Chapter – 3 နိုးထလာခြင်း
ကျောက်ဟိုင် ခပ်ဖြေးဖြေး မျက်လုံးဖွင့်လိုက်သည်။ အခုတော့ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သူသိသွားပြီ။ အေဒင့်ခန္ဓာကိုယ်ထဲကို သူ့စိတ်ဝိဥာဉ်က ပေါင်းစပ်သွားခဲ့ပြီ။
သူက ပြင်ပကိစ္စတွေကို အာရုံမထားတတ်တဲ့ ကောင်လေးတစ်ယောက်မို့ ဒီဝိဥာဉ်ကူးပြောင်းတဲ့ကိစ္စတွေကို လုံးဝသော် နားမလည်ပေ။ သူစိတ်ပျက်တာကတော့ ဝိဥာဉ်ကူးပြောင်းသွားတာတောင်မှ သုံးစားမရတဲ့လူတစ်ယောက်ကိုယ်ထဲ ရောက်သွားခဲ့ခြင်းပင်။
အေဒင့်မှတ်ဥာဏ်တွေအရ ဘာတွေဖြစ်ပျက်နေတာကို ကျောက်ဟိုင်နားလည်လိုက်သည်။ သို့ပေမယ့် ဒီလိုပြောင်းရွှေ့လာစဉ်မှာ အေဒင်က သတိမေ့နေတာမို့ ဒီကြားထဲကိစ္စတွေကို သူမသိတော့ပေ။ သူပထမတစ်ကြိမ်နိုးထစဉ်က မြင်တွေ့ခဲ့ရတဲ့ကိစ္စတွေကြောင့် အာ့ဆုမြို့တော်က အိမ်တော်မဟုတ်တော့တာကို သိလိုက်ရသည်။
သူ ဒီတစ်ကြိမ်နိုးထလာစဉ်မှာတော့ ပထမတစ်ကြိမနိုးထစဉ်က တွေ့ခဲ့ရတဲ့လူကြီးတစ်ယောက်ကို ထပ်မြင်လိုက်ရသည်။ ထိုသူ့အမူအယာက တည်ငြိမ်နေသော်လည်း မျက်ဝန်းတွေထဲမှာတော့ စိုးရိမ်မှုတွေအပြည့်ဖြစ်သည်။
ပထမတစ်ကြိမ်နိုးထစဉ်ကနဲ့မတူတာက ဒီတစ်ခါမှာ ဒီလူအိုကဘယ်သူမှန်း ကျောက်ဟိုင်သိနေခဲ့ပြီ။ ဒါဘူတမိသားစုရဲ့ အိမ်တော်ထိန်းအိုကြီး ဂရင်းဘူတပဲ။ ဂရင်းရဲ့မျိုးရိုးက ဘူတမဟုတ်လေဘူး။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဂရင်းကို အေဒင့်အဘိုးက ခေါ်ဆောင်လာခဲ့ပြီးနောက်မှ ဘူတနာမည်ခံခဲ့တာဖြစ်သည်။ အဲ့ဒိအချိန်ကစပြီး ဘူတမိသားစုကို သစ္စာရှိပြီး ကာကွယ်စောင့်ရှောက်ကာ အလုပ်အကျွေးပြုခဲ့သည်။ သူက အယုံအကြည်ရဆုံးသောသူလို့လည်း ဆိုနိုင်ပေသည်။
သို့သော် အေဒင်နဲ့သိပ်တော့မတည့်ပေ။ အေဒင်က ခပ်ပေါ့ပေါ့နေတဲ့လူပေါ့ကြော့တစ်ယောက်ဖြစ်ကာ ဂရင်းကတော့ စည်းကမ်းတင်းကျပ်တဲ့သူဖြစ်နေတာမို့ အေဒင့်မှာ စိတ်ပျက်နေခဲ့သည်။ အေဒင့်အဖေတောင်မှ ဂရင်းကို မလေးမစားမပြုရဲတာမို့လို့ အေဒင့်မှာ သည်းခံရုံသာတတ်နိုင်ခဲ့သည်ပေ။
ကျောက်ဟိုင်ကတော့ အေဒင့်လိုနေမှာမဟုတ်ဘူး။ သူက ဝိဥာဉ်ကူးပြောင်းတဲ့ဝတ္ထုတွေကိုဖတ်ခဲ့ဖူးသလို အရွယ်ရောက်ပြီးဖြစ်တဲ့လူတစ်ယောက်ရဲ့ စိတ်ဝိဥာဉ်လည်းရှိနေသေးသည်မို့ အေဒင့်ရဲ့မကောင်းတဲ့အပြူအမူတွေအတိုင်း ဆက်နေတော့မည်မဟုတ်။ အထူးသဖြင့် ဂရင်းက သူ့အပေါ်သေချာပေါက်ကောင်းမှာ သေချာနေသည်မို့ ဂရင်းနဲ့သာအဆင်ပြေရင် ဂရင်းရဲ့ထောက်ပံ့မှုသာရှိရင် သူ့အတွက် အရာရာက လွယ်ကူနေပေလိမ့်မည်ပေ။
သူ့မှတ်ဥာဏ်တွေအရ အေဒင့်အဖေထက်တောင်မှ ဂရင်းကပိုပြီး စွမ်းအားကြီးနေသေးသည်။ ဒီလောကမှာတော့ စွမ်းအားကသာ ရှင်သန်လွတ်မြောက်ဖို့အတွက် အကောင်းဆုံးသောအရာဖြစ်သည်ပေ။
ပြင်ပကိစ္စတွေ စိတ်မ၀င်စားဘဲ တစ်ဦးထဲနေလာခဲ့တဲ့ကျောက်ဟိုင်အတွက်တော့ အေဒင့်မှတ်ဥာဏ်တွေကနေ အကြောင်းအရာတွေကိုသိလိုက်ရတာနဲ့ သူက ဝိဥာဉ်ကူးပြောင်းလာတာပဲဆိုပြီး လက်ခံလိုက်နိုင်သည်။ သူ့အတွက် စိတ်အပျက်ဆုံးကတော့ ကွန်ပျူတာမရှိခြင်းပင်။ ကွန်ပျူတာမရှိတော့ သူလိုင်းတက်လို့မရနိုင်တော့။ သူ့လိုကွန်ပျူတာရှေ့မှာပဲ တစ်နေကုန်ထိုင်ပြီးနေတတ်တဲ့သူတစ်ယောက်အဖို့တော့ သေတာထက်ဆိုးတဲ့အဖြစ်ကို ကြုံရခြင်းပင်။ နောက်တစ်ချက်ကတော့ ဆေးရည်ကြောင့် တိုက်ပွဲဝင်ချီနှင့် မှော်ပညာကိုလေ့ကျင့်ခွင့်မရတော့ခြင်းပင်။ ဒီလောကကြီးမှာ သောင်းကျန်းနိုင်မယ့်အခွင့်အရေးက ဆုံးရှုံးခဲ့ပြီးလေပြီ။
သို့ပေမယ့်လည်း ဒီဘဝြကီးကို လက်ခံဖို့က သိပ်ပြိးတော့ မခက်ခဲပေ။ သူက ဘူတမိသားစုရဲကနောက်ဆုံးမျိုးဆက်ပဲ။ ကမ္ဘာမြေက ကျောက်ဟိုင်မှာ မိဘတွေလည်းမရှိ၊ သူငယ်ချင်းတွေလည်းမရှိတာမို့ ပူပန်စရာ ၊ စိတ်မချစရာမျိုးတော့ မရှိပါချေ။ အခုဒီလောကမှာဆိုရင် သူ့ကိုဂရုစိုက်ပေးမယ့်သူတွေရှိသည်၊ ဒါက ကောင်းတဲ့အချက်လို့သူထင်သည်။ ဒါ့အပြင် ဒီလူတွေက အစစအရာရာလုပ်ပေးမယ်ဆိုရင် သူ့အနေနဲ့ အေးအေးဆေးဆေးနေသွားရုံသာလိုသည်။
သူတွေးတောနေချိန်မှာကျောက်ဟိုင်နိုးလာတာကို ဂရင်းက သတိပြုမိလိုက်သည်။ သူ ၀မ်းသာသွားရင်း အနားကပ်ကာ
“ သခင်လေး သတိရပြီလား ဘယ်နေရာက နေလို့မကောင်းဖြစ်နေလဲ။ အဆင်ပြေရဲ့လား”
ကျောက်ဟိုင်အနေနဲ့ ဒီလိုအမေးမခံရတာက ဘယ်လောက်ကြာပြီမှန်းတောင်မသိလေတော့ဘူး။ ဒါကြောင့်အခုဂရင်းဆီက အမေးခံရတော့ သူ့ရင်ထဲနွေးထွေးသွားရသည်။ သူ့ကိုယ်က ဒဏ်ရာကြီးကြီးမားမားရှိပုံမရတော့ ထထိုင်လိုက်သည်။ ဂရင်းကိုခေါင်းခါပြလိုက်ရင်း
“ ကျွန်တော်အဆင်ပြေပါတယ်.။ အဘိုးဂရင်းအခု ကျွန်တော်တို့ဘယ်ရောက်နေတာလဲ။”
အေဒင့်ဆီက ယဉ်ယဉ်ကျေးကျေးဆက်ဆံခံရတာမျိုးမ၇ှိခဲ့ဖူးလေတော့ ဂရင်းမှာ ရုတ်တရက် ဆွံ့အသွားလေသည်။ ခဏကြာမှ သတိပြန်ကပ်ရင်း
“ သခင်လေး ကျွန်တော်တို့ ကံကျွေးခံမြေထဲမှာပါ”
( ကံကျွေးခံမြေလို့ပဲ တိုက်ရိုက်သုံးလိုက်ပါတယ်၊ အရင်မြို့တော်ထဲက မြေကတော့ အေဒင့်ရဲ့ ဘိုးဘွားပိုင်မြေလို့ဆိုနိုင်ပေမယ့် အခုကတော့ ဘုရင်က နေရာပြောင်းပေးလိုက်တာမို့ ကံကျွေးခံမြေပဲ တိုက်ရိုက်သုံးလိုက်ပါတယ်)
“ အနက်ရောင်လွင်တီးခေါင်မြေလား”
ဂရင်းအနေနဲ့ အေဒင်အခုလိုမျိုး အေးအေးဆေးဆေးဖြစ်နေတာကို အံ့သြနေရသည်။ သူခေါင်းငြိမ့်လိုက်ပြီး
“ ဟုတ်ပါတယ်သခင်လေး အနက်ရောင်လွင်တီးခေါင်မြေပေါ် ရောက်နေတာပါ”
“ ဒီက အခြေအနေဘယ်လိုရှိလဲ၊ အစေခံတွေရော ဘယ်လောက်ပါလာလဲ ကျွန်တော်တို့နဲ့အတူ ဘယ်သူတွေရှိသေးလဲ”
သူအခုလိုမေးတာက အခြားအကြောင်းကြောင့်တော့မဟုတ်။ အရင်အေဒင်ဆိုတာမ၇ှိတော့သလို သူကလည်း ၀င်ရောက်လာခဲ့ပြီးပြီ၊ သူဆက်လက်ရှင်သန်နိုင်ဖို့အတွက် ဒီကအခြေအနေတွေကို တိတိကျကျသိထားဖို့လိုသည်။
အနက်ရောင်လွင်တီးခေါင်မြေကာ ကာဆယွန်မာ့ရ်ှနဲ့နီးသည်။ ဒီတစ်လျှောက်မှာ ဘာမှစိုက်ပျိုးလို့မရသလို၊ ကျင့်ကြံဖို့သင်လျော်တဲ့နေရာတွေလည်းမရှိပေ။ ဒါကြောင့် သူစိုးရိမ်မိသွားခြင်းပင်။
“ဖြစ်နိုင်တာက ဒီနေရာက လူတွေနေဖို့လုံးဝအဆင်မပြေဘူးလား”
အေဒင်သာသူ့မျက်စိအောက်မှာ ကြီးပျင်းလာတာမဟုတ်ခဲ့ရင် အခြားတစ်ယောက်က ၀င်ဟန်ဆောင်ထားတယ်လို့ ဂရင်းထင်မိလောက်သည်။ ဘာပဲဖြစ်ဖြစ် ဂရင်းကတော့ အေဒင့်ရဲ့အခုလိုပုံကိုသဘောကျမိသည်။ ဒါ အေဒင်ရင့်ကျက်လာတာကြောင့်လို့ တွေးလိုက်သည်။
“ သခင်လေး အခုကျွန်တော်တို့က အနက်ရောင်လွင်တီးခေါင်မြေက သံတောင်တွေထဲမှာရှိတဲ့ ကာစတယ်လန် ရဲတိုက်ထဲမှာ နေနေတာပါ။ ဒီရဲတိုက်ကို လူပုလေးတွေက တည်ဆောက်ခဲ့တာပါ။ ဒါကြောင့်ဒီမှာ စိုက်ပျိုးလို့ရတဲ့မြေနည်းနည်းရှိပါတယ်။ သခင်လေး ကျွန်တော့်ကိုအပြစ်ပေးပါခင်မျာ သခင်လေးရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ အိမ်တော်ကပစ္စည်းတွေရောင်းပြီး ကျွန်တွေဝယ်ခဲ့မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ ရွှေဒင်္ဂါးတစ်ရာကျော်ကျော်ပဲရှိပါတော့တယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်မိန်းမ မယ်ရင်းရယ်မြေးလေးမာဂ့်နဲ့ ဘလော့ဟက် နဲ့ ရော့ဟက်တို့ပဲရှိပါတယ်။ နောက်ထပ်ကတော့ ၀ယ်ယူခဲ့တဲ့အစေခံတစ်ရာကျော်ပါ ကျန်တဲ့သူတွေကတော့ ထွက်သွားကြပါပြီ”
ကျောက်ဟိုင်ခေါင်ြိးငမ့်လိုက်သည်။ သူ့မှာနေဖို့ ကာစတယ်လန်ရဲတိုက်ရှိတယ်။ သူ့ကိုအလုပ်အကျွေးပြုဖို့ အစေခံတစ်ရာကျော်၇ှိတယ်။ သူနဲ့ရင်းနှီးတဲ့လူရင်းတွေလည်းရှိတယ်။ စိုက်ပျိုးလို့ရတဲ့မြေလည်းရှိတယ်။ အားလုံးက အဆင်ပြေပါတယ်။
“ အဘိုးလုပ်တာတွေက မှန်ပါတယ်။ ဒီလိုနေရာမှာတော့ ရွှေတွေက အသုံးမ၀င်ပါဘူး လတ်တလောအဆင်ပြေဖို ပစ္စည်းတွေဝယ်သင့်တာမှန်တာပေါ့။ အဘိုးဂရင်း ဒီသံတောင်မှာ ကောက်ပဲသီးနှံတွေစိုက်ပျိုးလို့ရတဲ့မြေဆီလွှာက ဘယ်လောက်များလဲဆိုတာ စစ်ဆေးပြီးပြီလား။ ကျွန်တော်တို့ စားလို့ရသမျှကို စိုက်ပျိုးထားဖို့လိုအပ်တယ်”
“ ကျွန်တော်သွားစစ်ဆေးလိုက်ပါ့မယ်။ ခဏနေကျရင် မာဂ့်ကိုသခင်လေးကိုပြုစုဖို့ လွှတ်လိုက်ပါ့မယ်”
မာ့ဂ်ဆိုတဲ့အမည်ကို ထုတ်ပြောလိုက်တော့ သူ့အာရုံထဲတွက် သေးသွယ်လှပတဲ့အပြာရောင်ဆံပင်ပိုင်၇ှင်ကောင်မလေးကို မြင်ယောင်လာသည်။
တဆက်ထဲမှာပဲ အရင်အေဒင်က မာဂ့်ကို ကိုယ်ထိလိုက်ရောက်ပြုမူဖို့ကြိုးစားခဲ့တာတွေကို သတိရလာသည်။ သို့သော်လည်း မာဂ့် အဆင့်ခြောက် မှော်ဆရာမလေးဖြစ်တာမို့ တော်ရုံထိဖို့မဖြစ်နိုင်ပေ။ သူ့အဆင့်အတန်းကြောင့် ဘာမှပြန်လုပ်ဖို့မဖြစ်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်သာသတ်သေဖို့ ကြိုးစားမယ့်သူလည်းဖြစ်သည်။
ကျောက်ဟိုင် ချွေးပျံလာ၏။ အရင်ကောင်မွှေခဲ့သမျှက သူ့ခေါင်းပေါ် ပုံကျလာတော့မည်။ သူခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး
“ နေပါစေ အဘိုး၊ ကျွန်တော်နားချင်နေပြီ ညစာစားချိန်ကျမှပဲ လာခေါ်လိုက်ပါတော့ ကျန်တဲ့အချိန်တွေမှာ တစ်ယောက်ထဲပဲ နေချင်တယ်”
“ သခင်လေးရဲ့သဘောအတိုင်းပါ”
ဂရင်းထွက်သွားတဲ့အခါ ကျောက်ဟိုင် အိပ်ယာပေါ်ကထလိုက်သည်။ သူလှဲနေရတာကြာပြီမို့ အပျင်းကြောဆန့်ရင်း ပြတင်းပေါက်နားသွားကာ တံခါးဖွင့်ကြည့်လိုက်သည်။
သူမြင်ကွင်းထဲရောက်လာတာက သေးငယ်တဲ့အနောက်တိုင်းစတိုင် ရဲတိုက်တစ်ခုပင်။ သူက အပေါ်ဆုံးထပ်မှာရှိနေတာမို့ အရာရာကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ ညာဘက်ခြမ်းမှာ လေးထောင့်ကွက်တွေရှိပြီးလူတွေ၇ှုပ်ရှက်ခတ်နေကြသည်။ ပြင်ပမှာတော့ အနက်ေ၇ာင်မြေတွေသာဖြစ်သည်။ ထိုမြေတွေပေါ်ရပ်လိုက်မိတာနဲ့ လောကကြီးကိုစိတ်ကုန်သွားစေလောက်အောင် စိတ်ပျက်မှုကိုပေးနိုင်၏။
ရဲတိုက်တွင်းက လေးထောင့်ကွက်လေးတွေမှာ ယောင်္ကျား၊မိန်းမအစုံရှိနေကာ အလုပ်တွေဆက်တိုက်လုပ်နေကြတာကိုမြင်နိုင်သည်။ သူတို့ရဲ့နှဖူးမှာ အမှတ်သားတစ်ခုရှိပြီး အရမ်းဝေးနေလို့ ကျောက်ဟိုင်သေချာမမြင်နိုင်ပေမယ့် ဒါက ဘူတမိသားစုရဲ့တရားဝင်အစေခံဖြစ်ကြောင်း အမှတ်အသားမှန်းသိလေသည်။
တစ်ဖက်တွင်တော့ အနက်ရောင်မြေတွေကိုပေါ်မှာ တောင်တန်းတွေတွေ့ရသည်။ အပင်တွေက လိမ်ရှုံ့နေပြီး ပုံပျက်ပန်းပျက်ဖြစ်နေ၏။ တစ်ချက်ကြည့်ရုံနဲ့တင် အာဟာရချို့တဲ့လို့ ခြောက်သွေ့ကာသေနေတာတွေမှန်း ပြောနိုင်ပေသည်။
သူလက်၇ှိရှိနေတဲ့ ရဲတိုက်ကိုပြန်ကြည့်လိုက်သည်။ ရဲတိုက်က သိပ်သေးလွန်းတာတော့မဟုတ်ပေ။ လူထောင်ကျော်လောက်ကို ချောင်ချောင်ချိချိနေနိုင်တဲ့အနေအထားရှိသည်။ သို့သော်လူမနေခဲ့တာ အတော်ကြာလောက်ပြီထင်ရသည်မှာ နံရံတွေမှာ မှိုတွေပေါက်နေခဲ့တာကိုကြည့်ရင်းပြောနိုင်ပေသည်။ ကျောက်တွေကြားထဲတွင်လည်း မြက်ပင်ရှည်တွေပေါက်နေသည်။ ပြတင်းပေါက်က ပြောင်ချောစက္ကူတွေကလည်း အခုမှအသစ်ကပ်ထားမှန်းသိသာနေသည်၊ အခြားပြတင်းပေါက်တွေဆို ဘာမှမရှိဗလာပင်။
အေဒင့်မှတ်ဥာဏ်အရ မြင်ရတဲ့အာ့ဆုအင်ပါယာမြို့တော်က အိမ်တော်ကြီးကို သတိရတော့ ကျောက်ဟိုင် သက်ပြင်းချလိုက်သည်။ ထိုအိမ်တော်ကြီးကို ဖန်သားတွေနှင့် ရှေးခေတ်ဗိသုကာပညာရှင်တွေက ခမ်းနားစွာတည်ဆောက်ထားခဲ့တာဖြစ်သည်။ ပြတင်းပေါက်ကိုတောင် ပန်းတွေဖော်ထားတဲ့ ရှေးခေတ်ပြောင်ချောပိတ်သားနဲ့ ပုံစံတကျ သပ်သပ်ရပ်ရပ်လုပ်ထားတာဖြစ်သည်။ ဒီအဆောက်အဦးနှစ်ခုနှိုင်းယှဉ်မိတော့ ကျောက်ဟိုင်မျက်နှာရှုံ့မဲ့သွားသည်။
သူ သက်ပြင်းချမိ၏။ ထိုအနက်ရောင်မြေတွေက ကောက်ပဲသီးနှံတွေစိုက်ပျိုးလို့မရတာ ဟုတ်ချင်မှဟုတ်လိမ့်မည်။ သူရှင်သန်နိုင်ဖို့အတွက် သူ့လမ်းသူဖောက်ပြီး ကြိုးစားရပေမည်။ အရင်အေဒင်လုပ်ခဲ့တာတွေက သူနဲ့မှမသက်ဆိုင်လေပဲ။
သက်ပြင်းတချချနှင့် ကျောက်ဟိုင် အတွေးလွန်နေစဉ်မှာ ထူးခြားတဲ့အသံတစ်သံကို နားထဲမှ ကြားလိုက်ရပေသည်။
***