ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၈ – အနောက်တိုင်းကျူးကျော်တပ်
“အရှေ့တိုင်းကို ကျူးကျော်ရဲတဲ့သူ မှန်သမျှ ဘယ်လောက်ဝေးဝေးပြေးပြေး အသတ်ခံရမယ်..”
ကျားကြီး၏ ဟစ်ကြွေးသံမှာ လူများ၏နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။
ဤစကားများကို အရှေ့တိုင်းသားကျွမ်းကျင်သူတစ်ဦးသာ ပြောသည်ဆိုလျှင် စကားလုံးများမှာ အလွန်လေးနက်လိမ့်မည်။ ဤစကားလုံးများဖြင့်ပင် ရန်သူများကို ကြောက်ရွံ့သွားအောင် လုပ်နိုင်လိမ့်မည်။ ယခုတော့ ဤစကားလုံးများမှာ အရှက်မရှိသည့် သစ္စာဖောက်တစ်ဦး၏ ပါးစပ်မှ ထွက်လာခြင်းဖြစ်သောကြောင့် လေထုမှာ ကို့ယိုးကားယား ဖြစ်လာသည်။
အမှန်တကယ်တွင် အနောက်တိုင်းတပ်မှ လူများမှာ ဤသစ္စာဖောက်ကို အော်ဟစ်ဆဲဆိုချင်နေကြပြီဖြစ်သည်။ သို့သော်လည်း အစောပိုင်းလေးကတင် ကျားကြီးအား အော်ဟစ်ဆဲဆိုခဲ့သည့်သူ သေဆုံးသွားခဲ့သည်ကို သူတို့တွေ့လိုက်ရသည်ပင်။
သူတို့ရှေ့တွင် မြွေဖြူကြီး ရှိနေပြီး အနောက်ဘက်တွင်တော့ ကျားကြီးရှိနေသည်။ သူတို့ လွတ်လမ်းမရှိတော့။
“အရှေ့ကိုကြည့်လိုက် .. ဘယ်သူလဲဆိုတာကြည့်လိုက် နွားနက်ကြီး..” နှင်းကျားသစ်ဘုရင် နွားနက်ကြီးကို တီးတိုးပြောလိုက်သည်။
“ဒီလိုမျိုးဖြူဖွေးပြီးတော့ အစက်အပြောက်တောင်မရှိတဲ့ ခန္ဓာကိုယ်ဆိုတော့ သေချာပေါက် ‘အဖြူရောင်နတ်သမီး’လေးပဲ ဖြစ်မှာပေါ့ .. ငါတို့ နွားနက်ကြီး သူ့ကို တိတ်တိတ်လေး လေးစားခဲ့ရတာမလား .. ဟား ဟား..” အခြားဘုရင် ပြောလိုက်သည်။
နွားနက်ကြီးမှာ ရှက်ကာ ဒေါသထွက်လာရသည်။ သူ ဤနှစ်ယောက်ကို သင်ခန်းစာပေးချင်မိသော်လည်း ယခုတော့ သူတို့ကို တီးတိုးပြောရုံသာ တတ်နိုင်တော့သည်။ “လူပါးဝတဲ့ကောင်တွေ .. မင်းတို့တွေ ငါ့ကို မသေစေချင်ရင် ထပ်မပြောနဲ့တော့..”
တစ်ချိန်တည်းမှာပင် သူ ထိုကျိုးရိထျန်းကိုလည်း ဒေါသထွက်လာသည်။ ချီးကို ‘နွားနတ်ဆိုးသူတော်စင်’ပဲ။ ထိုဇာတ်ကားထဲတွင် နွားနက်ကြီးသည် မြွေဖြူအား စွဲလမ်းနေသည်ဟု ပြောထားခဲ့သည်။ နောက်ပိုင်းတွင် ထိုဇာတ်ကားအောင်မြင်သွားသောကြောင့် ထိုအချက်သည် အမှန်တရားကဲ့သို့ ဖြစ်လာသည်ပင်။
ထိုအကြောင်းကြားလိုက်တိုင်း သူ အမြဲတမ်း ဒေါသထွက်ခဲ့ရသည်။ ယခု သူသည် မြွေဖြူနှင့် မီတာအနည်းငယ်အကွာတွင်ရှိနေသောကြောင့် သူပို၍ မသက်မသာဖြစ်လာသည်။ “လူတွေရှေ့မှာ မဟုတ်တာတွေ မပြောနဲ့ .. မဟုတ်ရင် ငါမင်းတို့ကို ရိုက်ပစ်မယ်..” နွားနက်ကြီး သူတို့နှစ်ဦးကို ရက်စက်သည့်အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။
မြွေဖြူကြီးမှာ တိတ်တဆိတ်သာ ထိုင်နေသည်။ သူ့ခန္ဓာကိုယ်မှာ ကျောက်စိမ်းဖြူဖြင့် ထွင်းထုထားသကဲ့သို့ပင်။ မြွေကြီးမှာ ကောင်းကင်ထက်သို့ ပျံသန်းတော့မည့် ရေနဂါးတစ်ကောင်ကဲ့သို့ပင်။
ရုတ်တရက် မြွေဖြူကြီး မျက်လုံးများပွင့်လာကာ အောက်ဘက်မှ လူများကို ခြိမ်းခြောက်သည့်အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူမအကြည့်မှာ နွားနက်ကြီးပေါ်သို့ ရောက်ရှိသွားသည်။
နွားနက်ကြီးမှာ ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး လူအုပ်ထဲ၌ ပုန်းလိုက်သည်။ ကံကောင်းစွာဖြင့် ဤနေရာ၌ လူများစွာ ရှိနေသောကြောင့် သူ မြွေဖြူ၏မြင်ကွင်းမှ ပုန်းကွယ်ရန် လုံလောက်သည်။
ထို့နောက် ‘မန်ချူးကျား’ သည် ခြေလှမ်းကျယ်ကြီးများဖြင့် အနောက်တိုင်းတပ်သားများထံသို့ ဦးတည်သွားလိုက်သည်။ သူသည် ဤလူများအား စက်ဆုပ်ရွံရှာစွာ ကြည့်နေလေသည်။
သို့သော် ခဏကြာပြီးသည့်နောက်တွင်တော့ သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာကာ မြွေဖြူကို နှုတ်ဆက်လိုက်သည်။ “ကျွန်တော် အဖြူရောင်နတ်သမီးနဲ့ တွေ့ချင်နေတာ ကြာလှပြီ .. ဒီနေ့ နတ်သမီးနဲ့တွေ့လိုက်ရတာ ကျွန်တော့်ဂုဏ်ပါပဲ..”
“အိုး တကယ်လား..” မြွေဖြူကြီး၏အသံမှာ ဆွဲဆောင်မှုရှိလှသော်လည်း အနည်းငယ် အေးစက်နေသည်။
“အထင်မလွဲပါနဲ့ .. အဖြူရောင်နတ်သမီး .. ကျွန်တော်က နတ်သမီးတို့ဘက်ကပါ .. အမဲလိုက်ခွေးဘုရင်၊ လူဝံအကြီးအကဲနဲ့ ဂျိဒ်ကျောင်းကအကြီးအကဲတို့က ကျွန်တော့်ကို နတ်သမီးတို့အရှေ့တိုင်းတပ်ထဲ ဝင်ခွင့်ပြုလိုက်ပါပြီ .. ဒီနေ့ကစပြီးတော့ ကျွန်တော်က အရှေ့တိုင်းတပ်ရဲ့ သစ္စာရှိတပ်သားတစ်ယောက် ဖြစ်လာမှာပါ .. အရှေ့တိုင်းနယ်နမိတ်ကို ရှေ့တန်းကနေ ကာကွယ်တာက ကျွန်တော်လုပ်ရမယ့်တာဝန်ပါ..”
မန်ချူးကျားဘုရင် ပြောလာသည်။
အရှေ့တိုင်းတပ်သားများမပြောနှင့် အနောက်တိုင်းတပ်သားများပင် သူ့ကို ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်လာကြသည်။
မန်ချူးကျားသည် အရှေ့တိုင်းမှ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများနှင့် ပို၍ ရင်းရင်းနှီးနှီးနေလိုသောကြောင့် ထပ်ပြောလာသည်။ “ကျွန်တော် ရုပ်ရှင်ကို ကြည့်ဖူးတယ် .. နတ်ဘုရားမ ပါထားတဲ့ ‘နွားနတ်ဘုရားသူတော်စင်’လေ မှတ်မိလား .. ကျွန်တော်က အဲဒီကတည်းက နတ်ဘုရားမကို လေးစားနေခဲ့တာ .. နတ်ဘုရားမရဲ့သူရဲကောင်းဆန်မှုတွေ၊ သတ္တိတွေ၊ စွမ်းရည်တွေ… ကျွန်တော်က အမြဲတမ်း နတ်ဘုရားမကို အလေးစားဆုံးသူတစ်ယောက် ဖြစ်နေမှာပါ..”
ကျားကြီးမှာ မြွေဖြူကို ဖော်လံဖားလုပ်ရန် ကြိုးစားနေခြင်းပင်။ “ဖင်လိုက်လျက်နေတဲ့ကောင်..” နှစ်ဖွဲ့လုံးမှ လူများ တီးတိုးကျန်ဆဲလိုက်ကြသည်။ မည်သူမှ ထုတ်မဆဲရဲကြ။ မည်သို့ပင်ဖြစ်စေ ဤကျားမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူပင်။
“အိုး.. ဒါနဲ့ .. အစောပိုင်းတုန်းက နွားနက်ကြီးကို တွေ့လိုက်သေးတယ် .. သူလည်း ခွန်းလွန်တောင်မှ နေတာ .. ဇာတ်ကားထဲမှာ သူက မြွေဖြူနတ်သမီးကို လွမ်းဆွတ်ပြီးပိုပန်းနေခဲ့တာ .. သူ့ကို ဒီကိုခေါ်လာခဲ့ရမလား..” ထို့နောက် မန်ချူးကျားသည် လူအုပ်ကြီးကို ဝေ့ကြည့်ကာ နွားနက်ကြီးကို ရှာလိုက်သည်။
“သောက်ခွေးကောင် .. ကျားကောင်” လူအုပ်ထဲမှ နွားနက်ကြီး ရေရွတ်လိုက်သည်။ “သောက်ကျားကောင် .. မင်း ငါ့ကို ပြဿနာတွေ လာမရှာနဲ့..”
သူ ဒေါသထွက်လွန်းသောကြောင့် သူ့နှာခေါင်းမှ အငွေ့များ ထွက်လာသည်။ သူ့စိတ်ထဲတွင်တော့ ဤကျားကို ချက်စားမည့်နည်းလမ်းပေါင်းတစ်သိန်းကို စဉ်းစားပြီးသွားလေပြီ။ သို့သော် ဤကျားမှာ သူ့ထက် ပို၍စွမ်းအားကြီးနေသည်။
မန်ချူကျားမှာ အမြင်အာရုံစူးရှလှသည်။ နွားနက်ကြီးသည် လူအုပ်ကြား၌ ပုန်းနေသော်လည်း ကျားကြီးမှာ နွားနက်ကြီးကို ရှာတွေ့သွားလေ၏။ အဘယ်ကြောင့်ဆိုသော် နွားနက်ကြီးမှာ သူ၏မူလပုံစံသို့ ပြောင်းလဲကာ အဝေးသို့ ပြေးထွက်သွားခဲ့သည်ပင်။
“ဟေး ငါ့ညီအစ်ကို .. မင်း ဒီမှာလား .. ဒီကိုမြန်မြန်လာခဲ့ .. မင်း နည်းနည်းလောက် ရှက်နေမယ်ဆိုတာ ငါသိတယ် .. ဒါ ဘယ်သူလဲကြည့်လိုက် .. မင်း အပြစ်ရှိသလို ခံစားနေရတာမလား .. လာပါ .. လာခဲ့ .. လာပြီးနှုတ်ဆက်လိုက်..” ကျားကြီး နွားနက်ကြီးကို အော်ပြောလိုက်သည်။
ဤစကားကြားလိုက်သည်နှင့် နွားနက်ကြီးမှာ ဒေါသထွက်လွန်းသောကြောင့် သတိလစ်မတတ်ပင်။ သူ ဤကျား၏ သူ့ခွာများဖြင့် ရိုက်ပစ်ချင်မိသည်။ ဘယ်သူမှ မရှက်ဘူး .. ဘယ်သူမှ အပြစ်ရှိသလို မခံစားရဘူး .. သောက်ပါးစပ်ကို ပိတ်လိုက်တော့..
“အိုး .. ဇာတ်ဆောင်မင်းသားချူဖုန်းလည်း ဒီမှာပဲ .. ဒီကိုလာခဲ့ ညီလေးချူဖုန်း..” မန်ချူးကျားသည် ချူဖုန်းကို တွေ့သွားပြီး နှုတ်ဆက်လာလေ၏။
“ဒီကျားရဲ့ ကိုယ်ကျင့်သိက္ခာတွေ ဘယ်ရောက်သွားပြီလဲ .. ပြီးတော့ သူ ဘာလုပ်ချင်နေတာလဲ.. သူ အသတ်ခံချင်နေတာလား .. ဘာလို့ ငါိ့ကု ခေါ်နေတာလဲ .. ငါက တိုင်ဟန်းတောင်မှ အဲဒီမြွေကြီးကို မိုးကြိုးလေးနဲ့ ပစ်ခဲ့တာလဲ..”
ကံကောင်းစွာဖြင့် မြွေဖြူသည် သူနှင့်နွားနက်ကြီးကို ခက်ခဲအောင် မလုပ်ခဲ့။ သူ့အကြည့်များမှာ မန်ချူးကျားထံ၌သာ ရှိနေသေးပြီး သူ့မျက်လုံးများမှာ အနည်းငယ် အေးစက်လာသည်။
“ဆဌမမြောက်အချုပ်အနှောင်ကို ဖြတ်တောက်ပြီး ဘုရင်ဖြစ်လာခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် .. အဖြူရောင်နတ်သမီး..”
ချူဖုန်း ပြောလိုက်သည်။ သူ မြွေဖြူကို ယဉ်ကျေးစွာ ပြောလိုက်သည်။ နွားနက်ကြီးကတော့ တိတ်ဆိတ်နေဆဲပင်။ မြွေဖြူကြီး ရှက်ရမ်းရမ်းပြီး ရုတ်တရက် လှုပ်ရှားလာမည်ကို သူ စိုးရိမ်နေခြင်းပင်။
“ညီအစ်ကိုတို့ ဘာတွေကို စောင့်နေတာလဲ .. ကျူးကျော်တဲ့သူတွေကို ငရဲပို့ဖို့ အချိန်ရောက်ပြီ..” ချူဖုန်းသည် မြွေဖြူ ပြန်ပြောလာမည်ကိုပင် မစောင့်ပဲ ဟစ်ကြွေးလိုက်သည်။
“သတ်…”
အရှေ့တိုင်းတပ်မှလူများ သူတို့ရန်သူထံသို့ ချီတက်လာကြတော့သည်။
မန်ချူးကျားမှာ အနည်းငယ် မသက်မသာဖြစ်လာရသည်။ တစ်ခုခုမှားယွင်းနေသည်ကို သူ သတိပြုမိသည်ပင်။ “ဝေါင်း..” ထို့နောက် သူလည်း အရှေ့တိုင်းတပ်နှင့် ပူးပေါင်းကာ အနောက်တိုင်းတပ်သားများကို တိုက်ခိုက်လိုက်တော့သည်။
ဤနေရာထိသို့ ပြေးလာနိုင်သည့်သူများမှာ ဘုရင်များနှင့် ကျွမ်းကျင်သူများပင်။ ထို့ကြောင့် သူတို့ စတင်တိုက်ခိုက်ကြသည်နှင့် သားရဲအော်သံများ၊ သတ္တုချင်းထိခတ်သည့်အသံများ ထွက်ပေါ်လာပြီး လေထဲ၌ပင် ကြောက်စရာကောင်းသည့် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ဝုန်း..
မြွေဖြူကြီးလည်း သူမ၏ဧရာမခန္ဓာကိုယ်ဖြင့် အနောက်တိုင်းတပ်သားများကို ဖိချေပစ်ပြီး ပါဝင်တိုက်ခိုက်လာသည်။
ဘုန်း..
အချို့ဘုရင်များ လွင့်ထွက်သွားကာ အချို့မှာ မြွေအမြှီးနှင့် ရိုက်မိပြီး ခန္ဓာကိုယ်များ တစ်စစီဖြစ်သွားလေ၏။
“သွားကြစို့..”
ချူဖုန်း၊ နွားဝါလေးနှင့် နွားနက်ကြီးတို့ တိတ်တဆိတ် နောက်ပြန်ဆုတ်လိုက်သည်။ သူတို့ ရှေ့တန်းထိသို့ သွားတိုက်စရာမလို။ မြွေနှင့်ကျားနှင့်ပင် အနောက်တိုင်းတပ်တစ်ခုလုံးကို ရှင်းပစ်ရန် လုံလောက်နေပြီဖြစ်သည်။
“တစ်ချို့လူတွေက ဉာဏ်ရှိတယ် .. သူတို့က ပိုရှည်တဲ့လမ်းကို သွားကြတာ .. သူတို့တွေက ရှင်းကျန်းကို သွားကြတာဆိုတော့ အခု ဥရောပနယ်စပ်ကိုဖြတ်လောက်ပြီ .. ငါတို့ သူတို့နောက် လိုက်သွားမှာလား..”
“ဒါပေါ့ .. ငါတို့ ဒီကမ္ဘာကြီးရဲ့ အနောက်ဘက်ဆုံးထိ တိုက်ခိုက်ကြမယ်..”
အရှေ့တိုင်းသားအချို့ “အနောက်တိုင်းကျူးကျော်”ရန် ဆုံးဖြတ်လိုက်ကြသည်။ ယခုတစ်ခေါက် သူတို့ ရန်သူ့အသိုက်ကို ရှင်းပစ်မည်။
အနောက်တိုင်းတပ်၏ သုံးပုံနှစ်ပုံခန့်မှာ အရှေ့တိုင်းကျူးကျော်စစ်တွင် သေဆုံးသွားပြီဖြစ်သောကြောင့် သူတို့ အသိုက်မှာ အရှေ့တိုင်းတပ်များအတွက် ဟောင်းလောင်းဖွင့်ပေးထားသည်နှင့် တူနေသည်ပင်။
အနောက်တိုင်းမှ ခွန်းလွန်တောင်အား လိုချင်နေသကဲ့သို့ အရှေ့တိုင်းတပ်သားများအတွက်လည်း အနောက်နိုင်ငံများမှ သူတို့လိုချင်နေသည့်အရာများ ရှိနေသည်ပင်။
“ငါ မင်းကို ပြောမယ် .. အိုလံပစ်တောင်မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ် .. ငါတို့မှာ လူအရေအတွက်များတယ်ဆိုတော့ ဒီတစ်ခေါက် ငါတို့ အင်အားနဲ့ အနိုင်ယူရမယ်..” နွားနက်ကြီး လူအုပ်ကြီးကို နှိုးဆော်လိုက်သည်။
မြွေဖြူနှင့် ဝေးသွားပြီဖြစ်သောကြောင့် သူ စိတ်အေးသွားလေပြီ။
“သတိထား..” ချူဖုန်း သတိပေးလိုက်၏။ “ငါတို့ အောင်မြင်မှုကြောင့် မျက်ကန်းဖြစ်မသွားဖို့ သတိထားရမယ် .. ရှီလာနဲ့ နဂါးနက်တို့ ကျန်သေးတယ် .. ငါတို့ သူတို့ကို သတိထားရဦးမယ်”
လူအုပ်ကြီးသည် ချူဖုန်းနှင့် သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ အားလုံး ပြန်လေးနက်သွားကြလေ၏။
ဤတိုက်ပွဲမှာ ပြီးဆုံးရန် လိုသေးသည်။ အနည်းဆုံးတော့ အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများမှာ သူတို့ရန်သူများကို ရန်သူ့နယ်မြေများထဲ၌ နေ့နေ့ညညလိုက်ဖမ်းနေဆဲပင်။
“ဝေါင်း..” ရုတ်တရက် သူတို့နောက်မှ ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာ၏။ ဤသည်မှာ မန်ချူးကျားပင်။
“ငါ့ကို စောင့်ပါဦး .. ညီအစ်ကိုတို့..”
လူများချက်ချင်း ခေါင်းကိုက်သွားရသည်။ အင်အားအကြီးဆုံးကျွမ်းကျင်သူများအတွက်ပင် ဤလူမှာ ပြဿနာများသည့်သူပင်။ မည်သို့ပင်ဖြစ်စေ ဤလူသည် အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့်သူဖြစ်သောကြောင့် သူနှင့် လိုက်လျောညီထွေဖြစ်ရန် အလွန်ခက်ခဲနေသည်ပင်။
ကျားသည် လူတစ်ယောက်ခေါင်းကို သာသာလေး ပုတ်လိုက်ရုံဖြင့် ထိုလူခေါင်းပေါက်ကွဲသွားမည်ပင်။ ဤကဲ့သို့သော ကျားကြီးနှင့်အတူနေရလျှင် မည်သူမှ စိတ်အေးချမ်းမည်မဟုတ်။
ဤလူများ အနောက်တိုင်းအား ကျူးကျော်မည့်အစီအစဉ်အကြောင်း သိသည်နှင့် သူ ချက်ချင်းပင် ပြောလာသည်။ “ငါတို့က မိတ်ဆွေတွေပဲ .. မင်းတို့တွေ နောက်ပြန်ဆုတ်ရင် ငါမင်းတို့အတွက် ကာပေးမယ် .. မင်းတို့တွေ တိုက်ခိုက်ရင် ငါ မင်းတို့အတွက် ကိုယ်ရံတော် လုပ်ပေးမယ် .. အဲဒီတော့ ငါက ဘယ်လိုလုပ် ဒီတိုက်ခိုက်ပွဲကြီးကို လွဲချော်နိုင်ရမှာလဲ .. သွားကြစို့ .. ငါ မင်းတို့ကို လမ်းပြမယ်..”
သို့သော် တကယ်တမ်းတွင်တော့ ကျားကြီး၏စိတ်ထဲ၌ ရည်ရွယ်ချက်တစ်ခုသာရှိသည်။ အမြင်ရှစ်မျိုးကျောင်း၊ ဂျိဒ်ကျောင်းနှင့် ကျောက်စိမ်းဂူကျောင်းမှ ဂိုဏ်ခေါင်းဆောင်များ ရှီလာအား အဆုံးသတ်လိုက်သည်မှာ သေချာအောင် လုပ်လိုခြင်းပင်။ မဟုတ်ပါက သူစိတ်ရမည်မဟုတ်။
ချူဖုန်းလည်း ဤအကြောင်း တွေးလိုက်သည်။ သူ့အတွက်တော့ ဤကျားကြီး သူတို့နှင့်အတူ လိုက်ပါလာခြင်းမှာ ကိစ္စမရှိ။ ကျားကြီးသည် ကိစ္စသေးသေးလေးအတွက်နှင့် သူတို့နှင့် ရန်ဖြစ်မည်မဟုတ်။ သူ နွားနက်၊ နွားဝါလေးနှင့် သူတို့ကို မကြောက်သော်လည်း ယခုအချိန်တွင် သူတို့ကို ပြဿနာရှာခြင်းမှာ သူ့သေတွင်းသူတူးသည်နှင့် အတူတူပင် ဖြစ်သွားလိမ့်မည်။
ထို့နောက် သူတို့၏အမဲလိုက်ပွဲကြီး စတင်တော့သည်။ ထွက်ပြေးနေသည့် ရန်သူများမှာ သူတို့အမြင်တွင် ဆောင်းဦးမှ ရွှေရောင်သန်းနေသည့် ကောက်နှံပင်များနှင့်တူပြီး သူတို့ကတော့ ကောက်ရိတ်သိမ်းမည့်သူများပင်။ သူတို့သည် သစ်သားများကို ခွဲသကဲ့သို့ ရန်သူများ၏ အသက်များကို အလွယ်တကူပင် နှုတ်ယူလိုက်သည်။
ဤကိစ္စကြောင့် လောကကြီး တုန်လှုပ်သွားသည်။
ယခင်က ခွန်းလွန်တောင်မှ တိုက်ပွဲကို တီဗီများတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သောကြောင့် တစ်လောကလုံး စိတ်လှုပ်ရှားခဲ့ကြရသည်။
သို့သော် ခဏကြာပြီးနောက် အနောက်နိုင်ငံများ တိတ်ဆိတ်သွားလေ၏။ အရှေ့တိုင်းတွင် ဤမျှများပြားလှသည့် ကျွမ်းကျင်သူများ ရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြ။
နောက်ဆုံးတွင် တီဗီများ၌ တိုက်ရိုက်ထုတ်လွှင့်ခြင်းမရှိတော့သော်လည်း အသစ်အသစ်သော သတင်းများကတော့ ဆက်လက်ထွက်ပေါ်လာနေဆဲပင်။
ပြိုင်ဘက်ကင်းသည့် ခြင်္သေ့အကြီးအကဲသည် လားမားဘုန်းတော်ကြီး၏ ဖိနှိပ်ခြင်းခံလိုက်ရပြီး အာတိတ်ဘုရင်လည်း အမဲလိုက်ခွေးဘုရင်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဟိုင်အီးနားခွေးဘုရင်လည်း အရှေ့တိုင်းမှ ကျွမ်းကျင်သူများကြောင့် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့သည်…
ကမ္ဘာကြီးတစ်ခုလုံးသည် ဤကိစ္စကိုသာ အာရုံစိုက် စောင့်ကြည့်နေကြတော့သည်။
ယခု အနောက်တိုင်းကျူးကျော်တပ်များ ရောက်လာသည့်အချိန်တွင် လောကကြီး ထပ်မံပေါက်ကွဲထွက်လာခဲ့သည်။
“ဘုရားရေ .. အလှည့်အပြောင်းက မြန်လိုက်တာ .. ဒဏ္ဍာရီလာ အဖြစ်အပျက်တွေပဲ..”
“အနောက်တိုင်းကျူးကျော်တပ်က အရှေ့တိုင်းကို ဝင်သွားတဲ့ အနောက်တိုင်းတပ် ကိုးဆယ်ရာခိုင်နှုန်းကျော်ကို သတ်ပစ်လိုက်ပြီ .. အခုကစပြီးတော့ ငါတို့ အရှေ့တိုင်းကို ထပ်ကျူးကျော်ဖို့ အင်အားအလုံအလောက်ရှိတော့မှာ မဟုတ်ဘူး .. အနောက်နိုင်ငံမှာ ဘုရင်တွေ မရှိတော့ဘူး .. ငါတို့တော့ သွားပြီပဲ..”
အနောက်တိုင်းကျူးကျော်တပ် ဖြတ်သွားသည့်လမ်းတစ်လျှောက်လုံး ဘုရင်၏သွေးများ စိုရွှဲနေသည်။
ထိုတပ်တွင် အကောင်းဆုံးတိုက်ခိုက်ရေးသမားများဖြစ်သည့် ချူဖုန်းနှင့် နွားဝါလေး ပါနေသည့်အပြင် မန်ချူကျားလည်း ပါဝင်နေသောကြောင့် အနောက်တိုင်းဘုရင်တစ်ဦးမှ အသက်မရှင်နိုင်ခဲ့။
အနောက်တိုင်းကျူးကျော်တပ်သည် အနောက်ဘက်သို့ ဆက်တိုက်သွားနေပြီး နောက်ဆုံး တူရကီသို့ ရောက်လာသည်။ မကြာခင် သူတို့ ဂရိသို့ ရောက်တော့မည်။ ဂရိမှစကာ သူတို့ ဥရောပတိုက်ထဲသို့ ဝင်ရောက်ကြတော့မည်။
ထိုအခိုက်အတန့်တွင် လူများ ဒဏ္ဍာရီတွင်မည့်တိုက်ပွဲကို ကြည့်နေကြရသည်။
“နဂါးနက်ဘုရင်က အသက်ရှင်နေတုန်းပဲ .. သူက အရင်တုန်းကအတိုင်း ဖျက်ဆီးလို့မရတဲ့သူ ဖြစ်နေတုန်းပဲ..” ချူဖုန်း သက်ပြင်းချလိုက်သည်။
အနောက်တိုင်းကျူးကျော်တပ် ရပ်တန့်လိုက်ကာ ရန်ပွဲ၏အဝေး၌ နေလိုက်သည်။
ကောင်းကင်တစ်ခုလုံး နဂါးသွေးများဖြင့် နီရဲနေသည်။ နဂါးနက်မှာ သွေးများစိုရွှဲကာ ချုံးချုံးကျနေသော်လည်း ရွှေဂဠုန်ကတော့ အကောင်းအတိုင်းသာ ရှိသေးသည်။ မည်သူက အသာစီးရနေသည်မှာ သိသာလှသည်။
နဂါးနက်သည် ထွက်ပြေးနိုင်ရန်အတွက် လျှို့ဝှက်ပညာတစ်ခုကို အသုံးပြုခဲ့ရသည်။ ထိုပညာသည် နဂါးသွေးကို လောင်စာအဖြစ် အသုံးပြုခြင်းဖြစ်သောကြောင့် သူ့အသက်စွမ်းအင်များ လျော့နည်းလာသည်။ သူ ပင်လယ်ထဲသို့ ထွက်ပြေးသွားသေးသည်။ သို့သော် ကမ်းခြေသို့ ပြန်ရောက်လာခဲ့ရသည်ပင်။
သူ ထပ်မတောင့်ခံနိုင်တော့။
“ရွှေဂဠုန်က သူ့နာမည်နဲ့ ထိုက်တန်ပါတယ် .. စွမ်းအားကြီးလိုက်တာ..” ဘုရင်အချို့ သက်ပြင်းချလိုက်ကြသည်။
ဂီး..
နဂါးနက်ကြီး ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သို့သော် ယခုအချိန်တွင် သူ့အော်သံမှာ ငယ်သံပါအောင်အော်သည့်အသံမျိုးဖြစ်နေသည်။ ရွှေဂဠုန်ကြီး နဂါးနက်ဦးခေါင်းအား လက်သည်းဖြင့် ဖမ်းဆုတ်လိုက်သည့်အချိန်တွင် နဂါးနက်ကြီးမှာ နောက်ဆုံးအကြိမ် အော်ဟစ်လိုက်ပြီးနောက် ကောင်းကင်တစ်ခုလုံး သွေးမိုးရွာသွန်းလာသည်။
နဂါးကြီး သေဆုံးသွားလေပြီ..
“ဂဠုန်က နဂါးကို သတ်လိုက်ပြီ..”
ထိုနေ့တွင် တူရကီ၌ နဂါးနက်သေဆုံးသွားသည့်သတင်း တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသည်။
အနောက်တိုင်းကျူးကျော်တပ်သည်လည်း အနောက်ပိုင်းသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး မကြာမီပင် ဂရိမြေသို့ ခြေချနိုင်ခဲ့သည်။
“ဘုရားရေ .. သူတို့ ဒီကို တကယ်ရောက်လာပြီ .. သူတို့ ဥရောပကို ရောက်လာနိုင်ခဲ့ပြီ..”
“အရှေ့တိုင်းက ဘုရင်တွေက တကယ်ကို ပြိုင်ဘက်ကင်းပဲ .. သူတို့ပန်းတိုင်က ဘာပဲဖြစ်နေပါစေ နောက်ဆုံးမှာ သူတို့ သူတို့ပန်းတိုင်ကို ရလိမ့်မယ်လို့ ငါယုံကြည်တယ် .. ဘယ်သူမှ သူတို့လမ်းကို ပိတ်နိုင်မှာမဟုတ်ဘူး..”
“အလှည့်အပြောင်းတွေက တော်တော်မြန်တာပဲ.. အရှေ့တိုင်းကျူးကျော်တပ်က ပျက်စီးသွားပြီးတော့ အနောက်တိုင်းကျူးကျော်တပ်က အင်အားကြီးလာတယ် .. ဒါက ကံတရားပဲ..”
ဤအနောက်တိုင်းကျူးကျော်တပ်တွင် ‘သာမန်’ သန္ဓေပြောင်းသက်ရှိများမပါ။ အညံ့ဆုံးတိုက်ခိုက်ရေးသမားပင်လျှင် အချုပ်အနှောင်တစ်ခု ဖြတ်တောက်ထားသည်ပင်။
ချူဖုန်းတို့အဖွဲ့ တစ်ခဏခန့် အနားယူပြီးနောက် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်သည်။ ရက်ပေါင်းများစွာ မရပ်မနားလိုက်နေရသောကြောင့် သူတို့ ပင်ပန်းနေပြီဖြစ်သည်။
“ညီအစ်ကိုတို့ .. အိုလံပစ်တောင်ကို သွားရအောင် .. အဲဒီမှာ သက်တမ်းအရင့်ဆုံးအလေးအမြတ်သစ်ပင်တွေ ရှိလောက်တယ် .. ငါတို့တွေ သေချာပေါက် အဆင့်တက်သွားမှာ .. ဒါပေမဲ့ အဲဒီဒုက္ခပေးတဲ့ ဇူးစ်နဲ့ အပိုလိုတွေ ငါတို့ကို တားဖို့ ကြိုးစားလောက်တယ် .. ဒါပေမဲ့ မင်းတို့သိလား .. ငါတို့ကို ဘယ်သူမှ တားဆီးနိုင်မှာမဟုတ်ဘူး..” နွားနက်ကြီးသည် သူ့နောက်သို့လိုက်လာရန်အတွက် စကားချိုချိုလေးများ ပြောနေသည်။
“ငါ စိတ်မဝင်စားဘူး .. နွားနက်ကြီး .. အခုတော့ ငါတို့ စားပြီး အိပ်ရအောင် .. ပြီးတော့မှ ဆုံးဖြတ်ကြမယ်..” တစ်စုံတစ်ယောက် ပြန်ဖြေလိုက်သည်။
ခဏကြာပြီးနောက် လေထဲတွင် အသားကင်နံ့များ ထွက်ပေါ်လာသည်။ ဘုရင်များ၏အလောင်းများမှာ အကောင်းဆုံး ပါဝင်ပစ္စည်းပင်။ အရသာမှုန့်အနည်းငယ်ထည့်ပြီး သေချာကင်လိုက်သည်နှင့် အသားနံ့များ သင်းပျံ့လာသည်ပင်။
“အခုက ငါ့ရဲ့ ‘အရသာအဆင့်သတ်မှတ်ချက်’ကို အသစ်ပြောင်းရမယ့်အချိန်ပဲ..” ချူဖုန်း အရည်ရွှမ်းသည့် အသားများကို စားပြီး ရေရွတ်လိုက်သည်။
အပိုင်း ၁၉၈ ပြီး၏။