ဤအတွက် အရှေ့တိုင်းသားများအား ကျေးဇူးတင်နေကြသည်ပင်။
သူတို့သည် အစကတည်းက အရှေ့တိုင်းတပ်သားများအား ဖိတ်ခေါ်ပြီး နဂါးနက်ဘုရင်အား သတ်ပစ်စေချင်နေခဲ့ခြင်းပင်။
ယခုတော့ သူတို့အိပ်မက် အမှန်တကယ်ဖြစ်လာလေပြီ။
ခိတ်သည် စကားပြောနေဆဲဖြစ်သော်လည်း ခေါင်းစဉ်ကတော့ ပြောင်းသွားလေပြီ။ “ကျွန်တော် စိုးရိမ်တဲ့ တစ်ခုတည်းသောအရာက အခု ‘အနောက်တိုင်းကျူးကျော်တပ်’ က ကျွန်တော်တို့ တံခါးကို လာခေါက်နေပြီဆိုတော့ ဒါက ကျွန်တော်တို့အတွက် တကယ်ပဲ ကောင်းချီးတစ်ခုလား .. ဒါမှမဟုတ် ကပ်ဆိုးတစ်ခု ဖြစ်လာမှာလား..”
ထုတ်လွှင့်မှုအား ကြည့်နေကြသည့်လူများ အတွေးများကာ တိတ်ဆိတ်သွားကြသည်။ “ဒါက ကောင်းချီးဖြစ်လာမှာလား .. ကပ်ဆိုးဖြစ်လာမှာလား..” ဤမေးခွန်းကိုဖြေရန် စောလွန်းနေသေးသည်။
“ဒါပေမဲ့ ကျွန်တော်က ခိတ်ပါ .. ကျွန်တော်က မကြောက်တတ်ဘူး .. ကျွန်တော် သူတို့စခန်းနဲ့နည်းနည်းလေးပဲ ဝေးတော့တယ် .. အမှန်တရားကိုသိရဖို့အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားမှာပါ .. ကြည့်ရှုသူတွေ တတ်နိုင်သမျှ အမှန်တရားကို စောစောသိရဖို့အတွက် ကျွန်တော် ကြိုးစားမှာပါ .. သူတို့တွေ ဥရောပမှာ နေတဲ့သူအားလုံးကို သတ်မှာလားဆိုတာ ကျွန်တော် မေးပေးပါ့မယ် .. အဲဒီတော့ ကျေးဇူးပြုပြီး ကျွန်တော့်နာမည်ကို မှတ်ထားပေးပါ .. ကျွန်တော့်နာမည်က ခိတ် .. ကျွန်တော်က မကြောက်တတ်ဘူး .. ဒါပေမဲ့ ကျွန်တော်သေရင် ကျွန်တော့်အတွက် ပူဆွေးပေးပါဦး..”
ထို့နောက် ခိတ်သည် ရူးနေသည့်သူများပင် တတ်နိုင်သမျှ ဝေးဝေးရှောင်သွားမည့် တောင်အတွင်းနက်ပိုင်းသို့ ဝင်သွားလိုက်သည်။
နောက်ဆုံးတွင်တော့ သူ ကန့်သတ်နယ်မြေသို့ ရောက်ရှိလာလေပြီ။
“ငါဝန်ခံပါတယ် .. အခု ငါ့ခြေထောက်တွေ တုန်နေပြီ .. ငါ့နှလုံးကလည်း ဖင်ကနေ ပြန်ထွက်လာမတတ်ပဲ.. ကျွန်တော် ဘယ်လောက်ကြောက်နေလဲဆိုတာ အိမ်ကနေ ကြည့်နေကြတဲ့ ပရိသတ်တွေတော့ သိမှာမဟုတ်ဘူး” သူ စိုးရိမ်နေကြောင်း ခိတ် ဝန်ခံလာသည်။
တောင်ထဲတွင် ဧရာမသစ်ပင်ကြီးများစွာ ရှိနေသည်။ ဤနေရာ၌ အခြားသက်ရှိများမရှိတော့။ အားလုံး ထွက်ပြေးကုန်ကြပြီဖြစ်သည်။
“ဘုရားရေ … ငါ မိုးခြိမ်းသံကြားလိုက်တယ် .. အဲဒါက သူတို့ ဟောက်သံလား..”
ခဏကြာပြီးနောက် ထုတ်လွှင့်မှုကြည့်နေသည့်သူများလည်း အသံများ ကြားလိုက်ရသည်။ ဤအသံမှာ ဟောက်သံဖြစ်သော်လည်း နားကွဲမတတ် ကျယ်လောင်လှသည်။ ထို့နောက် ကင်မရာမှတစ်ဆင့် မြေပြင်ပေါ်၌ လဲကျနေသည့် သားရဲများကို တွေ့လိုက်ရသည်။
“ဘုရားရေ .. အဲဒါတွေရဲ့ အရွယ်အစားတွေကို ကြည့်လိုက်ပါဦး .. သူတို့တွေက အကြီးကြီးတွေ.. သူတို့ကို ‘တိုက်တန်’ လို့ခေါ်တာက သူတို့ကို နှိမ့်ချလိုက်တာပဲ .. ခင်ဗျားတို့တွေ မြင်ရလား .. တစ်ခုစီတိုင်းက ဆယ်မီတာကျော်ရှည်တယ် .. သူတို့နဲ့ယှဉ်ရင် ကျွန်တော် ဘယ်လောက်တောင် သေးသွားလဲဆိုတာ ကြည့်လိုက် .. သူတို့ ဟောက်သံကတောင် ဧရာမဗုံကြီး တီးနေသလိုပဲ.. ကျွန်တော်.. ကြောက်လာပြီ..” ခိတ်မျက်နှာ ဖြူဖျော့လာသည်။
“ဘုရားရေ .. မြေပြင်ပေါ်မှာ ဘာရှိလဲဆိုတာ တွေ့လိုက်လား..” ခိတ် အာခေါင်ခြစ်အော်လိုက်သည်။
ခိတ်မြင်လိုက်ရသည့်အရာကို တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသည့်သူများလည်း မြင်လိုက်သည်ပင်။ ထိုနေရာ၌ မီးပုံအကြွင်းအကျန်များ ရှိနေသလို အရိုးများလည်း အပုံလိုက် အပုံလိုက် ရှိနေသည်။
“အဲဒါတွေက သားရဲဘုရင်တွေရဲ့ အရိုးတွေပဲ .. ဘုရားရေ .. အသေးဆုံးအရိုးကတောင် မီတာဝက်ကျော်ရှည်တယ် .. ဒီမှာ ချိုတွေလည်းရှိတယ် .. ဒီချိုက ရှစ်မီတာရှည်တယ် .. ဒီသားရဲတွေက အရင်တုန်းက ဘုရင်ဖြစ်ပေမယ့် အခုတော့ ရှေ့တိုင်းတပ်သားတွေအတွက် အစားအစာပဲ ဖြစ်သွားပြီ..”
ခိတ်၏အသံ တုန်နေပြီး မျက်နှာလည်း ဖြူဖျော့နေလေပြီ။
သူသည် သာမန်လူတစ်ဦးသာဖြစ်သောကြောင့် သူ့မွေးညှင်းပေါက်များကို မပိတ်နိုင်။ ထို့ကြောင့် သူ့တည်ရှိမှုကို သားရဲဘုရင်များ အလွယ်တကူ သတိပြုမိသွားသည်။ အချို့ဘုရင်များ မျက်လုံးပွင့်လာကာ သူ့အား မျက်လုံးထောင့်မှ ကြည့်လာကြသည်။
ဤသည်မှာ ခိတ်အား သူ့ခေါင်းကို တစ်ခုခုနှင့် ရိုက်မိသွားသကဲ့သို့ ခံစားရစေသည်။ သူ မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားသည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည်မှာ ဂရိနိုင်ငံတစ်ခုတည်းမဟုတ်။ ဥရောပတစ်ခွင်မှ လူများကြည့်နေကြခြင်းဖြစ်သောကြောင့် သတင်းမှာ အရှေ့တိုင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အရှေ့တိုင်းမှလူများလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုလာကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသည့်ဦးရေမှာ ချက်ချင်းပင် မိုးထိုးသွားသည်။
“အားလုံးပဲ .. ကြည့်ရတာ ကျွန်တော် မကြာခင် အဆုံးသတ်တော့မယ်ထင်တယ် .. သူတို့ ကျွန်တော့်ကို တွေ့သွားပြီ .. သူတို့ ကျွန်တော့်ကို ကြည့်လိုက်တာနဲ့ ကျွန်တော် တစ်လက်မမှ လှုပ်လို့မရတော့ဘူး .. ကျွန်တော့်နာမည်ကို အမှတ်ရနေပေးပါ .. ကျွန်တော်က ခိတ် .. ကျွန်တော်က အကြောက်တရားမရှိတဲ့သူ..” ခိတ် နှာသံဖြင့် ပြောလိုက်သည်။
ချူဖုန်းလည်း နိုးလာကာ အခြားသားရဲများကို စိတ်လျော့ရန် ပြောလိုက်သည်။ ထို့နောက် သူ ခိတ်ကို လက်ယပ်ခေါ်လိုက်သည်။
“ဘုရားရေ .. ငါ အဲဒီမှာ လူတစ်ယောက်ကိုတွေ့လိုက်တယ် .. သူက ဒီမှာရှိနေတဲ့ တစ်ယောက်တည်းသောလူပဲ .. သူက သားရဲဘုရင်တွေကြားမှာ ရပ်နေပြီးတော့ ငါ့ကိုပြုံးပြပြီး လက်ယပ်ခေါ်နေတယ် .. သူ့အပြုံးထဲက နွေးထွေးမှုကို ငါ ခံစားနေရတယ် .. သူက နွေဦးက နေရောင်ခြည်လေးလိုပဲ နွေးထွေးတယ်..” နောက်ဆုံးတော့ ခိတ်လှုပ်ရှားနိုင်သွားလေပြီ။ “သူ ငါ့ကို လက်ရမ်းပြနေတုန်းပဲ .. ဘုရားရေ .. သူ့ကိုကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ..”
ခိတ် ချူဖုန်းထံသို့ ပြေးသွားလိုက်သည်။ “ကျွန်တော် ဘယ်သူ့ကို မြင်လိုက်တယ်လို့ထင်လဲ .. ကျွန်တော် ခင်ဗျားတို့ကို ပြောပြတဲ့လူက ဒဏ္ဍာရီလာ နတ်ဆိုးဘုရင်ချူပဲ .. အာ မဟုတ်ဘူး .. သူက နတ်ဆိုးမဟုတ်ဘူး .. သူက ငါ့ကယ်တင်ရှင်ပဲ..”
ကြည့်ရှုသူအရေအတွက်မှာ ဆက်လက်များပြားလာနေဆဲပင်။
“အိုး .. ဒါက တကယ်ချူဖုန်းပဲ .. သူက အနောက်တိုင်းကျူးကျော်တပ်ထဲမှာ ပါတာလား.. ငါ မယုံနိုင်သေးဘူး .. သူ့ဘေးနားပတ်လည်က သားရဲဘုရင်တွေကိုကြည့်လိုက် .. သူတို့တွေက ခန္ဓာကိုယ်ကြီးနေပေမယ့် ချူဖုန်းက အမြဲတမ်း အကောင်းဆုံးပဲ..” အရှေ့တိုင်းမှလူများ မှတ်ချက်ရေးလာကြသည်။
“ဘုရားရေ .. နတ်ဆိုးဘုရင်ချူ .. သူက ချီလင်းဘုရင်ကို သတ်လိုက်တဲ့သူမလား..” အနောက်တိုင်းမှလူများ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။
ချူဖုန်းအသက်ရှင်နေလျက်ရှိသေးကြောင်း လတ်တလောကမှ အတည်ပြုထားခဲ့ခြင်းပင်။
“နတ်ဘုရားချူ .. အစ်ကိုနဲ့တွေ့ရတာ ဂုဏ်ယူမိပါတယ် .. ကျွန်တော့်ရဲ့ အရဲတင်းမှုအတွက် ခွင့်လွှတ်ပေးပါ .. ကျွန်တော်က .. အရမ်းစိတ်လှုပ်ရှားနေလို့..” ခိတ် အရှေ့တိုင်းဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်နေခြင်းမှာ လူများစွာကို အံ့အားသင့်သွားစေခဲ့သည်။
“မကြောက်ပါနဲ့ .. ကျွန်တော်တို့ ခင်ဗျားကို ရန်မလုပ်ပါဘူး..” ချူဖုန်း ပြောလိုက်သည်။ ထို့နောက် သူသည် သားရဲတစ်ကောင်၏ခေါင်းကို ကင်မရာမြင်ကွင်းမှ ကန်ထုတ်ပစ်လိုက်လေ၏။
ဤမြင်ကွင်းမှာ ရိုက်ကူးရေးဝန်ထမ်းများနှင့် ခိတ်တို့ကို သေးထွက်ကျမတတ် ဖြစ်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရိုးခေါင်းကြီးမှာ အိမ်တစ်လုံးနီးပါး ကြီးမားပြီး သွားများလည်း ကြီးမားလှသည်ပင်။ ထို့အပြင် ခေါင်းမှာတစ်လုံးတည်းမဟုတ်။ ခန္ဓာကိုယ်တစ်ခုတည်းမှ ခေါင်းများစွာ ထွက်နေပြီး ထိုခေါင်းမှ မျက်လုံးများသည် ကင်မရာအား တစ်ပြိုင်နက်တည်း ကြည့်လာကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည့်သူများလည်း ဆွံ့အသွားရသည်။ သူတို့ ခိတ်ကို ကိုယ်ချင်းစာကြည့်နိုင်သည်ပင်။ သူတို့သာ ခိတ်နေရာမှာဆိုလျှင် မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ အော်ဟစ်ပြီး မေ့လဲသွားလောက်လေပြီ။
“နတ်ဘုရားချူ .. ဒီအနောက်တိုင်းကျူးကျော်တပ်က ဥရောပမှာ နေထိုင်တဲ့သူအားလုံးကို သတ်ပစ်မှာလား ဒါမှမဟုတ် အရှေ့တိုင်းကျူးကျော်တပ်က ကောင်တွေကိုပဲ ရှင်းပစ်မှာလားဆိုတာ ပြောပြပေးလို့ရမလား .. ဒါက ကျွန်တော်အရမ်းသိချင်နေတဲ့ မေးခွန်းပါ..” ခိတ်မှာ စိတ်လှုပ်ရှားနေဆဲပင်။ “အဲဒီအရှေ့တိုင်းကျူးကျော်တပ်က ကောင်တွေက တကယ် မကောင်းတဲ့ကောင်တွေပါ .. ဒါပေမဲ့ ကျွန်တော်တို့ သူတို့နဲ့ ဘာမှမပတ်သက်ပါဘူး .. သူတို့ ကျရှုံးသွားတာကို ကျွန်တော်တို့ ဝမ်းသာပါတယ် .. ကျွန်တော်တို့ သူတို့အတွက် ဘယ်တော့မှ ဝမ်းနည်းပူဆွေးမှာမဟုတ်ဘူး .. အဲဒီအစား ကျွန်တော်တို့က နဂါးနက်ဘုရင်နဲ့ အာတိတ်ဘုရင်တို့ သေသွားတဲ့အတွက် ပျော်ပွဲရွှင်ပွဲကြီး ကျင်းပဦးမှာပါ .. သူတို့ ဒီကမ္ဘာမြေကြီးကနေ ပျောက်ကွယ်သွားဖို့ ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းနေခဲ့ရတာ” သူ ထပ်ပြောလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေသည့်သူများ ခိတ်ပြောသည်ကို ထောက်ခံကြသည်ပင်။ သူတို့သည် အရှေ့တိုင်းကျူးကျော်တပ်ဖွဲ့အား အကောင်းမမြင်။
“စိတ်အေးအေးထားပါ .. ကျွန်တော်တို့ဒီကိုလာတာက ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပါ .. ကျွန်တော်တို့က အရှေ့တိုင်းကျူးကျော်တပ်က ကျန်တဲ့သူတွေကိုပဲ သေစေချင်တာပါ .. အဲဒီသားရဲတွေနဲ့ ငှက်တွေက ဥရောပကလူတွေကို အမဲလိုက်ဖူးတာကို ကျွန်တော်တို့ သိပါတယ် .. အဲဒါကြောင့်လည်း အဲဒီအကောင်တွေကို ကူရှင်းပေးဖို့ ဒီကိုရောက်နေတာပါ .. အဲဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ကို ကြောက်မနေနဲ့ .. ခင်ဗျားတို့ ကျွန်တော်တို့ကို ကြိုဆိုပြီး ကျန်တဲ့တပ်သားတွေ ဘယ်ရောက်နေလဲဆိုတာ ပြောပြသင့်တယ် .. အဲဒါက ခင်ဗျားတို့ ကိုယ့်ကိုကိုယ်ကူညီတာနဲ့အတူတူပဲ..” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။
ချူဖုန်း၏စကားလုံးမှာ လူများစွာကို စိတ်အေးသွားစေခဲ့သည်။ ချူဖုန်း အမှန်ပြောတာဟုတ်မဟုတ် မသိသော်လည်း သူ၏နွေးထွေးကြင်နာသည့်ပုံစံကြောင့် သူ့စကားများမှာ ပို၍ယုံကြည်ချင်စရာ ကောင်းလာသည်။
ယခု သူတို့ကြောက်စရာမလိုတော့။
ထိုအချိန်တွင် နွားနက်ကြီးသည် သူ့မူလပုံစံကို ပြောင်းလိုက်ကာ ဂရိဘာသာစကားကို ချောချောမွေ့မွေ့ ပြောလာသည်။ “ငါတို့က ငြိမ်းချမ်းရေးမြတ်နိုးသူတွေ .. ငါတို့က စစ်ပွဲတွေကိုမုန်းတယ် .. ငါတို့ဒီကိုလာတာက အနောက်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့ .. ပြဿနာရင်းမြစ်တွေအကုန်လုံးကို ငါတို့ ဖယ်ရှားပစ်မယ် .. ငါတို့က ငြိမ်းချမ်းရေးတဲ့ တရားမျှတမှုရဲ့ သံတမန်တွေ .. ငါတို့က ဒီလောကကြီးကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးမယ့် နတ်ဘုရားတွေပဲ..”
နွားနက်ကြီးမှာ ပြောရင်းပြောရင်းဖြင့် ပို၍ စိတ်လှုပ်ရှားလာသည်။ သူ စကားတစ်ခွန်းပြောလိုက်တိုင်း တံတွေးများ လွင့်စင်လာသောကြောင့် ကင်မရာပင် တံတွေးများ စိုရွှဲသွားလေပြီ။
ချူဖုန်း နွားနက်ကြီးကို တွန်းဖယ်လိုက်၏။ နွားနက်ကြီး၏စကားမှာ အတုအယောင်နှင့် တူနေလေပြီ။
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသည့်သူများမှာတော့ ဆွံ့အသွားရ၏။ ဒီနွားနက်ကြီးက ဘယ်ကရောက်လာတာလဲ .. သူကဘာလို့ ဂရိဘာသာစကားကို ပြောနေတာလဲ..
ထို့နောက် ဆိုက်ဘေးရီးယားကျားကြီးသည် ကင်မရာရှေ့သို့ ရုတ်တရက် ခုန်ဝင်လာကာ သူ၏ဖြူဖွေးနေသည့် သွားများကို လှစ်ဟပြလာသည်။ သူ့သွားများမှာ ခိတ်အရပ်ထက်ပင် ရှည်နေသည်။ “ငါက မန်ချူးကျားပဲ .. အရှေ့တိုင်းကို ကျူးကျော်ရဲတဲ့သူမှန်သမျှ ဘယ်လောက်ဝေးဝေးပြေးပြေး အသတ်ခံရမယ်..” သူ အော်ဟစ်လိုက်သည်။
ကျားကြီးမှာ လူဝံအိုကြီးနှင့် ဂျိဒ်ကျောင်းမှ ဆရာတို့ သူ့ကို စာရင်းရှင်းလာမည်စိုးသောကြောင့် သူ အရှေ့တိုင်းကျားဖြစ်ကြောင်း အားလုံးသိအောင် လုပ်လိုက်ခြင်းပင်။
ချူဖုန်း ကျားကြီးကို မြန်မြန်တွန်းဖယ်ပစ်လိုက်၏။
အပြင်လောကတွင်တော့ ဆွေးနွေးငြင်းခုန်သံများ ဆူညံပွက်လောရိုက်နေလေပြီ။
မည်သို့ပင်ဖြစ်စေ အနောက်တိုင်းမှာ ဘာကိုမှ စိုးရိမ်စရာမလိုတော့။ အနောက်တိုင်းကျူးကျော်တပ် ရောက်လာခြင်းမှာ သူတို့အတွက် ကောင်းချီးတစ်ခု ဖြစ်နိုင်သည်။ သူတို့ပြောသည့်စကားသာ အမှန်ဆိုလျှင် နောက်ပိုင်းတွင် သူတို့ကို အမဲလိုက်မည့် ကြမ်းတမ်းသည့်သားရဲများ ရှိတော့မည်မဟုတ်တော့။ ထို့ကြောင့် အချို့အင်အားကြီးအဖွဲ့အစည်းများသည် အနောက်တိုင်းကျူးကျော်တပ်အား ကူညီပေးရန် စဉ်းစားလာကြသည်။
တစ်နာရီခွဲကြာပြီးနောက် ခိတ်သည် ကင်မရာကိုကြည့်ကာ ရယ်မောနေလေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မသေရုံတင်မက အခြားသားရဲဘုရင်များနှင့်အတူ အသားကင်စားရန် ဖိတ်ခေါ်ခံခဲ့ရသည်ပင်။
ခိတ်အရိုးကြီးတစ်ခုအား ကိုက်ဖြတ်နေသည်ကို မြင်လိုက်ရသည့်အချိန် ကြည့်ရှုသူများ အံ့အားသင့်သွားခဲ့ရသည်။ အရိုးမှာ ပုံမှန်အရွယ်ရောက်လူတစ်ဦးထက်ပင် ပိုရှည်သည်။ အရိုး၌ကပ်နေသည့် အသားမှာ ရွှေရောင်သန်းနေကာ အရသာရှိမည့်ပုံပင်။
“သောက်ရမ်းအရသာရှိတာပဲ .. ဒါက သားရဲဘုရင်တစ်ယောက်ရဲ့ အသားပဲ .. ကိုယ့်လူတို့ ခင်ဗျားတို့ ဒီလိုအသားမျိုး တစ်ခါမှ စားဖူးမှာမဟုတ်ဘူးဆိုတာ ကျုပ်ကျိန်ပြောရဲတယ် .. ဘုရားရေ .. ငါကတော့ ကောင်းကင်ဘုံပေါ် ရောက်နေပြီ..”
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် တစ်ကမ္ဘာလုံးမှလူများလည်း စိတ်လှုပ်ရှားလာကြသည်။
ချူဖုန်းတို့အဖွဲ့လည်း ပို၍အဆင်ပြေလာသည်။ သူတို့ကို ခုခံသည့်သူများ သိပ်မရှိတော့။ အစပိုင်းတွင် အနောက်တိုင်းကျူးကျော်တပ်အား စိုးရိမ်နေကြသောကြောင့် သူတို့ကို နျူးကလီးယားလက်နက်များဖြင့် တိုက်ခိုက်ရန်ပင် အချို့လူများ အကြံပေးခဲ့ကြသေးသည်။
သို့သော် ယခုတော့ အားလုံး သက်မချနိုင်ကြလေပြီ။
နှစ်နာရီကြာပြီးနောက် အနောက်တိုင်းကျူးကျော်တပ်ဖွဲ့ ရွာတစ်ရွာထဲ ဝင်သွားသည်။ နွားနက်ကြီး လူသားပုံစံ ပြောင်းလိုက်လေသည်။ သူသည် အဖြူရောင်ရှပ်၊ အနက်ရောင်ဝတ်စုံနှင့် တောက်ပြောင်နေသည့် လည်သာရှူးဖိနပ်တစ်စုံ ဝတ်ဆင်ထားခဲ့သည်။ သူ၏မည်းနက်နေသည့်ဆံပင်များကို နောက်ပြန်လှန်တင်ထားသည့်အပြင် သူ့နှုတ်ခမ်းထက်၌ ဆေးပြင်းလိပ်တစ်လိပ်လည်း ရှိနေသည်။ ကျန်သည့်အခြားသားရဲဘုရင်များသည်လည်း နွားနက်ကြီးအတိုင်း ဝတ်ဆင်လာကာ သူတို့ကိုယ်သူတို့ ‘ကျက်သရေ’ရှိသည်ဟု ထင်နေကြလေသည်။
ချူဖုန်းနှင့် နွားဝါလေးမှာ ဤလူများကိုကြည့်ပြီး ခေါင်းကိုက်သွားရသည်။ သူတို့ ပြောစရာစကားပင်မရှိတော့။
ခိတ်လည်း သူတို့နှင့်ရှိနေဆဲဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုနေဆဲပင်။ ကြည့်ရှုသူများမှာ ဤလူအုပ်ကြီးကိုကြည့်ကာ ဆွံ့အသွားရတော့သည်။
သူတို့တွေက အခုမှ လူမိုက်လုပ်ကာစ ဂန်းစတားအုပ်စုနဲ့ တူနေတယ်…
ထိုနေ့မှစကာ အနောက်နိုင်ငံမှ လူငယ်များစွာသည် သူတို့ပုံစံအတိုင်း လိုက်ဝတ်ကြတော့သည်။ ဤလူငယ်များသည် အချိန်အတော်ကြာသည်ထိ သူတို့မိဘလူကြီးများ ဆွံ့အသွားအောင် လုပ်နိုင်ခဲ့ကြသည်ပင်။
တိုက်ပွဲ တရားဝင်စတင်ပြီဖြစ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု ရုတ်တရက် ပြတ်တောက်သွားသည်။
အနောက်တိုင်းသားများမှာ သားရဲများကို အလွန်မုန်းတီးကြသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုပြီးသည်နှင့် သူတို့သည် အနောက်တိုင်းကျူးကျော်တပ်အား တိတ်တဆိတ်ဆက်သွယ်ကာ ထိုသားရဲများရှိနေသည့်နေရာအား ပြောပြခဲ့ကြသည်။
နောက်ပိုင်း ရှင်းလင်းရေးလုပ်ငန်းစဉ်မှာ အတော်လေး ချောမွေ့ခဲ့သည်။ အရှေ့တိုင်းအား ကျူးကျော်ခဲ့သည့် သားရဲများအပြင် ကျူးကျော်မှုနှင့် မသက်ဆိုင်သော်လည်း ကြမ်းတမ်းခက်ထန်နေသည့် သားရဲဘုရင်များပါ အသတ်ခံခဲ့ရသည်။
ချူဖုန်းတို့အဖွဲ့မှာ ဆုလာဘ်များစွာ ရရှိခဲ့ကြသည်။ သားရဲဘုရင်အသိုက်များ ရှင်းခံလိုက်ရကာ သူတို့ထံ၌ ရှိနေသည့် ရှားပါးပစ္စည်းမျိုးစုံ၊ လက်နက်နှင့် ထူးဆန်းသည့်အသီးမျိုးစုံ သိမ်းခံလိုက်ရသည်။
ထို့နောက်တွင်တော့ ရှီလာ လွတ်မြောက်သွားသည်ဟူသည့်သတင်း ထွက်ပေါ်လာသည်။ သူ ပင်လယ်ထဲ ခုန်ချကာ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။
သူ လွတ်မြောက်သွားရသည့်အဓိကအကြောင်းရင်းမှာ သူသည် အမှောင်ထုနှင့် အလင်းစွမ်းအင်နှစ်မျိုးလုံးကို အသုံးပြုခဲ့သောကြောင့်ပင်။ ဤကဲ့သို့ အသုံးပြုခြင်းမှာ သူ့အား အတော်လေး ထိခိုက်စေသော်လည်း နောက်ဆုံးတော့ သူ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သည်ပင်။
“ငါတို့ ပြီးခါနီးနေပြီ .. ငါတို့ရဲ့ အနောက်တိုင်းကျူးကျော်တဲ့ခရီးစဉ်ကြီး ပြီးဆုံးတော့မယ် … ငါတို့ ပြန်ဖို့အချိန်ရောက်ပြီ..” နွားဝါလေး ပြောလိုက်သည်။
“နောက်ပစ်မှတ်-အိုလံပစ်တောင်.. သွားကြစို့..” မန်ချူးကျား ဟစ်ကြွေးလိုက်သည်။ ဤရက်ပိုင်းတွင် သူသည် အိုလံပစ်တောင်သို့ သွားရန်သာ ပြောနေခဲ့သည်။
တကယ်တမ်းတွင် အခြားဘုရင်များလည်း ထိုတောင်ကို တိုက်ခိုက်သိမ်းပိုက်ချင်နေကြသည်ပင်။
ထို့ကြောင့် ခဏကြာပြီးနောက် သူတို့ အိုလံပစ်တောင်ရှေ့၌ ရပ်နေကြောင်း တွေ့လိုက်ရလေ၏။
တောင်ကြီးမှာ မြင့်မားခန့်ညားလှပြီး တောင်စောင်းတစ်လျှောက်တွင် ရှေးဟောင်းသစ်ပင်များစွာ ရှိနေသည်။ အဓိကတောင်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ချိတ်ဆက်ပေးထားသည့် တိုင်လုံးကြီးနှင့်ပင် တူနေသည်။ ထိုတောင်ရှေ့၌ ရပ်လိုက်သည်နှင့် အသက်ရှူပင် ကြပ်သွားလောက်သည်။
ဆွေးနွေးကြပြီးနောက် မန်ချူးကျားသည် အဓိကတိုက်ခိုက်မည့်အဖွဲ့အား ဦးဆောင်ကာ ကျန်လူများကတော့ တောင်ပေါ်သို့ မြန်မြန်တက်ပြီး ကျားကြီးအား ဘေးဘက်မှ ကူပေးရန် ဆုံးဖြတ်လိုက်ကြသည်။ ဤသို့အားဖြင့် ဂရိဒဏ္ဍာရီများ မွေးဖွားရာဖြစ်သည့် အိုလံပစ်တောင်တိုက်ပွဲကြီး စတင်လေတော့သည်။
ခိတ်လည်း ဤနေရာ၌ ရှိနေဆဲပင်။ သူသည် ချူဖုန်းနှင့် ရင်းနှီးသွားပြီဖြစ်သောကြောင့် ဤနေရာသို့ လိုက်လာရန် ခွင့်ပြုချက် ရခဲ့သည်ပင်။
ဝုန်း..
တိုက်ပွဲစတင်လေပြီ။ မန်ချူးကျား ဟစ်ကြွေးလိုက်၏။ တောင်ပေါ်တွင် သူ နွယ်ပင်တစ်ပင်နှင့် တိုက်ခိုက်နေခြင်းပင်။ သူတို့ တိုက်ခိုက်လိုက်တိုင်း လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများလည်း မြည်ဟီးလာသည်။
“ဘုရားရေ .. ဒါက ဇူးစ်ပဲ .. ဇူးစ်က နွယ်ပင်ပဲ..” ခိတ် အံ့အားသင့်သွားရ၏။
ထို့နောက် ရွှေရောင်အပင်တစ်ပင် ထွက်ပေါ်လာ၏။ ဤသည်မှာ နေကြာပင်တစ်ပင်ပင်။ နေကြာပင်သည် သူ့အစေ့များ ထုတ်လွှတ်ကာ ဒုံးကျည်လေးများကဲ့သို့ တိုက်ခိုက်လာသည်။
ယခုတစ်ခေါက်တော့ ချူဖုန်း၊ နွားဝါလေးနှင့် နွားနက်ကြီးတို့ နေကြာပင်တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ ဤအပင်သည် အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားပြီးသားမှန်းသိသော်လည်း သူတို့မကြောက်။ ဤနေကြာပင်မှာ နေနတ်ဘုရား အပိုလိုကို ကိုယ်စားပြုသည်ပင်။
နေနတ်ဘုရား အပိုလိုက နေကြာပင်ဆိုရင် အသီနာက ဘယ်လိုဖြစ်မလဲ..
“တက် .. အဓိကတောင်ပေါ်မှာ မြင့်မြတ်မြေတွေရှိတယ်..” အနောက်ဘက်မှ ဘုရင်များ ဟစ်ကြွေးလိုက်ကြသည်။ သူတို့ အကြောက်တရားကင်းမဲ့စွာဖြင့် ချီတက်သွားလိုက်ကြသည်။ အချို့သူများမှာ ချူဖုန်းနှင့် နွားဝါလေးတို့ကို ကျော်တက်ကာ ရှေ့ဆုံးမှ ဦးဆောင်သွားကြလေသည်။
အမှန်တကယ်တွင် အိုလံပစ်တောင်ပေါ်၌ မည်ကဲ့သို့သောအရာမျိုး ရှိနေမည်ကို ချူဖုန်းလည်း သိချင်နေသည်ပင်။ အဲဒီမှာ ဘုရားကျောင်းတွေ ရှိနေမှာလား .. တကယ် နတ်ဘုရားတိုင်းပြည်ကြီး ရှိနေမှာလား..
နောက်ဆုံးတွင်တော့ သူတို့ ခံစစ်ကြီးကို ကျော်ဖြတ်လာကာ အဓိကတောင်ထိပ်ပေါ်သို့ ရောက်လာခဲ့ကြသည်။
အပိုင်း ၁၉၉ ပြီး၏။