Switch Mode

Chapter – 195

ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများကြားမှ တိုက်ခိုက်မှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၅ – ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကြားမှ တိုက်ခိုက်မှု

စစ်မြေပြင်မှာ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။ အခြေအနေများ ဤကဲ့သို့ ရုတ်တရက်ကြီး ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြ။ ကြောက်စရာကောင်းလှသည့် ကျွမ်းကျင်သူများစွာ ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့လေပြီ။

ငှက်များပင် တိတ်ဆိတ်သွားလေ၏။

အရှေ့တိုင်းတပ်မှလူများလည်း အံ့အားသင့်သွားခဲ့ရသည်ပင်။ ယခုလေးတင် သူတို့ ကြောက်ရွံ့နေခဲ့ကြရခြင်းပင်။ အခြေအနေများ ဤမျှပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ဘုရင်အဆင့်ကျွမ်းကျင်သူများမှစ၍ သာမန်တပ်သားများအထိ အားလုံး အော်ဟစ်ကြွေးကြော်လာကြသည်။

“ဟား ဟား … မိုက်တယ် .. မင်းတို့ရဲ့ အရှေ့တိုင်းကျူးကျော်တပ်ကြီးက ဒီကပ်ဆိုးကြီးကနေ ဘယ်လိုထွက်ပြေးမလဲဆိုတာ ကြည့်ကြတာပေါ့ .. မင်းတို့ ဘယ်ကို ထွက်ပြေးကြမလဲ..”

“မင်းတို့တွေက ခွန်းလွန်တောင်ကို သိမ်းပိုက်မယ်လို့ အိပ်မက်မက်ရဲတယ်ပေါ့ .. ခင်ဗျားတို့တွေ တစ်ယောက်မှ လွတ်ဖို့မစဉ်းစားနဲ့ .. မဟုတ်ဘူး .. ဒီတစ်ခေါက်တော့ ငါတို့တွေ အနောက်တိုင်းထိသွားပြီး ကျူးကျော်မယ်လို့ စဉ်းစားထားတယ်..”

အနောက်တိုင်းတပ်မှာ လူဦးရေထောင်ချီရှိသောကြောင့် အင်အားအရ အရေးသာသော်လည်း ယခုတော့ တပ်တစ်ခုလုံးကို စိတ်ဓာတ်ကျစရာကောင်းသည့် လေထုကြီး လွှမ်းခြုံနေသည်။

ဘုရင်အဆင့်သက်ရှိများမှ သန္ဓေပြောင်းသားရဲများအထိ အများစုမှာ ကြောက်ရွံ့နေကြပြီဖြစ်သည်။ ယခုတစ်ခေါက်တော့ သူတို့ သတ္တုပြားကြီးကန်မိသွားလေပြီ။

အရှေ့တိုင်းတွင် သူတို့အတော်များများ ကျဆုံးသွားလိမ့်မည်ဟု အာရုံရနေသည်။ အများစုမှာ ဤနယ်မြေမှ ထွက်သွားနိုင်မည်မဟုတ်တော့။

“ငါတို့ဘာလုပ်ကြမလဲ .. ငါတို့ ထွက်ပြေးကြမလား..” သို့သော် သူတို့သာ နောက်ပြန်လှည့်ပြေးလျှင် သေချာပေါက် လိုက်ဖမ်းပြီး သတ်ခံရမည်ပင်။

“ဝမ်းနည်းလိုက်တာ .. နောင်တရလိုက်တာ .. ငါတို့တွေက သူ့ဘာသာသူ နေနေတဲ့ အရှေ့တိုင်းက ကျွမ်းကျင်သူတွေကို ရန်စမိသွားပြီ .. အခုတော့ ငါတို့ အုတ်ဂူမရှိပဲ သေဖို့ သေချာသွားပြီ..”

လူများအားလုံး မျှော်လင့်ချက်မရှိကြတော့။

“ငါတို့ဘက်မှာ ပုန်းနေတဲ့ ကျွမ်းကျင်သူတွေ ရှိလောက်ဦးမယ်ထင်တယ် .. ရှိဖို့မျှော်လင့်ရတာပဲ..” တစ်စုံတစ်ယောက် ရေရွတ်လိုက်သည်။

“အရှေ့တိုင်းမှာလည်း ဝှက်ဖဲတွေ ထပ်ရှိဦးမယ်ထင်တယ် .. သူတို့ပုံစံကြည့်ရတာ သူတို့တွေက ငါတို့ကို တစ်ခါတည်း ရှင်းပစ်မယ့်ပုံပဲ” အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် တပ်သားတစ်ဦးမှ သက်ပြင်းချ၍ ပြောလိုက်သည်။

ခြင်္သေ့အကြီးအကဲတစ်ကိုယ်လုံးမှ ရွှေရောင်သွေးစွမ်းအင်များ ထုတ်လွှတ်နေသည်။ သူတို့အုပ်စုမှာ မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးလှသော်လည်း ယခုတော့ သူတို့ စိတ်ဖိစီးနေကြရသည်။

တစ်ဖက်အဖွဲ့မှ အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူအရေအတွက်မှာ သူတို့နှင့် အပြတ်အသတ်ကွာနေသည်ပင်။ သူတို့သာ တိုက်ခိုက်လျှင် နှစ်ယောက်၊ တစ်ယောက် တိုက်ရလိမ့်မည်။

သူသည် အစောပိုင်းကပင် ယုံကြည်ချက်အပြည့်ဖြင့် အမဲလိုက်ခွေးဘုရင်နှင့် လူဝံအိုကြီးတို့အား အထင်အမြင်သေးစွာ ပြောဆိုခဲ့သော်လည်း ယခုတော့ သူ ဘာမှမပြောနိုင်တော့။

နဂါးနက်၏အမူအရာလည်း မည်းမှောင်နေသည်။ သူ လက်သီးများကို တင်းတင်းဆုပ်ထားသော်လည်း သူ့ဒေါသကို မဖွင့်ထုတ်ရဲ။

သူ့ကို တုန်လှုပ်သွားစေသည်မှာ ရွှေရောင်ဂဠုန်သည် မုဆိုးတစ်ဦး သူ့သားကောင်အား စိုက်ကြည့်နေသကဲ့သို့ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ကြည့်နေသည်ပင်။

သူတို့နှစ်ဦးမှာ မွေးရာပါရန်သူများပင်။ ဒဏ္ဍာရီလာဂဠုန်များမှာ နဂါးများနှင့်မြွေများကို စားသုံးသည့်သားရဲများဖြစ်သောကြောင့် နဂါးနက်ကြီး မကျေမနပ်ဖြစ်လာရသည်။

အာတိတ်ဘုရင်မှာ အစောပိုင်း၌ အမဲလိုက်ခွေးဘုရင်ကြောင့် ဒဏ်ရာရခဲ့သောကြောင့် သူ့အခြေအနေမှာ ပို၍ ဆိုးရွားနေသည်။ ယခုအချိန်တွင် သူသည် သရဲတစ်ကောင်ထက် ပို၍ဖြူဖျော့နေပြီး မည်ကဲ့သို့ ထွက်ပြေးရမည်ကိုသာ စဉ်းစားလိုက်တော့သည်။

ရှေးဟောင်းယောဂဂုရုဖန့်လင်၏ နဖူးထက်တွင်လည်း ချွေးများစိုရွှဲလာသည်။

ဗန်ပိုင်းယားအိုကြီး၏ အသားအရေမှာ ပို၍ဖြူဖျော့လာပြီး သူလည်း ထွက်ပြေးရန်သာ စီစဉ်တော့သည်။ တစ်ဖက်အဖွဲ့တွင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူ ၁၃ ဦးပင်ရှိနေသောကြောင့် သူတို့သာ အတူတကွ လှုပ်ရှားလာလျှင် လူသတ်ပွဲကြီး ဖြစ်သွားလိမ့်မည်။

ရှီလာ၏စိတ်လည်း အောက်ဆုံးထိ ရောက်နေလေပြီ။ ယခင်က အရာအားလုံး သူ့လက်ထဲ ရှိနေသောကြောင့် သူသည် ခွန်းလွန်တောင်အား အနိုင်ယူပစ်မည်ဟု ကြွေးကြော်ခဲ့သည်ပင်။ သို့သော် ခဏကြာပြီးသည့်နောက်တွင်တော့ သူ့မျက်နှာသူ ဖြတ်ရိုက်မိသွားသည်။

အထူးသဖြင့် သူ့ ‘ပစ္စည်းများ’ သူ့အား သစ္စာဖောက်သွားသည့်အချိန်တွင် သူ ဒေါသထွက်လွန်းသောကြောင့် သွေးပင်အန်ချင်လာသည်။ သူ ဒေါင်းဘုရင်နှင့် ရျွှေရောင်ကျီးကန်းတို့၏ ရောင်းစားခြင်း ခံလိုက်ရသည်ပင်။ မဟုတ်ပါက အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနှင့် ဂျိဒ်ကျောင်းမှ သခင်တို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာမည်မဟုတ်။

ဤအလှည့်အပြောင်းကြောင့် သူတို့ အင်အားကြီးရန်သူငါးဦး တိုးလာခဲ့သည်။

ထို့အပြင် အခြားကိစ္စများဖြင့် အာရုံများနေရမည့် ရှုတောင်၏ဓားနန်းတော်နှင့် ခုန်းထုန်တောင်တို့လည်း သူတို့ အိမ်များ ခြိမ်းခြောက်ခံနေရသည်ကို လျစ်လျူရှုကာ ဤနေရာသို့ သူတို့ကိုယ်တိုင် ရောက်လာကြသည်။

ထိုလားမားကြီးမှာ ခွန်းလွန်တောင်၏ ပုန်းကွယ်နေသည့် ကျွမ်းကျင်သူပင်။ မည်သူမှ သူ့အကြောင်း မကြားဖူး။

သူ ဒေါသထွက်လာရ၏။ သူသည် သူ့ဘက်မှကျွမ်းကျင်သူများကို စုစည်းနိုင်ရန် များစွာ ကြိုးစားအားထုတ်ခဲ့ရသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးသာ ကြုံတွေ့လိုက်ရသည်။

တိတ်ဆိတ်နေမှုကို ဆိုက်ဘေးရီးယားကျားမှ ဖြိုခွဲလိုက်သည်။ သူသည် ရှီလာနှင့် နဂါးနက်တို့၏ အဝေးသို့‌ လျှောက်သွားလေ၏။

“အားလုံးပဲ ကျွန်တော့်ကို အထင်မလွဲပါနဲ့ .. ကျွန်တော်က ဆိုက်ဘေးရီးယားကျားမဟုတ်ပါဘူး .. အရှေ့မြောက်ပိုင်းကျားပါ .. ကျွန်တော်လည်း အရှေ့တိုင်းကျားပဲ .. ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး..”

ဤကျားကြီးသည် ဆယ်မီတာကျော်မြင့်ပြီး မီတာပေါင်းများစွာ ရှည်လျားသည်။ သူ့သွေးစွမ်းအင်များ ကောင်းကင်ထက်ထိ ထိုးတက်နေပြီး ကြည့်လိုက်သည်နှင့် ကြောက်စရာကောင်းလှသည်။

သူ ဤကဲ့သို့ ပြောလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။ ဤသည်မှာ အားလုံးကို ဆွံ့အသွားစေခဲ့သည်။

ဆိုက်ဘေးရီးယားကျားနဲ့ အရှေ့မြောက်ပိုင်းကျားက အတူတူပဲ မဟုတ်ဘူးလား.. ဤလူသည် အရှေ့တိုင်းထဲ အတင်းတိုးဝင်နေခြင်းပင်။

လူများစွာ တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။

“မင်းပြောတာ တစ်ခုခုမှားနေတယ် .. အရှေ့မြောက်ပိုင်းနယ်မြေမှာ သူတို့ကျားဘုရင်ရှိပြီးသား .. မင်းက မင်းကိုယ်မင်း ဆိုက်ဘေးရီးယားကျားဘုရင်လို့ သတ်မှတ်ထားပြီးသား .. ဒီနေ့ မင်းက အရှေ့တိုင်းကျူးကျော်တပ်ကို ကူညီပေးဖို့ ရောက်လာတာ .. မင်းက ဘယ်သူ့ကို အရူးလုပ်ချင်နေတာလဲ..” အမဲလိုက်ခွေး ပြောလိုက်သည်။

“ငါတို့ ဒီအခြေအနေကို လျစ်လျူရှုပေးလို့ရတယ် .. ဒါပေမဲ့ မင်း အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ရန်သူ့ဘက်က ကျွမ်းကျင်သူတစ်ယောက်ကို သတ်ပေးရမယ်” ရွှေဂဠုန် ပြောလာသည်။ သူ့တစ်ကိုယ်လုံးမှ ရွှေဝါရောင်အလင်း တောက်ပနေပြီး ကြောက်စရာကောင်းသည့်အော်ရာလည်း ထုတ်လွှတ်နေသည်ပင်။

“ဒါက..” ဆိုက်ဘေးရီးယားကျားဘုရင် တွေဝေသွားရသည်။ သူက နောက်ပြန်လှည့်ပြီး ရှီလာနဲ့ အာတိတ်ဘုရင်လိုလူမျိုးတွေကို သတ်ရမှာလား.. ဤသည်မှာ သူ့အတွက် အတော်လေး ခက်ခဲပေသည်။

“အားလုံးက အခုက တွေဝေနေရမယ့်အချိန်မဟုတ်ဘူး .. ငါတို့ အသက်ရှင်ချင်ရင် ငါတို့အားလုံး အတူတူ တိုက်ခိုက်မှရမယ် .. ငါတို့ သတ္တိမရှိရင် ငါတို့တကယ် အုတ်ဂူမရှိပဲ သေသွားလိမ့်မယ်..” ရှီလာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဆိုက်ဘေးရီးယားကျားဘုရင် သူ့အား သစ္စာဖောက်လာမည်ကို မလိုလား။ ကြည့်ရသည်မှာ ထိုဘုရင်သည် ယခုလောလောဆယ်တော့ ဆုံးဖြတ်ချက် ချနိုင်ဦးမည့်ပုံမပေါ်။

“ဟုတ်တယ် .. ငါတို့ခွန်အားတွေက သိပ်မကွာဘူး .. ငါတို့ မကြိုးစားကြည့်ပဲ လက်မလျော့သင့်ဘူး .. ဒီနေ့ ငါ မင်းတို့ လူတွေကို သတ်ပစ်မယ်…” နဂါးနက်ကြီး ဟစ်ကြွေးလိုက်သည်။

သတ်မည်ဆိုသည်မှာ သာမန်ကျွမ်းကျင်သူများကို ဆိုလိုခြင်းမဟုတ်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူများပင်။

နဂါးတစ်ကောင်ဖြစ်သောကြောင့် သူ ဤကဲ့သို့ ရဲရဲတင်းတင်း ပြောနိုင်သည်ပင်။ သူ့မျိုးနွယ်စုမှာ ဂဏ္ဍမျိုးစုံ၌ အသာစီးရနေသည်ပင်။

“ဟား ဟား..” တစ်ဖက်ခြမ်းရှိ ဟွားတောင်မှ ရွှေဂဠုန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တောက်ပလာပြီး ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

“အတောင်ပံပါတဲ့ ပုတ်သင်ညိုကြီး .. ခင်ဗျားက တကယ့်ကို အတော်လေး မောက်မာတာပဲ .. ဒီနေ့ ကျုပ် ခင်ဗျားကိုသတ်ပြီး ကောင်းကောင်းစားပစ်မယ်” ရွှေဂဠုန်မှာ နေလုံးကြီးကဲ့သို့ အလင်းတန်းများ တောက်ပနေသောကြောင့် အားလုံး မျက်လုံးများပင် မဖွင့်နိုင်တော့။

အနောက်တိုင်းတပ်မှ လူအများစု ကြောက်ရွံ့တုန်လှုပ်သွားကြရသည်။ ရွှေဂဠုန်နှင့် ရင်ဆိုင်နေရသည်မှာ နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။

“ငါ မင်းကို သတ်ပစ်မယ်..” နဂါးနက်ကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အနောက်လှည့်ကာ “အားလုံးပဲ .. အခုက တွေဝေနေရမယ့်အချိန်မဟုတ်ဘူး .. ငါတို့အားလုံး အားကုန်ထုတ်ပြီး တိုက်ရမယ်..”

“သတ်…”

ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ တိုက်ပွဲစတင်သည်နှင့် အနက်ရောင်နှင့်ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ နဂါးနက်နှင့် ရွှေဂဠုန်တို့ စစ်မြေပြင်ထဲ ပြေးဝင်လာခဲ့လိုက်ကြသည်။

ဝုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြိုကျသွားသကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လေဟာနယ်ကြီး တုန်ခါသွားကာ ကမ္ဘာမြေကြီးလည်း အက်ကွဲသွားသည်။

“ဂီး…”

ထို့နောက်တွင်တော့ နဂါးနက် သူ့မူလပုံစံသို့ ပြောင်းလိုက်သည်။ သူ့ခန္ဓာကိုယ်သည် မီတာပေါင်း ရာပေါင်းများစွာ ရှည်လျားပြီး သူ့အကြေးခွံများမှာ သတ္တုချပ်ဝတ်တန်ဆာကဲ့သို့ အေးစက်တောက်ပနေသည်။

သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်မှာ မြင်နေရသည့်သူများကို တုန်လှုပ်သွားစေနိုင်သည်။

ရွှေဂဠုန်ထံမှလည်း တောက်ပသည့် ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။

သူတို့နှစ်ဦး ကောင်းကင်ထက်သို့ ပျံသန်းသွားလိုက်ကြပြီး ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။

“အားလုံးပဲ ငါတို့ အခု ဖောင်ဖျက်ပြီးသွားပြီ တိုက်ဖို့ပဲ ရှိတော့တယ် .. ငါတို့ကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ငါယုံကြည်တယ် .. ငါတို့ သူတို့အားလုံးကို ရှင်းပစ်မယ်..” ရှီလာ အခြားသူများကို လှုပ်ရှားရန် ဆော်ဩလိုက်သည်။

“ကောင်းပြီလေ .. ကြည့်ရတာ ငါတို့ သေတဲ့အထိတိုက်ဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိတော့ဘူးပဲ..” ဗန်ပိုင်းယားဘုရင် ပြောလိုက်သည်။

ရှီလာ အဝေးရှိတောင်များဘက်သို့ လှည့်လိုက်ကာ “အခုထိ ကိုယ်ထင်မပြသေးတဲ့သူတွေ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားပေးပါ .. ကျုပ်တို့တွေ ခွန်းလွန်တောင်ကို သိမ်းပိုက်ပြီးတော့ အနန္တနတ်ဘုရားနယ်မြေမှာ ကံကောင်းမှုတွေကို အတူတူ ရှာကြမယ်..”

တပ်ကူတွေ ထပ်ရှိသေးတာလား .. အားလုံး တုန်လှုပ်သွားကြရသည်။

အရှေ့တိုင်းကျူးကျော်တပ်များမှာ ဤစကားကြားသည်နှင့် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။

သို့သော်လည်း တောင်များဘက်မှ မည်သည့်တုံ့ပြန်မှုမှမရှိ။

“ဘယ်သူငါနဲ့ တိုက်ရဲလဲ..” ခြင်္သေ့အကြီးအကဲ ထွက်လာသည်။ သူ့ထံမှ ရွှေရောင်သွေးစွမ်းအင်နှင့်အတူ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသောကြောင့် အခြားသူများမပြောနှင့် အချုပ်အနှောင်ခြောက်ခု ချိုးဖျက်ထားသည့်သူများပင် နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။

အမြင်ရှစ်မျိုးကျောင်းမှဆရာသည် သာမန်လူပုံသာပေါက်သော်လည်း သူ့ခွန်အားမှာ အံ့အားသင့်စရာ ကောင်းလှသည်။ သူသည် အော်ရာကို ထုတ်လွှတ်ကာ ခြင်္သေ့ဘုရင်ထံသို့ အကြောက်တရားကင်းမဲ့စွာပင် လျှောက်သွားလိုက်သည်။

“အော်မီတော်ဖော် .. ကျုပ်ကို ခွင့်ပြုပေးပါဦး..” လားမားဘုန်းတော်ကြီး ပြောလာသည်။ သူသည် တည်ငြိမ်စွာပင် ရှေ့တိုးလာကာ “ကြည့်ရတာ မင်းမှာ ဗုဒ္ဓဆီကနေ ဆင်းသက်လာတဲ့ အသက်ရှူနည်းတွေ ရထားတယ်ထင်တယ် .. မင်းက ငါတို့နဲ့ ကံပါလာတယ်ဆိုတော့ ဒီနေ့ မင်း ငါတို့ဂိုဏ်းထဲ ဝင်ဖို့ ငါ လုပ်ရလိမ့်မယ်”

“အဓိပ္ပာယ်မရှိတာ..”

ခြင်္သေ့ကြီး ဟိန်းဟောက်လိုက်ကာ‌ ခြေတစ်လှမ်းတည်းဖြင့် လားမားဘုန်းတော်ကြီးရှေ့သို့ ရောက်လာသည်။ ထို့နောက် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် တုန်ခါသွားစေသည့် လက်သီးချက်ဖြင့် ထိုးလိုက်သည်။

ခွပ်..

လားမားဘုန်းတော်ကြီးသည် ပိန်ပါးကာ အားနည်းပုံပေါ်သော်လည်း သူ့ခန္ဓာကိုယ်ထဲ၌ အဆုံးမရှိသည့် စွမ်းအင်များ ရှိနေသည်။ သူသည် လက်ဝါးတစ်ဖက်တည်းဖြင့် ခြင်္သေ့ကြီး၏ လက်သီးကို တားဆီးလိုက်လေသည်။

ဝုန်း..

သူတို့နှစ်ဦးထံမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားမှာ ထိတ်လန့်စရာ ကောင်းလှသည်။ အချက်ရေ အနည်းငယ် တိုက်ခိုက်ပြီးနောက် သူတို့တိုက်ပွဲမှာ အဝေးရှိတောအုပ်ထဲသို့ ရောက်သွားသည်။ ခြင်္သေ့ဘုရင်သည် လက်ဗလာဖြင့် တောင်ကုန်းလေးတစ်ခုအား ထိုးခွဲပစ်လိုက်သည်ကို မြင်နေရသည်ပင်။

လားမားဘုန်းတော်ကြီးလည်း ကြောက်စရာကောင်းလှသည်။ သူ၏ဘုန်းကြီးဝတ်ရုံပင် လက်နက်တစ်ခု ဖြစ်နေသည်။ ထိုဝတ်ရုံမှ အနီရောင်အလင်းများ ထွက်ပေါ်လာ၏။ ထိုအလင်းများ ရစ်ပတ်သွားပြီးနောက် တောင်ထိပ်တစ်ခုကို ဖြတ်တောက်ပစ်လိုက်လေသည်။

ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများကြားမှ တိုက်ပွဲကြီး စတင်လေပြီ။

အပိုင်း ၁၉၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset