Switch Mode

Chapter – 197

မင်း ဘယ်လောက် ပြေးပြေး သတ်မှာပဲ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၇ – မင်းဘယ်လောက်ပြေးပြေး သတ်မှာပဲ

“သူတို့ကိုဖမ်း .. တစ်ယောက်မှ မလွတ်စေနဲ့..”

ကောင်းကင်ထက်၌ ကြွေးကြော်သံများ ပဲ့တင်ထပ်လာသည်။ ဤနေရာရှိ အားအနည်းဆုံးသူပင်လျှင် နှိုးထခြင်းအဆင့်၌ ရှိနေသောကြောင့် အားလုံးမှာ စွမ်းအားကြီးကာ သန်မာသည့်သူများပင်။ အချို့မှာ နေလုံးကြီးကိုပင် ကွယ်အုပ်သွားနိုင်လောက်သည်ထိ ရှည်လျားလှသည့် အတောင်ပံများ ရှိကြသည်။ အချို့မှာ တောင်တစ်လုံးနှင့်တစ်လုံး ခုန်ကူးနိုင်ကြသည်။ သူတို့ ဟစ်ကြွေးလိုက်သည်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားကာ တောင်များ လှုပ်ခါသွားလေ၏။

ဤမျှများပြားလှသည့် လူအုပ်ကြီး ပြေးနေသောကြောင့် ခွန်းလွန်တောင် နယ်မြေတစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်။

“အရှေ့တိုင်းကို အပြစ်ပေးတယ်ဟုတ်လား .. ငါ့ဖင်ကိုပဲ အပြစ်ပေးလိုက် .. မင်းတို့ ဒီလောက်ပဲ လုပ်နိုင်တာလား .. မင်းတို့ မတိုက်ရဲရင်လည်း ဘာလို့ အပြစ်ပေးတယ်ဆိုပြီး လာတိုက်နေသေးလဲ .. ဒီနေ့တော့ မင်းတို့ ပြေးစရာမြေမရှိတော့ဘူး .. ငါ မင်းတို့ကိုဖမ်းပြီး အရှင်လတ်လတ် အရေခွံနွာပစ်မယ်..”

နွားနက်ကြီး အနောက်မှနေ၍ ဟစ်ကြွေးလိုက်သည်။ သူသည် နွားနတ်ဆိုးဟစ်ကြွေးသံကို အသုံးပြုလိုက်သောကြောင့် သူ့အသံမှာ တောင်ကြောတစ်ခုလုံး၌ ပဲ့တင်ထပ်နေသည်။

အရှေ့တိုင်းကျူးကျော်တပ်မှလူများ တစ်ယောက်မှ တွန့်ဆုတ်မနေရဲတော့။ သူတို့သည် အသည်းအသန်ပြေးကာ သူတို့မျက်နှာများလည်း ဖြူဖျော့နေလေပြီ။

ရှီလာ၊ အာတိတ်ဘုရင်နှင့် ဗန်ပိုင်းယားဘုရင်တို့ကဲ့သို့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူများပင် အသက်လုပြေးနေကြပြီဖြစ်သည်။

တိုက်ပွဲမစခင်ကတည်းက သူတို့ ရှုံးနိမ့်နေကြပြီဖြစ်သည်။ သူတို့သည် တိုက်ခိုက်လိုစိတ်များ မရှိတော့ပဲ ကြောက်လန့်နေသည့် ကြွက်များကဲ့သို့ ပြေးထွက်သွားကြလေ၏။

“သတ်..”

အနောက်ဘက်မှ အရှေ့တိုင်းတပ်သားအကုန်ုလုံး သူတို့နောက် လိုက်ဖမ်းလာကြသည်။

ချူဖုန်း၊ နှင်းကျားသစ်ဘုရင်နှင့် နွားဝါလေးတို့ အခြားဘုရင်များရှေ့ ဦးဆောင်ကာ တိုက်ခိုက်နေကြသည်။ အောင်မြင်မှု သူတို့အတွက်သာ။

အရှေ့တိုင်းကျူးကျော်တပ်မှာ တစ်ခဏလေးအတွင်းမှာပင် သူတို့လူ သုံးပုံတစ်ပုံ သေဆုံးသွားကြလေပြီ။ သူတို့သည် ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးပင် မရခဲ့။

အဖွဲ့အား ဦးစီးမည့်သူ မရှိတော့သည့်အချိန်တွင် သူတို့သည် ဖရိုဖရဲဖြင့်ပင် အနောက်ဥရောပဘက်သို့ ပြန်ပြေးသွားကြသည်။

နောက်ဆုံးတွင် ချူဖုန်းနှင့် နွားနက်ကြီးတို့သည် သာမန်သန္ဓေပြောင်းများကို မသတ်တော့ပဲ ဘုရင်များကိုသာ ပစ်မှတ်ထားလိုက်တော့သည်။ သို့သော် ထိုဘုရင်များမှာ အလွန်အပြေးမြန်လှသည်။ သူတို့သည် ရှေ့ဆုံးသို့ပင် ရောက်နေကြလေပြီ။

ဘုရင်မဟုတ်သည့် သာမန်သန္ဓေပြောင်းများကို အရှေ့တိုင်းတပ်မှ ကျန်သည့်သူများ ရှင်းလိုက်ကြလေ၏။

ယခုအချိန်တွင် ချူဖုန်း၏ မိုးကြိုးလေး အသုံးဝင်လာလေပြီ။ သူ လေးကြိုးကို လွှတ်တင်လိုက်သည်နှင့် ရုတ်တရက် လေထဲ တောက်ပလှသည့် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုလျှပ်စီးတန်းနှင့်အတူ နားကွဲလောက်သည့် မိုးခြိမ်းသံများပါ ထွက်ပေါ်လာသည်။

ကောင်းကင်အမြင့်ထက်၌ ရှိနေသည့် သိမ်းငှက် အန္တရာယ်မှ ရှောင်ပြေးနေသည်။ သူ့ထံတွင် အားသာချက်ရှိနေသောကြောင့် သူ အလွန်ပျော်ရွှင်နေရသည်။ သူ ဥရောပဘက်သို့ ဘေးကင်းကင်းနှင့် ပြန်ပေးနိုင်လိမ့်မည်။

သို့သော် ရုတ်တရက် လျှပ်စီးတန်းတစ်ခု သူ့မျက်နှာကို ရိုက်ခတ်သွားသည်။ သူတုံ့ပြန်ချိန်မရသေးခင်မှာပင် ထိုလျှပ်စီး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူအငွေ့ပျံကာ ပျောက်ကွယ်သွားလေ၏။

ဝုန်း..

သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်ပင်။

ခွန်းလွန်တောင်မှ လူများမှာ အစပိုင်းတော့ ဆွံ့အနေကြသည်။ ထို့နောက်တွင်တော့ သူတို့ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာပြီး ကြွေးကြော်လာကြသည်။ သူတို့သည် ရန်သူ ဘယ်လောက်ဝေးဝေးပြေးပြေး လိုက်သတ်ရန် ဆုံးဖြတ်ထားပြီးသားပင်။

နဂါးနက်ကြီးသည် လေထဲ၌ အတောင်ပံများ လှုပ်ခတ်နေပြီး သူ့မျက်လုံးများ အေးစက်လာသည်။ သူသည် ဤကျူးကျော်မှုအတွက် ပြင်ဆင်သော်လည်း နည်းနည်းလေးမှ မအောင်မြင်ခဲ့။

သူ ခုနှစ်ခုမြောက် အချုပ်အနှောင်ကို မဖြတ်တောက်မချင်း နောက်ထပ် ထပ်တိုက်နိုင်မည့်အခွင့်အရေး မရှိတော့သည်ကို သူသိသည်။

“ဂီး..”

သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ရွှေဂဠုန်နှင့် အနီးကပ်တိုက်ခိုက်ရင်း အနောက်ဘက်သို့ ပျံသန်းသွားလိုက်သည်။

သူတို့တပ်များကို အရှေ့ဆုံးမှ ဦးဆောင်နေသည့် ချူဖုန်းနှင့် နွားဝါလေးကို သူတွေ့လိုက်ရသည်နှင့် သူ့မျက်လုံးများမှာ ကျောချမ်းစရာကောင်းလာသည်။ သူသည် သွေးလွှမ်းနေသည့် ပါးစပ်ကိုဟကာ ချူဖုန်းနှင့် နွားဝါလေးထံသို့ ဦးတည်ဆင်းသွားလိုက်သည်။

“မင်း ထပ်သတ်လို့မရတော့ဘူး သားလေး..”

ဟွားတောင်ဂိုဏ်းခေါင်းဆောင် ရွှေဂဠုန်သည် တောက်ပနေသည့် နေမင်းကြီးကဲ့သို့ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လာသည်။ အရွယ်အစားအားဖြင့်ဆိုလျှင် သူ နဂါးနက်ဘုရင်လောက် မကြီးသော်လည်း သူသည် စွမ်းအားကြီးကာ ကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမားတစ်ဦးပင်။

ရွှေဂဠုန်၏ ချွန်ထက်နေသည့် လက်သည်းများမှာ စိတ်ပျံ့လွင့်နေသည့် နဂါးဘုရင်ထံသို့ ဦးတည်လာသည်။ လက်သည်းများမှာ နဂါးဘုရင်၏ ဦးခေါင်းကို ဦးတည်နေခြင်းဖြစ်ပြီး ဤလက်သည်းများမှာ ဦးခေါင်းပေါ်သို့ ကျသွားလျှင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် နဂါးနက်ပင်လျှင် ချက်ချင်းသေဆုံးသွားလိမ့်မည်။

နဂါးနက်ဘုရင်သည် ရောက်လာတော့မည့်အန္တရာယ်ကို သတိပြုမိသည်နှင့် ချက်ချင်း ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး ရွှေဂဠုန်ကို ချက်ချင်းပြန်တိုက်ခိုက်လိုက်သည်။

“ငါ့ကို အပေါ်ပို့ပေး..” ဂျိဒ်ကျောင်းဆရာ အော်လိုက်သည်။

အမြင်ရှစ်မျိုးကျောင်းမှဆရာ ခေါင်းညိမ့်ပြလိုက်၏။

အမြင်ရှစ်မျိုးကျောင်းဆရာ ရုတ်တရက် သူ့လက်ကို မြှောက်လိုက်သည်။

ဝုန်း..

ဂျိဒ်ကျောင်းမှဆရာမှာ ကောင်းကင်ထက်သို့ မီတာနှစ်ထောင်အမြင့်ထိ ရောက်သွားသည်။

“ဟမ်..”

နဂါးနက်ဘုရင် အခြားအန္တရာယ်တစ်ခုကို အာရုံခံမိသွားသည်။ သူ့ပုခုံးကျော်ကြည့်လိုက်သည့်အချိန်တွင် ဂျိဒ်ကျောင်းဆရာ တိမ်တိုက်များထိသို့ ရောက်လာနေကြောင်း သူ တွေ့လိုက်ရသည်။ ထို့နောက် သူသည် စွမ်းအားကြီးမားလှသည့် အမြှီးကိုယမ်းကာ ဂျိဒ်ကျောင်းဆရာအား ရိုက်ချလိုက်သည်။

ဝုန်း..

လေထဲ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ နဂါးအမြှီးသည် အသံထက် အဆပေါင်းများစွာ လျင်မြန်သည့်နှုန်းဖြင့် ဂျိဒ်ကျောင်းဆရာထံသို့ ဦးတည်သွားသည်။

ဂျိဒ်ကျောင်းဆရာ၏ ညာလက်ဝါးမှစကာ လက်တစ်ခုလုံး တောက်ပလာပြီး ကောင်းကင်ဓားသွားတစ်လက်ကဲ့သို့ တောက်လောင်လာလေသည်။

ဝုန်း…

ကောင်းကင်ကြီး တုန်ခါသွားသည်။

နဂါးနက်ဘုရင်ကြီးသည် အမြှီးအပိုင်းသေးသေးလေးကို ဆုံးရှုံးသွားလိုက်ရပြီး သူ့ဒဏ်ရာများမှ သွေးများစီးကျလာသည်။ သူ့အမြှီးပြတ်သွားခြင်းမှာ သူ့အတွက်တော့ ရှက်စရာကောင်းသည့်ကိစ္စပင်။

ဂျိဒ်ကျောင်းဆရာ သက်ပြင်းချလိုက်၏။ သူ့တစ်ကိုယ်လုံး မြေပြင်ထက်သို့ အရှိန်ပြင်းထန်စွာ ကျဆင်းနေပြီး သူ့လက်တစ်ခုလုံး ထုံကျဉ်သွားရသည်။ သူ နဂါးနက်ဘုရင်ကျောပေါ်သို့ ခုန်တက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့။

ကောင်းကင်ထက်မှ ရွှေဂဠုန် အော်ဟစ်လိုက်သည်။ သူသည် အစကတည်းက အသာစီး ရထားပြီးသားပင်။ ယခု နဂါးနက်အမြှီး ဒဏ်ရာရသွားသည်ကို တွေ့လိုက်ရသည့်အချိန် သူ၏တိုက်ခိုက်လိုစိတ်များ ပို၍မြှင့်တက်လာသည်။

နဂါးနက်ဘုရင် စတင်ထွက်ပြေးလေပြီ။ သူ ဆက်တိုက်ချင်စိတ်မရှိတော့။ အဘယ်ကြောင့်ဆိုသော် မြေပြင်ထက်မှ လူများမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် စွမ်းအားကြီးသည့်သူများသာ။ မြေပြင်ထက်မှလူများ သူ့ကို အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။ ဤခြိမ်းခြောက်မှုမှာ သူ့ကို စိတ်ပျံ့လွင့်သွားအောင် လုပ်နေသည်ပင်။

သူ ဤထက်မြင့်အောင် ပျံတက်သွားလိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့် အနောက်တိုင်းတပ်သားများမှာ မျက်နှာများ ဖြူလျော်သွားကြသည်။ သူတို့ မျှော်လင့်ချက်မရှိတော့။ ထွက်ပြေးရုံသာ ရှိတော့သည်။

“ဂီး..”

အဝေးမှ သားရဲတစ်ကောင်၏ ဒေါသတကြီးအော်သံ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သဲများပျံ့လွင့်လာကာ ဖုန်မှုန့်များ၊ သဲများကြားတွင် တောင်ထိပ်မှ သွေးလွှမ်းနေသည့် သားရဲတစ်ကောင် လိမ့်ကျလာသည်။ ဤသည်မှာ အာတိတ်ဘုရင်ပင်။

အာတိတ်ဘုရင်ကို အမဲလိုက်ခွေးဘုရင်မိသွားပြီး သူတို့ ထပ်မံတိုက်ခိုက်ခဲ့ကြသည်။ သို့သော် အာတိတ်ဘုရင်မှာ အမဲလိုက်ခွေးဘုရင်ကိုမယှဉ်နိုင်။ မကြာခင်မှာပင် သူ ရှုံးနိမ့်သွားတော့သည်။

နောက်ဆုံးတော့ အမဲလိုက်ခွေးဘုရင် သူ၏မူလပုံစံသို့ ပြန်ပြောင်းလိုက်လေပြီ။ သူ့ခန္ဓာကိုယ်သည် မီးသွေးခဲကဲ့သို့ မည်းနက်တောက်ပြောင်နေပြီး သူ့လက်တစ်ဖက်မှာ တောင်ကုန်းတစ်ခုစာခန့်ရှိသည်။

ဖူး..

သူ့လက်ဖြင့် အာတိတ်ဘုရင်ခေါင်းကို လွှဲရိုက်လိုက်သည်။

အာတိတ်ဘုရင်၏ခေါင်းသည် ပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားကာ အသက်ထွက်သွားလေ၏။

“ဘုရားရေ … ငါတို့ဘုရင် သေသွားပြီ..” အာတိတ်ဘုရင်လက်အောက်မှ တပ်သားများ တုန်လှုပ်သွားကြရသည်။ သူတို့ ဘုရင်အသတ်ခံလိုက်ရသည်ကို သူတို့ကြည့်လိုက်ရသည်ပင်။

“ရှီလာကို လွတ်မသွားစေနဲ့..” အမဲလိုက်ခွေးဘုရင် ဟစ်ကြွေးလိုက်သည်။

ယခုအချိန်တွင် လူဝံအိုကြီး၊ တောင်လိပ်နှင့် ဂျိဒ်ကျောင်းမှဆရာတို့အားလုံး ရန်သူများနောက် အပူတပြင်း လိုက်နေကြသည်ပင်။ တိုက်ပွဲမှာ တစ်ဖြည်းဖြည်းပို၍ ကြောက်စရာကောင်းလာသည်။

ဆိုက်ဘေးရီးယားကျားမှာ ဘုရင်များ တိုက်ခိုက်နေသည့်မြင်ကွင်းကို ကြည့်ပြီး ကြောက်ရွံ့လာသည်။ သူ့ပြိုင်ဘက်များမှာ အားကောင်းလွန်းလှသည်။ ခေါင်းမာမာနှင့် တိုက်ခိုက်နေသည့်သူများမှာ အသတ်ခံရသည့်သူက အသတ်ခံရပြီး အသတ်မခံရသည့်သူများမှာလည်း ဖမ်းခံလိုက်ရသည်။ ကျားကြီးမှာ ဤအခြေအနေမှ ထွက်နိုင်အောင် နည်းလမ်းတစ်ခု စဉ်းစားရလေပြီ။

ထို့နောက် သူသည် လက်ဝေ့ရမ်းလိုက်ကာ “ကျွန်တော့်ကို မပစ်ပါနဲ့ .. ကျွန်တော်က မိတ်ဆွေပါ .. ကျွန်တော် လမ်းပြပါ့မယ် .. ရှီလာကို အတူတူသွားသတ်ကြစို့ .. အရှေ့တိုင်းတပ်က မိတ်ဆွေတို့ .. ရှီလာကို သွားတိုက်ကြစို့..”

ဆိုက်ဘေးရီးယားကျားမှာ ဤဒေါသထွက်နေသည့် တိုက်ခိုက်ရေးသမားများ၏ အသတ်ခံရမည်ကို ကြောက်သောကြောင့် သူ အသက်ရှင်နိုင်ရန် လုပ်နိုင်သမျှ လုပ်နေတော့သည်။ သူသည် ‘မန်ချူးကျား’ ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောနေပြီး သူ့သစ္စာရှိမှုကို သက်သေပြရန်အတွက် ယခင်က သူ့မိတ်ဆွေများဖြစ်ခဲ့သည့် အနောက်တိုင်းတပ်မှ ကျွမ်းကျင်သူများကို သွေးအေးစွာ သတ်ဖြတ်ပြလာသည်။

“မင်းကိုယ်မင်း သက်သေပြချင်ရင် အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတွေကို သွားသတ်..”

အနောက်ဘက်တွင် လူဝံအိုကြီးနှင့် ဝူတန်းတောင်သခင်တို့ ရောက်ရှိလာကာ သူ့သစ္စာရှိမှုကို သူ့လုပ်ရပ်များဖြင့် သက်သေပြရန် ပြောလိုက်သည်။

‘မန်ချူးကျား’မှာ ခေါင်းကိုက်နေလေပြီ။ အနောက်တိုင်းတပ်မှ ကျွမ်းကျင်သူအများစု အသတ်ခံလိုက်ရပြီဖြစ်ပြီး အသက်ရှင်နေသည့်သူများမှာလည်း လိုက်ဖမ်းခံနေရသည်။ သူ ဖမ်းချင်လျှင်ပင် တစ်ယောက်ကိုမှ ဖမ်းမမိနိုင်တော့။

“အမှောင်ထဲမှာ ပုန်းနေတဲ့ နောက်ထပ်ဘုရင်တစ်ယောက် ရှိသေးတယ် .. ခင်ဗျားတို့တွေ တစ်ယောက်မှ သူ့တည်ရှိမှုကို သတိထားမိမှာမဟုတ်တာ သေချာတယ် .. ဒါပေမဲ့ သူ ဘယ်မှာရှိလဲဆိုတာ ကျွန်တော်သိတယ် .. ကျွန်တော့်နောက် လိုက်ခဲ့ပါ .. ခင်ဗျားတို့ သူ့ကို သတ်လို့ရအောင် ကျွန်တော် ခေါ်သွားမယ်..” သူ ရုတ်တရက် ပြောလာသည်။

“တကယ်လား…” အမဲလိုက်ခွေးဘုရင် အံ့ဩသွားပုံပေါ်သည်။

ရှီလာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများစွာကို ဖိတ်ခေါ်ထားလိမ့်မည်ဟု သူတို့ ထင်ခဲ့သည်ပင်။ သို့သော် အရှေ့တိုင်းတပ်အင်အားကြီးလွန်းသောကြောင့် သူတို့ ပုန်းနေခြင်း ဖြစ်လိမ့်မည်။

“ကျွန်တော်က မန်ချူးကျားပါ .. ကျွန်တော်တို့တွေက သူငယ်ချင်းတွေပါ .. အဲဒီတော့ ကျွန်တော် ခင်ဗျားတို့ကို အရူးလုပ်မှာမဟုတ်ဘူး .. တိုက်ပွဲတိုက်ဖို့ ရောက်လာတဲ့ တစ်ခြားဘုရင်တစ်ယောက် တကယ်ရှိတယ် .. သူက ဟာအီးနားခွေးဘုရင်ပဲ .. သွားကြစို့ .. သူ့ကို သွားရှာသတ်ကြစို့..”

ယခုအချိန်တွင် သူ ဘာကိုမှ ထိန်ချန်မထားနိုင်တော့။ အခုချက်ချင်း အသတ်ခံလိုက်ရမည်ထက် အနောက်တိုင်းတပ်သားများ၏ အမုန်းကိုသာ ခံယူလိုက်မည်။ အရေထူပြီး စိတ်ထားမကောင်းသည့်သူများသာ ဤလောက၌ ကြာကြာရှင်သန်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

တစ်ချိန်တည်းမှာပင် ဤသည်မှာ သူ အရှေ့တိုင်း၌ နေခွင့်ရရန်အတွက် စာရင်းသွင်းသည်နှင့်အတူတူပင်။ သူ အရှေ့တိုင်း၌ နေနေသရွေ့ အနောက်တိုင်းတပ်ရှိ မည်သူမှ သူ့ကို လက်စားချေနိုင်တော့မည်မဟုတ်တော့။

“သွားကြစို့..” မန်ချူးကျားဦးဆောင်လိုက်ကာ သူ့နောက်မှ လူဝံအိုကြီး၊ ဝူတန်းတောင်သခင်နှင့် အမဲလိုက်ခွေးဘုရင်တို့ လိုက်သွားလိုက်ကြသည်။

ထိုအချိန်တွင် အမြင်ရှစ်မျိုးကျောင်း၊ ဂျိဒ်ကျောင်းနှင့် ကျောက်စိမ်းဂူကျောင်းမှ သခင်များ ပူးပေါင်းကာ ရှီလာနောက် ဆက်လိုက်နေခဲ့သည်။

“မင်းတို့သုံးယောက် သတိထား .. ရှီလာက စွမ်းအားကြီးရုံတင်မကဘူး သူက အပြေးလည်းမြန်သေးတယ် .. ကျွန်တော်တို့ သူ့ကိုဖမ်းမိမှဖြစ်မယ် .. မဟုတ်ရင် အနာဂတ်မှာ ကျွန်တော်တို့ အများကြီး‌ ပေးဆပ်ရလိမ့်မယ်..” မန်ချူးကျားဘုရင် သတိပေးလိုက်သည်။

သူ့ကိုယ်သူ မန်ချူးကျားဟု သတ်မှတ်လိုက်ပြီဖြစ်သောကြောင့် မည်သည့်လျှို့ဝှက်ချက်မှ ထိန်ချန်မထားသင့်ဟု သူ ခံစားလိုက်ရသည်။
ရှီလာကို သတ်မှရမည်။ မဟုတ်ပါက သူ တစ်သက်လုံး အိပ်မက်ဆိုးများ မက်နေလိမ့်မည်။

“သွားကြစို့.. အရှေ့တိုင်းက ညီအစ်ကိုတို့ .. အဲဒီအစင်းကျား ဟိုင်အီးနားခွေးဘုရင်ကို သွားသတ်ကြစို့ .. အရှေ့တိုင်းကို ကျူးကျော်ရဲတဲ့သူအားလုံး ဘယ်လောက်ဝေးဝေးပြေးပြေး အသတ်ခံရမယ်..” မန်ချူးကျားဘုရင် ဟစ်ကြွေးလိုက်ကာ အရှေ့မှ ဦးဆောင်ပြီး တောအုပ်ထဲ ပြေးဝင်သွားလိုက်သည်။

ချူဖုန်းနှင့် နွားဝါလေးတို့ ဆွံ့အသွားရတော့သည်။ “အရှက်မရှိတဲ့ ငဖားကောင်”

ထိုအချိန်တွင် ဟိုင်အီးနားခွေးဘုရင်သည် သူ့ခြေရာလက်ရာများကို ဖျက်ဆီးကာ တောအုပ်ထဲ၌ ကွေ့ပတ်သွားနေခဲ့သည်။ သူ ဥရောပသို့ အသက်ရှင်လျက် ပြန်သွားနိုင်ရန် မျှော်လင့်ထားသော်လည်း ရုတ်တရက် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ တစ်ယောက်ယောက် သူ့ကို သတ်ဖြတ်လိုသည့်အကြည့်နှင့်ကြည့်နေကြောင်း သူ့မသိစိတ်မှ ပြောနေသည်။

ဝုန်း..

ရုတ်တရက် တောအုပ်ကြီး ပွင့်ထွက်သွားကာ စွမ်းအားကြီးသည့် ဘုရင်များစွာ သူ့ဘေးပတ်လည်၌ ရုတ်တရက် ပေါ်လာသည်။

“မင်းက ငါ့ကို ဒီလိုမျိုးရောင်းစားရဲတယ်ပေါ့ .. ဆိုက်ဘေးရီးယားကျား..” ဟိုင်အီးနားခွေးဘုရင် ဒေါသတကြီး ပြောလိုက်သည်။ သူသည် အစကတည်းက ဤကျားကို ကြည့်မရခြင်းပင်။

“အဓိပ္ပာယ်မရှိတာ .. ငါက မန်ချူးကျား .. ငါက အရှေ့တိုင်းတပ်ဖွဲ့ဝင် .. မင်းက ငါ့တို့ကို ကျူးကျော်ရဲတယ်ပေါ့ .. ငါပြောခဲ့သလိုပဲ အရှေ့တိုင်းကို ကျူးကျော်ရဲတဲ့သူအားလုံး ဘယ်လောက်ဝေးဝေးပြေးပြေး အသတ်ခံရမယ် .. အဲဒီတော့ သွားသေလိုက်တော့ ခွေးကောင်ရဲ့..” ကျားကြီးသည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်ကာ ဟိုင်အီးနားဘုရင်ကို စတင်တိုက်ခိုက်လိုက်သည်။

ကျားသာ သူ့ကို ရောင်းမစားလျှင် ဟိုင်အီးနားခွေးဘုရင် အသက်ရှင်လျက် လွတ်မြောက်သွားနိုင်သည်။ သို့သော် ကံဆိုးစွာဖြင့် ဤသည်မှာ အိမ်တွင်းသူခိုးကို ပိုကြောက်စရာကောင်းကြောင်း သက်သေပြလိုက်သည်ပင်။ လူဝံအိုကြီး၊ ဝူတန်းတောင်သခင်၊ ကျားဘုရင်နှင့် အမဲလိုက်ခွေးဘုရင်တို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည့်အချိန်တွင် ဟိုင်အီးနားခွေးဘုရင်မှာ ချက်ချင်းပင် သေဆုံးသွားရသည်။

“ကျွန်တော့်ကို ဒီလိုမျိုး လာမကြည့်နဲ့ .. ကျွန်တော်တို့အားလုံးက မိတ်ဆွေတွေပဲ” ကျားဘုရင်ကို ကြည့်ရသည်မှာ အနည်းငယ် မသက်မသာဖြစ်နေသည့်ပုံပင်။

“သတ်ဖို့ကျန်တဲ့ ဘုရင်တွေ ရှိသေးလား..” လူဝံအိုကြီး မေးလိုက်သည်။

“ဟင့်အင်း .. မကျန်လောက်တော့ဘူး” ကျားဘုရင် ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော်တို့တွေ တောထဲ ဆက်ရှာကြရအောင် .. အမှောင်ထဲမှာ ပုန်းနေတဲ့ တစ်ခြားသူတွေ ရှိနေနိုင်တယ် .. သွားကြစို့ .. ကျွန်တော် လမ်းပြပေးမယ်” မန်ချူးကျားဘုရင် ပြောလိုက်သည်။

ထို့နောက် မန်ချူးကျားမှာ သူတို့အမဲလိုက်အဖွဲ့၏လမ်းပြဖြစ်လာသည်။ သူတို့သည် ကျားကြီးနှင့်ရှီလာတို့ တိုင်ပင်ထားခဲ့ကြသည့် ထွက်ပြေးမည့်လမ်းကြောင်းအားလုံးကို ရှာဖွေခဲ့ကြသည်။

ရှီလာမှာ တကယ်ကို ကြောက်စရာကောင်းသည့်ဘုရင်ဖြစ်သည်ဟု ဝန်ခံရပေမည်။ သူ့ခန္ဓာကိုယ်ထဲမှ အလင်းနှင့်အမှောင်စွမ်းအင် ထွက်ပေါ်လာသည်။ သူ ပြေးနေသည်မှာ မြန်လွန်းလှသောကြောင့် အရှေ့တိုင်းတပ်ရှိ မည်သူမှ သူ့နောက် ပြေးမလိုက်နိုင်။

အထူးသဖြင့် လေထဲ၌ ပျံသန်းနေသည့် ကြိုးကြာဖြူပင် ရှီလာကို လိုက်မမှီနိုင်ဖြစ်နေသည်။

နောက်ဆုံးတွင် ရှီလာ၏ကျောထက်၌ အနက်ရောင်အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ ဤအတောင်ပံမှာ ရှီလာကို အသံနှုန်းထက် ငါးဆမြန်အောင် လုပ်ပေးခဲ့သည်။ သို့သော် ဤအတောင်ပံအား အသုံးပြုနိုင်ရန်အတွက် သူ များစွာ ပေးဆပ်နေရသည်ပင်။ ပြေးနေရင်းဖြင့်ပင် ရှီလာ ဆက်တိုက်ပင် သွေးများ အန်နေခဲ့သည်။

အလင်းနှင့်အမှောင်စွမ်းအင်နှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုခြင်းမှာ သူ့ကို အတော်လေး ထိခိုက်စေခဲ့သည်။ ဤစွမ်းအင်နှစ်ခုမှာ အစကတည်းက တစ်ခုကိုတစ်ခု ဆန့်ကျင်နေသည့် စွမ်းအင်များပင်။

“ငါ ဥရောပအတွင်းပိုင်းထဲထိ မသွားချင်ဘူး .. ဒါပေမဲ့ ကြည့်ရတာ ငါတို့ ရွေးချယ်စရာမရှိတော့ဘူးထင်တယ်” အမြင်ရှစ်မျိုးကျောင်းသခင် ပြောလိုက်သည်။

သူတို့ ရှီလာနောက် ဆက်လိုက်နေကြဆဲပင်။

ရှီလာမှာ အလွန်ဉာဏ်များလှသျည်။ သူသည် တာဘန်ချိုင့်ဝှမ်း၌ ရှိနေသည့်လမ်းကိုမသုံး။ ထိုနေရာ၌ ရန်သူများ ကြိုစောင့်နေမည်စိုးသောကြောင့် ပိုရှည်သည့်လမ်းကြောင်းကိုသာ အသုံးပြုခဲ့သည်။

“ညီအစ်ကိုတို့ .. ဘုရင်တွေရဲ့ သေသွားတဲ့ခန္ဓာကိုယ်ကို ပြန်ယူလာပြီး ခဲထားလိုက်..” နွားနက်ကြီး သူ့လက်အောက်၌ အလုပ်လုပ်နေသည့်သူများကို အော်ဟစ်လိုက်သည်။

“သူပြောတာမှန်တယ် .. တန်ဖိုးရှိတဲ့ အသားတွေကို နည်းနည်းလေးမှ မဖြုန်းတီးမိစေနဲ့ .. ပြန်ယူလာခဲ့ကြ..” အခြားသူများ အော်ဟစ်လိုက်ကြသည်။

ဤသည်မှာ သူတို့ ချူဖုန်းထံမှ သင်ယူထားသည့်အရာပင်။ ဘုရင်တစ်ဦး၏ အသားနှင့်သွေးကို အထင်မသေးသင့်ကြောင်း သူတို့ သိသွားကြလေပြီ။ အချို့သူများဆိုလျှင် ဘုရင်အသားများကို စွဲလမ်းနေကြလေပြီ။ မည်သို့ပင်ဖြစ်စေ သူတို့ တိုက်ပွဲပြီးလျှင် ဤအသားများဖြင့် အောင်ပွဲခံနိုင်သည်ပင်။

“ဆက်ပြီး အမဲလိုက် … ဒီနေ့ တစ်ယောက်မှ လွတ်မသွားစေနဲ့..” ချူဖုန်း အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် အိန္ဒိယယောဂဆရာဖန့်လင်းလည်း ဆိုးရွားစွာ ဒဏ်ရာရထားပြီးဖြစ်သည်။ သူသည် ပြေးနေရင်းဖြင့် အတောင်ပံများ ပေါက်လာချင်မိသည်အထိပင်။ ကံမကောင်းစွာဖြင့် သူ့ထံ၌ အတောင်ပံများ မရှိသော်လည်း သူ့နောက်လိုက်နေသည့်ရန်သူများတွင်တော့ အတောင်ပံများ ရှိနေသည်။

ဒေါင်းဘုရင်နှင့် ကျီးကန်းဘုရင်တို့နှစ်ဦးမှာ သူတို့နယ်မြေများတွင် ဘုရင်များပင်။ သူတို့သည် ဘုရားနယ်မြေများတွင် အမြင်ရှစ်မျိုးကျောင်းနှင့် ဂျိဒ်ကျောင်းမှ ဆရာသခင်များကိုပင် စိန်ခေါ်ဖူးသောကြောင့် ဤသည်ကို ကြည့်ပြီး သူတို့၏စွမ်းအားကို သိနိုင်သည်ပင်။

ဖန့်လင်းလည်း အားနည်းသည့်သူမဟုတ်သော်လည်း သူ့နောက်ကို ငှက်နှစ်ကောင်လိုက်နေသည်မှာ ပျော်စရာမကောင်းတော့။ ထို့အပြင် သူ့လက်တစ်ဖက်လည်းမရှိတော့။

ရှေးဟောင်းယောဂပညာကို အမြင့်ဆုံးအဆင့်ထိ အသုံးပြုထားသော်လည်း သူ့ရန်သူများကို မယှဉ်နိုင်သေး။

ဝေါင်း..

ခွန်းလွန်တောင်ခြေ၌ ခြင်္သေ့အကြီးအကဲ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သို့သော် သူ လုပ်နိုင်တာ ဘာမှမရှိ။ သူ့ရွှေရောင်ဆံပင်တွင် သွေးများ စွန်းထင်းနေပြီး လားမားဘုန်းတော်ကြီးနှင့် တိုက်ခိုက်နေသည်မှာ သူ အတော်လေး မောပန်းနေပြီဖြစ်သည်။ သူ့ဒဏ်ရာများမှာလည်း သည်းမခံနိုင်လောက်အောင် နာကျင်နေပြီဖြစ်သည်။

နောက်ဆုံးတွင်တော့ လားမားဘုန်းတော်ကြီး သူ့ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်သည်။ ခြင်္သေ့အကြီးအကဲမှာ မလှုပ်ရှားနိုင်တော့။ နောက်ဆုံးတွင် သူ့မူလပုံစံကို ပြသလာလေ၏။ သူသည် အရေပြားထက်၌ ရွှေရောင်မီးတောက်များ တောက်လောင်နေသည့် ခြင်္သေ့တစ်ကောင် ဖြစ်လာသည်။

“မင်းမှာ ဗုဒ္ဓအသက်ရှူစည်းချက်တစ်ချို့ရထားတာဆိုတော့ မင်းဘာလို့ ဗုဒ္ဓဘာသာမပြောင်းတာလဲ .. လာခဲ့ ကလေး .. ငါ့ဆီလိုက်ခဲ့..” လားမားဘုန်းတော်ကြီး ဟစ်ကြွေးလိုက်သည်။

အရှေ့တိုင်းကျူးကျော်တပ်မှာ အရှုံးများနှင့်သာ ရင်ဆိုင်နေရသည်။ စစ်သားများ၏ တိုက်ခိုက်လိုစိတ်လည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။ ဘုရင်များပင် အသတ်ခံရလိုက်ပြီဖြစ်သည်။ အသက်ရှင်နေသည့်သူများထဲတွင် အချို့မှာ အဖမ်းခံရကာ နှိပ်စက်ခံနေရပြီး အသက်ရှင်လွတ်မြောက်နေသေးသည့်သူများမှာလည်း မျှော်လင့်ချက်မရှိတော့။

အရှေ့တိုင်းတပ်သည် ကျန်ရစ်နေသည့် ရန်သူများအား နေ့မနား၊ ညမနားပင် လိုက်လံရှင်းပစ်နေခဲ့သည်။

ထို့နောက် အသက်ရှင်နေသည့်သူအားလုံး တိဗက်ချိုင့်ဝှမ်းသို့ ဦးတည်သွားလိုက်၏။ ထိုနေရာတွင် ဥရောပတိုက်သို့ သွားနိုင်သည့် ဖြတ်လမ်းရှိနေသည်ပင်။

အနောက်တိုင်းတပ်မှ အသက်ရှင်ကျန်ရစ်သူများမှာ ယခုအချိန်တွင် ပျော်လွန်းသောကြောင့် မျက်ရည်များပင် ကျလာသည်။ ဤမြူဖုံးနေသည့်လမ်းအား ဖြတ်ပြီးသည်နှင့် သူတို့ လွတ်မြောက်လေပြီ။

သူတို့အတွက်တော့ ဤကျူးကျော်စစ်မှာ အိပ်မက်ဆိုးကြီးပင်။ သူတို့သူငယ်ချင်းများ၊ မိသားစုများ အသတ်ခံရသည်ကို မြင်ခဲ့ကြရသည်။ ဘုရင်တစ်ယောက်ပြီးတစ်ယောက် ရက်စက်စွာ အသတ်ခံခဲ့ရသည်။ ဤသည်မှာ သူတို့တစ်ဘဝလုံးကို ခြောက်လှန့်တော့မည့် အိပ်မက်ဆိုးကြီးပင်။

“ငါ ဒီမြေပေါ်ကို ဘယ်တော့မှ ခြေမချတော့ဘူး..” သားရဲများ ဟစ်ကြွေးလိုက်ကာ မြူထဲ ပြေးဝင်သွားလိုက်ကြသည်။

သို့သော် နောက်တစ်ခဏတွင် သူတို့တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။

မြူထဲတွင် အလွန်ကြီးမားလှသည့်ပုံရိပ်ကြီးတစ်ခု ရှိနေသည်။

ဤသည်မှာ အားလုံးကို အုပ်မိုးကြည့်နေသည့် ကြီးမားလှသည့် မြွေကြီးပင်။ သူ ခွေထိုင်နေသည်မှာ တောင်ကုန်းတစ်ခုစာရှိသည်။

“မကောင်းတော့ဘူး .. သူက အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူပဲ..”

သူတို့ရှေ့ဆက်သွားမည့်လမ်း ပိတ်ခံထားရသည်ကို မြင်လိုက်သည်နှင့် သူတို့ ဒူးများ ပျော့ခွေကျလာသည်။

သူတို့ ဤလမ်းကို အသုံးပြုခဲ့မိသည့်အတွက် နောင်တရမိသည်။ သူတို့ အာရှတိုက်တစ်ခုလုံးကို ပတ်၍သွားခဲ့သင့်သည်။

ဤမြွေကြီးမှာ နောက်တစ်ဆင့် တက်သွားပြီဖြစ်ပြီး ယခင်ကထက် ပို၍စွမ်းအားကြီးလာပြီဖြစ်သည်။

“မင်းတို့ဘယ်ကို ပြေးချင်နေတာလဲ .. အနောက်တိုင်းကကောင်တွေ .. ဒီနေ့ ဘယ်သူမှ မလွတ်စေရဘူး..” ဆိုက်ဘေးရီးယားကျားလည်း ရောက်ရှိလာလေပြီ။ “အရှေ့တိုင်းကို ကျူးကျော်ရဲတဲ့သူ မှန်သမျှ ဘယ်လောက်ဝေးဝေးပြေးပြေး အသတ်ခံရမှာပဲ..” သူ အနောက်မှ အော်ဟစ်လာသည်။

အရှက်မရှိတဲ့ ငဖားကောင်.. ချူဖုန်း၊ နွားဝါလေးနှင့် အခြားသူများမှာ ပြောစရာစကားပင် မရှိတော့။

“ချီးကို မန်ချူးကျားလား .. မင်းက မင်းကိုယ်မင်း ဆိုက်ဘေးရီးယားကျားလို့ ပြောခဲ့တာ .. နှစ်ဖက်ခွထိုင်နေတဲ့ သောက်ကောင်..” လူအချို့ တီးတိုး ကျိန်ဆဲလိုက်ကြသည်။

“ဆိုဘေးရီးယားကျား .. မင်း@#%!..” နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှ မနေနိုင်တော့ပဲ ဤအရှက်မရှိသည့် သစ္စာဖောက်ကို ထုတ်ဖော်ဆဲဆိုလာသည်။

“ဖူး..”

ထိုသနားစရာကောင်းသည့်သူသည် ကျားလက်သည်းအောက်တွင် ချက်ချင်း တစ်စစီဖြစ်သွားလေ၏။

“ငါက မန်ချူးကျား .. ထပ်ပြောလိုက်မယ် ‘အရှေ့တိုင်းကို ကျူးကျော်ရဲတဲ့သူ မှန်သမျှ ဘယ်လောက်ဝေးဝေးပြေးပြေး အသတ်ခံရမယ်..”

အပိုင်း ၁၉၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset