Switch Mode

Chapter – 196

အနောက်ဘက်သို့တိုင် တိုက်ခိုက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၆ – အနောက်ဘက်ထိသို့ တိုက်ခိုက်ခြင်း

ဝုန်း..

ခြင်္သေ့ဘုရင် လက်ဝါးဖြင့် ရိုက်လိုက်သည်နှင့် သူ့ရှေ့မှ တောအုပ်ကြီး ပြိုကျသွာသည်။ ရှေးဟောင်းသစ်ပင်များနှင့် ကျောက်တုံးကြီးများသည် လွင့်ထွက်သွားပြီးနောက် အစိတ်စိတ်အမွှာမွှာဖြစ်သွားကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

လားမားဘုန်းတော်ကြီးသည် ထိုစွမ်းအားကို အကြိမ်ပေါင်းများစွာ ရှောင်တိမ်းနိုင်ခဲ့သည်။ အခြားသူသာဆိုလျှင် ထိုထူးခြားသည့် စွမ်းအင်လှိုင်းအောက်၌ ဖိအားပေးခံနေရလောက်လေပြီ။

“ဝေါင်း..”

ခြင်္သေ့အကြီးအကဲ ဟစ်ကြွေးလိုက်သည်။ သူသည် လူသားပုံစံဖြစ်နေသေးသော်လည်း ဤဟစ်ကြွေးလိုက်သည့်အသံမှာ ကောင်းကင်ဘုံကိုးခုမှ လျှပ်စီးထက်ပင် ပို၍ကြောက်စရာကောင်းနေသေးသည်။

သာမန်မျက်စိဖြင့်ပင် သူ့ပါးစပ်ထဲမှ ထွက်လာသည့် ရွှေရောင်အလင်းလှိုင်းများကို မြင်နိုင်နေသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် အသံလှိုင်းတိုက်ခိုက်မှုဖြစ်မည်မှာ သေချာသည်ဟု နွားဝါလေး ကောက်ချက်ချလိုက်သည်။

ဤသည်မှာ ခြင်္သေ့အကြီးအကဲ၏ မွေးရာပါစွမ်းရည်ပင်။

သူ့ရှေ့မှ ရှေးဟောင်းသစ်ပင်များ တစ်စစီပေါက်ကွဲသွားကာ ကျောက်တုံးများလည်း ကွဲကြေသွားသည်။

သူတို့နှစ်ဦး စစ်မြေပြင်နှင့်ဝေးသည့် တောင်အတွင်းနက်ပိုင်း၌ တိုက်ခိုက်နေ၍ တော်သေးသည်။ မဟုတ်ပါက ဤတိုက်ခိုက်မှုမှာ သေချာပေါက် ကပ်ဆိုးကြီးတစ်ခု ဖြစ်သွားမည်ပင်။

အရှေ့တိုင်းသားမှ တပ်သားအားလုံး စိုးရိမ်သွားကြ၏။ အထူးသဖြင့် မြင်းဘုရင်ပင်။ သူ့ဆရာ ရန်သူနှင့်မယှဉ်နိုင်မည်ကို သူ ကြောက်နေမိသည်။

“စိတ်မပူပါနဲ့ .. လားမားကြီးရဲ့ စွမ်းရည်တွေကလည်း အထင်သေးလို့မရဘူး .. သူက သေချာပေါက် ခြင်္သေ့ထက် အားနည်းမှာ မဟုတ်ဘူး” အမြင်ရှစ်မျိုးကျောင်းမှ ဆရာ နှစ်သိမ့်လိုက်သည်။ သူ့၏အဆင့်လွန်စွမ်းအားကြောင့် သူ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်နေရသည်ပင်။

လားမားဘုန်းတော်ကြီးမှာ ရွှေဖြင့်ထုဆစ်ထားသကဲ့သို့ သူ့တစ်ကိုယ်လုံးမှ ဗုဒ္ဓရောင်ခြည်များ ဖြာထွက်နေသည်။

“ဉုံ..” ဘုန်းတော်ကြီး၏ နှုတ်ခမ်းထက်မှ ခမ်းနားလှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှာ သူ့အော်သံကို ပြန်လည်တုံ့ပြန်လာသည်။ စကြာဝဠာကြီး၏ မူလရှေးဟောင်းနုတ်များ အသက်ဝင်လာသကဲ့သို့ ခွန်းလွန်တောင်၌ အသံများ ပဲ့တင်ထပ်သွားပြီး တောင်တန်းများပင် တုန်ခါလာသည်။

တိုက်ခိုက်မှုကြောင့် ထိုနေရာတစ်ဝိုက် ချက်ချင်း ပြိုကျပျက်စီးသွားသည်။ တောအုပ်များ တစ်စစီဖြစ်သွားကာ ထောင်ပေါင်းများစွာသော ကျောက်တုံးများလည်း အသံလှိုင်းကြောင့် တစ်စစီဖြစ်သွားသည်။ ဤအသံလှိုင်းမှာ ခြင်္သေ့အကြီးအကဲ၏ အသံလှိုင်းအား လွှမ်းမိုးသွားသည်ပင်။

“ဗုဒ္ဓရဲ့ စာလုံးခြောက်လုံးမန္တန်..” တစ်စုံတစ်ယောက် ရေရွတ်လိုက်သည်။

ဤမန္တန်တွင် ပါဝင်သည့် စာလုံးများမှာ “ဥုံ၊ မာ၊ နဲ့၊ ပက်၊ မဲ့၊ ဟမ်” တို့ဖြစ်သည်။

လူအားလုံး ဤသည်ကို ရွတ်ဆိုနိုင်သော်လည်း မည်သူကများ ဤကဲ့သို့ ပြုလုပ်နိုင်သနည်း.. မည်သူမှ မလုပ်နိုင်။

ယနေ့တွင်တော့ လားမားဘုန်းတော်ကြီးသည် မန္တန်ထဲမှ စာလုံးတစ်လုံးကို ဤမျှစွမ်းအားကြီးအောင် ရွတ်ဆိုနိုင်ခဲ့သည်။

ရုတ်တရက် ခြင်္သေ့အကြီးအကဲ၏ ပြိုင်ဘက်ကင်းအမူအရာများ ပျောက်ကွယ်သွားကာ အော်ဟစ်နေခြင်းအား ရပ်တန့်လိုက်ပြီး စွမ်းအားကြီးလက်သီးများဖြင့် တိုက်ခိုက်လာသည်။

ဝုန်း..

ကောင်းကင်ထက်သို့ ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ ထိုအလင်းများသည် ရေလှိုင်းတစ်ခုကဲ့သို့ ခြင်္သေ့အကြီးအကဲကို လွှမ်းခြုံသွားသည်။

ဤသည်မှာ ခြင်္သေ့အကြီးအကဲ၏ ပြိုင်ဘက်ကင်း လက်သီးစွမ်းအားပင်။ သူသည် အသက်ရှူခြင်းပညာတစ်ခုကို မထင်မှတ်ပဲ ရရှိခဲ့သောကြောင့် ဤမျှစွမ်းအားကြီးနေခြင်းပင်။

လားမားဘုန်းတော်ကြီး၏ ဦးခေါင်းနောက်တွင် နတ်စက်ကွင်းတစ်ခု ပေါ်လာသည်။ သူ့အော်ရာမှာ ဘုရားလောင်းတစ်ပါးကဲ့သို့ စွမ်းအားကြီးကာ သန့်စင်မြင့်မြတ်နေသည်။

သူ့ညာလက်သည် တောက်ပသည့်အလင်းများနှင့်အတူ ကြီးမားလာလေ၏။ ဤသည်မှာ သူ ထူးဆန်းသည့်လက်ဝါးပညာမှ ရရှိခဲ့သည့် နတ်ဘုရားကဲ့သို့သော စွမ်းရည်ပင်။

ခွပ်..

လားမားဘုန်းတော်ကြီး၏ လက်ဝါးနှင့် ခြင်္သေ့အကြီးအကဲ၏ လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားသည်။ သူတို့နှစ်ဦး အတော်လေး ဝေးနေသော်လည်း သူတို့ကြားမှ ပေါက်ကွဲထွက်လာသည့် စွမ်းအားများမှာ တောင်ကုန်းများကိုပင် ပေါက်ကွဲသွားစေခဲ့သည်။

အဝေးမှ လူအားလုံး တုန်လှုပ်သွားခဲ့ကြရသည်။

တပ်ဖွဲ့နှစ်ခုလုံးမှ လူများမှာ ရွှံ့ရုပ်တုများကဲ့သို့ တိုက်ပွဲအား ရပ်ကြည့်နေကြလေ၏။

အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူများပင် စိုးထိတ်သွားရသည်။ အာတိတ်ဘုရင်၏အမူအရာလည်း ပြောင်းလဲသွားလေသည်။ သူသည် သေချာပေါက် ဤလူများ၏ပြိုင်ဘက်မဟုတ်။

သူသာ သွားတိုက်လျှင် အလောင်းပင်မရှိပဲ သေသွားလိမ့်မည်။

ထိုအခိုက်အတန့် ခြင်္သေ့အကြီးအကဲ၏ ရွှေရောင်အော်ရာလှိုင်းများ ပျံ့နှံ့လာသောကြောင့် သူတို့အားလုံး တုန်ယင်သွားကြရသည်။

ဝေါင်း..

သူ ဟိန်းလိုက်ပြီးနောက် ရုတ်တရက် သူ့ညာလက် တောက်ပလာကာ ရွှေရောင်တံစဉ်တစ်ခု ပုံသဏ္ဌာန်ဖြစ်သွားသည်။

ဤသည်မှာ သူ ခြောက်ခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ပြီးနောက် ရခဲ့သည့် စွမ်းရည်ပင်။

ဤတံစဉ်မှာ သေမင်း၏တံစဉ်နှင့် ပုံစံတူသည်။ သူသည် တစ်ဖက်လူ၏အသက်ကို နှုတ်ယူရန်အတွက် လားမားဘုန်းတော်ကြီးထံသို့ ရိုက်ချလိုက်သည်။

ထိုအချိန်တွင် လားမားဘုန်းတော်ကြီး၏ သင်္ကန်းမှ တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လာပြီ့း လေထဲမှ တံစဉ်ကို တားဆီးလိုက်သည်။

ဒုန်း..

သင်္ကန်းမှ ရွှေရောင်ချည်မျှင်များ အလွန်တောက်ပနေကာ မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ ဤသည်မှာ တောင်ထိပ်တစ်ခုကိုပင် ဖြတ်တောက်ပစ်နိုင်သည့် သင်္ကန်းဖြစ်ထိုက်ပါပေသည်။ ဤသင်္ကန်းသည် ခြင်္သေ့အကြီးအကဲ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကိုပင် တားဆီးနိုင်သည်။

သို့သော် သင်္ကန်းသည် ခြင်္သေ့အကြီးအကဲ၏ တံစဉ်း၏ ဖိနှိပ်ခြင်း ခံလိုက်ရသည်။ ခြင်္သေ့အကြီးအကဲ လက်ဝှေ့ရမ်းလိုက်သည်နှင့် ထိုတံစဉ်း နောက်တစ်ကြိမ် တောက်ပလာကာ လားမားဘုန်းတော်ကြီးအား ထပ်မံဖိနှိပ်လာသည်။

“ဥုံ..”

လားမားဘုန်းတော်ကြီး မန္တန်ရွတ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ဗုဒ္ဓရောင်ခြည် လွှမ်းခြုံသွားတော့သည်။

ထို့နောက် လားမားဘုန်းတော်ကြီးလက်ထဲ၌ နတ်ဆိုးဖိနှိပ်ခြင်းကျည်ပွေ့ ထွက်ပေါ်လာပြီး ရွှေရောင်တံစဉ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဒုန်း..

ထိုနေရာတစ်ခုလုံး လင်းထိန်သွားကာ တောင်တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားလေ၏။

ထို့နောက် သူတို့နှစ်ဦး ပျက်စီးသွားသည့် ချိုင့်ကြီးထဲ၌ပင် ဆက်လက်တိုက်ခိုက်လိုက်ကြသည်။

“ဒီလားမားဘုန်းတော်ကြီးက နေ့တိုင်းကျမ်းစာတွေကို ရွတ်ဖတ်နေတော့ သူ အချုပ်အနှောင်ဖြတ်တောက်လိုက်နိုင်တဲ့အချိန်မှာ သူရတဲ့စွမ်းရည်ကလည်း ဗုဒ္ဓနဲ့ဆိုင်တဲ့ စွမ်းရည်တွေ ဖြစ်နေတာ..” ချူဖုန်း ရေရွတ်လိုက်သည်။

“ဟုတ်တယ် ..ဆိုင်လောက်တယ်” နွားဝါလေး ခေါင်းညိမ့်ပြလိုက်သည်။

ဝုန်း..

ထိုနေရာတစ်ခုလုံး ပျက်စီးသွားကာ ချိုင့်ကြီးထဲမှ အမှိုက်များ လွင့်ပျံတက်လာသည်။ လားမားဘုန်းတော်ကြီးမှာ သင်္ကန်းမှလွဲလျှင် ကျန်သည့်ဝတ်ရုံအားလုံး စုတ်ပြဲပျက်စီးသွားသည်။ ထို့အပြင် သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်ကိုပင် တွေ့နိုင်သည်။

ခြင်္သေ့အကြီးအကဲမှာတော့ သွေးများ အန်ချလာလေ၏။ သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပုံပေါ်သည်။

“ငါတို့က ကံပါလာပြီးသားပဲ .. ငါနဲ့လိုက်ခဲ့လိုက်တော့” လားမားဘုန်းတော်ကြီး ပြောလိုက်သည်။

ခြင်္သေ့အကြီးအကဲ ဒေါသထွက်သွားကာ တောင်တစ်ခုလုံး သူ၏ရွှေရောင်သွေးစွမ်းအင်များ လွှမ်းခြုံသွားသည်။ ထို့နောက် သူ နောက်တစ်ကြိမ် ရူးသွပ်စွာ တိုက်ခိုက်လာသည်။

သို့သော် ခြင်္သေ့အကြီးအကဲသည် သုံးကြိမ်ဆက်တိုက် ရိုက်ခံလိုက်ရပြီး သွေးများစွာ အန်ထွက်လာသည်။ ယခုအတိုင်းဆိုလျှင် သူ အနှေးနှင့်အမြန် ရှုံးနိမ့်တော့မည်ပင်။

အရှေ့တိုင်းတပ်သားများသည် ယခုအချိန်တွင်တော့ ဘာမှစိုးရိမ်စရာမရှိတော့သဖြင့် ပျော်ရွှင်စွာ ဟစ်ကြွေးလာကြသည်။

“ငါ့ဆရာက ဘုရားလောင်းဖြစ်ဖို့ ကံပါလာတာ .. ဒီခြင်္သေ့အကြီးအကဲကို သိမ်းသွင်းဖို့က ပြဿနာမရှိဘူး” ဂတုံးပြောင်မြင်းဘုရင်မှ ကျေနပ်စွာ ရယ်မော၍ ပြောလိုက်သည်။

အနောက်တိုင်းတပ်မှာတော့ လုံးဝတိတ်ဆိတ်နေလေပြီ။

ခြင်္သေ့အကြီးအကဲကဲ့သို့ ခွန်အားကြီးမှသည့်သူပင် မယှဉ်နိုင်သောကြောင့် သူတို့အားလုံး အဆုံးသတ်ခံရနိုင်ချေ ရှိနေသည်ပင်။

ထိုအချိန်တွင် သားရဲတစ်ကောင်အော်သံကြောင့် စစ်မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

ကြံ့ဖြူကြီးသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ တရှိန်ထိုး ပြေးလာလေ၏။ ဤသည်မှာ ခြင်္သေ့အကြီးအကဲမှ ဖိတ်ခေါ်ထားသည့် ဧည့်သည်ပင်။ သူ့သူငယ်ချင်းဟောင်း အခြေအနေဆိုးနေသည်အား မြင်လိုက်ရသည့်အချိန် သူ့သူငယ်ချင်းကို ကယ်ချင်သည်ပင်။

သူ့တစ်ကိုယ်လုံးသည် ကျောက်စိမ်းဖြူကဲ့သို့ ဖြူဖွေးတောက်ပနေပြီး သူ ပြေးလိုက်တိုင်း ကမ္ဘာမြေကြီး တုန်ခါသွားရသည်။

သူ့အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် သူ ဖြတ်သွားသည့်နေရာတိုင်း၌ ကျောက်တုံးများ အက်ကွဲသွားကာ သဲများ လွင့်စင်လာသည်။

“ငါ မင်းနဲ့ တိုက်ပေးမယ်..” ဂျိဒ်ကျောင်းဆရာ ပြောလိုက်သည်။ ရန်သူများ အဖွဲ့ဖွဲ့ပြီး လားမားဘုန်းတော်ကြီးအား တိုက်ခိုက်မည်ကို သူ ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း..

သိထားရမည်မှာ အရှေ့တိုင်းတပ်ဘက်တွင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူ အရေအတွက် ပိုများသည်ပင်။ သူတို့ နှစ်ယောက်၊ တစ်ယောက်ပင် တိုက်၍ရသည်။

ဂျိဒ်ကျောင်းဆရာသည် အသက် သုံးဆယ်၊ လေးဆယ်ခန့်ရှိသည့် အလွန်အရပ်ရှည်လှသည့်လူပင်။ သူ့ဆံပင်ရှည်များ နောက်ကျောဘက်၌ ဝေ့ဝဲနေပြီး သူ့ဘေးပတ်လည်တွင် သူရဲကောင်းလေထုများ ဝန်းရံနေသည်။ သူ့မျက်ခုံးများမှာ ဓားသွားကဲ့သို့ ဖြောင့်တန်းနေပြီး မျက်လုံးများလည်း ကြယ်ကောင်းကင်ကဲ့သို့ နက်ရှိုင်းလှသည်။

အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနှင့် ဂျိဒ်ကျောင်းထဲတွင် ဂျိဒ်ကျောင်းမှဆရာမှ အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံးဟု ပြောကြသည်။

သူ တိုက်ခိုက်လိုက်တိုင်း အသက်ရှင်သည့်သူ အနည်းငယ်သာ ရှိသည်။

“သတ်..”

ထင်ထားသည့်အတိုင်း ဂျိဒ်ကျောင်းမှဆရာသည် အလွန်အားကောင်းလှသည်။ သူသည် ဧရာမကြံ့ဖြူကြီးကို မရှောင်တိမ်းပဲ ထိပ်တိုက်ရင်ဆိုင်လေ၏။

ကြံ့ဖြူနှင့် ဂျိဒ်ကျောင်းဆရာတို့ တိုက်ခိုက်လိုက်သည်နှင့် စစ်မြေပြင်ထက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ဂျိဒ်ကျောင်းဆရာသည် နေလုံးကဲ့သို့ တောက်ပနေသည့် လက်သီးများဖြင့် လက်ဗလာ တိုက်ခိုက်နေခြင်းပင်။

ကြံ့ဖြူကြီးသည် ရှည်လျားစွာ အော်ဟစ်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး တောက်ပလာသည်။ သူသည် ပေါက်ကွဲတော့မည့် မီးတောင်ကြီးနှင့်ပင် တူနေသည်။

သူနှင့် ဂျိဒ်ကျောင်းဆရာတို့မှာ သူသေကိုယ်သေ တိုက်ခိုက်နေကြလေပြီ။

ဘယ်သူကများ ဒီလောက်ကြီးတဲ့သက်ရှိကြီးနဲ့ တိုက်ခိုက်နိုင်မှာလဲ .. အားလုံး ထိတ်လန့်သွားရသည်။

ဖူး..

အချက်ရေရာချီ တိုက်ခိုက်ပြီးသည့်နောက်တွင် ကြံ့ဖြူကြီးထံမှ နာကျင်စွာ ညည်းတွားသံ ထွက်ပေါ်လာပြီး ပေါက်ကွဲထွက်သွားလေ၏။ သူ ဂျိဒ်ကျောင်းမှဆရာကို ရှုံးနိမ့်သွားလေပြီ။

စစ်မြေပြင်တစ်ခုလုံး အသားစများ သွေးများဖြင့် နီရဲသွားတော့သည်။

အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူနောက်တစ်ယောက် ထပ်သေသွားပြန်ပြီ..

ဂျိဒ်ကျောင်းမှ ဆရာမှာ ကောလဟာလများအတိုင်း စွမ်းအားကြီးကာ ကြောက်စရာကောင်းလှသည်။

ခြင်္သေ့အကြီးအကဲ အရေးနိမ့်နေပြီး ကြံ့ဖြူကြီးလည်း သေဆုံးသွားသောကြောင့် အနောက်တိုင်းတပ်မှလူများအားလုံး တုန်လှုပ်နေကြလေပြီ။

အရှေ့တိုင်းတပ်မှ လူများမှာတော့ အလွန်စိတ်လှုပ်ရှားနေကြသည်ပင်။ ဤအရာအားလုံးမှာ သူတို့အောင်နိုင်တော့မည့် လက္ခဏာများပင်။

“ဂီး..”

နဂါးနက် အလွန်ကြမ်းတမ်းလာသောကြောင့် ကောင်းကင်ထက်တွင် နဂါးအော်သံများ ပဲ့တင်ထပ်လာသည်။ တိုက်ပွဲအား မြေပြင်ထက်မှ ကြည့်နေသည့်သူအားလုံး သွေးများ အေးခဲသွားရ၏။

နဂါးနက်မှာ သူ တစ်ခါမှ မကြုံဖူးသည့် စွမ်းအားကြီးပြိုင်ဘက်ကို တွေ့နေရသည်။ သူသည် အားကုန်သုံးကာ တိုက်ခိုက်နေသော်လည်း ရွှေဂဠုန်ကို အနိုင်မယူနိုင်သေး။

ထိုအစား သူ့ခန္ဓာကိုယ်ထက်၌ ဂဠုန်လက်သည်းရာများ ပေါ်လာပြီး သွေးများ စီးကျနေသည်။

“ဒီဂဠုန်က ချင်းထုန်တောင်ပေါ် ပေါ်လာတဲ့တစ်ယောက်လား..” ချူဖုန်း နွားနက်ကြီးကို မေးလိုက်သည်။

သူ ခွန်းလွန်တောင်ပေါ်သို့ ပထမဆုံး ရောက်ဖူးသည့်အချိန်က ချင်းထုန်တောင်ထိပ်၌ နွားနက်ကြီး၊ အမဲလိုက်ခွေးနှင့် ရွှေရောင်ငှက်ကြီးတစ်ကောင်ကို မြင်ခဲ့ရသည်ပင်။

“မဟုတ်ဘူး .. အခုတစ်ယောက်က အများကြီးပိုပြီး စွမ်းအားကြီးတယ် .. မင်းတွေ့ခဲ့တဲ့ဂဠုန်က သူ့သား” နွားနက်ကြီး ပြန်ဖြေလိုက်သည်။

ရွှေဂဠုန်သည် တကယ်တမ်းတွင် ခွန်းလွန်တောင်မှလူပင်။ သို့သော် ဟွားတောင်အား သိမ်းပိုက်ပြီး သူ့အင်အားကို တည်ဆောက်ခဲ့ခြင်းပင်။ သို့သော်လည်း ခွန်းလွန်တောင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိနေဆဲပင်ဖြစ်သည်။

ဖူး..

နဂါးနက်ကြီး ဒဏ်ရာထပ်ရသွားသောကြောင့် ကောင်းကင်ထက်မှ နဂါးသွေးမိုး ရွာသွန်းလာသည်။ သူ့ခန္ဓာကိုယ်ထက်၌ ကြောက်စရာကောင်းသည့် လက်သည်းရာကြီးတစ်ခု ထပ်မံထွက်ပေါ်လာသည်။

ဒဏ္ဍာရီများထဲတွင် ဂဠုန်များသည် နဂါးအသားစားရသည်ကို နှစ်သက်ကြောင်း ရေးထားခဲ့သည်ပင်။ ယခုလည်း ဂဠုန်ကြီးသည် ဤအနောက်တိုင်းနဂါးကို မလွတ်တမ်း ကုပ်တွယ်ထားသည်။

“အနောက်တိုင်းတပ်ရဲ့ စိတ်ဓာတ်တွေ ပြိုကျသွားပြီ .. အခု ကျွန်တော်တို့တွေ သူတို့ကို တိုက်ခိုက်ရုံတင်မကဘူး အနောက်နိုင်ငံတွေထိပါ တိုက်ခိုက်ရမယ်..” ချူဖုန်း ပြောလိုက်သည်။

“ဟုတ်တယ် .. ငါတို့က ဘယ်လိုလုပ် သူတို့ကို မောက်မာခွင့်ပေးရမှာလဲ.. သူတို့တွေက ငါတို့အရှေ့တိုင်းမြေကိုတောင် လာကျူးကျော်ရဲတာဆိုတော့ သူတို့ကို ဒီအကျိုးဆက်တွေ ခံစားခိုင်းရမယ် .. ဒီတစ်ခေါက် ငါတို့ အနောက်နိုင်ငံတွေထိ သတ်ဖြတ်မယ်..” လူဝံအိုကြီး ခေါင်းညိမ့်၍ ပြောလိုက်သည်။

“ငါလည်း သဘောတူတယ်” အမဲလိုက်ခွေးဘုရင် လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။

အရှေ့တိုင်းတပ်တစ်ခုလုံး စိတ်လှုပ်ရှားစွာ ဟစ်ကြွေးလာကြသည်။

“ငါတို့ အခုသွားဖို့လိုနေပြီ..” အနောက်တိုင်းတပ်မှ ဗန်ပိုင်းယားဘုရင် ပြန်ဆုတ်ချင်နေသည်။ သူ အစောကြီးကတည်းက ထွက်ပြေးချင်နေခြင်းပင်။

ရှီလာအား ဤကဲ့သို့ ပြောပြီးသည်နှင့် သူ့အနောက်ဘက်တွင် အလင်းများ တောက်ပလာပြီး လင်းနို့အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းမနေပဲ ပြေးထွက်သွားလေတော့သည်။

“မင်းက ဘယ်သွားချင်နေတာလဲ..”

ကောင်းကင်ထက်၌ ဓားအလင်းတန်း တောက်ပလာကာ အသံနှုန်းထက် များစွာလျင်မြန်သည့်နှုန်းဖြင့် ဗန်ပိုင်းယားဘုရင်ကြီးအား တိုက်ခိုက်လာသည်။

“ထာဝရဓား..”

ခွန်းလွန်တောင်မှ လူများစွာ အံ့အားသင့်သွားရ၏။

ရှုတောင် ဓားနန်းတော်မှ ဂိုဏ်းခေါင်းဆောင် လှုပ်ရှားလေပြီ။ သူသည် သူ၏ချောမောခန့်ညားသည့် လူသားပုံစံဖြင့် ငွေရောင်ဓားပျံတစ်လက်ကို အသုံးပြုကာ တိုက်ခိုက်လာသည်။

ဗန်ပိုင်းယားဘုရင် အမူအရာ ပြောင်းလဲသွားကာ ချက်ချင်း အရှိန်တင်လိုက်သည့်အပြင် ဦးတည်ချက်ကိုပါ ပြောင်းလဲလိုက်သည်။

သို့သော် အခြား ခရမ်းရောင်ဓားပျံတစ်လက် သူ့ထံသို့ တရှိန်ထိုး ပျံသန်းလာနေသည်ကို သူတွေ့လိုက်ရသည်။

ရှုတောင်မှ အခြားကြိုးကြာဖြူတစ်ကောင်လည်း လှုပ်ရှားလာလေပြီ။ ထိုဓားသည် သူ၏ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်လေ၏။

ဗန်ပိုင်းယားဘုရင်သည် သူ့ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ထုတ်လွှတ်ကာ ဟစ်ကြွေးလိုက်သည်။ သူသည် ဓားပျံများကို တားဆီးလိုက်ပြီး ဝိုင်းထားသည်မှ ချိုးဖောက်ရန် ကြိုးစားလိုက်သည်။

ဖူး..

သို့သော် ဤကဲ့သို့သော ကျွမ်းကျင်သူများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှ လွတ်မြောက်ရန် မလွယ်ကူလှပေ။ ခဏကြာပြီးနောက် သူ့ပြင်းထန်လှသည့် ဒဏ်ရာရရှိသွားပြီး သွေးများ လွင့်စင်လာသည်။

“တာအိုရောင်းရင်းတို့ .. ကျုပ်တို့တွေ ရန်သူတွေကို သတ်ကြစို့..” အမဲလိုက်ခွေးဘုရင် အော်ဟစ်လိုက်သည်။

“အားလုံးပဲ .. ကျုပ်တို့ အနောက်နိုင်ငံထိ တိုက်ခိုက်ကြမယ်..” လူဝံအိုကြီး ဟစ်ကြွေးလိုက်သည်။

ရုတ်တရက် အခြေအနေများမှာ ဆူညံရှုပ်ထွေးလာသည်။ အရှေ့တိုင်းတပ်သားများအားလုံး စတင်လှုပ်ရှားလာသည်နှင့် ကောင်းကင်ကြီးပင် အရောင်ကင်းမဲ့သွားသည်။

ဝူတန်းတောင်မှဘိုးဘေးသည်လည်း သူတော်စင်တစ်ပါးကဲ့သို့ပင်။ သူ့အင်္ကျီလက်ရှည်မှာ လေထဲ၌ လွင့်မျောနေကာ သတ်ဖြတ်ရန် စတင်လှုပ်ရှားလာသည်။

ခုန်းထုန်တောင်မှ တောင်လိပ်ဂိုဏ်းခေါင်းဆောင်လည်း မတ်မတ်ရပ်နေပြီး သူ့ကျောနောက်ရှိ ပါးကွာ့မှ တောက်ပသည့် အလင်းများ ထုတ်လွှတ်နေသည်။ သူ ပြင်းထန်စွာ ခုန်လိုက်သည်နှင့် သူ့အောက်ဘက်ရှိ တောင်ကြီးပျက်စီးသွားလေ၏။ သူ ရှီလာထံသို့ ပျံသန်းသွားလိုက်သည်။

“ငါ ရှေးဟောင်းယောဂအသက်ရှူစနစ်ကို လိုချင်တယ်” တောက်ပနေသည့် ဒေါင်းဘုရင်သည် နတ်ဘုရားတစ်ပါးကဲ့သို့ လေထဲလွင့်မျောနေသည်။ သူ့မျက်လုံးများမှာ ယောဂဂုရုဖန့်လင်းထံ၌ ကပ်ညှိနေသည်ပင်။

“ကောင်းပြီလေ .. သူ့ကို သွားသတ်ကြတာပေါ့..” ရွှေကျီးကန်းသည် တောက်ပသည့် အလင်းတန်းများ ထုတ်လွှတ်ကာ ဒေါင်းဘုရင်နှင့်အတူ ပျံသန်းသွားလိုက်သည်။

အမြင်ရှစ်မျိုးကျောင်းနှင့် ကျောက်စိမ်းဂူကျောင်းမှ ဆရာတို့လည်း အနောက်တိုင်းတပ်ဘက်သို့ ဦးတည်သွားနေကြလေပြီ။

“အားလုံးပဲ ငါက မန်ချူးကျားပါ .. နားလည်မှုမလွဲပါနဲ့ .. ငါက ဆိုက်ဘေးရီးယားမှာ ခဏ သွားနေနေတာပါ” ဆိုက်ဘေးရီးယားကျားဘုရင်ကြီး ပြောလာသည်။

ထို့နောက်တွင်တော့ သူသည် သွားဖြီးကာ “အမှန်အတိုင်းပြောရရင် ကျွန်တော်က မန်ချူးမှာ ကြီးလာတာ .. ကျွန်တော့်ရဲ့‌ သွေးမျိုးဆက်တစ်ဝက်က မန်ချူးပါ .. ကျွန်တော် ခင်ဗျားတို့နဲ့အတူတူ အမဲလိုက်မယ်”

ဝေါင်း..

သူသည် ဟိန်းလိုက်ကာ အနောက်တိုင်းတပ်သို့ ပြေးသွားလိုက်ကာ သူ့လက်များကို ဝေ့ရမ်းပြီး သတ်ဖြတ်နေလေ၏။

“ပြေး..”

အနောက်တိုင်းတပ်မှာ ပြိုကွဲသွားလေပြီ။ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများစွာ သူတို့ထံသို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့၏ တိုက်ခိုက်လိုစိတ်များ လုံးဝပြိုလဲသွားရသည်။ သူတို့ ဘယ်လိုတိုက်ရတော့မှာလဲ..

“အားလုံးပဲ .. ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ .. ငါတို့ အသက်ဆက်ရှင်နိုင်ရမယ်..” ရှီဟောင် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲ၌ အလင်းနှင့်အမှောင်စွမ်းအင်နှစ်ခု တစ်ချိန်တည်း ထွက်ပေါ်လာသည်။ သူ့ခွန်အားမှာ ဤနေရာ၌ ရှိနေသည့်သူအားလုံးကို ကြောက်ရွံ့သွားစေခဲ့သည်။ အာတိတ်ဘုရင်ပင် ဆံပင်များ ထောင်ထသွားရသည်။

ရှီလာမှာ ခုခံရန် စိတ်ကူးမရှိ။ လှည့်ပြေးရန်သာ စီစဉ်ထားသည်ပင်။

အာတိတ်ဘုရင်မှာ နောင်တရမိသွားသည်။ သူ အရှေ့တိုင်းသို့ မလာခဲ့သင့်။ များပြားလှသည့် ရန်သူသူရဲကောင်းများကို တွေ့သည်နှင့် သူ့စိတ်ထဲ အေးစက်လာခဲ့သည်။ သူလည်း လှည့်ပြေးတော့သည်။

ဖန့်လင်၏နဖူးမှာ ချွေးများ စိုရွှဲနေလေပြီ။ သူသည် အစောကြီးကတည်းက စစ်မြေပြင်မှ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။ သို့သော် ဒေါင်းဘုရင်နှင့် ရွှေကျီးကန်းတို့ ကောင်းကင်ထက်မှ သူ့နောက်လိုက်နေကြသည်။

“အားလုံးပဲ အနောက်တိုင်းကျူးကျော်တပ်ကြီး စပြီ .. ငါတို့ အဲဒီကို သတ်ဖြတ်ပြီး သွားကြစို့..” ချူဖုန်း အော်ဟစ်လိုက်သည်။

“သတ်..”

ရုတ်တရက် စစ်ပွဲကြွေးကြော်သံများ ကောင်းကင်ထက်ထိသို့ ပျံ့နှံ့လာသည်။ အရှေ့တိုင်းသားများမှာ အလွန်စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။ ထို့နောက် သူတို့၏ သတ်ဖြတ်ခြင်းကို စတင်လေတော့သည်။

အပိုင်း ၁၉၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset