ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၄ – အရှေ့နှင့်အနောက်ကြားမှ အဆုံးအဖြတ်တိုက်ပွဲ
ကျန်းလော့ရှန်း တိုက်ရိုက်ထုတ်လွှင့်မှုအား တကယ် ကြည့်နေခဲ့သည်ပင်။ ဤကဲ့သို့သော အဖြစ်အပျက်ကြီးကို သူ ဘယ်လိုလုပ် မကြည့်ပဲနေမည်နည်း..
ကင်မရာနှင့် ဝေးနေသောကြောင့် ပုံရိပ်မှာ အနည်းငယ်မှုန်ဝါးနေသော်လည်း ဤလူမှာ ချူဖုန်းဖြစ်ကြောင်း သူမမှတ်မိသည်။
ချူဖုန်း သေဆုံးသွားပြီဟု လူအများစု ထင်နေကြသော်လည်း သူ မသေသေးသည့်အပြင် စစ်မြေပြင်၌ ပေါ်လာပြီး သူ့အင်အားများကို ပြသနေသေးသည်။
လူအများစုမှာ ငြိမ်ငြိမ်ထိုင်နေနိုင်မည်မဟုတ်တော့ဟု သူမထင်သည်။
သူမထင်ထားသည့်အတိုင်းပင် အင်အားကြီး အဖွဲ့အစည်းများအားလုံး တုန်လှုပ်သွားခဲ့ကြသည်။ သူတို့သည် ယခင်က ချူဖုန်းအား အလွန်အထင်သေးပြီး တန်ဖိုးချခဲ့မိသည်ပင်။
ဤအချိန်တိုလေးအတွင်းမှာပင် သူသည် အဆင့်လွန်ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နိုင်ပြီး သူတို့ကို အနိုင်ယူနိုင်လေပြီ။
ဒေါင်းဘုရင်၊ ရှီလာနှင့် ခြင်္သေ့ဘုရင်တို့ကဲ့သို့သော အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူများမှလွဲလျှင် ဤလောက၌ မည်သူကများ သူ့ကို ဖိနှိပ်နိုင်တော့မည်နည်း..
ဗောဓိအဖွဲ့၏ရုံးချုပ်တွင် အေးဂျင့်တစ်ဦး ကျန်းလော့ရှန်းကို လာရှာသည်။ ဤသည်မှာ သူမဦးလေးများထဲမှ တစ်ဦးပင်။
“လော့ကျန်း .. မင်းနဲ့ ချူဖုန်းကြားမှာ ဘယ်လိုဆက်ဆံရေးမျိုး ရှိတာလဲ.. မင်း သူ့ကို ဘယ်လိုထင်လဲ..”
ကျန်းလော့ရှန်း သူမဦးလေးကို စိုက်ကြည့်ပြီး သူမနဖူးထက်တွင် အနက်ရောင်မျဉ်းကြောင်းများ ပေါ်လာသည်။ ဒါက အရမ်းကို မုန်းဖို့ကောင်းတာပဲ..
ဒိမ်ဒီအုပ်စု လင်းမိသားစုရှိ ရှုဝမ်ယိ၏မျက်နှာမှာတော့ မကောင်းဆိုးဝါးတစ်ကောင်အား တွေ့လိုက်ရသကဲ့သို့ ဖြူဖျော့နေလေပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုမှ အမျိုးသားအား တွေ့လိုက်ရသည့်အခိုက် သူမ၏ ကောင်းမွန်သည့်စိတ်ခံစားချက်များ ပျောက်ဆုံးသွားလေပြီ။
“သူက ဘယ်လိုလုပ် အသက်ရှင်နေတာလဲ..” သူမစိတ်ထဲ မုန်တိုင်းထန်နေလေပြီ။ ဤလူမှာ တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာသည်။ သူသာ စာရင်းရှင်းချင်သည်ဆိုလျှင် လင်းမိသားစုပင် သူမကို ကာကွယ်နိုင်မည်မဟုတ်တော့။
လူငယ်သားရဲတစ်စုမှာ ရွှမ်းထျန်မြို့ရှိ ဖျော်ဖြေရေးပွဲတစ်ခု၌ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေခဲ့သည်။
“ဘုရားရေ .. သူ တကယ် အသက်ရှင်နေသေးတယ်..” ရှုန်းခွန် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သူ မလုံခြုံသလို ခံစားလိုက်ရပြီး ချွေးများ စီးကျလာသည်။
သူ့အဖိုး သူ့ကို ကြိုပြီး သတိပေးထား၍ တော်သေးသည်။ မဟုတ်ပါက သူ ပြဿနာထပ်ရှာပြီးသွားလောက်လေပြီ။ သူသာ ချူဖုန်းကို ကျိန်ဆဲမိရင် ချူဖုန်း ပြန်ရောက်တာနဲ့ သူ အရှင်လတ်လတ်အရေခွံနွှာခံရလောက်မလား…
လေပေါသည့် ဟူရှန်းလည်း ထိတ်လန့်သွားခဲ့ရ၏။
“သူက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ .. သူ သေသွားပြီမဟုတ်ဘူးလား..” ဒေါင်းမျိုးနွယ်စုမှ လူအချို့ ဒေါသတကြီး ပြောလိုက်ကြသည်။
မီးခိုးပြာဝံပုလွေနှင့် ရွှေလင်းယုန်မျိုးနွယ်စုလည်း ထို့အတူပင်။ သူတို့သည် ယခင်က ချူဖုန်း သေဆုံးမှုအတွက် ပျော်ပွဲရွှင်ပွဲ ကျင်းပခဲ့ကြသေးသည်။ သူ ကောင်းမွန်စွာ ပြန်လည်ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
“ဘာကိစ္စပဲဖြစ်ဖြစ် သူ ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူး .. ခွန်းလွန်တောင်က တိုက်ပွဲက အဲဒီလောက် မရိုးရှင်းဘူး .. အရှေ့တိုင်းကျူးကျော်တပ်မှာ စွမ်းအားကြီးတဲ့ ဝှက်ဖဲတစ်ခုရှိမှာ … သူတို့တွေ အဲဒီနေရာကိုသိမ်းပြီးတော့ သူ့ကို သုတ်သင်ပစ်လိမ့်မယ်”
ချူဖုန်းနှင့် မတည့်သည့် မျိုးနွယ်စုများမှာ ချူဖုန်းကို ခွန်းလွန်တောင် တိုက်ပွဲ၌ သေဆုံးသွားရန် မျှော်လင့်နေကြသည်။
သူတို့နှင့်ယှဉ်လျှင် အပြင်လောက၌ ဖြစ်ပျက်နေသည့် ငြင်းခုံမှု၊ ဆွေးနွေးမှုများမှာ ပို၍ ပြင်းထန်သည်။
“နတ်ဘုရားချူက အသက်ရှင်နေတုန်းပဲ .. ဒါက သတင်းကောင်းပဲ .. သူ စောစောစီးစီးမသေနိုင်ဘူးဆိုတာ ငါသိသားပဲ .. သူက စွမ်းအားကြီးကြီးနဲ့ ပြန်လာပြီးတော့ ခွန်းလွန်တောင်မှာ သတ်ဖြတ်နေပြီ..”
အပြင်လောကတစ်ခုလုံး တုန်လှုပ်နေကြပြီး အားလုံးနီးပါး ဤအကြောင်းအား ပြောဆိုနေကြသည်။
ချူဖုန်းသည် အစကတည်းက နာမည်ကြီးသည့်သူပင်။ ယခု သူ သေရွာပြန်လာသည်ဖြစ်သောကြောင့် သေချာပေါက် အုတ်အော်သောင်းတင်းဖြစ်မည်ပင်။
“တစ်ခုခု မှားနေတယ်လို့ ခံစားနေရတယ် .. သူ့ပုံစံနဲ့ဆိုရင် ဗာတီကန်ကလူတွေကို သူ့ကို ချောက်ချတာကို ဒီတိုင်းငြိမ်ခံနေမှာမဟုတ်ဘူး .. သူ တစ်ချိန်လုံး ငြိမ်နေတာ ထူးဆန်းတယ်”
“ဒါက တကယ်ထူးဆန်းတာ .. သူ့ဒေါသနဲ့ဆိုရင် သူ သေချာပေါက် တိတ်တိတ်လေး အနိုင်ကျင့်ခံနေမှာမဟုတ်ဘူး .. ဒါက ပုံမှန်မဟုတ်ဘူး..”
“အဲဒီလိုဆိုမှ အခုရက်ပိုင်း အနောက်တိုင်းမှာ သိပ်မငြိမ်းချမ်းသလိုပဲ .. ဘုရားရေ .. ငါ့အထင်မှားနေဖို့ မျှော်လင့်တယ်..”
လောကကြီး မငြိမ်းချမ်းနိုင်တော့။
သာမန်လူများမပြောနှင့် အင်အားကြီးအဖွဲ့အစည်းများပင် ချူဖုန်းအား အာရုံစိုက်လာကြပြီဖြစ်သည်။ သူတို့၏ ဆန်းစစ်ရေးအဖွဲ့မှာ အလွန်အလုပ်ကြိုးစားနေရပြီး အချို့ အမြင်စူးရှသည့်အေးဂျင့်များမှာ ပုံမှန်မဟုတ်သည်များကို သတိပြုမိသွားပြီဖြစ်သည်။
အချို့သူများမှာ အနောက်တိုင်း၌ ဖြစ်ပျက်ခဲ့သည့်ကိစ္စများမှာ ချူဖုန်းနှင့် ဆက်စပ်နေကြောင်း သံသယဝင်လာကြသည်။
ဤသံသယကိုသာ အတည်ပြုလိုက်နိုင်လျှင် လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် လှိုင်းလုံးကြီး ရိုက်ခတ်လာလိမ့်မည်။
ခွန်းလွန်တောင်၌ အခြေအနေများ တင်းမာနေသည်။
ထိပ်တန်းသက်ရှိများမှ ထုတ်လွှတ်နေသည့် အော်ရာများမှာ အားလုံးကို ဖိအားများ ခံစားရစေသည်။
“ညီအစ်ကို .. ငါတို့ ဒါကို ချက်စားမလား၊ ကင်စားမလား..”
ဘုရင်အုပ်စုမှာ ချူဖုန်းနှင့် ရင်းနှီးနေပြီဖြစ်သည်။ အစောပိုင်းက သူတို့ စာကလေးဘုရင်ကို ကင်စားခဲ့ကြပြီးဖြစ်သည်။
ပို၍အရေးကြီးသည်မှာ တိုက်ပွဲတိုက်ပြီးသည့်သူများသည် သူတို့ မစ်ရှင်ပြီးဆုံးသွားပြီဟု သတ်မှတ်၍ရသည်။ သူတို့အားလုံး ချူဖုန်းထံမှ ဂုန်းဆင်းရန် ရောက်လာကြသည်။
“အရင်ဆုံး မွှေကြော်မယ်၊ ပြီးရင် ကြွပ်ကြွပ်ကြော်မယ် .. ကျွန်တော်တို့ တတ်နိုင်သမျှ ဟင်းပွဲတွေအားလုံး လုပ်ရမယ် .. ကျွန်တော်တို့ နဂါးအသားရထားတယ်ဆိုမှတော့ စိတ်ကျေနပ်တဲ့အထိ စားရမယ်..” ချူဖုန်း ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။
ထိုအချိန်တွင် အချို့ဘုရင်များသည် သူတို့လက်အောက်ငယ်သားများကို ဝိုင်ကောင်းများ ယူလာရန် ညွှန်ကြားလိုက်သည်။ သူတို့အားလုံး စားသောက်ပွဲကြီး ကျင်းပရန် ပြင်ဆင်နေကြသည်ပင်။
“ငါတို့ ပြန်လာစောင့်ဦး .. ငါတို့ တိုက်ပွဲနည်းနည်းလောက်တိုက်ပြီး မင်းနဲ့လာပူးပေါင်းပေးမယ်” နွားနက်ကြီးသည် အလောတကြီး ပြေးသွားကာ ရန်သူများကို စိန်ခေါ်လိုက်လေသည်။
နွားဝါလေးလည်း သူ့နောက် လိုက်သွားလိုက်သည်။
သူတို့နှစ်ဦးလုံးမှာ စွမ်းအားကြီးသည့်သူများပင်။ တစ်ဦးမှာ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့်သူဖြစ်ပြီး အခြားတစ်ဦးမှာ ချူဖုန်းအား ထူးခြားသည့်အသက်ရှူစည်းချက် သင်ပေးထားသည့်သူပင်။ ရှီလာနှင့် နဂါးနက်တို့ကို ထည့်မတွက်ပါက သူတို့သည် ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်၍ရသည်။
ထင်ထားသည့်အတိုင်းပင် နွားနက်ကြီး စစ်မြေပြင်၌ သောင်းကျန်းတော့သည်။ သူ၏စွမ်းရည်များကို အမြင့်ဆုံးအထိ တင်လိုက်ပြီး အဆင့်တူသည့်ပြိုင်ဘက် ထိုးနှက်တော့သည်။
“နွားကြီးက ဖီးနှစ်သွေး သောက်ထားတာလား.. ကြမ်းလိုက်တာ..”
“နွားနတ်ဆိုးဘုရင် ပီသပါတယ် .. အရမ်းကို ကြမ်းတာပဲ..”
ခွန်းလွန်ဘက်မှ လူများ အော်ဟစ်ကြွေးကြော်နေကြသည့်အချိန်တွင် နွားနက်ကြီးသည့် သူ့နေကာမျက်မှန်ကို ပြန်တပ်ပြီး ဆံပင်ကို နောက်လှန်တင်ကာ ခွန်းလွန်တောင်ဘက်သို့ ပြန်လျှောက်လာလေ၏။
နွားဝါလေး၏ လှုပ်ရှားမှုများမှာ သေသပ်သည်။ သူသည် စွမ်းအားကြီးသည့် ဘုရင်အဆင့်သက်ရှိတစ်ဦးသည် နှစ်ချက်တည်းဖြင့် သတ်ပစ်လိုက်လေ၏။ ဤသည်မှာ အနောက်တိုင်းတပ်မှ လူများကို ထိတ်လန့်သွားစေခဲ့သည်။ ဤကလေးလေးက ကြောက်စရာကောင်းသည့် သားရဲဘုရင်ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
ခွန်းလွန်တောင်ရှေ့၌ အသားကင်နံ့များ ထွက်ပေါ်လာ၏။ သူတို့သည် အကင်၊ အချက် ဟင်းပွဲမျိုးစုံကို တကယ်ပြင်ဆင်ထားခဲ့ကြသည်ပင်။ အသားနံ့နှင့်အတူ ဝိုင်နံ့လည်း လေထဲ သင်းပျံ့လာသည်။
ဤသည်မှာ အရှေ့တိုင်းတပ်မှ လူအားလုံးကို စိတ်လှုပ်ရှားသွားစေကာ အားလုံး လာစားသောက်ချင်လာကြသည်။
“မဖြစ်သေးဘူး .. ငါ ရန်သူတစ်ယောက်ကို မြန်မြန်သတ်ပြီးတော့ ငါ့မစ်ရှင်ကို ပြီးအောင်လုပ်ရမယ် .. ဒါမှ ငါ တစ်ခွက်လောက် သောက်နိုင်မှာ” ဘုရင်အဆင့်သက်ရှိအချို့ ရေရွတ်လိုက်ကြသည်။
အနောက်ဘက်မှ အသားကင်ပွဲကြီးသည် အားလုံးကို သွေးများဆူပွက်လာကာ စစ်တပ်တစ်ခုလုံးကို စိတ်အားတက်ကြွလာစေနိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
အနောက်တိုင်းတပ်မှ တပ်သားများကတော့ ရင်ဘတ်များ ပေါက်ကွဲထွက်မတတ် ဒေါသထွက်နေကြလေပြီ။
အရှေ့တိုင်းကကောင်တွေက အနောက်တိုင်းနဂါးကို တကယ်စားရဲတာလား.. သူတို့ ဤသည်ကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း..
အထူးသဖြင့် တစ်စုံတစ်ယောက်၏ အရသာအဆင့်သတ်မှတ်ချက်ကို စဉ်းစားမိသွားသည့်အချိန် သူတို့ အလွန်အရှက်ရသွားရသည်။
“ဂီး..”
နဂါးနက်ကြီး ကောင်းကင်ထက် အော်ဟစ်လိုက်၏။ ကင်စားခံနေရသည်မှာ သူ့နဂါးမျိုးနွယ်စုဖြစ်သောကြောင့် သူ ဒေါသထွက်သည်ပင်။
သို့သော် သူ ချက်ချင်းမလှုပ်ရှားသေးပဲ သူ့ဒေါသကို ပြန်မြိုချလိုက်သည်။
“အဲဒီလူတွေ ရောက်ပြီလား .. သူတို့တွေက သဘောတူထားတဲ့အတိုင်း တကယ် တိုက်ခိုက်ပါ့မလား..” နဂါးနက် အလောတကြီး မေးလိုက်သည်။ သူတို့ လုံလောက်အောင်ပြင်ဆင်ထား၍သာ ကျူးကျော်ရဲသည်ပင်။
ဤအဆုံးအဖြတ်တိုက်ပွဲတွင် လူထုရှေ့ ထွက်လာသည့် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများအပြင် သူတို့ လျှို့ဝှက်စွာဖိတ်ခေါ်ထားသည့် ကျွမ်းကျင်သူများလည်း ပါဝင်မည်ဖြစ်သည်။
“ပြဿနာမရှိဘူး .. သူတို့ထဲက တစ်ချို့တွေက ရောက်တောင်ရောက်နေပြီလို့ ငါခံစားရတယ် … သူတို့အဝေးမှာ တိတ်တိတ်လေး စောင့်နေတာ” ဗန်ပိုင်းယားဘုရင် ပြောလိုက်သည်။ သူသည် လတ်ဆတ်သည့်သွေးများကိုသာ အဓိကအစားအစာအဖြစ် စားသုံးသောကြောင့် သွေးစွမ်းအင်များကို အတော်လေး ဆတ်ဆတ်ထိမခံဖြစ်သည်ပင်။
“အခုတော့ ငါ မင်းတို့ကို ပျော်ခွင့်ပေးထားလိုက်မယ် .. နောက်ဆုံးကျရင် ပျော်ရွှင်နေတာက ငါတို့ဖြစ်ပြီး မင်းတို့ကတော့ သေလိမ့်မယ်..” နဂါးနက်၏အကြည့်များ အေးစက်နေလေ၏။
သူတို့တိုက်ပွဲ၌ ဝင်တားသည့်သူမှန်သမျှကို သတ်ပစ်မည်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် လူဝံအိုကြီးနှင့် အမဲလိုက်ခွေးဘုရင်တို့ပင် သူတို့ သတ်ပစ်မည့်စာရင်းထဲ၌ ပါဝင်သည်။
ရှီလာလည်း ပြုံးလိုက်သည်။ သူတို့ ခွန်းလွန်တောင်မှ ဘုရင်များကို အဆုံးသတ်ပစ်ပြီး တိုက်ပွဲတစ်ပွဲတည်းဖြင့် သူတို့ အင်ပါယာကို တည်ဆောက်မည်။ သူတို့ အနန္တနတ်ဘုရားနယ်မြေ၌ ကံကောင်းမှုများ ရှာဖွေပြီး နတ်ဘုရားဖြစ်အောင်လုပ်မည်။
“ငါ လူတစ်ချို့နဲ့ သဘောတူညီမှုလုပ်ပြီး အရှေ့တိုင်းကျွမ်းကျင်သူတွေကို ဘုရားနယ်မြေတွေမှာ အလုပ်များနေအောင် လုပ်ခိုင်းထားပြီးပြီ .. ခွန်းလွန်တောင်ကို ရောက်နေတဲ့ ဂျိဒ်ကျောင်းကဆရာတောင် ပြန်လှည့်ပြန်သွားရလိမ့်မယ်” ရှီလာ တည်ငြိမ်စွာ ပြောလိုက်သည်။
ဤသည်ကို ကြားသည်နှင့် အခြားသူများလည်း ခေါင်းညိမ့်လာလေသည်။
အရှေ့တိုင်းမှ စွမ်းအားကြီးသူများ မောပန်းသွားပြီဖြစ်ပြီး တပ်ကူများလည်း လမ်း၌သာ ရှိသေးသည်။ ဤသည်မှာ အားနည်းနေသည့်တပ်နှင့် အားကြီးသည့်တပ်မှ တိုက်ပွဲတစ်ခုပင်။ သူတို့ဘယ်လိုလုပ် အနိုင်ရနိုင်မည်နည်း..
“ဟား ဟား..” သူတို့အားလုံး ရယ်မောလိုက်ကြ၏။
သူတို့သည် ဤတိုက်ပွဲအတွက် လုံလောက်အောင် ပြင်ဆင်ထားပြီးသားပင်။
ရန်သူဖြစ်လာနိုင်သည့် ကျွမ်းကျင်သူအားလုံးကို ဆန်းစစ်ပြီးသွားပြီဖြစ်ပြီး နည်းလမ်းမျိုးစုံသုံးကာ သူတို့ ထွက်မလာနိုင်အောင် လုပ်ထားပြီးသားဖြစ်သည်။
သူတို့ တိုက်ပွဲတိုက်ရန် နှောင့်နှေးနေခြင်းမှာ သူတို့ ခရီးသွားနှေးကွေးနေသောကြောင့်မဟုတ်။ သူတို့သည် အရှေ့တိုင်းမြေထဲသို့ အစောကြီးကတည်းက ခိုးဝင်ခဲ့ကာ အချို့နေရာများကို ချောင်းတိုက်ခဲ့ကြသည်။ သူတို့သည် အရှေ့တိုင်းကျွမ်းကျင်သူအချို့ကို ခြိမ်းခြောက်ကာ သူတို့အိမ်များအား ကာကွယ်ရန် ဖိအားပေးနိုင်ခဲ့သည်။
ချူဖုန်းတို့အုပ်စုမှာ သူတို့ဘဝ၏အကောင်းဆုံးအချိန် ရရှိနေကြသည်။ နဂါးတစ်ကောင်လုံးကို အပိုင်းပိုင်းခုတ်ထစ်ပစ်လိုက်ကြ၏။ အသားမှာ လတ်ဆတ်နေသည့်အပြင် တောက်ပသည့်မြူများလည်း ရစ်ဆိုင်းနေသေးသည်။
ထို့အပြင် နဂါးအသားတွင် အလွန်အဟာရဖြစ်စေသည့် စွမ်းအင်များလည်း များပြားစွာ ပါရှိနေသည်။
ထိုနေ့တွင် ချူဖုန်း အတော်လေး စားနိုင်ခဲ့သည်။ နွားနက်ကြီးပင် သူ့ကို အရှုံးပေးကြောင်း ဝန်ခံခဲ့ရသည်။
သူ နဂါးအရွတ်ရခဲ့သောကြောင့် စိတ်ခံစားချက် ကောင်းနေသည်။ ဤနဂါးအရွတ်နှင့်သာဆိုလျှင် သူ၏မိုးကြိုးလေးကို အပြည့်အဝအသုံးချနိုင်လိမ့်မည်။
နဂါးအရွတ်ကိုသာ လေးကြိုးအဖြစ်အသုံးပြုလိုက်လျှင် ဘုရင်အဆင့်သက်ရှိများကိုပင် သတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
သူ့လေးမှာ ဘုရင်အဆင့်သက်ရှိများအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိသောကြောင့် ယခုတလော သူ ဤလေးကို ပစ်ထားနေရသည်။
သူ ဘုရင်အချို့ကိုခေါ်ကာ လေးကြိုးတပ်ရာ၌ ကူညီခိုင်းလိုက်သည်။ သူသည် နဂါးအရွတ်ထြမှ အပြစ်အနာအဆာအကင်းဆုံးအပိုင်းကို ရွေးချယ်ကာ လေး၌ တပ်ဆင်လိုက်သည်။
“ဒီလေးက ထူးခြားတယ် .. ဒါနဲ့ ဘုရင်အဆင့်သက်ရှိကိုတောင် သတ်နိုင်လောက်တယ်” တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်သည်။
ချူဖုန်း ပြုံးရုံသာပြုံးပြီး နဂါးချိုများနှင့် သွားများကို အရောင်တင်လိုက်ကာ အခြားသူများကို အကူအညီတောင်း၍ မြှားများ ပြုလုပ်ခိုင်းလိုက်သည်။
အခြားသူများအားလုံး အံ့အားသင့်သွားရသည်။ ဤမြှားများမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။
“ဂီး..”
အချိန်တစ်ချို့ကြာပြီးနောက် အဝေးမှ သားရဲကြီးအော်သံထွက်ပေါ်လာပြီး ထိုအော်သံကြောင့် မြေပြင်ပင် တုန်ခါသွားရ၏။ ထို့နောက် ကြီးမားလှသည့် အဖြူရောင်သတ္တဝါကြီး ပြေးလာသည်ကို သူတို့တွေ့လိုက်ရသည်။
ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ထက်မှ ဒဏ်ရာများ ပြည့်နှက်နေပြီး သူသည် ခွန်းလွန်တောင်ကြောအတွင်းမှ တရှိန်ထိုး ပြေးထွက်လာသည်။ သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း တောင်ထိပ်တစ်ခုစီသို့ ရောက်သွားသည်ပင်။ ဤသတ္တဝါကြီးမှာ အာတိတ်ဘုရင်ပင်ဖြစ်သည်။
သူသည် တောင်ကုန်းလေးတစ်လုံး အရွယ်အစားခန့်ရှိသည့် ဝက်ဝံဖြူကြီးတစ်ကောင်ပင်။
သူ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
သူ့နောက်တွင်တော့ အမဲလိုက်ခွေးဘုရင်သည် လူလတ်ပိုင်းအမျိုးသားပုံစံဖြင့်သာ သူ့ကို လိုက်ဖမ်းနေသည်။ သူ့တစ်ကိုယ်လုံး ဝက်ဝံဖြူသွေးများ ပေကျံနေလေသည်။
ဝုန်း..
အာတိတ်ဘုရင် နောက်ဆုံးတော့ အနောက်တိုင်းတပ်ထဲသို့ ပြန်ရောက်လာလေပြီ။ လူသားပုံစံ ပြန်ပြောင်းပြီးသည့်နောက်တွင်တော့ ဒေါသတကြီးဖြင့် အသက်ကို အမောတကော ရှူနေရသည်။ သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် သွေးများ စီးကျနေသည့် ဒဏ်ရာကြီး ရှိနေသည်။
“မင်း ဘာဖြစ်တာလဲ..” နဂါးနက်ကြီး ထိတ်လန့်သွားရသည်။
“သူက တကယ်ကို အားကောင်းတယ် .. ကျုပ် နည်းနည်းလောက် နားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်” အာတိတ်ဘုရင် အားနည်းစွာ ပြောလိုက်သည်။ ထို့နောက် သူ့ရင်ဘတ်နှင့်ဝမ်းဗိုက်တွင် အလင်းများ တောက်ပလာပြီး သူ့ဒဏ်ရာကို စတင်ကုသလာသည်။
“ငါတို့ ဖိတ်ထားတဲ့လူတွေ ရောက်လာပြီဆိုတာ ငါအာရုံခံတယ် .. ငါတို့အခု တိုက်လို့ရပြီ” ရှီလာပြောလိုက်၏။ သူ့အကြည့်များမှာ ကြောက်စရာကောင်းပြီး မြူများ အုံ့ဆိုင်းနေသည်။
“အခု တိုက်ရမယ့်အချိန်ပဲ .. မင်းတို့တွေ စိန်ခေါ်တာကို လက်ခံရဲလား..”
ခြင်္သေ့အကြီးအကဲ ပြောလိုက်၏။ သူ့ရွှေရောင်သွေးစွမ်းအင်အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်ထိသို့ ထိုးတက်သွားသည်။ သူ့ကို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူဟု သိကြသောကြောင့် သူသည် အာတိတ်ဘုရင်ထက် စွမ်းအားကြီးမည်ပင်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းယောဂဂုရုဖန့်လင်၊ ဗန်ပိုင်းယားဘုရင်၊ ရှီလာ၊ နဂါးနက်နှင့် အာတိတ်ဘုရင်တို့လည်း ရှေ့ထွက်လာကြသည်။
ဤသည်မှာ အရှေ့တိုင်းတပ်အား အတော်လေး ဖိအားများစေသည်ပင်။
“ဘာလို့ လက်မခံရဲရမှာလဲ..” အမဲလိုက်ခွေးဘုရင် ပထမဆုံး ရှေ့ထွက်လာလိုက်သည်။
ထို့နောက်တွင်တော့ ရွှေရောင်ဆံပင်နှင့် လူလတ်ပိုင်းအမျိုးသား ထွက်လာ၏။ သူသည် ဟွားတောင်မှ ရွှေရောင်ဂဠုန်ပင်။
ထို့နောက်တွင်တော့ စုန့်တောင်ရှိ ရှုလင်ကျောင်းမှ လူဝံအိုကြီးနှင့်အတူ ဝူတန်းတောင်မှ ထိုက်ကျိဆရာ ထွက်လာသည်။
“ဒီလောက်ပဲလား .. ငါသတ်ဖို့တောင် မလောက်သေးဘူး..” ခြင်္သေ့ဘုရင် ပြောလာသည်။
“ခင်ဗျားတို့တွေ ထွက်လာမယ်ဆိုတာ မျှော်လင့်ထားပြီးသား .. ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူက နည်းလွန်းတယ် .. ကျုပ်တို့ သေချာပေါက် ခင်ဗျားတို့အားလုံးကို နင်းချေပစ်နိုင်မှာ” ရှီလာလည်း စက်ဆုပ်စွာ ရယ်မော၍ ပြောလိုက်သည်။
“တာအိုရောင်းရင်းတို့ .. ရောင်းရင်းတို့ဘာကို စောင့်နေတာလဲ .. ထွက်လာခဲ့လိုက်ပေးပါ..” နဂါးနက် အော်ဟစ်လိုက်သည်။
“ဝေါင်း..”
အဝေးမှ ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာပြီးနောက် တောက်ပလှသည့်ကျားတစ်ကောင် ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှာ အလွန်ကြီးမားလှကာ ပြင်းထန်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
“ဆိုက်ဘေးရီးယားကျား..” အသစ်ရောက်လာသည့် သက်ရှိကို လူအချို့ မှတ်မိသွားသည်။ ဤသည်မှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူပင်။
ဒုန်း..
ကြံ့ဖြူကြီးတစ်ကောင် ရွေ့လျားနေသည့်တောင်တစ်လုံးကဲ့သို့ ပြေးလာသည်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားသည်။
ဤသည်မှာ ရှီလာဖိတ်ခေါ်ထားသည့် ကြံ့ဖြူဘုရင်ပင်။
ခွန်းလွန်တောင်မှ လူများမှာ ကျောချမ်းသွားရသည်။ သူတို့ ဘယ်လိုဆက်တိုက်ရတော့မှာလဲ.. ပြိုင်ဘက်တွင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူ ရှစ်ဦးပင် ပြင်ဆင်လာသည်။ ဤထက် ပိုများလျှင်ပင် များလိမ့်ဦးမည်။
အနောက်တိုင်းတပ်မှ တပ်သားအားလုံး အံ့အားသင့်ကာ ပျော်ရွှင်သွားရသည်။ နိုင်ပွဲမှာ သူတို့အတွက်သာ ဖြစ်တော့မည်ကို သိသောကြောင့် ကျယ်လောင်စွာ ကြွေးကြော်လာကြသည်။
“ပျင်းစရာကောင်းတဲ့ နှစ်ယောက်တွဲပြိုင်တာတွေကို စိတ်မဝင်စားဘူး .. မင်းတို့အားလုံးကို တစ်ခါတည်း ဖိနှိပ်ပစ်မယ်..” ရှီလာ အော်ဟစ်လိုက်သည်။
“တကယ်လား .. ခင်ဗျားက ခင်ဗျားနိုင်နေပြီလို့ ထင်နေတာလား..” အမဲလိုက်ခွေးဘုရင် အေးစက်စွာ ပြန်ပြောလိုက်သည်။
“ဘုရင်တွေ .. ထွက်လာခဲ့ပေးပါ..” ထိုအခိုက်အတန့် လူဝံအိုကြီး အော်ဟစ်လိုက်သည်။
ဝုန်း..
ကောင်းကင်နှင့် ကမ္ဘာမြေပြင် တုန်ခါသွားကာ လားမားအိုတစ်ဦး ထွက်လာသည်။ သူသည် အလွန်အသက်ကြီးနေပုံပေါ်သော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်နေသည့် သွေးစွမ်းအင်မှာ ခြင်္သေ့အကြီးအကဲနှင့် တိုက်ခိုက်ရန် လုံလောက်သည်။ တစ်ဖက်လူကို ဖိပင်ဖိနှိပ်နိုင်လိမ့်မည်။
“ဒါက ဘယ်သူလဲ..” ရှီလာနှင့် နဂါးနက်တို့ အံ့အားသင့်သွားရသည်။ ဤကဲ့သို့စွမ်းအားကြီးသည့်ဘုရင်တစ်ဦးရှိကြောင်း သူတို့ သတင်းမရခဲ့။
“ဆရာ..” မြင်းဘုရင်သည် ဒဏ်ရာများရှိနေသော်လည်း လူအိုကြီးကို ကြိုဆိုရန်အတွက် အပြေးလေးရောက်သွားသည်။
ရွှီး..
နတ်ကြိုးကြာနှစ်ကောင် သူတို့အတောင်ပံများကို ဖြန့်ကျက်ကာ ပျံသန်းလာသည်နှင့် ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။ သူတို့ထံမှ အဆုံးမရှိသည့် ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ကမ္ဘာမြေကို ထိုးဖောက်သွားသည်။
သူတို့သည် ထာဝရဓားတစ်စုံကဲ့သို့ပင်။
“ရှုတောင်က ကြိုးကြာနှစ်ကောင်က ဘယ်လိုလုပ် ရောက်လာတာလဲ.. ငါက သူတို့အိမ်မှာပဲ ခြေပိတ်မိနေမယ်လို့ ထင်ထားတာ” အာတိတ်ဘုရင် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
ဒုန်း..
ကျောထက်၌ ပါးကွာ့သင်္ကေတရှိသည့် ဧရာမလိပ်ကြီးတစ်ကောင် အနီးအနားရှိ တောင်ထိပ်တစ်လုံး၌ ပေါ်လာသည်။ ခုန်းထုန်တောင်မှ တောင်လိပ်ကြီး ရောက်လာလေပြီ။
ဝုန်း..
ထိုအခိုက်အတန့်တွင် ငှက်ဘုရင်နှစ်ကောင်သည် ကြောက်စရာကောင်းလှသည့် စွမ်းအင်လှိုင်းများ ထုတ်လွှတ်ကာ ဆင်းသက်လာကြသည်။ ဤသည်မှာ ဒေါင်းဘုရင်နှင့် ကျီးကန်းဘုရင်ပင်။
ရှီလာ ချက်ချင်း စိတ်ဖိစီးသွားရ၏။ သူတို့တွေက သူတို့နဲ့အတူတူ အလုပ်လုပ်တဲ့သူတွေ မဟုတ်ဘူးလား .. ဒီငှက်ဘုရင်နှစ်ကောင်က သစ္စာဖောက်သွားတာပဲ..
ဝုန်း..
ထို့နောက် ပုံရိပ်သုံးခု ဆက်တိုက်ရောက်ရှိလာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေခဲ့သည်။
အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနှင့် ဂျိဒ်ကျောင်းမှ ဆရာတို့ ရောက်ရှိလာကြလေပြီ။
ခွန်းလွန်တောင်မှာ ရုတ်တရက်ပင် စွမ်းအားကြီးအော်ရာများနှင့် ပြည့်နှက်သွားရသည်။
ယခု မည်သူက မည်သူ့ကို ဖိနှိပ်တော့မည်နည်း.. ကျားက လူကို အန္တရာယ်ပေးချင်နေသော်လည်း လူလည်း ကျားကို ဖမ်းချင်နေသည်ပင်။
အပိုင်း ၁၉၄ ပြီး၏။