အပိုင်း ၁၆၅•၂
” လေးခုမြောက်၀ိညာဥ်စက်ကွင်း ”
°°°
ဟို့ယွိဟောင် နောက်ဆုံးမှာတော့ ရွှေရောင်၀ံပုလွေသုံးကောင်ရဲ့ ဒေါသတကြီးအော်ဟစ်သံတွေကို ကြားလိုက်ရပါတော့တယ်။ သူကတော့ တောင်ခြေဆီကို ပြေးဆင်းလို့သွားခဲ့ပါပြီ။ ဒါပေမယ့် သူတို့တွေ ဟို့ယွိဟောင်ကိုလိုက်မဖမ်းနိုင်ကြပါဘူး။ နှစ်မိနစ်အနည်းငယ်အတွင်းမှာပဲ တိမ်တိုက်တွေနဲ့အတူ မြူခိုတွေက တောင်ကြားထဲမှာစတင်ပေါ်ထွက်လာခဲ့ပါတော့တယ်။
ဟို့ယွိဟောင်လဲ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကို အဆင့်ခြောက်နို့ပုလင်းနဲ့ အင်အားဖြည့်တင်းပြီတဲ့နောက်မှသာ သက်ပြင်းရှည်ကြီးကိုချလိုက်ပါတော့တယ်။ အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပုံပေါ်ပါတယ်။ ဒါပေမယ့် ပျံသန်းရေး၀ိညာဥ်လက်နက်ကိုအသုံးပြုပြီးတဲ့နောက် လေထဲမှာဆယ်စက္ကန့်လောက်ပိုပြီးတော့ အရှိန်ယူလိုက်ရပါသေးတယ်။ သူ့ရဲ့ကျန်ရစ်တဲ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး ပုံစံတူတုပမှုနဲ့ ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားလို့ရနိုင်ပါတယ်။
လက်ရှိအချိန်မှာ နို့ပုလင်းကိုအသုံးပြုပြီး ၀ိညာဥ်စွမ်းအားတစ်၀က်နီးပါးကို ပြန်လည်ရရှိအောင် လုပ်နိုင်ပေမဲ့လဲ အခုအချိန်ထိ သူမောပန်းနေဆဲပါ။
ဒီတိုက်ပွဲက ဟို့ယွိဟောင်အတွက် အနည်းငယ်စွန့်စားမှုများခဲ့ပါတယ်။ ဒါပေမယ့် သူတွေးထားတဲ့အခြေအနေမှာရှိနေဆဲပါပဲ။
ငွေလရောင်၀ံပုလွေဘုရင်ရဲ့ စွမ်းရည်တွေကသာ သူထင်ထားတာထက်ကို ကျော်လွန်နေခဲ့တာပါ။ ဒါပေမယ့် များပြားတဲ့ပေါက်ကွဲနိုင်တဲ့စွမ်းအားတွေကို အသုံးပြုပြီး ဒီသွေဖယ်သွားတဲ့အစီအစဥ်ကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါတယ်။
စိတ်၀ိညာဥ်အမျိုးအစားသားရဲကောင်ကို ရှာတွေ့ဖို့ဆိုတာက အတော်ကိုခက်ခဲပါတယ်။ တစ်ကောင်ကိုရှာတွေ့ပြီဖြစ်တာကြောင့် သူလုံး၀အလွှတ်မပေးနိုင်ပါဘူး။ ကျွီးကျင့်နဲ့ ခက်ခက်ကို အရင်ထွက်သွားဖို့အတွက် တောင်းဆိုခဲ့တာက သူ့ရဲ့စွမ်းအားတွေကို အပြည့်အ၀ထုတ်သုံးနိုင်ဖို့ပါပဲ။ အချက်အလက်နှစ်ခုက သူ့ရဲ့ဖက်ကို ထိန်းသိမ်းနိုင်ဖို့ အဓိကသော့ချက်တွေ ဖြစ်နေခဲ့တယ်။ ပထမကတော့ သူ့ရဲ့တည်နေရာပါ တောင်ပေါ်အမြင့်မှာရှိနေခဲ့တာကြောင့် လေထဲမှာကောင်းကောင်းပျံသန်းဖို့အတွက် အရှိန်ရခဲ့သလို ရန်သူတွေကိုလဲ ဖယ်ချနိုင်ခဲ့ပါတယ်။
အကယ်၍ သူသာမြေပြင်မှာနေမယ်ဆိုရင် ပျံသန်းရေး၀ိညာဥ်လက်နက်ကို သုံးဖို့အတွက် အတော်လေးခက်ခဲမှာပါ။ ရွှေ၀ံပုလွေတွေရဲ့ ခုန်ပျံနိုင်စွမ်းက သူ့ကိုသုံးကြိမ်တိတိတိုက်ခိုက်ဖို့ အချိန်လောက်သွားစေလိမ့်မယ်။ ဒါက သုံးကောင်ပေါင်းမယ်ဆိုရင် ကိုးခေါက်တိတိ တိုက်ခိုက်ခံရမှာပါ။
ဒါပေမယ့် သူတောင်ထိပ်မှာရှိနေတဲ့အတွက် တောင်ထိပ်ကနေ ခုန်ချလာချိန်မှာတော့ ရွှေ၀ံပုလွေတွေက သူတို့ဘယ်လိုပဲအစွမ်းထက်ပါစေ လိုက်မဖမ်းနိုင်ကြပါဘူး။ အချိန်ကလဲ အရမ်းကိုအရေးကြီးပါတယ်။ ဟို့ယွိဟောင် ရှိသမျှအစွမ်းအစတွေအားလုံးကိုသုံးပြီ ငွေလရောင်၀ံပုလွေဘုရင်ကို သတ်လိုက်ပြီတဲ့နောက် စက္ကန့်တိုင်းက အရမ်းကိုအရေးပါနေခဲ့တယ်။
နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ သူ့ရဲ့ရင်ဘတ်မှာရှိနေတဲ့ ၀ိညာဥ်လက်နက်ပါပဲ။ ဒါက အမျက်ဒေါသကျောင်းတော်ကနေ သူ မထွက်ခွာခင်အချိန်တုန်းက ရလာခဲ့တဲ့အရာပါ။
ဒီ၀ိညာဥ်လက်နက်က ကျန်းဟုန်ချန်အမျက်ဒေါသကျောင်းတော်ကို ရောက်လာတဲ့ခရီးနဲ့ ဆက်စပ်နေခဲ့ပါတယ်။ အကြီးအကဲမုကြောင့် အဆင့်ကိုး၀ိညာဥ်လက်နက်ဖြစ်တဲ့ ဟုန်ချန်ကောင်းချီးမင်္ဂလာကို သူအမျက်ဒေါသကျောင်းတော်မှာ ချန်ထားခဲ့ရတယ်။
ဟုန်ချန်ကောင်းချီးမင်္ဂလာမှာလုပ်နိုင်တဲ့ အရာနှစ်ခုရှိပါတယ်။ ပထမကတော့ ခုခံနိုင်စွမ်းပါပဲ။ ဒါကအလိုအလောက်အသုံးပြုနိုင်ဖို့ အဆင်ပြေမှာပါ။ ကြက်သွေးရောင်နဲ့ ရွှေရောင်တောက်ပနေတဲ့ အလင်းတန်းအကာအကွယ်က ဟုန်ချန်ကောင်းချီးမင်္ဂလာကို အသွင်တူတုပထားတာပါပဲ။ ဒါ့အပြင် နောက်ထပ်လုပ်နိုင်တဲ့ အရာတစ်ခုကတော့ မပျက်သုန်းအတားအဆီးကို ပိုပြီးအဆင့်မြင့်တင်ထားတဲ့ ပုံစံပါ။ စုစုပေါင်း ဆယ်ငါးစက္ကန့်တိတိကြာအောင် ထိန်းထားနိုင်ပါတယ်။
မပျက်သုန်းအတားအဆီးက ဟို့ယွိဟောင်ရဲ့အင်အားနဲ့ဆိုရင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို သုံးကြိမ်တိတိ ခုခံနိုင်ပါတယ်။
ရွှေ၀ံပုလွေတွေက ဘယ်လောက်ပဲအင်အားကြီးမားပါစေ ဟို့ယွိဟောင်ထက် သုံးဆမကပိုအင်အားကြီးမားနေတဲ့ သူတွေတော့မဟုတ်ပါဘူး။ ဒါကြောင့် ငွေလရောင်၀ံပုလွေဘုရင်ကို သတ်ပြီတဲ့နောက် သူထွက်ပြေးနိုင်ခဲ့တာပါ။
ဒီအဆင့်ကိုး၀ိညာဥ်လက်နက်မရှိဘူးဆိုရင် ဟို့ယွိဟောင်လဲ အစိတ်စိတ်အမွှာမွှာဆွဲဖြဲခံရနိုင်လောက်ပါတယ်။ အကောင်းဆုံးရလဒ်ကတော့ ဒီ၀ံပုလွေသုံးကောင်ထဲက တစ်ကောင်ကို သူနဲ့အပါခေါ်သွားနိုင်လောက်တယ်။
ဟို့ယွိဟောင်ကတော့ အခုလက်ရှိအချိန်မှာ ဟုန်ချန်ကောင်းချီးမင်္ဂလာရှိတဲ့အတွက် အေးအေးဆေးဆေးနေနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ရည်ရွယ်ချက်ကိုလဲ အောင်မြင်ခဲ့ပါပြီ။ ၀ိညာဥ်သားရဲကောင်တွေ သူ့ကိုပျံသန်းရင် ရှာဖွေတွေ့ရှိမှာစိုးရိမ်စရာမလိုပါဘူး။ ကောင်းကင်မှာပျံသန်းနေတဲ့တစ်လျှောက်လုံး ပုံစံတူတုပမှုကို အသုံးပြုထားခဲ့လို့ပါပဲ။
ဒါ့အပြင် အတော်ကို ညဥ့်နက်နေပြီဖြစ်တဲ့အတွက် လုံး၀ကို သူကကိုယ်ယောင်ပျောက်နေခဲ့တယ်။ အနေ့အချိန်မှာဆိုရင်တော့ ပြဿနာတက်ကောင်းတက်နိုင်ပါတယ်။
တိုက်ပွဲက မြန်မြန်ဆန်ဆန်အဆုံးသတ်သွားခဲ့ပေမဲ့ ဟို့ယွိဟောင်က ၀ိညာဥ်စွမ်းအားကုန်ဆုံးသွားရုံတင်မက ကိုယ်ပိုင်စိတ်၀ိညာဥ်စွမ်းအားနဲ့ အင်အားတွေအများကြီးလဲ ကုန်ဆုံးလို့သွားခဲ့ပါတယ်။ အကယ်၍ သူသာပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့ ပြင်းထန်တဲ့လေ့ကျင့်မှုတွေကို မကျော်ဖြတ်ခဲ့ရဘူးဆိုရင် ဒီလိုမျိုးကြောက်စရာကောင်းလွန်လှတဲ့ တိုက်ပွဲကိုရင်ဆိုင်နိုင်မယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိပါဘူး။
အခုလက်ရှိအချိန်မှာ တစ်ကိုယ်လုံးချွေးတွေရွှဲနစ်လို့နေခဲ့ပါပြီ။ ကျန်ယန်တောင်ကြောရဲ့ အခြေအနေက မဟာကြယ်တာရာသစ်တောမှာလို တည်ငြိမ်အေးချမ်းမှုမရှိပါဘူး။ ဒါ့အပြင် သူ့ရဲ့အတွေ့အကြုံနဲ့လဲ အများကြီးကွာခြားလို့နေခဲ့ပါတယ်။
လက်ရှိအချိန်မှာ သူပိုပြီးတော့ သတိကြီးကြီးထားဖို့လိုအပ်နေတာကို နားလည်လာခဲ့ရတယ်။
ဒါပေါ့ သူဒီလောက်ကြီးလဲ သတ္တိရှိနေတာမဟုတ်ပါဘူး။ အကယ်၍ ငွေလရောင်၀ံပုလွေဘုရင်ကို အောင်အောင်မြင်မြင်မသတ်နိိုင်ဘူးဆိုရင် သေချာပေါက်ထွက်ပြေးမှာပါ။ ဟုန်ချန်ကောင်းချီးမင်္ဂလာကနေ ဖန်တီးတဲ့ ဆယ့်ငါးစက္ကန့်ရှိတဲ့အတွက် သူကဘယ်တော့မှ အသက်အန္တရာယ်မကျရောက်တော့ပါဘူး။ ဟို့ယွိဟောင်က သူ့အသက်ကိုတော့တန်ဖိုးထားပါသေးတယ်။
ပျံသန်းရေး၀ိညာဥ်လက်နက်ကို အသုံးပြုပြီးတိုက်ရိုက်ဆင်းသက်လာပြီတဲ့နောက် ၀ိညာဥ်စွမ်းအားကိုလဲ နို့ပုလင်းနဲ့ပြန်လည်ဖြည့်တင်းနေပါသေးတယ်။ ဒါပေမယ့် ပိုပိုပြီးမောပန်းလာပြီဖြစ်သလို ငွေလရောင်၀ံပုလွေရဲ့ ခန္ဓာကိုယ်ပေါ်မှာပေါ်ထွက်နေတဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းကိုလဲ သူစုပ်ယူဖို့လိုပါသေးတယ်။
၀ိညာဥ်စက်ကွင်းရဲ့ ပေါ်ထွက်လာမှုက သူရဲ့၀ိညာဥ်သားရဲကောင်သေဆုံးပြီတဲ့နောက် အချိန်အတိုင်းအတာတစ်ခုအထိသာ ကြာမြင့်မှာပါ။ အကယ်၍ အကြာကြီးနှောင့်နှေးသွားမယ်ဆိုရင် ၀ိညာဥ်စက်ကွင်းက သူ့ဘာသာသူပျောက်ကွယ်သွားပါလိမ့်မယ်။
ဟို့ယွိဟောင်အများကြီးကြိုးစားပြီမှ ဒီ၀ိညာဥ်စက်ကွင်းကိုရရှိလာတာဖြစ်တဲ့အတွက်ကြောင့် လုံး၀အလဟာသအဖြစ်ခံနိုင်ပါဘူး။ ဒါကြောင့် ပျံသန်းရေး၀ိညာဥ်လက်နက်ကို ထိန်းချုပ်ရင်းတောင်ကြောတစ်ခုဆီကို ဆင်းသက်လာခဲ့ပါပြီ။ နေရာတစ်နေရာကိုရှာဖို့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကို စုပ်ယူဖို့လိုပါတယ်။ တစ်ချိန်ထဲမှာပဲ အင်အားကိုပြန်လည်ထိန်းချုပ်ထားရမှာပါ။
ဒုတိယစိတ်၀ိညာဥ်ပင်လယ်ရဲ့ များပြားတဲ့ကုန်ဆုံးမှုက ကံကြမ္မာမျက်လုံးကိုအသုံးချနိုင်စွမ်းကို ယာယီပျောက်ဆုံးသွားစေခဲ့တယ်။ အနည်းဆုံးတစ်ရက်ကြာအောင် ကုသပြီမှသာ ပြန်လည်ကောင်းမွန်နိုင်ပါလိမ့်မယ်။
ဒါတွေအားလုံးဖြစ်ပြီတာတောင် ဟို့ယွိဟောင်ရဲ့စိတ်အခြေအနေက ကောင်းနေဆဲပါပဲ။ သူလေးခုမြောက်၀ိညာဥ်စက်ကွင်းကိုရသွားခဲ့ပါပြီ။ သူ့ရဲ့အစွမ်းအစတွေက ပိုပြိီးတက်လာတော့မှာပါ။ ကျင့်ကြံဆင့်က ရပ်နေတာကြာပြီဖြစ်သလို သူ့အနေနဲ့ အဆင့်လေးဆယ်တစ်ကိုလဲ ခုန်တက်သွားနိုင်ပါတယ်။ အဆင့်လေးဆယ်နှစ်ဆိုတာလဲ တက်နိုင်ချေရှိနေခဲ့တယ်။ သူကသေချာပေါက် တရား၀င်၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်လာတော့မှာပါ။
ဟို့ယွိဟောင်လဲ သီးခြားနယ်မြေတစ်ခုကိုရှာပြီတဲ့နောက် သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကိုအသုံးချရင်း ပတ်၀န်းကျင်ကိုစတင်ပြီ စူးစမ်းပါတော့တယ်။ ဒီနေရာမှာ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ဘယ်အရာမှ မရှိဘူးဆိုတာသေချာမှ ထိုင်ချလိုက်တယ်။ နှစ်ကီလိုမီတာအထိကို သေချာလေးရှာဖွေပြီတဲ့နောက် တောင်ကျောက်တုံးကြီးတစ်ခုကို သူရွေးချယ်လိုက်ပါပြီ။
လက်ကိုဝှေ့ရမ်းလိုက်ချိန်မှာတော့ ရွှေရောင်၀ံပုလွေအလောင်းတစ်ခုက ပေါ်လာပါတော့တယ်။ ဒီ၀ံပုလွေကို သူအစောပိုင်းတုန်းက သတ်ထားခဲ့တာပါ။
၀ံပုလွေရဲ့ အလောင်းကိုညာဘက်လက်နဲ့ ထိတွေ့ပြီတစ်စုံတစ်ရာကို မန်းမှုတ်လိုက်ပါတယ်။ သူကထူးဆန်းတဲ့ဘာသာစကားနဲ့ပြောဆိုနေခဲ့ပြီ သူ့ခန္ဓာကိုယ်တစ်ခုလုံးကလဲ အလင်းတန်းတွေနဲ့ တောက်ပလို့လာပါတော့တယ်။
သူ့ရဲ့မျက်လုံးထဲမှာ အလင်းတန်းတွေက စတင်ဖြစ်ပေါ်လို့လာပြီ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးကသေခြင်းတရားအပြည့်နဲ့ မီးခိုရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါတယ်။
ဒီမီးခိုရောင်အလင်းတန်းက လည်ပတ်လို့လာခဲ့ရင် ညာဘက်လက်ကတော့ မီးခိုရောင်အငွေ့တွေဖြည်းဖြည်ချင်းထွက်ပေါ်လာကာ ၀ံပုလွေအလောင်းရဲ့ခေါင်းထဲကို ၀င်ရောက်လို့သွားပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ ထူးဆန်းတဲ့အရာက ဖြစ်ပေါ်လာခဲ့ပါပြီ။
သေဆုံးသွားပြီဖြစ်တဲ့၀ံပုလွေရဲ့အလောင်းက တစ်ကိုယ်လုံးတုန်ရီလို့လာခဲ့ပြီ အမွေးတွေလဲ ထောင်လာပါတော့တယ်။ သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ဖြည်းဖြည်းချင်းတွားသွားကာ မတ်တပ်ထရပ်လာခဲ့ပါပြီ။ ဒါပေမဲ့ အညို၀ါရောင်မျက်လုံးတွေက ဟို့ယွိဟောင်လိုပဲ မီးခိုရောင်ပြောင်းသွားခဲ့ပါတယ်။ မြင်ရတာ တကယ်ကိုခြောက်ခြားစရာကောင်းလွန်တဲ့ မြင်ကွင်းပါပဲ။
ဟို့ယွိဟောင် ညာဘက်လက်က်ိုမြောက်ပြီ သူ့ရဲ့လက်ညိုးကိုအသုံးပြုရင်း ရွှေ၀ံပုလွေရဲ့နဖူးကို ခပ်ဖွဖွလေးထိလိုက်ပါတယ်။ ၀ံပုလွေရဲ့ခန္ဓာကိုယ်က တုန်ရီလို့သွားခဲ့ပြီတဲ့နောက် မီးခိုရောင်ကနေ မီးခိုရောင်မီးတောက်တွေအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။
” ငါ့ကိုကာကွယ် ဒါဆိုရင် မင်းမထိခိုက်တော့ဘူး ”
ဟို့ယွိဟောင်ရဲ့အသံကနက်ရှိုင်းပြီ ညို့ငင်နိုင်စွမ်းတွေ ပြည့်နေခဲ့ပါတယ်။ ရွှေ၀ံပုလွေက လူသားတစ်ယောက်လိုမျိုး ခေါင်းညိတ်ပြီ ပြေးထွက်ရင်းအဝေးသစ်တောမှာ ပျောက်ကွယ်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်ကတော့ သက်ပြင်းချရင်းပြုံးနေခဲ့ပါပြီ။ ဒါက သူ့ရဲ့တကယ်လျှို့၀ှက်ချက်ကြီးပါပဲ။ အမျက်ဒေါသကျောင်းတော်မှာတောင် ဒီအကြောင်းကိုဘယ်သူမှမသိပါဘူး။ ဒါက အောက်လမ်းပညာရဲ့ နတ်ဘုရားဥပဒေပါ။ သူ့ကို နတ်ဆိုးရဲ့အရှင်သခင် လျှပ်စီးဧကရာဇ် ညွှန်ကြားပေးခဲ့တဲ့အရာလဲဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်က အဆင့်လေးဆယ်ကိုရောက်ပြီတဲ့နောက် အောက်လမ်းပညာကို သင်ယူနိုင်ပြီဖြစ်တဲ့အကြောင်း လျှပ်စီးဧကရာဇ်က သူ့ကိုပြောလာခဲ့ပါတယ်။
အစပိုင်းမှာဒီအကြောင်းနဲ့ ပတ်သက်ပြီ သံသယရှိခဲ့ပေမဲ့ မကြာခင်မှာပဲ အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့ ညွှန်ကြားမှုနဲ့အတူ နားလည်လက်ခံလာနိုင်ပါတော့တယ်။
လျှပ်စီးဧကရာဇ်က သူ့ရဲ့ဇာတ်ကြောင်းကို ပြောပြခဲ့တယ်။ ဒါပေမယ့် အဲ့ဒီဇာတ်ကြောင်းက အရမ်းကိုရှည်လျားလွန်တဲ့အတွက် တစ်ခေါက်နဲ့အပြီးမပြောနိုင်ပါဘူး။ ဒါ့အပြင် သူ့ရဲ့မှတ်ဉာဏ်တွေကလဲ တစ်ပိုင်းတစ်စသာပြန်လည်ကောင်းမွန်သေးတဲ့အတွက် ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက် အချိန်တချို့လိုနေခဲ့သေးတယ်။
ဒါပေမယ့် သေချာတဲ့အရာကတော့ တစ်ခုထဲရှိပါတယ်။ အောက်လမ်းပညာက ဟို့ယွိဟောင်ရဲ့စိတ်ဓာတ်ခိုင်မာမှုကို ဘယ်တော့မှထိခိုက်သွားစေမှာမဟုတ်ပါဘူး။ ဘယ်စွမ်းရည်မဆို ကောင်းတဲ့ရည်ရွယ်ချက်ရော ဆိုးတဲ့ရည်ရွယ်ချက်နဲ့ရော အခုအချိန်မှာ သုံးနိုင်နေမှာပါ။ အောက်လမ်ပညာဆိုတာက အရမ်းအင်အားကြီးတဲ့ မှော်ပညာတစ်ခုဖြစ်သလို ၀ိညာဥ်စက်ကွင်းတွေ ၀ိညာဥ်စွမ်းရည်တွေ ၀ိညာဥ်အရိုးတွေနဲ့ မတူညီသလို ဒီလောကနဲ့လဲ မသက်ဆိုင်နေပါဘူး။ တကယ်ကိုကြီးမားပြီ အမှီအခိုကင်းတဲ့ အင်အားတစ်ခုပါပဲ။ ဒါပေမယ့် ၀ိညာဥ်စွမ်းအားနဲ့ မတူညီတဲ့အင်အားတွေကို ပေါင်းစည်းလေ့ကျင့်လို့ရပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ နှစ်ပေါင်းများစွာကြာအောင် အကြီးအကဲလျှပ်စီးဧကရာဇ် ပေါင်းစည်းပြီတဲ့နောက် ခိုင်မာတဲ့စွမ်းရည်တစ်ခုအဖြစ်နဲ့ အပြင်လောကကို ပြန်လည်ထွက်ပေါ်လာနိုင်ပါပြီ။
ဟို့ယွိဟောင်လဲ အချိန်အတော်ကြာစဥ်းစားပြီမှာသာ ဒီသင်ကြားမှုကို လက်ခံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အောက်လမ်းပညာရဲ့လောကထဲကို ၀င်ရောက်ပြီချိန်ကထဲကစလို့ ဒီအရာရဲ့ဆွဲဆောင်မှုကို သူစတင်ပြီခံစားခဲ့ရတယ်။
ဒါက သေခြင်းတရားရဲ့တမန်တော်အသုံးပြုခဲ့တဲ့ မိစ္ဆာစွမ်းရည်တွေနဲ့ လုံး၀ကိုမတူညီပဲ အများကြီးကျော်လွန်သာလွန်နေတာပါ။ ဒါ့အပြင်၀ိညာဥ်တွေကိုလေ့လာတဲ့အကြောင်းအရာတွေ အများကြီးပါ၀င်နေခဲ့သလို သေပြီတဲ့လူရဲ့၀ိညာဥ်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အကြောင်းတွေပါ ပါ၀င်နေခဲ့တယ်။
အကြီးအကဲလျှပ်စီးဧကရာဇ်က ဟို့ယွိဟောင်ကို ပြောပြခဲ့ပါတယ်။ သူတို့လောကမှာပထမဆုံးအောက်လမ်းပညာရှင်က ဒီပညာရပ်ကိုသင်ယူခဲ့တယ်ဆိုတာ သေဆုံးသွားခဲ့ပြီးပြီဖြစ်တဲ့ ဇနီးသည်ကိုပြန်လည်ရှင်သန်ထမြောက်စေဖို့အတွက်ပါပဲ။ သူ့ဇနီးသည်ကို ပြန်လည်ရှင်သန်အောင်မလုပ်နိုင်ခဲ့ပဲ ၀ိညာဥ်ကိုပါပျက်စီးစေခဲ့ သူဇနီးသည်ရဲ့ ၀ိညာဥ်နဲ့အတူတူ နေထိန်းနိုင်ခဲ့သလို သူ့ကိုယ်တိုင်လဲလုံး၀ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေအထိ နေထိုင်နိုင်ခဲ့တယ်။
ဟို့ယွိဟောင် ဒိီအကြောင်းအရာကို အနည်းငယ်သာ နားလည်ပါတယ်။ သူ့ရဲ့ကျင်ကြံဆင့်ကလဲ နှိမ့်ပါးလွန်နေတာကြောင့်ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ အောက်လမ်းပညာရဲ့အခြေခံတွေကို ဖြည်းဖြည်းချင်း ခိုင်မာလာအောင် လုပ်နိုင်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ရွှေ၀ံပုလွေကို အသုံးပြုပြီး သူ့ရဲ့ယာယီသက်တော်စောင့်အဖြစ် အသုံးချနိုင်ပါပြီ။ သိပ်အချိန်အကြာကြီးလုပ်နိုင်မှာ မဟုတ်ပေမဲ့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကို စုပ်ယူဖို့အချိန်ထိလောက်တော့ လုံလောက်နေခဲ့တယ်။
ဟို့ယွိဟောင်လဲ ရွှေလရောင်၀ံပုလွေဘုရင်ရဲ့အလောင်းကိုကြည့်ရင်း ခိုင်မာပြတ်သားတဲ့အကြည့်ဖြစ်ပေါ်လာပါတော့တယ်။ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းသော့်လော့တွေတောင် ပုံမှန်အခြေအနေမျိုးမှာ ငွေလရောင်၀ံပုလွေဘုရင်ကို အလွယ်တကူရင်မဆိုင်နိုင်မှန်း သိပါတယ်။ ဒီငွေလရောင်၀ံပုလွေဘုရင်ရဲ့တိုက်ခိုက်နိုင်စွမ်းက ကြီးမားတဲ့အပြင် စိတ်၀ိညာဥ်စွမ်အားကလဲ သာမန်၀ိညာဥ်သားရဲကောင်တွေ အများစုထက် ပိုပြီးကြီးမားတယ်။ ပိုပြီးကြောက်စရာကောင်းတာကတော့ တခြား၀ိညာဥ်၀ံပုလွေသားရဲကောင်အမျိုးအစားတွေကို ကျွန်ပြုနိုင်စွမ်းရှိတာပါပဲ။
အကယ်၍ ဟို့ယွိဟောင်သာ ဟိုစစကထဲက ပေါက်ကွဲစွမ်းအားကိုသာ မထုတ်လွှတ်ထာခဲ့ဘူးဆိုရင် သေချာပေါက် ငွေလရောင်၀ံပုလွေဘုရင်ရဲ့ အားကောင်းတဲ့၀ိညာဥ်စွမ်းရည်တွေကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ မလွယ်ကူပါဘူး။
ရေခဲဧကရီရဲ့သံချပ်ကာက ရွှေ၀ံပုလွေတွေရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မယ်ဆိုတာ သေချာပေမဲ့ သူ့ကိုယ်သူကာကွယ်ဖို့အတွက် ဟုန်ချန်ကောင်းချီးမင်္ဂလာကို သူလိုအပ်ပါသေးတယ်။ ဒါပေမယ့် ရွှေ၀ံပုလွေသုံးကောင်ကိုလဲ ရှေးကျင့်ကြံဆင့်နဲ့လဲ အသေသတ်ဖို့မလွယ်ပါဘူး။
ငွေလရောင်၀ံပုလွေဘုရင်က ဒီ၀ံပုလွေသုံးကောင်ထပ် အများကြီးပိုပြီးသန်မာပါသေးတယ်။ သူ့ကိုခုခံကာကွယ်ပေးနေတဲ့ ဓာတ်သဘောသဘာ၀ခုနှစ်ခုတိတိရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဆုံးဖြတ်ချက်ကလဲ အရမ်းကိုခိုင်မာပြတ်သားလွန်တယ်။ သတ္တ၀ါလဲ ဖြစ်နေခဲ့သေးတယ်။ ကံကြမ္မာမျက်လုံးရဲ့၀ိညာဥ်အကြည့်ကို အသုံးပြုပြီး ငွေလရောင်၀ံပုလွေဘုရင်ကို ပြင်းပြင်းထန်ထန်သာထိခိုက်အောင်မလုပ်ခဲ့ဘူးဆိုရင် သေချာပေါက် တိုက်ပွဲကလဲလွယ်လွယ်ကူကူအဆုံးသတ်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးကပြီးသွားခဲ့ပါပြီ ဟို့ယွိဟောင် အောင်မြင်ခဲ့သလို ဒီစတုတ္ထ၀ိညာဥ်စက်ကွင်းကို စုပ်ယူဖို့ပါပဲ။
အပိုင်း ၁၆၅•၂ ပြီး၏။