Switch Mode

Chapter – 193

လောကကြီးအား တုန်လှုပ်စေသည့် တိုက်ပွဲတစ်ခု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၉၃ – လောကကြီးကို တုန်လှုပ်စေနိုင်သည့် တိုက်ပွဲတစ်ပွဲ

စစ်မြေပြင်မှာ လုံးဝတိတ်ဆိတ်နေလေပြီ။ ချူဖုန်းသည် ထာဝရနတ်သတ္တုဖြင့် လုပ်ထားသကဲ့သို့ နတ်အလင်းတန်းများ ထုတ်လွှတ်ကာ စစ်မြေပြင်၌ ရပ်နေခဲ့သည်။

တစ်ချိန်က စွမ်းအားကြီးခဲ့သည့် ချီလင်းကတော့ မြေပြင်ထက်၌ လဲကျနေသည်။ သူ့ခန္ဓာကိုယ်သည် အနည်းငယ် တွန့်လိမ်နေကာ သူ့ရင်ဘတ်ရှိ လက်သီးအရွယ်အစားအပေါက်ကြီးမှ နဂါးသွေးများ စီးကျနေပြီး တစ်ကိုယ်လုံးဒဏ်ရာများ ပြည့်နှက်နေသည်။

အရှေ့တိုင်းနှင့် အနောက်တိုင်းတပ်မှ လူများအားလုံး ဆွံ့အသွားကြရသည်။ ပြိုင်ဘက်ကင်းတဲ့ ချီလင်းက ဒီလိုမျိုးဒဏ်ရာတွေနဲ့ ရှုံးသွားတာလား…

အနောက်တိုင်းတပ်မှ တပ်သားများသည် အစောပိုင်းကမှ ရယ်မောနေခဲ့ကြသည်ပင်။ ဤသည်မှာ တစ်ဖက်သတ်တိုက်ပွဲတစ်ခုဖြစ်လာပြီး ချီလင်း ချူဖုန်းအား အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ခဲ့ကြခြင်းပင်။

သို့သော် သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်သည်ကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူတို့အားလုံး ကျောချမ်းသွားခဲ့ကြသည်။

“နဂါးအစစ်တစ်ကောင်ဖြစ်တဲ့ ချီလင်းက ဘယ်လိုလုပ် ရှုံးသွားရတာလဲ..” လူအချို့မှာ ယခုအချိန်ထိ မယုံကြည်နိုင် ဖြစ်နေကြဆဲပင်။

နဂါးမျိုးနွယ်စုမှာ အခြားမျိုးနွယ်စုများ၏အထက်၌ ရှိနေသည့် မျိုးနွယ်စုပင်။ ဒဏ္ဍာရီပုံပြင်များ၌တွင်ပင် သူတို့သည် နတ်ဘုရားများကို စိန်ခေါ်နိုင်သည့် ခွန်အားများ ပိုင်ဆိုင်ထားသည့် မျိုးနွယ်စုပင်။

ချီလင်းသည် သူမွေးလာကတည်းက ဘယ်တော့မှ မရှုံးနိမ့်ဖူး။ သူ့ထံတွင် မီးနတ်ဘုရား၊ ဘုရင်ငယ်လေး စသည်ဖြင့် နာမည်တံဆိပ်အမျိုးမျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲတိုင်းတွင် သူသည် သူ့ပြိုင်ဘက်များကို မြက်ပင်ခြောက်အား ဆွဲနှုတ်သကဲ့သို့ အနိုင်ယူခဲ့သည်ချည်းသာ။

“နတ်ဆိုးဘုရင်ချူက ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးလာတာလဲ..” အနောက်တိုင်းတပ်မှ လူများ ရေရွတ်လိုက်ကြသည်။ ချီလင်း၏ ရှုံးနိမ့်မှုကြောင့် သူတို့မျက်နှာများ ဖြူဖျော့နေကြလေပြီ။

အပြင်လောကမှ လူများလည်း တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ကာ အလန့်တကြား ဖြစ်နေကြသည်ပင်။

“သူက နဂါးတစ်ကောင်ကိုတောင် အနိုင်ယူနိုင်တာလား .. စွမ်းအားကြီးလိုက်တာ..”

“ငါ ဘာမြင်လိုက်ရတာလဲ .. နဂါးတစ်ကောင် လွင့်ထွက်နေတယ်..”

ချူဖုန်း စစ်မြေပြင်ကို ဖြတ်သန်းကာ ဒဏ်ရာရနေသည့် ချီလင်းနားသို့ ရောက်ရှိလာသည်။

“အား…” ချီလင်း ဟစ်အော်လိုက်သည်။ သူသည် မြေပြင်ထက်၌ လဲကျနေဆဲဖြစ်ပြီး ချူဖုန်းကို ကြောက်စရာကောင်းသည့် မျက်လုံးများဖြင့် မော့ကြည့်လာလေသည်။

သူဘာလို့ ရှုံးသွားရတာလဲ.. သူ့စိတ်ထဲ ဒေါသတရားများနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များသာ ကြီးစိုးနေသည်။ သူ ဤရလဒ်ကို လက်မခံနိုင်။

ချူဖုန်း၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေဆဲပင်။

အရေးသာနေသော်လည်း သူ့သတိကိုမလျော့။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ အနောက်တိုင်းနဂါးတစ်ကောင်ဖြစ်သောကြောင့် သူ့ထံ၌ မည်ကဲ့သို့သော ဝှက်ဖဲမျိုး ရှိနေမလဲမသိနိုင်။

“ချူဖုန်း..”

ချီလင်း အော်ဟစ်လိုက်ကာ ထရပ်လာသည်။ သူ့ရင်ဘတ်မှ အပေါက်ကြီးသည် တစ်ဖြည်းဖြည်း သေးငယ်လာကာ နောက်ဆုံး ပျောက်ကွယ်သွားလေ၏။

ဤသည်မှာ သူ ထိုဒဏ်ရာပေါ်၌ အဆောင်တစ်ခုကို ကပ်လိုက်ရုံသာ။

အရှေ့တိုင်းတပ်မှ လူများ ထိတ်လန့်သွားကြရသည်။ သူတို့အရှေ့တိုင်းထဲက ဘယ်သူကများ သူ့ကို ယှဉ်နိုင်မှာလဲ..

ယခု သူ နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာပြီး ပို၍ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို ဖန်တီးလာသည်။

“နဂါးမျိုးနွယ်စု ဖြစ်ထိုက်ပါတယ် .. သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံက အရမ်းအံ့ဩဖို့ကောင်းတာပဲ .. သူက အမတနီးပါးကို ဖြစ်နေပြီ..” အနောက်တိုင်းမှလူများ ကျေနပ်ပျော်ရွှင်သွားကြသည်။

သို့သော် ရှီလာနှင့် နဂါးနက်တို့ ဘာမှမပြောကြ။

ချူဖုန်းမှာ တည်ငြိမ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ချီလင်းဘုရင် ထိုဒဏ်ရာကို ကုသရန်အတွက် ပေးဆပ်လိုက်ရသည့်ပမာဏမှာ မနည်းလှသည်ကို သူ ခံစားမိသည်ပင်။

ချီလင်း၏မျက်နှာမှာ ဖြူဖျော့နေသည်။

သူသည် တိုက်ပွဲမစခင်က အလွန်ယုံကြည်ချက်ရှိနေပြီး ချူဖုန်းကို မျက်လုံးထဲပင် မထည့်ခဲ့။ သို့သော် နောက်ဆုံးတွင်တော့ ပြင်းထန်စွာ ဒဏ်ရာရသွားသည့်သူမှာ သူဖြစ်နေသည်။

“မင်းက ဒီလောက်စွမ်းရည်လေးနဲ့ အရှေ့တိုင်းကို ကျူးကျော်ရဲတာလား..” ချူဖုန်း ပြောလိုက်သည်။

ချီလင်း၏အမူအရာ ရုပ်ဆိုးသွားကာ ဒေါသကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။ ထိုစကားလုံးများမှာ သူ့ဒဏ်ရာကို ထိုးဆွလိုက်သည်ပင်။

သူသာ မျိုးနွယ်စုများစွာကို အထင်သေးနိမ့်ချခဲ့သော်လည်း ယခုတော့ တပ်ဖွဲ့နှစ်ဖွဲ့လုံးရှေ့၌ သူ အရှက်ခွဲခံနေရသည်။

သူ့ခန္ဓာကိုယ်မှာ အနီရောင်အလင်းများ ထွက်ပေါ်လာပြီး သွေးများစွန်းထင်နေသည့် ဆံပင်များလည်း လေထဲ လွင့်ပျံလာ၏။ ထို့နောက် ဟစ်ကြွေးသံတစ်သံနှင့်အတူ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လာသည်။

“ငါ မင်းကို သတ်မယ်..”

ချီလင်း၏ မွေးညှင်းပေါက်မှ သွေးများ စိမ့်ထွက်လာကာ တောက်ပသည့်မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် တားမြစ်ထားသည့်ပညာတစ်ခုကို အသုံးပြုပြီး သူ့ဒဏ်ရာကို ပျောက်ကင်းအောင်လုပ်ကာ အကောင်းဆုံးအနေအထားသို့ရောက်အောင် ပြုလုပ်ထားခြင်းပင်။

ဂီး..

နဂါးအော်သံများကြောင့် ကောင်းကင်ကြီး တုန်ခါသွားကာ သူသည် အနီရောင်ဥက္ကာခဲတစ်ခုကဲ့သို့ ကမ္ဘာမြေပေါ်သို့ တရှိန်ထိုး ဆင်းလာသည်။

ချီလင်း လျင်မြန်စွာ ပြေးသွားလိုက်သည်။ သူ ခြေချလိုက်တိုင်း ကမ္ဘာမြေကြီး အက်ကွဲသွားလေ၏။

ထိုအချိန်တွင် သူ့လက်သီးသည် နေလုံးတစ်လုံးကဲ့သို့ တောက်ပလာလေ၏။ ထို့နောက် ချူဖုန်းကို လက်သီးတစ်လုံးတည်းဖြင့် အဆုံးသတ်ရန်အတွက် ချူဖုန်းကို လက်သီးဖြင့် ထိုးလိုက်သည်။

“မင်းက ရှုံးပြီးသားပဲ .. ငါ မင်းနဲ့ဆော့နေဖို့ အချိန်မရှိတော့ဘူး” ချူဖုန်း အေးစက်စွာ ပြန်ပြောလိုက်သည်။

သူ ထူးခြားသည့်အသက်ရှူစည်းချက်ကို လှည့်ပတ်စေလိုက်ပြီးနောက် နွားနတ်ဆိုးလက်သီးကို အသက်သွင်းလိုက်သည်။ သူ့လက်သီးစွမ်းအားများမှာ ခံ့ညားလှသည့် ရှေးဟောင်းနွားတစ်ကောင်ပုံ ဖြစ်လာသည်။

ဤသည်မှာ ဤနွားနက်ကြီး မူလလောကထဲ၌ ရပ်နေပြီး ကြယ်ကောင်းကင်ထက်မှ တိုက်ခိုက်လာသကဲ့သို့ပင်။

ဝုန်း..

သူတို့နှစ်ဦး၏လက်သီးများ ထိပ်တိုက်တွေ့ဆုံသွားသည်နှင့် မရေမတွက်နိုင်သည့် အလင်းတန်းများ ထွက်ပေါ်လာသည်။

ဖူး..

ချီလင်း နောက်တစ်ကြိမ် လွင့်ထွက်သွားကာ သွေးများစွာ အန်ကျလာသည်။ သူ သူ့ပြိုင်ဘက်နှင့် မယှဉ်နိုင်သည်မှာ သိသာသွားလေပြီ။ ချူဖုန်း ပြောခဲ့သကဲ့သို့ သူ ရှုံးနိမ့်သွားပြီဖြစ်သည်။

ချူဖုန်း၏လက်သီးချက်ကြောင့် ချီလင်း လွင့်ထွက်သွားကာ မီတာပေါင်း ရာပေါင်းများစွာဝေးသည့်နေရာမှ တောင်နှင့် တိုက်မိသွားသည်။ ထိုတောင်မှာ ချက်ချင်းပင် ပြိုကျသွားကာ ကောင်းကင်ထက်သို့ ဖုန်မှုန့်များ လိမ့်တက်လာသည်။

ချူဖုန်း သူ့နောက် ပြေးလိုက်သွားလိုက်သည်။

ထို့နောက် တွေဝေတုန့်ဆိုင်းမနေပဲ နဂါးကို တစ်ချက်တည်း သတ်ပစ်လိုက်မည်။

ခွပ်…

ချူဖုန်း သူ၏နတ်ခြေထောက်ဖြင့် စောင့်နင်းလိုက်သည်။

ချီလင်း ထိုခြေထောက်ကို ရှောင်လိုက်ပြီး တန်ပြန်တိုက်ခိုက်လာသည်။

ဝုန်း..

ချူဖုန်း ခြေထောက်ကျသွားသည့်နေရာ၌ မြေကြီး အက်ကွဲသွားကာ မြေကြီးနှင့် ကျောက်တုံးအပိုင်းအစများ နေရာအနှံ့ လွင့်စင်သွားသည်။

ခွပ် ခွပ် ခွပ်..

ချီလင်းသည် အားကုန်သုံးကာ သူ၏လက်များ၊ ခြေထောက်များဖြင့် ရောက်ရှိလာသည့် ထိုးနှက်ချက်များကို ခုခံနေခဲ့သည်။ သူ့မျက်နှာထက်၌ နာကျင်နေသည့် အမူအရာ ထွက်ပေါ်လာပြီး ဒေါသတကြီး အံကြိတ်ထားလေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. မယုံကြည်နိုင်စရာပဲ..

နဂါးမျိုးနွယ်စု၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလွန်သန်မာလှသော်လည်း ယခုတော့ သူသည် နတ်သတ္တုဖြင့် ပြုလုပ်ထားသည်ဟု ထင်ရသည့် ရန်သူ၏ ဖိနှိပ်ခြင်း ခံနေရသည်။ တိုက်ခိုက်မှုတစ်ချက်စီတိုင်းမှာ သူ့အရိုးများကို ချိုးပစ်တော့မတတ်ပင်။

ခွပ်..

ချူဖုန်း ချီလင်းကို လွင့်ထွက်သွားအောင် ထပ်လုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ခြေတစ်လှမ်းတည်းဖြင့် ချီလင်းထံသို့ အရောက်သွားလိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ ဖိချထားလိုက်သည်နှင့် တစ်ဖက်လူရင်ဘတ် ပျက်စီးသွားကာ သွေးများ ပန်းထွက်လာသည်။

ဤမြင်ကွင်းကို မြင်သည်နှင့် အနောက်တိုင်းတပ်များ အော်ဟစ်လာကြသည်။ အင်အားကြီးသည့် နဂါးတစ်ကောင် ဆိုးရွားစွာ ရိုက်နှက်ခံနေရသည်ကို သူတို့ ကြည့်မနေနိုင်။

နဂါးနက်၏အမူအရာ မည်းမှောင်လာပြီး ကြောက်စရာကောင်းသည့်အော်ရာတစ်ခုကို စတင်ထုတ်လွှတ်လာသည်။ သူ လှုပ်ရှားမိတော့မည်။ နဂါးမျိုးနွယ်စုတစ်ကော်င ပြင်းထန်စွာ ရိုက်နှက်ခံနေရသည်မှာ သူ့ကို အရှက်ရစေသည်။

သို့သော် တစ်ဖက်တပ်ဖွဲ့မှ စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့လာကာ သူ့ကို ပိတ်ဖမ်းထားလေသည်။ သူလှုပ်ရှားလိုက်သည်နှင့် နှစ်ဖွဲ့ကြားမှ အသက်လုပွဲကြီး ဖြစ်လာလိမ့်မည်။

ယခုအချိန်တွင် ချီလင်းသည် စာခြောက်ရုပ်တစ်ရုပ်ကဲ့သို့ ပစ်ပေါက်ခံနေရသည်။ သူသည် အကြိမ်ပေါင်းများစွာ လွင့်ထွက်နေပြီး သူ့ဒဏ်ရာများလည်း ပြင်းထန်လှသည်။

ချူဖုန်း တိုက်ပွဲကို မြန်မြန်ဆန်ဆန်အဆုံးသတ်ချင်သော်လည်း ချီလင်းသည် အရေးကြီးသည့်အချိန်၌ အမြဲတမ်း ရှောင်ရှားနေသည်။

ခွပ်..

ချူဖုန်း ခြေထောက်ကန်ချက်ကြောင့် ချီလင်းမျက်နှာ ပုံပျက်သွားသည်။ သူ့အောက်မေးရိုး ကျိုးသွားသောကြောင့် ချီလင်း ပို၍ ထိတ်လန့်ကာ ဒေါသထွက်လာသည်။ သူ့မျက်လုံးများ နီရဲနေကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည့် နဂါးအော်သံတစ်သံကို ထုတ်လွှတ်လာသည်။

သူသည် သူ့မူလပုံစံကို ပြသလာပြီး အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ သူသည် ကောင်းကင်ထက်၌ ရပ်ကာ ချူဖုန်းထံသို့ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ ဤတိုက်ခိုက်မှုမှာ စစ်မြေပြင်တစ်ခုလုံးကို အရည်ပျော်ကျသွားစေခဲ့သည်။

သူသည် ချောင်ပိတ်ခံရသောကြောင့် နဂါးပုံစံသို့ ပြောင်းလိုက်သော်လည်း အကျိုးရလဒ်သိပ်မရှိ။ ပုံစံနှစ်ခုလုံးတွင် သူ့ခွန်အားမှာ အတူတူပင်။

ကြည့်ရသည်မှာ ယခုအချိန်သည် သူ နောက်ပြန်ဆုတ်ရမည့်အချိန်ထင်သည်။ လှောင်ပြောင်ခံရသည်မှာ သေသည်ထက်တော့ ပိုကောင်းသေးသည်။

“မင်း ချူဖုန်းကို ချက်ချင်း သင်ခန်းစာပေးမယ်လို့ ပြောထားတာမလား .. မင်းအခု ထွက်ပြေးဖို့စဉ်းစားနေတာတော့ မဟုတ်ဘူးမလား..”

အရှေ့တိုင်းတပ်မှ လူအချို့ သူ့ရည်ရွယ်ချက်ကို သိသွားသောကြောင့် လှောင်ပြောင်လာကြသည်။ သူတို့ ချီလင်း စိတ်တိုအောင်ဆွပြီး သူ့အား ဆက်တိုက်အောင် လုပ်နေခြင်းပင်။

ချီလင်းမှာ သူ့မျက်နှာ လောင်ကျွမ်းလာသလို ခံစားလိုက်ရသည်။

အနောက်တိုင်းတပ်မှ လူများသည် ချီလင်းဘုရင်ကို ကူညီ၍ ပြောပေးချင်သော်လည်း ဘာမှပြန်မပြောနိုင် ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့ တိတ်တိတ်လေးသာ နေလိုက်ရတော့သည်။

ယခုအချိန်တွင် ချီလင်း၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးသည် သွေးထွက်ကာ နီရဲနေပြီဖြစ်သည်။

အခြားသူများနှင့်ဆိုလျှင်တော့ သူ၏အင်အားကြီးသည့် ခန္ဓာကိုယ်စွမ်းအားကို အသုံးပြုကာ ရန်သူအားလုံးကို ရှင်းပစ်နိုင်လိမ့်မည်။

သို့သော် ချူဖုန်းနှင့်ရင်ဆိုင်လိုက်ရသည့်အချိန်တွင်တော့ သူ၏တိုက်ခိုက်လိုသည့်စိတ်ဝိညာဉ်များ မရှိတော့။ သူ့ခန္ဓာကိုယ်ကြီးလေလေ တစ်ဖက်လူ သူ့အား ပစ်မှတ်ထားရန် လွယ်ကူလေလေပင်။ လူသားပုံစံနှင့်က ပိုကောင်းလိမ့်မည်။

“ဂီး .. ချူဖုန်း ငါ ဒီအကြွေးကို မှတ်ထားလိုက်ပြီ .. အနှေးနဲ့အမြန် ငါ ဒီအကြွေးကို လာရှင်းမယ်..”

အနီရောင်နဂါးကြီး ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီးနောက် အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ သူ ထွက်ပြေးတော့မည်။

“မင်းက ငါ့သားကောင်လို့ ငါမင်းကို ပြောထားပြီးသား .. မင်းက ထွက်ပြေးနိုင်လိမ့်မယ်လို့ ထင်နေသေးတာလား..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူ့ ဘယ်ဘက်လက်တွင် လျှပ်စီးတန်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် လှံရှည်အဖြစ် ပြောင်းလဲသွားသည်။

ဝုန်း..

သူ ထိုလှံတံကို ပစ်လွှတ်လိုက်၏။ ဤသည်မှာ သူ လှံတံကို ပထမဆုံးအကြိမ်အသုံးပြုလိုက်ခြင်းပင်။

လျှပ်စီးမှ ဖြစ်ပေါ်လာသည့် လှံတံသည် နေမင်းကြီးထက်ပင် တောက်ပနေလေ၏။ ချီလင်းမှာ အလွန်လျင်မြန်လျှင်ပင် လျှပ်စီးကို ရှောင်နိုင်မည်မဟုတ်။

လှံတံမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ထံသို့ ရောက်ရှိလာသည်။

ဖူး..

လှံတံကြီးမှာ ချီလင်း၏ ကြီးမားလှသည့်ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီးနောက် ကြီးမားလှသည့်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာစေသည်။

ဝုန်း..

ချီလင်း နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့ရင်ဘတ်ထက်၌ အပေါက်တစ်ပေါက် ရှိနေသည်။ ဤအပေါက်ကြီးမှာ သူပြန်ပိတ်နိုင်ရန်အတွက် ကြီးမားလွန်းလှသည်။

ဝုန်း…

ချီလင်း မြေပြင်ထက်ရှိ ချော်ရည်ကန်ထဲသို့ ကျသွားသည်နှင့် ကမ္ဘာမြေကြီး ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုအခိုက်အတန့် မြေပြင်ထက်၌ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာသည်။

အားလုံး မတုံ့ပြန်နိုင်ခင်မှာပင် ချူဖုန်း တရှိန်ထိုး ပြေးသွားလိုက်ပြီး ချီလင်း၏ဦးခေါင်းခွံကို ထိုးနှက်လိုက်ပြီး သူ့အသက်ကို အဆုံးသတ်ပေးလိုက်သည်။

ထိုအခိုက်အတန့် အနောက်တိုင်းတပ်မှ ဒေါသတကြီး‌ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

နဂါးနက်ကြီး လှုပ်ရှားချင်သော်လည်း အရှေ့တိုင်းတပ်ရှေ့တွင် စွမ်းအားကြီးသည့် ရွှေရောင်အလင်းပေါ်လာကာ သူ၏အော်ရာကို ကာဆီးလိုက်သည်။

ဝုန်း..

ချူဖုန်း ကြီးမားလှသည့် နဂါးအလောင်းကိုသယ်ကာ အရှေ့တိုင်းတပ်သို့ မိုင်ကုန်ပြေးသွားလိုက်သည်။ ဤကဲ့သို့ ကြီးမားလှသည့် အလောင်းကြီးကို ဆွဲပြေးရန် စွမ်းအားမည်မျှလိုအပ်မည်ကို စဉ်းစားကြည့်နိုင်သည်။

နဂါးနက်၊ ခြင်္သေ့အကြီးအကဲနှင့် ရှီလာတို့ လှုပ်ရှားချင်ကြသော်လည်း အလွန်စွမ်းအားကြီးလှသည့်အော်ရာများ သူတို့အား အသီးသီး တားဆီးထားသည်ကို တွေ့လိုက်ရသည်။

ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ၏ တိုက်ပွဲမှာ သေချာပေါက် မလွဲမသွေ ဖြစ်လာမည်ပင်။

“ဒါက အရမ်းကျေနပ်ဖို့ ကောင်းတာပဲ..”

“ဟား ဟား..”

အရှေ့တိုင်းတပ်ဘက်မှ ရယ်မောသံများ ပျံ့လွင့်လာကာ အားလုံး အလွန်ကျေနပ်နေကြသည်။ ဤမျှကြီးမားလှသည့် အနောက်တိုင်းနဂါးတစ်ကောင်ကို ချူဖုန်း သတ်လိုက်နိုင်လေပြီ။

ချူဖုန်းလည်း သူ့ရလဒ်ကို အတော်လေး ကျေနပ်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် နဂါးခန္ဓာကိုယ်ကိုယ်တိုင်ကပင် ရတနာတစ်ခု ဖြစ်နေလေပြီ။ နဂါးကိုယ်ပေါ်၌ သူလိုချင်နေသည့် အရာတစ်ခု ရှိနေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေကြသည့်သူများအားလုံး တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် အော်ဟစ်ကြွေးကြော်လာကြသည်။

“ငါ ဘာမြင်လိုက်ရတာလဲ.. ငါ့မျက်စိရှေ့မှာတင် နဂါးတစ်ကောင် အသတ်ခံလိုက်ရတယ် .. တစ်ယောက်ယောက်က အနောက်တိုင်းနဂါးတစ်ကောင်ကို သတ်လိုက်ပြီ..”

“ဘော့စ်က တကယ်ကို ကြမ်းတာပဲ .. သူ အသက်ရှင်လျက် ပြန်လာရုံတင်မကဘူး နဂါးတစ်ကောင်ကိုပါ သတ်သေးတယ်” ယုယန်ချင်းနှင့် အခြားသူအားလုံး ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြသည်။

လူအိုကြီး လုထုန်လည်း စိတ်လှုပ်ရှား ပျော်ရွှင်နေသည်ပင်။ “အဲဒီကောင်က အရမ်းဖြုန်းတီးတာပဲ .. သူက ဘယ်လိုလုပ် နဂါးသွေးတွေကို ဒီတိုင်းမြေကြီးပေါ် ကျခွင့်ပေးထားတာလဲ..”

“လော့ရှန်း .. နင် တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတယ်မလား .. အဲဒီလူက ချူဖုန်းနဲ့တူတယ် .. သူက တကယ် နဂါးတစ်ကောင်ကို သတ်လိုက်တာ..” ရှားချန်းယု စိတ်လှုပ်ရှားစွာဖြင့် ကျန်းလော့ရှန်းကို ဆက်သွယ်လိုက်သည်။

အပိုင်း ၁၉၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset